ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည် (အပိုင်း နှစ်)
ဤစာပိုဒ်ကို ပြန်ဖတ်လော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) အရေးကြီးသည့် အချက်များဆီသို့ သင်၏ အာရုံကို ဆွဲဆောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအတွက် စည်းမျဉ်းများနှင့် ထိုနှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု မည်သို့ ရှာတွေ့ရမည်ဆိုသည်ကို ရှင်းပြပါရစေ။ စာပိုဒ်ကို တစ်ကြောင်းချင်းစီ ပြန်ဖတ်လော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။”) ဤစာကြောင်းတွင် လူတို့ နားလည်ရမည့် စည်းမျဉ်းတစ်ခု ပါရှိ၏။ ဤသို့ဖြစ်သည်။ ရလဒ်များကို မြင်ရန် အလောတကြီး မဖြစ်နှင့်၊ အထိတ်တလန့်မဖြစ်နှင့်၊ အပူတပြင်းမလုပ်နှင့်ဟူ၍ ဖြစ်သည်။ ဤသည်မှာ သဘောထားတစ်ခု ဖြစ်၏။ ဤပထမစာကြောင်းတွင် အမှုအရာများအပေါ် လူတို့ ခံယူသင့်သည့် မှန်ကန်သော သဘောထားပါရှိသည်။ ဤမှန်ကန်သော သဘောထားသည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းတွင် တည်သည်။ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သော လူတို့၏ ဆင်ခြင်တုံတရားနှင့် အစွမ်းအစ နယ်ပယ်အတွင်းတွင် ကျရောက်သည်။ ယခုတွင် ဒုတိယ စာကြောင်းကို ဖတ်လော့။ (“ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။”) ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဤသည်မှာ ဘုရားသခင်က လူကိုပေးသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်ပါသည်။) မှန်ပေ၏၊ ထိုမျှ ရိုးရှင်းပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။ ဤနေရာတွင် “ပို၍မကြာခဏ”ဟူသည်မှာ ဤအရာကို သင်လုပ်ချင်သည့်အခါတိုင်းတွင် မလုပ်သင့်သကဲ့သို့ ဧကန်မုချ တစ်လ ကိုးသီတင်းကြာမှ တစ်ကြိမ်သာ မလုပ်ဆောင်သင့်ဟု ဆိုလိုသည်။ ဤကိစ္စရပ်များ သင့်စိတ်ထဲပေါ်လာသည်နှင့် ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်သင့်သည်ဟု ဆိုလိုသည်။ ဤကိစ္စရပ်များတွင် ဝန်ထုပ်တစ်ခုကို သင် ထမ်းပါက၊ ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်၊ တောင့်တသော နှလုံးသားတစ်ခု သင်၌ ရှိပါက၊ ဤကိစ္စရပ်များရှိ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များအပြင် သင် ရိပ်စားမိလိုသည့် ပြဿနာများ၏ အနှစ်သာရတို့ကို နားလည်ရန် သင် စိတ်ထက်သန်ပါက ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာသင့်ပေသည်။ ယင်းမှာ အလွန်များသည့် အကြိမ်ရေဖြင့်လာသင့်သည်ဟု ဆိုလိုသည်။ သင် ရှိသည့် ပတ်ဝန်းကျင်အပေါ် မူတည်၍ သင်အလုပ်များသည့်အခါ ဤကိစ္စရပ်များကို သင်တွေးနေခဲ့သည့်အလား၊ သို့မဟုတ် ယင်းတို့နှင့် ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းကာ ရှာဖွေနေခဲ့သည့်အလား ဤကိစ္စရပ်များကို ချင့်ချိန်စဉ်းစားရန် အားလပ်သည့် အချိန်အခိုက်အတန့်တစ်ခုကို ရှာလော့။ ဤလက်တွေ့လုပ်ဆောင်မှုပုံစံသည် အလွန် ရှင်းလင်းသည် မဟုတ်လော။ (ရှင်းလင်းပါသည်။) ဥပမာအားဖြင့် အစာစားပြီးနောက် အနားယူချိန်တစ်ခု သင် ယူသည့်အခါ “ဘုရားသခင်၊ ထိုထိုသော ပတ်ဝန်းကျင်တစ်ခုကို ကျွန်ုပ် တွေ့ကြုံပြီးဖြစ်ပါသည်။ ကိုယ်တော်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် နားမလည်သကဲ့သို့ ဤအရာ ကျွန်ုပ်ထံ အဘယ်ကြောင့် ဖြစ်ပျက်ခဲ့သည်ကို ကျွန်ုပ် မရိပ်စားမိနိုင်ပါ။ ဤလူ၏ အကြံသည် အတိအကျ မည်သည့်အရာ ဖြစ်ပါသနည်း။ ဤပြဿနာမျိုးကို ကျွန်ုပ် မည်သို့ ဖြေရှင်းသင့်ပါသနည်း။ ဤကိစ္စမှ မည်သည့်အရာကို ကိုယ်တော် ကျွန်ုပ်အား နားလည်စေချင်ပါသနည်း”ဟု ဆိုလျက် တွေးဆကာ ဆုတောင်းလော့။ ဤရိုးရှင်းသည့် စကားအနည်းငယ်ဖြင့် သင်ရှာဖွေလိုသည့် ကိစ္စရပ်များနှင့် သင် နားလည်လိုသည့် ပြဿနာများ၏ အနှစ်သာရနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေသည်။ ဤကဲ့သို့ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် ဘုရားရှေ့မှောက်သို့ ပြဿနာကို ရိုးရှင်းစွာ ချခင်းထားခြင်း မဟုတ်၊ ဘုရားသခင်ထံမှ သမ္မာတရားကို သင် ရှာဖွေနေခြင်း ဖြစ်သည်၊ ဘုရားသခင်ကို သင့်အတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးစေရန်နှင့် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်ကို သင့်အား ပြောပြစေရန် သင်ကြိုးစားနေခြင်းဖြစ်ပြီး သင့်ကို ဉာဏ်အလင်းပေးကာ လမ်းပြရန် ဘုရားသခင်ကို သင် တောင်းလျှောက်နေခြင်း ဖြစ်သည်။ ဤအရာကို လုပ်ဆောင်နိုင်ရန် သင့်အတွက် လိုအပ်သည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ (ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရပါ။) ဖြေရှင်းချက်များနှင့်ပတ်သက်၍ စိတ်မရှည်မဖြစ်ခြင်းသည် သဘောထားတစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ သင်သည် ဖြေရှင်းချက်များနှင့်ပတ်သက်၍ စိတ်မရှည်မဖြစ်ခြင်း မဟုတ်ဘဲ ဖြေရှင်းချက်များအတွက် သင်စိတ်မရှည်မဖြစ်ခြင်း၏ ကြီးမားသည့် မရှိမဖြစ် လိုအပ်ချက်အောက်တွင် သင်သည် ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်၊ ခင်မွတ်သော စိတ်နှလုံးတစ်ခု ရှိကာ ဤကိစ္စရပ်တွင် ဝန်ထုပ် ထမ်းခြင်း ဖြစ်သည်။ နောက်တစ်နည်းဖြင့် ပြောရလျှင် ဤကိစ္စရပ်သည် သင့်အပေါ် ဖိအားတစ်မျိုးကဲ့သို့ ပြုမူဆောင်ရွက်ပြီး သင့်အနေဖြင့် နားလည်ပြီး ဖြေရှင်းချင်သည့် ပြဿနာတစ်ခု ရှိရန်အလို့ငှာ ထိုဖိအားက သင့်ပခုံးပေါ် ဝန်ထုပ်တစ်ခု ထားရှိလေသည်။ ဤသည်မှာ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။ သင်၏ အားလပ်သည့်အချိန်တွင် သင်၏ ပုံမှန် ဝတ်ပြုဆက်ကပ်သည့် အချိန်အတောအတွင်းတွင်၊ သို့မဟုတ် သင်၏ ညီအစ်ကို မောင်နှမများနှင့် သင် စကားစမြည်ပြောနေသည့်အချိန်တွင် သင်၏ လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို သင် တင်ပြနိုင်ပြီး သင်၏ ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယပြုကာ ရှာဖွေနိုင်ပေသည်။ ပြဿနာများကို သင်မဖြေရှင်းနိုင်သေးပါက ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ထိုပြဿနာများကို ယူဆောင်လော့။ ဤအရာကို သင် လုပ်ဆောင်သည့်အခါ “ဘုရားသခင်၊ ကျွန်ုပ်အတွက် ကိုယ်တော် စီစဉ်ပေးထားသည့် ပတ်ဝန်းကျင်ကို မည်သို့ ကျွန်ုပ် တွေ့ကြုံသင့်သည်ကို ကျွန်ုပ် မသိသေးပါ။ ထိုအရာအပေါ် ကျွန်ုပ် သိနားလည်မှု မရှိသေးသကဲ့သို့ မည်သည့်နေရာတွင် အစပြုရမည်၊ သို့မဟုတ် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါ။ ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးပြီး သမ္မာတရား များစွာကို နားမလည်ပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဉာဏ်အလင်းပေးကာ လမ်းပြတော်မူပါ။ ကျွန်ုပ်ကို ကိုယ်တော် ဤပတ်ဝန်းကျင်မှ မည်သည့်အရာ ရရှိစေချင်သည်၊ သို့မဟုတ် နားလည်စေချင်သည်၊ သို့မဟုတ် ဤပတ်ဝန်းကျင်မှတစ်ဆင့် ကျွန်ုပ်အကြောင်း မည်သည့်အရာကို ကိုယ်တော် ထုတ်ဖော်ပြလိုသည်ဆိုသည်တို့ကို ကျွန်ုပ် မသိပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဉာဏ်အလင်းပေးကာ ကိုယ်တော်၏ ရည်ရွယ်ချက်ကို နားလည်ခွင့်ပေးတော်မူပါ”ဟု ဆိုလော့။ ဤသည်မှာ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာလော့” ဟူသည့် စာကြောင်းတွင် တွေ့ရသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။ တစ်ခါတစ်ရံ သင်၏ စိတ်နှလုံးတွင် တွေးတောရင်း၊ တစ်ခါတစ်ရံ တိတ်ဆိတ်စွာ ဘုရားသခင်ထံ ဆုတောင်းရင်းနှင့် တစ်ခါတစ်ရံ ကျယ်ကျယ်ပြောကာ တစ်ခါတစ်ရံ သင်၏ ညီအစ်ကို မောင်နှများနှင့်အတူ မိတ်သဟာယဖွဲ့ရင်း ဤကဲ့သို့ လက်တွေ့လုပ်ဆောင်လော့။ သင်သည် ဤသရုပ်သကန်များရှိပါက ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နှင့်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ဤသို့ သင် မကြာခဏ ဆက်သွယ်ပြောဆိုပါက သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိပေသည်။ ထိုသို့သော အတွေ့အကြုံကို နှစ်အတော်ကြာတွေ့ကြုံပြီးနောက်တွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင် အလိုအလျောက် ဝင်ရောက်လိမ့်မည်။ ဤလက်တွေ့လုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ အခက်အခဲများ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ကောင်းပေ၏။ ဥပမာအားဖြင့် တစ်ခါတစ်ရံ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်သည့်အခါ သာ၍ ဖတ်ရှုလေ၊ သင်၏ စိတ်နှလုံး သာ၍ဉာဏ်အလင်းရလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်သည် မိမိတွေ့ကြုံပြီးဖြစ်သည့် နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးကာ သင်၏ ယခင် အယူအဆများနှင့် စိတ်ကူးများသည် တစ်ပြိုင်တည်း ပြိုကွဲသွားကြောင်းကို ဆိုလိုပေသည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး “ဘုရားသခင်၊ ဤစာပိုဒ်ကို ဖတ်ရှုခြင်းက ကျွန်ုပ်၏ စိတ်နှလုံးကို ဉာဏ်အလင်းရစေပြီး ဖြစ်ပါသည်။ ယခင်က ကျွန်ုပ် ရှိခဲ့သည့် ပြဿနာများသည် ယခုအခါတွင် ကျွန်ုပ်အတွက် ရုတ်တရက် ရှင်းသွားသည်။ ဤသည်မှာ ကိုယ်တော်၏ ဉာဏ်အလင်းပေးမှုဖြစ်ကြောင်း ကျွန်ုပ် သိရှိသကဲ့သို့ ကိုယ်တော်၏ ဤနှုတ်ကပတ်တော်စာပိုဒ်ကို နားလည်ခွင့်ပေးခြင်းအတွက် ကိုယ်တော်ကို ကျွန်ုပ် ကျေးဇူးတင်ပါသည်”ဟု ဆိုသင့်သည်။ ဤသည်မှာ ဆုတောင်းပြီး ဘုရားသခင်ရှေ့မှောက်သို့ တစ်ဖန်လာခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လုပ်ဆောင်ရန် ခက်ခဲသလော။ ဤအရာအတွက် သင် အချိန်ပေးနိုင်သလော။ (ပေးနိုင်ပါသည်။) သင်၏ ရှာဖွေခြင်း အစမှသည် ဤဆုတောင်းချက်အထိ သင်သည် “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာလော့”ဟူသည့် ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများကို စဉ်ဆက်မပြတ် သင် လက်တွေ့လုပ်ဆောင်ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ဤနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုတွင် သင် စဉ်ဆက်မပြတ် အသက်ရှင်ပြီး ထိုအရာများတွင် ပါရှိသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို အမြဲ ဖက်တွယ်ကာ ဤစစ်မှန်မှုမျိုးတွင် အမြဲ အသက်ရှင်သည့်အခါ ဤအရာကို လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုအား လိုက်နာစောင့်ထိန်းခြင်းဟု ခေါ်သည်။ ဤသည်မှာ ခက်ခဲသလော။ (မခက်ခဲပါ။) ဘုရားသခင်နှင့် စကားစမြည်ပြောဆိုရန်နှင့် သင်၏ စိတ်နှလုံးရှိ စကားများကို ပြောပြပြီး ဝေမျှရန် အချိန်တစ်ခု ရံဖန်ရံခါ ရှာကြံလျက် သင်၏ စိတ်နှလုံးကို အသုံးပြုဖို့၊ သင်၏ နှုတ်ကို လှုပ်ရှားဖို့၊ အချိန်အချို့ ပေးပြီး အနည်းငယ် တွေးတောဖို့သာ လိုအပ်သည်။ ဤသည်မှာ ပို၍ မကြာခဏ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်းဖြစ်သည်။ ထိုမျှ မပင်မပန်း ရိုးရှင်းပြီး လွယ်ကူပေသည်။ ထိုအရာနှင့်ပတ်သက်၍ ခက်ခဲသည့်အရာတစ်ခုမျှ မရှိပေ။ သင်၏ စိတ်နှလုံးတွင် အလွန် အရေးပါသကဲ့သို့ သင် မှတ်ယူသည့် တစ်စုံတစ်ရာကို သင် သယ်ဆောင်ပြီး ထိုအရာကို ဝန်ထုပ်တစ်ခုကဲ့သို့ သဘောထားကာ လုံးဝ မေ့လျော့ခြင်း၊ လက်လွှတ်ခြင်း မရှိပေ။ သင်သည် ထိုသို့သော အရာတစ်ခု သင်၏ စိတ်နှလုံးတွင် ရှိပြီး သူ့ထံ ဆုတောင်းရန်နှင့် သူနှင့်အတူ စကားပြောပြီး ထိုအကြောင်းနှင့်ပတ်သက်၍ စကားစမြည် ပြောဆိုရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ သင်လာလေသည်။ ဘုရားသခင်နှင့်အတူ သင်စကားပြောသည့်အခါ မည်သည့် စိတ်နှလုံးမျိုး သင်ရှိသင့်သနည်း။ (ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြစ်ပါသည်။) မှန်ပေ၏။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု သင်ရှိသင့်ပေသည်။ ဝန်ထုပ်တစ်ခု သင် ထမ်းပါက သင်၏ စိတ်နှလုံး စစ်မှန်လိမ့်မည်။ အခြားသူများသည် စကားစမြည် ပြောဆိုနေကြချိန်တွင် သင်သည် ဆုတောင်းပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် မိတ်သဟာယပြုလိမ့်မည်။ တစ်ခါတစ်ရံ အလုပ်မှ ပင်ပန်းကာ အနားယူနေချိန်တွင် ထိုကိစ္စကို သင် သတိရပြီး “ဤသည်မှာ မလုံလောက်သေးပါ။ ဤကိစ္စရပ်ကို ကျွန်ုပ် နားမလည်သေးပါ။ ထိုအကြောင်းကို ဘုရားသခင်နှင့် ကျွန်ုပ် ပြောရဦးမည်”ဟု ဆိုလိမ့်မည်။ သင်အချိန်ရသည့်အခါတိုင်းတွင် ဤကိစ္စရပ်ကို အဘယ်ကြောင့် သင် သတိရလိမ့်မည်နည်း။ သင်၏ စိတ်နှလုံးတွင် ထိုအရာကို အလေးအနက် သဘောထားသောကြောင့် သင်၏ ကိုယ်ပိုင် ဝန်ထုပ်နှင့် တာဝန်အမျိုးအစားတစ်ခုကဲ့သို့ ထိုအရာကို သင်မှတ်ယူပြီး ထိုအရာကို သင် နားလည်ချင်ကာ ဖြေရှင်းချင်သောကြောင့် ဖြစ်လေသည်။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့လာပြီး သူနှင့်အတူ ရင်းနှီးအကျွမ်းဝင်စွာ ဆွေးနွေးပြီး စကားစမြည်ပြောဆိုသည့်အခါ သင်၏ စိတ်နှလုံးသည် အလိုအလျောက် ရိုးသားစစ်မှန်လာလိမ့်မည်။ ဤအခြေအနေနှင့် ဤစိတ်နေသဘောထားဖြင့် ဘုရားသခင်နှင့် သင်မိတ်သဟာယပြုသည့်အခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ကဲ့သို့ အေးစက်ကာ ဝေးကွာခြင်းမရှိတော့ဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး ထိုအစား သင်သည် သူ့ထံ သာ၍ တိုးဝင်ချဉ်းကပ်နေသည်ဟု ခံစားရလိမ့်မည်။ ဤသည်မှာ လူကို ဘုရားသခင် ပေးသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများက လူတို့အပေါ် ထိရောက်ပုံ ဖြစ်သည်။ သင် မည်သို့ တွေးထင်သနည်း။ ဘုရားသခင်နှင့် ဤကဲ့သို့ ဆက်ဆံရန်မှာ ခက်ခဲသလော။ သင်သည် ကိစ္စရပ်ကို နှလုံးသွင်းသည်၊ ထိုအကြောင်းကို ရံဖန်ရံခါ ဘုရားသခင်ထံ ပြောဆိုသည်၊ မကြာခဏ ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သူ့ကို နှုတ်ခွန်းဆက်သည်၊ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာအကြောင်းနှင့် သင်၏ အခက်အခဲများအကြောင်းကို ဘုရားသခင်ထံ သင် ပြောဆိုသည်၊ သင် နားလည်လိုသည့် အရာများ၊ သင် စဉ်းစားသည့်အရာများ၊ သင်၏ သံသယများ၊ အခက်အခဲများနှင့် သင်၏ တာဝန်များကို သင် ပြောဆိုသည်။ ဘုရားသခင်ထံ ဤအရာအားလုံးကို သင်ပြောဆိုပါက ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ အချိန်ကာလတစ်ခုကြာ ဤကဲ့သို့ သင်လက်တွေ့လုပ်ဆောင်ပါက ရလဒ်များကို သင် မြင်နိုင်ပြီး ရရှိမှုများကို အလွန် မြန်ဆန်စွာ သင် အကျိုးခံစားနိုင်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ရာတွင် ထိုမျှ မရိုးရှင်းပေ၊ ထိုအရာသည် ဖြစ်စဉ်တစ်ခုဖြစ်သည်။ သင်သည် ဤသို့ အချိန်အချို့ကြာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ရင်းနှီးသည်ထက် ရင်းနှီးလာလိမ့်မည်၊ သင်၏ စိတ်နေသဘောထားသည် တိုးတက်လိမ့်မည်၊ သင်၏ အခြေအနေသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်၏ စိတ်ဝင်စားမှုသည် တိုး၍ ကြီးမားသည်ထက် ကြီးမားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိခြင်း ဖြစ်သည်။ သမ္မာတရားအချို့ကို သင်နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ သင် စတင်ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ သို့ရာတွင် ဤအရာကို အချိန်တိုအတွင်း မစွမ်းဆောင်မရရှိနိုင်ပေ။ သိသာထင်ရှားသည့် ရလဒ်များ မမြင်ရမီ ခြောက်လ၊ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်၊ သုံးနှစ်ပင် ကြာသွားနိုင်သည်။ ဤကာလအတောအတွင်းတွင် လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုမှ လွတ်မြောက်ကြလိမ့်မည်လော။ လွတ်မြောက်မည်မဟုတ်။ ဘုရားသခင်ထံ အကြိမ်ပေါင်း မရေတွက်နိုင်အောင်ပင် သင်ဆုတောင်းပြီး ဤသို့ လက်တွေ့လုပ်ဆောင်ခဲ့လျှင်ပင် ယင်းမှာ သင်သည် ရလဒ်များကို မုချ ရလိမ့်မည်ဟု ဆိုလိုသလော။ ဘုရားသခင်က သင့်ကို ရလဒ်တစ်ခု ပြရမည်လော။ အဖြေတစ်ခု ပေးရမည်လော။ သေချာပေါက် မဟုတ်ပေ။ လူအချို့က “ကျွန်ုပ် ရလဒ်များ ရမည်၊ မရမည်မှာ မသေချာပါက၊ ရလဒ်များ မသေချာပါက ဘုရားသခင်သည် အဘယ်ကြောင့် ဤသို့ပြုမူနေသေးသနည်း။ အဘယ်ကြောင့် သူသည် လူတို့အား ဤသို့ လက်တွေ့လုပ်ဆောင်စေသနည်း”ဟု ပြောကြသည်။ မစိုးရိမ်နှင့်၊ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် မုချ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်။ သင်သည် ဤသို့ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ လက်တွေ့လုပ်ဆောင်ပြီး ချက်ချင်း၊ သို့မဟုတ် တိုတောင်းသည့် အချိန်အတွင်းတွင် ရလဒ်တစ်ခုတလေ ရရှိပြီးဖြစ်သည်ဟု မထင်ပါက ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးနောက် ဘုရားသခင်က သင့်အတွက် အလားတူ ပတ်ဝန်းကျင်တစ်ခု စီစဉ်ပေးသည့်အခါ ယခင်က သင် သဘောမပေါက်နိုင်ခဲ့သည့် သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင် လျင်မြန်စွာ သဘောပေါက်လိမ့်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့ရာတွင် ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးနောက် သင်သဘောပေါက်ကာ နားလည်လာခဲ့သည့် ဤသမ္မာတရားသည် သင်၏ လက်ရှိ အတွေ့အကြုံ၊ သိမြင်မှုနှင့် သိနားလည်မှုတို့အားဖြင့် တည်ဆောက်ထားသည့် အခြေခံအုတ်မြစ် လိုအပ်ပေသည်။ ဤနောက်ပိုင်းတွင်ရသည့် အသိတရားဝင်ခြင်းသည် ဤအခြေခံအုတ်မြစ်အပေါ်တွင် အခြေခံရမည်ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်တစ်ခုကို နားလည်ရန် လူတို့အတွက် လွယ်ကူသည်ဟု သင် ထင်သလော။ (မလွယ်ကူပါ။) ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အဖိုးအခပေးခြင်း၏ အရေးပါမှုနှင့် တန်ဖိုး ဖြစ်သည်။ ဤသည်မှာ ဒုတိယစာကြောင်းတွင် ပါရှိသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်း ဖြစ်သည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” ဤစာကြောင်းကို ရိုးရှင်းပြီး နားလည်ရလွယ်သည့် ဘာသာစကားဖြင့် ရေးသားထားသဖြင့် နားလည်ရန် အလွန်လွယ်ကူပေသည်။ စစ်မှန်သည့် စိတ်နှလုံးတစ်ခုက အမှုအရာများကို အကျိုးဖြစ်ထွန်းစေသည့်အားလျော်စွာ သင့်အနေဖြင့် သာ၍ ဆုတောင်းရမည်ဖြစ်ပြီး စစ်မှန်သည့် စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရမည်ဟု ဆိုလိုပေသည်။ ထိုမျှ ရိုးရှင်းပေသည်။ သို့ရာတွင် ဤစကားများသည် လူတိုင်း ဝင်ရောက်ရမည့် သမ္မာတရား လက်တွေ့ကျမှုတစ်ခု အမှန်တကယ်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ ရောက်လာနိုင်ကာ နောက်ဆုံးတွင် ကယ်တင်ခြင်းရရှိနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ဤစာကြောင်းကို ရိုးရှင်းပြီး နားလည်လွယ်သည့် စကားများဖြင့် ပြောထားသော်လည်း လူတိုင်းသည် ဤနည်းဖြင့် တွေ့ကြုံကာ ဝင်ရောက်ရမည်ဖြစ်သည်။ ယင်းမှာ အဆောက်အဦးတစ်ခုကို တည်ဆောက်ခြင်းနှင့် တူပေသည်။ အထပ် ၃၀ဖြစ်စေ၊ အထပ် ၅၀၊ သို့မဟုတ် အထပ်တစ်ရာခန့်ပင် ရှိသည်ဖြစ်စေ အခြေခံအုတ်မြစ်တစ်ခု ရှိရမည်ဖြစ်သည်။ အဆောက်အဦး၏ အခြေခံအုတ်မြစ် ခိုင်မာခြင်းမရှိပါက အဆောက်အဦးက မည်မျှ မြင့်မားသည်ဖြစ်စေ အချိန်အလွန်ကြာမြင့်စွာ ခံနိုင်မည်မဟုတ်။ နှစ်အနည်းငယ်အတွင်း ပြိုကျသွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဤလောက၌ အသက်ရှင်စဉ်တွင် လူတို့သည် သမ္မာတရားကို မိမိတို့၏ အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ၎င်းတို့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လူတို့သည် သာ၍ နက်ရှိုင်းပြီး မြင့်မားသည့် သမ္မာတရားများကို သိနားလည်လိုပါက အခြေခံအကျဆုံးသော အရာများ ရှိရမည်။ ဆိုလိုသည်မှာ အခြေခံအုတ်မြစ်ကို ဖန်တီးသည့်အရာများ ဖြစ်သည်။ ချည့်နဲ့သော အခြေခံအုတ်မြစ်တစ်ခု ရှိခြင်းသည် အန္တရာယ်အရှိဆုံး ဖြစ်သည်။ ဤအခြေခံအကျဆုံးသော သမ္မာတရားများ၊ ဤအခြေခံအကျဆုံး စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို အထင်မသေးလေနှင့်။ ထိုအရာများက သမ္မာတရားများဖြစ်သရွေ့ လူတို့ ပိုင်ဆိုင်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် အရာများ ဖြစ်သည်။ ထိုအရာများ ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ အရေးမကြီးပေ။ အခြေခံများမှ သင် အစပြုရမည်။ ဤသည်မှာ ခိုင်မာသော အခြေခံအုတ်မြစ်တည်ဆောက်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ယခုအခါတွင် တတိယစာကြောင်းကို ဖတ်လော့။ (“ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။”) “ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့”ဟူသည့်အရာက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းနှင့် ရူပါရုံကို ရည်ညွှန်းပေသည်။ သင်သည် ဤရူပါရုံအားဖြင့် ထောက်ပံ့ပေးကာ လမ်းပြခံရသည့်အခါ သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းက အကျိုးတစ်ခု ရှိလိမ့်မည်လော။ လူအချို့က “ဤလက်တွေ့လုပ်ဆောင်မှု အားလုံးနှင့်ပတ်သက်၍ ကျွန်ုပ် ငြီးငွေ့လာပြီဖြစ်ပြီး ဘုရားသခင်သည် ကျွန်ုပ်ကို ဉာဏ်အလင်းပေးခြင်း၊ သို့မဟုတ် တစ်ခုခု ပြောပြခြင်းလည်း မရှိသေးပါ။ ဘုရားသခင်၏ မျက်မှောက်တော်ကို ကျွန်ုပ် မခံစားရပါ။ ဘုရားတစ်ပါး အမှန်တကယ် ရှိပါသလော”ဟု ဆိုကြသည်။ ဤသို့ သင်တွေး၍မရပေ။ ဘုရားသခင်သည် သင့်ကို စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အနန္တတန်ခိုးရှင် ဖြစ်၏။ ဘုရားသခင်က သင့်ကို စကားပြောချင်ပြီး သင့်ကို စကားပြောသည့်အခါ သူသည် အနန္တတန်ခိုးရှင်ဖြစ်သည်။ သင့်ကို ဘုရားသခင် စကားမပြောချင်သကဲ့သို့ သင့်ကို စကားမပြောသည့်အခါ သူသည် အနန္တတန်ခိုးရှင် ဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သင့်အား အမှုအရာများကို နားလည်ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူသည် အနန္တတန်ခိုးရှင် ဖြစ်၏။ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာသည် မပြောင်းလဲနိုင်ချေ။ ဤသည်မှာ လူတို့ နားလည်ရမည့် ရူပါရုံဖြစ်သည်။ ဤသည်မှာ တတိယစာကြောင်းဖြစ်သည်၊ အလွန်ရိုးရှင်း၏။ ရိုးရှင်းသော်လည်း လူတို့အနေဖြင့် အမှန်တကယ် တွေ့ကြုံရမည်ဖြစ်သည်။ ထိုသို့ လူတို့ တွေ့ကြုံသည့်အခါ ဤစကားများက သမ္မာတရားဖြစ်ကြောင်း ထိုအရာက ၎င်းတို့ကို အတည်ပြုပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုစကားများကို မည်သို့မျှ သံသယထားဝံ့ကြတော့မည် မဟုတ်ပေ။
စတုတ္ထစာကြောင်းကို ဖတ်လော့။ (“သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိရမည်”) “သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိရမည်” ဤသည်မှာ လူ့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ “ကြီးစွာသော”ဟူသည့်အရာအားဖြင့် မည်သည့်အရာဆိုလိုသည်ကို လူတို့ နားလည်ရန် လိုအပ်သည်။ ထောင်ထောင်ထောင်ထောင်ဖြင့် ကြီးကျယ်နေခြင်းနှင့် ကြွားဝါခြင်း၊ ရည်မှန်းချက်အပြည့်ရှိသည့် စိတ်နှလုံးတစ်ခုရှိခြင်း၊ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟုမှတ်ယူခြင်း၊ ဗိုလ်ကျခြင်းနှင့် အာဏာရှင်ဆန်ခြင်း၊ ပြီးလျှင် မည်သူကိုမျှ နာခံမှုမရှိခြင်းတို့သည် “ကြီးစွာသော”အရာ ဖြစ်သလော။ “ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခု”ဟူသည့် စာကြောင်းကို မည်သို့ နားလည်သင့်ပါသနည်း။ “ဘုရားသခင်အတွက် ဆန္ဒတစ်ခု”ကို သင် မည်သို့ ရှိသနည်း။ ယင်းမှာ ပြီးခဲ့သည့် စာကြောင်းက ဖော်ပြထားသည့်အတိုင်းဖြစ်သည်၊ သင့်အနေဖြင့် “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်”ရမည်။ သင့်အနေဖြင့် သမ္မာတရား သိနားလည်ခြင်းကို လိုက်စားရန်နှင့် ကယ်တင်ခြင်းကို လိုက်စားရန် စိတ်ဆန္ဒနှင့် စိတ်ပြင်းပြမှုတစ်ခု ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုသိနားလည်ခြင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံခြင်းအား ရယူရန် ဆန္ဒတစ်ခုလည်း ရှိရမည်။ ဤအရာကို ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုဟု ခေါ်ပေသည်။ ဤကိစ္စရပ်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြရန် ဘုရားသခင်က လူသား ဘာသာစကားကို အသုံးပြုသော်လည်း လူတို့အနေဖြင့် ထိုအရာ၏ အဓိပ္ပာယ်ကို ဖြူစင်သော နည်းလမ်းတစ်ခုဖြင့် သဘောပေါက်နားလည်သင့်ပြီး အစွန်းရောက်သော ပုံစံဖြင့် အဓိပ္ပာယ်မကောက်သင့်ပေ။ ဤနေရာတွင် “ကြီးစွာသော”ဟူသည့် စကားက မိုက်ရူးရဲသောနည်းဖြင့် အမှုအရာများကိုလုပ်ဆောင်ရန် အလွန်အကျွံ အကြမ်းပတမ်း အင်အားအတိုင်းအတာကို ဟန်ဆောင် အသုံးပြုခြင်းအား မရည်ညွှန်းပေ။ ထိုအရာတွင် မသိနားမလည်မှု၊ သို့မဟုတ် မဆင်မခြင်ဖြစ်ခြင်းတို့ကို မဆိုထားနှင့်၊ အကြမ်းဖက်မှုပင် မပါဝင်ပေ။ “ကြီးစွာသော”ဟူသည်က တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒပြင်းပြမှုကို အဓိက ရည်ညွှန်းပေသည်။ လူတစ်ဦးက တကယ်ကို ရှိမှဖြစ်မည်ဆိုသည့် အတိုင်းအတာတစ်ခုထိ တစ်စုံတစ်ရာကို တန်ဖိုးထားသည့်အခါ၊ ပြီးလျှင် ထိုအရာကို ပိုင်ဆိုင်ဖို့ ၎င်းတို့ စိတ်ပိုင်းဖြတ်ထားကြပြီး ထိုသို့ မပိုင်ဆိုင်မချင်း ၎င်းတို့ လက်လျှော့လိမ့်မည် မဟုတ်သည့်အချိန်တွင်ကဲ့သို့ ဖြစ်သည်။ ဤ “ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒ”ဆိုသည်မှာ လုံးဝ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး အပြုသဘောဆောင်သော ရလဒ်များကိုသာ စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် “ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒ”၏ တိကျသည့် အဓိပ္ပာယ်မှာ အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာပြီး မိမိကြုံရသည့် အမှုအရာများတွင် သမ္မာတရားကို နားလည်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ဆန္ဒနှင့် စိတ်ပိုင်းဖြတ်ချက်တို့ ရှိရန် ဆိုလိုပါသည်။) မှန်ပေ၏။ ထိုမျှ ရိုးရှင်းပေသည်။ ထိုအရာမှာ သင့် ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်ရွှင်မှုတို့ကို စွန့်လွှတ်ပြီး သင်၏ ကိုယ်ပိုင် အားလပ်ချိန်ကိုလည်း စွန့်ရန်၊ ပြီးလျှင် ဘုရားသခင်ထံမှ ရှာဖွေရန်၊ ဘုရားသခင်ထံ ဆုတောင်းရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ဖို့ ကြိုးစားရန် စသည်တို့ကဲ့သို့သော အပြုသဘောဆောင်သည့် အရာများအတွက် ဤအချိန်ကို အသုံးပြုရန် ဖြစ်သည်။ ထိုအရာမှာ တစ်စုံတစ်ခုအတွက် နှိုင်းနှိုင်းချိန်ချိန် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်း၊ သင်၏ အချိန်နှင့် အားအင်ကို အသုံးခံခြင်းနှင့် သမ္မာတရား၏ သွင်ပြင်တစ်ခုကို နားလည်ရန်အလို့ငှာ အဖိုးအခတစ်ခုခု ပေးခြင်းအကြောင်း ဖြစ်သည်။ ဤအရာကို ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုဟု ခေါ်သည်။ ဤသည်မှာ ထိုအရာကို ဖော်ပြရန် မှန်ကန်သည့် နည်းလမ်း ဖြစ်သလော။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသလော။ ဤစကားများသည် နားလည်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ထို့ကြောင့် ဤသရုပ်သကန်များတွင် အစွယ်နှင့် လက်သည်းများကို ထုတ်ပြခြင်းနှင့် မိမိလိုချင်သည့် အရာကို ကြမ်းတမ်းစွာ သိမ်းပိုက်ခြင်းတို့ ပါဝင်သလော။ ထိုအရာသည် ရိုင်းစိုင်းမှု၊ မဆင်မခြင်ဖြစ်ခြင်းနှင့် ဉာဏ်ပညာမဲ့ခြင်းတို့ဖြင့် သူ့ဘာသာ ပေါ်လွင်သလော။ (မထင်ရှားပါ။) သို့ဆိုလျှင် “ကြီးစွာသော”ဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယခုတင် သင်တို့ကို ငါပြောခဲ့သည့်အရာကို ပြန်ပြောကြလော့။ (ဘုရားသခင်ရှေ့မှောက်သို့ ပို၍ မကြာခဏ လာနိုင်ခြင်း၊ သမ္မာတရားကို နားလည်ရန် ဆန္ဒပြင်းပြမှု ရှိခြင်း၊ ဇာတိပကတိ၏ အပျော်အပါးအချို့ကို စွန့်နိုင်ခြင်း၊ သမ္မာတရား ရှာဖွေခြင်းအပေါ် အချိန်နှင့် အားအင်တို့ သာ၍ အသုံးပြုခြင်းနှင့် ဤအရာအတွက် အားအင် အသုံးခံပြီး အဖိုးအခပေးနိုင်ခြင်းတို့ကို ဆိုလိုပါသည်။) သို့ဆိုလျှင် ဤအရာကို တိကျစွာ လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်သို့နည်း။ ဥပမာတစ်ခု ငါပေးမည်။ တစ်ခါတစ်ရံ သင်အနှစ်သက်ဆုံး သရုပ်ဆောင်တစ်ဦးကို တွေ့ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ရုတ်တရက် စဉ်းစားမိပြီး မည်သည့် ရုပ်ရှင်ဇာတ်ကားများတွင် သူ ပါဝင်သည်ကို သိချင်လေသည်။ ကွန်ပျူတာပေါ် သူ့အကြောင်း သတင်းကို သင်သွားရှာဖွေချင်လိမ့်မည်ဖြစ်သော်လည်း ထို့နောက်တွင် သင်က တွေးဆကာ “မဟုတ်သေးပါ၊ သူ သရုပ်ဆောင်သည့် ရုပ်ရှင်ဇာတ်ကားများက ငါနှင့် အဘယ်သို့ပတ်သက်ပါသနည်း။ တစ်ချိန်လုံး ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုခြင်းသည် မိမိ၏ သင့်တော်သော အလုပ်ကို လျစ်လျူရှုခြင်းဟု ခေါ်သည်။ ဘုရားရှေ့သို့ ငါ လာပြီး ဆုတောင်းရမည်”ဟု စဉ်းစားမိလိမ့်မည်။ ထို့နောက်တွင် သင်သည် စိတ်တည်ငြိမ်သွားပြီး ဘုရားသခင်၏ မျက်မှောက်တွင် ယခင်က အဖြေတစ်ခု သင် ရှာဖွေနေခဲ့သည့် ပြဿနာကို သင် သတိရသွားသည်။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ သင်သည် မည်သည့် စိတ်ကူးစိတ်သန်းမျှ မရှိဖြစ်နေဆဲဖြစ်ပြီး ထိုအရာကို သင် လုံးဝ နားမလည်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သင်၏ စိတ်နှလုံးကို တည်ငြိမ်စေလိမ့်မည်ဖြစ်ပြီး သူ့ထံ “ဘုရားသခင်၊ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ်၏ စိတ်နှလုံးကို ချခင်းထားရန် ကျွန်ုပ် လိုလားလျက်ရှိပါသည်။ လတ်တလောတွင် ကျွန်ုပ် တွေ့ကြုံနေခဲ့ရသည့် ပတ်ဝန်းကျင်သည် ကျွန်ုပ်ကို ကြီးမားစွာ ထိခိုက်ပြီးဖြစ်ပါသည်။ ထိုသို့ဖြစ်လျက်ပင် ကျွန်ုပ်သည် မနာခံနိုင်သေးသကဲ့သို့ ဤသည်မှာ ကိုယ်တော်၏ အချုပ်အခြာအာဏာဖြစ်သည်ကို ကျွန်ုပ် ရှင်းလင်းစွာ မမြင်နိုင်သေးပါ။ ကိုယ်တော်၏ ရည်ရွယ်ချက်ကို ကျွန်ုပ် နားလည်ပြီး ကျိုးနွံနာခံနိုင်ဖို့ ကိုယ်တော် ကျွန်ုပ်အတွက် စီစဉ်ပေးသည့် ပတ်ဝန်းကျင်တွင် ကျွန်ုပ်ကို ဉာဏ်အလင်းပေးပါ၊ လမ်းပြပြီး ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ထုတ်ဖော်ပြတော်မူပါ”ဟု ဆုတောင်းလိမ့်မည်။ ဆုတောင်းပြီးနောက်တွင် သင်သည် တွေးဆကာ “မဟုတ်သေးပါ၊ ငါ့ ပြဿနာသည် ပြေလည်မသွားသေးပါ။ ဖြေရှင်းချက် ရှာတွေ့ဖို့ ဘုရားနှုတ်ကပတ်တော်များကို ငါ ပိုဖတ်ရန် လိုအပ်သည်”ဟု စဉ်းစားမိလိမ့်မည်။ ထို့နောက်တွင် ချက်ချင်း ဘုရားနှုတ်ကပတ်တော်များကို သင်သည် အတန်ကြာ ဆက်လက် ဖတ်ရှုလိမ့်မည်။ အချိန်ကို ကြည့်ရင်း သင်က “ဟာ၊ နာရီဝက် ကုန်သွားပြီ။ ဘုရားနှုတ်ကပတ်တော်များက အလွန်ကောင်းသော်လည်း ကျွန်ုပ် ဖတ်ရှုသည့် စာပိုဒ်သည် ကျွန်ုပ်၏ ပြဿနာနှင့် လုံးဝ ဆက်နွှယ်ခြင်းမရှိသောကြောင့် ကျွန်ုပ်၏ ပြဿနာသည် ပြေလည်မသွားသေးပါ။ ကျွန်ုပ်အတွက် ဤပတ်ဝန်းကျင်ကို စီစဉ်ပေးခြင်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်ကို မည်သည့်အရာ နားလည်စေချင်သည်ကို ကျွန်ုပ် မသိသကဲ့သို့ သူ၏ ရည်ရွယ်ချက်ကိုလည်း ကျွန်ုပ် မသိပါ။ ကျွန်ုပ်အနေဖြင့် မိမိတာဝန်ကို ထမ်းဆောင်ရင်း အလျင်အမြန် အလုပ်လုပ်မှဖြစ်မည်ဖြစ်ပြီး အရေးကြီးသည့် ကိစ္စများကို ရွှေ့ဆိုင်း၍ မဖြစ်ပါ။ တစ်နေ့တွင် သင့်လျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ပြီး ကျွန်ုပ်၏ ပြဿနာကို ဖြေရှင်းနိုင်မည် ထင်ပါသည်”ဟု ပြောလိမ့်မည်။ ဤသည်မှာ အချိန်နှင့် အားအင်ကို အသုံးခံခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ထိုမျှလောက် ရိုးရှင်းပေသည်။ သင်၏ ကိုယ်ပိုင် နှစ်သက်မှုများကို ပုန်ကန်ကာ သင်၏ အပန်းဖြေချိန်နှင့် အားလပ်သည့် အချိန်ကို စွန့်နေစဉ်တွင် ရိုးသားစစ်မှန်မှု အနည်းငယ်ကို သင် ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒအနည်းငယ်ကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် သင်သည် အလွန့်အလွန် စိတ်အေးသက်သာဖြစ်ကာ အေးချမ်းလိမ့်မည်။ သင့်ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် ဇာတိပကတိကို ပုန်ကန်ခြင်းနှင့် သင်၏ ကိုယ်ပိုင် ဇာတိ၏ ပျော်မွေ့မှုကို စွန့်ပစ်ခြင်းတို့၏ ကြီးမားသော အေးချမ်းမှုနှင့် အားဖြည့်ပေးခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ သင် တွေ့ကြုံခံစားလိမ့်မည်။ ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် သင့်စိတ်နှလုံးရှိ စကားများကို သူ့ထံ ပြောဆိုခြင်းတို့သည် သင့်အား ရေပန်းစားမှုများနှင့် လူမှုရေးရာ ကိစ္စများအပေါ် အရေးစိုက်ခြင်းက မဆောင်ကြဉ်းပေးနိုင်သည့် ငြိမ်သက်ခြင်းနှင့် ရောင့်ရဲမှုတို့ ဆောင်ကြဉ်းပေးပုံကိုလည်း သင် ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းရလိမ့်မည်။ ထိုအရာမှလည်း တစ်စုံတစ်ရာကို သင်ရရှိနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို နားလည်လာကာ အမှုအရာများစွာကို ရိပ်စားမိနိုင်လိမ့်မည်။ ရလဒ်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များသည် အမှန်တကယ် ကောင်းမွန်ကြောင်း၊ ဘုရားသခင်သည် အမှန်တကယ် ကောင်းမြတ်ကြောင်းနှင့် သမ္မာတရားကို ရယူခြင်းသည် ဧကန်အမှန် ရတနာတစ်ပါးကို ရရှိခြင်းဖြစ်ကြောင်းတို့ကို သင်ခံစားရလိမ့်မည်။ အမှုအရာများစွာကို ရှုပ်ထွေးခြင်းမရှိဘဲ သင်ရိပ်စားမိနိုင်လိမ့်မည်သာမက ဘုရားသခင် ရှေ့မှောက်တွင်လည်း သင် အသက်ရှင်နိုင်လိမ့်မည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒက စွမ်းဆောင်ရရှိနိုင်သည့် အကျိုးတရားများ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်း၊ သင်၏ အချိန်နှင့် အားအင်တို့ကို ဆက်ကပ်အပ်နှံခြင်းနှင့် သင့်ဇာတိ၏ ပျော်မွေ့မှုကို စွန့်ခြင်းသည် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခု၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် သင် မည်သို့ တွေးထင်သနည်း။ ဤသရုပ်သကန်သည် အနှစ်မဲ့သလော။ (အနှစ်မဲ့ခြင်းမရှိပါ။) စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) စွမ်းဆောင်ရရှိရန် အလွန် လွယ်ကူပေသည်။ ပုံမှန်လူ့သဘာဝရှိသည့်လူများ စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု ဖြစ်သည်။
လူတို့တွင် အတွေးများရှိသောအခါ ၎င်းတို့တွင် ရွေးချယ်မှုများရှိသည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ၎င်းတို့က မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်လျှင် မိမိတို့ကိုယ်ကို နောက်ပြန်လှည့်ပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်သင့်သည်။ ၎င်းတို့၏ အမှားကို လုံးဝ ဖက်တွယ်မထားသင့်ပေ။ ဤသို့သော လူများသည် လိမ္မာပါးနပ်ကြ၏။ သို့သော် မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ကို သိပြီး မိမိကိုယ်ကို နောက်ပြန်မလှည့်လျှင် ထိုသူသည် သမ္မာတရားကို မချစ်သောသူဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်ကို အမှန်တကယ် အလိုမရှိပေ။ ဥပမာ သင်သည် သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ဝတ်ကျေတမ်းကျေလုပ်ချင်သည်ဟု ဆိုကြပါစို့။ သင်သည် ခိုကတ်ရန် ကြိုးစားသည်။ ဘုရားသခင်၏ စိစစ်မှုကို ရှောင်ကြဉ်ရန် ကြိုးစားသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ အမြန်လာပါ။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်လမ်းဟုတ်မဟုတ်ကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဤအရာကို စဉ်းစားကြည့်ပါ။ “ဘုရားသခင်ကို ငါ အဘယ်ကြောင့်ယုံကြည်သနည်း။ ဤသို့သော ဝတ်ကျေတမ်းကျေလုပ်ခြင်း လူတို့က သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သတိမထားမိဘဲ နေလိမ့်မည်လော။ ထို့အပြင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် မခိုကတ်ရန်ဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့အတွက်ဖြစ်သည်။ ဤကဲ့သို့ ငါလုပ်ဆောင်ခြင်းသည် သာမန်လူ့သဘာဝ၏ ပြုမူမှုမဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကိုလည်း မခံရပေ။ မဖြစ်ပေ။ ပြင်ပကမ္ဘာတွင် ငါသည် ခိုကတ်နိုင်ပြီး ငါကျေနပ်သလို လုပ်ဆောင်နိုင်ပေမည်။ သို့သော် ယခု ငါသည် ဘုရားသခင်၏ အိမ်တော်တွင်ရှိနေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ မျက်လုံးများ၏ စိစစ်မှုအောက်တွင်ရှိနေသည်။ ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သင်သည် ငါ၏အသိစိတ်နှင့်အညီ ပြုမူရမည်။ ငါကျေနပ်သလို လုပ်ဆောင်၍မရပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရမည်။ ဝတ်ကျေတမ်းကျေမပြုရပေ။ ခိုကတ်၍ မရပေ။ ဤသို့ဆိုလျှင် မခိုကတ်ရန်၊ ဝတ်ကျေတမ်းကျေမပြုလုပ်ရန် မည်သို့ဆောင်ရွက်သင့်သနည်း။ အနည်းငယ်အားစိုက်ထုတ်ရမည်။ ယခုပင် ဤကဲ့သို့ လုပ်ဆောင်ရန် အလွန်ဒုက္ခများလွန်းသည်ဟု ငါခံစားရသည်။ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်လိုခဲ့သော်လည်း ယခု ငါနားလည်သည်။ ဤသို့လုပ်ဆောင်ရန်မှာ ဒုက္ခအလွန်များနိုင်သည်။ သို့သော် ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤသည်မှာ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်” ဟု ဖြစ်သည်။ သင်သည် အလုပ်လုပ်နေပြီး ဆင်းရဲဒုက္ခကို ကြောက်နေသေးသောအခါတွင်၊ ဤသို့သော အချိန်မျိုးတွင် ဘုရားသခင်ကို ဆုတောင်းရမည်။ “အို ဘုရားသခင်။ ကျွန်ုပ်သည် ပျင်းရိပြီး လှည့်ဖြားတတ်သောသူဖြစ်သည်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါရန်၊ အပြစ်တင်ပါရန် ကိုယ်တော်ကို အသနားခံပါ၏။ ဤသို့ဖြင့် ကျွန်ုပ်သည် လိပ်ပြာမသန့်ဘဲ ရှက်စိတ်တစ်ခု ရှိရန်ဖြစ်သည်။ ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ မဖြစ်လိုပါ။ ကျွန်ုပ်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြရန်၊ ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှုကို ပြသရန် ကိုယ်တော်ကို အသနားခံပါ၏” ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင်သိမြင်ရန် ကြိုးစားသောအခါ ဤအရာက နောင်တခံစားချက်ကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သင်၏ အကျည်းတန်မှုကို သင် မုန်းတီးနိုင်လိမ့်မည်။ သင်၏ မှားယွင်းသော အခြေအနေသည် စတင်ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဤအရာကို ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ “ကျွန်ုပ်သည် အဘယ်ကြောင့် ဝတ်ကျေတမ်းကျေပြုရသနည်း။ အဘယ်ကြောင့် အစဉ် ခိုကတ်ရန် ကြိုးစားနေသနည်း။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားတစ်ခုမျှ မရှိပေ။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သေးသလော။ ငါသည် အဘယ်ကြောင့် အမှုအရာများကို အလေးအနက်မထားသနည်း။ အချိန်နှင့် အားစိုက်မှုအနည်းငယ်ပို၍ ကျွန်ုပ် စိုက်ထုတ်ရန်သာ လိုအပ်သည်မဟုတ်လော။ ယင်းမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုးမဟုတ်ပေ။ ဤသည်မှာ ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဤအရာကိုပင်မလုပ်ဆောင်နိုင်လျှင် ငါ့ကို လူသားဟုခေါ်ဆိုရန် သင့်တော်သလော”ဟု သင့်ကိုယ်သင် ပြောဆိုနိုင်စွမ်းရှိလိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် သန္နိဋ္ဌာန်ချပြီး ကျမ်းသစ္စာကျိန်ဆိုလိမ့်မည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်ပျက်စေခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေပါသည်။ ကျွန်ုပ်၌ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါ။ လူ့သဘာဝမရှိပါ။ ကျွန်ုပ် နောင်တရလိုပါသည်။ ကျွန်ုပ်ကို ခွင့်လွှတ်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်သည် သေချာပေါက် ပြောင်းလဲပါမည်။ ကျွန်ုပ်နောင်တမရလျှင် ကျွန်ုပ်အား အပြစ်ဒဏ်ပေးစေလိုပါသည်။” ထို့နောက်တွင် သင်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး၊ သင် စတင်ပြောင်းလဲလာလိမ့်မည်။ ဝတ်ကျေတမ်းကျေပြုမှု လျော့နည်းလျက် သင်သည် တာဝန်သိသိ အသိဉာဏ်ရှိရှိ လုပ်ဆောင်ခြင်းဖြင့် ပြုမူပြီး သင်၏တာဝန်များကို ထမ်းဆောင်လိမ့်မည်ဖြစ်ကာ သင်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်လိမ့်မည်။ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် အလွန်ကောင်းသည်ဟု သင်ခံစားမိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်သည့်အခါ၊ သူ့ကို ဆုတောင်းပြီး သူ့အပေါ် မှီခိုနိုင်သည့်အခါ ၎င်းတို့၏ အခြေအနေများသည် မကြာမီ ပြောင်းလဲသွားလိမ့်မည်။ သင့်စိတ်နှလုံး၏ အပျက်သဘောဆောင်သော အခြေအနေသည် ပြောင်းပြန်ဖြစ်သွားပြီးဖြစ်ကာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ဇာတိပကတိ၏ တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများကို ပုန်ကန်ပြီးဖြစ်သည့်အခါ၊ ဇာတိပကတိ၏ ကိုယ်စိတ်ချမ်းသာမှုနှင့် ပျော်မွေ့မှုတို့ကို သင် လက်လွှတ်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်နိုင်ကာ သင်သည် ထင်ရာမြင်ရာ၊ သို့မဟုတ် မဆင်မခြင် မဖြစ်တော့သည့်အခါ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်ထဲတွင် လိပ်ပြာလုံလိမ့်မည်။ ဤသို့ ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်ရန် လွယ်ကူသလော။ လူတို့သည် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိသရွေ့ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်နိုင်သရွေ့ သင် မသိလိုက်မီတွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ လုံးဝ ခက်ခဲလိမ့်မည်မဟုတ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင် ရုန်းကန်ရသည့် ဖြစ်စဉ်နှင့် သင်၏ အတွေး ပြောင်းလဲသည့် ဖြစ်စဉ်ကို သင်ဖြတ်သန်းရမည်မှာ အမှန်ဖြစ်ပြီး ဤအရာများကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို မချစ်သောလူတစ်ဦးဖြစ်ပါက သင်၏ အပျက်သဘောဆောင်သော အခြေအနေကို ဖြေရှင်းရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို နားလည်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ မိမိတို့၏ အတွေး ပြောင်းလဲသည့် ဖြစ်စဉ်တွင် လူတစ်ဦး ရင်ဆိုင်ရသည့် အခက်အခဲပမာဏမှာ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်ပါက မိမိတို့၏ အတွေးကို ပြောင်းလဲရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ အခြားတစ်ဖက်တွင် သမ္မာတရားကို လက်ခံနိုင်သောသူတို့သည် ထိုအရာကို ခက်ခဲသည်ဟု လုံးဝ တွေ့ရလိမ့်မည်မဟုတ်။ ၎င်းတို့သည် သမ္မာတရားကို အလိုအလျာက် လက်တွေ့လုပ်ဆောင်ကာ ကျိုးနွံနာခံနိုင်လိမ့်မည်။ သမ္မာတရားကို အမှန်တကယ် ချစ်သောသူတို့သည် မည်သည့် အတိုင်းအတာရှိသော အခက်အခဲများကိုမဆို အောင်မြင်ကျော်လွှားရန် ဘုရားသခင်အပေါ် မှီခိုနိုင်ကြ၏။ ဤနည်းဖြင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိလိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိသည့် စိတ်နှလုံး ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒတစ်ခု ရှိသည့်အတွက် ဤသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုတို့ ရှိခွင့်မရဟု ဆိုလိုသလော။ မဟုတ်ပါ။ ထိုအရာမှာ သင်သည် ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒတစ်ခု ရှိသည်နှင့်အမျှ သင်သည် အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း ပြုမူဆောင်ရွက်နိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်ဟု ဆိုလိုပေသည်။ ဤနည်းဖြင့် မည်သည့် အခြေအနေတွင်မဆို သင်သည် မှန်ကန်သည့် ရွေးချယ်မှု ပြုလုပ်နိုင်ပြီး မှန်ကန်သည့် ဦးတည်ချက်ဖြင့် လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်နိုင်ပေသည်။ ဤအရာကို ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခုဟု ခေါ်ဆိုပေသည်။ ဤသရုပ်သကန်များသည် အနှစ်မဲ့ပါသလော။ (အနှစ်မမဲ့ပါ။) ထိုအရာများသည် ပေါ့တန်ခြင်း၊ သို့မဟုတ် မရေမရာဖြစ်ခြင်း မရှိပေ။ အလွန်လက်တွေ့ကျပြီး ခိုင်လုံသကဲ့သို့ လုံးဝ စိတ်ကူးယဉ်သက်သက် မဟုတ်။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် နှစ်များစွာ ယုံကြည်ပြီးဖြစ်သည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အချိန်ရောက်လာတိုင်း အခက်အခဲများကို ကျွန်ုပ် အမြဲ ကြုံရသည်။ ချွေးများကျနေမိအောင်ကို ကျွန်ုပ် အလွန်စိတ်သောက ရောက်သော်လည်း လမ်းကြောင်းတစ်ခု မရှိသေးပါ။ ကျွန်ုပ်သည် ရုပ်ပိုင်းဆိုင်ရာ မည်သည့် အခက်အခဲမျှ ရင်ဆိုင်ရခြင်းမရှိဘဲ၊ သို့မဟုတ် ကျွန်ုပ်၏ အကျိုးစီးပွားများက မည်သည့် ဆုံးရှုံးမှုမျှ မရှိဘဲ သမ္မာတရားကို အစဉ်သဖြင့် လက်တွေ့လုပ်ဆောင်ချင်ပြီး အကျိုးဆက်အနေဖြင့် လမ်းကြောင်းတစ်ခုကို ကျွန်ုပ် ရှာမတွေ့နိုင်ပါ။ ယခုတွင်သာ ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒရှိခြင်းသည် အလွန်ရိုးရှင်းကြောင်း ကျွန်ုပ် သဘောပေါက်ရသည်။ ဤအရာကို ယခင်က ကျွန်ုပ် သိခဲ့ပြီး ဤစကားများကို ပို၍ စောစော လက်တွေ့လုပ်ဆောင်မိခဲ့လျှင်။”ဟု ပြောကြသည်။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ခြင်းအတွက် မည်သူကို သင်အပြစ်တင်စရာ ရှိသနည်း။ ဤနှစ်ကာလများအားလုံးတွင် ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးမထားရန်နှင့် တန်ဖိုးထားရမည့်အစား ဟိုသည် စမ်းတဝါးဝါးသာဖြစ်နေရန် သင့်ကို မည်သူက အတင်းအကျပ်ပြုခဲ့သနည်း။ ယခုတွင် စာတစ်ကြောင်းကို ကျွန်ုပ်တို့ အကျဉ်းရုံးနိုင်သည်။ ဘုရားသခင်ကို သင် ယုံကြည်သည့်အခါ သမ္မာတရားကို နားလည်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်။ အမှုကိစ္စများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်သည့် အဆင့်ထိ ရောက်ရှိခြင်းအားဖြင့်သာ ဘုရားသခင်၏ လက်ခံမှုကို သင်ရရှိနိုင်ပေသည်။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း အမှုအရာများကို သင် လုံးဝ မလုပ်ဆောင်ရ၊ သို့မဟုတ် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရမည်မဟုတ်သကဲ့သို့ အသင်းတော်တွင် အုပ်စုများကို ဖွဲ့ရမည်မဟုတ်၊ သို့မဟုတ် အားပေးပံ့ပိုးသူကို ရှာရမည်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်သူတို့ထံ မည်သည့်ကောင်းမွန်သည့် အဆုံးသတ်မျှ ရောက်လာလိမ့်မည် မဟုတ်။ မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်သောသူများ၊ သမ္မာတရားကို မလိုက်စားသူများ၊ အခြားသူများအပေါ် အမြဲ အားကိုးပြီး မှီခိုသောသူများနှင့် မိုက်မဲသည့် ဆူညံသောင်းကျန်းခြင်းများကို ဖန်တီးရာတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များနောက်သို့ လိုက်ရသည်ကို နှစ်သက်သောသူတို့အားလုံးသည် မိမိတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးလျက် စမ်းတဝါးဝါး လုပ်နေခြင်းအားဖြင့် မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်ရှိစေကြပေသည်။ ဤအရာက ၎င်းတို့ကို မှင်တက်သွားစေလိမ့်မည်။ သင်၏ သဘောအတိုင်း လုပ်ဆောင်ခြင်းမှ သင့်ကိုယ်သင် တားဆီးလိုပါက ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာရမည်ဖြစ်ပြီး သူ့ထံ ဆုတောင်းကာ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ သမ္မာတရား သိနားလည်ခြင်း၏ ရလဒ်ကို သင် ရယူနိုင်ပုံ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ် စတင်ပြီး သမ္မာတရား၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ပုံ ဖြစ်သည်။ ဤနေရာတွင် အဓိကအချက်မှာ သင့်အနေဖြင့် ကြီးမြတ်သည်ဟု တွေးထင်သောကြောင့် ဤလူနောက်သို့ တစ်ရက်လိုက်ပြီးနောက်တွင် အခြားတစ်စုံတစ်ဦးကို မှန်ကန်သည်ဟု သင် တွေးထင်သောကြောင့် ထိုသူ၏နောက်သို့ နောက်တစ်နေ့တွင် လိုက်ရင်း၊ သမ္မာတရားကို ရရှိခြင်းမရှိဘဲ ဟိုသည် စမ်းတဝါးဝါးလုပ်ခြင်းဖြင့် အချိန်များစွာ ကုန်ဆုံးရင်း အခြားသူများနောက် သင် လုံးဝ မလိုက်ရမည့်အကြောင်း၊ သို့မဟုတ် အခြားသူများကို လက်ခံသဘောတူခြင်း မရှိရမည့်အကြောင်း ဖြစ်သည်။ မည်သည့် ပြဿနာကို သင်ကြုံရသည်ဖြစ်စေ သမ္မာတရားကို သင် ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုပြဿနာများကို ဖြေရှင်းသင့်သည်။ အပြောကောင်းပြီး စကားကြီး စကားကျယ်ပြောသူတိုင်းနောက်လိုက်ရင်း အခြားလူများနောက် ကြောင်းကျိုးမမြင်ဘဲ သင် လိုက်ပါက သင်လှည့်စားခံရမည့်အကြောင်း ဖြစ်နိုင်ဖွယ်ရှိပေသည်။ ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကိုသာ ယုံကြည်သင့်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကိုသာ ၎င်းတို့ နားထောင်သင့်ပြီး၊ ဘုရားနှုတ်ကပတ်တော်များအတိုင်းသာ လက်တွေ့လုပ်ဆောင်သင့်ကြ၏။ ထိုသို့ လုပ်ဆောင်ခြင်းသည် သင့်အား အခြားလူများနောက် လိုက်ခြင်းနှင့် ၎င်းတို့နှင့်အတူ မှားယွင်းသည့် လမ်းကြောင်း လျှောက်ခြင်းကို လက်ခံသဘောတူခြင်းမှ တားဆီးလိမ့်မည်။
နောက်တစ်ကြောင်းကို ဆက်ဖတ်ကြလော့။ (“စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်”) ဤသည်မှာလည်း လက်တွေ့လုပ်ဆောင်မှုအကြောင်း ဖြစ်သည်။ “အာသာငမ်းငမ်း ရှာဖွေခြင်း”ဆိုသည့်အရာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်သော်လည်း လမ်းကြောင်း ကင်းမဲ့ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေချင်သော်လည်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိခြင်းအား ရည်ညွှန်းပေသည်။ ဤကဲ့သို့ သင် အာသာငမ်းငမ်း ဖြစ်သည့်အခါ ရှာဖွေပြီး ဆုတောင်းလိမ့်မည်။ သင် ချို့တဲ့သည့်အရာ အလွန်များသည်ဟု စဉ်ဆက်မပြတ် ခံစားခြင်း၊ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ လမ်းကြောင်းတစ်ခု ကင်းမဲ့သည်ကို မိမိကိုယ်ကို တွေ့ရှိရခြင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သို့ လုပ်ဆောင်ရမည်ကို မသိခြင်း၊ အမြဲ ပုန်ကန်ပြီး သင်လုပ်ဆောင်လိုသည့်အတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း၊ မသက်မသာဖြစ်သည့် စိတ်နှလုံးဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို မသိခြင်း၊ ဤသည်မှာ အာသာငမ်းငမ်းဖြစ်ခြင်း၏ ခံစားချက် ဖြစ်သည်။ သင်အာသာငမ်းငမ်း ဖြစ်ပါက ရှာဖွေရမည်ဖြစ်သည်။ မရှာဖွေပါက လမ်းကြောင်းတစ်ခု ရှိလိမ့်မည်မဟုတ်။ မရှာဖွေပါက အမှောင်ထဲတွင် သင် ကျရောက်လိမ့်မည်။ သင် မည်သည့်အခါတွင်မျှ မရှာဖွေပါက ဇာတ်သိမ်းသွားလိမ့်မည်။ သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သွားလိမ့်မည်။ “စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်ခြင်း”ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့အနေဖြင့် အခြေအနေများကို ကြုံရသည့်အခါ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ အမြဲရှိကြသည်၊ မိမိတို့ကိုယ်ပိုင် ဇာတိပကတိ၏ အကျိုးစီးပွားများအကြောင်းကို ၎င်းတို့ အမြဲ တွေးကြပြီး မိမိတို့၏ ဇာတိပကတိအတွက် ထွက်ပေါက်တစ်ခုကို ၎င်းတို့ အမြဲ ရှာဖွေကြသည်ဟု ဆိုလိုပေသည်။ ဤသို့သော အချိန်များတွင် သင်၏ အသိစိတ်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် တိုက်တွန်းရင်း သင့်ကို အပြစ်တင်လိမ့်မည်။ ထိုသို့သော အခြေအနေများတွင် သင်၏ စိတ်နှလုံး၌ ရုန်းကန်မှုတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်သည် စာတန်၏ ဆင်ခြေများကို ငြင်းပယ်ကာ ဇာတိပကတိ၏ အမျိုးမျိုးသော အကြောင်းပြချက်များကို ငြင်းပယ်သင့်ပေသည်။ “ငြင်းပယ်ခြင်း”သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းအတွက် လူတို့တွင်ရှိသော စာတန်၏ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များဖြစ်သည့် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို ထိုးထွင်းကာ ရိပ်စားမိနိုင်ပြီး ထို့နောက်တွင် ထိုအရာများကို ပုန်ကန်နိုင်ခြင်းဟု ဆိုလိုပေသည်။ ဤသည်မှာ ငြင်းပယ်ခြင်း၏ ဖြစ်စဉ် ဖြစ်သည်။ တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်ကူးတစ်ခုခု၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များအပြင် အချို့သော လူသား အသိပညာ၊ အတွေးအခေါ်များ၊ သီအိုရီများနှင့် အခြားသူများနှင့် ဆက်ဆံခြင်းအတွက် နည်းလမ်းများ၊ နည်းစနစ်များ၊ လှည့်ကွက်များနှင့် အကြံအစည်များ စသည်တို့သည် လူတို့တွင် ထွက်ပေါ်လေသည်။ ဤအရာ ဖြစ်ပျက်သည့်အခါ ဤသည်တို့မှာ ၎င်းတို့ထံမှ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော အရာများဖြစ်ပြီး ထိုအရာများကို ဖမ်းဆုပ်သင့်ကြောင်း၊ သမ္မာတရားကို ရှာဖွေသင့်ကြောင်း၊ ထိုအရာများကို စေ့စေ့စပ်စပ် စိတ်ဖြာဆွေးနွေးသင့်ကြောင်း၊ ထိုအရာများ၏ လက်တွေ့အရှိတရားကို ရှင်းလင်းစွာ တွေ့မြင်ပြီး ထိုအရာများကို အညွန့်ချိုးပစ်လျက် လုံးလုံးလျားလျား ငြင်းပယ်ကာ ပုန်ကန်သင့်ကြောင်း လူတို့ ချက်ချင်း သိသင့်ပေသည်။ မည်သည့်အချိန်တွင် ဤအရာဖြစ်ပျက်သည်ဖြစ်စေ လူတစ်ဦး၌ ဖောက်ပြန်ပျက်စီးသော စိတ်ကူးများ၊ အတွေးများ၊ ရည်ရွယ်ချက်များ၊ သို့မဟုတ် အယူအဆများ ထွက်ပေါ်သရွေ့ ထိုအရာများကို ၎င်းတို့ ချက်ချင်း ဖမ်းဆုပ်သင့်သည်၊ ထိုအရာများကို ထိုးထွင်းမြင်ကာ ရိပ်စားမိသင့်သည်၊ ပုန်ကန်ပြီးနောက် မိမိတို့ကိုယ်ကို ပြောင်းလဲစေသင့်ကြပေသည်။ ဖြစ်စဉ်မှာ ထိုသို့ဖြစ်သည်။ ဤသည်မှာ စာတန်ကို ငြင်းပယ်ခြင်းနှင့် ဇာတိပကတိကို ပုန်ကန်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ပုံ ဖြစ်သည်။ အလွန် ရိုးရှင်းသည် မဟုတ်လော။ အမှန်တွင် ဤဖြစ်စဉ်ကို ယခုတင် ပေးထားခဲ့သည့် ဥပမာနှစ်ခုတွင် ပြောထားပြီးသားဖြစ်ပေသည်။ ဤသည်မှာ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ လူတို့၌ ဖြစ်ပေါ်သည့် မမှန်သော အခြေအနေများကို ချဉ်းကပ်ခြင်းအတွက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခု ဖြစ်သည်။
ဆက်ဖတ်လော့။ (“စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။”) ဤသည်မှာ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေကာ စောင့်ဆိုင်းရန် ဆိုလိုပေသည်။ “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့”ဟူသည် ဤရိုးရှင်းသော စကားရပ်လေးခုတွင် အဓိပ္ပာယ်နှစ်ခုရှိသည်။ ဤအဓိပ္ပာယ်နှစ်ခုမှာ အဘယ်နည်း။ (ပထမတစ်ခုမှာ “စိတ်မပျက်လေနှင့်”နှင့် “အားမလျော့လေနှင့်” ဖြစ်ပါသည်။ ဆိုလိုသည်မှာ အခက်အခဲများကို သင်ကြုံတွေ့ရသည့်အခါတွင်၊ သို့မဟုတ် သင်၏ ရှာဖွေခြင်း ဖြစ်စဉ်တွင် အမှုအရာများကို ခဏတာ နားမလည်နိုင်သည့်အခါတွင် စိတ်မပျက်နှင့်၊ သို့မဟုတ် စိတ်ဓာတ်ကျမသွားနှင့်ဟူ၍ ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေကာ စောင့်ဆိုင်းသင့်ကြောင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်၏ ရှာဖွေခြင်း ဖြစ်စဉ်တွင် သင်သည် လုံ့လရှိရမည်၊ သင် နားမလည်သည့်အခါ ဆက်လက် ရှာဖွေပြီး ဆုတောင်းကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြခံရဖို့အတွက် စောင့်ဆိုင်းရမည်ဖြစ်သည်။ ဤသည်မှာ ဒုတိယအဓိပ္ပာယ်ဖြစ်ပါသည်။) “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်”ဟူသည်က ဆိုလိုသည်မှာ လူတို့အနေဖြင့် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို ထိန်းသိမ်းရမည်၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ဉာဏ်အလင်းပေးနိုင်ပြီး သမ္မာတရားကို နားလည်စေနိုင်ကြောင်းတို့ကို ယုံကြည်ရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သင်သည် သမ္မာတရားကို အဘယ်ကြောင့် နားမလည်နိုင်သနည်း။ ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ယခု ဉာဏ်အလင်းမပေးသနည်း။ ဤအတွက် အကြောင်းရင်းအချို့ ရှိရမည်။ အခြေခံကျသည့် အကြောင်းရင်းတစ်ခုမှာ အဘယ်နည်း။ ဘုရားသခင်၏ အချိန်မရောက်သေးခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ယုံကြည်ခြင်းကို စစ်ကြောနေပြီး တစ်ချိန်တည်းတွင် သူသည် သင်၏ ယုံကြည်ခြင်းကို အားကောင်းစေရန် ဤနည်းစနစ်ကို အသုံးပြုချင်ပေသည်။ ဤသည်မှာ လူတို့ နားလည်ကာ သိသင့်သည့် အခြေခံကျသော အရာဖြစ်သည်။ ဘုရားသခင် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ သင်ပြုမူဆောင်ရွက်ပြီးဖြစ်သည်၊ သင် ဆုတောင်းပြီးဖြစ်သည်၊ ရှာဖွေပြီးဖြစ်သည်၊ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံးရှိသည်၊ ဘုရားနှုတ်ကပတ်တော်များကို သင်စတင်တန်ဖိုးထားပြီးဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များကို သင် စိတ်ဝင်စားပြီး ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရန်၊ ဘုရားရှေ့မှောက်သို့ လာရန်၊ သူ့ထံမှ သွေဖည်မသွားရန်နှင့် အမှုအရာများ လုပ်ဆောင်နေချိန်တွင် ရှာဖွေရန် မိမိကိုယ်ကို သင် မကြာခဏ သတိပေးသည်ဆိုပါစို့။ သို့သော် သင်က “ဘုရားသခင်က ငါ့ကို အထူး ဉာဏ်အလင်းပေးမှု၊ အလင်းပြမှု၊ သို့မဟုတ် လမ်းပြမှု တစ်ခုတလေ ပေးပြီးဖြစ်သည်ဟု ငါ ရှင်းရှင်းလင်းလင်း ခံစားရသည် မထင်မိပါ။ ဘုရားသခင်က ငါ့ကို အထူးဆုကျေးဇူးများ၊ ပါရမီများ၊ သို့မဟုတ် ငါ ထမ်းဆောင်သည့် တာဝန်အတွက် အထူးအစွမ်းအစများ တစ်ခုတလေ ပေးထားပြီးဖြစ်သည်ဟုပင် သိသာထင်ရှားသည့် ခံစားချက်များ ငါ့ထံတွင် မရှိပါ။ ထိုအစား ငါ့လောက်မတော်သည့်သူများသည် ငါ့ထက် ပိုသိနားလည်သည်၊ မိမိတို့တာဝန်များကို လုပ်ဆောင်ရာတွင် ပိုတော်ကြပြီး ဧဝံဂေလိဖြန့်ရာတွင် ပိုမိုအပြောကောင်းကြသည်ဟု ငါ ခံစားရသည်။ ငါသည် အဘယ်ကြောင့် အခြားလူများလောက် မတော်ရသနည်း။ ငါသည် အဘယ်ကြောင့် တစ်နေရာတည်းတွင် ရပ်နေပြီး တိုးတက်မှု အနည်းငယ်သာဖြစ်စေရသနည်း”ဟု မိမိကိုယ်ကို တွေးလေသည်။ ဤအတွက် အကြောင်းရင်းနှစ်ခုရှိ၏။ တစ်ခုမှာ လူတို့ကိုယ်တိုင်သည် ရှာဖွေရာတွင် မိမိတို့ တစ်ဦးချင်းစီ၏ နည်းစနစ်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များအပြင် ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် ဘုရားသခင်အပေါ် တောင်းလျှောက်မှုများ ပြုလုပ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အကြောင်းရင်းများ စသည်တို့ကဲ့သို့သော ပြဿနာများစွာ ရှိကြခြင်း ဖြစ်သည်။ ဤအရာအားလုံးတွင် သင်သည် သုံးသပ်ရန်၊ သိမြင်မှု ရရှိရန်၊ အတွင်းရှိ ပြဿနာများကို ရှာဖွေတွေ့ရှိပြီး သင်၏ လမ်းကြောင်းကို ချက်ချင်း ပြောင်းရန် လိုအပ်သည်။ ဤအရာနှင့် ပတ်သက်၍ အသေးစိတ်ပြောရန် မလိုအပ်ပေ။ ဒုတိယအကြောင်းရင်းမှာ မတူကွဲပြားသော လူတို့အား ဘုရားသခင် မည်မျှပေးပြီး ၎င်းတို့အပေါ် မည်သို့ပေးသည်ဆိုသည့်အရာနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင် နည်းစနစ်ရှိခြင်း ဖြစ်သည်။ ဘုရားသခင်က နှုတ်ကပတ်တော်များ ပြောဆိုပြီးဖြစ်သည်။ “ငါ ကျေးဇူးပြုမည့်သူကို ငါ ကျေးဇူးပြုမည်ဖြစ်ပြီး ငါ သနားကရုဏာ ပြမည့်သူကို ငါ သနားကရုဏာပြမည်ဟု ဆိုလေ၏။” (ထွက်မြောက်ရာ ၃၃:၁၉) သင်သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းခံရမည့်သူ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဘုရားသခင်၏ သနားကရုဏာပြ ခံရမည့်သူ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် သင်သည် ဘုရားသခင် ပြောဆိုသည့် ဤလူနှစ်မျိုးထဲမှ မည်သည့်လူစားမျိုးမှမဟုတ်ဘဲ ဖြစ်ကောင်းဖြစ်မည်။ သင်သည် အခြားလူများထက် သာ၍ သန်မာသည်၊ သို့မဟုတ် သင့်ကို စစ်ကြောခြင်းနှင့် ကြံ့ခိုင်ဖွံ့ဖြိုးအောင်လုပ်ခြင်းအတွက် အခြားသူများထက် သင် အချိန်ပိုလိုအပ်သည်ဟု ဘုရားသခင် တွေးထင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းရင်းများစွာ ရှိသော်လည်း မည်သည့် အကြောင်းရင်းဖြစ်ပါစေ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို မှန်ကန်ပေသည်။ လူတို့သည် ဘုရားသခင်အပေါ် လွန်ကဲသည့် မည်သည့် တောင်းဆိုမှုများမျှ မပြုလုပ်သင့်ပေ။ သင် လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သင်၏ စိတ်နှလုံးအကြင်းမဲ့ဖြင့် ရှာဖွေပြီး သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်ဆိုင်းရန် ဖြစ်သည်။ ဘုရားသခင်က သင့်ကို နားလည်ခွင့်ပေးပြီး အဖြေများ မပေးမီတွင် သင် လုပ်ဆောင်သင့်သည့် တစ်ခုတည်းသော အရာမှာ ရှာဖွေရန်ဖြစ်သလိုတစ်ချိန်တည်းတွင် ဘုရားသခင်က သင့်ကို တစ်စုံတစ်ရာ ပေးမည့်အချိန်၊ ဘုရားသခင်က သင့်ကို ကျေးဇူးပြုမည့်အချိန်နှင့် သင့်ကို ဉာဏ်အလင်းပေးကာ လမ်းပြမည့်အချိန်ကို စောင့်ဆိုင်းခြင်းလည်း ဖြစ်သည်။ လူသား အယူအဆများနှင့် ဆန့်ကျင်စွာပင် ဘုရားသခင်သည် လူတို့ကို အမှုအရာများအား အညီအမျှ ခွဲဝေခြင်းမပြုသောကြောင့် ဘုရားသခင်အပေါ် တောင်းဆိုမှုများ ပြုလုပ်ရန် “ညီမျှသော”ဟူသည့် စကားလုံးကို သင် သုံး၍မရပေ။ ဘုရားသခင်က သင့်ကို တစ်စုံတစ်ရာ ပေးသည့်အခါ ယင်းမှာ ထိုအရာကို သင် လက်ခံရရှိသင့်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို တစ်စုံတစ်ရာ မပေးသည့်အခါ ဘုရားသခင်၏ အမြင်၌ ထိုအချိန်သည် သင့်တော်ခြင်းမရှိ၊ သို့မဟုတ် မှန်ကန်ခြင်းမရှိသည်မှာ သိသာထင်ရှားသောကြောင့် ထိုအချိန်တွင် သင် မရရှိသင့်ပေ။ တစ်စုံတစ်ရာကို သင်မရရှိသင့်ဟု ဘုရားသခင်က ပြောပြီး ထိုအရာကို သင့်အား သူ မပေးလိုသည့်အခါ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦးက “ဘုရားသခင် မပေးလျှင်၊ ကျွန်ုပ် ကျိုးနွံနာခံပြီး စောင့်ဆိုင်းပါမည်။ လတ်တလောတွင် ထိုအရာကို ကျွန်ုပ် မရရှိထိုက်ပါ။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ထိုအရာကို မခံနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို စောဒကတက်ခြင်း၊ သို့မဟုတ် မယုံသင်္ကာဖြစ်ခြင်း မရှိဘဲနှင့် ဧကန်မုချ မည်သည့် သံသယမျှမရှိဘဲ ကျိုးနွံနာခံနိုင်ပါသည်”ဟု ဆိုပေမည်။ ဤအချိန်တွင် လူတို့သည် မိမိတို့၏ ဆင်ခြင်တုံတရား မပျောက်ဆုံးသင့်ပေ။ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ဆင်ခြင်တုံတရားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် သင် ရွေးချယ်သင့်သည်။ ဘုရားသခင်အပေါ် ဖန်ဆင်းခံများ ရှိသင့်သည့် သဘောထားတစ်ခုတည်းရှိ၏။ နားထောင်ပြီး ကျိုးနွံနာခံရန်ဖြစ်သည်။ အခြားရွေးချယ်စရာ မရှိပေ။ သို့သော် ဘုရားသခင်သည် သင့်အပေါ် မတူကွဲပြားသော သဘောထားများ ရှိနိုင်သည်။ ဤအရာအတွက် အခြေခံအကြောင်းရင်းတစ်ခု ရှိ၏။ ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များရှိသည်။ သူသည် မိမိကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ပြီး ဤအရာများကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သူ့ထံတွင် သူ၏ ကိုယ်ပိုင် နည်းစနစ်များ ရှိကာ လူအသီးသီးအပေါ် သူ ခံယူသည့် သဘောထားရှိသည်။ ဤရွေးချယ်မှုများနှင့် နည်းစနစ်များကို ဘုရားသခင်၏ ရည်မှန်းချက်များ ကျောထောက်နောက်ခံပြုထားသည်မှာ အမှန်ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ ရည်မှန်းချက်များအပေါ် သိနားလည်မှု မရှိမီတွင် ၎င်းတို့ လုပ်ဆောင်သင့်ပြီး လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်ကို ပုန်ကန်သည့် အရာတစ်ခုတလေ လုပ်ဆောင်ခြင်းကို ရှောင်ရှားရင်း ရှာဖွေပြီး စောင့်ဆိုင်းရန်ဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်း၊ ကျေးဇူးပြုခြင်းနှင့် သနားကရုဏာတို့ကို မခံစားရသည့် ဤအချိန်ကာလများတွင် ဘုရားသခင်ထံမှ သွေဖည်ခြင်း၊ သူသည် ဖြောင့်မတ်ခြင်း မရှိဟု ပြောဆိုခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ဟစ်အော်ခြင်း၊ သို့မဟုတ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို မခံစားနိုင်သည့်အခါ သူ့ကို ငြင်းပင်ငြင်းပယ်ခြင်းတို့သည် လူတို့အနေဖြင့် လုပ်ဆောင်ရန် မသင့်တော်ဆုံး အရာပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မမြင်လိုဆုံးသော အရာဖြစ်သည်။ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ သူ၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်ခြင်း၊ သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်ကို အော်ဟစ်ခြင်း အဆင့်ထိ သင် အမှန်တကယ် ရောက်ရှိပါက ဘုရားသခင်သည် အစောကတည်းက သင့်ကို အလေးဂရုမပြုသည့် သဘောထားတစ်ခုကို ခံယူခဲ့သည်မှာ မှန်ကန်ကြောင်းကို ထိုအရာက အတည်ပြုလိမ့်မည်။ ဤသေးငယ်သည့် စမ်းသပ်မှုနှင့် စစ်ဆေးမှုကိုပင် သင် မခံနိုင်ပါက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ သင်၏ ယုံကြည်မှုသည် အလွန် အနှစ်မဲ့ပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မခံစားရသည့်အခါ ၎င်းတို့လုပ်ဆောင်ရန် အရေးကြီးဆုံးသော အရာမှာ မိမိတို့ စိတ်နှလုံး တစ်ခုလုံးဖြင့် ရှာဖွေကာ စောင့်ဆိုင်းရန် ဖြစ်သည်။ ရှာဖွေခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် လူ၏ တာဝန်များဖြစ်ပြီး ဘုရားသခင်အပေါ် လူတို့ ရှိသင့်သည့် ဆင်ခြင်တုံတရား၊ သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများလည်း ဖြစ်သည်။ ရှာဖွေကာ စောင့်ဆိုင်းနေစဉ်တွင် မရေရာခြင်းအပေါ် အခြေခံထားသည့် စိတ်နေစိတ်ထားကို မသိုထားနှင့်။ “ငါ စောင့်ဆိုင်းလျှင် ဘုရားသခင်က ငါ့အပေါ် ရှင်းလင်းသော စကားများ ပေးသနားလိမ့်မည်။ ငါသည် အနည်းငယ်မျှ သာ၍ ရိုးသားစစ်မှန်ပြီး ဘုရားသခင်က ငါ့ကို ဉာဏ်အလင်းပေးခြင်း ရှိမရှိဆိုသည်ကိုသာ ကြည့်ရန် လိုအပ်သည်။ ငါ့ကို သူ ဉာဏ်အလင်းပေးကောင်း ပေးနိုင်သည်။ သူ ဉာဏ်အလင်း မပေးလျှင် အခြားနည်းလမ်းကို ငါအကြံထုတ်မည်”ဟု အမြဲ မစဉ်းစားနှင့်။ အခွင့်အရေးအပေါ် အခြေခံသည့် ဤကဲ့သို့သော စိတ်နေစိတ်ထားကို မသိုထားနှင့်။ ဘုရားသခင်သည် လူတို့၌ရှိသော ဤသဘောထားမျိုးကို စက်ဆုပ်၏။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် မရေရာမှုတစ်ခုအပေါ် အခြေခံသည့်သဘောထားတစ်ခု ဖြစ်ကာ ယင်းတွင် စမ်းသပ်မှုတစ်ခုပါဝင်သည်။ ဤသည်မှာ ဘုရားသခင် အစက်ဆုပ်ဆုံးသော အရာဖြစ်သည်။ သင် စောင့်ဆိုင်းမည်ဆိုပါက ရိုးသားစစ်မှန်စွာ စောင့်ဆိုင်းလော့။ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရား ရှာဖွေစဉ်တွင် သင်၏ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းစဉ်နှင့် ဘုရားသခင်ကို ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ တောင်းလျှောက်စဉ်တွင် ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်၊ ခင်မွတ်သော စိတ်ဓာတ်တစ်ခုကို ထားရှိလော့။ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သင့်ကို နောက်ဆုံးတွင် သူက ပြည့်ဝသော သိနားလည်မှုတစ်ခု ရရှိခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မည်သည့် သွေဖည်မှုမျှ မရှိဘဲ ကျိုးနွံနာခံခြင်း စည်းမျဉ်းကို သင်စောင့်ထိန်းလိုက်နာသင့်သည်။ ဤသို့ဖြင့် သင်သည် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အဆင့်အတန်းနှင့် တာဝန်ကို စွဲစွဲမြဲမြဲ ကိုင်စွဲနေလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးတွင် သူ၏ မျက်နှာကို သင့်ထံမှ ကွယ်ဝှက်သည်ဖြစ်စေ၊ သင့်ကို သူ ကျောခိုင်းထားသည်ဖြစ်စေ၊ သင့်ထံ သူပေါ်ထွန်းလာသည်ဖြစ်စေ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်နှင့် မူလအဆင့်အတန်းကို သင် စွဲစွဲမြဲမြဲ ကိုင်စွဲသရွေ့ သင်သက်သေခံပြီးဖြစ်မည်ဖြစ်ကာ အောင်မြင်သောသူတစ်ဦး ဖြစ်လိမ့်မည်။ “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။” ဤပြောဆိုချက်အတို လေးရပ်မှာ အလွန် အရေးကြီး၏။ ထိုပြောဆိုချက်များသည် လူက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား၊ လူက ရပ်တည်သင့်သည့် မူလအဆင့်အတန်းနှင့် လူ လိုက်လျှောက်သင့်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတို့ကို ခြုံငုံသည်။ လူအချို့က “ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေကာ စောင့်ဆိုင်းကြပါသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဉာဏ်အလင်းမပေးပါသနည်း။ ကျွန်ုပ်ကို သူက အဘယ်ကြောင့် ဉာဏ်ကွန့်မြူးမှု တစ်ခုမျှ မပေးပါသနည်း”ဟု ဆိုကြသည်။ ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိလေသည်။ ဘုရားသခင်အပေါ် တောင်းဆိုချက်များ မပြုနှင့်။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံများ အပိုင်ဆိုင်သင့်ဆုံးသော ဆင်ခြင်တုံတရားဖြစ်သည်။ လူ့စိတ်၊ အတွေးများနှင့် အယူအဆများအရ လူတို့ နားမလည်သည့် အရာ အလွန်များပြီး ဘုရားသခင်က ဤအရာများကို လူတို့အား ပြောပြရမည်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က “ထိုအရာများကို ပြောပြရန်မှာ ငါ၏ တာဝန်၊ သို့မဟုတ် ဝတ္တရား မဟုတ်ပေ။ ငါသည် သင့်ကို တစ်စုံတစ်ရာ သိစေလိုလျှင် သင်အနည်းငယ် သိလိမ့်မည်ဖြစ်ပြီး ဤသည်မှာ သင့်ကို ငါမျက်နှာသာပေးခြင်း ဖြစ်လိမ့်မည်။ ငါသည် သင့်ကို တစ်စုံတစ်ရာ မသိစေလိုပါက ထိုအရာအကြောင်း စကားတစ်ခွန်းမျှ ငါပြောလိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာကို သင် နားလည်နိုင်လိမ့်မည်ဟု စိတ်မကူးလေနှင့်”ဟု ဆိုသည်။ လူအချို့က “ဤအရာတွင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အတွက် အခက်ကြုံအောင်လုပ်ပြီး နားလည်ခွင့်မပေးပါသနည်း”ဟု ပြောကြသည်။ ဘုရားသခင်သည် သင့်ကို ဆန့်ကျင်ရန် ပြင်ဆင်နေခြင်းမရှိပေ။ ဖန်ဆင်းရှင်သည် အမြဲ ဖန်ဆင်းရှင်ဖြစ်လိမ့်မည်ဖြစ်ပြီး သူသည် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ သူ၏ ကိုယ်ပိုင် နည်းလမ်းများနှင့် နည်းစနစ်များ ရှိ၏။ သူ၏ နည်းလမ်းနှင့် နည်းစနစ်များသည် လူ၏ အကြိုက်များ၊ စိတ်ကူးများ၊ အယူအဆများနှင့် မကိုက်ညီသကဲ့သို့ လူ၏ ရိုးရာယဉ်ကျေးမှုနှင့် ဧကန်မုချ မကိုက်ညီသော်လည်း ရိုးရှင်းစွာပြောရလျှင် ထိုအရာများက လူ၏ မည်သည့် သွင်ပြင်လက္ခဏာများနှင့် မကိုက်ညီသည်ဖြစ်စေ၊ လူ၏ သတ်မှတ်ချက်များနှင့် စံနှုန်းများဖြင့် ထိုအရာများ မကိုက်ညီသည့်အချက်ကို ပဓာနမထားဘဲ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူတို့က ထိုအရာကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့သည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်။ ဖန်ဆင်းရှင်ကို အကဲဖြတ်ရန် လူတို့သည် လူသား ဘာသာစကား၊ လူသား အယူအဆများ၊ သို့မဟုတ် လူသား နည်းစနစ် တစ်ခုတလေကိုမျှ လုံးဝ အသုံးမပြုသင့်ပေ။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဤဆင်ခြင်တုံတရားအနည်းငယ်ကိုပင် သင် ချို့တဲ့ပါက သင့်ကို ငါရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်။ သင်သည် အဖန်ဆင်းခံတစ်ဦးကဲ့သို့ ပြုမူဆောင်ရွက်နိုင်စွမ်း မရှိပေ။ အနှေးနှင့်အမြန်ဆိုသလို တစ်နေ့တွင် မကောင်းသည့်အရာတစ်ခုခု သင့်ထံ ဖြစ်ပျက်လိမ့်မည်။ သင်သည် ဤဆင်ခြင်တုံတရားအနည်းငယ်ပင် ကင်းမဲ့ပါက အနှေးနှင့်အမြန်ဆိုသလို တစ်နေ့တွင် သင်၏ ဆိုးယုတ်သော စိတ်သဘောထား ပွင့်ထွက်လာလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်ကို သံသယရှိလိမ့်မည်၊ နှုတ်ဖြင့် ဘုရားသခင်ကို စော်ကားလိမ့်မည်၊ ငြင်းပယ်ပြီး သစ္စာဖောက်လိမ့်မည်။ ထို့နောက်တွင် သင်သည် လုံးဝ ဇာတ်သိမ်းသွားမည်ဖြစ်ကာ ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်ပေသည်။ ထို့ကြောင့် ဖန်ဆင်းခံများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားသည်အလွန် အရေးကြီး၏။ “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။” ဤပြောဆိုချက် လေးရပ်သည် လူတို့က မိမိတို့၏ တကယ့် ဘဝများတွင် မကြာခဏ ရင်ဆိုင်ရသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ကိုင်တွယ်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို တိုးတက်စေရန်အတွက်လည်းကောင်း အဖန်ဆင်းခံများ ရှိသင့်သော အသိစိတ်နှင့် စည်းမျဉ်းများ ဖြစ်သည်။
ဤစာပိုဒ်၏ ပထမအပိုင်းမှာ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်” ဟုဆိုပြီး နောက်ဆုံးပိတ်မတိုင်မီ တစ်ခုဖြစ်သော စာကြောင်းက “သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့”ဟု ဆိုသည်။ လူအချို့က “‘ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်’ဟူသည့် စကားလုံးများ၏ ပြောမထားသော အဓိပ္ပာယ်မှာ နောက်ဆုံးရလဒ်ကို ရှောင်လွှဲမရဟူ၍ ဖြစ်ပါသလား။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကျွန်ုပ်တို့ ရှာဖွေပြီး စောင့်ဆိုင်းလျှင်၊ ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တသည့် စိတ်နှလုံးရှိလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဖြေပေးပြီး ကိစ္စရပ်၏ အမှန်တရားကို သိနားလည်ခွင့်ပေးဖို့ လိုအပ်လာပါသလား” ဟု ဆိုကြသည်။ ဤသည်မှာ သင့်အတွက် ငါ၏ အဖြေဖြစ်သည်။ ထိုအရာသည် မသေချာသကဲ့သို့ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဤစာပိုဒ်ရှိ စကားလုံးတိုင်းသည် လူတို့အတွက် ဘုရားသခင် အဆိုပြုသည့် တောင်းဆိုချက်တစ်ခု၊ အဖန်ဆင်းခံများ လိုက်နာစောင့်ထိန်းသင့်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဘုရားသခင် လူအား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု၊ လူတို့က နေ့စဉ်ဘဝတွင် မိမိတို့ကိုယ်ကို တွေ့ရှိရသည့် အခြေအနေများတွင် လက်တွေ့လုပ်ဆောင်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းများကို ပေး၏။ သို့ရာတွင် ဘုရားသခင်က လူတို့ကို “ဤစကားများကို သင်တို့ နားလည်သည့် အတိုင်းအတာ မည်သို့ဖြစ်စေ၊ ဤစည်းမျဉ်းများကို သင်တို့ လိုက်နာစောင့်ထိန်းသရွေ့ အမှန်တရားများကို သင်တို့အား ငါ ပြောရမည်။ သင်တို့ကို ငါ အဖြေတစ်ခု ပေးရမည်ဖြစ်ပြီး အဆုံးတွင် သင်တို့ကို ရှင်းပြချက်တစ်ခု ငါ ပေးရမည်ဖြစ်သည်”ဟု မပြောခဲ့ပေ။ ဘုရားသခင်တွင် ဤတာဝန်မရှိ။ သူ့တွင် “မဖြစ်မနေ လုပ်ရမည်”ဟူသကဲ့သို့သော အရာ မရှိ။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် ထိုသို့ ကျိုးကြောင်းမသင့်သော တောင်းဆိုချက်များကို မပြုသင့်ပေ။ ဤသည်မှာ သင်တို့ တစ်ဦးစီ နားလည်ရမည့် တစ်စုံတစ်ရာ ဖြစ်သည်။ ဤ “ထိုသို့ သေချာပေါက်မဟုတ်”ဟူသည့်အရာက လူတို့ကို အချက်တစ်ချက် ပြောပြသည်။ ဘုရားသခင်သည် လူတို့က မိမိတို့၏ လူသား အယူအဆများ၊ လူသား အတွေးအခေါ်များ၊ လူသား အတွေ့အကြုံနှင့် သင်ခန်းစာများအတိုင်း ချမှတ်သည့် လှည့်ကွက်စည်းမျဉ်းများကို လုံးဝ လိုက်နာလိမ့်မည် မဟုတ်သကဲ့သို့ လူသား ဥပဒေကိုပင် သူ လိုက်နာလိမ့်မည် မဟုတ်။ ထို့ထက် လူသားများသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ဘုရားသခင် တင်ပြသည့် သမ္မာတရား အသီးသီး၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) လူတို့ လိုက်နာရမည့် စည်းမျဉ်းများကို ဤစာပိုဒ်တွင် ရှင်းလင်းစွာ ရှင်းပြထားသည်။ ပထမ စာကြောင်းဖြင့် အစပြုလော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များ အတွက် စိတ်မရှည်မဖြစ်လေနှင့်။”) ဤသည်မှာ လက်တွေ့လုပ်ဆောင်ပြီး နားလည်ရန် လွယ်ကူသည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုအရာကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အပေါ် မည်သည့် ဝန်ထုပ်၊ သို့မဟုတ် မည်သည့် ဖိအားမျှ မဖန်တီးပေးပေ။ ထိုအရာသည် ထူးခြားစွာ လွယ်ကူပေသည်။ ပြီးလျှင် ဒုတိယစာကြောင်းမှာရော အဘယ်သို့နည်း။ (“ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။”) သင်သည် ကမ္ဘာလောကတွင် အသက်ရှင်နေသည့် ပုံမှန်လူတစ်ဦး ဖြစ်သည်။ သင်တို့ စွမ်းဆောင်ရရှိရန် လိုအပ်သမျှမှာ ထိုမျှသာဖြစ်သည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” သင်သည် နှလုံးသားမမဲ့သရွေ့ ထိုအရာကို သင် လုပ်ဆောင်နိုင်၏။ သင်၌ တစ်နေ့တွင် နှစ်ဆယ်လေးနာရီရှိသည်။ သင်၏ ပုံမှန် အလုပ်၊ အနားယူချိန်၊ အစားအစာနှင့် ကိုယ်ရေးကိုယ်တာ ဝိညာဉ်ရေးရာ ဝတ်ပြုဆက်ကပ်မှုများအပြင် “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်”ရန်မှာ လွယ်ကူသော အရာဖြစ်သလော။ (လုပ်ဆောင်ရန် လွယ်ကူပါသည်။) လမ်းလျှောက်နေစဉ်၊ စကားစမြည်ပြောနေစဉ်၊ သို့မဟုတ် အနားယူနေစဉ် ထိုအရာကို လုပ်ဆောင်၍ ရ၏။ ထိုအရာက သင်၏ ပုံမှန် လုပ်ငန်း၊ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် လက်တစ်ကမ်းမှာ ရှိသော အလုပ်ကို ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်။ တကယ်ကို ရိုးရှင်းသော အရာတစ်ခု ဖြစ်သည်။ လူတစ်ဦး၏ အစွမ်းအစကို ပဓာနမထားဘဲ ၎င်းတို့အနေဖြင့် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခုကို ပူဇော်ကာ သမ္မာတရားအတွက် ကြိုးပမ်းသရွေ့ ၎င်းတို့သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်ကာ ဤလက်တွေ့ကျမှုထဲသို့ အလွယ်ကလေး ဝင်ရောက်ကြလိမ့်မည်။
နောက်တစ်ကြောင်းမှာ အဘယ်နည်း။ (“ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။”) ယခုအခါတွင် ငါသည် သင်တို့အားလုံးကို ပြောင်း၍မေးမည်။ “ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်”ဆိုသည်ကို သင်တို့ ယုံကြည်ကြသလော။ ဤအရာကို မည်သည့်အချိန်တွင် သင်တို့ စတင်ယုံကြည်ကြသနည်း။ မည်သည့် အရေးကိစ္စများတွင် ဤအရာကို သင်တို့ ယုံကြည်လာကြသနည်း။ သင်တို့တွင် ထိုသို့သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသလော။ ဤအတွေ့အကြုံ သင်တို့ ရှိကြပြီးပြီလော။ တစ်စုံတစ်ဦးက “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ဆိုသည်ကို သင် ယုံကြည်ပါသလား”ဟု မေးလျှင် အဘယ်သို့နည်း။ သဘောတရားအရ သင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ “ဘုရားသခင်သည် ကျွန်ုပ်၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်သို့ ကျွန်ုပ်၏ အနန္တတန်ခိုးရှင် မဖြစ်နိုင်ရမည်နည်း”ဟု ပြောကောင်းပြောပေမည်။ ၎င်းတို့က သင့်ကို တစ်ဖန်ထပ်၍ “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဟုတ်ပါသလား။ မည်သည့် အရေးကိစ္စများတွင် သင်သည် ဘုရားသခင်အပါ် မှီခိုပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ကြုံပြီးပြီနည်း။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းသည် သင်ကိုယ်တိုင်၌ မည်သည့် အတိုင်းအတာအထိ ထုတ်ဖော်ပြပြီးပြီနည်း။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ကြောင်း မည်သည့်အချိန်တွင် သင်ရှာဖွေတွေ့ရှိခဲ့သနည်း။ မည်သည့် ကိစ္စတွင် ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သင် ခံစားရသနည်း။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်းနှင့် သူနှင့်ပတ်သက်၍ မည်သည့်အရာမျှ မဖြစ်နိုင်သည့်အရာ မရှိကြောင်း သင် ဝန်ခံပါက သင်သည် တစ်ခါတစ်ရံ အဘယ်ကြောင့် အလွန် ပျော့ညံ့နေရသနည်း။ အဘယ်ကြောင့် အပျက်သဘောဆောင်နေသေးသနည်း။ သင့်ထံ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ အဘယ်ကြောင့် သင်သည် ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိရသနည်း။ အခြားသူများကို သင် ကိုင်တွယ်ဖြေရှင်းရာတွင် အဘယ်ကြောင့် စာတန်ဆန်သော အတွေးအခေါ်ဖြင့် အမြဲ အသက်ရှင်ရသနည်း။ ဘုရားသခင်၏ ပြစ်တင်မောင်းမဲခြင်း မခံစားရဘဲ အဘယ်ကြောင့် သင်သည် မကြာခဏ အလိမ်အညာများကို ပြောသေးသနည်း။ ဘုရားသခင်သည် အမှန်တကယ် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ပါသလား။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းက မည်သည့်အရာ အတိအကျ ရည်ညွှန်းသည်ဟု သင် ထင်သနည်း။ ထိုအရာသည် ဘုရားသခင်၏ အနှစ်သာရနှင့် ကိုက်ညီပါသလား”ဟု မေးလျှင် အဘယ်သို့နည်း။ သင်သည် ဤမေးခွန်းများ အမေးခံရမည်ဆိုပါက ထိုသို့သော သေချာမှုဖြင့် သင်ဖြေဝံ့ဦးမည်လော။ ငါ ဤသို့မေးသည့်အခါ လူတို့သည် အာစေးမိသွားကြသည်။ သင့်ထံတွင် ထိုသို့သော အတွေ့အကြုံမရှိ။ သင်သည် ဘုရားသခင်နှင့် ဤအဆင့်တွင် ဆက်ဆံရေးတစ်ခု ထူထောင်ထားခြင်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာ သင် လုံးဝ မတွေ့ကြုံဖူးပေ၊ ဘုရားသခင်၏ လက်တော်ကို သင် လုံးဝ မမြင်ဖူး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ဘုရားသခင်၏ အနန္တတန်ခိုးရှိသော လက်တော်က စွဲကိုင်သည့် အချုပ်အခြာအာဏာကို သင် လုံးဝ မမြင်ဖူးပေ။ ဤအရာကို သင်သည် တွေ့ကြုံရန်၊ သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရန်မဆိုထားနှင့်၊ မည်သည့်အခါတွင်မျှ မမြင်ဖူး၊ မကြားဖူးပေ။ ထို့ကြောင့် “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပါသလား”ဟူသည့် မေးခွန်းနှင့် ပတ်သက်၍ သင်သည် မသိသကဲ့သို့ ပြောရန် မဝံ့မရဲဖြစ်လေသည်။ ဤအရာက သင်သည် ယုံကြည်ခြင်းကင်းမဲ့ကြောင်း သက်သေပြ၏။ သင့်အတွက် ဤစာကြောင်းသည် သင်၏ ရူပါရုံဖြစ်လာသင့်သည်။ ထိုအရာသည် ဘုရားသခင်ကို သင် ယုံကြည်ပြီး သူ့နောက်လိုက်ကြောင်း အားအကောင်းဆုံးသော သက်သေအထောက်အထား ဖြစ်ရပေမည်။ ထိုအရာသည် သင်ရှေ့ဆက်သွားသည်နှင့်အမျှ သင့်ကို ပံ့ပိုးသည့် ရူပါရုံ၏ ရှုထောင့်တစ်ခုလည်း ဖြစ်သည်။ သို့တိုင် သင်သည် သေချာမှုဖြင့် အဖြေမပေးဝံ့ဘဲ ရှိနေသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းသည် ဘုရားသခင် တည်ရှိကြောင်း ယုံကြည်မှုတစ်ခုမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်သည့်တိုင် သင်သည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်ခြင်းမရှိ၊ ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခုကို အမှန်တကယ် ထူထောင်ခြင်းမရှိသေး၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ သင်မဝင်ရောက်သေး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသည့် အတွေ့အကြုံတွင် ပါဝင်ခြင်း မရှိသေးသကဲ့သို့ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အမှန်တရားကို သင်ကိုယ်တွေ့ သဘောပေါက်ခြင်း မရှိသေးချေ။ သင့်ထံတွင် ဤနားလည်မှုများ ရှိခဲ့ရန်မဆိုထားနှင့်၊ ဤထိုးထွင်းအမြင်များ သို့မဟုတ် အတွေ့အကြုံများ မရှိခဲ့ပေ။ သင့်ကို ရိုးရှင်းစွာဖြင့် “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ပါသလား။” ဟု မေးခဲ့လျှင် သင့်အနေဖြင့် သေချာပေါက် “ဖြစ်ပါသည်”ဟု ဖြေပေမည်။ ထို့နောက်တွင် ဤအရာကို သင် မည်သို့ တွေ့ကြုံခဲ့ပြီး ဤသိနားလည်မှုကို မည်သို့ ရောက်ရှိလာသည်ဆိုသည်ကို အမေးခံရမည်ဆိုပါက သင်သည် မုချ မဖြေဝံ့ဘဲ အာစေးမိလျက် ခေါင်းမဖော်ဝံ့ဘဲ ရှိပေမည်။ ဤအချက်အတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့တွင် အတွေ့အကြုံမရှိပါ။) သင်သည် အယူဝါဒဆိုင်ရာ ရှုထောင့်မှ ပြောနေခြင်း ဖြစ်သည်။ အမှန်တွင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးနှင့် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်းကို နှုတ်ဖြင့် အသိအမှတ်ပြုပေသည်။ သို့ရာတွင် ဘုရားသခင်ကို သင်စတင်နောက်လိုက်သည့်နေ့ကတည်းက ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို သင် လုံးဝ ဖြည့်ဆည်းခြင်း မရှိလေပြီ။ ဘုရားနှုတ်ကပတ်တော်ကို သင်၏ အသက်ရှင်ခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် လက်ခံခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို သင်၏ တာဝန်အား ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအဖြစ် သဘောထားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းတို့သည် သင်၏ တာဝန်ဖြစ်သည်။ ဤသမ္မာတရား လက်တွေ့ကျမှုများထဲသို့ သင် မဝင်ရောက်သေးပါက ဤအရာက မည်သည့်အရာကို သွယ်ဝိုက်ရည်ညွှန်းပါသနည်း။ ဘုရားသခင်နောက် သင်လိုက်သော်လည်း မိသားစု၊ အလုပ်နှင့် အသက်မွေးမှုလုပ်ငန်းတို့ကို သင် စွန့်လွှတ်ပြီးဖြစ်ကာ ယနေ့ထိတိုင် ဘုရားသခင်နောက်သို့ သင်လိုက်နိုင်ပြီးဖြစ်သော်လည်း သင်၏ စိတ်နှလုံးသည် သမ္မာတရားကိုလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားသည့် အသက်ကိုလည်းကောင်း လက်မခံသေးဘဲ ထိုအစား သင်ကိုယ်တိုင်က ချစ်သည့် အရာများကို လိုက်စားကာ ထိုအရာများကို လုံးဝ လက်လွှတ်ခြင်းမရှိဟု ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင် နောက်လိုက်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံခြင်းအဖြစ် ယူဆ၍ ရသလော။ သင်၏ စိတ်နှလုံးတွင် လူအတွက် ဘုရားသခင် ချမှတ်သည့် ဘဝ ရည်မှန်းချက်များ၊ ဦးတည်ချက်များ၊ ဘဝနှင့် အသက်ရှင်ခြင်း၏ စံများကို သင် လက်မခံဘဲ သင် ကြားသည့် စကားများကိုသာ သံယောင်လိုက်ပြီး အချို့သော အယူဝါဒများကို ရေရွတ်ပါက ဤအရာကို သမ္မာတရား လက်ခံခြင်းအဖြစ် ယူဆရသလော။ သင်သည် ဘုရားသခင်နောက်လိုက်ပြီး အပြင်ပန်းအားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သော်လည်း သင်၏ စိတ်နှလုံးသည် သမ္မာတရားကို လက်မခံသေးပေ။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သော်လည်း သင် အသက်ရှင်နေထိုင်သည့် စည်းမျဉ်းများနှင့် နည်းစနစ်များ၊ သင်၏ ဘဝက လိုက်လျှောက်သည့် လမ်းကြောင်းများသည် စာတန်နှင့် သက်ဆိုင်နေဆဲ ဖြစ်သည်။ သင်သည် တစ်သက်လုံး ရှိခဲ့သည့်ပုံစံအတိုင်းသာဖြစ်၍ မပြောင်းလဲသေးပေ။ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော လူ၏ အသက်ရှင်သည့် နည်းလမ်းအတိုင်း အသက်ရှင်နေဆဲဖြစ်ပြီး ဘုရားသခင်ထံမှ လာသည့် တောင်းဆိုချက်များနှင့် စည်းမျဉ်းများကို သင်လက်မခံသေးပေ။ ဤပဓာနကျသော ရှုထောင့်အမြင်မှ သင်လုပ်ဆောင်နေသည့်အရာမှာ ဘုရားသခင်နောက် အမှန်တကယ် မလိုက်လျှောက်ခြင်း ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဖန်ဆင်းရှင်သည် သင်၏ ဘုရားသခင်ဖြစ်သည်ဟူသည့် သဘောတရားကို အသိအမှတ်ပြုသည့် အခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်အတွက် အနည်းငယ်သာ သင် လုပ်ဆောင်နေခြင်းဖြစ်ပြီး သူ့ကို အနည်းငယ် ဆက်ကပ်ပူဇော်နေခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကို ထောက်သော် ဘုရားသခင်သည် သင်၏ ဘုရားဖြစ်ကြောင်းနှင့် သင်သည် သူ၏ နောက်လိုက်ဖြစ်ကြောင်းကို သင်သည် အင်တင်တင်ဖြင့် ဝန်ခံသော်လည်း သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို သင်၏ အသက်၊ သင်၏ သခင်နှင့် သင်၏ ဘုရားအဖြစ် လုံးဝ လက်ခံခြင်းမရှိလေပြီ။ ဤအရာက ငါယခုတင် မေးခဲ့သည့် “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ပါသလား”ဟူသော မေးခွန်းဆီသို့ ပြန်ရောက်စေသည်။ အထက်ပါ အကြောင်းရင်းများကြောင့် သင်သည် သေချာမှုဖြင့် အဖြေမပေးဝံ့ပေ။ အရာခပ်သိမ်းနှင့် စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်လင့်ကစား သင့်အတွက်မူ ဘုရားသခင်သည် သဘောတရားအရ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သင် ဝန်ခံနိုင်သော်လည်း အမှန်တွင် ဤအရာကို သင် မတွေ့ကြုံဖူးသေးချေ၊ သို့မဟုတ် မမြင်ရသေးချေ။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် မေးခွန်းတစ်ခု ရှိနေသည်။ မည်သည့်အချိန်တွင် လူတို့သည် “ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်”ဟူသည့် စကားများကို အမှန်တကယ် အတည်ပြုနိုင်ပြီး ဤရူပါရုံကို သူ၌ မိမိတို့ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်စေနိုင်ကြလိမ့်မည်နည်း။ ၎င်းတို့ စိတ်နှလုံးများထဲရှိ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အဆင့်အတန်းတို့ကို လူတို့ လက်ခံနိုင်ကာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို မိမိတို့ တည်ရှိခြင်း၏ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲနိုင်ကြသည့်အခါတွင်သာ “ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင်ဖြစ်သည်”ဟူသည်ကို ၎င်းတို့ အမှန်တကယ် အသိအမှတ်ပြုနိုင်ကြပေသည်။ ဤစကားများသည် အမှန်တကယ် စွမ်းဆောင်ရရှိရန် အခက်ခဲဆုံးဖြစ်သော်လည်း ဘုရားသခင်က ထိုစကားများကို ဖြစ်ပွားစေပြီးဖြစ်သည်။ ဤစကားများသည် လူအတွက် အလွန်ပင် အရေးကြီးကြောင်းနှင့် လူတို့သည် ၎င်းတို့၏ တစ်သက်တာ အင်အားများကို ဤစကားများအား တွေ့ကြုံခံစားရန်နှင့် နားလည်သဘောပေါက်ရန် ဆက်ကပ်ထားရန် လိုအပ်ကြောင်း ဤအရာက ပြလေသည်။ ဤစကားများက ဖြစ်ပေါ်စေသည့် မေးခွန်းအတွက် ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ စစ်မှန်ပြီး သေချာသော အဖြေတစ်ခု ပေးရန်အလို့ငှာ ဖန်ဆင်းခံနှင့် မိမိတို့၏ ဖန်ဆင်းရှင်တို့၏ ဆက်နွှယ်မှုဖြစ်သည့် မိမိတို့ကိုယ်တိုင်နှင့် ဘုရားသခင်ကြား ပုံမှန် ဆက်ဆံရေးတစ်ခု ထူထောင်ရန် တစ်သက်တာလုံး အချိန်ယူ၍ ကြိုးပမ်းဖို့ လိုအပ်ပေသည်။ ဤအရာအားလုံးကို “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့”ဟူသည့် စည်းမျဉ်းအား လက်တွေ့လုပ်ဆောင်ခြင်း အခြေခံအကြောင်းပေါ်တွင် စွမ်းဆောင်ရရှိနိုင်ပေသည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ရန် အတော် ရိုးရှင်းသော်လည်း ဘုရားသခင် သတ်မှတ်သည့် ရည်မှန်းချက်ပန်းတိုင်ကို အမှန်တကယ် စွမ်းဆောင်ရရှိရန် မလွယ်ကူပေ။ အကြင်သူသည် ထိုအရာအတွက် အချိန်နှင့် အားထုတ်မှု အသုံးပြုရမည်ဖြစ်ပြီး အဖိုးအခပေးရမည်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။