ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း

လူတို့သည် ၎င်းတို့၏ ဘုရားသခင်ကိုယုံကြည်ခြင်း၌ ဘုရားသခင်ကို မည်ကဲ့သို့ အစေခံသင့်သည်၊ မည်သည့်အခြေအနေများကို ဖြည့်ဆည်းသင့်ပြီး ဘုရားသခင်ကို အစေခံသူများ မည်သည့်သမ္မာတရားအား နားလည်သင့်သည်နှင့် သင်တို့အစေခံရာတွင် မည်သည့်သွေဖည်မှုများရှိသည်တို့ကို ယနေ့ ငါတို့ အဓိကအားဖြင့် ဆွေးနွေးသွားမည်။ ဤအရာတို့ကို သင်တို့နားလည်သင့်ပေသည်။ ၎င်းကိစ္စရပ်များမှာ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ယုံကြည်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် ပြသောလမ်းတွင် သင်တို့ မည်ကဲ့သို့လျှောက်လှမ်းသည်နှင့် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း၌ သင် အဘယ်သို့ ဆက်ကပ်အပ်နှံသည်နှင့် သက်ဆိုင်ပြီး၊ သင်တို့၌ပြုသော ဘုရားသခင်၏အမှုတော် အဆင့်တိုင်းကို ၎င်းတို့က သင်တို့အား သိမြင်စေမည်။ သင်တို့သည် ထိုအဆင့်သို့ရောက်သောအခါ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ယုံကြည်ရမည်နှင့် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်ရန် အဘယ်အရာကို ပြုသင့်သည်ကို ကောင်းစွာသဘောပေါက်လာပေမည်။ ဤအရာသည် သင်တို့အား ဘုရားသခင်၏အမှုတော်ကို အပြည့်အဝ လုံးလုံးလျားလျား နာခံစေမည်ဖြစ်ပြီး၊ သင်တို့၌ ညည်းညူခြင်းများ ရှိတော့မည် မဟုတ်၊ သင်တို့သည် အကဲဖြတ်ခြင်း၊ သို့မဟုတ် စိစစ်ဆုံးဖြတ်ခြင်းများကို ပြုလုပ်လိမ့်မည်မဟုတ်၊ သုတေသနပြုဖို့ဆိုလျှင် ဝေးပေစွ။ ထို့ပြင် သင်တို့အားလုံးသည် သိုးကဲ့သို့ သင်တို့ကို ထိန်းကျောင်းရန်နှင့် အသေသတ်ဖို့ရန် ဘုရားသခင်ကို အခွင့်ပေးပြီး၊ သေသည့်တိုင်အောင် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့အားဖြင့် သင်တို့အားလုံး ၁၉၉၀ ခုနှစ်များ၏ ပေတရုများဖြစ်လာနိုင်ကာ အနည်းငယ်မျှ ညည်းညူခြင်းမရှိဘဲ ကားတိုင်ပေါ်တွင်ပင်လျှင် ဘုရားသခင်ကို အဆုံးစွန် ချစ်နိုင်မည်ဖြစ်သည်။ ထိုမှသာ သင်တို့သည် ၁၉၉၀ ခုနှစ်များ၏ ပေတရုများကဲ့သို့ အသက်ရှင်နိုင်မည် ဖြစ်သည်။

သန္နိဌာန်ချထားသောသူအားလုံးသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို နားလည်သူများနှင့် ဘုရားသခင်၏အလိုတော်ကို အလေးပေးနိုင်သူများသာလျှင် ဘုရားသခင်ကို အစေခံခွင့်ရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ဘုရားသခင်အတွက် ဧဝံဂေလိတရားများကို စိတ်အားထက်သန်စွာ ဝေငှပြီး၊ ဘုရားသခင်အတွက် အဝေးသို့ခရီးနှင်ကာ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံပြီး အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်သရွေ့ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်းဖြစ်ကြောင်း သင်တို့ကြားတွင် ငါ ရှာဖွေတွေ့ရှိရပေသည်။ ပို၍ဘာသာရေးကိုင်းရှိုင်းသူများသည်ပင်လျှင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ လက်ထဲတွင် ကျမ်းစာအုပ်တစ်အုပ်ဖြင့် ဟိုသွားသည်သွားလုပ်ခြင်း၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများကို ဝေငှခြင်းနှင့် လူတို့ကို နောင်တရစေပြီး အပြစ်ဝန်ချစေခြင်းအားဖြင့် ကယ်တင်ခြင်းဟု ယုံကြည်ကြသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ကျမ်းစာသင်ကျောင်းတွင် သင်ယူကာ လေ့ကျင့်ပြီး ဘုရားရှိခိုးကျောင်းတွင် တရားဟောခြင်း၊ သမ္မာကျမ်းစာထဲမှ စာပိုဒ်များကို ဖတ်၍ လူတို့ကို သင်ကြားခြင်းဟုထင်သော ဘာသာရေးခေါင်းဆောင်များစွာ ရှိသည်။ ဘုရားသခင်ကို ဆပ်ကပ်ခြင်းဆိုသည်မှာ နာမကျန်းသူများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း သို့မဟုတ် ညီအစ်ကို မောင်နှမများအတွက် ဆုတောင်းပေးခြင်းနှင့် ၎င်းတို့ကို အစေခံခြင်းဟု ယုံကြည်ကြသော ဆင်းရဲနွမ်းပါးသော ဒေသများမှ လူများလည်းရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ နှုတ်ကပတ်တော်ကို နေ့စဉ်စားသောက်ခြင်း၊ ဘုရားသခင်ထံ နေ့စဉ်ဆုတောင်းခြင်းနှင့် နေရာတိုင်းရှိ ဘုရားကျောင်းများတက်ပြီး အလုပ်လုပ်ခြင်းဟု ထင်သောသူအများအပြား သင်တို့အထဲတွင် ရှိသည်၊ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ လုံးဝအိမ်ထောင်မပြုဘဲ သို့မဟုတ် မိသားစုသစ်ကို မပျိုးထောင်ဘဲ ၎င်းတို့၏ ကိုယ်စိတ်ဝိညာဉ်အားလုံးကို ဘုရားသခင်အတွက် ဆပ်ကပ်ခြင်းဟု ယုံကြည်သော ညီအစ်ကို မောင်နှမများလည်း ရှိသည်။ သို့ရာတွင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ စင်စစ်အားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း လူအနည်းငယ်သာ သိကြ၏။ ဘုရားသခင်ကို အစေခံသောသူများသည် မိုးကောင်းကင်ရှိ ကြယ်များကဲ့သို့ အများအပြားရှိသော်လည်း၊ တိုက်ရိုက်အစေခံနိုင်သောသူနှင့် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံနိုင်သူအရေအတွက်မှာ နည်းပါးလှသည်၊ မပြောပလောက်အောင် နည်းပါးသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ ဤသို့ ငါပြောခြင်းမှာ သင်တို့သည် “ဘုရားသခင်ကို အစေခံခြင်း” ဟူသော စကားစု၏ အနှစ်သာရနှင့် ဘုရားသခင်၏အလိုတော်နှင့်အညီ မည်ကဲ့သို့အစေခံရသည်ကို ပမွှားမျှသာ နားလည်သောကြောင့် ဖြစ်သည်။ ယနေ့ ငါတို့သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် မည်ကဲ့သို့အစေခံရမည်၊ အလိုတော်အတိုင်း မည်ကဲ့သို့အစေခံရမည်ကို အဓိကအားဖြင့် ဆွေးနွေးနေသည်။

ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံလိုပါက မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးပြီး၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံခွင့်ရှိသည်ကို သင်တို့သည် ပထမဦးစွာ နားလည်ထားရမည်။ ယင်းသည် သင်တို့ အနည်းဆုံး သိရှိနားလည်ရမည့်အရာဖြစ်သည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်မည့်အမှုကို သိရှိထားသင့်သည်။ ထိုသို့သိရှိနားလည်ပြီးနောက် နှုတ်ကပတ်တော်၏ လမ်းပြမှုမှတဆင့် သင်တို့သည် စတင်ဝင်ရောက်ကြကာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို စတင်လက်ခံရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြု၍ ဧကန်အမှန် တွေ့ကြုံခံစားသောအခါ၊ ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ ဘုရားသခင်ကို အစေခံခွင့်ရလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို အစေခံသောအခါ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်ကို ပိုမို ရှင်းလင်းစွာ သိမြင်နားလည်စေမည်ဖြစ်သည်။ သင်သည် ဤအခြေအနေသို့ လက်တွေ့ရောက်ရှိပါက သင်၏အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး စစ်မှန်လာမည်ဖြစ်သည်။ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိပြီးသော သင်တို့အားလုံးသည် အသင်းတော်များသို့သွားရောက်ကာ သင်တို့၏ ညီအစ်ကို မောင်နှမများကို တစ်ယောက်၏ အားနည်းချက်အတွက် တစ်ယောက်၏အားသာချက်ကို အသုံးပြုပြီး ဖြည့်ဆည်းပေးကာ ကူညီထောက်ပံ့မှုများပေးနိုင်ပြီး၊ သင်တို့သည် ပိုမိုကြွယ်ဝသော ဝိညာဉ်ပိုင်းဆိုင်ရာ သိမြင်မှုကို ရရှိမည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံနိုင်မည်ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ ရောက်ရှိမည်ဖြစ်သည်။

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်က ချစ်မြတ်နိုးသူများဖြစ်ပြီး ဘုရားသခင်အပေါ် အစွမ်းကုန် သစ္စာရှိနိုင်ရမည်။ လူတို့ရှေ့တွင် လုပ်ဆောင်သည်ဖြစ်စေ၊ နောက်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ သင်တို့သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်မည်ဖြစ်ကာ ဘုရားသခင်၏ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားသူများက သင်တို့ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်တို့သည် သင်တို့၏လမ်းကိုသာ အစဉ်လျှောက်ပြီး၊ ဘုရားသခင်၏ဝန်ထုပ်ကို အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ သူတို့သည် ဘုရားသခင်၏နှလုံးသားကို သူတို့၏နှလုံးသားအဖြစ် သဘောထားနိုင်ကာ ဘုရားသခင်၏ဝန်ထုပ်ကို သူတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး၊ ရှေ့ရေးနှင့် အကျိုးအမြတ်ကို ထည့်သွင်းမစဉ်းစားတော့ပေ။ ရှေ့ရေးလည်းမရှိ၊ ဘာမျှ မရရှိသည်ပင်လျှင် သူတို့သည် ချစ်တတ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြသည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်သည်။ ဘုရားသခင်က ယုံကြည်စိတ်ချရသူများသာ သူ၏ပူပင်သောကနှင့် သူ့ဆန္ဒကို မျှဝေခံစားပေးနိုင်သည်။ သူတို့၏ ဇာတိခန္ဓာသည် နာကျင်မှုကို ခံစားနေရပြီး အားအင်ချည့်နဲ့နေသော်လည်း သူတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင်ကို ကျေနပ်မှုပေးရန် သူတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သော သူတို့ကို ပို၍ကြီးမားသော ဝန်ထုပ်ကို ပေးသည်။ ဘုရားသခင်က မည်သည့်အမှုအရာအား ဆောင်ရွက်မည်ကို ထိုသူတို့မှတစ်ဆင့် ဖော်ပြသည်။ ထို့ကြောင့် ထိုသူတို့ကို ဘုရားသခင်က ချစ်မြတ်နိုးပြီး၊ သူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများဖြစ်ကြကာ သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်မည့်အချိန်ပင် ဖြစ်သည်။

ယေရှုသည် သူ၏ကိုယ်ရေးကိုယ်တာအစီအစဉ်များနှင့် ကိုယ့်အကျိုးကိုထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင်၏ အလိုတော်ကို လေးနက်စွာ ဆောင်ရွက်ခဲ့သောကြောင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်ခဲ့သည်။ သူကိုယ်တိုင်ပင် ဘုရားဖြစ်သည်မှာ သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည်။ (အမှန်အားဖြင့် သူကိုယ်တိုင်က ဘုရားဖြစ်ကြောင်း ဘုရားသခင်သည် သက်သေခံခဲ့သည်။ ငါသည် ဤကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပေးရန်အတွက် ယေရှု၏ အကြောင်းအရာ အချက်အလက်ကို အသုံးပြုရန် ဤအကြောင်းကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အဓိကထားနိုင်ခဲ့ပြီး၊ ကောင်းကင်ဘုံရှိ အဖဘုရားသခင်ထံသို့ အစဉ်မပြတ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖဘုရားသခင်၏အလိုတော်အတိုင်း ဆောင်ရွက်ခဲ့သည်။ သူဆုတောင်းပြောဆိုခဲ့ပုံမှာ− “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုအတိုင်း ဖြစ်စေပါ။ ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသည် ချည့်နဲ့နိုင်သော်ငြားလည်း လူကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ်ဖြစ်သောလူအတွက် ကိုယ်တော်က အဘယ်ကြောင့် စိုးရိမ်ကြောင့်ကြနေရသနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးပြည့်စုံစေလိုပြီး၊ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုလိုသောအရာကို ကိုယ်တော်ပြုတော်မူပါ။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေလိုက်သကဲ့သို့ မချိမဆံ့စိတ်သောကဝေဒနာကို ခံစားခဲ့သည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင်လျှင် မရှိခဲ့ပါ။ တန်ခိုးကြီးမားသောအင်အားတစ်ခုက သူ့အား သူကားစင်တင်ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် ကားစင်တင်ခံခဲ့ရပြီး၊ အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူတို့အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးမြောက်ခဲ့ပြီး၊ သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများ၏အထက်သို့ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုးကို ဆုံးရှုံးခဲ့ပြီး၊ သူ့ကို အရှုံးပေးခဲ့ရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်၏အလိုတော်အတိုင်း ဘုရားသခင်ရှေ့၌ လိုက်လျောညီထွေသော သူ၏အစေခံမှုကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသောဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ ထိုအမှုတော်ကို ပြီးမြောက်စေရန် သူ့ကို ထမ်းရွက်စေခဲ့သည်။ သူသည် ထိုအရေးကြီးသောအမှုကို ဆောင်ရွက်ပြီးမြောက်ရန် ထိုက်တန်ပြီး လျော်ကန်သင့်မြတ်သောသူ ဖြစ်ခဲ့သည်။ သူ့ဘဝတွင် သူသည် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး၊ စာတန်၏ မရေမတွက်နိုင်သော ကြိမ်ဖန်များစွာ သွေးဆောင်ဖြားယောင်းခြင်းကို ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး၊ ချစ်ခဲ့သောကြောင့် ထိုကဲ့သို့သော အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင် ကိုယ်တိုင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟုမိန့်ဆိုခဲ့သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူဖြစ်ခဲ့သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးမြောက်ခြင်း၏အပိုင်းတစ်ပိုင်း ဖြစ်ခဲ့သည်။

အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ဝန်ထုပ်ကို လေးနက်စွာ ထမ်းရွက်ပြီး၊ သင်တို့၏ ဇာတိပကတိစိတ်ကို ကျောခိုင်းနိုင်ပါက သင်တို့သည် ဘုရားသခင်ကို အစေခံရန်လိုအပ်သော အခြေအနေများကို ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသောအမှုတော်ကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤအခြေအနေများသို့ရောက်သည့်အခါမှ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး၊ သူပေးသောတာဝန်ကို ပြီးမြောက်အောင်ထမ်းရွက်နေသည်၊ သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု ရဲဝံ့စွာ ပြောရဲပေလိမ့်မည်။ ယေရှု၏သာဓကနှင့် နှိုင်းယှဉ်ပါက သင်သည် ဘုရားသခင်၏ရင်းနှီးကျွမ်းဝင်သူဟု ရဲဝံ့စွာ ပြောရဲသလော။ သင်သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်နေသည်ဟု ပြောရဲသလော။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ အစေခံနေသည်ဟု ပြောရဲသလော။ အကယ်၍ ယနေ့ သင်သည် ဘုရားသခင်အား အစေခံခြင်းအမှုကို နားမလည်ပါက သင်သည် ဘုရားသခင်၏ရင်းနှီးကျွမ်းဝင်သူဖြစ်သည်ဟု ပြောရဲသလော။ မိမိသည် ဘုရားသခင်ကို အစေခံသည်ဟု သင်ပြောပါက သူ့ကို စော်ကားပြောဆိုခြင်း မဟုတ်လော။ ဤအရာကို စဉ်းစားကြည့်လော့။ သင်သည် ဘုရားသခင်ကို အစေခံနေခြင်းလော သို့မဟုတ် သင့်ကိုယ်သင် အစေခံနေခြင်းလော။ သင်သည် စာတန်ကို အစေခံသော်ငြားလည်း ဘုရားသခင်ကို အစေခံနေပါသည်ဟု ခေါင်းမာစွာပြောသည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်း မဟုတ်လော။ ငါ့အနောက်တွင် လူအများအပြားသည် ရာထူးအဆင့်အတန်းဂုဏ်ကောင်းချီးကို တပ်မက်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲစားသောက်ကြပြီး နှစ်ခြိုက်စွာ အိပ်လိုကြကာ ကိုယ်ခန္ဓာအသွေးအသား၏ တောင့်တမှုကို အလေးပေးကာ ဖြည့်ဆည်းကြပြီး၊ ကိုယ်ခန္ဓာအသွေးအသား၏တောင့်တမှုကို ရှောင်လွှဲပါက ဆောက်တည်ရာမရဖြစ်မည်ကို အစဉ်မပြတ် စိုးရိမ်ပူပန်ကြသည်။ သူတို့သည် အသင်းတော်တွင် မိမိတို့၏ ပုံမှန်အလုပ်ကို မဆောင်ရွက်ဘဲ အစားအစာကို အခမဲ့စားကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို ငါ့နှုတ်ကပတ်တော်အားဖြင့် ပဲ့ပြင်ပေးခြင်းများ မပြုလုပ်ပေ။ သူတို့သည် အထက်စီးမှနေကာ အခြားသူများအပေါ် မောက်မာစွာ ပြုမူဆက်ဆံကြသည်။ ထိုသူတို့သည် မိမိတို့မှာ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေပြီး၊ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုနေသည်မှာ သဘာဝမကျဖြစ်သည် မဟုတ်လော။ အကယ်၍ သင်၌ မှန်ကန်သော ရည်ရွယ်ချက်များရှိသော်လည်း ဘုရားသခင်၏အလိုတော်နှင့်အညီ အစေမခံနိုင်ပါက သင်သည် မိုက်မဲနေသည်သာ ဖြစ်သည်။ အကယ်၍ သင်၏ရည်ရွယ်ချက်များသည် မမှန်ကန်ဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် စာနာထောက်ထားမှု မရှိပေ။ ဘုရားသခင်၏အိမ်တော်တွင် သူတို့သည် အခမဲ့စားကြကာ ဇာတိပကတိ၏သာယာမှုကို အစဉ်တပ်မက်ကြပြီး၊ ဘုရားသခင်၏အကျိုးအတွက် ထည့်သွင်းစဉ်းစားမှုမရှိကြပေ။ သူတို့သည် မိမိတို့အတွက် ကောင်းကျိုးကို အစဉ်ရှေးရှုပြီး၊ ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြ။ သူတို့ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က မမြတ်နိုးချေ။ သူတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများအပေါ် အစဉ်လျှို့ဝှက်ကြံစည်ပြီး၊ မကောင်းကြံကြသည်။ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားသော စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ သူတို့တွင် မျက်နှာနှစ်ဘက်ရှိကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ကောင်းချီးများကို လက်ခံရရှိရန် သင့်လျော်သလော။ သင်သည် သင်၏ဘဝအသက်တာနှင့် အသင်းတော်အတွက် တာဝန်ယူမှုမရှိပေ။ သင်သည် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရရှိရန် သင့်လျော်ပါ၏လော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်ဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသောတာဝန်ကို တာဝန်ပေးစေခိုင်းရန် မည်ကဲ့သို့ ယုံကြည်စိတ်ချနိုင်မည်နည်း။ သင်သည် အမှုအရာများကို နှောင့်နှေးကြန့်ကြာစေသည် မဟုတ်လော။

ဘုရားသခင်၏အလိုတော်အတိုင်း လိုက်လျောညီထွေစွာ အစေခံရန်အတွက် မည်သည့်အခြေအနေများကို ဖြည့်ဆည်းရမည်ကို သင်တို့သိရှိနိုင်စေရန် ငါသည် ဤအရာကိုပြောခြင်းဖြစ်သည်။ အကယ်၍ သင်တို့သည် သင်တို့၏နှလုံးသားကို ဘုရားသခင်အား မပေး၊ ယေရှုကဲ့သို့ ဘုရားသခင်၏အလိုတော်ကို လေးလေးနက်နက် မထမ်းရွက်ပါက ဘုရားသခင်က သင့်တို့အပေါ် ယုံကြည်နိုင်မည်မဟုတ်ဘဲ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို အစေခံရာတွင် သင်၌ ဘုရားသခင်ကို လှည့်ဖြားရန် ရည်ရွယ်ချက် အစဉ်အမြဲ ရှိနေသည်။ သို့သော် ဘုရားသခင်သည် သင့်ကို မှတ်ထားလိမ့်မည် ဖြစ်သည်။ အတိုချုံး၍ဆိုရသော် အခြားအရာများ မည်သို့ပင်ဖြစ်စေကာမူ သင်သည် ဘုရားသခင်ကို လိမ်လည်ပါက ကြမ်းကြုတ်သောတရားစီရင်မှုသည် သင့်အပေါ်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ သင်တို့သည် စိတ်နှစ်ခွဖြင့် သစ္စာခံမှုများမရှိဘဲ ဘုရားသခင်အား သင်တို့၏စိတ်နှလုံးသားကို ဦးစွာပေးရန် စစ်မှန်သော အစေခံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို ကောင်းစွာအသုံးချသင့်သည်။ သင်သည် ဘုရားသခင်၏ရှေ့တွင်ဖြစ်စေ၊ အခြားလူတို့၏ရှေ့တွင်ဖြစ်စေ၊ သင်၏နှလုံးသားသည် ဘုရားသခင်ကို အစဉ်မျက်နှာမူသင့်ပြီး၊ ယေရှုကဲ့သို့ ဘုရားသခင်ကိုချစ်ရန် သန္နိဌာန်ချထားသင့်သည်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏စိတ်သဘောထားနှင့် လိုက်ဖက်ညီသော သူ၏အစေခံဖြစ်လာစေရန် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ဘုရားသခင်၏ သင့်အပေါ်ပြုသော စုံလင်စေခြင်းအမှုကို သင်သည် ဧကန်အမှန် ရရှိလိုပြီး၊ ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံလိုပါက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်၌ ယခင်ကရှိသော အမြင်များကို သင့်အနေဖြင့် ပြောင်းလဲသင့်ပြီး၊ ဘုရားသခင်အား သင်အစေခံနေကျပုံစံကို ပြောင်းလဲသင့်ပေသည်။ ထိုမှသာ ဘုရားသခင်သည် သင်၌ သာ၍များပြားသော စုံလင်ခြင်းအမှုကို ပြုနိုင်သည်။ ဤသို့ဖြင့် ဘုရားသခင်သည် သင့်ကို ပစ်ပယ်လိမ့်မည် မဟုတ်ဘဲ သင်သည် ပေတရုကဲ့သို့ ဘုရားသခင်ကိုချစ်သောသူများထဲတွင် ထိပ်ဆုံး၌ ရှိနေမည်ဖြစ်သည်။ သင်သည် နောင်တမရဘဲရှိနေပါက ယုဒရှကာရုတ်ကဲ့သို့ပင် သင်နိဂုံးချုပ်သွားလိမ့်မည်။ ဤအချက်ကို ဘုရားသခင်ကို ယုံကြည်သောသူအားလုံး နားလည်သင့်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။