ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည် (အပိုင်း လေး)
လူအချို့က “ဘုရားနှုတ်ကပတ်တော်များသည် လူတို့အား ဖန်ဆင်းခံတစ်ဦး၏ ရပ်တည်ချက်ကို ခံယူရန်နှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် တောင်းဆိုသည်။ ကျွန်ုပ်တို့ကို မဟာလူသား သို့မဟုတ် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် မတောင်းဆိုထားသော်လည်း ထိုသို့သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကျွန်ုပ် အမြဲ ခံစားရသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးဖြစ်ခြင်းကို မရောင့်ရဲပါ။ သို့ဆိုလျှင် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း”ဟု မေးကြသည်။ ဤပြဿနာသည် အလွန် ရိုးရှင်းသည်။ သင်သည် အဘယ်ကြောင့် သာမန်လူတစ်ဦးဖြစ်ရန် မလိုမလား ရှိနေသနည်း။ သင် ပထမဦးစွာ ဤမေးခွန်း၏ ရင်းမြစ်ကို တူးဆွကြည့်ပါက သင်၏ ပြဿနာသည် လွယ်ကူစွာ ပြေလည်သွားလိမ့်မည်။ ဘုရားသခင်က လူကို ရိုးသားသောလူတစ်ဦး ဖြစ်ရန် တောင်းဆိုသည်။ ဤသည်မှာ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက မည်သည့်အရာဖြစ်သည်ဆိုသည့် သမ္မာတရားကို သင် နားလည်ပါက ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် လူတစ်ဦးက သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် လူတစ်ဦးဖြစ်ခြင်း ဖြစ်ကြောင်းကို သင် သိလိမ့်မည်။ ရိုးသားသော လူတစ်ဦး၏ အပြင်ပန်း လက္ခဏာများမှာ အဘယ်နည်း။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းမှာ ပုံမှန်လူတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ သာမန်လူများ၏ သဘာဝ ဗီဇများ၊ အတွေးများနှင့် ဆင်ခြင်တုံတရားတို့မှာ အဘယ်နည်း။ ပုံမှန်လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များ မည်သို့ ပေါ်လွင်သနည်း။ ပုံမှန်လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးထဲမှ လာသည့်အတိုင်း စကားပြောနိုင်သည်။ မုသား သို့မဟုတ် လှည့်ဖြားမှု တစ်စက်မျှ မပါဘဲ မိမိတို့၏ စိတ်နှလုံးတွင် ရှိသည့် မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုကြလိမ့်မည်။ မိမိတို့ ကြုံရသည့် ကိစ္စရပ်တစ်ခုကို ၎င်းတို့ နားလည်နိုင်ပါက မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း ပြုမူဆောင်ရွက်ကြလိမ့်မည်။ ထိုအရာကို ရှင်းလင်းစွာ ၎င်းတို့ မရိပ်စားမိနိုင်ပါက ၎င်းတို့ အမှားများ ပြုမိပြီး ကျရှုံးကြလိမ့်မည်။ နားလည်မှုလွဲခြင်းများ၊ အယူအဆများနှင့် မိမိတို့ကိုယ်တိုင်၏ စိတ်ကူးများကို လက်သင့်ခံမိကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ မျက်စိရှေ့ရှိ အယုံမှားခြင်းများဖြင့် ကြောင်းကျိုးမမြင် ဖြစ်ကြလိမ့်မည်။ ဤသည်တို့မှာ ပုံမှန်လူ့သဘာဝ၏ အပြင်ပန်း လက္ခဏာများ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ ဤအပြင်ပန်း လက္ခဏာများသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းသလော။ မဖြည့်ဆည်းပေးပေ။ လူတို့သည် သမ္မာတရား မရှိပါက ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်ပေ။ ပုံမှန်လူ့သဘာဝ၏ ဤအပြင်ပန်းလက္ခဏာများသည် သာမန်ဖြစ်သည့်၊ ဖောက်ပြန်ပျက်စီးသော လူတစ်ဦး၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဤသည်တို့မှာ လူက မွေးရာပါဖြစ်သည့် အရာများ၊ သူ့အတွက် ပင်ကို ဖြစ်သည့်အရာများ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဤအပြင်ပန်း လက္ခဏာများနှင့် ထုတ်ဖော်ပြချက်များကို ပြသခွင့်ပေးရမည်။ ဤအပြင်ပန်းလက္ခဏာများနှင့် ထုတ်ဖော်ပြချက်များကို မိမိကိုယ်ကို ပြသခွင့်ပေးစဉ်တွင် ထိုသို့သော အရာများမှာ လူ၏ ပင်ကို ဗီဇများ၊ အစွမ်းအစနှင့် မွေးရာပါ သဘာဝဖြစ်သည်ကို သင် နားလည်ရမည်။ ဤအရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ထိုအရာကို သင်မှန်ကန်စွာ ပြုမူသင့်သည်။ သို့ရာတွင် သင်သည် ထိုသို့သော ပြုမူခြင်းကို မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို ဘုရားနှုတ်ကပတ်တော်များ သာ၍ ဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ သမ္မာတရားနှင့် မိမိကိုယ်ကို တိုး၍ ပြင်ဆင်ခြင်းဖြင့်လည်းကောင်း၊ သင် နားမလည်သည့် အရာများ၊ သင် အယူအဆများ လက်သင့်ခံမိသည့် အရာများနှင့် သင် မှားယွင်းသည့် အကဲဖြတ်ချက်များ ပြုမိနိုင်သည့် အရာများကို သင်၏ ပြဿနာများအားလုံး ဖြေရှင်းရန်အလို့ငှာ ထိုအရာများကို သုံးသပ်ပြီး သမ္မာတရား ရှာဖွေဖို့ ဘုရားထံ သာ၍ မကြာခဏ ယူဆောင်ခြင်းအားဖြင့်လည်းကောင်း လုပ်ဆောင်ရပေသည်။ ဤကဲ့သို့ သင် အချိန်အတော်ကြာ တွေ့ကြုံပါက အကြိမ်အနည်းငယ် သင် ကျရှုံးပြီး မှောက်မှားလျှင်လည်း ကိစ္စမရှိပေ။ အရေးအကြီးဆုံးသော အရာမှာ ဤကိစ္စရပ်များကို ဘုရားနှုတ်ကပတ်တော်များတွင် သင် ရှင်းလင်းစွာ မြင်နိုင်ပြီး စည်းမျဉ်းများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်ကို သိရှိနိုင်ခြင်း ဖြစ်သည်။ ဤအရာက သင်သည် သင်ခန်းစာတစ်ခု သင်ယူပြီးဖြစ်ကြောင်း ပြသ၏။ ကျရှုံးမှုများနှင့် မှောက်မှားမှုများကို နှစ်အတန်ကြာ ဖြတ်သန်းပြီးနောက်တွင် ဖောက်ပြန်ပျက်စီးသော လူ၏ အနှစ်သာရကို သင် ရှင်းလင်းစွာ နားလည်ပါက ကမ္ဘာလောကထဲရှိ အမှောင်နှင့် ဆိုးယုတ်မှုတို့၏ အရင်းအမြစ်ကို ရှင်းလင်းစွာ မြင်ပြီး လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၏ ခြားနားသော အမျိုးအစားများကို ပိုင်းခြားသိမြင်ပါက သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်လိမ့်မည်။ သင်သည် မဟာလူသားတစ်ဦးမဟုတ်သကဲ့သို့ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်နှင့်အမျှ အရာခပ်သိမ်းကို သင် ထိုးထွင်းမမြင်နိုင်သကဲ့သို့ နားမလည်နိုင်ပေ။ အကြည့်တစ်ချက်ဖြင့် ကမ္ဘာလောကကို ရိပ်စားမိရန်၊ အကြည့်တစ်ချက်ဖြင့် လူသားမျိုးနွယ်ကို ရိပ်စားမိရန်နှင့် အကြည့်တစ်ချက်ဖြင့် သင့်အနီးအနား ဖြစ်ပျက်နေသည့် အရာရာတိုင်းကို ရိပ်စားမိရန် သင့်အတွက် မဖြစ်နိုင်ပေ။ သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ သင်သည် ကျရှုံးမှုများစွာ၊ စိတ်ရှုပ်ထွေးသော အချိန်ကာလများစွာ၊ မှားယွင်းသော အကဲဖြတ်မှုများစွာနှင့် သွေဖည်မှုများစွာကို တွေ့ကြုံရမည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ အားနည်းချက်နှင့် ချို့ယွင်းချက်များ၊ သင်၏ မသိနားမလည်မှုနှင့် မိုက်မဲမှုတို့ကို အပြည့်အဝ ထုတ်ဖော်နိုင်သည်။ သင်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သိနိုင်ကာ ဘုရားသခင်၏ အနန္တတန်ခိုး၊ ပြည့်ဝသော ဉာဏ်ပညာနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို သိရှိရန် ဤအရာက ထောက်ကူပေးနိုင်သည်။ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အရာများကို ရလိမ့်မည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုသို့ ဝင်ရောက်လိမ့်မည်။ သင်၏ အတွေ့အကြုံတွင် သင်ဖြစ်စေချင်သလို မဖြစ်သော အရာများစွာ၊ သင်မည်သို့မျှ မတတ်နိုင်ဟု ခံစားရသော အရာများစွာ ရှိလိမ့်မည်။ ဤအရာများဖြင့် သင်သည် ရှာဖွေပြီး စောင့်ဆိုင်းရမည်။ အကြောင်းအရာတစ်ခုစီအတွက် အဖြေကို ဘုရားသခင်ထံမှ ရယူရမည်။ အကြောင်းအရာတစ်ခုစီတိုင်း၏ အခြေခံအနှစ်သာရနှင့် လူအမျိုးအစားတစ်ခုစီတိုင်း၏ အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် နားလည်ရမည်။ ဤသည်မှာ သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ယောက် ပြုမူပုံဖြစ်သည်။ သင့်အနေဖြင့် “ကျွန်ုပ် မတတ်နိုင်ပါ”၊ “ထိုအရာကို ကျွန်ုပ် ဉာဏ်မမီနိုင်ပါ”၊ “ထိုအရာကို ကျွန်ုပ် ထိုးထွင်းမမြင်နိုင်ပါ”၊ “ထိုအရာကို ကျွန်ုပ် မတွေ့ကြုံရသေးပါ”၊ “မည်သည့်အရာကိုမျှ ကျွန်ုပ် လုံးဝ မသိပါ”၊ “ကျွန်ုပ် အဘယ်ကြောင့် အလွန် အားနည်းရသနည်း။ အဘယ်ကြောင့် ကျွန်ုပ် အလွန်ပင် အသုံးမကျဖြစ်ရသနည်း”၊ “ကျွန်ုပ် ထိုမျှ အစွမ်းအစ ညံ့ဖျင်းပါသည်”၊ “ကျွန်ုပ် အလွန် ထုံထိုင်းပြီး နုံအပါသည်”၊ “ကျွန်ုပ် အလွန် မသိနားမလည်သည်မှာ ဤအရာကို ကျွန်ုပ် နားလည်ပြီး တာဝန်မယူနိုင်မီ ရက်အတန်ကြာ အချိန်ယူရလိမ့်မည် ဖြစ်သည်” ဆိုသည်နှင့် “ဤအရာကို တစ်စုံတစ်ဦးနှင့် ငါ ဆွေးနွေးရန် လိုအပ်သည်”ဟု ပြောဖို့ သင်ယူရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ရန် သင် သင်ယူရမည်။ ဤသည်မှာ သင်သည် ပုံမှန်လူတစ်ဦးဖြစ်ကြောင်း သင်၏ ဝန်ခံခြင်းနှင့် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်၏ ဆန္ဒ၏ အပြင်ပန်း လက္ခဏာရပ်ဖြစ်သည်။ မိမိကိုယ်ကို ကြီးမြတ်ပြီး အင်အားကြီးမားသည်ဟု တွေးထင်သူများ၊ ၎င်းတို့အနေဖြင့် သာမန်မဟုတ်ဘဲ သာလွန်ကာ မဟာလူသားဖြစ်သည်ဟု တွေးထင်သူများသည် “ကျွန်ုပ် မတတ်နိုင်”၊ “ကျွန်ုပ် ဉာဏ်မမီနိုင်”၊ “ထိုအရာကို ကျွန်ုပ် ထိုးထွင်းမသိနိုင်”၊ “ကျွန်ုပ်မသိပါ၊ ကျွန်ုပ် သင်ယူရပါမည်၊ ကျွန်ုပ် ရှာကြည့်ရမည်၊ မိတ်သဟာယပြုရန် လူများကို ရှာရမည်၊ အထက်ကို မေးမြန်းကြည့်ရမည်”ဟု မည်သည့်အခါတွင်မျှ မပြောပေ။ ထိုသို့သော စကားများကို ၎င်းတို့ လုံးဝ မပြောကြချေ။ အထူးသဖြင့် အဆင့်အတန်းကို ၎င်းတို့ ရရှိကြသည်နှင့်တစ်ပြိုင်နက် ဤသို့သော လူတစ်ဦးသည် ၎င်းတို့က သာမန်လူတစ်ဦးဖြစ်ကြောင်းနှင့် အခြားလူတိုင်းကဲ့သို့ပင် ၎င်းတို့ မတတ်စွမ်းနိုင်သည့်အရာများ၊ ၎င်းတို့ မရိပ်စားမိနိုင်သည့် အရာများ၊ သို့မဟုတ် နားမလည်နိုင်သည့်အရာများရှိကြောင်း လူတို့ကို မတွေးစေချင်ပေ။ ထိုအစား လူတို့အား ၎င်းတို့ကို မဟာလူသားတစ်ဦးနှင့် အမြဲ လူမှားစေချင်ကြသည်။ ထို့ကြောင့် ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ထိုသို့သော ကိစ္စရပ်များကို ဘုရားရှေ့မှောက်သို့ သာ၍ မကြာခဏ ယူဆောင်ပြီး သူ့ကို ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု ပူဇော်ဆက်ကပ်ရန် ၎င်းတို့ မလိုအပ်ပေ။ ၎င်းတို့ ရှာဖွေရန် မလိုအပ်ပေ။ ၎င်းတို့အပေါ် ဖြစ်ပျက်သည့် အရာရာတိုင်းကို မိနစ်ပိုင်းအတွင်း ၎င်းတို့ နားလည်ကြသည်၊ သင်ယူပြီး ရိပ်စားမိကြလေသည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် အားနည်းချက်တစ်ခုမျှ မရှိ။ ၎င်းတို့ မရိပ်စားမိနိုင်သည့်အရာ တစ်ခုမျှမရှိ၊ မတွေ့ကြုံရသေးသည့်အရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့ မတွေ့ကြုံရသေးသည့် တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် အကြည့်တစ်ချက်ဖြင့် ထိုအရာကို ၎င်းတို့ ရိပ်စားမိကြပေမည်။ ၎င်းတို့သည် ပြီးပြည့်စုံသော မဟာလူသားတစ်ဦးပင် ဖြစ်၏။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် ပုံမှန်လူတစ်ဦး ဖြစ်ကြသလော။ ဧကန်မုချ မဟုတ်ပေ။ ဤလူစားမျိုးက ၎င်းတို့သာမန်လူတစ်ဦးဖြစ်ကြောင်း၊ အားနည်းချက်များ၊ အပြစ်အနာအဆာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်း ဝန်မခံပေ။ ထို့ကြောင့် ၎င်းတို့သည် ရှာဖွေပြီး ဆုတောင်းရန်အတွက် ဘုရားသခင်၏ ရှေ့မှောက်သို့ ရိုးသားစစ်မှန်သော စိတ်နှလုံးဖြင့် သာ၍ မကြာခဏ လာနိုင်ကြသလော။ ဧကန်မုချ မလာနိုင်ကြပေ။ ဤအရာက ၎င်းတို့အနေဖြင့် ယခုတိုင် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့နေသေးသကဲ့သို့ ပုံမှန် လူ့သဘာဝကို အသက်မရှင်ကြသေးကြောင်း ပြသပေသည်။
ငါ့ကို ပြောလော့၊ သင်တို့သည် မည်သို့များ သာမန်နှင့် ပုံမှန်ဖြစ်သောလူများ ဖြစ်နိုင်သနည်း။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သော နေရာကို ဘုရားသခင်ပြောသကဲ့သို့ မည်သို့များ ခံယူနိုင်မည်နည်း။ သင်တို့သည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဦးဖြစ်ရန် အဘယ်၍များ မကြိုးစားဘဲ နေနိုင်သနည်း။ သာမန်နှင့် ပုံမှန်လူတစ်ဦး ဖြစ်ရန် သင်သည် မည်သို့များ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို မည်သို့လုပ်ဆောင်နိုင်သနည်း။ မည်သူ ဖြေမည်နည်း။ (ပထမဆုံးအနေဖြင့် ကျွန်ုပ်တို့သည် သာမန်လူများ၊ အလွန် သာမညောင်ညဖြစ်သော လူများဖြစ်ကြောင်း ဝန်ခံရပါမည်။ ကျွန်ုပ်တို့ နားမလည်သည့် အရာများစွာ၊ သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့် အရာများနှင့် မရိပ်စားမိနိုင်သည့် အရာများစွာ ရှိသည်။ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကြောင်း ကျွန်ုပ်တို့ ဝန်ခံရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု ရှိရမည်ဖြစ်ပြီး ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ မကြာခဏ လာရမည်။) ရှေးဦးစွာ သင်သည် “ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး” ဟုပြောလျက် သင့်ကိုယ်သင် ရာထူးတစ်ခုပေးပြီး ထိုရာထူးဖြင့် ကန့်သတ်ခြင်းကို မခံနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်းများ၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်အောင် သင် အားထုတ်ရမည်။ ရှေးဦးစွာ ဤတရားဝင်ရာထူးနှင့် နေရာမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏စိတ်နေစိတ်ထားက အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် “ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်” သို့မဟုတ် “ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး” ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ် ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်ဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် ပုံမှန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။ သင်သည် အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူး၊ အဆင့်အတန်းနှင့် ရပ်တည်ချက် ရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် တွေးထင်ခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု တွေးထင်ခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ အခြေအနေ ကွာခြားသကဲ့သို့ သက်ရောက်မှုက ကွာခြားသည်။ သင်၏ စိတ်နှလုံးတွင် အစဉ်သဖြင့် စိုးရိမ်ကြောင့်ကြမှုများရှိလျှင်၊ အစဉ်ဖိစီးပြီး စိတ်ကျဉ်းကျပ်လျှင်၊ ဤအရာများကို သင်ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်လျှင် ဘုရားသခင်ထံ သင် အလေးအနက် ဆုတောင်းသင့်သည်၊ သင့်ကိုယ်သင် သုံးသပ်သင့်သည်၊ သင်၏ အားနည်းချက်များကို မြင်ပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းသင့်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက ရလဒ်များ ရရှိလိမ့်မည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အဆင့်အတန်းတစ်ခုခုဖြင့်၊ သို့မဟုတ် ရာထူးတစ်ခုကို အသုံးပြုလျက်ဖြင့် ပြောဆို ပြုမူခြင်းမပြုနှင့်။ ရှေးဦးစွာ ဤအရာအားလုံးကို တစ်ဖက်တွင် ထားလိုက်ပြီး သင့်ကိုယ်သင် သာမန်လူတစ်ယောက်၏နေရာတွင် ထားပါ။ လူတစ်ဦးက “သင်သည် ခေါင်းဆောင် မဟုတ်ပါလား။ အဖွဲ့ကို သင် ကြီးကြပ်သည် မဟုတ်ပါလား။ ဤအရာကို သင် နားလည်သင့်သည်”ဟု ပြောသည့်အခါ တုံ့ပြန်သည့်အနေဖြင့် သင်က “သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်လျှင် အရာရာကို သင် နားလည်နိုင်သည်ဟု ဘုရားနှုတ်ကပတ်တော်ထဲ၌ မည်သည့်နေရာတွင် ပြောပါသနည်း။ ဤအရာကို ကျွန်ုပ် နားမလည်ပါ။ ကျွန်ုပ်ကို အကဲဖြတ်ဝေဖန်ရန် သင်၏ အမြင်ကို အသုံးမပြုပါနှင့်။ သင် များစွာ တောင်းဆိုလွန်းသည်။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦးဖြစ်သည်မှာ မှန်သော်လည်း သမ္မာတရားအပေါ် ကျွန်ုပ်၏ သိနားလည်မှုမှာ အလွန် ပေါ့တန်နေဆဲဖြစ်ပြီး ဤအရာကို ကျွန်ုပ် မတွေ့ကြုံရသေးသောကြောင့် မည်သည့်ဆုံးဖြတ်ချက် ချရမည်ကို မသိသကဲ့သို့ မရိပ်စားမိနိုင်သေးပါ။ ကျွန်ုပ် ဆုတောင်းပြီး ရှာဖွေရန် လိုအပ်သည်။ ဘုရားသခင်က သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်ဟု ပြောထားပြီး ဖြစ်သည်။ သင်သည် ကျွန်ုပ်ကို အစဉ်သဖြင့် ချက်ချင်းလက်ငင်း နားလည်စေချင်ပြီး ချက်ချင်း ဆုံးဖြတ်ချက်ချစေချင်သည်။ မှားယွင်းသည့် ဆုံးဖြတ်ချက်ကို ကျွန်ုပ် ချမိလျှင် အဘယ်သို့လုပ်မည်နည်း။ ဤအတွက် မည်သူ တာဝန်ရှိမည်နည်း။ သင် တာဝန်ယူနိုင်ပါသလား။ သင်သည် ကျွန်ုပ်ကို အမှားတစ်ခု ပြုလုပ်မိစေချင်သလား။ ဤအရာကို လုပ်ဆောင်ရာတွင် သင်သည် ကျွန်ုပ်အတွက် တာဝန်ရှိပါသလား။ ကျွန်ုပ်တို့ အတူတကွ ပူးပေါင်းအလုပ်လုပ်သင့်သည်၊ အတူတကွ ဆုတောင်းပြီး ရှာဖွေသင့်ကာ ဤကိစ္စရပ်ကို ကောင်းစွာ ကိုင်တွယ်သင့်သည်”ဟု ပြောသည်။ ဤအရာကို သင် လုပ်ဆောင်နိုင်သလော။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ သင်သည် လှိုက်လှိုက်လှဲလှဲပုံစံဖြင့် အခြားသူများကို စကားပြောနိုင်လျှင် “အမှန်ပင် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည်လည်း အလွန် နည်းပါးပါသည်။ ကျွန်ုပ် ရှာဖွေပြီး ဆုတောင်းခြင်းမရှိလျှင် အချိန်မရွေး အမှားတစ်ခု လုပ်မိနိုင်သည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ အမှားများ လုပ်မိသည်။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက မည်မျှ ကြီးမားသည်ဟု သင် ထင်ပါသနည်း။ သင်သည် ကျွန်ုပ်ကို အလွန် အထင်ကြီးလွန်းပေပြီ”ဟု သင် ပြောနိုင်သည်။ တစ်ဖက်လူက သင် ပြောသည့်အရာကို ကြားသည့်အခါ သင်သည် စိတ်နှလုံးထဲမှ လာသည့်အတိုင်း စကားပြောနိုင်သည့် အလွန် ရိုးသားသော လူတစ်ဦးဖြစ်သည်ဟု ခံစားရလိမ့်မည်။ ထို့နောက်တွင် သင့်အပေါ် အလွန်များစွာ တောင်းဆိုရမည့်အစား သင်နှင့်အတူ ပူးပေါင်းအလုပ်လုပ်လိမ့်မည်။ ဤအရာကို သင် လက်တွေ့လုပ်ဆောင်ပါက သင် လုပ်ဆောင်သည့်အရာများတွင် သင်သည် သာ၍ စဉ်းစားချင့်ချိန်နိုင်လာလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့၏ ဘောင်ခတ်မှုနှင့် ချည်နှောင်မှုတို့ကို ခံရလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည် လွတ်မြောက်သွားလိမ့်မည်။ သင်သည် ပွင့်လင်းသည့် စိတ်နှလုံးဖြင့် စကားပြောကာ ပြုမူဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပြီး အခြားသူများနှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကာ ညီအစ်ကို မောင်နှမများကို မှန်ကန်စွာ ဆက်ဆံနိုင်လိမ့်မည်။ ဤအချိန်တွင် သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ လုပ်ရပ်များသည် တိုး၍ ကျိုးကြောင်းဆီလျော်လာလိမ့်မည်။ ဤအရာကို လူတိုင်း မြင်နိုင်လိမ့်မည်ဖြစ်ပြီး “ဤခေါင်းဆောင်သည် အမှန်တကယ် ပြောင်းလဲလေပြီ။ သူသည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့ အမှန်တကယ် ရှိပြီး ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ပြီးဖြစ်သည်။ ထိုသို့သောလူကို ခေါင်းဆောင်အဖြစ် ရှိထားလျက် ကျွန်ုပ်တို့သည်လည်း အကျိုးကျေးဇူးများစွာ ရရှိကြသည်”ဟု ပြောနိုင်လိမ့်မည်။ ဤအချိန်တွင် အလုပ်၌ သင် တစ်ဖန် ပါဝင်ပတ်သက်သည့်အခါ ရှာဖွေခြင်းနှင့် ဆုတောင်းခြင်း ဖြစ်စေ၊ မိတ်သဟာယအတွက် အခြားသူများထံ သွားခြင်းဖြစ်စေ သင် လုပ်ဆောင်သည့်အရာသည် မှန်ကန်ပြီး သင့်တင့် လျောက်ပတ်ကာ သင်သည် ဒွိဟများ ရှိလိမ့်မည် မဟုတ်။ သင် လုပ်ဆောင်သမျှတွင် ခိုင်မာစွာနှင့် တည်ငြိမ်စွာ သင် ရှေ့ဆက်သည်။ ဖြေရှင်းချက်များအတွက် သင် စိတ်မရှည်မဖြစ်ဘဲ အမှုအရာများ ဖြစ်ခွင့်ပေးလိုက်သည်။ မည်သည့်အရာကို သင် ကြုံရသည်ဖြစ်စေ ထိုအရာကို ဘုရားသခင် ရှေ့မှောက်သို့ သင် ဆောင်ကြဉ်းနိုင်ပြီး သင်၏ ရိုးသားစစ်မှန်သော စိတ်နှလုံးကို ပူဇော်နိုင်သည်။ ဤသည်မှာ အရာခပ်သိမ်း၌ သင် လက်တွေ့လုပ်ဆောင်နိုင်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ ညီအစ်ကို မောင်နှမများဖြစ်စေ၊ လူတိုင်းသည် သာမန်လူတစ်ဦး ဖြစ်၏။ ဤစည်းမျဉ်းကို ၎င်းတို့အားလုံး လက်တွေ့လုပ်ဆောင်သင့်သည်။ လူတိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ခွဲတမ်းတစ်ခုနှင့် တာဝန်ရှိသည်။ သင်သည် ခေါင်းဆောင်တစ်ဦး၊ အမှုဆောင်တစ်ဦး၊ အဖွဲ့၏ ခေါင်းဆောင်၊ ကြီးကြပ်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ထဲတွင် အလွန်လေးစားခံရသည့်လူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ သင် မည်သည့်အရာဖြစ်သည်ဖြစ်စေ ဤသို့ သင် လက်တွေ့လုပ်ဆောင်ရန် သင်ယူသင့်သည်။ သင်၏ ခေါင်းပေါ်တွင် ဆောင်းထားသည့် ရောင်ဝါနှင့် ဂုဏ်ပုဒ်ကို ချွတ်လိုက်လော့၊ သင့်အပေါ် အခြားသူများ ပေးအပ်ထားသည့် သရဖူများကို ချွတ်လော့။ ထို့နောက်တွင် ပုံမှန် လူတစ်ဦးဖြစ်လာရန် လွယ်ကူသည်ကို သင် တွေ့ရလိမ့်မည်ဖြစ်ပြီး အသိတရားနှင့် ဆင်ခြင်တုံတရားအရ စိတ်အေးသက်သာ သင် ပြုမူဆောင်ရွက်လိမ့်မည်။ ထို့နောက်တွင် သင်သည် နားမလည်သကဲ့သို့ မသိကြောင်း ဝန်ခံရုံမျှသည် မလုံလောက်သည်မှာ အမှန်ပေ။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းသည့် နောက်ဆုံးဖြေရှင်းချက် မဟုတ်။ နောက်ဆုံး ဖြေရှင်းချက်မှာ အဘယ်နည်း။ ကိစ္စရပ်များနှင့် ပြဿနာများကို ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ ယူဆောင်လော့။ လူတစ်ဦးအနေဖြင့် တစ်ဦးတည်းဆုတောင်းရန် မလုံလောက်ပေ။ ထိုအစား ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ လူတိုင်းနှင့်အတူတကွ သင်သည် ဆုတောင်းချက်များကို ပူဇော်ရမည်ဖြစ်ပြီး ဤတာဝန်နှင့် ဝတ္တရားကို ထမ်းရွက်ရမည်ဖြစ်သည်။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရန် ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်၏။ သင်သည် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦး ဖြစ်ရန် ကြိုးစားသည့် လမ်းကြောင်းကို ရှောင်ရှားမိလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက သင်သည် ဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သည့် နေရာကို အမှုမဲ့အမှတ်မဲ့ ခံယူမိလိမ့်မည်ဖြစ်ပြီး မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ ဘောင်ခတ်ခြင်းများမှ မိမိကိုယ်ကို လွတ်မြောက်သွားစေလိမ့်မည်။
အဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သော နေရာတွင် ရပ်တည်ခြင်းနှင့် သာမန်လူတစ်ဦး ဖြစ်ခြင်းဟူသည်မှာ လုပ်ဆောင်ရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) အခက်အခဲသည် မည်သည့်နေရာတွင် ရှိပါသနည်း။ ဤသို့ ဖြစ်သည်။ လူတို့က မိမိတို့၏ ဦးခေါင်းများသည် ဘုန်းရောင်ဝါနှင့် ဘွဲ့နာမများစွာဖြင့် ဆင်မြန်းခြင်းခံရသည်ဟု အမြဲ ခံစားကြသည်။ သူတို့သည် ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကိုလည်း မိမိတို့ကိုယ်ကို ပေးကြပြီး ဟန်ဆောင်ကာ အယောင်ဆောင် အလေ့အကျင့်များနှင့် အပြင်ပန်း ပြစားမှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ကြသည်။ ဤအရာများကို သင် လက်မလွှတ်ပါက၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဤအရာများ၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အမြဲခံရပါက ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သင် အခက်တွေ့လိမ့်မည်။ သင် နားမလည်သည့် အရာများနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရန်နှင့် စိုးရိမ်သောကရောက်ခြင်းကို ရပ်တန့်ရန်နှင့် ထိုသို့သော ကိစ္စရပ်များကို ဘုရားသခင်ရှေ့သို့ သာ၍ မကြာခဏ ယူဆောင်ပြီး စစ်မှန်ရိုးသားသည့် စိတ်နှလုံးကို သူ့အား ပူဇော်ဆက်ကပ်ရန် ခက်ခဲလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်မည် မဟုတ်။ ယင်းမှာ သင်၏ အဆင့်အတန်း၊ သင်၏ ဂုဏ်ပုဒ်များ၊ သင်၏ ပင်ကိုလက္ခဏာနှင့် ထိုသို့သော အရာများအားလုံးသည် အယောင်ဆောင်ဖြစ်ပြီး မမှန်ကန်သောကြောင့်၊ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်နှင့် ဆန့်ကျင်၊ ကွဲလွဲသောကြောင့် သင့်အနေဖြင့် ဘုရားသခင်ရှေ့သို့ မလာနိုင်ရန်အလို့ငှာ ဤအရာများက သင့်ကို ချည်နှောင်ထားခြင်း ဖြစ်သည်။ ဤအရာများက သင့်ကို မည်သည့်အရာ ဖြစ်စေသနည်း။ မိမိကိုယ်ကို ဟန်ဆောင်ရာတွင်၊ နားလည်သည့်ဟန်ဆောင်ခြင်း၊ တော်တတ်သည့်ဟန်ဆောင်ခြင်း၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ ကျော်ကြားသူတစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ အရည်အချင်းရှိဟန်ဆောင်ခြင်း၊ အမြော်အမြင်ရှိဟန်ဆောင်ခြင်းနှင့် အရာရာကို သိဟန်၊ အရာရာကို တတ်စွမ်းနိုင်ပြီး အရာရာကို လုပ်ဆောင်နိုင်ဟန်ဆောင်ခြင်းတွင်ပင် သင့်ကို တော်စေသည်။ အခြားသူများက သင့်ကို ကိုးကွယ်ပြီး လေးစားကြရန်အလို့ငှာ ဤအရာက ထိုသို့ဖြစ်စေခြင်းဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မှီခိုရင်းနှင့် သင့်ကို အထင်ကြီးလျက် မိမိတို့၏ ပြဿနာအားလုံးဖြင့် သင့်ထံ လာကြလိမ့်မည်။ ထိုသို့ဖြင့် ယင်းမှာ သင်သည် မိမိကိုယ်ကို မီးကင်ရန် မီးပေါ်တွင် ထားသည့်အလား ဖြစ်သည်။ ငါ့ကို ပြောလော့၊ မီးပေါ်တွင် အကင်ခံရခြင်းသည် ခံစားရကောင်းသလော။ (မကောင်းပါ။) သင် နားမလည်သော်လည်း သင် နားမလည်ကြောင်း မပြောဝံ့ချေ။ သင် မရိပ်စားမိနိုင်သော်လည်း မရိပ်စားမိနိုင်ကြောင်း မပြောဝံ့ချေ။ သင်သည် သိသာထင်ရှားစွာ အမှား လုပ်မိသော်လည်း ဝန်မခံဝံ့ချေ။ သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာ ခံစားရသော်လည်း “ဤတစ်ကြိမ် အမှန်တကယ် ကျွန်ုပ်၏ အပြစ်ဖြစ်ပါသည်၊ ဘုရားသခင်နှင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများကို ကျွန်ုပ် အကြွေးတင်ပါသည်။ ဘုရားအိမ်တော်ကို ထိုမျှ ကြီးမားသည့် ဆုံးရှုံးမှုကို ကျွန်ုပ် ဖြစ်စေပြီဖြစ်သော်လည်း လူတိုင်းရှေ့တွင် ရပ်ပြီး ဝန်ခံဖို့ သတ္တိမရှိပါ”ဟု မပြောဝံ့ပေ။ အဘယ်ကြောင့် သင် မပြောဝံ့သနည်း။ သင်က “ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ပေးထားသည့် နာမည်ဂုဏ်သတင်း၊ ဂုဏ်ရှိန်ဂုဏ်ဝါနှင့်အညီ ကျွန်ုပ် အသက်ရှင်ဖို့ လိုအပ်သည်။ ကျွန်ုပ်အတွက် နှစ်များစွာကြာ သူတို့ စွဲကိုင်ထားသည့် စိတ်ထက်သန်သော မျှော်လင့်ချက်များကို မဆိုထားနှင့်၊ ကျွန်ုပ်အတွက် သူတို့၌ရှိကြသည့် အထင်ကြီးလေးစားမှုနှင့် ယုံကြည်ကိုးစားမှုတို့ကို ကျွန်ုပ် သစ္စာဖောက်၍ မရပါ။ ထို့ကြောင့် ကျွန်ုပ် ဆက်လက် ဟန်ဆောင်ရမည်”ဟု ယုံကြည်သည်။ ထိုသို့သော ဟန်ဆောင်မှုတစ်ခုသည် မည်သည့်အရာနှင့် တူသနည်း။ သင်သည် မိမိကိုယ်ကို ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦးအဖြစ် အောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်သည်။ ညီအစ်ကို မောင်နှမများက မေးမြန်းရန်၊ တိုင်ပင်ရန်နှင့် မိမိတို့ ရင်ဆိုင်ရသည့် မည်သည့်ပြဿနာမဆိုနှင့် ပတ်သက်၍ သင်၏ အကြံပြုတိုက်တွန်းမှုကို အရေးတကြီး တောင်းခံရန် သင့်ထံ လာချင်ကြသည်။ ၎င်းတို့အနေဖြင့် သင်မရှိဘဲနှင့် အသက်ပင် မရှင်နိုင်ကြသည့်ပုံရသည်။ သို့ရာတွင် သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားရသည် မဟုတ်လော။ လူအချို့သည် ဤမချိတင်ကဲဝေဒနာ မခံစားရသည်မှာ အမှန်ဖြစ်၏။ အန္တိခရစ်တစ်ဦးသည် ဤမချိတင်ကဲဝေဒနာကို မခံစားပေ။ ထိုအစား မိမိတို့၏ အဆင့်အတန်းသည် အခြားအရာအားလုံးအထက်တွင် ရှိသည်ဟု တွေးထင်လျက် ထိုအရာ၌ ၎င်းတို့ ဝမ်းမြောက်ပျော်ရွှင်ကြသည်။ သာမန်ဖြစ်သည့်၊ ပုံမှန်လူတစ်ဦးသည် မီးပေါ် အကင်ခံရသည့်အခါ မချိတင်ကဲဝေဒနာ ခံစားသည်။ ၎င်းတို့သည် သာမန်လူတစ်ဦးကဲ့သို့သာ လုံးဝ ဘာမျှမဟုတ်ဟု ခံစားရသည်။ အခြားသူများထက် ၎င်းတို့ ပိုသန်မာသည်ဟု မယုံကြည်ကြ။ လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မပြီးမြောက်နိုင်ရုံမက အသင်းတော် အလုပ်နှင့် ဘုရားရွေးချယ်ထားသူတို့ကို နှောင့်နှေးစေလိမ့်မည်ဟုလည်း ၎င်းတို့ တွေးထင်ကြသောကြောင့် အပြစ်တင်မှုကို ခံယူပြီး နုတ်ထွက်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသူတစ်ဦး ဖြစ်သည်။ ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူသလော။ ဆင်ခြင်တုံတရားရှိသူတို့အတွက် ဤပြဿနာကို ဖြေရှင်းရန် လွယ်ကူသော်လည်း ဆင်ခြင်တုံတရားမဲ့သူတို့အတွက် ခက်ခဲ၏။ အဆင့်အတန်းကို သင် ရရှိသည်နှင့် သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အရှက်မဲ့စွာ မွေ့လျော်သည့်ရလဒ်အနေဖြင့် တကယ့် အလုပ်ကို လုပ်ရန် သင်၏ ပျက်ကွက်မှုအတွက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလျှင် ဘယ်သူမပြုမိမိမှုသာဖြစ်ပြီး သင် ရရှိသည့်အရာနှင့် သင် ထိုက်တန်ပေသည်။ သနားခြင်း သို့မဟုတ် ကရုဏာ တစ်စက်မျှဖြင့်ပင် သင် မတန်ပေ။ ဤအရာကို ငါ အဘယ်ကြောင့် ပြောဆိုရသနည်း။ သင်သည် မြင့်သောနေရာတွင် မရမက ရပ်တည်သောကြောင့် ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ကင်ရန် မီးပေါ်ထားလိုက်ခြင်း ဖြစ်သည်။ သင့်ဒဏ်ရာသည် မိမိကိုယ်ကို ထိခိုက်စေသည့် ဒဏ်ရာဖြစ်သည်။ သင့်အနေဖြင့် မီးပေါ်ထိုင်ပြီး အကင်မခံလိုပါက ဤဘွဲ့နာမများနှင့် ဂုဏ်ရှိန်ဂုဏ်ဝါများကို စွန့်လွှတ်ပြီး သင်၏ ညီအစ်ကို မောင်နှမများကို စစ်မှန်သော အခြေအနေနှင့် သင့်စိတ်နှလုံးရှိ အတွေးများကို ပြောပြသင့်သည်။ ဤနည်းအားဖြင့် ညီအစ်ကို မောင်နှမများသည် သင့်ကို မှန်ကန်စွာ ဆက်ဆံနိုင်ပြီး သင်သည် ဟန်ဆောင်နေစရာ မလိုအပ်ပေ။ ယခုတွင် သင်သည် ဖွင့်ပြောပြီး မိမိ၏ စစ်မှန်သော အခြေအနေကို ဖော်ထုတ်သဖြင့် သင်၏ စိတ်နှလုံးသည် သာ၍ အေးချမ်းသည်၊ သာ၍ စိုးရိမ်သောကကင်းသည် မဟုတ်လော။ သင့်ပခုံးပေါ်တွင် ထိုသို့သော လေးလံသည့် ဝန်ထုပ်တစ်ခုဖြင့် အဘယ်ကြောင့် လျှောက်လှမ်းသနည်း။ သင်၏ စစ်မှန်သည့် အခြေအနေကို သင် ထုတ်ပြောပါက ညီအစ်ကို မောင်နှမများက သင့်ကို အထင်သေးကြမည်လော။ ၎င်းတို့သည် သင့်ကို အမှန်တကယ် စွန့်ပစ်ကြလိမ့်မည်လော။ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ညီအစ်ကို မောင်နှမများသည် သင့်ကို အသိအမှတ်ပြုကြလိမ့်မည်ဖြစ်ပြီး သင့်စိတ်နှလုံးထဲ ရှိသည့်အတိုင်း စကားပြောဝံ့သည့်အတွက် သင့်ကို လေးစားကြလိမ့်မည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်။ ဤအရာက အသင်းတော်ထဲတွင် သင်၏ အလုပ်ကို ဟန့်တားလိမ့်မည် မဟုတ်သကဲ့သို့ ထိုအလုပ်အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု စိုးစဉ်းမျှ ရှိလိမ့်မည် မဟုတ်ပေ။ သင့်ထံတွင် အခက်အခဲများရှိကြောင်း ညီအစ်ကို မောင်နှမများက အမှန်တကယ် မြင်ပါက ၎င်းတို့သည် သင့်ကို ဆန္ဒအလျောက် ကူညီကာ သင်နှင့်အတူ အလုပ်လုပ်ကြလိမ့်မည်။ သင် အဘယ်သို့ ထင်ပါသနည်း။ ဤသည်မှာ ဖြစ်မည့်ပုံ မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများ သင့်ကို အထင်ကြီးဖို့ အမြဲ ဟန်ဆောင်ခြင်းသည် အနုံအဆုံးသောအရာ ဖြစ်သည်။ အကောင်းဆုံးသော ချဉ်းကပ်နည်းမှာ ပုံမှန်ဖြစ်သော စိတ်နှလုံးဖြင့် သာမန်လူတစ်ဦး ဖြစ်ရန်၊ ဖြူစင်ပြီး ရိုးရှင်းသော ပုံစံဖြင့် ဘုရားရွေးချယ်ထားသူများထံ ဖွင့်ဟနိုင်ဖို့နှင့် စိတ်ရင်းအတိုင်း စကားပြောဆိုမှုများတွင် မကြာခဏ ပါဝင်ဖို့ဖြစ်သည်။ လူတို့က သင့်ကို အထင်ကြီး၊ လေးစားသည့်အခါ၊ သင့်ကို အလွန်အကျွံ ချီးမွမ်းသည့်အခါ သို့မဟုတ် မြှောက်ပင့်သော စကားများ ပြောသည့်အခါ လုံးဝ လက်မခံနှင့်။ ဤအရာအားလုံးကို ငြင်းပယ်သင့်သည်။ ဥပမာအားဖြင့် လူအချို့က “သင်သည် တက္ကသိုလ် ပါမောက္ခတစ်ဦး မဟုတ်ပါလား။ သင်သည် အလွန် နှံ့စပ်သည့်အတွက် သမ္မာတရားနှင့်ပတ်သက်၍ ကြီးမားသော သိနားလည်မှု ရှိရပေမည်”ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့ကို “ကျွန်ုပ်သည် မည်သည့် တက္ကသိုလ်မျိုး၏ ပါမောက္ခဖြစ်ပါသနည်း။ မည်သည့် အသိပညာပမာဏကမျှ သမ္မာတရားကို အစားမထိုးနိုင်ပါ။ ဤအသိပညာက ကျွန်ုပ်ကို ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေပြီးဖြစ်သည်။ ထိုအရာမှာ လုံးဝ အချည်းနှီးဖြစ်သည်။ ကျွန်ုပ်ကို အထင်မကြီးပါနှင့်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးသာ ဖြစ်ပါသည်”ဟု ပြောလော့။ လူအချို့သည် မိမိတို့၏ အဆင့်အတန်းကို လက်လွှတ်ရန် အခက်ကြုံကြသည်မှာ အမှန်ပင်ဖြစ်၏။ ၎င်းတို့သည် သာမန်လူ၊ သာမညောင်ည လူများဖြစ်လိုပြီး ဖန်ဆင်းခံတစ်ဦး၏ မှန်သည့် နေရာတွင် ဧကန်အမှန် ရပ်တည်ချင်ကြသည်။ ၎င်းတို့အနေဖြင့် ထိုသို့ ဆင်းရဲဒုက္ခ မခံစားလိုကြသော်လည်း မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ မိမိတို့ကိုယ်ကို သာလွန်သော လူများအဖြစ် အမြဲ မြင်မိကြပြီး မိမိတို့၏ အဆင့်မြင့်သော နေရာမှ မဆင်းနိုင်ကြပေ။ ဤသည်မှာ ခက်ခဲပေသည်။ လူတို့က ၎င်းတို့ကို လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်လျက် ၎င်းတို့ကို ဝန်းရံကြသည့်အခါ ၎င်းတို့ နှစ်သက်သဘောကျကြသည်။ လူတို့က မိမိတို့ ပြဿနာအားလုံးနှင့်အတူ ၎င်းတို့ထံ သွားသည်ကိုလည်းကောင်း၊ ၎င်းတို့အပေါ် မှီခိုသည်ကိုလည်းကောင်း၊ ၎င်းတို့ ပြောသည်ကို နားထောင်ပြီး အထင်ကြီးသည်ကိုလည်းကောင်း နှစ်သက်သဘောကျကြသည်။ ၎င်းတို့အနေဖြင့် အရာရာတွင် ကျွမ်းကျင်သည့် သာလွန်သောလူများဖြစ်ကြောင်း၊ ၎င်းတို့သည် အရာခပ်သိမ်းကို သိရှိသောကြောင့် ၎င်းတို့ နားမလည်သည့်အရာ တစ်ခုမျှ မရှိကြောင်း လူတို့က ယုံကြည်ကြသည်ကို နှစ်သက်ကြပြီး လူတို့က ၎င်းတို့ကို အောင်မြင်သူများအဖြစ် မှတ်ယူကြလျှင် အလွန် ကောင်းကာ အံ့ဖွယ်ဖြစ်မည်ဟုပင် တွေးထင်ကြလေသည်။ ဤသည်မှာ ကုရာနတ္တိ ဆေးမရှိတော့ချေ။ လူအချို့သည် အခြားသူများ ပေးသည့် ချီးကျူးခြင်းများနှင့် သရဖူများကို လက်ခံကြပြီး အချိန်တစ်ခုကြာ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်အဖြစ် ပါဝင်ဆောင်ရွက်ကြသည်။ သို့ရာတွင် ၎င်းတို့သည် စိတ်မသက်မသာ ဖြစ်ပြီး မချိတင်ကဲဝေဒနာ ခံစားကြရသည်။ ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင့်ကို မြှောက်ပင့်လိုသူ မည်သူမဆိုသည် သင့်ကို မီးကင်ရန် မီးပေါ် အမှန်တကယ် ထားရှိနေခြင်းဖြစ်ပြီး ထိုသူတို့ထံမှ သင် ဝေးဝေးနေသင့်သည်။ သို့မဟုတ်လျှင် သင်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ၎င်းတို့ထံ ထုတ်ဖော်ဖို့ အခွင့်အရေးတစ်ခုကို ရှာလော့၊ သင်၏ စစ်မှန်သော အခြေအနေကို ၎င်းတို့အား ပြောပြီး သင်၏ အပြစ်အနာအဆာများနှင့် ကျရှုံးမှုများကို ဖော်ထုတ်လော့။ ဤနည်းဖြင့် ၎င်းတို့သည် သင့်ကို ကိုးကွယ်ကြလိမ့်မည်မဟုတ်၊ သို့မဟုတ် အထင်ကြီးကြလိမ့်မည် မဟုတ်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ အမှန်တွင် လုပ်ဆောင်ရန် လွယ်ကူသည်။ သင် အမှန်တကယ် မလုပ်ဆောင်နိုင်ပါက သင်သည် အလွန် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြောင်း သက်သေပြပေသည်။ သင်သည် မိမိကိုယ်ကို မဟာလူသား၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်အဖြစ် တကယ့်ကို မှတ်ယူပြီး သင့်စိတ်နှလုံးတွင် ဤစိတ်သဘောထားမျိုးကို လုံးဝ မမုန်းသကဲ့သို့ စက်ဆုပ်ခြင်း မရှိပေ။ ထိုသို့ဖြစ်လျက် သင်သည် အခြားသူများ၏ အမြင်တွင် သင့်ကို ဂုဏ်အသရေပျက်စေသည့် မှောက်မှားမှုကို စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။ သင်သည် ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦး အမှန်တကယ် ဖြစ်လျှင် မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်အဖြစ် အမြဲ ဆောင်ရွက်ချင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရွံမုန်းကာ စက်ဆုပ်လိမ့်မည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ဤခံစားချက်ရှိရမည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ကို မုန်းတီးပြီး ဇာတိပကတိကို ပုန်ကန်နိုင်ပေသည်။ သင်သည် သာမညောင်ည လူတစ်ဦး၊ သာမန်လူတစ်ဦး၊ ပုံမှန် လူတစ်ဦးဖြစ်ရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ အလွန် ကောင်းမြတ်ပြီး တန်ဖိုးရှိသည်ဟု သင် တွေးထင်သည့် သင် ဖက်တွယ်ထားသော အရာများအပြင် သင့်ကို အခြားသူများ လေးစားပြီး ချီးမွမ်းကြသည့် ထိုအပေါ်ယံဆန်သော၊ လှပသော စကားလုံးများကို သင် ငြင်းပယ်ပြီး လက်လွှတ်သင့်သည်။ သင်၏စိတ်နှလုံးတွင် သင်သည် မည်သို့သောလူမျိုးဖြစ်သည်၊ သင်၏ အနှစ်သာရ အဘယ်သို့ရှိသည်၊ သင်၏ အားနည်းချက်များက မည်သည့်အရာဖြစ်ပြီး မည်သည့် ဖောက်ပြန်ပျက်စီးမှုကို သင် ထုတ်ဖော်ပြသည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ သိရှိလျှင် ဤအရာကို အခြားလူများနှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ဤသို့ဖြင့် သင်၏ အခြေအနေမှန်က မည်သို့ရှိသည်၊ သင်၏ အတွေးများနှင့် ထင်မြင်ချက်များက မည်သို့ရှိသည်တို့ကို ၎င်းတို့ မြင်တွေ့နိုင်ဖို့ဖြစ်သည်။ ဤသို့အားဖြင့် ဤကဲ့သို့သော အရာများနှင့်ပတ်သက်ပြီး သင့်တွင် မည်သည့်အသိပညာရှိသည်ကို ၎င်းတို့ သိရှိဖို့ရန်ဖြစ်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မည်သူမျှ မသိရန်အလို့ငှာ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များကို သူတစ်ပါးတို့အား မဖုံးကွယ်နှင့်။ ဤအယောင်ဆောင် အပြုအမူမျိုးသည် သင်၏ စိတ်နှလုံးတွင် အတားအဆီးတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးခြင်းတစ်ခုလည်းဖြစ်ပြီး လူတို့ကို နောင်တရခြင်း၊ ပြောင်းလဲခြင်းမှ တားဆီးနိုင်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်။ အခြားလူတို့က သင့်ကို ပေးသည့် ချီးမွမ်းခြင်း၊ သင့်အား ၎င်းတို့ ပုံပေးသည့် ဂုဏ်ကျက်သရေနှင့် ၎င်းတို့ပေးအပ်သော သရဖူများကဲ့သို့သော အယောင်ဆောင်ဖြစ်သောအရာများအား သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့ကို ထိန်းသိမ်းရမည်။ ဤအရာများက သင့်အပေါ်တွင် ဖြစ်စေသော ထိခိုက်နစ်နာမှုကို သင်မြင်ရမည်။ ထိုသို့ပြုလုပ်ရာတွင် သင်သည် သင်ကိုယ်တိုင်၏ ဆောင်ရွက်မှုကို သိလိမ့်မည်။ မိမိကိုယ်ကို သိမြင်မှုကို ရရှိလိမ့်မည်။ သင့်ကိုယ်သင် မဟာလူသားတစ်ဦးအဖြစ်၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် မြင်တော့မည်မဟုတ်ပေ။ ဤသို့သော မိမိကိုယ်ကို သိမြင်မှုကို သင် ရရှိသည်နှင့် သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်များနှင့် သင်၏ စိတ်နှလုံးတွင်းသို့ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာကို လက်ခံရန်၊ သင့်အပေါ် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ တည်ကြည်ခိုင်မာစွာဖြင့် သာမန်လူတစ်ယောက်ဖြစ်ရန်၊ ရိုးသားပြီး အားကိုးရနိုင်သည့် တစ်စုံတစ်ဦးဖြစ်ရန်နှင့် ဖန်ဆင်းခံဖြစ်သော သင်ကိုယ်တိုင်နှင့် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်ကြား သာမန်ဆက်ဆံရေးကို တည်ဆောက်ရန် သင့်အတွက် လွယ်ကူလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသောအရာ အတိအကျဖြစ်ပြီး ၎င်းတို့အဖို့ လုံးဝ ရယူနိုင်သောအရာတစ်ခုလည်းဖြစ်သည်။ ဘုရားသခင်သည် သာမန်၊ ပုံမှန်ဖြစ်သော လူတို့ကိုသာ သူ့ရှေ့လာခွင့်ပေး၏။ ထိုဟန်ဆောင်သူများနှင့် အယောင်ဆောင် ကျော်ကြားသူများ၊ ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများထံမှ ကိုးကွယ်မှုကို သူ လက်မခံပေ။ သင်သည် ဤအတုအယောင် ကိုယ်ရောင်ကိုယ်ဝါများကို လက်လွှတ်သည့်အခါ၊ သာမန်၊ ပုံမှန်လူတစ်ဦးဖြစ်ကြောင်း ဝန်ခံပြီး သမ္မာတရားကို ရှာကာ သူ့ထံ ဆုတောင်းရန် ဘုရားသခင်ဆီသို့ လာသည့်အခါ သူ့အတွက် သင်ရှိသည့် စိတ်နှလုံးသည် များစွာ သာ၍ စစ်မှန်လိမ့်မည်ဖြစ်ပြီး သင်သည် များစွာ သာ၍ စိတ်အေးချမ်းလိမ့်မည်။ ထိုသို့သော အချိန်တွင် သင့်ကို အားပေးပြီး ကူညီရန် ဘုရားသခင် လိုအပ်သည်ဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး သူ့ထံ ရှာဖွေကာ ဆုတောင်းဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ သာ၍ မကြာခဏ လာနိုင်လိမ့်မည်။ ငါ့ကိုပြောလော့၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်၊ မဟာလူသားတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူသလော သို့မဟုတ် သာမန်လူတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူသလော။ (သာမန်လူတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူပါသည်။) သဘောတရားအရ သာမန်လူတစ်ဦးဖြစ်ရန် လွယ်ကူသော်လည်း အမြဲ ပူပင်သောကဝေဒနာဖြစ်စေသည့် ကြီးမြတ်သော ပုဂ္ဂိုလ် သို့မဟုတ် မဟာလူသားတစ်ဦး ဖြစ်ဖို့ ခက်ခဲ၏။ သို့ရာတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ပြီး ဤအရာကို လက်တွေ့လုပ်ဆောင်ကြသည့်အခါ ၎င်းတို့သည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး မဖြစ်ချင်ဘဲ မနေနိုင်ကြချေ။ ၎င်းတို့ မိမိတို့ကိုယ်ကို မထိန်းနိုင်ကြ။ ဤအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရတို့က ဖြစ်စေခြင်း ဖြစ်သည်။ ထိုသို့ဖြင့် လူသည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်သည်။ အနာဂတ်တွင် တစ်စုံတစ်ဦးက “လူတစ်ဦးသည် မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန် ကြိုးစားခြင်းကို မည်သို့ ရပ်တန့်နိုင်သနည်း”ဟု သင့်ကို မေးသည့်အခါ ဤမေးခွန်းကို သင် ဖြေနိုင်လိမ့်မည်လော။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ငါ ချခင်းပေးသည့် နည်းစနစ်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သာမန်လူတစ်ဦး ဖြစ်လော့၊ မိမိကိုယ်ကို ဟန်မဆောင်နှင့်၊ ဘုရားသခင်ထံ ဆုတောင်းပြီး ရိုးရှင်းသည့် နည်းလမ်းဖြင့် မိမိကိုယ်ကို ဖွင့်ဟကာ အခြားသူများနှင့် လှိုက်လှိုက်လှဲလှဲ စကားပြောရန် သင်ယူလော့။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် အလိုအလျောက် အကျိုးဖြစ်ထွန်းလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်ယူလိမ့်မည်။ ဘဝကို ငြီးငွေ့တော့မည် မဟုတ်၊ ပူပင်သောကရောက်တော့မည် မဟုတ်သကဲ့သို့ စိတ်ဆင်းရဲတော့မည် မဟုတ်ပေ။ လူအားလုံးသည် သာမန်လူများ ဖြစ်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ ကွာခြားပြီး အစွမ်းအစတွင် အတော်အတန် ခြားနားသည်မှလွဲ၍ ၎င်းတို့ကြားတွင် ကွဲပြားမှု မရှိပေ။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကွယ်ကာမှုကြောင့် မဟုတ်လျှင် ၎င်းတို့အားလုံး မကောင်းမှု ပြုမည်ဖြစ်ကာ အပြစ်ဒဏ်ပေးခြင်းကို ခံစားရမည် ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်း ဝန်ခံနိုင်လျှင်၊ လူ၏ စိတ်ကူးများနှင့် အနှစ်မဲ့သည့် အတွေးမှားများမှ သင် ထွက်နိုင်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ရန် ကြိုးစားကာ ရိုးသားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်လျှင်၊ ဘုရားသခင်ကို တာဝန်သိစွာ ကျိုးနွံနာခံနိုင်လျှင် သင်သည် ပြဿနာများရှိလိမ့်မည် မဟုတ်သကဲ့သို့ လူသား ပုံသဏ္ဌာန်ကို အပြည့်အဝ အသက်ရှင်လိမ့်မည်။ ထိုမျှ ရိုးရှင်းသောကြောင့် အဘယ်ကြောင့် လမ်းကြောင်း မရှိရသနည်း။ ယခု ငါ ပြောပြီးသည့်အရာသည် အလွန် ရိုးရှင်း၏။ အမှန်တွင် ယင်းမှာ အတိအကျ ဖြစ်သည့်ပုံစံဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ထိုသမ္မာတရားကို လုံးဝ လက်ခံနိုင်ပြီး “အမှန်တွင် ဘုရားသခင်သည် လူသားအပေါ် အလွန်များစွာ မတောင်းဆိုပါ။ လူသား အသိတရားနှင့် ဆင်ခြင်တုံတရားတို့ဖြင့် သူ၏ သတ်မှတ်ချက်များအားလုံး ပြည့်ဝနိုင်သည်။ လူတစ်ဦးအတွက် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် မခက်ခဲပါ။ လူတစ်ဦးသည် စိတ်ပါလက်ပါ ပြုမူဆောင်ရွက်ပြီး ဤအရာကို လက်တွေ့လုပ်ဆောင်ရန် စိတ်စွမ်းအားနှင့် လိုအင်ဆန္ဒရှိလျှင် စွမ်းဆောင်ရရှိရန် လွယ်ပါသည်”ဟုလည်း ပြောလိမ့်မည်။ သို့ရာတွင် လူအချို့သည် ဤအရာကို စွမ်းဆောင်မရရှိနိုင်ပေ။ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ အမြဲ ရှိကြသူများ၊ မဟာလူသားများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များ အမြဲ ဖြစ်ချင်ကြသူများသည် ၎င်းတို့အနေဖြင့် သာမန်လူများ ဖြစ်လိုကြသော်လည်း ၎င်းတို့အတွက် မလွယ်ကူပေ။ ၎င်းတို့က မိမိတို့အနေဖြင့် အခြားသူများထက် သာလွန်ပြီး ပိုတော်သည်ဟု အမြဲ ခံစားကြသောကြောင့် ၎င်းတို့၏ စိတ်နှင့် နှလုံးသားတစ်ခုလုံးသည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်လိုသည့် လိုအင်ဆန္ဒဖြင့် လောင်မြိုက်နေသည်။ ၎င်းတို့သည် သာမန်လူများဖြစ်ကာ ဖန်ဆင်းခံများအဖြစ် မိမိတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် လိုလားခြင်းမရှိရုံမက မဟာလူသားများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များဖြစ်ရန် ၎င်းတို့၏ လိုက်စားမှုအပေါ် မည်သည့်အခါတွင်မျှ စွန့်လွှတ်လိမ့်မည် မဟုတ်ဟူ၍လည်း သန္နိဋ္ဌာန်ပြုကြလေသည်။ ဤသည်မှာ ကုစား၍ မရတော့ပေ။
လူအချို့သည် မည်သည့်အရာ ကြုံရသည်ဖြစ်စေ သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ဘုရားသခင်ကို ဆုမတောင်းကြချေ။ မိမိတို့၏ ကိုယ်ပိုင် ဆန္ဒများ၊ ဆုကျေးဇူးများနှင့် အစွမ်းအစအပေါ်အခြေခံ၍ ၎င်းတို့ ပြုမူဆောင်ရွက်ကြသည်။ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းသည့်အခါတွင်ပင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး မိမိတို့ စိတ်နှလုံးတွင် “ဘုရားသခင်က ငါ့ကို ဉာဏ်အလင်းပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်၏ကိစ္စ ဖြစ်သည်။ အကောင်းဆုံးဟု ငါထင်သည့် နည်းလမ်းဖြင့်သာ ငါ ဆောင်ရွက်မည်”ဟု တွေးကြသည်။ ဤအရာများကို မိမိတို့ဘာသာ အပြည့်အဝ ကိုင်တွယ်နိုင်စွမ်းရှိပြီး မိမိတို့ လုပ်သည့် အလုပ်အတွက် အပြည့်အဝ အရည်အချင်းရှိသည်ဟု ခံစားကြသည်။ ၎င်းတို့အတွက်မူ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်းနှင့်ဆိုင်သည့် ကိစ္စမျှသာ ဖြစ်သည်။ ထိုသို့သော လူများသည် မည်သည့်အရာနှင့် တူသနည်း။ ၎င်းတို့သည် သာမန်၊ ပုံမှန်လူများ ဖြစ်သည်ဟု ၎င်းတို့ ဝန်ခံနိုင်ကြသလော။ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ကြသလော။ (လုံးဝ မဝင်ရောက်နိုင်ကြပါ။) ထိုသို့သော လူများသည် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြသလော။ (တွေးထင်ပါသည်။) ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိလျှင်ပင် မည်သည့်အရာကိုမဆို ၎င်းတို့ ကိုင်တွယ်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေခြင်းမရှိဘဲလည်း အမှုအရာများကို ဗျာများခြင်း သို့မဟုတ် အခက်အခဲများမရှိဘဲ ၎င်းတို့ လုပ်ဆောင်ပြီးမြောက်နိုင်သည်ဟု ယုံကြည်ကြသည်။ ဤကဲ့သို့သော လူများသည် မည်သည့် လမ်းကြောင်းကို လျှောက်နေကြသနည်း။ လိုက်စားသည့် လမ်းကြောင်းမှာ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်ရန် ဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ မည်မျှ ကြီးမားသည့် အမှားလုပ်မိကြသည်ဖြစ်စေ၊ သို့မဟုတ် ပြစ်မှားမှု မည်မျှ ကျူးလွန်မိကြသည်ဖြစ်စေ ၎င်းတို့အတွက် ဘာမျှမဟုတ်သကဲ့သို့ ဖြစ်သည်။ အမှုအရာများစွာကို ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သရွေ့၊ အောင်မြင်မှုအချို့ကို စုဆောင်းပြီးဖြစ်ကာ သာလွန်သည့် ခံစားချက်တစ်ခုခု ခံစားရသရွေ့ အရင်းအမြစ်များနှင့် အရည်အသွေးများ ၎င်းတို့ ပိုင်ဆိုင်ထားသည်ဟု ခံစားကြသည်။ ၎င်းတို့သည် အလုပ်ကြိုးစားပြီး ဘုရားအိမ်တော်အတွက် များစွာ စွမ်းဆောင်ရရှိပြီးကြသူများ ဖြစ်သည်ဟု မိမိတို့ကိုယ်ကို တွေးထင်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မလိုအပ်ကြ။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ မလိုအပ်ကြချေ။ ၎င်းတို့ကိုယ်တိုင်က မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြသည် ဟူ၍ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ လာလိမ့်မည် မဟုတ်။ ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိဟု ၎င်းတို့ ကြွားဝါကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုရန် မဆိုထားနှင့်၊ ဘုရားသခင်ထံ လုံးဝ ဆုမတောင်းကြသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကိုပင် မရှာကြချေ။ ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို ရှာရန် မဆိုထားနှင့်၊ အထက်ထံမှ တစ်ကြိမ်တစ်ခါမျှ ရှာဖွေခြင်း မရှိကြချေ။ ဘုရားနှုတ်ကပတ်တော်များတွင် အမှုအရာများစွာကို အသေးစိတ် ထည့်သွင်းဖော်ပြခြင်း မရှိသကဲ့သို့ ခိုင်လုံသည့် ရှင်းပြချက် ပေးထားခြင်း မရှိသောကြောင့် ထိုသို့သော အရာများကို မိမိတို့ဘာသာ ဖြေရှင်းရန်မှာ ၎င်းတို့အတွက် အဆင်ပြေသည်ဟု တွေးထင်ကြသည်။ ဘုရားသခင်ကို ၎င်းတို့ တစ်ဖက်တွင် အမှုမဲ့အမှတ်မဲ့ ဖယ်ထားလိုက်မိကြသည်။ အခြားသူများအပေါ် ၎င်းတို့ အမှုမဲ့အမှတ်မဲ့ အထင်အမြင်သေးပြီး လူတိုင်းကို ခြေဖြင့်နင်းလိုက်မိကြသည်။ ၎င်းတို့ လျှောက်လှမ်းနေသည့် လမ်းသည် ကျော်ကြားသူတစ်ဦး၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦး ဖြစ်လာခြင်းဆီသို့ သွားသည့် လမ်းဖြစ်သည်။ အဆုံးတွင် ဤလူစားမျိုးသည် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ၎င်းတို့အနေဖြင့် သာမန်လူများဖြစ်ကြောင်း၊ အမှားများ ပြုလုပ်နိုင်စွမ်း၊ ပြစ်မှားမှုများ ကျူးလွန်နိုင်စွမ်းရှိပြီး ကျရှုံးနိုင်စွမ်း ရှိကြောင်းနှင့် ၎င်းတို့တွင် ပြစ်ချက်များနှင့် အပြစ်အနာအဆာများစွာ ရှိကြောင်း ဝန်ခံဖို့ သင်ယူရန် ၎င်းတို့ကို သင် စေခိုင်းမည်ဆိုပါက ဤအရာကို ၎င်းတို့ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ထိုကိုယ်ရောင်ကိုယ်ဝါများနှင့် သရဖူများကို ချွတ်ရန်၊ ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ၎င်းတို့ကိုပေးထားသည့် အထင်ကြီးမှုကို လက်လွှတ်ရန်နှင့် အသင်းတော်၌ရှိသည့် မိမိတို့၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ရန် ၎င်းတို့ကို သင် ပြောပါက ၎င်းတို့ သဘောတူကြမည်လော။ (တူကြမည်မဟုတ်ပါ။) ၎င်းတို့က “ကျွန်ုပ် ကြိုးစားရယူထားသည့် ကျော်ကြားမှုနှင့် သရဖူများကို ဤကဲ့သို့ တင်းတိမ်ရောင့်ရဲစွာ ကျွန်ုပ် အဘယ်သို့ စွန့်လွှတ်နိုင်မည်နည်း။ ကျွန်ုပ် ထိုမျှ မတုံးအပါ”ဟု ပြောကြပေမည်။ ပိုများသည့် လူတို့က ၎င်းတို့ကို မဟာလူသားများနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်များအဖြစ် ဆက်ဆံရန် ၎င်းတို့ စိတ်ထက်သန်စွာ အလိုရှိကြသည်။ ၎င်းတို့ ပြစ်ချက်များနှင့် အပြစ်အနာအဆာများကို လူတို့ မြင်ပြီး ပုံမှန်လူများကဲ့သို့ ၎င်းတို့ကို မဆက်ဆံစေချင်ကြပေ။ လူတို့က ၎င်းတို့၏ အမှားများ၊ ကျရှုံးမှုများနှင့် အပြုအမူတို့ကို ဖော်ထုတ်သည့်အခါ သာ၍ပင် ၎င်းတို့ မနှစ်သက်ကြချေ။ ထိုသို့သောလူများသည် ဆုတောင်းပြီး သမ္မာတရား ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ကြသလော။ (မလာနိုင်ကြပါ။) ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလျှင်ပင် ၎င်းတို့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု ရှိကြလိမ့်မည်လော။ ရှိကြမည် မဟုတ်။ ၎င်းတို့ ပြောဆို၊ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ ခေါင်းပေါ်ရှိ သရဖူနှင့် မိမိတို့ကိုယ်ပိုင် သိက္ခာအတွက် ဖြစ်သည်။ ၎င်းတို့သည် လူတိုင်းမြင်ဖို့ အမှုအရာများကို လုပ်ဆောင်ကြသော်လည်း ဘုရားသခင်၏ စိစစ်မှုကို လက်ခံကြလိမ့်မည်မဟုတ်သကဲ့သို့ မိမိတို့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံး မရှိကြသဖြင့် ယင်းကို ဘုရားသခင်ထံ ပူဇော်ဆက်ကပ်နိုင်ခြင်း မရှိကြချေ။ ဘုရားနှုတ်ကပတ်တော်ရှိ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ မည်သည့် နည်းနှင့်မျှ သဘောပေါက်နားလည်နိုင်ခြင်း မရှိကြသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့်အညီ မပြုမူနိုင်ကြပေ။ ထို့ကြောင့် ဤလူစားမျိုးသည် သမ္မာတရားကို ရှာဖွေလိုပြီး ကျော်ကြားသူ သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်လိုသည့် လိုအင်ဆန္ဒကို ဖယ်ရှားလိုလျှင်ပင် ရိုးသားစစ်မှန်ခြင်း မရှိကြချေ။ ဇာတိပကတိကို ၎င်းတို့ မပုန်ကန်နိုင်ကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်သည်။ အန္တိခရစ်များဖြစ်ကြသည်။ အန္တိခရစ်များသည် အဆင့်အတန်း၊ ဩဇာလွှမ်းမိုးမှုနှင့် လူတို့ကြားတွင် သိက္ခာအနည်းငယ်ရှိသည်နှင့် ပြန်လမ်းမရှိသည့် လမ်းကြောင်းတစ်ခုကို စတင်ရင်း အမှီအခိုကင်းသည့် နိုင်ငံကို ခေါင်းမဖော်ဘဲ တည်ထောင်ကြတော့သည်။ သမ္မာတရားနှင့် ပတ်သက်၍ ၎င်းတို့ကို သင် အကြိမ်ပေါင်းမည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ၊ ပြုပြင်သည်ဖြစ်စေ အချည်းနှီးဖြစ်လာလိမ့်မည်။ ဘုရားအိမ်တော်တွင် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ၊ ဘုရားသခင်ကို ချစ်ပြီး သက်သေခံရန် ကြိုးစားခြင်း၊ သမ္မာတရားအပေါ် သဘောပေါက်နားလည်မှု စစ်စစ်နှင့် စည်းမျဉ်းများကို မိတ်သဟာယပြုရာတွင် ပါဝင်ခြင်းဟူသည့် ဤအပြုသဘောဆောင်သော အရာများသည် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်အတွက် ကြီးမားသည့် စိတ်ပြင်းပြမှုတစ်ခု ရှိသူတို့အတွက်သာ ထိရောက်ပေသည်။ သမ္မာတရားကို မချစ်သူများ၊ ကောင်းချီးများကိုသာ လိုက်စားသူများနှင့် မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တို့၏ ကဏ္ဍကို ပါဝင်ဆောင်ရွက်ချင်သူတို့အတွက်မူ ထိုအရာများသည် လုံးဝ အသုံးမဝင်ပေ။ မည်သည့် သမ္မာတရားများ၊ မှန်ကန်သည့် စကားများနှင့် အပြုသဘောဆောင်သော အရာများမဆိုသည် သမ္မာတရားကို ချစ်သောသူများ၊ ဘုရားနှုတ်ကပတ်တော်ကို ချစ်ပြီး ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒပြင်းပြမှု ရှိသူတို့အတွက်သာ ဖြစ်သည်။ သမ္မာတရားကို နားထောင်ပြီးနောက်တွင် ဤအရည်အချင်းများ မပိုင်ဆိုင်သောသူတို့သည်လည်း သမ္မာတရား မှန်ကန်ပြီး သမ္မာတရား ကောင်းမြတ်သည်ဟု ပြောကြလိမ့်မည် ဖြစ်သော်လည်း ထိုသမ္မာတရားကို ၎င်းတို့ တွေးဆပြီး “မည်သည့်အရာအတွက် ငါ အသက်ရှင်နေသနည်း။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ သရဖူများ၊ ကိုယ်ရောင်ကိုယ်ဝါများနှင့် ဘုရားသခင်၏ ဆုလာဘ်များအတွက် ငါ အသက်ရှင်သည်။ ဤအရာများ မရှိဘဲနှင့် ငါ့ထံတွင် ဂုဏ်သိက္ခာ ရှိသေးပါသလော။ ငါ့ဘဝ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ ဆုလာဘ်များနှင့် သရဖူများ နောက်လိုက်ရန် နည်းလမ်းတစ်ခုသာ ဖြစ်သည် မဟုတ်ပါလား။ ယခုတွင် ကျွန်ုပ်၏ စိတ်နှလုံးနှင့် အသွေးများစွာဖြင့် အဖိုးအခကို ငါ ပေးပြီးဖြစ်ကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက်တွင် ကောင်းမြတ်သူကို ဆုချီးမြှင့်ကာ ဆိုးယုတ်သူကို အပြစ်ပေးရန် ဘုရားသခင်အတွက် နောက်ဆုံးတွင် အချိန်ကျလာပြီဖြစ်သည်။ ဤသည်မှာ ငါ သရဖူဆောင်းပြီး ငါ၏ ဆုလာဘ် ရရှိသင့်သည့် အချိန်ဖြစ်သည်။ ဤအရာကို အခြားတစ်စုံတစ်ဦးထံ အဘယ်သို့ ငါ ပေးနိုင်မည်နည်း။ အခြား ရိုးရိုးလူများအားလုံးကဲ့သို့ပင် ပုံမှန်လူတစ်ဦး၊ သာမန်လူတစ်ဦးဖြစ်ရန်မှာ ထိုသို့ အသက်ရှင်ရာတွင် မည်သည့်အကျိုးရှိပါသနည်း။ ကျွန်ုပ် ထိုမျှ မအပါ” ဟု တွေးကြလိမ့်မည်။ ထိုသို့သောလူသည် ကုစားမရနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများကို ဖျောင်းဖျရန် မကြိုးစားနှင့်။ သမ္မာတရားသည် ၎င်းတို့အတွက် မဟုတ်သကဲ့သို့ ၎င်းတို့ လိုချင်သည်မှာ သမ္မာတရား မဟုတ်ပေ။ ဤလူစားမျိုးသည် ကောင်းချီးများနှင့် သရဖူများကိုသာ ရှာဖွေသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ပုံမှန်လူများအတွက် လိုအပ်သည့်အရာ၏ အကန့်အသတ် အတိုင်းအတာကို ကျော်လွန်သည်။ ဤလူစားမျိုးက အဘယ်ကြောင့် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ဖက်တွယ်ပြီး လက်မလွှတ်ချင်ရသည်ကို လူအချို့က တွေးမရပေ။ ဤသည်မှာ ဤလူစားမျိုး၏ အနှစ်သာရနှင့် မွေးရာပါ သဘာဝဖြစ်သည်။ သင်၏ အနှစ်သာရသည် ၎င်းတို့နှင့် ကွာခြားသောကြောင့် ထိုအရာကို သင် နားမလည်နိုင်သကဲ့သို့ ၎င်းတို့ကလည်း သင့်ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ သင် အဘယ်ကြောင့် အလွန် တုံးအသည်ကို ၎င်းတို့ မသိကြ။ သင်သည် အသင့်လုပ်ထားသည့် သရဖူများ၊ ကိုယ်ရောင်ကိုယ်ဝါများနှင့် ဂုဏ်သိက္ခာတို့ကို မလိုချင်သကဲ့သို့၊ ထိုအစား သာမန်လူတစ်ဦး ဖြစ်မည် ဖြစ်သည်။ သင့်ကို မယုံကြည်နိုင်လောက်စရာ ဖြစ်သည်ဟု ၎င်းတို့ မြင်သည်။ ဤလူစားမျိုးက “သင်သည် သမ္မာတရားကို တာဝန်သိစွာ လိုက်စားသည်၊ ဘုရားသခင် သင့်ကို ပြောပြသည့်အရာကို သင် လက်တွေ့လုပ်ဆောင်သည်၊ လုပ်ဆောင်ရန် သင့်ကို ဘုရားသခင် ပြောသည့်အရာကို သင် လုပ်ဆောင်ပြီး သင့်ကို လုပ်ဆောင်ရန် ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို သင် ကျိုးနွံနာခံသည်။ သင် အဘယ်သို့ အလွန် တုံးအရသနည်း”ဟု တွေးလေသည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့က တုံးအသည်၊ မသိနားမလည်ဖြစ်ကာ ဉာဏ်ထိုင်းသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ အသိပညာကို လိုက်စားခြင်းနှင့် သာလွန်သော လူတစ်ဦး ကဏ္ဍကို ပါဝင်ဆောင်ရွက်ရာတွင် ၎င်းတို့ လိမ္မာပါးနပ်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အရာရာကို ၎င်းတို့ နားလည်သည်ဟု တွေးထင်လျက် ၎င်းတို့က “အဆင့်အတန်းနှင့် ဂုဏ်သိက္ခာမရှိ၊ မိမိတို့ ခေါင်းပေါ်တွင် မည်သည့် သရဖူမျှ မဆောင်းသကဲ့သို့ လူများကြားတွင် တန်ဖိုးမရှိသည့်အပြင် ပြောစရာ ဩဇာအာဏာမရှိသည့် လူတစ်ဦးသည် အသုံးမကျပါ။ လူတစ်ဦးသည် ကျော်ကြားမှုအတွက် အသက်မရှင်လျှင် အကျိုးအမြတ်အတွက် အသက်ရှင်ရမည်။ အကျိုးအမြတ်အတွက် အသက်မရှင်လျှင် ကျော်ကြားမှုအတွက် အသက်ရှင်ရမည်”ဟု ၎င်းတို့ ကောက်ချက်ချကြသည်။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်လော။ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြင့် အသက်ရှင်ရင်း ၎င်းတို့အတွက် ဖြေဆေးမရှိပေ။ ၎င်းတို့သည် မည်သည့် ဘုရားနှုတ်ကပတ်တော်များ၊ အပြုသဘောဆောင်သောအရာများ သို့မဟုတ် မှန်ကန်သည့် အကြံတစ်ခုကိုမျှ လုံးဝ လက်ခံနိုင်ကြမည် မဟုတ်။ ဤအရာကို ၎င်းတို့ လက်မခံလျှင် မည်သည့်အရာ လုပ်စရာရှိပါသနည်း။ ငါတို့ ပြောဆိုသည့် ဤစကားများသည် ၎င်းတို့အတွက် မဟုတ်ပေ။ ဤစကားလုံးများသည် ပုံမှန် လူ့သဘာဝရှိသူများကိုသာ၊ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသူများကိုသာ ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုစကားများသည် ဤလူများအတွက်သာ ဖြစ်သည်။ ဤလူများသည်သာ ဘုရားနှုတ်ကပတ်တော်များကို ဂရုစိုက်စွာ နားထောင်ပြီး တွေးဆနိုင်ကြသည်၊ သမ္မာတရား သိနားလည်ခြင်းကို ရယူနိုင်ကြသည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ကြသည်၊ ဘုရားသခင် တောင်းဆိုသည့်အတိုင်း မိမိတို့၏ တာဝန်များကို ဆောင်ရွက်နိုင်ကြသည်၊ ဘုရားသခင် စီစဉ်သည့် ပတ်ဝန်းကျင်များတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံနိုင်ကြပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ အပြုသဘောဆာင်သော အရာများနှင့် ဘုရားနှုတ်ကပတ်တော်များအတွက် မိမိတို့ စိတ်နှလုံးတွင် စက်ဆုပ်မှုနှင့် ရန်လိုမှုတို့ သိုထားကြသူများအတွက်မူ မထူးခြားသကဲ့သို့ မကျော်ကြားသည့် ဘဝတစ်ခု အသက်ရှင်ရန်၊ သာမန်လူတစ်ဦးဖြစ်ရန်၊ ဘုရားရှေ့သို့ တာဝန်သိစွာ လာပြီး မိမိတို့ နားမလည်သည့်အရာများနှင့် စပ်လျဉ်း၍ မိမိတို့ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေပြီး စောင့်ဆိုင်းရန် ၎င်းတို့ကို ညှိနှိုင်းမရနိုင်ပေ။ ထိုသို့သော လူတစ်ဦးဖြစ်ရန် ၎င်းတို့ မရောင့်ရဲကြချေ။ ထိုသို့ဖြင့် ထိုသို့သော လူတစ်ဦးအတွက် ကယ်တင်ခံရရန် မဖြစ်နိုင်ပေ။ ကောင်းကင်နိုင်ငံတော်သည် ၎င်းတို့အတွက် ပြင်ဆင်ထားခြင်း မဟုတ်ပေ။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဘုရားသခင် ပြောသည့် သာမန်၊ ပုံမှန် ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်ပြီး ဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သည့် နေရာတွင် ရပ်တည်နိုင်သူ မည်သူမဆို၊ အခြားသူများ၏ အထင်သေးခြင်းခံရသည့် ထိုမိုက်မဲသည့် လူတစ်ဦးဖြစ်ရန် လိုလားပြီး ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာလျက် မကြာခဏ ရှာဖွေရင်းနှင့် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရင်း မည်သည့်အရာကို ဘုရားသခင် ပြောသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို လက်ခံကာ ကျိုးနွံနာခံနိုင်သောသူ မည်သူမဆိုသည် ဘုရားသခင် ပြောဆိုသည့် အောင်မြင်သောသူများထဲမှတစ်ဦး ဖြစ်လာနိုင်သည်။ ဘုရားသခင် ပြောသည့် အောင်မြင်သောသူများထဲမှ တစ်ဦး ဖြစ်လာသူ မည်သူမဆိုသည် လူသားမျိုးနွယ်ကို ဘုရားသခင် ကတိပေးထားသည့်အရာကို နောက်ဆုံးတွင် ရရှိလိမ့်မည်။ ဤသည်မှာ သေချာ၏။
လူတစ်ဦးသည် ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိ၊ သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ချိန်ဆသည့်အခါ သူ၏ နှုတ်ကပတ်တော်များပေါ် ၎င်းတို့၏ သဘောပေါက်နားလည်မှုနှင့် သူ၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားတို့ကို သူ သုံးသပ်ဆင်ခြင်သည်။ မိမိတို့ နားလည်သည့် သမ္မာတရားများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်ကို သူ ဆင်ခြင်သုံးသပ်သည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါနှင့် စမ်းသပ်မှုများ ကြုံရသည့်အခါ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်ကို သူ ဆင်ခြင်သုံးသပ်သည်။ ဘုရားသခင်ကို ၎င်းတို့ ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် လိုအင်ဆန္ဒရှိကာ လက်ခံကြခြင်း ရှိမရှိဆိုသည်ကို သူ ဆင်ခြင်သုံးသပ်သည်။ ၎င်းတို့၏ ပညာရေး အဆင့်၊ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူး မည်မျှ ပိုင်ဆိုင်သည်၊ မည်မျှဝေးဝေး ခရီးသွားကြပြီးဖြစ်သည်၊ သို့မဟုတ် အလုပ်မည်မျှ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်ကို သူ အကဲမဖြတ်ပေ။ ဤအရာများကို ဘုရားသခင် ဆင်ခြင်သုံးသပ်ခြင်း မရှိသကဲ့သို့ ဤအရာများကို လိုအင်ဆန္ဒမရှိပေ။ သင်သည် သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဘုရားသခင်ထံ ယူဆောင်ပြီး ထိုအရာများကို ဆုလာဘ်များနှင့် သရဖူများအတွက် လဲလှယ်ချင်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို သင် အမြဲ ပယ်ချကာ လျစ်လျူရှုသည်ဆိုပါစို့။ ဘုရားသခင်သည် နှုတ်ကပတ်တော် ထောင်ချီဆင့်ကာ ပြောဆိုပြီးဖြစ်သော်လည်း ဘုရားသခင်ထံမှ စကားတစ်ခွန်းမျှ သင့်စိတ်နှလုံးတွင် ကျန်ရှိခြင်း မရှိပေ။ ဘုရားသခင်၏ တိုက်တွန်းချက်များ၊ သူ၏ သတိပေးချက်များ၊ သူ၏ အသိပေးချက်များ သို့မဟုတ် သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းများ သို့မဟုတ် သွန်သင်ချက်များထဲမှပင် စကားတစ်လုံးမျှ၊ သင်၏ စိတ်နှလုံးတွင် ဤစကားများထဲမှ တစ်လုံးမျှ သင် မရှိပေ။ သင်၏ စိတ်နှလုံးတွင် သင်၏ ဆောင်ပုဒ်အဖြစ် ဘုရားသခင် ပြောဆိုထားသည့် စကားတစ်ခွန်းမျှ သင် မယူပေ။ သင်၏ စိတ်နှလုံးက ဘုရားသခင်ထံမှ စကားတစ်ခွန်းမျှ သတိမရသကဲ့သို့ တစ်ချိန်တည်းတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန် မည်သည့် အဖိုးအခမျှ သင် မပေးဆပ်ပေ။ ဤသည်မှာ အားလုံး မှန်ကန်ပါက ဘုရားသခင်၏ ရှုထောင့်အမြင်အရ သင်၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်တို့ကို သတ်မှတ်ထားနှင့်ပြီး ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တွင်၊ ဖန်ဆင်းရှင်၏ မျက်မှောက်တွင် သင်သည် သာမန် သို့မဟုတ် သာမညလူတစ်ဦးဖြစ်ရန် သင် စိတ်လျှော့နိုင်ခြင်း မရှိပါက၊ ဖန်ဆင်းရှင်၏ မျက်မှောက်တွင် သင် ပမာမခန့် ပြုမူဝံ့ပါက၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်၊ မဟာလူသား၊ ထူးခြားသောလူတစ်ဦးအဖြစ် အမြဲ အယောင်ပြချင်ပြီး သင့်ကို ဘုရားပေးထားသည့် နေရာတွင် ရှိမနေပါက ဘုရားသခင်ထံမှ မည်သည့်အရာကို သင် ရရှိချင်သေးသနည်း။ ထိုအရာကို ဘုရားသခင်က သင့်အား ပေးလိမ့်မည်လော။ လူကို ဘုရား ကတိပေးပြီးသည့်အရာကို လူတို့ ရရှိလိုပါက ပထမဦးစွာ ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့ လိုက်လျှောက်ရမည်။ ဤသည်မှာ ယေဘုယျ နည်းလမ်းခြင်း ဖြစ်သည်။ တိကျသည့် နည်းလမ်းအတွက်မူ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ နားထောင်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ ဤလမ်းကြောင်းက ၎င်းတို့ကို လုံးဝ မှားယွင်းသွားအောင် ဦးတည်ပေးလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး လက်တွေ့လုပ်ဆောင်လော့၊ ဘုရားနှုတ်ကပတ်တော်များကို သင့်ဘဝ၏ လက်တွေ့ကျမှု၊ အခြေခံအကြောင်းရင်း၊ စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် သင် ပြောဆိုသည့်အရာ၏ ရည်မှန်းချက်ပန်းတိုင်၊ သင် ပြုမူနေထိုင်ပုံ၊ အမှုအရာများကို သင် ရှုမြင်ပုံနှင့် အမှုအရာများကို သင် လုပ်ဆောင်ပုံများအဖြစ်သို့ ပြောင်းလဲသွားစေလော့။ ဆိုလိုသည်မှာ သင် ပြောသည့်အရာနှင့် သင် ပြုလုပ်သည့် အကဲဖြတ်မှုများသည် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အခြေခံအကြောင်းရင်းအဖြစ် ရှိကြရမည်ဟူ၍ ဖြစ်သည်။ လူတစ်မျိုးနှင့် သင် ပတ်သက်ရန် ရွေးချယ်ပြီး နောက်လူတစ်မျိုးကို ရှောင်ရှားရန်၊ သို့မဟုတ် ငြင်းပယ်ရန် ရွေးချယ်သည့် အခါတိုင်းတွင် ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေခံအကြောင်းရင်းအဖြစ် သင် ထားရှိရမည်။ အခြားသူများကို သင် ဒေါသထွက်ပြီး ဆဲဆိုလျှင်ပင် သင်၏ လုပ်ရပ်များသည် စည်းမျဉ်းများနှင့် ဆက်စပ်အကြောင်းအရာ ရှိရမည်ဖြစ်ပြီး သမ္မာတရားနှင့် အခြေခံအားဖြင့် ကိုက်ညီရမည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုကို သင် အသက်ရှင်နေထိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိလိမ့်မည်။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ကြိုးစားခြင်းသည် အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာရန် သမ္မာတရား လိုက်စားခြင်းနှင့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၏ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ မဟာလူသားတစ်ဦး၊ ထူးခြားသောလူတစ်ဦးနှင့် ကျော်ကြားသူ သို့မဟုတ် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ကြိုးစားအားထုတ်ခြင်းမှ လွတ်မြောက်စေခြင်း နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ မဟာလူသားတစ်ဦး၊ ကျော်ကြားသူတစ်ဦးနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ကြိုးပမ်းခြင်း လမ်းကြောင်းမှ သို့မဟုတ် ဤလိုက်စားမှု နည်းလမ်းမျိုးမှ သင် လွတ်မြောက်လိုပါက သင်၏ သဘောထားကို နှိမ့်ချရမည်၊ သင့်ကိုယ်သင် နှိမ့်ချရမည်၊ သင်သည် လူတစ်ဦး၊ အရေးမပါသည့် လူတစ်ဦးနှင့် ဘုရားသခင်၏ လမ်းပြမှုမရှိဘဲနှင့် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သည့် လူတစ်ဦး၊ သာမန်လူတစ်ဦးမျှသာ ဖြစ်သည်ကို ဝန်ခံရမည်။ ဘုရားသခင်နှင့် ဘုရားနှုတ်ကပတ်တော်များ မရှိဘဲနှင့် သင်သည် ဘာမျှမဟုတ်ကြောင်း ဝန်ခံရမည်။ သင်သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရန် လိုလားလျက်ရှိသည့် လူတစ်ဦး ဖြစ်သည်။ သင့်ကို ဘုရားပေးထားသည့် ထွက်သက်ဝင်သက်မရှိဘဲနှင့်၊ သင့်ကို သူ ပေးထားသမျှအားလုံး မရှိဘဲနှင့် သင်သည် အလောင်းကောင်တစ်ဦးနှင့် အသုံးမကျသူတစ်ဦး ဖြစ်သည်။ ဤအရာများကို အသိအမှတ်ပြုနေစဉ်တွင် သင်သည် ဘုရားသခင်ရှေ့မှောက်သို့လာပြီး သူ ပြောပြီးသည့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များအားလုံးကို လက်ခံရမည်မှာ အမှန်ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဘုရားသခင် ပြောဆိုသည့် ဤစကားများ၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ရမည်၊ ဘုရားသခင်၏ စကားများကို သင်၏ အသက်ဖြစ်စေရမည်၊ သင့်ဘဝနှင့် တည်ရှိမှုတို့၏ အခြေခံအုတ်မြစ်နှင့် အခြေခံအကြောင်းရင်း ဖြစ်လာစေရမည်ဖြစ်ပြီး သင့်ဘဝတစ်ခုလုံးတစ်လျှောက် သင်၏ ရှင်သန်ခြင်း အရင်းအမြစ်နှင့် အထောက်အပံ့တစ်ခု ဖြစ်စေရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ပြီး လူ့အပေါ် သူ၏ အမြင့်ဆုံးသော တောင်းဆိုချက် ဖြစ်သည်။
ယနေ့တွင် ငါတို့ မိတ်သဟာယ၏ အဓိက အကြောင်းအရာမှာ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ သဘောထားရမည်၊ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်၊ ဘုရားနှုတ်ကပတ်တော်များကို လူတို့က မည်သို့ တန်ဖိုးထားသင့်သည်ဆိုသည်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး ကယ်တင်ခြင်းကို ရရှိရန် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဟူ၍ ဖြစ်သည်။ အဓိကအားဖြင့် ဘုရားနှုတ်ကပတ်တော်၏ အရေးပါမှုနှင့်ပတ်သက်သည့် မိတ်သဟာယတွင် ငါတို့ ပါဝင်ကြပြီး ဖြစ်သည်။ ဤအရာများသည် သင်တို့ ချို့တဲ့သည့်အရာများနှင့် လူက ပိုင်ဆိုင်သင့်သည့်အရာများ အတိအကျ ဖြစ်သည်။ ငါသည် ဤသို့ မိတ်သဟာယမပြုခဲ့ပါက ထိုသို့သော အရာများကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်ကြမည် မဟုတ်။ သင်တို့၌ မသိစိတ်ထဲတွင် အသိအချို့ ရှိပုံရသော်လည်း သင်တို့ သိသည့်အရာကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ အကြမ်းဖော်ပြချက် စီစဉ်ထားသော်လည်း ပါဝင်သည့် အကြောင်းအရာကို သင် မဖြည့်နိုင်ဘဲ ရှိနေသေးချိန်တွင် ဆောင်းပါးတစ်ပုဒ်ကို ရေးသားသကဲ့သို့ ဖြစ်သည်။ ဤသည်မှာ သင်၏ တကယ့် အခြေအနေ ဖြစ်သည်။ ဤအရာများနှင့် ပတ်သက်၍ ယနေ့၏ မိတ်သဟာယမှာ သင်တို့အတွက် အသိပေးချက်နှင့် သတိပေးချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးစီအတွက် ဘုရားနှုတ်ကပတ်တော်များသည် အရေးအကြီးဆုံးသော အရာဖြစ်ပြီး သမ္မာတရားအတွက် အစားထိုးမရှိပေ။ ဤအချက်ကို သင်နားလည်သည်နှင့် တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်ပုံအတွက် လမ်းကြောင်းတစ်ခု သင်တို့ ရှိသင့်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး လက်တွေ့လုပ်ဆောင်ရန် သင် သာ၍ လုပ်ဆောင်ရမည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု အလွန် သေးငယ်သည်၊ သင်၏ သဘောပေါက်နားလည်နိုင်စွမ်း ချို့တဲ့နေပြီး ဘုရားသခင်၏ နက်ရှိုင်းသည့် နှုတ်ကပတ်တော်များကို သင် ထွင်းဖောက်မသိနိုင် သို့မဟုတ် အလှမ်းမမီနိုင်သကဲ့သို့ ထိုနှုတ်ကပတ်တော်များကို မိမိအတွက် မကျင့်သုံးနိုင်ဟု သင် ခံစားရပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ရိုးစင်းသည့်အပိုင်းများမှ စားသောက်ခြင်းအားဖြင့် စတင်လော့။ သင်၏ စိတ်နှလုံးတွင် မိမိဘာသာ လက်တွေ့လုပ်ဆောင်နိုင်သည့် ရိုးရှင်း၊ နားလည်ရလွယ်သော နှုတ်ကပတ်တော်များကို အာဂုံဆောင်လော့၊ ထိုနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် သင် လိုက်လျှောက်သည့် စည်းမျဉ်းများ ဖြစ်စေပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ပြုမူဆောင်ရွက်လော့။ အရှေ့ကိုသွားဖို့ ဘုရားသခင် ပြောလျှင် အရှေ့ကို သွားလော့။ အနောက်အရပ်ကို ဘုရားသခင် သွားဖို့ ပြောလျှင် အနောက်အရပ်ကို သွားလော့။ သာ၍ ဆုတောင်းရန် ဘုရားသခင် ပြောလျှင် သာ၍ ဆုတောင်းလော့။ ဘုရားသခင် ပြောသမျှအရာကို လုပ်ဆောင်လော့။ စာတန်က တော်ပြီး လိမ္မာပါးနပ်သည့်လူတစ်ဦးအဖြစ် သဘောထားမည့်အရာ ဖြစ်ခြင်းထက် မိုက်မဲသူတစ်ဦးအဖြစ် အခြားသူများ၏ တွေးထင်ခြင်းခံရခြင်းက သာ၍ ကောင်း၏။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော ရည်မှန်းချက်ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်သူတို့သာ အမှန်တကယ် အသိဉာဏ်ရှိပြီး အမြော်အမြင်ရှိသူများ ဖြစ်ကြသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။