ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။ (အပိုင်း တစ်)
ပြီးခဲ့သော စည်းဝေးပွဲအတွင်း မိတ်သဟာယပြုချက်၏ အဓိက အကြောင်းအရာမှာ လူတစ်ဦးအနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းအားဖြင့် စုံလင်အောင်ပြုခြင်း ခံရဖို့အတွက် အခြေခံကျသော လိုအပ်ချက်လေးရပ် ဖြစ်သည်။ အခြေခံကျသော ဤလိုအပ်ချက်လေးရပ်မှာ အဘယ်နည်း။ (ပထမ လိုအပ်ချက်မှာ ပြည့်မီသော တာဝန်ထမ်းဆောင်မှု ဖြစ်သည်။ ဒုတိယမှာ ဘုရားသခင်အား ကျိုးနွံနာခံခြင်းစိတ်ထားရှိခြင်း ဖြစ်၏။ တတိယမှာ အခြေခံအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းပင် ဖြစ်သည်။ ထို့ပြင် စတုတ္ထမှာ နောင်တရသော စိတ်နှလုံးရှိခြင်း ဖြစ်သည်။) ဤလိုအပ်ချက်လေးရပ် တစ်ခုစီအတွင်းတွင် အသေးစိတ် အချက်အချို့သာမက ခိုင်လုံသော လက်တွေ့လုပ်ဆောင်မှုများနှင့် တိကျသော ရည်ညွှန်းကိုးကားချက်များလည်း ရှိသည်။ အမှန်တွင် ဤအကြောင်းအရာလေးခုကို နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီဖြစ်သည်။ ယင်းတို့ကို ငါတို့ ယနေ့ထပ်မံ ဆွေးနွေးကြပါက ယင်းကို လမ်းဟောင်းပြန်လျှောက်ခြင်းဟု သတ်မှတ်ရမည်လော။ (သတ်မှတ်ရမည် မဟုတ်ပါ။) အဘယ့်ကြောင့် ထိုသို့ မသတ်မှတ်ရမည်နည်း။ ဤလိုအပ်ချက် လေးရပ်အနက် တစ်ခုစီ၌ပါဝင်သည့် အကြောင်းအရာများတွင် အဆုံးမရှိသော အကြောင်းအရာများဖြစ်သည့် သမ္မာတရားစစ်မှန်မှုနှင့် အသက်ဝင်ရောက်မှုတို့ ပါဝင်သောကြောင့် ဖြစ်လေသည်။ လူအများစုမှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အဆင့်အထိ မရောက်ရှိကြသေးပေ။ ၎င်းတို့သည် သမ္မာတရားအဓိပ္ပာယ်၏ အပေါ်ယံမျှကိုသာ နားလည်ကြသည်။ ရိုးစင်းသော အယူဝါဒအချို့ကိုသာ နားလည်ကြသည်။ ၎င်းတို့သည် အချို့သော စစ်မှန်မှုများကို မိတ်သဟာယပြုနိုင်သော်လည်း သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ခြင်းကို မပြည့်မီကြပေ။ ထို့ကြောင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာ ပါဝင်သည်ဖြစ်စေ ယင်းကို မကြာခဏ မိတ်သဟာယ ပြုရမည်ဖြစ်ပြီး မကြာခဏ နာယူရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သမ္မာတရားအမျိုးမျိုးအပေါ် လူတို့၏နားလည်မှုသည် ၎င်းတို့၏ တကယ့်အတွေ့အကြုံအားဖြင့် နက်ရှိုင်းလာမည်ဖြစ်ပြီး ၎င်းတို့၏ အတွေ့အကြုံများမှာ ပို၍ပို၍ တိကျမှန်ကန်လာမည် ဖြစ်သည်။
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းအားဖြင့် စုံလင်အောင်ပြုခြင်းခံရဖို့အတွက် အခြေခံလိုအပ်ချက် လေးရပ်ကို ငါတို့ ယခုတင် အတိုချုပ်ပြောခဲ့ကြပြီဖြစ်သည်။ ထို့နောက် ငါတို့၏ ဆွေးနွေးချက်ကို “ပြည့်မီသော တာဝန်ထမ်းဆောင်မှု” ဟူသည့် ပထမလိုအပ်ချက်မှ အစပြုကြစို့။ လူအချို့က “လွန်ခဲ့သော ဤနှစ်နှစ်တာ ဆွေးနွေးချက်များက တာဝန်ထမ်းဆောင်ခြင်း အကြောင်းချည်းသာ ဖြစ်သည်။ အထူးသဖြင့် မည်သို့ တာဝန်ထမ်းဆောင်ရမည်၊ မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်၊ ထမ်းဆောင်နေစဉ် မည်သည့်စည်းမျဉ်းများကို လိုက်လျှောက်ရမည် ဟူသည့် ဤအကြောင်းအရာများကို ကျွန်ုပ်၏စိတ်နှလုံးထဲတွင် နောကျေနေပြီး သည့်ထက် ပို၍ မရှင်းလင်းနိုင်တော့ပေ။ ထို့ပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျွန်ုပ်၏ နေ့စဉ်အသက်တာမှာ မိမိ၏တာဝန်ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများအကြောင်းချည်းသာ ဖြစ်လာခဲ့သည်။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို စတင်ထမ်းဆောင်ခဲ့စဉ်ကတည်းက ယင်းနှင့်ဆက်စပ်သည့် သမ္မာတရားများကို ရှာဖွေ၊ စားသောက်ပြီး နာယူခဲ့ပြီဖြစ်သည်။ ပြီးလျှင် ယခုအချိန်တွင်ပင် ဤအကြောင်းအရာကို ဆွေးနွေးနေဆဲဖြစ်သည်။ ယင်းကို ကျွန်ုပ်၏စိတ်နှလုံးထဲ၌ နားလည်ထားခဲ့သည်မှာ ကြာညောင်းခဲ့ပြီးဖြစ်သည်။ ယင်းမှာ အမှန်တွင် သင်၏တာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်းသာ မဟုတ်သလော။ ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းဟူသည် ယခင်ဖော်ပြထားခဲ့သော ထိုစည်းမျဉ်းများအား လိုက်လျှောက်ခြင်းသာ မဟုတ်လော။ သင်၏ဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ စည်းမျဉ်းများကို ရှာဖွေလော့။ သင်၏ကိုယ်ပိုင် စိတ်အလိုဆန္ဒများအပေါ် အမှီမပြုဘဲ သင်၏ တာဝန်ထမ်းဆောင်စဉ် သဟဇာတကျကျ ညှိနှိုင်းဆောင်ရွက်လော့။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို အသက်ဝင်ရောက်မှုနှင့် တစ်ပြိုင်နက် ဖြစ်စေလော့။ ယင်းအတွက် ထိုမျှသာဖြစ်၏” ဟု ဆိုကြသည်။ နေ့စဉ်အသက်တာများတွင် သင်တို့ ရင်ဆိုင်တွေ့ကြုံသည့် အရာများမှာ ဤအကြောင်းအရာများသာဖြစ်၍ ယင်းမှာ သင်တို့နားလည်သမျှပင် ဖြစ်၏။ သင်တို့ မည်မျှနားလည်ပါစေ ဤသမ္မာတရားကို ယနေ့ ငါတို့ဆွေးနွေးရန် လိုအပ်သေးသည်။ တစ်စုံတစ်ခုကို ထပ်ပြောမိပါက ယင်းသည် သင်တို့အတွက်လည်း အကျိုးဖြစ်မည်ဖြစ်ပြီး ယင်းကို သင်တို့ ထပ်မံ၍ စဉ်းစားဆင်ခြင်နိုင်လေသည်။ အကယ်၍ ယင်းမှာ ယခင်က မဆွေးနွေးခဲ့ဖူးသေးသော အရာတစ်ခုဖြစ်ပါက နာယူမှတ်သားလော့။ အပ်ကြောင်းထပ်သည်ဖြစ်စေ မထပ်သည်ဖြစ်စေ ဂရုတစိုက် နာယူသင့်သည်။ ဤနေရာတွင် မည်သည့်သမာတရားများ ပါဝင်ကြောင်း၊ ဤသမ္မာတရားများက သင်တို့၏ အသက်ဝင်ရောက်မှုအတွက် အကျိုးကျေးဇူးတစ်ခုခု ရှိမရှိနှင့် ယင်းတို့က သင်တို့အား ပြည့်မီစွာ တာဝန်ထမ်းဆောင်စေရန် အကူအညီပေးနိုင်ခြင်း ရှိမရှိတို့ကို ဆင်ခြင်စဉ်းစားလော့။ ထို့ကြောင့် ပြည့်မီသော တာဝန်ထမ်းဆောင်ခြင်းဟူသည့် အကြောင်းအရာကို ပြန်ကျော့ဖို့ အမှန်တကယ် လိုအပ်လေသည်။
ပြည့်မီသော တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ “ပြည့်မီသည်” ဟူသည့် အဓိပ္ပာယ်ကို ဦးစွာ ချန်လှပ်ထားပြီး ထိုအစား တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း ပြောကြစို့။ အဆုံးတွင် တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း၊ မည်သည့်အရာကို ပြည့်မီသည်ဟု သတ်မှတ်ကြောင်းနှင့် တာဝန်ကို မည်ကဲ့သို့ ထမ်းဆောင်သင့်ကြောင်း သင်တို့ သိမည်ဖြစ်သည်။ စံချိန်နှင့် ကိုက်ညီအောင် တာဝန်ထမ်းဆောင်ခြင်းအတွက် လက်တွေ့လုပ်ဆောင်မှုဟူသည့် လမ်းကြောင်းရရှိမည်ဖြစ်သည်။ သို့ဆိုလျှင် တာဝန်ဟူသည်မှာ အဘယ်နည်း။ (တာဝန်ဟူသည် ဘုရားသခင်က လူသားလုပ်ဆောင်ဖို့ ပေးအပ်သည့် အရာဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး ပြုလုပ်သင့်သည့် အရာဖြစ်ပါသည်။) ဤပြောဆိုချက်သည် အမှန်တစ်ဝက်သာ ဖြစ်၏။ အယူအဆ သဘောတရားအရ ယင်း၌ ဘာမျှမမှားသော်လည်း ပို၍ အနီးကပ်စစ်ဆေးကြည့်လျှင် ဤရှင်းပြချက်က မပြည့်စုံပေ။ ကြိုတင်သတ်မှတ်ချက်တစ်ခု ရှိသင့်သည်။ ဤအကြောင်းအရာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြပါစို့။ ယုံကြည်သူနှင့် ဘာသာတရားမရှိသူတိုင်းအတွက် ၎င်းတို့၏ အသက်တာများကို မည်သို့ အသက်ရှင်သည်၊ ဤလူ့ကမ္ဘာထဲတွင် ၎င်းတို့ မည်သည့်အရာ ပြုလုပ်သည်၊ ထို့ပြင် ၎င်းတို့၏ ဘဝကံကြမ္မာဟူသည့် ဤအရာများအားလုံးသည် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသည့်အရာများ မဟုတ်လော။ (ဟုတ်ပါသည်။) သာဓကအားဖြင့် ဤကမ္ဘာပေါ်တွင် လူအချို့သည် တေးဂီတ၌ ပါဝင်ဆောင်ရွက်ကြသည်။ ဂီတဖန်တီးခြင်းသည် ဘဝတွင် ၎င်းတို့၏ အထူးတာဝန်ဖြစ်၏။ ဤအထူးတာဝန်ကို ၎င်းတို့၏ တာဝန်အဖြစ် ယူဆ၍ရသလော။ (မရပါ။) လူအချို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အကျိုးသက်ရောက်စေလျက် အထောက်အကူပြု ဆောင်ရွက်မှုများကို ပြုလုပ်ကာ ခေတ်တစ်ခေတ်ကိုပင် ပြောင်းလဲပစ်ကြရင်း ဤကမ္ဘာပေါ်တွင် အံ့မခန်းဖွယ်အရာများကို ပြုလုပ်ကြပြီဖြစ်သည်။ ဤသည်မှာ ၎င်းတို့ဘဝ၏ အထူးတာဝန်ဖြစ်သည်။ ဤဘဝ၏ အထူးတာဝန်ကို ၎င်းတို့၏တာဝန်ဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) သို့သော် ဤဘဝ၏ အထူးတာဝန်နှင့် ၎င်းတို့တစ်သက်တာတွင် ပြုလုပ်ခဲ့ပြီးသော အရာမှာ ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားသည့် အရာတစ်ခုမဟုတ်လော။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး ပြုလုပ်သင့်သည့် အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်က ၎င်းတို့ကို အထူးတာဝန်တစ်ခုကို ပေးထားပြီး ဤတာဝန်ပေးစေခိုင်းချက်ကို ၎င်းတို့အား ပေးအပ်ထားသည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးထဲတွင် လူသားမျိုးနွယ်ကိုယ်၌တွင် ပါဝင်သူများအဖြစ် ၎င်းတို့ ပြုလုပ်သင့်သည့် အရာတစ်ခု၊ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားတစ်ခုကို ၎င်းတို့တွင် ရှိကြလေသည်။ ၎င်းတို့ ပါဝင်ပတ်သက်သည့် နယ်ပယ်ဖြစ်သော အနုပညာကိုဖြစ်စေ၊ စီးပွားရေးလုပ်ငန်းကိုဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံသုတေသန စသည့်အရာများအားလုံးကိုဖြစ်စေ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ သို့ရာတွင် ခြားနားချက်တစ်ခု ရှိ၏။ ဘုရားသခင်သည် ယင်းကို မည်သို့စီမံထားသည်ဖြစ်စေ ဤလူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အပြင်ဘက်တွင် ရှိကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများဟု သတ်မှတ်ခံရပြီး ၎င်းတို့ပြုလုပ်သည့်အရာမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အပြင်ဘက်တွင် ရှိသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများ၊ ၎င်းတို့လက်ခံထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် ၎င်းတို့ဘဝ၏ အထူးတာဝန်ကို တာဝန်ဟု ခေါ်၍ရသလော။ (မရပါ။) ၎င်းတို့ပြုလုပ်သည့်အရာမှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းဟူသည့် ဘုရားသခင်၏အလုပ်နှင့် မဆက်စပ်သောကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်နေကြသည် မဟုတ်ပေ။ ဤကမ္ဘာပေါ်ရှိ လူသားအားလုံးသည် ဖန်ဆင်းရှင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သူပေးထားသည့် အထူးတာဝန်ကို မလှုပ်မယှက် လက်ခံကြသည်။ သို့သော် ဘုရားသခင်အား မယုံကြည်သူတို့ လက်ခံသည့် အထူးတာဝန်နှင့် ၎င်းတို့ ဖြည့်ဆည်းသည့် ဝတ္တရားများမှာ တာဝန် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် မဆက်စပ်သည့်အပြင် ယင်း၌လည်း မပါဝင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို လက်မခံသည့်အပြင် ဘုရားသခင်သည်လည်း ၎င်းတို့အပေါ် အလုပ်မလုပ်သောကြောင့် ၎င်းတို့သည် မည်သည့်တာဝန်ဝတ္တရားများကို တာဝန်ယူဆောင်ရွက်ပြီး မည်သည့် တာဝန်ပေးစေခိုင်းချက်ကို လက်ခံသည်ဖြစ်စေ၊ သို့မဟုတ် ဤဘဝတွင် မည်သည့်အထူးတာဝန်ကို ၎င်းတို့ ပြီးမြောက်အောင်မြင်သည်ဖြစ်စေ ယင်းကို ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြသည်ဟု ဆို၍မရပေ။ သို့ဆိုလျှင် မည်သည့်အရာသည်ပင် တာဝန်ဖြစ်သနည်း။ ဤအယူအဆနှင့် ဤကိစ္စနှင့်စပ်လျဉ်းသည့် သမ္မာတရားတို့ကို ရှင်းလင်းစွာ၊ တိကျမှန်ကန်စွာ၊ ပြည့်စုံကျယ်ပြန့်စွာ ရှင်းပြရန်အလို့ငှာ မည်သည့် လိုအပ်ချက်မျိုးတို့ကို ထပ်ဖြည့်သင့်သနည်း။ ယခုတင်ပြုလုပ်သော ငါတို့၏ မိတ်သဟာယပြုချက်မှ အယူအဆသဘောတရားတစ်ခုကို သင်တို့နားလည်ပြီးပြီလော။ မည်သည့် အယူအဆသဘောတရား ဖြစ်သနည်း။ လူသားမျိုးနွယ်အကြား လူတစ်ဦးဦးအတွက်ဆိုလျှင် ၎င်းတို့လက်ခံထားသည့် မည်မျှကြီးမားသော အထူးတာဝန်တစ်ခု ဖြစ်စေ၊ ၎င်းတို့ဖြစ်ပေါ်စေသည့် ပြောင်းလဲမှုအဆင့်ဖြစ်စေ၊ လူသားမျိုးနွယ်အတွက် ၎င်းတို့၏ အထောက်အကူပြုမှု အတိုင်းအတာဖြစ်စေ ဆောင်ရွက်ချက်ဖြစ်စေ ထိုကဲ့သို့သော အထူးတာဝန်နှင့် ခန့်အပ်ခံရသောလုပ်ငန်းများကို တာဝန်များဟု ခေါ်၍မရပေ။ ဤသည်မှာ ယင်းတို့သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်စပ်မှုမရှိသောကြောင့် ဖြစ်၏။ ယင်းတို့မှာ အထူးတာဝန်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် တက်ကြွစွာ လုပ်ဆောင်သည်ဖြစ်စေ၊ မလှုပ်မယှက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ ပြုလုပ်နေသမျှမှာ အထူးတာဝန်တစ်ခုကို ပြီးစီးအောင်လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့၏လုပ်ဆောင်ချက်များက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် မသက်ဆိုင်သရွေ့၊ လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အလုပ်နှင့် မသက်ဆိုင်သရွေ့ ထိုသို့သော အထူးတာဝန်များအား ဖြည့်ဆည်းလုပ်ဆောင်ခြင်းကို တာဝန်ထမ်းဆောင်ခြင်းဟု ခေါ်၍မရပေ။ ဤသည်မှာ သံသယလုံးလုံး မရှိနိုင်လောက်အောင် သေချာသည်။ သို့ဆိုလျှင် တာဝန်ဟူသည်မှာ အဘယ်နည်း။ ဤသည်မှာ ယင်းကို နားလည်ထားရမည့်ပုံစံ ဖြစ်သည်။ တာဝန်ဟူသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်မည့် သူ၏ စီမံခန့်ခွဲမှုအလုပ်၏ အတိုင်းအတာထဲ၌ ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် အထူးတာဝန်ပင်ဖြစ်၏။ ယင်းကို ဤပုံစံဖြင့် ဖော်ပြခြင်းသည် ပြည့်စုံပြီး တိကျမှန်ကန်သည် မဟုတ်လော။ တိကျမှန်ကန်သည့်အရာမှာ သမ္မာတရားသာလျှင် ဖြစ်သည်။ တိကျမှန်ကန်မှု မရှိသည့်အပြင် တစ်ဖက်စောင်းနင်း ဖြစ်သည့်အရာမှာ သမ္မာတရားမဟုတ်ဘဲ အယူဝါဒသက်သက်သာ ဖြစ်သည်။ တာဝန်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်း အပြည့်အဝ နားလည်သဘောပေါက်ခြင်းနှင့် လုံးလုံးလျားလျား အသိအမှတ်ပြုခြင်းမရှိလျှင် သင်သည် တာဝန်နှင့် ဆက်စပ်သည့် သမ္မာတရားများက မည်သည့်အရာဖြစ်ကြောင်းကိုပင် သိမည်မဟုတ်ပေ။ ယခင်က လူတို့သည် တာဝန်နှင့်ဆိုင်သည့် ၎င်းတို့၏ သိနားလည်ခြင်း၌ နားလည်မှုလွဲမှားခြင်းများစွာ ရှိခဲ့ကြပြီးဖြစ်သည်။ ယင်းမှာ ၎င်းတို့က သမ္မာတရားကို နားမလည်ခဲ့သောကြောင့် ဖြစ်ကာ၊ ယင်းက အယူအဆများနှင့် အနက်ထွေပြားခြင်းမျိုးစုံကို ဖြစ်ပေါ်စေသည်။ ထိုအခါ လူတို့သည် တာဝန်ကို ရှင်းပြရန်အတွက် ဤအယူအဆများနှင့် အနက်ထွေပြားခြင်းများကို အသုံးချခဲ့ကြပြီး နောက်ပိုင်းတွင် ယင်းကို ဤထင်မြင်ချက်များပေါ် အခြေခံ၍ မှတ်ယူခဲ့ကြသည်။ ဥပမာ လူတစ်ဦး၏ တစ်ဘဝလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်မှာ အကြင်သူသည် မည်သည့်မိသားစုမျိုးထဲသို့ မွေးဖွားမည်၊ ဘဝတွင် ချမ်းသာမည် သို့မဟုတ် ဆင်းရဲမည်နှင့် မည်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လိုက်စားမည် စသည်တို့အားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည့်အတွက် လူတစ်ဦးက မိမိတစ်သက်တာ၌ ပြုလုပ်သည့် မည်သည့်အရာမဆိုနှင့် သူအောင်မြင်ပြီးစီးသည့် အရာများအားလုံးသည် ဘုရားသခင်ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်များသာ ဖြစ်ပြီး မိမိ၏ အထူးတာဝန်ပင် ဖြစ်ကြသည်ဟု လူအချို့က တွေးထင်ကြသည်။ ယင်း၌ အထူးတာဝန်တစ်ခု ပါဝင်ပတ်သက်ရုံမျှဖြင့် ၎င်းတို့က ယင်းကို တာဝန်ဖြစ်သည်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ တာဝန်နှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားခံယူချက်၌ ဖြစ်ကတတ်ဆန်း အိုးနင်းခွက်နင်းဖြင့် လုပ်ဆောင်ကြသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ အထင်အမြင်လွဲမှားမှုတစ်ခု မဟုတ်လော။ အိမ်ထောင်ပြုပြီး သားသမီးရှိသည့် လူအချို့က “ကလေးငယ်များရှိခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ အပ်နှံခဲ့သည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည်၊ ကျွန်ုပ်တို့၏ အထူးတာဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကလေးငယ်များကို အရွယ်ရောက်သည်အထိ ကျွေးမွေးပြုစုရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်” ဟု ပြောတတ်ကြသည်။ ဤသည်မှာ မှားယွင်းသော နားလည်မှုတစ်ခု မဟုတ်လော။ ထို့ပြင် “ကျွန်ုပ်တို့ကို စိုက်ပျိုးမွေးမြူရန် ဤကမ္ဘာမြေပေါ် ထားရှိခဲ့သည်။ ယင်းက ကျွန်ုပ်တို့၏ကံကြမ္မာ ဖြစ်သည့်အတွက် ယင်းနှင့်ပတ်သက်၍ ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ကျွန်ုပ်တို့ကို ဘုရားပေးထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် အထူးတာဝန်ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်မျှဆင်းရဲသွားသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှခက်ခဲသွားသည်ဖြစ်စေ ညည်းတွား၍မရပေ။ ဤတစ်ဘဝလုံး ကောင်းမွန်စွာ စိုက်ပျိုးမွေးမြူခြင်းမှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်” ဟု ဆိုသည့် အခြားသူများ ရှိသည်။ ၎င်းတို့က လူတစ်ဦး၏ ကံကြမ္မာကို သူ၏အထူးတာဝန်၊ တာဝန်တို့နှင့် တန်းတူသဘောထားသည်။ ဤသည်မှာ အထင်လွဲမှားမှု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အမှန်တကယ် အထင်လွဲမှားမှုတစ်ခု ဖြစ်၏။ ထို့ပြင် “ကျွန်ုပ်သည် ယခင်က မည်သည့်အရာ၌မျှ မအောင်မြင်ခဲ့ပေ။ သို့သော် စီးပွားရေးလုပ်ပြီးနောက် ဘဝသည် အတော်ပင် ကောင်းမွန်ပြီး တည်ငြိမ်လာခဲ့သည်။ ဘုရားသခင်က ကျွန်ုပ်ကို ဤတစ်သက်တာ၌ စီးပွားရေး ပြုလုပ်ရန်၊ ထိုအရာအားဖြင့် ကျွန်ုပ်၏မိသားစုကို ထောက်ပံ့ရန်အတွက် ကံစီမံပေးထားသည့် ပုံပေါက်သည်။ ထို့ကြောင့် အကယ်၍ ဤတစ်ဘဝလုံး ကျွန်ုပ်သည် စီးပွားရေးအောင်မြင်ပြီး ကျွန်ုပ်၏လုပ်ငန်းများကို တိုးချဲ့နိုင်လျက် ကျွန်ုပ်၏ မိသားစုဝင်အားလုံးအတွက် ထောက်ပံ့ပေးနိုင်ပါက ဤသည်မှာ ကျွန်ုပ်၏ အထူးတာဝန်ဖြစ်ပြီး၊ ဤအထူးတာဝန်မှာ ကျွန်ုပ်၏တာဝန်ပင် ဖြစ်ကောင်း ဖြစ်နိုင်သည်” ဟု ဆိုသည့် ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ကိုင်သည့် လူအချို့လည်း ရှိလေသည်။ ဤသည်မှာ အထင်လွဲမှားမှု မဟုတ်လော။ လူတို့သည် ၎င်းတို့၏ နေ့တဓူဝ အရေးကိစ္စများ၊ ၎င်းတို့ အသက်မွေးသည့်နည်းလမ်း၊ ၎င်းတို့ရရှိသည့် ဘဝပုံစံနှင့် ၎င်းတို့ခံစားသည့် ဘဝအရည်အသွေးဟူသည့် ၎င်းတို့၏ အထူးတာဝန်နှင့် ဆက်စပ်သည့် အရာများအားလုံးကို ၎င်းတို့၏ တာဝန်အဖြစ် သဘောထားကြသည်။ ဤသည်မှာ မှားယွင်း၏။ ယင်းသည် တာဝန်ဟူသည် မည်သည့်အရာ ဖြစ်သည်နှင့်ပတ်သက်၍ လိုရာဆွဲသည့် နားလည်မှုတစ်ခုပင် ဖြစ်၏။
သို့ဆိုလျှင် တာဝန်ဟူသည်မှာ မည်သည့်အရာပင်နည်း။ လူအများစု၌ ဤကိစ္စနှင့်ပတ်သက်၍ မူမမှန်သော၊ လွဲချော်နေသော နားလည်မှုအချို့ ရှိသည်။ ဘုရားသခင်၏အသင်းတော်က သင့်ကို ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များ သွားရောက် စိုက်ပျိုးရန် စီစဉ်ပေးလျှင် ဤအစီအစဉ်ကို သင် မည်သို့သဘောထားမည်နည်း။ လူအချို့က ယင်းကို နားလည်ကောင်း နားလည်နိုင်မည် မဟုတ်ဘဲ “စိုက်ပျိုးမွေးမြူခြင်းသည် မိမိ၏မိသားစုကို ထောက်ပံ့ရန်အတွက် ဖြစ်သည်။ ယင်းက တာဝန်မဟုတ်။ တာဝန်နှင့်ပတ်သက်သည့် သဘောထား၌ ဤကဏ္ဍမပါဝင်” ဟု ဆိုကြသည်။ ၎င်းတို့သည် အမှုအရာများကို အဘယ့်ကြောင့် ဤနည်းအတိုင်း သဘောပေါက်ကြသနည်း။ ယင်းမှာ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများကို နားမလည်သောကြောင့် တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း နားမလည်ကြခြင်းဖြစ်ပေသည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရား၏ ဤကဏ္ဍကို တကယ်နားလည်ပါက ထိုလယ်ကွင်းကို သွား၍ လုပ်ကိုင်လိုစိတ် ရှိမည်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏မိသားစုအား ထောက်ပံ့ရန်အလို့ငှာ စိုက်ပျိုးမွေးမြူခြင်းကို လုပ်ကိုင်ခြင်းမဟုတ်ဘဲ အချိန်ပြည့် တာဝန်ထမ်းဆောင်သူတို့ကို ပုံမှန်အတိုင်း ဆက်လက်၍ ထမ်းဆောင်ခွင့်ပြုရန်အလို့ငှာ လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်းတို့သိကြမည်ဖြစ်သည်။ အမှန်အားဖြင့် ဤသည်မှာ ဘုရားပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်လည်း ဖြစ်သည်။ ထိုအလုပ်ကိုယ်၌သည် နှမ်းစေ့တစ်စေ့ သို့မဟုတ် သဲတစ်ပွင့်မျှထက်ပင် မည်သို့မျှ ပို၍ အရေးပါကောင်းပါမည် မဟုတ်သော်လည်း ယင်း၏ အရေးပါမှုက မည်သို့ပင်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ နယ်ပယ်ထဲတွင် ဖန်တီးထားသည့် အလုပ်တစ်ခုဖြစ်သည်။ ယခုတွင် သင့်အနေဖြင့် ဤအလုပ်ကို အပြီးသတ်ရန်လိုသည်ဟု ဘုရားသခင်က ဆိုသည်။ ယင်းကို သင် မည်သို့ နားလည်သနည်း။ ယင်းကို သင်၏တာဝန်အဖြစ် သင်လက်ခံသင့်သည့်အပြင် မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ လက်ခံသင့်လေသည်။ အကယ်၍ ယင်းက သင့်အတွက် စီစဉ်ထားခဲ့သည့် အရာဖြစ်သောကြောင့် သင်သည် မလှုပ်မယှက်ပုံစံဖြင့်သာ ကျိုးနွံနာခံပြီး စိုက်ပျိုးမွေးမြူရေးအလုပ်ကို သွားလုပ်ပါက အဆင်ပြေမည်မဟုတ်။ ဤတွင် သင်နားလည်ရမည့် စည်းမျဉ်းတစ်ခုရှိသည်။ သင့်အား စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အသင်းတော်က စီစဉ်ပေးခြင်းသည် သင့်အနေဖြင့် ချမ်းသာလာနိုင်ရန်အတွက် စီစဉ်ပေးခြင်း မဟုတ်သကဲ့သို့ သင့်အနေဖြင့် ပြည့်စုံလုံလောက်ပြီး သင့်မိသားစုကို ထောက်ပံ့နိုင်ရန်အတွက် စီစဉ်ပေးခြင်းလည်း မဟုတ်ပေ။ ယင်းမှာ ကပ်ဘေးကာလအတွင်း ဘုရားသခင်၏အိမ်တော်ရှိ အလုပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်သည်။ ယင်းမှာ ဘုရားအိမ်တော်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူအားလုံး ၎င်းတို့၏ နေ့စဉ်အစာအာဟာရ ရှိကာ၊ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို ကြန့်ကြာစေခြင်းမရှိဘဲ ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ဖို့အတွက် သေချာစေရန်ဖြစ်သည်။ ထို့ကြောင့် အသင်းတော် စိုက်ပျိုးမွေးမြူရေးခြံရှိ စိုက်ပျိုးမွေးမြူရေးလုပ်နေသော လူအချို့ကို ၎င်းတို့၏တာဝန်အား ထမ်းဆောင်နေသည်ဟု သဘောထားလေသည်။ ဤသည်မှာ သဘာဝအားဖြင့် သာမန်လယ်သမားများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကွာခြားသည်။ သာမန်လယ်သမားများအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ သဘာဝမှာ အဘယ်နည်း။ သာမန်လယ်သမားများသည် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ရန်နှင့် အသက်ရှင်ရပ်တည်ရန်အတွက် စိုက်ပျိုးမွေးမြူကြသည်။ ဤသည်မှာ ၎င်းတို့အတွက် ဘုရားသခင် စီမံထားသည့်အရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကံကြမ္မာဖြစ်သောကြောင့် ၎င်းတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် စိုက်ပျိုးမွေးမြူကြသည်။ ယင်းသည် ၎င်းတို့၏ တာဝန်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ယခုတွင် သင်သည် ဘုရားအိမ်တော်သို့ ရောက်လာပြီး စိုက်ပျိုးမွေးမြူရေးလည်း လုပ်ကိုင်သည်။ သို့သော် ဤသည်မှာ ဘုရားအိမ်တော်ရှိ အလုပ်၏ သတ်မှတ်ချက်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အဖို့ အသုံးခံခြင်းပုံစံတစ်ခု ဖြစ်သည်။ ဤသည်မှာ သဘာဝအားဖြင့် သင့်ကိုယ်ပိုင်မြေပေါ်၌ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ခြင်းနှင့် ကွာခြားလေသည်။ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းနှင့် ပတ်သက်သည်။ ဤသည်မှာ လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ယင်းမှာ သင့်အား ဖန်ဆင်းရှင်မှ အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ဝတ္တရား ဖြစ်သည်။ သင့်အတွက်မှာမူ ဤအရာသည် သင်၏တာဝန်ဖြစ်၏။ သို့ဆိုလျှင် ဤတာဝန်ကို သင်၏ လောကီရေးရာ အထူးတာဝန်နှင့် နှိုင်းယှဉ်သောအခါ မည်သည့်အရာက ပို၍ အရေးကြီးသနည်း။ (ကျွန်ုပ်၏တာဝန်ဖြစ်ပါသည်။) အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။ တာဝန်ဟူသည်မှာ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသည့် အရာဖြစ်ပြီး သူက သင့်ကို ပေးအပ်ထားသည့် အရာဖြစ်သည်။ ဤသည်မှာ အကြောင်းရင်း၏ အစိတ်အပိုင်းဖြစ်၏။ အခြားသော အဓိကကျသည့် အကြောင်းရင်းမှာ သင်သည် ဘုရားအိမ်တော်၌ တာဝန်ကို လက်ခံဆောင်ရွက်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသောအခါ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် သက်ဆိုင်မှုရှိလာသည်။ ဘုရားသခင်၏ အိမ်တော်တွင် သင် လုပ်ဆောင်ရန်အတွက် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းက ဆင်းရဲဒုက္ခ၊ သို့မဟုတ် ပင်ပန်းသောအလုပ်ဖြစ်စေ၊ သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယင်းသည် သင်၏ တာဝန်ဖြစ်သည်။ သင်သည် ထိုအလုပ်အား ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်နှင့် တာဝန်တစ်ခုအဖြစ် မှတ်ယူနိုင်လျှင် သင်သည် လူကို ကယ်တင်သည့် သူ၏ အမှုနှင့် သက်ဆိုင်သည်။ သင်လုပ်ဆောင်သည့်အရာနှင့် သင်ထမ်းဆောင်သော တာဝန်သည် လူကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်ပြီး သင်သည် ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်ကို လေးနက်စွာ၊ ရိုးသားစစ်မှန်စွာ လက်ခံနိုင်လျှင် ဘုရားသခင်သည် သင့်အား မည်သို့ မှတ်ယူမည်နည်း။ ဘုရားသခင်သည် သင့်အား သူ၏ မိသားစုဝင်အဖြစ် မှတ်ယူလိမ့်မည်။ ဤသည်မှာ ကောင်းချီးဖြစ်သလော၊ ကျိန်ဆဲခြင်းဖြစ်သလော။ (ကောင်းချီးဖြစ်သည်။) ဤသည်မှာ ကြီးမြတ်သော ကောင်းချီးဖြစ်သည်။ လူအချို့သည် တာဝန်ထမ်းဆောင်နေစဉ် ခက်ခဲမှုအနည်းငယ် ရင်ဆိုင်ရသောအခါ ၎င်းတို့ရရှိထားသည့် များလှစွာသော ကောင်းချီးများကို ပေါ့ပေါ့တန်တန်ဖြင့် သတိမမူမိဘဲ ညည်းတွားကြသည်။ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိထားပြီးနောက် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းတွားခြင်းမှာ တကယ့်ကို မိုက်မဲသည် မဟုတ်လော။ ဤအဆင့်တွင် သမ္မာတရားကို နားလည်ရန်၊ ဤသည်မှာ သင်၏တာဝန်ဖြစ်ကြောင်းနှင့် ယင်းကို ဘုရားသခင်ထံမှ လက်ခံရမည်ဖြစ်ကြောင်းကို အသိအမှတ်ပြုရန် အရေးပါလှသည်။ ယခုတွင် သင်တို့၌ တာဝန်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍ အသစ်သော သိနားလည်ခြင်း သို့မဟုတ် အသစ်သော ထိုးထွင်းအမြင် ရှိကြသလော။ ယင်းကို နက်နက်နဲနဲ နားလည်ကြပြီလော။ တာဝန်သည် ကယ်တင်ခြင်းရရှိခြင်းအတွက် အရေးကြီးသလော။ (အရေးကြီးပါသည်။) အဘယ်မျှ အရေးကြီးသနည်း။ တာဝန်ထမ်းဆောင်ခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းကြားတွင် တိုက်ရိုက် ဆက်နွှယ်မှုရှိသည်ဟု ဆိုနိုင်သည်။ ဤဘဝတွင် သင်သည် မည်သည့် အထူးတာဝန်များကို ပြီးမြောက်သည်ဖြစ်စေ သင်၏တာဝန်ကို မထမ်းဆောင်ခဲ့လျှင် ကယ်တင်ခြင်းရရှိခြင်းနှင့် သင် ဘာမျှသက်ဆိုင်မှု မရှိပေ။ တစ်နည်းဆိုရလျှင် သင်သည် ဤဘဝတွင် အခြားလူသားများကြား၌ အဘယ်မျှ ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုများကို ဤဘဝတွင် သင်ပြီးမြောက်အောင်မြင်သည်ဖြစ်စေ သင်သည် အထူးတာဝန်တစ်ခုကို ပြီးစီးအောင် လုပ်ဆောင်နေရုံမျှသာ ဖြစ်နေခဲ့သည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းရသေးသဖြင့် သင်သည် ကယ်တင်ခြင်းကို ရရှိခြင်း သို့မဟုတ် ဘုရားသခင်၏ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်း အလုပ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိပေ။
ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ လူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်မျိုးစုံ ပေါ်ပေါက်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာဝန်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ ဇာစ်မြစ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု မရှိဘဲနှင့်၊ ကမ္ဘာပေါ်ရှိ လူတို့၌ ၎င်းတို့မည်သို့အသက်ရှင်ကြသည်ဖြစ်စေ တာဝန်များ ရှိကြမည်လော။ ရှိမည်မဟုတ်ပါ။ ယခု သင်တို့ ရှင်းလင်းစွာ မြင်ရပြီ။ လူတစ်ဦး၏ တာဝန်သည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ (ယင်းသည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ပတ်သက်သည်။) မှန်ပေ၏။ လူသားမျိုးနွယ်၏ တာဝန်များ၊ ဖန်ဆင်းခံများ၏ တာဝန်များနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတို့ကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခု ရှိသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းမရှိဘဲ၊ ထို့ပြင် လူသားကြားတွင် လူဇာတိခံယူသော ဘုရားသခင်အစပျိုးထားသည့် စီမံခန့်ခွဲမှုအလုပ် မရှိဘဲ၊ လူတို့၌ ပြောစရာ မည်သည့်တာဝန်များမျှ ရှိမည်မဟုတ်ကြောင်း ဆိုနိုင်သည်။ တာဝန်များသည် ဘုရားသခင်၏အလုပ်မှ ထွက်ပေါ်လာသည်။ ယင်းမှာ လူတို့အပေါ် ဘုရားသခင်တောင်းဆိုသည့် အရာဖြစ်၏။ ယင်းကို ဤရှုထောင့်မှ ကြည့်သည့်အခါ တာဝန်သည် ဘုရားသခင်နောက်လိုက်သည့် လူတိုင်းအတွက် အရေးကြီး၏၊ ဟုတ်သည် မဟုတ်လော။ ယင်းမှာ အလွန်အရေးကြီး၏။ ကျယ်ကျယ်ပြန့်ပြန့် ပြောရမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့် သက်ဆိုင်သော အမှုတွင် ပါဝင်နေခြင်း ဖြစ်သည်။ သာ၍ တိတိကျကျပြောရလျှင်၊ သင်သည် မတူကွဲပြားသော အချိန်များနှင့် မတူကွဲပြားသော လူစုတို့အလယ် လိုအပ်သည့် ဘုရားသခင်၏ အလုပ်အမျိုးအစား အမျိုးမျိုးကို ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ သင်၏တာဝန်သည် မည်သည့်အရာဖြစ်နေပါစေ ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းတာဝန်ဖြစ်၏။ တစ်ခါတစ်ရံ အရေးကြီးသော အရာဝတ္ထုတစ်ခုကို စောင့်ရှောက်ဖို့၊ သို့မဟုတ် ကာကွယ်ပေးဖို့ သင်သည် တောင်းဆိုခံရကောင်း ခံရနိုင်သည်။ ဤသည်မှာ ယှဉ်ကြည့်လျှင် သင်၏ တာဝန်တစ်ခုအဖြစ်သာ ဆိုနိုင်သည့် အသေးအဖွဲကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် တာဝန်တစ်ခု ဖြစ်သည်။ သင်သည် ယင်းကို သူ့ထံမှ လက်ခံခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲမှ သင်လက်ခံခဲ့ပြီး ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ထိုကိစ္စ၏ အကြောင်းရင်းနှင့်ပတ်သက်၍ ဆိုရလျှင် သင်၏တာဝန်မှာ သင့်အား ဘုရားသခင်က ပေးအပ်ခြင်းဖြစ်သည်။ ယင်း၌ အဓိကအားဖြင့် ဧဝံဂေလိဖြန့်ဝေခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း၊ အသင်းတော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်း ပါဝင်သည်၊ သို့တည်းမဟုတ် ယင်းမှာ ပို၍ပင် အန္တရာယ်ရှိပြီး ပို၍ အရေးကြီးသော အလုပ်ဖြစ်ကောင်း ဖြစ်မည်။ သို့ဖြစ်စေကာမူ ယင်းသည် ဘုရားသခင်၏ အလုပ်၊ ဧဝံဂေလိအား ဖြန့်ဖြူးခြင်းအလုပ်၏ လိုအပ်ချက်နှင့် ပတ်သက်နေသရွေ့ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ တာဝန်တစ်ခုအဖြစ် လက်ခံသင့်သည်။ ပို၍ပင် ကျယ်ပြန့်သော စကားလုံးဖြင့် ဖော်ပြရလျှင် တာဝန်ဟူသည် လူတစ်ဦး၏ အထူးတာဝန်၊ ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်ပင် ဖြစ်သည်။ ပို၍အတိအကျဆိုရလျှင် ယင်းမှာ သင်၏တာဝန်၊ သင်၏ဝတ္တရားဖြစ်၏။ ယင်းသည် သင်၏အထူးတာဝန်၊ သင့်အား ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည့်အပြင် သင်၏ တာဝန်နှင့်ဝတ္တရားတို့ဖြစ်သည်ကို ထောက်ဆလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏တစ်ကိုယ်ရေ အရေးကိစ္စများနှင့် သက်ဆိုင်မှုမရှိပေ။ တာဝန်သည် တစ်ကိုယ်ရေ အရေးကိစ္စများနှင့် မသက်ဆိုင်။ ဤအကြောင်းအရာကို အဘယ့်ကြောင့် ဖော်ပြရသနည်း။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏တာဝန်အား မည်သို့ သဘောထားပြီး မည်သို့သဘောပေါက်ရမည်ကို နားလည်ရပေမည်။ တာဝန်ဟူသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ထဲ၌ ဖန်ဆင်းခံများ လက်ခံရသည့် တာဝန်ပေးစေခိုင်းချက်နှင့် ၎င်းတို့အပြီးသတ်ရမည့် အထူးတာဝန်ပင် ဖြစ်သည်။ လူတို့သည် ယေဘုယျအကြောင်းရင်းကို သိကြသော်လည်း ပို၍အနုစိတ်ကျသော အချက်အလက်များကား မည်သို့နည်း။ လူတစ်ဦးသည် သူ၏တာဝန်ကို တိကျမှန်ကန်သော နားလည်မှုရှိသည်ဟု သဘောထားခံရအောင် မည်သို့ကိုင်တွယ်ဖြေရှင်း သင့်သနည်း။ လူအချို့က ၎င်းတို့၏တာဝန်ကို တစ်ကိုယ်ရေ အရေးကိစ္စများအဖြစ် သဘောထားကြသည်။ ဤသည်မှာ မှန်ကန်သော စည်းမျဉ်းဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် အဘယ့်ကြောင့် မှားသနည်း။ သင့်ကိုယ်သင့်အတွက် အမှုအရာများ ပြုလုပ်ခြင်းသည် သင်၏တာဝန်ကို ထမ်းဆောင်နေခြင်းမဟုတ်ပေ။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းသည် သင့်ကိုယ်သင်အတွက် အမှုအရာများ ပြုလုပ်နေခြင်းနှင့် မဆိုင်၊ ထိုအစား သင့်အား ဘုရားအပ်နှံခဲ့သည့် အလုပ်ကို လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤနှစ်ခုကြားတွင် ကွာခြားချက် ရှိသည်။ မိမိကိုယ်ကိုအတွက် အမှုအရာများ ပြုလုပ်ခြင်းနှင့် ပတ်သက်လာလျှင် စည်းမျဉ်းမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းမှာ အခြားသူများအား တိုင်ပင်ခြင်းမရှိသည့်အပြင် ဘုရားသခင်အား ဆုတောင်းခြင်း သို့မဟုတ် ရှာဖွေခြင်းမရှိဘဲ မိမိလုပ်ချင်သည့် အရာမှန်သမျှကို ပြုလုပ်ခြင်းဖြစ်သည်။ ယင်းသည် သင့်အား အကျိုးပြုသရွေ့ သင့်စိတ်ကူးနှင့်သင် အကျိုးဆက်အတွက် အလေးထားမှုမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်၌ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဤစည်းမျဉ်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (မရှိပါ။) လူအချို့က “ကျွန်ုပ်သည် မိမိကိုယ်ပိုင် အရေးကိစ္စများကိုပင် အလေးအနက်မထား သို့မဟုတ် များစွာ ကြိုးစားအားထုတ်မှု မပြုပါချေ။ ကျွန်ုပ်သည် တာဝန်ကို မိမိကိုယ်ပိုင်လုပ်ငန်းသဖွယ် သဘောထားပြီး ဤစည်းမျဉ်းက တကယ့်ကို သင့်လျော်သည်” ဟု ဆိုကြသည်။ ဤသည်မှာ တာဝန်ကို လက်ခံရန် မှန်ကန်သောနည်းလမ်း ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ သို့ဆိုလျှင် တာဝန်အပေါ် လူတစ်ဦး၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သင့်သနည်း။ (ယင်းကို ဘုရားသခင်ထံမှ လက်ခံခြင်း ဖြစ်သင့်ပါသည်။) “ယင်းကို ဘုရားသခင်ထံမှ လက်ခံခြင်း။” ဤစကားလေးခွန်းမှာ ပြောရန် လွယ်ကူသော်လည်း ယင်းတို့ထဲ၌ ပါဝင်သည့် သမ္မာတရားအား အမှန်တကယ် လက်တွေ့လုပ်ဆောင်ပုံမှာ တာဝန်ကို သင် သဘောထားပုံအပေါ် မူတည်သည်။ ငါတို့သည် တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း ယခုတင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ တာဝန်သည် ဘုရားသခင်ထံမှလာသည်။ ယင်းသည် ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ယင်းမှာ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် လူ၏ ကယ်တင်ခြင်းဟူသည့် အလုပ်နှင့် ဆက်စပ်သည်။ ဤရှုထောင့်မှကြည့်လျှင် တာဝန်သည် ပြုမူကျင့်ကြံမှုနှင့်ဆိုင်သည့် သင်၏ တစ်ကိုယ်ရေ စည်းမျဉ်းများနှင့် ပတ်သက်မှု ရှိသလော။ ယင်းသည် သင်၏ တစ်ကိုယ်ရေ နှစ်သက်မှုများ၊ သင့်ဘဝ၏ အလေ့အထများ၊ သို့မဟုတ် သင့်ဘဝ၏ လုပ်ရိုးလုပ်စဉ်များနှင့် ပတ်သက်မှုရှိသလော။ စိုးစဉ်းမျှ မရှိချေ။ သို့ဆိုလျှင် တာဝန်သည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ ယင်းမှာ သမ္မာတရားနှင့် ပတ်သက်သည်။ လူအချို့က “ဤတာဝန်ကို ကျွန်ုပ်အား ခန့်အပ်သည့်အတွက် ယင်းသည် ကျွန်ုပ်၏ကိုယ်ပိုင် အရေးကိစ္စဖြစ်သည်။ ထို့ပြင် ကျွန်ုပ်၌ တာဝန်ထမ်းဆောင်ခြင်းအတွက် အမြင့်ဆုံးသော စည်းမျဉ်းရှိကာ သင်တို့ မည်သူမျှ ယင်းကို မရှိချေ။ ဘုရားသခင်သည် လူတို့အား သူတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ဖြည့်ဆည်းရန် တောင်းဆိုသည်။ သို့သော် ဤအရာအပြင် ကျွန်ုပ်၌ ကျွန်ုပ်၏တာဝန်ကို မိမိ၏ကိုယ်ပိုင် အဓိက အလေးထားစရာကဲ့သို့ သဘောထားရန်နှင့် ယင်းကို ဝီရိယရှိရှိ လုပ်ဆောင်ပြီး အကောင်းဆုံးရလဒ်ရအောင် ကြိုးစားရန် ပို၍ပင် မြင့်မားသော စည်းမျဉ်းရှိသည်” ဟု ဆိုကြသည်။ ဤစည်းမျဉ်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ့်ကြောင့် မှားသနည်း။ သင်သည် သင့်တာဝန်ကို ဘုရားသခင်ထံမှ လက်ခံပြီး သင့်အား သူအပ်နှံကြောင်း သင့်စိတ်နှလုံးထဲ၌ ရှင်းလင်းပါက ဤတာဝန်ပေးစေခိုင်းချက်ကို သင် မည်သို့ သဘောထားသင့်သနည်း။ ဤအရာသည် တာဝန်ထမ်းဆောင်ခြင်းဟူသည့် စည်းမျဉ်းများနှင့် ပတ်သက်သည်။ မိမိ၏တာဝန်ကို မိမိကိုယ်ပိုင်လုပ်ငန်းအဖြစ် သဘောထားခြင်းထက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အဖြစ် သဘောထားခြင်းက များစွာပို၍ မြင့်မြတ်သည်မဟုတ်လော။ ဤအရာနှစ်ခုမှာ ခြားနားသည် မဟုတ်လော။ အကယ်၍ သင်သည် သင့်တာဝန်ကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့်ဆိုင်သော အရာတစ်ခု၊ ဘုရားသခင်ရှေ့၌ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ်သာမက တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်အား ကျေနပ်အောင်လုပ်ခြင်းအဖြစ် သဘောထားပါက တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် သင်၏စည်းမျဉ်းမှာ ယင်းကို သင့်ကိုယ်ပိုင်လုပ်ငန်းအဖြစ် သဘောထားရန်သက်သက် မဟုတ်တော့ချေ။ သင်၏တာဝန်အပေါ်တွင် သင်ရှိသင့်သည့်၊ မှန်ကန်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီသည်ဟုဆိုနိုင်သည့် သဘောထားသည် အဘယ်နည်း။ ပထမဦးစွာ ယင်းကို မည်သူက စီစဉ်သည်၊ မည်သည့်ခေါင်းဆောင်မှုအဆင့်က တာဝန်ပေးသည်တို့ကို သင်က စိစစ်၍မရချေ။ သင်သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ဤအရာကို သင်ပိုင်းခြားစိစစ်ခြင်း ပြုလုပ်၍မရပေ။ ဘုရားသခင်ထံမှ ဤအရာကို လက်ခံသင့်သည်။ ဤသည်မှာ သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ “ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။” ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် သင့်ကို တာဝန်ပေးခဲ့သည်မှာ မည်သူဖြစ်ကြောင်း သေချာအောင်လေ့လာဖို့ ကြိုးစားလျက် ယင်းကို သင်မဆန်းစစ်ရပေ။ ယင်းအစား ထိုအရာကို သင့်အား ဘုရားသခင်အပ်နှင်းသည့် တာဝန်တစ်ခုအဖြစ်၊ ဘုရားထံမှ သင်လက်ခံသင့်သည်။ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ ကျိုးနွံနာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ သင်သည် တာဝန်တစ်ခုခုကို ထမ်းဆောင်နိုင်သည်ဟု ခံစားရသော်လည်း သင်သည် အမှားလုပ်မိပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကိုလည်း ကြောက်ရွံ့သောကြောင့် သင်သည် တွန့်ဆုတ်တတ်လျှင်၊ ရပ်တန့်ပြီး တိုးတက်မှုမရှိနိုင်လျှင် ယင်းမှာ ကျိုးနွံနာခံခြင်း သဘောထားဖြစ်သလော။ ဥပမာ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို သူတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် သင်က ရွေးချယ်ခြင်းခံရသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ရန် ဝတ္တရားရှိသည်ဟု ခံစားရနိုင်သည်။ သို့သော် သင်က ဤတာဝန်ကို တက်ကြွသော သဘောထားဖြင့် မှတ်ယူခြင်းမရှိပေ။ သင်သည် အဘယ်ကြောင့် မတက်ကြွသနည်း။ ထိုအရာနှင့်ပတ်သက်ပြီး သင့်တွင် အတွေးများရှိသောကြောင့်ဖြစ်ပြီး “ခေါင်းဆောင်ဖြစ်ရသည်မှာ လုံးဝ ကောင်းသောအရာမဟုတ်။ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့၊ သို့မဟုတ် ပါးလွှာသော ရေခဲပြင်တွင် နင်းနေရသကဲ့သို့ ဖြစ်သည်။ ငါသည် ကောင်းစွာလုပ်လျှင် ဆုလာဘ်ရှိမည်မဟုတ်သော်လည်း ကောင်းစွာမလုပ်လျှင် ပြုပြင်ခြင်းခံရမည်။ ပြီးလျှင် ပြုပြင်ခြင်းခံရခြင်းသည် အဆိုးဆုံးပင် မဟုတ်သေးပေ။ လူစားထိုးခံရလျှင်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းခံရလျှင် မည်သို့ပြုမည်နည်း။ ထိုသို့ဖြစ်လျှင် ငါ့အတွက် အားလုံး ပြီးဆုံးသွားပြီမဟုတ်လော” ဟု ခံစားရသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် သင်က စိတ်ရှုပ်ထွေးလာသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဤသည်မှာ သတိထားနေခြင်း၊ အထင်လွဲခြင်းဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တာဝန်အပေါ် လူတို့ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ ယင်းသည် စိတ်ဓာတ်ကျဆင်းစေပြီး အပျက်သဘောဆောင်သော သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် အပြုသဘောဆောင်သော သဘောထားက မည်သည့်အရာမျိုး ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် ပွင့်လင်းသောစိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသင့်ကာ တာဝန်ယူရန် သတ္တိရှိသင့်သည်။) ယင်းသည် ကျိုးနွံနာခံမှုနှင့် တက်ကြွလိုလားသော ပူးပေါင်းလုပ်ဆောင်မှုနှင့်ဆိုင်သော အရာတစ်ခု ဖြစ်သင့်သည်။ သင်တို့ ပြောသည့်အရာမှာ အနည်းငယ် အဓိပ္ပာယ်မဲ့သည်။ သင်သည် ဤကဲ့သို့ အလွန်ကြောက်ရွံ့သောအခါ မည်သို့ ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိနိုင်မည်နည်း။ ထို့ပြင် တာဝန်ယူဖို့ သတ္တိရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တာဝန်ယူဖို့ သတ္တိကို သင့်အား မည်သည့်စိတ်နေစိတ်ထားက ပေးမည်နည်း။ အကယ်၍ သင်သည် တစ်ခုခုမှားသွားပြီး ယင်းကို သင် မကိုင်တွယ်နိုင်မည်ကို အမြဲကြောက်ရွံ့နေကာ သင်သည် စိတ်ထဲမှ အနှောင့်အယှက်များစွာ ရှိပါက သင်သည် အခြေခံအားဖြင့် တာဝန်ယူဖို့ သတ္တိကင်းမဲ့မည် ဖြစ်သည်။ သင်တို့ ပြောပြသည့် “ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊” “တာဝန်ယူဖို့ သတ္တိရှိခြင်း” သို့မဟုတ် “သေခြင်းတရားကို ရင်ဆိုင်ရလျှင်ပင် မည်သည့်အခါမျှ နောက်မဆုတ်ခြင်း” တို့သည် ဒေါသထွက်နေသော လူငယ်များ အော်ဟစ်သည့် ဆောင်ပုဒ်များနှင့် အနည်းငယ်တူပေသည်။ ဤဆောင်ပုဒ်များက လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်မည်လော။ ယခုလိုအပ်နေသည့် အရာမှာ မှန်ကန်သောသဘောထား ဖြစ်သည်။ မှန်ကန်သောသဘောထားကို ပိုင်ဆိုင်ရန်အတွက် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ရမည်။ ဤသည်မှာ သင်၏ စိတ်ထဲမှ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် သင့်အား ဤတာဝန်ပေးစေခိုင်းချက်၊ ဤတာဝန်ကို ရှောရှောရှူရှူ လက်ခံခွင့်ပေးရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ဖြစ်ပြီး၊ ဤအရာသည်သာ သမ္မာတရားဖြစ်သည်။ သင်သည် သင်ခံစားရသော ကြောက်ရွံ့မှုကို ကိုင်တွယ်ရန် “ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊” “တာဝန်ယူရန် သတ္တိရှိခြင်း” ကဲ့သို့သော ဝေါဟာရများကို အသုံးပြုလျှင် ဤသည်မှာ ထိရောက်မှုရှိမည်လော။ (ရှိမည်မဟုတ်ပါ။) ဤသည်မှာ ဤအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မဟုတ်သည်ကိုလည်း ညွှန်ပြသည်။ “ငါသည် ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသည်၊ အနိုင်မခံ အရှုံးမပေးသော ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ ငါ၏ စိတ်နှလုံးထဲတွင် အခြားအတွေးများ သို့မဟုတ် မသန့်စင်သောအရာများ မရှိ၊ တာဝန်ယူရန် သတ္တိရှိသည်” ဟု သင် ဆိုနိုင်သည်။ အပြင်ပန်းတွင် သင်သည် သင့်တာဝန်ကို ယူသည်၊ သို့သော် နောက်တွင် အတန်ကြာ တွေးတောပြီးနောက်တွင် သင်သည် တာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိဟု ခံစားရဆဲဖြစ်သည်။ သင်သည် ကြောက်ရွံ့နိုင်နေသေးသည်။ ထို့အပြင် အခြားလူများ ပြုပြင်ခြင်းခံရသည်ကို သင်မြင်ရပြီး သင်သည် သားရေကြိုးကို ကြောက်ရွံ့သော အရိုက်ခံထားရသည့်ခွေးကဲ့သို့ ပို၍ပင် ကြောက်လာနိုင်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်၊ ဤတာဝန်သည် ကျယ်ပြန့်ပြီး ဖြတ်သန်းလို့မရနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်ဟု တိုး၍ ခံစားရလိမ့်မည်။ အဆုံးတွင် ဤဝန်ထုပ်ကို သင်ခံယူနိုင်မည်မဟုတ်သေးပေ။ ဤအတွက်ကြောင့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသည် လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုလျှင် ဤပြဿနာကို အမှန်တကယ်တွင် မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်သည် သမ္မာတရားကို တက်ကြွစွာ ရှာဖွေသင့်ပြီး ကျိုးနွံနာခံ၊ ပူးပေါင်းလုပ်ဆောင်တတ်သော သဘောထားကို ခံယူရမည်။ ယင်းက ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသည် အသုံးမဝင်ပေ။ သင်က ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရခြင်း ရှိမရှိနှင့် ခေါင်းဆောင်ဖြစ်ခြင်းတို့ကြားတွင် ဆက်နွှယ်မှုတစ်ခုခု ရှိသလော။ သင်သည် ခေါင်းဆောင်မဟုတ်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပျောက်သွားမည်လော။ အနှေးနှင့် အမြန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖြေရှင်းရမည်။ ထို့အပြင် သင်သည် ခေါင်းဆောင်မဟုတ်လျှင် လက်တွေ့လုပ်ဆောင်ရန် အခွင့်အလမ်းများပို၍ ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘဝတွင် စုံလင်ခြင်းခံရမည့် နည်းပါးသောအခွင့်အရေးများဖြင့် တိုးတက်မှုနှေးလိမ့်မည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းတွင် အနည်းငယ်ပို၍ ဒုက္ခခံရခြင်းရှိသော်လည်း ယင်းက အကျိုးအမြတ်များစွာကိုလည်း ဆောင်ကြဉ်းပေးသည်။ သင်သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်နိုင်လျှင် စုံလင်ခြင်း ခံရနိုင်သည်။ ယင်းမှာ အလွန်ကြီးမြတ်သော ကောင်းချီးပါတကား။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံပြီး တက်ကြွစွာ ပူးပေါင်းသင့်သည်။ ဤအရာမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ရှေ့လျှောက်လမ်း မည်သို့ ရှိပါစေ၊ သင်၌ ကျိုးနွံနာခံသည့် စိတ်နှလုံး ရှိသင့်သည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ထားရှိသင့်သည့် သဘောထားဖြစ်သည်။
လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းအရာမှာ မည်သူ့အတွက်မျှ စိမ်းနေသည်မဟုတ်ပေ။ ယင်းမှာ အကြောင်းအရာသစ် မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်အား ယုံကြည်သူတို့အတွက် ဤအကြောင်းအရာက အလွန်ပင် အရေးကြီးသည်။ ယင်းမှာ နားလည်ထားပြီး ဝင်ရောက်ရမည့် သမ္မာတရားတစ်ခု ဖြစ်၏။ ဖန်ဆင်းခံများသည် ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို မခံရမီ ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ထို့ကြောင့် လူတို့အနေဖြင့် တာဝန်ထမ်းဆောင်ခြင်းသည် မည်သည့်အရာကို ဆိုလိုကြောင်း နားလည်ရန်မှာ အလွန် အရေးကြီးခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းသည် သဘောတရားမျိုး မဟုတ်သကဲ့သို့ ကြွေးကြော်သံလည်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်၏။ သို့ဆိုလျှင် တာဝန်ထမ်းဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထို့ပြင် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားလည်ခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ အနည်းဆုံးအနေဖြင့် ယင်းက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မည်သို့ လက်ခံပြီး သဘောထားသင့်သည်ဟူသည့် ကိစ္စကိုလည်းကောင်း၊ သင့်အား ဘုရားအပ်နှံခဲ့သည့် တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်သောအခါ မည်သည့်သဘောထားမျိုးနှင့် ဆုံးဖြတ်ချက်မျိုး ရှိသင့်သည်ဟူသည့် ကိစ္စကိုလည်းကောင်း ဖြေရှင်းပေးနိုင်သည်။ တစ်ချိန်တည်းတွင် လူတို့နှင့် ဘုရားသခင်ကြားမှ မူမမှန်သော ဆက်ဆံရေးအချို့ကို ဖြေရှင်းပေးမည်ဟုလည်း ဆိုနိုင်သည်။ လူအချို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းအား အရင်းအနှီးအဖြစ် မြင်ကြသည်၊ အချို့က ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းအား ၎င်းတို့၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အလုပ်များအဖြစ် မြင်ကြပြီး အချို့က ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းအား ၎င်းတို့၏ ကိုယ်ပိုင်အလုပ်နှင့် ကိုယ်ပိုင်လုပ်ငန်းတာဝန်များအဖြစ် မြင်ကြသည်၊ သို့တည်းမဟုတ် တာဝန်တစ်ခုကို ဝါသနာပါ၍လုပ်သော အလုပ်မျိုး၊ ဖြေဖျော်မှုမျိုး၊ သို့မဟုတ် အချိန်ဖြုန်းရန် ဝါသနာတစ်ခုမျိုးအဖြစ် မြင်ကြသည်။ တိုတိုပြောရလျှင် သင်၌ သင်၏တာဝန်အပေါ် မည်သည့်သဘောထား ရှိသည်ဖြစ်စေ ယင်းကို ဘုရားသခင်ထံမှ သင် လက်မခံပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်၊ သို့မဟုတ် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်သည့် အလုပ်တစ်ခုအဖြစ် သင်သဘောမထားပါက သင်လုပ်ဆောင်နေသည့်အရာမှာ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင့်အနေဖြင့် တာဝန်ကို မိသားစုလုပ်ငန်းအဖြစ် သဘောထားခြင်းက မှန်ကန်သလော။ ယင်းကို ကိုယ်ပိုင်အလုပ် သို့မဟုတ် ကိုယ်ပိုင်ဝါသနာ၏ အစိတ်အပိုင်းအဖြစ် သဘောထားခြင်းက မှန်ကန်သလော။ ယင်းကို ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအဖြစ် သဘောထားခြင်းက မှန်ကန်သလော။ ဤအရာတစ်ခုမျှ မမှန်ချေ။ အဘယ့်ကြောင့် ဤအကြောင်းအရာများကို ထုတ်ပြောဖို့ လိုအပ်သနည်း။ ဤအကြောင်းအရာများအပေါ် မိတ်သဟာယပြုခြင်းဖြင့် မည်သည့်ပြဿနာ ပြေလည်သွားမည်နည်း။ ယင်းက လူတို့၌ မိမိတို့၏တာဝန်အပေါ် မမှန်ကန်သော သဘောထားများ ရှိခြင်းနှင့် ၎င်းတို့၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သည့် နည်းလမ်းများ အမြောက်အမြား ရှိခြင်းနှင့်ဆိုင်သော ပြဿနာကို ဖြေရှင်းပေးမည် ဖြစ်သည်။ မိမိ၏တာဝန်အား ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်ကို နားလည်ခြင်းဖြင့်သာလျှင် မိမိတို့၏တာဝန်အပေါ် ထားရှိသည့် လူတို့၏ သဘောထားက ပြောင်းလဲမည်ဖြစ်သည်။ ၎င်းတို့၏ သဘောထားမှာ သမ္မာတရားနှင့် ဖြည်းဖြည်းချင်း လိုက်လျောညီထွေ ရှိလာပြီး ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပြီး သူ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမည်ဖြစ်သည်။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်အား ထမ်းဆောင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်ကို နားမလည်ပါက ၎င်းတို့၏တာဝန်နှင့် ၎င်းတို့၏တာဝန်နောက်ကွယ်မှ စည်းမျဉ်းများအပေါ် ထားရှိသည့် ၎င်းတို့၏သဘောထားတွင် ပြဿနာများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်း၏ ရလဒ်ကို ရရှိနိုင်မည်မဟုတ်ပေ။ တာဝန်များဟူသည် လူတို့အား ဘုရားသခင်အပ်နှံသည့် လုပ်ငန်းတာဝန်များ ဖြစ်သည်။ ယင်းတို့သည် လူတို့ အပြီးသတ်ရမည့် အထူးတာဝန်များ ဖြစ်သည်။ သို့ရာတွင် တာဝန်ဟူသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းမဟုတ်သကဲ့သို့ သင့်အနေဖြင့် လူထုထဲမှနေ၍ ထင်ပေါ်ဖို့အတွက် လှေကားထစ်တစ်ခုလည်း မဟုတ်သည်မှာ သေချာသည်။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ဖို့နှင့် အုပ်စုများဖွဲ့ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ သူတို့အနေဖြင့် သူတို့၏တာဝန်များကို ဆောင်ရွက်နေသရွေ့ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် လူသားအတွက် ဘုရားသခင်စီမံပေးသည့် အံ့သြဖွယ်ကောင်းသော ခရီးဆုံးပန်းတိုင်ကို မျှဝေခံစားကြရလိမ့်မည်ဟု တွေးထင်လျက် အချို့က မိမိတို့၏ အလိုဆန္ဒများကို ထမ်းဆောင်ရန် အချို့က မိမိတို့အထဲတွင် ခံစားရသော လစ်ဟာမှုများကို ပြည့်စေရန်နှင့် အချို့က မိမိတို့၏ ကံကိုယုံ၍ ဆူးပုံနင်းသော စိတ်ထားကို ကျေနပ်စေရန် မိမိတို့၏ တာဝန်များကို အခွင့်အရေးများအဖြစ် အသုံးချတတ်ကြလေသည်။ တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။
တာဝန်သည် မည်သည့်အရာဖြစ်သည်၊ လူတို့သည် ၎င်းတို့၏တာဝန်ကို မည်သို့သဘောထားသင့်သည်၊ တာဝန်အပေါ် ၎င်းတို့ရှိသင့်သည့် သဘောထားများ၊ အမြင်များနှင့် ပတ်သက်၍ ဤအရေးကိစ္စများကို အဓိကအားဖြင့် မိတ်သဟာယပြုခဲ့ပြီးသား ဖြစ်သည်။ သင်တို့အားလုံးသည် ဤအရာများကို ဂရုတစိုက် ဆင်ခြင်သင့်သည်။ ဤလက္ခဏာသွင်ပြင်များရှိ သမ္မာတရားများကို နားလည်ခြင်းမှာ အရေးကြီးဆုံးနှင့် အလျင်အလိုဆုံးဖြစ်၏။ ယခုအခါတွင် သင်တို့အနေဖြင့် နားလည်ဖို့အလိုအပ်ဆုံး သမ္မာတရားမှာ အဘယ်နည်း။ တစ်ဖက်တွင် ဤလက္ခဏာသွင်ပြင်ရှိ ရူပါရုံများနှင့် ဆက်စပ်နေသည့် သမ္မာတရားများကို သင် နားလည်ဖို့လိုကာ နောက်တစ်ဖက်တွင် သင်သည် လက်တွေ့လုပ်ဆောင်မှုနှင့် လက်တွေ့ဘဝထဲရှိ ဤသမ္မာတရားများနှင့် ပတ်သက်၍ နားလည်မှုလွဲခြင်းများနှင့် လွဲချော်သော သဘောပေါက်နားလည်မှုများ မည်သည့်နေရာ၌ ရှိကြောင်းကို နားလည်ဖို့လိုသည်။ သင်သည် တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားများပါဝင်သော အရေးကိစ္စများကို ကြုံတွေ့ရသောအခါ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများက သင်၏ စိတ်တွင်းအခြေအနေကို ဖြေရှင်းပေးနိုင်လျှင် ဤအရာက သင်သည် မိတ်သဟာယပြုထားပြီးသည့် အကြောင်းအရာကို အမှန်တကယ်ပင် လုံးစေ့ပတ်စေ့ နားလည်ပြီးဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ ယင်းတို့က သင်၏ တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် ကိစ္စများရှိ သင် နေ့စဉ် ရင်ဆိုင်ရသည့် အခက်အခဲများကို မဖြေရှင်းပေးနိုင်လျှင် သင်သည် ဤသမ္မာတရားများထဲသို့ မဝင်ရောက်ရသေးကြောင်း ယင်းက ပြသသည်။ ဤသမ္မာတရားများကို နာယူပြီးနောက်တွင် သင်တို့သည် ယင်းတို့ကို အနှစ်ချုပ်ကာ ဆင်ခြင်သုံးသပ်ပြီးပြီလော။ သင်မှတ်သားထားလိုက်သည့် အချိန်အခိုက်အတန့်တိုင်းတွင် သင်နားလည်သော်လည်း အချိန်ကုန်လွန်သည်နှင့်အမျှ ယင်းတို့ကို မည်သည့်အခါမျှ မကြားဖူးသည့်အလား မေ့လျော့သွားသည်မှာ ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်တို့ကိုယ်တိုင် ဝင်ရောက်မှုစိုးစဉ်းမျှပင် မရှိသောကြောင့် ဖြစ်သည်။ အခြေခံအားဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်သည့်အရာမှာ ဤသမ္မာတရားများနှင့် မည်သည့်အရာမျှ မသက်ဆိုင်သည့်အပြင် သမ္မာတရားနှင့် လုံးလုံးလျားလျား ဆက်စပ်မှု မရှိပေ။ အမှန်တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် ဤသမ္မာတရားများမှာ ဘုရားသခင်အား ယုံကြည်ခြင်းဖြစ်စဉ်၌ လူတစ်ဦး နားလည်ပြီး ဝင်ရောက်သင့်သည့် အခြေခံအကျဆုံး သမ္မာတရားများပင် ဖြစ်သည်။ အကယ်၍ သမ္မာတရားနှုတ်ကပတ်တော်များကို ကြားနာပြီးနောက် မရှင်းမလင်းဖြစ်ကာ နားဝေတိမ်တောင်ဖြစ်နေသေးလျှင် သင်၏ အစွမ်းအစမှာ တကယ်ပင် အလွန်ညံ့ဖျင်းလွန်းနေပြီး ဝိညာဉ်ရင့်သန်မှု လုံးလုံး မရှိချေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနှင့် စုဝေးပွဲများကို တက်ခြင်းတို့ကိုသာ လုပ်နိုင်မည်။ သင်သည် ဘာသာရေးယုံကြည်မှု၌ ပါဝင်သောသူတစ်ဦးကဲ့သို့ပင် သင့်အားစေခိုင်းသည့်အရာ မည်သည့်အရာကိုမဆို ပြုလုပ်သည်။ ဤသည်မှာ သင်၌ အသက်ဝင်ရောက်မှု မရှိသည့်အပြင် ဝိညာဉ်ရင့်သန်မှုလည်း မည်သို့မျှ မရှိသည်ကို ဆိုလိုသည်။ ဝိညာဉ်ရင့်သန်မှု မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် တာဝန် ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် လူတစ်ဦးက သင့်ကို လှည့်စားသရွေ့ သင်သည် သူ့နောက်ကိုလိုက်ပြီး ဘုရားသခင်ကို မယုံကြည်တော့ပေ။ အကယ်၍ သင်သည် အမှားတစ်ခုခု ပြုလုပ်ကာ လူတစ်ဦးက သင့်အား အနည်းငယ် ပြုပြင်လျက် အတော်လေး ခက်ထန်သည့်ပုံစံဖြင့် စကားပြောပါက သင်သည် ယုံကြည်မှုကို စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်သည်။ အကယ်၍ သင့်ဘဝ၌ ဆုတ်ဆိုင်းမှုများ သို့မဟုတ် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရပါက သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် ပြောကောင်းပြောနိုင်ပြီး ဘုရားသခင်က သင့်ကို ကျေးဇူးတော် ပေးသနားခြင်း သို့မဟုတ် သင်၏အခက်အခဲများအား ဖြေရှင်းပေးနေခြင်း မရှိကြောင်း တွေ့ရသဖြင့် သင်သည် လှည့်ထွက်သွားပြီး ဘုရားအိမ်တော်ကို စွန့်ခွာလျက် ယုံကြည်ခြင်းကို ရပ်တန့်ပစ်နိုင်သည်။ အကယ်၍ သင်သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဆိုင်သော သမ္မာတရားများထဲမှ ဤအခြေခံအကျဆုံးဖြစ်သည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်အချို့ထဲသို့ ဝင်ရောက်ပြီးဖြစ်လျှင် ယင်းက သင်သည် သမ္မာတရားနှင့် ဆက်နွှယ်နေပြီဖြစ်ကြောင်း သက်သေပြသည်။ သင်သည် သမ္မာတရားစစ်မှန်မှုနှင့် ဆက်နွှယ်နေပြီးသားဖြစ်ကာ ဝင်ရောက်မှုအချို့ ပြုလုပ်ထားပြီဖြစ်သည်။ အကယ်၍ သင်သည် ဤသမ္မာတရားစစ်မှန်မှုနှင့် ပတ်သက်၍ စိုးစဉ်းမျှပင် မဆိုထားနှင့် မည်သည့်အရာမျှ မရှိလျှင် ယင်းက သမ္မာတရားသည် သင့်စိတ်နှလုံးထဲ၌ အမြစ်မတွယ်သေးကြောင်း သက်သေပြသည်။
တာဝန်သည် အတိအကျ မည်သည့်အရာဖြစ်ကြောင်း လူတို့အား နားလည်ခွင့်ပေးရန်အတွက် တာဝန်သည် မည်သည့်အရာ ဖြစ်သည်ကိုသာမက တာဝန်၏ ဇာစ်မြစ်များနှင့် ဖြစ်ပေါ်လာခြင်းတို့ အကြောင်းကို ယခုလေးတင် ငါ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤအရာကို သိရာ၌ မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ လူတို့က တာဝန်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် တာဝန်၏ အရေးကြီးပုံကို သိကြမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် စိတ်နှလုံးအတွင်းထဲ၌ ၎င်းတို့သည် တာဝန်အပေါ် မှန်ကန်သော သဘောထား ရှိသင့်ကြောင်းနှင့် ၎င်းတို့သည် စိတ်ကူးပေါက်လျှင် ပေါက်သလို ပြုမူလုပ်ဆောင်၍ မရကြောင်း ခံစားမိကြမည်ဖြစ်သည်။ အနည်းဆုံး ဤအယူအဆသည် ၎င်းတို့၏စိတ်ထဲတွင် ရှိမည်ဖြစ်သည်။ တာဝန်ဟူသည် သင်ထမ်းဆောင်သင့်သည့် အရာဖြစ်ပြီး သင့်အား ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက်နှင့် အထူးတာဝန် ဖြစ်သော်လည်း ယင်းသည် သင်၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စ မဟုတ်သကဲ့သို့ သင်၏ကိုယ်ပိုင်အလုပ်လည်း မဟုတ်ပေ။ ဤသည်မှာ ရှေ့နောက်မညီသလို ထင်ရနိုင်သော်လည်း ယင်းမှာ အမှန်တကယ် သမ္မာတရားဖြစ်သည်။ သမ္မာတရားဖြစ်သည့် မည်သည့်အရာမဆို လူတို့၏ လက်တွေ့လုပ်ဆောင်မှု၊ ဝင်ရောက်မှုတို့နှင့် ဆက်စပ်သည့် ယင်း၏ လက်တွေ့အပိုင်းသာမက ဘုရားသခင်၏ သတ်မှတ်ချက်များလည်း ရှိသည်။ ယင်းက အနှစ်မမဲ့ပေ။ ဤသည်မှာ သမ္မာတရား ဖြစ်သည့်ပုံဖြစ်သည်။ ဤသမ္မာတရားစစ်မှန်မှုအား တွေ့ကြုံခြင်းနှင့် ဝင်ရောက်ခြင်းဖြင့်သာလျှင် သင်သည် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို တိုး၍ နားလည်နိုင်သည်။ အကယ်၍ သင်သည် သမ္မာတရားကို အမြဲတမ်း မေးခွန်းထုတ်ပြီး သံသယများထားကာ မပြတ် စေ့စေ့စပ်စပ် စစ်ဆေးပြီး ပိုင်းခြားစိတ်ဖြာလျှင် သမ္မာတရားသည် သင့်အတွက် မည်သည့်အခါမျှ သမ္မာတရား ဖြစ်မည်မဟုတ်ချေ။ ယင်းသည် သင်၏ တကယ့်ဘဝနှင့် ဆက်စပ်မည် မဟုတ်သည့်အပြင် သင်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် သူ၏စိတ်နှလုံးအတွင်းထဲ၌ သမ္မာတရားကို လက်ခံပြီး ထိုသမ္မာတရားကို ရှင်သန်ခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတို့အတွက် လမ်းညွှန်အဖြစ်၊ ပြုမူနေထိုင်ခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းအတွက် လမ်းညွှန်အဖြစ် ခံယူပါက သမ္မာတရားသည် သူ၏ အသက်တာကို ပြောင်းလဲပေးမည်ဖြစ်သည်။ ယင်းက သူ၏ ဘဝပန်းတိုင်များ၊ သူ၏ ဘဝဦးတည်ချက်များနှင့် လောကကြီးနှင့် ပေါင်းသင်းဆက်ဆံပုံကို ပြောင်းလဲပေးမည် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ အကျိုးသက်ရောက်မှုဖြစ်၏။ တာဝန်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ခြင်းသည် လူတို့အတွက် မိမိတို့၏တာဝန်ထမ်းဆောင်ရာ၌ ကြီးစွာသော အကျိုးကျေးဇူးနှင့် အထောက်အကူ ဖြစ်စေမည်မှာ သေချာ၏။ အနည်းဆုံးအနေဖြင့် အကြင်သူသည် တာဝန်ဟူသည်မှာ ဘုရားသခင်ကို ယုံကြည်သူတိုင်းအတွက် အလွန် အရေးကြီးကြောင်း၊ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းခံရဖို့အတွက် စိတ်ဝင်စားသော သို့မဟုတ် တိကျသော သတ်မှတ်ချက်များ သို့မဟုတ် ရည်မှန်းချက်များ ရှိသောသူတို့အတွက် ပို၍ပင် ကြီးမားသော အရေးပါမှုရှိကြောင်းကို သိမည်ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရဖို့အတွက် လူတိုင်းနားလည်သင့်သည့် အခြေခံအကျဆုံးသော သမ္မာတရားဖြစ်ပြီး ယင်းမှာ လူတစ်ဦးဝင်ရောက်သင့်သည့် အခြေခံအကျဆုံးသော သမ္မာတရားလည်း ဖြစ်သည်။ အကယ်၍ သင်က တာဝန်သည် မည်သည့်အရာဖြစ်ကြောင်း နားမလည်ပါက တာဝန်ကို ကောင်းမွန်စွာ မည်သို့ဖြည့်ဆည်းရမည်ဖြစ်ကြောင်း သိမည်မဟုတ်သကဲ့သို့ တာဝန်ကို ခံယူပြီး သဘောထားရမည့် စိတ်ထားအမှန်ကိုလည်း သိမည်မဟုတ်ပေ။ ဤသည်မှာ အန္တရာယ်ရှိကာ တစ်ဖက်တွင် သင်သည် တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်ဖွယ် ရှိမည်မဟုတ်သည့်အပြင် စိတ်ကူးပေါက်သလို ဝတ်ကျေတမ်းကျေ ဖြစ်စွာ ပြုမူလုပ်ဆောင်မည် ဖြစ်သည်။ နောက်တစ်ဖက်တွင် သင်သည် အသင်းတော်၏ အလုပ်ကို ဖျက်ဆီးပြီး နှောင့်ယှက်သည့် အရာများကို ပြုလုပ်ကောင်း ပြုလုပ်နိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်သည့် ဆိုးယုတ်သော လုပ်ရပ်များကိုပင် ကျူးလွန်ကောင်း ကျူးလွန်နိုင်သည်။ အတော်ပင် သတိထားလျက် ဆိုရလျှင် ဆင်ခြင်သုံးသပ်ခြင်းအတွက် သင့်ကို သီးသန့်ခွဲထားကောင်း ခွဲထားနိုင်ပြီး ကြီးလေးသော ကိစ္စများတွင် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သည်။ ထို့ကြောင့် တာဝန်သည် မည်သည့်အရာဖြစ်ကြောင်း နားလည်ခြင်းသည် သမ္မာတရား၏ တကယ့်အခြေခံ လက္ခဏာသွင်ပြင် ဖြစ်လင့်ကစား လူတစ်ဦး၏ ကယ်တင်ခြင်းနှင့်လည်း ဆက်စပ်နေသည်။ ယင်းက မဆီမဆိုင်ဖြစ်ခြင်း မဟုတ်၊ ဤသည်မှာ အလွန်အရေးကြီးသည်။ တာဝန်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ပြီးနောက် ယင်းမှာ အယူဝါဒတစ်ခုကို ရင်းနှီးသည့်ကိစ္စသာ မဟုတ်ပေ။ ရည်ရွယ်ထားသော ရလဒ်မှာ လူတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်နှင့် ၎င်းတို့၏တာဝန်ကို မှန်ကန်သော သဘောထားဖြင့် မှတ်ယူရန်အတွက် အခွင့်ပေးဖို့ဖြစ်သည်။ တာဝန်တစ်ခုခုကို ထမ်းဆောင်ရာ၌ လုံ့လစိုက်ထုတ်ရုံမျှဖြင့် ရလဒ် ရရှိနိုင်မည်မဟုတ်။ တာဝန်ကို လုံ့လစိုက်ထုတ်ရုံမျှဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်ဟု အမြဲစဉ်းစားခြင်းက ဝိညာဉ်ရေးရာ သိနားလည်ခြင်း ကင်းမဲ့သည်ကို ပြသသည်။ အမှန်တွင် တာဝန်ထမ်းဆောင်ခြင်း၌ အသေးစိတ်အချက်များ အကျုံးဝင်ကာ စိတ်ဓာတ်အမှန်၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် စစ်မှန်သော ကျိုးနွံနာခံမှုရှိခြင်းသာမက ဝိညာဉ်ရေးရာ ဉာဏ်ပညာကို ပိုင်ဆိုင်ခြင်းတို့လည်း ပါဝင်သည်။ လူတစ်ဦး၌ သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်များ ရှိသောအခါမှသာ သူ၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းနိုင်ပြီး တာဝန်ကို ဝတ်ကျေတမ်းကျေဖြင့် ထမ်းဆောင်ခြင်းဟူသည့် ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ မိမိတို့၏ တာဝန်အပေါ် သဘောထားအမှန်မရှိသော သူတို့သည် သမ္မာတရားစစ်မှန်မှု ကင်းမဲ့သော လူတို့ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည့် လူတို့ဖြစ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ထို့အတွက်ကြောင့် ဘုရားသခင်နောက် လိုက်ဖို့အတွက် လူတစ်ဦးသည် တာဝန်ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ကို နားလည်ရမည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်ခြင်းအတွက် အရေးပါလှသည်။
တာဝန်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ယင်း၏ ဇာစ်မြစ်များကို နားလည်ပြီးနောက် သင်သည် လူ့အဖွဲ့အစည်းထဲ၌ တာဝန်၏သဘာဝနှင့် အလုပ်၏သဘာဝကို ခွဲခြားနိုင်မည်ဖြစ်သည်။ သင့်အား ဘုရားအိမ်တော်မှ အပ်နှံထားသော အလုပ်ကို တာဝန်တစ်ခုအဖြစ် သဘောထားခြင်းနှင့် လောကီအလုပ်အဖြစ် သဘောထားခြင်းကြားမှ ခွဲခြားသိမြင်နိုင်သောအချက်မှာ အဘယ်နည်း။ အကယ်၍ သင်သည် ယင်းကို တာဝန်တစ်ခုဖြစ် သဘောထားပါက သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားကို ရှာဖွေဖို့လိုသည်။ “ဤသည်မှာ ကျွန်ုပ်၏တာဝန်ဖြစ်သောကြောင့် ယင်းကို မည်ကဲ့သို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများမှာ မည်သည့်အရာများနည်း။ ယင်း၏ နောက်ကွယ်မှ စည်းမျဉ်းများနှင့် ပတ်သက်၍ ကျွန်ုပ်ရှင်းလင်းဖို့လိုသည်” ဟု သင်ဆိုလိမ့်မည်။ ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းကသာ သင်၏တာဝန်အား မှတ်ယူသည့်အပေါ် မှန်ကန်သော သဘောထား ဖြစ်သည်။ ဤအရာကသာလျှင် လူတို့အနေဖြင့် သူတို့၏တာဝန်အပေါ် ရှိသင့်သည့် သဘောထားဖြစ်သည်။ သို့သော် လောကီအလုပ် သို့မဟုတ် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဘဝများထဲမှ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ လူတို့သည် မည်သည့်သဘောထားမျိုး ရှိသင့်သနည်း။ သို့ဆိုလျှင် သမ္မာတရား သို့မဟုတ် စည်းမျဉ်းများကို ရှာဖွေဖို့ လိုအပ်ချက်တစ်ခုခု ရှိသလော။ သင်သည် စည်းမျဉ်းများကိုပါ ရှာဖွေကောင်းရှာဖွေနိုင်သော်လည်း ယင်းတို့သည် ငွေပို၍ရှာခြင်း၊ သာယာသောဘဝတစ်ခုဖြင့် အသက်ရှင်ခြင်း၊ ဥစ္စာဓနကို စုဆောင်းမိခြင်း၊ အောင်မြင်မှုကို ရရှိခြင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် နှစ်ခုလုံးကို ရရှိခြင်းဟူသည့် ဤကဲ့သို့သော စည်းမျဉ်းများသာလျှင် ဖြစ်မည်ဖြစ်သည်။ ဤစည်းမျဉ်းများမှာ လုံးလုံးလျားလျား လောကီဆန်လျက် မျက်မှောက် ရေပန်းစားမှုများနှင့် သက်ဆိုင်လေသည်။ ယင်းတို့မှာ စာတန်နှင့် ဆိုးယုတ်သော ဤလူသားမျိုးနွယ်တို့၏ စည်းမျဉ်းများပင် ဖြစ်ကြသည်။ တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများမှာ အဘယ်နည်း။ ယင်းတို့က ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝ ကိုက်ညီရမည်။ ယင်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်တို့နှင့် အတွင်းကျကျ ဆက်စပ်နေပြီး သမ္မာတရားမှလည်းကောင်း ဘုရားသခင်၏ သတ်မှတ်ချက်များမှလည်းကောင်း ခွဲခြား၍မရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာပေါ်၌ လူတို့ပါဝင်သော သက်မွေးမှုလုပ်ငန်းများ သို့မဟုတ် အလုပ်များသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မည်သည့်အရာမျှ မသက်ဆိုင်ပေ။ သင်သည် အတော်ပင် တတ်စွမ်းနိုင်ကာ အခက်အခဲကို သည်းခံလိုစိတ်ရှိပြီး ဇွဲလုံ့လရှိ၍ ဆိုးယုတ်သည့်အပြင် ရဲတင်းနေသရွေ့ လူ့အဖွဲ့အစည်းတွင် ထင်ပေါ်နိုင်ပြီး ကြီးမားသော သက်မွေးမှုလုပ်ငန်းတစ်ခုကိုပင် တည်ဆောက်ကောင်း တည်ဆောက်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ဤစည်းမျဉ်းများနှင့် ဒဿနအမြင်များကို ဘုရားအိမ်တော်၌ မလိုအပ်ပေ။ ဘုရားအိမ်တော်၌ သင်သည် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ၊ ယင်းတာဝန်၏ သဘာဝက မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် မြင့်မားပုံပေါ်သည်ဖြစ်စေ၊ နိမ့်ကျပုံပေါ်သည်ဖြစ်စေ၊ မြင့်မြတ်ပုံပေါ်သည်ဖြစ်စေ အညတရဖြစ်သည့်ပုံပေါ်သည်ဖြစ်စေ၊ ယင်းသည် ထင်ပေါ်သည်ဖြစ်စေ၊ မှေးမှိန်သည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်မှ သင့်အား အပ်နှံသည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်တစ်ဦးမှ သင့်အား ချမှတ်ပေးသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သင့်အား မည်သည့်အလုပ်ကို ချမှတ်သည်ဖြစ်စေ သင့်အလုပ်ကို လုပ်ဆောင်ရာ၌ သင်လိုက်နာသည့် စည်းမျဉ်းများက သမ္မာတရား၏ စည်းမျဉ်းများကို မကျော်လွန်သင့်ပေ။ ယင်းတို့သည် သမ္မာတရားနှင့် ဆက်စပ်သင့်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဆက်စပ်သင့်သည့်အပြင် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်း၊ အလုပ်စီမံခန့်ခွဲမှုများနှင့် ဆက်စပ်သင့်သည်။ အတိုချုပ်အားဖြင့် ကမ္ဘာပေါ်တွင် လူတစ်ဦးပါဝင်ဆောင်ရွက်သည့် တာဝန်နှင့် အလုပ်တို့အကြား ခွဲခြားသိမြင်သင့်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။