ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။ (အပိုင်း လေး)

လူတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ပြည့်မီစွာ ထမ်း‌ဆောင်ခဲ့ပြီးခြင်း ရှိမရှိကို ဆုံးဖြတ်ရန်အတွက် စံနှုန်းမှာ အဘယ်နည်း။ အကယ်၍ လူတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်း လမ်းကြောင်း၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက် မှန်ကန်လျှင်၊ မူလအကြောင်းရင်း နှင့် စည်းမျဉ်းများစသော ဤလက္ခဏာသွင်ပြင်များက မှန်ကန်သည်ဆိုလျှင် လူတစ်ဦး ထမ်းဆောင်ပြီးသည့် တာဝန်က ပြည့်မီသည်။ လူများစွာက ဤအရာကို သဘောတရားအားဖြင့် နားလည်သော်လည်း သူ့အ‌ပေါ် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သောအခါ စိတ်ရှုပ်ထွေးသွားလေသည်။ ယင်းကို အကျဉ်းရုံးဖို့အတွက် သင်တို့ကို ငါ စည်းမျဉ်းတစ်ခု ပြောပြမည်။ အခြေအနေများကို ရင်ဆိုင်ရသောအခါ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် မလုပ်ဆောင်နှင့်။ အဘယ့်ကြောင့် ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူလုပ်ဆောင်၍ မဖြစ်သနည်း။ တစ်ချက်အနေဖြင့် ထိုပုံစံမျိုးအတိုင်း ပြုမူလုပ်ဆောင်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများနှင့် မကိုက်ညီပေ။ နောက်တစ်ချက် အနေဖြင့် တာဝန်တစ်ရပ်ဟူသည် သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်ပေ။ သင်သည် မိမိကိုယ်တိုင်အတွက် လုပ်ဆောင်နေခြင်း၊ သင်၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်အလုပ်ကို ပါဝင်ဆောင်ရွက်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိနှင့် နားလည်သဘောပေါက်မှုကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး “ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်အား ဘုရားသခင် အပ်နှံခဲ့သောတာဝန်ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ပေ” ဟု ပြောရမည်ဖြစ်သည်။ ဤသည်မှာ လူတို့နားလည်သင့်သည့် ပထမဆုံးအရာဖြစ်သည်။ သင်သည် တာဝန်တစ်ခုကို သင်၏ ကိုယ်ပိုင် အရေးကိစ္စများအဖြစ် သဘောထားပြီး ပြုမူဆောင်ရွက်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသကဲ့သို့ သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ အမြင်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျှင် သင်သည် အမှားများပြုလုပ်နိုင်ခြေ အလွန်များသည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်နှင့် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေကိစ္စများကြား အလွန်ရှင်းလင်းသော ကွာခြားမှုကို ပြုလုပ်ပြီး ဤသည်မှာ တာဝန်တစ်ခုဖြစ်သည်ကို သတိမူမိလျှင် မည်သို့ သင်ဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်တောင်းဆိုသည့်အရာကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည်။) မှန်သည်။ သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သမ္မာတရားကို သင်နားမလည်ပါက၊ သင့်တွင် စိတ်ကူးအချို့ရှိသော်လည်း ကိစ္စများသည် သင့်အတွက် မရှင်းလင်းဆဲဖြစ်ပါက အတူမိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော ညီအစ်ကို မောင်နှမများကို ရှာရမည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ အခြားအရာအားလုံးထက် ဤသည်မှာ သင့်တာဝန်အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ သင်က သင့်လျော်သည်ဟု ထင်သည့်အရာအပေါ် အခြေခံ၍ အမှုအရာများကို ဆုံးဖြတ်ပြီးနောက် တူကိုထုကာ အမှုပိတ်သိမ်းပြီဟု ပြောဆိုခြင်းကို မလုပ်ဆောင်သင့်ပေ။ ဤအရာက ပြဿနာများကို အလွယ်တကူ ဖြစ်စေသည်။ တာဝန်တစ်ခုသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ ဘုရားအိမ်တော်၏ အရေးကိစ္စများသည် မည်သူမျှ၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စမျှမဟုတ်ပေ။ တာဝန်တစ်ခုနှင့် ဆက်နွှယ်သရွေ့ သင်၏ သီးသန့်အရေးကိစ္စမဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး စည်းမျဉ်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် သင်တို့လုပ်ဆောင်သင့်သည့် ပထမဆုံးအရာမှာ အဘယ်နည်း။ သမ္မာတရားကို ရှာဖွေသင့်ပြီး စည်းမျဉ်းများကို ရှာဖွေသင့်သည်။ သမ္မာတရားကို နားမလည်လျှင် စည်းမျဉ်းများကို အရင်ဦးဆုံး ရှာဖွေသင့်သည်။ သမ္မာတရားကို နားလည်နှင့်ပြီးသားဖြစ်လျှင် စည်းမျဉ်းများကို ခွဲခြားဖော်ထုတ်ခြင်းက လွယ်ကူလိမ့်မည်။ စည်းမျဉ်းများကို နားမလည်လျှင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ နည်းလမ်းတစ်ခုရှိ၏။ အမှန်တကယ် နားလည်သောသူတို့နှင့် မိတ်သဟာယပြုနိုင်သည်။ သင်သည် အရာရာတိုင်းကို နားလည်ပြီး အမြဲတမ်း မှန်ကန်သည်ဟု အမြဲတစေ မယူဆနှင့်။ ဤသည်မှာ အမှားပြုလုပ်ဖို့ လွယ်ကူသောနည်းလမ်းတစ်ခု ဖြစ်သည်။ သင်သည် အမြဲတမ်း အပြီးသတ်ဆုံးဖြတ်ချက်ချခွင့် ရှိလိုသောအခါ ယင်းက မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်မှု ဖြစ်၏။ ယင်းမှာ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူလုပ်ဆောင်ခြင်း ဖြစ်၏။ လူအချို့က “ငါသည် ကောလိပ်ပညာတတ် ဖြစ်သည်။ သင်တို့ထက် ပို၍ ပညာဗဟုသုတ ကြွယ်ဝသည်။ ငါ၌ နားလည်သဘောပေါက်မှုစွမ်းရည် ရှိသည်။ သင်တို့အားလုံး၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး သမ္မာတရားကို နားမလည်သဖြင့် ငါပြောသမျှကို နားထောင်သင့်သည်။ ငါကသာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်” ဟု တွေးကြသည်။ ဤအမြင်သည် အဘယ်သို့နည်း။ သင်၌ ဤအမြင်မျိုးရှိပါက သင်သည် ဒုက္ခရောက်သွားမည်ဖြစ်သည်။ သင်သည် မိမိ၏တာဝန်များကို မည်သည့်အခါမျှ ကောင်းစွာ ထမ်းဆောင်မည် မဟုတ်ပေ။ သင်သည် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အပြီးသတ် ဆုံးဖြတ်ချက်ချခွင့်ရှိသည့်သူ အမြဲဖြစ်လိုသောအခါ တာဝန်များကို မည်သို့ကောင်းစွာထမ်းဆောင်နိုင်မည်နည်း။ ဤပုံစံအတိုင်း သင့်တာဝန်များကို ထမ်းဆောင်ခြင်းက ရည်မှန်းချက် လုံးဝ အောင်မြင်မည်မဟုတ်ပေ။ ဤအရာကို အဘယ့်ကြောင့် ငါဆိုသနည်း။ သင်သည် အခြားသူများကို အမြဲတမ်း ချုပ်ထိန်းလိုပြီး သင့်အား နားထောင်စေလိုသည်။ သင်သည် အခြား မည်သူတစ်ဦးဦး ပြောသည့်အရာကိုမျှ နားမဝင်ပေ။ ဤသည်မှာ အစွဲရှိပြီး ခေါင်းမာခြင်း ဖြစ်လေသည်။ ယင်းမှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုလည်း ဖြစ်သည်။ ဤပုံစံအတိုင်းဆိုလျှင် သင်၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်မည် ဖြစ်သည့်အပြင် အခြားသူများအားလည်း သူတို့၏တာဝန်များကို ကောင်းစွာ ထမ်း‌ဆောင်ခြင်းမှ ဟန့်တားမည်ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းကို အဘယ့်ကြောင့် တောင်းဆိုသနည်း။ တစ်ဖက်တွင် ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ရန်အတွက် အကျိုးပြုကာ ထိုသို့အားဖြင့် ၎င်းတို့အား မိမိတို့ကိုယ်ကိုသိရန်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် အခွင့်ပေးလေသည်။ ဤအရာက ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အကျိုးပြု၏။ အခြားတစ်ဖက်တွင် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းသည် အသင်းတော်၏အလုပ်အတွက်လည်း အကျိုးပြုသည်။ လူတိုင်းက သမ္မာတရားနားလည်မှု ကင်းမဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း မရှိနိုင်ပါက သူ၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ယင်းက အသင်းတော်၏အလုပ်ကို ထိခိုက်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်ကား ကြီးလေး၏။ အကျဉ်းချုပ်အားဖြင့် ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့အတွက် လူတစ်ဦးသည် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ရန် သင်ယူရမည်ဖြစ်ပြီး အခြေအနေများကို ရင်ဆိုင်ရသောအခါ ဖြေရှင်းချက်များကို ရှာတွေ့ဖို့ သမ္မာတရားကို မိတ်သဟာယပြုရမည်ဖြစ်သည်။ ဤသည်မှာ ပဓာနကျလေသည်။ ယင်းက အသင်းတော်၏အလုပ်ကို အကျိုးပြုသည်သာမက ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကိုလည်း အကျိုးပြုလေသည်။ လူအချို့က ဤအရာကို ရပင်မရနိုင်ပေ။ ၎င်းတို့က သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းက စိတ်အနှောင့်အယှက်ဖြစ်ရလွန်းသည်ဟု လည်းကောင်း၊ တစ်ခါတစ်ရံတွင် သမ္မာတရားကို မိတ်သဟာယပြုခြင်းက ရလဒ်များကို အလွယ်တကူ မဖြစ်ထွန်းစေဟုလည်းကောင်း အမြဲ ထင်မှတ်ကြသည်။ ထိုအခါ ဤလူတို့က “ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့အတွက် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ရန် အမှန်ပင် လိုအပ်သလော။ အခြေအနေတစ်ခုခုကို ရင်ဆိုင်ရသောအခါ လူတိုင်း၏ အတူတကွ မိတ်သဟာယပြုချက်က ရလဒ်များကို အသေအချာ ထွက်ပေါ်စေမည်လော။ ဤသည်မှာ ဟန်ဆောင်လုပ်ပြခြင်း သက်သက်သာ ဖြစ်သည်ဟု ထင်သည်။ ဤစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသည် အဓိပ္ပာယ်မရှိ” ဟု ဆိုလျက် သံသယဝင်တော့သည်။ ဤအမြင်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤအမြင်က မည်သည့်ပြဿနာကို ဖော်ထုတ်သနည်း။ (တာဝန်ထမ်းဆောင်ခြင်းအပေါ် ထားသည့် ၎င်းတို့၏ သဘောထားက ပြဿနာရှိနေသည်ကို ဖော်ထုတ်သည်။) လူအချို့၌ မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားရှိသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယပြုလိုစိတ် မရှိသည့်အပြင် အပြီးသတ်ဆုံးဖြတ်ခွင့်ကို အမြဲ ရလိုကြသည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော လူတစ်ဦးသည် အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖြေရှင်းရန်၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိရန်အတွက် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် ဘုရားသခင်၏ အလုပ်အား ကျိုးနွံနာခံမှုကို သင်ယူပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရာတွင် ကူညီပေးရန် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလေသည်။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းနှင့် ထင်ရာမြင်ရာ၊ တစ်ဖက်သတ် ပြုမူလုပ်ဆောင်လိုခြင်း၊ လူတိုင်းအား သင့်ကိုနားထောင်စေခြင်းတို့သည် သင်၏တာဝန်အပေါ် ရှိသင့်သည့်သဘောထား ဟုတ်သလော။ တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏သဘောထားသည် သင်၏ အသက်ဝင်ရောက်မှုနှင့် ဆက်စပ်ပေ၏။ ဘုရားသခင်က တစ်ရက်ချင်းစီတွင် သင်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်၊ သို့မဟုတ် သင်အလုပ်မည်မျှလုပ်သည်၊ သင်မည်မျှ အားစိုက်ထုတ်သည်တို့ကို အရေးမစိုက်ပေ။ သူကြည့်သောအရာမှာ ဤအရာများအပေါ် သင်၏ သဘောထားက မည်သို့ရှိသည်ဆိုသည်ကို ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်သည့် သဘောထားနှင့် သင်လုပ်ဆောင်သည့်ပုံစံသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ ယင်းသည် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိနှင့် ဆက်နွှယ်ပြီး သင်၏ အသက်ဝင်ရောက်မှုနှင့်လည်း ဆက်နွှယ်သည်။ ဘုရားသခင်က သင်၏ အသက်ဝင်ရောက်မှုကို ကြည့်သည်။ သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို ကြည့်သည်။ သင်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ကာ သင့်တွင် အသက်ဝင်ရောက်မှုရှိလျှင် တာဝန်များထမ်းဆောင်သောအခါ သင်သည် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။ ထို့ပြင် ပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် သင်၏ တာဝန်များကို အလွယ်တကူ ထမ်းဆောင်လိမ့်မည်။ သို့သော် သင်၏ တာဝန်ကိုထမ်းဆောင်စဉ်တွင်သင်သည် အရင်းအနှီးရှိကြောင်း၊ သင်၏အလုပ်လမ်းကြောင်းကို နားလည်ကြောင်း၊ သင့်ထံတွင် အတွေ့အကြုံရှိကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကြောင်း၊ မည်သူမဆိုထက် သမ္မာတရားကိုပို၍ လိုက်စားကြောင်း အစဉ် အလေးထားပြောဆိုလျှင်၊ ထို့နောက်တွင် ဤအရာများကြောင့် သင်သည် အဆုံးသတ်ဆုံးဖြတ်ပိုင်ခွင့်ရရန် အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ပြီး မည်သည့်အရာကိုမဆို အခြားမည်သူမဆိုနှင့် မဆွေးနွေးလျှင် အစဉ်သဖြင့် ထင်ရာစိုင်းပြီး သင်၏ ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ကာ အစဉ်သဖြင့် “တစ်ခုတည်းသော ဖူးပွင့်နေသည့်ပန်း” ဖြစ်ချင်လျှင် သင်သည် အသက်ဝင်ရောက်မှုလမ်းကြောင်းကို လျှောက်သလော။ မလျှောက်ပေ။ ဤသည်မှာ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်သည်။ အသက်ဝင်ရောက်မှုလမ်းကြောင်း မဟုတ်ပေ။ ဘုရားသခင်အနေဖြင့် လူတို့အား အသက်ဝင်ရောက်မှုလမ်းကြောင်းနှင့် သမ္မာတရားလိုက်စားမှု လမ်းကြောင်းကို လျှောက်စေသည့်ပုံစံ၌ ထိုသို့သော အပြုအမူမျိုး မပါဝင် သို့မဟုတ် ဤသရုပ်သကန်များကို မပြသပေ။ ပြည့်မီသော တာဝန်ထမ်းဆောင်မှုအတွက် စံနှုန်းသည် အဘယ်နည်း။ (အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်း၊ စည်းမျဉ်းများအတိုင်း ပြုမူနိုင်ခြင်းပင် ဖြစ်သည်။) မှန်ပေ၏။ သင်၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ သင်၏တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ မည်မျှများသော တာဝန်များကို သင် ထမ်းဆောင်ပြီးဖြစ်ပါစေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မာတရား၊ စည်းမျဉ်းများ၊ ဦးတည်ချက်၊ ဇာစ်မြစ်တို့အပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ မူလကြံရွယ်ချက်တို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။ သင်၏ တာဝန်ကို သင်ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် ဤအပြုသဘောဆောင်သော အရာများကို သင့်အထဲတွင် လုံးဝ မတွေ့ရသကဲ့သို့ သင်၏ လုပ်ဆောင်မှု၏ စည်းမျဉ်း၊ လမ်းကြောင်းနှင့် အခြေပြုချက်မှာ သင်၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့် ကြံစည်မှုများဖြစ်ပါက သင်၏ မူလကြံရွယ်ချက်မှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ဖို့နှင့် သင်၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးကို ကာကွယ်ပေးဖို့ ဖြစ်ပါက သင်၏ လုပ်နည်းလုပ်ဟန်သည် သမ္မာတရားကို ရှာဖွေဖို့ မဆိုထားနှင့် အမှုအရာများကို အခြားသူများနှင့် မည်သည့်အခါမျှ ဆွေးနွေးခြင်းမရှိဘဲ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ၊ သင်အမှားပြုလုပ်ပြီးသောအခါ အကြံဉာဏ်များကို မည်သည့်အခါမျှ နားမထောင်ဘဲ ဆုံးဖြတ်ချက်များ ပြုလုပ်ဖို့နှင့် တစ်ကိုယ်တည်း လုပ်ဆောင်ကာ အဆုံးအဖြတ်ပေးဖို့ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ မြင်မည်နည်း။ သင်၏ တာဝန်ကို ထိုသို့ သင် ထမ်းဆောင်ပါက သင်သည် အဆင့်အတန်းမမီသေးပေ။ ထို့ပြင် သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းမရှိသကဲ့သို့ သင် ဆန္ဒရှိသည့်အတိုင်း အမြဲလုပ်ဆောင်သောကြောင့်၊ သင်နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သောကြောင့် သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် ခြေမချရသေးပေ။ ဤသည်မှာ လူအများစုက ၎င်းတို့၏ တာဝန်များကို ပြည့်မီစွာ မထမ်းဆောင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ သို့ဆိုလျှင် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းခြင်းသည် ခက်ခဲသည်ဟု သင်တို့ပြောမည်လော။ အမှန်တွင် မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သင် မည်သည့်အရာကို စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ မည်မျှမြင့်မားနိုင်ပါစေ ဤအရာများအားလုံးကို သင်လက်လွှတ်ရမည်။ သူတစ်ပါးကို အထက်စီးမှ မဆက်ဆံရချေ။ ဤအရာအားလုံးသည် အချည်းနှီးအဖြစ် မှတ်ယူ၍ ရပေသည်။ ဘုရားအိမ်တော်တွင် ဤဂုဏ်အသရေတို့ မည်မျှကြီးမားပါစေ ဤအပေါ်ယံအရာများသည် သမ္မာတရား မဟုတ်သည့်အတွက် သမ္မာတရားထက် မမြင့်မားနိုင်သလို၊ သမ္မာတရား၏နေရာကို မယူနိုင်ချေ။ ဤကိစ္စနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည် ဖြစ်သည်။ သင်က “ကျွန်ုပ်သည် အလွန် အထုံပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုံ့ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး ပြီးလျှင် ကျွန်ုပ်၌ အလွန့်အလွန်ကောင်းသော မှတ်ဉာဏ် ရှိသောကြောင့် အဆုံးသတ် ဆုံးဖြတ်ချက်ချဖို့ ကျွန်ုပ် အရည်အချင်းပြည့်မီသည်”ဟု ပြောလျှင်၊ ဤအရာများကို အရင်းနှီးအဖြစ် သင် အစဉ် အသုံးပြုပြီး ယင်းတို့ကို တန်ဖိုးရှိသော၊ အပြုသဘောဆောင်သော အရာများအဖြစ် မြင်ပါက ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၏စိတ်နှလုံးကို ဤအရာများက နေရာယူပါက၊ ယင်းတို့သည် သင်၏စိတ်နှလုံးထဲ အမြစ်တွယ်ပြီး ဖြစ်ပါက သင့်အတွက် သမ္မာတရားကို လက်ခံဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးရက်စရာဖြစ်သည်။ ထို့ကြောင့် သင်ချစ်သည့်၊ ကောင်းပုံရသည့်၊ သင့်အတွက် အဖိုးတန်သည့် ထိုအရာများကို ဦးစွာချပြီး ငြင်းပယ်ရမည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။ ယခုအချိန်တွင် လုပ်ဆောင်ရန် အလိုအပ်ဆုံးသောအရာမှာ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် ပြည့်မီလာသည်အထိ၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ အကြောင်းမှာ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုသည် အသက်ဝင်ရောက်မှု လမ်းကြောင်းပေါ်သို့ ပထမဆုံးခြေလှမ်းမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဤတွင် “ပထမဆုံးခြေလှမ်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ခရီးတစ်ခုအား စတင်ခြင်းကို ဆိုလိုသည်။ အရာရာအားလုံးတွင် ခရီးကို စတင်ရမည့် အရာတစ်ခုရှိသည်။ အခြေခံအကျဆုံး၊ အဓိကအကျဆုံး အရာတစ်ခုဖြစ်သည်။ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုကို ရရှိခြင်းသည် အသက်ဝင်ရောက်မှုလမ်းကြောင်း ဖြစ်သည်။ သင်၏တာဝန်ထမ်းဆောင်မှုသည် ယင်းကို လုပ်ဆောင်သည့် နည်းလမ်းနှင့် ကိုက်ညီရုံမျှသာ ရှိသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သင့်တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ဤအရာနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည်နည်း။ သမ္မာတရားစည်းမျဉ်းများအပေါ်တွင် အားစိုက်လုပ်ဆောင်ပြီး ရှာဖွေရမည်။ သမ္မာတရားစည်းမျဉ်းများဖြင့် ပြင်ဆင်ခြင်းသည် အရေးပါသည့်အရာ ဖြစ်သည်။ သင်၏ အပြုအမူနှင့် စိတ်ကို တိုးတက်စေရုံမျှသာ ရှိသော်လည်း သမ္မာတရား စစ်မှန်မှုများဖြင့် ပြင်ဆင်မထားလျှင် အသုံးမဝင်ပေ။ သင့်တွင် ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်သောအရာ တစ်ခုခုရှိနိုင်သည်။ ဤသည်မှာ ကောင်းသည့်အရာ ဖြစ်သည်။ သို့သော် ယင်းကို သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် အသုံးပြုခြင်းကသာလျှင် ယင်းကို မှန်ကန်စွာ အသုံးပြုနေခြင်းဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် သင်၏ လူ့သဘာဝ၊ သို့မဟုတ် ပင်ကိုယ်စရိုက်တွင် တိုးတက်မှုမလိုအပ်သကဲ့သို့ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် ပါရမီကို ဘေးဖယ်ရန်လည်း မလိုပေ။ ဤသည်မှာ လိုအပ်သည့်အရာ မဟုတ်ပေ။ အရေးပါသည့်အရာမှာ သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူခြင်းဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်သောအခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်မည်မှာ မလွှဲမရှောင်သာသလောက်ပင် ဖြစ်သည်။ ထိုသို့သောအချိန်တွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ ဤအရာကို လုပ်ဆောင်လော့၊ ယင်းက သင့်အနေဖြင့် တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အတွက် ပြဿနာဖြစ်မည်မဟုတ်ပေ။ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်မှုသည် မည်သည့်နယ်ပယ်တွင်ဖြစ်စေ၊ မည်သည့်နေရာတွင် အသက်မွေးမှုဆိုင်ရာ အသိပညာအချို့ သင်ရှိသည်ဖြစ်စေ တာဝန်ထမ်းဆောင်ခြင်းတွင် ဤအရာများကို အသုံးပြုခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တစ်ဖက်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အမှီပြုခြင်းဖြစ်ပြီး အခြားတစ်ဖက်မှာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ မိမိတာဝန်ကို ဤနည်းဖြင့် ထမ်းဆောင်ခြင်းအားဖြင့် အသက်ဝင်ရောက်မှုကို ရရှိပြီး မိမိတာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နိုင်လာကြသည်။

ယခုလက်ရှိမြင်လာရသည်မှာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုသည် သမ္မာတရားအား ရှာဖွေခြင်း၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းနှင့် ခွဲခြား၍မရပေ။ အကယ်၍ လူတစ်ဦးသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေနိုင်သည့်အပြင် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းအဆင့်ကို မရောက်ရှိနိုင်ပါက ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို မရရှိနိုင်ပေ။ ပြည့်မီသော တာဝန်ထမ်းဆောင်မှုသည် ဤနည်းဖြင့်ရှင်းပြထားသကဲ့သို့ ဖြစ်၏။ ယင်းကို ဤပုံစံဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည် မြင့်မားသလော။ အမှန်တွင် ယင်းတို့သည် မမြင့်မားပေ။ သူသည် သင့်အား သင့်လုပ်ရပ်များ၌ မှန်ကန်သော သဘောထား၊ ရည်ရွယ်ချက်နှင့် အမြင်ရှုထောင့်တို့ ရှိရန် တောင်းဆိုခြင်းသာ ဖြစ်၏။ ဤအခြေခံအကြောင်းရင်းအရ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပြီး မိမိကိုယ်ကိုသိကျွမ်းခြင်းကို ပို၍နက်ရှိုင်းအောင် လုပ်ဆောင်နိုင်သည်။ ထိုအခါ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို ခံနိုင်မည်ဖြစ်ကာ သင့်အား ပို၍နက်နဲသော သမ္မာတရားများကို ဝင်ရောက်ရန်နှင့် စိတ်သဘောထား၌ ပြောင်းလဲမှုများကို ကြုံရရန် အထောက်အကူ ပေးမည်ဖြစ်သည်။ သင်သည် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို မခံရမီ သမ္မာတရားနှင့်ဆိုင်သည့် သင်၏သိနားလည်ခြင်းအပေါ် အခြေခံ၍ ဘုရားသခင်က တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း အနည်းငယ်ကို ပေးမည်ဖြစ်သည်။ သို့သော် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အတွက် အခြေခံအုတ်မြစ်က အဘယ်နည်း။ ယင်းမှာ သင်သည် ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းအဆင့်ကို ရောက်သွားခြင်းရှိမရှိ၊ တစ်နည်းဆိုရလျှင် သင်သည် အသက်ဝင်ရောက်မှုကို ရရှိထားခြင်းရှိမရှိပင် ဖြစ်သည်။ သင်၏ အသက်ဝင်ရောက်မှုသည် အသင်းတော်ထဲရှိ သင်၏အလုပ်နှင့် တာဝန်ဝတ္တရားများနှင့် အဆက်အစပ်မရှိခြင်း မဟုတ်ပေ။ အကယ်၍ သင်သည် အိမ်တွင် တစ်နေ့လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် အချိန်ကုန်ပြီး သင်၏ တာဝန်ထမ်းဆောင်ခြင်း၊ အသက်ဝင်ရောက်မှုတို့နှင့် ပတ်သက်၍ အဓိပ္ပာယ်မဲ့စွာ စကားပြောပါက ဤသည်မှာ သဘာဝမကျသည့်အပြင် အကျိုးမရှိပေ။ ယင်းမှာ ထိုင်ရာမှမထဘဲ ဗျူဟာရေးဆွဲခြင်းကဲ့သို့ ဖြစ်၏။ သင်သည် မည်သည့် ဆက်ကပ်မှု သို့မဟုတ် အသုံးခံမှုမျှမရှိဘဲ၊ ပြီးလျှင် ဒုက္ခခံခြင်း သို့မဟုတ် အခက်အခဲများကို တွေ့ကြုံခြင်း လုံးဝမရှိဘဲ တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ခြင်းအကြောင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရရှိခြင်း အကြောင်းကို တစ်နေကုန် ပြောဆိုလေသည်။ အကယ်၍ တစ်ခါတစ်ရံ သင်သည် ဓမ္မသီချင်းများ သီဆိုခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် မျက်ရည်ကျရအောင် စိတ်ထိခိုက်လျှင်ပင် ဤအရာက မည်သည့်အကျိုးတရားကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ ဤရှုထောင့်မှကြည့်လျှင် ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းအဆင့်သို့ ရောက်ရှိခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းတို့ကြားတွင် ဆက်နွှယ်မှုရှိသလော။ သို့တည်းမဟုတ် ယင်းက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့နှင့် ဆက်စပ်သလော။ ၎င်းတို့မှာ ဆက်စပ်ပေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ရရှိရန်အတွက် လူတစ်ဦးသည် မိမိ၏တာဝန်နှင့်ပတ်သက်၍ ပြည့်မီသောထမ်းဆောင်မှု ရရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် လူတို့အား ၎င်းတို့၏တာဝန်နှင့် ပတ်သက်၍ ပြည့်မီသော ထမ်းဆောင်မှုကို ရရှိဖို့ တောင်းဆိုလျက် ထိုသို့သော စံနှုန်းမျိုးကို သတ်မှတ်ရသနည်း။ ယင်းမှာ သင်၏ အသက်ဝင်ရောက်မှုအတိုင်းအတာကို ခန့်မှန်းရန်အတွက် ဘုရားသခင်က သင်၏ တာဝန်ထမ်းဆောင်မှုကို အသုံးပြုသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် တာဝန်များအား ပြည့်မီသော ထမ်းဆောင်မှုကို ရရှိပြီးဖြစ်ပါက ယင်းမှာ သင်၏ အသက်ဝင်‌ရောက်မှုသည် သင့်အနေဖြင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခွင့်ရရှိစေသည့် စံနှုန်းတစ်ခုကို ရရှိထားပြီးသား ဖြစ်သည်ကို ဆိုလိုကာ ယင်းမှာ သင့်အပေါ်၌ ဘုရားသခင်၏ စုံလင်စေခြင်းအလုပ်ကို လက်ခံရန်အတွက် အရည်အချင်းပြည့်မီသည်ဟုလည်း ဆိုလိုသည်။ သို့ဆိုလျှင် ဤအရာကို ရရှိဖို့အတွက် ဘုရားသခင်သည် လူသားအပေါ် မည်သည့်အခြေအနေကို ပြင်ဆင်သတ်မှတ်ပြီးဖြစ်သနည်း။ ဘုရားသခင်၏အမြင်တွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် ပြည့်မီသည်ဟု ရှုမြင်ခြင်းခံရမှဖြစ်မည်၊ တစ်နည်းဆိုသော် ဘုရားသခင်က လက်ခံပြီး အရည်အချင်း ပြည့်မီသည်ဟု ယူဆသည့် သင်၏ အသက်ဝင်ရောက်မှုအတွက် အခြေခံကျသော လမ်းကြောင်းနှင့် ဦးတည်ချက်ရှိသည့် သဘောဖြစ်သည်။ ဤအရာကို ဘုရားသခင် မည်ကဲ့သို့ စမ်းသပ်သနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုအားဖြင့် အဓိကစမ်းသပ်ခြင်း ဖြစ်၏။ သင်သည် သင့်တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်ခြင်းဖြင့် ဘုရားသခင်၏ အတည်ပြုခြင်းကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် နောက်တစ်ဆင့်က ချက်ချင်း အစပြုသည်။ ဘုရားသခင်က သင့်အား တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို စတင်၍ ခံစေမည်ဖြစ်သည်။ မည်သည့်အမှားများကို သင်ပြုလုပ်သည်ဖြစ်စေ ဆုံးမပဲ့ပြင်ခံရမည်။ ယင်းမှာ ဘုရားသခင်က သင့်အား အနီးကပ် စောင့်ကြည့်စစ်ဆေးရန် စတင်ပြီး သကဲ့သို့ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်၏။ ယင်းမှာ သင်သည် ဘုရားသခင်၏ အတည်ပြုခြင်းခံရပြီးပြီဟု ဆိုလိုသည်။ သင်၌ နောက်ထပ် အန္တရာယ် မရှိတော့သည့်အပြင် သင်သည် သိသာထင်ရှားစွာ ဆိုးယုတ်သော အပြုအမူများကို လုံးဝ ကျူးလွန်မည်မဟုတ်သည့် သင့်တော်မှန်ကန်သော လူစားမျိုးပင် ဖြစ်ပေသည်။ အဓိပ္ပာယ်တစ်မျိုးဖြင့်ဆိုလျှင် ဘုရားသခင်က သင့်ကို ကာကွယ်မည်ဖြစ်သည်။ နောက်တစ်မျိုးဖြင့် ပုဂ္ဂိုလ်ရေးအမြင်မှဆိုရလျှင် သင်ရောက်နေသည့်လမ်းကြောင်း၊ သင်၏ ဘဝပန်းတိုင်များနှင့် ဦးတည်ချက်တို့သည် မှန်သောလမ်းခရီး၌ အမြစ်တွယ်နေပြီးပြီ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စွန့်ခွာမည်မဟုတ်သကဲ့သို့ လမ်းကြောင်းလွဲမည် မဟုတ်ပေ။ ထို့နောက် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်မှာ အသေအချာဖြစ်သည်။ ဤကောင်းချီးမင်္ဂလာသည် သင့်အပေါ်၌ရှိနေပြီဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဤကောင်းချီးကို ရရှိဖို့ ဆန္ဒရှိပြီး စုံလင်အောင်ပြုခံရခြင်း လမ်းကြောင်းကို လျှောက်ပါက ပထမဆုံးသတ်မှတ်ချက်မှာ မိမိ၏တာဝန်များနှင့်ပတ်သက်၍ ပြည့်မီသော ထမ်းဆောင်မှုကို ရရှိရန်ဖြစ်သည်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏သဘောထားများကို နားလည်ရန်အလို့ငှာ ဘုရားအိမ်တော်၌ သင်၏ အမျိုးမျိုးသော ထမ်းဆောင်မှုများကိုသာမက သင့်ကို သူပေးသည့် လုပ်ငန်းများ၊ တာဝန်ပေးစေခိုင်းချက်များနှင့် အထူးတာဝန်များကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်။ ဤသဘောထားများအားဖြင့် ဘုရားသခင်သည် အတိအကျ မည်သည့်လမ်းကြောင်းအား သင်လျှောက်လှမ်းနေသည်ကို အကဲဖြတ်သည်။ သင်သည် သမ္မာတရားလိုက်စားနေသည့် လမ်းကြောင်းပေါ် ရောက်နေလျှင် သင်၏ တာဝန်များထမ်းဆောင်မှုက စံနှုန်းပြည့်မီမည်ဖြစ်ပြီး သင်သည် အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထား ပြောင်းလဲမှုဆိုင်ရာ အတိုင်းအတာအမျိုးမျိုးကိုလည်း သေချာပေါက် ရှိလိမ့်မည်ဖြစ်သည်။ ဤအရာအားလုံးကို သင်၏ တာဝန်များထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း ရရှိသည်။ ဘုရားသခင်က သင့်ကို သတ်သတ်မှတ်မှတ်ဖြင့် စုံလင်အောင်မပြုမီတွင် ဤအရာမှာ လူသား၏ ကြိုးစားအားထုတ်မှုအပေါ် အမှီပြုခြင်းဖြင့် သင်ရနိုင်သည့် အများဆုံးအတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်၏ အလုပ်မပါဘဲ သင်သည် ဤအဆင့်ကိုသာ ရောက်ရှိနိုင်သည်။ ထို့ထက်ပိုရောက်အောင် ကြိုးစားခြင်းက ခက်ခဲပေမည်။ သင်သည် စိတ်ဓာတ်စွမ်းအားဖြင့် သင့်ကိုယ်သင် ချုပ်တည်းခြင်း၊ ဒုက္ခကို သည်းခံခြင်း၊ အဖိုးအခများပေးခြင်း၊ စွန့်လွှတ်ခြင်း၊ စိတ်ခံစားချက်များကို ပြုပြင်ခြင်း၊ လောကကို ကျောခိုင်းခြင်း၊ ဆိုးယုတ်‌သော ရေပန်းစားမှုများကို သတိပြုမိခြင်း၊ ဇာတိပကတိကို ပုန်ကန်ခြင်း၊ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် လူသားနောက် မလိုက်လျှောက်ခြင်းတို့ကဲ့သို့သော သင်၏နည်းစနစ်များနှင့် လူသား၏ လုပ်နိုင်စွမ်းအတွင်း၌ ရှိသည့်အရာကို ဖြစ်မြောက်ရန်အတွက် သင့်ကိုယ်သင့်အပေါ်သာ အမှီပြုနိုင်သည်။ ဤအရာများအားလုံးကို ရရှိပြီးသောအခါ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရရန် အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။ ဘုရားသခင်သည် အခြေခံအားဖြင့် လူသားများ ဖြစ်မြောက်နိုင်သည့်အရာကို ဝင်မစွက်ပေ။ သူသည် သင့်ကို သမ္မာတရားဖြင့် အဆက်မပြတ် ထောက်ပံ့ပေးသည်၊ သင့်ကို အဆက်မပြတ် ရေလောင်းပေးသည်၊ သမ္မာတရားကို နားလည်အောင် သင့်ကို ထောက်ခံအားပေးသည်၊ သမ္မာတရားကို လက္ခဏာသွင်ပြင် အမျိုးမျိုးဖြင့် မည်သို့သဘောပေါက်နားလည်ရမည်နှင့် သမ္မာတရားစစ်မှန်မှုများထဲသို့ မည်သို့ဝင်ရောက်ရမည်ကို ပြောပြသည်။ သင်သည် ဤအရာများကို နားလည်ပြီး ဝင်‌ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင် သင့်ကို အရည်အချင်းပြည့်မီကြောင်း တရားဝင် အသိအမှတ်ပြုမှု ပေးမည်ဖြစ်ပြီး ကယ်တင်ခံရခြင်းနှင့်ဆိုင်သည့် သင်၏အခွင့်အရေးမှာ ၈၀ ရာခိုင်နှုန်းဖြစ်မည်ဖြစ်သည်။ သို့ရာတွင် ၈၀ ရာခိုင်နှုန်း မရောက်မီ သင်၏ စွမ်းအားနှင့် ကြိုးစားအားထုတ်မှု ရှိသမျှကို ရင်းနှီးမြှုပ်နှံရမည်။ ဤဘဝကို အချည်းနှီးနေထိုင်၍ မရပေ။ လူအချို့က “ကျွန်ုပ်သည် ယခုဆို နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် ဘုရားသခင်ကို ယုံကြည်လာခဲ့ပြီ။ ကျွန်ုပ်၏စွမ်းအင်ရှိသမျှကို ရင်းနှီးထားပြီးပြီလော” ဟု ဆိုကြသည်။ ဤအရာကို နှစ်ကာလအရေအတွက်ဖြင့် မတိုင်းတာပေ။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို ယခုဆိုလျှင် ငါးနှစ်ကြာ ယုံကြည်လာခဲ့ပြီး သမ္မာတရားအချို့ကို နားလည်လာခဲ့ပြီဖြစ်သည်။ မိမိ၏တာဝန်ကို ပြည့်မီစွာ မည်သို့လုပ်ဆောင်ရမည်ကို သိပြီး ဤဦးတည်ချက်အတိုင်း ကြိုးပမ်းအားထုတ်နေသည်။ ယခုတွင် နည်းလမ်းအချို့ကို သိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အတော်ပင် ငြိမ်းအေးပြီး စိတ်ချမ်းသာပြီဟု ထင်ရသည်” ဟု ဆိုကြသည်။ ဤစိတ်ခံစားမှုက အခြေခံအားဖြင့် တိကျမှန်ကန်သော်လည်း ယင်းက သင်သည် ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ ၈၀ ရာခိုင်နှုန်း ရှိပြီဟု ဆိုလိုသလော။ မဆိုလိုပေ။ သင်သည် အမှန်တကယ် မည်မျှရောက်ရှိထားပြီနည်း။ ၁၀ မှ ၁၅ ရာခိုင်နှုန်းကြားထဲ ဖြစ်သည်။ တာဝန်ကို ပြည့်မီစွာ ဖြည့်ဆည်းခြင်းဖြစ်စဉ်၌ သင်သည် ကြိမ်ဖန်များစွာ ပြုပြင်ခံရခြင်းကို တွေ့ကြုံရဦးမည် ဖြစ်သောကြောင့်ပင်။ အခြေအနေများစွာကို တွေ့ကြုံရမည်ဖြစ်သည်။ အပြုသဘောဆောင်သော အပိုင်းမှကြည့်လျှင် ဤအခြေအနေများ၌ ဘုရားသခင်သည် သင့်အား အတော်ပင် ထိတွေ့ခံစားစေမည် ဖြစ်သည်။ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအား ထိတွေ့စေခြင်းဖြစ်စဉ်တွင် ဆိုလိုသည်မှာ လက်တွေ့ကျသော ဤအခြေအနေများတွင် ဘုရားသခင်က သင့်အား သမ္မာတရားအချို့ကို နားလည်ခွင့်ပြုသည်။ သူက သင့်အား အဘယ့်ကြောင့် ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှတစ်ဆင့် သမ္မာတရားများကို နားလည်ခွင့်ပြုသနည်း။ အကယ်၍ သင်သည် ဤအတွေ့အကြုံများကို မဖြတ်သန်းပါက သင်၏ သမ္မာတရားနားလည်ခြင်းသည် စကားလုံးများ၊ အယူဝါဒများနှင့် ဆောင်ပုဒ်များအဆင့်၌ ထာဝရ ဆက်ရှိနေမည်ဖြစ်သည်။ အသက်တာတွင် အခြေအနေအမျိုးမျိုးကို တွေ့ကြုံပြီးသည်နှင့် တစ်ပြိုင်နက် ယခင်က သင်နားလည်လာခဲ့သည့် သို့မဟုတ် သင့်မှတ်ဉာဏ်ထဲ၌ သဘောပေါက်လာနိုင်ပြီး အပြည့်အဝ သိနားလည်နိုင်သည့် ထိုအယူဝါဒများက စစ်မှန်မှုတစ်မျိုး ဖြစ်လာမည်ဖြစ်သည်။ ဤစစ်မှန်မှုမှာ သမ္မာတရား၏ လက်တွေ့ကျသောအပိုင်း ဖြစ်ပြီး ယင်းမှာ သင်နားလည်သင့်သည့်အပြင် ဝင်ရောက်သင့်သည့် အရာပင် ဖြစ်၏။

လူတစ်ဦးသည် သူ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းနှင့် ဆိုင်သည့် စံနှုန်းကို မပြည့်မီရသေးသောအခါ သူ၏ ကယ်တင်ခံရခြင်း၏ အလားအလာများမှာ အဘယ်နည်း။ အများဆုံး ၁၀ မှ ၁၅ ရာခိုင်နှုန်းကြားထဲ၌ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် သမ္မာတရားကို နားမလည်သည့်အပြင် စစ်မှန်သော ကျိုးနွံနာခံမှု လုံးလုံးလျားလျား မရှိနိုင်သောကြောင့် ဖြစ်သည်။ သမ္မာတရားကို နားမလည်သော လူတစ်ဦးသည် စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်နိုင်သလော။ သူသည် သူ၏တာဝန်ကို အလေးအနက်၊ တာဝန်သိသိ ခံယူနိုင်သလော။ လုံးဝ မခံယူနိုင်ပေ။ သမ္မာတရားကို နားမလည်သောသူတို့ အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ကြသည်၊ အမှုအရာများကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုလုပ်ကြသည်၊ အတ္တဆန်သော ကြံရွယ်ချက်များစွာ၌ ရောထွေးကြပြီး မိမိတို့၏ကိုယ်ပိုင် ဦးစားပေးမှုများကို အခြေခံ၍ ပြုမူလုပ်ဆောင်ကြသည်။ သင်သည် အယူဝါဒများစွာကို ပြောနိုင်ပြီး အယူအဆသဘောတရားများနှင့် ဆောင်ပုဒ်များကို ကရားရေလွှတ် တတွတ်တွတ်ပြောနိုင်လျှင်ပင် ယင်းက သင်၌ သမ္မာတရား စစ်မှန်မှုရှိသည်ဟု မဆိုလိုပေ။ ထို့ကြောင့် သင်၏ ကယ်တင်ခံရခြင်း အခွင့်အရေးများက မမြင့်မားပေ။ စစ်မှန်သော ကယ်တင်ခြင်းကို ရရှိဖို့နှင့် စာတန်၏ စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အသက်ရှင်ဖို့အတွက် နောက်တစ်ဆင့်မှာ သမ္မာတရားအမျိုးမျိုးထဲ၌ ကြိုးစားအားထုတ်မှု ပြုရန်ဖြစ်သည်။ ဤကြိုးစားအားထုတ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားစစ်မှန်မှုထဲသို့ ပို၍ တိကျမှန်ကန်စွာနှင့် ပို၍ ခိုင်ခိုင်ခံ့ခံ့ ဝင်ရောက်ဖို့ ဖြစ်သည်။ သမ္မာတရားထဲသို့ ဝင်ရောက်ပြီးသောအခါမှသာ သင့်အသက်တာအတွက် လမ်းကြောင်းမှန်ပေါ် စတင်တက်ရောက်နိုင်သည်။ အကယ်၍ သင်သည် အယူဝါဒများနှင့် ဆောင်ပုဒ်များအား မည်သို့တတွတ်တွတ်ပြောရမည်ကိုသာ သိပြီး တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားစည်းမျဉ်းများကို သဘောမ‌ပေါက်သည့်အပြင် ကိုယ်ပိုင်စိတ်ကူးပေါက်ရာများကို အခြေခံ၍ မဆင်မခြင် ပြုမူလုပ်ဆောင်နိုင်စွမ်းပင် ရှိပါက သင်၌ သမ္မာတရားစစ်မှန်မှု ကင်းမဲ့ပေ၏။ ထို့ပြင် သင်သည် များစွာ အလှမ်းဝေးနေသေးသည်။ လူတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်နေစဉ် အမှုအရာများစွာ တွေ့ကြုံထားပြီး သမ္မာတရားကို နားမလည်ကြောင်းသာမက အဘယ်မျှများစွာ ကင်းမဲ့နေကြောင်းကိုပါ သဘော‌ပေါက်ပြီးနောက်၌ သမ္မာတရားကို စတင်၍ ကြိုးစားအားထုတ်လေသည်။ တဖြည်းဖြည်းဖြင့် သူသည် အယူဝါဒများနှင့် ဆောင်ပုဒ်များကို တတွတ်တွတ်ပြောခြင်းမှသည် စစ်မှန်သော သိနားလည်ခြင်း၊ သမ္မာတရားအား တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံခြင်းဆီသို့ ပြောင်းလဲသွားသည်။ ဤနည်းအားဖြင့် ကယ်တင်ခြင်းခံရမည်ဟူသည့် သူ၏မျှော်လင့်ချက်က တိုးပွားလာပြီး အလားအလာ ပို၍မြင့်မားလာသည်။ ဤတိုးပွားမှုက မည်သည့်အရာကို အခြေခံသနည်း။ (ယင်းသည် သမ္မာတရားကို သူနားလည်သည့် အတိုင်းအတာကို အခြေခံပါသည်။) သမ္မာတရားကို လူတစ်ဦး နားလည်သည့် အတိုင်းအတာသည် နက်နဲသော နားလည်မှုဖြစ်စေ၊ အပေါ်ယံဆန်သော နားလည်မှုဖြစ်စေ အရေးကြီးဆုံးအချက် မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီးသည့်နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိက အရေးအကြီးဆုံးဖြစ်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ ယင်းကို သင်နားလည်နိုင်သည်။ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်လျှင် ယင်းကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ချေ။ စကားများနှင့် အယူဝါဒများကို နားလည်ရုံသက်သက် နားလည်ခြင်းသည် သမ္မာတရားအား နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်လေ၊ စစ်မှန်မှု ပို၍ရှိလေ၊ သင် ပို၍ ပြောင်းလဲလေဖြစ်ပြီး သမ္မာတရားကို ပို၍ကောင်းစွာ နားလည်လေ ဖြစ်သည်။ သို့ဖြစ်ရာ ကယ်တင်ခံရမည်ဟူသည့် သင်၏ မျှော်လင့်ချက်မှာ ဤနည်းအတိုင်းပင် တိုးပွားလာမည်ဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် အပြုသဘောဆောင်သော အပိုင်း၌ သင်သည် တာဝန်များကို မှန်ကန်သောပုံစံဖြင့် သဘောထားနိုင်ကာ၊ အခြေအနေများကို ရင်ဆိုင်ရပါစေ ယင်းတို့ကို မည်သည့်အခါမျှ မစွန့်လွှတ်ပါက၊ ထို့ပြင် အခြားသူများက ယုံကြည်ခြင်းပျောက်ဆုံး၍ ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းကို ရပ်တန့်လိုက်သည့် အချိန်တွင်ပင် သင်သည် သင်၏ ယုံကြည်ခြင်းကို မြဲမြံစွာ ထိန်းသိမ်းနေသေးပြီး ယင်းတို့ကို အစမှအဆုံး မည်သည့်အခါမျှ မစွန့်လွှတ်ဘဲ သင်၏တာဝန်များအပေါ် အဆုံးတိုင်အောင် ဆက်လက်၍ တည်ကြည်ခိုင်မာပြီး သစ္စာစောင့်သိနေလျှင် သင်သည် သင်၏တာဝန်များကို တာဝန်များအဖြစ် အမှန်တကယ် သ‌ဘောထားနေပြီး အပြည့်အဝ သစ္စာစောင့်သိခြင်းကို လက်တွေ့ပြသနေသည်။ သင်သည် ဤစံနှုန်းကို ပြည့်မီနိုင်လျှင် တာဝန်များအား ပြည့်မီစွာ ထမ်းဆောင်ရန်အတွက် အခြေခံအားဖြင့် စံနှုန်းပြည့်ပြီး ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အပိုင်း၌ ရှိနေပြီဖြစ်သည်။ သို့ရာတွင် ဤစံနှုန်းကို မရောက်မီ အပျက်သဘောဆောင်သော အပိုင်းတွင် လူတစ်ဦးသည် စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ရမည်။ လူတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့မခံနိုင်သဖြင့် မိမိ၏တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးကာ တာဝန်အပေါ် သစ္စာဖောက်သည့်အခါ ယင်းက မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ယင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်းသဘော သက်ရောက်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား သစ္စာဖောက်ခြင်းသည် ဘုရားသခင်အား သစ္စာဖောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်သည့် လူတစ်ဦးသည် ကယ်တင်ခြင်း ခံရနိုင်သေးသလော။ ဤလူသည် ပြီးသွားပြီဖြစ်သည်။ မျှော်လင့်ချက်တစ်ခုလုံး ဆုံးရှုံးသွားပြီးလျှင် ယခင်က ထမ်းဆောင်ခဲ့သော တာဝန်များမှာ အလုပ်လုပ်ပေးခြင်းသက်သက်သာ ဖြစ်သွားကာ ယင်းက သူ၏သစ္စာဖောက်ခြင်းနှင့်အတူ စုပ်စမြုပ်စပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားဖို့ ပဓာနကျလေသည်။ ထိုသို့ပြုခြင်းဖြင့် မျှော်လင့်ချက် ရှိသည်။ မိမိ၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းခြင်းဖြင့် လူတစ်ဦးသည် ကယ်တင်ခြင်းကို ခံရနိုင်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရယူနိုင်သည်။ မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားခြင်းတွင် အခက်အခဲဆုံး အပိုင်းဖြစ်သည်ဟု လူတိုင်း တွေ့မြင်ကြသည်မှာ မည်သည့်အပိုင်း ဖြစ်သနည်း။ ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသောအခါ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းရှိမရှိပင် ဖြစ်သည်။ ဤစုံစမ်းသွေးဆောင်မှုများ၌ မည်သည့်အရာများ ပါဝင်သနည်း။ ငွေ၊ အဆင့်အတန်း၊ ချစ်ရေးချစ်ရာထုံးဖွဲ့မှုများ၊ စိတ်ခံစားမှုများပင်။ အခြားမည်သည့်အရာ ရှိ‌သေးသနည်း။ အကယ်၍ တာဝန်အချို့က အသက်ကို အန္တရာယ်ဖြစ်စေသည်အထိပင် အန္တရာယ်များကို ယူဆောင်လာပြီး ထိုကဲ့သို့သော တာဝန်များအား ထမ်းဆောင်ခြင်းသည် အဖမ်းခံရခြင်းနှင့် ထောင်ချခံရခြင်း သို့မဟုတ် သေသည်အထိ နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့ကိုပင် အကျိုးဆက်ဖြစ်ပေါ်စေခဲ့မည်ဆိုလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်ဦးမည်လော။ သင်သည် မဆုတ်မနစ် လုံ့လထုတ်နိုင်မည်လော။ ဤစုံစမ်းသွေးဆောင်မှုများကို အလွယ်တကူ ကျော်လွှားနိုင်ရန်ဟူသည်မှာ မိမိအနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိအပေါ် မူတည်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားနေစဉ် ဤစုံစမ်းသွေးဆောင်မှုများကို တဖြည်းဖြည်းချင်း ပိုင်းခြားသိမြင်ပြီး သတိပြုမိရန်၊ ယင်းတို့၏ အနှစ်သာရနှင့် ယင်းတို့၏နောက်ကွယ်မှ ဆိုးယုတ်သော လှည့်ကွက်များကို သတိပြုမိရန်အတွက် မိမိ၏ အစွမ်းအစပေါ် မူတည်သည်။ ယင်းက မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိ၏ သဘာဝအနှစ်သာရနှင့် မိမိ၏ အားနည်းချက်များအား သတိပြုမိရန်ကိုလည်း တောင်းဆိုသည်။ လူတစ်ဦးသည် သူ့အနေဖြင့် ဤစုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့ခံနိုင်ရန်အတွက် သူ့အား ကာကွယ်ရန် ဘုရားသခင်အား အဆက်မပြတ်လည်း တောင်းဆိုရမည်။ လူတစ်ဦးသည် ယင်းတို့ကို ကြံ့ကြံ့ခံနိုင်ပြီး မည်သည့်အခြေအနေ၌မျှ သစ္စာဖောက်ခြင်းမရှိဘဲ သို့မဟုတ် ထွက်ပြေးခြင်းမရှိဘဲ တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားနိုင်လျှင် ကယ်တင်ခံရနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း ရောက်ရှိလေသည်။ ဤ ၅၀ ရာခိုင်နှုန်းမှာ အလွယ်တကူ ရရှိနိုင်သလော။ အဆင့်တစ်ခုစီတိုင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကြီးမားသော အန္တရာယ်နှင့် အပြည့်ဖြစ်၏။ ယင်းကို ရရှိရန် မလွယ်ကူချေ။ သမ္မာတရား လိုက်စားခြင်းကို အလွန်ခက်ခဲသည်ဟု ရှုမြင်သဖြင့် ဘဝသည် အလွန်ပင် ခြေကုန်လက်ပန်းကျစေသည်ဟု ခံစားပြီး သေသွားဖို့ လိုလားမည့်လူများ ရှိသလော။ မည်ကဲ့သို့သော လူစားမျိုးက ဤပုံစံအတိုင်း ခံစားရသနည်း။ ဤသည်မှာ မယုံကြည်သူများ ခံစားသည့်ပုံဖြစ်၏။ ရှင်သန်ဖို့သက်သက်ဆိုလျှင် လူတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားနိုင်ကြသည်၊ မည်သည့် အခက်အခဲမဆို သည်းခံနိုင်ကြပြီးလျှင် ဘေးဒုက္ခများထဲတွင် ဘဝကို ကျားကုတ်ကျားခဲ ဖက်တွယ်ထားနိုင်ကြသေးကာ ၎င်းတို့၏ နောက်ဆုံးထွက်သက်အထိ အရှုံးမပေးကြပေ။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး သမ္မာတရားကို ဤသို့သော အားမာန်မျိုးဖြင့် လိုက်စားခဲ့လျှင် ရလဒ်များကို အသေအချာ ရရှိကြမည် ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို မချစ်သည့်အပြင် ယင်းအတွက် ကြိုးပမ်းအားထုတ်လိုစိတ် မရှိပါက ၎င်းတို့သည် အသုံးမကျသူများ ဖြစ်ကြပေ၏။ သမ္မာတရားအား လိုက်စားမှုသည် လူ့ကြိုးစားအားထုတ်မှုသက်သက်ဖြင့် ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ပေါင်းစပ်ထားသည့် လူ့ကြိုးစားအားထုတ်မှု လိုအပ်သည်။ ယင်းက ဘုရားသခင်အနေဖြင့် လူတို့အား စမ်းသပ်ဖို့နှင့် စစ်ဆေးဖို့အတွက် အခြေအနေအမျိုးမျိုးကို စီစဉ်ညွှန်ကြားရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အနေဖြင့် ၎င်းတို့အား ဉာဏ်အလင်းပေးရန်၊ အလင်းပေးရန်နှင့် လမ်းညွှန်ရန် လိုအပ်သည်။ သမ္မာတရားကို ရရှိဖို့အတွက် လူတစ်ဦး ခံစားရသည့် ဒုက္ခဆင်းရဲသည် လုံးလုံးလျားလျား အကျိုးအကြောင်းခိုင်လုံပေသည်။ တောင်ထိပ်များကို ကုတ်ကတ်တက်ဖို့ မိမိတို့၏အသက်ကို ရင်းရသော တောင်တက်သမားများကဲ့သို့ ၎င်းတို့သည် မိမိတို့၏အသက်များကို အရဲစွန့်ရသည်အထိပင် ကန့်သတ်ချက်များကို စိန်ခေါ်ရန်အတွက် မိမိတို့၏ ရှာဖွေမှုတွင် အခက်အခဲကို မကြောက်ရွံ့ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်းသည် တောင်တက်ခြင်းထက် ပို၍ ခက်ခဲသလော။ ကောင်းချီးမင်္ဂလာများကို အလိုရှိသော်လည်း ဒုက္ခဆင်းရဲ မခံစားလိုသောသူတို့မှာ မည်သို့သော လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် အသုံးမကျသောသူများ ဖြစ်၏။ စိတ်ဓာတ်စွမ်းအားမပါဘဲ သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း မရှိနိုင်ပေ။ ယင်းကို ဒုက္ခဆင်းရဲခံစားနိုင်စွမ်း မရှိဘဲ မရပေ။ ယင်းကို ရရှိဖို့အတွက် အဖိုးအခပေးရမည်ဖြစ်သည်။

ပြည့်မီခြင်းနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည့်မီဖို့အတွက် စံချိန်စံညွှန်း၊ ပြည့်မီဖို့အတွက် ဤစံချိန်စံညွှန်းကို ဘုရားသခင်က အဘယ့်ကြောင့် သတ်မှတ်ထားသည်ဟူသော အကြောင်းရင်း၊ မိမိ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှုတို့ကြားမှ ဆက်စပ်မှုအပြင် ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုင်ရာ သမ္မာတရားနှင့် ဆက်စပ်သည့် ထိုကဲ့သို့သော အခြားသော အခြေခံအကြောင်းများကို လူတို့ နားလည်လာကြပြီဖြစ်သည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အချိန်ဖြစ်စေ၊ မည်သည့်နေရာဖြစ်စေ၊ လက်မလျှော့ဘဲ မိမိတို့၏တာဝန်ကို မြဲမြံစွာ ထမ်းဆောင်နိုင်ပြီး စုံစမ်းသွေးဆောင်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်သည့်အပြင် မိမိတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် မတူညီသော အခြေအနေများအားလုံး၌ ဘုရားသခင် သတ်မှတ်သည့် အမျိုးမျိုးသော သမ္မာတရားအားလုံးကို သိကျွမ်းခြင်းနှင့် ယင်းတို့ထဲသို့ ဝင်ရောက်မှုကို သဘောပေါက်နားလည်ပြီး ရရှိနိုင်ပါက ဘုရားသခင်၏အမြင်၌ မိမိတို့သည် အခြေခံအားဖြင့် ပြည့်မီခြင်းကို ရရှိထားပြီဖြစ်သည်။ လူတစ်ဦး၏တာဝန်အား ထမ်းဆောင်ရာ၌ ပြည့်မီခြင်းကို ရရှိရန် အခြေခံအကြောင်းရင်း သုံးခုရှိသည်။ ပထမမှာ မိမိတို့၏တာဝန်အပေါ် မှန်ကန်သော သဘောထားရှိခြင်းနှင့် မည်သည့်အချိန်၌မဆို မိမိတို့၏တာဝန်အား စွန့်ပစ်၍မထားခြင်း ဖြစ်သည်။ ဒုတိယမှာ မိမိတို့ တာဝန်ထမ်းဆောင်စဉ် စုံစမ်းသွေးဆောင်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ခြင်းနှင့် မမှောက်မှားခြင်း ဖြစ်သည်။ တတိယမှာ မိမိတို့ တာဝန်ထမ်းဆောင်စဉ် သမ္မာတရား၏ လက္ခဏာသွင်ပြင်တိုင်းကို နားလည်နိုင်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ လူတို့သည် ဤအရာသုံးခုကို ပြီးမြောက်‌အောင်မြင်ကာ အဆင့်မီထားပြီးပါက တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စုံလင်အောင်အပြုခံရခြင်းအား လက်ခံဖို့အတွက် ပထမဆုံး လိုအပ်ချက်ဖြစ်သည့် မိမိ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းကို ပြည့်စုံစေပြီး ဖြစ်လိမ့်မည်။

ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် စပ်လျဉ်း၍ “ပြည့်မီသည်” ဟူသော အသုံးအနှုန်းနှင့်ပတ်သက်သည့် အကြောင်းအရာ အနည်းငယ်ကို ယခင်က ဆွေးနွေးခဲ့ကြပြီ ဖြစ်သည်။ ယခင်ဆွေးနွေးချက်များတွင် “ပြည့်မီသည်” ဟူသည်ကို အခြေခံအားဖြင့် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သနည်း။ (စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းအဖြစ် ဖွင့်ဆိုခဲ့သည်။) ယနေ့ ဆွေးနွေးသည့် “ပြည့်မီခြင်း” သည် လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင် တောင်းဆိုသော စံချိန်စံညွှန်းများအထိ ဝင်ရောက်ပြီးဖြစ်သည်။ လူတို့သည် မိမိတို့၏တာဝန်ကို ပြည့်မီသော စံချိန်စံညွှန်းရောက်အောင် ထမ်းဆောင်ဖို့အတွက် ဘုရားသခင် အဘယ့်ကြောင့် သတ်မှတ်ထားသနည်း။ ဤသည်မှာ လူတို့အား ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်အပြင် လူတို့အား ကယ်တင်ခြင်း၊ စုံလင်စေခြင်းအတွက် သူ၏ စံချိန်စံညွှန်းများနှင့် ဆက်စပ်လေသည်။ အကယ်၍ သင်သည် သင်၏ တာဝန်ထမ်းဆောင်ရာ၌ ပြည့်မီခြင်းကို မရရှိလျှင် ဘုရားသခင်က သင့်ကို စုံလင်အောင်ပြုမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်အနေဖြင့် လူတို့ကို စုံလင်အောင်ပြုဖို့ရန် အ‌ရေးပါဆုံးသော သတ်မှတ်ချက်ဖြစ်သည်။ ထို့အတွက်ကြောင့် လူတစ်ဦးသည် ဘုရားသခင်၏ စုံလင်အောင်အပြုခံရနိုင်ခြင်း ရှိမရှိမှာ သူ၏တာဝန်ထမ်းဆောင်မှု ပြည့်မီခြင်းရှိမရှိအပေါ် အရေးတကြီး မူတည်၏။ သင်၏ တာဝန်ထမ်းဆောင်မှုမှာ မပြည့်မီလျှင် လူတို့အား စုံလင်အောင်ပြုခြင်းဟူသည့် ဘုရားသခင်၏ အလုပ်သည် သင်နှင့်မဆိုင်ပေ။ ယခုတွင် လူအချို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ရာတွင် မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိကြပြီး ၎င်းတို့၏ ဦးတည်ချက်မှာလည်း မှန်ကန်သည်။ သို့သော် ၎င်းတို့ကို မိမိတို့၏တာဝန်များအား ပြည့်မီစွာ ထမ်းဆောင်နေသည်ဟု ယူဆ၍ မရသေးချေ။ အဘယ့်ကြောင့်နည်း။ လူတို့က သမ္မာတရားနှင့်ပတ်သက်၍ အနည်းငယ်သာ နားလည်ကြသောကြောင့် ဖြစ်သည်။ ယင်းမှာ အိမ်ထောင့်တာဝန်များအတွက် မိမိတို့၏ မိဘများနှင့် ဝိုင်းလုပ်လိုသော်လည်း ထိုသို့ပြုရန်အတွက် ရင့်ကျက်မှု ရှိကောင်းရှိမည် မဟုတ်သည့် ကလေးငယ်အချို့နှင့် တူ၏။ ၎င်းတို့သည် မည်သည့်အဆင့်တွင် အိမ်ထောင့်တာဝန်အချို့ကို အမှန်တကယ် ဝိုင်းလုပ်ဖို့ ရင့်ကျက်မှု ရှိမည်နည်း။ ယင်းမှာ လူကြီးများကို မပူပန်စေဘဲ အရာအချို့ကို လုပ်ဆောင်နိုင်သည့်အချိန် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် အိမ်ထောင့်တာဝန်များ၌ ဝိုင်းလုပ်နိုင်ပြီး ယင်းမှာ ၎င်းတို့ လုပ်ဆောင်နိုင်သည့်အချိန် ဖြစ်သည်။ ယခုတွင် သင်သည် အမှုအရာအချို့ကို ပြုလုပ်နိုင်သော်လည်း သင်နားလည်သည့် သမ္မာတရားက ပေါ့တန်လွန်းသောကြောင့်၊ သင်လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားက နည်းလွန်းသောကြောင့်၊ ထို့ပြင် သင်နားလည်သဘောပေါက်နိုင်သည့် စည်းမျဉ်းများက နည်းပါးလွန်းသောကြောင့် သင်သည် လုံ့လစိုက်ထုတ်ခြင်းနှင့် အလုပ်လုပ်ပေးခြင်းဟူသည့် အဆင့်၌သာ ရှိနေသေးသည်။ သင်သည် မကြာခဏ စမ်းတဝါးဝါး လျှောက်နေသည့်ဖြစ်စဉ်၌ ရှိနေသည်၊ မကြာခဏ ဇဝေဇဝါဖြင့် လုပ်ဆောင်နေသည်၊ ထို့ကြောင့် သင့်အနေဖြင့် မိမိလုပ်ဆောင်နေသည့် အရာက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးဖို့ အလွန်ခက်ခဲသည်။ သင်သည် စိတ်ထဲတွင် အမြဲတမ်း မသဲမကွဲ ဖြစ်နေသည်။ သို့ဆိုလျှင် သင်၏ တာဝန်ထမ်း‌ဆောင်မှုကို ပြည့်မီသည်ဟု ယူဆ၍ရသလော။ သင်သည် သမ္မာတရားကို အနည်းငယ်သာ နားလည်ပြီး သင်၏ အသက်ဝင်ရောက်မှုသည် ဘုရားသခင် သတ်မှတ်သည့် အဆင့်ကို မရောက်ရှိသေးသောကြောင့် ယူဆ၍မရ‌သေးပေ။ သင်၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်လွန်းသည်။ လူတစ်ဦး၏ ဝိညာဉ်ရင့်သန်မှု သေးငယ်လွန်းသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အချို့က ယင်းသည် သမ္မာတရားအား အပေါ်ယံဆန်သော နားလည်ခြင်းဟု ဆိုသော်လည်း အမှန်မှာ ယင်းက သမ္မာတရားအား ပေါ့တန်သော နားလည်ခြင်းကိစ္စသာ မဟုတ်ချေ။ ယင်းမှာ လူတစ်ဦး၏ မရင့်ကျက်သေးသော လူ့သဘာဝ သို့မဟုတ် သူ၏ ညံ့ဖျင်းသော အစွမ်းအစနှင့် အပျက်သဘောဆောင်သော အရာမြောက်မြားစွာ ရှိနေခြင်းနှင့်လည်း တိုက်ရိုက်ပတ်သက်နေသည်။ ဥပမာအနေဖြင့် ယခုအခါတွင် သင့်အပေါ် တာဝန်တစ်ခုကျရောက်ပြီး ထိုအရာအား မည်သို့လုပ်ဆောင်ရမည်ကို သင်မသိပါက သင်သည် အသုံးမကျသည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များအား အလေးမထားနိုင်ဟု သင်ခံစားကောင်း ခံစားရမည်။ ဤအရာက သင့်အား အပျက်သဘောဆောင်ပြီး အားနည်းလာစေကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများမှာ မကောင်းသည့်အပြင် သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ဘဲ ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ သေချာသည်ဟု ခံစားရလေသည်။ ထို့နောက် သင်သည် တာဝန်ထမ်းဆောင်လိုစိတ် နောက်ထပ် မရှိတော့ပေ။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှု၏ သရုပ်သကန်တစ်ခုဖြစ်သည် မဟုတ်လော။ ထိုမျှမက ယခုတွင် အိမ်ထောင်မပြုရသေးသည့် ညီအစ်ကိုမောင်နှမ များစွာရှိ၏။ အကယ်၍ ၎င်းတို့သည် ချောမောသော ယောကျ်ား သို့မဟုတ် မိန်းမကို ကြုံတွေ့ပါက အရူးအမူး စွဲလမ်းကောင်း စွဲလမ်းသွားမည်ဖြစ်ပြီး ၎င်းတို့ကြားမှ အပြန်အလှန် အနည်းငယ် အကြည့်ချင်းဆုံမှုက စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုမျှအားကောင်းသော ချစ်ခင်တွယ်တာမှုများ အစပျိုးနေလျှင် ၎င်းတို့ စတင်ချိန်းတွေ့သောအခါ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ဦးမည်လော။ ဤသည်မှာ စုံစမ်းသွေးဆောင်မှုထဲသို့ ကျ‌ရောက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည်မဟုတ်လော။ အမှန်ပင် ညွှန်ပြနေသည်။ ထို့အပြင် လူအချို့၌ အထူးဆုကျေးဇူးများ အချို့ရှိပြီး ၎င်းတို့သည် ဘုရားအိမ်တော်ထဲ၌ အထူးတာဝန်များ အချို့ကို ထမ်းဆောင်ကြသည်။ ဤအရာက ၎င်းတို့၌ အရည်အသွေးကောင်း အနည်းငယ်ရှိသည်ဟု ခံစားစေသောကြောင့် ၎င်းတို့သည် ဂိုက်ဆိုက်ထုတ်လိုကြပြီး အမြဲတမ်း ကြွားလုံးထုတ်ချင်ကြ၏။ ၎င်းတို့သည် ကြွားလုံးထုတ်သည်နှင့် တစ်ပြိုင်နက် အမှုအရာများ လုပ်ဆောင်ရာ၌ စည်းမျဉ်းများ ပျောက်ဆုံးသွားသည်။ ထို့ပြင် အခြားသူများက ၎င်းတို့ကို အနည်းငယ်မျှပင် ချီးမွမ်းလိုက်ပါက ၎င်းတို့သည် အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်းတို့၏ စည်းမျဉ်းများ ပျောက်ဆုံးသွားမည်မှာ အသေအချာဖြစ်ကာ မိမိဘာသာ အားရကျေနပ်လာပြီး မိမိတို့၏ တာဝန်များကို မေ့ပျောက်သွားသည်။ ဤသည်မှာလည်း စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်ခြင်းပင်ဖြစ်၏။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည် မဟုတ်လော။ အရေးမပါသော ကိစ္စများကပင် သေးငယ်သော ဝိညာဉ်ရင့်သန်မှု ရှိသည့် လူတစ်ဦးကို မှောက်မှားစေနိုင်၏။ ဥပမာအနေဖြင့် လူအချို့သည် ဘုရားအိမ်တော်ထဲတွင် သရုပ်ဆောင်များအဖြစ် အလုပ်လုပ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရုပ်သွင်နှင့် စန်းတို့ဖြင့် ရုပ်ရှင်ဇာတ်လမ်းအနည်းငယ်၌ ပါလာပြီးနောက် ကျော်ကြားမှုအနည်းငယ် ရရှိထားပြီးသကဲ့သို့ ခံစားကြသည်။ ၎င်းတို့က “ယခု ငါ အနည်းငယ် အောင်မြင်လာပြီ။ အကယ်၍ ဤအရာက အပြင်‌လောကထဲ၌ဆိုလျှင် လူတို့သည် ငါ့ကို အမှတ်တရ လက်မှတ်ထိုးခိုင်းနေကြမည် မဟုတ်လော။ ဘုရားအိမ်တော်ထဲရှိ မည်သူကမျှ အဘယ့်ကြောင့် ငါ့ကို အမှတ်တရ လက်မှတ်ထိုးခိုင်းလိုခြင်း မရှိကြသနည်း။ ငါသည် နောက်ထပ် ဇာတ်လမ်းကောင်းကောင်းတွင် သရုပ်ဆောင်လျှင် ကောင်းမည့်ပုံဖြစ်သည်” ဟု စဉ်းစားကြသည်။ သို့ရာတွင် ၎င်းတို့သည် နောက်ထပ်ဇာတ်လမ်းထဲတွင် ခေါင်းဆောင်နေရာကို မရသောအခါ မိမိတို့၏ တာဝန်များကို စွန့်လွှတ်လိုက်ချင်ကြပြီး ထိုတာဝန်များကို အကျိုးမရှိဟု ယူဆကြသည်။ ၎င်းတို့သည် ခေါင်းဆောင်နေရာများ၌ အမြဲတမ်း သရုပ်ဆောင်လိုကြပြီး နာမည်ကြီးသရုပ်ဆောင် ဖြစ်လိုသည့်အပြင် ယင်းကို မရရှိသောအခါ စိတ်ဓာတ်ကျလာသည်၊ ဒေါပွလာပြီး ထွက်ရန်ပင် စဉ်းစားကြသည်။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှု ရှိခြင်း ဖြစ်သည်။ သေးငယ်သော ဝိညာဉ်ရင့်သန်မှု ရှိခြင်းဟူသည်မှာ သင်သည် အရေးပါသော တာဝန်ဝတ္တရားများအတွက် မသင့်တော်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင့်ကို ဘုရားသခင်မှ တာဝန်တစ်ခုကို ပေးအပ်လျှင်ပင် သင်သည် သူ၏စိတ်ချယုံကြည်မှုကို မရရှိနိုင်သေးချေ။ မှားယွင်းသော ထင်မြင်ချက်တစ်ခု သို့မဟုတ် သင်၏ စိတ်ဆန္ဒများနှင့် ဆန့်ကျင်သော အရာတစ်ခုရှိလျှင် သင်သည် တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သည်။ ဤသည်မှာလည်း သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အလွန်တရာသေးငယ်သော ဝိညာဉ်ရင့်သန်မှုတစ်ခု ဖြစ်၏။ ထိုမျှသေးငယ်သော ဝိညာဉ်ရင့်သန်မှုနှင့် ဤအပြုအမူများနှင့်ဆိုလျှင် လူတစ်ဦးသည် မိမိ၏တာဝန်များအား ပြည့်မီစွာ ထမ်းဆောင်ခြင်းမှ အဘယ်မျှ အလှမ်းဝေးနေသနည်း။ ကွာဟချက်သည် မည်သည့်နေရာ၌ ရှိသနည်း။ ယင်းမှာ လူတစ်ဦးက သမ္မာတရားကို အဘယ်မျှချစ်သည် ဟူသည့်အထဲ၌ ရှိသည်။ တာဝန်များကို ထမ်းဆောင်နေစဉ် မိမိတို့၏ အနီးစပ်ဆုံး မိသားစုဝင်တစ်ဦး နာမကျန်းဖြစ်သွားကြောင်း သိရှိရသည့် လူအချို့လည်း ရှိသည်။ ထိုအခါ ၎င်းတို့သည် စည်းဝေးပွဲများ တက်ရောက်ခြင်းကို ရပ်လိုက်ပြီး မိမိတို့၏တာဝန်များကို လျစ်လျူရှုလျက် မိမိတို့၏ တာဝန်များအား နှစ်ရက်သုံးရက် ရှောင်လွှဲခြင်းက ကိစ္စမရှိပါဟု ထင်မှတ်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့၏ မိသားစုဝင်သည် သေဆုံးဖို့ ဖြစ်လာပါက ၎င်းတို့သည် ထာဝရပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့သော် ၎င်းတို့က မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် အသက်ရရှိခြင်းနှင့် ပတ်သက်နေသည့် အရေးပါသောကိစ္စဖြစ်ကြောင်း၊ ယင်းမှာ ကယ်တင်ခြင်းရရှိဖို့အတွက် မိမိ၏တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်းကို ထည့်သွင်းစဉ်းစားဖို့ ပျက်ကွက်ကြသည်။ ၎င်းတို့က မိမိတို့၏ တာဝန်များနှင့် ကယ်တင်ခြင်းရရှိမှုထက် ခံစားမှုများနှင့် မိသားစုကို ဦးစားပေးကြသည်။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည်မဟုတ်‌လော။ ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုက အလွန်မှပင် သေးငယ်လှပါတကား။ ဤအရာက ၎င်းတို့သည် အသက်နှင့်ဆိုင်သည့် တကယ့်အရေးကိစ္စများကို နားမလည်သည့်အပြင် တကယ့်လုပ်ငန်းတာဝန်များ၌ ပါဝင်လုပ်ဆောင်ဖို့ကို မသိကြကြောင်း ပြပေသည်။ လူတစ်ဦး၏ ဝိညာဉ်ရင့်သန်မှု အရွယ်အစားမှာ သူ၏ အသက်အရွယ်အပေါ် မူတည်သလော။ မမူတည်ချေ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ထို့ပြင် မည်သည့်အသက်အရွယ်၊ မည်သည့်မွေးရာဇာတိ၊ သို့မဟုတ် မည်သည့်နိုင်ငံသားဖြစ်စေ ဖောက်ပြန်ပျက်စီးသော လူသားအားလုံး၌ တူညီသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြသည်။ ၎င်းတို့အားလုံးသည် စာတန်၏ သဘာဝကို ပိုင်ဆိုင်ကြပြီး ဘုရားသခင်အား ပုန်ကန်ပြီး ခုခံနိုင်ကာ မကောင်းမှုမျိုးစုံကို ကျူးလွန်ကြ၏။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက သူ၌ စစ်မှန်သော နောင်တတရား ရှိနိုင်သ‌လော။ မည်သည့်အခါမျှ မရှိနိုင်ပေ။ ၎င်းတို့ ပြောင်းလဲမည်မဟုတ်ချေ။ လူအချို့သည် နာမကျန်းဖြစ်လာပြီး ဘုရားသခင်ကို အမှီပြုကြောင်းနှင့် သေခြင်းတရားအား မကြောက်ရွံ့ကြောင်း အော်ဟစ်ကြသော်လည်း ထိုင်ရုံထိုင်နေပြီး ဘာမျှမလုပ်ဘဲ နေ၍မရဟူ၍လည်း ခံစားကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်ပါက သေဆုံးသွားမည်မှာ အသေအချာဖြစ်သည်ဟု စဉ်းစားသောကြောင့် ချက်ချင်းပင် တာဝန်များကို သွား၍ ထမ်းဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်၌ အလုပ်ရှုပ်ဆုံးသော လုပ်ငန်းတာဝန်များ ရှိပြီး အရေးကြီးဆုံးဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းတာဝန်ကို ဘုရားသခင် တန်ဖိုးထားကြောင်းကို ကြည့်ပြီး ယင်းအတွက် အလျင်အမြန် လျှောက်ကြသည်။ တာဝန်ထမ်းဆောင်စဉ်တစ်လျှောက် ၎င်းတို့က “ဤရောဂါသည် ပျောက်နိုင်သလော။ ပျောက်နိုင်မည်ဟု အသေအချာ မျှော်လင့်သည်။ ငါသည် မိမိ၏အသက်ကို ပေးအပ်မြှုပ်နှံထားသည်။ ငါသည် ပျောက်ကင်းသင့်သည် မဟုတ်လော” ဟု အမြဲတစေ တွေးနေကြသည်။ အမှန်တွင်မူ ၎င်းတို့၌ရှိသည့် ရောဂါက ကျွမ်းနေပြီဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ သေမည်ဖြစ်သည်။ ၎င်းတို့သည် ယခုအခါတွင် တာဝန်ထမ်းဆောင်သော်လည်း ဘုရားသခင်က လူ၏စိတ်နှလုံးကို စောင့်ကြည့်လေ့လာ၏။ ထိုမျှသေးငယ်သော ဝိညာဉ်ရင့်သန်မှုနှင့် ထိုကဲ့သို့သော စေ့ဆော်မှုဖြင့် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ လုံးဝ မထမ်းဆောင်နိုင်ပေ။ ဤသို့သော လူစားမျိုးသည် သမ္မာတရားကို မလိုက်စားသည့်အပြင် ၎င်းတို့၏ လူ့သဘာဝမှာ မကောင်းမွန်ပေ။ ၎င်းတို့သည် စိတ်ထဲတွင် မိမိတို့ကိုယ်ပိုင် အကြံအစည်လေး အမြဲတမ်းရှိကြသည်။ ၎င်းတို့၏ရောဂါ ပြန်ထသည် သို့မဟုတ် အနည်းငယ်မျှပင် နေထိုင်မကောင်းဖြစ်သည်နှင့် တစ်ပြိုင်နက် “ဘုရားသခင်သည် ကျွန်ုပ်ကို အမှန်တကယ် ကောင်းချီးပေးပြီးပြီလော။ သူသည် ကျွန်ုပ်ကို အမှန်တကယ် ဂရုစိုက်ပြီး ကွယ်ကာပေးသလော။ သူသည် ကွယ်ကာပေးသည့်ပုံ မပေါက်သဖြင့် ကျွန်ုပ်သည် မိမိ၏တာဝန်များကို နောက်ထပ် ထမ်းဆောင်တော့မည်မဟုတ်” ဟု စတင် စဉ်းစားကြတော့သည်။ အနည်းငယ် ကသိကအောက် ခံစားရသည့်အခိုက် ၎င်းတို့သည် မိမိတို့၏တာဝန်များကို စွန့်လွှတ်ချင်ကြသည်။ ၎င်းတို့၌ ဝိညာဉ်ရင့်သန်မှုပင် ရှိကြသလော။ (မရှိကြပါ။) ထို့ကြောင့် အမျိုးမျိုးသော လူတို့သည် ဤနေရာတွင် ထိုင်ပြီး တရားဒေသနာများကို နာယူနိုင်သောကြောင့်၊ သို့မဟုတ် ၎င်းတို့သည် ဘုရားအိမ်တော်ရှိ ရာထူးတစ်ခုခုတွင် ၎င်းတို့၏ ကိုယ်ပိုင် အတတ်ပညာဆိုင်ရာ စွမ်းရည်များ သို့မဟုတ် ကျွမ်းကျင်မှုနယ်ပယ်များနှင့် ဆက်စပ်သည့် အလုပ်ကို လုပ်ဆောင်ခြင်းဟူသည့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ မိသားစုများနှင့် သက်မွေးမှုလုပ်ငန်းများကို စွန့်လွှတ်နိုင်သောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသည်မှာ သေချာပေါက်ဖြစ်သည်ဟု မထင်မှတ်လေနှင့်။ ယင်းမှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူများအားလုံးက ဝိညာဉ်ရင့်သန်မှုတစ်ခုခု ပိုင်ဆိုင်ဖို့ဝေးစွ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူတိုင်းက မိမိဆန္ဒအလျောက် ထမ်းဆောင်နေကြသည်ဟုလည်း မဆိုလိုပေ။ အပြင်ပန်းတွင် လူတို့သည် အလုပ်ရှုပ်နေကြဟန်တူပြီး အမှုအရာများကို မိမိဆန္ဒအလျောက် လုပ်ဆောင်နေကြကာ ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ခြင်းဟူသည့် အခြေခံအုတ်မြစ်အပေါ် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံနေကြပုံပေါက်သည်။ အမှန်တွင်မူ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ လူတိုင်းသည် မကြာခဏ အားနည်းကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များအား လက်လျှော့လိုက်ဖို့ မကြာခဏ စိတ်ကူးကြသည်၊ မိမိတို့၏ကိုယ်ပိုင် အကြံအစည်များ မကြာခဏ ရှိကြသည်၊ ထို့ပြင် ၎င်းတို့သည် အလျင်အမြန် ကောင်းချီးရရှိနိုင်ဖို့အတွက် ဘုရားသခင်၏အလုပ် မကြာခင် ပြီးဆုံးသွားရန် ပို၍မကြာခဏပင် မျှော်လင့်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်က ထိုအရာပင် ဖြစ်၏။ ဘုရားသခင်က ဖြေရှင်းဖို့ရည်မှန်းသည်မှာ ဤအရာများဖြစ်သော လူ့အားနည်းချက်များ၊ ပုန်ကန်လိုစိတ်ရှိခြင်းနှင့် သေးငယ်သော ဝိညာဉ်ရင့်သန်မှုသာမက လူတို့၏ မသိနားမလည်သော စိတ်ကူးများနှင့် လုပ်ဆောင်ချက်များလည်း ဖြစ်သည်။ ဤကိစ္စများအားလုံး ပြေလည်သွားပြီး နောက်ထပ်ပြဿနာများ မရှိတော့သောအခါ၊ ဖြစ်ပေါ်လာသည့် မည်သည့်အရာကမျှ သင်၏ တာဝန်များအား ထမ်း‌ဆောင်နိုင်စွမ်းကို မထိခိုက်နိုင်သောအခါ ယင်းသည် လုံလောက်ပြီဖြစ်ပြီး သင်၏ ဝိညာဉ်ရင့်သန်မှု ကြီးထွားလာပြီဖြစ်သည်။ လူတစ်ဦး နောက်ဆုံးတွင် လျှောက်မည့်လမ်းကြောင်းနှင့် သူလျှောက်မည့် အတိုင်းအတာကို ကြွေးကြော်သံများအား သူ အဘယ်မျှကျယ်လောင်စွာ အော်ဟစ်သည် ဆိုသည့်အရာအားဖြင့် အဆုံးအဖြတ်မပေးသကဲ့သို့ ၎င်းတို့၏ တဒင်္ဂဖြစ်သော စိတ်ခံစားချက်များ သို့မဟုတ် စိတ်ဆန္ဒများအားဖြင့်လည်း အဆုံးအဖြတ်မပေးချေ။ ထိုအစား ယင်းမှာ ၎င်းတို့၏ သမ္မာတရားလိုက်စားမှုနှင့် ၎င်းတို့၏ သမ္မာတရားအား ချစ်သည့် အတိုင်းအတာအပေါ် မူတည်သည်။

သင်တို့သည် မည်သည့်အခြေအနေများ၌ တာဝန်ကို လက်လျှော့မည်နည်း။ ယင်းမှာ သင်သည် သေခြင်းတရားကို ရင်ဆိုင်နေသောအခါ ဟုတ်သလော။ သို့မဟုတ် အသက်တာ၌ အသေးအဖွဲ စိတ်ထိခိုက်စရာများကို ကြုံတွေ့သောအခါ ဟုတ်သလော။ လူအချို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာလျှင် တောင်းဆိုချက်များစွာ ရှိကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် လေ သို့မဟုတ် နေကို ထိတွေ့၍မရသည့်အပြင် ၎င်းတို့၏ အလုပ်ပတ်ဝန်းကျင်က သက်တောင့်သက်သာ ရှိရမည်။ ၎င်းတို့သည် နစ်နာချက် အနည်းငယ်မျှကိုပင် မခံနိုင်ကြချေ။ ထို့အပြင် ၎င်းတို့သည် ခင်ပွန်းသည် (သို့မဟုတ် ဇနီးသည်) နှင့် မကြာခဏ အတူရှိရမည်၊ နှစ်ယောက်တစ်ကမ္ဘာတည်ကာ ပွဲများအတွက် အပြင်ထွက်လည်ခြင်း၊ အပန်းဖြေခရီးထွက်ခြင်း အစရှိသည့် ၎င်းတို့၏ သီးသန့်ဘဝများလည်း ရှိရမည်ဖြစ်ပြီး ယင်းတို့အားလုံးက ၎င်းတို့ကို စိတ်ကျေနပ်စေရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အနည်းငယ်မျှပင် ကျေနပ်မှုမရှိပါက ၎င်းတို့၏စိတ်နှလုံးထဲတွင် မသက်မသာဖြစ်ပြီး အစဉ်အမြဲ မကျေမနပ်ဖြစ်လာမည် ဖြစ်ကာ ယူဆချက်များကို ပျံနှံ့စေခြင်းဖြင့် အခြားသူများကိုပင် အနှောင့်အယှက်ပေးမည် ဖြစ်သည်။ သမ္မာတရားကို နားလည်သော လူအချို့က ဤလူတို့သည် မကောင်းကြောင်း၊ ထိုလူတို့သည် မယုံကြည်သူများ ဖြစ်ပြီး ထိုသူတို့နှင့် ကင်းအောင်နေမည်ဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်ကြသည်။ သို့သော် သမ္မာတရား နားမလည်သော လူအချို့ရှိသည်။ ၎င်းတို့၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြကာ ၎င်းတို့သည် ဤလူတို့၏ အဖျက်အမှောင့်လုပ်ခြင်းများဖြင့် ထိခိုက်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုကဲ့သို့သော ဒုစရိုက်သမားများကို အသင်းတော်ထဲမှ ရှင်းထုတ်သင့်သလော၊ ငါ့ကိုပြောလော့။ (ရှင်းထုတ်သင့်ပါသည်။) အသင်းတော်၏ အလုပ်ကို အမြဲတစေ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ဤလူစားမျိုးကို သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး မသိနားမလည်သော သူတို့အား ကာကွယ်ရန်အတွက် ရှင်းထုတ်ပစ်ရမည်။ သင်တို့ကိုယ်တိုင်သည် မည်သည့် အနေအထားများတွင် သင်တို့၏တာဝန်များကို စွန့်ပစ်ပြီး အသိမပေးဘဲ ထွက်သွားကောင်း ထွက်သွားနိုင်မည်နည်း။ ဥပမာအနေဖြင့် ဧဝံဂေလိဖြန့်ဝေနေစဉ် သင်သည် အထူးသဖြင့် ချောမောပြီး သြဇာတိက္ကမရှိစွာ စကားပြောသူတစ်ဦးဦးကို တွေ့ပြီး သူ့ကို ပိုကြည့်လေလေ လေးစားကြည်ညိုမှု ပိုတိုးလေလေဖြင့် “ငါ၏တာဝန်များကို မထမ်းဆောင်ဘဲနေပြီး ဤကဲ့သို့သော ကြင်ဖော်တစ်ဦးကို ရှာတွေ့လျှင် အဘယ်မျှကောင်းလိမ့်မည်နည်း” ဟု စဉ်းစားလေသည်။ သင်သည် ဤပုံစံအတိုင်း စဉ်းစားလိုက်သည်နှင့် သင် ဒုက္ခရောက်ပြီဖြစ်သည်။ စုံစမ်းသွေးဆောင်မှုကို အရှုံးပေးဖို့ လွယ်ကူမည် ဖြစ်သည်။ ထို့ပြင် ထိုအကြောင်းကို အလွန်များပြားစွာ စဉ်းစားမိလိုက်သည်နှင့် သင်သည် လက်တွဲဖော်ကို သေချာပေါက် စတင်ရှာချင်လာပြီဖြစ်သည်။ သို့သော် သင်သည် နောက်ဆုံး၌ သူ့ကို သိမ်းသွင်းနိုင်ပြီးသောအခါ သူသည်လည်း ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ပြီး တကယ်တမ်းတွင် ထိုမျှမထူးခြားကြောင်း သတိပြုမိလင့်ကစား ထိုအချိန်၌ နောင်တရရန် လွန်စွာ နောက်ကျပြီ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အချစ်ရေးသံယောဇဉ်များဟူသည့် စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်သည်နှင့်တစ်ပြိုင်နက် ပြန်ထွက်ဖို့ မလွယ်တော့ချေ။ တစ်နှစ်နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိ အချိန်မယူဘဲ ပြန်လှည့်လာဖို့ လွယ်မည်မဟုတ်ချေ။ သင် ဆုံးရှုံးသွားသည့် ဤသုံးနှစ်မှ ငါးနှစ်အတွင်း သင်သည် သမ္မာတရား အဘယ်မျှများများ လက်လွှတ်ဆုံးရှုံးလိမ့်မည်နည်း။ ထိုဆုံးရှုံးမှုက သင့်အသက်အတွက် အဘယ်မျှ ကြီးမားလိမ့်မည်နည်း။ သင်၏ အသက်ကြီးထွားမှုမှာ အဘယ်မျှ နှောင့်နှေးလိမ့်မည်နည်း။ အခြားလူအချို့သည် အခြားသူများ လောကီကမ္ဘာထဲ၌ ငွေအမြောက်အမြား ရရှိကာ၊ နာမည်ကျော် ဒီဇိုင်းပညာရှင်၏ အဝတ်အစားများ ဝတ်ဆင်လျက် ကောင်းစွာ စားသောက်နေကြသည်ကို တွေ့ရပြီး ၎င်းတို့၏ စိတ်နှလုံးနိုးကြွလာသည်။ ၎င်းတို့လည်း ငွေသွားရှာချင်ကြသည်။ ယင်းမှာ စုံစမ်းသွေးဆောင်မှု ပေါ်ထွက်လာသည့်ပုံ ဖြစ်၏။ အခြေအနေများကို ရင်ဆိုင်ရသောအခါ မိမိ၏စိတ်များသည် တရိပ်ရိပ်စတင်ဖြစ်ပေါ်ကာ တာဝန်ကို စွန့်ပစ်ဖို့အကြောင်း စဉ်းစားနေသည့် မည်သူမဆို စုံစမ်းသွေးဆောင်မှုကို ကြံ့ကြံ့မခံနိုင်ပေ။ ၎င်းတို့သည် ဒုက္ခရောက်နေပြီ။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှု၏ လက္ခဏာတစ်ခု ဖြစ်သည်။ သင်သည် အစားအစာကောင်းတစ်ခုခု စားသောက်နေသော အခြားလူတစ်ဦးဦးကို မြင်ရသောအခါ စိတ်ကသိကအောင့်ဖြစ်ပြီး မကျေမနပ်ဖြစ်ရသည်။ သင်သည်လည်း ကြင်ဖော်ကောင်းတစ်ဦး ရှိသော အခြားလူတစ်ဦးဦးကို တွေ့ရသောအခါ မကျေမနပ် ဖြစ်ရသည်။ ထို့ပြင် သင်သည် သင့်အသက်လောက်ရှိပြီး အလားတူ ဆွဲဆောင်မှုရှိသော်လည်း သင့်ထက် ပိုကောင်းအောင် ဝတ်စားထားပြီး နာမည်ပင်ကြီးသူတစ်ဦးဦးကို မြင်သောအခါ မပျော်ရွှင်တော့ပေ။ သင်သည် ပညာရေးကို မစွန့်ပစ်ခဲ့ဘဲ ဘွဲ့ရပြီး အလုပ်အကိုင်ရခဲ့လျှင် ထိုသူတို့ထက် သာနေမည်မှာ သေချာသည်ဟု စတင်စဉ်းစားတော့သည်။ ဤအခြေအနေများကို ရင်ဆိုင်ရသည့်အခါတိုင်း သင်သည် ရက်အတော်ကြာ စိတ်သောက ရောက်ရသည်။ ဤစုံစမ်းသွေးဆောင်မှုများမှာ သင့်အတွက် ချုပ်တည်းမှုတစ်မျိုး၊ စိတ်ဒုက္ခတစ်မျိုးဖြစ်ကာ ယင်းက သင်၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်ကြောင်း ပြသည်။ သင်တို့သည် ဧဝံဂေလိကို ဖြန့်ဝေနေပြီး သင့်မြတ်‌သော ဆန့်ကျင်ဘက်လိင် တစ်ဦးဦးဖြစ်သည့် “ဒေါင်ကောင်းကောင်း၊ ငွေကြေးချမ်းသာပြီး ခန့်ခန့်ညားညား” အမျိုးအစား သို့မဟုတ် အသားဖြူဖြူ၊ ငွေကြေးချမ်းသာပြီး ချောမောလှပသော အမျိုးသမီးတစ်ဦးကို တွေ့လျှင် သင်သည် စုံစမ်းသွေးဆောင်မှုကို မလွဲမသွေရှောင်နိုင်ခြင်းမျိုး ဖြစ်ချင်မှဖြစ်ပေမည်။ ယင်းကို မလွဲမသွေရှောင်နိုင်ခြင်းမျိုး ဖြစ်ချင်မှဖြစ်မည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ ဝိညာဉ်ရင့်သန်မှုက စုံစမ်းသွေးဆောင်မှု အမျိုးမျိုးကို သင်ကျော်လွှားနိုင်သည့် အဆင့်သို့ မရောက်သေးသည်ကို ဆိုလိုသည်။ သင်သည် ယင်းတို့ကို မရှောင်နိုင်သောကြောင့် သင်၏စိတ်နှလုံးသည် သိမ်းပိုက်ခံရပြီး ဖြားယောင်းခံရသည်။ သင် စဉ်းစားသည့်အရာ၊ သင်ခေါင်းထဲ၌ တွေးဆသည့်အရာ၊ သင်မျှော်လင့်သည့်အရာနှင့် အခြားသူများနှင့် ဆွေးနွေးသောအရာအားလုံးမှာ ဤကိစ္စများနှင့် ပတ်သက်လာသည်။ ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်လေသည်။ သမ္မာတရားကို မိတ်သဟာယပြုနေစဉ် အခြားသူများ၌ ပြောစရာအများကြီး ရှိသော်လည်း သင်သည် ပါဝင်ဆွေးနွေးမှု ပို၍ပို၍ နည်းလာကာ ဘုရားသခင်ကို ယုံကြည်ရာ၌ စိတ်ဝင်စားမှု ပျောက်ဆုံးတော့သည်။ ဤသည်မှာ ဖြားယောင်းခံရခြင်း မဟုတ်လော။ ယင်းမှာ စုံစမ်းသွေးဆောင်မှုထဲ ကျရောက်ခြင်းဖြစ်ပြီး အန္တရာယ်ရှိလေသည်။ သင်သည် တစ်စုံတစ်ယောက်ကို စတင်၍ ချိန်းတွေ့ပြီးမှ သို့မဟုတ် သူနှင့် ထွက်သွားပြီးမှ စုံစမ်းသွေးဆောင်မှုထဲ ကျရောက်ရခြင်းသာ ဖြစ်သည်ဟု လူတို့က ထင်သော်လည်း သင် ထိုအဆင့်ရောက်ပြီးသောအခါ ကျဉ်းထဲကျပ်ထဲ ကျပြီဖြစ်သည်။ သင်တို့သည် ထိုသို့သောကိစ္စများကို ကြုံတွေ့ရသောအခါ ဤကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်နိုင်သလော။ (ကျွန်ုပ် မသိပါ။) သင်မသိလျှင် ယင်းက သင်တို့၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်ကြောင်း သက်သေပြသည်။ ဤအရာက အဘယ့်ကြောင့် သင်၏ ဝိညာဉ်ရင့်သန်မှု သေးငယ်ကြောင်း သက်သေပြသနည်း။ တစ်ဖက်တွင် သင်သည် ထိုသို့သောကိစ္စများကို မည်သည့်အခါမျှ မရင်ဆိုင်ခဲ့ဖူးသောကြောင့် မည်သို့တုံ့ပြန်ရမည်ကို သင်မသိခြင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကို နားလည်သဘောပေါက်ခြင်း မရှိပေ။ နောက်တစ်ဖက်တွင် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရသောအခါ ဤပြဿနာမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သင်၌ မှန်ကန်သော သဘောထားနှင့် လုပ်ပုံလုပ်နည်း မရှိပေ။ သင်သည် ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေနိုင်လျှင် ယင်းက သင်သည် အပျက်သဘောဆောင်ကြောင်းကို ဆိုလိုသည်။ အပျက်သ‌ဘောဆောင်ခြင်းက သင်၌ သေးငယ်သော ဝိညာဉ်အသက်တာ ရှိပြီး သင်သည် မသိနားမလည်ကြောင်း သက်သေပြသည်။ သင်သည် အခြားသူများကို တက်တက်ကြွကြွ မြှူဆွယ်ကောင်း မြှူဆွယ်မည် မဟုတ်သော်လည်း အခြားသူများက သင့်ကို သေချာပေါက် မြှူဆွယ်နိုင်ပြီး ယင်းက သင်၏လမ်းကြောင်းသို့ စုံစမ်းသွေးဆောင်မှုကို ယူဆောင်လာသည်။ အကယ်၍ သင်သည် ယင်းကို မကျော်လွှားနိုင်ပါက ပြဿနာပင်ဖြစ်၏။ သာဓကအားဖြင့် တစ်စုံတစ်ယောက်က သင့်အား ငွေကြေးနှင့် အဆင့်အတန်းကို ကမ်းလှမ်းလျှင်၊ သို့မဟုတ် ပို၍ပင် သာလွန်သော လူတစ်ဦး ပေါ်လာပြီး သင့်အား သွေးဆောင်ဖို့ ကြိုးစားလျှင် မည်သို့ရှိမည်နည်း။ ယင်းကို ကျော်လွှားဖို့ လွယ်ကူမည်လော။ ယင်းကို ကျော်လွှားနိုင်ဖို့ အလားအလာက မည်သည့်အရာနည်း။ လူအချို့သည် ၎င်းတို့ ကြိုက်နေသည့် လူတစ်ဦးဦးထံမှ ချောကလက်နှစ်ခုမျှ ရရှိလျှင် အရူးအမူး ဖြစ်သွားပြီး ထိုသူနှင့် အချစ်ဇာတ်လမ်း အစပြုဖို့ စဉ်းစားကြသည်။ ယင်းမှာ ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှု သေးငယ်သည့်ပုံ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၌ အချိန်ကြာကြာ မယုံကြည်သေးသည့် ကိစ္စတစ်ခု ဟုတ်သလော။ မလွဲမသွေဖြစ်ခြင်းမျိုး မဟုတ်ပေ။ လူအချို့သည် ဆယ်စုနှစ်တစ်ခုကျော်မျှ ယုံကြည်သူများ ဖြစ်လာပြီးနောက် ထိုသို့သော အခြေအနေများကို ကြုံတွေ့ရစဉ်တွင် စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်နိုင်ကြသေးသည်။ ယင်းက ၎င်းတို့အတွက် ဤအရာကို ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်၊ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်ဖြစ်စေ ၎င်းတို့သည် သွေးဆောင်ခံရနိုင်သေးသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်ပြီး သမ္မာတရားအချို့အား သိနားလည်မှု အမှန်ပင် ကင်းမဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အဘယ့်ကြောင့် နားလည်မှုကင်းမဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်ပေသည်။ အမြဲတမ်း နားဝေတိမ်တောင် ဖြစ်ကြသည်။ ၎င်းတို့၏အမြင်၌ ထိုကဲ့သို့သော ကိစ္စများမှာ အရေးမပါချေ။ ၎င်းတို့က “သင့်တင့်သော လိုက်ဖက်ညီသူ အမှန်တကယ် ပေါ်လာပါက အဘယ့်ကြောင့် ငါလက်မထပ်ဘဲ နေရမည်နည်း။ သင့်တော်သောသူ သူတစ်ဦးကိုမျှ ငါမတွေ့ဖူးသေးခြင်းသာ ဖြစ်ပြီး မည်သူ့ကိုမျှ ငါ သဘောမကျသောကြောင့် ကြုံသလိုသာ နေလိုက်မည်” ဟု စဉ်းစားကြသည်။ ဤကြုံသလိုနေခြင်းမှာ သမ္မာတရားကို လိုက်စားသည့်သဘောထား မဟုတ်ပေ။ ယင်းမှာ ကယ်တင်ခြင်းကို ရရှိခြင်းနှင့် စုံလင်အောင်အပြုခံရခြင်းဟူသည့် လမ်းကြောင်းကို လျှောက်နေခြင်း မဟုတ်။ ယင်းမှာ ဤစိတ်ထားမျိုးမဟုတ်ပေ။ ၎င်းတို့သည် ရုန်းကန်လျက်သာ ရပ်တည်လိုသည်။ ဆိုလိုသည်မှာ လေလွင့်ခြင်း၊ တစ်ရက်ပြီးတစ်ရက် အသက်ရှင်ခြင်းနှင့် ဘဝက ဖြစ်လာသည့်အတိုင်း ရေလိုက်ငါးလိုက်သာ နေခြင်းတို့ဖြစ်သည်။ ထို့ပြင် ၎င်းတို့ ရှေ့ဆက်၍မရသည့် နေ့တစ်နေ့ အမှန်တကယ် ရောက်လာပါက ထိုအတိုင်းသာ ရှိစေတော့။ ၎င်းတို့သည် လူတို့အား ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက် သို့မဟုတ် ဤကယ်တင်ခြင်းအတွက် ဘုရားသခင်ပြုသော အလုပ်ကို စိတ်မဝင်စားပေ။ ထိုမျှမက ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားအမျိုးမျိုးကို စိတ်အားထက်သန်စွာ မရှာဖွေသည်သာမက ယင်းကို စိတ်ထဲ၌လည်း မထားချေ။ အချို့က “သို့ဖြစ်စေကာမူ ၎င်းတို့သည် တရားဒေသနာများ နာယူဖို့ အမြဲတမ်း ရောက်လာကြသည်။ ၎င်းတို့သည် ယင်းကို စိတ်ထဲမထားဟု အဘယ်သို့ ကိုယ်တော်ပြောနိုင်သနည်း” ဟု ဆိုချင်ဆိုကြမည်။ သို့တစေ စုဝေးပွဲများ တက်ရောက်ခြင်းနှင့် တရားဒေသနာများ နာယူခြင်းဟူသည့် ပုံမှန်ဓလေ့အား လိုက်နာရုံ လိုက်နာခြင်းသည် သမ္မာတရားအား လက်ခံခြင်းနှင့် ကွဲပြားခြားနား၏။ တရားဒေသနာများကို နာယူသောလူ အမြောက်အမြား ရှိသော်လည်း မည်မျှသည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်သနည်း။ သမ္မာတရား လိုက်စားခြင်းဟူသည့် လမ်းကြောင်းကို စတင်လျှောက်သောသူတို့မှာ ပို၍ပင် နည်းပါး၏။ အယူဝါဒများအား နားလည်ခြင်းနှင့် တရားဒေသနာများအား နာယူသောအခါ ၎င်းတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို တိုးပွားစေခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်သောလူ များစွာရှိ၏။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို ရှာဖွေရန်နှင့် လက်ခံရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် နာယူကြသည်။ ၎င်းတို့သည် တရားဒေသနာများကို နာယူပြီးလျှင် ၎င်းတို့ကြားခဲ့သည့် အရာကို မိမိတို့၏ကိုယ်ပိုင် အခြေအနေများနှင့် နှိုင်းယှဉ်လျက် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ကြပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းဖို့ အာရုံစိုက်နိုင်ကြသည်။ သမ္မာတရား၏ လက်တွေ့ကျသော လက္ခဏာသွင်ပြင်များကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် ဤလက္ခဏာသွင်ပြင်များအား လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းနှင့် သမ္မာတရားအား ရရှိခြင်းကို အလေးထားကြသည်။ ထို့အတွက်ကြောင့် သမ္မာတရားကို ချစ်သောသူတို့သည် အသက်ကို ရရှိရန်၊ သမ္မာတရားကို နားလည်ပြီး မိမိတို့ကိုယ်ကို အသွင်ပြောင်းလဲရန်အတွက် တရားဒေသနာများကို နာယူကြသည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်နှလုံးထဲတွင် လက်ခံကြပြီး ယင်းကို လက်တွေ့လုပ်ဆောင်သောအခါ ၎င်းတို့နားလည်သော သမ္မာတရားက ၎င်းတို့ကို အကျိုးပြုလေသည်။ သမ္မာတရားကို နားလည်ခြင်းက လမ်းကြောင်းတစ်ခုကို ပေးစွမ်း၏။ သမ္မာတရားကို မလိုက်စားသော သူတို့အနေဖြင့် တရား‌ဒေသနာများကို နားဝေတိမ်တောင်ပုံစံဖြင့် နာယူကြသည်။ ၎င်းတို့သည် ဒေသနာတစ်ပုဒ်လုံးကို အစအဆုံး နားထောင်မည်ဖြစ်ပြီး ထို့နောက် ၎င်းတို့ မည်သည့်အရာ နားလည်လိုက်ကြောင်း သင်မေးသောအခါ ၎င်းတို့က “ကျွန်ုပ် ထိုအရာအားလုံးကို နားလည်သည်။ အကုန်လုံးကို မှတ်စုများ ရှင်းရှင်းလင်းလင်း ယူထားသည်” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ဤအရာက ၎င်းတို့ကို မည်ကဲ့သို့ အကူအညီပေးကြောင်း သင်မေးလျှင် ၎င်းတို့က ယင်းသည် အတော်ပင် အကူအညီဖြစ်စေသည်ဟုသာ ဝိုးတိုးဝါးတား ဆိုကြမည်ဖြစ်သည်။ ဤအရာက အမှန်ပင် အကူအညီပေးသလော။ မပေးချေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် တရားဒေသနာ၏ သမ္မာတရားများကို မဆည်းပူးမိကြပေ။ အဘယ့်ကြောင့် ၎င်းတို့ မဆည်းပူးမိကြသနည်း။ ၎င်းတို့သည် ယင်းကို လက်မခံရသေးသောကြောင့် အဘယ်သို့ ဆည်းပူးနိုင်မည်နည်း။ လူအချို့က “၎င်းတို့က ယင်းကို အဘယ်သို့ မဆည်းပူးမိဘဲ နေမည်နည်း။ ယင်းကို အဘယ်သို့ လက်မခံရသေးဘဲ နေမည်နည်း။ ၎င်းတို့သည် အလွန်အာရုံစိုက်လျက် နားထောင်ပြီး မှတ်စုများပင် ယူထားကြသည်” ဟု ဆိုသည်။ လူအချို့က သမ္မာတရားကို တောင့်တသောကြောင့် မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အလို့ငှာသာ မှတ်စုယူပြီး သမ္မာတရားကို မိတ်သဟာယပြုသောသူ အချို့က သမ္မာတရားကို မလွဲမသွေ လက်ခံခြင်းမျိုး မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ စိတ်နှလုံးက သမ္မာတရားကို အမှန်တကယ် တောင့်တခြင်း ရှိမရှိအပေါ် မူတည်၏။ သို့ဆိုလျှင် သမ္မာတရားကို အမှန်တကယ် လက်ခံခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုပြီးနောက် သူကိုယ်တိုင်၏ အခြေအနေ၊ သူကိုယ်တိုင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းဟူသည့် စည်းမျဉ်းများ၊ ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်များနှင့် တာဝန်ဝတ္တရားများအပြင် ၎င်းတို့လျှောက်နေသော လမ်းကြောင်းတို့နှင့် ချိန်ညှိနိုင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဤအရာများအားလုံးနှင့် စပ်လျဉ်း၍ မိမိတို့ကိုယ်ကို ပြန်၍သုံးသပ်နိုင်သည်၊ ယင်းတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်သည်၊ သမ္မာတရားအား သိနားလည်မှုကို ရရှိနိုင်သည်၊ ထို့နောက် ထိုအရာကို လက်တွေ့လုပ်ဆောင်ပြီး ထိုအရာထဲသို့ ဝင်ရောက်နိုင်သည်။ ဤသည်သာလျှင် သမ္မာတရားကို လက်ခံသောသူ ဖြစ်၏။ ဤသည်သာလျှင် သမ္မာတရားကို လိုက်စားသောသူ ဖြစ်၏။

သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိသည့် လူတို့၏ သရုပ်သကန်များကို ယခုတင် ဆွေးနွေးခဲ့ကြသည်။ သမ္မာတရား နားလည်ခြင်းဟူသည့် ဖြည်းညင်းသော ဖြစ်စဉ်၌ လူတို့သည် မိုက်မဲမှု၊ မသိနားမလည်မှု၊ မဝံ့ရဲမှုနှင့် အားနည်းမှုစသည့် ၎င်းတို့၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုနှင့်ဆိုင်သည့် အရေးကိစ္စများကို တဖြည်းဖြည်းချင်း ဖြေရှင်းကြမည်ဖြစ်သည်။ အားနည်းမှုဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဘုရားသခင်အပေါ် သင်၏ယုံကြည်လက်ခံမှု အစိတ်အပိုင်းက အထူးသဖြင့် သေးငယ်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်လက်ခံမှုက အလွန် နည်းပါးခြင်းဖြစ်သည်။ အယူဝါဒအပိုင်းတွင် သင်သည် ဘုရားသခင်က အရာရာကို ပြီးမြောက်အောင်မြင်နိုင်ကြောင်း၊ သူသည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာဖြင့် အုပ်စိုးနေကြောင်း သင် ယုံကြည်သော်လည်း တကယ့်အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သင်သည် ဘုရားသခင်ကို မယုံကြည်ဝံ့တော့ပေ။ အရာရာကို သူ့ထံ စိတ်နှလုံးအကြွင်းမဲ့ မပုံအပ်ရဲတော့သည့်အပြင် ကျိုးနွံနာခံခြင်း မရှိနိုင်ပေ။ ဤသည်မှာ အားနည်းမှုဖြစ်၏။ လူတို့၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ မဝံ့ရဲမှုနှင့် ပုန်ကန်တတ်ခြင်းဟူသည့် ဤအပျက်သဘောဆောင်သော အရာများကို တာဝန်ထမ်းဆောင်ရာ၌ သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် တဖြည်းဖြည်းချင်းသာ ဖြေရှင်းနိုင်သည် သို့မဟုတ် မတူညီသော အတိုင်းအတာများအထိသာ တိုးတက်လာနိုင်သည်။ တိုးတက်လာခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အပျက်သဘောဆောင်သော ဤအရာများက တဖြည်းဖြည်းချင်း ပြေလည်သွားခြင်းကို ဆိုလိုသည်။ သင်၏ တာဝန်ထမ်းဆောင်မှု ရလဒ်များက ပို၍ပို၍ ကောင်းမွန်လာပြီး အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ယခင် သည်းခံနိုင်သည်ထက် ပို၍ သည်းခံနိုင်ခြင်း ဖြစ်သည်။ သာဓကအားဖြင့် အတိတ်တွင် ထိုကဲ့သို့သော အခြေအနေများနှင့် ထိပ်တိုက်တွေ့ဆုံသောအခါ သင်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုကြောင့် သင်သည် အားနည်းပေမည်၊ အပျက်သဘောဆောင်လာပေမည်၊ ထို့ပြင် ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုအပေါ် သင်၏သဘောထားကိုပင် ထိခိုက်ပေမည်။ သင်သည် ဝုန်းဒိုင်းကြဲမည်၊ တာဝန်များကို လက်လျှော့မည်၊ ဝတ်ကျေတမ်းကျေ ဖြစ်မည်၊ ထို့ပြင် သစ္စာစောင့်သိခြင်းကို မပြဘဲရှိမည်။ ယခုတွင် ထိုကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏ သစ္စာစောင့်သိမှု အတိုင်းအတာမှာ လျော့နည်းမသွားပေ။ အကယ်၍ သင်သည် စိတ်နှလုံးထဲတွင် အခက်အခဲများ သို့မဟုတ် အားနည်းမှုများ ရှိပါက ယင်းတို့ကိုဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်သည်။ ဆိုလိုသည်မှာ အသက်ဝင်ရောက်မှုနှင့်ဆိုင်သည့် အရေးကိစ္စသည် သင်၏ တာဝန်ထမ်းဆောင်မှုကို နောက်ထပ် ထိခိုက်မည်မဟုတ်ပေ။ သင်၏ စိတ်ထားများ၊ သင်၏ အခြေအနေနှင့် သင်၏ အားနည်းမှုက သင် တာဝန်ကျသော အလုပ်ကို နောက်ထပ် ထိခိုက်မည် မဟုတ်သကဲ့သို့ ယင်းတို့က သင်၏ အလုပ်တာဝန်များ၊ တာဝန်များနှင့် ဝတ္တရားများကိုလည်း ထိခိုက်မည်မဟုတ်ပေ။ ဤသည်မှာ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီး ပြင်ပဖြစ်ရပ်များအား ခန့်ခွဲနိုင်မည့် သင်၏အစွမ်းအစ တိုးပွားလာမှု မဟုတ်လော။ ဤသည်မှာ ဝိညာဉ်ရင့်သန်မှုပိုင်းတွင် တိုးတက်ခြင်းဖြစ်၏။ လူအချို့က ခေါင်းဆောင်နေရာတွင် သရုပ်ဆောင်ရန် တောင်းဆိုခံရလျှင် အလွန်ပျော်သွားပြီး လေထဲမြောက်နေသကဲ့သို့ပင် လမ်းလျှောက်ကြသည်။ သို့သော် အရံအဖြစ် သရုပ်ဆောင်ဖို့ တောင်းဆိုခံရလျှင် အင်တင်တင်ဖြစ်ပြီး သုန်မှုန်လာကြကာ ခေါင်းငိုက်စိုက်ဖြင့် လမ်းလျှောက်ကြသည်။ လူအချို့သည် ဧဝံဂေလိဖြန့်ဝေသောအခါ အမြဲတမ်း ထင်ပေါ်ချင်ကြသော်လည်း သမ္မာတရားကို မိတ်သဟာယ မပြုနိုင်ကြပေ။ ၎င်းတို့သည် လေ့ကျင့်မှုကို မလုပ်ဆောင်သော်လည်း မြင့်သောနေရာများ၌ အမြဲရပ်ပြီး မျက်နှာပြချင်ကြသေးသည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှုလော။ ဤသည်မှာ မိမိ၏တာဝန်အား ထမ်းဆောင်ခြင်းအပေါ် မှန်ကန်သောသဘောထား ဟုတ်သလော။ လူတစ်ဦး၏ စိတ်ထားမမှန်ကန်ဘဲ သူ၏ အခြေအနေ မှားယွင်းသောအခါ သူသည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာဖွေသင့်ပြီး မည်သည့်အခြေအနေ ပေါ်ပေါက်သည်ဖြစ်စေ နောက်ဆုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သင့်သည်။ ဤသည်မှာ အသက်အတွေ့အကြုံရှိခြင်း ဖြစ်၏။ သင်သည် အရေးကိစ္စမျိုးစုံကို ပိုင်းခြားသိမြင်နိုင်သည်နှင့် ခံနိုင်ရည်ရရှိပြီး ဖြစ်သည်။ သင် မည်သည့်အရာကို ကြုံတွေ့သည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာ ဖြစ်ပျက်သောအခါ၌ဖြစ်စေ ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်မဟုတ်ပေ။ သို့တည်းမဟုတ် သင်၏ ထမ်းဆောင်မှုကိုလည်း မည်သည့် အသေးအဖွဲ့ကိစ္စ၊ မည်သည့်စိတ်နေစိတ်ထား ပြောင်းလဲမှု၊ သို့မဟုတ် မည်သည့်လူ၊ ဖြစ်ရပ်များ၊ အမှုအရာများထဲရှိ အပြောင်းအလဲများနှင့် အခြေအနေများကမျှ ထိခိုက်မည်မဟုတ်ပေ။ သင်၏ အပြစ်ကို ကျော်လွှားနိုင်စွမ်းနှင့် အမျိုးမျိုးသော အနေအထားများနှင့် စိတ်ထားများကို ကျော်လွှားနိုင်စွမ်းက ပို၍ အားကောင်းလာမည်။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်သန်မှုက တိုးပွားလာသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဝိညာဉ်ရင့်သန်မှုသည် မည်ကဲ့သို့ တိုးပွားသနည်း။ ယင်းမှာ လူတို့က ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သမ္မာတရားစစ်မှန်မှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်သောအခါ၌ ရရှိသည့် ရလဒ်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားအချို့ကို နားလည်ပြီး ဤသမ္မာတရားများက သင့်အသက်၊ သင့်ကျင့်ကြံပြုမူခြင်း၏ အခြေခံအုတ်မြစ်၊ အရေးကိစ္စများကို စောင့်ကြည့်ဖို့အတွက် သင်၏ရှုထောင့်အမြင်နှင့် သင်၏ လမ်းပြအလင်း ဖြစ်လာကြသည်နှင့်တစ်ပြိုင်နက် သင်သည် ဒဏ်ခံနိုင်လာမည် ဖြစ်သည်။ မကြာခဏ အားနည်းတော့မည်မဟုတ်။ ဥပမာအနေဖြင့် သင်သည် ယခင်က ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ပါက အလွန်ပျော်ရွှင်မည်ဖြစ်သည်။ အကယ်၍ သင့်ကို လူစားထိုးခဲ့လျှင် သင်သည် တစ်လနှစ်လခန့် အပျက်သဘောဆောင်ကာ သင့်ကို တစ်ခုခုလုပ်ဆောင်ရန် တောင်းဆိုခံခဲ့ရပါက မည်သည့်အရာမျှ လုပ်ချင်စိတ် ရှိမည်မဟုတ်၊ မည်သည့်လုပ်ငန်းတာဝန်ကိုမဆို အပျက်သဘောဆောင်သော သဘောထားဖြင့် ထမ်းဆောင်လျက် လုံးလုံးလျားလျား စွန့်လွှတ်သည်အထိပင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူခဲ့မည် ဖြစ်သည်။ ယခုမူ သင်သည် လူစားထိုးခံရတော့မည်ဆိုလျှင် သင်သည် “ကျွန်ုပ်ကို လူစားထိုးလျှင်ပင် ကျွန်ုပ်ကို ထိခိုက်မည်မဟုတ်။ ကျွန်ုပ်သည် တစ်ရက်တလေမျှ အပျက်သဘောဆောင်မည် မဟုတ်။ ကျွန်ုပ်ကို ယနေ့ လူစားထိုးလျှင် ကျွန်ုပ် မနက်ဖြန် ပြုလုပ်သင့်သည့်အရာကို ဆက်လုပ်မည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအမံများကို ကျွန်ုပ်လက်ခံပြီး ကျိုးနွံနာခံပါသည်” ဟု ပြောမည် ဖြစ်သည်။ ဤသည်မှာ ဒဏ်ခံနိုင်ခြင်းပင်ဖြစ်၏။ ဤဒဏ်ခံနိုင်ခြင်းက မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ အမှုကိစ္စများကို ရင်ဆိုင်ရသောအခါ ဖြေရှင်းချက်အတွက် သမ္မာတရားကို မရှာဖွေသည့်အပြင် စည်းမျဉ်းများဖြင့် ပြုမူလုပ်ဆောင်ခြင်းကို အာရုံမစိုက်ပါက သင်သည် ဤဝိညာဉ်ရင့်သန်မှု ရှိလိမ့်မည်လော။ သင်သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဘာသာတရားမရှိသူများ၏ အတွေးအခေါ်များအတိုင်း အသက်ရှင်ပါက မည်သည့်အခါမျှ ဒဏ်ခံနိုင်မည်မဟုတ်ပေ။ သမ္မာတရားအတိုင်း အသက်ရှင်မှသာလျှင် မာန်မာန၊ အဆင့်အတန်းနှင့် ဝင့်ဝါမှုတို့ကို တဖြည်းဖြည်းချင်း လက်လွှတ်နိုင်မည်ဖြစ်ကာ ဤသို့ဖြင့် အဆုံးတွင် မည်သည့်အရာကမျှ သင့်ကို မပြိုလဲစေနိုင်သည့်အပြင် မည်သည့်အရာကမျှ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရာ၌ သင့်အား ထိခိုက်စေနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဝိညာဉ်ရင့်သန်မှုရှိခြင်း ဖြစ်သည်။ ယင်းမှာ ဒဏ်ခံနိုင်ခြင်း ဖြစ်သည်။ သင်သည် ဒဏ်ခံနိုင်ပြီး သင်၏ ဝိညာဉ်ရင့်သန်မှု ကြီးထွားလာသောအခါ သင်သည် သင်၏တာဝန်များကို စံချိန်မီအောင် ပို၍ပို၍ ထမ်းဆောင်သည်မဟုတ်လော။ သင်သည် တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်သောအခါ ယင်းမှာ သင်၌ ဝိညာဉ်ရင့်သန်မှု တစ်ခုခု ရှိပြီးသားဖြစ်ကြောင်း ဆိုလိုသည်မဟုတ်လော။ ဤဝိညာဉ်ရင့်သန်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း၊ ဘုရားသခင်အား စစ်မှန်သော ကျိုးနွံနာခံမှုနှင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုသာမက သင်၏ တာဝန်များကို မှန်ကန်စွာ သဘောထားနိုင်စွမ်းတို့ ဖြစ်သည်။ ဘုရားသခင်ထံမှ အရာရာကို ခံယူခြင်းနှင့် ဘုရားသခင်အား ကျိုးနွံနာခံနိုင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်နိုင်ခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ ဝိညာဉ်ရင့်သန်မှု ကြီးထွားခြင်း၏ သရုပ်သကန်များပင် ဖြစ်၏။

ယခုတွင် သင်တို့သည် ကယ်တင်ခံရခြင်းကို လုပ်ငန်းစဉ်ထဲတွင် ထည့်သွင်းဖို့လိုကြောင်းနှင့် သင်သည် ယင်းနှင့်ပတ်သက်၍ နောက်ထပ် နားဝေတိမ်တောင်ဖြစ်၍ မရတော့ကြောင်း သင်၏အသိဉာဏ်ထဲ၌ ခံစားမိပြီလော။ သမ္မာတရား တစ်ခုချင်းစီတိုင်းကို နားလည်ခြင်းသည် ကယ်တင်ခံရခြင်းအတွက် အလွန်အမင်း အရေးကြီး၏။ သင်သည် မည်သည့်သမ္မာတရား တစ်ခုတလေနှင့်မျှပတ်သက်၍ နားဝေတိမ်တောင်ဖြစ်၍ မရပေ။ ဘုရားသခင်အား ယုံကြည်ခြင်းသည် အနည်းငယ် လုံ့လစိုက်ထုတ်ခြင်း၊ လွန်စွာ အလုပ်ရှုပ်ခြင်း၊ ဆင်းရဲဒုက္ခအနည်းငယ်ကို ကြံ့ကြံ့ခံခြင်းနှင့် စမ်းသပ်မှုများကြားတွင် မလဲကျဘဲ သည်းခံကြိုးပမ်းနိုင်ခြင်းမျှသာ မဟုတ်ပေ။ အကယ်၍ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ကယ်တင်ခံရခြင်းကို အသက်တာ၌ အရေးပါသောကိစ္စအဖြစ် အမှန်တကယ် မှတ်ယူပြီး သမ္မာတရားရရှိခြင်းကို အသက်တာ၌ အရေးပါသောကိစ္စအဖြစ် သဘောထားပါက ၎င်းတို့သည် မည်သည့်အရာကိုမဆို လက်လွှတ်နိုင်မည် ဖြစ်သည်။ လက်လွှတ်ခြင်းသည် ၎င်းတို့အတွက် လွယ်ကူမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ကယ်တင်ခံရဖို့ အဘယ်မျှအရေးကြီးကြောင်း မခံစားမိသေးလျှင် ယင်းမှာ မိုက်မဲပြီး မသိနားမလည်ရာကျ၏။ ၎င်းတို့၏ ယုံကြည်ခြင်းက သေးငယ်လွန်းပြီး ၎င်းတို့သည် သေရေးရှင်ရေးဖြစ်နေသော ဘေးဒုက္ခတွင် အသက်ရှင်နေကြသေးသည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်ပါက သူ့အနေဖြင့် ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့ ခက်ခဲမည်ဖြစ်သည်။ ဤသည်မှာ လူတစ်ဦးသည် ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့အတွက် သမ္မာတရားများစွာကို နားလည်ရန်နှင့် သမ္မာတရားများစွာထဲသို့ ဝင်ရောက်ရန်လည်း လိုအပ်သောကြောင့် ဖြစ်သည်။ သမ္မာတရားအား နားလည်ခြင်းနှင့် ဝင်ရောက်ခြင်းဖြစ်စဉ်တွင် လူတစ်ဦး ထမ်းဆောင်သော တာဝန်သည် တဖြည်းဖြည်းချင်း ပြည့်မီလာမည် ဖြစ်သည်။ ၎င်းတို့၏ အားနည်းချက်အမျိုးမျိုးက တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည် ဖြစ်သည့်အပြင် ၎င်းတို့၏ အခြေအနေအမျိုးမျိုးသည်လည်း တဖြည်းဖြည်းချင်း တိုးတက်မည် ဖြစ်သည်။ သမ္မာတရားအား နားလည်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ခြင်းဖြစ်စဉ်တွင် လူတစ်ဦးသည် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းနှင့် ကယ်တင်ခံရခြင်းတို့နှင့် စပ်လျဉ်းသည့် ရူပါရုံနှင့် ပတ်သက်၍ မိမိ၏စိတ်ထဲတွင် ပို၍ပို၍ ရှင်းလင်းမည်ဖြစ်ကာ တစ်ချိန်တည်းမှာပင် ကယ်တင်ခံရဖို့အတွက် မိမိ၏ လိုအင်ဆန္ဒနှင့် တောင်းဆိုမှုတို့မှာ ပို၍ပို၍ အဆောတလျင် ဖြစ်လာမည် ဖြစ်သည်။ အဆောတလျင် ဟုဆိုခြင်းဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကယ်တင်ခံရခြင်းသည် အဆောတလျင်ကိစ္စ၊ အလွန်အမင်း အ‌ရေးကြီးသောကိစ္စ ဖြစ်ကြောင်း၊ ထို့ပြင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက အလွန်အန္တရာယ်ရှိပြီး ကယ်တင်ခြင်းကို သင် မရရှိနိုင်ကြောင်း သင်ခံစားရနိုင်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ အဆောတလျင် ဖြစ်ခြင်း အသိကို စွဲလမ်းနေသည့် စိတ်ထားမျိုးဖြစ်၏။ အစကနဦးတွင် သင်၌ ကယ်တင်ခံရခြင်း သို့မဟုတ် စုံလင်အောင်အပြုခံရခြင်းဟူသည့် ယူဆချက်မရှိပေ။ တဖြည်းဖြည်းချင်းဖြင့် လူသားများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ၎င်းတို့အား ကယ်တင်ဖို့ ဘုရားသခင်ကို လိုအပ်ကြောင်း သင်နားလည်လာသည်။ လူတို့သည် အပြစ်တရား၌ အသက်ရှင်လျက် လွတ်မြောက်ခြင်းမရှိဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ ပိတ်မိကာ လွန်ကဲသော ဆင်းရဲဒုက္ခနှင့် ပြည့်သည့် ဘဝကို နေထိုင်ရကြောင်းနှင့်၊ ၎င်းတို့သည် အနှေးနှင့်အမြန်ဆိုသလို စာတန်၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းဖြင့် ဖယ်ရှားခံရမည်ဖြစ်ကြောင်း သင် တွေ့ရှိရသည်။ သင်သည် မည်မျှဒဏ်ခံနိုင်သည်ဖြစ်စေ၊ စိတ်ပိုင်းဖြတ်ထားသည်ဖြစ်စေ သင်သည် ဘုရားသခင်နောက်ကို အဆုံးတိုင်အောင် လိုက်မည်ဟု အာမမခံနိုင်သကဲ့သို့ လူသားများသည် မိမိတို့ဘာသာ ခိုင်မာစွာ မရပ်တည်နိုင်ကြောင်း၊ သင်သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားကို နားလည်ပြီး မိမိကိုယ်ကို သိဖို့အတွက် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်‌ဆေးမှုများကို တွေ့ကြုံရမည်ဖြစ်ကြောင်းနှင့် ထိုမှသာ သင်သည် ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိမည်ဖြစ်ကြောင်း သဘော‌ပေါက်သည်။ သင်သည် ကယ်တင်ခံရခြင်းနှင့်ပတ်သက်၍ အဆောတလျင် ဖြစ်ခြင်း တစ်ခုခုကို စတင်၍ ခံစားမိသည်မှာ ဤအဆင့်တွင်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းသည် ကယ်တင်ခံရခြင်းအတွက် အရေးပါ၏။ သမ္မာတရားကို လိုက်စားခြင်းသည် လူတစ်ဦး မည်သည့်အခါမျှ မစွန့်ပစ်ရမည့် သို့မဟုတ် လျစ်လျူမရှုရမည့် အရေးပါသော ကိစ္စတစ်ခု ဖြစ်၏။ သင်သည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိ ဟူသည့်အရာ၌ ကယ်တင်ခံရခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိပြီး ယင်းမှာ သင်သည် ဘုရားသခင်၏ စုံလင်အောင်အပြုခံရနိုင်ခြင်း ရှိမရှိ ဟူသည့်အရာနှင့် ခွဲခြားမရနိုင်အောင် ဆက်စပ်နေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် သင်ကြုံတွေ့ရသည့် ပြဿနာများနှင့် အခက်အခဲများ အားလုံးကို သမ္မာတရားအား ရှာဖွေခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်၏ အားနည်းမှု၊ မသိနားမလည်ခြင်းနှင့် မိုက်မဲခြင်းတို့သည်လည်း တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ ဤပြောင်းလဲမှုက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ အပြစ်တရားအား ကျော်လွှားနိုင်စွမ်းသည် ပို၍အားကောင်းလာပြီး သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ကောက်ကျစ်ဆိုးယုတ်သော အမှုအရာများအား ပို၍ပို၍ သတိထားတုန့်ပြန်တတ်လာသည်ကို ဆိုလိုသည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် ပိုင်းခြားသိမြင်မှုကို ပို၍ ရရှိနေပြီး ဤကိစ္စများအပေါ် ခံစားနားလည်နေသည်။ လတ်တလောတွင် လူအချို့သည် ဤနားလည်သဘောပေါက်မှု ကင်းမဲ့နေသေးပြီး အပြစ်တရား၊ ကောက်ကျစ်ဆိုးယုတ်မှု သို့မဟုတ် စာတန်ဆန်သော အမှုအရာများကို တွေ့မြင်သောအခါ ဘာမျှမခံစားကြ။ ဤသည်မှာ လက်မခံနိုင်စရာ ဖြစ်ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုက အ‌တော်ပင် အလှမ်းဝေးနေကြောင်း ပြသည်။ အခြားသူများအချို့တွင် ခံစားမှုများ မရှိ၊ ပိုင်းခြားသိမြင်မှု မရှိသည့်အပြင် အပြစ်ရှိသော အပြုအမူအမျိုးမျိုးနှင့် စာတန်၏ အကျည်းတန်သော လက္ခဏာသွင်ပြင်အမျိုးမျိုးအပေါ် စစ်မှန်သောအမုန်းတရား တစိုးတစိမျှပင် မရှိကြချေ။ ထိုသူတို့၌ မိမိတို့၏ လုပ်ဆောင်ချက်များနှင့် မိမိတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးခြင်းသာမက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏ နက်ရှိုင်းသော စိတ်နှလုံးအတွင်းရှိ အကျည်းတန်သော အရာများအတွက် မည်သည့်အမုန်းကိုမျှ မဆိုနှင့်၊ မည်သည့်နားလည်သဘောပေါက်ခြင်း သို့မဟုတ် မည်သည့်ပိုင်းခြားသိမြင်မှုမျှလည်း မရှိကြ။ ဤလူတို့သည် ဝိညာဉ်ရင့်သန်မှုရှိခြင်းမှ အလှမ်းဝေးနေကြသေးသည်။ သို့ရာတွင် ကွာဟချက်က အဘယ်မျှ ဝေးကွာသည်ဖြစ်စေ၊ လူတစ်ဦးသည် အဘယ်မျှ အားနည်းသည်ဖြစ်စေ သို့မဟုတ် သူ၏ ဝိညာဉ်ရင့်သန်မှုက လောလောဆယ်တွင် အဘယ်မျှ သေးငယ်သည်ဖြစ်စေ ဤသည်မှာ ပြဿနာမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့အား ဤအရေးကိစ္စများကို ဖြေရှင်းဖို့အတွက် လမ်းကြောင်းနှင့် ဦးတည်ချက်ကို စီစဉ်ပေးထားပြီး ဖြစ်သည်။ သင်သည် သင်၏တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်မှုနှင့်ဆိုင်သည့် စံချိန်စံညွှန်းကို တဖြည်းဖြည်းချင်း ရောက်ရှိသည်နှင့်အမျှ သင်သည် သမ္မာတရားအား နားလည်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ခြင်းကိုလည်း လိုက်စားနေပေသည်။ သမ္မာတရားအား နားလည်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုများထဲ ဝင်ရောက်ခြင်းကို သင်လိုက်စားသည်နှင့်အမျှ သင်၏ အပြစ်တရားအား ကျော်လွှားနိုင်စွမ်းမှာ ပို၍ အားကောင်းလာပြီး သင်၏ ကောက်ကျစ်ဆိုးယုတ်သော အမှုအရာများအား ပိုင်းခြားသိမြင်နိုင်စွမ်းမှာလည်း တိုးပွားလာကာ ထိုသို့ဖြင့် သင်၏ အားနည်းမှုနှင့် ပုန်ကန်တတ်ခြင်းမှာ အတိုင်းအတာအမျိုးမျိုးအထိ ပြေလည်သွားလေသည်။ ဥပမာအနေဖြင့် သင်၏ ဝိညာဉ်ရင့်သန်မှု သေးငယ်နေပြီး အခြေအနေတစ်ခုကို ကြုံတွေ့ရသောအခါ သင်သည် ယင်းက မကောင်းကြောင်း သိလျှင်ပင် သင်သည် ထိုအရာအားဖြင့် ချုပ်ထိန်းခြင်းနှင့် ချည်နှောင်ခြင်းကို ခံချင်ခံရဦးမည် ဖြစ်ပြီး ထိုအရာထဲ၌ပင် ပါဝင်ချင်ပါဝင်ဦးမည် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်သောအခါ သင်၏စိတ်နှလုံးထဲတွင် ထိုကဲ့သို့သော အရေးကိစ္စများကို မုန်းတီးစက်ဆုပ်သည့်အပြင် သင်သည် ယင်းတို့ကိုလည်း ငြင်းပယ်ကာ ပါဝင်ဖို့ငြင်းဆန်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း အခြားသူများအား ယင်းတို့မှနေ၍ ရုန်းထွက်လွတ်မြောက်အောင် ကူညီမည်ဖြစ်သည်။ ဤသည်မှာ တိုးတက်မှုဖြစ်၏။ ဤသည်မှာ ဝိညာဉ်ရင့်သန်မှု တိုးပွားခြင်းဖြစ်၏။ ဝိညာဉ်ရင့်သန်မှု တိုးပွားခြင်း၏ ပြယုဂ်များမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့် လူတစ်ဦးသည် တာဝန်ထမ်းဆောင်ခြင်း၌ သစ္စာစောင့်သိမှုရှိကာ ဝတ်ကျေတမ်းကျေ အပြုအမူမရှိတော့ချေ။ ထို့အပြင် ဘုရားသခင်အပေါ် လူတစ်ဦး၏ ယုံကြည်ခြင်းသည် ပို၍ စစ်မှန်လာပြီး ပို၍ လက်တွေ့ကျလာကာ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှု ရှိလေသည်။ ထို့ထက်မက လူတစ်ဦးသည် စာတန်၏ စုံစမ်းသွေးဆောင်မှုများနှင့် အဖျက်အမှောင့် လုပ်ခြင်းများကို ပိုင်းခြားသိမြင်နိုင်ပြီး အောင်မြင်ကျော်လွှားနိုင်သည်။ စာတန်က သူ့ကို နောက်ထပ် လှည့်စားနိုင်ခြင်း သို့မဟုတ် ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့်အပြင် သူသည် စာတန်၏စွမ်းအားမှ ရုန်းထွက်လွတ်မြောက်နိုင်၏။ ဤအရာအားဖြင့် လူတစ်ဦးသည် ကယ်တင်ခံရခြင်းအတွက် စံချိန်စံညွှန်းကို အမှန်တကယ် ပြည့်မီပြီးဖြစ်လေသည်။

ယနေ့မိတ်သဟာယပြုချက်ပြီးနောက်တွင် သင်တို့သည် သင်တို့ထမ်းဆောင်သည့် တာဝန်များက အဆင့်မီခြင်းရှိမရှိ မည်ကဲ့သို့ တွက်ချက်ရမည်ကို သိပြီလော။ သိပြီဆိုလျှင် ယင်းက သင်၌ ဤသမ္မာတရားများအား နားလည်ခြင်းအနည်းငယ် ရှိပြီး တိုးတက်လာပြီ ဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ မသိလျှင် ယင်းက သင်သည် ပြောခဲ့သည့်အရာကို နားမလည်သေးဘဲ အဆင့်မမီသေးကြောင်း သက်သေပြသည်။ သင်သည် လက္ခဏာသွင်ပြင်နှစ်ရပ်တွင် ရှင်းလင်းမှု လိုအပ်သည်။ တစ်ခုမှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်စွမ်းနှင့် နောက်တစ်ခုမှာ အဆင့်မီရန်နှင့် လမ်းကြောင်းကိုသိရန်အတွက် မည်သို့ တာဝန်ထမ်း‌ဆောင်ရမည်ကို သိခြင်းပင်ဖြစ်သည်။ အတိတ်တွင် များသောအားဖြင့် ငါတို့၏ ဆွေးနွေးချက်က တာဝန်ထမ်းဆောင်မှုအပေါ် အာရုံစိုက်ခဲ့ပြီး တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းကိုမူ သိပ်ထည့်မပြောခဲ့ကြချေ။ ယနေ့တွင်မူ အဓိကဆွေးနွေးချက်မှာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုအတွက် စံချိန်စံညွှန်းများနှင့် ပတ်သက်နေသည်။ ပြည့်မီခြင်းအတွက် စံချိန်စံညွှန်းများနှင့် ဤလက္ခဏာသွင်ပြင်၌ ပါဝင်သည့် သမ္မာတရားအမျိုးမျိုးတို့ကို အခြေခံအားဖြင့် တကယ့်ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပြီး ဖြစ်သည်။ ထို့အပြင် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် မည်သည့်အရေးကိစ္စများကို ရှောင်သင့်ကြောင်းနှင့် မည်သည့်စည်းမျဉ်းများကို ထိန်းသိမ်းသင့်ကြောင်းကိုသာမက မလုပ်သင့်သည့် အမှားများဟူသည့် ဤအရာများအားလုံးမှာ အလွန်အရေးကြီး၏။ အထူးသဖြင့် အလှူငွေများကို မခိုးနှင့်၊ ချစ်မှုရေးရာ ဇာတ်လမ်းများ၌ မဆင်မခြင် မပါဝင်နှင့်၊ ပြီးလျှင် အလုပ်အစီအစဉ်များကို မဖီဆန်နှင့်။ အကယ်၍ ဤအမှားများကို ကျူးလွန်မိလျှင် သင်သည် လုံးဝ ဆုံးခန်းတိုင်ပြီဖြစ်သည်။ ကယ်တင်ခံရဖို့ မျှော်လင့်ချက် မရှိတော့ချေ။ ထို့ကြောင့် လမ်းကြောင်းမှားကို မလျှောက်နှင့်၊ ဆိုးယုတ်သောသူ၏ လမ်းကြောင်းကို မလျှောက်လေနှင့်။ ထိုလမ်းမပေါ် ခြေချမိလိုက်သည်နှင့် အမှန်တကယ် မျှော်လင့်ချက်မရှိတော့ပေ။ သင့်ကို မည်သူမျှ မကယ်တင်နိုင်ပေ။ သင့်ကို ဘုရားသခင် မကယ်တင်ပါက သင့်ကိုယ်သင်လည်း မကယ်တင်နိုင်သည်မှာ အသေအချာပင်။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုအဆင့်ကိုရောက်ပါက ယင်းမှာ စိုးရိမ်ရသော ပြဿနာတစ်ခု ဖြစ်သည်။ ပြန်လှည့်လာဖို့ မလွယ်ကူချေ။ ယင်းမှာ အခြေခံအားဖြင့် ဦးတည်ရာမဲ့သော လမ်းမဖြစ်ချေ၏။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။