သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၁၂)
ကိစ္စများ ကြုံလာသောအခါ သမ္မာတရားကို ရှာဖွေရန် အလွန်အရေးကြီးသည်။ သမ္မာတရားကို သင်ရှာဖွေပါက ပြဿနာကို သင်ဖြေရှင်းနိုင်ရုံသာမက သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်နိုင်ပြီး ရရှိနိုင်လိမ့်မည်။ သမ္မာတရားကို သင်မရှာဖွေဘဲ သင့်ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို မလျှော့တမ်း ပြောပြီး သင့်ကိုယ်ပိုင်ထင်မြင်ချက်အတိုင်း အမြဲတမ်း ပြုမူဆောင်ရွက်နေပါက သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုပြဿနာကို ဖြေရှင်းဖို့ သင်ပျက်ကွက်ရုံသာမက သိလျက်နှင့်ပင် အပြစ်ကိုလည်း ပြုမိလိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်ကို ခုခံခြင်းသို့ လမ်းကြောင်းဖြစ်သည်။ ဥပမာအနေဖြင့် သင့်တာဝန်များကို ထမ်းဆောင်ရာတွင် သင်သည် ပြုပြင်ခြင်း ခံရသည်ဆိုပါစို့။ သင်သည် သမ္မာတရားကို မရှာဖွေဘဲ သင့်ကိုယ်ပိုင်တွေးခေါ်မြော်မြင်မှုကို ခေါင်းမာစွာ အသားပေးသည်။ “ငါ၏အလုပ်ကို ငါလုပ်ပြီးပြီ။ သိသိသာသာ ဆိုးရွားသည့် မည်သည့်အရာတစ်ခုကိုမျှ ငါ မလုပ်ခဲ့ဖူးဘဲ အမှားအနည်းငယ်မျှအတွက်ဖြင့် ပြုပြင်ခံရရုံတင်မက ငါ့ကို မကြိုက်ကြောင်းကို ပြသည့်အနေဖြင့် ထုတ်ဖော်ခြင်းနှင့် မရိုမသေဆက်ဆံခြင်းတို့ကိုလည်း ခံရသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ဘယ်မှာနည်း။ အဘယ်ကြောင့် ငါ မမြင်နိုင်ရသနည်း။ ဘုရားသခင်သည် လူများကို ချစ်သည်ဟု ပြောကြသည်၊ သို့ဆိုလျှင် ဘုရားသခင်က အခြားသူများကို ချစ်ပြီး ငါ့ကိုကျ မချစ်သည်မှာ မည်သို့ဖြစ်ရသနည်း” ဟု သင်ထင်ကောင်း ထင်နိုင်သည်။ မကျေနပ်ချက်များအားလုံး ပွင့်အံထွက်လာသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် ရှိသောလူများသည် သမ္မာတရားကို ရနိုင်သလော။ မရနိုင်ပေ။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင် ပြဿနာများ ပေါ်ပေါက်လာသောအခါ ယင်းတို့ကို ဖြေရှင်းခြင်း၊ သင့်ကိုယ်သင် ပြောင်းလဲခြင်းနှင့် မိမိ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့နေသောအမြင်များနှင့် တစ်ယူသန်စိတ်ကူးများကို ဘေးဖယ်ထားခြင်းတို့ကို ပြုရမည့်အစား သင်သည် ခေါင်းမာစွာ ဘုရားသခင်ကို ခုခံသည့်အခါတွင် ဘုရားသခင်က သင့်ကို စွန့်ပစ်သွားခြင်းနှင့် သင်ကလည်း ဘုရားသခင်ကို ကျောခိုင်းသွားခြင်းဟူသည့် ရလဒ်တို့ကိုသာ ရနိုင်သည်။ ဘုရားသခင်၏အချုပ်အခြာအာဏာကို သံသယဝင်ပြီး ငြင်းပယ်ရင်း သူ့အစီအစဉ်များကို လိုက်နာရန် ဆန္ဒမရှိဖြစ်နေလျက် သင့်တွင် သူ့အပေါ် မကျေနပ်ချက်များ အပြည့်ဖြစ်နေလိမ့်မည်။ ပိုဆိုးသည်မှာ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး ဖြောင့်မတ်ခြင်းတရားဖြစ်သည်ကို သင်ငြင်းပယ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို အပြင်းထန်ဆုံး ခုခံခြင်းပုံစံဖြစ်သည်။ သို့သော် သင်သည် အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေပါက ဘုရားသခင်၏ရည်ရွယ်ချက်များကို သင်နားလည်ပြီး ဖြစ်လိမ့်မည်။ သင်လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းတစ်ခုကို သင်ရရှိပြီးဖြစ်လိမ့်မည်။ ဤသို့လုပ်ခြင်းဖြင့် သင်ယုံကြည်သောဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်နှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်ကြောင်းကို သင်အတည်ပြုနိုင်ရုံသာမက ဘုရားသခင် ပြုလုပ်သမျှအရာတိုင်းသည် မှန်ကန်ကြောင်း၊ သူ၏လူသားကို စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းသည် မှန်ကန်ပြီး လူသားကို ကယ်တင်ပြီး သန့်စင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်းတို့ကိုလည်း သင်အတည်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားနှင့် သန့်ရှင်းခြင်းအကြောင်းကို သင် သိမြင်မှုရလိမ့်မည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏အမှုတော်ကို သင်သိပြီး သူ့ချစ်ခြင်းမေတ္တာ၏ ကြီးမြတ်ခြင်းကို သင်မြင်လိမ့်မည်။ ကြီးမြတ်လိုက်သော ဆုလာဘ်ပေတကား။ သင့်ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ်အခြေခံ၍ ဘုရားသခင်နှင့် သူ့အမှုတော်ကို အမြဲ ချဉ်းကပ်ပြီး သမ္မာတရားကို မရှာဖွေဘဲ အဆိုပါဆုလာဘ်မျိုးကို သင်ရိတ်သိမ်းနိုင်မည်လော။ လုံးဝ မရိတ်သိမ်းနိုင်ပေ။ လူသားသည် စာတန်၏ အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသောကြောင့် သူ၏ အပြုအမူနှင့် လုပ်ရပ်များအားလုံး၊ သူထုတ်ဖော်သည့်အရာများအားလုံးသည် စာတန်၏ စိတ်သဘောထားနှင့်သက်ဆိုင်ပြီး ယင်းတို့အားလုံးသည် သမ္မာတရားနှင့်ဆန့်ကျင်ကာ ဘုရားသခင်ကို ရန်လိုကြသည်။ လူသားသည် ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာကို ပျော်မွေ့ခံစားထိုက်ခြင်း မရှိချေ။ သို့တိုင်အောင် ဘုရားသခင်သည် လူနှင့်ပတ်သက်၍ အလွန်စိုးရိမ်ဆဲဖြစ်ကာ သူ့အပေါ် နေ့စဉ်နေ့တိုင်း ကျေးဇူးတော် အပ်နှင်းပေးသည်၊ သူပြောင်းလဲနိုင်ဖို့အလို့ငှာ သူ့ကို စမ်းသပ်ကာ စစ်ဆေးဖို့ လူများ၊ ဖြစ်ရပ်များနှင့် အမှုကိစ္စမျိုးစုံကို သူ့အတွက် စီစဉ်ပေးသည်။ ဘုရားသခင်သည် ပတ်ဝန်းကျင်မျိုးစုံအားဖြင့် လူသားကို ထုတ်ဖော်သည်။ သူ့ကိုယ်သူ ဆင်ခြင်ပြီး သိစေကာ သမ္မာတရားကို နားလည်စေပြီး အသက်ကို ရရှိစေသည်။ ဘုရားသခင်သည် လူသားကို အလွန်ချစ်မြတ်နိုးပြီး သူ၏ချစ်ခြင်းမေတ္တာက အလွန်စစ်မှန်သည်မှာ လူသားသည် ယင်းကို မြင်နိုင်ပြီး ထိတွေ့နိုင်လေသည်။ သင်သည် ဤအရာများအားလုံးကို တွေ့ကြုံပြီးဖြစ်လျှင် ဘုရားသခင် လုပ်ဆောင်သမျှသည် လူသား၏ ကယ်တင်ခြင်းအတွက် ဖြစ်ကြောင်းနှင့် ဤသည်မှာ အစစ်မှန်ဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း သင်ခံစား၍ရနိုင်သည်။ ဘုရားသခင်က ထိုသို့သော လက်တွေ့ကျသည့်အမှုကို မပြုခဲ့ပါက လူသည် မည်မျှယုတ်မာပြီးဖြစ်လိမ့်မည်ဟု မည်သူမျှမပြောနိုင်ချေ။ သို့ရာတွင် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မမြင်သည့်သူများ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားနေသေးသူများ၊ အခြားသူများထက် သာလွန်ဖို့ ကြိုးစားနေသည့်သူများ၊ အခြားသူများကို ထောင်ဖမ်းပြီး ထိန်းချုပ်ဖို့ အစဉ်ဆန္ဒရှိသည့်သူများ များစွာ ရှိနေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေခြင်း မဟုတ်လော။ ၎င်းတို့သည် ထိုလမ်းကြောင်းတွင် ဆက်လျှောက်ပါက၊ အကျိုးဆက်များမှာ မတွေးဝံ့စရာဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားအား ၎င်း၏ ဖောက်ပြန်ပျက်စီးခြင်းကို သိစေနိုင်ဖို့အလို့ငှာ သူ၏ တရားစီရင်ခြင်း အမှုတော်ဖြင့် ယင်းကို ဖော်ထုတ်လေသည်။ လူသား၏ မှားယွင်းသော လိုက်စားမှုများကို သူတားဆီးသည်။ ဘုရားသခင်သည် အလွန်ထူးကဲပြောင်မြောက်သော အလုပ်ကို ဆောင်ရွက်လေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူသားကို ထုတ်ဖော်ပြီး တရားစီရင်သော်လည်း လူသားကို ကယ်တင်ခြင်းလည်း ပြုလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သင်သည် ဤအရာကို သင့်ဘာသာ နားလည်သဘောပေါက်သည့်အခါ သမ္မာတရား၏ ဤရှုထောင့်အမြင်ကို ရရှိပြီးဖြစ်သည် မဟုတ်လော။ လူတစ်ယောက်သည် ဤအရာကို သူကိုယ်တိုင် နားလည်သဘောပေါက်ပြီး ဤနားလည်မှု ရရှိသည့်အခါ၊ ဤသမ္မာတရားတို့ကို နားလည်ပြီးသည့်အခါတွင် ဘုရားသခင်အပေါ် စောဒကတက်ခြင်းများ ရှိသေးသလော။ မရှိတော့ပေ။ ယင်းတို့အားလုံး မရှိတော့ပေ။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို လိုလိုလားလားနှင့် မဆုတ်မနစ် လိုက်နာနိုင်ကြသည်။ စမ်းသပ်ခြင်းတစ်ခု သို့မဟုတ် စစ်ဆေးခြင်းတစ်ခု နောက်တစ်ကြိမ် ဖြစ်ပွားသောအခါ သို့မဟုတ် ၎င်းတို့ နောက်တစ်ကြိမ် ပြုပြင်ခြင်း ခံရသောအခါ ဘုရားသခင် ပြုလုပ်နေသည့်အရာသည် မှန်ကန်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ပြီး ကယ်တင်နေခြင်းဖြစ်ကြောင်းကို ၎င်းတို့ အလျင်အမြန် သဘောပေါက်လာကြလိမ့်မည်။ မကြာမီ ၎င်းတို့ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို အလေးမထားဘဲ အယူအဆများနှင့် မကျေနပ်ချက်များ ကင်းကင်းဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံရင်း လက်ခံ၍ ကျိုးနွံနာခံနိုင်လိမ့်မည်။ ဤအတိုင်းအတာအထိ လူတို့ လိုက်နာနိုင်ပါက ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် စစ်ဆေးခြင်းများစွာကို တွေ့ကြုံပြီးခြင်းမှတစ်ဆင့်၊ စုံလင်စေခြင်းခံရပြီးခြင်းမှတစ်ဆင့် ဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။