ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏

သင်တို့က စွမ်းဆောင်ရရှိရန် ငါမျှော်လင့်သည့် အရာများစွာရှိ၏။ သို့ရာတွင် သင်တို့၏ လုပ်ဆောင် ချက်များနှင့် သင်တို့၏ အသက်တာအားလုံးတို့သည် ငါ၏ တောင်းဆိုချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ငါ့တွင် အခြားလမ်းမရှိဘဲ ဆိုလိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုဆန္ဒကို သင်တို့အား ရှင်းပြရန်သာရှိ၏။ သင်တို့၏ သိမြင်မှုသည် ညံ့ဖျင်း၍ သင်တို့၏ နားလည် သဘောပေါက်မှုသည်လည်း အလားတူ ညံ့ဖျင်းသဖြင့်၊ သင်တို့သည် ငါ၏ စိတ်နေသဘောထားရော ငါ၏အနှစ်သာရကိုပါ လုံးဝဥဿုံနီးပါး မသိသဖြင့်၊ ၎င်းတို့အကြောင်း သင်တို့ကို အသိပေးရန်မှာ အရေးတကြီးကိစ္စ တစ်ရပ်ဖြစ်၏။ သင်ယခင်က မည်မျှနားလည်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် သင်သည် ဤကိစ္စများကို နားလည်ရန် ကြိုးစားလိုသည့်ဆန္ဒ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့ကို ငါသည် သင်တို့အား အသေးစိတ် ရှင်းပြရဦးမည် ဖြစ်သည်။ ဤကိစ္စများသည် သင်တို့နှင့် လုံးဝစိမ်းနေသည် မဟုတ်သော်လည်း ၎င်းတို့တွင် ပါဝင်သည့်အဓိပ္ပာယ်ကို သင်တို့နားလည်ပုံ မရပေ၊ သို့မဟုတ် ရင်းနှီးပုံမရပေ။ သင်တို့အများအပြားသည် မှုန်မှုန်ဝါးဝါးသာ နားလည်ကြသည်သာမက နားလည်ခြင်းမှာလည်း တစ်စိတ်တစ်ပိုင်းနှင့် မပြည့်မစုံသာဖြစ်၏။ သင်တို့ သမ္မာတရားကို ပိုမိုကောင်းမွန်စွာ ကျင့်သုံးနိုင်ရေး အတွက်၊ ဆိုလိုသည်မှာ ငါ၏ နှုတ်ကပတ်တော်များကို ပိုမိုကောင်းမွန်စွာ လက်တွေ့ ကျင့်သုံးနိုင်ရေးအတွက်၊ အထောက်အကူပြုရန် သင်တို့ အရင်ဆုံး သိလာရမည့်အရာမှာ ဤကိစ္စများဖြစ်သည်ဟု ငါထင်သည်။ သို့မဟုတ်ပါက၊ သင်တို့၏ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်လျက်၊ ဘာသာရေး၏ အဆောင်အယောင် အဆင်တန်ဆာများနှင့် ပြည့်နေသည့် ယုံကြည်ခြင်းအဖြစ် ဆက်လက်ရှိနေမည်။ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့်အမှုကို သင်လုပ်ဆောင်ရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ အနှစ်သာရကို မသိပါက သင်က သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ပြသရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည် ဖြစ်သော်လည်း ဂရုမပြုသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် လှိမ့်လုံးများအပြင် ပြုပြင်၍မရသော အကျင့်ဖြစ်နေသည့် ပုတ်ခတ်ပြောဆိုမှုတို့ကိုသာ ပြသနိုင်လိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းသည် အရေးကြီးသည်မှာ အမှန်ပင်ဖြစ်၍ ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား ပေါ့ပေါ့တန်တန် သဘောထား၍မရသော်လည်း ဤကိစ္စများကို မည်သူကမျှ တစ်ခါမျှ သေချာစွာ စစ်ဆေးခြင်း သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်းများ မပြုခဲ့ဖူးပေ။ သင်တို့အားလုံးသည် ငါပြဋ္ဌာန်းခဲ့သည့် စီမံခန့်ခွဲရေးအမိန့် အားလုံးကို ထုတ်ဖယ်ပစ်ခဲ့ပြီးဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို သင်တို့ နားမလည်ပါက သင်တို့သည် သူ၏စိတ်နေသဘောထားကို အလွယ်တကူ စော်ကားလိမ့်မည်။ ထိုကဲ့သို့သော စော်ကားမှုတစ်ရပ်သည် ဘုရားသခင်ကိုယ်တိုင်ကို ဒေါသထွက်စေခြင်းနှင့် တူညီကာ သင့်လုပ်ဆောင်ချက်၏ နောက်ဆုံး အသီးအပွင့်သည် စီမံခန့်ခွဲရေးအမိန့်များကို ဖောက်ဖျက်ခြင်း တစ်ရပ် ဖြစ်သွား၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် သူ၏ အနှစ်သာရကို သိခြင်းလည်း ပါဝင်သည်ဟူသည်နှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် စီမံခန့်ခွဲရေးအမိန့်များကို နားလည်ခြင်းလည်း ပါဝင်သည်ဟူသည်ကို သင်သိသင့်သည်။ စီမံခန့်ခွဲရေး အမိန့်များစွာသည် ဘုရားသခင်၏ စိတ်နေသဘောထားအကြောင်းနှင့် သက်ဆိုင်သော်လည်း ၎င်းတို့အထဲတွင် သူ၏စိတ်နေသဘောထား တစ်ရပ်လုံးကို ထုတ်ဖော်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပိုမိုနားလည်ရေး ဆောင်ရွက်ရာတွင် ဤသည်ထက် တစ်ဆင့်ပို၍ ဆောင်ရွက်သင့်သည်။

ငါသည် ယနေ့ သင်တို့နှင့် စကားပြောရာတွင် သာမန်စကားစမြည် ပြောဆိုခြင်းကဲ့သို့ မဟုတ်သဖြင့် သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို သတိနှင့် ဆက်ဆံသင့်သည့်အပြင် ၎င်းတို့ကို နက်ရှိုင်းစွာ စဉ်းစားသင့်သည်။ ငါပြောဆိုခဲ့သော နှုတ်ကပတ်တော်များအပေါ် သင်တို့သည် အနည်းငယ်သာ လုံ့လပြုခဲ့သည်ဟု ငါဆိုလို၏။ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ပတ်သက်ပါက သင်တို့သည် ဤကိစ္စကို အလေးအနက် စဉ်းစားရန်ဆန္ဒ သာ၍နည်းသည့်အပြင် တစ်စုံတစ်ဦးမှ လုံ့လပြုခြင်းလည်း ဖြစ်ခဲ၏။ ဤအကြောင်းရင်းကြောင့် သင်တို့၏ ယုံကြည်ခြင်းသည် ဟိတ်ဟန်များသော စကားပြောဆိုပုံတစ်ရပ်သာ ဖြစ်သည်ဟု ငါဆို၏။ ယခုပင်လျှင် သင်တို့အနက်တစ်ဦးမျှ သင်တို့၏ အရေးကြီးဆုံး အားနည်းချက်အပေါ် ဆက်ကပ်၍ လေးနက်စွာ လုံ့လစိုက်ထုတ်မှုပြုခဲ့ခြင်း မရှိသေးပေ။ သင်တို့အတွက် နာကျင်မှုအားလုံးကို ငါခံစားပေးခဲ့သော်လည်း သင်တို့သည် ငါ့ကို စိတ်ပျက်စေခဲ့သည်။ သင်တို့သည် ဘုရားသခင်အပေါ် အလေးထားမှု လုံးဝမရှိဘဲ သမ္မာတရားကင်းမဲ့သော အသက်တာများဖြင့် ရှင်သန်နေသည်မှာ လုံးဝအံ့သြစရာ မဟုတ်ပေ။ ဤကဲ့သို့သောသူများကို သန့်ရှင်းသူများအဖြစ် မည်သို့ယူဆနိုင်မည်နည်း။ ကောင်းကင်၏ ပညတ်သည် ဤကဲ့သို့သော အရာတစ်ရပ်ကို သည်းခံလိမ့်မည် မဟုတ်ပေ။ ဤအရာအပေါ် သင်တို့ နားလည်မှု နည်းပါးလွန်းသဖြင့် ငါသည် လေကုန်ခံရန်မှတစ်ပါး အခြားမရှိပေ။

ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ပတ်သက်သည့် အကြောင်းအရာသည် လူတိုင်းအတွက် အလွန်ပင် စိတ်ကူးစိတ်သန်းဆန်သည့် လက္ခဏာ ရှိသည့်အပြင် လူတိုင်းအနေဖြင့် လက်ခံရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်နေသဘောထားသည် လူသားတစ်ဦး၏ ပင်ကိုယ်စရိုက်နှင့် မတူသော ကြောင့် ဖြစ်သည်။ ဘုရားသခင်သည်လည်း သူ၏ကိုယ်ပိုင်ခံစားမှုများ ဖြစ်သည့် ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ရှိသော်လည်း ဤခံစားချက်တို့မှာ လူသား၏ ခံစားချက်တို့မှ ကွဲပြား၏။ ဘုရားသခင်သည် သူ၏အရာအားလုံးဖြစ်ကာ သူ၌ သူ၏ဖြစ်ခြင်းကို ပိုင်ဆိုင်ထားသည်။ သူဖော်ထုတ်သည့် အရာအားလုံးနှင့် ဖော်ပြသည့် အရာအားလုံးတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့ကို ကိုယ်စားပြုကြ၏။ သူ၏ဖြစ်ခြင်းနှင့် သူ၏အရာအားလုံးအပြင် သူ၏အနှစ်သာရနှင့် သူ၏ ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားမထိုးနိုင်သည့်အရာများ ဖြစ်ကြ၏။ သူ၏ စိတ်နေသဘောထားတွင် လူသားမျိုးနွယ်အပေါ် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် ဖြေသိမ့်မှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှုနှင့် ၎င်းတို့ထက်ပင်ပို၍ လူသားမျိုးနွယ်အပေါ် သေချာစွာနားလည်မှုလည်း အကျုံးဝင်၏။ သို့ရာတွင် လူသား၏ ပင်ကိုယ်စရိုက်သည် အကောင်းမြင်ခြင်း၊ တက်ကြွခြင်း၊ သို့မဟုတ် အကြင်နာကင်းမဲ့ခြင်းများ ဖြစ်နိုင်၏။ ဘုရားသခင်၏ စိတ်နေသဘောထားသည် အရာခပ်သိမ်းအကြား သက်ရှိတို့ကို အုပ်စိုးသူ၊ ဖန်ဆင်းထားသည့် အရာအားလုံးတို့၏ သခင်နှင့် သက်ဆိုင်သည့် စိတ်နေသဘောထား ဖြစ်၏။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်သိက္ခာ၊ တန်ခိုး၊ မြင့်မြတ်မှု၊ ကြီးမြတ်မှုတို့ကို ကိုယ်စားပြုသည့်အပြင် အထွတ်အထိပ်ဖြစ်မှုကို အများဆုံး ကိုယ်စားပြုသည်။ သူ၏ စိတ်နေသဘောထားသည် အခွင့်အာဏာ၏ သင်္ကေတ၊ ဖြောင့်မတ်သည့် အရာအားလုံး၏ သင်္ကေတ၊ လှပ၍ကောင်းမွန်သည့် အရာအားလုံး၏ သင်္ကေတ ဖြစ်၏။ ထို့ထက်ပို၍၊ ဤသည်မှာ အမှောင်ထုနှင့် မည်သည့်ရန်သူ အင်အားစုကမျှ လွှမ်းမိုးခြင်း သို့မဟုတ် ကျူးကျော်သိမ်းပိုက်ခြင်း မပြုနိုင်သူ၏က သင်္ကေတတစ်ရပ် ဖြစ်သည့်အပြင် ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါကမျှ မစော်ကားနိုင်၊ သူ၏ (သူသည်လည်း စော်ကားခံရခြင်းကို သည်းခံလိမ့်မည်မဟုတ်) သင်္ကေတတစ်ရပ်လည်း ဖြစ်၏။ သူ၏ စိတ်နေသဘောထားသည် အမြင့်ဆုံးသော သြဇာအာဏာ၏ သင်္ကေတ ဖြစ်သည်။ မည်သူတစ်ဦးကမျှ သို့မဟုတ် မည်သူတို့ကမျှ သူ၏အလုပ် သို့မဟုတ် သူ၏ စိတ်နေသဘောထားကို နှောင့်ယှက်နိုင်ခြင်း မရှိ၊ သို့မဟုတ် နှောင့်ယှက်ခွင့် မရှိပေ။ သို့သော် လူသား၏ ပင်ကိုယ်စရိုက်သည် လူသားမှ သားရဲထက် အနည်းငယ်သာခြင်း၏ သင်္ကေတ တစ်ရပ်ဖြစ်ရုံထက် မပိုပေ။ လူသား ကိုယ်တိုင်တွင် အာဏာ၊ ကိုယ်ပိုင်ရပ်တည်ခွင့်နှင့် အတ္တကို ကျော်လွန်နိုင်စွမ်းတို့ လုံးဝမရှိဘဲ သူ၏ အနှစ်သာရတွင် သူသည် လူအမျိုးမျိုး၊ အဖြစ်အပျက် အမျိုးမျိုးနှင့် အရာအမျိုးမျိုးတို့၏ ကရုဏာတွင် ကြောက်ရွံ့ တွန့်ဆုတ်နေသူ တစ်ဦးဖြစ်၏။ ဘုရားသခင်၏ ဝမ်းမြောက်ခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ပေါ်ထွက်လာမှုတို့ကြောင့် ဖြစ်သည်။ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့ ပျက်စီးခြင်း ကြောင့် ဖြစ်၏။ သူသည် လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းသောအသက်တာကို ယူဆောင်လာခဲ့သည့်အတွက် သူကြည်နူး၏။ သူ၏ဝမ်းမြောက်ခြင်းသည် ဖြောင့်မတ်သော ဝမ်းမြောက်ခြင်းဖြစ်၏၊ အပြုသဘော ဆောင်သည့် အရာအားလုံး၏ ဖြစ်တည်မှု သင်္ကေတတစ်ရပ် ဖြစ်သည့်အပြင် ၎င်းထက်သာ၍၊ မင်္ဂလာ ရှိခြင်း၏ သင်္ကေတတစ်ရပ်ပင်ဖြစ်၏။ ဘုရားသခင်၏ ဒေါသသည် မတရားမှုတည်ရှိခြင်းနှင့် သူ၏ လူသားမျိုးနွယ်အပေါ် အန္တရာယ်ပြုနေသည့် မတရားမှုမှ ပေါ်ပေါက်စေသည့် အနှောင့်အယှက် ပြုမှုတို့ကြောင့် ဖြစ်၏။ ဆိုးယုတ်မှုနှင့် အမှောင်ထု တည်ရှိနေခြင်းကြောင့်၊ သမ္မာတရားကို မောင်းနှင်ထုတ်သည့် အရာများ တည်ရှိနေခြင်းကြောင့်နှင့် ကောင်းခြင်းနှင့် လှပခြင်းတို့ကို ဆန့်ကျင်သည့်အရာများ တည်ရှိနေခြင်းကြောင့် သာ၍ပင်ဖြစ်၏။ သူ၏ဒေါသသည် အဖျက်သဘောဆောင်သည့် အရာခပ်သိမ်း မရှိတော့သည့် သင်္ကေတတစ်ရပ် ဖြစ်သည့်အပြင် သူ၏သန့်ရှင်းမှု၏ သင်္ကေတတစ်ရပ် သာ၍ပင်ဖြစ်၏။ သူ၏ ဝမ်းနည်းပူဆွေးမှုမှာ သူမျှော်လင့်ချက်များ ထားရှိသော်လည်း အမှောင်ထုတွင်း ကျဆင်းခဲ့သည့် လူသားမျိုးနွယ်ကြောင့်၊ လူသား အပေါ် သူဆောင်ရွက်သည့်အမှုသည် သူမျှော်လင့်ထားသည့် အဆင့်သို့ ရောက်မလာသောကြောင့်နှင့် သူချစ်သည့် လူသားသည် အလင်းတွင် အားလုံးမနေနိုင်သောကြောင့် ဖြစ်၏။ အပြစ်ကင်းစင်သည့် လူသားမျိုးနွယ်အတွက်၊ ရိုးသားဖြောင့်မတ်သော်လည်း အသိဉာဏ်မဲ့သူ လူသားအတွက်နှင့် ကောင်းမြတ်သော်လည်း ကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသူ လူသားအတွက် သူဝမ်းနည်းပူဆွေး၏။ သူ၏ ဝမ်းနည်းပူဆွေးမှုသည် သူ၏ ကောင်းမြတ်ခြင်းနှင့် သူ၏ကရုဏာတို့၏ သင်္ကေတတစ်ရပ်၊ လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတ တစ်ရပ် ဖြစ်၏။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများအား ရှုံးနိမ့်စေခြင်းနှင့် လူသား၏ ကောင်းမွန်သည့် ယုံကြည်မှု ရရှိခြင်းတို့မှ လာသည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်ထက်ပို၍၊ ၎င်းသည် ရန်သူအင်အားစု ခပ်သိမ်းကို နှင်ထုတ်ပစ်ခြင်းနှင့် ဖျက်ဆီးပစ်ခြင်းတို့မှ ပေါ်ပေါက်လာ၍ လူသားမျိုးနွယ်သည် ကောင်းမွန်၍ ငြိမ်းချမ်းသော အသက်တာကို ရရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းမြောက်ခြင်းနှင့် မတူပေ။ အတိအကျအားဖြင့် ဆိုရလျှင် ကောင်းသောအသီးများကို ကောက်ယူ စုဆောင်းသည့် ခံစားချက်၊ ဝမ်းမြောက်ခြင်းထက် သာ၍ပင်ကြီးမားသော ခံစားချက်တစ်ရပ် ဖြစ်၏။ သူ၏ ပျော်ရွှင်မှုသည် ယခုအချိန်မှစ၍ လူသားမျိုးနွယ် ဒုက္ခဆင်းရဲမှ လွတ်မြောက်ခြင်း၏ သင်္ကေတတစ်ရပ်ဖြစ်၍ လူသားမျိုးနွယ် လောကအလင်းထဲသို့ ဝင်ရောက်သည့် သင်္ကေတတစ်ရပ်လည်း ဖြစ်၏။ အခြားတစ်ဖက်တွင်မူ၊ လူသားမျိုးနွယ်၏ ခံစားချက်အားလုံးသည် သူ၏ကိုယ်ကျိုးများအတွက်မှ ပေါ်ပေါက်လာခြင်းဖြစ်၏။ ဖြောင့်မတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသည့်အရာနှင့် အနည်းဆုံးအနေဖြင့် ကောင်းကင်မှ ချပေးသော ကျေးဇူးတော်အတွက် မဟုတ်ပေ။ လူသားမျိုးနွယ်၏ ခံစားချက်များသည် အတ္တဆန်၍ အမှောင်လောကနှင့် သက်ဆိုင်၏။ အလိုတော်အတွက် တည်ရှိသည်မဟုတ်။ ဘုရားသခင်၏ အစီအစဉ်အတွက်ဆို သာ၍ပင် မဟုတ်ပေ။ ထို့ကြောင့် လူသားနှင့် ဘုရားသခင်အကြောင်းကို မည်သည့်အခါမျှ တစ်ချိန်တည်း ပြော၍ မရပေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အစဉ်ဂုဏ်သိက္ခာ ရှိသော်လည်း လူသားသည် အစဉ်အမြဲယုတ်ညံ့၍ အစဉ်တန်ဖိုးမဲ့၏။ ဤသည်မှာ ဘုရားသခင်သည် အစဉ်အမြဲ အနစ်နာခံ၍ မိမိကိုယ်ကို လူသားအတွက် ဆက်ကပ်ထားခြင်းကြောင့် ဖြစ်၏။ သို့ရာတွင် လူသားသည် အစဉ်အမြဲယူ၍ သူကိုယ်တိုင်အတွက်သာ ကြိုးစား၏။ ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်နေရေးအတွက် နာကျင်မှု ဝေဒနာ အစဉ်အမြဲ ခံစားနေသော်လည်း လူသားသည် အလင်းအတွက်ဖြစ်စေ၊ ဖြောင့်မတ်ခြင်းအတွက် ဖြစ်စေ မည်သည့်အရာမျှ ထည့်ဝင်ပံ့ပိုးမှု မပြုပေ။ လူသားသည် ကြိုးပမ်းမှုတစ်ရပ်ကို ခဏတာ ပြုလုပ်လျှင်သော်မှ အားနည်းလွန်းသဖြင့် တစ်ချက်ရိုက်လိုက်သည်ကိုပင် မခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူသား၏ ကြိုးပမ်းမှုသည် ၎င်း၏ ကိုယ်ကျိုးအတွက်သာ အစဉ်ဖြစ်၍ သူတစ်ပါးအတွက် မဟုတ်သောကြောင့် ဖြစ်သည်။ လူသားသည် အစဉ်အတ္တဆန်သော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အတ္တကင်းမဲ့၏။ ဘုရားသခင်သည် တရားမျှတသော၊ ကောင်းမွန်သော၊ လှပသောအရာခပ်သိမ်းတို့၏ အရင်းခံ ဖြစ်သော်လည်း လူသားသည် အကျည်းတန်မှုနှင့် ဆိုးယုတ်မှုအားလုံးတို့ကို အမွေဆက်ခံ၍ ၎င်းတို့ကို ပေါ်လွင်ထင်ရှားစေရန် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းနှင့် လှပခြင်းတို့၏ အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သော်လည်း လူသားသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ဖြောင့်မတ်ခြင်းအပေါ် သစ္စာဖောက်၍ ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲသွားအောင် အပြည့်အဝ လုပ်ဆောင်နိုင်စွမ်းရှိ၏။

ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော အကျိုးအမြတ်ကို မုချရလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရသည် နားလည်ရန် ခက်ခဲသော်လည်း သင်တို့အားလုံးသည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ စိတ်နေသဘောထားအချို့ကို နားလည်မည်ဟု ငါယုံကြည်သည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို မစော်ကားသည့်အရာအား သင်တို့သည် ငါ့ကို ပြသ၍ ပိုမိုလုပ်ဆောင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါသည် စိတ်ချလက်ချ ရှိလိမ့်မည်။ ဥပမာ ဘုရားသခင်ကို သင်၏နှလုံးတွင် တစ်ချိန်လုံးထားပါ။ သင်ပြုမူလုပ်ကိုင်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ပြုမူလုပ်ကိုင်ပါ။ အရာခပ်သိမ်းတွင် သူ၏ရည်ရွယ်ချက်များကို ရှာဖွေ၍ ဘုရားသခင်ကို ရိုသေလေးစားခြင်းမရှိ၊ ဂုဏ်သရေ ညှိုးနွမ်းစေသော အရာများကိုမပြုနှင့်။ သင်၏နှလုံးသားရှိ အနာဂတ် လစ်ဟာနေခြင်းကို ဖြည့်ရန် ဘုရားသခင်ကို သင်၏စိတ်ထဲ၌ နောက်တန်းတင်ထားခြင်းကို သာ၍ပင်မလုပ်သင့်ပါ။ သင်ဤသို့ပြုပါက သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားခဲ့ပြီး ဖြစ်လိမ့်မည်။ ထပ်မံ၍၊ သင်သည် သင့်အသက်တာ တစ်လျှောက်လုံးတွင် တစ်ခါမျှ ဘုရားသခင်အပေါ် ပုတ်ခတ်သည့် ဝေဖန်ပြောဆိုမှုများ သို့မဟုတ် မကျေနပ်မှုများ ပြုလုပ်ခဲ့ဖူးခြင်းမရှိဟု ဆိုကြပါစို့။ ထို့အပြင် ထပ်မံ၍၊ သင့်အသက်တာ တစ်လျှောက်လုံးတွင် သူကသင့်ကို အပ်နှံထားသည့်အရာ အားလုံးကို သင်သည် သင့်တော်စွာ ဆောင်ရွက်နိုင်သည့်အပြင် သူ၏နှုတ်ကပတ်တော် အားလုံးကိုလည်း နာခံနိုင်သည်ဆိုကြပါစို့။ ထိုသို့ဖြစ်ပါက သင်သည် စီမံခန့်ခွဲရေးအမိန့်များ ချိုးဖောက်ခြင်းကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့ပြီး ဖြစ်လိမ့်မည်။ ဥပမာ သင်က “သူသည် ဘုရားသခင်ဟု ငါအဘယ်ကြောင့် မထင်သနည်း၊” “ဤစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အချို့ထက် မပိုဟု ငါထင်သည်၊” “ငါ့ထင်မြင်ချက်အရ၊ ဘုရားသခင် ဆောင်ရွက်သမျှအားလုံး မှန်ကန်သည်မဟုတ်၊” “ဘုရားသခင်၏ လူ့သဘောသဘာဝသည် ငါ၏ လူ့သဘောသဘာဝထက် သာလွန်ခြင်းမရှိ၊” “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လုံးဝ ယုံနိုင်ဖွယ်မရှိ၊” သို့မဟုတ် ဤကဲ့သို့သော ဝေဖန်တိကပြုသည့် အခြားမှတ်ချက်များ ပြောဆိုခဲ့ဖူးပါက၊ သင်သည် အပြစ်ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ကို အကြိမ်ရေ တိုးမြှင့်လုပ်ဆောင်ရန် အလေးအနက် ငါတိုက်တွန်း၏။ သို့မဟုတ်ပါက သင်သည် ခွင့်လွှတ်ခံရမည့် အခွင့်အလမ်း မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်စော်ကားသည်မှာ လူသားမဟုတ်၊ ဘုရားသခင်ကိုယ်တိုင်ပင်ဖြစ်၏။ သင်သည် လူသားတစ်ဦးကို အကဲဖြတ်သည်ဟု ယုံကြည်ချင်ယုံကြည်မည်။ သို့သော် ဘုရားသခင်၏ ဝိညာဉ်သည် ဤသို့ ယူဆသည် မဟုတ်ပေ။ သူ၏လူ့ဇာတိခန္ဓာကို သင်မှ ရိုသေလေးစားမှု မရှိခြင်းသည် သူ့ကို ရိုသေလေးစားမှု မရှိခြင်းနှင့် တူညီ၏။ ဤသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားခဲ့ပြီ မဟုတ်လော။ ဘုရားသခင်၏ဝိညာဉ်မှ ဆောင်ရွက်သည့် အရာအားလုံးသည် လူ့ဇာတိထဲရှိ သူ၏အမှုကို ကာကွယ်ရန်နှင့် ဤအမှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန် ဖြစ်သည်ကို သင်မှတ်မိရမည်။ ဤသည်ကို သင်လျစ်လျူရှုပါက သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် မည်သည့် အခါမျှ အောင်မြင်နိုင်စွမ်း ရှိမည်မဟုတ်သူ တစ်ဦးဖြစ်သည်ဟု ငါဆို၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ဒေါသကို ရန်စခဲ့ပြီဖြစ်သဖြင့် သူသည် သင့်ကို သင်ခန်းစာပေးရန် သင့်တော်သည့် အပြစ်ဒဏ်ကို အသုံးပြုလိမ့်မည်။

ဘုရားသခင်၏ အနှစ်သာရကို သိလာခြင်းသည် အသေးအဖွဲကိစ္စ မဟုတ်ပေ။ သူ၏ စိတ်နေ သဘောထားကို သင်နားလည်ရလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် တဖြည်းဖြည်းနှင့် အမှတ်တမဲ့ ဘုရားသခင်၏ အနှစ်သာရကို သိလာလိမ့်မည်။ သင်သည် ဤအသိဉာဏ်အတွင်း ဝင်ရောက်ပြီးဖြစ်ပါက၊ သာ၍မြင့်ကာ၊ သာ၍လှပသော အနေအထားသို့ သင်ကိုယ်တိုင် ရှေ့ဆက်ခြေလှမ်းသည်ကို သင်တွေ့လိမ့်မည်။ အဆုံးတွင် သင်၏ အကျည်းတန်သော ဝိညာဉ်အပေါ် သင်အရှက်ရလာကာ၊ ရှက်လွန်းသဖြင့် သင့်ကိုယ်သင် ပုန်းအောင်းစရာ နေရာမရှိဟု ခံစားလာလိမ့်မည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားသည့် သင်၏အပြုအမူ သာ၍သာ၍ နည်းပါးမည်ဖြစ်ကာ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် သာ၍သာ၍ နီးလာလိမ့်မည်ဖြစ်၍ တဖြည်းဖြည်း ဘုရားသခင်ကို ချစ်သည့်စိတ် သင်၏စိတ်နှလုံးတွင် ကြီးထွားလာလိမ့်မည်။ ဤသည်မှာ လူသားမျိုးနွယ်သည် လှပသည့်အနေအထားသို့ ဝင်ရောက်နေခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ယခုတိုင် သင်တို့သည် ဤသည်ကို မရရှိသေးပေ။ သင်တို့သည် သင်တို့၏ ခရီးလမ်းဆုံးအတွက် ခေါက်တုံ့ခေါက်ပြန် ပျာယာခတ်နေစဉ်တွင် မည်သူသည် ဘုရားသခင်၏ အနှစ်သာရကို သိရေးအတွက် ကြိုးပမ်းလိုသည့်ဆန္ဒ ရှိမည်နည်း။ ဤသို့ဆက်ဖြစ်ပါက သင်တို့သည် စီမံခန့်ခွဲရေးအမိန့်များကို အမှတ်တမဲ့ ချိုးဖောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်မှု အလွန်နည်းပါးသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ ယခုပြုလုပ်နေသည့်အရာသည် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် စော်ကားမှုများအတွက် အခြေခံ အုတ်မြစ်ချနေခြင်း မဟုတ်ပါလော။ ငါသည် သင်တို့ကို ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်စေလိုသည်မှာ ငါ၏အမှုနှင့် ဆန့်ကျင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် စီမံခန့်ခွဲရေး အမိန့်များကို မကြာခဏ ချိုးဖောက်ပါက သင်တို့အနက်မည်သူသည် အပြစ်ဒဏ်မှ လွတ်ကင်းနိုင်မည်နည်း။ ထိုသို့ဖြစ်ပါက ငါ့အမှုသည် လုံးဝအချည်းအနှီးဖြစ်ခဲ့မည် မဟုတ်ပါလော။ ထို့ကြောင့် သင်တို့ကိုယ်တိုင်၏ အပြုအမူကို စိစစ်ခြင်းအပြင် သင်တို့ခြေလှမ်းများ လှမ်းရာတွင်လည်း သတိထားရန် ငါခိုင်းသေး၏။ ဤသည်မှာ သင်တို့အပေါ် ငါ၏ သာ၍မြင့်မားသော တောင်းဆိုချက် ဖြစ်မည်ဖြစ်ကာ သင်တို့သည် ဤသည်ကို သတိနှင့် စဉ်းစား၍ အလေးထား ဂရုပြုလိမ့်မည်ဟု ငါမျှော်လင့်၏။ သင်တို့၏ အပြုအမူများသည် ငါ့ကို ကြီးစွာသော ဒေါသဖြစ်စေသည်အထိ ရန်စသည့်နေ့တစ်နေ့ ရောက်လာပါက အကျိုးသက်ရောက်မှုများသည် သင်တို့ အတွက်သာလျှင် စဉ်းစားစရာ ဖြစ်လိမ့်မည်။ ထို့အပြင် သင်တို့ကိုယ်စား အပြစ်ဒဏ်ခံမည့် အခြားသူ တစ်ဦးမျှ ရှိမည်မဟုတ်ပေ။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဖြစ်နိုင်ရန် မစွမ်းခြင်း၏ သင်္ကေတတစ်ရပ်” ဟု ရေးထားသည်။

ခ။ မူရင်းစာသားတွင် “အပြင် စော်ကားမခံနိုင်ခြင်း၏ သင်္ကေတတစ်ရပ် (နှင့် စော်ကားခံရခြင်းကို သည်းမခံခြင်း)” ဟုရေးထားသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။