သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည် (အပိုင်း နှစ်)
လူများစွာတို့သည် ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ပတ်သက်၍ အယူအဆများ ရှိကြသော်လည်း သမ္မာတရားကို ရှာဖွေသောလူတို့သည် ဤအဖြစ်အပျက်မှ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်၏။ လူတစ်ဦးသည် သဘောပေါက်နားလည်နိုင်စွမ်းရှိပါက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံကြောင်း ဤအဖြစ်အပျက်က ၎င်းတို့ကို မြင်စေလိမ့်မည်။ သို့ရာတွင် အချို့သောလူတို့သည် သဘောပေါက်နားလည်နိုင်စွမ်းမရှိကြချေ။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာသည် မိမိတို့ အယူအဆများနှင့် မကိုက်ဟု ခံစားရပါက ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းနှင့် သူ၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံကြောင်း ပထမဦးစွာ ၎င်းတို့ သဘောတူညီသင့်ကြပေသည်။ ဤသည်မှာ သေချာ၏။ ထို့နောက် ၎င်းတို့သည် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ကာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး သူ၏ အမျက်ဒေါသကို ခံရရန် မည်သည့်အရာကို ဂျူးလူမျိုးများက လုပ်ဆောင်ခဲ့သည်ကို ကြည့်သင့်သည်။ ဤနည်းဖြင့်သာ လူတို့သည် မိမိတို့၏ အယူအဆများကို လုံးလုံးလျားလျား ဖြေရှင်းနိုင်ပေသည်၊ ဤအဖြစ်အပျက်မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို သိနားလည်လာနိုင်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပေသည်။ လူများအတွက် သမ္မာတရားကို နားလည်ရန်မှာ လွယ်ကူသည့် လုပ်ငန်းဆောင်တာ မဟုတ်ချေ။ သင့်အနေဖြင့် ယခင်က ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို မွေ့လျော်ခံစားပြီးသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ ဦးဆောင်လမ်းပြမှုနှင့် စေခိုင်းချက်တာဝန်ကို လက်ခံခြင်းမှတစ်ဆင့် အလုပ်လုပ်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် အမှုအရာများကို ပူဇော်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ခုကို စွန့်လွှတ်ပြီးသည်ဖြစ်စေ သင့်အနေဖြင့် အချို့သော ပံ့ပိုးမှုမျိုးကို ပြုလုပ်ပြီးဖြစ်သည့်အလား လူတို့က သင့်ကို ရှုမြင်လျှင်ပင် မည်သည့်အခြေအနေတွင်မျှ ဤအရာများကို အရင်းအနှီးအဖြစ် သင်မရှုမြင်သင့်ပေ။ ယင်းမှာ ပထမအချက်ဖြစ်သည်။ ဒုတိယအချက်မှာ ဤအရာများကို ဘုရားသခင်အပေါ် နိုင်ကွက်အဖြစ် သင် အသုံးချပြီး သင့်ကို သူဆက်ဆံပုံအား သတ်မှတ်ပေးသည့် တုံကင်များအဖြစ် မည်သည့်အခါမျှ သင် မရှုမြင်သင့်ပေ။ အရေးကြီးဆုံးသော အချက်မှာ သင့်အပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သဘောထားက သင်၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ သို့မဟုတ် သင့်အပေါ် စာနာစိတ်ကင်းမဲ့သည်ဟု ထင်ရသည့်အခါ သူ့ကို သင် အတိုက်အခံမလုပ်သင့်၊ သို့မဟုတ် မဆန့်ကျင်သင့်ပေ။ ဤသည်မှာ တတိယအချက်ဖြစ်သည်။ ဤအချက်သုံးချက်ကို သင်တို့ ပြီးမြောက်နိုင်သလော။ ဤအချက်သုံးချက်သည် စစ်မှန်မှုနှင့် ဆက်စပ်၏။ ဤအခြေအနေများ လူတို့တွင် ဖြစ်ပွားရန် လွယ်ကူသလော။ (လွယ်ပါသည်။) ဤအခြေအနေများက အဘယ်ကြောင့် လူတို့တွင် ဖြစ်ပွားသနည်း။ ယင်းတို့သည် မိမိတို့ဘာသာ ဤသို့ အဘယ်ကြောင့် သိသာထင်ရှားသနည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို စီမံပြီး အရာခပ်သိမ်းပေါ် အချုပ်အခြာအာဏာဖြင့် အုပ်စိုးသော်လည်း ဤအရာများကို အရင်းအနှီးများအဖြစ် ဘုရားသခင်က ရှုမြင်သလော။ ယင်းအတွက် ဘုရားသခင်က ချီးကျူးမှုယူသလော။ ဘုရားသခင်က “ငါသည် သင့်အတွက် ဤကြီးမြတ်သော အရာအားလုံးကို လုပ်ဆောင်ပေးလေပြီ။ အဘယ်ကြောင့် ငါ့ကို သင် ကျေးဇူးမတင်လေသနည်း”ဟု ဆိုလျက် ထိုသို့သော ထုတ်ဖော်ခြင်းများ ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် မိမိစိတ်တွင် ဤအရာများ မရှိပေ။ သို့ဆိုလျှင် လူသည် သူစွန့်သည့်၊ အသုံးခံသည့် သေးငယ်သောအရာတိုင်းအတွက်၊ သို့မဟုတ် သူပြုလုပ်သည့် ပံ့ပိုးမှုတိုင်းအတွက် ဘုရားသခင်ထံမှ ချီးကျူးမှုကို အဘယ်ကြောင့် မျှော်လင့်သနည်း။ လူသည် အဘယ်ကြောင့် မိမိကိုယ်ကို ဤသို့ ပေါ်လွင်စေကာ ထုတ်ဖော်ရသနည်း။ အဖြေမှာ ရိုးရှင်း၏။ လူ၏ စိတ်သဘောထားက ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် မိမိကိုယ်ကို ဤသို့ ပေါ်လွင်စေခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်း မရှိရသနည်း။ အကြောင်းမှာ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားသည် သန့်ရှင်းသောကြောင့် ဖြစ်သည်။ ဤသည်မှာ အဖြေဖြစ်၏။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘာထားများ ရှိကြသောကြောင့် မိမိတို့ကိုယ်ကို ဤသို့ ပေါ်လွင်စေကာ ထုတ်ဖော်ခြင်း ဖြစ်ပေသည်။ ဤပြဿနာကို ဖြေရှင်း၍ ရနိုင်သလော။ ငါ ယခုတင် ဖော်ပြခဲ့သည့် အချက်သုံးချက်က ဤပြဿနာကို ဖြေရှင်းနိုင်သလော။ (ဖြေရှင်းနိုင်ပါသည်။) ငါ ဖော်ပြသည့် အချက်သုံးချက်ထဲမှ တစ်ခုမျှသည် လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူသော်လည်း ဖြေရှင်းချက်တစ်ခု ရှိ၏။ ဤအချက်သုံးချက်ကို ကြားပြီးနောက်တွင် လူတို့က “ဤအရာကို ကျွန်ုပ်တို့ လုပ်ဆောင်ခွင့်မရှိသကဲ့သို့ ထိုအရာကို လုပ်ဆောင်ခွင့်မရှိပါ။ ကျွန်ုပ်တို့သည် ဉာဏ်မရှိသော ရုပ်သေးရုပ်တစ်ရုပ်သဘောသာ ရှိသည်”ဟု တွေးကောင်းတွေးကြပေမည်။ ဤသို့ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်သို့နည်း။ သင်တို့ကို ငါ ပြောပါရစေ၊ သင်ကိုယ်တိုင် အန္တရာယ်ကင်းရေးအတွက်ကြောင့် ဘုရားသခင်က သင့်ကို ဤအရာများ လုပ်ဆောင်ခွင့်မပေးခြင်း ဖြစ်သည်။ ဤသည်မှာ ပထမအချက် ဖြစ်သည်။ သင်၏ လိုက်စားခြင်းနည်းလမ်းသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းမဟုတ်ပေ။ သင့်ရှေ့က လူများ၏ အမှားများကို ထပ်မလုပ်နှင့်။ သင်စွန့်လွှတ်ပြီး အသုံးခံသည့်အရာများကို အရင်းအနှီးနှင့် အမြတ်ထုတ်၍ရသည့် တုံကင်များအဖြစ် သဘောထားပြီးနောက် သင့်အပေါ် ဘုရားသခင်၏ သဘောထားက သင့်ကို မစာနာဟု ထင်ရသဖြင့် သူ့ကို သင်ဆန့်ကျင်သည့်အခါ သင်၏ သဘောထားသည် သမ္မာတရားနှင့် မကိုက်ညီ၊ ယင်းတွင် လူ့သဘာဝမရှိသကဲ့သို့ မမှန်ကန်ပေ။ သင့်ထံတွင် အကြောင်းပြချက် ထောင်ချီရှိလျှင်ပင် သင်၏ သဘောထား မှားယွင်းဆဲဖြစ်၏။ မည်သည့်နည်းနှင့်မျှ သမ္မာတရားနှင့် သဟဇာတမဖြစ်သကဲ့သို့ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း သဘောသက်ရောက်ပေသည်။ ယင်းမှာ လူတစ်ဦးရှိသင့်သည့် သဘောထား မဟုတ်။ ဤသည်မှာ ဒုတိယအချက် ဖြစ်သည်။ တတိယအချက်မှာ သင်သည် ဤသဘောထားကို ဖက်တွယ်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ နားလည်လိမ့်မည်မဟုတ်၊ သို့မဟုတ် ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို ရရှိလိမ့်မည် မဟုတ်သည်သာမက သင့်ကိုယ်သင် အခွင့်အရေးလည်း ဆုံးရှုံးသွားစေလိမ့်မည်။ သင်သည် အဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် ဂုဏ်သိက္ခာနှင့် တာဝန် ဆုံးရှုံးလိမ့်မည်။ သင်က “ငါ၏ သဘောထားကို ငါ စွဲစွဲမြဲမြဲထားရှိပြီး ထိုအရာနှင့်ပတ်သက်၍ မည်သူကမျှ မည်သည့်အရာကိုမျှ လုပ်ဆောင်၍မရပါ။ ငါ မှန်သည်ဟု ငါ ယုံကြည်သည်၊ ထို့ကြောင့် ငါ၏ အတွေးဖြင့် ငါ ရပ်တည်မည်။ ငါ၏ စိတ်ကူးများသည် အကျိုးအကြောင်းသင့်လျော်သောကြောင့် အဆုံးထိ ထိုအရာတို့အတိုင်း ငါ ရပ်တည်မည်”ဟု တွေးပါက တစ်စုံတစ်ခုကို အလွန်တရာ မဆုတ်မနစ် ဖက်တွယ်ခြင်းသည် မည်သည့်နည်းနှင့်မျှ သင့်ကို အကျိုးပြုလိမ့်မည် မဟုတ်။ သင်၏ စိတ်ဆုံးဖြတ်ကြောင့်၊ သို့မဟုတ် တစ်စုံတစ်ခုကို သင် စွဲစွဲမြဲမြဲ ကိုင်စွဲသောကြောင့် ဘုရားသခင်သည် သူ၏ သဘောထားကို ပြောင်းလဲလိမ့်မည် မဟုတ်။ တစ်နည်းအားဖြင့် သင်၏ သဘောထားကို သင် ဖက်တွယ်ထားရုံဖြင့် ဘုရားသခင်က သူ၏ သဘောထားကို မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်သည် သင့်အပေါ် သင်၏ ပုန်ကန်မှု၊ မဆုတ်နစ်သော အတိုက်အခံလုပ်ခြင်းတို့နှင့် ညီမျှသော သဘောထားကို ခံယူလိမ့်မည်။ ဤသည်မှာ စတုတ္ထနှင့် အရေးအကြီးဆုံးသောအချက် ဖြစ်သည်။ ဤအချက်လေးချက်နှင့် ပတ်သက်၍ သင် နားမလည်သည့်အရာ တစ်ခုတလေ ရှိသလော။ ငါ ဖော်ပြခဲ့သည့် အမှုအရာများထဲမှ တစ်ခုတလေသည် လူ၏ တကယ့် အခြေအနေနှင့် မကိုက်ညီသကဲ့သို့ လူ့ဘဝ၏ လက်တွေ့ကျသော ရှုထောင့်အဖို့ အထောက်အကူမဖြစ်သည့် အနှစ်မဲ့သော စကားများသက်သက် ဖြစ်သလော။ (မဟုတ်ပါ၊ အားလုံး အထောက်အကူဖြစ်ပါသည်။) ထိုအရာများထဲမှ တစ်ခုတလေသည် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းများထက် အနှစ်မဲ့ သဘောတရားများ ဖြစ်သလော။ (မဟုတ်ပါ။) လူတို့က မိမိတို့၏ နေ့စဉ် ဘဝများတွင် သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်သင့်ပုံနှင့် စပ်လျဉ်း၍ ဤအချက်လေးချက်သည် အထောက်အကူ ဖြစ်သလော။ (ဖြစ်ပါသည်။) ဤအချက်လေးချက်အပေါ် သင်တို့၏ သိနားလည်မှု ရှင်းလင်းပါက ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ရှိနေလိမ့်မည်။ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းများ အတောအတွင်းတွင်၊ သို့မဟုတ် လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံ၊ အမှုအရာမျိုးစုံတို့နှင့် ရင်ဆိုင်ရသည့်အခါ ဤအချက်လေးချက်က သင့်ကို ကွယ်ကာလိမ့်မည်။ သင်သည် ပုန်ကန်တတ်သည့် အခြေအနေတွင် ရှိသည့်အခါ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာများကို စဉ်းစားလော့၊ သင့်ကိုယ်သင် ထိုအရာများနှင့် ယှဉ်ကြည့်ပြီး လျော်ညီစွာ လက်တွေ့လုပ်ဆောင်လော့။ အစပထမတွင် သင် ထိုအရာများကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ဆုတောင်းသင့်ပြီး တစ်ချိန်တည်းတွင် ဘုရားသခင်က သူပြုမူခဲ့သည့်အတိုင်း အဘယ်ကြောင့် ပြုမူခဲ့သည်ကို သတိပြုသင့်သည်။ သင့်ကို လက်တွေ့မလုပ်ဆောင်နိုင်စေသည့်၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်စေသည့် မည်သည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြချက်များ သင့်တွင် ရှိသည်ဆိုသည်ကို သင် သုံးသပ်ဆင်ခြင်ပြီး သတိပြုမိသင့်ပေသည်။ သမ္မာတရားကို ဤသို့ သင်ရှာဖွေနိုင်ပါက သင်၏ အခြေအနေသည် ပုံမှန်ရှိနေလိမ့်မည်ဖြစ်ပြီး သင်သည် ဤသမ္မာတရား စစ်မှန်မှုများထဲသို့ အလိုအလျောက် ဝင်ရောက်သွားလိမ့်မည်။
မည်သည့် ပြဿနာဖြစ်စေ သမ္မာတရားကို သင်နားမလည်ပါက သင်သည် အယူအဆများနှင့် စိတ်ကူးများအရ ပြုမူဆောင်ရွက်နေခြင်း၊ သို့မဟုတ် ပုန်ကန်စွာဖြင့် ပြုမူဆောင်ရွက်ကာ အတိုက်အခံလုပ်နေခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ ရာခိုင်နှုန်းပြည့် သေချာ၏။ တစ်ခါတစ်ရံ အပြင်ပန်းမှကြည့်လျှင် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်နေပုံ၊ မကောင်းသည့် အရာများ ပြုနေပုံ၊ သို့မဟုတ် အနှောင့်အယှက်၊ အတားအဆီး ဖြစ်စေပုံ မရနိုင်သော်လည်း ယင်းမှာ သင်၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်ခါတစ်ရံ သင်သည် အယူအဆများနှင့် စိတ်ကူးများအရ ပြုမူနေနိုင်ပြီး ယင်းသည် အတားအဆီးတစ်ခု မဖြစ်နိုင်သော်လည်း၊ သို့မဟုတ် ထိခိုက်ဆုံးရှုံးမှု မဖြစ်စေနိုင်သော်လည်း သမ္မာတရားနှင့် မကိုက်ညီသရွေ့ သင်၏ လုပ်ရပ်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ကွဲလွဲပေသည်။ သင်၏ စိတ်တွင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ရှိနေနိုင်သည့် အခြားသော အချိန်များရှိသည်။ ယင်းတို့ကို သင် မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိလျှင်ပင် ဘုရားသခင်က ဤအရာ၊ ထိုအရာကို လုပ်သင့်သည်ဟု တွေးထင်ရင်းနှင့် သူမည်သို့ဖြစ်သင့်သည်ကို သတ်မှတ်နေရင်း စိတ်ထဲတွင် ဤအယူအဆများနှင့် စိတ်ကူးများကို သင် ဖက်တွယ်ထားနေ၏။ အပြင်ပန်းတွင် သင်သည် မည်သည့်အမှားမျှ မလုပ်ခဲ့သော်လည်း စိတ်ထဲတွင် ဘုရားသခင်ကို အဆက်မပြတ် ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခုတွင် သင် ရှိနေသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သည့် အယူအဆများနှင့် ကန့်သတ်ထားသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များအကြောင်းကို ငါ ယခုတင် ဆွေးနွေးပြောဆိုခဲ့သည်။ သင်၏ အယူအဆများနှင့် စိတ်ကူးများက ဘုရားအမှုတော်အဖို့ အတားအဆီး၊ သို့မဟုတ် အနှောင့်အယှက် တစ်ခုတလေ မဖြစ်စေလျှင်ပင် သင်၏ အခြေအနေက သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို စဉ်ဆက်မပြတ် ကန့်သတ်ပြီး အထင်လွဲနေကြောင်း သက်သေပြပေသည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ ကောက်ချက်ချနိုင်သနည်း။ သင်သည် အဆက်မပြတ် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း ဖြစ်သည်။ အမှန်တရားကို ငါ မပြောသလော။ (ဟုတ်ပါသည်။) ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ဆင်တူသည့် အရာတစ်ခုခု ဖြစ်ပျက်သည့်နေ့တစ်နေ့ ရောက်လာပါက သင်၏ အယူအဆများကြောင့် သင်သည် ဘုရားသခင်၏လုပ်ရပ်များအား “အာမင်”ဟု ပြောနိုင်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ လုပ်ရပ်များကို တုံ့ပြန်ချက်အနေနှင့် ချီးမွမ်းခြင်း၊ ဘုရားသခင်ကို ချီးမွမ်းခြင်း၊ သူ့အပေါ် ကြောက်ရွံ့ခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း ရှိစေနိုင်မည် မဟုတ်ချေ။ ထိုအစား သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် အထင်လွဲ၍ စောဒကတက်ကာ အနည်းငယ်မျှပင် ရန်လိုလိမ့်မည် ဖြစ်သည်။ စိတ်ထဲတွင် သင်က သူ့ကို “ဘုရားသခင်၊ ယင်းကို ကိုယ်တော် မလုပ်ခဲ့သင့်ပါ။ ယင်းမှာ အလွန်ပင် မစာနာခြင်း ဖြစ်သည်။ ကိုယ်တော်၏ ဖန်ဆင်းခြင်းကို ကိုယ်တော် အဘယ်ကြောင့် ဤသို့ ဆက်ဆံနိုင်ရသနည်း။ ကိုယ်တော် ရွေးချယ်ထားသောလူများကို ကိုယ်တော် အဘယ်ကြောင့် ဤသို့ ဆက်ဆံနိုင်ရသနည်း။ ကိုယ်တော်လုပ်ခဲ့သည့်အရာကို မြင်ပြီးနောက်တွင် ကိုယ်တော်နှင့်ပတ်သက်သော ချီးမွမ်းခြင်းများကို ကျွန်ုပ် မဆိုနိုင်၊ သို့မဟုတ် ကိုယ်တော်၏ လုပ်ရပ်များကို မချီးကျူးနိုင်ပါ။ ကျွန်ုပ်ကိုးကွယ်သည့် ဘုရားကို အကန့်အသတ်မရှိ မှီခို၍မရသကဲ့သို့ စိတ်ထဲတွင် ကျွန်ုပ် ဒုက္ခခံစားနေရပြီး ခိုကိုးရာမဲ့ နေသည်။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသည် ဤသို့မဟုတ်ပါ။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသခင်သည် သူ၏ အဖန်ဆင်းခံများကို ဤသို့မဆက်ဆံသင့်ပါ။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသခင်သည် ဤသို့ သွေးမအေးပါ၊ သို့မဟုတ် မရက်စက်ပါ။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသည် လူသားများကို ယခုလို ရေခဲတမျှ အေးစက်သကဲ့သို့၊ သို့မဟုတ် ဂရုမစိုက်သကဲ့သို့ မဟုတ်ဘဲ အလျှံပယ် ကောင်းချီးခံစားရစေပြီး နွေးထွေးမှုအပြည့် ခံစားရစေလျက် ကလေးသူငယ်များအလား နူးညံ့သိမ်မွေ့စွာနှင့် အာရုံစူးစိုက်စွာ ဆက်ဆံသည်”ဟု ပြောလိမ့်မည်။ စိတ်ထဲတွင် ဤညည်းညူခြင်း ဖြစ်ပေါ်လာသည့်အခါ သင့်ရှေ့တွင် ဖြစ်ပျက်သည့် အဖြစ်မှန်များကို ဘုရားသခင်၏ အမှုအဖြစ် သင် မရှုမြင်။ ထိုအရာကို ချီးမွမ်းဖို့မဆိုထားနှင့်၊ ဝန်မခံချေ၊ သို့မဟုတ် “အာမင်”ဟုပင် သင် မပြောချေ။ ထိုသို့ဖြင့် သင်၏ စိတ်ခံစားချက်များနှင့် ထိုသို့သော အခြေအနေသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းလော၊ သို့မဟုတ် ဆန့်ကျင်ခြင်းလော။ (ဆန့်ကျင်ခြင်း ဖြစ်ပါသည်။) စစ်မှန်သည့် ကျိုးနွံနာခံခြင်း မဟုတ်သည်မှာ သိသာသည်။ ဤနေရာတွင် ကျိုးနွံနာခံမှုမရှိ၊ စောဒကတက်ခြင်း၊ ဆန့်ကျင်ခြင်း၊ မနာခံခြင်းတို့သာရှိပြီး ဒေါသပင် ရှိလေသည်။ ဤသည်မှာ မိမိ၏ ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦးက ရှိသင့်သည့် သဘောထား ဖြစ်သလော။ မဟုတ်ပေ။ သင်၏ စိတ်နှလုံးသည် အတိုက်အခံလုပ်ခြင်းတစ်ခု ဖြစ်သည်။ သင်က “ဤအရာကို ဘုရားသခင် လုပ်လျှင် ငါ၏ စိတ်နှလုံးက အဘယ်ကြောင့် မထောက်ခံသနည်း။ အဘယ်ကြောင့် လူအများစုက လက်မခံသနည်း။ သူ၏ လုပ်ရပ်များသည် အဘယ်ကြောင့် လူတို့အပေါ် အလွန်ပင် စာနာမှုကင်းမဲ့ရသနည်း၊ ပြီးလျှင် ယင်းတို့သည် အဘယ်ကြောင့် သွေးနှင့် သတ်ဖြတ်ခြင်းတို့ဖြင့် ပြည့်နေရသနည်း” ဟု တွေးသည်။ ထိုအခိုက်တွင် သင့်စိတ်နှလုံးထဲရှိ ဘုရားနှင့် တကယ့်ဘဝတွင် အမှန်တကယ် တည်ရှိသည့် ဖန်ဆင်းရှင်တို့သည် ကွဲလွဲပြီး အချင်းချင်း ဆန့်ကျင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သူ့ကို သင် ယုံကြည်သင့်သနည်း။ ဤအချိန်တွင် သင်၏ စိတ်နှလုံးနက်နက်တွင်ရှိသည့် အယူအဆများနှင့်ဆိုင်သော ဘုရားသခင်ကို ယုံကြည်ရန် သင် ရွေးချယ်သင့်သလော၊ သို့မဟုတ် သင့်ရှေ့တည့်တည့်တွင် တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားကို ရွေးချယ်သင့်သလော။ (ကျွန်ုပ်တို့ ရှေ့တည့်တည့်တွင် တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားကို ရွေးချယ်သင့်ပါသည်။) ၎င်းတို့၏ ဓမ္မဓိဋ္ဌာန်ကျသော ဆန္ဒများအရ လူတို့သည် မိမိတို့ ရှေ့တည့်တည့်ရှိ တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားသခင်ကို ယုံကြည်ရန် အလွန် လိုလားကြသော်လည်း လူ၏ အယူအဆများ၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ခံစားချက်များကြောင့် မိမိတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်ကို ဖုံးဖိပြီး မိမိတို့ ရှေ့တည့်တည့်တွင် တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားသခင်ကို လက်ခံဖို့ မိမိကိုယ်ကို အတင်းအကျပ် တွန်းအားပေးရန် ဆုံးဖြတ်ကြလေသည်။ သို့ရာတွင် စိတ်ထဲတွင် ဖန်ဆင်းရှင် လုပ်ဆောင်နေသည့် အရာနှင့်သက်ဆိုင်သည့် အချက်များအားလုံးကို ၎င်းတို့ လက်မခံနိုင်ကြသေးချေ။ စစ်မှန်သည့် ဘုရားသခင်က အမြဲ မရေမရာဖြစ်နေပုံရစဉ်တွင် ၎င်းတို့သည် မိမိတို့ စိတ်ကူးထဲမှ ဘုရားသခင်ကို မမောနိုင်မပန်းနိုင် စကားပြောကာ ဆက်ဆံလျက် မိမိတို့ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲတွင် ဆက်လက် ပုန်းကွယ်ကာ အသက်ရှင်ကြဆဲ ဖြစ်သည်။ “စစ်မှန်သည့် ဘုရားသခင်ကို ကျွန်ုပ် မတည်ရှိစေချင်ပါ။ ကျွန်ုပ်၏ ဘုရားသခင်သည် ကျွန်ုပ် စိတ်နှလုံးထဲတွင် စိတ်ကူးသည့် ဘုရားသခင်၊ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပြီး လူတို့ကို သူ၏ နွေးထွေးမှု ခံစားစေသည့် ဘုရားသခင် ဖြစ်သည်။ သူသည် စစ်မှန်သော ဘုရားတစ်ပါးဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်သည် ကျွန်ုပ် စိတ်ကူးသည့် ဘုရားမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူလုပ်ဆောင်သည့်အရာများက ကျွန်ုပ်ကို စိတ်ပျက်စေပြီး သူ့ထံမှ မည်သည့်နွေးထွေးမှုမျှ ကျွန်ုပ် မခံစားရပါ။ အထူးသဖြင့် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် လူများစွာတို့သည် ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရပုံကို ကျွန်ုပ် လျစ်လျူမရှုနိုင်ပါ”ဟု ဆိုသောလူများပင် ရှိသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယင်းမှာ မယုံကြည်သူများနှင့် သမ္မာတရား လက်မခံသောသူများ ပြောသည့်အရာ ဖြစ်သည်။ ဤသည်တို့မှာ လူတို့က ဘုရားသခင်၏ အမှုတော်ကို နားမလည်ကြသည့်အခါ၊ ၎င်းတို့၏ စိတ်ကူးများနှင့် ဘုရားသခင်၏ လက်တွေ့ကျသော အမှုတို့အကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ ၎င်းတို့တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသောအခြေအနေများ ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေများ မည်သို့ ဖြစ်ပေါ်လာသနည်း။ အချက်တစ်ချက်မှာ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ အခြားအချက်တစ်ချက်မှာ တစ်စုံတစ်ရာဖြစ်ပျက်ပြီး အဖြစ်မှန်များက လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်သည့်အခါ၊ ၎င်းတို့၏ လက်တွေ့မကျသော မျှော်လင့်ချက်များကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲသည့်အခါ၊ ၎င်းတို့၏ အိပ်မက်များကို အစိတ်စိတ်အမြွှာမြွှာခွဲပြီး ကောင်းချီးများအတွက် ၎င်းတို့၏ ကြံရွယ်ချက်နှင့် စိတ်ဆန္ဒတို့ ဖြည့်ဆည်းမခံရနိုင်ကြောင်း ခံစားရစေသည့်အခါ နောက်ဆုံးတွင် မည်သည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့ ဆုံးဖြတ်ပါသနည်း။ ထွက်ပြေးသည်၊ အပေးအယူလုပ်ပြီး ခေါင်းမာသည်။ လူအချို့သည် “နှစ်ဖက်လုံးကို ကျွန်ုပ် လက်ခံမည်။ ကျွန်ုပ်စိတ်နှလုံးထဲတွင် နဂိုကရှိခဲ့သည့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ကျွန်ုပ်၏ မျက်စိရှေ့တွင် ကြီးမြတ်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နေပြီး ဩဇာအာဏာ စွဲကိုင်သောသူသည်လည်း ဘုရားသခင် ဖြစ်သည်။ နှစ်ဦးလုံးကို ကျွန်ုပ် လက်ခံပြီး မည်သူ့ကိုမျှ စွန့်မည်မဟုတ်ပါ”ဟု ဆိုလျက် လှေနံနှစ်ဖက်နင်းသည့်လူအချို့ပင် ရှိသည်။ လှေနံနှစ်ဖက်နင်းလျက် ဤအခြေအနေမျိုးတွင် လူတို့ မကြာခဏ အသက်ရှင်ကြသည်။ လူတို့သည် မိမိတို့ စိတ်ထဲရှိ ဘုရားနှင့်ဆိုင်သည့် စိတ်ကူးဖြင့် မကြာခဏ ပိတ်မိကြသည်။ ၎င်းတို့သည် ဤမရေရာသည့် ဘုရားအတွက် ဟိုသည်ပြေးကြသည်၊ မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ အရာများကို ပူဇော်ဆက်ကပ်ကြပြီး အလုပ်လုပ်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ အသက်ကိုပင် စွန့်ကာ ရှိသမျှကို စတေးရင်း မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည် ဖြစ်သည်။ လူတို့ မည်သို့ ပြုမူကြသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့တွင် မည်သည့် အခြေအနေ ထွက်ပေါ်သည်ဖြစ်စေ ဤသို့သော ဘုရားက ၎င်းတို့စိတ်တွင် တည်ရှိသည့်အခါ လူတို့၏ လုပ်ရပ်များသည် စစ်မှန်သည့် ဖန်ဆင်းရှင်၏ အမြင်တွင် ကောင်းမြတ်သလော၊ သို့မဟုတ် ဆိုးယုတ်သလော။ ယင်းသည် ကျိုးနွံနာခံခြင်းလော၊ သို့မဟုတ် အတိုက်အခံပြုခြင်းလော။ ယင်းတို့သည် ကောင်းမွန်သည့် လုပ်ဆောင်ချက်များ မဟုတ်သကဲ့သို့ ဂုဏ်မပြုထိုက်သည်မှာ သိသာပေသည်။ ယင်းက လူတို့သည် အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြ၊ သို့မဟုတ် မိမိတို့ကိုယ်ကို မဆက်ကပ်ကြကြောင်းကိုလည်း ထုတ်ဖော်ပြသည်။ ထို့ထက် ၎င်းတို့သည် အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်မှုတို့ဖြင့် ပြည့်ကြသည်။ လူတို့သည် ဤအခြေအနေများရှိပြီး ဤအခြေအနေများအတွင်းတွင် မကြာခဏ အသက်ရှင်နေထိုင်ကြသောကြောင့်ပင် ၎င်းတို့၏ အိပ်မက်မှ နိုးထပြီး လက်တွေ့ကမ္ဘာလောကတွင် အသက်ရှင်နေထိုင်သည့်အခါ လက်တွေ့ဘဝရှိ ဘုရားသခင်၏ လုပ်ရပ်များသည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာ လိုအပ်ချက်များ မဖြည့်ဆည်းပေးနိုင်ကြောင်းကို သဘောပေါက်ကြလေသည်။ ထို့ထက် သူ၏ လုပ်ရပ်များက လူတို့အား နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက်နာကျင်စေသည်၊ သူသည် နည်းလမ်းအမျိုးမျိုးဖြင့် ဂရုမစိုက်ဘဲရှိနေပြီး လူတို့အပေါ် နည်းလမ်းအမျိုးမျိုးဖြင့် မစာနာဘဲရှိသည်ဟု ခံစားရစေသည်။ “ဘုရားသခင်သည် ချစ်ခြင်း မေတ္တာဖြစ်ပါသလား။ လူတို့ကို သူ ချစ်နေဆဲလား။ ဘုရားသခင်သည် လူအတွက် ပူပန်ပြီး လူကို ကိုယ်နှင့်အမျှ ချစ်သည်ဟု ဆိုသည်။ ယင်းကို မည်သည့်နေရာတွင် သင် မြင်သနည်း။ ကျွန်ုပ် အဘယ်ကြောင့် လုံးဝ မမြင်ဖူးရသနည်း”ဟု ဆိုလျက် သံသယရှိသူအချို့ပင် ရှိသည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်၏။ လူတို့သည် လူနှင့် ဘုရားကြား ကွဲလွဲမှုကို ယခင်ထက်သာ၍ ပြင်းထန်လာစေလျက် ၎င်းတို့ကြား ကွာဝေးမှုကို ပို၍တိုးလာစေရင်း ဤအခြေအနေများ၌ မကြာခဏ အသက်ရှင်ကြလေသည်။ ဘုရားသခင်က ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့် တစ်စုံတစ်ရာ လုပ်ဆောင်သည်ကို မြင်သည့်အခါ “ငါ့ ဘုရားသည် ကမ္ဘာတုန်လောက်သည့် တစ်စုံတစ်ရာကို လုပ်လေပြီ။ သူသည် ငါအမှန်တကယ် ယုံကြည်ချင်သည့် ဘုရားဖြစ်သည်။ သူသည်သာ ငါ့ဘုရားဖြစ်သည်။ သူ၏ အဖန်ဆင်းခံဖြစ်ရန် ငါ လိုလားသည်။ သူသည်သာ ကျွန်ုပ်၏ ဖန်ဆင်းရှင်ဖြစ်သည်”ဟု တွေးကြသည်။ သို့ရာတွင် ၎င်းတို့၏ နေ့စဉ်အသက်တာများ၌ အခက်အခဲများ၊ အပျက်သဘောဆောင်ခြင်း၊ သို့မဟုတ် အားနည်းချက်များဖြစ်ပေါ်ပြီး ၎င်းတို့ စိတ်ကူးသည့် ဘုရားက ၎င်းတို့ကို မကူညီနိုင်၊ သို့မဟုတ် ၎င်းတို့၏ လိုအပ်ချက်များကို တစ်ချိန်လုံး မဖြည့်ဆည်းနိုင်သည့်အခါ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းက အားနည်းသွားသည်၊ သို့မဟုတ် ပျောက်ပင် ပျောက်ကွယ်သွားသည်။ လူတို့တွင် ရှိသည့် အခြေအနေများ အားလုံးကိုလည်းကောင်း၊ ၎င်းတို့ ပြုမူလုပ်ဆောင်ပြီး မိမိကိုယ်ကို ထုတ်ဖော်သည့် နည်းလမ်းများအားလုံးကိုလည်းကောင်း မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ယင်းမှာ ဖန်ဆင်းရှင်ကို လူတို့ လုံးဝမသိကြသောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို နားမလည်ချေ။ ယင်းမှာ တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ လူနှင့် ဘုရားကြား ကွဲလွဲမှုများ၊ ဝေးကွာမှုနှင့် အထင်လွဲမှုများအားလုံး၏ အရင်းမြစ် ဖြစ်သည်။ လူတို့သည် ဤပြဿနာကို မည်သို့ ဖြေရှင်းကြသနည်း။ ပထမဦးစွာ မိမိတို့၏ အယူအဆများကို ၎င်းတို့ ဖြေရှင်းရမည်။ ဒုတိယအနေဖြင့် လူတို့သည် မိမိတို့၌ ဘုရားသခင် ပြုသည့် အမှု၏ အချက်တိုင်းကို တွေ့ကြုံ၊ ခံစား၍ ရှာဖွေကာ တွေးဆရမည်ဖြစ်ပြီး ၎င်းတို့အတွက် ဘုရားသခင် စီစဉ်သည့် အစီအစဉ်တိုင်းနှင့် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို လုံးဝ ကျိုးနွံနာခံနိုင်သည့် အဆင့်ထိရောက်ရှိရမည်။ ကျိုးနွံနာခံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသမ္မာတရားအားလုံးကို သတိပြုကာ နားလည်ရန် ဖြစ်သည်။
ယခုတင် ငါတို့ မိတ်သဟာယပြုခဲ့ကြသည့် အကြောင်းကိစ္စကို နက်ရှိုင်းသည်ဟု သင်တို့ မြင်သလော။ သင်တို့ နားလည်နိုင်ကြသလော။ သဘောပေါက်နိုင်ကြသလော။ (သဘောပေါက်နိုင်ပါသည်။) သဘောတရားအရ သင်တို့ နားလည်နိုင်သင့်သော်လည်း သဘောတရားအရ သိနားလည်ခြင်းသည် သမ္မာတရားကို သိနားလည်ခြင်း၊ လက်ခံခြင်းတို့နှင့် ညီမျှသလော။ (မညီမျှပါ။) သို့ဆိုလျှင် မည်သည့်အရာသည် သမ္မာတရားကို သိနားလည်ခြင်း၊ လက်ခံခြင်းတို့နှင့် ညီမျှပါသနည်း။ သင်သည် မိမိ၏ နေ့စဉ်အသက်တာများ၌ မိမိကိုယ်ကို မကြာခဏ ဆန်းစစ်ရမည်ဖြစ်သော်လည်း မည်သည့်အရာကို ဆန်းစစ်သင့်သနည်း။ (ကျွန်ုပ်တို့တွင် ဘုရားသခင် ပြောဆိုသည့် အခြေအနေများ ရှိမရှိ၊ ဘုရားသခင် ပြောဆိုသည့် ပုံစံဖြင့် ကျွန်ုပ်တို့ မိမိတို့ကိုယ်ကို ပြသခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့် အယူအဆများနှင့် အထင်လွဲမှုများ လူတို့ရှိကြသည်ဆိုသည်တို့ကို ဆန်းစစ်သင့်ပါသည်။) သိပ်ဟုတ်ပေ၏။ ဤအရာများကို သင် ဆန်းစစ်ရမည်။ မည်သည့် ဖောက်ပြန်ပျက်စီးခြင်း သင် ထုတ်ဖော်သည်ဆိုသည်နှင့် မည်သည့် အယူအဆများနှင့် စိတ်ကူးများရှိသည်ဆိုသည်တို့ကို ဆန်းစစ်လော့။ လူအချို့က မိမိတို့ကိုယ်ကို မဆန်းစစ်နိုင်ကြဟု ပြောသည်။ အခြားသူများကို ဦးစွာ ကြည့်ခြင်းအားဖြင့် ယင်းကို အလွယ်တကူ ကုစားရပေသည်။ အခြားလူများသည် သင်ကိုယ်တိုင်၏ မှန်တစ်ချပ် ဖြစ်သည်။ စိတ်သဘောထား၊ သို့မဟုတ် အခြေအနေတစ်ခုခု လူတို့ ထုတ်ဖော်နေသည်ကို သင် မြင်သည့်အခါ သူ့အခြေအနေတွင် ကိုယ်ဝင်လိုက်ပြီး မိမိကိုယ်ကို ဆန်းစစ်ကာ မိမိကိုယ်ကို ယှဉ်ကြည့်လော့။ ဤအလားတူ အယူအဆများနှင့် စိတ်ကူးများ သင်၌ ရှိမရှိဆိုသည်နှင့် အလားတူ အခြေအနေတွင် သင် ရှိမရှိဆိုသည်ကို ကြည့်လော့။ ရှိပါက ထိုအရာနှင့် ပတ်သက်၍ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် မိမိကိုယ်ကို ဖွင့်ချကာ ဤအရာများကို စိတ်ဖြာလေ့လာသင့်သလော၊ သို့မဟုတ် ယင်းတို့ကို ဖက်တွယ်ကာ ၎င်းတို့ “ပွင့်လန်းပြီး သီးပွင့်လာ”ရန် စောင့်ဆိုင်းသင့်သလော။ (ကျွန်ုပ်တို့ မိမိတို့ကိုယ်ကို ဖွင့်ချကာ ထိုအရာများကို စိတ်ဖြာလေ့လာသင့်ပါသည်။) သင်သည် လူတိုင်း အကျိုးခံစားနိုင်ရန်၊ ထိုအရာမှတစ်ဆင့် လူတိုင်း ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို မှန်ကန်တိကျစွာ သတိပြုမိနိုင်ရန်၊ သမ္မာတရားကို နားလည်နိုင်ရန်၊ ထွက်ပေါက်ရှာပြီး ဤပြဿနာအမျိုးအစားများကို အတူတကွ ဖြေရှင်းနိုင်ရန်အလို့ငှာ ဤအရာများကို ချခင်းကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်၏။ အယူအဆများနှင့် မတက်ကြွသည့်၊ အပျက်သဘောဆောင်သော အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (မိမိတို့ အယူအဆများနှင့် မတက်ကြွသည့် အခြေအနေများမှ ထွက်ပေါက်တစ်ခုကို လူတို့ ရှာတွေ့နိုင်ကြဖို့အလို့ငှာ ဖြစ်ပါသည်။) ထွက်ပေါက်တစ်ခုကို ရှာခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရား ရရှိရန် ဖြစ်သည်။ သင်၏ အယူအဆများကို ဖြေရှင်းခြင်း၏ ရည်ရွယ်ချက်မှာ ယင်းတို့သည် မှားယွင်းကြောင်းနှင့် သင် ပိုင်ဆိုင်သင့်သည့် အရာတစ်ခုမဟုတ်ကြောင်း သင့်ကို သတိပြုမိစေရန်ဖြစ်သည်။ သင်သည် ထိုအရာများကို လက်လွှတ်သင့်သည်၊ ဖက်တွယ်မထားသင့်ပေ။ ထို့နောက် မည်သည့်အရာ မှန်ကန်သည်၊ အမှန်တကယ်တွင် အပြုသဘောဆောင်သည့် အရာများက မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် သမ္မာတရားက အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို တက်ကြွစွာ ရှာဖွေလော့။ အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို သင်လက်ခံပြီး ယင်းတို့ကို သင် ပိုင်ဆိုင်သင့်သည့် လက်တွေ့လုပ်ဆောင်ခြင်း၊ တွေးခေါ်ခြင်းနှင့် ရှုထောင့်အမြင်များ၏ စည်းမျဉ်းများအဖြစ် သဘောထားပါက ပြောင်းလဲမှုရှိပြီး သမ္မာတရားကို သင် ရရှိပြီးဖြစ်လိမ့်မည်။ သို့ဆိုလျှင် ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းကို ဤသမ္မာတရားများအရ လူများ မည်သို့ ရှုမြင်သင့်သနည်း။ ဤဖြစ်ရပ်နှင့်ပတ်သက်၍ လူများတွင် အဖြစ်များသည့် အယူအဆမှာ အဘယ်နည်း။ (ဘုရားသခင်သည် ဂျူးလူမျိုးများကို ယုဒပြည်မှ မနှင်ထုတ်သင့်ကြောင်းနှင့် ဂျူးလူမျိုးများကို သူ ကွယ်ကာသင့်ကြောင်းတို့ ဖြစ်သည်။ သူ့ကို သူတို့ မည်သို့ အတိုက်အခံလုပ်ခဲ့ကြသည်ဖြစ်စေ၊ ပြီးလျှင် သူ့ကို ကားတိုင်ထက်တွင် သူတို့ သံမှိုရိုက်နှက်ခဲ့သည့်အချက် ရှိလင့်ကစား သူတို့၏ အပြစ်များမှ သူတို့ကို သူ ခွင့်လွှတ်သင့်ကြောင်းနှင့် ဤသည်သာ ဘုရားသခင်၏ မေတ္တာဖြစ်ကြောင်းတို့ ဖြစ်သည်။) ဤသည်တို့မှာ လူ၏အယူအဆများ ဖြစ်သည်။ ယင်းတို့သည် အဓိပ္ပာယ် မမဲ့သလော။ ဘုရားသခင်သည် လူ၏အယူအဆများအတိုင်း ပြုမူဆောင်ရွက်ခဲ့ပါက ဖြောင့်မတ်သော စိတ်သဘောထား ရှိပါဦးမည်လော။ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ပတ်သက်၍ လူတို့ မကျေမချမ်း ဖြစ်ခဲ့ကြပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းနှင့် ရှုတ်ချခြင်းသည် ဘုရားသခင်အတွက် ဘောင်ကျော်သွားခဲ့သည်။ ၎င်းတို့၏ လုပ်ရပ်များသည် စာတန်၏ လုပ်ရပ်များနှင့် မကွာခြားသောကြောင့် ထိုအရာနှင့်ပတ်သက်၍ အဘယ်သို့ ဘုရားသခင် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ လူအချို့သည် သမ္မာတရားကို လက်မခံနိုင်ကြသကဲ့သို့ “ဘုရားသခင်သည် လူတို့ကို အဘယ်သို့ ဤသို့ ဆက်ဆံနိုင်ရသနည်း။ လူတို့သည် ဤချစ်ခြင်းမေတ္တာမျိုးကို လက်မခံနိုင်ပါ။ ယင်းမှာ ၎င်းတို့အပေါ် အလွန်ပင် မစာနာခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် မတူပါ။ ဤသည်မှာ ဂျူးလူမျိုးများကို သူ ဆက်ဆံပုံဖြစ်လျှင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ မရှိပါ”ဟု တွေးကြသည်။ ဤအရာက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ငြင်းပယ်ခြင်းဖြစ်ပြီး ယင်းသည် လူ၏ အယူအဆဖြစ်သည်။ လူ၏အယူအဆမှာ အဘယ်နည်း။ (လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်လိုက်ပါသည်။) ဟုတ်ပေသည်။ တစ်စုံတစ်ခုအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လူတို့ ကန့်သတ်သည့်အခါ ယင်းသည် အယူအဆတစ်ခုဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ သမ္မာတရား မဟုတ်ပေ။ လူတို့သည် မည်သည့်အရာအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်ကြသနည်း။ ဘုရားသခင် အမှုပြုပုံအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၎င်းတို့ ကန့်သတ်ကြ၏။ ဘုရားသခင်၏ အမှုတော် ဖြစ်ဖို့ရန်အတွက် ဘုရားသခင်သည် သေချာသည့် နည်းလမ်းများဖြင့် အမှုပြုရမည်ဖြစ်ကြောင်းနှင့် ဤသည်တို့မှာ အမှုအရာများကို ဘုရားသခင် ပြုသည့် နည်းလမ်းများဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ လူတို့သည် ဘုရားသခင် အမှုပြုပုံအပေါ် ကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုရှိပြီး ဤကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ၎င်းတို့၏ အယူအဆဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ အမှုများအပေါ် မည်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး လူတို့တွင် ရှိသနည်း။ ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ မည်သည့်အရာက ဤအခြေအနေ၌ ဘုရားသခင် ပြုမူပုံအပေါ် ၎င်းတို့အား မနှစ်သက်စေသကဲ့သို့ သူ့ကို အထင်လွဲကာ ဆန့်ကျင်စေသနည်း။ (ဘုရားသခင်က ဂျူးလူမျိုးများအပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများ အလျှံပယ် ပေးသနားခဲ့သင့်သည်ဟု လူတို့ ထင်သော်လည်း ထိုအစား သူသည် ဤအယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ မျှော်လင့်ချက်များ ပြင်ပတွင် ပြုမူဆောင်ရွက်ခဲ့သည်။ ဂျူးလူမျိုးများကို သူ နှင်ထုတ်ခဲ့ပြီး ကမ္ဘာမြေအနှံ့ ခြေဦးတည့်ရာ ရောက်စေခဲ့သည်။ ဤအရာကို လူတို့က နားမလည်ကြသကဲ့သို့ ယင်းက များပြားသော အယူအဆများကို ဖြစ်ပေါ်စေခဲ့ပါသည်။) ဂျူးလူမျိုးများအပေါ် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များနှင့် ပတ်သက်၍ လူများစွာက အယူအဆများနှင့် အထင်လွဲမှုများ ရှိကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များနှင့် ပတ်သက်၍ လူတို့သည် အနေရခက်ပြီး သူသည် ထိုသို့ မပြုမူသင့်ခဲ့ဟု တွေးကြသည်။ ဤသည်မှာ အယူအဆတစ်ခုလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်က သူ လုပ်ခဲ့သည့်အရာကို “မလုပ်ခဲ့သင့်”ဟု လူတို့ တွေးထင်ကြသည့်အခါ ယင်းမှာ ဘုရားသခင်၏ လုပ်ရပ်များအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်နေခြင်း မဟုတ်လော။ ဘုရားသခင်က ထိုသို့ မပြုမူသင့်ဟု သင် မည်သို့ သိသနည်း။ ဘုရားသခင် ဤသို့ မပြုမူသင့်ဟု သင် ပြောရခြင်းအတွက် သင်၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ သူ မပြုမူခဲ့သင့်ဟု သင်ထင်ခဲ့သော်လည်း သူပြုမူခဲ့ပါက ယင်းမှာ ဘုရားသခင်သည် ဘုရားမဟုတ်သည့် သဘောလော။ ဘုရားသခင် လုပ်ခဲ့သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့် မကိုက်ညီဟု ဆိုလိုသလော။ ဤရှုထောင့်အရ လူသည် မိုက်မဲသည် မဟုတ်လော။ လူသည် အလွန့်အလွန် မိုက်မဲပြီး မသိနားမလည်ဖြစ်သည်၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ရန်နှင့် ဘုရားသခင်အပေါ် သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်ရန် ၎င်းအတွက် အလွယ်ဆုံး ဖြစ်သည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်မခံနိုင်ပါက အလွန်အန္တရာယ်များပြီး ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ ဖြစ်နိုင်ဖွယ်အရှိဆုံး ဖြစ်သည်။
ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ပတ်သက်၍ များစွာသော လူတို့သည် အယူအဆများနှင့် ထင်မြင်ချက်များ ရှိကြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြချေ။ သို့သော် ဤသည်မှာ ဖြေရှင်းရန် အလွန်လွယ်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ရိုးရှင်းသော နည်းလမ်းတစ်ခုကို သင်တို့အား ငါ ပြောမည်။ ထိုအရာက သင်၏ ဤအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်ကို နားထောင်ကာ ကြည့်လော့။ ပထမဦးစွာ အရိုးရှင်းဆုံး နည်းလမ်းမှာ လူတို့သည် အဖန်ဆင်းခံများဖြစ်ကြောင်းနှင့် ဖန်ဆင်းခံများက မိမိတို့၏ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကြောင်းကို လူတို့ သိရန်အတွက် ဖြစ်သည်။ အဖန်ဆင်းခံများသည် မိမိတို့၏ ဖန်ဆင်းရှင်နှင့်ပတ်သက်၍ အယူအဆများ စဉ်ဆက်မပြတ် ရှိပြီး သူ့ကို ကျိုးနွံနာခံနိုင်ခြင်း မရှိပါက ယင်းသည် ကြီးမားသော ပုန်ကန်ခြင်း ဖြစ်ပေမည်။ ဖန်ဆင်းခံများကို ဖန်ဆင်းရှင်၏ ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်ကို လူတို့ နားလည်ရမည်။ ဖန်ဆင်းခံ သတ္တဝါများကို ဖန်ဆင်းရှင် ပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ့အလုပ်၏ သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် သမ္မာတရားစည်းမျဉ်းများ၊ ဖန်ဆင်းရှင် အမှုပြုသည့် စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လုပ်ဆောင်ရန် တစ်ခုတည်းသော အရာမှာ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံဖို့ဖြစ်သည်။ အကြင်သူသည် မိမိ၏ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုမျှ မလုပ်သင့်ချေ။ ဤသည်မှာ ဖန်ဆင်းခံများ ရှိသင့်သည့် ဆင်ခြင်တုံတရားဖြစ်ပြီး လူတစ်ဦး၌ ဤအရာ မရှိလျှင်၊ ၎င်းကို လူတစ်ဦးဟု ခေါ်ဆိုဖို့ မထိုက်တန်ပေ။ ဖန်ဆင်းရှင်သည် အစဉ်အမြဲ ဖန်ဆင်းရှင်ဖြစ်မည်ကို လူများ နားလည်ရမည်ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံ တစ်ဦးတလေအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အချုပ်အခြာအာဏာကိုင်စွဲဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ဖန်ဆင်းခံများထဲတွင် ဖန်ဆင်းရှင်က လုပ်ဆောင်သည့်အရာသည် မှန်သလော၊ မှားသလော၊ သို့မဟုတ် သူသည် မည်သို့လုပ်ဆောင်သင့်သည်ဆိုသည်ကို ဝေဖန်အကဲဖြတ်ရန် အခွင့်ရှိသည့်၊ သို့မဟုတ် အရည်အသွေးပြည့်မီသည့်သူ တစ်ဦးမျှမရှိပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန်၊ လက်မခံရန်ကို ရွေးချယ်ရန် မည်သည့်ဖန်ဆင်းခံကမျှ အခွင့်မရှိပေ။ ဖန်ဆင်းခံက ၎င်းတို့၏ ကံကြမ္မာကို အချုပ်အခြာအာဏာကိုင်စွဲပြီး စီစဉ်သည်ပုံစံနှင့်ပတ်သက်ပြီး တောင်းဆိုချက်များပြုလုပ်ရန် မည်သည့်ဖန်ဆင်းခံမျှ အခွင့်မရှိပေ။ ဤသည်မှာ အမြင့်ဆုံး သမ္မာတရားပင် ဖြစ်သည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏။ ဖန်ဆင်းရှင်က နေရာတကျ တည်ထားသည့် အရာရာတိုင်းကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်သည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းရှင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံများက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဖန်ဆင်းရှင်၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏။ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် ဆုကျေးဇူးရှိပါစေ၊ ဖန်ဆင်းခံများ ဖြစ်မြဲဖြစ်ကြလေသည်။ ဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကို မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ ဖန်ဆင်းခံများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် ဖန်ဆင်းခံတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် ငါ့ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး တွန်းအားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားဖန်ဆင်းခံအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် မည်သည့်အခန်းကဏ္ဍတွင်မဆို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် အမျှတဆုံးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိမ့်မည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက ၎င်းတို့သည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ကောင်းကောင်းမွန်မွန် ရှာဖွေဖော်ထုတ်လိမ့်မည်၊ မိမိတို့၏ နေရာကို လက်ခံလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထိန်းသိမ်းလိမ့်မည်ဖြစ်သည်။
ဤစကားများကို နားထောင်ပြီးသည့်နောက်တွင် မည်သည့်အရာကို သင်တို့ တွေးကြသနည်း။ ဘုရားသခင်ကို အထင်လွဲကြလိမ့်ဦးမည်လော။ လူအချို့က “ဘုရားသခင်သည် လူတို့ကို ဤသို့ ဆက်ဆံသည်ကို ထောက်သော် သူ၏ အမြင်တွင် လူများက ပုရွတ်ဆိတ်များကဲ့သို့ဖြစ်ပြီး လောက်များထက် နိမ့်ကျကြသည်ဟု ဘုရားသခင် ပြောသည့်အခါ ဤသည်မှာ အယူအဆဆိုင်ရာမဟုတ်ဘဲ လက်တွေ့အရှိတရား ဖြစ်ပုံရသည်။ လူသည် ဘုရားသခင်အဖို့ ချစ်ခင်ဖွယ် မဟုတ်သကဲ့သို့ ဘုရားသခင်သည် လူတို့ စိတ်ကူးသလောက် လူနှင့် မရင်းနှီးပါ”ဟု ပြောကြသည်။ မီးတောက်တစ်ခုကို ရေလောင်းလိုက်သကဲ့သို့ လူတို့၏ စိတ်နှလုံးများ အေးစက်သွားပြီး ၎င်းတို့၏ စိတ်အားထက်သန်မှု လျော့နည်းသွားသည်။ ၎င်းတို့၏ စိတ်နှလုံးများ အေးစက်သွားသည်က ပိုကောင်းသည်ဟု သင်တို့ ပြောမည်လော၊ သို့မဟုတ် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများ စဉ်ဆက်မပြတ်ရှိခြင်းက ၎င်းတို့အတွက် ပိုကောင်းသည်ဟု သင်တို့ ပြောမည်လော။ (သူတို့၏ စိတ်နှလုံးများ အေးစက်သွားသည်မှာ ပိုကောင်းပါသည်။) အတန်ကြာ ငြိမ်သွားခြင်းအားဖြင့်သာ ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ နားလည်နိုင်ပေသည်။ ဖန်ဆင်းခံများ ပိုင်ဆိုင်သင့်သည့် အသိစိတ်မှာ သမ္မာတရားကို အရာရာအတွက် မိမိတို့၏ စည်းမျဉ်းအဖြစ် အသုံးပြုရန် ဖြစ်သည်။ ၎င်းတို့သည် အရာရာကို ရှုမြင်ပုံအတွက် သမ္မာတရားကို မိမိတို့၏ အခြေခံအကြောင်းရင်းအဖြစ် အသုံးပြုသင့်ပြီး ၎င်းတို့ လုပ်သမျှအတွက် ၎င်းတို့၏ စည်းမျဉ်းနှင့် အခြေခံအုတ်မြစ်အဖြစ် သမ္မာတရားကို အသုံးပြုသင့်ပေသည်။ ဤသည်မှာ ဖြစ်ရမည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ သို့ရာတွင် ဆန့်ကျင်ဖက်အနေဖြင့် လူတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးသည် အခြားလူတစ်ဦးနှင့် မိမိတို့ ဆက်ဆံရေးနှင့်တူကြောင်း၊ ပြီးလျှင် ၎င်းတို့၏ ဆက်ဆံရေးများသည် တူညီသည့် အဆင့်အတန်း ရှိသင့်ကြောင်း မိမိတို့ စိတ်နှလုံးများတွင် အမြဲ ခံစားကြရသည်။ ဤသည်မှာ ကောင်းမွန်သော အခြေအနေဖြစ်သလော။ (မဟုတ်ပါ။) အဘယ်သို့ မဟုတ်သနည်း။ လူတို့သည် မိမိတို့ကိုယ်ကို မမှန်သည့်နေရာတွင် ထားကြပေသည်။ ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ သဘောမထားကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့တွင် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများစွာ ရှိသော်လည်း လူတို့၏ အထင်လွဲမှုများ၊ သို့မဟုတ် စိတ်ကျဉ်းကျပ်မှုများ၏ အကျိုးဆက်တစ်ခုအဖြစ် သူ၏သဘောထားကို ဘုရားသခင် ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် သူ၏ သဘောထားကို သူ ပြောင်းလဲလိမ့်မည် မဟုတ်သည်သာမက ယခင်ကဲ့သို့ပင် စည်းမျဉ်းများအတိုင်း လူတို့၌ သူ ဆက်လက် အမှုပြုလိမ့်မည်ဖြစ်ကာ လူသားမျိုးနွယ်အားလုံး၏ ဘဝများအပေါ် စီစဉ်ပြီး အချုပ်အခြာအာဏာဖြင့် စိုးစံလိမ့်မည်လည်း ဖြစ်သည်။ သို့ရာတွင် လူသည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်လေ့ရှိတတ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်တတ်လေ့ရှိသောကြောင့် လူသည် အလွန် ဆင်းရဲဒုက္ခရောက်ရမည်။ လူတို့သည် ဘုရားသခင်ကို ပါးနပ်စွာ မျက်နှာချိုသွေးပြီး ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်နွှယ်မှုကို ပုံကြီးချဲ့အမွှမ်းတင်လိုကာ ၎င်းတို့၏ ခံစားချက်များ၊ အရင်းအနှီး၊ ပါရမီများ၊ အစွမ်းအစများကိုလည်းကောင်း၊ ၎င်းတို့ မည်မျှပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ အတိတ်က အောင်မြင်မှုများနှင့် အခြား အကြောင်းပြချက် ရှိသမျှကိုလည်းကောင်း ပြောဆိုလိုကြသည်။ ဤအခြေအနေများတွင် လူတို့ အမြဲ အသက်ရှင်ကြသည့်အခါ သမ္မာတရားကို ရရှိနိုင်ကြသလော။ မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးမရှိပါက၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များ အမြဲရှိပါက၊ ဖန်ဆင်းခံတစ်ဦး၏ နေရာကို ရပ်တည်နိုင်ခြင်းမရှိပါက ပြင်းပြသော ရည်မှန်းချက်များ ရှိပြီး ပိုမြင့်သည့် ရာထူးတစ်ခုကို အမြဲ မက်မောပါက ထိုအရာက နောက်ဆုံးတွင် သင့်အား သင်၏ တာဝန်ကို မှန်ကန်စွာ မချဉ်းကပ်နိုင်ဖြစ်စေလိမ့်မည်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သဘောထားကို မှန်ကန်စွာ နားမလည်နိုင် ဖြစ်စေလိမ့်မည်။ သင်သည် စဉ်ဆက်မပြတ် စစ်ဆေးခံရကာ ဆင်းရဲဒုက္ခခံရသော်လည်း သင်၏ အယူအဆများနှင့် စိတ်ကူးများကို သင်လက်မလွှတ်နိုင်သကဲ့သို့ သင်သည် ဘုရားသခင် အချစ်ဆုံးသောသူနှင့် အလေးအထားဆုံးသောသူ ဖြစ်သည်ဟုပင် တွေးထင်သည်။ အကျိုးဆက်အနေဖြင့် သင့်အပေါ် လက်တွေ့အရာတစ်ခု ဖြစ်ပျက်ပြီး ဘုရားသခင် ထိုသို့ မပြုမူကြောင်းနှင့် ယင်းသည် သင့်ဘက်မှ ဆန္ဒရှိသည့် အတွေးသာဖြစ်ကြောင်း သင်မြင်သည့်အခါ ဆုတ်ဆိုင်းမှုတစ်ခုကို သင် တွေ့ကြုံရပြီး စိတ်ဓာတ်ကျသည်ဟု ခံစားရလေသည်။ သင်သည် စောဒကတက်ပြီး မတရားသဖြင့် အပြုခံရသကဲ့သို့ ခံစားရသည်။ သင်၏ ခံစားချက်များကလည်း ထိုးနှက်ခံရသည်။ ဤဆင်းရဲဒုက္ခခံစားရခြင်းသည် ထိုက်တန်ပါ၏လော။ (မထိုက်တန်ပါ။) လူတို့သည် မိမိတို့ ဆန္ဒရှိသော အတွေး၊ အယူအဆများနှင့် စိတ်ကူးများကြောင့် မိမိတို့ကိုယ်ကို ဒုက္ခရောက်စေကြလေပြီ။ ဤသည်မှာ ၎င်းတို့အတွက် အခက်ခဲဆုံးသော အရာဖြစ်ပြီး ၎င်းတို့ မိမိတို့ကိုယ်ကို ပြောင်းလဲရန် လိုအပ်သည်။ ဤအရာကို ၎င်းတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်သည် လူတိုင်းအပေါ် ဖြောင့်မတ်ကြောင်းနှင့် ဘုရားသခင် ဆောင်ရွက်သည့် အမှုအားလုံးသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းအားဖြင့် ဖြစ်သည်။ သူ့ထံတွင် အခြားဖုံးကွယ်ထားသော ကြံရွယ်ချက် မရှိပေ။ လူတို့ လုပ်ဆောင်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ဦး၏ နေရာကို ရပ်တည်ရန်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်၊ ဖန်ဆင်းရှင် လုပ်ဆောင်သမျှတိုင်းကို လက်ခံကာ ကျိုးနွံနာခံရန်၊ အရာခပ်သိမ်း၌ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့် ဘုရားသခင်၏ လုပ်ဆောင်မှုကို အသိအမှတ်ပြုရန် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ်များကို နှိုင်းချင့်သုံးသပ်ပြီး အဓိပ္ပာယ်ဖွင့်ရန် လူတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို အမြဲ အသုံးပြုပါက ဘုရားသခင်အပေါ် ယုတ္တိမတန်သည့် တောင်းဆိုချက်များ အမြဲပြုလုပ်ပြီး အမှုအရာများကို မိမိတို့သဘောအတိုင်း ဘုရားသခင်က လုပ်ဆောင်ပါရန် မရမကပြောဆိုပါက ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်နေကြခြင်းဖြစ်ကာ သမ္မာတရားကို နားလည်ကြလိမ့်မည် မဟုတ်သည်သာမက၊ နောက်ဆုံးတွင် ၎င်းတို့အတွက် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရရုံမှလွဲ၍ မည်သည့်အရာမျှ ကျန်ရှိလိမ့်မည် မဟုတ်ချေ။ လူတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိုပါက ၎င်းတို့ လုပ်ဆောင်ရန်လိုအပ်သည့် တစ်ခုတည်းသော အရာမှာ ဖန်ဆင်းရှင် လုပ်ဆောင်သမျှကို ရှာဖွေ၊ ကျိုးနွံနာခံ၊ အသိအမှတ်ပြုပြီး လက်ခံရန် ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် သမ္မာတရားကို နားလည်ရန်၊ ဘုရားသခင်ကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရရှိရန်နှင့် ကယ်တင်ခံရရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။