မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည် (အပိုင်း တစ်)
ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီး တရားဟောပွဲ အများအပြားကိုလည်း တက်ရောက်ပြီးနောက်တွင် ဤအရာများမှ အနည်းငယ်သာ အကျိုးခံစားခဲ့ကြရသည့် လူအချို့ ရှိကြသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ထင်ရသော စကားများနှင့် အယူဝါဒအချို့ကို ရွတ်ပြနိုင်ကြသည်။ သို့ရာတွင် ၎င်းတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသော အရာတစ်ခုကိုမျှ မလုပ်ဆောင်နိုင်ကြချေ။ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည့် ဤနှစ်ကာလများအားလုံးတွင် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ကာကွယ်သော အရာတစ်ခု သို့မဟုတ် တရားမျှတသော အမှုတစ်ခုကိုမျှ မလုပ်ခဲ့ကြ ဟူ၍လည်း ဆိုနိုင်သည်။ ဤအဖြစ်ကို မည်သို့ ရှင်းလင်းပြနိုင်မည်နည်း။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို စကားကြော ရှည်နိုင်ကြသော်လည်း သမ္မာတရားကိုမူ အသေအချာ နားမလည်ကြချေ၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြ။ လူအချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့နှုတ်မှ ပထမဆုံးပြောသောအရာသည် “ကျွန်ုပ်က နတ်ဆိုး၊ အသက်ရှင်နေတဲ့ စာတန်ဖြစ်ပါတယ်။ ဘုရားကို အတိုက်အခံလုပ်တဲ့သူဖြစ်ပါတယ်။ ဘုရားကို ပုန်ကန်ပြီး သစ္စာဖောက်တယ်။ ကျွန်တော်ဟာ ကျိန်ဆဲခြင်းခံရသင့်တဲ့ မြွေပွေး၊ ဆိုးယုတ်သောသူဖြစ်ပါတယ်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်မိမိကိုယ်ကို သိမြင်ခြင်း အစစ်အမှန် ဖြစ်သလော။ ၎င်းတို့သည် ယေဘုယျအားဖြင့်သာပြောသည်။ အဘယ်ကြောင့် ဥပမာများ မပေးကြသနည်း။ ၎င်းတို့လုပ်ဆောင်ခဲ့သည့် ရှက်စရာကောင်းသောအရာများကို စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အဘယ်ကြောင့် လူသိရှင်ကြား ချမပြနိုင်သနည်း။ ပိုင်းခြားသိမြင်ခြင်း မရှိသည့် လူအချို့က ၎င်းတို့ပြောသည်ကိုကြားပြီး စဉ်းစားသည်။ “ကဲ ဒါကမှ ကိုယ့်ကိုယ်ကိုယ် တကယ်သိမြင်တာပဲ။ ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးလို့သိပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကျိန်ဆဲတယ်ဆိုတော့ တော်တော်မြင့်တဲ့ အဆင့်ကို ရောက်နေပြီ။” ဟူ၍ဖြစ်သည်။ လူများစွာတို့သည်၊ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤစကားများအားဖြင့် အထင်အမြင်မှားစေခြင်း ခံရနိုင်ချေရှိသည်။ ပြောဆို သူသည် ရိုးသားပြီး ဝိညာဉ်ရေး သိနားလည်မှု ရှိသည်၊ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သည်၊ ခေါင်းဆောင်လုပ်ဖို့အတွက် အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့က ထင်ကြသည်။ သို့ရာတွင် ထိုသူတို့နှင့် အချိန်အနည်းငယ် ဆက်ဆံပြီးသည်နှင့် ဤသို့မဟုတ်သည်ကို တွေ့ကြရသည်။ ဤသူသည် ၎င်းတို့ ထင်မြင်သည့်အတိုင်းမဟုတ်ဘဲ ထူးခြားစွာ လိမ်လည်ပြီး လှည့်ဖြားတတ်သည်၊ အယောင်ဆောင်ပြီး အယောင်ဆောင်ခြင်းတွင် ကျွမ်းကျင်သည်ဟု တွေ့ကြရသည်။ ဤအတွက်ကြောင့် အလွန် စိတ်ပျက်ကြရသည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်ဟု မည်သည့်အရာအပေါ်တွင် အခြေခံ၍ မှတ်ယူနိုင်သနည်း။ ၎င်းတို့ပြောဆိုသည့်အရာကိုသာ ထည့်စဉ်းစား၍ မရပေ။ အဓိကအချက်မှာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လက်ခံနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ရန်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ရုံမကဘဲ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ အမှန်တကယ် နားလည်မှုကိုသာ ပြောဆိုကြရုံမကဘဲ ၎င်းတို့ပြောဆိုသည့်အရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အပြောနှင့် လုပ်ရပ်သည် လုံးဝ ကိုက်ညီသည်။ ၎င်းတို့ပြောသည့်အရာသည် ယုတ္တိရှိပြီး သဘောတူလက်ခံနိုင်သည့်အရာဖြစ်သော်လည်း ယင်းကို မလုပ်ဆောင်လျှင်၊ ယင်းအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် ဤအခြင်းအရာတွင် ၎င်းတို့သည် ဖာရိရှဲများဖြစ်လာကြသည်။ ကြောင်သူတော်များဖြစ်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ်သိသောသူများ လုံးဝမဟုတ်ပေ။ လူများစွာတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါတွင် ယုတ္တိရှိသည့်ပုံစံပေါ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို ထုတ်ဖော်ပြမှုများ ၎င်းတို့တွင်ရှိသောအခါ သတိမမူမိကြပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုသိသောသူများဖြစ်သလော။ လူတို့သည် မိမိတို့ကိုယ်ကိုမသိလျှင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများဖြစ်သလော။ မိမိကိုယ်ကိုမသိသူများအားလုံးသည် သမ္မာတရားကို နားမလည်သောသူများဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းနှင့်ပတ်သက်ပြီး အနှစ်မဲ့သောစကားများ ပြောသူတို့သည် ဝိညာဉ်ပကတိအတုအယောင်ဖြင့် လူလိမ်များတည်း။ လူအချို့သည် စကားများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါတွင် အလွန်ပင် ယုတ္တိရှိသည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့၏ ဝိညာဉ်များတွင်ရှိသော အခြေအနေသည် ထုံထိုင်းပြီး နှေးကွေးသည်။ သိမြင်နားလည်ခြင်းမရှိပေ။ မည်သည့်ပြဿနာကိုမျှ တုံ့ပြန်မှုမရှိပေ။ ၎င်းတို့သည် ထုံထိုင်းသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ခါတစ်ရံတွင် ၎င်းတို့ပြောဆိုသည်ကို နားထောင်သောအခါ ၎င်းတို့၏ ဝိညာဉ်သည် ထက်မြက်ပုံရသည်။ ဥပမာ ဖြစ်ရပ်တစ်ခုပြီးပြီးချင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချက်ချင်းသိနိုင်ကြသည်။ “အခုပဲ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်။ ဒါကိုစဉ်းစားကြည့်ပြီး အဲဒါက လှည့်ဖြားတတ်တယ်ဆိုတာ၊ ဘုရားကို ကျွန်တော်က လှည့်စားနေတာဆိုတာကို သဘောပေါက်သွားတယ်။” ဟူ၍ဖြစ်သည်။ အချို့သော ပိုင်းခြားသိမြင်ခြင်းမရှိသည့်လူများသည် ဤအရာကြားသောအခါ အားကျပြီး “ဒီလူက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတဲ့အခါမှာ ချက်ချင်း သတိထားမိတယ်။ ဒါကို ဖွင့်ပြောပြီး မိတ်သဟာယလည်းဖွဲ့နိုင်တယ်။ သူတို့ တုံ့ပြန်တာ အရမ်းမြန်တယ်။ သူတို့ဝိညာဉ်က ထက်မြက်တယ်။ ငါတို့ထက် အများကြီးပိုသာတယ်။ ဒါက တကယ်ကို သမ္မာတရားကို လိုက်စားတဲ့သူပဲ။” ဟူ၍ ပြောသည်။ ဤသည်မှာ လူတို့ကို တိုင်းတာရာတွင် တိကျသောနည်းလမ်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့ဆိုလျှင် လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ခြင်းရှိမရှိကို အကဲဖြတ်ခြင်းအတွက် မည်သည့်အရာက အခြေခံအချက်ဖြစ်သင့်သနည်း။ ၎င်းတို့၏ နှုတ်မှ ထွက်လာသောအရာသာ မဖြစ်ရပေ။ ၎င်းတို့တွင် မည်သည့်အရာကို အမှန်တကယ် ဖော်ပြ နေသည်ကိုလည်း ကြည့်ရမည်။ အရိုးရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ဖို့ရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ အရည်အချင်းသည် ၎င်းတို့ မိမိတို့ကိုယ်ကို အမှန်တကယ်သိသည်ကို သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သောသူတို့သည် နောင်တရခြင်းကို ဖော်ပြသည်။ လူတို့က နောင်တရခြင်းကို ဖော်ပြမှသာ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်။ ဥပမာ လူတစ်ဦးက မိမိ လှည့်ဖြားတတ်ကြောင်း၊ မိမိတွင် သိမ်ဖျင်းသော အကြံအစည်နှင့် လှည့်ကွက်များနှင့် ပြည့်ကြောင်း သိကောင်း သိနိုင်ပြီး အခြားသူများက လှည့်ဖြားခြင်းကို ထုတ်ဖော်ပြချိန်တွင်လည်း သတိပြုမိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့လှည့်ဖြားတတ်ကြောင်း ဝန်ခံပြီးသည့်နောက်တွင် သင့်အနေဖြင့် ၎င်းတို့ အမှန်တကယ် နောင်တရပြီး မိမိတို့၏ လှည့်ဖြားမှုကို စွန့်ပစ်ခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ လှည့်ဖြားမှုကို ၎င်းတို့ ထပ်မံ ထုတ်ဖော်ပြလျှင် ထိုသို့လုပ်ဆောင်ခြင်းအတွက် အပြစ်တင်မှုနှင့် အရှက်ရသည့် အသိစိတ် ခံစားရခြင်း ရှိမရှိ၊ ၎င်းတို့ အစစ်အမှန် နောင်တရခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ နောင်တရဖို့မပြောနှင့် အရှက်ရသည့် အသိစိတ်မရှိပါက ၎င်းတို့၏ မိမိကိုယ်ကို သိခြင်းသည် သာမန်ကာလျှံကာ၊ ဖြစ်ကတတ်ဆန်း အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ အသိသည် စစ်မှန်သော အသိမဟုတ်ပေ။ လှည့်ဖြားခြင်းသည် အလွန် မကောင်းသော အရာတစ်ခု ဖြစ်သည် သို့မဟုတ် ဆိုးယုတ်လှသည်ဟု ၎င်းတို့က မခံစားမိကြချေ။ လှည့်ဖြားခြင်းသည် အရှက်ကင်းမဲ့သော၊ ယုတ်မာသော အပြုအမူတစ်ခု ဖြစ်သည်ဟုလည်း အမှန်ပင် မထင်မြင်ကြပေ။ “လူများသည် လှည့်ဖြားတတ်သည်ချည်းသာ ဖြစ်သည်။ မလှည့်ဖြားတတ်သော လူများမှာ လူနုံလူအများ ဖြစ်သည်။ အနည်းငယ်မျှ လှည့်ဖြားခြင်းဖြင့် မကောင်းသော လူတစ်ယောက် မဖြစ်ပါ။ ကျွန်ုပ်သည် မကောင်းမှု မပြုလုပ်ခဲ့ပါ။ အပြင်လောကတွင် ကျွန်ုပ်သည် လှည့်ဖြားတတ်ဆုံးသောလူလည်း မဟုတ်ရပါ” ဟူ၍ ၎င်းတို့က တွေးကြ၏။ ထိုသို့သော လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်သလော။ သေချာပေါက် မသိနိုင်ချေ။ ဤသည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားနှင့်ပတ်သက်၍ မည်သည့်အသိမျှ မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လှည့်ဖြားခြင်းကို မရွံမုန်းကြပေ။ မိမိကိုယ်ကို သိခြင်းနှင့် ပတ်သက်၍ ၎င်းတို့ ပြောဆိုသမျှ အရာရာတိုင်းသည် ဟန်ဆောင်မှုနှင့် အနှစ်မဲ့သော စကားများသာ ဖြစ်၏။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မသိမြင်ခြင်းသည် မိမိကိုယ်ကို စစ်မှန်သော သိခြင်း မဟုတ်ပေ။ လှည့်ဖြားတတ်သော လူများသည် မိမိတို့ကိုယ်ကို အမှန်တကယ် မသိနိုင်ကြသည့် အကြောင်းရင်းမှာ သမ္မာတရားကို လက်ခံခြင်းသည် ၎င်းတို့အတွက် လွယ်ကူသောအရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စကားများနှင့် အယူဝါဒများကို မည်မျှ စကားကြောရှည်နိုင်ကြသည်ဖြစ်စေ ၎င်းတို့ အမှန်တကယ် ပြောင်းလဲလိမ့်ကြမည် မဟုတ်ပေ။
လူတစ်ယောက်သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိကို မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တစ်ဖက်တွင် ဤလူသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မိမိကိုယ်မိမိ သိလာနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်တကယ် နောင်တရနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ အခြားတစ်ဖက်တွင် ၎င်းသည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းသည် သမ္မာတရားကို ချစ်သော ဘုရားသခင်၏အမှုကို ကျိုးနွံနာခံနိုင်သောသူဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသိအမှတ်ပြုရုံသာရှိပြီး မည်သည့်အခါမျှ လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင် “သမ္မာတရားအားလုံးကို နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်။” ဟု လူအချို့က ပြောသည့်အတိုင်းဆိုလျှင်၊ ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြသည်။ လူအချို့က ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းနှင့်၊ သူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြောင်း ဝန်ခံကြပြီး ၎င်းတို့သည် နောင်တရပြီး မိမိတို့ကိုယ်ကို အသစ်ဖြစ်ရန် လိုလားလျက်ရှိသည်ဟုလည်း ဆိုသည်။ သို့သော် ထို့နောက်တွင် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် ယခင်ကကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် သိခြင်းအကြောင်း ပြောသောအခါ ဟာသတစ်ခုကိုပြောသကဲ့သို့၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခုကို ရွတ်သကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို သိမြင်လာခြင်း လုံးဝ မရှိကြပေ။ အဓိကပြဿနာမှာ ၎င်းတို့တွင် နောင်တရသည့် သဘောထားမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စစ်မှန်စွာ ဆင်ခြင်သုံးသပ်ရန်အတွက် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ထိုထက် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် အပေါ်ယံလုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို သိဟန်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သော၊ သို့မဟုတ် သမ္မာတရားကို လက်ခံသောသူများမဟုတ်ပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကို သိခြင်းအကြောင်း ပြောကြသောအခါ၊ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြသည်။ ၎င်းတို့သည် အယောင်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ ဝိညာဉ်ရေးရာပြည့်ဝယောင် ဟန်ဆောင်ခြင်းတို့ကို ပါဝင်လုပ်ဆောင်ကြသည်။ လူအချို့သည် လှည့်စားတတ်ကြသည်။ အခြားလူများက သူတို့၏ မိမိကိုယ်ကို သိမြင်မှုကို မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က “အခြားလူတိုင်းက ဖွင့်ပြောပြီး သူတို့၏ ကိုယ်ပိုင်လှည့်စားမှုကို စိတ်ဖြာလေ့လာဆွေးနွေးကြသည်။ ငါက တစ်ခုခုမပြောလျှင် ကိုယ့်ကိုယ်ကိုယ်မသိဟု လူတိုင်းက ထင်ကြမည်။ ဤသို့ဆိုလျှင် ဟန်ဆောင်လုပ်ပြရလိမ့်မည်” ဟူ၍ စဉ်းစားကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လှည့်စားမှုကို ဇာတ်လမ်းဆန်ဆန်ပုံစံဖြင့် ဖော်ပြလျက် အလွန်အမင်း လေးနက်သည့်ပုံစံအဖြစ် ဖွဲ့နွဲ့ပြောဆိုကြသည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အထူးလေးနက်သိမ်မွေ့ပုံရသည်။ ကြားရသောသူတိုင်းက ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သည်ဟု ခံစားရသည်၊ ထို့နောက် ချက်ချင်းပင် ၎င်းတို့ကို အားကျလျက်ကြည့်ရှုကြသောကြောင့်၊ ဂုဏ်ကျက်သရေရှိသကဲ့သို့၊ မိမိတို့ကိုယ်ကို ရောင်ခြည်တော်စက်ဝန်းဖြင့် ဆင်မြန်းပြီးသကဲ့သို့ ၎င်းတို့က ခံစားကြရသည်။ ဟန်ဆောင်လုပ်ပြခြင်းအပြင်၊ ၎င်းတို့၏ အယောင်ဆောင်မှုနှင့် လှည့်စားခြင်းတို့မှ ရရှိသော ဤမိမိကိုယ်ကိုသိသည့် ပုံစံသည် အခြားလူတို့ကို အထင်အမြင်မှားစေသည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ ၎င်းတို့အသိစိတ်က စိတ်သက်သာရာရနိုင်သလော။ ဤသည်မှာ ပြောင်ပြောင်တင်းတင်း လှည့်စားခြင်းမဟုတ်လော။ လူတို့သည် မိမိကိုယ်ကို သိခြင်းအကြောင်းကိုသာ အနှစ်မဲ့စွာ ပြောဆိုလျှင် ထိုအသိပညာက မည်မျှအဆင့်မြင့်နိုင်သည်ဖြစ်စေ သို့မဟုတ် ကောင်းမြတ်သည်ဖြစ်စေ၊ ၎င်းတို့သည် ပြောင်းလဲမှု တစ်ခုတလေ လုံးဝ မရှိဘဲ ယခင်က လုပ်ဆောင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဆက်လက် ထုတ်ဖော်ပြမှုဆဲဖြစ်လျှင်၊ ယင်းမှာ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းမဟုတ်ပေ။ လူတို့သည် ဤနည်းဖြင့် တမင်သက်သက် ဟန်ဆောင်လှည့်စားနိုင်လျှင် ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသည်ကို သက်သေပြပြီး ၎င်းတို့သည် ဘာသာမဲ့သူများကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုအကြောင်းကို ဤနည်းဖြင့် ပြောဆိုခြင်းအားဖြင့် ၎င်းတို့သည် ရေပန်းစားမှုနောက်လိုက်ပြီး လူတိုင်း၏ အကြိုက်နှင့်တူသောအရာမှန်သမျှကို ပြောခြင်းသာဖြစ်သည်။ ၎င်းတို့၏ အသိပညာနှင့် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် လှည့်စားမှုမဟုတ်သလော။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးမှ ဖွင့်ပြခြင်း၊ မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံလုပ်ဆောင်ရန်အတွက် မဟုတ်မမှန်သော၊ လှည့်စားသောနည်းဖြင့် မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းကို အနည်းငယ် ပြောဆိုနေခြင်းသာ ဖြစ်သောကြောင့်ဖြစ်သည်။ ပို၍ပင် ဆိုးသည်မှာ ၎င်းတို့ကို အခြားလူများက လေးစားအားကျလာစေဖို့ ပြုလုပ်ရန်အတွက် ၎င်းတို့သည် မိမိကိုယ်ကို သိမြင်မှုအကြောင်းဆွေးနွေးသည့်အခါတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ရောနှောလျက်၊ ၎င်းတို့၏ ပြဿနာများကို ပို၍လေးနက်သည့်ပုံစံထင်ရစေရန် တမင်သက်သက် ချဲ့ကားပြောဆိုကြသည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ အကြွေးတင်ရှိခြင်းကို မခံစားရပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုဟန်ဆောင်ပြီး လိမ်လည်မှုကို လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့၏ အသိစိတ်သည် အပြစ်တင်ခြင်း မရှိပေ။ ဘုရားသခင်ကို ပုန်ကန်ပြီး လှည့်စားပြီးနောက်တွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့၏ အမှားကို ဝန်ခံရန် ဘုရားသခင်ကို ဆုမတောင်းပေ။ ဤသို့သောလူတို့သည် ခေါင်းမာသည်မဟုတ်လော။ ၎င်းတို့သည် အကြွေးတင်ရှိခြင်း မခံစားရပါက၊ ဝမ်းနည်းခြင်းကို တစ်ခါဖူးမျှ ခံစား၍ရနိုင်သလော။ အမှန်တကယ် နောင်တရခြင်းမရှိသောသူသည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ အမှန်တကယ် နောင်တရခြင်းမရှိသောသူသည် အမှန်တကယ် ဝန်ချနိုင်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် နောင်တရခြင်းပင်မရှိလျှင် မိမိကိုယ်ကို သိမြင်ခြင်းအကြောင်းကို ပြောဆိုရန် အဓိပ္ပာယ် မဲ့သည်မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ပြီး လိမ်လည်ခြင်းသက်သက်မဟုတ်လော။ လူအချို့သည် လိမ်ညာလှည့်စားပြီးသည့်နောက်တွင် ယင်းကို သဘောပေါက်ကာ နောင်တရနိုင်ကြသည်။ ၎င်းတို့တွင် ရှက်စိတ်တစ်ခု ပိုင်ဆိုင်ကြသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုအား အခြားသူများထံ ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့ရန် အခက်တွေ့ကြ၏။ သို့သော် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကာ၊ မိမိကိုယ်ကို ထုတ်ဖော်ပြနိုင်ကြသည်။ ၎င်းတို့သည် နောင်တရလိုစိတ် ရှိကြပြီး၊ နောက်ပိုင်းတွင် အမှန်တကယ် ပြောင်းလဲကြလေသည်။ ဤသည်မှာလည်း မိမိကိုယ်ကို သိသည့်အပြင် အမှန်တကယ် နောင်တရသော လူတစ်ယောက် ဖြစ်၏။ မိမိအနေဖြင့် လိမ်ညာလှည့်စားမိခဲ့ကြောင်းကို အခြားသူများထံ ဝန်ခံရဲလောက်အောင် သတ္တိရှိသော လူတစ်ဦးတစ်ယောက်၊ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများကို အသိအမှတ်ပြုကာ ဘုရားသခင်ထံတွင်လည်း ဆုတောင်းနိုင်၍ မိမိကိုယ်ကို ထုတ်ဖော်ပြနိုင်သော လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို သိနိုင်စွမ်း ရှိပြီး စစ်မှန်စွာ နောင်တရနိုင်စွမ်းရှိသူ ဖြစ်သည်။ အချိန်ကာလ တစ်ခုကြာ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေပြီးသည့်နောက်တွင် ထိုသူတို့သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို တွေ့ရှိကာ ပြောင်းလဲမှုအချို့ကို ကြုံကြရသည်။ ရှိသမျှ လူတိုင်းတွင် တူညီသော သဘာဝအနှစ်သာရ ရှိကြပြီး၊ အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြသော်လည်း၊ သမ္မာတရားကို လက်ခံနိုင်သော သူတို့သည် ကယ်တင်ခံရခြင်းဟူသော မျှော်လင့်ချက် ရှိကြ၏။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီးသည့် နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကို ပျော်မွေ့ကာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြမှုများကို မြင်ကြသည့်အခါ ဘုရားသခင်ကို ကျေးဇူးကြွေးတင်သည်ဟု ခံစားမိကြသည်။ ၎င်းတို့၏ လိမ်ညာ လှည့်စားမှု ပြဿနာကို ဖြေရှင်းရန်အတွက် ချုပ်ထိန်းခြင်း နည်းလမ်းများကိုလည်း မကြာခဏ ဖန်တီးယူကြသည်။ သို့ရာတွင် ၎င်းတို့သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ၊ မကြာခဏ လိမ်ညာကာ လှည့်စားမိကြသေး၏။ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဟူသည့် ပြဿနာမှာ ချုပ်ထိန်းခြင်းဖြင့် ဖြေရှင်းနိုင်သော အရာတစ်ခု မဟုတ်ကြောင်းကို ထိုအချိန်တွင် ၎င်းတို့ သဘောပေါက်လေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ မိမိတို့၏ အခက်အခဲများကို ဘုရားသခင်ထံ ရှင်းပြခြင်း၊ အပြစ်ရှိသော သဘာဝနှင့် စာတန်၏စွမ်းအား ဟူသော အချုပ်အချယ်မှ ၎င်းတို့ကို ကယ်တင်ရန် ဘုရားသခင်အား တောင်းပန်ခြင်းဖြင့် ဆုတောင်းကြ၏။ အတန်ငယ်ကြာပြီးနောက်တွင် အကျိုးရလဒ်အချို့ ရှိလာမည် ဖြစ်သော်လည်း၊ ၎င်းတို့၏ လိမ်ညာလှည့်စားမှု ပြဿနာအတွက် အခြေခံကျသော ဖြေရှင်းချက်ဟူ၍ ရှိမလာချေ။ ထို့ကြောင့် စာတန်ဆန်သော စိတ်သဘောထားသည် ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်ထိုးဖောက်လျက် မိမိတို့၏ စိတ်နှလုံးတွင် ကာလကြာမြင့်စွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်ကြောင်းကို နောက်ဆုံး၌ ၎င်းတို့ သဘောပေါက်မိကြသည်။ လူသားသဘာဝသည် စာတန်ဆန်သော သဘာဝတစ်ခု ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအားဖြင့်သာ လူတစ်ယောက်သည် စာတန်ဆန်သော စိတ်သဘောထား၏ အချုပ်အနှောင်နှင့် ကျေးကျွန်ဘဝမှ လွတ်မြောက်နိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို အသိဉာဏ် ပွင့်လင်းစေပြီး ဦးဆောင်လမ်းပြသည့်အခါမှသာ၊ ၎င်းတို့သည် ၎င်းတို့ ဖောက်ပြန်ပျက်စီးမှု၏ အတိမ်အနက်ကို မြင်ကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများသည် အမှန်ပင် စာတန်၏သားသမီးများ ဖြစ်ကြောင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုသာ မရှိလျှင် လူတိုင်းသည် ဖျက်ဆီးခြင်းခံရလိမ့်မည် ဖြစ်ကြောင်းတို့ကိုလည်း အသိအမှတ်ပြုမိကြသည်။ ဘုရားသခင်အနေဖြင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် လူများကို ကယ်တင်ခြင်းမှာ မည်မျှ လက်တွေ့ကျသည်ကို ထိုအချိန်မှသာ ၎င်းတို့ မြင်မိကြ၏။ ဤအရာကို တွေ့ကြုံပြီးသည့်နောက် ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့၏ စိတ်နှလုံးများမှ လက်ခံနိုင်ကြပြီး၊ ၎င်းတို့အတွင်း၌ စစ်မှန်သော နောင်တ စတင် ကြီးထွားလာသည်။ ယခုတွင် ၎င်းတို့သည်အမှန်ပင် အသိနိုးကြားခြင်း ရှိကြပြီး၊ မိမိကိုယ်ကိုလည်း စတင် သိနားလည်ကြသည်။ စိတ်နှလုံးအတွင်း၌ အသိနိုးကြားခြင်း ကင်းမဲ့သော သူများမှာမူ ၎င်းတို့သည်လည်း အချို့သော ဝိညာဉ်ရေးရာ စကားများ၊ အချို့သော အသိစိတ်ဆိုင်ရာ စကားများကို ပြောကောင်းပြောဆိုနိုင်ကြပေမည်။ ဘာသာရေးကိုင်းရှိုင်းသည်ဆိုသော လူများ မကြာမကြာ ထပ်တလဲလဲ ပြောတတ်သည့် ပေါ်ပင်စကားလုံးများကို ရွတ်ဆိုပြရာ၌ ၎င်းတို့ အထူး ကျွမ်းကျင်ကြ၏။ ၎င်းတို့သည် အတော်ပင် စစ်မှန်သည်ဟုလည်း ထင်ရကာ၊ နားထောင်သူများအား မျက်ရည်များ ကျလောက်အောင်ပင် လှည့်စားကြသည်။ အကျိုးဆက်အဖြစ် လူတိုင်းက ၎င်းတို့ကို သဘောကျကာ အထင်ကြီးကြ၏။ ဤကဲ့သို့သော လူများ အများအပြား ရှိသလော။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဖာရိရှဲတစ်ယောက် မဟုတ်လော။ ထိုသို့သောလူများသည် အလှည့်ဖြားတတ်ဆုံး ဖြစ်၏။ သမ္မာတရားကို နားမလည်သော လူများသည် ဤကဲ့သို့သော လူတစ်ယောက်နှင့် ပထမဆုံး တွေ့ဆုံမိသည့်အခါ ထိုသူအား အလွန် ဝိညာဉ်ရေးရာဆန်သည်ဟု ထင်ကောင်းထင်မိနိုင်၏။ ထို့ကြောင့် ၎င်းတို့က ထိုသူကို ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ကြ၏။ အကျိုးဆက်မှာမူ ထိုသူသည် တစ်နှစ်မပြည့်မီတွင် ဤချင့်ချိန်နိုင်စွမ်း မရှိသော လူများအားလုံးကို သူ့ဘက်သို့ ရောက်ရှိစေပြီး ဖြစ်သည်။ ၎င်းတို့သည် ထိုသူ၏ပတ်လည်တွင် ဝိုင်းအုံကြ၍ ၎င်းတို့၏ ထောက်ခံမှုနှင့် တန်ဖိုးထားမှုကို ပြသကြ၏။ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်း ထိုသူထံမှ လမ်းညွှန်မှု တောင်းခံကြပြီး၊ ထိုသူ၏ပြောဆိုပုံ လေသံကိုပင် အတုခိုးကြလေသည်။ ထိုသူနောက်သို့ လိုက်ကြသူများသည် စကားများနှင့် အယူဝါဒများအကြောင်း စကားကြောရှည်နည်းကို သင်ယူမိကြ၏၊ လူများနှင့် ဘုရားသခင်ကို လှည့်စားတတ်ရန် သင်ယူကြ၏။ သို့သော် အကျိုးဆက်အနေဖြင့်စမ်းသပ်မှုများ အမှန်တကယ် ရောက်လာသောအခါ ၎င်းတို့အားလုံးသည် အပျက်သဘောဆောင်ကာ အားနည်းသွားကြလေသည်။ ၎င်းတို့သည် စိတ်နှလုံးများထဲတွင် မကျေမနပ် ပြောဆိုကြပြီး ဘုရားသခင်ကို သံသယရှိကြသည်။ ယုံကြည်ခြင်းကိုလည်း အနည်းငယ်မျှ ပြသခြင်း မရှိကြပေ။ ဤသည်မှာ လူပုဂ္ဂိုလ်တစ်ယောက်နောက်သို့ လိုက်ကာ ကိုးကွယ်ခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ပြောဆိုနိုင်သော်လည်း၊ ၎င်းတို့တွင် မည်သည့် သမ္မာတရားစစ်မှန်မှုမျှ မရှိချေ။ ၎င်းတို့အားလုံးသည် သူတော်ကောင်း အယောင်ဆောင်သည့် ဖာရိရှဲတစ်ယောက်၏ ဆွဲဆောင်ခြင်းကို ခံရကာ အထင်အမြင်မှားခဲ့ကြခြင်း ဖြစ်သည်။ မချင့်ချိန်နိုင်သော သူများအနေဖြင့် လှည့်စားခံရကာ မှားယွင်းသော လမ်းကြောင်းကို လျှောက်မိရန် လွယ်ကူသည် မဟုတ်လော။ မချင့်ချိန်နိုင်သော လူများသည် နားဝေတိမ်တောင်ဖြစ်ကြ၏၊ ၎င်းတို့အားလုံးသည် အလွန် လွယ်ကူစွာ အထင်အမြင်မှားစေခြင်း ခံရကြသည်။
ချင့်ချိန်နိုင်စွမ်းကို သင်ယူရန်အတွက် လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင် ပြဿနာများကို ဆင်ခြင်သုံးသပ်ပြီး ခွဲခြားသိမြင်တတ်ရန် ပထမဦးစွာ သင်ယူရပေမည်။ လူတိုင်းတွင် မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှု ရှိကြ၏၊ အာဏာ အနည်းငယ်မျှရှိခြင်းသည်ပင် ထင်ရာမြင်ရာ လုပ်ဆောင်စေနိုင်သည်။ ဤသည်မှာ လူအများ မြင်တွေ့နေကျ မကြာခဏ ဖြစ်ပျက်သည့် အရာတစ်ခု ဖြစ်ပြီး၊ ယင်းကိုလည်း ချက်ချင်း မြင်နိုင်ကြသည်။ သို့သော် သတိပြုမိရန် မလွယ်လွန်းသည့်၊ သို့မဟုတ် လူများအနေဖြင့် အရေးစိုက်မှု နည်းကြသည့်၊ မိမိတွင်ဖြစ်စေ အခြားသူများတွင်ဖြစ်စေ သတိပြုမိရန် ခက်ခဲသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ (ကျွန်ုပ်သည် လှည့်ဖြားခြင်းကို စိတ်အနှောင့်အယှက် မဖြစ်ပါ။) လှည့်ဖြားခြင်းကို အမှုမထားခြင်း ဖြစ်၏၊ အခြားမည်သည့်အရာ ရှိသေးသနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်ပါသည်။) တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းပေတည်း။ ဥပမာအားဖြင့် မိမိဘာသာ တစ်စုံတစ်ခု ပြုလုပ်၍၊ ယင်းကို အခြားသူများအား စာနာထောက်ထားသောကြောင့် ပြုလုပ်နေပါသည်ဟု ပြောဆိုကြသော လူအချို့ ရှိကြသည်။ လူတိုင်း၏ထောက်ခံမှုကို ရရှိရန်အတွက် ဤအဆိုကို ဆင်ခြေတစ်ခုအဖြစ် သုံးနေခြင်းဖြစ်သည်။ သို့သော် အမှန်အားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဒုက္ခမရောက်စေရန်အတွက် ယင်းကို ပြုလုပ်ခြင်းဖြစ်သည်။ အခြားသူများ သတိမမူမိသော၊ သတိပြုမိရန် ခက်ခဲသော ရည်ရွယ်ချက်တစ်ခု ဖြစ်၏။ သတိပြုမိရန် အခက်ခဲဆုံး ဖြစ်သည့် အခြား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ (သူတော်ကောင်းဟန်ဆောင်ခြင်း ဖြစ်ပါသည်။) တစ်နည်းဆိုရသော် အပြင်ပန်းတွင် လူကောင်းတစ်ယောက် ဖြစ်သည်ဟု ထင်ရပြီး၊ ချီးမွမ်းမှုရရန်အတွက် လူသား အယူအဆများနှင့် ကိုက်ညီသော အရာအချို့ကို ပြုလုပ်၏။ သို့သော် စိတ်အတွင်း၌မူ စာတန်ဆန်သော အတွေးအခေါ်တစ်ခုနှင့် လျှို့ဝှက်ထားသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားလေသည်။ ဤသည်မှာ လှည့်ဖြားတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤအရာသည် ခွဲခြားသိမြင်ရန် လွယ်ကူသလော။ အစွမ်းအစ နည်းပါးသော လူများနှင့် သမ္မာတရားကို နားမလည်သော လူများသည် အမှုအရာများကို မရိပ်စားမိနိုင်ကြပေ။ ၎င်းတို့သည် အထူးသဖြင့် ဤလူစားမျိုးကို မခွဲခြားနိုင်ကြချေ။ ပြဿနာတစ်ခုကို ဖြေရှင်းနေသည့်အခါတွင် ယင်းကိစ္စကို နားလည်သဘောပေါက်ထားပြီးသကဲ့သို့၊ ရှင်းလင်းပြတ်သားစွာ၊ ယုတ္တိရှိစွာဖြင့် ပြောဆိုတတ်ကြသည့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိကြသည်။ သို့ရာတွင် ၎င်းတို့ ပြောဆိုမှု ပြီးစီးသည့်အချိန်၌ ပြဿနာမှာ မပြေလည်သေးဘဲ ရှိနေလေသည်။ ပြဿနာမှာ ပြီးပြတ်သွားပြီဟူ၍ သင့်အနေဖြင့် တလွဲ ယုံကြည်အောင်ပင် ၎င်းတို့က ပြုလုပ်ကြသည်။ ဤသည်မှာ လူများကို အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်း မဟုတ်လော။ မိမိတာဝန်ကို ထမ်းဆောင်နေသည့် အချိန်တွင် အမှန်တကယ် မလုပ်ဆောင်သော သူများ၊ အနှစ်သာရမဲ့ပြီး ကွန့်လွန်းသော စကားများကို ဒလဟော ပြောဆိုတတ်သည့် သူများမှာ သူတော်ကောင်း အယောင်ဆောင်သူများချည်းသာ ဖြစ်သည်။ ၎င်းတို့သည် လွန်စွာ ကောက်ကျစ် စဉ်းလဲကြ၏။ ဤလူစားမျိုးနှင့် အချိန်ကြာမြင့်စွာ တွေ့ဆုံပေါင်းသင်းပြီးသည့်နောက်တွင် သင်တို့သည် ၎င်းတို့ကို ခွဲခြားသိမြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးခဲ့သည့်နောက်တွင် အဘယ်ကြောင့် မပြောင်းလဲကြသနည်း။ အရင်းခံ အကြောင်းတရားမှာ အဘယ်နည်း။ အတိအကျဆိုရသော် ၎င်းတို့အားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော လူများဖြစ်၏၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်ခံချင်စိတ် မရှိကြပေ။ ၎င်းတို့သည် စာတန်၏အတွေးအခေါ်ဖြင့် အသက်ရှင်ရန် ပို၍ နှစ်သက်ကြသည်။ ဤသည်မှာ ၎င်းတို့ကို ဆိုးကျိုး မဖြစ်စေရုံမက၊ ၎င်းတို့အား ထူးချွန်ပြောင်မြောက်သည်၊ ဆွဲဆောင်မှုရှိသည်ဟု ထင်ရစေသည်၊ ယင်းကြောင့် အခြားသူများကလည်း ၎င်းတို့ကို လေးစားအားကျကြသည်ဟူ၍ ယူဆကြ၏။ ဤသို့သော လူများသည် မရိုးမသား၊ လှည့်ဖြားတတ်ကြသည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားအား လက်ခံမည့်အတူတူ အသေခံကြမည်သာ ဖြစ်သည်။ ဤသို့သော လူတစ်ယောက်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ လူအချို့သည် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ မကောင်းသောလုပ်ရပ်ကို နှုတ်ဖြင့် ဝန်ခံနိုင်ကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင်မူ “သင် ပြောနေသည်များက မှန်ကန်နေသည့်တိုင် ကျွန်ုပ်သည် လက်ခံမည်မဟုတ်။ ကျွန်ုပ်သည် သင့်အား အဆုံးထိ တွန်းလှန်သွားမည်” ဟူ၍ အာခံကြသည်။ ၎င်းတို့သည် မိမိကိုယ်မိမိ အတော်ပီပြင်စွာ ဟန်ဆောင်ဖုံးကွယ်ကြပေသည်၊ လက်ခံသည်ဟု ပြောဆိုသော်လည်း ၎င်းတို့၏စိတ်နှလုံးတွင် လက်မခံကြချေ။ ဤသည်မှာလည်း သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတစ်ခု ဖြစ်၏။ သတိပြုမြင်မိရန် ခက်ခဲသည့် အခြားဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ စိတ်နှလုံးခိုင်မာခြင်းသည် သတိပြုမိရန် ခက်ခဲသည် မဟုတ်လော။ စိတ်နှလုံးခိုင်မာခြင်းသည်လည်း အတော်ပင် ဖုံးကွယ်နေသည့် စိတ်သဘောထားပုံစံတစ်ခု ဖြစ်သည်။ ယင်းမှာ လူတစ်ယောက်၏ ကိုယ်ပိုင်အမြင်များတွင် မလျှော့တမ်း ခေါင်းမာခြင်းနှင့် သမ္မာတရားအား လက်ခံရာတွင် ခက်ခဲခြင်းတို့အဖြစ် မကြာခဏ ပေါ်လာတတ်၏။ အခြားသူများက သမ္မာတရားနှင့်အညီ မည်သို့ ပြောဆိုသည်ဖြစ်စေ၊ စိတ်နှလုံးခိုင်မာသော ပုဂ္ဂိုလ်မှာ ၎င်း၏ ကိုယ်ပိုင်ပြုမူပုံများကို ဖက်တွယ်နေဆဲ ဖြစ်သည်။ စိတ်နှလုံးခိုင်မာသော စိတ်သဘောထားတစ်ခု ရှိသည့် လူတစ်ယောက်သည် သမ္မာတရားကို လက်ခံနိုင်ခြေအနည်းဆုံး ဖြစ်သည်။ သမ္မာတရားကို လက်မခံသော လူများသည် ဤစိတ်နှလုံးခိုင်မာသော စိတ်သဘောထားမျိုးကို ၎င်းတို့၏အတွင်း၌ မကြာခဏ ဖုံးကွယ်ကြ၏။ လူများသည် ၎င်းတို့၏အတွင်းတွင် တစ်စုံတစ်ခုကို ခေါင်းမာစွာဖြင့် ဖက်တွယ်ကြသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော ဆန္ဒများကို မလျှော့တမ်း လုပ်တတ်သော သဘောထားတစ်ခု ရှိကြသည့်အခါ၊ သတိပြုမိရန် ခက်ခဲပေသည်။ မည်သည်များ ကျန်သေးသနည်း။ သမ္မာတရားကို မချစ်ခင်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းတို့သည် သတိပြုမိရန် ခက်ခဲ၏။ ရက်စက်ယုတ်မာမှုသည် သတိပြုမိရန် ခက်ခဲ၏။ သတိပြုမိရန် အလွယ်ကူဆုံးမှာ မာနထောင်လွှားမှုနှင့် လှည့်ဖြားတတ်ခြင်းတို့ ဖြစ်သည်။ သို့သော် ကျန်အရာများဖြစ်သည့် စိတ်နှလုံးခိုင်မာခြင်း၊ သမ္မာတရားကို မနှစ်မြို့ခြင်း၊ ရက်စက်ယုတ်မာခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းတို့မှာ သတိပြုမိရန် ခက်ခဲကြသည်သာ ဖြစ်သည်။ သတိပြုမိရန် အခက်ခဲဆုံးမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လူသား၏သဘာဝ ဖြစ်လာခဲ့သည့်အပြင်၊ လူများက ယင်းကို စတင် အမွှမ်းတင်လာကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည်ဟု မြင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခုသည် စိတ်နှလုံးခိုင်မာသော စိတ်သဘောထား တစ်ခုထက် သတိပြုမိရန် ပို၍ပင် ခက်ခဲလေသည်။ “အဘယ်ကြောင့် သတိပြုမိရန် မလွယ်ကူနိုင်ရသနည်း။ လူများတွင် ဆိုးယုတ်သော အလိုဆန္ဒများ ရှိကြသည်သာ ဖြစ်သည်။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော” ဟု လူအချို့က ဆိုကြသည်။ ယင်းမှာ အပေါ်ယံသာ ဖြစ်၏။ အမှန်တကယ် ဆိုးယုတ်ခြင်းသည် အဘယ်နည်း။ မည်သည့်အခြေအနေများသည် ထင်ရှားသည့်အခါ ဆိုးယုတ်ခြင်းဖြစ်သနည်း။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်ရှိသော ဆိုးယုတ်မှုနှင့် ရှက်ဖွယ် ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြီးကျယ်သော စကားများကို အသုံးပြုပြီး ထို့နောက်တွင် ဤစကားများသည် အလွန်ကောင်းသည်၊ ရိုးသားသည်၊ သဘာဝကျသည်ဟု အခြားလူများအား ယုံကြည်အောင်ပြုလုပ်ပြီး အဆုံးတွင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ရရှိခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သလော။ ဤအရာကို အဘယ်ကြောင့် ဆိုးယုတ်ခြင်းဟု ခေါ်ဆိုပြီး လှည့်စားခြင်းဟု မခေါ်ဆိုသနည်း။ စိတ်သဘောထား၊ အနှစ်သာရနှင့် ပတ်သက်လျှင် လှည့်စားမှုသည် သိပ်မဆိုးပေ။ ဆိုးယုတ်ခြင်းသည် လှည့်စားခြင်းထက်ပို၍ ဆိုးရွားသည်။ ယင်းသည် လှည့်စားမှုထက် ပို၍ မသိမသာ ထိခိုက်စေတတ်ပြီး ဆိုးရွားသည်။ သာမန်လူအတွက် ယင်းကို ရိပ်စားမိရန် ခက်ခဲသည်။ ဥပမာ ဧဝကို သွေးဆောင်ရန်အတွက် မြွေက မည်သို့သောစကားမျိုးကို အသုံးပြုသနည်း။ မှန်ကန်ပြီး သင့်ကောင်းကျိုးအတွက် ပြောသည့်ပုံစံရှိသော၊ ဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော စကားများဖြစ်သည်။ ဤစကားများတွင် တစ်ခုခုမှားနေသည်ကို၊ သို့မဟုတ် ဤစကားများနောက်ကွယ်ရှိ ထိခိုက်စေလိုသော ရည်ရွယ်ချက်တစ်ခုခုကို သင် သတိမထားမိပေ။ တစ်ချိန်တည်းတွင် သင်သည် စာတန်က ပေးသည့် ဤအကြံများကို လက်မလွှတ်နိုင်ပေ။ ဤသည်မှာ စုံစမ်းသွေးဆောင်ခြင်းဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်ခံရပြီး ဤစကားမျိုးတို့ကို နားထောင်သောအခါ သင်သည် မထိန်းနိုင်ဘဲ ဖြားယောင်းခံရပြီး ထောင်ချောက်ထဲသို့ ကျကာ ဤသို့အားဖြင့် စာတန်၏ ပန်းတိုင် အောင်မြင်ဖို့ ဖြစ်နိုင်ခြေများသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဟု ခေါ်သည်။ မြွေသည် ဧဝကို ဖြားယောင်းရန်အတွက် ဤနည်းကို အသုံးပြုသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သလော။ (ဖြစ်သည်။) ဤ စိတ်သဘောထားအမျိုးအစားက မည်သည့်နေရာမှ လာသနည်း။ မြွေထံမှ၊ စာတန်ထံမှ လာသည်။ ဤဆိုးယုတ်သော စိတ်သဘောထားအမျိုးအစားသည် လူသား၏ သဘာဝအတွင်းတွင် တည်ရှိသည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် လူများ၏ ဆိုးယုတ်သော တပ်မက်မှုများနှင့် ကွဲပြားသည် မဟုတ်လော။ ဆိုးယုတ်သော တပ်မက်မှုများသည် မည်သို့ ဖြစ်ပေါ်သနည်း။ ယင်းမှာ ဇာတိပကတိနှင့် သက်ဆိုင်လေသည်။ အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်မှုသည် နက်ရှိုင်းစွာ ပုန်းကွယ်နေသော စိတ်သဘောထား ပုံစံတစ်ခု ဖြစ်၏၊ သမ္မာတရားကို တွေ့ကြုံခြင်း သို့မဟုတ် နားလည်ခြင်း မရှိသည့် လူများအနေဖြင့် ယင်းကို လုံးလုံး ခွဲခြား မသိမြင်နိုင်ကြပေ။ ထို့ကြောင့် လူသား၏ စိတ်သဘောထားများထဲတွင် ယင်းသည် သတိပြုမိရန် အခက်ခဲဆုံး ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုသည် မည်သည့် လူစားမျိုးတွင် အပြင်းထန်ဆုံး ဖြစ်သနည်း။ အခြားသူများအပေါ် အမြတ်ထုတ်ရသည်ကို နှစ်သက်သော သူများတွင် ဖြစ်သည်။ ၎င်းတို့သည် ကြိုးကိုင် ညွှန်ကြားခြင်းတွင် အလွန် တော်သည်ဖြစ်ရာ၊ ၎င်းတို့ ကြိုးကိုင် ညွှန်ကြားသော လူများသည် နောက်ပိုင်း၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိပင်မသိကြချေ။ ဤလူစားမျိုးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိလေသည်။ လှည့်ဖြားတတ်ခြင်းကို အခြေပြုထားသည့် ကောက်ကျစ်ဆိုးယုတ်သူများသည် ၎င်းတို့၏ လှည့်ဖြားခြင်းကို ဖုံးဖိရန်၊ ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ လျှို့ဝှက်သော ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုလည်း ကွယ်ဝှက်ရန် အခြားနည်းလမ်းများကို အသုံးပြုကြ၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့သည် စုံစမ်းသွေးဆောင်ရန်၊ ဆွဲဆောင် ဖြားယောင်းရန်အတွက် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့၏ ရည်မှန်းချက်များ စွမ်းဆောင်ရရှိရန် သင့်အား ၎င်းတို့၏ ဆန္ဒများနောက် လိုက်စေကာ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းများသာ ဖြစ်၏။ ဤသည်မှာ အမှန်တကယ် စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်၏။ သင်တို့ထံတွင် ဤအပြုအမူများ တစ်ခုတလေ ဖြစ်ပေါ်ခဲ့ကြသလော။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု၏ မည်သည့် လက္ခဏာ သွင်ပြင်များမှာ သင်တို့တွင် ပို၍ ဖြစ်ပေါ်ခဲ့သနည်း။ စုံစမ်းသွေးဆောင်ခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်းလော၊ သို့မဟုတ် အခြားမုသားများကို ဖုံးဖိရန် မုသားများ သုံးခြင်းလော။ (ကျွန်ုပ်သည် ယင်းတို့အားလုံးကို အနည်းငယ် လုပ်ချင်မိပါသည်။) သင်သည် ယင်းတို့ အားလုံးကို အနည်းငယ် လုပ်ချင်မိ၏။ တစ်နည်းဆိုရသော် စိတ်ခံစားမှုဆိုင်ရာ အဆင့်တစ်ခုတွင် သင်သည် ဤ အပြုအမူများကို ပြသမိခြင်း ရှိခဲ့သလို၊ မပြသခြင်းလည်း ရှိခဲ့သည်ဟု စိတ်အထင်ရောက်၏။ သင်သည် မည်သည့် သက်သေ အထောက်အထားကိုမျှ စဉ်းစားမရနိုင်ချေ။ သို့ဖြစ်လျှင် သင်၏ နေ့စဉ်ဘဝ၌ သင်သည် တစ်စုံတစ်ခုကို ရင်ဆိုင်ရသည့်အခါ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုအား ထုတ်ဖော်ခြင်း ရှိမရှိကို သတိပြုမိသလော။ အမှန်တွင် ဤအရာများသည် လူတိုင်း၏ စိတ်သဘောထားအတွင်းတွင် တည်ရှိကြသည်။ ဥပမာအားဖြင့် သင် နားမလည်သော အရာတစ်ခု ရှိသော်လည်း၊ သင်က မိမိ နားမလည်သည်ကို အခြားသူများအား မသိစေချင်ပေ။ ထို့ကြောင့် သင် နားလည်သည်ဟု ၎င်းတို့ အထင်အမြင်မှားစေရန် သင်သည် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၏။ ဤသည်မှာ လိမ်လည်မှု ဖြစ်သည်။ ဤလိမ်လည်မှုမျိုးသည် ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆွဲဆောင်ဖြားယောင်းခြင်းတို့လည်း ရှိသေးသည်၊ ဤသည်တို့မှာ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ သင်တို့သည် အခြားသူများကို မကြာခဏ စုံစမ်းသွေးဆောင်ကြသလော။ သင်သည် မိတ်သဟာယဖွဲ့ချင်လျက် တစ်စုံတစ်ယောက်အား နားလည်ရန် တရားဝင် ကြိုးစားနေပြီး ယင်းမှာ သင်၏အလုပ်အတွက် လိုအပ်ပြီး မှန်ကန်သော အပြန်အလှန် ပြောဆိုမှုတစ်ခုလည်း ဖြစ်သည်ဆိုလျှင်၊ ဤသည်ကို စုံစမ်းသွေးဆောင်ခြင်းအဖြစ် ယူဆ၍မရပေ။ သို့သော် သင့်ထံတွင် ပုဂ္ဂိုလ်ရေး ကြံရွယ်ချက်ရှိပြီး သင်သည် ဤလူပုဂ္ဂိုလ်၏ စိတ်သဘောထား၊ လိုက်စားမှုများနှင့် အသိပညာကို အမှန်တကယ် နားလည်ချင်သည် မဟုတ်ဘဲ၊ ထိုသူ၏ အတွင်းကျကျ အတွေးများနှင့် အစစ်အမှန် ခံစားချက်များကိုသာ နှိုက်ယူချင်သည်ဆိုလျှင်၊ ဤသည်ကို ကောက်ကျစ် ဆိုးယုတ်မှု၊ စုံစမ်းသွေးဆောင်မှုနှင့်ဆွဲဆောင် ဖြားယောင်းမှုဟု ခေါ်ပေသည်။ သင်သည် ဤအတိုင်း လုပ်ဆောင်သည်ဆိုလျှင်၊ သင့်ထံ၌ ကောက်ကျစ် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိ၏။ ဤသည်မှာ ပုန်းကွယ်နေသော အရာတစ်ခု မဟုတ်လော။ ဤစိတ်သဘောထားမျိုးသည် ပြောင်းလဲရန် လွယ်ကူသလော။ သင့်စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခုစီတွင် မည်သည့် သရုပ်သကန်များ ရှိသည်၊ သွင်ပြင်လက္ခဏာ တစ်ခုချင်းစီက မည်သည့် အခြေအနေများအား မကြာခဏ ဖြစ်ပေါ်စေသည်ဆိုသည်တို့ကို သင်က ခွဲခြားသိမြင်နိုင်ပြီး၊ သင့်ကိုယ်သင် ဤအရာများနှင့် စပ်ဟပ်ကြည့်နိုင်သည်ဆိုလျှင်၊ ဤစိတ်သဘောထားမျိုးမှာ မည်မျှ ဆိုးဝါး၍ ကြောက်စရာကောင်းလှကြောင်း ခံစားမိနေသည်ဆိုလျှင်၊ သင်သည် ဤကိစ္စနှင့်ပတ်သက်၍ ပြောင်းလဲရန် တာဝန်ရှိသည်ဟု ခံစားမိလာလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငတ်မွတ်ခြင်းဖြစ်လာနိုင်ပြီး၊ သမ္မာတရားကိုလည်း လက်ခံနိုင်လာလိမ့်မည်။ ယင်းမှာ သင့်အနေဖြင့် ပြောင်းလဲနိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည့်အချိန်ပင် ဖြစ်သည်။ သို့သော် ထိုအရာများကို စပ်ဟပ်ကြည့်ပြီးသည့်နောက် သင်သည် နောင်တရဖို့ရန် ဝေးစွ၊ သမ္မာတရားကိုပင် ငတ်မွတ်ခြင်း မရှိသေးဘဲ၊ အကြွေးတင်ရှိခြင်း သို့မဟုတ် စွပ်စွဲခံရခြင်း မရှိ၊ သမ္မာတရားကို ချစ်ခင်ခြင်းလည်း မရှိလျှင်၊ သင့်အနေဖြင့် ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် နားလည် သဘောပေါက်ခြင်းမှာ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သင်တို့ နားလည်ထားခဲ့သမျှ အားလုံးသည် အယူဝါဒမျှသာ ဖြစ်၏။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာပင် ဖြစ်စေ၊ သင်၏ နားလည်သဘောပေါက်မှုမှာ အယူဝါဒအဆင့်တွင် ရပ်တန့်၍ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း၊ ဝင်ရောက်ခြင်းတို့နှင့် ချိတ်ဆက်ခြင်းမရှိလျှင်၊ သင် နားလည်သော အယူဝါဒသည် မည်သို့မျှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုမည် မဟုတ်ဘဲ၊ ဘုရားသခင်ထံ နောင်တရကာ အပြစ်ဝန်ခံလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု ခံစားမိမည် မဟုတ်ဘဲ၊ သင့်ကိုယ်သင်လည်း မုန်းတီးလိမ့်မည် မဟုတ်။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်းခံရရန် အခွင့်အလမ်း သုညသာ ရှိလိမ့်မည်။ အကယ်၍ သင်သည် မိမိ၏ ပြဿနာများ မည်မျှ ဆိုးဝါးလွန်းသည်ကို အသိအမှတ်ပြုသော်လည်း၊ စိတ်အတွင်း၌ မထုံတက်သေး၊ မတုန်မလှုပ် ဖြစ်နေသေးခြင်း၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင် ဆုံးမခြင်းကို လက်မခံခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ကိုယ်တော့်အား ဆုမတောင်းခြင်း သို့မဟုတ် အားမကိုးခြင်းတို့ဖြင့် သင်သည် အရေးမစိုက်၊ မိမိကိုယ်မိမိလည်း မမုန်းတီးလျှင်၊ သင်သည် ကြီးစွာ အန္တရာယ်ရှိလေပြီ။ ကယ်တင်ခြင်းကိုလည်း ရရှိလိမ့်မည် မဟုတ်ချေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။