ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၂)
ခေါင်းဆောင်လုပ်သူများသည် အလုပ်အပေါ် အလွန်အမင်း အာရုံစူးစိုက်ခြင်း သို့မဟုတ် သူတို့၏ အဆင့်အတန်းအပေါ် အစဉ်သဖြင့် အာရုံစိုက်ခြင်း မပြုသင့်သကဲ့သို့ သူတို့ကိုယ်တိုင်အတွက် မြင့်မားသော စံနှုန်းများသတ်မှတ်ပြီး ထို့နောက်တွင် “ငါသည် ခေါင်းဆောင်ဖြစ်၏။ ငါ့တွင် ဤရာထူး၊ ဤအဆင့်အတန်း ရှိသကဲ့သို့ ဤအစွမ်းအစ၊ ဤအရည်အချင်းလည်း ရှိသည်။ ငါသည် သင့်ကို ဦးဆောင်နိုင်သည့်အတွက် သင့်ကို ပံ့ပိုးလည်း ပံ့ပိုးပေးနိုင်သည်” ဟု လူတကာ သိစေရန်အလို့ငှာ လူတိုင်း၏ ပြဿနာများကို ဖြေရှင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကိုလည်း မစဉ်းစားသင့်ပေ။ ထိုကဲ့သို့သော စကားများကို သူတို့ပြောထွက်နိုင်သည်မှာ ပြဿနာရှိသည်။ မည်သည့်နည်းလမ်းဖြင့် ပြဿနာရှိသနည်း။ သင့်ဦးတည်ချက်သည် မမှန်ကန်ဘဲ သင့်ကိစ္စများကို ကိုယ်တွယ်ဖြေရှင်းရာတွင် သင်သည် စည်းမျဉ်းမရှိပါက သင်လုပ်သမျှသည် မှားယွင်းနေမည်ဖြစ်ပြီး သွေဖည်မှုများသာ ဖန်တီးနေမည် ဖြစ်သည်။ သင်၏ အရင်းခံအကြောင်းသည် မှားယွင်းနေပါက သင်လုပ်ဆောင်သမျှသည်လည်း မှားယွင်းနေမည်။ သမ္မာတရားကို ရှာဖွေရေး၊ သမ္မာတရားကို နားလည်ရေး၊ ရူပါရုံများ၏ သမ္မာတရား အနှစ်သာရကို နားလည်ရေး၊ စည်းမျဉ်းများနှင့်သက်ဆိုင်သော ဤရှုထောင့်ကို ကျွမ်းကျင်ပိုင်နိုင်ရေးတို့အပေါ် အာရုံစိုက်လော့။ ယင်းသည် မှန်ကန်ပေသည်။ ကိစ္စရပ်များ သင့်ထံ ဖြစ်ပျက်လာသည့်အခါ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ရသောအခါများတွင် ဤစည်းများကို မကျော်လွန်သရွေ့ သင်သည် အခြားသူများကို ကူညီပေးနိုင်မည်။ သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်။ သင်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်လည်း ဖြစ်နေပေမည်။ သို့ရာတွင် သင့်အနေဖြင့် အယူဝါဒတချို့ကိုသာ နားလည်ပါက၊ ပြီးလျှင် ဦးဆောင်နိုင်ရန်အတွက် သင့်ကိုယ်သင်လည်း ယင်းတို့ဖြင့်သာ ပြင်ဆင်ထား၍ ဒေသနာများကိုသာ ပိုမိုနားထောင်ပြီး နောက်ထပ် စကားလုံးအနည်းငယ်ကိုသာ ကျွမ်းကျင်အောင် လုပ်ပါက၊ ပြီးလျှင် တစ်ဦးတစ်ယောက်၏ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားသည့်အခါတွင် အယူဝါဒနှင့် စကားလုံးအနည်းငယ်ကိုသာ ပြောဆို၍ ရလဒ်အနေဖြင့် သူတို့၏ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းပေးနိုင်ပါက သင့်တွင် ခေါင်းဆောင်ဖြစ်ခြင်း၏ စစ်မှန်မှု မရှိဘဲ သင်သည် သင်္ကြန်အမြောက်တစ်ခုသာ ဖြစ်ပေသည်။ ဤသည်ကား မည်ကဲ့သို့ ခေါင်းဆောင်မျိုးနည်း။ (ခေါင်းဆောင်အတုအယောင်တစ်ယောက် ဖြစ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်အတုအယောင်ပေတည်း။ သင်သည် တကယ့်အလုပ်ကို မဆောင်ရွက်နိုင်ချေ။ မည်သူတစ်ဦးတစ်ယောက်ကမျှ ခေါင်းဆောင်အတုအယောင်ကို ဖော်ထုတ်ကာ တိုင်ကြားခြင်း မပြုလျှင်ပင် အသင်းတော်အတွင်းရှိ ဘုရားရွေးချယ်ခံ လူများ၏ အသက်တာသည် မတိုးတက်ဘဲ ပြဿနာများ တိုးပွားလာ၍ ခေါင်းဆောင်အတုအယောင်သည် အပြစ်တင်ခြင်းကို ခံယူပြီး မဖြစ်မနေ ဆင်းဖယ်ပေးရမည် ဖြစ်သည်။ သင်သည် ခေါင်းဆောင်အတုအယောင်ဖြစ်ပါက သင်၏ ရာထူးနေရာသည် မည်မျှပင် မြင့်မားစေကာမူ သင်သည် ခေါင်းဆောင်အတုအယောင်တစ်ယောက် ဖြစ်မြဲဖြစ်နေဆဲပင်။ ယခုဆိုရလျှင် သင်သည် တကယ့်အလုပ်ကို ဆောင်ရွက်နိုင်ခြင်း ရှိမရှိနှင့် ခေါင်းဆောင်အတုအယောင် ဟုတ်မဟုတ်ဆိုသည်တို့က အရေးအကြီးဆုံး အရာများမဟုတ်။ သို့ဆိုလျှင် မည်သည်က အရေးအကြီးဆုံး အရာဖြစ်သနည်း။ သင်သည် သမ္မာတရားကို ရှာဖွေရေးနှင့် အသက် ဝင်ရောက်မှုအပေါ် အာရုံစူးစိုက်ရေးကို ယခုပင် မြန်မြန်လုပ်ရမည်။ သင့်တွင် အသက် ဝင်ရောက်မှု ရှိသွား၍ သင်သည် စိတ်သဘောထားကို ပြောင်းလဲလိုက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သွားကာ သင်၏ မမှန်ကန်သော အခြေအနေများကို ဖြေရှင်းလိုက်နိုင်သည် ဆိုသည်နှင့် အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန် သင့်အတွက် လွယ်ကူသွားပေလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်လိုက်သည်နှင့် အခြားသူများ၏ ပြဿနာများကို မဖြေရှင်းနိုင်သည်ကို သင်စိုးရိမ်နေပါဦးမည်လော။ သင်သည် ကောင်းစွာ ဦးဆောင်နိုင်ခြင်း ရှိမရှိကို စိတ်ပူနေရန် လိုတော့မည်မဟုတ်။ သမ္မာတရား စစ်မှန်မှုကို သင်ပိုင်ဆိုင်ပါက သင်၏ တာဝန်ကို သဘာဝအလျောက်ပင် ကောင်းစွာ ထမ်းဆောင်နိုင်ကာ တကယ့်ပြဿနာများကို ဖြေရှင်းနိုင်ပေမည်။ သင်သည် ဤသည်ကို အစအဆုံး နားလည်ရမည်။ သင်သည် ဤသည်ကို အစအဆုံး နားမလည်ဘဲ သင်၏ ခေါင်းဆောင် အဆင့်အတန်းကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ထားလိုကာ ဘုရားရွေးချယ်ခံ လူများ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ပုံရိပ် တည်ထောင်လိုသည်ဆိုပါက သင်၏ ရည်ရွယ်ချက်သည် လွဲမှားနေ၍ သင်သည် သဘာဝအလျောက်ပင် အရှက်ရကာ ကျရှုံးရပေမည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော၊ မိမိ၏ အသက် ဝင်ရောက်မှုကို အာရုံစူးစိုက်သော လူတစ်ဦးဖြစ်ကာ သင်၏ လူသား ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ မမှန်ကန်သော လိုက်စားမှုများကို လက်လျှော့ စွန့်လွှတ်ပြီး ယင်းအရာများ၏ ချုပ်တည်းခြင်း မခံရပါက သင်သည် သမ္မာတရားကို လိုက်စားနိုင်မည်ဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ သမ္မာတရား၏ ရှုထောင့်တစ်ခုချင်းစီကို သဘာဝအလျောက်ပင် နားလည်လာနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့်ဆိုပါက တစ်ပါးသူတို့ကို ကူညီပေးခြင်းနှင့် ပတ်သက်လာလျှင် သင်သည် ကျွမ်းကျင်ပိုင်နိုင်လိမ့်မည် ဖြစ်ကာ ထိုသို့ ကူညီပေးရာတွင်လည်း အခက်အခဲ တစ်စုံတရာ ရှိလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် သင်၏ အဆင့်အတန်းကို စောင့်ရှောက်မနေသင့်ပေ။ ယင်းမှာ သင်္ကြန်အမြောက်ပင် ဖြစ်သည်။ ယင်းသည် အသုံးမဝင်။ ယင်းသည် သင့်ကို မည်သည့်ကောင်းကျိုးမျှ ဆောင်ကြဉ်းပေးမည် မဟုတ်။ ထို့ပြင် ယင်းသည် သင့်ကို သမ္မာတရား နားလည်ရန် ကူညီလိမ့်မည်လည်း မဟုတ်။ ထိုမျှမက ယင်းသည် သင့်ကို အမှားများစွာ ကျူးလွန်မိအောင် လှည့်စားနိုင်ကာ သင့်ကို လမ်းလွဲသွားအောင်လည်း လုပ်နိုင်သေးသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်အတွက်မူ အဆင့်အတန်းသည် ထောင်ချောက်တစ်ခုဖြစ်သည်။ သို့သော် မည်သူမျှ ဤအတားအဆီးကို မရှောင်လွှဲနိုင်ပေ။ အားလုံးသည် ဤအတားအဆီးကို ဖြတ်သန်းရမည်သာ ဖြစ်သည်။ ယင်းကို သင်မည်သို့ချဉ်းကပ်သည်ဆိုသည့်အပေါ်သာ မူတည်ပေသည်။ သင်သည် ယင်းကို လူသား နည်းလမ်းများ သုံးကာ ချဉ်းကပ်ပါက သင့်ကိုယ်သင် ချုပ်တည်းကာ ပုန်ကန်နိုင်မည်မဟုတ်။ ဤသည်ကို သမ္မာတရား အသုံးပြု၍သာ ဖြေရှင်းနိုင်သည်။ သမ္မာတရားက ဤအခက်အခဲကို ဖြေရှင်းနိုင်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပါက ဤပြဿနာကို အရင်းအမြစ်မှနေ၍ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ အကယ်၍ သင်သည် ဤအခက်အခဲကို ဖြေရှင်းရန် သမ္မာတရားကို မသုံးနိုင်လျှင်လည်းကောင်း၊ အကယ်၍ သင့်ကိုသင် ချုပ်တည်းရုံမျှ ချုပ်တည်းထားကာ အမှုအရာများကို ပုန်ကန်ရုံမျှ ပုန်ကန်နေလျှင်၊ သင်၏ အတွေးများ၊ သင်၏ ချဉ်းကပ်ပုံများ၊ သင်၏ အကြံဉာဏ်များကို ပုန်ကန်နေပြီး အစဉ်သဖြင့် ဤသို့သာ ပုန်ကန်နေလျှင်လည်းကောင်း ဤသည်ကား မည်သည့်နည်းစနစ်နည်း။ ဤသည်ကား အပျက်သဘောဆောင်သော ချဉ်းကပ်နည်းပင် ဖြစ်သည်။ သင်သည် အပြုသဘောဆောင်သော နည်းစနစ်များကို သုံးကာ ဤသည်ကို ဖြေရှင်းရမည်။ ဆိုလိုသည်မှာ သင်သည် သမ္မာတရားကို သုံး၍ ဤသည်ကို ဖြေရှင်းရမည်။ ဤအခြင်းအရာကို အစအဆုံး နားလည်ရမည်။ ပထမဦးစွာ ထိုအန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များက သူတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ရှာဖွေရန်အပြင် သူတို့၏ ဂုဏ်ပကာသနနှင့် ဂုဏ်မာနကို ကာကွယ်ရန် အသုံးပြုသည့် ချဉ်းကပ်ပုံအမျိုးမျိုးကို ကြည့်လော့။ ယင်းတို့ကို ရှင်းလင်းစွာ မြင်ပြီးချိန်တွင် သင်သည် “အလို၊ ရှက်ဖွယ်လိလိပါတကား။ အမှန်တကယ်ပင် ရှက်ဖွယ်ကောင်းလေစွ။ ငါရော ထိုချဉ်းကပ်ပုံများကို သုံးလေသလော” ဟု ခံစားရလိမ့်မည်။ ထို့နောက်တွင် သင်သည် သင့်ကိုယ်သင် စတင်၍ ထင်ဟပ်ဆင်ခြင်လာကာ မကြာမီတွင်ပင် “အလို၊ ငါသည်လည်း ထိုချဉ်းကပ်ပုံ အများအပြားကို အသုံးပြုမိနေ၏။ ငါသည် ထိုအန္တိခရစ်များ၊ ခေါင်းဆောင်အတုအယောင်များနှင့် သိပ်မခြားပါတကား” ဟု သဘောပေါက်လာပေမည်။ သင်၏ စိတ်နှလုံးတွင် နောင်တတချို့ရပြီး “ငါ့အနေဖြင့် ငါ၏ အဆင့်အတန်းကို ဆက်လက်ကာကွယ်ကာ ဤရှက်ဖွယ်အရာကို ဆက်လက်ထုတ်ဖော်ပြသနေ၍ မရတော့” ဟုဆိုကာ သင်ခန်းစာယူရန် စိတ်ဆုံးဖြတ်လိုက်ပေမည်။ အခြားသူများက သင့်ကို မြတ်နိုးလေးစားခြင်း ရှိမရှိကိုသော်လည်းကောင်း၊ အခြားလူများအတွက် ပြဿနာမည်မျှ သင်ဖြေရှင်းပေးနိုင်သည်ကိုသော်လည်းကောင်း၊ သင့်ကို တစ်ဦးတစ်ယောက်က နားထောင်မထောင်ကိုသော်လည်းကောင်း၊ လူမည်မျှ၏ စိတ်နှလုံးတွင် သင့်အတွက် နေရာရှိသည်ကိုသော်လည်းကောင်း အာရုံစူးစိုက်နေခြင်းကို ရပ်လော့။ ထိုအခြင်းအရာတို့သည် သင်၏ စိတ်နှလုံးတွင် အမြဲရှိနေပါက သင်သည် အာရုံရှုပ်ထွေးကာ သင့်ကို ထိခိုက်စေလိမ့်မည်။ ထို့ပြင် သင့်တွင် သမ္မာတရားကို လိုက်စားချိန် ပိုနည်းလိမ့်မည်။ သင်သည် သင်၏ အကန့်အသတ်ဖြင့်သာ ရှိသော စွမ်းအင်နှင့် သင်၏ အဖိုးတန်သော အချိန်တို့ကို ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ရလိုသည့် သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအတွက် အသုံးပြုလိုက်ပြီးဖြစ်သည်။ ရလဒ်အားဖြင့် သင်သည် သမ္မာတရားနှင့် အသက်ကို မရလိုက်ချေ။ သင်သည် အဆင့်အတန်း ရရှိသွားကာ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းလိုက်နိုင်ပါသော်လည်း အသက် ဝင်ရောက်မှုကိုကား မရလိုက်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးလိုက်ရသည်။ ယင်း၏ အန္တိမအဆုံးသတ်ကား အဘယ်အရာ ဖြစ်မည်နည်း။ သင်သည် ဖယ်ရှားရှင်းလင်းခံရကာ အပြစ်ဒဏ်ပေးခံရမည်။ ယင်းသည် အဘယ်ကြောင့် ဖြစ်ရသနည်း။ သင်သည် မှားယွင်းသော လမ်းကို ရွေးချယ်မိသောကြောင့်ပင်။ အကယ်၍ သင်သည် ပေါလု၏ အဆင့်သို့ ရောက်သွားပါက အဆုံးတွင် အပြစ်ဒဏ်ပေးခံရလိမ့်မည်။ သို့သော် သင်သည် ပေါလု၏ အဆင့်သို့ မရောက်ရှိသေးဘဲ သင်၏ လမ်းကြောင်းကို အချိန်မီ ပြန်လှည့်ပါက ရွေးနုတ်ခြင်းခံရရန် အခွင့်အရေးရှိသေးကာ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသေးသည်။
ဘုရားသခင်ကို ယုံကြည်ကြသူတို့တွင် မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ ထိုပြဿနာများက အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ကြွယ်ဝမှုတို့ကို ရဖို့ အားထုတ်ခြင်း ဖြစ်နေသည်ဖြစ်စေ၊ ပုဂ္ဂလိက ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်း ဖြစ်နေသည်ဖြစ်စေ မည်သို့ပင် ဖြစ်စေကာမူ ပြဿနာတိုင်းကို သမ္မာတရားလိုက်စားခြင်းမှတစ်ဆင့် ဖြေရှင်းရမည်။ မည်သည့်ပြဿနာမျှ သမ္မာတရားကို ကျော်လွှား၍မရ။ မည်သည့်ကိစ္စမျှ သမ္မာတရားနှင့် ကင်းကွာနေခြင်းမရှိ။ အကြင်လူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် သမ္မာတရားဆီမှ ထွက်ခွာသွားသည်နှင့် သူ၏ ယုံကြည်မှုသည် ဗလာကျင်းလေသည်။ အခြားမည်သည့်အရာကို ဖွေရှာခြင်းကမျှ အသုံးမဝင်တော့ပေ။ အချို့လူတို့သည် အထင်ကြီးဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော တာဝန်များကို လုပ်နေကာ သူတို့ကို အခြားသူများ အထင်ကြီးအားကျလာအောင် လုပ်နေရုံမျှဖြင့် စိတ်ချမ်းသာနေကြသည်။ ဤသည်ကား အသုံးဝင်ပါ၏လော။ ဤသည်ကား သင်၏ နောက်ဆုံး အဆုံးသတ်မဟုတ်သလို နောက်ဆုံး ဆုလာဘ်လည်း မဟုတ်။ ထို့ပြင် ယင်းသည် သင်၏ ပန်းတိုင်လည်း မုချ မဟုတ်။ ထို့ကြောင့် သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် ယာယီမျှသာဖြစ်သည်။ ထာဝစဉ်အတွက် မဟုတ်။ ယင်းသည် ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အသိအမှတ်ပြုခြင်း မဟုတ်။ သင့်ကို ချီးမြှင့်ထားသော ဆုလာဘ်လည်း မဟုတ်ပေ။ နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ စီစဉ်မှုအောက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်။ သင်က မရေမရာဖြစ်သောအရာများကို လိုက်စားဖို့ အခြားလမ်းကြောင်းကို ရှာဖွေပြီး သင်သည် ကံကောင်းပြီး အောင်မြင်လိမ့်မည်ဟု စိတ်ကူးလျှင် သင်သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူတစ်ယောက်ဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။