အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၁၀၈)

ငါ၏အတွင်းတွင်၊ အားလုံး ငြိမ်သက်ခြင်းချမ်းသာကို ရှာတွေ့နိုင်ပြီး၊ လွတ်လပ်မှုကို အားလုံး ရရှိနိုင်ပေသည်။ ငါ၏ ဝိညာဉ်သည် ငါ၏ပြင်ပတွင်ရှိသောသူများနှင့်အတူ မရှိသောကြောင့် ၎င်းတို့သည် လွတ်လပ်မှုကို မရရှိနိုင်သကဲ့သို့၊ ပျော်ရွှင်မှုကိုလည်း မရရှိနိုင်ပေ။ ထိုသို့သော လူများကို ဝိညာဉ်မဲ့သေဆုံးနေသူများဟု ခေါ်ပြီး၊ ငါ၏ အတွင်းတွင် ရှိကြသောသူများကိုမူ “ဝိညာဉ် ပိုင်ဆိုင်သည့် အသက်ရှင်သောသူများ” ဟု ငါခေါ်သည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်ကြပြီး၊ ငါ၏ပလ္လင်သို့ ပြန်လာကြဖို့ သေချာပေသည်။ နတ်ဆိုးကို အစေခံမှုပေးသောသူများနှင့် နတ်ဆိုးနှင့် သက်ဆိုင်သော သူများသည် ဝိညာဉ်မဲ့ လူသေများ ဖြစ်ကြပြီး၊ ၎င်းတို့အားလုံး ရုပ်သိမ်းခံရမည်ဖြစ်ကာ ဘာမှမရှိခြင်း ဖြစ်စေရမည်ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းတစ်ခု ဖြစ်ပြီး၊ လူသားမျိုးနွယ် ဉာဏ်မမှီနိုင်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် ငါသည် ဤအရာကို အယောက်တိုင်းထံ လူသိရှင်ကြား ဖြစ်စေပြီးဖြစ်သည်။ ငါနှင့် သက်ဆိုင်ခြင်း မရှိသူများသည် ငါ့ကို ဆန့်ကျင်ကြပေသည်။ ငါနှင့် သက်ဆိုင်သော သူများမှာ ငါနှင့် သဟဇာတဖြစ်သောသူများ ဖြစ်သည်။ ဤသည်မှာ လုံးဝ ငြင်း၍မရနိုင်သည့်အရာဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည့် ငါ၏ တရားစီရင်ခြင်း နောက်ကွယ်က အခြေခံသဘောတရား ဖြစ်သည်။ ၎င်းတို့အနေဖြင့် ငါ၏ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှုကို မြင်နိုင်ကြဖို့အလို့ငှာ၊ ဤအခြေခံ သဘောတရားကို လူတိုင်းအား သိစေသင့်ပေသည်။ စာတန်ထံမှ လာသော သူအားလုံးသည် တရားစီရင်ခံရမည်၊ မီးရှို့သတ် ခံရမည်ဖြစ်ပြီး ပြာအဖြစ်သို့ ပြောင်းလဲ သွားရလိမ့်မည်။ ဤသည်မှာလည်း ငါ၏ အမျက်ဒေါသ ဖြစ်ပြီး၊ ဤအရာမှ ငါ၏ စိတ်သဘောထားသည် တိုး၍ ပေါ်လွင်ပေသည်။ ယခုမှစ၍ ငါ၏ စိတ်သဘောထားကို ပွင့်လင်းစွာ ကြေညာမည်။ ယင်းကို လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံအားလုံးထံ၊ ဘာသာတရား အားလုံးထံ၊ ဂိုဏ်းဂဏများအားလုံးနှင့် လူ့အလွှာအားလုံးမှ လူများထံသို့ တဖြည်းဖြည်း ထုတ်ဖော်ပြမည်ဖြစ်သည်။ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားမည်မဟုတ်။ အားလုံးကို ထုတ်ဖော်ပြ လိမ့်မည်။ (သားဦးများအနေဖြင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ကြဖို့အလို့ငှာ၊ ပြီးလျှင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးကို တရားစီရင်ဖို့ ငါ၏ ထုတ်ဖော်ထားသော စိတ်သဘောထားကို အသုံးပြုကြဖို့ရန်အလို့ငှာ၊) ဤအရာကို ငါ လုပ်ဆောင်ရမည်မှာ ငါ၏ စိတ်သဘောထားနှင့် ငါ၏ လုပ်ဆောင်ချက်များ နောက်ကွယ်က အခြေခံသဘောတရားသည် လူသားမျိုးနွယ်အတွက် အကွယ်ဝှက်ဆုံးသော နက်နဲမှုများ ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် ဖြစ်ပြီး၊ ဤအရာများသည် ငါ၏ အမှု၏ အဆင့်များ ဖြစ်ကြသည်။ ယင်းကို မည်သူမျှ ပေါ့ပေါ့တန်တန် မပြောင်းလဲရ။ ငါသည် ငါ၏လူ့သဘာဝအတွင်းတွင် ငါ၏ဘုရားသဘာဝ နှင့်ဆိုင်သည့် ပြည့်စုံသော စိတ်သဘောထားကို အသက်ရှင် နေထိုင်နှင့်ပြီး ဖြစ်သည်၊ ထို့ကြောင့် ငါ၏ လူ့သဘာဝကို ပုန်ကန်ပြစ်မှားဖို့ မည်သူ့ကိုမျှ ငါ ခွင့်မပြုပေ။ (ငါအသက်ရှင် နေထိုင်သည့် အရာတိုင်းသည် ဘုရားနှင့်ဆိုင်သည့် စိတ်သဘောထား ဖြစ်၏။ ဤသည်မှာ ငါသည် ပုံမှန် လူ့သဘာဝကို ကျော်လွန်ပြီး ဖြစ်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်ဟု ယခင်က ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။) ငါ့ကို ပုန်ကန်ပြစ်မှားသူ မည်သူ့ကိုမျှ ငါသည် သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို ထာဝရ ပျက်စီးစေမည်။ သတိရလော့။ ဤသည်မှာ ငါ ဆုံးဖြတ်ပြီးသော အရာဖြစ်၏။ တစ်နည်းအားဖြင့်၊ ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ဤအရာကို လူတိုင်း မြင်တွေ့သင့်သည်- ငါဖြစ်သည်ဟူသော လူပုဂ္ဂိုလ်ကား ဘုရားသခင်ဖြစ်ပြီး၊ ထိုမျှသာမက၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤအရာသည် ယခုတွင် ရှင်းလင်းသင့်ပေသည်။ ငါသည် မည်သည့်အရာကိုမျှ သတိလက်လွတ် မပြောပေ။ သင့်အနေဖြင့် စုံလင်သော သိနားလည်မှုတစ်ခု ရရှိပြီးဖြစ်သည်အထိ ငါသည် အရာရာကို ရှင်းလင်းစွာ မိန့်မြွက်ပြီး ထောက်ပြ၏။

အခြေအနေသည် အလွန် တင်းမာနေသည်။ ငါ၏ အိမ်တွင်သာမက၊ ငါ၏ အိမ်အပြင်ဖက်တွင် သာ၍ပင် သင်တို့သည် ငါ၏ နာမကို သက်သေခံဖို့၊ ငါ့ကို အသက်ရှင်နေထိုင်ဖို့နှင့် အခြေအနေတိုင်းတွင် ငါ့ကို သက်သေခံရန် ငါတောင်းဆိုသည်။ ဤသည်တို့မှာ အဆုံးသတ်အချိန်ကာလများ ဖြစ်သောကြောင့်၊ အရာရာသည် ယခု အဆင်သင့်ဖြစ်သကဲ့သို့၊ အရာရာသည် ယင်း၏ မူလသွင်ပြင်ကို ထိန်းသိမ်းထားကာ၊ ဤအရာထဲမှ မည်သည့်အရာမျှ တစ်ချိန်ချိန်တွင် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ စွန့်ပစ်သင့်သည့် အရာများကို စွန့်ပစ်ရမည်ဖြစ်ပြီး၊ သိမ်းဆည်းရမည့်အရာများကို သိမ်းဆည်းရမည်။ အတင်းအဓမ္မ ဖက်တွယ်ဖို့ သို့မဟုတ် တွန်းဖယ်ဖို့ မကြိုးစားနှင့်။ ငါ၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်ဖို့ သို့မဟုတ် ငါ၏ အစီအစဉ်ကို ဖျက်ဆီးဖို့ မကြိုးပမ်းနှင့်။ လူသားတစ်ဦး ရှုထောင့်မှ၊ ငါသည် လူသားမျိုးနွယ်အပေါ် အမြဲ ချစ်ခင်ပြီး သနားကြင်နာ သော်လည်း၊ ငါ၏ ရှုထောင့်မှ၊ ငါသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သောကြောင့် ငါ၏ စိတ်သဘောထားသည် ငါ၏အမှုနှင့်ဆိုင်သည့် အဆင့်များနှင့်အညီ ခွဲခြားခံရပေသည်။ ငါသည် အတုမဲ့ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်၏။ ငါသည် ပြောင်းလဲ၍မရသကဲ့သို့ အစဉ်ပြောင်းလဲ၍လည်း နေပေသည်။ ဤကား မည်သူမျှ နားလည်သဘောမပေါက်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင်တို့ကို ငါပြောပြီး၊ ရှင်းပြသည့်အခါမှသာ ထိုအရာနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုကို သင်တို့ ရကြလိမ့်မည်ဖြစ်ပြီး သဘောပေါက် နိုင်ကြလိမ့်မည်။ ငါ၏ သားများအဖို့ ငါသည် ချစ်ခင်တတ်သည်၊ သနားကရုဏာ ရှိသည်၊ ဖြောင့်မတ်ပြီး အပြစ်ပေးသော်လည်း ဝေဖန်တိကပြုသောသူ မဟုတ်ပေ (ပြီးလျှင် ငါသည် သားဦးများကို မဖျက်ဆီးဟု ယင်းအားဖြင့် ငါ ဆိုလိုပေသည်။)။ ငါ၏ သားများမှအပ လူတို့အဖို့၊ ခေတ်များ၏ အပြောင်းအလဲပေါ် မူတည်လျက် ငါသည် အချိန်မရွေး ပြောင်းလဲ၏။ ငါသည် ချစ်ခင်နိုင်သည်၊ သနားကရုဏာ ရှိနိုင်သည်၊ ဖြောင့်မတ်နိုင်သည်၊ ဘုန်းအာနုဘော်တော် ဖြစ်နိုင်သည်၊ ဝေဖန်တိကပြုနိုင်သည်၊ အမျက်ဒေါသပြည့်နိုင်သည်၊ ကျိန်ဆဲ နိုင်သည်၊ လောင်ကျွမ်းနိုင်ပြီး၊ နောက်ဆုံးတွင် ၎င်းတို့၏ ဇာတိပကတိကို ဖျက်ဆီးနိုင်ပေသည်။ ဖျက်ဆီးခံရသူတို့သည် ၎င်းတို့၏ စိတ်ဓါတ်နှင့် ဝိညာဉ်များနှင့် အတူ ပျက်စီးကြလိမ့်မည်။ သို့ရာတွင် အစေခံမှုကို ပေးသောသူတို့အတွက်၊ ၎င်းတို့၏ စိတ်ဓါတ်နှင့် ဝိညာဉ်တို့သာ ထိန်းသိမ်းခံရလိမ့်မည်။ (ပြီးလျှင် ဤအရာကို ငါလက်တွေ့လုပ်ဆောင်ပုံနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များနှင့် စပ်လျဉ်း၍၊ သင်တို့ နားလည်နိုင်ဖို့အလို့ငှာ ငါသည် သင်တို့ကို ‌နောက်ပိုင်းတွင် ပြောပြမည်။) သို့ရာတွင် ၎င်းတို့သည် ငါ၏ လူများအောက်တွင်ရှိပြီး ငါ၏လူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသောကြောင့်၊ မည်သည့်အခါမျှ ၎င်းတို့ လွတ်လပ်မှုရှိမည် မဟုတ်သကဲ့သို့၊ မည်သည့်အခါမျှ လွတ်မြောက်ကြလိမ့်မည် မဟုတ်ပေ။ အစေခံသူများကို ငါအလွန်မုန်းတီးရသည့် အကြောင်းရင်းမှာ ၎င်းတို့ အားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များ ဖြစ်ပြီး အစေခံသူများမဟုတ်သည့် သူတို့သည်လည်း အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များ ဖြစ်ကြပေသည်။ တစ်နည်းအားဖြင့် သားဦးများမဟုတ်သော လူအားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ ပျက်စီးခြင်း၌ ရှိသောသူများသည် ငါ့အား ထာဝရချီးမွမ်းမှု ပေးကြသည်ဟု ငါပြောသောအခါ၊ ၎င်းတို့သည် ငါ့ကို ထာဝရ အစေခံမှု ပေးကြမည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ပြောင်းလဲ၍မရပေ။ ထိုလူများသည် အစဉ်အမြဲ ကျွန်များ၊ ကျွဲနွားတိရစ္ဆာန်များနှင့် မြင်းများ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များဖြစ်ပြီး ငါ၏ စိတ်သဘောထား မရှိကြသောကြောင့်၊ ၎င်းတို့ကို အချိန်မရွေး ငါသတ်ဖြတ်နိုင်ပြီး ငါဆန္ဒရှိသလို အုပ်စိုးနိုင်သည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ သားမြေးစဉ်ဆက်များ ဖြစ်သောကြောင့်လည်း၊ ယင်း၏ စိတ်သဘောထား ၎င်းတို့ ရှိကြပေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သားရဲများ၏ စိတ်သဘောထား ရှိကြ၏။ ဤသည်မှာ လုံးဝ မှန်ကန်ပြီး ထာဝရ ပြောင်းလဲခြင်း မရှိပေ။ ဤသည်မှာ ငါ့အားဖြင့် လုံးဝ ခွဲခန့်မှတ်သားထားပြီး ဖြစ်သောကြောင့်ဖြစ်သည်။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပေ။ (ဤစည်းမျဉ်းကို ဆန့်ကျင် လုပ်ဆောင်ဖို့ မည်သူကိုမျှ ငါခွင့်မပြုဟု ငါဆိုလိုပေသည်။) သင် ကြိုးစားကြည့်ပါက၊ သင့်ကို ငါ အဆုံးစီရင်မည်။

ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ငါ၏အမှုတို့ မည်သည့်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်ကို တွေ့မြင်ဖို့ရန် ငါ ထုတ်ဖော်ပြပြီးဖြစ်သည့် နက်နဲမှုများကို သင် ကြည့်သင့်၏။ ငါ၏ လက်များဖြင့် မည်သည့်အရာ ငါလုပ်ဆောင်သည်ကို ကြည့်လော့၊ ပြီးလျှင် မည်သည့်လူများအပေါ် ငါ၏ တရားစီရင်ခြင်းနှင့် အမျက်ဒေါသတို့ ကျရောက်သည်ကို ကြည့်လော့။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ ငါသည် ငါဖော်ထုတ်ပြီးဖြစ်သည့် နက်နဲရာများနှင့်အညီ ငါ၏ အမှုကို ခင်းကျင်းကာ ငါ၏ အစီအစဉ်ကို စီမံ၏။ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်။ ယင်းသည် ငါ၏စိတ်ဆန္ဒအတိုင်း အဆင့်ဆင့် လုပ်ဆောင်ရမည်။ နက်နဲရာများသည် ငါ၏အမှု လည်ပတ်ရာ လမ်းကြောင်းဖြစ်ပြီး ၎င်းတို့သည် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲက အဆင့်များကို ညွှန်ပြသည့် လက္ခဏာရပ်များ ဖြစ်သည်။ နက်နဲမှုသည် မှားယွင်းပါက၊ လမ်းကြောင်းသည်လည်း မှားယွင်းသောကြောင့် မည်သူမျှ နက်နဲမှုများကို ဖြည့်ခြင်း သို့မဟုတ် ငါ၏ နက်နဲမှုများမှ နုတ်ခြင်း မပြုရ။ ငါသည် သင်တို့ကို အဘယ်ကြောင့် ငါ၏ နက်နဲမှုများကို ထုတ်ဖော်ပြနေသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ သင်တို့အထဲတွင် မည်သူ ရှင်းလင်းစွာ ပြောနိုင်သနည်း။ ထို့အပြင် နက်နဲမှုများသည် လမ်းကြောင်းဖြစ်သည်ဟု ငါဆိုပြီးဖြစ်သည်၊ သို့ဆိုလျှင် ဤလမ်းကြောင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် အသွေးအသားမှသည် ခန္ဓာကိုယ်ထဲသို့ သင် ဖြတ်သန်းသည့် ဖြစ်စဉ်ဖြစ်ပြီး ဤသည်မှာ အရေးကြီးသောအဆင့် ဖြစ်သည်။ ငါ၏ နက်နဲမှုများကို ငါထုတ်ဖော်ပြီးသည့်အခါ၊ လူတို့၏ အယူအဆများ တဖြည်းဖြည်း ဖယ်ရှားခြင်းခံရပြီး၊ ၎င်းတို့၏ အတွေးများ တဖြည်းဖြည်း အားနည်းလာလေသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နယ်ပယ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ငါ၏ အမှုသည် အဆင့်များဖြင့် ဖြစ်ပျက်ပြီး မရေမရာမဖြစ်ဟု ငါဆိုပေသည်။ ဤသည်မှာ စစ်မှန်မှုဖြစ်ပြီး ဤသည်မှာ ငါ၏ အမှုပြုသော နည်းလမ်းဖြစ်သည်။ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်သကဲ့သို့၊ အခြားမည်သူမျှ မရရှိနိုင်ပေ။ အကြောင်းမူကား ငါသည် အတုမဲ့ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သောကြောင့်တည်း။ ငါ၏ အမှုသည် ငါ့ကိုယ်တိုင်အားဖြင့် ပြီးပြည့်စုံ၏။ စကြဝဠာလောကတစ်ခုလုံးကို ငါတစ်ဦးတည်း ထိန်းချုပ်ပြီး၊ ငါတစ်ဦးတည်းက စီမံခန့်ခွဲသည်။ မည်သူသည် ငါ့ကို နားမထောင်ဘဲ နေဝံ့သနည်း။ (ဇာတိအဖြစ်တော်ဖြစ်သည့် ငါဖြစ်၏ ဆိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်သောကြောင့်၊ “ငါတစ်ဦးတည်း” ဆိုခြင်းဖြင့် ဘုရားသခင် ကိုယ်တိုင်ကို ငါဆိုလိုပေသည်- ထို့ကြောင့် သင်၏ ကိုယ်ပိုင် အယူအဆများကို အလွန်တင်းကျပ်စွာ ဆုပ်ကိုင်မထားနှင့်။) မည်သူသည် ငါ့ကို ဆန့်ကျင်ဝံ့သနည်း။ ၎င်းတို့သည် ပြင်းထန်စွာ အပြစ်ပေး ခံရလိမ့်မည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ အကျိုးဆက်ကို မြင်ကြပြီးဖြစ်သည်။ ယင်းမှာ ၎င်း၏ နိဂုံးဖြစ်သော်လည်း၊ ယင်းသည် ရှောင်လွှဲ၍မရခြင်းတစ်ခုလည်း ဖြစ်ပေသည်။ အဆင်းနီသော နဂါးကြီး အရှက်ရဖို့အလို့ငှာ အမှုကို ငါကိုယ်တိုင်လုပ်ဆောင်ရမည်။ ယင်းသည် မည်သည့်အခါမျှ တစ်ဖန် ထွက်ပေါ်မလာနိုင်သကဲ့သို့ ထာဝရကာလပတ်လုံး ဖျက်ဆီးခြင်း ခံရလိမ့်မည်။ ယခုတွင် ငါသည် နက်နဲမှုများကို ထုတ်ဖော်ဖို့ စတင်လျက်ရှိသည်။ (သတိရလော့။ ထုတ်ဖော်ပြခံရသည့် နက်နဲမှု အများစုမှာ မကြာခဏ သင်တို့ ဖွင့်ဟသော်လည်း၊ မည်သူမျှ နားမလည်သည့်အရာများ ဖြစ်သည်။) မပြီးဆုံးသေးဟု လူတို့မြင်သည့် အရာအားလုံးသည် ငါ၏မျက်စိတွင် ပြည့်စုံနှင့်ပြီး ဖြစ်ကာ အစပြုရုံသာရှိနေသည်ဟု ငါမြင်သောအရာများသည် လူတို့အဖို့ ပြည့်စုံနှင့်ပြီးဖြစ်သကဲ့သို့ ထင်ရသည်ဟု ငါ ပြောပြီးဖြစ်သည်။ ဤသည်မှာ ဝိရောဓိသဘော ဖြစ်သလော။ မဖြစ်ပါ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် အတွေးများရှိသောကြောင့် ထိုနည်းဖြင့် တွေးထင်ကြသည်။ ငါစီစဉ်သော အရာများသည် ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ပြည့်စုံပေသည် (၎င်းတို့ဖြစ်တည်ရန် ငါပြောသောအခါ ၎င်းတို့ ဖြစ်တည်ပြီး ၎င်းတို့ ပြည့်စုံရန် ငါပြောသည့်အခါ ၎င်းတို့ ပြည့်စုံကြလေသည်)။ သို့ရာတွင် ငါပြောပြီးသောအရာများသည် ပြည့်စုံပြီးဖြစ်သည်ဟု ငါ့အဖို့ မထင်ရပေ။ ဤသည်မှာ ငါလုပ်ဆောင်သော အရာများနှင့်ပတ်သက်၍ အချိန်အကန့်အသတ် ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအရာများသည် လူတို့၏ ဇာတိအမြင်များ၌ (၎င်းတို့၏ အချိန်နှင့်ပတ်သက်သည့် အယူအဆ ခြားနားမှုများကြောင့်) ပြည့်စုံနှင့်ပြီး ဖြစ်သော်လည်း၊ ယင်းတို့ကို မပြည့်စုံသော အရာများကဲ့သို့ ငါမြင်၏။ ယနေ့ခေတ်တွင် လူအများစုသည် ငါ ထုတ်ဖော်ပြသည့် နက်နဲမှုများကြောင့်၊ ငါ့ကို သံသယရှိကြသည်။ စစ်မှန်မှု အစပြုခြင်းကြောင့်၊ ပြီးလျှင် ငါ၏ ရည်ရွယ်ချက်များသည် လူတို့၏ အယူအဆများနှင့် မကိုက်ညီသောကြောင့်၊ ၎င်းတို့သည် ငါ့ကို ခုခံတတ်ကြပြီး ငါ့ကို ငြင်းပယ်ကြလေသည်။ ဤသည်မှာ စာတန်က သူ၏ ကိုယ်ပိုင် အကြံအစည်များ၌ ကိုယ်တိုင်ပိတ်မိနေခြင်းဖြစ်သည်။ (၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရလိုကြသော်လည်း၊ ဘုရားသခင်သည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ထိုမျှအတိုင်းအတာထိ ကိုက်ညီမှုမရှိမည်ကို ၎င်းတို့ မမျှော်လင့်ခဲ့ကြပေ၊ ထို့ကြောင့် ၎င်းတို့ နောက်ဆုတ်ကြလေသည်။) ဤသည်မှာ ငါ့အမှု၏ သက်ရောက်မှု တစ်ခုလည်း ဖြစ်သည်။ လူအားလုံး ငါ့ကို ချီးမွမ်းသင့်သည်၊ ငါ့ကို သြဘာပေးသင့်ပြီး ငါ့ကို ဘုန်းအသရေ ပေးသင့်ပေသည်။ အရာရာသည် ငါ၏ လက်ထဲတွင် လုံးဝရှိပြီး အရာရာသည် ငါ၏စီရင်မှု အတွင်းတွင် လုံးဝရှိပေသည်။ ငါ၏ တောင်ဆီသို့ လူအားလုံး စီးဆင်းလာကြသောအခါ၊ ပြီးလျှင် သားဦးများသည် အောင်နိုင်လျက် ပြန်လာကြသောအခါတွင်၊ ယင်းသည် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆုံးသတ်အချိန် ဖြစ်လိမ့်မည်။ ယင်းသည် ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အတွက် ပြီးပြည့်စုံခြင်း အခိုက်အတန့် ဖြစ်လိမ့်မည်။ အရာအားလုံးကို ငါကိုယ်တိုင် စီစဉ်၏။ ဤအရာကို ငါ အကြိမ်ကြိမ် ပြောနှင့်ပြီးဖြစ်သည်။ သင်တို့သည် သင်တို့၏ အယူအဆများ အတွင်းတွင် အသက်ရှင်ကြသေးသည့်အတွက်၊ သင်တို့အနေဖြင့် ငါ၏ အစီအစဉ်ကို နှောင့်ယှက်မည့် မည်သည့်အမှားများကိုမျှ ဤနေရာတွင် မပြုဖို့ရန်အလို့ငှာ ငါသည် ဤအရာကို အကြိမ်ကြိမ် အလေးထားရပေမည်။ သင်တို့သည် လတ်တလောတွင် ခန္ဓာသွေးသားနှင့် ရှိဆဲဖြစ်သောကြောင့် (သင်တို့သည် ငါနှင့် သက်ဆိုင်ကြသော်လည်း၊ ခန္ဓာဖြင့် အသက်ရှင်ဆဲ ဖြစ်သည်။) လူတို့သည် ငါ့ကို မကူညီနိုင်သကဲ့သို့ ငါ၏ စီမံခန့်ခွဲမှုတွင်လည်း မပါဝင်နိုင်ကြချေ။ ထိုသို့ဖြစ်သဖြင့်၊ အသွေးနှင့်အသားဖြစ်သော သူတို့သည် ငါ၏ အမွေဥစ္စာကို မရရှိနိုင်ဟု ငါပြောရပေသည်။ ဤသည်မှာ သင်တို့ကို ဝိညာဉ်ရေးရာနယ်ပယ်ထဲသို့ ဝင်ရောက်စေသည့် အဓိကအကြောင်းရင်းလည်း ဖြစ်ပေသည်။

ကမ္ဘာလောကတွင်၊ မြေငလျင်များသည် ကပ်ဘေး၏ အစအဦး ဖြစ်သည်။ ပထမဦးစွာ ငါသည် ကမ္ဘာလောကကို- ဆိုလိုသည်မှာ ကမ္ဘာမြေကြီးကို- ပြောင်းလဲစေပြီး၊ ထို့နောက်တွင် ကပ်ရောဂါများ နှင့် ငတ်မွတ်ခေါင်းပါးမှုများ လာသည်။ ဤသည်မှာ ငါ၏ အစီအစဉ်ဖြစ်ပြီး ဤအရာများမှာ ငါ၏ ခြေလှမ်းများ ဖြစ်ကာ၊ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ကို ပြည့်စုံစေဖို့ရန်အလို့ငှာ ငါ့အား အစေခံစေဖို့ အရာရာကို ငါ စည်းရုံးမည်။ ဤအကြောင်းကြောင့်၊ စကြဝဠာလောကတစ်ခုလုံးသည် ငါ၏ တိုက်ရိုက် စွက်ဖက်မှုပင် မရှိဘဲ၊ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ပထမအကြိမ် ငါ လူ့ဇာတိခံယူပြီး ကားတိုင်တွင် သံမှိုရိုက်ခြင်း ခံရသည့်အချိန်တွင်၊ ကမ္ဘာမြေကြီးသည် အလွန်တရာ တုန်လှုပ်ခဲ့ပြီး၊ ကမ္ဘာကုန်သည့်အခါတွင် အလားတူ ဖြစ်လိမ့်မည်။ ငါသည် လူ့ဇာတိမှ ဝိညာဉ်ရေးရာ နယ်ပယ်ထဲသို့ ဝင်ရောက်သည့် တကယ့်အခိုက်အတန့်တွင် မြေငလျင်များ စတင်လိမ့်မည်။ ဤအကြောင်းကြောင့် သားဦးများသည် ကပ်ဘေးများမှ ဆင်းရဲဒုက္ခ လုံးဝခံစားရလိမ့်မည် မဟုတ်၊ သားဦးမဟုတ်သော သူများမှာမူ ကပ်ဘေးများအလယ် ဆင်းရဲဒုက္ခ ခံစားဖို့ ချန်ရစ်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် လူသားရှုထောင့်မှ အယောက်တိုင်းသည် သားဦးများ ဖြစ်ဖို့ လိုလားလျက်ရှိပေသည်။ လူတို့၏ စိတ်ထင့်ခြင်းများတွင်၊ ဤသည်မှာ ကောင်းချီးမင်္ဂလာများ ခံစားရန်မဟုတ်ပဲ၊ ဆင်းရဲဒုက္ခကို လွတ်မြောက်ဖို့ ဖြစ်သည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ အကြံအစည်ဖြစ်သည်။ သို့ရာတွင် ငါသည် မည်သည့်အခါမျှ သူ့ကို လွတ်မြောက်ခွင့် ပေးမည်မဟုတ်။ ငါသည် ၎င်းကို ၎င်း၏ ကိုယ်ပိုင် အကြံအစည်များဖြင့် ထာဝရ အလှည့်စားခံရဖို့၊ ငါ၏ တရားစီရင်ခြင်းကို ထာဝရ လက်ခံဖို့နှင့် ငါ၏ ကျွမ်းလောင်စေခြင်းကို ထာဝရခံရဖို့ဖြစ်စေရင်း၊ ငါ၏ ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းကို ၎င်းအား ခံစားစေပြီးနောက် မတ်တပ်ရပ်ကာ ငါ့အား အစေခံစေမည်။ (ဤအရာက ငါ၏ သားများနှင့် ငါ၏ လူတို့ကို စုံလင်စေခြင်းအား ရည်ညွှန်းသည်။) ဤသည်မှာ အစေခံသူတို့ကို ငါ့အား ချီးမွမ်းစေခြင်း၏ စစ်မှန်သော အဓိပ္ပါယ် ဖြစ်သည်။ (ဆိုလိုသည်မှာ ငါ၏ ကြီးမြတ်သော တန်ခိုးကို ထုတ်ဖော်ဖို့ ၎င်းတို့ကို အသုံးပြုခြင်းဖြစ်သည်။) ငါသည် အဆင်းနီသော နဂါးကြီးအား ငါ၏ နိုင်ငံတော်အတွင်း ခိုးဝင်ခွင့်ပြုလိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့ကို ချီးမွမ်းပိုင်ခွင့် ပေးမည်မဟုတ်။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် မထိုက်တန်ပေ။ ဘယ်သောအခါမျှ ထိုက်တန်လိမ့်မည်မဟုတ်။) ငါသည် အဆင်းနီသော နဂါးကြီးအား ငါ့ကို ထာဝရ အစေခံစေရန်သာ လုပ်ဆောင်မည်။ ငါသည် ၎င်းကို ငါ၏ ရှေ့မှောက်တွင် ပျပ်ဝပ်ခွင့်သာပြုမည်။ (ဖျက်ဆီးခံရသောသူတို့သည် ထာဝရပြစ်ဒဏ်ခံရသော အဖြစ်တွင် ရှိသောသူတို့ထက် သာ၍ ကောင်းပေသည်။ ဖျက်ဆီးခြင်းသည် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်း၏ ယာယီပုံစံတစ်ခုသာ ဖြစ်သော်လည်း၊ ထာဝရ ပြစ်ဒဏ်ခံရသော အဖြစ်၌ရှိသည့် လူတို့သည် ပြင်းထန်သော အပြစ်ပေးမှုများကို ထာဝရခံကြရလိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့် “ပျပ်ဝပ်သည်” ဟူသည့် စကားကို ငါအသုံးပြုပေသည်။ ဤလူတို့သည် ငါ၏ အိမ်ထဲသို့ ခိုးဝင်ပြီး ငါ၏ ကျေးဇူးတော်များစွာကို မွေ့လျော်ခံစားကြကာ၊ ငါနှင့်သက်ဆိုင်သည့် အသိပညာတစ်ချို့ကို ပိုင်ဆိုင်ကြသောကြောင့်၊ ငါသည် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းများကို အသုံးပြုရပေသည်။ ငါ၏ အိမ်အပြင်တွင် ရှိကြသူတို့အတွက်မူ၊ မသိနားမလည်သော သူသည် ဆင်းရဲဒုက္ခခံစားရလိမ့်မည် မဟုတ်ဟု သင် ပြောနိုင်သည်။) လူတို့၏ အယူအဆများတွင်၊ ဖျက်ဆီးခံရသော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသော အဖြစ်၌ ရှိသူများထက် ပိုဆိုးသည်ဟု ထင်ကြသော်လည်း၊ ဆန့်ကျင်ဘက်အနေဖြင့် ထာဝရ ပြစ်ဒဏ် ခံရသော အဖြစ်၌ရှိသူများသည် အစဉ်ထာဝရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်ပြီး ဖျက်ဆီးခံရသူတို့မှာ ဘာမျှမရှိခြင်း အဖြစ်သို့ ထာဝရ ပြန်သွားရကြလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။