ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည် (အပိုင်း ငါး)

ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို မည်ကဲ့သို့ ကောင်းစွာ ထမ်းဆောင်နိုင်သနည်း။ ပထမအနေဖြင့် ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်၌ပါဝင်သော သမ္မာတရားအမျိုးမျိုးကို နားလည်ရမည်။ ဥပမာ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်နှင့်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ရာထူးနေရာပေးခြင်းသာမက ခံယူရမည့် မှန်ကန်သော သဘောထား၊ သည်းခံရမည့် သင့်လျော်သော ဒုက္ခဆင်းရဲ၊ ပေးဆပ်ရမည့် သင့်တော်သော အဖိုးအခနှင့် ဤတာဝန်ကို ထမ်းဆောင်စဉ် လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည့် လျော်ညီသော သမ္မာတရားများနှင့် စပ်လျဉ်း၍၊ ဤသမ္မာတရားများကို နားလည်ပါက ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် လွယ်ကူလိမ့်မည်။ ထိုမျှမက အပျက်သဘောဆောင်သော အပိုင်းအနေဖြင့် မမှန်ကန်သော မည်သည့်အလေ့အထများကို ရှောင်ကြဉ်ရမည်၊ မည်သည်တို့ကို လူ၏ ကောင်းသော ရည်ရွယ်ချက်များအဖြစ် ခွဲခြားသတ်မှတ်သည်၊ ထို့အပြင် လူတို့၏ အကြံအစည်များနှင့် အလေ့အထများက အဆုံးစွန်အားဖြင့် ဧဝံဂေလိ ဖြန့်ဝေခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိသည်၊ မရှိသည် ဟူသည့် မေးခွန်းများအားလုံးကို ဆင်ခြင်သုံးသပ်သင့်သည်။ ဤသည်မှာ ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ရှိသော အမူအကျင့်တိုင်း၊ လက်တွေ့လုပ်ဆောင်မှုတိုင်း၊ စည်းမျဉ်းတိုင်းနှင့် ကောက်ချက်ချမှုတိုင်းကို အဆုံးတွင် ယင်းက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်၊ မကိုက်ညီသည်ကို ကြည့်ဖို့အတွက် ရှင်းရှင်းလင်းလင်း စစ်ကြောသင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့် ညီညွတ်သော ထိုအရာများကိုသာ မဆုတ်မနစ် လုပ်ဆောင်လော့။ သမ္မာတရားစည်းမျဉ်းများနှင့် သဘောချင်းမတူညီသော ထိုအရာများကို စွန့်ပစ်ရမည်။ ဤနည်းအားဖြင့်သာ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ဖြည့်ဆည်းခြင်းမှလာသော ရလဒ်များက တရွေ့ရွေ့ တိုးတက်မည် ဖြစ်သည်။ ထို့အပြင် ဧဝံဂေလိလုပ်ငန်းအဖို့ အကျိုးရှိဆုံးဖြစ်သည့် သဟဇာတကျသော ပူးပေါင်းလုပ်ဆောင်ခြင်းကို လက်တွေ့လုပ်ဆောင်ရမည်။ သဟဇာတကျသော ပူးပေါင်းလုပ်ဆောင်ခြင်း မရှိလျှင် လုပ်ငန်းကိုလုပ်ဆောင်ဖို့ ခက်ခဲသည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း သည်းခံစိတ်ရှည်သင့်ပြီး အချင်းချင်း အားပေးထောက်ခံသင့်သည်။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်အလို့ငှာ သဟဇာတကျသော ညှိနှိုင်းဆောင်ရွက်မှု လိုအပ်သည်။ မည်သည့်အရာ မှန်ကန်သည်ဟုဆိုသော မည်သူ့ကိုမဆို နာခံသင့်သည်။ သင်က မှန်ကန်ပြီး အခြားသူများ မှားယွင်းသည်ဟု အမြဲတမ်း အလျင်စလို ကောက်ချက်မချနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စိတ်ပိုင်းဖြတ်ခြင်းများကို ပြုလုပ်ရမည်။ သဘောတူညီမှု ရယူဖို့အတွက် ဘုရားသခင်၏ အိမ်တော်မှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်း သမ္မာတရားကို မိတ်သဟာယ ပြုလော့။ ထိုမျှမက တာဝန်ထမ်းဆောင်ဖို့အတွက် ပူး‌ပေါင်းလုပ်ဆောင်သော လုပ်ငန်းစဉ်၌ တစ်ဦးနှင့်တစ်ဦးထံမှ လေ့လာရမည် ဖြစ်ကာ လူတစ်ဦး၏ အားသာချက်ကို အခြားတစ်ဦး၏ အားနည်းချက်အတွက် ထေခွင့်ပေးပြီးလျှင် အခြားသူများအပေါ် လွန်စွာ မကြမ်းတမ်းလေနှင့်။ ထို့အပြင် လမ်းမှန်ကို စူးစမ်းနေသောလူတို့အား သင်၏ ဆက်ဆံမှုတွင် သင်သည် ဂရုစိုက်မှု၊ မြော်မြင်တွေးခေါ်မှုကို ကျင့်သုံးပြီး မေတ္တာကို အမှီပြုရမည်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လမ်းမှန်ကို စူးစမ်းနေသောသူတိုင်းသည် ဘာသာတရားမရှိသူများ ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အထဲတွင် ဘာသာတရား လိုက်စားသူများပင်လျှင် အနည်းနှင့်အများဆိုသလို ဘာသာတရားမရှိသူများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ထိလွယ်ရှလွယ်သည်။ တစ်စုံတစ်ခုက ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီလျှင် ၎င်းတို့သည် ဤအရာကို ဆန့်ကျင်တတ်သည်။ စကားတစ်ခုခုက ၎င်းတို့၏ စိတ်နှင့်မကိုက်လျှင် ယင်းကို ငြင်းခုံတတ်သည်။ ထို့ကြောင့် ၎င်းတို့ကို ဧဝံဂေလိဖြန့်ဝေခြင်းသည် ငါတို့ထံမှ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း လိုအပ်သည်။ ကျွန်ုပ်တို့ဘက်မှ အလွန်အမင်း ချစ်ခြင်း လိုအပ်သည်။ နည်းလမ်းနှင့် ချဉ်းကပ်မှုအချို့လိုအပ်သည်။ သို့သော်ငြားလည်း အရေးပါသည်မှာ ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်ဖတ်ပြခြင်း၊ လူသားကို ကယ်တင်ရန် ဘုရားသခင်ဖော်ပြသော သမ္မာတရားအားလုံးကို သူတို့အား သိရှိစေခြင်း၊ ဘုရားသခင်၏ အသံတော်နှင့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အား ကြားခွင့်ပေးခြင်းတို့ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အကျိုးအမြတ်များ ရရှိလိမ့်မည်။ ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ပတ်သက်၍ အရေးကြီးဆုံးသော စည်းမျဉ်းမှာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဆာငတ်ပြီး သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစေပြီး ဘုရားသခင်၏ အသံတော်ကို ကြားနာစေဖို့ အခွင့်ပေးရန်ဖြစ်သည်။ ထို့ကြောင့် ထိုသူတို့အား လူသား၏ စကားများကို လျှော့ပြောပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုဖတ်ပြရန် ဖြစ်သည်။ ဖတ်ရှု၍ပြီးသည့်နောက်တွင် ထိုသူတို့က ဘုရားသခင်၏ အသံတော်ကို ကြားပြီး သမ္မာတရားတစ်စုံတစ်ရာကို နားလည်နိုင်ရန်အတွက် သမ္မာတရားအပေါ် မိတ်သဟာယပြုလော့။ ထိုအခါ ထိုသူတို့သည် ဘုရားသခင်ထံ ပြန်လာကောင်း လာမည်ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းသည် တစ်ဦးချင်းနှင့် အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ဤဝတ္တရားက မည်သူ့အပေါ် ကျရောက်သည်ဖြစ်စေ ၎င်းတို့သည် ခေါင်းမရှောင်ရ သို့မဟုတ် ယင်းကို ငြင်းဆန်ဖို့အတွက် မည်သည့်ဆင်ခြေနှင့် အကြောင်းပြချက်ကိုမျှ မပေးရ။ လူအချို့က “ကျွန်ုပ်သည် စကားအပြောမတတ်၊ သမ္မာကျမ်းစာကို နားမလည်သည့်အပြင် အလွန်လည်း ငယ်ရွယ်သေးသည်။ စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် အန္တရာယ်ကို ကြုံတွေ့ရလျှင် ကျွန်ုပ် ဘာလုပ်နိုင်မည်နည်း” ဟု ဆိုသည်။ ထိုသို့သော စကားများမှာ မှားယွင်း၏။ ဧဝံဂေလိဖြန့်ဝေခြင်းဟူသည် အန္တရာယ်ရှိသော အရာများကို ပြုလုပ်ရန် သင့်အား တာဝန်ပေးသည်ဟု မဆိုလိုပေ။ ဘုရားသခင်၏ အိမ်တော်သည် သင့်အား အန္တရာယ်တွေ့ရှိရသော နေရာသို့သွားရန် ခွင့်ပြုမည်မဟုတ်ချေ။ အသင်းတော်သည် ဧဝံဂေလိဖြန့်ဝေဖို့အတွက် လူတို့အား တာဝန်ပေးရာ၌ စည်းမျဉ်းများကို လိုက်နာသည်။ ယင်းမှာ လူတို့အား စွန့်စားမှုများ ပြုလုပ်စေဖို့ မဟုတ်ဘဲ တစ်ဦးချင်းစီ၏ အခြေအနေများ၊ အစွမ်းအစများနှင့် အားအင်များအပေါ် အခြေခံ၍ လက်တွေ့ကျသော ကြိုတင်စီမံမှုများကို ပြုလုပ်စေဖို့ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြပြီးလျှင် ယင်းကို ထမ်းဆောင်ဖို့ သင့်လျော်သူတို့အား အလုပ်ကိုပေးမည်။ အန္တရာယ်လုံးဝ မရှိဟု ပြော၍ မရပေ။ အသက်ရှင်သော မည်သူမဆို တစ်ခါတစ်ရံ အန္တရာယ်ကို ကြုံတွေ့လိမ့်မည်။ အကယ်၍ ဘုရားသခင်က သင့်ကို တိုက်ရိုက်စေလွှတ်ပါက ယင်းက သင်သည် စုံစမ်းသွေးဆောင်ခြင်း၊ နာကျင်မှု သို့မဟုတ် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သင်သည် ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လက်ခံရမည့် အရာဖြစ်သည်။ အဘယ်ကြောင့် သင့်ကိုယ်သင် ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လက်ခံရမည်ဟု ရှုမြင်သင့်သနည်း။ (ဤသည်မှာ လူတို့၏ တာဝန်ပင် ဖြစ်၏။) မှန်၏၊ ဤနည်းအားဖြင့်သာ သင်သည် ဧဝံဂေလိ ဖြန့်ဝေခြင်းကို သင်၏ တာဝန်ဝတ္တရားအဖြစ် အမှန်တကယ် ခံယူမည်ဖြစ်သည်။ ဤသည် လူတစ်ဦး၌ ရှိသင့်သည့် မှန်ကန်သော သဘောထားဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး သမ္မာတရားအဖြစ် လူတို့ ယင်းကို လက်ခံသင့်ကာ ယင်းကို သံသယမရှိ လက်ခံသင့်သည်။ အကယ်၍ တစ်နေ့တွင် သင့်အနေဖြင့် အခြားတာဝန်များကို ထမ်းဆောင်ရန် မသင့်တော်တော့ပါက၊ သို့မဟုတ် လူတို့ကို ဧဝံဂေလိဖြန့်ဝေရန် လိုအပ်လာသည့်အတွက် သင်သည် ဧဝံဂေလိဖြန့်ဝေရန် တာဝန်ပေးအပ်ခံရပါက သင် ဘာလုပ်မည်နည်း။ သင်သည် ယင်းကို ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခုအဖြစ် ကွဲလွဲဆန့်ကျင်သော မည်သည့် စိတ်ခံစားမှုများ၊ ပိုင်းခြားစိတ်ဖြာခြင်း သို့မဟုတ် စိစစ်ခြင်းတို့ မရှိဘဲ လက်ခံသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ပင် ဖြစ်၏။ ယင်းမှာ သင်၏ ဝတ္တရားဖြစ်၏၊ သင်၏ တာဝန်ဖြစ်၏။ ယင်းသည် သင့်အနေဖြင့် စံရွေးနေရမည့်အရာ မဟုတ်ချေ။ သင်သည် ဘုရားသခင်၏ နောက်လိုက်ကတည်းက သင့်အနေဖြင့် ကိုယ်ပိုင်ရွေးချယ်မှုများကို ပြုဖို့မဟုတ်တော့ပေ။ သင်သည် အဘယ့်ကြောင့် ရွေးချယ်မှုများ မပြုလုပ်သင့်သနည်း။ အဘယ့်ကြောင့်ဆိုသော် ဧဝံဂေလိ ဖြန့်ဝေခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်ပြီး ဤအလုပ်သည် ဘုရားသခင် ရွေးကောက်ထားသော လူတို့အားလုံးအဖို့ ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် အသက် ၈၀ ကျော်ပြီ၊ ကျွန်ုပ်၏အိမ်ကိုပင် မစွန့်ခွာနိုင်။ ဘုရားသခင်က ကျွန်ုပ်အား ဤတာဝန်ပေးစေခိုင်းချက်ကို ပေးအပ်နိုင်သေးသလော” ဟု ဆိုသည်။ အခြားလူတို့က “ကျွန်ုပ်သည် ၁၈ သို့မဟုတ်၁၉ နှစ်သာ ရှိသေးသည်၊ ကျွန်ုပ်သည် ကမ္ဘာလောကကြီးကို သိပ်ပင် မတွေ့ကြုံဖူးသေးသည့်အပြင် လူတို့နှင့် အဘယ်သို့ ဆက်ဆံရမည် မသိသေးပါ။ ကျွန်ုပ်သည် လူရှေ့သူရှေ့ စကားပြောဖို့ အလွန်ပင် ရှက်ကြောက်သည်။ ဘုရားသခင်သည် ကျွန်ုပ်အား ဤတာဝန်ကို ပေးအပ်နိုင်သေးသလော” ဟု ဆိုပြန်သည်။ ဘုရားသခင်သည် ဂရုမထားဘဲ သင့်အား ဤတာဝန်ပေး စေခိုင်းချက်ကို ပေး၏။ သင် အသက်အရွယ် မည်မျှရှိသည်ဖြစ်စေ ဧဝံဂေလိဖြန့်ဝေရမည့် သင့်တာဝန်ကို ထမ်းဆောင်ဖို့ရန် သင်လုပ်နိုင်သမျှကို လုပ်ဆောင်သင့်သည်။ ဧဝံဂေလိကို သင်တတ်နိုင်သမျှနှင့် လူများနိုင်သမျှ များများကို ဖြန့်ဝေလော့။ လက်ရှိတွင် သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည် ဖြစ်စေ၊ သင်သည် ဧဝံဂေလိဖြန့်ဝေဖို့ရန် သင်တတ်နိုင်သမျှကို လုပ်ဆောင်သင့်သည်။ တစ်နေ့တွင် သင်သည် တစ်စုံတစ်ယောက်အား ဧဝံဂေလိဖြန့်ဝေရန် အခွင့်အရေးရလျှင် ယင်းကို သင်လုပ်သင့်သလော။ (လုပ်သင့်ပါသည်။) ယင်းသည် မှန်၏။ လူများစွာတို့၌ ၎င်းတို့၏ ကိုယ်ပိုင်တာဝန်များ ရှိသော်လည်း ၎င်းတို့အားလပ်သည့်အချိန်၌ ဧဝံဂေလိဖြန့်ဝေနိုင်ပြီး ရလဒ်အချို့ပင် ရရှိနိုင်သည်။ ဘုရားသခင်သည် ဤအရာကို လက်ခံ၏။ ထို့ကြောင့် လူတိုင်း၌ ဧဝံဂေလိဖြန့်ဝေရမည့် တာဝန်ရှိလေသည်။ သင်သည် သင့်ကိုယ်ပိုင်ရွေးချယ်မှုများကို မပြုလုပ်သင့်ဘဲ သို့မဟုတ် ဤတာဝန်ကို မရှောင်လွဲသင့်ဘဲ တက်ကြွစွာနှင့် ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်သင့်သည်။ မတက်ကြွသော သို့မဟုတ် အပျက်သဘောဆောင်သော သဘောထား မခံယူလေနှင့်၊ မငြင်းဆန်နှင့်၊ ပြီးလျှင် ဤတာဝန်ကို မထမ်းဆောင်ဖို့အတွက် မည်သည့် အကြောင်းပြချက်များ သို့မဟုတ် ဆင်ခြေများကို လုပ်ကြံပြောဆိုခြင်း မပြုနှင့်။ လူအချို့က “ကျွန်ုပ် ရှိနေသော ပတ်ဝန်းကျင်သည် အလွန် အန္တရာယ်ရှိ၏။ ဧဝံဂေလိ ဖြန့်ဝေခြင်းမှ ကျွန်ုပ် ရှောင်ကြဉ်၍ရနိုင်မည်လော” ဟု ဆိုသည်။ သင်သည် လက်ရှိတွင် ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပါက၊ သင့်အတွက် တာဝန်လွှဲပြောင်းယူပေးဖို့ အခြားလူတစ်ဦး ရှိနေပါက၊ ပြီးလျှင် သင်သည် အခြားတာဝန်များကို ထမ်းဆောင်ရန် သင့်တော်ပါက ဤတာဝန်ကို အခြားလူနှင့် လဲလှယ်နိုင်သည်။ သို့သော် သင်သည် တာဝန်ကို ထမ်းဆောင်ရမည့်သူပင် ဖြစ်ပါက သင် ဘာလုပ်သင့်သနည်း။ (ကျွန်ုပ်သည် ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လက်ခံရမည် ဖြစ်ပါသည်။) ယင်းသည် မှန်ကန်၏။ သင်သည် ကျင့်ဝတ်သိက္ခာအရ ဘုရားသခင်ထံမှ ယင်းကို မဖြစ်မနေ လက်ခံရရှိသင့်သည်။ ဤသည်မှာ ဖန်ဆင်းခံသူတိုင်း၏ တာဝန်ဝတ္တရားပင် ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ခန္ဓာကိုယ်ပိုင်း အားနည်း၏။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေဖို့ အပြင်ထွက်ခြင်းဟူသော ဒုက္ခကို မခံနိုင်” ဟု ဆိုကြသည်။ အကယ်၍ သင်သည် ဤမဟာ အခက်အခဲကြီးကို မခံနိုင်ပါက ပို၍သေးငယ်သော အခက်အခဲလေးများကို အနည်းဆုံး သင်ခံနိုင်သလော။ အကယ်၍ သင်သည် မည်သည့်အခက်အခဲကိုမျှ လုံးဝ မခံနိုင်လျှင် ပြစ်ဒဏ်ပေးခြင်းဟူသည့် ကြီးစွာသော အခက်အခဲကို သင် မခံစားသင့်သလော။ သင် ရှင်သန်ပြီး အသက်ရှူနေသရွေ့ သင်သည် တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဧဝံဂေလိကို ဖြန့်ဝေသင့်သည်။ ဤအရာတစ်ခုတည်းကသာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ အကယ်၍ သင်သည် တာဝန်ကို ငြင်းပယ်လျှင် ဧဝံဂေလိ မဖြန့်ဝေဘဲ သင်၏တာဝန်များကို ရှောင်တိမ်းပြီး ရုန်းထွက်လွတ်မြောက်ရန် ရွေးချယ်သည်ဆိုလျှင် ဤသည်မှာ လူသားတစ်ဦး၏ မှန်ကန်သော သဘောထား မဟုတ်သကဲ့သို့ လူတို့သည် ခုခံကာကွယ်တတ်သော သဘောထားကို မခံယူသင့်ပေ။ လူတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းကို အချိန်တိုင်း နေရာတိုင်းအတွက် ၎င်းတို့၏ တာဝန်ဝတ္တရားအဖြစ် ခံယူရန် အဆင်သင့် ဖြစ်နေသင့်သည်။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီ ဖြစ်သော်လည်း အသင်းတော်က ကျွန်ုပ်ကို ဧဝံဂေလိဖြန့်ဝေရန် မည်သည့်အခါမျှ တာဝန်မပေးခဲ့ဖူးပါ” ဟု ဆိုသည်။ ဤသည်မှာ ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ ဤသည်မှာ ကောင်းသည်၊ ဆိုးသည်နှင့်ဆိုင်သော မေးခွန်း မဟုတ်ပေ။ ဘုရားသခင် သင့်ကို ဧဝံဂေလိ သွားရောက်ဖြန့်ဝေရန် အလိုမရှိသေးခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သင့်ကို အခြားတာဝန်များ လုပ်ဆောင်ရန် သူ အလိုရှိသည်။ တာဝန်များအားလုံးမှာ အရေးကြီးပေသည်။ သို့ဆိုလျှင် သင်သည် ယင်းတို့ထဲမှ မည်သို့ရွေးချယ်သင့်သနည်း။ အသင်းတော်၏ ကြိုတင်စီမံမှုများကို မည်သည့် တစ်ကိုယ်ရေဆန္ဒများ မရှိဘဲ ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်သည် သင့်အား ဧဝံဂေလိဖြန့်ဝေရန် အလိုရှိသောအခါ ဘုရားသခင်က “သင့်အနေဖြင့် လက်ရှိတာဝန်ကို ထမ်းဆောင်ရန် မသင့်လျော် သို့မဟုတ် အရေးမကြီးပေ။ ဧဝံဂေလိ ဖြန့်ဝေခြင်းတာဝန်က ပိုအရေးကြီးသည်” ဟု ဆိုမည်။ ထိုအခါ သင် ဘာလုပ်သင့်သနည်း။ ယင်းကို ခုခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မဆိုထားဘိ ပိုင်းခြားစိစစ်ခြင်း၊ အကဲဖြတ်ခြင်း သို့မဟုတ် စိစစ်ခြင်း မရှိဘဲ ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခုအဖြစ် လက်ခံသင့်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်အပေါ် ထားသင့်သည့် မှန်ကန်သော သဘောထားဖြစ်သည်။ လူတို့သည် ထိုသို့သော သဘောထားမျိုး ထားရှိသောအခါ တစ်နည်းအားဖြင့် ၎င်းတို့နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးက ပုံမှန်ဖြစ်ပြီး သင့်လျော်သည်ဟု ဆိုနိုင်သလော။ လူနှင့် ဘုရားကြားက ဆက်ဆံရေးကို မည်သည့်အရာ၌ ပေါ်လွင်စေသနည်း။ ယင်းကို ဘုရားသခင် သင့်အား ပြုလုပ်စေမည့် အရာများကို သင် မည်သို့သဘောထားသနည်း ဟူသည့်အရာ၌ ပေါ်လွင်စေသည်။ ဘုရားသခင်သည် သင့်အား တစ်စုံတစ်ခုပြုလုပ်ရန် ပေးအပ်ပြီး သင်သည် ထိုကိစ္စကို ချင့်ချိန်တွေးဆကာ “ကိုယ်တော်သည် ကျွန်ုပ်အား ဤအရာကို အဘယ့်ကြောင့် ပြုလုပ်စေလိုသနည်း။ ဤအရာက ကျွန်ုပ်ကို အကျိုးရရှိစေမည်လော” ဟု မေးသည်ဆိုပါက၊ သင်သည် ဤပုံစံဖြင့် စဉ်းစားနိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးက ပုံမှန်မဟုတ်တော့ဘဲ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ပျက်ကွက်ခဲ့ပြီး ဖြစ်လေသည်။ အကယ်၍ သင်က “ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်ပြုလုပ်ရန် ပြောထားခဲ့သည့် အရေးကြီးသောအရာ ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်က ပြုလုပ်ဖို့စေခိုင်းသည့်အရာနှင့် ပတ်သက်ပြီး အရေးမစိုက်၍ မရပေ။ ယင်းကို ကျွန်ုပ်သည် သတိဖြင့် ကိုင်တွယ်ရမည်။ ဘုရားသခင်သည် ကျွန်ုပ်လုပ်ဆောင်ရန် မည်သည့်အရာမဆို စေခိုင်းသည်ဖြစ်စေ၊ ဘုရားသခင်က ကျွန်ုပ်အား မည်သည့်အရာမဆို ပေးအပ်သည်ဖြစ်စေ ယင်းက ကျွန်ုပ်၏တာဝန် ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို နားထောင်ပြီး ဘုရားသခင် ကြိုတင်စီမံသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်။ ငြင်းပယ်၍ မရပေ။ အကယ်၍ ကျွန်ုပ်၏တာဝန်၌ တည်ကြည်ခိုင်မာခြင်း မရှိပါက၊ ကျွန်ုပ် ငြင်းပယ်ပါက၊ ယင်းကို ကျွန်ုပ် အလေးအနက် မထားပါက၊ ကောင်းစွာ အပြီးမသတ်ပါက ထိုအရာသည် ဘုရားသခင်အား သစ္စာဖောက်ခြင်းပင် ဖြစ်သည်” ဟု ဆိုလျှင် သင်၌ ဖန်ဆင်းခံတစ်ဦးအဖို့ သင့်လျော်သော အသိစိတ်ရှိပြီး ဖန်ဆင်းခံတစ်ဦးက သူ၏တာဝန်အပေါ် ထားသင့်သည့် မှန်ကန်သော သဘောထားကို ခံယူထားပြီးဖြစ်သည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်မှန်း ကောင်းကောင်းကြီးသိလျက်ဖြင့် သင်သည် ယင်းကို လက်ခံရန် ငြင်းဆိုနေသေးပြီး သင်၏ တာဝန်ရှောင်လွဲခြင်းကို ရှင်းချက်ထုတ်နေသေးပါက ပြဿနာ၏ သဘောသဘာဝမှာ စိုးရိမ်ရပေသည်။ ဤသည်မျာ ဘုရားသခင်အား ပုန်ကန်ခြင်းသက်သက် မဟုတ်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လျှင် ဖန်ဆင်းခံတစ်ဦး၏ ရပ်တည်ချက်နှင့် အဆင့်အတန်းကို နားလည်ရမည်ဖြစ်ပြီး ဖန်ဆင်းရှင်၏ တာဝန်ပေး စေခိုင်းချက်များကို လက်ခံကာ ကျိုးနွံနာခံရမည် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်၏။ သင့်၌ သင်၏တာဝန်အပေါ် မှန်ကန်သော သဘောထား မရှိပါက ဤပြဿနာ၏ သဘောသဘာဝမှာ အလွန်စိုးရိမ်ရသည်။ အကယ်၍ သင်သည် ယုံကြည်ခါစ ရှိသေးချိန်တွင် သမ္မာတရားကို နားမလည်ပါက သင့်အပေါ် အလေးအနက်ထားစရာ မလိုပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို နှစ်အနည်းငယ်မျှ ယုံကြည်လာပြီး သမ္မာတရားအချို့ကို နားလည်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငြင်းဆိုနိုင်စွမ်း ရှိပါက၊ ဧဝံဂေလိကို မဖြန့်ဝေပါက၊ ထို့ပြင် တာဝန် ထမ်းဆောင်စဉ် ဝတ်ကျေတမ်းကျေ ပြုလုပ်နေသေးပါက ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤအရာသည် အသိတရားနှင့် အသိစိတ် ကင်းမဲ့ခြင်းကို ပြရုံသာမက အရေးကြီးဆုံးအနေဖြင့် ယင်းမှာ ဘုရားသခင်အား ပုန်ကန်ခြင်းနှင့် ခုခံခြင်းဖြစ်၏၊ ဘုရားသခင်အား သစ္စာဖောက်ခြင်း ဖြစ်၏။ ဤသည်မှာ ကြီးမားသော မနာခံမှုဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းမှာ ချဲ့ကားပြောဆိုခြင်း ဖြစ်မည်မဟုတ်ပေ။ ဤကဲ့သို့သော လူတစ်ဦးကို လူသားတစ်ဦးဟု မခေါ်ထိုက်သည့်အပြင် ပြစ်ဒဏ်ပေးခြင်းကို မလွဲမသွေ ခံစားရမည်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း ဝန်ခံသည်နှင့်အမျှ ဖန်ဆင်းခံများအတွက် သင့်လျော်သော အသိစိတ်မှာ အဘယ်နည်း။ ဖန်ဆင်းရှင်က သင့်အား စေခိုင်းသော မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းနှင့် ဖန်ဆင်းရှင်၏ ကြိုတင်စီမံမှုအားလုံးကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဤသည်မှာ လူသားများအတွက် သင့်လျော်သော အသိတရားနှင့် အသိစိတ်ဖြစ်သည်။ သမ္မာတရား နားလည်သောသူတို့ကို ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ကြိုတင်စီစဉ်မှုများကို လုံးလုံးလျားလျား ကျိုးနွံနာခံရန်အတွက် ပို၍ပင် မျှော်လင့်ထားသည်။ ၎င်းတို့သည် စိုးစဉ်းမျှပင် လုံးဝ မပုန်ကန်ရချေ။

ဧဝံဂေလိဖြန့်ဝေခြင်းနှင့် သက်ဆိုင်သော သမ္မာတရားသည် များပြားလှသော လူအမျိုးမျိုးတို့နှင့် ဆက်စပ်နေ၏။ ယင်းသည် လူတိုင်းနှင့် ဆက်စပ်နေသင့်ပေသည်။ အစကနဦးတွင် လူတချို့သည် သမ္မာတရား၏ ဤကဏ္ဍနှင့်ဆိုင်သော မိတ်သဟာယပြုချက်ကို ကြားရသောအခါ ၎င်းတို့နှင့် မသက်ဆိုင်ဟု ထင်ကြသည်။ သို့သော် ယခုမူကား လူတိုင်းသည် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်နှင့် ပတ်သက်၍ လက်ခံတတ်သော သဘောထား ရှိသင့်ပြီး သမ္မာတရား၏ ဤကဏ္ဍကို သိမြင်နားလည်ခြင်း ရှိသင့်ပေပြီ။ ၎င်းတို့တွင် ဤတာဝန်အပေါ် တိကျမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း ရှိသင့်သည်။ သို့ဆိုလျှင် လူတို့သည် သူတို့ကိုယ်သူတို့ မည်သည့်နေရာ၌ ထားသနည်း။ (ဖန်ဆင်းခံတစ်ဦး၏ နေရာ၌ ဖြစ်ပါသည်။) သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်၏။ သို့ဖြစ်လေရာ ဖန်ဆင်းခံတစ်ဦး၏ ပထမဦးစားပေးမှာ မည်သည့်အရာ ဖြစ်သနည်း။ (ဖန်ဆင်းရှင်ကို ကျိုးနွံနာခံရန် ဖြစ်ပါသည်။) ဖန်ဆင်းရှင်အား ကျိုးနွံနာခံခြင်း၏ ခိုင်လုံသော ပထမ သရုပ်သကန်မှာ အဘယ်နည်း။ (ဖန်ဆင်းခံများအဖြစ် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် ပထမတာဝန်မှာ အဘယ်နည်း။ (ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်အား သက်သေခံရန် ဖြစ်ပါသည်။) မှန်ပေ၏။ ယင်းသည် ငါမျှော်လင့်နေသည့် အဖြေဖြစ်သည်။ သင်တို့သည် အလွန်တရာ ဟိုကွေ့သည်ပတ် လုပ်နေပြီး နောက်ဆုံးတွင်မှ တိကျမှန်ကန်သော အဖြေကို တွေးမိကြတော့သည်။ ဖန်ဆင်းခံလူတိုင်း၏ ပထမဦးစားပေးမှာ တစ်ကမ္ဘာလုံးအနှံ့နှင့် မြေကြီးစွန်းတိုင်အောင် ဧဝံဂေလိဖြန့်ဝေရန်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန်နှင့် ပျံ့နှံ့စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဧဝံဂေလိတရားကို လက်ခံသူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းသည် ကျင့်ဝတ်သိက္ခာအရ ၎င်းတို့ မဖြစ်မနေလုပ်ရမည့် အရာဖြစ်၏။ သင်သည် ဤတာဝန်ကို လောလောဆယ်တွင် ထမ်းဆောင်နေခြင်း မရှိဘဲ ဖြစ်နေနိုင်သည်။ သို့မဟုတ် ဤတာဝန်သည် သင်နှင့် အလှမ်းကွာဝေးသည့် အရာတစ်ခု ဖြစ်နေနိုင်သည်။ သို့မဟုတ် ဤသည်မှာ သင်ထမ်းဆောင်ရမည့် တာဝန်တစ်ခုဖြစ်သည်ဟု သင် မည်သည့်အခါမျှ မတွေးခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော်လည်း သင်၏စိတ်နှလုံးသည် ဤအချက်ကိုကား ရှင်းနေရမည်။ ဤတာဝန်သည် သင်နှင့် ဆက်စပ်နေ၏။ ယင်းသည် အခြားသူများ၏ တာဝန်သာ ဖြစ်သည်မဟုတ်။ သင်၏တာဝန်နှင့် ဝတ္တရားလည်း ဖြစ်ပေသည်။ သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် လောလောဆယ် တာဝန်ပေးခြင်း မခံထားရရုံနှင့် ဤတာဝန်သည် သင်၏ အရေးကိစ္စမဟုတ်၊ ဤတာဝန်ကို သင့်အနေဖြင့် ထမ်းဆောင်ဖို့ မဟုတ်၊ သို့မဟုတ် ဤတာဝန်ကို ထမ်းဆောင်ရန် ဘုရားသခင်သည် သင့်ကို တာဝန်ပေးအပ်ထားခြင်း မရှိဟု မဆိုလိုပေ။ အကယ်၍ သင်၏ နားလည်သဘောပေါက်မှုသည် ဤအဆင့်အထိ ရောက်လာနိုင်ပါက ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်နှင့်ပတ်သက်ပြီး သင်၏စိတ်နှလုံးထဲ၌ စွဲကိုင်ထားသည့် ရှုထောင့်အမြင်သည် သမ္မာတရားနှင့်ရော ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်ပါ ကိုက်ညီသည်ဟု ဆိုလိုသည် မဟုတ်လော။ သင်တို့၏ နားလည်မှုသည် ဤအဆင့်အထိ ရောက်လာသည့်အခါ လက်ထဲရှိ အလုပ်အားလုံးကို သင်တို့ လုပ်ပြီးသွားသည့် တစ်နေ့တွင် ဘုရားသခင်သည် သင်တို့ကို နေရာအနှံ့သို့၊ အစိမ်းဆုံး၊ မနှစ်မြို့ဖွယ် အကောင်းဆုံး၊ အခက်ခဲဆုံးဟု သင်တို့သိရှိရသည့် နေရာတချို့သို့ပင် လူစုကွဲရန်နှင့် ပျံ့နှံ့သွားစေရန် အမိန့်ထုတ်လိမ့်မည်။ ထိုအခါ သင်တို့ မည်သို့လုပ်မည်နည်း။ (ကျွန်ုပ်တို့သည် ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လက်ခံရမည် ဖြစ်ပါသည်။) ယင်းမှာ သင်တို့ ယခုပြောသည့်အရာ ဖြစ်သော်လည်း ထိုနေ့ရက် ရောက်လာသောအခါ သင်တို့၏ မျက်စိများသည် မျက်ရည်များဖြင့် ပြည့်ကောင်းပြည့်နေပေမည်။ ယခုတွင် သင်တို့သည် ဤပုံစံဖြင့် ပြင်ဆင်ထားရမည်။ သင်သည် ဤသို့ သိမြင်နားလည်လာရမည်။ “ဤခေတ်ကာလသည် ကျွန်ုပ်မွေးဖွားလာသည့် ခေတ်ကာလဖြစ်၏။ ကျွန်ုပ်သည် ကံကောင်းထောက်မ၍ နောက်ဆုံးသော ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှုတော်ကို လက်ခံထားပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သော အမှုတော်၌ ပါဝင်ရသည်။ ထို့ကြောင့် ကျွန်ုပ်အသက်တာ၏ တန်ဖိုးနှင့် အရေးပါမှုသည် ဘုရားသခင်၏ ဧဝံဂေလိတရား ကျယ်ပြန့်ရေးအဖို့ ကျွန်ုပ်တစ်ဘဝလုံး၏ စွမ်းအားကို ပေးအပ်မြှုပ်နှံရန်အတွက် ဖြစ်သင့်သည်။ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်စဉ်းစားမည်မဟုတ်” ဟူ၍ ဖြစ်သည်။ သင်တို့၌ ဤပြင်းပြသော ရည်မှန်းချက် ရှိသလော။ (ရှိပါသည်။) သင်တို့၌ ဤပြင်းပြသော ရည်မှန်းချက် ရှိသင့်ကာ ဤပြင်ဆင်မှုနှင့် အစီအစဉ်ကို ပြုလုပ်ထားပြီး ဖြစ်သင့်သည်။ ဤနည်းအားဖြင့်သာ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းခံရပြီး သူ့အတွက် ပြည့်စုံလုံလောက်သည့် ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်လေသည်။ လူတချို့က “ကျွန်ုပ်သည် အဆင်သင့်မဖြစ်သေးသဖြင့် ဧဝံဂေလိဖြန့်ဝေရန် ယခုအခိုင်းခံရပါက ကြောက်ရွံ့မိပါလိမ့်မည်” ဟု ဆိုကြသည်။ မကြောက်ရွံ့လေနှင့်။ သင်အဆင်သင့်မဖြစ်ခင် ဤအရာကို ပြုလုပ်ရန် ဘုရားသခင်က သင့်ကို အတင်းအကျပ် ခိုင်းမည်မဟုတ်ပေ။ ထို့အပြင် သင်က အဆင်သင့်ဖြစ်ပြီဟု ပြောလျှင်လည်း ဘုရားသခင်က သင့်ကို အသုံးမပြုသေးဘဲ ဖြစ်နေနိုင်သည်။ သို့ဆိုလျှင် သင်သည် မည်သည့်အချိန်၌ အသုံးပြုခံရမည်နည်း။ ယင်းသည် ဘုရားသခင်အပေါ် မူတည်၏။ ထို့ကြောင့် ယင်းနှင့်ပတ်သက်၍ သင် စိတ်ပူပန်နေစရာ မလိုပေ။ ဘုရားသခင်သည် သင့်ကို အသုံးပြုလိုသောအခါ အရာခပ်သိမ်းကို ပြင်ဆင်လိမ့်မည်။ သင်၌ လိုအပ်သော ဝိညာဉ်ရင့်သန်မှုနှင့် အတွေ့အကြုံတို့ ရှိပြီး အခြားလိုအပ်သော အခြေအနေများအားလုံးကို သင်ပြည့်မီသောအခါ နေရာအမျိုးမျိုး၌ ဧဝံဂေလိတရားကို သွားရောက်ဖြန့်‌ဝေရန် သင့်အတွက် သူစီစဉ်ကောင်း စီစဉ်ပေးလိမ့်မည်။ ထိုအချိန် ရောက်လာသောအခါ သင့်ကို ဧဝံဂေလိတမန်အဖြစ် ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) ဤတာဝန်ကို ထမ်းဆောင်သောသူတို့အား ဧဝံဂေလိတမန်များဟု ဘယ်သောအခါမျှ မခေါ်နိုင်ပေ။ ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ ထိုသို့သောလူတို့ကို မည်သို့ ခေါ်သင့်သနည်း။ (ဧဝံဂေလိဖြန့်ဝေသော လူများဟု ခေါ်သင့်ပါသည်။) ယင်းက ပို၍ တိကျမှန်ကန်သည်။ ထိုသို့သောလူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ ဤသည်မှာ ၎င်းတို့ထမ်းဆောင်သော တာဝန်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ အကယ်၍ အမည်နာမပြောင်းလဲပြီး ဤလူတို့၏ ဝိသေသလက္ခဏာ ပြောင်းလဲပါက အလုပ်၏ အနှစ်သာရက ပြောင်းလဲသွားမည် ဖြစ်သည်။ အနှစ်သာရ ပြောင်းလဲသည်နှင့် တစ်ပြိုင်နက် ယင်းသည် သမ္မာတရားလမ်းကြောင်းမှ သွေဖည်သွားမည် ဖြစ်သည်။ အလုပ်သည် သမ္မာတရားလမ်းကြောင်းမှ သွေဖည်သွားသည်နှင့် ဘာသာရေးအမူအကျင့် ဖြစ်သွားပေမည်။ ထိုသို့ဖြစ်လျှင် လူတို့သည် ကယ်တင်ခြင်းလမ်းကြောင်းမှ ပို၍ပို၍ဝေးရာသို့ လမ်းလွဲသွားလျက် မြောက်ဘက်သွားဖို့ ရည်ရွယ်သောအခါ တောင်ဘက်သို့ သွားကြမည် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အခါမျှ လမ်းမှားကို မလျှောက်နှင့်။ ဧဝံဂေလိဖြန့်ဝေသူတို့အား နေရာအမျိုးမျိုးသို့ ပို့ဆောင်စေလွှတ်သည့် အချိန်တိုင်းတွင် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေရန် မိမိတို့၏တာဝန်ကို ထမ်းဆောင်ကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် ဧဝံဂေလိတမန်များ ဖြစ်ဖို့မဆိုနှင့်၊ သက်သေခံသူများ မဟုတ်၊ တရားဟောဆရာများလည်း မဟုတ်ကြပေ။ ဤသည်မှာ ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။

ယခုအထိ ငါပြောပြီးသည့် အရာနှင့်ပတ်သက်၍ လူအများစုသည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အလင်းရောင်တောက်ပမှုကို ခံစားရမည်မှာ အသေအချာဖြစ်ပြီး ၎င်းတို့အနက် လူအများအပြားသည် စိတ်အားထက်သန်သော မျှော်လင့်စောင့်စားမှုဖြင့် ရင်ခုန်နေကြမည် ဖြစ်ကာ “ကောင်းလိုက်လေခြင်း။ အနာဂတ်သည် အလွန်တရာ အလားအလာကောင်းမည့်ပုံပေါက်၏။ ငါတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် လမ်းကြောင်းမှာ တောက်ပသော အလင်းရောင်ဖြင့် ဝင်းလက်နေသည်တကား” ဟု စဉ်းစားနေကြမည် ဖြစ်သည်။ ဤသည်မှာ သေချာပေါက် မှန်နေသည်ကား မဟုတ်ပေ။ ဘုရားသခင်သည် သူ၏နောက်လိုက်များ အယောက်စီတိုင်းအတွက် အစီအစဉ်တစ်ခုရှိသည်။ ၎င်းတို့ တစ်ဦးချင်းစီတွင် ဘုရားသခင်က လူသားအတွက် ပံ့ပိုးပေးသော၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရမည့် ပတ်ဝန်းကျင်တစ်ခုရှိသည်။ ၎င်းတို့တွင် လူသားအတွက် ပျော်မွေ့ခံစားဖို့ဖြစ်သည့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် မျက်နှာသာပေးမှုတို့ရှိသည်။ ၎င်းတို့တွင် ဘုရားသခင်က လူသားအတွက် စီစဉ်ထားသည့် အထူးအခြေအနေများလည်းရှိပြီး ၎င်းတို့ ကြုံတွေ့ရမည့် ဒုက္ခများစွာရှိသည်။ ယင်းသည် လူက စိတ်ကူးထင်မြင်သည့် အဆင်ပြေချောမွေ့မှုနှင့် လုံးဝမတူပေ။ ဤအရာအပြင် သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုပါက၊ ဧဝံဂေလိတရား ဖြန့်ဝေဖို့နှင့် သင်၏တာဝန်ကို လျော်ကန်စွာ ထမ်းဆောင်ဖို့၊ သင်၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအတွက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန် သင့်ကိုယ်သင် ပြင်ဆင်ရမည်။ အဖိုးအခသည် ကိုယ်ခန္ဓာ နာမကျန်းမှုတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုကို ခံစားရခြင်း ဖြစ်နိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုများ သို့မဟုတ် လောကီလူများ၏ အထင်လွဲမှုများအပြင်၊ ဧဝံဂေလိ ဖြန့်ဝေနေချိန်တွင် ကြုံရသည့် ဒုက္ခများ၊ သစ္စာဖောက်ခံရခြင်း၊ အရိုက်ခံရကာ အဆူခံရခြင်း၊ ရှုတ်ချခံရခြင်း၊ အပြင်းထန်ဆုံးသော လူအုပ်ဝိုင်းခံရခြင်းနှင့် သေစေနိုင်လောက်သော အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီ သင်သေဆုံးမည်ဖြစ်ခြင်းနှင့်၊ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကိုတွေ့ဖို့ သင်အသက်ရှင်မည် မဟုတ်ခြင်းတို့က ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။ ယခုတွင် ကျွန်ုပ်သည် ဤသည်ကို ရှင်းလင်းစေပြီး သင်သည်လည်း နားလည်ပြီးဖြစ်သည့်အတွက်၊ ဤပြင်းပြသောဆန္ဒ သင်၌ရှိသေးပြီး ယင်းက ပြောင်းလဲမည်မဟုတ်သကဲ့သို့ သင်သည် သေသည်အထိ သစ္စာစောင့်သိနေမည်မှာ သေချာပါက၊ ဤသည်မှာ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခု ပိုင်ဆိုင်သည်ဟု သက်သေပြပေသည်။ ဘာသာရေး လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးတို့ရှိသော ဤပင်လယ်ရပ်ခြားနိုင်ငံများတွင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် အန္တရာယ်ကင်းဝေးပြီး၊ သင်လုပ်သမျှက ချောမွေ့လိမ့်မည်၊ ယင်း၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကြီးစွာသော တန်ခိုးနှင့် ဩဇာအာဏာတို့ချည်း ရှိလိမ့်မည်ဟု မယူဆနှင့်။ ဤသည်မှာ လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကိစ္စသာ ဖြစ်သည်။ ဖာရိရှဲများကလည်း ဘုရားသခင်၌ ယုံကြည်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါ်ဆောင်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် လက်ရှိ ဘာသာရေးလောကသည် လူ့ဇာတိခံယူထားသော ဘုရားသခင်အပေါ် မည်သည့်ဆိုးဝါးသော အရာများကို ပြုလုပ်နိုင်စွမ်း ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ပြစ်တင်ဝေဖန်ခြင်း၊ ဘုရားသခင်အား ရှုတ်ချခြင်း၊ ဘုရားသခင်အား မထီမဲ့မြင်ပြောဆိုခြင်း စသည့် ဆိုးဝါးသောအရာ မြောက်မြားစွာကို ပြုလုပ်ထားကြပြီးဖြစ်ကာ ၎င်းတို့ ပြုလုပ်နိုင်စွမ်း မရှိသည့် ဆိုးဝါးသောအရာ ဟူ၍မရှိပေ။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့သူများသည် ယုံကြည်သူများ ဖြစ်သည်ကို သင်မမေ့နှင့်။ ဤသို့သော အမှုအရာမျိုးကို လုပ်ဆောင်ဖို့ ၎င်းတို့တွင်သာ အခွင့်အရေးရှိကြသည်။ ဘာသာတရားမရှိသူများသည် ထိုအရာများကို ဂရုမစိုက်ခဲ့ကြပေ။ သခင်ယေရှုကိုခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ဖို့ အစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့သူများမှာ ဤယုံကြည်သူများသာ ဖြစ်ကြသည်။ ထို့အပြင် သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့်၊ စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ဆူပူခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ငါတို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က “ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း” ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်။ ဤအမှန်တရားသည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအမှန်တရား တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့ဘဝ၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို ကျင့်ဝတ်သိက္ခာအရ သင်တို့ မဖြစ်မနေ လုပ်ရမည့်အရာတစ်ခုအဖြစ် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း၊ ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက၊ ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက၊ သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ၊ ၎င်းတို့သည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် သဘောထားတို့ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းတွင် နားလည်သင့်သည့် နောက်ဆုံးသမ္မာတရားဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ သူ၏အမှုတော်အား ထမ်းဆောင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ တစ်စုံတစ်ဦးသည် မိမိ၏အသက်တာကို အဖိုးအခ ပေးဆပ်ရမည်။ သင်၌ ဤပြင်းပြသောဆန္ဒရှိပါက၊ သင်သည် ဤနည်းလမ်းဖြင့် သက်သေခံနိုင်ပါက၊ ယင်းမှာ အံ့ဩချီးကျူးလောက်စရာ ဖြစ်သည်။ ဤပြင်းပြသော ဆန္ဒမျိုး သင်မပိုင်ဆိုင်သေးပါက၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ရှေ့မှောက်ရှိ ဝတ္တရားနှင့် တာဝန်ကို လျော်ကန်စွာ ဖြည့်ဆည်းသင့်ကာ၊ ကျန်သည့်အရာများကို ဘုရားသခင်အား ပေးအပ်သင့်သည်။ သို့ဆိုလျှင် လများနှင့်နှစ်များ ကုန်ဆုံးပြီး၊ သင်၏ အတွေ့အကြုံနှင့် အသက်အရွယ်တို့ တိုးပွားလာကာ၊ သမ္မာတရားနှင့် သက်ဆိုင်သည့် သင်၏နားလည်မှုက နက်ရှိုင်းလာသည်နှင့်အညီ၊ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် သက်ဆိုင်သည့် အမှုတော်အဖို့ သင့်ဘဝ၏ နောက်ဆုံးအခိုက်အတန့်အထိပင် သင်၏အသက်တာကို ဆက်ကပ်ဖို့ သင်၌ ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခုရှိသည်ကို သင်သဘောပေါက်လိမ့်မည် ဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် အစပြုနှင့်ပြီး ဖြစ်သောကြောင့် ယခုသည် ဤအကြောင်းအရာများနှင့် ပတ်သက်၍ စတင်ပြောဆိုရန် သင့်လျော်သောအချိန် ဖြစ်ပေပြီ။ ယခင်က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တွင် ရှေးဦး ပရောဖက်များနှင့် သန့်ရှင်းသူများ တချို့သည် ဧဝံဂေလိဖြန့်ဝေရာ၌ ၎င်းတို့၏အသက်များကို ပေးခဲ့ကြသည်။ ထို့ကြောင့် နောက်ဆုံးသော ကာလ၌ မွေးဖွားသော သူတို့သည်လည်း ဤအရေးအတွက် ၎င်းတို့၏ အသက်များကို ပေးနိုင်သည်။ ယင်းသည် အလွန်အကျွံတောင်းဆိုမှု ဖြစ်ဖို့ဝေးစွ၊ အသစ်အဆန်း သို့မဟုတ် ရုတ်တရက်ဖြစ်ပေါ်လာသော အရာပင် မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံများ လုပ်ဆောင်သင့်ပြီး ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏၊ အမြင့်ဆုံးသော သမ္မာတရားဖြစ်၏။ အကယ်၍ သင်ပြုလုပ်သမျှသည် ဘုရားသခင်အတွက် သင်လုပ်ဆောင်လိုသော အရာ၊ သင်၏တာဝန်ကို မည်သို့ဖြည့်ဆည်းလိုပြီး ဘုရားသခင်အတွက် မည်မျှ အသုံးခံလိုပြီး ဘုရားသခင်အတွက် မည်မျှအားထုတ်ကြိုးပမ်းလိုသည်တို့နှင့် ပတ်သက်သည့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသာ ဖြစ်ပါက ယင်းမှာ အချည်းနှီးဖြစ်၏။ လက်တွေ့အရှိတရားသည် သင့်အပေါ်ကျရောက်သောအခါ၊ သင့်အား မိမိ၏အသက်ကို စွန့်လွှတ်ပူဇော်ရန် တောင်းဆိုသောအခါ သင်သည် နောက်ဆုံးအခိုက်အတန့်တွင်ကျမှ ညည်းညူခြင်းရှိမရှိ၊ လိုလားလက်ခံခြင်းရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံခြင်းရှိမရှိဟူသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။ အကယ်၍ သင်၏အသက်ကို သင့်ထံမှ နုတ်ယူတော့မည့်ဆဲဆဲ အခိုက်အတန့်တွင် သင်သည် အေးအေးသက်သာဖြစ်ကာ လိုလားလက်ခံပြီး ညည်းညူခြင်းမရှိ ကျိုးနွံနာခံပါက၊ မိမိ၏ တာဝန်များ၊ ဝတ္တရားများနှင့် အလုပ်တာဝန်များကို အဆုံးတိုင်အောင် ဖြည့်ဆည်းခဲ့ပြီးပြီဟု ခံစားရပါက၊ သင်၏စိတ်နှလုံးသည် ဝမ်းမြောက်ပြီး ငြိမ်းချမ်းနေပါက၊ အကယ်၍ သင်သည် ဤကဲ့သို့ ထွက်ခွာသွားပါက ဘုရားသခင်အတွက်မူ သင်သည် လုံးဝ မထွက်ခွာသွားသေးပေ။ ထို့ထက် အခြားလောက၌ အခြားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေခြင်း ဖြစ်၏။ သင်၏ အသက်ရှင်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။ အမှန်တကယ် မည်သည့်နည်းနှင့်မျှ သင်မသေဆုံးသေးချေ။ လူမူကား ယင်းကို “ဤသူသည် အသက်ငယ်ငယ်ဖြင့် သေဆုံးရသည်။ သနားစရာ ကောင်းလိုက်လေခြင်း” ဟု မြင်သည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သေဆုံးသွားခြင်းသော်လည်းကောင်း၊ ဒုက္ခခံစားရန် ထွက်ခွာသွားခြင်းသော်လည်းကောင်း မဟုတ်ပေ။ ထိုအစား ကောင်းချီးမင်္ဂလာများ ခံစားမွေ့လျော်ရန်၊ ဘုရားသခင်နှင့် ပို၍နီးကပ်လာရန် ထွက်ခွာသွားခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ အမြင်တွင် သင်၏တာဝန် ထမ်းဆောင်ရာတွင် စံမီပြီးဖြစ်သည်။ သင်သည် ယခု သင်၏တာဝန်ကို အပြီးသတ် လုပ်ခဲ့ပြီ ဖြစ်သည်၊ ဖန်ဆင်းခံ လူတန်းစားများကြားတွင် ဤတာဝန်ကို သင်ဆက်လက်ထမ်းဆောင်ရန် ဘုရားသခင် အလိုမရှိတော့ပေ။ ဘုရားသခင်အတွက်မှာမူ သင်၏ “ထွက်ခွာသွားခြင်း” ကို “ထွက်ခွာသွားခြင်း” ဟု မခေါ်၊ သင်သည် “ခေါ်တော်မူခြင်း ခံရခြင်း”၊ “ယူဆောင်သွားခြင်း ခံရခြင်း”၊ သို့မဟုတ် “ခေါ်ဆောင်သွားခြင်း ခံရခြင်း” ဖြစ်ပြီး ယင်းက ကောင်းသောအရာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ခေါ်ဆောင်သွားခြင်းကို ခံလိုသလော။ (ကျွန်ုပ်တို့ ဤအရာကို တောင့်တပါသည်။) ဤအရာကို မတောင့်တနှင့်။ ဤဘဝတွင် လူက နားမလည်သောအရာ မြောက်မြားစွာ ရှိသည်။ ဤအဆင့်သို့ ရောက်ရှိရန် ဆန္ဒမစောနှင့်။ ထိုနေ့ရက်မရောက်ရှိမီ သင်သည် သမ္မာတရားကို ပို၍များများ နားလည်ရန်နှင့် ဖန်ဆင်းရှင်အကြောင်းကို ပို၍သိကျွမ်းရန် ကြိုးပမ်းရမည်။ မည်သည့်နောင်တကိုမျှ မချန်ရစ်ခဲ့လေနှင့်။ မည်သည့်နောင်တကိုမျှ မချန်ရစ်ထားရန် ငါ အဘယ့်ကြောင့်ဆိုရသနည်း။ ဤဘဝတွင် ဖန်ဆင်းရှင်အပေါ် စစ်မှန်သော နားလည်မှု၊ သိကျွမ်းမှုနှင့် ကြောက်ရွံ့မှုတို့ ရရှိလျက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဟူသည့် လမ်းကြောင်းကို လျှောက်လှမ်းရန်အလို့ငှာ အမှုအရာများကို နားလည်ခြင်းမှသည် ဖန်ဆင်းရှင်နှင့် အပြန်အလှန်ဆွေးနွေးရာ၌ ပါဝင်ရန် ဤအခွင့်အရေးကို ရရှိခြင်း၊ ဤအစွမ်းအစကို ပိုင်ဆိုင်ခြင်း၊ သတ်မှတ်ချက်များ ပြည့်စုံခြင်းသို့ သွားဖို့အတွက် လူတို့တွင် အချိန်အကန့်အသတ်သာ ရှိလေသည်။ အကယ်၍ ယခုတွင် သင်သည် ဘုရားသခင်က သင့်အား အလျင်အမြန် ခေါ်ဆောင်သွားရန် အလိုရှိပါက သင်ကိုယ်တိုင်၏ အသက်တာအတွက် တာဝန်မသိတတ်ခြင်း ဖြစ်သည်။ တာဝန်သိတတ်ရန်အတွက် သင်သည် မိမိကိုယ်မိမိ သမ္မာတရားဖြင့် ပြင်ဆင်ထားရန် ပို၍ ကြိုးစားသင့်သည်။ သင်၌ အမှုအရာများ ဖြစ်ပျက်လာသောအခါ မိမိကိုယ်ကို ပို၍ ဆင်ခြင်သုံးသပ်သင့်ပြီး သင်၏ကိုယ်ပိုင် အားနည်းချက်များကို အလျင်အမြန် ပြန်ထေမိစေသင့်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခြင်း၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၊ ဘုရားသခင်အား ပို၍သိကျွမ်းခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအား သိကျွမ်းနားလည်နိုင်ခြင်းနှင့် ဘဝကို အလဟဿ မနေထိုင်ခြင်းတို့ ရှိလာသင့်သည်။ ဖန်ဆင်းရှင်သည် မည်သည့်နေရာ၌ တည်ရှိကြောင်း၊ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာ ဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်သည် ဝမ်းမြောက်ခြင်း၊ အမျက်ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်မှုအား မည်ကဲ့သို့ ထုတ်ဖော်ကြောင်းကို သိနားလည်လာရမည်။ ပို၍နက်နဲသော သိမြင်နားလည်ခြင်း သို့မဟုတ် ပြည့်စုံသော သိကျွမ်းခြင်းကို မရရှိနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ဘုရားသခင်အား အခြေခံသဘော သိနားလည်ခြင်းကိုကား ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဘုရားသခင်အား မည်သည့်အခါမျှ သစ္စာမဖောက်ဘဲ အခြေခံအားဖြင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ရမည်။ ဘုရားသခင်အား အရေးစိုက်မှု ပြသရမည်။ ဘုရားသခင်အား အခြေခံကျသော နှစ်သိမ့်မှု ပေးရမည်။ ဖန်ဆင်းခံတစ်ဦးအတွက် သင့်လျော်ပြီး အခြေခံအားဖြင့် ဖြစ်နိုင်ခြေရှိသော အရာများကို လုပ်ဆောင်ရမည်။ ဤအရာများမှာ လွယ်ကူသော အရာများကား မဟုတ်ချေ။ လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် သူတို့ကိုယ်သူတို့ တဖြည်းဖြည်း သိနားလည်လာနိုင်ပြီး ထိုသို့အားဖြင့် ဘုရားသခင်ကို သိနားလည်လာနိုင်သည်။ ဤဖြစ်စဉ်သည် အမှန်အားဖြင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်ခံများကြားရှိ အပြန်အလှန် အကျိုးပြုမှုဖြစ်ပြီး လူတစ်ဦး၏ အသက်တာတစ်လျှောက်၌ စားမြုံ့ပြန်ထိုက်သော ဖြစ်စဉ်တစ်ခု ဖြစ်သင့်သည်။ ဤဖြစ်စဉ်သည် နာကျင်ခက်ခဲသော ဖြစ်စဉ်တစ်ခုအစား လူတို့ ပျော်ရွှင်ခံစားသင့်သော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် နေ့ညများ၊ နှစ်လများကို မြတ်နိုးသင့်ပေသည်။ ၎င်းတို့သည် အသက်တာ၏ ဤအဆင့်ကို မြတ်နိုးသင့်ပြီး ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ဝန်လေးစရာအဖြစ် သဘောမထားသင့်ပေ။ ၎င်းတို့သည် ၎င်းတို့အသက်တာ၏ ဤအဆင့်အား အရသာခံသင့်ပြီး ယင်း၏ အတွေ့အကြုံကို အခြေခံသော အသိပညာကို ရယူသင့်သည်။ ထို့နောက် ၎င်းတို့သည် သမ္မာတရားအား နားလည်ခြင်းကို ရရှိပြီး လူသား၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်မည်ဖြစ်ကာ ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားကို ပိုင်ဆိုင်ပြီး မကောင်းမှုပြုလုပ်ခြင်း ပို၍ပို၍ နည်းလာမည် ဖြစ်သည်။ သင်သည် သမ္မာတရား မြောက်မြားစွာကို နားလည်မည်ဖြစ်ပြီး ဘုရားသခင်အား ဝမ်းနည်းစေသည့် သို့မဟုတ် သူ အလွန်အမင်း မနှစ်မြို့သည့် အရာများကို ပြုလုပ်မည်မဟုတ်ချေ။ ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်သောအခါ ဘုရားသခင် သင့်ကို နောက်ထပ် ရွံမုန်းခြင်းမရှိတော့ဟု သင်ခံစားရမည်။ ဝမ်းမြောက်ဖွယ် ကောင်းလိုက်လေခြင်း။ လူတစ်ဦးသည် ဤအရာကို ရရှိထားသည့်အခါ သူသေရတော့မည်ဆိုလျှင်ပင် စိတ်အေးချမ်းသာမည် မဟုတ်လော။ သို့ဆိုလျှင် ယခုသေဖို့အတွက် တောင်းဆိုနေသော လူတို့၌ အဘယ်ပြဿနာ ရှိသနည်း။ ၎င်းတို့သည် လွတ်မြောက်ရန်သာ အလိုရှိပြီး ဒုက္ခမခံလိုကြပေ။ ဘုရားသခင်ထံ သွား၍ သတင်းပို့နိုင်ရန် ဤဘဝအား အမြန်အဆုံးသတ်ရန်သာ အလိုရှိကြသည်။ သင်သည် ဘုရားသခင်ထံ သတင်းပို့လိုသော်လည်း ဘုရားသခင်က သင့်ကို အလိုမရှိသေးပေ။ ဘုရားသခင်က သင့်ကို မခေါ်မီကပင် သင်သည် သူ့ထံ အဘယ့်ကြောင့် သတင်းပို့ရမည်နည်း။ သင်၏အချိန်မတန်ခင် သူ့ကို သတင်းမပို့လေနှင့်။ ဤသည်မှာ ကောင်းသောအရာ မဟုတ်ပေ။ အကယ်၍ သင်သည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသော အသက်တာဖြင့် အသက်ရှင်နေထိုင်ကာ ဘုရားသခင်က သင့်ကို ခေါ်ဆောင်သွားပါက ယင်းမှာ ဝမ်းမြောက်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်ပေသည်။

ငါတို့ ယနေ့ ဆွေးနွေးခဲ့ပြီးသောအရာကို သင်တို့အားလုံး နားလည်သလော။ ဤနှုတ်ကပတ်တော်များသည် သင်တို့အ‌ပေါ် နောက်ထပ် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ ချမထားဖို့ ငါမျှော်လင့်သည်။ ထို့ပြင် ယနေ့ မိတ်သဟာယပြုချက်၏ အကြောင်းအရာသည် သင်တို့အား အထိတ်တလန့် မဖြစ်စေခဲ့ဖို့ ငါ မျှော်လင့်သည်။ ထို့ထက် ယင်းသည် သင်တို့နားလည်သင့်သည့် သမ္မာတရားတချို့ကို သင်တို့အား နားလည်ခွင့်ပေးဖို့ ငါမျှော်လင့်သည်။ ထိုသို့ဖြင့် သင်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်းကိစ္စကို ပို၍ နားလည်သဘောပေါက်ကာ ယင်းနှင့်ပတ်သက်၍ ပိုအခြေခိုင်ပြီး ပိုရှင်းလင်းသည်ဟု ခံစားရစေရန် ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် ဤအကျိုးသက်ရောက်မှုကို ရရှိခဲ့ပြီး ဖြစ်သလော။ (ရရှိခဲ့ပြီး ဖြစ်ပါသည်။) ယင်းကို ငါ့အား ဖော်ပြလော့။ (အတိတ်တွင် ကျွန်ုပ်သည် ဧဝံဂေလိဖြန့်ဝေခြင်းကို ကျွန်ုပ်၏တာဝန်အဖြစ် အမှန်တကယ် မသတ်မှတ်ခဲ့ပါ။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအမြင် မြောက်မြားစွာကို သိုထားခဲ့ပါသည်။ ကျွန်ုပ်၏ အခြားတာဝန်များကို ညံ့ဖျင်းစွာ ထမ်းဆောင်ထားပါမှ ဧဝံဂေလိဖြန့်ဝေရန် တာဝန်ပေးခံရမည်ဟု ထင်ခဲ့ပါသည်။ ဧဝံဂေလိဖြန့်ဝေခြင်းသည် အဆိုးဆုံးတာဝန် ဖြစ်သည်ဟု ကျွန်ုပ်မြင်ခဲ့ပြီး ဧဝံဂေလိဖြန့်ဝေခြင်းကို လူအား ဘုရားသခင်ပေးအပ်သော စေခိုင်းချက်တစ်ခုအဖြစ် အမှန်တကယ် မသတ်မှတ်ခဲ့ပါ။ ယနေ့တွင် ဘုရားသခင်၏ မိတ်သဟာယပြုချက်က ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ဘုရားသခင်အား သက်သေခံခြင်းသည် လူ၏ တာဝန်ဝတ္တရားဖြစ်ပြီး လူတို့အနေဖြင့် ဤတာဝန်ဝတ္တရားကို ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ သွား၍ ဖြည့်ဆည်းရမည်ဟု ခံစားရသင့်ကြောင်း ပြောပြခဲ့ပါသည်။ ထိုအခါမှသာ ကျွန်ုပ်၏ အမြင်များသည် လွန်စွာ အဓိပ္ပာယ်မဲ့ကြောင်းနှင့် ကျွန်ုပ်အနေဖြင့် ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို အမှန်တကယ် လျောက်ပတ်စွာ ထမ်းဆောင်လိုခြင်း မရှိအောင် ထိုအမြင်များက လုပ်ထားခြင်း ဖြစ်ကြောင်းကို သိမြင်ခဲ့ပါသည်။ ဘုရားသခင်၏ ယနေ့ မိတ်သဟာယပြုချက်ကို နားထောင်ခြင်းကြောင့် ကျွန်ုပ်၏ အမြင်များ ပြောင်းပြန်လှန်သွားပါပြီ။) ကောင်းပေစွ။ အခြားသူတစ်ဦးဦး ပြောလိုသေးသလော။ (ကျွန်ုပ်သည် သေးငယ်သော ဖန်ဆင်းခံတစ်ဦးသာ ဖြစ်သည်ဟု ထင်မှတ်နေကျဖြစ်ပြီး ကျွန်ုပ်၏ ဤတာဝန်ထမ်းဆောင်ခြင်းကို ကြီးမားသောကိစ္စ ဖြစ်သည်ဟု မယူဆခဲ့ပါ။ ကျွန်ုပ်၏တာဝန်သည် အရေးမကြီးသည့်အပြင် အာရုံစိုက်ခံရဖို့ မထိုက်တန်ဟု ခံစားခဲ့ပါသည်။ သို့သော်လည်း ဘုရားကြိုတင်ခွဲခန့်ထားသော လူတိုင်းက ထမ်းဆောင်သည့် တာဝန်များကို ဘုရားကိုယ်တိုင် စီမံထားခဲ့ကြောင်းနှင့် ယင်းတို့အားလုံးကို ဘုရားက ဂရုတစိုက် ကြံစည်စီစဉ်ထားခဲ့ကြောင်း ယနေ့ ဘုရားသခင်ပြောသည်ကို ကြားသိခဲ့ရပါသည်။ အကယ်၍ လူတို့သည် ၎င်းတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ မထမ်းဆောင်ပါက မိမိတို့၏ တာဝန်များနှင့် ဝတ္တရားများကို ရှောင်လွှဲနေခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ဘုရားသခင်အား သက်သေခံခြင်းသည် ဘုရားသခင်က လူတိုင်းကို ပေးအပ်သော စေခိုင်းချက်တစ်ခုဖြစ်ပြီး ဖန်ဆင်းခံများ၏ တာဝန်ဝတ္တရားဖြစ်ကြောင်း ဘုရားသခင်၏ မိတ်သဟာယပြုချက်ထဲတွင် ကျွန်ုပ်ကြားရသောအခါ ဘုရားသခင်စီမံထားသည့် လမ်းကြောင်းကို လျှောက်လှမ်းရန်အတွက် ကြီးမားသော ယုံကြည်မှုနှင့် ကြီးမားသော ရည်သန်မျှော်မှန်းချက်ကို ကျွန်ုပ်ရလိုက်ပါသည်။ ကျွန်ုပ်သည် မိမိ၏အသက်တာအတွက် တာဝန်ယူလိုပါသည်။ ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်လိုပြီး ကျွန်ုပ်၏ အထူးတာဝန်ကို အပြီးသတ် လုပ်လိုပါသည်။ ထိုအခါ ကျွန်ုပ်သည် ဘုရားသခင်ကို အနည်းငယ်မျှ နှစ်သိမ့်ပေးနိုင်မည် ဖြစ်ပါသည်။ ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို နားထောင်ပြီးနောက် ကျွန်ုပ်၏စိတ်နှလုံးသည် အထူးသဖြင့် စေ့ဆော်ခြင်းခံခဲ့ရပါ၏။ ဘုရားသခင် ကျွန်ုပ်အား ပေးထားသည့် စေခိုင်းချက်ကို နောက်ထပ် လျှော့တွက်နေ၍ မဖြစ်တော့ဟု ခံစားမိပါသည်။) မှန်လိုက်လေစွ။ လူတိုင်းက ထိုသို့ပင် ခံစားရသည် မဟုတ်လော။ (ခံစားရပါသည်။) သင်မြင်တွေ့နိုင်သည့်အတိုင်း လူတို့သည် သမ္မာတရားကို နားမလည်သောအခါ နားဝေတိမ်တောင် ဖြစ်လာကြပြီး ဧဝံဂေလိဖြန့်ဝေခြင်းကဲ့သို့ ကြီးမားလှသော အရာကိုပင် လျစ်လျူရှုနိုင်ကြသည်။ သို့သော်လည်း သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုပေးသောအခါ လူတို့သည် ဤကိစ္စ၏ အရေးပါမှုကို သဘော‌ပေါက်ကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနေအထားကို သိလာကြပြီးလျှင် ၎င်းတို့ကိုယ်ပိုင် အသက်တာ၏ တန်ဖိုးကို သိလာကြသည်။ ဤအရာသည် ၎င်းတို့၌ ဦးတည်ရာရှိသည်ဟု ဆိုလိုသလော။ (ဆိုလိုပါသည်။) သမ္မာတရားသည် လူတို့၏ စိတ်နှလုံးများကို ပြောင်းလဲပေးနိုင်သည်။ သမ္မာတရားမှလွဲ၍ သင်၏ စိတ်နှလုံးကို စေ့ဆော်နိုင်ပြီး သင့်အမြင်များကို ပြောင်းလဲပေးနိုင်သော သဘောတရား တစ်ခုခုရှိသလော။ တစ်ခုမျှ မရှိပေ၊ သမ္မာတရား၏ နည်းလမ်းကသာ သင့်အမြင်များကို ပြောင်းလဲပေးနိုင်သည်။ ဤနည်းလမ်းက သင့်အမြင်များကို ပြောင်းလဲပေးနိုင်သည်မှာ အဘယ့်ကြောင့်နည်း။ ဤသမ္မာတရားများသည် အလွန်လက်တွေ့ကျသည်ဖြစ်၍ ယင်းတို့ကို မည်သူမျှ မငြင်းဆိုနိုင်သောကြောင့် ဖြစ်သည်။ ဤသမ္မာတရားများသည် လူ့ဘဝနှင့်ရော လူ့ဘဝ၏ အထူးတာဝန်နှင့်ပါ ဆက်စပ်နေလေသည်။ ယင်းတို့သည် လူသားများနှင့် နီးကပ်စွာ ဆက်နွှယ်နေ၏။ ၎င်းတို့နှင့် မဆက်စပ်သည် မဟုတ်ပေ။ ယင်းတို့သည် အရေးမပါသော အရာတချို့ မဟုတ်ဘဲ လူ့ဘဝ၏ အထူးတာဝန်၊ အသက်ရှင်မှု၏ တန်ဖိုး၊ အသက်ရှင်မှု၏ အဓိပ္ပာယ်တို့နှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ရှင်းလင်းစွာ ပြောဆိုသောအခါ ဤနှုတ်ကပတ်တော်များသည် လူတို့အနေဖြင့် ဤနှုတ်ကပတ်တော်များကို လက်ခံပြီး ၎င်းတို့၏ အမြင်များကို ပြောင်းလဲလာမည့်အကြောင်း ၎င်းတို့၏ စိတ်နှလုံးများကို ပြောင်းလဲပေးနိုင်လေသည်။ ယနေ့ မိတ်သဟာယပြုချက်သည် လူတို့၏ တာဝန်များအ‌ပေါ် ၎င်းတို့၏ စိတ်နေစိတ်ထားများကို ပြောင်းလဲရာ၌ တိကျသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပေမည်။ အကယ်၍ ဤသမ္မာတရားများသည် လူတို့၏ အသက်တာများ၊ ၎င်းတို့ အသက်ရှင်နေထိုင်ပုံနှင့် ၎င်းတို့လိုက်စားသည့် ဦးတည်ချက်တို့ကို ပြောင်းလဲပေးနိုင်ပါက ဝမ်းမြောက်ဖွယ် ဖြစ်ပေမည်။ ယင်းက ငါသည် ယနေ့ ဤနှုတ်ကပတ်တော်များကို အချည်းနှီး ပြောဆိုခဲ့ခြင်းမဟုတ်ဟု ဆိုလိုပေမည်။ ယခုတွင် ငါသည် ဤနှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး ငါ၏ မိတ်သဟာယပြုချက်ကို လက်စသတ်ခဲ့ပြီဖြစ်၍ သင်တို့သည် သင်တို့၏ နေ့စဉ်အသက်တာများတွင် ယင်းတို့ကို တဖြည်းဖြည်းချင်း အသုံးချရန်၊ တွေ့ကြုံခံစားရန်နှင့် ဆင်ခြင်မှတ်သားရန် လိုအပ်သည်။ ဤသမ္မာတရားများသည် သင်၏ လက်တွေ့အရှိတရားနှင့် သင်၏ အသက်ဖြစ်လာသောအခါ ဘုရားသခင်သည် သင်၏ဖန်ဆင်းခံဖြစ်ခြင်း ဂုဏ်ပုဒ်ကို ဖျောက်ဖျက်မည် မဟုတ်သည့်အပြင် သင်သည် တစ်စုံတစ်ရာကို အမှန်တကယ် ရရှိပြီးဖြစ်လိမ့်မည်။ ထိုအချိန်မျိုးတွင် ဘုရားသခင်သည် သင့်အား မိမိအသက်တာကို ဆက်ကပ်ရန်အပြင် သူ၏ လုပ်ဆောင်ချက်များအား ထင်ရှားစေဖို့နှင့် သူ၏ ဧဝံဂေလိတရားအား သက်သေခံဖို့အတွက် သင့်အသက်တာကို အသုံးပြုရန် အမှန်တကယ် တောင်းဆိုသောအခါ သင်သည် စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်း ကင်းမည်ဖြစ်ပြီး သေချာပေါက် ငြင်းဆန်မည် မဟုတ်တော့ပေ။ သင်သည် ပျော်ရွှင်စွာ လက်ခံမည်ဖြစ်သည်။ ဖန်ဆင်းရှင်က သင့်အား အပ်နှံထားသော စေခိုင်းချက်တစ်ခု ဖြစ်သည်နှင့်အညီ သင်သည် ဘုရားသခင်ထံမှ ယင်းကို လက်ခံမည်ဖြစ်သည်။ ထို့ကြောင့် ထိုနေ့ရက်ကို စောင့်စားကြိုဆိုရန်အတွက် လူတို့အနေဖြင့် ဤသမ္မာတရားများကို နားလည်နိုင်ခြင်းအပြင် မိမိတို့ကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်ထားရန်၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားတို့နှင့် ပတ်သက်၍ ပိုကြီးမားပြီး ပိုနက်နဲသော အသိပညာကို ရရှိရန်အတွက် ယခု ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ အရေးကြီးဆုံးအရာ ဖြစ်၏။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။