သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဆိုသည်မှာ (အပိုင်း တစ်)
လူများစွာတို့သည် တရားဒေသနာများကို နှစ်များစွာကြာ နားထောင်သော်လည်း သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားမလည်သကဲ့သို့ သမ္မာတရား၏ မည်သည့်ကဏ္ဍတွင် ၎င်းတို့၏ အားထုတ်မှုကို အာရုံစူးစိုက်သင့်သည်ကိုလည်း နားမလည်ပေ။ ၎င်းတို့သည် နားထောင်ရုံနားထောင်ပြီး ထိုမျှသာဖြစ်သည်။ စိတ်နှလုံးမရှိသော ထောက်ထားစာနာမှုမရှိသော လူများကဲ့သို့ အစဉ်ဂရုမစိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်အား နှစ်အချို့ကြာ ယုံကြည်ခဲ့သည့်တိုင်အောင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့လျက်ရှိသည်မှာ မဆန်းပေ။ သမ္မာတရားကို အမှန်တကယ် လိုက်စားသောသူတစ်ယောက်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရမည်။ ငါပြောသည့်၊ လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် ကိုက်ညီသလော။ မည်သည့်အရာ ငါ ချို့တဲ့နေသနည်း။ မည်သည့် ချွတ်ယွင်းချက်များကို ငါ ဖာထေးလုပ်ဆောင်သင့်သနည်း။ ငါ၏ တာဝန်ကို ငါမည်မျှကောင်းစွာ ထမ်းဆောင်နေသနည်း။ စည်းမျဉ်းများနှင့်အညီ ငါ လုပ်ဆောင်နိုင်သလောဟူ၍။ သင်သည် ဤအရာများကို မရှင်းလင်းလျှင် သမ္မာတရားအား လိုက်စားသူမဟုတ်ပေ။ သင်သည် သမ္မာတရားကို လိုက်စားပြီး ရရှိလိုလျှင် ဘုရားနှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ပြီး ချင့်ချိန်စဉ်းစားရမည်။ မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ သင်သဘောပေါက်နားလည်ဖို့ လိုအပ်သည့် သမ္မာတရားများကို ချင့်ချိန်စဉ်းစားပြီး အဖြေရှာရမည်။ သင်နားလည်သည့် သမ္မာတရား မည်မျှရှိသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ရမည်။ သင့်အနေဖြင့်၊ “ငါသည် ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ပြီးပြီလော။ ဤသမ္မာတရားသည် ဘဝ၏ မည်သည့်ကဏ္ဍများကို ရည်ညွှန်းသနည်း။ မည်သည့် ပတ်ဝန်းကျင်များကို ရည်ညွှန်းသနည်း။ မည်သည့်အခြေအနေများကို ရည်ညွှန်းသနည်း” ဟူ၍ အစဉ်သဖြင့် စဉ်းစားရမည်။ ဤမေးခွန်းများကို သင်၏ စိတ်နှလုံးတွင် ဖြေရှင်းရမည်။ သင်၏ အားလပ်သောအချိန်တွင် ယင်းတို့ကို အဖြေရှာဖို့ ကြိုးစားရမည်။ သင်သည် စဉ်းစားသော်လည်း နားမလည်လျှင် ဘုရားနှုတ်ကပတ်တော်ကို ဆုတောင်းဖတ်ရှုရမည်။ ဘုရားရှေ့သို့လာပြီး ဘုရားထံ သင်၏ စိတ်နှလုံးကို ဖွင့်ဟရမည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့၏ စိတ်နှလုံးကို သမ္မာတရားအပေါ် မထားရှိပေ။ ၎င်းတို့၏ စိတ်နှလုံးက မည်သည့်နေရာတွင်ရှိသနည်း။ ၎င်းတို့၏ စိတ်နှလုံးသည် အစဉ်သဖြင့် ပြင်ပအမှုကိစ္စများတွင်သာရှိသည်။ ပကာသနနှင့် မာနတို့နှင့်လည်းကောင်း၊ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဆိုသည်တို့နှင့်လည်းကောင်း သက်ဆိုင်သည့်ကိစ္စများကို အစဉ်သဖြင့် အာရုံရောက်နေသည်။ မည်သည့်အရာက သမ္မာတရားနှင့် သက်ဆိုင်ပြီး မည်သည့်အရာက မသက်ဆိုင်သည်ကို ၎င်းတို့ မသိပေ။ ၎င်းတို့က “ငါသည် ဘုရားအိမ်တော်တွင် အမှုအရာများကို လုပ်ဆောင်သရွေ့၊ ငါ၏ တာဝန်ကို ထမ်းဆောင်ရန် များစွာအလုပ်ရှုပ်နေပြီး ဆင်းရဲဒုက္ခကို ခံသရွေ့ ငါသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ မမှန်ပေ။ ဘုရားအိမ်တော်တွင် အမှုအရာများကို လုပ်ဆောင်ခြင်း၊ များစွာအလုပ်ရှုပ်နေပြီး ဆင်းရဲဒုက္ခခံခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသို့ပြောခြင်းတွင် အခြေပြုချက်တစ်ခုခုရှိသလော။ အမှုအရာများကို လုပ်ဆောင်စဉ်တွင် ဆင်းရဲဒုက္ခကို ခံခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူညီသောအရာနှစ်ခုဖြစ်သည်။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင်မသိလျှင် မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ သင်သည် လူသားအယူအဆများ၊ စိတ်ကူးများနှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်သည်။ သင်သည် ရှုပ်ထွေးပြီး နားဝေတိမ်တောင်ဖြစ်သော အခြေအနေတွင်ရှိကာ အမှုအရာများကို သင်၏ ကိုယ်ပိုင်အယူအဆအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ပန်းတိုင်၊ ဦးတည်ချက်၊ သို့မဟုတ် စည်းမျဉ်းတစ်ခုမျှမရှိဘဲ ရှုပ်ထွေးနေသည်။ သင်သည် အမှုအရာများကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်နေစဉ်တွင် ဆင်းရဲဒုက္ခကို သည်းညည်းခံရခြင်းဖြစ်သည်။ ယင်းမှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် အဘယ်သို့ ဆက်စပ်သနည်း။ လူတို့သည် သမ္မာတရားအား နားမလည်လျှင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဆင်းရဲဒုက္ခများကို ၎င်းတို့ သည်းညည်းခံရသည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် အလှမ်းဝေးသည်။ လူတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒများအတိုင်း အမှုအရာများကို လုပ်ဆောင်ကြပြီး အမှုအရာများကို ပြီးမြောက်ရန်သာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိဆိုသည်ကို လုံးဝ မစဉ်းစားကြပေ။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိဆိုသည်ကို သင် မသိလျှင် သင်သည် သမ္မာတရားအား သေချာပေါက် လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည် အသင်းတော်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်သလော” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ တကယ်ကို မှားယွင်းပေသည်။ အသင်းတော်အတွက် လုပ်ဆောင်ခြင်းသည် လူတစ်ယောက်က သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုလိုသလော။ သေချာပေါက် မဟုတ်ပေ။ ထိုသူ၏ လုပ်ရပ်များတွင် စည်းမျဉ်းရှိမရှိဆိုသည်ကို ကြည့်ခြင်းအားဖြင့်သာ ဆုံးဖြတ်နိုင်သည်။ တစ်စုံတစ်ယောက် လုပ်ဆောင်နေသည့်အရာတွင် စည်းမျဉ်းမရှိလျှင် ၎င်းတို့သည် မည်သူ့အတွက် လုပ်ဆောင်နေသည်ဖြစ်စေ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ၎င်းတို့သည် ကောင်းသောအရာတစ်ခုကို လုပ်ဆောင်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အရည်အသွေးပြည့်မီဖို့အတွက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်လျှင် ၎င်းတို့လုပ်ဆောင်သည့် ကောင်းသောအရာ မည်သည့်အရာမဆိုသည် ကောင်းသော အပြုအမူမျှသာဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် စံမမီပေ။ ယခုတွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားစည်းမျဉ်းအတွက် လုံးဝ မကြိုးပမ်းသောသူ များစွာရှိသည်။ ဤသည်မှာ ၎င်းတို့သည် အလုပ်လုပ်နေခြင်းသာဖြစ်သည်ဟု ဆိုလိုသည်။ လူတစ်ယောက်သည် သမ္မာတရားအတွက် လုံးဝ မကြိုးပမ်းလျှင် သူ၏ တာဝန်ကို ပြည့်မီစွာ မထမ်းဆောင်နိုင်ပေ။ ဤလူစားမျိုးသည် သေချာပေါက် ဘုရားသခင်၏ လူတစ်ယောက်မဟုတ်ပေ။ အလုပ်လုပ်ပေးသူဟုသာ ခေါ်ဆိုနိုင်သည်။ ထိုသူသည် အဆုံးအထိ မဆုတ်မနစ် အလုပ်လုပ်ပေးလျှင်၊ သစ္စာရှိသော အလုပ်လုပ်ပေးသူအဖြစ် သတ်မှတ်၍ရနိုင်ပြီး ဆက်လက်ရှိနေခွင့်ရနိုင်သည်။ သို့သော် သူသည် အလုပ်လုပ်ပေးသည့်လမ်းကြောင်းတွင် မကောင်းသောအရာအချို့ကို လုပ်ဆောင်လျှင် ထိုသို့လုပ်ဆောင်နေစဉ်တွင် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ မလိုအပ်တော့သော အချိန်အခါအလိုက်စေခိုင်းသည့် အလုပ်သမားတစ်ယောက်ကဲ့သို့ဖြစ်သည်။ အလုပ်သမားအများစုသည် ဤပုံစံဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ၎င်းတို့၏ အလုပ်လုပ်ခြင်းသည် စံနှုန်း မပြည့်မီသောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိကြချေ။
သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သည့်အရာ ဖြစ်သနည်း။ အကြင်သူသည် အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နေသောအခါ၊ သို့မဟုတ် တာဝန်ကို ထမ်းဆောင်နေသောအခါတွင် မည်သို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး မည်သို့လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်သနည်း။ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်းဆိုသည်မှာ လူတစ်ယောက်က သမ္မာတရားနှင့် မသက်ဆိုင်သောအရာများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုလူသည် တာဝန်တစ်ခုကို ထမ်းဆောင်ကောင်းထမ်းဆောင်နေနိုင်သည်။ သို့သော် ထိုသူတို့၏ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဆက်စပ်မှုအနည်းငယ်သာရှိသည်။ ယင်းသည် ကောင်းသော အပြုအမူတစ်ခုသာဖြစ်ပြီး ကောင်းမှုအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ဤအရာများကြားတွင် ခြားနားမှုတစ်ခုရှိသည်။ ခြားနားမှုသည် အဘယ်နည်း။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ နယ်ပယ်တစ်ခုကို၊ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နာနေခြင်းဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်ဆုံးရှုံးမှုမျှ ဖြစ်ခွင့်မပြုပေ။ သင်သည် အနည်းငယ်ပို၍ ပြေးလွှားသွားလာပြီး ဆင်းရဲဒုက္ခကို အနည်းငယ်ပို၍ ကြုံသည်။ ဤအရာများကို သင် စွမ်းဆောင်ရရှိပြီးဖြစ်ကာ သင့်အပေါ်တွင် ပြုလုပ်ထားသော သတ်မှတ်ချက်များက အထူးမြင့်မားခြင်းမရှိလျှင် သင်သည် သင်၏ တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် စဉ်းစားရမည့် အခြားသောအရာတစ်ခုရှိသည်။ သင်သည် ထိုအရာကို လုပ်ဆောင်နေချိန်တွင် သင့်အတွင်းတွင် မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ မည်သည့် အတွေးများနှင့် ဘုရားသခင်ကို သဘောမကျစေသည့် မည်သည့်အရာများ ရှိသည်ကို သင် ဖော်ထုတ်ပြီး ဖွင့်ဟပြီးပြီသလော။ ဤသို့လုပ်ဆောင်ခြင်းမှတစ်ဆင့်လည်းကောင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့်လည်းကောင်း သင်သည် မိမိကိုယ်ကို အမှန်တကယ် သိမြင်လာသလော။ သင်လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန် လိုအပ်သည့် သမ္မာတရားကို တွေ့ရှိပြီးပြီလော။ (တွေ့ရခဲသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များနှင့် မိမိကိုယ်ကို ယှဉ်ကြည့်ခြင်း၊ မိမိကိုယ်ကို အနည်းငယ် သိအောင်ပြုလုပ်ခြင်းသာရှိပြီး ထိုမျှသာဖြစ်သည်။) ဤသို့ဆိုလျှင် အချိန်အများစုတွင် သင်သည် သင့်ကိုယ်သင် သဘောတရားအရ၊ ပုံသေသိမြင်ခြင်းသာရှိသည်။ လက်တွေ့သိမြင်မှုမဟုတ်ပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ သင်သည် ကြီးမားသော အမှားများ မပြုလုပ်ဘဲ အကြီးစား စည်းမျဉ်းများကို မချိုးဖောက်သကဲ့သို့ မကောင်းမှုကို တက်ကြွစွာ မလုပ်ဆောင်ဘဲ လူ့သဘာဝအနည်းငယ်ရှိသော လူကောင်းတစ်ယောက်ဖြစ်သည့် ပုံစံရှိလျှင်ပင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ရရှိခြင်း မရှိသေးသကဲ့သို့ သင်၏ အမှားများကင်းခြင်း၊ လူ့သဘာဝရှိသည့် ပုံစံရှိခြင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူညီသေးပေ။ ဤအရာများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အလှမ်းဝေးပြီး ကွာခြားသည်။ လူများစွာတို့သည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် အလုပ်သမားများ စစ်စစ်ဖြစ်ကြသည်ကို တွေ့ရှိကြသည်။ ၎င်းတို့သည် အဘယ်သို့ အလုပ်သမားများဖြစ်လာသည်ကို တွေးကြသော်လည်း၊ တတ်နိုင်သမျှ ပြန်ပြောင်းတွေးဆကြသော်လည်း အဖြေကို မရရှိပေ။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါတွင် အလုပ်သမားများဖြစ်ရန် မရည်ရွယ်ပေ။ ၎င်းတို့သည် ကောင်းသော ယုံကြည်သူများဖြစ်ရန်၊ သမ္မာတရားအား သိနားလည်ခြင်းကို ရရှိရန်၊ အဆုံးတွင် ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်ရန် စီစဉ်ကြသည်။ ၎င်းတို့သည် ယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံရမည်ဟူ၍လည်း ထင်မြင်ကြသည်။ ၎င်းတို့သည် သတိမထားမိဘဲ အဘယ်သို့ဖြစ်ပြီး အလုပ်သမားများ ဖြစ်လာသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ တာဝန်တွင်လည်းကောင်း၊ ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသော ပတ်ဝန်းကျင်များတွင်လည်းကောင်း သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ သမ္မာတရား၏ လက်တွေ့ကျမှုအတွင်းသို့ မဝင်ရောက်နိုင်သောကြောင့်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရမည့်အစား အစဉ်သဖြင့် အားထုတ်နေသည်။ ဤသည်မှာ အကြောင်းရင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် သင်၏တာဝန်ကို အချိန်ကာလတစ်ခုကြာ ထမ်းဆောင်ပြီးနောက်တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး “ဤအချိန်ကာလအတွင်းတွင် မည်သည့်အရာကို ငါရရှိခဲ့သနည်း။ တစ်ခါက ငါ အပြင်သွားသောအခါ အန္တရာယ်နှင့် ကြုံရလုနီးနီးဖြစ်ခဲ့သော်လည်း ဘုရားသခင်က ငါ့ကို ကာကွယ်ပေးခဲ့သည်” ဟု စဉ်းစားသောအခါတွင် ဘုရားသခင်က သင့်ကို ကာကွယ်ပေးခဲ့သည်ဟု သင်မြင်ခြင်းသည် သူ့ကို သိမြင်ခြင်းအဖြစ် သတ်မှတ်၍ရနိုင်သလော။ ဤအရာများသည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို တိုးပွားရန် လှုံ့ဆော်မပေးနိုင်သကဲ့သို့ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝ အနှစ်သာရအပေါ် အမှန်တကယ် နားလည်အောင်လည်း ပြုလုပ်မပေးနိုင်ပေ။ ဤအချိန်အတွင်းတွင် သင်၏ တာဝန်ကို ထမ်းဆောင်သည့်ပုံကို ပြန်စဉ်းစားကြည့်လျှင် သင်၏ အသက် ဝင်ရောက်မှုတွင် တိုးတက်မှုတစ်ခုခု သင် ဖြစ်စေပြီလော။ သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်လျှင် သင်သည် သေချာပေါက် တိုးတက်မှု ဖြစ်စေလိမ့်မည်။ သင်က “အမှုအရာများ၏ အပြုသဘောဆောင်သော အပိုင်းနှင့်ပတ်သက်သရွေ့ ဘုရားသခင်အား သိခြင်း သမ္မာတရားသည် လေးနက်သည်။ ငါသည် ထိုအရာကို အမှန်တကယ် နားမလည်သေးပေ၊ သို့မဟုတ် ထိုအရာမှ များစွာ သင်ယူရရှိခြင်းမရှိသေးပေ။ သို့သော် အမှုအရာများ၏ အပျက်သဘောဆောင်သော အပိုင်းနှင့် ပတ်သက်သရွေ့၊ ခွဲခြားဖော်ထုတ်ရန် အခက်အခဲဆုံးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ ဘုရားသခင် ဖော်ထုတ်သည့်အတိုင်း လူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ဘုရားသခင်ကို ရန်လိုပြီး အာခံသည့် ၎င်းတို့၏ အနှစ်သာရ၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့် လှည့်စားခြင်းအပြင်၊ ဘုရားသခင်က ဖော်ထုတ်ပြီးဖြစ်သည့် လူတို့၏ စိတ်နှလုံး၏ အတွင်းကျဆုံးသောနေရာတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတို့ဖြစ်သည်ကို ငါသိသည်။ ဤအရာကို ယခင်က ငါကိုယ်တိုင်နှင့် ငါ ဆက်စပ်ကြည့်၍မရခဲ့ပါ။ သို့သော် ယခုတွင် ငါသည် သဘောပေါက်လာပြီး ထိုဆက်စပ်မှုကို ပြုလုပ်ပြီးဖြစ်သည်။ ငါ၏ စိတ်နှလုံးက ဤအရာကို အနည်းငယ်နားလည်ပြီးဖြစ်သည်”ဟု ဆိုသည်။ ဤသည်မှာ တိုးတက်မှုဖြစ်သည်။ သင့်တွင် ဤခံစားချက်များရှိသည်။ သင်သည် သင့်ကိုယ်သင် ငြိမ်သက်စေပြီး သေသေချာချာ စဉ်းစားကြည့်ဖို့ ကြိုးစားသောအခါ ဘုရားသခင်အပေါ် နှစ်အချို့ကြာ ယုံကြည်ခဲ့သည့် သင်၏ အတွေ့အကြုံသည် အလွန်ပေါ့တန်လွန်းသည်ကို တွေ့မည်ဖြစ်ပြီး သင်သည် အမှုအရာများစွာတွင် ချို့တဲ့နေသည်ကို မြင်လိမ့်မည်။ သင်သည် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားအပေါ် နားလည်မှုအချို့ရှိသော်လည်း၊ နောင်တရရန် အစပြုရုံသာ ရှိသေးသည်။ သင်သည် အပြစ်လုပ်ခြင်း လျော့နည်းသွားပြီး အပြုအမူတွင် အသေးစား ပြောင်းလဲမှုအချို့ရှိသော်လည်း ဤသည်မှာ အသက်စိတ်သဘောထားပြောင်းလဲခြင်းနှင့် အလွန်ပင် ကွာခြားနေသေးသည်။ သင်သည် နောက်ထပ် နှစ်အနည်းငယ် တွေ့ကြုံပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပို၍နက်နဲစွာ နားလည်ကာ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုအချို့ရှိသောအခါ သင်သည် ဘုရားသခင်ထံမှ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခဲ့ပြီဟု နောက်ဆုံးတွင် ခံစားရမည်ဖြစ်ပြီး သင်သည် “လူသားအပေါ် ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်သည် မှန်ကန်သည်။ ဘုရားနှုတ်ကပတ်တော်များကို ငါ အာမင်ဟု ဆိုသည်။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အလွန်ပင် မှန်ကန်လိုက်လေခြင်း”ဟု ဆိုလိမ့်မည်။ လူတို့သည် မိမိတို့ကိုယ်ကို မသိသောအခါတွင် ၎င်းတို့အားလုံးက “အခြားလူများက ဘုရားသခင်ကို သစ္စာဖောက်ကောင်းဖောက်နိုင်သည်။ သို့သော် ကျွန်ုပ်က မည်သည့်အခါမျှ သစ္စာဖောက်မည်မဟုတ်ပါ။ အခြားလူများက ဘုရားသခင်ကို စွန့်ပစ်ကောင်းစွန့်ပစ်နိုင်သည်။ သို့သော် ကျွန်ုပ်က မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်ပါ” ဟု ဆိုကြသည်။ ဤစကားများသည် အနှစ်မရှိသော စကားများမဟုတ်လော။ လူတို့သည် အမှန်တရား၏ ထုတ်ဖော်ခြင်းကို ခံရကာ ၎င်းတို့ကိုယ်တိုင်က အလွန်ပင် စိတ်မချရသည်ကိုလည်းကောင်း၊ ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်ရန် ဘုရားသခင်ကို ၎င်းတို့လိုအပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ စောင့်ရှောက်မှုကို အမှန်တကယ် မစွန့်ခွာနိုင်သည်ကိုလည်းကောင်း၊ လူတို့သည် ယခုအချိန်အထိ ဆက်လက်တည်ရှိနေသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် သက်ညှာမှုကြောင့်သာ ဖြစ်သည်ကိုလည်းကောင်း၊ လူတို့တွင်ဝါကြွားစရာ မည်သည့်အရာမျှ မရှိသည်ကိုလည်းကောင်း ခံစားမိနိုင်လာသည်။ သင့်တွင် ဤခံစားချက်ရှိလျှင် ယင်းသည် သင်၏ အတွေ့အကြုံမှ လာခြင်းဖြစ်ပြီး အခြားလူများက သင့်အထဲသို့ သွတ်သွင်းလိုက်သောကြောင့်မဟုတ်ပေ။ သင်ကိုယ်တိုင်ဖြတ်သန်းပြီး ကြုံတွေ့ခဲ့ရသည့်အရာမှ လာသည်။ ဤအရာများသည် အလွန်ပင် လက်တွေ့ကျပြီး လေးနက်သည်။ လူများက မကြာခဏ ပြောဆိုသည့် အနှစ်မရှိသော ကြီးကျယ်သည့် စကားလုံးများထက် များစွာပို၍ လက်တွေ့ကျသည်။ သင့်တွင် ဤသို့သော အတွေ့အကြုံမျိုးရှိပြီး သင်၏ စိတ်နှလုံးက ဤခံစားချက်ရှိသောအခါတွင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ဆာငတ်လိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားလိုစိတ်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလိုစိတ်ရှိလာမည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင် ဘုရားသခင်နှင့် တစ်ဆင့်ပို၍ နီးကပ်လာလိမ့်မည်။ ဤသည်မှာ သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင် မှန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် စတင်ပြီးဖြစ်သည်ဆိုသည့် သက်သေဖြစ်သည်။ စကားများနှင့် အယူဝါဒများအပြင်၊ အနှစ်မရှိသော သဘောတရားများကိုသာ အစဉ် ဟောကြားသော ထိုလူတို့သည် အဝေးသို့ အစဉ်ပို၍ ဖယ်ရှားခြင်းခံရပြီး ဘုရားအိမ်တော်တွင် ပိုပို၍ သီးခြားခွဲထားခြင်းခံရကာ အရှက်ရလာသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရမည်ဖြစ်ပြီး၊ ၎င်းတို့အတွက် နိုးထရန် အချိန်ကျပြီဖြစ်သည်။
လူတစ်ယောက်တွင် သမ္မာတရား စစ်မှန်မှုရှိမရှိ တိုင်းတာရန်အတွက်၊ သို့မဟုတ် လူတစ်ယောက်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိကို ကြည့်ရန်အတွက် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ ထိုသူ၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သူသည် ဘုရားသခင်အပေါ် မည်သည့်သဘောထားရှိသည်၊ သမ္မာတရားကို ရှာဖွေနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်းရှိမရှိတို့ကို သင် ကြည့်ရှုရမည်။ ဤအရာများကို ရှင်းလင်းစွာ ရှုမြင်ခြင်းအားဖြင့် ထိုသူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုရှိမရှိဆိုသည်ကို သင် ဆုံးဖြတ်နိုင်သည်။ လူတစ်ယောက်သည် အမှုအရာများက သူ့အပေါ်သို့ ကျရောက်သောအခါ အစဉ်သဖြင့် စကားများနှင့် အယူဝါဒများကို ဟောကြားပြီး ကြီးကျယ်သောစကားများကို တတွတ်တွတ် ပြောဆိုလျှင် သူသည် သမ္မာတရား စစ်မှန်မှုမရှိသည်မှာ သိသာထင်ရှားသည်။ သမ္မာတရား စစ်မှန်မှုမရှိသော တစ်စုံတစ်ယောက်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ ထိုသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ ထိုသို့လက်တွေ့လုပ်ဆောင်ဖို့ မဖြစ်နိုင်ပေ။ ထိုသူက၊ “ဤအရာများ ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်အပေါ် ငါ ကျိုးနွံနာခံမည်” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံလိုသနည်း။ စည်းမျဉ်းက မှန်ကန်သော်လည်း၊ သင့်ဘာသာ ချိန်ဆပြီး ဆုံးဖြတ်ခဲ့သည့် နည်းလမ်းတစ်ခုဖြင့် သင်၏ ခံစားချက်များကို အခြေခံပြီး ပြုမူနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်းကို ပြောဆိုသော်လည်း၊ စိတ်နှလုံးထဲတွင် ဘုရားသခင်လုပ်ဆောင်သမျှကို အစဉ် သံသယဝင်နေသည်။ ဘုရားသခင်သည် သူ လုပ်ဆောင်သည့် ပုံစံအတိုင်း အဘယ်ကြောင့် လုပ်ဆောင်သည်ကို သင် နားမလည်ပေ။ သို့တိုင်အောင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံရမည်ဟု သင့်ကိုယ်သင် ပြောလျက်ရှိသည်။ အမှန်တကယ်တွင်မူ သင်သည် ဤသို့ လုပ်ဆောင်ရန် ရည်ရွယ်ခြင်းမရှိပေ။ သင်သည် အပြင်ပန်းတွင်သာ အာခံခြင်းမရှိသည့်ပုံပေါ်သည်၊ ညည်းညူခြင်းမရှိသည့်ပုံပေါ်ပြီး၊ ပြောသည့်အတိုင်း လုပ်ဆောင်သည့် ပုံပေါ်သည်။ သင်က ကျိုးနွံနာခံပြီးဖြစ်သည်ဟု ထင်ရသော်လည်း၊ ဤသို့သော ကျိုးနွံနာခံခြင်းမျိုးသည် အပြောသက်သက်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသက်သက်သာဖြစ်သည်။ သင်သည် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သင်သည် ကျိုးနွံနာခံခြင်းကို တားဆီးသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆွဲထုတ်ပြီး စိစစ်ရမည်။ ဘုရားနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်ရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိမြင်လျှင်လည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ် နားလည်နိုင်ပြီး၊ ဘုရားသခင်က သူလုပ်ဆောင်သည့်ပုံစံအတိုင်း အဘယ်ကြောင့်လုပ်ဆောင်သည်ကို သင် သိလျှင်လည်းကောင်း၊ ဤအရာကို သင် အပြည့်အဝ နားလည်နိုင်လျှင်လည်းကောင်း ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည်။ သင်က “ဆင်းရဲဒုက္ခက မည်မျှ ကြီးမားပါစေ၊ ကျွန်ုပ်သည် မည်မျှအားနည်းပါစေ၊ သို့မဟုတ် ဝမ်းနည်းခြင်းကို ခံစားရပါစေ အပျက်သဘောဆောင်မည်မဟုတ်။ ဘုရားသခင်ကို ကျိုးနွံနာခံမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်လုပ်ဆောင်သည့်အရာက ကောင်းသည်၊ သူလုပ်ဆောင်သမျှက မှန်ကန်သည်ဆိုသည်ကို ကျွန်ုပ်သိသောကြောင့်ဖြစ်သည်။ သူသည် မှားယွင်းသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ပေ” ဟု ဆိုလိမ့်မည်။ သင်သည် ဤအရာကိုရရှိသောအခါ သင်၏ ပြဿနာသည် လုံးဝ ပြေလည်သွားလိမ့်မည်။ လူအချို့သည် ဤနည်းဖြင့် သမ္မာတရားကို ရှာဖွေပြီး ပြဿနာများကို ဖြေရှင်းခြင်းမရှိပေ။ ၎င်းတို့သည် စကားများနှင့် အယူဝါဒများကို ဟောပြောခြင်းမျှသာ ဖြစ်ပြီး၊ အရာရာကို နားလည်သည့်အလားထင်ရသည်။ သို့သော် ၎င်းတို့အပေါ်သို့ အမှန်တကယ် ခက်ခဲမှုကျရောက်သောအခါ ၎င်းတို့သည် ဆန္ဒရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် မကျေနပ်ချက်များ၊ နားလည်မှုလွဲခြင်းများက ဆက်လက်၍ တည်ရှိနေသည်။ သို့တိုင်အောင် ၎င်းတို့သည် ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေပေ။ ဤမကျေနပ်ချက်များ၊ နားလည်မှုလွဲခြင်းများသည် လူတို့၏ စိတ်ထဲတွင် ပုန်းကွယ်နေသည်။ ထိုအရာများသည် အမှန်တွင် အလျင်အမြန်ကူးစက်စေသော အန္တရာယ်ဖြစ်ပြီး သင့်တော်သော ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လိမ့်မည်။ ထိုသို့မဖြစ်မီတွင် လူတို့သည် ထိုအရာများကို မခံစားမိပေ။ ၎င်းတို့သည် သမ္မာတရားအားလုံးကို နားလည်ပြီး အခက်အခဲများ မရှိဟု တွေးထင်ကြသည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ဤသည်မှာ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိကြောင်းနှင့် သမ္မာတရားကို အမှန်တကယ် နားမလည်ကြောင်းကို သက်သေပြသည်။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် စကားများနှင့် အယူဝါဒများ အနည်းငယ်ကို ဟောနိုင်ပြီး စည်းမျဉ်းစည်းကမ်းအနည်းငယ်ကိုသာ လိုက်နာနိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် တစ်ခါတစ်ရံတွင် ကျိုးနွံနာခံခြင်းရှိနိုင်သော်လည်း ယင်းသည် စည်းမျဉ်းစည်းကမ်းကို လိုက်နာသော ကျိုးနွံနာခံခြင်းဖြစ်ပြီး အလွန်နည်းပါးသော ကျိုးနွံနာခံခြင်းဖြစ်သည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုက သင့်အပေါ်သို့ ကျရောက်လျှင် သင်သည် ကျိုးနွံနာခံနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်သောသူမဟုတ်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြေရှင်းပြီးခြင်း၊ ပြောင်းလဲပြီးခြင်းမရှိသည်ကို ပြသည်။ သင့်အပေါ်သို့ ကျရောက်သော အမှုအရာများနှင့်ပတ်သက်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် သိရမည်။ ဘုရားသခင်လုပ်ဆောင်သမျှကို သိပြီး နားလည်ကာ ထောက်ထားရမည်။ ထို့နောက်တွင် သင်သည် စစ်မှန်ပြီး လိုလားသော ကျိုးနွံနာခံခြင်းကို ရယူရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ၊ သို့မဟုတ် သင်၏ အယူအဆများနှင့် မည်မျှမကိုက်ညီဘဲရှိပါစေ သင်ကျိုးနွံနာခံနိုင်ရမည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူဖြစ်ရန်နှင့်၊ အမှန်တကယ်ပြောင်းလဲသောသူဖြစ်ရန်အတွက် ရောက်ရှိရမည့် အဆင့်ဖြစ်သည်။
ဘုရားသခင်အား နှစ်ချီ ယုံကြည်ခဲ့သူအများစုသည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို မသိကြပေ။ ၎င်းတို့သည် စကားများနှင့် အယူဝါဒများအား မည်သို့ပြောဆိုရမည်ကိုသာ သိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်အား ကျိုးနွံနာခံရန်အတွက် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်တို့ကို မသိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို ကျိုးနွံနာခံကြသည်။ ဘုရားသခင်ပြောသည့်အရာသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသောအခါ ၎င်းတို့သည် ကျိုးနွံနာခံနိုင်ခြင်းမရှိကြပေ။ ထို့နောက်တွင် ၎င်းတို့၌ ဘုရားသခင်အပေါ် အယူအဆများ၊ နားလည်မှုလွဲခြင်းများ ထွက်ပေါ်လာပြီး၊ သမ္မာတရားကို ၎င်းတို့ ရှာဖွေကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် အမှန်တကယ်ပင် ဘုရားသခင်ကို ကျိုးနွံနာခံသူများဖြစ်လျှင် ဘုရားနှုတ်ကပတ်တော်က လူသား၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကျိုးနွံနာခံနိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား၏ ကျိုးနွံနာခံခြင်းသည် လုံးဝ သဘာဝကျပြီး တရားသောကြောင့် ဖြစ်သည်။ လူတစ်ယောက်က ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနေခြင်းဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုမှတစ်ဆင့် သမ္မာတရားကို နားလည်လာလျှင် ထိုသူ၌ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း၏ စစ်မှန်မှုရှိသည်။ လူအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကြိုးစားသောအခါ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အယူဝါဒကိုသာ လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်ကြသည်။ အမှန်မှာ ထိုသို့လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် စံမမီပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် စည်းမျဉ်းများရှိရမည်။ လူတစ်ယောက်သည် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို မရှာတွေ့နိုင်လျှင် သူသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနေခြင်းသာဖြစ်ပြီး၊ ဤသို့ လက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခြင်း၏ အသေးစိတ်အချက်အလက်များ မပါရှိပေ။ လူများစွာတို့သည် စကားများနှင့် အယူဝါဒများ၏ စည်းမျဉ်းစည်းကမ်းများကိုသာ ထိန်းသိမ်းပြီး ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းမရှိပေ။ ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း စံနှုန်းများကို မမီပေ။ ဘာသာတရားတွင်ရှိသော လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများအတိုင်း လုပ်ဆောင်ကြပြီး ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ချစ်ခြင်းအကြောင်း၊ သို့မဟုတ် နှိမ့်ချခြင်းအကြောင်းကို ဟောကောင်းဟောနိုင်သည်။ သို့သော် ၎င်းတို့လုပ်ဆောင်သမျှမှာ ကြားကောင်းသောစကားများကို သံယောင်လိုက်ပြောဆိုခြင်းသာဖြစ်သည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် စည်းမျဉ်းမရှိသကဲ့သို့၊ အခြေခံအကျဆုံးသောအရာများကို ၎င်းတို့ သဘောမပေါက်နိုင်ပေ။ ဤသို့ လက်တွေ့လုပ်ဆောင်လျှင်၊ သမ္မာတရား စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်နိုင်မည်နည်း။ သမ္မာတရားသည် ဘုရားနှုတ်ကပတ်တော် ဖြစ်၏။ လူသားက လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်သည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်မှသာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းမှတစ်ဆင့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် အမှန်တကယ် သိမြင်မှုကို ရရှိသည်။ ထိုအခါမှသာ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရားကို အမှန်တကယ်နားလည်သူတို့သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ဆုံးဖြတ်နိုင်ကြသည်။ သင်သည် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို နားလည်သဘောပေါက်သောအခါ သင်၏ အပြောနှင့်အလုပ်တွင် စည်းမျဉ်းများရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဆိုသည့်အရာဖြစ်သည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုရှိခြင်းဆိုသည့်အရာဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုအတိုင်း သင် အသက်ရှင်နေထိုင်သည့်အခါမှသာ သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့စိတ်ကူးထင်မြင်သည့်အတိုင်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းနှင့်ဆိုင်သော ကိစ္စသက်သက်မဟုတ်ပေ။ မိမိ လက်တွေ့လုပ်ဆောင်လိုသည့် မည်သည့်ပုံစံဖြင့်မဆို မလုပ်ဆောင်ရပေ။ ဘုရားသခင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းလမ်းကြောင်းတွင် သမ္မာတရားအား သင် အမှန်တကယ် နားလည်ခြင်းရှိမရှိနှင့် သင်၏ အပြောနှင့် အလုပ်တွင် သမ္မာတရား စည်းမျဉ်းများရှိမရှိတို့ကို ကြည့်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် သင့်၌ အသက်ဝင်ရောက်မှု ရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်ပြီး သင့်တွင် မည်သည့် အတွေ့အကြုံနှင့် အသိပညာများရှိပါစေ၊ မည်သည့်နားလည်သဘောပေါက်မှုများရှိပါစေ ဤအရာများသည် သင်၏ အသက်ဝင်ရောက်မှုနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် အမှုအရာများစွာကို ကြုံတွေ့ခဲ့လျှင်လည်းကောင်း၊ အကြိမ်များစွာ ကျရှုံးခဲ့လျှင်လည်းကောင်း၊ စစ်မှန်သော သင်ခန်းစာများကို ရရှိခဲ့ပြီး၊ လက်တွေ့ကျသော အတွေ့အကြုံများရှိခဲ့လျှင်လည်းကောင်း သင်သည် သမ္မာတရား၏ စစ်မှန်မှုရှိသည်ဟု ခံစားကောင်း ခံစားရနိုင်သည်။ ဤသည်မှာ တိကျမှန်ကန်သလော။ တိကျမှန်ကန်ခြင်းမရှိပေ။ ဤသို့သော ခံစားချက်သည် စိတ်ချရသလော။ စိတ်ချရခြင်းလည်းမရှိပေ။ သမ္မာတရား စစ်မှန်မှုရှိသောသူများသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ ၎င်းတို့၏ သက်သေခံချက်ကို ကြားရသည်မှာ အခြားလူများအတွက် အလွန်ပင် တည်ဆောက်စရာဖြစ်သည်။ ထိုလူများသာ သမ္မာတရား စစ်မှန်မှုရှိသည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို နားလည်သောသူတို့၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုကို ရယူနိုင်သောသူတစ်ယောက်သာလျှင် သမ္မာတရား စစ်မှန်မှုရှိသည်။ သင်သည် သမ္မာတရားစစ်မှန်မှုရှိမရှိဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်အပေါ် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် တွေ့ကြုံမှုတွင် သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်ကို သိမြင်လာနိုင်ခြင်းရှိမရှိဆိုသည့်အပေါ်တွင် အရေးပါစွာဖြင့် မူတည်လျက်ရှိသည်။ သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံသည် ဘုရားနှုတ်ကပတ်တော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း မသက်ဆိုင်လျှင် သင့်တွင် စစ်မှန်သော ဘဝအတွေ့အကြုံမရှိပေ။ ဤအရာက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်သည်ကိုလည်း သက်သေပြသည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင့်တွင် ဘုရားနှုတ်ကပတ်တော်နှင့် သက်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု၊ သို့မဟုတ် အတွေ့အကြုံမရှိသောကြောင့်ဖြစ်ပြီး၊ သင်သည် သမ္မာတရားအား နားလည်ခြင်းကို မရရှိသေးသောကြောင့်ဖြစ်သည်။ ယင်းက သင်သည် ဘုရားသခင်အား ကျိုးနွံနာခံသောသူဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်၏ လုပ်ဆောင်မှုကို ကြုံတွေ့သောသူမဟုတ်ဆိုသည်ကို ပြသည်။ သင်သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ပြီး စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများစွာကို ကြုံရပြီး ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းက ကြီးထွားလာပြီးဖြစ်မှသာ၊ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ပြီးမှသာ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိကြောင်း ပေါ်လွင်မည် ဖြစ်သည်။ ထိုသို့သော စစ်မှန်သော ယုံကြည်ခြင်းကို သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းအားဖြင့် သက်သေပြရမည်။ ထိုသို့ သင် လုပ်ဆောင်နိုင်ခြင်းရှိမရှိသည်မှာ အရေးပါသည်။ ဤစစ်ဆေးမှုက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိဆိုသည်ကို ဆုံးဖြတ်သည်။ ယင်းသည် သင့်တွင် စစ်မှန်သော ယုံကြည်ခြင်းရှိမရှိကို ထုတ်ဖော်သည်။ ဥပမာ ဘုရားသခင်သည် အခြေအနေတစ်ခုကို စီစဉ်ပြီး သင်အချစ်ဆုံး၊ ဂရုအစိုက်ဆုံးသောသူကို၊ သို့မဟုတ် သင်အမြတ်နိုးဆုံးသောအရာကို ယူဆောင်သွားဖို့ ဘုရားသခင် ရည်ရွယ်သည်ကို သင်မြင်လျှင် သင်၏ သဘောထားသည် မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ “အို ဘုရားသခင်၊ ကိုယ်တော်လုပ်သမျှက ကောင်းမွန်သည်။ ကိုယ်တော်ကို ကျေးဇူးတင်ပြီး ချီးမွမ်းပါသည်” ဟု ပြောရုံပြောခြင်းက စမ်းသပ်မှုကို သင်အောင်မြင်သည်ဟု မဆိုလိုပေ။ သင်အချစ်ဆုံးသောသူက သူ၏ နောက်ဆုံးထွက်သက်ဝင်သက်ကို ရှူရှိုက်နေသည်ကို သင်မြင်သောအခါတွင် သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားပြီး ဗြောင်းဆန်နေလိမ့်မည်။ သင်က “သူတို့သေလျှင် ကျွန်ုပ်အသက်မရှင်နိုင်ပါ။ ကျွန်ုပ်သည် သူတို့မရှိရင် မဖြစ်သောကြောင့် သူတို့နှင့်အတူသေမည်။ သူတို့သေလျှင် ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်မည်မဟုတ်တော့ပါ” ဟု ဆိုသည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရား စစ်မှန်မှုမရှိသကဲ့သို့ အပြည့်အဝ ထုတ်ဖော်ခံရပြီး ဖြစ်သည်။ သင့်တွင် စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ သင်ချစ်ရသောသူသေပြီး သင်က အသက်မရှင်နိုင်ပေ။ သင်သည် ဘုရားသခင်ကိုပင် အလိုမရှိပေ။ သင်ချစ်ရသောသူသေပြီး သင်ကဘုရားသခင်ကိုပင် မနာခံပေ။ ဤသည်မှာ သင်ချစ်ပြီး ကျိုးနွံနာခံသောအရာမှာ လူဖြစ်သည်ကို သက်သေပြသည်။ သင်သည် ဤအရာအားဖြင့် ထုတ်ဖော်ခြင်းခံရပြီမဟုတ်လော။ သင်သည် ဘုရားသခင်ကို ချစ်ဖို့မဆိုထားနှင့်။ အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသူပင်မဟုတ်ပေ။ အခြားလူများနှင့် သင် ပုံမှန်မိတ်သဟာယဖွဲ့ရာတွင် အနှစ်မရှိသော ပြောဆိုမှုများ၊ အယူဝါဒများနှင့် ပြည့်နေပြီး လက်တွေ့ကျသော၊ စိတ်နှလုံးထဲမှလာသော စကားများဖြစ်မည်မဟုတ်ပေ။ သင်ပြောဆိုသည့် အယူဝါဒများနှင့် သင်အော်ဟစ်သည့် ဆောင်ပုဒ်များသည် သင်၏ ယုံကြည်ခြင်းမှ အရင်းခံခြင်းဟုတ်မဟုတ်ဆိုသည်နှင့် ယင်းတို့က သင်၏ စစ်မှန်သော နားလည်မှုကို ထင်ဟပ်ခြင်း ရှိမရှိဆိုသည့် ဤအရာများက သင့်ကို အပြည့်အဝ ထုတ်ဖော်လိမ့်မည်။ သင်သည် အတုအယောင် ယုံကြည်သူတစ်ယောက်၊ အယောင်ဆောင်သူတစ်ယောက်၊ မယုံကြည်သူတစ်ယောက်ဖြစ်သည်ကို တွေ့ရှိရသည်။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် အပြောသက်သက်သာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ခြင်းမရှိ။ ဘုရားသခင်ကို ယုံကြည်ရာတွင် ကြောက်စရာအကောင်းဆုံးဖြစ်သော ပုံစံမှာ လူတစ်ယောက်က အယူဝါဒအားလုံးကို နားလည်သော်လည်း ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းအနည်းငယ်မျှပင် မရှိသည့်အခါတွင်ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ အတည်ပြုနိုင်သနည်း။ အဓိကအားဖြင့်၊ လူတစ်ယောက်သည် သူ့အပေါ်တွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သလောဆိုသည်ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် မည်သည့်အခါမျှ သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် အမှန်တကယ်တွင် သူသည် ထုတ်ဖော်ခံရပြီးဖြစ်သည်။ ထိုသူအား ထုတ်ဖော်ရန်အတွက် စမ်းသပ်မှုတစ်ခုကို စောင့်ရန် မလိုတော့ပေ။ နေ့စဉ်အသက်တာတွင် လူတစ်ယောက်၌ အမှုအရာများ ဖြစ်ပျက်သောအခါ သူ၌ သမ္မာတရား စစ်မှန်မှုရှိမရှိကို ရှင်းလင်းစွာ မြင်နိုင်သည်။ သမ္မာတရားအား လိုက်စားလေ့မရှိသကဲ့သို့ ၎င်းတို့တွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများစွာရှိသည်။ ဤသို့သောသူများသည် ၎င်းတို့ကို ထုတ်ဖော်ရန် စမ်းသပ်မှုတစ်ခုကို စောင့်ဆိုင်းဖို့လိုသလော။ လုံးဝ မလိုအပ်ပေ။ အချိန်တစ်ခုကြာပြီးနောက်တွင် ၎င်းတို့ မပြောင်းမလဲရှိနေပါက၊ ထုတ်ဖော်ခံရပြီးဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသော်လည်း သမ္မာတရားကို လက်မခံသကဲ့သို့ စွဲစွဲမြဲမြဲ နောင်တမရဘဲ ရှိနေလျှင် ၎င်းတို့သည် ပို၍ပင် ထုတ်ဖော်ခြင်းခံရသင့်ပြီး ရှင်းလင်းပစ်ကာ ဖယ်ရှားရှင်းလင်းခံရသင့်သည်။ သမ္မာတရားအား လက်ခံခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံမစိုက်လေ့ရှိသောသူများအားလုံးသည် မယုံကြည်သူများဖြစ်ပြီး မည်သည့်အလုပ်ကိုမဆို မအပ်နှံရပေ၊ သို့မဟုတ် မည်သည့်တာဝန်ကိုမဆို မယူရပေ။ သမ္မာတရားမရှိသောသူတစ်ယောက်သည် ခိုင်မာစွာ ရပ်တည်နိုင်သလော။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အရေးကြီးသလော။ သမ္မာတရားအား မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်သည့်သူများကိုသာ ကြည့်လော့။ ၎င်းတို့အားလုံး ထုတ်ဖော်ခြင်းခံရဖို့အတွက် နှစ်များစွာ မလိုအပ်ပေ။ ၎င်းတို့တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် လုံးဝမရှိပေ။ ၎င်းတို့သည် မည်မျှပင် ဆုတ်ယုတ်ပြီး သနားဖွယ်ဖြစ်သနည်း။ မည်မျှပင် အရှက်ရကြမည်နည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။