သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့တိုင်းသည် အရေးကြီးပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာကျသည်ဖြစ်၍ သင်တို့ပိုင်ဆိုင်သော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့ တန်ဖိုးထားရမည်။ သင်တို့သည် အချည်းနှီးသော ဘဝတွင် အသက်မရှင်ရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများ ပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။ ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငါပြောနေခြင်းနှင့်ပတ်သက်၍ သင်တို့ ခေါင်းရှုပ်ကောင်း ခေါင်းရှုပ်နိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောပါက သင်တို့၏ လုပ်ရပ်များကို ငါအားမရ မကျေနပ်။ အကြောင်းမှာ သင်တို့အတွက်ထားရှိသော ငါ၏မျှော်လင့်ချက်များမှာ သင်တို့ ယခုဖြစ်နေသောအရာမျှသာ မဟုတ်၍ဖြစ်၏။ ဤအကြောင်းကြောင့် ငါဤနည်းနှင့် ရှင်းပြနိုင်သည်၊ သင်တို့အားလုံးသည် အန္တရာယ်နှင့် လက်တစ်ကမ်းအလို၌ ရောက်နေကြ၏။ ကယ်တင်ခြင်းအတွက် သင်တို့ ယခင်က ဟစ်ကြော်ခဲ့ခြင်းများနှင့် သမ္မာတရားကို မီအောင်လိုက်ခြင်း၊ အလင်းကို ရှာဖွေခြင်းတို့အတွက် အလျင်က ပြင်းပြသော ဆန္ဒများသည် နိဂုံးချုပ်တော့မည်။ ဤသည်မှာ အဆုံး၌ သင်တို့ ငါ့ကို ကျေးဇူးဆပ်ပုံဖြစ်ပြီး ထိုအရာကို မည်သည့်အခါကမျှ ငါမတောင့်တခဲ့ပေ။ သင်တို့ကြောင့် ငါအင်မတန် စိတ်ပျက်ခဲ့ရသည့်အတွက် အမှန်တရားနှင့် ဆန့်ကျင်၍ ပြောရန် ငါအလိုမရှိ။ သင်တို့သည် အရေးကိစ္စကို ဤအတိုင်းထားရန် အလိုမရှိဘဲ လက်တွေ့အရှိတရားကို ရင်မဆိုင်ရဲသော်လည်း ငါသည် သင်တို့အား ဤမေးခွန်းကို လေးလေးနက်နက် မေးရလိမ့်မည်၊ ဤနှစ်များတစ်လျှောက် သင်တို့၏ နှလုံးသားများထဲ အဘယ်အရာများနှင့် ပြည့်နေခဲ့သနည်း။ မည်သူ့ကို သင်တို့နှလုံးသားများက သစ္စာစောင့်သိခဲ့သနည်း။ ငါ၏ မေးခွန်းသည် အလွန်အမင်း ရုတ်ခြည်းဖြစ်လှသည်ဟု မပြောနှင့်၊ ထိုကဲ့သို့သော မေးခွန်းကို အဘယ်ကြောင့် ငါထုတ်သနည်းဟု မမေးနှင့်။ သင်တို့ သိထားရမည်မှာ သင်တို့အကြောင်းကို ငါဂဃနဏ သိပြီး သင်တို့ကို ငါအင်မတန် ဂရုစိုက်ကာ သင်တို့လုပ်သည့်အရာ၌ ငါ့နှလုံးသားကို များစွာပေးအပ်မြှုပ်နှံထားသည့် အတွက် သင်တို့ကို ထပ်တလဲလဲ မေးကာ မပြောပြနိုင်လောက်သော အခက်အခဲကို သည်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အရေးမစိုက်မှုနှင့် မခံမရပ်နိုင်သော ကျောခိုင်းသွားခြင်းတို့နှင့်သာ ငါ့ကိုပြန်ပေးဆပ်ကြသည်။ သင်တို့သည် ငါ့ကို အလွန် မေ့လျော့ပေါ့ဆနိုင်လွန်းသည်၊ ထိုအရာကို မည်သို့လျှင် ငါသတိမထားမိဘဲ ရှိမည်နည်း။ ဤအရာ ဖြစ်နိုင်သည်ဟု သင်တို့ယုံကြည်ပါက သင်တို့သည် ငါ့အပေါ် ကြင်နာခြင်းနှင့် ဧကန်အမှန် မဆက်ဆံကြောင်းကို သက်သေပြသည်။ သို့ဆိုလျှင် သင်တို့သည် သင်တို့ကိုယ်သင်တို့ လှည့်စားနေကြသည်ဟု ငါပြောမည်။ သင်တို့အားလုံးသည် အလွန်တော်တတ်နေကြရကား သင်တို့ အဘယ်အရာ လုပ်နေသနည်းဆိုသည်ကို သင်တို့ မသိကြ၊ ထိုသို့ဆိုလျှင် သင်တို့သည် ငါ့ကို ရှင်းပြဖို့ရန် အဘယ်အရာကို အသုံးပြုကြမည်နည်း။

ငါ့အတွက် အရေးကြီးဆုံးမေးခွန်းမှာ သင်တို့ နှလုံးသားများသည် မည်သူ့ကို သစ္စာစောင့်သိသနည်းဟူသည်ပင် ဖြစ်သည်။ သင်တို့ အယောက်ချင်းစီတိုင်းသည် မိမိတို့၏ အတွေးများကို စုစည်းလျက် မည်သူ့ကို သင်သစ္စာစောင့်သိ သနည်း၊ မည်သူ့အတွက် သင်အသက်ရှင်နေသနည်းဆိုသည်ကို သင့်ကိုယ်သင် မေးကြည့်ပါ။ သင်တို့ ဤမေးခွန်းကို တစ်ခါမျှ သေသေချာချာ ထည့်သွင်းမစဉ်းစားခဲ့ဖူးခြင်းမျိုး ဖြစ်ကောင်းဖြစ်မည်။ ထို့ကြောင့် သင်တို့ကို ငါအဖြေပေးမည်။

လူသားသည် မိမိအတွက်သာ ရပ်တည်နေထိုင်၍ မိမိကိုယ်ကိုသာ သစ္စာစောင့်သိကြသည် ဆိုသောအချက်ကို ဉာဏ်ရှိသူတိုင်း လက်ခံလိမ့်မည်။ သင်တို့သည် မိမိတို့၏ သက်ဆိုင်ရာ ဘဝများထဲ၌ ရှင်သန်ရပ်တည်နေကြပြီး ကိုယ့်ဒုက္ခနှင့်ကိုယ်ဆိုရကား သင်တို့၏ အဖြေသည် ရာနှုန်းပြည့်မှန်ကန်မည်ဟု ငါမယုံကြည်။ ထို့ကြောင့် သင်တို့ ချစ်သောသူများ၊ သင်တို့ကို စိတ်ကျေနပ်စေသော အရာများကိုသာ သင်တို့ သစ္စာစောင့်သိကြပြီး သင်တို့ကိုယ်သင်တို့မူ ရာနှုန်းပြည့် သစ္စာမစောင့်သိကြချေ။ သင်တို့နှင့် နီးစပ်ရာလူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများက သင်တို့ တစ်ယောက်ချင်းစီကို လွှမ်းမိုးထားသောကြောင့် သင်တို့ကိုယ်သင်တို့ အပြည့်အဝ သစ္စာမစောင့်သိနိုင်ကြခြင်း ဖြစ်၏။ သင်တို့ကိုယ်သင်တို့ သစ္စာရှိခြင်းကို ချီးကျူးရန် ဤနှုတ်ကပတ်တော်များကို ငါပြောနေခြင်းမဟုတ်ဘဲ သင်တို့ သစ္စာစောင့်သိသည့်အရာကို ဖော်ထုတ်ဖို့ ပြောခြင်းဖြစ်သည်။ ဤနှစ်ပေါင်းများစွာတစ်လျှောက် သင်တို့တစ်ဦးတစ်လေထံမှ သစ္စာစောင့်သိမှုကို မည်သည့်အခါမျှ ငါမရရှိခဲ့။ သင်တို့သည် နှစ်ပေါင်းများစွာ ငါ့နောက်သို့ လိုက်လျှောက်ခဲ့ကြသော်လည်း ငါ့အပေါ်၌ မြူမှုန်မျှပင် သစ္စာမစောင့်သိခဲ့ကြ။ ယင်းအစား သင်တို့သည် သင်တို့ချစ်သောသူများ၊ သင်တို့ကို စိတ်ကျေနပ်စေသော အရာများကိုသာ ဗဟိုပြုကြလွန်းသည့်အတွက် ထိုအရာများကို သင်တို့၏ နှလုံးသားများနှင့် နီးကပ်စေကြလျက် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မျှ ၎င်းတို့ကို မစွန့်လွှတ်။ သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်သည့် အချိန်အတောအတွင်း အမြဲဖြစ်တတ်သည့် မိမိတို့ချစ်မြတ်နိုးသော အရာတစ်ခုနှင့်ပတ်သက်၍ စိတ်ထက်သန်နေချိန် သို့တည်းမဟုတ် သဲကြီးမဲကြီးဖြစ်နေသောအချိန်၊ သို့မဟုတ် သင်တို့သည် ငါ့နှုတ်ကပတ်တော်ကို နားထောင်နေချိန်၌ပင်လျှင် ထိုသို့ဖြစ်တတ်ကြသည်။ ထို့ကြောင့် သင်တို့ကို ငါတောင်းဆိုသည့်အတိုင်း ငါ့ကို သစ္စာစောင့်သိရမည့်အစား သင်တို့သည် မိမိတို့ ချစ်မြတ်နိုးသောအရာများကိုသာ သစ္စာစောင့်သိကြသည်ဟု ငါပြောမည်။ ငါ့အတွက် တစ်ခု၊ နှစ်ခုမျှ သင်တို့ စွန့်လွှတ်နိုင်ကောင်း စွန့်လွှတ်နိုင်သော်ငြားလည်း ထိုအရာသည် သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြု၊ သင်တို့ အမှန်တကယ် သစ္စာစောင့်သိသူမှာ ငါဖြစ်သည်ဆိုခြင်းကိုလည်း မပြသပေ။ သင်တို့သည် သင်တို့ အရူးအမူးဖြစ်သော အရာကို လုပ်ဆောင်ခြင်းများနှင့်သာ ဆက်စပ်ပတ်သက်ချင်ကြ၏- အချို့က သား၊ သမီးများအပေါ် သစ္စာစောင့်သိကြသည်၊ အချို့မှာမူ လင်ယောက်ျား၊ ဇနီးမယား၊ စည်းစိမ်ဥစ္စာ၊ အလုပ်အကိုင်၊ အထက်လူကြီး၊ ဂုဏ်အရှိန်အဝါ သို့မဟုတ် မိန်းမများအပေါ် သစ္စာစောင့်သိကြသည်။ သင်တို့ သစ္စာစောင့်သိသော အရာများအတွက် သင်တို့သည် စိတ်ပင်ပန်းခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်ခြင်းမျိုး မည်သည့်အခါမျှ မရှိသည့်အပြင် သင်တို့သစ္စာစောင့်သိသည့်အရာများကို သာ၍ကြီးသော အရည်အသွေးနှင့် အရေအတွက်ပါ ပိုင်ဆိုင်ဖို့ရန် တိုး၍ တောင့်တကြပြီး သင်တို့သည် မည်သည့်အခါမျှ စိတ်ပျက်အားလျှော့ခြင်း မရှိချေ။ ငါကိုယ်တိုင်နှင့် ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ အရူးအမူးဖြစ်နေသော အရာများအရဆိုပါက နောက်ဆုံးကို အမြဲတွန်းပို့ခံနေရသည်။ ထိုအရာများကို နောက်ဆုံး၌ နေရာချရန်မှလွဲ၍ သင်တို့မှာ အခြားရွေးစရာမရှိ။ လူအချို့မှာမူ မိမိတို့ ယခုတိုင် ရှာမတွေ့သေးသော သစ္စာစောင့်ရမည့်အရာအတွက် နောက်ဆုံးနေရာကိုပင် ကွက်လပ်ချန်ထားကြ၏။ ထိုသူတို့၏ နှလုံးသားများထဲ၌ ငါ၏ မည်သည့်ပမာဏကိုမျှ လုံးဝမထိန်းထား။ ငါသင်တို့ကိုတောင်းဆိုသောအရာများ များလွန်းနေ၏၊ သို့မဟုတ် ငါသည် သင်တို့ကို အမှားမှားအယွင်းယွင်း စွပ်စွဲနေသည်ဟု သင်တို့ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် သင်တို့မိသားစုများနှင့် ပျော်ရွှင်စွာ အချိန်ကုန်လွန်နေသည့်အချိန်၌ ငါ့ကို လုံးဝမေ့နေကြသည်၊ သင်တို့သည် ငါ့ကို တစ်ခါမျှ သစ္စာမစောင့်သိခဲ့ ဆိုသည့်အချက်ကို သင်တို့ စဉ်းစားမိကြ၏လော။ ဤကဲ့သို့သော အချိန်များ၌ သင်တို့ မနာကျင်ကြသလော။ သင်တို့၏ အားထုတ်မှုများအတွက် ငွေပေးချေမှုကို လက်ခံရရှိ၍ သင်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသောအခါ သင်တို့သည် မိမိတို့ကိုယ်မိမိ လုံလောက်သော သမ္မာတရားနှင့် ဖြည့်ဆည်းမထားသည်ကို အားမငယ်သလော။ ငါ၏ထောက်ခံချက်မရသဖြင့် သင်တို့သည် မည်သည့်အချိန်က ငိုကြွေးခဲ့ကြဖူးသနည်း။ သင်တို့၏ သားများ၊ သမီးများအတွက် သင်တို့ ဦးနှောက်အခြောက်ခံ၊ ဒုက္ခအကြီးအကျယ်ခံနေရသော်လည်း သင်တို့သည် အားမရနိုင်သေး၊ သူတို့အတွက် သင်တို့၏ ကြိုးစားမှုက မလုံလောက်သေး၊ သင်တို့၏လုံ့လအားလုံး မပေးအပ် မမြှုပ်နှံရသေးဟု သင်တို့ ယုံကြည်နေကြ၏။ သို့သော် ငါ့ကိုမူ သင်တို့သည် အမြဲတမ်း မေ့လျော့ပေါ့ဆ၍ ဂရုမစိုက်ဘဲ နေကြသည်၊ ငါ့ကို သင်တို့၏ မှတ်ဉာဏ်များထဲ၌သာထားပြီး သင်တို့၏ နှလုံးသားထဲ၌ကား ငါ့ကို ကြာရှည် တည်နေစေခြင်းမရှိ။ သင်တို့အပေါ်ထားသော ငါ၏ ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လများကို သင်တို့က အမြဲတမ်း မခံစားကြဘဲ နားလည်အောင်လည်း သင်တို့ မည်သည့်အခါမျှ မကြိုးစားခဲ့ကြ။ သင်တို့သည် အတိုချုံးသာ နှိုင်းဆဆင်ခြင်ကြပြီး ထိုအရာမှာ လုံလောက်ပြီဟု ယုံကြည်ကြသည်။ ဤသို့သော “သစ္စာစောင့်သိမှု” မျိုးမှာ ကြာမြင့်စွာ ငါတောင့်တခဲ့သော အရာ မဟုတ်သည်သာမကဘဲ ငါ့အတွက် ကြာမြင့်စွာကတည်းက အော့နှလုံးနာစရာဖြစ်နေခဲ့သည်။ သို့သော် ငါအဘယ်အရာ ပြောသည်ဖြစ်စေ သင်တို့သည် တစ်ခု၊ နှစ်ခုကိုသာ ဆက်လက်ဝန်ခံလိမ့်မည်ဖြစ်ပြီး အပြည့်အဝ လက်ခံရန်မူ မတတ်နိုင်၊ အကြောင်းမှာ သင်တို့အားလုံးသည် သင်တို့ကိုယ်သင်တို့ အလွန်ယုံကြည်နေကြပြီး ငါပြောသော နှုတ်ကပတ်တော်များထဲမှ အဘယ်အရာအား လက်ခံရမည်ကို သင်တို့သည် အမြဲတမ်း ရွေးချယ်ကောက်ယူကြ၏။ အကယ်၍ သင်တို့သည် ဤအတိုင်း ရှိနေသေးပါက သင်တို့၏ မိမိတို့ကိုယ်မိမိ ယုံကြည်နေမှုကို တုံ့ပြန်ဖို့နည်းလမ်းများ ငါ၌ သိုမှီးထားသည်။ ငါ၏ နှုတ်ကပတ်တော်အားလုံးသည် မှန်ကန်ကြောင်းနှင့် အချက်အလက်ကို လိုရာဆွဲ၍ မမှန်မကန်ပြောဆိုခြင်းမဟုတ်ကြောင်း သင်တို့ လက်ခံလာစေရန် ထိုနည်းလမ်းများကို ငါဖော်ပြမည်။

အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ စည်းစိမ်ဥစ္စာအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ငါသည် သင်တို့ကို ပြစ်တင်ရှုတ်ချမည်မဟုတ်ဟု သင်တို့သိနေပါလျှင်က အများစုသည် စည်းစိမ်ဥစ္စာကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုတော်သောလူများသည် စည်းစိမ်ဥစ္စာများကို မယူဘဲ သမ္မာတရားကို မယူချင်ယူချင်နှင့် ရွေးချယ်လိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာ လက်တစ်ဖက်နှင့် စည်းစိမ်ဥစ္စာကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်လိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့ သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်းဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကိုသာ ချကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် အနှောင့်အယှက်ကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြမည်ဖြစ်သည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရားဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြမည်ဖြစ်သည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြမည် ဖြစ်သည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြမည် ဖြစ်သည်၊ အယူအဆနှင့် သမ္မာတရားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြမည်ပင် ဖြစ်သည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများ ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရသရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် ငါ့အပေါ် သင်တို့၏ စိတ်ပျက်အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ ရှေ့၌ ငါ၏ နေ့ရက်ကို အလုံးစုံချခင်းထားပြီးဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုနှင့် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို ဆက်လက် ရှာဖွေနေပြီး စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ ယခင်က သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့ အခြေအနေသည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေး နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့၏ ရွေးချယ်မှုမှာ အဘယ်အရာဖြစ်သနည်း။ ငါ၏ နှုတ်ကပတ်တော်များကို နာခံမည်လော၊ ငြီးငွေ့မည်လော။ ငါ၏ နေ့ရက်ကို သင်တို့၏ ရှေ့မှောက်၌ ချခင်းထားပြီးပြီဖြစ်ကာ သင်တို့ရင်ဆိုင်ရသောအရာမှာ ဘဝသစ်နှင့် အစပြုမှတ်အသစ် ဖြစ်သည်။ သို့သော် ဤအစပြုမှတ်အသစ်ဆိုသည်မှာ အတိတ်က အလုပ်သစ်တစ်ခု၏ အစမဟုတ်သကဲ့သို့ အလုပ်ဟောင်းတစ်ခု၏ အဆုံးလည်း မဟုတ်ပေ။ တစ်နည်းအားဖြင့် ဤသည်မှာ နောက်ဆုံးအလုပ်တစ်ခု ဖြစ်၏။ ဤအစပြုမှတ်နှင့်ပတ်သက်၍ အဘယ်အရာက တစ်မူထူးခြားသည်ကို သင်တို့အားလုံး နားလည်ကြမည်ဟု ငါယုံကြည်၏။ သို့သော် မကြာမီတစ်နေ့တွင် သင်တို့သည် ဤအစပြုမှတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာမည် ဖြစ်သည့်အတွက် ၎င်းကို အတူတကွဖြတ်ကျော်ပြီး လာမည့်နောက်ဆုံးအလုပ်ကို ဖွင့်လှစ်ပေးကြစို့။ သို့သော် ငါစိတ်မသက်မသာဖြစ်နေဆဲ အကြောင်းမှာ အဓမ္မနှင့် ဓမ္မကို ရင်ဆိုင်ရသောအခါ သင်တို့သည် အဓမ္မကို ရွေးချယ်နေကြဆဲ ဖြစ်သည့်အကြောင်းပင်။ သို့သော် ထိုအရာအားလုံးသည် သင်တို့အတိတ်ကဖြစ်သည်။ သင်တို့၏ အတိတ်တွင် ဖြစ်ပျက်ခဲ့သော အရာများကို တစ်ခုပြီးတစ်ခု ငါ့စိတ်ထဲမှ ထုတ်ပစ်ချင်၏၊ ဤအရာ ပြုလုပ်ရန်မှာ ခက်ကားခက်လှ၏။ သို့သော် ဤသည်ကို အထမြောက်အောင်မြင်ခြင်းငှာ အလွန်ကောင်းသောနည်းလမ်းများ ငါ၌ရှိ၏။ အနာဂတ်သည် အတိတ်ကို အစားထိုးပြီး သင်တို့၏ ယနေ့ သရုပ်မှန်အတွက် အတိတ်ကအရိပ်များကို မောင်းထုတ်ခွင့် ပြုလော့။ ဤသည်မှာ သင်တို့ မည်သူ့ကို သစ္စာစောင့်သိမည်နည်းဆိုသည်ကိုသိဖို့ ငါသင်တို့ကို နောက်ထပ်တစ်ခါ ရွေးချယ်ခိုင်းရလိမ့်ဦးမည်ဟု ဆိုလိုသည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “သင်တို့သိနေလျှင်” မပါ။

ခ။ ကမ်းခြေသို့ ပြန်ဆိုက်- ဆိုသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများမှ လှည့်သည်” ဟု အဓိပ္ပာယ်ရ၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။