သမ္မာတရားစစ်မှန်မှု ဆိုသည်မှာ အဘယ်နည်း။ (အပိုင်း တစ်)

ဘုရားသခင်ကို ယုံကြည်သောလူများစွာ ရှိသော်လည်း သမ္မာတရား လိုက်စားသောသူ အနည်းအကျဉ်းသာ ရှိ၏။ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိ သင် မည်သို့ သိမြင်နိုင်သနည်း။ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားသောသူဟုတ်မဟုတ် သင် မည်သို့ အကဲဖြတ်နိုင်သနည်း။ ဘုရားသခင်ကို ခုနစ်နှစ်၊ ရှစ်နှစ်ကြာ ယုံကြည်ခဲ့သောသူတစ်ယောက်ရှိသည်ဆိုပါစို့။ ထိုသူသည် များစွာသော စကားများနှင့် အယူဝါဒများကို ပြောဆိုနိုင်သည်။ ၎င်း၏ ပါးစပ်တွင် ဝိညာဉ်ရေးရာဝေါဟာရများ ပြည့်နေသည်။ သူတစ်ပါးတို့ကို မကြာခဏ ကူညီသည်။ အလွန်ပင် စိတ်အားထက်သန်သည့်ပုံစံ ရှိသည်။ အရာဝတ္ထုများကို စွန့်လွှတ်နိုင်သည်။ သူ၏ တာဝန်များကို အလွန်တက်ကြွထက်သန်စွာ ထမ်းဆောင်သည်။ သို့တိုင်အောင် လူတို့က ထိုသူသည် မိမိ၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုရှိသည်ကို မြင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားများစွာအား လက်တွေ့လုပ်ဆောင်ခြင်းကိုဖြစ်စေ၊ အသက်ဝင်ရောက်မှုဆိုင်ရာ စစ်မှန်သော အတွေ့အကြုံများကို ဆွေးနွေးနိုင်ခြင်းကိုဖြစ်စေ မမြင်တွေ့နိုင်ချေ။ ဤသို့သောလူတစ်ယောက်သည် သမ္မာတရားကို မလိုက်စားဟု အသေအချာဆိုနိုင်သည်။ လူတစ်ယောက်သည် သမ္မာတရားကို စစ်မှန်စွာ ချစ်လျှင် အမှုအရာများကို အချိန်တစ်ခုကြာပြီးနောက်တွင် သူ၏ နားလည်မှုနှင့်ပတ်သက်ပြီး ပြောဆိုနိုင်လိမ့်မည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် အချို့အရာများတွင် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်လိမ့်မည်။ ထိုသူသည် အသက်ဝင်ရောက်မှု၏ အတွေ့အကြုံအချို့ရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် အပြုအမူပြောင်းလဲမှုအချို့ကို ပြသလိမ့်မည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် အစဉ်တိုးတက်နေသော ဝိညာဉ်ဆိုင်ရာ အခြေအနေတစ်ခုရှိသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် တဖြည်းဖြည်းချင်း တိုးပွားနေသည်။ ၎င်းတို့ ထုတ်ဖော်သည့်အရာနှင့်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့်လည်းကောင်း သက်ဆိုင်သော နားလည်မှုအချို့ရှိသည်။ ၎င်းတို့သည် ဘုရားသခင်က လူတို့ကို ကယ်တင်ရန် မည်သို့အလုပ်လုပ်သည်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံနှင့် စစ်မှန်သည့် ထိုးထွင်းအမြင်ရှိသည်။ ဤအရာများအားလုံးသည် ၎င်းတို့အထဲတွင် တဖြည်းဖြည်းချင်း မြင့်တက်လာသည်။ လူတစ်ယောက်တွင် ဤသရုပ်သကန်များကို သင်မြင်လျှင် ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူဖြစ်သည်ကို သင် သေချာပေါက် သိနိုင်သည်။ လူတို့သည် ဘုရားသခင်ကို ပထမဆုံး ယုံကြည်လာခဲ့ကြချိန်တွင် အတော်အတန် စိတ်ထက်သန်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း မည်သည့်အရာမျှ မသိကြချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လူကောင်းတစ်ဦးဖြစ်ခြင်းနှင့် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ခြင်းအား ဆိုလိုသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် တရားဒေသနာများနှင့် မိတ်သဟာယကို နားထောင်ခြင်းမှတစ်ဆင့် အမျိုးမျိုးသော ကိစ္စရပ်များကို ၎င်းတို့ သိမြင်နိုင်ကြသည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းနှင့် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ ရှာဖွေသင့်ကြောင်းအပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသင့်ကြကြောင်းတို့ကို ၎င်းတို့ သဘောပေါက်ကြပြီး ဘုရားသခင်ကို ယုံကြည်ရန်မှာ မည်သည့်အရာ ဆိုလိုသည်ကို နားလည်ကြသည်။ ဘုရားသခင်၏ အမှုတော်၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်ဆိုင်သည့် သိနားလည်မှုအချို့ကို ၎င်းတို့ တဖြည်းဖြည်း ရရှိကြလေသည်။ ဤအရာသည် တစ်စတစ်စ စုပုံလာပြီး ဘုရားသခင်ကို ယုံကြည်မှုနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် ၎င်းတို့ တဖြည်းဖြည်း စတင်ကြလေသည်။ သမ္မာတရား စစ်မှန်မှုများအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် အတွေ့အကြုံတို့သည် တဖြည်းဖြည်း မြင့်မားသွားပြီး တိုက်ရိုက် အနက်ပြန်မှုများ သို့မဟုတ် စကားများနှင့် အယူဝါဒများတွင် ပိတ်မိမနေကြချေ။ လူတစ်ဦးသည် ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်ပြီးဖြစ်ကာ စကားများနှင့် အယူဝါဒများကို ဆက်လက်ပြောဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ရေပန်းစားသော စကားအချို့ကို မကြာခဏ ပြောဆိုကာ ၎င်းတို့၏ ယုံကြည်ခြင်းက အတော်လေး အဆင်ပြေနေပုံရသော်လည်း အသက်အတွေ့အကြုံအကြောင်း သို့မဟုတ် မိမိတို့ကိုယ်ကို သိရှိခြင်းအကြောင်း မပြောဆိုနိုင်ကြဘဲ မယုံကြည်သူများနှင့် ဆိုးယုတ်သော လူများကို မသိမြင်နိုင်ကြလျှင်၊ ၎င်းတို့ထဲ၌ ဤပြဿနာများ ရှိနေလျှင် ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ သိရှိခြင်း မရှိဟု ဆိုလိုပြီး ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်အနည်းငယ်တွင် သမ္မာတရားကို ၎င်းတို့ မလိုက်စားကြသေးကြောင်း ဆုံးဖြတ်၍ ရပေသည်။ ဤသည်မှာ အလွန်သိသာထင်ရှားသည့် လက္ခဏာတစ်ခု ဖြစ်သည်။

ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးတွင် သမ္မာတရား စစ်မှန်မှု ရှိမရှိဆိုသည်ကို တိုင်းတာရန် ပထမဦးစွာ ၎င်းတို့၏ မိတ်သဟာယတွင် စစ်မှန်သော သက်သေခံချက်နှင့် အသစ်သော နားလည်မှုရှိမရှိဆိုသည်ကို ကြည့်လော့။ လူအချို့ကို နှစ်အနည်းငယ်ကြာ သင် မမြင်ရသည့်အခါ ၎င်းတို့အနေဖြင့် တရားဒေသနာတစ်ခုကို ကြားပြီးနောက်တွင် သိနားလည်မှုအသစ်ဖြင့် ပြောဆိုနိုင်သောကြောင့် ၎င်းတို့၏ မိတ်သဟာယသည် အစ၌ သစ်လွင်ကာ လတ်ဆတ်သည်ဟု ခံစားရကောင်းခံစားရနိုင်သည်။ သို့ရာတွင် ၎င်းတို့နှင့်အတူ အချိန်နှစ်ရက် သို့မဟုတ် သုံးရက် ကုန်ဆုံးသည့်နောက်တွင် ၎င်းတို့၏ အတိတ်မှ အတွေ့အကြုံနှင့် သက်သေခံချက်အနည်းငယ်၊ ၎င်းတို့ကို ဘုရားသခင် ကယ်တင်ခဲ့ပုံနှင့် ၎င်းတို့အပေါ် သူက ကျေးဇူးတော်နှင့် ကောင်းချီးများ ပေးသနားခဲ့ပုံအကြောင်းကို တစ်ဖန် စတင် ပြောဆိုသည်။ တစ်ပတ်မပြည့်မီတွင် ယခင်က ၎င်းတို့ ပြောဆိုခဲ့သည့် ထိုအပေါ်ယံ အတွေ့အကြုံများနှင့် သိမြင်မှုကို ၎င်းတို့က ထပ်ပြောသည်။ ဤသည်မှာ တိုးတက်မှု ဖြစ်သလော။ တစ်ချက်ကြည့်ရုံဖြင့် ထိုအရာမှာ တိုးတက်မှုမဟုတ်သည်ကို သင် မြင်နိုင်သည်။ ဘုရားသခင်ကို နှစ်အချို့ကြာ ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့သည် များစွာသော စကားများနှင့် အယူဝါဒများဖြင့် ပြင်ဆင်ထားကြပြီး မှန်ကန်သည့်အရာ အချို့ကို ပြောဆိုနိုင်ကြသော်လည်း အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့ မရှင်းမလင်းဖြစ်နေဆဲဖြစ်ကာ ထိုအရာများကို မကိုင်တွယ်နိုင်ကြချေ။ သမ္မာတရား စည်းမျဉ်းများကို မရှာတွေ့နိုင်ကြသကဲ့သို့ လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိချေ။ ဤသည်မှာ တိုးတက်မှု ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ တိုးတက်မှု မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်များကို နှစ်အချို့ကြာ ထမ်းဆောင်ပြီးဖြစ်သော်လည်း ဘုရားသခင်ကို သစ္စာစောင့်သိမှုအား စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိ မေးလျှင် ၎င်းတို့ကိုယ်တိုင် နားမလည်ကြပေ။ မည်သို့ဆိုစေ ၎င်းတို့သည် စုဝေးပွဲတိုင်းအတွက် အချိန်မီလာကြပြီး ၎င်းတို့တာဝန်များကို ပုံမှန် ထမ်းဆောင်ကြပုံရသည်။ သို့ရာတွင် စစ်မှန်သည့် ပြောင်းလဲမှု ကြုံရခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့အား သင် မေးလျှင် ရှင်းလင်းသည့် အဖြေကို မပေးနိုင်ကြပေ။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ထိုအရာမှာ သမ္မာတရားကို ၎င်းတို့ နားမလည်ကြကြောင်း ပြပေသည်။ သမ္မာတရားကို ၎င်းတို့ နားလည်လျှင် ဤပြဿနာများကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်ကြပေမည်။ လူအချို့သည် မိမိတို့တာဝန်များတွင် ရလဒ်အချို့ ရရှိကြသော်လည်း ၎င်းတို့၏တာဝန်များကို အဘယ်ကြောင့် ထမ်းဆောင်ကြသည်ကို ၎င်းတို့အား သင် မေးပါက ဖန်ဆင်းခံများက တာဝန်များကို ထမ်းဆောင်သင့်ကြောင်းသာ ပြောနိုင်ကြသော်လည်း အသေးစိတ်အချက်များကိုမူ မရှင်းလင်းကြချေ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်မှုတွင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ရှိမရှိကို ၎င်းတို့ကို သင် မေးလျှင် ဤအရာကို ၎င်းတို့ အကဲမဖြတ်နိုင်ကြပေ။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်များကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ကြသည်ဟု သင် ပြောမည်လော။ (မထမ်းဆောင်နိုင်ကြပါ။) ဤသည်မှာ တိုးတက်မှု မဟုတ်ပေ။ တိုးတက်မှု မရှိသည်မှာ ပြဿနာဖြစ်သည် မဟုတ်လော။ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ပြုပြင်ခံရခြင်းကို မည်သို့ ချဉ်းကပ်ကြသည်ကို သင် မေးလျှင် ၎င်းတို့က နားထောင်၊ နာခံပြီး အတိုက်အခံမလုပ်ပါဟု ပြောကြသည်။ ၎င်းတို့တွင် လွန်ခဲ့သည့် နှစ်ကာလအချို့တွင် ဤစည်းမျဉ်းရှိခဲ့ကာ ယခုတွင် ဤအလားတူ စည်းမျဉ်းပင် ရှိနေကြဆဲဖြစ်ပြီး မပြောင်းလဲသေးပေ။ မည်သို့ဆိုစေ ၎င်းတို့ကို ခိုင်းထားသည့်အရာကိုသာ ၎င်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်းတို့မှ သိနားလည်မှုတစ်ခုတလေ ရရှိပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ ကိုယ်ပိုင် ပုန်ကန်တတ်သော အခြေအနေနှင့် ဖောက်ပြန်ပျက်စီးသော သဘာဝကို ရှာဖွေတွေ့ရှိပြီးခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့၏ မိမိကိုယ်ကို သိသည့်အသိက သာ၍ နက်နဲလာပြီးခြင်း ရှိမရှိတို့ကို ၎င်းတို့အား သင် မေးလျှင် ထိုအရာတစ်ခုကိုမျှ ၎င်းတို့ မသိရှိကြချေ၊ သို့မဟုတ် နားမလည်ကြချေ။ မည်သို့ဖြစ်စေ စည်းမျဉ်းတစ်ခုသာ ၎င်းတို့ ကိုင်စွဲကြသည်။ ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့ နာခံရမည်၊ ၎င်းတို့၏ စိတ်နေစိတ်ထားကို ပြုပြင်ရမည်၊ အတိုက်အခံမလုပ်ရ သို့မဟုတ် မိမိတို့ကိုယ်ကို ရှင်းချက်မထုတ်ရသကဲ့သို့ ၎င်းတို့ ခါးစည်းခံကာ နှိမ့်ချစွာ နာခံရမည်ဖြစ်သည်။ ဤသည်မှာ ယခင်က ၎င်းတို့၏ ရှုထောင့်အမြင်ဖြစ်ခဲ့ပြီး ယခုတွင် သာ၍ပင် ဖြစ်လေသည်။ ဤသည်မှာ သမ္မာတရား ရရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်ကို ယုံကြည်သည့် ဖြစ်စဉ်တွင် ဤလူများသည် သမ္မာတရား သွင်ပြင်လက္ခဏာတစ်ခုတလေ၏ စစ်မှန်မှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့ သမ္မာတရား သွင်ပြင်လက္ခဏာ တစ်ခုတလေ၏ စည်းမျဉ်းများကို ခိုင်မာစွာ သဘောမပေါက်ကြသေးပေ။ “သင့်ထံ အမှုအရာများ ကျရောက်သည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများကို ခိုင်မာစွာ သဘောပေါက်ရမည်ဖြစ်ပြီး ဤနယ်ပယ်မှ သွေဖည်သွား၍ မရပါ”ဟု ၎င်းတို့ကို ပြောထားသော်လည်း အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ သမ္မာတရား စည်းမျဉ်းများအား မည်သို့ ရှာဖွေရမည်ကို မသိကြသေးပေ။ ၎င်းတို့သည် စေ့စပ်တိကျခြင်း မရှိကြသကဲ့သို့ အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြသည်။ အဓိကကျသော ဦးတည်ချက်ကို ၎င်းတို့ ကိုင်စွဲကြပုံရသည်၊ ၎င်းတို့သည် နာခံပြီး နားထောင်ကြပုံရသည်၊ လတ်တလောရှိသည့် အလုပ်ကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ လုပ်ကြပုံရပြီး အသင်းတော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ကြပုံရသော်လည်း သမ္မာတရား၏ သွင်ပြင်လက္ခဏာ တစ်ခုစီနှင့်ဆိုင်သော အသေးစိတ်အချက်များကို ၎င်းတို့ နားလည်ကြသလော။ ယင်းတို့ကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ ဤသည်မှာ လူတို့တွင် သမ္မာတရား သွင်ပြင်လက္ခဏာ အသီးသီး၏ စစ်မှန်သော သိမြင်မှုနှင့် အတွေ့အကြုံ ရှိမရှိဟူသည့်အပေါ် မူတည်ပေသည်။ ၎င်းတို့သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာအသီးသီးကြား ဆက်နွှယ်မှု သို့မဟုတ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မည်သည့် သမ္မာတရား သွင်ပြင်လက္ခဏာများနှင့် မည်သည့် အခြေအနေက တိတိကျကျ ပါဝင်ပတ်သက်သည် သို့မဟုတ် မည်သည့် စိတ်သဘောထားက ထိုအခြေအနေကို ဖြစ်စေသည်ဆိုသည်တို့ကို မသိကြချေ။ လူနှစ်ဦးက တစ်ခုတည်းသောစကားကို ပြောဆိုလျှင် ထိုလူနှစ်ဦး၏ သဘာဝများကြား ခြားနားချက်များကို ၎င်းတို့ မသိကြသကဲ့သို့ ယင်းတို့အား မည်သို့ သဘောထားရမည်ကို မသိကြချေ။ ဤသည်မှာ သမ္မာတရား သိနားလည်မှု ဖြစ်သလော။ ဤသည်မှာ သမ္မာတရား သိနားလည်မှု မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း ဤသမ္မာတရားများ၏ လက်တွေ့ကျသော ဘက်ခြမ်းကို မသိကြသကဲ့သို့ ဘုရားသခင်ကို ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာ သင် ယုံကြည်ပြီးဖြစ်ကာ ထိုအရာကို သင် မသိသေးလျှင် သင်သည် သမ္မာတရားကို မရရှိသေးပေ။ ယခုတွင် မည်သည့်အရာကို သင်တို့ ချို့တဲ့နေသနည်း။ လူအများစုက ၎င်းတို့အနေဖြင့် တကယ့်အဆုံးထိတိုင် “ဘုရားသခင်ကို ယုံကြည်မှု”ဟူသည့် စကားများကို ဖက်တွယ်သရွေ့ ၎င်းတို့ အောင်မြင်လိမ့်မည်ဟု တွေးထင်လျက် စစ်မြေပြင်တွင် မိမိစည်းမကျအောင် ဖက်တွယ်နေသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ကြသည်။ သို့ရာတွင် သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် လက်ခံရန် ကနဦးခြေလှမ်းလှမ်းခြင်း မရှိကြချေ။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်၊ ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ရန်နှင့် ရန်သူဖြစ်သော စာတန်ကို အနိုင်ယူရန် ပျက်ကွက်ကြပြီး သမ္မာတရားနှင့် အသက်ကို မရရှိကြသေးပေ။ ဆိုးရွားသည့် အမှားတစ်ခုပါတကား။ ဤသည်မှာ အသက်အတွေ့အကြုံတစ်ခုမျှမရှိဘဲ နှစ်များစွာကြာ ဘုရားသခင်ကို ယုံကြည်ရန်မှာ သနားစဖွယ် ဖြစ်သည့်ပုံဖြစ်သည်။ လူတို့သည် ထိုသို့သော အခြေအနေတစ်ခုထဲသို့ ကျရောက်သည့်အခါ စည်းမျဉ်းစည်းကမ်းအချို့ကို ဖက်တွယ်ရင်း၊ ဤနယ်ပယ်အတွင်းရှိ စီမံအုပ်ချုပ်ရေး အမိန့်များကို ချိုးဖောက်ခြင်းမရှိသကဲ့သို့ လတ်တလောရှိသည့် အလုပ်ကို ပြီးစီးလျက် နေ့စဉ် အပေါ်ယံအားဖြင့် ဆက်၍သာ အလုပ်များနေကြလေသည်။ ဤအရာကို လူ၏ အမြင်တွင် သင့်တင့်လျောက်ပတ်သည်ဟု ယူဆထားပြီး ဤအခြေအနေကို သမ္မာတရား အသုံးပြုလျက် သင် တိုင်းတာလျှင် ၎င်းတို့အနေဖြင့် ဆိုးရွားသည့် အမှားတစ်ခု မကျူးလွန်သေးပေ။ ဤသို့ယုံကြည်ခြင်းကို သင် အဘယ်သို့ တွေးထင်သနည်း။ (ဘုရားသခင် မနှစ်သက်ပါ။) ဤတုံ့ပြန်ချက်သည် အယူဝါဒသာ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် ရှုထောင့်မှကြည့်လျှင် သင်သည် မည်သည့်အခါတွင်မျှ တိုးတက်မှုမရှိသောကြောင့် ဤယုံကြည်မှုမျိုးသည် သမ္မာတရားကို မရရှိနိုင်ပေ။ အချိန်ကာလတစ်ခုကြာ ဘုရားအိမ်တော်က ဘုရားသခင်ကို သိကျွမ်းခြင်းအကြောင်း သမ္မာတရားများကို ပြောဆိုသည့်အခါ ဘုရားသခင်ကို သိကျွမ်းခြင်းအား သင် အာရုံစိုက်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအကြောင်း ပြောသည့်အခါ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင် အာရုံစိုက်သည်။ လူ့ဇာတိခံ ဘုရားသခင်ကို သိရှိခြင်းအကြောင်း ပြောသည့်အခါ လူ့ဇာတိခံ ဘုရားသခင်ကို သိရှိခြင်းအား သင် အာရုံစိုက်သည်။ ဘုရားအမှုတော် ရူပါရုံများအကြောင်းကို ပြောသည့်အခါ ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားများကို သင် အာရုံစိုက်သည်။ ဧဝံဂေလိ ဖြန့်ဝေခြင်းအကြောင်း သမ္မာတရားများကို ပြောဆိုသည့်အခါ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို သင် အာရုံစိုက်သည်။ ဘုရားအိမ်တော်က ပြောဆိုသည့် မည်သည့်အရာကိုမဆို သင် နားထောင်ကာ နားလည်သောကြောင့် သင့်ကို ထောက်ပံ့ရန် တရားဒေသနာများကို မည်သူကမျှ မဟောသည့်အခါ သင့်ထံတွင် သင်၏ ကိုယ်ပိုင်လမ်းကြောင်း ရှိလိမ့်မည်လော။ သင်သည် ရှေ့ဆက်သွားနိုင်လိမ့်ဦးမည်လော။ သင်မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။ ဥပမာအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်နှင့်ပတ်သက်၍ လူတို့က စုဝေးပွဲများတွင် မိတ်သဟာယပြုသည့်အခါ သင်က “ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်တွင် အလွန်နက်ရှိုင်းသည့် အတွေ့အကြုံမရှိပါ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် အရေးပါလှသည်ဟုသာ ကျွန်ုပ် ခံစားရပါသည်”ဟု ပြော၏။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်ကို လူတို့က မေးသည့်အခါ သင်က “ဘုရားသခင်ကို ကျိုးနွံနာခံရန်မှာ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ ဘုရားသခင် ပြောဆိုသည့်အရာကို စဉ်းစားခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်”ဟု ပြောသည်။ နောက်ထပ် အသေးစိတ်အချက်များနှင့် သင့်အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင် ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင် အဘယ်အရာ လုပ်ဆောင်မည်ကိုဖြစ်စေ၊ သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ ပါဝင်ပတ်သက်သည့်အခါ အဘယ်အရာ လုပ်ဆောင်မည်ကိုဖြစ်စေ မိတ်သဟာယပြုရန် သင့်ကို လူတို့က တောင်းဆိုသည့်အခါ သင်က “ထိုအရာများကို ကျွန်ုပ် မတွေ့ကြုံရသေးပါ”ဟု ပြောသည်။ ဤသည်မှာ သင့်အနေဖြင့် ဝင်ရောက်မှု မရရှိသေးဟု ဆိုလိုပေသည်။ ဘုရားအိမ်တော်က ဘုရားသခင်ကို သိကျွမ်းခြင်းအကြောင်း သမ္မာတရားများကို အတန်ကြာ ပြောဆိုသည်။ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ အသိတွင် တိုးတက်မှု ဖြစ်စေပြီးပြီလောဟု လူတစ်ဦးက သင့်ကို မေးလျှင် သင်က “ကျွန်ုပ် တိုးတက်မှု ဖြစ်စေပြီးဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားသခင်ကို ယုံကြည်မှုတွင် အရေးအကြီးဆုံးသော အရာဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။ လူတို့က ဘုရားသခင်ကို မသိလျှင် ဘုရားသခင်၏ စိတ်သဘောထားကို အမြဲ ပုန်ကန်ပြစ်မှားမိလိမ့်မည်ဖြစ်ပြီး ဤအရာကို လူတို့ အမြဲ လုပ်ဆောင်လျှင် အမှောင်ထဲသို့ ကျဆင်းသွားကြလိမ့်မည်၊ အပေါ်ယံ စကားများသာ ပြောဆိုနိုင်ကြလိမ့်မည်ဖြစ်ပြီး မည်သည့် သမ္မာတရားကိုမျှ နားလည်ကြမည်မဟုတ်။ ဘာသာတရားမရှိသူများကဲ့သို့သာ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို ဆန့်ကျင်သည့်အရာများကို ၎င်းတို့ အမြဲ လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အရာများကို အမြဲ လုပ်ဆောင်ကြလိမ့်မည်”ဟု ပြောသည်။ ထိုလူက “သို့ဆိုလျှင် ဘုရားသခင်ကို သင် မည်သို့ သိကျွမ်းသနည်း။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သင်၏ နေ့စဉ်ဘဝတွင် ဘုရားသခင်၏ လမ်းပြမှုကို သင် တွေ့ကြုံသည့်အခါ ဘုရားသခင်က သင့်ကို လမ်းပြနေခြင်းအဖြစ် မည်သည့်အရာများကို သင် အသိအမှတ်ပြုပြီး မည်သည့်အရာများတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် ရှင်းလင်းစွာ ခံစားမိသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် မည်သို့ နားလည်သနည်း။ တကယ့် ဘဝတွင် သင် နားလည်ပြီးခံစားသည့် အရာပေါ် အခြေခံ၍ ဘုရားသခင်၏ မည်သည့် စိတ်သဘောထား သွင်ပြင်လက္ခဏာကို သူ၏ အချုပ်အခြာအာဏာတွင် သင် မြင်သနည်း”ဟု တစ်ဖန်မေးသည်။ မည်သည့်အရာကိုမျှ သင် မပြောနိုင်လျှင် ထိုအရာက သင့်တွင် အတွေ့အကြုံမရှိကြောင်း သက်သေပြပေသည်။ သင်က “ဘုရားသခင်၏ လမ်းပြမှုကို ကျွန်ုပ်ခံစားသည့် အရာတစ်ခု ရှိသည်”ဟု ဆိုလျှင် ဤသည်မှာ ခံစားချက်အနည်းငယ်သာ ရှိခြင်းဖြစ်ပြီး ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ သင့်ထံတွင်ရှိသည်ဟု မဆိုလိုပေ။ အမှန်တွင် တကယ့်ဘဝ၌ အရာရာကို ဘုရားသခင် အုပ်စိုး၊ စီစဉ်ပြီး စီမံထားခြင်း ဖြစ်သည်။ လူတို့သည် များစွာ တွေ့ကြုံပြီးဖြစ်လျှင် မည်သည့်အရာမျှ မရိုးရှင်းကြောင်းနှင့် လူတို့အနေဖြင့် သင်ခန်းစာများ သင်ယူနိုင်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အနန္တတန်ခိုးတို့ကို မြင်ရန်အလို့ငှာ အရာရာ ဖြစ်ပျက်ကြောင်း ၎င်းတို့ ခံစားနိုင်ပြီး နောက်ဆုံးတွင် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာနိုင်ကြပေသည်။ ဤရလဒ်ကို သင် စွမ်းဆောင်ရရှိသည့်အခါတွင်သာ ဘုရားသခင်ကို သူ၏ရည်ရွယ်ချက်များနှင့်အညီ မည်သို့ ကျိုးနွံနာခံရမည်ကို သင် သိလိမ့်မည်။ ထိုအခါ သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု လုံးဝ ရှိလိမ့်မည်ဖြစ်သည်။ ဤအတွေ့အကြုံအဆင့်ဖြင့် လူတစ်ဦး၏ ယုံကြည်ခြင်းက သာ၍ အားကောင်းသည်ထက် ကောင်းသည်သာမက အရေးအကြီးဆုံးမှာ ဘုရားသခင်၏ စိတ်သဘောထားအပေါ် သိနားလည်မှုတစ်ခုရှိကြပြီး ဘုရားသခင်အား မည်သို့ကျိုးနွံနာခံရမည်ကို သိရှိကြခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ရရှိခြင်း ဖြစ်သည်။

လူအချို့သည် ၎င်းတို့၏ သမ္မာတရား လိုက်စားမှုတွင် သွေဖည်မှုများ အမြဲရှိကြ၏။ ၎င်းတို့သည် ကြွားဝါရန်အလို့ငှာ အချို့သော ဝိညာဉ်ရေးရာ အယူဝါဒများနှင့် ပေါ့တန်သော သဘောတရားများအကြောင်း အနှစ်မဲ့ ပြောဆိုမှုများကို အမြဲ အာရုံစိုက်ကြသည်။ ဤလိုက်စားမှုမျိုးကို သင်မည်သို့ တွေးထင်သနည်း။ သင့်အနေဖြင့် သမ္မာတရား လိုက်စားသည့် လူတစ်ဦးဖြစ်သည်ဟု တွေးထင်သည်ဖြစ်စေ၊ မတွေးထင်သည်ဖြစ်စေ ယခု အရေးအပါဆုံးသောမေးခွန်းမှာ အချို့သော လက်တွေ့ကျသည့်အရာများ၊ တိတိကျကျပြောရလျှင် လက်တွေ့ကျသည့် သိမြင်မှုကို သင်တို့ ရရှိပြီးခြင်း ရှိမရှိဆိုသည့်အရာ ဖြစ်သည်။ (အချို့ကို ကျွန်ုပ် ရရှိပြီးဖြစ်ပါသည်။) မည်သည့်အရာကို သင် ရရှိပြီးပြီနည်း။ ထိုအရာကို သင် အကဲဖြတ်နိုင်သလော။ (ကျွန်ုပ်သည် အချို့သော သိနားလည်မှုနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို လူတို့ ခံရပုံအပြင် ဤဆိုးယုတ်သည့် လောကကို ထိုးထွင်းသိမြင်မှုရရှိပြီး ဖြစ်ပါသည်။) သင်သည် အသိပညာအနည်းငယ် ရရှိပြီးဖြစ်သည်။ ထို့ကြောင့် ဤအသိပညာသည် သင်၏ ဘဝ ဦးတည်ချက်၊ ဘဝတွင်ရှိသော သင်၏ ရည်မှန်းချက်နှင့် သင်၏ တကယ့်ဘဝထဲမှ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများကို ပြောင်းလဲနိုင်သလော။ မည်သည့် လူအုပ်စုထဲတွင် သင် အသက်ရှင်သည်ဖြစ်စေ၊ သင် နားလည်ပြီးဖြစ်သည့် ဤအသိပညာ သို့မဟုတ် သမ္မာတရားများက သင်၏ ဘဝနှင့် ဘဝရှိ ရည်မှန်းချက်ကို လွှမ်းမိုးနိုင်သလော။ ထိုအရာများက သင့်ကို အပြည့်အဝ မပြောင်းလဲနိုင်လျှင် သင် ပြောဆိုပြီး လုပ်ဆောင်သည့်အရာတွင် ပြောင်းလဲမှုအချို့နှင့် ကန့်သတ်ချက်တစ်ခုခု ရှိရမည်ဖြစ်သည်။ ယခု သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုအရ သင်တို့ထဲမှ အများစုသည် ဤအဆင့်တွင် ပိတ်မိကြဆဲဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက ကြီးထွားခြင်း လိုအပ်ပေသည်။ သမ္မာတရားအပေါ် သင်၏ သိနားလည်မှုသည် အပေါ်ယံဖြစ်လွန်းလျှင် မကောင်းသကဲ့သို့ အယူဝါဒအနည်းငယ်သာ ပြောဆိုနိုင်ပြီး အနည်းငယ် ချုပ်ထိန်းမှုရှိရန်မှာလည်း ဘာမျှ မကောင်းပေ။ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုရှိဖို့ သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး ဘဝတွင် သင်၏ ရည်မှန်းချက်ကို ပြောင်းလဲနိုင်ရမည်ဖြစ်သည်။ သင် နားလည်သည့် သမ္မာတရားအားလုံးနှင့် သင် နားထောင်ပြီးဖြစ်သည့် ဒေသနာများကို သင်၏ စိတ်နှလုံးတွင် လက်ခံပြီးသားဖြစ်ကာ ယင်းတို့က သင့်ဘဝကို လွှမ်းမိုးနိုင်လျှင် သင်၏ ကျင့်ကြံပြုမှုခြင်း ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ကို ပြောင်းလဲနိုင်ကာ သင်၏ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများကို ပြောင်းလဲနိုင်လျှင် ဤသည်မှာ ချုပ်ထိန်းမှု အနည်းငယ်ကို လက်ခံခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် အကျိုးတရားများထက် အနည်းငယ် ပိုကောင်းသည် မဟုတ်လော။ ယခုအခါတွင် သင်သည် ချုပ်ထိန်းမှုများကို လက်ခံခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်ခြင်းတို့တွင် ပိတ်မိလေသည်။ ဤသည်မှာ တက်ကြွစွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်းတို့အတွက် လမ်းကြောင်းဖြစ်သလော။ လုံးဝ မဟုတ်ပေ။ သင့်အနေဖြင့် ချုပ်ထိန်းမှုများကို လက်ခံခြင်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်ခြင်းတွင် အမြဲအစဉ် ပိတ်မိနေလျှင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သမ္မာတရားစစ်မှန်မှုထဲသို့ သင် ဝင်ရောက်နိုင်လိမ့်မည်လော။ စစ်မှန်သည့် ပြောင်းလဲမှုကို သင် ကြုံနိုင်လိမ့်မည်လော။ ထို့အပြင် ချုပ်ထိန်းခံရကာ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နေစဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌ ရလဒ်တစ်ခုတလေ သင် ရရှိပြီလော။ လုံးဝ မရရှိပေ။ ထို့ကြောင့် သမ္မာတရား သိနားလည်ခြင်းကို အာရုံစိုက်ခြင်းသည် အရေးအကြီးဆုံး ဖြစ်နေဆဲဖြစ်သည်။ ချုပ်ထိန်းခံရခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်ခြင်းတို့သည် သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုထားနှင့်၊ သမ္မာတရားကို သင်နားလည်သည်ဟု မဆိုလိုပေ။ တစ်သက်တာ ချုပ်ထိန်းခံရပြီး စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်ခြင်းသည် သမ္မာတရားကို သိနားလည်ခြင်းနှင့် ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးတရားကို စွမ်းဆောင်ရရှိလိမ့်မည် မဟုတ်ပေ။ ထိုအရာမှာ အချည်းနှီးဖြစ်၏။ ထို့ကြောင့် အကြင်သူသည် ချုပ်ထိန်းခံရခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမှ ဆင်းရဲဒုက္ခမည်မျှ ခါးစည်းခံရသည်ဖြစ်စေ တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် စိုးစဉ်းမျှ မရှိပေ။

တရားဒေသနာများကို နားထောင်ကာ သမ္မာတရားကို သိနားလည်ပြီးသည့်နောက်တွင် စစ်မှန်သည့် ပြောင်းလဲမှု တစ်ခုတလေကို သင်တို့ တွေ့ကြုံပြီးပြီလော။ ဥပမာအားဖြင့် ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေသော အသိပညာနှင့် သဘောတရားများကို သင်၏ ယခင်လိုက်စားမှုများနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို သင်၏ လိုက်စားခြင်းသည် ဘုရားသခင်ကို ယုံကြည်မှုမဟုတ်ဘဲ ထိုအစား ဘာသာရေး ယုံကြည်မှုနှင့် သက်ဆိုင်ကြောင်းနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက အလွန်ဆိုးရွားကြောင်းနှင့် သင့်အနေဖြင့် ထိုသို့ အသက်ရှင်ပြီး ကျင့်ကြံပြုမူလျှင် ငရဲသို့သွားသင့်သည့် မကောင်းဆိုးဝါးတစ်ဦး လုံးဝ ဖြစ်လာလိမ့်မည်ဖြစ်ပြီး ထိုသို့ အသက်ရှင်ခြင်းသည် အလွန် စိတ်ဆင်းရဲစရာဖြစ်ကြောင်းကို စဉ်းစားကြည့်လော့။ ဤအတွေ့အကြုံနှင့် အသိပညာကို သင်တို့ ပိုင်ဆိုင်သလော။ သင့်ထံတွင် မည်သည့် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံ ရှိသနည်း။ အသိပညာနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက အလွန် ပင်ပန်းဖွယ်ရာဖြစ်သည်။ အငြင်းပွားမှုများ အလွန်များသည်၊ ဒုက္ခများလွန်းပြီး ဘဝက ပင်ပန်းဖွယ်ရာဖြစ်ကာ ဘာသာတရားမရှိသူများကြား အသက်ရှင်ခြင်းက အလွန် စိတ်ဆင်းရဲဖွယ်ရာဖြစ်သည်ဟု သင် ခံစားရ၏။ သင်က “ကျွန်ုပ် ဤသို့အသက်မရှင်နိုင်ပါ။ သူတို့ကဲ့သို့ ကျွန်ုပ် အသက်ရှင်လျှင် သူတို့လောက် ကျွန်ုပ် နာကျင်ရလိမ့်မည်ဖြစ်သည်။ သူတို့၏ ဘဝနေထိုင်မှုပုံစံမှ ကျွန်ုပ် ခွဲထွက်ရန် လိုအပ်သည်”ဟု ပြောသည်။ ဤသည်မှာ သင်၏ ကိုယ်တွေ့ အတွေ့အကြုံဖြစ်သလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သမ္မာတရားကို စိုးစဉ်းမျှ လက်မခံကြောင်း၊ ၎င်းတို့ အားလုံး အချင်းချင်း တိုက်ခိုက်ကြကြောင်း၊ ကျိတ်ကြံကာ လိမ်လည်ဖို့ ကြိုးစားကြကြောင်း၊ ၎င်းတို့ အချင်းချင်း တိတ်တိတ်လေး နှိမ်ကြကြောင်းနှင့် အနည်းငယ်မျှသော အကျိုးအမြတ်အတွက် သွေးထွက်သည်အထိ အချင်းချင်း ရိုက်နှက်ကြကြောင်း သင် နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခံစားရသည်။ ၎င်းတို့ထဲမှ မည်သူမျှက ဘဝ၏ လမ်းကြောင်းမှန်ကို မလျှောက်လိုဘဲ ထိုအစား အမှုအရာများကို လုပ်ဆောင်ရန် လှည့်ကွက်များနှင့် ကျိတ်ကြံမှုများကို အားကိုးကြပုံအား သင် တွေ့ကြုံရပြီး ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်သည့်အခါ မည်သည့်အရာကို သင် အခံစားရဆုံး ဖြစ်သနည်း။ ထိုလောကတွင် မျှတမှု သို့မဟုတ် ဖြောင့်မတ်မှုမရှိကြောင်း၊ အလွန် ကောက်ကျစ်ဆိုးယုတ်ပြီး အလွန် မှောင်မိုက်ကြောင်းနှင့် ထိုနေရာတွင် လူတို့က မကောင်းဆိုးဝါးများကဲ့သို့ အသက်ရှင်ကြကြောင်းကို သင် ခံစားလေသည်။ သင့်အနေဖြင့် လူကောင်းတစ်ဦးဖြစ်ရန် ကြိုးစားမည်ဆိုလျှင် လွယ်ကူမည် မဟုတ်သကဲ့သို့ စွမ်းဆောင်နိုင်မည် မဟုတ်ဟု သင် တွေးမိသည်။ ထိုလောကကို သင် ကျင့်သားရလိုလျှင် မကောင်းဆိုးဝါး အုပ်စုနှင့် ရောကာ လူမှုရေပန်းစားမှုများတွင် ပါဝင်နိုင်ရန်အလို့ငှာ သင်သည်လည်း မကောင်းဆိုးဝါးတစ်ဦး ဖြစ်လာရန်နှင့် မကောင်းဆိုးဝါးကဲ့သို့ အသက်ရှင်ရန် လိုအပ်မည်ဟု သင် ခံစားမိသည်။ အစာတစ်ကိုက်စာအတွက်နှင့် သင်၏ ကိုယ်ပိုင် စားဝတ်နေရေးနှင့် ရှင်သန်မှုအတွက် တိုက်ခိုက်ရန်အလို့ငှာ ၎င်းတို့နှင့် သင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သင်၏ အလိုဆန္ဒကို ဆန့်ကျင်သည့်အရာများကို ပြောဆို၊ လုပ်ဆောင်ရမည်ဖြစ်သည်။ နေ့စဉ် ဤကဲ့သို့ အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာ ဖြစ်မည်ဖြစ်သော်လည်း ထိုသို့ သင် အသက်မရှင်လျှင် လူတို့က သင့်ကို ဖယ်ကြဉ်မည်ဖြစ်ကာ သင် အသက်ရှင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤအသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်မျိုးတွင် မည်သည့်အရာကို သင်တွေ့ကြုံပြီးပြီနည်း။ နာကျင်မှု၊ ညှဉ်းဆဲမှုနှင့် ကူကယ်ရာမဲ့ခြင်းတို့ ဖြစ်သည်။ လူတို့ကြား တည်ရှိသည့် ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်မှုနှင့် မှောင်မိုက်ခြင်းတို့ကို သင် တွေ့ကြုံပြီးဖြစ်ကာ လူ့ဘဝ၏ အလင်းရောင်ကို သင် မမြင်နိုင်ပေ။ ဘုရားသခင်ကို သင် ယုံကြည်လာကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား သင် အာရုံစိုက်သည့်အခါ မည်သည့်အရာကို သင် တွေ့ကြုံခဲ့သနည်း။ (ကျွန်ုပ်စိတ်နှလုံးတွင် သမ္မာတရားကို နားလည်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက ပိုကောင်းသည်ကို ကျွန်ုပ် ခံစားခဲ့ရပြီး ကျွန်ုပ်၏ စိတ်နှလုံးတွင် နှစ်သိမ့်မှုကို ခံစားခဲ့ရပါသည်။) ဘုရားအိမ်တော်၌ အသက်ရှင်နေစဉ်တွင် သင်သည် အလွန့်အလွန်ပျော်ရွှင်သည်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ရှိကာ သမ္မာတရားများစွာကို နားလည်နိုင်သည်ဟု သင် ခံစားရသည်။ သင်၏ ညီအစ်ကို မောင်နှမများနှင့်အတူ ရှိသည့်အခါ သင်သည် အချင်းချင်း ကူညီကာ အားပေးနိုင်သည်၊ အချင်းချင်း တန်းတူ ဆက်ဆံနိုင်ပြီး စိတ်သဘောညီညွတ်စွာ အသက်ရှင်နိုင်သည်။ နေ့စဉ်နေ့တိုင်း၊ သင်၏ စိတ်နှလုံးတွင် အေးချမ်းမှုခံစားရပြီး လွတ်လပ်ကာ လွတ်မြောက်လေသည်။ လှည့်ဖြားခံရခြင်းအကြောင်းကို သင် စိုးရိမ်ရန် မလိုအပ်သကဲ့သို့ အခြားသူများ၏ ဖိနှိပ်ခြင်းနှင့် နှိပ်စက်ခြင်းကိုလည်း သင် မခံရတော့ပေ။ မကောင်းမှုပြုသူများသည် တဖြည်းဖြည်း ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခံရပြီး အရေအတွက်အားဖြင့် နည်းသည်ထက် နည်းလာကြသည်။ ဘုရားအိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်စိုးသည်။ ဘုရားရွေးချယ်ထားသောလူများသည် ကန့်သတ်မှုမရှိဘဲ လွပ်လပ်စွာ စကားပြောနိုင်ကြသည်၊ ၎င်းတို့သည် ရွေးချယ်ပိုင်ခွင့်ရှိကြပြီး ဆိုးယုတ်သောလူများကို ဖော်ထုတ်ပိုင်ခွင့်ရှိကြသည်။ သမ္မာတရားကို လက်မခံဘဲ ထို့အပြင် မကောင်းမှုပြုနိုင်စွမ်းရှိသူများသည် တဖြည်းဖြည်း ရှင်းလင်းခြင်းခံရသည်။ ဘုရားအိမ်တော်တွင် လူများ ညှဉ်းဆဲခံရသည့်၊ သို့မဟုတ် ဖိနှိပ်ခံရသည့် ဖြစ်စဉ် မရှိ။ ကိစ္စတစ်ခုရှိလျှင် လူတိုင်းက ဆွေးနွေးကြသည်။ ပြဿနာတစ်ခုရှိလျှင် ထိုပြဿနာကို ဖြေရှင်းရန် ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုကြသည်။ လူတို့သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာကြပြီး ဥပဒေမဲ့အရာများ ဖြစ်ပွားမှု နည်းသည်ထက်နည်းသွားသည်။ ဘုရားရွေးချယ်ထားသော လူများအားလုံးသည် သမ္မာတရားကို လက်ခံနိုင်ကြသည်၊ သမ္မာတရား၏ ချုပ်ထိန်းခြင်းကို ခံနိုင်ကြပြီး ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များအရ ပြောင်းလဲမှုအချို့ ပြုလုပ်နိုင်ကြလေသည်။ တစ်ဦးတစ်ယောက်က မကောင်းမှုပြုမိလျှင် ထိုအရာကို လူတိုင်း ရှင်းလင်းစွာ မြင်နိုင်ပြီး တိုင်ကြားနိုင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် မကောင်းမှုပြုသူများ နည်းသည်ထက် နည်းသွားသည်။ ယခုတွင် ဘုရားအိမ်တော်၏ ပတ်ဝန်းကျင်သည် အမှန်တကယ် ကောင်းမွန်ကြောင်း သင် ပိုပိုပြီး ခံစားမိ၏။ ညီအစ်ကို မောင်နှမများက အချင်းချင်း ချစ်ကြပြီး အခက်အခဲများ သို့မဟုတ် သွေဖည်မှုများရှိသူ မည်သူမဆို အကူအညီ ရရှိနိုင်သည်။ အခက်အခဲများရှိသူ မည်သူမဆို ၎င်းတို့အား ထိုအခက်အခဲများကို ဖြေရှင်းစေနိုင်ပြီး ဖြေရှင်းမရနိုင်သည့် ပြဿနာများရှိလျှင် ဘုရားသခင်ကို လူတို့ အားကိုးတကြီး မျှော်လင့်ကာ သူ့ကို မှီခိုနိုင်သည့်အပြင် သူ၏ နှုတ်ကပတ်တော်များအတိုင်း ဖြေရှင်းနိုင်သည်။ ဘုရားအိမ်တော်တွင် အသက်ရှင်ခြင်းက သင့်အား အလွန့်အလွန် ပျော်ရွှင်စေကာ မျှော်လင့်ချက်ပြည့်စေသည်။ အလင်းရောင်ကို သင် မြင်နိုင်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို အပြည့်အဝ ခံစားနိုင်သည်။ ဤပတ်ဝန်းကျင်သည် ဘဝတွင် လူတို့၏ တိုးတက်မှုအတွက် အလွန် အကျိုးရှိ၏။ သမ္မာတရားရှိသည့် အသင်းတော်၊ ဤပတ်ဝန်းကျင်တွင် အသက်ရှင်ခြင်းအားဖြင့် သမ္မာတရားကို သင် တဖြည်းဖြည်း နားလည်နိုင်သည်။ သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ပိုလင်းလက်ကာ သင်သည် လွတ်လပ်ပြီး လွတ်မြောက်လိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို သိနားလည်ခြင်းအားဖြင့် ရရှိသည့် ရလဒ်များ ဖြစ်သည်။ သမ္မာတရားကို ရရှိပြီးဖြစ်သည့် လူတို့တွင် သိသာသော ဝိသေသလက္ခဏာတစ်ခု ရှိ၏။ ၎င်းတို့သည် အတော်အတန် လွတ်လပ်ကာ လွတ်မြောက်ကြလေသည်။ ၎င်းတို့အနေဖြင့် ချုပ်ထိန်းခံရရန် မလိုအပ်၊ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို သမ္မာတရားက လွှမ်းမိုးလိမ့်မည်ဖြစ်ပြီး ထိုအရာက ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံနှင့် ၎င်းတို့၏ ဘဝ ဦးတည်ချက်တို့ကို ပြောင်းလဲလိမ့်မည်ဖြစ်သည်။ သင့်အတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ထွက်ပေါ်သည့်အခါ၊ သင့်ကို လမ်းပြနေသည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု သင်ရှိသည့်အခါ သင် လုပ်ဆောင်သည့်အရာများ၏ သဘာဝသည် မိမိကိုယ်ကို ထိန်းချုပ်ခြင်းနှင့် ချုပ်ထိန်းခြင်းကို သင်ခံယူခဲ့ချိန် ယခင်က သင် လုပ်ဆောင်ခဲ့သည့်အရာနှင့် လုံးဝ ကွဲပြားခြားနားလိမ့်မည်။ ဤအခြေအနေများအောက်တွင် သင့်ကို အဆင့်အတန်းတစ်ခု ပေးထားကာ အခြားသူများကို ညှဉ်းဆဲရန် အခွင့်အရေးနှင့် သင့်တော်သည့် အခြေအနေများ သင့်တွင်ရှိခဲ့လျှင် ထိုအရာကို သင် လုပ်ဆောင်ဦးမည်လော။ (လုပ်ဆောင်မည် မဟုတ်ပါ။) အဘယ်ကြောင့် မလုပ်ဆောင်မည်နည်း။ လူတို့ကို ညှဉ်းဆဲရန် သင် မစီစဉ်သောကြောင့် သို့မဟုတ် လူတို့ကို သင် ညှဉ်းဆဲနိုင်စွမ်း မရှိသောကြောင့် ဖြစ်သလော။ (ကျွန်ုပ်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။) မှန်ပေ၏၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်၏ လုပ်ရပ်များတွင် စည်းမျဉ်းများနှင့် အခြေခံစည်းတစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဤအချိန်တွင် မည်သည့် စုံစမ်းသွေးဆောင်မှုများကို သင် ရင်ဆိုင်ရသည်ဖြစ်စေ “ဤအရာကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို မကျေနပ်စေသလို ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာများကို ငါ မလုပ်နိုင်ပါ”ဟု သင်၏ စိတ်နှလုံးမှ သင် ပြောနိုင်လိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤအဆင့်သို့ အလိုအလျောက် ရရှိလိမ့်မည်ဖြစ်ပြီး ထိုသို့သော စကားများကို သင် ပြောနိုင်လိမ့်မည်။ ယခုအခါတွင် ဤအဆင့်ကို အားမထုတ်ရဘဲ သင်တို့ ပြီးမြောက်နိုင်ကြသလော။ (မပြီးမြောက်နိုင်သေးပါ။) ဤအရာက သင့်အတွင်းတွင် သမ္မာတရားက အကျိုးတရား မရှိသေးကြောင်းကို သက်သေပြ၏။ ထိုသမ္မာတရားက သင်၏ အပြုအမူကို ချုပ်ထိန်းရုံမျှချုပ်ထိန်းသော်လည်း သင်၏ စိတ်နှလုံးကို ခိုင်ခိုင်မာမာ မချုပ်ထိန်းနိုင် သို့မဟုတ် သင့်ဘဝ၏ ဦးတည်ချက်ကို မပြောင်းလဲပေးနိုင်သကဲ့သို့ သင်၏ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများနှင့် ရည်မှန်းချက်တို့ကို မပြောင်းလဲပေးနိုင်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။