ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့

ယခုကာလတွင် များစွာသောလူတို့သည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ မည်သည့်သင်ခန်းစာများ သင်ယူသင့်သည်ကို ဂရုမပြုကြပေ။ သင်တို့အများအပြားသည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်စဉ်တွင် သင်ခန်းစာများကို လုံးဝ မသင်ယူနိုင်သည်ကို ငါ တွေ့ရှိခဲ့လေပြီ။ သင်တို့အများစုက သင်တို့၏ ကိုယ်ပိုင်အမြင်များကို ဆုပ်ကိုင်တတ်ကြသည်။ အသင်းတော်၌ အလုပ်လုပ်သောအခါ သင်က သင့်အမြင်ကို ပြောပြီး၊ နောက်တစ်ယောက်က သူ့အမြင်ကိုပြောကာ အမြင်တစ်ခုက အခြားတစ်ခုနှင့် ဆက်စပ်မှုမရှိပေ။ သင်တို့သည် အကယ်စင်စစ် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိကြချေ။ သင်တို့အားလုံးသည် အသေးဆုံးသော နည်းလမ်းဖြင့်ပင် အသက်တာကို ရှာဖွေခြင်းမရှိဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူး အမြင်များကို ပြောပြခြင်း သို့မဟုတ် သင့်အထဲတွင် သယ်ဆောင်ထားသည့် “ဝန်ထုပ်ဝန်ပိုးများ” ကို လျှော့ချခြင်း၌သာ လွန်စွာ အာရုံစွဲငြိလျက် ရှိကြသည်။ အခြားတစ်ယောက် မည်သည့်အရာပြောသည် သို့မဟုတ် မည်သည့်အရာလုပ်သည်ကို ပဓာနမထားဘဲ သင့်ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်သင့်သည်ဟု အမြဲယုံကြည်လျက် အလုပ်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေပုံသာ ပေါက်သည်။ အခြားသူများ၏ အခြေအနေ မည်သည့်အရာ ဖြစ်နေပါစေ၊ သန့်ရှင်းသောဝိညာဉ်တော် သင့်ကို လမ်းပြသည့်အတိုင်း မိတ်သဟာယပြုသင့်သည်ဟု သင်ထင်သည်။ သင်သည် အခြားသူများ၏ စွမ်းရည်များကို မတွေ့နိုင်သကဲ့သို့ မိမိကိုယ်ကိုယ် စစ်ဆေးခြင်းငှာလည်း မစွမ်းနိုင်ကြပေ။ အမှုအရာများအပေါ် သင်၏လက်ခံခြင်းမှာ အမှန်တကယ် စံသွေပြီး မှားယွင်းသည်။ ထိုရောဂါဟောင်း ပြန်ထလေသကဲ့သို့ သင်တို့သည် မိမိကိုယ်ကိုယ် တရားနည်းလမ်းကျသည်ဟု ထင်မှတ်ခြင်းများစွာကို ယခုပင်လျှင် သင်တို့ ထုတ်ဖော်ပြသေးသည်ဟု ဆိုနိုင်သည်။ သင်တို့သည် လုံးလုံးလျားလျား ရိုးသားပွင့်လင်းမှုကို ရရှိနိုင်သည့်နည်းလမ်း တစ်ခုအားဖြင့် တစ်ဦးကိုတစ်ဦး မဆက်ဆံကြ၊ ဥပမာ အချို့သော အသင်းတော်များတွင် အလုပ်မှ သင်ရရှိထားသည့် ရလဒ်မျိုး အကြောင်း၊ သို့မဟုတ် သင့်အတွင်းစိတ် အခြေအနေများ၏ မကြာသေးမီက အနေအထားအကြောင်း အစရှိသည်တို့ ဖြစ်သည်။ အမှန်ပင် သင်တို့သည် ထိုကဲ့သို့သောအရာများ အကြောင်းကို မည်သည့်အခါမျှ ပြောပြခြင်းမရှိပေ။ သင့်ကိုယ်ပိုင် အယူအဆများကို ရုပ်သိမ်းခြင်း သို့မဟုတ် သင့်ကိုယ်သင် ငြင်းပယ်ခြင်းကဲ့သို့သော အလေ့အထများထဲတွင် သင်တို့သည် လုံးဝပါဝင်မှုမရှိပေ။ ဦးဆောင်သူများနှင့် အမှုဆောင်များသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အပျက်သဘောဆောင်ခြင်း မှ မည်သို့ ထိန်းသိမ်းရမည်ဆိုသည်နှင့် ၎င်းတို့ကို အားသွန်ခွန်စိုက် မည်သို့ လိုက်လျှောက် နိုင်စေမည်ကိုသာ စဉ်းစားကြသည်။ သို့သော် အားတက်သရော လိုက်လျှောက်ခြင်းကိုယ်၌က လုံလောက်သည်ဟု သင်တို့အားလုံး ထင်ကြပြီး၊ အခြေခံအားဖြင့် အခြားသူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်ကို သင် နားလည်ဖို့မပြောနှင့်၊ သင့်ကိုယ်သင် သိရှိဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်ကို သင် သိနားလည်ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ သင့်ကိုယ်သင် စိတ်ဆန္ဒ ထားရှိရန်၊ ပေတရု၏ပုံစံကို အသက်ရှင်နေထိုင်ဖို့ သင့်ကိုယ်သင် စိတ်ဆန္ဒထားရှိရန်သာ သင်စဉ်းစားလေသည်။ သင်သည် ဤအရာများမှလွဲ၍ မည်သည့်အရာကိုမျှ မစဉ်းစားပေ။ အခြားလူများသည် မည်သည့်အရာ ပြုလုပ်ပါလေစေ သင်သည် ကျိုးကြောင်းမဆင်ခြင်ဘဲ နာခံမည်မဟုတ်၊ ထို့ပြင် အခြားလူများမှာ မည်ကဲ့သို့ပင်ဖြစ်ပါလေစေ သင်ကိုယ်တိုင်မှာမူ ဘုရားသခင်အားဖြင့် စုံလင်ခြင်းကို ရှာဖွေမည်၊ ယင်းသည် လုံလောက်လိမ့်မည် ဟူ၍ပင် သင်ဆိုသည်။ သို့သော်လည်း အမှန်မှာ သင့်စိတ်ဆန္ဒက စစ်မှန်မှုထဲ၌ ခိုင်လုံသော ထုတ်ဖော်ပြသမှုတစ်ခုကို မည်သည့်နည်းနှင့်မျှ မတွေ့ရှိထားချေ။ ဤအရာအားလုံးမှာ ယခုအခါတွင် သင်တို့ထုတ်ဖော်ပြသည့် အပြုအမူမျိုး မဟုတ်သလော။ သင်တို့တစ်ဦးစီသည် သင်တို့ကိုယ်ပိုင် စိတ်ကူးအမြင်ကို ခိုင်မာစွာ ဆုပ်ကိုင် ထားကြလျက်နှင့် သင်တို့အားလုံးက စုံလင်စေခြင်း ခံလိုကြသည်။ သင်တို့သည် တိုးတက်မှုများစွာ မရှိဘဲ ဤမျှကြာရှည် အစေခံခဲ့ကြပြီကို ငါမြင်တွေ့သည်။ အထူးသဖြင့် သဟဇာတကျကျ အတူတကွလုပ်ဆောင်ခြင်းဆိုင်ရာ ဤသင်ခန်းစာ၌ မည်သည့်အရာတစ်ခုမျှ သင် စွမ်းဆောင်ထားခြင်း လုံးဝ မရှိပါတကား။ အသင်းတော်များ ထဲသို့ သွားရောက်သောအခါ သင်က သင့်နည်းလမ်းအတိုင်း ပြောဆိုဆက်ဆံပြီး အခြားသူများက သူတို့နည်းလမ်းအတိုင်း ပြောဆိုဆက်ဆံကြသည်။ သဟဇာတကျသော ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ပေါ်ခဲလှကာ ဤသည်မှာ သင့်ငယ်သား နောက်လိုက်သူများအတွက် ပို၍ပင် မှန်ကန်လေသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို အစေခံခြင်းမှာ အဘယ်အရာ ဖြစ်သည်၊ သို့မဟုတ် လူတစ်ဦးက ဘုရားသခင်ကို မည်သို့ အစေခံသင့်သည်ကို သင်တို့ထဲမှ မည်သူမဆို နားလည်မည့်သူ ရှားပါးသည်။ သင်တို့သည် မရေမရာဖြစ်ကာ ဤကဲ့သို့သော သင်ခန်းစာများကို အသေးအဖွဲကိစ္စများအဖြစ် မှတ်ယူကြသည်။ သမ္မာတရား၏ ဤကဏ္ဍကို လက်တွေ့ကျင့်ရန် ပျက်ကွက်သည် သာမက အမှား တမင်သက်သက် ပြုလုပ်သည့် များစွာသော လူတို့ပင် ရှိလေသည်။ နှစ်ပေါင်းများစွာ အစေခံခဲ့ပြီးသော သူတို့ပင် အချင်းချင်း တိုက်ခိုက်ကြပြီး လျှို့ဝှက်ကြံစည်ကြကာ မနာလိုဖြစ်ကြပြီး ပြိုင်ဆိုင်ကြသည်။ လူတိုင်းက မိမိကိုယ်ကိုယ် အတွက်သာ ဖြစ်ပြီး လုံးဝ မပူးပေါင်းကြပေ။ ဤအရာများ အားလုံးက သင်တို့၏ ဝိညာဉ်အသက်တာအမှန်ကို သရုပ်ဖော်သည်မဟုတ်လော။ နေ့စဉ်နေ့တိုင်း အတူတကွ အစေခံနေသော သင်တို့သည် ဗိမာန်တော်ထဲတွင် နေ့တိုင်း ဘုရားသခင်ကိုယ်တော်တိုင်ကို တိုက်ရိုက်အစေခံခဲ့ကြသော ဣသရေလလူမျိုးများနှင့် တူလေသည်။ ဘုရားသခင်ကို အစေခံသော လူများဖြစ်သည့် သင်တို့က မည်သို့ပူးပေါင်း လုပ်ဆောင်ရမည် သို့မဟုတ် မည်သို့ အစေခံရမည်ဟူသည်ကို လုံးဝမသိသည်မှာ မည်သို့ဖြစ်နိုင်သနည်း။

ထိုစဉ်က ဣသရေလအမျိုးသားများသည် ဗိမာန်တော် ထဲတွင် ယေဟောဝါကို တိုက်ရိုက်အစေခံခဲ့ကြကာ သူတို့၌ ယဇ်ပုရောဟိတ်များ၏ စရိုက်လက္ခဏာရှိသည်။ (လူတိုင်းသည် ယဇ်ပုရောဟိတ် မဟုတ်ခဲ့သည်ကား မှန်ပေသည်။ ဗိမာန်တော် ထဲတွင် ယေဟောဝါကို အစေခံသောသူအချို့သာ ထိုလက္ခဏာ ရှိသည်။) သူတို့သည် ယေဟောဝါမှ သူတို့အပေါ် နှင်းအပ်ထားသည့် သရဖူများကို ဆင်မြန်းကြသည် (ဆိုလိုသည်မှာ သူတို့က ယေဟောဝါ၏ သတ်မှတ် ပြဋ္ဌာန်းချက်များအရ ဤသရဖူများကို ပြုလုပ်ခဲ့ကြသည်။ ယေဟောဝါက သူတို့ကို သရဖူများ တိုက်ရိုက်ပေးခဲ့သည်ကား မဟုတ်)။ သူတို့သည် ယေဟောဝါမှ သူတို့အပေါ် နှင်းအပ်ထားသည့် ယဇ်ပုရောဟိတ်ဝတ်ရုံများကို ဝတ်ဆင်ကြပြီး၊ ဗိမာန်တော်ထဲတွင် ခြေဗလာဖြင့် မိုးသောက်မှ ညအချိန်အထိ သူ့အား တိုက်ရိုက်အစေခံကြသည်။ ယေဟောဝါအား သူတို့၏ အစေခံခြင်းမှာ လုံးဝ ဖြစ်ကတတ်ဆန်း မဟုတ်ဘဲ၊ ကျိုးကြောင်းမမြင် ကမန်းကတန်းပြုလုပ်ခြင်း မရှိခဲ့ပေ။ ထို့ထက် ကိုယ်တော်ကို အစေခံသောသူ မည်သူမျှ တိုက်ရိုက် မချိုးဖောက်နိုင်သော စည်းကမ်းများအတိုင်း အားလုံး ပြုလုပ်ခဲ့ကြသည်။ သူတို့အားလုံးက ဤစည်းမျဉ်းများအတိုင်း လိုက်နာခဲ့ရသည်။ သို့မဟုတ်ပါက သူတို့သည် ဗိမာန်တော် အတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ခံရသည်။ သူတို့အနက် တစ်ဦးဦးက ဗိမာန်တော်၏ စည်းကမ်းများကို ချိုးဖောက်မိလျှင်၊ ဆိုလိုသည်မှာ တစ်စုံတစ်ဦးက ယေဟောဝါ၏ ပညတ်များကို မနာခံလျှင်၊ ထိုသူကို ကိုယ်တော် ထုတ်ပြန်ထားခဲ့သည့် ပညတ်တော်များအရ စီရင်ရမည်ဖြစ်ပြီး မည်သူ့ကိုမျှ ဤအရာကို ကန့်ကွက်ရန် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်သူကို ကာကွယ်ရန် ခွင့်မပြုထားပေ။ သူတို့က ဘုရားသခင်ကို နှစ်ပေါင်း မည်မျှကြာကြာ အစေခံခဲ့ပြီးစေကာမူ အားလုံးကို စည်းကမ်းများ အတိုင်း လိုက်နာရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဤအကြောင်းကြောင့် များလှစွာသော ယဇ်ပုရောဟိတ်များက ယဇ်ပုရောဟိတ်ဝတ်ရုံများကို ဆင်မြန်းထားကြပြီး ယေဟောဝါက သူတို့ကို မည်သည့် အထူးတလည် အရေးစိုက်မှုပင် မပေးခဲ့လင့်ကစား သူ့အား ဤနည်းဟန်အတိုင်း တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် အစေခံခဲ့ကြသည်။ သူတို့သည် ယဇ်ပလ္လင်ရှေ့ သို့မဟုတ် ဗိမာန်တော်ထဲတွင် သူတို့၏ တစ်သက်တာပတ်လုံးပင် အချိန်ကုန်ခဲ့ကြသည်။ ဤသည်မှာ သူတို့၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု သရုပ်သကန် ဖြစ်ခဲ့သည်။ ယေဟောဝါက သူတို့အပေါ် ထိုကဲ့သို့သော ကောင်းချီးမင်္ဂလာများ နှင်းအပ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ခဲ့။ သူတို့၏ သစ္စာစောင့်သိမှုကြောင့်သာလျှင် သူတို့သည် မျက်နှာသာပေးခြင်းကို ရရှိပြီး ယေဟောဝါ၏ လုပ်ဆောင်ချက်များ အားလုံးကို တွေ့မြင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ယေဟောဝါသည် ဣသရေလပြည်တွင် သူ၏ ရွေးချယ်ခံထားသော လူများကြား၌ အမှုပြုခဲ့သောအခါ သူတို့အပေါ် အတော်ပင် ကြီးလေးသော ပညတ်များကို ချမှတ်ထားရှိခဲ့သည်။ သူတို့အားလုံးမှာ အလွန် နာခံပြီး ပညတ်များအားဖြင့် ကန့်သတ်ခံခဲ့ကြရသည်။ ဤပညတ်များမှာ သူတို့၏ ယေဟောဝါအား ကြည်ညိုနိုင်စွမ်းကို ကာကွယ်ပေးရန် အကျိုးပြုခဲ့သည်။ ဤသည်တို့အားလုံးမှာ ယေဟောဝါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များပင် ဖြစ်ခဲ့လေသည်။ ထိုယဇ်ပုရောဟိတ်များအနက် တစ်စုံတစ်ဦးအနေဖြင့် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့လျှင် သို့မဟုတ် ယေဟောဝါ၏ ပညတ်ချက်များကို ချိုးဖောက်ခဲ့လျှင်၊ ထို့အပြင် ထိုသူတို့ကို သာမန်လူတို့က တွေ့ရှိခဲ့လျှင် ထိုပုဂ္ဂိုလ်သည် ယဇ်ပလ္လင်ရှေ့သို့ ချက်ချင်း သယ်ဆောင်ပြီး ကျောက်ခဲနှင့် သေအောင် ပေါက်သတ်ခံရသည်။ ထိုအလောင်းတို့ကို ဗိမာန်တော်အထဲ၌ သို့မဟုတ် အနီးအနား၌ ထားခွင့်မပြု၊ ယင်းကို ယေဟောဝါ ခွင့်မပြုခဲ့ပေ။ ထိုသို့ပြုသောသူ မည်သူမဆိုသည် “လောကီယဇ်များ” ပူဇော်သောလူတစ်ဦးအဖြစ် မှတ်ယူ ခံရမည်ဖြစ်ပြီး တွင်းကြီးထဲသို့ ပစ်ချကာ အသေသတ်ခြင်း ခံရမည်ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် ၎င်းတို့၏အသက်ကို ဆုံးရှုံးသည်ကား မှန်ပေသည်၊ မည်သူမျှ အသက်ချမ်းသာပေး မခံရပေ။ “လောကီမီးရှို့ခြင်း” ကို ပူဇော်ခဲ့သောသူတို့ပင် ရှိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါမှ ခွဲခန့် သတ်မှတ်ထားသည့် နေ့များတွင် ယဇ်ပူဇော်ခြင်း မပြုသည့် လူတို့သည် ယဇ်ပလ္လင်၌ ထားရှိခွင့်မပြုသည့် သူတို့၏ ယဇ်ပူဇော်သက္ကာများနှင့်အတူ ကိုယ်တော့်မီး၏ လောင်ကျွမ်းခြင်းကို ခံရမည်ဖြစ်သည်။ ယဇ်ပုရောဟိတ်များ အပေါ် သတ်မှတ်ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ့်သည်- ဦးစွာ သူတို့ခြေဆေးခြင်းမပြုဘဲ ဗိမာန်တော်ထဲသို့ သို့မဟုတ် ယင်း၏ အပြင်ဝိုင်းထဲသို့ပင် သူတို့ကို ဝင်ခွင့် မပြုထားပေ။ သူတို့၏ ယဇ်ပုရောဟိတ်ဝတ်ရုံတို့ကို ဝတ်ထားခြင်းမရှိပါက ဗိမာန်တော်ထဲသို့ သူတို့မဝင်နိုင်။ သူတို့၏ ယဇ်ပုရောဟိတ် သရဖူများ ဆင်ထားခြင်းမရှိပါက ဗိမာန်တော် ထဲသို့ သူတို့မဝင်နိုင်။ အလောင်းကောင်အားဖြင့် ညစ်စွန်း ထားပါက ဗိမာန်တော်ထဲသို့ သူတို့ မဝင်နိုင်။ မဖြောင့်မတ်သောသူ၏ လက်ကို ထိမိပြီးသောအခါ သူတို့၏ လက်များကို ဦးစွာ ဆေးကြောမထားပါက ဗိမာန်တော်ထဲသို့ သူတို့မဝင်နိုင်။ ထို့ပြင် မိမိကိုယ်ကိုယ် အမျိုးသမီးများနှင့် ညစ်ညူးစေပြီးနောက်တွင် သူတို့သည် ဗိမာန်တော်ထဲသို့ (သုံးလကြာ၊ အမြဲတမ်းမဟုတ်) မဝင်နိုင်သည်သာမက ယေဟောဝါ၏ မျက်နှာတော်ကိုလည်း သူတို့ဖူးတွေ့ရန် ခွင့်မပြုထားပေ။ အချိန်စေ့သောအခါ၊ ဆိုလိုသည်မှာ သုံးလကြာပြီးမှသာ သန့်စင်သော ယဇ်ပုရောဟိတ်ဝတ်ရုံတို့ကို သူတို့ ဆင်မြန်းခွင့်ရှိမည်ဖြစ်ပြီး၊ ထို့နောက် ယေဟောဝါ၏ မျက်နှာတော်ကို ဖူးတွေ့ရန် ဗိမာန်တော်ထဲသို့ သူတို့မဝင်နိုင်မီ အပြင်ဝိုင်းထဲတွင် ခုနှစ်ရက်ကြာ အစေခံရသည်။ သူတို့သည် မည်သည့် ဤယဇ်ပုရောဟိတ်အဝတ်ကိုမဆို ဗိမာန်တော် အတွင်း၌သာ ဝတ်ဆင်ခွင့်ပြုထားပြီး၊ ယေဟောဝါ၏ ဗိမာန်တော်အား ညစ်ညမ်းစေခြင်းကို ရှောင်ကျဉ်ရန်အလို့ငှာ ပြင်ပ၌ လုံးဝခွင့်ပြုမထားပေ။ ယဇ်ပုရောဟိတ်ဖြစ်သူ အားလုံးတို့သည် ယေဟောဝါ၏ ပညတ်များကို ချိုးဖောက် ထားခဲ့သည့် ရာဇဝတ်သားများအား သာမန်လူတို့၏ အသေသတ်ခြင်းကို ခံရသည့် ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့သို့ ခေါ်ဆောင်လာရသည်။ သို့မဟုတ်လျှင် မီးသည် ထိုရာဇဝတ်မှုကို မြင်တွေ့ခဲ့သည့် ယဇ်ပုရောဟိတ်အပေါ်သို့ ကျရောက်မည် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါကို မပျက်မကွက် သစ္စာထားရှိရသည်၊ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်၏ ပညတ်များမှာ သူတို့အတွက် အလွန်ကြီးလေးပြီး ကိုယ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပေါ့ပေါ့တန်တန် ချိုးဖောက်ရန် သူတို့ မည်သည့်အခါမျှ လုံးဝ ဝံ့ရဲကြသည် မဟုတ်ချေ။ ဣသရေလအမျိုးသားများမှာ ယေဟောဝါကို သစ္စာရှိခဲ့ကြသည်၊ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ မီးလျှံကို သူတို့မြင်တွေ့ခဲ့ပြီးဖြစ်သောကြောင့်နှင့် လူတို့ကို ကိုယ်တော်ပြစ်တင်ဆုံးမခဲ့သည့် လက်တော်ကို မြင်တွေ့ခဲ့ပြီးသည့်အပြင် ကိုယ်တော့်အတွက် ထိုသို့သော ချစ်ကြောက်ရိုသေမှုကို နဂိုက သူတို့ လက်သင့်ခံထား ခဲ့ပြီးသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့ ရရှိခဲ့ကြသည်မှာ ယေဟောဝါ၏ မီးလျှံကိုသာမက သူ၏ဂရုစိုက်မှု၊ သူ၏အကာအကွယ်နှင့် သူ၏ ကောင်းချီးများလည်း ဖြစ်ခဲ့သည်။ သူတို့၏ လုပ်ဆောင်ချက်များ အားလုံးတွင် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို သူတို့လိုက်နာခဲ့ပြီး မည်သူမျှ မနာခံခြင်း မရှိခဲ့သည်မှာ သူတို့၏ သစ္စာစောင့်သိမှုပင် ဖြစ်သည်။ အကယ်၍ မနာခံမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင် အခြားသူများသည် ယေဟောဝါကို ဆန့်ကျင်ခဲ့သော မည်သူ့ကိုမဆို အသေသတ်ခြင်းအားဖြင့် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို လုပ်ဆောင်ဦးမည် ဖြစ်ပြီး ထိုပုဂ္ဂိုလ်ကို ကိုယ်တော့်ထံမှ လုံးဝ ဝှက်ထားမည် မဟုတ်ပေ။ ဥပုသ်နေ့ကို ချိုးဖောက်သူများ၊ လက်လွတ်စပယ် လိင်ပျော်ပါးခြင်း အပြစ်ရှိသူများနှင့် ယေဟောဝါအဖို့ ပူဇော်သက္ကာများကို ခိုးယူသူများမှာ အထူးကြီးလေးစွာဖြင့် အပြစ်ပေးခြင်းခံရသည်။ ဥပုသ်နေ့ကို ချိုးဖောက်သောသူများကို သူတို့ (သာမန်လူတို့) မှ ကျောက်ခဲနှင့် အသေပေါက်ကြသည်၊ သို့မဟုတ် သူတို့ကို ခြွင်းချက်မရှိ ကြာပွတ်နှင့် အသေရိုက်ကြသည်။ မတရားသောမေထုန်ကို ကျူးလွန်သူတို့- ရှုချင်စဖွယ်ကောင်းသော အမျိုးသမီးများကို တပ်မက်စိတ်ရှိသူ သို့မဟုတ် မကောင်းသော အမျိုးသမီးများကို မြင်တွေ့ပြီး တဏှာရာဂအတွေးများ ဖြစ်ပေါ်သူ၊ သို့မဟုတ် ပျိုရွယ်သော အမျိုးသမီးများကို မြင်တွေ့ပြီး ရာဂစိတ်ပြင်းပြလာသူတို့ပင်- အားလုံးသည် အသေသတ်ခြင်းကို ခံရသည်။ အကယ်၍ အဖုံးအအုပ် သို့မဟုတ် ဦးခေါင်းခြုံထည် မဝတ်ဆင်ထားသည့် ပျိုရွယ်သော မည်သည့်အမျိုးသမီးမဆို ယောက်ျားတစ်ဦးကို လူ့စည်းချိုးဖောက်သော အပြုအမူ ဖြစ်အောင် သွေးဆောင်ခဲ့ပါက ထိုအမျိုးသမီးမှာ အသေသတ်ခြင်း ခံရသည်။ ထိုယောက်ျားမှာ ဤပညတ်တော်မျိုးကို ဖောက်ဖျက်ခဲ့သည့် ယဇ်ပုရောဟိတ် တစ်ဦး (ဗိမာန်တော်ထဲ၌ အစေခံသောသူ) ဖြစ်ခဲ့လျှင် သူသည် ကားစင်တင်သတ်ခြင်း သို့မဟုတ် ချိတ်ဆွဲသတ်ခြင်းကို ခံရသည်။ ထိုကဲ့သို့သောသူ မည်သူ့ကိုမျှ အသက်ရှင်ခွင့်ပြုမည် မဟုတ်ဘဲ ယေဟောဝါရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ မျက်နှာသာရသည် မဟုတ်ပေ။ ဤကဲ့သို့သောလူ၏ ဆွေမျိုးသားချင်းများကို ထိုသူသေဆုံးပြီး သုံးနှစ်ကြာသည်အထိ ယဇ်ပလ္လင်ရှေ့တွင် ယေဟောဝါကို ယဇ်ပူဇော်ခွင့်ပြုမည် မဟုတ်သည့်အပြင် သာမန်လူတို့ကို ယေဟောဝါပေးသနားသည့် ယဇ်များ၌ မျှဝေကျခံခွင့်ပြုမည် မဟုတ်ပေ။ ထိုကာလစေ့မှသာလျှင် သူတို့သည် ယေဟောဝါ၏ ယဇ်ပလ္လင်ပေါ်တွင် အရည်အသွေး အကောင်းဆုံးနွား သို့မဟုတ် သိုးကို တင်လှူနိုင်သည်။ အကယ်၍ အခြား ဖောက်ဖျက်ကျူးလွန်ခြင်း တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပါက ထိုသူတို့သည် ယေဟောဝါရှေ့မှောက်တွင် သူ၏ ကရုဏာတော်ကို အသနားခံလျက် သုံးရက်ကြာသည်အထိ အစာရှောင်ရမည် ဖြစ်သည်။ ယေဟောဝါ၏ ပညတ်များမှာ အလွန်ကြီးလေးပြီး အလွန်တင်းကျပ်ခဲ့သောကြောင့်သာလျှင် သူတို့က သူ့ကို ဝတ်ပြုခဲ့ကြသည်မဟုတ်၊ သူတို့က သူ၏ကရုဏာတော်၏ အကျိုးဆက်အဖြစ်နှင့် သူ့အပေါ် သူတို့၏ သစ္စာစောင့်သိမှုကြောင့် ထိုသို့ပြုခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့အချိန်ထိ သူတို့သည် သူတို့၏ အစေခံခြင်း၌ အလားတူပင် ဆက်လက်၍ သစ္စာစောင့်သိကြပြီး ယေဟောဝါရှေ့၌ သူတို့၏ အသနားခံခြင်းများတွင် မည်သည့်အခါမျှ နောက်မဆုတ် ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် ဣသရေလ အမျိုးသားများသည် ကိုယ်တော်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို ရရှိနေကြဆဲဖြစ်ပြီး ကိုယ်တော်သည် သူတို့နှင့် အစဉ်အမြဲ အတူပါရှိကာ သူတို့အလယ်ရှိကျေးဇူးတော် ဖြစ်နေဆဲပင် ဖြစ်သည်။ သူတို့အားလုံးက ယေဟောဝါကို မည်သို့ ချစ်ကြောက်ရိုသေသင့်သည်နှင့် သူ့အား မည်သို့ အစေခံသင့်သည်ကို သိကြပြီး၊ သူတို့အားလုံးက သူ၏ ဂရုစိုက်မှုနှင့် အကာအကွယ်ကို ရရှိရန်အတွက် မည်သို့ပြုမူရမည်ကို သိကြသည်။ ဤသည်မှာ သူတို့အားလုံးက သူတို့နှလုံးသားထဲ၌ သူ့ကို ချစ်ကြောက်ရိုသေကြသောကြောင့် ဖြစ်သည်။ သူတို့အစေခံခြင်းအားလုံး၏ အောင်မြင်မှု၏ လျှို့ဝှက်ချက်မှာ အခြားဘာမျှမဟုတ်ဘဲ ချစ်ကြောက် ရိုသေခြင်းပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ယနေ့ခေတ်တွင် သင်တို့အားလုံးမှာ မည်သည့်အရာနှင့် တူသနည်း။ ဣသရေလ အမျိုးသားများနှင့် တူညီကြသလော။ ယနေ့ခေတ် အစေခံခြင်းမှာ ပြောင်မြောက်သော ဝိညာဉ်ရေးလူတစ်ဦး၏ ခေါင်းဆောင်မှု နောက်လိုက်ခြင်းနှင့် ဆင်တူသည်ဟု သင်ထင်သလော။ သင်တို့၌ သစ္စာစောင့်သိမှုနှင့် ချစ်ကြောက်ရိုသေခြင်း အနည်းငယ်မျှပင် မရှိကြပေ။ သင်တို့သည် ကျေးဇူးတော် အတော်အတန်ရရှိပြီး ဘုရားသခင်ကို သင်တို့အားလုံး တိုက်ရိုက်အစေခံနေကြရာ၌ ဣသရေလ ယဇ်ပုရောဟိတ်များနှင့် တူညီကြသည်။ သင်တို့သည် ဗိမာန်တော်ထဲသို့ မဝင်ကြသော်လည်း သင်တို့ရရှိသည့်အရာနှင့် သင်တို့တွေ့မြင်သည့်အရာမှာ ဗိမာန်တော်ထဲတွင် ယေဟောဝါကို အစေခံခဲ့ကြသော ယဇ်ပုရောဟိတ်များ ရရှိသည်ထက် ပို၍များသည်။ သို့သော်လည်း သင်တို့သည် သူတို့ထက် ပို၍ပင် ကြိမ်ဖန်များစွာ ပုန်ကန်ကြသည်။ သင်တို့၏ ချစ်ကြောက်ရိုသေမှုမှာ မပြောပလောက်ဖြစ်ပြီး အကျိုးဆက် အနေဖြင့် အလွန်နည်းပါးသော ကျေးဇူးတော်ကို သင်တို့ ရရှိကြသည်။ သင်တို့သည် အနည်းငယ်သာ ဆက်ကပ်သော်လည်း၊ သင်တို့ရရှိထားသည်မှာ ထိုဣသရေလ အမျိုးသားများ ရရှိခဲ့ဖူးသည်ထက် ပို၍ပင် များပြားသည်။ ဤအရာအားလုံး၌ သင်တို့ကို အကျိုးကြီးစွာ မပြုသလော။ ဣသရေလ၌ အမှုပြုနေစဉ် လူတို့သည် ယေဟောဝါကို ဆန္ဒအလျောက် စီရင်ခြင်း မပြုဝံ့ခဲ့ကြပေ။ သို့ဖြစ်စေကာမူ သင်တို့ကား အဘယ်သို့ရှိသနည်း။ သင်တို့ကို သိမ်းပိုက်ဖို့ လက်ရှိ ငါ လုပ်ဆောင်နေသည့် အမှုအတွက်သာ မဟုတ်ခဲ့ပါက၊ ငါ၏နာမတော်ကို သင်၏ လွန်စွာ မဖွယ်မရာ အရှက်ရစေခြင်းကို ငါ အဘယ်သို့ သည်းခံနိုင်မည်နည်း။ သင်တို့ နေထိုင်သော ခေတ်မှာ ပညတ်တော်ခေတ်ဖြစ်ခဲ့ပါက သင်တို့၏ စကားများနှင့် လုပ်ရပ်များကို ထောက်ဆလျှင် သင်တို့ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်တော့ပေ။ သင်တို့၏ ချစ်ကြောက်ရိုသေခြင်းမှာ မပြောပလောက်ပါတကား။ သင်တို့သည် သင်တို့အပေါ် မျက်နှာသာပေးမှုများစွာ နှင်းအပ်မထားသည့်အတွက် ငါ့ကို အစဉ်အမြဲ အပြစ်တင် နေကြသည်။ ထို့ပြင် ငါသည် သင်တို့ကို လုံလောက်သော ကောင်းချီးနှုတ်ကပတ်တော်များ မပေးဘဲ သင်တို့အဖို့ ကျိန်ဆဲမှုများသာ ငါ၌ရှိသည်ဟုပင် အခိုင်အမာဆိုကြသည်။ ငါ့အပေါ် ထိုမျှနည်းပါးသော ချစ်ကြောက်ရိုသေမှုနှင့်ဆိုလျှင် သင်တို့အနေဖြင့် ငါ၏ ကောင်းချီးများ လက်ခံရန် မဖြစ်နိုင်သည်ကို သင်တို့မသိကြသလော။ ငါသည် သင်တို့ အစေခံခြင်း၏ ဆိုးရွားသော အခြေအနေကြောင့် သင်တို့အပေါ် အစဉ်မပြတ် ကျိန်ဆဲပြီး တရားစီရင်မှုကို ချမှတ်ကြောင်း သင်တို့ မသိကြသလော။ သင်တို့ မတရားသဖြင့် ခံခဲ့ရသည်ဟု သင်တို့အားလုံး ထင်မိကြသလော။ ငါသည် ပုန်ကန်တတ်ပြီး နာခံခြင်းမရှိသော လူတစ်စုအပေါ် ငါ၏ ကောင်းချီးများကို အဘယ်သို့ နှင်းအပ်နိုင်မည်နည်း။ ငါ၏ နာမတော်ကို ဂုဏ်အသရေညှိုးနွမ်းစေသော လူတို့အား ငါ၏ကျေးဇူးတော်ကို ငါသည် အဘယ်သို့ ပေါ့ပေါ့တန်တန် ချပေးနိုင်မည်နည်း။ သင်တို့သည် လွန်ကဲသော သနားခြင်းကရုဏာနှင့် ဆက်ဆံခံရ ပြီးလေပြီ။ ဣသရေလအမျိုးသားများသည် ယနေ့ သင်တို့ ပုန်ကန်သကဲ့သို့ ပုန်ကန်တတ်ခဲ့လျှင်မူ ငါသည် သူတို့ကို ရှေးတုန်းကတည်းက အမြစ်ဖြတ်သုတ်သင်ခဲ့ပြီးဖြစ်မည်။ သို့သော်လည်း ငါသည် သင်တို့ကို သက်ညှာမှုနှင့်သာ ဆက်ဆံသည်။ ဤသည်မှာ အကျိုးပြုခြင်းပင် မဟုတ်သလော။ ဤအရာထက် ပိုမိုကြီးမားသော ကောင်းချီးများကို သင်တို့ တောင့်တသလော။ ယေဟောဝါသည် သူ့အား ရိုသေသော သူတို့ကိုသာ ကောင်းချီးပေးသည်။ သူသည် သူ့အား ခုခံသော လူတို့ကို တစ်ဦးတစ်ယောက်မျှ လုံးဝခွင့်မလွှတ်ဘဲ ပြစ်တင်ဆုံးမသည်။ မည်သို့အစေခံရမည်ကို မသိသော ယနေ့ခေတ် သင်တို့လူများသည် သင်တို့နှလုံးသားများ လုံးလုံးလျားလျား ပြန်လှည့်လာမည့်အကြောင်း ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ပို၍သာ လိုအပ်လျက်ရှိသည် မဟုတ်သလော။ သင်တို့အပေါ်သို့ နှင်းအပ်ရန်အတွက် ထိုကဲ့သို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှာ အကောင်းဆုံးသော ကောင်းချီးမျိုးဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သင်တို့၏ အကောင်းဆုံး ကာကွယ်မှုဖြစ်သည် မဟုတ်လော။ ၎င်းတို့မပါဘဲ သင်တို့အနက် တစ်စုံတစ်ဦးသည် ယေဟောဝါ၏ လောင်ကျွမ်းသောမီးကို ကြံ့ကြံ့ခံနိုင်မည်လော။ သင်တို့သည် ဣသရေလ အမျိုးသားများကဲ့သို့ သစ္စာရှိစွာ အမှန်တကယ် အစေခံနိုင်သည်ဆိုလျှင် ကျေးဇူးတော်ကို သင်တို့၏ အမြဲတမ်း အဖော်မွန်အဖြစ်လည်း ရရှိမည်မဟုတ်လော။ ဝမ်းမြောက်ခြင်းနှင့် လုံလောက်သော မျက်နှာသာ ပေးခြင်းကိုလည်း သင်တို့ မကြာခဏ ရမည်မဟုတ်လော။ သင်တို့ မည်သို့ အစေခံသင့်သည်ကို သင်တို့အားလုံး သိကြပြီလော။

ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက သင်တို့၏ အစေခံခြင်းမှာ ရပ်စဲလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံကြသည့် လူများဖြစ်သောကြောင့်၊ အနည်းဆုံး အနေဖြင့် သင်တို့သည် သင်တို့၏ အစေခံခြင်း၌ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု ရှိနိုင်စွမ်းရှိရမည့်အပြင် သင်ခန်းစာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူနိုင်စွမ်းရှိရမည်။ အထူးသဖြင့် အသင်းတော်၌ အလုပ်လုပ်နေကြသော သင်တို့အတွက်၊ သင်တို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများ တစ်ဦးဦးက သင်တို့ကို ကိုင်တွယ် ဖြေရှင်းဝံ့မည်လော။ သင်တို့၏ အမှားများကို သင်တို့ရှေ့၌ တစ်စုံတစ်ဦးက ဗြောင်ကျကျ ပြောဝံ့မည်လော။ သင်တို့သည် အခြားသူများအထက်၌ မြင့်မြင့်မားမား ရပ်တည်ကြ၏၊ ဘုရင်များကဲ့သို့ ကြီးစိုးကြလေတကား။ သင်တို့သည် ဤကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးများကို လေ့လာခြင်း သို့မဟုတ် ၎င်းတို့အထဲသို့ ဝင်ရောက်ခြင်းပင် မရှိပါဘဲလျက် ဘုရားသခင်အား အစေခံခြင်းအကြောင်းကို ပြောနေသေးသည်တကား။ လက်ရှိတွင် သင့်အား အသင်းတော် အနည်းငယ်ကို ဦးဆောင်စေသော်လည်း သင့်ကိုယ်သင် မစွန့်လွှတ်သည်သာမက၊ “ငါတို့သည် အခြားသူများ၏ ချုပ်ထိန်းခြင်း မခံသင့်သည့်အပြင် ယနေ့ခေတ်တွင် ငါတို့ တွေးခေါ်မြော်မြင်မှု ကင်းမဲ့စွာ နာခံခြင်း မပြုသင့်ဟု ဘုရားသခင် မြွက်ဆိုထားသကဲ့သို့၊ ဤအရာကို ဤနည်းဖြင့် ပြုလုပ်သင့်သည်ဟု ငါထင်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကာ သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များကိုပင် ဖက်တွယ်ထားကြသည်။ ထို့အတွက်ကြောင့် သင်တို့အယောက်စီတိုင်းက သင်တို့ကိုယ်ပိုင် ထင်မြင်ချက်ကို ဆုပ်ကိုင်ပြီး မည်သူမျှ အချင်းချင်း မနာခံကြပေ။ သင်၏ အစေခံခြင်းမှာ ချောင်ပိတ်မိသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း သင်သည် “ငါမြင်သည့်အတိုင်းဆိုလျှင် ငါ့နည်းလမ်းမှာ ပစ်မှတ်နှင့် မဝေးပေ။ မည်သို့ဖြစ်စေ ငါတို့ တစ်ဦးစီတွင် သဘောထား ကိုယ်စီရှိသည်- သင့်သဘောထားကို သင်ပြောပြီး ငါ့သဘောထားကို ငါပြောမည်။ သင့်ရူပါရုံများ အကြောင်းကို သင် မိတ်သဟာယပြုပြီး ငါ့ဝင်ရောက်မှု အကြောင်းကို ငါပြောမည်” ဟု သင်ပြောနေသေးသည်။ ကိုင်တွယ်ဖြေရှင်းသင့်သည့်အရာ မြောက်မြားစွာအတွက် သင် လုံးဝ တာဝန်ယူခြင်းမရှိ၊ သို့မဟုတ် သင်တို့ကိုယ်စီက မိမိကိုယ်ပိုင် ထင်မြင်ချက်များကို ရင်ဖွင့်နေပြီး မိမိကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် မျက်နှာကို နှိုင်းချင့်စွာ ကာကွယ်နေကြကာ အမှန်ပင် ကြံဖန် လုပ်ဆောင်ကြသည်။ သင်တို့အနက်မည်သူမျှ မိမိကိုယ်ကိုယ် နှိမ့်ချလိုစိတ် မရှိသည့်အပြင်၊ အသက်တာသည် ပို၍မြန်ဆန်စွာ တိုးတက်နိုင်ရန်အလို့ငှာ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များကို ထေမိစေဖို့ရာ မည်သည့်ဘက်ကမျှ အစပျိုးလိမ့်မည်မဟုတ်ချေ။ သင်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူသင့်ကြ၏။ သင်တို့က၊ “ကျွန်ုပ်သည် သမ္မာတရား၏ ဤရှုထောင့်နှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု မရှိပါ။ ယင်းနှင့် ပတ်သက်၍ သင် မည်သည့်အတွေ့အကြုံ ရှိပါသနည်း။” ဟု ပြောနိုင်သည်၊ သို့မဟုတ် “ဤရှုထောင့်နှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ထက် အတွေ့အကြုံ ပိုရှိသည်။ ကျေးဇူးပြု၍ လမ်းညွှန်ချက်တစ်ချို့ ကျွန်ုပ်ကို ပေးနိုင်မည်လော” ဟု သင် ပြောနိုင်သည်။ ယင်းသည် ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နည်းလမ်း ကောင်းဖြစ်မည် မဟုတ်လော။ သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတစ်လေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ပူးပေါင်း ဆောင်ရွက်ရာတွင်၊ သင်ပြောသော စကားအချို့မှာ မသင့်လျော်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ ယင်းကို နောက်မှ မိတ်သဟာယပြုပြီး ယင်းအပေါ် ရှင်းလင်းသော နားလည်မှု ရယူလော့။ ယင်းကို လျစ်လျူမရှုနှင့်။ ဤသို့သော မိတ်သဟာယမျိုးနောက်တွင် ညီအစ်ကို သို့မဟုတ် မောင်နှမများ၏ ပျော့ကွက်များကို သင်ထေမိစေနိုင်မည်။ အလုပ်ထဲတွင် ဤကဲ့သို့ ပို၍နက်နဲစွာ ရွေ့လျားသွားခြင်း အားဖြင့်သာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အမြဲတမ်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။ ယခုပင်လျှင် ထိုကဲ့သို့သောအရာများမှာ သင်တို့အထဲတွင် ပေါ်ပေါက်ဆဲဖြစ်သည်။ ယိုးမယ်ဖွဲ့စရာများကို တမင်တကာ ရှာဖွေပြီး အသေးအဖွဲကိစ္စအချို့ကို ငြင်းခုံကြစဉ် မျက်နှာတစ်ခုလုံး နီမြန်းလာကာ၊ မည်သူမျှ မိမိကိုယ်ကိုယ် လက်လျှော့လိုစိတ်မရှိ၊ လူတိုင်း သူ့အတွင်းစိတ်ကူးများကို တစ်ပါးသူထံမှ ဖုံးကွယ်ထားလျက် တစ်ဖက်သားကို မမှိတ်မသုန် စောင့်ကြည့်ပြီး အမြဲတမ်း သတိထားနေလျက်၊ မိတ်သဟာယ ပြုစဉ် အချင်းချင်း တိုက်ခိုက်သည်အထိပင် ဖြစ်ကြသည်။ ဤသို့သော စိတ်သဘောထားမျိုးမှာ ဘုရားသခင်အတွက် အစေခံခြင်းနှင့် သင့်လျော်သလော။ သင်တို့၏အလုပ်ကဲ့သို့သော အလုပ်က ညီအစ်ကိုမောင်နှမများကို တစ်စုံတစ်ရာ ဖြည့်စွမ်းပေးနိုင်သလော။ လူတို့ကို မှန်ကန်သော အသက်တာ လမ်းကြောင်းဆီသို့ သင် လမ်းမညွှန် ပေးနိုင်သည်သာမက၊ သင်၏ ညီအစ်ကိုမောင်နှမများထဲ၌ သင့်ကိုယ်၌၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်ပင် ထည့်သွင်းပေးနေသည်။ အခြားသူများကို သင်နာကျင်စေနေသည် မဟုတ်လော။ သင့်အသိစိတ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ယင်းသည် ရိုးတွင်းခြင်ဆီအထိ ပုပ်ပျက်သည်တကား။ သင်သည် စစ်မှန်မှုထဲသို့ မဝင်ရောက်သည့်အပြင် သမ္မာတရားကိုလည်း သင် လက်တွေ့မကျင့်သုံးပေ။ ထို့ထက်မက အခြားသူများအား သင်၏ ဆိုးယုတ်သောသဘာဝကို အရှက်မရှိ ထုတ်ပြနေသည်။ သင်သည် အရှက်တရားကို တကယ်ပင် မသိချေ။ ဤညီအစ်ကို မောင်နှမများကို သင့်အား အပ်နှံထားသော်လည်း သင်သည် သူတို့ကို ငရဲသို့ ပို့ဆောင်နေသည်။ သင်သည် အသိစိတ် ပုပ်ပျက်သွားသောသူတစ်ဦး မဟုတ်ပေသလော။ သင်၌ အရှက်တရား လုံးဝမရှိချေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။