မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည် (အပိုင်း နှစ်)

ကယ်တင်ခြင်းခံရရန်အတွက် သတ်မှတ်ချက်များမှာ မည်သို့နည်း။ ပထမဦးစွာ သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို စိတ်အားထက်သန်စွာ လက်ခံရမည်ဖြစ်သည်။ ထို့ပြင် ပူးပေါင်း လုပ်ဆောင်ရန်အတွက် ပြင်းပြသည့်ဆန္ဒ ရှိရမည်၊ မိမိကိုယ်မိမိ ဆန့်ကျင်တွန်းလှန်နိုင်စွမ်းနှင့် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို စွန့်လွှတ်ချင်စိတ်လည်း ရှိရမည်။ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများတွင် မည်သည်တို့ ပါဝင်သနည်း။ သိက္ခာ၊ အဆင့်အတန်း၊ ပကာသန၊ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများအပြင် လူတစ်ယောက်၏ ကိုယ်ပိုင်အစီအစဉ်များ၊ လိုအင်ဆန္ဒများ၊ အလားအလာများနှင့် ပန်းတိုင်တို့ ဖြစ်သည်။ လတ်တလောအတွက်ဖြစ်စေ၊ အနာဂတ်အတွက်ဖြစ်စေ၊ ယင်းတို့အားလုံးမှာ ဤနေရာတွင် ပါဝင်ကြ၏။ အကယ်၍ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်သည်ဆိုလျှင်၊ ယင်းတို့ကို တစ်ခုပြီးတစ်ခု ထိုးဖောက်ကျော်လွှားမှုများ ရရှိကာ၊ တဖြည်းဖြည်း စွန့်ပစ်နိုင်သည်ဆိုလျှင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်းသည် သင့်အတွက် ပို၍ ပို၍ လွယ်ကူလာလိမ့်မည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း အခြေအနေတစ်ခုသို့ ရောက်ရှိလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်၍ ဤတစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ခွဲခြားမြင်နိုင်ကာ နည်းနည်းချင်း စွန့်လွှတ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏စိတ်သဘောထားမှာ ပြောင်းလဲပေလိမ့်မည်။ သင်တို့သည် ယခု မည်သည့် ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီနည်း။ ငါ၏ စောင့်ကြည့်လေ့လာမှုများအရ၊ စိတ်သဘောထား၌ ပြောင်းလဲခြင်းများနှင့်ဆိုင်သည့် ဤသမ္မာတရား စစ်မှန်မှုများနှင့် ပတ်သက်၍ သင်တို့သည် ယင်းတို့အတွင်းသို့ အခြေခံအားဖြင့် ယခုထိ မဝင်ရောက်ကြသေးချေ။ သို့ဖြစ်လျှင် သင်တို့၏ လက်ရှိဝိညာဉ်ရင့်သန်မှုမှာ အဘယ်နည်း၊ မည်သည့် အခြေအနေတွင် နေထိုင်နေကြသနည်း။ သင်တို့အများစုမှာ တာဝန် ထမ်းဆောင်ခြင်းအဆင့်တွင် အချိန်ဆွဲကြ၏။ “ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သင့်သလော၊ မသင့်သလော။ ကျွန်ုပ်၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ကျွန်ုပ်ထမ်းဆောင်နိုင်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဤပုံစံဖြင့် ထမ်းဆောင်ခြင်းသည် ဝတ်ကျေတမ်းကျေ ဖြစ်သလော” ဟူ၍ ဤအဆင့်တွင် တဝဲလည်လည် ရှိကြသည်။ တစ်ခါတစ်ရံတွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် ခါတိုင်းထက်ပို၍ ဝတ်ကျေတမ်းကျေ ဖြစ်သည့်အခါ၊ သင်သည် သင်၏စိတ်နှလုံး၌ အပြစ်ရှိသကဲ့သို့ ခံစားမိလိမ့်မည်။ သင်သည် ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း၊ သင်သည် ဘုရားသခင်ကို စိတ်ပျက်စေခဲ့ပြီ ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ရန်အတွက် မိမိတာဝန်များအား ကောင်းမွန်စွာ ထမ်းဆောင်မည်ဟူသော သင်၏ဆန္ဒကို ဘုရားသခင်ထံ ဖော်ပြကာ၊ ငိုကြွေး၍ပင် နေပေမည်။ သို့သော် နှစ်ရက်အကြာတွင် သင်သည် သင်၏တာဝန်များကို မထမ်းဆောင်ချင်တော့ဘဲ၊ ထပ်မံ၍ အပျက်သဘောဆောင်လာပြန်သည်။ သင်သည် ဤအဆင့်ကို လုံးဝ မကျော်ဖြတ်နိုင်ချေ။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု ရှိနေခြင်းလော။ (မဟုတ်ပါ။) မိမိတာဝန်များကို မည်သို့ သစ္စာစောင့်သိစွာ ထမ်းဆောင်ရမည်၊ မိမိတာဝန်များကို မိမိ၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ရန် လိုအပ်ချက်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုအပ်ချက် စသည်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို မလိုအပ်တော့ဆိုလျှင်၊ ထို့ပြင် သင်တို့သည် သင်တို့တာဝန်များကို သင်တို့၏ ကိုယ်ပိုင် အထူးတာဝန်အဖြစ် လက်ခံနိုင်ပြီး၊ တောင်းဆိုချက်များ၊ မကျေမနပ်ဖြစ်ခြင်းများနှင့် မိမိ၏ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ခြင်းတို့မရှိဘဲ၊ ကောင်းမွန်စွာ ထမ်းဆောင်နေပြီ ဆိုလျှင်၊ သင်တို့သည် အနည်းငယ်သော ဝိညာဉ်ရင့်ကျက်မှုတစ်ခု ရရှိခဲ့ပြီဖြစ်သည်။ ငါတို့သည် လူတစ်ယောက်၏ တာဝန်များကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် အမြဲ လိုအပ်နေသည်သာ ဖြစ်သည်။ ငါတို့သည် ဤအရာကို အဘယ်ကြောင့် ဆက်၍ မိတ်သဟာယဖွဲ့နေရမည်နည်း။ အဘယ်ကြောင့်ဆိုသော် လူများသည် မိမိတို့၏ တာဝန်များအား မည်သို့ ထမ်းဆောင်ရမည်ကို မသိကြပေ၊ ၎င်းတို့သည် စည်းမျဉ်းများကိုလည်း နားလည်သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့သည် တာဝန်များ ထမ်းဆောင်ခြင်းနှင့်ပတ်သက်သည့် အမျိုးမျိုးသော သမ္မာတရားများကို စေ့စေ့စပ်စပ် နားမလည်ကြသေးသကဲ့သို့ ၎င်းတို့သည် သမ္မာတရားကို နားလည်ကာ စစ်မှန်မှုသို့ ဝင်ရောက်ခြင်းလည်း မရှိကြသေးချေ။ လူအချို့သည် အချို့သော အယူဝါဒများကိုသာ နားလည်ကြသော်လည်း ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် ဝင်ရောက်ရန် စိတ်ဆန္ဒမရှိကြ။ ဆင်းရဲဒုက္ခနှင့် ပင်ပန်းမှုကို ကြံ့ကြံ့ခံချင်စိတ်မရှိကြပေ။ သွေးသားသက်သာမှုကို အစဉ်အမြဲ တပ်မက်ကြ၏။ ၎င်းတို့၏ ကိုယ်ပိုင် ရွေးချယ်မှုများမှာ အလွန် များပြားစွာ ရှိနေသေးပြီး မစွန့်လွှတ်နိုင်ကြချေ။ မိမိကိုယ်မိမိ ဘုရားသခင်၏ လက်တော်သို့ အပြည့်အဝ အပ်နှံခြင်းလည်း မရှိကြပေ။ ၎င်းတို့တွင် ကိုယ်ပိုင် အစီအစဉ်များနှင့် တောင်းဆိုချက်များ ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဆန္ဒများ၊ အတွေးအခေါ်များနှင့် မျှော်လင့်ချက်များမှာ စိုးမိုးခြယ်လှယ်နေဆဲဖြစ်၍ ၎င်းတို့ကို ထိန်းချုပ်နိုင်ကြ၏။ “ကျွန်ုပ်သည် ဤတာဝန်ကို ထမ်းဆောင်လျှင်၊ ရှေ့၌ ကောင်းသော ရှေ့ရေးတစ်ခု ရှိမည်လော။ ဤတာဝန်မှတစ်ဆင့် ကျွန်ုပ် သင်ယူနိုင်သော ကျွမ်းကျင်မှုများ ရှိသလော။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်၏ အိမ်တော်၌ တစ်စုံတစ်ခု ရရှိမည်လော” ဟူ၍ ဖြစ်သည်။ ဤအရာများကို အမြဲတစေ တွေးဆနေခြင်း၊ တာဝန်များ ထမ်းဆောင်ခြင်းသည် အနည်းငယ် ခက်ခဲပင်ပန်းသည့်အခါ အဆင်မပြေဖြစ်ခြင်း၊ သို့မဟုတ် ပျော်ရွှင်စရာများ ကင်းမဲ့ခြင်း၊ တဖြည်းဖြည်း စိတ်မသက်မသာ ဖြစ်မိခြင်း၊ အပျက်သဘောဆောင်လာခြင်း၊ သမ္မာတရား၊ သဘောတရားဆိုင်ရာ လုပ်ဆောင်ချက်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့မှုကို လိုအပ်နေသေးခြင်းတို့သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ခြင်းတစ်ခု ဖြစ်သည်။ ဤအရာတွင် စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုပါဝင်သလော။ ယင်းအတွက်မူ စောလွန်းနေသေး၏။ သင်တို့သည် မိမိတို့တာဝန်များ ထမ်းဆောင်ခြင်းအတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်၍ ဤအခက်အခဲကို ကျော်လွှားမိသောအခါ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိနိုင်ကြသည်။ ထိုအခါ ရှေ့ဆက်ခြင်းက စိတ်သဘောထားအတွင်း ပြောင်းလဲမှုများ ပါဝင်ပေလိမ့်မည်။

တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ၊ ဘုရားသခင်ကို အစေခံနေသည်ဖြစ်စေ၊ မကြာခဏ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း လိုအပ်သည်သာ ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့် မှားယွင်းသော အမြင်များ သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ပြသည်ဖြစ်စေ၊ ယင်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရပေမည်။ ဤနည်းလမ်းအားဖြင့်သာ ၎င်းတို့သည် မိမိတို့တာဝန်ကို စံနှုန်းမီ ဖြည့်ဆည်းနိုင်ကြ၍၊ ဘုရားသခင်၏ ထောက်ခံမှုကိုလည်း ရရှိနိုင်ကြသည်။ လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခွဲခြားသိမြင်နိုင်ရမည်၊ မဟုတ်လျှင် ထိုသူသည် ယင်းတို့ကို မဖြေရှင်းနိုင်ချေ။ မည်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်ပြီး မည်သည့် အရာက မသက်ဆိုင်သည်ကို လူအချို့က ထိုးထွင်း မမြင်နိုင်ကြပေ။ ဥပမာအားဖြင့် လူတို့ စားသောက် ဝတ်ဆင်လိုသည့် အရာများ၊ ၎င်းတို့တွင် ရှိကြသည့် နေထိုင်ပုံ အလေ့အကျင့်များအပြင် ဘိုးဘေးများကို အမွေဆက်ခံခြင်းနှင့် ရိုးရာအယူအဆများ ဖြစ်သည်။ ဤအရာများထဲမှ အချို့မှာ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ကြသည်။ အချို့မှာ ကြီးပြင်းပုံနှင့် မိသားစု အမွေဆက်ခံမှုကြောင့် ဖြစ်ပြီး၊ အချို့မှာ အသိနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့မှုကြောင့် ဖြစ်သည်။ ဤသည်တို့မှာ အဓိကကျသော ပြဿနာများ မဟုတ်၊ လူတစ်ယောက်၏ လူ့သဘာဝကောင်းခြင်း၊ ဆိုးခြင်းနှင့်လည်း မသက်ဆိုင်ပေ။ သင်ယူခြင်းနှင့် ထိုးထွင်းသိမြင်မှု ပိုမို ရရှိခြင်းတို့မှတစ်ဆင့် အချို့အရာများကို ဖြေရှင်း၍ ရနိုင်၏။ သို့သော် ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ သို့မဟုတ် မှားယွင်းသော အမြင်များ၊ သို့မဟုတ် ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာကိုမူ သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး လူသား ပညာရေးမှတစ်ဆင့် ပြောင်းလဲ၍ မရနိုင်ပေ။ ထို့အပြင် သင်၏ အယူအဆများနှင့် စိတ်ကူးများမှာ မည်သည့်နေရာမှ လာသည်ဖြစ်စေ၊ ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီလျှင် သင်သည် ယင်းတို့ကို စွန့်လွှတ်ရမည် ဖြစ်ပြီး၊ ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရား လိုက်စားခြင်းသည် လူတစ်ယောက်၏ ပြဿနာများ အားလုံးကို ဖြေရှင်းပေးနိုင်၏။ သမ္မာတရားနှင့် သက်ဆိုင်သည်ဟု မထင်ရသော အကြောင်းကိစ္စ အများအပြားသည် သမ္မာတရားကို နားလည်ခြင်းအားဖြင့် သွယ်ဝိုက်၍ ပြေလည်နိုင်၏။ ယင်းတို့မှာ သမ္မာတရားကို အသုံးပြု၍ ဖြေရှင်းနိုင်သည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သော ပြဿနာများချည်းသာ မဟုတ်ဘဲ၊ အချို့သော လူသား အပြုအမူများ၊ နည်းလမ်းများ၊ အယူအဆများနှင့် အလေ့အကျင့်များကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုနှင့် မသက်ဆိုင်သည့် ပြဿနာများလည်း ဖြစ်ပေသည်။ ဤအရာများကို သမ္မာတရား အသုံးပြုခြင်းဖြင့်သာ လုံးလုံးလျားလျား ဖြေရှင်းနိုင်၏။ သမ္မာတရားသည် လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်ရုံမက၊ ဘဝပန်းတိုင်တစ်ခု၊ အသက်တာ၏ အခြေခံအုတ်မြစ်နှင့် ရှင်သန်နေထိုင်ခြင်းအတွက် စည်းမျဉ်းအဖြစ်လည်း ဆောင်ရွက်နိုင်လေသည်။ သမ္မာတရားသည် လူတစ်ယောက်၏ အခက်အခဲများနှင့် ပြဿနာများအားလုံးကို ဖြေရှင်းပေးနိုင်သည်။ ဤသည်မှာ ဧကန်မုချဖြစ်၏။ သို့ဖြစ်ရာ မည်သည်က အဓိကကျသနည်း။ ပြဿနာ အများအပြား၏ ဇာစ်မြစ်သည် သမ္မာတရားကို နားမလည်ခြင်းနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း မြင်ရန်ပင် ဖြစ်သည်။ လူအတော်များများသည် ၎င်းတို့အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ မည်သို့ လက်တွေ့ လုပ်ဆောင်ရမည်ကို မသိကြပေ။ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ လူများသည် အမှုအရာ အများအပြား၏ ဇာစ်မြစ်နှင့် အနှစ်သာရကို ထိုးဖောက်မမြင်နိုင်ကြချေ။ ဤသည်မှာလည်း ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းမရှိဘဲ မည်သို့ အလွန် ရှင်းလင်းစွာ ပြောနိုင်ဆိုနိုင်ဆဲရှိကြသနည်း။ (ယင်းတို့အားလုံးမှာ စကားများနှင့် အယူဝါဒများသာ ဖြစ်ပါသည်။) သို့ဖြစ်လျှင် ဤသို့ အယူဝါဒ ပြောဆိုခြင်းပြဿနာကို ဖြေရှင်းရမည်။ အနှစ်သာရမဲ့သော စကားများ ပြောဆိုခြင်း၊ အယူဝါဒကို ရွတ်ဆိုပြခြင်းနှင့် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်းတို့ကို လျော့၍ ပြုလော့။ လက်တွေ့ကျစွာ ပြောဆိုခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိကိုယ်ကို သိခြင်းနှင့် မိမိကိုယ်ကို စိစစ်ခြင်းအကြောင်း ဆွေးနွေးခြင်း၊ အခြားသူများအား စိတ်ဓာတ်မြှင့်တင်ပေးပြီးအကျိုးအမြတ်ရှိစေသည်ဟု ၎င်းတို့ မြင်သော စကားများကို ပို၍ ကြားသိခွင့်ပေးလော့။ ဤအတိုင်း လုပ်ဆောင်သော လူတစ်ယောက်သည်သာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်လေသည်။ အယူဝါဒအကြောင်း စကားကြောမရှည်နှင့်၊ အနှစ်မဲ့သော စကားများ မပြောဆိုနှင့်။ သူတော်ကောင်းယောင်ဆောင်သော၊ လှည့်ဖြားတတ်သော စကားများကို မပြောဆိုနှင့်။ စိတ်ဓာတ်မြှင့်တင်ရေးကို အထောက်အပံ့ မပေးသော စကားများကိုလည်း မပြောဆိုနှင့်။ သင်သည် ဤအပြောအဆိုမျိုးကို မည်သို့ ရှောင်ရှားနိုင်သနည်း။ သင်သည် ဤအရာများ၏ အကျည်းတန်မှု၊ ဆင်ခြင်ဉာဏ် မရှိမှုနှင့် အဓိပ္ပာယ်မရှိမှုတို့ကို ဦးစွာ အသိအမှတ်ပြုပြီး ရိပ်စားမိရမည်။ ထိုအခါ သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်နိုင်လာလိမ့်မည်။ ထို့ပြင် သင်သည် ဆင်ခြင်တုံတရားလည်း ရှိရပေမည်။ လူတစ်ယောက်တွင် အသိစိတ် ပိုမို ရှိလာသည်နှင့်အမျှ ထိုသူသည် ပို၍ မှန်ကန်တိကျစွာနှင့် သင့်တင့်လျောက်ပတ်စွာ ပြောဆိုလာလိမ့်မည်။ ထိုသူ၏ လူ့သဘာဝသည် ပိုမို ရင့်ကျက်လာလိမ့်မည်။ ထိုသူ၏ စကားများသည် ပို၍ လက်တွေ့ကျလာပေလိမ့်မည်။ အဓိပ္ပာယ်မရှိသောအရာများကို လျှော့ပြောလိမ့်မည်။ ထို့အပြင် ထိုသူသည် ထိုသို့သော အနှစ်မဲ့စကားများ၊ ချဲ့ကားခြင်းများနှင့် မုသားများကို ၎င်း၏စိတ်နှလုံးတွင် အလွန် မုန်းတီးလာလိမ့်မည်။ လူအချို့သည် အလွန်တရာ ဝင့်ဝါမှု ရှိကြပြီး၊ မိမိကိုယ်မိမိ ဖုံးကွယ်ရန်အတွက် ကောင်းသောအရာများကို အမြဲတစေ ပြောဆိုချင်ကြ၏။ အခြားသူများ၏ စိတ်နှလုံးများထဲတွင် ၎င်းတို့၏ အဆင့်အတန်းကို ဖော်ဆောင်လိုခြင်း၊ အခြားသူများ၏ အထင်ကြီးမှုကို ရရှိလိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကောင်းမွန်စွာ ယုံကြည်ကြောင်း၊ ၎င်းတို့ လူကောင်းဖြစ်ကြောင်း၊ အထူးတလည် လေးစားခံရထိုက်ကြောင်း အခြားသူများကို ထင်မြင်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်မိမိ ဟန်ဆောင်ဖုံးကွယ်ရန်အတွက် ဤရည်ရွယ်ချက် အမြဲတမ်း ရှိကြသည်။ ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ထိန်းချုပ်ထား၏။ လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြ၏။ ယင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ရန်အတွက် လူများ၏ မကောင်းမှုပြုလုပ်ခြင်း ဇစ်မြစ်ဖြစ်ပြီး၊ ဖြေရှင်းရန် အခက်ခဲဆုံး ပြဿနာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အမှုပြုပြီး တစ်စုံတစ်ဦးကို ဘုရားသခင် ကိုယ်တော်တိုင်က စုံလင်အောင်မပြုလျှင်၊ ထိုသူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ မသန့်စင်နိုင်ပေ။ စိတ်သဘောထားအတွင်း ပြောင်းလဲခြင်းတစ်ခုကိုလည်း မရရှိနိုင်ချေ။ တစ်နည်းအားဖြင့် လူတစ်ယောက်သည် ယင်းကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် ဖြစ်သည် ဆိုလျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဆင်ခြင်သုံးသပ်၍ နားလည်ရမည်။ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းဟူသော ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဝါကျတိုင်းနှင့် မိမိကိုယ်ကို ချိန်ထိုးကာ အကဲဖြတ်ရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခြေအနေများ အားလုံးကိုလည်း တဖြည်းဖြည်း တူးဆွ ဖော်ထုတ်ရမည်။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို စူးစမ်းလေ့လာခြင်းဖြင့် စတင်လော့။ သင် ပြောဆိုသော စကားတိုင်းကို စိတ်ဖြာလေ့လာကာ ချင့်ချိန်လော့။ သင်၏ စိတ်နှင့် အတွေးများအတွင်း တည်ရှိသော အရာမှန်သမျှကို လျစ်လျူမရှုနှင့်။ ဤနည်းဖြင့် တဖြည်းဖြည်း အချိန်ယူကာ စိစစ်ခြင်း၊ ထိုးထွင်းသိမြင်ခြင်းတို့မှတစ်ဆင့် သင် တွေ့ရှိလာမည်မှာ သင်၏ အကျင့်ပျက် စိတ်သဘောထားသည် အနည်းငယ်မျှ မဟုတ်ဘဲ အလွန်များပြားကြောင်း၊ စာတန်၏ အဆိပ်များသည်လည်း အကန့်အသတ်မရှိ များပြားလှကြောင်းပင် ဖြစ်သည်။ ဤနည်းဖြင့် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာလိမ့်မည်။ စာတန်သည် သင့်အား မည်သို့ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခဲ့ပြီဆိုသည်ကိုလည်း သဘောပေါက်မိလိမ့်မည်။ ဘုရားသခင်၏ ဖြစ်ခြင်းအားဖြင့် ဖော်ပြသည့် သမ္မာတရားမှာ မည်မျှ အလွန့်အလွန် အဖိုးတန်သည်ကို သင်သည် ဤအချိန်၌ ခံစားမိလိမ့်မည်။ သမ္မာတရားသည် ဖောက်ပြန်ပျက်စီးသောလူသား၏ သဘာဝနှင့် စိတ်သဘောထား ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသောလူသားများအတွက် ဘုရားသခင် ဖော်စပ်ခဲ့သည့် ဤဆေးဝါးသည် အလွန့်အလွန် ထိရောက်လှ၏။ ရှိရှိသမျှ သက်စောင့်ဆေးတို့ထက်ပင် ပို၍ တန်ဖိုးကြီးလှသည်။ ဤသို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန်အတွက် သင်သည် သမ္မာတရားကို စိတ်ထက်သန်စွာ လိုက်စားလေသည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို ပို၍ပို၍ ချစ်ခင်မြတ်နိုးခြင်း၊ အစဉ်အမြဲ တိုးပွားလာသော အားမာန်ဖြင့် လိုက်စားခြင်းတို့ ဖြစ်သည်။ လူတစ်ယောက်သည် စိတ်နှလုံးအတွင်း၌ ဤခံစားချက်ရှိပြီဆိုလျှင်၊ ထိုသူသည် သမ္မာတရားအချို့ကို နားလည်သဘောပေါက်မှု ရရှိသွားခဲ့လေပြီ။ မှန်သော လမ်းခရီးတွင် မိမိကိုယ်မိမိ အခြေကျစေခဲ့လေပြီ ဟူသော အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ ထိုသူသည် ယင်းအဖြစ်ကို ပို၍ နက်နက်နဲနဲ တွေ့ကြုံနိုင်သည်၊ ဘုရားသခင်ကိုလည်း စိတ်နှလုံးအတွင်းမှ အမှန်တကယ် ချစ်ခင်နိုင်သည်ဆိုလျှင်၊ ထိုသူ၏ အသက် စိတ်သဘောထားမှာ စတင်၍ ပြောင်းလဲလာလိမ့်မည်။

အပြုအမူအား ပြောင်းလဲမှုအချို့ ပြုလုပ်ရန် လွယ်ကူသော်လည်း၊ လူတစ်ယောက်၏ အသက် စိတ်သဘောထားကို ပြောင်းလဲရန်မှာ မလွယ်ကူပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကိစ္စကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကို သိခြင်းဖြင့် စတင်ရမည်။ ယင်းမှာ ဂရုတစိုက် အာရုံစူးစိုက်ခြင်း လိုအပ်လေသည်။ မိမိ၏ ရည်ရွယ်ချက်များနှင့် အခြေအနေများအား တဖြည်းဖြည်း ဆန်းစစ်ခြင်းကို အာရုံစိုက်ခြင်း၊ စကားပြောဆိုပုံ အလေ့အထများနှင့် ရည်ရွယ်ချက်များကို အမြဲတစေ ဆန်းစစ်ခြင်းတို့ ဖြစ်သည်။ ထို့နောက် တစ်နေ့တွင်၊ “အခြားသူများ၏ စိတ်နှလုံးများအတွင်း၌ ကျွန်ုပ်အား အဆင့်အတန်းရှိစေမည်ဟု မျှော်လင့်လျက်၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဟန်ဆောင်ဖုံးကွယ်ရန် ကောင်းသော အရာများကို အမြဲ ပြောဆိုနေမိသည်။ ဤသည်မှာ ဆိုးညစ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သာမန် လူ့သဘာဝတစ်ခုကို ထုတ်ဖော်ပြခြင်း မဟုတ်သကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီပေ။ ဤဆိုးညစ်သော စကားပြောဆိုပုံနှင့် ရည်ရွယ်ချက်တို့မှာ မှားယွင်းပြီး ယင်းကို ပြောင်းလဲကာ ဖယ်ရှားပစ်ရမည်” ဟူ၍ ရုတ်တရက် သဘောပေါက်ခြင်း ဖြစ်လာလိမ့်မည်။ ဤသဘောပေါက်ခြင်း ရှိလာပြီးသည့်နောက်တွင် သင်သည် မိမိ၏ ဆိုးညစ်သော စိတ်သဘောထား၏ ဆိုးရွားပြင်းထန်မှုကို ပို၍ပို၍ ရှင်းလင်းပြတ်သားစွာ ခံစားမိလိမ့်မည်။ ဆိုးညစ်မှုဟူသည် အမျိုးသားနှင့် အမျိုးသမီးကြား အနည်းငယ် ဆိုးညစ်သော တပ်မက်ခြင်းတစ်ခုရှိခြင်း သဘောမျှသာ ဖြစ်သည်ဟု သင်သည် ထင်ထားမိခဲ့၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ သင်သည် ဆိုးညစ်မှုကို ပြသခဲ့သော်လည်း၊ မိမိသည် ဆိုးညစ်သော စိတ်သဘောထားတစ်ခု ရှိသူတစ်ယောက် မဟုတ်ဟု ယူဆထားခဲ့သည်။ ဤသည်မှာ သင်သည် ဆိုးညစ်သော စိတ်သဘောထား တစ်ခုအပေါ် နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း ညွှန်ပြခြင်း ဖြစ်၏။ သင်သည် “ဆိုးညစ်သည်” ဟူသော စကား၏ အပေါ်ယံ အဓိပ္ပာယ်ကို သိသည်ဟု ထင်ရ၏၊ သို့သော် ဆိုးညစ်သော စိတ်သဘောထားတစ်ခုအား အမှန်တကယ် အသိအမှတ်မပြုနိုင်ပေ၊ သို့မဟုတ် မခွဲခြားနိုင်ပေ။ အမှန်အားဖြင့် “ဆိုးညစ်သည်” ဟူသော စကားမှာ မည်သည့် အရာကိုဆိုလိုကြောင်းသင်သည် နားမလည်သေးပေ။ သင့်ထံတွင် ဤ စိတ်သဘောထားမျိုး ပေါ်ထွက်ခဲ့ပြီဟု သဘောပေါက်မိသည့် အချိန်၌ သင်သည် စတင်၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ၊ ယင်းကို အသိအမှတ်ပြုမိ၏။ ယင်း၏ အကြောင်းရင်းများကိုလည်း စူးစူးစိုက်စိုက် ရှာဖွေဖော်ထုတ်၏။ ထို့နောက် မိမိတွင် ထိုသို့သော စိတ်သဘောထားတစ်ခု အမှန်ပင် ရှိကြောင်း သင်သည် မြင်လာလိမ့်မည်။ ထိုအခါ သင်သည် မည်သည့်အရာကို ဆက်လုပ်သင့်သနည်း။ ထို စိတ်သဘောထားမျိုးနှင့် အလားတူသော သင်၏ကိုယ်ပိုင် ပြောပုံဆိုပုံများအတွင်းမှ သင်၏ ရည်ရွယ်ချက်များကို ထပ်တလဲလဲ ဆန်းစစ်ရမည်။ ဤထပ်ကာထပ်ကာ ရှာဖွေဖော်ထုတ်ခြင်းမှတစ်ဆင့် သင့်ထံ၌ ဤ စိတ်သဘောထားမျိုးနှင့် အနှစ်သာရမျိုး အမှန်တကယ် ရှိကြောင်းကို ပို၍ပို၍ စစ်မှန်စွာ တိကျစွာ သင် ဖော်ထုတ်မိလိမ့်မည်။ သင်သည် သင့်ထံတွင် ဆိုးညစ်သော စိတ်သဘောထားတစ်ခု တကယ်ပင် ရှိကြောင်းကို အမှန်အတိုင်း ဝန်ခံသည့်နေ့မှသာ၊ သင့်ထံ၌ ယင်းစိတ်သဘောထားအပေါ် အမုန်းတရားနှင့် အလွန်စက်ဆုပ်ခြင်းတို့ စတင် ဖြစ်ပေါ်လိမ့်မည်။ လူတစ်ယောက်က မိမိမှာ လူကောင်းတစ်ယောက် ဖြစ်သည်၊ အပြုအမူအနေအထိုင် တည်ကြည်သည်၊ တရားမျှတစိတ် ရှိသည်၊ ကိုယ်ကျင့်သိက္ခာ တည်ကြည်မှုရှိသူ ဖြစ်သည်၊ ဟန်ဆောင်မှုကင်းသော လူတစ်ဦး ဖြစ်သည်ဟု ထင်မြင်နေရာမှ၊ မိမိထံတွင် မာနထောင်လွှားမှု၊ နှလုံးခိုင်မာခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ဆိုးညစ်မှုနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းကဲ့သို့သော သဘာဝ အနှစ်သာရများအား ပိုင်ဆိုင်ကြောင်းကို အသိအမှတ်ပြုခြင်း ဖြစ်ပေမည်။ ထိုအချိန်၌ ထိုသူသည် မိမိကိုယ်မိမိ မှန်မှန်ကန်ကန် အကဲဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။ မိမိသည် အမှန်တကယ်တွင် မည်သို့သောလူသာ ဖြစ်သည် ဆိုသည်ကိုလည်း သိလာလိမ့်မည်။ သင့်ထံတွင် ဤ သရုပ်သကန်များနှင့် အခြေအနေများ ရှိကြောင်း နှုတ်အားဖြင့် ဝန်ခံခြင်း သို့မဟုတ် သာမန်ကာလျှံကာ အသိအမှတ်ပြုခြင်းမျှဖြင့် အမုန်းတရား အစစ်အမှန်ကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရမှာ စာတန်၏ ရွံရှာဖွယ်အပြုအမူ ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းအားဖြင့်သာ လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် မုန်းတီးနိုင်လေသည်။ မိမိကိုယ်ကို မုန်းတီးခြင်း ဖြစ်သည်အထိ မိမိကိုယ်မိမိ အမှန်တကယ် သိရန်အတွက် မည်သည့် လူ့သဘာဝမျိုးကို လိုအပ်သနည်း။ လူတစ်ယောက်သည် အပြုသဘောဆောင်သော အရာများကို ချစ်ရမည်၊ သမ္မာတရားကို ချစ်ရမည်၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်ရမည်၊ အသိစိတ်နှင့် အသိတရား ရှိရမည်၊ သနားကြင်နာစိတ် ရှိရမည်၊ သမ္မာတရားကို လက်ခံနိုင်ပြီး၊ လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤသို့သော လူများအားလုံးသည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်ကြပြီး၊ မုန်းတီးနိုင်ကြလေသည်။ သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို လက်ခံရန် အခက်တွေ့ကြသော သူများမှာ မိမိကိုယ်မိမိ ဘယ်သောအခါမျှ သိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို သိခြင်းနှင့်ပတ်သက်၍ အချို့သော စကားများကို ပြောဆိုနိုင်ကြသည့်တိုင်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ စစ်မှန်သော ပြောင်းလဲမှုတစ်ခုခုကိုလည်း ကြုံကြရလိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကို သိခြင်းသည် အခက်ခဲဆုံးအလုပ်ပင် ဖြစ်သည်။ ဥပမာအားဖြင့် “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသည်။ ကျွန်ုပ်သည် ပင်ကိုအားဖြင့် ရှက်ကြောက်တတ်ပြီး၊ လူအများနှင့် ပတ်သက်ရမည်ကို ဝန်လေးပါသည်။ ကျွန်ုပ်သည် ကမ္ဘာပေါ်တွင် ဟန်ဆောင်မှုအကင်းဆုံး၊ သတ္တိအနည်းဆုံး လူတစ်ယောက်ပင် ဖြစ်ချင်ဖြစ်မည်။ ယင်းတို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် အထိုက်တန်ဆုံးလူ ဖြစ်သည်” ဟူ၍ စဉ်းစားသော အစွမ်းအစ နည်းပါးသည့် လူတစ်ယောက် ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ စစ်မှန်သော မိမိကိုယ်ကို သိခြင်း ဖြစ်သလော။ ဤသည်တို့မှာ သမ္မာတရားကို နားမလည်သော လူတစ်ယောက်၏ စကားများ ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစ ရှိခြင်းသည် လူတစ်ယောက် အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိခြင်းဖြစ်သည်ဟု အလိုအလျောက် အဓိပ္ပာယ် သက်ရောက်သလော။ သူရဲဘောကြောင်သူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိကြသလော။ ၎င်းတို့သည်လည်း စာတန်ကြောင့် ဖောက်ပြန်ပျက်စီးနေခဲ့ပြီ မဟုတ်လော။ အမှန်အားဖြင့် ထိုသို့သောလူများတွင် ဆိုးညစ်၍ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြသည်သာဖြစ်သည်။ ထို့ပြင် ယင်းစိတ်သဘောထားမှာ အတော်ပင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး၊ ပုံမှန်လူတစ်ယောက်၏ စိတ်သဘောထားထက် ပို၍ ခိုင်မာစွာ အမြစ်တွယ်နေ၏။ အလွန်အမင်း ကွယ်ဝှက်နေသည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ (၎င်းတို့သည် မိမိတို့မှာ ကောင်းမွန်လိမ္မာသည်ဟု အမြဲ ထင်ကြသောကြောင့် ဖြစ်သည်။) ဟုတ်သည်။ ၎င်းတို့ကိုယ်တိုင်သည် ဤအတွေးမှားကြောင့် လှည့်စားခံရကာ၊ အထင်အမြင် မှားကုန်ကြ၏။ ယင်းကြောင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် မဖြစ်နိုင်ချေ။ ၎င်းတို့က မိမိတို့သည် အတော်ပင် ကောင်းမွန်ပြီးသား ဖြစ်သည်ဟု ထင်ကြပြီး၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် သန့်စင်ခြင်းကို မလိုအပ်ကြပေ။ လူများကို တရားစီရင်ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင် မိန့်ဆိုသည့် ထိုနှုတ်ကပတ်တော်များ အားလုံးမှာ အခြားသူများကို ရည်ညွှန်းသည်။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြသည့် အရည်အချင်းရှိသူများ၊ ဆိုးယုတ်သောလူများ၊ အထင်အမြင်မှားစေသော အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များမှာ ၎င်းတို့ကဲ့သို့သော လူများကို ရည်ညွှန်းခြင်းမဟုတ်။ ၎င်းတို့သည် ကောင်းမြတ်ပြီးသား ဖြစ်၏။ ၎င်းတို့၏လက်များမှာ သန့်ရှင်းစင်ကြယ်သည်။ ၎င်းတို့ကိုယ်တိုင်သည် အစွန်းအထင်း ကင်းကာ၊ အကျင့်စာရိတ္တ ပြည့်စုံကောင်းမွန်ကြသည်။ ၎င်းတို့သည် မိမိကိုယ်မိမိ ဤပုံစံအတိုင်း သတ်မှတ်သည့်အတွက်၊ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို အမှန်တကယ် သိရန် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့သည် မိမိကိုယ်မိမိ မသိနိုင်ကြပေ၊ သမ္မာတရားကိုလည်း တကယ်ပင် နားမလည်ကြပေ။ ဘုရားသခင်သည် လူများကို အဘယ်ကြောင့် တရားစီရင်၍ ပြစ်တင်ဆုံးမသည်၊ လူများကို မည်သို့ ကယ်တင်သည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား မည်သို့ သန့်စင်စေသည်စသည့် ထိုကဲ့သို့သော သမ္မာတရားများအကြောင်းကို ၎င်းတို့ အမှန်တကယ် နားမလည်နိုင်ကြပေ။ မိမိကိုယ်မိမိ အနည်းငယ်မျှ မသိသော လူတစ်ယောက်သည် မည်သည့် သမ္မာတရားကိုမှ အသေအချာ နားမလည်ချေ။ ၎င်းတို့ ထုတ်ဖော်ပြသည့် ဤမှားယွင်းသော အမြင်များမှာ ၎င်းတို့အနေဖြင့် ကြီးကျယ်လွန်းသော၊ ရယ်စရာကောင်းသောလူများ ဖြစ်ကြောင်း ပြသလေသည်။ ၎င်းတို့၏ နားလည် သဘောပေါက်မှုမှာ ရယ်စရာကောင်း၏။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ယုံကြည်မှုများကို ဘုရားသခင်အပေါ် သတ်မှတ်ပြဋ္ဌာန်းကြ၏။ ဤသည်မှာလည်း ဆိုးညစ်သော စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ဆိုးညစ်မှုသည် အမျိုးသားနှင့် အမျိုးသမီးကြား ပြုမူနေထိုင်ခြင်း ကိစ္စတွင်သာ ပေါ်ထွက်သည့် စိတ်သဘောထားတစ်မျိုး မဟုတ်။ မကောင်းသော တပ်မက်မှု အနည်းငယ်မျှကို စိတ်သဘောထားဆိုင်ရာ ဆိုးညစ်မှုအဖြစ် အမည်မတပ်သင့်ပေ။ သို့သော် လူတစ်ယောက်၏ မကောင်းသော တပ်မက်မှုများမှာ ပြင်းထန်လွန်းပြီး၊ လူတကာနှင့် မကြာခဏ လိင်မှုကိစ္စ ပြုသည်၊ သို့မဟုတ် လိင်တူဆက်ဆံခြင်း ထပ်တလဲလဲ ပြုသည်ဆိုလျှင်၊ ယင်းမှာ ဆိုးညစ်ခြင်း ဖြစ်၏။ အချို့သောလူများသည် ယင်းနှစ်ခုကို မခွဲခြားနိုင်ကြပေ။ မကောင်းသော တပ်မက်မှုများကို ဆိုးညစ်မှုအဖြစ် အမြဲ အမည်တပ်ကြပြီး၊ ဆိုးညစ်မှုကို မကောင်းသော တပ်မက်မှုများနှင့် နှိုင်းကာ ရှင်းချက်ထုတ်ကြသည်။ ၎င်းတို့သည် ခွဲခြားသိမြင်မှု ကင်းမဲ့ကြ၏။ ဆိုးညစ်သော စိတ်သဘောထားတစ်ခုသည် သတိပြုမိဖို့ အခက်ခဲဆုံး ဖြစ်သည်။ လှည့်ဖြားတတ်လွန်းသော၊ ဆိုးယုတ်သော လူတစ်ယောက်၏ လုပ်ရပ်များမှာ ဆိုးညစ်ကြသည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူအချို့သည် လိမ်ညာပြီးသည့်နောက်၊ “ကျွန်ုပ်၏ နားလည် သဘောပေါက်မှုကို ဖွင့်မပြောလျှင်၊ အခြားသူများက ကျွန်ုပ်အား မည်သို့ ထင်ကြလိမ့်မည်ဟု ဘယ်သူ သိမည်နည်း။ ကျွန်ုပ်သည် ပွင့်ပွင့်လင်းလင်း ပြောဆို၍ အနည်းငယ် မိတ်သဟာယဖွဲ့ရမည်။ ကျွန်ုပ်၏ နားလည်သဘောပေါက်မှုကို ဖွင့်ပြောပြီးသည့်အခါ အရာအားလုံး ပြေလည်သွားလိမ့်မည်။ ကျွန်ုပ်၏ ရည်ရွယ်ချက် အစစ်အမှန်များကို အခြားသူများအား သိခွင့်မပေးနိုင်ပါ။ ကျွန်ုပ်သည် လှည့်ဖြားတတ်သည်ဟုလည်း ထင်ခွင့်မပေးနိုင်ပါ” ဟူ၍ ၎င်းတို့ဘာသာ တွေးတတ်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ လှည့်ဖြားတတ်သော ပုံစံဖြင့် မိမိကိုယ်မိမိ ဖွင့်လှစ်ပြခြင်း ဖြစ်သည်၊ ဤအရာကို ဆိုးညစ်မှုဟု ခေါ်သည်။ ထို့ပြင် လိမ်ညာပြီးသည့်နောက် “ကျွန်ုပ် လိမ်ညာမိသည်ကို တစ်ယောက်ယောက်က တွေ့ရှိခဲ့သလော။ လူတစ်ဦးတစ်ယောက်သည် ကျွန်ုပ်၏ စရိုက်မှန်များကို မြင်နိုင်ခဲ့သလော” ဟူ၍ ၎င်းတို့က လေ့လာကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများထံမှ သတင်းအချက်အလက်ကို စတင်၍ ချော့မော့အရယူကာ၊ ယင်းတို့ကို စူးစမ်းကြည့်ကြ၏။ ဤသည်မှာလည်း ဆိုးညစ်ပေသည်။ ဆိုးညစ်သော စိတ်သဘောထားတစ်ခုကို သတိပြုမိရန် မလွယ်ကူချေ။ အထူးတလည် ဆိုးယုတ်၍ လှည့်ဖြားတတ်သော နည်းလမ်းဖြင့် အမှုကိစ္စများကို လုပ်ဆောင်ပြီး၊ ယင်းတို့ကို အခြားသူများ အလွယ်တကူ မရိပ်စားမိစေရန် ပြုလုပ်သောသူသည် ဆိုးညစ်ပေသည်။ မိမိ၏ ရည်မှန်းချက်များ အောင်မြင်စေရန် လျှို့ဝှက်ကြံစည် လုပ်ဆောင်သော မည်သူမဆိုသည် ဆိုးညစ်၏။ ကောင်းမှုပြုလုပ်သော အသွင်ကို ဆောင်ကာ၊ မကောင်းသော အရာများကို ပြုလုပ်ခြင်းဖြင့် လူများကို လှည့်ဖြားပြီး၊ အခြားသူများအား မိမိအတွက် အစေခံစေသောသူမှာ အဆိုးတကာ့ အဆိုးညစ်ဆုံး ဖြစ်ပေသည်။ အဆင်းနီသော နဂါးကြီးသည် အဆိုးညစ်ဆုံး ဖြစ်၏။ စာတန်သည် အဆိုးညစ်ဆုံး ဖြစ်၏။ နတ်ဆိုးမင်းများသည် အဆိုးညစ်ဆုံး ဖြစ်၏။ နတ်ဆိုးများ အားလုံးမှာ ဆိုးညစ်ကြပေသည်။

စိတ်သဘောထား ပြောင်းလဲမှုကို အားထုတ်ရန်အတွက် လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပထမဦးစွာ သတိပြုနိုင်ရမည်။ မိမိကိုယ်ကို အမှန်တကယ် သိခြင်းတွင် မိမိ၏ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရကို ရိပ်စားမိခြင်းနှင့် စေ့စေ့စပ်စပ် စိစစ်ခြင်းတို့အပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကြောင့် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုခြင်းလည်း ပါဝင်သည်။ လူတစ်ဦး တစ်ယောက်သည် မိမိ၏ကိုယ်ပိုင် အကျင့်ပျက် အခြေအနေများနှင့် အကျင့်ပျက် စိတ်သဘောထားကို ရှင်းရှင်းလင်းလင်း နားလည်သည့် အချိန်မှသာ၊ ထိုသူသည် မိမိ၏ဇာတိကို မုန်းတီးတတ်ပြီး စာတန်ကိုလည်း မုန်းတီးနိုင်လေသည်။ ယင်းအချိန်မှသာ စိတ်သဘောထား ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုသူသည် ဤအခြေအနေများကို သတိမပြုမိနိုင်သကဲ့သို့ ယင်းတို့ကို ဆက်စပ်ကြည့်ပြီး မိမိကိုယ်မိမိ ချိန်ညှိနိုင်ခြင်း မရှိလျှင်၊ ထိုသူ၏ စိတ်သဘောထားမှာ ပြောင်းလဲနိုင်သလော။ မပြောင်းလဲနိုင်ချေ။ စိတ်သဘောထား ပြောင်းလဲမှုမှာ လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုရန် လိုအပ်သည်။ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ဘောင်ခတ် မခံရခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း အဆင့်တစ်ခုကို ရောက်ရှိရမည်။ ထိုအခါမှသာ ထိုသူ၏ စိတ်သဘောထားသည် စတင် ပြောင်းလဲနိုင်၏။ အကယ်၍ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ၏ ဇာစ်မြစ်ကို သတိမပြုမိနိုင်ဘဲ၊ မိမိ နားလည်သော စကားများနှင့် အယူဝါဒများအတိုင်း မိမိကိုယ်မိမိ ချုပ်ထိန်းခြင်းသာ ရှိသည်ဆိုလျှင်၊ ထိုသူမှာ ကောင်းသော အပြုအမူအချို့ ရှိပြီး အပြင်ပန်းတွင် အနည်းငယ် ပြောင်းလဲသည့်တိုင်၊ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်ချေ။ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်သည့်အတွက်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် အချိန်ကာလတစ်လျှောက်လုံး လူအများစု ပါဝင်ကြသည့် အခန်းကဏ္ဍမှာ အဘယ်နည်း။ အလုပ်လုပ်ပေးသူတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ဘာသာ အားထုတ်ကြိုးပမ်းပြီး အလုပ်တာဝန်များနှင့် မအားမလပ် ဖြစ်ရုံမျှသာ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကိုပါ ထမ်းဆောင်နေသော်လည်း၊ အချိန်အများစု၌ အမှုကိစ္စများ ပြီးစီးခြင်းကိုသာ အာရုံစိုက်ကြ၏။ သမ္မာတရားကို ရှာဖွေခြင်း မရှိဘဲ၊ အားထုတ်နေခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ စိတ်ကောင်း ဝင်နေသည့်အခါ သာမန်ထက်ပို၍ ကြိုးစား အားထုတ်ကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့ စိတ်ပျက်နေသည့်အခါ အနည်းငယ် တွန့်ဆုတ်ကြလိမ့်မည်။ သို့သော် ယင်းနောက်တွင် ၎င်းတို့သည် မိမိကိုယ်မိမိ ဆန်းစစ်ကြပြီး နောင်တ ရကြလိမ့်မည်။ ထိုသို့ဖြင့် ၎င်းတို့သည် ထပ်မံ၍ ပိုမို ကြိုးစား အားထုတ်ကြမည် ဖြစ်ပြီး၊ ဤသည်ကို နောင်တတရားအဖြစ် ယုံကြည်ကြလေသည်။ အမှန်တကယ်တွင် ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှု မဟုတ်၊ စစ်မှန်သော နောင်တလည်း မဟုတ်ပေ။ စစ်မှန်သော နောင်တသည် မိမိကိုယ်ကို သိခြင်းနှင့် အစပြုလေသည်။ ယင်းသည် အပြုအမူ အပြောင်းအလဲတစ်ခုဖြင့် စတင်၏။ လူတစ်ယောက်၏ အပြုအမူ ပြောင်းလဲပြီး၊ ထိုသူသည် မိမိ၏ဇာတိကို ပုန်ကန်နိုင်လျှင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ပြီး အပြုအမူအရ စည်းမျဉ်းများနှင့် လျော်ညီသည်ဟု ထင်ရသည်ဆိုလျှင်၊ ဤသည်မှာ စစ်မှန်သော နောင်တရခြင်း ရှိခဲ့ပြီဟူသော အဓိပ္ပာယ် ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် ထိုသူသည် သမ္မာတရားနှင့် လုံးလုံး ကိုက်ညီကာ၊ စည်းမျဉ်းများနှင့်အညီ ပြောဆို လုပ်ဆောင်နိုင်ခြင်း အဆင့်ကို ရောက်ရှိလေသည်။ ဤသည်မှာ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စတင်ချိန် ဖြစ်သည်။ သင်တို့သည် ယခု သင်တို့၏ အတွေ့အကြုံတွင် မည်သည့် အဆင့်ကို ရောက်ရှိခဲ့ကြပြီနည်း။ (ကျွန်ုပ်သည် အပြင်ပန်းအားဖြင့် ကောင်းသော အပြုအမူအချို့ ရှိပါသည်။) ဤသည်မှာ အားထုတ်ခြင်း ကာလအပိုင်းအခြားတွင် ရှိနေသေး၏။ လူအချို့သည် အနည်းငယ် အားထုတ်ကြပြီးနောက်၊ ၎င်းတို့အနေဖြင့် ထည့်ဝင်မှုတစ်ခု ပြုခဲ့ကြပြီ၊ ဘုရားသခင်၏ ကောင်းချီးများနှင့် ၎င်းတို့ ထိုက်တန်သည်ဟု ထင်ကြသည်။ စိတ်အတွင်း၌လည်း ၎င်းတို့က “ဘုရားသခင်သည် ဤအရာကို မည်သို့ ထင်မြင်သနည်း။ ကျွန်ုပ်သည် ကြီးကြီးမားမား ကြိုးစားအားထုတ်ခဲ့ပြီး၊ ဆင်းရဲဒုက္ခများစွာကိုလည်း ကြံ့ကြံ့ခံခဲ့ပြီ။ ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သလော” ဟူ၍ အမြဲ တွေးတောကြသည်။ အဓိကအကြောင်းအရာကိုသာ အမြဲ ကြိုးစားနေခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ လှည့်ဖြားခြင်း၊ ဆိုးညစ်ခြင်းနှင့် မာနထောင်လွှားခြင်း ဖြစ်သည်။ ထို့အပြင် သမ္မာတရားကို အနည်းငယ်မျှ လက်ခံခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်နေပြီး၊ အနည်းငယ် အားထုတ်ခြင်းမှတစ်ဆင့် ကောင်းချီးများ ရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။ ဤနေရာတွင် နှလုံးခိုင်မာသော စိတ်သဘောထားတစ်ခု ရှိနေသည် မဟုတ်လော။ အဆင့်အတန်း၏ အကျိုးအမြတ်များကိုလည်း လုံးဝ မစွန့်လွှတ်ကြချေ၊ ဤသည်မှာလည်း စိတ်နှလုံးခိုင်မာခြင်း မဟုတ်လော။ “ကျွန်ုပ်သည် ဤတာဝန်ကို ထမ်းဆောင်ရင်း ဆင်းရဲဒုက္ခ ကြုံခဲ့ရသည်ကို ဘုရားသခင်က အမှတ်ရမည်လော။ ကိုယ်တော်သည် ကျွန်ုပ်အား ကောင်းချီးအချို့ ပေးမည်လော” ဟူ၍ ၎င်းတို့သည် အမြဲတစေ ပူပန်နေကြ၏။ ၎င်းတို့၏ စိတ်အတွင်း၌ ဤတွက်ချက်မှုများကို အမြဲတမ်း ပြုလုပ်နေကြ၏။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အပေးအယူများ ပြုလုပ်နေသည်ဟု ထင်ရလေသည်။ သို့သော် အမှန်တကယ်တွင် ဤနေရာ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့ ရှိနေခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူတစ်ခု ပြုလုပ်ရန် အမြဲ ဆန္ဒရှိနေခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းထံမှ ကောင်းချီးများကို အမြဲ ရရှိလိုခြင်း၊ အမြဲပင် အသာစီးရလိုကာ ဆုံးရှုံးမှုများကို မခံစားလိုခြင်း၊ ကလိမ်ကကျစ်ကျပြီး လျှို့ဝှက်သော နည်းလမ်းများကို အမြဲတစေ အသုံးပြုခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဆိုးညစ်သော စိတ်သဘောထားတစ်ခု၏ စိုးမိုးခြယ်လှယ်မှုကို ခံနေရခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်သည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရာတွင် အနည်းငယ် ကြိုးစားအားထုတ်မှု ပြုသည့်အခါတိုင်း၊ “ကျွန်ုပ် ပြုလုပ်နေသော ကြိုးစား အားထုတ်မှု အားလုံးအတွက် ကျွန်ုပ်သည် ကောင်းချီးများ ရရှိမည်လော။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် များစွာ ဆင်းရဲဒုက္ခခံပြီးသည့်နောက်တွင် ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်လော။ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန် အရာအားလုံးကို စွန့်လွှတ်ခြင်းအတွက် ဘုရားသခင်သည် ကျွန်ုပ်အား ချီးကျူးမည်လော။ ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်ခံသလော၊ မထောက်ခံသလော” ဟူ၍ သိချင်၏။ ထိုသို့သော လူများသည် ဤမေးခွန်းများကို တစ်နေကုန် တွေးတောကြ၏။ တစ်ရက်တာမျှ အဖြေရှာ၍ မရနိုင်ကြလျှင်၊ ၎င်းတို့သည် ထိုတစ်ရက်လုံးလုံး ဘဝင်မကျ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် သို့မဟုတ် အဖိုးအခ ပေးရန် ဆန္ဒမရှိကြဘဲ၊ သမ္မာတရားကို လိုက်စားရန်လည်း ပို၍ပင် စိတ်ဆန္ဒမရှိ ဖြစ်ကြလေသည်။ ဤအရေးကိစ္စများ၏ အမြဲတစေ ဘောင်ခတ် ပိတ်ဆို့ခြင်းကို ခံရသောကြောင့် ၎င်းတို့တွင် စစ်မှန်သော ယုံကြည်မှုဟူသည် မရှိချေ။ ၎င်းတို့သည် ဘုရားသခင်၏ ကတိတော်များ စစ်မှန်ကြောင်းကို မယုံကြည်ကြပေ။ သမ္မာတရား လိုက်စားခြင်းသည် ဘုရားသခင်၏ ကောင်းချီးများအား ဧကန်မုချ ရရှိစေလိမ့်မည် ဆိုသည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို မနှစ်မြို့ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားချင်သည့်တိုင်၊ ၎င်းတို့ထံ၌ ယင်းအတွက် အင်အား ချို့တဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်း မရှိကြပေ။ ၎င်းတို့သည် သမ္မာတရားကိုလည်း နားမလည်နိုင်ကြပေ။ ဤလူပုဂ္ဂိုလ်သည် မိမိတာဝန်ကို ထမ်းဆောင်နေစဉ်တွင် ပြဿနာများကို မကြာခဏ ကြုံရတတ်၏။ ထိုသို့သော လူများသည် အများအားဖြင့် အပျက်သဘောဆောင်ကာ၊ အားနည်းတတ်ကြသည်။ ၎င်းတို့သည် အခက်အခဲနှင့် ကြုံရသည့်အခါတွင် မကျေနပ်ချက်များကို ညည်းညူကြသည်။ ထို့ပြင် ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်သည့်အခါ သို့မဟုတ် ၎င်းတို့ ဖမ်းဆီးခံရသည့် အခါ၌၊ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်ပေးနေခြင်း မရှိသကဲ့သို့ ၎င်းတို့ကိုလည်း အလိုမရှိခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့နောက် ၎င်းတို့ဘာသာ စိတ်ပျက်ခြင်း ဖြစ်ကြ၏။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ဆိုးယုတ်မှု မဟုတ်လော။ ဤလူပုဂ္ဂိုလ်သည် မကျေမချမ်း ဖြစ်သည်နှင့်တစ်ပြိုင်နက် မည်သို့ ပြုမူမည်နည်း။ သေချာပေါက် အပျက်သဘောဆောင်၍ ပျင်းရိလာလိမ့်မည်။ ထိုသို့သော လူများသည် မျှော်လင့်ချက် ကင်းမဲ့မှုဖြင့် လက်လျှော့ အရှုံးပေးကြလိမ့်မည်။ ထို့ပြင် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်များအဖြစ် မကြာခဏ စွပ်စွဲကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် တိုက်ရိုက် မကျေမနပ် ပြောကောင်းပြောကြမည်ဖြစ်ပြီး သူနှင့်ပတ်သက်သည့် ဝေဖန်ချက်များလည်း ပြုလုပ်ကြပေမည်။ ဤအရာများကို ဖြစ်ပေါ်စေသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်သည်။ လောကီအမြင်များနှင့် စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှု စနစ်နှင့်အညီ၊ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အမြတ်အစွန်းတစ်ခုရှိရမည်ဟု ၎င်းတို့က ယုံကြည်ကြ၏။ ထိုသို့သော ဆုလာဘ် မရှိလျှင်၊ ၎င်းတို့က နောက်ထပ် ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။ ၎င်းတို့တွင် လက်တုံ့ပြန်သော စိတ်နေစိတ်ထားတစ်ခု ရှိပြီး၊ ၎င်းတို့၏ ဝတ္တရားများကိုလည်း လက်လျှော့ရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏တာဝန်ကို ငြင်းပယ်ကာ၊ ဆုလာဘ်ကို တောင်းဆိုကြသည်။ ဤသည်မှာ ဆိုးယုတ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် အပြုအမူများတွင် ပေါလုနှင့် တူညီနေသနည်း။ (ပေါလုက သူသည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ၊ ကောင်းစွာသော တိုက်လှန်ခြင်းကိုလည်း ပြုခဲ့ပြီဖြစ်၍၊ ဖြောင့်မတ်ခြင်း သရဖူသည် သူ့အတွက် သိုမှီးထားပြီးဖြစ်မည်ဟု ယုံကြည်ခဲ့ပါသည်။) ယင်းမှာ ၎င်းတို့အနေဖြင့် ပေါလုနှင့် အတိအကျ တူညီနေပုံ ဖြစ်သည်။ သင်တို့ကိုယ်တိုင်တွင် ပေါလု၏ ဤသရုပ်သကန်များထဲမှ တစ်ခုတလေသည် ထွက်ပေါ်သလော။ သင်တို့သည် ဤကဲ့သို့သော မိမိဘာသာ နှိုင်းယှဉ်ခြင်းများကို ပြုလုပ်ကြသလော။ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်ကြည့်ခြင်း မပြုလုပ်လျှင်၊ သင်တို့သည် မိမိကိုယ်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို သိမြင်ခြင်းအားဖြင့်သာ မိမိကိုယ်ကို အမှန်တကယ် သိနိုင်လေသည်။ အကယ်၍ သင်သည် အပေါ်ယံဖြစ်သော အမှန်နှင့် အမှားများကိုသာ အသိအမှတ်ပြုသည်၊ သို့မဟုတ် သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန် ဖြစ်ကြောင်း ဝန်ခံရုံမျှသာ ရှိသည်ဆိုလျှင်၊ ဤသည်မှာ ယေဘုယျသဘော ဆန်လွန်းပြီး အနှစ်သာရမဲ့လွန်း၏။ ယင်းမှာ အတုအယောင် လေးနက်မှု ဖြစ်သည်၊ အယောင်ဆောင်ခြင်းတစ်ခု၊ လိမ်လည်ခြင်းတစ်ခု ဖြစ်သည်။ ဤပုံစံဖြင့် မိမိကိုယ်ကို သိခြင်းအကြောင်း ပြောဆိုခြင်းသည် အယောင်ဆောင် ဝိညာဉ်ရေးရာဆန်ခြင်း ဖြစ်သည်။ ယင်းမှာ အထင်အမြင် မှားစေ၏။

လှည့်ဖြားတတ်သော လူတစ်ယောက်သည် မိမိကိုယ်ကို သိခြင်း ရရှိရန် ကြိုးပမ်းကြပုံကို သင်တို့ မြင်ဖူးကြသလော။ ၎င်းတို့သည် နတ်ဆိုးနှင့် စာတန် မည်သို့ဖြစ်ကြသည်ကို ပြောဆိုကာ မိမိတို့ကိုယ်ကို ကျိန်ဆဲလျက် တစ်ဆိတ်ကို တစ်အိတ်လုပ်ရန် ကြိုးစားကြ၏။ သို့ရာတွင် ၎င်းတို့ ပြုလုပ်ထားသည့် ဆိုးဝါးပြီး ဆိုးယုတ်သော လုပ်ဆောင်ချက်များကို မပြောဆိုကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုကိုလည်း မစိစစ်ကြချေ။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန် ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ကာ အာခံကြောင်းကိုသာ ပြောဆိုကြ၏။ မိမိတို့ကိုယ်ကို ရှုတ်ချရန်အတွက် အနှစ်မဲ့သော စကား အများအပြားနှင့် သိမ်းကျုံးဖော်ပြသော ထွက်ဆိုချက်များကို အသုံးပြုကြသည်ဖြစ်ရာ၊ “ယခု ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိသော လူတစ်ယောက် ဖြစ်ပေသည်။ ထိုသူတွင် အလွန်လေးနက်သော နားလည်သဘောပေါက်မှု ရှိပေ၏” ဟု အခြားသူများအား ခံစားစေသည်။ ၎င်းတို့သည် မည်မျှ ဝိညာဉ်ရေးရာပြည့်ဝကြောင်းကို အခြားသူများအား မြင်တွေ့စေသည်။ အခြားသူများအားလုံးက ၎င်းတို့ကို သမ္မာတရား လိုက်စားသူ တစ်ယောက်အဖြစ် အားကျကြစေရန်အလို့ငှာ ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော် နှစ်အနည်းငယ်မျှ ဤပုံစံဖြင့် မိမိကိုယ်ကို သိပြီးသည့်နောက်တွင် ၎င်းတို့သည် စစ်မှန်စွာ နောင်တ မရကြသေးပေ။ ၎င်းတို့အနေဖြင့် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်သည်၊ သို့မဟုတ် အမှုကိစ္စများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်သည် ဆိုသော အခြေအနေ တစ်ခုခုကိုလည်း မတွေ့ရချေ။ ၎င်းတို့၏ အသက် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ ထိုသို့ဖြင့် ပြဿနာကို ဖော်ထုတ်ပြနေလေသည်။ ဤသည်မှာ မိမိကိုယ်ကို အစစ်အမှန် သိခြင်း မဟုတ်။ အယောင်ဆောင်ခြင်းနှင့် လိမ်လည်ခြင်း ဖြစ်သည်။ ဤလူသည် သူတော်ကောင်းယောင်ဆောင်သူတစ်ယောက် ဖြစ်၏။ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို သိခြင်းအကြောင်းကို မည်သို့ ပြောဆိုသည်ဖြစ်စေ၊ ထိုသူ၏စကားများ မည်သို့ နားထောင်ကောင်းပုံရသည် သို့မဟုတ် ထိုသူ၏အသိ မည်မျှ လေးနက်သည်ဆိုသည်တို့ကို အာရုံမစိုက်လေနှင့်။ စောင့်ကြည့် လေ့လာရမည့် အဓိကသော့ချက်မှာ အဘယ်နည်း။ သမ္မာတရားမည်မျှ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်သည်ဆိုသည်ကို အာရုံစိုက်လော့။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းရန်အတွက် သမ္မာတရား စည်းမျဉ်းများအား လိုက်နာနိုင်ခြင်း ရှိမရှိကိုလည်း အာရုံစိုက်လော့။ လူတစ်ဦးတစ်ယောက်သည် စစ်မှန်သော ပြောင်းလဲခြင်းအား ကြုံခဲ့ရပြီလော ဆိုသည်ကို ခွဲခြားရန်အတွက် ဤအညွှန်းနှစ်ခုမှာ လုံလောက်၏။ ဤသည်မှာ လူများကို အကဲဖြတ်ခြင်းနှင့် ခွဲခြားသိမြင်ခြင်းအတွက် စည်းမျဉ်း ဖြစ်သည်။ ၎င်းတို့၏နှုတ်မှ ထွက်သည့် ကောင်းမွန်သော အရာများကို နားမထောင်လေနှင့်။ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်သောအရာကို စောင့်ကြည့်လေ့လာလော့။ မိမိကိုယ်ကို သိခြင်းအကြောင်း ဆွေးနွေးသည့် အချိန်၌ အပြင်ပန်းအားဖြင့် ယင်းကို အလေးအနက်ထားနေသည်ဟု ထင်ရသော လူအချို့ ရှိလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖွင့်ဟကာ ဖွင့်ချပြလျက် အခြားသူများအပေါ် ထားရှိသည့် ၎င်းတို့၏ လွဲမှားသော စိတ်ကူးများ သို့မဟုတ် မှားယွင်းသော အတွေးများ တစ်ခုတလေအကြောင်းကိုပြောဆိုကြ၏။ သို့သော် ၎င်းတို့ ပြောဆိုပြီးသွားသည့်အခါ အမှန်တကယ် နောင်တမရကြသေးပေ။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း မရှိကြသေးသကဲ့သို့ စည်းမျဉ်းများကိုလည်း မလိုက်နာကြပေ။ အသင်းတော်၏အလုပ်ကို မထိန်းသိမ်းကြ သို့မဟုတ် မည်သည့် ပြောင်းလဲမှုမျှ မပြကြချေ။ ဤသို့ မိမိကိုယ်ကို သိခြင်း၊ ဖွင့်ဟခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမျိုးသည် မည်သည့် အဓိပ္ပာယ်မျှ မရှိချေ။ ဤပုံစံဖြင့် မိမိကိုယ်ကို သိခြင်းမှာ အမှန်တကယ် နောင်တရခြင်း ဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဤလူစားမျိုးက တွေးထင်ခြင်း ဖြစ်နိုင်သည်။ သို့သော် နောက်ဆုံး၌ ဤသို့ နှစ်ပေါင်းများစွာ သိနားလည်ပြီးသည့်နောက်တွင် ပြောင်းလဲမှု ဟူ၍ တစ်ခုတလေမျှ မရှိချေ။ ဤပုံစံဖြင့် မိမိကိုယ်ကို သိခြင်းမှာ ဟန်ဆောင် လုပ်ပြနေခြင်းသာ မဟုတ်လော၊ လုပ်ငန်းစဉ်အတိုင်း လုပ်နေခြင်း မဟုတ်လော။ စစ်မှန်သော အကျိုးတရား မရှိချေ။ ၎င်းတို့သည် မိမိကိုယ်မိမိ လှည့်စားနေခြင်းသာ မဟုတ်လော။ တစ်ခါက ငါသည် တစ်နေရာသို့ သွားခဲ့ပြီး၊ ငါ ရောက်ရှိသည့်အခါ လူတစ်ယောက်သည် မြက်ဖြတ်စက်တစ်ခုဖြင့် မြက်ရိတ်လျက်ရှိ၏။ မြက်ဖြတ်စက်မှာ ကျယ်ကျယ်လောင်လောင် မြည်နေပြီး ဝုန်းဒိုင်းကြဲ ဆူညံလျက်ရှိသည်။ ထိုနေရာသို့ နှစ်ခါ သုံးခါမျှ သွားရောက်ခဲ့သည့် အကြိမ်တိုင်းတွင် ငါသည် ထိုအခြေအနေကိုသာ ကြုံခဲ့ရ၏။ ထို့ကြောင့် ငါက ထိုသူအား၊ “မြက်ရိတ်ရန်အတွက် သင်တို့တွင် ပုံသေ သတ်မှတ်ချိန်အချို့ မရှိသလော” ဟု မေးမြန်း၏။ ထိုသူက “ကျွန်ုပ်သည် ဘုရားသခင် ရောက်ရှိနေပြီဟု မြင်သည့်အခါမှသာ မြက်ရိတ်ပါသည်။ ယင်းမှာ ကျွန်ုပ်အတွက်လည်း မကောင်းလှပါ” ဟု ပြန်ဖြေလေသည်။ မချင့်ချိန်နိုင်သော လူများမှာ ဤအဖြစ်ကို ကြားပြီး ထိုသူသည် သူ့စိတ်တွင် ရှိသမျှကို ပြောနေခြင်းဖြစ်၍ ရိုးသားခြင်း ဖြစ်သည်ဟု ထင်ချင် ထင်ကြမည်။ ထိုသူသည် သူ၏အမှားများကို ဝန်ခံနေခြင်းဖြစ်ပြီး မိမိကိုယ်ကို သိခြင်းကို ရရှိနေသည်ဟု ထင်ကောင်း ထင်ကြမည်။ ယင်းသို့ဖြင့် ၎င်းတို့ အထင်အမြင်မှားကုန်ကြ၏။ သို့သော် သမ္မာတရားကို နားလည်သည့် လူတစ်ယောက်သည် ယင်းကို ထိုနည်းအတိုင်း မြင်မည်လော။ ဤအဖြစ်နှင့်ပတ်သက်၍ မှန်ကန်တိကျသော ရှုထောင့်အမြင်မှာ အဘယ်နည်း။ ဤအခြေအနေကို ရိပ်စားမိနိုင်သည့် သူများကမူ၊ “သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် တာဝန်ယူမှု ရှိမနေပါ။ သင်သည် ဤအရာကို ဟန်ပြအတွက်သာ လုပ်နေသည်မဟုတ်လော” ဟု စဉ်းစားကြလိမ့်မည်။ သို့သော် မြက်ရိတ်သူသည် အခြားသူများက ဤနည်းအတိုင်း စဉ်းစားမည်ကို စိုးရိမ်၏။ ထို့ကြောင့် သူသည် အခြားသူများ နှုတ်ပိတ်စေရန်အတွက် လက်ဦးမှုရယူကာ ထိုနည်းအတိုင်း ပြောဆိုလေသည်။ ဤသည်မှာ အတော် လိမ္မာပါးနပ်သည့် နှုတ်မှုပင် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တကယ်တွင် သူသည် သင့်အား လက်ဦးမှုရယူ၍ အထင်အမြင်မှားစေရန်၊ သင့်အနေဖြင့် သူ့အား အတော် ဖြောင့်မတ် ရိုးသားသည်၊ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကာ မိမိ၏ အမှားများကို ဝန်ခံနိုင်သည်ဟု ထင်မြင်စေရန်အလို့ငှာ ဤအခြေအနေအား မည်သို့ ဖြေရှင်းမည်ကို ဟိုယခင်ကတည်းကပင် အဖြေရှာထားခဲ့ပြီးဖြစ်၏။ ထိုသူ စဉ်းစားနေသည်မှာ “ကျွန်ုပ်သည် သမ္မာတရားကို နားလည်သည်။ သင့်အနေဖြင့် ကျွန်ုပ်အား ပြောပြနေရန် မလိုပေ။ ကျွန်ုပ်ကသာ အဦးဆုံး ဝန်ခံလိုက်မည်။ ကျွန်ုပ်၏ ပါးနပ်သော အဆင့်ဆင့်ပြောဆိုမှုအား သင် မည်သို့ ချေပနိုင်မည်ကို ကြည့်ကြစို့။ ကျွန်ုပ် ပြုလုပ်မည်မှာ ဤမျှသာ ဖြစ်သည်။ သင်သည် ကျွန်ုပ်အား မည်သို့များ ပြုလုပ်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် မည်သည့် စိတ်သဘောထားများ ရှိနေသနည်း။ ပထမဦးဆုံး သူသည် အရာအားလုံးကို နားလည်၏။ အမှားတစ်ခုကို ပြုလုပ်သည့်အခါ သူသည် နောင်တရရန် သိလေသည်။ ဤသည်မှာ အခြားသူများအား သူ့အပေါ်တွင် ထားရှိစေသည့် ထင်မြင်ချက် ဖြစ်သည်။ အတွေးမှားတစ်ခုကို ဖန်တီးရန်၊ သူ့အား အခြားသူများက အထင်ကြီး လေးစားရန်အတွက် အယောင်ဆောင်မှုများနှင့် မုသားများကို အသုံးပြုခြင်း ဖြစ်သည်။ သူသည် ပြောင်မြောက်လှစွာ အပိုင်ကြံတတ်၏။ သူ၏ စကားများကအခြားသူများကို မည်မျှအထိ အထင်အမြင်မှားစေလိမ့်မည်၊ ၎င်းတို့၏ တုံ့ပြန်ချက်များမှာ မည်သို့ ရှိလိမ့်မည် ဆိုသည်တို့ကို သူသိလေသည်။ သူသည် ဤအရာအားလုံးကို ကြိုတင်၍ အကဲဖြတ်ထား၏။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့အပြင် သူသည် ဤအရာများကို ပြောနိုင်ခြင်းက ဤအကြောင်းကို ယခုအချိန်မှသာ သဘောပေါက်ခြင်း မဟုတ်ဘဲ ဤနည်းအတိုင်း ပြုမူခြင်းသည် ဝတ်ကျေတမ်းကျေ လုပ်ခြင်း ဖြစ်ကြောင်း၊ ယခုတွင် ဤအရာကို သူ လုပ်ဆောင်မနေသင့်ကြောင်း၊ ထိုသို့သော အပြင်ပန်း အသွင်တစ်ခုဖြင့် ဟန်ဆောင်မနေသင့်ကြောင်း၊ မိမိ၏ ကိုယ်ပိုင် ဂုဏ်မာနအတွက် လုပ်ဆောင်မနေသင့်ကြောင်းတို့ကို သူသည် အချိန်ကြာမြင့်စွာကတည်းက သိထားခဲ့ပြီးပြီ ဖြစ်သည်ကို သက်သေပြသည်။ သို့ဖြစ်လျှင် သူသည် အဘယ်ကြောင့် လုပ်ဆောင်နေသေးသနည်း။ ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်း မဟုတ်လော။ ဟန်လုပ်ခြင်း၊ စိတ်နှလုံးခိုင်မာခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှုလည်း ရှိနေလေသည်။ သင်တို့သည် ယင်းတို့ကို ခွဲခြားသိမြင်နိုင်သလော။ လူအချို့သည် အခြားသူများကိုသာ ခွဲခြားသိမြင်နိုင်ကြပြီး၊ မိမိတို့ကိုယ်ကို မသိမြင်နိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် သိမြင်နိုင်လျှင်၊ ထိုနည်းတူစွာ အခြားသူများကိုလည်း ခွဲခြားသိမြင်နိုင်သည်။ အခြားသူများကိုသာ ခွဲခြား သိမြင်နိုင်ပြီး မိမိကိုယ်မိမိ မသိမြင်နိုင်လျှင်၊ ယင်းမှာ ၎င်း၏ စိတ်သဘောထားနှင့် စရိုက်လက္ခဏာတွင် ပြဿနာတစ်ခုရှိနေသည့် သဘောဖြစ်သည်။ အခြားသူများအား သမ္မာတရားနှင့် ယှဉ်ကြည့်ခြင်းရှိသော်လည်း၊ မိမိကိုယ်တိုင်ကို မယှဉ်ကြည့်ခြင်းဖြစ်သည်။ ဤသည်ကား သမ္မာတရားကို လက်ခံသူတစ်ယောက် ဖြစ်ဖို့ရန် မဆိုထားနှင့်၊ သမ္မာတရားကို ချစ်သော လူတစ်ယောက်ပင် မဟုတ်သည်မှာ သေချာ၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။