မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည် (အပိုင်း တစ်)

လူများစွာတို့သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှသာဖြစ်စေ၊ သုံးနှစ်မှ ငါးနှစ်မျှသာဖြစ်စေ တာဝန်များကို ထမ်းဆောင်ပြီးနောက်တွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရသည်။ ဤအရာ၏ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ထိုလူများတွင် အရင်းခံအားဖြင့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြသည့်အပြင် လူ့သဘာဝ ကင်းမဲ့သောကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြရုံသာမက အနှောင့်အယှက်နှင့် အဖျက်အမှောင့်များကိုလည်း ဖြစ်စေကြသည်။ ထို့အပြင် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကြသည်။ ၎င်းတို့နှင့် သမ္မာတရားအကြောင်း မည်မျှမိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် မည်သည့်အခါမျှ နားမထောင်ကြသည့်အပြင် ပြုပြင်ခြင်းခံရသည့်အခါတွင် ၎င်းတို့သည် အလျှော့ပေးခြင်း မရှိဘဲ အာခံကြသည်။ နောက်ဆုံးတွင်မူ ၎င်းတို့ကို ရှင်းထုတ်၍ ဖယ်ရှားရှင်းလင်းရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ဤအရာက မည်သည့်ပြဿနာကို ဖော်ပြသနည်း။ တာဝန်များကို ထမ်းဆောင်ဖို့အတွက် လူများသည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ရမည်။ ဤအရာတို့ မရှိဘဲ ခိုင်မာစွာ ရပ်တည်နေနိုင်ဖို့ ၎င်းတို့အတွက် ခဲယဉ်းလိမ့်မည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသောသူအားလုံးတွင် လူ့သဘာဝ မရှိကြသကဲ့သို့ သမ္မာတရားကို လက်မခံနိုင်ကြချေ။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ကို မကယ်တင်နိုင်ပေ။ ထို့အပြင် ၎င်းတို့သည် အလုပ်လုပ်ပေးလျှင်ပင် စံနှုန်းပြည့်မီအောင် လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင် ရှင်းလင်းပြတ်သားစွာ မြင်ရမည့် ပြဿနာတစ်ခုဖြစ်သည်။ အနာဂတ်တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့်လူများ၊ ဆိုလိုသည်မှာ လူ့သဘာဝမရှိသောလူများကို သင်ကြုံတွေ့ရသောအခါ သင်သည် ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းထုတ်ပစ်ရမည်။

လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်တာဝန်ကိုမျှ ခံယူမှုမရှိပေ။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့က ပြဿနာကို မြင်နိုင်သော်လည်း ဖြေရှင်းချက်ရှာရန် မလိုလားကြသကဲ့သို့ လူများကို စော်ကားမိမည်ကို စိုးကြသည်။ ထို့ကြောင့် အမှုအရာများကို အလျင်စလိုသာ ပြုလုပ်ပြီး ရလဒ်အနေဖြင့် အလုပ်ကို ပြန်လုပ်ရသည်။ ဤတာဝန်ကို သင်ထမ်းဆောင်နေသည့်အတွက်၊ ထိုအရာအတွက် သင်တာဝန်ယူသင့်သည်။ အဘယ်ကြောင့် အလေးအနက်မထားသနည်း။ အဘယ်ကြောင့် ဝတ်ကျေတမ်းကျေ ဖြစ်သနည်း။ သင်၏ တာဝန်ကို ဤနည်းဖြင့်ထမ်းဆောင်သောအခါ သင်၏ တာဝန်များတွင် ပေါ့လျော့သလော။ အဓိကတာဝန်ကို မည်သူက ခံယူသည်ဖြစ်စေ အခြားလူတိုင်းက အမှုအရာများကို စောင့်ကြည့်ရန် တာဝန်ရှိသည်။ လူတိုင်းက ဤဝန်ထုပ်ဝန်ပိုးနှင့် တာဝန်သိစိတ်ရှိရမည်။ သို့သော် သင်တို့အထဲမှ မည်သူကမျှ အရေးမထားပေ။ အမှန်တကယ်ပင် ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ သစ္စာစောင့်သိခြင်းမရှိပေ။ သင်တို့သည် သင်တို့တာဝန်များတွင် ပေါ့လျော့သည်။ သင်တို့သည် ပြဿနာကို မမြင်နိုင်ခြင်းမဟုတ်ဘဲ တာဝန်ခံဖို့ မလိုလားခြင်းဖြစ်သကဲ့သို့ ပြဿနာကို မြင်သောအခါ ဤကိစ္စကို မည်သို့မျှ အရေးမစိုက်လိုခြင်းဖြစ်သည်။ “ကောင်းနေပြီ” ဟူ၍ သင်က ထားလိုက်တော့သည်။ ဤသို့ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို လှည့်စားဖို့ ကြိုးပမ်းခြင်း မဟုတ်သလော။ ငါသည် အလုပ်လုပ်ပြီး သင်တို့ထံ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသောအခါတွင် ငါသည် “ကောင်းနေပြီ” ဟူသည်ကို လက်သင့်ခံဖွယ်ဖြစ်သည်ဟု ခံစားရလျှင် သင်တို့တစ်ဦးချင်းစီ၏ အစွမ်းအစ၊ လိုက်စားမှုများအတွက် သင့်တော်သည်နှင့်အမျှ ထိုအရာမှ မည်သည့်အရာကို သင်တို့ရရှိနိုင်မည်နည်း။ ငါသည် သင်တို့ကဲ့သို့ တူညီသော သဘောထားရှိလျှင် မည်သည့်အရာကိုမျှ သင်တို့ ရရှိနိုင်မည် မဟုတ်ပေ။ ဤအရာကို ငါအဘယ်ကြောင့် ပြောရသနည်း။ တစ်ပိုင်းမှာ သင်တို့သည် မည်သည့်အရာကိုမျှ စိတ်ပါလက်ပါ မလုပ်ဆောင်ဘဲ နောက်တစ်ပိုင်းမှာ သင်တို့သည် အစွမ်းအစ အလွန်ညံ့ဖျင်းကာ အတော်အတန် ထုံထိုင်းကြ၍ ဖြစ်သည်။ အကြောင်းမှာ သင်တို့အားလုံး ထုံထိုင်းပြီး သမ္မာတရားအတွက် ချစ်ခြင်းမရှိဘဲ သင်တို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့်တကွ သမ္မာတရားကို လိုက်စားခြင်းလည်း မရှိသည်ကို ငါမြင်သောကြောင့် ငါသည် အသေးစိတ် ပြောရမည်ဖြစ်သည်။ ငါသည် ငါ၏ စကားထဲတွင် အရာအားလုံးကို နားရှင်းအောင်ပြောကာ ဂဃနဏ ခွဲခြမ်းစိတ်ဖြာပြီး တစ်ပိုင်းတစ်စစီ ပြောရမည်ဖြစ်သည်။ ပြီးလျှင် အမှုကိစ္စများကို ရှုထောင့်တိုင်းမှနေ၍ ဘက်ပေါင်းစုံမှ ငါ ပြောရမည်ဖြစ်သည်။ ထိုမှသာလျှင် သင်တို့ အနည်းငယ် နားလည်ပေသည်။ သင်တို့ကို ငါဝတ်ကျေတမ်းကျေပြုကာ သေချာမတွေးသလို မကြိုးစားဘဲ စိတ်မပါ့တပါဖြင့် ငါစိတ်ပါသည့်အချိန်တိုင်း မည်သည့်အကြောင်းအရာကိုမဆို အနည်းငယ်ပြောဆိုကာ စိတ်မပါသည့်အချိန်တွင် စကားမပြောလျှင် သင်တို့ မည်သည့်အရာကို ရနိုင်မည်နည်း။ သင်တို့ကဲ့သို့ အစွမ်းအစဖြင့် သင်တို့သည် သမ္မာတရားကို နားလည်မည်မဟုတ်။ ကယ်တင်ခြင်းကို ရရှိဖို့မဆိုထားနှင့် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ချေ။ သို့ရာတွင် ထိုအရာကို ငါမပြုလုပ်နိုင်ပေ။ ထိုအစား အသေးစိတ် စကားပြောရမည်။ ငါ အသေးစိတ် ဆွေးနွေးပြီး လူအမျိုးအစားတစ်ခုစီတိုင်း၏ အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သမ္မာတရားအပေါ် လူများက ထားရှိသော သဘောထားနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစား တစ်ခုစီတိုင်းနှင့်စပ်လျဉ်း၍လည်းကောင်း ဥပမာများပေးရမည် ဖြစ်သည်။ ထိုအခါမှသာ ငါပြောနေသည့်အရာကို သင်တို့ နားလည်သဘောပေါက်လိမ့်မည်ဖြစ်ပြီး ကြားသည့်အရာကို သင် နားလည်လိမ့်မည်။ သမ္မာတရား၏ မည်သည့်ကဏ္ဍကို မိတ်သဟာယပြုသည်ဖြစ်စေ ငါသည် အမျိုးမျိုးသောနည်းလမ်းများဖြင့် စကားပြောသည်။ လူကြီးများအတွက်၊ ကလေးများအတွက် မိတ်သဟာယပုံစံများဖြင့် ပြောသည်။ သီအိုရီနှင့် ကျင့်သုံးမှုကို အသုံးပြုလျက်၊ အတွေ့အကြုံများကို ပြောဆိုလျက်ဖြင့် သဘောတရားနှင့် ပုံပြင်များပုံစံဖြင့်လည်း ပြောသည်။ သမ္မာတရားကို လူတို့နားလည်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။ ဤနည်းဖြင့် အစွမ်းအစရှိပြီး စိတ်နှလုံး ပိုင်ဆိုင်သူတို့သည် သမ္မာတရားကို နားလည်လက်ခံပြီး ကယ်တင်ခြင်းခံရရန် အခွင့်အရေး ရှိလိမ့်မည်။ သို့သော် သင်တို့၏တာဝန်အပေါ် သင်တို့၏ သဘောထားသည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်သည်။ အချိန်ဆွဲနေသည့် သဘောထားဖြစ်သည်။ ပြီးလျှင် သင့်ကြောင့် မည်မျှနှောင့်နှေးသွားသည်ကို သင်သည် အရေးမထားပေ။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေရမည်နှင့်ပတ်သက်ပြီး ဆင်ခြင်သုံးသပ်ခြင်းမရှိ။ ဘုရားသခင်ကို သက်သေခံနိုင်ရန်အတွက် သင်၏ တာဝန်ကို မည်သို့မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မစဉ်းစားပေ။ ဤသည်မှာ သင်၏ တာဝန်ကို လျစ်လျူရှုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၏ အသက်တာအလွန်ဖြည်းညှင်းစွာ ကြီးထွားသော်လည်း သင်မည်မျှ အချိန်ဖြုန်းခဲ့သည်နှင့်ပတ်သက်ပြီး အရေးမထားပေ။ အမှန်တကယ်တွင် သင်၏ တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိတတ်စွာ ထမ်းဆောင်လျှင် သင်၏ အတွေ့အကြုံများကိုပြောပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ဖို့ ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်ပင်ကြာမည် မဟုတ်ဘဲ အမျိုးမျိုးသော အလုပ်များသည် အလွန်ကောင်းသော ရလဒ်များရရှိသည့်အဖြစ်သို့ ဆောင်ရွက်ခြင်းခံရလိမ့်မည်။ သို့သော် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားဖို့ မလိုလားသကဲ့သို့ သမ္မာတရားကိုလည်း အားထုတ်ခြင်း မရှိပေ။ မည်သို့ပြုလုပ်ရမည်ကို သင်တို့မသိသည့် အရာအချို့ရှိသည်။ ထို့ကြောင့် ညွှန်ကြားချက်အတိအကျကို သင်တို့ကို ငါပေးသည်။ သင်တို့က စဉ်းစားရန်မလိုပေ။ နားထောင်ပြီး ထိုအရာနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်ရန်သာ လိုသည်။ ယင်းမှာ သင်ခံယူရမည့် အနည်းငယ်သော တာဝန်သာဖြစ်သည်။ သို့သော် ယင်းသည်ပင်လျှင် သင်တို့ မလုပ်နိုင်ပေ။ သင်တို့၏ သစ္စာစောင့်သိမှုသည် မည်သည့်နေရာတွင်ရှိသနည်း။ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သင်တို့လုပ်သမျှမှာ ကြား၍ကောင်းသောအရာများကို ပြောခြင်းသာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို လုပ်သင့်သည်ကို သိသည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း ဖြစ်သည်။ အခြေခံအရင်းအမြစ်တွင် ယင်းသည် သမ္မာတရားကို ချစ်ခြင်းကင်းမဲ့ခြင်းဖြစ်သည်။ သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သင်တို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝကောင်းစွာ သိသည်။ လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ယင်းကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသူ လုံးဝ မဟုတ်ပေ။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခုထမ်းဆောင်ရန် သင် အနည်းဆုံး လုပ်ဆောင်ရမည့်အရာမှာ သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို မည်သည့်နေရာတွင် သင် လုပ်ဆောင်နိုင်သနည်း။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမျှ သင် လက်တွေ့မလုပ်ဆောင်လျှင် သင်က မယုံကြည်သူတစ်ယောက် ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်။ သမ္မာတရားကို လက်မခံဘဲ ဘုရားအိမ်တော်တွင် ကြုံရာကျပန်းသာပြုလုပ်နေလျှင် သင်၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အိမ်တော်ကို သင်အငြိမ်းစားယူသည့်အိမ်၊ သို့မဟုတ် အလှူဂေဟာတစ်ခုအဖြစ် ပြုလုပ်လိုသလော။ ဤသို့ဆိုလျှင် သင်သည် မှားယွင်းနေပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကပ်ပါးရပ်ပါးများကို၊ အပျင်းခိုသူများကို မစောင့်ရှောက်ပေ။ ညံ့ဖျင်းသော လူ့သဘာဝရှိသူ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိသူ၊ တာဝန်ထမ်းဆောင်ရန် မသင့်တော်သူမည်သူမဆို အားလုံး ရှင်းလင်းခြင်းခံရမည်။ သမ္မာတရားကို လုံးဝ လက်မခံသည့် မယုံကြည်သူအားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ပြဿနာတစ်ခုကို မြင်သောအခါ မဖြေရှင်းသကဲ့သို့၊ ယင်းသည် ၎င်းတို့၏ တာဝန်ဖြစ်သည်ကို သိသော်ငြားလည်း အစွမ်းကုန် မလုပ်ဆောင်ပေ။ သင်စွမ်းဆောင်နိုင်သော တာဝန်များကိုပင် မဆောင်ရွက်လျှင် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းတွင် မည်သည့်တန်ဖိုး၊ သို့မဟုတ် မည်သည့်သက်ရောက်မှု ရှိနိုင်သနည်း။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်ရှိသလော။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သော၊ ခံယူသင့်သော အခက်အခဲများကို မခံနိုင်သောသူ၊ ထိုသို့သောသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ တာဝန်ထမ်းဆောင်သောသူအချို့သည် အမှန်တကယ်ပင် အစာစားရန်အတွက်သာ တာဝန်ထမ်းဆောင်ကြသည်။ ၎င်းတို့သည် သူတောင်းစားများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်အနည်းငယ်လုပ်လျှင် နေစရာ၊ စားစရာ စားရိတ်ငြိမ်းလိမ့်မည်၊ အလုပ်ရှာရန်မလိုအပ်ဘဲ ထောက်ပံ့ခံရလိမ့်မည်ဟု ထင်ကြသည်။ ဤသို့သော အပေးအယူမျိုးရှိသလော။ ဘုရားအိမ်တော်သည် ငပျင်းများကို မပံ့ပိုးပေ။ သမ္မာတရားကို အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်သော၊ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသောမည်သူမဆိုက ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုလျှင် ဘုရားသခင်က ၎င်းတို့အား အသိအမှတ်ပြုမည်လော။ ဤသို့သောသူအားလုံးသည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင် မြင်သည့်အတိုင်း မကောင်းမှုပြုသူများဖြစ်သည်။

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူတို့သည် ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များနှင့် နစ်နာဆုံးရှုံးမှုများကို တွက်ချက်မနေဘဲ ၎င်းတို့၏ တာဝန်များကို တလိုတလား ထမ်းဆောင်ကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ သင်၏ အသိတရားနှင့် အသိစိတ်ကို အားထားပြီး အမှန်တကယ် အားထုတ်ရမည်။ အမှန်တကယ် အားထုတ်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ အလုပ်ဖြစ်ရုံမျှသာရှိသော အားစိုက်မှုအချို့ကို လုပ်ဆောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ အနည်းငယ်ခံစားခြင်းမျှဖြင့်သာ ကျေနပ်ပြီး သင်၏တာဝန်ကို လုံးဝ အလေးအနက်မထားလျှင်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေလျှင် ဤသည်မှာ ဝတ်ကျေတမ်းကျေပြုခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် အားစိုက်ထုတ်ခြင်းမဟုတ်ပေ။ အားစိုက်ထုတ်ရာတွင် အဓိကသော့ချက်သည် မိမိ၏စိတ်နှလုံးကို နှစ်မြှုပ်လုပ်ဆောင်ခြင်း၊ မိမိစိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားခြင်း၊ ဘုရားသခင်အား ပုန်ကန်ပြီး စိတ်ဆင်းရဲအောင် လုပ်မိမည်ကို ကြောက်လန့်ခြင်း၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံခြင်းတို့ဖြစ်သည်။ သင့်တွင် ဤနည်းဖြင့် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုရှိလျှင် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိလျှင် သင်၏တာဝန်ကိုထမ်းဆောင်သောအခါ ဝန်တာထားစိတ် ရှိမည်မဟုတ်ပေ။ စိတ်ဝင်စားမှု ရှိမည်မဟုတ်ပေ။ မလွဲမသွေပင် ဝတ်ကျေတမ်းကျေပြုလိမ့်မည်။ မည်သည့် စစ်မှန်သောအကျိုးမျှ မဖြစ်ထွန်းဘဲ အပေါ်ယံသာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ သင့်တွင် အမှန်တကယ်ပင် ဝန်တာထားစိတ်ရှိလျှင် သင်၏တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ တစ်ကိုယ်ရေတာဝန်ဖြစ်ကာ၊ တာဝန်မထမ်းဆောင်လျှင်၊ သင်သည် အသက်ရှင်ရန် မထိုက်တန်ဘဲ သားရဲတစ်ကောင် ဖြစ်သည်ဟူ၍လည်းကောင်း၊ သင်၏တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်မှသာ လူသားဟု ခေါ်ဆိုထိုက်သည်ဟူ၍လည်းကောင်း၊ သင်၏ ကိုယ်ပိုင်အသိတရားကို ရင်ဆိုင်နိုင်သည်ဟူ၍လည်းကောင်း ခံစားရလျှင်၊ သင့်တာဝန်ကိုထမ်းဆောင်ရာတွင် ဤတာဝန်ခံယူစိတ်ရှိလျှင် သင်သည် အရာရာတိုင်းကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။ အကယ်၍ သင့်အား ဘုရားသခင်ပေးအပ်သည့် တာဝန်နှင့် သင်ထိုက်တန်လျှင်၊ သင့်အတွက် ဘုရားသခင်အနစ်နာခံ စွန့်လွှတ်ခဲ့သော အရာအားလုံးနှင့်လည်းကောင်း၊ သင့်အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့်လည်းကောင်း သင်ထိုက်တန်လျှင် ဤသည်မှာ အမှန်တကယ် အားထုတ်ခြင်းဖြစ်သည်။ ယခုတွင် သင် နားလည်သလော။ သင်သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေပြီး ရလဒ်များ စွမ်းဆောင်ရရှိဖို့ လုံးဝ မကြိုးစားပါက သင်သည် သူတော်ကောင်းအယောင်ဆောင်တစ်ဦး၊ သိုးရေခြုံသော ဝံပုလွေတစ်ကောင်ဖြစ်သည်။ လူတို့ကို သင် လှည့်စားကောင်း လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို လိမ်လည်လှည့်စား နိုင်မည်မဟုတ်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စစ်မှန်သည့် အဖိုးအခနှင့် သစ္စာစောင့်သိမှုမရှိပါက စံမမီပေ။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အမှန်တကယ် အားစိုက်ထုတ်ခြင်းမရှိလျှင်၊ သင်သည် ဘာသာတရားမရှိသူတစ်ယောက်က သူ၏ အထက်လူကြီးအတွက် အလုပ်လုပ်နေသကဲ့သို့ သင်၏ လုပ်ဆောင်မှုများတွင် အစဉ်သဖြင့် ဟန်ဆောင်လုပ်ပြချင်ပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်ချင်လျှင်၊ ဖြစ်ရုံသာ အားစိုက်ပြီး သင်၏ စိတ်ကို အသုံးမပြုလျှင်၊ တစ်ရက်ပြီး တစ်ရက် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားလျှင်၊ ပြဿနာများကိုမြင်သောအခါ မတင်ပြလျှင်၊ ဖိတ်စင်သည်ကိုမြင်သော်လည်း မသန့်ရှင်းလျှင်၊ သင်၏ ကိုယ်ပိုင်အကျိုးအတွက်မဟုတ်သည့် အရာရာတိုင်းကို လက်လွှတ်စပယ် ဖယ်ထုတ်နေလျှင် ဤသည်မှာ ပြဿနာမဟုတ်လော။ ဤသို့သောသူတစ်ယောက်သည် ဘုရားအိမ်တော်၏ အသင်းသားတစ်ဦး မည်သို့ ဖြစ်နိုင်သနည်း။ ဤသို့သောသူတို့သည် ဘာသာတရားမရှိသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မခံရပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် သင်သည် စစ်မှန်ခြင်းရှိမရှိနှင့် အားစိုက်ထုတ်ခြင်း ရှိမရှိကို ဘုရားသခင်က မှတ်သားထားပြီး သင်သည်လည်း ကောင်းစွာ အပြည့်အဝ သိရှိပေသည်။ ထို့ကြောင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့ သင်တို့သည် အမှန်တကယ် အားစိုက်ထုတ်ဖူးသလော။ ယင်းကို အလေးအနက် သင်ခံယူဖူးပါသလော။ ယင်းကို သင်၏ တာဝန်၊ ဝတ္တရားကဲ့သို့ သဘောထားဖူးပါသလော။ ယင်းအပေါ် သင် တာဝန်ခံယူဖူးပါသလော။ သင်သည် ဤကိစ္စရပ်များကို မှန်မှန်ကန်ကန် သုံးသပ်ပြီး သိရမည်။ ယင်းက သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် တည်ရှိသည့် ပြဿနာများကို ကိုင်တွယ်ဖို့ လွယ်ကူစေမည်ဖြစ်ပြီး သင်၏ အသက်ဝင်ရောက်မှုကို အကျိုးပြုလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သင်သည် အမြဲ တာဝန်မဲ့နေပြီး ပြဿနာများကို သင် ရှာတွေ့ချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များထံ အကြောင်းမကြားသကဲ့သို့ “ဒုက္ခနည်းလေ ကောင်းလေ”ဟု အမြဲ တွေးထင်ရင်း လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များဖြင့် အမြဲ အသက်ရှင်ရင်း သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် အမြဲ ဝတ်ကျေတမ်းကျေဖြစ်လျက် သစ္စာစောင့်သိမှု လုံးဝ မရှိသကဲ့သို့ ပြုပြင်ခံရ‌ချိန်တွင် သမ္မာတရားကို လုံးဝ လက်ခံခြင်းမရှိဘဲ ယင်းတို့ကို မိမိဘာသာ ဖြေရှင်းဖို့ သမ္မာတရား မရှာဖွေပါက၊ သင်၏ တာဝန်ကို ဤနည်းဖြင့် သင် ထမ်းဆောင်ပါက သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် အလုပ်လုပ်ပေးသူများထဲမှ တစ်ဦးဖြစ်သည်။ အလုပ်လုပ်ပေးသူများသည် ဘုရားအိမ်တော်သားများ မဟုတ်ဘဲ ဝန်ထမ်းများ၊ ငှားရမ်းထားသော အလုပ်သမားများဖြစ်သည်။ အလုပ်ပြီးဆုံးသည့်အခါ ၎င်းတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည် ဖြစ်ပြီး ဘေးဒုက္ခထဲသို့ အလိုအလျောက် ကျရောက်လိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်၏ လူများက ကွဲပြားခြားနားသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ငွေကြေး၊ အားစိုက်ထုတ်မှု၊ သို့မဟုတ် ကောင်းချီးများရရှိဖို့အတွက် မဟုတ်ပေ။ ၎င်းတို့က “ငါက ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ ဘုရားအိမ်တော်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေက ငါနဲ့ သက်ဆိုင်တယ်။ ဘုရားအိမ်တော်ရဲ့ ကိစ္စတွေက ငါ့ရဲ့ ကိစ္စတွေပဲ။ ဘုရားအိမ်တော်မှာ ငါ စိတ်နှစ်ထားသင့်တယ်” ဟူ၍ တွေးကြသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သော ကိစ္စတိုင်းကို စိတ်နှစ်လုပ်ဆောင်ကြပြီး ထိုအရာအတွက် တာဝန်ယူကြသည်။ ၎င်းတို့ စဉ်းစားပြီး မြင်နိုင်သမျှအရာရာတိုင်းအတွက် တာဝန်ယူကြသည်။ ၎င်းတို့သည် ကိုင်တွယ်ရန် လိုအပ်သည့်အရာများကို မပြတ် ရှာဖွေနေပြီး ကိစ္စများကို စိတ်နှစ်လုပ်ဆောင်ကြသည်။ ဤလူတို့သည် ဘုရားအိမ်တော်၏ လူများဖြစ်သည်။ သင်တို့သည် ထိုနည်းတူ ဖြစ်ကြသလော။ (မဖြစ်ပါ။) သင်တို့သည် ဇာတိပကတိ သက်သာမှုများကိုသာ တပ်မက်လျှင်၊ ဘုရားအိမ်တော်တွင် ကိုင်တွယ်ရန် လိုအပ်သည့်အရာများ ရှိနေသည်ကို မြင်သောအခါ အရေးမစိုက်လျှင်၊ အောက်ကျသွားသည့် ဆီပုလင်းကို မကောက်ယူလျှင်၊ ပြဿနာတစ်ခုရှိသည်ကို သင်၏ စိတ်နှလုံးကသိပြီး မဖြေရှင်းလိုလျှင် သင်သည် ဘုရားအိမ်တော်ကို သင်၏ ကိုယ်ပိုင်အဖြစ် မှတ်ယူနေခြင်းမဟုတ်ပေ။ ဤသည်မှာ သင်တို့၏ ပုံစံဖြစ်သလော။ ထိုသို့ဖြစ်လျှင် သင်တို့သည် အလွန်ပင် ပြိုလဲကျသွားသည်မှာ သင်တို့နှင့် ဘာသာတရားမရှိသူများကြား ကွာခြားချက်မရှိတော့ပေ။ နောင်တမရလျှင် သင်တို့သည် ဘုရားအိမ်တော်၏ ပြင်ပတွင်ရှိနေခြင်းအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ သင်တို့ကို ချောင်ထိုးထားပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ အမှန်မှာ ဘုရားသခင်သည် သင်တို့ကို သူ၏ မိသားစုဝင်များကဲ့သို့ ဆက်ဆံဖို့ သူ၏ စိတ်နှလုံးတွင် ဆန္ဒရှိသော်လည်း သမ္မာတရားကို သင်တို့ လက်မခံကြသကဲ့သို့ သင်တို့တာဝန်များကို ထမ်းဆောင်ရာတွင် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့ကြပေသည်။ သင်တို့အား သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ သင်တို့ နောင်တမရပေ။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထားသည်မှာ သင်တို့ကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး သူ၏ မိသားစုဝင်များအဖြစ် ပြောင်းလဲစေဖို့ ဆန္ဒရှိသော်လည်း သင်တို့သည် ယင်းကို လက်မခံကြပေ။ ထိုအခါ သင်တို့သည် သူ၏ အိမ်တော်ပြင်ပတွင် ရှိကြပေသည်။ သင်တို့သည် ဘာသာတရားမရှိသူများ ဖြစ်သည်။ သမ္မာတရားကို နည်းနည်းမျှ လက်မခံသောသူတိုင်းသည် ဘာသာတရားမရှိသူတစ်ဦး ကိုင်တွယ်ခံရမည့်အတိုင်းသာ ကိုင်တွယ်ခံရနိုင်သည်။ သင်တို့ကိုယ်တိုင်၏ အဆုံးသတ်နှင့် နေရာကို သတ်မှတ်ထားသည်မှာ သင်တို့ကိုယ်တိုင်ပင် ဖြစ်၏။ သင်သည် ယင်းကို ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထူထောင်ပြီး ဖြစ်သည်။ ယင်းအတွက် သင်တို့အပြင် မည်သူ့ကို အပြစ်တင်စရာ ရှိသနည်း။ လူများစွာတို့သည် စိတ်ဝိညာဉ်ကင်းမဲ့နေသည့် တိရစ္ဆာန်များကဲ့သို့ဖြစ်နေကြသည်ကို ငါ သတိထားမိသည်။ နေ့တိုင်း မနက်နေထွက်ချိန်မှ ညနေစောင်း နေဝင်ချိန်အထိ ၎င်းတို့သည် မည်သို့စားသောက်ရမည်နှင့် မည်သို့အလုပ်လုပ်ရမည်တို့ကိုသာ သိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မစားသောက်ကြပေ၊ သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ အသက်တာရှိ ဝိညာဉ်ရေးရာ ကိစ္စရပ်များအကြောင်း တစ်ခုမျှ ၎င်းတို့ နားမလည်ကြဘဲ တစ်ချိန်လုံး ဘာသာတရား မရှိသူများအဖြစ် အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် လူသားများကဲ့သို့ ရုပ်ဖျက်ဟန်ဆောင်ထားကြသည့် လူ့တိရစ္ဆာန်များဖြစ်ကြသည်။ ထိုကဲ့သို့သောလူများသည် လုံးဝ အသုံးမကျကြသည့်အပြင် အလုပ်လုပ်ပေးဖို့ပင်လျှင် သုံး၍ မရနိုင်ပေ။ ၎င်းတို့သည် အပျင်းခိုသူများဖြစ်ကြသည်။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းသင့်ပြီး အဝေးသို့ မြန်မြန် ပို့ပစ်သင့်သည်။ ပြီးလျှင် ၎င်းတို့အထဲမှ တစ်ယောက်ကိုမျှ နေခွင့်မပြုသင့်ပေ။ ဘုရားသခင်အပေါ် အစစ်အမှန် ယုံကြည်သောလူများသည် ၎င်းတို့အား သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပြုပြင်ခြင်းခံထားရသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သောသူများ၊ ကျိုးနွံနာခံနိုင်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဤအသိစိတ်ကို ပိုင်ဆိုင်သောလူများဖြစ်ကြပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ နားထောင်နိုင်ပြီး ကျိုးနွံနာခံနိုင်သောသူများလည်း ဖြစ်ကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေပါစေ၊ ၎င်းတို့သည် တာဝန်ယူနိုင်ကြသည်၊ လုပ်ငန်းတာဝန်ကို သင့်တင့်လျောက်ပတ်စွာဖြင့် ပြီးမြောက်အောင် ထမ်းဆောင်နိုင်ကြပြီး ဤအလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်ကြသည်။ ထိုကဲ့သို့သော လူပုဂ္ဂိုလ်များသာလျှင် လူသားဟု ခေါ်ဆိုခံရဖို့ ထိုက်တန်ပြီး ဤလူများသာလျှင် ဘုရားအိမ်တော်၏ အိမ်တော်သားများ ဖြစ်ကြသည်။ အလုပ်လုပ်ပေးသူများသည် ကပ်ပါးရပ်ပါးများသာ ဖြစ်ကြသည်။ ၎င်းတို့ကို ဘုရားသခင်က ပစ်ပစ်ခါခါ ငြင်းသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများမဟုတ်ကြပေ။ ပြီးလျှင် ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများကဲ့သို့ ဆက်ဆံပါက သင်သည် မျက်စိကန်းပြီး မိုက်မဲသည်။ ယခုအချိန်သည် လူတိုင်းအတွက် ၎င်းတို့၏အမျိုးအစားအလိုက်အုပ်စုဖွဲ့ရမည့်အချိန် ဖြစ်သည်။ ဘုရားသခင်က လူများကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမည့် အချိန်ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်အပေါ် အစစ်အမှန် ယုံကြည်သူများဖြစ်ကြပါက သင်သည် သမ္မာတရားကို ကောင်းစွာ လိုက်စားရမည်၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ အကယ်၍ သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို ဝေမျှနိုင်ပါက ယင်းမှာ သင်သည် သမ္မာတရားကို ချစ်သောလူတစ်ယောက်ဖြစ်ကြောင်းနှင့် သမ္မာတရားစစ်မှန်မှုအချို့ကို သင်ပိုင်ဆိုင်ကြောင်းကို သက်သေပြသည်။ သို့သော် အကယ်၍ သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်စုံတစ်ရာကို မဝေမျှနိုင်ပါက သင်သည် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့ အန္တရာယ်ရှိနေပေပြီ။ အကယ်၍ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး တာဝန်ယူမှုရှိကာ သစ္စာရှိပါက သင်သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ပြီး သင်သည် ဆက်လက်နေနိုင်သည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး မဟုတ်သည့် မည်သူမဆိုသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ ထို့ကြောင့် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းဖြင့်သာ သင်သည် ဘုရားအိမ်တော်တွင် ခိုင်မြဲစွာ ရပ်တည်နေနိုင်မည်ဖြစ်ပြီး ကပ်ဘေးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် အရေးပါသည်။ အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်မှ လူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်တွင် ယုံကြည်ကိုးစားထိုက်သောလူများ ဖြစ်ကြသည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်သောသူများဖြစ်ကြပြီး ၎င်းတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသည်။ အကယ်၍ လူများတွင် စစ်မှန်သောယုံကြည်ခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိပါက၊ ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ထံ ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ဖို့ မသင့်တော်ချေ။ ၎င်းတို့၏တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေလျှင်ပင် တာဝန်ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် ဖြစ်ကတတ်ဆန်း လုပ်ကြသည်။ ၎င်းတို့သည် အစစ်အမှန် နောင်တမရကြသည့်လူများ၊ အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤကဲ့သို့သော အလုပ်လုပ်ပေးသူများသည် အနှေးနှင့်အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသာလျှင် ကျန်ရစ်လိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများတွင် သမ္မာတရားစစ်မှန်မှုများ မရှိကြသော်လည်း ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို စစ်မှန်စွာ ထမ်းဆောင်နိုင်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို သက်ညှာဖို့ ခွင့်ပြုသည်။ သမ္မာတရားစစ်မှန်မှုများကို ပိုင်ဆိုင်သောသူများနှင့် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ပြုနိုင်သောသူများသည် သူ၏လူများ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း သက်ညှာခြင်းခံရကာ သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်ယူခြင်းကို ခံရလိမ့်မည်။

ယခုအခါတွင် သင်တို့၏တာဝန်များအပေါ် သင်တို့ ထားရှိသည့်သဘောထားများ၊ ကိစ္စများကို လုပ်ရာတွင် သင်တို့၏စွမ်းဆောင်ရည်နှင့် သင်တို့၏တာဝန်များတွင် သင်တို့ ရသည့်ရလဒ်များအရ အကဲဖြတ်ရလျှင် သင်တို့သည် သင်တို့၏ တာဝန်များကို ပြည့်ပြည့်ဝဝ မထမ်းဆောင်ရသေးပေ။ ဤသည်မှာ သင်တို့သည် ဝတ်ကျေတမ်းကျေလုပ်လွန်းသောကြောင့်ဖြစ်သည်။ ထို့အပြင် ဟန်ဆောင်လုပ်ပြရုံဖြင့် များပြားလွန်းသည့်ကိစ္စများအပေါ် သင်ချဉ်းကပ်သည်။ သင်သည် ကိစ္စအတော်များများအပေါ်တွင် စိတ်မပါပေ၊ ထို့အပြင် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း၏ သရုပ်သကန်များလွန်းစွာကို ပြသည်။ ဤအရာ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းက သင်၏အစွမ်းအစ၊ လိုက်စားခြင်းတို့နှင့် ဆက်စပ်နေသလော။ ဤသည်မှာ အလွန်အစွမ်းအစ ညံ့ဖျင်းသည့်လူများနှင့် နားဝေတိမ်တောင် ဖြစ်သည့်လူများ တာဝန်များကို ထမ်းဆောင်ပုံဖြစ်သည်။ ထို့အပြင် ယင်းသည် သမ္မာတရားမလိုက်စားသော သူများအားလုံး တာဝန်များကို ထမ်းဆောင်သည့်ပုံလည်း ဖြစ်သည်။ ထို့ကြောင့် သင်တို့အားလုံးသည် အတိအကျ မည်သည့်အရာကို လိုက်စားနေကြသနည်း။ သင်တို့သည် သမ္မာတရားလိုက်စားသောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) သင်တို့သည် သမ္မာတရားလိုက်စားသောလူများ မဟုတ်ကြသည်မှာ အတော်အတန် သိသာသည်။ သင်တို့အားလုံးအတွက် သင်တို့၏ လက်ရှိဝိညာဉ်ရင့်ကျက်မှုကို ထည့်သွင်းစဉ်းစားရင်း သင်တို့၏ သမ္မာတရားအပေါ်နားလည်မှုသည် မည်မျှနက်နဲသည်ဖြစ်စေ၊ မည်မျှတိမ်သည်ဖြစ်စေ ယင်းတို့ထဲမှ သင်နားလည်သလောက်ကို လက်တွေ့လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဖို့ သင့်အတွက် လွယ်ကူသလော။ သင်၏ပြင်ပပတ်ဝန်းကျင်နှင့် ခံစားချက်အရဖြစ်သော အကြောင်းရင်းများအပေါ် အခြေခံ၍ ထိုသို့လုပ်ဆောင်ဖို့ သင်တို့အားလုံးအတွက် အခက်အခဲအချို့ရှိကြသည်မှာ ဖြစ်တန်သည်။ သို့ရာတွင် သင်တို့သည် ဆိုးယုတ်သောလူများမဟုတ်ကြပေ၊ အန္တိခရစ်များလည်း မဟုတ်ကြပေ၊ ထို့အပြင် သင်တို့၏လူ့သဘာဝသည် ထိုမျှမဆိုးပေ။ ထို့အပြင် သင်တို့အများစုတွင် သာမန်အစွမ်းအစသာ ရှိကြသော်လည်း သင်တို့သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ကြသေးသည်။ ဤအရာက သင်တို့အတွက် သမ္မာတရားလိုက်စားဖို့ ထိုမျှခက်ခဲမည်မဟုတ်ဆိုသည်ကို သေချာစေသည်။ ပိုနက်နဲသည့်သမ္မာတရားအချို့သည် သင့်အတွက် နားလည်ဖို့ ခက်ခဲလွန်းနေနိုင်သော်လည်း အကယ်၍ ငါက ယင်းတို့ကို ပို၍ခိုင်လုံပြီး အသေးစိတ်ကျသည့်ဝေါဟာရအသုံးအနှုန်းများဖြင့် ပြောပါက သင်တို့ နားလည်ပြီး သဘောပေါက်နိုင်လိမ့်မည်။ သင်တို့သည် သမ္မာတရားကို နားလည်နိုင်သရွေ့ သင်တို့၏နားလည်ခြင်းက မည်မျှနက်နဲသည်ဖြစ်စေ၊ တိမ်သည်ဖြစ်စေ၊ ထို့အပြင် သင့်တွင် လမ်းကြောင်းတစ်ခုရှိနေသရွေ့ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားမှု ရရှိခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အတွက် အခြေခံသတ်မှတ်ချက်တစ်ရပ်ဖြစ်ပြီး သင်တို့အားလုံး တွေ့ကြုံရင်ဆိုင်ရမည့်အခြေအနေတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သင်တို့အားလုံးသည် သမ္မာတရားကို လိုက်စားဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့ တတ်နိုင်အပ်သည်။ သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ သင်တို့၏ လမ်းခရီးတွင် အတားအဆီး တစ်ခုခု ရှိနေသလော။ မည်သည့်အရာမှ မရှိနေသင့်ပေ။ ထို့အပြင် သင်တို့အားလုံးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ တတ်နိုင်သင့်သည်၊ သင့်တာဝန်များ၏ ဘောင်အတိုင်းအတာအတွင်းတွင် စည်းမျဉ်းများအတိုင်း ကိစ္စများကို လုပ်ဆောင်နိုင်အပ်သည်။ သင့်တွင် အံ့ဖွယ်ရာ ဤအခွင့်အလမ်း ရှိနေသော်လည်း ဤသည်ကို သင်မရယူနိုင်သေးပေ။ ဤသည်က မည်သည့်အရာကို လက်တွေ့ပြနေသနည်း။ ပထမအနေဖြင့် ယင်းက သင်သည် သမ္မာတရားကို မနှစ်သက်ဘဲ စိတ်ဝင်စားမှု မရှိကြောင်း ထင်ရှားစေသည်။ ဒုတိယအနေဖြင့် သင့်တွင် သမ္မာတရားကို မည်သို့လိုက်စားပြီး မည်သို့လက်တွေ့လုပ်ဆောင်ရမည်နှင့်ပတ်သက်သည့် စစ်မှန်သော နားလည်ခြင်းတစ်ခု ကင်းမဲ့နေသည်ကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟူသည်မှာ အဘယ်အရာ ဖြစ်ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အရေးပါမှုနှင့် တန်ဖိုးတို့အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အဖိုးထိုက်သည့်အရာတို့ကို နားလည်ခြင်း သင့်တွင် ကင်းမဲ့နေသည်ကိုလည်းကောင်း ယင်းက ထင်ရှားစေသည်။ ဤအရာများကို နားလည်ခြင်းတစ်စုံတစ်ရာ မရှိပါက သင်သည် ကိစ္စများကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားရုံသာဖြစ်ကာ သမ္မာတရားအပေါ်ဖြစ်စေ၊ ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ဖြစ်စေ စိတ်ဝင်စားခြင်းမရှိဘဲ “စည်းမျဉ်းများအတိုင်း ကိစ္စများကို လုပ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၏ အားသာချက်က အဘယ်နည်း” ဟူ၍ သင့်ကိုယ်သင် တွေးနေဆဲဖြစ်သည်။ သင်သည် သမ္မာတရား၏တန်ဖိုးကို နားမလည်ကြောင်း၊ စည်းမျဉ်းများအတိုင်း ကိစ္စများကို လုပ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၏ အကျိုးကျေးဇူးများကို ကိုယ်တိုင်ကိုယ်ကျ သင်မတွေ့ကြုံဖူးသေးကြောင်းနှင့် ယင်းတို့၏ အရေးပါမှုအကြောင်းကို သင်မသိသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် သင်၏စိတ်ဝင်စားမှုကင်းမဲ့ခြင်းအကြောင်းတို့ကို ဤအတွေးများက သက်သေပြသည်။ သင်သည် တရားဒေသနာများကို နားထောင်ရာတွင် အတန်အသင့် စိတ်ဝင်စားပြီး သိချင်စိတ်ပြင်းပြမှုအချို့ ရှိသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းခေါင်းစဉ် လာသောအခါ သင်သည် စိတ်ဝင်စားမှု အနည်းငယ်သာ ပြသည်။ လူအချို့သည် တရားဒေသနာများကို နားထောင်ဖို့နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ဖို့ ဆန္ဒရှိကြသည့်အပြင်၊ ကိစ္စများကို လုပ်ဆောင်ရင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့သည် ဆန္ဒရှိကြသော်လည်း သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျရောက်လာသောအခါ ၎င်းတို့သည် စံမမီကြချေ။ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် ၎င်းတို့၏နှစ်သက်လိုလားမှုများနှင့် အတွေးအခေါ်များ ထွက်ပေါ်လာသည်။ ထို့အပြင် ပျင်းရိမှု၊ ဇိမ်ခံစရာကို တပ်မက်ခြင်း၊ လှည့်ဖြားခြင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်းတို့ကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခံရသည်။ ၎င်းတို့၏တာဝန်များတွင် ၎င်းတို့သည် လုံးဝ တာဝန်မဲ့ကြသကဲ့သို့ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိစ္စများကို လုံးဝ မကိုင်တွယ်ကြပေ။ ၎င်းတို့သည် အားသွန်ခွန်စိုက်ပြီး အလုပ်လုပ်ကြသည်။ ဆင်းရဲဒုက္ခခံရခြင်းကို ၎င်းတို့ ရှောင်ကြဉ်နိုင်နေသရွေ့ ၎င်းတို့ တင်းတိမ်ရောင့်ရဲနေကြသည်။ ထို့အပြင် ၎င်းတို့သည် မည်သည့်အရာနှင့်ပတ်သက်၍မျှ တာဝန်မသိကြပေ။ ၎င်းတို့၏တာဝန်များကို ပြည့်ပြည့်ဝဝ ၎င်းတို့ မပြီးမြောက်သေးကြောင်းကို ၎င်းတို့သိသောအခါတွင်ပင်လျှင် ၎င်းတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမလုပ်ကြဘဲ ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့် ဆက်၍ ထမ်းဆောင်ကြသည်။ ရေရှည်တွင် ၎င်းတို့သည် ထုံထိုင်းလာသည်၊ တုံးအလာပြီး မထုံတက်တေးနိုင်လာကြသည်။ ဤသည်မှာ အလုပ်လုပ်ပေးသူတစ်ဦး၏အခြေအနေဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။