သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

ဘုရားသခင်၏အလုပ်နှင့်နှုတ်ကပတ်တော်တို့သည် သင်တို့၏ စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ် ဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ပန်းတိုင်သည် သင်တို့အား ဘုရား၏အလုပ်နှင့် နှုတ်ကပတ်တော်ကို နားလည်စေရန် သို့မဟုတ် သိရှိစေရန်သက်သက် မဟုတ်ပေ။ ယင်းသည် မလုံလောက်ပေ။ သင်သည်နားလည်နိုင်စွမ်းရှိသူ ဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရန် အခက်အခဲ မရှိသင့်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုကို လူ့ဘာသာစကားဖြင့် ရေးသားထားသည့်အပြင် ကိုယ်တော်သည် အင်မတန်ရိုးရှင်းစွာ စကားပြောသောကြောင့် ဖြစ်သည်။ ဥပမာ ဘုရားသခင်က သင့်အား မည်သည့်အရာကို နားလည်စေချင်ပြီး လက်တွေ့လုပ်ဆောင်စေချင်သည်ကို သင်သည် ကောင်းမွန်စွာ သင်ယူနိုင်စွမ်းရှိသည်။ ဤသည်မှာ နားလည်နိုင်စွမ်းရှိသော သာမန်လူတစ်ယောက် တတ်နိုင်သည့် အရာပင်တည်း။ အထူးသဖြင့် ယခုအဆင့်တွင် ဘုရားသခင် မြွက်ဟနေသည့် နှုတ်ကပတ်တော်များသည် ထူးခြားစွာ ရှင်းလင်းလွယ်ကူနေသည်။ ထို့အပြင် ဘုရားသခင်သည် လူများမစဉ်းစားမိသော အရာများစွာနှင့် လူသား၏ အခြေအနေ အမျိုးမျိုးတို့ကို ထောက်ပြနေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အလုံးစုံကို ခြုံငုံမိကာ လပြည့်ဝန်း၏အလင်းရောင်ပမာ ကြည်လင်နေပေသည်။ သို့ဖြစ်၍ ယခုလူများသည် အကြောင်းအရာများစွာကို နားလည်ကြ သော်ငြားလည်း၊ လိုအပ်နေဆဲဖြစ်သည့် အရာတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ လူများသည် သူတို့ရရှိနိုင်ရန် ပြုထားသော မည်သည့်အရာကိုမဆို ခံယူရန်သက်သက် စောင့်စားနေမည့်အစား သမ္မာတရား၏ လက္ခဏာသွင်ပြင် အလုံးစုံကို မိမိကိုယ်တိုင် အသေးစိတ်ခံစားရမည်။ ပိုပြီးအသေးစိတ် စူးစမ်းရှာဖွေရမည်။ ဤသို့မဟုတ်ပါက သူတို့သည် ကပ်ပါးကောင်များထက် အနည်းငယ် သာရုံသာ ရှိလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည့်တိုင် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ထိုကဲ့သို့သော လူစားသည် သမ္မာတရားကို မချစ်ခင်ဘဲ ၎င်းကို အဆုံးတွင် ဖယ်ရှားပေမည်။ ၁၉၉၀ဝန်းကျင်၏ ပေတရုတစ်ယောက်ကဲ့သို့ ဖြစ်ရန် သင်တို့ တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သင့်ကာ သင်တို့၏တွေ့ကြုံမှုများထဲ မှန်ကန်သော ဝင်ရောက်မှု ရှိသင့်ပြီး ဘုရားသခင်နှင့်သင်၏ ပူးပေါင်းဆောင်ရွက်မှုထဲ ဉာဏ်အလင်းပွင့်မှုကို ပိုများများ ရယူသင့်သည်။ ယင်းသည် သင်တို့ကိုယ်တိုင်၏ ဘဝထဲ ထာဝရတိုးပွားလာမည့် အထောက်အပံ့ပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှု လေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့အတွေ့အကြုံများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိုက်ရိုက်သိခြင်းကင်းမဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက် မဟုတ်ဘဲ၊ အသက်ကင်းမဲ့သော ကျမ်းဟောင်းတရားများသာ ဖြစ်ပေလိမ့်မည်။ သင်သည်အသက်မဲ့သော ကျမ်းဟောင်း တရားများကိုသာ လိုက်နာပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို သင်၏ လက်တွေ့အတွေ့အကြုံများတွင် ကြုံတွေ့သည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဝိညာဉ်ဆိုင်ရာ အဓိပ္ပာယ်သည် မိမိကိုယ်ကိုယ် သင့်အား ဖွင့်ပြပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမှသာ သင်သည် သမ္မာတရားများစွာ၏ ဝိညာဉ်ဆိုင်ရာအဓိပ္ပာယ်ကို သဘောပေါက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ နက်နဲရာတို့ကို သိမြင်နိုင်ပေမည်။ သင်သည် ၎င်းကို လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မည်မျှပင် ရှင်းလင်းစေကာမူ သင် နားလည်သဘောပေါက်သည့်အရာမှာ သင့်အတွက် ဘာသာရေး လုပ်ထုံးလုပ်နည်း ဖြစ်လာခဲ့သည့် အဓိပ္ပာယ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေသည်။ ယင်းသည် ဖာရိရှဲတို့လုပ်ကိုင်ခဲ့သည့်အရာ မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံခံစားပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်သည် လက်တွေ့ကျင့်သုံးရန် မကြိုးစားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အတွက် တတိယမိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာရုံသာ ရှိပေလိမ့်မည်။ အမှန်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ကြုံတွေ့ပြီး ကိုယ်တော်၏ ရယူခြင်းကို ခံရခြင်း၊ သို့မဟုတ် ပို၍ရှင်းလင်းအောင် ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သိရှိနားလည်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ယင်းသည် သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း နောက်ကွယ်မှ အမှန်တရားဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ထာဝရအသက်ကို မျှော်လင့်ပါလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အတွင်း၌ ရှိနေသောအရာကဲ့သို့ လက်တွေ့ကျင့်သုံးရန် ကြိုးစားခြင်း မရှိပါက၊ သင်သည် မိုက်မဲသည်။ ယင်းသည် စားသောက်ပွဲကြီးကိုသွားပြီး အစားအစာကို ကြည့်ရုံကြည့်ခဲ့ပြီး အရသာရှိသောအရာများကို တစ်ခုတလေပင် ကိုယ်တိုင်ကိုယ်ကျ မမြည်းစမ်းဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် တူသည်။ ထိုကဲ့သို့သော လူစားသည် လူမိုက်တစ်ဦးမဟုတ်သလော။

လူသားတို့ ပိုင်ဆိုင်ရန်လိုအပ်သည့် သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်တွေ့နိုင်ပြီး၊ ယင်းသည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးနှင့် အထောက်အကူ အများဆုံးဖြစ်စေသည့် သမ္မာတရားဖြစ်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သင့်လျော်သော လူ့သဘာဝဗီဇကို ပြန်လည်ထိန်းသိမ်းရန် အထောက်အကူပြုသော အရာဖြစ်သည့် သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ ဖြစ်သည်။ လူသားတွင် ရှိအပ်သော သမ္မာတရားတစ်ရပ် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးလေလေ၊ သင်တို့၏ဘဝ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး၊ သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်လောက၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးသည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့ကျင့်သုံးခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကိုယ် အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက် မည်သို့စစ်မှန်နိုင်မည်နည်း။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးသည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် လွဲမှားနေသည်။ သင်သည်သမ္မာတရားကို ကျင့်သုံးသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်းကိုဦးစွာ နားလည်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားနှင့်အတူ မည်သည့်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်အထဲတွင် သမ္မာတရား မရှိသောအခါ သင်၏မိသားစုဝင်များကိုပင် လက်ခံယုံကြည်စေရန် မစဉ်းစားနှင့်၊ ဘာသာရေးကိုင်းရှိုင်းသော သူများဆို သာ၍ပင် မစဉ်းစားလေနှင့်။ သမ္မာတရားမရှိလျှင် သင်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသော ဆီးနှင်းပွင့်များကဲ့သို့ ဖြစ်သော်လည်း၊ သမ္မာတရားနှင့်ဆိုလျှင် သင်သည် ပျော်ရွှင်လွတ်လပ်နိုင်ကာ မည်သည့်အရာကမျှ သင့်ကို မတိုက်ခိုက်နိုင်ပေ။ သဘောတရားတစ်ရပ်သည် မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် သမ္မာတရားကို အနိုင်မယူနိုင်ပေ။ သမ္မာတရားနှင့်ဆိုလျှင် လောကတစ်ခုလုံးကို ယိမ်းထိုးစေနိုင်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်သော်လည်း၊ သမ္မာတရား ချို့ငဲ့ခြင်းက ခိုင်ခံ့သော မြို့တံတိုင်းများကို လောက်ထိုးပြီး အုတ်ကျိုးအုတ်ပဲ့ ဖြစ်စေနိုင်သည်။ ယင်းသည် သိသာထင်ရှားသော အမှန်တရား ဖြစ်သည်။

လက်ရှိအဆင့်တွင် သမ္မာတရားကိုဦးစွာသိရန်နှင့် ၎င်းကို လက်တွေ့လုပ်ဆောင်မှုပြုကာ မိမိကိုယ်ကိုယ် သမ္မာတရား၏ စစ်မှန်သော အဓိပ္ပါယ် ဤထက်ရှိစေရန်မှာ အလွန်အရေးကြီးသည်။ သင်တို့သည် ဤသည်ကို ရအောင်ကြိုးစားရမည်။ သင့်စကားလုံးများ နောက်ကို အခြားသူများ လိုက်လျှောက် လာစေရုံသာ ကြိုးစားမည့်အစား သင့်လက်တွေ့လုပ်ဆောင်မှုများ နောက်ကို သူတို့လိုက်လျှောက်လာအောင် သင်လုပ်သင့်သည်။ ဤနည်းလမ်းဖြင့်သာ အဓိပ္ပါယ်ရှိသော အရာတစ်ခုကို သင်ရှာဖွေနိုင်ပေမည်။ သင့်အပေါ်သို့ မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ သင်နှင့် တွေ့ဆုံကြုံကြိုက်သူ မည်သူဖြစ်စေ၊ သင့်တွင် သမ္မာတရားရှိနေသမျှ ကာလပတ်လုံး သင်သည် ခိုင်မြဲစွာရပ်တည်နိုင်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဆိုသည်မှာ လူသားထံ အသက်တာ ယူဆောင်လာပေးသော အရာဖြစ်ပြီး၊ သေခြင်းကို ယူဆောင်လာပေးခြင်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက် သင်သည် အသက်မဝင်သေးဘဲ သေသူများအလယ်တွင် ရှိနေဆဲဆိုပါက သင်သည် တစ်ခုခု မှားယွင်းနေပေပြီ။ အကယ်၍ အချိန်ခဏကြာသည့်တိုင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို များစွာဖတ်ရှုထားပြီး လက်တွေ့ကျသော တရားဒေသနာများစွာကို ကြားထားသော်လည်း သင်သည် သေနေဆဲ အခြေအနေတွင်ရှိပါက၊ ယင်းမှာ သင်သည် သမ္မာတရားကို တန်ဖိုးထားသူ မဟုတ်ရုံမက သမ္မာတရားကို လိုက်စားသူ မဟုတ်ကြောင်း သက်သေပင်တည်း။ အကယ်၍ သင်တို့သည် ဘုရားသခင်ကို ရရှိရန် အမှန်တကယ် ကြိုးစားပါက သင်တို့ကိုယ်သင်တို့ အယူဝါဒများ ရှိရန်နှင့် အခြားသူများအား သင်ကြားရန်အလို့ငှာ မြင့်မြတ်သောအယူဝါဒများကို အသုံးပြုရန် အာရုံစိုက်မည် မဟုတ်ပေ။ ယင်းအစား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံရန်နှင့် သမ္မာတရားကို လက်တွေ့ ကျင့်သုံးကြည့်ရန် အာရုံစိုက်ပေမည်။ ဤသည်မှာ ယခု သင်တို့ဝင်ရောက်ရန် ကြိုးစားသင့်သည့်အရာ မဟုတ်လော။

လူတို့ထဲတွင် ဘုရားသခင်အလုပ် လုပ်ရန် ကိုယ်တော်အတွက် အချိန်အနည်းငယ်သာ ရှိနေသောကြောင့် အကယ်၍ သင်သည် ကိုယ်တော်နှင့် ပူးပေါင်းလုပ်ဆောင်မှု မပြုလျှင် မည်သည့် ရလဒ်ရှိနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်သည်နှင့် သင်တို့အား ဘုရားသခင်က အဘယ်ကြောင့် လက်တွေ့ကျင့်သုံးစေလိုသနည်း။ အကြောင်းမှာ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို သင်တို့အား ထုတ်ဖော်ပြခဲ့ပြီးဖြစ်ရာ သင်တို့၏ နောက်ထပ်ခြေလှမ်းမှာ ၎င်းတို့ကို အမှန်တကယ် လက်တွေ့ကျင့်သုံးရန်သာ ဖြစ်၏။ ယင်းနှုတ်ကပတ်တော်များကို သင်လက်တွေ့ကျင့်သုံးနေစဉ် ဘုရားသခင်သည် အသိဉာဏ်ဖွင့်မှုနှင့် လမ်းညွှန်ပြသမှုကို လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရမည့် ပုံပင်တည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် လူသားကို အသက်တာထဲတွင် ပွင့်လန်းစေပြီး လူသားကို သွေဖီစေသော သို့မဟုတ် မလှုပ်မယှက် နေစေနိုင်သော အဘယ်အရာကိုမျှ ပိုင်ဆိုင်ခွင့်မပေးပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၍ လက်တွေ့ကျင့်သုံးကြောင်း ပြောဆိုသော်လည်း၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အလုပ်တစ်ခုတလေကိုမျှ မရသေးပေ။ သင်၏စကားလုံးများသည် ကလေးသူငယ်ကိုသာ အရူးလုပ်နိုင်ပေမည်။ သင်၏ရည်ရွယ်ချက်များ မှန်မမှန်ကို အခြားသူများ သိမည် မဟုတ်သော်လည်း၊ ဘုရားသခင် မသိဘဲနေရန် ဖြစ်နိုင်သည်ဟု သင်ထင်သလော။ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ဖွင့်ပေးမှုကို ရရှိသော်လည်း၊ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ် ဖွင့်ပေးမှုကို မရရှိသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်တွင် စိတ်လှုပ်ရှားမှုများ ရှိသလော။ အကယ်၍ သင်၏ရည်ရွယ်ချက်များ တကယ်ပင် မှန်ကန်ပြီး သင်သည် ပူးပေါင်းဆောင်ရွက်လျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်နှင့်အတူရှိနေမည်။ အချို့သော လူများသည် ဘုရားသခင်က သူတို့အား အသင်းတော်ကို ထ၍ဦးဆောင်ခွင့် မပေးဘဲရှိနေပါလျက် ကိုယ့်အလံကိုယ် အမြဲထူလိုကြသည်မှာ အဘယ်ကြောင့်နည်း။ အချို့သောလူများသည် မိမိတို့လုပ်ငန်းတာဝန်ကို လုပ်ဆောင်ရုံနှင့် သူတို့ပင် မသိလိုက်ဘဲ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသည် မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ ဘုရားသခင်သည် လူသား၏ အတွင်းအကျဆုံး စိတ်နှလုံးကို စစ်ဆေးခြင်းဖြစ်ရာ သမ္မာတရားကို လိုက်စားသူများသည် မှန်ကန်သော ရည်ရွယ်ချက်များဖြင့် ထိုသို့လုပ်ဆောင်သင့်သည်။ မှန်ကန်သော ရည်ရွယ်ချက်များ မရှိသူတို့သည် အခိုင်အမာခံ ရပ်တည်နိုင်မည် မဟုတ်ပေ။ အဓိကအကျဆုံးမှာ သင်တို့၏ပန်းတိုင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အထဲ၌ သက်ရောက်စေရန် ဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့ ကျင့်သုံးရာ၌၊ ထိုနှုတ်ကပတ်တော်ကို မှန်ကန်စွာ နားလည်မှုရှိရန် ဖြစ်သည်။ သင်တို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်နိုင်စွမ်းသည် အားနည်းကောင်း အားနည်းနေနိုင်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လက်တွေ့ကျင့်သုံးသောအခါ ကိုယ်တော်သည် ဤအပြစ်အနာအဆာကို ပြုပြင်ပေးနိုင်သည်ဖြစ်ရာ၊ သင်သည် သမ္မာတရားများစွာကို သိရုံတင်မက ၎င်းတို့ကို လက်တွေ့လည်း ကျင့်သုံးရမည်။ ဤသည်မှာ လျစ်လျူရှု၍ မရနိုင်သော အကြီးမားဆုံး အချက်အချာဖြစ်သည်။ ယေရှုသည် သူ၏ နှစ်ပေါင်း သုံးဆယ့်သုံးနှစ်ခွဲတွင် သမ္မာတရားကို လက်တွေ့ကျင့်သုံး ခဲ့သောကြောင့် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရသည်။ ကိုယ်တော်သည် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသည်ဟု မှတ်တမ်းများထဲတွင် အမြဲတစေ ဆိုထားသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ ကိုယ်တော် အဘယ်မျှ ဒုက္ခဆင်းရဲ ခံခဲ့ရသည်ကို ပြရန်ပြောဆိုခြင်း ဖြစ်သည်။ ကိုယ်တော်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခဲ့ပြီး ဘုရားသခင်၏ အလိုတော်အတိုင်း ပြုခဲ့သောကြောင့် ဆင်းရဲဒုက္ခ အလွန်အမင်း ခံစားခဲ့ရသည်။ ယင်းမှာ အကယ်၍ ကိုယ်တော်သည် လက်တွေ့ ကျင့်သုံးမှုမရှိဘဲ သမ္မာတရားကို သိခဲ့လျှင် ခံစားခဲ့ရမည် မဟုတ်သော ဆင်းရဲဒုက္ခဖြစ်၏။ အကယ်၍ ယေရှုသည် ယုဒလူမျိုးတို့၏ သွန်သင်ချက်များ နောက်ကို လိုက်လျှောက်ခဲ့ပြီး ဖာရိရှဲတို့၏ နောက်ကို လိုက်လျှောက်ခဲ့လျှင် ကိုယ်တော်သည် ဒုက္ခဆင်းရဲ ခံစားခဲ့ရမည် မဟုတ်ပေ။ လူတို့အပေါ် ဘုရားသခင်၏ အမှုတော်၏ သက်ရောက်မှုသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုမှ လာကြောင်းကို ယေရှု၏ လက်တွေ့ကျင့်သုံးမှုမှ သင်သည် သင်ယူနိုင်သည်။ ဤသည်မှာ သင်တို့သိထားရမည့် အရာပင်တည်း။ အကယ်၍ ကိုယ်တော်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးခဲ့လျှင် ယေရှုသည် ဤသို့ဤပုံ လက်ဝါးကပ်တိုင်တွင် ခံစားခဲ့ရမည်လော။ အကယ်၍ ကိုယ်တော်သည် ဘုရားသခင်၏ အလိုတော်အတိုင်း မပြုမူခဲ့ပါက ဤမျှ ဝမ်းနည်းစရာကောင်းသော ဆုတောင်းပတ္ထနာကို ပြုနိုင်ခဲ့မည်လော။ ထို့ကြောင့် သင်တို့သည် သမ္မာတရား လက်တွေ့ ကျင့်သုံးမှုအတွက်ကြောင့် ဆင်းရဲဒုက္ခ ခံစားသင့်သည်၊ ဤသည်မှာ လူတစ်ဦးခံရမည့် ဆင်းရဲဒုက္ခ အမျိုးအစားပင်တည်း။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။