သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည် (အပိုင်း တစ်)
ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် စကြဝဠာနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိ၏။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ မည်သည့်အမှန်တရားကို လူတို့ မြင်ကြသနည်း။ ကမ္ဘာလောကသည် မည်မျှကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် စကြဝဠာက မည်မျှ အပြောကျယ်သည်ဖြစ်စေ ကြီးကျယ်ခမ်းနားသော အရာများမှနေ အလွန်သေးငယ်၍ မျက်စိဖြင့် မမြင်နိုင်သော အရာများအထိ အားလုံးအပေါ် အချုပ်အခြာအာဏာဖြင့် ဘုရားသခင် စိုးစံပြီး အရာခပ်သိမ်းအပေါ် စီစဉ်ညွှန်ကြား၏။ လူသား၏ ဆန္ဒများ၊ ရည်မှန်းချက်များ၊ တောင်းဆိုချက်များ၊ သို့မဟုတ် လူသားတိုးတက်ဖွံ့ဖြိုးရန် လိုလားသည့် ဦးတည်ချက်က မည်သည့်အရာဖြစ်စေ၊ ဘုရားသခင်၏ အမြင်အရဆိုလျှင် သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများသည် ဤအရာများအားဖြင့် စိုးစဉ်းမျှ ထိခိုက်ခြင်း မရှိပေ။ အရာခပ်သိမ်းကို အချုပ်အခြာအာဏာဖြင့် ဘုရားသခင် စိုးစံပြီး စီစဉ်ညွှန်ကြားရာတွင် အသုံးပြုသည့် စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းသည် မည်သည့်အရာအပေါ် အခြေပြုထားသနည်း။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းက မည်သည့်အရာကို ဗဟိုပြုထားသနည်း။ (ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဗဟိုပြုပါသည်။) ဤအဖြေသည် မှန်၏။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဗဟိုပြုသည်။ ဤစကားများသည် အတော်အတန် စိတ်ကူး၍ပင် မရနိုင်လောက်စရာ ဖြစ်သော်လည်း သာ၍ နက်ရှိုင်းပြီး ဖုံးကွယ်နေသော အဓိပ္ပာယ်တစ်ခု ရှိသည်။ ယင်းအားဖြင့် ငါဆိုလိုသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုတစ်ခုမျှသည် လူ့ဆန္ဒများ၏ စိုးမိုးခြယ်လှယ်မှု ခံရခြင်းမရှိဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများ၊ နိုင်ငံများ၊ လူများ၊ သို့မဟုတ် လူမျိုးနွယ်အုပ်စုများကို သူ စီစဉ်ညွှန်ကြားသည့် နည်းလမ်း၊ သို့မဟုတ် သတ်မှတ်ထားသည့် ဒေသတွင် ဖြစ်ပျက်ရန် သူ စီစဉ်သည့်အရာများသည် လူ၏ ဆန္ဒများဖြင့် စိုးမိုးခြယ်လှယ်ခြင်း မခံရပေ။ ဘုရားသခင်သည် အချိန်၊ နေရာ၊ ပထဝီအနေအထား၊ သို့မဟုတ် လူတို့အားဖြင့် ကန့်သတ်မခံရပေ။ သူ လုပ်ဆောင်သမျှတိုင်းကို သူ၏ အကြံအစည်အတိုင်း အတိအကျ ဆောင်ရွက်ထားခြင်းဖြစ်ပြီး မည်သည့်လူကမျှ ထိုအရာကို ကဖျက်ကယက်မလုပ်နိုင်၊ သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ သင် လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ပြီးလျှင် လူသားမျိုးနွယ်၊ သို့မဟုတ် သီးခြား လူမျိုးနွယ်စုတစ်စု၏ ဓမ္မဓိဋ္ဌာန်မကျသော ဆန္ဒများက မည်သည့်အရာဖြစ်စေ၊ မည်သည့်လူ၊ သို့မဟုတ် အမှုအရာကမျှ ဘုရားသခင် လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးဖြစ်သည့်အရာကို နှောင့်ယှက်၊ ဖျက်ဆီးနိုင်စွမ်း၊ သို့မဟုတ် စိုးမိုးခြယ်လှယ်နိုင်စွမ်း မရှိပေ။ ဤအရာမှ မည်သည့်အရာကို သင် သင်ယူရပြီနည်း။ (ဘုရားသခင်၏ ဩဇာအာဏာကို သင်ယူပြီးဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်၏။ လူသားများကို ဘုရားသခင် ပထမဦးဆုံး ဖန်ဆင်းခဲ့ချိန်မှ ၎င်းတို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ခဲ့ချိန်ထိ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူများ၊ တစ်ပါးအမျိုးသားများနှင့် ဘုရားသခင်အပေါ် ဆန့်ကျင်လိုသောသူများ အကျုံးဝင်လေသည်။ ဤလူအမျိုးအစားအားလုံးကို လူသားများအဖြစ် ဘုရားသခင်က ရှုမြင်သည်။ သို့သော် ဤလူအမျိုးအစားများကို ဘုရားသခင် ဆက်ဆံပုံတွင် ကွာခြားချက်တစ်ခု ရှိသလော။ ဘုရားသခင်သည် သူ ရွေးချယ်ထားသူများကို အထူးနည်းလမ်းတစ်ခုဖြင့် ဦးဆောင်ပါသလော။ (ဦးဆောင်ပါသည်။) ဘုရားသခင်သည် အခြားသူများကို ဆက်ဆံသည်နှင့် မတူကွဲပြားစွာ သူ၏ ရွေးချယ်ထားသောလူများကို ဆက်ဆံသည်။ သို့ရာတွင် သူ၏ ရွေးချယ်ထားသောလူများအတွင်းတွင် အချို့သည် သူ့နောက်လိုက်ကာ ကျိုးနွံနာခံနိုင်ကြပြီး အချို့မှာ သူ့ကို ပုန်ကန်သကဲ့သို့ အတိုက်အခံလုပ်ကြ၏။ သို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့ကို အဘယ်သို့ ဆက်ဆံသနည်း။ သူ့အပေါ် ၎င်းတို့၏ သဘောထားကို သူ မည်သို့ ရှုမြင်သနည်း။ (ဘုရားသခင်သည် သူ့ကို ကျိုးနွံနာခံသူတို့အပေါ် သနားကရုဏာရှိပြီး ချစ်ခင်သော်လည်း လူတို့သည် သူ့ကို ပုန်ကန်သည့်အခါ၊ သို့မဟုတ် အတိုက်အခံလုပ်သည့်အခါ ၎င်းတို့အပေါ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျရောက်စေပါသည်။) မှန်ပေ၏။ သင်သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူများထဲမှတစ်ဦး၊ သို့မဟုတ် သူ၏ နောက်လိုက်များထဲမှ တစ်ဦးဖြစ်သည်ဟု သင် တွေးထင်ပါစေ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို တစ်နည်းနည်းဖြင့် ပံ့ပိုးပေးပြီးဖြစ်သည်ဟု တွေးထင်ပါစေ ဘုရားသခင်၏ အမြင်အရဆိုလျှင် ဤအပြင်ပန်းအရာများကို သူ မကြည့်ပေ။ ဘုရားသခင်သည် ဖြောင့်မတ်သော စိတ်သဘောထားတစ်ခုရှိပြီး လူတို့အပေါ် သူ၏ ဆက်ဆံမှုတွင် စည်းမျဉ်းနှင့်ညီ၏။ တရားစီရင်ခံရသင့်သူတို့သည် တရားစီရင်ခံရ၏။ အပြစ်ပေးခံရသင့်သူတို့သည် အပြစ်ပေးခံရပြီး ဖျက်ဆီးခံရသင့်သူတို့သည် ဖျက်ဆီးခံရလေသည်။ ဥပမာအားဖြင့် ဂျူးလူမျိုးများက ယုဒပြည်မှ နှင်ထုတ်ခံရပြီး သခင်ယေရှု၏ နိုင်ငံတော် ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားများထံ ဖြန့်ဝေခဲ့သည့် အချက်နှင့်ပတ်သက်၍ သင် မည်သို့ သဘောရသနည်း။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများအရ၊ ပြီးလျှင် ယုဒအယူဝါဒအရဆိုလျှင် ဂျူးလူမျိုးများသာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အဖိုးတန် သားသမီးများဖြစ်ပြီး ဘုရားသခင် အလေးအထားဆုံးသော လူသားများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အသည်းကြော်လေးများ ဖြစ်သည်။ လူတို့ ပြောသည့်အရာအရ ဂျူးလူမျိုးများသည် သူ၏ အချစ်ခင်ဆုံးသော သားသမီးများဖြစ်ပြီး တစ်ဦးတစ်ယောက်သည် မိမိတို့ အချစ်ဆုံး ကလေးကို ဂရုစိုက်ပြီး မည်သည့်နည်းနှင့်မျှ ၎င်းတို့ကို မနာကျင်စေသင့်၊ သို့မဟုတ် မတရားမပြုစေသင့်ဟူ၍ ဖြစ်သည်။ ဂျူးလူမျိုးများက မည်သည့်အရာကို ဆုတောင်းသည်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို ပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့ တောင်းလျှောက်သည့်အရာ၊ သို့မဟုတ် စိတ်ကူးသည့်အရာထက် ပေးသနားလိမ့်မည်ဟု လူတို့ တွေးထင်ကြသည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သနည်း။ ဂျူးလူမျိုးများက သခင်ယေရှုကို ကားတိုင်တွင် သံမှိုရိုက်နှက်ခဲ့သောကြောင့် ဘုရားသခင်သည် အလွန် ဒေါသထွက်လာခဲ့ပြီး ယုဒပြည်ကို သိမ်းပိုက်ကာ ဂျူးလူမျိုးများကို မိမိတို့ဇာတိဒေသမှ နှင်ထုတ်ရန် ရောမလူမျိုးများကို စစ်တပ်များစေလွှတ်စေခဲ့သည်။ ယင်းမှာ များစွာသော လူသတ်မှုနှင့် အစုအပြုံလိုက်လူသတ်ခြင်း ဖြစ်အင်တစ်ခု ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သည့် လူများ သေဆုံးကာ မြစ်ရေများအလား သွေးချောင်းစီးသွားခဲ့သည်။ ဂျူးလူမျိုးများစွာ ရှင်ကျန်ခဲ့သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအမျိုးမျိုးဆီသို့ ရှောင်တိမ်းခြင်းအားဖြင့် ဖြစ်သည်။ ဤအချက်များမှ ဘုရားသခင်၏ စိတ်သဘောထား၌ မည်သည့် အနှစ်သာရကို သင်တို့ မြင်သနည်း။ (ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်း ဖြစ်သည်။) ဘုရားသခင်၏ စိတ်သဘောထားအကြောင်း ပြောဆိုခြင်းဖြင့် အစမပြုကြစို့နှင့်၊ ပထမဦးစွာ လူတို့ကို ဥပမာတစ်ခုအဖြစ် အသုံးပြုကြစို့။ တကယ့်ဘဝတွင် တစ်စုံတစ်ဦးသည် မိမိအလွန်ချစ်ရသည့် ကလေးတစ်ဦးရှိပြီး မိမိတို့၏ ပိုင်ဆိုင်မှုနှင့် ရှိသမျှကို ထိုကလေးအား အမွေခံစေလိုပါက မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်နည်း။ တစ်ဖက်တွင် ထိုကလေး ဖြစ်မြောက်အောင်မြင်ပြီး မိမိမိဘများ၏ အရိုက်အရာကို ခံယူနိုင်ရန်အလို့ငှာ သူနှင့်ပတ်သက်၍ ၎င်းတို့က တင်းကျပ်ကြလိမ့်မည် ဖြစ်သည်။ သို့ရာတွင် အရေးအကြီးဆုံးမှာ သူ့ကို ၎င်းတို့ ကာကွယ်ပေးလိမ့်မည်ဖြစ်ပြီး ထိခိုက်နစ်နာမှု၊ သို့မဟုတ် အန္တရာယ်တစ်ခုတလေ ရှိသည့် လမ်းကြောင်းထဲ ရောက်လာခွင့်ပေးမည် မဟုတ်ပေ။ ဤအရာ၏ ရည်ရွယ်ချက်မှာ ကလေးငယ်က အသက်ရှင်ပြီး မိဘများရှိသမျှကို အမွေခံနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ရန် မည်သည့်အရာက ၎င်းတို့ကို လှုံ့ဆော်သနည်း။ လူတို့သည် မိမိတို့မချစ်သည့် ကလေးများ၊ သို့မဟုတ် သူစိမ်းများကို အလားတူ ဆက်ဆံကြသလော။ ၎င်းတို့ ထိုနည်းအတိုင်း ပြုမူကြသလော။ (မပြုမူကြပါ။) ၎င်းတို့ အချစ်ဆုံးဖြစ်သော ကလေးအတွက် လူတို့ လုပ်သမျှသည် တစ်ကိုယ်ကောင်းဆန်ခြင်း၊ ခံစားချက်များနှင့် တစ်ကိုယ်ရေ စိတ်ဆန္ဒများက လှုံ့ဆော်သည်မှာ သိသာပေသည်။ ဤအရာများသည် လူ့သဘာဝအနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ ခံစားချက်များနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း၌ သမ္မာတရား ရှိသလော။ မျှတမှု ရှိသလော။ (မရှိပါ။) ယင်းမှာ လူသားမျိုးနွယ်က မိမိကိုယ်ကို ပေါ်လွင်စေပုံ ဖြစ်သည်။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများကို ကြည့်လော့။ ဘုရားသခင်သည် သူရွေးချယ်ထားသော လူများဖြစ်သည့် ဂျူးလူမျိုးများအား ယုဒပြည်မှ ကမ္ဘာအနှံ့၊ အာရှ၊ ဥရောပ၊ အာဖရိကနှင့် အမေရိကတို့ရှိ တစ်ပါးအမျိုးသားများအားလုံးထံ ဧဝံဂေလိတရား ဖြန့်စေချင်ခဲ့၏။ ထိုဧဝံဂေလိတရားကို ၎င်းတို့ မည်သို့ ဖြန့်ရမည်နည်း။ ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ နယ်မြေကို ဝင်ရောက်စီးနင်းကာ သိမ်းပိုက်ခဲ့သော နိုင်ငံရပ်ခြားကျူးကျော်သူများ အသုံးပြုသည့် နည်းလမ်းတစ်ခုကို သုံးကာ ထိုနေရာတွင် နေထိုင်နေသော ဂျူးလူမျိုးများ၊ ကယ်တင်ရှင် ယေရှုအကြောင်း သတင်းဖြန့်ဝေနေသည့်လူများကို အိမ်ယာများ ဆုံးရှုံးသွားပြီး မည်သည့်အခါမျှ ပြန်မလာအောင် မောင်းထုတ်ခဲ့သည်။ ထို့နောက်တွင် ဂျူးလူမျိုးများသည် ၎င်းတို့ အခြေချနေထိုင်ခဲ့ကြသည့် ကမ္ဘာမြေ၏ နေရာအမျိုးမျိုးတွင် ရှင်သန်နေထိုင်ကြပြီး ကယ်တင်ရှင် ယေရှု၏ ဧဝံဂေလိတရားကို ကမ္ဘာလောကရှိ နိုင်ငံတိုင်းနှင့် ဝေးလံခေါင်သီသော နေရာအနှံ့အပြား အားလုံးဆီသို့ တဖြည်းဖြည်း ရောက်ရှိသည်အထိ စတင်ဖြန့်ဝေခဲ့ကြသည်။ ဤအရာက ဘုရားသခင်၏ အမှုတော်သည် အလွန်လက်တွေ့ကျသည်ဆိုသည့် အချက်တစ်ခုကို သက်သေပြု၏။ ဤအရာသည် အဓိကအားဖြင့် မည်သည့်နေရာတွင် သိသာထင်ရှားသနည်း။ ဘုရားသခင်သည် ဣသရေလလူတို့ကို ဤအမျိုးမျိုးသော နိုင်ငံအားလုံးဆီသို့ တွန်းပို့ပြီး သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်စေရန် အလွန်တစ်မျိုးတစ်ဘာသာဖြစ်ပြီး တစ်မူထူးခြားသော နည်းတစ်နည်းကို အသုံးပြုခဲ့သည့်အချက်တွင် သိသာထင်ရှား၏။ သူသာ ဣသရေလလူတို့ကို နိုင်ငံတိုင်းဆီသို့ ပြောင်းပြီး ဧဝံဂေလိ ဖြန့်ကာ ဘုရားသခင်ကို သက်သေခံရန် ဆုံးဖြတ်ချက်ချခွင့်ပေးခဲ့ပါက ၎င်းတို့သည် မိမိတို့ မိသားစုများနှင့် ဘိုးဘွားပိုင် ဇာတိမြေကို မိမိတို့ဘာသာ စွန့်နိုင်ခဲ့မည်မဟုတ်ချေ။ ယင်းမှာ ၎င်းတို့အနေဖြင့် ထွက်သွားပြီး သခင်ယေရှု၏ ဧဝံဂေလိကို ဖြန့်ဝေနိုင်ရန်အလို့ငှာ စတင်နိုင်စေရန် ဘုရားသခင်က ၎င်းတို့ကို ရိုက်ချလိုက်သည့်အလား ဖြစ်သည်။ ဤသည်မှာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားအတွက် ဘုရားသခင် ပေးခဲ့သည့် အဖိုးအခ ဖြစ်သည်။ သူသည် သူရွေးချယ်ထားသော လူတို့အား စစ်ပွဲ၊ လူသတ်ပွဲနှင့် ပြည်နှင်ဒဏ်တို့ဖြင့် တွေ့ကြုံစေခဲ့သည်။ ဂျူးလူမျိုးများသည် နိုင်ငံတိုင်း၌ ဧဝံဂေလိတရား ဖြန့်ဝေရင်း နေအိမ်မရှိဘဲ ကမ္ဘာမြေပေါ် မဖြစ်မနေ လှည့်လည်သွားလာခဲ့ရသည်။ လူတို့၏ အမြင်တွင်၊ ဤနည်းစနစ်များသည် လူတို့အပေါ် အလွန် မစာနာလွန်းရာကျသော်လည်း ဘုရားသခင်၏ အနှစ်သာရကို “လူတို့အပေါ် မစာနာခြင်း” အဖြစ် ဖော်ပြ၍ ရနိုင်သလော။ ယင်းမှာ လူတို့အပေါ် မစာနာခြင်း မဟုတ်သည်နှင့်အမျှ ထိုသို့ဖော်ပြ၍ မရနိုင်သည်မှာ သိသာပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတွင် တစ်ကိုယ်ကောင်းဆန်ခြင်း၊ သို့မဟုတ် လူ့ဇာတိဆိုင်ရာ ခံစားချက်များ မရှိသောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ တိုးတက်မှု နောက်တစ်ဆင့် အောင်မြင်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များနှင့်အညီ အပြည့်အဝ အကောင်အထည်ပေါ်ရန်အလို့ငှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ တိုးတက်မှုအတွက် ဤအရာအားလုံးကို သူလုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာကို ဘုရားသခင် လုပ်ဆောင်ရမည် ဖြစ်သည်။ အခြားနည်းလမ်း မရှိပေ။ ဘုရားအမှုတော်၏ အဆင့်များသည် ဤအခြေအနေထိ တိုးတက်နှင့်ခဲ့ပြီးဖြစ်ကာ သူ၏ လုပ်ရပ်များက မြန်ဆန်ပြီး ကောင်းမွန်သော ရလဒ်များကို ယူဆောင်ပြီးဖြစ်သောကြောင့် ယင်းတို့သည် လုံးဝ သင့်လျော်ပေသည်။ ဘုရားသခင်၏ အနှစ်သာရကို ကြည့်သည့်အခါ ဤအရာကို ဘုရားသခင် တစ်ပါးတည်းသာ လုပ်နိုင်မည်ဖြစ်သည်၊ အခြားမည်သည့် နိုင်ငံ၊ သို့မဟုတ် လူမျိုးနွယ်ကမျှ လုပ်နိုင်မည်မဟုတ်။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်၏။ ဂျူးလူမျိုးများအပေါ် ဘုရားသခင်၏ သဘောထားကို ကြည့်ခြင်အားဖြင့် ယနေ့ခေတ် ဘုရားသခင်၏ ရွေးချယ်ထားသောလူများအတွက် ဉာဏ်အလင်းအချို့ကို ရရှိသင့်ပေသည်။ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသားအတွက် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၊ အလေးထားမှု၊ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းတို့ရှိသော်လည်း ဘုရားသခင်က လူတို့ကို စေခိုင်းချက်တာဝန်တစ်ခု ပေးသည့်အခါ ဘုရားသခင်၏ အမြင်တွင် လူတို့သည် မည်သည့်အရာ ဖြစ်သနည်း။ ဤအဓိပ္ပာယ်အဆင့်ကို သင်တို့ သဘောပေါက်နိုင်သလော။ လူအချို့က “ဤရှုထောင့်အမြင်မှကြည့်လျှင် လူတို့သည် ဘုရားသခင်၏ အမြင်၌ မည်သည့်တန်ဖိုးမျှ မရှိပါ။ သူတို့သည် အသုံးခံများသာ ဖြစ်သည်။ သင်သည် သူ ပြောသည့်နေရာသို့ သွားပြီး သူ ခိုင်းသည့်အတိုင်းသာ လုပ်သည်”ဟု ဆိုကြသည်။ ဤစကားများသည် မှန်ကန်ပါ၏လော။ မမှန်ချေ။ အပေါ်ယံတွင် ဤအရာက ဟုတ်ပုံရသော်လည်း အမှန်တွင် မဟုတ်ပေ။ လူတို့၏ စကားများကို သုံးပြီးပြောရလျှင် ဘုရားသခင်သည် ပြုမူဆောင်ရွက်သည့်အခါ ထိုမျှစိတ်မဝင်စားပေ။ ဘုရားသခင်သည် လူ၏ အစဉ်အလာ အတွေး၊ သို့မဟုတ် အယူအဆများ မရှိသကဲ့သို့ မည်သည့်အရာဖြင့်မျှ ကန့်သတ်မခံရပေ။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ချုပ်ချယ်မှုကင်းသည်၊ လွတ်လပ်ကာ ပွင့်ပွင့်လင်းလင်းဖြစ်၍ တရားမျှတသည်။ ရှုထောင့်တစ်ခုမှာ သူသည် အရာရာ ပုံမှန် တိုးတက်ရန်အလို့ငှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များအတိုင်း သူ လိုက်နာသည်။ အခြားရှုထောင့်တစ်ခုမှာ ဤအရာကို သူလုပ်ဆောင်ခြင်းသည် အနာဂတ်ရှိ လူတို့အနေဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အညီ ဘုရားသခင်၏ လက်ထဲတွင် ပုံမှန်တိုးတက်ကာ ရှေ့ဆက်နိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ လူ၏ တိုးတက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် အတွင်းကျကျ ဆက်နွှယ်၏။ ဘုရားသခင်သည် ဤခြေလှမ်းကို လှမ်းရန် သူချစ်သည့် တစ်စုံတစ်ရာကို စွန့်ရသည့်နာကျင်မှုကို သည်းညည်းခံရင်း ဤသို့ မပြုမူပါက လူအတွက် အနည်းငယ်မျှပင် တိုးတက်ရန် ခက်ခဲပေမည်။ ယင်းမှာ ဘုရားသခင်သည် သူ ပြုလုပ်သည့် ရွေးချယ်မှုတိုင်း၊ သူ လှမ်းသည့် ခြေလှမ်းတိုင်းနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ရှိ အရာရာတိုင်းကို စဉ်းစားပြီးဖြစ်သည်ဟု ငါပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းတွင် သူ၏ အစွမ်းခွန်အား၊ ဩဇာအာဏာနှင့် ဉာဏ်ပညာတို့ ပါဝင်သည်။ လူတို့နားမလည်သော ဘုရားသခင် လုပ်ဆောင်သည့်အရာ အချို့ အမြဲရှိသည်။ ၎င်းတို့ အဘယ်ကြောင့် နားမလည်နိုင်သနည်း။ လူတို့တွင် အယူအဆများ ရှိသောကြောင့် ဖြစ်သည်။ ဤအယူအဆများထဲမှ အချို့သည် စိတ်ကူးများဖြစ်၏။ အချို့မှာ လူ၏ ရိုးရာယဉ်ကျေးမှုနှင့် အတွေး၏ လွှမ်းမိုးခြင်းခံရပြီး အချို့မှာ လူ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ဝေဖန်မှုများ ဖြစ်သည်။ ဤအရာများက ဘုရားသခင်အပေါ် လူ၏ သိနားလည်မှုအပြင် ဘုရားသခင်အပေါ် သူ၏ အမြင်ကိုပါ လွှမ်းမိုးလေသည်။
ယုဒပြည်မှ ဂျူးလူမျိုးများ နှင်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့် ကောက်ချက်ကို သင်တို့ ချနိုင်ကြသနည်း။ (ဘုရားသခင်သည် လူသားများကဲ့သို့ တစ်ကိုယ်ကောင်းဆန်သော စိတ်နှလုံး မရှိခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှသည် တရားမျှတပြီး လူသားမျိုးနွယ်အားလုံး၏ တိုးတက်မှုအတွက် ဖြစ်ပါသည်။) သင်တို့ထံ ဤအခြေအနေဖြစ်ပျက်ပြီး လူသတ်ပွဲ၊ သွေးစီးချောင်းများ၊ ပျက်စီးမှုတို့ရှိကာ သေခြင်းက သင်တို့ အိမ်ထောင်အပေါ် အလည်ရောက်ရှိ၍ သင်၏ မိသားစု တစ်စစီပြိုကွဲပါက သင်တို့၏ သိနားလည်မှုသည် မည်သည့်အရာ ဖြစ်မည်နည်း။ (ကျွန်ုပ်တို့၏ လူ့သဘာဝနှင့် စာတန်အားဖြင့် ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာပေါ် မူတည်၍ ကျွန်ုပ်တို့တွင် အထင်လွဲမှုများ၊ စောဒကတက်ခြင်းနှင့် အဓိပ္ပာယ်ကောက်လွဲမှုများ ရှိကောင်းရှိနိုင်သော်လည်း ယခုတွင် ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့် ဘုရားသခင် လုပ်ဆောင်သမျှသည် အဓိပ္ပာယ်နှင့် သူ၏ ရည်ရွယ်ချက်များပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ပါသည်။ ဆင်းရဲဒုက္ခမည်မျှ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသည်ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးကို ကျွန်ုပ်တို့ လိုလိုလားလား ကျိုးနွံနာခံပြီး ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဝေမျှကာ သက်သေခံလျက် သူနှင့်အတူ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။) ဤအချက်များကို ရင်ဆိုင်ရာတွင် လူသည် ရွေးချယ်မှုတစ်ခု ရှိပါသလော။ ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်သည့်အရာကို လူက ရွေးချယ်ပိုင်ခွင့်မရှိပေ။ ဤစကားများကို ကြားပြီးနောက်တွင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း လူတို့ ခံစားရသေးသလော။ ၎င်းတို့ စိတ်ပျက်အားလျော့လာကြပြီး “ဤအချက်များနှင့် ပတ်သက်၍ လူတို့တွင် ရွေးချယ်ပိုင်ခွင့်မရှိပါက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ လုပ်ဆောင်ချက်တွင် လူသည် မည်သည့်အခန်းကဏ္ဍ၌ အတိအကျ ပါဝင်ပါသနည်း”ဟု ဆိုကြသည်။ သင်တို့ သိကြသလော။ (ကျွန်ုပ်တို့သည် အဖန်ဆင်းခံများ ဖြစ်ကြပါသည်။) သင်တို့သည် အဖန်ဆင်းခံများသာ မဟုတ်ပေ။ အဖြည့်ခံများအဖြစ် ပြုမူဆောင်ရွက်ကြ၏။ သင်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံရသည့်သူများဖြစ်ရုံသာမက သူ၏ ကယ်တင်ခြင်း ခံရသည့်သူများလည်း ဖြစ်၏။ ယင်းမှာ သင်တို့ ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အဖန်ဆင်းခံများအနေဖြင့် သင်တို့၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ဤသည်မှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှု၊ တာဝန်တို့နှင့် ဆက်နွှယ်ပေသည်။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို တေးသီချင်းနှင့်ဆိုင်သည့် ဆုကျေးဇူးပေးကာ ဘုရားအိမ်တော်က သင် သီချင်းဆိုဖို့အတွက် စီစဉ်ပါက ကောင်းစွာ သီဆိုရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိ ဆုကျေးဇူးရှိပြီး ဘုရားအိမ်တော်က ဧဝံဂေလိ ဖြန့်ဝေရန် သင့်အတွက် စီစဉ်ပါက သင်သည် ဧဝံဂေလိကို ကောင်းစွာ ဖြန့်ဝေသင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့က သင့်ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြောက်သည့်အခါ သင့်အနေဖြင့် ခေါင်းဆောင်မှုနှင့်ဆိုင်သည့် စေခိုင်းချက်တာဝန်ကို ယူသင့်ပြီး ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုရန်နှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို ဦးဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏ တာဝန်ကို ကောင်းစွာ သင် ဆောင်ရွက်ပြီးဖြစ်လိမ့်မည်။ လူကို ဘုရားသခင် ပေးသည့် စေခိုင်းချက်တာဝန်သည် အလွန့်အလွန် အရေးကြီးပြီး အဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် ဤစေခိုင်းချက်တာဝန်ကို သင် မည်သို့ ယူပြီး မိမိလုပ်ငန်းဆောင်တာကို ဖြည့်ဆည်းသင့်သနည်း။ ဤသည်မှာ သင် ရင်ဆိုင်သည့် အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ရွေးချယ်မှုတစ်ခု သင် ပြုလုပ်ရမည်။ ယင်းမှာ သမ္မာတရားကို သင် ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်ခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်သည့် အရေးပါသော အခိုက်အတန့်တစ်ခု ဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒကို သင်မှီခိုခြင်းဖြင့် ဆောင်ရွက်ကာ မအပ်မရာအမှုမျိုးစုံကို သင်ကျူးလွန်မိပါက ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင်ဖြည့်ဆည်းလိမ့်မည် မဟုတ်သည်သာမက ဘုရားအိမ်တော်၏ အလုပ်ကိုလည်း နှောင့်ယှက်မိလိမ့်မည်။ သို့ဖြစ်၍ ပေါလု အပြစ်ပေးခံခဲ့ရသကဲ့သို့ သင်အပြစ်ပေးခံရဖို့ လိုအပ်လိမ့်မည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်ကို ပြောသည့်အခါ သင်၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ထိုတာဝန်ကို ကောင်းစွာလုပ်ပြီး အမှားမလုပ်မိရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် သင်သည် အစေခံမှုကို ကောင်းစွာ ပေးနေခြင်း ဖြစ်သည်။ မည်သည့် အစေခံမှုကို ပေးရန် ဘုရားသခင်က သင့်ကို ပြောသည်ဖြစ်စေ သင်ကောင်းမွန်စွာ ကျိုးကျိုးနွံနွံ လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်သည် နားထောင်ပြီး ကျိုးနွံနာခံသောလူတစ်ဦး ဖြစ်သည်။ အစေခံမှုကို နာခံစွာ သင်မပေးသကဲ့သို့ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ အစဉ်ထားရှိပြီး ရှင်ဘုရင်တစ်ပါးကဲ့သို့ အမြဲ အုပ်စိုးလိုပါက သင်သည် စာတန်တစ်ဦးနှင့် အန္တိခရစ်တစ်ဦး ဖြစ်ကာ အပြစ်ပေးခံရမည်။ လူအချို့သည် သမ္မာတရားကို နားမလည်၊ သို့မဟုတ် မလိုက်စားကြချေ။ မိမိတို့၏ အလုပ်ကိုသာ အားထုတ်ကြ၏။ သို့ဆိုလျှင် အဖန်ဆင်းခံတစ်ဦးအဖြစ် ၎င်းတို့၏ လုပ်ငန်းဆောင်တာမှာ မည်သည့်အရာနည်း။ အားသွန်ခွန်စိုက်လုပ်ပြီး အလုပ်လုပ်ပေးရန်သာ ဖြစ်သည်။ ထို့နောက် ပေါင်းရုံးသုံးသပ်ရလျှင် ဘုရားသခင်၏ အမြင်၌ အဖန်ဆင်းခံများက ဆောင်ရွက်သင့်သည့် တိကျသော တာဝန်များက မည်သည့်အရာဖြစ်ပြီး ၎င်းတို့ မည်သည့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်သင့်သနည်း။ ဤသည်မှာ သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည်။ လူ၏ အယူအဆများနှင့် စိတ်ကူးများအရ ဘုရားသခင်သည် သူ၏အမြင်၌ ဖန်ဆင်းခံများကို အလေးထားသည်၊ မြတ်နိုးသည်၊ ကွယ်ကာသည်၊ ကြည့်ရှုစောင့်ရှောက်ပြီး ကျေးဇူးတော်ကို ပေးသနားသည်။ ထို့နောက် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး ပြုပြင်သည်၊ ၎င်းတို့ကို မိမိစိတ်နှလုံးဖြင့် ချစ်ပြီး ၎င်းတို့သည် သူ၏လက်ထဲတွင် ရှိသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို စုံလင်စေရန်၊ ၎င်းတို့ကို အသေအချာ လုံခြုံဘေးကင်းစေပြီး ၎င်းတို့ စုံလင်စေခြင်း ခံရသည်အထိ ၎င်းတို့ထံ မည်သည့်အရာမျှ မဖြစ်ပျက်ရန် သေချာစေဖို့ မြဲမြံသော ကြံရွယ်ချက်ရှိလေသည်။ ၎င်းတို့အဖို့ ဤသည်မှာ ဘုရားသခင်၏ အမြင်တွင် အဖန်ဆင်းခံများ ဖြစ်သည့်အရာ ဖြစ်သည်။ ဤအရာကို လူတို့ တွေ့ကြုံသည့်အခါ ၎င်းတို့က “ဘုရားသခင်သည် ထူးထူးကဲကဲ ချစ်ဖွယ်ကောင်းသည်။ ကျွန်ုပ်တို့ ဘုရားသခင် ကြီးမြတ်လိုက်လေခြင်း။ သူသည် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်။ ဘုရားသခင်သည် သနားကရုဏာရှိပြီး ချစ်ခင်ဖွယ်ရာဖြစ်သည်။ ဘုရားသခင်သည် အံ့ဩဖွယ်ဖြစ်သည်”ဟု တွေးထင်ကြသည်။ သို့ရာတွင် ဤအရာကို အမှန်တရားများနှင့် သင် ယှဉ်ကြည့်သည့်အခါ ဤသည်တို့မှာ အဖန်ဆင်းခံများကို ဘုရားသခင် ဆက်ဆံသည့် တစ်ခုတည်းသော နည်းလမ်းများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတို့ကို ဘုရားသခင် မည်သို့ ဆက်ဆံသနည်း။ လူနှင့်သက်ဆိုင်သည့် သူ၏ ဆက်ဆံမှုအပေါ် ဘုရားသခင် ခံယူသည့် သဘောထားနှင့် ပတ်သက်၍ လူတို့သည် အခြားမည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိကြသနည်း။ လူတို့ လက်မခံနိုင်သည့်အရာ တစ်ခုတလေ ရှိသလော။ ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးမှု၊ ပြုပြင်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်းနှင့် ခံစားခွင့်ပိတ်ပင်ခြင်း ဖြစ်သည်မှာ ဧကန်မုချဖြစ်ပေသည်။ မည်သည့်လူစားမျိုးများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံနိုင်သူများ ဖြစ်သနည်း။ ၎င်းတို့မှာ သမ္မာတရားကို လက်မခံသူများဖြစ်ကြောင်း သင် ဆိုနိုင်ပြီး သမ္မာတရားကို လက်မခံသူများမှာ မယုံကြည်သူများဖြစ်ကြောင်း သင် ဧကန်မုချ ဆိုနိုင်ပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံနိုင်ပါက ယင်းမှာ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ လက်မခံနိုင်ခြင်း သဘောသက်ရောက်ပေသည်။ ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့က သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကို ငြင်းပယ်ကြခြင်း ဖြစ်သည်။ ဤသို့သော လူများသည် ကပ်ဘေးနှင့် အပြစ်ဒဏ်ဖြင့်သာ တွေ့ကြုံရလိမ့်မည်။ သင်သည် မည်သည့်လူစားမျိုးဖြစ်ပါစေ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံပါက သင်ကယ်တင်မခံရနိုင်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင် ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ဖို့ မည်သည့် အခြေအနေဖြင့် ဝိုင်းရံစေသည်ဖြစ်စေ ထုတ်ဖော်ခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် ဘုရားသခင်၏ ကောင်းချီးများ၊ ကျေးဇူးတော်၊ ဂရုစိုက်ခြင်း၊ သို့မဟုတ် ကွယ်ကာမှုတို့ကို ၎င်းတို့ မြင်နိုင်သလော။ (မမြင်နိုင်ပါ။) အပေါ်ယံအားဖြင့် ၎င်းတို့ မမြင်နိုင်သော်လည်း စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ၎င်းတို့ ဖြတ်သန်းပြီးနောက်တွင် ထိုအရာကို ၎င်းတို့ မြင်နိုင်လိမ့်မည်လော။ ၎င်းတို့ သေချာပေါက် မြင်နိုင်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီးနောက်တွင် သူ၏ ကွယ်ကာမှုနှင့် ကောင်းချီးများကို မြင်နိုင်ကြသည့် လူများစွာ ရှိသည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောလူများသည် ဤအရာများကို လုံးဝ မမြင်နိုင်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ဖက်တွယ်ကြဆဲဖြစ်ကာ ဘုရားသခင်အပေါ် မုန်းတီးမှုနှင့် ပုန်ကန်မှုအပြည့်ရှိကြသည်။ ဤသည်တို့မှာ မယုံကြည်သူများ၊ ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များဖြစ်ကြသည့် လူစားမျိုးများ ဖြစ်သည်။ ၎င်းတို့ လုပ်သမျှသည် မလုပ်ဆောင်ရမည့်အရာနှင့်ဆိုင်သည့် စံနမူနာတစ်ခု ဖြစ်သည်။ ပေါလုသည် စံနမူနာတစ်ခု ဖြစ်သည်။ ပေါလုကို ကြည့်သည့်အခါ လူတို့သည် မည်သည့်အရာကို မြင်ကြသနည်း။ (ပေါလုသည် အန္တိခရစ်လမ်းကြောင်းပေါ်တွင် ရှိပြီး သူ၏ ဇာတ်ကြောင်းသည် ကျွန်ုပ်တို့အတွက် သတိပေးချက်တစ်ခုအဖြစ် အသုံးတော်ခံပါသည်။) ပေါလုသည် သမ္မာတရားကို မလိုက်စားခဲ့ပေ။ သူသည် သူ၏ ဇာတိပကတိအတွက် အနာဂတ်နှင့် ခရီးပန်းတိုင်တစ်ခု ရှာသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဆုလာဘ်နှင့် သရဖူများရရှိရန်သာ ကြိုးစားခဲ့သည်။ ဘုရားသခင်က သူ့ကို နှုတ်ကပတ်တော်များစွာ ပြောခဲ့သည်၊ များစွာ ဆုံးမပဲ့ပြင်၊ ဉာဏ်အလင်းပေးကာ အလင်းပြခဲ့သည့်တိုင် ဘုရားသခင်ကို သူ ကျိုးနွံနာခံခဲ့ခြင်းမရှိ သို့မဟုတ် သမ္မာတရားကို လက်မခံခဲ့ပေ။ သူသည် ဘုရားသခင်ကို အမြဲ ပုန်ကန်ခဲ့သကဲ့သို့ အတိုက်အခံလုပ်ခဲ့ကာ အဆုံးတွင် သူသည် အန္တိခရစ်တစ်ဦးဖြစ်လာပြီး ရှုတ်ချကာ အပြစ်ပေးခြင်းခံခဲ့ရသည်။ ပေါလုသည် မလုပ်ဆောင်ရမည့်အရာ၏ စံနမူနာအဖြစ် အသုံးတော်ခံ၏။ သမားရိုးကျ အန္တိခရစ်တစ်ဦးအဖြစ် ပေါလု၏ စံနမူနာကို ဆန်းစစ်ခြင်းအားဖြင့် ပေါလုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းနှင့် ပျက်စီးခြင်း လမ်းကြောင်းပေါ်တွင် ရှိခဲ့ကြောင်း လူတို့ မြင်နိုင်သည်။ များစွာတို့သည် ဤအရာမှ သင်ယူကြပြီးဖြစ်ကာ အကျိုးကျေးဇူးခံစားရပြီး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်နှင့် ယုံကြည်သူတစ်ဦး၏ မှန်ကန်သည့် လမ်းကြောင်းပေါ် ခြေလှမ်းကြပြီး ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူနှင့် ပေါလု၏ သင်ခန်းစာမှ အကျိုးကျေးဇူးခံစားရပြီးသူများအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်သည်။) သို့ဆိုလျှင် ပေါလုအပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ရှုတ်ချခြင်းတို့မှ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် မည်သည့်သွင်ပြင်လက္ခဏာကို လူတို့ မြင်နိုင်သနည်း။ (သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။) သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် ပေါလုသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် မည်သည့်အရာ ဖြစ်လာခဲ့ပြီနည်း။ သူသည် ဝန်ဆောင်မှုပေးသည့်အရာ ဖြစ်လာခဲ့ပေပြီ။ အကျိုးကျေးဇူးခံစားရသူတို့ရော၊ ထုတ်ဖော်ခံရသူတို့ပါ လူအားလုံးတို့သည်အဖန်ဆင်းခံများသာ ဖြစ်ကြသည်။ သို့ရာတွင် ဘုရားသခင်သည် ဤလူနှစ်မျိုးနှစ်စားကို လုံးဝ မတူကွဲပြားစွာ ဆက်ဆံလေသည်။ အမှန်တွင် ဘုရားသခင်၏ အမြင်၌ ဤလူနှစ်မျိုးလုံးသည် ပုရွတ်ဆိတ်နှင့် လောက်များလောက် တန်ဖိုးမဲ့ကြသော်လည်း ဘုရားသခင်သည် တစ်ဦးနှင့်တစ်ဦး မတူကွဲပြားစွာ ဆက်ဆံသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်၏။ ဤလူနှစ်မျိုးနှစ်စားအပေါ် ဘုရားသခင်၏ မတူကွဲပြားသော သဘောထားသည် မည်သည့်အရာအပေါ် အခြေပြုထားသနည်း။ (၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းအပေါ် အခြေပြုထားပါသည်။) လူတစ်ဦးက မိမိကိုယ်ကို ပေါ်လွင်စေပုံ၊ ၎င်းတို့၏ အနှစ်သာရ၊ သမ္မာတရားအပေါ် ၎င်းတို့၏သဘောထားနှင့် လူတစ်ဦး လျှောက်လှမ်းသည့် လမ်းကြောင်းတို့ပေါ်တွင် အခြေပြုထားပေသည်။ အပြင်ပန်းတွင် လူတို့အပေါ် ဘုရားသခင်က အလေးမထားသည့်အလား၊ သူသည် စာနာစိတ်ကင်းမဲ့ပြီး သူ၏ လုပ်ရပ်များက ရက်စက်သည့်အလား ထင်ရ၏။ လူ၏ အယူအဆများနှင့် စိတ်ကူးများအရ လူတို့က “ဘုရားသခင်သည် ပေါလုကို ထိုသို့မဆက်ဆံသင့်ပါ။ ပေါလုသည် များစွာ လုပ်ဆောင်ခဲ့ပြီး အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့လေပြီ။ ထို့အပြင် သူသည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဆက်ကပ်သည်။ အဘယ်ကြောင့် ဘုရားသခင်က သူ့ကို ထိုသို့ ဆက်ဆံသနည်း”ဟု တွေးထင်ကြသည်။ လူတို့သည် ဤအရာကို ပြောဆိုသည်မှာ မှန်ကန်ပါသလော။ သမ္မာတရားနှင့် ကိုက်ညီပါသလော။ မည်သည့် နည်းလမ်းဖြင့် ပေါလုသည် ဘုရားသခင်ကို အလွန် သစ္စာစောင့်သိ၊ ဆက်ကပ်ပါသနည်း။ ၎င်းတို့သည် အမှန်တရားကို မလိမ့်တပတ်လုပ်နေကြခြင်း မဟုတ်လော။ ပေါလုသည် မိမိအတွက် ကောင်းချီးများ ရရှိရန် သစ္စာစောင့်သိကာ ဆက်ကပ်ခဲ့ပေသည်။ ယင်းသည် ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် ဆက်ကပ်ခြင်း ဖြစ်သလော။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ၊ ပြဿနာ၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့ မိမိတို့၏ခံစားချက်များအပေါ် အခြေခံ၍ ကြောင်းကျိုးမမြင်ဘဲ စကားပြောဆိုသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေခြင်း မဟုတ်လော။ လူတိုင်းက ပေါလုကို ကြည်ညိုကြသည်မှာ မထူးဆန်းပေ။ စာတန်နှင့် သက်ဆိုင်သူတို့သည် စာတန်ကို ကြည်ညိုကြပြီး မိမိတို့၏ခံစားချက်များကို အခြေခံ၍ စာတန်အတွက်ပင် စကားပြောကြသည်။ ဤအရာက လူတို့သည် စာတန်နှင့် သီးခြားဖြစ်ပုံရနိုင်သော်လည်း ဆက်နွှယ်မှုရှိနေဆဲဖြစ်သည်ကို ဆိုလိုပေသည်။ အမှန်တွင် စာတန်အတွက် လူတို့ စကားပြောသည့်အခါ မိမိတို့အတွက်လည်း စကားပြောနေကြခြင်း ဖြစ်သည်။ လူတို့သည် ပေါလုနှင့်တူကြပြီး သူကဲ့သို့ တစ်လမ်းတည်းပေါ်တွင် ရှိကြသောကြောင့် သူ့ကို စာနာကြပေသည်။ လူ၏ ဘဝပေးအသိအရ ဘုရားသခင်သည် ပေါလုကို ထိုသို့ မဆက်ဆံသင့်ပေ။ သို့သော် ဘုရားသခင် လုပ်ခဲ့သည့်အရာသည် လူ၏ ဘဝပေးအသိနှင့် ဆန့်ကျင်ဘက် အတိအကျဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်ပြီး သမ္မာတရား ဖြစ်သည်။ လူတစ်ဦးသည် လူ၏ ဘဝပေးအသိနှင့်အညီ စကားပြောဆိုပါက ၎င်းတို့က “ပေါလုသည် များစွာ စွမ်းဆောင်ရရှိခြင်း မရှိခဲ့လျှင်ပင် သူသည် အလုပ်နှင့် အားထုတ်မှုများစွာ ရှိခဲ့သည်။ သူဆင်းရဲဒုက္ခခံခဲ့သည့် နှစ်အရေအတွက်ကြောင့်ပင် သူသည် ချမ်းသာပေးခံရသင့်သည်။ သူသည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်လျှင်ပင် အဆင်ပြေမည်။ အပြစ်ပေးမခံရသင့်၊ သို့မဟုတ် ငရဲသို့ အပို့မခံရသင့်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ လူ၏ ဘဝပေးအသိနှင့် ခံစားချက်များ ဖြစ်သည်။ သမ္မာတရား မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်အကောင်းဆုံး သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ သူသည် လူ၏ ဘဝပေးအသိ မရှိခြင်း ဖြစ်သည်။ သူလုပ်သမျှတိုင်းသည် သမ္မာတရား၊ သူ၏ အနှစ်သာရတို့နှင့် အညီဖြစ်သည်။ သူသည် ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသ၏။ ဘုရားသခင်သည် သင်၏ ဓမ္မဓိဋ္ဌာန်ကျသော ဆန္ဒများကို အလေးမထားသကဲ့သို့ သင် လုပ်ဆောင်ပြီးသည့်အရာ၏ ဓမ္မဓိဋ္ဌာန်ကျသော အချက်များကိုလည်း အလေးမထားပေ။ ဘုရားသခင်သည် သင်လုပ်ဆောင်သည့်အရာ၊ သင် ထုတ်ဖော်ပြသည့်အရာနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းပေါ် အခြေခံ၍ သင် မည်သည့်လူစားမျိုးဖြစ်သည်ကို ဆုံးဖြတ်ပြီး သတ်မှတ်ကာ သင့်အပေါ် အသင့်လျော်ဆုံးသော သဘောထားကို ခံယူလေသည်။ ဤသည်မှာ ပေါလု၏ အဆုံးသတ် ရောက်လာပုံ ဖြစ်သည်။ ပေါလု၏ ကိစ္စရပ်ကို ကြည့်သည့်အခါ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ မရှိသည့်အလား ထင်ရသည်။ ပေတရုနှင့် ပေါလုတို့ နှစ်ဦးလုံးသည် ဖန်ဆင်းခံများ ဖြစ်ကြသော်လည်း ဘုရားသခင်က ပေတရုကို အသိအမှတ်ပြုကာ ကောင်းချီးပေးစဉ်တွင် သူသည် ပေါလုကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာ၊ တရားစီရင်ပြီး ရှုတ်ချခဲ့သည်။ ပေါလု၏ အဆုံးသတ်ကို ဘုရားသခင် ဆုံးဖြတ်သည့် နည်းလမ်းတွင် သူ၏ ချစ်ခြင်းမေတ္တာကို သင် မမြင်နိုင်ပေ။ ထို့ကြောင့် ပေါလုထံ ဖြစ်ပျက်သည့်အရာကို အခြေခံ၍ ဘုရားသခင်သည် ချစ်ခြင်းမရှိပါဟု သင် ဆိုနိုင်မည်လော။ မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အကြိမ်များစွာ ဘုရားသခင်က သူ့ကို ဆုံးမပဲ့ပြင်ခဲ့ကာ နောင်တရရန် အခွင့်အရေးများစွာ ပေးလျက် အလင်းပေးခဲ့သော်လည်း ပေါလုသည် ခေါင်းမာစွာ ငြင်းပယ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် ဘုရားသခင်သည် သူ့ကို ရှုတ်ချကာ အပြစ်ပေးခဲ့သည်။ ဤကိစ္စကို အပေါ်ယံအားဖြင့် ကြည့်သည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းတွင် လူတို့သည် ရွေးချယ်စရာမရှိသည့်အလား ထင်ရသည်။ လူတို့၏ ရွေးချယ်မှုများတွင် ဘုရားသခင်က ကြားဝင်နှောင့်ယှက်ခြင်း မရှိသော်လည်း လူတစ်ဦးသည် ကောင်းချီးများရှာဖွေသည့် လမ်းကြောင်းကို ရွေးချယ်ပါက ဘုရားသခင်သည် ၎င်းတို့ကို ရှုတ်ချပြီး အပြစ်ပေးလိမ့်မည်။ ယင်းမှာ ဘုရားသခင်က လူတို့အား မိမိတို့ကိုယ်ပိုင် လမ်းကြောင်းကို ရွေးချယ်ခွင့်မပေးဘဲ၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကိုသာ ၎င်းတို့အား ရွေးချယ်ခွင့်ပေးသည်ဟုလည်းကောင်း၊ လူတစ်ဦး တရားစီရင်ခံရခြင်း၊ သန့်စင်ခံရခြင်း၊ သို့မဟုတ် စုံလင်ခံရခြင်း ရှိမရှိမှာ ဘုရားသခင် သဘောအတိုင်းသာ ဖြစ်သည်ဟုလည်းကောင်း ထင်ရသည်။ ဘုရားသခင်၏ အမှုတော်ကို ဤသို့မြင်ခြင်းနှင့် ဘုရားသခင်ကို ဤသို့ တံဆိပ်တပ်ခြင်းသည် အဓိပ္ပာယ်မရှိသော အမှားတစ်ခုနှင့် လုံးဝ ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်ကို လူက လုံးဝ သတိမပြုမိပေ။ ၎င်းသည် မိမိကိုယ်ပိုင်လမ်းကြောင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းအား လျှောက်ရန် အမြဲ ရွေးချယ်သော်လည်း ဘုရားသခင်၏ တရားစီရင်ခြင်း၊ သို့မဟုတ် ရှုတ်ချခြင်းကို လက်မခံချင်ပေ။ ဤသည်မှာ လုံးဝ မလျော်ကန်ပေ။ “လူတို့သည် မိမိတို့ကို ဘုရားသခင် ဆက်ဆံပုံ၊ မည်သည့် စေခိုင်းချက်တာဝန်ကို ဘုရားသခင် ပေးသည်၊ ဘုရားသခင်က ၎င်းတို့ကို လုပ်စေသည့်အလုပ်၊ သို့မဟုတ် ထမ်းဆောင်စေသည့် တာဝန်တို့ကို ရွေးချယ်၍မရပါ။ နောက်ဆုံးတွင် မိမိတို့ကိုယ်ပိုင် လမ်းကြောင်းလျှောက်ရန် ရွေးချယ်သူ မည်သူမဆို ရှုတ်ချခြင်းခံရသည်။ သူ သင့်ကို ဦးဆောင်သည့် လမ်းကြောင်းကို သင် ရွေးချင်လျှင်သာ၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို သင် ရွေးချယ်လျှင်သာ ဘုရားသခင်က ကောင်းချီးပေးပြီး သင့်ကို အသိအမှတ်ပြုသည်”ဟု တွေးထင်သော လူများစွာ ရှိသည်။ လူအချို့က ဤအရာကို ဘုရားသခင်သည် မမျှတသကဲ့သို့ လူတို့၏ လွတ်လပ်သော ရွေးချယ်မှုကို ကြားဝင်နှောင့်ယှက်နေသကဲ့သို့ မြင်ကြသည်။ သို့ရာတွင် ဤသည်မှာ ထိုကိစ္စရပ်၏ အမှန်တရားဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် ဤအရာအားလုံးကို စည်းမျဉ်းအတိုင်း လုပ်ဆောင်ပေသည်။ အမှန်တရားများနှင့် သမ္မာတရားကို သင် နားမလည်သည့်အခါ ဘုရားသခင်ကို အထင်လွဲပြီး ဝေဖန်ရန် သင့်အတွက် လွယ်ကူလိမ့်မည် ဖြစ်သော်လည်း အမှန်တရားများနှင့် သမ္မာတရားကို သင် နားလည်သည့်အခါ ဤအထင်လွဲမှုများသည် လုံးဝ တန်ဖိုးမဲ့ပြီး လုံးဝ စက်ဆုပ်စရာဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ထိုအထင်လွဲမှုများကို မည်သည့်အခါမျှ မထားရှိခဲ့၊ ထုတ်ဖော်မပြောခဲ့သင့်ကြောင်း သင် တွေးမိလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင် လုပ်ဆောင်သမျှတိုင်း မှန်ကန်ကြောင်း သင် သိလိမ့်မည်။ လူတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မိုက်မဲသောကြောင့် ဤအရာကို မမြင်နိုင်ကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို တံဆိပ်တပ်ကြသည်။ ဤအရာကို သင် နားလည်သည်နှင့် ပေါလုကို ခုခံပြောဆိုပေးတော့မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို အထင်လွဲတော့မည် မဟုတ်ပေ။ သင်က “ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လုံးဝ မှန်ကန်သည်။ လူသားများသည် ဖောက်ပြန်ပျက်စီးသောသူများ ဖြစ်သည်။ သူတို့သည် သဘောထားကျဉ်းမြောင်းပြီး မိုက်မဲကြသည်။ အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ကြပါ။ လူတစ်ဦးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊ သို့မဟုတ် ဤကိစ္စရပ်မှ သူ၏ မေတ္တာကို သူတို့ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ဘုရားသခင် လုပ်သမျှတိုင်းသည် မှန်ကန်ပြီး သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် အားလုံး ကိုက်ညီပြီး မမှားယွင်းပါ”ဟု ပြောလိမ့်မည်။ ယနေ့တွင် သင်တို့၌ ဘုရားသခင် အမှုပြုပြီး ကယ်တင်သည့်အခါ မည်သည့် လမ်းကြောင်းကို သင်တို့ ရွေးချယ်သင့်သနည်း။ ဘုရားသခင်သည် သင်တို့နှင့်ပတ်သက်၍ ကြားဝင်နှောင့်ယှက်နေသလော။ မည်သည့် ရွေးချယ်မှုကို သင် ပြုလုပ်သင့်သနည်း။ ပေါလု၏ အမှားများမှ သင် သင်ယူသင့်သလော။ ပေတရုကဲ့သို့ ဖြစ်ပြီး သမ္မာတရားလိုက်စားသည့် လမ်းကြောင်းကို လျှောက်သင့်သလော။ ဤကိစ္စရပ်ကို သင် မည်သို့ ချဉ်းကပ်သနည်း။ ယင်းမှာ သမ္မာတရားကို သင် နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သမ္မာတရားကို သိနားလည်ခြင်းက မည်သည့်ပြဿနာကို ဖြေရှင်းပေးလိမ့်မည်နည်း။ သမ္မာတရားကို သိနားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အမျိုးမျိုးသော အခက်အခဲများကို ဖြေရှင်းရန် ဖြစ်သည်။ ဖြေရှင်းမရသည့် ပြဿနာများ၊ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် အမှတ်မထင်တွေ့ရသည့်အခါ သမ္မာတရားက သင့်အတွင်း၌ သူ၏ လုပ်ငန်းဆောင်တာကို စတင် ထမ်းဆောင်လိမ့်မည်။ ထို့ကြောင့် ပေါလု၏ အရေးကိစ္စသည် သင်၏ ကိုယ်ရေးကိုယ်တာ အသက်ဝင်ရောက်မှုနှင့် သင်၏ လမ်းကြောင်း ရွေးချယ်မှုတို့နှင့် ပတ်သက်၍ မည်သို့ အထောက်အကူပြုပါသနည်း။ (ဘုရားသခင်ရှေ့လာပြီး မိမိတို့ကိုယ်ကို သုံးသပ်ရန် စေ့ဆော်ပါသည်။) (ဘုရားသခင်နှင့် လူကြားရှိ တံတိုင်းများကို ဖြိုချပြီး အထင်လွဲမှုများကို ဖယ်ရှားပေးနိုင်ပါသည်။) ယင်းမှာ ထိုအရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဤဆွေးနွေးချက်မှ တစ်စုံတစ်ရာကို သင်တို့ ရရှိပြီး ဖြစ်သည်။ နားလည်ရန် အရေးအပါဆုံးသော အရာမှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်ခြင်း၏ အရေးပါမှုနှင့် ထိုသို့လုပ်ဆောင်သူတို့ကို ဘုရားသခင် အသိအမှတ်ပြုကာ ကောင်းချီးပေးရသည့် အကြောင်းဖြစ်သည်။ ဤမေးခွန်းအဖို့ အဖြေကို သိနားလည်ခြင်းသည် အရေးအပါဆုံးသောအရာဖြစ်သည်။
ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတိုင်းသို့ လူစုကွဲသွားကြပုံကို ယခုပင် ငါဖော်ပြခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍ မည်သည့်အရာကို လူတို့ မြင်ကြသနည်း။ မည်သည့် သမ္မာတရားကို နားလည်ကြသနည်း။ ဤအဖြစ်အပျက်က လူတို့ကို အနည်းငယ် ဆင်ခြင်သုံးသပ်စေသင့်ပေသည်။ ပထမဦးစွာ လူတို့ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ ဖြစ်ပြီး ဒုတိယမှာ ဤအဖြစ်အပျက်မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ နားလည်ရန်အလို့ငှာ ဖြစ်သည်။ ဤအခြေအနေများတွင် လူများ မည်သို့ လက်တွေ့လုပ်ဆောင်သင့်ပုံနှင့် ပတ်သက်၍ ပထမဆုံး ဆွေးနွေးပြောဆိုကြစို့။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမျှသည် လူ့စိတ်ဆန္ဒ၏ စိုးမိုးခြယ်လှယ်ခြင်း မခံရပေ။ ဘုရားသခင်တွင် အမှုအရာများ လုပ်ဆောင်ခြင်းအတွက် သူ၏ ကိုယ်ပိုင် အကြံအစည်နှင့် စည်းမျဉ်းများရှိ၏။ ထို့ကြောင့် လူတို့သည် မည်သည့် သဘောထား ရှိသင့်ကြသနည်း။ မည်သည့် အခြေအနေကို ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းက သူတို့၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ လူတို့သည် ဘုရားသခင်နှင့် မည်သည့်အခါတွင်မျှ လုံးဝ မဆန့်ကျင်သင့်ပေ။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို ပုန်ကန်သကဲ့သို့ အတိုက်အခံလုပ်သော်လည်း ကျွန်ုပ်တာဝန်ကို ကျွန်ုပ် ထမ်းဆောင်သည်မှာ မလုံလောက်ပါသလား”ဟု ဆိုကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ လက်ခံနိုင်ဖွယ်မဟုတ်သည်မှာ သိသာ၏။ ယင်းသည် စစ်မှန်သော ကျိုးနွံနာခံခြင်း မဟုတ်။ သို့ဆိုလျှင် လူတို့သည် “ဘုရားသခင်နှင့် မဆန့်ကျင်ခြင်း”အား မည်သို့ အတိအကျ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်သင့်သနည်း။ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းနှစ်ခု ရှိ၏။ ပထမမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူတို့ နားလည်သင့်သည့် သမ္မာတရားများကိုလည်းကောင်း၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို မည်သို့ ပူးပေါင်းဆောင်ရွက်ပြီး ပြည့်စုံစေရမည်ကိုလည်းကောင်း တက်ကြွစွာ ရှာဖွေရန်ဖြစ်သည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ၏ တက်ကြွသောရှုထောင့် ဖြစ်သည်။ ဒုတိယမှာ ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့်နေရာတွင် သင် အထင်လွဲမှုများရှိကြောင်း၊ မည်သည့်နေရာတွင် သူ့ကို ကျိုးနွံနာခံခြင်း မရှိကြောင်း၊ အယူအဆများ၊ စိတ်ကူးများနှင့် သူနှင့် သဟဇာတမဖြစ်သော အရာများ ရှိကြောင်းတို့ကို ဆန်းစစ်ကာ သတိပြုရန် ဖြစ်သည်။ ဤအရာက သင်၏ တာဝန်ကို လုပ်ဆောင်စဉ်အတောအတွင်း သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်နိုင်ရန်၊ စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်ရန်၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်ရန်နှင့် ဘုရားသခင်၏ ချီးကျူးဂုဏ်ပြုခြင်းခံရနိုင်ရန် သေချာစေလိမ့်မည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများသည် ရိုးရှင်းပါသလော။ (ရိုးရှင်းပါသည်။) “ရိုးရှင်းသည်” ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စကားလုံးများက အတော် ရှင်းလင်းပေသည်။ “တစ်”သည် “တစ်”ဟု ဆိုလိုပြီး “နှစ်”သည် “နှစ်”ဟု ဆိုလိုသည်။ ထိုအရာကို သင် ကြားသည်နှင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိ၏။ သို့ရာတွင် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ထိုအရာကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသည် သိပ်မရိုးရှင်းပေ။ ၎င်းတို့သည် အမှုအရာများကို ငြင်းခုံကြပြီး စိတ်ကူးများနှင့် အယူအဆများစွာအပြင် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများ ရှိကြ၏။ လူတို့သည် ဤအရာများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရမည်ဖြစ်သော်လည်း ဤအရာက ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သောလူတို့ကို အယူအဆသစ်များ ဖြစ်ပေါ်လာစေသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု လူတို့က ပြောကြသည်။ ထို့ကြောင့် လူတို့၏ အတွေးများနှင့် အယူအဆများကို ဘုရားသခင်က အဘယ်ကြောင့် အမြဲဖော်ထုတ်ကာ တရားစီရင်ပါသနည်း။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မမြင်နိုင်ပါ။ ဘုရားသခင်၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းသာ ကျွန်ုပ် မြင်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူ့အယူအဆများထဲမှ တစ်ခုမဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားများ၏ အယူအဆများနှင့် စိတ်ကူးများထဲကအတိုင်း လူသားမျိုးနွယ်အားလုံး၏ တိုးတက်ဖွံ့ဖြိုးမှုအတောအတွင်းတွင် ဘုရားသခင်က သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကိုသာ အမြဲ ထုတ်ဖော်ခဲ့ပါက၊ ဖြောင့်မတ်ခြင်း၊ သို့မဟုတ် အမျက်ဒေါသကို မည်သည့်အခါမျှ မပြသခဲ့ပါက လူသည် မျက်မှောက်အချိန်ထိ ရှင်ကျန်နိုင်မည်လော။ (ရှင်ကျန်နိုင်မည် မဟုတ်ပါ။) လူသည် အချိန်ကြာမြင့်စွာက စာတန်၏ ဝါးမြိုခြင်းခံရပြီး ဖြစ်လိမ့်မည်။ မကောင်းဆိုးဝါးများ၊ စာတန်နှင့်ဆိုင်သော ကိစ္စများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သော ဖောက်ပြန်ပျက်စီးသည့် လူသားများကို ကိုင်တွယ်သည့်အခါ ဘုရားသခင် ထုတ်ဖော်သည့်အရာနှင့် မိမိကိုယ်ကို သူ ထင်ရှားစေပုံမှာ လူတို့ပြောဆိုသည့် ချစ်ခြင်းမေတ္တာမဟုတ်ဘဲ ထို့ထက် ဖြောင့်မတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းသည် မုန်းတီးခြင်း၊ စက်ဆုပ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ အပြစ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းတို့ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်သည် သူ၏ စိတ်သဘောထားက ဖြောင့်မတ်ကာ သန့်ရှင်းကြောင်းနှင့် ပုန်ကန်ပြစ်မှားမှုကို သည်းမခံကြောင်း ထုတ်ဖော်ပြနိုင်ပေသည်။ စာတန်ကို လုံးလုံးလျားလျား အရှက်ရစေပြီး စစ်မှန်သော လူ့သဘာဝကို ထိရောက်စွာ ကာကွယ်နိုင်ပေသည်။ ဤသည်မှာ လူသားမျိူးနွယ်ကို ဘုရားသခင်က အမြဲ ဦးဆောင်ပြီး တစ်ချိန်တည်းမှာပင် ကယ်တင်သည့်ပုံစံ ဖြစ်သည်။
လူတို့သည် ၎င်းတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်၊ သို့မဟုတ် သူ့အပေါ် အထင်လွဲမှုဖြစ်သည့် မည်သည့်အရာကိုမဆို မကြာခဏ ဆန်းစစ်ရမည်။ အထင်လွဲမှုများသည် မည်သို့ ထွက်ပေါ်လာသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကို လူတို့ အထင်လွဲကြသနည်း။ (၎င်းတို့၏ ကိုယ်ကျိုးစီးပွား ထိခိုက်သောကြောင့်ဖြစ်ပါသည်။) ဂျူးလူမျိုးများက ယုဒပြည်မှ ပြည်နှင်ဒဏ်ခံရသည့် အဖြစ်များကို လူတို့ မြင်ပြီးနောက်တွင် နာကျင်ခံစားရပြီး “အစပထမတွင် ဘုရားသခင်က ဣသရေလလူမျိုးများကို အလွန်ချစ်ခဲ့သည်။ သူတို့ကို အဲဂုတ္တုပြည်မှ ပင်လယ်နီကို ဖြတ်လျက် ခေါ်ဆောင်ခဲ့သည်၊ ကောင်းကင်မှ မန္နနှင့် သောက်ဖို့ စမ်းရေကို ပေးခဲ့ပြီးနောက် သူတို့ကို ဦးဆောင်ဖို့ ပညတ်တရားများ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ပြီး မည်သို့ အသက်ရှင်ရမည်ကို သွန်သင်ပေးခဲ့သည်။ လူအတွက် ဘုရားသခင်၏ မေတ္တာမှာ ပေါများကြွယ်ဝနေခဲ့သည်။ ထိုစဉ်အချိန်က အသက်ရှင်ခဲ့သည့် လူများသည် အလွန်ကောင်းချီးခံစားခဲ့ရသည်။ ဘုရားသခင်၏ သဘောထားက မျက်တောင်တစ်ချက်အခတ်တွင် မည်သို့များ ပြောင်းပြန်ဖြစ်သွားရသနည်း။ သူ၏ ချစ်ခြင်းမေတ္တာအားလုံး မည်သည့်နေရာသို့ ရောက်သွားသနည်း”ဟု ဆိုကြသည်။ လူတို့၏ စိတ်ခံစားချက်များက ဤအရာကို မကျော်လွန်နိုင်သကဲ့သို့ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဟုတ်ပါသလား၊ မဟုတ်ပါသလား။ ဣသရေလလူမျိုးများအပေါ် သူ၏ နဂိုမူလ သဘောထားသည် အဘယ်ကြောင့် ထင်သာမြင်သာ မရှိတော့ပါသနည်း။ သူ၏ မေတ္တာသည် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားပေပြီ။ သူသည် လုံးဝ ချစ်ခြင်းမေတ္တာတစ်ခုတလေ ရှိပါသေးသလား”ဟု ဆိုလျက် စတင်သံသယရှိကြသည်။ ဤသည်မှာ လူတို့၏ အထင်လွဲမှုများ စတင်သည့်နေရာ ဖြစ်သည်။ လူတို့ အထင်လွဲမှုများဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေမှာ အဘယ်နည်း။ ဘုရားသခင်၏ လုပ်ရပ်များက လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် သဟဇာတမဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ဤအချက်သည် လူတို့အား ဘုရားသခင်ကို အထင်လွဲစေသည့်အရာ ဖြစ်သလော။ လူတို့ ဘုရားသခင်ကို အထင်လွဲသည့် အကြောင်းရင်းမှာ သူ၏ ချစ်ခြင်းမေတ္တာအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား ၎င်းတို့ ကန့်သတ်ထားသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့က “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် သူသည် လူတို့ကို စောင့်ရှောက်ကာ ကွယ်ကာသင့်ပြီး ကျေးဇူးတော်နှင့် ကောင်းချီးများ ပုံပေးသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ မေတ္တာ ဖြစ်သည့်အရာဖြစ်၏။ ဘုရားသခင်က လူတို့ကို ဤသို့ချစ်သောအခါ ငါ နှစ်သက်သည်။ ဘုရားသခင်က လူတို့ကို ပင်လယ်နီဖြတ်လျက် ဦးဆောင်ခဲ့ချိန်တွင် သူတို့ကို သူမည်မျှချစ်သည်ကို ငါ အထူးသဖြင့် မြင်ရသည်။ ထိုအချိန်က လူများသည် အလွန် ကောင်းချီးခံစားခဲ့ရသည်။ ငါသည် သူတို့ထဲမှ တစ်ယောက် ဖြစ်ချင်သည်”ဟု တွေးကြ၏။ သင်သည် ဤဇာတ်ကြောင်းကို စွဲလမ်းသည့်အခါ ထိုအဖြစ်ပျက်တွင် ဘုရားသခင် ထုတ်ဖော်ခဲ့သည့် မေတ္တာကို အမြင့်မားဆုံးသော သမ္မာတရားအဖြစ်လည်းကောင်း၊ သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ပြယုဂ်အဖြစ်လည်းကောင်း သဘောထားမိလေသည်။ သင်၏ စိတ်နှလုံးထဲတွင် သူ့အပေါ် သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား သင်ကန့်သတ်မိကာ ထိုအခိုက်အတန့်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းကို အမြင့်ဆုံးသော သမ္မာတရားအဖြစ် သဘောထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှစ်သက်ဖွယ်အကောင်းဆုံးသော ဘက်ဖြစ်ပြီး လူတို့အား သူ့ကို လေးစားရိုသေ၍ ကြောက်ရွံ့ရန် အလှုံ့ဆော်ဆုံးသောအရာဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု သင် တွေးထင်၏။ အမှန်တွင် ဘုရားသခင်၏ လုပ်ရပ်များကိုယ်၌က အပြုသဘောဆောင်သော်လည်း သင်၏ ကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ယင်းတို့သည် သင့်စိတ်ထဲ၌ အယူအဆများဖြစ်လာပြီး ဘုရားသခင်ကို သင် သတ်မှတ်သည့် အခြေခံအကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ယင်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ သနားကရုဏာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်း၊ လမ်းပြခြင်း၊ ကျေးဇူးတော်နှင့် ကောင်းချီးများထက် အခြားမည်သည့်အရာမျှ မဟုတ်သည့်အလား သင့်အား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ထိုမျှသာဖြစ်သည့်အလား အထင်လွဲစေ၏။ သင်သည် ချစ်ခြင်းမေတ္တာ၏ ဤသွင်ပြင်လက္ခဏာများကို အဘယ်ကြောင့် အလွန်ချစ်ခင်မြတ်နိုးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သင်၏ ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ (ဟုတ်ပါသည်။) မည်သည့် ကိုယ်ကျိုးစီးပွားနှင့် ယင်းသည် ဆက်နွှယ်ပါသနည်း။ (ဇာတိပကတိ၏ အပျော်အပါးများနှင့် သက်သောင့်သက်သာဖြစ်သော ဘဝတစ်ခု ဖြစ်သည်။) လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည့်အခါ သူ့ထံမှ ဤအရာများကို ရလိုကြသော်လည်း အခြားအရာများကို မရလိုကြချေ။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်း၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အမှုအရာများကို စွန့်ခြင်းနှင့် မိမိတို့ကိုယ်ကို အသုံးခံခြင်း သို့မဟုတ် မိမိတို့ကိုယ်ပိုင် အသက်များကိုပင် စတေးခြင်းတို့ကို လူတို့က မစဉ်းစားချင်ကြချေ။ ဘုရားသခင်၏ မေတ္တာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းနှင့် လမ်းပြခြင်းတို့ကိုသာ လူတို့ မွေ့လျော်ခံစားလိုကြ၏။ ထို့ကြောင့် ဘုရားသခင်၏ မေတ္တာကို သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ထူးခြားသော လက္ခဏာတစ်ခုနှင့် သူ၏ တစ်ခုတည်းသော အနှစ်သာရအဖြစ်သာ အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်။ ဣသရေလလူမျိုးများကို ပင်လယ်နီဖြတ်သန်း၍ ဦးဆောင်လမ်းပြခဲ့ချိန်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများသည် လူတို့အယူအဆများ၏ အရင်းအမြစ် ဖြစ်လာခဲ့သည် မဟုတ်လော။ (ဖြစ်လာခဲ့ပါသည်။) ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ အယူအဆများကို ဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ လူတို့ ဖြစ်ပေါ်သည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားတို့အပေါ် စစ်မှန်သည့် သိနားလည်မှုကို ၎င်းတို့ ရရှိနိုင်သလော။ ၎င်းတို့ နားလည်လိမ့်မည် မဟုတ်သည်သာမက အဓိပ္ပာယ်ကောက်လွဲလိမ့်မည်ဖြစ်ကာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလိမ့်မည်မှာ သိသာပေသည်။ ဤအရာက လူ၏ သိနားလည်မှုသည် အလွန် ကျဉ်းမြောင်းပြီး စစ်မှန်သည့် သိနားလည်မှုမဟုတ်သည်ကို သက်သေပြ၏။ အကြောင်းမှာ ယင်းသည် သမ္မာတရား မဟုတ်ဘဲ ဘုရားသခင်ကို လူတို့က မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အခြေခံ၍ ပိုင်းခြားစိတ်ဖြာပြီး အဓိပ္ပာယ်ကောက်သည့် ချစ်ခြင်းမေတ္တာနှင့် သိနားလည်မှုမျိုး ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရနှင့် သဟဇာတမဖြစ်ပေ။ ဘုရားသခင်က လူတို့ကို သနားကရုဏာ၊ ကယ်တင်ခြင်း၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းတို့အပြင် ၎င်းတို့ ဆုတောင်းချက်များကို နားညောင်းခြင်းအားဖြင့် ချစ်ခြင်းထက် အခြား မည်သည့်နည်းလမ်းများဖြင့် ချစ်သေးသနည်း။ (ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ဖြင့် ဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် သူ၏ မေတ္တာကို အလျှံပယ် နည်းလမ်းများဖြင့် ပြသသည်။ ရိုက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ အပြစ်တင်ခြင်းအားဖြင့်၊ ပြီးလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း စသည်တို့ဖြင့် ဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားမေတ္တာ၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ဤရှုထောင့်အမြင်သည်သာ ပြည့်စုံပြီး သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာကို သင် နားလည်ပါက သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်အပေါ် အထင်လွဲမှုများ သင် ရှိသည်ဟု သဘောပေါက်ပါက သင်၏ လွဲချော်နေခြင်းကို သင် သတိပြုမိနိုင်ကာ မည်သည့်နေရာတွင် သင် မှားသွားခဲ့သည်ကို ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုများကို ကူဖြေရှင်းပေးနိုင်သည် မဟုတ်လော။ (ကူဖြေရှင်းပေးနိုင်ပါသည်။) ဤအရာကို သင်ပြီးမြောက်ရန်အလို့ငှာ သမ္မာတရားကို သင် ရှာဖွေရမည်။ သမ္မာတရားကို လူတို့ ရှာဖွေသရွေ့ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားနိုင်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အစီအစဉ်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်ပေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို သင် ဖယ်ရှားနိုင်ပါက ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းကို သင် ကြည့်သည့်အခါ သင်က “သူ၏ အဖန်ဆင်းခံဖြစ်သည့် လူသားအပေါ် ဘုရားသခင်၏ သဘောထားမှာ ချစ်ခြင်းမေတ္တာနှင့် ဆိုင်ရုံမျှမဟုတ်ပါ။ ရိုက်နှက်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းအားဖြင့်လည်း သူက ဦးဆောင်ပါသည်။ ဘုရားသခင်အပေါ် မိမိတို့၏ သဘောထားတွင် လူတို့သည် မိမိတို့ကိုယ်တိုင် မရွေးချယ်သင့်ပေ။ ယင်းသည် အတိုက်အခံလုပ်ခြင်း မဟုတ်ဘဲ ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်သင့်သည်”ဟု ပြောလိမ့်မည်။ လူ၏ အယူအဆများနှင့် စိတ်ကူးများ၏ ရှုထောင့်အမြင်မှကြည့်လျှင် ဂျူးလူမျိုးများအပေါ် ဘုရားသခင်၏ သဘောထားမှာ မစာနာခြင်း ဖြစ်ပုံရခဲ့သော်လည်း ယခုတွင် ကြည့်သည့်အခါ ဘုရားသခင်သည် မယုံနိုင်လောက်အောင် ထူးခြားသည့် အလုပ်တစ်ခုကို လုပ်ခဲ့ပေသည်။ သူ ထုတ်ဖော်ခဲ့သည့်အရာဟူသမျှသည် ဖြောင့်မတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများ ချပေးသနားပြီး ၎င်းတို့အား အသက်မွေးလောက်သောအစာကို နေ့ရက်အစဉ်တိုင်း ပေးသနားနိုင်သော်လည်း ထိုအားလုံးကိုလည်း ရုပ်သိမ်းနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဩဇာအာဏာ၊ အနှစ်သာရနှင့် စိတ်သဘောထား ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။