ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည် (အပိုင်း လေး)

နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့ပြီဖြစ်သော လူအချို့သည် အဘယ့်ကြောင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ကြသနည်း။ ဤအရာကို လူတစ်ဦး၏ သဘာဝအနှစ်သာရက အဆုံးအဖြတ်ပေးသည်။ ကောက်ကျစ်ဆိုးယုတ်သော လူအားလုံး၊ အသိတရားနှင့် အသိစိတ်မရှိသော လူအားလုံးတို့သည် သမ္မာတရားကို မချစ်သောသူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ရန် ပင်ကိုအားဖြင့် ရွေးချယ်ကြခြင်းဖြစ်၏။ လူတိုင်းက ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်၊ ပြီးလျှင် တရားဒေသနာများကို နားထောင်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် လူအချို့ကသာ သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကိုလျှောက်ဖို့ ရွေးချယ်ကြသနည်း။ အဘယ့်ကြောင့် အခြားလူတို့က ကျော်စောခြင်း၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ကောင်းချီးများအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ဖို့ ရွေးချယ်ကြသနည်း။ ၎င်းတို့၏ အရှိအတိုင်းဖြစ်သော ပတ်ဝန်းကျင်များက တူညီသော်လည်း ၎င်းတို့၏ လူ့သဘာဝအရည်အသွေးနှင့် ကိုယ်ပိုင်ရွေးချယ်မှုများက ကွဲပြားသောကြောင့် မတူညီသောလမ်းကြောင်းများကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ သိုးများက ဘုရားသခင်၏ အသံကို နားထောင်ကြသည်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် မြောက်မြားစွာသော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်ပေါင်း ၃၀ နီးပါး ဖော်ပြလာခဲ့ပြီဖြစ်သည်။ သို့သော် ယင်းတို့ကို ဤလူတို့က နားမလည်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ သိုးများ ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားသခင်၏ သိုးများနှင့် မဆိုင်လျှင် လူသားများဟုခေါ်ဖို့ မထိုက်တန်ပေ။ သမ္မာတရားကို မချစ်သည့်အပြင် သမ္မာတရားကို မလိုက်စားသော သူတို့သည် မည်သည့်အရာကို အာရုံစိုက်ကြသနည်း။ ၎င်းတို့လိုက်စားသော အရာမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားဖို့ ၎င်းတို့၏ အလိုဆန္ဒသည် အထူးသဖြင့် ပြင်းထန်ကြောင်းနှင့် သမ္မာတရားကို သင်မည်မျှ မိတ်သဟာယ ပြုသည် ဖြစ်စေ ယင်းကို ၎င်းတို့ နားထောင်မည် မဟုတ်ကြောင်း တွေ့မြင်ရန် လွယ်ကူလောက်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်သည်သာမက ကျော်စောမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုလည်း ဆက်၍ မလျှော့တမ်း လိုက်စားကြသည်။ ၎င်းတို့၌ မိမိကိုယ်ကိုသိကျွမ်းခြင်းဟူသမျှ ကင်းမဲ့သည်သာမက ကောင်းမှုများကို အမြဲတမ်း နှိုင်းယှဉ်ပြီး နေရာတိုင်း၌ မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးကောင်းကြောင်းကို ကြွားဝါကြသည်။ ထိုသို့သော အပြုအမူနှင့် အလေ့အထများ၏ သဘာဝမှာ အဘယ်နည်း။ (ယင်းမှာ သေခြင်းတရားကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။) မှန်ပေ၏။ ယင်းသည် ပေါလုက သေခြင်းတရားကို ဖိတ်ခေါ်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။ တရားဒေသနာများကို နှစ်‌ပေါင်းများစွာ နားထောင်လာပြီးနောက် လူတို့သည် နောင်တမရဘဲ ပေါလုကဲ့သို့ပင် ဖြစ်နိုင်စွမ်းရှိကြသေးသည်။ ၎င်းတို့၌ မည်သည့် သမ္မာတရားနားလည်မှုမျှ မရှိသည့်အပြင် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ သေခြင်းတရားကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ အစဦးတွင် လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ လူ့စိတ်ဆန္ဒမှလာပြီး မသန့်စင်သည့် အမူအကျင့်နှင့် အလေ့အထအချို့ကို ထုတ်ဖော်ပြသည်၊ သို့မဟုတ် ၎င်းတို့သည် အပေးအယူ လုပ်ခြင်းတစ်ခုခု သို့မဟုတ် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို ထုတ်ဖော်ပြကောင်း ပြမည်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သဖြင့် ဤအရာကို ဘုရားသခင် မကြည့်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသားအတွက် ဤမျှရှင်းလင်းအောင် မပြုလုပ်ရသေးစဉ်က ဘုရားသခင်သည် လူသားအား ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၊ မသန့်စင်ခြင်း၊ အားနည်းခြင်းနှင့် အပေးအယူလုပ်ခြင်းတို့ကို ခွင့်ပြုခဲ့သည်။ ယခုတွင်မူ ဘုရားသခင်သည် လုံလောက်သည့် အတိုင်းအတာအထိ များစွာ မိန့်မြွက်ထားပြီး ဖြစ်သည့်တိုင် သင်သည် သင်ဆုပ်ကိုင်ထားသော အရာများနှင့် သင်ကျင့်သုံးနေသော အမူအကျင့်များမှာ မှန်ကန်သည်ဟု မလျှော့တမ်း ယုံကြည်နေသေးသည်။ သင်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ငြင်းဆိုသည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အထင်သေးခြင်းနှင့် မသိကျိုးကျွန်ပြုခြင်းပင် ရှိကာ မမြင်ဘဲကြည့်ပြီး မကြားဘဲ နားထောင်သည်။ ထိုသို့သောလူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ထိုသို့သောအရာများကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ဘုရားသခင်က သင်သည် သမ္မာတရားကို မချစ်၊ အပြုသဘောဆောင်သော အရာများကို မချစ်သည့်အပြင် သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သည်ဟု ဆိုလိမ့်မည်။ ထိုသို့သော လူတို့က သမ္မာတရားရှိကြောင်း၊ ဘုရားသခင် မိန့်မြွက်ထားသမျှသည် သမ္မာတရားဖြစ်ပြီး ကယ်တင်ခြင်းအဖို့ လူသား၏လမ်းကြောင်း ဖြစ်ကြောင်း မယုံကြည်ပေ။ ဤအချက်ကို ၎င်းတို့ လက်မခံကြပေ။ ဤသို့သောလူတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မငြင်းဆိုသည့်တိုင် ယင်းတို့ကို လက်လည်းမခံပေ။ ၎င်းတို့၏ အမူအကျင့်နှင့် ၎င်းတို့ ထုတ်ဖော်သည့်အရာအားဖြင့် ၎င်းတို့သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းတွင် မရှိကြသည်ကို သင် တွေ့နိုင်သည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်နေကြသနည်း။ ဘုရားသခင်ထံမှ ဆုလာဘ်များကို ရှာဖွေရန်အတွက် မိမိတို့ကိုယ်ပိုင် အရည်အသွေးကောင်းနှင့် အောင်မြင်မှုများအပေါ် အမှီပြုခြင်းအားဖြင့် ၎င်းတို့သည် ပေါလု၏ လမ်းကြောင်းကို လျှောက်နေကြသည်။ ပေါလုကို မည်ကဲ့သို့ စိတ်ဖြာလေ့လာသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့အထဲ၌ တူညီသော အရာများကို ဖော်ထုတ်တွေ့ရှိမည် မဟုတ်ပေ။ ပေါလုကို မည်ကဲ့သို့ စိတ်ဖြာလေ့လာသည်ဖြစ်စေ ၎င်းတို့သည် ပြောင်းလဲလာခြင်း၊ နောင်တရခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို သိမြင်လာခြင်း ရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ပြုလုပ်သမျှက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော် မည်မျှကို ဖော်ပြပါစေ၊ သူသည် ထိုကဲ့သို့သော လူတို့ကို မည်ကဲ့သို့ ခွဲခြမ်းစိတ်ဖြာပြပြီး ပြစ်တင်ရှုတ်ချပါစေ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်မည် မဟုတ်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များ၊ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်နှင့် အပေးအယူလုပ်သည့် ၎င်းတို့၏ အလေ့အကျင့်တို့က မမှိတ်မသုန် မပြောင်းမလဲ ရှိနေသေးသည်။ ဤအရာအတွက် အကြောင်းရင်းက အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ကို နားမလည်သည့်အပြင် ဘုရားသခင်၏ အသံတော်ကို နားမထောင်ကြပေ။ ဘုရားသခင် မည်သည့်အရာကို မိန့်မြွက်ပါစေ၊ ယင်းမှာ ၎င်းတို့အတွက် အရေးကြီးမှု စိုးစဉ်းသာ ဖြစ်သည်။ “ကိုယ်တော်ပြောချင်သည်ကို ကိုယ်တော်ပြောသည်၊ ကျွန်ုပ်ကိုမူ ကျွန်ုပ်၏သဘောအတိုင်း လုပ်ခွင့်ပြုပါ။ ကိုယ်တော်သည် ကိုယ်တော်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်ပင်ဖြစ်၏။ ကိုယ်တော် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ၊ ကိုယ်တော့်ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်စေ ယင်းက ကျွန်ုပ်အဖို့ အဘယ်အရာ ဖြစ်သနည်း။ ယင်းက ကျွန်ုပ်၏ သေရေးရှင်ရေးနှင့် ဘာမျှမသက်ဆိုင်ပေ။” ဤသည်မှာ မည်သို့သောလူစားမျိုးများ ဖြစ်သနည်း။ (မယုံကြည်သူများ ဖြစ်သည်။) ၎င်းတို့သည် မည်သူ့ကို ယုံကြည်ကြသနည်း။ မိမိတို့ကိုယ်ကို ယုံကြည်ကြသည်။ ထိုသို့သော လူတို့သည် မုန်းတီးစက်ဆုပ်ဖွယ် ကောင်းသည်မဟုတ်လော။ (မုန်းတီးစက်ဆုပ်ဖွယ် ကောင်းပါသည်။) ၎င်းတို့သည် မုန်းတီးစက်ဆုပ်ဖွယ် ကောင်းသည်ဖြစ်၍ သေကျေပျက်စီးသင့်သည်။ ၎င်းတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ မဟုတ်ကြပေ။ ထို့ကြောင့် ဧဝံဂေလိ ဖြန့်ဝေသောသူတို့ကြားတွင် ၎င်းတို့၏ ယခင်က အောင်မြင်မှုအပေါ် အမြဲတမ်း ကျေနပ်တင်းတိမ်ကာ ၎င်းတို့၏ ဝါရင့်ခြင်းကို ကြွားလုံးထုတ်ပြီး ဘုရားသခင်ထံမှ လွန်လေပြီးသော ကောင်းမှုများအတွက် ဆုလာဘ်များကို တောင်းဆိုသည့် လူများစွာ ရှိပါက ၎င်းတို့သည် ဒုက္ခရောက်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူကြောင့် ၎င်းတို့၏ အဆုံးသတ်အား သေခြင်းတရားကို ဖိတ်ခေါ်ခြင်းအဖြစ် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ သို့ဆိုလျှင် ဤသို့သော လူစားမျိုးကို တွေ့ဆုံသောအခါ သင့်အနေဖြင့် ၎င်းတို့အား သေခြင်းတရားကို ဖိတ်ခေါ်ခြင်းအတွက် သတိပေးရန် သင့်တော်သလော။ အကယ်၍ ၎င်းတို့သည် ဧဝံဂေလိ ဖြန့်ဝေနိုင်သေးလျှင် ၎င်းတို့ကို ထိုသို့ မပြောလေနှင့်။ ၎င်းတို့ကို သင် သတိဖော်နိုင်သည်၊ ၎င်းတို့ကို သတိပေးနိုင်သည်၊ ပြီးလျှင် ၎င်းတို့ကို အတတ်နိုင်ဆုံး ကူညီပေးမည့် သွယ်ဝိုက်အရိပ်အမြွက်များအားဖြင့် ၎င်းတို့ကို လမ်းညွှန်ပေးနိုင်သည်။ သို့ရာတွင် အကယ်၍ ၎င်းတို့၏ အနှစ်သာရနှင့် စိတ်သဘောထားမှာ အမှန်ပင် ပေါလု၏ အနှစ်သာရ၊ စိတ်သ‌ဘောထားနှင့် တစ်ထပ်တည်းကျနေပါက ၎င်းတို့ကို ငါတို့ မည်သို့သဘောထားသင့်သနည်း။ ၎င်းတို့သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည်ကို သိသော်လည်း ၎င်းတို့အား အမှန်တရားကို မပြောပြဘဲ ဆက်၍ အားပေးနေသေးကာ ဆက်၍ အစေခံမှုကို ပေးခွင့်ပြုနေပါက ဤသည်ကို စာတန်အား အရှက်ရစေခြင်းဟု ခေါ်သည်။ ဤသို့ပြုသည်မှာ သင့်တော်သ‌လော။ (သင့်တော်ပါသည်။) စာတန်၏ ဝန်ဆောင်မှုကို ကောင်းကောင်း အသုံးချသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာပင်ဖြစ်သည်။ သင်သည် သင်၏ ညီအစ်ကိုမောင်နှမများကို ဤပုံစံအတိုင်း ဆက်ဆံပါက ယင်းမှာ မကောင်းမှုဖြစ်ပြီး ယင်းကို ဘုရားသခင် စက်ဆုပ်ရွံရှာ၏။ အကယ်၍ သင်သည် စာတန်၏ ဝန်ဆောင်မှုကို အသုံးချပါက ဤသည်ကို စာတန်အား အရှက်ရစေခြင်းဟု ခေါ်သည်။ ဤသည်ကို ဉာဏ်ပညာဟု ခေါ်သည်။ အဆင်းနီသော နဂါကြီးဖြစ်သော စာတန်နှင့် နတ်မိစ္ဆာများသည် ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို အစေခံကြသည်။ ဤသည်မှာ ဘုရားသခင်၏အလုပ် ဟုတ်သလော။ (ဟုတ်ပါသည်။) ဤအရာကို ငါတို့ မည်ကဲ့သို့ ရှုမြင်သင့်သနည်း။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာပင်ဖြစ်၏။ ဤအရာကို ပြစ်တင်ရှုတ်ချ၍ မရပေ။ ဤသည်မှာ သမ္မာတရား ဖြစ်သည်။ သင်သည် ဤအရာဖြစ်သော စာတန်ကို သင်၏ အကျိုးအတွက် အသုံးချရမည်။ သင်သည် ယင်းကို အစေခံခြင်းအကြောင်းအတွက် အသုံးမချပါက အလုပ်အချို့မှာ ကောင်းစွာ မပြီးမြောက်ဘဲ ရှိနေမည်ဖြစ်ပြီး ရလဒ်များရရှိရန် လွယ်ကူမည်မဟုတ်ပေ။ သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းနှင့် ကယ်တင်ခြင်းလမ်းကြောင်းတွင် လျှောက်သည့် လူများ၌လည်း အလုပ်လုပ်ပေးခြင်းတွင် အဆင့်ရှိသော်ငြားလည်း ဤအရာသည် ရေရှည်မဟုတ်ပေ။ ဘုရားသခင်သည် သင့်အား အစေခံမှုပေးစေရန် ဉာဏ်ပညာကို အသုံးမပြုသော်လည်း သင်ကသာ ဤအဆင့်ကို ဖြတ်ကျော်သွားရမည် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်သောကြောင့် စည်းမျဉ်းများမပါဘဲ သင်၏ တစ်ကိုယ်ရေစိတ်ဆန္ဒအတိုင်း အမှုအရာများစွာကို ပြုလုပ်လေသည်။ သင်၏အနှစ်သာရအားဖြင့် သင်သည် အလုပ်လုပ်ပေးရန် စိတ်ဆန္ဒမရှိ၊ သို့သော် အရှိအတိုင်းဖြစ်သော အချက်အားဖြင့် သင်သည် အလုပ်လုပ်ပေးနေသည်။ လူတို့သည် ကောင်းစွာ အလုပ်လုပ်ပေးပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအား တဖြည်းဖြည်း နားလည်သောအခါမှသာ ၎င်းတို့သည် သမ္မာတရားလိုက်စားခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းနိုင်သည်၊ ၎င်းတို့၏ တာဝန်များကို အမှန်တကယ် ထမ်းဆောင်နိုင်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်နိုင်သည်၊ ပြီးလျှင် ကယ်တင်ခြင်းလမ်းကြောင်းပေါ် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်လေသည်။ သို့ရာတွင် ဤအလုပ်လုပ်ပေးခြင်းသည် စာတန်၏ဝန်ဆောင်မှုအား အသုံးချခြင်းနှင့် လုံးလုံးလျားလျား ခြားနားသောအရာ ဖြစ်သည်။ ယင်းသည် ကွဲပြားသော သဘာဝရှိ၏။ ဘုရားသခင်ကသာ စာတန်၏ ဝန်ဆောင်မှုကို ကောင်းကောင်း အသုံးချလေသည်။ ဘုရားသခင်သည် စာတန်ကိုမူ မကယ်တင်ပေ။ ဘုရားသခင်ကို ရိုးသားမှန်ကန်သော စိတ်နှလုံးဖြင့် ယုံကြည်ပြီး သမ္မာတရားကို လိုက်စားနိုင်သော အလုပ်လုပ်ပေးသူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိသူများ ဖြစ်ကြသည်။ အလုပ်လုပ်ပေးသူအချို့၏ ကိစ္စရပ်တွင် ၎င်းတို့၏ အစေခံခြင်းကို ၎င်းတို့ကိုယ်တိုင် အသုံးဝင်သောအခါမှသာ အသုံးပြုသည်။ သို့သော် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ဖျက်ဆီးနှောင့်ယှက်ပါက ၎င်းတို့ကို ပြင်းထန်စွာ သတိပေးရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် နောင်တမရပါက ကန်ထုတ်ခြင်းနှင့် နှင်ထုတ်ခြင်းကို ခံရမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို ဆက်ဆံရမည့်ပုံ ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်အတိုင်း ရိုးသားစွာ အလုပ်လုပ်ပေးနိုင်ပြီး အလုပ်ကို မနှောင့်ယှက်ပါက ၎င်းတို့အား ဆက်၍ အလုပ်လုပ်ပေးခွင့်ပြုလော့။ တစ်နေ့တွင် သမ္မာတရားကို နားလည်မည်ဖြစ်ပြီး ကယ်တင်ခြင်းရကောင်း ရနိုင်မည်ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်၍ ယင်းကို ကောင်းသောစိတ်ဓာတ်ဖြင့် အဘယ်ကြောင့် မလုပ်ဆောင်လေသနည်း။ အချိန်မကျခင် လူတစ်ဦးကို ပြစ်တင်ရှုတ်ချ၍ မရပေ။ လူအချို့က ပြစ်တင်ရှုတ်ချခြင်း ခံရသည့်အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့ဖြစ်ပွားစေသည့် အနှောင့်အယှက်များမှာ လွန်စွာ ပြင်းထန်သောကြောင့် ပြစ်တင်ရှုတ်ချခံရခြင်းဖြစ်သည်။ ၎င်းတို့အား သမ္မာတရားကို မည်မျှပင် မိတ်သဟာယပြုသည်ဖြစ်စေ၊ ယင်းကို လက်ခံနိုင်ကြမည် မဟုတ်သည့်အပြင် ၎င်းတို့၏တာဝန်များကို အားရလောက်စရာမရှိအောင် ထမ်းဆောင်ကြမည်ဖြစ်သည်။ ၎င်းတို့၏ သဘာဝအနှစ်သာရများမှာ ပေါလု၏ သဘာဝအနှစ်သာရနှင့် တစ်ထပ်တည်းကျနေသည်။ ၎င်းတို့သည် ခေါင်းမာစွာဖြင့် နောင်တရရန် ငြင်းဆန်ကြသည်။ ၎င်းတို့သည် သေခြင်းတရားကို ဖိတ်ခေါ်နေကြသည်မှာ သံသယဖြစ်စရာ မရှိပေ။ ထိုသို့သောသူတို့သည် အသင်းတော်ထဲ၌ ရှိနေသည်မှာ သေချာ၏။ ဧဝံဂေလိဖြန့်ဝေသောသူတို့ထဲတွင် ရှိနေသည်မှာ သေချာ၏။ ထိုသို့သော လူတို့အား စစ်မှန်သော သမ္မာတရားကို သိစေသည်မှာ ကောင်းသောအရာ ဟုတ်သလော၊ သင်တို့ မည်သို့ထင်သနည်း။ ထိုသို့သော လူတို့က စစ်မှန်သော သမ္မာတရားအား သိမည်ကို ကြောက်သလော။ (ကျွန်ုပ်တို့ မကြောက်ပါ။) ထိုကဲ့သို့သော လူတို့က ဤအရာနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို သိမြင်နိုင်ပြီး နောင်တရပါက ကောင်းသောအရာဖြစ်၏။ လူတို့ကို အခွင့်အရေးပေးရန် လိုသည်။ ၎င်းတို့ကို အဖတ်ဆယ်၍မရဟု သဘောမထားနှင့်။ သို့ရာတွင် ၎င်းတို့သည် စစ်မှန်သော သမ္မာတရားကို သိသော်လည်း မိမိတို့၏ အကျင့်စရိုက်များကို မပြောင်းလဲနိုင်ဘဲ အနှောင့်အယှက်များကို ဆက်၍ ဖြစ်ပွားစေပါက ဤသည်မှာ အမှန်ပင် သေခြင်းတရားကို ဖိတ်ခေါ်ခြင်းဖြစ်ပေ၏။ လူတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်၌ မရှိသောအခါ ၎င်းတို့အတွက် စာနာသက်ညှာမှု မပေးနိုင်ချေ။ ဤကဲ့သို့သော လူတို့သည် ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။

အခြေခံအားဖြင့် ဤအရာများသည် ဧဝံဂေလိ ဖြန့်ဝေခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်သည့် စည်းမျဉ်းများဖြစ်သည်။ လူတို့သည် ဧဝံဂေလိ ဖြန့်ဝေရာတွင် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီး ဧဝံဂေလိလက်ခံရန် အလားအလာရှိသူတိုင်းကို စိတ်ပါလက်ပါ ကိုင်တွယ်ဖြေရှင်းရမည်။ ဘုရားသခင်သည် လူသားကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ပြီး လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရမည်။ ၎င်းတို့သည် စစ်မှန်သော လမ်းခရီးကို ရှာဖွေပြီး စုံစမ်းမေးမြန်းနေသည့် မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် လျစ်လျူမရှုရပေ။ ထို့အပြင် ဧဝံဂေလိဖြန့်ဝေရာတွင် စည်းမျဉ်းများကို သင်နားလည်ရမည်။ မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းနေကြသည့် လူတိုင်းနှင့်ပတ်သက်၍ ၎င်းတို့၏ ဘာသာရေးနောက်ခံ၊ ၎င်းတို့၏ အစွမ်းအစက ကောင်းသည်၊ မကောင်းသည်၊ ၎င်းတို့၏ လူ့သဘာဝ အရည်အချင်းတို့ကဲ့သို့သော အရာများကို သင် လေ့လာစောင့်ကြည့်ပြီး နားလည်ရမည်၊ သဘောပေါက်ရမည်။ သမ္မာတရားကို ဆာငတ်သောသူ၊ ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်သောသူ၊ သမ္မာတရားကို လက်ခံနိုင်သောသူကို တွေ့ရှိလျှင် ထိုသူကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီးဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ၎င်းတို့ကို သိမ်းသွင်းရရှိရန် အစွမ်းကုန် ကြိုးစားသင့်၏။ သို့ရာတွင် ၎င်းတို့သည် မကောင်းသော လူ့သဘာဝနှင့် ဆိုးရွားသော အကျင့်စရိုက် ရှိပါက၊ ၎င်းတို့၏ဆာငတ်မှုက ဟန်ဆောင်ခြင်း ဖြစ်ပါက၊ ထို့အပြင် ၎င်းတို့သည် အစဉ် ငြင်းခုံနေပြီး ၎င်းတို့၏ အယူအဆများကို ဖက်တွယ်ထားပါက သင်သည် ၎င်းတို့ကို ဘေးဖယ်လိုက်ပြီး လက်လျှော့သင့်သည်။ မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းနေသည့် လူအချို့သည် သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး အစွမ်းအစ ကြီးမားသော်လည်း မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသည်။ ၎င်းတို့သည် ဘာသာရေး အယူအဆများကို တစ်သဝေမတိမ်း လိုက်နာကြသောကြောင့် သင်သည် ဤအရာကို ကူညီဖြေရှင်းပေးရန် ချစ်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းဖြင့် ၎င်းတို့အား သမ္မာတရားအကြောင်းကို မိတ်သဟာယ ပြုပေးသင့်သည်။ သင် မည်သို့ မိတ်သဟာယပြုပေးသည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့လက်မခံမှသာလျှင် လက်လျှော့သင့်သည်။ ထိုအခါ သင်တတ်နိုင်သည့် အရာတိုင်းကို လုပ်ထားပြီးဖြစ်လိမ့်မည်။ အတိုချုပ်အားဖြင့် သမ္မာတရားကို အသိအမှတ်ပြုပြီး လက်ခံနိုင်သူ မည်သူမဆိုကို ပေါ့ပေါ့တန်တန်ဖြင့် လက်မလျှော့လိုက်နှင့်။ မှန်သောလမ်းခရီးကို ၎င်းတို့ စုံစမ်းမေးမြန်းလိုစိတ်ရှိပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များ ပို၍ ဖတ်ပြကာ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ပေးရန်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံပြီး ၎င်းတို့၏ အယူအဆများနှင့် မေးခွန်းများကို ဖြေရှင်းပေးရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် ၎င်းတို့ကို သိမ်းသွင်းရရှိနိုင်ပြီး ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာနိုင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိဖြန့်ဝေခြင်း စည်းမျဉ်းများနှင့် ညီ၏။ သို့ဖြစ်လျှင် ၎င်းတို့ကို မည်သို့သိမ်းသွင်းရရှိနိုင်သနည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်း ဖြစ်စဉ်တွင် ဤပုဂ္ဂိုလ်သည် အစွမ်းအစ ကောင်းမွန်ပြီး လူ့သဘာဝကောင်းမွန်ကြောင်း သင် သေချာအောင် လေ့လာစိစစ်ပါက သင့်တာဝန်ကို ဖြည့်ဆည်းရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်သည် အဖိုးအခအချို့ ပေးဆပ်ရမည်ဖြစ်ပြီး အချို့သောနည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုရမည်။ သင်သည် ယင်းတို့ကို ထိုသူအား သိမ်းသွင်းရရှိဖို့ အသုံးပြုသရွေ့၊ မည်သည့်နည်းလမ်းများနှင့် နည်းစနစ်များကို သင် အသုံးပြုပါစေ အရေးမကြီးပေ။ အချုပ်အားဖြင့်ဆိုရသော် သင်သည် ၎င်းကို သိမ်းသွင်းရရှိရန်အလို့ငှာ သင့်တာဝန်ကို ဖြည့်ဆည်းရမည်၊ ချစ်ခြင်းမေတ္တာကို အသုံးပြုကာ အရာရာကို အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ သင်နားလည်သဘောပေါက်သည့် သမ္မာတရားအားလုံးကို မိတ်သဟာယပြုပြီး သင်လုပ်ဆောင်သင့်သည့် အရာအားလုံးကို လုပ်ဆောင်ရမည် ဖြစ်သည်။ ဤလူကို သိမ်းသွင်းရရှိခြင်း မရှိလျှင်ပင် သင်သည် လိပ်ပြာလုံသောစိတ်ဖြင့် ကျန်ရစ်လိမ့်မည်ဖြစ်သည်။ သင်သည် သင်လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်ပြီးဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယ မပြုသကဲ့သို့၊ ထိုလူသည် မိမိ၏ အယူအဆများကို ဆက်လက် ဖက်တွယ်ထားပါက၊ အကယ်၍ သင်သည် စိတ်မရှည်ဘဲ သင့်သဘောအလျောက် ၎င်းကို စွန့်လွှတ်ပါက ဤသည်မှာ သင်၏ တာဝန်၌ ဂရုမစိုက်ခြင်း ဖြစ်သည်။ ပြီးလျှင် သင့်အတွက်မှာမူ ဤအရာသည် ပြစ်မှားမှုတစ်ခုနှင့် အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ လူအချို့က “ဤအစွန်းအထင်း ရှိခြင်းသည် ကျွန်ုပ်အား ဘုရားသခင် ပြစ်တင်ရှုတ်ချခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော” ဟု ပြောကြသည်။ ထိုကဲ့သို့ကိစ္စများသည် လူများက ဤအရာများကို တမင်တကာနှင့် လုပ်နေကျအတိုင်း လုပ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ ရံဖန်ရံခါ ပြစ်မှားခြင်းများအတွက် ဘုရားသခင်သည် လူတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိချေ။ ၎င်းတို့ နောင်တရဖို့သာ လိုအပ်ပါသည်။ သို့သော် ၎င်းတို့သည် သိလျက်နှင့် အမှားလုပ်ပြီး နောင်တရဖို့ ငြင်းဆိုသည့်အခါ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရပေသည်။ စစ်မှန်သောလမ်းခရီးကို ရှင်းရှင်းလင်းလင်း သိသည့်တိုင် တမင်တကာ အပြစ်ပြုသောအခါတွင် ဘုရားသခင်သည် သူတို့ကို မည်သို့ ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ နေနိုင်မည်နည်း။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကြည့်လျှင် ဤသည်မှာ တာဝန်မဲ့ခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်း ဖြစ်ကာ အနည်းဆုံးအနေဖြင့် ဤလူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းရသေးပေ။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့၏အမှားများကို စီရင်သည့်ပုံဖြစ်သည်။ အကယ်၍ ၎င်းတို့သည် နောင်တရရန် ငြင်းဆိုပါက အပြစ်စီရင်ခြင်းကို ခံရမည်။ ထို့ကြောင့် ထိုသို့သောအမှားများကို လျှော့ချရန်၊ သို့မဟုတ် ရှောင်ရှားရန်၊ လူများသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းဖို့ အစွမ်းကုန် လုပ်ဆောင်သင့်သည်။ စစ်မှန်သော လမ်းခရီးကို စုံစမ်းမေးမြန်းနေသည့် လူများက ရှိသည့် မေးခွန်းများအားလုံးကို တက်ကြွစွာ ဖြေရှင်းဖို့ ကြိုးစားပြီး အရေးပါသောမေးခွန်းများကို ရွှေ့ဆိုင်းခြင်း၊ သို့မဟုတ် နှောင့်နှေးခြင်း လုံးဝမပြုသင့်ချေ။ စစ်မှန်သော လမ်းခရီးကို စုံစမ်းမေးမြန်းနေသူတစ်ဦးက မေးခွန်းတစ်ခုကို ထပ်တလဲလဲ မေးလျှင် သင်သည် မည်သို့ တုံ့ပြန်သင့်သနည်း။ ၎င်းတို့နားလည်ပြီး ထပ်မမေးတော့သည်အထိ ၎င်းတို့ကို ဖြေကြားဖို့ အချိန်ယူပြီး ဒုက္ခခံရခြင်းကို သင်စိတ်အနှောင့်အယှက် မဖြစ်သင့်ဘဲ သူတို့၏ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းစွာ မိတ်သဟာယပြုဖို့ နည်းလမ်းရှာသင့်သည်။ အချိန်ယူပြီး ဒုက္ခခံရခြင်းကို စိတ်အနှောင့်အယှက် မဖြစ်သင့်ပေ။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးသည် လိပ်ပြာလုံလိမ့်မည်။ ပို၍အရေးကြီးသည်မှာ ဤတာဝန်၊ ဤဝတ္တရားသည် သင့်ကို ဘုရားသခင်က တာဝန်ပေးစေခိုင်းထားခြင်း ဖြစ်သောကြောင့် သင်သည် ဤကိစ္စ၌ ဘုရားသခင်အပေါ် အပြစ်ရှိသောစိတ် ကင်းလိမ့်မည် ဖြစ်သည်။ သင်လုပ်သမျှအရာအားလုံးကို ဘုရားသခင်ရှေ့မှောက်တွင် လုပ်ဆောင်ထားပြီး ဘုရားသခင်ကို ရင်ဆိုင်၍ လုပ်ဆောင်ထားသည့်အခါ၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ချိန်ဆကြည့်သည့်အခါနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ထားသည့်အခါ သင်၏လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရား၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးလုံး ကိုက်ညီလိမ့်မည်။ ဤနည်းအားဖြင့် သင်လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှသည် လူများအဖို့ အကျိုးရှိစေပြီး ၎င်းတို့က ယင်းကို ထောက်ခံကာ အလွယ်တကူ လက်ခံကြလိမ့်မည်။ သင်ပြောသည့် စကားများသည် အလင်းပေးပြီး လက်တွေ့ကျကာ၊ ရှင်းလင်းလျှင် အချေအတင်ငြင်းခုံခြင်း၊ ထိပ်တိုက်ပြောဆိုခြင်းတို့ကို ရှောင်နိုင်မည်ဖြစ်ပြီး လူတို့အား သမ္မာတရားကို နားလည်ဖို့ ထောက်ကူပေးပြီး ၎င်းတို့အား တည်ဆောက်ပေးနိုင်လိမ့်မည်။ သင်ပြောသော စကားများသည် မပြတ်သားသကဲ့သို့ မရေမရာဖြစ်လျှင်၊ သင်၏ သမ္မာတရားအပေါ် မိတ်သဟာယသည် နားလည်ရန်ခက်ပြီး အလင်းမပေးသကဲ့သို့ လက်တွေ့မကျလျှင် သင်သည် လူတို့၏ အယူအဆများနှင့် ပြဿနာများကို မဖြေရှင်းနိုင်ဘဲ ရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် သင်၏ အမှားများကို မလွတ်တမ်းအသုံးချပြီး သင့်အား ဝေဖန်ကာ ရှုတ်ချနိုင်ခြေရှိသည်။ ဤပြဿနာများကို သင့်အနေဖြင့် ဖြေရှင်းရန် ပို၍ပင် လွယ်ကူမည်မဟုတ်ပေ။ သမ္မာတရားကို လူတို့နားလည်ပြီး လက်မခံနိုင်မီတွင် ဘုရားနှုတ်ကပတ်တော် သုံးလေးပိုဒ်ကို ထပ်၍ မိတ်သဟာယဖွဲ့ရနိုင်သည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေရာတွင် စကားပြောဆိုရာ၌ အမြော်အမြင် ရှိရမည်ဖြစ်ပြီး သမ္မာတရားအကြောင်းကို ပွင့်လင်းမြင်သာစွာ မိတ်သဟာယဖွဲ့ရမည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းနိုင်သည့်နည်းဖြင့် မိတ်သဟာယဖွဲ့ကာ ၎င်းတို့၏ လေးစားမှုနှင့် ၎င်းတို့အား ရိုးသားမှန်ကန်စွာ သိမ်းသွင်းစည်းရုံးခြင်း ရှိရမည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ရလဒ်များကို ရရှိရန် လွယ်ကူပေသည်။ ယင်းက လူတို့ကို ဘုရားသခင်၏အမှုအား အနှောင့်အယှက်မရှိသည့် ပုံစံဖြင့် လက်ခံနိုင်ရန် အထောက်အကူပြုကာ ဧဝံဂေလိတရားအား ကျယ်ပြန့်စေခြင်းအဖို့ အကျိုးရှိသည်။

ဧဝံဂေလိ ဖြန့်ဝေခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုတွင် လိုက်လျှောက်ရမည့် စည်းမျဉ်းများနှင့် ပတ်သက်၍ နောက်ထပ်အချက်အနေဖြင့် ဧဝံဂေလိဖြန့်ဝေသူတို့သည် ၎င်းတို့၏ အပြုအမူ၌ သိက္ခာရှိပြီး တည်ကြည်ရမည်၊ သန့်ရှင်းသူများ၏ ဟန်ပန်ဖြင့် ပြောဆိုပြုမူရမည်၊ ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ ၎င်းတို့လုပ်ဆောင်သမျှတွင် သင့်တင့်လျောက်ပတ်သော ချုပ်တည်းခြင်းကို ကျင့်သုံးရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်သော ပုံစံဖြင့် ပြုမူရမည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူအချို့က သူစိမ်းများ၏ နှောင့်ယှက်မှုခံရခြင်းကို သဘောမကျပေ။ သို့ဆိုလျှင် ထိုသူတို့ကို သင်မည်ကဲသို့ ဟောပြောသင့်သနည်း။ လူအချို့သည် တစ်နေ့တွင် ဖုန်းသုံးကြိမ်မျှ ခေါ်ဆိုခြင်း၊ အလုပ်မှ အိမ်ပြန်လာပြီးနောက် လူတို့အိမ်များသို့ အပြေးအလွှားသွားခြင်းနှင့် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများ မည်မျှ အလုပ်ရှုပ်ပါစေ ထိုသူတို့ကို တွေ့တွေ့ချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြခြင်းတို့အားဖြင့် ဧဝံဂေလိ ဟောပြောကြသည်။ ဤလူတို့သည် မည်သည့်အခါမျှ အချိန်ကောင်းကို မရွေးချယ်သောကြောင့် အနှောင့်အယှက်များ ဖြစ်လာတတ်သည်။ လူအချို့သည် အလွန်မိုက်မဲသဖြင့် မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းသူတို့အား ဤပုံစံဖြင့်ပင် စကားပြောကြ၏။ “ဤကမ္ဘာလောကသည် အလွန်ဆိုးယုတ်သောကြောင့် သင်လုပ်နေသည့်အရာကို ရပ်ဆိုင်းပါလေ။ အလုပ်မသွားတော့နှင့်။ မည်သည့်အချိန်ဖြစ်သည်ကို သင်သိသ‌လော။ ကြီးမားသော ကပ်ဘေးသည် ကျရောက်အံ့ဆဲဆဲဖြစ်သည်။ သင် ဘုရားသခင်ကို ယုံကြည်ဖို့ အရေးတကြီး ဖြစ်နေပြီ” ဟူ၍ဖြစ်သည်။ ဤပုံစံဖြင့် ဧဝံဂေလိ ဖြန့်ဝေခြင်းသည် သင့်တော်သလော။ ဤအရာက မည်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေမည်နည်း။ ထိုသူတို့သည် ဘုရားသခင်၏အမှုတော်ကို လက်မခံရသေးသည့် ဘာသာတရားမရှိသူများ ဖြစ်သည်။ ထိုသူတို့အား ဤပုံစံဖြင့် စကားပြောဖို့ လိုအပ်သ‌လော။ ထိုမျှမက ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများ၏ ကိုယ်ရေးကိုယ်တာဘဝ သို့မဟုတ် ကိုယ်ပိုင်အမြင်များ၌ မစွက်ဖက်နှင့်။ ဥပမာ၊ လူအချို့က ၎င်းတို့ သိမ်းသွင်းရရှိရန် ကြိုးပမ်းနေသောသူတို့ကို အောက်ပါအတိုင်း ပြောကြသည်။ “ကြည့်ပါလေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သေးသလော။ ကျွန်ုပ်တို့ ယုံကြည်သူများက ဘာသာတရားမရှိသူများ၏ ဤအဝတ်အစားများကို မဝတ်ကြပေ” “ဘုရားသခင်ကို ယုံကြည်သူတို့က ဤအစားအစာမျိုးကို မစားကြပေ၊ သင်သည် ဟိုအစားအစာမျိုးကို စားရမည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ ကိစ္စများ၌ ကိုယ်နှင့်မဆိုင်ဘဲ ဝင်စွက်ဖက်နေခြင်း မဟုတ်လော။ ဤသည်ကို မိုက်မဲခြင်းဟု ခေါ်သည်။ တစ်စုံတစ်ခုသော အခိုက်အတန့်တွင် သင်၏ စကားလုံးများနှင့် လုပ်ရပ်များက မလျော်ကန်လျှင် ဧဝံဂေလိဖြန့်ဝေရင်း သင် ပေးဆပ်ခဲ့သော အဖိုးအခကို အလဟဿဖြစ်စေနိုင်သည်။ ဤအကြောင်းကြောင့် သင်သည် နေရာတိုင်း အချိန်တိုင်း၌ သတိကြီးစွာ လုပ်ဆောင်ရမည်၊ သင်၏ အပြုအမူကို ချုပ်တည်းပြီး ထိန်းညှိရမည်ဖြစ်ကာ စည်းကမ်းသေဝပ်သော ပုံစံဖြင့် ပြုမူရမည်။ စည်းကမ်းဟု ငါတို့ခေါ်သည်မှာ မည်သည့်အရာနည်း။ ယင်းမှာ အမှုအရာများကို စည်းကမ်းများနှင့်အညီ ပြုလုပ်ခြင်း၊ မည်သည့် စကားလုံးမျိုးက သင်ထမ်းဆောင်နေသော တာဝန်နှင့် လျော်ကန်မည် ဖြစ်ကြောင်းနှင့် ဧဝံဂေလိ လက်ခံသူများက မည်သည့်စကားလုံးမျိုးကို ကြားလိုစိတ် ရှိမည်ဖြစ်ကြောင်း စဉ်းစားခြင်းတို့ကို ဆိုလိုသည်။ ထိုသူတို့ မကြိုက်မည့် သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာများကို လုပ်လည်းမလုပ်၊ ပြောလည်းမပြောနှင့်၊ ထိပါးနှောင့်ယှက်တတ်သော မေးခွန်းများကို မမေးနှင့်၊ ထို့ပြင် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၌ မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနှင့်။ လူတစ်ဦး၌ သားနှစ်ဦးရှိသည် ဆိုပါစို့၊ သင်က ထိုသူကို “သားနှစ်ယောက်ရှိသည်မှာ ကောင်းပေသည်၊ သို့သော် သမီးတစ်ယောက်ပါ ရှိလျှင် ပိုကောင်းမည် မဟုတ်လော” ဟုပြောသည်။ ဤကိစ္စသည် သင်နှင့် မည်သို့သက်ဆိုင်သနည်း။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူအချို့က အင်္ဂလိပ်စကားတတ်သောအခါ သင်က “သင်၏ အင်္ဂလိပ်စကားသည် အမှန်ပင် ကောင်းမွန်လှပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်လာပြီး ဘုရားသခင်၏ အိမ်တော်၌ တာဝန်ထမ်းဆောင်မည်ဆိုပါက အလွန်ကောင်းမည်။ ဘုရားသခင်၏ အိမ်တော်သည် သင်ကဲ့သို့သော လူတို့ကို လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ဤပုံစံအတိုင်း ပြောဆိုခြင်းသည် သင့်လျော်သလော။ လူနှစ်ဦးသည် မတူညီတတ်ချေ။ ဤလူတို့သည် ယုံကြည်လာပြီးနောက် သူတို့သည် သင့်ထက် ပို၍တက်ကြွပြီး စိတ်ပါဝင်စားမှု ပိုရှိကောင်းရှိနိုင်သည်၊ သို့သော် သူတို့က ယုံလည်းမယုံသေးသကဲ့သို့ လက်လည်းမခံသေးချေ။ ထို့ကြောင့် သင့်တော်သောအချိန် မတိုင်မီ အမှုအရာများကို အတင်းအကျပ် မပြုရသည့်အပြင် အခြားလူတို့၏ဘဝထဲ၌ မည်သည့်အခါမျှ မစွက်ဖက်လေနှင့်။ သင်တို့ နားလည်သလော။

ဖြစ်ပျက်နိုင်သော အခြားအခြေအနေတစ်ခု ရှိ၏။ ဧဝံဂေလိ ဖြန့်ဝေခြင်းလုပ်ငန်းစဉ်၌ လူအချို့သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး သမ္မာတရားအချို့ကို နားလည်သည်။ ထို့နောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို သာမန်၊ သူလိုကိုယ်လို လူတို့ထက် များစွာမြင့်မားသည်ဟု တွေးတော့သည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများအားလုံးကို မထီမဲ့မြင်ပြုပြီး မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းသည့် ၎င်းတို့နှင့် တွေ့ဆုံသူတိုင်းကိုပင် မထီမဲ့မြင်ပြုကာ အထင်သေးသည်။ ၎င်းတို့က “အချင်းလူတို့၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို လက်မခံလျှင် သင်တို့သည် မျက်ကန်း၏၊ မိုက်မဲပြီး ပညာမဲ့၏။ သေခြင်းမှလွဲ၍ မည်သည့်အရာနှင့်မျှ မသင့်တော်သည့်အရာ ဖြစ်ပြီး လုံးလုံးလျားလျား အသုံးမကျချေ။ ယနေ့ သင့်အား ဧဝံဂေလိ ဟောပြောရန်မှာ ကျွန်ုပ်၏တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက သင့်ကို ကျွန်ုပ် မသိကျိုးကျွန်ပြုမည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ သင်သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံသည်ထက်ပို၍ မည်သည့်အရာမျှ မပြုလုပ်ရသေးချေ။ သင်သည် အခြားသူ တစ်ဦးဦးထက် ပို၍ မမြင့်မားပေ။ သင်သည် ဘုရင်တစ်ပါး ဖြစ်ခဲ့လျှင်ပင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ တစ်ဦးဖြစ်နေဦးမည် မဟုတ်လော။ သင်သည် အခြားသူများထက် မည်သည့်ပုံစံဖြင့် ပို၍မြင့်မားသလော။ မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းသူတို့ကို မထီမဲ့မြင်မပြုနှင့်။ သင်သည် ထိုသူတို့ကို ဧဝံဂေလိဟောပြောလျှင်ပင် သင်သည် ထိုသူတို့ထက် ပို၍ မကြီးမြတ်သကဲ့သို့ ပို၍လည်း မသာလွန်ပေ။ ထိုသူတို့နည်းတူ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သည်ကို မမေ့လျော့နှင့်။ ဤအကြောင်းအရာကို စိတ်နှလုံးထဲ၌ သင် ရှင်းလင်းနေရမည်။ ကမ္ဘာကြီးအတွက် ကြီးမြတ်သော အစေခံမှုတစ်ခုခု ပြုပေးနေသည့်အလား သို့မဟုတ် အသိဉာဏ်ရှိသော သတ္တဝါများအားလုံးကို ၎င်းတို့၏ လွတ်မြောက်မှုအတွက် လမ်းပြနေသည့်အလား အမြဲတစေ အခြားသူများကို မကြည့်နှင့်။ သင်သည် “ဧဝံဂေလိတရားကို လက်မခံသေးသော အချင်းလူတို့သည် သနားစရာကောင်း၏။ ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း သင်တို့အတွက် ပူပန်မှုနှင့် လောင်ကျွမ်းရသည်” ဟူ၍ အစဉ်သဖြင့် တွေးလေသည်။ သင် လောင်ကျွမ်းနေသည့် ဤမီးက မည်သည့်အရာနည်း။ သင်သည် မိမိကိုယ်တိုင်၏ ပြဿနာများကို မဖြေရှင်းရသေးသော်လည်း အခြားသူများ၏ ကိစ္စအပေါ် ပူပန်မှုနှင့် လောင်ကျွမ်းနေသည်။ ယင်းမှာ ကြောင်သူတော်ဖြစ်ခြင်း မဟုတ်လော။ အခြားသူများကို လှည့်ဖြားနေခြင်း မဟုတ်လော။ သူတော်ကောင်းတရား မျက်နှာဖုံး၏ နောက်ကွယ်တွင် ပုန်းမနေနှင့်။ အမှန်တွင် သင်သည် မည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုသစ်ကို နှစ်ပေါင်းနှစ်ဆယ်သုံးဆယ်မျှ လက်ခံခဲ့ပြီးဖြစ်လျှင်ပင် သင်သည် မည်သူမျှမဟုတ်သေးပေ။ သင်သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်နှင့် အသက်ရှင်ပြီး ဘုရားသခင်အား မျက်နှာချင်းဆိုင် စကားပြောလျှင်ပင် သာမန်လူတစ်ဦးသာ ဖြစ်သေး၏။ သင်၏အနှစ်သာရမှာ မပြောင်းလဲဘဲ ရှိနေသေး၏။ အခြားသူများကို ဧဝံဂေလိဖြန့်‌ဝေခြင်းသည် သင့်တာဝန်ကို ထမ်းဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ သင်၏ဝတ္တရား၊ သင်၏တာဝန်ပင် ဖြစ်သည်။ လူမည်မျှများများ သင် သိမ်းသွင်းရရှိပါစေ သင်သည် သင်သာ ဖြစ်နေ‌သေးသည်ကို သင်နားလည်သင့်သည်။ သင်သည် အခြားလူတစ်ဦး ဖြစ်မလာသေးဘဲ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်နေသေး၏။ သင်သည် လူများစွာကို သိမ်းသွင်းရရှိပြီးသော်လည်း မာနထောင်လွှားဖို့မဆိုနှင့်၊ ဂုဏ်ပင် မယူသင့်ပေ။ သင်၏ အောင်မြင်မှုများကို လေလုံးထွားလျက် “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဧဝံဂေလိဖြန့်ဝေခဲ့ပြီးဖြစ်၍ အတွေ့အကြုံ အမြောက်အမြားနှင့် သင်ခန်းစာများစွာကို စုဆောင်းထားခဲ့ပြီးပြီ။ ကျွန်ုပ်ဟောပြောသော မည်သူ့ကိုမဆို တစ်ချက်ကြည့်သည်နှင့် ၎င်းတို့ လူကောင်းဟုတ်မဟုတ် ပြောနိုင်ပြီး မည်သည့်အချိန်၌ ဟောပြောပြီး မည်သည့်အချိန်၌ ရှောင်ရမည်ကို သိ၏။ ဧဝံဂေလိဟောပြောရန် သင့်တော်သောအခါ ယင်းက လွယ်ကူမည်၊ မလွယ်ကူမည် သို့မဟုတ် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ကျွန်ုပ်သိ၏။ ဖြန့်ဝေဖို့ ဖြစ်နိုင်သူများကို ဧဝံဂေလိ သယ်ဆောင်ပေးရန် နည်းလမ်းကို ကျွန်ုပ်အမြဲ ရှာတွေ့နိုင်သည်” ဟု ဆိုကာ ကြွားလုံးထုတ်မနေနှင့်။ သင်သည် ဧဝံဂေလိ ဖြန့်ဝေရာ၌ အတွေ့အကြုံရှိသော်လည်း သင်၏ အသက်ဝင်ရောက်မှုမှာ လွန်စွာ ပေါ့တန်နေသေးသည်။ ဘဝအတွေ့အကြုံအချို့ရှိပြီး အတော်‌လေး ပြောင်းလဲသွားသော်လည်း တစ်ခါတစ်ရံ ကြွားဝါရန် လေလုံးထွားတတ်သည်။ ဤသည်မှာ ပြဿနာမဟုတ်‌လော။ ဆုကျေးဇူးများရှိသော လူတို့သည် ဟိတ်ဟန်များပြီး အဓိပ္ပာယ်မဲ့သော ပြောဆိုခြင်း ပြုလုပ်လေ့အရှိဆုံး ဖြစ်တတ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြားသူများထက် ပိုတော်သည်ဟု အမြဲထင်တတ်သည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများကို အမြဲတမ်း သြဝါဒပေးလိုပြီး လူတို့ကို ၎င်းတို့အား အမြဲတမ်း လေးစားကိုးကွယ်စေလိုကြသည်။ ဤသည်မှာ စိတ်သဘောထားနှင့် ဆိုင်သည့် ပြဿနာ မဟုတ်လော။ လူတစ်ဦးသည် သူ၏ အမူအကျင့်သာ ပြောင်းလဲပြီးနောက် စိတ်သဘောထား မပြောင်းလဲဘဲ ဘုရားသခင်အတွက် သက်သေခံနိုင်သလော။ အကယ်၍ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသက်သေခံချက် မပေးနိုင်ပါက၊ ဘုရားသခင်အတွက် သက်သေခံရန် ဧဝံဂေလိ၏ သမ္မာတရားအကြောင်းကိုသာ ပြောပြနိုင်ပါက သင်သည် ဘုရားသခင် အသုံးပြုရန် သင့်တော်သလော။ မှန်သောလမ်းခရီးကို လူတို့ လက်ခံပြီးနောက်တွင် အသက်ဝင်ရောက်ခြင်းဆိုင်ရာ သမ္မာတရားနှင့် လက်တွေ့ကျင့်သုံးမှုဆိုင်ရာ သမ္မာတရားကို ၎င်းတို့ နားလည်ဖို့လိုသည်။ အကယ်၍ သင်၌ စစ်မှန်သော အတွေ့အကြုံ မရှိသည့်အပြင် သင်၏ အတွေ့အကြုံကို အခြေခံသော သက်သေခံချက်အကြောင်း မည်သို့ပြောရမည်ကို မသိပါက ဤအရာများသည် ပျော့ကွက်များ မဟုတ်လော။ လူတို့ သင့်ကို လေးစားပြီး အထင်ကြီးရန်အတွက် အယူဝါဒများအကြောင်း ပြောပြခြင်းကို အမြဲတမ်း အာရုံစိုက်ပါက၊ မြင့်မားသော အနေအထား၌ ရပ်တည်ရန် အမြဲအလိုရှိပါက ဤသည်မှာ ဘုရားသခင်ကို သက်သေခံခြင်း ဟုတ်သလော။ လုံးဝ မဟုတ်ချေ။ ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်းဖြစ်၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်း ဖြစ်၏။ အကယ်၍ သင်သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို မကြုံရပါက သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုကို မည်သို့ရရှိနိုင်မည်နည်း။ ဧဝံဂေလိဖြန့်ဝေသူ အချို့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့နှင့် ပတ်သက်၍ ပြောကြပြီး ၎င်းတို့ကို ကြားနာသူများသည် ဤအရာမှ များစွာ အကျိုးရရှိကြသည်။ ထိုသူတို့သည် တို့ထိခြင်းခံကြရပြီး ဤဟောပြောသူများကို သူတို့ လှိုက်လှိုက်လှဲလှဲ လေးစားကြသည်။ သို့တစေ ဤဧဝံဂေလိ ဖြန့်ဝေသူများ၌ ဘုရားသခင်ကို ကြောက်ရွံသော စိတ်နှလုံးများ ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ဧဝံဂေလိလက်ခံရန် အလားအလာ ရှိသော မည်သူ့ကိုမဆို မထီမဲ့မြင်မပြုကြပေ။ ၎င်းတို့သည် လူတို့ကို စိတ်ရင်းအမှန်ဖြင့် စကားပြောနိုင်ကာ လူတို့နှင့် အဆင်ပြေပြီး ပုံမှန်အတိုင်း မိတ်ဆွေဖွဲ့ပြီးလျှင် အမှန်ပင် ပုံမှန်လူ့သဘာဝအသိစိတ် အနည်းငယ်ကို ပိုင်ဆိုင်ထားသည်။ ဤအရာကို ၎င်းတို့ မည်ကဲ့သို့ ပြီးမြောက်သနည်း။ ဤအရာက ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် တစ်စုံတစ်ရာကို ရရှိထားကြောင်း သက်သေပြသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် သမ္မာတရား အချို့ကို နားလည်သည်၊ မိမိတို့ကိုယ်ကို သိကျွမ်းမှုအချို့ရှိပြီး ၎င်းတို့ အသက်စိတ်သဘောထားများက အတော်ပင် ပြောင်းလဲသွားပြီး ဖြစ်သည့်အတွက် ၎င်းတို့သည် နောက်ထပ် မာနထောင်လွှားမလာတော့ပေ။ ဧဝံဂေလိကို လက်မခံသေးသော လူတို့ကို တွေ့သောအခါ ၎င်းတို့က “ကျွန်ုပ်သည် ဟိုယခင်က ဤအတိုင်းပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့ကို ကျွန်ုပ် သိမ်ငယ်အောင် မလုပ်သင့်ပေ။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုမျှ ကြီးမြတ်သည် မဟုတ်” ဟု စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ သဘာဝကို မြင်တွေ့သွားသည်နှင့် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများအနေဖြင့် မသိနားမလည်မှု၊ မိုက်မဲမှု သို့မဟုတ် အားနည်းမှု အနည်းငယ်ကို ထုတ်ဖော်ကြောင်း ၎င်းတို့ တွေ့ရှိသောအခါ ယင်းကို ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်ဟု စဉ်းစားကြမည်ဖြစ်သည်။ အခြားသူများကို မလှောင်နှင့်။ ထို့အပြင် အခြားလူတိုင်းသည် အဆင့်အတန်းမရှိသော၊ သာမန်လူတို့ အမြောက်အမြားထဲမှ တစ်ဦးသာဖြစ်သည်ဟူသော ခံစားမှု သို့မဟုတ် သဘောထားမျိုးကို မစွဲကိုင်လေနှင့်။ အကယ်၍ သင်သည် ဤသဘောထားကို ဆုပ်ကိုင်ထားလျှင် ယင်းက သင်၏ ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်ကို ဟန့်တားပြီး ထိခိုက်စေမည် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယခုလေးတင်မှ ယုံကြည်လာသော လူများစွာကို မြင်တွေ့သောအခါ ဖောက်ပြန်ပျက်စီးသော ဤအခြေအနေမျိုးက သင်စိတ်နှလုံးထဲတွင် တစ်ခါတစ်ရံ ပေါ်လာမည်ဖြစ်သည်။ ဥပမာ၊ သင်သည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် လက်ခံထားပြီဖြစ်ကာ ဧဝံ‌ဂေလိကို ဆယ်နှစ်တိုင်တိုင် ဖြန့်ဝေလာခဲ့ပြီဟု ဆိုကြပါစို့။ သင်သည် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများကြား၌ နေသောအခါ သူတို့က “သင်သည် ဘုရားသခင်ကို နှစ်‌ပေါင်းနှစ်ဆယ်တိုင်တိုင် ယုံကြည်လာခဲ့ပြီ ဖြစ်သော်လည်း ကျွန်ုပ်တို့မှာမူ သူ့ကို ယခုမှ လက်ခံပြီးခါစ ရှိသေးသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ပင် သေးငယ်နေသေးပြီး နှိုင်းယှဉ်ကြည့်လျှင် ကျွန်ုပ်တို့သည် သင့်အောက် များစွာကွာဝေးသည်မှာ သေချာသည်။ သင်သည် အရွယ်ရောက်ပြီးသားလူတစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့သည် မကြာခင်က မွေးကင်းစ ကလေးငယ်များသာ ဖြစ်ကြသည်” ဟု ဆိုလျက် သင်သည် သူတို့ထက် သာလွန်သည်ဟု အမြဲခံစားသည်။ သူတို့က ထိုသို့သော နှိုင်းယှဉ်မှုများကို ပြုသောအခါ သင်သည် မည်သည့်အရာကို စဉ်းစားသင့်သနည်း။ “ကျွန်ုပ်သည် ဘုရားသခင်ကို သူတို့ထက် စော၍လက်ခံပြီး ယုံကြည်ခဲ့သည်မှာ သူတို့ထက် ပို၍ကြာပြီဖြစ်သော်လည်း ကျွန်ုပ်သည် အသက်ဝင်ရောက်မှုနှင့် သမ္မာတရားတို့အားဖြင့် များစွာ နောက်ကျ ကျန်နေသေး၏။ ဘုရားသခင်၏ တကယ့်တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်မခံရ‌သေးသည့်အပြင် ကျွန်ုပ်သည် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းကို ခံရဖို့ အလှမ်းဝေးကွာနေသေးသည်” ဟူ၍ ဖြစ်သည်။ သင် အမှန်တကယ် မည်သို့ဖြစ်နေသည်ကို သင့်စိတ်နှလုံးထဲ၌ သင်သိ၏။ လူတို့က သင့်ကို မည်သို့လေးစားပါစေ သို့မဟုတ် သင့်ကို မည်မျှမြင့်မားစွာ သဘောထားပါစေ သင် မည်ကဲ့သို့ ခံစားသနည်း။ “ကျွန်ုပ်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်၊ ကျွန်ုပ်ကို မကြည်ညိုပါနှင့်” ဟူ၍ဖြစ်သည်။ သင်သည် မနှစ်မြို့သည့်အပြင် ပျော်ရွှင်သာယာမှု မခံစားရသည့်အကြောင်းမှာ သင်သည် လုံးဝ ဘာမျှမဟုတ်ကြောင်း၊ မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြောင်း၊ အချို့သော စကားများနှင့် အယူဝါဒများကိုသာ ပြောနိုင်ကြောင်းကို သင့်စိတ်ထဲတွင် ရှင်းလင်းစွာ သိမြင်သောကြောင့် ဖြစ်သည်။ လူတို့သည် စဉ်းစားဉာဏ်မရှိဘဲ အခြားသူများကို လေးစားကြည်ညိုတတ်ကြသည်။ အကယ်၍ သင်သည် လေးစားကြည်ညိုခံရသည့် ခံစားမှုကို ဝမ်းပန်းတသာ အရသာတွေ့နေပြီး ပျော်ရွှင်ကြည်နူးနေပါက သင် ဒုက္ခရောက်နေပြီ ဖြစ်သည်။ အကယ်၍ သင်သည် ထိုအရာကို စိတ်အနှောင့်အယှက်ဖြစ်ပြီး ဤအခြေအနေမျိုးကို ထားခဲ့လိုပါက၊ သင်သည် အခြားသူများက သင့်အား ဤပုံစံဖြင့် ဆက်ဆံသည်ကို မနှစ်သက်ပါက သင်၌ သင့်ကိုယ်သင် သိနားလည်မှုတစ်စုံတစ်ရာ ရှိသည်ကို သက်သေပြသည်။ ဤသည်မှာ မှန်ကန်သော အခြေအနေဖြစ်ပြီး ထိုအခြေအနေတွင် သင်သည် အမှားများကို ကျူးလွန်ဖို့ သို့မဟုတ် မှားယွင်းသောအရာများကို ပြုလုပ်ဖို့ အလားအလာ ရှိမည်မဟုတ်ပေ။

ငါပြောပြနေသော အခြေအနေများမှာ အခြေခံအားဖြင့် ဧဝံဂေလိဖြန့်ဝေသည့် လုပ်ငန်းစဉ်၌ လူတို့ အများအားဖြင့် ကြုံတွေ့ရသည့် အခြေအနေများဖြစ်သည်။ အကြောင်းအရာများ၏ အပျက်သဘောဆောင်သော အပိုင်းအားဖြင့် သင်တို့သည် မသင့်လျော်သော စကားပြောဆိုနည်း၊ အလေ့အထများနှင့် အမူအကျင့်များအချို့ကို ရှောင်ကြဉ်ရန်နှင့် သင့်စိတ်သဘောထားက သမ္မာတရားနှင့် မကိုက်ညီသည့် မသင့်လျော်သော အရာများကို မထုတ်ဖော်မိဖို့ သေချာစေရန် လိုအပ်သည်။ အပြုသဘောဆောင်သော အပိုင်းအားဖြင့်၊ ဤတာဝန်ကို ထမ်းဆောင်နေစဉ် သင်၏တာဝန်အပေါ် အဆုံးတိုင်အောင် သစ္စာစောင့်သိခြင်းနှင့် တာဝန်ယူခြင်း စိတ်သဘောတစ်ခု ရှိသင့်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်ထဲတွင် သင်သည် ဘုရားသခင်၏ ရည်မှန်းချက်များ အထမြောက်အောင် လုပ်ဆောင်ဖို့အတွက် သမ္မာတရားနှင့် စည်းမျဉ်းများကို တဖြည်းဖြည်းချင်း ရှာဖွေသင့်ပြီး သင့်မှာရှိသော တာဝန်တိုင်းအား ထမ်းဆောင်ခြင်း၌ မဆုတ်မနစ် ကြိုးပမ်းကာ အဆုံးအထိ ဆက်၍ သစ္စာစောင့်သိသင့်သည်။ မည်သည့်တာဝန်မျိုးကို သင် ထမ်းဆောင်နေပါစေ ဘုရားသခင်ကို ကျေနပ်စေနိုင်ရမည် ဖြစ်ပြီး သင်လုပ်ဆောင်ခဲ့သည့် ပြည့်ပြည့်ဝဝနှင့် ချီးကျူးဖွယ်ရာ ထိုအရာများကြောင့် ဘုရားသခင်၏ အောက်မေ့ခြင်းကို ခံရသင့်သည်။ ဧဝံဂေလိဖြန့်ဝေစဉ် ကာလအတွင်း သင်သည် ပြစ်မှားမှု ကျူးလွန်ခြင်းများ ပို၍ပို၍ နည်းပါးလာပြီး အမှားများ ပြုလုပ်ခြင်း ပို၍ပို၍ နည်းပါးလာအောင် ကြိုးစားရမည်။ သင်၏တာဝန် ထမ်းဆောင်စဉ်တွင် အပေးအယူလုပ်ခြင်း သို့မဟုတ် ဆုလာဘ်များ ရှာဖွေခြင်းကို ပါဝင်ဆောင်ရွက်သည့်အချိန် ပို၍ပို၍ နည်းပါးလာရမည်၊ သို့မဟုတ် အပေးအယူလုပ်ဖို့ သို့မဟုတ် ဆုလာဘ်များ ရှာဖွေဖို့ ရည်မှန်းချက်နှင့် စိတ်ဆန္ဒရှိသည့်အချိန် ပို၍ပို၍ နည်းပါးလာရမည်။ တစ်ချိန်တည်းမှာပင် သင်၏တာဝန်များကို ဖြည့်ဆည်းရန် တက်ကြွစွာ ကြိုးပမ်းရမည်၊ ယင်းတို့ကို အပြည့်အဝ ဖြည့်ဆည်းပြီး သင်၏တာဝန်ကို သင့်အပေါ်ကျရောက်သော အရာတစ်ခုအဖြစ် သတ်မှတ်ရမည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လည်စဉ်းစားသည့်အခါ သင်၏လိပ်ပြာလုံဖို့ရန် သင့်တာဝန်ကိုလည်း ကြိုးပမ်းလုပ်ဆောင်လော့။ ဤသည်မှာ သင်သည် အကြွေးတင်နေသည်ဟု သင့်ကို ခံစားစေမည့် အရာများ တချို့ကို တဖြည်းဖြည်းချင်း လျှော့ချရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပြောင်းလဲခြင်း အလျဉ်းမရှိဘဲ ဆက်သွား၍မရပေ။ သင်သည် ဧဝံဂေလိလက်ခံရန် အလားအလာ ရှိသူတစ်ဦးကို ဧဝံဂေလိ ဖြန့်ဝေစဉ် သင်၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်ခဲ့သည့်အပြင် သင်အကြွေးတင်နေသည့်အလား ဤအရာက သင့်ကို စိတ်မသက်မသာ ဖြစ်စေပြီးလျှင် ကြိုတင်ပြင်ဆင်သည့်အလုပ်ကို အလုံအလောက် မလုပ်ခဲ့ဟု သင်ခံစားရသည် ဆိုပါစို့။ သို့သော်လည်း ယင်းနောက် ဧဝံဂေလိဖြန့်ဝေသောအခါတွင် သင်၏ အခြေအနေက ထူးမခြားနားဖြစ်နေပြီး ပြောင်းလဲမှုမရှိခဲ့ပေ။ ဤသည်မှာ သင်သည် ဤကာလအတွင်း လုံးဝ မတိုးတက်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ ဤတိုးတက်မှု ကင်းမဲ့ခြင်းက မည်သည့်အရာကို ဖော်ပြသနည်း။ ယင်းက သင်သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ရရှိခြင်း မရှိခဲ့သေးဟု ဆိုလိုသည်။ ယင်းက ငါ မိတ်သဟာယပြုနေသည့် ဤအရာများသည် သင့်အတွက် သြဝါဒများမှလွဲ၍ မည်သည့်အရာမျှ လုံးဝမဟုတ်ခဲ့သည်ကို ဆိုလိုသည်။ အကယ်၍ သင်သည် ပြစ်မှားမှု ကျူးလွန်ခြင်းကို ပို၍ပို၍ နည်းပါးစေပါက၊ အမှားများပြုလုပ်ခြင်းကို ပို၍ပို၍ နည်းပါးစေပါက အကြွေးတင်သော ခံစားမှု ပို၍လျော့ပါးပြီး အသိတရား၏ ထိုးနှက်ခံစားမှု ပို၍နည်းပါးလာပါက ဤအရာသည် မည်သည့်အရာကို ဖော်ပြသနည်း။ ယင်းက သင်သည် တာဝန်ကို ပို၍ပို၍ ကြီးမားသော စင်ကြယ်ခြင်းဖြင့် ထမ်းဆောင်နေသည်၊ ထို့ပြင် သင်၏ တာဝန်သိစိတ်မှာ ပို၍ပို၍ အားကောင်းလာသည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့် သင်သည် ဤတာဝန်ကို ထမ်းဆောင်ရာ၌ ပို၍ပို၍ သစ္စာစောင့်သိလာနေသည်။ ဥပမာဆိုရလျှင် အတိတ်တွင် ဧဝံဂေလိဖြန့်ဝေခြင်းသည် သမ္မာတရားကို မိတ်သဟာယပြုခြင်း သို့မဟုတ် သမ္မာကျမ်းချက်များကို အနက်ပြန်ခြင်းအပေါ်ထက် လူသားနည်းစနစ်များအပေါ် အမှီပြုခဲ့သည်။ ယခုတွင် ထိုသို့သော လုပ်ကိုင်နည်းက မသင့်လျော်၊ ယင်းက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသောလူတစ်ဦး ပြုလုပ်သင့်သည့် အရာမဟုတ်၊ ထို့ပြင် ယင်းက ဘုရားသခင်အား ဂုဏ်သရေညှိုးစေသည့် အရာတစ်ခု ဖြစ်သည်ဟု ထင်ရသည်။ သင်တို့၌ ဤစိတ်ခံစားမှု ရှိခဲ့ဖူးသလော။ သင်တို့သည် ယခုတွင် ဤအတိုင်း ခံစားကောင်း ခံစားရမည် မဟုတ်သော်လည်း သင်သည် အမျိုးမျိုးအဖုံဖုံသော သမ္မာတရားများဖြင့် မိမိကိုယ်ကို ပို၍ပို၍ ပြင်ဆင်ထားကာ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ရရှိထားပြီးနောက် တစ်နေ့နေ့တွင် သင်သည် သင်၏အတိတ်က လက်တွေ့လုပ်ဆောင်မှုများကို ကြည့်သောအခါ ပို၍ တိကျမှန်ကန်ပြီး လက်တွေ့ကျသော သဘောထားတစ်ခုနှင့် အမြင်ရှုထောင့်ကို ခံယူမည်ဖြစ်သည်။ ဤသည်မှာ သင်၏ အတွင်းပိုင်းအခြေအနေက ပုံမှန်ဖြစ်လာပြီဖြစ်ကြောင်း သက်သေပြသည်။ ယခုတွင်မူ သင်သည် သင်၏ယခင်က လက်တွေ့လုပ်ဆောင်မှုများနှင့် ပတ်သက်၍ မည်သည့်အရာမျှ မခံစား၊ ယင်းတို့ကို ပမာမထားခြင်း မရှိသည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ မှန်ကန်သော ရှုထောင့်အမြင် သို့မဟုတ် အကဲဖြတ်ချက် မရှိပေ။ ထိုအစား သင်သည် စိတ်ဝင်စားမှုမရှိပေ။ ဤသည်မှာ အလွန် သောကရောက်စေသည် မဟုတ်လော။ ဤသည်မှာ သင်သည် ထိုသို့သောအရာများနှင့် ဆီလျော်သော မည်သည့်သမ္မာတရားကိုမျှ မပိုင်ဆိုင်ကြောင်း သက်သေပြသည်။ သင်သည် လူသား၏ မကောင်းမှုများနှင့် ပရိယာယ်များ အမျိုးမျိုးအပြင် သမ္မာတရားနှင့် မညီညွတ်သည့် သူ၏ ထိုအလေ့အထများအပေါ် မထုံတက်သေး သဘောထားတစ်ခုကိုပင် ခံယူထားကာ၊ ညစ်ညမ်းသော ဤအရာများကို လက်ခံခြင်း၊ ထောက်ခံခြင်းနှင့် လိုက်လျောခြင်းပင် ရှိလေသည်။ ထိုအခါ သင်၏ အတွင်းပိုင်း အခြေအနေက အဘယ်နည်း။ သင်သည် မဖြောင့်မတ်သော အရာများကို ခုံမင်နှစ်သက်သည်၊ အပြစ်နှင့် ဆက်စပ်သော အရာများကို ခုံမင်နှစ်သက်သည်၊ ပြီးလျှင် သမ္မာတရားနှင့် မညီညွတ်ဘဲ ဆန့်ကျင်သည့် အရာများကို ချစ်လေသည်။ ဤသည်မှာ အလွန် သောကရောက်စေသည်။ အကယ်၍ သင်သည် ဤအလေ့အထများအတိုင်း ဆက်၍ ပြုမူလုပ်ဆောင်နေပါက အလွန်ပြင်းထန်သော အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤအကျိုးဆက်မှာ အဘယ်နည်း။ သင်သည် ဆိုးယုတ်သော လုပ်ရပ်များကို အဆက်မပြတ် စုဆောင်းနေပြီး ကယ်တင်ခြင်း လမ်းကြောင်းမှ ပို၍ပို၍ ဝေးရာသို့ လမ်းလွဲနေသည်။ သင်သည် ပို၍ပို၍ ဝေးရာသို့ လမ်းလွဲနေသည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ ယင်းမှာ ဤတာဝန်ကို ထမ်းဆောင်နေစဉ် သင်သည် သမ္မာတရားကို ရှာဖွေရန် ပျက်ကွက်ပြီး သင်ပြုလုပ်သည့် အရာများတွင် စည်းမျဉ်းများကို မလိုက်နာသောကြောင့် ဖြစ်သည်။ သင့်ကိုယ်ပိုင်စိတ်ဆန္ဒနှင့် နှစ်သက်မှုများနောက်ကိုသာ လိုက်၏။ သို့ဖြစ်၍ သင်၏တာဝန်ကို မည်ကဲ့သို့ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်မည်နည်း။ သင် တာဝန်ထမ်းဆောင်သည့် ရည်ရွယ်ချက်မှာ သမ္မာတရားထဲသို့ ဝင်ရောက်ရန်မဟုတ်ဘဲ လုပ်ငန်းတာဝန်တစ်ခုကို ပြီးမြောက်ရန်နှင့် မိမိ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြရန်သာ ဖြစ်သည်။ သင်လိုက်လျှောက်သည့် အရာမှာ ဘုရားသခင်၏ အလိုတော် မဟုတ်သည့်အပြင် သင်လက်ခံသည့် အရာမှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် မဟုတ်ပေ။ ဤအရာတို့၏ သဘာဝများက ကွဲပြားခြားနားသည်။ ထို့ကြောင့် သင်သည် ဧဝံဂေလိဖြန့်ဝေရန် သွားလာသည့်အခါ ကယ်တင်ခြင်းသို့ ဦးတည်နေသော လမ်းကြောင်းကို မဟုတ်ဘဲ အလုပ်လုပ်ပေးခြင်း လမ်းကြောင်း၊ ဘုရားသခင်နှင့် အပေးအယူလုပ်ခဲ့သည့် ပေါလုလမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ အနှေးနှင့်အမြန် ဆိုသကဲ့သို့ သင်ပြုလုပ်သမျှအပေါ် မူတည်၍ ဘုရားသခင်သည် သင့်အတွက် ပေါလုနှင့်တူသော အဆုံးသတ်ကို သတ်မှတ်ဖန်တီးပေးမည် ဖြစ်သည်။ ဤသည်မှာ ရလဒ်ဖြစ်မည်မဟုတ်လော။ ရလဒ်ဖြစ်မည်မှာ လုံးဝအသေအချာပင်။ အပြန်အလှန်အားဖြင့် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ သင်၏ နည်းစနစ်များနှင့် နည်းလမ်းများအားလုံးက လက်တွေ့ကျလျှင်၊ သင်ထွက်ခွာသွားရသည့် လိုရင်းနှင့် ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကျေနပ်စေရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်ကာ သင်ကျင့်သုံးသည့် စည်းမျဉ်းများနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းက ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်ပြီး သမ္မာတရားနှင့် လုံးဝညီညွတ်နေလျှင် ထိုသို့သော လက်တွေ့လုပ်ဆောင်မှုအားဖြင့် မည်သည့်ရလဒ်ကို ရရှိလိမ့်မည်နည်း။ သင်၏ သမ္မာတရားနားလည်မှုက ပို၍ပို၍ နက်နဲလာလိမ့်မည်၊ အရေးကိစ္စများကို စည်းမျဉ်းများနှင့် ပို၍ပို၍ ညီညွတ်အောင် ကိုင်တွယ်လိမ့်မည်၊ သင့်အသက်တာသည် ပို၍ပို၍ ရင့်ကျက်ကြီးထွားလာပြီး ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနှင့် သစ္စာစောင့်သိမှုက တဖြည်းဖြည်း တိုးပွားလာမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ကယ်တင်ခြင်းလမ်းကြောင်းအပေါ် တက်လှမ်းမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် သင်၏တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်၌ သင်ကိုယ်တိုင်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တဖြည်းဖြည်းချင်း စစ်ကြောမည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးကို စစ်ကြောမည်ဖြစ်သည်။ ထိုအခါ ဤတာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်၌ သင့်ကိုယ်သင် ပို၍ပို၍ ချုပ်တည်းနိုင်ပြီး ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးနှင့် ကျိုးနွံနာခံသော စိတ်နှလုံးတို့ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ထို့နောက်တွင် သင်၏ တာဝန်သိစိတ်သည် ပို၍ပို၍ အားကောင်းလာပြီး သင့်သစ္စာစောင့်သိမှု၏ စင်ကြယ်ခြင်းက ပို၍ပို၍ တိုးပွားမည်ဖြစ်သည်။ သင်၏ ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည်လည်း နက်ရှိုင်းလာမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် သမ္မာတရားအမျိုးမျိုး၏ စစ်မှန်မှုအား တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းကို ပို၍ပို၍ ရရှိမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းသည် ပေါလုလျှောက်ခဲ့သည့် လမ်းကြောင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်လိမ့်မည်။ ဤသည်မှာ ပေတရု၏ သမ္မာတရားလိုက်စားမှု လမ်းကြောင်းဖြစ်၏။ ဤလမ်းကြောင်းက ကယ်တင်ခြင်းလမ်းကြောင်း ဖြစ်၏။ နောက်ဆုံးရလဒ်အနေဖြင့် သင်သည် ယင်းကို ကိုယ်တိုင်တွေ့ကြုံလိမ့်မည်။ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုမည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ပို၍ပို၍ သိကျွမ်းမည်ဖြစ်သည်။ သင်၏လမ်းကြောင်းတွင် အကွေ့အကောက်များ မည်မျှရှိခဲ့ပါစေ၊ သင်သည် သွေဖည်မှုများ မည်မျှ ဖြတ်သန်းခဲ့ပါစေ၊ သို့မဟုတ် သင်၌ မည်သည့် အပျက်သဘောဆောင်မှု၊ အားနည်းချက် သို့မဟုတ် ရှုံးနိမ့်မှုများနှင့် ပြိုလဲမှုများပင် ရှိခဲ့ပါစေ ဘုရားသခင်၏ အမြင်၌ အရေးမကြီးပေ။ သင်ပြုလုပ်ခဲ့ပြီးသော အရာ၊ သင်ထုတ်ဖော်ခဲ့ပြီးသော အရာနှင့် သင် ပေါ်လွင်စေခဲ့ပြီးသော အရာတို့ကို အလုံးစုံ ရှုမြင်ခံရသောအခါ သင်လျှောက်လှမ်းသည့် လမ်း‌ကြောင်းမှာ ကယ်တင်ခြင်းလမ်းကြောင်း ဖြစ်လိမ့်မည်။ သို့ဆိုလျှင် ဘုရားသခင်သည် သင်၏အဆုံးသတ်ကို မည်သို့ အဆုံးအဖြတ် ပေးမည်နည်း။ ဘုရားသခင်သည် သင်၏ အဆုံးသတ်ကို အလောတကြီး အဆုံးအဖြတ်ပေးမည် မဟုတ်ပေ။ နည်းစနစ်ကျကျနှင့် ညင်သာသော သည်းခံခြင်းဖြင့် ဘုရားသခင်က ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် သင့်ကို ထောက်ပံ့မည်၊ သင့်ကို ကူညီမည်၊ ပြီးလျှင် သင့်ကို ခေါ်ဆောင်မည်ဖြစ်သည်။ သူသည် သင့်အား သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို လက်ခံခွင့်ပေးမည်ဖြစ်ပြီး နောက်ဆုံးတွင် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် လုံးစေ့ပတ်စေ့နှင့် လုံးလုံးလျားလျား ကယ်တင်ခံရမည် ဖြစ်သည်။ ထို့ကြောင့် ဤရှုထောင့်အမြင်မှနေ၍ ဧဝံဂေလိဖြန့်‌ဝေခြင်း တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် လူတို့၌ ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ တက်လှမ်းရန် အခွင့်အလမ်းနှင့် ဖြစ်နိုင်ခြေရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၌ ဤအခွင့်အလမ်းရှိပြီး ထိုအရာသည် အပြည့်အဝ ဖြစ်နိုင်ပေသည်။ ယင်းက ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းနှင့် သမ္မာတရားလိုက်စားမှု လမ်းကြောင်းကို လျှောက်နိုင်ခြင်း ရှိမရှိဟူသည့်အပေါ်၌သာ မူတည်သည်။

ယနေ့ ငါတို့သည် ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်အား ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ သမ္မာတရားအမျိုးမျိုးကို အဓိကအားဖြင့် မိတ်သဟာယပြုခဲ့ပြီး ဖြစ်သည်။ ငါတို့၏ မိတ်သဟာယပြုချက်ကို အစပြုခဲ့သည့် အကြောင်းအရာအား ပြန်ဆွေးနွေးကြစို့။ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ထမ်းဆောင်သူတို့အား ငါတို့ မည်သို့ခေါ်သင့်သနည်း။ (ဧဝံဂေလိ ဖြန့်ဝေခြင်းတာဝန်ကို ထမ်းဆောင်သောသူများ ဖြစ်သည်။) မှန်ပေ၏။ ၎င်းတို့ကို သက်သေများ၊ တရားဟောဆရာများဟု ခေါ်၍မရ၊ ထို့ပြင် ဧဝံဂေလိတမန်များဟု ခေါ်၍မရသည်မှာ သေချာ၏။ နောက်ဆုံး လေ့လာတွေ့ရှိချက်တွင် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေသူများ ဖြစ်သည်။ သင့်ကိုယ်သင် သက်သေဟု မည်သည့်အခါမျှ မခေါ်လေနှင့်။ လူတို့သည် မည်သည့်အရာကိုမျှ သက်သေမခံနိုင်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်အား အရှက်မရစေလျှင် လုံလောက်ပြီဖြစ်သည်။ သင့်ကိုယ်သင် တရားဟောဆရာဟု ခေါ်ခြင်းက ပို၍ပင် ဆိုး၏။ သင်သည် ဤအရာမှ ပို၍ဝေးသေး၏။ သင်ဟောပြောသည့်အရာမှာ “လမ်းခရီး” မဟုတ်သည့်အပြင် သင်ဟောပြောသည့် အရာများမှာ “လမ်းခရီး” နှင့် များစွာ အလှမ်းဝေး၏။ ထို့ကြောင့် ငါတို့သည် “ဧဝံဂေလိ ဖြန့်ဝေသူများ” ဟူသည့် အမည်နာမကို ရွေးချယ်ခြင်းဖြစ်ကာ လူတိုင်း၌ ဤတာဝန်၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ရှိမည်ဖြစ်ပြီး ယင်းမှာ ၎င်းတို့သည် ဤတာဝန်အား ထမ်းဆောင်သူများပင် ဖြစ်လေသည်။ ၎င်းတို့သည် သက်သေများ မဟုတ်သကဲ့သို့ တရားဟောဆရာများလည်း လုံးဝ မဟုတ်ပေ။ ထိုအရာများနှင့် များစွာ ခြားနား၏။ ၎င်းတို့ကို သက်သေများ သို့မဟုတ် တရားဟောဆရာများဟု ခေါ်လျှင် သူတို့ကိုယ်သူတို့ အခြားသူများထက် သာလွန်သည်ဟု ခံစားမည် မဟုတ်လော။ လူတို့သည် လွယ်လင့်တကူ ကြွားဝါပြီး သွေးနားထင်ရောက်တတ်သည်။ ဤပုံစံဖြင့် ကြွားဝါခြင်းနှင့် သွေးနားထင်ရောက်ခြင်းက ကောင်းသောအရာလော၊ ဆိုးသောအရာလော။ (ဆိုးသောအရာ ဖြစ်ပါသည်။) သင်သည် လူတို့ကို ချီးမြှောက်ခြင်းနှင့် မြှောက်ပင့်ခြင်း မပြုလျှင်လည်း ၎င်းတို့က မိမိတို့ဘာသာ အမြဲတမ်း သွေးနားထင်ရောက်ချင်ကြသည်။ အကယ်၍ ၎င်းတို့ကို သက်သေများ၊ တရားဟောဆရာများ သို့မဟုတ် ဧဝံဂေလိတမန်များဟု သင်ခေါ်လျက် တကယ်ကို ချီးမြှောက်လျှင်မူ ထိုသို့သော အမွှမ်းတင်မှုကို ရရှိပြီးနောက် ၎င်းတို့ မည်သို့ဖြစ်မည်ကို သင် စိတ်ကူးကြည့်နိုင်သလော။ ၎င်းတို့သည် သွေးနားထင် ရောက်လွန်းသဖြင့် လေထဲလွင့်သွားမည် ဖြစ်သည်။ ယခုတွင် သင့်၌ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်နှင့်ပတ်သက်သော သမ္မာတရားအမျိုးမျိုးနှင့်စပ်လျဉ်း၍ အခြေခံနားလည်မှု ရှိပြီဖြစ်သလော။ (ရှိပါပြီ။) ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သမ္မာတရားများစွာဖြင့် ပြင်ဆင်ရမည်။ လူအချို့က “ကျွန်ုပ်သည် ဧဝံဂေလိမဖြန့်ဝေသဖြင့် မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ဖို့လိုသလော” ဟု ဆိုသည်။ အခြားလူတို့က “ကျွန်ုပ်သည် မည်သည့်အခါ၌ ဧဝံဂေလိ ဖြန့်ဝေနိုင်မည် မသိပေ။ မည်သည့်အခါမျှ ဧဝံဂေလိ မဖြန့်ဝေဖူးသည့်အပြင် ကျွန်ုပ်သည် စကားအပြောမတတ်သူတစ်ဦး ဖြစ်သောကြောင့် အဘယ်သို့ ဧဝံဂေလိဖြန့်ဝေနိုင်မည်နည်း” ဟု ဆိုကြသည်။ သင်သည် ဧဝံဂေလိဖြန့်ဝေကောင်း ဖြန့်ဝေနိုင်မည် မဟုတ်သော်လည်း သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ပတ်သက်၍ သမ္မာတရားများဖြင့် မိမိကိုယ်ကို မပြင်ဆင်နိုင်သလော။ စကားပြောခြင်းနှင့် လူတို့အား တွေ့ဆုံခြင်းကို သင် မလေ့ကျင့်နိုင်သလော။ အကယ်၍ သင့်၌ သာသနာအသိနှင့် တာဝန်သိစိတ်ရှိပါက၊ သင်သည် ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုပြီး ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်လိုပါက သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ပတ်သက်၍ သမ္မာတရားများဖြင့် မိမိကိုယ်ကို ပြင်ဆင်သင့်သည်။ ရူပါရုံဆိုင်ရာ သမ္မာတရားများနှင့် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ သမ္မာတရားများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားရမည်။ ဘုရားသခင် ရွေးကောက်သော လူတို့အနေဖြင့် ဤကဏ္ဍနှစ်ခုနှင့် စပ်လျဉ်း၍ သမ္မာတရားများဖြင့် မဖြစ်မနေ ပြင်ဆင်ထားရမည်။ အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်ကို ဤသမ္မာတရားများဖြင့် ပြင်ဆင်ထားခြင်းသည် မည်သည့်အခါမျှ ပိုသည်မရှိပေ။ ယင်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းနှင့် သက်ဆိုင်သည်သာမက လူသားမျိုးနွယ် နားလည်ရမည့် သမ္မာတရားများ ဖြစ်သည်။ လူတို့သည် ဤသမ္မာတရားများ နားလည်ခြင်းအားဖြင့် မည်သို့ အကျိုးရရှိမည်နည်း။ ယင်းသည် ၎င်းတို့ကို မည်သည့်ကောင်းချီးများ ဆောင်ကြဉ်းပေးနိုင်သနည်း။ လူတိုင်းက ယေဘုယျခံယူချက်ကို ရကောင်းရနိုင်သော်လည်း ဘုရားသခင်၏ အမှုတော် ဆက်လက်၍ တိုးတက်နက်ရှိုင်းလာသည်နှင့်အမျှ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို ဆက်လက်၍ တွေ့ကြုံရမည်ဖြစ်ပြီး ၎င်းတို့၏ သမ္မာတရားနားလည်မှုသည်လည်း ဆက်လက်၍ တိုးတက်နက်ရှိုင်းမည် ဖြစ်သည်။ ၎င်းတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးများသည် ပို၍ပို၍ နီးကပ်လာပြီး ၎င်းတို့၏ သူနှင့်ဆက်သွယ်မှုသည် ပို၍ပို၍ စိပ်လာမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ လူတစ်ဦးချင်းစီအပေါ် ဘုရားသခင်၏ သဘောထားတို့နှင့် နှိုင်းယှဉ်ပြသည့်အနေဖြင့် ရူပါရုံနှင့် ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သော သမ္မာတရားများကို တစ်ဆင့်ပြီးတစ်ဆင့် စံပြုလာမည်ဖြစ်သည်။ ဤတစ်ဆင့်ချင်း နှိုင်းယှဉ်ပြခြင်း ဖြစ်စဉ်သည် ဘုရားသခင်အား သိကျွမ်းခြင်းဖြစ်စဉ် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်ကို အချိန်အကြာကြီး ယုံကြည်လာခဲ့ပြီး ဖြစ်သော်လည်း ဘုရားသခင် မည်သူဖြစ်ကြောင်း သို့မဟုတ် သူသည် အဘယ်သို့ပေါ်ထွန်းပြီး အမှုပြုကြောင်းကို မသိပေ။ ထိုသို့သော ယုံကြည်မှုသည် လွန်စွာ မ‌ရေမရာဖြစ်ပြီး မရှင်းလင်းသည် မဟုတ်လော။ သင်သည် သင့်တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီဖြစ်သည်။ သို့သော် အဆုံးတွင် ဘုရားသခင်နှင့်ပတ်သက်၍ ဘာမျှမသိရှိသေးပါက ဘုရားသခင်၌ သင်၏ယုံကြည်မှုသည် အဓိပ္ပာယ်မဲ့နေပြီ ဖြစ်သည်။ သင်သည် နတ်မိစ္ဆာများက ဘုရားသခင်အကြောင်း ကောလာဟလအချို့ ဖြန့်ဝေသည်ကို ကြားရပါက ယင်းတို့ကို ယုံကြည်မည်လော။ (ကျွန်ုပ်တို့ ယုံကြည်မည်မဟုတ်ပါ။) ယခုတွင် ထိုကဲ့သို့သော အရာများကို ယုံကြည်မည်မဟုတ်ဟု သင်ပြောသော်လည်း၊ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် နားမလည်ပါက ဤကောလာဟလများကို ကြားရသောနေ့ ရောက်လာသော် သင်သည် သံသယများ ရှိလာမည်ဖြစ်ပြီး သင့်စိတ်နှလုံးထဲတွင် “ယင်းက မှန်ကန်နိုင်သလော။ ဘုရားသခင်က ထိုသို့သောအရာမျိုးကို ပြုလုပ်နိုင်သလော” ဟု တွေးလျက် ထိုစကားများကို တစိမ့်စိမ့် ချင့်ချိန်တွေးဆမည် ဖြစ်သည်။ စိတ်မသက်မသာ ဖြစ်လျက် သင်သည် သင့်တာဝန်ကို လုပ်ဆောင်လိုစိတ်မရှိဘဲ ဖြစ်နေမည်။ ကောလာဟလများ၏ လွှမ်းမိုးမှုအောက် ကျရောက်ပြီးလျှင် ရှေ့တွင်ရှိသောလမ်းသည် စိတ်ဓာတ်ကျစရာနှင့် မှုန်မှိုင်းနေသည်ဟု ခံစားရမည်။ သို့ဖြစ်၍ သင်သည် လမ်းပျောက်နေပြီး စိတ်ရှုပ်ထွေးလာမည် ဖြစ်သည်။ လူတို့သည် အမြဲတမ်း လမ်းပျောက်ပြီး စိတ်ရှုပ်ထွေးနေကြသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် ဘုရားသခင် မည်သည့်နေရာ၌ ရှိကြောင်း၊ သို့မဟုတ် ဘုရားသခင် တကယ်ရှိမရှိပင် မသိသောကြောင့် အမြဲတမ်း လမ်းပျောက်ပြီး စိတ်ရှုပ်ထွေးကြသောကြောင့် ဖြစ်သည်။ ဤစိတ်ရှုပ်ထွေးမှုသည် မည်သည့် အခြေအနေထဲတွင် ပေါ်ထွက်လာသနည်း။ ယင်းသည် အမြင်အားဖြင့် ဆန့်ကျင်သော အရာများစွာက လူတို့ကို စိတ်ရှုပ်စေသဖြင့် ၎င်းတို့သည် လျှောက်ရမည့် ဦးတည်ရာကို ရှင်းလင်းစွာ မမြင်နိုင်ဘဲ မည်သည့်လမ်းသို့ သွားရမည်ကို မသိသောအခါ ပေါ်ထွက်လာတတ်သည်။ ထို့ကြောင့် ၎င်းတို့သည် လမ်းပျောက်ပြီး စိတ်ရှုပ်ထွေးလာကြခြင်း ဖြစ်သည်။ သင်တို့သည် သင်တို့အမြင်၌ အမှုအရာများစွာကို ရှင်းလင်းစွာ မြင်တွေ့ကာ ထိုးထွင်းသိမြင်ပြီးလျှင် မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်နိုင်သလော။ ဤအရာ၌ သင်၏ ဘုရားသခင်အား နားလည်မှု၊ သင်၏ သမ္မာတရား နားလည်သဘောပေါက်ခြင်းနှင့် သမ္မာတရားဖြင့် သင်ပြင်ဆင်ထားသည့် အတိုင်းအတာတို့ ပါဝင်သည်။ လူတို့သည် အမြဲတမ်း လမ်းပျောက်ပြီး စိတ်ရှုပ်ထွေးသောအခါ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ အမှန်အားဖြင့် ၎င်းတို့သည် ရှေ့ဆီမှလမ်းကို အမှန်တကယ် မမြင်ရသလော။ လမ်းပျောက်သူနှင့် စိတ်ရှုပ်ထွေးသူတို့က အမှန်ပင် မျက်ကန်းကြသလော။ မဟုတ်ပေ။ ယင်းမှာ စိတ်နှလုံး၏ မျက်စိကန်းခြင်းနှင့် သမ္မာတရား၌၊ ဘုရားသခင်၌ ထုံထိုင်းခြင်းသာမက အားလုံးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် အကဲဖြတ်ချက်များ၌ ထုံထိုင်းခြင်းဖြစ်သည်။ ၎င်းတို့သည် အဘယ့်ကြောင့် ထုံထိုင်းရသနည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့်၊ ဘုရားသခင်၏ လုပ်‌ဆောင်ချက်များကို မသိသောကြောင့်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို မသိသောကြောင့်အပြင် အရာခပ်သိမ်းအပေါ် တိကျမှန်ကန်သော အကဲဖြတ်ချက်များ ပြုလုပ်ရမည့် အခြေခံစနစ် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၌ တစ်စုံတစ်ရာကို အကဲဖြတ်ရန်နှင့် သွင်ပြင်လက္ခဏာ ဖော်ပြရန်အတွက် စံသတ်မှတ်ချက်တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ဝေဝေဝါးဝါးဖြစ်ကြ၏၊ အရာရာတိုင်းကို ရှင်းလင်းမှု သို့မဟုတ် သိနားလည်မှုမပါဘဲ မြင်တွေ့ကြပြီး အကဲဖြတ်ချက်များကို ပြုလုပ်၍ မရနိုင်ပေ။ ၎င်းတို့သည် အမှုအရာများကို အဓိပ္ပာယ် မဖွင့်ဆိုနိုင်သကဲ့သို့ အကြောင်းရင်းအမှန်ကို မရိပ်စားမိနိုင်ပေ။ ဤသည်ကို ထုံထိုင်းခြင်းဟု ခေါ်သည်။ ထုံထိုင်းခြင်းက မျက်ကန်းခြင်းသို့ ဦးတည်ပြီး မျက်ကန်းခြင်းက လူတို့ကို လမ်းပျောက်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းသို့ ဆိုက်ရောက်စေသည်။ ယင်းမှာ ထိုအရာ ဖြစ်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် တရားဒေသနာများကို နှစ်ပေါင်းများစွာ ကြားနာခဲ့ပြီးသော လူတို့က အမှုအရာများကို ထိုးထွင်းသိမြင်ခြင်း မရှိနိုင်ရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ထိုသို့သော လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ရိပ်စားမိနိုင်ခြင်း မရှိဘဲ စည်းမျဉ်းစည်းကမ်းများကို ကျိုးကြောင်းမဆင်ခြင်ဘဲ လိုက်နာကြပြီး အလျင်စလို ကောက်ချက်ဆွဲကြသည်။ ဤသည်ကို မျက်ကန်းခြင်းဟု ယူဆ၍ရသလော။ ၎င်းတို့သည် လုံးလုံးလျားလျား မျက်ကန်းသည်ဟု မဆိုနိုင်သော်လည်း တစ်ဝက်တစ်ပျက် မျက်ကန်းကြသည်။ အမှန်တွင် သင်သည် သမ္မာတရားကို နားမလည်ပါက မည်သည့်အရာ၏ အကြောင်းရင်းကိုမျှ ရိပ်စားမိနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မည်မျှကြာကြာ ယုံကြည်လာခဲ့သည်ဖြစ်စေ သို့မဟုတ် တရားဒေသနာ မည်မျှကို ခံယူပြီးခဲ့သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်နိုင်ပါက ဤသည်မှာ ပြဿနာက ၎င်းတို့၏ အစွမ်းအစဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ၎င်းတို့၌ ဝိညာဉ်ရေးသိနားလည်မှု ရှိမရှိနှင့် တိုက်ရိုက် အပြန်အလှန် ဆက်စပ်နေသည်။ တရားဒေသနာများကို နှစ်ပေါင်းများစွာ ခံယူခဲ့ပြီးသော လူအများစုသည် သမ္မာတရား၏ တစ်စုံတစ်ရာကို နားလည်နိုင်ပြီး သင်တို့သည် အမှန်ပင် အတော်ပင် နားလည်ကောင်း နားလည်ကြမည်ဖြစ်ပြီး သင့်လျော်သော ပတ်ဝန်းကျင် မရှိခြင်းသာ ဖြစ်မည်၊ ထို့ကြောင့် အချို့သော သမ္မာတရားများကို အသုံးမချသေးဘဲ ယင်းတို့ကို သင်နားမလည်ဟု ခံစားနေရဆဲ ဖြစ်သည်။ ယင်းကို သင်ကိုယ်တိုင် အမှန်တကယ် တွေ့ကြုံသောအခါ၊ ရွေးချယ်မှု ပြုရမည့်အခါ သို့မဟုတ် အမှုအရာများကို အလေးအနက် သုံးသပ်ရန် လိုအပ်သောအခါ သမ္မာတရား၏ ဆီလျော်သော သွင်ပြင်လက္ခဏာက သင့်အတွက် တဖြည်းဖြည်း ရှင်းလင်းလာကောင်း ရှင်းလင်းလာမည်။ ယခုတွင် သင်၏ထင်မြင်ချက်များက အကြမ်းဖျင်းနှင့် အနှစ်သာရ ကင်းမဲ့သော အကြမ်းဖော်ပြချက်များနှင့် အယူဝါဒနှင့်ဆိုင်သော အရာများဖြင့် ပြည့်နှက်နေသည်။ အတွေ့အကြုံနှင့် အသက်အရွယ်၌ တဖြည်းဖြည်း ကြီးရင့်လာသည်နှင့်အမျှ သမ္မာတရားများစွာသည် သင့်အထဲ၌ တဖြည်းဖြည်းနှင့် ပို၍ လက်တွေ့ကျလာပြီး အစစ်အမှန် ဖြစ်လာမည်။ ဤအရာက သင့်အနေဖြင့် သမ္မာတရား၏ အနှစ်သာရကို တွေ့ရှိရန် ပို၍ပို၍ အခွင့်ပေးမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သမ္မာတရား နားလည်မှုကို အမှန်တကယ် ရရှိနိုင်ပြီး ပြဿနာများကို နိုးကြားထက်မြက်မှုဖြင့် ရှုမြင်နိုင်မည် ဖြစ်သည်။ သမ္မာတရားကို နားမလည်သော လူတို့က တရားဒေသနာ မည်မျှကို ကြားနာသည်ဖြစ်စေ ၎င်းတို့သည် လူ့သဘာဝ၏၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏၊ လူ့အခြေအနေ အမျိုးမျိုးနှင့် လူအမျိုးအစား အမျိုးမျိုးနှင့်ဆိုင်သော အနှစ်သာရများ၏ သရုပ်သကန်များကို မျက်လုံးနှစ်ဖက်လုံး ကျယ်ကျယ်ဖွင့်လျက်ပင် ရိပ်စားမိနိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် မျက်ကန်းနေကြသည်။ သို့သော်လည်း အပြင်ပန်းအားဖြင့် သမ္မာတရားကို လိုက်စားသောသူ တစ်ဦးသည် အာရုံစိုက်နေသည့်ပုံ မပေါ်သော်လည်း အခြားလူများ၏ အမူအကျင့်နှင့် ပြောဆိုပြုမူပုံကို သူ၏စိတ်နှလုံးထဲ၌ တုံ့ပြန်ချက်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အမှုမဲ့အမှတ်မဲ့ ထင်မြင်ချက်ကို ပုံဖော်မည်ဖြစ်သည်။ ဤထင်မြင်ချက်၊ ဤခံစားချက်မှာ မည်သည့်နေရာမှ လာသနည်း။ လူတို့နားလည်သော သမ္မာတရားများက ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်စွမ်းကို ပေးခြင်း ဖြစ်သည်။ ဤအရာက ထိုသို့သော လူတို့အား ထိုအမူအကျင့်၊ ထိုအလေ့အထ သို့မဟုတ် ထိုသရုပ်သကန်မျိုး၏ အနှစ်သာရအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မည်သည့်နေရာမှ လာသနည်း။ ယင်းမှာ လူတို့အား နားလည်မှုသို့ ပို့ဆောင်ပေးသော သမ္မာတရားဖြစ်ပြီး လူတို့အား ပိုင်းခြားသိမြင်မှုနှင့် အကဲဖြတ်မှုကိုပေးသော သမ္မာတရား ဖြစ်လေသည်။ ယခုတွင် သင်တို့သည် သမ္မာတရားအချို့ကို နားလည်ပြီး ထိုထိုသော အမှုအရာများနှင့် ပတ်သက်၍ ပိုင်းခြားသိမြင်မှု အနည်းငယ် ရှိသည်။ သို့ရာတွင် သင်၏ ပိုင်းခြားသိမြင်မှုက တိကျမှန်ကန်လှသည် မဟုတ်သောကြောင့် စိတ်ချရန်အာမခံချက် အသိစိတ်မျိုးကဲ့သို့သော တစ်စုံတစ်ရာကို မခံစားရသေးဘဲ သင်ရှေ့ဆက်ရမည့် လမ်းကို စမ်းတဝါးဝါး ရှာရသည့် ဖြစ်စဉ်၌သာ ရှိနေသေးခြင်း ဖြစ်သည်။ လူအချို့က “ထိုသို့ဖြစ်လျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား အမှုအရာ တစ်ခုချင်းအပေါ် မိတ်သဟာယပြုသင့်သည်” ဟု ဆိုကြသည်။ ဤသည်မှာ မလိုအပ်ပေ။ လူသားတို့၌ လူသားတာဝန်များ ရှိပြီး ဘုရားသခင်၌ သူကိုယ်တိုင်၏ အမှုတော်အတိုင်းအတာ ရှိသည်။ ငါသည် သင်တို့အား သမ္မာတရား၏ သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်းကို ပြောပြထားပြီဖြစ်ပြီး ကျန်ရှိနေသည်မှာ သင်တို့အနေဖြင့် သင်တို့၏ နေ့စဉ်အသက်တာရှိ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို တွေ့ကြုံဖို့ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လုပ်ဆောင်ပြီး စီစဉ်ညွှန်ကြားလိမ့်မည်။ လူတို့အား တစ်ခုပြုလုပ်ရန် တောင်းဆိုသည်။ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လူသား၏ လိုက်စားမှုတွင် ပါဝင်ရန် ဖြစ်သည်။ အကယ်၍ သင်သည် ဤလိုက်စားမှု၌ မပါဝင်ပါက ငါသည် ထိုအရာကို မည်သို့ရှင်းလင်းစွာ ရှင်းပြပါစေ ယင်းကို သင်ရရှိမည်မဟုတ်။ ငါသည် သင့်ကို အတင်းအကျပ် အယူဝါဒသွတ်သွင်းမည် မဟုတ်၊ သင် သိနားလည်ရန်နှင့် ဝင်ရောက်မှုရရှိရန် ဇွတ်အတင်းလုပ်မည် မဟုတ်။ ထိုသို့ ငါပြုမည်မဟုတ်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်လည်း ပြုမည်မဟုတ်ပေ။ သင်၏ စိတ်ဆန္ဒပါသော၊ သဘောအလျောက် ဖြစ်သော၊ တက်ကြွပါဝင်သော လက်‌တွေ့လုပ်ဆောင်မှုနှင့် သမ္မာတရားအတွင်း ဝင်ရောက်မှုအားဖြင့်သာ သမ္မာတရားသည် သင့်အထဲ၌ မသိလိုက်မီတွင်ပင် အသီးသီးမည် ဖြစ်သည်။ သမ္မာတရားက အသီးသီးသောအခါ သင်၏စိတ်နှလုံးသည် အလင်းနှင့် ပြည့်ဝလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား နားလည်ခြင်းဖြစ်၏။ သို့သော် သင်သည် သမ္မာတရားကို နားမလည်ပါက အရာရာတိုင်းအဖို့ ထုံထိုင်းမည်၊ တုံ့ပြန်ဖို့ နှေးကွေးမည်ဖြစ်ပြီး မည်သည့်အရာ၏ အကြောင်းရင်းကိုမျှ အပြည့်အဝ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ ဥပမာ၊ လူတစ်ဦးက တစ်စုံတစ်ခုကို ပြုလုပ်ပြီး အခြားလူတစ်ဦးက ထိုအရာကို မကောင်းမှုဖြစ်ကြောင်းနှင့် ဟိုသဘာဝ၊ သည်သဘာဝဖြစ်ကြောင်း ဆိုသောအခါ သင်သည် သိမည် မဟုတ်သကဲ့သို့ သင်ကိုယ်တိုင် မြင်နိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးက သင့်အား အဖြေကို ပြောပြသောအခါ သင်သည် ယင်းကို အယူဝါဒများအပေါ် အခြေခံ၍ လက်ခံခြင်းနှင့် ဝန်ခံခြင်း ရှိကောင်း ရှိနိုင်သော်လည်း အနှစ်သာရအားဖြင့် သင်သည် သဘောတူညီမှုကို ပေးနိုင်ဦးမည် မဟုတ်ချေ။ အကယ်၍ သဘောတူညီမှု မပေးနိုင်ပါက သင်သည် အမှန်တကယ် နားလည်သလော။ သင် နားမလည်သောကြောင့် သင်သည် ကြုံတွေ့ရသော အရာများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နိုင်လေသည်။ ဤအရာမှာ သမ္မာတရားကို သင်နားမလည်သောကြောင့် ဖြစ်ပျက်ရခြင်း ဖြစ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။