ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။ (အပိုင်း သုံး)
ဆက်လက်၍ မပြည့်မီသော တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ မည်သည့်သရုပ်သကန်များ ရှိကြောင်းကို ငါတို့ ဆွေးနွေးကြစို့။ ဥပမာတစ်ခုကို ငါ ဦးစွာ မိတ်သာဟာပြုမည် ဖြစ်ပြီး ဤသူသည် သူ၏တာဝန်ကို ပြည့်မီစွာနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ထမ်းဆောင်နေခြင်းရှိမရှိ သင်တို့အားလုံး ပိုင်းခြားသိမြင်နိုင်သည်။ အသင်းတော်ထဲတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရကာ မိသားစုဝင်အချို့က ယုံကြည်သူများဖြစ်ပြီး အချို့က ယုံကြည်သူမဟုတ်သော ယုံကြည်သူထက်ဝက်ရှိသည့် မိသားစုမှ လက်ခံဧည့်ဝတ်ပြုခဲ့သော လူတစ်ဦး ရှိခဲ့သည်။ သို့ရာတွင် ၎င်းတို့အားလုံး၌ တစ်မူထူးသော လက္ခဏာရှိကာ ယင်းမှာ ၎င်းတို့သည် အခွင့်အာဏာရှိသော သူတို့၏ စိတ်နေစိတ်ထားကို နားလည်အောင်လုပ်ပြီး မြှောက်ပင့်ရာ၌ အထူးသဖြင့် ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ ဤလက္ခဏာက ခေါင်းဆောင်တစ်ဦးအတွက် မည်သည့်အရာကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်စေမည်နည်း။ (ယင်းက စုံစမ်းသွေးဆောင်ခြင်းကို ဖြစ်ပေါ်စေမည်။) ယင်းက စုံစမ်းသွေးဆောင်ခြင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပေသည်။ ဤသည်မှာ သူ့အတွက် ကောင်းချီးလော၊ သို့မဟုတ် ကံဆိုးခြင်းလော။ ယင်းက ကောင်းချီးလော၊ သို့မဟုတ် ကံဆိုးခြင်းလော ဟူသည်ကို ကြည့်ရဦးမည်ဖြစ်သည်။ ဆက်၍ ပြောကြစို့။ ဤမိသားစုက ထိုခေါင်းဆောင်ကို လက်ခံဧည့်ဝတ်ပြုပြီးနောက်တွင် ၎င်းတို့က သူ့ကို အစာစားချိန်တိုင်းတွင် အသားဟင်းနှင့် ဟင်းကောင်းတို့ဖြင့် ကျွေးမွေးခဲ့ကြသည်။ ၎င်းတို့က ထိုခေါင်းဆောင်ကို အဘယ့်ကြောင့် ဤပုံစံအတိုင်း လက်ခံထားကြသနည်း။ ယင်းမှာ ချစ်ခြင်းမေတ္တာအားဖြင့် ဟုတ်သလော။ ၎င်းတို့က ညီအစ်ကို မောင်နှမများအား ဤပုံစံအတိုင်း လက်ခံထားခဲ့ကြမည်လော။ လုံးဝ မဟုတ်ပေ။ ထိုခေါင်းဆောင်သည် ထိုနေရာ၌ရှိခဲ့စဉ် ၎င်းတို့က သူ့အတွက် နေ့စဉ် အသားဟင်းချက်ပြုတ်ပေးခဲ့သည်။ နောက်ဆုံးတွင် ထိုခေါင်းဆောင်က အစားအသောက်များကို ကျေနပ်အားရသဖြင့် ထိုမိသားစုကို “သင်တို့မိသားစုတစ်ခုလုံးသည် ဘုရားသခင်ကို ချစ်ကြသည်။ သင်၏မိခင်သည် နိုင်ငံတော်ကို ဝင်စားနိုင်သည်၊ သင်၏သားသည် နိုင်ငံတော်ကို ဝင်စားနိုင်သည်၊ ပြီးလျှင် သင်နှင့် သင့်ဇနီးသည်လည်း နိုင်ငံတော်ကို ဝင်စားနိုင်သည်။ အနာဂတ်တွင် သင်တို့မိသားစုတစ်ခုလုံး နိုင်ငံတော်ကို ဝင်စားနိုင်သည်” ဟု ပြောလေသည်။ ဤသည်ကို ကြားရသည်တွင် ထိုမိသားစုက ဘဝင်ခိုက်သွားပြီး “ငါတို့မိသားစုတစ်ခုလုံး နိုင်ငံတော်ကို ဝင်စားနိုင်သည်၊ ငါတို့ကြားမှ ဘာသာတရားမရှိသူများပင် ဝင်စားနိုင်သည်။ သူ့ကို ငါတို့ ကျွေးမွေးလာခဲ့သော အသားဟင်းက အလဟဿ မဟုတ်ပုံပေါက်ပေသည်။ ငါတို့ သူ့အား ဆက်လက်၍ အသားဟင်းကျွေးမွေးသင့်သည်” ဟု စဉ်းစားကြလေသည်။ အမှန်တွင်မူ ဤမိသားစုသည် နိုင်ငံတော်ဝင်စားခြင်းအတွက် မည်သည့်အရာ လိုအပ်ကြောင်းနှင့်ပတ်သက်၍ နားလည်မှု အနည်းငယ်သာ ရှိခဲ့သော်လည်း ယင်းက ကောင်းသောအရာ ဖြစ်မှန်း သိခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်သူတို့ကြားတွင် ကောင်းကင်နိုင်ငံတော် ဝင်စားပြီး ကောင်းချီးများမရချင်မည့်သူ အဘယ်သူရှိမည်နည်း။ ၎င်းတို့က “ခေါင်းဆောင်က ငါတို့ နိုင်ငံတော် ဝင်စားနိုင်သည်ဟု ပြောသရွေ့ ငါတို့ဝင်စားနိုင်သည် မဟုတ်လော။ ခေါင်းဆောင်၏စကားက အတည်ဖြစ်သည်။ အမှန်တွင် ခေါင်းဆောင်က ဘုရားသခင်ကို ကိုယ်စားပြုသည်” ဟု တွေးကြသည်။ ထို့နောက်တွင် ထိုခေါင်းဆောင်က ၎င်းတို့ နိုင်ငံတော် ဝင်စားနိုင်သည်ဟု ပို၍ဆိုလေ၊ ၎င်းတို့က သူ့ကို အစားအသောက်များ ပို၍ရက်ရက်ရောရော ကျွေးမွေးလေဖြစ်သည်။ တဖြည်းဖြည်းနှင့် ဤခေါင်းဆောင်သည် အခြားမိသားစုများကို နောက်ထပ် မလည်ပတ်ချင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့က သူ့အား ဤကောင်းသောအရာများကို မကျွေးမွေးခဲ့ကြောင့် သို့မဟုတ် သူ့ကို ဤပုံစံအတိုင်း မမြှောက်ပင့်ခဲ့ကြသောကြောင့် ဖြစ်ပေသည်။ များမကြာမီ ထိုခေါင်းဆောင်သည် ပို၍ပို၍ ကိုယ်အလေးချိန်တက်လာသည်။ သူ၏ဦးခေါင်းသည်လည်း ပို၍ဝလာကာ “လူ့ခေါင်း” မှ “ဝက်ခေါင်း” အဖြစ်သို့ ရောက်လာသည်။ လုပ်ဆောင်ဆောင်ဖက်များ၏ စည်းဝေးပွဲအတွင်း၌ သူ့ကို ချက်ချင်း မှတ်မိနိုင်၏။ တစ်လမျှ သူ့ကို မမြင်ရသည့်နောက် သူသည် ကိုယ်အလေးချိန် များစွာတက်ခဲ့ပြီးဖြစ်၍ ထိုသူတို့က သူ၏အလုပ်နှင့်ပတ်သက်၍ အရေးတကြီး မေးမြန်းကြသည်။ ထိုသူတို့သည် စိုးရိမ်စရာ အရေးကိစ္စများကို ရှာဖွေတွေ့ရှိပြီး သူ့အား တင်းကျပ်သော ပြုပြင်ခြင်းကိုပေးလျက် နောက်ဆုံး၌ ဤအယောင်ဆောင်ခေါင်းဆောင်ကို အစားမထိုးမီ သူ့ပြဿနာ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုက ပိုများသော ပြဿနာများကို ထုတ်ဖော်ခဲ့သည်။ ဤအယောင်ဆောင်ခေါင်းဆောင်သည် မည်သည့် တကယ့်အလုပ်ကိုမျှ မလုပ်ဘဲ သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများကို နေ့စဉ် ပျော်မွေ့ခံစားခဲ့သည်။ သူသည် သူ့အား မြှောက်ပင့်ပြောဆိုသူတို့ကို မျက်နှာသာပေးကာ ထိုသူတို့ကို ရာထူးတိုးမြှင့်ပေးသော်လည်း သူ့အား လက်ဆောင်ပဏ္ဏာများ မပေးသူတို့ကို နှိပ်ကွပ်ခဲ့သည်။ သူ့အား သူ့ဇနီးသည်မှ စားစရာ ကြက်သား ပို၍ယူဆောင်လာရန်ပင် တောင်းဆိုခဲ့သည်။ သို့ဖြစ်၍ ဤအယောင်ဆောင်ခေါင်းဆောင်၏ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ သင်တို့ မည်သို့ထင်မြင်ကြသနည်း။ သူ၏တာဝန်များအပေါ် သူ၏သဘောထားမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူသည် အမှန်တွင် အလုပ်လုပ်နေခြင်း မရှိခဲ့ပေ။ အခြားတစ်နေရာရာတွင် အရာရှိတစ်ဦးလုပ်ရန် သွားခဲ့သည်နှင့် ပို၍တူသည်။ သို့မဟုတ်လျှင် သူသည် ထိုမျှများသော ကိုယ်အလေးချိန်ကို အဘယ်သို့ တက်နိုင်ခဲ့မည်နည်း။ ဤအရာအတွက် အကြောင်းရင်းနှစ်ခုရှိ၏။ တစ်ဖက်တွင် သူသည် အသားဟင်း စားရနိုင်မည့် အိမ်ရှင်မိသားစုများကို တမင်သက်သက် ရွေးချယ်ကာ ထိုနေရာတွင်နေပြီး အဆက်မပြတ် ခံစားမွေ့လျော်ခဲ့သည်။ အခြားတစ်ဖက်တွင် သူ၏တာဝန်များကို ထမ်းဆောင်ရာ၌ ဝန်တာစိတ် မရှိသည့်အပြင် မည်သည့်အခက်အခဲကိုမျှ ကြံ့ကြံ့မခံခဲ့သည်မှာ အသေအချာပင်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဝန်တာစိတ်ရှိလျှင် အသင်းတော်၏ ကျယ်ပြန့်သော အလုပ်ပမာဏနှင့် အရေးတကြီး ဖြေရှင်းဖို့လိုအပ်သည့် အရေးကိစ္စအမြောက်အမြားကို မြင်ရသောအခါ စိတ်ဖိစီးပြီး စိုးရိမ်သောက ရောက်တော့မည် မဟုတ်လော။ ဤစိုးရိမ်သောကရောက်ခြင်းက သူ့ကို လုပ်ဆောင်မှုရှိလာအောင် လှုံ့ဆော်မည်ဖြစ်သည်။ သူသည် ဤအရေးကိစ္စများအား ကိုင်တွယ်ခြင်းကို ချက်ချင်း အစပြုမည်ဖြစ်ကာ စွမ်းအင်ကို အသုံးပြုပြီး အခက်အခဲအချို့ကို ကြံ့ကြံ့ခံမည်ဖြစ်သည်။ ရုပ်ခန္ဓာပိုင်းတွင် သူသည် ကိုယ်အလေးချိန်သာ ကျဆင်းမည်။ ယင်းမှာ သဘာဝနိယာမ ဖြစ်၏။ လူတစ်ဦးသည် မည်သည့် အခြေအနေများအောက်တွင် ဆက်လက်၍ ပိုစားပြီး ကိုယ်အလေးချိန် တိုးမည်နည်း။ ယင်းမှာ တစ်နေကုန် စိတ်ရှိသလောက် စားပြီး မည်သည့်အရာကိုမျှ အာရုံမစိုက်၊ ဝန်ပိခြင်းမှ လွတ်ကင်းပြီး မြင့်မြတ်ခန့်ညားစွာ ထိုင်လျက် လူ့အသိုင်းအဝိုင်းနှင့် လုပ်ငန်းခွင်တို့နှင့် ကင်းကွာပြီး ကာမဂုဏ်ဇိမ်ခံမှုများ၌ မွေ့လျော်ခံစားခြင်းဖြင့်သာ ဖြစ်နိုင်သည်။ ထိုအခါမှသာ သူသည် ဆက်လက်၍ ကိုယ်အလေးချိန်တိုးပြီး တစ်လကျော်မျှတွင် “လူ့ခေါင်း” မှ “ဝက်ခေါင်း” အဖြစ်သို့ အသွင်ပြောင်းနိုင်သည်။ သို့ဖြစ်၍ ဤခေါင်းဆောင်သည် သူ၏ တာဝန်များကို မည်မျှကောင်းစွာ ထမ်းဆောင်နေခဲ့သနည်း။ ခေါင်းဆောင်တစ်ဦးအဖြစ် သူ့အခန်းကဏ္ဍ၏ သဘာဝမှာ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်များအား ထမ်းဆောင်ခြင်းနှင့် မဆိုင်တော့ဘဲ ဇိမ်ခံမှုနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ မွေ့လျော်ခြင်းနှင့်သာ ဆိုင်တော့သည်။ သူသည် အစိုးရအရာရှိတစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။ တကယ့်အလုပ်ကို ရှောင်လွဲခဲ့သည်သာမက အပြစ်ပြုခြင်း၌လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သူ့ကို မမြှောက်ပင့်လျှင် သို့မဟုတ် အရသာရှိသော အစားအစာဖြင့် မကျွေးမွေးလျှင် ထိုသူ့ကို နှိပ်ကွပ်သည်။ ထိုမျှမက သူသည် ထိုသူ့ကို ပြုပြင်ရာ၌ ပါဝင်ရန် ညီအစ်ကိုမောင်နှမများကို လှုံ့ဆော်ကာ နောက်ဆုံးတွင် လူထု၏အမျက်ကို နှိုးဆွပေးလေသည်။ လူတို့က ထိုသူ့ကို စတင်၍ အော့ကြောလန်ပြီး သူ့ကို ဝေးဝေးရှောင်ကြသည်။ သူအား ဖယ်ရှားခြင်းအကြောင်းရင်းကို ခဏဘေးဖယ်လျက် သူ၏ တာဝန်ထမ်းဆောင်မှု၏ ပြည့်မီခြင်းအကြောင်းကိုသာ ဆွေးနွေးကြစို့။ အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ သူ၏ မွေ့လျော်ခြင်းနှင့် လက်တွေ့အလုပ်မလုပ်ခြင်းမှာ အဆိုးရွားဆုံး ပြဿနာဖြစ်သည်။ သူသည် ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို အစေခံနေခြင်း မရှိပေ။ သူသည် ၎င်းတို့အပေါ် အရာရှိတစ်ဦးကဲ့သို့ ပြုမူနေခဲ့ပြီး သူ၏တာဝန်များကို မည်သည့်နည်းနှင့်မျှ ထမ်းဆောင်နေခြင်း မရှိပေ။ ခေါင်းဆောင်တစ်ဦးအဖြစ် သူ၏အလုပ်၌ သူ၏တာဝန်များကို ထမ်းဆောင်ရာတွင် သူ၏စိတ်နှလုံးနှင့် စွမ်းအားကို ပေးအပ်မြှုပ်နှံဖို့ နေနေသာသာ၊ သစ္စာစောင့်သိခြင်း တစ်စက်မျှ မပြသခဲ့ပေ။ သူ၏စိတ်နှလုံးနှင့် စွမ်းအားကို စားသောက်ခြင်းနှင့် အပျော်အပါး မွေ့လျော်ခြင်းအတွက်သာ ပေးခဲ့သည်။ သူသည် သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများအား မည်သို့မွေ့လျော်ရမည်ကို စဉ်းစားလျက် ဦးနှောက်ခြောက်ကာ ဖော်လံဖားသော ဤအပြုအမူမျိုးကို တားမြစ်ဖို့အတွက် အိမ်ရှင်မိသားစုအား သမ္မာတရားကို မိတ်သဟာယ မပြုပေးခဲ့ပေ။ ထိုမျှမက သူတို့ကို လှည့်စားကာ ထိုကဲ့သို့သော ဧည့်ဝတ်ပြုခြင်းကသာ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်နှင့် ဆုလဒ်များရရှိရန် အခွင့်ပေးလိမ့်မည်ဟု ပြောခဲ့သည်။ ဤသည်မှာ မကောင်းမှုပြုနေခြင်း မဟုတ်လော။ အကယ်၍ ဤသည်မှာ အိမ်ရှင်မိသားစုကို သူ ပြုမူဆက်ဆံခဲ့သည့် ပုံစံဖြစ်ခဲ့လျှင် အသင်းတော်၏အလုပ်တွင် သူ မည်ကဲ့သို့ ပြုလုပ်မည်နည်း။ ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို သူ မည်ကဲ့သို့ ပြုမူဆက်ဆံမည်နည်း။ ယင်းမှာ လှည့်စားခြင်း၊ ဝတ်ကျေတမ်းကျေပြုခြင်းတို့နှင့် ပြည့်နှက်နေမည်မှာ သေချာ၏။ ဤပုဂ္ဂိုလ်သည် တာဝန်က မည်သည့်အရာဖြစ်ကြောင်း အမှန်တကယ် သိခဲ့သလော။ ဘုရားသခင်က သူ့အား ပေးအပ်ခဲ့သည့်အလုပ်မှာ မည်သည့်အရာဖြစ်ကြောင်း သူသိခဲ့သလော။ ဤတာဝန်ပေး စေခိုင်းချက်ကို သူက မည်သည့်အရာအဖြစ် ယူဆခဲ့သနည်း။ သူက ယင်းကို အရည်အသွေးကောင်းတစ်ခုနှင့် သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများအား ပျော်မွေ့စရာအကြောင်းရင်းအဖြစ် ယူဆခဲ့ကာ ရလဒ်အနေဖြင့် သူသည် မကောင်းမှုအတော်များများကို ကျူးလွန်လျက် အသင်းတော်၏ အသက်တာကို အနှောင့်အယှက်ပေးပြီး ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် ဆုံးရှုံးနစ်နာမှုကို ဖြစ်ပွားစေခဲ့သည်။ ထိုသို့သော တာဝန်ထမ်းဆောင်မှုပုံစံမှာ မပြည့်မီရုံသာမက ဒုစရိုက်မှုများအဖြစ်လည်း ပြောင်းလဲသွားခဲ့သည်။ လူတစ်ဦး၏ တာဝန်ထမ်းဆောင်မှုတွင် ပြည့်မီသော အစိတ်အပိုင်းတစ်ခုခု ကင်းမဲ့လျှင် ၎င်းတို့ကို ဘုရားသခင်က အောက်မေ့နိုင်မည်လော။ (အောက်မေ့နိုင်မည် မဟုတ်ပါ။) မအောက်မေ့နိုင်မည်မှာ သိသာထင်ရှားကာ ယင်းမှာ အတော်ပင် သနားစရာကောင်း၏။ သမ္မာတရားကို နားမလည်ခြင်းက သနားစရာ ကောင်း၏။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်းက ပို၍ပင် သနားစရာကောင်းသလော။ (သနားစရာကောင်းပါသည်။) ဤသည်မှာ “လူ့ခေါင်းမှ ဝက်ခေါင်းအဖြစ် ပြောင်းလဲသွားခြင်း” အခြေအနေဟူသည့် အခြေအနေနံပါတ်တစ် ဖြစ်သည်။ ဤအခြေအနေသည် အတော်ပင် ရိုးရှင်း၏။ ယင်း၌ အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားခြင်း၊ မိမိ၏တာဝန်အား သစ္စာစောင့်သိမှု တစ်စက်မျှမရှိဘဲ ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အားကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ ကင်းမဲ့ခြင်းတို့ ပါဝင်၏။ ဤခေါင်းဆောင်က သူ၏ ဘုရားပေးတာဝန်ကို သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားခြင်းအဖို့ အရင်းအနှီးအဖြစ် သဘောထားခဲ့သည်။ ဤအရာကို ပိုင်းခြားသိမြင်ဖို့ လွယ်ကူ၏။ အနာဂတ်တွင် သင်တို့သည် နှိုင်းယှဉ်မှုပြုနိုင်ရန်၊ အခြားသူများအား ပိုင်းခြားသိမြင်နိုင်ရန်နှင့် မိမိတို့ကိုယ်ကို တွန်းအားပေးနိုင်ရန်အလို့ငှာ အခြေအနေနံပါတ်တစ်၏ အမည်ကို သတိရလော့။ ငါပြောပြလိုက်သော ဤအခြေအနေကို သင်တို့ မည်သို့သဘောရသနည်း။ သင်တို့သည် ထိုကဲ့သို့သော လူတို့နှင့် ထိုကဲ့သို့သော လုပ်ရပ်များကို စက်ဆုပ်သလော။ (စက်ဆုပ်ရွံရှာပါသည်။) အကယ်၍ သင်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပါက ထိုကဲ့သို့သော လုပ်ရပ်များကို ကျူးလွန်နိုင်သလော။ သင်တို့၌ ထိုအတုအယောင်ခေါင်းဆောင်ထက် ပို၍ ဆင်ခြင်တုံတရားရှိပြီး အတော်လေး ချုပ်တည်းနိုင်ကာ သမ္မာတရားအဖို့ ကြိုးပမ်းနိုင်ခဲ့ပါက မျှော်လင့်ချက်အနည်းငယ် ရှိသေးသည်။ သို့သော် ထိုသူကဲ့သို့ စားသောက်ခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများအား မွေ့လျော်ခံစားခြင်း၌ အရသာတွေ့နိုင်ခဲ့ပါက သင်သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ဖြစ်သည်။ သင်သည် အတုအယောင် ခေါင်းဆောင်တစ်ဦးနှင့် ဘုရားသခင်ရွံရှာသော လူတစ်ဦးသက်သက် ဖြစ်မည်။ ယခုတွင် သင်တို့၌ ပိုင်းခြားသိမြင်မှု အနည်းငယ်ရှိပြီး သမ္မာတရားအချို့ကို နားလည်ကြသည်။ သင် ချုပ်တည်းနိုင်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်သည့် အတိုင်းအတာက ကယ်တင်ခြင်းအဖို့ သင်၌ မျှော်လင့်ချက်အဘယ်မျှရှိသည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းတို့မှာ တိုက်ရိုက်အချိုးကျဖြစ်၏။ အကယ်၍ သင်သည် သင့်ကိုယ်သင် မချုပ်တည်းနိုင်ဘဲ သင့်ကိုယ်ပိုင် ဦးစားပေးမှုများအတိုင်း ဆက်လက်ပြုမူလျက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားကာ တစ်စုံတစ်ဦးက သင့်အား မြှောက်ပင့်ပြောဆိုသောအခါ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် စစ်မှန်သော နောင်တတရား တစ်ခုမျှမရှိဘဲ ကျေနပ်အားရပြီး သာယာယစ်မူးနေပါက ကယ်တင်ခြင်းရရှိဖို့အတွက် သင်၌ရှိသော မျှော်လင့်ချက်မှာ သုညသာ ဖြစ်ပေ၏။
ထို့နောက် အခြားအခြေအနေအကြောင်း ပြောကြစို့။ ဧဝံဂေလိတရား တိုးချဲ့နေစဉ်အတွင်း အသင်းတော်ထဲရှိ လူများစွာတို့သည် ဧဝံဂေလိဖြန့်ဝေဖို့ရန် နေရာမျိုးစုံသို့ သွားကြသည်။ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်သည် လူတိုင်းအတွက် တာဝန်ဖြစ်သည်။ ယင်းကို သင် မည်သို့သဘောထားဖြစ်စေ သို့မဟုတ် ဤတာဝန်ကို သင်သည် ကောင်းသည်ဟု ထင်သည်ဖြစ်စေ၊ မကောင်းသည်ဟု ထင်သည်ဖြစ်စေ ယင်းသည် လူတို့အား ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်၏။ လူတို့ထံ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပတ်သက်၍ ဆိုရလျှင် ဤအရာသည် လူတို့၏ ဝတ္တရားနှင့် ပတ်သက်ပြီး လူတို့၏ တာဝန်နှင့်လည်း ပတ်သက်သည်။ ယင်းသည် လူတို့၏ တာဝန်နှင့် ပတ်သက်သဖြင့် လူတစ်ဦးက သူ၏တာဝန်ကို မည်သို့ထမ်းဆောင်သည်နှင့်လည်း ပတ်သက်သည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်း လုပ်ငန်းစဉ်အတွင်း လူအချို့က အထူးသဖြင့် ချမ်းသာကြွယ်ဝသော ဒေသများနှင့် ချမ်းသာကြွယ်ဝသော အိမ်ထောင်စုများကို ရှာကြသည်။ လူတစ်ဦးက ကားအကောင်းစားမောင်းသည် သို့မဟုတ် အိမ်ကြီးကြီး၌ နေသည်ကို တွေ့ရသောအခါ အားကျပြီး မနာလိုဖြစ်ကြသည်။ ၎င်းတို့ကို ကောင်းမွန်စွာ ဧည့်ခံသည့် အိမ်ထောင်စုတစ်ခုကို တွေ့ရှိပါက ကြာကြာနေပြီး တပ်မက်သော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ အကျိုးပြုလုပ်ဆောင်မှုများ ပြုခဲ့သဖြင့် ကျေးဇူးတော် အနည်းငယ်ကို ခံစားသင့်သည်ဟု ထင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ ဧဝံဂေလိဖြန့်ဝေမှုက ဘာဖြစ်သွားသနည်း။ ၎င်းတို့လုပ်သမျှမှာ ဇာတိပကတိဆိုင်ရာ သာယာမှုများ၌ မွေ့လျော်လျက် ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းကို ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့ဖွယ်ရာနှင့် အလဲအလှယ်ပြုရန် ဖြစ်သည်။ ယင်းက ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းအား ရောင်းချခြင်း ဖြစ်လာ၏။ နှစ်နှစ်သုံးနှစ်ကြာပြီးနောက် ၎င်းတို့သည် ထိုနေရာ၌ ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် လူအချို့ကို ရရှိထားကာ အသင်းတော်တစ်ပါးကိုပင် တည်ထောင်ကြပြီး ဖြစ်သည့်အတွက် အရင်းအနှီး အနည်းငယ်ကို စုဆောင်းရမိပြီဖြစ်သည်။ ထို့နောက် ၎င်းတို့သည် စတင်၍ စိတ်မထိန်းနိုင်တော့ဘဲ မိမိတို့၏ ဇာတိမြို့သို့ “ကြီးကျယ်ခမ်းနားစွာ” ပြန်သွားသည့်အချိန်တွင် ၎င်းတို့သည် ဖက်ရှင်ရှေ့ဆောင်တစ်ဦးဖြစ်လုနီးပါး ဖြစ်လာပြီးသည့်နောက်တွင် ပီတိဖြာနေကြသည်။ ၎င်းတို့သည် ခေတ်မီဆန်းပြားသော အိမ်အသုံးအဆောင်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများကို ပြန်သယ်လာကြကာ ခြေဆုံးခေါင်းဆုံး ဝတ်ကောင်းစားလှ ဝတ်ဆင်ကြသည်။ ဒေသခံလူတို့က ၎င်းတို့ကို မမှတ်မိကြတော့ဘဲ တစ်နေရာရာတွင် ပွပေါက်တိုးလာခြင်း ဖြစ်ရမည်ဟု ထင်ကြသည်။ ဤတွင် ပြဿနာရှိပြီ မဟုတ်လော။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်သူဖြစ်လာကာ အမြဲတမ်း အိမ်နှင့်ကင်းကွာလျက် ၎င်းတို့၏ တာဝန်ထမ်းဆောင်ကြရသည်။ အစပိုင်းတွင် ၎င်းတို့၏အိမ်၌ အမှန်တကယ် တန်ဖိုးရှိသည့်အရာ ဘာမျှမရှိခဲ့သော်လည်း ယခုအခါတွင် ၎င်းတို့သည် လူတို့ပေးသည့် ဝတ်ကောင်းစားလှနှင့် ပစ္စည်းကောင်းများ အားလုံးကို ပြန်ယူလာကြသည်။ ၎င်းတို့သည် ကောင်းကောင်း ဝတ်ဆင်ထားသကဲ့သို့ ကောင်းကောင်းလည်း ပြည့်စုံလာကြသည်။ ၎င်းတို့က ဤအရာကို ဘုရားသခင်၏ ကျေးဇူးတော်ဟု သဘောထားကြသည်။ သို့သော် ဤအရာများက အမှန်တကယ် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့မှာ ဧဝံဂေလိဖြန့်ဝေခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ အားထုတ်မှုအတွက် လဲလှယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အခြားသူအချို့က ၎င်းတို့၏ နှစ်ပေါင်းများစွာ ယုံကြည်မှုနှင့် ဧဝံဂေလိဖြန့်ဝေရာ၌ ၎င်းတို့၏ အလုပ်ကြိုးပမ်းမှုကို တွေ့မြင်သဖြင့် ဤသူ့ကို ပစ္စည်းကောင်းအချို့ ပေးခဲ့ကြသည်။ ဤ “ပေးကမ်းခြင်း” က ဒါနလော။ ယင်းက သနားကရုဏာလော။ အကယ်၍ ၎င်းတို့အား အခြားသူများမှ မြှောက်လုံးပင့်လုံးအားဖြင့် ပေးခဲ့သည့် ဤပစ္စည်းကောင်းများကို ဧဝံဂေလိဖြန့်ဝေခြင်းကြောင့် ရရှိခဲ့သည်ဆိုလျှင် ဤသူ့အနေဖြင့် ယင်းတို့ကို ဘုရားသခင်၏ မျက်နှာသာပေးမှု သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ဟု သဘောထားဖို့ သင့်တော်သလော။ တဲ့တိုးပြောရလျှင် ၎င်းတို့သည် ဤအရာများကို ရရှိဖို့အတွက် ဧဝံဂေလိဖြန့်ဝေသည့် အခွင့်အရေးကို အခွင့်ကောင်းယူနေကြသည်။ အကယ်၍ ၎င်းတို့သည် အခြားသူများရှေ့တွင် ၎င်းတို့၏ဆင်းရဲခြင်းကို အမြဲတမ်း ညည်းညူနေခိုက် ဤအရာကိုကြိုက်သည် သို့မဟုတ် ထိုပစ္စည်းကို ကြိုက်သည်ဟုလည်း ပြောဆိုနေပါက လူတို့သည် ယင်းကို ၎င်းတို့အား အင်တင်တင်ဖြင့် ပေးရတော့သည်။ ယင်း၌ ငွေညှစ်ခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းပုံစံမျိုး ရှိသည် မဟုတ်လော။ ဧဝံဂေလိဟောပြောသည့် လူအချို့က အခြားသူများအား “ကျွန်ုပ်တို့ ဧဝံဂေလိဖြန့်ဝေသူများသည် ဘုရားသခင်စေလွှတ်သော ဘုရားသခင်၏ တမန်များ ဖြစ်ကြသည်။ သင်တို့သည် ဘုရား၏ ဧဝံဂေလိတရားကို ကျွန်ုပ်တို့ထံမှ ရရှိသည်။ သင်တို့ရရှိနေသည်မှာ ကြီးမားသော ကောင်းချီးနှင့် အကျိုးကျေးဇူးပါတကား။ သင်တို့ အဘယ်သို့ ကြွယ်ဝချမ်းသာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်မျှ ခံစားထားရသည်ကို ထောက်ရှုလျှင် ကျေးဇူးတင်ရှိခြင်း အနည်းငယ်ကို ပြသသင့်သည်မဟုတ်လော။ သင်တို့သည် သင်တို့ ပိုလျှံသည့်အရာ သို့မဟုတ် မသုံးတော့သောအရာအချို့ကို ကျွန်ုပ်တို့အား မဝေမျှသင့်သလော” ဟု ပြောတတ်ကြသည်။ ထိုကဲ့သို့သော နားသွင်းဖျောင်းဖျမှုအပြီးတွင် လူအချို့သည် အောင့်သက်သက်ဖြင့် ပေးလိုက်ရခြင်းဖြစ်ကာ ဧဝံဂေလိဖြန့်ဝေသူများက ၎င်းတို့ လုံးဝတရားသည်ဟု ထင်ကြသည်။ ပေးသောသူတို့သည် ယင်းကို အမှန်တကယ် မိမိဆန္ဒအလျောက် ပေးကြသလော။ ပေးကမ်းသူများက စိတ်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအရာများမှာ ဧဝံဂေလိဖြန့်ဝေသူများ ရရှိသင့်သည့်အရာများ ဟုတ်သလော။ (မဟုတ်ပါ။) အချို့က “ဤအရာများကို ငါ အဘယ့်ကြောင့် မရရှိသင့်သနည်း။ ငါသည် ဧဝံဂေလိတရားကို ကြိုးစား၍ ဟောပြောခဲ့သည်။ ဤအနည်းငယ်သော အရာများကို ရရှိခြင်းသည် ဘုရား၏ ကျေးဇူးတော်သာ မဟုတ်လော” ဟု အကြောင်းပြသည်။ သင်သည် ဧဝံဂေလိဟောပြောသောအခါ မည်သည့်အရာ ပြုလုပ်နေသနည်း။ သင်၏အလုပ်ကိစ္စမှာ ဝင်ငွေရှာဖို့လော။ ဧဝံဂေလိဟောပြောခြင်းသည် အရောင်းအဝယ် ကိစ္စ မဟုတ်ပေ။ ယင်းက သင်၏တာဝန်ဖြစ်သည်။ သင်သည် လူတို့ထံမှ အရာများကို တောင်းဆိုသောအခါ သင်သည် အခြေခံအားဖြင့် ဘုရားသခင်ထံမှ အရာများကို တောင်းဆိုနေခြင်း ဖြစ်သည်။ သို့သော် သင်သည် ဘုရားသခင်ကို လက်လှမ်းမမီသည့်အပြင် သူ့အား သင် မတောင်းဝံ့သဖြင့် ထိုအစား သင်သည် လူတို့ကို အကူအညီတောင်းပြီး ဝိညာဉ်ရေးရာ သဘောတရားများ တစ်ပုံတစ်ခေါင်းကို ပြောခြင်းဖြင့် ထိုသူတို့အား အထင်အမြင်မှားအောင်လုပ်သည်။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းမှ လူအချို့ကို ရရှိခြင်းအားဖြင့် အကျိုးကိုရရှိပြီဟူ၍လည်းကောင်း၊ သင်၏ကြိုးပမ်းမှုများကြောင့် ခံစားခွင့်အနည်းငယ်မျှ ရရှိရန် အခွင့်ရှိသည်ဟူ၍လည်းကောင်း သင် ခံစားရသည်။ ငွေကြေးကို တိုက်ရိုက်တောင်းရမ်းလျှင် ကောင်းမည်မဟုတ်ဟု သင်စဉ်းစားသောကြောင့် ထိုအစား အရာဝတ္တုများကို တောင်းရမ်းကာ ဤနည်းဖြင့် သင်၏ ကြိုးပမ်းမှုများသည် အချည်းနှီးမဖြစ်တော့ဟု ယူဆခြင်း ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း ဟုတ်သလော။ (မဟုတ်ပါ။) သင့်လုပ်ရပ်၏ သဘာဝမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းကို မည်သည့်အရာအဖြစ်သို့ သင်ပြောင်းလဲလိုက်ပြီနည်း။ သင်သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို စီးပွားရေးဆန်ဆန် လုပ်လိုက်ပြီဖြစ်ကာ ယင်းကို ရုပ်ဝတ္ထုပစ္စည်းများဖြင့် ဖလှယ်ရောင်းဝယ်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်ကဲ့သို့သော အပြုအမူဖြစ်သနည်း။ (အချောင်သမားဝါဒ ဖြစ်သည်။) ဤသည်မှာ အချောင်သမားဝါဒလော။ ယင်းကို အချောင်သမားဝါဒဟု ခေါ်ခြင်းက ယင်း၏ ပြင်းထန်မှုကို လျှော့ချပစ်ခြင်းလော။ အမှန်တကယ် ယင်းမှာ မကောင်းမှုပြုခြင်း မဟုတ်လော၊ ဒုစရိုက်အမှုမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းကို ဒုစရိုက်အမှုဟု အဘယ့်ကြောင့် သဘောထားရသနည်း။ ဧဝံဂေလိဖြန့်ဝေခြင်းသည် တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အား သက်သေခံခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို သက်သေခံသည်နှင့်အမျှ တစ်ချိန်တည်းမှာပင် လူတစ်ဦးထံ ဧဝံဂေလိတရားကို သယ်ဆောင်ပေးခြင်းဖြစ်ကာ ဘုရားသခင်က ထိုသူ့ကို ရရှိပြီး ထိုသို့ဖြင့် သင်က သင်၏အထူးတာဝန်ကို ပြီးစီးခြင်းဖြစ်သည်။ သင်၏ အထူးတာဝန်အား ပြီးစီးခြင်းအတွက် သင် မည်သည့်အရာကို ရရှိသင့်သည်ဖြစ်စေ ယင်းကို သင့်အား ဘုရားသခင် ပေးမည်ဖြစ်သည်။ မည်သူ့ကိုမျှ သင် တောင်းရမ်းစရာ မလိုသကဲ့သို့ ဤဧဝံဂေလိတရားအတွက် မည်သူမျှ ပေးကမ်းစွန့်ကြဲမှုနှင့် ဖလှယ်စရာ အကြောင်းလည်း မရှိချေ။ ဘုရားသခင်၏ ဧဝံဂေလိတရားသည် တန်ဖိုးဖြတ်၍မရပေ။ မည်သည့်ငွေကြေးပမာဏနှင့်မျှ ယင်းကို ဝယ်၍မရသကဲ့သို့ မည်သည့်အရာနှင့်မျှ ယင်းကို လဲလှယ်၍လည်း မရပေ။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းကို ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်ရရှိဖို့ အခွင့်အရေးအဖြစ် အသုံးချပါက သင်သည် သင်၏သက်သေခံချက်ကို ဆုံးရှုံးလေသည်။ ဤလုပ်ကိုင်ပုံက ပြစ်မှားစော်ကားခြင်း ဖြစ်ပြီး ဘုရားသခင်အား အသရေပျက်စေခြင်း လက္ခဏာတစ်ခုဖြစ်သည်။ ထိုမျှမက လူတို့အား သင် ဧဝံဂေလိဖြန့်ဝေပြီးနောက် ထိုသူတို့ကို သင့်အား ကျေးဇူးတင်စေသည့် သဘာဝမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်း ဖြစ်၏။ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ အမှုတော်သည် လူသုံးကုန်ပစ္စည်းများ မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ ဧဝံဂေလိတရားကို လူသားအပေါ် ရက်ရက်ရောရော ပေးအပ်သည်။ ယင်းမှာ အခမဲ့ဖြစ်ပြီး မည်သည့်အရောင်းအဝယ်မျှ မပါဝင်ပေ။ သို့တစေ လူတို့သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို အခြားသူများအား ရောင်းချရန်အတွက် လူသုံးကုန်အဖြစ် ပြောင်းလဲစေကြကာ ထိုသူတို့ထံမှ ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများကို တောင်းဆိုကြသည်။ ဤအရာ၌ သက်သေခံချက် ကင်းမဲ့ပြီး ဘုရားသခင်၏ နာမတော်ကို အသရေပျက်စေသည်။ ဤအရာမှာ ဒုစရိုက်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ စင်စစ် ဒုစရိုက်မှုတစ်ခု ဖြစ်၏။ ဤသည်မှာ ပြည့်မီသော တာဝန်ထမ်းဆောင်ခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ ငါတို့ ယခုတင် ပြောခဲ့သည့် “လူ့ခေါင်းမှ ဝက်ခေါင်းအဖြစ် ပြောင်းလဲသွားခြင်း” အခြေအနေထက် သဘာဝအားဖြင့် ပို၍ ပြင်းထန်သလော။ (ပို၍ ပြင်းထန်ပါသည်။) ထိုကြီးလေးခြင်းက မည်သည့်နေရာ၌ ရှိသနည်း။ (ဘုရားသခင်အား အသရေပျက်စေခြင်း၌ ရှိပါသည်။) ဤသည်မှာ ဘုရားသခင်ကို အသရေပျက်စေခြင်း၊ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းပင် ဖြစ်ချေ၏။ ဘုရားသခင်၏ ဧဝံဂေလိတရားကို ယူ၍ လူတို့အား ရောင်းချခြင်း၊ ယင်းသည် လူသုံးကုန်တစ်ခုကဲ့သို့ ထိုသူတို့အား လှည့်လည်ရောင်းချခြင်းနှင့် မတန်တဆ အမြတ်ထွက်ခြင်းနှင့် ထိုမှ ကိုယ်ရေးကိုယ်တာ အမြတ်အစွန်း ရှာဖွေခြင်းစသည့် ဤအရာကို မည်သို့သော သတ္တဝါမျိုးတို့က ပြုလုပ်မည်နည်း။ ဤသူတို့မှာ ဓားပြများနှင့် ဆိုးယုတ်သောလူများ ဖြစ်ကြကာ စာတန်၏ နည်းလမ်းအတိုင်း ပြုမူကြခြင်းပင်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကိုသာမက လူသားမျိုးနွယ်ကိုပါ ဖန်ဆင်းခဲ့သည်မှာ သိသာထင်ရှားသည်။ သို့တစေ စာတန်နှင့် ဝိညာဉ်ဆိုးများက ၎င်းတို့သည် လူသားများ၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခဲ့သူများဖြစ်သည်ဟု ဆိုခြင်းဖြင့် လူတို့အား အထင်အမြင်မှားအောင်လုပ်ကြကာ လူတို့အား ၎င်းတို့ကို ဘုရားနှင့် ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်စေသည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းမဟုတ်လော။ ဤသည်မှာ အပြစ်ဖြစ်၏၊ ဒုစရိုက်အမှု ဖြစ်၏၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းဖြစ်ပေ၏။ လူသား၏ ဧဝံဂေလိတရားအား ရောင်းချခြင်းသည် စာတန်၏ အပြုအမူကဲ့သို့ပင် ဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ဧဝံဂေလိတရားအား ရောင်းချခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဧဝံဂေလိတရားသည် ၎င်းတို့ထံမှ ပေါ်ပေါက်လာသကဲ့သို့အပြင် ၎င်းတို့၌ ဆုံးဖြတ်ချက်ချဖို့ တန်ခိုးအာဏာရှိသကဲ့သို့ ၎င်းတို့အား ဧဝံဂေလိတမန်အဖြစ် လူတို့ သတ်မှတ်စေရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းဖြင့် မည်သို့သော အပြစ်မျိုးကို ကျူးလွန်ထားသနည်း။ ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ခြင်းဟူသည့် ဒုစရိုက်အမှု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အား ပြစ်မှားစော်ကားသည့် အပြုအမူဖြစ်သည်။ ဤပုံစံအတိုင်း ဧဝံဂေလိဖြန့်ဝေခြင်းကို မိမိ၏တာဝန်အား ထမ်းဆောင်ခြင်းအဖြစ် လက်ခံနိုင်သေးသလော။ ဤသည်မှာ လုံးလုံးလျားလျားပင် မကောင်းမှုပြုခြင်း ဖြစ်၏။ ယင်းမှာ ဘုရားသခင်အား ဆန့်ကျင်ခြင်းဖြစ်၏။ ဤပုံစံအတိုင်း ဧဝံဂေလိ ဖြန့်ဝေခြင်းသည် ဘုရားသခင်အတွက် သက်သေခံခြင်း လုံးဝ မဟုတ်သောကြောင့် မိမိ၏တာဝန်အား ထမ်းဆောင်ခြင်း မဟုတ်ပေ။ ယင်းမှာ မကောင်းမှုပြုခြင်းသက်သက် ဖြစ်၏။ လူအချို့က “ဧဝံဂေလိ ဖြန့်ဝေခြင်းသည် အလွန်ပင် ခက်ခဲသောအလုပ်ဖြစ်သည်။ ပစ္စည်းကောင်းအချို့ ရရှိခြင်းမှာ တရားပါသည်။ မည်သည့်အရာက ကြီးကြီးမားမားကိစ္စ ဖြစ်သနည်း။ ဤအရာသည် ဘာသာတရားမရှိသူများကြား၌ အမှားတစ်ခုခုအဖြစ် ယူဆ၍မရ” ဟု ဆိုကြသည်။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ ယင်းသည် သင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သင်သည် မည်သည့်အရာကို တပ်မက်နေသည်နှင့် သင်တပ်မက်နေသည့်အရာ၏ သဘာဝက မည်သည့်အရာ ဖြစ်သည်ဟူသည့်အပေါ် မူတည်၏။ အကယ်၍ သင်သည် ယင်းကို ကိုယ်ရေးကိုယ်တာ အမြတ်အစွန်းအတွက် ပြုလုပ်နေလျှင်၊ သင်စျေးကွက်တင်နေသည်မှာ ဘုရားသခင်၏ ဧဝံဂေလိတရား ဖြစ်နေလျှင်၊ သင် စျေးကွက်တင်နေသည်မှာ သမ္မာတရားဖြစ်လျှင်နေလျှင်၊ ထို့ပြင် နောက်ဆုံးတွင် သင်ရရှိသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ဖြစ်နေလျှင် ယင်းမှာ စင်စစ် ဒုစရိုက်အမှုဖြစ်၏။ ဤအရာကို ဒုစရိုက်အမှုအဖြစ် ဖော်ပြသည်မှာ လွန်သလော။ (မလွန်ပါ။) ယင်းမှာ စိုးစဉ်းမျှ မလွန်ပေ။ လူတစ်ဦးသည် သူ၏တာဝန်ကို ရရှိပြီး ဆောင်ရွက်ပြီးခါမှ ထိုကဲ့သို့သော အကျိုးဆက်များ ပေါ်ထွက်လာပါက မည်သူ့ကို အပြစ်တင်ရမည်နည်း။ (ထိုသူကိုယ်တိုင် ဖြစ်သည်။) သူသည် မိမိကိုယ်မိမိသာ အပြစ်တင်နိုင်သည်။ သို့ဆိုလျှင် ဤအကျိုးဆက်များမှာ မည်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းမှာ လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့် တိုက်ရိုက်ဆက်စပ်သည်။ လူအချို့က သမ္မာတရားကို မလိုက်စားဘဲ ရှက်စိတ်၊ ဂုဏ်သိက္ခာနှင့် အသိတရား ရှိကြသောကြောင့် ထိုကဲ့သို့သော အရာများကို ပြုလုပ်မည် မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် ထိုကဲ့သို့သော လုပ်ရပ်များ၌ ပါဝင်ပါက ဤသူ၌ လူ့သဘာဝကင်းမဲ့ကြောင်း ပြသသည်။ သူသည် လောဘကြီးပြီး ယုတ်မာသော စိတ်သဘောထားရှိ၏။ ဤအရာက မိမိ၏တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်နိုင်ဖို့ ပျက်ကွက်ခြင်းကို ဦးတည်စေသည်သာမက ယင်းကို မကောင်းမှုပြုခြင်းအဖြစ်သို့ စင်စစ်အားဖြင့် ပြောင်းလဲစေသည်။ လူအချို့က “ယင်းကို မကောင်းမှုပြုခြင်းအဖြစ် အဘယ်သို့ သတ်မှတ်၍ ရမည်နည်း။ သူသည် ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် လူအတော်များများကို ရရှိထားပြီဖြစ်သည်။ သူ၌ သိသာထင်ရှားသော ရလဒ်များ ရရှိထားပြီဟူသည့်အချက်က သူသည် မကောင်းမှုပြုနေသည်ဟူသည့် ထင်မြင်ချက်ကို ငြင်းဆိုသင့်သည် မဟုတ်လော” ဟု ပြောတတ်သည်။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းက အဘယ့်ကြောင့် မမှန်ကန်သနည်း။ ဧဝံဂေလိဖြန့်ဝေခြင်းက သူ၏တာဝန်၊ သူ၏ဝတ္တရား ဖြစ်၏။ သူ့တာဝန်၏နောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် အကြောင်းရင်းမှာ အဘယ်နည်း။ သူ၏တာဝန်ကို မည်သည့်စည်းမျဉ်းများက လမ်းညွှန်သနည်း။ သူသည် သူ၏လုပ်ရပ်များ၌ ဝန်တာစိတ်ရှိသလော။ ဤအချက်အလက်များကို အခြေခံ၍ မိမိသည် လူတစ်ဦးက သူ၏တာဝန်များကို ထမ်းဆောင်နေသလော၊ မကောင်းမှုပြုနေသလော ဟူသည်ကို အဆုံးအဖြတ်ပေးနိုင်သည်။ သူသည် သူ၏တာဝန်ကို ထမ်းဆောင်နေလင့်ကစား သူ၏ထမ်းဆောင်မှုအတွက် အစပြုရာသည် မှားယွင်း၏။ သူသည် စည်းမျဉ်းများအတိုင်း ပြုမူထားခြင်း မရှိသည့်အပြင် ဒုစရိုက်အမှုများစွာကို ကျူးလွန်ထားပြီ ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသည့် သရုပ်သကန် စိုးစဉ်းမျှမရှိချေ။ ဤကဲ့သို့သော ဧဝံဂေလိဖြန့်ဝေခြင်းမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ (ဧဝံဂေလိတရားကို စျေးကွက်တင်ခြင်းပင်။) ဤအခြေအနေကို မည်သည့်အရာဟု ခေါ်သင့်သနည်း။ “ဧဝံဂေလိတရားကို စျေးကွက်တင်ခြင်း” အခြေအနေဟူ၍ပင်။ ဤအမည်နာမကို ကြားရလျှင်ပင် ထိုကိစ္စ၏ သဘာဝက အလွန်ကြီးလေးကြောင်း သင်သိပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို မည်ကဲ့သို့ စျေးကွက်တင်နိုင်သနည်း။ ဧဝံဂေလိတရားကို စျေးကွက်တင်ခြင်းဟူသည့် ဤကိစ္စ၏ သဘာဝမှာ အလွန်ကြီးလေး၏။ သို့ဆိုလျှင် ဧဝံဂေလိတရားအား စျေးကွက်တင်ခြင်းဟူသည်ကို ဖော်ပြသည့်အချိန်တိုင်း လူတို့က မည်သည့်အကြောင်းကိစ္စ ဖြစ်ကြောင်း၊ မည်သည့် အခြေအနေများ၊ အပြုအမူများနှင့် နည်းလမ်းများဖြစ်ကြောင်း သိသင့်သည်မဟုတ်လော။ ဤသည်မှာ အခြေအနေ နံပါတ်နှစ်ဖြစ်ပြီး ဤအခြေအနေ၏ သဘာဝမှာ ယခင်အခြေအနေထက် ပို၍ကြီးလေး၏။
ဆက်လက်ဖော်ပြပါ အခြေအနေသည်လည်း ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်အတွင်း ဖြစ်ပျက်သောအရာတစ်ခု ဖြစ်၏။ အတိတ်တွင် ဘုရားသခင်၏အိမ်တော်သည် ဧဝံဂေလိဖြန့်ဝေခြင်းအတွက် စည်းမျဉ်းများနှင့် နည်းစနစ်များအချို့ကို တည်ထောင်ခဲ့ပြီး ဖြစ်ကာ သနားကရုဏာနှင့် မိတ်ဆွေဖွဲ့ခြင်းတို့နှင့် ပတ်သက်သည့် နည်းစနစ်များ ပါဝင်သည်။ ဤအရာက လူအချို့အား အသုံးချဖို့ လွတ်ပေါက်များကို ရှာတွေ့ခွင့်ပေးခဲ့သည်။ ဤလွတ်ပေါက်များကို မည်သည့်လူတို့က အသုံးချခဲ့သနည်း။ သမ္မာတရားကို မချစ်သည့် ကောက်ကျစ်ဆိုးယုတ်သော သဘာဝရှိသည့် လူတို့ပင်ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ ချစ်မှုရေးရာကြင်ဖော်များကို ရှာဖွေဖို့အပြင် ချစ်မှုရေးရာနှင့် ကျူးကျူးလွန်လွန်ဖြစ်သော ဆက်ဆံရေးများ၌ ပါဝင်ဖို့ရန် ဤအခွင့်အရေးကို အမိအရ အသုံးချသည့် ကောက်ကျစ်ဆိုးယုတ်သော လူအချို့ တကယ်ရှိလေ၏။ ထိုကဲ့သို့သော အရာများ ဖြစ်ပျက်သောခါ ယင်းအတွက် အကြောင်းရင်းများရှိသည်ဟု ၎င်းတို့ထင်ကြကာ အမှန်မှာမူ လွတ်ပေါက်များကို အသုံးချသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော ဤပုဂ္ဂိုလ်များပင် ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းဟူသည့် အခွင့်အရေးကို ဆန့်ကျင်ဘက်လိင်နှင့် အဆက်အသွယ်ရရှိဖို့ အသုံးချရင်း ဤလူတို့သည် သင့်တော်သူ သို့မဟုတ် နှစ်သက်သူကို ရှာတွေ့သောအခါ ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံပြီး ဆွဲဆောင်ဖို့ အခွင့်အရေးများကို ရှာရန်အတွက် ၎င်းတို့ လုပ်ဆောင်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ကြ၏။ အပေါ်ယံတွင် ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် လူတို့ကိုရရှိရန်အတွက် ဖြစ်သည်ဟု ထင်ရသော်လည်း အမှန်တွင် ၎င်းတို့၏ တစ်ကိုယ်ရေတပ်မက်ခြင်းကို ဖြည့်ဆည်းဖို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာအားလုံးကို ဧဝံဂေလိ ဖြန့်ဝေခြင်းဟူသည့် ခေါင်းစဉ်အောက်တွင်၊ ဘုရားသခင်၏အလုပ်အား ကျယ်ပြန့်စေခြင်းဟူသည် ခေါင်းစဉ်အောက်တွင်၊ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် ဘုရားသခင်ထံ မိမိကိုယ်ကိုမိမိ ဆက်ကပ်ခြင်းဟူသည့် ခေါင်းစဉ်အောက်အပြင် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းဟူသည့် ခေါင်းစဉ်အောက်တွင်လည်း ပြုလုပ်ခြင်းဖြစ်သည်။ မည်သူကမျှ ဤအရာများကို မတော်တဆ ပြုလုပ်ခြင်းမဟုတ်ပေ။ အမှန်တွင် ၎င်းတို့သည် အပြည့်အဝ သတိပြုမိလင့်ကစား ခေါင်းမာစွာ ရောထွေးဟန်ဆောင်ကြသည်။ လူတစ်ဦးချင်းစီသည် ဤအရာများကို ပြုလုပ်သောအခါ မိမိတို့၏ စိတ်နှလုံးထဲတွင် ယင်းသည် အပြစ်ရှိကြောင်း၊ ဘုရားသခင်က မုန်းတီးရွံရှာကြောင်းနှင့် ဘုရားသခင်က ခွင့်မပြုထားကြောင်းတို့ကို သိသော်လည်း ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ တပ်မက်ခြင်းကို မထိန်းချုပ်နိုင်သည့်အပြင် ၎င်းတို့ကျူးလွန်သည့် အပြစ်များအတွက် ဆင်ခြေဆင်လက်များနှင့် အကြောင်းပြချက်များကို မရမက ဖန်တီးသည်။ ဤအရာက ၎င်းတို့ကိုယ်တိုင်၏ အရေးကိစ္စများကို ဖုံးကွယ်နိုင်သလော။ အကယ်၍ သင်သည် ထိုကဲ့သို့သော အပြစ်များကို တစ်ကြိမ်နှစ်ကြိမ် ကျူးလွန်ပြီးမှ နောင်တရလျှင် ဘုရားသခင်သည် သင့်ကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ဦးမည်။ သို့သော် သင်သည် ပြောင်းလဲဖို့ ထပ်တလဲလဲ ငြင်းဆန်နေလျှင် သင်သည် အန္တရာယ်ရှိပြီဖြစ်သည်။ လူအချို့သည် ထိုကဲ့သို့သော အပြစ်ကို ကျူးလွန်သည့်အခါတိုင်း အတော်ပင် စိတ်မသက်မသာဖြစ်ကာ “ကျွန်ုပ် ဤအတိုင်းပြုမူလျှင် ကယ်တင်ခြင်း ခံရနိုင်မည်လော” ဟု တွေးကောင်းတွေးမည် ဖြစ်သည်။ ထို့နောက်တွင်မူ ၎င်းတို့က “ဤသည်မှာ ကြီးမားသောအပြစ်တစ်ခု မဟုတ်။ အလွန်ဆုံးတွင် ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ခြင်းသာ ဖြစ်သည်။ ယင်းကို ကျွန်ုပ် နောက်ထပ်မလုပ်တော့။ ယင်းသည် ကျွန်ုပ်၏ အဆုံးသတ်နှင့် ပန်းတိုင်ကို ထိခိုက်မည်မဟုတ်” ဟု စဉ်းစားကြသည်။ ပြစ်မှားမှုကို ကျူးလွန်ခြင်းအပေါ် ဤစိတ်ထားသည် စစ်မှန်သော နောင်တမျိုး ဟုတ်သလော။ ၎င်းတို့၏စိတ်နှလုံးထဲတွင် နောင်တတရားပင် မရှိပါက ၎င်းတို့သည် ဆက်လက်၍ ပြန်ဖောက်မည် မဟုတ်လော။ ယင်းက အလွန် အန္တရာယ်များသည်ဟု ငါထင်၏။ ထိုကဲ့သို့သော လူတစ်ဦးသည် သူ၏တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နိုင်သလော။ သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ “တစ်ကိုယ်တော်လှုပ်ရှားမှု” ဟူသည့် အရိပ်အယောင်များ ရှိနေသေးသည်။ သူသည် “လူထုနှင့် တစ်ကိုယ်တော်” ကို ရောထွေးနေကာ ယင်းမှာ ကြီးမားသော ရောထွေးလိမ်ယှက်မှုပင်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားသည်မှာ သေချာ၏။ ဤလူတို့သည် တာဝန်ထမ်းဆောင်ရာ၌ “ပြည့်မီသည်” ဟု ယူဆ၍ မရပေ။ ဤသည်မှာ အရာဝတ္ထုများကို တောင်းရမ်းခြင်း သို့မဟုတ် ဧဝံဂေလိတရားကို စျေးကွက်တင်ခြင်းထက် ပို၍ကြီးလေးသည်။ ယင်းသည် မည်ကဲ့သို့ ပို၍ကြီးလေးခြင်း ဖြစ်သနည်း။ ယင်းမှာ ရွံရှာဖွယ် ကောင်း၏။ ယင်းမှာ ဇာတိပကတိနှင့် တပ်မက်မှုနှင့်ပတ်သက်၍ အရောင်းအဝယ် လုပ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအရေးကိစ္စ၏ သဘာဝမှာ အဘယ်နည်း။ ယင်းသည် စစ်မှန်သော လမ်းခရီးကို သိလျက်နှင့် တမင်တကာ အပြစ်လုပ်ခြင်း ဖြစ်၏။ “တမင်တကာ” ဟူသည့် စကားလုံးက ထိုအရေးကိစ္စ၏ သဘာဝကို ပြောင်းလဲပစ်သည်။ အမှန်တွင် အလုပ်အစီအစဉ်များနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများကို လူတို့အား ဉာဏ်ပညာကို လက်တွေ့လုပ်ဆောင်စေရန်နှင့် စာတန်အား ၎င်းတို့အပေါ် နိုင်ကွက်ရရှိခြင်းမှ ကာကွယ်ရန် ပုံစံရေးဆွဲထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ လူတို့အား ဘုရားထံသို့ ပို့ဆောင်ပေးရန် ဖြစ်သော်လည်း ၎င်းတို့က လွတ်ပေါက်များကို အသုံးချဖို့နှင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော တပ်မက်မှုများကို လွတ်လွတ်လပ်လပ် ထွက်ပေါက်ပေးဖို့ အခွင့်အရေးများကို အမိအရ အသုံးချကြသည်။ ဤသည်ကို သိလျက်နှင့် တမင်တကာ အပြစ်ကျူးလွန်ခြင်းဟု ခေါ်သည်။ ဤအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သည့်အရာ ဆိုထားသနည်း။ (“အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသော ယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆)) ဟူ၍ဖြစ်သည်။ အကယ်၍ လက်ဝါးကားတိုင်၏ အပြစ်ဖြေခြင်းပင် နောက်ထပ်မရှိတော့လျှင်ပင် ဤလူတို့၌ ကယ်တင်ခြင်းနှင့် ဆက်နွှယ်မှုတစ်ခုခု ရှိနေသေးသလော။ ယင်းက အခြေအနေပေါ် မူတည်၏။ လူအချို့က လိုအပ်မှုအရပြုမူလုပ်ဆောင်ကြသည်၊ သို့မဟုတ် အတွင်းစိတ်တွင် သူတို့ကိုယ်သူတို့ ရှုတ်ချကြသည်။ သို့သော် ထိုအချိန်တွင် အနေအထားများကြောင့် ဤပုံစံအတိုင်း မဖြစ်မနေ လုပ်ဆောင်ရသည်။ အကြိမ်အရေအတွက်က မများလွန်းဘဲ သုံးကြိမ်ထက်မကျော်ပါက ၎င်းတို့ကို ခွင့်လွှတ်၍ရသည်။ ၎င်းတို့ကို ခွင့်လွှတ်၍ရသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပထမအကြိမ် ပုန်ကန်ပြစ်မှားခြင်း၌ ၎င်းတို့သည် အသိတရားပြန်ရနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်သည်၊ နောင်တတရား၏ အရိပ်လက္ခဏာများကို ပြနိုင်သည်၊ ပြီးလျှင် ပုန်ကန်ပြစ်မှားခြင်းတစ်ခုကို ထပ်၍ မကျူးလွန်ဘဲ ပြန်လှည့်လာနိုင်လျက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ တောင်းဆိုနိုင်လျှင် ၎င်းတို့၏ အပြစ်များကို ပြေစေဖို့အခွင့်အရေးကို ပေး၍ရသည်။ ထိုကဲ့သို့သော အရေးကိစ္စများတွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိသေးသည်။ သို့သော် မျှော်လင့်ချက် အဘယ်မျှ ရှိသည်မှာ တစ်ဦးတစ်ယောက်စီ၏ လိုက်စားမှုအပေါ် မူတည်၏။ မည်သူမျှ သင့်အတွက် အပြီးအပြတ် အကဲဖြတ်မှုကို မပြုနိုင်၊ မည်သူမျှ သင့်အား အာမခံချက်များ မပေးနိုင်ပေ။ ယင်းသည် အဓိကအားဖြင့် သင်၏ကိုယ်ပိုင် လိုက်စားမှုအပေါ် မူတည်သည်။ သင်သည် ဤအပြစ်ကို ထပ်၍ မကျူးလွန်သရွေ့ ကယ်တင်ခံရမည်မှာ သေချာသည်ဟု ဆိုလျက် သင့်အား မည်သည့်ကတိကိုမျှ ငါမပေးချေ။ သင်၏ အနာဂတ် ထမ်းဆောင်မှုက မည်သည့်အရာ ဖြစ်မည်ကို ငါမသိသောကြောင့် ထိုကတိကို ငါပေးမည်မဟုတ်ပေ။ သင်သည် ခွင့်လွှတ်နိုင်သည့် အကြိမ်အရေအတွက်ကို ကျော်လွန်ပါက၊ ပြောင်းလဲဖို့ ထပ်ကာတလဲလဲ ငြင်းဆန်ပါက၊ ထို့ပြင် သင်၏ ဒုစရိုက်အမှုများကို ထေမိနိုင်သည့် ဧဝံဂေလိတရား ဟောကြားခြင်းလုပ်ငန်းစဉ်တွင် သင်၌ ကောင်းမှုများ မရှိပါက သင်သည် လုံးလုံးလျားလျား ပျက်စီးပေပြီ။ သင်သည် ကောင်းမွန်သော လုပ်ဆောင်ချက် တစိုးတစိမျှမရှိဘဲ မကောင်းမှုများစွာကို ကျူးလွန်ထားပြီး ဖြစ်သည်။ သင်၏ ဧဝံဂေလိဟောပြောခြင်းသည် ကျူးကျူးလွန်လွန်ဖြစ်သော ဆက်ဆံရေးများ၌ မဆင်မခြင် ပါဝင်ဖို့သက်သက်ပင် ဖြစ်ပြီး တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့မဟုတ်၊ ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုနှင့် အဆက်အစပ်မရှိချေ။ ဤသည်မှာ အပြစ်ဖြေစရာ ရှိခြင်း သို့မဟုတ် မရှိခြင်းဟူသည့် အရေးကိစ္စ မဟုတ်တော့ပေ။ ထိုကဲ့သို့သော လူတို့ကို မည်သည့်အရာအဖြစ် အမျိုးအစားခွဲသင့်သနည်း။ ၎င်းတို့ကို ညစ်ညူးသော နတ်ဆိုးများနှင့် ဆိုးညစ်သော ဝိညာဉ်များအဖြစ် အမျိုးအစားခွဲသင့်သည်။ ၎င်းတို့သည် သာမန်လူများ မဟုတ်ပေ။ ၎င်းတို့သည် အပြစ်ကျူးလွန်နေရုံမျှ မဟုတ်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဘာမျှမဆိုင်ချေ။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသလော။ မရှိချေ။ ထိုကဲ့သို့သော လူတို့ကို ဘုရား၏အိမ်တော်မှ မောင်းထုတ်ထားပြီး ဖြစ်သည်။ ၎င်းတို့ကို အဆက်ဖြတ်ထားပြီဖြစ်ပြီး ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်မည်မဟုတ်ပေ။ ၎င်းတို့လုပ်သည့်အရာနှင့် ၎င်းတို့ပြုမူသည့်ပုံသည် ၎င်းတို့၏တာဝန်ကို ကိုင်တွယ်ဖို့ ပျက်ကွက်ရုံသာမက ယင်းကို ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် ဆိုင်သည့်ကိစ္စဟုပင် သဘောထား၍မရပေ။ ထိုကဲ့သို့သော လူတို့အတွက် အပြီးသတ်ရလဒ်နှင့် အဆုံးသတ်ကို ၎င်းတို့၏ အမျိုးအစားသတ်မှတ်ချက်ကို အခြေခံ၍ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ဤအခြေအနေသည် အတော်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည် မဟုတ်လော။ ယင်း၏သဘာဝမှာ ငါတို့ ယခုတင် ဆွေးနွေးသည့် ဒုတိယအခြေအနေထက် ပို၍ပင် ပြင်းထန်၏။ ထိုကဲ့သို့သော လူတို့ကြားတွင် သဘာဝအားဖြင့် ပို၍ပြင်းထန်သော အခြေအနေများ ရှိသောသူ အချို့ရှိသည်။ ထိုသူတို့သည် ပြန်လှည့်လာနိုင်မည်လော။ ထိုသူတို့၌ နောင်တရသော စိတ်နှလုံးရှိပြီး ထိုကဲ့သို့သောအရာများ ပြုလုပ်ခြင်းကို ရပ်တန့်နိုင်သည့်အပြင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအားဖြင့် ဘုရားအိမ်တော်၌ အလုပ်လုပ်ပေးနိုင်သေးသလော။ ဤသို့သောလူများ ရှိသလော။ (မရှိပါ။) ထိုသူတို့သည် လိုလိုလားလား အလုပ်လုပ်ပေးနိုင်သလော။ (မပေးနိုင်ကြပါ။) အမှန်တွင် ဤလူအချို့တို့သည် ၎င်းတို့ ဧဝံဂေလိဖြန့်ဝေသည့် အချိန်အတွင်း လူအချို့ကို ရရှိထားကြပြီ ဖြစ်သည်။ သို့သော် ယခုတွင် သူတို့ပြုလုပ်ခဲ့ပြီးသည့် ဤအလုပ်အားလုံးသည် မည်သည့်သဘော သက်ရောက်သွားပြီနည်း။ ယင်းမှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ဘဲ အလုပ်လုပ်ပေးသည့်သဘော သက်ရောက်လေသည်။ အမှန်တကယ်တွင် ဤလူတို့သည် ကြိုးပမ်းအားထုတ်မှု ကင်းမဲ့ခြင်းမဟုတ်ဘဲ သူတို့ လျှောက်လှမ်းလာသည့် လမ်းကြောင်းက သူတို့၏ ကံကြမ္မာနှင့် အဆုံးသတ်ကို အဆုံးအဖြတ်ပေးထားပြီး ဖြစ်သည်။ ယင်းသည် ဧဝံဂေလိဖြန့်ဝေသူတို့ ကြားတွင်လည်း ၎င်းတို့တစ်ဦးချင်းစီက ထိုကဲ့သို့သော စုံစမ်းသွေးဆောင်ခြင်းများကို ကြုံတွေ့မည်ဟူသည့်ကိစ္စ ဟုတ်သလော။ လူတိုင်းက ဤစုံစမ်းသွေးဆောင်ခြင်းမျိုးတို့ကို မတူညီသော အခြေအနေများတွင် ခြားနားသော အတိုင်းအတာများဖြင့် ရင်ဆိုင်ကြမည်ဟု ဆိုနိုင်သော်လည်း ယင်းက ၎င်းတို့တစ်ဦးချင်းစီသည် စုံစမ်းသွေးဆောင်ခြင်းကို မလွန်ဆန်နိုင်ဘဲ အပြစ်ကျူးလွန်မည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) လူတိုင်း အပြစ်ကျူးလွန်နိုင်သည် မဟုတ်၊ လူတိုင်း ထိုကဲ့သို့သော အမှုကိစ္စများ၌ ပါဝင်နိုင်သည် မဟုတ်၊ ဤအရာက ဤအမှုကိစ္စမျိုးများ၌ အမှန်တကယ် ပါဝင်သူတို့ကို ရှုတ်ချပြစ်တင်ကာ ထို့အတွက်ကြောင့် ၎င်းတို့မှာ ထုတ်ဖော်ခံရခြင်း ဖြစ်သည်။ ဤအရာက ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့၏ လူ့သဘာဝ၌ တစ်စုံတစ်ရာ မှားယွင်းကြောင်း ပြသသည်။ ထိုသို့သော အဆုံးသတ်မျိုးရှိခြင်းအတွက် ၎င်းတို့က မည်သူ့ကို အပြစ်တင်၍ရသနည်း။ (သူတို့ကိုယ်သူတို့ပင် ဖြစ်သည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ အပြစ်တင်နိုင်ပြီး အခြားမည်သူ့ကိုမျှ အပြစ်တင်၍ မရပေ။
လူအချို့သည် ၎င်းတို့ ဧဝံဂေလိဖြန့်ဝေသည့် အချိန်အတွင်း မည်သည့်ပြစ်မှားခြင်းများကို ကျူးလွန်သည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းဖို့အတွက် မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေ၊ ဘုရားသခင်ကို ဆုမတောင်းသည့်အပြင် မည်သည့်အခါမျှ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း မပြုကြပေ။ ယင်းက ၎င်းတို့သည် ခေါင်းမာမာဖြင့် နောင်တမရကြောင်းကို ပြသသည်။ အဆုံးတွင် ဤလူတို့သည် ဖယ်ရှားရှင်းလင်းခြင်းကိုခံရသည်။ ဧဝံဂေလိဖြန့်ဝေနေစဉ် အမျိုးသမီးတစ်ဦးကို လက်ဝယ်ရရှိထားပြီး သူ့ကို ကြင်ဖော်ရှာပြီး အိမ်ထောင်ပြုရန်ပင် ခွင့်ပြုမည်မဟုတ်သည့် လူတစ်ဦးအကြောင်းကို ကြားဖူးသည်။ ဤအရာ၏သဘာဝမှာ အလွန်ပင် ပြင်းထန်၏။ ဤသည်မှာ မည်သို့သောလူစားမျိုး ဖြစ်သနည်း။ (ဆိုးယုတ်သော လူတစ်ဦးဖြစ်ပါသည်။) ထိုကဲ့သို့ဆိုးယုတ်သော လူများသည် ဘုရားအိမ်တော်၌ ဆက်နေ၍ရသလော။ (မရပါ။) ဘုရားသခင်၏ အိမ်တော်တွင် ထိုကဲ့သို့သော နိုင်လိုမင်းထက်ပြုသူများအတွက် နေရာမရှိပေ။ ထိုသူတို့သည် ဘုရားသခင်ကို အသရေပျက်စေ၏။ ထိုကဲ့သို့သော အရာများကို ပြုလုပ်ခြင်းဖြင့် ထိုသူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် မရေတွက်နိုင်သော လူတို့၏ သိမြင်နားလည်မှုကို ထိခိုက်ပြီး များစွာသောသူတို့အား ဘုရားသခင်ကို အထင်မြင်လွဲမှားစေပေသည်။ လူတို့က “ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးက ထိုကဲ့သို့သော အရာများကို အဘယ်သို့ ပြုလုပ်နိုင်မည်နည်း” ဟု ဆိုမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် အသရေပျက်စေခြင်းပင် ဖြစ်နေပြီ။ အကယ်၍ အသင်းတော်က ထိုကဲ့သို့သောသူများကို မနှင်ထုတ်သည့်အပြင် ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲ ထိုအစား ဆက်လက်၍ ဧဝံဂေလိ ဖြန့်ဝေခွင့်ပြုပြီး နောင်တရဖို့ အခွင့်အရေးပေးပါက ယင်းမှာ လုံးလုံးလျားလျား မှားယွင်းသည်။ ဤသူသည် ပထမဆုံးအကြိမ် ပြစ်မှားကျူးလွန်သူ မဟုတ်ပေ။ သူ၏အပြုအမူသည် သဘာဝအားဖြင့် ပြင်းထန်ပြီး သူ့ကို အလျင်အမြန် နှင်ထုတ်သင့်သည်။ သို့မဟုတ်ပါက ယင်းက ဘုရားသခင်ကို အသရေပျက်စေမည် ဖြစ်ပြီး စာတန်အား ဘုရားအိမ်တော်ကို တရားစီရင်ပြီး ပြစ်တင်ရှုတ်ချဖို့ နိုင်ကွက်ကို ပေးမည်ဖြစ်သည်။ ထို့ကြောင့် စာတန်အား နိုင်ကွက်ရရှိဖို့ အခွင့်အရေး ပေး၍မဖြစ်ပေ။ ကိုယ်ကျင့်သိက္ခာမဲ့နေကျ ဖြစ်သောသူတို့ကို အသင်းတော်မှ နှင်ထုတ်ရမည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို အသရေပျက်အောင်လုပ်နှင့်ပြီးသော ကိုယ်ကျင့်သိက္ခာမဲ့သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ဘုရားသခင်သည် ထိုသူတို့ကို လုံးဝ ကယ်တင်မည်မဟုတ်ပေ။ ၎င်းတို့၏ ဧဝံဂေလိဟောပြောခြင်းက မည်မျှထိရောက်သည်ဖြစ်စေ သို့မဟုတ် လူမည်မျှကို ၎င်းတို့ ရရှိထားသည်ဖြစ်စေ၊ မှန်ကန်သောလမ်းကြောင်းကို မလျှောက်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖျက်ဆီးပြီးသားနှင့် ဆုံးရှုံးပြီးသား ဖြစ်သည်။ ထိုသို့သောလူတို့ကို ဘုရားအိမ်တော်ထဲ၌ နေခွင့်မပေးချေ။ ၎င်းတို့သည် အဆက်ဖြတ်ထားခြင်းခံရမည့် ပစ်မှတ်များ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ လုပ်ဆောင်ချက်များကို တာဝန်ထမ်းဆောင်ခြင်းအဖြစ် ယူဆသလော။ မယူဆပေ၊ ၎င်းတို့၏ အကျိုးပြုလုပ်ဆောင်မှုများကို ဘုရားသခင်၏ အမြင်တွင် လုံးလုံးလျားလျား ဖျောက်ဖျက်ခြင်းခံရပြီ ဖြစ်ပြီး သူက သတိရအောက်မေ့မည် မဟုတ်ချေ။ ၎င်းတို့သည် မပြည့်မီရုံမျှသာမဟုတ်။ ၎င်းတို့ တာဝန်ထမ်းဆောင်မှု၏ သဘာဝမှာ ပြောင်းလဲသွားပြီဖြစ်ပြီး ယင်းက မကောင်းမှုပြုခြင်း ဖြစ်လာပြီဖြစ်သည်။ ဘုရားသခင်သည် မကောင်းမှုပြုသောသူတို့ကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ၎င်းတို့ကို သူ အဆက်ဖြတ်လိုက်သည်။ အဆက်ဖြတ်ခံရခြင်းဟူသည် အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားပြီး ကယ်တင်ဖို့ ပြင်ဆင်ထားသည့် လူတို့ကြားမှ ဖယ်ရှားခံရသည်ကို ဆိုလိုသည်။ ၎င်းတို့သည် ထိုသူတို့ကြားတွင် နေရာမရှိပေ။ ထိုအစား ၎င်းတို့ကို ဆိုးညစ်သောဝိညာဉ်များ၊ ညစ်ညမ်းသော နတ်ဆိုးများနှင့် ကယ်တင်ခြင်းမခံရသူများကြား၌ ရှိရန် အမျိုးအစားခွဲထားခြင်း ခံရသည်။ ၎င်းတို့၏ ကယ်တင်ခြင်းရရှိမှုအတွက် အခွင့်အရေးများမှာ အဘယ်နည်း။ (သုညဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်ခဲ့ကြသော်ငြားလည်း အဆုံးတွင် ဤသို့သောလူမျိုးသည် ဤအဆင့်အထိ ရောက်ရှိပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရလေသည်။ သို့ဖြစ်၍ ဤသည်မှာ နောက်ထပ် အခြားလူစားမျိုး ဖြစ်သည်ကို သင်တွေ့ရပေသည်။ ဤအခြေအနေ၏ သဘာဝသည် ယခင်အခြေအနေထက် ပို၍ ကြီးလေးသလော။ (ကြီးလေးပါသည်။) ယင်းက ပို၍ပင် ကြီးလေးသည်။ ယင်းကို သီးခြားသတ်မှတ်ထားလေသည်။ ဤအခြေအနေကို တတိယအခြေအနေနှင့် ပေါင်းသင့်သည်။ ယင်းမှာ တတိယဥပမာထဲမှ အထူးတလည်ဖြစ်သော၊ တကယ့်အခြေအနေ အမျိုးအစားထဲ၌ ပါဝင်ပြီး ယင်းကို သီးခြားသတ်မှတ်ထားလေသည်။ ဤအခြေအနေကို မည်သို့ခေါ်သင့်သနည်း။ “ကောက်ကျစ်ဆိုးယုတ်သော လူများသည် ဖြတ်တောက်ခြင်းခံရမည်” ဟူ၍ဖြစ်ပြီး ထိုအမည်ကို အတည်ပြုကြစို့။ ဤအခြေအနေသုံးခုရှိ လူသုံးမျိုးအတွက် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် အခြေခံအားဖြင့် အရာမထင်ဘဲ အလုပ်လုပ်ပေးခြင်းသဘော သက်ရောက်လေသည်။ အရာမထင်ဘဲ အလုပ်လုပ်ပေးခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို အလုပ်လုပ်ပေးခြင်းသက်သက်အဖြစ် ပြောင်းလဲလိုက်ပြီး ထို့နောက်မှာပင် ၎င်းတို့သည် ကောင်းစွာ အလုပ်လုပ်ပေးခြင်းမရှိခဲ့ သို့မဟုတ် သင့်တင့်လျောက်ပတ်စွာ တာဝန်ထမ်းဆောင်ခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို တာဝန်အဖြစ် သဘောမထားခဲ့သည့်အပြင် အမျိုးမျိုးသော အပြစ်များနှင့် ဒုစရိုက်အမှုများကိုပင် ကျူးလွန်ကာ အဆုံးသတ်ကောင်းကို မတွေ့ရဘဲ နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံရလေသည်။ ဤအခြေအနေသုံးခုစလုံး၏ သဘာဝမှာ အလွန်ပင် ကြီးလေး၏။
နောက်ထပ်အခြေအနေတစ်ခု ရှိပြီး ယင်း၏ သဘာဝမှာလည်း အတော်ပင် ဆိုးရွား၏။ နှစ်ပေါင်းများစွာ အလုပ်ကို ထမ်းဆောင်ခဲ့သည့် လူတစ်ဦးရှိခဲ့ကာ အပေါ်ယံတွင် သမ္မာတရားကို လိုက်စားပြီး မိမိကိုယ်ကို အမှန်တကယ် အသုံးခံဟန်တူခဲ့သည်။ သူသည် အိမ်ထောင်နှင့် မိသားစုကို ကျောခိုင်းခဲ့သည်၊ သူ၏ အသက်မွေးဝမ်းကြောင်းအလုပ်နှင့် တက်လမ်းများကို စွန့်လွှတ်ခဲ့သည်၊ သူ၏တာဝန်များကို ထမ်းဆောင်ဖို့ နေရာဒေသများစွာသို့ သွားခဲ့သည်၊ ထို့အပြင် အရေးသိပ်မပါသည့် အလုပ်တစ်ခုခုကိုလည်း တာဝန်ယူခဲ့သည်။ သို့သော် သူ၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သူသည် သမ္မာတရားကို အမှန်တကယ် မလိုက်စားခဲ့သောကြောင့် သမ္မာတရား အနည်းငယ်ကိုသာ နားလည်ခဲ့သည့်အပြင် သူသည် အချို့သော စကားများနှင့် အယူဝါဒအချို့နှင့်ပတ်သက်၍ ပြောပြနိုင်ခဲ့သောကြောင့် အဆင်ပြေနေသည်ဟု ထင်ခဲ့သည်။ ပို၍ကြီးလေးသည်မှာ ဤပုဂ္ဂိုလ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝ မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ တာဝန်ထမ်းဆောင်မှုမှာ အယူဝါဒအချို့ကို ဟောပြောခြင်းနှင့် စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်လျှောက်ခြင်းသာလျှင် ဖြစ်ကာ ပုံမှန်အားဖြင့် အခြားသူများအပေါ် ကြင်နာစွာ ပြုမူပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ အသင်းတော်၏ အလုပ်ကို မည်သို့ထမ်းဆောင်ရမည်နှင့် မည်သည့်အရေးကိစ္စများ ရှိခဲ့သေးသည်တို့နှင့် ပတ်သက်၍ သူ အာရုံမစိုက်ခဲ့၊ ကြိုးပမ်းအားထုတ်မှု မပြုခဲ့သည့်အပြင် ဤအရေးကိစ္စများအား ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေခဲ့ပေ။ အချုပ်ဆိုသော် အလုပ်အပေါ် သူ၏သဘောထားမှာ အပေါ်ယံဖြစ်ပြီး စိတ်ဝင်စားမှု မရှိပေ။ သူသည် အချောင်ခိုပုံမပေါက်သော်လည်း ခြေကုန်လက်ပန်းကျအောင်လည်း အလုပ်မလုပ်နေပေ။ သူသည် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူနေပုံ မရသော်လည်း သူ့အလုပ်၏ ရလဒ်များမှာ အထူးသဖြင့် ကောင်းမွန်ခြင်း မရှိပေ။ ဖြစ်ရပ်တစ်ခုတွင် သူ၏ ပေါ့ဆမှုနှင့် ဝတ်ကျေတမ်းကျေ သဘောထားကြောင့် ဘုရားသခင်အတွက် အလှူငွေများဖြစ်သည့် ယွမ်ငွေ ၁၀ သန်းကျော် ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။ ယွမ် ၁၀ သန်းဟူသည် မည်သို့သော ကိန်းဂဏန်းမျိုးနည်း။ သာမန်လူတို့သည် ဤပမာဏကို ကြားရလျှင် အလွန်ကြီးမားသော ကိန်းဂဏန်းဖြစ်သည်ဟု ယူဆကြမည် ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်နိုင်အောင်ပင် ပင့်သက်ရှိုက်ကြမည်ဖြစ်ပြီး ထိုမျှများပြားသော ငွေကို ၎င်းတို့တစ်သက်လုံး မည်သည့်အခါမျှ မမြင်ဖူးသဖြင့် ထိုငွေနှင့်ပတ်သက်၍ မစဉ်းစားဝံ့အောင် ဖြစ်ရသည်။ သို့သော် ဤ “အသက်ကြီးသော အမျိုးကောင်းသား” သည် အလှူငွေ ယွမ် ၁၀ သန်းကျော် ဆုံးရှုံးမှုကို ဖြစ်စေပြီးနောက် နောင်တမရဘဲ နောင်တရသည့် အရိပ်အယောင် တစ်စက်မျှ မရှိသည့်အပြင် ဝမ်းလည်းမနည်းခဲ့ပေ။ အသင်းတော်က သူ့ကို နှင်ထုတ်သောအခါ သူက မကျေမနပ် ပြောခဲ့သေးသည်။ မည်သို့သော သတ္တဝါမျိုးက ဤသို့ ပြုလိမ့်မည်နည်း။ အချက်နှစ်ချက်ကို ဆွေးနွေးကြစို့။ ပထမအချက်မှာ သင်အလုပ်လုပ်နေစဉ် ဤငွေပမာဏ ဆုံးရှုံးခဲ့ပြီး ယင်းက မည်သူ့အပြစ်ဖြစ်စေ သင်သည် တာဝန်ရှိ၏။ သင်၌ ယင်းကို ထိန်းသိမ်းကာကွယ်ရန် ဝတ္တရားရှိသော်လည်း သင်သည် ထိုသို့ပြုရန် ပျက်ကွက်၏။ ဤအရာသည် လူနှင့်ဆိုင်သော ငွေမဟုတ်သောကြောင့် ဤသည်မှာ တာဝန်ဝတ္တရားကို တမင်ပျက်ကွက်ခြင်း ဖြစ်၏။ ဤသည်မှာ အလှူငွေဖြစ်ပြီး လူတို့က ယင်းကို အဆုံးစွန်သော သစ္စာစောင့်သိမှုဖြင့် ပြုမူသင့်သည်။ အကယ်၍ အလှူငွေများ ဆုံးရှုံးမှုတစ်ခု ဖြစ်ပွားလျှင် လူတစ်ဦးသည် မည်ကဲ့သို့ စဉ်းစားသင့်သနည်း။ သေခြင်းတရားသည်ပင်လျှင် လုံလောက်သော လျော်ကြေးဖြစ်မည် မဟုတ်။ လူ့အသက်တစ်ချောင်းသည် ငွေကြေးအားဖြင့် မည်မျှတန်သနည်း။ အကယ်၍ ဆုံးရှုံးမှုက ကြီးမားလွန်းလျှင် မိမိ၏အသက်ကို စွန့်လွှတ်ခြင်းသည်ပင်လျှင် ယင်းကို ပြန်ဆပ်ဖို့ လုံလောက်မည်မဟုတ်ပေ။ အဓိကမှာ ဤအရေးကိစ္စ၏ သဘာဝသည် ဆိုးရွားလွန်း၏။ ဤ “အသက်ကြီးသော အမျိုးကောင်းသား” သည် အလှူငွေမြောက်မြားစွာ ဆုံးရှုံးခြင်းကို အလေးအနက် မထားခဲ့ချေ။ ဤသူသည် မုန်းတီးစက်ဆုပ်ဖွယ် ကောင်းလွန်း၏။ အလှူငွေ ယွမ် ၁၀ သန်းကျော် ဆုံးရှုံးခြင်းသည် သူ့အတွက် ယွမ် ၁၀၀ လောက် ဆုံးရှုံးခြင်းနှင့် တူသည်။ သူသည် ထိုအရာကို အထက်သို့ လုံးဝ သတင်းမပို့ခဲ့၊ ဤအရေးကိစ္စအတွက် နောင်တလုံးဝ မရခဲ့သည့်အပြင် သူ့အနီးအနား၌ ရှိသောသူတို့ထံ “ဤငွေကြေး မည်ကဲ့သို့ ပျောက်ဆုံးခဲ့ပြီး မည်သည့်အရာ ပြုလုပ်သင့်သည်ကို စိစစ်ပိုင်းခြားကြစို့။ ယင်းကို ကျွန်ုပ်တို့ ပြန်ဆပ်သင့်သလော၊ သို့မဟုတ် အခြားဖြေရှင်းချက် ရှာဖွေသင့်သလော။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် အထက်ကို အကြောင်းကြားခြင်း၊ တာဝန်ရှိမှုကို ဝန်ခံခြင်းနှင့် အလုပ်ထွက်ခြင်းအပြင် ကျွန်ုပ်တို့၏ အပြစ်များကို ဘုရားသခင်ထံ ဝန်ချတောင်းပန်ခြင်းတို့ ပြုလုပ်ကောင်း ပြုလုပ်ရမည်” ဟု မပြောခဲ့ချေ။ သူ၌ ဤသဘောထားပင် မရှိခဲ့ပေ။ ဤသည်မှာ မုန်းတီးဖွယ်ကောင်းသလော။ (ကောင်းပါသည်။) ယင်းမှာ အလွန်ပင် မုန်းတီးဖွယ် ကောင်းလှပေသည်။ ထိုကဲ့သို့ကြီးမားသော သူ၏ မကောင်းမှုပြုနိုင်စွမ်းက သူ၏ တာဝန်နှင့် ဘုရားအပေါ် သူ၏ သဘောထားကို ထုတ်ဖော်သည်။ ဒုတိယအနေဖြင့် နှင်ထုတ်ခြင်း ခံရပြီးနောက် သူက ယင်းကို လက်မခံသည့်အပြင် သူ၏အပြစ်ကိုပါ မဝန်ခံသကဲ့သို့ နောင်တမရဘဲ မကျေမနပ်ပင် ပြောခဲ့သည်။ ထိုကဲ့သို့သော လူမျိုးသည် အကျိုးသင့်အကြောင်းသင့် မရှိတော့ချေ။ သူအနေဖြင့် မကျေမနပ် ပြောကောင်းပြောနိုင်မည့် အရာနှင့်ပတ်သက်၍ စဉ်းစားကြည့်လော။ သူက “ငါသည် ဘုရားကို နှစ်ပေါင်း ၂၀ ကျော် ယုံကြည်လာခဲ့သည်။ ငါသည် အိမ်ထောင်လည်း မပြုခဲ့ဖူးပေ၊ များစွာ စွန့်လွှတ်ခဲ့သည်၊ ဆင်းရဲဒုက္ခများစွာ ခံခဲ့ရသည်၊ ယခုတွင်မူ သူတို့က ငါ့ကို နှင်ထုတ်ကြသည်၊ ပစ်ပယ်ကြသည်။ ငါ့အဖို့ နေစရာ ငါရှာရတော့မည်” ဟု မကျေမနပ် ပြောခဲ့သည်။ များမကြာမီတွင် သူ အိမ်ထောင်ပြုလိုက်သည်။ အကယ်၍ အသိတရားနှင့် လူ့သဘာဝရှိသည့် လူသားစစ်စစ်တစ်ဦး၌ သူ၏အသိစိတ် အနည်းငယ်မျှရှိခဲ့လျှင် ထိုမျှမြန်မြန် အိမ်ထောင်ပြုမည်လော။ သူသည် ယင်းအတွက် ဆန္ဒရှိမည်လော။ အများအားဖြင့် အသိတရားနှင့် လူ့သဘာဝ အနည်းငယ်မျှပင် ရှိသည့် လူတစ်ဦးသည် ထိုမျှအရေးကြီးသောကိစ္စကို ရင်ဆိုင်ရသောအခါ သေခြင်းတရားကိုပင် ဆင်ခြင်မိပြီး “ကျွန်ုပ်၏ဘဝမှာ ဇာတ်သိမ်းပြီ။ ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်း ၂၀ ကျော် ယုံကြည်ပြီးနောက် ထိုသို့သောလုပ်ရပ်မျိုးကို အဘယ်သို့ ကျူးလွန်နိုင်မည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကိုသာ အပြစ်တင်စရာရှိပြီး နှင်ထုတ်ခံရထိုက်ပေ၏။ ၁၀ သန်းကိစ္စကို အသာထား၊ တစ်သန်းကိုပင် ကျွန်ုပ် ပြန်မဆပ်နိုင်ပေ။ မိမိကိုယ်ကို ရောင်းလျှင်ပင် ယင်းကို ထေမိစေနိုင်မည် မဟုတ်၊ ကျွန်ုပ်၏အသက်သည် ဘာမျှမတန်” ဟု စဉ်းစားမည်ဖြစ်သည်။ ယင်းကို မတတ်နိုင်မှန်း သိခဲ့လျှင် အဘယ့်ကြောင့် လုပ်ခဲ့သေးသနည်း။ ထိုငွေသည် ဘုရားသခင်၌ ဆက်ကပ်ထားသည့် အလှူငွေဖြစ်ကြောင်း သင်မသိသလော။ ထိုငွေသည် သင့်ငွေမဟုတ်။ သင်၏ တာဝန်မှာ ယင်းကို ကာကွယ်ပေးဖို့ ဖြစ်သည်။ ယင်းသည် သင်နှင့် ပတ်သက်မှုမရှိသည့် အရာတစ်ခု မဟုတ်ပေ။ ယင်းသည် သင် လုံခြုံအောင်ထားရမည့် အရာတစ်ခု ဖြစ်သည်။ ယင်းသည် အရေးကြီးဆုံးသော အရာဖြစ်ပြီး သင်၏ အရေးမထားခြင်းသည် တာဝန်ကို တမင်ပျက်ကွက်ခြင်း ဖြစ်၏။ ယင်းကို ဆုံးရှုံးသွားပြီးသည့်နောက်တွင် သင်သည် ယင်းအတွက် တာဝန်ဝတ္တရားကို ရှောင်လွှဲ၍မရသည်မှာ ဧကန်မုချဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဤအလှူငွေများကို လုံခြုံအောင်ထားရန်နှင့် မတော်တဆမှုတစ်ခုခုမှ ကာကွယ်ရန် သင်၌ တာဝန်ဝတ္တရား ရှိခဲ့သည်မဟုတ်လော။ သင်သည် တစ်စုံတစ်ရာ အမှားအယွင်းရှိခြင်း အန္တရာယ်ကို နည်းနိုင်သမျှ နည်းအောင်လုပ်ခဲ့သင့်သည် မဟုတ်လော။ ယင်းကိုပင် မပြုလုပ်နိုင်လျှင် သင်သည် မည်သည့်အရာ ဖြစ်သနည်း။ သင်သည် အသက်ရှင်လျက်နေသော နတ်ဆိုးတစ်ကောင် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် လုံးလုံးလျားလျား စက်ဆုပ်ရွံရှာစရာကောင်းပြီး လူ့သဘာဝ ကင်းမဲ့သည်တကား။ ထိုမျှမက နှင်ထုတ်ခံရပြီးနောက် သူသည် ဘုရားသခင်အား ဆက်၍ မယုံကြည်တော့ဘဲ အိမ်ထောင်ပြုခဲ့သည့်အပြင် သူ၏မိသားစုထဲမှ ယုံကြည်သူများကိုလည်း အဖျက်အမှောင့် လုပ်ခဲ့သည်။ ဤအရာ၏ သဘာဝက ပို၍ပင် ကြီးလေး၏။ သူသည် သူ၏တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သည်၊ များစွာ စွန့်လွှတ်ခဲ့သည်၊ ပေးဆပ်မှုများစွာ ပြုလုပ်ခဲ့သည်၊ အလုပ်အတော်များများကို လုပ်ဆောင်ခဲ့သည်၊ စွန့်စားမှုများ ပြုလုပ်ခဲ့သည်၊ ပြီးလျှင် အချုပ်လည်း ကျခဲ့သည်။ သို့သော် ဤအပြင်ပန်း အကြောင်းရင်းများက လူတစ်ဦး၏ ကံကြမ္မာကို အဆုံးအဖြတ် မပေးပေ။ မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ မိမိရွေးချယ်သည့် လမ်းကြောင်းပင် ဖြစ်သည်။ သူသည် သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီးပါက ဤကဲ့သို့ အဆုံးသတ်ခဲ့မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ အိမ်တော်အတွက် ထိုမျှကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပွားစေခဲ့မည် မဟုတ်ပေ။ ထိုကဲ့သို့သော ကြီးမားသော မတော်တဆမှု ဖြစ်ပျက်သည်မှာ အလျဉ်းသင့်သလိုဖြစ်ခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ လူ့သဘာဝအရည်အသွေး၊ သူရွေးချယ်ခဲ့သော လမ်းကြောင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ဘုရားသခင်သည် သူရောက်ရှိနေသည့် လမ်းကြောင်းကို သိနေသည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ဘုရားသခင် သိပေ၏။ သို့ဆိုလျှင် ဤအဖြစ်အပျက်မှာ သူ့အား ထုတ်ဖော်ဖို့ သို့မဟုတ် သူ့အား ဖယ်ရှားရှင်းလင်းဖို့ ရည်ရွယ်ခဲ့သလော။ ယင်းမှာ သူ့အား ထုတ်ဖော်ဖို့ရော ဖယ်ရှားရှင်းလင်းဖို့အတွက်ပါ ဖြစ်၏။ လူ့အမြင်တွင် သူသည် သူ၏တာဝန်ကို သစ္စာစောင့်သိခြင်း၊ အသုံးခံခြင်း၊ အဖိုးအခပေးလိုစိတ်နှင့် အခက်အခဲကို ကြံ့ကြံ့ခံနိုင်စွမ်းတို့ဖြင့် ကောင်းစွာ ထမ်းဆောင်နေသည့်ဟန် တူသည်။ သို့ဆိုလျှင် ဘုရားသခင်သည် သူ့အား ဤကဲ့သို့သော တစ်စုံတစ်ရာကို အဘယ့်ကြောင့် ပြုရသနည်း။ ဘုရားသခင်သည် သူ့ကို အဘယ့်ကြောင့် ထုတ်ဖော်ရသနည်း။ ထုတ်ဖော်ခြင်း ခံရသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏အဆုံးသတ်အား ထုတ်ဖော်ရုံသက်သက်လော။ မဟုတ်ပေ၊ ယင်းမှာ သူ၏ယုံကြည်မှုကို ထုတ်ဖော်ဖို့၊ သူ၏ လူ့သဘာဝကို ထုတ်ဖော်ဖို့၊ သူ၏ အနှစ်သာရနှင့် သဘာဝကို ထုတ်ဖော်ဖို့ ရည်ရွယ်ခဲ့သည်။ ယခု ဤအရာအားလုံးမှာ ဖော်ထုတ်ပြခြင်းခံရပြီ ဖြစ်သည်။ ဘုရားသခင်က ထိုကဲ့သို့သော လူတစ်ဦးကို ကယ်တင်နိုင်သေးသလော။ ဘုရားသခင်သည် သူ့အတွက် မျှော်လင့်ချက်ရေးရေးလေးပင် ရှိသလော။ ဘုရားသခင်၌ ထိုကဲ့သို့သော လူတစ်ဦးအတွက် မျှော်လင့်ချက် လုံးဝမရှိပေ။ ဘုရားသခင်၌ သူ့အတွက် ချစ်ခြင်းမေတ္တာ သို့မဟုတ် ကျေးဇူးကရုဏာ တစ်ခုခု ကျန်ရှိသလော။ လုံးဝ မကျန်ရှိပေ။ အချို့က “ဘုရားသခင်၌ သူ့အတွက် ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကရုဏာ မရှိလျှင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသာ ကျန်ရှိသလော” ဟု ဆိုကောင်းဆိုမည်။ ယင်းမှာ မှန်၏။ ထိုကဲ့သို့ ဆိုးယုတ်သော လူတစ်ဦးသည် ချစ်ခြင်းမေတ္တာ သို့မဟုတ် ကရုဏာကို နောက်ထပ် မလိုအပ်တော့သည့်အပြင် ယင်းအတွက် နောက်ထပ် လိုအပ်မှု မရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရားသခင်၏ စိတ်သဘောထားကို အကြီးအကျယ် ပြစ်မှားစော်ကားမိပြီ ဖြစ်သည်။ ဘုရားသခင်ထံမှ သူ့အတွက် ကျန်ရှိနေသမျှမှာ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသပင် ဖြစ်၏။ သူ၏ အဆုံးသတ်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် မသက်ဆိုင်၊ ယင်း၌ လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အလုပ်နှင့် လုံးဝမသက်ဆိုင်ပေ။ သူသည် ဖယ်ရှားရှင်းလင်းခြင်းနှင့် ဖယ်ရှားခြင်း ခံထားရသည်။ ထို့အတွက်ကြောင့် ဤသူသည် ယခု မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏အမြင်တွင် သူသည် ရှင်လျက်နှင့်သေနေသောလူ၊ ညစ်ညမ်းသော နတ်ဆိုးများနှင့် ဆိုးညစ်သော ဝိညာဉ်များကြား၊ လူ့မျက်နှာအသွင် ဆောင်သော်လည်း လူမဆန်သော စိတ်နှလုံးရှိပြီး လူ့အရေခြုံထားသော သားရဲများကြား၌ နေထိုင်သည့် လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်သည်။ ဤသည်တို့မှာ သူ၏ အစွမ်းအစများဖြစ်ပြီး သူသည် ဖန်ဆင်းရှင်၏ မျက်စိရှေ့မှ အဆက်ဖြတ်ခြင်း ခံထားရသည်။ သူ၏အဆုံးသတ်နှင့် သူ့ဘဝ၌ ဖြစ်ပျက်ခဲ့သည့် ဤအရေးကြီးသော အဖြစ်အပျက်အပေါ် သူ၏ နောက်ဆုံးသဘောထားကို ဆင်ခြင်သုံးသပ်လျှင် ဤကာလတစ်ခုလုံး သူ၏ တာဝန်ထမ်းဆောင်မှုသည် “ပြည့်မီသည်” ဟူသော စကားလုံးနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ဤအဖြစ်အပျက် မတိုင်မီပင် သူ၏ တာဝန်ထမ်းဆောင်မှုက မပြည့်မီခဲ့ဟု သင် မည်ကဲ့သို့ သိသနည်း။ ယင်းက အကဲဖြတ်မှုနှင့် ကောက်ချက်ချမှုအားဖြင့်လော၊ သို့တည်းမဟုတ် သင်သည် ဤသုံးသပ်ချက်ကို သူ၏အနှစ်သာရအား လေ့လာအကဲဖြတ်ခြင်းဖြင့် ပြုသလော။ (သူ၏အနှစ်သာရအား လေ့လာအကဲဖြတ်ခြင်းဖြင့် ဖြစ်၏။) ယင်းသည် မှန်၏။ ပေါလုကို ဥပမာအဖြစ်ယူလော့။ အကယ်၍ သူသည် သမ္မာတရားကို လိုက်စားခဲ့လျှင်၊ သူသည် ပေတရုကဲ့သို့ စုံလင်အောင်ပြုခြင်း ခံရဖို့အတွက် ကြိုးစားနိုင်ခဲ့လျှင် သူသည် ထိုကဲ့သို့ ဘုရားကိုပြစ်မှားစော်ကားသော စကားမျိုးကို ပြောဆိုမိခဲ့မည်မဟုတ်ပေ။ အဆုံးသတ်တိုင်း၌ အကြောင်းရင်းရှိ၏။ ဤသူတွေ့ရှိခဲ့သည့် အဆုံးသတ်၌ ငုပ်နေသော အကြောင်းရင်းများရှိသည်။ ယနေ့ ဤပုဂ္ဂိုလ်က ဤအဆင့်သို့ ရောက်ရှိနိုင်သည့်အချက်မှနေ၍ ဘုရားသခင်အပေါ် သူ၏ သဘောထား၊ အလှူငွေများအပေါ် သူ၏သဘောထားနှင့် သူကိုယ်တိုင်၏ ဆိုးယုတ်သော လုပ်ရပ်များအပေါ် သူ၏သဘောထားမှနေ၍ သူသည် မည်သည့်လမ်းကြောင်းကို လျှောက်နေကြောင်းနှင့် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းမှာ အမှန်တကယ် မည်သည့်အရာ ဖြစ်ကြောင်းကို လူတို့အား ရှင်းလင်းစွာ မြင်တွေ့စေဖို့အတွက် လုံလောက်သည်။ ဤအရာက သူ၏ အနှစ်သာရနှင့် သူရောက်ရှိနေသည့် လမ်းကြောင်းကို လုံးလုံးလျားလျား ထုတ်ဖော်၏။ အကယ်၍ သူသည် သမ္မာတရား လိုက်စားခြင်းလမ်းကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သည့် လမ်းကြောင်းပေါ် ရောက်ရှိနေခဲ့လျှင်၊ ထို့ပြင် သူ၏တာဝန်ကို သူ၏ တာဝန်ဝတ္တရားအဖြစ် အမှန်တကယ် သဘောထားနိုင်ခဲ့လျှင် ထိုအရာ မလွှဲသာမရှောင်သာ ဖြစ်ပျက်ခဲ့သောအခါ ဤအခြေအနေကို သူ မည်ကဲ့သို့ ကိုင်တွယ်ခဲ့မည်နည်း။ ယခု သူ၌ရှိသည့် ခုခံခြင်းနှင့် မကျေမနပ်ပြောဆိုချက်နှင့်ဆိုင်သည့် သဘောထား လုံးဝရှိခဲ့မည် မဟုတ်ပေ။ သူ၏ မကောင်းဆိုးဝါးဆန်သော အပိုင်းမှာ ဖော်ထုတ်ပြခြင်း ခံရပြီဖြစ်သည်။ နက်ရှိုင်းသော သူ့စိတ်ဝိညာဉ်၏ သဘာဝအနှစ်သာရမှာ လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီဖြစ်သည်။ သူသည် လူသားတစ်ဦးမဟုတ်၊ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ သူသည် လူဖြစ်လျှင် ဘုရားသခင်ကို နှစ်ပေါင်း ၂၀ ကျော် ယုံကြည်ပြီးနောက် ဤကဲ့သို့ အဆုံးသတ်ခဲ့မည်မဟုတ်ပေ။ သူသည် လူဖြစ်ခဲ့လျှင် ထိုမျှကြီးမားသော အလှူငွေဆုံးရှုံးမှုအတွက် နောင်တမည်မျှ ရမည်နည်း။ မျက်ရည်အဘယ်မျှ ကျခဲ့မည်နည်း။ မည်သည့်အတိုင်းအတာအထိ တုန်လှုပ်ခဲ့မည်နည်း။ သူသည် မလွှဲသာမရှောင်သာ တာဝန်ရှိသည်ဟုသာမက ဆိုးဝါးသော အပြစ်ရှိသည်ဟုလည်း မလုံမလဲ ခံစားလျက် မိမိကိုယ်ကို ခွင့်လွှတ်၍မရဟု ထင်မှတ်ကာ နောင်တရပြီး ဘုရားသခင်ထံ မိမိ၏ အပြစ်များကို ဝန်ချသင့်သည်ဟု ခံစားရမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် အသင်းတော်က သူ့ကို နှင်ထုတ်လျှင်ပင် သူသည် သူ့မိသားစု၏ ဘုရားသခင်အား ယုံကြည်မှုကို နှောင့်ယှက်ဖို့နေနေသာသာ၊ ယုံကြည်ခြင်းကို ရပ်တန့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုလည်း သစ္စာဖောက်မည် မဟုတ်ပေ။ ဤလူ၏ နောက်ဆက်တွဲ အပြုအမူအမျိုးမျိုးမှနေ၍ ငါတို့သည် မည်သည့်အရာကို ပိုင်းခြားသိမြင်ရသနည်း။ သူသည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိသော မယုံကြည်သူတစ်ဦး ဖြစ်ကြောင်း၊ သူ၏သဘာဝသည်လည်း အငြိုးအတေးထားကြောင်း ပိုင်းခြားသိမြင်ရသည်။ ဤသည်မှာ စတုတ္ထမြောက်အခြေအနေ ဖြစ်၏။ ဤအခြေအနေကို ငါတို့ မည်သို့အမည်ပေးသင့်သနည်း။ (“အလှူငွေဆယ်သန်း ဆုံးရှုံးခြင်းအခြေအနေ” ဟုပင်။) ငါတို့သည် ယင်းအပေါ် သူ၏တုံ့ပြန်မှုကို ထပ်ပေါင်းပြီး ထိုအခြေအနေကို “အလှူငွေဆယ်သန်း ဆုံးရှုံးသော်လည်း နောင်တအရိပ်အယောင် မရှိခြင်းအခြေအနေ” ဟု ခေါ်သင့်သည်။ ထိုအမည်က ပို၍မကောင်းသလော။ ယင်းသည် အခြားသူများအတွက် သတိပေးချက်အဖြစ် အသုံးဝင်သည်။ အနည်းဆုံး ယင်းသည် သူ့လုပ်ရပ်၏ ဆိုးရွားမှုက မည်သည့်နေရာ၌ ရှိကြောင်း လူတို့အား သတိပြုမိစေသည်။
ဤဖြစ်ရပ်များအားလုံး ဖြစ်ပျက်ခြင်း၊ ဤလူတို့ပြသသော အပြုအမူအမျိုးမျိုးသာမက ဤဖြစ်ရပ်များ ဖြစ်ပျက်ပြီးနောက် ဘုရားသခင်အပေါ် ၎င်းတို့၏သဘောထားများအားလုံး ထွက်ပေါ်ခဲ့ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ဖော်ထုတ်ခြင်းခံရသည်။ ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ ဘုရားသခင်ကို ယုံကြည်ရာ၌ လူတစ်ဦး လျှောက်သောလမ်းကြောင်းနှင့် လူတစ်ဦး၏နောက်ဆုံး အဆုံးသတ်သည် ထိုလူတစ်ဦး၏ တာဝန်ထမ်းဆောင်မှုနှင့် လွန်စွာ ဆက်စပ်နေသည်။ တိုက်ရိုက် ဆက်စပ်မှုရှိသည်ဟုပင် ပြောနိုင်သည်။ တာဝန်ထမ်းဆောင်ခြင်းဟူသည့် အကြောင်းအရာသည် အမြဲတည်တံ့သော အကြောင်းကိစ္စ ဖြစ်သင့်ပြီး ဤလက္ခဏာသွင်ပြင်နှင့် ပတ်သက်သည့် သမ္မာတရားသည်လည်း အမြဲတည်တံ့သော အကြောင်းကိစ္စဖြစ်သင့်သည်။ ယင်းသည် လူတို့အနေဖြင့် အဓိကကျဆုံးအနေဖြင့် နားလည်သင့်သည့် သမ္မာတရား ဖြစ်သည့်အပြင် လူတို့၏ အသက်တာ ကြီးထွားတိုးတက်မှုနှင့် ဘုရားသခင်အား ယုံကြည်ခြင်းဖြစ်စဉ်၌ စဉ်ဆက်မပြတ် ဆွေးနွေးသင့်သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် လူတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုများနှင့်၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့်၊ ထို့ပြင် ၎င်းတို့လျှောက်သော လမ်းကြောင်းအမျိုးအစားနှင့် နောက်ဆုံးတွင် ၎င်းတို့၌ရှိလာသည့် အဆုံးသတ်အမျိုးအစားတို့နှင့် ခွဲ၍မရအောင် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ယနေ့ ငါတို့သည် တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် မိတ်သဟာယပြုပြီးဖြစ်သည့်အပြင် အခြေအနေအချို့နှင့် ပတ်သက်၍လည်း မိတ်သဟာယပြုပြီးပြီ ဖြစ်သည်။ ဤအရာ၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသခင် အသိအမှတ်ပြုသည့်ပုံစံဖြင့် သင်၏ တာဝန်များကို မည်ကဲ့သို့ ထမ်းဆောင်ရမည်၊ သင် မကောင်းမှုပြုလျှင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်သည်နှင့် အဆင့်မီအောင် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်း၏ အရေးကြီးမှုကို သင်တို့အား နားလည်စေရန် ဖြစ်၏။ ဤအခြေအနေများရှိ ဖြစ်ရပ်များမှာ တရွေ့ရွေ့ ပို၍ ဆိုးရွားလာပြီး တိုး၍သာ ထိတ်လန့်ဖွယ်ကောင်းလာသော်လည်း ယင်းတို့ကို ငါလုပ်ဇာတ်ခင်းထားခြင်း မဟုတ်ပေ။ ယင်းတို့သည် ဘုရားသခင်အား ယုံကြည်သူများနှင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေကြသော သူတို့၏ အုပ်စုအတွင်းရှိ လူတို့ကြားတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ လူအချို့က “ဟင်၊ ကျွန်ုပ်တို့သည် တာဝန်မထမ်းဆောင်လျှင် ပြဿနာ မရှိသော်လည်း ထမ်းဆောင်သောအခါ ပြဿနာများက အမြဲတမ်း ပေါ်ထွက်လာသည်။ သို့ဆိုလျှင် တာဝန်မထမ်းဆောင်ဘဲ နေလိုက်လျှင် အဆင်ပြေမည်လော” ဟု ဆိုကြသည်။ ဤစဉ်းစားတွေးခေါ်သည့် လမ်းကြောင်းက မည်သို့ရှိသနည်း။ ဤသည်မှာ အစာနင်မည်စိုး၍ အစားအစာကို မစားခြင်းပင် မဟုတ်လော။ ဤသည်မှာ မိုက်မဲရာ မကျသလော။ သင်သည် ဤအရေးကိစ္စများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရန် သင်ယူရမည်။ ဤသည်မှာ လိုလားတက်ကြွသော သဘောထားနှင့် သာမန်လူတစ်ဦး ရှိသင့်သည့် သဘောထားမျိုး ဖြစ်၏။ အကယ်၍ သင်၏ တာဝန်ထမ်းဆောင်နေစဉ် စီရင်ချက်ချခံရခြင်း၊ နှင်ထုတ်ခံရခြင်း၊ ဖယ်ရှားရှင်းလင်းခံရခြင်း သို့မဟုတ် အဆက်ဖြတ်ခံရခြင်းသို့ ဦးတည်မည့် ပြဿနာများ ပေါ်ကောင်းပေါ်ထွက်လာနိုင်ပြီး နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိဖို့ မျှော်လင့်ချက်တစ်စုံတစ်ရာ ပျောက်ဆုံးမည်ကို စိုးရိမ်သည့်အပြင် သင်၏ တာဝန်များထမ်းဆောင်မှုကို အလွယ်တကူ ရပ်တန့်ခြင်း သို့မဟုတ် တာဝန်များအပေါ် အပျက်သဘောဆောင်သော၊ ဆန့်ကျင်လိုသော ကိုင်တွယ်ဖြေရှင်းနည်းအား ခံယူခြင်းရှိပါက ယင်းမှာ မည်သို့သောသဘောထားမျိုး ဖြစ်သနည်း။ (မကောင်းသော သဘောထားဖြစ်၏။) အခြားသူများအချို့က “ကျွန်ုပ်တို့၏ လူ့သဘာဝသည် တာဝန်များကို ထမ်းဆောင်ဖို့အတွက် ညံ့ဖျင်းလွန်းသည်။ ထို့ကြောင့် အလုပ်လုပ်ပေးခြင်းဖြင့်သာ တင်းတိမ်ရောင့်ရဲကြစို့လား။ ဘုရားသခင်သည် အလုပ်လုပ်ပေးသောသူတို့အတွက် မြင့်မားသော သတ်မှတ်ချက်များ မရှိသည့်အပြင် မည်သည့် စံချိန်စံညွှန်းမျှ သို့မဟုတ် မည်သည့် စည်းမျဉ်းမျှ မရှိပေ။ အားထုတ်ကြိုးပမ်းရုံမျှက လုံလောက်၏။ စေခိုင်းသမျှကို လုပ်ဆောင်လော့။ နာခံလော့။ အရေးပါသော မည်သည့်တာဝန်ဝတ္တရားကိုမျှ မယူနှင့်။ ထို့ပြင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာဖို့ မည်သည့်ရည်မှန်းချက်မျှ မထားလေနှင့်။ အဆုံးတိုင်အောင် တည်ရှိနေရုံမျှက အကြီးဆုံးသော ကောင်းချီးဖြစ်ပေမည်” ဟု ပြောကြသည်။ ဤစေ့ဆော်မှုများက မည်သို့ရှိသနည်း။ ယင်းတို့မှာ အတော်ပင် ယုတ်ညံ့ပြီး ဆိုးညစ်သည် မဟုတ်လော။ ထိုကဲ့သို့ ရည်မှန်းချက်မကြီးမားသော သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ လူ့သဘာဝမရှိသည့် လူတစ်ဦးသည် ပြည့်မီစွာ အလုပ်လုပ်ပေးနိုင်မည်လော။ လူ့သဘာဝမရှိသောသူတို့သည် ပြည့်မီစွာ အလုပ်မလုပ်ပေးနိုင်ကြပေ။ ထိုသူတို့သည် ဆက်လက်နေရသည့် သစ္စာရှိသော အလုပ်လုပ်ပေးသူများ ဖြစ်လာကြမည် မဟုတ်ပေ။
ပြီးခဲ့သည့် မိတ်သဟာယ အကြိမ်အနည်းငယ် အတောအတွင်း ဖော်ပြထားသည့် ဥပမာအရေအတွက်မှာ အတော်ပင် များပြားသည်။ ဤအဖြစ်အပျက်များကို သတိရဖို့ လွယ်ကူသော်လည်း ငါမိတ်သဟာယပြုခဲ့ပြီးသည့် သမ္မာတရားများမှာ နားလည်ဖို့ ခက်ခဲ၏။ သို့ရာတွင် ဤအတွက် အကျိုးကျေးဇူးတစ်ခု ရှိသည်။ ဤအဖြစ်အပျက်များကို ဆွေးနွေးခြင်းဖြင့် သင်တို့သည် ယင်းတို့၌ ပါဝင်သည့် သမ္မာတရားများကို သတိရကောင်း သတိရကြမည် သို့မဟုတ် အနည်းငယ် နားလည်ကောင်း နားလည်လာကြမည်။ အကယ်၍ ငါတို့သည် ဤအခြေအနေများနှင့်ပတ်သက်၍ မပြောဆိုလျှင် ဤရလဒ်မျိုးရရှိခြင်းက ကြိုးစားအားထုတ်မှုကို ပို၍ လိုအပ်မည်မှာ သေချာသလောက်ဖြစ်၏။ ဤအခြေအနေများကို ဆွေးနွေးခြင်းမှာ တွန်းအားအဖြစ်ရော သတိပေးချက်အဖြစ်ပါ အသုံးဝင်လျက်၊ လူတို့အား သူတို့အထဲမှနေ၍ မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့စေသည်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအား ချိုးဖောက်ခြင်း၊ ကြီးမားသော အမှားများကို ပြုလုပ်ခြင်း၊ သို့မဟုတ် လမ်းမှားလျှောက်ခြင်းကို ရှောင်ကြဉ်ဖို့အတွက် သင်၏ယုံကြည်မှု၌ မည်သည့်လမ်းကြောင်းအား လျှောက်ရမည်ကို သိခြင်းထဲသို့ ယင်းက လမ်းညွှန်လေသည်။ အဓိကပန်းတိုင်မှာ လူတို့အား ၎င်းတို့၏တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်စေဖို့ ဖြစ်သည်။ ဤအခြေအနေလေးခုအကြောင်း ကြားနာပြီးနောက် သင်တို့ မည်ကဲ့သို့ ခံစားရသနည်း။ ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ အသစ်သောနားလည်မှု ရှိကြသလော။ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အခက်အခဲက မည်သည့်နေရာ၌ ရှိသနည်း။ ယင်းမှာ လူတို့က သမ္မာတရားကို နားမလည်သည့်အပြင် စည်းမျဉ်းများကို ရှာမတွေ့နိုင်သဖြင့် အမှားများကို လုပ်မြဲလုပ်ခြင်းကြောင့်လော။ (မဟုတ်ပါ။) သို့ဖြစ်ပါက အခက်အခဲမှာ မည်သည့်နေရာ၌ရှိသနည်း။ ယင်းက ဤအရာ၌ရှိ၏။ လူတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ ယင်းကို လိုက်လည်း မလိုက်စားကြပေ။ မိမိတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် လက်တွေ့မလုပ်ဆောင်ဘဲ ၎င်းတို့၏ ကြောက်စရာကောင်းသော၊ ဆိုးယုတ်သော၊ မာနထောင်လွှားသော စိတ်သဘောထားများနှင့်ပါ ပေါင်းစပ်လျှင် ဤအရာက ကျိန်းသေသော အကျိုးဆက်များသို့ အလွယ်တကူ ဦးတည်ပြီး လူတို့မမျှော်လင့်ထားသော သို့မဟုတ် မတွေ့မြင်လိုသော အဆုံးသတ်များကို ဖြစ်ပေါ်စေနိုင်သည်။ တစ်စုံတစ်ဦးသည် သူ့အတွက် မကောင်းသောအဆုံးသတ်ကို မျှော်လင့်သလော။ (မမျှော်လင့်ပါ။) အသက်မဆုံးဘဲ အဆုံးတိုင်အောင် ရုန်းကန်ရပ်တည်နိုင်သရွေ့ အဆင်ပြေသည်ဟု စဉ်းစားလျက် သာမညောင်ည အဆုံးသတ်ကိုသာ မျှော်လင့်သောသူတို့ ရှိသလော။ (ရှိပါသည်။) ဤသူတို့မှာ မည်ကဲ့သို့သောသူတို့ ဖြစ်သနည်း။ ဤသူတို့မှာ သမ္မာတရားကို မလိုက်စားသောလူများ ဖြစ်သည်။ ၎င်းတို့သည် သေမည့်အချိန်ကို စောင့်ဆိုင်းရင်း မှေး၍သာနေကြသည်။ ထိုသို့သောလူတို့အတွက် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် လုံးဝ ဝတ်ကျေတမ်းကျေ ဖြစ်ဖို့ သေချာလျက် ၎င်းတို့အနေဖြင့် အမှားလုပ်ရန် သို့မဟုတ် အပြစ်ကျူးလွန်ရန် လွယ်ကူစေပြီး မိမိတို့၏ တာဝန်များကို အဆင့်မီအောင် ထမ်းဆောင်ဖို့ ခက်ခဲစေကြသည်။ မည်သို့သော လူစားမျိုးတို့က မိမိတို့၏ တာဝန်များကို အဆင့်မီအောင် ထမ်းဆောင်နိုင်သနည်း။ (သမ္မာတရားကို လိုက်စားသောသူတို့ ဖြစ်ကြ၏။) အခြားမည်သူရှိသနည်း။ (လူ့သဘာဝရှိသော လူတို့ဖြစ်၏။) လူ့သဘာဝတွင် မည်သည့်အရာ ခြုံငုံသနည်း။ (အသိတရားနှင့် ဆင်ခြင်တုံတရားဖြစ်၏။) အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသောသူ၊ လူ့သဘာဝကို ပိုင်ဆိုင်သောသူတို့သည် သမ္မာတရားကို လိုက်စားပါက ၎င်းတို့၏ တာဝန်များကို အဆင့်မီအောင် အလွယ်တကူ ထမ်းဆောင်ကြမည် ဖြစ်သည်။ လူအချို့က “သင်သည် မိမိတို့၏ တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်ဖို့ ပျက်ကွက်သော လူတို့နှင့်ပတ်သက်၍ ဆိုးရွားသည့် အပျက်သဘောဆောင်သော ဤဥပမာများအကြောင်းကို ပြောမြဲပြောနေပြီး ယင်းက ကျွန်ုပ်တို့အား မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ပျောက်ဆုံးစေသည်။ ကျွန်ုပ်တို့သည် ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းဟူသည့် စံချိန်စံညွှန်းကို မည်သည့်အခါများ ရောက်ရှိမည်နည်း။ ဤအရာနှင့်ပတ်သက်၍ အပြုသဘောဆောင်သော ဥပမာတစ်ခုခု ရှိသလော” ဟု ပြောကြသည်။ သို့ဆိုလျှင် ပို၍ စိတ်ဓာတ်မြှင့်တင်ပေးပြီး အပြုသဘောဆောင်သော အရာတစ်ခုကို ဆွေးနွေးကြစို့။ လတ်တလောတွင် လူများစွာတို့သည် သမ္မာတရားအား လိုက်စားခြင်းအပေါ် စတင်၍ အာရုံစိုက်လာကြပြီး ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါတွင်လည်း စတင်၍ လုံ့လဝီရိယ ပိုရှိလာကြသည်။ သာဓကအားဖြင့် အချို့သည် တာဝန်များကို ထမ်းဆောင်နေစဉ် အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ သဟဇာတကျကျ ပူးပေါင်ဆောင်ရွက်ခြင်း ဟူသည်မှာ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယင်း၏ သရုပ်သကန်တစ်ခုမှာ ဤအရာဖြစ်၏။ ယင်းမှာ အပြင်ပန်းတွင် သဘောထားကွဲလွဲမှု သို့မဟုတ် လျှို့ဝှက်ကြံစည်မှု မရှိဘဲ လူတိုင်း အဆင်ပြေသည့် ကိစ္စသက်သက် မဟုတ်ပေ။ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းဟူသည် အလုပ်တွင် အရေးကိစ္စအမျိုးမျိုးကို ရင်ဆိုင်ရသောအခါ ယင်းတို့နှင့်ပတ်သက်၍ သင်၌ ထိုးထွင်းအမြင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထို့ပြင် သင်၏ ရှုထောင့်အမြင်က မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ သင်သည် အခြားသူများနှင့် တိုင်ပင်ညှိနှိုင်းပြီး မိတ်သဟာယပြုနိုင်သည်၊ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်သည်၊ ထို့နောက် အများသဘောတူညီချက်ကို ရရှိနိုင်လေသည်။ ယင်းမှာ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်၏။ အများသဘောတူညီချက်ကို ရရှိခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ မိမိ၏ တာဝန်များကို ပိုကောင်းအောင် ဖြည့်ဆည်းဖို့၊ အသင်းတော်၏ အလုပ်ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့နှင့် ဘုရားသခင်အား သက်သေခံနိုင်ဖို့ ဖြစ်၏။ အကယ်၍ သင်သည် အဆင့်မီဖို့ သင်၏ တာဝန်များကို ထမ်းဆောင်လိုပါက သင်၏တာဝန်များကို ထမ်းဆောင်နေစဉ် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုကို အရင်ဦးစွာ ရရှိရမည်။ လက်ရှိတွင် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်နေပြီးသော လူအချို့ရှိသည်။ သမ္မာတရားကို နားလည်ပြီးနောက် သမ္မာတရားကို အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်လင့်ကစား၊ ထို့ပြင် လမ်းတစ်လျှောက်လုံး ကျရှုံးမှုများ၊ အားနည်းချက်နှင့် လမ်းလွဲခြင်းတို့ ရှိလင့်ကစား ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများသို့ ရောက်အောင် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မျှော်လင့်ချက် ရှိကြသည်။ ဥပမာအနေဖြင့် တစ်ခါတစ်ရံတွင် သင်ပြုလုပ်နေသော အရာမှာ မှန်ကန်သည်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း သင်သည် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နိုင်စွမ်း မရှိပေ။ အခြားသူများက ရှင်းလင်းပြီး ရေရာသည်အထိ ၎င်းတို့နှင့် ဆွေးနွေးပြီး သမ္မာတရား စည်းမျဉ်းများအပေါ် အတူတကွ မိတ်သဟာယဖွဲ့နိုင်သည်။ ဤသို့ဖြင့် လူတိုင်းက နားလည်ပြီး ဤအရာပြုလုပ်ခြင်းက အကောင်းဆုံးရလဒ်ကို ရရှိမည်ဟု သဘောတူကြမည်ဖြစ်သည်။ ယင်းသည် စည်းမျဉ်းများ၏ အပြင်ဘက်သို့ မကျော်လွန်ကြောင်း၊ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးကို အလေးထားကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးကို အမြင့်မားနိုင်ဆုံးသော အတိုင်းအတာအထိ ကာကွယ်ပေးမည် ဖြစ်ကြောင်းကိုလည်း သဘောတူကြမည်ဖြစ်သည်။ ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီ၏။ အဆုံးသတ်ရလဒ်သည် သင်မျှော်မှန်းသကဲ့သို့ အမြဲတမ်း ဖြစ်ကောင်းဖြစ်မည် မဟုတ်သော်လည်း သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၊ ဦးတည်ချက်နှင့် ပန်းတိုင်မှာ မှန်ကန်၏။ သို့ဆိုလျှင် ယင်းကို ဘုရားသခင် မည်ကဲ့သို့ မြင်သနည်း။ ဤကိစ္စကို ဘုရားသခင် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်သနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုသည် ပြည့်မီသည်ဟု ဘုရားသခင် ပြောမည်ဖြစ်သည်။ ပြည့်မီခြင်းဟူသည်မှာ သင်၏တာဝန်ကို ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း ထမ်းဆောင်သည်ကို ဆိုလိုသလော။ မဟုတ်ပေ။ ပြည့်မီခြင်းဟူသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ခြင်း၊ ဘုရားသခင်၏ အတည်ပြုချက်ကို ရရှိခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအား အပြည့်အဝ လိုက်နာခြင်း၌ လက်တွေ့လုပ်ဆောင်ခြင်းတို့မှ အလှမ်းဝေးနေသေး၏။ ပြည့်မီခြင်းဟူသည်မှာ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေသည်၊ သင်၏ ရည်ရွယ်ချက်များက မှန်ကန်သည်၊ ပြီးလျှင် သင်၏ ဦးတည်ချက်က မှန်ကန်သည်ကိုသာ ဆိုလိုသော်လည်း ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းဟူသည့် မြင့်မားသော စံချိန်စံညွှန်းကို မရောက်ရှိသေးပေ။ သာဓကအနေဖြင့် ကျိုးနွံနာခံမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် သင်၏တာဝန်များကို ထမ်းဆောင်စဉ်အတွင်း တစ်စုံတစ်ရာပြုလုပ်ရန် ဘုရားအိမ်တော်က စီစဉ်သည်ဆိုပါစို့။ သင်သည် သင်၏တာဝန်များကို ထမ်းဆောင်ရာ၌ အဆင့်မီဖို့ရန်အတွက် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အလုပ်ကိစ္စအကြောင်း ပထမဦးစွာ ကြားသောအခါ သင်၌ ထင်မြင်ချက်အချို့ ရှိကောင်းရှိမည်။ သို့သော် အနည်းငယ် ဆင်ခြင်သုံးသပ်ပြီးနောက် သင်သည် “ကျွန်ုပ်တို့ နားမလည်သည့် ကိစ္စများ၌ ကျွန်ုပ်တို့သည် ရှာဖွေပြီး ကျိုးနွံနာခံသင့်သည်ဟု ဘုရားသခင် ဆိုထားပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် ရှာဖွေရမည်။ သမ္မာတရားကို ကျွန်ုပ်နားမလည်သော်လည်း သို့မဟုတ် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကို ကျွန်ုပ်မသိသော်လည်း အလုပ်ကိစ္စက ကျွန်ုပ်အပေါ် ကျရောက်ပြီဖြစ်သဖြင့် ကျွန်ုပ်သည် လိုက်နာဆောင်ရွက်ပြီး ကျိုးနွံနာခံရမည်။ ယင်းသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသက်သက်ပင် ဖြစ်လျှင်ပင် ယင်းတို့ကို အရင်ဦးစွာ လိုက်နာသင့်သည်” ဟု စဉ်းစားသည်။ သင်သည် ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပါက အဆင့်မီနေခြင်း ဖြစ်သည်။ သို့သော် စံချိန်စံညွှန်းကို မီခြင်းနှင့် ဘုရားသခင်၏ အတည်ပြုချက်ကို ရရှိခြင်းတို့ကြား၌ ကွာဟချက်ရှိသလော။ (ရှိပါသည်။) ဤကွာဟချက်ကို သမ္မာတရားကို သင်နားလည်သည့် အတိုင်းအတာအားဖြင့် တွက်ချက်သည်။ သင်သည် ကျိုးနွံနာခံနိုင်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားမလည်သည့်အပြင် သမ္မာတရားစည်းမျဉ်းများကို အပြည့်အဝ မခွဲခြားသေး သို့မဟုတ် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်သေးပေ။ သင်သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရုံမျှ လိုက်နာထားခြင်း ဖြစ်သည်။ သင်သည် အသိတရားနှင့် စည်းမျဉ်းစည်းကမ်းများတို့နှင့်ဆိုင်သည့် စံချိန်စံညွှန်းများအတိုင်း လူတစ်ဦးပြုလုပ်သင့်သည့် အခြေခံကျသော အရာများကို လိုက်နာထားခြင်း ဖြစ်သည်။ ထို့ကြောင့် အကောင်အထည်ဖော်မှုအရ ပြဿနာများ မရှိသည့်အပြင် သင့်လုပ်ဆောင်ချက်များ၏ သဘာဝအရ မည်သည့်အရာမျှ မမှားယွင်းပေ။ သို့ရာတွင် ဤအရာက သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသည့် စံချိန်စံညွှန်းကို မမီချေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သေးချေ။ သင်သည် သင်၏တာဝန်များကို မထုံတက်သေးနှင့် အမှုမဲ့အမှတ်မဲ့သာ ထိန်းသိမ်းနေခြင်း ဖြစ်သည်။ ယင်းတို့ကို သမ္မာတရားစည်းမျဉ်းများအတိုင်း ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း မရှိခဲ့ပေ။ ဘုရားသခင်အား သက်သေခံနိုင်သော သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်နိုင်သော အဆင့်တစ်ခုကို မရောက်ရှိသေးပေ။ သက်သေခံခြင်းအတွက် စံချိန်စံညွှန်းကို မမီသေးချေ။ ထို့ကြောင့် ဤပုံစံအတိုင်း တာဝန်ထမ်းဆောင်ခြင်းသည် ပြည့်မီရုံသာရှိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မမီသေးချေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။