သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄) အပိုင်း လေး
“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်တွင် ပိုင်းခြားသိမြင်ရန်လိုအပ်သည့် နောက်ထပ်ရှုထောင့်တစ်ခုရှိသည်။ သင့်အား အပ်နှံသောအလုပ်အတွက် သင်၏ အချိန်နှင့် အားအင်များစွာကို မသုံးရလျှင်၊ သင်လုပ်ဆောင်နိုင်သည့် နယ်ပယ်အတွင်းတွင် ရှိလျှင်၊ သို့မဟုတ် သင့်၌ သင့်တော်သော ပတ်ဝန်းကျင်နှင့် အခြေအနေများရှိလျှင် သင်သည် လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့်လည်းကောင်း၊ သင်၏ အရည်အချင်း ရှိသမျှဖြင့်လည်းကောင်း သူတစ်ပါးတို့အတွက် အချို့သောအရာများကို လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ ကျိုးကြောင်းသင့်သော၊ သင့်လျော်သော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်နှင့် အားအင်များစွာကို သုံးရလျှင်၊ သင်၏ အချိန်များစွာ ကုန်လျှင်၊ သင်၏ အသက်ကို စတေးရသည့်အတိုင်းအတာအထိ ဖြစ်လျှင်၊ ဘဝတွင် သင်၏ တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံအဖြစ် သင်၏ တာဝန်များသည် အလဟဿဖြစ်ပြီး အစားထိုးခံရမည်ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ ယင်းသည် သင်၏ တာဝန်၊ သို့မဟုတ် ဝတ္တရားမဟုတ်သောကြောင့် ငြင်းဆန်သင့်သည်။ လူတစ်ယောက်ဘဝ၏ တာဝန်၊ ဝတ္တရားများနှင့်ပတ်သက်လျှင် မိဘများကို စောင့်ရှောက်ခြင်းနှင့် သားသမီးများကို ပျိုးထောင်ခြင်း၊ လူ့အဖွဲ့အစည်းတွင်ရှိသော၊ ဥပဒေဘောင်အတွင်းတွင်ရှိသော လူမှုတာဝန်များကို ဖြည့်ဆည်းခြင်းတို့မှလွဲပြီး အရေးကြီးဆုံးသောအရာမှာ လူတစ်ယောက်၏ အားအင်နှင့် အချိန်ဖြစ်သည်။ ဘဝသည် အခြားတစ်စုံတစ်ယောက်က အလုပ်အပ်နှံခြင်းခံရပြီး သူ၏ အချိန်နှင့် အားအင်ကုန်ဆုံးခြင်းထက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ကုန်ဆုံးသင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတစ်ယောက်ကို ဖန်ဆင်းပြီး အသက်ပေးအပ်ကာ ဤကမ္ဘာလောကသို့ ခေါ်ဆောင်လာသောကြောင့်ဖြစ်သည်။ ထိုသူအနေဖြင့် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ပြီး တာဝန်များကို ဖြည့်ဆည်းရန်မဟုတ်ပေ။ လူတို့ လက်ခံသင့်ဆုံးသောအရာမှာ ဘုရားသခင်၏ အပ်နှံမှုဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှုသည်သာ စစ်မှန်သော အပ်နှံမှုဖြစ်သည်။ လူ၏ အပ်နှံမှုကို လက်ခံခြင်းသည် သူ၏ သင့်လျော်သော တာဝန်များကို အရေးမစိုက်ခြင်းဖြစ်သည်။ မည်သူကမျှ သင့်ထံသို့ ၎င်းတို့ အပ်နှံသောအလုပ်များအပေါ် သင်၏ သစ္စာရှိမှု၊ အားအင်၊ အချိန်၊ သို့မဟုတ် သင်၏ ငယ်ရွယ်မှုနှင့် တစ်ဘဝလုံးကိုပင် မြုပ်နှံရန် တောင်းဆိုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်သည်သာ လူတို့အား ဖန်ဆင်းခံများအနေဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် စေခိုင်းဖို့ အရည်အချင်းပြည့်မီသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင့်အား အပ်နှံသော မည်သည့်အလုပ်မဆိုသည် သင်၏ အချိန်နှင့် အားအင်များစွာကို လိုအပ်လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘဝတွင် လမ်းမှန်ကို လိုက်လျှောက်ခြင်းကိုပင် နှောင့်နှေးစေလိမ့်မည်။ ယင်းသည် သင့်ဘဝ၏ ဦးတည်ချက်နှင့် ပန်းတိုင်များကို ပြောင်းလဲလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာမဟုတ်ပေ။ ကံခေခြင်းဖြစ်သည်။ သင်၏ အချိန်နှင့် အားအင်များစွာကို ကုန်ဆုံးစေလျှင်၊ သင်၏ ငယ်ရွယ်မှုကိုပင် လုယူပြီး သမ္မာတရားနှင့် အသက်ကိုရရှိဖို့ အခွင့်အလမ်းများကို ပိတ်ပင်လျှင် ဤသို့သောပုံစံမျိုးနှင့်သက်ဆိုင်သော မည်သည့်အပ်နှံမှုမဆိုသည် စာတန်ဆီမှလာခြင်းဖြစ်ပြီး မည်သည့်လူတစ်ဦးတစ်ယောက်ထံမှ လာခြင်းမဟုတ်ပေ။ ဤသည်မှာ ဤအမှုကိစ္စကို နားလည်ရန် အခြားနည်းလမ်းတစ်ခုဖြစ်သည်။ သင်၏ အချိန်နှင့် အားအင်များစွာကို ကုန်ဆုံးစေပြီး ဖြုန်းတီးသည့် အလုပ်တစ်ခုကိုတစ်စုံတစ်ယောက်က သင့်အား အပ်နှံလျှင်၊ သင်၏ ငယ်ရွယ်မှုနှင့် သင်၏ ဘဝတစ်ခုလုံးကိုပင် စွန့်လွှတ်စေလျှင်၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးသင့်သည့်အချိန်ကို ယူဆောင်သွားလျှင် ထိုသူသည် သင်၏ မိတ်ဆွေမဟုတ်ရုံမကဘဲ သင်၏ ရန်သူ၊ သင်၏ ပြိုင်ဘက်အဖြစ်ပင် သတ်မှတ်နိုင်သည်။ သင်၏ ဘဝတွင် ဘုရားသခင်က သင့်အား ချပေးခဲ့သော သင်၏ မိဘများ၊ သားသမီးများနှင့် မိသားစုအပေါ် သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းအပြင် သင်၏ အချိန်နှင့် အားအင်အားလုံးကို ဖန်ဆင်းခံတစ်ယောက်အဖြစ် သင့်တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ရည်စူးပြီး အသုံးခံသင့်သည်။ သင့်အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် အပ်နှံသည်ဟူ၍ အကြောင်းပြပြီး သင်၏ အချိန်နှင့် အားအင်ကို နေရာယူရန်၊ သို့မဟုတ် ယူဆောင်ရန် မည်သူကမျှ အရည်အချင်းမပြည့်မီပေ။ သင်သည် ဤအကြံဉာဏ်ကိုအရေးမစိုက်ဘဲ တစ်စုံတစ်ယောက်၏ အပ်နှံမှုကို လက်ခံကာ သင်၏ အချိန်နှင့် အားအင်များစွာကို နေရာယူစေလျှင် ဖန်ဆင်းခံအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အချိန်သည် နှိုင်းယှဉ်ကြည့်လျှင် လျော့နည်းသွားမည်။ ပိတ်ပင်ခံရခြင်း၊ နေရာယူခံရခြင်းပင် ဖြစ်လိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရန် အချိန်နှင့် အားအင်ကို ပိတ်ပင်ခြင်းခံရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သမ္မာတရားအား လိုက်စားရန် သင်၏ အခွင့်အရေးက လျော့ကျသွားသည်ဟု အဓိပ္ပာယ်ရသည်။ သမ္မာတရားအား လိုက်စားရန် အခွင့်အရေးသည် လျော့နည်းသွားသောအခါ ကယ်တင်ခြင်းရရန် သင့်၏ အခွင့်အရေးက ပို၍ နည်းပါးသွားသည်ဟူ၍လည်း မဆိုလိုသလော။ (ဟုတ်သည်။) ဤသည်မှာ သင့်အတွက် ကောင်းချီးဖြစ်သလော၊ ကျိန်စာဖြစ်သလော။ (ကျိန်စာဖြစ်သည်။) ကျိန်စာဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ယင်းသည် ချစ်သူရည်းစားရှိသော မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြစ်သည်။ ယောက်ျားလေးက သူမအား “သင်သည် ဘုရားသခင်ကို ယုံကြည်နိုင်သည်၊ သို့သော် ငါ အောင်မြင်၊ ချမ်းသာပြီး ဩဇာရှိသည်အထိ၊ သင့်အား ကားတစ်စီး၊ အိမ်တစ်လုံးနှင့် ကြီးမားသော စိန်လက်စွပ်တစ်ကွင်းဝယ်ပေးနိုင်သည်အထိ စောင့်ရမည်၊ ထို့နောက်တွင် သင့်အား လက်ထပ်မည်” ဟု ဆိုသည်။ မိန်းကလေးက “ဤသို့ဆိုလျှင် ဤနှစ်အနည်းငယ်တွင် ငါ ဘုရားသခင်ကို ယုံကြည်မည်မဟုတ်၊ သို့မဟုတ် တာဝန်ထမ်းဆောင်မည်မဟုတ်ပေ။ ရှေးဦးစွာ ငါသည် သင်နှင့်အတူ အလုပ်ကြိုးစားမည်။ သင် ချမ်းသာရန်၊ အလုပ်အမှုဆောင်ဖြစ်ရန်၊ သင်၏ ဆန္ဒများ ပြည့်ရန် ငါစောင့်မည်၊ ပြီးလျှင် ငါ၏ တာဝန်များကို ထမ်းဆောင်မည်” ဟူ၍ ဆိုသည်။ ဤမိန်းကလေးသည် လိမ္မာပါးနပ်သလော၊ သို့မဟုတ် မိုက်မဲသလော။ (မိုက်မဲသည်။) သူမသည် အလွန်မိုက်မဲသည်။ သင်သည် သူ့အား အောင်မြင်ရန်၊ ချမ်းသာပြီး ဩဇာရှိရန်၊ နာမည်ကျော်ကြားမှုနှင့် စည်းစိမ်ရှိရန် ကူညီသည်။ သို့သော် သင် ဆုံးရှုံးခဲ့သောအချိန်အတွက် မည်သူက ပြန်လည်အစားထိုးပေးမည်နည်း။ သင်သည် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို မထမ်းဆောင်ခဲ့ပေ။ ထို့ကြောင့် ဤဆုံးရှုံးမှုအတွက် မည်သူက ဖာထေးလုပ်ဆောင်မည်နည်း။ မည်သူက ပြန်လည်ပေးဆပ်မည်နည်း။ ဘုရားသခင်အား ယုံကြည်သည့် ဤနှစ်အနည်းငယ်တွင် သင် ရှိသင့်သည့် သမ္မာတရားကို သင် မရရှိခဲ့ပေ။ သင် ရှိသင့်သည့် အသက်ကိုလည်း မရရှိခဲ့ပေ။ ဤသမ္မာတရားနှင့် ဤအသက်အတွက် မည်သူက ဖာထေးလုပ်ဆောင်မည်နည်း။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားအား မလိုက်စားပေ။ ထိုအစား ၎င်းတို့သည် အခြားလူများထံမှ အပ်နှံသောအလုပ်၊ ဆန္ဒ၊ သို့မဟုတ် တောင်းဆိုမှုကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့၏ အချိန် နှစ်အနည်းငယ်ကို ကုန်ဆုံးစေသည်။ အဆုံးတွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိရုံမကဘဲ သမ္မာတရားအား ရရှိဖို့အတွက် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အလမ်းကိုလည်း လွဲချော်သည်။ ဘုရားသခင်၏ လက်ခံမှုကို ၎င်းတို့ မရရှိပေ။ ဆုံးရှုံးမှုက ကြီးမားလွန်းပြီး အဖိုးအခက ကြီးမားလွန်းသည်။ သူတစ်ပါးတို့၏ ယုံကြည်မှုကို မချိုးဖျက်မိစေရန်၊ လူတို့အား မိမိတို့နှင့်ပတ်သက်ပြီး ကောင်းသောအရာများကို ပြောစေရန်၊ ကိုယ်ကျင့်စရိုက်မြင့်မားသူ၊ နာမည်ရှိပြီး ယုံကြည်ထိုက်သူအဖြစ် မှတ်ယူခြင်းခံရရန်၊ အောင်မြင်စွာဖြင့် “အခြားလူများက မိမိတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်”ရန်သက်သက်ဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား စွန့်လွှတ်သည်မှာ အလွန် မမိုက်မဲသလော။ နှစ်မျိုးလုံးကို လုပ်ဆောင်ဖို့ ကြိုးစားသောသူများလည်းရှိသည်။ တာဝန်အချို့ကို ထမ်းဆောင်ရန် အားအင်အချို့ကို ချန်ထားပြီး တစ်ဖက်တွင်လည်း လူတို့ကို ဖြည့်ဆည်းပေးသည်။ သူတစ်ပါးတို့ကို ကျေနပ်စေသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်ကို ကျေနပ်စေလိုသည်။ အဆုံးတွင် မည်သို့ ဖြစ်သနည်း။ သင်သည် လူတို့ကို ကျေနပ်စေနိုင်သည်။ သို့သော် ဖန်ဆင်းခံတစ်ယောက် အဖြစ် သင်၏တာဝန်မှာမူ မပြည့်ဝပေ။ သမ္မာတရားကို သင် လုံးဝ နားမလည်ပေ။ ပြီးလျှင် သင်သည် များစွာ ဆုံးရှုံးသည်။ သင်သည် လူတို့အတွက် အမှုအရာများကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ခဲ့သော်လည်း၊ ၎င်းတို့က သင်သည် စကားတည်ပြီး မြင့်မြတ်သော ကိုယ်ကျင့်တရား အပြုအမူရှိသူ ဖြစ်သည်ဟု ပြော၍ ချီးမွမ်းခြင်းကို ခံရသော်လည်း ဘုရားသခင်ထံမှ သမ္မာတရားကို သင် မရရှိသကဲ့သို့ ဘုရားသခင်၏ သဘောကျမှု၊ သို့မဟုတ် လက်ခံမှုကိုလည်း မရရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အတွက်အမှုအရာများကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ခြင်းသည် လူသားမျိုးနွယ်အတွက် ဘုရားသခင် တောင်းဆိုသည့်အရာမဟုတ်သကဲ့သို့ ဘုရားသခင်က သင့်အား အပ်နှံသောအလုပ်လည်းမဟုတ်သောကြောင့် ဖြစ်ပေသည်။ လူတို့အတွက် အမှုအရာများကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ခြင်းသည် လမ်းကြောင်းလွဲနေသည်။ ယင်းသည် သင့်လျော်သော တာဝန်များကို သင် အာရုံစိုက်ခြင်းမဟုတ်ပေ။ ပြီးလျှင် ယင်းသည် တန်ဖိုး၊ သို့မဟုတ် အရေးပါမှု လုံးဝ မရှိပေ။ ယင်းသည် အောက်မေ့ဂုဏ်ပြုထိုက်သော ကောင်းမှု လုံးဝ မဟုတ်ပေ။ သင်သည် သူတစ်ပါးတို့အတွက် သင်၏ အားအင်နှင့် အချိန်များစွာကို ရင်းနှီးမြုပ်နှံခဲ့သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို ဘုရားသခင်က အောက်မေ့ခြင်း မရှိရုံသာမကဘဲ သမ္မာတရားအား လိုက်စားရန် အကောင်းဆုံး အခွင့်အရေးနှင့် ဖန်ဆင်းခံအနေဖြင့် သင့်တာဝန်ကို ထမ်းဆောင်ရန် တန်ဖိုးရှိသောအချိန်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ သင်သည် ပြောင်းလဲပြီး သမ္မာတရားကို လိုက်စားကာ သင့်တာဝန်များကို ကောင်းစွာ ထမ်းဆောင်လိုသောအခါတွင် သင်သည် အသက်ကြီးနေပြီဖြစ်သည်။ အားအင်နှင့် ကိုယ်ကာယအင်အား ကင်းမဲ့နေပြီး ရောဂါများ ခံစားရသည်။ ဤသည်မှာ ထိုက်တန်သလော။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် မည်သို့ အသုံးခံနိုင်သနည်း။ သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံအဖြစ် သင့်တာဝန်ကို ထမ်းဆောင်ရန် ကျန်ရှိသည့်အချိန်ကို အသုံးပြုခြင်းသည် မောပန်းနွမ်းနယ်ဖွယ်ဖြစ်သည်။ သင်၏ ကိုယ်ခန္ဓာအားအင်က မလိုက်နိုင်ပေ။ သင်၏ မှတ်ဉာဏ်က ယိုယွင်းပြီး သင်၏ အားအင်က မကောင်းတော့ပေ။ သင်သည် စုဝေးပွဲများ ပြုလုပ်နေစဉ်အချိန်တွင် မကြာခဏ ငိုက်မျဉ်းပြီး သင့်တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသောအခါတွင် သင်၏ ကိုယ်ခန္ဓာက အစဉ်သဖြင့် အခက်အခဲများ၊ နာမကျန်းဖြစ်ခြင်းများ ရှိသည်။ ထိုအချိန်တွင် သင်သည် နောင်တရလိမ့်မည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်” ခြင်းအားဖြင့် မည်သည့်အရာကို သင်ရရှိခဲ့သနည်း။ အများဆုံးအနေဖြင့် သင်သည် အခြားလူများကို လာဘ်ထိုးပြီး ချီးမွမ်းမှုကို ရရှိနိုင်သည်။ သို့သော် လူတို့၏ ချီးမွမ်းမှုက အဘယ်အသုံးဝင်သနည်း။ ယင်းသည် ဘုရားသခင်၏ လက်ခံမှုကို ကိုယ်စားပြုနိုင်သလော။ အနည်းငယ်မျှပင် ကိုယ်စားမပြုပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်ထံမှ ထိုချီးမွမ်းသည့်စကားသည် တန်ဖိုးမရှိပေ။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးရစဉ်တွင် ချီးမွမ်းခြင်းခံရဖို့အတွက် အလွန်ကြီးသော ဝေဒနာကို ခံဖို့ ထိုက်တန်သလော။ ဤသို့ဆိုလျှင် ယခုတွင် လူတို့သည် မည်သည့်အရာကို နားလည်ဖို့ လိုသနည်း။ မည်သူမဆိုက သင့်အား အလုပ်တစ်ခု အပ်နှံလျှင် မည်သည့်အလုပ်ဖြစ်စေ ဖန်ဆင်းခံအဖြစ် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံသည့်အရာတစ်ခု မပါဝင်သရွေ့ ယင်းမှာ သင်၏ တာဝန်ဖြစ်ဖို့ဝေးစွ သင်၏ ဝတ္တရားပင်မဟုတ်သောကြောင့် သင့်တွင် ငြင်းဆန်ပိုင်ခွင့်ရှိသည်။ လူအချို့က “ကျွန်ုပ်သည် ငြင်းဆန်လျှင် ကျွန်ုပ်သည် ကိုယ်ကျင့်တရားမကောင်းဟု သူတစ်ပါးတို့က ပြောမည်၊ သို့မဟုတ် ကျွန်ုပ်သည် အမှန်တကယ် ကောင်းသော မိတ်ဆွေမဟုတ်၊ သို့မဟုတ် ကောင်းစွာ သစ္စာရှိခြင်းမရှိဟု ဆိုလိမ့်မည်” ဟူ၍ ပြောကောင်းပြောနိုင်သည်။ သင်သည် ဤအရာကို စိတ်ပူလျှင် လုပ်ဆောင်ကြည့်လော့။ ပြီးနောက်တွင် အကျိုးဆက်များက မည်သို့ရှိသည်ကို ကြည့်လော့။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသောကြောင့် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ရာ၌ မပြီးဆုံးသော၊ သူတစ်ပါးတို့အတွက် ဆက်၍ မလုပ်ဆောင်နိုင်သောသူများလည်းရှိသည်။ ၎င်းတို့က “ဤအလုပ်ကို တစ်ဝက်တစ်ပျက်သာ ပြီးဆုံးသည်မှာ မကောင်းပေ၊ လူတစ်ယောက်အနေဖြင့် ယုံကြည်လက်ခံနိုင်မှုရှိသင့်သည်၊ အစမှ အဆုံးထိ လုပ်ဆောင်ရမည်ဖြစ်ပြီး အစတွင် အားကောင်းပြီး အဆုံးတွင် အားနည်း၍မဖြစ်ပေ၊ သူတစ်ပါးတို့အတွက် ငါလုပ်ဆောင်ရန် ကတိပေးထားသော အလုပ်များသည် တစ်ဝက်တစ်ပျက်သာ ပြီးမြောက်ပြီး ကျန်ရှိသည့်အရာကို မလုပ်ဆောင်လျှင် ငါသည် သူတစ်ပါးတို့အား ဤအရာကို ကျိုးကြောင်းပြမပြောဆိုနိုင်ပေ၊ ဤသည်မှာ တည်ကြည်မှုကင်းမဲ့သည်” ဟူ၍ တွေးတောသည်။ သင်၏ စိတ်တွင် ဤသို့သောအတွေးများရှိပြီး သင်၏ မာနကို လက်မလွှတ်နိုင်လျှင် သင်သည် သူတစ်ပါးတို့အတွက် အလုပ်များကို လုပ်ဆောင်ကြည့်နိုင်သည်။ ပြီးဆုံးသောအခါ သင် ရရှိသည့်အရာကို ကြည့်လော့။ သင်၏ စကားကို တည်ပြီး ဤသို့သော တည်ကြည်မှုမျိုးရှိခြင်းက အမှန်တကယ် တန်ဖိုးတစ်ခုခုရှိမရှိ ကြည့်လော့။ ဤသည်မှာ အရေးကြီးသောအရာကို နှောင့်နှေးနေခြင်းမဟုတ်လော။ ယင်းသည် သင့်တာဝန်များအား ထမ်းဆောင်ခြင်းကို နှောင့်နှေးစေပြီး သမ္မာတရားအား ရရှိရာတွင် သင့်အား ထိခိုက်နိုင်လျှင် ဤသည်မှာ သင်၏ အသက်ကို စွန့်စားခြင်းနှင့် ညီမျှသည်မဟုတ်လော။ သင်သည် ဤအကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များ၊ သတ်မှတ်ချက်များကို ဖန်ဆင်းခံအနေဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်းတို့ထက် ပို၍ အရေးကြီးသည်ဟု မှတ်ယူလျှင် သင်သည် ဤအဆိုအမိန့်များ၏ အကျဉ်းချခြင်း၊ ချည်နှောင်ခြင်းမှ သင့်ကိုယ်သင် လွတ်မြောက်အောင် မလုပ်ဆောင်နိုင်ပေ။ သင်သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ယင်းတို့၏ တကယ့်အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင်၊ ယင်းတို့အား စွန့်ပစ်ဖို့ ဆုံးဖြတ်နိုင်လျှင်၊ ဤအရာများနှင့် အသက်မရှင်ဘဲ နေနိုင်လျှင် သင်သည် ဤအကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များ၏ အကျဉ်းချပြီး ချည်နှောင်ခံရခြင်းမှ လွတ်မြောက်မည့် မျှော်လင့်ချက်ရှိသည်။ ဖန်ဆင်းခံအဖြစ် သင့်တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားအား ရရှိနိုင်သည့် မျှော်လင့်ချက်လည်းရှိသည်။
များစွာ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ယခု သင်တို့သည် လူတစ်ယောက်၏ ကိုယ်ကျင့်တရားကို အကဲဖြတ်ခြင်းနှင့်သက်ဆိုင်သော အဆိုအမိန့်နှင့် စံနှုန်းဖြစ်သော “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်နှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု အနည်းငယ်ရှိသလော။ (ရှိသည်။) သို့ဖြစ်၍ အနှစ်ချုပ်လိုက်လျှင် ဤစာကြောင်းသည် မှန်သည်၊ မှားသည်ကို ရှုထောင့်မည်မျှမှ ငါတို့ ပိုင်းခြားသိမြင်သင့်သနည်း။ ပထမအနေဖြင့် ဤအဆိုအမိန့်သည် သမ္မာတရားနှင့်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီသည်မှာ ရှင်းသည်။ ယင်းသည် လူတို့ လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းတစ်ခု မဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအကြောင်းအရာကို သင် မည်သို့ ကိုင်တွယ်သင့်သနည်း။ မည်သူက သင့်အား အလုပ်တစ်ခုအပ်နှံသည်ဖြစ်စေ သင်က ငြင်းဆန်ပြီး “ငါ သင့်ကို မကူညီလိုပါ၊ ငါသည် သင့်အား သစ္စာရှိရန် ဝတ္တရားမရှိပါ” ဟူ၍ ပြောပိုင်ခွင့်ရှိသည်။ သင်သည် ထိုအချိန်က ၎င်းတို့၏ အပ်နှံမှုကို လက်ခံခဲ့သော်လည်း ယခုတွင် ဤကိစ္စကို သင်နားလည်သောအခါ သင်သည် မကူညီလိုဘဲ လိုအပ်ခြင်းမရှိ၊ သို့မဟုတ် ဝတ္တရားမရှိဟု ခံစားရလျှင် ဤကိစ္စက ဤတွင် ပြီးဆုံးသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဟုတ်သလော။ (ဟုတ်သည်။) သင်သည် “မလုပ်ပါ” ဟုပြောပြီး ငြင်းဆန်နိုင်သည်။ ဒုတိယအနေဖြင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အဆိုအမိန့်တွင် မည်သည့်အရာ မှားယွင်းနေသနည်း။ တစ်စုံတစ်ယောက်က သင့်အား အဆင်ပြေစွာဖြင့် လုပ်ဆောင်နိုင်သော ရိုးရှင်းသော အလုပ်တစ်ခုကို သင့်အား အပ်နှံလျှင် ယင်းသည် လူတို့ကြား ထိတွေ့ဆက်ဆံသည့် သာမန်ဖြစ်ရပ်တစ်ခုသာဖြစ်သည်။ ယင်းသည် သင်သည် သစ္စာရှိမရှိ၊ သို့မဟုတ် သင့်တွင် ကိုယ်ကျင့်စရိုက် မြင့်မားခြင်းရှိမရှိကို မပြောနိုင်ပေ။ လူတစ်ယောက်၏ ကိုယ်ကျင့်တရားကို တိုင်းတာဖို့ စံနှုန်းအဖြစ် အသုံးမပြုနိုင်ပေ။ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသာ အားထုတ်ဖို့လိုသော အလုပ်တစ်ခု ကူညီပေးခြင်းဖြင့် လူတစ်ယောက်သည် ကိုယ်ကျင့်တရားရှိပြီး ယုံကြည်လက်ခံနိုင်မှု ရှိသည်ဆိုသည်ကို ညွှန်ပြသလော။ သေချာပေါက် ညွှန်ပြခြင်းမျိုးမဟုတ်ပေ။ ထိုသူသည် နောက်ကွယ်တွင် မကောင်းသောအရာများစွာကို လုပ်ဆောင်ပြီး ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုသူသည် မကောင်းသောအရာများစွာကို လုပ်ဆောင်ခဲ့သော်လည်း သူတစ်ပါးတို့အား အနည်းငယ်မျှသာ အားထုတ်ကူညီရန် တစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့လျှင် ဤသည်မှာ ကိုယ်ကျင့်စရိုက် မြင့်မားသည်ဟု သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ထို့ကြောင့် ဤဥပမာသည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်ကို ချေပသည်။ ယင်းသည် မမှန်ကန်ဘဲ လူတစ်ယောက်၏ ကိုယ်ကျင့်တရား အပြုအမူကို တိုင်းတာရန် စံနှုန်းတစ်ခုအဖြစ် အသုံးမပြုနိုင်ပေ။ ဤသည်မှာ သာမန်ဖြစ်သော အရာအချို့ကို ကိုင်တွယ်ဖြေရှင်းသည့်နည်း ဖြစ်သည်။ ဤသို့ဆိုလျှင် အထူးကိစ္စအချို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ တစ်စုံတစ်ယောက်က သင်လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်သော အထူးအရေးကြီးသော အလုပ်တစ်ခု အပ်နှံလျှင်၊ သင်က ထိုအလုပ်သည် ပင်ပန်းပြီး အလွန်အားစိုက်ရသည်၊ သင် မလုပ်ဆောင်နိုင်ဟု မြင်လျှင် စိတ်မကောင်းမဖြစ်ဘဲ ငြင်းဆန်နိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်အား ကျိုးကြောင်းမသင့်သော၊ တရားမဝင်သော၊ သို့မဟုတ် သူတစ်ပါးတို့၏ အကျိုးစီးပွားကို ထိခိုက်သောအရာတစ်ခုကို လုပ်ဆောင်ရန် အပ်နှံလျှင် သင်သည် ထိုသူအတွက် အထူးပင် မလုပ်ဆောင်သင့်ပေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က သင့်အား အလုပ်အပ်နှံလျှင် သင်ပိုင်းခြားသိမြင်ဖို့လိုသည့် အဓိကအရာမှာ အဘယ်နည်း။ တစ်ချက်မှာ အပ်နှံသောအလုပ်သည် သင်၏တာဝန်၊ ဝတ္တရားဟုတ်မဟုတ်၊ သင်လက်ခံသင့်မခံသင့်ကို ပိုင်းခြားသိမြင်ဖို့ လိုသည်။ အခြားတစ်ချက်မှာ လက်ခံပြီးနောက်တွင် သင် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ သင်ကောင်းစွာ ကိုင်တွယ်သည်ဖြစ်စေ၊ ညံ့ဖျင်းစွာ ကိုင်တွယ်သည်ဖြစ်စေ ယင်းသည် သစ္စာရှိခြင်းနှင့် လူတစ်ယောက်၏ ကိုယ်ကျင့်တရားပါဝင်သလော။ ဤသည်မှာ ပိုင်းခြားသိမြင်ခြင်း၏ အချက်အချာဖြစ်သည်။ ပိုင်းခြားသိမြင်ရန် အခြားအချက်မှာ အပ်နှံသောအလုပ်၏ သဘောသဘာဝဖြစ်သည်။ ယင်းသည် ကျိုးကြောင်းသင့်ခြင်း၊ တရားဝင်ခြင်း၊ အပြုသဘောဆောင်ခြင်း၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိမရှိဖြစ်သည်။ ဤအချက်သုံးချက်မှတစ်ဆင့် ပိုင်းခြားသိမြင်ခြင်းဖြစ်သည်။ ယခုလေးတင် မိတ်သဟာယပြုခဲ့သည့်အရာကို စဉ်းစားဆင်ခြင်ပြီး အနှစ်ချုပ်ကာ သင်တို့၏ ထင်မြင်ချက်များ၊ အမြင်များကို ယခုဆွေးနွေးကြလော့။ (“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်နှင့် ပတ်သက်ပြီး ပထမအနေဖြင့် လူတို့သည် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ပေးရန် ဝတ္တရားမရှိပါ။ ငြင်းဆန်နိုင်သည်။ ဤသည်မှာ လူတိုင်း၏ အခွင့်အရေးဖြစ်သည်။ ဒုတိယအနေဖြင့် သူတစ်ပါးတို့က အပ်နှံသောအလုပ်ကို လက်ခံလျှင်ပင် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ၊ မကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ကျင့်တရားမပါဝင်ပါ။ ဤသည်မှာ လူတစ်ယောက်၏ ကိုယ်ကျင့်စရိုက်ကို တိုင်းတာခြင်းအတွက် စံနှုန်းအဖြစ် အသုံးမပြုနိုင်ပါ။ ထို့အပြင် တစ်စုံတစ်ယောက်အား အပ်နှံသောအလုပ်သည် တရားမဝင်ဘဲ ပြစ်မှုတစ်ခုဖြစ်လျှင် အလွန်ပင် မလုပ်ဆောင်သင့်ပါ။ လုပ်ဆောင်လျှင် ယင်းသည် မကောင်းမှုကို လုပ်ဆောင်ခြင်းဖြစ်ပြီး အပြစ်ဒဏ်ခံရမည်။ ဤအချက်များမှတစ်ဆင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အမြင်ကို အမှန်ပင် ချေပနိုင်သည်။) အရေးပါဆုံးသောအချက်မှာ ဤအဆိုအမိန့်သည် မှားခြင်းဖြစ်သည်။ မည်သည့်နေရာတွင် မှားသနည်း။ ပထမအနေဖြင့် ဤသို့သော အမှုကိစ္စများကို မှတ်ယူခြင်း၊ ကိုင်တွယ်ခြင်းအတွက် ထိုအဆိုအမိန့်က သတ်မှတ်သော စည်းမျဉ်းမှာ မှားသည်။ ထို့အပြင် လူတစ်ယောက်၏ ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ရန်အတွက် ဤအဆိုအမိန့်ကို အသုံးပြုခြင်းသည်လည်း မှားသည်။ သည့်အပြင် လူတစ်ယောက်၏ ကိုယ်ကျင့်တရား အပြုအမူကို တိုင်းတာရန်၊ သူ့အား ချည်နှောင်ပြီး ဘောင်ခတ်ရန်၊ အမှုအရာများကို လုပ်ဆောင်စေဖို့ သူ့အား အသုံးပြုရန်၊ ထိုသူအနေဖြင့်မယူသင့်သည့်၊ သို့မဟုတ် လက်မခံလိုသည့် တာဝန်များကို ထမ်းဆောင်ရာတွင် သူ၏ အချိန်၊ အားအင်၊ အဖိုးအခတို့ကို ပေးခိုင်းရန် ဤအဆိုအမိန့်ကို သုံးခြင်းသည် အမြတ်ထုတ်ခြင်းတစ်မျိုးဖြစ်ပြီး ယင်းသည်လည်း မှားယွင်းသည်။ ဤမှားယွင်းမှုအနည်းငယ်သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်၏ တန်ဖိုးနှင့် အမှန်ဖြစ်ခြင်းကို ချေပဖို့ လုံလောက်သည်။ အကျဉ်းချုပ်အားဖြင့် အနှစ်ချုပ်ကြစို့။ ရှေးဦးစွာ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်သည် လူတို့အား ၎င်းတို့ထံ အပ်နှံသောအလုပ်များကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကို ပြောသည်။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံသောအခါ ယင်းသည် ကျိုးကြောင်းသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ အလုပ်ကို သင့်ထံ အပ်နှံသည်ဖြစ်သရွေ့ သင်၏ စကားကို တည်ရမည်ဟု သွယ်ဝိုက်ညွှန်းဆိုသည်။ သင်သည် ထိုသူအား ကျေနပ်စေရန်အတွက် ကောင်းမွန်စွာ၊ အပြည့်အဝပြီးမြောက်စွာ ဆောင်ရွက်ရန် ဝတ္တရားရှိသည်။ ဤသို့သောသူမျိုးသာ ယုံကြည်လက်ခံနိုင်မှုရှိသည်။ ယင်းသည် လူတို့အား ပိုင်းခြားသိမြင်ခြင်းမရှိဘဲ အလုပ်ကို ဆောင်ရွက်စေသည်။ ဤသည်မှာ အားလုံးထဲတွင် အမှားတစ်ခုဖြစ်ပြီး စည်းမျဉ်းကို ဆန့်ကျင်သော အမှားဖြစ်သည်။ ဒုတိယအနေဖြင့် လူတို့သည် “အခြားလူများက ၎င်းတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်”နိုင်ခြင်းရှိမရှိဆိုသည့် စံနှုန်းသည် ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူကို တိုင်းတာရန် အခြေပြုချက်အဖြစ် အသုံးပြုသည်။ ဤအကဲဖြတ်မှုစံနှုန်းသည် အခြားအမှားတစ်ခုကို ကျူးလွန်နေသည်မဟုတ်လော။ လူတိုင်းက ၎င်းတို့အား အပ်နှံသော မကောင်းသော၊ ဆိုးယုတ်သော အလုပ်များကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်လျှင် ဤလူ့အဖွဲ့အစည်းသည် ပြောင်းပြန်ဖြစ်သွားမည်မဟုတ်လော။ ထို့အပြင် ဤအဆိုအမိန့်ကို လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကိုအကဲဖြတ်ရန် စံနှုန်းအဖြစ် အစဉ်အသုံးပြုလျှင် ယင်းသည် လူတို့၏ အတွေးများကို ချည်နှောင်ပြီး ကန့်သတ်ရန်အတွက် လူမှုဝန်းကျင်တစ်ခု၊ အများပြည်သူ၏ ထင်မြင်ချက်တစ်ခု၊ လူမှုဖိအားတစ်ခုကို အလိုအလျောက် ဖန်တီးလိမ့်မည်။ ဤသည်မှာ မည်သည့် အကျိုးဆက်များကို ယူဆောင်လာမည်နည်း။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ”ဟူသည့် အဆိုအမိန့် တည်ရှိနေမှုကြောင့်၊ လူ့အဖွဲ့အစည်းတွင် ဤသို့သော အများပြည်သူ၏ ထင်မြင်ချက်ရှိနေသောကြောင့် သင်သည် လူမှုဖိအားအောက်တွင်ရှိနေပြီး ဤသို့သော အခြေအနေများတွင် ဤပုံစံဖြင့် ပြုမူဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရသည်။ သင်လုပ်ဆောင်သည့် ပုံစံမှာ မိမိဆန္ဒအလျောက်မဟုတ်ပေ။ သင်ကိုယ်တိုင်၏ လုပ်ဆောင်နိုင်စွမ်း၏ နယ်ပယ်အတွင်းတွင် မရှိပေ။ ယင်းသည် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းမဟုတ်ပေ။ သင်သည် လုပ်ဆောင်ရန် အတင်းစေခိုင်းခြင်း ခံရသည်။ ယင်းသည် သင်၏ စိတ်နှလုံးထဲမှ တောင်းဆိုမှုမဟုတ်သကဲ့သို့ သာမန်လူ့သဘာဝ၏ တောင်းဆိုမှုလည်းမဟုတ်ပေ။ သင်၏ စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရန် တောင်းဆိုမှုလည်းမဟုတ်ဘဲ ထိုအစား ယင်းသည် လူမှုဖိအားကြောင့်ဖြစ်သည်။ ဤသည်မှာ ကိုယ်ကျင့်တရားကို အမြတ်ထုတ်ခြင်းနှင့် ညီမျှသည်။ သင်သည် သူတစ်ပါးတို့အတွက် လုပ်ဆောင်ရန် သဘောတူလက်ခံခဲ့သောအလုပ်များကို လုပ်ဖို့ပျက်ကွက်လျှင် သင်၏မိဘများ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများက သင့်အား ဝေဖန်ပြီး “သင်သည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဟု ထင်သနည်း။ ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဟူသော ဆိုရိုးစကားရှိသည့်အားလျော်စွာ၊ သင်က လက်ခံခဲ့သောကြောင့် အဘယ်ကြောင့် ဆက်လက်၍ မလုပ်ဆောင်သနည်း၊ လက်ခံခဲ့လျှင် ကောင်းစွာ လုပ်ဆောင်သင့်သည်” ဟူ၍ ဆိုကြလိမ့်မည်။ ဤသို့ ကြားပြီးနောက်တွင် သင်သည် မှားယွင်းနေသည်ဟု ခံစားရသောကြောင့် နာခံစွာဖြင့် အလုပ်ကို ဆောင်ရွက်သည်။ လုပ်ဆောင်နေစဉ်တွင် သင်သည် လုပ်ဆောင်လိုစိတ် မရှိဆဲဖြစ်သည်။ သင့်တွင် လုပ်ဆောင်နိုင်စွမ်းမရှိ။ မစီမံနိုင်ပေ။ သို့သော် သင်သည် အံကြိတ်ပြီး လုပ်ဆောင်ရဆဲဖြစ်သည်။ အဆုံးတွင် သင်၏ တစ်မိသားစုလုံးက သင့်အား ကူညီလုပ်ဆောင်ပေးသည်။ ယင်းမှာ ငွေ၊ အားအင်များစွာ ကုန်ပြီး ဒုက္ခများစွာခံရကာ ပြီးသည်ဆိုရုံမျှသာဖြစ်သည်။ သင့်အား အပ်နှံခဲ့သောသူသည် ပျော်ရွှင်ကျေနပ်သော်လည်း သင်၏ စိတ်နှလုံးတွင် များစွာ ဒုက္ခခံခဲ့ရပြီး ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ သင်သည် ဤအရာကို မကျေနပ်သော စိတ်နှလုံးဖြင့်လည်းကောင်း၊ လိုလားခြင်းမရှိသော ခံစားချက်ဖြင့်လည်းကောင်း လုပ်ဆောင်သော်ငြားလည်း လက်လျှော့မည် မဟုတ်ပေ။ ဤသို့သော အခြေအနေမျိုးကို သင်နောက်တစ်ကြိမ် ကြုံရသောအခါတွင် သင်သည် ဤပုံစံဖြင့်သာ လုပ်ဆောင်ဦးမည်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် မိမိကိုယ်ကို လေးစားလိုသောကြောင့်၊ မာနကြီးခြင်းကို နှစ်သက်သောကြောင့်ဖြစ်ပြီး တစ်ချိန်တည်းတွင် အများပြည်သူထင်မြင်ချက်၏ ဖိအားကို မခံနိုင်သောကြောင့်ဖြစ်သည်။ မည်သူကမျှ သင့်အား အမှားရှာမတွေ့လျှင်ပင် သင်သည် သင့်ကိုယ်သင် ဝေဖန်ပြီး “ငါသည် သူတစ်ပါးတို့အတွက် လုပ်ဆောင်ပေးရန် လက်ခံခဲ့သည့်အရာကို မလုပ်ခဲ့ပေ၊ ငါသည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း၊ ကိုယ့်ကိုယ်ကိုယ်ပင် စက်ဆုပ်ရွံရှာသည်၊ ဤသည်မှာ ကိုယ်ကျင့်တရားမရှိခြင်းမဟုတ်လော” ဟူ၍ ပြောလိမ့်မည်။ သင်သည်ပင်လျှင် သင့်ကိုယ်သင် ဆုတ်ယုတ်အောင် လုပ်နေသည်။ သင်၏ စိတ်သည် အကျဉ်းကျနေပြီဖြစ်သလော။ (ဟုတ်သည်။) အမှန်တွင် ထိုအလုပ်သည် သင်နှင့် အနည်းငယ်မျှပင် မသက်ဆိုင်ပေ။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် အကျိုးအမြတ်၊ သို့မဟုတ် တည်ဆောက်စရာ မရှိပေ။ သင် မလုပ်ဆောင်လျှင် လုံးဝ ပြဿနာမရှိပေ။ လူအနည်းငယ်သာ သင့်အား ဝေဖန်လိမ့်မည်။ သို့သော် မည်သို့ ကွာခြားသနည်း။ သင်၏ ကံက အနည်းငယ်မျှပင် ပြောင်းလဲသွားမည်မဟုတ်ပေ။ လူတို့က သင့်အား မည်သည့်အရာကို တောင်းဆိုပါစေ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသရွေ့ သင် ငြင်းဆန်နိုင်သည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အဆိုအမိန့်ကို ဤအချက်သုံးချက်အပေါ် အခြေခံပြီး ပိုင်းခြားစိစစ်ခြင်းအားဖြင့် ဤအဆိုအမိန့်၏ အနှစ်သာရကို သင်နားလည်သလော။ (နားလည်သည်။)
တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံသောအခါ မည်သည့်စည်းမျဉ်းများကို သင် လိုက်နာသင့်သနည်း။ ထိုအလုပ်ကို ဆောင်ရွက်ရန်အတွက် စည်းမျဉ်းများ မရှိသင့်သလော။ သမ္မာတရားနှင့်ပတ်သက်လျှင် ဤအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ယခုပင် အရေးကြီးဆုံးသောအချက်ကို ငါပြောခဲ့သည်။ ယင်းမှာ မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် မိဘများကို ပံ့ပိုးခြင်း၊ သားသမီးများအား ပြုစုပျိုးထောင်ခြင်း၊ ဥပဒေဘောင်အတွင်းရှိ မိမိ၏ လူမှုတာဝန်များအား ဖြည့်ဆည်းခြင်းတို့မှ လွဲပြီး မည်သူ၏ အလုပ်အပ်နှံမှုကိုမျှ လက်ခံရန်၊ သို့မဟုတ် မည်သူ့အတွက်မျှ လုပ်ဆောင်ပေးရန် ဝတ္တရားမရှိသကဲ့သို့ မည်သူ၏ အရေးကိစ္စအတွက်မျှ၊ သို့မဟုတ် အလုပ်အပ်နှံမှုအတွက်မျှ အသက်ရှင်ဖို့ မလိုအပ်ဟူ၍ဖြစ်သည်။ လူသားဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အားထမ်းဆောင်ခြင်းတွင်သာ တွေ့ရှိရနိုင်သည်။ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းမျှ အဓိပ္ပာယ်အနည်းငယ်မျှပင် မရှိပေ။ အားလုံးက အသုံးမဝင်သော အလုပ်များဖြစ်သည်။ ထို့ကြောင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အဆိုအမိန့်သည် လူတို့က လူတို့အပေါ် သတ်မှတ်သောအရာတစ်ခုဖြစ်ပြီး ဘုရားသခင်နှင့် ဆက်စပ်မှုမရှိပေ။ ဤအဆိုအမိန့်သည် ဘုရားသခင်က လူသားများအပေါ် သတ်မှတ်ချက် လုံးဝ မဟုတ်ပေ။ ယင်းသည် သင့်အား သူတစ်ပါးတို့က အသုံးချခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ အမြတ်ထုတ်ခြင်း၊ သင့်အား ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းတို့မှ စတင်အရင်းခံသည်။ ဘုရားသခင်၏ အပ်နှံမှု၊ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ တာဝန်အား ထမ်းဆောင်မှုဖြင့် အနည်းငယ်မျှပင် ဆက်စပ်မှုမရှိပေ။ သင်နားလည်သလော။ (နားလည်သည်။) ဤကမ္ဘာလောကတွင်၊ စကြဝဠာတစ်ခုလုံးတွင် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အပ်နှံမှုအပေါ် သစ္စာရှိခြင်း၊ လူသားတစ်ယောက်အဖြစ် မိမိတာဝန်အပေါ် သစ္စာရှိခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှမရှိဘဲ သင်၏ သစ္စာရှိခြင်းဖြင့် မည်သူမျှ မထိုက်တန်ပေ။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်မှာ ပြုမူဆောင်ရွက်ခြင်းအတွက် စည်းမျဉ်းတစ်ခုမဟုတ်သည်မှာ ရှင်းသည်။ ယင်းသည် မှားယွင်းပြီး စည်းမျဉ်းများကို ချိုးဖောက်သောအရာတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင့်ထံ အပ်နှံသောအလုပ်သည် အနည်းငယ်မျှသော အားထုတ်မှုသာ လိုအပ်သည့်အရာဖြစ်လျှင်၊ စကားပြောဖို့သာ၊ သို့မဟုတ် အနည်းငယ်လုပ်ဆောင်ဖို့သာ လိုအပ်ပြီး သင်က သတ်မှတ်ထားသော အစွမ်းအစရှိလျှင် သင်၏ လူ့သဘာဝနှင့် သနားကရုဏာဖြင့် ကူညီပေးနိုင်သည်။ ဤသည်မှာ မှားယွင်းသည်ဟု မသတ်မှတ်ပေ။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်၊ အားအင်ကို များစွာ ကုန်ဆုံးစေမည်ဆိုလျှင်၊ သို့မဟုတ် သင့်အချိန်၏ များစွာသောအပိုင်းကိုပင် ဖြုန်းတီးမည်ဆိုလျှင် သင့်၌ ငြင်းဆန်ပိုင်ခွင့်ရှိသည်။ သင့်မိဘများ ဖြစ်နေလျှင်ပင် သင်သည် ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ၎င်းတို့အပေါ် သစ္စာရှိရန်၊ သို့မဟုတ် ၎င်းတို့၏ အပ်နှံမှုကို လက်ခံရန် မလိုအပ်ပေ။ ဤသည်မှာ သင်၏ အခွင့်အရေးဖြစ်သည်။ ဤအခွင့်အရေးသည် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်က သင့်အား ချပေးခြင်းဖြစ်သည်။ ဤသည်မှာ ဒုတိယစည်းမျဉ်းဖြစ်သည်။ တတိယစည်းမျဉ်းမှာ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခုခု အပ်နှံလျှင် ယင်းက အချိန်နှင့် အားအင်ပမာဏ သိသာစွာ မကုန်ဆုံးလျှင်ပင် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်နိုင်လျှင်၊ သို့မဟုတ် ထိခိုက်နိုင်လျှင်၊ သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်လိုစိတ်နှင့် ဘုရားသခင်အပေါ် သင်၏ သစ္စာရှိခြင်းကိုပါ ဖျက်ဆီးနိုင်လျှင် သင်သည် ယင်းကိုလည်း ငြင်းဆန်သင့်သည်။ သမ္မာတရားကို သင် လိုက်စားခြင်းအား ထိခိုက်နိုင်သော၊ သမ္မာတရားကို သင်လိုက်စားလိုစိတ်နှင့် သမ္မာတရားအား လိုက်စားရာတွင် သင်၏ ခြေလှမ်းတို့ကို နှောင့်ယှက်ဖျက်ဆီးနိုင်သော၊ တစ်ဝက်တစ်ပျက်ဖြင့် အရှုံးပေးစေသောအရာတစ်ခုကို တစ်စုံတစ်ယောက်က သင့်အား အပ်နှံလျှင် သင်သည် ပို၍ပင် ငြင်းဆန်သင့်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို၊ သို့မဟုတ် သမ္မာတရားအား သင်လိုက်စားခြင်းကို ထိခိုက်သော မည်သည့်အရာကိုမဆို ငြင်းဆန်သင့်သည်။ ဤသည်မှာ သင်၏ အခွင့်အရေးဖြစ်သည်။ သင်သည် “မလုပ်ပါ” ဟူ၍ ပြောဆိုခွင့်ရှိသည်။ သင်၏ အချိန်နှင့် အားအင်ကို ရင်းနှီးမြုပ်နှံဖို့ မလိုပေ။ သင်၏ တာဝန်ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်း၊ သို့မဟုတ် သင်၏ ကယ်တင်ခြင်းနှင့်ပတ်သက်ပြီး အဓိပ္ပာယ်၊ တန်ဖိုးမရှိသော၊ တည်ဆောက်စရာ၊ အကူအညီ၊ သို့မဟုတ် အကျိုးအမြတ် မဖြစ်စေသောအရာအားလုံးကို ငြင်းဆန်နိုင်သည်။ ဤအရာကို စည်းမျဉ်းတစ်ခုအဖြစ် မှတ်ယူနိုင်သလော။ မှတ်ယူနိုင်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဤစည်းမျဉ်းများအရ သင်တို့ အကဲဖြတ်လျှင် လူတို့သည် ၎င်းတို့၏ ဘဝတွင် လက်ခံသင့်သည့် အပ်နှံသောအလုပ်များသည် မည်သည့်နေရာမှ လာနိုင်သနည်း။ (ဘုရားသခင်ဆီမှ ဖြစ်သည်။) မှန်သည်။ ဘုရားသခင်ဆီမှသာ လာနိုင်သည်။ “ဘုရားသခင်ဆီမှ” ဆိုသည့်စကားသည် အတော်အတန် အနှစ်မဲ့ပြီး အလှမ်းဝေးသည်။ ထို့ကြောင့် ဤအပ်နှံမှုသည် အမှန်တကယ်တွင် မည်သည့်အရာဖြစ်သင့်သနည်း။ (တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။) မှန်သည်။ အသင်းတော်တွင် တာဝန်ထမ်းဆောင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်က သင့်အား “သွား၍ ဧဝံဂေလိ ဖြန့်ဝေလော့”၊ “သွား၍ အသင်းတော်ကို ဦးဆောင်လော့”၊ သို့မဟုတ် “သွား၍ စာသားကို အခြေခံသောအလုပ်ကို လုပ်ဆောင်လော့” ဟု ကိုယ်တိုင်ပြောဆိုရန် မဖြစ်နိုင်ပေ။ ဘုရားသခင်က သင့်အား ကိုယ်တိုင်ပြောရန် မဖြစ်နိုင်ပေ။ သို့သော် ဘုရားသခင်သည် ဘုရားအိမ်တော်၏ အစီအစဉ်မှတစ်ဆင့် သင့်အား သင်၏တာဝန် အပ်နှံခဲ့သည်။ ဘုရားအိမ်တော်၏ အစီအစဉ်အားလုံးသည် ဘုရားသခင်ဆီမှ အရင်းခံဖြစ်ပေါ်ပြီး ဘုရားသခင်ထံမှလာသည်။ ထို့ကြောင့် သင့်အား ဘုရားသခင် ကိုယ်တိုင်ပြောရန် သင် လိုအပ်သလော။ သင်သည် လူများ၊ ဖြစ်ရပ်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် သက်ဆိုင်သောအရာများအားလုံးကို ကြုံတွေ့ပြီးဖြစ်ကာ သင့်၌ စစ်မှန်သော ခံစားချက်များရှိသည်။ သင် ကြုံတွေ့ခဲ့သည့်အရာသည် ဘုရားသခင်၏ အမှုတော်၊ သမ္မာတရား၊ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်နေသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်လော။ ဤသည်မှာ အပ်နှံမှုအား လက်ခံသည့် ရှုထောင့်မှဖြစ်သည်။ အခြားတစ်ခုမှာ ဘုရားသခင် အပ်နှံသည့်အရာမှလွဲ၍ လူတို့ သစ္စာရှိသင့်သည့် အခြားသောအရာမရှိပေ။ ယိမ်းယိုင်ခြင်းမရှိသော သစ္စာရှိခြင်းသည် ဘုရားသခင်နှင့်သာ ထိုက်တန်သည်။ လူတို့သည် ထိုက်တန်ခြင်းမရှိပေ။ သင်၏ ဘိုးဘေးများ၊ မိဘများ၊ သို့မဟုတ် အထက်လူကြီးများအပါအဝင် မည်သူမျှ မထိုက်တန်ပေ။ အဘယ်ကြောင့်နည်း။ အမြင့်ဆုံးသော သမ္မာတရားမှာ ဖန်ဆင်းခံများက ဖန်ဆင်းရှင်အပေါ် သစ္စာရှိခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဤသမ္မာတရားကို စိစစ်ရန် လိုအပ်သလော။ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့နှင့်ပတ်သက်သော အရာရာတိုင်းသည် ဘုရားသခင်ဆီမှလာသောကြောင့်ဖြစ်ကာ ဖန်ဆင်းခံများက ဖန်ဆင်းရှင်အပေါ် သစ္စာရှိခြင်းဆိုသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဤသည်မှာ လူတို့၏ စိတ်ထဲတွင် အစဉ်ထားရှိသင့်သည့် အမြင့်ဆုံး သမ္မာတရားတစ်ခုဖြစ်သည်။ ဘုရားသခင်အပေါ် သစ္စာရှိခြင်းအားဖြင့် ဘုရားသခင်ထံမှ လူတို့ ရရှိသည့် အရာရာတိုင်းမှာ သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်မှာ လူတို့ နားလည်သင့်သည့် ဒုတိယသမ္မာတရားဖြစ်၏။ ၎င်းတို့ ရရှိသည့်အရာများမှာ ပေါများကြွယ်ဝသည်။ အထူးပင် များပြားပြီး ပြည့်လျှံလျက်ရှိသည်။ လူသားများသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ရရှိသောအခါ ၎င်းတို့၏ ဘဝများသည် တန်ဖိုးရှိလာသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ၌ ပေးဆပ်သော သင်၏ အချိန်၊ အားအင်နှင့် အဖိုးအခများသည် အပြုသဘောဆောင်စွာ ဆုချီးမြှင့်ခြင်းခံရမည်။ သင်သည် လုံးဝ နောင်တများရှိမည်မဟုတ်ပေ။ ယခုအချိန်အထိ လူအချို့သည် ဘုရားသခင်နောက်သို့ နှစ်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်ကြာ လိုက်ခဲ့သည်။ အချို့မှာ ဘုရားသခင်နောက်သို့ သုံးနှစ်မှ ငါးနှစ်ကြာ၊ သို့မဟုတ် ဆယ်နှစ်ကြာ လိုက်ခဲ့သည်။ ၎င်းတို့အများစုမှာ နောင်တမရှိဘဲ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်များရရှိခဲ့သည်ဟု ငါ ယုံကြည်သည်။ သမ္မာတရားအား ချစ်သောသူများအတွက် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်လေလေ ၎င်းတို့သည် များစွာ ချို့တဲ့နေပြီး သမ္မာတရားက တန်ဖိုးရှိသည်ဟု ခံစားရလေလေဖြစ်သည်။ သမ္မာတရားအား လိုက်စားရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်က ကြီးထွားလာသည်။ ၎င်းတို့သည် ဘုရားသခင်အား အလွန်နောက်ကျပြီးမှ လက်ခံခဲ့သည်၊ သုံးနှစ်မှ ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်စော၍ လက်ခံခဲ့လျှင် ၎င်းတို့သည် သမ္မာတရားမည်မျှကို နားလည်ခဲ့မည်နည်းဟူ၍ ခံစားကြရသည်။ ယခုတွင် လူအချို့သည် ဘုရားသခင်အား အလွန်နောက်ကျပြီးမှ လက်ခံခြင်းကို နောင်တရကြသည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို နှစ်အတန်ကြာယုံကြည်ခဲ့ပြီး အချိန်ဖြုန်းခဲ့သည်ကို နောင်တရကြသည်။ ၎င်းတို့၏ တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ ဘုရားသခင်အား နှစ်အတန်ကြာ ယုံကြည်ခဲ့သည်ကို နောင်တရကြသည်။ အတိုချုပ်အားဖြင့်ဆိုရလျှင် လူတစ်ယောက်က ဘုရားသခင်အား ယုံကြည်ခဲ့သည့်အချိန်မည်မျှ ကြာသည်ဖြစ်စေ ၎င်းတို့အားလုံးက တစ်စုံတစ်ခုကိုရရှိပြီး သမ္မာတရားအား လိုက်စားခြင်းသည် အလွန်ပင် အရေးကြီးသည်ဟု ခံစားကြရသည်။ ဤသည်မှာ ဒုတိယသမ္မာတရားဖြစ်သည်။ ဘုရားသခင်အပေါ် သစ္စာရှိခြင်းအားဖြင့် ဘုရားသခင်ထံမှ လူတို့ရရှိသည့် အရာရာတိုင်းသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကာ ၎င်းတို့သည် စာတန်၏ စွမ်းအားအောက်တွင် အသက်မရှင်ရတော့ဘဲ ကယ်တင်ခံရနိုင်ခြင်း ဖြစ်သည်။ တတိယသမ္မာတရားမှာ လူတို့သည် ဘုရားသခင်အပေါ် ထာဝရ သစ္စာရှိနိုင်လျှင် ၎င်းတို့၏ အဆုံးစွန်သော ခရီးပန်းတိုင်မှာ အဘယ်သို့ ဖြစ်မည်နည်း။ (ကယ်တင်ခြင်းခံရပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရရန် ကျန်ရှိခြင်းဖြစ်သည်။) လူတို့သည် ဘုရားသခင်နောက်သို့ လိုက်ပြီး အဆုံး၌ ကယ်တင်ခြင်းခံရသောအခါ ၎င်းတို့ရရှိသည့် ခရီးပန်းတိုင်မှာ ထာဝရပြစ်ဒဏ်ခံရပြီး ဖျက်ဆီးခြင်းတို့ မခံရဘဲ လူသားအသစ်အဖြစ် ကျန်ရှိနေခြင်း၊ ဆက်လက်၍ အသက်ရှင်သန်နိုင်ခြင်းဖြစ်သည်။ လူတို့သည် ဆက်လက်၍ အသက်ရှင်လျှင် ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် မျှော်လင့်ချက်ရှိသည်။ ကောင်းလိုက်သည့် ကောင်းချီးပေတကား။ ဘုရားသခင်အပေါ် သစ္စာရှိခြင်း အမှုကိစ္စတွင် ဤသမ္မာတရားသုံးခုကို လူတို့နားလည်ရန် လုံလောက်သလော။ (လုံလောက်သည်။) လူတို့သည် သူတစ်ပါးတို့နောက်လိုက်ပြီး သူတစ်ပါးတို့အပေါ် သစ္စာရှိလျှင် အကျိုးအမြတ်များက မည်သို့ရှိသနည်း။ သင်သည် သူတစ်ပါးတို့အပေါ် သစ္စာရှိလျှင် သင်က ကိုယ်ကျင့်တရားကောင်းသည်ဟု လူတို့က ပြောကြသည်။ သင်သည် ဂုဏ်သတင်းကောင်းရှိပြီး ဤသေးငယ်သော အကျိုးအမြတ်ကိုသာရသည်။ သင်သည် သမ္မာတရားနှင့် အသက်ကို ရပြီးဖြစ်သလော။ လုံးဝ မရရှိပေ။ သင် သစ္စာရှိသောအခါ မည်သူက သင့်အား မည်သည့်အရာကို ပေးနိုင်သနည်း။ အများဆုံးအနေဖြင့် ၎င်းတို့အလုပ်၌ လျင်မြန်စွာ အောင်မြင်သောအချိန်ကာလအတွင်းတွင် သင်သည် ၎င်းတို့နှင့် ဆက်စပ်ခြင်းမှနေ၍ အကျိုးအမြတ်ရရှိနိုင်သည်။ ဤမျှသာဖြစ်သည်။ ထိုအရာ၏ တန်ဖိုးမှာ အဘယ်နည်း။ အနှစ်မရှိခြင်း မဟုတ်လော။ သမ္မာတရားနှင့် မသက်ဆိုင်သောအရာများကို သင်မည်မျှ ရရှိပါစေ အသုံးမဝင်ပေ။ ထို့အပြင် သင်သည် လူတို့နောက်လိုက်ပြီး ၎င်းတို့အပေါ် သစ္စာရှိလျှင် အကျိုးဆက်ရှိနိုင်သည်။ သင်သည် နစ်နာသူ၊ ပေးကမ်းသူ ဖြစ်လာနိုင်သည်။ သင် သစ္စာရှိသည့်သူက လမ်းမှန်ကို မလျှောက်လျှင် ထိုသူ့နောက်သို့ သင်လိုက်လျှင် မည်သို့ဖြစ်မည်နည်း။ သင်သည် လမ်းမှန်ကို လျှောက်မည်လော။ (မလျှောက်ပါ။) သင်သည် ထိုသူနောက်သို့ လိုက်လျှင် သင်သည်လည်း လမ်းမှန်ကို လျှောက်မည်မဟုတ်ပေ။ သင်သည် မကောင်းမှုလုပ်ရန်ပင် ထိုသူကို နာခံပြီး အပြစ်ဒဏ်ခံရရန် ငရဲသို့ သွားရလိမ့်မည်။ ထို့နောက်တွင် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ သင်သည် လူတစ်ယောက်အပေါ် သစ္စာရှိလျှင် ကောင်းမှုများစွာကို လုပ်ဆောင်လျှင်ပင် ဘုရားသခင်၏ လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ သင်သည် နတ်ဆိုးဘုရင်များ၊ စာတန်၊ သို့မဟုတ် အန္တိခရစ်များအပေါ် သစ္စာရှိလျှင် သင်သည် လက်ပါးစေဖြစ်လာပြီး စာတန်၏ လူယုံတော်ဖြစ်လာသည်။ ရလဒ်မှာ စာတန်နှင့်အတူ မြှုပ်နှံခံရခြင်း၊ စာတန်အတွက် ပူဇော်ပသခြင်းသာ ဖြစ်လာနိုင်သည်။ ဘာသာတရားမရှိသူများက “ဘုရင်နှင့် နီးနီးကပ်ကပ် နေရခြင်းသည် ကျားတစ်ကောင်နှင့် လှဲနေရသကဲ့သို့ အန္တရာယ်များသည်” ဟူ၍ ဆိုကြသည်။ သင်သည် နတ်ဆိုးဘုရင်များအပေါ် မည်သို့ သစ္စာရှိပါစေ အဆုံးတွင် ၎င်းတို့က သင့်အား အသုံးပြုပြီးသည်နှင့် ၎င်းတို့သည် သင့်အား ဝါးမျိုပြီး သားကောင်ဖြစ်စေလိမ့်မည်။ သင်၏ အသက်သည် အစဉ်သဖြင့် အန္တရာယ်ရှိနေလိမ့်မည်။ ဤသည်မှာ နတ်ဆိုးဘုရင်များနှင့် စာတန်အပေါ် သစ္စာရှိခြင်း၏ ကံကြမ္မာဖြစ်သည်။ နတ်ဆိုးဘုရင်များနှင့် စာတန်သည် သင့်ဘဝအတွက် မှန်ကန်သော ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကို မည်သည့်အခါမျှ ညွှန်ပြမည်မဟုတ်ပေ။ ပြီးလျှင် ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ သင့်အား လမ်းပြပေးမည်မဟုတ်ပေ။ ၎င်းတို့ထံမှ သမ္မာတရား၊ သို့မဟုတ် အသက်ကို သင် လုံးဝ ရရှိမည်မဟုတ်ပေ။ ၎င်းတို့အပေါ် သင် သစ္စာရှိခြင်း၏ အဆုံးသတ်မှာ ၎င်းတို့နှင့်အတူ ပျက်စီးခြင်းဖြစ်ပြီး ၎င်းတို့၏ အပူဇော်ခံ ပစ္စည်းဖြစ်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ ပိတ်လှောင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဝါးမျိုခြင်းကို ခံရခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ ငရဲသို့သွားခြင်း၏ နောက်ဆုံးရလဒ်ဖြစ်သည်။ ဤသည်မှာ ငြင်းဆန်၍မရသော အမှန်တရားဖြစ်သည်။ ထို့ကြောင့် မည်သူမဆို၊ နာမည်ကြီးပြီး ထင်ပေါ်သောသူဖြစ်စေ၊ အရေးပါသောသူဖြစ်စေ သင်၏ သစ္စာရှိခြင်း၊ ၎င်းတို့အတွက် သင်၏ တစ်ဘဝလုံးကို ပေးဆပ်ခြင်းဖြင့် မထိုက်တန်ပေ။ ၎င်းတို့သည် မထိုက်တန်ပေ။ ၎င်းတို့သည် သင်၏ ကံကို စီစဉ်ရန်၊ သို့မဟုတ် ခြယ်လှယ်ရန် အစွမ်းမရှိပေ။ ဤသမ္မာတရားစည်းမျဉ်းကို နားလည်ခြင်းသည် လူတို့နောက်လိုက်ပြီး လူတို့အား သစ္စာရှိခြင်းကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန် လုံလောက်သလော။ (လုံလောက်သည်။) သူတစ်ပါးတို့က သင့်ထံ အပ်နှံသောအလုပ်များကို ကိုင်တွယ်သောအခါ လိုက်နာသင့်သည့် စည်းမျဉ်းသုံးခုရှိပြီး ဘုရားသခင်အပေါ် လူတို့ သစ္စာရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုနှင့်ပတ်သက်ပြီး စည်းမျဉ်းသုံးခုကို မိတ်သဟာယပြုခဲ့သည်။ ဤစည်းမျဉ်းအားလုံးကို သင်တို့ ရှင်းလင်းစွာ နားလည်သလော။ (နားလည်သည်။) အချုပ်အားဖြင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်အား ပိုင်းခြားစိစစ်ခြင်း၏ ရည်ရွယ်ချက်သည် ယင်းကို သင်တို့ စွန့်လွှတ်နိုင်ရန်အတွက် ယင်း၏ အဓိပ္ပာယ်မရှိမှုနှင့် မှားယွင်းမှုကို သင်တို့ ရှင်းလင်းစွာ မြင်ဖို့ ကူညီပေးရန်ဖြစ်သည်။ သို့ရာတွင် စွန့်လွှတ်ခြင်းသည် မလုံလောက်ပေ။ လူတို့တွင် ရှိသင့်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် ဤသို့သော အမှုကိစ္စများတွင်ရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားလည်သဘောပေါက်ရမည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်နှင့်ပတ်သက်ပြီး အဓိကအကြောင်းအရာမှာ အခြေခံအားဖြင့် ဤသို့ဖြစ်သည်။ မတူညီသော ရှုထောင့်များ၊ အမြင်များမှနေ၍ ငါ ယခုတင် ပိုင်းခြားစိစစ်ခဲ့သည်။ ထို့နောက်တွင် လူတို့အပေါ် ဘုရားသခင် ဖွင့်ပြခဲ့သည့် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများ၊ ဘုရားသခင် ရည်ရွယ်ချက်များက မည်သို့ဖြစ်သည်နှင့် မည်သည့်သမ္မာတရားများကို လူတို့ နားလည်သင့်သည်ဆိုသည်တို့ကို အသေးစိတ် မိတ်သဟာယပြုခဲ့သည်။ ဤအချက်များကို နားလည်ပြီးနောက်တွင် လူတို့သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်ကို ပိုင်းခြားသိမြင်ပုံအား အခြေခံအားဖြင့် နားလည်သဘောပေါက်သင့်သည်။
“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ဤအကြောင်းအရာကို စိစစ်ခြင်းသည် အမှန်တကယ်တွင် အလွန်ရိုးရှင်းသည်။ ယင်းကို လူတို့က အလွယ်တကူ ပိုင်းခြားသိမြင်ပြီး နားလည်နိုင်သည်။ ဤသည်မှာ လူတို့အား တုံ့ဆိုင်းစေရန်၊ လူတို့၏ အတွေးများကို အထင်အမြင်မှားစေရန်၊ သာမန်စဉ်းစားပုံကို အနှောင့်အယှက် ဖြစ်စေရန်အတွက် ကိုယ်ကျင့်တရားဝါဒီများက တင်ပြသော အဆိုအမိန့်လည်းဖြစ်ပြီး သာမန်လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် သာမန်လူသား၏ လိုအပ်ချက်များကို အခြေခံခြင်းမဟုတ်ပေ။ ဤသို့သောအယူအဆများသည် အတွေးအခေါ်သမားများ၊ ကိုယ်ကျင့်တရားဝါဒီများဆိုသောသူများက လုပ်ကြံပြုလုပ်ထားပြီး သူတော်ကောင်းတရားဆန်ခြင်းအဖြစ် အယောင်ပြထားသည်။ ၎င်းတို့သည် အခြေအမြစ်မရှိသလို အဓိပ္ပာယ်လည်းမဲ့ရုံသာမက ကိုယ်ကျင့်တရားနှင့်လည်း မညီပေ။ အဘယ်ကြောင့် ကိုယ်ကျင့်တရားနှင့်မညီဟု သတ်မှတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သာမန်လူ့သဘာဝ၏ လိုအပ်ချက်များကို အရင်းမခံသောကြောင့်ဖြစ်သည်။ လူသား၏ အစွမ်းအစ နယ်ပယ်အတွင်းတွင် မရရှိနိုင်သောကြောင့်ဖြစ်သည်။ ပြီးလျှင် ယင်းသည် လူသားများ ထမ်းဆောင်သင့်သည့် တာဝန်၊ သို့မဟုတ် ဝတ္တရားမဟုတ်ပေ။ ဤကိုယ်ကျင့်တရားဝါဒီဆိုသူများသည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ဤစကားကို လူတို့အပေါ် ၎င်းတို့ တင်းကျပ်စွာ တောင်းဆိုသည့် ကျင့်ကြံနေထိုင်မှု စံနှုန်းအဖြစ် ယူပြီး ဤသို့အားဖြင့် လူမှုဝန်းကျင်နှင့် အများပြည်သူထင်မြင်ချက် အမျိုးအစားတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် လူတို့သည် ဤအများပြည်သူထင်မြင်ချက်၏ ဖိနှိပ်မှုကို ခံရသည်။ ဤပုံစံဖြင့် မဖြစ်မနေ နေထိုင်ရသည်။ ဤနည်းအားဖြင့် လူတို့၏ အတွေးများသည် မသိမသာဖြင့် ဤဆိုးယုတ်သောစဉ်းစားပုံမျိုး၏ ချည်နှောင်ခြင်းကို ခံရသည်။ လူတစ်ယောက်၏ အတွေးများသည် ချည်နှောင်ခြင်းခံရသည်နှင့် သူ၏ လုပ်ရပ်များသည် သိသာစွာပင် ဤအဆိုအမိန့်၏ချည်နှောင်ခြင်းကိုလည်းကောင်း၊ အများပြည်သူထင်မြင်ချက်၏ ချည်နှောင်ခြင်းကိုလည်းကောင်း ခံရသည်။ ချည်နှောင်ခံရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ရွေးချယ်၍မရနိုင်ခြင်း၊ လူသားသဘာဝ၏ လိုအင်ဆန္ဒများနှင့် တောင်းဆိုမှုများနောက်သို့ လွတ်လပ်စွာ မလိုက်နိုင်ခြင်း၊ ၎င်းတို့ လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ တောင်းဆိုမှုများနောက်သို့ မလိုက်နိုင်ခြင်းကို ဆိုလိုသည်။ ထိုအစား ၎င်းတို့သည် မူမမှန်သော အတွေးတစ်ခုဖြင့်လည်းကောင်း၊ လူတို့ ခွဲခြားသိမြင်နိုင်ခြင်းမရှိသည့်၊ သို့မဟုတ် မလွတ်မြောက်နိုင်သည့် သဘောတရားဆိုင်ရာ သီအိုရီနှင့် လူမှုထင်မြင်ချက်အမျိုးအစားတစ်ခုဖြင့်လည်းကောင်း ချုပ်ချယ်ပြီး ချည်နှောင်ခြင်းကို ခံရသည်။ လူတို့သည် ဤလူမှုပတ်ဝန်းကျင်နှင့် အခြေအနေမျိုးတွင် မရည်ရွယ်ဘဲ အသက်ရှင်နေထိုင်နေပြီး မလွတ်မြောက်နိုင်ပေ။ သမ္မာတရားကို လူတို့နားမလည်နိုင်လျှင်လည်းကောင်း၊ ဤအဆိုအမိန့်တွင်ရှိသော လွဲချော်မှုများနှင့် မှားယွင်းမှုများကို ရှင်းလင်းစွာ နားမလည်နိုင်လျှင်လည်းကောင်း၊ ဤအဆိုအမိန့်များက ၎င်းတို့၏ အတွေးများကို ချည်နှောင်ခြင်းကြောင့် ဖြစ်သော ထိခိုက်မှုနှင့် အကျိုးဆက်များကို သဘောမပေါက်နိုင်လျှင်လည်းကောင်း ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုနှင့် လူမှုထင်မြင်ချက်က သတ်မှတ်သော ချုပ်ချယ်မှု၊ ချည်နှောင်မှုနှင့် ဖိအားများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤအရာများကို အမှီပြုခြင်းအားဖြင့်သာ နေထိုင်နိုင်လိမ့်မည်။ ဤအရာများကို အမှီပြုခြင်းအားဖြင့် လူတို့အသက်ရှင်နေထိုင်သည့် အကြောင်းရင်းမှာ လမ်းမှန်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကျင့်ကြံနေထိုင်မှု၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သို့ ကျင့်ကြံနေထိုင်ရမည်ဆိုသည့် စည်းမျဉ်းများကိုလည်းကောင်း မသိခြင်းဖြစ်သည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အဆိုအမိန့် အမျိုးမျိုးကြောင့် အလိုအလျောက်၊ ငြိမ်သက်စွာဖြင့် အထင်အမြင်မှားအောင် လုပ်ခြင်း ခံနေရသည်။ ဤမှားယွင်းသော သဘောတရားများ၏ တလွဲညွှန်ကြားခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရကြသည်။ သမ္မာတရားကို လူတို့ နားလည်သောအခါ ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ရန် လွယ်ကူလာသည်။ ၎င်းတို့သည် စာတန်က ဖန်တီးထားသော လူ့အဖွဲ့အစည်းတွင်ရှိသော အများပြည်သူထင်မြင်ချက်၊ အခြေအနေ၊ ပတ်ဝန်းကျင်တို့၏ ချည်နှောင်ခြင်း၊ အမြတ်ထုတ်ခြင်း၊ သို့မဟုတ် အသုံးချခြင်းကို မခံရတော့ပေ။ ဤနည်းအားဖြင့် ၎င်းတို့ဘဝများ၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်သည် အပြည့်အဝ ပြောင်းလဲသွားသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ပြီး ဖြစ်တည်နိုင်သည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော စာတန်ဆန်သော သဘောတရားများ၊ အမျိုးမျိုးသော အတွေးမှားများကြောင့် အထင်အမြင်မှားစေခြင်း သို့မဟုတ် ချည်နှောင်ခြင်း မခံရတော့ပေ။ လူတို့သည် အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှုတွင်ရှိသော အဆိုအမိန့်အမျိုးမျိုးကို အပြည့်အဝ စွန့်ပစ်သောအချိန်တွင် ဤအချိန်သည် စာတန်၏ ဖျက်ဆီးခြင်း၊ အထင်အမြင်မှားစေခြင်း၊ ချည်နှောင်ခြင်းတို့မှ မိမိတို့ကိုယ်ကို အပြည့်အဝ လွတ်မြောက်စေသည့် အချိန်အခိုက်အတန့်ဖြစ်သည်။ ဤအရာကို အခြေခံပြီး သမ္မာတရားကို ၎င်းတို့ နားလည်ကာ ဘုရားသခင်က လူသားများအပေါ် သတ်မှတ်သော၊ ပေးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ၎င်းတို့ နားလည်သောအခါ ဘဝတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် လုံးလုံးလျားလျား ပြောင်းလဲပြီး ၎င်းတို့၌ ဘဝအသစ်တစ်ခုရှိလာသည်။ ၎င်းတို့၌ ဘဝအသစ်တစ်ခုရှိသောအခါ ၎င်းတို့သည် အသစ်မွေးဖွားသော လူသားဖြစ်ပြီး လူပုဂ္ဂိုလ်အသစ်များဖြစ်သည်။ သင်၏ စိတ်တွင် သိမ်းဆည်းထားသော အတွေးများသည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းထားသော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားအမျိုးမျိုးဖြင့် ပြည့်မနေတော့ဘဲ ထိုအစား ဤဆိုးယုတ်သောအရာများကို သမ္မာတရားက ဝင်ရောက်အစားထိုးသောကြောင့် ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်၏ လမ်းပြမှုအောက်၌ ၎င်းတို့အတွင်းတွင် သမ္မာတရားသည် အသက်ဖြစ်လာပြီး လူများ၊ အမှုအရာများကို ရှုမြင်ပုံ၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ပုံတို့ကို လမ်းပြပြီး ထိန်းချုပ်သည်။ ၎င်းတို့သည် လူသားဘဝ၏ လမ်းမှန်ကို လျှောက်ပြီး အလင်းထဲတွင် အသက်ရှင်နိုင်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် တစ်ဖန်ပြန်လည် မွေးဖွားခြင်းကဲ့သို့ မဟုတ်လော။ ဤသို့ဆိုလျှင် ယနေ့မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။