သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁) အပိုင်း နှစ်

လူအချို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်စဉ်တွင် မကြာခဏ ထင်ရာမြင်ရာ၊ မဆင်မခြင် ပြုမူတတ်ကြသည်။ ၎င်းတို့သည် အလွန်အမင်း စိတ်လိုက်မာန်ပါပြုကြသည်။ ၎င်းတို့ပျော်ရွှင်သည့်အခါ မိမိတို့တာဝန်အနည်းငယ် လုပ်ကြပြီး မပျော်သည့်အခါ သုန်မှုန်ကာ “ကျွန်ုပ် ယနေ့ စိတ်မကြည်ပါ။ မည်သည့်အရာမျှ စားမည်မဟုတ်သကဲ့သို့ ကျွန်ုပ်တာဝန်ကို ထမ်းဆောင်မည်မဟုတ်ပါ”ဟု ဆိုကြသည်။ ထိုအခါ အခြားသူများက ၎င်းတို့နှင့် စေ့စပ်ဆွေးနွေးရပြီး “ယင်းက ဖြစ်မည်မဟုတ်ပါ။ သင် အလွန်စိတ်လိုက်မာန်ပါပြု၍ မရပါ”ဟု ဆိုကြသည်။ ယင်းကို ထိုလူများက မည်သို့ ပြောကြလိမ့်မည်နည်း။ “ဖြစ်မည်မဟုတ်သည်ကို ကျွန်ုပ်သိသည်။ သို့သော် ကျွန်ုပ်သည် ချမ်းသာကြွယ်ဝပြီး အခွင့်ထူးရသည့် မိသားစုတွင် မွေးဖွားခဲ့သည်။ ကျွန်ုပ်၏ အဖိုးအဖွားများနှင့် အန်တီတို့က ကျွန်ုပ်ကို အလိုလိုက်ခဲ့ပြီး ကျွန်ုပ်၏ မိဘများက သာ၍ပင် ဆိုးသည်။ ကျွန်ုပ်သည် သူတို့၏ အသည်းလေး၊ သူတို့၏ အသည်းကြော်ဖြစ်ပြီး အရာရာကို ကျွန်ုပ်ကို လိုက်လျောကြကာ အလိုလိုက်ခဲ့ကြသည်။ ထိုသို့ကြီးပြင်းလာရခြင်းက ကျွန်ုပ်တွင် ဤစိတ်လိုက်မာန်ပါပြုသည့် ပင်ကိုစရိုက် ကျန်ခဲ့သောကြောင့် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ကျွန်ုပ်ထမ်းဆောင်သည့်အခါ ကိစ္စများကို အခြားသူများနှင့် ကျွန်ုပ် မဆွေးနွေးခဲ့ပါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေခဲ့ပါ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိခဲ့ပါ။ ကျွန်ုပ်သည် ယင်းအတွက် အပြစ်တင်ခံရမည်လော”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ သိနားလည်မှုသည် မှန်ကန်ပါ၏လော။ ၎င်းတို့၏ သဘောထားသည် သမ္မာတရား လိုက်စားသည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် အစားစားချိန်တွင် အစားအစာ၏ အကောင်းဆုံးအပိုင်းများကို စားသုံးပုံ၊ မိမိတို့ကိုယ်ကိုယ်သာ ဂရုစိုက်ပြီး အခြားသူများအတွက် မတွေးပေးပုံကဲ့သို့သော ၎င်းတို့၏ အပြစ်အနည်းငယ်ကို တစ်စုံတစ်ဦးက ထောက်ပြသည့်အခါတိုင်းတွင် ၎င်းတို့က “ငယ်ငယ်ကတည်းက ကျွန်ုပ် ဤအတိုင်းဖြစ်ခဲ့သည်။ ထိုအရာကို ကျွန်ုပ် ကျင့်သားရနေပြီဖြစ်သည်။ အခြားလူများအတွက် ကျွန်ုပ် လုံးဝ မတွေးပေးမိခဲ့ပါ။ ကျွန်ုပ်သည် ကျွန်ုပ်ကို ချစ်ခင်ကြင်နာသည့် မိဘများနှင့် ကျွန်ုပ်အပေါ် တုန်နေအောင်ချစ်သည့် အဖိုးအဖွားများနှင့်အတူ အခွင့်ထူးရသည့် ဘဝကို အမြဲ ရှင်သန်နေထိုင်ခဲ့သည်။ ကျွန်ုပ်သည် တစ်မိသားစုလုံး၏ အသည်းကြော်ဖြစ်သည်”ဟု ဆိုကြလိမ့်မည်။ ဤသည်မှာ ပေါက်ကရစကားနှင့် အတွေးမှား တစ်ပုံတစ်ခေါင်း ဖြစ်သည်။ ဤသည်မှာ အနည်းငယ် အရှက်မဲ့ခြင်းနှင့် မျက်နှာပြောင်တိုက်ခြင်း ဖြစ်သည် မဟုတ်လော။ သင်၏ မိဘများက သင့်အပေါ် တုန်နေအောင် ချစ်ကြသဖြင့် အခြားလူတိုင်းကလည်း ထိုသို့ချစ်ရမည်ဟု ဆိုလိုသလော။ သင်၏ ဆွေမျိုးများက သင့်ကို ချစ်ခင်ကြင်နာပြီး တုန်နေအောင် ချစ်ကြသဖြင့် ဘုရားအိမ်တော်ထဲတွင် မဆင်မခြင်နှင့် ထင်ရာမြင်ရာ ပြုမူဖို့ရန် သင့်ကို အကြောင်းပြချက် ပေးသလော။ ယင်းမှာ ခိုင်လုံသော အကြောင်းပြချက်တစ်ခု ဖြစ်သလော။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ရှိရမည့် မှန်ကန်သော သဘောထား ဖြစ်သလော။ သမ္မာတရား လိုက်စားသည့် သဘောထား ဖြစ်သလော။ (မဟုတ်ပါ။) ဤလူများအပေါ် တစ်ခုခုဖြစ်ပျက်သည့်အခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် ၎င်းတို့ ဘဝများနှင့် ပတ်သက်၍ ပြဿနာတစ်ခုခု ရှိသည့်အခါ ထိုအတွက် တုံ့ပြန်ဖို့၊ ရှင်းပြဖို့၊ မှန်ကန်ကြောင်းပြဖို့ ဓမ္မဓိဋ္ဌာန်ကျသော ကျိုးကြောင်းပြချက်များကို ရှာဖွေကြသည်။ သမ္မာတရားကို လုံးဝ မရှာဖွေကြ၊ သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းကြသကဲ့သို့ မိမိတို့ကိုယ်ကိုယ် သုံးသပ်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်မလာကြချေ။ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းမရှိဘဲ အကြင်သူသည် မိမိ၏ ပြဿနာများနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သိရှိနိုင်သလော။ (မသိနိုင်ပါ။) ပြီးလျှင် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို မသိရှိဘဲ နောင်တရနိုင်သလော။ (မရနိုင်ပါ။) တစ်စုံတစ်ဦးသည် နောင်တမရနိုင်ပါက ၎င်းတို့ အစဉ်သဖြင့် အသက်ရှင်ကြမည့် အခြေအနေမှာ အဘယ်နည်း။ မိမိကိုယ်ကိုယ် ခွင့်လွှတ်ခြင်း ဖြစ်လိမ့်မည်မဟုတ်လော။ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ထုတ်ကြပြီးဖြစ်သော်လည်း မကောင်းမှု မလုပ်ကြသေး၊ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ကြသေး၊ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မဟုတ်သော်လည်း ဤသည်မှာ ရည်ရွယ်ချက်ဖြင့် လုပ်ခြင်းမဟုတ်သကဲ့သို့ ခွင့်လွတ်သင့်သည် ဟူသည့် ခံစားချက်တစ်ခု ဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ ယင်းသည် သမ္မာတရား လိုက်စားသူတစ်ဦး ရှိသင့်သည့် အခြေအနေမျိုးလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် လုံးဝ အမှန်တကယ် နောင်တမရသကဲ့သို့ ဤအခြေအနေမျိုးတွင် အမြဲ အသက်ရှင်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပြောင်းလဲနိုင်ကြလိမ့်မည်လော။ လုံးဝ ပြောင်းလဲနိုင်ကြလိမ့်မည်မဟုတ်။ ပြီးလျှင် လူတစ်ဦးသည် မိမိကိုယ်ကိုယ် မပြောင်းလဲပါက မိမိ၏ ဆိုးယုတ်မှုကို အမှန်တကယ် စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိ၏ ဆိုးယုတ်မှုကို အမှန်တကယ် စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အကြင်သူသည် သမ္မာတရားကို အမှန်တကယ် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ထိုသမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ဟု ဆိုလိုသည်။ ယင်းမှာ သိသာထင်ရှားသည့် ရလဒ်ဖြစ်သည်။ သင်သည် မိမိ၏ ဆိုးယုတ်မှုကို လက်မလွှတ်နိုင်ပါက၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက ဘုရားသခင်၏ စိတ်ကို သင်နှင့်ပတ်သက်၍ ပြောင်းလဲစေလိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိလိုလျှင်၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိလိုပြီး ဘုရားသခင်အား သင်၏ ပြစ်မှားမှုများကို ခွင့်လွှတ်ကာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းစေလိုလျှင် ဖြစ်နိုင်လိမ့်မည်လော။ (ဖြစ်နိုင်မည်မဟုတ်ပါ။) ယင်းက မဖြစ်နိုင်လျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုသည် သင်၏ ကယ်တင်ခြင်း၌ အကျိုးသက်ရောက်နိုင်သလော။ (မသက်ရောက်နိုင်ပါ။) လူတစ်ဦးသည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ပြီး ကြည်ညိုလေးစားသည့် အခြေအနေတွင် အသက်ရှင်ပါက သမ္မာတရား လိုက်စားရာတွင် အလွန်ပင်အဆင့်မမီပေ။ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် အလုပ်များစေသည့်အရာ၊ ကြည့်သည့်အရာ၊ နားထောင်သည့်အရာနှင့် ပြေးလွှားလုပ်ဆောင်နေကြသည့်အရာများသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အတော်အတန် ဆက်နွှယ်ကောင်း ဆက်နွှယ်နိုင်သော်လည်း ထိုအရာများသည် သမ္မာတရား လိုက်စားခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းနှင့် မည်သို့မျှ ပတ်သက်လိမ့်မည်မဟုတ်ပေ။ ဤရလဒ်က သိသာထင်ရှားပေသည်။ ထိုအရာများသည် သမ္မာတရား လိုက်စားခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းနှင့် မဆက်နွှယ်သည့်အတွက် ထိုလူသည် မိမိကိုယ်ကိုယ် သုံးသပ်ပြီးဖြစ်လိမ့်မည်မဟုတ်သကဲ့သို့ မိမိကိုယ်ကိုယ် သိသည့်အသိ ရှိလိမ့်မည်လည်း မဟုတ်ပေ။ ၎င်းတို့ ဖောက်ပြန်ပျက်စီးပြီးဖြစ်သည့် အတိုင်းအတာကို ၎င်းတို့ သိလိမ့်မည်မဟုတ်သကဲ့သို့ နောင်တရခြင်းငှာ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလိမ့်မည်မဟုတ်။ ထို့ကြောင့် စစ်မှန်သော နောင်တ ရရှိရန်၊ သို့မဟုတ် ၎င်းတို့နှင့် ပတ်သက်၍ ဘုရားသခင်အား သူ၏ စိတ်ကို ပြောင်းလဲအောင်လုပ်ရန် ပို၍ပင် ဖြစ်နိုင်ဖွယ်မရှိပေ။ သင်သည် ထိုသို့သော အခြေအနေတစ်ခုတွင် အသက်ရှင်ပြီး ဘုရားသခင်အား သင့်အပေါ် သူ၏စိတ်ကို ပြောင်းလဲစေလိုလျှင်၊ ခွင့်လွှတ်စေလိုလျှင်၊ သို့မဟုတ် လက်ခံစေလိုလျှင် ယင်းသည် ဧကန်အမှန် ခက်ခဲလိမ့်မည်။ ဤနေရာတွင် “လက်ခံသည်”ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်လုပ်ဆောင်သည့်အရာကို ဘုရားသခင်က အသိအမှတ်ပြုသည်၊ ထိုအရာကို လက်ခံပြီး အမှတ်ရသည်ဟု ဆိုလိုသည်။ ဤအရာတစ်ခုတလေမျှ သင် မရရှိနိုင်ပါက သင်လုပ်ဆောင်သည့်အရာများ၊ သင်၏ အားစိုက်မှုများ၊ သင်၏ ပွင့်အံထုတ်မှုများနှင့် အပြုအမူများတွင် သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိကြောင်း သက်သေပြသည်။ သင်သည် မည်သည့်အရာတွေးသည်မှာ အရေးမကြီးပေ။ အပြုအမူကောင်းအချို့ကို သင် ဆောင်ရွက်နိုင်လျှင်ပင် ဤအပြုအမူများက သင်၏ လူ့သဘာဝအတွင်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ကိုသာ ကိုယ်စားပြုသည်။ သို့ရာတွင် သင်၏ စမှတ်၊ ရည်ရွယ်ချက်များနှင့် အကြောင်းရင်းများမှာ သမ္မာတရားလိုက်စားခြင်းနှင့် မသက်ဆိုင်သောကြောင့် ဤအပြုအမူကောင်းများသည် သမ္မာတရား လိုက်စားခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်ပေ။ ထိုသို့ ပြောဆိုခြင်းအတွက် အကြောင်းပြချက်များမှာ အဘယ်နည်း။ အကြောင်းပြချက်များမှာ သင်၏ အတွေးများ၊ လုပ်ရပ်များ၊ သို့မဟုတ် လုပ်ဆောင်ချက်များ တစ်ခုမျှသည် သမ္မာတရား လိုက်စားရာတွင်မရှိသကဲ့သို့ သမ္မာတရားနှင့် မပတ်သက်ကြခြင်း ဖြစ်သည်။ အကြင်သူ လုပ်သမျှ အရာတိုင်းသည် ဘုရားသခင်၏ လက်ခံမှုနှင့် အသိအမှတ်ပြုခြင်း ရရှိဖို့ မဟုတ်ပါက ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်၏ လက်ခံမှု၊ သို့မဟုတ် အသိအမှတ်ပြုခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်သကဲ့သို့ ဤအပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများကို လူသားအပြုအမူကောင်းများအဖြစ်သာ ခေါ်ဆို၍ရနိုင်သည်မှာ သိသာထင်ရှားပေသည်။ ထိုအရာများသည် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့် လက္ခဏာများ မဟုတ်သကဲ့သို့ ထိုသမ္မာတရားကို ၎င်းတို့ လိုက်စားနေသည့် လက္ခဏာလည်း သေချာပေါက် မဟုတ်ပေ။ အထူးသဖြင့် စိတ်လိုက်မာန်ပါပြုပြီး မဆင်မခြင်နှင့် ထင်ရာမြင်ရာ မကြာခဏ ပြုမူတတ်သောလူများသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံကြသကဲ့သို့ ပြုပြင်ခံရခြင်းကိုလည်း လက်မခံကြချေ။ သမ္မာတရား လိုက်စားရန် ၎င်းတို့၏ ပျက်ကွက်မှုနှင့် ပြုပြင်ခြင်းကို ၎င်းတို့၏ လက်ခံနိုင်စွမ်း မရှိခြင်းတို့အတွက် မကြာခဏ ဆင်ခြေများလည်း ပေးကြသည်။ ယင်းမှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားတစ်ခု၊ စာတန်၏ စိတ်သဘောထားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ လူသားသည် စာတန်၏ သဘာဝနှင့် ၎င်း၏ စိတ်သဘောထားကို ပိုင်ဆိုင်သောကြောင့် စာတန်နှင့်သက်ဆိုင်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ၎င်းတို့သည် နတ်ဆိုးများ၊ စာတန်၏ ရင်သွေးများနှင့် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်ကြ၏။ လူအချို့သည် ၎င်းတို့က နတ်ဆိုးများ၊ စာတန်များနှင့် အဆင်းနီသော နဂါးကြီး၏ သားသမီးများဖြစ်ကြောင်း ဝန်ခံနိုင်ကြပြီး ၎င်းတို့၏ မိမိကိုယ်ကိုယ် သိသောအသိအကြောင်းကို အလွန် လှလှပပ ပြောတတ်ကြသည်။ သို့ရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ထုတ်ဖော်ပြပြီး တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်သည့်အခါ၊ ၎င်းတို့ကို ပြုပြင်သည့်အခါ မိမိတို့ကိုယ်ကိုယ် မှန်ကြောင်းရှင်းပြဖို့ အစွမ်းကုန်ကြိုးစားကြပြီး သမ္မာတရားကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤတွင် ဤလူတို့သည် အလွန်အမင်း ဖော်ထုတ်ခံကြရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောသည့်အချိန်တွင် အလွန် လှလှပပ ပြောတတ်ကြသည်။ သို့သော်ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ အဘယ်ကြောင့် သမ္မာတရားကို လက်မခံနိုင်ကြသနည်း။ ဤနေရာတွင် ပြဿနာတစ်ခု ရှိ၏။ ဤကိစ္စမျိုးသည် အတော်လေး ဖြစ်နေကျဖြစ်သည် မဟုတ်လော။ ပိုင်းခြားသိမြင်ရန် လွယ်ကူပါသလော။ အမှန်ပင် လွယ်၏။ မိမိတို့ကိုယ်ကိုယ် သိသောအသိအကြောင်း ပြောဆိုကြသည့်အခါ ၎င်းတို့က နတ်ဆိုးများနှင့် စာတန်များဖြစ်ကြောင်း ပြောသောလူများ အတော်လေးရှိကြသော်လည်း နောက်ပိုင်းတွင် နောင်တမရ၊ သို့မဟုတ် မပြောင်းလဲကြချေ။ ထို့ကြောင့် ၎င်းတို့ပြောသည့် မိမိကိုယ်ကိုယ် သိမြင်မှုသည် မှန်သလော၊ မှားသလော။ ၎င်းတို့သည် စစ်မှန်သော မိမိတို့ကိုယ်ကိုယ် သိမြင်မှု ရှိကြသလော၊ သို့မဟုတ် ယင်းသည် အခြားသူများကို လှည့်စားဖို့ လိမ်လည်သောသဘောသာ ဖြစ်သလော။ အဖြေမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် စစ်မှန်သော မိမိကိုယ်ကိုယ် သိမြင်မှု ရှိမရှိဆိုသည်ကို ကြည့်ရန် ထိုလူက ထိုအကြောင်း ပြောသည်ကိုသာ သင် နားမထောင်သင့်။ ပြုပြင်ခြင်းအပေါ် ၎င်းတို့ရှိသည့် သဘောထားနှင့် သမ္မာတရားကို ထိုသူ လက်ခံခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ ယင်းမှာ အရေးအပါဆုံးသောအရာ ဖြစ်၏။ ပြုပြင်ခြင်းကို လက်မခံသောသူ မည်သူမဆိုသည် သမ္မာတရားကို လက်မခံသည့်၊ လက်ခံရန် ငြင်းပယ်သည့် အနှစ်သာရရှိပြီး၊ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ချေ။ ယင်းမှာ သံသယရှိစရာမလိုပေ။ လူအချို့သည် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ပြသည်ဖြစ်စေ၊ အခြားသူများက မိမိတို့ကို ပြုပြင်သည်ကို ခွင့်မပြုကြချေ။ မည်သူကမျှ ၎င်းတို့ကို ပြုပြင်ခြင်း မပြုနိုင်ကြချေ။ ၎င်းတို့၏ မိမိကိုယ်ကိုယ် သိမြင်မှုအကြောင်းကို ၎င်းတို့သဘောကျ မည်သည့်နည်းလမ်းဖြင့်မဆို ပြောခွင့်ရကြသော်လည်း အခြားတစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်၊ ဝေဖန်လျှင်မူ၊ သို့မဟုတ် ပြုပြင်လျှင်မူ ယင်းသည် မည်သို့ ဓမ္မဓိဋ္ဌာန်ကျသည်ဖြစ်စေ၊ သို့မဟုတ် အမှန်တရားများနှင့် မည်သို့ ကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့ လက်ခံကြလိမ့်မည်မဟုတ်။ ၎င်းတို့၌ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်ခြင်းမျိုးကို အခြားလူက ဖော်ထုတ်သည်ဖြစ်စေ ၎င်းတို့သည် အလွန်အမင်း ရန်လိုကြပြီး စစ်မှန်သော ကျိုးနွံနာခံခြင်း စိုးစဉ်းမျှပင် မရှိဘဲ မိမိတို့ကိုယ်ကိုယ်အတွက် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော ကျိုးကြောင်းပြချက်များကို ပေးမြဲပေးကြသည်။ ထိုသို့သောလူများသည် သမ္မာတရားကို မလိုက်စားကြပါက ပြဿနာ ရှိလိမ့်မည်။ အသင်းတော်တွင် ၎င်းတို့သည် ထိ၍မရသကဲ့သို့ အပြစ်တင်၍မရသောသူများ ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်၍ ကောင်းမွန်သော အရာတစ်ခုခုကို လူတို့ ပြောသည့်အခါ ထိုအရာက ၎င်းတို့ကို ပျော်ရွှင်စေလိမ့်မည်။ ၎င်းတို့နှင့် ပတ်သက်၍ မကောင်းသော အရာတစ်ခုခုကို ထောက်ပြသည့်အခါ ဒေါသထွက်ကြလိမ့်မည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်ပြီး “သင်သည် လူကောင်းတစ်ဦး ဖြစ်သော်လည်း အလွန် စိတ်လိုက်မာန်ပါပြုသည်။ သင်သည် အမြဲ ထင်ရာမြင်ရာနှင့် မဆင်မခြင်ပြုမူနေသည်။ ပြုပြင်ခြင်းကို သင်လက်ခံဖို့လိုသည်။ ဤချို့တဲ့ခြင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်မှာ သင့်အတွက် ပိုကောင်းမည် မဟုတ်လော”ဟု ပြောသည်။ တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့က “ဆိုးယုတ်သည့်အရာတစ်ခုမျှ ကျွန်ုပ် မလုပ်ဖူးပါ။ ကျွန်ုပ် အပြစ်မလုပ်ဖူးပါ။ အဘယ်ကြောင့် ကျွန်ုပ်ကို သင် ပြုပြင်နေသနည်း။ ကျွန်ုပ်သည် ငယ်ငယ်ကတည်းက အိမ်တွင် မိဘများကရော၊ အဖိုးအဖွားတို့ကပါ တုန်နေအောင် ချစ်သည်ကို ခံခဲ့ရသည်။ ကျွန်ုပ်သည် သူတို့၏ အသည်းလေး၊ အသည်းကြော် ဖြစ်သည်။ ယခု ဘုရားအိမ်တော်တွင်မူ မည်သူကမျှ ကျွန်ုပ်ကို တုန်နေအောင် မချစ်ကြပါ။ ဤနေရာတွင် အသက်ရှင်ရသည်မှာ ပျော်စရာမရှိပါ။ သင်တို့သည် ကျွန်ုပ်၏ အပြစ်တစ်ခုမဟုတ် တစ်ခုကို အမြဲ ယိုးမယ်ဖွဲ့နေပြီး ကျွန်ုပ်ကို ပြုပြင်ဖို့ ကြိုးစားနေသည်။ ကျွန်ုပ်သည် အဘယ်သို့ ထိုသို့ အသက်ရှင်ရမည်နည်း”ဟု ပြောကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိသူက ဤလူများသည် ၎င်းတို့ မိဘများနှင့် မိသားစု၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်ကာ ယခုတွင်ပင် ၎င်းတို့ မည်သို့ ပြုမူနေထိုင်ရမည်၊ သို့မဟုတ် အမှီအခိုကင်းစွာ အသက်ရှင်ရမည်ကို မသိကြကြောင်း ချက်ချင်း ပြောနိုင်သည်။ သင်၏ မိသားစုသည် သင့်အပေါ် အရုပ်တစ်ရုပ်ကဲ့သို့ တုန်နေအောင် ချစ်ပြီး သင်သည် လောကတွင် မိမိနေရာကို မသိချေ။ သင်သည် မိမိ သတိမထားမိသကဲ့သို့ ဆင်ခြင်သုံးသပ်ရကောင်းမှန်းလည်း မသိသော မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုယ် အမှန်ဟုမှတ်ယူခြင်းနှင့် လွန်ကဲသော စိတ်လိုက်မာန်ပါပြုခြင်းတည်းဟူသော အကျင့်ဆိုးများ ဖြစ်ပေါ်ပြီးဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်သော်လည်း သူ၏ နှုတ်ကပတ်တော်များကို နားမထောင်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိချေ။ ထိုသို့သော ဘုရားသခင်ကို ယုံကြည်မှုဖြင့် သမ္မာတရားကို သင် ရရှိနိုင်သလော။ ထိုသမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို သင် အသက်ရှင် နေထိုင်နိုင်သလော။ သေချာပေါက် အသက်မရှင်နိုင်ပေ။ ဘုရားသခင်၌ ယုံကြည်သူတစ်ဦးအနေဖြင့် သင်သည် အနည်းဆုံး သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကိုယ် သိရှိရမည်။ ထိုသို့ဖြင့်သာ သင်သည် ပြောင်းလဲနိုင်လိမ့်မည်။ သင်၏ ယုံကြည်ခြင်းတွင် သင်သည် မိမိ၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အမြဲ မှီခိုပါက၊ သမ္မာတရားကို လိုက်စားမည့်အစား ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းကိုသာ ရှာဖွေပါက၊ စစ်မှန်သော နောင်တရနိုင်စွမ်းမရှိသကဲ့သို့ သင်၏ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှု မရှိပါက ဘုရားသခင်၌ သင်၏ ယုံကြည်မှုသည် အဓိပ္ပာယ်မဲ့လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သမ္မာတရားကို သင် နားလည်ရမည်။ မိမိကိုယ်ကိုယ် သိမြင်ရာ၌ သင် အားထုတ်ရမည်။ သင့်တွင် မည်သည့်အရာ ဖြစ်ပျက်ပါစေ သင်သည် သမ္မာတရားကို ရှာဖွေပြီး သင့်ထံတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံ့ထွက်လာသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များအတိုင်း သမ္မာတရားကို မိတ်သဟာယပြုခြင်းအားဖြင့် သင် ဖြေရှင်းရမည်။ တစ်စုံတစ်ဦးသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထောက်ပြပါက၊ သို့မဟုတ် သင့်ကိုယ်သင် ဆန်းစစ်ဖို့ ကနဦးခြေလှမ်းလှမ်းပါက၊ ယင်းကို ဘုရားနှုတ်ကပတ်တော်များနှင့် အသိရှိရှိ နှိုင်းယှဉ်ပြီး ဆန်းစစ်၊ စစ်ဆေးနိုင်ကာ မိမိကိုယ်ကိုယ် သိရှိနိုင်ပြီးနောက်တွင် သင်၏ ပြဿနာကို ပြုပြင်ပြီး နောင်တတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆက်လက်လုပ်ဆောင်နိုင်ပါက လူသားတစ်ဦးအဖြစ် အသက်ရှင်နိုင်စွမ်း ရှိလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သောသူများသည် သမ္မာတရားကို လက်ခံရမည်။ သင့်မိသားစု၏ တုန်နေအောင်ချစ်သည့် ခံစားချက်ကို သင် အမြဲ အကြိုက်တွေ့နေပါက၊ ၎င်းတို့၏ အသည်းကြော်၊ အသည်းလေးဖြစ်ခြင်းကို အမြဲ ကျေနပ်နှစ်သိမ့်ပါက မည်သည့်အရာကို သင် ရရှိနိုင်လိမ့်မည်နည်း။ သင်သည် သင့်မိသားစု၏ အသည်းကြော်နှင့် ၎င်းတို့၏ အသည်းလေး မည်မျှဖြစ်ပါစေ သမ္မာတရား စစ်မှန်မှုမရှိပါက သင်သည် အမှိုက်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားကို သင် လိုက်စားမှသာ တန်ဖိုးရှိသည်။ သမ္မာတရားကို သင်နားလည်သည့်အခါ သင်သည် မည်သို့ ပြုမူကျင့်ကြံရမည်ကို သိလိမ့်မည်ဖြစ်ပြီး စစ်မှန်သော ပျော်ရွှင်မှုကို တွေ့ကြုံခံစားပြီး ဘုရားသခင်ကို ကျေနပ်စေသည့် လူတစ်ဦးဖြစ်ဖို့ မည်သို့ အသက်ရှင်ရမည်ကို သိလိမ့်မည်။ မိသားစု အခြေအနေနှင့် တစ်ကိုယ်ရေ အားသာချက်များ၊ အရည်အချင်းများ၊ သို့မဟုတ် ဆုကျေးဇူးများသည် သမ္မာတရား စစ်မှန်မှုကို အစားမထိုးနိုင်သကဲ့သို့ ထိုသို့သော အရာတစ်ခုတလေမျှသည် သင့်အတွက် သမ္မာတရား မလိုက်စားဖို့ ဆင်ခြေတစ်ခု မဖြစ်သင့်ပေ။ သမ္မာတရားကို ရရှိခြင်းသည် လူတို့ကို စစ်မှန်သည့် ပျော်ရွှင်မှုဆောင်ကြဉ်းပေးနိုင်သည့် တစ်ခုတည်းသောအရာ၊ အဓိပ္ပာယ်ရှိသည့် ဘဝတစ်ခုကို အသက်ရှင်ခွင့်ပေးနိုင်ပြီး လှပသည့် ခရီးပန်းတိုင်ကို ပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။ ဤသည်တို့မှာ အမှန်တရားများ ဖြစ်သည်။

အသင်းတော်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ပြီးနောက် လူအချို့သည် မိမိတို့ကိုယ်ကိုယ် ထူးချွန်ပြောင်မြောက်သူဖြစ်သည်ဟု ယုံကြည်ကြပြီး နောက်ဆုံးတွင် ထင်ပေါ်ဖို့ အခွင့်အရေးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ကျေနပ်အားရပြီး မိမိတို့၏ အားသာချက်များကို စတင်အသုံးပြုကြသည်။ ၎င်းတို့သည် လွတ်လပ်စွာ ရည်မှန်းချက်များထားရှိကြပြီး မိမိတို့၏ အစွမ်းအစများကို အပြည့်အဝ ပြသကြသည်။ ဤလူများသည် အဆင့်အတန်းရှိပြီး ပညာတတ်ကာ စီမံခန့်ခွဲရေးပညာများနှင့် ခေါင်းဆောင်တစ်ဦး၏ ဟန်ပန်နှင့် အမူအရာများရှိကြသည်။ ၎င်းတို့သည် မိမိတို့ အတန်းထဲတွင် အတော်ဆုံးဖြစ်ပြီး ကျောင်းတွင် ကျောင်းသားသမဂ္ဂ၏ အကြီးအကဲဖြစ်ကာ ၎င်းတို့အလုပ်လုပ်သည့် ကုမ္ပဏီ၏ မန်နေဂျာ၊ သို့မဟုတ် ဥက္ကဋ္ဌ ဖြစ်ကြသည်။ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ကာ သူ၏ အိမ်တော်သို့ လာကြသည့်အချိန်တွင် ခေါင်းဆောင်အဖြစ် အရွေးခံရကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် “ကောင်းကင်က ကျွန်ုပ်ကို မည်သည့်အခါတွင်မျှ စိတ်မပျက်စေပါ။ ကျွန်ုပ်လောက် စွမ်းဆောင်နိုင်သူ တစ်စုံတစ်ဦးအတွက် သိုသိုသိပ်သိပ်နေဖို့က ခက်ပေမည်။ ကုမ္ပဏီဥက္ကဋ္ဌရာထူးမှ ကျွန်ုပ် ဆင်းလျှင်ဆင်းချင်း ဘုရားအိမ်တော်သို့ ကျွန်ုပ်လာပြီး ခေါင်းဆောင် ရာထူးကို ရခဲ့သည်။ ကျွန်ုပ်ကြိုးစားလျှင်ပင် သာမန်လူတစ်ဦး ဖြစ်၍ရမည်မဟုတ်။ ဤသည်မှာ ကျွန်ုပ်ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်သည်။ ကျွန်ုပ် လုပ်ဆောင်ရန်အတွက် သူ စီစဉ်ခဲ့သည့်အရာဖြစ်သောကြောင့် ကျွန်ုပ် ကျိုးနွံနာခံမည်”ဟု တွေးကြသည်။ ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံ၊ အသိပညာ၊ စီမံခန့်ခွဲရေးပညာနှင့် ခေါင်းဆောင်မှု ပုံစံတို့ကို အသုံးပြုကြသည်။ ၎င်းတို့သည် စွမ်းဆောင်နိုင်ပြီး ရဲရင့်ကြကာ အမှန်ပင် ကျွမ်းကျင်ပြီး ပါရမီရှိသော သူတစ်ဦးဖြစ်သည်ဟု တွေးထင်ကြသည်။ ထိုအခါ ဤနေရာတွင် ပြဿနာရှိသည်မှာ စိတ်မကောင်းစရာဖြစ်၏။ ခေါင်းဆောင်ဖို့ အစွမ်းအစဖြင့် မွေးဖွားလာခဲ့ကြသည့် ဤကျွမ်းကျင်သည့်၊ ပါရမီရှိသော ခေါင်းဆောင်များသည် အသင်းတော်၌ မည်သည့်အရာကို လုပ်ဆောင်ရာတွင် အတော်ဆုံး ဖြစ်ကြသနည်း။ အမှီအခိုကင်းသော နယ်ပယ်တစ်ခုကို တည်ထောင်ခြင်း၊ ရှိသမျှအာဏာဖြင့် ပိုင်စိုးပိုင်နင်းပြုမူခြင်းနှင့် ဆွေးနွေးမှုများကို စိုးမိုးခြယ်လှယ်ခြင်းတို့ဖြစ်သည်။ ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် အလုပ်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ကြ၊ မိမိတို့ကိုယ်ပိုင် သိက္ခာနှင့် အဆင့်အတန်းအတွက် ပြေးလွှားကြသည်၊ အခက်အခဲများကို ကြုံကြရပြီး အဖိုးအခပေးကြသည်။ အခြား မည်သည့်အရာကိုမျှ ၎င်းတို့ ဂရုမစိုက်ကြချေ။ ၎င်းတို့ အလုပ်များခြင်းနှင့် အလုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကြောင်း၊ ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျှ မရှိကြောင်း၊ အသင်းတော်က ၎င်းတို့ကို အမြဲလိုအပ်ကြောင်းနှင့် ညီအစ်ကို မောင်နှမများကလည်း ၎င်းတို့ကို လိုအပ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့ မပါဘဲနှင့် မည်သည့် အလုပ်မျှ မပြီးနိုင်ကြောင်း၊ အားလုံးကို ၎င်းတို့ဘာသာ တာဝန်ယူနိုင်ပြီး ဩဇာအာဏာကို လက်ဝါးကြီးအုပ်၍ရကြောင်း ယုံကြည်ကြသည်။ ပြီးလျှင် မိမိတို့၏ အမှီအခိုကင်းသော နယ်ပယ်ကို တည်ထောင်သည့်နေရာတွင် အတော် ကျွမ်းကျင်လေသည်။ ၎င်းတို့သည် တီထွင်ဖန်တီးမှုရှိသည့်၊ ဆန်းသစ်သော အရာမျိုးစုံကို စွမ်းဆောင်နိုင်သည်။ အရာရှိများကဲ့သို့ ပြုမူခြင်းနှင့် ဟိတ်ဟန်လုပ်ရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြပြီး အထက်စီးမှ အခြားသူများကို ဩဝါဒခြွေခြင်းကို ကျွမ်းကျင်ကြသည်။ ၎င်းတို့ မလုပ်နိုင်သည့် အရေးကြီးသော အရာတစ်ခုသာ ရှိသည်။ ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် ၎င်းတို့သည် စိတ်ရင်းအတိုင်း အခြားသူများကို စကားမပြောနိုင်တော့ပေ၊ မိမိတို့ကိုယ်ကိုယ် မသိမြင်နိုင်၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သတိမထားမိနိုင်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများထံမှ အကြံများကို နားမထောင်နိုင်တော့ချေ။ အလုပ်ဆွေးနွေးမှုများအတောအတွင်းတွင် မတူညီသော စိတ်ကူးအချို့ကို တစ်စုံတစ်ဦးက တင်ပြသည့်အခါ ယင်းတို့ကို ဤခေါင်းဆောင်များက ငြင်းပယ်လိမ့်မည်သာမက ထိုသို့လုပ်ဆောင်ခြင်းကို “ထိုအဆိုပြုချက်ကို သင်တို့ စေ့စေ့စပ်စပ် မစဉ်းစားသေးပါ။ ကျွန်ုပ်သည် အသင်းတော်ခေါင်းဆောင် ဖြစ်သည်။ သင်တို့ပြောသည့်အတိုင်း ကျွန်ုပ်လုပ်ပြီး မည်သည့်အရာမျှ မမှားပါက ကိစ္စမရှိသော်လည်း မကောင်းသည့်အရာတစ်ခုခု ဖြစ်သွားလျှင် တာဝန်က ကျွန်ုပ်တစ်ဦးတည်းပေါ် ကျရောက်လိမ့်မည်။ ထို့ကြောင့် အချိန်အများစုတွင် သင်တို့၏ အယူအဆများကို သင်တို့ ဖွင့်ဟနိုင်သည်။ ထိုလုပ်ရိုးလုပ်စဉ်ကို ကျွန်ုပ်တို့ လိုက်နာနိုင်သည်။ သို့သော် အဆုံးတွင် ရွေးချယ်မှုပြုလုပ်ပြီး ကိစ္စများကို မည်သို့လုပ်ဆောင်သည်ကို ဆုံးဖြတ်သူမှာ ကျွန်ုပ်တစ်ဦးတည်းသာ ဖြစ်ရမည်”ဟု ဆိုခြင်းဖြင့် ၎င်းတို့ မှန်ကြောင်းရှင်းပြလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ညီအစ်ကို မောင်နှမအများစုသည် ဆွေးနွေးမှုများ၊ သို့မဟုတ် အလုပ်အကြောင်း မိတ်သဟာယပြုခြင်းတွင် ပါဝင်ကြတော့မည်မဟုတ်သကဲ့သို့ ဤခေါင်းဆောင်များသည် အလုပ်တွင်ရှိသည့် ပြဿနာများနှင့် ပတ်သက်၍ ၎င်းတို့ကို ဒုက္ခခံ၍မိတ်သဟာယပြုလိမ့်မည် မဟုတ်ပေ။ မည်သူကိုမျှ စကားတစ်ခွန်းမပြောဘဲ ၎င်းတို့သည် ဆုံးဖြတ်ချက်များ ပြုလုပ်ကာ ဆက်လက် ဝေဖန်အကဲဖြတ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့တွင် ကျိုးကြောင်းပြချက်များ ရှိကြလိမ့်ဦးမည်ဖြစ်သည်။ ၎င်းတို့က “အသင်းတော်သည် ခေါင်းဆောင်၏ အသင်းတော်ဖြစ်သည်။ ခေါင်းဆောင်က လမ်းစဉ်ကို ကြံစည်သည်။ ညီအစ်ကို မောင်နှမများ သွားသည့် ဦးတည်ရာနှင့် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်မှာ ခေါင်းဆောင်ဖြစ်သည်”ဟု ယုံကြည်ကြသည်။ ထို့နောက်တွင် ဤခေါင်းဆောင်များသည် ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှု၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ လိုက်စားမှု၏ ဦးတည်ရာကို အလိုအလျောက် ထိန်းချုပ်လိုက်ကြသည်။ ၎င်းတို့ “ခေါင်းဆောင်” ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အာဏာကို လက်ဝါးကြီးအုပ်ကာ အမှီအခိုကင်းသည့် နယ်ပယ်တစ်ခုကို တည်ထောင်လိုက်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ပွင့်လင်းမြင်သာမှုမရှိသကဲ့သို့ သတိမမူမိဘဲ လူအနည်းငယ်ကို ၎င်းတို့ ဖိနှိပ်ကာ သမ္မာတရားကို လိုက်စားပြီး သဘောပေါက်နားလည်နိုင်စွမ်းရှိသော ညီအစ်ကို မောင်နှမအချို့ကို ဖယ်ကြဉ်ကြလေတော့သည်။ ထိုတစ်ချိန်လုံးတွင် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရာ၌ အသင်းတော်၏ အလုပ်နှင့် ဘုရားရွေးချယ်ထားသောလူတို့၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်းဖြစ်သည်ဟု တွေးထင်ကြဆဲ ဖြစ်သည်။ ထိုသို့သော တိကျသည့် တွေးခေါ်မြော်မြင်မှုဖြင့်၊ ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေအမြောက်အများဖြင့် အရာရာကို လုပ်ဆောင်ကြသည်။ အဆုံးတွင် ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့ လုပ်သမျှတိုင်းမှာ မိမိတို့၏ အဆင့်အတန်းကို ကာကွယ်ရန်နှင့် အာဏာအပေါ် မိမိတို့ လက်ဝါးကြီးအုပ်ခြင်းအား ကာကွယ်ရန် ဖြစ်သည်။ ၎င်းတို့သည် လောကီဆန်သည့် လူမှုအဖွဲ့အစည်းနှင့် မိသားစုဘဝမှ စည်းမျဉ်းများ၊ နည်းလမ်းများနှင့် အပြုအမူ နည်းစနစ်များကို ဘုရားအိမ်တော်ထဲသို့ ယူဆောင်လာကြပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေကြသည်ဟု တွေးထင်ကြသည်။ သို့တိုင် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါတွင်မျှ မသိကြ၊ သို့မဟုတ် မသုံးသပ်ကြချေ။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း တစ်စုံတစ်ဦးက ထောက်ပြမည်ဆိုလျှင်ပင်၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း၊ ပဲ့ပြင်ဆုံးမခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့နှင့် ၎င်းတို့ ကြုံတွေ့ရမည်ဆိုလျှင်ပင် ထိုအရာကို ၎င်းတို့ အသိရှိကြမည်မဟုတ်။ ပြဿနာက မည်သည့်နေရာတွင် တည်ရှိသနည်း။ ခေါင်းဆောင်ရာထူးကို ၎င်းတို့ ယူသည့်နေ့မှစ၍ ၎င်းတို့သည် မိမိတို့တာဝန်ကို အလုပ်အကိုင်တစ်ခုကဲ့သို့ သဘောထားခဲ့ကြပြီး ဤအရာကြောင့်ပင် ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ဖို့ ကြမ္မာငင်ပြီး သမ္မာတရားကို ၎င်းတို့ မလိုက်စားနိုင်ကြောင်း သေချာသွားစေလေသည်။ သို့တိုင် ဤ“အလုပ်အကိုင်” လမ်းကြောင်းတွင် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရား လိုက်စားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သမ္မာတရား လိုက်စားခြင်းကို ၎င်းတို့ မည်သို့ ရှုမြင်ကြသနည်း။ ညီအစ်ကို မောင်နှမများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေသည်ဆိုသည့် အယောင်ဆောင်မှုအောက်တွင် မိမိတို့ကိုယ်ပိုင် အဆင့်အတန်းနှင့် အာဏာတို့ကို ကာကွယ်စောင့်ရှောက်ကြပြီး ဤသည်မှာ ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့ ဤရာထူးကို ရထားစဉ်တွင် ၎င်းတို့ထံမှ သိသာထင်ရှားပြီး ပွင့်အံထွက်လာသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ လုံးဝ မသိရှိကြချေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ထိုအရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ကြောင်း၊ ဘုရားသခင်က စက်ဆုပ်ကြောင်း၊ ယင်းမှာ ဆိုးသော၊ ခေါင်းမာသော စိတ်သဘောထားဖြစ်ကြောင်း ရေးရေးမျှ အသိစိတ်ရှိကြလျှင်ပင် “ယင်းမှာ မဖြစ်ပါ။ ငါသည် ခေါင်းဆောင်တစ်ဦး‌ဖြစ်သဖြင့် ခေါင်းဆောင်တစ်ဦး၏ ဂုဏ်သိက္ခာရှိဖို့ လိုအပ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ကျွန်ုပ် ပွင့်အံထွက်သည်ကို ညီအစ်ကို မောင်နှမများအား တွေ့ခွင့်ပေး၍ မဖြစ်ပါ”ဟု တွေးရင်း မိမိတို့စိတ်ကို အလျင်အမြန် ပြောင်းလိုက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှုများစွာ ပွင့်အံထုတ်မိပြီးဖြစ်ကြောင်းနှင့် မိမိတို့၏ အဆင့်အတန်းနှင့် ဩဇာအာဏာတို့ကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ စည်းမျဉ်းများနှင့် ဆန့်ကျင်သည့် အရာများစွာကို လုပ်ဆောင်မိပြီးဖြစ်ကြောင်း သဘောပေါက်ကြသော်လည်း တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်သည့်အခါ ထိုအရာကို အခြားမည်သူမျှ မသိစေဖို့အလို့ငှာ မတတ်သာသည့်အဆုံး တစ်ပတ်ရိုက်ကြသည်၊ သို့မဟုတ် ထိုအရာကို ဟန့်တားဖို့ ကြိုးစားကြလေသည်။ ဩဇာအာဏာနှင့် အဆင့်အတန်းကို ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ကြီးမြတ်၊ မှန်ကန်၊ အပြစ်ကင်းကာ သံသယထားစရာမလိုသူအဖြစ် တွေးထင်လျက် မိမိတို့ကိုယ်ကိုယ် မြင့်မြတ်၍ အစဉ်လေးစားလိုက်နာအပ်သော၊ မချိုးဖောက်အပ်သော ရာထူးတွင် ထားလိုက်ကြသည်။ ထိုသို့သော ရာထူးတစ်ခုကို ယူထားသည့်နောက်တွင် ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်၏ အလုပ်ကို အကျိုးရှိစေနိုင်မည့် မည်သည့် ကွဲလွဲသော သဘောထားများကိုမဆို၊ မည်သည့် အကြံပေးချက်များကိုမဆို၊ သို့မဟုတ် မည်သည့်အကြံဉာဏ်ကိုမဆို တစ်သမတ်တည်း ၎င်းတို့က ခုခံကာ ငြင်းပယ်ကြလေသည်။ သမ္မာတရား မလိုက်စားခြင်းအတွက် မည်သည့် ဆင်ခြေကို ၎င်းတို့ ပေးကြသနည်း။ ၎င်းတို့က “ကျွန်ုပ်တွင် အဆင့်အတန်းရှိသည်။ ကျွန်ုပ်သည် အဆင့်ရှိသော လူတစ်ဦးဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်သည် သိက္ခာရှိပြီး မြင့်မြတ်၍ အစဉ်လေးစားလိုက်နာအပ်သကဲ့သို့ မချိုးဖောက်အပ်သောသူ ဖြစ်သည်ဟု ဆိုလိုသည်”ဟု ပြောကြသည်။ ထိုသို့သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို အကြံရလာသည့်နောက်တွင် သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်သလော။ (မလိုက်စားနိုင်ပါ။) ၎င်းတို့ မလိုက်စားနိုင်ပေ။ ၎င်းတို့ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်နေစဉ်တွင် ၎င်းတို့၏ မြင့်မားသော ရာထူးအဆင့်အတန်းမှ အမြဲ စကားပြောကာ ပြုမူကြသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ခြင်းခံရအောင် ဖွင့်ချပြမိသလိုဖြစ်ကာ ၎င်းတို့ကို ဖော်ထုတ်ဖို့ လိုအပ်လာလေတော့သည်။ ထိုသို့သော လူများသည် သနားချင့်စဖွယ် မဟုတ်သလော။ ၎င်းတို့သည် သနားစရာ၊ မုန်းစရာကောင်းပြီး ရွံရှာဖွယ်ရာလည်းကောင်းကာ ၎င်းတို့သည် စက်ဆုပ်ဖွယ်ရာလည်းဖြစ်၏။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သူတော်စင်တစ်ဦး၏ ပုံရိပ်ဖြင့် ဆင်မြန်းထားကြသည်။ သူတော်စင်တစ်ဦး၊ ကြီးမြတ်ကာ ကျက်သရေရှိပြီး၊ မှန်ကန်သောလူတစ်ဦးဟူသည့် ဤဂုဏ်ပုဒ်များမှာ အဘယ်နည်း။ ၎င်းတို့သည် သံခြေချင်းများဖြစ်ပြီး ၎င်းတို့ကို တပ်ဆင်သူမည်သူမဆိုသည် သမ္မာတရားကို မလိုက်စားနိုင်တော့ပေ။ တစ်စုံတစ်ဦးသည် ဤသံခြေချင်းများကို ဆင်မြန်းပါက ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိတော့သည့် သဘောဖြစ်သည်။ ဤလူများက သမ္မာတရား မလိုက်စားရသည့် အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ အမှန်တွင် အကြောင်းရင်းမှာ အဆင့်အတန်း၏ ဘောင်ခတ်မှုကို ၎င်းတို့ ခံကြရပြီးဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဤသို့ အမြဲ တွေးကြသည်။ “ငါသည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဤနေရာတွင် ကြီးကြပ်သူဖြစ်သည်။ ငါသည် ရပ်တည်ချက်နှင့် အဆင့်အတန်းရှိသော လူတစ်ဦး ဖြစ်သည်။ သိက္ခာရှိသောလူတစ်ဦး ဖြစ်သည်။ ငါသည် မာနာထောင်လွှားသော၊ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိ၍မဖြစ်။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအကြောင်း ငါ ဖွင့်ဟပြီး မိတ်သဟာယပြု၍ မဖြစ်။ ငါ၏ သိက္ခာနှင့် ဂုဏ်ကို ငါ ကာကွယ်ရမည်။ ငါ့ကို လူများ အထင်ကြီးပြီး ကြည်ညိုစေရမည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများဖြင့် အမြဲ ဘောင်ခတ်ခံရသောကြောင့် ဖွင့်မပြောနိုင်ကြ၊ သို့မဟုတ် မိမိကိုယ်ကိုယ် မသုံးသပ်နိုင်သကဲ့သို့ မသိမြင်နိုင်ကြချေ။ ဤအရာများဖြင့် ၎င်းတို့ ဖျက်ဆီးခြင်းခံရကြသည်။ ၎င်းတို့၏ အမြင်နှင့် ပုံသေအတွေးအခေါ်သည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ မကိုက်ညီသည်မှာ အတော်လေး သိသာပေသည်။ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် အမှန်ထင်ခြင်း၊ ထင်ရာစိုင်းခြင်း၊ ဟန်ဆောင်ခြင်း၊ လှည့်စားခြင်း စသည်ဖြင့် မိမိတို့၏တာဝန်များတွင် ၎င်းတို့ ပြသနေကျ အပြုအမူများဖြစ်သည့် ဤအလေ့အကျင့်များသည် သမ္မာတရား လိုက်စားခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အတော်သိသာစွာပင် ထိုအရာများတစ်ခုမျှ သမ္မာတရား လိုက်စားခြင်း မဟုတ်ပေ။ ပြီးလျှင် သမ္မာတရား မလိုက်စားခြင်းအတွက် ၎င်းတို့ ပေးသည့် ကျိုးကြောင်းပြချက်၊ သို့မဟုတ် အကြောင်းရင်းမှာ အဘယ်နည်း။ (၎င်းတို့က ခေါင်းဆောင်များသည် အဆင့်အတန်းနှင့် ဂုဏ်ရှိကြသော လူများဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိလျှင်ပင် ဖော်ထုတ်ခံရ၍ မဖြစ်ဟု ယုံကြည်ကြသည်။) ဤသည်မှာ အဓိပ္ပာယ်မရှိသော ရှုထောင့်အမြင်တစ်ခု မဟုတ်လော။ လူတစ်ဦးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုရှိကြောင်း ဝန်ခံသော်လည်း ထိုအရာကို ဖော်ထုတ်ခံခွင့်မပေးပါက ထိုသူသည် သမ္မာတရား လက်ခံသောသူတစ်ဦး ဟုတ်ပါသလော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သမ္မာတရားကို သင်လက်မခံနိုင်ပါက ဘုရားသခင်၏ အမှုတော်ကို သင် အဘယ်သို့ တွေ့ကြုံလိမ့်မည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် အဘယ်သို့ သန့်စင်ခံရလိမ့်မည်နည်း။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် သန့်စင်မခံရသကဲ့သို့ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် သင်ဆက်လက် အသက်ရှင်ပါက သင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်နိုင်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် အမှန်တကယ် အဆင့်အတန်း ရှိသော်ငြားလည်း ယင်းမှာ မတူကွဲပြားသော အလုပ်တစ်ခု၊ မတူကွဲပြားသော တာဝန်တစ်ခုကို ရှိခြင်းကိစ္စမျှသာ ဖြစ်သည်။ သင်သည် ရပ်တည်ချက်ရှိသည့် လူတစ်ဦး ဖြစ်လာသည်ဟု မဆိုလိုပေ။ သင်သည် ဤအဆင့်အတန်းကို ရရှိပြီး မတူကွဲပြားသည့် တာဝန်တစ်ခုကို ထမ်းဆောင်သောကြောင့် အခြားသူများထက် ပိုဂုဏ်မရှိလာပေ၊ သို့မဟုတ် ဂုဏ်ရှိသော ရပ်တည်ချက်တစ်ခုရှိသည့် လူတစ်ဦး ဖြစ်မလာပေ။ ဤသို့ တွေးသည့် လူများ အမှန်တကယ် ရှိပါက ၎င်းတို့သည် အရှက်မဲ့ကြသည် မဟုတ်လော။ (အရှက်မဲ့ကြပါသည်။) ယင်းကို အရပ်သုံးစကားဖြင့် မည်သို့ပြောကြသနည်း။ ၎င်းတို့သည် ပေါ်တင်လူပါးဝခြင်း မဟုတ်လော။ ၎င်းတို့သည် ခေါင်းဆောင်များ မဟုတ်ကြသည့်အခါ လူတို့ကို စစ်မှန်ရိုးသားမှုဖြင့် ဆက်ဆံကြသည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မှုများအကြောင်း ဖွင့်ပြောနိုင်ကြပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိစစ်နိုင်ကြသည်။ ခေါင်းဆောင်အဖြစ် ရာထူးတစ်ခု ယူလိုက်သည်နှင့် ၎င်းတို့သည် လုံးဝ သူစိမ်းပြင်ပြင် ဖြစ်လာကြသည်။ ၎င်းတို့ သူစိမ်းပြင်ပြင် ဖြစ်လာသည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကိုယ့်အခြေအနေအမှန်ကို မျက်နှာဖုံးတစ်ခု တပ်ဆင်ကာ ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။ မျက်နှာဖုံးက မည်သည့် အမူအရာမျှ မပြပေ၊ ငိုခြင်း၊ ရယ်ခြင်း၊ ကျေနပ်ခြင်း၊ သို့မဟုတ် ဒေါသထွက်ခြင်း မပြ၊ ဝမ်းနည်းခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မပြ၊ စိတ်ခံစားချက်များနှင့် ဆန္ဒများ မပြသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သေချာပေါက် မပြပေ။ ခေါင်းဆောင်၏ စစ်မှန်သော အခြေအနေများ၊ ကိုယ်ရေးကိုယ်တာ အတွေးများနှင့် စိတ်ကူးများအားလုံးက မျက်နှာဖုံး၏ နောက်ကွယ်၌ မည်သူမျှ မတွေ့နိုင်သည့်နေရာတွင် ရှိနေစဉ်တွင် ယင်း၏ သွင်ပြင်အမူအရာနှင့် အခြေအနေက တစ်ချိန်လုံး မပြောင်းမလဲရှိနေသည်။ မိမိတို့ကိုယ်ကိုယ် ရပ်တည်ချက်နှင့် အဆင့်အတန်းရှိနေသကဲ့သို့ အမြဲ တွေးထင်သော ခေါင်းဆောင်များနှင့် အမှုဆောင်အချို့ ရှိသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်ပါက မိမိတို့၏ ဂုဏ်သိက္ခာ ဆုံးရှုံးသွားမည်ကို ၎င်းတို့ ကြောက်လန့်ကြသောကြောင့် သမ္မာတရားကို ၎င်းတို့ လက်မခံကြချေ။ ချိုသာသော၊ အယောင်ဆောင် စကားလုံးများကို ပြောဆိုပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖုံးဖိဖို့ရန် မိမိတို့အဆင့်အတန်းနှင့် ဩဇာအာဏာများကို အကျိုးရှိရှိ အသုံးချကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ အဆင့်အတန်းကြောင့် အခြားသူများထက် ၎င်းတို့ ပိုဂုဏ်ရှိကာ ပိုသန့်ရှင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို လိုက်စားရန် မလိုကြောင်း၊ သမ္မာတရားကို လိုက်စားခြင်းသည် အခြားသူများ လုပ်ဆောင်ရန်အတွက်ဖြစ်ကြောင်း တလွဲ ယုံကြည်ကြသည်။ ဤတွေးခေါ်မှုနည်းလမ်းသည် မှားယွင်းပြီး အတော်အတန် အရှက်မဲ့ကာ အသိစိတ်မဲ့၏။ ဤသည်မှာ ဤလူစားမျိုး ပြုမူပုံ ဖြစ်သည်။ ထိုသို့သော လူများ၏ အပြုအမူ အနှစ်သာရမှ၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမနေကြကြောင်း တွေ့မြင်ဖို့ ရှင်းလင်းသိသာပေသည်။ ထိုအစား ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားနေကြသည်။ ၎င်းတို့ အလုပ်လုပ်ကြသည့်အခါတွင် မိမိတို့၏ အဆင့်အတန်းနှင့် ဩဇာအာဏာကို ၎င်းတို့ ကာကွယ်နေကြပြီး သမ္မာတရားကို ၎င်းတို့ လိုက်စားနေသည်ဟု တွေးတောရင်း မိမိတို့ကိုယ်ကိုယ် လှည့်ဖြားနေကြသည်။ ၎င်းတို့သည် ၎င်းတို့ လုပ်ပြီးသည့် အလုပ်နှင့် ထမ်းဆောင်ပြီးသည့် တာဝန်များကိုလည်းကောင်း၊ အသင်းတော် အလုပ်ကို လုပ်ရာတွင် ကိုင်တွယ်ပြီးသည့် လုပ်ငန်းတာဝန်များနှင့် ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့ လုပ်နေစဉ် ရရှိပြီးသည့် အောင်မြင်မှုများကိုလည်းကောင်း အတိုချုံး၍ မကြာခဏ ပြန်လည်ပြောပြသည့် ပေါလုကဲ့သို့သာ ဖြစ်ကြသည်။ ပေါလုက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈)ဟု ဆိုခဲ့ချိန်ကဲ့သို့ ဤအရာများကို ၎င်းတို့ မကြာခဏ စာရင်းပြုကြသည်။ ဤသို့အားဖြင့် ပေါလုက သူ၏ ပြေးရသော လမ်းကြောင်းကို ပြီးစီးကာ ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုပြီးသည့်နောက်တွင် ယင်းမှာ ကယ်တင်ခြင်း၌ မည်မျှ ကြီးမားသည့် အခွင့်အရေးကို သူရရှိခဲ့သည်၊ သူ၏ ပံ့ပိုးမှုများက မည်မျှကြီးမားခဲ့သည်၊ သူ၏ ဆုလာဘ်က မည်မျှ ကြီးမားမည်ဆိုသည်ကို တွက်ချက်ရမည့်အချိန်ဖြစ်ကြောင်း၊ သူ၏ ပံ့ပိုးမှုများအတွက် ဆုချီးမြှင့်ပေးရန် ဘုရားသခင်ကို တောင်းဆိုရမည့် အချိန်ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။ ဘုရားသခင်က သူ့ကို သရဖူဖြင့် ဆုမချီးမြှင့်ပါက ဘုရားသခင် ဖြောင့်မတ်သည်ဟု သူ တွေးထင်မည်မဟုတ်ကြောင်း၊ ကျိုးနွံနာခံရန် သူ ငြင်းမည်ဖြစ်ကာ ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟု စောဒကပင်တက်မည်ဖြစ်ကြောင်း သူ ဆိုလိုပေသည်။ ဤသို့သော ပုံသေအတွေးအခေါ်နှင့် စိတ်သဘောထားမျိုးရှိသည့် ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို လိုက်စားနေပါသလော။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသော တစ်စုံတစ်ဦး ဖြစ်ပါသလော။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအောက်တွင် မိမိတို့ကိုယ်ကိုယ် ၎င်းတို့ ထားရှိနိုင်ကြသလော။ ဤသည်မှာ တစ်ချက်ကြည့်ရုံဖြင့် မရှင်းနေသလော။ ၎င်းတို့က မိမိတို့ ပြေးရမည့်လမ်းကြောင်းကို ပြေးခြင်းနှင့် တိုက်လှန်ခြင်းများ ပြုရခြင်းကို သမ္မာတရား လိုက်စားခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့ ထိုသမ္မာတရားကို အမှန်တကယ် လိုက်စားသည့် သရုပ်သကန်များကို မပိုင်ဆိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လိုက်စားသောသူ မဟုတ်ကြချေ။

ကျွန်ုပ်တို့ ယခုလေးတင် ပြုသွားသည့် မိတ်သဟာယက လူသား၏ မည်သည့် ပြဿနာကို အဓိက ဖော်ထုတ်သနည်း။ ဂဃဏနဆိုရလျှင် ထိုမိတ်သဟာယက လူသား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာကို အဓိက ဖော်ထုတ်သနည်း။ အခြေခံကျသော အရာတစ်ခုမှာ လူသားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ထိုသမ္မာတရားကို လက်ခံရန် ငြင်းပယ်ခြင်း ဖြစ်သည်။ ဤသည်မှာ အလွန်တိကျသော အပြုအမူတစ်ခု ဖြစ်သည်။ နောက်ထပ် အဓိကကျသည့်အရာတစ်ခုမှာ လူတိုင်း၏ စိတ်သဘောထား အနှစ်သာရတွင် တည်ရှိသည့် အရာတစ်ခု၊ ခေါင်းမာခြင်း ဖြစ်၏။ ဤအရာသည်လည်း အတော်လေး ခိုင်လုံစွာနှင့် သိသာစွာ ပေါ်လွင်ထင်ရှားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထင်ရှားပြီး ပွင့်အံထွက်သည့် အဓိကနည်းလမ်းများထဲမှ နှစ်ခု ဖြစ်သည်။ ဤတိကျသည့် အပြုအမူများ၊ ဤတိကျသည့် အမြင်များ၊ သဘောထားများ စသည်တို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် လက္ခဏာတစ်ခုရှိကြောင်း အမှန်အတိုင်းနှင့် တိကျစွာ ဖော်ပြကြသည်။ လူသား၏ စိတ်သဘောထားတွင် သာ၍ ထင်ရှားသည်မှာ ခေါင်းမာခြင်း သရုပ်သကန်များဖြစ်သည်မှာ အမှန်ဖြစ်၏။ ဘုရားသခင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အမှုတော် လမ်းကြောင်းတွင် လူသား၏ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖော်ထုတ်ခံရသည်ဖြစ်စေ လူတို့သည် ထိုအရာကို အသိအမှတ်ပြုရန် ခေါင်းမာမာဖြင့် ငြင်းပြီး ခုခံကြသည်။ သိသာသည့် ခုခံခြင်း၊ သို့မဟုတ် အထင်သေးသည့် ငြင်းပယ်မှုအပြင် နောက်ထပ် အပြုအမူတစ်မျိုးလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ အမှုတော်မှာ ၎င်းတို့နှင့် ဘာမျှမပတ်သက်သည့်အလား ဘုရားသခင်၏ အမှုတော်ကို စိတ်မဝင်စားကြသည့်အခါတွင် ဖြစ်သည်။ ဘုရားသခင်ကို စိတ်မဝင်စားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးက “ကိုယ်တော် အလိုရှိသည့်အရာကို ပြောပါ။ ထိုအရာက ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကိုယ်တော်၏ တရားစီရင်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းတစ်ခုမျှ ကျွန်ုပ်နှင့် မပတ်သက်ပါ။ ထိုအရာကို ကျွန်ုပ် လက်မခံ၊ အသိအမှတ်မပြုပါ”ဟု ပြောသည့်အခါတွင် ဖြစ်သည်။ ထိုသို့သော သဘောထားတစ်ခုကို “ခေါင်းမာသည်”ဟု ကျွန်ုပ်တို့ သတ်မှတ်၍ရနိုင်မည်လော။ (ရနိုင်ပါသည်။) ယင်းမှာ ခေါင်းမာခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤလူများက “ကျွန်ုပ် နှစ်သက်သည့်ပုံစံအတိုင်း ကျွန်ုပ်ကို သက်သောင့်သက်သာ ဖြစ်စေပြီး ကျွန်ုပ်ကို ပျော်ရွှင်စေသည့် မည်သည့်ပုံစံဖြင့်မဆို ကျွန်ုပ် အသက်ရှင်သည်။ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ရက်စက်ခြင်း စသည်ကဲ့သို့သော ကိုယ်တော် ပြောသည့် အပြုအမူများ ကျွန်ုပ်တွင် ရှိလျှင်ပင် အရေးမကြီးပါ။ ထိုအရာများကို ကျွန်ုပ် မဆန်းစစ်ပါ၊ သို့မဟုတ် မသိရှိပါ၊ သို့မဟုတ် လက်မခံပါ။ ဤသည်မှာ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည့်ပုံဖြစ်သည်၊ ယင်းနှင့်ပတ်သက်၍ ကိုယ်တော် မည်သည့်အရာကို လုပ်မည်နည်း”ဟု ဆိုကြသည်။ ဤသည်မှာ ခေါင်းမာသည့် သဘောထားဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို စိတ်မဝင်စားကြသည့်အခါ၊ သို့မဟုတ် ထိုနှုတ်ကပတ်တော်များကို အလေးဂရုမပြုသည့်အခါ ယင်းမှာ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ နှိုးဆော်ချက်များ၊ သို့မဟုတ် သတိပေးချက်များ၊ သို့မဟုတ် တိုက်တွန်းချက်များပုံစံဖြင့် သူ စကားပြောဆိုသည်ဖြစ်စေ၊ မည်သည့် စကားပြောဆိုပုံကို သူ အသုံးပြုသည်ဖြစ်စေ၊ သူ့စကား၏ အရင်းအမြစ်နှင့် ပန်းတိုင်များက မည်သည့်အရာများဖြစ်ပါစေ ဘုရားသခင်ကို တစ်သမတ်တည်း ၎င်းတို့ မသိကျိုးကျွန်ပြုကြပြီးနောက် ၎င်းတို့၏ သဘောထားက ခေါင်းမာသည့် သဘောထားတစ်ခု ဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ ၎င်းတို့သည် လူသားကို ကယ်တင်ဖို့ဖြစ်သော ဘုရားသခင်၏ ရိုးသားစစ်မှန်သော၊ စိတ်ရင်းစေတနာကောင်းသော ဆန္ဒကို မဆိုထားနှင့်၊ ဘုရားသခင်၏ အလျင်လိုနေသော ရည်ရွယ်ချက်များကို အလေးမထားကြဟု ဆိုလိုသည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ လူတို့သည် ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ချက် မရှိကြသကဲ့သို့ သမ္မာတရားအတွက် ကြိုးပမ်းရန် မလိုမလား ဖြစ်နေကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြချက်တို့သည် လုံးဝ အဖြစ်မှန်ဖြစ်သည်ဟု ၎င်းတို့ အသိအမှတ်ပြုလျှင်ပင် ၎င်းတို့ စိတ်နှလုံးများတွင် နောင်တမရှိသကဲ့သို့ ယခင်အတိုင်း ဆက်လက် ယုံကြည်ကြသည်။ အဆုံးတွင် တရားဒေသနာများစွာ ၎င်းတို့ ကြားနာပြီးနောက်တွင် မပြောင်းလဲသည့်အရာကို ပြောဆိုကြသည်။ “ကျွန်ုပ်သည် စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်သည်၊ မည်သို့ဖြစ်စေ ကျွန်ုပ်၏ လူ့သဘာဝသည် မညံ့ဖျင်းပါ။ ဆိုးယုတ်မှုကို တမင် ကျွန်ုပ် လုပ်မည်မဟုတ်။ အမှုအရာများကို ကျွန်ုပ် စွန့်လွှတ်နိုင်သည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းအတွက် အခက်အခဲကို ခံယူနိုင်ပြီး အဖိုးအခပေးရန် လိုလားနေသည်။ ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပေါလုပြောသည့် ပုံအတိုင်းသာ မဟုတ်လော။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” ဤသည်မှာ လူတို့ရှိကြသည့် သဘောထားမျိုး ဖြစ်သည်။ ထိုသို့သော သဘောထားတစ်ခုနောက်ကွယ်တွင် မည်သည့် စိတ်သဘောထား ရှိသနည်း။ ခေါင်းမာခြင်းဖြစ်၏။ ခေါင်းမာသော စိတ်သဘောထားသည် ပြောင်းလဲရန် ခက်ခဲသလော။ ထိုသို့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ရှိသလော။ အရိုးရှင်းဆုံးနှင့် တိုက်ရိုက် အကျဆုံးနည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တိုင်အပေါ် သင်၏ သဘောထားကို ပြောင်းလဲရန် ဖြစ်သည်။ ဤအရာများကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ သင်၏ ခေါင်းမာသော သဘောထားမှ ထွက်ပေါ်သည့် အခြေအနေများနှင့် စိတ်ဓာတ်များကို စိစစ်ကာ သိရှိလာခြင်းအားဖြင့်၊ ပြီးလျှင် သင် ဖက်တွယ်သည့် သင်၏ လုပ်ရပ်များနှင့် စကားများ၊ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်များထဲမှ မည်သည့်အရာများနှင့် သင် ပွင့်အံထုတ်သည့် အတွေးများနှင့် စိတ်ကူးများထဲမှပင် တိတိကျကျ မည်သည့်အရာများက သင်၏ ခေါင်းမာသော စိတ်သဘောထား၏ စိုးမိုးခြယ်လှယ်မှုအောက်တွင် ရှိသည်ကို မြင်ရန် ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ ဤအပြုအမူများ၊ ပွင့်အံထုတ်ခြင်းများနှင့် အခြေအနေများကို တစ်ခုပြီးတစ်ခု ဆန်းစစ်ကာ ဖြေရှင်းပြီးနောက် ထိုအရာများကို ပြောင်းလဲလော့။ သင် ဆန်းစစ်ကာ တစ်စုံတစ်ခုကို သတိပြုမိသည်နှင့် ထိုအရာကို အမြန် ပြောင်းလဲလော့။ ဥပမာ စိတ်လိုက်မာန်ပါပြုခြင်းဖြစ်သော မိမိ၏ နှစ်သက်မှုများနှင့် စိတ်အခြေအနေများအရ ပြုမူခြင်းအကြောင်းကို ငါတို့ ပြောနေခြင်းသာဖြစ်၏။ စိတ်လိုက်မာန်ပါပြုခြင်း စိတ်သဘောထားတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စရိုက် ပါဝင်လာတတ်သည်။ သင်သည် ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးရှိသည့် ထိုလူစားမျိုးဖြစ်ကြောင်းကို သင် သဘောပေါက်ပြီး သင် အဆင်ပြေသည်ဟုသာ တွေးလျက် မိမိကိုယ်ကို မသုံးသပ်ပါက၊ သို့မဟုတ် ထိုအရာကို ဖြေရှင်းဖို့ သမ္မာတရား မရှာဖွေပါက ယင်းမှာ ခေါင်းမာခြင်း ဖြစ်သည်။ ဤတရားဒေသနာ ပြီးသည့်နောက်တွင် သင်က “ထိုသို့သော အရာများကို ကျွန်ုပ် ပြောမိပြီး ထိုသို့သော အမြင်များ ရှိသည်။ ကျွန်ုပ်၏ ဤစိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုသို့ ဖြစ်သည့်အတွက် ထိုစိတ်သဘောထားကို ကျွန်ုပ် စဖြေရှင်းမည်”ဟု ရုတ်တရက် သဘောပေါက်သွားနိုင်သည်။ သို့ဆိုလျှင် သင်သည် ထိုအရာကို မည်သို့ စတင်ဖြေရှင်းသနည်း။ သင်၏ ဘဝမြင့်စိတ်၊ သင်၏ စိတ်လိုက်မာန်ပါပြုခြင်းနှင့် သင်၏ ထင်တိုင်းကြဲခြင်းတို့ကို စွန့်လွှတ်ခြင်းအားဖြင့် စတင်လော့။ စိတ်ကြည်သည်ဖြစ်စေ၊ မကြည်သည်ဖြစ်စေ ဘုရားသခင်၏ သတ်မှတ်ချက်များ မည်သည့်အရာဖြစ်သည်ကို ကြည့်လော့။ ဇာတိပကတိကို သင် ပုန်ကန်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပါက သူသည် သင့်ကို မည်သို့ ရှုမြင်လိမ့်မည်နည်း။ ဤဖောက်ပြန်ပျက်စီးသော အပြုအမူများကို ဖြေရှင်းဖို့ သင်အမှန်တကယ် စတင်နိုင်ပါက သင်သည် ဘုရားသခင်၏ အမှုတော်နှင့်အတူ အသေအချာ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ထိုစိတ်သဘောထားကို သတိရှိရှိ ပုန်ကန်ကာ ဖြေရှင်းနေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်၏ ခေါင်းမာသော စိတ်သဘောထားကို ဖြေရှင်းနေလိမ့်မည်ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှစ်ခုလုံးကို သင် ဖြေရှင်းပြီးသည့်အခါ ဘုရားသခင်ကို သင် ကျိုးနွံနာခံကာ စိတ်ကျေနပ်စေနိုင်လိမ့်မည်ဖြစ်ပြီး ဤအရာက သူ့ကို ကျေနပ်နှစ်သိမ့်စေလိမ့်မည်။ ဤမိတ်သဟာယ၏ အကြောင်းအရာကို သင်တို့ နားလည်ပြီးဖြစ်ကာ ဤနည်းဖြင့် ဇာတိပကတိကို ပုန်ကန်ခြင်းအား လက်တွေ့လုပ်ဆောင်ပါက ငါ အလွန်ဝမ်းမြောက်မိပေမည်။ ထိုအခါ ဤစကားကို အချည်းနှီး ငါ ပြောဆိုမိပြီး ဖြစ်လိမ့်မည်မဟုတ်။

ခေါင်းမာခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ယင်းသည် မိမိ၏ သဘာဝ၌ ရှိသောအရာတစ်ခု ဖြစ်ပြီး ဖြေရှင်းရ မလွယ်ကူပေ။ တစ်စုံတစ်ဦးသည် ခေါင်းမာသော စိတ်သဘောထားတစ်ခု ရှိသည့်အခါ မိမိ၏ စိတ်ကူးများအတိုင်း ဆက်လက်ယုံကြည်ကာ အသစ်သောအရာများကို အလွယ်တကူ လက်မခံဘဲ ကျိုးကြောင်းပြချက်များနှင့် ဟုတ်မှန်သယောင် ရှိသော်လည်း မှားနေသော အကြောင်းပြချက်များ ပေးရန်အတွက် အထုံပါခြင်းအဖြစ် ထိုခေါင်းမာသော စိတ်သဘောထားက အဓိကပေါ်လွင်ထင်ရှား၏။ မိမိတို့၏ စိတ်ကူးများ မှားယွင်းကြောင်း လူတို့ သိသော်လည်း မိမိတို့၏ ဝင့်ဝါမှုနှင့် မာနတို့ကြောင့် ထိုစိတ်ကူးများအတိုင်း ဆက်လက်ယုံကြည်ကာ အဆုံးထိ ခေါင်းမာသည့်အချိန်များ ရှိသည်။ အကြင်သူသည် ထိုသို့သော ခေါင်းမာသည့် စိတ်သဘောထားတစ်ခုကို သတိထားမိလျှင်ပင် ပြောင်းလဲရန် ခက်ခဲသည်။ ခေါင်းမာခြင်း ပြဿနာကို ဖြေရှင်းရန် အကြင်သူသည် လူသား၏ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အခြား ထိုသို့သော စိတ်သဘောထားများကို သိရှိရမည်။ အကြင်သူသည် မိမိ၏ ကိုယ်ပိုင် မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ဆိုးယုတ်ခြင်းတို့ကိုလည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်ငြားလည်း ဇာတိပကတိကို ပုန်ကန်ရန် မလိုမလားဖြစ်နေကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံချင်သော်ငြား ဆင်ခြေများကို အမြဲပေးပြီး မိမိ၏ အခက်အခဲများကို အမြဲရှင်းပြနေကြောင်းကိုလည်းကောင်း သိရှိသည့်အခါ သူ့တွင် ခေါင်းမာခြင်းနှင့်သက်ဆိုင်သည့် ပြဿနာတစ်ခုရှိကြောင်း သတိပြုမိရန် သူ့အတွက် လွယ်ကူလိမ့်မည်။ ဤပြဿနာကို ဖြေရှင်းရန် အကြင်သူသည် သာမန် လူသားအသိစိတ်ကို ဦးစွာပထမ ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန် သင်ယူခြင်းအားဖြင့် စတင်ရမည်။ သင်သည် ဘုရားသခင်၏ သိုးဖြစ်ရန် ဆန္ဒရှိပါက သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရန် သင်ယူရမည်။ ထိုနှုတ်ကပတ်တော်များကို သင် မည်သို့ နားထောင်သင့်သနည်း။ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များတွင် ဖော်ထုတ်သည့် သင်နှင့်ဆီလျော်သော ပြဿနာမှန်သမျှကို နားထောင်ခြင်းအားဖြင့် ဖြစ်သည်။ ပြဿနာတစ်ခုတလေကို သင် တွေ့ရှိပါက လက်ခံသင့်သည်။ ယင်းမှာ အခြားလူများတွင် ရှိသည့် ပြဿနာဖြစ်ကြောင်း၊ လူတိုင်း၏ ပြဿနာ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပြဿနာဖြစ်ကြောင်း၊ သင်နှင့် မည်သို့မျှမပတ်သက်ကြောင်း မယုံကြည်ရ။ ထိုသို့သော ယုံကြည်မှုမျိုး သင်၌ ရှိလျှင် မှားပေမည်။ ဘုရားသခင် ဖော်ထုတ်နေသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများ၊ သို့မဟုတ် လိုရာဆွဲတွေးသော အမြင်များ ရှိမရှိဆိုသည်ကို ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်မှတစ်ဆင့် သင် သုံးသပ်သင့်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးထံမှ မာနထောင်လွှားသော စိတ်သဘောထား သရုပ်သကန်များ ပွင့်အံထွက်ခြင်းကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များကို သင် ကြားရသည့်အခါ “မာနထောင်လွှားခြင်း၏ သရုပ်သကန်များကို ငါ ပြသမိသလား။ ငါသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်သောကြောင့် ထိုသရုပ်သကန်အချို့ကို ငါ မပြမိဘဲ မရှိနိုင်။ ယင်းကို မည်သည့်နေရာတွင် ငါပြမိသည်ကို ငါ သုံးသပ်သင့်သည်။ ငါ မာနထောင်လွှားကြောင်း၊ ငါ အမြဲ ကြီးကျယ်စွာ ပြုမူနေကြောင်း၊ စကားပြောသည့်အခါ လူတို့ကို ဘောင်ခတ်ကြောင်း လူတို့က ပြောကြသည်။ ယင်းမှာ အမှန်တကယ်ပင် ငါ၏ စိတ်သဘောထား ဖြစ်ပါသလား” ဟု သင့်ကိုယ်သင် တွေးသင့်သည်။ သုံးသပ်ခြင်းမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်သည် လုံးဝ မှန်ကန်တိကျကြောင်း၊ သင်သည် မာနထောင်လွှားသော လူတစ်ဦးဖြစ်ကြောင်း နောက်ဆုံးတွင် သင် သဘောပေါက်လိမ့်မည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်များက လုံးဝ မှန်ကန်တိကျသည်နှင့်အမျှ၊ ကွာဟချက် အနည်းငယ်မျှမရှိဘဲ သင်၏ အခြေအနေနှင့် ပကတိကိုက်ညီကာ ဆက်လက် သုံးသပ်ကြည့်ရာတွင် သာ၍ပင် မှန်ကန်တိကျပုံပေါ်နေသည်နှင့်အမျှ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် လက်ခံသင့်သည်။ ထိုနှုတ်ကပတ်တော်များအတိုင်း သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို ပိုင်းခြားကာ သိမြင်လာသင့်သည်။ ထိုအခါ စစ်မှန်သော နောင်တကို သင် ခံစားနိုင်လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ဤသို့ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်သာ သင့်ကိုယ်သင် သိရှိလာနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို သင် လက်ခံရမည်။ ယင်းကို သင် မလုပ်နိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ရန် သင့်အတွက် နည်းလမ်း ရှိလိမ့်မည်မဟုတ်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်က ယေဘုယျအားဖြင့် မှန်ကန်တိကျကြောင်း သိမြင်သည့် ချက်ချာပါးနပ်သော လူတစ်ဦးဖြစ်ပါက၊ သို့မဟုတ် ယင်း၏ ထက်ဝက်သည် မှန်ကန်ကြောင်း သင် ဝန်ခံနိုင်ပါက ချက်ချင်း လက်ခံသင့်ပြီး ဘုရားသခင် ရှေ့မှောက်တွင် ကျိုးနွံနာခံသင့်သည်။ သူ့ကို သင် ဆုလည်းတောင်းသင့်ကာ သင့်ကိုယ်သင် သုံးသပ်သင့်သည်။ ထိုအခါမှသာ ထုတ်ဖော်ပြချက်နှင့်ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်များအားလုံး မှန်ကန်တိကျကာ အမှန်တရားများသာ လုံးဝဥဿုံဖြစ်ကြောင်း သင်နားလည်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းအားဖြင့်သာ မိမိတို့ကိုယ်ကို အမှန်တကယ် သုံးသပ်နိုင်သည်။ ထိုအခါမှသာ ၎င်းတို့အတွင်း၌ တည်ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံနှင့် ၎င်းတို့သည် အသိစိတ်တစ်စက်မျှမရှိဘဲ ဧကန်အမှန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြကြောင်းတို့ကို ၎င်းတို့ မြင်နိုင်ကြလိမ့်မည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို ချစ်သောသူတစ်ဦးဖြစ်ပါက ဘုရားသခင် ရှေ့မှောက်တွင် မိမိကိုယ်ကို ပျပ်ဝပ်နိုင်လိမ့်မည်၊ ၎င်းသည် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးပြီဖြစ်ကြောင်း ဘုရားကို ဝန်ခံကာ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံဖို့ အလိုဆန္ဒရှိနိုင်လိမ့်မည်။ ဤသို့ဖြင့် ၎င်းသည် နောင်တစိတ်နှလုံး ဖြစ်ပေါ်နိုင်သည်၊ မိမိကိုယ်ကို စတင်ငြင်းပယ်ကာ မုန်းတီးနိုင်ပြီး “ဘုရားနှုတ်ကပတ်တော်များကို စဖတ်ချိန်တွင် အဘယ်ကြောင့် ထိုနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ငါလက်မခံနိုင်ခဲ့သနည်း။ ဘုရားနှုတ်ကပတ်တော်များအပေါ် ငါကိုင်စွဲသည့် ဤသဘောထားသည် မာနထောင်လွှားသည့် သဘောထားဖြစ်သည် မဟုတ်ပါလား။ ငါ အဘယ်သို့ အလွန် မာနထောင်လွှားနိုင်ရသနည်း” ဟု တွေးရင်း ယခင်က သမ္မာတရား မလိုက်စားခဲ့ခြင်းကို နောင်တရနိုင်သည်။ အချိန်အတော်ကြာ ဤသို့ မကြာခဏ မိမိကိုယ်ကို သုံးသပ်ပြီးနောက်တွင် ၎င်းသည် ဧကန်အမှန် မာနထောင်လွှားကြောင်း၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားနှင့် အမှန်တရားများဖြစ်သည်ကို ၎င်းအနေဖြင့် လုံးဝ ဝန်ခံနိုင်စွမ်းမရှိကြောင်းနှင့် အမှန်တကယ် အသိစိတ်တစ်စက်မျှ မရှိကြောင်းတို့ကို သတိပြုမိလိမ့်မည်။ သို့ရာတွင် မိမိကိုယ်ကို သိရန်မှာ ခက်ခဲသောအရာတစ်ခု ဖြစ်သည်။ လူတစ်ဦး သုံးသပ်သည့်အခါတိုင်းတွင် အနည်းငယ် ပို၍များပြီး အနည်းငယ် ပို၍နက်ရှိုင်းသော မိမိကိုယ်ကို သိမြင်မှုကိုသာ ရနိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ရှင်းလင်းသည့် အသိရရှိရန်မှာ တိုတောင်းသည့် အချိန်ကာလတစ်ခုတွင် ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို ပိုဖတ်ရမည်၊ ပိုဆုတောင်းပြီး မိမိကိုယ်ကို ပိုသုံးသပ်ရမည်။ ထိုသို့ဖြင့်သာ ၎င်းသည် တဖြည်းဖြည်း မိမိကိုယ်ကို သိရှိလာနိုင်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိကြသူအားလုံးသည် ယခင်က အကြိမ်အနည်းငယ် ကျရှုံးကာ အမှားလုပ်မိကြပြီးဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကြသည်၊ သူ့ထံ ဆုတောင်းကြပြီး မိမိတို့ကိုယ်ကို သုံးသပ်ကြကာ ထိုသို့ဖြင့် မိမိတို့ကိုယ်တိုင် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်လာကြပြီး ၎င်းတို့သည် ဧကန်အမှန် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခဲ့ကာ သမ္မာတရား စစ်မှန်မှု လုံးဝ ကင်းမဲ့ကြကြောင်းကို ခံစားမိလာကြသည်။ ဘုရားသခင်၏ အမှုတော်ကို ဤသို့ သင်တွေ့ကြုံရပြီး ကိစ္စများ သင့်အပေါ် ဖြစ်ပျက်သည့်အခါ သူ့ထံ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေပါက သင်သည် မိမိကိုယ်ကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ ထိုအခါ တစ်နေ့တွင် သင်၏ စိတ်နှလုံးသည် နောက်ဆုံး၌ ရှင်းလင်းသွားလိမ့်မည်။ “ကျွန်ုပ်သည် အခြားသူများထက် အနည်းငယ်မျှ ပိုကောင်းသည့် အစွမ်းအစ ရှိကောင်းရှိနိုင်သော်လည်း ဤအရာကို ဘုရားက ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်သည် စကားပြောသည့်အခါ အခြားသူများထက်သာရန် ကြိုးပမ်းရင်း၊ အမှုအရာများကို ကျွန်ုပ်သဘောအတိုင်း လူတို့လုပ်အောင် ကြိုးစားရင်း အမြဲ လေလုံးထွားနေသည်။ ကျွန်ုပ်တွင် အမှန်တကယ် အသိစိတ်မဲ့သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သုံးသပ်ခြင်းမှတစ်ဆင့် ကျွန်ုပ်၏ကိုယ်ပိုင် မာနထောင်လွှားသော စိတ်သဘောထားကို ကျွန်ုပ် သိလိုက်ရပြီ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကျေးဇူးတော်ဖြစ်ပြီး ထိုအတွက် သူ့ကို ကျွန်ုပ် ကျေးဇူးတင်မိပါသည်” ဟူ၍ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိအောင်လုပ်ခြင်းသည် ကောင်းသောအရာလော၊ ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ထိုနေရာမှစ၍ အသိစိတ်နှင့် နာခံမှုဖြင့် မည်သို့ ပြောဆိုပြုမူရမည်၊ အခြားသူများနှင့် မည်သို့ တန်းတူ ရပ်တည်ရမည်၊ အခြားသူများအား စိတ်ကျဉ်းကျပ်စေခြင်းမရှိဘဲ မည်သို့ မျှမျှတတ ဆက်ဆံရမည်၊ သင်၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ အားသာချက်များ စသည်တို့ကို မည်သို့ မှန်ကန်စွာ သဘောထားရမည်ကို သင် ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် တောင်ကြီးသည် မြေမှုန့်ဖြစ်အောင် တစ်ချက်ချင်း အထုခံရသကဲ့သို့ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် ပြေလည်သွားလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် သင် ဆက်ဆံသည့်အခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့နှင့် အတူ အလုပ်လုပ်သည့်အခါ ၎င်းတို့၏ အမြင်များကို မှန်မှန်ကန်ကန် သင်သဘောထားနိုင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နားထောင်စဉ်တွင် ဂရုတစိုက်၊ သေချာ အာရုံစိုက်နိုင်လိမ့်မည်။ ပြီးလျှင် မှန်ကန်သည့် အမြင်တစ်ခု ၎င်းတို့ ဖွင့်ဟသည်ကို သင် ကြားသည့်အခါ “ကျွန်ုပ်၏ အစွမ်းအစသည် အကောင်းဆုံး မဟုတ်ပုံရသည်။ အမှန်မှာ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် အားသာချက်များရှိသည်။ ၎င်းတို့သည် ကျွန်ုပ်ထက် လုံးဝ မနိမ့်ကျကြပါ။ ယခင်က ကျွန်ုပ်သည် အခြားသူများထက် ပိုကောင်းသော အစွမ်းအစရှိသည်ဟု အမြဲ တွေးခဲ့သည်။ ယင်းမှာ မိမိကိုယ်ကို စိတ်ကြီးဝင်ခြင်းနှင့် သဘောထား ကျဉ်းမြောင်းသည့် မသိနားမလည်မှု ဖြစ်သည်။ ကျွန်ုပ်သည် ရေတွင်းအောက်ခြေက ဖားတစ်ကောင်ကဲ့သို့ အမြင် အလွန်သေးသိမ်ခဲ့သည်။ ထိုသို့စဉ်းစားခြင်းသည် တကယ်ကို အသိစိတ်မဲ့သည်။ အရှက်မဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ကျွန်ုပ် မျက်ကန်းဖြစ်ပြီး နားပင်းခဲ့သည်။ အခြားလူများ၏ စကားများကို ကျွန်ုပ် နားမဝင်ခဲ့ဘဲ သူတို့ထက် ကျွန်ုပ် ပိုတော်သည်၊ ကျွန်ုပ်မှန်သည်ဟု တွေးထင်ခဲ့သည်။ တကယ်တမ်းတွင် ကျွန်ုပ်သည် သူတို့တစ်ဦးတစ်ယောက်ထက်မျှ ပိုမတော်ပါ” ဟု သင် သိရှိသွားလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် မိမိ၏ ချို့တဲ့ခြင်းများနှင့် မိမိ၏ နည်းပါးသည့် ဝိညာဉ်ရင့်ကျက်မှုကို စစ်မှန်သည့် ထိုးထွင်းအမြင်နှင့် သိမြင်မှုတို့ ရှိလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် မိတ်သဟာယပြုသည့်အခါ သင်သည် ၎င်းတို့၏ အမြင်များကို သေချာစွာ နားထောင်လိမ့်မည်ဖြစ်ပြီး “ကျွန်ုပ်ထက် ပိုတော်သည့် လူများစွာရှိသည်။ ကျွန်ုပ်၏ အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့မှာ မိုင်ကုန်ထုတ်သုံးမှ အလယ်အလတ် အဆင့်သာရှိသည်” ဟု သဘောပေါက်လိမ့်မည်။ ဤအသိတရား ရသွားသောအခါ သင်သည် မိမိကိုယ်ကို သိမြင်မှု ရရှိပြီးဖြစ်လိမ့်မည် မဟုတ်လော။ ဤအရာကို တွေ့ကြုံခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို မကြာခဏ သုံးသပ်ခြင်းအားဖြင့် ယခင်ထက် တိုး၍ နက်ရှိုင်းသော စစ်မှန်သည့် မိမိကိုယ်ကို သိမြင်မှုကို သင် ရရှိနိုင်လိမ့်မည်။ သင်သည် မိမိဖောက်ပြန်ပျက်စီးမှု၏ အမှန်တရား၊ သင်၏ ညံ့ဖျင်းမှုနှင့် အသုံးမကျမှု၊ သင်၏ မနှစ်မြို့ဖွယ် အကျည်းတန်ခြင်းတို့ကို ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် မိမိကိုယ်ကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးလိမ့်မည်။ ထိုအခါ သင့်ကိုယ်သင် ပုန်ကန်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပုံ ဖြစ်သည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မှုများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သုံးသပ်ရမည်။ အထူးသဖြင့် မည်သည့် အခြေအနေမျိုးတွင်မဆို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြပြီးနောက်တွင် သင်သည် မိမိကိုယ်ကို မကြာခဏ သုံးသပ်ကာ သိရှိရမည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးခြင်းကိုလည်းကောင်း၊ သင်၏ ဇာတိပကတိနှင့် စာတန်ကိုလည်းကောင်း စိတ်နှလုံးမှ သင် မုန်းတီးနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် သမ္မာတရားကို စိတ်နှလုံးမှ ချစ်နိုင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် ‌မပြတ် လျော့နည်းလာမည်ဖြစ်ပြီး သင်သည် ထိုစိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်လိမ့်မည်။ သင်သည် အသိစိတ် ပိုပိုပြီး ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင့်အတွက် ပိုမိုလွယ်ကူလိမ့်မည်။ အခြားသူများ၏ အမြင်တွင် သင်သည် ပိုတည်ငြိမ်ပြီး ချင့်ချိန်တတ်ပုံပေါ်ကာ ပိုမိုဓမ္မဓိဋ္ဌာန်ကျကျ ပြောဆိုပုံရလိမ့်မည်ဖြစ်သည်။ အခြားသူများကို သင် နားထောင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို စကားပြောချိန် ပေးလိမ့်မည်။ အခြားသူများ မှန်သည့်အခါ ၎င်းတို့၏ စကားများကို လက်ခံဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လူတို့နှင့် သင်၏ ဆက်ဆံမှုများသည် အလွန် ခက်ခဲပင်ပန်းလိမ့်မည် မဟုတ်ပေ။ မည်သူနှင့်မဆို အတွဲအဖက်ညီစွာ သင် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်ပုံဖြစ်ပါက သင်သည် အသိစိတ်နှင့် လူ့သဘာဝ ရှိလိမ့်မည် မဟုတ်လော။ ယင်းမှာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ဖြေရှင်းရန် နည်းလမ်း ဖြစ်သည်။

ယခုတင် ငါ ဖော်ပြခဲ့သည့် ခေါင်းမာသော စိတ်သဘောထား ပြဿနာမှတစ်ဆင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖြေရှင်းရန်နည်းလမ်းနှင့် ပတ်သက်ပြီး ယခု ငါတို့ အနည်းငယ် မိတ်သဟာယ ပြုကြစို့။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် အကြင်သူသည် ပထမဦးစွာ သမ္မာတရားကို လက်ခံနိုင်ရမည်။ သမ္မာတရားကို လက်ခံရန်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရကို ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအရ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မှုများ၊ သင်၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော ရည်ရွယ်ချက်များ၊ အပြုအမူများကို သိရှိလာပြီး စိစစ်လာကာ သင့်ပြဿနာများ၏ အနှစ်သာရကို ဖော်ထုတ်နိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်မှုအား သင် ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ယင်းကို ဖြေရှင်းသည့်ဖြစ်စဉ်အား စတင်ပြီးဖြစ်လိမ့်မည်။ သို့သော်ငြားလည်း ဤသို့ သင်လက်တွေ့မလုပ်ဆောင်ပါက သင်၏ ခေါင်းမာသော စိတ်သဘောထားကို သင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရုံသာမက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း အမြစ်ဖြတ်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ လူတိုင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်သီတစ်တန်း ပိုင်ဆိုင်ကြသည်။ ထိုအရာများကို အကြင်သူသည် မည်သည့်နေရာတွင် စတင် ဖြေရှင်းသင့်သနည်း။ ပထမဦးစွာ ခေါင်းမာသော စိတ်သဘောထားက လူတို့ကို ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ သမ္မာတရား ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှ ဟန့်တားလာသည့်အခါတွင် အကြင်သူသည် မိမိတို့၏ ခေါင်းမာမှုကို ဖြေရှင်းရမည်။ ခေါင်းမာခြင်းသည် လူ၏ ဆုတောင်းခြင်းအတွက်လည်းကောင်း၊ ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်းအတွက်လည်းကောင်း အကြီးမားဆုံးသော ခလုတ်တံသင်း ဖြစ်သည်။ ယင်းသည် လူသား၏ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို အနှောင့်ယှက်ဆုံးသောအရာ ဖြစ်သည်။ သင်၏ ခေါင်းမာသော စိတ်သဘောထားကို သင် ဖြေရှင်းပြီးနောက်တွင် အခြားအရာများက ဖြေရှင်းဖို့ လွယ်လိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိမြင်မှုဖြင့် စတင်၏။ သင် သတိပြုမိသည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုမဆို ဖြေရှင်းလော့။ ယင်းတို့အပေါ် သိမြင်မှု သင် ပိုမိုရရှိလေ၊ ပိုဖြေရှင်းနိုင်လေ၊ ယင်းတို့အပေါ် သင်၏ အသိ သာ၍ နက်ရှိုင်းလေ၊ ယင်းတို့ကို သင် စေ့စေ့စပ်စပ် ပိုမိုဖြေရှင်းနိုင်လေ ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်း ဖြစ်စဉ်ဖြစ်သည်။ ယင်းကို အကြင်သူက ဇာတိပကတိကို ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ ဘုရားသခင်ထံ ဆုတောင်းခြင်းအားဖြင့်၊ ပြီးလျှင် မိမိကိုယ်ကိုယ် သုံးသပ်ခြင်း၊ သိရှိခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို စိစစ်ခြင်းအားဖြင့် လုပ်ဆောင်ရပေသည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို သိရှိခြင်းသည် ရိုးရှင်းသော အလုပ်ကိစ္စမဟုတ်ပေ။ သင့်ကိုယ်သင် သိရှိခြင်းသည် “ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးဖြစ်သည်။ နတ်ဆိုးတစ်ဦး ဖြစ်သည်။ စာတန်၏ သားသမီး၊ အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက် ဖြစ်သည်။ ဘုရားသခင်အပေါ် ကျွန်ုပ် အတိုက်အခံလုပ်ကာ ရန်လိုသည်။ ကျွန်ုပ်သည် သူ၏ ရန်သူဖြစ်သည်”ဟု ယေဘုယျအားဖြင့် ပြောဆိုခြင်း မဟုတ်ပေ။ ထိုသို့သော ပြောဆိုခြင်းက သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် စစ်မှန်သော သိမြင်မှု ရှိသည်ဟု သေချာပေါက် မဆိုလိုပေ။ သင်သည် ထိုစကားများကို အခြားတစ်စုံတစ်ဦးထံမှ သင်ယူပြီးဖြစ်နိုင်ကာ သင့်ကိုယ်သင်နှင့် ပတ်သက်၍ သိပ်မသိခြင်း ဖြစ်နိုင်သည်။ စစ်မှန်သည့် မိမိကိုယ်ကိုယ် သိမြင်မှုသည် လူ၏ သင်ယူခြင်း၊ သို့မဟုတ် အကဲဖြတ်ခြင်းများ၌ အခြေမခံပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံ၏။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကျိုးဆက်များ၊ ပြီးလျှင် ထိုစိတ်သဘောထားများ၏ အကျိုးဆက်အဖြစ် သင်တွေ့ကြုံပြီးဖြစ်သည့် ဆင်းရဲဒုက္ခကို တွေ့မြင်ခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကိုသာမက၊ အခြားလူများကိုပါ ထိခိုက်နစ်နာစေပုံကို ခံစားရခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စာတန်၌ ပေါ်ပေါက်ကြောင်း၊ ယင်းတို့သည် စာတန်၏ အဆိပ်များနှင့် အတွေးအခေါ်များ ဖြစ်ကြောင်းနှင့် သမ္မာတရားနှင့် ဘုရားသခင်ကို လုံးဝ မလိုလားကြောင်း အမှန်တရားကို ရိပ်စားမိခြင်း ဖြစ်သည်။ ဤပြဿနာကို သင် ရိပ်စားမိပြီးသည့်အခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် သိရှိလာပြီး ဖြစ်လိမ့်မည်။ လူအချို့က ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန် ဖြစ်ကြောင်း အသိအမှတ်ပြုပြီးနောက်တွင် ပြုပြင်ခြင်းကို လက်မခံကြသေးချေ။ ၎င်းတို့အနေဖြင့် မှားယွင်းသည့်အရာ တစ်ခုခု လုပ်ပြီးကြောင်း၊ သို့မဟုတ် သမ္မာတရားကို ချိုးဖောက်မိပြီးဖြစ်ကြောင်းကို ဝန်မခံကြချေ။ ၎င်းတို့၏ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြသေးချေ။ လူအချို့က ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်ဖြစ်သည်ဟု ပြောကြသည့်တိုင် ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သည်ဟု အဘယ်ကြောင့် ပြောပါသနည်း”ဟု မေးမည်ဆိုပါက ၎င်းတို့ ပြန်ဖြေနိုင်မည် မဟုတ်။ ဤအရာက ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ အနှစ်သာရကို မသိကြကြောင်း သက်သေပြပေသည်။ ၎င်းတို့၏ သဘာဝက နတ်ဆိုး၏ သဘာဝဖြစ်ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ စိတ်သဘောထားဖြစ်ကြောင်း ၎င်းတို့ မြင်နိုင်ပြီး ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးဖြစ်သည်ဟု ဝန်ခံနိုင်ပါက မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ၎င်းတို့ သိရှိလာကြပြီးဖြစ်မည်။ စစ်မှန်သည့် မိမိကိုယ်ကိုယ် သိမြင်မှုကို ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှု၊ တရားစီရင်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ ယင်းကို သမ္မာတရားကို သိနားလည်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ၎င်းတို့၏ မိမိကိုယ်ကိုယ် သိမြင်မှုအကြောင်း မည်သည့်အရာ ပြောသည်ဖြစ်စေ၊ အမြစ်တွယ်ပြီး ပဓာနကျသော ထိုအရာများကို ၎င်းတို့ ရှာမတွေ့နိုင်၊ သို့မဟုတ် သဘောမပေါက်နိုင်သောကြောင့် ယင်းသည် အနှစ်သာရမဲ့ပြီး လက်တွေ့မကျပေ။ မိမိကိုယ်ကိုယ်မိမိ သိရှိရန်မှာ အကြင်သူသည် တိကျသော ဖြစ်ရပ်များတွင် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများကို ၎င်းက ထုတ်ဖော်ပြပြီးဖြစ်သည်၊ မိမိတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ ၎င်းတို့ မည်သို့ပြုမူကြသည်၊ မည်သည့်အရာကြောင့် ၎င်းတို့ မသန့်စင်ရသည်ဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်မခံရသည့်အကြောင်းရင်းတို့ကို သိမှတ်ရမည်။ ဤအရာများကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ရမည်ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိနိုင်ကြပေသည်။ လူအချို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့မိကြောင်း၊ ဘုရားသခင်နှင့် ပတ်သက်၍ သံသယများနှင့် အထင်လွဲမှုများရှိကြောင်းနှင့် သူ့ကို ၎င်းတို့ သတိထားပြီး တွန်းလှန်ကြကြောင်းတို့ကို ဝန်ခံကြသည်။ လူသားကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များအားလုံးသည် အမှန်တရား ဖြစ်ကြောင်းလည်း ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဤအရာက ၎င်းတို့သည် မိမိကိုယ်ကိုယ် သိမြင်မှု အနည်းငယ်ရှိကြောင်း ပြပေသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၊ သို့မဟုတ် သူ၏ အမှုတော်ကို သိမြင်မှု မရှိကြသောကြောင့်၊ သူ၏ ရည်ရွယ်ချက်များကို နားမလည်ကြသောကြောင့် ၎င်းတို့၏ မိမိကိုယ်ကိုယ် သိမြင်မှုသည် အတော်လေး ပေါ့တန်လေသည်။ တစ်စုံတစ်ဦးသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကိုသာ သိမှတ်သော်လည်း ပြဿနာ၏ ရင်းမြစ်ကို ရှာမတွေ့ပါက ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ သံသယများ၊ အထင်လွဲမှုများနှင့် သတိထား တွန်းလှန်မှုများကို ဖြေရှင်း၍ရနိုင်သလော။ မရနိုင်ပေ။ ဤသည်မှာ မိမိကိုယ်ကိုယ် သိမြင်မှုသည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပြဿနာများကို အသိအမှတ်ပြုခြင်းမျှထက် ပိုသည့်အကြောင်းရင်း ဖြစ်သည်။ အကြင်သူသည် သမ္မာတရားကိုလည်း နားလည်ရမည်ဖြစ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို အမြစ်မှ ဖြေရှင်းရမည်။ ယင်းမှာ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း၏အမှန်တရားကို ရိပ်စားမိပြီး စစ်မှန်သည့် နောင်တ စွမ်းဆောင်ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိလာကြသည့်အခါ မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း ၎င်းတို့ ရှာဖွေကာ နားလည်နိုင်ကြသည်။ ဤမိမိကိုယ်ကိုယ် သိမြင်မှုမျိုးသည်သာ ရလဒ်များ ဖြစ်ထွန်းစေသည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် လူသားကို ထုတ်ဖော်ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော် စကားရပ်တစ်ခုကို ဖတ်သည့်အခါတိုင်းတွင် လူသားကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များက စစ်မှန်ပြီး အမှန်တရား ဖြစ်ကြောင်းနှင့် လူသားကို တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ကိုယ်စားပြုကြောင်း အဓိကအားဖြင့် ၎င်းတို့ ယုံကြည်ကြသည်။ သမ္မာတရားကို ချစ်သောသူတို့သည် အနည်းဆုံးအနေဖြင့် ဤအရာကို သတိပြုနိုင်ရမည်။ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကိုပင် မယုံကြည်သကဲ့သို့ လူသားကို ဖော်ထုတ်‌ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များက အမှန်တရားများနှင့် သမ္မာတရားဖြစ်ကြောင်း မယုံကြည်ပါက ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကိုယ် သိရှိနိုင်ကြသလော။ သေချာပေါက် မသိနိုင်ကြချေ။ ၎င်းတို့ သိရှိရန် ဆန္ဒရှိလျှင်ပင် သိရှိနိုင်မည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များအားလုံးက သမ္မာတရားဖြစ်ကြောင်း သင်၏ ယုံကြည်မှုတွင် သင် ခိုင်မာနိုင်ပြီး မည်သည့်အရာကို ဘုရားသခင် ပြောသည်ဖြစ်စေ၊ သူ၏ စကားပြောသည့်ပုံစံက မည်သို့ဖြစ်စေ ထိုနှုတ်ကပတ်တော်များအားလုံးကို ယုံကြည်နိုင်ပါက၊ သင် နားမလည်လျှင်ပင် ဘုရားနှုတ်ကပတ်တော်များကို ယုံကြည်ပြီး လက်ခံနိုင်ပါက ထိုနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိကိုယ်ကိုယ် သုံးသပ်ကာ သိရှိရန် သင့်အတွက် လွယ်ကူလိမ့်မည်။ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းသည် သမ္မာတရားအပေါ် အခြေခံရမည်ဖြစ်သည်။ ယင်းမှာ သံသယရှိရန် မလိုပေ။ ဘုရားနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်၏။ လူ၏ စကားများနှင့် စာတန်၏ စကားများတစ်ခုမျှ သမ္မာတရား မဟုတ်။ စာတန်သည် သင်ယူခြင်း၊ သင်ကြားခြင်းနှင့် သဘောတရားမျိုးစုံဖြင့် လူသားမျိုးနွယ်ကို နှစ်ထောင်ချီ ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်ကာ လူတို့သည် အလွန် ထုံထိုင်းပြီး နုံအလာကြသည်မှာ မိမိတို့ကိုယ်ကိုယ် သိမြင်မှု စိုးစဉ်းမျှ မရှိကြရုံသာမက မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကိုပင် လိုက်နာစောင့်ထိန်းကာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြလေသည်။ ဤသို့သော လူသားများသည် အဖတ်ဆယ်၍ မရနိုင်ကြပေ။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ကြောင်း ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံ၍ မိမိတို့ကိုယ်ကိုယ် သိရှိနိုင်ကြပြီး ထိုသို့ဖြင့် စစ်မှန်သော နောင်တတရားကို ရရှိနိုင်ကြသည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားကြချေ။ ၎င်းတို့သည် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းအား လူသား၏ သင်ယူမှုများ အပေါ်တွင်သာ အခြေခံကြပြီး အပြစ်ရှိသည့် အပြုအမူထက်ပို၍ မည်သည့်အရာမျှ ဝန်မခံကြသကဲ့သို့ တစ်ချိန်လုံးတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို မရိပ်စားမိနိုင်ကြချေ။ ထိုသို့သော မိမိကိုယ်ကိုယ် သိမြင်မှုသည် အချည်းနှီးဖြစ်သော အားထုတ်မှုဖြစ်ပြီး မည်သည့်ရလဒ်မျှ မဖြစ်ထွန်းပေ။ အကြင်သူသည် ၎င်း၏ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းအား ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ ရမည်ဖြစ်ပြီး သုံးသပ်ပြီးနောက်တွင် ၎င်းထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း သိရှိလာရမည်။ အကြင်သူသည် မိမိ၏ ချို့တဲ့မှုများ၊ မိမိလူ့သဘာဝ အနှစ်သာရ၊ အမှုအရာများအပေါ် မိမိ၏ အမြင်များ၊ မိမိ၏ ဘဝ အမြင်နှင့် တန်ဖိုးများကို သမ္မာတရားအပေါ် အခြေခံ၍ အကဲဖြတ်ကာ သိရှိနိုင်ရမည်။ ထို့နောက်တွင် ဤအရာအားလုံးအပေါ် မှန်ကန်တိကျသည့် အကဲဖြတ်ချက်နှင့် ထင်မြင်ချက် စိတ်ကူးရလာနိုင်ရမည်။ ဤနည်းဖြင့် မိမိတို့ကိုယ်ကိုယ် သိမြင်မှုကို ၎င်းတို့ တဖြည်းဖြည်း ကြိုးပမ်းရယူနိုင်ပေသည်။ သို့ရာတွင် အကြင်သူသည် ဘဝတွင် သာ၍ တွေ့ကြုံသည်နှင့်အမျှ မိမိကိုယ်ကိုယ် သိမြင်မှုက ယခင်ကထက် သာ၍ နက်ရှိုင်းသွားပြီး သမ္မာတရား မရရှိမီတွင် မိမိ၏ သဘာဝ အနှစ်သာရကို လုံးလုံး ရိပ်စားမိရန် ၎င်းအတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦးသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိပါက ဖောက်ပြန်ပျက်စီးသော လူသားများသည် ဧကန်အမှန် စာတန်၏ သားသမီးနှင့် ပြယုဂ်များဖြစ်ကြောင်းကို မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အသက်မရှင်ထိုက်ကြောင်း၊ သူ၏ မေတ္တာ၊ ကယ်တင်ခြင်းတို့နှင့် မထိုက်တန်ကြောင်း ခံစားကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် လုံးဝ ဝပ်စင်းနိုင်ကြလိမ့်မည်။ ထိုသို့သော သိမြင်မှုအတိုင်းအတာတစ်ခုကို သိမြင်နိုင်စွမ်းရှိသူတို့သာ မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သိပေသည်။ မိမိကိုယ်ကိုယ် သိမြင်မှုသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် ကြိုတင်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ စစ်မှန်မှုထဲသို့ ဝင်ရောက်ချင်ပါက မိမိတို့ကိုယ်ကိုယ် သိရှိရမည်။ လူအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး မရည်ရွယ်ဘဲ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ၎င်းတို့ အမြဲ ချုပ်ချယ်ခံရကာ ထိန်းချုပ်ခံရကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ရန် ဆန္ဒရှိပါက ပထမဦးစွာ မိမိတို့ကိုယ်ကို သိရှိရမည်ဖြစ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရမည်။ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းကို ရရှိနိုင်သည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းခြင်း ဖြစ်စဉ်မှတစ်ဆင့်သာ ဖြစ်သည်။ ထိုအခါမှသာ အကြင်သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး သူ့အတွက် သက်သေခံနိုင်ပေသည်။ ယင်းမှာ သမ္မာတရားကို ရရှိပုံဖြစ်သည်။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်စဉ်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်း ဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် အကြင်သူသည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပထမဦးစွာ မိမိ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိရမည်။ အတိအကျဆိုရလျှင် ဤသည်မှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်ပုံကိုလည်းကောင်း၊ မိမိလက်ခံသည့် စာတန်၏ မည်သည့် နတ်ဆိုးဆန်သော စကားများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများက ထိုအရာကို ထွက်ပေါ်စေသည်ကိုလည်းကောင်း သိရှိခြင်းအား ဆိုလိုပေသည်။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များအရ ဤဖြစ်ကြောင်းရင်းမြစ်များကို အပြည့်အဝ နားလည်လာပြီး ယင်းတို့အပေါ် ချင့်ချိန်နိုင်စွမ်း ရှိသည်နှင့်တစ်ပြိုင်နက် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ရန် လိုလားနေလိမ့်မည် မဟုတ်တော့ပေ။ ဘုရားသခင်ကိုသာ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ချင်လိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထိုသူ ထုတ်ဖော်ပြသည့်အခါတိုင်းတွင် သတိပြုမိနိုင်လိမ့်မည်ဖြစ်ပြီး ငြင်းပယ်ကာ မိမိ၏ ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်။ ဤသို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခြင်းအားဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံးကို တဖြည်းဖြည်း စွန့်ပစ်လိမ့်မည်။

လူအချို့က “ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်သည့်အခါ မိမိကိုယ်ကိုယ် ကျွန်ုပ် သုံးသပ်ကာ ကျွန်ုပ်သည် မာနထောင်လွှား၊ လှည့်စားတတ်ကြောင်း၊ တစ်ကိုယ်ကောင်းဆန်၊ ကောက်ကျစ်ဆိုးယုတ်ကာ ခေါင်းမာပြီး လူ့သဘာဝ ကင်းမဲ့ကြောင်း သဘောပေါက်ခဲ့သည်”ဟု ဆိုကြသည်။ ၎င်းတို့ အလွန်အမင်း မာနထောင်လွှားကြောင်း၊ လူ့တိရစ္ဆာန်များဖြစ်ကြောင်း၊ နတ်ဆိုးများနှင့် စာတန်ဖြစ်ကြောင်းပင် ပြောသောသူအချို့ရှိသည်။ ဤသည်မှာ စစ်မှန်သည့် မိမိကိုယ်ကိုယ် သိမြင်မှုဖြစ်သလော။ ၎င်းတို့သည် စိတ်နှလုံးမှ စကားပြောနေကြပြီး တစ်စုံတစ်ခုကို တုပခြင်းသာ မဟုတ်ပါက အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် မိမိကိုယ်ကိုယ် သိမြင်မှုရှိကြောင်း ပြသည်။ တစ်ခုတည်းသော မေးစရာမှာ ထိုအသိက ပေါ့တန်ခြင်း၊ နက်ရှိုင်းခြင်း ရှိမရှိ ဖြစ်သည်။ ထိုအရာများသည် တစ်စုံတစ်ခုကို တုပခြင်း၊ အခြားတစ်စုံတစ်ဦး၏ စကားများကို လိုက်ပြောခြင်း ဖြစ်ပါက ယင်းမှာ စစ်မှန်သော မိမိကိုယ်ကိုယ် သိမြင်မှု မဟုတ်ပေ။ အကြင်သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား သိမြင်မှုသည် ကိစ္စနှင့် အခြေအနေတိုင်းတွင် ခိုင်လုံရမည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆက်နွှယ်သည့် အခြေအနေများ၊ ပွင့်အံထွက်ခြင်းများ၊ အပြုအမူများ၊ အတွေးများနှင့် စိတ်ကူများကဲ့သို့သော အသေးစိတ်အချက်များကို ဆိုလိုသည်။ ထိုအခါမှသာ အကြင်သူသည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သိမြင်နိုင်ပေသည်။ လူတစ်ဦးသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည့်အခါ ၎င်းတို့ စိတ်နှလုံးသည် နောင်တနှင့် ပြည့်လိမ့်မည်ဖြစ်ပြီး စစ်မှန်သည့် နောင်တတရားရနိုင်စွမ်း ရှိလာလိမ့်မည်။ နောင်တရရန်အလို့ငှာ ပထမဦးဆုံး လက်တွေ့လုပ်ဆောင်ရမည့် အရာမှာ အဘယ်နည်း။ (မိမိ၏ အမှားများကို ဝန်ခံရမည်။) “မိမိ၏အမှားများကို ဝန်ခံခြင်း”သည် ဤအရာကို ဖော်ပြရန် မှန်ကန်သည့် နည်းလမ်း မဟုတ်။ ယင်းထက် မိမိ၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုခု ရှိကြောင်းကို အသိအမှတ်ပြုခြင်းနှင့် သိမြင်ခြင်း ကိစ္စတစ်ခု ဖြစ်သည်။ အကြင်သူက မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အမှားတစ်မျိုး ဖြစ်သည်ဟု ဆိုလျှင် မှားယွင်းပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် မိမိ၏ သဘာဝနှင့် သက်ဆိုင်သည့် အရာတစ်ခု၊ လူတစ်ဦးကို ထိန်းချုပ်သည့်အရာတစ်ခု ဖြစ်သည်။ တစ်ကြိမ်တည်းလုပ်သည့် အမှားတစ်ခုနှင့် တူသောအရာ မဟုတ်ပေ။ ဖောက်ပြန်ပျက်စီး‌ခြင်းကို ထုတ်ဖော်ပြပြီးနောက် လူအချို့က ဘုရားသခင်ထံ ဆုတောင်းကြသည်။ “အို ဘုရားသခင်၊ ကျွန်ုပ် အမှားတစ်ခု ပြုခဲ့ပါသည်။ ကျွန်ုပ် တောင်းပန်ပါသည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မမှန်ပေ။ “အပြစ်တစ်ခုကို ဝန်ခံခြင်း”သည် ပိုသင့်တော်မည်။ နောင်တတရားကို လူတို့ လက်တွေ့လုပ်ဆောင်သည့် တိကျသော နည်းလမ်းမှာ မိမိတို့ကိုယ်ကိုယ် သိရှိခြင်းနှင့် မိမိတို့၏ ပြဿနာများကို ဖြေရှင်းခြင်းအားဖြင့် ဖြစ်သည်။ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည့်အခါ၊ သို့မဟုတ် ပြစ်မှားမှုတစ်ခုကို ကျူးလွန်မိပြီး ၎င်းက ဘုရားသခင်ကို အတိုက်အခံ လုပ်မိနေကာ သူ၏ အမုန်းတရားကို လှုံ့ဆော်ပေးနေကြကြောင်း သဘောပေါက်သည့်အခါ ၎င်းသည် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များအတွင်း၌ မိမိကိုယ်ကိုယ် သုံးသပ်ပြီး သိရှိသင့်သည်။ ထို့ကြောင့် ၎င်းသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် သိမြင်မှုအချို့ ရရှိလိမ့်မည်ဖြစ်ပြီး ထိုအရာက စာတန်၏ အဆိပ်များနှင့် ဖောက်ပြန်ပျက်စီးခြင်းမှ လာကြောင်း အသိအမှတ်ပြုလိမ့်မည်။ ထို့နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများအား ရှာတွေ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီးသည့်အခါ ယင်းမှာ စစ်မှန်သော နောင်တတရား ဖြစ်သည်။ လူတစ်ဦးက မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်ဖြစ်စေ ၎င်းသည် ပထမဦးစွာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိနိုင်ပါက ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပါက ယင်းသည် စစ်မှန်သော နောင်တတရားဖြစ်၏။ လူအချို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အနည်းငယ် သိရှိကြသော်လည်း ၎င်းတို့အတွင်း၌ နောင်တလက္ခဏာများ မရှိသကဲ့သို့ ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ကြောင်း သက်သေအထောက်အထား တစ်ခုမျှ မရှိကြချေ။ မိမိကိုယ်ကိုယ် သိမြင်မှု ရရှိပြီးနောက်တွင် ၎င်းတို့သည် မပြောင်းမလဲရှိနေပါက ယင်းသည် စစ်မှန်သော နောင်တတရားနှင့် အလှမ်းဝေး၏။ စစ်မှန်သော နောင်တကို ရရှိရန် အကြင်သူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်။ ထို့ကြောင့် တိတိကျကျဆိုရလျှင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အလို့ငှာ အကြင်သူသည် မည်သို့ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သင့်သနည်း။ ဤနေရာတွင် ဥပမာတစ်ခုရှိ၏။ လူတို့သည် လှည့်စားတတ်သော စိတ်သဘောထားများရှိကြ၏။ ၎င်းတို့သည် အမြဲ လိမ်ညာကာ လှည့်စားနေကြသည်။ ယင်းကို သင် သဘောပေါက်ပါက သင်၏ လှည့်စားတတ်ခြင်းကို ဖြေရှင်းရန် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမှာ ရိုးသားသော လူတစ်ဦးဖြစ်ရန်၊ အမှန်တရားကို ပြောပြီး ရိုးသားသော အရာများကို လုပ်ဆောင်ရန် ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဟူ၍ဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန် အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများကို လိုက်လျှောက်သင့်သည်။ ဤရိုးရှင်းသော လက်တွေ့လုပ်ဆောင်မှုသည် အထိရောက်ဆုံးဖြစ်သည်။ နားလည်ရန်နှင့် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူ၏။ သို့ရာတွင် လူတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြသောကြောင့်၊ ၎င်းတို့အားလုံး ဆိုးယုတ်သော သဘာဝများရှိကြပြီး ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေကြသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် အတော်လေး ခက်ခဲသည်။ ၎င်းတို့သည် ရိုးသားချင်ကြသော်လည်း မရိုးသားနိုင်ကြချေ။ အလိမ်အညာများပြောပြီး လှည့်စားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲမနေနိုင်ကြသကဲ့သို့ ဤအရာကို သတိပြုပြီးနောက်တွင် နောင်တရကောင်း ရနိုင်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်မှုများကို ၎င်းတို့ မစွန့်ပစ်နိုင်ကြသေးသကဲ့သို့ ယခင်ကဲ့သို့ ဆက်လက် လိမ်ညာကာ လှည့်စားနေကြလိမ့်မည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ယင်း၏ တစ်စိတ်တစ်ပိုင်းမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရမှာ အကျည်းတန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကြောင်း သိရှိခြင်းနှင့် ယင်းကို မိမိစိတ်နှလုံးမှ မုန်းတီးနိုင်ခြင်း ဖြစ်သည်။ နောက်တစ်ပိုင်းမှာ သမ္မာတရား စည်းမျဉ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် လေ့ကျင့်ခြင်း ဖြစ်သည်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဤစည်းမျဉ်းကို သင် လက်တွေ့လုပ်ဆောင်နေသည့်အချိန်တွင် သင်သည် သင်၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းခြင်း ဖြစ်စဉ်တွင် ရှိနေသည်။ သင်၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းနေစဉ်တွင် သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပင်ကိုအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက ယင်းသည် မိမိကိုယ်ကိုယ် ပြောင်းလဲခြင်း၏ သရုပ်သကန်တစ်ခုနှင့် သင်၏ စစ်မှန်သော နောင်တတရား အစပြုခြင်း ဖြစ်ကာ ဘုရားသခင်က ထိုအရာကို လက်ခံပေသည်။ ဤသည်မှာ သင်သည် မိမိကိုယ်ကိုယ် ပြောင်းလဲစေသည့်အခါ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူ၏ စိတ်ကို ပြောင်းလဲလိမ့်မည်ဟု ဆိုလိုသည်။ အမှန်တွင် ဤအရာကို ဘုရားသခင် လုပ်ဆောင်ခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်မှုအတွက် ခွင့်လွှတ်ခြင်း အမျိုးအစားတစ်ခု ဖြစ်သည်။ သူသည် လူတို့ကို ခွင့်လွှတ်ပြီး ၎င်းတို့၏ အပြစ်များ၊ သို့မဟုတ် ပြစ်မှားမှုများကို မအောက်မေ့ပေ။ ဤမျှပြောလျှင် အသေးစိတ်ကျသလော။ ဤအရာကို သင်တို့ နားလည်ပြီလော။ နောက်ထပ် ဥပမာမှာ ဤသို့ဖြစ်၏။ သင်သည် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုရှိပြီး သင့်အပေါ် မည်သည့်အရာဖြစ်ပျက်ပါစေ သင်သည် အလွန် တစ်ဇွတ်ထိုးနိုင်သည်၊ သင်သည် အမြဲ အဆုံးအဖြတ်ပေးလိုသည်၊ အခြားသူများအား သင့်ကို နာခံစေချင်ပြီး ၎င်းတို့အား သင့်သဘောကျ လုပ်စေချင်သည် ဆိုပါစို့။ ထို့နောက် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားအားဖြင့် ဖြစ်ကြောင်း သင် သဘောပေါက်သည့်နေ့ ရောက်လာ၏။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထားဖြစ်ကြောင်း သင်၏ ဝန်ခံခြင်းသည် မိမိကိုယ်ကိုယ် သိမြင်မှု၏ ပထမအဆင့် ဖြစ်သည်။ ထိုနေရာမှ သင့်ကိုယ်သင် ယှဉ်ကြည့်ရန် မာနထောင်လွှားသော စိတ်သဘောထားကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို သင် ရှာဖွေသင့်ပြီး သင့်ကိုယ်သင် သုံးသပ်ကာ သိရှိသင့်သည်။ နှိုင်းယှဉ်ခြင်းက လုံးဝ လျော်ကန်ကြောင်းကို သင် ရှာတွေ့ပြီး ဘုရားသခင် ဖော်ထုတ်သည့် မာနထောင်လွှားသော စိတ်သဘောထားက သင့်အထဲ၌ တည်ရှိသည်ကို သင် ဝန်ခံပြီးနောက် သင်၏ မာနထောင်လွှားသော စိတ်သဘောထား မည်သည့်နေရာမှ လာသည်ဆိုသည်နှင့် ထိုအရာထွက်ပေါ်ရသည့်အကြောင်းရင်း၊ ပြီးလျှင် စာတန်၏ မည်သည့် အဆိပ်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများက ထိုအရာကို အုပ်စိုးသည်ဆိုသည်ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ပါက ဤမေးခွန်းများအားလုံး၏ အချက်အချာကို မြင်ပြီးနောက်တွင် သင်၏ မာနထောင်လွှားမှု အရင်းအမြစ်ထိ ရှာဖွေတွေ့ရှိပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ စစ်မှန်သော မိမိကိုယ်ကိုယ် သိမြင်မှုဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား သင် ထုတ်ဖော်ပြပုံနှင့်ဆိုင်သည့် ပိုမိုတိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် သင်ရှိသည့်အခါ ထိုအရာက ပိုနက်ရှိုင်းပြီး ပိုမိုလက်တွေ့ကျသည့် သင့်ကိုသင် သိမြင်မှုအား ပံ့ပိုးပေးလိမ့်မည်။ နောက်ထပ် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၌ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပြီး မည်သည့် လူသား ပြုမူနေထိုင်ပုံနှင့် စကားမျိုးက ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များဖြစ်သည်ကို နားလည်သင့်သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို သင် ရှာတွေ့ပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်များအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏ စိတ်နှလုံး ပြောင်းလဲပြီးချိန်တွင် သင်သည် အမှန်တကယ် နောင်တရပြီး ဖြစ်လိမ့်မည်။ သင်၏ စကားနှင့် လုပ်ရပ်များအတွက် စည်းမျဉ်းများ ရှိလိမ့်မည်သာမက လူသားပုံသဏ္ဌာန်ကိုလည်း သင် အသက်ရှင်နေထိုင်နေလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း ခါချနေလိမ့်မည်။ အခြားသူများက သင့်ကို လူသစ်တစ်ဦးအဖြစ် မြင်ကြလိမ့်မည်။ သင်သည် ယခင်တစ်ချိန်ကကဲ့သို့ လူဟောင်းတစ်ဦး၊ ဖောက်ပြန်ပျက်စီးသော လူတစ်ဦး ဖြစ်တော့မည်မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များဖြင့် ပြန်လည်မွေးဖွားသည့်သူတစ်ဦး ဖြစ်လိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် မိမိ၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးသည့်သူ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။