သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၆) အပိုင်း တစ်
အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုး၏ အနှစ်သာရကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်နေကြကာ ဆိုရိုးစကားအမျိုးမျိုးက လူတို့အပေါ်တွင် ဖြစ်စေသော သက်ရောက်မှုကို စိစစ်နေခဲ့ကြသည်။ အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ဤဆိုရိုးစကားအမျိုးမျိုးသည် တရုတ်ရိုးရာယဉ်ကျေးမှုက လူတို့အပေါ်တွင် ဖြစ်စေသော သက်ရောက်မှုများဖြစ်သည့် ယနေ့အထိ ဆက်လက်တည်ရှိနေသော သက်ရောက်မှုများ၏ အတိုင်းအတာအမျိုးမျိုးကို အဓိကအားဖြင့် ကိုယ်စားပြုသည်။ ငါတို့၏ ယခင်စုဝေးပွဲတွင် အကျင့်စာရိတ္တနှင့်သက်ဆိုင်သော မည်သည့်ဆိုရိုးစကားကို ငါတို့ မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့သနည်း။ (ယခင်တစ်ခေါက်က ဘုရားသခင်သည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဟူသည့် ဆိုရိုးစကားကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့သည်။) အကျင့်စာရိတ္တနှင့် သက်ဆိုင်သော ဆိုရိုးစကားများကို ငါတို့ မိတ်သဟာယဖွဲ့သောအခါ ယေဘုယျပတ်ဝန်းကျင်၏ ပြဿနာကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ အချိန်ကာလများက မည်သို့ ပြောင်းလဲပါစေ၊ ငါတို့၏ လူမှုပတ်ဝန်းကျင်က မည်သို့ ပြောင်းလဲပါစေ၊ မည်သည့်နိုင်ငံမဆို၏ နိုင်ငံရေးအခြေအနေက မည်သို့ ပြောင်းလဲပါစေ ရိုးရာယဉ်ကျေးမှုတွင် တွေ့ရသော အကျင့်စာရိတ္တနှင့်သက်ဆိုင်သော မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားအမျိုးမျိုးမှတစ်ဆင့် လူသားမျိုးနွယ်တွင်လည်းကောင်း၊ လူတို့၏ အတွေးများနှင့် အကျင့်စာရိတ္တတွင်လည်းကောင်း၊ လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင်လည်းကောင်း စာတန်က ဖြစ်ပေါ်စေသော ဖောက်ပြန်ပျက်စီးမှုသည် ပို၍ သိသာလာနေသည်။ ရိုးရာယဉ်ကျေးမှု၏ မသိမသာ ပျက်စီးစေခြင်းက ဖြစ်စေသော လူသားမျိုးနွယ်အပေါ် သက်ရောက်မှုသည် အချိန်များ ပြောင်းလဲခြင်း၊ နေထိုင်ရာ ပတ်ဝန်းကျင်ပြောင်းလဲခြင်းတို့ကြောင့် မှေးမှိန်မသွားပေ။ လူများစွာတို့သည် ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသော ဆိုရိုးစကားအမျိုးမျိုးကို ကိုးကားပြီး အားပေးမြှင့်တင်နေဆဲဖြစ်ကာ ယင်းတို့ကို တရုတ်ရိုးရာပညာရပ်များအဖြစ်၊ ကျမ်းအဖြစ် ကြည်ညိုနေဆဲဖြစ်သည်။ စာတန်သည် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် အကျင့်စာရိတ္တနှင်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုးကို ထည့်သွင်းခဲ့ပြီး လူတို့အား အလွန်အကျွံ ဖောက်ပြန်ပျက်စီးစေခဲ့သည်မှာ ထင်ရှားသည်။ စာတန်က လူတို့အား အဘယ်ကြောင့် ဖောက်ပြန်ပျက်စီးစေသနည်း။ စာတန်က လူတို့အား ဖောက်ပြန်ပျက်စီးစေရာတွင် သူ၏ အဆုံးစွန်ပန်းတိုင်မှာ အဘယ်နည်း။ လူသားမျိုးနွယ်ကို ရည်ရွယ်သလော၊ သို့မဟုတ် ဘုရားသခင်ကို ရည်ရွယ်သလော။ (ဘုရားသခင်ကို ရည်ရွယ်သည်။) ဤသည်မှာ စာတန်၏ အနှစ်သာရကို သိရန်၊ စာတန်၏ လူသားမျိုးနွယ်အား ဖောက်ပြန်ပျက်စီးစေခြင်း၏ အကြောင်းရင်း အရင်းအမြစ်နှင့် လုပ်ငန်းစဉ်ကို သိရန် သင်နားလည်ရမည့်အရာတစ်ခုဖြစ်သည်။ လူတို့၏ အတွေးများသည် စာတန်၏ ဖျက်ဆီးခြင်းကို မည်သို့ခံရသနည်း။ လူတို့သည် ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ဤသို့ ဘုရားသခင်အား ဆန့်ကျင်သောအရာများကို အဘယ်ကြောင့် သိုဝှက်ထားသနည်း။ လူတို့သည် သမ္မာတရားနှင့်ဆန့်ကျင်သော ဤအရာများကို အဘယ်ကြောင့် စိတ်ထဲတွင် သိုဝှက်ထားကြသနည်း။ လူတို့သည် အဘယ်သို့ ဤသို့ဖြစ်သနည်း။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းသည်။ ဤသို့ဆိုလျှင် လူတို့သည် စာတန်ပြုသကဲ့သို့ အချိန်တိုင်းတွင် ဘုရားသခင်အား အဘယ်ကြောင့် အာခံပြီး ပုန်ကန်ကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ ဤမေးခွန်းများကို ငါတို့ယခင်က ဆွေးနွေးခဲ့သည့်အရာဖြင့် ဖြေ၍ရနိုင်သလော။ (ရနိုင်သည်။) ငါတို့ ယခင်အခေါက်က မိတ်သဟာယဖွဲ့ခဲ့သည့် အရာကို ပြန်စဉ်းစားပြီး တွေးကြည့်လော့။ (ဘုရားသခင်က ရှေးဦးစွာ ကျွန်ုပ်တို့၏ လက်ရှိအခြေအနေများကို မိတ်သဟာယဖွဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်ကို စားသောက်သော်လည်း စာတန်က ကျွန်ုပ်တို့အထဲသို့ သွတ်သွင်းသည့် မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအမြင်များနှင့် ပတ်သက်လျှင် အခြေခံအားဖြင့် ပိုင်းခြားသိမြင်မှုမရှိပေ။ ကျွန်ုပ်တို့သည် အချိန်မရွေး၊ နေရာမရွေး စာတန်၏ စကားပြောခွက်နှင့် လက်ပါးစေများ ဖြစ်လာနိုင်သည်။ စာတန်က လူတို့အား အထင်အမြင်မှားစေပြီး ဖျက်ဆီးရန် ဤမိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများအား အသုံးပြုရသည့် အကြောင်းရင်းကိုလည်း ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲ့သည်။ စာတန်က လူတို့အား ဖျက်ဆီးပြီး ထိခိုက်သော်လည်း သူ၏ တကယ့်ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ရည်ရွယ်သည်။ သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အောက်သို့ဆွဲချပြီး ဖျက်ဆီးလိုသည်။ လူအုပ်စုတစ်စုအား ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြစ်စေရန်အတွက် ၎င်းတို့ကို ကယ်တင်ပြီး စုံလင်စေဖို့ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်က အဆုံးစွန်အနေဖြင့် ရည်ရွယ်သောကြောင့် စာတန်က ဤလူတို့အား ဘုရားသခင်နောက်သို့ မလိုက်စေရန်၊ ဘုရားသခင်၏ ပြီးမြောက်အောင် လုပ်ဆောင်ပေးခြင်းကို မခံရရန်၊ ဘုရားသခင်က ရယူခြင်းကို မခံရရန် နှောင့်ယှက်တားဆီးဖို့ ကြိုးစားသည်။ ဘုရားသခင်က စာတန်၏ ဉာဏ်များသော အကြံအစည်များကို သိမြင်သော်လည်း စာတန်ကို မတားဆီးပေ။ ထိုထက် ဘုရားသခင်သည် စာတန်အား အစေခံပစ္စည်းတစ်ခုအဖြစ်၊ အဖြည့်ခံတစ်ခုအဖြစ် အသုံးပြုသည်။ အကြောင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ ဉာဏ်များသော အစီအစဉ်များအပေါ်တွင် တည်ဆောက်ထားသောကြောင့်ဖြစ်သည်။ ပြီးလျှင် သူသည် စာတန်က ဖျက်ဆီးခြင်းကို ခံရသော ဤလူတို့အပေါ် သန့်စင်ခြင်း၊ ကယ်တင်ခြင်းအမှုကို ပြုသည်။ စာတန်က လူတို့အား အထင်အမြင်မှားစေပြီး ဖျက်ဆီးရန် ဤမိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများအား အသုံးပြုသည်ကို ကျွန်ုပ်တို့ ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားအမျိုးမျိုးကို ဘုရားသခင်က ထုတ်ဖော်ပြီး ပိုင်းခြားစိစစ်သည်။ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်မှုကို သင်ယူနိုင်ပြီး ဤမိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများသည် အပျက်သဘောဆောင်သည်ဟု အယူဝါဒအားဖြင့်သာ နားလည်ခြင်းမဟုတ်ဘဲ ဤဆိုရိုးစကားများထဲတွင်ရှိသော စာတန်၏ ဉာဏ်များသော အကြံအစည်များက မည်သည့်အရာများဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ရန် ဘုရားသခင်က ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းတို့ကို ကျွန်ုပ်တို့ ရှင်းလင်းစွာ နားလည်ပြီးသည်နှင့် ထို့နောက်တွင် ကျွန်ုပ်တို့သည် ယင်းတို့နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ပြီး မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်သည်။ ကျွန်ုပ်တို့၌ မည်သည့်ဆိုးယုတ်သောအတွေးများ၊ အယူအဆများရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ၏ ရည်ရွယ်ချက်တွင် စာတန်၏ မည်သည့် ဉာဏ်များသော အကြံအစည်များရှိသည်ကိုလည်းကောင်း၊ မည်သည့် ဆိုးယုတ်သော စိတ်သဘောထားများကို ကျွန်ုပ်တို့ ထုတ်ဖော်ပြသည်ကိုလည်းကောင်း ဆန်းစစ်နိုင်သည်။ ဤသည်မှာ မိမိတို့ကိုယ်ကို အမှန်တကယ်သိခြင်းဖြစ်ပြီး အယူဝါဒဆိုင်ရာနားလည်မှုနှင့် ရိုးရှင်းသော ပိုင်းခြားသိမြင်မှုအဆင့်တွင်သာ ကျန်ရှိမနေခြင်းဖြစ်သည်။) စာတန်က လူတို့ကို ဖျက်ဆီးသည့် နည်းလမ်းများထဲမှ တစ်ခုမှာ ၎င်းတို့၏ အတွေးများနှင့် စိတ်နှလုံးများကို ဖျက်ဆီးခြင်းဖြစ်သည်။ စာတန်သည် လူတို့၏ နှလုံးသားနှင့် စိတ်အတွင်းသို့ ဆိုးယုတ်သောအတွေး၊ အယူအဆ၊ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို ဖြည့်သွင်းပေးသည်။ ယင်းတို့ထဲတွင် တရုတ်ရိုးရာယဉ်ကျေးမှု၏ စံပြုလောက်သောအရာများကို ကိုယ်စားပြုသော အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုး ရှိသည်။ ယင်းတို့သည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အထင်ကရ ကိုယ်စားပြုချက်များဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှု အတွေးအမြင်များသည် အခြေခံအားဖြင့် စာတန်၏ အတွေးများနှင့် စာတန်၏ အနှစ်သာရကို ကိုယ်စားပြုသည်။ ပြီးလျှင် ဘုရားသခင်ကို အာခံသည့် စာတန်၏ သဘောသဘာဝဖြစ်သောအရာများကို ကိုယ်စားပြုသည်။ စာတန်က လူတို့ကို ဖျက်ဆီးရန်အတွက် ဤအရာများကို အသုံးပြုခြင်း၏ နောက်ဆုံး အကျိုးဆက်မှာ အဘယ်နည်း။ (လူတို့အား ဘုရားသခင်ကို ဆန့်ကျင်စေသည်။) အကျိုးဆက်မှာ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ပြီးလျှင် လူတို့က မည်သည့်အရာများ ဖြစ်လာသနည်း။ (စာတန်၏ စကားပြောခွက်နှင့် လက်ပါးစေများဖြစ်လာကြသည်။ အသက်ရှင်သော စာတန်များ ဖြစ်လာကြသည်။) လူတို့သည် စာတန်၏ စကားပြောခွက်များ ဖြစ်လာကြသည်။ စာတန်၏ ပြယုဂ်ဖြစ်လာကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်ကို ကိုယ်စားပြုလာသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပြောဆိုသည့် စကားများက သယ်ဆောင်လာသော ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များ၊ အတွေးများ၊ အယူအဆများနှင့် ၎င်းတို့ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ စာတန်က ဖော်ပြပြီး ထုတ်ဖော်သောအရာများဖြစ်သည်။ ဤသည်မှာ ရှင်သန်နေထိုင်ရေးအတွက် လူသားမျိုးနွယ်၏ စည်းမျဉ်းများနှင့် ပြုမူကျင့်ကြံပြီး သူတစ်ပါးတို့နှင့် ဆက်ဆံသော အတွေးအမြင်အမျိုးမျိုးတို့အားလုံးသည် စာတန်ထံမှ အရင်းခံပြီး အားလုံးက စာတန်၏ သဘာဝအနှစ်သာရကို ကိုယ်စားပြုသည်ဆိုသည်ကို အလုံးစုံ မှန်ကန်ကြောင်း အတည်ပြုသည်။ ဤသည်မှာ ရှင်သန်နေသော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်၊ စာတန်၏ သားသမီးဖြစ်ပြီး စာတန်နှင့် အမျိုးအစားတူသည်ဆိုသည်ကို အလုံးစုံ မှန်ကန်ကြောင်း အတည်ပြုသည်။ ရှင်သန်နေသော ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အသက်ရှင်သော စာတန်ဖြစ်သည်ကိုလည်းကောင်း၊ အသက်ရှင်သော နတ်ဆိုးဖြစ်သည်ကိုလည်းကောင်း၊ စာတန်၏ ပြယုဂ်ဖြစ်လာသော လူသားမျိုးနွယ်သည် စာတန်၏ ကိုယ်စားလှယ် ဖြစ်သည်ဆိုသည်ကိုလည်းကောင်း အလုံးစုံ မှန်ကန်ကြောင်း အတည်ပြုသည်။ လူသားမျိုးနွယ်က စာတန်၏ သားသမီးဖြစ်သည်ဖြစ်စေ၊ စာတန်၏ ပြယုဂ်ဖြစ်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ စာတန်၏ အမျိုးအစားဖြစ်သည်။ ဘုရားသခင်အတွက် ဤသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်ကို ငြင်းဆန်ပြီး သစ္စာဖောက်သော လူသားမျိုးနွယ်ဖြစ်သည်။ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဘုရားသခင်အား ဆန့်ကျင်သော အင်အားစုဖြစ်သည်။ ဤသို့သော လူသားမျိုးနွယ်သည် အစကကဲ့သို့ အရောင်ဆိုးခြင်းမခံရသေးသော၊ မသိနားမလည်သော ဖန်ဆင်းခံ လူသားမျိုးနွယ် မဟုတ်တော့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ပြီး ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်နေသည်။ ဤသို့သော အခြေအနေ၊ အနေအထားမျိုးတွင်နေထိုင်သော ထိုလူသားမျိုးနွယ်သည် မည်သည့်အရာကို လိုအပ်သနည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ယခုအချိန်မှာ ဘုရားသခင်က လူတို့ကို ကယ်တင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသောအချိန်ဖြစ်သည်။ ဘုရားသခင်က လူတို့ကို ကယ်တင်သည့် အခြေအနေမှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ လူသားမျိုးနွယ်အား စာတန်က ဖျက်ဆီးခြင်းသည် အလေးနက်ဆုံး၊ အပြင်းထန်ဆုံးသို့ ရောက်ရှိသည့် အခြေအနေဖြစ်သည်။ လူတို့အား စာတန်၏ ပြယုဂ်နှင့် စကားပြောခွက်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားစေသည်။ လူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာပြီး ဘုရားသခင်ကို ဆန့်ကျင်လာကြသည်။ ဤအခြေအနေအတွင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အမှုကို စတင်ခဲ့သည်။ ဤသည်မှာ လူတို့အား စာတန် ဖျက်ဆီးခြင်းနှင့်ပတ်သက်သည့် တကယ့်အခြေအနေဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည့် ဘုရားသခင်အတွက် တကယ့်အခြေအနေဖြစ်သည်။ ဤအဖြစ်မှန်များကို သိခြင်း၏ အကျိုးအမြတ်မှာ အဘယ်နည်း။ ဤသည်မှာ လူတို့အား ၎င်းတို့၏ ကိုယ်ပိုင်အနှစ်သာရကို သိစေရန်၊ စာတန်၏ အနှစ်သာရကို သိစေရန်၊ စာတန်က လူတို့အား ဖျက်ဆီးသည့်နည်းများကို သိစေရန်၊ စာတန်၏ ဆိုးညစ်မှုကို သိစေရန် ထောက်ကူပေးသည်။ လူတို့အား ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်ကို သိစေရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်တွင် ဘုရားသခင် ထုတ်ဖော်ပြသည့် အနန္တတန်ခိုး ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် တန်ခိုးတို့ကို သိစေရန်လည်း ထောက်ကူပေးသည်။ စာတန်၏ အနှစ်သာရ၊ ဆိုးညစ်မှုနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝအနှစ်သာရတို့သည် မည်သည့်အရာနှင့်တူသည်ကို သိမြင်ခြင်းအပြင် အရေးကြီးသည့်အရာမှာ လူတို့သည် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရတို့ကို သိရမည်။ ဘုရားသခင်၏ အနှစ်သာရကို သိခြင်းတွင် အဓိကအားဖြင့် ဘုရားသခင်၏ အနန္တတန်ခိုး၊ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် တန်ခိုးတို့ကို သိခြင်းပါဝင်သည်။ အဓိကအားဖြင့် ဘုရားသခင်၏ အနှစ်သာရ၏ ဤလက္ခဏာသွင်ပြင်များကို သိခြင်း ပါဝင်သည်။
လူသားမျိုးနွယ်ကို ကယ်တင်ရန် အလုပ်လုပ်နေသည့် ဘုရားသခင်၏ အခြေအနေ၏ ရှုထောင့်မှကြည့်လျှင် ဘုရားသခင်က ကယ်တင်လိုသည့် ဤလူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့်မှာ မကြာသေးသော လူသားမျိုးနွယ်မဟုတ်ဘဲ စာတန်က နှစ်ထောင်ချီပြီး ဖျက်ဆီးနေခဲ့သော လူသားမျိုးနွယ်ဖြစ်သည်။ လူ၏ အတွင်းအကျဆုံးသော စိတ်နှလုံးသည်လည်းကောင်း၊ လူ၏ အတွေးများ၊ သို့မဟုတ် စိတ်သဘောထားများသည်လည်းကောင်း စင်ကြယ်ခြင်း မရှိပေ။ ထိုထက် ယင်းတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ပင်ခံထားရသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်က ကယ်တင်သည့်သူများမှာ စာတန်၏ ဖျက်ဆီးခြင်း၊ ဖြားယောင်းခြင်း၊ ထိန်းချုပ်ခြင်း၊ ကြိုးကိုင်ညွှန်ကြားခြင်း၊ နင်းချေခြင်းတို့ကို အလွန်ခံထားရသော ဖန်ဆင်းခံများဖြစ်သည်။ လူတို့၏အမြင်အရဆိုလျှင် ဤဖန်ဆင်းခံလူသားမျိုးနွယ်အတွင်းတွင်ရှိသော စာတန်နှင့်သက်ဆိုင်သောအရာများနှင့် ဆိုးယုတ်သောစိတ်သဘောထားများကို ဖယ်ရှားရန်၊ သို့မဟုတ် ပြောင်းလဲရန်မှာ အလွန်အမင်း ခက်ခဲသည်၊ သို့မဟုတ် ဖြစ်နိုင်ခြင်းပင်မရှိပေ။ ဆိုလိုသည်မှာ လူတို့၏အမြင်အရဆိုလျှင် ၎င်းတို့၏ အတွေးအမြင်များကို ပြောင်းလဲရန်၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော စာတန်နှင့်သက်ဆိုင်သောအရာများကို သန့်စင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန်တို့အားလုံးမှာ မဖြစ်နိုင်သော အလုပ်များဖြစ်သည်။ ဤသည်မှာ “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်”ဟူသော ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်က လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို လုပ်ဆောင်လိုသည်မှာ အတိအကျပင် ဤအခြေအနေနှင့် ဤဖန်ဆင်းခံလူသားမျိုးနွယ်ဖြင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်တွင် လူတို့အတွက် ဩဇာအာဏာရှိပြီး တန်ခိုးရှိပုံပေါ်စေနိုင်သည့် အမှုတစ်ခုခုကို လုပ်ဆောင်ဖို့ မဆိုထားနှင့် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုတစ်ခုကိုမျှ မပြသသကဲ့သို့ သူ၏ စစ်မှန်သော ဇာတိအဖြစ်တော်ကိုလည်း မပြသပေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံဘုရားသခင်က လူကို ကယ်တင်သည့်အချိန်ကာလအတွင်းတွင် ဘုရားသခင်က မည်သည့်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုကိုမျှ မပြသပေ။ လက်တွေ့ကျမှုနှင့် စစ်မှန်မှုတို့၏ အကန့်အသတ်ဘောင်များကို ကျော်လွန်သည့် မည်သည့်အမှုကိုမျှ မပြုပေ။ ဇာတိပကတိဆိုင်ရာ လူ့သဘာဝကို ကျော်လွန်သော မည်သည့်အမှုကိုမျှ မပြုပေ။ ဘုရားသခင်က ဤသို့သော သဘာဝလွန်သည့်အမှုများကို မပြုပေ။ ထိုထက် သူသည် လူတို့ကို အသက်ဖြင့် ပံ့ပိုးပေးရန်အတွက်၊ လူတို့ကို ဖော်ထုတ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုမှ ၎င်းတို့ကို သန့်စင်ရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင်က ဤအမှုကို ပြုရန်အတွက် နှုတ်ကပတ်တော်များကိုသာ အသုံးပြုသောကြောင့် လူအဖို့ မဖြစ်နိုင်သောအလုပ်တာဝန်တစ်ခုနှင့် ပို၍ပင် ဆင်တူနေသည်။ ပြီးလျှင် လူအများစု၏ အမြင်တွင် ဆော့ကစားနေသည့်ပုံစံနှင့်ပင် ဆင်တူနေသည်။ လူတို့အား အားဖြည့်ပေးရန်နှင့် ကယ်တင်ခြင်းကို ရရှိအောင် ကူညီပေးရန် ဘုရားသခင်သည် နည်းမျိုးစုံဖြင့်လည်းကောင်း၊ ရပ်တည်ချက်အမျိုးမျိုးမှလည်းကောင်း၊ အမျိုးမျိုးသော အမှုအရာများမှလည်းကောင်း ပြောထားသည့် မိန့်မြွက်ချက်များကို အသုံးပြု၍ မဖြစ်နိုင်သည့် လုပ်ငန်းဆောင်တာတစ်ခုကို ဆောင်ရွက်နေသည်ဟု လူတို့က ယုံကြည်ကြသည်။ အထူးသဖြင့် ဤသည်မှာ ဘုရားသခင်က အလုံးစုံ တတ်စွမ်းနိုင်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဤအမှုကို ပြီးမြောက်ရန်အတွက် ဘုရားသခင်တွင် တန်ခိုး၊ ဩဇာအာဏာ၊ ဉာဏ်ပညာရှိသည်ကိုလည်းကောင်း စာတန်က ပို၍ပင် လက်ခံယုံကြည်မှုမရှိပေ။ ဖန်ဆင်းခံလူသားများ၏ အမြင်တွင် ဘုရားသခင်က လူကို ကယ်တင်ရန် သူ၏ မိန့်မြွက်ချက်များကို ပြောဆိုခြင်း၊ သူ၏အမှုကို လုပ်ဆောင်ခြင်းသည် မဖြစ်နိုင်သောအလုပ်ဖြစ်သည်ဆိုသည်မှာ ထင်ရှားသည်။ သို့ရာတွင် အနာဂတ်တွင် အမှုအရာများက မည်သို့ဖြစ်မည်ဖြစ်ပါစေ ယခုအချိန်တွင် ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသော “သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်။ ပြီးလျှင် သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်။” ဟူသည်မှာ သူ၏နောက်သို့လိုက်သူများတွင် ဖြစ်မြောက်နှင့်ပြီးဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဤအရာကို ကြိုတင်မြည်းစမ်းနှင့်ပြီးဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်သည့်ပုံစံမှ အကဲဖြတ်လျှင် နှုတ်ကပတ်တော်များ ပေးအပ်ခြင်း၊ နှုတ်ကပတ်တော်များ၏ အာဟာရတိုက်ကျွေးမှု၊ နှုတ်ကပတ်တော်များ ဖွင့်ပြခြင်း၊ နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ နှုတ်ကပတ်တော်များ၏ ရိုက်နှက်ဆုံးမခြင်း၊ နှုတ်ကပတ်တော်များ၏ သတိပေးခြင်းနှင့် လှုံ့ဆော်ခြင်းနှင့် အခြားသောနည်းလမ်းများမှတစ်ဆင့်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုအား ဘုရားသခင် လုပ်ဆောင်ခြင်းမှ အကဲဖြတ်လျှင် ဘုရားနှုတ်ကပတ်တော်များသည် လူသားအယူအဆများဖြင့် နားလည်နိုင်သည့် စကားများ၏ ရိုးရှင်းသော အဓိပ္ပာယ်ကိုသာ သယ်ဆောင်ခြင်း မရှိသည်မှာ ထင်ရှားသည်။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဆိုသော အခြေခံဆိုရိုးအပြင် လူတို့က ပို၍ပင် မြင်နိုင်သောအရာမှာ အဖြစ်မှန်နှင့်ကိုက်ညီစွာ သိသာထင်ရှားသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်သည် အသက်ကို သယ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်သည် အသက်ဖြစ်ခြင်း၊ ယင်းတို့က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုအတွက် ပံ့ပိုးပေးနိုင်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အသက်အတွက် လိုအပ်သည့် အရာရာတိုင်းကို ပံ့ပိုးပေးနိုင်ခြင်းဖြစ်သည်။ တန်ခိုး၊ ဩဇာအာဏာနှင့်ပတ်သက်လျှင် ဘုရားနှုတ်ကပတ်တော်သည် လူသားမျိုးနွယ်၏ နေထိုင်ရာ အခြေအနေများကို ပြောင်းလဲနိုင်သည်။ လူသားမျိုးနွယ်၏ အတွေးအမြင်များကို ပြောင်းလဲနိုင်သည်။ စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရသည့် လူ၏ စိတ်နှလုံးကို ပြောင်းလဲနိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်က ရွေးချယ်ပြီးဖြစ်သော လမ်းကြောင်းနှင့် ဘဝဦးတည်ချက်ကို ပြောင်းလဲနိုင်သည်။ ပြီးလျှင် ဘဝနှင့် စံတန်ဖိုးများအပေါ် လူသားမျိုးနွယ်၏ ရှုမြင်သုံးသပ်ချက်ကိုပင် ပြောင်းလဲနိုင်သည်။ သင်က ဘုရားနှုတ်ကပတ်တော်ကို လက်ခံပြီး ကျိုးနွံနာခံသရွေ့၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို ချစ်ပြီး လိုက်စားသရွေ့ သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ လိုက်စားမှုပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် လိုက်စားရန်အတွက် သင်၏ စိတ်ခိုင်မာမှုက မည်မျှကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ယုံကြည်ခြင်းက မည်မျှကြီးသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်က သင့်ကို အသေအချာပင် ပြောင်းလဲပေးနိုင်ကာ ဘဝအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်နှင့် သင်၏ စံတန်ဖိုးများကို ပြောင်းလဲစေဖို့၊ လူများ၊ အမှုအရာများအပေါ် သင်၏ အတွေးအမြင်များကို ပြောင်းလဲစေဖို့၊ ပြီးလျှင် အဆုံး၌ သင်၏ အသက်စိတ်သဘောထားကို ပြောင်းလဲစေဖို့ ထောက်ကူပေးနိုင်သည်ဟုပင် ငါတို့ဆိုနိုင်သည်။ လူအများစုသည် အစွမ်းအစနည်းပြီး သမ္မာတရားအား လိုက်စားရန် စိတ်ပိုင်းဖြတ်ချက် မရှိသော်လည်း၊ ပြီးလျှင် ၎င်းတို့၏ အခြေအနေက မည်သို့ရှိသည်ဖြစ်စေ သမ္မာတရားအား လိုက်စားလိုစိတ်ပင် မရှိသော်လည်း ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ ကြားသရွေ့ စာတန်၊ ကမ္ဘာလောက၊ လူသားမျိုးနွယ်နှင့် သက်ဆိုင်သော ဘုရားသခင်၏ သွန်သင်မှုများမှ အချို့သော မှန်ကန်သော အမြင်များ၊ သိမြင်နားလည်မှုများသည် အတိုင်းအတာတစ်ခုအထိ အနည်းနှင့်အများ ၎င်းတို့၏ မသိစိတ်တွင် ရှိလာကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်၍ ဘုရားသခင်က လူတို့အား ထားရှိရန် တောင်းဆိုသည့် သမ္မာတရားစည်းမျဉ်းများ၊ ဘဝတွင် မှန်ကန်သော ဦးတည်ချက်နှင့် ပန်းတိုင်များနှင့် ပတ်သက်၍ ၎င်းတို့၏ မသိစိတ်ထဲတွင် အတိုင်းအတာအမျိုးမျိုးအထိ ဆာငတ်တောင့်တမှု ရှိလာကြသည်။ လူတို့ထဲတွင်လည်းကောင်း၊ လူတို့အလယ်တွင်လည်းကောင်း ဖြစ်ပေါ်သော ဤဖြစ်ရပ်များသည် လူတို့ အလိုရှိသည့်အရာများ ဖြစ်သည်ဖြစ်စေ၊ အလိုမရှိသည့်အရာများဖြစ်သည်ဖြစ်စေ၊ လူတို့၏ အယူအဆများနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ စသည်ဖြင့် လူတို့အပေါ် ဤသက်ရောက်မှုများအားလုံးနှင့် ဤဖြစ်ရပ်များအားလုံးက ဘုရားနှုတ်ကပတ်တော်သည် လူတို့၏ ဘဝများအတွက် ပံ့ပိုးပေးပြီး ၎င်းတို့လိုအပ်သည့်အရာကို ပံ့ပိုးပေးနိုင်ရုံသာမကဘဲ ပို၍ အရေးကြီးသည်မှာ ဘုရားနှုတ်ကပတ်တော်ကို မည်သည့်အင်အားစုနှင့်မျှ မပြောင်းလဲနိုင်ကြောင်းကို ပြသည်။ ငါသည် အဘယ်ကြောင့် ဤအရာကိုပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်သည် ဩဇာအာဏာကို သယ်ဆောင်သောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ ဩဇာအာဏာကို မည်သည့် လောကီသဘောတရား၊ အတွေးအခေါ်၊ သို့မဟုတ် အသိပညာ၊ သို့မဟုတ် မည်သည့် အကြောင်းပြချက်၊ အတွေးအမြင်ကမျှ မကျော်လွန်နိုင်ပေ။ ဤသည်မှာ ဩဇာအာဏာကို သယ်ဆောင်သည့် ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျသော အဓိပ္ပာယ်ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်နောက်သို့ လိုက်သူများအားလုံးတွင် ရှင်းလင်းစွာ ပြသသည်။ ဘုရားနှုတ်ကပတ်တော်သည် ဩဇာအာဏာကို သယ်ဆောင်ပြီး လူသားမျိုးနွယ်၏ စိတ်နှလုံးနှင့် အတွေးများကို ပြောင်းလဲနိုင်သည်။ ပို၍ အရေးကြီးသည်မှာ စာတန်က လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးအတွင်းတွင် နက်နဲစွာ ထည့်သွင်းထားခဲ့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ပြီး လွင့်ပျယ်စေနိုင်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးဖြစ်သည်။ အခြားသောအရာတစ်ခုရှိသည်မှာလည်း မှန်သည်။ ယင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့ သိရှိသင့်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်ပညာသည် သူ၏အမှုတော်အစိတ်အပိုင်းတိုင်းတွင် ပွင့်အံထွက်သည်။ ဘုရားသခင် မိန့်မြွက်သည့် နှုတ်ကပတ်တော်များအတွင်းတွင်သာမက၊ နှုတ်ကပတ်တော် စာကြောင်းများကြားတွင်သာမကဘဲ ဘုရားသခင်ပြောဆိုသည့် ပုံစံတွင်၊ သူပြောသည့်အရာများတွင်၊ သူ၏ မိန့်မြွက်ချက်ရှိ သူခံယူသည့် ရပ်တည်ချက်များတွင်၊ ပြီးလျှင် သူ၏ စကားလေသံတွင်ပင် ဘုရားသခင်၏ ဉာဏ်ပညာကို အရာအားလုံးတွင် မြင်နိုင်သည်။ ဘုရားသခင်၏ ဉာဏ်ပညာသည် မည်သည့်ကဏ္ဍများတွင် ပေါ်လွင်ထင်ရှားသနည်း။ တစ်ခုမှာ ဘုရားသခင်၏ ဉာဏ်ပညာကို သူပြောသော နှုတ်ကပတ်တော်တိုင်းတွင် မြင်နိုင်ခြင်းဖြစ်သည်။ သူပြောဆိုသည့် အမျိုးမျိုးသော ပုံစံများတွင် သူ၏ ဉာဏ်ပညာကို ပြသသည်။ အခြားကဏ္ဍတစ်ခုမှာ လူတို့တွင် ဘုရားသခင် အလုပ်လုပ်သည့် အမျိုးမျိုးသော နည်းလမ်းအားလုံးတွင် ဘုရားသခင်၏ ဉာဏ်ပညာကို မြင်နိုင်ခြင်းဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က ဦးဆောင်သော ဘုရားသခင်နောက်သို့ လိုက်သောသူများတွင်လည်း မြင်နိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာသည် သူ၏ နှုတ်ကပတ်တော်တွင် ပွင့်အံထွက်ပြီး သူ၏အမှုတော်တွင်လည်း ပွင့်အန်ထွက်သည်ဟု ငါတို့ ဆိုနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့အတွက် သူ၏ နှုတ်ကပတ်တော်များတွင် မြင်နိုင်ခြင်းအပြင် လူတို့သည် ၎င်းတို့ ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများ၏ မတူညီသော ပတ်ဝန်းကျင်များ၊ အခြေအနေများတွင်လည်း ယင်းကို အလေးအနက် အသိအမှတ်ပြုလာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်သည် လူတို့အား အချိန်၊ နေရာမရွေး လိုက်လျောညီထွေသော ပံ့ပိုးမှုကို ရရှိစေနိုင်သည်။ ဘုရားသခင်က သင့်အား အချိန်၊ နေရာမရွေး ကူညီပေးနိုင်သည်။ အချိန်၊ နေရာမရွေး ထောက်ပံ့ပြီး ပံ့ပိုးပေးနိုင်သည်။ သင်၏ အပျက်သဘောဆောင်သော အခြေအနေကို အချိန်၊ နေရာမရွေး ချန်ထားခဲ့စေနိုင်သည်။ သင့်အား သန်မာစေပြီး အားမနည်းတော့စေရန် လုပ်ဆောင်ပေးနိုင်သည်။ ဘုရားသခင်သည် အချိန်၊ နေရာမရွေး သင်၏ အယူအဆများနှင့် သင်စဉ်းစားသည့်ပုံစံကို ပြောင်းလဲဖို့၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာများနှင့် စာတန်နှင့် သက်ဆိုင်သောအရာများကို လက်လွှတ်ဖို့၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ဘုရားသခင်ထံ နောင်တရဖို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပြုမူဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်ဖို့ ထောက်ကူပေးနိုင်သည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သူ့နောက်သို့ လိုက်သော၊ ဘုရားနှုတ်ကပတ်တော်ကို ချစ်ပြီး သမ္မာတရားကို ချစ်သောသူအားလုံး၌ မတူညီသောနည်းလမ်းများစွာဖြင့် အလုပ်လုပ်သည်။ တစ်ခါတစ်ရံတွင် သူသည် ကျေးဇူးတော်ကို ချပေးပြီး တစ်ခါတစ်ရံတွင် သူသည် အလင်းနှင့် ဗျာဒိတ်တော်ကို ပေးအပ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့အား ၎င်းတို့၏နည်းလမ်းများကို ပြင်ရန်လည်းကောင်း၊ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင် မိမိကိုယ်ကို အပြစ်တင်မှုကို ခံစားရစေရန်လည်းကောင်း၊ ဘုရားသခင်အပေါ် အမှန်တကယ် အကြွေးတင်မှုကို ခံစားရစေရန်လည်းကောင်း၊ ကြီးစွာနောင်တရစေရန်လည်းကောင်း၊ ဝန်ချရန်လည်းကောင်း၊ ဤသို့အားဖြင့် ၎င်းတို့လုပ်ဆောင်သည့် မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်ခြင်း မရှိစေတော့ရန်လည်းကောင်း၊ ၎င်းတို့အလိုရှိသလို မလုပ်ဆောင်တော့စေရန်လည်းကောင်း၊ သို့မဟုတ် စာတန်နောက်သို့ မလိုက်တော့ဘဲ ဘုရားသခင်က ၎င်းတို့အား ပြသခဲ့သည့် လမ်းကြောင်းအတိုင်း လက်တွေ့လုပ်ဆောင်စေရန်လည်းကောင်း ရိုက်နှက်ပြီး ပဲ့ပြင်ဆုံးမလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် လူတို့တွင် ဖြစ်မြောက်သည်။ အတိအကျဆိုရလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် လူတို့တွင် ဖြစ်မြောက်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူအများစုထဲတွင် မတူညီသောနည်းလမ်းများဖြင့် အလုပ်လုပ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က မည်သည့်နည်းလမ်းဖြင့် လုပ်ဆောင်သည်ဖြစ်စေ လူတိုင်းက သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်သည့် မတူညီသောနည်းလမ်းများကို အတိုင်းအတာတစ်ခုအထိ အနည်းနှင့်အများ တွေ့ကြုံခံစားရနိုင်သည်။ ဤအရာမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့် ဘုရားသခင်၏ အမှုသည် နည်းလမ်းများစွာဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ တစ်နည်းဖြင့် လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်၏ အမှုတော်သည် လူအတွက် အကူအညီဖြစ်ပြီး လူက အချိန်တိုင်း၊ နေရာတိုင်းတွင် လိုအပ်သည့်အရာဖြစ်သည်ဆိုသည်ကို လူတို့ နားလည်သိမှတ်ဖို့ ထိုအမှုနှစ်ခုလုံးက ထောက်ကူပေးနိုင်ကြောင်းကို ငါတို့ မြင်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အချိန်တိုင်း၊ နေရာတိုင်းတွင် လူတို့အတွက် အလုပ်လုပ်နိုင်ပြီး ပံ့ပိုးပေးနိုင်သည်။ သူသည် နေရာ၊ ပထဝီတည်နေရာ၊ သို့မဟုတ် အချိန်တို့၏ ကန့်သတ်ခြင်းကို မခံရသကဲ့သို့ သူသည် လူတို့၏ သာမန်ဘဝ လုပ်ရိုးလုပ်စဉ်များကို ကမောက်ကမဖြစ်အောင်မလုပ်ဆောင်ပေ၊ သို့မဟုတ် လူတို့၏ အတွေးများကို မနှောင့်ယှက်ပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်က ပြဋ္ဌာန်းထားခဲ့သော စည်းကမ်းတစ်ခုခုအား ဖျက်ဆီးရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ယောက်ချင်းစီတိုင်းတွင် တိတ်ဆိတ်စွာဖြင့်သာ အလုပ်လုပ်ပြီး ၎င်းတို့အား ရှင်းလင်းစွာ အသိပေးရန်၊ သွန်သင်ရန်၊ ဉာဏ်အလင်းပေးရန်၊ လမ်းပြရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ တစ်ချိန်တည်းတွင် ၎င်းတို့အပေါ်တွင် အလုပ်လုပ်ရန်အတွက် မတူညီသောနည်းလမ်းများကိုလည်း အသုံးပြုပြီး ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှုအောက်၌ အလိုအလျောက်သော်လည်းကောင်း၊ အမှုမဲ့အမှတ်မဲ့သော်လည်းကောင်း လာရောက်အသက်ရှင်စေဖို့ ၎င်းတို့အား ထောက်ကူပေးသည်။ ဘုရားသခင်၏ အမှုတော် ထွက်ပေါ်လာခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနောက်ပိုင်းတွင် လူတို့သည် ၎င်းတို့ကိုယ်တိုင် သတိမထားမိဘဲ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီး ၎င်းတို့၏ အတွေးများ ပြောင်းလဲသွားကာ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုမှာ တဖြည်းဖြည်းချင်း တိုးပွားလာသည်မှာ အမှန်ပင်ဖြစ်သည်။ လူတို့တွင် ဖြစ်မြောက်သော ဤသက်ရောက်မှုအားလုံးတွင် ဤအရာများသည် ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးနှင့် ဘုရားသခင်၏ အမှုတော်၏ ဉာဏ်ပညာကြောင့် ဖြစ်သည်ဟု ဆိုရမည်။ ယခုအခါ ဘုရားသခင်နောက်သို့ လိုက်သူတို့နှင့်ပတ်သက်လျှင် ဘုရားသခင်သည် ၎င်းတို့အတွက် အလုပ်လုပ်ရန်၊ ၎င်းတို့ကို ဦးဆောင်ပြီး ပံ့ပိုးပေးရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ လူတိုင်းက ဤအရာများကို ခံစားပိုင်ခွင့်နှင့် အခွင့်အလမ်း ရှိသည်။ ဘုရားသခင်နောက်သို့လိုက်သူတို့သည် ယခုအရေအတွက်ထက် ဆယ်ဆ၊ အဆနှစ်ဆယ်၊ သို့မဟုတ် အဆတစ်ရာအထိ များပြားလာလျှင်ပင် ဘုရားသခင်က ၎င်းတို့ကို ယခင်ကဲ့သို့ပင် စောင့်ရှောက်နိုင်ဦးမည်ဖြစ်သည်။ ပြီးလျှင် သူသည် ဤအမှုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဦးမည်ဖြစ်သည်။ ရရှိသော သက်ရောက်မှုများသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။
ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားကဏ္ဍအားလုံးကို ဖော်ပြပြီး လူသားမျိုးနွယ်အားလုံးက လိုအပ်သည့်အရာကို ပေးသည်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ကိုယ်တိုင် သတိမထားမိဘဲ ၎င်းတို့ကို လမ်းပြပေးရန်နှင့် လူတစ်ဦးချင်းစီတွင် မတူညီသောရလဒ်များကို ရရှိစေရန်အတွက် မတူညီသောအချိန်၊ မတူညီသောပတ်ဝန်းကျင်များတွင် လူတို့အပေါ်၌ မတူညီသောရပ်တည်ချက်များမှ မတူညီသောအလုပ်လုပ်ပုံနည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သင်က ယခုတွင် “ငါက ဘုရားရဲ့ အမှုတော်ကို သိပ်နားမလည်သေးဘူး၊ ပြီးတော့ အခု အရမ်း အားနည်းနေသေးတယ်၊ ဘုရားအပေါ် ယုံကြည်ခြင်းက အရမ်း နည်းနေတုန်းပဲ၊ ဘုရားသခင်နဲ့ပတ်သက်ပြီး ငါ့ရဲ့ အသိအမြင်ကလည်း တိုးမလာသေးဘူး၊ ငါ့တာဝန်ကို ထမ်းဆောင်တဲ့အပေါ် ငါ့ရဲ့ လက်ရှိသဘောထားက အရင်ကလိုပဲ စိတ်မထက်သန်တဲ့ ပုံစံရှိတယ်၊ ပြီးတော့ ငါ အရမ်းမတိုးတက်လာသေးသလို ခံစားရတယ်” ဟူ၍ စဉ်းစားလျှင် သေချာသည့်အရာတစ်ခုရှိသည်။ သင်က မည်မျှအားနည်းပါစေ၊ သင်က ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီဖို့ မည်မျှဝေးကွာနေသေးသည်ဟု ခံစားရပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်သည် သင်၏ စိတ်နှလုံးကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။ သင်က သမ္မာတရားအားလိုက်စားခြင်းတွင် အလွန်အမင်း စိတ်ဝင်စားခြင်းမရှိလျှင်ပင်၊ ကယ်တင်ခြင်းအား ရယူခြင်း၏ အရေးပါမှုကို အလွန်အရေးကြီးသည်ဟု မမှတ်ယူသေးလျှင်ပင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့် ဘုရားသခင် မိန့်မြွက်သည့် နှုတ်ကပတ်တော်အကြောင်းအရာများသည် သင့်အား မျှော်လင့်ချက်ပေးသည်။ သင်၏ အတွင်းအကျဆုံး စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်က ပြီးမြောက်လိုသည့် အချက်များနှင့်ပတ်သက်ပြီး မျှော်မှန်းချက်များရှိလာသည်။ ယခု သင်၏ ယုံကြည်ခြင်းက မည်မျှကြီးပါစေ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုက မည်သို့ရှိပါစေ သင့်တွင် အသေအချာပင် မျှော်လင့်ချက်ရှိသည်။ ဤသည်မှာ မည်သည့်အရာကို ပြသနည်း။ ဘုရားနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်က လိုအပ်သည့်အရာဖြစ်သည်။ လူသားမျိုးနွယ်က လိုအပ်သည့်အရာကို ပေးသည်။ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးကို ဆုပ်ကိုင်ပြီးဖြစ်သည်။ ပြီးလျှင် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်ကို အမှုမဲ့အမှတ်မဲ့ဖြင့် လက်ခံခြင်း တစ်စုံတစ်ရာ ရှိလာပြီဖြစ်သည်။ ဤအချက်အလက်များမှာ သမ္မာတရားအား သိပ်စိတ်မဝင်စားသူများ၊ ဘုရားသခင်၏ အမှုတော်၊ ကယ်တင်ခြင်းတို့နှင့်ပတ်သက်ပြီး အတော်အတန် မရေရာသော၊ မရှင်းလင်းသော နားလည်မှုရှိသူများကို ဦးတည်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားအား လိုက်စားနိုင်သူများအတွက် ဤသည်မှာ ရရှိသည့် တစ်ခုတည်းသော ရလဒ်မဟုတ်ဘဲ ၎င်းတို့သည်လည်း ဘုရားသခင်ကို သိမြင်လာပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ ဤအချက်အလက်များ၊ ညွှန်ပြမှုများမှတစ်ဆင့် ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်သည် ဘုရားသခင်၏ တန်ခိုး၊ ဩဇာအာဏာနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်ကို ငါတို့ မြင်နိုင်သည်။ ဤသည်မှာ အခြားတစ်ခုကိုလည်း မှန်ကန်ကြောင်း အတည်ပြုပေးသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ၎င်းတို့သည် နေရောင်မရှိဘဲ၊ ရေမရှိဘဲ၊ လေမရှိဘဲ နေနိုင်သော်လည်း ဘုရားသခင်မရှိဘဲ မနေနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်မရှိဘဲ မနေနိုင်ပေ။ ဘုရားသခင်၏ ပံ့ပိုးမှုမရှိဘဲ မနေနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှု၊ ပံ့ပိုးမှု၊ ထိန်းကျောင်းမှုနှင့် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများအားလုံးကသာ လူသားမျိုးနွယ်အား မျှော်လင့်ချက်နှင့် အလင်းကို ပေးနိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် ပန်းတိုင်နှင့် ဦးတည်ချက်ကိုလည်း ပေးနိုင်သည်။ ဤအရာတို့မှာ လူတို့ မြင်တွေ့ပြီးဖြစ်သောအရာများဖြစ်သည်။ အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ တကယ့်အခြေအနေကို ဖော်ထုတ်ခြင်း၊ ပိုင်းခြားစိစစ်ခြင်းအားဖြင့် ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန်အတွက် မည်သည့်အခြေအနေမျိုးတွင် အလုပ်လုပ်သည်ကို လူတို့ မြင်နိုင်သင့်သည်။ လူတို့သည် ဘုရားသခင်အလုပ်လုပ်သည့် အနေအထား၏ တကယ့်အခြေအနေက မည်သို့ရှိသည်ကို သိမြင်ခြင်းအပြင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုသည် မည်မျှ ခက်ခဲသည်ကို ပို၍ပင် နားလည်သင့်သည်။ ပြီးလျှင် မည်မျှခက်ခဲသည်ဆိုသည်ကို နားလည်ခြင်းမှတစ်ဆင့် ၎င်းတို့သည် ဘုရားသခင်၏ တန်ခိုးအစွမ်း၊ ဩဇာအာဏာ၊ ဉာဏ်ပညာတို့ကို သိမြင်လာသင့်သည်။ ဘုရားသခင်သည် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် စာတန်က လူသားမျိုးနွယ်ကို စတင် ဖျက်ဆီးသောအခါ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် အလျင်စလိုမလုပ်ခဲ့ပေ။ သူသည် လွန်ခဲ့သော နှစ်လေးထောင်က၊ သို့မဟုတ် လွန်ခဲ့သော နှစ်ခြောက်ထောင်က လူသားမျိုးနွယ်ကိုကယ်တင်ရန် အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူသည် အမှုအရာများကို လုပ်ဆောင်ရမည့်ပုံစံအတိုင်း လုပ်ဆောင်ခဲ့သည်။ လူသားမျိုးနွယ်သည် မြွေ၏ သွေးဆောင်ခြင်းနှင့် စာတန်၏ ဖျက်ဆီးခြင်းကို ခံရခြင်းမှတစ်ဆင့် အပြစ်နှင့် ပြည့်သွားခဲ့သည်။ ကမ္ဘာမြေကြီးက ရေကြီးခြင်းအားဖြင့် ဖျက်ဆီးခြင်းခံရသည်။ ထို့နောက်တွင် ဘုရားသခင်က လူသားမျိုးနွယ်ကို တဖြည်းဖြည်းချင်း ဦးဆောင်ရန် ပညတ်တော်ကို အသုံးပြုခဲ့သည်။ စာတန်က လူသားကို ဖျက်ဆီးခြင်းသည် တဖြည်းဖြည်းချင်းပို၍ ကြီးထွားလာသောအခါ ဘုရားသခင်သည် သူ့ကိုယ်သူ အပြစ်ရှိသော ဇာတိပကတိ၏ ပုံသဏ္ဌာန်ကို ယူပြီး ကားစင်တင်ခံခြင်းအားဖြင့် လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည်။ ယခု နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံရသည်မှာ လူတို့သည် စာတန်၏ ဆိုးဆိုးရွားရွား ဖျက်ဆီးခြင်းကို ခံရကာ လုံးလုံးပင် စာတန်၏ ကိုယ်စားလှယ်ဖြစ်လာကြသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏ နှုတ်ကပတ်တော်များကို နည်းလမ်းတကျ၊ ပွင့်လင်းစွာ ဖော်ပြသည်။ သူသည် လူ၊ ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံနှင့်ပတ်သက်ပြီး သူ၏ စိတ်နှလုံး၊ သူ၏အမြင်နှင့် သဘောထားများတွင် ရှိသည့်အရာကို ဖော်ပြပြီး လူသားမျိုးနွယ်က လိုအပ်သည့် သမ္မာတရားများအားလုံးကို ဖော်ပြသည်။ ဤသို့သောနောက်ခံမျိုးကို ရင်ဆိုင်လျက် ဘုရားသခင်သည် လူသားမျိုးနွယ်က လိုအပ်သည့်အရာကို ပေးရန် နည်းလမ်းတကျ စတင်သည်။ လူသားမျိုးနွယ်က လုံးလုံးပင် မသိနားမလည်သည့် အခြေအနေတွင် သူသည် လူသားမျိုးနွယ်အား သမ္မာတရားအားလုံးကို မပေးအပ်ပေ။ ဘုရားသခင်သည် သူ ဖြစ်မြောက်လိုသည့်အချက်များကို ဖြစ်မြောက်ရန်အတွက် နှုတ်ကပတ်တော် ပံ့ပိုးခြင်းကိုသာ အသုံးပြုလျက်ဖြင့် ကြွလာပြီး သူ၏ နှုတ်ကပတ်တော်များကို ဟောကြားသည်မှာ၊ သူ၏ အမှုတော်ကို ပြုသည်မှာ၊ လူတို့ကြားတွင် လျှောက်လှမ်းပြီး သူ ဖော်ပြလိုသော နှုတ်ကပတ်တော်များကို ဖော်ပြသည်မှာ လူသားမျိုးနွယ်က စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရသည့်အချိန်နှင့် လူတို့က ၎င်းတို့ကယ်တင်ခံရရန် နည်းလမ်းမရှိဟု ယုံကြည်ကြသည့်အချိန် အတိအကျတွင်ပင်ဖြစ်လေသည်။ ဖန်ဆင်းခံ လူသားမျိုးနွယ်ထဲတွင် အတော်အတန် အစွမ်းအစရှိသူမည်သူမျှ ဤအမှုကို ပြုရန်အတွက် စိန်ခေါ်မှုကို လက်မခံရဲပေ။ ဤသည်မှာ အတန်ပင် ခက်ခဲသောအလုပ်၊ ဖြစ်မြောက်ရန် မဖြစ်နိုင်သောအလုပ်ဖြစ်သည်ဟု လူတို့က ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်က သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ ဤအမှုကို၊ အရာခပ်သိမ်းကို ဖြစ်မြောက်ရန် နှုတ်ကပတ်တော်ကို အသုံးပြုသည့် အမှုကို စတင်သည်မှာ ဤအခြေအနေ အတိအကျ၌ပင် ဖြစ်သည်။ ဤသည်မှာ ကြီးမားသော တာဝန်၊ မကြုံစဖူးသောအလုပ်ဖြစ်ပြီး တစ်ခေတ်ဆန်းသစ်စေသောအမှုဆိုလျှင် ပို၍ပင် မှန်ပြီး ရှည်လျားသောအမှုတစ်ခုဖြစ်သည်။ လူတစ်ယောက်က မည်မျှ ပြောပါစေ၊ မည်သည့်အရာကို ပြောပါစေ၊ သူ၏ စကားများ၏ အနှစ်သာရမှာ မည်သည့်အရာဖြစ်ပါစေ မိမိ၏ စကားက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့်အရာကို မည်သူကမျှ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ဘုရားနှုတ်ကပတ်တော်သာလျှင် ပြည့်စုံနိုင်သည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် ဘုရားသခင် သတ်မှတ်သည့်အရာနှင့် သူ၏ အတွေး အစီအစဉ်များနှင့်အညီ ဖြစ်မြောက်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာလည်းဖြစ်သည်။ လူတို့သည် ဤအရာများကို နားမလည်သင့်သလော။ (နားလည်သင့်သည်။) ဤသို့ဆိုလျှင် ဤအရာများကို နားလည်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ မည်သူ ပြောမည်နည်း။ (တစ်ချက်မှာ လူတို့သည် ဘုရားအမှုတော်၏ ဉာဏ်ပညာကို နားလည်မှုတစ်ခုခု ရှိလာနိုင်ပြီး စာတန်၏ ဖျက်ဆီးခြင်းမခံရသေးသော ထိုမသိနားမလည်သောလူများအပေါ် ဘုရားအမှုတော်ကို ဆောင်ရွက်ခြင်းမရှိသည်ကို နားလည်လာနိုင်သည်။ ထိုအစား ဘုရားသခင်သည် သူ၏အမှုတော်တွင် စာတန်ကို အသုံးပြုပြီး စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသောသူတို့အပေါ် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်သည်။ ဤအမှုက အလွန်ခက်ခဲသည်ဟု လူတို့က ယုံကြည်ကြသည်။ သို့တိုင်အောင် ဘုရားနှုတ်ကပတ်တော်သည် အမှန်ပင် လူတို့အပေါ် သက်ရောက်မှုရှိသည်။ ထို့အပြင် သာမန်အားဖြင့် ကျွန်ုပ်တို့၏ အတွေ့အကြုံလမ်းကြောင်းတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချုပ်ချယ်ခြင်းကို မကြာခဏခံရပြီး ဖောက်ပြန်ပျက်စီးမှုကို မထုတ်ဖော်ဘဲ မနေနိုင်ပေ။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင် ဖြစ်လာသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် အလွန် အပျက်သဘောဆောင်လာသည်မှာ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ဆုံးရှုံးသွားလေသည်။ သို့ရာတွင် ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ်တို့ ကြားပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်ကို ယုံကြည်လာပြီး ကျွန်ုပ်တို့သည် သမ္မာတရားကို ချစ်ပြီး လက်ခံသရွေ့ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲနိုင်ကြောင်း၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲ၍ မရနိုင်ခြင်းမဟုတ်ကြောင်းကို နားလည်လာသည်။ လူတစ်ယောက်သည် သူ၏အနှစ်သာရတွင် သမ္မာတရားကို မချစ်လျှင်၊ သို့မဟုတ် လက်မခံလျှင် သူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်မည်မဟုတ်ပါ။) သင်ပြောသည့်အရာသည် အလုံးစုံ သင့်လျော်ပြီး တိကျသည်။
ဘုရားနှုတ်ကပတ်တော်သည် အရာအားလုံးကို ဖြစ်မြောက်စေနိုင်ပြီး အရာအားလုံးကို ပြောင်းလဲနိုင်သည်။ တစ်ချိန်တည်းတွင် လူတို့သည် ၎င်းတို့အပေါ်တွင် ဘုရားနှုတ်ကပတ်တော်သည် အခြားသက်ရောက်မှုတစ်ခုရှိသည်ကို မြင်နိုင်သင့်သည်။ အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။ ဤအရာမှနေ၍ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ (ဘုရားသခင်၏ ဩဇာအာဏာကို မြင်ရသည်။) ဘုရားသခင်၏ ဩဇာအာဏာ၊ ဘုရားသခင်၏ ဉာဏ်ပညာကို ငါတို့ မြင်ရသည်။ သူ၏ နှုတ်ကပတ်တော်တွင် ပြသသော တန်ခိုးအစွမ်းကို ငါတို့ မြင်ရသည်။ ဘုရားနှုတ်ကပတ်တော်သည် သူ၏အသက်၊ အနှစ်သာရနှင့် စိတ်သဘောထားကို ကိုယ်စားပြုသောကြောင့် ဘုရားနှုတ်ကပတ်တော်သည် ဘုရားသခင်ကဲ့သို့ပင် ထာဝရရှင်သန်လိမ့်မည်။ ဤသည်မှာ သင့်အား မည်သည့်အရာကို ပြောသနည်း။ ဘုရားနှုတ်ကပတ်တော်သည် လူသားမျိုးနွယ်အတွက် အလွန်ပင်အရေးကြီးသည်ကို ပြောသည်။ မည်သည့်အရာကို သင်ရရှိသည်ဖြစ်စေ ယင်းသည် စစ်မှန်သော ရတနာမဟုတ်ပေ။ သင်က ရွှေချောင်းတစ်ချောင်းကို၊ သို့မဟုတ် ကမ္ဘာ၏ ရှားပါးပြီး တန်ဖိုးရှိသော ကျောက်မျက်ရတနာကို ရရှိသည်ဖြစ်စေ ၎င်းတို့သည် စစ်မှန်သော ရတနာမဟုတ်ပေ။ သင်သည် သက်စောင့်ဆေးကို ရလျှင်ပင် ယင်းသည် တစ်ပြားမျှမတန်ပေ။ သင်သည် မိမိကိုယ်ကိုပျိုးထောင်ခြင်းတွင် အောင်မြင်ပြီး ကောင်းကင်ဘုံသို့ ပျံတက်လျှင်ပင် သင်သည် သေချာပေါက် ထာဝရရှင်သန်မည်မဟုတ်ပေ။ ဤသည်မှာ သင်သည် ဖန်ဆင်းခံဖြစ်သောကြောင့်၊ အရာရာတိုင်းကို ဘုရားသခင်က ကြိုတင် စီမံထားသောကြောင့်ဖြစ်ပြီး မည်သူကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်မှ မလွတ်မြောက်နိုင်သောကြောင့်ဖြစ်သည်။ အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။ ဤစကားများကို သိခြင်းဖြင့် မည်သို့ အသုံးဝင်သနည်း။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ သမ္မာတရားကို၊ သို့မဟုတ် ဘုရားသခင်၏ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို မချစ်လျှင် ဤစကားများ၊ သို့မဟုတ် ဤအမှန်တရားကို စိတ်မဝင်စားခြင်းရှိနိုင်သည်။ သို့ရာတွင် သင်သည် ဘုရားသခင်၏ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်လျှင်၊ သမ္မာတရားကို ချစ်ပြီး အပြုသဘောဆောင်သောအရာများကို ချစ်လျှင် သင်သည် ဤစကားများအပေါ်တွင် အလွန်စိတ်ဝင်စားမှုဖြစ်ပေါ်မည်ဖြစ်ပြီး ဤသို့အားဖြင့် ဤအမှန်တရားနှင့် ဤစကားများကို သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုံဖော်ရေးထိုးထားလိမ့်မည်။ ဤစကားများသည် အဘယ်နည်း။ အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်၊ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ၊ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည် ဟူ၍ဖြစ်သည်။ ဤစကားများကို သင်တို့၏ စိတ်နှလုံးတွင် သိမ်းဆည်းထားပြီး အားလပ်ချိန်တွင် ယင်းတို့ကို ချင့်ချိန်စဉ်းစားရမည်။ ဤစကားများသည် အလွန့်အလွန်ပင် အရေးကြီးသည်။ ပြောလော့။ ဤစကားများထံမှ မည်သည့်အရာကို သင်တို့ရရှိသနည်း။ (ဘုရားသခင်၊ တစ်စုံတစ်ခုကို ကျွန်ုပ်နားလည်သည်။ ဘုရားနှုတ်ကပတ်တော်က “အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။” ဟူ၍ ဆိုသည်။ တစ်ခါတစ်ရံတွင် ပြင်ပလောက၌ အမှုအရာများက ပြောင်းလဲသည်။ ဤသို့သော အခြေအနေများကို ကျွန်ုပ်တို့ ကြုံတွေ့သောအခါ ကျွန်ုပ်တို့၏ အခြေအနေသည် ပြောင်းလဲမည်ဖြစ်ပြီး ဘုရားသခင်နောက်သို့လိုက်ရန် ကျွန်ုပ်တို့၏ စိတ်ခိုင်မာမှုသည်လည်း ပြောင်းလဲမည်။ အပျက်သဘောဆောင်ပြီး အားနည်းမှုကို ခံစားရခြင်းအား ရှောင်ကြဉ်ရန် ကျွန်ုပ်တို့အတွက် ခက်ခဲလာသည်။ သို့သော် ဤဘုရားနှုတ်ကပတ်တော်များနှင့် အစပိုင်းတွင် ဘုရားသခင်က ကျွန်ုပ်တို့ကိုပေးခဲ့သော ကတိများကို ကျွန်ုပ်တို့ စဉ်းစားမိသောအခါ၊ ဘုရားသခင်သည် သူနှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိသူ လူတစ်စုကို ရရှိလိုသည်ဟု ပြောခဲ့သည်ကို စဉ်းစားမိသောအခါ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ခွန်အားနှင့် ယုံကြည်ခြင်းဖြင့် ပြည့်လျှံသွားသည်။ ကျွန်ုပ်တို့သည် ပြင်ပလောကတွင်ရှိသော အခြေအနေများ၏ သက်ရောက်မှုကို မခံရတော့ပါ။ ပြီးလျှင် ကျွန်ုပ်တို့၌ ဘုရားသခင်နောက်သို့လိုက်ပြီး တာဝန်များကို ထမ်းဆောင်ရန် ယုံကြည်ခြင်းရှိသည်။) ဤနှုတ်ကပတ်တော်များသည် သင်တို့အား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကိုပေးသည်။ မည်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမျိုး ဖြစ်သနည်း။ ရုပ်ဝတ္ထုလောကတွင်ရှိသော မည်သည့်အရာကိုမျှ လိုက်စားရန်၊ သို့မဟုတ် မြတ်နိုးရန်မဟုတ်ပေ။ ဤအရာများသည် အနှစ်မရှိပေ။ သင်၏ မျက်စိရှေ့တွင်ရှိသော ကျော်ကြားမှု၊ အကျိုးအမြတ်၊ ရာထူး၊ ရုပ်ဝတ္ထုဆိုင်ရာ သာယာမှု၊ မိန်းမများ၏ အလှအပ၊ ယောက်ျားများ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကဲ့သို့သော အရာအားလုံးသည် မတည်မြဲပေ။ မျက်စိတစ်မှိတ်တွင် ပျက်သုဉ်းသွားသည်။ ဤအရာများကို မြတ်နိုးခြင်းသည် အဓိပ္ပာယ်မရှိပေ။ အဓိပ္ပာယ်မရှိဟု ငါဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤအရာများသည် ယာယီလိုအပ်ချက်များ၊ သင်၏ အသွေးအသား၏ မက်မောမှုများ၊ ဆန္ဒများ၊ သို့မဟုတ် သင်၏ စိတ်အခြေအနေများ၊ ချစ်ခင်မှုများ စသည်တို့ကိုသာ ဖြည့်ဆည်းပေးနိုင်သည်။ သို့တိုင်အောင် ယင်းတို့သည် သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပေ။ သင်၏ ဝိညာဉ်က ဆာလောင်သောအခါ၊ ဆာငတ်ပြီး အနှစ်မဲ့သောအခါ ရုပ်ဝတ္ထုလောကရှိ မည်သည့်အရာကမျှ သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပေ၊ သို့မဟုတ် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးရှိ အနှစ်မဲ့ခြင်းကို ဖြည့်မပေးနိုင်ပေ။ ဤအတွက်ကြောင့် ဤအရာများအား လိုက်စားခြင်းသည် အဓိပ္ပာယ်မရှိခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အရာက သင့်အား ကျေနပ်စေနိုင်ပြီး သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင်ရှိသော အနှစ်မဲ့ခြင်းကို ဖြည့်ပေးနိုင်သနည်း။ ဘုရားနှုတ်ကပတ်တော်ကို သင်ဖတ်ပြီး သမ္မာတရားကို နားလည်သောအခါ သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးသည် ကြွယ်ဝလာပြီး ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ခံစားရသည်။ ပြီးလျှင် သင်၏ စိတ်နှလုံးက ကျေနပ်ပြီး သက်သာခြင်းရှိသည်။ သင်သည် ဤနည်းဖြင့် ဆက်လက်၍ လိုက်စားလျှင် ဘုရားနှုတ်ကပတ်တော်က သင်၏အသက်ဖြစ်လာသောအခါ သင့်ထံမှ မည်သူကမျှ သင်၏အသက်ကို မယူဆောင်နိုင်ဘဲ မည်သူကမျှ မဖျက်ဆီးနိုင်ပေ။ မည်သူကမျှ သင့်ထံမှ သင်၏အသက်ကို မယူဆောင်နိုင်သောအခါ၊ သို့မဟုတ် မဖျက်ဆီးနိုင်သောအခါ သင်သည် မည်သို့ ခံစားရမည်နည်း။ သင်သည် အနှစ်မဲ့ခြင်းကို ခံစားရတော့မည်မဟုတ်။ ဤကမ္ဘာတွင် နေထိုင်လျက် လမ်းပျောက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သို့မဟုတ် စိတ်မသက်သာခြင်းကို သင် ခံစားရတော့မည်မဟုတ်ပေ။ သင်၏အတွင်း၌ ဘုရားနှုတ်ကပတ်တော်ရှိပြီး သင့်အား လမ်းပြလျက်၊ ပံ့ပိုးပေးလျက်၊ သင့်အား ရည်ရွယ်ချက်၊ ဦးတည်ချက်ဖြင့် အသက်ရှင်စေနိုင်လျက်ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် နေ့စဉ် အဓိပ္ပာယ်နှင့် တန်ဖိုးဖြင့် အသက်ရှင်လိမ့်မည်။ ဤသည်မှာ လူတို့ အမှန်တကယ် ခံစားရသည့်အရာဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့က အမှန်တကယ် ခံစားရသော ဤအပြုသဘောဆောင်သောရလဒ်ကို မည်သို့ ရရှိသနည်း။ (လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သောအခါတွင် ဘုရားနှုတ်ကပတ်တော်ကြောင့် လူတို့၌ ရရှိခြင်းဖြစ်သည်။) မှန်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏အသက်အဖြစ် လက်ခံလိုက်သည်နှင့် ၎င်းတို့တွင် ဤရလဒ်ကို ရရှိသည်။ ၎င်းတို့ဘဝသည် ပြောင်းလဲသည်။ ၎င်းတို့ အသက်ရှင်သည့်ပုံစံသည် ပြောင်းလဲသည်။ လူများ၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များသည် မတူညီတော့ပေ။ လူများ၊ အမှုအရာများအား ၎င်းတို့မြင်သည့် ပုံစံသည် မတူညီတော့ပေ။ ထို့ကြောင့် ၎င်းတို့၏ လိုက်စားမှုသည် မတူညီတော့ပေ။ ၎င်းတို့သည် ထိုအသွေးအသား သာယာမှုများ၊ ရုပ်ဝတ္ထုဆိုင်ရာ ဆုလာဘ်များ၊ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးအဆင့်အတန်းတို့ကို မလိုက်စားတော့ပေ။ မိမိ၏ အသွေးအသား မက်မောမှုများနှင့်သက်ဆိုင်သောအရာများအား လိုက်စားခြင်းသည် မိမိကို ပို၍ပျင်းရိခြင်း၊ အနှစ်မဲ့ခြင်း၊ စိတ်မအေးခြင်း၊ နာကျင်ခြင်းတို့ကိုသာ ခံစားရစေနိုင်သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်သည် မိမိ၏ စိတ်နှလုံးတွင် နေရာယူသွားသည်နှင့် သမ္မာတရားသည် ၎င်းတို့အတွင်းတွင် ၎င်းတို့၏ အသက်ဖြစ်လာသည်။ ၎င်းတို့၏ စိတ်အတွင်းမှ အနှစ်သာရနှင့် အသက်တို့က ပြောင်းလဲသွားသည်။ ထို့ကြောင့် ၎င်းတို့သည် မတူညီမှုကို ခံစားရသည်။ ၎င်းတို့၏ ခံစားချက်များနှင့် မက်မောမှုများ၊ ၎င်းတို့၏ အမျိုးမျိုးသော စိတ်ခံစားချက်များ၊ ဘဝရှိ ၎င်းတို့၏ ပန်းတိုင်များ၊ ၎င်းတို့လိုက်စားမှု၏ ဦးတည်ချက်၊ ရှင်သန်ရေးအတွက် ၎င်းတို့၏ စည်းမျဉ်းများအားလုံးသည် လုံးဝ မတူညီတော့ပေ။ ၎င်းတို့၏ လိုက်စားမှုက ပြောင်းလဲသွားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားသခင်ကို သိဖို့ အားထုတ်နိုင်သည်။ ဘုရားသခင်က ၎င်းတို့အား ရှင်သန်စေလိုသည့် ပုံစံအတိုင်း အသက်ရှင်နိုင်လာကြသည်။ ဤအရာကို ရရှိသူတို့သည် ဆွေးမြည့်ခြင်း၊ သေခြင်း၊ ပျက်စီးခြင်းတို့ကို ရင်မဆိုင်ရဘဲ ထိုအစား စစ်မှန်သောဘဝကို ရရှိလာကြသည်။ ဆွေးမြည့်ခြင်းမခံရသည့်ဘဝကို ရရှိလာကြသည်။ ဆွေးမြည့်ခြင်းမခံရဟု ငါဆိုသောအခါတွင် မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤလူတို့အတွင်း၌ရှိသော ဤအသက်သည် ပျောက်ကွယ်မည်မဟုတ်၊ မှေးမှိန်သွားမည်မဟုတ်၊ လျော့ပါးသွားမည်မဟုတ်၊ ယိုယွင်းသွားမည်မဟုတ်၊ ယခင်ကကဲ့သို့ ပျက်စီးခြင်းကို ရင်ဆိုင်ရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသို့အားဖြင့် ၎င်းတို့၏ လက်ရှိဖြစ်တည်မှုအခြေအနေနှင့် ၎င်းတို့၏ ရှင်သန်ရေးအလားအလာများသည် ပြောင်းလဲမသွားသလော။ ၎င်းတို့၏ ရှင်သန်ရေးအလားအလာများသည် ပြောင်းလဲမှုတစ်ခုကို ကြုံရသည်မှာ ရှင်းသည်။ လူသား၏ အသက်က မှေးမှိန်သော၊ ခြောက်သွေ့ညှိုးနွမ်းသော၊ ဆွေးမြည့်သော၊ အဆုံးသတ်ရှိသော၊ ဖျက်ဆီးခြင်းခံရသော အကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မထားရှိသောကြောင့်ဖြစ်ပြီး လူတစ်ယောက်သည် နှစ်တစ်ရာ၊ သို့မဟုတ် နှစ်နှစ်ရာ၊ သို့မဟုတ် နှစ်သုံးရာ၊ သို့မဟုတ် နှစ်တစ်ထောင်အသက်ရှင်သည်ဖြစ်စေ ရှင်သန်ရေးအတွက် သူ၏ စည်းမျဉ်းများ၊ ဘဝအပေါ် သူ၏ ရှုမြင်သုံးသပ်ချက်နှင့် သူ၏ဘဝအဓိပ္ပာယ်တို့သည် ပြောင်းလဲမည်မဟုတ်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့အသက်ရှင်သည့်သူများသည် အမှန်တကယ်တွင် မည်သည့်အရာအတွက် အသက်ရှင်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ဇာတိပကတိကို ကျေနပ်စေရန် ရည်ရွယ်ချက်သက်သက်ဖြင့် အသက်ရှင်ကြသည်။ လူ၏ ဇာတိပကတိက မည်သည့်အရာကို လိုက်စားသနည်း။ ချမ်းသာခြင်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုတို့ကဲ့သို့သောအရာများဖြစ်ပြီး ဘုရားသခင်၏ အမြင်တွင် သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်က မုန်းတီးသည်မှာ ဤအရာများ အတိအကျပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူတို့အား ဤအရာများကို လိုက်စားပြီး ခံစားရန် ခွင့်ပြုရာတွင် အချိန်အကန့်အသတ်ရှိသည်။ လူ၏အသက်သည် နှစ်ခြောက်ဆယ်၊ သို့မဟုတ် နှစ်ခုနစ်ဆယ် ကျော်ကျော်၊ နှစ်ရှစ်ဆယ်၊ သို့မဟုတ် နှစ်ကိုးဆယ်ကျော်ကျော်အထိ တည်တံ့နိုင်ပြီး ပြီးနောက်တွင် အဆုံးသတ်သည်။ အဆုံးသတ်တိုင်းတွင် အသစ်ပြန်လည်မွေးဖွားခြင်း တစ်ကြိမ်ရှိသည်။ ဤသည်မှာ လူ၏ ဘဝသက်တမ်းဖြစ်ပေါ်လာသည့်ပုံစံဖြစ်သည်။ ဘုရားသခင်သည် ဤအချိန်အကန့်အသတ်ကို ကြိုတင်သတ်မှတ်မထားခဲ့လျှင် လူတို့သည် ကြာရှည်စွာ အသက်ရှင်ပြီးနောက်တွင် အသက်ရှင်ခြင်းကို စိတ်ကုန်လာမည်မဟုတ်လော။ လူတို့သည် အသက်နှစ်ဆယ်ကျော်အရွယ်ရောက်သောအခါ နေ့စဉ် အမှုအရာများသည် ဆန်းသစ်သည်၊ လှပသည်၊ ပျော်ရွှင်သည်ဟု ခံစားရသည်။ အသက်လေးဆယ်ကျော်အရွယ်ရောက်သောအခါ တစ်ရက်သုံးနပ်စားပြီး ညတွင် အိပ်ရာဝင်ခြင်းသည် ပျင်းရိဖွယ်ဖြစ်သည့် အသက်ရှင်နည်းဖြစ်သည်ဟု ခံစားရသည်။ အသက်ခြောက်ဆယ်ကျော်အရွယ်ရောက်သောအခါတွင် ၎င်းတို့သည် အရာရာကို နားလည်သကဲ့သို့ ခံစားရသည်။ ပြီးလျှင် ၎င်းတို့သည် ကောင်းချီးအချို့ကို ခံစားပြီးခဲ့ကြသည်။ ဆင်းရဲဒုက္ခအချို့ကို ခံစားပြီးခဲ့ကြသည်။ မည်သည့်အရာကမျှ စိတ်ဝင်စားဖွယ်မရှိတော့ဟု ၎င်းတို့ ခံစားရသည်။ နေထွက်လာသောအခါ နေ့စဉ် ၎င်းတို့အလုပ်ကို စတင်လုပ်ဆောင်ကြပြီး နေဝင်သောအခါတွင် အနားယူသည်။ တစ်ရက်က မျက်စိတစ်မှိတ်တွင် ကုန်ဆုံးသွားသည်။ ၎င်းတို့၏ ဇီဝဖြစ်စဉ်တိုင်းက စတင်ဆုတ်ယုတ်လာသည်။ နှစ်ဆယ်ကျော်အရွယ်တုန်းကနှင့် လုံးဝ မတူညီတော့ပေ။ ဤသည်မှာ ၎င်းတို့၏ အဆုံးသတ်နီးလာသောအချိန်ဖြစ်သည်။ လူတစ်ယောက်၏ အဆုံးသတ်က နီးကပ်လာသောအခါ ဤသည်မှာ သူ၏ ဝိညာဉ်က အဆုံးသတ်မည်ဟု မဆိုလိုပေ။ သူ၏ ဇာတိပကတိက မကြာခင်တွင် အဆုံးသတ်မည်ဟု ဆိုလိုသည်။ ပုံမှန်အားဖြင့် လူတို့သည် အသက်ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော်သို့ ရောက်သောအခါ သေဆုံးကြသည်။ ရှည်လျားသော ဘဝသက်တမ်းရှိသူတို့သည် အများဆုံးအနေဖြင့် တစ်ရာကျော်အထိ အသက်ရှင်နိုင်ကြသည်။ “အလွန်ရှည်လျားလွန်းသော ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်သည့်သူတစ်ဦးသည် မိမိကိုယ်ကို ဆွဲကြိုးချသတ်သေရန် ဆုံးဖြတ်ကြသည်။ ၎င်းတို့သည် ထိုဘဝကို ငြီးငွေ့သွားပြီဖြစ်သည်။” ဟူသော ဆိုရိုးစကားတစ်ခုရှိသည်။ လူတစ်ယောက်သည် အလွန်ကြာရှည်စွာ အသက်ရှင်သောအခါ ဘဝကို စိတ်ကုန်လာသည်။ အသက်မရှင်လိုတော့ပေ။ ဘဝသည် သူ့အတွက် အဓိပ္ပာယ်မဲ့လာသည်။ ဘဝသည် အဓိပ္ပာယ်မဲ့သည်ဟု အဘယ်ကြောင့်ခံစားရသနည်း။ ဤတွင် အခြေအနေမှန်တစ်ခုရှိသည်။ ယင်းမှာ လူတို့သည် တစ်ရက်တွင် သုံးနပ်စားပြီး နေ့စဉ် အိမ်မှုကိစ္စများကို လုပ်ဆောင်လျက် ၎င်းတို့၏ ဇာတိပကတိတွင် အသက်ရှင်ကြသည်။ နေ့ရက်တိုင်းက ယမန်နေ့ကကဲ့သို့ အတိအကျပင် တူညီသည်။ ဤအရာများကိုသာ လုပ်ဆောင်ပြီး ဤဘဝကြီးကိုသာ ရှင်သန်နေရသည်။ ပြီးလျှင် အချိန်တစ်ခုသို့ ရောက်သောအခါတွင် လူတို့သည် ဤအရာများကို နှံ့နှံ့စပ်စပ်သိလာကြသည်။ ၎င်းတို့သည် ၎င်းတို့မြင်သင့်သမျှတိုင်းကို မြင်ပြီးခဲ့ပြီဟုလည်းကောင်း၊ ၎င်းတို့ မြည်းစမ်းသင့်သည့်အရာတိုင်းကို မြည်းစမ်းပြီးပြီဟုလည်းကောင်း၊ ၎င်းတို့ တွေ့ကြုံသင့်သည့်အရာတိုင်းကို တွေ့ကြုံပြီးခဲ့ပြီဟုလည်းကောင်း ခံစားရသည်။ ဘဝဟူသည်မှာ ဤသို့သာ ဖြစ်သည်ဟုလည်းကောင်း၊ မျှော်လင့်စရာ တစ်ခုမျှမရှိဟုလည်းကောင်း၊ စောင့်မျှော်ရမည့်အရာ တစ်ခုမျှမရှိဟုလည်းကောင်း၊ ၎င်းတို့ဘဝသည် အနှစ်မဲ့ပြီး မကြာမီတွင် အဆုံးသတ်လိမ့်မည်ဟုလည်းကောင်း ၎င်းတို့ ခံစားရသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) အကြောင်းအရာများမှာ ဤသို့သာဖြစ်သည်။
“အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။” ဟူသော စကားများကို ငါတို့ ယခုတင် ပြောခဲ့သည်။ ဤစကားများက လူတို့အား ဘုရားနှုတ်ကပတ်တော်သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန်ပင် အရေးကြီးသည်ဆိုသည်ကို ပြောပြသည်။ ပြီးလျှင် လူတို့၏ လက်တွေ့လုပ်ဆောင်မှု ပန်းတိုင်များနှင့် ဦးတည်ချက်ကိုလည်း ပြောပြပြီး လူအတွက် မည်သည့်အရာကိုလိုက်စားခြင်းမျှ ဘုရားနှုတ်ကပတ်တော် တစ်ကြောင်းလောက်ကို ရရှိခြင်းဖြင့် အစားမထိုးနိုင်ကြောင်းကို ပြောပြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် ဆိတ်သုဉ်းသွားရမည်၊ အရာအားလုံးသည် မှေးမှိန်သွားရမည်၊ ခြောက်သွေ့ညှိုးနွမ်းသွားရမည်၊ အချိန်ကြာလာသည်နှင့်အမျှ အားလျော့သွားရမည်၊ ဘုရားနှုတ်ကပတ်တော်သည်သာ မည်သည့်အခါမျှ ဆိတ်သုဉ်းသွားမည် မဟုတ်သောကြောင့်တည်း။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်ကို ရရှိပြီး ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လျှင်၊ ဆိုလိုသည်မှာ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်လျှင် သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကြောင့် တန်ဖိုးရှိလာသည်။ သင်၏ အနှစ်သာရသည် ယခင်ကနှင့် မတူညီတော့ပေ။ လူအချို့က “ဤသို့ဆိုလျှင် ကျွန်ုပ်၏ အနှစ်သာရက ကွဲပြားသွားလျှင် အဘယ်သို့ဖြစ်မည်နည်း” ဟု ဆိုကြသည်။ သာမန်အနေဖြင့် ကွဲပြားသည်ဟု ငါမဆိုလိုပေ။ ထိုအစား အလွန့်အလွန်ပင် ကွဲပြားသွားခြင်းဖြစ်သည်။ အကြောင်းမှာ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သင်၏အသက်အဖြစ် ရှိထားသောကြောင့်ဖြစ်သည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကဲ့သို့ပင် သင်သည် ဆိတ်သုဉ်းသွားမည်မဟုတ်ပေ။ ဘုရားသခင်ကဲ့သို့ပင် ထာဝရအသက်ကို ရလိမ့်မည်။ သင်သည် နောက်ပိုင်း ထာဝရ အနာဂတ်နှင့် ခရီးပန်းတိုင်ရှိလိမ့်မည်။ ထို့ကြောင့် ယခုတွင် အနာဂတ်၌ မည်သည့်အရာဖြစ်မည်ကို ကြည့်ခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော်သည် လူအတွက် အရေးမကြီးသလော။ (အရေးကြီးသည်။) ယင်းတို့သည် အရေးပါသည်။ ဘုရားနှုတ်ကပတ်တော်က အရေးကြီးသည်ကို သင်နားလည်ပြီးသည်နှင့် သင်မည်သို့ လိုက်စားသင့်သနည်း။ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော မည်သည့်အရာကို သင်လိုက်စားသင့်သနည်း။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် ပို၍အားစိုက်ထုတ်ခြင်း၊ ပို၍ ဒုက္ခခံခြင်း၊ ပို၍ ကြီးသောအဖိုးအခကိုပေးဆပ်ခြင်း၊ ပို၍ လှည့်လည်သွားလာခြင်းတို့ကို လိုက်စားသင့်သလော။ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပို၍ လေ့လာသင့်သလော။ သင့်ကိုယ်သင် အယူဝါဒများဖြင့် ပို၍ ပြင်ဆင်ထားပြီး ပို၍ တရားဟောသင့်သလော။ (ဤအရာများထဲတွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်သင့်ပါ။) ဤသို့ဆိုလျှင် သင့်အတွက် လိုက်စားရန် မည်သည့်အရာက အသုံးဝင်ဆုံးဖြစ်သနည်း။ အဖြေကို သင်တို့အားလုံးသိသည်။ သင်တို့အတွက် ကြည်လင်သောရေကဲ့သို့ ရှင်းလင်းသည်။ ဘုရားနှုတ်ကပတ်တော်ကို ရယူခြင်းသည် တန်ဖိုးအရှိဆုံးသော၊ အဓိပ္ပာယ်အရှိဆုံးသော လိုက်စားမှုဖြစ်သည်။ “အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။” သင်၏ စိတ်နှလုံးတွင် ဤစကားများကို သတိရပြီး ဤစကားများကို သင် မည်သည့်အချိန်တွင်မျှ မမေ့လျော့သင့်ပေ၊ သို့မဟုတ် မစွန့်ပစ်သင့်ပေ။ သင်သည် အပျက်သဘောဆောင်ပြီး အားနည်းသောအခါ၊ သင့်တွင် မျှော်လင့်ချက်မရှိဟု ခံစားရသောအခါ၊ ဆင်းရဲဒုက္ခများက သင့်ထံသို့ ရောက်လာသောအခါ၊ သင်၏တာဝန်တွင် လူစားထိုးခံရသောအခါ၊ ပြုပြင်ခြင်းကို သင်ခံရသောအခါ၊ အနှောင့်အယှက်များ၊ ကျရှုံးမှုများကို သင်ခံစားရသောအခါ၊ သင်သည် အပြစ်ဖော်ဆုံးမပြီး ရှုတ်ချခြင်းကို ခံရသောအခါ၊ သို့မဟုတ် သင်သည် သင်၏အောင်မြင်မှုအထွတ်အထိပ်တွင် ရောက်ရှိနေသောအခါ၊ လူတို့က သင့်အား အထင်ကြီးလေးစားပြီး မည်သည့်နေရာကို သင်သွားသည်ဖြစ်စေ သင့်အား ချီးမွမ်းသောအခါ စသည်ဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို သင်သည် ဤစကားများကို အစဉ်စဉ်းစားပြီး သင့်အား ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်စေရမည်။ ဤအချိန် အခိုက်အတန့်တွင် သင့်အတွက် ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှုကို ရှာဖွေရမည်။ သင်၏ ဆင်းရဲဒုက္ခများမှ သင့်ကို လွတ်မြောက်စေရန်၊ သင်၏ အခက်အခဲများကို ဖြေရှင်းရန်၊ သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးမှ ရှုပ်ထွေးမှုကို ဖြေရှင်းရန်၊ သင်လျှောက်လှမ်းသည့် မှားယွင်းသောလမ်းကြောင်းမှ နောက်ပြန်လှည့်ရန်၊ သင်၏ ပြစ်မှားမှုများ၊ သင်၏ ခေါင်းမာမှု၊ သင်၏ ပုန်ကန်မှု စသည်တို့ကို ဖြေရှင်းရန်အတွက် ကူညီဖို့ ဘုရားနှုတ်ကပတ်တော်များကို အခွင့်ပေးရမည်ဖြစ်ပြီး သင်ရင်ဆိုင်ရသည့် ပြဿနာတိုင်းကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်ကို အခွင့်ပေးရမည်။ ဤနှုတ်ကပတ်တော်များသည် သင်တို့အတွက် အလွန်အသုံးဝင်သည်။ သင်ကိုယ်တိုင်၏ တာဝန်၊ ဝတ္တရားများကို သင်မေ့လျော့သောအခါတွင်လည်းကောင်း၊ မည်သည့်စည်းမျဉ်းများကို သင်စောင့်ထိန်းသင့်သည်ကို သင်မေ့လျော့သောအခါတွင်လည်းကောင်း၊ မည်သည့်ရပ်တည်ချက်နှင့် အမြင်ရှုထောင့်အား သင်ခံယူသင့်သည်ကို သင်မေ့လျော့ပြီး သင်၏ ကိုယ်ပိုင်ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို မေ့လျော့သောအခါတွင်လည်းကောင်း ဤစကားများကို တွေးလော့။ ဤစကားများသည် သင့်အား ဘုရားရှေ့သို့ ခေါ်ဆောင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ဆီသို့ သင့်အား ခေါ်ဆောင်လိမ့်မည်။ ဤအချိန်အခိုက်အတန့်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သင့်အား နားလည်စေလိမ့်မည်။ သင့်ကိုယ်သင်အပေါ် သဘောထားရန်၊ သူတစ်ပါးတို့အပေါ် သဘောထားရန်၊ သင်ကြုံတွေ့ရသည့် ဖြစ်ရပ်များ၊ ပတ်ဝန်းကျင်များအပေါ် သဘောထားရန် မှန်ကန်သော ရပ်တည်ချက်၊ အမြင်၊ ရှုထောင့်တို့ကို သင့်အား ရရှိစေလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ လမ်းပြမှုအောက်နှင့် ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှု၊ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အကူအညီအောက်၌ မည်သည့်ပြဿနာကမျှ သင့်အား အခက်မတွေ့စေနိုင်ပေ။ မည်သည့်ပြဿနာကမျှ သမ္မာတရားအား သင်လိုက်စားခြင်းကို တားဆီးပြီး သင်၏ ရှေ့ဆက်သော ခြေလှမ်းများကို မရပ်တန့်စေနိုင်ပေ။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သင်တို့ ယူသင့်သည့် သင်ခန်းစာမှာ ငြီးတွားခြင်း၊ စောဒကတက်ခြင်း၊ စည်းကမ်းများကို လိုက်နာခြင်း၊ သို့မဟုတ် ပြဿနာများကို ကြုံရသည့်အခါ လူ၏ နည်းလမ်းများကို သွား၍ရှာခြင်းတို့ကို ပြုမည့်အစား ဘုရားရှေ့သို့လာပြီး သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ အကူအညီကို ရှာဖွေရန်၊ ဘုရားနှုတ်ကပတ်တော်အား သင့်ကို ပံ့ပိုးခွင့်ပြုပြီး သင်၏ အခက်အခဲတိုင်းကို ဖြေရှင်းခွင့်ပြုရန်ဖြစ်သည်။ ဤသည်မှာ သင်တို့ ယူသင့်သည့် သင်ခန်းစာဖြစ်သည်။ စာတန်က လူသားမျိုးနွယ်ကို အလွန်အမင်း ဖျက်ဆီးခြင်း၏ နောက်ခံဖြစ်ရပ်ကို ဆန့်ကျင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးကြီးဆုံးသောအမှုကို ဘုရားသခင် စတင်ခြင်းအား နားလည်ခြင်း အကြောင်းအရာဖြစ်သော ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်မည်ဖြစ်သည်။ အဆုံးတွင် အားလုံးက ဘုရားနှုတ်ကပတ်တော်အပေါ်သာ မူတည်သည်။ ငါတို့သည် မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ အဆုံးတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရား လက်တွေ့အရှိတရားသို့ ဝင်ရောက်နိုင်ပြီး စကားများနှင့် အယူဝါဒများအား မည်သို့ဟောပြောရမည်၊ သို့မဟုတ် ဓမ္မပညာဆိုင်ရာ သဘောတရားကို မည်သို့လေ့လာရမည်၊ သို့မဟုတ် နေ့စဉ် ဘာသာရေးအခမ်းအနားများ၌ မည်သို့ပါဝင်လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိခြင်းသက်သက်ဖြင့် မကျေနပ်လိုက်ဖို့ရန် ငါ မျှော်လင့်သည်။ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းသည် လူတို့ သင်ယူရမည့် အသက်ဝင်ရောက်မှုနှင့်ဆိုင်သော အရေးတကြီးအဖြစ်ဆုံးသော သင်ခန်းစာဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။