သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁) အပိုင်း တစ်

ယနေ့မိတ်သဟာယသည် လူတိုင်း ရင်းနှီးအကျွမ်းဝင်သည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်သည်။ ဘုရားသခင်ကို လူသား၏ ယုံကြည်မှု၊ ၎င်း၏ လိုက်စားမှုတို့နှင့် နီးကပ်စွာ ဆက်နွှယ်ပြီး လူတို့ နေ့တိုင်း ကြုံရ၊ ကြားရသည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ ကောင်းပြီ။ သို့ဆိုလျှင် ယင်းမှာ အဘယ်နည်း။ အကြောင်းအရာမှာ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ ဟူ၍ ဖြစ်သည်။ ဤအကြောင်းအရာအပေါ် သင်တို့ မည်သို့ တွေးထင်ကြသနည်း။ သင်တို့အတွက် ကျေနပ်လောက်အောင် ဆန်းသစ်သလော။ ဆွဲဆောင်မှုရှိသလော။ ဤအကြောင်းအရာသည် မည်မျှပင် ဆွဲဆောင်မှုရှိစေကာမူ ယင်းသည် သင်တို့တစ်ဦးစီတိုင်းနှင့် သက်ဆိုင်ကြောင်း ငါသိ၏။ ယင်းသည် လူတို့၏ကယ်တင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ၎င်းတို့၏ ဝင်ရောက်မှုနှင့် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှု၊ ပြီးလျှင် ၎င်းတို့၏ အနာဂတ် ရလဒ်၊ ခရီးပန်းတိုင်တို့နှင့် သက်ဆိုင်သည်။ ယခုတွင် သင်တို့အများစုသည် သမ္မာတရားကို လိုက်စားလိုစိတ်ရှိပြီး စတင် နိုးကြားလာနေကြသော်လည်း သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း၊ သို့မဟုတ် သမ္မာတရားကို မည်သို့လိုက်စားသင့်ကြောင်းကို သေချာမသိကြသေး။ ထို့ကြောင့် ယနေ့ ဤအကြောင်းအရာနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် လိုအပ်၏။ သမ္မာတရား လိုက်စားခြင်းသည် လူတို့က ၎င်းတို့၏ နေ့စဉ်ဘဝများတွင် မကြာခဏ ကြုံတွေ့ရသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မိမိတို့၏ နေ့စဉ်ဘဝများအတောအတွင်း လူတို့သည် မိမိတို့၏ တာဝန်များ၊ အစရှိသည်တို့ကို ထမ်းဆောင်နေစဉ် ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ ကြုံရသည့် လက်တွေ့ကျသော ပြဿနာတစ်ခု ဖြစ်သည်။ လူအများစုအပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် မိမိတို့ကိုယ်ကို လှုံ့ဆော်အားထုတ်မှုများ ပြုလုပ်ကြပြီး ၎င်းတို့၏ အတွေးအမြင်များကို အပျက်သဘောဆောင်ခြင်းမှ ကင်းဝေးစေကာ ထိုသို့ဖြင့် အပျက်သဘောဆောင်ခြင်း၊ သို့မဟုတ် ဘုရားသခင်အား အထင်လွဲခြင်းအဖြစ်သို့ ကျရောက်ခြင်းမှ မိမိတို့ကိုယ်ကိုယ် တားဆီးပြီး ဘုရားသခင်၏ အမှုတော်အဖို့ မိမိတို့ကိုယ်ကိုယ် အပ်နှံနိုင်ရန် မျှော်လင့်ကြသည်။ သာ၍ကောင်းမွန်သည့် အစွမ်းအစရှိသော လူများသည် ဘုရားနှုတ်ကပတ်တော်များအတွင်းရှိ သမ္မာတရား သွင်ပြင်လက္ခဏာအားလုံးကို အသေအချာ တက်ကြွစွာ ရှာဖွေနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို ရှာဖွေကြသည်။ သို့မဟုတ် ၎င်းတို့သည် မိမိတို့အပေါ် ကျရောက်သော အရာများမှတစ်ဆင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်နိုင်ကြသည်၊ ချင့်ချိန်စဉ်းစားပြီး အသိပညာရရှိနိုင်ကာ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကို နားလည်လာကြပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြသည်။ သို့သော် ဤအရာသည် လူအများစုအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့သည် ဤအရာများကို စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိက မသေချာပေ။ လူအများစုသည် ဤလက်တွေ့အရှိတရား၏ သွင်ပြင်လက္ခဏာထဲသို့ မဝင်ရောက်ကြသေးချေ။ ထို့ကြောင့် သင်တို့ကို ချင့်ချိန်စဉ်းစားဖို့ အချိန်ပေးလျှင်ပင် ဤသာမန်ဖြစ်ကာ သာမညောင်ညဖြစ်ပြီး တိကျသော အကြောင်းအရာအပေါ် လက်တွေ့ကျသော၊ ဓမ္မဓိဋ္ဌာန်ကျပြီး စစ်မှန်သော သိနားလည်မှုကို ရရှိဖို့ သင်တို့အတွက် လွယ်ကူလိမ့်မည် မဟုတ်။ ထို့ကြောင့် ငါတို့၏ အဓိကအကြောင်းအရာဆီသို့ ပြန်သွားဖို့ရန် သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။ သင်တို့သည် ချင့်ချိန်စဉ်းစားရာတွင် မကျွမ်းကျင်သော်လည်း သင်တို့၏နားဖြင့်သာမက စိတ်နှလုံးဖြင့်ပါ နားထောင်ရာတွင် တော်ကြမည်ဟု ငါမျှော်လင့်သည်။ ဤအရာကို နားလည်သဘောပေါက်ရန် သင် စိတ်နှစ်ထားမည်ဟုလည်းကောင်း၊ သင်နားလည်နိုင်သမျှ အရာအားလုံးနှင့် သင်၏ အခြေအနေ၊ သင်၏ စိတ်သဘောထား၊ သင့်အနေအထား၏ ရှုထောင့်တစ်ခုချင်းစီနှင့် ဆီလျော်သမျှ အရာအားလုံးကို အရေးပါသည့်အရာတစ်ခုအဖြစ် သင် နှလုံးသွင်းမည်ဟုလည်းကောင်း ငါ မျှော်လင့်သည်။ ထို့နောက်တွင် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ စတင်ဖြေရှင်းလိမ့်မည်ဖြစ်ပြီး နှီးနွှယ်သည့် ပြဿနာများ ပေါ်ပေါက်သည့်အခါ သင်တို့ လိုက်လျှောက်ရမည့် လမ်းကြောင်း ရှိကာ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုအဖြစ် သဘောထား၍ ယင်းတို့ကို ထိုသို့ ဆောင်ရွက်၊ နာခံနိုင်ကြဖို့အလို့ငှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအားလုံးကို နှလုံးသွင်းဖို့ ကြိုးပမ်းကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ ယင်းက အကောင်းဆုံးဖြစ်ပေမည်။

သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ အယူအဆအပေါ် အခြေတည်သော မေးခွန်းတစ်ခု ဖြစ်နိုင်သော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်၍ လက်တွေ့အကျဆုံး မေးခွန်းလည်း ဖြစ်သည်။ သမ္မာတရားကို လူတို့ လိုက်စားနိုင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်းတို့၏ နှစ်သက်မှုများ၊ အစွမ်းအစ၊ လိုက်စားမှုတို့နှင့် တိုက်ရိုက် ဆက်နွှယ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် လက်တွေ့ကျသည့် လိုအပ်ချက်များစွာကို ခြုံငုံသည်။ သင်တို့အနေဖြင့် သမ္မာတရားကို မြန်နိုင်သမျှ အမြန်ဆုံး သိနားလည်နိုင်ပြီး ယင်းကို လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းနှင့် ထိုလိုက်စားခြင်းနှင့် မည်သည့် ကိစ္စရပ်များ ဆက်နွှယ်ကြောင်းတို့ကို အတိအကျ သိရှိနိုင်ဖို့အလို့ငှာ ယင်းတို့ကို တစ်ခုပြီးတစ်ခု ငါတို့ မိတ်သဟာယပြုသင့်သည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်သည်ကို သင်တို့ နားလည်နိုင်ကြလိမ့်မည်။ ဦးစွာပထမ ဤအရာကို ဆွေးနွေးကြစို့။ ဤတရားဒေသနာကို နားထောင်ခြင်းအားဖြင့် သင်တို့သည် သမ္မာတရားကို လိုက်စားနေကြသလော။ (မလိုက်စားပါ။) တရားဒေသနာကို နားထောင်ခြင်းသည် သမ္မာတရား လိုက်စားဖို့ မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်နှင့် လုပ်ရပ်တစ်ခုမျှသာ ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းတွင် မည်သည့် လက္ခဏာရပ်များ ပါဝင်သနည်း။ သမ္မာတရား လိုက်စားခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများစွာရှိပြီး ဤနေရာတွင် လူတို့တွင်ရှိသော ငါတို့ဆွေးနွေးဖို့လိုအပ်သည့် ပြဿနာများစွာလည်း ရှိသည်။ ဥပမာ လူအချို့က “လူတစ်ဦးက နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားအကြောင်း မိတ်သဟာယပြုပါက၊ ၎င်း၏ တာဝန်ကို ပုံမှန် လုပ်ဆောင်နိုင်ပါက၊ အသင်းတော် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး အတားအဆီး၊ သို့မဟုတ် အနှောင့်အယှက် လုံးဝ မဖြစ်စေပါက၊ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့်အချိန်များ ရှိကောင်း ရှိနိုင်သော်လည်း သတိရှိရှိဖြစ်စေ၊ ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ထိုသို့ မလုပ်ဆောင်ကြပါက ဤအရာက ၎င်းသည် သမ္မာတရား လိုက်စားနေသည်ကို ထင်ရှားစေသည် မဟုတ်လော” ဟု ပြောကြ၏။ ဤသည်မှာ မေးခွန်းကောင်းဖြစ်သည်။ လူများစွာတွင် ဤအတွေးအခေါ် ရှိ၏။ ရှေးဦးစွာ လူတစ်ယောက်သည် ဤသို့ တစ်သမတ်တည်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို နားလည်ပြီး ရသွားနိုင်ခြင်း ရှိမရှိကို သင်သဘောပေါက်ရမည်။ သင်တို့၏ အတွေးကို ဝေမျှပြောပြလော့။ (ဤသို့သော လက်တွေ့လုပ်ဆောင်မှုသည် အားလုံး မှန်ကန်သော်ငြားလည်း ဘာသာရေး ထုံးတမ်းဓလေ့နှင့် ပို၍ ဆင်တူပုံရ၏။ ယင်းက စည်းကမ်းလိုက်နာခြင်း ဖြစ်ပါသည်။ သမ္မာတရားကို နားလည်အောင်ဖြစ်စေ၊ ရရှိအောင်ဖြစ်စေ မလုပ်ပေးနိုင်ပါ။) ဤသို့ဆိုလျှင် ဤအပြုအမူများသည် စင်စစ်အားဖြင့် မည်သည့်အမျိုးအစားဖြစ်သနည်း။ (ယင်းတို့သည် အပေါ်ယံဆန်သည့် အပြုအမူကောင်းများ ဖြစ်ပါသည်။) ဤအဖြေကို ငါနှစ်သက်၏။ ထိုအရာများသည် လူတစ်ဦးက ဘုရားသခင်ကို ယုံကြည်လာပြီးသည့်နောက်တွင် ကောင်းမွန်ပြီး အပြုသဘောဆောင်သော သွန်သင်မှုများ၏ ဩဇာလွှမ်းမိုးခြင်းကို ခံရပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ အခြေခံအုတ်မြစ်မှ ထွက်ပေါ်လာသော အပြုအမူကောင်းများမျှသာ ဖြစ်သည်။ သို့သော် ထိုအရာများသည် သမ္မာတရားကို လိုက်စားခြင်း ဖြစ်ဖို့ ဝေးစွ၊ အပြုအမူကောင်းများဆိုသည်ထက် မပိုပေ။ ဤသို့ဆိုလျှင် ဤအပြုအမူကောင်းများ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ မည်သည့်အရာက ဤအပြုအမူများကို ဖြစ်ပေါ်စေသနည်း။ ဤအပြုအမူများသည် လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ နှစ်သက်လက်ခံသော ခံစားချက်များ၊ ၎င်းတို့၏ မိမိကိုယ်ကို ချုပ်တည်းမှုများမှ ထွက်ပေါ်လာသည်။ ယင်းတို့သည် အပြုအမူကောင်းများဖြစ်သည့်တိုင် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသလို ယင်းတို့က တူညီသောအရာ သေချာပေါက် မဟုတ်ချေ။ အပြုအမူကောင်းရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူပေ။ လူတစ်ဦးသည် ကောင်းစွာ ပြုမူလျှင် သူသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိသည်ဟု မဆိုလိုချေ။ အပြုအမူကောင်းများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူညီသောအရာနှစ်ခု ဖြစ်သည်။ အချင်းချင်း ဆက်စပ်မှုမရှိ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်ပြီး ဘုရား၏ ရည်ရွယ်ချက်များနှင့် အလုံးစုံ ကိုက်ညီသည်။ အပြုအမူကောင်းကမူ လူ့စိတ်ဆန္ဒမှလာပြီး ယင်းနှင့်အတူ လူ့ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများ ပါဝင်သည်။ ယင်းသည် လူသားက ကောင်းသည်ဟု မှတ်ယူသောအရာတစ်ခု ဖြစ်၏။ အပြုအမူကောင်းများသည် မကောင်းသောလုပ်ရပ်များ မဟုတ်သော်လည်း သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ပေ။ ဤအပြုအမူများသည် မည်မျှကောင်းမွန်သည်ဖြစ်စေ၊ လူ့အယူအဆများ၊ စိတ်ကူးများနှင့် မည်မျှကိုက်ညီသည်ဖြစ်စေ သမ္မာတရားနှင့် ဆက်စပ်မှုမရှိ။ ထို့ကြောင့် မည်သည့်အပြုအမူကောင်းပမာဏကမျှ ဘုရားသခင်၏ ထောက်ခံမှုကို မရနိုင်ပေ။ အပြုအမူကောင်းကို ဤသို့ သတ်မှတ်ထားသည် ဖြစ်၍ အပြုအမူကောင်းများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သိသိသာသာကို ဆက်နွှယ်မှု မရှိပေ။ လူတို့သည် မိမိတို့၏ အပြုအမူအတိုင်း အမျိုးအစားများ ခွဲခြားခံရမည်ဆိုပါက အလွန်ဆုံးအနေဖြင့် အပြုအမူကောင်းများသည် သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူများ၏ လုပ်ရပ်များထက် ဘာမျှ ပိုမည်မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုနှင့် လုံးဝ ဆက်နွှယ်မှု မရှိပေ။ ယင်းတို့သည် အပြုအမူအမျိုးအစားတစ်ခုမျှသာဖြစ်ပြီး လူတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၊ သမ္မာတရားကို ၎င်းတို့၏ ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်း၊ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် သမ္မာတရား အမှန်တကယ် ပါဝင်သည့် အခြားလက်တွေ့ကျသော လက္ခဏာရပ်တစ်ခုခုနှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ ထို့ကြောင့် ထိုသို့ဖြစ်လျှင် ယင်းတို့ကို အဘယ်ကြောင့် အပြုအမူကောင်းများဟု ခေါ်ရသနည်း။ ရှင်းပြချက်မှာ အောက်ပါအတိုင်းဖြစ်ပြီး ပင်ကိုအားဖြင့် ယင်းမှာ ဤမေးခွန်း၏ အနှစ်သာရနှင့် သက်ဆိုင်သော ရှင်းပြချက်တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ ဤအပြုအမူများသည် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများ၊ သဘောဆန္ဒနှင့် မိမိတို့ကိုယ်ပိုင် လှုံ့ဆော်အားထုတ်မှုများမှသာ အရင်းခံသောကြောင့် ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအားဖြင့် မိမိကိုယ်ကိုယ် အစစ်အမှန် သိမြင်ခြင်းကို ရရှိခြင်းနှင့်အတူ ဖြစ်ပေါ်လာသော နောင်တရခြင်း သရုပ်သကန်များမဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံရန် လူတို့ကြိုးစားသည့်အခါ ဖြစ်ပေါ်လာသော သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အပြုအမူများ၊ သို့မဟုတ် လုပ်ရပ်များလည်း မဟုတ်ပေ။ ဤအရာကို သင်နားလည်သလော။ ဆိုလိုသည်မှာ ဤအပြုအမူကောင်းများသည် မည်သည့်ပုံစံဖြင့်မဆို လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် မပတ်သက်ချေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ခြင်းမှ ရလာသောအရာနှင့် မပတ်သက်ချေ၊ သို့မဟုတ် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိလာခြင်းမှ ဖြစ်ပေါ်သော စစ်မှန်သည့် နောင်တနှင့် မပတ်သက်ချေ။ ယင်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူသား၏ စစ်မှန်သော နာခံခြင်းနှင့် သေချာပေါက် မဆက်နွှယ်ပေ။ ဘုရားသခင်အပေါ် ကြောက်ရွံ့ပြီး ချစ်သော စိတ်နှလုံး ရှိခြင်းနှင့် ပို၍ပင် မပတ်သက်သေးချေ။ အပြုအမူကောင်းများသည် ဤအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းတို့သည် လူသားထံမှ လာသောအရာမျှသာ ဖြစ်သည်။ လူသားက ကောင်းသည်ဟု မြင်သောအရာသာ ဖြစ်သည်။ သို့တိုင်အောင် ဤအပြုအမူကောင်းများကို လူတစ်ဦးက သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လက္ခဏာအဖြစ် မြင်သော လူများစွာ ရှိကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။ အဓိပ္ပာယ်မရှိသော အမြင်နှင့် နားလည်မှုဖြစ်သည်။ ဤအပြုအမူကောင်းများသည် ဘာသာရေး ဟိတ်ဟန်ပြခြင်းသာ ဖြစ်ပြီး ဝတ်ကျေတမ်းကျေပြုခြင်းသာ ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝ ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင်က ထိုအရာတို့ကို ချက်ချင်း ရှုတ်ချချင်မှ ရှုတ်ချမည်ဖြစ်သော်လည်း လုံးဝ လက်ခံခြင်း မရှိပေ။ ယင်းမှာ သေချာ၏။ လူသား၏ အယူအဆများနှင့် ကိုက်ညီသည့် ဤအပြင်ပန်း လုပ်ရပ်များနှင့် ဤအပြုအမူကောင်းများသည် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ သမ္မာတရား လိုက်စားခြင်း၏ သရုပ်သကန်လည်း မဟုတ်သည်ကို သင်တို့ သိသင့်သည်။ ဤမိတ်သဟာယကို ကြားပြီးသည့်နောက်တွင် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းနှင့်ပတ်သက်သည့် အယူအဆပေါ် အခြေတည်သည့် အသိပညာအနည်းငယ်၊ သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သည့် ရိုးရှင်းသော အယူအဆတစ်ခုအပေါ် ကနဦး သိနားလည်မှုတစ်ခုမျှသာ သင်တို့ ရရှိကြသည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းကို သင်တို့ အမှန်တကယ် နားလည်လိုပါက ငါတို့ နောက်ထပ် ဆက်လက် မိတ်သဟာယပြုရမည့်အရာရှိ၏။

သမ္မာတရားကို လိုက်စားဖို့ရန်၊ အကြင်သူသည် ထိုသမ္မာတရားကို နားလည်ရမည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ လူတို့၏ အပြုအမူကောင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်သလော။ အပြုအမူကောင်းသည် သမ္မာတရား လိုက်စားခြင်းမှ ပေါက်ဖွားသလော။ မည်သည့် သရုပ်သကန်များနှင့် လုပ်ရပ်များသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သနည်း။ သမ္မာတရားလိုက်စားသူများက မည်သည့် သရုပ်သကန်များကို ပိုင်ဆိုင်သနည်း။ ဤမေးခွန်းများကို သင်နားလည်ဖို့ လိုအပ်သည်။ သမ္မာတရား လိုက်စားခြင်းနှင့် ပတ်သက်၍ မိတ်သဟာယပြုရန်အလို့ငှာ ထိုအရာအပေါ် လူတို့ ရှိကြသည့် အခက်အခဲများနှင့် မှားယွင်းသော အမြင်များအကြောင်းကို ပထမဦးစွာ ငါတို့ ပြောရမည်။ ဤအရာများကို ပထမဦးစွာ ဖြေရှင်းရန် မုချလိုအပ်သည်။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ပတ်သက်၍ အတော်အတန် ရှင်းလင်းသော ရှုထောင့်အမြင်ရှိပြီး သိနားလည်မှု စစ်စစ်ရှိသည့် လူအချို့ရှိသည်။ ၎င်းတို့သည် သမ္မာတရား လိုက်စားဖို့ လမ်းကြောင်းတစ်ခု ရှိကြသည်။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်ကို နားမလည်သည့် အခြားသူများရှိပြီး ထိုသမ္မာတရားကို ၎င်းတို့ စိတ်ဝင်စားသော်လည်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြချေ။ ကောင်းမှုများပြုခြင်းနှင့် ကောင်းကောင်းမွန်မွန် ပြုမူခြင်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တူသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ ကောင်းမှုများ ပြုခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ကောင်းမှုများ ပြုခြင်းနှင့် ကောင်းမွန်စွာ ပြုမူခြင်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝ ကွာခြားသည်ကို ဘုရားနှုတ်ကပတ်တော်များစွာ ဖတ်ရှုပြီးသည့်အခါတွင်သာ ၎င်းတို့ သဘောပေါက်ကြသည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများက မည်မျှ အဓိပ္ပာယ်မဲ့သည်ကို သင်တို့ မြင်နိုင်သည်။ သမ္မာတရားကို နားမလည်သောသူတို့သည် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်။ များစွာသောလူတို့သည် မိမိတို့တာဝန်ကို နှစ်ချီ ထမ်းဆောင်ပြီးဖြစ်သည်၊ နေ့စဉ် မိမိတို့ကိုယ်ကိုယ် အလုပ်များစေကြပြီး အနည်းငယ်ထက် ပိုသည့် အခက်အခဲများကို ကြုံကြရပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့် လူများအဖြစ် တွေးထင်ကြ၏။ သို့ရာတွင် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်ခုတလေမျှ မပေးနိုင်ကြချေ။ ဤနေရာတွင် ပါဝင်သည့် ပြဿနာမှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့ နားလည်ပါက ၎င်းတို့၏ တကယ့် အတွေ့အကြုံများအကြောင်းကို အဘယ်ကြောင့် ၎င်းတို့ မပြောဆိုနိုင်ကြသနည်း။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲနေသည့်အရာတစ်ခု မဟုတ်လော။ လူအချို့က “ယခင်က ကျွန်ုပ်တာဝန်ကို ထမ်းဆောင်နေခဲ့ချိန်တွင် သမ္မာတရားကို မလိုက်စားခဲ့သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ဆုတောင်းဖတ်ရှုခြင်း မရှိခဲ့ပါ။ အချိန်အတော်များများကို ကျွန်ုပ် ဖြုန်းတီးခဲ့သည်။ ကျွန်ုပ်၏ တာဝန်နှင့်ပတ်သက်၍ အလုပ်များအောင် နေခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားအမှုတော်ကို ကျိုးနွံနာခံခြင်းတို့နှင့် တူသည်ဟု တွေးထင်လျက် ကျွန်ုပ်၏ အလုပ်တွင် ကျွန်ုပ် အလွန် ဈာန်ဝင်နေခဲ့သည်။ သို့ရာတွင် ကျွန်ုပ်သည် ကျွန်ုပ်၏ အချိန်ကို ဖြုန်းတီးနေခဲ့ခြင်းသာ ဖြစ်သည်” ဟု ဆိုကြသည်။ ဤနေရာတွင် မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုထားသနည်း။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း အလွန်အလုပ်များခဲ့ကြသောကြောင့် သမ္မာတရားလိုက်စားခြင်းအား ရွှေ့ဆိုင်းကြခြင်း ဖြစ်၏။ ယင်းမှာ အမှန်တကယ် မှန်ပါ၏လော။ အဓိပ္ပာယ်မဲ့သော လူအချို့က ၎င်းတို့၏ တာဝန်နှင့်ပတ်သက်၍ ၎င်းတို့ အလုပ်များသရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာ ပေါ်လွင်လာဖို့ အချိန်ရှိလိမ့်မည်မဟုတ်၊ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြတော့မည် မဟုတ်သောကြောင့်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော အခြေအနေတွင် အသက်ရှင်တော့မည် မဟုတ်သောကြောင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် မလိုအပ်ဟု ယုံကြည်ကြသည်။ ဤစိတ်ကူးသည် မှန်ကန်ပါသလော။ လူတို့သည် မိမိတို့၏ တာဝန်များဖြင့် အလုပ်များသည့်အခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်တကယ်ကို ထုတ်ဖော်မပြကြသလော။ ယင်းသည် အဓိပ္ပာယ်မဲ့သော စိတ်ကူးတစ်ခု ဖြစ်သည်။ ပြောင်ပြောင်တင်းတင်း လိမ်ညာမှုတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ဖြင့် အလုပ်များကြသောကြောင့် သမ္မာတရား လိုက်စားဖို့ အချိန်မရှိဟု ဆိုကြသည်။ ဤသည်မှာ အတွေးမှားစစ်စစ် ဖြစ်သည်။ အလုပ်များခြင်းကို ဆင်ခြေတစ်ခုအဖြစ် ၎င်းတို့ သုံးနေကြခြင်း ဖြစ်သည်။ အသက်ဝင်ရောက်မှုနှင့် တာဝန်တစ်ခု ထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ သမ္မာတရားများအပေါ် ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သည်။ လူတို့သည် တာဝန်တစ်ခု ထမ်းဆောင်စဉ်တွင် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘဝတွင် တိုးတက်နိုင်သည်။ ထို့ကြောင့် အကြင်သူသည် မိမိတာဝန်ကို ထမ်းဆောင်စဉ် လုပ်သမျှမှာ အလုပ်တာဝန်များဖြင့် မိမိကိုယ်ကိုယ် အလုပ်များစေခြင်းသာ ဖြစ်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေရန် ပျက်ကွက်လျှင် သမ္မာတရားကို ၎င်းတို့ မည်သည့်အခါတွင်မျှ နားလည်လိမ့်မည် မဟုတ်။ သမ္မာတရား မချစ်သော လူအချို့သည် အလုပ်လုပ်ပေးဖို့ရန်မျှ ကျေနပ်တင်းတိမ်ကြပြီး ယင်းကို ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများအတွက် ဖလှယ်ဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရင်း အလွန်အလုပ်များသဖြင့် သမ္မာတရား လိုက်စားဖို့ အချိန်မရှိဟု ဆင်ခြေပေးရင်း နိဂုံးချုပ်ကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ၎င်းတို့ အလွန်အလုပ်များသဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်း မရှိဟုပင် ၎င်းတို့ ဆိုကြသည်။ ဤအရာက ၎င်းတို့အနေဖြင့် မိမိတို့တာဝန်နှင့် အလုပ်များသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပျောက်ကွယ်သွားကြောင်း၊ မတည်ရှိတော့ကြောင်း သွယ်ဝိုက်ညွှန်းဆို၏။ ဤသည်မှာ အလိမ်အညာတစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ပြောဆိုချက်သည် အမှန်တရားများနှင့် ကိုက်ညီပါသလော။ လုံးဝ မကိုက်ညီပေ။ အားလုံးထဲမှ အကြီးမားဆုံးသော အလိမ်အညာဟုပင် ခေါ်ဆိုနိုင်သည်။ လူတစ်ဦးသည် မိမိတာဝန်နှင့် အလုပ်များနေရုံဖြင့် အဘယ်သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာ မပေါ်လွင်တော့ဘဲ ရှိနိုင်မည်နည်း။ ထိုသို့သော လူများ တည်ရှိပါ၏လော။ ထိုသို့သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်သည် တည်ရှိပါ၏လော။ သေချာပေါက် မရှိပေ။ လူတို့သည် စာတန်အားဖြင့် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဆိုးယုတ်သော သဘာဝရှိကြပြီး အားလုံးက ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြသည်။ လူသားအထဲတွင် ဖောက်ပြန်ပျက်စီးခြင်းအပြင် အပြုသဘောဆောင်သောအရာ တစ်ခုတလေ ရှိသလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဘဲ မွေးဖွားခဲ့သူတစ်ဦးတလေ ရှိသလော။ မွေးကတည်းက တာဝန်တစ်ခုကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်နိုင်သူတစ်ဦးတလေ ရှိသလော။ မွေးကတည်းက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ချစ်နိုင်သူ တစ်ဦးတလေ ရှိသလော။ လုံးဝ မရှိပေ။ လူအပေါင်းတို့သည် ဆိုးယုတ်သော သဘာဝများရှိကြပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်ကြသောကြောင့် သမ္မာတရားကို ၎င်းတို့ နားလည်ပြီး လက်တွေ့မလုပ်ဆောင်နိုင်ပါက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့်သာ အသက်ရှင်နိုင်ကြသည်။ ထို့ကြောင့် လူတစ်ဦးသည် မိမိတာဝန်တွင် အလုပ်များအောင်နေလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြလိမ့်မည်မဟုတ်ဟု ဆိုရန်မှာ ရယ်ဖွယ်ကောင်းပြီး အတွေးမှားတစ်ခု ဖြစ်သည်။ လူတို့ကို လှည့်စားဖို့ ရည်ရွယ်သည့် မျက်နှာပြောင်တိုက်သော အလိမ်အညာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သမ္မာတရားကို မချစ်သောလူတို့သည် ထိုသမ္မာတရားကို မလိုက်စားဖို့ရန် အကြောင်းပြချက်များနှင့် ဆင်ခြေများ ရှာကြလိမ့်မည်။ ဤလူများသည် အလုပ်လုပ်ပေးသူများ သက်သက် ဖြစ်သည်။ အလုပ်လုပ်ပေးသူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို မစားသောက်သကဲ့သို့ သမ္မာတရားကို လက်မခံပါက ၎င်းတို့သည် ကောင်းမွန်စွာ အလုပ်လုပ် ပေးနိုင်လိမ့်မည်လော။ သေချာပေါက် မပေးနိုင်ပေ။ သမ္မာတရားကို လက်မခံသောသူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြ၏။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ပြီး မကောင်းမှု အမြောက်အမြား ကျူးလွန်ကြမည့်လူများ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများ မဟုတ်ကြသကဲ့သို့ အလုပ်လုပ်ပေးသော်ငြားလည်း ၎င်းတို့နှင့် ပတ်သက်၍ ကြီးမြတ်သည့်အရာ တစ်ခုမျှမရှိပေ။ ဤအရာနှင့် ပတ်သက်၍ သင် သေချာနိုင်သည်။

အချို့သောလူတို့သည် မိမိတို့မိသားစုနှင့် အလွန် စကားများကြပြီး သောကနွံနစ်နေကြ၏။ ဘုရားသခင် နောက်လိုက်ပြီး မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မိမိတို့၏ မိသားစုများနှင့် အလုပ်အကိုင်များကို စွန့်လွှတ်ခဲ့ကြသည့် ပိုမိုငယ်ရွယ်သော ညီအစ်ကို မောင်နှမများကို ၎င်းတို့ မြင်ကြသည့်အခါ အားကျကာ “ဘုရားသခင်သည် ဤလူငယ်များအပေါ် သဘောကောင်းသည်။ အိမ်ထောင်မပြုမီ ကလေးများမရမီ ငယ်သည့်အရွယ်တွင် ဘုရားသခင်ကို သူတို့ စတင်ယုံကြည်ကြသည်။ သူတို့တွင် မိသားစု သံယောဇဉ်များ မရှိသကဲ့သို့ ၎င်းတို့ မည်သို့ ဖူလုံအောင် နေရမည်ကို စိုးရိမ်စရာမရှိ။ ဘုရားနောက်လိုက်ခြင်းနှင့် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှ တားဆီးသည့် ပူပန်မှုများ မရှိကြ။ ဘုရားအမှုတော်နှင့် နောက်ဆုံးသော ကာလတွင် သူ၏ ဧဝံဂေလိ ပြန့်ပွားမှုအတွက် အချိန်မီလေး ရောက်လာကြသည်။ ဘုရားသခင်က သူတို့ကို ထိုသို့ ကောင်းသော အခြေအနေများ ပေးထားသည်။ သူတို့က မိမိတို့၏ တာဝန်များ ထမ်းဆောင်ဖို့ မိမိတို့ကိုယ်ကိုယ်၊ ခန္ဓာနှင့် စိတ်ဝိညာဉ် ဆက်ကပ်နိုင်သည်။ သမ္မာတရားကို လိုက်စားနိုင်ကြသည်၊ သို့သော် ကျွန်ုပ်အတွက်တော့ ထိုသို့ မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်အတွက် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို စီစဉ်မပေးခဲ့ပါ။ ကျွန်ုပ်တွင် မိသားစု နှောင်ကြိုးများလွန်းပြီး သူတို့ကို ထောက်ပံ့ဖို့ ငွေရှာရမည်။ ယင်းမှာ ကျွန်ုပ်၏ တကယ့် ပြဿနာ တည်ရှိသည့်နေရာ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရား လိုက်စားဖို့ ကျွန်ုပ်အချိန်မရှိခြင်း ဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းသည် မိမိတို့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်ပြီး ဤအနှောင်အဖွဲ့များ မရှိသူတို့အတွက် ဖြစ်သည်။ ကျွန်ုပ်သည် မိသားစု နှောင်ကြိုးများဖြင့် တာဝန်ပိနေပြီး ကျွန်ုပ်၏ စိတ်နှလုံးသည် စားဝတ်နေရေးဖူလုံရန် အသေးအဖွဲ့ကိစ္စလေးများနှင့် ပြည့်နေသောကြောင့် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ဖို့၊ မိမိတာဝန်ကို ထမ်းဆောင်ဖို့ အချိန်၊ သို့မဟုတ် အားအင် မကျန်ပါ။ ကျွန်ုပ်၏ အခြေအနေများ၏ မည်သည့် ရှုထောင့်ကို သင် ကြည့်သည်ဖြစ်စေ ကျွန်ုပ်အတွက် သမ္မာတရား လိုက်စားဖို့ နည်းလမ်းမရှိပါ။ ယင်းအတွက် ကျွန်ုပ်ကို သင် အပြစ်တင်၍ မရပါ။ သမ္မာတရားကို လိုက်စားဖို့က ကျွန်ုပ်၏ ကံကြမ္မာကို မဟုတ်သကဲ့သို့ ကျွန်ုပ်၏ အခြေအနေများက တာဝန်တစ်ခု ထမ်းဆောင်ဖို့ ကျွန်ုပ်ကို အခွင့်မပေးပါ။ ကျွန်ုပ်လုပ်နိုင်သမျှမှာ ကျွန်ုပ်၏ မိသားစု နှောင်ကြိုးများ လျော့ဖို့၊ ကျွန်ုပ်၏ သားသမီးများ အမှီအခိုကင်းလာကြဖို့နှင့် ကျွန်ုပ် အငြိမ်းစားယူပြီး ကျွန်ုပ်၏ ငွေကြေးဆိုင်ရာ စိုးရိမ်သောကများ ကင်းရှင်းဖို့အတွက်သာ စောင့်ဆိုင်းရန် ဖြစ်သည်။ ထို့နောက်တွင်မှ သမ္မာတရားကို ကျွန်ုပ်လိုက်စားမည်”ဟု ဆိုကြသည်။ ဤသို့သော လူများသည် မိမိတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲ တွေ့ကြုံကြပြီး ၎င်းတို့ နေ့စဉ်အသက်တာများ၏ အသေးအဖွဲကိစ္စများတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်လာသည်ကို ရံဖန်ရံခါ ခံစားရနိုင်သည်။ ဤအရာများကို ၎င်းတို့ သတိပြုမိနိုင်ကြသော်လည်း လောကီထောင်ချောက်များတွင် အမိခံရကြသောကြောင့် ဤသို့ အသက်ရှင်ခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ တရားဒေသနာများကို နားထောင်ခြင်းနှင့် သက်သောင့်သက်သာ နေလို့ရခြင်းအားဖြင့် အဆင်ပြေနေသည်ဟု ၎င်းတို့ ယုံကြည်ကြ၏။ သမ္မာတရား လိုက်စားခြင်းက စောင့်ဆိုင်း၍ရပြီး ၎င်းတို့တွင် ရှိသည့် ဖောက်ပြန်ပျက်စီးသော မည်သည့် စိတ်သဘောထားများကိုမဆို နှစ်အနည်းငယ်အကြာမှ ဖြေရှင်းခြင်းသည် သိပ်နောက်ကျလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ယင်းမှာ သမ္မာတရား လိုက်စားခြင်းတည်းဟူသော ကြီးမားသည့် အရေးကိစ္စကို ၎င်းတို့ အကြိမ်ကြိမ် နေ့ရွှေ့လရွှေ့ ရွှေ့ကြပုံ ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို အမြဲ ပြောကြသနည်း။ “သမ္မာတရားကို လိုက်စားဖို့ မည်သည့်အခါတွင်မျှ နောက်မကျပါ။ ကျွန်ုပ် နှစ်နှစ်သုံးနှစ်လောက် နေလိုက်ဦးမည်။ ဘုရားအမှုတော် မပြီးသရွေ့ ကျွန်ုပ်မှာ အချိန်ရှိသေးသည်။ အခွင့်အရေး ရှိနေဆဲဖြစ်သည်”ဟူ၍ ဖြစ်၏။ ဤအမြင်ကို သင်တို့ အဘယ်သို့ တွေးထင်ကြသနည်း။ (မှားပါသည်။) သမ္မာတရား လိုက်စားခြင်း ဝန်ထုပ်ကို ၎င်းတို့ ယူကြပြီလော။ (မယူကြပါ။) ကောင်းပေပြီ။ သို့ဆိုလျှင် မည်သည့် ဝန်ထုပ်ကို ၎င်းတို့ ယူကြပြီနည်း။ စားဝတ်နေရေး ဖူလုံခြင်း၊ မိမိတို့ မိသားစုများအတွက် ထောက်ပံ့ပေးခြင်း၊ မိမိတို့ သားသမီးများကို ပျိုးထောင်ပေးခြင်း ဝန်ထုပ်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ သားသမီးများ၊ မိသားစုများ၊ မိမိတို့ကိုယ်ပိုင် နေ့ရက်များနှင့် ဘဝများအတွက် မိမိတို့၏ စွမ်းအားများကို ပေးအပ်မြှုပ်နှံထားကြပြီး ဤအရာများကို တာဝန်ယူပြီးသည့်နောက်တွင်သာ သမ္မာတရား လိုက်စားခြင်းကို စတင်ဖို့ အစီအစဉ်များ ပြုလုပ်ကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ ဤဆင်ခြေများသည် ခိုင်လုံပါ၏လော။ ယင်းတို့သည် ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်းအဖို့ ခလုတ်တံသင်းများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ယုံကြည်ကြသည့်တိုင် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်နှင့်ပတ်သက်၍လည်း စောဒကတက်ကြဆဲဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ အလေးမထားကြသကဲ့သို့ ထိုသတ်မှတ်ချက်များအတိုင်း တက်တက်ကြွကြွ လုပ်ဆောင်ခြင်း လုံးဝ မရှိကြချေ။ ထိုအစား မိမိတို့၏ ဇာတိပကတိ၊ မိသားစုနှင့် ဆွေမျိုးများကို ကျေနပ်စေခြင်းအကြောင်းသာ အရေးစိုက်ကြသည်။ သမ္မာတရား မလိုက်စားခြင်းအတွက် မည်သည့် အကြောင်းပြချက်ကို ၎င်းတို့ ပေးကြသနည်း။ “အသက်ရှင်ဖို့သက်သက်ကို ကြိုးစားရင်း ကျွန်ုပ်တို့ အလုပ်များလွန်းပြီး ပင်ပန်းနွမ်းနယ်လှသည်။ သမ္မာတရား လိုက်စားဖို့ အချိန်မရှိကြပါ။ သမ္မာတရား လိုက်စားဖို့ သင့်တော်သည့် ပတ်ဝန်းကျင် မရှိကြပါ” ဟူ၍ ဖြစ်သည်။ မည်သည့်အမြင်ကို ၎င်းတို့ စွဲကိုင်ကြသနည်း။ (သမ္မာတရားလိုက်စားဖို့ မည်သည့်အခါမျှ နောက်မကျလွန်းပါဟူ၍ ဖြစ်သည်။) “သမ္မာတရား လိုက်စားဖို့ မည်သည့်အခါတွင်မျှ နောက်မကျလွန်းပါ။ နှစ်နှစ်သုံးနှစ်အကြာတွင် ထိုအရာကို ကျွန်ုပ် လုပ်ပါမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) မိုက်မဲ၏။ ၎င်းတို့သည် မိမိတို့၏ ဆင်ခြေများဖြင့် မိမိတို့ကိုယ်ကိုယ် လှည့်စားနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် သင့်ကို စောင့်ဆိုင်းလိမ့်မည်လော။ (စောင့်ဆိုင်းမည်မဟုတ်ပါ။) “နှစ်နှစ်သုံးနှစ်အကြာတွင် ထိုအရာကို ကျွန်ုပ် လုပ်ပါမည်”၊ ထို“နှစ်နှစ်သုံးနှစ်”က မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ကယ်တင်ခံရမည့် မျှော်လင့်ချက်လျော့နည်းသွားပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံဖို့ နှစ်ကာလများ ပိုမိုနည်းပါးလိမ့်မည်ဟု ဆိုလိုသည်။ နှစ်နှစ်သုံးနှစ်က နေရင်းထိုင်ရင်း ကုန်လွန်သွားလိမ့်မည်ဖြစ်ပြီး ထို့နောက် နောက်ထပ် နှစ်နှစ်သုံးနှစ်ကုန်လွန်သွားမည်ဖြစ်ကာ သင် မသိလိုက်မီတွင် ဆယ်နှစ်ကုန်သွားပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သမ္မာတရားကို နားလည်ပြီး ဖြစ်လိမ့်မည်မဟုတ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုထဲသို့ လုံးဝ ဝင်ရောက်ပြီးဖြစ်လိမ့်မည်မဟုတ်သကဲ့သို့ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စက်မျှ ပြေလည်ပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ ရိုးသားသော စကားတစ်ခွန်း ပြောဖို့ရန်ပင် သင့်အတွက် ကြီးစွာသော အခက်အခဲဖြစ်၏။ ဤသည်မှာ အန္တရာယ် မများပါသလော။ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရား မလိုက်စားဖို့အတွက် လူတို့က ဤဆင်ခြေများနှင့် အကြောင်းပြချက်များအားလုံး ပေးသည့်အခါ အဆုံးတွင် ၎င်းတို့က မည်သူကို ထိခိုက်နစ်နာစေသနည်း။ (မိမိတို့ကိုယ်ကိုယ် ဖြစ်သည်။) မှန်ပေ၏။ အဆုံးတွင် ၎င်းတို့ ထိခိုက်နစ်နာစေကြသည်မှာ မိမိတို့ကိုယ်တိုင် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ သေအံ့မူးမူးဖြစ်ချိန်တွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နှစ်များ၌ သမ္မာတရား မရရှိခဲ့ခြင်းအတွက် မိမိတို့ကိုယ်ကိုယ် မုန်းတီးကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ဘဝတစ်ခုလုံး နောင်တရကြလိမ့်မည် ဖြစ်သည်။

အချို့သော လူများသည် အတော်အတန် ပညာကောင်းကောင်း တတ်သော်လည်း ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း မရှိပေ။ တရားဒေသနာ မည်မျှ ၎င်းတို့ နားထောင်ကြသည်ဖြစ်စေ သမ္မာတရားကို နားမလည်နိုင်ကြ။ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများ အမြဲရှိကြပြီး အဆင့်အတန်းအတွက် အမြဲ ပြိုင်ဆိုင်နေကြသည်။ အဆင့်အတန်းကို ၎င်းတို့ မပိုင်ဆိုင်ပါက သမ္မာတရားကို လိုက်စားကြလိမ့်မည် မဟုတ်။ ၎င်းတို့က “ဘုရားအိမ်တော်သည် စာသားအခြေပြု အလုပ်၊ ရုပ်သံနည်းပညာ အလုပ်၊ အသင်းတော် ခေါင်းဆောင်ဖြစ်ခြင်း၊ သို့မဟုတ် အဖွဲ့တစ်ခု၏ ကြီးကြပ်ရေးမှူး ဖြစ်ခြင်းကဲ့သို့သော ကျွန်ုပ်၏ တန်ဖိုးကို ထင်ဟပ်သည့် တာဝန်တစ်ခုကို ကျွန်ုပ် ထမ်းဆောင်ဖို့အတွက် မည်သည့်အခါမျှ မစီစဉ်ပေးပါ။ သူတို့က ထိုသို့အရေးပါသည့် အလုပ်တစ်ခုမျှ လုပ်ဖို့ ကျွန်ုပ်ကို မပေးပါ။ ဘုရားအိမ်တော်က ကျွန်ုပ်ကို မမြှင့်တင်ပေးပေ၊ သို့မဟုတ် မပျိုးထောင်ပေးပေ၊ ပြီးလျှင် အသင်းတော်က ရွေးကောက်ပွဲတစ်ခု ကျင်းပသည့်အကြိမ်တိုင်းတွင် မည်သူကမျှ ကျွန်ုပ်အတွက် မဲမပေးသကဲ့သို့ မည်သူကမျှ ကျွန်ုပ်ကို မနှစ်သက်ပါ။ ကျွန်ုပ်တွင် လိုချင်ဖွယ်ရာ အရည်အသွေးများ တကယ် မရှိလေသလား။ ကျွန်ုပ်သည် ဉာဏ်ကောင်းသည်၊ ပညာကောင်းကောင်းတတ်သည်၊ သို့သော် ဘုရားအိမ်တော်က ကျွန်ုပ်ကို လုံးဝ မမြှင့်တင်ပေးပါ၊ သို့မဟုတ် မပျိုးထောင်ပေးပါ။ ထို့ကြောင့် ကျွန်ုပ်သည် သမ္မာတရားလိုက်စားဖို့ စိတ်ပါဝင်စားမှု မရှိပါ။ ကျွန်ုပ်ကဲ့သို့ တစ်ချိန်တည်း ဘုရားသခင်ကို စတင် ယုံကြည်ခဲ့သည့် ညီအစ်ကို မောင်နှမများအားလုံးက အရေးပါသည့် တာဝန်များကို ထမ်းဆောင်နေကြပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေကြသည်။ ကျွန်ုပ်သည် အဘယ်ကြောင့် မည်သည့်အရာမျှ မလုပ်ရဘဲ ကျန်နေခဲ့ရသနည်း။ တစ်ခါတစ်ရံ ဧဝံဂေလိ ဖြန့်ဝေခြင်းအားဖြင့် ကူညီပံ့ပိုးပေးသည့် အခန်းကဏ္ဍကိုသာ ကျွန်ုပ် ဆောင်ရွက်ရပြီး ကျွန်ုပ်ကို သက်သေခံခွင့်လည်း မပေးကြပါ။ ဘုရားအိမ်တော်က လူတို့ကို အရေးပါသည့် တာဝန်များအတွက် ရာထူးတိုးပေးသည့်အခါ ကျွန်ုပ်အတွက် မပါပါ။ ကျွန်ုပ်သည် စုဝေးပွဲများကိုပင် ဦးဆောင်ခွင့်မရခဲ့သကဲ့သို့ မည်သည့်တာဝန်မျှ ကျွန်ုပ်ကို မပေးကြပါ။ ကျွန်ုပ် အလွန်မတရားခံရသည်ဟု ခံစားရသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အတွက် စီစဉ်ပေးသည့် ပတ်ဝန်းကျင်ဖြစ်သည်။ ကျွန်ုပ်၏ အသက်ရှင်ရခြင်း တန်ဖိုးကို အဘယ်ကြောင့် ကျွန်ုပ် မခံစားနိုင်ရသနည်း။ ဘုရားက အခြားသူများကို ချစ်သော်လည်း ကျွန်ုပ်ကို အဘယ်ကြောင့် မချစ်သနည်း။ အခြားသူများကို သူက ပျိုးထောင်ပေးသော်လည်း အဘယ်ကြောင့် ကျွန်ုပ်ကို မပျိုးထောင်ပေးသနည်း။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ဝန်ထုပ်ပိုပေးသင့်ပြီး ကြီးကြပ်ရေးမှူးနေရာ သို့မဟုတ် တစ်စုံတစ်ခု ပေးသင့်သည်။ ထိုသို့ဖြင့် ကျွန်ုပ်သည် သမ္မာတရား လိုက်စားဖို့ စိတ်ပါဝင်စားမှု အနည်းငယ် ရှိမည် ဖြစ်သည်။ စိတ်ပါဝင်စားမှုမရှိဘဲနှင့် သမ္မာတရားကို ကျွန်ုပ် မည်သို့ လိုက်စားနိုင်မည်နည်း။ လူတို့သည် သမ္မာတရား လိုက်စားဖို့ စိတ်ပါဝင်စားမှု အနည်းငယ် အမြဲ လိုအပ်ကြသည်။ ယင်းကို လိုက်စားခြင်း၏ အကျိုးကျေးဇူးများကို ကျွန်ုပ်တို့ မြင်နိုင်ဖို့လိုသည်။ လူတို့တွင် ပြောင်းလဲဖို့လိုသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို ကျွန်ုပ် သိပါသည်။ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းက ကောင်းမွန်သည့် အရာတစ်ခုဖြစ်ကြောင်း၊ ယင်းက ကယ်တင်ခံရပြီး စုံလင်စေခြင်းခံရခွင့်ပေးကြောင်းကို ကျွန်ုပ်သိသည်။ သို့သော် အရေးပါသည့် မည်သည့်အရာအတွက်မျှ ကျွန်ုပ် အသုံးပြုမခံရသကဲ့သို့ သမ္မာတရားလိုက်စားဖို့ လှုံ့ဆော်မှု ကျွန်ုပ် မခံစားရပါ။ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို လေးစားပြီး အားပေးကြသည့်အခါ သမ္မာတရားကို ကျွန်ုပ် စတင်လိုက်စားမည်။ ထိုအခါ အလွန်နောက်ကျမည်မဟုတ်ပါ” ဟု ဆိုကြသည်။ ဤလူစားမျိုး ရှိသည် မဟုတ်လော။ (ရှိပါသည်။) ၎င်းတို့နှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ပြဿနာမှာ ၎င်းတို့က အဆင့်အတန်းနှင့် နာမည် လိုချင်ကြပေသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူများ မဟုတ်သည့်တိုင် ဘုရားအိမ်တော်တွင်နာမည်နှင့် ရာထူးတစ်ခု လိုချင်ကြသည်မှာ သိသာထင်ရှားပေသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ ယင်းမှာ အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ဖို့ သင့်အတွက် အတော်လုံလောက်သော အရာတစ်ခု ဖြစ်၏။ သင်သည် သစ္စာရှိသော အလုပ်လုပ်ပေးသူတစ်ဦးဖြစ်လာနိုင်ခြင်း ရှိမရှိမှာမူ မသေချာပေ။ ယင်းမှာ သင့်အဖို့ အဘယ်ကြောင့် မရှင်းသနည်း။ သင်သည် အဆင့်အတန်းနှင့် နာမည်ရှိပါက ကယ်တင်ခံရလိမ့်မည်၊ သမ္မာတရား လိုက်စားသူတစ်ဦး ဖြစ်လိမ့်မည်ဟု သင်ထင်သလော။ သင်၏ ဤခံယူချက်များသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) ဤလူများသည် ထင်ပေါ်ချင်ကြသည်၊ အရေးပါချင်ကြပြီး ၎င်းတို့ ဆန္ဒများ မပြည့်သည့်အခါ ဘုရားသခင်က တရားမျှတခြင်းမရှိကြောင်း၊ လူတို့ကို ဆက်ဆံရာတွင် ဘက်လိုက်ကြောင်း၊ သူ၏အိမ်တော်သည် ၎င်းတို့ကို မြှင့်တင်ပေးခြင်းမရှိကြောင်း၊ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ရွေးကောက်ခြင်းမရှိကြောင်း စောဒကတက်ကြသည်။ ဤအရာများသည် လူတစ်ဦး သမ္မာတရား လိုက်စားဖို့အလို့ငှာ လိုအပ်သည့် အခြေခံအုတ်မြစ် သေချာပေါက်ကို မဟုတ်လောက်ပေ။ သမ္မာတရား လိုက်စားသူတစ်ဦးကို အားလုံးက လက်ခံယုံကြည်ရမည်ဖြစ်ပြီး ညီအစ်ကို မောင်နှမများက လေးစားရမည်ဟု ဘုရားနှုတ်ကပတ်တော်များထဲမှ တစ်နေရာရာတွင် ဆိုထားသလော။ သို့မဟုတ် အရေးပါသည့် တာဝန်တစ်ခုကို ၎င်းတို့ ယူနိုင်မည်ဖြစ်ပြီး အရေးပါသည့် အလုပ်လုပ်နိုင်ရမည်ဖြစ်ကာ ဘုရားအိမ်တော်အဖို့ ကြီးမားသည့် အထောက်အပံ့လည်း ပြုလုပ်နိုင်ရမည်ဟု ဆိုထားသလော။ ထိုသို့သော လူများကသာ သမ္မာတရားကို လိုက်စားနိုင်ကြောင်း၊ ၎င်းတို့သာ သမ္မာတရားကို လိုက်စားဖို့ သင့်တော်ကြောင်း ဘုရားနှုတ်ကပတ်တော်များက ဆိုသလော။ ထိုလူများသာ သမ္မာတရား လိုက်စားခြင်းအတွက် စံများကို ပြည့်မီကြောင်း၊ ၎င်းတို့သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြောင်း၊ သို့မဟုတ် အဆုံးတွင် ၎င်းတို့သာ ကယ်တင်ခံရနိုင်ကြောင်း ဘုရားနှုတ်ကပတ်တော်များက ဆိုသလော။ ဘုရားနှုတ်ကပတ်တော်များရှိ တစ်နေရာရာတွင် ဤအရာကို ရေးသားထားသလော။ (မရေးထားပါ။) ဤလူစားမျိုး ပြုလုပ်သော ပြောဆိုချက်သည် မခိုင်လုံသည်မှာ သိသာထင်ရှား၏။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများကို ပြောဆိုကြသနည်း။ သမ္မာတရား မလိုက်စားခြင်းအတွက် ဆင်ခြေများ ပေးနေကြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့သည် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်မှုတွင် နာမည်ဂုဏ်သတင်း၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်နောက်လိုက်ပြီး အဆင့်အတန်း လိုက်စားခြင်းအကြောင်းကိုသာ အရေးစိုက်ကြသည်။ ဤအရာကို ထုတ်ဖော်ပြောဆိုဖို့က ရှက်စရာဖြစ်မည်ဟု ၎င်းတို့ ခံစားရသောကြောင့် သမ္မာတရား မလိုက်စားခြင်းအတွက် မိမိတို့ကိုယ်ကိုယ် ခုခံကာကွယ်ပြောဆိုကာ အသင်းတော်အပေါ်၊ ညီအစ်ကို မောင်နှမများနှင့် ဘုရားသခင်အပေါ် အပြစ်ဖို့လျက် ကျိုး‌ကြောင်းပြချက် တစ်ပုံတစ်ခေါင်းကို စိတ်ကူးရကြသည်။ ဤသည်မှာ ရက်စက်ယုတ်မာသည် မဟုတ်လော။ ၎င်းတို့သည် အပြစ်မဲ့သူများကို စွပ်စွဲကာ အပြစ်ဖို့သည့် ဆိုးယုတ်သောလူများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မလျော်ကန်သော ပြဿနာများ ဖန်တီးနေပြီး ယုတ္တိမရှိသည့် တောင်းဆိုချက်များဖြင့် အခြားသူများကို အနှောင့်အယှက်ပေးနေ၏။ ၎င်းတို့သည် အသိတရား၊ သို့မဟုတ် ဆင်ခြင်တုံတရား လုံးလုံးလျားလျား မရှိပေ။ သမ္မာတရား မလိုက်စားခြင်းသည် သူ့ကိုယ်၌က အတော်အတန် ဆိုးရွားနေပြီးသားဖြစ်သည့်တိုင် ၎င်းသည် အချေအတင် ဆွေးနွေးပြီး အကျပ်တွေ့စေရန် ကြိုးစားလေသည်။ ယင်းမှာ အမှန်တကယ်ကို ယုတ္တိမတန်သည် မဟုတ်လော။ သမ္မာတရားကို လိုက်စားခြင်းသည် မိမိစိတ်ဆန္ဒအလျောက်ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်က သင့်ထံတွင် အလုပ်လုပ်လိမ့်မည်။ သင်သည် သမ္မာတရားကို ချစ်သောအခါ၊ သင့်အပေါ်သို့ မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ သို့မဟုတ် အတိဒုက္ခကျရောက်ပါစေ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ကို အမှီပြုသောအခါ၊ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင် သိမြင်ဖို့ ကြိုးစားသောအခါ၊ ပြီးလျှင် သင့်ထံတွင် သင်တွေ့ရှိသည့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို သင် တက်ကြွစွာ ရှာဖွေပြီး သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်သောအခါ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်စွမ်းရှိလိမ့်မည်။ လူတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသောအခါ ဤသရုပ်သကန်အားလုံးသည် ၎င်းတို့ထံ၌ အလိုအလျောက် ဖြစ်ပေါ်လာသည်။ ယင်းတို့အားလုံးသည် မိမိဆန္ဒအလျောက်၊ ဝမ်းမြောက်စွာဖြင့် အကျပ်ကိုင်ခံရခြင်းမရှိဘဲ၊ မည်သည့် အပိုဆောင်းအခြေအနေတစ်ခုမျှ မပါဘဲ ဖြစ်ပေါ်သည်။ လူများသည် ဘုရားသခင်နောက်သို့ ဤနည်းဖြင့် လိုက်လျှောက်နိုင်လျှင် အဆုံးတွင် ၎င်းတို့သည် သမ္မာတရားနှင့် အသက်တို့ ရရှိမည်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြမည် ဖြစ်သည်။ သမ္မာတရား လိုက်စားရန်အလို့ငှာ နောက်ထပ် သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ သင် လိုအပ်သလော။ မလိုအပ်ပါ။ ဘုရားသခင်ကို ယုံကြည်မှုသည် ဆန္ဒအလျောက်ဖြစ်သည်၊ အကြင်သူက မိမိအတွက် ရွေးချယ်သောအရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က လက်ခံသည်။ သမ္မာတရား မလိုက်စားသောသူတို့သည် ဇာတိပကတိ၏ အပျော်အပါးများကို စွန့်လွှတ်ရန် မလိုမလားရှိနေကြပြီး ဘုရားသခင်၏ ကောင်းချီးများကို ရရှိလိုကြဆဲ ဖြစ်သော်လည်း အချို့သော ဘေးဒုက္ခများနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် လှောင်ပြောင်သရော်မှုနှင့် အသရေဖျက်ခြင်း အနည်းငယ်ကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာကြပြီး ဘုရားသခင်ကို ယုံကြည်ရန်၊ သို့မဟုတ် သူ့နောက်လိုက်ရန် ဆန္ဒမရှိကြတော့ချေ။ သူ့ကို အပြစ်တင်ပြီး ငြင်းပင်ငြင်းပယ်နိုင်သည်။ ဤသည်မှာ မလျော်မကန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးခံစားရန် ဆန္ဒရှိကြသည့်တိုင် ဇာတိပကတိ၏ အပျော်အပါးများကို လိုက်စားကြဆဲ ဖြစ်ပြီး ဘေးဒုက္ခများ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှု တစ်ခုခုနှင့် တွေ့ရသည့်အခါ ဘုရားသခင်ကို အပြစ်တင်ကြသည်။ ယင်းမှာ သမ္မာတရား မလိုက်စားသည့် ဤလူများ ယုတ္တိမတန်ပုံ ဖြစ်သည်။ ၎င်းတို့အတွက် ဘုရားသခင်နောက်သို့ အဆုံးထိတိုင် လိုက်ဖို့ ခက်ခဲလိမ့်မည်။ ဘေးဒုက္ခများ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုအချို့ကို တွေ့ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဖော်ထုတ်ခံရကာ ဖယ်ရှားခံရလိမ့်မည် ဖြစ်သည်။ ဤသို့သော လူများစွာရှိသည်။...ဘုရားသခင်ကို ယုံကြည်ခြင်းတွင် သင်၏ အကြောင်းပြချက်က မည်သို့ဖြစ်စေ ဘုရားသခင်သည် နောက်ဆုံးတွင် သင်၏ အဆုံးသတ်ကို သမ္မာတရားကို သင်ရရှိပြီးခြင်း ရှိမရှိအပေါ်တွင် အခြေခံပြီး ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။ သမ္မာတရားကို သင်မရရှိသေးလျှင် သင်ပြောသော ကျိုးကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများက တစ်ခုမျှ ခိုင်လုံမည်မဟုတ်ပေ။ သင်ကြိုက်သလို အကြောင်းပြဖို့ ကြိုးစားလော့။ သင်ကျေနပ်သလို သင့်ဘာသာ ပြဿနာရှာလော့။ ဘုရားသခင်က ဂရုစိုက်မည်လော။ ဘုရားသခင်က သင့်ကို စကားပြောမည်လော။ သူသည် သင်နှင့် ငြင်းခုံပြီး ဆွေးနွေးမည်လော။ သင်နှင့် တိုင်ပင်မည်လော။ အဖြေက အဘယ်နည်း။ မဟုတ်ပေ။ ဘုရားသခင်က ထိုသို့ လုံးဝ လုပ်မည် မဟုတ်ပေ။ သင်၏ အကြောင်းပြချက်က မည်မျှခိုင်မာသည်ဖြစ်စေ ခြေခြေမြစ်မြစ် ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်လွဲကာ မျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြင်များကို ပေးလျှင် သမ္မာတရားကို သင်လိုက်စားဖို့ မလိုအပ်ဟု မထင်ရပေ။ သင့်ထံတွင် ဖြစ်ပျက်သော အခြေအနေများအားလုံးနှင့် ကိစ္စရပ်တိုင်းတွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး နောက်ဆုံးတွင် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုကိုရရှိနိုင်ကာ သမ္မာတရားကို ရရှိနိုင်ဖို့ ဘုရားသခင် အလိုတော်ရှိသည်။ သင့်အတွက် ဘုရားသခင်က မည်သည့်အခြေအနေကို စီစဉ်ပေးပြီးဖြစ်စေ၊ မည်သည့်လူများနှင့် ဖြစ်ရပ်များကို သင်တွေ့ကြုံရသည်ဖြစ်စေ၊ ပြီးလျှင် မည်သည့်အခြေအနေတွင် သင်ရောက်ရှိနေပါစေ၊ ယင်းတို့ကို ရင်ဆိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ယင်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် သင်ယူသင့်သည့် သင်ခန်းစာများ အတိအကျဖြစ်သည်။ သင်သည် ဤအခြေအနေများကို ရုန်းထွက်ရန်၊ ရှောင်ရန်၊ ငြင်းဆန်ရန်၊ ခုခံရန် ဆင်ခြေများ အစဉ်သဖြင့် ရှာဖွေလျှင် ဘုရားသခင်က သင့်ကို လက်လျှော့လိမ့်မည်။ ဘုရားသခင်က သင့်ကို အရေးမစိုက်လျှင် သင်သည် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးရလိမ့်မည်ဖြစ်သဖြင့် ကျိုးကြောင်းပြပြောခြင်း၊ သို့မဟုတ် ပေကတ်ခြင်း၊ သို့မဟုတ် ပြောရဆိုရခက်ခြင်းတို့သည် လုံးဝ အကျိုးမရှိချေ။ ဘုရားသခင်အတွက် ဖြေရှင်း၍မရနိုင်သည့် ပြဿနာမရှိပေ။ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အစီအစဉ်များ ပြုလုပ်ပြီးဖြစ်ကာ ယင်းတို့ကို ကိုင်တွယ်ရန် နည်းလမ်းရှိသည်။ သင်၏ အကြောင်းပြချက်များနှင့် ဆင်ခြေများက အကြောင်းခိုင်လုံခြင်း ရှိမရှိကို ဘုရားသခင်က ဆွေးနွေးမည်မဟုတ်။ သင့်ကိုယ်သင် ခုခံကာကွယ်ရာတွင် သင်ပြောဆိုသည့် သင်၏ ချေပချက်က ယုတ္တိရှိမရှိကို နားထောင်မည်မဟုတ်ပေ။ “ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သလော။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသလော။ သမ္မာတရားကို သင်လိုက်စားသင့်သလော”ဟူ၍သာ သူက သင့်ကို မေးလိမ့်မည်ဖြစ်သည်။ သင်သည် အချက်အလက်တစ်ခုကို ရှင်းရှင်းလင်းလင်း သိဖို့သာလိုသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေရန် သင့်ဘာသာ လုပ်ဆောင်သင့်သည်။ မည်သည့်ပြဿနာ၊ သို့မဟုတ် အခက်အခဲ၊ မည်သည့်အကြောင်းပြချက်၊ သို့မဟုတ် မည်သည့်ဆင်ခြေမျှ အကြောင်းခိုင်လုံခြင်းမရှိပေ။ သမ္မာတရားကို သင်လက်မခံလျှင် သင် ပျက်စီးလိမ့်မည်ဖြစ်သည်။ သမ္မာတရား လိုက်စားကာ ထိုသမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ လူတစ်ဦး ပေးဆပ်သည့် မည်သည့် အဖိုးအခမဆိုသည် ထိုက်တန်၏။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့ ရယူသင့်သည့် အသက်ဖြစ်ပြီး မည်သည့်အရာနှင့်မျှ လဲလှယ်၍ မရနိုင်သည့် အသက်ဖြစ်သောကြောင့် လူတို့သည် သမ္မာတရားကို လက်ခံပြီး အသက်ကို ရရှိဖို့အတွက် မိမိတို့၏ ဆင်ခြေများ၊ ကျိုးကြောင်းပြချက်များနှင့် ပြဿနာများအားလုံးကို လက်လွှတ်သင့်သည်။ ဤအခွင့်အရေးနှင့် သင် လွဲချော်ပါက သင်၏ တစ်သက်လုံး ထိုအရာကို သင် နောင်တရရုံသာ ရှိလိမ့်မည်မဟုတ်ချေ။ ယင်းသည် နောင်တရရုံမျှ ကိစ္စ မဟုတ်၊ သင်သည် မိမိကိုယ်ကိုယ် တကယ်ကို လုံးဝ ပျက်စီးသွားစေပြီး ဖြစ်လိမ့်မည်။ သင့်အတွက် အဆုံးသတ်၊ သို့မဟုတ် ခရီးပန်းတိုင် ရှိတော့မည်မဟုတ်သကဲ့သို့ သင်သည် အဖန်ဆင်းခံတစ်ဦးအနေဖြင့် လမ်းဆုံးသွားပြီးဖြစ်လိမ့်မည်။ သင်သည် ကယ်တင်ခံရမည့် အခွင့်အရေးကို နောက်တစ်ကြိမ် လုံးဝ ရလိမ့်မည် မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) သမ္မာတရား မလိုက်စားခြင်းအတွက် ဆင်ခြေများ၊ သို့မဟုတ် အကြောင်းပြချက်များကို သင် မရှာလေနှင့်။ ယင်းတို့သည် အသုံးမဝင်ပေ။ သင်သည် မိမိကိုယ်ကိုယ် လှည့်စားနေခြင်းသာ ဖြစ်သည်။

အချို့ခေါင်းဆောင်များသည် မည်သည့်အခါမျှ စည်းမျဉ်းနှင့်အညီ အလုပ်မလုပ်ကြဘဲ ၎င်းတို့က ထင်ရာစိုင်းကြကာ တစ်ဖက်သတ်ပြုမူပြီး အလျင်စလို လုပ်ဆောင်ကြသည်။ ညီအစ်ကို မောင်နှမများက ဤအရာကို ထောက်ပြကောင်း ထောက်ပြနိုင်ပြီး “ခင်ဗျားက မလုပ်ခင်မှာ ဘယ်သူ့ကိုမှ တိုင်ပင်တယ်ဆိုတာ သိပ်မရှိဘူး။ ခင်ဗျားရဲ့ အကဲဖြတ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ချပြီးတော့မှပဲ ကျွန်တော်တို့က အဲဒါတွေကို သိရတယ်။ ခင်ဗျား ဘာလို့ အဲဒါတွေကို တစ်ယောက်ယောက်နဲ့ မတိုင်ပင်တာလဲ။ ဆုံးဖြတ်ချက် ချတဲ့အခါမှာ ဘာလို့ ကျွန်တော်တို့ကို ကြိုပြီး အသိမပေးတာလဲ။ ခင်ဗျားလုပ်တာက မှန်တယ်ဆိုရင်တောင် ခင်ဗျားရဲ့ အစွမ်းအစက ကျွန်တော်တို့ထက် ပိုပြီး ကောင်းရင်တောင် ကျွန်တော်တို့ကို အရင်အသိပေးသင့်ပါတယ်။ အနည်းဆုံးတော့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့မှာ သိပိုင်ခွင့်ရှိပါတယ်။ ခင်ဗျား ကိုယ့်ဘာသာ အမြဲ ထင်ရာစိုင်းနေတာက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို ခင်ဗျား လျှောက်နေတာပဲ” ဟူ၍ ပြောနိုင်သည်။ သင်သည် ဤအရာကို ခေါင်းဆောင်က အဘယ်သို့ပြန်ပြောသည်ကို ကြားရမည်နည်း။ “ကျွန်တော့်အိမ်မှာ ကျွန်တော်က သူဋ္ဌေးပဲ။ ကိစ္စအကြီးအငယ်အားလုံးကို ကျွန်တော်ပဲ ဆုံးဖြတ်တယ်။ အဲဒါက ကျွန်တော်က အကျင့်ဖြစ်နေပြီးသားပဲ။ ကျွန်တော့် ဆွေမျိုးသားချင်းတွေထဲက တစ်ယောက်ယောက်က ပြဿနာရှိတဲ့အခါ သူတို့က ကျွန်တော့်ဆီလာပြီး လုပ်ရမယ့်ဟာကို ဆုံးဖြတ်ခိုင်းကြတယ်။ ကျွန်တော်က ပြဿနာတွေ ဖြေရှင်းရာမှာ တော်တယ်ဆိုတာ သူတို့သိကြတယ်လေ။ ဒါကြောင့် ကျွန်တော့်မိသားစုရဲ့ ကိစ္စတွေမှာ ကျွန်တော်က ဦးဆောင်ရတာပေါ့။ အသင်းတော်ကို ကျွန်တော်ပါဝင်တုန်းက ကျွန်တော်က ကိစ္စတွေအတွက် စိတ်ပူစရာလိုမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့လည်း ကျွန်တော်က ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရတယ်။ ကျွန်တော်က ဒီကံကို ပါလာတာတော့ မတတ်နိုင်ဘူးလေ။ ဘုရားက ကျွန်တော့်ကို ဒီကျွမ်းကျင်မှုပေးခဲ့တယ်။ တခြားလူတွေအတွက် ဆုံးဖြတ်ချက်တွေချဖို့နဲ့ ဦးဆောင်ကြီးကြပ်ပေးဖို့ ကျွန်တော် မွေးလာတာပါ” ဟူ၍ဖြစ်သည်။ ဤနေရာတွင် ဆိုလိုသည်မှာ သူသည် အရာရှိတစ်ယောက်ဖြစ်ဖို့ ကံပါလာပြီး အခြားလူများက ခြေလျင်တပ်သားများနှင့် အစေခံများဖြစ်ရန် မွေးဖွားလာကြသည်ဟုဖြစ်သည်။ သူသည် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရသင့်သည်ဟုလည်းကောင်း၊ အခြားလူများက သူ့ကို နားထောင်သင့်သည်ဟုလည်းကောင်း သူက ထင်၏။ ညီအစ်ကိုမောင်နှမများက ဤခေါင်းဆောင်၏ ပြဿနာကို မြင်ပြီး ထောက်ပြသည့်တိုင်အောင် သူက လက်ခံမည် မဟုတ်သကဲ့သို့ ပြုပြင်ခြင်းကိုလည်း လက်ခံမည်မဟုတ်ချေ။ သူ့ကို ထုတ်ပယ်ပစ်ရန်အတွက် ညီအစ်ကိုမောင်နှမများက ပွက်ပွက်ညံအောင် မတောင်းဆိုကြမချင်း သူက ယှဉ်ပြိုင်တိုက်ခိုက်ပြီး အာခံမည်ဖြစ်သည်။ ထိုအချိန်တစ်လျှောက်လုံးတွင်လည်း ထိုခေါင်းဆောင်သည် “ငါ့လို အစွမ်းအစမျိုးနဲ့ဆို ငါဘယ်သွားသွား ကြီးကြပ်ဖို့ ကံပါလာတာပဲ။ မင်းတို့လို အစွမ်းအစတွေနဲ့ဆိုရင် မင်းတို့ဟာ ကျွန်တွေ၊ အစေခံတွေပဲ အမြဲတမ်း ဖြစ်နေမှာပဲ။ သူများတွေရဲ့ အမိန့်ပေးတာခံရဖို့က မင်းတို့ရဲ့ ကံကြမ္မာပဲ” ဟူ၍ စဉ်းစားနေလိမ့်မည်ဖြစ်၏။ ဤသို့သောအရာများကို မကြာခဏ ပြောခြင်းအားဖြင့် သူသည် မည်သို့သောစိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်၊ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ အလွန်အကျူး အတ္တကြီးခြင်းဖြစ်သည်မှာ ရှင်းသည်။ သို့တိုင်အောင် သူသည် ဤအရာကို ခွန်အားတစ်ခု၊ အဖိုးတန် အရည်အချင်းတစ်ခုကဲ့သို့ အရှက်မရှိ ကြွားဝါပြီး ဟန်ထုတ်သည်။ လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ဖွင့်ပြသောအခါ သူသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်သင့်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိပြီး နောင်တရသင့်သည်။ ပြီးလျှင် ယင်းကို ပုန်ကန်သင့်သည်။ ပြီးလျှင် သူသည် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်သည်အထိ သမ္မာတရားကို လိုက်စားသင့်သည်။ သို့သော် ဤသည်မှာ ဤခေါင်းဆောင်က လက်တွေ့လုပ်ဆောင်သည့်ပုံ မဟုတ်ပေ။ ထိုအစား သူသည် မိမိ၏ ကိုယ်ပိုင်အမြင်နှင့် နည်းလမ်းများကို ဖက်တွယ်ထားကာ ပြုပြင်ပြောင်းလဲ၍ မရဘဲရှိနေသည်။ ထိုအပြုအမူများမှတစ်ဆင့် သူသည် သမ္မာတရားကို လုံးဝ လက်မခံဘဲ သမ္မာတရားကို လိုက်စားသောသူတစ်ဦးလုံးဝ မဟုတ်သည်ကို သင် မြင်နိုင်သည်။ သူသည် သူ့အား ဖော်ထုတ်ပြီး ပြုပြင်သူ မည်သူကိုမဆို နားမထောင်ဘဲ ထိုအစား မိမိအတွက် မှန်ကန်ကြောင်း ပြောဆိုမှုများစွာ ရှိနေဆဲဖြစ်၏။ “ဪ။ ကျွန်တော်က ဒီလိုပဲလေ။ ဒါက အရည်အချင်းနဲ့ ပါရမီလို့ခေါ်တယ်။ ခင်ဗျားတို့ထဲမှာ ဘယ်သူက ဒါတွေရှိလဲ။ ကျွန်တော်က ကြီးကြပ်ဖို့အတွက် ကံပါလာတာ။ ဘယ်ကိုသွားသွား ကျွန်တော်က ခေါင်းဆောင်ပဲ။ ကျွန်တော်က သူများတွေနဲ့ မတိုင်ပင်ဘဲ အရာရာကို ဆုံးဖြတ်ပိုင်ခွင့်ရထားပြီး ဆုံးဖြတ်ရတာကို အသားကျနေပြီ။ ဒါက ကျွန်တော့်စရိုက်လက္ခဏာပဲ။ ကျွန်တော့်ရဲ့ စန်းပေါ့” ဟူ၍ ဖြစ်သည်။ ဤသည်မှာ လက်လွတ်စပယ် အရှက်ကင်းမဲ့ခြင်း မဟုတ်သလော။ သူသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို မဝန်ခံသလို လူသားကို တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားနှုတ်ကပတ်တော်များကို သိသိသာသာကို အသိအမှတ်မပြုချေ။ ထိုသို့ဖြစ်မည့်အစား သူ၏ ကိုယ်ပိုင် မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို သမ္မာတရားအဖြစ် မှတ်ယူသည်။ အခြားလူတိုင်းက ယင်းတို့အား လက်ခံပြီး ရိုသေလေးမြတ်အောင် သူ ကြိုးစား၏။ ဘုရားအိမ်တော်တွင် သမ္မာတရားက မအုပ်စိုးသင့်ဘဲ သူက အုပ်စိုးသင့်ကြောင်း၊ ဘုရားအိမ်တော်တွင် သူက ကြီးကြပ်စီမံသင့်ကြောင်း သူ၏ စိတ်ထဲတွင် ယုံကြည်သည်။ ဤသည်မှာ ပြောင်ပြောင်တင်းတင်း အရှက်ကင်းမဲ့ခြင်း မဟုတ်သလော။ သူသည် သမ္မာတရားကို လိုက်စားလိုသည်ဟု ပြောသော်လည်း သူ၏ အပြုအမူမှာမူ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံသည်ဟုဆိုသော်လည်း အစဉ်သဖြင့် အာဏာကိုင်စွဲလိုသည်။ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုသည်။ ညီအစ်ကိုမောင်နှမများအားလုံးကို သူ့ကို နာခံပြီး လိုက်နာစေလိုသည်။ သူလုပ်ဆောင်သည့်အရာက သင့်လျော်သည်ဖြစ်စေ၊ မသင့်လျော်သည်ဖြစ်စေ၊ သို့မဟုတ် စည်းမျဉ်းများနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ ဂရုမထားဘဲ အခြားလူများက သူ့အား ကြီးကြပ်ခြင်းကို၊ သို့မဟုတ် အကြံပေးခြင်းကို ခွင့်ပြုမည်မဟုတ်ပေ။ ထိုအစား အခြားလူတိုင်းက သူ၏ စကားများနှင့် ဆုံးဖြတ်ချက်များကို အရေးစိုက်ပြီး နာခံရမည်ဟု ယုံကြည်သည်။ သူ၏ လုပ်ရပ်များကို လုံးဝ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ။ ညီအစ်ကိုမောင်နှမများက သူ့ကို မည်သို့ အကြံပေးပြီး ကူညီသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သူ့ကို မည်သို့ ပြုပြင်သည်ဖြစ်စေ၊ သို့မဟုတ် သူသည် သုံးလေးကြိမ် အထုတ်ခံရလျှင်ပင် သူ၏ ပြဿနာများကို ဆင်ခြင်သုံးသပ်ခြင်းမရှိပေ။ ဖြစ်ရပ်တိုင်းတွင် သူသည် သူ၏ ဤစကားကို ကိုင်စွဲထားသည်။ “ငါ့အိမ်မှာ ငါက အကြီးဆုံးပဲ။ ငါပဲ ဆုံးဖြတ်ချက်တွေအကုန်လုံးကို ချတယ်။ ကိစ္စအားလုံးမှာ ငါပဲ ဆုံးဖြတ်ခွင့်ရှိတယ်။ ဒါ ငါနဲ့ အသားကျနေတဲ့အရာပဲ။ တခြားနည်းလမ်းမရှိဘူး” ဟူ၍ ဖြစ်သည်။ သူသည် အမှန်ပင် အကျိုးသင့်အကြောင်းသင့် မရှိသလို ကယ်၍ မရနိုင်တော့ပေ။ သူသည် ဤအပျက်သဘောဆောင်သော ကျင့်သုံးမှုများကို အပြုသဘောဆောင်သောအရာများကဲ့သို့ ဝါဒဖြန့်နေရင်း မိမိကိုယ်ကို အလွန်အထင်ကြီးလျက်ရှိသည်။ သူသည် အလွန်ပင် အရှက်မဲ့သည်။ သူသည် သမ္မာတရားကို လုံးဝ လက်မခံသလို ပြုပြင်၍မရနိုင်ပေ။ ထို့ကြောင့် သူသည် သမ္မာတရားကို ချစ်ခြင်း၊ သို့မဟုတ် လိုက်စားခြင်းမရှိသည်ကို သေချာနိုင်သည်။ သူ၏ စိတ်နှလုံးတွင် သူသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ရန်လိုသည်။ သူ၏ ဆန္ဒများကို ဖြည့်ဆည်းရန်၊ အဆင့်အတန်းရရှိရန် သူပေးဆပ်သည့် အဖိုးအခများနှင့် သူကြုံတွေ့ရသည့် ဆင်းရဲဒုက္ခများအားလုံးက အချည်းနှီးဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကိုမျှ လက်မခံပေ။ သူသည် ဤအရာကို ရွံမုန်းသည်။ ဤသည်မှာ သမ္မာတရားအပေါ် သူ၏ ဆန့်ကျင်မှုနှင့် ဘုရားသခင်အပေါ် အာခံခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ဤအရာကို လုံးဝ သေချာနိုင်သလို သမ္မာတရားကို နားလည်သူအားလုံးကလည်း ဤအရာကို ပိုင်းခြားသိမြင်နိုင်သည်။

ဘုရားသခင်ကို နှစ်ချီယုံကြည်ခဲ့သော်လည်း သမ္မာတရား စစ်မှန်မှု မပိုင်ဆိုင်ကြသော လူအချို့လည်း ရှိသည်။ ၎င်းတို့သည် တရားဒေသနာများကို နှစ်ချီ နားထောင်ခဲ့ကြသော်လည်း သမ္မာတရားကို နားမလည်ကြချေ။ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိကြသော်လည်း ပြိုင်ဘက်ကင်းကြသည့် “ပါရမီများ” ကိုမူ ပိုင်ဆိုင်ကြလေသည်။ အလိမ်အညာများ ပြောခြင်းနှင့် ထိုအလိမ်အညာများကို ဖုံးဖိခြင်း၊ ပြီးလျှင် အခြားသူများကို အမွှမ်းတင်လွန်းသော စကားများဖြင့် ညာခိုင်းပြီး လှည့်စားခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် စကားဆယ်ခွန်းကျော် ပြောလျှင် ထိုစကားဆယ်ခွန်းကျော်လုံးက ဖောက်ပြန်မှုများ ရှိနေလိမ့်မည်။ စကားတစ်ခွန်းချင်းစီတွင် အတိုင်းအတာတစ်ခုထိ မသန့်စင်မှုများ ပါရှိလိမ့်မည်။ တိတိကျကျ ပြောရလျှင် ၎င်းတို့ ပြောသည့် မည်သည့်အရာမျှ မမှန်ပေ။ သို့ရာတွင် ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အတော် လိမ္မာပုံရကြသောကြောင့် ၎င်းတို့က “ကျွန်ုပ်သည် သဘာဝအရ ကြောက်တတ်ကာ မာယာကင်းသော လူတစ်ဦး ဖြစ်ပြီး ကျွန်ုပ်၏ အစွမ်းအစ ညံ့ဖျင်းပါသည်။ ကျွန်ုပ် သွားသည့်နေရာတိုင်းတွင် အနိုင်ကျင့်ခံရပြီး လူတို့က ကျွန်ုပ်ကို အနိုင်ကျင့်ကြသည့်အခါ ထိုအရာကို ကျွန်ုပ် တောင့်ခံပြီး ဒုက္ခခံရုံသာရှိသည်။ ၎င်းတို့ကို ပြန်မပြောဝံ့ပါ၊ သို့မဟုတ် မတိုက်ခိုက်ဝံ့ပါ။ ကျွန်ုပ် လုပ်နိုင်သမျှမှာ ပုန်းကွယ်ကာ အရှုံးပေးပြီး သည်းညည်းခံလိုက်ဖို့သာ ရှိသည်။ ကျွန်ုပ်သ‌ည် ဘုရားနှုတ်ကပတ်တော်များက ပြောသည့် ‘ရိုးသားသော်လည်း မသိနားမလည်သော လူသား’ ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ လူများထဲမှ တစ်ဦး ဖြစ်သည်”ဟု တွေးကြသည်။ တစ်စုံတစ်ဦးက “သို့ဆိုလျှင် သင် အဘယ်ကြောင့် လိမ်ညာရသနည်း”ဟု ၎င်းတို့ကို မေးလျှင် ၎င်းတို့က “ကျွန်ုပ် မည်သည့်အချိန်တွင် လိမ်ညာသနည်း။ မည်သူ့ကို လှည့်စားခဲ့သနည်း။ ကျွန်ုပ် မလိမ်ညာခဲ့ပါ။ ကျွန်ုပ်ကဲ့သို့ မာယာကင်းသော လူတစ်ဦးသည် အဘယ်သို့ အလိမ်အညာတစ်ခု ပြောနိုင်မည်နည်း။ ကျွန်ုပ်၏ စိတ်သည် အမှုအရာများကို တုံ့ပြန်ဖို့ နှေးကွေးပြီး ကျွန်ုပ်လည်း ပညာတတ်ကြီး တစ်ဦး မဟုတ်ပါ။ မည်သို့ လိမ်ညာရမည်ကို မသိပါ။ အခြားနေရာမှ လှည့်ဖြားတတ်သော လူများသည် မျက်တောင်တစ်ချက်အခတ်တွင် ဆိုးယုတ်သော စိတ်ကူးနှင့် အကြံများ ထုတ်နိုင်ကြသည်။ ကျွန်ုပ်သည် ထိုသို့ ဉာဏ်မများသကဲ့သို့ အမြဲ အနိုင်ကျင့်ခံနေရသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင် ပြောသည့် ရိုးသားသောလူဖြစ်ပြီး သင်တို့အနေဖြင့် ကျွန်ုပ်ကို လူလိမ်၊ သို့မဟုတ် ကလိမ်ကကျစ်ကောင်ဟု ခေါ်ဆိုစရာ အကြောင်းရင်း မရှိပါ။ သင်တို့သည် ကျွန်ုပ်ကို အပုပ်ချရန် ကြိုးစားနေခြင်းသာ ဖြစ်သည်မှာ အလွန်ပင် ရိုးရှင်းလှသည်။ သင်တို့အားလုံးက ကျွန်ုပ်ကို အထင်သေးကြောင်း ကျွန်ုပ်သိသည်။ ကျွန်ုပ် နုံအပြီး ကျွန်ုပ်၏ အစွမ်းအစ ညံ့ဖျင်းသည်ဟု တွေးထင်သောကြောင့် သင်တို့ အားလုံးက ကျွန်ုပ်ကို အနိုင်ကျင့်ချင်ကြသည်။ ကျွန်ုပ်ကို အနိုင်မကျင့်သည့် တစ်ဦးတည်းသောသူမှာ ဘုရားသခင်ဖြစ်သည်၊ သူသည် ကျွန်ုပ်ကို ကျေးဇူးတော်ဖြင့် ဆက်ဆံသည်”ဟု ဆိုကြလိမ့်မည်။ ဤလူစားမျိုးသည် လိမ်ညာခြင်းကို ဝန်ခံလိမ့်မည် မဟုတ်ဘဲ ၎င်းတို့သည် ဘုရားသခင် ပြောသည့် ရိုးသားသောလူများဖြစ်သည်ဟု ပြောရန်ပင် ရဲတင်းမှုရှိကြပြီး ထိုပြောဆိုချက်နှင့်အတူ မိမိတို့ကိုယ်ကိုယ် ပလ္လင်ထက်သို့ ချက်ချင်း တင်ကြသည်။ ၎င်းတို့သည် သဘာဝအရ ရိုးသားသော်လည်း မသိနားမလည်သည့် လူများဖြစ်ကာ ဘုရားသခင်၏ ချစ်ခြင်းခံရသည်ဟု ယုံကြည်ကြသည်။ သမ္မာတရားကို ၎င်းတို့ လိုက်စားရန်၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သုံးသပ်ရန် မလိုဟု တွေးထင်ကြသည်။ ၎င်းတို့ မွေးဖွားကတည်းက ၎င်းတို့နှုတ်တွင် အလိမ်အညာ ရှာတွေ့နိုင်မည်မဟုတ်ဟု တွေးထင်ကြသည်။ မည်သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့သည် လိမ်ညာမှုကို မဝန်ခံကြဘဲ ထိုအစား ငြင်းခုံပြီး မိမိတို့ကိုယ်ကိုယ် ကာကွယ်ပြောဆိုရန် မပြောင်းလဲသည့် ဆင်ခြေဟောင်းများဖြင့် ရှင်းချက်ထုတ်တတ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သုံးသပ်ကြပြီလော။ သဘောတရားတစ်ခုအနေဖြင့် သုံးသပ်ကြပြီးဖြစ်သည်။ ထို “မိမိကိုယ်ကိုယ် သုံးသပ်ခြင်း”တွင် ၎င်းတို့ မည်သည့်အရာ တွေးလာမိကြသနည်း။ “ကျွန်ုပ်သည် ဘုရားသခင် ပြောသည့် ရိုးသားသော်လည်း မသိနားမလည်သော လူဖြစ်သည်။ ကျွန်ုပ်သည် အနည်းငယ် မသိနားမလည် ဖြစ်နိုင်သော်လည်း ရိုးသားသော လူတစ်ဦးဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဂုဏ်ယူဝံ့ကြွားနေခြင်း မဟုတ်လော။ ၎င်းတို့အနေဖြင့် မသိနားမလည်သူတစ်ဦးဖြစ်သည်၊ သို့မဟုတ် ရိုးသားသောလူတစ်ဦးဖြစ်သည်ကို မသေချာကြသော်လည်း မိမိတို့ကိုယ်ကိုယ် ရိုးသားသောလူတစ်ဦးအဖြစ် ယူဆကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိစိတ်ရှိကြပါသလော။ တစ်စုံတစ်ဦးသည် အနိုင်ကျင့်ခံရပြီး သူရဲဘောကြောင်သော ဘဝတစ်ခုကို အသက်ရှင်သည့် မိုက်မဲသောလူတစ်ဦးဖြစ်ပါက ယင်းမှာ ၎င်းအနေဖြင့် လူကောင်းတစ်ဦး သေချာပေါက် ဖြစ်သည်ဟု ဆိုလိုသလော။ ပြီးလျှင် အခြားလူများက လူတစ်ဦးကို လူကောင်းတစ်ဦးအဖြစ် ရှုမြင်ပါက ယင်းမှာ ထိုသူသည် သမ္မာတရားကို လိုက်စားဖို့ မလိုအပ်ဟု ဆိုလိုသလော။ ထိုသို့သော လူသည် တစ်နည်းနည်းဖြင့် သမ္မာတရားကို အလိုအလျောက် ပိုင်ဆိုင်ကြသလော။ လူအချို့က “ကျွန်ုပ်သည် အတော်လေး မာယာကင်းသောလူတစ်ဦး ဖြစ်သည်။ အမှန်တရားကို ပြောဖို့ ကျွန်ုပ် အမြဲကြိုးစားသည်။ ကျွန်ုပ်သည် အနည်းငယ် မသိနားမလည်ခြင်းသာ ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် မလိုပါ။ ကျွန်ုပ်သည် နဂိုကတည်းက သဘောကောင်းပြီး ရိုးသားသော လူတစ်ဦး ဖြစ်သည်”ဟု ဆိုကြသည်။ ဤအရာကို ပြောခြင်းအားဖြင့် ၎င်းတို့သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု သွယ်ဝိုက်ညွှန်းဆိုနေကြခြင်း မဟုတ်လော။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်နက်ရှိုင်းရှိုင်း ခံကြရပြီး ဖြစ်သည်။ လူခပ်သိမ်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး အကြင်သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပိုင်ဆိုင်သည့်အခါ လိမ်ညာ၊ လှည့်စားနိုင်ပြီး၊ ၎င်းတို့ ကြိုက်သည့် မည်သည့်အချိန်တွင်မဆို လှည့်ဖြားနိုင်သည်။ ၎င်းတို့သည် မာနထောင်လွှားသော စိတ်သဘောထားကို ပွင့်အံထုတ်လျက် မိမိတို့၏ မပြောပလောက်သည့် အောင်မြင်မှု၊ သို့မဟုတ် အထောက်အကူပြုသော ဆောင်ရွက်မှုအချို့ကိုပင် ကြွားလုံးထုတ်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ၊ သူ့အပေါ် လွန်ကဲသော တောင်းဆိုချက်များဖြင့် တစ်ချိန်လုံး ပြည့်နေကြပြီး သူ့ကို အကျိုးသင့်အကြောင်းသင့်ပြောရန် ကြိုးစားနေကြသည်။ ဤသည်တို့မှာ ပြဿနာများ မဟုတ်လော။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်လော။ ဤအရာသည် ဆန်းစစ်ခြင်း လိုအပ်သည် မဟုတ်လော။ လိုအပ်ပေ၏။ သို့တိုင် ဤလူများသည် အခြားသူများကို မည်သည့်အခါတွင်မျှ မလိမ်ညာသည့်၊ သို့မဟုတ် မလှည့်စားသည့် ရိုးသားသော လူများအဖြစ် မိမိကိုယ်ကို ဘိသိက်ပေးနှင့်ကြပြီးသား ဖြစ်သည်။ ၎င်းတို့တွင် လှည့်ဖြားတတ်သော စိတ်သဘောထားများ မရှိကြသောကြောင့် သမ္မာတရား လိုက်စားရန် မလိုအပ်ကြောင်း ထုတ်ဖော်ပြောကြသည်။ ထို့ကြောင့် ဤသို့ ပြုမူနေထိုင်သူ မည်သူမျှသည် သမ္မာတရားကို လိုက်စားနေခြင်းမရှိသကဲ့သို့ သူတို့တစ်ဦးမျှ သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်ကြလေပြီ။ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းသောအခါ ၎င်းတို့၏ မိုက်မဲမှုအကြောင်း၊ ၎င်းတို့ အမြဲ အနိုင်ကျင့်ခံနေရသည့်အကြောင်း၊ ၎င်းတို့၏ အထူးသဖြင့် ညံ့ဖျင်းသည့် အစွမ်းအစအကြောင်း မကြာခဏ ခါးခါးသီးသီး ငိုကြွေးမြည်တမ်းကြသည်။ “ဘုရားသခင်၊ ကိုယ်တော်တစ်ပါးတည်းသာ ကျွန်ုပ်ကို ချစ်ပါသည်။ ကိုယ်တော်တစ်ပါးတည်းသာ ကျွန်ုပ်အပေါ် သနားခြင်းရှိပြီး သဘောထားကြီးစွာ ကျွန်ုပ်ကို ဆက်ဆံပါသည်။ လူအားလုံးက ကျွန်ုပ်ကို အနိုင်ကျင့်ပြီး ကျွန်ုပ် လူလိမ်ဖြစ်သည်ဟု ဆိုကြသော်လည်း ကျွန်ုပ် လူလိမ်မဟုတ်ပါ” ဟူ၍ဖြစ်သည်။ ထို့နောက်တွင် မျက်ရည်သုတ်ကာ ထရပ်လိုက်ပြီး အခြားသူများကို ၎င်းတို့ မြင်သည့်အခါ “သင်တို့တစ်ဦးမျှ ဘုရားသခင်၏ ချစ်ခြင်း မခံရပါ။ ငါတစ်ဦးတည်းသာ ခံရသည်”ဟု တွေးကြသည်။ ဤလူများသည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးကြပြီး ဘုရားသခင် ပြောသည့် အပြုအမူအမျိုးမျိုးနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်အံထွက်ခြင်း တစ်ခုတလေကို ၎င်းတို့ ပြကြသည်ဟု လက်မခံကြချေ။ တိကျသည့် ပြဿနာတစ်ခု ၎င်းတို့ပေါ် ကျရောက်ပြီး ဖောက်ပြန်ပျက်စီးသော အခြေအနေ၊ သို့မဟုတ် ၎င်းတို့အတွင်း ပွင့်အံထွက်ခြင်းကို ဖြစ်စေသည့်အချိန်တွင်ပင် ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ထိုအရာကို နှုတ်ဖြင့်သာ ဝန်ခံလိုက်ကြကာ ထိုကိစ္စနှင့်ပတ်သက်၍ ပစ်ထားလိုက်ကြသည်။ သမ္မာတရားကို ၎င်းတို့ လုံးဝ မရှာဖွေကြသကဲ့သို့ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်းရှိပြီး ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်ဆိုသည့် အချက်ကို လက်မခံကြချေ။ အထူးဖြစ်စဉ်တစ်ခုခုတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ဖွင့်ထုတ်ကြခြင်းကို သာ၍ ဝန်ခံဦးမည်မဟုတ်သည်မှာ အမှန်ဖြစ်၏။ ၎င်းတို့က ပြဿနာမည်မျှ ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှ ဖွင့်ထုတ်ကြသည်ဖြစ်စေ မပြောင်းလဲသည့်အရာကို အမြဲပြောလျက် နိဂုံးချုပ်ကြသည်။ “ကျွန်ုပ်သည် ဘုရားသခင်ပြောသည့် ရိုးသားသော်လည်း မသိနားမလည်သောလူဖြစ်သည်။ ကျွန်ုပ်သည် သူ၏ သနားခြင်းခံရသူဖြစ်ပြီး သူသည် ကျွန်ုပ်ကို ကြီးမားစွာ ကောင်းချီးပေးလိမ့်မည်”ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤစကားလုံးများဖြင့် ၎င်းတို့သည် သမ္မာတရား လိုက်စားရန် မလိုအပ်ဟု ခံစားကြသည်။ ဤစကားလုံးများသည် သမ္မာတရား မလိုက်စားခြင်းအတွက် ၎င်းတို့ပေးသည့် ဆင်ခြေများဖြစ်သည်။ ထိုသို့သော လူများသည် အဓိပ္ပာယ်မဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အဓိပ္ပာယ်မဲ့ပြီး မသိနားမလည်ကြချေ။ ၎င်းတို့ မည်မျှ အဓိပ္ပာယ်မဲ့ကြသနည်း။ အလွန်အဓိပ္ပာယ်မဲ့ကြသည်မှာ ၎င်းတို့သည် လူကို ဖော်ထုတ်ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ သဘောထားသော်ငြားလည်း မိမိတို့ကို အကျိုးပြုသည့် ဘုရားနှုတ်ကပတ်တော် စကားတစ်ခုကိုမူ မလွတ်တမ်း အသုံးချပြီး ဘုရားသခင်ကို အကျပ်ကိုင်ရန်နှင့် သမ္မာတရား မလိုက်စားခြင်းအတွက် မိမိတို့ကိုယ်ကိုယ် အပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာရန် ယင်းကို သင်္ကေတတစ်ခုအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် ရိုးသားသောလူဖြစ်သောကြောင့် ထိုစကားများကို နားထောင်ရန် မလိုအပ်ဟု ၎င်းတို့က ခံစားကြရသည်။ ဂဃဏနပြောရလျှင် ထိုသို့သော လူများသည် သနားဖွယ်ကောင်းလောက်အောင် စိတ်ပျက်စရာကောင်းသောသူများ ဖြစ်၏။ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ အသိစိတ်မရှိသကဲ့သို့ အရှက်တရား အလွန်နည်းကြသည့်တိုင် ကောင်းချီးမင်္ဂလာများ ရလိုစိတ်ရှိကြဆဲ ဖြစ်သည်။ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အသိစိတ်မရှိသလို အရှက်တရားမရှိသော်လည်း အလွန် မာနကြီးပြီး သာမန်လူများကို အထင်သေးကြသည်။ သမ္မာတရား လိုက်စားနိုင်ပြီး သမ္မာတရား စစ်မှန်မှုအပေါ် မိတ်သဟာယပြုနိုင်သည့် အစွမ်းအစကောင်းရှိသော လူများကို ၎င်းတို့ လေးစားမှုမရှိကြချေ။ ၎င်းတို့က “မည်သို့ဖြစ်စေ သင်တို့၏ ဤအစွမ်းအစများက ဘာအသုံးဝင်ပါသနည်း။ သင်တို့၏ သမ္မာတရား လိုက်စားခြင်း၊ မိမိတို့ကိုယ်ကိုယ် သိရှိခြင်းတို့နှင့် ပတ်သက်သောကိစ္စများကို ကျွန်ုပ် လုပ်ဆောင်ရန် မလိုအပ်ပါ။ ကျွန်ုပ်သည် ရိုးသားသောလူတစ်ဦးဖြစ်သည်။ အနည်းငယ် မသိနားမလည်ဖြစ်နိုင်သော်လည်း ယင်းက တကယ့် ပြဿနာတစ်ခု မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ် ဖွင့်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ဘာမျှ စိုးရိမ်စရာမရှိပါ။ မိမိကိုယ်ကိုယ် အပြုအမူကောင်းအချို့ဖြင့် ပြင်ဆင်သရွေ့ ကျွန်ုပ် အဆင်ပြေလိမ့်မည်”ဟု တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ သတ်မှတ်ကြသနည်း။ “မည်သို့ဖြစ်စေကာမူ ဘုရားသခင်သည် ကျွန်ုပ်၏ စိတ်နှလုံးကို သိပြီး သူ၌ ကျွန်ုပ်၏ ယုံကြည်ခြင်း စစ်မှန်သည်။ ယင်းမှာ လုံလောက်ပြီဖြစ်သည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့် ဘုရားနှုတ်ကပတ်တော်များကို သိရှိခြင်းအကြောင်း နေ့စဉ်နေ့တိုင်း ပြောနေကြသည်။ ဤပြောဆိုမှုအားလုံးသည် အဘယ်အသုံးဝင်ပါသနည်း။ အဆုံးသတ်အနှစ်ချုပ်လိုက်သည့်အခါ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်းက လုံလောက်သည်”ဟူ၍ ဖြစ်သည်။ ယင်းမှာ ကမ်းကုန်အောင် မိုက်မဲခြင်း မဟုတ်လော။ ပထမဦးစွာ ထိုသို့သော လူများသည် သမ္မာတရားကို လုံးဝ စိတ်မဝင်စားကြချေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြဟုဆိုလျှင် မှန်ကောင်းမှန်နိုင်သည်။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် များစွာ အထင်ကြီးကြပြီး အလွန် ကြီးကျယ်စွာ ပြုမူကြသည်။ ၎င်းတို့သည် သမ္မာတရား မလိုက်စားရသည့် အကြောင်းရင်းအတွက် ကျိုးကြောင်းပြချက်တစ်ခု ရှာကြသည်၊ သို့မဟုတ် သမ္မာတရား လိုက်စားခြင်းအား အစားထိုးရန် အားသာချက်တစ်ခုအဖြစ် ၎င်းတို့ တွေးဆမိသည့် လိုက်စားမှုနည်းလမ်းတစ်ခု၊ သို့မဟုတ် တစ်စုံတစ်ရာကို ရှာဖွေကြသည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။)

သမ္မာတရား မလိုက်စားသည့် အချို့သော လူများသည် ၎င်းတို့၏ လူ့သဘာဝအရ မည်သည့် ကြီးမားသော ပြဿနာမျှမရှိကြချေ။ ၎င်းတို့သည် စည်းမျဉ်းများကို စွဲမြဲစွာ လိုက်နာပြီး ဣန္ဒြေရရနေကြသည်။ ထိုသို့သော အမျိုးသမီးများသည် နူးညံ့သိမ်မွေ့ပြီး ကောင်းမြတ်ကြသည်၊ သိက္ခာရှိပြီး ရည်မွန်ကာ ကရော်ကမည် မနိုင်ကြချေ။ ၎င်းတို့သည် မိမိတို့ မိဘများရှေ့တွင် ကောင်းမွန်သော မိန်းကလေးများဖြစ်ကာ မိမိတို့မိသားစုဘဝများတွင် ဇနီးကောင်းများနှင့် မိခင်ကောင်းများဖြစ်ကြပြီး မိမိတို့နေအိမ်များကို တာဝန်ကျေစွာ ထိန်းသိမ်းစောင့်ရှောက်ရင်း အချိန်ကုန်ဆုံးကြသည်။ ထိုသို့သော အမျိုးသားများသည် မာယာကင်းပြီး တာဝန်သိတတ်ကာ ဣန္ဒြေရရနေကြသည်။ ၎င်းတို့သည် သားသမီးဝတ်ကျေသော သားများဖြစ်သည်၊ အရက်မသောက်၊ သို့မဟုတ် ဆေးလိပ်မသောက်တတ်သကဲ့သို့ ခိုးယူခြင်း၊ သို့မဟုတ် လုယက်ခြင်း မရှိ၊ အလောင်းကစားမလုပ်၊ သို့မဟုတ် ပြည့်တန်ဆာများဖြင့် မစပ်ယှက်ကြချေ။ ၎င်းတို့သည် စံပြခင်ပွန်းများဖြစ်ပြီး အိမ်ပြင်ပတွင် မည်သူ မှန်သည်၊ မှားသည်နှင့် ပတ်သက်၍ အခြားသူများနှင့် စကားများခြင်း၊ သို့မဟုတ် ငြင်းခုံခြင်း ဖြစ်လေ့ဖြစ်ထမရှိပေ။ ဘုရားသခင်၌ ယုံကြည်သူများအနေဖြင့် ဤအရာများကို စွမ်းဆောင်ရရှိခြင်းက လုံလောက်ကြောင်းနှင့် ထိုသို့စွမ်းဆောင်ရရှိသောသူတို့သည် အဆင့်ရှိသည့်၊ လက်ခံနိုင်စရာ လူကောင်းများဖြစ်သည်ဟု လူအချို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့အနေဖြင့် ရက်ရောပြီး ကူညီတတ်ပါက၊ နှိမ့်ချပြီး စိတ်ရှည်ကာ သည်းခံတတ်ပါက၊ ပြီးလျှင် ၎င်းတို့အတွက် အသင်းတော်က စီစဉ်ပေးသည့် မည်သည့်အလုပ်ကိုမဆို ဝတ်ကျေတမ်းကျေဖြစ်ခြင်း မရှိဘဲ လုံ့လဝီရိယရှိရှိနှင့် ကောင်းမွန်စွာ လုပ်ဆောင်ပါက ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကို ရရှိပြီးဖြစ်ကာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ နီးစပ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် သန္နိဋ္ဌာန်ချ၍ စတင်လုပ်ဆောင်ပြီး အနည်းငယ် ပိုမိုအားထုတ်ပါက၊ ဘုရားနှုတ်ကပတ်တော်ကို ပိုမိုဖတ်ရှုပါက၊ ထိုဘုရားနှုတ်ကပတ်တော် စကားရပ်များကို ပိုမိုမှတ်မိပြီး ယင်းတို့ကို အခြားသူများထံ ပိုမိုဟောပြောပါက သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်းဖြစ်လိမ့်မည်ဟု တွေးကြသည်။ သို့ရာတွင် ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ ဖွင့်ထုတ်ခြင်းများအား ၎င်းတို့ သိမှတ်ခြင်းမရှိကြ။ ၎င်းတို့သည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်ကို မသိကြသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်သို့ပေါ်ထွက်ပုံ၊ သို့မဟုတ် ယင်းကို မည်သို့ သိရှိပြီး ဖြေရှင်းသင့်ပုံတို့ကို သာ၍ပင် မသိကြသေးချေ။ ဤအရာများတစ်ခုမျှ ၎င်းတို့ မသိကြ။ ဤသို့သော လူများရှိပါသလော။ (ရှိပါသည်။) ၎င်းတို့သည် ၎င်းတို့၏ သဘာဝ “ကောင်းမြတ်ခြင်း”ကို သမ္မာတရား လိုက်စားသူတို့ စွမ်းဆောင်ရရှိရမည့် စံနှုန်းတစ်ခုအဖြစ် မှတ်ယူကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို မာနထောင်လွှားကာ လှည့်စားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည်ဟု သတ်မှတ်မည်ဆိုပါက ယင်းကို ပွင့်ပွင့်လင်းလင်း အငြင်းပွားကြမည်မဟုတ်သကဲ့သို့ နှိမ့်ချမှု၊ သည်းခံခြင်းနှင့် လက်သင့်ခံခြင်းရှိသည့် သဘောထားတစ်ခုကို ပြကြလိမ့်မည်။ သို့ရာတွင် စိတ်ထဲတွင်မူ ယင်းကို အလေးအနက် ယူရမည့်အစား အတိုက်အခံပြုကြပေမည်။ “ကျွန်ုပ်က မာနထောင်လွှားသလား။ ကျွန်ုပ် မာနထောင်လွှားသည်ဆိုပါက ကမ္ဘာပေါ်တွင် လူကောင်းတစ်ဦးမျှ မရှိတော့ပါ။ ကျွန်ုပ် လှည့်စားတတ်သည်ဆိုပါက လောကရှိ မည်သူမျှ မရိုးသားပါ။ ကျွန်ုပ် ကောက်ကျစ်ဆိုးယုတ်သည်ဆိုပါက လောကရှိ မည်သူမျှ မရည်မွန်ပါ။ ယခုခေတ်တွင် ကျွန်ုပ်လောက် ကောင်းသောသူတစ်ဦးကို တွေ့ဖို့ လွယ်ကူပါသလား။ ဟင့်အင်း၊ မဖြစ်နိုင်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို လှည့်စားတတ်သည်၊ မာနထောင်လွှားသည်ဟု သတ်မှတ်ဖို့၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ မချစ်ဟု ပြောဆိုဖို့ရန် ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့ ၎င်းတို့ကို မယုံကြည်သူအဖြစ် သတ်မှတ်ဖို့ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ ၎င်းတို့သည် စားပွဲကို လက်ဖြင့် ဗြန်းကနဲရိုက်ကာသာ ငြင်းခုံလိမ့်မည်။ “သို့ဆိုလျှင် ကျွန်ုပ် မယုံကြည်သူဖြစ်သည်ဟု သင်ပြောသည်ပေါ့။ ကျွန်ုပ် ကယ်တင်မခံရနိုင်ပါက သင်တို့လည်း မည်သူမျှ ကယ်တင်မခံရနိုင်ပါ”ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးက “သင်သည် သမ္မာတရားကို လက်မခံပါ။ လူတို့က သင်၏ ပြဿနာများကို ထောက်ပြသည့်အခါ သင် အတော်လေး နှိမ့်ချပြီး သည်းခံပုံပေါ်သော်လည်း စိတ်ထဲတွင် တကယ် ခုခံနေသည်။ သမ္မာတရားနှင့် ပတ်သက်၍ သင် မိတ်သဟာယပြုနေချိန်တွင် သင် ဟောပြောသည့်အရာမှာ မှန်ကန်သော်လည်း သင်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနှစ်သာရကို ဖော်ထုတ်ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော် တစ်လုံးကိုမျှ လက်မခံသည့် အမှန်တရားက ကျန်ရှိနေသည်။ ထိုအရာများကို သင်သည် ခုခံပြီး ငြင်းပယ်သည်။ သင်သည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိသည်”ဟု ဆိုခြင်းအားဖြင့် ၎င်းတို့ကို ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်သည်။ ၎င်းတို့ကို “ဆိုးယုတ်သည်”ဟု သင် သတ်မှတ်ပါက ၎င်းတို့ တကယ်ကို လက်မခံနိုင်ကြချေ။ “ကျွန်ုပ်က ဆိုးယုတ်သတဲ့လား။ ကျွန်ုပ် ဆိုးယုတ်ပါက အချိန်ကြာမြင့်စွာကတည်းက သင်တို့ကို ကျွန်ုပ် ခြေဖဝါးအောက်တွင် နင်းချေပြီးဖြစ်မည်။ ကျွန်ုပ် ဆိုးယုတ်ပါက သင်တို့အားလုံးကို ဖျက်ဆီးနှင့်ပြီး ဖြစ်မည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်၍ သင် ဖော်ထုတ်သမျှ၊ သို့မဟုတ် ၎င်းတို့နှင့် မှန်မှန်ကန်ကန် မိတ်သဟာယပြုသမျှကို ၎င်းတို့ သဘောမပေါက်နိုင်ကြချေ။ အမှုအရာများကို မှန်မှန်ကန်ကန် သဘောပေါက်ဖို့ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ တစ်စုံတစ်ဦးက သင့်အထဲတွင် မည်သည့်ပြဿနာကို ထုတ်ဖော်ပြသည်ဖြစ်စေ၊ သင်၏ ရည်ရွယ်ချက်များနှင့် အတွေးများတွင် အမှားတစ်ခုတလေ အမှန်တကယ် ရှိမရှိကို ဆန်းစစ်ရန် ထိုပြဿနာများကို ဘုရားနှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ်၍ အကဲဖြတ်ခြင်းနှင့် သင့်အထဲတွင် ပြဿနာမည်မျှ ပေါ်လွင်လာသည်ဖြစ်စေ၊ ထိုပြဿနာအားလုံးကို လက်သင့်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားဖြင့် ချဉ်းကပ်ခြင်းကို ဆိုလိုသည်။ ယင်းမှာ လူတစ်ဦးက မိမိ၏ ပြဿနာများအပေါ် သိသောအသိကို အမှန်တကယ် ရရှိနိုင်ပုံ ဖြစ်သည်။ အကြင်သူသည် မိမိ၏ အယူအဆများနှင့် စိတ်ကူးများနှင့်အညီ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိသောအသိ မရရှိနိုင်ပေ။ ဤအရာကို ဘုရားနှုတ်ကပတ်တော်များအရ လုပ်ဆောင်ရမည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် သိသောအသိအတွက် မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ စာတန်သည် လူသားမျိုးနွယ်ကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ လူခပ်သိမ်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ဆိုသည့် အချက်ကို သင် အသိအမှတ်ပြုရမည်။ သင်သည် ဤအချက်ကို လက်ခံခြင်းအားဖြင့်သာ ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်အတိုင်း မိမိကိုယ်ကိုယ် သုံးသပ်နိုင်ပြီး ဤမိမိကိုယ်ကိုယ် သုံးသပ်ခြင်းဖြစ်စဉ်တွင် သင်၏ ပြဿနာများကို ဖြည်းဖြည်းချင်း ဖော်ထုတ်နိုင်ပေသည်။ သင် သတိမထားမိလိုက်ဘဲ သင်၏ ပြဿနာများသည် နည်းနည်းချင်း ပေါ်လာလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို ရှင်းလင်းပြတ်သားမှုဖြင့် သင် နားလည်သွားလိမ့်မည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် သင်သည် မည်သည့် လူစားမျိုးဖြစ်ပြီး သင်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သိသောအသိအား သင် ရရှိနိုင်သည်။ ထိုသို့ဖြင့် ဘုရားသခင် ပြောပြီး ထုတ်ဖော်ပြသမျှအားလုံးကို လက်သင့်ခံခြင်းအား သင် စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် လူသားအတွက် ဘုရားသခင် ခင်းကျင်းထားသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်များတွင် ဆက်လက်ရှာဖွေကာ သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်လိမ့်မည်ဖြစ်သည်။ ယင်းမှာ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ ဟူသည့်အရာ ဖြစ်သည်။ သို့ရာတွင် ယင်းမှာ ဤလူစားမျိုးက ဘုရားနှုတ်ကပတ်တော်များကို လက်ခံရရှိပုံ ဖြစ်သလော။ မဟုတ်ပါ။ ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဖော်ထုတ်နေသည့် သူ၏ နှုတ်ကပတ်တော်များသည် အားလုံး အမှန်တရားဖြစ်ကြောင်း သိမြင်ခြင်းကို ဖွင့်ဟဝန်ခံနိုင်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား သိရှိဖို့ ၎င်းတို့ကို သင် စေခိုင်းမည်ဆိုပါက ၎င်းတို့ လက်ခံလိမ့်မည်မဟုတ်သကဲ့သို့ အသိအမှတ်ပြုလိမ့်မည်လည်း မဟုတ်ပေ။ ထိုအရာက ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိပြီး ရည်မွန်သောလူများဖြစ်သည်၊ ဖြောင့်မှန်ပြီး ဂုဏ်ရှိသူများဖြစ်သည်ဟု ထင်မှတ်ကြသောကြောင့် ဖြစ်သည်။ ဖြောင့်မှန်သောလူတစ်ဦးဖြစ်ခြင်းသည် ထိုသူက သမ္မာတရား ပိုင်ဆိုင်သည်ဟု ဆိုလိုသလော။ ဖြောင့်မှန်သူဖြစ်ခြင်းသည် တစ်ဦးတစ်ယောက်၏ လူ့သဘာဝနှင့်ဆိုင်သော အပြုသဘောဆောင်သည့် သရုပ်သကန်တစ်ခုမျှသာဖြစ်သည်။ ယင်းက သမ္မာတရားကို ကိုယ်စားမပြုပေ။ ထို့ကြောင့် သာမန်လူ့သဘာဝ၏ ထူးခြားသော လက္ခဏာတစ်ခုရှိရုံသက်သက်ကြောင့် သင်သည် သမ္မာတရား လိုက်စားရန်မလိုအပ်ဟု မဆိုလိုသကဲ့သို့ သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟုလည်း မဆိုလိုပေ။ ပြီးလျှင် သင်သည် ဘုရားသခင် ချစ်သော လူတစ်ဦးဖြစ်သည်ဟု သာ၍ပင် မဆိုလိုသေးချေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤ“တည်ကြည်မြင့်မြတ်သောလူများ”ဟု ခေါ်သူများသည် ၎င်းတို့တွင် မာနထောင်လွှားသော၊ လှည့်စားတတ်သော စိတ်သဘောထားများ၊ သို့မဟုတ် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားမရှိကြောင်းနှင့် ကောက်ကျစ်ဆိုးယုတ်ကာ ရက်စက်သည့် စိတ်သဘောထားများ သေချာပေါက်မရှိကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် တည်ကြည်မြင့်မြတ်သောလူများ ဖြစ်သောကြောင့်၊ သဘာဝအားဖြင့် ဖြောင့်မှန်ပြီး ကြင်နာတတ်သောကြောင့်၊ အခြားသူများ၏အနိုင်ကျင့်ခြင်းကို ၎င်းတို့ အမြဲခံရပြီး ၎င်းတို့အနေဖြင့် အစွမ်းအစ ညံ့ဖျင်းကာ မသိနားမလည်ဖြစ်ကြသော်လည်း ရိုးသားကြသောကြောင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တစ်ခုမျှ ၎င်းတို့အတွင်းတွင် မတည်ရှိဟု ထင်ကြသည်။ ဤ “ရိုးသားခြင်း”သည် စစ်မှန်သော ရိုးသားခြင်းမဟုတ်၊ မာယာကင်းခြင်း၊ မဝံ့မရဲဖြစ်ခြင်းနှင့် မသိနားမလည်ခြင်း ဖြစ်သည်။ ထိုသို့သော လူများက အလွန်မိုက်မဲသူများ ဖြစ်သည် မဟုတ်လော။ လူတိုင်းက ၎င်းတို့ကို လူကောင်းများအဖြစ် မြင်သည်။ ဤအမြင်သည် မှန်ကန်ပါ၏လော။ လူကောင်းများအဖြစ် လူတို့ တွေးဆမိကြသူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသလော။ အဖြေမှာ “ရှိသည်”ဟူ၍ ဖြစ်၏။ ဤသည်မှာ သေချာပေသည်။ မာယာကင်းသောလူများသည် အလိမ်အညာများ မပြောကြသလော။ အခြားသူများကို ၎င်းတို့ မလှည့်စားကြလေသလော၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ဟန်ဆောင်ဖုံးကွယ်ခြင်း မရှိကြလေသလော။ ၎င်းတို့ တစ်ကိုယ်ကောင်းမဆန်ကြသလော။ လောဘမကြီးကြသလော။ မြင့်မားသော ရာထူးကို မလိုချင်ကြသလော။ လွန်ကဲသည့် စိတ်ဆန္ဒများအားလုံး ကင်းကြသလော။ သေချာပေါက် မကင်းကြချေ။ ၎င်းတို့ မကောင်းမှုမလုပ်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သင့်တော်သည့် အခွင့်အရေး မရှိကြသောကြောင့် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ ဂုဏ်ယူဝင့်ကြွားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တည်ကြည်မြင့်မြတ်သောလူများအဖြစ် ဘိသိက်ပေးကြပြီး ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိဟု ယုံကြည်ကြသည်။ ထို့ကြောင့် တစ်စုံတစ်ဦးက ၎င်းတို့ရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ပွင့်အံထွက်ခြင်း၊ သို့မဟုတ် အခြေအနေတစ်မျိုးမျိုးကို ထောက်ပြမည်ဆိုပါက ၎င်းတို့က “ကျွန်ုပ် မလုပ်ပါ။ ယင်းမှာ ကျွန်ုပ်ဖြစ်သည့်အရာမဟုတ်သကဲ့သို့ ကျွန်ုပ် ပြုမူပုံ၊ စဉ်းစားပုံမဟုတ်ပါ။ ကျွန်ုပ်ကို သင်တို့ အထင်လွဲပြီ။ ကျွန်ုပ် မာယာကင်းကြောင်း၊ နုံအကြောင်း၊ ကြောက်တတ်ကြောင်း သင်တို့ အားလုံးမြင်ကြသောကြောင့် ကျွန်ုပ်ကို အနိုင်ကျင့်ကြသည်”ဟု ဆိုကာ ချေပကြပေမည်။ ၎င်းက ပြန်လည်တိုက်ခိုက်နိုင်သည်၊ ဤသို့သောလူမျိုးသည် မည်သို့ဖြစ်သနည်း။ အကြင်သူသည် ထိုသို့သောလူကို ရန်စဝံ့လျှင် ထိုသူ၏ ထာဝစဉ် လိုက်လံပြောဆိုခြင်းခံရလိမ့်မည်။ မည်သည့်အခါတွင်မျှ နားထောင်၍ ဆုံးတော့မည်မဟုတ်။ တတ်နိုင်သမျှ ကြိုးစားပါစေ ထိုလူကို ၎င်းတို့ ခါချနိုင်မည်မဟုတ်။ ဤကျိုးကြောင်းဆီလျော်မှု မရှိသော၊ မရပ်မနား စိတ်အနှောင့်အယှက်ပေးသော လူများသည် ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမရှိသည့် သမ္မာတရား လိုက်စားသူများဖြစ်သည်၊ မာယာကင်းသည်၊ မသိနားမလည်သောလူများဖြစ်သည်ဟု တွေးထင်ကြဆဲဖြစ်သည်။ မကြာခဏဆိုသလို ၎င်းတို့က “ကျွန်ုပ်သည် မသိနားမလည်ဖြစ်နိုင်သော်လည်း မာယာကင်းသည်။ ကျွန်ုပ်သည် ရိုးသားသောလူတစ်ဦးဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို ချစ်သည်”ဟုပင် ဆိုကြသည်။ ၎င်းတို့အတွက်မှာမူ ဤသည်တို့မှာ အမြတ်ထုတ်ရမည့်အရာများ ဖြစ်သည်။ ဤသည်မှာ အနည်းငယ် အရှက်မဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်က သင့်ကို ချစ်သည်ဟု သင်ဆိုသည်။ ယင်းမှာ မှန်ပါ၏လော။ ထိုသို့ပြောဆိုခြင်းအတွက် သင့်မှာ အခြေခံအကြောင်းရင်း ရှိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိသလော။ သင့်ကို စုံလင်စေမည်ဟု ဘုရားသခင် ပြောပြီလော။ သင့်ကို အသုံးပြုရန် ဘုရားသခင် စီစဉ်သလော။ ဤအရာများကို သင့်အား ဘုရားသခင် မပြောသေးပါက သင့်ကို သူချစ်သည်ဟု သင် ပြော၍မရ။ သင့်အပေါ် သူ သနားခြင်းရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းမှာ ကြီးမြတ်သောအရာ ဖြစ်နှင့်ပြီးသား ဖြစ်သည်။ ဘုရားသခင်က သင့်ကို ချစ်သည်ဟု သင် ပြောပါက ယင်းမှာ သင်၏ ကိုယ်ရေးကိုယ်တာ သိနားလည်မှုသာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို အမှန်တကယ် ချစ်သည်ဟု သက်သေမပြပေ။ သမ္မာတရား မလိုက်စားသောလူတစ်ဦးကို ဘုရားသခင်က ချစ်ပါမည်လော။ မသိနားမလည်သော၊ ကြောက်တတ်သော လူတစ်ဦးကို ဘုရားသခင်က ချစ်ပါမည်လော။ ဘုရားသခင်က မသိနားမလည်သော၊ ကြောက်တတ်သောသူအတွက် သနားခြင်းရှိသည်။ ထိုမျှသည် မှန်ပေ၏။ ဘုရားသခင်သည် အမှန်တကယ် ရိုးသားသောသူများ၊ သမ္မာတရား လိုက်စားသူများ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သူ့ကို ကျိုးနွံနာခံနိုင်သူများ၊ သူ့ကို ချီးမြှောက်ပြီး သူ့အတွက် သက်သေခံနိုင်သူများ၊ သူ၏ ရည်ရွယ်ချက်များကို ထောက်ထားနိုင်ပြီး စိတ်ရင်းအတိုင်း သူ့ကို ချစ်နိုင်သူများအား ချစ်သည်။ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံနိုင်ပြီး မိမိတို့တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်သူများသာ ဘုရားသခင်၏ မေတ္တာ ပိုင်ဆိုင်သည်။ သမ္မာတရားအပြင် ပြုပြင်ခြင်းခံရခြင်းကို လက်ခံနိုင်သူတို့သာ ဘုရားသခင်၏ မေတ္တာ ပိုင်ဆိုင်သည်။ သမ္မာတရားကို လက်မခံသောသူများ၊ ပြုပြင်ခံရခြင်းကို လက်မခံသူများသည် ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းသောသူများ ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ဘုရားသခင် ပြောသမျှ နှုတ်ကပတ်တော်အားလုံးကို ခုခံပါက ဘုရားသခင်သည် သင့်ကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ပစ်ပစ်ခါခါ ငြင်းလိမ့်မည်။ သင့်ကိုယ်သင် လူကောင်းတစ်ဦးအဖြစ်၊ သနားစဖွယ်၊ ရိုးဖြောင့်ပြီး မာယာကင်းသော လူတစ်ဦးအဖြစ် အမြဲတွေးထင်သော်လည်း သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်က သင့်ကို ချစ်လိမ့်မည်လော။ မဖြစ်နိုင်ပေ။ သူ၏ နှုတ်ကပတ်တော်များတွင် ယင်းအတွက် အခြေခံအကြောင်းရင်း မရှိပေ။ သင်သည် မာယာကင်းခြင်း ရှိမရှိကို ဘုရားသခင် မကြည့်သကဲ့သို့ မည်သည့် လူ့သဘာဝ၊ သို့မဟုတ် အစွမ်းအစမျိုးဖြင့် သင် မွေးဖွားခဲ့သည်ဆိုသည်ကိုလည်း သူ ဂရုမစိုက်ပေ။ သူ၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် ထိုနှုတ်ကပတ်တော်များကို သင် လက်ခံခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်း ရှိမရှိ၊ ထိုနှုတ်ကပတ်တော်များကို သင် ကျိုးနွံနာခံခြင်း၊ သို့မဟုတ် ခုခံခြင်း ရှိမရှိဆိုသည်ကို သူကြည့်သည်။ သူ၏ နှုတ်ကပတ်တော်များက သင့်အပေါ်တွင် သက်ရောက်မှုရှိပြီး သင့်အထဲတွင် အကျိုးဖြစ်ထွန်းခြင်းရှိမရှိ သူ ပြောဆိုခဲ့သည့် များစွာသော နှုတ်ကပတ်တော်များအဖို့ စစ်မှန်သော သက်သေ ခံနိုင်ခြင်းရှိမရှိဆိုသည်ကို သူ ကြည့်သည်။ သင့်အတွေ့အကြုံ၏ အဆုံးသတ်ရလဒ်မှာ “ကျွန်ုပ်သည် မာယာကင်းသည်၊ ကြောက်တတ်သည်၊ ကျွန်ုပ်ဆုံရသည့် လူတိုင်း၏ အနိုင်ကျင့်ခြင်းကို ကျွန်ုပ်ခံရသည်။ လူတိုင်းက ကျွန်ုပ်ကို အထင်သေးကြသည်”ဟူ၍ ဖြစ်ပါက ဤသည်မှာ သက်သေခံချက်မဟုတ်ကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ သင်က “ကျွန်ုပ်သည် ဘုရားသခင် ပြောဆိုသည့် ရိုးသားသော်လည်း မသိနားမလည်သောလူတစ်ဦးဖြစ်သည်”ဟု ဖြည့်စွက်ပါက သင်သည် မုသားများဖြင့်ပြည့်ကြောင်းနှင့် သင်၏ နှုတ်တွင် အမှန်စကားတစ်ခွန်းတလေမျှ ရှာမတွေ့နိုင်ကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များရှိသည့်အခါ ထိုသတ်မှတ်ချက်များကို သင် လုံးဝ ကျိုးနွံနာခံဖို့ ပျက်ကွက်သည်သာမက “ကျွန်ုပ်သည် ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးပြီးဖြစ်ကာ ဘုရားသခင်ကို ကျွန်ုပ်ချစ်သည်”ဟု ပြောဆိုလျက် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီး မိမိအတွက် ဆင်ခြေများ ပေးဖို့ ကြိုးစားပါက ယင်းသည် ခိုင်လုံလိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို လိုက်စားသလော။ သင်၏ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အတွက် ရှိသည့် သင်၏မေတ္တာသည် မည်သို့ ထင်ရှားသနည်း။ သက်သေအထောက်အထား မပေးနိုင်ပါက မည်သူကမျှ ယုံကြည်လက်ခံလိမ့်မည်မဟုတ်။ သင်က “ကျွန်ုပ်သည် တည်ကြည်မြင့်မြတ်သောလူတစ်ဦးဖြစ်ပြီး ယဉ်ကျေးဖွယ်ရာစွာ ပြုမူသည်။ ကျွန်ုပ်သည် မတရားသော မေထုန်စပ်ယှက်မှု မရှိသကဲ့သို့ ကျွန်ုပ်၏ လုပ်ရပ်များတွင် စည်းမျဉ်းများအားလုံးကို လိုက်နာပါသည်။ ကျွန်ုပ်သည် အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ပါသည်။ အရက်သွားသောက်ခြင်း၊ ပြည့်တန်ဆာဖြင့် စပ်ယှက်ခြင်းနှင့် လောင်းကစား လုပ်ခြင်းတို့ မရှိပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ အိမ်တော်တွင် အနှောင့်အယှက်၊ သို့မဟုတ် ဆူပူမှုများ မဖြစ်စေပါ၊ သို့မဟုတ် သဘောထားကွဲလွဲမှု မဖြစ်စေပါ။ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး ကြိုးစားလုပ်ဆောင်ပါသည်။ ဤအရာများသည် ကျွန်ုပ် သမ္မာတရား လိုက်စားသည့် လက္ခဏာများ မဟုတ်ပါလော။ သမ္မာတရားကို ကျွန်ုပ် လိုက်စားနေပြီးသားဖြစ်သည်”ဟု ဆိုသည်။ ပြီးလျှင် ဘုရားသခင်က သင့်ကို ဤသို့ ပြောလိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖြေရှင်းပြီးပြီလော။ သင်၏ သမ္မာတရားလိုက်စားခြင်းအတွက် သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားရွေးချယ်ထားသော လူများ၏ လက်ခံမှုနှင့် လေးစားမှုကို သင် ရရှိနိုင်သလော။ သင့်အနေဖြင့် မည်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျှ မပေးနိုင်သည့်တိုင် သင်သည် ဘုရားသခင်ကို ချစ်သည့် ရိုးသားသောလူတစ်ဦးဖြစ်သည်ဟုဆိုလျှင် သင်သည် အခြားသူများကို အယောင်ဆောင် စကားလုံးများဖြင့် အထင်အမြင်မှားစေသည့်လူတစ်ဦးဖြစ်သည်။ သင်သည် ကျိုးကြောင်းဆီလျော်မှုမရှိသည့် နတ်ဆိုးနှင့် စာတန်ဖြစ်ပြီး ကျိန်ဆဲခြင်းခံထိုက်သည်။ သင့်အတွက် ကျန်ရှိသမျှမှာ ဘုရားသခင်၏ ရှုတ်ချခြင်းနှင့် ဖယ်ရှားခြင်းခံရဖို့ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။