စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁၈)

လျှပ်တပြက် လျှပ်စီးလက်ခြင်းအတွင်း တိရစ္ဆာန်တိုင်းသည် ၎င်း၏စစ်မှန်သောအသွင်ဖြင့် ဖော်ထုတ်ခြင်းခံရ၏။ ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားတို့သည်လည်း ၎င်းတို့တစ်ချိန်တစ်ခါက ပိုင်ဆိုင်ခဲ့သော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ကြပြီးဖြစ်၏။ အို၊ အတိတ်ကာလ၏ ဖောက်ပြန်ပျက်စီးသောလောကသည် အဆုံး၌ ညစ်ပေသောရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့ခြင်း။ အို၊ ငါဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အားလုံးသည် အဆုံးတွင် အလင်း၌ အသက် တဖန်ပြန်ရှင်လာ၍ တည်ရှိနေရေးအတွက် အခြေခံအုတ်မြစ်ကိုရှာတွေ့ကာ ရွှံ့အတွင်းရုန်းကန်မှုကို ရပ်စဲခဲ့ခြင်း။ အို၊ ငါ၏လက်အတွင်း ငါကိုင်ထားသော မြောက်များလှသည့် ဖန်ဆင်းခြင်းအရာများ။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ၎င်းတို့ အသစ်တဖန် နိုးကြွလာခြင်းမရှိဘဲ မည်သို့နေနိုင်မည်နည်း။ အလင်းထဲ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်မဖော်ဘဲ မည်သို့ နေနိုင်မည်နည်း။ ကမ္ဘာမြေကြီးသည် ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ။ ကောင်းကင်သည် လူသူကင်းမဲ့လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ဟင်းလင်းပြင်ဖြင့် ခွဲခြားလျက်မရှိတော့ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကာ မည်သည့်အခါမျှ တဖန်ကွဲကွာတော့မည် မဟုတ်ပေ။ ဤဝမ်းမြောက်ဖွယ်ရာ အခါသမယ၊ ဤပီတိဖြစ်ဖွယ်ရာ အခါသမယတွင်၊ ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏ သန့်ရှင်းခြင်းတို့သည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီးဖြစ်၍ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့အား မရပ်မနား ထောမနာပြုကြ၏။ ကောင်းကင်မြို့များသည် ဝမ်းမြောက်မှုဖြင့် ရယ်မောနေကြကာ၊ မြေကြီး၏ နိုင်ငံတော်တို့သည် ဝမ်းမြောက်မှုဖြင့် ကနေလျက်ရှိကြ၏။ ဤအချိန်တွင် ဝမ်းမြောက်ခြင်း မရှိသူ မည်သူရှိသနည်း။ ထို့အပြင် ဤအချိန်၌ ငိုကြွေးမနေသူ မည်သူရှိသနည်း။ ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် ကမ္ဘာမြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ၊ ကောင်းကင်သည် ကမ္ဘာမြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ ၎င်း၏ မွန်မြတ်သန့်စင်မှု ကျေးဇူးကြောင့်၊ ၎င်း၏ အသစ်တဖန် ပြုပြင်မှုကြောင့်၊ ကောင်းကင်သည် ကမ္ဘာမြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့ပေ။ ထို့အပြင် ကမ္ဘာမြေကြီးသည် ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်၏ မျက်နှာများသည် ဝမ်းမြောက်ကျေနပ်ခြင်းဖြင့် ရစ်ပတ်ထားကြ၍ ၎င်းတို့နှလုံးသားထဲတွင် အကန့်အသတ်မရှိသော ချိုမြိန်မှုတစ်ရပ်ကို ထုတ်၏။ လူသားသည် လူသားနှင့် ခိုက်ရန်မဖြစ်ပေ၊ သဘောထား ကွဲလွဲပြီးနောက် စ၍လည်း ခိုက်ရန်မဖြစ်ပေ။ ငါ၏အလင်းထဲတွင် အခြားသူများနှင့် ငြိမ်းချမ်းစွာ မနေသူများ ရှိသလော။ ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။ လူသားအားလုံးသည် ၎င်းတို့၏ ရိုသေလေးမြတ်သော ငေးစိုက်ကြည့်မှုကို ငါ့ဘက်သို့ဦးတည်ကြ၍ ၎င်းတို့၏နှလုံးသားများတွင် ငါ့ထံသို့ လျှို့ဝှက်စွာ အော်ခေါ်ကြ၏။ ငါသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို ရှာဖွေခဲ့ပြီးဖြစ်၏- သန့်စင်ခြင်းခံရပြီးသော လူသားတို့အကြားတွင် ငါ့ကို မနာခံသူတစ်ဦးမျှ မရှိ၊ ငါ့အပေါ် တရားစီရင်ချက် ချမှတ်သူ တစ်ဦးမျှ မရှိပေ။ လူသားမျိုးနွယ်အားလုံးသည် ငါ၏စိတ်သဘောထားဖြင့် ယှက်သန်းနေ၏။ လူတိုင်းသည် ငါ့အား သိလာနေကြ၍ ငါ့အနီး သာ၍ချဉ်းကပ်နေကြကာ ငါ့အား ချစ်ခင်စုံမက်နေကြ၏။ ငါသည် လူသား၏ဝိညာဉ်၌ ခိုင်မြဲစွာရပ်တည်နေ၏။ လူသား၏မျက်လုံးများထဲတွင် ငါသည် အမြင့်ဆုံးသော အထွတ်အထိပ်သို့ ချီးမြှောက်ခြင်း ခံရ၍ သူ၏သွေးကြောများအတွင်းရှိ သွေးတွင် စီးဆင်းနေ၏။ လူသားတို့၏ နှလုံးသားများရှိ ဝမ်းမြောက်ခြင်းပီတိသည် ကမ္ဘာမြေမျက်နှာပြင်ရှိ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ လေသည် အေးမြလတ်ဆတ်လျက်ရှိ၏။ သိပ်သည်းသော မြူတို့သည် မြေကြီးကို ဖုံးလွှမ်းခြင်းမရှိတော့ဘဲ နေသည် တောက်ပစွာ ထွန်းလင်းနေ၏။

ငါသည် ခပ်သိမ်းသောအရာတို့၏ရှင်ဘုရင်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ငါအုပ်စိုးသည့် နေရာဖြစ်သော ငါ၏နိုင်ငံတော်အပေါ်သို့ ယခု ကြည့်လော့။ ဖန်ဆင်းခြင်း၏အစအဦးမှ လက်ရှိနေ့အထိ ငါ့သားတို့သည် ငါ၏လမ်းပြခြင်းအားဖြင့် ဘဝ၏အခက်အခဲများစွာ၊ လောက၏မတရားမှုများစွာ၊ လောက၏ အတက်အကျ များစွာတို့နှင့် ကြုံခဲ့ရသော်လည်း ၎င်းတို့သည် ယခု ငါ၏အလင်း၌ နေထိုင်ကြ၏။ မနေ့က မတရားမှုများအပေါ် မငိုသူ မည်သူရှိသနည်း။ ယနေ့သို့ရောက်ရေးအတွက် အခက်အခဲများအပေါ် မျက်ရည်မကျသူ မည်သူရှိသနည်း။ ထို့အပြင် ငါ့အား ၎င်းတို့ကိုယ်ကို ဆက်ကပ်ရန် ဤအခါသမယကို အသုံးမပြုသူ မည်သူရှိသနည်း။ ၎င်းတို့၏နှလုံးသားများအတွင်း လှိုင်းတံပိုးထနေသော ပြင်းပြသည့် စိတ်ထက်သန်မှုကို ထွက်ပေါက်ပေးရန် ဤအခွင့်အရေးကို အသုံးမချသူ မည်သူရှိသနည်း။ ယခုအချိန်၌ ၎င်းတို့ကြုံတွေ့ခဲ့ရသည်ကို ထုတ်ဖော်မပြောသူ မည်သူရှိသနည်း။ ယခုအချိန်၌ လူသားအားလုံးသည် ၎င်းတို့၏ အကောင်းဆုံးအစိတ်အပိုင်းကို ငါ့အား ဆက်ကပ်လျက်ရှိ၏။ မနေ့က မသိနားမလည်ခဲ့သော မိုက်မဲမှုများအတွက် နောင်တဖြင့် အလွန်စိတ်ဆင်းရဲမှုခံနေရသူ ဘယ်နှစ်ဦးရှိသနည်း။ မနေ့က လိုက်စားမှုများအတွက် မိမိကိုယ်ကို စက်ဆုပ်ရွံရှာနေသူ ဘယ်နှစ်ဦးရှိသနည်း။ လူသားအားလုံးသည် ၎င်းတို့ကိုယ်ကို သိလာခဲ့ကြပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် စာတန်၏ လုပ်ဆောင်ချက်များနှင့် ငါ၏ အံ့သြဖွယ်ကောင်းခြင်းများကို တွေ့ခဲ့ပြီးဖြစ်ကာ ၎င်းတို့၏နှလုံးသားများအတွင်း၌ ငါ့အတွက် တစ်နေရာ ထူထောင်ထားပြီးဖြစ်သည်။ လူသားတို့အကြား ငါသည် မနှစ်မြို့ခြင်း သို့မဟုတ် စွန့်လွှတ်ခြင်းနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ငါ၏ကြီးမြတ်သောအမှု အထမြောက်ခဲ့ပြီးဖြစ်၍ နှောင့်ယှက်ခံရတော့မည် မဟုတ်သောကြောင့်ဖြစ်သည်။ ယနေ့ ငါ့နိုင်ငံတော်၏သားများအကြား ၎င်းတို့ကိုယ်တိုင်အတွက် မစဉ်းစားရသေးသူ ရှိသလော။ ငါ၏အမှုလုပ်ဆောင်သည့် နည်းလမ်းများကြောင့် အခြားစိုးရိမ်ဖွယ်ရာ အကြောင်းရင်းမရှိသူ တစ်စုံတစ်ဦး ရှိသလော။ ငါ့အတွက် ၎င်းတို့ကိုယ်ကို ရိုးသားစွာ ဆက်ကပ်ခဲ့ပြီးသူ တစ်စုံတစ်ဦး ရှိသလော။ သင်တို့၏နှလုံးသားအတွင်းရှိ မသန့်စင်သည့်အရာများ လျော့နည်းသွားခဲ့ပြီလော။ သို့မဟုတ် တိုးမြင့်သွားခဲ့ပြီလော။ သင်တို့၏နှလုံးသားများရှိ မသန့်စင်သော အရာများသည် လျော့နည်းသွားခြင်းလည်းမရှိ၊ တိုးပွားသွားခြင်းလည်းမရှိပါက ထိုကဲ့သို့သောသူများကို ငါသည် လွှင့်ပစ်မည်မှာ သေချာ၏။ ငါလိုချင်သည်မှာ ငါ့ကိုဆန့်ကျင်သော မသန့်ရှင်းသည့် ဝိညာဉ်များ မဟုတ်၊ ငါ၏စိတ်နှလုံးနှင့်ညီညွတ်သော သန့်ရှင်းသူများဖြစ်၏။ လူသားမျိုးနွယ်ထံမှ ငါအများအပြား မတောင်းဆိုသော်လည်း လူသားတို့၏နှလုံးသားများ၏ အတွင်းလောကသည် လွန်စွာရှုပ်ထွေးလွန်းသဖြင့် လူသားမျိုးနွယ်သည် ငါ၏အလိုဆန္ဒနှင့် မဆိုင်းမတွ ကိုက်ညီစေနိုင်ခြင်း သို့မဟုတ် ငါ၏အလိုဆန္ဒများကို ချက်ချင်း ဖြည့်ဆည်းနိုင်ခြင်း မရှိပေ။ လူသားအများစုသည် အဆုံးတွင် အောင်ပန်းသရဖူကို ရယူနိုင်ရန် မျှော်လင့်ချက်များဖြင့် တိတ်တဆိတ် ကြိုးပမ်းအားထုတ်နေကြ၏။ လူအများစုသည် စာတန်၏ဖမ်းဆီးခြင်း ဒုတိယအကြိမ် ခံရမည်ကို ကြောက်ရွံ့စွာဖြင့် တဒင်္ဂမျှပင် ခိုကတ်ရန် မဝံ့ရဲဘဲ ၎င်းတို့၏အားမာန်ရှိသမျှဖြင့် ကြိုးစားနေကြ၏။ ငါ့ကိုဆန့်ကျင်သည့် မကျေနပ်မှုများဖြင့်အငြိုးထားရန် မဝံ့ရဲတော့ဘဲ ငါ့၏ရှေ့မှောက်တွင် ၎င်းတို့၏ သစ္စာရှိမှုကို ပြသရာတွင် တသမတ်တည်းရှိလျက်နေကြ၏။ များစွာသောလူတို့၏ နှလုံးသားမှ ပြောဆိုသော စကားများ၊ များစွာသောလူတို့ ပြောပြသည့် ဒုက္ခခံရမှုအကြားရှိ နာကျင်ဖွယ်ရာ အတွေ့အကြုံများအကြောင်း အဖြစ်အပျက်များကို ငါကြားခဲ့ပြီးဖြစ်သည်။ အဆိုးရွားဆုံး အခြေအနေများတွင် များစွာတို့သည် ငါ့အပေါ် ၎င်းတို့၏သစ္စာကို မပျက်မကွက် ဆက်ကပ်သည်ကို ငါတွေ့ခဲ့ဖူးပြီး၊ များစွာတို့သည် ခက်ခဲသော လမ်းကြောင်းတွင် လျှောက်လှမ်းရင်း ထွက်မြောက်ရာလမ်းရှာရန် ရုန်းကန်သည်ကိုလည်း ငါကြည့်ခဲ့ဖူးပြီး ဖြစ်သည်။ ၎င်းအခြေအနေများတွင် ထိုသူတို့သည် မည်သည့်အခါမျှ ညည်းညူခဲ့ခြင်းမရှိပေ။ အလင်းကို ရှာမတွေ့နိုင်၍ အနည်းငယ်စိတ်ဓာတ်ကျလာသည့်အခါတွင်ပင် ၎င်းတို့သည် တစ်ကြိမ်တစ်ခါမျှ ညည်းညူခဲ့ခြင်း မရှိပေ။ သို့ရာတွင် ငါသည် များစွာသောလူတို့ ကောင်းကင်အား ဆဲရေးတိုင်းထွာ၍ မြေကြီးအား စွပ်စွဲကာ၊ ၎င်းတို့နှလုံးသား၏နက်ရှိုင်းသောနေရာများမှ ကျိန်ဆိုမှုများ ရင်ဖွင့်သည်ကိုလည်း ငါကြားခဲ့ဖူးပြီး ဖြစ်သည်။ ထို့အပြင် များစွာသောလူတို့ ၎င်းတို့၏စိတ်သောကအကြား ၎င်းတို့ကိုယ်ကို အညစ်အကြေးနှင့် ဖုံးလွှမ်းစေရန် အမှိုက်သရိုက်ကဲ့သို့ အမှိုက်ပုံးအတွင်း ပစ်လိုက်ကာ စိတ်လွတ်ကိုယ်လွတ် စိတ်ပျက်လက်ပျက် ဖြစ်စေသည်ကိုလည်း ငါတွေ့ခဲ့ဖူးပြီးဖြစ်သည်။ ရာထူးဂုဏ်သိန် ပြောင်းသည့်အတွက် "မျက်နှာ"လည်း လိုက်ပြောင်းရာမှ လူသားအချင်းချင်းအကြား ဆက်ဆံရေးများ၌ ပြောင်းလဲမှုတစ်ရပ် ဖြစ်ခဲ့သောကြောင့် မိတ်ဆွေများသည် မိတ်ဆွေမဟုတ်တော့ဘဲ၊ အချင်းချင်း ၎င်းတို့၏ ပါးစပ်များနှင့် တိုက်ခိုက်လျက် ရန်သူများဖြစ်သွားကြကာ၊ များစွာသောလူတို့ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားသည်ကိုလည်း ငါကြားခဲ့ဖူးပြီးဖြစ်သည်။ လူသားတို့၏လောကသည် နေရာတိုင်းတွင် ငြိမ်သက်အေးချမ်းမှုကို အစိတ်စိတ်အမွှာမွှာကွဲစေသည့် ပွက်လောညံသော ဆူညံမှုဖြင့် ပြည့်နေသည်အထိ လူအများစုသည် ငါ၏နှုတ်ကပတ်တော်တို့ကို စက်သေနတ်မှ ကျည်ဆံများကဲ့သို့ သတိမမူမိသောသူများအပေါ် ပစ်ခတ်လျက် အသုံးပြုကြ၏။ ကံကောင်းထောက်မသဖြင့် ယခု ယနေ့ဖြစ်၏။ သို့ မဟုတ်ပါက ဤစက်သေနတ်၏ မရပ်မနား တရစပ်ပစ်ခတ်ခြင်းကြောင့် မည်မျှသေဆုံးခဲ့လိမ့်မည်ကို မည်သူမျှ မသိနိုင်ပေ။

ငါ၏နိုင်ငံတော်သည် ငါမှထုတ်ပြန်သည့်နှုတ်ကပတ်တော်တို့ကို လိုက်နာလျက် လူသားမျိုးနွယ် အားလုံး၏ အခြေအနေများနှင့် ခြေလှမ်းမီလိုက်နေကာ၊ ကမ္ဘာမြေကြီးပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ဆင်းသက်၏။ လူသားသည် စိုးရိမ်ဖွယ်ရာအတွေးများ ထားရှိခြင်း၊ သို့မဟုတ် အခြားသူများကို "ထည့်သွင်းစဉ်းစားခြင်း" သို့မဟုတ် ၎င်းတို့ကိုယ်စား "စဉ်းစားခြင်း" တို့ မပြုတော့ပေ။ ထို့ကြောင့် အငြင်းပွားဖွယ်ရာ ငြင်းခုံမှုများ မဖြစ်တော့သည့်အပြင်၊ ငါမှထုတ်ပြန်သော နှုတ်ကပတ်တော်တို့ကို လိုက်နာလျက် ခေတ်သစ်၏ အမျိုးမျိုးသော "လက်နက်များ" သည်လည်း ရုပ်သိမ်းခြင်း ခံရ၏။ လူသားသည် လူသားနှင့် ငြိမ်းချမ်းရေး တဖန်ပြန်ရ၏၊ လူသား၏ နှလုံးသားသည် သဟဇာတဖြစ်မှုစိတ်ဓာတ်ကို တဖန်ပြန်၍ ထွန်းဖြာ၏၊ မည်သူမျှ တိတ်တခိုးတိုက်ခိုက်မှုကို ကာကွယ်မနေတော့ပေ။ လူသားမျိုးနွယ်အားလုံးသည် ပုံမှန်အနေအထားသို့ ပြန်ရောက်ကာ အသစ်သော အသက်တာတစ်ရပ် စတင်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်အသစ်များတွင် တည်ရှိရင်း၊ လောက အသစ်စက်စက်အတွင်း ဝင်ရောက်ခဲ့သည့်အလား ခံစားကြလျက်၊ လူဦးရေ အများအပြားသည် ၎င်းတို့အနီးအနားကို ကြည့်ကြ၏။ ထို့အပြင် ဤသည်အတွက်ကြောင့် ၎င်းတို့သည် ၎င်းတို့၏လက်ရှိ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရန် ချက်ချင်း မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် လမ်းကြောင်းမှန်ပေါ်သို့ ချက်ချင်း မရောက်နိုင်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဤသည်မှာ "စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်" ဟူသော ကိစ္စတစ်ရပ်ဖြစ်၏။ လူသားကဲ့သို့ ငါကိုယ်တိုင် ဘေးဒုက္ခ၏ခါးသီးမှုကို မြည်းစမ်းခဲ့ဖူးခြင်း မရှိသော်လည်း၊ သူ၏ အားနည်းချက် အားလုံးအကြောင်း သိစရာရှိသည်များကို ငါသိ၏။ ငါသည် လူသား၏လိုအပ်ချက်များကို အတွင်းကျကျသိကာ၊ သူ၏အားနည်းချက်များအပေါ် ငါ၏နားလည်မှုသည် ပြည့်စုံ၏။ ဤအကြောင်းရင်းကြောင့် ငါသည် လူသား၏ ချို့ယွင်းချက်များအပေါ် လှောင်ပြောင်ခြင်း မပြုပေ။ လူသားမျိုးနွယ်သည် လှည့်လည်သွားလာနေသော မိဘမဲ့များ ဖြစ်နေခြင်းမှ ရပ်စဲ၍၊ အိမ်ရှိသည့် ချစ်ခင်မြတ်နိုးခံရသော ကလေးငယ်များဖြစ်လာစေရန်၊ လူတိုင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်စေရေးအတွက် ပိုမိုကောင်းမွန်စွာ ထောက်ကူပေးရန် သင့်တော်သည့် "ပညာပေး" လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည့် တရားစီရင်ခြင်းကိုသာ သူ၏ ဖြောင့်မတ်ခြင်းမရှိသော လုပ်ဆောင်ချက်များအပေါ် မူတည်၍ ငါပြုလုပ်၏။ မည်သို့ပင်ရှိစေကာမူ ငါ၏လုပ်ဆောင်ချက်များကို အခြေခံသဘောတရားများက ထိန်းချုပ်ထား၏။ ငါ၌ရှိသော ပီတိကို ခံစားရန် လူသားတို့ လိုလိုလားလား မရှိပါက၊ ငါသည် ၎င်းတို့၏အလိုဆန္ဒများကို လိုက်လျောလျက် ၎င်းတို့အား အနက်ဆုံးတွင်းထဲသို့ ပို့ရုံသာရှိ၏။ ယခုအချိန်တွင် မည်သူမျှ သူ၏နှလုံးသားတွင် မကျေနပ်ချက်များ မထားသင့်တော့ဘဲ အားလုံးသည် ငါပြုလုပ်ခဲ့ပြီးသော အစီအမံများတွင် ငါ၏ဖြောင့်မတ်ခြင်းကို တွေ့မြင်နိုင်သင့်သည်။ ငါသည် လူသားမျိုးနွယ်ကို ငါ့အားချစ်ရန် အတင်းအကျပ် မပြုပေ။ ငါ့ကိုချစ်သည့်အတွက် လူတစ်စုံတစ်ဦးကို ရိုက်နှက်ခြင်းလည်း ငါမပြုပေ။ ငါ၌လုံးဝလွတ်လပ်ခြင်း၊ လုံးဝလွတ်ငြိမ်းခြင်း ရှိ၏။ လူသား၏ကံကြမ္မာသည် ငါ၏လက်များအတွင်း ရှိသော်လည်း၊ ငါသည် လူသားအား ငါ၏ထိန်းချုပ်မှုခံရခြင်းမရှိသည့် ဆန္ဒအလျောက် လွတ်လပ်စွာလုပ်ခွင့် ပေးထားခဲ့ပြီးဖြစ်၏။ ဤနည်းအားဖြင့် လူသားတို့သည် ငါ၏စီမံခန့်ခွဲမှု အမိန့်များကြောင့် ဒုက္ခရောက်မည့် နည်းလမ်းများကို တီထွင်မှုမပြုဘဲ၊ ထိုသို့ပြုမည့်အစား ငါ၏သဘောထားကြီးမှုအပေါ် အားထားလျက် လွတ်ငြိမ်းမှု ဆုကိုရရှိလိမ့်မည်။ ထို့ကြောင့် များစွာသောလူတို့သည် ငါနှင့်ချုပ်ကိုင်ခံနေရခြင်းမှ ဝေး၍ လွတ်ငြိမ်းခြင်းလုပ်ရပ်အဖြစ် ၎င်းတို့၏ကိုယ်ပိုင်လမ်းကို သွားရှာကြ၏။

ငါသည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ ဖြေရှင်းနိုင်ခြင်းမရှိသော ပြဿနာများ မပေးပေ၊ မည်သူတစ်ဦးကိုမျှ အခက်အခဲသို့ ကျရောက်စေရန် မပြုဘဲ၊ အစဉ်ပင် ရက်ရောသောလက်ဖြင့် ဆက်ဆံခဲ့၏။ ဤသို့ပင်ဖြစ်သည် မဟုတ်သလော။ များစွာသောလူတို့သည် ငါ့ကို မချစ်သော်လည်း၊ ဤသို့သော စိတ်သဘောထားအပေါ် စိတ်တိုမည့်အစား၊ ငါသည် လူသားတို့ကို လွတ်လပ်မှုပေးထားခဲ့ကာ ခါးသီးသော ပင်လယ်တွင် ဟိုဟိုသည်သည် ရေကူးခွင့်ပြုသည့် အတိုင်းအတာအထိ လူးသာလွန့်သာရှိနေခွင့် ပြုခဲ့၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် အထူးတန်ဖိုးထားရန်မဟုတ်သည့် အိုးတစ်လုံးဖြစ်သောကြောင့် ဖြစ်၏- သူသည် ငါ၏လက်ထဲတွင် ကိုင်ထားသည့် ကောင်းချီးမင်္ဂလာကို မြင်သော်လည်း ၎င်း၌မွေ့လျော်လိုခြင်းမရှိဘဲ၊ ထိုသို့ဖြစ်မည့်အစား စာတန်၏လက်ထဲမှ အန္တရာယ်ဆိုးကို နုတ်ယူလို၏။ ဤနည်းအားဖြင့် သူ့ကိုယ်သူ စာတန်၏ "အာဟာရ" အဖြစ်စုပ်ယူခံရကိန်း ဆိုက်စေ၏။ ငါ၏အလင်းကို ၎င်းတို့၏မျက်လုံးများဖြင့် မြင်သူအချို့ရှိသည်မှာ တကယ်ပင်ဖြစ်သောကြောင့် ၎င်းတို့သည် လက်ရှိအချိန်၏ မြူခိုးများအကြားတွင် နေထိုင်လျက်ရှိသော်လည်း၊ ၎င်းတားဆီးနေသော မြူခိုးများကြောင့် အလင်းအပေါ်ယုံကြည်မှု ပျောက်ဆုံးသွားခြင်း မရှိဘဲ၊ အတားအဆီးများ ပြန့်ကျဲနေသော လမ်းကြောင်းတလျှောက် မြူခိုးများကိုဖောက်ထွင်းကာ ဆက်လက်၍ စမ်းတဝါးဝါး ရှာဖွေ၏။ လူသားသည် ငါ့အား ဆန့်ကျင် ပုန်ကန်သည့်အခါ ငါသည် ငါ၏အမျက်ဒေါသကို သူ့အပေါ်သို့ ပစ်ပေါက်သဖြင့် လူသားသည် သူ၏မနာခံမှုကြောင့် ပျက်စီးနိုင်၏။ သူသည် ငါ့ကိုနာခံသည့်အခါ ငါသည် သူ့ထံမှကွယ်ဝှက်နေ၍၊ ဤနည်းအားဖြင့် သူ့နှလုံးသား၏နက်ရှိုင်းသောနေရာရှိ လှည့်ဖြားရန် ကြိုးစားသည့် ချစ်ခြင်းမေတ္တာမဟုတ်ဘဲ ငါ့အားပျော်ရွှင်စေမည့် ချစ်ခြင်းမေတ္တာကို နှိုးဆော်၏။ လူသား၏ငါ့ကိုရှာဖွေမှုတွင် သူ၏စစ်မှန်သော ယုံကြည်ခြင်းကို ထုတ်ဖော်ရန် ငါသည် အကြိမ်ရေမည်မျှ မျက်လုံးများပိတ်လျက် ဆိတ်ဆိတ်ငြိမ်နေခဲ့သနည်း။ သို့သော် ငါစကားမပြောသည့်အခါ လူသား၏ယုံကြည်ခြင်းသည် တစ်ခဏအတွင်း ပြောင်းလဲသဖြင့် ငါသည် သူ၏ အတုအပ "ရောင်းကုန်ပစ္စည်းများ" ကိုသာမြင်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ငါ့ကို မည်သည့်အခါမျှ စစ်မှန်စွာ မချစ်ခဲ့ဖူးသောကြောင့်ဖြစ်၏။ ငါသည် ငါ့ကိုယ်ငါ ထုတ်ဖော်ပြသည့်အခါမှသာ လူအားလုံးသည် "ယုံကြည်မှု" ပြပွဲကြီးတစ်ရပ် ပြုလုပ်ကြ၏။ သို့သော် ငါသည် ငါ၏လျှို့ဝှက်နေရာတွင် ကွယ်ဝှက်လျက်ရှိနေသည့်အခါ ၎င်းတို့သည် ငါ့ကိုစော်ကားမိမည်ကို စိုးရိမ်သည့်အလား အားနည်းသွားကြကာ သတ္တိနည်းသွားကြ၏။ သို့မဟုတ် အချို့သည် ငါ၏မျက်နှာကို မမြင်နိုင်သည့်အတွက်ကြောင့်ပင် ၎င်းတို့သည် ငါ့အား "ကောင်းမွန်သေချာစွာ" စစ်ဆေးခံစေ၍၊ ဤသည်မှ အကယ်စင်စစ် ငါမရှိဟု ကောက်ချက်ချကြ၏။ လူဦးရေမည်မျှ ဤအနေအထားတွင် ရှိကြသနည်း။ လူဦးရေမည်မျှ ဤစိတ်သဘောထားရှိကြသနည်း။ သို့ရာတွင် လူသားအားလုံးတို့သည် ၎င်းတို့ကိုယ်တိုင်ရှိ ရှက်ဖွယ်အရာကို ဖုံးအုပ်ထားရာတွင်တော်ခြင်းသာ ဖြစ်၏။ ဤသည်ကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏အားနည်းမှုများကို သူတစ်ပါး သတိပြုမိစေရေး ပြုလုပ်ရန် ဝန်လေးနေကြ၍၊ ၎င်းတို့ကိုယ်တိုင်၏ မိမိကိုယ်ကိုလေးစားမှုကို အကာအကွယ်ပေးသည့် ကိုယ်ယောင်ဖျောက်မှုပေးရန် မျက်နှာပြောင်တိုက်၍ ရှာဖွေရင်း ငါ့နှုတ်ကပတ်တော်များ၏ သမ္မာတရားကိုသာ ဝန်ခံကြ၏။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၇ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။