လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄) (အပိုင်း နှစ်)

နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်သော အပြောင်းအလဲများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ ဆက်လက်ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ဖောက်ပြန်ပျက်စီးနေသော စာတန် စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်မှုမှာ သူ့တွင် မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသည်၊ သို့သော်လည်း လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် ထိုသဘာဝမှာ သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏အပြစ်များသည် အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း၊ လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး အသွင်သဏ္ဌာန်ပြောင်းလဲပစ်ရန်ဟူသည့် ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဖောက်ပြန် ပျက်စီးသော စာတန်စိတ်သဘောထား အဟောင်းတွင် ဆက်လက် နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝစွန့်ပစ်ရန်နှင့် မည်သည့်အခါမျှ ပြန်လည်မပေါ်ပေါက်စေရန်အတွက် လူကို ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည်ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲ စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး၊ သူပြုသမျှသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်စေရန်၊ သူ၏ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက်လွန်မြောက်ရန်လည်း ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။ ယေရှုသည် သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏သူ့အပေါ် သိနားလည်မှုသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားအနေဖြင့် သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် ယုံကြည်ခဲ့ကြပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနှုတ်ခဲ့သော ကောင်းမြတ်သည့် အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သည် သူတို့၏ ယုံကြည်ခြင်းခွန်အားအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းခဲ့ကြသည်၊ မျက်စိမမြင်သူ မြင်နိုင်ခဲ့ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးနေသည့် စာတန် စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့၊ ယင်းကို မည်သို့ဖယ်ထုတ်ရမည်ကိုလည်း သူမသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိခြင်း၊ နာမကျန်းမှုများကို ပျောက်ကင်းစေခြင်း စသဖြင့်ဖြစ်သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး နေထိုင်နိုင်ပါက သူ့ကို လက်သင့်ခံနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသို့သော ယုံကြည်သူများ သာလျှင် သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်၊ သူတို့ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုသည်။ သို့ရာတွင် သူတို့ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့ပြုခဲ့သမျှမှာ အပြစ်များကို ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ အပြစ်ဝန်ခံခြင်းကို အစဉ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းသာဖြစ်သည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခဲ့ပြီလော။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးနောက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို လူအား ပေးအပ်သည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အသီးအပွင့်များ ဖြစ်ထွန်းမည် မဟုတ်၊ သို့မဟုတ် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့် နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေ၏၊ လူသည် အပြစ်ပြုနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ထို့ပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေးပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၍ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့ကျင့်သုံး စေခြင်းဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမိုအဓိပ္ပာယ်ရှိပြီး အသီးအပွင့်လည်း ပိုမိုဖြစ်ထွန်းသည်၊ အကြောင်းမှာ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးသည့်အရာနှင့် လူ၏ စိတ်သဘောထားကို လုံးဝအသစ်ပြုပြင်စေရန် လုပ်နိုင်စွမ်း ရှိသောအရာမှာ နှုတ်ကပတ်တော်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကိုခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့ပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သော စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝပြီးဆုံးစေသည်။

ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်း အားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့် သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနှုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနှုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်း ခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေ ရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက်တွင် ကျေးဇူးတော်ခေတ်၏ အစနှင့်အတူ ဘုရားသခင်သည် ကယ်တင်ခြင်း အလုပ်ကို စတင်ခဲ့သည်၊ ထိုအလုပ်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ပုန်ကန်မှုအတွက် သူတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေမည့်အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက်တည်ရှိသည်။ ထိုအခါမှသာလျှင် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အလုပ်ကို အဆုံးသတ်ပြီး အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ်အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူသားတို့ကြားတွင် သူ၏အလုပ်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အလုပ်အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို သူတို့၏အသက်တာများ၌ လမ်းပြရန်ဖြစ်ပြီး ကျန်နှစ်ဆင့်တွင်မူ ကယ်တင်ခြင်းအလုပ် ပါဝင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူသားနှင့်အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ကာ သာမန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် သူတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းကို သူထောက်ပံ့ပေးနိုင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအားဖြင့် လူသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်ပြီး သူ၏ဆုတောင်းခြင်းများ အဖြေပေးခံရသည့်အနေဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိပကတိဖြစ်သည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့်ဖြစ်ပေသည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံနိုင်သည့်အရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကိုသာဖြစ်ပြီး ဤနည်းအားဖြင့် သာလျှင် လူသားသည် နည်းလမ်းများအားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူသားကို အလုံးစုံ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိတွင်ရှိသော ဘုရားသခင်၏အလုပ်တစ်ရပ်လုံးသည် အဆုံးပိုင်းသို့ ရောက်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ဆိုင်သော အရေးပါမှုသည် ပြည့်စုံသွားလိမ့်မည်။ ထို့နောက်တွင်မူ လူ့ဇာတိထဲရှိ ဘုရားသခင်၏အလုပ်သည် အလုံးစုံ အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းပြီးနောက်တွင် သူသည် သူ၏အလုပ်အတွက် လူ့ဇာတိကို တတိယအကြိမ်ခံယူမည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှုတစ်ရပ်လုံးသည် အဆုံးသတ်ပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူခြင်းသည် သူရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူအားလုံးတို့သည် သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအလုပ်ကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့ မည်သည့်အလုပ်ကို လုပ်ဆောင်ရန် အတွက်မျှ လူ့ဇာတိထံသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်မှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ဟထားသည့်အခါ သင်သည် အလိုအလျောက် ယင်းတို့ကို တွေ့ရှိလာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်ဘဲ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ယင်းသည် ယနေ့ကာလ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်း အားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော်လည်း လူသား၏ ဇာတိပကတိသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှု အားဖြင့် သန့်စင်စေခြင်းခံရသည့် အခါမှသာလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်းခံရသော လူတစ်ဦး ဖြစ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနှုတ်ခြင်းခံရသည့်အခါ၊ ယင်းမှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တစ်ဖန်ပြန်လာခြင်းကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်းနှင့် ပြောင်းလဲစေခြင်းကို မခံရသေးလျှင် လူသည် ဖောက်ပြန်ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိနေသည်၊ လူသည် ရွေးနှုတ်ခြင်း မှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သည်၊ သို့သော် လူ၌ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာမရှိဘဲ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်း အားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်း စင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်း မှတစ်ဆင့် လူ၏ စိတ်နှလုံးအတွင်းရှိ မသန့်ရှင်းခြင်း အားလုံး၊ အယူအဆများ၊ ရည်ရွယ်ချက်များနှင့် တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများ နှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။ ဥပမာအားဖြင့် လူများသည် သူတို့သည် မောဘမှ ဆင်းသက်သူများ ဖြစ်ကြောင်း သိသည့်အခါ သူတို့သည် စောဒကတက်သည့် စကားလုံးများ ကို ပြောကြားကြသည်၊ အသက်ကို ရှာဖွေခြင်း မရှိတော့ပဲ လုံးလုံးလျားလျားပင်အပျက်သဘောဆောင်လာကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် အပြည့်အဝ ဆက်ကပ်အပ်နှံနိုင်စွမ်း မရှိဆဲ ဖြစ်နေသည်ကို ပြသမနေဘူးလား။ ယင်းမှာ ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အတိအကျပင် မဟုတ်ပါလား။ သင်သည် ပြစ်တင်ဆုံးမခြင်းကို မခံရသည့်အခါ သင်၏ လက်များသည် အခြားသူများထက် သာ၍ မြင့်အောင် မြှင့်ထားသည်၊ ယေရှုထက်ပင် မြင့်သေးသည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် အော်သည်။ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အနီးဆုံးသူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ဆက်ကပ်အပ်နှံမည့်အစား အသေခံလိုပါသည်။ ဟောင်းနွမ်းနေသော စာတန်ကို တော်လှန်ကြ၊ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို သြဇာအာဏာမှ လုံးဝ ကျဆင်းအောင် လုပ်ကြစို့။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”။ သင်၏ အော်ဟစ်မှုသည် အခြားသူများထက်ပိုမို ကျယ် လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမသည့် အချိန်ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခြင်းခံရသည်။ ထို့နောက် သူတို့၏ အော်ဟစ်မှုလည်း အဆုံးသတ်သွားခဲ့ပြီး သူတို့တွင် စိတ်ပိုင်းဖြတ်မှုလည်း မရှိတော့ပေ။ ယင်းမှာ လူ၏ ယိုယွင်းပျက်စီးမှု ဖြစ်သည်။ ယင်းသည် အပြစ်ထက်ပို၍ နက်ရှိုင်းသည်၊ စာတန်က စိုက်ထူထားခြင်းဖြစ်ပြီး လူအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် အတိတ်က ယင်းကို အော်ဟစ်ခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် သူ၏ မူလ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိ သောကြောင့် ဖြစ်သည်။ ယင်းတို့မှာ လူ့အတွင်း၌ရှိသော မသန့်ရှင်းခြင်းများ ဖြစ်သည်။ ကာလရှည်ကြာသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်လျှောက်လုံးတွင် လူသည် တင်းမာမှုရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့သည်။ ယင်းတို့အားလုံး နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်လော။ အစေခံသူများ၏ စစ်ဆေးမှုက မတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်သော အသံဖြင့် မအော်ဟစ် ခဲ့ဘူးလား။ “နိုင်ငံတော်သို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်တွင် ပါဝင်ကြလိမ့်မည်။” အစေခံသူများ၏ စစ်ဆေးမှု ရောက်သောအခါ သင်သည် မအော်ဟစ်တော့။ ပထမတွင် အားလုံးသည် “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ပင် ထားထား၊ ကျွန်ုပ်သည် ကိုယ်တော် ပို့ဆောင်ရာသို့ ဆက်ကပ်ပါမည်” ဟု ဟစ်အော်ခဲ့ကြသည်။ “မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ လူက “ကျွန်ုပ် ဖြစ်လိုသည်”ဟု ပြောသည်။ ထို့နောက် သူသည် “သို့လျှင် ယောဘ၏ ယုံကြည်ခြင်းကား မည်သည်နည်း” ဟူသော နှုတ်ကပတ်တော်များကို တွေ့သည်။ ထို့ကြောင့် သူက “ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို ယူဆောင်လိုသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ” ဟုပြောသည်။ အစေခံသူများ၏ စစ်ဆေးမှုလာသည့်အခါ သူသည် ချက်ချင်း လဲပြိုသွားပြီး နောက်တစ်ကြိမ် ပြန်ရပ်နိုင်ခြင်း မရှိသည့်နီးပါး ဖြစ်သည်။ ထို့နောက်တွင် လူ၏ စိတ်နှလုံးတွင်ရှိသော မသန့်ရှင်းမှု များသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ယင်းကို နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့သည် မဟုတ်လော။ ထို့ကြောင့် မျက်မှောက်တွင် သင်တို့ တွေ့ကြုံခဲ့ရသော အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်ပြီး ယင်းတို့သည် ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများ လုပ်ဆောင်မှုမှ တစ်ဆင့် ရရှိသော အရာများထက် ကြီးမားသည်။ ဘုရားသခင်၏ ဘုန်းနှင့် သင်တွေ့မြင်ရသော ဘုရားသခင် ကိုယ်တိုင်၏ အခွင့်အာဏာတို့သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းတို့မှ တစ်ဆင့် မြင်တွေ့ရသည်သာ မဟုတ်ဘဲ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းမှ တစ်ဆင့်လည်း ပိုမိုသိရှိပေသည်။ ယင်းသည် နိမိတ်လက္ခဏာများ ပြသခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးတို့သာမက နှုတ်ကပတ်တော် အားဖြင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုပြီး သူ၏ အနန္တ တန်ခိုးတို့ကို ကိုယ်စားပြုကြောင်း သင့်ကို ပြသနေသည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာတွင် “၏ စမ်းဆေးမှု” ဟူသော စကားရပ်မပါရှိပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။