စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁၂)

ငါစတင်ပြောဆိုသော အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်သောအခါ၊ လျှပ်ပြက်သည့် အခိုက်အတန့်တွင် အမြင့်ဆုံးကောင်းကင်ဘုံတစ်ခုလုံး ထွန်းလင်းသွားပြီး ကြယ်များအားလုံး စတင်ကာ သဏ္ဌာန်ပြောင်းလဲကြလေသည်။ ၎င်းမှာ လူသားမျိုးနွယ်တစ်ရပ်လုံး သင့်တော်သော သန့်ရှင်းစင်ကြယ်စေခြင်းနှင့် အမျိုးအစားခွဲခြင်းကို ခံရသည့်အလား ထင်ရပေသည်။ အရှေ့အရပ်မှ ဤအလင်းရောင်ခြည်မျှင်တန်း၏ ထိန်လင်းမှုအောက်တွင် လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်အတိုင်း ထုတ်ဖော်ခြင်းကို ခံကြရသည်၊ မျက်လုံးများ ပြာသွားကြသည်၊ ရှုပ်ထွေးခြင်းထဲတွင် ပိတ်ဆို့သွားကြလေသည်၊ သို့ဖြစ်စေကာမူ လူအနည်းငယ်တို့သည် ၎င်းတို့၏ အကျည်းတန်သော ရုပ်များကို ဖုံးကွယ်နိုင်ကြသေးသည်။ ထို့အတူ ၎င်းတို့သည် ငါ၏အလင်းမှ တောင်ပေါ်ဂူများတွင် ခိုလှုံရန် ထွက်ပြေးကြကုန်သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်၊ သို့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးမျှ ငါ၏ အလင်းရောင်အတွင်း မှေးမှိန်ပျောက်ကွယ်သွားနိုင်ခြင်း မရှိကြပေ။ လူသားအားလုံးသည် အလွန်အံ့အားသင့်ကြသည်၊ အားလုံးသည် စောင့်ဆိုင်းနေကြသည်၊ အားလုံးသည် စောင့်ကြည့်နေကြသည်၊ ငါ၏ အလင်းရောင် ပေါ်ထွန်းခြင်းနှင့်အတူ အားလုံးသည် ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်၌ ဝမ်းမြောက်ကြသကဲ့သို့ အားလုံးသည် ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်အား ကျိန်ဆဲကြလေသည်။ ကွဲလွဲလျက်နေသော စိတ်ခံစားချက်များကို ရှင်းလင်းစွာပြောဆိုရန် မဖြစ်နိုင်ပေ၊ မိမိကိုယ်ကို အပြစ်ပေးသော မျက်ရည်များမှ မြစ်များ ဖြစ်ပေါ်လာပြီး ရိုက်ပုတ်သော ရေစီးပေါ်တွင် သယ်ဆောင်သွားခြင်းကို ခံရပြီး လျှက်တစ်ပြက်အတွင်း အစအနမရှိဘဲ ပျောက်ကွယ်ကြလေသည်။ ငါ၏ နေ့ရက်သည် လူသားမျိုးနွယ်အပေါ် နောက်တစ်ကြိမ် အပူတပြင်း နီးကပ်လာပြီး၊ လူသားမျိုးနွယ်အား နောက်တစ်ကြိမ် နှိုးဆော်ကာ အသစ်သော အစအဦးတစ်ခုကို ဖန်တီးရန် လူ့လောကကြီးအား အမှတ်တစ်ခုကို ပေးလျက်နေသည်။ ငါ၏နှလုံးသည် ခုန်လျက်ရှိပြီး ငါ၏ နှလုံးခုန်သံ စည်းချက်များအတိုင်း တောင်များသည် ဝမ်းမြောက်ခြင်းဖြင့် ခုန်ပေါက်ကြသည်၊ ရေတို့သည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြပြီး ရေလှိုင်းများသည် စည်းဝါးအတိုင်း သန္တာကျောက်တန်းများပေါ်တွင် ရိုက်ခတ်ကြလေသည်။ ငါ၏ စိတ်နှလုံးထဲ၌ ရှိသော အရာကို ဖော်ပြရန် ခက်ခဲလှသည်။ မသန့်ရှင်းသော အရာမှန်သမျှကို ငါ၏ အကြည့်အောက်တွင် ပြာမှုန့်များအဖြစ်သို့ မီးရှို့ပစ်ရန် ငါအလိုရှိသည်၊ မနာခံခြင်း၏ သားများအားလုံးကို နောက်ထပ် မည်သည့်အခါမျှ တဝဲလည်လည် မကျန်ရစ်စေရန် သို့မဟုတ် မတည်ရှိခြင်းငှာ ငါ၏မျက်စိရှေ့မှ ကွယ်ပျောက်စေရန် ငါအလိုရှိသည်။ ငါသည် အဆင်းနီသော နဂါးကြီး ကျက်စားသောနေရာတွင် အသစ်သော အစအဦးတစ်ခုကို ဖြစ်စေခဲ့သည်သာမက စကြဝဠာတွင် အသစ်သော အလုပ်ကိုလည်း စတင်လုပ်ဆောင်ခဲ့ပြီဖြစ်သည်။ မကြာမီ မြေကြီးပေါ်မှ တိုင်းနိုင်ငံများသည် ငါ၏ နိုင်ငံတော် ဖြစ်လာကြလိမ့်မည် ဖြစ်သည်၊ ငါ၏ နိုင်ငံတော်ကြောင့် မကြာမီ မြေကြီးပေါ်မှ တိုင်းနိုင်ငံများမှာ တည်ရှိမှု အစဉ်အမြဲ ရပ်တန့်သွားမည် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ငါသည် အောင်မြင်ခဲ့နှင့်ပြီး ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ငါသည် အောင်ပွဲဖြင့် တစ်ဖန်ပြန်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ မြေကြီးပေါ်မှ ငါ၏ အလုပ်ကို ဖျောက်ဖျက်ပစ်ရန် မျှော်လင့်ချက်ဖြင့် ငါ၏ အစီအစဉ်ကို နှောင့်ယှက်ရန်အတွက် အဆင်းနီသော နဂါးကြီးထံတွင် ကြံစည်၍ရနိုင်သမျှ နည်းလမ်းများ ကုန်ခန်းသွားပြီ ဖြစ်သည်၊ သို့သော်လည်း ငါသည် ၎င်း၏ လိမ်လည်လှည့်ဖြားသော ပရိယာယ်ကြောင့် စိတ်ပျက်အားလျော့လာနိုင်သလော။ ၎င်း၏ ခြိမ်းခြောက်မှုများအားဖြင့် ငါသည် စိတ်ချယုံကြည်မှု ပျက်ကာ စိုးရိမ်ပူပန်နိုင်သလော။ ငါ၏ လက်ဖဝါးထဲတွင် ငါဆုပ်ကိုင်ထားခြင်းမရှိသော သတ္တဝါတစ်ကောင်မျှ ကောင်းကင် သို့မဟုတ် မြေကြီးပေါ်တွင် ရှိခဲ့ခြင်း မရှိ၊ ဤသည်မှာ ငါ့အား အဖြည့်ခံတစ်ခုအဖြစ် အစေခံသည့် ဤတန်ဆာပလာ၊ အဆင်းနီသော နဂါးကြီးအတွက် မည်မျှပို၍ပင် မှန်သနည်း။ ၎င်းသည် ငါ၏လက်ဖြင့် ကြိုးကိုင်ထားသော အရာတစ်ခုလည်း ဖြစ်သည်မဟုတ်လော။

လူ့လောကထဲတွင် ငါလူ့ဇာတိခံယူစဉ် အချိန်တွင် လူသားမျိုးနွယ်သည် ငါ၏ဦးဆောင်လမ်းပြသော လက်၏ အကူအညီအားဖြင့် ဤနေ့ရက်သို့ အမှတ်တမဲ့ ရောက်ရှိလာခဲ့ကြပြီး ငါ့အား အမှတ်တမဲ့ သိလာခဲ့ကြသည်။ သို့သော်လည်း ရှေ့တွင်ရှိသည့်လမ်းပေါ် မည်ကဲ့သို့ လျှောက်လှမ်းရမည်နှင့်စပ်လျဉ်း၍ မည်သူ့ထံတွင်မျှ အရိပ်အမြွက် မရှိ၊ မည်သူမျှ မသိကြသည့်အပြင် ထိုလမ်းသည် မိမိအား ခေါ်ဆောင်သွားမည့် ဦးတည်ရာနှင့်ပတ်သက်၍ မည်သူ တစ်ဦးတစ်ယောက်ထံတွင်မျှ သဲလွန်စတစ်ခု မရှိကြပေ။ အနန္တတန်ခိုးရှင်၏ ဂရုစိုက်ကြည့်ရှုခြင်းဖြင့်သာ မည်သူမဆို ထိုလမ်းကို အဆုံးတိုင် လျှောက်လှမ်းနိုင်မည် ဖြစ်သည်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ ဦးဆောင်လမ်းပြခြင်းအားဖြင့်သာ မည်သူမဆို ငါ၏နိုင်ငံတော်သို့ ဦးတည့်ပေးသော တံခါးခုံကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ လူသားများအကြားတွင် ငါ၏မျက်နှာကို တွေ့မြင်ဖူးသောသူ၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို တွေ့မြင်ဖူးသောသူတစ်ဦး မည်သည့်အခါကမျှ မရှိခဲ့ပေ၊ ငါ၏ပလ္လင်မှ ပေါ်ထွက်လာသော အသံကို ကြားဖူးသောသူတစ်ဦးဆိုပါက ဖော်ပြရန်ပင် အကြောင်းမရှိတော့ပေ။ အမှန်မှာ ခေတ်ဟောင်း နေ့ရက်များကတည်းက ငါ၏ ဇာတိအဖြစ်တော်နှင့် တိုက်ရိုက် ထိတွေ့ဆက်သွယ်ဖူးသော လူသား တစ်ဦးမျှ မရှိခဲ့ပေ၊ ငါလောကကြီးထဲသို့ ရောက်လာခဲ့သည့်အချိန် ယနေ့တွင်သာ လူသားတို့သည် ငါ့အား တွေ့မြင်ရန် အခွင့်အရေးတစ်ခု အမှန်တကယ် ရှိလာကြသည်။ သို့သော်လည်း ယခုတွင်ပင်လျှင် လူတို့သည် ငါ့အား မသိကြသေးပေ၊ ၎င်းတို့သည် ငါ၏ မျက်နှာကိုသာ ကြည့်ရုံမျှသာ ကြည့်ကြသကဲ့သို့ ငါ၏ အသံကိုသာ ကြားရုံသာ ကြားကြသော်လည်း ငါဆိုလိုသောအရာကို နားလည်ခြင်း မရှိကြပေ။ လူသားအားလုံးမှာ ဤကဲ့သို့ ဖြစ်ကြသည်။ ငါ၏လူများထဲမှ တစ်ဦးအနေဖြင့် သင်တို့သည် ငါ၏မျက်နှာကို တွေ့မြင်ရသည့်အခါ သင်တို့သည် လှိုက်လှဲသော ဂုဏ်ယူပီတိဖြစ်ခြင်းကို မခံစားရသလော။ ထို့အပြင် သင်တို့သည် ငါ့အား မသိကြသည့်အတွက် အလွန့်အလွန် အရှက်ရခြင်းကို မခံစားရသလော။ ငါသည် လူ့ဇာတိခံယူခဲ့ပြီး ငါသည် လူ့လောကထဲသို့ ကြွလာခဲ့ခြင်းကြောင့် ငါသည် လူသားများအကြားတွင် လျှောက်လှမ်းပြီး လူသားများအကြားတွင် နေထိုင်သည်။ ငါ၏ ရည်မှန်းချက်မှာ လူသားများသည် ငါ၏ လူ့ဇာတိကို မျှော်ကြည့်စေရုံမျှသာ ကူညီပေးရန် မဟုတ်ပေ၊ ပို၍ အရေးကြီးသည်မှာ လူသားများ ငါ့အား သိလာစေဖို့ ကူညီပေးရန် ဖြစ်သည်။ ထိုမျှမက ငါသည် ငါ၏ လူ့ဇာတိခံယူသော လူ့ဇာတိအားဖြင့် လူသားတို့အား ၎င်းတို့၏ အပြစ်များကို စီရင်ချက်ချမည်၊ ငါသည် ငါ၏ လူ့ဇာတိခံယူသော လူ့ဇာတိအားဖြင့် အဆင်းနီသော နဂါးကြီးကို နှိမ်နင်းကာ ၎င်း၏ သားရဲတွင်းကို နင်းခြေမည်။

ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်ကြသော လူသားများသည် ကြယ်များကဲ့သို့ များပြားကြသော်လည်း ငါသည် ငါ၏ လက်ဖဝါးကို မြင်ရသကဲ့သို့ ၎င်းတို့အား ရှင်းရှင်းလင်းလင်း ငါသိသည်။ ထို့အပြင် ငါ့ကို “ချစ်သော” လူသားများသည် ပင်လယ် သဲပွင့်များကဲ့သို့ မရေမတွက်နိုင်လောက်အောင် များပြားကြသော်လည်း အနည်းငယ်သာလျှင် ငါ၏ ရွေးချယ်ခြင်းကို ခံကြရသည်၊ ထိုသူများမှာ တောက်ပသော အလင်းနောက်သို့ လိုက်သော သူများသာလျှင် ဖြစ်၍ ၎င်းတို့သည် ငါ့ကို “ချစ်သော” သူများနှင့် သီးခြား ဖြစ်ကြသည်။ ငါသည် လူသားတို့အား ပို၍ခန့်မှန်းခြင်း မရှိသည့်အပြင် ၎င်းတို့အား လျှော့တွက်ခြင်းလည်း မရှိပေ၊ ထိုသို့ပြုမည့်အစား ငါသည် လူသားတို့အား ၎င်းတို့၏ မွေးရာပါ ပင်ကိုအရည်အချင်းနှင့်အညီ တောင်းဆိုမှုကို ပြုခြင်းဖြစ်သဖြင့် ငါလိုအပ်သော လူအမျိုးအစားမှာ ငါ့အား စိတ်ရင်းအမှန်ဖြင့် ရှာဖွေသောသူမျိုး ဖြစ်သည်၊ ဤအရာမှာ လူသားများအား ရွေးချယ်ရာတွင် ငါ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိစေရန်အတွက် ဖြစ်သည်။ တောင်များပေါ်တွင် မရေမတွက်နိုင်အောင်ပင် အရေအတွက် များလွန်းသော တောရဲသားကောင်များ ရှိကြသော်လည်း ၎င်းတို့ အားလုံးသည် ငါ့ရှေ့တွင် သိုးများကဲ့သို့ ယဉ်ပါးကြသည်၊ သမုဒ္ဒရာအောက်တွင် ဉာဏ်မမီနိုင်သော လျှို့ဝှက်နက်နဲမှုများ တည်ရှိသော်လည်း ၎င်းတို့သည် မြေမျက်နှာပြင်ပေါ်ရှိ အရာခပ်သိမ်းကဲ့သို့ ရှင်းလင်းစွာ ငါ့အား ၎င်းတို့ကိုယ်ကို တင်ပြလျက်ရှိကြသည်၊ အထက် ကောင်းကင်ဘုံတွင် လူတို့ မည်သည့်အခါမျှ မရောက်နိုင်သော နိုင်ငံများ ရှိကြသော်လည်း ဝင်ရောက်၍ မရနိုင်သော ထိုနိုင်ငံများထဲတွင် ငါသည် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သည်။ လူတို့သည် အလင်းထဲရှိ ငါ့အား မည်သည့်အခါကမျှ အသိအမှတ်ပြုခဲ့ခြင်း မရှိဘဲ အမှောင်လောကထဲတွင်သာ ငါ့အား မြင်တွေ့ခဲ့ကြသည်။ သင်တို့သည်လည်း ယနေ့ တူညီသော အခြေအနေ၌ပင် တစ်ထပ်တည်း ရှိနေကြသည် မဟုတ်လော။ အဆင်းနီသော နဂါးကြီး၏ ဆူပူသောင်းကျန်းခြင်း အထွတ်အထိပ် အချိန်တွင် ငါ၏ အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ငါတရားဝင် ယူတင်ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ၎င်း၏ စစ်မှန်သော သဏ္ဌာန်ကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည့် အချိန်တွင် ငါ၏ နာမကို ငါသက်သေခံခဲ့ခြင်း ဖြစ်သည်။ လူသားများ၏ လမ်းမများပေါ်တွင် ငါလှည့်လည်သွားလာခဲ့စဉ် မည်သည့် သတ္တဝါ၊ မည်သည့် လူပုဂ္ဂိုလ် တစ်ဦးမျှ အိပ်မရသော အခြေအနေသို့ လန့်ဖျပ်ရောက်ရှိခဲ့ခြင်း မရှိ၊ ထိုအတွက်ကြောင့် ငါသည် လူ့လောကထဲတွင် လူ့ဇာတိခံယူခဲ့သည့်အခါ ၎င်းကို မည်သူမျှ မသိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ငါ၏ လူ့ဇာတိခံယူသော လူ့ဇာတိထဲတွင် ငါ၏အလုပ်ကို ငါစတင်လုပ်ဆောင်ခဲ့သည့်အခါ လူသားများသည် ငါ၏ မိုးခြိမ်းသံအားဖြင့် မိမိတို့၏ အိပ်မက်များမှ လန့်ဖျပ် နိုးထလာကြပြီး ဤအခိုက်အတံ့မှ စတင်ကာ ငါ၏ ဦးဆောင်လမ်းပြမှုအောက်တွင် အသက်တာကို စတင်ခဲ့ကြခြင်း ဖြစ်သည်။ ငါ၏ လူများအကြားတွင် ငါသည် နောက်ထပ်တစ်ကြိမ် အသစ်သော အလုပ်ကို စတင်လုပ်ဆောင်ခဲ့လေပြီ။ မြေကြီးပေါ်မှ ငါ၏ အလုပ်သည် မပြီးဆုံးသေးဟု ဆိုခဲ့သော်လည်း ဤသည်မှာ ယခင်က ငါပြောခဲ့သော ထိုလူများမှာ မရှိမဖြစ် လိုအပ်သည်ဟု ငါကိုယ်တိုင် မြင်ခဲ့ဖူးသောသူများ မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်၊ သို့သော်ငြားလည်း ထိုလူများအကြားမှ ရွေးချယ်ထားသော သူများအပေါ် ငါဆက်၍ အားထားလျက်နေသေးသည်။ ဤအရာအားဖြင့် ငါသည် ဤအမှုကို ပြုခြင်းမှာ ငါ၏လူတို့အား လူ့ဇာတိခံယူသော ဘုရားသခင်ကို သိလာစေရန်အတွက်သာမက ငါ၏လူတို့အား သန့်စင်ဆေးကြောရန်အတွက်လည်း ဖြစ်ကြောင်း ထင်ရှားမြင်သာလာပေသည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှာ ပြင်းထန်ခြင်းကြောင့် လူပေါင်း မြောက်မြားစွာတို့သည် ငါ၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရမည့်အကြောင်း စိုးရိမ်စရာ ရှိနေသေးသည်။ အကယ်၍ သင်တို့သည် သင်တို့ကိုယ်ကို ဆုံးမရန်၊ သင်တို့၏ ဇာတိခန္ဓာကိုယ်အား ချိုးနှိမ်ရန် ကြိုးပမ်းအားထုတ်မှု မရှိပါက၊ သင်တို့ ဤအရာကို မလုပ်ပါက သင်တို့သည် ငါစက်ဆုပ်ရွံ့ရှာပြီး ငြင်းပယ်သော အရာတစ်ခု သေချာပေါက် ဖြစ်လာကာ ငရဲထဲသို့ ပစ်ချခြင်းကို ခံကြရလိမ့်မည်၊ ပေါလုသည် ငါ၏လက်မှ ပြစ်တင်ဆုံးမခြင်းကို တိုက်ရိုက် ရရှိသကဲ့သို့ပင် ဖြစ်လိမ့်မည်၊ ထိုအရာမှ လွတ်မြောက်နိုင်သည့်လမ်း မရှိခဲ့ပေ။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်ထဲမှ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သလော။ ယခင်ကကဲ့သို့ပင် အသင်းတော်အား ဆေးကြောသန့်စင်ရန်၊ ငါလိုအပ်သော လူတို့အား ဆက်၍ စင်ကြယ်စေရန်မှာ ငါ၏ ရည်ရွယ်ချက် ဖြစ်နေသေးသည်၊ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကာ အလုံးစုံ သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသူ ဖြစ်သောကြောင့်ဖြစ်သည်။ ငါ၏ဗိမာန်ကို သက်တံရောင်များဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပစေရုံသာမက အစက်အပျောက်မရှိဘဲ သန့်စင်ရှင်းနေစေရန် ငါပြုကာ ၎င်း၏ အတွင်းနှင့် အပြင်ကို လိုက်ဖက်ညီစေမည်။ ငါ၏ မျက်မှောက်ထဲတွင် သင်တို့ တစ်ဦးနှင့် အားလုံးသည် အတိတ်က သင်တို့ပြုခဲ့သည့် အရာများကို ပြန်တွေးသင့်ပြီး ယနေ့တွင် သင်တို့သည် ငါ၏ စိတ်နှလုံးထဲတွင် ငါ့အား စုံလင်သော စိတ်ကျေနပ်ခြင်းကိုပေးရန် စိတ်ပိုင်းဖြတ်နိုင်ခြင်း ရှိမရှိ ဆုံးဖြတ်သင့်သည်။

လူတို့သည် ငါ၏လူ့ဇာတိထဲမှ ငါ့အား မသိကြရုံမျှမက၊ ပို၍ဆိုးဝါးသည်မှာ ၎င်းသည် ဇာတိခန္ဓာကိုယ်ထဲတွင် နေထိုင်သော မိမိကိုယ်ကိုပင် နားလည်ရန် ပျက်ကွက်ခဲ့သည်။ ၎င်းမှာ နှစ်ပေါင်းမည်မျှ ရှိခဲ့ပြီဖြစ်၍ လူသားများသည် အချိန်တိုင်းတွင် ငါ့အား လိမ်လည်လှည့်ဖြားကာ ငါ့အား အပြင်မှ ဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသနည်း။ ၎င်းတို့သည် ငါ့အား ၎င်းတို့ နေအိမ်တံခါးမှ အကြိမ်မည်မျှ ပိတ်ဆို့ခဲ့ကြပြီနည်း။ ၎င်းတို့သည် ငါ့ ရှေ့တွင် ရပ်ကာ ငါ့အား ဂရုမစိုက်ဘဲ နေခဲ့ကြသည်မှာ အကြိမ်မည်မျှရှိပြီနည်း။ ၎င်းတို့သည် အခြားလူများအလယ်တွင် ငါ့အား အကြိမ်မည်မျှ ကျောခိုင်းပစ်ပယ်ခဲ့ကြပြီနည်း။ ၎င်းတို့သည် မာရ်နတ်၏ ရှေ့တွင် ငါ့အား အကြိမ်မည်မျှ ငြင်းပယ်ခဲ့ကြပြီနည်း။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ငြင်းခုံတတ်သော နှုတ်များဖြင့် ငါ့အား တိုက်ခိုက်ခဲ့သည်မှာ အကြိမ်မည်မျှရှိပြီနည်း။ သို့တည်းတိုင် ငါသည် လူသား၏ အားနည်းချက်ကို မှတ်သားခြင်း မရှိသကဲ့သို့ ငါသည် သူ၏ နာခံမှု မရှိခြင်းအတွက် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း အလျော်ပေးရန် တောင်းဆိုခြင်း မရှိပေ။ ငါပြုခဲ့သမျှတို့မှာ သူ၏ နာမကျန်းဖြစ်ခြင်းများအပေါ် ဆေးလိမ်းပေးရန်သာဖြစ်ပြီး သူ၏ ကုသ၍မရသော အနာရောဂါများ ပျောက်ကင်းစေကာ သူ့အား တစ်ဖန်ပြန်လည် ပကတိကျန်းမာစေပြီး နောက်ဆုံးတွင် ငါ့အား သိကောင်းသိလာစေရန်ပင် ဖြစ်သည်။ ငါပြုခဲ့သမျှတို့မှာ လူသားများ ဆက်လက်ရှင်သန်ရန်၊ လူသားတို့အား အသက်ရှင်စဉ် အခွင့်အရေး တစ်ခုကို ပေးရန်အတွက်ပင် မဟုတ်ခဲ့သလော။ ငါသည် လူ့လောကထဲသို့ အကြိမ်များစွာ လာရောက်ခဲ့သော်လည်း ငါသည် လောကထဲသို့ ငါ၏ကိုယ်ပိုင်ဇာတိအဖြစ်တော်အဖြစ် လာခဲ့ခြင်းကြောင့် လူသားတို့သည် ငါ့အား အနည်းငယ်မျှ အလေးမထားကြပေ၊ ထိုသို့ပြုမည့်အစား တစ်ဦးချင်းသည် သင့်တော်သည်ဟု မိမိတို့ထင်သည့်အတိုင်း လုပ်ဆောင်ကြပြီး မိမိကိုယ်တိုင်အတွက် ထွက်မြောက်ရာလမ်းတစ်ခုကို ရှာဖွေလျက်နေသည်။ ကောင်းကင်အောက်ရှိ လမ်းတစ်လမ်းချင်းစီမှာ ငါ၏လက်မှ ထွက်ပေါ်လာကြောင်းကို ၎င်းတို့ သဘောမပေါက်ကြပေ။ ကောင်းကင်အောက်ရှိ အရာတစ်ခုချင်းစီသည် ငါ၏ စီမံမှုအား လိုက်နာရကြောင်းကို ၎င်းတို့ သဘောမပေါက်ကြပေ။ သင်တို့ထဲမှ မည်သူသည် မိမိ၏စိတ်နှလုံးထဲတွင် မကျေနပ်ချက်ကို သိုလှောင်ဝံ့သနည်း။ သင်တို့ထဲမှ မည်သူသည် ပြေငြိမ်းစေရန်အတွက် ပေါ့ပေါ့တန်တန် လာဝံ့သနည်း။ ငါသည် လူသားတို့၏အလယ်တွင် ငါ၏အလုပ်ကို တိတ်ဆိတ်စွာ လုပ်မြဲလုပ်နေခဲ့ခြင်းသာ ဖြစ်သည်။ ငါလူ့ဇာတိခံယူစဉ် အချိန်အတောအတွင်း အကယ်၍ ငါသည် လူတို့၏ အားနည်းခြင်းကို ဂရုမစိုက်ခဲ့ပါက လူသားအားလုံးသည် ငါ၏လူ့ဇာတိခံယူခြင်း တစ်ခုတည်းဖြင့်ပင်လျှင် အလွန်အမင်း ကြောက်ရွံ့ကြလိမ့်မည်ဖြစ်၍ ရလဒ်အနေဖြင့် မရဏထဲသို့ ကျဆင်းကြလိမ့်မည် ဖြစ်သည်။ ငါသည် ငါ့ကိုယ်ငါ နှိမ့်ချခဲ့ပြီး ငါ့ကိုယ်ငါ ပုန်းကွယ်ခဲ့ခြင်းကြောင့်သာ လူသားတို့သည် ကြီးမားသော ကပ်ဘေးမှ လွတ်မြောက်ခဲ့ခြင်း၊ ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ခြင်းကို ကြုံခဲ့ခြင်းနှင့် ဤနည်းဖြင့် ယနေ့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယနေ့သို့ရောက်ရန် မည်မျှခက်ခဲကြောင်းကို သတိရှိကြလော့၊ သင်တို့သည် ရောက်ရှိရန် လိုသေးသည့် မနက်ဖြန်ကို သာ၍ပင် မြတ်နိုးသင့်သည် မဟုတ်လော။

၁၉၉၂ ခုနှစ်၊ မတ်လ ၈ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။