သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည် (အပိုင်း သုံး)

ယခုအခါတွင် သင်တို့သည် ဘုရားအိမ်တော်သားတစ်ဦး ဟုတ်မဟုတ်ဆိုသည်မှာ သင်တို့၏ စိတ်နှလုံးတွင် ရှင်းပြီလော။ ဘုရားအိမ်တော်ထဲသို့ သင်တို့ အမှန်တကယ် ဝင်ရောက်ပြီးပြီလော။ ငါ ယခုတင် မိတ်သဟာယပြုခဲ့သည့်အရာကို အခြေခံ၍ ဤအရာကို သင်တို့ တိုင်းတာနိုင်ကြသလော။ သင့်အနေဖြင့် ဘုရားအိမ်တော် တံခါးထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ ဘုရားအိမ်တော်သားတစ်ဦး ဖြစ်ကြောင်း သေချာနိုင်သလော။ (သေချာပါသည်။) သင် သေချာနိုင်သည်မှာ ကောင်းသည့်အရာ ဖြစ်ပေသည်။ ဤသည်မှာ သင်၏ ဘုရားသခင်ကို ယုံကြည်မှုက အခြေခံအုတ်မြစ်တစ်ခု ရှိနှင့်ပြီးဖြစ်ကြောင်းနှင့် သင်သည် ဘုရားအိမ်တော်တွင် ခိုင်မြဲပြီးဖြစ်ကြောင်း သက်သေဖြစ်သည်။ အခြေခံအုတ်မြစ် မရှိသောသူတို့သည် ဘုရားအိမ်တော် အပြင်ဘက်တွင်ရှိကြပြီး ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုပေ။ သင့်အနေဖြင့် ဘုရားသခင်အတွက် သက်သေခံပြီး သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်ကြောင်း အခြားသူတို့အား ပြောပြသော်လည်း ဘုရားသခင်က သင့်ကို မသိဟု ပြောလျှင် အဘယ်သို့နည်း။ ယင်းမှာ ပြဿနာတစ်ခုဖြစ်ပေမည်၊ မှန်သလော။ ဤသည်မှာ လူတို့အတွက် ကောင်းချီးတစ်ခုဖြစ်မည်လော၊ ကျိန်ခြင်းအမင်္ဂလာတစ်ခု ဖြစ်မည်လော။ ထိုအရာသည် ကောင်းသည့် လက္ခဏာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် သင် အလိုရှိပြီး သင်သည် ဘုရားသခင်ကို ယုံကြည်သူ အစစ်အမှန်တစ်ဦးဖြစ်ကြောင်း ပြောလျှင် ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုသည့် တစ်စုံတစ်ရာကို သင် လုပ်ဆောင်ရမည်၊ ကောင်းမှုအချို့ကို ပြင်ဆင်ရမည်၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ဆီသို့ ဦးတည်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုသည့် စိတ်နှလုံးတစ်ခု ရှိရမည်။ ထိုအခါမှသာ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်။ ဦးစွာပထမ ဘုရားသခင်နှင့် သမ္မာတရားအပြင် သင် လျှောက်ခဲ့သည့် မှားယွင်းသော လမ်းကြောင်းနှင့် စပ်လျဉ်း၍ သင်၏ အမြင်များ၊ သဘောထားများနှင့် ကျင့်ကြံမှုများရှိ အမှားများကို သင် ပြောင်းလဲရမည်။ ဤအရာများ ပြောင်းလဲရမည်ဖြစ်သည်။ ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်၏။ ထို့နောက် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံးကို သင် လက်ခံရမည်ဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ ဤအရာများကို စွမ်းဆောင်ရရှိပြီးသည့်အခါ ဘုရားသခင်သည် စိတ်ကျေနပ်လိမ့်မည်ဖြစ်ပြီး သင့်ကို သူ၏ နောက်လိုက်အဖြစ် အသိအမှတ်ပြုလိမ့်မည်။ ဒုတိယအနေဖြင့် သင်သည် ဘုရားသခင်အား သင့်ကို စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦး၊ စံနှုန်းပြည့်မီသည့် သူတစ်ဦးအဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုခွင့်ပေးရမည်။ သင်သည် ဘုရားအိမ်တော်ပြင်ပတွင် ရှိနေဆဲဖြစ်ပြီး ဘုရားသခင်က သင့်ကို သူ့အိမ်တော်သားတစ်ဦးအဖြစ် အသိအမှတ် မပြုသေးဘဲ သင် ကယ်တင်ခံလိုသည်ဟု သင် ပြောလျှင် ယင်းမှာ လူမိုက်တစ်ဦး၏ အိမ်မက်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ ယခုတွင် သင်တို့သည် ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းအချို့ကို တွေ့ကြုံပြီးဖြစ်သည်၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများ ရှိပြီးဖြစ်ကာ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် အခြေခံအုတ်မြစ်တစ်ခု ရှိပြီးဖြစ်သည်။ ဤသည်မှာ ကောင်းသည့်အရာတစ်ခု ဖြစ်၏။ နောက်ထပ်ခြေလှမ်းတစ်ခုမှာ သမ္မာတရားကို သိနားလည်ခြင်းပေါ် အခြေခံ၍ အသက်ဝင်ရောက်မှုကို ရရှိနိုင်ရန်၊ ဤသမ္မာတရားများကို သင်၏ ကိုယ်ပိုင် အသက်အဖြစ် ပြောင်းလဲကာ ယင်းတို့ကို အသက်ရှင်နေထိုင်နိုင်ရန်၊ သင်၏ တာဝန် ထမ်းဆောင်မှုနှင့် သင့်ကို ဘုရားသခင် ပေးအပ်သည့် အရာများအားလုံးကို ကျင့်သုံးနိုင်ရန် ဖြစ်သည်။ ထို့နောက်တွင် သင့်ထံ၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိလိမ့်မည်။ သင်တို့ အများစုသည် ညံ့ဖျင်းသည့် အစွမ်းအစ မရှိကြ၊ သင်တို့အားလုံးကို အစွမ်းအစတွင် သာမန်အဖြစ် ယူဆ၍ ရနိုင်သည်။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသော်လည်း သင်တို့အားလုံးတွင် သင်တို့၏ လူ့သဘာဝ၌ အားနည်းချက်နှင့် အပြစ်အနာအဆာအချို့ ရှိကြ၏။ သင်တို့ထဲမှ အချို့သည် ပျင်းရိသည်၊ အချို့သည် စကားကြီးစကားကျယ် ပြောဆိုကြသည်၊ အချို့မှာ မာနထောင်လွှားပြီး အချို့မှာ အနည်းငယ် ထုံထိုင်းသည်၊ နုံအပြီး စိတ်နှလုံးခိုင်မာကြသည်။ ဤသည်တို့မှာ စိတ်သဘောထားနှင့် သက်ဆိုင်ပေသည်။ လူ့သဘာဝ၊ စိတ်သဘောထားနှင့်ဆိုင်သည့် အချို့သော ပြဿနာများအတွက်၊ သင်သည် အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားကို ရှာဖွေရမည်၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ကာ တိုးတက်သော ပြောင်းလဲမှုကို အကောင်အထည်ဖော်၍ သမ္မာတရားအပေါ် သင်၏ သဘောပေါက်နားလည်မှု၊ သိနားလည်မှုတို့နှင့် စပ်လျဉ်း၍ အတွေ့အကြုံနှင့် နက်နက်နဲနဲ သိနားလည်နိုင်စွမ်းတို့ကို ရရှိရန်အလို့ငှာ ပြုပြင်ခြင်းကို လက်ခံရမည်။ ဤသို့ဖြင့် ဘဝတွင် သင် တဖြည်းဖြည်း ကြီးထွားရင့်ကျက်လိမ့်မည်။ အသက်နှင့်အတူ အကြင်သူတွင် မျှော်လင့်ချက်ရှိ၏။ အသက်မရှိလျှင် မျှော်လင့်ချက်မရှိ။ ယခုတွင် သင်တို့ အသက် ပိုင်ဆိုင်ကြသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်မှုနှင့် အတွေ့အကြုံတို့ ရှိကြသလော။ ဘုရားသခင်ကို သင် မည်မျှနှင့် မည်သည့်အတိုင်းအတာထိ ကျိုးနွံနာခံသနည်း။ သင်တို့၏ စိတ်နှလုံးတွင် ဤအရာများနှင့် ပတ်သက်၍ ရှင်းနေရမည်ဖြစ်သည်။ သင်တို့သည် မရှင်းလင်းဘဲ နားဝေတိမ်တောင်ဖြစ်လျှင် အသက်တာ ကြီးထွားရင့်ကျက်မှုရှိရန် ခက်ခဲလိမ့်မည်။

များစွာ ကြိုးစားအားထုတ်ခြင်း သို့မဟုတ် စွန့်စားရသည့်အရာ အနည်းငယ်ကို လုပ်ဆောင်ခြင်းက ကောင်းမှုတိုးပွားလာအောင် လုပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု တွေးထင်နေသူများ အသင်းတော်ထဲတွင် ရှိသည်။ အမှန်တွင် ၎င်းတို့၏လုပ်ဆောင်ချက်များအရ ၎င်းတို့သည် စင်စစ် ချီးကျူးခံထိုက်သည့်သူများ ဖြစ်သော်လည်း သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားနှင့် သဘောထားတို့သည် အလွန်မနှစ်မြို့စရာကောင်းသကဲ့သို့ စက်ဆုပ်ဖွယ်ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်း မရှိကြဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဖြစ်ကြ၏။ ယင်းတစ်ခုတည်းကပင် ၎င်းတို့ကို စက်ဆုပ်စရာ ဖြစ်စေသည်။ ထိုသို့သော လူများသည် အသုံးမကျကြပေ။ လူများသည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့တွင် အချို့သော အားနည်းချက်များရှိပြီး ဘုရားသခင်ကို ဆန့်ကျင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ သို့မဟုတ် အဖြစ်အနေတစ်ခု ရှိကြောင်းတို့ကို မြင်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို အော့နှလုံးမနာသကဲ့သို့ သူနှင့်ဝေးရာတွင် မထားပေ။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် မဟုတ်သကဲ့သို့ လူသားအပေါ် သူ၏သဘောထားလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို ရွံရှာစက်ဆုပ်ခြင်း မရှိ၊ ၎င်းတို့၏ မိုက်မဲမှုကို ရွံရှာစက်ဆုပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူ ရွံရှာစက်ဆုပ်ခြင်းမရှိချေ။ ဘုရားသခင်သည် လူတို့ထဲ၌ အရွံရှာအစက်ဆုပ်ဆုံးဖြစ်သော အရာမှာ အဘယ်နည်း။ ယင်းမှာ လူများက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကြောင့် မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားအပေါ် သင်သည် ဂရုမစိုက်သော သဘောထားရှိပြီး အထင်သေးကာ မာနထောင်လွှားသည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင်၊ ဤသည်မှာ သင်ပြုမူသည့်ပုံစံ ဖြစ်လျှင် ဘုရားသခင်က သင့်အား လုံးလုံး ရွံရှာပြီး သင်သည် ကယ်တင်၍မရတော့အောင် ကျရှုံးပြီးဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် ချစ်ကာ သင်သည် အတော်အတန် အစွမ်းအစနည်းပြီး အသိအမြင် မရှိလျှင်၊ အနည်းငယ် မိုက်မဲပြီး မကြာခဏ အမှားများပြုလုပ်သော်လည်း မကောင်းမှုလုပ်ဖို့ သင် မရည်ရွယ်ခြင်းသာ ဖြစ်လျှင်၊ မိုက်မဲသောအရာ အနည်းငယ်ကိုသာ လုပ်ဆောင်ခဲ့လျှင်၊ သမ္မာတရားနှင့်ပတ်သက်သည့် ဘုရားသခင်၏ မိတ်သဟာယကို ကြားနာရန် သင်၏ စိတ်နှလုံး၌ လိုလားပြီး သမ္မာတရားကို သင်၏ စိတ်နှလုံးက တောင့်တလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဆက်ဆံရာတွင် ထားရှိသည့် သဘောထားသည် ရိုးသားစစ်မှန်ပြီး တောင့်တခြင်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားပြီး မြတ်နိုးနိုင်လျှင် ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်သည် ဤသို့သောသူများကို နှစ်သက်သည်။ သင်က တစ်ခါတစ်ရံတွင် အနည်းငယ် မိုက်မဲနိုင်သော်လည်း ဘုရားသခင်က သင့်ကိုနှစ်သက်ဆဲဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို တောင့်တသော သင်၏ စိတ်နှလုံးကို ချစ်သည်။ သမ္မာတရားအပေါ် သင်၏ ရိုးသားစစ်မှန်သောသဘောထားကို ချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာမှုရှိပြီး သင့်အား အစဉ်သဖြင့် ကျေးဇူးတော်ပေးသည်။ သူသည် သင်၏ မကောင်းသော အစွမ်းအစ၊ သို့မဟုတ် မိုက်မဲမှုကို ထည့်မတွက်သကဲ့သို့ သင်၏ ပြစ်မှားမှုများကိုလည်း ထည့်မတွက်ပေ။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပြီး ထက်သန်သောကြောင့် သင်၏စိတ်နှလုံးသည် စစ်မှန်သဖြင့် သင်၏စိတ်နှလုံး၏ စစ်မှန်မှုနှင့် သင်၏ ဤသဘောထားတို့ကို ထောက်လျက် သူသည် သင့်အပေါ် အစဉ် သနားကရုဏာ ထားရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေမည်။ တစ်ဖက်တွင် သင်၏စိတ်နှလုံးခိုင်မာပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို အလေးမထားဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ စက်ဆုပ်ရွံရှာခြင်း၊ ရွံရှာခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် မည်သည့်ထူးခြားသော လက္ခဏာနှစ်ခုက သိသာထင်ရှားသနည်း။ ကြွယ်ဝသော သနားကရုဏာနှင့် နက်နဲသော အမျက်တို့ဖြစ်သည်။ “ကြွယ်ဝသော သနားကရုဏာ” ၌ “ကြွယ်ဝသော” က ဘုရားသခင်၏ သနားကရုဏာသည် သည်းခံကာ စိတ်ရှည်ပြီး သိမ်မွေ့ကြောင်းနှင့် ယင်းသည် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆိုလိုသည်။ “ကြွယ်ဝသော” ဟူသည်မှာ ယင်းကို ဆိုလို၏။ လူတို့သည် မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်က ဤသို့ပြုမူရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သော်လည်း မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်း၏၊ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ကြွယ်ဝသည့် သနားကရုဏာရှိခြင်း သဘောထား ဖြစ်သည်။ သနားကရုဏာတွင် မည်သည့်အရာ ပါဝင်သနည်း။ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ ပါဝင်သည်။ သင်သည် သမ္မာတရားကို နည်းနည်းချင်း နားလည်ပြီး ဖြည်းဖြည်းချင်း ရင့်ကျက်လာဖို့အလို့ငှာ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုအပေါ် သည်းခံပြီး စိတ်ရှည်၏၊ သင့်ကို ထောက်ကူဖို့၊ ထောက်ပံ့ဖို့နှင့် ကူညီဖို့ လုံလောက်သော ယုံကြည်မှုနှင့် သည်းခံခြင်းတို့ကို သင့်အား သူပေးသည်။ မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် ဤအရာကို တည်ဆောက်ထားသနည်း။ မိမိ၏ ချစ်ခြင်းမေတ္တာနှင့် သမ္မာတရားအတွက် တမ်းတမှုအပြင် ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် ၎င်းတို့၏ စစ်မှန်ရိုးသားသော သဘောထားနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပေသည်။ ဤသည်တို့မှာ လူတို့၌ ထင်ရှားသင့်သည့် အခြေခံကျသော အပြုအမူများ ဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် မိမိ၏ စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ ထိုသမ္မာတရားကို ပစ်ပစ်ခါခါငြင်းလျှင်၊ သို့မဟုတ် သမ္မာတရားကို မုန်းပင်မုန်းလျှင် သမ္မာတရားကို ၎င်းတို့ အလေးအနက် မထားဘဲ မိမိတို့၏ အောင်မြင်မှုများ၊ ၎င်းတို့ အလုပ်လုပ်ခဲ့ပုံ၊ အတွေ့အကြုံမည်မျှရှိသည်၊ မည်သည့်အရာကို ၎င်းတို့ ဖြတ်သန်းရပြီးဖြစ်သည်၊ ဘုရားသခင်က ၎င်းတို့ကို လေးစားသမှုရှိပြီး ကြီးမားသည့် အလုပ်တာဝန်များ ပေးအပ်ခဲ့ပုံ ဟူသည်တို့အကြောင်းကို အမြဲ ပြောဆိုလျှင်၊ အမြဲ ကြွားလျက် ၎င်းတို့၏ အရည်အချင်းများ၊ အောင်မြင်မှုများနှင့် ၎င်းတို့၏ ပါရမီများဖြစ်သည့် ဤအရာများအကြောင်းကိုသာ ၎င်းတို့ ပြောဆိုပြီး သမ္မာတရားကို လုံးဝ မိတ်သဟာယမပြု၊ ဘုရားသခင်ကို သက်သေခံခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှ ရရှိခဲ့သည့် သိနားလည်မှု သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြုလျှင် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ သမ္မာတရားကို မချစ်ခြင်းက ပေါ်လွင်ထင်ရှားသည့်ပုံစံ ဖြစ်သည်။ လူအချို့က “၎င်းတို့သည် သမ္မာတရားကို မချစ်လျှင် အဘယ်သို့ တရားဒေသနာများကို နားထောင်နိုင်ကြသနည်း”ဟု ပြောကြသည်။ တရားဒေသနာများကို နားထောင်သောသူ မည်သူမဆိုသည် သမ္မာတရားကို ချစ်သလော။ လူအချို့က ဟန်ဆောင် လုပ်ပြရုံလုပ်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင် ပါဝင်ခြင်းမရှိလျှင် ဘုရားအိမ်တော်က ၎င်းတို့၏ ယုံကြည်ခြင်းအား အသိအမှတ်မပြုမည်ကို ကြောက်လျက် အခြားသူတို့ရှေ့မှောက်တွင် အတင်းဟန်ဆောင်ကြရခြင်း ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားအပေါ် ဤသဘောထားကို မည်သို့ သတ်မှတ်သနည်း။ သမ္မာတရားကို ၎င်းတို့ မချစ်ကြကြောင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြကြောင်း ဘုရားသခင် ပြော၏။ ၎င်းတို့၏ စိတ်သဘောထားအတွင်းတွင် အန္တရာယ်အရှိဆုံးသောအရာ၊ မာနထောင်လွှားခြင်းနှင့် လှည့်ဖြားခြင်းတို့ထက် သာ၍ပင် အန္တရာယ်ရှိသည့်အရာတစ်ခု ရှိပြီး ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ဤအရာကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထောက်ရှုသော် ထိုသို့သော လူတို့ကို သူ မည်သို့ သဘောထားသနည်း။ သူသည် ၎င်းတို့အပေါ် အမျက်ဒေါသအပြည့်ရှိပေသည်။ တစ်စုံတစ်ဦးအပေါ် ဘုရားသခင်က အမျက်ဒေါသအပြည့်ရှိလျှင် တစ်ခါတစ်ရံ ထိုသူကို သူက အပြစ်ဖော်ဆုံးမသည်၊ သို့မဟုတ် ပဲ့ပြင်ဆုံးမကာ အပြစ်ဒဏ်ပေးသည်။ ၎င်းတို့က ဘုရားသခင်ကို တမင် မဆန့်ကျင်လျှင် သူသည် သည်းခံလိမ့်မည်၊ စောင့်ဆိုင်းကာ စောင့်ကြည့်လိမ့်မည်။ အခြေအနေ သို့မဟုတ် အခြား အမှန်တကယ်ဖြစ်သော အကြောင်းပြချက်များကြောင့် ဘုရားသခင်သည် ဤမယုံကြည်သူကို သူ့အတွက် အစေခံမှုပေးရန် အသုံးပြုနိုင်သည်။ သို့ရာတွင် အခါအခွင့်သာပြီး အချိန်ကျသည်နှင့်တစ်ပြိုင်နက် ထိုသို့သောလူများသည် အစေခံမှုပေးရန်ပင် မသင့်တော်သည့်အတွက် ဘုရားအိမ်တော်မှ မောင်းထုတ်ခြင်း ခံရကြလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် အလွန် အကြီးအကျယ် အမျက်ဒေါသထွက်ရသနည်း။ ဤအရာက သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သူများအတွက် ဘုရားသခင်၏ ထူးကဲပြင်းထန်သော မုန်းတီးမှုကို ဖော်ပြပေသည်။ ဘုရားသခင်၏ နက်နဲသော အမျက်က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ထိုသို့သော လူများ၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို သူ သတ်မှတ်ပြီးဖြစ်ကြောင်း ညွှန်ပြသည်။ ဘုရားသခင်သည် ဤလူများကို မည်သည့်အတန်းအစားတွင် ထားသနည်း။ ဘုရားသခင်က ၎င်းတို့ကို စာတန်၏ အုပ်စုတွင် အတန်းအစားခွဲထားပေသည်။ ၎င်းတို့အပေါ် သူ အမျက်ဒေါသထွက်ကာ အော်ဂလီဆန်သောကြောင့် ဘုရားသခင်က ၎င်းတို့ကို တံခါးပိတ်ထားကာ အဝင်မခံပေ၊ ဘုရားအိမ်တော်ထဲသို့ ခြေချခွင့်မပေးသကဲ့သို့ ကယ်တင်ခံရမည့် အခွင့်အရေး မပေးပေ။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား ညစ်ညူးသည့် မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများအဖြစ်၊ မယုံကြည်သူများအဖြစ် စာတန်နှင့် အဆင့်တစ်ခုတည်းတွင်လည်း ထားရှိပြီး အချိန်ကျသည့်အခါ ၎င်းတို့ကို သူ ဖယ်ရှားရှင်းလင်းလိမ့်မည်။ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်သည့် နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ပြီးလျှင် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည်နှင့်တစ်ပြိုင်နက် အသင့်စောင့်နေသည့်အရာမှာ အဘယ်အရာနည်း။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများအပြင် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ၎င်းတို့ တစ်ဖန် မွေ့လျော်ခံစားနိုင်သလော။ (မခံစားနိုင်ပါ။) ကျေးဇူးတော်ခေတ်ထဲမှ လူတို့သည် ဤကဲ့သို့သော အရာတစ်ခုကို မကြာခဏ ပြောဆိုကြသည်။ “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။” ဟူ၍ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်ကို လူအများစုက နားလည်နိုင်ကြသည်။ ထိုအရာမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ စိတ်ခံစားချက်နှင့် သဘောထား ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က လူသားမျိုးနွယ်ကို မည်သို့ ကယ်တင်သနည်း။ သူသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သလော သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုသာ ကယ်တင်သလော။ မည်သည့် အစိတ်အပိုင်းကို ဘုရားသခင် ကယ်တင်ပြီး မည်သည့် လူတို့ကို သူ စွန့်ပစ်သနည်း။ လူအများစုက ဤကိစ္စရပ်၏ အချက်အခြာကို ထိုးထွင်းမသိနိုင်ကြပေ။ အယူဝါဒများ အကြောင်းကိုသာ လူတို့အား ၎င်းတို့ ပြောဆိုနိုင်ကြသည်။ “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။” ဟူ၍ဖြစ်သည်။ ဤအရာကို ပြောသည့် လူအလွန်များသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝ နားမလည်ကြပေ။ အမှန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို ချစ်ပြီး သူ၏ ကယ်တင်ခြင်းကို လက်ခံနိုင်သူတို့ကိုသာ ကယ်တင်ရန်ဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်သောသူတို့မှာ ဘုရားသခင်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်သူများ ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်လိမ့်မည် မဟုတ်သည်သာမက နောက်ဆုံးတွင် ဤလူများကို သူ ဖျက်ဆီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများက သူ၏ ချစ်ခြင်းမေတ္တာသည် အနန္တဖြစ်ကြောင်း၊ နှိုင်းမရအောင် ကြီးမားကျယ်ပြန့်ကာ အစွမ်းတန်ခိုးကြီးကြောင်း သိကြသော်လည်း ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာကို သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူတို့အား ပေးရန် လိုလားနေခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို ဤလူတို့အား အချည်းနှီး ပေးလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံသောသူတို့သည် အစားအစာကို ရှာသည့် သူတောင်းစားတစ်ဦးကဲ့သို့ ဖြစ်သည်။ အစားအစာအတွက် မည်သူကို ၎င်းတို့ တောင်းကြသည်ဖြစ်စေ ၎င်းတို့ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျေးဇူးရှင်များအတွက် လေးစားမှု ကင်းမဲ့ရုံမက ၎င်းတို့ကို လှောင်ပြောင်ကာ မုန်းတီးကြသည်။ ၎င်းတို့သည် မိမိတို့အတွက် မိမိတို့ ကျေးဇူးရှင်များ၏ ပိုင်ဆိုင်မှုပစ္စည်းများကိုပင် လုယူချင်ကြမည်ဖြစ်သည်။ ထိုသို့သော သူတောင်းစားတစ်ဦးကို ကျေးဇူးရှင်များက အစာပေးရန် လိုလားနေကြမည်လော။ မုချ လိုလားကြမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမှန်တကယ် သနားစဖွယ်မဟုတ်ဘဲ ထို့ထက် အလွန် စက်ဆုပ်ဖွယ်ဖြစ်ကြသောကြောင့် ဖြစ်သည်။ ထိုသို့သော လူတစ်ဦးအပေါ် ကျေးဇူးရှင်၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် အစားအစာကို ဤကဲ့သို့သော သူတောင်းစားတစ်ဦးအား ပေးဖို့ထက် ခွေးတစ်ကောင်ကို ပေးချင်ကြမည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် ခံစားရပုံဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူတို့သည် မည်သည့် လူစားမျိုးများဖြစ်သည်ဟု သင် ထင်သနည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်သောသူများ ဖြစ်သလော။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း အတိုက်အခံ လုပ်ကြမည်မဟုတ်သော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရသည် ဘုရားသခင်ကို ငြင်းပယ်ကာ အတိုက်အခံလုပ်ရန်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို “သင်ပြောသည့်အရာကို ကျွန်ုပ် မကြားလိုပါ၊ ကျွန်ုပ် လက်မခံပါ၊ ပြီးလျှင် သင်၏စကားများက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် လက်မခံသောကြောင့် သင့်ကို ကျွန်ုပ် မယုံကြည်ပါ။ ကျွန်ုပ်အတွက် အကျိုးပြုပြီး အကျိုးရှိသည့် မည်သူကိုမဆို ကျွန်ုပ် ယုံကြည်သည်”ဟု ပွင့်ပွင့်လင်းလင်း ပြောခြင်းနှင့် တူညီပေသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ သဘောထား ဖြစ်သလော။ ဤသည်မှာ သမ္မာတရားအပေါ် သင်၏ သဘောထားဖြစ်လျှင် သင်သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရန်လိုနေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရန်လိုနေလျှင် ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည်လော။ ကယ်တင်မည် မဟုတ်။ ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်သူအားလုံးအပေါ် ဘုရားသခင်၏ အမျက်ဒေါသအတွက် အကြောင်းရင်း ဖြစ်သည်။ ဤကဲ့သို့သော လူများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် လူများ၏ အနှစ်သာရသည် ဘုရားသခင်ကို ရန်လိုခြင်း အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အနှစ်သာရရှိသည့်လူများကို လူအဖြစ် သဘောမထားပေ။ သူ၏ အမြင်တွင် ၎င်းတို့သည် ရန်သူများနှင့် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့ကို သူ မည်သည့်အခါတွင်မျှ ကယ်တင်မည် မဟုတ်။ အဆုံးတွင် ၎င်းတို့သည် ကပ်ဘေးထဲသို့ ကျဆင်းကာ ပျက်စီးသွားကြပေမည်။ သင်တို့ အဘယ်သို့ထင်သနည်း။ သူတောင်းစားတစ်ဦးက မိမိ ကျေးဇူးရှင်၏ အစားအစာကို စားပြီး မိမိ၏ ကျေးဇူးရှင်ကို ကြိမ်းမောင်း၊ လှောင်ပြောင်၊ သရော်ကာ တိုက်ပင်တိုက်ခိုက်လျှင် ၎င်းတို့ကို ကျေးဇူးရှင်က မုန်းလိမ့်မည်လော။ သေချာပေါက် မုန်းပေမည်။ ဤအမုန်းတရားအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (သူတောင်းစားသည် မိမိ၏ ကျေးဇူးရှင်ကို အစာပေးခြင်းအတွက် ကျေးဇူးကန်းရုံသာမက ထိုအစား ကျေးဇူးရှင်ကို သရော်၊ လှောင်ပြောင်ကာ တိုက်ခိုက်သည်။ ထိုသို့သော လူတစ်ဦးတွင် အသိတရား သို့မဟုတ် အသိစိတ် လုံးဝ မရှိသကဲ့သို့ လူ့သဘာဝလည်း မရှိပေ။) ဤသူတောင်းစားအပေါ် ကျေးဇူးရှင်က မည်သည့်သဘောထား ထားရှိသင့်သနည်း။ သူတောင်းစားကို မူလက ပေးခဲ့သည့်အရာများကို ကျေးဇူးရှင်က ပြန်ယူသင့်ပြီးနောက် ၎င်းကို မောင်းထုတ်သင့်ပေသည်။ ဤအရာများကို ထိုသူတောင်းစားအား ပေးခြင်းထက် ခွေးများ သို့မဟုတ် တောရိုင်း တိရစ္ဆာန်များအား ပေးသင့်ပေသည်။ ဤသည်မှာ သူတောင်းစားက မိမိကိုယ်ကို ဖြစ်စေသည့် အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်က လူတစ်ဦး၊ သို့မဟုတ် လူတစ်မျိုးတစ်စားအပေါ် အလွန် အကြီးအကျယ် အမျက်ဒေါသထွက်ရသည့် အကြောင်းရင်းတစ်ခု ရှိ၏။ ဤအကြောင်းရင်းကို ဘုရားသခင်၏ နှစ်သက်မှုဖြင့် သတ်မှတ်ထားခြင်းမဟုတ်ဘဲ၊ သမ္မာတရားအပေါ် ထိုလူ၏ သဘောထားအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အခါ ဤသည်မှာ ၎င်းတို့၏ ကယ်တင်ခြင်း ရရှိခြင်းကို သေချာပေါက် ဆိုးရွားစေနိုင်သည်။ ဤသည်မှာ ခွင့်လွှတ်နိုင်သည့်အရာ၊ သို့မဟုတ် ခွင့်မလွှတ်နိုင်သည့်အရာတစ်ခု မဟုတ်၊ အပြုအမူပုံစံတစ်ခု သို့မဟုတ် ၎င်းတို့တွင် လျှပ်တစ်ပြက် ထုတ်ဖော်ပြသည့် အရာတစ်ခု မဟုတ်။ လူတစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်ပြီး ဘုရားသခင်က ထိုသို့သော လူများကို အော်ဂလီအဆန်ဆုံး ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဖောက်ပြန်ပျက်စီးခြင်းကို ရံဖန်ရံခါ ထုတ်ဖော်လျှင် သင်သည် ဤထုတ်ဖော်ခြင်းများက သမ္မာတရားကို ရွံမုန်းခြင်းကြောင့်လော သို့မဟုတ် သမ္မာတရားကို သိနားလည်မှု ကင်းမဲ့ခြင်းမှ ဖြစ်သလောဟူသည်ကို ဘုရားနှုတ်ကပတ်တော်များအား အခြေခံ၍ ဆန်းစစ်ရမည်။ ဤအရာက ရှာဖွေမှုလိုအပ်ပြီး ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အကူအညီ လိုအပ်သည်။ သင်၏ သဘာဝ အနှစ်သာရသည် သမ္မာတရားကို သင် အလွန်အမင်း မနှစ်မြို့ကာ သမ္မာတရားကို သင် လုံးဝ လက်မခံဘဲ အထူးသဖြင့် ထိုသမ္မာတရားကို စက်ဆုပ်ရွံရှာသကဲ့သို့ ရန်လိုသည့်အရာဖြစ်လျှင် ပြဿနာရှိပေသည်။ သင်သည် မုချ ဆိုးယုတ်သော သူတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။

ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို ယုံကြည်သူတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ ဘာသာရေး ခံယူချက်တွင် ခြားနားခြင်းတစ်ခုသာ ဖြစ်သလော။ မဟုတ်ပေ။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို အသိအမှတ် မပြုကြသကဲ့သို့ အထူးသဖြင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်ကြပေ။ ဤအရာက ဘာသာတရားမရှိသူများအားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးကြောင်းကို သက်သေပြပေသည်။ ဥပမာအားဖြင့် လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ထိုအရာသည် သမ္မာတရား ဖြစ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအရာကို ကြားသည့်အခါ ဘုရားသခင်ကို ယုံကြည်သောလူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့က ဤအရာကို လုံးဝ အသိအမှတ်ပြုပြီး ယုံကြည်ကြသည်။ ဤအမှန်တရား၊ ဤသမ္မာတရားကို ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ်အဖြစ် ၎င်းတို့ လက်ခံယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းဆိုသည့်အရာ ဖြစ်သည်။ ထိုအရာမှာ သင်က ဝမ်းမြောက်ဝမ်းသာစွာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်လျက် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အချုပ်အခြာအာဏာကို လိုလိုလားလား လက်ခံရင်းနှင့် ဘုရားသခင်က ငါတို့၏ ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုရင်း လူကို ဘုရားသခင် ဖန်ဆင်းသည့် အမှန်တရားအား သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ လက်ခံခြင်းကို ဆိုလိုပေသည်။ ပြီးလျှင် “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်”ဟူသည်ကို ကြားသည့်အခါ ဘုရားသခင်ကို မယုံကြည်သောသူတို့၏ သဘောထားမှာ အဘယ်နည်း။ (ထိုအရာကို ၎င်းတို့က လက်မခံကြပါ၊ သို့မဟုတ် အသိအမှတ်မပြုကြပါ။) ထိုအရာကို အသိအမှတ်မပြုခြင်းအပြင် ၎င်းတို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့က သင့်ကို ဆန့်ကျင်ရာတွင် ဤအရာကို အသုံးပြုဖို့ ကြိုးစားရန် တတ်နိုင်သမျှ လုပ်ဆောင်ရင်း သင့်ကို လှောင်ပင်လှောင်လိမ့်မည်၊ သင့်ကို သရော်ကာ ပြောင်ကြလိမ့်မည်၊ သင့်ကို အထင်သေးခြင်းဖြင့် ကြည့်ကာ ဤစကားများနှင့် ဤအမှန်တရားများအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြလိမ့်မည်။ ဤစကားများအား အသိအမှတ်ပြုကြသူအားလုံးပေါ် သရော်၊ ထေ့ငေါ့၊ အထင်သေးပြီး ရန်လိုသည့် သဘောထားတစ်ခုကိုပင် ထားရှိနိုင်သည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများကို သင် မြင်သည့်အခါ မုန်းသလော။ သင် အဘယ်သို့ ထင်သနည်း။ သင်က “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ ယင်းမှာ အမှန်တရားတစ်ခုဖြစ်သည်။ မငြင်းနိုင်အောင် မှန်သည်။ ဤအရာကို သင် လက်မခံပါ၊ သင်၏ ဇာစ်မြစ်များကို သင် အသိအမှတ်မပြုပါ၊ သင်သည် အမှန်တကယ်ကို ကျေးဇူးကန်းပေသည်။ သင်သည် အကျင့်ပျက်ပြီး ဖောက်ပြန်နေသည်။ သင်သည် အမှန်တကယ် စာတန်အမျိုး ဖြစ်သည်”ဟု စဉ်းစားသည်။ ယင်းမှာ သင် စဉ်းစားသည့်အရာ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤကဲ့သို့ သင် အဘယ်ကြောင့် စဉ်းစားသနည်း။ ၎င်းတို့က ဤအဆိုကို မနှစ်သက်သောကြောင့်သက်သက် သင်က ဤသို့ တွေးထင်သလော။ (မဟုတ်ပါ။) ထိုသို့သော မကြိုက်သည့် စိတ်နေစိတ်ထားတစ်ခု သင့်အထဲတွင် ထွက်ပေါ်ရန် မည်သည့်အရာက ဖြစ်စေသနည်း။ (ထိုအရာက သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကြောင့် ဖြစ်သည်။) ၎င်းတို့အနေဖြင့် ဤစကားများကို သာမန်စကားများအဖြစ်၊ သီအိုရီတစ်ခု သို့မဟုတ် ဘာသာရေး ခံယူချက်တစ်ခုအဖြစ် လေးစားလျှင် သင်၏ ဒေါသက သိပ်ကြီးမားမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ထဲ၌ ထွက်ပေါ်နေသည့် စက်ဆုပ်မှု၊ မုန်းတီးမှုနှင့် အထင်အမြင်သေးမှုတို့ကို သင် မြင်သည့်အခါ၊ ထိုအရာများက ဤသမ္မာတရားနှင့်ဆိုင်သော အဆိုကို ရှုတ်ချဝေဖန်သည့် စကားလုံးများ၊ သဘောထားများနှင့် စိတ်သဘောထားတို့ဖြင့် ထွက်လာသည်ကို သင် မြင်သည့်အခါ သင် ဒေါသထွက်ပေသည်။ ထိုသို့ဖြစ်သလော။ လူအချို့သည် ဘုရားသခင်ကို မယုံကြည်သော်လည်း အခြားလူတို့၏ ယုံကြည်ခြင်းကို လေးစားကြပြီး အခြားသူများက ပြောဆိုသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော ကိစ္စရပ်များကို ဖြိုဖျက်ဖို့ မကြိုးစားကြပေ။ ၎င်းတို့အပေါ် မနှစ်သက်ခြင်း သို့မဟုတ် စက်ဆုပ်ခြင်းတစ်ခုမျှ သင် မရှိ။ ၎င်းတို့နှင့် သင် မိတ်ဆွေဖွဲ့နိုင်ပြီး ၎င်းတို့နှင့်အတူ အေးအေးချမ်းချမ်း အသက်ရှင်နိုင်ဆဲဖြစ်သည်။ သင်တို့သည် ရန်သူများ ဖြစ်လာကြလိမ့်မည် မဟုတ်။ အမှန်တွင် သင် ပလဲပနံသင့်၍ရနိုင်သည့် ဘာသာတရားမရှိသူအရေအတွက် အနည်းအကျဉ်းသာ ရှိ၏။ ၎င်းတို့အနေဖြင့် မှန်သော လမ်းခရီးကို လက်မခံသကဲ့သို့ ဘုရားအိမ်တော်သားများ ဖြစ်မလာနိုင်ကြသော်လည်း သင်သည် ၎င်းတို့နှင့် အဆင်ပြေကာ အဆက်အဆံများ ရှိနိုင်ဆဲဖြစ်သည်။ ၎င်းတို့တွင် အနည်းဆုံးအနေဖြင့် အသိတရားနှင့် အသိစိတ် ရှိကြသည်။ ၎င်းတို့သည် သင့်ကို ကျိတ်ကြံခြင်းမရှိသကဲ့သို့ နောက်ကျောကို ဓားနှင့် ထိုးလိမ့်မည်မဟုတ်သောကြောင့် ၎င်းတို့နှင့် သင် ပေါင်းဖော်နိုင်သည်။ သမ္မာတရားကို အမနာပပြောဖို့ ကြိုးစားသူများအပေါ်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများအပေါ် သင်၏စိတ်နှလုံးထဲ၌ သင်ဒေါသထွက်သည်။ သင်သည် ၎င်းတို့နှင့် မိတ်ဆွေဖွဲ့နိုင်သလော။ (မဖွဲ့နိုင်ပါ။) ၎င်းတို့နှင့် မိတ်ဆွေ မဖွဲ့ခြင်းအပြင် ၎င်းတို့နှင့် ပတ်သက်၍ သင်သည် မည်သို့ သဘောရသေးသနည်း။ ၎င်းတို့အား သင်မည်သို့ဆက်ဆံမည်ကို သင့်အား ရွေးချယ်ခိုင်းပါက သင်သည် ၎င်းတို့အား မည်သို့ ဆက်ဆံမည်နည်း။ သင်က “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းမှာ ကြီးမြတ်ပြီး မြင့်မြတ်လှပါတကား။ ဤအရာကို သင်သည် လက်မခံရုံသာမက ယင်းကို အမနာပပြောဖို့လည်း သင်ကြိုးစား၏။ သင်၌ အသိစိတ် တကယ်ကို မရှိပေ။ ဘုရားသခင်က ကျွန်ုပ်ကို တန်ခိုးအာဏာပေးပါက ကျွန်ုပ်သင့်ကို ကျိန်ဆဲပစ်မည်၊ ကျွန်ုပ်သင့်ကို ဖျက်ဆီးပစ်မည်၊ ကျွန်ုပ်သင့်ကို ပြာဖြစ်စေမည်” ဟု သင်ပြောလိမ့်မည်။ ယင်းမှာ သင်၏ ခံစားချက်လော။ (ဟုတ်ပါသည်။) ဤသည်မှာ တရားမျှတစိတ်ဖြစ်သည်။ သို့သော် ၎င်းတို့သည် နတ်ဆိုးများ ဖြစ်သည်ကို သင်တွေ့မြင်သည့်အခါ သင့်တင့်လျောက်ပတ်မည့် အရာမှာ ၎င်းတို့ကို လျစ်လျူရှုဖို့၊ ၎င်းတို့နှင့် ဝေးရာတွင်နေဖို့ ဖြစ်သည်။ ၎င်းတို့က သင့်ကို စကားပြောသည့်အခါတွင် စကားနည်း ရန်စဲနေခြင်းက အဆင်ပြေသည်။ ဤသည်မှာ အမြော်အမြင်ရှိသည့် လုပ်ရပ် ဖြစ်သည်။ သို့သော် စိတ်ထဲတွင် သင်သည် ထိုသို့သော လူတို့နှင့် မတူကွဲပြားသော လမ်းကြောင်းတစ်ခုပေါ်ရှိသည်ကို သိသည်။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင်ကို ယုံကြည်ခြင်း ရှိနိုင်ကြမည်မဟုတ်။ သမ္မာတရားကို ၎င်းတို့ လုံးဝ လက်ခံကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လျှင်ပင် ဘုရားသခင်က ၎င်းတို့ကို အလိုရှိမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်ကို ငြင်းပယ်ကာ အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည်၊ နတ်ဆိုးများဖြစ်ကြသည်၊ ငါတို့ကဲ့သို့ တစ်လမ်းတည်းကို ၎င်းတို့ မလိုက်လျှောက်ကြပေ။ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိသူတို့သည် နတ်ဆိုးများနှင့် ထိတွေ့ဆက်ဆံရန် လိုလားခြင်း မရှိကြပေ။ မည်သည့် နတ်ဆိုးကိုမျှ မမြင်သည့်အခါ ၎င်းတို့ အဆင်ပြေကြသော်လည်း မြင်သည့်အခါ ချက်ချင်း ထိုနတ်ဆိုးများကို အတိုက်အခံလုပ်ကြသည်။ မည်သည့် နတ်ဆိုးကိုမျှ မမြင်မှသာ ၎င်းတို့၏ စိတ်နှလုံးများက အေးချမ်းလိမ့်မည် ဖြစ်သည်။ အချို့သော လူတို့သည် ဘာသာတရားမရှိသည့် နတ်ဆိုးများထံ ဘုရားအိမ်တော် အရေးကိစ္စများအကြောင်းကို အမြဲ ပြောဆိုကြသည်။ ဤသည်တို့မှာ အမိုက်မဲဆုံးသော လူများဖြစ်သည်။ ၎င်းတို့သည် အတွင်းလူနှင့် အပြင်လူတို့ကြား မခွဲခြားတတ်ကြ၊ မည်သည့်အရာကိုမျှ လုံးဝ နားမလည်သည့် ယောင်တိယောင်ချာ မိုက်မဲသူများ ဖြစ်သည်။ ထိုသို့သော ရယ်ဖွယ်ရာများ လုပ်နိုင်စွမ်းရှိသည့်လူများကို ဘုရားသခင် ကယ်တင်နိုင်သလော။ လုံးဝ မကယ်တင်နိုင်ပေ။ နတ်ဆိုးများနှင့် အဆက်အဆံများ အမြဲရှိသည့်လူများသည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် မုချ မသက်ဆိုင်ကြသကဲ့သို့ အနှေးနှင့်အမြန်ဆိုသလို စာတန်ထံ ပြန်သွားကြရလိမ့်မည်။ လူအချို့သည် မည်သူက ညီအစ်ကိုနှင့် ညီအစ်မတစ်ဦးဖြစ်ပြီး မည်သူက ဘာသာတရားမရှိသူတစ်ဦး ဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် နားဝေတိမ်တောင်အဖြစ်ဆုံးသော လူများဖြစ်သည်။ ၎င်းတို့က ဘုရားအိမ်တော်၏ အရေးကိစ္စများအကြောင်းကို မယုံကြည်သူများနှင့် နတ်ဆိုးများထံ ပြောပြကြသည်။ ဤသည်မှာ ဝက်များထံ ပုလဲများ ပစ်ပေးခြင်းနှင့် အလေးအမြတ်ထားအပ်သည့်အရာကို ခွေးများအား ပေးခြင်းကဲ့သို့ ဖြစ်သည်။ ထိုမယုံကြည်သူများနှင့် နတ်ဆိုးများသည် ဝက်များနှင့် ခွေးများကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့သည် ပြိတ္တာများထဲသို့ အတန်းအစားခွဲခြင်းခံရကြသည်။ သင်သည် ၎င်းတို့နှင့်အတူ ဘုရားအိမ်တော်၏ အရေးကိစ္စများ ဆွေးနွေးလျှင် မိုက်မဲသည့်ပုံ ပေါ်လိမ့်မည်။ ထိုအရာကို ၎င်းတို့ ကြားပြီးသည့်နောက်တွင် ဘုရားအိမ်တော်နှင့် သမ္မာတရားကို ပေါ့ပေါ့တန်တန် အသရေဖျက်ကြလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ကို တာဝန်မကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး အကြွေးတစ်ခု တင်ရှိလိမ့်မည်။ ဘုရားအိမ်တော်၏ အရေးကိစ္စများကို မယုံကြည်သူများ၊ နတ်ဆိုးများနှင့်အတူ လုံးဝ မဆွေးနွေးရပေ။ လူတို့သည် သမ္မာတရားကို မနှစ်သက်သူ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူ၊ သို့မဟုတ် သမ္မာတရားကို အသရေဖျက်သူတို့နှင့် ထိတွေ့ဆက်ဆံရန် စိတ်အနှောင့်အယှက်ဖြစ်ကြသည်၊ အတိုက်အခံလုပ်ကာ လိုလားခြင်းမရှိကြပေ။ ထို့ကြောင့် ဘုရားသခင် မည်သို့ ခံစားရသည်ဟု သင် ထင်သနည်း။ ဘုရားသခင် ထုတ်ဖော်သည့်အတိုင်း ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အသက်နှင့် အနှစ်သာရတို့သည် သမ္မာတရားများသာ ဖြစ်၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောလူတစ်ဦးသည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ ရန်သူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဤသည်မှာ ဘုရားသခင်နှင့် သဟဇာတမဖြစ်ခြင်း ကိစ္စရပ်ထက်ပိုသည်။ ဤကဲ့သို့သော လူတို့အတွက် ဘုရားသခင်၏ အမျက်သည် အလွန်ကြီးမား၏။

ယခုအခါတွင် သင်တို့အားလုံး၌ အခြေခံအုတ်မြစ်နှင့်ဆိုင်သည့်အရာ တစ်ခုခု ရှိကြပြီဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်သားများအဖြစ် သင်တို့ကို ယူဆ၍ရနိုင်ပေသည်။ သင်သည် သမ္မာတရားကို ဝီရိယရှိရှိ လိုက်စားရမည်ဖြစ်ပြီး သင်၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် သင်၏ ကိုယ်ပိုင် စကားများနှင့် လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် ဆန်းစစ်ရမည်၊ သင်၏ အခြေအနေ အမျိုးမျိုးကို ဆန်းစစ်ကာ သင်၏ စိတ်သဘောထားတွင် အပြောင်းအလဲအချို့ ရရှိရန် ကြိုးပမ်းရမည်။ ဤသည်မှာ တန်ဖိုးရှိသော အရာတစ်ခု ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဘုရားသခင် ရှေ့မှောက်သို့ အမှန်တကယ် လာနိုင်လိမ့်မည်။ အနည်းဆုံးအနေဖြင့် သင့်ကို ဘုရားသခင် လက်ခံအောင် သင် လုပ်ရမည်။ ယောဘ၏ အဆင့်သို့ သင် မရောက်ရှိနိုင်ဘဲ သင့်ကို စစ်ဆေးဖို့ ဘုရားသခင်ကို စာတန်နှင့် ကိုယ်တိုင်ကိုယ်ကျ လောင်းကြေးထပ်စေမည့် အရည်အချင်းများ ကင်းမဲ့လျှင် အနည်းဆုံးအနေဖြင့် သင်၏ လုပ်ရပ်များနှင့် အပြုအမူတို့ဖြင့် ဘုရားသခင်၏ အလင်းတွင် သင် အသက်ရှင်နိုင်ပြီး သင့်ကို ဘုရားသခင် စောင့်ရှောက်ကာ ကွယ်ကာလိမ့်မည်ဖြစ်ကာ သူ၏ နောက်လိုက်များထဲမှ တစ်ဦးနှင့် သူ၏ အိမ်တော်သားတစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင် အသိအမှတ်ပြုပြီး ယုံကြည်ခဲ့ကတည်းက သင်သည် ဘုရားသခင်၏ လမ်းခရီးအား လိုက်လျှောက်ရမည့်ပုံကို စဉ်ဆက်မပြတ် ရှာဖွေနေခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ အပြုအမူနှင့် စစ်မှန်ရိုးသားမှုတို့ကို ကျေနပ်သောကြောင့် သူသည် သင့်ကို လေ့ကျင့်မှု ခံယူရရှိရန်၊ ပြုပြင်ခံရရန်နှင့် သူ၏ ကယ်တင်ခြင်းကို လက်ခံရန် သူ၏ အိမ်တော်ထဲသို့ ဦးဆောင်လမ်းပြပြီးဖြစ်သည်။ ကြီးမားလိုက်သည့် ကောင်းချီးပါတကား။ ဘုရားသခင် သို့မဟုတ် သမ္မာတရားအကြောင်း ဘာမျှ မသိရှိခဲ့သည့် ဘုရားအိမ်တော် ပြင်ပရှိ လူတစ်ဦးအဖြစ် အစပြုရင်း သင်သည် ဘုရားသခင်၏ ပထမဆုံး စစ်ဆေးချက်ကို လက်ခံခဲ့ပြီး ထိုစစ်ဆေးချက်ကို အောင်ပြီးနောက်တွင် ဘုရားသခင်က သင့်ကို သူ၏ အိမ်တော်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြခဲ့သည်၊ သူ့ရှေ့သို့ သင့်ကို ခေါ်ဆောင်ခဲ့သည်၊ တာဝန်ပေးစေခိုင်းချက်တစ်ခု သင့်ကို ပေးအပ်ခဲ့သည်၊ သင့်အနေဖြင့် ထမ်းဆောင်ရန် တာဝန်များ စီစဉ်ပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွင်းတွင် လူသား တာဝန်အချို့ကို သင့်အား ထမ်းဆောင်ခွင့် ပေးခဲ့သည်။ အမှန်တွင် ထိုအရာသည် မထင်ပေါ်သော အလုပ်တစ်ခုခု ဖြစ်သော်လည်း နောက်ဆုံး၌ သင်သည် ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ ရှိပြီး ဘုရားသခင်ထံမှ ကတိတစ်ခုကို သင် ရရှိပြီးဖြစ်သည်။ ဤကောင်းချီးမင်္ဂလာသည် လုံလုံလောက်လောက် ကြီးမားပေသည်။ နောင်ဘဝတွင် သရဖူဆောင်းပြီး ဆုချီးမြှင့်ခံရခြင်းတို့ကို ငါတို့ ဘေးဖယ်ထားပြီး ဤဘဝတွင် လူတို့ မွေ့လျော်ခံစားနိုင်သည့်အရာကိုသာ ငါတို့ ပြောမည်။ သင် ကြားသည့် သမ္မာတရား၊ သင် မွေ့လျော်ခံစားသည့် ဘုရားသခင်၏ ကျေးဇူးတော်၊ ကရုဏာတော်၊ ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှု၊ ဘုရားသခင် သင့်ကို ပေးသည့် အမျိုးမျိုးသော ပဲ့ပြင်ဆုံးမမှုနှင့် ရိုက်နှက်မှု အမျိုးအစားများအပြင် လူကို ဘုရားသခင် ပေးသည့် ဤသမ္မာတရားအားလုံး ထောက်ပံ့မှုတို့သည်ပင်လျှင် ငါ့ကိုပြောလော့၊ သင် မည်မျှ ရရှိနေသနည်း။ အဆုံးတွင် ဤသမ္မာတရားများကို သိနားလည်ခြင်းအပြင် သင့်အနေဖြင့် ဘုရားသခင်ကို သိရှိသည့်လူတစ်ဦးအဖြစ်သို့ ပြောင်းလဲရန်၊ သမ္မာတရားကို သင်၏ အသက်အဖြစ် ပိုင်ဆိုင်ရန်နှင့် ဘုရားအိမ်တော်တွင် အသုံးဝင်ရန်အလို့ငှာ ဘုရားသခင်က သင့်ကို စာတန်၏ အုပ်စုမှ လုံးဝ ကယ်တင်လိမ့်မည် ဖြစ်သည်။ ဤကောင်းချီးမင်္ဂလာသည် ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ (ကြီးမားပါသည်။) ဤသည်မှာ ဘုရားသခင်၏ ကတိတစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်သည့်နောက်တွင် “သင်သည် ကောင်းချီးခံစားရ၏။ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းအားဖြင့် သင်၌ ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိသည်”ဟု သင့်ကို သူ ပြောသည်။ မည်သည့်အရာ ဖြစ်နေသည်ကို သင် မသိခြင်း ဖြစ်နိုင်သော်လည်း အမှန်တွင် ဘုရားသခင်၏ ကတိကို သင့်အား ပေးထားနှင့်ပြီး ဖြစ်သည်။ တစ်ချိန်တည်းတွင် သင်၏ ဘဝက တဖြည်းဖြည်း ကြီးထွားရင့်ကျက်ကာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်သည့် လူတစ်ဦးဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် သမ္မာတရား ထောက်ပံ့ပေးခြင်း၊ သင့်ကို ပြုပြင်ခြင်း၊ သင့်ကို တာဝန်များပေးခြင်းနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခု ပေးအပ်ခြင်းတည်းဟူသော ဤကတိတော်ကို ပြည့်စုံစေရန် ဤအရာများအားလုံးကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယခုတွင် လူတို့သည် ဤကတိတော်ကို ရရှိပြီးပြီလော။ ထိုကတိတော် ဖြစ်ထွန်းခြင်းနှင့် ပြီးပြည့်စုံခြင်းရှိသည့် နေ့ရက်မတိုင်မီတွင် လုပ်ဆောင်စရာများစွာ ရှိသေး၏။ အမှန်တွင် သင်တို့ထဲမှ အချို့သည် ထိုကတိကို ရရှိနှင့်ပြီးဖြစ်ကာ အချို့မှာမူ စိတ်ဆုံးဖြတ်ချက် ရှိသော်လည်း မရရှိသေးပေ။ ထိုအရာက သင်တို့အနေဖြင့် ဤကတိတော်ကို ဖမ်းဆုပ်ရန် စိတ်ဆုံးဖြတ်ချက်ရှိပြီး ပြည့်စုံစေနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းကို သင့်တင့်လျောက်ပတ်သည့် အချိန်နှင့် သင့်တင့်လျောက်ပတ်သည့် အတိုင်းအတာဖြင့် လူတို့အား တစ်ဆင့်ပြီးတစ်ဆင့် ပေးထားသည်။ မည်သည့် အမှားမျှ လုံးဝ မရှိသောကြောင့် မိုက်မဲမည်၊ ညံ့ဖျင်းသော အစွမ်းအစရှိမည်၊ ငယ်ရွယ်မည်၊ သို့မဟုတ် ဘုရားသခင်ကို တိုတောင်းသည့်အချိန်တစ်ခုသာ ယုံကြည်မိမည်ကို သင် စိုးရိမ်ရန် မလိုအပ်ပေ။ ဤအပြင်ပန်း အကြောင်းပြချက်များအား သင်၏ အသက်ဝင်ရောက်မှုကို ထိခိုက်ခွင့်မပေးနှင့်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ ပထမဆုံးအနေဖြင့် ထိုအရာက လူတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုနှင့် အစွမ်းအစတို့ကို မှန်ကန်တိကျစွာ သိရှိကာ တိုင်းတာခွင့်ပေးပြီး ၎င်းတို့၏ ကိုယ်ပိုင် အတိုင်းအတာကို သိလာခွင့်ပေးသည်။ ဒုတိယအနေဖြင့် အပြုသဘောဆောင်သော သွင်ပြင်လက္ခဏာဖြင့်ဆိုလျှင် ထိုအရာက လူတို့အား သမ္မာတရားအပေါ် သာ၍ နက်ရှိုင်းသော သိနားလည်မှု ပေးပြီး ၎င်းတို့အား သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခွင့်ပေးကာ ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခွင့် ပေးသည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အထမြောက်အောင် ဆောင်ရွက်ခွင့်ပေးသည်။ ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်များ ဖြစ်သည်။ ဤအရာများကို စွမ်းဆောင်ရရှိရန်မှာ အမှန်တကယ် အလွန်ရိုးရှင်း၏။ သင့်အနေဖြင့် သမ္မာတရားကို ချစ်သော စိတ်နှလုံးတစ်ခု ရှိသရွေ့ အခက်အခဲမရှိပေ။ လူသားများအတွက် အကြီးမားဆုံးသော အခက်အခဲမှာ အဘယ်နည်း။ ထိုအရာမှာ သင်က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို လုံးဝ မချစ်ခြင်းဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံး အခက်အခဲဖြစ်သည်။ သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ပါဝင်သည်။ သင်သည် အမှန်တကယ် နောင်တမရလျှင် ထိုအရာက ပြဿနာကို လက်ယပ်ခေါ်နိုင်သည်။ သမ္မာတရားကို သင် အလွန်အမင်း မနှစ်မြို့သကဲ့သို့အမြဲ အသရေဖျက်ကာ မထီမဲ့မြင်ပြုလျှင် ဤသဘာဝမျိုး သင်၌ ရှိလျှင် သင် အလွယ်တကူ ပြောင်းလဲလိမ့်မည် မဟုတ်။ သင် ပြောင်းလဲလျှင်ပင် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်း ရှိမရှိဟူသည်ကို ကြည့်ရဦးမည် ဖြစ်သည်။ သင် လုပ်ဆောင်သည့်အရာက ဘုရားသခင်၏ သဘောထားကို ပြောင်းလဲစေနိုင်လျှင် သင်သည် ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သဘောထားကို သင် မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သင်၏ အနှစ်သာရကို သူ အလွန်အမင်း မနှစ်မြို့သည်မှာ ကြာပြီဖြစ်လျှင် ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် သင်၌ မရှိပေ။ ထို့ကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ရမည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို အတိုက်အခံ လုပ်သည့် အခြေအနေတစ်ခုတွင် ရှိလျှင် ဤသည်မှာ အလွန် အန္တရာယ်များပေသည်။ ထိုသို့သော အခြေအနေတစ်ခုကို သင် မကြာခဏ ဖြစ်စေလျှင်၊ ထိုသို့သော အခြေအနေတစ်ခုထဲသို့ မကြာခဏ ကျဆင်းလျှင် သို့မဟုတ် သင်သည် အခြေခံအားဖြင့် ဤလူစားမျိုးဖြစ်လျှင် ဤသည်မှာ သာ၍ပင် ပြဿနာရှိပေသည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အခြေအနေတွင် ရံဖန်ရံခါရှိလျှင် ဦးစွာပထမ ထိုအရာမှာ သင်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒုတိယအနေဖြင့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုယ်၌က ဤအခြေအနေကို မလွဲမသွေ ထွက်ပေါ်စေသည့် အနှစ်သာရမျိုး ပါရှိပေသည်။ သို့ရာတွင် ဤအခြေအနေက သင်၏ အနှစ်သာရကို ကိုယ်စားမပြုပေ။ တစ်ခါတစ်ရံ လျှပ်တစ်ပြက်ဖြစ်သော စိတ်ခံစားမှုတစ်ခုက သင့်ကို သမ္မာတရားအား အလွန်အမင်း မနှစ်မြို့စေသည့် အခြေအနေတစ်ခု ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်စေနိုင်သည်။ ဤသည်မှာ ယာယီမျှသာ ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ စိတ်သဘောထား အနှစ်သာရအားဖြင့် ဖြစ်ခြင်း မဟုတ်ပေ။ ထိုအရာက ယာယီအခြေအနေတစ်ခုဖြစ်လျှင် ပြောင်းပြန်ဖြစ်စေ၍ ရနိုင်သော်လည်း သင် မည်သို့ ပြောင်းပြန်ဖြစ်စေမည်နည်း။ သင်သည် ဤသွင်ပြင်လက္ခဏာဖြင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင် ရှေ့သို့ ချက်ချင်း လာရမည်ဖြစ်ပြီး သမ္မာတရားကို အသိအမှတ်ပြုလာနိုင်ရမည်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံလာနိုင်ရမည်ဖြစ်သည်။ ထိုအခါ ဤအခြေအနေ ပြေလည်သွားသည်။ ထိုအရာကို သင် မဖြေရှင်းဘဲ ဆက်ကာဆက်ကာ ဖြစ်ခွင့်ပေးလျှင် သင် အန္တရာယ်ရှိ၏။ ဥပမာအားဖြင့် လူအချို့က “မည်သို့ဆိုစေ၊ ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားကို နားမလည်နိုင်ပါ။ ထို့ကြောင့် ထိုအရာကို ကျွန်ုပ် လိုက်စားတော့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုလည်း ကျွန်ုပ် ကျိုးနွံနာခံရန် မလိုပါ။ အဘယ်သို့ဖြစ်ပြီး ဘုရားသခင်က ဤအစွမ်းအစကို ကျွန်ုပ်အား ပေးရက်နိုင်ခဲ့သနည်း။ ဘုရားသခင် မဖြောင့်မတ်ပါ”ဟု ပြောကြသည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်သည်။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ ထိုအရာမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သဘောထားဖြစ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသရုပ်သကန် ဖြစ်ပွားခြင်းအတွက် ဆက်စပ်အကြောင်းအရာတစ်ခု ရှိသည်။ ထို့ကြောင့် ဤအခြေအနေ၏ ဆက်စပ်အကြောင်းအရာနှင့် ဖြစ်ကြောင်းရင်းမြစ်တို့ကို ဖြေရှင်းရန် လိုအပ်သည်။ ဖြစ်ကြောင်းရင်းမြစ်က ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် သင်၏ အခြေအနေသည် ထိုအရာနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်။ အချို့သော အခြေအနေများသည် အအေးမိခြင်း သို့မဟုတ် အဆုပ်ရောင်ရောဂါအားဖြင့် ဖြစ်နိုင်သည့် ချောင်းဆိုးခြင်းကဲ့သို့သော ရောဂါလက္ခဏာတစ်ခုနှင့် တူသည်။ အအေးမိခြင်း သို့မဟုတ် အဆုတ်ရောင်ရောဂါကို သင် ကုသလျှင် ချောင်းဆိုးခြင်းလည်း သက်သာသွားလိမ့်မည်။ ဖြစ်ကြောင်းရင်းမြစ် ပြေလည်သွားသည့်အခါ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားသည်။ သို့ရာတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အခြေအနေအချို့သည် ရောဂါလက္ခဏာ မဟုတ်ဘဲ အကျိတ်တစ်ခု ဖြစ်သည်။ ဤရောဂါ၏ ဖြစ်ကြောင်းရင်းမြစ်က အတွင်းတွင်ရှိသည်။ အပြင်ပန်းကို ကြည့်ခြင်းအားဖြင့် ရောဂါလက္ခဏာတစ်ခုမျှ သင် တွေ့ကောင်းမတွေ့နိုင်သော်လည်း ရောဂါ ဖြစ်ပွားသည်နှင့် သေစေနိုင်ပေသည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားကို လုံးဝ လက်ခံခြင်းမရှိ၊ အသိအမှတ်ပြုခြင်း မရှိ၊ သို့မဟုတ် ဘာသာတရားမရှိသူများကဲ့သို့ပင် သမ္မာတရားကို စဉ်ဆက်မပြတ် အသရေဖျက်ကြလေသည်။ စကားများက ၎င်းတို့၏ နှုတ်မှ မထွက်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားကို ဆက်လက် အသရေဖျက်၊ ငြင်းပယ်ကာ ချေပနေကြသည်။ မည်သည့် သမ္မာတရားဖြစ်စေ၊ မိမိကိုယ်ကို သိရှိခြင်းဖြစ်စေ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုခြင်းဖြစ်စေ၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် မလုပ်ခြင်းဖြစ်စေ၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းဖြစ်စေ၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမျှ ၎င်းတို့ လက်မခံ၊ ဝန်မခံ သို့မဟုတ် အာရုံမစိုက်ကြပေ။ သို့မဟုတ် သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို ချေပကာ အသရေပျက်အောင် ပြောဆိုကြလေသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်ဆိုင်သည့် စိတ်သဘောထား ဖြစ်သည်၊ ယင်းသည် အနှစ်သာရတစ်မျိုး ဖြစ်သည်။ ဤအနှစ်သာရက မည်သည့်အဆုံးသတ်မျိုးဆီသို့ ဦးတည်စေသနည်း။ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်ပြီး ထို့နောက်တွင် ပျက်စီးဆုံးရှုံးခြင်း ဖြစ်သည်။ အကျိုးဆက်များက အလွန်ဆိုးရွားပေသည်။

ဤအရာများနှင့် ပတ်သက်၍ ယနေ့၏ မိတ်သဟာယက သင်တို့ကို ကူညီခဲ့သလော။ (ကူညီခဲ့ပါသည်။ ကောင်းမွန်သည့် အစွမ်းအစနှင့် ညံ့ဖျင်းသည့် အစွမ်းအစက မည်သည့်အရာ ဖြစ်သည်ကို ကျွန်ုပ် သိသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် အစွမ်းအစအပေါ် စစ်မှန်သည့် သိနားလည်မှုအချို့ ကျွန်ုပ်တွင်ရှိပြီး အမှုအရာများ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါ မိမိကိုယ်ကို မှန်ကန်တိကျစွာ အကဲဖြတ်နိုင်သည်။ ကျွန်ုပ်သည် မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မည် မဟုတ်ဘဲ ကျွန်ုပ်၏ တာဝန်ကို လက်တွေ့ကျသောပုံစံဖြင့် ထမ်းဆောင်ပါမည်။) သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ငါတို့ မိတ်သဟာယပြုသည်ဖြစ်စေ သင်တို့၏ အသက်ဝင်ရောက်မှုအတွက် အထောက်အကူ ဖြစ်လိမ့်မည်။ သင်တို့သည် ဤစကားများကို ခံယူပြီး သင်တို့၏ နေ့စဉ်ဘဝများတွင် ထည့်သွင်းနိုင်လျှင် ငါပြောခဲ့သည့်အရာသည် အချည်းနှီးဖြစ်လေပြီ။ သမ္မာတရား အနည်းငယ်ကို သင်တို့ သိနားလည်လာသည့် အချိန်တိုင်းတွင်၊ သင်တို့သည် အမှုအရာများကို လုပ်ဆောင်ရာ၌ သာ၍ တိကျမှန်ကန်လိမ့်မည်ဖြစ်ပြီး သင်တို့၏ လမ်းကြောင်း ပွင့်သည်မှာ အနည်းငယ် သာ၍ ကျယ်လာလိမ့်မည်။ သမ္မာတရားအနည်းငယ်ကို သင်တို့ သိရှိပြီး သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုနှင့် အစွမ်းအစအပေါ် ရှင်းလင်းသည့် သိနားလည်မှု မရှိလျှင် သင်သည် အမှုအရာများကို လုပ်ဆောင်ရာ၌ အမြဲ မမှန်မကန်ဖြစ်လိမ့်မည်၊ သင့်ကိုယ်သင် အမြဲ အထင်ကြီးလိမ့်မည့်ဖြစ်ပြီး သင့်ကိုယ်သင် အလွန် မြင့်မားစွာ ဆန်းစစ်နေမိလိမ့်မည်ဖြစ်ကာ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အမှုအရာများကို သင် လုပ်ဆောင်မိလိမ့်မည် ဖြစ်သော်လည်း သင်သည် သမ္မာတရားကို အခြေခံ၍ ပြုမူနေခြင်းဖြစ်သည်ဟု စင်စစ်အားဖြင့် တွေးထင်နေသည်ကိုမူ သင်သိရှိလိမ့်မည် မဟုတ်ချေ။ သင်သည် ဤအယူအဆများနှင့် စိတ်ကူးများကို သမ္မာတရား စည်းမျဉ်းများအဖြစ် မှတ်ယူလိမ့်မည်။ သင် လုပ်ဆောင်သည့် အရာများတွင် သွေဖည်မှုက အလွန့်အလွန် ကြီးမားလိမ့်မည်။ ဤလူသား အယူအဆများ၊ စိတ်ကူးများ၊ အသိပညာနှင့် သင်ယူမှုတို့က လူတို့၏ စိတ်နှလုံးများတွင် စိုးမိုးထားသည့်အခါ သမ္မာတရားကို ၎င်းတို့ ရှာဖွေကြလိမ့်မည် မဟုတ်။ သမ္မာတရားက သင်၏ စိတ်နှလုံးတွင် ဒုတိယ၊ တတိယ သို့မဟုတ် နောက်ဆုံးသောအရာပင် ဖြစ်လာသည့်အခါ သင့်အပေါ် မည်သည့်အရာက အာဏာစွဲကိုင်ထားသနည်း။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား အယူအဆများ၊ အတွေးအခေါ်များ၊ အသိပညာနှင့် သင်ယူမှုများ ဖြစ်သည်။ ဤအရာများသည် သင့်အပေါ် အချုပ်အခြာအာဏာ ရှိသောကြောင့် သင့်အပေါ် ဘုရားသခင် ပြုသည့် အမှုသည် ထိရောက်လိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက သင့်အတွင်းတွင် သင်၏ အသက်ဖြစ်မလာသေးလျှင် သင်သည် ကယ်တင်ခံရမည့်အဖြစ်မှ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ သင် မလှမ်းရသေးပေ။ ဘုရားသခင်၏ စိတ်နှလုံး သောကရောက်ခြင်းမရှိဟု သင် တွေးထင်သလော။ သင့်ကို ကယ်တင်ခြင်း လမ်းကြောင်းပေါ် ထားရှိရန် ဘုရားသခင်က သင့်ကို သနားကရုဏာ မည်မျှပြရမည်နည်း။ သင်သည် ရိုးရာယဉ်ကျေးမှု၊ အသိပညာနှင့် ဆိုးယုတ်သော အတွေးအခေါ်မှ လွတ်မြောက်နိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ဤအရာအားလုံးကို သမ္မာတရားနှင့် တိုင်းတာရန် သင်ယူနိုင်လျှင်၊ အမှုအရာများကို စောင့်ကြည့်ခြင်းအတွက် သမ္မာတရား စည်းမျဉ်းများကို စံနှုန်းများအဖြစ် သင် အသုံးပြုနိုင်ကာ သင်၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုရှိသည့် လူတစ်ဦး၊ အမှီအခိုကင်းစွာ အသက်ရှင်နိုင်စွမ်းရှိသည့် လူတစ်ဦး အမှန်တကယ် ဖြစ်လာလိမ့်မည်။ လက်ရှိအချိန်တွင် သင်သည် ဤအဆင့်တွင် မရှိပေ၊ သင့်မှာ လုပ်ဆောင်စရာများစွာ ရှိသေး၏။ သင့်ထံတွင် အသက်အနည်းငယ်သာ ရှိပြီး ဘုရားသခင်၏ သနားကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းတို့ဖြင့် အသက်ရှင်ရန် ရှိသေး၏။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်သည်ဟု ဆိုလိုပေသည်။ သင့်ကို အလုပ်တာဝန်တစ်ခု ပေးမည်ဆိုလျှင် အမှီအခိုကင်းစွာ ထိုအရာကို ပြီးစီးအောင် လုပ်နိုင်လိမ့်မည်လော။ အလုပ်ကို ကောင်းစွာ သင် လုပ်ဆောင်နိုင်မည်လော။ သင်သည် အမှုအရာများကို ကမောက်ကမ ဖြစ်စေလျှင် ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဂုဏ်သရေညှိုးစေခြင်းဖြစ်သည်။ သင်၏ အလုပ်ကို တစ်ဝက်တစ်ပျက်လုပ်ပြီးနောက် အပျော်တစ်ခုခု သွားရှာလျှင် ယင်းက သင်သည် အနည်းငယ် မတည်ကြည်ကြောင်း ပြသည်မဟုတ်လော။ ထိုအရာက သင်သည် အားကိုး၍ရနိုင်သည့် အမှုဆောင်တစ်ဦး မဟုတ်ကြောင်းနှင့် သင်၏ အလုပ်ကို သင့်တင့်လျောက်ပတ်စွာ သင် မလုပ်ဆောင်ကြောင်း ပြပေသည်။ သင်၏တာဝန်ကို သင် လုပ်ဆောင်ရမည်ဆိုလျှင် သင့်ကို စောင့်ရှောက်ကာ ကြီးကြပ်မည့်လူများ သင် အမြဲ လိုအပ်လိမ့်မည်။ လူအချို့သည် မိမိတို့၏ အသက် ၃၀နှင့် ၄၀အရွယ်ခန့်တွင် ဤအကျင့်စရိုက် ရှိကြဆဲဖြစ်သည်။ ၎င်းတို့အတွက် အားလုံး ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့၏ ဘဝများတွင် မည်သည့်အရာကိုမျှ ၎င်းတို့ ပြီးမြောက်ကြလိမ့်မည်မဟုတ်။ သင်သည် အသက် ၂၀ အရွယ်ခန့်တွင်ရှိပြီး ဘုရားသခင်ကို နှစ်နှစ် သို့မဟုတ် သုံးနှစ်သာ ယုံကြည်ရသေးလျှင် သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော လူတစ်ဦးဖြစ်ခြင်းအတွက် သင့်ကို ခွင့်လွှတ်၍ရသည်။ မတည်ကြည်ခြင်း၊ အားကိုးမရခြင်း၊ ဘုရားသခင်က အမြဲ စောင့်ရှောက်၊ ကာကွယ်၊ အသိပေး၊ တိုက်တွန်းပြီး လမ်းပြပေးရခြင်း၊ ဘုရားသခင်၏ ဤကျေးဇူးတော်များကို ပျော်မွေ့ခံစားရန် အစဉ်လိုအပ်ခြင်း၊ ဤကျေးဇူးတော်များအပေါ် မှီခိုခြင်းအားဖြင့် အသက်ရှင်ခြင်းနှင့် ဤအရာတစ်ခုမျှမရှိဘဲ မလုပ်ဆောင်နိုင်ခြင်း၊ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှုတွင် အလွန်သေးငယ်ခြင်း ဖြစ်သည်။ သင်တို့သည် ယခုအချိန်တွင် ဤအခြေအနေတွင် ရှိနေသည်။ အမှုအရာများကို သင်တို့အတွက် အပြည့်အဝ ရှင်းလင်းဖော်ပြခြင်းမရှိလျှင် သင်တို့သည် တစ်ခါတစ်ရံ အမှားတစ်ခု ပြုလုပ်မိလိမ့်မည်ဖြစ်ပြီး သင်တို့၏ အလုပ်တွင် ကမောက်ကမဖြစ်စေလိမ့်မည်။ သေးငယ်သည့်အရာ တစ်ခုတလေကိုမျှ သင်တို့ကို ရှင်းပြထားခြင်းမရှိလျှင် သင်တို့ လမ်းလွဲသွားလိမ့်မည်၊ ယင်းက အခြားသူတို့အတွက် အမြဲ စိုးရိမ်စရာတစ်ခု ဖြစ်သည်။ အပြင်ပန်းတွင် သင်တို့အားလုံး အရွယ်ရောက်သူများ ဖြစ်ကြသော်လည်း အမှန်တွင် သင်တို့၏ စိတ်ဝိညာဉ်များ၌ အသက် များစွာ မရှိပေ။ သင်၏ တာဝန်များကို ထမ်းဆောင်ရန် အလိုဆန္ဒနှင့် ရိုးသားစစ်မှန်မှုတို့ သင် ရှိကာ စစ်မှန်သည့် ယုံကြည်ခြင်းတစ်ခုခု ရှိသော်လည်း သမ္မာတရားအကြောင်း သင် နားလည်သည်မှာ အလွန် နည်းပါး၏။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် သင်သည် ရှေ့ဆက်ရန် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများ၊ လမ်းပြမှုနှင့် သတိပေးချက်များအပေါ် လုံးဝ မှီခိုအားထားပြုနေသည်။ တစ်ခုခု လျော့နည်းသည်နှင့် မှန်မည်မဟုတ်တော့ပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ မည်သည့် သွင်ပြင်လက္ခဏာသည် သင်တို့တွင် ထင်ရှားသနည်း။ သူ၏ အလျှံပယ်သော သနားကရုဏာဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ အမှုတော် စည်းမျဉ်းဖြစ်သည်မှာ အမှန်ဖြစ်၏။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို မွေ့လျော်ခံစားခြင်း မရှိကြသေးသနည်း။ ထိုအရာမှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှုကို သင်တို့ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန် သေးငယ်သည်၊ အလွန်နည်းပါးသော သမ္မာတရားကို သင်တို့ နားလည်ကြသည်။ မည်သည့်အရာ၏ အခရာကိုမျှ သင်တို့ ထိုးထွင်းမသိမြင်နိုင်။ အခက်အခဲများကြုံရသည့်အခါ သင်တို့ မရှင်းမလင်းဖြစ်သည်။ မည်သည့်နေရာတွင် အစပြုရမည်ကို သင်တို့ မသိ။ လူတို့အား သင်တို့ အမြဲ စိုးရိမ်အောင်လုပ်ပြီး မည်သည့်တာဝန်ကို သင်တို့ ထမ်းဆောင်ရသည်ဖြစ်စေ အခြားသူများဘက်မှ အလွန်များသော အားထုတ်မှု လိုအပ်လျက် ထိုတာဝန်ကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန် အခြားသူများက သင်တို့ကို သွန်သင်ပေးဖို့လိုအပ်လေသည်။ သင်တို့အတွက် အရာရာကို ရှင်းလင်းဖော်ပြရမည်ဖြစ်ပြီး တစ်ကြိမ်ထက်ပို၍ ထပ်ပြောရမည်ဖြစ်သည်။ သို့မဟုတ်လျှင် အဆင်ပြေမည်မဟုတ်။ သာမန်အမှုအရာများကို နှစ်ကြိမ် သုံးကြိမ် ပြောရမည်ဖြစ်သော်လည်း အတန်ငယ်ကြာပြီးနောက် သင် မေ့လျော့သွားကာ နောက်ထပ် အကြိမ်အတော်များများ ထပ်ပြောရမည်ဖြစ်သည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ မိမိ လုပ်ဆောင်သည့်အရာကို နှလုံးမသွင်း၊ အားမထုတ်သကဲ့သို့ အလုပ်လုပ်ပေးရန် အရည်အချင်းမပြည့်မီသည့် နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားကို နားလည်နိုင်သလော။ ၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းကာ သမ္မာတရားအဆင့်သို့ ၎င်းတို့ မတိုးတက်နိုင်သောကြောင့် ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် မုချ မလွယ်ကူပေ။ လူအချို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်သော်လည်း တစ်စုံတစ်ရာကို တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဖြတ်သန်းရပြီးနောက် သင်ယူနိုင်ကြသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့်ပတ်သက်သည့် မိတ်သဟာယကို ကြားပြီးနောက်တွင် သမ္မာတရားကို သဘောပေါက်နားလည်ကာ သိမြင်နိုင်ပြီး သဘောပေါက်နိုင်လျှင် ၎င်းတို့သည် အစွမ်းအစရှိသော လူများဖြစ်သည်။ အစွမ်းအစရှိခြင်းက ကြီးမားသည့် ပြဿနာမဟုတ်ဘဲ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိခြင်းက ကြီးမားသည့် ပြဿနာဖြစ်သည်။ ဤအရာသည် ထိုသို့သော လူတို့၏ အတွေ့ကြုံ အတိမ်အနက်နှင့်သာ ဆက်စပ်ပြီး ၎င်းတို့၏ သမ္မာတရား သိနားလည်ခြင်း အတိမ်အနက်နှင့်လည်း တိုက်ရိုက် ဆက်စပ်လေသည်။ သာ၍ များသော အတွေ့အကြုံနှင့် သာ၍ နက်ရှိုင်းသော သမ္မာတရား သိနားလည်မှုရှိပြီးနောက်တွင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလိုအလျောက် ကြီးထွားလိမ့်မည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။