ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည် (အပိုင်း တစ်)

သင်သည် သင်၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား ကျိုးနွံနာခံလိုလျှင် သင့်ကိုယ်သင်သိခြင်းသည် အလွန်အမင်း အရေးကြီးသည်။ သင့်ကိုယ်သင်မသိလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်မည်မဟုတ်ပေ။ အသက်ဝင်ရောက်မှုသည် မိမိကိုယ်ကို သိမြင်ခြင်းဖြင့် စတင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးမှုအချို့ကို ထုတ်ဖော်လျှင်၊ သို့မဟုတ် ဘုရားသခင်အတွက် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်သော၊ နာကျင်စေသောအရာများကို လုပ်ဆောင်လျှင်၊ မိုက်မဲသောအရာများကို လုပ်ဆောင်လျှင် ပြီးနောက်တွင် သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်။ ပြန်လည်သုံးသပ်ခြင်းက ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားရန် မည်သို့ ကူညီနိုင်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဤအရာကို စဉ်းစားသည်။ “ဖြစ်ပျက်ခဲ့သော ဤအရာများသည် ငါ့အား အမှန်တကယ်ပင် ထုတ်ဖော်ခဲ့သည်။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ ယင်းကို ဖယ်ရှားရန်အတွက် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ ဘုရားသခင်က ဤအခြေအနေမှတစ်ဆင့် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သည်မှာ ကောင်းသည်။ အခြားလူများက ငါ့အား မည်သို့ထင်မြင်ပါစေ၊ မည်သို့ ဆက်ဆံပါစေ သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သိရမည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်း သဘောထားဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် သမ္မာတရားအား လက်ခံခြင်းလိုအပ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သမ္မာတရားကို လက်မခံသူတို့သည် ပြဿနာများ ဖြစ်ပေါ်သောအခါတွင် ဆင်ခြေများ၊ အကြောင်းပြချက်များရှာကြပြီး တာဝန်ကို အခြားတစ်ယောက်အပေါ်သို့ တွန်းပို့သည်။ အခြားလူများက ၎င်းတို့ကို ကောင်းစွာ မဆက်ဆံသည့်အကြောင်းကိုဖြစ်စေ၊ ၎င်းတို့အတွက် မစဉ်းစားသည့်အကြောင်းကိုဖြစ်စေ၊ ဂရုမစိုက်သည့်အကြောင်းကိုဖြစ်စေ အစဉ်ညည်းညူကြသည်။ အကြောင်းပြချက်မျိုးစုံကို ရှာကြသည်။ ဤအကြောင်းပြချက်များအားလုံးကို ရှာခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်းကို အစားထိုးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းကို အစားထိုးနိုင်သလော။ အစားမထိုးနိုင်ပေ။ ဆိုလိုသည်မှာ သင့်တွင် မည်သည့်အကြောင်းပြချက်မျိုးရှိပါစေ၊ သင့်တွင် ကောင်းကင်ထက်ကြီးသော နာကြည်းချက်များပင်ရှိပါစေ သမ္မာတရားကို လက်မခံလျှင် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ သင်၏ သဘောထားသည် အဘယ်သို့ရှိသည်ကို ဘုရားသခင်က ကြည့်လိုသည်။ အထူးသဖြင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သောကိစ္စများတွင်ဖြစ်သည်။ သင်ညည်းညူခြင်းက တစ်ခုခုအသုံးဝင်သလော။ သင်၏ ညည်းညူခြင်းများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်သလော။ သင်သည် ညည်းညူပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြပြီးဖြစ်သည်ဟု ခံစားရလျှင် ဤအရာက သင်နှင့်ပတ်သက်သည့် မည်သည့်အရာကို ဖော်ပြမည်နည်း။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သလော။ ဘုရားသခင်က သင့်အား အသိအမှတ်ပြုမည်လော။ ဘုရားသခင်က “သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သူမဟုတ်။ ထို့ကြောင့် ဘေးသို့ဖယ်လော့။ ငါသည် သင့်အား ရွံရှာစက်ဆုပ်သည်” ဟု ဆိုလျှင် သင်သည် ဇာတ်သိမ်းသွားပြီမဟုတ်လော။ ဘုရားသခင်က “ငါသည် သင့်အား ရွံရှာစက်ဆုပ်သည်” ဟု ပြောခြင်းသည် သင့်အား ထုတ်ဖော်ပြီး သင်မည်သူဖြစ်သည်ကို သတ်မှတ်လိမ့်မည်။ ဘုရားသခင်က သင်နှင့်ပတ်သက်၍ အဘယ်ကြောင့် သတ်မှတ်ချက်ချမည်နည်း။ သမ္မာတရားကို သင် လက်မခံသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် သူ၏ အချုပ်အခြာအာဏာကို သင် လက်မခံပေ။ သင်သည် အစဉ်သဖြင့် ပြင်ပအကြောင်းပြချက်များကို ရှာဖွေနေပြီး အမှုကိစ္စများကို အစဉ်သဖြင့် အခြားလူများအပေါ် ပုံချသည်။ ဘုရားသခင်က သင့်အား အသိတရားနှင့် သမ္မာတရားအပေါ် ချစ်ခြင်းကင်းမဲ့သည်ဟု မြင်သည်။ ကျိုးကြောင်းမသင့်၊ တစ်ဇွတ်ထိုးလုပ်ပြီး ထိန်း၍မရဟူ၍ မြင်သည်။ သင် မိမိကိုယ်ကို ပြန်သုံးသပ်ခြင်း ရှိနိုင်ရန်အတွက် သင့်အား ဘေးဖယ်ပြီး လျစ်လျူရှုထားရမည်။ သင့်အား တရားဒေသနာများနှင့် သမ္မာတရားအပေါ် မိတ်သဟာယကို နားထောင်စေရခြင်း ရည်ရွယ်ချက်မှာ သမ္မာတရားကို သင်နားလည်နိုင်ရန်၊ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားရန်ဖြစ်သည်။ သင့်အတွက် သမ္မာတရားသည် လက်လွတ်စပယ် ရေရွတ်ပြောဆိုသည့် အရာတစ်ခုလော။ သင့်အတွက် နှုတ်ဖြင့်သာ ပြောဆိုပြီး ပြီးဆုံးသွားသည့် အရာတစ်ခု ဖြစ်သလော။ သမ္မာတရားအား နားလည်ခြင်းသည် သင်၏ ဝိညာဉ်တွင်ရှိသော ဗလာဖြစ်မှုကို ဖြည့်ဆည်းရန်အတွက် ဝိညာဉ်ရေးမှီတွယ်ရာတစ်ခုအဖြစ် လုပ်ဆောင်သင့်သည့် အရာဖြစ်သလော။ မဟုတ်ပေ။ သင့်အတွက် ဤရည်ရွယ်ချက်ဖြင့် အသုံးပြုရန်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်ရန်အတွက် သမ္မာတရား ရှိနေခြင်းဖြစ်သည်။ သင့်အား လမ်းကြောင်းတစ်ခုပေးရန်ဖြစ်သည်။ ပြီးလျှင် ပြဿနာများကို ကြုံရသည့်အခါ ဤသမ္မာတရားများဖြင့် အသက်ရှင်နိုင်သည်။ ပြီးလျှင် ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ သမ္မာတရားကို သင်နားလည်သည်နှင့် သင်သည် သင်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးမှု၊ သို့မဟုတ် သင်၏ စာတန်ဆန်သော ပညာရေးတွင်ရှိသော ထိုအရာများကို အခြေခံပြီး ပြုမူဆောင်ရွက်မည် မဟုတ်တော့ပေ။ သင်သည် စာတန်ဆန်သော တွေးခေါ်ပုံ၊ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် ရှင်သန်မည် မဟုတ်တော့ပေ။ ထိုအစား သင်သည် သမ္မာတရားဖြင့် အသက်ရှင်လိမ့်မည်။ သမ္မာတရားဖြင့် ပြုမူဆောင်ရွက်လိမ့်မည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်။ လူအချို့က “ငါသည် ယုံကြည်သူဖြစ်သည်မှာ သိပ်မကြာသေးပေ။ အတွေ့အကြုံများစွာ မရှိပေ။ သမ္မာတရားကို နားမလည်ပေ။ ငါ၏ ဝိညာဉ်ရင့်ကျက်မှုမှာ သေးငယ်သည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်” ဟု ဆိုကြသည်။ ဤအရာတို့သည် စင်စစ်အားဖြင့် ဖြစ်ရပ်မှန်ကို အခြေခံသော ဆင်ခြေများသာဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လျှင်ပင် သင် လက်လှမ်းမီသော သမ္မာတရားများရှိသည်။ သင်နားလည်သမျှကို လက်တွေ့လုပ်ဆောင်သင့်သည်။ သင်စွမ်းဆောင်နိုင်သမျှကို အကောင်အထည်ဖော်သင့်သည်။ သင်နားလည်သည့် သမ္မာတရားများကိုပင် လက်တွေ့မလုပ်ဆောင်လျှင် ပြဿနာတစ်ခု ရှိသည်။ သင် ယုံကြည်သူဖြစ်သည့်အချိန်က မည်မျှကြာသည်ဖြစ်စေ၊ မကြာသည်ဖြစ်စေ တရားဒေသနာများကို နှစ်အနည်းငယ် နားထောင်နေသရွေ့ သမ္မာတရားအချို့ကို သင်နားလည်လိမ့်မည်။ သင်သည် သမ္မာတရားများစွာကို သိသော်လည်း မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်လျှင် သင်သည် ရှုတ်ချခံရမည်။ သမ္မာတရားအား ကျိုးနွံနာခံခြင်းသဘောထားသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားအား ကျိုးနွံနာခံခြင်းသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားအား မည်သို့ ကျိုးနွံနာခံရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို မည်သို့ ကျိုးနွံနာခံရမည်၊ လူတို့တွင် မည်သည့်သဘောထား ရှိသင့်သည်ဆိုသော ဤအရာများကို သင်သိလျှင် လက်တွေ့လုပ်ဆောင်သင့်သည်။ မည်သည့်အရာဖြစ်ပျက်ပါစေ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းနှင့်အညီ ပြုမူရမည်ကို သင်ယူရမည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရားသည် သင့်အတွက် အဓိပ္ပာယ်မရှိပေ။ အယူဝါဒတစ်ခု၊ သင်၏ နှုတ်တွင်ရှိသော ဆောင်ပုဒ်တစ်ခုသာဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်မီအထိ စစ်မှန်မှု ရှိမည်မဟုတ်ပေ။ လုပ်ဆောင်နိုင်သည့်အခါမှသာ သမ္မာတရားသည် သင်၏ အသက်ဖြစ်လာနိုင်သည်။ အမှုအရာများဖြစ်ပျက်ပြီး သင်၏ နှစ်သက်မှုအတိုင်း လုပ်ဆောင်ကာ ဤလူသည် မှားယွင်းသည်၊ ထိုလူသည် မှားယွင်းသည်ဟု ထင်မြင်လျက် သင့်ကိုယ်သင်မှန်သည်ဟု အစဉ် မြင်ပြီး အခြားလူများက မည်သည့်အရာပြောသည်ဖြစ်စေ သဘောမတူသောအခါတွင် သင်သည် အပြစ်ကင်းပြီး ဖောက်ပြန်ပျက်စီးခြင်း မရှိသည်မှာ ဖြစ်နိုင်သလော။ ဤသည်မှာ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းဟု ခေါ်သည်။ ယင်းသည် ပို၍ လေးနက်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်။

ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ပထမအဆင့်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင် နာခံနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် အခြေအနေအမျိုးမျိုးကို သင် နာခံနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ ငြိမ်းချမ်းမှုရှိသော အချိန်များတွင် သင်သည် ဘုရားသခင်အပေါ် မည်သည့်အယူအဆမျှမရှိဘဲ သိသာသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မထုတ်ဖော်ပေ။ ထို့ကြောင့် သင်သည် မဆိုးပေ၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သူတစ်ယောက်ဖြစ်သည်ဟု သင် ခံစားရသည်။ သို့သော် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်၏ စိတ်နှလုံးသည် နိုးကြွလာပြီး သင်၏ ကိုယ်ပိုင်အတွေးများနှင့် အယူအဆများ ရှိလာသည်။ အထူးသဖြင့် သင်သည် သင်၏တာဝန်တွင် ဒုက္ခခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သောအခါ သင်သည် ဘုရားသခင်ကို ချစ်သောသူတစ်ယောက်ဖြစ်သည်ဟု သင်ခံစားရသည်။ ထို့ကြောင့် သင်သည် မျှော်လင့်မထားဘဲ ပြုပြင်ခံရပြီး သင်က သင့်တာဝန်တွင် တစ်ဇွတ်ထိုးလုပ်ပြီး စည်းမျဉ်းနှင့်မညီဟု လူတစ်ယောက်က ပြောသောအခါ သင်သည် လက်ခံနိုင်မည်လော။ (လက်ခံရန် မလွယ်ကူပါ။) လက်ခံရန် မလွယ်ကူလျှင် သင်သည် မည်သည့်အရာကို လုပ်ဆောင်သနည်း။ လက်ခံခြင်းနှင့် နာခံခြင်းကို သင် အဘယ်သို့ ရရှိနိုင်သနည်း။ ဤတွင် လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းအနည်းငယ်ရှိသည်။ ရှေးဦးစွာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်။ သမ္မာတရားကို ရှာဖွေရန် သင်၏ ကိုယ်ပိုင်အတွေးများနှင့် အကြောင်းပြချက်ကို လက်လွှတ်ရမည်။ သင်၏ ကိုယ်ပိုင်အတွေးများနှင့် အကြောင်းပြချက်သည် သမ္မာတရားနှင့် မလွဲမသွေ ကိုက်ညီခြင်းမျိုး မရှိဆိုသည်ကို သင် နားလည်သင့်သည်။ သင်သည် အသိစိတ်ကို ပိုင်ဆိုင်လျှင် အခြားလူများက ပြောစရာရှိသည့်အရာကို သင် ဦးစွာ နားထောင်သင့်ပြီး အသေအချာ တွေးတောကြည့်သင့်သည်။ ၎င်းတို့၏ ပြောဆိုမှုက သမ္မာတရားနှင့် ညီလျှင် သင် လက်ခံသင့်သည်။ ဤသည်မှာ အသိစိတ်ရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်ကိုယ်တိုင်၏ စဉ်းစားပုံက မှန်ကန်သည်ဟု အစဉ်ယုံကြည်ပြီး သင်၏ ကိုယ်ပိုင်အမြင်ရှုထောင့်ကို ဖက်တွယ်ထားလျှင် အခြားလူများက မည်မျှမှန်ကန်ပါစေ၊ ၎င်းတို့ပြောသည့်အရာ မည်မျှက သမ္မာတရားနှင့် ကိုက်ညီပါစေ ၎င်းတို့ ပြောသည့်အရာကို လက်မခံလျှင် သင်သည် ပုန်ကန်နေပြီး ဆင်ခြင်တုံတရားမရှိခြင်းပင်ဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက် ဖြစ်ရခြင်း၏ အကြောင်းရင်းသည် သမ္မာတရားကို ကျိုးနွံနာခံရန်၊ ဘုရားနှုတ်ကပတ်တော်ကို ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်၊ ဘုရားသခင်ဆီမှ လာသောအရာအားလုံးကို ကျိုးနွံနာခံရန်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံရန် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားအိမ်တော်က စီစဉ်သည့်အရာကို ရှာဖွေရမည်။ ထိုအရာများကို သင်သိသည်နှင့် ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်ဆောင်ရွက်နိုင်သည်။ ဤသည်တို့မှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများဖြစ်သည်။ ရှေးဦးစွာ သင် ကျိုးနွံနာခံရမည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ လူတို့သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသောအခါ ဤသည်မှာ မကြာခဏပင် ၎င်းတို့၏ ကိုယ်ပိုင် ကျိုးကြောင်းစဉ်းစားမှု၊ ဆင်ခြေများနှင့် မမူမှန်သော အကြောင်းပြချက်များ ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤသို့သော ကျိုးကြောင်းစဉ်းစားပုံဖြင့် ကျိုးနွံနာခံရန် အလွန်ပင် အလားအလာမရှိပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ရှေးဦးစွာ သင်၏ ကိုယ်ပိုင်ကျိုးကြောင်းစဉ်းစားပုံနှင့် ဆင်ခြေများကို လက်လွှတ်လော့။ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်လော့။ သင်သည် အချိန်တစ်ခုအထိ ထိုသို့ လက်တွေ့လုပ်ဆောင်ပြီးသည်နှင့် သင်သည် သင်၏တာဝန်ကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သောအခါ သင့်တာဝန်တွင် ပိုပို၍ ထိရောက်မှုရှိလာသည်ကို တွေ့ရမည်။ ဤသည်မှာ ဘုရားသခင်အား ကျိုးနွံနာခံနေခြင်းဖြစ်သည်ဟု သင်၏ စိတ်ဝိညာဉ်တွင် သေချာလာပြီး သင်၏ ကျိုးနွံနာခံခြင်းက ပို၍ သန့်စင်လာသည်။ သို့သော် သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အစဉ် ဖက်တွယ်နေလျှင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင်၊ အစဉ်သဖြင့် ဘုရားသခင်ကို ဆန့်ကျင်နေပြီး အတိုက်အခံပြုနေလျှင် ဤသည်မှာ ပုန်ကန်ခြင်းဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်။ မည်သည့် သိသာသော မကောင်းမှုကိုမျှ သင် မကျူးလွန်လျှင်ပင် သင်သည် စိုးစဉ်းမျှပင် ကျိုးနွံနာခံခြင်း ရှိမည်မဟုတ်ဘဲ သမ္မာတရား စစ်မှန်မှု လုံးဝ ကင်းမဲ့လိမ့်မည်။

ကျိုးနွံနာခံခြင်း သင်ခန်းစာများက အခက်ခဲဆုံးဖြစ်သည်။ သို့သော် အလွယ်ကူဆုံးလည်း ဖြစ်သည်။ မည်သည့်ပုံစံဖြင့် ခက်ခဲသနည်း။ (လူတို့တွင် ကိုယ်ပိုင် အယူအဆများရှိသည်။) လူတို့က အယူအဆများရှိသည်က ပြဿနာမဟုတ်ပေ။ မည်သည့်လူက အယူအဆမရှိသနည်း။ လူတို့အားလုံးက နှလုံးများနှင့် ဦးနှောက်များရှိကြသည်။ ၎င်းတို့အားလုံး ကိုယ်ပိုင်အယူအဆများရှိကြသည်။ ဤနေရာတွင် ယင်းသည် ပြဿနာမဟုတ်။ ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ပြဿနာသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမရှိလျှင် သင့်တွင် အယူအဆမည်မျှရှိပါစေ နာခံနိုင်လိမ့်မည်။ ထိုအရာများက ပြဿနာဖြစ်မည်မဟုတ်။ လူတစ်ယောက်က ဤအသိစိတ်ရှိပြီး “အရာရာတိုင်းမှာ ဘုရားကို ငါ နာခံရမယ်။ ဆင်ခြေတွေ မပေးဘူး။ ငါ့ကိုယ်ပိုင်စိတ်ကူးတွေအတိုင်း ဆက်မလုပ်ဘူး။ ဒီကိစ္စမှာ ငါ့ဘာသာငါ ဆုံးဖြတ်ချက်မချဘူး” ဟူ၍ ပြောလျှင် သူ့အတွက် နာခံရန် မလွယ်ကူသလော။ လူတစ်ယောက်က မိမိဘာသာ ဆုံးဖြတ်ချက်မချလျှင် သူသည် မိမိကိုယ်ကို အမှန်ထင်ခြင်းမရှိသည့် လက္ခဏာဖြစ်သည်။ သူ၏ ကိုယ်ပိုင်အယူဆများကို မလျှော့တမ်းမပြောလျှင် သူသည် အသိစိတ်ရှိသည့် လက္ခဏာတစ်ခုဖြစ်သည်။ သူသည် နာခံနိုင်ခြင်းလည်းရှိလျှင် သမ္မာရားကို လက်တွေ့လုပ်ဆောင်မှုကို ရရှိပြီးဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မချခြင်း၊ မိမိ၏ အယူအဆများကို မလျှော့တမ်း လုပ်ဆောင်မှုမရှိခြင်းတို့သည် ကျိုးနွံနာခံနိုင်ခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။ ဤအရည်အသွေးနှစ်ခုကို သင် ပိုင်ဆိုင်လျှင် သင့်အနေဖြင့် ကျိုးနွံနာခံပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကို ရရှိရန် လွယ်ကူလိမ့်မည်။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံခြင်း မရှိမီတွင် ထိုအရာများဖြင့် သင့်ကိုယ်သင် ပြင်ဆင်ရမည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သဘောထားကို ရရှိရန်အတွက် သင်မည်သို့ ဆောင်ရွက်သင့်သည်၊ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဆိုသည်ကို အဖြေရှာရမည်။ ဤသည်မှာ အမှန်ပင် ထိုမျှ မခက်ခဲပေ။ သို့သော် ထိုမျှ လွယ်ကူခြင်းလည်းမရှိပေ။ အဘယ်ကြောင့် ခက်ခဲသနည်း။ လူသားတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့် ခက်ခဲခြင်းဖြစ်သည်။ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်သောအခါ သင့်တွင် မည်သည့်စိတ်ထား၊ သို့မဟုတ် အခြေအနေရှိသည်ဖြစ်စေ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်ခြင်းကို တားဆီးလျှင် ထိုစိတ်ထား၊ သို့မဟုတ် အခြေအနေသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အရင်းခံသည်။ ဤသည်မှာ ဤကိစ္စ၏ အမှန်တရားပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ မာနထောင်လွှားခြင်း၊ ပုန်ကန်ခြင်း၊ အဓိပ္ပာယ်မရှိခြင်း၊ တစ်ယူသန်ဖြစ်ခြင်း၊ မလိုမုန်းထားခြင်း၊ စိတ်နှလုံးခိုင်မာခြင်းတို့နှင့် သက်ဆိုင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းလျှင် သင့်အတွက် ကျိုးနွံနာခံရန် လွယ်ကူလိမ့်မည်။ ဤသို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးမှုများကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် ကျိုးနွံနာခံလိုစိတ်မရှိသောအခါတွင် ဆုတောင်းရမည်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး မေးရမည်။ “ငါသည် အဘယ်ကြောင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ ငါ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ရန် အဘယ်ကြောင့် အစဉ်သဖြင့် မလျှော့တမ်း လုပ်ဆောင်နေသနည်း။ အဘယ်ကြောင့် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဘုရားသခင်အား နာခံခြင်းကို ငါ လက်တွေ့လုပ်ဆောင်သင့်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သင့်သည်။ ငါ၏ ကိုယ်ပိုင်ဆန္ဒ၊ သို့မဟုတ် ကိုယ်ပိုင် လိုအင်ဆန္ဒများကို အကောင်အထည် မဖော်သင့်ပေ။ ဘုရားနှုတ်ကပတ်တော်များ၊ ဘုရား၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်သင့်သည်။ သို့မှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီသည်” ဟူ၍ ဖြစ်သည်။ ဤရလဒ်မျိုးကို ရရှိရန်အတွက် ဘုရားသခင်အား ဆုတောင်းရန်၊ သမ္မာတရားကို ရှာဖွေရန် လိုအပ်သည်။ သမ္မာတရားကို သင် နားလည်သောအခါ သင်သည် သမ္မာတရားကို ပို၍ လွယ်ကူစွာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဇာတိပကတိကို ပုန်ကန်ပြီး ယင်းနှင့် သက်ဆိုင်သောအရာများကို လက်လွှတ်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်းတွင် သမ္မာတရားကို နားလည်သော်လည်း ဇာတိပကတိ၊ အဆင့်အတန်း၊ ပကာသနနှင့် သိက္ခာတို့၏ အကျိုးအမြတ်များကို လက်မလွှတ်နိုင်လျှင် သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် ရုန်းကန်ကြိုးစားရလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်နှလုံးတွင် ဇာတိပကတိ၊ ပကာသနနှင့် သိက္ခာတို့၏ အကျိုးအမြတ်ကို အရာအားလုံး၏ အထက်တွင် ထားရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ သင်သည် သမ္မာတရားကို မချစ်ဘဲ ယင်းအစား အဆင့်အတန်းနှင့် ဂုဏ်ကို ချစ်သည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် ဆုတောင်းရမည်။ သမ္မာတရားကို ရှာဖွေရမည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းကဲ့သို့သောအရာများ၏ အနှစ်သာရကို အပြည့်အဝ မြင်ရမည်။ သင်သည် ဤအရာများကို စွဲလမ်းခြင်း လျော့နည်းရမည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးသည်ဆိုသည်ကို မြင်ရန်၊ ဤအရာကို အခြားအရာအားလုံးထက် တန်ဖိုးထားရန် လိုအပ်သည်။ သင်သည် ဤအရာအားလုံးကို လုပ်ဆောင်သောအခါ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် စိတ်ဆန္ဒရှိလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လိုအပ်သည်။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိရန် လိုအပ်သည်။ ဤသို့ဖြင့် ပြဿနာ၏ အနှစ်သာရသည် အပြည့်အဝ ရှင်းလင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပို၍ လွယ်ကူသည်။ အမှန်တကယ်တွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ အကြီးမားဆုံးသော အတားအဆီးသည် မိမိ၏ ကိုယ်ပိုင်ဆန္ဒက ကြီးမားလွန်းပြီး အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါတွင်ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်ကျိုးကြည့်ခြင်းက အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါ၊ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းက အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါတွင်ဖြစ်သည်။ ထို့ကြောင့် အမှုအရာများ ဖြစ်ပေါ်လာသောအခါ ဤသို့သောသူများက အစဉ် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးဖြစ်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ သမ္မာတရားစည်းမျဉ်းများကို အလေးထားမှု လုံးဝမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားကြသည်။ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ “သင်က ဤအရာကို အလိုရှိလျှင် ငါက ထိုအရာကို အလိုရှိသည်။ သင်သည် သင်၏အရာကို အလိုရှိလျှင် ငါသည် ငါ၏အရာကို မလျှော့တမ်းလုပ်ဆောင်မည်” ဟု ဆုံးဖြတ်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ နာခံခြင်းကို ပြသခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်း လုံးဝမဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း မရမက လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်ပြီး ကျိုးကြောင်းမသင့်လျော်သော ဖော်ပြမှုဖြစ်သည်။ တစ်နေ့တွင် သင်၏ နှစ်သက်မှုများနှင့် စိတ်ပိုင်းဖြတ်မှုများသည် သမ္မာတရားနှင့် ကွဲလွဲနေသည်ကို သင် သတိပြုမိနိုင်လျှင်လည်းကောင်း၊ သင့်ကိုယ်သင် ငြင်းပယ်ပြီး အရှိအတိုင်း မြင်လာနိုင်ကာ သင့်ကိုယ်သင် မယုံကြည်တော့လျှင်လည်းကောင်း၊ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် အမှုအရာများကို သင်၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း မလုပ်ဆောင်တော့လျှင်လည်းကောင်း၊ သို့မဟုတ် မစဉ်းမစားဖြင့် မဆုံးဖြတ်တော့ဘဲ သမ္မာတရားကို ရှာဖွေနိုင်လျှင်လည်းကောင်း၊ ဘုရားသခင်ထံ ဆုတောင်းပြီး အမှီပြုနိုင်လျှင်လည်းကောင်း ဤသည်မှာ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ မည်သည့် လက်တွေ့လုပ်ဆောင်မှုက သမ္မာတရားနှင့် ကိုက်ညီသည်ကို သင် အတည်မပြုမီတွင် သင်သည် ရှာဖွေရမည်။ ဤသည်မှာ လုံးဝပင် မှန်ကန်သောလုပ်ဆောင်မှုဖြစ်ပြီး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ရှာဖွေရန်အတွက် ပြုပြင်ခြင်းခံရသည်အထိ စောင့်လျှင် ဤသည်မှာ အနည်းငယ် ဘာသိဘာသာနေခြင်းဖြစ်ပြီး နှောင့်နှေးမှုများဖြစ်ဖို့ များသည်။ သမ္မာတရားအား ရှာဖွေရန် သင်ယူခြင်းသည် အလွန်အရေးပါသည်။ သမ္မာတရားအား ရှာဖွေခြင်း၏ အကျိုးအမြတ်များမှာ အဘယ်နည်း။ ရှေးဦးစွာ မိမိ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်လိုက်ပြီး မဆင်မခြင် လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်နိုင်သည်။ ဒုတိယအနေဖြင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းနှင့် ဆိုးယုတ်သော အကျိုးဆက်များကို ရှောင်ကြဉ်နိုင်သည်။ တတိယအနေဖြင့် မည်သို့ စောင့်ပြီး စိတ်ရှည်ရမည်ကို သင်ယူနိုင်သည်။ ပြီးလျှင် အမှုအရာများကို ရှင်းလင်းစွာ၊ တိကျစွာ သိမြင်ခြင်းအားဖြင့် အမှားများဖြစ်ပေါ်ခြင်းကို တားဆီးနိုင်သည်။ ဤအရာများအားလုံးကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ရရှိနိုင်သည်။ သင်သည် အရာရာ၌ သမ္မာတရားအား ရှာဖွေရန် သင်ယူသောအခါ မည်သည့်အရာမျှ မရိုးရှင်းသည်ကိုလည်းကောင်း၊ အာရုံမစိုက်ဘဲ အားစိုက်ထုတ်မှု မပြုလုပ်လျှင် အမှုအရာများကို လုပ်ဆောင်ရာတွင် ကောင်းမွန်မည် မဟုတ်သည်ကိုလည်းကောင်း သင် တွေ့ရှိလိမ့်မည်။ ဤသို့ အချိန်အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် သင့်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သင်သည် ပို၍ ရင့်ကျက်ပြီး အတွေ့အကြုံရှိလာလိမ့်မည်။ သင်၏ သဘောထားသည် ပို၍နူးညံ့လာပြီး ပို၍ အလွန်အကျွံ မဟုတ်ဘဲဖြစ်လာမည်။ စိတ်လိုက်မာန်ပါ ပြုလုပ်မည့်အစား စွန့်စားပြီး ယှဉ်ပြိုင်တတ်မည့်အစား သင်သည် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်း ပြဿနာသည် ပြေလည်သွားလိမ့်မည်။ ဤသို့ဖြင့် သင့်အနေဖြင့် ကျိုးနွံနာခံရန် လွယ်ကူလိမ့်မည်။ အမှန်ပင် ထိုမျှ မခက်ခဲပေ။ အစပိုင်းတွင် အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်သည်။ သို့သော် သင်သည် ထိုပြဿနာကို ဖြေရှင်းသည်အထိ စိတ်ရှည်နိုင်သည်။ စောင့်ဆိုင်းပြီး သမ္မာတရားကို ဆက်လက်ရှာဖွေနိုင်သည်။ သင်သည် အမှုအရာများ သင့်အပေါ် ကျရောက်သောအခါ သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို အစဉ်ပြုလုပ်လိုလျှင်၊ ပြီးလျှင် သင်သည် အစဉ်သဖြင့် ကျိုးကြောင်းပြချက်များပေးပြီး သင်၏ ကိုယ်ပိုင်အယူအဆများကို မရမက လုပ်ဆောင်လျှင် ဤသည်မှာ အလွန်ပင် ဒုက္ခပေးလာလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်မလျှော့တမ်း စွဲကိုင်သောအရာများသည် အပြုသဘောမဆောင်ဘဲ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင်ရှိသော အရာများအားလုံးဖြစ်သောကြောင့်ဖြစ်သည်။ ထိုအရာများအားလုံးသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ထုတ်ဖော်ခြင်းများဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင်သည် သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိနိုင်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားထံ ဆုတောင်းရန် ဆန္ဒရှိနိုင်သော်လည်း အပေါ်ယံသာ လုပ်ဆောင်နေလိမ့်မည်။ လူတစ်ယောက်က သင့်ကိုသမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကာ သင့် ရည်ရွယ်ချက်၏ မသန့်စင်မှုများကို ဖော်ထုတ်လျှင် သင်သည် မည်သို့ ရွေးချယ်မည်နည်း။ သမ္မာတရားကို အလွယ်တကူ နာခံနိုင်သလော။ ဤသို့သောအချိန်တွင် နာခံရန် သင့်အတွက် အလွန်ပင် အားစိုက်ရလိမ့်မည်။ သင် နာခံနိုင်မည်မဟုတ်ပေ။ သင်သည် ပုန်ကန်ပြီး ကျိုးကြောင်းပြချက်များပေးရန် ကြိုးစားလိမ့်မည်။ သင်က “ငါ့ဆုံးဖြတ်ချက်တွေက ဘုရားအိမ်တော်အတွက်ပဲ။ မမှားဘူး။ ငါ့ကို ဘာလို့ နာခံဖို့ တောင်းဆိုနေသေးတာလဲ” ဟူ၍ ပြောလိမ့်မည်။ သင်သည် နာခံနိုင်မည်မဟုတ်သည့်ပုံစံကို မြင်သလော။ ဤအရာအပြင် သင်သည် အာခံခြင်းလည်း ပြုလုပ်လိမ့်မည်။ ဤသည်မှာ သိလျက်နှင့်လုပ်သော ပြစ်မှားမှုဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ဒုက္ခမပေးသလော။ လူတစ်ယောက်က သမ္မာတရားနှင့်ပတ်သက်ပြီး သင့်ကို မိတ်သဟာယပြုသောအခါ သင်က သမ္မာတရားကို မနာခံနိုင်ဘဲ သိလျက်ဖြင့်ပင် ပြစ်မှားလျှင်၊ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ အာခံခြင်း ပြုလုပ်လျှင် သင်၏ ပြဿနာသည် ဆိုးရွားသော ပြဿနာဖြစ်သည်။ သင်သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိသည်။

ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း သင်ခန်းစာသည် အလွန်ပင်လေးနက်သည်။ စတင်ဝင်ရောက်သောအခါတွင် အလွန်ခက်ခဲသည့်ပုံစံရှိသော်လည်း အချိန်အတန်ကြာ ကြုံတွေ့ပြီးနောက်တွင် အလွန်ခက်ခဲသည်ဟု မခံစားရပေ။ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများကို လိုက်နာဖို့ လိုအပ်သည်။ သင်သည် စည်းမျဉ်းများကို မရှာဖွေဘဲ အကြိမ်များစွာ ကျရှုံးလျှင် ဤသည်မှာ သင်သည် သင်ခန်းစာမရသေးသည့် သဘောဖြစ်သည်။ ပြီးလျှင် ကျိုးနွံနာခံခြင်းသည် သင့်အတွက် သင်ယူရန် အလွန်ခက်ခဲသော သင်ခန်းစာဖြစ်နေဆဲဖြစ်သည်။ အဘယ်ကြောင့် ခက်ခဲသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားများအတွင်းတွင် အခက်အခဲများစွာ ရှိသောကြောင့် ဖြစ်သည်။ လူတို့တွင် အယူအဆများ၊ စိတ်ကူးများရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးလည်း ရှိသည်။ ထိုအရာများအားလုံးအပြင် ၎င်းတို့တွင် အသိအမြင်နှင့် အရင်းအနှီးအချို့လည်း ရှိလျှင်လည်းကောင်း၊ ကောလိပ်ဘွဲ့ရပြီး အရည်အချင်းမြင့်လျှင်လည်းကောင်း၊ လူအဖွဲ့အစည်းတွင် ငွေနှင့် အဆင့်အတန်းရှိပြီး ကဏ္ဍတိုင်းတွင် သာလွန်မှုကို ပြလျှင်လည်းကောင်း ဤသည်မှာ ပြဿနာဖြစ်သည်။ ဤသို့သောသူတို့သည် သမ္မာတရားကို လက်ခံရန် ဖြစ်နိုင်ခြေနည်းလိမ့်မည်။ လူတို့သည် အသိပညာကို သမ္မာတရားအဖြစ် မှတ်ယူသောကြောင့် အသိပညာများစွာကို ပိုင်ဆိုင်ခြင်းသည် ဒုက္ခပေးလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားအား သဘောပေါက်နားလည်ခြင်းနှင့် လက်ခံခြင်းသည် အလွန်ခက်ခဲပင်ပန်းလာသည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ လူ့သဘာဝ သို့မဟုတ် အသိစိတ်မရှိလျှင် သင်သည် ဖြူတစ်ကောင်ကဲ့သို့ဖြစ်သည်။ ဖြူကောင်များသည် မည်သူကမျှ နှောင့်ယှက်၍၊ သို့မဟုတ် ဒုက္ခပေး၍ မရသော ကြောက်စရာကောင်းသည့် တိရစ္ဆာန်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသောသူများသည် ဤသို့ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကိုလည်း လုံးဝ ကျိုးနွံနာခံခြင်း မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဆိုးယုတ်မှုနှင့် ပြည့်နေသည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့်သာ နေထိုင်ကြသည်။ ရလဒ်အနေဖြင့် လူတို့ကြုံရသည့် အမှုကိစ္စတစ်ခုချင်းစီတိုင်းက အခက်အခဲများစွာ ရှိနေပြီး ၎င်းတို့သည် အယူအဆနှင့် စိတ်ကူးများစွာ ဖြစ်ပေါ်လာသည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်လာသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရသောအခါ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာတစ်ခုခုတွင် အတားအဆီးတစ်ခု ကြုံရသောအခါ ၎င်းတို့သည် ဆင်ခြေများပေးကြသည်။ နားလည်မှုလွဲကြသည်။ အပျက်သဘောဆောင်လာပြီး ညည်းညူကြသည်။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသော ဇာတ်လမ်းပုံပြင်များနှင့် အကြောင်းပြချက်များ သက်ရောက်မှုနှင့် အထင်အမြင်မှားစေခြင်းတို့ကို ခံရသည်။ ဤအရာတို့သည် အခက်အခဲများဖြစ်သည်။ ဤအခက်အခဲများကို လူတို့ ဖြေရှင်းနိုင်လျှင် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်မည်။ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းက လွယ်ကူလိမ့်မည်။ ဤအတွက်ကြောင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိရန်အတွက် ဦးစွာ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံရမည်။ ဤသည်မှာ ပထမ အခက်အခဲဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များတွင် မည်သည့်အရာပါဝင်သနည်း။ သင့်အနီးတွင် ဘုရားသခင်က ဖြစ်ပေါ်စေသော လူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများပါဝင်သည်။ တစ်ခါတစ်ရံတွင် ဤလူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများသည် သင့်အား ပြုပြင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင့်အား စုံစမ်းသွေးဆောင်လိမ့်မည်၊ သို့မဟုတ် စစ်ကြောလိမ့်မည်၊ သို့မဟုတ် နှောင့်ယှက်လိမ့်မည်၊ သို့မဟုတ် သင့်အား အပျက်သဘောဆောင်ရန် ပြုလုပ်လိမ့်မည်။ သို့သော် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေနိုင်သရွေ့ သင်သည် တစ်စုံတစ်ခုကို သင်ယူနိုင်လိမ့်မည်။ ဝိညာဉ်ရင့်ကျက်မှုကို ရရှိလိမ့်မည်။ ခုခံရန် အင်အားရှိလိမ့်မည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းသည် ဘုရားသခင်အား ကျိုးနွံနာခံရာတွင် အခြေခံအကျဆုံးသော သင်ခန်းစာဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များတွင် ဘုရားသခင်က သင့်အနီးတွင် ဖြစ်ပေါ်စေသော လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများနှင့် အမျိုးမျိုးသော အခြေအနေများ ပါဝင်သည်။ ဤသို့ဆိုလျှင် ဤအခြေအနေများဖြင့် ရင်ဆိုင်ရသောအခါ သင်သည် မည်သို့ တုံ့ပြန်သင့်သနည်း။ အခြေခံအကျဆုံးသောအရာမှာ ဘုရားသခင်ထံမှ ခံယူရန် ဖြစ်သည်။ “ဘုရားသခင်ထံမှ ခံယူခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ညည်းညူခြင်းနှင့် အာခံခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း ဖြစ်သလော။ အကြောင်းပြချက်များရှာပြီး ဆင်ခြေများပေးခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း ဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ထံမှ ခံယူခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ရှေးဦးစွာ စိတ်ထိန်းလော့။ သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်လော့။ ဆင်ခြေများ၊ သို့မဟုတ် ရှင်းပြချက်များ မပြုနှင့်။ မည်သူက မှန်သည်၊ မည်သူက မှားသည်ဆိုသည်ကို စိစစ်ရန်၊ သို့မဟုတ် မှန်းဆရန် မကြိုးစားနှင့်။ မည်သူ၏ အမှားက ပို၍ လေးနက်သည်၊ မည်သူ့အမှားက ထိုမျှ မလေးနက်သည်ကို မစစ်ဆေးနှင့်။ ဤအရာများကို အစဉ် စစ်ဆေးခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း သဘောထားဖြစ်သလော။ ယင်းမှာ ဘုရားသခင်အား ကျိုးနွံနာခံခြင်း သဘောထားဖြစ်သလော။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသဘောထား၊ သို့မဟုတ် ဘုရားသခင်ထံမှ ခံယူခြင်းသဘောထား၊ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံခြင်းသဘောထား မဟုတ်ပေ။ ဘုရားသခင်ထံမှ ခံယူခြင်းသည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင့်အပေါ်သို့ ကျရောက်သောအရာမှန်သမျှသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွင်း၌ ရှိသည်ကိုလည်းကောင်း၊ ထိုအရာများသည် ဘုရားသခင်၏ အစီအစဉ်များနှင့် စေတနာကောင်းကြောင့် ဖြစ်ပျက်သည်ကိုလည်းကောင်း သင်သေချာလျှင် သင်သည် ထိုအရာများကို ဘုရားသခင်ထံမှ ခံယူနိုင်သည်။ အမှန်နှင့် အမှားကို မစစ်ဆေးခြင်း၊ မိမိကိုယ်ကိုအတွက် ဆင်ခြေများမပေးခြင်း၊ အခြားလူများအပေါ် အမှားမရှာခြင်း၊ ဇီဇာမကြောင်ခြင်း၊ ဖြစ်ပျက်ခဲ့သည့်အရာ၏ အရှိအတိုင်းဖြစ်သော အကြောင်းရင်းများကို အသေးစိတ် မစစ်ဆေးခြင်း၊ အမှုအရာများကို ပိုင်းခြားပြီး ဆန်းစစ်ရန် လူသား၏ စိတ်ကို အသုံးမပြုခြင်းတို့အားဖြင့် အစပြုလော့။ ဤအရာတို့သည် ဘုရားသခင်ထံမှ ခံယူရန်အတွက် သင်လုပ်ဆောင်ရမည့် အသေးစိတ်အချက်များ ဖြစ်သည်။ ပြီးလျှင် ဤအရာကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းမှာ ကျိုးနွံနာခံခြင်းဖြင့် စတင်ရန်ဖြစ်သည်။ သင့်တွင် အယူအဆများရှိလျှင်ပင်၊ သို့မဟုတ် အကြောင်းအရာများကို သင်ရှင်းလင်းစွာ မသိလျှင်ပင် ကျိုးနွံနာခံလော့။ ဆင်ခြေများ၊ သို့မဟုတ် ပုန်ကန်ခြင်းများဖြင့် အစမပြုနှင့်။ ပြီးလျှင် ကျိုးနွံနာခံပြီးနောက်တွင် သမ္မာတရားကို ရှာဖွေလော့။ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေလော့။ သင်သည် မည်သို့ ဆုတောင်းသင့်သနည်း။ “အို ဘုရားသခင် ကိုယ်တော်သည် ကိုယ်တော်၏ စေတနာကောင်းဖြင့် ကျွန်ုပ်အတွက် ဤအခြေအနေကို စီစဉ်ညွှန်ကြားခဲ့ပါသည်” ဟု ပြောလော့။ သင်သည် ဤသို့ပြောသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ခံယူခြင်းသဘောထား ရှိပြီးဖြစ်သည်၊ သင့်အတွက် ဤအခြေအနေကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ကို အသိအမှတ်ပြုပြီးဖြစ်သည်ဟု ဆိုလိုသည်။ “အို ဘုရားသခင်၊ ကျွန်ုပ် ယနေ့ကြုံတွေ့ခဲ့ရသည့် အခြေအနေတွင် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်အား ဉာဏ်အလင်းပြပြီး လမ်းပြရန်၊ ကိုယ်တော်၏ ရည်ရွယ်ချက်ကို နားလည်အောင် လုပ်ပေးပါရန် ကိုယ်တော်အား တောင်းဆိုပါသည်။ ဤသို့အားဖြင့် ကျွန်ုပ်သည် ယင်းနှင့်အညီ ဆောင်ရွက်နိုင်ပြီး ပုန်ကန်ခြင်း၊ အာခံခြင်းလည်းမရှိဘဲ ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ဆန္ဒကို အမှီမပြုဘဲ နေနိုင်လိမ့်မည်။ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်လိုစိတ် ရှိပါသည်” ဟူ၍ ပြောလော့။ ဆုတောင်းပြီးနောက်တွင် သင်သည် စိတ်နှလုံးတွင် ငြိမ်သက်ခြင်းရှိလိမ့်မည်။ ပြီးလျှင် သင်၏ ဆင်ခြေများကို အလိုအလျောက် လက်လွှတ်လိမ့်မည်။ ဤသည်မှာ သင်၏ စိတ်ဓာတ်ပြောင်းလဲခြင်း မဟုတ်လော။ ယင်းသည် သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် လမ်းဖွင့်ပေးသည်။ ပြီးလျှင် ကျန်ရှိသော တစ်ခုတည်းသောပြဿနာမှာ သမ္မာတရားကို သင်နားလည်သောအခါ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ပင် ဖြစ်သည်။ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ သင်သည် ပုန်ကန်ခြင်းကို တစ်ဖန် ထုတ်ဖော်လျှင် ဘုရားသခင်ထံ တစ်ဖန်ဆုတောင်းရမည်။ သင်၏ ပုန်ကန်ခြင်းက ပြေလည်သွားသည်နှင့် အလိုအလျောက်ပင် သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်။ ပြဿနာများ ထွက်ပေါ်လာသောအခါ သင်သည် ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်အောင် သင်ယူပြီး သမ္မာတရားအား ရှာဖွေရမည်။ သင်သည် ပြင်ပအရာများအားဖြင့် စဉ်ဆက်မပြတ် နှောင့်ယှက်ခြင်းခံရလျှင်၊ သင်၏ အခြေအနေသည် အစဉ်သဖြင့် တစ်သမတ်တည်းမဟုတ်လျှင် ယင်းသည် မည်သည့်အရာကြောင့် ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို သင် နားမလည်သောကြောင့်ဖြစ်သည်။ သင့်အတွင်းတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဦးဆောင်နေသောကြောင့် ဖြစ်သည်။ သင့်ကိုယ်သင် မထိန်းနိုင်ပေ။ ဤသို့သော အချိန်များတွင် သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး သင့်အတွင်းတွင် ရှိသော ပြဿနာကို ရှာရမည်။ သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာပြီး ထိုနှုတ်ကပတ်တော်တို့က ဖော်ထုတ်ထားသည့်အရာကို ကြည့်လော့။ ထို့နောက်တွင် တရားဒေသနာများနှင့် မိတ်သဟာယများကို နားထောင်လော့၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းများကို နားထောင်လော့။ သင်ကိုယ်တိုင်၏ အခြေအနေကို ဤနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်လော့။ ဤသည်မှာ သင့်အတွင်းတွင် မည်သည့်ပြဿနာများရှိနေသည်ကို မြင်နိုင်သည့်နည်းဖြစ်သည်။ ဤပြဿနာများကို ရှင်းလင်းစွာ မြင်ခြင်းအားဖြင့် ၎င်းတို့ကို ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူလိမ့်မည်။ အခြားလူများ၌ သင့်အား ပြဿနာဖြစ်စေသည့် မည်သည့်အမှုကိစ္စရှိပါစေ လုံးဝ အရေးမစိုက်နှင့်။ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကို အာရုံစိုက်လော့။ ဘုရားသခင်က သင့်အား စစ်ကြောနေသည်ဟု အခိုင်အမာ ပြောဆိုလျက် တစ်ဆိတ်ကို တစ်အိတ်မလုပ်နှင့်။ ဤသည်မှာ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် မိမိကိုယ်ကို သိမြင်မှု လုံးဝ ကင်းမဲ့ပြီး မိမိကိုယ်ကို အပေါ်ယံလှပအောင် ပြုလုပ်ရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ အလွန်အကျွံ အထိမခံနိုင် မဖြစ်နှင့်။ ဤသည်မှာ ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု သင် ဆုံးဖြတ်လျှင် သင်၏ ကိုယ်ပိုင် ပြဿနာများကို ပို၍ပင် ဆင်ခြင်သုံးသပ်ဖို့ လိုသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးလုံးလျားလျား ရှင်းလင်းမပစ်လျှင် ယင်းသည် သင့်အား ဆက်လက်၍ အရူးလုပ်ပြီး လှည့်စားနေမည်သာဖြစ်သည်။ ဤသို့ဆိုလျှင် ဖြေရှင်းချက်မှာ အဘယ်နည်း။ သင်သည် ဆုတောင်းရမည်။ “ဘုရားသခင်၊ ကျွန်ုပ်သည် အလွန် တစ်ဇွတ်ထိုးဆန်ပြီး မာနထောင်လွှားသည်။ ဇာတိပကတိ၏ အလိုကို ဖြည့်ဆည်းရန် အစဉ်စဉ်းစားနေသည်။ ကျွန်ုပ်သည် အလွန်ပင် ပုန်ကန်ပါသည်။ ကျွန်ုပ်အား ဆုံးမပဲ့ပြင်တော်မူပါ” ဟူ၍ ဖြစ်သည်။ ဆုတောင်းပြီးနောက်တွင် သင်သည် အနည်းငယ် စိတ်ပူလိမ့်မည်။ “ဘုရားသခင်က ငါ့အား အမှန် ပဲ့ပြင်ဆုံးမလျှင် အဘယ်သို့လုပ်ရမည်နည်း။ မဖြစ်ပေ။ ဆုတောင်းပြီး စိတ်ပိုင်းဖြတ်ရမည်။ ဘုရားသခင်က ငါ့အား မည်မျှ ဆုံးမပဲ့ပြင်ပါစေ၊ ငါ့အား နာမကျန်းဖြစ်ရန်၊ သို့မဟုတ် သေရန်ပင် ပြုလုပ်ပါစေ ဘုရားသခင်အား ကျိုးနွံနာခံဦးမည်” ဟူ၍ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းပြီးသည်နှင့် သင်၏အတွင်းထဲတွင် အားကြီးလာလိမ့်မည်။ သင်၏ အခြေအနေသည် ကွာခြားလိမ့်မည်။ သင်သည် မည်သို့ ခံစားရမည်နည်း။ သင်က “ယုံကြည်သူဖြစ်ခဲ့သည့် ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်ထံမှ စမ်းသပ်မှုကို ငါ ကြုံရသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ လက်တော်က ငါ့အပေါ်သို့ ကျရောက်ပြီး သူသည် ငါနှင့် အလွန်နီးကပ်နေသည်ဟု ငါ ခံစားရသည်။ ဘုရားသခင်သည် ငါ့အား သူကိုယ်တိုင် ဦးဆောင်နေသည်။ ငါ့အား လေ့ကျင့်ပေးရန်၊ သန့်စင်ပေးရန်အတွက် ဤစမ်းသပ်မှုမျိုးကို သူကိုယ်တိုင် စီစဉ်ပေးပြီး ငါ့အား သင်ခန်းစာရရှိစေကာ ထိုသင်ခန်းစာမှ သမ္မာတရားကို ရရှိစေသည်။ ဘုရားသခင်က ငါ့အား အလွန်ချစ်သည်” ဟု စဉ်းစားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်း မဟုတ်လော။ ဤအချိန်တွင် သင်သည် ဝိညာဉ်ရင့်ကျက်မှုအချို့ မရှိသလော။ (ရှိပါသည်။) ဤသည်မှာ အမှန်ပင် လက်တွေ့ကျသော နားလည်မှုဖြစ်သည်။ သင်၏ စိတ်အတွင်းတွင် “ဘုရားသခင်က ငါ့အား စစ်ကြောနေသည့်အတွက် မည်သည့်သဘောထားကို ငါထားသင့်သနည်း။ ဘုရားသခင်အား ကျေနပ်စေရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း” ဟု တွေးတောနေနိုင်သည်။ သင်သည် ဤသို့ စဉ်းစားသောအခါ၊ ဤသို့ ရှာဖွေသောအခါ မကြာခင်တွင် ကျိုးနွံနာခံခြင်းကို ရရှိလိမ့်မည်။ သင်သည် သင့်အတွက် ကျိုးကြောင်းပြပြောဆိုခြင်းကို ရပ်တန့်လိမ့်မည်။ “ငါသည် ကျိုးနွံနာခံခြင်း မရှိဘဲ အစဉ်သဖြင့် ငြင်းခုံနေလျှင်၊ အခြားလူများတွင် သို့မဟုတ် အရှိအတိုင်းဖြစ်သော အခြေအနေများတွင် အစဉ်သဖြင့် အကြောင်းပြချက်များ ရှာဖွေနေလျှင်၊ ဆင်ခြေများရှာပြီး အမှန်နှင့်အမှားကို ပိုင်းခြားစိစစ်နေလျှင် ငါသည် လူသားပင်မဟုတ်ပေ။ လူယုတ်မာတစ်ယောက်နှင့်ပင် အဆင့်မတူသော သားရဲတစ်ကောင် ဖြစ်သည်” ဟူ၍ သင် စဉ်းစားလိမ့်မည်။ ထို့နောက်တွင် သင်သည် အပြစ်ရှိသကဲ့သို့ ခံစားရပြီး သက်သောင့်သက်သာ မရှိဖြစ်လိမ့်မည်။ သင်က “ဘုရားသခင်အား ငါ ချက်ချင်း ကျိုးနွံနာခံရမည်။ ဘုရားသခင်က ငါ့ဘက်တွင် ရှိသည်။ ဤသည်မှာ သူက ငါ့အား လမ်းပြသည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စေတနာကောင်း၏ ပုံစံဖြစ်သည်ဟု မကြာခဏပြောဆိုခဲ့သည်။ ယနေ့တွင် ယင်းကို ငါမြည်းစမ်းခဲ့ရသည်။ ငါသည် သင်ခန်းစာယူသင့်သည်၊ ပြောင်းလဲသင့်သည်၊ အမှန်နှင့် အမှားကြားတွင် ပိတ်မိမနေသင့်ဟု ဘုရားသခင်က ရည်ရွယ်ချက်ရှိသည်။ ဤသည်မှာ ငါ့အတွက် ဘုရားသခင်၏ ချစ်ခြင်း၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပံ့ပိုးမှုနှင့် လမ်းပြမှုဖြစ်သည်။ ဘုရားသခင်က ငါ့အား အလွန်ချစ်ပြီး သူ၏ ချစ်ခြင်းက စစ်မှန်သည်။” ဟု တွေးလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် တို့ထိခြင်းခံရမည်။ အဘယ်ကြောင့် တို့ထိခြင်းခံရမည်နည်း။ ယခုတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင်နားလည်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ပြီးဖြစ်သည်။ သင်သည် ဤရက်များတစ်လျှောက်တွင် သမ္မာတရားကို အဆက်မပြတ် ရှာဖွေခြင်းမှတစ်ဆင့် အတွေ့အကြုံရှိသည်။ လူတို့သည် ဤအရာကို ကြုံတွေ့စဉ်တွင် ဘုရားသခင်ကို ပုန်ကန်နိုင်သေးသလော။ ပုန်ကန်နိုင်သေးသည်။ ပုန်ကန်မှု ရှိနိုင်သေးသည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသောကြောင့် ဖောက်ပြန်ပျက်စီးသော၊ အဓိပ္ပာယ်မရှိသော အတွေးမျိုးစုံက စဉ်ဆက်မပြတ် ပွင့်ထွက်လျက်ရှိသည်။ ၎င်းတို့သည် “ဘုရားသခင်က ငါ့အား စစ်ကြောနေသောကြောင့် ငါ သေမည်လော။ ဘုရားသခင်က ငါ့အား အမှန်ပင် ဆုံးမပဲ့ပြင်နေလျှင် ငါ့အား အလွန်အမင်း နာမကျန်းဖြစ်အောင် ပြုလုပ်မည်လော။ ကြောက်ရွံ့မိသည်” ဟူ၍ အစဉ် စဉ်းစားနေသည်။ ကြောက်ရွံ့ခြင်းက မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မယုံကြည်ခြင်း၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို ခွင့်မပြုလိုခြင်းနှင့် စိတ်ပူခြင်းတို့မှ လာသည်။ “ငါသေလျှင် မည်သို့ဖြစ်မည်နည်း။ မည်သည့်နေရာတွင် ငါရပ်တည်သည်ကို မသိပေ” ဟူ၍ ဖြစ်သည်။ လူတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းနည်းပါးလွန်းသည်။ ဤသို့သောအချိန်မျိုးတွင် လူတို့၌ ယုံကြည်ခြင်းမည်မျှရှိသနည်း။ လုံးဝမရှိပေ။ လူတစ်ယောက်သည် ဘုရားသခင်၏ လက်ထဲမှ အလွန်ပင် လွတ်မြောက်လိုလျှင် သူသည် ဘုရားသခင်အား အကြွင်းမဲ့ သစ္စာဖောက်ခြင်းဖြစ်သည်။ အခြေအနေက ဤသို့ဖြစ်လာသောအခါ လူတို့သည် လွတ်မြောက်လိုကြသည်။ ၎င်းတို့သည် ဖြစ်ပျက်နေသည့်အရာကို ကျိတ်မှိတ်လက်ခံခြင်း မရှိပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်က “ငါသည် ကျိုးနွံနာခံနိုင်သည်။ ငါသည် တို့ထိခြင်းခံရသကဲ့သို့ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါ ခံစားရပြီး ဘုရားသခင်က ငါ့အား ဂရုစိုက်သည်။ ဤသည်မှာ လုံလောက်ပြီဖြစ်သည်။ ငါသည် ကျေနပ်မှုရှိသည်” ဟူ၍သာ ပြော၍မရပေ။ ဤသည်မှာ မလုံလောက်ပေ။ သင်သည် ရှေ့သို့ ဆက်သွားနေရမည်။ ဆက်လက်၍ ရှာဖွေရမည်။ စဉ်းစားလော့။ “ယောဘက သူ၏ ယုံကြည်ခြင်းကို မည်သို့ရရှိခဲ့သနည်း။ သူသည် မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်သနည်း။ ငါသည် အဘယ်ကြောင့် အလွန်ကြောက်ရွံ့သနည်း။ ငါ၏ ကြောက်ရွံ့မှုက မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ ငါသည် ဘုရားသခင်အား ယုံကြည်ခြင်း နည်းပါးလွန်းသောကြောင့်ဖြစ်သည်။ ငါသည် ဘုရားသခင်၏ လက်ထဲတွင် အပျော်ဆုံး၊ အလုံခြုံဆုံးဖြစ်သည်၊ ဘုရားသခင်သည် ငါ၏ ခိုကိုးရာဖြစ်သည်ဟု ငါ မယုံကြည်ပေ။ ဤအရာများကို ငါ မယုံကြည်ပေ။ ငါသည် အလွန်ပင် လှည့်ဖြားကာ ကောက်ကျစ်ဆိုးယုတ်သောသူ ဖြစ်ပါတကား။ ဤသည်မှာ ဘုရားသခင်က ငါ့အား စစ်ကြောနေခြင်း ဖြစ်သည်ကို ငါသတိပြုမိခဲ့သည်။ ပြီးလျှင် စမ်းသပ်ခြင်းဆိုသည်မှာ ငါ၏ အသက်ကို ယူဆောင်သွားမည်ဆိုသည့် အဓိပ္ပာယ်မဟုတ်ပေ။ သူသည် ငါ့အား ဆော့ကစားနေခြင်း၊ သို့မဟုတ် တမင်ထုတ်ဖော်နေခြင်းလည်းမဟုတ်ပေ။ ယင်းသည် စမ်းသပ်မှုတစ်ခုသာဖြစ်သည်။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ဖို့ ရည်ရွယ်သည်။ ငါသည် ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်းမရှိနိုင်သေးပေ။ ဘုရားသခင်အား အပြည့်အဝ မယုံနိုင်သေးဘဲ သူ၏ လက်ထဲတွင် ကိုယ့်ကိုယ်ကိုယ် မအပ်နှံနိုင်သေးပေ။ ငါသည် အလွန်ကောက်ကျစ်ဆိုးယုတ်သည်။ အဆိုးရွားဆုံးသော အရာများအတွက် အပြစ်ရှိသည်။ ဘုရားသခင်ထံမှ ဤသို့အလေးထားခြင်းသည် ငါနှင့် မထိုက်တန်ပေ။ ဘုရားသခင်၏ ဂရုစိုက်မှုသည် ငါနှင့် မထိုက်တန်ပေ” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်သည် ဆုတောင်းပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်သည်။ သင်၏ ပုန်ကန်မှုနှင့် သင်၏ ရည်ရွယ်ချက်များအား ပြုပြင်သင့်သည်။ သင်သည် ဤအတိုင်းအတာအထိ သမ္မာတရားကို နားလည်သည်။ သို့သော် သင့်တွင် ဘုရားသခင်အား ယုံကြည်ခြင်းမရှိသေးပေ၊ သို့မဟုတ် ဘုရားသခင်၏ လက်ထဲသို့ သင့်ကိုယ်သင် မအပ်နှံရဲသေးပေ။ ဤသည်မှာ အဘယ်နည်း။ သစ္စာဖောက်ခြင်းဖြစ်သည်။ သင်၏ လှည့်စားမှု၊ သင်၏ မာနထောင်လွှားမှု၊ သင်၏ သံသယဖြစ်မှု၊ သင်၏ ကောက်ကျစ်ဆိုးယုတ်မှုတို့ကြောင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်မှု ကင်းမဲ့သည်။ ဤသည်မှာ ကြောက်ရွံ့မှုလာသည့်နေရာဖြစ်သည်။ ကြောက်ရွံ့မှု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်အပေါ် ယုံကြည်မှုကင်းမဲ့ခြင်း ဖြစ်သည်။ “ငါသည် ဘုရားသခင်၏ လမ်းပြမှုကို ကျိုးနွံနာခံလျှင် သူသည် ငါ့အား စာတန်ဆီသို့ လွှဲပြောင်းပေးပြီး ငါ့အား သေစေမည်လော” ဟူ၍ အစဉ် စိုးရိမ်သည်။ ဤသည်မှာ မည်သို့သော အတွေးမျိုးဖြစ်သနည်း။ အဓိပ္ပာယ်မရှိ မဖြစ်သလော။ လူတစ်ယောက်က ဘုရားသခင်အား အဘယ်ကြောင့် ဤသို့ထင်မြင်မည်နည်း။ သမ္မာတရားမရှိလျှင် လူတို့သည် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ဘဲ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲပြီး မှန်းဆထင်ကြေးပေးကြသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် လူတစ်ယောက်သည် သမ္မာတရားကို နားလည်ရန်လိုသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ လူတို့သည် လူသားတစ်ယောက် ပြောဆိုသင့်သည့်ပုံစံအတိုင်း အသိစိတ်ဖြင့် စကားပြောနိုင်သည်။ သင်သည် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုကို ခံစားရသော်လည်း၊ ဘုရားသခင်က ပေးသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၏ ခံစားချက်ကို သင်ခံစားခဲ့သည်ဆိုသော်လည်း၊ သင်သည် အလွန်ပင် လုံခြုံမှုရှိသည်ဟု ခံစားရသော်လည်း ဘုရားသခင်၏ လက်ထဲသို့ သင့်ကိုယ်သင်အပ်နှံရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ သင်သည် ကြောက်ရွံ့နေဆဲဖြစ်သည်။ ဤသည်မှာ ပုန်ကန်ခြင်း မဟုတ်သလော။ ဤပုန်ကန်ခြင်းတွင် မည်သည့်အရာ ရောနှောပါဝင်နေသနည်း။ မည်သည့်အရာက ထိန်းချုပ်သနည်း။ လှည့်စားခြင်းနှင့် မာနထောင်လွှားခြင်းဖြစ်သည်။ ဤသည်မှာ အမှန်ပင် မကောင်းဆိုးဝါးဆန်သော သဘာဝမဟုတ်လော။ လူတစ်ယောက်သည် မကောင်းဆိုးဝါးဆန်သော သဘာဝရှိလျှင် သူ့၌ စာတန်ဆန်သော စိတ်သဘောထားရှိသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ဤပြဿနာကို ဖြေရှင်းရန်အတွက် လူတို့သည် သမ္မာတရားကို ရှာဖွေဖို့လိုအပ်သည်။ လူတို့သည် သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားကို မရှာဖွေလျှင် ဖောက်ပြန်ပျက်စီးမှုကို မည်မျှထုတ်ဖော်ပါစေ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ထိုသို့သောသူမျိုးသည် ကယ်တင်ခြင်းကို အလွယ်တကူရရှိမည်မဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။