သမ္မာတရားစစ်မှန်မှု ဆိုသည်မှာ အဘယ်နည်း။ (အပိုင်း သုံး)
ယခုတွင် သမ္မာတရားကို လိုက်စားခြင်း၊ ရရှိခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ပထမဆုံး ဦးစားပေးမှာ အဘယ်အရာနည်း။ ယင်းမှာ ပထမဦးစွာ ယခင်က မှန်ကန်သည်ဟု သင် တွေးထင်ခဲ့ပြီး ရိုးရာအယူအဆများနှင့် သက်ဆိုင်သည့် မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် ဆိုရိုးများကို စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ယင်းတို့၏ အနှစ်သာရကို လုံးလုံးလျားလျား နားလည်ပြီးသည်နှင့် စွန့်ပယ်ရန်ဖြစ်သည်။ ဤအရာများသည် လူတို့ကို ချည်နှောင်သည့် အချုပ်အနှောင်များ၏ ပထမဆုံး အလွှာဖြစ်သည်။ ယခုတွင် သင်တို့၏ စိတ်နှလုံးများတွင် ဤအရာများကို မည်မျှ သိမ်းဆည်းထားဆဲဖြစ်သနည်း။ ယင်းတို့ကို သင် အပြည့်အဝ စွန့်ပယ်ပြီးပြီလော။ (အပြည့်အဝ မစွန့်ပယ်ရသေးပါ။) ဤအရာများကို စွန့်ပယ်ရန်မှာ လွယ်ကူသလော။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုကြသော်လည်း ၎င်းတို့၏ မိဘများကိုလည်း ရိုသေရမည်ဟု ၎င်းတို့ ခံစားကြသည်။ ယင်းက ခံစားချက်များ ပါဝင်သည်။ သင်သည် သင်၏ မိဘများနှင့် မိသားစုများအကြောင်းကို မစဉ်းစားရန်နှင့် ဘုရားသခင်အကြောင်းကိုသာ စဉ်းစားပြီး သမ္မာတရားကိုသာ အာရုံစိုက်ရန် မိမိကိုယ်ကို ပြောဆိုလျက် သင်၏ ခံစားချက်များကို ဆက်လက် ပြုပြင်နေသော်လည်း သင်၏ မိဘများအကြောင်းကို သင် မစဉ်းစားဘဲ မနေနိုင်သေးလျှင် ဤအရာက အခြေခံကျသော ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ ဤပြဿနာကို ဖြေရှင်းရန် သင် အမွေဆက်ခံခဲ့ပြီး လူသား အယူအဆများနှင့် ကိုက်ညီသည့် ဆိုရိုးများ၊ အသိပညာနှင့် သဘောတရားတို့နှင့်အတူ မှန်သည်ဟု သင် တွေးထင်ခဲ့သည့် အရာများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်။ ထို့အပြင် သင်၏ မိဘများနှင့် ဆက်ဆံသည့်အခါ သားသမီးတစ်ဦးအဖြစ် ၎င်းတို့ကို စောင့်ရှောက်ရန် သင်၏ ဝတ္တရားများကို သင် ကျေပွန်အောင် ဆောင်ရွက်ခြင်း ရှိမရှိဟူသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ အခြေအနေများနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအပေါ် လုံးဝ အခြေခံရမည်။ ဤအရာက ထိုကိစ္စရပ်ကို ပြည့်စုံစွာ ရှင်းပြသည် မဟုတ်လော။ လူအချို့က မိမိတို့ မိဘများကို စွန့်ခွာကြသည့်အခါ မိမိတို့မိဘများကို များစွာ အကြွေးတင်ရှိသည်ဟုလည်းကောင်း၊ မိမိတို့ မိဘများအတွက် မည်သည့်အရာမျှ မလုပ်ဆောင်ပေးဖြစ်ဟုလည်းကောင်း ခံစားကြရသည်။ သို့ရာတွင် ထို့နောက် ၎င်းတို့ အတူတကွ နေထိုင်ကြသည့်အခါ ၎င်းတို့၏ မိဘများကို သားသမီးဝတ် လုံးဝ ကျေပွန်ခြင်း မရှိကြသကဲ့သို့ မိမိတို့၏ ဝတ္တရားတစ်ခုကိုမျှ မဖြည့်ဆည်းကြပေ။ ဤသည်မှာ အမှန်တကယ် သားသမီးဝတ်ကျေပွန်သည့် လူတစ်ဦးဖြစ်သလော။ ဤသည်မှာ အနှစ်မဲ့သော စကားများကို ပြောဆိုခြင်းဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။ လူတို့အနေဖြင့် ရွေးချယ်ရန် ဆန္ဒရှိကောင်းရှိနိုင်သော်လည်း မရွေးချယ်နိုင်ကြ၊ ရွေးချယ်ပိုင်ခွင့်မရှိကြဘဲ ၎င်းတို့ ကျိုးနွံနာခံသင့်ကြပေသည်။ လူတို့ ကျိုးနွံနာခံသင့်ပြီး အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားကြောင်းကို သင် ခံစားရသည့်အခါ သင်၏ စိတ်နှလုံးတွင် သာ၍ ငြိမ်သက်မှုခံစားရသည်မဟုတ်လော။ (ခံစားရပါသည်။) ထို့နောက်တွင် သင်၏ အသိစိတ်ထဲတွင် လိပ်ပြာမသန့်ဆဲ ဖြစ်လိမ့်မည်လော။ စဉ်ဆက်မပြတ် လိပ်ပြာမသန့်ဟု ခံစားရလိမ့်မည် မဟုတ်တော့ဘဲ သင်၏ မိဘများကို သားသမီးဝတ်မကျေပွန်သည့် စိတ်ကူးသည် သင့်ကို စိုးမိုးထားတော့မည် မဟုတ်ပေ။ ဤသည်တို့မှာ လူ့သဘာဝအတွင်းရှိ ပုံမှန်အတွေး သို့မဟုတ် ဗီဇအချို့ဖြစ်ပြီး မည်သူမျှ မရှောင်လွှဲနိုင်ကြသည်နှင့်အမျှ ထိုအကြောင်းကို သင် ရံဖန်ရံခါ တွေးကောင်းတွေးနိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့၏ မိခင် နာမကျန်းဖြစ်သည်ကို မြင်သည့်အခါ ပုံမှန်လူတို့က ပူပင်သောကရောက်ပြီး သူ့ကိုယ်စား ခံစားပေးနိုင်ဖို့ ဆန္ဒရှိကြသည်။ လူအချို့က “ကျွန်ုပ်၏ အသက် နှစ်အနည်းငယ် တိုလျှင်တိုသွားပါစေ ကျွန်ုပ်၏ မိခင်သာ ရောဂါပျောက်ကင်းနိုင်မည်ဆိုလျှင် အလွန်ကောင်းပေမည်”ဟု ဆိုကြသည်။ ဤသည်မှာ လူ့သဘာဝ၏ အပြုသဘောဆောင်သော ဘက်ခြမ်းဖြစ်သည်။ လူသား ဗီဇဖြစ်သည်။ ထို့ကြောင့် သင်၏ မိခင် နာမကျန်းဖြစ်သည်ကို သင် မြင်ပြီး ပူပန်သောကခံစားသည့်အခါ ဤအလွန်စိတ်ဒုက္ခရောက်သည့် ခံစားချက်သည် ပြဿနာတစ်ခု ဖြစ်သလော။ ပြဿနာတစ်ခု မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာတစ်ခု ဖြစ်သောကြောင့်တည်း။ သင်၏ စိတ်နှလုံးတွင် ပူပန်သောကခံစားရခြင်းသည် ကောင်းသော အရာတစ်ခုဖြစ်၏။ သင်သည် နှလုံးသားရှိကြောင်းနှင့် လူ့သဘာဝရှိကြောင်း ထိုအရာက သက်သေပြပေသည်။ ဤလောကတွင် သင်၏ မိခင်သည် သင့်အတွက် အရင်းနှီးဆုံးဖြစ်ရန် ဘုရားသခင်က စီစဉ်ပေးခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် နာမကျန်းဖြစ်ပြီး ဝေဒနာခံစားရကာ သင်က လျစ်လျူရှုနေလျှင် သင်သည် လူသားဖြစ်နေဆဲ ဖြစ်သလော။ သင်က “အမေ့အတွက် ကျွန်ုပ်တွင် ခံစားချက် မရှိသကဲ့သို့ အမေ့၏ နာကျင်မှုဝေဒနာနှင့်ပတ်သက်၍ မည်သည့် ခံစားချက်မျှမရှိပါ။ ဘုရားသခင် နာကျင်မှု ခံစားရသည့်အခါမှသာ ကျွန်ုပ် နာကျင်မှုခံစားရသည်”ဟု ဆိုလျှင် ဤအဆိုသည် မှန်ကန်သလော။ မမှန်ပေ။ မှား၏။ သင့်မိခင်က သင့်ကို မွေးဖွားပေးခဲ့သည်၊ နှစ်ပေါင်းများစွာ သင့်ကို ပြုစုပျိုးထောင်ပေးခဲ့သည်၊ သူသည် သင့်အတွက် အရင်းနှီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သူက သင့်ကို အချစ်ဆုံးဖြစ်သည်။ သူ နာမကျန်းဖြစ်ပြီး ဝေဒနာခံစားရသည့်အခါ သင်၏ စိတ်နှလုံးတွင် ပူပင်သောက မခံစားရလျှင် သင်၏ စိတ်နှလုံးသည် အလွန် မာကျောခြင်းဖြစ်ရမည်။ ဤသည်မှာ ပုံမှန်မဟုတ်။ ဤလူစားမျိုးဖြစ်ရန် မကြိုးပမ်းနှင့်။ ဤအရာနှင့်ပတ်သက်၍ ပူပင်သောကခံစားခြင်းသည် အလွန်ပုံမှန်ဖြစ်သော်လည်း ဤပူပင်သောကခံစားချက်ကြောင့် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ရပ်ကာ ဘုရားသခင်ကို သင် အပြစ်တင်လျှင် ဤသည်မှာ ပုံမှန်ဖြစ်သလော။ (ပုံမှန်မဟုတ်ပါ။) အဘယ်ကြောင့် ပုံမှန်မဟုတ်သနည်း။ သင်၏ အတွေးသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ပုံမှန် လူ့သဘာဝက ရှိသင့်သည့်အရာမဟုတ်သောကြောင့် ထိုအရာသည် ပုံမှန်မဟုတ်ပေ။ လူတို့တွင် စာတန်၏ သဘာဝရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြသည်။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ ချိုးဖောက်နိုင်ကာ ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာကြသည့်အလားပင် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားနိုင်သည်။ ဤသည်မှာ ပုံမှန်မဟုတ်၊ ထို့ကြောင့် ဤအရာသည် အဘယ်သို့ ဖြစ်လာသနည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်စေခြင်းဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ အချိန်မရွေး၊ နေရာမရွေး အတိုက်အခံလုပ်နိုင်ပြီး သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားသခင်ကို စိတ်ကူးပေါက်ရာ အချိန်မရွေး၊ နေရာမရွေး ပုန်ကန်တတ်သည့် အတွေးအချို့ ဖြစ်ပေါ်စေနိုင်သည်။ ယင်းမှာ ဖြစ်နေကျပုံစံဖြစ်သည်။
ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် ခံစားချက်များရှိကြပြီး ထိုခံစားချက်များ၏ ဘောင်ခတ်ခြင်းကို မကြာခဏ ခံရကြသည်။ ယင်းက ၎င်းတို့ကို ဘုရားသခင်အား ကျိုးနွံနာခံနိုင်ခြင်း မရှိ၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်စေသည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိရန်၊ အကြင်သူသည် ခံစားချက်များနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရမည်။ မည်သည့် ခံစားချက်မျိုးသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ အဟန့်တားဆုံးဖြစ်ပြီး စွန့်ပယ်ရမည်နည်း။ မည်သည့် ခံစားချက်မျိုးသည် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာတွင် ပါဝင်ဖြစ်ပြီး ပြဿနာ မဟုတ်သနည်း။ မည်သည့် ခံစားချက်မျိုးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သနည်း။ ဤအရာများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည်။ ဥပမာအားဖြင့် သင်၏ ကလေးက အနိုင်ကျင့်ခံရပြီး ၎င်း၏ မိခင်တစ်ဦးအနေဖြင့် သင်သည် ၎င်းကို ကာကွယ်ပေးကာ အကျိုးသင့်အကြောင်းသင့်ပြောဆိုရန် သင်၏ ကလေးကို အနိုင်ကျင့်ခဲ့သည့် မိသားစုအား သင် သွားရှာသည်ဆိုပါစို့။ ဤသည်မှာ ပုံမှန်ဖြစ်သလော။ ယင်းမှာ သင်၏ ကလေးဖြစ်သောကြောင့် သူ့ကို ကာကွယ်ရန်မှာ သင့်အတွက် မှန်ကန်ပြီး ပုံမှန်ဖြစ်ပေသည်။ သို့ရာတွင် သင်၏ ကလေးက အခြားကလေးများကို အနိုင်ကျင့်လျှင် လိမ္မာသည့်ကလေးများကိုပင် သူ အနိုင်ကျင့်ပြီး ဤအရာကို သင်က မြင်ကာ ဂရုမစိုက်သကဲ့သို့ သင်၏ ကလေးက အတော်ထူးကဲသည်ဟု သင် ယုံကြည်ကာ အခြားလူတို့ကို ရိုက်ရန် သူ့ကို တိတ်တဆိတ်ပင် သင် သွန်သင်ပြီး အခြားသူတို့က သင့်ကို အကျိုးသင့်အကြောင်းသင့်ပြောရန် လာကြလျှင် သင်၏ ကလေးကို သင်ခုခံကာကွယ်ပြောဆိုဆဲ ဖြစ်သည်။ ဤအပြုအမူသည် မှန်ကန်သလော။ မမှန်ကန်ပါ။ ဤအပြုအမူနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ထိုအရာကို ခံစားချက်များက လှုံ့ဆော်ပေးခြင်းဖြစ်သည်။ ထိုအရာကို ခံစားချက်များက လှုံ့ဆော်ပေးသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ သင်၏ ကလေးကို အခြားသူတို့က အနိုင်ကျင့်ခြင်းက လက်ခံနိုင်ဖွယ်မရှိဟု သင် ထင်ပြီး သင်၏ ကလေးက အနည်းငယ် နာကျင်ခံစားလျှင် ပြဿနာကို သင် ချက်ချင်း သွားဖြေရှင်းကာ ရှင်းပြချက်တစ်ခု တောင်းဆိုသည်။ သို့ဆိုလျှင် အခြားလူတို့၏ ကလေးများကို သင်၏ ကလေးက အနိုင်ကျင့်ခြင်းအား သင် အဘယ်ကြောင့် မျက်ကွယ်ပြုနေသနည်း။ အခြားသူတို့ကို ရိုက်ရန်ပင် သင်က သင့်ကလေးကို အားပေးတိုက်တွန်းနေသည်။ ယင်းမှာ မလိုမုန်းထားခြင်းမဟုတ်လော။ ဤအရာကို လုပ်ဆောင်သည့် လူများသည် ၎င်းတို့၏ စိတ်သဘောထားအရ မလိုမုန်းထားကြသည်။ ဤအရာကို ခံစားချက်များအရ မည်သို့ ရှင်းပြ၍ရနိုင်သနည်း။ မည်သည့်အရာက ခံစားချက်များကို ပုံဖော်သနည်း။ အပြုသဘောဆောင်သည့်အရာတစ်ခုမျှ မဟုတ်သည်မှာ သေချာသည်။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို အာရုံစိုက်ခြင်းဖြစ်ပြီး ဇာတိပကတိ၏ မက်မောမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မျက်နှာသာပေးခြင်း၊ အခြားလူများ၏ အားနည်းချက်များအတွက် ခုခံကာကွယ်ပြောဆိုခြင်း၊ လွန်စွာချစ်ခင်ခြင်း၊ ဖူးဖူးမှုတ်ထားခြင်း၊ အလိုလိုက်ခြင်းတို့အားလုံးသည် ခံစားချက်များဖြစ်သည်။ လူအချို့သည် ခံစားချက်များကို အလွန်အရေးပေးကြသည်။ ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သည့်အရာမှန်သမျှကို ၎င်းတို့၏ ခံစားချက်များအရ တုံ့ပြန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ မှားယွင်းသည်ကို ကောင်းစွာ သိသည်။ သို့တိုင်အောင် စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ မဆိုထားနှင့်။ အရှိအတိုင်းမြင်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။ လူတို့သည် ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အစဉ်ခံရသောအခါတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဤသည်မှာ အလွန်အမင်း ခက်ခဲသည်။ လူများစွာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်စွမ်းနိုင်ခြင်းမှာ ခံစားချက်များအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် ခံစားချက်များကို အထူးအရေးကြီးသည်ဟု မှတ်ယူသည်။ ခံစားချက်များကို ဦးစားပေးသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ အနှစ်သာရအရ ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အခြားသူများကို စည်းမျဉ်းနှင့်မညီဘဲ ကာကွယ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် ခံစားချက်များဖြစ်သည်။ လူတို့၏ ခံစားချက်များရှိခြင်းနှင့် ယင်းတို့ဖြင့် အသက်ရှင်ခြင်း၏ ဖြစ်နိုင်သည့် အကျိုးဆက်များမှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ ခံစားချက်များကို အစက်ဆုပ်ဆုံး ဖြစ်သနည်း။ လူအချို့သည် မိမိတို့ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အမြဲခံရကြသည်။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိကြသော်လည်း ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ ခံစားချက်များအားဖြင့် ၎င်းတို့ အလွန်အမင်း စိတ်ဆင်းရဲကြရသည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည့် လူများစွာရှိသည်။ ဤအရာသည်လည်း ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ၎င်းတို့ခံရသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မိမိတို့အိမ်များကို စွန့်ခွာကြသော်လည်း မိမိတို့ မိသားစုအကြောင်းကို နေ့ရောညပါ အမြဲ စဉ်းစားနေကြပြီး မိမိတို့၏တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ လူအချို့သည် တိတ်တခိုးကြိုက်ရသောသူများ ရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုလူအတွက်သာ နေရာတစ်ခုရှိသည်။ ယင်းက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေသည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည် မဟုတ်လော။ လူအချို့သည် အခြားသူများကို လေးစားကာ ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ထိုလူမှလွဲ၍ မည်သူ့ကိုမျှ ၎င်းတို့ စကားနားမထောင်ကြသည်မှာ ဘုရားသခင် ပြောသည့်အရာကိုပင် နားမထောင်ကြသည့် အတိုင်းအတာထိ ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက ၎င်းတို့နှင့်အတူ သမ္မာတရား မိတ်သဟာယပြုလျှင်ပင် လက်ခံကြမည်မဟုတ်။ ထိုလူ၏ စကားများကိုသာ၊ မိမိတို့ အသည်းကြော်၏ စကားများကိုသာ နားထောင်ကြသည်။ လူအချို့သည် မိမိတို့၏ စိတ်နှလုံးများတွင် အသည်းကြော်တစ်ဦး ရှိကြပြီး ၎င်းတို့၏ အသည်းကြော်အကြောင်း ပြောဆိုရန် သို့မဟုတ် ထိပါးရန် အခြားလူတို့ကို အခွင့်မပေးကြပေ။ ၎င်းတို့ အသည်းကြော်၏ ပြဿနာများအကြောင်းကို တစ်ဦးတစ်ယောက်က ပြောဆိုလျှင် ၎င်းတို့ ဒေါသထွက်လာကြပြီး မိမိတို့ အသည်းကြော်ကို ခုခံကာကွယ် ပြောဆိုပေးရပြီး ထိုလူ၏ စကားကို ပြောင်းလဲအောင် လုပ်ကြသည်။ မိမိတို့ အသည်းကြော်ကို အကာအကွယ်မဲ့ မတရားမှု ခံစားခွင့်ပေးကြမည်မဟုတ်သကဲ့သို့ မိမိတို့ အသည်းကြော်၏ နာမည်ဂုဏ်သတင်းကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့၏ စကားများမှတစ်ဆင့် ၎င်းတို့ အသည်းကြော်၏ အမှားက အမှန်ဖြစ်လာပြီး လူတို့အား စစ်မှန်သည့်စကားများ ပြောခွင့်ကိုဖြစ်စေ၊ ထိုအမှားများ ဖော်ထုတ်ခွင့်ကိုဖြစ်စေ မပေးကြပေ။ ဤသည်မှာ ဘက်လိုက်ခြင်း ဖြစ်သည်။ ဤအရာများကို ခံစားချက်များဟု ခေါ်သည်။ ခံစားချက်များသည် မိမိ၏ မိသားစုအပေါ်သာ ရှေးရှုသလော။ (မဟုတ်ပါ။) ခံစားချက်များက အတော်လေး ကျယ်ပြန့်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ မိသားစုဝင်များကြား သွေးသား ဆက်နွှယ်မှုများနှင့်သာ ပတ်သက်သည်မဟုတ်၊ ထိုနယ်ပယ်ထိသာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ ယင်းတို့သည် သင်၏ အထက်လူကြီး သို့မဟုတ် သင့်ကို မျက်နှာသာပေးသည့် သို့မဟုတ် ကူညီခဲ့သည့် တစ်စုံတစ်ဦး၊ သင်နှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိသည့် သို့မဟုတ် သင်နှင့်အဆင်ပြေသည့် တစ်စုံတစ်ဦး၊ သို့မဟုတ် သင်၏ တစ်မြို့တည်းသားရောင်းရင်း သို့မဟုတ် မိတ်ဆွေ သို့မဟုတ် သင် လေးစားကြည်ညိုသည့် တစ်စုံတစ်ဦးပင်လျင် ပါဝင်ပတ်သက်နိုင်သည်။ ဤသည်မှာ သတ်သတ်မှတ်မှတ် မရှိပေ။ သို့ဆိုလျှင် ခံစားချက်များကို စွန့်ပယ်ခြင်းသည် သင်၏ မိဘများ သို့မဟုတ် မိသားစုအကြောင်းကို မစဉ်းစားခြင်းလောက်မျှသာ ရိုးရှင်းသလော။ (မရိုးရှင်းပါ။) ခံစားချက်များကို စွန့်ပယ်ရန်မှာ အလွန်လွယ်ကူသလော။ လူအများစုက မိမိတို့၏ အသက် ၃၀ အရွယ်ခန့်ရောက်ပြီး၊ အမှီအခိုကင်းစွာ အသက်ရှင်နိုင်ကြသည့်အခါ အိမ်ကို များစွာ မလွမ်းဆွတ်ကြဘဲ ၎င်းတို့၏ အသက် ၄၀ အရွယ်ခန့် ရောက်သည့်အခါ ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်လာသည်။ လူတို့သည် လူလားမြောက်သောအရွယ်သို့ မရောက်ကြသည့်အချိန်တွင် အလွန် အိမ်လွမ်းနာခံစားကြရပြီး အမှီအခိုကင်းစွာ အသက်ရှင်နိုင်စွမ်းကို မပိုင်ဆိုင်ကြသေးသောကြောင့် မိမိတို့ မိဘများကို မစွန့်ခွာနိုင်ကြချေ။ သင်၏ မိသားစုနှင့် မိဘများကို လွမ်းဆွတ်ခြင်းသည် ပုံမှန်ဖြစ်၏။ ခံစားချက်များနှင့် မသက်ဆိုင်ပေ။ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်သည့် သင်၏ သဘောထားနှင့် ရှုထောင့်တို့က ခံစားချက်များနှင့် ရောနှောသွားသည့်အခါတွင်သာ ခံစားချက်များနှင့်သက်ဆိုင်လာပေသည်။ သင်နှင့် သင်၏ မိဘများကြားတွင် သွေးသားအဆင့်တစ်ခု၌ သွေးတော်စပ်မှုတစ်ခုရှိကာ သင်တို့သည် နှစ်ပေါင်းစွာ အတူနေထိုင်ခဲ့ကြပြီးဖြစ်သောကြောင့် သင်၏ မိဘများကို လွမ်းဆွတ်ခြင်းသည် သင့်အတွက် ပုံမှန်ဖြစ်သည်။ လူအချို့က မိမိတို့ မိဘများကို လုံးဝ လွမ်းဆွတ်ခြင်းမရှိဟု ပြောဆိုကြသော်လည်း ၎င်းတို့ မကြာသေးမီကပင် အိမ်ကထွက်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ကြည့်သမျှနေရာတိုင်းက လန်းဆန်းပြီး သစ်လွင်ခြင်း ဖြစ်ကောင်းဖြစ်မည်။ နောက်ဆုံးတွင် ၎င်းတို့ မိဘများ၏ မြည်တွန်တောက်တီးမှုမှ လွတ်မြောက်ကာ မည်သူကမျှ ၎င်းတို့ကို ထိန်းချုပ်ရန် ကြိုးစားနေခြင်း မရှိသောကြောင့် ၎င်းတို့ ပျော်ရွှင်ကြသည်။ သို့ရာတွင် ဝမ်းသာပျော်ရွှင်ကြခြင်းက ၎င်းတို့တွင် ခံစားချက်များ မရှိဟု ဆိုလိုသလော။ မဆိုလိုပေ။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် နှစ်အချို့ကြာ ယုံကြည်ပြီးဖြစ်ကာ သမ္မာတရားအချို့ကို နားလည်လာပြီး ဖြစ်သည်။ ခံစားချက်များ၏ ဘောင်ခတ်ခံရခြင်း လုံးဝမရှိဘဲ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်ပြီး ကျွန်ုပ်တွင် ခံစားချက်များ မရှိတော့ပါ”ဟု ဆိုကြသည်။ ဤအဆိုသည် လက်တွေ့ကျသလော။ ဤသည်တို့မှာ သမ္မာတရားကို နားမလည်သည့် တစ်စုံတစ်ဦး၏ စကားများဖြစ်သည်မှာ သိသာပေသည်။ လူတို့သည် တရားဒေသနာများစွာကို နားထောင်ကြသည့်အခါ အချို့သော စကားများနှင့် အယူဝါဒများကို နားလည်ကြပြီး ဝိညာဉ်ရေးရာ သဘောတရားအချို့ကို ပြောဆိုနိုင်ကြသည့်အခါ ၎င်းတို့က “ဝိညာဉ်ရင့်ကျက်မှုတွင် ငါ ကြီးထွားပြီးဖြစ်ကာ သမ္မာတရားများစွာကို နားလည်ပြီးဖြစ်သည်။ ငါ အဖမ်းခံရလျှင် ယုဒတစ်ယောက် ဖြစ်မည်မဟုတ်။ အနည်းဆုံးအနေဖြင့် ဤယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက် ငါရှိသည်။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု မဟုတ်သလော။ ဘုရားသခင်ကို ငါ ယုံကြည်လာခါစအချိန်က ငါ၏ စိတ်ထက်သန်မှုကို ငါ ပြန်စဉ်းစားသည့်အခါ ဘုရားသခင်ကို ငါ၏ ဘဝတစ်ခုလုံး ဆက်ကပ်ရန် ငါ လိုလားနေခဲ့သည်။ ထိုစိတ်ထက်သန်မှုနှင့် ကျမ်းသစ္စာ မပြောင်းလဲသေးသကဲ့သို့ အနည်းငယ်မျှ လျော့ပါးမသွားသေးပါ။ ဤသည်မှာ တိုးတက်မှုဖြစ်သည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်မှာ အပေါ်ယံဆန်သော ဖြစ်စဉ်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအရာအားလုံးသည် အပေါ်ယံ ဖြစ်စဉ်များဖြစ်သည်။ လူတို့သည် စစ်မှန်သည့် တိုးတက်မှု ဖြစ်စေလိုလျှင် သမ္မာတရားကို နားလည်ရမည်။ အယူဝါဒများနှင့် ဝိညာဉ်ရေးရာ သဘောတရားများကို ပြောဆိုနိုင်ခြင်းသည် စစ်မှန်သည့် ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သင်၏ ကိုယ်ပိုင်ပြဿနာများကိုပင် သင် မဖြေရှင်းနိုင်သကဲ့သို့ သမ္မာတရားတစ်ခုကိုမျှ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင် သင်သည် အခြားသူများအတွက် အကျိုးရှိနိုင်သလော။ တရားဒေသနာများကို နားထောင်ခြင်းနှင့် အယူဝါဒများကို နားလည်ခြင်းသည် အချည်းနှီးဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရမည်။ သမ္မာတရားကို သင် နားလည်သည့်အခါ လက်တွေ့လုပ်ဆောင်ရမည်။ ထိုအခါမှသာ စစ်မှန်မှုကို သင် ပိုင်ဆိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ထိုသမ္မာတရားကို သာ၍ နက်ရှိုင်းစွာ သင် နားလည်နိုင်သည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်သည့်အခါတွင်သာ ထိုသမ္မာတရားကို သင် ရရှိနိုင်ပြီး သမ္မာတရားကို ရရှိခြင်းအားဖြင့်သာ သင် ရင့်ကျက်နိုင်ပေသည်။
ငါသည် သင်တို့နှင့်အတူ မိတ်သဟာယပြုကာ သမ္မာတရားက မည်သည့်အရာဖြစ်ပြီး မှန်ကန်သည့် စကားများက မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားရန် သင်တို့အား ကူညီပြီးဖြစ်သဖြင့် ယခုတွင် မည်သည့်အရာကို သင်တို့ နားလည်သနည်း။ (ကျွန်ုပ်တို့အနေဖြင့် သမ္မာတရား စည်းမျဉ်းများပေါ် အခြေခံ၍ အမှုအရာများကို ရှုမြင်ရမည် ဖြစ်ကြောင်းနှင့် ပုံမှန်အပြင်ပန်း အပြုအမူကောင်းများ သို့မဟုတ် ဝိညာဉ်ရေးရာ အယူဝါဒများကို သမ္မာတရားအဖြစ် သဘောထား၍ မရကြောင်းတို့ဖြစ်သည်။) အပြုအမူကောင်းများနှင့် မှန်ကန်သည့် ဆိုရိုးများက လူတစ်ဦးကို မပြောင်းလဲနိုင်ပေ။ ယင်းတို့က မည်မျှ မှန်ကန်သည်ဖြစ်စေ၊ ယင်းတို့သည် သမ္မာတရား မဟုတ်သည်သာမက သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိပေ။ ယင်းတို့ကို သင် အမြဲ ဖက်တွယ်ပြီး သမ္မာတရားအဖြစ် သဘောထားလျှင် သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် နားလည်လိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသည်။ ယင်းမှာ ဝိညာဉ်ရေးရာ အယူဝါဒများက လူတစ်ဦးအား သမ္မာတရားကို နားလည်စေနိုင်သလော။ (နားမလည်စေနိုင်ပါ။) အဘယ်ကြောင့်နည်း။ ဝိညာဉ်ရေးရာ အယူဝါဒအားလုံးကို မှန်ကန်သည့် စကားများအဖြစ် မှတ်ယူ၍ရနိုင်သော်လည်း၊ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်း ရလဒ်အား မစွမ်းဆောင်မရရှိနိုင်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်အရာအပေါ် အတိအကျ မှီခိုနိုင်သနည်း။ သမ္မာတရားအပေါ် မှီခိုရန် လူအချို့က ပြောဆိုကြသည်၊ သမ္မာတရားကို သိနားလည်ခြင်းနှင့် လက်ခံခြင်းတို့အပေါ် မှီခိုရန် လူအချို့က ပြောဆိုကြပြီး အခြားသူတို့က သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် မှီခိုရန် ပြောဆိုကြသည်။ ဤစကားများ မှန်ကန်သလော။ တိုက်ရိုက်ကျသော ရှုထောင့်အမြင်မှကြည့်လျှင် ထိုအရာအားလုံးအတွက် မှန်ကန်သည့် ဘက်ခြမ်းရှိသော်လည်း အားလုံးက အပေါ့တန်ဆုံးသော အယူဝါဒများဖြစ်သည်။ ဤအယူဝါဒများက သင့်ကို မကယ်တင်နိုင် သို့မဟုတ် သင်၏ အခက်အခဲများကို မဖြေရှင်းပေးနိုင်ပေ။ အခြေအနေတစ်ခုကို သင် ရင်ဆိုင်ရပြီး လူတို့က သင့်အား သမ္မာတရားကို လက်ခံရမည်ဟု ပြောသည့်အခါ သင်က “ထိုသမ္မာတရားကို ကျွန်ုပ် အဘယ်သို့ လက်ခံနိုင်မည်နည်း။ ကျွန်ုပ်တွင် အခက်အခဲများရှိပြီး ကျွန်ုပ် လက်မလွှတ်နိုင်ပါ”ဟု ပြောလိမ့်မည်။ ဤအယူဝါဒများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်၏ လမ်းကြောင်း ဖြစ်လာနိုင်သလော။ (ဖြစ်မလာနိုင်ပါ။) အခြေအနေတစ်ခုကို သင် ရင်ဆိုင်ရသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို သင် ပိုမို စားသောက်သင့်သည်ဟု လူအချို့က ပြောကြသည်။ ဤအရာကို သင် အကြိမ်များစွာ ကြားရပြီးဖြစ်သော်လည်း ထိုအရာက သင့်အခက်အခဲများထဲမှ မည်သည့်အရာကို ဖြေရှင်းပြီးပြီနည်း။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းက မှန်ကန်သော်လည်း ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့် သွင်ပြင်လက္ခဏာကို သင် စားသောက်သင့်သနည်း။ ယင်းတို့ကို သင်၏ အခက်အခဲများနှင့် မည်သို့ သင် ဆက်စပ်သင့်သနည်း။ ယင်းတို့ကို သင်၏ အခက်အခဲများနှင့် ဆက်စပ်ပြီးနောက်တွင် သင် မည်သို့ ဖြေရှင်းသနည်း။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှာ အဘယ်နည်း။ သင်၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာများကို သင် အသုံးပြုသင့်သနည်း။ ဤသည်တို့မှာ တကယ့် ပြဿနာများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ တကယ့် ပြဿနာများ ဖြစ်သည်။ ထို့ကြောင့် မှန်ကန်သည့် အယူဝါဒများက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်ရန်မဆိုထားနှင့်၊ လူတို့၏ လက်တွေ့ကျသည့် အခက်အခဲများကိုပင် မဖြေရှင်းပေးနိုင်ပေ။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အရာက အတိအကျ ဖြေရှင်းနိုင်သနည်း။ သမ္မာတရားကသာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာကို ဖြေရှင်းပေးနိုင်ကြောင်း လူတိုင်း သိကြသော်လည်း သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို လူတို့ နားမလည်လျှင် သို့မဟုတ် သမ္မာတရားကို ၎င်းတို့ မရှာဖွေလျှင်၊ သို့မဟုတ် လက်မခံလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ထို့ကြောင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် အကြင်သူသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရမည်။ ဆိုလိုသည်မှာ အကြင်သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရနိုင်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းအားဖြင့်သာ ဖြစ်သည်။ ဤအရာက လူတို့အနေဖြင့် ရလဒ်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဝိညာဉ်ရေးရာ အယူဝါဒများကို သိနားလည်ခြင်းအပေါ်သာ အာရုံစိုက်ကာ ယင်းတို့သည် သမ္မာတရား ဟုတ်၊ မဟုတ်ပင် မသိသော်လည်း ယင်းတို့ကို သမ္မာတရားအဖြစ် လက်ခံလျှင် ဤအရာက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်သလော။ ထို့အပြင် သမ္မာတရားကို သင် နားမလည်လျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင် ထုတ်ဖော်သည့်အခါ ဤအရာကို သင် ပိုင်းခြားသိမြင်နိုင်သလော။ သင်သည် ထိုအရာကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆ၍ စစ်ဆေးကြည့်နိုင်သလော။ တစ်ရာရာခိုင်နှုန်း သင် မလုပ်နိုင်ပေ။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သာ၍ပင် ဖြေရှင်းနိုင်စွမ်းမရှိသည့် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစား အသုံးပြုကောင်းပြုမိပေမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရာတွင် အရေးအကြီးဆုံးသော အရာမှာ အဘယ်နည်း။ အရေးအကြီးဆုံးသောအရာမှာ လူတို့အနေဖြင့် သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ ယခုအခါတွင် လူအများစုက အယူဝါဒကို သမ္မာတရားအဖြစ် မှတ်ယူကြပြီး သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားမလည်ကြပေ။ ယခုတင် ငါဖော်ပြခဲ့သည့် ခံစားချက်နှင့်ဆိုင်သော ဥပမာအတိုင်းပင် မိခင်၏ ပထမဆုံး လုပ်နည်းကိုင်နည်းမှာ သူ၏ ကလေးကို အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးရန်ဖြစ်ပြီး ယင်းမှာ လျော်ကန်သင့်မြတ်ပေသည်။ သင်တို့၏ ရှုထောင့်မှကြည့်လျှင် “ဤသည်တို့မှာ ခံစားချက်များဖြစ်သည်။ သင် ထိုသို့ လုပ်၍မဖြစ်ပါ။ ဤအပြုအမူမျိုးကို ဝေဖန်ကာ ရှုတ်ချရမည်”ဟူ၍ ဖြစ်သည်။ သမ္မာတရား မပါဝင်သည့် အရာများ၊ သမ္မာတရားနှင့် မဆက်စပ်သည့်အရာများနှင့် အမှန်ပင် လူတို့က အလိုလို လုပ်ဆောင်သင့်သည့် အချို့သော အရာများကို သမ္မာတရားအား ချိုးဖောက်သည့်အရာများအဖြစ် သင်တို့ သတ်မှတ်လိုက်ပြီးနောက် ထိုအရာများကို ငြင်းပယ်ကြသည်။ ဤစည်းမျဉ်းကို စောင့်ထိန်းလိုက်နာခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သင်တို့ တွေးထင်ကြသည်။ အခြားသူတို့၏ ကလေးများကို မိမိကလေး၏ အနိုင်ကျင့်ခြင်းအား အပြစ်မယူ လျစ်လျူရှုသည့် မိခင်၏ ဒုတိယ လုပ်နည်းကိုင်နည်းအတွက်မူ ထိုအရာက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတို့ အမှန်တကယ် ပါဝင်ပတ်သက်သည့်အခါ သင်က “ထိုအရာက မကောင်းမှုပြုခြင်း မဟုတ်သရွေ့ ထိုမျှကြီးမားသည့် ပြဿနာတစ်ခု မဟုတ်ပါ”ဟု စဉ်းစားသည်။ သင်သည် အဘယ်ကြောင့် ထိုသို့သော အတွေးများနှင့် သိနားလည်မှုတို့ ရှိသနည်း။ (သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်ပါသည်။) ပြဿနာက ဤနေရာတွင် ရှိ၏။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် လူတို့သည် မှန်ကန်သည်ဟု မိမိတို့ မှတ်ယူသည့် လုပ်နည်းကိုင်နည်းတစ်ခုကို အကြိမ်များစွာ ရွေးချယ်ကြပြီး ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေကြသည်ဟု တွေးထင်ကြသည်။ ကြိမ်ဖန်များစွာဆိုသလိုပင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် လူတို့သည် စည်းမျဉ်းစည်းကမ်းများကို ကျင့်သုံးကာ လိုက်နာရုံသာ တတ်နိုင်ကြပြီး ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ မည်သို့ ကိုင်တွယ်ရမည်ကို မသိကြသောကြောင့် စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သဘောထားကြလေသည်။ ဘုရားသခင်ကို ဤကဲ့သို့ ယုံကြည်သော လူတို့သည် ဘဝတွင် တိုးတက်မှု စွမ်းဆောင်ရရှိနိုင်သလော။ သမ္မာတရား သိနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းတို့အား ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သလော။ စကားများနှင့် အယူဝါဒများကို ပြောဆိုနိုင်ခြင်းသည် သမ္မာတရားကို သိနားလည်ခြင်းနှင့် ဘုရားသခင်၌ ပြည့်မီသော ယုံကြည်သူတစ်ဦး ဖြစ်ခြင်းဖြစ်သည်ဟု လူများစွာက ယုံကြည်ကြသည်။ သို့ဆိုလျှင် ကိစ္စရပ်များစွာ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ အဘယ်ကြောင့် ထုတ်ဖော်ပြကြသေးသနည်း။ ၎င်းတို့ ကြုံရသည့် လက်တွေ့ကျသော ပြဿနာများကို အဘယ်ကြောင့် မဖြေရှင်းနိုင်ကြသနည်း။ ဤအရာက စကားများနှင့် အယူဝါဒများကို ပြောဆိုနိုင်ခြင်းသည် သမ္မာတရားကို သိနားလည်ခြင်း လုံးဝ မဟုတ်ကြောင်း သက်သေပြပေသည်။ အယူဝါဒမည်မျှ သင် ပြောဆိုနိုင်သည်ဖြစ်စေ ထိုအရာက သမ္မာတရားကို သင် ရရှိပြီးဖြစ်ကြောင်း သက်သေမပြပေ။ သင့်အနေဖြင့် လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရှာတွေ့နိုင်ရမည်ဖြစ်သည်။ ယင်းသည်သာ အမှန်တကယ် သမ္မာတရားကို သိနားလည်ခြင်းဖြစ်သည်။ လူများစွာက ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်နိုင်သရွေ့၊ ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးနိုင်သရွေ့ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ကြီးမားသည့် ပြဿနာတစ်ခု မဟုတ်ဟု တွေးထင်ကြသည်။ ၎င်းတို့တာဝန်များကို ၎င်းတို့ ထမ်းဆောင်သရွေ့၊ ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်ပြီး ဘုရားသခင်ကို စောဒကမတက်သရွေ့ ဘုရားသခင်ကို ၎င်းတို့ ချစ်ခြင်းဖြစ်ကာ သစ္စာစောင့်သိမှုကို ပြသခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ လူတို့က သမ္မာတရားကို နားမလည်ကြသောကြောင့် ရည်ရွယ်ချက်ကောင်းအချို့ကို ပြသကြသော်လည်း အမှန်တွင် အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်နေခြင်း ဖြစ်သည့်တိုင် ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ စောင့်ရှောက်နေခြင်းဖြစ်သည်ဟု တွေးထင်ကြသည့် အကြိမ်များစွာ ရှိသည်။ မည်သည့်အရာဖြစ်နေသနည်း။ ဤသည်မှာ လူတို့က သမ္မာတရားကို နားမလည်ကြသကဲ့သို့ သမ္မာတရားနှင့်ဆိုင်သည့် လက်တွေ့ကျသော အသိပညာ မရှိကြသောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့အား သမ္မာတရားနှင့် ဆန့်ကျင်သည့်အရာများကို စဉ်ဆက်မပြတ် လုပ်ဆောင်စေသည်။ ထိုအတောအတွင်းတွင် ၎င်းတို့က မှန်ကန်သည့်အရာကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ပြီးဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ ထိုအရာက အခက်အခဲတစ်ခုဖြစ်သော်လည်း ဖြေရှင်းရန် နည်းလမ်းတစ်ခု အမြဲရှိသည်။ တစ်ခုတည်းသော နည်းလမ်းမှာ ပြဿနာတစ်ခုကို သင် ကြုံရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြမိသည့်အချိန်တိုင်းတွင် သင့်ကိုယ်သင် သုံးသပ်ရမည်ဖြစ်ကာ ထိုအရာကို နားလည်ရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။ သင့်အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသရွေ့ သင့်အထဲတွင် အခြေအနေအမျိုးအစားများစွာ ထွက်ပေါ်လိမ့်မည်။ မတူကွဲပြားသော ပတ်ဝန်းကျင်နှင့် အခြေအနေများတွင် လူတို့ အသက်ရှင်ကြသည့်အခါ အချို့သော အတွေးများ၊ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်များကို ၎င်းတို့ ထုတ်ဖော်ပြကြလိမ့်မည်။ ဤသည်တို့မှာ ၎င်းတို့၏ စစ်မှန်သော အတွင်းပိုင်း အခြေအနေများဖြစ်သည်။ လူတို့၏ အတွေးများ၊ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်များကို လေ့လာခြင်းအားဖြင့် ၎င်းတို့၏ စိတ်သဘောထားများကို သင် မြင်နိုင်ပြီး ၎င်းတို့၏ သဘာဝများက မည်သည့်အရာဖြစ်သည်ကို သိနိုင်သည်။ ဤနည်းအားဖြင့် သင့်ကိုယ်သင် သုံးသပ်ခြင်းနှင့် အခြားသူများကို ပိုင်းခြားသိမြင်ခြင်းအားဖြင့် ရလဒ်များ စွမ်းဆောင်ရရှိရန် လွယ်ကူသည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိခြင်းနှင့် ယင်းတို့၏ အနှစ်သာရကို လုံးလုံးလျားလျား သိနားလည်ခြင်းအားဖြင့်သာ သင့်ကိုယ်သင် သိရှိရာတွင် ရလဒ်များ အပြည့်အဝ သင် စွမ်းဆောင်ရရှိနိုင်ပေသည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေသင့်ပုံအတွက် လမ်းကြောင်းတစ်ခု သင်၌ အလိုအလျောက် ရှိလိမ့်မည်။ လူတို့က သမ္မာတရားကို လက်ခံနိုင်သရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာက အလွယ်တကူ ပြေလည်သွားနိုင်သည်။ သမ္မာတရားကို လူတို့ လက်မခံနိုင်လျှင် ၎င်းတို့၏ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို မည်သည့်အခါတွင်မျှ စွမ်းဆောင်ရရှိကြလိမ့်မည် မဟုတ်။ ယခုအခါတွင် သင်တို့အားလုံးက သမ္မာတရားကို လိုက်စားရန် လိုလားနေကြသောကြောင့် သမ္မာတရားအပေါ် အာရုံစိုက်ရမည်။
လူတို့၏ သဘာဝကို ဖြေရှင်းရန်၊ လူတို့၏ အမှုအရာများကို လုပ်ဆောင်ခြင်း နည်းလမ်းများမှ ဖော်ထုတ်သည်ထက် ထိုသဘာဝ၏ ရင်းမြစ်နှင့် လူတို့၏ စိတ်သဘောထားများမှ ငါတို့ တူးဖော်ရမည်။ အပြင်ပန်း အကြောင်းပြချက်များနှင့် အခြေအနေများကိုလည်း ငါတို့ အလေးမထားသင့်ဘဲ၊ ထိုအစား သမ္မာတရားနှင့် ထိုအရာကို နှိုင်းယှဉ်ချိန်ဆကြည့်ရမည်။ ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် သမ္မာတရားသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပစ်မှတ်ထား၏။ အစောပိုင်းက ဖော်ပြခဲ့သည့် ခံစားချက်များနှင့်ဆိုင်သည့် ဥပမာကို ကြည့်လော့။ တစ်ခါတစ်ရံ မိမိ၏ မိဘများကို လွမ်းဆွတ်ခြင်း သို့မဟုတ် အိမ်လွမ်းနာခံစားခြင်းတို့သည် ခံစားချက်များဖြစ်သည်ဟု လူတို့ တွေးထင်ကြသည်။ ဤသည်တို့မှာ ဘုရားသခင်က ခံစားချက်များအဖြစ် ရည်ညွှန်းသည့်အရာနှင့် တူသလော။ (မတူပါ။) သို့ဆိုလျှင် သင် သဘောပေါက်နားလည်သည့် ခံစားချက်များကို ဘုရားသခင် ပြောဆိုသည့် ခံစားချက်များအဖြစ် တန်းတူပြောဆို၍မရနိုင်ပေ။ သင် ပြောဆိုသည့် ခံစားချက်များသည် ပုံမှန်လူသားအခြေအနေများနှင့် သက်ဆိုင်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် မသက်ဆိုင်ပေ။ သင်၏ သွေးသား ဆွေမျိုးသားချင်းကို အသည်းကြော်များအဖြစ် သင် သဘောထားပြီး ဤအရာက သင့်အား ဘုရားသခင်နောက်မလိုက်ရန် သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိရန် ဖြစ်စေလျှင် သင်၏ ခံစားချက်များက အားကောင်းလွန်းပြီး ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်ပေသည်။ ထို့ကြောင့် ဤအရာသည် သမ္မာတရားအပေါ် သဘောပေါက်နားလည်မှု စစ်စစ်တစ်ခု သင် ရှိမရှိဟူသည့် ကိစ္စနှင့် ပါဝင်ပတ်သက်ပေသည်။ အိမ်လွမ်းနာ သို့မဟုတ် မိမိ၏ မိဘများကို အနည်းငယ်သာ၍ ကြင်နာခြင်းဟု သင် ယုံကြည်သည့်အရာကို ခံစားချက်များအဖြစ် သင် သဘောထားသည့်အခါ ဤသည်မှာ သမ္မာတရားအပေါ် လွဲချော်သည့် သဘောပေါက်နားလည်မှုဖြစ်သည် မဟုတ်လော။ အမှန်တွင် သင် သဘောပေါက်နားလည်သည့်အရာမှာ သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီပေ။ အပြင်ပန်း ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့် ခံစားချက်များမှာ အဘယ်နည်း။ ယင်းတို့မှာ အစောပိုင်းက ဖော်ပြခဲ့သည့် သူမ၏ ကလေးကို မိခင် ဆက်ဆံပုံထဲမှ ဒုတိယ လုပ်နည်းကိုင်နည်းဖြစ်သည်။ ယင်းမှာ မျက်နှာသာပေးသည့် အခြေအနေတစ်ခုဖြစ်ပြီး တစ်စုံတစ်ဦးအပေါ် စည်းမျဉ်းနှင့်မညီသည့် ကာကွယ်မှုပေးခြင်း ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင် ဖော်ထုတ်သည့် ခံစားချက်များဖြစ်သည်။ ဤကိစ္စရပ်တွင် မိခင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ချက်ဖြစ်သည်။ ထိုလုပ်နည်းကိုင်နည်းနှစ်ခုသည် အလွန်အမင်း ကွဲပြားခြားနားကြသည် မဟုတ်လော။ ပထမဆုံး လုပ်နည်းကိုင်နည်းမှာ ပုံမှန် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ထိုအရာကို ပြုပြင်ရန် မလိုအပ်သကဲ့သို့ ထိုအရာကို နက်နက် ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန် မလိုအပ်ဘဲ ထိုအရာကို သမ္မာတရားနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ရန် သို့မဟုတ် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တစ်စုံတစ်ရာကို လက်လွှတ်ရန် သာ၍ပင် မလိုအပ်ပေ။ သို့ဆိုလျှင် ဤလုပ်နည်းကိုင်နည်းသည် သင့်တင့်လျောက်ပတ်သလော။ ဤသို့ ပြုမူဆောင်ရွက်ရန် လိုအပ်သလော။ မလိုအပ်ပေ။ ဤလုပ်နည်းကိုင်နည်းတွင် အမှန် သို့မဟုတ် အမှားမရှိပေ။ ဒုတိယ လုပ်နည်းကိုင်နည်းမှာ စိတ်သဘောထားတစ်ခု ပါဝင်ပတ်သက်သည်။ မည်သည့် ခံစားချက်များ၏ သရုပ်သကန်အမျိုးအစားတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်သနည်း။ (အခြားသူများအပေါ် မျက်နှာသာပေးခြင်း၊ စည်းမျဉ်းနှင့်မညီသော ကာကွယ်မှုပေးခြင်း၊ ဇာတိပကတိ၏ ဆက်နွှယ်မှုများကို ထိန်းသိမ်းခြင်းနှင့် တရားမျှတမှု ကင်းမဲ့ခြင်းတို့ဖြစ်သည်။) ဤသည်တို့မှာ ဘုရားသခင် ပြောဆိုသည့် “ခံစားချက်များ”ဟူသည့် စကားဖြင့် သရုပ်ဖော်ထားသည့်အရာများ ဖြစ်သည်။ ဤမျှ သင် နားလည်နိုင်ပြီး သင့်ကိုယ်သင်နှင့် ဤအရာများကို အမှန်တကယ် ဆက်စပ်နိုင်လျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရာတွင် သင် အားထုတ်သင့်ပေသည်။ ဤခံစားချက်များဖြင့် သင် ဘောင်ခတ်မခံရတော့သည့်အခါတွင်သာ သင်၏ လုပ်ရပ်များအားလုံးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်လိမ့်မည်။ ထို့နောက် ခံစားချက်များကို သင် ခြုံငုံ၍ နားလည်သည့် အခြေအနေများသည် ဘုရားသခင် ပြောဆိုထားသည့်အတိုင်း “ခံစားချက်များ”ဟူသည့် စကားနှင့် လုံးဝ ကိုက်ညီလိမ့်မည်။ ဤသည်မှာ သင် နားလည်မည့် သမ္မာတရား ဖြစ်သည်။ ခံစားချက်များက မည်သည့်အရာဖြစ်သည်ဟူသည့်အပေါ် မိတ်သဟာယပြုရန် သင့်ကို တောင်းဆိုပြီး မိခင်၏ ပထမဆုံး လုပ်နည်းကိုင်နည်းအကြောင်းကို သင် ပြောဆိုလျှင် ဤသည်မှာ သမ္မာတရားကို သိနားလည်မှုမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ မိခင်၏ ဒုတိယ လုပ်နည်းကိုင်နည်းအကြောင်းကို သင် မိတ်သဟာယပြုပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စိတ်ဖြာလေ့လာဆွေးနွေးလျှင် သမ္မာတရားကို သင် နားလည်ပေသည်။ သင် မိတ်သဟာယပြု၊ တွေ့ကြုံပြီး နားလည်သည့်အရာများသည် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့် ကိုက်ညီပြီး ဆန့်ကျင်ကွဲလွဲမှုများ သို့မဟုတ် သဟဇာတမဖြစ်ခြင်းများ မရှိလျှင် ဤအရာက သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်ကြောင်း၊ ထိုနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သင် သဘောပေါက်ပြီးဖြစ်ကြောင်း၊ ယင်းတို့ကို သင်နားလည်ပြီးဖြစ်ကြောင်းနှင့် ယင်းတို့ကို သင် လက်တွေ့လုပ်ဆောင်ကာ ကျင့်သုံးနိုင်ကြောင်း သက်သေပြပေသည်။ ထို့နောက်တွင် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိလိမ့်မည်ဖြစ်ပြီး ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင် ဤအရာမျိုးကို သင် တစ်ဖန် တွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး မည်သည့် ထုတ်ဖော်မှုမျိုးက ပုံမှန်ဖြစ်ပြီး မည်သည့် ထုတ်ဖော်မှုမျိုးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်မှုများ ဖြစ်သည်ဟူသည်ကို သင် သိလိမ့်မည်ဖြစ်ကာ ဤအရာနှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် လုံးဝ ရှင်းသွားလိမ့်မည်။ ဤသို့ဖြင့် သင်၏ လုပ်ရပ်များသည် မှန်ကန်တိကျမည် မဟုတ်လော။ သင်၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကိုက်ညီမည် မဟုတ်လော။ သင်သည် သမ္မာတရား စစ်မှန်မှု ရှိမည် မဟုတ်လော။ သင်သည် မှန်ကန်တိကျစွာ ပြုမူပြီး သမ္မာတရားကို နားလည်လျှင် သင် မိတ်သဟာယပြုသည့် သိနားလည်မှုနှင့် အတွေ့အကြုံတို့သည် အခြားသူတို့အား ကူညီနိုင်ပြီး ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည် မဟုတ်လော။ (ဖြေရှင်းပေးနိုင်ပါမည်။) ဤသည်မှာ သမ္မာတရား၏ လက်တွေ့ကျသော ဘက်ခြမ်းဖြစ်သည်။
လူအချို့သည် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကြောင့် မိမိတို့တာဝန်များကို ကောင်းမွန်စွာ မထမ်းဆောင်ကြဘဲ ထိုအရာက ၎င်းတို့က အသိစိတ်ကင်းမဲ့သောကြောင့်ဖြစ်သည်ဟု အမြဲ အခိုင်အမာပြောဆိုကြသည်။ မည်သည့် ရှင်းပြချက်သည် မှန်ကန်တိကျသနည်း။ (၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပါသည်။) တစ်ခါတစ်ရံ လူတစ်ဦးသည် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ထိုအတတ်ပညာနှင့်ဆိုင်သည့် အသိပညာ၏ အခြေခံများကို သဘောပေါက်ကောင်း ပေါက်နိုင်သော်လည်း ယင်းတို့ကို ယခင်က လုံးဝ မသင်ယူခဲ့သောကြောင့် ထိုအရာ၏ သာ၍ အဆင့်မြင့်သော သွင်ပြင်လက္ခဏာများကို နားမလည်ဘဲ ရှိနေနိုင်သည်။ ၎င်းတို့၏ ခေါင်းဆောင်များက ၎င်းတို့ကို ဝတ်ကျေတမ်းကျေလုပ်သောသူ၊ စိတ်မချရသောသူနှင့် လက်ကြောမတင်းသောသူအဖြစ် အမည်တပ်ကြသော်လည်း အမှန်တွင် ၎င်းတို့က အတတ်ပညာဆိုင်ရာ အသိ ကင်းမဲ့ရုံကင်းမဲ့ခြင်းသာ ဖြစ်ပြီး ထိုအရာများကို မသင်ယူကြသေးသော်လည်း အကောင်းဆုံး ကြိုးစားနှင့်ကြပြီး ဖြစ်သည်။ သို့တိုင် ၎င်းတို့၏ ခေါင်းဆောင်များက ၎င်းတို့ကို ဝတ်ကျေတမ်းကျေဖြစ်ကြသည်ဟု ပြောကြသည်။ ဤသည်မှာ အမှန်တရားများနှင့် မကိုက်ညီပေ။ ဤသည်မှာ ဝေါဟာရအသုံးအနှုန်းကို မဆင်မခြင် အသုံးပြုခြင်းနှင့် မဆင်မခြင် အမည်တပ်ခြင်းဖြစ်သည်။ အဘယ်ကြောင့် လူတို့သည် ဝေါဟာရအသုံးအနှုန်းကို လက်လွတ်စပယ် သုံးကာ အခြားသူများကို အမည်တပ်ကြသနည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်သောကြောင့် ဖြစ်သည် မဟုတ်လော။ လူအချို့က ဟုတ်သည်ဟု မုချ ပြောကြလိမ့်မည်၊ အချို့က ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလွန် နားဝေတိမ်တောင် ဖြစ်ကြသောကြောင့်ဖြစ်သည်ဟု ပြောကြလိမ့်မည်ဖြစ်ပြီး အချို့သော အခြားလူတို့က ၎င်းတို့၏ လူ့သဘာဝ အလွန် ဆိုးယုတ်ပြီး မှားယွင်းသည့် ရည်ရွယ်ချက်များ ရှိကြသောကြောင့်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ မည်သည့် ရှင်းပြချက်သည် မှန်ကန်သနည်း။ အမှန်တွင် ဤအခြေအနေ သုံးခုလုံး တည်ရှိပြီး အကဲဖြတ်ခြင်းကို တိကျသည့် အခြေအနေအတိုင်း ပြုလုပ်ရမည်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းက ထိုအရာကို ဖြစ်စေသော်လည်း ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလွန် နားဝေတိမ်တောင်ဖြစ်ကြသောကြောင့်ဖြစ်သည်ဟု တစ်စုံတစ်ဦးက ပြောလျှင် ဤစကားများက မှန်ကန်တိကျခြင်း မရှိပေ။ ၎င်းတို့၏ ဆိုးယုတ်သော လူ့သဘာဝနှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များက ထိုအရာကို ဖြစ်စေသည်မှာ သိသာသော်လည်း တစ်စုံတစ်ဦးက ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလွန် နားဝေတိမ်တောင် ဖြစ်ကြသောကြောင့်ဖြစ်သည်ဟု ဆိုလျှင် ဤသည်မှာ အမှန်တရားများနှင့် လွဲချော်နေခြင်းဖြစ်ပြီး ဆိုးယုတ်သောလူများကို ခေါင်းရှောင်ဖို့ ထောက်ကူပေးရန် အလားအလာရှိပေသည်။ သမ္မာတရားကို လူတို့ နားမလည်ခြင်းက ဖြစ်စေသည့် အခြားသော အခြေအနေများရှိသော်လည်း အခြားသူတို့က ထိုအခြေအနေများကို လူတို့၏ ဆိုးယုတ်သော လူ့သဘာဝက ဖြစ်စေခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ အမှုအရာများကို ဤသို့ကြည့်ခြင်းသည် မှန်ကန်တိကျမှု မရှိသကဲ့သို့ ၎င်းတို့က လူကောင်းများကို ဆိုးယုတ်သော လူများအဖြစ် ဆက်ဆံမိကြမည့် အလားအလာရှိပြီး ယင်းက မကောင်းသည့် အကျိုးဆက်များ ရှိလိမ့်မည်။ ဤအရာများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသကဲ့သို့ ပြဿနာ၏ အနှစ်သာရကို လုံးလုံးလျားလျား သိနားလည်နိုင်ခြင်းမရှိသည့် လူများစွာ ရှိသည်။ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ စည်းမျဉ်းစည်းကမ်းများကို ကျင့်သုံးပြီး မိမိတို့ကိုယ်ပိုင် စိတ်ကူးများပေါ် အခြေခံ၍ ကောက်ချက်များချကာ ထို့နောက်တွင် ၎င်းတို့၌ ပိုင်းခြားသိမြင်နိုင်စွမ်းရှိကြောင်းနှင့် အမှုအရာများကို ရှင်းလင်းစွာ မြင်နိုင်ကြောင်း ခံစားကြသည်။ ဤသည်မှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းဖြစ်သည် မဟုတ်လော။ တစ်စုံတစ်ဦးတွင် မကောင်းသည့် လူ့သဘာဝရှိပြီး လူတို့ကို ၎င်းတို့ကိုယ်ပိုင် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များပေါ် အခြေခံ၍ လက်လွတ်စပယ် အမည်တပ်ကာ ရှုတ်ချလျှင် ဤသည်မှာ ဆိုးယုတ်သော လူတစ်ဦး၏ သဘာဝဖြစ်သည်။ ထိုသို့သော လူများသည် လူနည်းစုဖြစ်သည်။ လူအများစုသည် သမ္မာတရားကို နားမလည်ကြသောကြောင့် ဤအရာမျိုးကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူတို့သည် စည်းမျဉ်းစည်းကမ်းများကို လက်လွတ်စပယ် ကျင့်သုံးကာ ဝိညာဉ်ရေးရာ ဝေါဟာရများကို လက်လွတ်စပယ် အသုံးပြုကြသည်။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာတစ်ခု သိသိသာသာ ရှိကြသည်။ ၎င်းတို့သည် ခိုကပ်ရန် နည်းလမ်းများ အမြဲ ရှာကြပြီး မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အားမထုတ်ကြဘဲ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသူတို့က ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစဖြစ်သည်ဟု ဆိုကြသည်။ လူအချို့သည် တရားမျှတစိတ်ရှိကြပြီး စည်းမျဉ်းများကို ချိုးဖောက်သည့်အရာ တစ်စုံတစ်ခု တွေ့သည့်အခါ ထိုအရာကို တင်ပြပြီး အသင်းတော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ကြသော်လည်း မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူအဖြစ် သမ္မာတရား နားမလည်သောသူတို့၏ အမည်တပ်ခြင်းကို မကြာခဏခံရပြီး ဆိုးယုတ်သော လူများအဖြစ်ပင် သဘောထားခြင်းခံရသည်။ ယင်းမှာ လူကောင်းများအတွက် အမှန်တကယ် တရားမျှတမှုမရှိခြင်း ဖြစ်သည်။ လူအချို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် သိသိသာသာ သေးငယ်ပြီး မိမိတို့ ခံစားချက်များ၏ ဘောင်ခတ်ခြင်းခံရစဉ်တွင် ခဏတာ အားနည်းလာကြကာ သမ္မာတရားကို နားမလည်သောလူတို့က ၎င်းတို့ကို အားကောင်းလွန်းသည့် ခံစားချက်များရှိခြင်းနှင့် ဘုရားသခင်အတွက် စစ်မှန်ရိုးသားသည့် စိတ်နှလုံးတစ်ခု ကင်းမဲ့ခြင်းအဖြစ် ဖော်ပြကြသည်။ ဤသည်မှာ သမ္မာတရား ကင်းမဲ့သော လူများဖြစ်ကြသည့်ပုံစံ ဖြစ်သည်။ နောက်ခံ သို့မဟုတ် တကယ့် အခြေအနေကို စဉ်းစားခြင်းမရှိဘဲ ၎င်းတို့က ယခုတစ်မျိုး နောက်ပိုင်းတွင် တစ်မျိုးပြောဆိုရင်း စည်းမျဉ်းစည်းကမ်းများကို လက်လွတ်စပယ် ကျင့်သုံးမြဲကျင့်သုံးကြလေသည်။ ထိုသို့သော လူများသည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ကြသလော။ (အသုံးမပြုနိုင်ပါ။) သမ္မာတရားကို နားမလည်သည့်လူများက ပြဿနာများကို ဖြေရှင်းရန် ကြိုးစားကြသည့်အခါ မှန်ကန်သည့် ဆေးဝါးကို မညွှန်းနိုင်ကြပေ။ ထိုအရာမှာ အစာအိမ်ဝေဒနာခံစားနေရသော လူတစ်ဦးကို ဦးခေါင်းကို ကုသခြင်းအားဖြင့် ကုသရန် ကြိုးစားနေကြသကဲ့သို့ ဖြစ်သည်။ ပြဿနာ၏ ရင်းမြစ်ကို ၎င်းတို့ ရှာမတွေ့နိုင်ကြ။ ပြဿနာ၏ ရင်းမြစ်က မည်သည့်နေရာတွင် ရှိသည် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောဆိုပြီး ရည်ညွှန်းသည်ကို ၎င်းတို့ နားမလည်ကြ။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း မဟုတ်ပေ။ ယခုတွင် သမ္မာတရားကို သင်တို့ များစွာ နားလည်သလော သို့မဟုတ် အနည်းအကျဉ်း နားလည်သလော။ (အနည်းအကျဉ်း နားလည်ပါသည်။) ဥပမာအားဖြင့် တစ်စုံတစ်ဦးက “ဤကိစ္စရပ် သင့်အပေါ် ကျရောက်သည့်အခါ သင် အဘယ်ကြောင့် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း”ဟု ပြောသည်ဆိုပါစို့။ လူတို့က “ဘုရားသခင်ကို ကျွန်ုပ် မသိသောကြောင့်ဖြစ်သည်”ဟု မကြာခဏ ပြောဆိုကြသည်။ ဤရှင်းပြချက်သည် မှန်ကန်သလော။ တစ်ခါတစ်ရံ မှန်ကန်ပြီး တစ်ခါတစ်ရံ မမှန်ပေ။ အချိန်အများစုတွင် မှန်ကန်ခြင်း မရှိသကဲ့သို့ ဤသည်မှာ မဆင်မခြင် အမည်တပ်ခြင်းသာ ဖြစ်သည်။ လူတို့သည် ဝိညာဉ်ရေးရာ ဝေါဟာရအနည်းငယ်ကို သဘောပေါက်ပြီးနောက် ထိုအရာကို လက်လွတ်စပယ် ကျင့်သုံးကာ အသုံးပြုပြီး အကျိုးဆက်အနေဖြင့် ပြဿနာများစွာ ဖြစ်ပေါ်လေသည်။ အချို့မှာ အဓိပ္ပာယ်ကောက်လွဲခြင်းများ ဖြစ်ပြီး အချို့မှာ ဝေဖန်မှုများဖြစ်ကာ ဤအရာက ထိခိုက်နစ်နာစေသော ရလဒ်များ ဖန်တီးပြီး ပရမ်းပတာအခြေအနေများကိုပင် ဖြစ်စေသည်။ ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသည့်သူများသည် တစ်စုံတစ်ရာကို သင်ယူသည့်အခါ ထိုအရာကို လက်လွတ်စပယ် ကျင့်သုံးပြီး အသုံးပြုကြသည်။ ၎င်းတို့သည် အမှားများပြုလုပ်မိရန် အလားအလာအရှိဆုံးဖြစ်ပြီး စည်းမျဉ်းနှင့်ဆိုင်သည့် အမှားများ ပြုလုပ်မိတတ်ကြသည်။ သဘောပေါက်နားလည်နိုင်စွမ်းရှိသည့် လူများမှာမူ အမှားအနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း ဤအမှားများသည် စည်းမျဉ်းနှင့်ဆိုင်သည့် ပြဿနာများမဟုတ်သကဲ့သို့ ထိုအမှားများမှ သင်ခန်းစာများ သင်ယူနိုင်ကြသည်။ လူတို့တွင် အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်နိုင်စွမ်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ တလွဲအဓိပ္ပာယ်ကောက်ကြလျှင်၊ တရားဒေသနာများကို နားထောင်သည့်အခါ ၎င်းတို့၏ သဘောပေါက်နားလည်မှုတွင် သွေဖည်မှုများရှိလျှင်၊ ၎င်းတို့အနေဖြင့် အမှားရှာပြီး ချစ်တီးခေါင်းသန်းရှာ လုပ်တတ်ဖွယ်ရှိလျှင် ဤသည်မှာ အလွန် ဒုက္ခပေးတတ်လေသည်။ ၎င်းတို့အတွက် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်သည်သာမက အချိန်ကြာလာသည်နှင့်အမျှ မဆင်မခြင် စတင်ပြုမူကြလိမ့်မည်ဖြစ်ကာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ရလဒ်တစ်ခုဖြစ်၏။
ယခုတွင် သင်တို့ တွေးဆသင့်သည်။ သင်တို့ မကြာခဏ ပြောဆိုကြသည့် စကားများ၊ အယူဝါဒများနှင့် ဝိညာဉ်ရေးရာ သဘောတရားများသည် သမ္မာတရား ဖြစ်သလော။ သမ္မာတရားကို သင်တို့ နားလည်ကြသလော သို့မဟုတ် အယူဝါဒများကိုသာ သင်တို့ နားလည်ကြသလော။ သင်တို့၏ သိနားလည်မှုအတွင်းတွင် သမ္မာတရား စစ်မှန်မှုများ မည်မျှရှိသနည်း။ ဤအရာများကို သင်တို့ နားလည်သည်နှင့်တစ်ပြိုင်နက် မိမိကိုယ်ကို သိသည့်အသိ အမှန်တကယ် ရှိကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ ကိုယ်ပိုင် အတိုင်းအတာကို သိကြလိမ့်မည်။ ဥပမာအားဖြင့် သင်တို့သည် ရိုးသားသောလူတစ်ဦး မည်သို့ဖြစ်ရမည်ဟူသည့် သမ္မာတရားများအပေါ် များစွာ မိတ်သဟာယပြုကြပြီးဖြစ်သော်လည်း ယင်းတို့ကို အမှန်တကယ် နားလည်ကြပြီလော။ အချို့သော စကားများကို သင်တို့ မိတ်သဟာယပြုနိုင်ပြီး အချို့သော သိနားလည်မှုအကြောင်းကို ပြောဆိုကောင်း ပြောဆိုနိုင်ကြသော်လည်း ဤစစ်မှန်မှုများထဲမှ မည်မျှထဲသို့ သင်တို့ ဝင်ရောက်ပြီးပြီနည်း။ ယခု သင်တို့သည် အမှန်တကယ် ရိုးသားသောလူတစ်ဦး ဖြစ်ပြီလော။ ဤအကြောင်းကို ရှင်းလင်းစွာ သင်တို့ ပြောဆိုနိုင်ကြသလော။ လူအချို့က “ရိုးသားသောလူတစ်ဦးဖြစ်ခြင်းသည် အလိမ်အညာများ မပြောခြင်း၊ သင်၏ စိတ်နှလုံး၌ရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုခြင်း၊ မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားခြင်းနှင့် မည်သည့်အရာကိုမျှ လှီးလွှဲပြောဆိုမှုမပြုခြင်းကို ဆိုလိုသည်။ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ စံနှုန်းဖြစ်သည်”ဟု ပြောကြသည်။ ဤအဆိုကို သင်တို့ အဘယ်သို့ တွေးထင်သနည်း။ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သင့်အနေဖြင့် စကားများနှင့် အယူဝါဒများအကြောင်းကို ပြောဆိုနိုင်သော်လည်း လက်တွေ့လုပ်ဆောင်ခြင်း အသေးစိတ်အချက်များ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော ပြဿနာများနှင့် ပတ်သက်လာသည့်အခါ သင်သည် စကားလုံးများ ရှာမရဖြစ်လေသည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို နားမလည်ကြသော်လည်း “ငါ များစွာ နားလည်ပြီးသားဖြစ်သော်လည်း ဘုရားက ငါ့ကို အသုံးမပြုပါ။ ဘုရားသခင်က ငါ့ကို အသုံးပြုပြီး ငါ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဆိုလျှင် ငါ အသေအချာပင် ညီအစ်ကို မောင်နှမတိုင်းက သမ္မာတရားကို သိနားလည်လာအောင်လုပ်မည်”ဟု အမြဲ စဉ်းစားကြသည်။ ဤသည်မှာ အလွန် စကားကြီးစကားကျယ် ပြောဆိုခြင်း မဟုတ်လော။ ထိုအစွမ်းအစ သင် အမှန်တကယ် ရှိသလော။ ကိုယ်ရည်သွေးပြီး ကြွားဝါသောလူတို့သည် ရိုးသားသော လူများဖြစ်ကြသလော။ ဤလူများသည် သမ္မာတရားကို နားမလည်ကြသော်လည်း ကိုယ်ရည်သွေးကာ ကြွားကြသည်။ ၎င်းတို့သည် သနားဖွယ်ဖြစ်သည် မဟုတ်လော။ (သနားဖွယ်ဖြစ်ကြပါသည်။) သင်တို့သည် ယခု တရားဒေသနာများစွာကို နားထောင်နေကြသော်လည်း သမ္မာတရားကို လုံးဝ နားမလည်လျှင် ဖာရိရှဲများကဲ့သို့ပင် တူညီသည့်လမ်းကြောင်းကို အနှေးနှင့်အမြန်ဆိုသလို လျှောက်လှမ်းကြလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်တို့သည် ခေတ်သစ်ဖာရိရှဲများ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ဖြစ်နိုင်ဖွယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အားလုံး အလွန် ဖြစ်နိုင်ဖွယ်ရှိသည်။ လူတို့၏ ဆိုးယုတ်သော သဘာဝများက နက်ရှိုင်းစွာ အရိုးစွဲနေသည်။ အသိပညာ သို့မဟုတ် ပညာရေးတစ်ခုခုကို ၎င်းတို့ ဆည်းပူးပြီး အချို့သော မှန်ကန်သည့် သဘောတရားများနှင့် အဆင့်မြင့်သည့် တရားဒေသနာများကို ဟောပြောနိုင်လျှင် ၎င်းတို့ ဖာရိရှဲများ အလွန် ဖြစ်လာနိုင်ဖွယ်ရှိသည်။ ၎င်းတို့အနေဖြင့် ဖာရိရှဲတစ်ဦး ဖြစ်လာရန် အလိုမရှိလျှင် သို့မဟုတ် ဖာရိရှဲတစ်ဦး လမ်းကြောင်းကို လျှောက်လိုခြင်းမရှိလျှင် ဤအရာကို ရှောင်ရှားရန် တစ်ခုတည်းသောနည်းလမ်းမှာ သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်နှင့် သင် နားလည်သည့် အယူဝါဒများကို သမ္မာတရား၏ စစ်မှန်မှုအဖြစ်သို့ ပြောင်းလဲရန် ကြိုးစားအားထုတ်ဖို့ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားအား အမှန်တကယ် သိနားလည်ခြင်းအဖြစ် မှတ်ယူသနည်း။ ဤအရာကို သင်တို့ဘာသာ ချင့်ချိန်စဉ်းစားပြီး အားလပ်သည့်အချိန်တစ်ခုခု ရှိသည့်အခါ ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုသင့်သည်။ ရိုးသားသောလူတစ်ဦးဟူသည်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သူ ပြောဆိုသည့် ရိုးသားသောလူများအတွက် ဘုရားနှုတ်ကပတ်တော်များတွင် တောင်းဆိုထားသည့် စံနှုန်းများမှာ အဘယ်နည်း။ ဘုရားသခင် တောင်းဆိုသည့် ဤစံနှုန်းများထဲမှ မည်သည့်အရာကို လူတို့ လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင် ပြောဆိုသည့် ရိုးသားသောလူသည် မည်သည့်အရာနှင့်တူသနည်း။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာကို ပစ်မှတ်ထားသနည်း။ ဤမေးခွန်းများသည် နက်နက်ရှိုင်းရှိုင်း နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေထိုက်သည် မဟုတ်လော။ လူတို့ လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် လူတို့၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများ သို့မဟုတ် အပြုအမူကို ရည်ရွယ်ခြင်း မဟုတ်ပေ။ လူတို့၏ စာတန်ဆန်သော သဘာဝများနှင့် စိတ်သဘောထားများကို ရည်ရွယ်ထားပေသည်။ ထို့ကြောင့် ဤစကားများကို သမ္မာတရားအဖြစ် ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူတို့၏ အပြုအမူကို ပြောင်းလဲရန်နှင့် မည်သို့ စဉ်းစားရမည်ကို လူတို့အား သွန်သင်ရန်ဖြစ်လျှင် ယင်းတို့သည် သမ္မာတရား ဖြစ်မည်မဟုတ်။ သဘောတရားတစ်မျိုးသာ ဖြစ်မည်ဖြစ်သည်။ မည်သည့် ပညာပေးသူမဆိုက လူတို့အပေါ် လွှမ်းမိုးမှုအနည်းငယ် ရှိနိုင်ပြီး ၎င်းတို့၏ အပြုအမူကို အနည်းငယ် ပြောင်းလဲနိုင်ကာ ဤသွန်သင်ချက်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပေါင်းရုံးသုံးသပ်ခြင်းအားဖြင့် လူတို့၏ အပြုအမူက တဖြည်းဖြည်း ထိန်းညှိခြင်းခံရနိုင်သည်ဟု ပြော၍ရကောင်းရနိုင်ပေသည်။ ဤအသိပညာမျိုး များစွာရှိသော်လည်း လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပေးနိုင်သကဲ့သို့ ၎င်းတို့ အပြစ်များ၏ ရင်းမြစ် ပြဿနာကို မဖြေရှင်းပေးနိုင်သောကြောင့် ဤအရာများသည် သမ္မာတရား မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ကာ ဖြေရှင်းပေးနိုင်သည်၊ ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ စာတန်ဆန်သော သဘာဝများကို အကုန်အစင် ဖြေရှင်းပေးနိုင်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များသည်သာ သမ္မာတရားဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သမ္မာတရား၏ စစ်မှန်သော အရေးပါမှုမှာ အဘယ်နည်း။ ဤသည်မှာ ချင့်ချိန်စဉ်းစား၊ တွေးတောထိုက်ပြီး မကြာခဏ အတူတကွ မိတ်သဟာယပြုထိုက်ပေသည်။ ဤအရာကို မည်သည့်အခါတွင်မျှ မမေ့နှင့်။ လူတို့၏ အပြုအမူကိုသာ ပြောင်းလဲပေးနိုင်သည့် အရာများသည် သမ္မာတရား မဟုတ်။ ယင်းတို့သည် အသိပညာနှင့် ဥပဒေသများသာ ဖြစ်သည်။ သမ္မာတရားက လူတို့၏ အပြုအမူကို ပြောင်းလဲပေးနိုင်ရုံသာမက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ပြောင်းလဲပေးနိုင်သည်။ ထို့အပြင် ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများကိုပြောင်းလဲပေးနိုင်ကာ လူတစ်ဦး၏ အသက် ဖြစ်လာနိုင်သည်။ ယင်းမှာ သမ္မာတရား ဖြစ်သည်။ ယခုတွင် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မြင်နိုင်သည့် လူ အလွန်နည်းပါး၏။ အပြုအမူကို ထိန်းညှိပေးပြီး လူတို့အား သင့်တင့်လျောက်ပတ်သော ဘဝများကို အပြင်ပန်း အသက်ရှင်စေနိုင်သည့် ထိုအရာများသည် သမ္မာတရား မဟုတ်ကြောင်းနှင့် ယင်းတို့သည် အသိပညာ၊ အယူဝါဒများနှင့် စာတန်ဆန်သော အတွေးအခေါ်များသာ ဖြစ်ကြောင်းကို လူများစွာက လုံးဝ သဘောမပေါက်ကြပေ။ ထိုအရာများကို လူတို့ လက်ခံကြသည့်အခါ ၎င်းတို့၏ အပြင်ပန်း အပြုအမူက တိုး၍ မြင့်မြတ်၊ သိက္ခာရှိကာ ယဉ်ကျေးသိမ်မွေ့လာသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက ကောက်ကျစ်မှုနှင့် ဆိုးယုတ်မှုတို့ဖြင့် ပြည့်ကာ ယုတ်မာသည်ထက် ယုတ်မာလာလေသည်။ ဤအရာများသည် စာတန်၏ အဆိပ်များနှင့် သဘောတရားများဖြစ်ကာ လူတို့ကို အထင်အမြင်မှားစေရန် ဖောက်ပြန်ပျက်စီးစေရန် စာတန် အသုံးပြုသည့်အရာများ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား လုံးဝ မဟုတ်သကဲ့သို့ ဘုရားသခင်ထံမှ မလာပေ။ လူတို့အား ရိုးသားကာ လွတ်မြောက်ပြီး လွတ်လပ်လာရန်၊ ဖန်ဆင်းရှင်အား သိစေရန်၊ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိစေပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံစေရန် ထောက်ကူပေးသည့် တစ်ခုတည်းသောအရာမှာ သမ္မာတရား ဖြစ်သည်။ မည်သည့် ရှုထောင့်ကို သင် လက်ခံသည်ဖြစ်စေ၊ မည်သည့် လမ်းကြောင်းကို သင် လိုက်လျှောက်သည်ဖြစ်စေ သင်၏ အပြုအမူ တိုးတက်ပြီး ထင်ပေါ်ကျော်ကြားမှု သင် ရရှိသော်လည်း ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အလွန်နည်းပါးပြီး ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း အလွန်နည်းပါးကာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အလွန်ညံ့ပြီး သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ထိုထက် ဝေးလွင့်သွားလျှင် သင် ဖက်တွယ်သည့်အရာများသည် အပြုသဘောဆောင်သောအရာများ မဟုတ်သကဲ့သို့ သမ္မာတရား မုချ မဟုတ်ပေ။ သင်သည် ဘဝလမ်းကြောင်းတစ်ခု သို့မဟုတ် လမ်းခရီးတစ်ခုကို ရွေးချယ်ပြီး အချို့သော အရာများကို လက်ခံကာ ဤအရာများက သင့်အား စစ်မှန်ကာ ရိုးသားလာစေပြီး အပြုသဘောဆောင်သောအရာများကို ချစ်စေကာ ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သောအရာများကို မုန်းစေလျှင်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိစေပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လိုလိုလားလား လက်ခံစေလျှင် ဤအရာများသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်ထံမှ အမှန်တကယ် လာပေသည်။ သင်တို့သည် အမှုအရာများကို ဤစံနှုန်းများအတိုင်း တိုင်းတာနိုင်သည်။ ဤသည်တို့မှာ လူများစွာက ပြောဆိုနိုင်ပြီး နှစ်ပေါင်းများစွာ ပြောဆိုကြပြီးဖြစ်သည့် အချို့သော အယူဝါဒများ ဖြစ်သည်။ သို့ရာတွင် ဤအရာများကို အကြိမ်များစွာ ပြောဆိုပြီးနောက်တွင် လူတို့၏ အတွင်းပိုင်း စိတ်သဘောထားများက မပြောင်းလဲသေးပေ။ ၎င်းတို့၏ အခြေအနေများက အနည်းငယ်မျှ အသွင်ပြောင်းလဲခြင်း မရှိသေးသကဲ့သို့ လူတို့၏ ရှုထောင့်များ၊ တွေးခေါ်ပုံနည်းလမ်းများနှင့် ၎င်းတို့ လုပ်ရပ်များနောက်ကွယ်ရှိ စမှတ်နှင့် ရည်ရွယ်ချက်များသည် မည်သို့မျှ မပြောင်းလဲသေးပေ။ ထို့ကြောင့် ထိုအရာများကို သင် အမြန် စွန့်လွှတ်ကာ ဖက်တွယ်နေခြင်းကို ရပ်တန့်သင့်သည်။ ယင်းတို့သည် မုချ သမ္မာတရား မဟုတ်။ အချို့သော နှုတ်ကပတ်တော်များကို လူတို့ စတင်လက်တွေ့လုပ်ဆောင်ကြချိန်တွင် ထိုသို့လုပ်ဆောင်ခြင်းက အပန်းကြီးပြီး ခက်ခဲပုံရကာ စည်းမျဉ်းများကို ၎င်းတို့ သဘောမပေါက်နိုင်ကြပေ။ သို့ရာတွင် ယင်းတို့ကို အချိန်ကာလတစ်ခုကြာ ၎င်းတို့ တွေ့ကြုံကာ လက်တွေ့လုပ်ဆောင်ပြီးသည့်နောက်တွင် ၎င်းတို့၏ အတွင်းပိုင်း အခြေအနေများ တိုးတက်ပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးများက ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ထိတ်လန့်သော စိတ်နှလုံးများ ရှိကြကြောင်း၊ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့ အလွန် စိတ်နှလုံးခိုင်မာခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိကြကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများက သိပ်အားမကောင်းကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ကြောင်း ခံစားကြသည်။ ဤအခြေအနေသည် အပြုသဘောဆောင်ပေသည်။ ဤစကားများသည် သမ္မာတရားဖြစ်ပြီး မှန်ကန်သည့် လမ်းကြောင်း ဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းများပေါ်အခြေခံ၍ အမှုအရာများကို သင်တို့ ပိုင်းခြားသိမြင်နိုင်သည်။ စာတစ်ကြောင်းတည်းဖြင့် သမ္မာတရားကို အဓိပ္ပာယ်ဖွင့်ဆိုရန် လွယ်မည်မဟုတ်။ စာတစ်ကြောင်းဖြင့် ငါ အဓိပ္ပာယ်ဖွင့်ပြီး ထိုအရာကို ကြားပြီးနောက်တွင် သင်တို့က သမ္မာတရားကို နားလည်နိုင်မည်ဆိုလျှင် ကောင်းပေမည်။ သို့ရာတွင် သင်က ထိုအရာကို လိုက်လျှောက်ရမည့် စည်းမျဉ်းစည်းကမ်းတစ်ခုနှင့် အယူဝါဒတစ်ခုအဖြစ် သဘောထားလျှင် ယင်းမှာ ဒုက္ခပေးတတ်ပေမည်။ ယင်းမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိခြင်း မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင်တို့ကို ဤစည်းမျဉ်းများပေးပြီးဖြစ်ကာ သင်တို့အနေဖြင့် ဤစည်းမျဉ်းများအတိုင်း နှိုင်းယှဉ်ချက်များ သွားပြုလုပ်သင့်သည်၊ တွေ့ကြုံသင့်သည်၊ လက်တွေ့လုပ်ဆောင်ကာ အတွေ့အကြုံဆိုင်ရာ အသိပညာကို ရရှိသင့်ကြပေသည်။ ဤစည်းမျဉ်းများအတိုင်း ပြုမူကာ ကျင့်ကြံနေထိုင်ရုံသာ မပြုနှင့်။ ဤစည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကိုလည်း သင်တို့ ရှုမြင်သင့်ပြီး လူများကို ဆန်းစစ်သင့်သည်။ ဤသို့ တွေ့ကြုံကာ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင်တို့သိရှိလိမ့်မည်။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို လူတို့ နားမလည်လျှင်၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ နားမလည်လျှင် အသက်ကို ရရှိနိုင်ကြသလော။ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုကို ၎င်းတို့ ရရှိနိုင်ကြသလော။ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များတွင် လူတို့အတွက် ချမှတ်သည့် သတ်မှတ်ချက်များသည် အပြင်ပန်းတွင် ထိုမျှစံနှုန်းမြင့်မားခြင်းမရှိဘဲ အတော်လေး ရိုးရှင်းသော်လည်း သမ္မာတရား၏ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်ကို သင် နားမလည်လျှင်၊ သို့မဟုတ် သမ္မာတရားတွင် လက်တွေ့ကျသည့် အကြောင်းအရာ မည်မျှပါဝင်သည်ကို သင် မသိဘဲ စကားများနှင့် အယူဝါဒများအရသာ သမ္မာတရားကို နားလည်လျှင် လူတို့ ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စစ်မှန်မှုများထဲသို့ မည်သည့်အခါတွင်မျှ သင် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။