သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၃) အပိုင်း တစ်
ယခင်စုဝေးပွဲတွင် ရိုးရာယဉ်ကျေးမှု၌ရှိသော “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသည့် ဆိုရိုးစကားကို ငါတို့ အဓိက မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့သည်။ လူတို့ကို အယူဝါဒသွတ်သွင်းရန်အတွက် စာတန်အသုံးပြုသော ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆိုရိုးစကားများနှင့် သဘောတရားများသည် မမှန်ကန်သည့်အပြင် လူတို့အား လိုက်နာစေသည့် ကြီးကျယ်သော စကားများမှာလည်း မမှန်ကန်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းတို့သည် လူတို့အား အထင်အမြင်မှားစေပြီး တလွဲလမ်းညွှန်သည့် သက်ရောက်မှုရှိကာ ၎င်းတို့၏ စဉ်းစားပုံကို ဘောင်ခတ်သည်။ ရိုးရာယဉ်ကျေးမှုတွင်ရှိသည့် ဤမှားယွင်းသော အယူအဆများနှင့် အမြင်များဖြင့် ပြည်သူလူထုအား ပညာပေးခြင်း၊ အယူဝါဒသွတ်သွင်းခြင်းနှင့် လွှမ်းမိုးခြင်းတို့အားဖြင့် အဆုံးစွန်သော ရည်ရွယ်ချက်မှာ အုပ်ချုပ်သူလူတန်းစား၏ အုပ်စိုးမှုကို ၎င်းတို့ ကျိုးနွံနာခံရန်၊ မိမိတို့၏ နိုင်ငံနှင့် ပါတီကို ချစ်သော၊ မိမိတို့၏အမိမြေနှင့် နိုင်ငံတော်ကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားသော သူတို့၏ သစ္စာစောင့်သိမှုဖြင့် အုပ်ချုပ်သူများကို အစေခံရန်ပင် ဖျောင်းဖျအယုံသွင်းဖို့ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်အစိုးရသည် လူသားမျိုးနွယ်အပေါ်နှင့် အမျိုးမျိုးသော လူမျိုးစုအားလုံးတို့အပေါ် အုပ်ချုပ်သူများ၏ ချုပ်ကိုင်မှုကို လွယ်ကူချောမောစေရန်၊ အုပ်ချုပ်သူများ၏ အစိုးရစနစ်တည်ငြိမ်မှုနှင့် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသော လူ့အဖွဲ့အစည်း၏ သဟဇာတဖြစ်မှုနှင့် ငြိမ်ဝပ်ပိပြားမှုကို ဆက်လက်မြှင့်တင်ရန်တို့အတွက် ရိုးရာယဉ်ကျေးမှုပညာရေးကို တွင်ကျယ်စေခြင်းဖြစ်သည်ကို ပြသရန် လုံလောက်သည်။ အုပ်ချုပ်သူ လူတန်းစားသည် ရိုးရာယဉ်ကျေးမှုပညာရေးကို မည်သို့ ဝါဒဖြန့်ပြီး အားပေးမြှင့်တင်ကာ တွင်ကျယ်အောင်ပြုလုပ်ပါစေ ယေဘုယျအနေဖြင့် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူတို့ကို အထင်အမြင်မှားစေပြီး တလွဲလမ်းညွှန်သည့်အပြင် အမှန်တရားနှင့် မုသား၊ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း၊ အမှန်နှင့် အမှား၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ ခွဲခြားသိမြင်နိုင်စွမ်းကိုလည်း ပြင်းထန်စွာ နှောင့်ယှက်သည်။ ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် အဖြူနှင့် အမည်းကို လုံးဝ ပြောင်းပြန်လှန်သည်၊ အမှန်တရားကို မုသားများနှင့် ရောယှက်သည်၊ ပြီးလျှင် အများပြည်သူတို့ကို အထင်အမြင်မှားစေကာ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာကမှားသည်၊ မည်သည့်အရာက အမှန်တရားဖြစ်သည်၊ မည်သည့်အရာက မုသားများဖြစ်သည်၊ မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်၊ မည်သည့်အရာက ဘုရားသခင်ထံမှလာပြီး မည်သည့်အရာက စာတန်ထံမှလာသည် ဆိုသည်တို့ကို ၎င်းတို့ မသိမြင်ရသော အခြေအနေအတွင်း၌ ရိုးရာယဉ်ကျေးမှုမှလာသော ဤထင်မြင်ချက်များ၏ အထင်အမြင်မှားစေခြင်းကို လူတို့အား ခံရစေသည်ဟုလည်း ဆိုနိုင်သည်။ ရိုးရာယဉ်ကျေးမှုက အကြောင်းအရာမျိုးစုံကို အဓိပ္ပာယ်သတ်မှတ်ပြီး လူမျိုးစုံအား ကောင်းသည်၊ ဆိုးသည်၊ ကြင်နာသည်၊ ဆိုးယုတ်သည်ဟု အမျိုးအစားခွဲသော နည်းလမ်းသည် လူသားများကို နှောင့်ယှက်ပြီး အထင်အမြင်မှားစေ၍ တလွဲလမ်းညွှန်ပေးကာ ရိုးရာယဉ်ကျေးမှုက ထောက်ခံအားပေးသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးအတွင်း၌ပင် လူတို့၏ အတွေးများကို ဘောင်ခတ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို မကယ်ထုတ်နိုင်ပေ။ ရလဒ်အနေဖြင့် လူများစွာတို့သည် နတ်ဆိုးဘုရင်များအား လိုလိုလားလား ကတိသစ္စာခံကြပြီး အဆုံးတိုင် မစဉ်းမစားကိုးကွယ်ဆည်းကပ်ခြင်းကို ပြသကာ သေသည်အထိ ထိုကတိသစ္စာကို တလေးတစား လိုက်နာစောင့်ထိန်းကြသည်။ ဤအခြေအနေသည် လက်ရှိအချိန်ထိ ဆက်လက် ဖြစ်ပေါ်နေသော်လည်း အသိစိတ်ဝင်သောသူ အနည်းငယ်သာရှိသည်။ ယခုအချိန်ကာလတွင် ဘုရားသခင်ကို ယုံကြည်သောသူများစွာသည် သမ္မာတရားကို သိမြင်နိုင်သော်လည်း သမ္မာတရားအား ၎င်းတို့၏ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတွင် အတားအဆီးများစွာ ရှိနေသည်။ ဤအတားအဆီးများသည် ၎င်းတို့၏ စိတ်နှလုံးတွင် ရှေးယခင်ကတည်းက အမြစ်တွယ်နေသော ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် ရှုထောင့်အမြင်များမှ အဓိကလာသည်ဟု ဆိုနိုင်သည်။ လူတို့သည် ထိုအရာများကို ဦးစွာ သင်ယူခဲ့ပြီး ကြီးစိုးလျက်ရှိ၍ ယင်းက လူတို့၏ အတွေးများကို ထိန်းချုပ်နေပြီဖြစ်ကာ သမ္မာတရားအား လူတို့လက်ခံခြင်းနှင့် ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းအတွက် အတားအဆီးများစွာ၊ အတိုက်အခံများစွာကို ဖန်တီးသည်။ ဤသည်မှာ တစ်ခုဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်၊ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပေါ်ရခြင်းထဲတွင် ရိုးရာယဉ်ကျေးမှုက လူတို့ကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းက တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်၏။ ရိုးရာယဉ်ကျေးမှုသည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း၊ အမှန်တရားနှင့် မုသားတို့အား မည်သို့အကဲဖြတ်ရမည် ဆိုသည့်အပေါ် လူတို့၏ ရှုထောင့်အမြင်များကို ပြင်းထန်စွာ ထိခိုက်နှောင့်ယှက်ပြီးဖြစ်ကာ လူတို့အား များစွာသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အယူအဆများ၊ စိတ်ကူးများနှင့် အမြင်များကို ဖြစ်ပေါ်စေပြီးဖြစ်သည်။ ဤအရာက လူတို့ကို အပြုသဘောဆောင်သော၊ လှပပြီး ကောင်းမွန်သောအရာများ၊ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာများအားလုံး၏ နိယာမများနှင့် အရာခပ်သိမ်းကို ဘုရားသခင်အုပ်စိုးသည် ဆိုသည့်အချက်တို့အား အပြုသဘောဖြင့် နားမလည်နိုင်ခြင်းကို ဖြစ်စေသည်။ ထိုအရာများကို အပြုသဘောဆောင်စွာ လက်ခံရမည့်အစား လူတို့သည် အယူအဆများ၊ မရေမရာနှင့် လက်တွေ့မကျသော အတွေးအခေါ်မျိုးစုံတို့ဖြင့် ပြည့်နှက်နေသည်။ ဤသည်တို့မှာ စာတန်က လူတို့အတွင်းသို့ သွတ်သွင်းသော အယူအဆအမျိုးမျိုး၏ အကျိုးဆက်များဖြစ်သည်။ အခြားသော အမြင်ရှုထောင့်မှ ကြည့်လျှင် ရိုးရာယဉ်ကျေးမှုတွင်ရှိသည့် အမျိုးမျိုးသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအားလုံးတို့သည် လူတို့၏ စဉ်းစားပုံကို ဖျက်ဆီးခြင်း၊ ၎င်းတို့၏စိတ်ကို နှောင့်ယှက်ခြင်းနှင့် ၎င်းတို့၏ ပုံမှန် တွေးခေါ်ခြင်းဖြစ်စဉ်များကို ထိခိုက်ခြင်းတို့ ဖြစ်စေပြီး ဤသို့ဖြင့် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားအား လူတို့လက်ခံခြင်းကို ပြင်းထန်စွာ ထိခိုက်ပြီးလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံး၏ နိယာမများနှင့် စည်းမျဉ်းများအပေါ် လူတို့၏ ရှင်းလင်းသော သဘောပေါက်နားလည်မှုကိုလည်း ပြင်းထန်စွာ ထိခိုက်သည့် မမှန်ကန်သော ဆိုရိုးစကားများ ဖြစ်၏။
တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးသည် အမှန်နှင့် အမှားကို လူတို့ ခွဲခြားသိမြင်သည့် စဉ်းစားပုံ၏ မှန်ကန်သော နည်းလမ်းများကို နှောင့်ယှက်သကဲ့သို့ ၎င်းတို့၏ လွတ်လပ်စွာ စဉ်းစားပိုင်ခွင့်ကိုလည်း နှောင့်ယှက်သည်။ ထို့အပြင် လူသားများသည် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကို လက်ခံပြီးနောက်တွင် ကြောင်သူတော်ဆန်ပြီး အတုအယောင် ဖြစ်လာကြသည်။ ၎င်းတို့သည် ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်မှာ သမင်ကို မြင်းဟု ခေါ်ဆိုခြင်း၊ အဖြူနှင့်အမည်းကို ပြောင်းပြန်လှန်ခြင်းနှင့် အပျက်သဘောဆောင်သော၊ အကျည်းတန်သော၊ ဆိုးယုတ်သောအရာများကို အပြုသဘောဆောင်သော၊ လှပသော၊ ကောင်းမွန်သောအရာများအဖြစ် ပြောင်းပြန်လှန်မှတ်ယူခြင်းတို့ လုပ်ဆောင်သည်အထိပင် ဖြစ်ပြီး ၎င်းတို့သည် ဆိုးယုတ်မှုကို အမွန်အမြတ်ထားသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်လျှောက်တွင် မည်သည့်အချိန်ကာလ၊ သို့မဟုတ် မည်သည့်မင်းဆက်ဖြစ်စေ လူသားများက ထောက်ခံအားပေးပြီး ကြည်ညိုသောအရာများမှာ အခြေခံအားဖြင့် ရိုးရာယဉ်ကျေးမှုရှိ အကျင့်စာရိတ္တဆိုင်ရာ ဤဆိုရိုးစကားများပင် ဖြစ်သည်။ အကျင့်စာရိတ္တဆိုင်ရာ ဤဆိုရိုးစကားများ၏ ပြင်းထန်သော သက်ရောက်မှုအောက်တွင်၊ ဆိုလိုသည်မှာ ရိုးရာယဉ်ကျေးမှုမှ လာသော ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အဆင့်ဆင့် ပို၍ လေးနက်လာပြီး နှံ့စပ်သော အယူဝါဒသွတ်သွင်းမှု၏အောက်တွင် လူတို့သည် ဤဆိုရိုးစကားများကို ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်နှင့် နိယာမများအဖြစ် မသိစိတ်မှ ခံယူကြသည်။ လူတို့သည် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ ယင်းတို့ကို အပြည့်အဝပင် လက်ခံကြပြီး ယင်းတို့ကို အပြုသဘောဆောင်သော အရာများအဖြစ်လည်းကောင်း၊ သူတစ်ပါးတို့ကို မည်သို့ ဆက်ဆံသင့်သည်၊ လူများနှင့် အမှုအရာများကို မည်သို့ ရှုမြင်သင့်သည်၊ မည်သို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သင့်သည်ဆိုသည်တို့အတွက် လမ်းညွှန်ပေးသော သဘောတရားနှင့် စံသတ်မှတ်ချက်အဖြစ်လည်းကောင်း မှတ်ယူကြသည်။ လူတို့သည် ယင်းတို့ကို လူ့အဖွဲ့အစည်းထဲတွင် အောင်မြင်ရန်အတွက်၊ သို့မဟုတ် ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရရှိခြင်း၊ သို့မဟုတ် အထင်ကြီးမှုနှင့် ကြည်ညိုလေးစားမှု ခံရခြင်းတို့အတွက် အမြင့်ဆုံးသော နည်းဥပဒေသများအဖြစ် မှတ်ယူကြသည်။ မည်သည့်အချိန်ကာလမဆိုရှိ မည်သည့် လူ့အဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံအတွင်း၌မဆို ရှိသော အုပ်စုတစ်ခုခုကို ကြည့်လျှင် လူသားမျိုးနွယ်၏ အကောင်းတကာ့ အကောင်းဆုံးအဖြစ် ၎င်းတို့ အထင်ကြီးသော၊ ကြည်ညိုသော၊ ကြေညာထားသော လူတို့သည် လူသားများက ကိုယ်ကျင့်တရား၌ စံထားရသူများဟု ခေါ်ဆိုသောသူများသာလျှင်ဖြစ်သည်။ ထိုသို့သောသူတို့သည် နောက်ကွယ်၌ မည်သည့်ဘဝမျိုးကို နေထိုင်ပါစေ၊ ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများ၏ ရည်ရွယ်ချက်များ၊ အကြောင်းရင်းများနှင့် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရက မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့က အမှန်တကယ် မည်သို့ပြုမူနေထိုင်ပြီး သူတစ်ပါးတို့နှင့် ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့၏ လှပပြီး ကောင်းမွန်သော အကျင့်စာရိတ္တဝတ်ရုံ၏ အောက်တွင် ရစ်ပတ်ထားသောသူ၏ အနှစ်သာရက မည်သို့ရှိသည်ဖြစ်စေ ဤအရာများကို မည်သူမျှ ဂရုမစိုက်သကဲ့သို့ ဆက်လက် စုံစမ်းစစ်ဆေးရန်လည်း မကြိုးစားပေ။ ၎င်းတို့သည် သစ္စာရှိသရွေ့၊ မျိုးချစ်စိတ်ဓာတ်ရှိသရွေ့၊ အုပ်ချုပ်သူများအပေါ် သစ္စာခံမှု ပြသရွေ့ လူတို့က ၎င်းတို့ကို မြတ်နိုးကိုးကွယ်ပြီး ချီးမွမ်းကြသည့်အပြင် ၎င်းတို့ကို သူရဲကောင်းများအဖြစ်ပင် အတုယူကြသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းက လူတစ်ယောက် ကြင်နာသည်၊ ဆိုးယုတ်သည်၊ ကောင်းသည်၊ မကောင်းသည် ဆိုသည်တို့ကို တွက်ချက်ဖို့အတွက်လည်းကောင်း၊ သူ၏ ဂုဏ်သတင်းကို အကဲဖြတ်ဖို့အတွက်လည်းကောင်း အခြေပြုချက်အဖြစ် သူ၏ အပြင်ပန်း အကျင့်စာရိတ္တကို ကြည့်သောကြောင့်ဖြစ်သည်။ ကျမ်းစာတွင် နောဧ၊ အာဗြဟံ၊ မောရှေ၊ ယောဘနှင့် ပေတရုတို့ကဲ့သို့သော ရှေးကာလက အချို့သော သူတော်စင်များနှင့် ပညာရှိများ၏ ဇာတ်လမ်းများနှင့် ပရောဖက်များစွာ၏ ဇာတ်လမ်းများ စသည်တို့ကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားသော်လည်း၊ လူများစွာသည် ထိုသို့သော ဇာတ်လမ်းများနှင့် ရင်းနှီးသော်လည်း ရှေးယခင်က ဤသူတော်စင်များနှင့် ပညာရှိများ၏ လူ့သဘာဝနှင့် ကိုယ်ကျင့်စရိုက်ကို၊ သို့မဟုတ် ဘုရားသခင်ကို ၎င်းတို့ကိုးကွယ်သည့် နမူနာများ၊ သို့မဟုတ် ၎င်းတို့ထုတ်ဖော်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော ၎င်းတို့၏ စိတ်နှလုံးကို လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းတွင်ဖြစ်စေ၊ သို့မဟုတ် လူတို့ကြားတွင်ဖြစ်စေ ကျယ်ပြန့်စွာ အားပေးမြှင့်တင်သော တိုင်းပြည်၊ လူမျိုး၊ သို့မဟုတ် အုပ်စုမရှိသေးပေ။ နိုင်ငံ၊ လူမျိုး သို့မဟုတ် အုပ်စု တစ်ခုကမျှ ဤသို့ မလုပ်ဆောင်ပေ။ ခရစ်ယာန်ဘာသာက နိုင်ငံတော်ဘာသာဖြစ်သည့် နိုင်ငံများ၊ သို့မဟုတ် ဘာသာဝင်လူဦးရေအများဆုံးရှိသော နိုင်ငံများပင် ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဤရှေးကာလက သူတော်စင်များနှင့် ပညာရှိများ၏ လူ့အကျင့်စရိုက်၊ သို့မဟုတ် ဘုရားကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံတတ်သည့် ၎င်းတို့၏ ဇာတ်လမ်းများကို အရေးစိုက်ခြင်း၊ ကြည်ညိုခြင်း မရှိသေးပေ။ ဤအရာက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ သမ္မာတရားကို လူတို့ အလွန်အမင်း မနှစ်မြို့သည့်အပြင် အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့ကာ ဆိုးယုတ်မှုကို အမွန်အမြတ်ထားသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယိုယွင်းပျက်စီးသွားပြီဖြစ်သည်။ ဘုရားသခင်သည် လူတို့ကြားတွင် ကိုယ်တိုင်စကားပြောပြီး အလုပ်လုပ်ကာ မည်သည့်အရာက အပြုသဘောဆောင်ပြီး မည်သည့်အရာက အပျက်သဘောဆောင်သည်၊ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်၊ မည်သည့်အရာက လှပပြီး ကောင်းမွန်သည်၊ မည်သည့်အရာက အကျည်းတန်သည် စသည်တို့ကို လူတို့အား ရှင်းလင်းစွာ မပြောပြခဲ့လျှင် လူသားမျိုးနွယ်သည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းကို မည်သည့်အခါမျှ ခွဲခြားသိမြင်နိုင်မည် မဟုတ်သကဲ့သို့ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကိုလည်း ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ အစကနဦးနှင့် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်၌ပင် ဘုရားသခင်၏ ပေါ်ထွန်းမှုများနှင့် အမှုတော်တို့၏ ဤလုပ်ဆောင်မှုများနှင့် သမိုင်းမှတ်တမ်းများကို ဥရောပနှင့် အမေရိကနိုင်ငံများ၌ရှိသည့် အချို့သောနိုင်ငံများနှင့် လူမျိုးစုများတွင် ယနေ့အထိ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည်။ သို့ရာတွင် လူသားများသည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများ၊ သို့မဟုတ် လှပကောင်းမွန်သော အရာများနှင့် အကျည်းတန်ကာ ဆိုးယုတ်သော အရာများကို ခွဲခြားသိမြင်နိုင်မှု မရှိသေးပေ။ လူသားများသည် ခွဲခြားသိမြင်နိုင်စွမ်း မရှိရုံသာမကဘဲ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများအပြင် အမျိုးမျိုးသော လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် စာတန်၏ မှားယွင်းသော အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် အယူအဆများကဲ့သို့သော စာတန်ထံမှ ပြောဆိုချက်မျိုးစုံကိုလည်း တက်ကြွစွာနှင့် လိုလိုလားလား လက်ခံကြသည်။ ဤသည်မှာ မည်သည့်အရာကို ပြသနည်း။ ယင်းက လူသားမျိုးနွယ်သည် အပြုသဘောဆောင်သော အရာများကို မိမိဆန္ဒအလျောက် လက်ခံရန် ပင်ကိုအသိစိတ် လုံးလုံးမရှိသကဲ့သို့ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများ၊ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း၊ အမှန်နှင့် အမှား၊ အမှန်တရားနှင့် မုသားတို့ကို ခွဲခြားသိမြင်ရန် ပင်ကိုအသိစိတ်လည်း မရှိသည်ကို ပြသနိုင်သလော။ (ပြသနိုင်ပါသည်။) လူသားမျိုးနွယ်ကြားတွင် တစ်ချိန်တည်း၌ အရာနှစ်မျိုး အနှံ့အပြား တည်ရှိလာပြီး တစ်မျိုးမှာ စာတန်ဆီမှလာပြီး အခြားတစ်မျိုးမှာ ဘုရားသခင်ဆီမှ လာသည်။ သို့သော် အဆုံးတွင် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတစ်လျှောက်လုံးတွင် ဘုရားသခင်မိန့်ဆိုသော နှုတ်ကပတ်တော်များ၊ လူသားမျိုးနွယ်ကို သူသွန်သင်ပြီး ရှင်းပြသည့် အပြုသဘောဆောင်သော အရာများအားလုံးသည် လူသားမျိုးနွယ်တစ်ခုလုံး၏ လေးစားကြည်ညိုခြင်းကို မခံရနိုင်သည့်အပြင် လူသားမျိုးနွယ်ကြားတွင် ခေတ်ရေစီးကြောင်းပင် ဖြစ်မလာနိုင်သကဲ့သို့ လူတို့၌ မှန်ကန်သော အတွေးများကို မဖြစ်ပေါ်စေနိုင်သည်သာမက ဘုရားသခင် ဖန်ဆင်းထားသော အရာအားလုံးကြားတွင် ပုံမှန် အသက်ရှင်ရန်လည်း လမ်းမပြနိုင်ပေ။ လူတို့သည် စာတန်၏ အမျိုးမျိုးသော မှတ်ချက်များ၊ စိတ်ကူးများနှင့် အယူအဆများ၏ လမ်းပြမှုအောက်၌ အမှုမဲ့အမှတ်မဲ့ ဖြစ်တည်နေပြီး ဤမှားယွင်းသော အမြင်များ၏ လမ်းပြမှုအောက်၌ နေထိုင်ကြသည်။ ဤသို့နေထိုင်ရာတွင် ၎င်းတို့သည် မတက်မကြွ နေထိုင်ခြင်းမဟုတ်ဘဲ တက်ကြွစွာ နေထိုင်ကြသည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများ ရှိသော်လည်း အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အုပ်စိုးခြင်း၌ သူ၏ အောင်မြင်ပြီးမြောက်မှုများ၊ အချို့သောနိုင်ငံများ၌ ဘုရားသခင်၏ အမှုတော်အားဖြင့် ချန်ထားခဲ့သည့် များစွာသော နှုတ်ကပတ်တော်များအပြင် လက်ရှိအချိန်အထိ လက်ဆင့်ကမ်းလာခဲ့သည့် အမျိုးမျိုးသော လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများ၏ အဓိပ္ပာယ်သတ်မှတ်ချက်များ ရှိသော်လည်း လူသားများသည် စာတန်က လူတို့ထဲသို့သွတ်သွင်းသည့် အမျိုးမျိုးသော အယူအဆများနှင့် ရှုထောင့်အမြင်များအောက်တွင် အမှုမဲ့အမှတ်မဲ့ အသက်ရှင်ကြဆဲဖြစ်သည်။ စာတန်က သွတ်သွင်းပြီး ထောက်ခံအားပေးသည့် အမျိုးမျိုးသော ဤအယူအဆများနှင့် ရှုထောင့်အမြင်များသည် လူ့အဖွဲ့အစည်းတစ်လျှောက်ရှိ ခေတ်ရေစီးကြောင်းဖြစ်သော အယူအဆများနှင့် ရှုထောင့်အမြင်များ ဖြစ်သည်မှာ ခရစ်ယာန်ဘာသာ ပျံ့နှံ့သော နိုင်ငံများတွင်ပင် ဤသို့ဖြစ်သည်။ ဘုရားသခင်က သူ၏ အမှုတော်ကို ဆောင်ရွက်ခြင်းအားဖြင့် လူသားမျိုးနွယ်ထံသို့ အပြုသဘောဆောင်သော ဖော်ပြချက်များ၊ အပြုသဘောဆောင်သော အယူအဆများ၊ အမြင်များနှင့် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများ၏ အပြုသဘောဆောင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ မည်မျှချန်ထားပါစေ ယင်းတို့သည် ချောင်တစ်ခုခုတွင်သာ တည်ရှိသည်၊ သို့မဟုတ် ပို၍ဆိုးသည်မှာ လူနည်းစုဖြစ်သော လူမျိုးစုများရှိ အရေအတွက် အလွန်နည်းပါးသော လူတို့ကသာ ထိန်းသိမ်းထားပြီး လူအချို့၏ ပါးစပ်တွင်သာ ရှိသော်လည်း လူသားများအား ဘဝတစ်လျှောက်လုံး လမ်းပြခေါ်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အရာများအဖြစ် လူသားများက တက်ကြွစွာ လက်မခံနိုင်ကြပေ။ ဤအရာနှစ်မျိုးကို နှိုင်းယှဉ်အကဲဖြတ်လျှင်၊ စာတန်ထံမှ အပျက်သဘောဆောင်သော အရာများနှင့် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အရာအမျိုးမျိုးအပေါ် လူသားမျိုးနွယ်၏ မတူညီသော သဘောထားများအားဖြင့် အကဲဖြတ်လျှင် လူသားမျိုးနွယ်တစ်ခုလုံးသည် ဆိုးယုတ်သူ၏ လက်ထဲတွင် တည်ရှိသည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး အသေအချာပင် အတည်ပြုနိုင်သည်။ ဤအမှန်တရားမှာ အဓိကအားဖြင့် လူတို့၏ အတွေးများ၊ စဉ်းစားပုံများနှင့် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအား ကိုင်တွယ်ပုံများ အားလုံးသည် စာတန်၏ အယူအဆနှင့် ရှုထောင့်အမြင်အမျိုးမျိုး၏ ထိန်းချုပ်ခြင်း၊ စိုးမိုးခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ခံရပြီး ဘောင်ခတ်ခြင်းကိုပင် ခံရသည်ဟု ဆိုလိုသည်။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတစ်လျှောက်တွင် မည်သည့်အဆင့်၊ သို့မဟုတ် အချိန်ကာလတွင်ဖြစ်စေ၊ အတော်အတန် ခေတ်နောက်ပြန်ဆွဲသော ခေတ်ကာလဖြစ်စေ၊ မျက်မှောက်ခေတ်၏ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော ခေတ်ကာလဖြစ်စေ၊ မည်သည့် ဒေသ၊ နိုင်ငံသား၊ သို့မဟုတ် လူအုပ်စုဖြစ်စေ လူသားမျိုးနွယ်၏ ဖြစ်တည်မှု ပုံစံများ၊ ဖြစ်တည်မှု အခြေခံအုတ်မြစ်များနှင့် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအား မည်သို့ ကိုင်တွယ်ရမည်ဆိုသည့် အမြင်များအားလုံးတို့သည် စာတန်က လူတို့ထဲ၌ သွတ်သွင်းထားသော အယူအဆအမျိုးမျိုးအပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် အခြေမခံပေ။ ဤသည်မှာ အလွန်ပင် ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ လူသားများက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အကြီးအကျယ်ခံထားရသော အခြေအနေတွင်၊ ၎င်းတို့၏ အတွေးအမြင်များအပြင် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများမျိုးစုံတို့အပေါ် ၎င်းတို့ရှုမြင်သည့် နည်းလမ်းများနှင့်၊ ၎င်းတို့၏ အသက်ရှင်ခြင်းနှင့် ကမ္ဘာလောကနှင့် ဆက်ဆံခြင်း နည်းလမ်းများသည် စာတန်၏ အယူအဆများ၏ ဘောင်ခတ်ခြင်းကို လုံးလုံးလျားလျားခံထားရသော အခြေအနေတွင် ဘုရားသခင်က သူ၏အမှုတော်ကို ဆောင်ရွက်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွလာသည်။ ဤသို့သော အခြေအနေမျိုးတွင် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင်၏ အမှုသည် မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို မြင်ယောင်ကြည့်နိုင်သည်။ ဤသည်မှာ မည်သို့သော အခြေအနေမျိုး ဖြစ်သနည်း။ သူ၏အမှုတော်ကို လုပ်ဆောင်ရန် ကြွလာသည့် အခြေအနေမှာ လူတို့၏စိတ်နှင့် နှလုံးသားသည် ရှေးယခင်ကတည်းက ဆိုးယုတ်သော အတွေးအခေါ်များ၊ အဆိပ်များဖြင့် အပြည့်အဝစိမ့်ဝင်ပြီး ဘောင်ခတ်ခြင်းခံရသော အခြေအနေဖြစ်သည်။ သူသည် လူတို့တွင် မည်သည့် အတွေးအမြင်စနစ်မျှမရှိသော၊ သို့မဟုတ် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် မည်သည့်ရှုထောင့်အမြင်မျှ မရှိသော အခြေအနေတွင် သူ၏ အမှုကို လုပ်ဆောင်ရန် ကြွလာခြင်းမဟုတ်ဘဲ လူတို့တွင် အမျိုးမျိုးသော လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် ကြည့်ရှုသည့် နည်းလမ်းများရှိသော၊ ရှုမြင်သည့်၊ စဉ်းစားသည့်၊ အသက်ရှင်သည့် ဤနည်းလမ်းများသည် စာတန်ကြောင့် အလွန်အမင်း အထင်အမြင်မှားစေပြီး လွဲမှားစွာလမ်းပြခံရသော အခြေအနေတွင် ကြွလာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားများသည် စာတန်၏ အယူအဆများနှင့် ရှုထောင့်အမြင်များကို အပြည့်အဝလက်ခံပြီး ဆိုးယုတ်သော အယူအဆများနှင့် ပြည့်နေသော၊ စိမ့်ဝင်နေသော၊ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသော အခြေအနေအတွင်းတွင် ဘုရားသခင်က အမှုပြုပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကယ်တင်နေသော လူအမျိုးအစားဖြစ်ပြီး ယင်းက သူ၏အမှုသည် မည်မျှခက်ခဲသည်ကို ပြသသည်။ ဘုရားသခင်က ဆိုးယုတ်သော အယူအဆများဖြင့် ပြည့်နှက်ပြီး ဘောင်ခတ်ခံရသည့် ထိုသို့သောသူများကို အသစ်တစ်ဖန် ပြန်လည်သိမြင်လာပြီး အပြုသဘောဆောင်သော အရာများနှင့်၊ အပျက်သဘောဆောင်သော အရာများ၊ လှပမှုနှင့် အကျည်းတန်မှု၊ အမှန်နှင့် အမှား၊ အမှန်တရားနှင့် ဆိုးယုတ်သော အတွေးမှားတို့ကို ခွဲခြားသိမြင်လာစေလိုကာ နောက်ဆုံးတွင် စာတန်သွတ်သွင်းခဲ့သည့် အမျိုးမျိုးသော အယူအဆများနှင့် အတွေးမှားများအားလုံးကို ၎င်းတို့၏ စိတ်နှလုံးထဲမှ အလွန်မုန်းတီးပြီး ငြင်းပယ်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေလိုသည်။ ဤသို့အားဖြင့် ဘုရားသခင်ထံမှလာသည့် အသက်ရှင်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သော အမြင်များနှင့် မှန်ကန်သော နည်းလမ်းများအားလုံးကို လက်ခံစေလိုသည်။ ဤသည်မှာ လူသားမျိုးနွယ်အား ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်ပတ်သက်၍ တိကျသောအဓိပ္ပာယ်ဖြစ်သည်။
လူသားမျိုးနွယ်၏ မည်သည့်အချိန်ကာလတွင်ဖြစ်စေ၊ သို့မဟုတ် လူ့အဖွဲ့အစည်းက မည်သည့်ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ရောက်ရှိသည်ဖြစ်စေ သို့မဟုတ် အုပ်ချုပ်သူများ၏ အုပ်ချုပ်မှုက မည်သည့်နည်းလမ်းဖြစ်စေ၊ မြေရှင်ပဒေသရာဇ် အာဏာရှင်စနစ်ဖြစ်စေ၊ ဒီမိုကရေစီ လူမှုစနစ်ဖြစ်စေ ဤမည်သည့်အရာကမျှ စာတန်က ထောက်ခံအားပေးသည့် အမျိုးမျိုးသော သဘောတရားဆိုင်ရာ သီအိုရီများနှင့် ဆိုရိုးစကားများသည် လူ့အဖွဲ့အစည်းတွင် ထူပြောလှသည်ဆိုသည့် အချက်ကို မပြောင်းလဲပေ။ မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်းမှ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတိုင်အောင် အုပ်ချုပ်သူများ၏ နယ်ပယ်၊ လမ်းညွှန်စည်းမျဉ်းများနှင့် ပုံစံများသည် ထပ်ခါထပ်ခါ ပြောင်းလဲသော်လည်း အမျိုးမျိုးသော လူမျိုးနွယ်စုများ၊ လူမျိုးများ၊ ကွဲပြားသော ယုံကြည်မှုအသိုင်းအဝိုင်းများ၏ အရေအတွက်များသည်လည်း စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း လူတို့တွင် စာတန် သွတ်သွင်းခဲ့သော ရိုးရာယဉ်ကျေးမှုရှိ ဆိုရိုးစကားအမျိုးမျိုး၏ အဆိပ်သည် ထူပြောပြီး ပျံ့နှံ့ဆဲဖြစ်ကာ လူတို့၏ အတွေးများနှင့် ၎င်းတို့၏ စိတ်ဝိညာဉ်၏ အတွင်းကျဆုံးသော နေရာများ၌ အမြစ်တွယ်လျက် ၎င်းတို့၏ ဖြစ်တည်မှုပုံစံများကို ထိန်းချုပ်ကာ လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အတွေးအမြင်များကို လွှမ်းမိုးထားလေသည်။ ဤအဆိပ်သည် ဘုရားသခင်အပေါ် လူတို့၏ သဘောထားများကိုလည်း အကြီးအကျယ် ထိခိုက်ပြီး သမ္မာတရားနှင့် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်အတွက် လူသားမျိုးနွယ်၏ လိုလားမှုနှင့် တောင့်တမှုတို့ကို ပြင်းထန်စွာ ပျက်စီးယိုယွင်းစေသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသော သဘောထားကို ထင်ဟပ်စေသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူသားမျိုးနွယ်တစ်လျှောက်တွင် လူတို့၏ စဉ်းစားပုံကို အစဉ်သဖြင့် ထိန်းချုပ်ခဲ့ပြီး လူသားမျိုးနွယ်ကြားရှိ ယင်းတို့၏ ကြီးစိုးသောနေရာနှင့် အခန်းကဏ္ဍသည် မည်သည့်အချိန်ကာလ သို့မဟုတ် လူမှုအခြေအနေတွင်မဆို လုံးဝ မပြောင်းလဲခဲ့ပေ။ အုပ်ချုပ်သူတစ်ဦးက အုပ်စိုးနေသည့် မည်သည့်အချိန်ကာလတွင်ဖြစ်စေ၊ ထိုအုပ်ချုပ်သူသည် လုံ့လဝီရိယရှိသည်ဖြစ်စေ၊ ခေတ်နောက်ပြန် ဆွဲသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ အုပ်ချုပ်ပုံနည်းလမ်းသည် ဒီမိုကရေစီဆန်သည်ဖြစ်စေ၊ အာဏာရှင်ဆန်သည်ဖြစ်စေ ဤအရာတစ်ခုမျှသည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် ရှုထောင့်အမြင်များက လူသားများအပေါ် အသုံးပြုသော အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုကို မပိတ်ဆို့နိုင် သို့မဟုတ် အမြစ်မဖြတ်နိုင်ပေ။ မည်သည့်သမိုင်းအချိန်ကာလ၌ဖြစ်စေ၊ မည်သည့်လူမျိုးစုဖြစ်စေ၊ လူသား၏ ယုံကြည်မှု မည်မျှတိုးတက်သည် သို့မဟုတ် ပြောင်းလဲမှုများကို ကြုံရသည်ဖြစ်စေ၊ လူသားများသည် ဘဝနှင့် လူမှုဆိုင်ရာ ရေပန်းစားသောအရာများအပေါ် ၎င်းတို့၏ စဉ်းစားပုံနှင့်ပတ်သက်ပြီး မည်မျှတိုးတက်ပြီး ပြောင်းလဲပါစေ လူသား၏ စဉ်းစားပုံအပေါ် ရိုးရာယဉ်ကျေးမှုရှိ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများက ထားရှိသောလွှမ်းမိုးမှုသည် မည်သည့်အခါမျှ မပြောင်းလဲသည့်အပြင် လူတို့အပေါ် ယင်းတို့၏ သက်ရောက်မှုအာနိသင်က မည်သည့်အခါမျှ မပျောက်ပျက်သွားပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ အတွေးအခေါ်ကို အလွန်အမင်း ဘောင်ခတ်ထားပြီး လူသားများကြားက ဆက်ဆံရေးကိုသာမက သမ္မာတရားအပေါ် လူတို့၏ သဘောထားကိုပါ ပြင်းထန်စွာ ထိခိုက်သည့်အပြင် ဖန်ဆင်းခံလူသားများနှင့် ဖန်ဆင်းရှင်ကြားက ဆက်ဆံရေးကို ဆိုးရွားစွာ သက်ရောက်ပြီး ထိခိုက်စေသည်။ စာတန်က ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို သွေးဆောင်ရန်၊ အထင်အမြင်မှားစေရန်၊ ထုံထိုင်းစေရန်နှင့် ဘောင်ခတ်ရန် ရိုးရာယဉ်ကျေးမှု၏ အယူအဆများကို အသုံးပြုပြီး လူသားများကို ဘုရားသခင်ထံမှ လုယူရန် ဤနည်းလမ်းများကို အသုံးပြုသည်ဟု ဆိုနိုင်သည်မှာလည်းအမှန်ပင်။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ အယူအဆများကို လူသားမျိုးနွယ်ကြားတွင် ပို၍ ကျယ်ပြန့်စွာ ဖြန့်ဖြူးလေ၊ ထို့ပြင် ယင်းတို့သည် လူတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်လေ လူသားများက ဘုရားသခင်နှင့် ဝေးကွာလေဖြစ်မည်ဖြစ်ပြီး ၎င်းတို့၏ ကယ်တင်ခြင်းမျှော်လင့်ချက်က ဝေးလံလေပင်ဖြစ်သည်။ စဉ်းစားကြည့်လော့။ အာဒံနှင့် ဧဝသည် ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကိုစားရန် မြွေ၏ သွေးဆောင်ခြင်းကို မခံရမီတွင် ယေဟောဝါဘုရားသခင်သည် ၎င်းတို့၏သခင်၊ ၎င်းတို့၏ဖခင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် မြွေက “ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလော” (ကမ္ဘာဦးကျမ်း ၃:၁)၊ “သင်တို့ ဧကန်မုချ သေရမည်ကား မဟုတ်နိုင်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်” (ကမ္ဘာဦးကျမ်း ၃:၄-၅) ဟု ဆို၍ ဧဝကို သွေးဆောင်သောအခါ အာဒံနှင့်ဧဝသည် စာတန်၏ သွေးဆောင်မှုကို အရှုံးပေးခဲ့ကြပြီး ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ မည်သည့် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ ကိုယ်လုံးတီးမလာတော့ဘဲ မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် အရာဝတ္ထုများကို ရှာကြပြီး ဘုရားသခင်၏ မျက်မှောက်တော်အလင်းကို ရှောင်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ရှာဖွေသောအခါ ၎င်းတို့သည် ဘုရားသခင်ထံမှ ပုန်းကွယ်ပြီး ယခင်ကကဲ့သို့ ဘုရားသခင်ကို မျက်နှာချင်းဆိုင် မပြောတော့ပေ။ ဘုရားသခင်နှင့် အာဒံ၊ ဧဝ၏ ဆက်ဆံရေးတွင် ဖြစ်ပေါ်ခဲ့သော ဤပြောင်းလဲမှုသည် ကောင်းမကောင်းသိကျွမ်းရာ အပင်၏အသီးကို ၎င်းတို့စားသောကြောင့် မဟုတ်ဘဲ စာတန်ဖြစ်သောမြွေက ပြောဆိုသည့် စကားများက လူတို့၌ မှားယွင်းသော အတွေးအခေါ်မျိုးကို သွတ်သွင်းကာ ဘုရားသခင်အား သံသယဝင်ရန်၊ ဘုရားသခင်ထံမှ သွေဖည်ရန်နှင့် ဘုရားသခင်ထံမှ ပုန်းကွယ်ရန် သွေးဆောင်ပြီး တလွဲညွှန်ကြားပေးသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် ဘုရားသခင်၏ မျက်မှောက်တော်အလင်းကို ထိပ်တိုက် မရှုမြင်လိုတော့သည့်အပြင် သူ၏ရှေ့သို့ လုံးလုံးလျားလျား ဖွင့်ဟလျက် မလာလိုတော့ဘဲ လူနှင့် ဘုရားသခင်ကြားတွင် သူစိမ်းဆန်မှု ဖြစ်ပေါ်ခဲ့သည်။ ဤသူစိမ်းဆန်မှုသည် မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ ပတ်ဝန်းကျင် ပြောင်းလဲသောကြောင့်မဟုတ်၊ သို့မဟုတ် အချိန်ကုန်ဆုံးခြင်းကြောင့် မဟုတ်ဘဲ လူတို့၏ စိတ်နှလုံး ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ လူတို့၏ စိတ်နှလုံးက မည်သို့ ပြောင်းလဲသွားသနည်း။ လူတို့ကိုယ်၌က ပြောင်းလဲသွားရန်အတွက် စတင်လုပ်ဆောင်ခြင်းမရှိခဲ့ပေ။ ထိုထက် မြွေကပြောသော စကားများကြောင့်ဖြစ်ကာ ယင်းတို့သည် ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးတွင် သဘောထားကွဲလွဲစေရန် မျိုးစေ့ချပေးလျက် ၎င်းတို့အား ဘုရားသခင်နှင့် ကင်းကွာစေပြီး ဘုရားသခင်၏ မျက်မှောက်တော်အလင်းကို ရှောင်ကြဉ်ရန်၊ သူ၏ စောင့်ရှောက်မှုကို ရှောင်ရှားရန်နှင့် သူ၏ နှုတ်ကပတ်တော်များကို သံသယဝင်ရန် လုပ်ဆောင်လေသည်။ ထိုသို့သောပြောင်းလဲမှု၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူတို့သည် ယခင်ကကဲ့သို့ မဟုတ်တော့၊ ၎င်းတို့၏ စိတ်နှလုံးများနှင့် အတွေးများသည် မသန့်စင်တော့သည့်အပြင် ဘုရားသခင်အား ဘုရားအဖြစ်၊ ၎င်းတို့နှင့် အနီးကပ်ဆုံးသူအဖြစ် မမှတ်ယူတော့ပေ။ ထိုအစား ဘုရားသခင်ကို သံသယဝင်ပြီး ကြောက်ရွံ့သဖြင့် ဘုရားသခင်ထံမှ သွေဖည်ပြီး သူ့ထံမှ ပုန်းကွယ်လိုကာ ဘုရားသခင်အား ရှောင်ကြဉ်လိုသော စိတ်အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ လူသားမျိုးနွယ် လဲကျခြင်း၏ အစဖြစ်သည်။ လူသားမျိုးနွယ်၏ လဲကျခြင်းအစသည် စာတန်နှုတ်မြွက်သော စကားများ၊ အဆိပ်ရှိသော၊ သွေးဆောင်သော၊ တလွဲညွှန်ကြားပေးသော စကားများမှ အရင်းခံသည်။ ဤစကားများက လူတို့ထဲ၌ သွတ်သွင်းသော အတွေးများက သူတို့ကို ဘုရားသခင်အား သံသယဝင်ပြီး နားလည်မှုလွဲစေကာ မယုံသင်္ကာဖြစ်စေလျက် ဘုရားသခင်ထံမှ ကင်းကွာလာသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ရင်ဆိုင်လိုစိတ် မရှိရုံသာမကဘဲ ဘုရားသခင်ထံမှလည်း ပုန်းကွယ်လိုကြပြီးလျှင် ဘုရားသခင်ပြောသောအရာကိုပင် မယုံကြည်ကြတော့ပေ။ ဘုရားသခင်က ဤအရာနှင့်ပတ်သက်ပြီး မည်သို့ ပြောခဲ့သနည်း။ ဘုရားသခင်သည် “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်” (ကမ္ဘာဦးကျမ်း ၂:၁၆-၁၇) ဟု ပြောခဲ့သည်။ စာတန်ကမူ အကောင်း၊ အဆိုး သိကျွမ်းရာအပင်၏ အသီးကို စားသောသူတို့သည် ဧကန်အမှန်သေမည် မဟုတ်ဟူ၍ ဆိုခဲ့သည်။ စာတန်ပြောသည့် အထင်အမြင်မှားစေသော စကားများကြောင့် လူတို့သည် ဘုရားသခင်၏ စကားများကို စတင်၍ သံသယဝင်လာပြီး ငြင်းဆန်လာသည်။ ဆိုလိုသည်မှာ လူတို့၏ စိတ်နှလုံးတွင် ထင်မြင်ချက်များကို ထားရှိလာကြပြီး ၎င်းတို့သည် ယခင်ကကဲ့သို့ မသန့်စင်တော့ပေ။ လူတို့တွင်ရှိသော ဤထင်မြင်ချက်များ၊ သံသယများကြောင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို မယုံကြည်တော့ဘဲ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ကိုလည်းကောင်း၊ လူနှင့် ဘုရားကြားတွင် မလွှဲမရှောင်နိုင်သော ဆက်ဆံရေး ရှိသည်ကိုလည်းကောင်း မယုံကြည်တော့သည့်အပြင် ဘုရားသခင်က လူတို့ကို ကာကွယ်စောင့်ရှောက်နိုင်သည်ကိုပင် ယုံကြည်ခြင်းမရှိတော့ပေ။ လူတို့သည် ဤအရာများကို မယုံကြည်တော့သည့် အချိန်မှစပြီး ၎င်းတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို လက်ခံလိုစိတ်မရှိတော့ဘဲ ဘုရားသခင်၏ နှုတ်မှထွက်သော မည်သည့်စကားကိုမျှ လက်ခံလိုစိတ် မရှိတော့သည်မှာ အမှန်ပင်ဖြစ်သည်။ စာတန်၏ သွေးဆောင်သော စကားများ၏ ရလဒ်အနေဖြင့် လူသားမျိုးနွယ်၏ လဲကျမှု စတင်ဖြစ်ပေါ်ခဲ့ပြီးလျှင် လူတို့ထဲတွင် စာတန်သွတ်သွင်းခဲ့သော အယူအဆနှင့် ရှုထောင့်အမြင်မှ စတင်ခဲ့ခြင်းဖြစ်သည်။ စာတန်၏ လူတို့အား သွေးဆောင်ခြင်း၊ တလွဲညွှန်ကြားပေးခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်မှာလည်း အမှန်ပင်။ လူတို့ထဲတွင် စာတန်သွတ်သွင်းခဲ့သော ဤအယူအဆနှင့် ရှုထောင့်အမြင်များကြောင့် လူတို့သည် ဘုရားသခင်ကို သို့မဟုတ် သူ၏ နှုတ်ကပတ်တော်ကို မယုံကြည်တော့ဘဲ ဘုရားသခင်ကို သံသယလည်းဖြစ်စေပြီး နားလည်မှုလွဲစေသည်၊ မယုံသင်္ကာဖြစ်စေသည်၊ ဘုရားထံမှ ပုန်းကွယ်စေသည်၊ သွေဖည်စေသည်၊ သူပြောသည့်အရာကို ငြင်းဆန်စေသည်၊ သူ၏ ပင်ကိုလက္ခဏာကို ငြင်းဆန်စေသည့်အပြင် လူတို့သည် ဘုရားသခင်ထံမှလာသည်ကိုပင် ငြင်းဆန်စေသည်။ ဤသည်မှာ စာတန်က လူတို့ကို တစ်ဆင့်ချင်း သွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးစေလျက် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို နှောင့်ယှက်ပြီး ထိခိုက်စေသောနည်းဖြစ်ကာ လူသားများအား ဘုရားထံသို့တိုးဝင်ခြင်း၊ ဘုရား၏နှုတ်မှ ထွက်သမျှစကားမှန်သမျှကို လက်ခံခြင်းမှလည်း တားဆီးသောနည်းဖြစ်သည်။ စာတန်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်ကို လက်ခံရန် လူတို့၏ လိုအင်ဆန္ဒကို စဉ်ဆက်မပြတ် နှောင့်ယှက်လျက်ရှိသည်။ လူတို့သည် စာတန်၏ အမျိုးမျိုးသော ဝေဖန်ချက်များကို ခုခံဖို့ အင်အားကင်းမဲ့လျက် မသိစိတ်မှနေ၍ ယင်းတို့၏ တိုက်စားခြင်းနှင့် စိမ့်ဝင်ခြင်းကို ခံရကာ နောက်ဆုံးတွင် ဘုရားသခင်၏ ရန်သူများနှင့် ရန်ဘက်များဖြစ်လာသည်အထိ ဆုတ်ယုတ်သွားသည်။ ဤသည်မှာ အခြေခံအားဖြင့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများက လူသားမျိုးနွယ်အပေါ် ဖြစ်စေသည့် သက်ရောက်မှုနှင့် ထိခိုက်မှုဖြစ်သည်။ ဤအရာများကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ငါတို့သည် ယင်းတို့ကို အရင်းအမြစ်မှနေ၍ စိစစ်နေခြင်းလည်းဖြစ်ကာ၊ ဤသို့အားဖြင့် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့်ပုံနှင့် ယင်းကအသုံးပြုသည့် နည်းလမ်းများနှင့်ပတ်သက်ပြီး အခြေခံနားလည်မှုကို လူတို့ ရရှိနိုင်သည်။ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့အတွက် စာတန်၏ အဓိကနည်းဗျူဟာများမှာ လူတို့၏ အတွေးအမြင်များကို ပစ်မှတ်ထားခြင်း၊ လူနှင့်ဘုရားကြား ဆက်ဆံရေးကို ဖျက်ဆီးခြင်းနှင့် ၎င်းတို့ကို ဘုရားသခင်ထံမှ တစ်ဆင့်ချင်း ဆွဲထုတ်လုယူခြင်းဖြစ်သည်။ အစပိုင်းတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ကြားသောအခါ ယင်းတို့ကို မှန်ကန်သည်ဟု ယုံကြည်ကာ ယင်းတို့နှင့်အညီ ပြုမူဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်လိုကြသည်။ ဤသည်မှာ လူတို့ကိုင်စွဲသည့် အနည်းငယ်မျှသော အပြုသဘောဆောင်သည့် အရာများ၊ အပြုသဘောဆောင်သော ဆန္ဒများနှင့်အတူ လူတို့၌ရှိသည့် အနည်းငယ်သော ယုံကြည်မှု၊ စိတ်ခိုင်မာမှုနှင့် တမ်းတမှုတို့ကို တစ်စတစ်စဖြင့် ယိုယွင်းပျက်စီးပြီး တစ်စစီဖြစ်စေရန်အတွက် စာတန်သည် ယင်းတို့ကို သူ၏ ကိုယ်ပိုင်ဆိုရိုးစကားများနှင့် သူ၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ထင်မြင်ချက်များ၊ အမျိုးမျိုးသောအရာများ၏ အယူအဆများနှင့် အစားထိုးရန် အယူအဆနှင့် စကားလုံးမျိုးစုံကို အသုံးပြုသည့် အခြေအနေတွင်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မတော်တဆ စာတန့် အယူအဆများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး စာတန်၏ အကျဉ်းသားများ၊ ကျေးကျွန်များ ဖြစ်လာကြသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်၏ သမိုင်းတွင် လူသားများက စာတန်၏ အယူအဆများကို ပို၍နက်နဲစွာနှင့် ခိုင်လုံစွာ လက်ခံလာသောကြောင့် လူသားမျိုးနွယ်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ပို၍သာဝေးကွာလာသည်။ ထို့ကြောင့် “လူသားများသည် ဖန်ဆင်းခံများဖြစ်ပြီး ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်” ဆိုသည့်သတင်းစကားသည် လူတို့နှင့် ပို၍ ဝေးကွာလာပြီး လူများစွာက ယုံကြည်ခြင်းနှင့် အသိအမှတ်ပြုခြင်း မရှိကြတော့ပေ။ ထိုအစား ဤစကားသည် ဒဏ္ဍာရီတစ်ခုအဖြစ်၊ ရိုးရာပုံပြင်တစ်ခုအဖြစ်၊ ဖြစ်တည်ခြင်းမရှိသော အချက်၊ ဆိုးယုတ်သော အတွေးမှားတစ်ခုအဖြစ် မှတ်ယူခြင်းခံရကာ ယနေ့ လူ့အဖွဲ့အစည်းတွင် လူအချို့က မိစ္ဆာဒိဋ္ဌိအဖြစ်ပင် ရှုတ်ချခြင်းကို ခံရသည်။ ဤသည်မှာ လူသားမျိုးနွယ်ကြားတွင် ကျယ်ပြန့်စွာ ဖြန့်ဖြူးခဲ့သည့် စာတန်၏ ဆိုးယုတ်သော အတွေးမှားအမျိုးမျိုး၏ ရလဒ်နှင့် သက်ရောက်မှုချည်းသာဖြစ်သည်ဟု ဆိုရမည်။ စာတန်သည် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတစ်လျှောက်တွင် လူတို့အား သင်ကြားပေးခြင်းကဲ့သို့ အပြုသဘောဆောင်သော အရာများကို ဟန်ဆောင်ပြုလုပ်ခြင်း၊ လူတို့၏ စကားများနှင့် လုပ်ရပ်များကို စည်းကမ်းဖြင့် ဟန်ဆောင်ထိန်းသိမ်းခြင်း စသည်တို့ကို လုပ်ဆောင်လျက် စာတန်သည် လူသားမျိုးနွယ်အား အပြစ်နှင့် သေခြင်းချောက်နက်ထဲသို့ တစ်ဆင့်ချင်း ဆွဲခေါ်သွားကာ လူသားမျိုးနွယ်အား ဘုရားသခင်၏ မျက်မှောက်တော်အလင်းထံမှ ဝေးရာသို့၊ သူ၏ ကွယ်ကာစောင့်ရှောက်မှုမှ ဝေးရာသို့၊ သူ၏ ကယ်တင်ခြင်းမှ ဝေးရာသို့ ခေါ်ဆောင်သွားသည်ဟုလည်း ဆိုရမည်။ ကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ တမန်များသည် လူတို့အား လာရောက်စကားပြောခြင်း၊ လူတို့ကြား၌ နေထိုင်ခြင်း ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော်လည်း ထိုသို့သောအရာများသည် လွန်ခဲ့သော နှစ် ၂၀၀၀ တွင် မတည်ရှိတော့ပေ။ ဤအတွက် အကြောင်းရင်းမှာ လူသားမျိုးနွယ်တစ်ခုလုံးတွင် နောဧ၊ အာဗြဟံ၊ မောရှေ၊ ယောဘ သို့မဟုတ် ပေတရုတို့ကဲ့သို့သော ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ရှေးကာလသူတော်စင်များနှင့် ပညာရှင်များကဲ့သို့သောသူများ မရှိတော့ဘဲ လူသားမျိုးနွယ်တစ်ခုလုံးသည် စာတန်၏ အယူအဆများနှင့် ဝေဖန်ချက်များ၏ စိမ့်ဝင်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။ ဤသည်မှာ အကြောင်းအရာအမှန်ပင်ဖြစ်သည်။
ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သည့် အရာသည် ရိုးရာယဉ်ကျေးမှု၌ရှိသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရနှင့်ဆိုင်သော ကဏ္ဍတစ်ခုဖြစ်ပြီး ယင်းက လူသားမျိုးနွယ်အား စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုလည်း ညွှန်ပြသည်၊ သက်သေပြကာ လက္ခဏာဖော်ဆောင်သည်။ ဤပြဿနာများ၏ အနှစ်သာရမှ ကြည့်လျှင်၊ ခြွင်းချက်မရှိ လူသားများအားလုံးသည် ကလေးငယ်များဖြစ်စေ၊ အသက်ကြီးသော လူကြီးများဖြစ်စေ၊ မည်သည့် လူမှုအဆင့်အတန်းတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်လူမှုနောက်ခံမှ လာသည်ဖြစ်စေ အတိမ်အနက် ကွဲပြားမှုပင်မရှိဘဲ စာတန်၏ မှတ်ချက်အမျိုးမျိုး၏ ဘောင်ခတ်ခြင်းကို ခံရပြီး၊ ဆိုးယုတ်သော အယူအဆများ ပြည့်နှက်နေသည့် ဖြစ်တည်မှု ပုံစံတစ်ခုအတွင်း၌ လုံးလုံးလျားလျား နေထိုင်ကြသည်။ သို့ဆိုလျှင် မငြင်းနိုင်သော အချက်မှာ အဘယ်နည်း။ စာတန်က လူတို့ကို ဖောက်ပြန်ပျက်စီးစေသည် ဟူသည့်အချက်ပင်။ စာတန်က ဖောက်ပြန်ပျက်စီးစေသည်မှာ လူသားများ၏ ကိုယ်တွင်းအင်္ဂါအမျိုးမျိုးမဟုတ်ဘဲ ၎င်းတို့၏ အတွေးများဖြစ်သည်။ လူသားများ၏ အတွေးများကို ဖျက်ဆီးခြင်းက လူသားမျိုးနွယ်အားလုံးအား ဘုရားသခင်ကို ဆန့်ကျင်စေကာ ဤသို့ဖြင့် ဘုရားသခင်ဖန်ဆင်းခဲ့သော လူသားများသည် သူ့ကို မကိုးကွယ်နိုင်ဘဲ၊ ထိုအစား သူ့ကို ပုန်ကန်ရန်၊ အာခံရန်၊ သစ္စာဖောက်ပြီး ငြင်းပယ်ရန်အတွက် စာတန်ထံမှ အယူအဆနှင့် အမြင်မျိုးစုံကို အသုံးချကြသည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်နှင့် ဉာဏ်များသော အကြံအစည်ဖြစ်ပြီး ဤသည်မှာ စာတန်၏ သရုပ်မှန်ဖြစ်သည်မှာ ပြောစရာမလို၊ ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့်ပုံဖြစ်သည်။ သို့ရာတွင် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်မှာ နှစ်ထောင်ပေါင်း မည်မျှကြာပြီဖြစ်စေ၊ အချက်အလက်မည်မျှက လူသားမျိုးနွယ်အား စာတန်ဖျက်ဆီးခြင်းကို ညွှန်ပြသည်ဖြစ်စေ၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် အယူအဆနှင့် အမြင်အမျိုးမျိုးက မည်သို့ လွဲချော်နေပြီး အဓိပ္ပာယ်မဲ့သည်ဖြစ်စေ၊ ထို့ပြင် လူသား၏ အတွေးများသည် ယင်းတို့၏ ဘောင်ခတ်ခြင်းကို မည်မျှနက်နဲစွာ ခံထားရသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုလျှင် ဤအရာအားလုံး ရှိသည်ဖြစ်စေ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် သူ၏အလုပ်ကို လုပ်ဆောင်ဖို့ ကြွလာသောအခါနှင့် သမ္မာတရားကို သူဖော်ပြသောအခါ လူတို့သည် ထိုအခြေအနေမျိုး၌ အသက်ရှင်လျှင်ပင် ဘုရားသခင်သည် လူတို့ကို စာတန်၏ အာဏာအောက်မှ ပြန်လည်လုယူပြီး လူတို့ကို သိမ်းပိုက်နိုင်သေးသည်။ ထို့ပြင် ဘုရားသခင်သည် လူတို့အား သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့၌ သမ္မာတရားကို နားလည်စေရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရနှင့် သမ္မာတရားကို သိစေရန်၊ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို စွန့်ပစ်ရန်၊ သူ့ကို ကျိုးနွံနာခံရန်၊ သူ့ကိုကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန် လုပ်ဆောင်နိုင်သေးသည်။ ဤသည်မှာ မလွဲမသွေ ရရှိမည့် နောက်ဆုံးရလဒ်ဖြစ်ပြီး ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်က သေချာပေါက် အသီးအပွင့် ဖြစ်ထွန်းလာသည့်၊ ဘုရားသခင်သည် သူ၏ ဘုန်းတော်ထင်ရှားခြင်းနှင့်အတူ တိုင်းပြည်များနှင့် လူအားလုံးထံသို့ ပေါ်ထွန်းသည့် ဦးတည်ရာတစ်ခုလည်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က ပြောသကဲ့သို့ပင် “သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်။ ပြီးလျှင် သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်။” ဤစာကြောင်းသည် မှန်၏။ ယင်းကို သင်တို့ ယုံကြည်သလော။ (ယုံကြည်ပါသည်။) ဤသည်မှာ သေချာပေါက် ဖြစ်လာမည့် အချက်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုနောက်ဆုံးအဆင့်သည် လူသားမျိုးနွယ်အား သမ္မာတရားနှင့်အသက်ကို ထောက်ပံ့ပေးခြင်းအမှု ဖြစ်သောကြောင့်ဖြစ်သည်။ အနှစ်သုံးဆယ်ကျော် ကာလတိုအတွင်းတွင် အတော်အတန်များပြားသော လူတို့သည် ဘုရားရှေ့မှောက်သို့ ရောက်လာခဲ့ကြကာ သူ၏ သိမ်းပိုက်ခြင်းကို ခံရပြီး ယခုတွင် မပြောင်းလဲနိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် သူ၏နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် စာတန်ထံမှ မည်သည့် အကျိုးအမြတ်ကိုမျှ မရရှိလိုပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ သူ၏ ကယ်တင်ခြင်းတို့ကို လက်ခံလိုစိတ်ရှိကြကာ ၎င်းတို့အားလုံးသည် ဖန်ဆင်းခံအဖြစ် ၎င်းတို့၏နေရာကို ပြန်၍ခံယူပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံလိုစိတ်ရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်က အသီးအပွင့်ဖြစ်ထွန်းလာသည့် လက္ခဏာတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အခြေခိုင်သော အချက်တစ်ခုဖြစ်ပြီး ပြည့်စုံလာပြီးဖြစ်သည့် အချက်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် ယင်း ယခုဖြစ်ပျက်နေသည့် အရာတစ်ခုဖြစ်ပြီး ဖြစ်ပျက်နှင့်ပြီးဖြစ်သည့် အရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ စာတန်က လူသားမျိုးနွယ်ကို မည်သို့ ဖောက်ပြန်ပျက်စီးစေသည်ဖြစ်စေ၊ မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ ဘုရားသခင်သည် လူသားများအား စာတန်၏ အာဏာအောက်မှ လုယူပြီး ၎င်းတို့ကို ကယ်တင်ရန်၊ သူ၏ရှေ့သို့ ပြန်လည်ခေါ်ဆောင်ရန်နှင့် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေးကို ပြန်လည်ရယူရန် နည်းလမ်းများ အစဉ်သဖြင့် ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုး နှင့် ဩဇာအာဏာဖြစ်ပြီး သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ထိုနေ့ရက်သည် အနှေးနှင့်အမြန် ရောက်ရှိလာလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။