မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃) အပိုင်း လေး

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန်အတွက် သတ်မှတ်ချက်လေးချက်ရှိသည်။ ပြည့်မီသော တာဝန်ထမ်းဆောင်မှု၊ ကျိုးနွံနာခံသော စိတ်နေစိတ်ထားရှိခြင်း၊ အခြေခံအားဖြင့် ရိုးသားခြင်းနှင့် နောင်တရသော စိတ်နှလုံးရှိခြင်းတို့ ဖြစ်ကြလေသည်။ ဤသတ်မှတ်ချက်လေးချက်ကို အောက်မေ့ပြီး အခြေအနေများကို သင်တို့ ကြုံကြိုက်သောအခါ ထိုသတ်မှတ်ချက်များနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်လော့။ အကယ်၍ အခြေအနေတစ်ခုသည် ကျိုးနွံနာခံမှုနှင့် ပတ်သက်ပါက ကျိုးနွံနာခံမှုကို လက်တွေ့လုပ်ဆောင်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်က လူတို့ကို ကျိုးနွံနာခံတတ်သော သဘောထားရှိဖို့ တောင်းဆိုသည်။ အကယ်၍ သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ပြီး ကြီးမားသော ကွာဟချက် ရှာတွေ့ပါက သင် ဘာလုပ်သင့်သနည်း။ ဘုရားသခင် ဆိုသည့်အတိုင်း လုပ်ဆောင်လော့။ ဘုရားသခင်၏ နှုတ်ကပတ်‌တော်များကို ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် ငြင်းခုံခြင်း မပြုဘဲ လိုက်လျှောက်လော့။ အကယ်၍ သင် ငြင်းခုံဖို့ကြိုးစားလျှင် ဘုရားသခင်သည် သင့်အား စက်ဆုပ်ရွံရှာမည်။ ဘုရားသခင် သင့်ကို စက်ဆုပ်ရွံရှာလျှင် သင် ဘာလုပ်မည်နည်း။ ကုစားနိုင်သော စီမံချက်တစ်ခုရှိပြီး ယင်းမှာ ချက်ချင်း နောက်ကြောင်းပြန်လှည့်ဖို့ ဖြစ်သည်။ အသေးအဖွဲကိစ္စတစ်ခုအတွက် ဘုရားသခင်၏ စိတ်နှလုံးကို နာကျင်အောင်လုပ်ပြီးနောက် ဆက်လက်၍ နာကျင်အောင်လုပ်ပြီး သူ့ကို လျစ်လျူရှု၍မထားနှင့်။ လူသားများသည် ဘာမျှမဟုတ်။ ဘုရားသခင်ကို သင် လျစ်လျူရှုလျှင် သူသည် သင့်ကို နောက်ထပ်အလိုရှိတော့မည် မဟုတ်ပေ။ သင့်ကို ဘုရားသခင်လျစ်လျူရှုပြီး သင့်ကို အလိုမရှိလျှင် သင် ဘာလုပ်မည်နည်း။ သင်က “ကျွန်ုပ် နောက်ကြောင်းပြန်လှည့်မည်။ ဘုရားသခင်၊ ကျွန်ုပ်ကို စွန့်ပစ်မထားပါနှင့်။ ကိုယ်တော်မပါဘဲ ကျွန်ုပ် မအောင်မြင်နိုင်ပါ” ဟု ဆို၏။ သို့သော် ဤသို့ပြောခြင်းသက်သက်က အလဟဿ ဖြစ်သည်။ ဘုရားသခင်သည် သင်၏ နားဝင်ချိုသော အပြောကို မလိုအပ်ပေ။ သင်၏ သဘောထား၊ သင်၏ လက်တွေ့လုပ်ဆောင်မှု၊ နောင်တွင် သင်လျှောက်မည့် လမ်းကြောင်းနှင့် သင်၏ ဆောင်ရွက်ချက်တို့ကို ကြည့်ရှုစစ်ဆေးမည် ဖြစ်သည်။ ဘုရားသခင်ကို နားဝင်ချိုသော စကားလုံးအနည်းငယ်ဖြင့် သင် တို့ထိနိုင်သည့် သာမန်လူတစ်ဦးဟု မတွေးနှင့်။ ဘုရားသခင်က ထိုကဲ့သို့မဟုတ်ပေ။ သူက သင်၏ သဘောထားကို ကြည့်ရှုစစ်ဆေးသည်။ သင် နောက်ကြောင်း ပြန်လှည့်လိုက်သောအခါ သင်သည် စိတ်နှလုံးမာကျောရာမှ ကျိုးနွံနာခံလာပြီး ဘုရားသခင်ကို ဖက်ပြိုင်ခြင်းမရှိတော့ဘဲ သမ္မာတရားကို လက်ခံနိုင်ပြီဖြစ်ကြောင်း ဘုရားသခင် မြင်တွေ့လေသည်။ သင်၏ စိတ်နှလုံးမာကျောခြင်းက အပြောင်းအလဲတစ်ခုကို ကြုံရပြီ၊ သင်သည် မိမိကိုယ်ကို မည်သူဖြစ်မှန်းသိသည်၊ ပြီးလျှင် သင်သည် သင်၏ဘုရားသခင်ကို အသိအမှတ်ပြုသည်။ ထို့နောက် ချက်ချင်းပင် ဘုရားသခင်သည် သင့်အပေါ်၌ အလုပ်အနည်းငယ်ကို စတင်လုပ်ဆောင်မည်။ လူအချို့က “ဘုရားသခင်သည် တစ်စုံတစ်ခု လုပ်ဆောင်ရန် ရည်ရွယ်သည်ဟု ကျွန်ုပ်မခံစားရသေးပါ” ဟု ဆိုကြသည်။ သင်၏စိတ်ခံစားမှုများအပေါ် အမှီမပြုနှင့်။ သင်၏ စိတ်ခံစားမှုများသည် တိကျမှန်ကန်သလော။ ဘုရားသခင်သည် သင့်အပေါ် အလုပ်များစွာ လုပ်ဆောင်ပြီးပြီ။ ယင်းတို့ထဲမှ တစ်ခုတလေမျှ သင် မခံစားရသေးသလော။ ဘုရားသခင် စိတ်နှလုံးကြေကွဲသောအခါ သင် ခံစားမိခဲ့သလော။ သင် ဘာမျှ မသိခဲ့ချေ။ အခြားတစ်နေရာရာတွင် ပျော်ပါး၍ပင် နေကောင်းနေခဲ့မည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်ခံစားမှုများကို သင့်ကိုယ်ပိုင် စိတ်ခံစားမှုများအပေါ် အခြေခံ၍ အဓိပ္ပာယ်မကောက်နှင့်။ ပြီးလျှင် ဘုရားသခင်၏ စိတ်ခံစားမှုများကို သင့်ကိုယ်ပိုင် စိတ်ခံစားမှုများဖြင့် မတိုင်းတာနှင့်။ ယင်းမှာ အလဟဿဖြစ်သည်။ အကယ်၍ ဘုရားသခင် သင့်ကို လျစ်လျူရှုသော်လည်း သင် ဘာမျှ မခံစားရသည့်အပြင် ဉာဏ်ပွင့်ခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်း မရရှိပါက သင် မည်သည့်အရာကို လုပ်သင့်သနည်း။ အချက်တစ်ခုကို အောက်မေ့‌လော့။ သင်သည် ဖန်ဆင်းခံတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် ဝတ္တရားများနှင့် တာဝန်များကို ဆက်လက်ဖြည့်ဆည်းရမည်။ ပြီးလျှင် သင်ပြောသင့်သည့်အတိုင်း ရိုးသားမှန်ကန်စွာ စကားပြောရဦးမည်။ သင့်ကို ဘုရားသခင် လျစ်လျူရှုသောကြောင့် သို့မဟုတ် သင့်ကို နောက်ထပ် အလိုမရှိတော့သောကြောင့် ယခင်အတိုင်း ယခုလည်း ပြောဆိုလျက် သင်၏ ယခင်က မုသားများကို ပြန်မပြောနှင့်။ ဤသို့ပြုလျှင် သင်သည် လုံးလုံးလျားလျား ဇာတ်သိမ်းသွားပြီဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဖက်ပြိုင်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်သည်။ သင်သည် သင့်တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားပြီး သင်နာခံသင့်သည့်အတိုင်း ကျိုးနွံနာခံဖို့ လိုသည်။ ဤအရာ၌ အကျိုးကျေးဇူးသည် အဘယ်နည်း။ သင်သည် နောက်ကြောင်းပြန်လှည့်ပြီ ဖြစ်ကြောင်း ဘုရားသခင် တွေ့မြင်သောအခါ သူ၏စိတ်နှလုံးသည် ပျော့ပျောင်းသွားပြီး သင့်အပေါ် သူ၏ အမျက်နှင့် ဒေါသမှာ တဖြည်းဖြည်း ယုတ်လျော့သွားမည်။ ဘုရားသခင်၏ အမျက် ယုတ်လျော့သွားခြင်းက သင့်အတွက် ကောင်းသောလက္ခဏာတစ်ခု မဟုတ်လော။ ယင်းမှာ သင်၏ အလှည့်အပြောင်း ရောက်ရှိပြီဟု ဆိုလိုခြင်းဖြစ်သည်။ သင်သည် စိတ်ခံစားမှုများအပေါ် အခြေခံ၍ နေထိုင်ခြင်းကို ရပ်တန့်လိုက်သောအခါ ဘုရားသခင်၏ ဖော်ထုတ်ချက်များအား လေ့လာဖို့ကြိုးစားခြင်းကို ရပ်တန့်လော့။ ပြီးလျှင် ဘုရားသခင်အား သူ၏ရပ်တည်ချက်ကို ထုတ်ဖော်ပြစေဖို့ အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်ခြင်းကို ရပ်တန့်လော့။ ထိုအစား ဘုရားသခင် မိန့်မြွက်ထားသည့် နှုတ်ကပတ်တော်များ၊ သင့်အား ဘုရားသခင် အပ်နှံထားသည့် တာဝန်များနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအတိုင်း၊ သင် လက်တွေ့လုပ်ဆောင်ပြီး လျှောက်လှမ်းဖို့ ဘုရားသခင် ပြောထားသည့် လမ်းကြောင်းအတိုင်း အသက်ရှင်လော့။ အကယ်၍ ဤအရာများအတိုင်း အသက်ရှင်ပြီး သင့်ကို ဘုရားသခင် မည်သို့ဆက်ဆံသည်ဖြစ်စေ၊ သင့်ကို ဘုရားသခင် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သင်သည် သင်လုပ်သင့်သည့်အတိုင်း ဆက်လက် လုပ်ဆောင်ပါက ဘုရားသခင် သင့်ကို အသိအမှတ်ပြုမည်ဖြစ်သည်။ သူသည် သင့်ကို အဘယ့်ကြောင့် အသိအမှတ်ပြုမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင့်အား ဘုရားသခင် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ၊ သင့်ကို သူ အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ၊ သင့်အား ကျေးဇူးတော်၊ ကောင်းချီးများ၊ အလင်းပေးခြင်း၊ ဉာဏ်ပွင့်စေခြင်း၊ ဂရုစိုက်မှု၊ သို့မဟုတ် ကွယ်ကာမှုကို ချပေးသည်ဖြစ်စေ၊ မချပေးသည်ဖြစ်စေ၊ ပြီးလျှင် ဤအရာအဘယ်မျှကို သင် ခံစားရသည်ဖြစ်စေ သင်သည် သူ့နောက်သို့ အဆုံးထိ လိုက်လျှောက်နိုင်သေးသည်။ သင်က ဖန်ဆင်းခံတစ်ဦးသည် မည်သည့်အပြောင်းအလဲမျှ မရှိဘဲ ထိန်းသိမ်းထားသင့်သည့် နေရာကို မြဲမြံစွာ ထိန်းသိမ်းထားပြီ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်ဘဝ၏ ပန်းတိုင်နှင့် ဦးတည်ချက်အဖြစ် ခံယူထားသည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ သင့်အသက်တာထဲတွင် ဉာဏ်ပညာအမြင့်မားဆုံးသော စကားလုံးများအဖြစ် ခံယူထားသည်။ ထိုကဲ့သို့သော အပြုအမူ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ ဖန်ဆင်းရှင်သည် သင်၏အသက်ဖြစ်ကြောင်း၊ သူသည် သင်၏ ဘုရားသခင် ဖြစ်ကြောင်း သင်၏ စိတ်နှလုံးထဲ၌ အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် စိတ်ချလက်ချရှိပြီးလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲ၌ အသက်ရှင်သည့် ပုံမှန်လူတစ်ဦး ဖြစ်လာသည်။ ဤကဲ့သို့သော လူတစ်ဦးသည် စိတ်သဘောထားပိုင်း ပြောင်းလဲမှုတစ်ခုအတွက် အခြေခံသတ်မှတ်ချက်များကို ပိုင်ဆိုင်ထားသည်။ ဤအရာအပေါ် အခြေခံ၍ လူတို့စွမ်းဆောင်ရရှိသည့် သိနားလည်မှုနှင့် ပြောင်းလဲမှုများကို စိတ်သဘောထားပိုင်း ပြောင်းလဲမှုဟု ယူဆနိုင်သလော။ ယင်းတို့မှာ မပြည့်မီသေးပေ။ ထို့ကြောင့် သင်သည် ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာအား အသိအမှတ်ပြုခြင်းကို ပိုင်ဆိုင်ထားသည့်အပြင် သင်၏တာဝန်အပေါ် တာဝန်သိသော သဘောထားလည်း ရှိရမည်။ ထိုမျှမက သမ္မာတရားကို လက်ခံပြီး ကျိုးနွံနာခံနိုင်သည့် သဘောထား ရှိဖို့လိုအပ်သည်။ ဤအရည်အသွေးများကို ပိုင်ဆိုင်ထားပြီးနောက် ဘုရားသခင်သည် သင့်အပေါ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဟူသည့် အလုပ်ကို စတင်မည်ဖြစ်သည်။ ကယ်တင်ခံရခြင်းသည် ဤအဆင့်မှ အစပြုသည်။ လူအချို့က “ကျွန်ုပ်တို့၌ ဤအရည်အသွေးများကို ပိုင်ဆိုင်ထားလျှင် ယင်းမှာ ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲပြီးသား ဖြစ်သည်ဟု ဆိုလိုသလော။ များစွာ ပြောင်းလဲသွားပြီးနောက် ဘုရားသခင်အနေဖြင့် တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် မည်သည့်အရာ ရှိသေးသနည်း” ဟု ပြောကြသည်။ ဘုရားသခင်သည် မည်သည့်အရာကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသနည်း။ ယင်းမှာ လူတို့၏ သဘာဝနှင့် အနှစ်သာရဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဤသတ်မှတ်ချက်လေးခုကို ပိုင်ဆိုင်ထားပြီး ယင်းတို့ကို အထမြောက်အောင် လုပ်နိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်လက္ခဏာသွင်ပြင်က လုံးလုံးလျားလျား ပြောင်းလဲသွားပြီးဖြစ်သနည်း။ တစ်ခုမျှ မပြောင်းလဲသေးချေ။ အမူအကျင့်ပြောင်းလဲမှု အနည်းငယ်မျှသာ ရှိပြီးဖြစ်သော်လည်း မလုံလောက်ပေ။ အဓိကကျသော ပြောင်းလဲမှု မရှိသေးပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်က သင့်အပေါ် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို အစမပြုမီ သင်၏ မိမိကိုယ်ကိုသိကျွမ်းခြင်းသည် အမြဲတမ်း ပေါ့တန်ပြီး အပေါ်ယံအဆင့် ဖြစ်နေမည်။ ယင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ညီမျှမည်မဟုတ်ပေ။ ယင်းမှာ အလှမ်းဝေးနေလျက် ကွာဟမှုက အတော်ပင် သိသာထင်ရှားသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို အစမပြုမီ သင်သည် မိမိကိုယ်ကို အဘယ်မျှ ကောင်းမွန်သည်၊ ဟန်ဆောင်မှုကင်းသည်၊ စည်းကမ်းလိုက်နာသည်ဟု တွေးထင်သည်ဖြစ်စေ၊ သင်၌ အဘယ်မျှ ကျိုးနွံနာခံတတ်သော သဘောထားရှိသည်ဟု တွေးထင်သည်ဖြစ်စေ သင်သည် ဤအချက်တစ်ခုကို သိရမည်။ သင်၏ စိတ်သဘောထားမှာ တရားဝင် စတင်၍ မပြောင်းလဲသေးချေ။ သင်၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများနှင့် သင်၏ ထိုနည်းစနစ်များက အမူအကျင့်ပြောင်းလဲမှုကိုသာ ပြညွှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်လူတစ်ဦး ပိုင်ဆိုင်ထားသင့်သည့် အခြေခံလူ့သဘာဝ ဖြစ်ပေါ်စေသည်။ ရိုးသားမှု၊ ကျိုးနွံနာခံမှု၊ နောက်ကြောင်းပြန်လှည့်နိုင်စွမ်း၊ သစ္စာစောင့်သိမှု ဟူသည့် ဤအရာများသည် လူတစ်ဦး၏ လူ့သဘာဝထဲ၌ ရှိသင့်သည့် အရာများဖြစ်သည်။ ဤအရာ၌ အသိတရားနှင့် ဆင်ခြင်တုံတရားလည်း ပါဝင်သည်မှာ အမှန်ပင်။ သင်သည် ဘုရားသခင်အနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဟူသည့် သူ၏အလုပ်ကို မဆောင်ရွက်မီ ဤအရည်အသွေးများကို ပိုင်ဆိုင်ထားရမည်။ တစ်စုံတစ်ဦး၌ ပြည့်မီသော တာဝန်ထမ်းဆောင်မှု၊ ကျိုးနွံနာခံတတ်သော စိတ်နေစိတ်ထား၊ အခြေခံအားဖြင့် ရိုးသားခြင်းနှင့် နောင်တရတတ်သော စိတ်နှလုံးဟူသည့် ဤသတ်မှတ်ချက်လေးခုလုံး ရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် ထိုသူ့အပေါ်တွင် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို စတင်မည်ဖြစ်သည်။

ယခုတွင် ဘုရားသခင်အနေဖြင့် လူတို့အပေါ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို မည်သို့ သတ်သတ်မှတ်မှတ် လုပ်ဆောင်သည်နှင့် ပတ်သက်၍ သင်တို့၏စိတ်ထဲတွင် အကြမ်းဖျင်းနားလည်မှု တစ်ခုခု ရှိလောက်ပြီဖြစ်သည်။ ဥပမာအနေဖြင့် ကောက်ကျစ်ဆိုးယုတ်မှုနှင့် စပ်လျဉ်း၍ လူတို့က ဘုရားသခင်ကို မကြာခဏ စမ်းသပ်ကြသည်။ သူ့ကို အကြောင်းရင်းမရှိဘဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မသင်္ကာမှုများ၊ သံသယများနှင့် မေးခွန်းများကို စိတ်ထဲထားသိုကြသည်။ ၎င်းတို့သည် လူတို့အပေါ် ဘုရားသခင်၏ သဘောထားက အမှန်တကယ် မည်သည့်အရာဖြစ်သည်နှင့် ပတ်သက်၍ မှန်းဆကာ ဤအရာကို အမြဲတမ်း သိလိုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ လူတို့သည် မိမိတို့၏ အခြေအနေများ သို့မဟုတ် အမူအကျင့်များ၏ မည်သည့်အရာက ဤစိတ်သဘောထားမျိုးကို ပြသကြောင်း လောလောဆယ် သိကြသလော။ လူတို့သည် မရှင်းလင်းကြပေ။ သင့်အား တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ကာလအတွင်း ဘုရားသခင်က သင့်ကို ပွင့်လင်းလာအောင်နှင့် မိမိကိုယ်ကိုသာမက သင်၏ အခြေအနေအမျိုးမျိုးကို ဖော်ထုတ်ပြလာအောင် လုပ်မည်ဖြစ်သည်။ ဤသို့ဖြင့် သင်၏စိတ်နှလုံးထဲ၌ ထိုအခြေအနေအမျိုးမျိုးနှင့် ပတ်သက်၍ ရှင်းလင်းမှု ရရှိမည်ဖြစ်သည်။ မိမိကိုယ်ကို ဖော်ထုတ်ပြသောအခါ သင်သည် အလွန်အမင်း ရှက်ကောင်း ရှက်မည်မဟုတ်သည်မှာ ပြောစရာမလိုပေ။ အနည်းဆုံးအနေဖြင့် ယင်းက သင့်ကို ဘုရားသခင် အဘယ့်ကြောင့် တရားစီရင်ပြီး ပြစ်တင်ဆုံးမကြောင်း သိခွင့်ပေးမည်။ တရားစီရင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ ဖော်ထုတ်မှုသည် တကယ်မှန်ကန်လျက် သင့်ကို လုံးလုံးလျားလျား ယုံကြည်လက်ခံလာအောင် လုပ်ကာ ယင်းတို့သည် ခြွင်းချက်မရှိ တိကျမှန်ကန်ကြောင်း သင့်အား မြင်တွေ့လာအောင် လုပ်သည်ကို သင် မြင်တွေ့မည်ဖြစ်သည်။ ထို့နောက် ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အထဲ၌ရှိနေသည့် အရာများဖြစ်ကြောင်း သင့်အတွက် ရှင်းလင်းပေမည်။ ယင်းတို့သည် အမူအကျင့်များ သို့မဟုတ် တဒင်္ဂထုတ်ဖော်ပြမှုများသက်သက် မဟုတ်၊ သင်၏ တကယ့်စိတ်သဘောထားပင် ဖြစ်သည်။ ထို့နောက် ဘုရားသခင်က သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို ဆောင်ရွက်စဉ်ကာလအတွင်း သင်သည် အဆက်မပြတ် ထုတ်ဖော်ခြင်း ခံရမည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ပြုပြင်ခြင်းခံရကာ သင့်အား ဒုက္ခခံရစေပြီး စစ်ဆေးခြင်းကို ခါးစည်းခံရစေမည် ဖြစ်သည်။ သာဓကအားဖြင့် ဘုရားသခင်အား မသင်္ကာခြင်းသည် ကောက်ကျစ်ဆိုးယုတ်မှု ဖော်ထုတ်ချက်တစ်ခု ဖြစ်၏။ လူတို့သည် ဘုရားသခင်အား မကြာခဏ မသင်္ကာကြသော်လည်း ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ကြောင်း မည်သည့်အခါမျှ သဘောမပေါက်ကြချေ။ ဤပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသောအခါ သင်သည် ဘုရားသခင်အား မသင်္ကာပါက ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ကြောင်း သင့်ကို သူ သိစေမည်။ သင်သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်လျက် သင်ယုံကြည်သော ဘုရားသခင်အား ဆက်ဆံဖို့၊ သင်၏ ဘုရားသခင်အား ယှဉ်ပြိုင်ဖို့နှင့် သင်၏ ဘုရားသခင်အပေါ် သံသယထားဖို့ ထိုကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို အသုံးပြုသည်ဖြစ်၍ သင်၏စိတ်နှလုံးက မချိမဆံ့ဝေဒနာ ခံစားရမည်။ သင်သည် ဤအရာကို မပြုလုပ်လိုသော်လည်း မတတ်နိုင်ပေ။ သင်၌ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသဖြင့် ဘုရားသခင်သည် သင့်အား စစ်ဆေးရန် အခြေအနေများကို စီစဉ်မည်ဖြစ်ကာ သင်၏ အယူအဆများနှင့် စိတ်ကူးများ၊ သင်၏ ယုတ္တိရှိသော တွေးခေါ်မှုအပြင် သင်၏ အတွေးများနှင့် ထင်မြင်ချက်များကို အမှုမဲ့အမှတ်မဲ့ စွန့်ပစ်အောင်လုပ်ပေးမည်။ ထိုအဆင့်တွင် သင်သည် ဒုက္ခခံရမည်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော စစ်ဆေးခြင်းဖြစ်ပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် သင်သည် စစ်ဆေးခံရခြင်းဖြစ်သည်။ စစ်ဆေးခြင်းက မည်သို့ဖြစ်ပေါ်လာသနည်း။ ယင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမဟုတ်ဟု သင် စဉ်းစားပါက၊ သင်၌ ထိုကဲ့သို့သော သရုပ်သကန်များ သို့မဟုတ် အခြေအနေများ မရှိသည့်အပြင် သင်သည် ထိုသို့သောလူစားမျိုးမဟုတ်ဟု ယုံကြည်ပါက၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားနှင့် ဆိုင်သည့် ဤလက္ခဏာသွင်ပြင်သည် သင့်အထဲ၌မရှိဟု သင် ထင်မြင်ပါက သင့်ကို ဘုရားသခင် တရားစီရင်သောအခါ သင်သည် စစ်ဆေးခြင်း ခံရမည်လော။ (မခံရပါ။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခဲ့ပြီဟု သင် ဝန်ခံပြီး သင့်ကို ဘုရားသခင် တရားစီရင်ပြီးပြီဟု သင်သိကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူ၏ တရားစီရင်ခြင်းနှင့် ကိုက်ညီစေနိုင်သော်လည်း သင်သည် အကြောင်းရှာနေသေးကာ မလွတ်မြောက်နိုင်ဘဲ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်နေသေးပါက ဤသည်မှာ စစ်ဆေးခြင်း ဖြစ်ပေါ်လာသည့်ပုံ ဖြစ်သည်။ ဘုရားသခင်က သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မနှစ်သက်ဘဲ ရွံရှာစက်ဆုပ်သည့်အပြင် သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်အတွက် အလှမ်းဝေးနေကြောင်း သင်သိလေသည်။ သင် မှားယွင်းနေကြောင်းနှင့် ဘုရားသခင်သည် မှန်ကန်ကြောင်း သင် ရှင်းရှင်းလင်းလင်း သိသော်လည်း သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ဘုရားသခင်၏ လမ်းခရီးကိုလည်း မလိုက်လျှောက်နိုင်ပေ။ ထိုအခိုက်အတန့်တွင် သင်၏နာကျင်မှု ထွက်ပေါ်လာ၏။ ယခု သင်တို့၌ ထိုကဲ့သို့သော နာကျင်မှု ရှိကြသလော။ (မရှိပါ။) သို့ဆိုလျှင် အနည်းဆုံးအနေဖြင့် သင်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားအရ စစ်ဆေးခြင်းကို မခံရသေးချေ။ သင် အမှားများ သို့မဟုတ် ပြစ်မှားမှုများကို လုပ်မိသည့်အခါတွင် ပြစ်တင်ခံရခြင်းနှင့် ဆုံးမပဲ့ပြင်ခံရခြင်းမှ နာကျင်မှုအနည်းငယ်ကိုသာ တွေ့ကြုံရသော်လည်း ဤသည်မှာ စစ်ဆေးခြင်း လုံးဝမဟုတ်ချေ။ သင်တို့သည် ထိုသို့သော အသက်တာထဲ၌ ဝင်ရောက်ကာ ထိုသို့သော လမ်းကြောင်းကို စတင်နိုင်ပြီး “ကျွန်ုပ်သည် ချစ်ခင်တွယ်တာမှုများ သို့မဟုတ် အဆင့်အတန်းကို ခံစားနေခြင်း နောက်ထပ် မရှိတော့သော်လည်း စစ်ဆေးခြင်းကို အမှန်တကယ် ခါးစည်းခံနေရသည်။ ကျွန်ုပ်သည် အမှန်ပင် ဘုရားသခင်နှင့် လိုက်လျောညီထွေမှု မရှိကြောင်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်းနှင့် ယင်းကို ကျွန်ုပ် ခဝါမချနိုင်ကြောင်း နားလည်သဘောပေါက်ပြီး ဖြစ်သည်။ ဘုရားသခင် ကျွန်ုပ်ကို စစ်ဆေးပြီး ထုတ်ဖော်ပါစေတော့” ဟု ပြောသည်ဆိုကြပါစို့။ သင်သည် ထိုကဲ့သို့သော အခြေအနေဖြင့် အသက်ရှင်သောအခါ သင်သည် ကယ်တင်ခံရခြင်း လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်သည်။ ယခု ဤအကြောင်းအရာကို ပြောဆိုနေရင်း သင်တို့အားလုံးသည် ထိုနေ့ရောက်ရှိလာဖို့ တမ်းတပြီး စောင့်မျှော်ခြင်း ရှိကောင်းရှိနိုင်သော်လည်း သင်တို့မည်မျှက ထိုကဲ့သို့သော ဆက်ဆံပြုမူမှုကို ပျော်မွေ့ဖို့အထိ လုံလောက်အောင် အမှန်ပင် ကောင်းချီးခံရနိုင်သည်ကို ငါမသိပေ။ ဤသည်မှာ အလွန့်အလွန် ကောင်းမွန်သောအရာ ဖြစ်ပြီး အလွန်ကြီးမားသော ကောင်းချီးဖြစ်၏။ ကယ်တင်ခံရခြင်းမှာ မလွယ်ကူပေ။ အကယ်၍ ဖန်ဆင်းရှင်သည် သင့်ကို အမှန်တကယ် တန်ဖိုးထားလျှင်၊ သင့်ကို ရွေးချယ်ပြီး သင့်ကို သူ၏နောက်လိုက် ဖြစ်စေလျှင် ယင်းမှာ ကယ်တင်ခံရဖို့ ပထမခြေလှမ်းသာ ဖြစ်သည်။ ဖန်ဆင်းရှင်က သင့်ကို တန်ဖိုးထားပြီး သင်သည် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုကို ရရှိဖို့ သတ်မှတ်ချက်ပြည့်မီသည်ဟု ဆိုလျှင် ယင်းမှာ ဒုတိယခြေလှမ်းသာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်လာနိုင်လျှင်၊ သင်၏ စိတ်သဘောထား ပြောင်းလဲသည့် အခြေအနေတစ်ခုသို့ ရောက်ရှိပြီး ဖန်ဆင်းရှင်နှင့် လိုက်လျောညီထွေမှုရှိလာနိုင်လျက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သည့် လမ်းကြောင်းကို လျှောက်နိုင်လျှင် ယင်းမှာ နောက်ဆုံးအဆုံးသတ် ဖြစ်သည်။ ယခုမှာမူ သင်တို့အထဲမှ အဘယ်သူသည် ထိုနေ့ရောက်ရှိအောင် လုံလောက်စွာ ကောင်းချီးပေးခြင်း ခံရမည်နည်း။ အဘယ်သူသည် ထိုကဲ့သို့သော ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိဖို့ ကောင်းချီးပေးခြင်း ခံရမည်နည်း။ ယင်းကို လူတစ်ဦး၏ ပုံပန်းမှ သိမြင်နိုင်သလော။ လူတစ်ဦး၏ အစွမ်းအစမှ သိမြင်နိုင်သလော။ လူတစ်ဦး၏ ပညာရေးအဆင့်အတန်းမှ သိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) ယင်းကို လူတစ်ဦး ယခုထမ်းဆောင်သည့် တာဝန်များအားဖြင့် အဆုံးအဖြတ် ပေးနိုင်သလော။ သို့မဟုတ် လူတစ်ဦးမွေးဖွားလာသည့် မိသားစုအားဖြင့် အဆုံးအဖြတ်ပေးနိုင်သ‌လော။ ဤအချက်များမှ မည်သည့်အရာကမျှ ယင်းကို မထုတ်ဖော်နိုင်ပေ။ လူအချို့က “ကျွန်ုပ်၏မိသားစုသည် မျိုးဆက်သုံးဆက်တိုင်အောင် သခင့်ကို ယုံကြည်လာခဲ့ပြီ။ ကျွန်ုပ်သည် အမိဝမ်းထဲ၌ရှိစဉ်ကပင် ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် အသေအချာပင် ကယ်တင်ခံရမည်” ဟု ပြောသည်။ ဤသည်မှာ မိုက်မဲသော အပြောအဆိုဖြစ်ပြီး အလွန့်အလွန် ပညာမဲ့လေသည်။ ဘုရားသခင်က ထိုသို့သောအရာများကို မကြည့်ပေ။ ဖာရိရှဲတို့သည် ဘုရားသခင်ကို မျိုးဆက်များစွာကြာအောင် ယုံကြည်ခဲ့ပြီး ယခု ၎င်းတို့ မည်သို့ဖြစ်သွားသနည်း။ ဘုရားသခင်က ၎င်းတို့ကို သူ၏နောက်လိုက်များအဖြစ်ပင် အလိုမရှိပေ။ ၎င်းတို့သည် လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်း ခံရပြီဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းအလုပ်နှင့် မသက်ဆိုင်သည့်အပြင် ပါဝင်ပတ်သက်မှု မရှိကြပေ။

လူတစ်ဦးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ခြင်းရှိမရှိသည် စိတ်သဘောထား ပြောင်းလဲမှုဟူသည့် အဓိက ပြဿနာနှင့် တိုက်ရိုက်ဆက်စပ်သည်။ သို့ရာတွင် လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနှင့် ပတ်သက်၍ အယူအဆများစွာ ရှိတတ်ကြသည်။ ဤပြဿနာများကို ဖြေရှင်းဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သမ္မာတရားကို မကြာခဏ မိတ်သဟာယပြုရန် မုချလိုအပ်သည်။ ဤသည်မှာ အလိုအပ်ဆုံး ဖြစ်၏။ ဘုရားသခင်က လူတို့ကို အဘယ့်ကြောင့် တရားစီရင်ပြီး ပြစ်တင်ဆုံးမသနည်း။ လူသားမျိုးနွယ်သည် မည်သည့်အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးသွားသနည်း။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက မည်သည့်ပြဿနာများကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး ၎င်းတို့သည် မည်သည့်အဆုံးသတ်များကို စွမ်းဆောင်ရရှိကြသနည်း။ လူတို့အား ဘုရားသခင် တောင်းဆိုသည့် စံချိန်စံညွှန်းများမှာ အဘယ်နည်း။ အကယ်၍ ဤသမ္မာတရားများကို နားမလည်ပါက လူတစ်ဦးအနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရယူဖို့ မလွယ်ကူပေ။ သူသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများသာမက ပုန်ကန်မှုနှင့် အတိုက်အခံလုပ်ခြင်းတို့ပါ အလွယ်တကူ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ဘုရားသခင်ကိုပင် ပြစ်မှားစော်ကားနိုင်ကာ သူ့အပေါ် ရန်လိုလာနိုင်သည်။ လူတို့ကို ဘုရားသခင် မည်သို့ကယ်တင်သနည်း။ အဘယ်သူသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရယူနိုင်သနည်း။ အဘယ်သူသည် သမ္မာတရားအား လိုက်စားခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်း လမ်းကြောင်းကို စတင်နိုင်သနည်း။ အဘယ်သူသည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အလုပ်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်နည်း။ အကယ်၍ ဤသမ္မာတရားများကို ရှင်းလင်းစွာ မိတ်သဟာယပြုထားလျှင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများက ပြေလည်သွားမည်မဟုတ်လော။ အနည်းဆုံး ၎င်းတို့သည် အခြေခံအားဖြင့် ပြေလည်သွားမည်ဖြစ်သည်။ ကျန်နေသေးသည့် မည်သည့်ပြဿနာမဆို လူတစ်ဦး၏ ကိုယ်ပိုင်အတွေ့အကြုံအားဖြင့်သာ ဖြေရှင်း၍ရသည်။ သမ္မာတရားကို နားလည်သည့်အခါ ယင်းတို့သည် ပင်ကိုအားဖြင့် ပြေလည်သွားမည်ဖြစ်သည်။ လူအချို့က “ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ပြီဖြစ်သောကြောင့် အဘယ့်ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံဖို့လိုသေးသနည်း” ဟု ပြောကြသည်။ အပြစ်များ ခွင့်လွှတ်ခံရခြင်းမှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်၏။ ယင်းက လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ လာခွင့်ပေးသည်။ သို့ရာတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက လူတို့ကို အပြစ်မှ၊ စာတန်၏ စွမ်းအားမှ လုံးလုံးလျားလျား ကယ်တင်ဖို့ ရည်ရွယ်သည်။ ဤနှစ်ခုမှာ တစ်ခုနှင့်တစ်ခု မဆန့်ကျင်ကြပေ။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူတို့ကို ရွေးနုတ်ပြီး ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူတို့ကို တရားစီရင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်စေသည်။ ဤသည်တို့မှာ ဘုရားအလုပ်၏ အဆင့်နှစ်ခု ဖြစ်၏။ ဘာသာတရားထဲရှိ အဓိပ္ပာယ်မဲ့သော လူများစွာသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ပတ်သက်၍ အယူအဆများ အမြဲတမ်း ရှိကြသည်။ ၎င်းတို့သည် “အပြစ်များ ခွင့်လွှတ်ခြင်းခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်” ဟူသည့် စကားရပ်ကို တင်းကျပ်စွာ ဖက်တွယ်ထားကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ လုံးဝ ငြင်းဆိုကြသည်။ လူတစ်ဦးသည် ထိုကဲ့သို့သော လူတို့နှင့် ငြင်းခုံသင့်သလော။ အကယ်၍ သင်တို့သည် ထိုသို့သော လူတို့ကို ကြုံကြိုက်လျှင်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်လျှင် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယ ပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်‌တော်များကို ဖတ်ပြနိုင်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ လုံးဝ ငြင်းဆိုလျှင် ၎င်းတို့နှင့်ပတ်သက်၍ အပင်ပန်းခံစရာ မလိုပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းအား လက်ခံသူများ လုံးဝ မဟုတ်ကြပေ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအား လက်ခံနိုင်သူတို့ကိုသာ ကယ်တင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအား လုံးဝ လက်မခံနိုင်သောသူတို့ကိုမူ ဘုရားသခင်သည် လုံးဝ ကယ်တင်မည် မဟုတ်ပေ။ သမ္မာတရားကို လက်ခံနိုင်သောသူတို့သည် ၎င်းတို့၌ အယူအဆများ မည်မျှရှိနိုင်စေကာမူ ၎င်းတို့၏ အယူအဆများကို အလွယ်တကူ ဖြေရှင်းနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုပြီး သမ္မာတရားကို ပို၍ ရှာဖွေဖို့သာ လိုသည်။ သမ္မာတရားကို လက်ခံနိုင်သော လူတို့သည် လူ့သဘာဝရှိသောသူတို့၊ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသောသူတို့ ဖြစ်ကြသည်။ လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်မခံမီ ၎င်းတို့၌ အယူအဆများစွာနှင့် မှားယွင်းသော ထင်မြင်ချက်များသာမက အပျက်သဘောဆောင်သော အခြေအနေအချို့ ဖြစ်ပေါ်လာမည်။ အဖြစ်များဆုံးသော အပျက်သဘောဆောင်သည့် အခြေအနေမှာ “ကျွန်ုပ်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံခဲ့ပြီး ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် ကောင်းချီးပေးခြင်းကို ခံရသင့်သည်။ ကျွန်ုပ်၌ အဘယ့်ကြောင့် ဘေးဒုက္ခများ ကျရောက်ရသနည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဖြစ်များဆုံး အခြေအနေပင် ဖြစ်သည်။ နောက်ထပ် အခြေအနေတစ်မျိုးလည်း ရှိ၏။ အခြားသူများသည် ကောင်းမွန်သော အနေအထားတွင် နေထိုင်ပြီး ပျော်ပါးနေသည်ကို မြင်ရစဉ် မိမိမှာမူ ခက်ခဲမှုနှင့် ဆင်းရဲခြင်း၌ အသက်ရှင်နေကြောင်း သိမြင်ရသောအခါ ၎င်းတို့သည် ဘုရားသခင်သည် မဖြောင့်မတ်ဟု မကျေမနပ် ပြောကြသည်။ အခြားသူများက မိမိတို့၏တာဝန်ထမ်းဆောင်ရာ၌ ပိုကောင်းသော ရလဒ်များ စွမ်းဆောင်ရရှိနေသည်ကို မြင်တွေ့ကာ မနာလိုဖြစ်ပြီး အပျက်သဘော ဆောင်လာခြင်းပင် ဖြစ်နိုင်သည်။ ၎င်းတို့သည် အခြားသူများ၏ မိသားစုများ သင့်မြတ်ပြီး စည်းလုံးလျှင်၊ အခြားသူများက ၎င်းတို့ထက် ပိုမြင့်မားသော အစွမ်းအစရှိလျှင်၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းက ပင်ပန်းလျှင်၊ သို့မဟုတ် တစ်စုံတစ်ခုသည် ၎င်းတို့အလိုရှိသည့်အတိုင်း ဖြစ်မလာလျှင်လည်း အပျက်သဘောဆောင်ကြသည်။ အတိုချုပ်အားဖြင့် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီသည့် မည်သည့် အနေအထားများ၌မဆို ၎င်းတို့သည် အပျက်သဘောဆောင်လာကြသည်။ အကယ်၍ ဤသူ၌ အစွမ်းအစတစ်ခုခုရှိပြီး သမ္မာတရားကို လက်ခံနိုင်လျှင် ထိုသူ့ကို ကူညီသင့်သည်။ သမ္မာတရားကို သူ နားလည်သရွေ့ သူ၏ အပျက်သဘောဆောင်ခြင်းကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်သည်။ အကယ်၍ သူသည် သမ္မာတရားကို မရှာဖွေဘဲ ဆက်လက်၍ အပျက်သဘော ဆောင်နေလျက် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ အမြဲတမ်း လက်သင့်ခံထားပါက သန့်ရှင်းသော ဝိညာဉ်တော်သည် အလဟဿဖြစ်သော အလုပ်ကို မလုပ်ဆောင်သဖြင့် ဘုရားသခင်သည် ထိုသူ့ကို ဘေးဖယ်ထားပြီး အရေးစိုက်မည်မဟုတ်ပေ။ ထိုကဲ့သို့သော လူတို့သည် ထင်ရာစိုင်းလွန်းကာ သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ အမြဲရှိကြပြီး သူတို့၌ ကိုယ်ပိုင် တောင်းဆိုချက်များ အမြဲရှိကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရားအလွန်တရာ ချို့တဲ့ပြီး ၎င်းတို့အား အတော်ပင် အသိခေါက်ခက် အဝင်နက်စေသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်သော်လည်း လက်မခံကြပေ။ ဤသည်မှာ ပုန်ကန်ပြစ်မှားမှုများကို တမင်တကာ ကျူးလွန်နေသည်နှင့် အနည်းငယ် တူသည်မဟုတ်လော။ ထို့ကြောင့် ၎င်းတို့ကို ဘုရားသခင် အရေးမလုပ်ချေ။ လူအချို့က “ကျွန်ုပ်သည် မကြာခဏ အပျက်သဘောဆောင်ပြီး ဘုရားသခင် ကျွန်ုပ်ကို မသိကျိုးကျွန်ပြုသည်။ ဤသည်မှာ ဘုရားသခင် ကျွန်ုပ်ကို မချစ်ပါဟု ဆိုလိုသည်” ဟု ဆိုကြသည်။ ထိုကဲ့သို့သော ပြောဆိုချက်မှာ အဓိပ္ပာယ်မဲ့သည်။ ဘုရားသခင် မည်သူ့ကို ချစ်ကြောင်း သင်သိသလော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်ကဲ့သို့ သိသာထင်ရှားစေကြောင်း သင်သိသလော။ ဘုရားသခင် မည်သူ့ကို မချစ်ကြောင်းနှင့် ဘုရားသခင် မည်သူ့ကို ဆုံးမပဲ့ပြင်ကြောင်း သင်သိသလော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စည်းမျဉ်းများရှိ၏။ ယင်းမှာ လူတို့ကို အစဉ်မပြတ် သည်းခံပြီး ၎င်းတို့အား သနားကရုဏာနှင့် ကျေးဇူးတော်ကို ပြသကာ မည်သူဖြစ်စေ လူတိုင်းကို ကယ်တင်လျက် မည်သည့်အပြစ်များကို ၎င်းတို့ကို ကျူးလွန်သည်ဖြစ်စေ လူတိုင်းကို ခွင့်လွှတ်သည့်အပြင် နောက်ဆုံးတွင် လူတိုင်းကို ခြွင်းချက်မရှိ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်သည်ဟူ၍ လူသားများ စိတ်ကူးသကဲ့သို့ မဟုတ်။ ဤသည်တို့မှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများသာ မဟုတ်လော။ ထိုသို့ဖြစ်သည်ဆိုလျှင် ဘုရားသခင်အနေဖြင့် တရားစီရင်ခြင်းအလုပ်ကို ထမ်းဆောင်ဖို့လိုမည် မဟုတ်ပေ။ မကြာခဏ အပျက်သဘောဆောင်သည့်လူများအပေါ် ဘုရားသခင် ပြုမူဆောင်ရွက်ပုံနှင့်ပတ်သက်၍ စည်းမျဉ်းများရှိသည်။ လူများသည် စဉ်ဆက်မပြတ် အပျက်သဘောဆောင်သည့်အခါ ဤတွင် ပြဿနာတစ်ခု ရှိပေသည်။ ဘုရားသခင်သည် များစွာပြောဆိုပြီးဖြစ်သည်၊ သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်၊ လူတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လျှင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး သမ္မာတရားကို နားလည်ပြီးနောက်တွင် သူ့အတွင်းရှိ အပျက်သဘောဆောင်သော အရာများသည် အစဉ်ပို၍ နည်းပါးလာမည်။ လူတို့သည် အစဉ် အပျက်သဘောဆောင်နေလျှင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသည်မှာ သေချာသည်။ ၎င်းတို့၏ အယူအဆများနှင့် ကွဲလွဲသည့်အရာတစ်ခုကို ကြုံတွေ့ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ အပျက်သဘောဆောင်လာကြလိမ့်မည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေကြသနည်း။ အဘယ်ကြောင့် သမ္မာတရားကို လက်မခံကြသနည်း။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နားလည်မှုလွဲခြင်းများ ရှိသောကြောင့်ဖြစ်သည့်အပြင် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေသောကြောင့်ဖြစ်သည်မှာ သေချာသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို ဤသို့ချဉ်းကပ်ကြသောအခါ ဘုရားသခင်က ၎င်းတို့ကို အာရုံစိုက်ခြင်း တစ်ခုတလေ ရှိဦးမည်လော။ ထိုသို့သော လူများသည် ဆင်ခြင်တုံတရားကို နားမဝင်သူများ မဟုတ်လော။ ဆင်ခြင်တုံတရားကို နားမဝင်သည့် သူများအပေါ် ဘုရားသခင်၏ သဘောထားက အဘယ်နည်း။ သူက ၎င်းတို့ကို ဘေးဖယ်ပြီး လျစ်လျူရှုလေသည်။ သင်ဆန္ဒရှိသည့် မည်သည့်ပုံစံဖြင့်မဆို သင်ယုံကြည်လော့။ သင် ယုံကြည်သည်၊ မယုံကြည်သည်မှာ သင့်အပေါ်တွင် မူတည်သည်။ သင် အမှန်တကယ် ယုံကြည်ပြီး သမ္မာတရား လိုက်စားလျှင် သမ္မာတရားကို ရလိမ့်မည်။ သင် သမ္မာတရားကို မလိုက်စားလျှင် ယင်းကို ရရှိလိမ့်မည်မဟုတ်ချေ။ ဘုရားသခင်သည် လူတိုင်းကို တရားမျှတစွာ ဆက်ဆံသည်။ သင်သည် သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခုမရှိလျှင်၊ ကျိုးနွံနာခံသည့် သဘောထားတစ်ခုမရှိလျှင်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မှီရန် မကြိုးပမ်းလျှင် သင်ဆန္ဒရှိသလို ယုံကြည်နိုင်သည်။ ထို့အပြင် သင်သည် အတော် ထွက်ခွာလိုပါက၊ ချက်ချင်း ထိုသို့လုပ်ဆောင်နိုင်သည်။ သင်၏တာဝန်ကို လုပ်ဆောင်ဖို့ သင်ဆန္ဒမရှိပါက ဘုရားအိမ်တော်က သင့်ကို အတင်းအကျပ် လုပ်ဆောင်စေမည်မဟုတ်။ သင်နှစ်သက်သည့်နေရာသို့ သင်သွားနိုင်သည်။ ဘုရားသခင်က လူများကို နေဖို့ မတိုက်တွန်းပေ။ ယင်းမှာ သူ၏သဘောထားဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်မှာ ရှင်းနေလင့်ကစား သင်သည် ဖန်ဆင်းခံတစ်ဦး လုံးဝမဖြစ်ချင်ပေ။ ကောင်းကင်တမန်မင်း အမြဲတမ်း ဖြစ်လိုပြီး ဘုရားသခင်ကို ကျိုးနွံနာခံလိုစိတ်မရှိသည့်အပြင် ဘုရားသခင်နှင့် တန်းတူအဆင့်၌နေဖို့ အမြဲတမ်း ဆန္ဒရှိသည်။ ဤသည်မှာ ဘုရားသခင်ကို အရှက်မရှိ အတိုက်အခံလုပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုဖြစ်၏။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားလင့်ကစား အဆင့်အတန်းရှိဖို့နှင့် အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ဖို့ အထူးတလည် ပြုမူဆက်ဆံခြင်းကို အမြဲတမ်း အလိုဆန္ဒရှိလျက် အရာရာတွင် အခြားသူများထက် ပိုသာရန်၊ ကြီးမားသော ကောင်းချီးများကို ရရှိရန်နှင့် လူတိုင်းကို ကျော်လွန်ရန် အလိုရှိသည်။ ဤအရာက ဆင်ခြင်တုံတရားကင်းမဲ့မှုကို ပြသ၏။ ဆင်ခြင်တုံတရားကင်းမဲ့သော လူတို့ကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ၎င်းတို့ကို ဘုရားသခင် မည်သို့အကဲဖြတ်သနည်း။ ထိုကဲ့သို့သော လူတို့မှာ အသိခေါက်ခက် အဝင်နက်ကြသည်။ အချို့က “အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသိခေါက်ခက် အဝင်နက်သည်ဟု ဆိုလျှင် ကျွန်ုပ် အလုပ်လုပ်ပေးမည် မဟုတ်တော့” ဟု ဆိုသည်။ သင့်ကို အဘယ်သူက အလုပ်လုပ်ပေးဖို့ ခိုင်းခဲ့သနည်း။ သင်သည် လုပ်ဆောင်လိုစိတ် မရှိလျှင် ဘုရားသခင် သင့်ကို အတင်းအကျပ်စေခိုင်းမည် မဟုတ်ပေ။ အမြန်သာ ထွက်သွားလော့။ ဘုရားအိမ်တော်က သင့်ကို တားမည်မဟုတ်ပေ။ သင်သည် အလုပ်လုပ်ပေးလိုစိတ် ရှိလျှင်ပင် ဘုရားအိမ်တော်၌ သတ်မှတ်ချက်များ ရှိသည်။ အကယ်၍ သင်၏အလုပ်လုပ်ပေးခြင်းက အဆင့်မမီသည့်အပြင် သင်၏ တာဝန်ထမ်းဆောင်မှုက ဘုရားအိမ်တော်အား ပြဿနာမြောက်မြားစွာ ဖြစ်ပေါ်စေလျက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုလုပ်လျှင် ဘုရားအိမ်တော်က သင့်ကို အသေအချာပင် ဖယ်ရှားရှင်းလင်းမည် ဖြစ်သည်။ သင်သည် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိလျှင်ပင် ဘုရားအိမ်တော်က သင့်ကို အလိုရှိမည်မဟုတ်။ အကယ်၍ လူတို့သည် အလုပ်လုပ်ပေးလိုစိတ်ရှိလျက် သမ္မာတရားကို လက်ခံနိုင်ပြီး ပြုပြင်ခြင်းကို လက်ခံပါက ဘုရားအိမ်တော်၌ နေထိုင်ဖို့ သတ်မှတ်ချက်ပြည့်မီသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်လျက် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ကာ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရနိုင်လျှင် ဤသည်မှာ အလွန်ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်၏။ ဘုရားသခင်က သင့်ကို တောင်းပန်နေကာ သူ့အနေဖြင့် သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရန် လိုအပ်သည်ဟု မထင်နှင့်။ ဘုရားသခင် သင့်ကို တောင်းပန်မည်မဟုတ်ချေ။ ဘုရားသခင်သည် ရည်မှန်းချက်သတ်သတ်မှတ်မှတ်ကို စိတ်ထဲတွင် ထားရှိလျက် စည်းမျဉ်းများဖြင့် လူတို့ကို စိစိစစ်စစ် ကယ်တင်ပြီး စုံလင်အောင် ပြုလုပ်ပေးသည်။ ဘုရားသခင်ကို ယုံကြည်သူအားလုံးက သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်သည်မဟုတ်ပေ။ လူများစွာကို ဖိတ်ခေါ်သော်လည်း အနည်းငယ်သာ ရွေးချယ်ခြင်းခံရသည်။ သင်သည် သင်၏တာဝန်ကို ပြည့်မီအောင် ထမ်းဆောင်ခြင်း၊ ကျိုးနွံနာခံတတ်သော စိတ်နေစိတ်ထားရှိခြင်း၊ အခြေခံအားဖြင့် ရိုးသားခြင်းနှင့် နောင်တရတတ်သော စိတ်နှလုံးကို ပိုင်ဆိုင်ခြင်းဟူသည့် ဘုရားသခင်၏ စံချိန်စံညွှန်းအချို့ကို ပြည့်မီရမည်ဖြစ်ကာ၊ သို့မှသာ ဘုရားသခင်သည် တရားဝင် စတင်၍ တရားစီရင်ပြီး ပြစ်တင်ဆုံးမမည်ဖြစ်သည့်အပြင် သင့်ကို သန့်စင်စေပြီး စုံလင်စေမည် ဖြစ်သည်။ လူအချို့က “တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းဟူသည် ဆင်းရဲဒုက္ခခံရခြင်းကို ဆိုလို၏” ဟု ပြောကြသည်။ ဒုက္ခခံရမည်မှာ မှန်သော်လည်း သင်သည် ထိုအရာအတွက် သတ်မှတ်ချက်ပြည့်မီရမည်။ သင် သတ်မှတ်ချက် မပြည့်မီပါက ဒုက္ခခံရဖို့ပင် မထိုက်တန်ပေ။ ဘုရားသခင်၏ အလုပ်နှင့် လူတို့အား သူ၏စုံလင်စေခြင်းကို ထိုမျှရိုးစင်းသည်ဟု သင် ထင်သလော။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် ငြင်းဆန်သောသူတို့ သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးသောသူတို့သည် နောက်ဆုံးတွင် မိမိတို့၏ လုပ်ရပ်များအတွက် တာဝန်ခံရမည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သူဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် သူ၏သဘောထားက မည်သည့်အရာဖြစ်စေ ဤသဘောထားက ဘုရားသခင် သတ်မှတ်သည့်အရာနှင့် မကိုက်ညီပါက ဘုရားသခင်သည် ကြားဝင်စွက်ဖက်မည် မဟုတ်သည့်အပြင် ၎င်းတို့သဘောအတိုင်း လုပ်ခွင့်ပြုမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် ဤနေရာတွင် ရှိနေ၏။ သူပြောသည့်အရာကို သင်လုပ်နိုင်လျှင် လုပ်လော့။ သင်သည် လုပ်လိုစိတ်ရှိလျှင် လုပ်လော့။ သင် လုပ်လိုစိတ်မရှိလျှင်၊ သို့မဟုတ် မလုပ်နိုင်လျှင် ဘုရားသခင် သင့်ကို အတင်းခိုင်းမည် မဟုတ်ပေ။ ဘုရားသခင် သင့်ကို တောင်းပန်မည်ဟု သင်ထင်သလော။ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်မည်ဟု သင်ထင်သ‌လော။ စိတ်ချလော့၊ ဘုရားသခင်သည် သေချာပေါက် ထိုသို့ပြုမည်မဟုတ်။ ဘုရားသခင်က “သင်သည် သမ္မာတရားကို လက်မခံလိုလျှင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အလွန်အမင်း မနှစ်မြို့လျှင် ကိစ္စမရှိပေ။ သင်သည် ကျေးဇူးတော်အနည်းငယ်ကို မွေ့လျော်ပြီးဖြစ်သောကြောင့် လောကကြီးသို့ အမြန်ပြန်သွားလော့၊ အလျင်အမြန်သာ ထွက်သွားလော့။ သင့်ကို အတင်းအကျပ် လုပ်မည်မဟုတ်ပေ။ သင်သည် ကောင်းကင်နိုင်ငံ‌တော်၏ ကောင်းချီးများကို မွေ့လျော်ဖို့ သတ်မှတ်ချက်မပြည့်မီသည့်အပြင် ယင်းတို့ကို ရရှိဖို့ ဆန္ဒရှိလျှင်ပင် မရရှိနိုင်ပါ” ဟု ဆိုလိမ့်မည်။ ဘုရားသခင်က လူတို့အား သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ အတင်းအကျပ်မလုပ် ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်မခံလျှင် ဘုရားသခင်သည် ဆုံးမပဲ့ပြင်ခြင်း၊ ဆုံးမခြင်း၊ သတိပေးနှိုးဆော်ခြင်း ပြုမည်မဟုတ်သကဲ့သို့ တိုက်တွန်းအားပေးခြင်းလည်း ပြုမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်ပွင့်စေခြင်း သို့မဟုတ် အလင်းပေးခြင်း ရှိမည်မဟုတ်ပေ။ အပေါ်ယံတွင် ဤလူတို့သည် စိတ်လက်ချမ်းသာစွာ အသက်ရှင်ပုံပေါက်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းအတွက် ဆုံးမပဲ့ပြင်ခြင်း မခံရသကဲ့သို့ အလုပ်တာဝန်၌ ၎င်းတို့၏ အပျက်သဘောဆောင်သော ခိုကပ်ခြင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ လက်လွတ်စပယ် အကဲဖြတ်ခြင်းတို့အတွက်လည်း ဆုံးမပဲ့ပြင်ခြင်း မခံရပေ။ ဘုရားသခင်အား အထင်လွဲမှားခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် ပြောခြင်းနှင့် ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းတို့အတွက်ပင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာမျှ မခံစားရသည်မှာ ၎င်းတို့သည် ပူဇော်သက္ကာများကို ခိုးယူခြင်း သို့မဟုတ် အလွဲသုံးခြင်းကဲ့သို့သော ကြီးမားသော မကောင်းမှုကို ကျူးလွန်သော်လည်း သတိမမူမိသည်အထိပင် ဖြစ်လေသည်။ ထိုကဲ့သို့ ကြီးမားသော မကောင်းမှုများကို ကျူးလွန်သည့် လူတို့သည် မိမိတို့ကိုယ်ကို ပြန်လည်မဆင်ခြင်ဘဲ၊ နောင်တစိုးစဉ်းမျှမရဘဲ၊ ၎င်းတို့အပေါ် မည်သည့် အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် အဆုံးသတ် ရောက်လာမည်ဟူသော စိတ်ထင့်ခြင်းတစ်စက်မျှ မရှိဘဲ နှစ်ပေါင်းများစွာ နေနိုင်သည်။ ပုံမှန်လူတစ်ဦး၌ စိတ်ထင့်ခြင်းတစ်မျိုးမျိုး ရှိသင့်သော်လည်း ဘုရားသခင်သည် ၎င်းတို့အထဲ၌ ဘာတစ်ခုမျှ လုံးလုံးလျားလျား မပြုလုပ်သောကြောင့် ၎င်းတို့၌ မရှိပေ။ ဘုရားသခင်၏ ဘာမျှမလုပ်ခြင်းမှာ သဘောထားတစ်မျိုး ဖြစ်သည်။ ယင်းက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ မည်သည့်အရာ စဉ်းစားနေသည်ဟု သင်တို့ စိတ်ကူးကြည့်နိုင်သလော။ သူသည် ထိုသို့သော လူတို့အပေါ် လုံးလုံး လက်လျှော့လိုက်လေပြီ။ သူသည် ထိုသို့သော လူတို့ကို စက်ဆုပ်ရွံရှာသည်။ ၎င်းတို့သည် ငှက်တောင်မွေးတစ်ပင်၊ ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အရေးမပါ၊ ၎င်းတို့ကို ထုတ်ဖော်ပြောဆိုဖို့ပင် မထိုက်တန်သဖြင့် ၎င်းတို့၏ အဆုံးသတ်ကို အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ တစ်နေ့တွင် ထိုကဲ့သို့သော လူတစ်ဦးက “ကျွန်ုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်လိုသည်။ ကိုယ်တော့်ကို ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ဘုရားအဖြစ် လက်ခံပါသည်” ဟု ပြောသောအခါ ထိုသူ့ကို ဘုရားသခင် အလိုရှိမည်လော။ အလိုရှိမည်မဟုတ်။ အချို့က “ကျွန်ုပ် နောင်တရပြီ။ ယခု ကျွန်ုပ် ပြန်လှည့်လာနေပြီ” ဟု ဆိုသည်။ ထိုသူတို့အတွက် အလွန်နောက်ကျပြီလော။ အလွန်နောက်ကျပြီ။ ၎င်းတို့၏သဘာဝသည် နတ်ဆိုး၏ သဘာဝမျိုးဖြစ်ပြီး မည်သည့်အခါမျှ ပြောင်းလဲ‌မည် မဟုတ်သောကြောင့် ဘုရားသခင်သည် ထိုသို့သောလူတို့ကို မကယ်တင်ပေ။ ၎င်းတို့သည် အဘယ်မျှ နောင်တရသည် ဖြစ်စေ၊ ၎င်းတို့သည် အဘယ်မျှ သနားစဖွယ် ငိုသည်ဖြစ်စေ ၎င်းတို့ ပြောင်းလဲနိုင်သလော။ ၎င်းတို့ အမှန်တကယ် နောင်တရနိုင်သလော။ လုံးဝ မရနိုင်ပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နေသရွေ့ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားလည်သင့်သည်။ သင်သည် ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် ကြံစည်စီစဉ်မှုများ လုံးဝ ပြု၍မရပေ။ ယင်းတို့ကို ခိုးယူဖို့ သို့မဟုတ် အသုံးချဖို့ အကြံအစည်များရှိခြင်းသည်ပင် လက်ခံနိုင်ဖွယ်မဟုတ်ပေ။ ထိုသို့သော လုပ်ရပ်များကို ပြုလုပ်မိသည်နှင့် ကြီးမားသော ဘေးဒုက္ခကို ဖြစ်ပေါ်စေမည်ဖြစ်ကာ သင်၏အဆုံးသတ်ကို ထိခိုက်မည်ဖြစ်သည်။ သင်၏ အဆုံးသတ်ကို ချမှတ်ပြီးသည်နှင့် ဘုရားသခင် ပြောဆိုထားသည့်အရာ သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာ ဖြစ်သည်ကို ပြန်စဉ်းစားခြင်းနှင့် နောင်တရခြင်းသည် အချည်းနှီးဖြစ်မည်။ ယင်းမှာ အလွန်နောက်ကျသွားမည်။ ယခုတွင် ဘုရားသခင်၏ အလုပ်ကို အဆုံးမသတ်သေးသော်လည်း လူအချို့၏ အဆုံးသတ်ကိုမူ သတ်မှတ်ထားပြီး ဖြစ်လေသည်။ ဘုရားသခင်က ဤကိစ္စကို ထုတ်ဖော်မပြောသေးသကဲ့သို့ မည်သူ့ကိုမျှလည်း မပြောပြသေးပေ။ ဤလူတို့က မိမိတို့ကိုယ်ကို အဆင်ပြေသည်ဟု ထင်နေကြဆဲ၊ မိမိတို့၏အချိန်ကို ဖြုန်းနေကြဆဲ ဖြစ်သည်။ သေခြင်းတရားက တံခါးခေါက်ပြီဆိုလျှင်ပင် ၎င်းတို့သည် လုံးလုံးလျားလျား သတိမမူမိကြချေ။ ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်သောလူများနှင့် အသုံးမကျသောလူများတစ်သိုက် ဖြစ်လေသည်။

အခြားဖြစ်စဉ်နှစ်ခုကိုလည်း ငါ ဆက်ပြောမည်။ ယခင်ဖြစ်စဉ်၌ အမျိုးသားတစ်ဦးအကြောင်းကို ဆွေးနွေးခဲ့ပြီး ဤဖြစ်စဉ်များရှိ အဓိကဇာတ်ကောင်များမှာ အမျိုးသမီးခေါင်းဆောင်နှစ်ဦး ဖြစ်သည်။ ဤဘွဲ့သညာကို ကြားရလျှင် လူတစ်ဦးက ထိုသူတို့၏ အဆင့်အတန်းများမှာ မနိမ့်ပါးကြောင်း ချက်ချင်းနားလည်နိုင်ပြီး၊ သို့တစေ ထိုအဆင့်အတန်းမျိုး ရှိသည့် လူတို့သည် ကြီးမားသော မကောင်းမှုများကို ကျူးလွန်နိုင်သည်။ ဤအမျိုးသမီးများထဲမှ တစ်ဦးသည် မလုံလောက်သော အရင်းအနှီးငွေကြောင့် သူ၏စီးပွားရေး ပြိုလဲလုဆဲဆဲရှိသည့် ဘာသာတရား မရှိသူတစ်ဦးနှင့် ပတ်သက်မှုရှိခဲ့သည်။ ဤအမျိုးသမီးက အသင်းတော်ထဲ၌ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံပြီး ငွေကြေးအရင်းအမြစ်များကို ချုပ်ကိုင်ရသည့်အတွက် ထိုဘာသာတရားမရှိသူက သူမထံမှ ငွေချေးယူဖို့ တောင်းဆိုခဲ့သည်။ သူမသည် အထက်ကို တောင်းခံခြင်းမရှိဘဲ ယွမ်ငွေ သိန်းချီ၍ ချေးငှားဖို့ တစ်ဦးတည်း သ‌ဘောတူခဲ့သည်။ လူတို့ ပိုင်ဆိုင်သော ငွေများကို ချေးငှား၍ရသော်လည်း ဘုရားသခင်၏ ငွေသည် ပူဇော်သက္ကာဖြစ်ပြီး ဘုရားသခင်၏ ပူဇော်သက္ကာကိုထိသော မည်သူမဆို အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရမည်။ သူမသည် ပူဇော်သက္ကာများကို တစ်ဦးတည်း တလွဲအသုံးပြုခဲ့ကာ ငွေပမာဏမှာ မနည်းပေ။ ငွေတလွဲအသုံးပြုပြီးနောက် အသင်းတော်က သူမကို အရေးယူကာ သူမကို ငွေပြန်လျော်ဖို့အတွက် အလုပ်လုပ်ရန် ပြဋ္ဌာန်းလိုက်သည်။ ဤသည်မှာ ယင်းကို အသင်းတော်က ကိုင်တွယ်သည့်ပုံဖြစ်သည်။ ယင်းမှာ လူသား၏ နည်းလမ်းဖြစ်သည်။ သူမသည် ငွေပြန်လျော်နိုင်ခဲ့ပြီး အပြင်ပန်းတွင် ရည်မွန်သော သဘောထားရှိဟန် တူခဲ့သည်။ ဤသည်မှာ သူမ ပြောင်းလဲသွားသည့် သဘောကိုဆောင်သလော။ (မဆောင်ပါ။) သူမ၏ လုပ်ရပ်များမှာ အတော်ပင် ရဲတင်းကာ မဆင်ခြင်သော ဉာဏ်မရှိသူတစ်ဦးနှင့် များစွာ တူလျက် ဘုရားသခင်အပေါ် သူမ၏ စိတ်သဘောထားနှင့် သူမ၏ စိတ်ဓာတ်ကို ညွှန်ပြသည်။ ထိုကဲ့သို့သော လူတစ်ဦးက သမ္မာတရားကို စစ်မှန်စွာ သဘောပေါက်နားလည်နိုင်သလော။ သူသည် ဆင်ခြင်တုံတရားဖြင့် ပြုမူနိုင်သလော။ သူမသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို လက်ဆော့ရဲကာ ယင်းကို သူမ၏ ကိုယ်ပိုင်ငွေသဖွယ် ပြုမူခဲ့သည်။ ဘဏ္ဍာငွေများကို မည်သို့ခန့်ခွဲရမည်ဟူသည့်အပေါ် ဘုရားသခင်၏ လမ်းညွှန်ချက်မပါဘဲ၊ သို့မဟုတ် ယင်းကို မထိကိုင်သင့်ကြောင်း ပြောဆိုချက် မရှိဘဲ သူမ၏စိတ်နှလုံးထဲတွင် စည်းမျဉ်းများ မရှိသကဲ့သို့ စည်းလည်းမရှိပေ။ သူမသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤငွေကို ထိန်းချုပ်ဖို့ အခွင့်အရေးရှိသည်ဟု ထင်မှတ်ပြီး ယင်းကို တလွဲအသုံးပြုရဲခဲ့သည်။ ငွေ တလွဲအသုံးပြုပြီးနောက် ဘုရားသခင် ယင်းကို မည်ကဲ့သို့ ကိုင်တွယ်ခဲ့သနည်း။ ဘုရားသခင်သည် မည်သည့်အရာမျှပင် လုပ်ဆောင်ရန်မလို၊ အသင်းတော်က သူမကို အပြစ်ဒဏ်ပေးခဲ့သည်။ ဤယွမ်ငွေ သိန်းဂဏန်းမျှက သူမ၏အဆုံးသတ်ကို ဆုံးဖြတ်ပေးခဲ့သည်။ သူမသည် ဘုရားသခင်၏ ဖြတ်တောက်ခြင်းနှင့် ဘေးဖယ်ထားခြင်းကို ထာဝရခံရသည်။ ဘုရားသခင် အဘယ့်ကြောင့် ဤသို့ပြုလုပ်ရသနည်း။ ဤအရာက ဘုရားသခင်၏ အမျက်ဒေါသကို ကိုယ်စားပြုသည်။ ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထား လက္ခဏာသွင်ပြင်တစ်ခုလည်း ဖြစ်သည်မှာ မှန်၏။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလျှင် စည်းကျော်လိုက်ပြီ ဖြစ်သည်။ ဤအရာကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပြဋ္ဌာန်းထားသလော။ (ပြဋ္ဌာန်းထားပါသည်။) ဘုရားသခင် ရွေးကောက်သော လူတို့သည် ဤအရာအပေါ် ရှင်းလင်း၏။ ပူဇော်သက္ကာများကို တလွဲအသုံးပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်၏။ ဤအမျိုးသမီးက ပူဇော်သက္ကာကို တလွဲအသုံးပြုသောအခါ ဘုရားသခင် ကြားဝင်စွက်ဖက်ခဲ့သလော။ ဘုရားသခင်က ကြားဝင်စွက်ဖက်ခြင်း မပြုခဲ့၊ သူမကို မဟန့်တားခဲ့၊ ပြီးလျှင် ဘာတစ်ခုမျှ မပြောခဲ့ပေ။ သူမသည် လှုပ်ရှားနေစဉ် သူသည် ချုပ်ထိန်းခြင်း၊ အပြစ်ဖော်ဆုံးမခြင်း၊ သို့မဟုတ် သတိပေးခြင်းတို့လည်း မပြုခဲ့ပေ။ ငွေများကို ထိုအတိုင်းပင် ချေးငှားလိုက်ခြင်း ဖြစ်၏။ သူမသည် ပြဿနာ ဖော်ထုတ်ခံရပြီး အသင်းတော်က သူမကို မကိုင်တွယ်မီ သူမကိုယ်သူမ အတော်လေး ကျေနပ်နေခဲ့သည်။ သူမသည် စတင်၍ တရှုပ်ရှုပ်ဖြင့် ငိုကြွေးတော့သည်။ ထို့နောက် ချက်ချင်းပင် ငွေပြန်လျော်ဖို့ စတင်၍ အလုပ်လုပ်တော့သည်။ အမှန်မှာမူ ဘုရားသခင် အရေးစိုက်သည်မှာ ငွေကြေးဖြစ်ခဲ့သလော။ မဟုတ်ပေ။ သူအရေးစိုက်ခဲ့သည်မှာ ငွေမဟုတ်ဘဲ ဤအရာ၌ သူ့အား ထိုအမျိုးသမီး ထုတ်ဖော်ပြခဲ့သည့် သဘောထားက အရေးပါ၏။ ဤသည်မှာ ဘုရားသခင် အရေးစိုက်သည့်အရာ ဖြစ်ခဲ့သည်။ ငွေကြေးသက်သက်ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းသည် သေဖို့ထိုက်တန်သည် မဟုတ်လော။ ဤအရာကို ကိုယ်နှင့်ထိုက်သည့်အရာကို ကိုယ်ရခြင်းဟု ခေါ်သည်။ အကယ်၍ သင်သည် အနည်းငယ် အပျက်သဘောဆောင်လျှင် သို့မဟုတ် အားနည်းလျှင်၊ သို့မဟုတ် တစ်ခါတစ်ရံ တာဝန်ထမ်းဆောင်ရင်း ညစ်ညမ်းခြင်းအချို့ ရှိလျှင်၊ သို့မဟုတ် တစ်ခါတစ်ရံ အဆင့်အတန်းတစ်ခုခု၏ အနေအထား၌ ရပ်တည်ပြီး ယင်း၏ အကျိုးကျေးဇူးများကို မွေ့လျော်လျှင် ဘုရားသခင်သည် ဤအရာကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းအဖြစ် ရှုမြင်သည်။ သို့သော် သင်သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို သူ့ကိုမတိုင်ပင်ဘဲ လက်ဆော့သောအခါ၊ သို့မဟုတ် သူ၏ခွင့်ပြုချက်ကို မရရှိဘဲ ယင်းကို အလွဲသုံးသောအခါ ယင်းမှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤသည်မှာ ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်၏။ ထို့ပြင် ဤအရာက မည်သို့သော စိတ်သဘောထားမျိုးကို ပြညွှန်သနည်း။ ယင်းမှာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထား၊ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ ပူဇော်သက္ကာများကို ခိုးယူခြင်းသည် သစ္စာဖောက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က သစ္စာဖောက်ခြင်းဟု မှတ်ယူရအောင် စာတန်သည် အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ (သူသည် ဘုရားသခင်ဖြစ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။) ငါတို့ဆွေးနွေးနေသည့် အမျိုးသမီးအနေဖြင့် သူမသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ထိန်းချုပ်လိုခဲ့ခြင်း ဖြစ်သည်။ သူမသည် မိမိကိုယ်ကို မည်သူဟု ထင်ခဲ့သနည်း။ (သူမသည် မိမိကိုယ်ကို ဘုရားသခင်ဟု ထင်မှတ်ခဲ့သည်။) အတိအကျပင်။ သူမသည် သူမကိုယ်သူမ ဘုရားသခင်အဖြစ် ရှုမြင်ခဲ့ပြီး ယင်းမှာ သူမ မှားခဲ့သည့်နေရာ ဖြစ်သည်။ ထို့အတွက်ကြောင့် သူမသည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခဲ့သည်ဟု ငါတို့ ဆိုခြင်းဖြစ်သည်။ ဤအရာ၏သဘာဝမှာ ကြီးလေးသလော။ (ကြီးလေးပါသည်။) ငါတို့၏ စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းက မှန်ကန်သလော။ (မှန်ကန်ပါသည်။) သူမ၌ အဆုံးသတ်မရှိတော့ချေ။ သူမ၌ အဆုံးသတ်မရှိ၊ ယင်းမှာ ယခု ပေါ်လွင်သည့်ပုံ ဖြစ်၏။ ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ ယင်းနောက်တွင် သူမတွေ့ကြုံမည့် အပြစ်ဒဏ်ပေးခြင်းများအရ ဤသည်တို့မှာ အနာဂတ်အတွက် အကြောင်းအရာကိစ္စများ ဖြစ်သည်။ ဤသည်မှာ ပထမအမျိုးသမီး၏ ဇာတ်လမ်းဖြစ်၏။ သူမသည် အမှန်ပင် ရဲတင်းလျက် သူမ၏အထက်နှင့် အောက်၌ရှိသောသူတို့ကို လှည့်စားနိုင်စွမ်းရှိကာ အကျိုးဆက်များကို ထည့်တွက်ခြင်းမရှိဘဲ မဆင်မခြင် ပြုမူပြီး စဉ်းစားဉာဏ်လည်းမရှိ၊ လူပါးလည်း ဝလေသည်။ သူမသည် ကျိုးနွံနာခံမှု သို့မဟုတ် ရှာဖွေဖို့ လိုအင်ဆန္ဒ အနည်းငယ်မျှပင် ပိုင်ဆိုင်ခဲ့သလော။ (မပိုင်ဆိုင်ခဲ့ပါ။) သူမသည် ဘုရားသခင်၏ ပူဇော်သက္ကာများ၊ ဘုရားသခင်ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို မည်သူ့သဘောတူညီချက်မျှမပါဘဲ၊ ထိုကိစ္စကို အခြားမည်သူနှင့်မျှ မဆွေး‌နွေး သို့မဟုတ် မိတ်သဟာယပြုခြင်း မရှိဘဲ ထိန်းချုပ်လိုခဲ့ခြင်း ဖြစ်သည်။ သူမသည် ဤကိစ္စကို တစ်ဦးတည်း ကိုင်တွယ်ရန် သူမကိုယ်သူမ တာဝန်ယူခဲ့ပြီး ဤသည်တို့မှာ အကျိုးဆက်များ ဖြစ်သည်။ အချို့က “ဘုရားသခင်၏ ပူဇော်သက္ကာများကို ထိကိုင်ခြင်းသက်သက်သည် လူတစ်ဦးက သူ၏ စိတ်သဘောထားအား ပုန်ကန်ပြစ်မှားခြင်းဟု ဆိုလိုသလော” ဟု ပြောကောင်းပြောကြမည်။ ထိုသို့ဟုတ်သလော။ မဟုတ်ပေ။ အသင်းတော်သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ခန့်ခွဲခြင်းအတွက် စည်းမျဉ်းများရှိပြီး အကယ်၍ သင်သည် ထိုစည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်လျှင် ဘုရားသခင်သည် ကြားဝင်စွက်ဖက်မည် မဟုတ်ပေ။ အကယ်၍ သင်၌ စည်းမျဉ်းများ ရှိပြီးသားဖြစ်ပြီး ယင်းတို့ကို သင် မလိုက်နာဘဲ အမြဲတမ်းပင် မဆင်မခြင် ပြုမူခြင်းနှင့် အမှုအရာများကို သင့်သဘောအတိုင်း ပြုလုပ်ခြင်းသာ ရှိနေလျက် ဤအကြောင်းအရာများကို မိမိဘာသာ တစ်ဦးတည်း ကိုင်တွယ်လျှင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားနေခြင်း ဖြစ်သည်။ ယင်းသည် ပထမအမျိုးသမီး၏ ဇာတ်လမ်းဖြစ်လေ၏။

ဒုတိယအမျိုးသမီးခေါင်းဆောင်၏ ဇာတ်လမ်းသည်လည်း ပူဇော်သက္ကာများနှင့် သက်ဆိုင်သည်။ ယင်းမှာ ဤသို့ဖြစ်၏။ အသင်းတော်သည် ဝတ်ပြုရန်နေရာအဖြစ် အသုံးပြုဖို့ အိမ်တစ်လုံး ဝယ်ယူခဲ့ကာ ယင်းက ပြုပြင်မွမ်းမံခြင်း အနည်းငယ်လိုအပ်သည်။ ပြုပြင်မွမ်းမံခြင်း၌ ပုံစံထုတ်ခြင်းနှင့် ပစ္စည်းဝယ်ယူခြင်း ပါဝင်ပြီး ယင်းက ငွေကုန်ကျသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုပါဝင်သည့် ဘုရားအိမ်တော်၏ အလုပ်ဖြစ်သဖြင့် သုံးစွဲသည့်ငွေမှာ အသေအချာပင် ဘုရားအိမ်တော်မှ ဖြစ်ပြီး ဘုရားအတွက် ပူဇော်သက္ကာဖြစ်သည်။ ဤငွေကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအရ ကျိုးကြောင်းဆီလျော်ခြင်း၊ စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီခြင်း၊ သင့်တော်ပြီး မှန်ကန်စွာ သုံးစွဲရသည်။ ထိုစဉ်က ဤအမျိုးသမီးမှာ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ဤအလုပ်စီမံချက်အတွက် တာဝန်ရှိသည်။ သူမသည် မည်သူနှင့်မျှ မရင်းနှီးသည့် ယုံကြည်သူလူသစ်တစ်ဦးအား စီမံချက်ကို လာရောက်ကြီးကြပ်ဖို့ ရွေးချယ်ခဲ့သည်။ ထိုသူသည် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်၏။ နောက်ပိုင်းတွင် သူမသည် ဤဘာသာတရားမရှိသူနှင့် ပေါင်းကြံလျက် ဈေးအကြီးဆုံးပစ္စည်းများစွာ ဝယ်ယူကာ မသုံးသင့်သော ငွေများကို အလဟဿ သုံးစွဲခဲ့ကြသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ငွေကို ကလိမ်ကျခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ပူဇော်သက္ကာများကို လိမ်ညာယူခြင်းနှင့် ဖြုန်းတီးခြင်းဖြစ်၏။ ဤဘာသာတရားမရှိသူသည် ယင်းမှ ငွေအတော်များများ ရလိုက်သည်။ ဤအရာသည် ထိုအမျိုးသမီးနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) သူမက ဤအရာကို ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကာ ဘာသာတရားမရှိသူအား ထိုကဲ့သို့သော အရာများကို ပြုလုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ဤကိစ္စကို တွေ့ရှိသွားပြီး တိုင်ကြားလိုသောအခါ သူမက သူ့ကို အပြင်းအထန် ဟန့်တားပြီး ခြိမ်းခြောက်ခဲ့သည်။ သူမသည် ဘုရားအိမ်တော်၏ အကျိုးကို သစ္စာဖောက်ကာ ဤအကျိုးကို ထိခိုက်နစ်နာစေပြီး ပူဇော်သက္ကာ အတော်များများကိုလည်း ဆုံးရှုံးစေခဲ့သည်။ ဤကာလအတွင်းတွင် သူမကို ဘုရားသခင် အပြစ်ဖော်ဆုံးမခဲ့သလော။ (မဆုံးမခဲ့ပါ။) သူမသည် သတိမမူမိခဲ့ချေ။ သူမသည် သတိမမူမိခဲ့ဟု ငါတို့ အဘယ်သို့ ပြောနိုင်သနည်း။ ယင်းကို သက်သေပြသည့် အချက်အချို့ရှိ၏။ သူမသည် အစကတည်းက ဤဘာသာတရားမဲ့သူ ပြုလုပ်ဖို့ ကြံစည်နေသည့်အရာကို ရှင်းလင်းစွာ သိမြင်နိုင်သော်လည်း သူ့ကို တားဆီးရမည့်အစား အလိုလိုက်ပြီး သိသိကြီးနှင့် ထောက်ခံကာ ငွေများကို အဆက်မပြတ် ပုံအောခဲ့သည်။ ရလဒ်အနေဖြင့် အကုန်အကျက ဖောင်းပွသွားပြီး အပြီးသတ်အလုပ်က စံချိန်မမီပေ။ သူမသည် ဤအရာကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သော်လည်း ပိုများသောငွေကို ဆက်၍သာ မြှုပ်နှံခဲ့သည်။ ဤအချိန်၌ ဘုရားသခင် အရေးယူခဲ့သလော။ အ‌ရေးမယူခဲ့ပေ။ ဤကိစ္စနှင့်ပတ်သက်၍ လူတို့၏ အယူအဆများနှင့် စိတ်ကူးများမှာ အဘယ်နည်း။ လူတို့က ဘုရားသခင်သည် သူ၏ကိုယ်ပိုင်ငွေအတွက် တာဝန်ယူသင့်ပြီး သူမကို တားဆီးခဲ့သင့်သည်ဟု စဉ်းစားကြသည်။ ဤသည်မှာ လူ့အယူအဆ ဖြစ်သော်လည်း ဘုရားသခင်သည် ဤအတိုင်း အရေးမယူခဲ့ပေ။ ပြုပြင်မွမ်းမံခြင်း လက်စသတ်ပြီးနောက် ကြည့်ရှုစစ်ဆေးသောအခါ ပူဇော်သက္ကာများစွာ ပျောက်ဆုံးနေကြောင်း ဘုရားအိမ်တော်က တွေ့ရှိခဲ့သည်။ ဤအမျိုးသမီးကို ဘာလုပ်သင့်သနည်း။ ဘုရားသခင်က ဘာမျှမလုပ်ခဲ့ပေ။ အသင်းတော်က သူမကို ကိုင်တွယ်ခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးက စတင်၍ ငွေပြန်လျော်ပေးခဲ့သည်။ သူမလုပ်ရပ်၏ သဘာဝမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူမသည် တာဝန်မဲ့ပြီး ပူဇော်သက္ကာသုံးစွဲမှုများကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့သည်သာမက ဘုရားအိမ်တော်ကို လှည့်ဖြားရန်နှင့် ဘုရားသခင်၏ ပူဇော်သက္ကာများကို အလွဲသုံးစားလုပ်ရန် အပြင်လူတစ်ယောက်နှင့်လည်း ပေါင်းကြံခဲ့သည်။ ဤဖြစ်စဉ်က ယခင်ဖြစ်စဉ်ထက် ပို၍ပင် ဆိုးရွားသည်။ သို့ဆိုလျှင် ဘုရားသခင်၏အမြင်တွင် ထိုကဲ့သို့သော လူတစ်ဦး၏ အဆုံးသတ်မှာ အဘယ်နည်း။ ပျက်စီးခြင်းဖြစ်၏။ သူမကို အပြစ်ဒဏ်ပေးခြင်း မပေးခြင်းက နောင်ကိစ္စဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ဦးကို တစ်နေ့တွင် ဘုရားသခင်က ဝိညာဉ်ဆိုးများနှင့် ညစ်ညမ်းသော မကောင်းဆိုးဝါးများ နေထိုင်ရာအရပ်၌ ထားရှိကောင်း ထားရှိမည်ဖြစ်ကာ သူမ၏ ရုပ်ခန္ဓာက ဤဘဝတွင် ဖျက်ဆီးခံရလျက် သူမ၏ဝိညာဉ် ဆိုးညစ်သွားပြီး ညစ်ညမ်းသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများ၏ မတော်မလျော်ပြုခြင်းကို ခံရကောင်း ခံရနိုင်သည်။ နောက်ဘဝအတွက်ကိုမူ ပြောဖို့ ဝေးလွန်းလှသည်။ ဤသည်မှာ အဆုံးသတ်ဖြစ်၏။ ဘုရားသခင်သည် ထိုကဲ့သို့သော လူတစ်ဦးကို အဘယ်ကြောင့် ဤနည်းအတိုင်း ကိုင်တွယ်သနည်း။ သူမသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီးနောက် သူမကို ဘုရားသခင် ချစ်နိုင်သေးသလော။ ဆက်လက်၍ ချစ်ခြင်းမေတ္တာ မရှိတော့သည်သာမက သနားကရုဏာတော်လည်း မရှိ၊ မေတ္တာကျေးဇူးတော်လည်း မရှိတော့။ အမျက်ဒေါသသာလျှင် ရှိတော့သည်။ သူမ၏ လုပ်ရပ်များကို ဖော်ပြသောအခါ သူမကို ဘုရားသခင် မုန်းတီးပြီး စက်ဆုပ်သည်။ ကိုယ်တော်သည် အဘယ့်ကြောင့် ဤမျှလောက်အထိ အလွန်မုန်းတီးရသနည်း။ ယင်းမှာ သူမသည် မှန်ကန်သော လမ်းခရီးကို သိမြင်လင့်ကစား တမင်တကာ အပြစ်ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ သူမအတွက် အပြစ်ဖြေရာယဇ် မရှိတော့သည်သာမက ဘုရားအမျက်ဒေါသ၏ အပြစ်ဒဏ်ပေးခြင်းကိုလည်း ရင်ဆိုင်ရမည်။ အဆုံးသတ်မရှိ၊ ပန်းတိုင်မရှိ၊ သို့မဟုတ် ကယ်တင်ခြင်းရဖို့ အခွင့်အရေးလည်း မရှိ။ သူမ၌ ဤအရာတစ်ခုမျှ မရှိပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားအား ပုန်ကန်ပြစ်မှားခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အချိန်တွင် ဖြစ်သည့်အရာဖြစ်၏။

ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားဖို့ လွယ်ကူသလော၊ ငါ့ကိုပြောလော့။ အမှန်တွင်မူ အခွင့်အလမ်းများစွာ မရှိသကဲ့သို့ ဤအရာဖြစ်ပျက်နိုင်သည့် အခြေအနေများစွာလည်း မရှိပေ။ အခွင့်အလမ်းက နည်းပါးကာ အခွင့်အရေး မလုံလောက်ပေ။ သို့ဖြစ်လင့်ကစား လူတို့သည် ထိုမျှရှားပါးသော အခွင့်အလမ်းများနှင့် နည်းပါးသော ဖြစ်နိုင်ခြေများဖြင့် အဘယ့်ကြောင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်သေးသနည်း။ ဤအမျိုးသမီးတစ်ဦးစီက နှစ်ပေါင်းနှစ်ဆယ်ကျော် ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး နှစ်ပေါင်းများစွာမျှသော တရားဒေသနာများကို နာယူခဲ့ကာ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အကြာကြီး အစေခံခဲ့သည်။ ၎င်းတို့သည် ထိုမျှကြီးလေးသော အမှားများကို အဘယ့်ကြောင့် ပြုလုပ်နိုင်ခဲ့ကြသနည်း။ လူ့သဘာဝရှုထောင့်အားဖြင့်ကြည့်လျှင် ၎င်းတို့၌ လူ့သဘာဝ၊ အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့သည်။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုရှုထောင့်အားဖြင့်ကြည့်လျှင် ၎င်းတို့၌ စစ်မှန်သော ယုံကြည်မှုကို မပိုင်ဆိုင်ခဲ့ကြ၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် မရှိခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်မရှိခြင်းက မည်ကဲ့သို့ ပေါ်လွင်ထင်ရှားသနည်း။ ၎င်းတို့၏ လုပ်ရပ်တွင် ကြောက်ရွံ့မှုအသိမရှိ၊ အခြေခံစည်းမရှိပေ။ ၎င်းတို့က “ဤအရာကို ပြုလုပ်ပြီးနောက် ကျွန်ုပ်အပေါ် မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ဂယက်ရိုက်ခြင်း ရှိမည်လော။ လူတို့က ထိုအကြောင်းကို သိချင်မှသိမည်။ သို့သော် ဘုရားသိလျှင် မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ကျွန်ုပ်၏အဆုံးသတ်နှင့် သက်ဆိုင်သည်ဖြစ်၍ ဤကိစ္စအတွက် ကျွန်ုပ် တာဝန်ယူရမည်” ဟု ထည့်မစဉ်းစားခဲ့ကြပေ။ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ မစဉ်းစားခဲ့ကြ။ ယင်းက ဒုက္ခပေးသည် မဟုတ်လော။ အကယ်၍ ၎င်းတို့က ဤအရာများနှင့်ပတ်သက်၍ မစဉ်းစားခဲ့ကြလျှင် ၎င်းတို့၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရားရှိခဲ့သလော။ (မရှိခဲ့ပါ။) သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်စွမ်း၊ ထိုကဲ့သို့ကြီးမားသော အမှားများကို ပြုလုပ်နိုင်စွမ်း ရှိခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ လူတစ်ဦး၌ ပုံမှန်လူ့အတွေးအ‌ခေါ်ကို ပိုင်ဆိုင်ထားလျှင် ထိုသူ၌ ဤစိတ်နေစိတ်ထား ရှိမည်။ တစ်စုံတစ်ယောက်က ငွေချေးငှားဖို့ပြောသောအခါ ထိုသူက “ငွေ‌ချေးယူဖို့လော။ ဤသည်မှာ ဘုရား၏ငွေဖြစ်သည်။ ဘုရား၏ငွေကို တစ်ခဏအထင်ကြီးမှု ရရှိဖို့ရန်သာ ကျွန်ုပ်ချေးငှားလိုက်လျှင် ယင်းကို သူက ပြန်မဆပ်နိုင်လျှင် မည်သို့ရှိမည်နည်း။ ဤငွေကို ကျွန်ုပ် မည်ကဲ့သို့ လျော်ပေးရမည်နည်း။ ကျွန်ုပ်လျော်ပေးနိုင်လျှင်ပင် ဤငွေအား ချေးငှားလိုက်ခြင်းက မည်သို့သော အပြုအမူမျိုး ဖြစ်သနည်း။ ဘုရား၏ငွေကို ထိုမျှလက်လွတ်စပယ် ထိ၍ရသ‌လော။ ယင်းကို လက်လွတ်စပယ် ထိ၍မရပေ။ အကယ်၍ ကျွန်ုပ်ထိလျှင် ဤလုပ်ရပ်၏ သဘာဝက မည်သည့်အရာဖြစ်မည်နည်း” ဟု ထည့်စဉ်းစားမည် ဖြစ်သည်။ သူသည် ဤအရာများကို ထည့်စဉ်းစားမည် ဖြစ်ပြီး တစ်စုံတစ်ယောက်က တောင်းဆိုရုံသက်သက်ကြောင့် စိတ်လိုက်မာန်ပါ ငွေကို ချေးငှားမည်မဟုတ်ပေ။ အကယ်၍ သူက ယင်းကို ထည့်မစဉ်းစားလျှင်၊ သို့မဟုတ် စဉ်းစားသော်လည်း အကျိုးဆက်များကို ထည့်မတွက်ခဲ့မိလျှင်ပင် ယင်းက ဘုရားသခင်အပေါ် သူ၏အမြင်နှင့်ပတ်သက်၍ မည်သည့်အရာကို ဆိုလိုသနည်း။ သူက မည်ကဲ့သို့ ယုံကြည်သနည်း။ သူသည် ဘုရားသခင်၏ တည်ရှိမှုကို အခြေခံအားဖြင့် အသိအမှတ်မပြုခြင်း ဖြစ်ပြီး ယင်းက ကြောက်လန့်စရာပင်။ သူသည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်မပြုသဖြင့် ဘုရားသခင်သည် သူ၏အဆုံးသတ်အား အဆုံးအဖြတ်ပေးမည်ကို အသိအမှတ်မပြုသည့်အပြင် ဘုရားသခင်သည် သူ့အပေါ် ဒဏ်ခတ်မည်ကို အသိအမှတ်မပြုခြင်း ဖြစ်သည်။ သူက ဤအရာကို မကြောက်၊ ဒဏ်ခတ်ခံရခြင်းကို အယုံအကြည်မရှိပေ။ များသောအားဖြင့် တစ်စုံတစ်ယောက်တွင် ယုံကြည်မှု ငါးဆယ်မှ ခြောက်ဆယ်ရာခိုင်နှုန်း ရှိပါက သူသည် သတိထား၍ ပြုမူပြီး ချုပ်ထိန်းမှုကို လက်တွေ့ပြမည် ဖြစ်သည်။ အကယ်၍ သူ၌ ယုံကြည်မှု သုံးဆယ်ရာခိုင်နှုန်း ရှိပါကလည်း အတော်လေး ထိန်းချုပ်ကောင်း ထိန်းချုပ်မည် ဖြစ်သော်လည်း အခွင့်အလမ်းပေါ်လာသည်နှင့် တစ်ပြိုင်နက် သူသည် ရှေ့ဆက်ဦးမည်ဖြစ်သည်။ သို့မဟုတ် အခွင့်အလမ်းက နည်းလျှင် သို့မဟုတ် အချိန်မကျသေးလျှင် သူသည် ထိန်းချုပ်နိုင်ပြီး အနည်းငယ် အကန့်အသတ်ထားနိုင်မည် ဖြစ်သည်။ သို့ရာတွင် မည်သည့်ယုံကြည်မှု အစိတ်အပိုင်းမျှ မရှိသောသူတို့က မကောင်းသော အရာမျိုးစုံကို ပြုလုပ်ရဲကာ အကျိုးဆက်များကို ထည့်မစဉ်းစားဘဲ မဆင်မခြင် ပြုမူမည်ဖြစ်သည်။ ဤသည်မှာ လူ့တိရစ္ဆာန်တစ်ကောင်နှင့် ဆင်တူ၏။ အပေါ်ယံတွင် ၎င်းတို့သည် လူသားပုံ‌ပေါက်သော်လည်း ၎င်းတို့ပြုလုပ်သည့်အရာက လူသားများ ပြုလုပ်သင့်သည့်အရာ မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်သည်ဟု ဆိုနိုင်ပြီး ပို၍ဆိုးရွားသည်မှာ ၎င်းတို့သည် ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ရန်နှင့် အဖျက်အမှောင့် လုပ်ရန်လာသည့်၊ ဘုရားသခင်၏အလုပ်ကို တမင်ဖျက်ဆီးခြင်းကို အထူးပြုသည့် ညစ်ညမ်းသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများ ဖြစ်ကောင်းဖြစ်ကြမည်။ ထိုကဲ့သို့သော လူတို့အပေါ် ဘုရားသခင်၏ အမျိုးအစားသတ်မှတ်ခြင်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) အလွန်တရာ မှန်ကန်၏။ ဘုရားသခင်ပြုလုပ်သည့် အရာတွင် မည်သည့်အမှားမျှမရှိ၊ ဘုရားသခင် ပြုလုပ်သမျှသည် တိကျမှန်ကန်၏။ ထိုမျှမက ဘုရားသခင်၏ လုပ်ရပ်များ၊ လူတို့၏ အဆုံးသတ်များအ‌ပေါ် ဘုရားသခင်၏ စိစစ်သတ်မှတ်ခြင်းသည် တစ်ခဏစွမ်းဆောင်မှုအပေါ် အခြေမခံပေ။ ဤအမျိုးသမီးနှစ်ဦးသည် ဘုရားသခင်ကို အနှစ်နှစ်ဆယ် ယုံကြည်ခဲ့သည့်တိုင် အကြောင်းကြောင်းကြောင့် ဤအဆင့်၌ အဆုံးသတ်ကာ ၎င်းတို့၏ အဆုံးသတ်များကို ဤပုံစံဖြင့် အဆုံးအဖြတ်ပေးခဲ့ကြသည်။ ဤအရာသည် မည်သို့ ဖြစ်လာခဲ့သနည်း။ ယင်းမှာ ညတွင်းချင်း ဖြစ်ပျက်ခဲ့သည့်အရာ မဟုတ်ပေ။ ယုံကြည်မှု၌ ၎င်းတို့၏လိုက်စားမှုနှင့် ၎င်းတို့ရွေးချယ်ခဲ့သည့် လမ်းကြောင်း၏ ရှုထောင့်အားဖြင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့်လူများ မဟုတ်ခဲ့ပေ။ ယင်းမှာ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားရှုထောင့်မှာ ၎င်းတို့သည် သမ္မာတရား၌ မည်သည့်စိတ်ဝင်စားမှုမျှ မရှိခဲ့ခြင်း ဖြစ်၏။ အကယ်၍ ၎င်းတို့၌ စိတ်ဝင်စားမှု အနည်းငယ်မျှပင် ရှိခဲ့ပါက ၎င်းတို့၏ လူ့သဘာဝသည် ပြောင်းလဲမှုကို ကြုံခဲ့ရမည်ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော လူ့သဘာဝပိုင်း ပြောင်းလဲမှုက ၎င်းတို့ကို မည်သည့်အရာ ဖြစ်ပေါ်စေပြီးဖြစ်မည်နည်း။ ယင်းမှာ ၎င်းတို့သည် ချုပ်ထိန်းမှုဖြင့် ပြုမူပြီး စည်းစောင့်မည်ဟူ၍လည်းကောင်း၊ ပြန်လည်သုံးသပ်ဖို့ရန် စံချိန်စံညွှန်းတစ်ခု ရှိမည်ဟူ၍လည်းကောင်း၊ ပြီးလျှင် အမှုအရာများကို ပုံမှန်လူသားတစ်ဦး၏ ဆင်ခြင်တုံတရားနှင့် အတွေးအခေါ်နည်းစနစ်များဖြင့် အကဲဖြတ်မည်ဟူ၍လည်းကောင်း ဆိုလိုပေမည်။ တစ်စုံတစ်ရာ ပြုလုပ်ခြင်းက မသင့်လျော်သည်ကို ၎င်းတို့တွေ့ရှိခဲ့လျှင် ရှောင်ကြဉ်မည်ဖြစ်သည်။ သို့ရာတွင် ဤအမျိုးသမီးနှစ်ဦးသည် သမ္မာတရားကို မည်သည့်အခါမျှ မလိုက်စားခဲ့ကြပေ။ ၎င်းတို့သည် ဤအခြေခံစည်းနှင့် တွေးခေါ်သည့်နည်းလမ်းပင် မရှိခဲ့ကြချေ။ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဝံ့ပြီး ၎င်းတို့အား ပျက်စီးခြင်းသို့၊ သေခြင်းတရားသို့ပင် ပို့ဆောင်ခဲ့သည်မှာ ဤသဘာဝစင်စစ်ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းခရီးက ထိုနည်းအတိုင်း အဆုံးသတ်ခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။

ဤဖြစ်စဉ်နှစ်ခုကို ကြားပြီးနောက် သင်တို့၏ထင်မြင်ချက်များမှာ အဘယ်နည်း။ လူအချို့က “ကျွန်ုပ်သည် ယနေ့ များစွာ ရရှိလိုက်ပြီ။ ကျွန်ုပ်သည် အမြင့်ဆုံးသော သမ္မာတရားကို ရရှိလိုက်ပြီဖြစ်ကာ ယင်းမှာ ဘုရားသခင်၏ဥစ္စာများကို မထိလေနှင့်ဟူ၍ ဖြစ်သည်။ ထိုစိတ်ကူးကို စိတ်ထဲ၌ လက်သင့်ခံ၍ပင် မထည့်ထားနှင့်၊ ယင်းတို့ကို လက်သွားမဆော့နှင့်။ ယင်းတို့ကို သွားလက်ဆော့လျှင် ထိုအရာမှ မည်သည့်ကောင်းကျိုးမျှ ထွက်လာမည်မဟုတ်” ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ အမှန်တရားဟုတ်သလော။ (မဟုတ်ပါ။) အရေးကြီးသည်မှာ ဘုရားသခင်၏ ဥစ္စာများကို သင် လက်ဆော့ခြင်း မဆော့ခြင်းမဟုတ်၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် သင်၏သဘောထားက မည်သည့်အရာဖြစ်သည်ပင်။ အကယ်၍ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူ့အပေါ် စိုးရိမ်ထိတ်လန့်စိတ်ကို ခံစားရပါက၊ သူ၏ တည်ရှိမှုကို အမှန်တကယ် ယုံကြည်ပါက၊ ပြီးလျှင် သင်၏ကိုယ်ပိုင် အဆုံးသတ်ကို အမှန်ပင် ထည့်စဉ်းစားပါက သင်ပြုလုပ်မည် မဟုတ်သည့် အရာများရှိသည်။ ယင်းတို့ကို သင် စဉ်းပင်စဉ်းစားမည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဤစုံစမ်းသွေးဆောင်ခြင်းမျိုးကို ခံရမည်မဟုတ်ပေ။ ယင်းက သင့်အပေါ် မည်သည့်အခါမျှ ကျရောက်မည်မဟုတ်ပေ။ ထိတ်လန့်ခြင်းသည် အသုံးတည့်သလော။ ထိတ်လန့်ခြင်းမှာ အချည်းနှီးဖြစ်သည်။ ဤအမျိုးသမီးနှစ်ဦးက ဤအရာများကို ပြုလုပ်နေစဉ် ဘုရားသခင် မည်သည့်အရာ ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် အမှုအရာများကို သူ့ဘာသာသူ ဖြစ်ခွင့်ပေးလျက် မိမိတို့၏ စိတ်နှလုံးများက ဘုရားသခင်အား မည်သို့မျှ မကြောက်ရွံ့ခဲ့သည့် ဤသတ္တဝါနှစ်ကောင်ဖြစ်သော ဤမကောင်းဆိုးဝါးနှစ်ဦးကို စာတန်၏ စုံစမ်းသွေးဆောင်ခြင်းထဲတွင် ထားရှိခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့ကို လုံးလုံးလျားလျား ထုတ်ဖော်ပြီး ဖျက်ဆီးနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏သဘောထား မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်ကာ ယင်းကို ပေါ့ပေါ့တန်တန် သဘောထားဖို့ မဟုတ်ပေ။ လူတို့သည် အခြားသူများအား ကိုင်တွယ်ဖို့နှင့် အခြားသူများအပေါ် ပြစ်ဒဏ်စီရင်ဖို့အတွက် လူ့နည်းလမ်းများကို အသုံးချကာ အဆိုးကို အဆိုးဖြင့် တုံ့ပြန်ကြသည်။ သို့သော် ဘုရားသခင်က ထိုသို့မပြုပေ။ ဘုရားသခင်၌ သူ၏ကိုယ်ပိုင် အခြေခံစည်း၊ စည်းမျဉ်းများနှင့် ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။ ဘုရားသခင်က တစ်စုံတစ်ဦးအပေါ် ပြစ်ဒဏ်စီရင်သောအခါ ထိုသူအနေဖြင့် မည်သည့်အရာမျှ မခံစားရအောင် ဖန်တီးပေးသည်။ ထိုသူက သတိမမူမိသော်လည်း ဘုရားသခင်၏အမြင်တွင် ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သည်။ နှစ်များကြာပြီးနောက် နောက်ဆက်တွဲ ဆင်းရဲဒုက္ခက တစ်စတစ်စနှင့် ပေါ်လာမည်ဖြစ်သည်။ ဘုရားသခင်သည် ထိုသူ့ထံမှ သူ၏ ကျေးဇူးတော်၊ ကောင်းချီးများ၊ ဉာဏ်ပွင့်ခြင်း၊ အလင်းပေးခြင်းနှင့် ပုံမှန်လူသားတစ်ဦးအား ဘုရားသခင်ပေးနိုင်သည့် ဆက်ဆံမှုအားလုံးကို နုတ်ယူပြီးနောက်တွင် သူသည် လုံးလုံးလျားလျား လူ့ဂုဏ်သိက္ခာ ကင်းမဲ့သွားသည်။ ဘုရားသခင်၏ အမြင်တွင် သူသည် ဖန်ဆင်းခံတစ်ဦး မဟုတ်တော့ဘဲ လူ့တိရစ္ဆာန်တစ်ကောင်သာ ဖြစ်သွားကာ အခြားအရာတစ်ခုခု လုံးလုံး ဖြစ်လေသည်။ ဘုရားသခင်က “သင်တို့အဘသည် ကောင်းသောသူ မကောင်းသောသူတို့ အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏” ဟု ပြောသည်။ ဤလူတို့သည် ကောင်းမြတ်သလော၊ ဆိုးယုတ်သလော။ တစ်ခုမျှ မဟုတ်ပေ။ ဘုရားသခင်၏အမြင်တွင်၊ သူ၏မှတ်တမ်းထဲတွင် ဤကဲ့သို့သော လူတို့ကို ဖယ်ရှားပြီးဖြစ်သည်။ ၎င်းတို့သည် သွားပြီ၊ လူမဟုတ်သော သတ္တဝါဖြစ်ကြပြီ။ လူမဟုတ်သော သတ္တဝါ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ (လူ့အဝတ်အစားဝတ်ထားသော ဘီလူးများ၊ လူ့တိရစ္ဆာန်များ ဖြစ်သည်။) အချို့က ထိုသူတို့ကို မနာလိုပင်ဖြစ်ကာ “ထိုသူတို့သည် အပြင်မှာ အလုပ်လုပ်ပြီး ငွေရှာကာ ဘာသာတရား မရှိသူများနှင့် အတူနေထိုင်သည်။ သူတို့၏ဘဝသည် မိုးသောက်စမှ နေဝင်သည်အထိ တာဝန်ထမ်းဆောင်လျက် အသင်းတော်ထဲ၌ ဒုက္ခခံခြင်းထက် များစွာပို၍ သက်သောင့်သက်သာ ရှိသည်” ဟု ဆိုကောင်းဆိုကြမည်။ သင့်ကို ငါပြောမည်။ ၎င်းတို့၏ ဒုက္ခခံရခြင်းနေ့ရက်များက လာဦးမည်။ ၎င်းတို့ကို မနာလိုဖြစ်လျှင် ၎င်းတို့အား အတုယူဖို့ သင်တို့ကို ခွင့်ပြုသည်။ ဘုရားအိမ်တော်က ကန့်သတ်ချက်များကို မပြဋ္ဌာန်းပေ။ ဒုက္ခခံရခြင်းသည် ခန္ဓာကိုယ်နာကျင်မှုမှ နာမကျန်းဖြစ်ခြင်းဟု ကန့်သတ်မထားပေ။ လူတစ်ဦး၏ အတွင်းစိတ်ဒုက္ခသည် တစ်စုံတစ်ခုသော အတိုင်းအတာသို့ ရောက်သောအခါ၊ အထူးသဖြင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရသောအခါ ယင်းသည် ပြောမပြနိုင်လောက်အောင် ဖြစ်ကာ ထိုသူ၏ စိတ်ဝိညာဉ်အတွက် ထိုးနှက်ချက်များသဖွယ် ဖြစ်လေသည်။ ယင်းမှာ သေခြင်းထက် ပို၍ဆိုးဝါး၏။ ယင်းက ပို၍ စိတ်ဒုက္ခရောက်ရ၏။ စိတ်ပိုင်းဆိုင်ရာ မချိတင်ကဲဝေဒနာမျိုး ဖြစ်၏။ ဤအမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏ မဆင်မခြင်လုပ်ရပ်များအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့သောကြောင့် ထိုသို့သော အခြေအနေဖြင့် အဆုံးသတ်ရခြင်း ဖြစ်သည်။ လူတို့၏ အယူအဆများတွင် လူတို့က မည်သည့်အမှားမျိုး လုပ်မိပါစေ သို့မဟုတ် မည်သည့်အရာ ပြုလုပ်ပါစေ ဝန်ချတောင်းပန်ရန်နှင့် နောင်တရရန်အတွက် ဘုရားသခင်ထံသို့ ပြန်ရောက်လာနိုင်သရွေ့ ၎င်းတို့အား ဘုရားသခင် ခွင့်လွှတ်နိုင်သည့်ပုံပေါက်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကြီးမားကျယ်ပြန့်ကြောင်း၊ သူသည် လူသားမျိုးနွယ်ကို အမှန်တကယ် ချစ်ကြောင်း ဤအရာက သက်သေပြပေမည်။ ဤသည်မှာ လူ့အယူအဆပင် ဖြစ်ကာ ဘုရားသခင်အပေါ် လူတို့၏ နားလည်ခြင်းသည် စိတ်ကူးမြောက်မြားစွာနှင့် လူ့ဆန္ဒမြောက်မြားစွာဖြင့် ပြည့်နှက်နေကြောင်း ပြသသည်။ ဘုရားသခင်သည် လူ့အယူအဆများဖြင့် ဘောင်ခတ်ခံရမည်ဆိုပါက ဘုရားသခင်၏ လုပ်ရပ်များသည် စည်းမျဉ်းများ ရှိမည် မဟုတ်ဘဲ ဘုရားသခင်သည် စိတ်သဘောထား တစ်ခုမျှ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုကဲ့သို့သော ဘုရားသခင် မတည်ရှိပေ။ ဘုရားသခင်သည် အမှန်တကယ် တည်ရှိပြီး အသက်ရှိ၍ ရှင်သန်လှုပ်ရှားနေကာ ငြင်းမရအောင် ခိုင်ခိုင်လုံလုံ တကယ်ရှိနေသောကြောင့်သာပင် သူ၌ ကွဲပြားသော သရုပ်သကန်များ ရှိနေခြင်းဖြစ်သည်။ ဤသရုပ်သကန်များသည် လူတို့အပေါ် သူ၏ အမျိုးမျိုးသော လုပ်ရပ်များနှင့် သဘောထားများ၌ ပေါ်လွင်ထင်ရှားပြီး ယင်းတို့သည် သူ၏ စစ်မှန်သော တည်ရှိမှု၏ သက်သေအထောက်အထားသဖွယ် ရပ်တည်နေသည်။ အချို့က “ဤလူတို့သည် ကိုင်တွယ်ဆက်ဆံခြင်းကို ခံနေရသော အချိန်၌ ကိုယ်တိုင် သတိမမူမိကြသဖြင့် ဘုရားသခင်၏ တည်ရှိမှုကို ငါတို့ မည်ကဲ့သို့ မြင်တွေ့နိုင်ကြမည်နည်း” ဟု ဆိုကြသည်။ ငါ ဖော်ပြခဲ့ပြီးသော ဖြစ်စဉ်များကပင် ဘုရားသခင်၏ သဘောထားနှင့် စိတ်သဘောထားကို လူတို့အား မြင်တွေ့ခွင့်ပေးပြီး အမှုအရာများကို ပြုလုပ်ရာတွင်လည်းကောင်း၊ လူတို့ကို ကိုင်တွယ်ဆက်ဆံရာတွင်လည်းကောင်း ဘုရားသခင်၏ စည်းမျဉ်းများကို လူတို့အား မြင်တွေ့ခွင့်လည်း ပေးသည်။ ဤသည်မှာ ဘုရားသခင်၏ တကယ်တည်ရှိခြင်း၏ သက်သေအထောက်အထား မဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ ဤဘုရားသခင်သည် မတည်ရှိခဲ့ပါက၊ ကိုယ်တော်သည် လေသက်သက် တကယ်ဖြစ်ခဲ့ပါက သူလုပ်သမျှသည် စည်းမရှိ၊ သို့မဟုတ် ဘောင်မရှိ ဖြစ်ပေမည်။ ယင်းသည် လူတို့၏ အသက်တာထဲ၌ မမြင်တွေ့နိုင်၊ ထိတွေ့ကိုင်တွယ်၍မရ၊ အနှစ်မပါ ဗလာသက်သက်ဖြစ်ပြီး အကောင်အထည်ဖော်၍မရ ဖြစ်နေကာ လူတို့၏ အသက်တာများ၊ လုပ်ဆောင်ချက်များ၊ ၎င်းတို့ သရုပ်သကန်များ တစ်ခုတလေမျှနှင့် ဆီလျော်မှုမရှိ ဖြစ်နေမည်။ အယူအဆ သဘောတရားတစ်ခု၊ အဆိုတစ်ခု၊ အဓိပ္ပာယ်မဲ့သော အပြောသက်သက်ပင် ဖြစ်မည်။ ဤဘုရားသခင် တည်ရှိသောကြောင့်သာပင် သူပြုသောအရာ များစွာတို့က သူ၏သဘောထားကို လူတို့အား မြင်တွေ့ခွင့်ပြုလေသည်။

ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ လူတို့၌ရှိသည့် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများ၏ အဓိကအပိုင်းကို ငါတို့၏ မိတ်သဟာယပြုချက်ထဲ၌ အခြေခံအားဖြင့် ခြုံငုံပြီးပြီဖြစ်သည်။ အဓိကအပိုင်းတွင် မည်သည့်အရာကို အာရုံစိုက်သနည်း။ ယင်းမှာ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ပတ်သက်၍ လူတို့၌ရှိသည့် အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ချက်များသာမက စိတ်သဘောထား ပြောင်းလဲမှုတွင် မည်သည့်အရာ ပါဝင်သည်နှင့်ပတ်သက်၍ ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးများနှင့် သက်ဆိုင်သည်။ ထိုမျှမက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်နှင့် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သည့် စံချိန်စံညွှန်းများနောက်ကွယ်ရှိ စည်းမျဉ်းများနှင့်ပတ်သက်၍ လူတို့၌ များပြားလှသော စိတ်ကူးများလည်း ရှိလေသည်။ လူတို့အတွက်မှာမူ ဤအမြင်သဘောထားမှာ အများအားဖြင့် မပြတ်မသား၊ မရှင်းမလင်း ဖြစ်၏။ ဤရှင်းလင်းမှုကင်းမဲ့ခြင်းသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းမှာ လူတို့သည် သမ္မာတရားကို နားမလည်သေးသကဲ့သို့ ၎င်းတို့အပေါ် ဘုရားသခင် လုပ်ဆောင်နေသည့်အလုပ်၌ ပါဝင်သည့် သမ္မာတရားများကိုလည်း နားမလည်သေးသည်ကို ဆိုလိုသည်။ ယနေ့ မိတ်သဟာယပြုချက်အားဖြင့် သင်တို့သည် ယခုတွင် အခြေခံအားဖြင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းသာမက လူတို့အပေါ် ဘုရားသခင် သတ်မှတ်သည့် စံချိန်စံညွှန်းများ၏ အနှစ်ချုပ် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိပြီလော။ (ရှိပါပြီ။) ထို့နောက် ဤသိနားလည်မှုဖြင့် သင်တို့သည် မည်သည့်အရာ ပြုလုပ်သင့်သနည်း။ ပထမဦးစွာ သင်တို့သည် ဘုရားသခင်၌ ထိုကဲ့သို့သော စံချိန်စံညွှန်းများရှိကြောင်း အသိအမှတ်ပြုဖို့ လိုအပ်သည်။ ဤစံချိန်စံညွှန်းများသည် ပြောင်းလွယ်ပြင်လွယ် ဖြစ်သလော။ ယင်းတို့သည် တကယ့်အရှိအတိုင်းထက် ပို၍ ပြင်းထန်နိုင်သလော၊ သို့မဟုတ် ပို၍ အားလျော့နိုင်သလော။ (ထိုသို့မဖြစ်နိုင်ပါ။) အဘယ့်ကြောင့်နည်း။ ကျေးဇူးတော်ခေတ်မှ ယခုအချိန်အထိ ဤစံချိန်စံညွှန်းများသည် တင်းကျပ်ပြီး ရှင်းလင်းပြတ်သားကြောင်း ဘုရားသခင် စုံလင်စေခဲ့ပြီးသောသူတို့ထံမှ ငါတို့ မြင်တွေ့နိုင်သည်။ ဘုရားသခင်သည် ယင်းတို့ကို မည်သည့်အခါမျှ ပြောင်းမည်မဟုတ်ပေ။ ကိုယ်တော်သည် အနှစ်နှစ်ထောင်အကြာက ယင်းတို့ကို မပြောင်းခဲ့သည့်အပြင် ယနေ့အထိလည်း ယင်းတို့ကို မပြောင်းသေးချေ။ ယခုတွင် ဘုရားသခင်သည် မြောက်မြားစွာ မိန့်မြွက်ထားပြီဖြစ်သောကြောင့် စုံလင်အောင်ပြုခြင်းခံရသောလူတို့ ပို၍ များပြားလာမည်သာ ဖြစ်သည်။ ယခင်က သူသည် ပို၍ သေးငယ်သော အတိုင်းအတာဖြင့် အလုပ်လုပ်ခဲ့ပြီး လူတို့အား ပို၍များသော သမ္မာတရားကို ပြည့်စုံရှင်းလင်းစွာ မပြောပြခဲ့ပေ။ ယခုတွင် ကိုယ်တော်သည် လူတို့အား ပို၍များသော သမ္မာတရားများကို ပြောပြထားပြီး သူ၏ ရည်ရွယ်ချက်များကို ပို၍ ၎င်းတို့အား သတိပြုမိအောင် ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ပြင် ဘုရားသခင်သည် သူသတ်မှတ်သည့် စံချိန်စံညွှန်းများအားလုံးနှင့် သမ္မာတရားများကို လူတို့သိစေရန် ဖော်ပြထားပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း အတူပူးပေါင်းလျက် ဤနည်းအားဖြင့် လူတို့ကြားတွင် အလုပ်လုပ်နေသည်။ ဤအချိန်ကာလ အတောအတွင်း ဘုရားသခင်သည် ပို၍များသော လူတို့ကို စုံလင်အောင်ပြုလုပ်ပေးဖို့ ရည်ရွယ်ပြီး ယင်းက တစ်ဦးနှစ်ဦးမျှသာ မဟုတ်၊ လူအုပ်စုတစ်စုဖြစ်‌ကြောင်း ပေါင်းစပ်ထားသော ဤကဏ္ဍနှစ်ခုက သက်သေပြသည်။ ဤအချက်အလက်မှနေ၍ အကဲဖြတ်ရလျှင် သင်တို့အများစုသည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရဖို့ မျှော်လင့်ချက်များ ရှိကြသလော။ အချို့က သူတို့ မသေချာကြောင်း ပြောကြသည်။ သို့သော် ငါတို့သည် မသေချာလျှင်ပင် ကြိုးစားကြည့်ကြစို့။ သနားကရုဏာတော်ကို ယခု တောင်းခံနေခြင်းထက် ကျရှုံးခြင်းက သာ၍ကောင်း၏။ ဤအခိုက်အတန့်တွင် သနားကရုဏာတော်ကို တောင်းခံခြင်းသည် မည်သို့သော အပြုအမူမျိုးဖြစ်သနည်း။ ယင်းသည် သူရဲဘောကြောင်သော၊ အသုံးမကျသော၊ အရည်အချင်းမပြည့်မီသော၊ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူဖြစ်ကာ ဘုရားသခင်ကို အရှက်ရစေ၏။ သင်တို့သည် သူရဲဘောကြောင်သူများ မဖြစ်သင့်ပေ။ စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရဖို့အတွက် သတ်မှတ်ချက်များနှင့် စံချိန်စံညွှန်းများကို လူတို့အား ရှင်းရှင်းလင်းလင်းနှင့် ထင်ထင်ရှားရှား ပြောပြထားပြီး ဖြစ်လေသည်။ ကျန်နေသေးသည်မှာ ဘုရားသခင်၏ အလုပ်ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်တို့သာ ဖြစ်သည်။ ဤအချိန်အတောအတွင်း အကြိမ်‌ပေါင်းမည်မျှ ကျရှုံးသည်ဖြစ်စေ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသရွေ့ သင်သည် စိတ်ဓာတ်မကျသင့်ပေ၊ သို့မဟုတ် အလျှော့မပေးသင့်ပေ။ တိုး၍သာ ဆက်လက်ကြိုးပမ်းလော့။ အချို့က သူတို့၏အစွမ်းအစသည် ညံ့ဖျင်းသည်ဟု ဆိုကြသည်။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းနေကြောင်း ဘုရားသခင် မသိသလော။ ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစအပေါ် ဝန်ခံခြင်းသည် ဘုရားသခင်၏အမြင်တွင် ကောင်းမွန်နေပြီးသား ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်သည့်အပြင် မိမိတို့၏ အစွမ်းအစ ညံ့ဖျင်းသည်ဟု အနည်းစုကသာ ဝန်ခံကြသည်။ ဤအရာကို ဝန်ခံခြင်းသည် ကောင်းသောအရာတစ်ခု၊ ကောင်းသော ဖော်ပြချက်တစ်ခု ဖြစ်၏။ အချို့က ၎င်းတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ ပြောပြလျက် ၎င်းတို့၏ လူ့သဘာဝက ညံ့ဖျင်းပြီး မကောင်းသည်ကို နားလည်သဘောပေါက်ကြသည်။ အခြားလူများသည် အဘယ်ကြောင့် ဤနားလည်သဘောပေါက်မှု မရှိကြသနည်း။ သင်၏ ညံ့ဖျင်းသော လူ့သဘာဝ၊ မကောင်းသော လူ့သဘာဝအား သတိပြုမိခြင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး ယင်းတို့ကို မိမိကိုယ်တိုင်နှင့် ဆက်စပ်ထားပြီးဖြစ်ကြောင်း ပြညွှန်သည်။ ယင်းက သင်သည် ဘုရားသခင် ကယ်တင်ခြင်းအလုပ်၌ ယုံကြည်မှုရှိကြောင်း၊ ဘုရားသခင်အား ကျေနပ်စေရန်အတွက် စိတ်ပိုင်းဖြတ်ချက်နှင့် လိုလားမှု ရှိကြောင်း၊ အနည်းဆုံးအနေဖြင့် သင်သည် ဤရိုးသားမှန်ကန်သော ပြောဆိုချက်ကို ဝန်ခံနိုင်ကြောင်းကို ပြသသည်။ ဘာသာတရား မရှိသူများထဲမှ မည်သူသည် ၎င်းတို့မကောင်းကြောင်း ယခု ပြောကြသနည်း။ ၎င်းတို့ မကောင်းသောအခါ၌ပင် ကောင်းသည်ဟု ဆိုကြသည်။ ၎င်းတို့၏ ဒုစရိုက်အမှုများသည် မဟာကောင်းမှုများနှင့် မွန်မြတ်သော အပြုအမူဖြစ်သည်ဟု အခိုင်အမာဆိုလျက် အမှားနှင့်အမှန်ကို အရှက်မရှိဗြောင်ကျကျ လွဲချော်ပြောဆိုကြသည်။ ထို့ကြောင့် သင်သည် မည်သည့်ဆုတ်ဆိုင်းမှုများကို ကြုံတွေ့ပါစေ၊ မည်သည့် ကျရှုံးမှုများ သို့မဟုတ် လဲကျမှုများဖြစ်ပါစေ ရှေ့တွင် မျှော်လင့်ချက်များ ရှိနေကြောင်း မြင်တွေ့နိုင်ရမည်။ ရှေ့တွင် မည်သူရှိသနည်း။ ဘုရားသခင်ရှိလေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းညွှန်ခြင်း၊ ဦးဆောင်ခြင်းနှင့်အတူ လူတို့သည် မှန်ကန်သော လမ်းကြောင်းကို စတင်နိုင်ပေသည်။

ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ လူတို့၏ အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများကို ရှင်းလင်းရင်း ဖြစ်စဉ်လေ့လာချက်သုံးချက်ကို ယနေ့ မိတ်သဟာယပြုခဲ့ကြသည်။ သိရှိစေသည့်အရာကို သင်တို့အားလုံး နားလည်ခဲ့ကြသလော။ (နားလည်ကြပါသည်။) သင်တို့၏ နားလည်နိုင်စွမ်းက သင်တို့၌ သမ္မာတရားကို လက်ခံယူဖို့ အစွမ်းအစနှင့် စွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း၊ သင်တို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး ရရှိရန်အတွက် မျှော်လင့်ချက်ရှိကြောင်း ထင်ရှားစေသည်။ ဤသမ္မာတရားများကို တစ်နာရီနှစ်နာရီ၊ နှစ်နာရီသုံးနာရီမျှဖြင့် ရှင်းလင်းအောင် အဘယ့်ကြောင့် မရှင်းပြနိုင်သနည်း။ ယင်းမှာ နောက်လိုက်မည့် အသေးစိတ်အချက်များကို ပြောပြဖို့ရန်အတွက် ပဏာမအကြောင်းအရာများစွာကို စီစဉ်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။ အခြေခံအုတ်မြစ်အနည်းငယ်ကို ကြိုတင်၍ မချလျှင် သင်တို့သည် နောက်ဆက်တွဲ အကြောင်းအရာကို အမီလိုက်နိုင်မည်မဟုတ်ပေ။ ငါသည် ပဏာမအကြောင်းအရာတစ်ခုခု မပါဘဲ လိုရင်းတိုရှင်း ပြောမည်ဆိုလျှင် သင်တို့အနေဖြင့် သဘော‌ပေါက်ဖို့ ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် ဥပမာအချို့အကြောင်း ပြောပြသည်၊ ထို့နောက် သင်တို့အနေဖြင့် နားလည်ပြီး ပိုင်းခြားသိမြင်ရန်၊ ဤကိစ္စများနှင့်ပတ်သက်၍ မည်သည့်အရာ အတိအကျ ဖြစ်ပျက်နေကြောင်းနှင့် လူတစ်ဦးသည် ယင်းတို့ကို မည်သို့ ဖြူစင်စွာ ခံယူသင့်ကြောင်း သိရှိရန် အကူအညီပေးဖို့အတွက် အပြုသဘောနှင့် အပျက်သဘောဆောင်သော ရှုထောင့်နှစ်ခုလုံးမှနေ၍ ယင်းတို့ကို ဆွေးနွေးသည်။ အကယ်၍ သင်တို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်လျှင် ငါ၏ဟောပြောခြင်းသည် အချည်းနှီး မဖြစ်တော့ပေ။ သင်တို့သည် ဤသမ္မာတရားများကို နားထောင်စဉ် အမြင်သဘောထားအနည်းငယ် စတင်ရရှိသည့်အချိန်မှစ၍ လုံးစေ့ပတ်စေ့ သိနားလည်ခြင်း ရရှိသည့်အဆင့်၊ ဘုရားသခင်က အဘယ့်ကြောင့် ဤအရာများကို ပြောသည်ကိုလည်းကောင်း၊ ဘုရားသခင်ပြောဆိုသည့် ဤသမ္မာတရားများ၌ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်အပိုင်း ပါဝင်သည်ကိုလည်းကောင်း၊ ပြီးလျှင် ဘုရားသခင်သည် ဤအရာများကို သင့်အား အဘယ့်ကြောင့် ပြောပြလိုသည်လည်းကောင်း သင်၏စိတ်နှလုံးထဲမှ သဘောပေါက် နားလည်သည့် အဆင့်အထိတိုင်အောင် ဤသိနားလည်ခြင်းအနေအထားသို့ ရောက်ဖို့ တစ်စုံတစ်ခုသော အဆင့်တစ်ခု လိုအပ်သည်။ သင်သည် ဤသမ္မာတရားများကို သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ စကား၊ အပြုအမူ၊ ထင်မြင်ချက်များ၊ စိတ်ကူးများနှင့် ဆက်စပ်ဖို့၊ ဆိုလိုသည်မှာ ယင်းတို့ကို သင်၏ တကယ့်အခြေအနေအတွက် အသုံးချဖို့ လိုအပ်ကာ အမှုမဲ့အမှတ်မဲ့ဖြင့် သင်သည် ဤသမ္မာတရားများကို တဖြည်းဖြည်းချင်း နားလည်၍ သဘောပေါက်လာမည် ဖြစ်သည်။ အကယ်၍ သင်သည် ယင်းတို့ကို မိမိကိုယ်ပိုင်အခြေအနေနှင့် နှိုင်းယှဉ်မှုမပြုဘဲ ယနေ့ မှတ်စု ရေးမှတ်လျက် ယင်းတို့ကို မနက်ဖြန် ပြန်ကြည့်ကာ အလွတ်ကျက်ပြီးနောက် ယင်းတို့ကို တစ်ခါမျှ မကြားဖူးသောသူတို့ကို ထုတ်ဖော်ပြောလျှင် သင်သည် ယင်းတို့ကို သင်ရရှိထားပြီးဖြစ်သည်ဟု ထင်ကောင်းထင်မည် ဖြစ်သော်လည်း အမှန်မှာမူ သင် ရရှိမထားသေးချေ။ အယူဝါဒများကို သင် လေပန်းနိုင်သည့်နေ့မှစ၍ ဤသမ္မာတရားများသည် သင့်အတွက် သမ္မာတရားများ မဟုတ်တော့သည့်အပြင် သမ္မာတရားသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့်အလား သင့်အနေဖြင့် သမ္မာတရားကို နားလည်သဘောပေါက်ရန် ခက်ခဲသွားမည်ဖြစ်သည်။ သမ္မာတရားသည် သင့်အတွက် အယူဝါဒသက်သက်အဖြစ် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင့်အပေါ် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေဖို့ ခက်ခဲသွားမည် ဖြစ်သည်။ သင်သည် သမ္မာတရားကို သင်၏ကိုယ်ပိုင် လက်တွေ့ကျမှုအဖြစ်သို့ ပြောင်းလဲရမည်၊ သမ္မာတရားတစ်ခုစီ၏ လက်တွေ့ကျသော လက္ခဏာသွင်ပြင်ကို ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းအားဖြင့် တဖြည်းဖြည်းချင်း အကောင်အထည် ဖော်ရမည်၊ ပြီးလျှင် ဤသမ္မာတရား၌ မည်သည့်အခြေအနေများ ပါဝင်ကြောင်းနှင့် ယင်းက မည်သည့်အရာတို့ အကျုံးဝင်ကြောင်း နားလည်ခြင်းနှင့် ဘုရားသခင် ဤနှုတ်ကပတ်တော်များကို ပြောရခြင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်များကို နားလည်ခြင်းသို့ နောက်ဆုံးတွင် ဆိုက်ရောက်ရမည် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား နားလည်ခြင်း၏ အစဖြစ်၏။ သင်တို့ ယခု မည်သည့်အရာကို နားလည်သနည်း။ (အယူဝါဒများ ဖြစ်သည်။) လူတို့သည် သမ္မာတရားနှင့် အရင်ဆုံး ထိတွေ့သောအခါ ၎င်းတို့နားလည်သည်မှာ အယူဝါဒမျိုး ဖြစ်၏။ သို့ရာတွင် အယူဝါဒကို နားလည်ခြင်းသည် မရိုးစင်းပေ။ ယင်းသည် အစွမ်းအစအနည်းငယ်နှင့် သဘောပေါက်နားလည်နိုင်စွမ်းလည်း လိုအပ်သည်။ ယင်းက သင့်အနေဖြင့် တရားဒေသနာများကို တစိုက်မတ်မတ် အာရုံစိုက်လျက် နားထောင်နိုင်ရန်အတွက် တည်ငြိမ်ပြီး အာရုံစူးစိုက်သော စိတ်နှလုံးရှိဖို့လည်း လိုအပ်သည်။ လူအချို့သည် တရားဒေသနာများကို နားထောင်သည့်အခါ “ကိုယ်တော်ပြောပြနေသည့် အရာသည် အသုံးမကျ၊ ငါသည် နားထောင်လိုစိတ်မရှိ။ ငါသည် တရားဒေသနာများကို နားထောင်လိုသည်၊ ဖြစ်ရပ်များအကြောင်းကို မကြားလို” ဟု စဉ်းစားသည်ကို ငါ တွေ့ရှိခဲ့သည်။ ငါပြောနေသည့်အကြောင်းအရာသည် အမှန်နှင့် အမှား အကြောင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၌ ဤသဘောထားကို စိတ်ထဲထည့်ထားသောကြောင့် ၎င်းတို့ကြားသည့်အရာကို မခံယူနိုင်ကြ။ ၎င်းတို့သည် ငိုက်မျဉ်းလာကြပြီး နားမလည်နိုင်သည့်အပြင် အမီမလိုက်နိုင်ကြပေ။ ထိုကဲ့သို့သော လူတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် အစွမ်းအစ ကင်းမဲ့၏။ မိမိတို့ကိုယ်ကို ဝိညာဉ်သဘောရှိသည်ဟု ခေါ်ဝေါ်သောသူအချို့သည် ဇာတ်လမ်းများအား ငါ အသေးစိတ် ပြန်ပြောနေသည်ကို ကြားရသောအခါ နားထောင်လိုစိတ် မရှိကြပေ။ ၎င်းတို့သည် ရေသောက်လိုက်၊ သမ်းဝေလိုက် လုပ်ကြပြီး အမြဲတမ်းပင် ဂနာမငြိမ် ဖြစ်နေကြသည်။ ၎င်းတို့က “ကိုယ်တော်ပြောပြနေသော ဇာတ်လမ်းများက အပြင်လောက အကြောင်းအရာများ ဖြစ်သည်။ ယင်းက ပေါ့တန်လွန်း၍ ငါ မခံယူနိုင်ပေ။ ကိုယ်တော်သည် ဝိညာဉ်ရေးရာနယ်ပယ်အကြောင်း ပိုပြောသင့်သည်။ ထိုအရာကို ငါအကြိုက်တွေ့ပေမည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ လူအချို့၌ရှိသည့် သဘောထားစစ်စစ် ဖြစ်၏။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ပြုမူလုပ်ဆောင်ခဲ့ပြီး ဖြစ်သည့်အခါတွင် မြင့်မြတ်သော တရားဒေသနာများ၊ ကြီးကျယ်ခမ်းနားသော သဘောတရားများနှင့် တတိယကောင်းကင်ဘုံ၏ စကားများအကြောင်းကို ပြောချင်ကြသည်။ ၎င်းတို့သည် ပို၍ပြောလေလေ၊ ပို၍စိတ်အားထက်သန်လေလေ ဖြစ်ကြသည်။ သို့သော် ငါတို့သည် အသင်းတော်ထဲမှ ကိစ္စများ၊ လက်တွေ့ကြုံသော အတွေ့အကြုံများနှင့် ပတ်သက်၍ ပြောပါက သို့မဟုတ် အထူးသဖြင့် လူ့စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားပြောင်းလဲမှုကို စိတ်ဖြာလေ့လာဆွေးနွေးပါက ၎င်းတို့သည် ယင်းကို ပေါ့တန်ပြီး ပျင်းစရာကောင်းသည်ဟု အမြဲ ခံစားကြသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောမျိုးဖြစ်သနည်း။ ဤလူတို့တွင် သမ္မာတရား လက်တွေ့ကျမှုရှိသလော။ ထိုကဲ့သို့သော လူတို့သည် ၎င်းတို့၏အလုပ်၌ရှိသည့် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်သလော။ ထိုကဲ့သို့သော လူတို့ကို သင်တို့နှစ်သက်သလော။ သမ္မာတရားအား မိတ်သဟာယပြုခြင်းကို လက်တွေ့အရှိတရားမှ ကင်းကွာအောင် လုပ်၍မရပေ။ လက်တွေ့ဘဝပြဿနာများကို စိတ်မဝင်စားသော လူတို့သည် သမ္မာတရားကို ချစ်မြတ်နိုးနိုင်သလော။ ငါ ထိုသို့မထင်ပေ။ ထိုကဲ့သို့သော လူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသဖြင့် ယင်းသည် အလွန် အန္တရာယ်ရှိလေ၏။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။