စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည် (အပိုင်း တစ်)

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထိုမျှမက သင်တွေ့ကြုံသင့်သော အမှုအရာများကို သင်နားလည်ရမည်။ အကယ်၍ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံ ခံစားခြင်းသာ ရှိသော်လည်း၊ ဘုရားသခင်အား မွေ့လျော်နိုင်စွမ်းသာ ရှိသော်လည်း၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေသည့်အခါ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းနေသည့်အခါ သတိပြုမိနိုင်စွမ်းမရှိဘဲ ဖြစ်နေသေးပါက၊ ဤသည်မှာ လက်ခံနိုင်ဖွယ် မဟုတ်ပေ။ ဤစစ်ဆေးခြင်းဖြစ်ရပ်တွင် သင်သည် ကြံ့ကြံ့ခံကောင်း ခံနိုင်မည်ဖြစ်သော်လည်း၊ ဤသည်မှာ မလုံလောက်သေးပေ၊ သင်ရှေ့သို့ ဆက်လက်ချီတက်ရဦးမည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သော သင်ခန်းစာမှာ မည်သည့်အခါမျှ မရပ်တန့်ဘဲ အဆုံးမရှိပါ။ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်တရာ ရိုးရှင်းသည့်အရာဟု မြင်ကြသော်လည်း၊ လက်တွေ့ကျသော အတွေ့အကြုံအနည်းငယ်ကို ၎င်းတို့ရကြသည့်အခါတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လူတို့ ထင်မှတ်သကဲ့သို့ မရိုးရှင်းကြောင်း ၎င်းတို့ သဘောပေါက်လာကြသည်။ လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးမားလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးထွားလာမှု နည်းလေလေဖြစ်ပြီး၊ သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ကို သင်တွေ့ရမည်ဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများ ဖြစ်ကြောင်းကို သင်တွေ့ရလိမ့်မည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က- “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။ နောက်ဆုံးသောကာလအတောအတွင်း ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်သည် အဆုံးသတ်လိမ့်မည်။ ယင်းသည် အမှန်တကယ် လွယ်ကူစွာ အဆုံးသတ်နိုင်မည်လော။ သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အမှုက ပြီးဆုံးသွားမည်လော။ ယင်းက အလွန်ရိုးရှင်းနိုင်မည်လော။ လူတို့က ယင်းမှာ ဤမျှရိုးရှင်းသည်ဟု အမှန်ပင် ထင်မှတ်ကြသော်လည်း၊ ဘုရားသခင် ပြုသောအရာမှာ အလွန်ရိုးရှင်းသည် မဟုတ်ပေ။ ဘုရားသခင့်အမှု၏ မည်သည့်အပိုင်းကို သင်ပြောလိုသည်ဖြစ်စေ၊ ထိုအရာအလုံးစုံမှာ လူသားအတွက် ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခဲ့ပါက၊ ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ကင်းမဲ့နေပေမည်။ ဘုရားသခင်ပြုခဲ့သော အမှုမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ ယင်းက သင်၏အယူအဆများနှင့် လုံးလုံးဆန့်ကျင်လျက်ရှိပြီး၊ သင်၏အယူအဆများနှင့် ညှိ၍မရလေလေ၊ ယင်းက ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ်ရှိကြောင်း ပြလေလေ ဖြစ်သည်။ သင်၏အယူအဆများနှင့် သဟဇာတဖြစ်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။ ဘုရားသခင်၏အမှုမှာ အလွန်အံ့သြဖွယ်ဖြစ်ကြောင်း သင်ယနေ့ခံစားရကာ၊ ယင်းက အံ့သြဖွယ်ကောင်းသည်ဟု သင်ခံစားရလေလေ၊ ဘုရားသခင်သည် ဉာဏ်မီနိုင်ဖွယ်ရာ မဟုတ်ကြောင်း သင်ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှကြီးမြတ်ကြောင်း သင်မြင်ရလေလေ ဖြစ်သည်။ အကယ်၍ သူသည် လူသားကို သိမ်းပိုက်ရန် အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ အမှုအနည်းငယ်ကိုသာ ပြုပြီးနောက် အခြားမည်သည့်အရာကိုမျှ မပြုခဲ့ပါက၊ လူသားသည် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို ရှုမြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ယခု အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ ယင်းမှာ အသက်တာ၌ သင်၏ ကြီးထွားမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိပေသည်။ ထို့ကြောင့် သင်တို့အနေဖြင့် ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံရရန်မှာ အဆုံးစွန်လိုအပ်ချက်ပင် ဖြစ်သည်။ ယနေ့ သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ နောင်တွင် သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အမှန်တကယ် ရှုမြင်နိုင်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြဖွယ်ကောင်းလှပါတကား” ဟု သင်ဆိုလိမ့်မည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးထဲမှ စကားလုံးများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူတို့၏ စစ်ဆေးခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလ) ကို အတန်ကြာ တွေ့ကြုံရပြီးသည့်အခါ လူအချို့က နောက်ဆုံးတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ် ခက်ခဲပါတကား” ဟု ဆိုကြလိမ့်မည်။ သူတို့အနေဖြင့် “အမှန်တကယ် ခက်ခဲသည်” ဟူသော စကားလုံးများ သုံးစွဲခဲ့သည့်အချက်က ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ကြောင်း၊ ဘုရားသခင်၏ အမှုတွင် ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးဟူသော စရိုက်လက္ခဏာ ရှိကြောင်းနှင့်၊ သူ၏အမှုမှာ လူသား၏ တန်ဖိုးထားခြင်းခံရရန် လွန်စွာ ထိုက်တန်ကြောင်းကို ပြသသည်။ အကယ်၍ ငါသည် များလှစွာသော အမှုကို ပြုခဲ့ပြီးနောက်တွင် သင်၌ သိကျွမ်းခြင်း စိုးစဉ်းမျှမရှိခဲ့ပါက၊ ငါ၏အမှုသည် တန်ဖိုးရှိနိုင်ဦးမည်လော။ ၎င်းက သင့်အား- “ဘုရားသခင်ထံ အစေခံခြင်းက အမှန်တကယ် ခက်ခဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ကောင်းလှပြီး ဘုရားသခင်သည် အမှန်ပင် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းလှ၏” ဟု ဆိုစေလိမ့်မည်။ အကယ်၍ အတွေ့အကြုံကာလတစ်ခုကို ခံစားရပြီးနောက်တွင် သင်သည် ထိုကဲ့သို့သော စကားလုံးများကို ပြောနိုင်ပါက၊ ဤအရာက သင်သည် သင့်အထဲ၌ ဘုရားသခင်၏အမှုကို ရရှိထားကြောင်း သက်သေပြပေသည်။ တစ်နေ့တွင် သင်သည် နိုင်ငံရပ်ခြား၌ ဧဝံဂလိတရားကို ဖြန့်ဝေနေပြီး တစ်စုံတစ်ဦးက သင့်အား- “ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက ဘယ်လို အခြေအနေရှိလဲ။” ဟု မေးသည့်အခါ သင်သည်- “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြချီးမွမ်းဖွယ်ကောင်းလှ၏” ဟု ပြောနိုင်လိမ့်မည်။ သူတို့က သင်၏စကားများသည် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောပြနေသည်ဟု ခံစားရလိမ့်မည်။ ဤအရာက အမှန်တကယ် သက်သေခံနေပေသည်။ ဘုရားသခင်၏အမှုသည် ဉာဏ်ပညာနှင့် ပြည့်ဝလျက် ရှိကြောင်း၊ ထို့ပြင် သင့်အထဲ၌ သူပြုသောအမှုက သင့်ကို အမှန်တကယ် လက်ခံယုံကြည်စေခဲ့ပြီးကြောင်းနှင့် သင်၏စိတ်နှလုံးကို သိမ်းပိုက်ခဲ့ပြီးကြောင်း သင်ဆိုလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် ထိုက်တန်သည်ထက်ပင် သာလွန်သောကြောင့် သင်သည် သူ့ကို အစဉ်အမြဲ ချစ်ပေလိမ့်မည်။ အကယ်၍ ဤအရာများကို သင်ပြောနိုင်ပါက လူတို့၏ စိတ်နှလုံးကို သင်လှုပ်ရှားစေနိုင်မည်။ ဤအရာအားလုံးက သက်သေခံခြင်း ဖြစ်ပေသည်။ အကယ်၍ သင်သည် ထူးကဲသောသက်သေကို ခံနိုင်ပါက၊ လူတို့ကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်လျှင် ယင်းက သင်သည် ဘုရားသခင်ကို ချစ်သောသူ အမှန်ဖြစ်ကြောင်း ပြသသည်၊ အကြောင်းမှာ သင်သည် ဘုရားသခင်အား ချစ်ခြင်းကို ထင်ရှားစေနိုင်ပြီး၊ သင့်အားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သက်သေခံချက်အဖြစ် အတည်ပြုနိုင်သောကြောင့် ဖြစ်သည်။ သင်၏ သက်သေခံချက်အားဖြင့် အခြားလူများအား ဘုရားသခင်၏အမှုကို ရှာဖွေစေသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံစေသည်၊ ထို့ပြင် သူတို့တွေ့ကြုံသည့် မည်သည့် ပတ်ဝန်းကျင်၌မဆို သူတို့သည် မြဲမြံစွာ ရပ်တည်နိုင်ကြလိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း၏ တစ်ခုတည်းသော စစ်မှန်သည့် နည်းလမ်းဖြစ်ပြီး ဤသည်မှာ ယခု သင့်ကိုတောင်းဆိုသောအရာ အတိအကျပင်ဖြစ်သည်။ ဘုရားသခင်၏အမှုမှာ လွန်စွာတန်ဖိုးရှိပြီး လူတို့၏ တန်ဖိုးထားခြင်းခံရရန် ထိုက်တန်ကြောင်း၊ ဘုရားသခင်သည် အလွန် မြတ်နိုးဖွယ်ဖြစ်ပြီး အလွန်ကြွယ်ဝကြောင်း သင်တွေ့မြင်သင့်သည်။ သူသည် စကားပြောနိုင်သည်သာမက၊ လူတို့ကိုလည်း တရားစီရင်နိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးများကို စစ်ဆေးနိုင်သည်၊ သူတို့အား ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည်၊ သူတို့အား ရယူနိုင်သည်၊ သိမ်းပိုက်နိုင်သည့်အပြင် စုံလင်စေနိုင်သည်။ သင်၏ အတွေ့အကြုံမှနေ၍ ဘုရားသခင်သည် အလွန်ချစ်မြတ်နိုးဖွယ်ကောင်းသည်ကို သင်မြင်လိမ့်မည်။ ထို့ကြောင့် ယခု ဘုရားသခင်ကို သင် အဘယ်မျှလောက် ချစ်သနည်း။ သင်သည် ဤအရာများကို သင်၏စိတ်နှလုံးထဲမှ အမှန်တကယ်ပြောနိုင်သလော။ သင်သည် ဤစကားလုံးများကို သင်၏စိတ်နှလုံး၏နက်ရှိုင်းသောနေရာမှ ဖော်ပြနိုင်ပါက၊ သင် သက်သေခံနိုင်လိမ့်မည်။ သင်၏အတွေ့အကြုံသည် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦး ဖြစ်နိုင်စွမ်းရှိပြီး အရည်အချင်း ပြည့်မီလိမ့်မည်။ အကယ်၍ သင်သည် သင်၏အတွေ့အကြုံထဲ၌ ဤအဆင့်ကို မရောက်ရှိပါက၊ သင်သည် လွန်စွာ အလှမ်းကွာနေဆဲဖြစ်လိမ့်မည်။ စစ်ဆေးခြင်းဖြစ်စဉ်တွင် လူတို့အနေဖြင့် အားနည်းချက်များ ပြသသည်မှာ ပုံမှန်ဖြစ်သော်လည်း၊ စစ်ဆေးခြင်းနောက်၌ သင်သည်- “ဘုရားသခင်သည် သူ၏အမှု၌ အလွန် ဉာဏ်ပညာရှိသည်တကား။” ဟု ပြောနိုင်သင့်သည်။ အကယ်၍ သင်သည် ဤစကားလုံးများအား လက်တွေ့ကျသောနားလည်မှု အမှန်တကယ် ရရှိနိုင်ပါက၊ ယင်းမှာ သင်မြတ်နိုးသည့်အရာ ဖြစ်လာပြီး သင်၏အတွေ့အကြုံသည် တန်ဖိုး ရှိလိမ့်သည်။

သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့် သရုပ်ဖော်ချက်တစ်ခု ဖြစ်လာနိုင်ခြင်းရှိမရှိနှင့် သင်သည် သူ၏အသုံးပြုခြင်းကိုခံရရန် သင့်တော်ခြင်းရှိမရှိ ဟူသည်တို့မှာ သင် ရှာဖွေသင့်သော အရာများပင်ဖြစ်သည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အမှုမည်မျှပြုခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ မြင်ခဲ့ပြီးပြီနည်း၊ သင် အဘယ်မျှ ထိတွေ့ခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ တွေ့ကြုံပြီး မြည်းစမ်း ခဲ့ပြီးပြီနည်း။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ခဲ့ပြီးပါစေ၊ ကိုင်တွယ်ဖြေရှင်း ခဲ့ပြီးပါစေ၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခဲ့ပြီးပါစေ သူ၏လုပ်ရပ်များနှင့် သူ၏အမှုတို့ကို သင့်အပေါ်တွင် လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘုရားသခင်အား ယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်အောင်အပြုခံရဖို့ ကြိုးစားအားထုတ်လိုသူ တစ်ဦးအနေဖြင့် သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံပေါ် အခြေခံ၍ ဘုရားသခင်၏ အမှုအတွက် သက်သေခံနိုင် သလော။ သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ သင်သည် သင်ကိုယ်တိုင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် အခြားသူများကို ထောက်ပံ့ပေးပြီး ဘုရားသခင်၏အမှုအတွက် သက်သေခံဖို့ သင့်အသက်တာတစ်ခုလုံးကို အသုံးခံနိုင်သလော။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံသောသူတစ်ဦး ဖြစ်သလော။ သင်၌ ဤပြင်းပြသောဆန္ဒ ရှိသလော။ အကယ်၍ သင်သည် သူ၏နာမတော်ကိုသာမက သူ၏အမှုကိုပင်လျှင် သက်သေခံနိုင်ပါက၊ ထို့ပြင် သင်သည် သူ၏လူတို့ကို သူတောင်းဆိုသော ပုံစံအတိုင်း အသက်ရှင်နေထိုင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် မည်သို့သက်သေခံသနည်း။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားခြင်းနှင့် တောင့်တခြင်း၊ သင်၏ စကားလုံးများဖြင့် သက်သေခံခြင်း၊ လူတို့အား သူ၏အမှုကို သိစေခြင်းနှင့် သူ၏လုပ်ဆောင်မှုများကို မြင်စေခြင်းတို့အားဖြင့် ပြုလုပ်ရသည်။ အကယ်၍ သင်သည် ဤအရာအားလုံးကို အမှန်တကယ် ကြိုးစားပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်အောင်ပြုပေးလိမ့်မည်။ အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏အလိုတော်ကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခု သင့်ကိုဒုက္ခခံရန်နှင့် စုံလင်ခြင်းကို ရှာဖွေရန် လှုံ့ဆော်သည့် အရာမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ သင်၏ လက်ရှိဒုက္ခခံရခြင်းမှာ အမှန်တကယ် ဘုရားသခင်ကိုချစ်ရန်နှင့် သူ့အတွက် သက်သေခံရန် အလို့ငှာ ဖြစ်သလော။ သို့မဟုတ် ယင်းမှာ ဇာတိပကတိနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများ အတွက်၊ သင်၏ အနာဂတ်တက်လမ်းများနှင့် ကံကြမ္မာအတွက် ဖြစ်သလော။ သင်၏ ရည်ရွယ်ချက်များ၊ အရင်းခံအကြောင်းများနှင့် သင် ရရှိအောင် အားထုတ်သည့် ပန်းတိုင်များအားလုံးကို ပြုပြင်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒအားဖြင့် ဦးဆောင်၍မရနိုင်ပေ။ အကယ်၍ လူတစ်ဦးသည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန်နှင့် တန်ခိုးဖြင့် စိုးစံရန်အတွက် စုံလင်ခြင်းကို ရှာဖွေပြီးသကာလ အခြားသူတစ်ဦးက ဘုရားသခင်ကို ကျေနပ်စေရန်၊ ဘုရားသခင်၏အမှုကို လက်တွေ့ကျကျ သက်သေခံရန်အတွက် စုံလင်ခြင်းကို အားထုတ်ပါက ဤအားထုတ်နည်းနှစ်မျိုးထဲမှ မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ အကယ်၍ သင်သည် ပထမအရာကို ရွေးချယ်ပါက သင်သည် ဘုရားသခင်၏ စံနှုန်းများနှင့် အလွန်ဝေးကွာနေဆဲဖြစ်မည်။ ငါ၏လုပ်ရပ်များကို စကြဝဠာတစ်ဝှမ်းလုံးတွင် ရှင်းလင်းစွာ သိရမည်ဖြစ်ပြီး ငါသည် စကြဝဠာထဲတွင် ရှင်ဘုရင်အဖြစ် အုပ်စိုးမည်ဟု ငါယခင်က ပြောခဲ့ပေသည်။ သို့သော်ငြားလည်း သင်တို့အား တာဝန်ပေးစေခိုင်းထားသည့်အရာမှာ ဘုရားသခင်၏အမှုကို သွား၍ သက်သေခံရန်ဖြစ်ကာ၊ ရှင်ဘုရင်များဖြစ်လာပြီး စကြဝဠာတစ်ခွင်လုံး၌ ပေါ်ထွန်းလာရန် မဟုတ်ပါ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စကြာဝဠာနှင့် မိုးကောင်းကင်အား ပြည့်စေလော့။ လူတိုင်းအား ယင်းတို့ကို မြင်စေပြီး ယင်းတို့ကို လက်ခံစေလော့။ ဤစကားလုံးများကို ဘုရားသခင် ကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဆိုခဲ့ခြင်း ဖြစ်ပြီး လူသားများ ပြုလုပ်သင့်သည့်အရာမှာ ဘုရားသခင်အတွက် သက်သေခံရန်ဖြစ်သည်။ ယခု သင်သည် ဘုရားသခင်အကြောင်းကို မည်မျှသိသနည်း။ ဘုရားသခင်အကြောင်းကို သင်သည် မည်မျှ သက်သေခံနိုင်သနည်း။ လူကို စုံလင်အောင်ပြုလုပ်ပေးသည့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏အလိုတော်ကို သင်နားလည်သည့်အခါ သူ၏အလိုတော်အပေါ် အရေးထားခြင်းကို သင်မည်သို့ပြသင့်သနည်း။ အကယ်၍ သင်သည် စုံလင်အောင်ပြုခြင်းခံလိုပြီး သင်အသက်ရှင်နေထိုင်သည့် အရာမှတစ်ဆင့် ဘုရားသခင်၏အမှုကို သက်သေခံလိုပါက၊ အကယ်၍ သင်၌ ဤလှုံ့ဆော်ပေးသော စွမ်းအားရှိပါက၊ မည်သည့်အရာမျှ မခက်ခဲလွန်းပေ။ လူတို့ ယခုလိုအပ်သည်မှာ ယုံကြည်မှုပင်ဖြစ်သည်။ အကယ်၍ သင်၌ ဤလှုံ့ဆော်ပေးသော စွမ်းအားရှိပါက အပျက်သဘော၊ မတုန်မလှုပ်ဖြစ်ခြင်း၊ ပျင်းရိခြင်းနှင့် ဇာတိအယူအဆများ၊ အသက်ရှင်သန်ရေးဆိုင်ရာ အတွေးအခေါ်များ၊ ဆန့်ကျင်ပုန်ကန်တတ်သော စိတ်သဘောထား၊ စိတ်ခံစားချက်များ အစရှိသည့် မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် လွယ်ကူပါသည်။

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားဘိ၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။

ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး “ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏အလိုတော်ကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။