သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂) အပိုင်း သုံး

သမ္မာတရားအား လိုက်စားခြင်းသည် ကယ်တင်ခြင်းကို ရရှိခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားခြင်းအကြောင်းသည် အသေးအဖွဲ အကြောင်းအရာ မဟုတ်ပေ။ အတွေ့ရများသော အကြောင်းအရာ ဖြစ်သော်လည်း များလှစွာသော သမ္မာတရားများနှင့် သက်ဆိုင်နေသည်။ အမှန်တွင် ဤအကြောင်းအရာသည် လူ၏ ကံတရား၊ မျှော်လင့်ချက်များနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ဤအရာကို ငါတို့ မကြာခဏ မိတ်သဟာယဖွဲ့သော်လည်း လူတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့ နားလည်ဖို့လိုအပ်သည့် အမျိုးမျိုးသော သမ္မာတရားများနှင့် ပြဿနာများအပေါ် သိပ်မရှင်းကြသေးပေ။ ထိုအစား ရေရာမှုမရှိသော ပုံစံဖြင့် လူတို့က ကောင်းသည်ဟု မှတ်ယူသည့် အမျိုးမျိုးသော အပြုအမူများနှင့် နည်းလမ်းများအပြင် အတော်အတန် တက်ကြွမှုရှိသည်၊ တိုးတက်မှုရှိသည်၊ အပြုသဘောဆောင်သည်ဟု လူတို့က မြင်သော အတွေးအမြင်အချို့ကို ယူပြီး ထိုအရာများကို သမ္မာတရားအဖြစ် လိုက်စားကြသည်။ ဤသည်မှာ ဆိုးဝါးသော အမှားဖြစ်သည်။ လူတို့က ကောင်းသည်၊ ဟုတ်သည်၊ မှန်သည်ဟု မြင်သော်လည်း တိတိကျကျပြောရလျှင် သမ္မာတရားမဟုတ်သောအရာ များစွာရှိသည်။ အလွန်ဆုံးအနေဖြင့် ထိုအရာများထဲမှ အချို့မှာ သမ္မာတရားနှင့် ကိုက်ညီနိုင်သည်။ သို့သော် ထိုအရာများသည် သမ္မာတရားဖြစ်သည်ဟု မဆိုနိုင်ပေ။ လူအများစုသည် သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး အလွန်ပင် နားလည်မှုလွဲကြသည်။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး မှားယွင်းသော နားလည်မှုနှင့် တစ်ဖက်သတ်ဆန်သော အမြင်တို့လည်း များစွာရှိကြသည်။ ဤအတွက်ကြောင့် ငါတို့သည် ဤအရာကို ရှင်းလင်းစွာ မိတ်သဟာယပြုရန်၊ ဤအတွင်းရှိ လူတို့နားလည်သင့်သည့် သမ္မာတရားများနှင့် လူတို့ဖြေရှင်းသင့်သည့် ပြဿနာများကို ၎င်းတို့နားလည်အောင် ပြုလုပ်ပေးရန် လိုအပ်ခြင်းဖြစ်သည်။ ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သည့် သမ္မာတရားအား လိုက်စားခြင်းနှင့်သက်ဆိုင်သော အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်ပြီး သင်တို့တွင် အတွေးတစ်စုံတစ်ရာ ရှိသလော။ အစီအစဉ်၊ သို့မဟုတ် ရည်ရွယ်ချက်တစ်စုံတစ်ရာ ရှိသလော။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း ပို၍ အသေးစိတ်ကျသော အဓိပ္ပာယ်တစ်ခုကို ယခု ငါတို့၏ မိတ်သဟာယမှတစ်ဆင့် ဖွင့်ဆိုပြီးသောအခါ လူများစွာတို့သည် ၎င်းတို့ လုပ်ဆောင်လေ့ရှိသည့်၊ ဖွင့်ပြလေ့ရှိသည့် အရာများအပြင် အနာဂတ်တွင် ၎င်းတို့ လုပ်ဆောင်ရန် ရည်ရွယ်သည့် အရာတို့နှင့်ပတ်သက်ပြီး အနည်းငယ် ပဟေဠိဖြစ်ကြသည်။ ၎င်းတို့သည် စိတ်မချမ်းမသာဖြစ်ကြသည်။ အချို့မှာ ၎င်းတို့၌ မျှော်လင့်ချက်မရှိ၊ ဖယ်ရှားခံရမည့် အန္တရာယ်ရှိသည်ဟုပင် ခံစားကြရသည်။ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုပြီးသော်လည်း လူတို့သည် လေးကန်ဖင့်နွှဲနေသေးလျှင် ၎င်းတို့၏ အခြေအနေမှာ မှန်ကန်သလော။ သာမန်ဖြစ်သလော။ (သာမန်မဟုတ်ပါ။) သင်သည် ယခင်က သမ္မာတရားကို လိုက်စားခဲ့ပြီး ထိုသို့လိုက်စားခဲ့ကြောင်း အတည်ပြုချက်ကို ဤမိတ်သဟာယအား နားထောင်ခြင်းအားဖြင့် လက်ခံရရှိလျှင် ပို၍ အားအင်ပြည့်ဝခြင်းကို သင်ခံစားရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် လေးကန်ဖင့်နွှဲကြသနည်း။ ထိုလေးကန်ဖင့်နွှဲခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ သမ္မာတရားကို ပွင့်လင်းမြင်သာစွာ၊ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့လေလေ၊ လူတို့သည် လမ်းကြောင်းရှိသင့်လေလေ ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် ပို၍ လမ်းကြောင်းရှိလျှင် အဘယ်ကြောင့် ပို၍ လေးကန်ဖင့်နွှဲလာကြသနည်း။ ဤတွင် ပြဿနာတစ်ခု မရှိနေသလော။ (ရှိနေပါသည်။) မည်သည့်ပြဿနာဖြစ်သနည်း။ (လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားခြင်းက ကောင်းသည်ဟု သိသော်လည်း လိုက်စားလိုစိတ် မရှိလျှင် သူသည် သမ္မာတရားကို မချစ်သောကြောင့် ဖြစ်ပါသည်။) လူတို့သည် သမ္မာတရားကို မချစ်ပေ၊ သို့မဟုတ် သမ္မာတရားကို လိုက်စားရန် မရည်ရွယ်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် လေးကန်ဖင့်နွှဲနေကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ယခင်က လုပ်ရပ်များရော အဘယ်သို့ဖြစ်သနည်း။ (ရှုတ်ချခြင်းခံရပါသည်။) “ရှုတ်ချခြင်းခံရသည်” ဆိုသည်မှာ လုံးလုံး မှန်သော စကားလုံး မဟုတ်သေး။ အတိအကျဆိုရလျှင် ၎င်းတို့၏ ယခင်က လုပ်ရပ်များသည် အသိအမှတ်ပြုခြင်း မခံရပေ။ မိမိ၏ လုပ်ရပ်များက အသိအမှတ်အပြုမခံရခြင်းမှာ မည်သည့်ရလဒ်မျိုး ဖြစ်သနည်း။ မိမိ၏ လုပ်ရပ်များက အသိအမှတ်အပြုမခံရလျှင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ မည်သို့အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ ရိုးရှင်းသည်။ လူတစ်ယောက်၏ လုပ်ရပ်များသည် အသိအမှတ်ပြုခြင်း မခံရလျှင် သူသည် သမ္မာတရားကို လိုက်စားခြင်းမရှိကြောင်း၊ ထိုအစား လူတို့က မှန်သည်၊ ကောင်းသည်ဟု မှတ်ယူသောအရာများကို လိုက်စားကြောင်း၊ သူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အသက်ရှင်နေဆဲဖြစ်ကြောင်းကို ပြသည်။ ဤသို့ ဖြစ်ပျက်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ ဖြစ်ပျက်နေခြင်း ဖြစ်သည်။ လူတို့၏ လုပ်ရပ်များကို ဘုရားသခင်က အသိအမှတ်မပြုသောအခါ ၎င်းတို့သည် စိတ်မချမ်းမသာ ဖြစ်ကြသည်။ ဤသို့သော အချိန်များ၌ ၎င်းတို့တွင် အပြုသဘောဆောင်ပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုခု မရှိသလော။ လူတစ်ယောက်သည် သူ၏ လုပ်ရပ်များက အသိအမှတ်ပြုခြင်း မခံရရုံသက်သက်နှင့် အပျက်သဘောဆောင်လာခြင်း၊ မိမိတာဝန်ကို စွန့်ပစ်ခြင်း၊ မျှော်လင့်ချက်မဲ့သည်ဟူ၍ မိမိကိုယ်ကို အရှုံးပေးခြင်းသည် မှန်ကန်မည်လော။ ဤသည်မှာ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မဟုတ်ပေ။ ဤသို့သောအရာမျိုးသည် လူတစ်ယောက်အပေါ် ဖြစ်ပျက်လာသောအခါ၊ သူသည် မိမိ၏ ကိုယ်ပိုင်ပြဿနာများကို ရှာဖွေတွေ့ရှိသောအခါ သူ၏ လမ်းကြောင်းကို ချက်ချင်း နောက်ပြန်လှည့်သင့်သည်။ သင်၏ ယခင်က လုပ်ရပ်များနှင့် အပြုအမူများသည် သမ္မာတရား လိုက်စားခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ဆိုသည်ကို သမ္မာတရားလိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း ငါတို့၏ မိတ်သဟာယပြုခြင်းမှတစ်ဆင့် သင်တွေ့ရှိလျှင် ဤသည်မှာ သင့်ကို စိတ်မချမ်းမသာ ဖြစ်စေသည်ဖြစ်စေ၊ မဖြစ်စေသည်ဖြစ်စေ သင်လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ သင်၏ မှားယွင်းသော ယခင်က လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများနှင့် နည်းစနစ်များအပြင် သင့်လိုက်စားမှု၏ မမှန်ကန်သော လမ်းကြောင်းကိုပါ နောက်ပြန်လှည့်သင့်သည်။ သင်သည် ဤအရာများကို ချက်ချင်း နောက်ပြန်လှည့်သင့်သည်။ လူအချို့သည် ၎င်းတို့၏ ယခင်က လုပ်ရပ်များကို ဘုရားသခင်က ငြင်းပယ်ပြီး အသိအမှတ်မပြုသောအခါ၊ ဤလုပ်ရပ်များသည် ကြိုးပမ်းလုပ်ဆောင်ခြင်းသာ ဖြစ်သည်၊ သမ္မာတရားအား လိုက်စားခြင်းနှင့် လုံးဝ မသက်ဆိုင်ဟု ဘုရားသခင်က ဆိုသောအခါ “ဪ၊ ငါတို့ လူသားများသည် အမှန်ပင် မိုက်မဲပြီး မမြင်နိုင်ကြပါတကား။ သမ္မာတရားကိုလည်း နားမလည်ကြ၊ အကြောင်းအရာများကိုလည်း အရှိအတိုင်း မမြင်နိုင်ကြပါ။ ဤတစ်လျှောက်လုံးတွင် ငါတို့သည် သမ္မာတရားကို လက်တွေ့လုပ်နေကြောင်း၊ သမ္မာတရားကို လိုက်စားနေကြောင်း၊ ဘုရားကျေနပ်အောင် လုပ်နေကြောင်း ယုံကြည်နေခဲ့ကြသည်။ ‘သမ္မာတရားကို လိုက်စားခြင်း’ ဟု ငါတို့ခေါ်သည့်အရာတွင် ငါတို့လုပ်နေသော အရာများသည် ကောင်းသည့် လူ့အပြုအမူများသက်သက်သာ ဖြစ်ကြောင်းကို ယခုမှသာ ငါတို့ သိလိုက်ရသည်။ ဤအရာများသည် ဗီဇဓာတ်ခံ အရည်အချင်း၊ အစွမ်းအစနှင့် လူတို့ဇာတိပကတိ၏ ပင်ကိုစွမ်းရည် အမျိုးမျိုးကို အခြေခံပြီး လူတို့လုပ်သော အရာများ ဖြစ်နေသည်။ ဤအရာများသည် သမ္မာတရားကို လိုက်စားခြင်း၏ အနှစ်သာရ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ သတ်မှတ်ချက်များနှင့် ခြားနားလွန်းလှသည်။ သက်ဆိုင်မှုကို မရှိချေ။ ဤကိစ္စနှင့်ပတ်သက်ပြီး အဘယ်အရာကို ငါတို့ လုပ်သင့်သနည်း” ဟူ၍ စဉ်းစားကြလိမ့်မည်။ ဤသည်မှာ အကြီးစားပြဿနာတစ်ခုဖြစ်ပြီး ဖြေရှင်းသင့်သည်။ ဤအရာကို ဖြေရှင်းရန် နည်းလမ်းမှာ အဘယ်နည်း။ ဤမေးခွန်းကို မေးပြီးဖြစ်သည်။ ကောင်းသည်ဟု လူတို့ ယခင်က မှတ်ယူထားသော အပြုအမူများနှင့် နည်းလမ်းများသည် တစ်စုတစ်စည်းတည်း ငြင်းပယ်ခံလိုက်ရပြီး ဘုရားသခင်က ၎င်းတို့ကို အမှတ်ရခြင်း မရှိသကဲ့သို့ သမ္မာတရားအား လိုက်စားခြင်းအဖြစ်လည်း အဓိပ္ပာယ်မဖွင့်ဆိုသည်ကို ကြည့်လျှင် သမ္မာတရားအား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ဤအရာကို ဖြေရန်အတွက် လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုရမည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်မှတစ်ဆင့် လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို ရှာရမည်။ ပြီးလျှင် ထိုအရာကို သူ့အသက်တာ၏ လက်တွေ့အရှိတရားဖြစ်အောင် ပြောင်းလဲပစ်ရမည်။ လူတို့သည် ယခင်က သမ္မာတရားအား လိုက်စားခြင်းကို လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ထို့ကြောင့် ယခုမှစပြီး လူတို့သည် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ်၊ ၎င်းတို့ကျင့်ကြံပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူရမည်။ ဤသို့ဆိုလျှင် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဤသို့ဖြစ်သည်။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း။ ဤသည်မှာ အရှင်းလင်းဆုံး၊ အပြည့်စုံဆုံးပင် ဖြစ်သည်။ လူတို့၏ ယခင်က လုပ်ရပ်များနှင့် အပြုအမူများ အားလုံးမှာ အဘယ်နည်း။ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော၊ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိသလော။ ပြန်စဉ်းစားကြည့်လော့။ ဤသို့ဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သော လုပ်ရပ်များနှင့် အပြုအမူများကို အင်မတန် ကြုံတောင့်ကြုံခဲသာ တွေ့ရှိရပြီး မည်သည့်နေရာတွင်မျှ မတွေ့ရှိရလုနီးပါး ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် လူသည် ဘုရားသခင်အား ယုံကြည်လာသည့်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး မိတ်သဟာယပြုသည့် နှစ်များစွာတွင် အမှန်တကယ်ပင် မည်သည့်အရာကိုမျှ မရရှိခဲ့သလော။ လူတို့သည် တစ်ခုသောအရာကိုမျှ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်ခဲ့သလော။ ဤတွင် ငါတို့ ပြောသော “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မည်သည့်အရာကို ညွှန်းဆိုသနည်း။ မည်သည့်ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သနည်း။ မည်သည့်လူ့ပြဿနာများနှင့် လူ့စိတ်သဘောထား အနှစ်သာရ၏ မည်သည့်ကဏ္ဍကို ညွှန်းဆိုသနည်း။ လူတို့သည် ယခုတွင် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်ကောင်း နားလည်နိုင်သည်။ သို့သော် ၎င်းတို့၏ ယခင်က လုပ်ရပ်များက အဘယ်ကြောင့် အသိအမှတ်ပြုခြင်းမခံရသည်၊ အဘယ်ကြောင့် သမ္မာတရားအား လိုက်စားခြင်းအဖြစ် သတ်မှတ်ခြင်းမခံရသည်နှင့် ပတ်သက်လျှင်မူ ၎င်းတို့အတွက် ရှင်းလင်းခြင်းမရှိ၊ နားလည်နိုင်ခြင်းမရှိ၊ ထင်ရှားခြင်းမရှိ ဖြစ်နေဆဲဖြစ်သည်။ အချို့က ပြောလိမ့်မည်။ “ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမည်နာမတော်ကို လက်ခံပြီးချိန်ကစ၍ များစွာ စွန့်လွှတ်ခဲ့ပါသည်။ ကျွန်ုပ်တို့မိသားစုနှင့် အလုပ်ကို စွန့်လွှတ်ခဲ့သည်။ ကျွန်ုပ်တို့၏ တက်လမ်းများကို စွန့်ပစ်ခဲ့ပါသည်။ တချို့က အလုပ်အကိုင်ကောင်းမှ နုတ်ထွက်ခဲ့ကြသည်။ တချို့က ပျော်ရွှင်သည့် မိသားစုများကို စွန့်ပစ်ခဲ့ကြသည်။ တချို့က အကန့်အသတ်မရှိသည့် တက်လမ်းများရှိပြီး ငွေကောင်းကောင်းရသော အသက်မွေးအလုပ်များ ရှိသော်လည်း ဤအရာအားလုံးကို စွန့်လွှတ်ခဲ့သည်။ ဤအရာများသည် ကျွန်ုပ်တို့ စွန့်လွှတ်ခဲ့သည့် အရာများပင်။ ဘုရားကို ယုံကြည်ချိန်မှစပြီး နှိမ့်ချဖို့၊ စိတ်ရှည်ဖို့၊ သည်းခံဖို့ကို ကျွန်ုပ်တို့ သင်ယူခဲ့ပါသည်။ အခြားသူများနှင့် ဆက်ဆံသည့်အခါ အငြင်းအခုံ မလုပ်ပါ။ အသင်းတော်တွင် ဖြစ်လာသည့် မည်သည့်ကိစ္စကိုမဆို ကျွန်ုပ်တို့သည် အကောင်းဆုံး ကိုင်တွယ်ပါ၏။ ညီအစ်ကိုမောင်နှမများတွင် ပြဿနာတစ်ခုခု ရှိသည့်အခါတိုင်းလည်း သူတို့ကို ချစ်ချစ်ခင်ခင်နှင့် ကူညီပေးဖို့ ကျွန်ုပ်တို့ အစွမ်းကုန် လုပ်ကြပါသည်။ အခြားသူများကို ဒုက္ခမပေးမိအောင် ရှောင်သည်။ အခြားလူများ၏ အကျိုးစီးပွားများကို မဖျက်ဆီးမိအောင် အတတ်နိုင်ဆုံး ရှောင်ပါသည်။ ဤနည်းလမ်းများက သမ္မာတရားကို လိုက်စားခြင်းနှင့် အမှန်ပင် ဘာမျှမဆိုင်လေသလော” ဟူ၍ ဖြစ်သည်။ ယခုတွင် သေချာ စဉ်းစားကြည့်လော့။ လူ၏ စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ အားစိုက်ခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ဒုက္ခခံခြင်းကပင် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ ဤအရာများကို မည်သို့ စွမ်းဆောင်ကြသနည်း။ ယင်းတို့က မည်သည့်အရာအပေါ်တွင် အခြေခံထားသနည်း။ ဤအရာများကို လုပ်ဆောင်ရန်အတွက် မည်သည့် တွန်းအားပေးသောအရာက လူတို့ကို တိုက်တွန်းသနည်း။ ဤအရာကို ဆင်ခြင်သုံးသပ်လော့။ ဤအရာများသည် အလေးအနက်စဉ်းစားဖို့ မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ဤသို့ဆိုလျှင် ဤအရာများသည် အလေးအနက်စဉ်းစားရန် ထိုက်တန်သောကြောင့် ဤအရာများကို ယနေ့ စူးစမ်းလေ့လာပြီး စစ်ဆေးကြည့်ကြစို့။ ကောင်းသည်၊ မှန်သည်၊ မြင့်မြတ်သည်ဟု လူတို့က အစဉ် မှတ်ယူလာသော ဤအရာများသည် သမ္မာတရားအား လိုက်စားခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်းရှိမရှိကို ကြည့်ကြစို့။

လူ၏ စွန့်လွှတ်ခြင်း၊ အားစိုက်ခြင်းအပြင် လူက ပေးဆပ်သော အဖိုးအခများကို ကြည့်ခြင်းအားဖြင့် စတင်မည်။ ဤစွန့်လွှတ်ခြင်း၊ အားစိုက်ခြင်း၊ ပေးဆပ်ခြင်းများ၏ ဆက်စပ်အကြောင်းအရာ၊ သို့မဟုတ် အခြေအနေက မည်သို့ရှိသည်ဖြစ်စေ ဤအရာများအတွက် အဓိက တွန်းအားပေးသောအရာက မည်သည့်နေရာမှ လာသနည်း။ ငါ၏ အနှစ်ချုပ်တွင် အရင်းအမြစ်နှစ်ခုရှိသည်။ ပထမတစ်ခုက လူတို့သည် ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများတွင် “ဘုရားကို မိမိယုံလျှင် စွန့်လွှတ်သင့်သည်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ဘုရားအတွက် အဖိုးအခ ပေးဆပ်သင့်သည်။ လူများ ဤသို့လုပ်လျှင် ဘုရားနှစ်သက်သည်။ လူတို့သည် သက်သက်သာသာနေခြင်းမှာ မွေ့လျော်ပြီး လောကီအရာများနောက်ကို လိုက်လျှင်၊ သို့မဟုတ် ဘုရား၏ အမည်နာမတော်ကို လက်ခံကြောင်းပြောပြီး ဘုရား၏ နောက်လိုက်များ ဖြစ်လာပြီးသည့်နောက်တွင် စိတ်ဝင်စားခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ဆက်ပြီး အသက်ရှင်နေလျှင် ဘုရားမကြိုက်ပါ။ လူများ ဤသို့လုပ်လျှင် ဘုရားမကြိုက်ပါ” ဟု ထင်ကြသည်။ လူတို့၏ တစ်ဖက်သတ် စိတ်ဆန္ဒများနှင့်ပတ်သက်လျှင် ဤအတွေးသည် သေချာသည်။ ဘုရားသခင်နှင့် ဘုရားအမှုတော်သစ်ကို လက်ခံခြင်းအတွက် လူတစ်ယောက်၏ အကြောင်းပြချက်သည် မည်သည့်အရာဖြစ်စေ သူ၏ တစ်ဖက်သတ် စိတ်ဆန္ဒသည် ဤသို့ လုပ်ဆောင်ရန် သဘောတူပြီး လူတို့က ဤသို့ လုပ်ဆောင်မှသာ ဘုရားသခင်က နှစ်သက်သည်၊ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ရရှိမည်ဟု ယုံကြည်သည်။ လူတို့က ဇွဲကောင်းကောင်းနှင့် ကြိုးစားရုန်းကန်ပြီး အားစိုက်ထုတ်သရွေ့၊ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ အားထုတ်ကြိုးပမ်းသရွေ့၊ အဖိုးအခပေးဆပ်ရန်အတွက် ၎င်းတို့၏ အောင်မြင်မှု၊ ကျရှုံးမှုတို့ကို လျစ်လျူရှုသရွေ့၊ ဆက်လက်အားထုတ်ကြိုးပမ်းသရွေ့၊ အဖိုးအခပေးဆပ်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကာ ပေးအပ်သရွေ့ ဘုရားသခင်က သေချာပေါက် ပျော်ရွှင်လိမ့်မည်ဟု ထင်ကြသည်။ ထို့ကြောင့် လူတစ်ယောက်သည် ဤအရာကို ယုံကြည်သည်နှင့် ထပ်၍ မစဉ်းစားတော့ဘဲ ဦးညွှတ်သည်။ အခြားအရာအားလုံးက မည်သို့ရှိသည်ဖြစ်စေ သူ စွန့်လွှတ်နိုင်သည့် အရာရာတိုင်းကို စွန့်လွှတ်တော့သည်။ သူ ပေးအပ်နိုင်သည့် အရာရာတိုင်းကို ပေးအပ်တော့သည်။ သူ ခံနိုင်သည့် မည်သည့်ဒုက္ခကိုမဆို တောင့်ခံတော့သည်။ လူတို့သည် ဤနည်းလမ်းများကို လုပ်ဆောင်ကြသည်။ သို့သော် မည်သူက ခေါင်းမော့ပြီး ဘုရားသခင်အား “ဘုရားသခင်၊ ကျွန်ုပ်လုပ်ဆောင်နေသည့် အရာများသည် ကိုယ်တော်လိုအပ်သော အရာဟုတ်ပါသလော။ ဘုရားသခင်၊ ကျွန်ုပ်၏ အသုံးခံမှု၊ အားထုတ်ကြိုးပမ်းမှု၊ ဒုက္ခခံမှုအပြင် ကျွန်ုပ်ပေးဆပ်ခဲ့သော အဖိုးအခများကို ကိုယ်တော် အသိအမှတ်ပြုပါသလော” ဟု မေးသနည်း။ လူတို့သည် ဤအရာကို ဘုရားသခင်အား လုံးဝ မမေးပေ။ ဘုရားသခင်၏ တုံ့ပြန်ချက်၊ သို့မဟုတ် သဘောထားက မည်သို့ရှိသည်ကို မသိဘဲ အကောင်းမြင်စွာဖြင့် ဆက်လက်၍ အားထုတ်ကြိုးပမ်းကြသည်။ ပေးအပ်ကြသည်။ မိမိကိုယ်ကို အသုံးခံကြသည်။ ၎င်းတို့သည် ဤသို့ ဒုက္ခခံမှသာ ဘုရားသခင်က ပျော်ရွှင်ကျေနပ်လိမ့်မည်ဟု ယုံကြည်ကြသည်။ လူအချို့သည် အစာသွတ်မုန့်လုံးအား စားလျှင် ဘုရားသခင် မပျော်မရွှင် ဖြစ်မည်ကို ကြောက်ရွံ့ပြီး မစားတော့ဘဲ စွန့်လွှတ်သည်အထိပင် ပြုလုပ်ကြသည်။ ထိုအစား ၎င်းတို့သည် ပြောင်းဖူးပေါင်မုန့်ပေါင်းကို စားကြကာ အစာသွတ်မုန့်လုံးကို စားခြင်းသည် သက်သာခြင်းတွင် မွေ့လျော်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ပြောင်းဖူးပေါင်မုန့်ပေါင်း၊ နံသော ဂျုံမုန့်ပြား၊ အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များကို စားရသောအခါတွင်မှသာ ငြိမ်းအေးခြင်းရှိကြပြီး ၎င်းတို့သည် ငြိမ်းအေးခြင်းရှိသောအခါ ဘုရားသခင်ကလည်း သေချာပေါက် ကျေနပ်မည်ဟု ထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင်ဝမ်းမြောက်မှု၊ ဝမ်းနည်းမှု၊ စိတ်ဆိုးမှု၊ ပျော်ရွှင်မှုတို့ကို ဘုရားသခင်၏ ခံစားချက်များအဖြစ်၊ ဘုရားသခင်၏ ဝမ်းမြောက်မှု၊ ဝမ်းနည်းမှု၊ စိတ်ဆိုးမှု၊ ပျော်ရွှင်မှုတို့အဖြစ် တလွဲထင်ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိ မဖြစ်သလော။ လူများစွာတို့သည် လူက မှန်ကန်သည်ဟု မှတ်ယူသော အရာများကို သမ္မာတရားအဖြစ် မှတ်ယူကြပြီး ထိုအရာများကို ဘုရားအပေါ်သို့ သတ်မှတ်ကာ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအဖြစ် ဖော်ပြကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူအားလုံးက ယုံကြည်သောအရာ ဖြစ်သောကြောင့်ဖြစ်သည်။ လူတို့က ဤသို့သော ယုံကြည်မှုကို ကိုင်စွဲသရွေ့ လူတို့သည် ဤဖော်ပြချက်များ၊ အပြုအမူများနှင့် နည်းလမ်းများကို သမ္မာတရားအဖြစ် မသိစိတ်မှနေ၍ အမျိုးအစား သတ်မှတ်ကြမည်မှာ အလွန်ဖြစ်နိုင်ခြေရှိပြီး သဘာဝပင်ဖြစ်သည်။ ပြီးလျှင် ထိုအရာများက သမ္မာတရားဖြစ်သည်ဟု လူတို့က ဆုံးဖြတ်ကြသောကြောင့် ထိုအရာများသည် လူတို့ လိုက်နာဖို့လိုအပ်သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများဖြစ်ရမည်၊ လူတစ်ယောက်က ထိုအရာများကို ဤသို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာလျှင် သူသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်၊ သမ္မာတရားကို လိုက်စားနေခြင်း ဖြစ်သည်၊ ဘုရားအလိုတော်ကို ထမ်းဆောင်ခြင်း ဖြစ်သည်မှာလည်း မှန်သည်ဟု ထင်မြင်ကြမည်။ လူတို့သည် “ဘုရားသခင်၏ အလိုတော်ကို ထမ်းဆောင်နေခြင်း” ဖြစ်သောကြောင့် ၎င်းတို့၏ ဆင်းရဲဒုက္ခများက ထိုက်တန်ခြင်း မရှိသလော။ ၎င်းတို့သည် ဤအဖိုးအခကို မှန်ကန်စွာ ပေးဆပ်ခြင်း မရှိသလော။ ဤသည်မှာ ဘုရားသခင်က ကျေနပ်ပြီး အမှတ်ရသော အရာတစ်ခု မဟုတ်သလော။ သေချာပေါက်ဟုတ်သည်ဟု လူတို့က ထင်ကြလိမ့်မည်။ ဤသည်မှာ လူက “သမ္မာတရား” ဟု ယုံကြည်သောအရာနှင့် ဘုရားနှုတ်ကပတ်တော်များကြား အကွာအဝေးနှင့် ခြားနားမှုဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် လူ့ကျင့်ဝတ်စရိုက်နှင့် ညီသော၊ ကောင်းသော၊ မြင့်မြတ်သော၊ မှန်ကန်သော အရာရာတိုင်းကို သမ္မာတရားအဖြစ် တစ်စုတစ်စည်းတည်း အမျိုးအစား သတ်မှတ်ပြီး ထိုဦးတည်ချက်အတိုင်း ရှေ့ဆက် လက်တွေ့လုပ်ဆောင်ကာ ကြိုးပမ်းအားထုတ်သည်။ တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ကို တင်းကျပ်သော တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် ဤအတွက်ကြောင့် သမ္မာတရားကို လိုက်စားနေသည်၊ ၎င်းတို့သည် အမှန်ပင် သမ္မာတရားကို လိုက်စားသောသူများ ဖြစ်သည်၊ ၎င်းတို့သည် ကယ်တင်ခံရနိုင်မည့် လူများ အပြည့်အဝ ဖြစ်သည်မှာလည်း မှန်သည်ဟု ယုံကြည်ကြသည်။ အမှန်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် လူတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု လူတို့မှတ်ယူသော ထိုအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ သို့တိုင်အောင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး ၎င်းတို့၏ လက်တွင် ကိုင်ဆောင်ထားသောအခါ၌ပင် ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ လှပသည်၊ ကြင်နာသည်၊ အပြုသဘောဆောင်သည်ဟု လူတို့မြင်ပြီး ထောက်ခံသော အရာရာတိုင်းကို သမ္မာတရားအဖြစ်၊ အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူကြပြီး ထိုအရာများကို မမောမပန်း လိုက်စားကြသည်။ ထိုအရာများကို လိုက်စားပြီး ရရှိရန် မိမိတို့ကိုယ်ကို တောင်းဆိုရုံမကဘဲ အခြားလူများကိုလည်း လိုက်စားပြီး ရရှိရန် တောင်းဆိုကြသည်။ လူတို့သည် လူက ကောင်းသည်ဟု မြင်သောအရာများကို သမ္မာတရားအဖြစ် မမောနိုင်မပန်းနိုင် တလွဲထင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအရာများက တောင်းဆိုသော စံနှုန်းများ၊ ဦးတည်ချက်များအတိုင်း လိုက်စားကြကာ ဤသို့ဖြင့် ၎င်းတို့သည် သမ္မာတရားအား လိုက်စားနေပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်နေကြပြီဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူတို့တွင်ရှိသော မှားယွင်းနေသည့် နားလည်မှုများ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ဤမှားယွင်းနေသော နားလည်မှုမှာ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု ယုံကြည်သောအရာများကို ၎င်းတို့၏ စံနှုန်းများအဖြစ် ယူခြင်း၊ လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုချက်များ၊ စံနှုန်းများကို ထိုအရာများနှင့် အစားထိုးခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်ဟု ယုံကြည်သော ဤအရာများကို သမ္မာတရားအဖြစ် တလွဲထင်၏။ ထိုမျှပင်မဟုတ်ဘဲ ဤအရာများကို လိုက်နာကာ လိုက်စားခြင်းလည်း ပြုလုပ်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ လူ့အတွေးအမြင်များနှင့် ပတ်သက်သော ပြဿနာဖြစ်သည်။ လူတို့သည် ဤအရာများကို လုပ်ဆောင်သောအခါ မည်သည့်အရာ၏ တွန်းအားပေးခြင်းကို ခံရသနည်း။ ဤစိတ်ကူးများနှင့် မှားယွင်းနေသော နားလည်မှုများ ၎င်းတို့တွင် ရှိလာစေသည့် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ ဘုရားသခင်က ဤအရာများကို နှစ်သက်သည်ဟု လူတို့က ယုံကြည်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို ဘုရားအပေါ်သို့ သတ်မှတ်ကြသည်။ ဥပမာအားဖြင့် ရိုးရာယဉ်ကျေးမှုက လူတို့ကို လုံ့လရှိပြီး ခြိုးခြံချွေတာဖို့ ပြောသည်။ လုံ့လဝီရိယနှင့် ချွေတာခြင်းသည် လူ့အရည်အသွေးများ ဖြစ်သည်။ “အသာစံဖို့အတွက် အနာခံရမည်” ဆိုသည်မှာ ထိုသို့သော လူ့အရည်အသွေးနောက်တစ်ခုဖြစ်သည့်နည်းတူ “ဆရာမပြ၊ နည်းမကျ” နှင့် နောက်ထပ် အလားတူအယူအဆများသည်လည်း လူ့အရည်အသွေးများပင် ဖြစ်လေသည်။ လူမျိုးတိုင်း၊ အုပ်စုတိုင်းတွင် လူတို့သည် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်၊ တက်ကြွသည်၊ တိုးတက်မှုရှိသည်ဟု ၎င်းတို့မှတ်ယူသော အရာတိုင်းသည် သမ္မာတရားဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤအရာများကို သမ္မာတရားအဖြစ် သဘောထားပြီး ဘုရားသခင်ဖော်ပြသည့် သမ္မာတရားအားလုံးနှင့် အစားထိုးပစ်ကြသည်။ လူက ခိုင်မြဲစွာ ယုံကြည်သော၊ စာတန်နှင့် သက်ဆိုင်သော အရာများကို သမ္မာတရားအဖြစ်၊ ဘုရားသတ်မှတ်ချက်များ၏ စံနှုန်းများအဖြစ် တလွဲထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်စားမှုကို ၎င်းတို့ စိတ်ကူးထင်မြင်ပြီး မှန်ကန်သည်ဟု ယုံကြည်သည့် အကောင်းဆုံးသောအရာများ၊ ဦးတည်ချက်များနှင့် ပန်းတိုင်များဆီသို့ ဦးတည်ထားကြသည်။ ဤသည်မှာ ဆိုးရွားသော အမှားဖြစ်သည်။ လူသား၏ အယူအဆနှင့် စိတ်ကူးများမှလာသော ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ မကိုက်ညီပေ။ ၎င်းတို့သည် သမ္မာတရားနှင့် လုံးဝ ဆန့်ကျင်နေသည်။

လူတို့သည် ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်ဟု မှတ်ယူသောအရာများကို သမ္မာတရားအဖြစ် တလွဲထင်ကြသည့် ဥပမာအချို့ကို ငါပေးမည်။ ဤသို့ဖြင့် ဤအယူအဆသည် အလွန်ပင် စိတ်ကူးသက်သက်သဘော မဆန်နေအောင်၊ ဤအယူအဆကို သင်တို့ နားလည်နိုင်အောင် ဖြစ်သည်။ ဥပမာအားဖြင့် အချို့သော အမျိုးသမီးများသည် ဘုရားသခင်အား ယုံကြည်ပြီးနောက်တွင် မိတ်ကပ်များ လိမ်းကျံခြင်း၊ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်း မရှိတော့ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် ကောင်းစွာ ပြုမူနေထိုင်သင့်ကြောင်း၊ မိတ်ကပ်လိမ်း၍ မရ၊ သို့မဟုတ် လှပစွာ ဝတ်စား၍မရဟု ထင်မြင်လျက် ၎င်းတို့၏ မိတ်ကပ်နှင့် လက်ဝတ်ရတနာများကို ဘေးဖယ်လိုက်ကြသည်။ လူအချို့သည် ကားများကို ပိုင်ဆိုင်ကြသော်လည်း မောင်းနှင်ခြင်းမရှိဘဲ ထိုအစား စက်ဘီးစီးကြသည်။ ကားမောင်းခြင်းသည် သက်သာမှုတွင် မွေ့လျော်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ လူအချို့သည် အသားစားရန် ပိုက်ဆံရှိသော်လည်း အစဉ်သဖြင့် အသားစားနေပြီး အခြေအနေတစ်ခုခုကြောင့် အသားစား၍ မရတော့သောအချိန်ကို ရောက်လာလျှင် အပျက်သဘောဆောင်လာပြီး အားနည်းလာကာ ဘုရားကို သစ္စာဖောက်မိမည်ဟု တွေးကာ အသားမစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ကြိုတင်၍ အသားမစားဘဲ ဒုက္ခခံရန် သင်ယူကြသည်။ အခြားလူတို့ကမူ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများအနေဖြင့် ကောင်းစွာ ပြုမူနေထိုင်သည့် ပုံစံရှိရမည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ အားနည်းချက်များနှင့် မကောင်းသော အကျင့်များကို ဆန်းစစ်ကြသည်။ ၎င်းတို့၏ လေသံကို ပြောင်းလဲရန် ကြိုးစားလုပ်ဆောင်ကြသည်။ ၎င်းတို့၏ ဒေါသစိတ်ကို ချုပ်တည်းကြသည်။ ယဉ်ကျေးသိမ်မွေ့ရန်၊ ရိုင်းပျခြင်းမရှိရန် အကောင်းဆုံး လုပ်ဆောင်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ပြီးသည်နှင့် မိမိကိုယ်ကို ကန့်သတ်၊ ချုပ်တည်းရမည်၊ အခြားလူများ၏ အမြင်တွင် လူကောင်းဖြစ်ရမည်၊ ကောင်းစွာ ပြုမူနေထိုင်ရမည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် အဖိုးအခပေးဆပ်နေခြင်း ဖြစ်သည်၊ ဘုရားသခင်ကျေနပ်အောင် လုပ်နေခြင်း ဖြစ်သည်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထင်ကြသည်။ လူအချို့သည် ရံဖန်ရံခါ လှပစွာ ဝတ်စားပြီး ဈေးဝယ်ထွက်ကြသည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်ခြင်းကြောင့် အပြစ်ရှိသကဲ့သို့ ခံစားကြသည်။ ၎င်းတို့က ယခုတွင် ဘုရားသခင်ကို ယုံကြည်သောကြောင့် မိတ်ကပ်လိမ်း၍ မရ၊ လှပစွာ ဝတ်စား၍မရ၊ ဝတ်ကောင်းစားလှများကို ဝတ်စား၍မရဟု ထင်ကြသည်။ ၎င်းတို့ မိတ်ကပ်လိမ်းလျှင်၊ လှပစွာ ဝတ်စားလျှင်၊ ဝတ်ကောင်းစားလှများကို ဝတ်လျှင် ဘုရားသခင်က ရွံ့မုန်းပြီး နှစ်သက်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ဘုရားသခင်က ရှေးဦး လူသားမျိုးနွယ်ကို နှစ်သက်သည်၊ စက်မှုလုပ်ငန်း၊ သို့မဟုတ် ခေတ်သစ်သိပ္ပံ၊ သို့မဟုတ် ရေပန်းစားသော အရာမှန်သမျှကို ဘုရားသခင်က နှစ်သက်ခြင်းမရှိဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအရာများအား လိုက်စားခြင်းကို လက်လွှတ်မှသာ သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်ဟု ထင်ကြသည်။ ဤသည်မှာ ပုံမှန်မဟုတ်သော သဘောပေါက်နားလည်မှု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤလူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဂရုတစိုက် ဖတ်ပြီးပြီလော။ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ယူပြီးပြီလော။ (မဟုတ်ပါ။) ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မယူရသေးသောကြောင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားနေခြင်းဖြစ်သလော။ (မဖြစ်ပါ။) ဤအတွက်ကြောင့် ဤချဉ်းကပ်မှုများနှင့် သရုပ်သကန်များသည် လူတို့အနေနှင့် ၎င်းတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်ဟု မှတ်ယူသောအရာများကို သမ္မာတရားအဖြစ် တလွဲထင်နေခြင်း၊ သမ္မာတရားအား အစားထိုးရန် ထိုအရာများကို အသုံးပြုနေခြင်းဖြစ်သည်။ ၎င်းတို့သည် အကောင်းမြင်စွာဖြင့် ဤအရာများကို လက်တွေ့လုပ်ဆောင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားနေသည်၊ သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်ဟု ထင်ကြသည်။ ဥပမာ ဘုရားသခင်အား ယုံကြည်ပြီးကတည်းက တီဗီရှိုးကို မကြည့်သော၊ သို့မဟုတ် သတင်းကို မကြည့်သော၊ သို့မဟုတ် ဈေးဝယ်ပင် မထွက်သောသူများ ရှိကြသည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေပြီး တာဝန်များကို ထမ်းဆောင်နေသောကြောင့် ကောက်ရိုးပုံများတွင် ညများစွာ အိပ်စက်ခဲ့ရပြီး ခွေးလှောင်အိမ်များဘေးတွင် ရက်များစွာ နေခဲ့ရသည်။ ၎င်းတို့သည် အေးစက်သော အစားအစာကို စားရခြင်းကြောင့် အစာအိမ်နာခြင်းများစွာ ဖြစ်ခဲ့သည်။ အိပ်ရေးမဝခြင်းနှင့် မစို့မပို့သာ စားရခြင်းကြောင့် ပေါင်ချိန်များစွာ ကျသွားပြီး များစွာ ဒုက္ခခံရသည်။ ဤအရာများကို ၎င်းတို့ ကောင်းစွာသိသည်။ တစ်ခုချင်း စာရင်းမှတ်ထားသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများကို ဤသို့ ရှင်းလင်းစွာ မှတ်သားထားရသနည်း။ အကြောင်းမှာ ဤအပြုအမူများနှင့် နည်းလမ်းများသည် သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်၊ ဘုရားသခင်ကို ကျေနပ်စေခြင်းဖြစ်သည်၊ ဤကောင်းသော အပြုအမူအားလုံးကို စွမ်းဆောင်ရရှိလျှင် ဘုရားသခင်က ၎င်းတို့ကို လက်ခံလိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြ၍ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် စောဒကမတက်ဘဲ ဤအရာများကို တွန့်ဆုတ်ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဤအရာများအကြောင်း ပြောရခြင်း၊ ဤအရာများကို ထပ်မံလုပ်ဆောင်ခြင်း၊ ပြန်လည်အမှတ်ရခြင်းတို့ကို လုံးဝ မမောပန်းပေ။ ၎င်းတို့၏ စိတ်နှလုံးများက အလွန်ကျေနပ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် ကြုံရသောအခါ၊ ဘုရားသခင်စီစဉ်သော အခြေအနေသည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်း မဖြစ်သောအခါ၊ ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသောအရာနှင့် ဘုရားသခင်၏ လုပ်ရပ်များက ၎င်းတို့၏ အယူအဆများနှင့် မညီသောအခါ ဤလူများက မှန်ကန်သည်ဟု မှတ်ယူသောအရာများအပြင် ၎င်းတို့ ပေးဆပ်သော အဖိုးအခများနှင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများသည် လုံးဝ အသုံးမဝင်ဖြစ်လိမ့်မည်။ ထိုအရာများသည် ၎င်းတို့ရင်ဆိုင်ရသော အခြေအနေများအတွင်းတွင် ဘုရားသခင်အား နာခံရန်၊ သို့မဟုတ် ဘုရားသခင်အား သိမြင်ရန်အတွက် ၎င်းတို့ကို အနည်းငယ်မျှပင် ကူညီပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ၎င်းတို့ဝင်ရောက်ရာ၌၊ ဘုရားသခင်အား ၎င်းတို့နာခံရာ၌ ထိုအရာများသည် ၎င်းတို့အတွက် ခလုတ်တံသင်းများ၊ အတားအဆီးများ ဖြစ်လာလိမ့်မည်။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် ၎င်းတို့က မှန်ကန်သည်ဟု ယုံကြည်သောအရာများမှာ အခြေခံအားဖြင့် သမ္မာတရားမဟုတ်၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရားအား လိုက်စားခြင်းမဟုတ်ဆိုသည်ကို လုံးဝ မသိရှိသောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအရာများမှ မည်သည့်အရာကို ရရှိဖို့ အလားအလာရှိသနည်း။ ကောင်းသော အပြုအမူ အမျိုးအစား တစ်ခုခုမျှသာဖြစ်သည်။ လူတို့သည် ဤအရာတို့မှ သမ္မာတရားနှင့် အသက်ကို ရရှိမည်မဟုတ်ပေ။ သို့တိုင်အောင် ဤကောင်းသော အပြုအမူများသည် သမ္မာတရားစစ်မှန်မှုဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသည်။ ၎င်းတို့၏ အယူအဆများတွင် မှန်ကန်သည်ဟု မှတ်ယူထားသော ဤအရာများသည် သမ္မာတရားဖြစ်သည်၊ အပြုသဘောဆောင်သော အရာများဖြစ်သည်ဟူသော ၎င်းတို့၏ သတ်မှတ်ချက်က ပို၍ပင် ပြတ်သားလာပြီး အကျိုးဆက်အနေဖြင့် ထိုသတ်မှတ်ချက်သည် ၎င်းတို့၏ စိတ်နှလုံးတွင် အမြစ်တွယ်လာသည်။ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် မှန်ကန်သည်ဟု မှတ်ယူထားသော ဤအရာများကို ကိုးကွယ်ပြီး မစဉ်းမစား ယုံကြည်လေလေ၊ သမ္မာတရားကို ငြင်းပယ်လေလေဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားနှုတ်ကပတ်တော်များနှင့် အလှမ်းဝေးလေလေဖြစ်သည်။ တစ်ချိန်တည်းတွင် လူတို့သည် အဖိုးအခပေးဆပ်လေလေ၊ ၎င်းတို့အရင်းအနှီး ရရှိနေသည်ဟု ထင်လေလေဖြစ်ပြီး ၎င်းတို့သည် ကယ်တင်ခြင်းခံရရန်၊ ဘုရားသခင်၏ ကတိတော်ကို ရရှိရန် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်ကြလေလေဖြစ်သည်။ ဤသည်မှာ ရုန်းမထွက်နိုင်သည့် သံသရာဝဲဂယက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဓိက တရားခံမှာ အဘယ်နည်း။ (လူတို့က ၎င်းတို့၏ အယူအဆများကို အပြုသဘောဆောင်သော အရာများအဖြစ် တလွဲထင်ပြီး ဘုရားနှုတ်ကပတ်တော်များအား ထိုအယူအဆများဖြင့် အစားထိုးခြင်း ဖြစ်ပါသည်။) လူတို့သည် ဘုရားနှုတ်ကပတ်တော်များအား ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများဖြင့် အစားထိုးသည်။ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားသည်။ အခြေခံအားဖြင့် ဘုရားနှုတ်ကပတ်တော်များကို လျစ်လျူရှုကြသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လုံးဝ မမှတ်ယူကြပေ။ လူတို့သည် ဘုရားသခင်အား ယုံကြည်ပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကောင်း ဖတ်နိုင်သော်လည်း ၎င်းတို့ လိုက်စားသည့်၊ ရွေးချယ်သည့်၊ လက်တွေ့လုပ်ဆောင်သည့် အရာသည် လူ၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံနေဆဲဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့်အညီ ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်းမရှိဟု ဆိုလျှင် မမှားပေ။ လူတို့က ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံပြီး ဘုရားသခင်အား ယုံကြည်ကြသည့် ပြဿနာသည် မည်သည့်နေရာမှ အတိအကျ အရင်းခံလာသနည်း။ လူ၏ အယူအဆများနှင့် စိတ်ကူးများသည် မည်သည့်နေရာမှ ဖြစ်ပေါ်လာသနည်း။ မည်သည့်နေရာမှ လာသနည်း။ ထိုအရာများသည် အရင်းခံအားဖြင့် ရိုးရာယဉ်ကျေးမှုမှ လာသည်၊ လူ၏ အမွေဆက်ခံခြင်းများမှ လာသည်၊ ထို့အပြင် ဘာသာရေးလောက၏ ပုံစံသွင်းမှုနှင့် လွှမ်းမိုးမှုမှလာသည်ဟု ဆိုနိုင်သည်။ လူ၏ အယူအဆများနှင့် စိတ်ကူးများသည် ဤအရာများနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။

လူတို့သည် ၎င်းတို့၏ အတွေးအမြင်များတွင် အခြားမည်သည့်အရာများကို ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု ယုံကြည်ကြသနည်း။ အချို့သော အရာများကို ဥပမာအနေဖြင့် အမည်တပ်ပြောဆိုကြည့်ပါ။ “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်”၊ “မာယာကင်းသော လူများ အမြဲ အောင်မြင်သည်” ဟူ၍ လူတို့က မကြာခဏ ပြောဆိုကြသည်။ ဤသည်တို့မှာ အချို့သောအရာများ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ပြီးလျှင် “ကောင်းသောအရာကို ကောင်းသောအရာဖြင့်လည်းကောင်း၊ မကောင်းမှုကို မကောင်းမှုအားဖြင့်လည်းကောင်း ပြန်လည်ဆပ်ပေးခံရသည်။ ယနေ့ အဆပ်မခံရလျှင် တစ်နေ့နေ့ အဆပ်ခံရမည်ပင်”၊ “မကောင်းမှုကို ဆက်တိုက် လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေသည်”၊ “ဘုရားသည် သူဖျက်ဆီးမည့်သူကို ရှေးဦးစွာ ရူးသွပ်စေသည်”၊ “အသာစံဖို့အတွက် အနာခံရမည်”၊ “အလိမ္မာ စာမှာရှိသည်” စသည်တို့လည်းရှိသည်။ ဤပေါက်ကရ အားလုံးတို့သည် ရွံရှာဖွယ်ရာဖြစ်သည်။ ဤသို့သော စကားများကို ငါ ကြားသောအခါ ချက်ချင်း အမျက်ဒေါသထွက်သည်။ သို့တိုင်အောင် လူတို့သည် ဤအရာများကို အလွန်လွယ်ကူစွာ ပြောဆိုကြ၏။ ၎င်းတို့သည် ဤစကားများကို အဘယ်ကြောင့် အလွန် လွယ်ကူစွာ ပြောဆိုနိုင်သနည်း။ ငါမူကား ပြောနိုင်သည့် ပုံစံမရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤစကားများ၊ ဤဆိုရိုးစကားများကို ငါ မနှစ်သက်ပေ။ သင်တို့ထံ၌ ထိုအရာများက အဆင်သင့်ရှိနေသည့်အချက်၊ သင်တို့၏ လျှာမှ ထိုအရာများ ချက်ချင်းထွက်လာသည့်အချက်နှင့် ထိုအရာများကို သင်တို့ အလွန်ချောမွေ့စွာ ဖတ်ရွတ်သည့်ပုံစံတို့က သင်တို့သည် ဤအရာများကို အထူးပင် မြတ်နိုးပြီး ကိုးကွယ်ကြောင်း သက်သေပြသည်။ သင်တို့သည် ဤအနှစ်မရှိသော၊ မရေရာသော၊ အစစ်အမှန်မဟုတ်သော အရာများကို ကိုးကွယ်ပြီး တစ်ချိန်တည်းတွင် ထိုအရာများကို သင်တို့၏ ဆောင်ပုဒ်များအဖြစ်၊ သင်တို့၏ လုပ်ရပ်များအတွက် စည်းမျဉ်းများအဖြစ်၊ စံသတ်မှတ်ချက်နှင့် အခြေပြုချက်အဖြစ် ယူကြသည်။ ထို့နောက်တွင် ဤအရာများကို ဘုရားသခင်ကလည်း ယုံကြည်သည်၊ သူ၏ နှုတ်ကပတ်တော်များသည် ဤတူညီသော အယူအဆများအပေါ် မတူညီသော ချဉ်းကပ်မှုပင်ဖြစ်သည်၊ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များ၏ အကြမ်းဖျင်း အဓိပ္ပာယ်ဖြစ်သည်၊ လူတို့ကို လူကောင်းပီသအောင် နေရန် နှိုးဆော်ခြင်းဖြစ်သည်ဟုပင် သင်တို့ ထင်မြင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ၏ အဓိပ္ပာယ်ဖြစ်သလော။ လုံးဝမဟုတ်ပေ။ ဘုရားသခင် ဆိုလိုသည့်အရာသည် ဤအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သမ္မာတရားအပေါ် လူတို့၏ သဘောထားကို နောက်ပြန်လှည့်ရမည်။ ပြီးလျှင် သမ္မာတရားအပေါ် ၎င်းတို့၏ အသိအမှတ်ပြုပုံကို ပြုပြင်ဖို့ လိုသည်။ သမ္မာတရားကို ပုံဖော်နေရာချရာ၌ ၎င်းတို့သုံးသည့် စံနှုန်းကို ပြုပြင်ပြီး နောက်ပြန်လှည့်ဖို့ လိုအပ်သည်ဟု ဆိုလိုသည်။ ဤသို့မဟုတ်လျှင် ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် ခက်ခဲလိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းရန် နည်းလမ်းရှိမည် မဟုတ်ပေ။ သမ္မာတရားဆိုသည်မှာ အဘယ်နည်း။ ခြုံငုံ၍ ပြောရလျှင် ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်။ ဤသို့ဆိုလျှင် ပို၍ အသေးစိတ်ကျစွာ ဆိုရပါက သမ္မာတရားဆိုသည်မှာ အဘယ်နည်း။ သင်တို့အား ယခင်က ငါပြောခဲ့သည်ပင်။ မည်သည့်အရာကို ငါပြောခဲ့သနည်း။ (“သမ္မာတရားသည် လူတို့၏ ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်ခြင်းများနှင့် ဘုရားသခင်အား ကိုးကွယ်ခြင်းတို့အတွက် စံသတ်မှတ်ချက် ဖြစ်ပါသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၃))) မှန်သည်။ သမ္မာတရားသည် လူ၏ကျင့်ကြံပြုမူခြင်း၊ လုပ်ရပ်များ၊ ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့အတွက် စံသတ်မှတ်ချက်ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားသည် လူတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်ဟု လူတို့ယုံကြည်သော အရာများနှင့် သက်ဆိုင်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ထိုလူ့အရာများသည် မည်သည့်နေရာမှ လာသနည်း။ (စာတန်၏ ရှင်သန်ရေး အတွေးအခေါ်နှင့် ရိုးရာယဉ်ကျေးမှုက လူ့အတွင်းသို့ သွတ်သွင်းခဲ့သော အတွေးအချို့မှ လာပါသည်။) မှန်သည်။ အတိအကျဆိုရလျှင် ဤအရာများသည် စာတန်ထံမှ အရင်းခံသည်။ လူသားအတွင်းသို့ ဤအရာများကို သွတ်သွင်းပေးသော ထင်ပေါ်ကျော်ကြားသည့် လူများမှာ မည်သူတို့ဖြစ်သနည်း။ ၎င်းတို့သည် စာတန်ပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့၏ ထိုခေါင်းဆောင်များ အားလုံးသည် စာတန်ဖြစ်သည်။ ၎င်းတို့သည် ရှင်သန်နေသော၊ အသက်ရှူနေသော စာတန်ပင် ဖြစ်သည်။ တရုတ်လူမျိုးတို့က ထောက်ခံအားပေးသော ဤဆိုရိုးစကားများကိုသာ ကြည့်လော့။ “အဝေးမှ မိတ်ဆွေတစ်ယောက် လာသောအခါ အလွန်ဝမ်းမြောက်ဖွယ်ဖြစ်သည်”၊ “ရောက်နေပြီဖြစ်ရကား နေသွားလိုက်သည်က ကောင်းမည်”၊ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်”၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “သားသမီးဝတ်မကျေခြင်း သုံးမျိုးတွင် အမွေဆက်ခံသူ မရှိခြင်းသည် အဆိုးဆုံးဖြစ်သည်”၊ “အသက်ရှင်သူများ၏အမြင်တွင် ကွယ်လွန်ပြီးသူများသည် ကြီးမြတ်ကြ၏။”၊ “လူတစ်ယောက် သေခါနီးဖြစ်သောအချိန်၌ သူ၏ စကားများသည် မှန်ပြီး ကြင်နာမှုရှိသည်”။ ဤစကားများကို အသေအချာ စိစစ်လော့။ ၎င်းတို့ထဲမှ တစ်ခုတလေက သမ္မာတရားဟုတ်သလော။ (မဟုတ်ပါ။) ဤအရာအားလုံးသည် ပေါက်ကရများ၊ အတွေးမှားများဖြစ်သည်။ ငါ့ကို ပြောလော့။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက်တွင် ဤအတွေးမှားများနှင့် ပေါက်ကရများကို သမ္မာတရားအဖြစ် တလွဲထင်ကြသည်မှာ မည်မျှမိုက်မဲသနည်း။ ဤလူတို့သည် သမ္မာတရားအား နားလည်သဘောပေါက်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ဤသို့သော လူတို့သည် အဓိပ္ပာယ်မရှိသော လူစားများဖြစ်ပြီး သမ္မာတရားအား နားလည်သဘောပေါက်နိုင်စွမ်း လုံးဝ မရှိပေ။ သင်တို့ကမူ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးနောက်တွင် သမ္မာတရား၏ အသိပညာအနည်းငယ်ကို မပိုင်ဆိုင်သလော။ (ပိုင်ဆိုင်ပါသည်။) သမ္မာတရားသည် အဘယ်ကလာသနည်း။ (ဘုရားသခင်ထံမှ လာပါသည်။) သမ္မာတရားသည် ဘုရားသခင်ထံမှ လာ၏။ ဘုရားသခင်က မပြောထားသည့် မည်သည့်စကားကိုမျှ မယုံကြည်နှင့်။ ထိုဆိုးယုတ်သော ရှင်သန်ရေး အတွေးအခေါ်များနှင့် ရိုးရာယဉ်ကျေးမှုမှလာသော ထိုအယူအဆများသည် သမ္မာတရားမဟုတ်ပေ။ လူတစ်ယောက်သည် ထိုအရာများနှင့်အညီဖြစ်စေ၊ ထိုသို့သောအရာများကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိ၍ဖြစ်စေ လူများ၊ အမှုအရာများကို မရှုမြင်ရ၊ သို့မဟုတ် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်း မပြုရ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် ဘုရားသခင်ထံမှ မလာသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ခုသည် ရိုးရာယဉ်ကျေးမှုမှ လာသည်ဖြစ်စေ၊ ကျော်ကြားသောသူ တစ်ယောက်ယောက်ထံမှ လာသည်ဖြစ်စေ၊ သင်ယူခြင်းမှ၊ သို့မဟုတ် လူ့အဖွဲ့အစည်းမှ ထွက်ပေါ်လာသောအရာဖြစ်စေ၊ မည်သည့်မင်းဆက်၊ သို့မဟုတ် လူမျိုးထံမှ ဆင်းသက်လာသည်ဖြစ်စေ လူထံမှ လာသောအရာ ဖြစ်နေသရွေ့ သမ္မာတရား မဟုတ်။ သို့တိုင်အောင် ဤအရာတို့သည် လူတို့က သမ္မာတရားအဖြစ် မှတ်ယူသော၊ သမ္မာတရားအစား လိုက်စားပြီး လက်တွေ့လုပ်ဆောင်သော အရာများ အတိအကျပင် ဖြစ်နေသည်။ ဤအချိန်တစ်လျှောက်လုံးတွင် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေသည်၊ ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့ နီးစပ်နေသည်ဟု ထင်ကြသည်။ အမှန်တကယ်တွင်မူ အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်နေ၏။ သင်သည် ဤအရာများကို အခြေခံပြီး လိုက်စားကာ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပို၍ပို၍ ဝေးကွာသွားပြီး သမ္မာတရားနှင့် ပို၍ပို၍ ဝေးကွာသွားသည်။

လူက ကောင်းသည်၊ အပြုသဘောဆောင်သည်ဟု မြင်သောအရာများကို သမ္မာတရားအဖြစ် လူတို့တလွဲထင်ခြင်းနှင့် ထိုအရာများကို သမ္မာတရားကဲ့သို့ လိုက်စားခြင်းသည် ပင်ကိုအားဖြင့် အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်၏ အမှုတော်ကို လက်ခံထားပြီး ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုထားသောသူများသည် အဘယ်သို့လျှင် လူက ကောင်းသည်ဟု မြင်သောအရာများကို သမ္မာတရားအဖြစ် တလွဲထင်မြဲ ထင်နေပြီး သမ္မာတရားကဲ့သို့ လိုက်စားမြဲ လိုက်စားနေရသနည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤသည်မှာ ထိုလူများသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားမလည်ကြောင်း၊ သမ္မာတရားကို အမှန်တကယ် သိမြင်မှုမရှိကြောင်း ပြရန် လုံလောက်သည်။ ဤသည်မှာ “ဤအရာများသည် သမ္မာတရားမဟုတ်သည်ကို ကြည့်လျှင် လူတို့သည် ဤအရာများကို ဆက်လက်၍ လက်တွေ့လုပ်ဆောင်နေသော်လည်း သမ္မာတရားအား ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည်ဟု အဘယ်သို့ ထင်မြင်နိုင်ရသနည်း” ဟူ၍ ငါယခုမေးခဲ့သည့် မေးခွန်းတွင်ရှိသော အချက်တစ်ချက်ဖြစ်သည်။ အခြားအချက်ကို ငါပြောမည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သော အချက်ဖြစ်သည်။ မိမိတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်၊ အပြုသဘောဆောင်သည်ဟု မှတ်ယူသော အရာများမှာ သမ္မာတရားဖြစ်သည်ဟု လူတို့က ယုံကြည်ကြပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် အကွက်ချကြံစည်ကြသည်။ ဘုရားသခင်ကျေနပ်အောင် ၎င်းတို့လုပ်ပြီး၍ ဘုရားသခင်က ပျော်ရွှင်သောအခါ လူအပေါ် ဘုရားကတိပြုထားသော ကောင်းချီးများကို ဘုရားက ၎င်းတို့အား ချပေးလိမ့်မည်ဟုလည်း ယုံကြည်ကြသည်။ ဤအကွက်ချကြံစည်မှုမှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားခြင်းဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် လူတို့သည် မမှန်ကန်သော၊ အဓိပ္ပာယ်မရှိသော နားလည်မှုကို သိုထားလျက် ဤအရာများကို ကိုင်စွဲပြီး လိုက်စားကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့်အတူ ဘုရားသခင်နှင့် အပေးအယူလုပ်ရန်လည်း ကြိုးစားကြသည်။ ဤသည်မှာ အခြားအချက်တစ်ခုဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ယခင်က ဤအချက်အကြောင်းကို ငါတို့ ကြိမ်ဖန်များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် ဤအရာကို အသေးစိတ်ပြောမည်မဟုတ်။ ဤသို့ဆိုလျှင် ငါ သင်တို့ကို မေးမည်။ ဘုရားသခင်အား ယုံကြည်သောသူတစ်ယောက်သည် စွန့်လွှတ်သောအခါ၊ ဒုက္ခခံသောအခါ၊ မိမိကိုယ်ကို အသုံးခံပြီး ဘုရားသခင်အတွက် အဖိုးအခပေးဆပ်သောအခါ ဤသို့ သူလုပ်ဆောင်ရာတွင် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခု မရှိသလော။ (ရှိပါသည်။) “ကျွန်ုပ် ဘာကိုမျှ မလိုချင်ပါ။ ဘာကိုမျှလည်း မတောင်းဆိုပါ။ အခြေအနေများက မည်သို့ပင် ဖြစ်နေပါစေ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပါမည်။ အဖိုးအခပေးဆပ်ပါမည်။ ဤအရာသာ ရှိပါ၏။ ကိုယ်ပိုင်ဆန္ဒများ၊ ရည်မှန်းချက်များ တစ်ခုမျှ မရှိပါ။ ဘုရားက ကျွန်ုပ်ကို မည်သို့ဆက်ဆံပါစေ ကိစ္စမရှိပါ။ ဘုရားက ကျွန်ုပ်ကို ဆုချီးမြှင့်ကောင်း ချီးမြှင့်နိုင်သည်။ မချီးမြှင့်ဘဲလည်း နေနိုင်သည်။ မည်သို့ပင် ဖြစ်ပါစေ ကျွန်ုပ်သည် ဘုရား၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်ကိုယ်ကျွန်ုပ် ပေးဆပ်ခဲ့ပါသည်။ အားလုံးကို စွန့်လွှတ်ခဲ့ပါသည်။ အဖိုးအခပေးဆပ်ပြီး ဒုက္ခခံခဲ့ပါသည်” ဟု ပြောသောသူ တစ်ယောက်ယောက်ရှိသလော။ ဤသို့သောသူများ ရှိသလော။ (မရှိပါ။) ယခုအထိ ဤသို့သောသူမျိုး မမွေးသေးပေ။ အချို့က “ဤသို့သော လူမျိုးသည် လက်တွေ့ဘဝနှင့် ကင်းကွာနေမှ ရမည်” ဟု ဆိုနိုင်သည်။ လူတစ်ယောက်သည် လက်တွေ့ဘဝနှင့် ကင်းကွာနေလျှင်ပင် ဤသို့ဖြစ်မည်မဟုတ်။ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပြင် ရည်မှန်းချက်များနှင့် ဆန္ဒများရှိနေဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားဆဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဤမေးခွန်းတွင်ရှိသော ဒုတိယအချက်မှာ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် မှန်သည်ဟု ယုံကြည်သော အရာများကို သမ္မာတရားအဖြစ် မှတ်ယူလိုက်သည်နှင့် အကွက်ချ ကြံစည်ကြခြင်းပင် ဖြစ်သည်။ ထိုအကွက်ချကြံစည်မှုမှာ အဘယ်နည်း။ လူအတွက် ဘုရားသခင်ကတိပြုထားသော ကောင်းချီးများနှင့်၊ လှပသော ခရီးပန်းတိုင်နှင့် လဲလှယ်ရန်အတွက် ဤအရာများကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ခုအား လူက အပြုသဘောဆောင်သည်ဟု မှတ်ယူသရွေ့ ယင်းသည် မှန်ကန်ရမည်ဟု ၎င်းတို့က ယုံကြည်၏။ ထို့ကြောင့် ၎င်းတို့သည် မှန်ကန်သည်ဟု ၎င်းတို့ယုံကြည်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး လိုက်စားကြသည်။ ပြီးလျှင် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို သေချာပေါက်ခံရမည်ဟု ထင်ကြသည်။ ဤသည်မှာ လူ၏ အကွက်ချကြံစည်မှုဖြစ်သည်။ ဤဒုတိယအချက်သည် လူတို့က ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ ဆန္ဒများကို ဖြည့်ဆည်းဖို့ ကြိုးစားခြင်း၊ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားခြင်းတို့နှင့်သာ လုံးလုံး သက်ဆိုင်သည်။ ဤအရာကို သင်မယုံကြည်လျှင် လူတို့အပေးအယူလုပ်ခြင်းကို တားမြစ်ဖို့ ကြိုးစားကြည့်လော့။ ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖယ်ရှားကြည့်လော့။ ၎င်းတို့၏ ဆန္ဒများ၊ ရည်မှန်းချက်များကို လွှတ်ချခိုင်းကြည့်လော့။ ၎င်းတို့သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန် အားအင်များ ရုတ်တရက် ဆုံးရှုံးသွားလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများ လုပ်ဆောင်ရန် အားအင်ကို ဆုံးရှုံးမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ တက်လမ်းများနှင့် ကံကြမ္မာကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်ခုမျှ မရှိတော့ကြောင်း၊ ရရှိစရာ တစ်ခုမျှမရှိကြောင်း ခံစားရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သော အရာသည် သမ္မာတရားမဟုတ်။ ၎င်းတို့ လိုက်စားသော အရာသည်လည်း သမ္မာတရားမဟုတ်။ အပြုသဘောဆောင်သည်ဟု ၎င်းတို့စိတ်ကူးထင်မြင်သော အရာများသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များ ပျက်စီးသွားသောအခါ ထိုအရာများအတွက်ပင် ပေးဆပ်လိုစိတ် ၎င်းတို့၌ မရှိတော့ပေ။ ငါ့ကို ပြောလော့။ လူတို့တွင် မည်သည့်အရာ ရှိသနည်း။ စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ (မရှိပါ။) ပို၍တစ်ဆင့်တက်ပြီး ပြောရလျှင် လူတို့သည် သစ္စာရှိသလော။ လူအချို့က “ယခု မည်သည့်အရာကို ဘုရားသခင် ပြောသည်ဖြစ်စေ ကျွန်ုပ်တို့ သူ့နောက် လိုက်ပါမည်။ ဘုရားက မည်သည့်အရာကို ပြောသည်ဖြစ်စေ ကျွန်ုပ်တို့ အပျက်သဘောမဆောင်ပါ။ စိတ်ဓာတ်မကျပါ။ အရှုံးပေးဖို့ မပြောနှင့်၊ နောက်ပင် မဆုတ်ပါ။ ကျွန်ုပ်တို့ကို ဘုရားအလိုမရှိလျှင်ပင်၊ ကျွန်ုပ်တို့သည် အစေခံသူများ၊ ကြိုးပမ်းလုပ်ဆောင်သူများ ဖြစ်ကြောင်း၊ သမ္မာတရားကို လိုက်စားသူများ မဟုတ်ကြောင်း၊ ကျွန်ုပ်တို့တွင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိကြောင်း ဘုရားက ပြောလျှင်ပင် ကျွန်ုပ်တို့သည် တွန့်ဆုတ်မနေဘဲ ဘုရားနောက်ကို ဆက်လိုက်ပြီး တာဝန်များကို ထမ်းဆောင်မြဲ ထမ်းဆောင်နေမည်ပင်။ ဤသည်မှာ သစ္စာရှိခြင်း မဟုတ်သလော။ ယုံကြည်ခြင်းရှိခြင်း မဟုတ်သလော။ သစ္စာရှိခြင်းနှင့် ယုံကြည်ခြင်းရှိခြင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် အတူတူပင်ဖြစ်သည် မဟုတ်သလော။ ဤသည်မှာ ကျွန်ုပ်တို့သည် သမ္မာတရားကို အတိုင်းအတာတစ်ခုအထိ လိုက်စားနေသည်ဟု မဆိုလိုပါသလော” ဟူ၍ ပြောကောင်း ပြောနိုင်သည်။ ငါ့ကို ပြောလော့။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းမဟုတ်ဟု ပြောခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လူ၏ “အသက်သွေးကြောများ” အားလုံး ပိတ်သွားပြီဖြစ်ကြောင်း၊ ၎င်းတို့၌ ဖမ်းဆုပ်စရာ ကောက်ရိုးတစ်မျှင်ပင် မရှိတော့ကြောင်း ဆိုလိုသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ လုပ်ဆောင်၍ ရသည့်အရာ တစ်ခုခုရှိသလော။ ဤအရာနှင့်ပတ်သက်ပြီး လူတို့ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုခုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအရာကို ကြားပြီးနောက်တွင် လူတို့သည် မည်သို့ခံစားရသနည်း။ “ဤသို့ဆိုလျှင် ကျွန်ုပ်၌ ကောင်းချီးခံစားရမည့် မျှော်လင့်ချက် မရှိဟု အကယ်ပင် ဆိုလိုပါသလော။ မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း” ဟူ၍ အလွန်အမင်း စိတ်ပျက်ကြသည်။ လူတို့သည် ဤအခြေအနေများတွင် လုံးဝ လမ်းပျောက်ကုန်ကြ၏။ ယခုအခါ ငါ၏ စကားများက သင်တို့၏ “အသက်သွေးကြောများ” အားလုံးကို ဖယ်ရှားပြီးပြီဖြစ်၍ သင်တို့သည် ဤနေရာမှ မည်သည့်နေရာသို့ သွားမည်ကို ငါ ကြည့်မည်။ အချို့က “ကြိုးပမ်းလုပ်ဆောင်ခြင်း၊ အပေးအယူလုပ်ဖို့ ကြိုးစားခြင်း၊ မူမမှန်သည့် နားလည်မှုတို့ ရှိနေခြင်း၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခြင်းတို့က မမှန်ဟု ဆို၏။ ဤသို့ဖြစ်လျှင် မည်သည့်အရာများက လုပ်ဆောင်ဖို့ မှန်ကန်သည့်အရာများ ဖြစ်သနည်း။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ ကျွန်ုပ်တို့သည် ဘုရားကို စွန့်ခွာသွားမည် မဟုတ်ပါ။ မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်မည်ပင်။ ဤသည်က သမ္မာတရားကို လိုက်စားခြင်းနှင့် မညီမျှပါသလော” ဟု ပြောကြသည်။ ဤမေးခွန်းကို ရှင်းလင်းစွာ နားလည်ထားရမည်။ လူတို့သည် သမ္မာတရားကို နားမလည်ဘဲ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး မူမမှန်သော နားလည်မှုကို အစဉ်သိုထားသောကြောင့် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်၊ ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဆိုးဝါးသော အမှားဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် လူတို့သည် ယင်းတို့ကို စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ရမည်။ လူ၏ အယူအဆများ၊ စိတ်ကူးများကို အခြေခံပြီး လုံးဝ မလုပ်ဆောင်ရပေ။ ဘုရားသခင် အလိုရှိသော အရာသည် ရိုးသားစစ်မှန်သော စိတ်နှလုံး၊ ဘုရားကိုချစ်သော စိတ်နှလုံး၊ သူ့အား ကျေနပ်စေသော စိတ်နှလုံးဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းကသာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံသောအခါ အစဉ်သဖြင့် ဘုရားနှင့် အပေးအယူလုပ်ရန် ဆန္ဒရှိနေလျှင်၊ သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းရန် ဆန္ဒရှိနေလျှင် သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူသည် သမ္မာတရားကို ဆော့ကစားနေခြင်း၊ နင်းခြေနေခြင်းဖြစ်ပြီး ကြောင်သူတော်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်သည် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို လက်ခံနိုင်လျှင်၊ ကောင်းချီးရရန်ဖြစ်သည့် သူ၏ရည်ရွယ်ချက်များ၊ ဆန္ဒများ ပျက်စီးသွားသော်လည်း၊ မျှော်လင့်စရာ မည်သည့်အရာမျှ မရှိသော်လည်း၊ တွန်းအားပေးသည့်အရာ လုံးဝ မရှိသော်လည်း ဘုရားသခင်ကို မစွန့်ခွာဘဲ တာဝန်ကို ဆက်လက်ထမ်းဆောင်လျှင် ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသလော။ ငါမြင်သည်မှာ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံပြီး ဤအရာကို တိုင်းတာလျှင် ဤအရာသည် သမ္မာတရား လိုက်စားခြင်း မဟုတ်သေးပေ။ သမ္မာတရားအား လိုက်စားခြင်း၏ စံနှုန်းနှင့် လုံးဝ မကိုက်ညီပေ။ ယခုတွင် ငါတို့၌ သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်သည့် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိပြီဖြစ်သောကြောင့် လူတို့၏ လုပ်ရပ်များ၊ အပြုအမူအနေအထိုင်များ၊ သရုပ်သကန်များကို အကဲဖြတ်သောအခါ ဤအရာကို တင်းကျပ်စွာ လိုက်နာသင့်သည်။ မျှော်လင့်စရာ ကောင်းချီးများ မရှိသော်လည်း ဘုရားသခင်နှင့် ဆက်လက်နေထိုင်ပြီး တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်သည့် လူတစ်ယောက်၏ စွမ်းပကားကို အခြေခံ၍ မည်သည့်အကဲဖြတ်မှုကို ပြုလုပ်နိုင်သနည်း။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် ချီးကျူးထိုက်သောအရာနှစ်ခုနှင့်အတူ မွေးဖွားလာကြောင်း၊ ထိုအရာများကို အသုံးချနိုင်လျှင် အနည်းဆုံးအဆင့်အနေဖြင့် ဘုရားသခင်နောက်သို့ သင်လိုက်ရန် သေချာသွားမည်ဖြစ်ကြောင်းပင်။ ဤအရာနှစ်ခုသည် မည်သည့်အရာဖြစ်သည်ကို သင်တို့ သိသလော။ (အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပါသည်။) မှန်သည်။ လူ၏ လူ့သဘာဝအတွင်းတွင် တန်ဖိုးအရှိဆုံးသောအရာ နှစ်ခုရှိသည်။ လူတို့သည် သမ္မာတရားကို နားမလည်သော်လည်း၊ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကာ ဘုရားသခင်၏ သတ်မှတ်ချက်များအပြင် သမ္မာတရားနှင့် ပတ်သက်ပြီး မည်သည့်သိမြင်မှု၊ သို့မဟုတ် ဝင်ရောက်မှုမျှ မရှိသော်လည်း ၎င်းတို့၏ နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်၏။ ၎င်းတို့အား ဤအရာကို စွမ်းဆောင်နိုင်စေသည့် အခြေခံ ကြိုတင်သတ်မှတ်ချက်သည် အဘယ်နည်း။ ၎င်းတို့၌ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိနေ၍ ဖြစ်ရပေမည်။ ဤသို့ဆိုလျှင် အဖြေက ရှင်းသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အတွက်၊ ကောင်းချီးခံစားရရန် ဆန္ဒ၊ သို့မဟုတ် ရည်မှန်းချက် မရှိသည့်အတွက်၊ ကောင်းချီးခံစားရဖို့ဖြစ်သည့် ၎င်းတို့၏ ဆန္ဒက ဖယ်ရှားခြင်းခံလိုက်ရသည့်အတွက် ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်ပြီး ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ဆဲ ဖြစ်နေလျှင် မည်သည့်အရာကို အခြေခံပြီး ၎င်းတို့ ဤသို့ လုပ်ဆောင်ကြသနည်း။ မည်သည့်အရာက ၎င်းတို့ကို တွန်းအားပေးနေသနည်း။ ၎င်းတို့၏ လုပ်ရပ်များအတွက် အခြေပြုချက်၊ သို့မဟုတ် တွန်းအားမရှိပေ။ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို လူတို့ ပိုင်ဆိုင်သရွေ့ ဤအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သည်။ ယခုတွင် အခြေအနေက ဤသို့ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ အယူဝါဒများအပေါ် သင်၏ နားလည်မှုကလည်း အသုံးမဝင်ပေ။ ဤသည်မှာ သင်သည် သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ သင့်ကိုယ်သင်အတွက် တက်လမ်းများနှင့် ကံတရားနောက်ကို လိုက်ရန်အလို့ငှာ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားခြင်းသည် မှားယွင်းကြောင်း သင်သိသည်။ သို့သော် တက်လမ်းများနှင့် ကံတရားအား လိုက်စားမှုအပြင် ကောင်းချီးခံစားရလိုသည့် ဆန္ဒတို့ ရှုတ်ချခံရကာ သင့်ထံမှ ဖယ်ရှားခံရပြီးနောက်တွင် သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန် လိုလိုချင်ချင် ဖြစ်နေဆဲဖြစ်လျှင် အကယ်ပင် ထူးခြားပြောင်မြောက်နေပေလိမ့်မည်။ သင်သည် သမ္မာတရားကို မရရှိသေးဘဲ ဘုရားသခင်နောက်သို့ လိုက်နိုင်လျှင် ဤသည်မှာ မည်သည့်အရာအပေါ်တွင် မူတည်နေမည်နည်း။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားပေါ်တွင် မူတည်နေပေမည်။ လူတစ်ယောက်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် သူ၏ သာမန်ဖြစ်တည်မှု၊ အသက်နှင့် လူများ၊ အမှုအရာများအပေါ် ဆက်ဆံမှုတို့ကို ပံ့ပိုးပေးနိုင်သည်။ ဤသို့ဆိုလျှင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံပြီး သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတို့ကြား ကွာဟချက်မှာ အဘယ်နည်း။ သမ္မာတရားကို လိုက်စားသည့် လူတစ်ယောက်ဖြစ်ကြောင်း ပြသမှုမှာ ထိုသူသည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုသာ အခြေခံပြီး လုပ်ဆောင်သောသူများကမူ သမ္မာတရားကို လိုက်စားခြင်း မရှိနိုင်ချေ။ သို့သော် ၎င်းတို့၏ မှတ်တမ်းတွင် နာမည်ပျက်မရှိဘဲ ကြိုးပမ်းလုပ်ဆောင်နိုင်ဆဲ၊ တာဝန်များကို ထမ်းဆောင်နိုင်ဆဲ၊ ဘုရားအိမ်တော်တွင် ဆက်လက်ရှိနေနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ မည်သည့်အရာအပေါ်တွင် မူတည်သနည်း။ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည့်အစား ၎င်းတို့အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံသတ်မှတ်ချက်အပေါ်တွင် အခြေခံပြီး ထိုသို့ဆောင်ရွက်ကြသည်။ ထို့ကြောင့် ဤအရာကို စိတ်တွင်ထား၍ ပြောရမည်ဆိုပါက သင်သည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုသာ အခြေခံပြီး တာဝန်ထမ်းဆောင်ရုံမျှ ထမ်းဆောင်လျှင် ဤအရာနှင့် သမ္မာတရားအား လိုက်စားခြင်းကြားတွင် ကွာဟချက်တစ်ခု မရှိသလော။ (ရှိပါသည်။) မိမိ၏ အသိစိတ်၊ ဆင်ခြင်တုံတရားကို အခြေခံပြီး တာဝန်ထမ်းဆောင်ခြင်းသည် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့်သာ ကျေနပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းစွာ ကြိုးပမ်းလုပ်ဆောင်ခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများ မပြုလုပ်ခြင်း၊ လိုက်နာခြင်းနှင့် နာခံခြင်း၊ ကောင်းသော အပြုအမူများအပြင် အခြားသူများနှင့် ဆက်ဆံရေးကောင်းများကိုပါ ပိုင်ဆိုင်ခြင်း၊ မိမိ၏ မှတ်တမ်းတွင် နာမည်ပျက်မရှိခြင်းကဲ့သို့သော အရာများကို မိမိ၏ စံနှုန်းအဖြစ် ယူခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းအဆင့်နှင့် ညီသလော။ မညီချေ။ လူတစ်ယောက်သည် ကောင်းသော အပြုအမူ မည်မျှကို ပိုင်ဆိုင်သည်ဖြစ်စေ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးဝ သိမြင်မှုမရှိလျှင်၊ သူ၏ ပုန်ကန်မှု၊ အယူအဆများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆအမှားများ၊ သူ၏ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အခြေအနေများနှင့် သက်ဆိုင်သည့် အသိပညာတစ်စုံတစ်ရာလည်း မရှိလျှင်၊ ဤအရာများကို ဖြေရှင်းရန် သူ့အတွက် မဖြစ်နိုင်လျှင်၊ သမ္မာတရားအား လိုက်စားခြင်း၏ စည်းမျဉ်းများကို နားလည်ရန် သူ့အတွက် မဖြစ်နိုင်လျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖွင့်ပြခြင်းတစ်ခုကိုမျှ မဖြေရှင်းရသေးလျှင်၊ သူသည် မာနထောင်လွှားနေဆဲ၊ မိမိကိုယ်ကို အမှန်ထင်နေဆဲ၊ တစ်ဖက်သတ်ဆန်ပြီး မဆင်မခြင်ပြုလုပ်နေဆဲ၊ ကောက်ကျစ်ပြီး လှည့်စားနေဆဲဖြစ်လျှင်၊ အပျက်သဘောဆောင်ပြီး အားနည်းလာကာ ဘုရားသခင်အား သံသယဖြစ်သော အချိန်များပင် ရှိလျှင်၊ အစရှိသည့် အရာများသည် သူ၏ အတွင်းတွင် ရှိနေဆဲဖြစ်လျှင် သူသည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံခြင်းကို စွမ်းဆောင်နိုင်သလော။ သူ၏အတွင်းတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေဆဲဖြစ်လျှင် သူသည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် တွေ့ကြုံနိုင်မည်လော။ လူတစ်ယောက်သည် ကောင်းသော အပြုအမူများကိုသာ ပိုင်ဆိုင်လျှင် ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းဖြစ်ကြောင်း ပြသခြင်း ဟုတ်သလော။ (မဟုတ်ပါ။) လူတွင်ရှိသော အကောင်းဆုံးသော အရာများမှာ အဘယ်နည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသာ ဖြစ်သည်။ ဤအရာနှစ်ခုသည်သာ အပြုသဘောဆောင်သော အရာများဖြစ်သည်။ ပြီးလျှင် ဤအရာတို့သည် လူတွင် ချီးကျူးထိုက်သောအရာများ ဖြစ်သည်။ သို့ရာတွင် ယင်းတို့အထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် မဆက်စပ်ပေ။ ယင်းတို့သည် လူ၏ သမ္မာတရားအား လိုက်စားခြင်းအတွက် အခြေခံအကျဆုံး ကြိုတင်သတ်မှတ်ချက်ထက် မပိုပေ။ အဓိပ္ပာယ်မှာ သင်သည် လူ့သဘာဝ၏ သာမန် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လျှင်၊ သမ္မာတရားကို နားလည်နိုင်လျှင် သင့်ထံ၌ အမှုအရာများ ဖြစ်ပျက်လာသောအခါ မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်လိမ့်မည်။ လူက ပိုင်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားမှာ ဤသို့ဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း သခင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံဖြစ်သည်။ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ဆက်ကပ်အပ်နှံပြီး သင့်ကိုယ်သင် အသုံးခံမှသာ မှန်ကန်သည်။ ဘုရားနှုတ်ကပတ်တော်အား သင်နားထောင်မှသာ မှန်ကန်သည်။ ဤ“ပြုလုပ်မှသာ မှန်ကန်သည်” ဆိုသည်ကို သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ဆုံးဖြတ်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များကို သင်နားထောင်ပြီးပြီလော။ သင့်လုပ်ရပ်များ၏ နောက်ကွယ်ရှိ စည်းမျဉ်းနှင့် နည်းလမ်းများမှာ အဘယ်နည်း။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ ယင်းကို သင်စွန့်ပစ်ပြီးပြီလော။ ဖြေရှင်းပြီးပြီလော။ ဤသို့သောအရာများသည် “ပြုလုပ်မှသာ မှန်ကန်သည်” ဆိုသည့်အရာနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ပြုလုပ်မှသာ မှန်ကန်သည်ဆိုသည့်အရာနှင့် မည်သို့ပြုမူဆောင်ရွက်မှသာ မှန်ကန်သည်ဆိုသည့် ဤအခြေခံအုတ်မြစ်ထက်ပို၍ မလုပ်ဆောင်လျှင်၊ “ပြုလုပ်မှသာ မှန်ကန်သည့်” အရာ၏ ကန့်သတ်ချက်ဘောင်များအတွင်းသာ နေထိုင်လျှင် ဤသည်မှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုတစ်ခုဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) သင်၏ ဆင်ခြင်တုံတရားက သင့်အား ပြောသည်။ “ဘုရားက ငါ့ကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် သူ့အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်၏။ ဘုရားက ငါ့အသက်ကို ကယ်တင်ခဲ့ပြီး ငါ့အား ဒုတိယအသက်ကို ပေးခဲ့သည်။ ထို့ကြောင့် သူ၏ ချစ်ခြင်းကို ပြန်ပေးဆပ်မှသာ မှန်ကန်လိမ့်မည်။ ဘုရားသခင်က ဖန်ဆင်းခြင်းသခင်ဖြစ်သည်။ ငါမူကား ဖန်ဆင်းခံဖြစ်၏။ ထို့ကြောင့် ဘုရား၏ စီစဉ်ပေးမှုများကို ငါနာခံသင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှု မဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုကြောင့် လူတို့တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အပြုအမူများ၊ ကျင့်သုံးမှု ပုံစံများ၊ သဘောထားများနှင့် အမြင်များသည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက သဘာဝအလျောက် စွမ်းဆောင်နိုင်သော ကန့်သတ်ချက်ဘောင်များကို မကျော်လွန်ချေ။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဆင့်ကို မမီပေ။ ဤသို့ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် လူအချို့က “ဘုရားအိမ်တော်က ကျွန်ုပ်ကို တာဝန်ထမ်းဆောင်ခွင့်ပေး၍ မြှင့်တင်ပေးခဲ့သည်။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ကျွေးမွေးသည်။ ဝတ်ဆင်ပေးသည်။ အိုးအိမ်ပြင်ဆင်ပေးသည်။ ဘုရားအိမ်တော်က ကျွန်ုပ်ဘဝ၏ ကဏ္ဍတိုင်းကို ကြည့်ရှုစောင့်ရှောက်ပေးသည်။ ဘုရား၏ ကျေးဇူးတော်များစွာကို ကျွန်ုပ်ခံစားထားရပါသည်။ ထို့ကြောင့် ဘုရား၏ ချစ်ခြင်းကို ကျွန်ုပ်ပြန်ပေးဆပ်သင့်၏။ နှောင့်ယှက်၊ ဖျက်ဆီးခြင်း တစ်စုံတစ်ရာကို လုပ်ရန် မဆိုထားနှင့်၊ မိမိတာဝန်၌ ဝတ်ကျေတမ်းကျေလုပ်ခြင်းဖြင့် ဘုရားအား လှည့်စားခြင်းကိုပင် မလုပ်သင့်ပါ။ ကျွန်ုပ်အတွက် ဘုရားအိမ်တော်က စီစဉ်ပေးသည့်အရာမှန်သမျှကို နာခံလိုစိတ်ရှိပါသည်။ ဘုရားအိမ်တော်က ကျွန်ုပ်ကို မည်သည့်အရာ လုပ်ခိုင်းသည်ဖြစ်စေ ကျွန်ုပ်ညည်းညူမည် မဟုတ်ပါ” ဟူ၍ ဆိုနိုင်သည်။ ဤသို့သော ကြေညာမှုမျိုးက ပြဿနာမရှိပေ။ ဤအရာကို လုပ်ဆောင်ရန်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ယောက်အတွက် အလွန် လွယ်ကူသည် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအရာသည် သမ္မာတရားအား လိုက်စားခြင်းအဆင့်သို့ တက်နိုင်သလော။ (မတက်နိုင်ပါ။) သမ္မာတရားအား လိုက်စားခြင်းအဆင့်ကို မမီပေ။ ထို့ကြောင့် လူတစ်ယောက်သည် အသိစိတ် မည်မျှ မြင့်မြတ်ပါစေ၊ ဆင်ခြင်တုံတရား မည်မျှပင် ပုံမှန်ဖြစ်ပါစေ၊ သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စိုးမိုးမှုအောက်တွင် အရာရာကို လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ သူ၏ လုပ်ရပ်များက မည်မျှသင့်တင့်လျောက်ပတ်ပါစေ၊ ဤလုပ်ရပ်များကို အခြားလူများက မည်မျှလေးစားပါစေ ဤအရာတို့သည် ကောင်းသော လူ့အပြုအမူများထက် မပိုပေ။ ၎င်းတို့ကို ကောင်းသော လူ့အပြုအမူများ၏ နယ်ပယ်အတွင်း၌သာ အမျိုးအစားသတ်မှတ်နိုင်သည်။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းအဆင့်ကို အခြေခံအားဖြင့် မမီပေ။ သူတစ်ပါးတို့နှင့် သင်၏ ဆက်ဆံရေးများကို သင်၏ အသိစိတ်ပေါ်တွင် အခြေခံထားသောအခါ သင်သည် စကားပြောဆိုရာတွင် အနည်းငယ်ပို၍ ယဉ်ကျေးသိမ်မွေ့လိမ့်မည်။ သူတစ်ပါးတို့ကို တိုက်ခိုက်မည်မဟုတ်၊ သို့မဟုတ် စိတ်ဆိုးမည်မဟုတ်။ သင်သည် အခြားလူများကို ဖိနှိပ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ခုတုံးလုပ်ခြင်း စသည်တို့ ရှိမည်မဟုတ်။ ဤအရာများအားလုံးသည် သာမန်လူ့သဘာဝ၏ အသိစိတ်ဖြင့် စွမ်းဆောင်ရရှိနိုင်သော အရာများဖြစ်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် သက်ဆိုင်သလော။ မသက်ဆိုင်ပေ။ ၎င်းတို့သည် လူ၏ အသိစိတ်ဖြင့် စွမ်းဆောင်ရရှိနိုင်သော အရာများဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားကြားတွင် အကွာအဝေးအတန်ငယ်ရှိသည်။

မိမိ၏ အသိစိတ်၊ ဆင်ခြင်တုံတရားကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ခြင်းနှင့် သက်ဆိုင်မှုမရှိဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဥပမာတစ်ခုပေးမည်။ ဆိုကြပါစို့။ လူတစ်ယောက်က သင့်အပေါ် ကြင်နာမှုရှိပြီး သင်က ထိုသူနှင့် ဆက်ဆံရေး အဆင်ပြေသည်။ သူသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး သင့်အား ဧဝံဂေလိ ဖြန့်ဝေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ထံသို့ ဧဝံဂေလိ ဖြန့်ဝေရန် ထိုသူအား အသုံးပြုခြင်းနှင့် အတူတူဖြစ်သည်။ သင်က ဘုရားသခင်၏ အမှုတော်အသစ်ကို လက်ခံပြီးနောက်တွင် သူ့အား ပို၍ပင် ကျေးဇူးတင်သွားသည်။ သူ့အား အစဉ် ကျေးဇူးဆပ်လိုသည်။ ထို့ကြောင့် သင်သည် သင်လုပ်ဆောင်သမျှတွင် သူ့အား အနည်းငယ် လွတ်လပ်စွာ ပြုမူခွင့်ပေးသည်။ သူ့အား သင်ပြောသမျှတွင် သင်သည် အစဉ်သဖြင့် အထူး ယဉ်ကျေးသည်။ သင်သည် သူ့အား အထူးပင် ရိုသေပြီး လေးစားလိုက်နာသည်။ သည်းခံသည်။ မည်သည့်မကောင်းသော အရာများကို သူလုပ်ဆောင်ပါစေ၊ သို့မဟုတ် သူ၏ စရိုက်လက္ခဏာက မည်သို့ရှိသည်ဖြစ်စေ သင်သည် သူ့အပေါ် စိတ်ရှည်ပြီး လိုက်လျောသည်။ အခက်အခဲတစ်ခုကို သူရင်ဆိုင်ရ၍ သင့်အား ဆက်သွယ်ကာ အကူအညီတောင်းသည့် အချိန်တိုင်းတွင် သင့်အနေနှင့် အကြွင်းမဲ့ ကူညီပေးသည်အထိပင် ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ မည်သည့်အရာက သင်၏ လုပ်ရပ်များအပေါ် သက်ရောက်နေသနည်း။ (ကျွန်ုပ်၏ အသိစိတ် ဖြစ်ပါသည်။) ဤသည်မှာ သင့်အသိစိတ်၏ သက်ရောက်မှုအနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ သင့်အသိစိတ်၏ ဤသက်ရောက်မှုကို အပြုသဘောဆောင်သည်၊ သို့မဟုတ် အပျက်သဘောဆောင်သည်ဟု ခေါ်ဆို၍ မရနိုင်ပေ။ သင့်တွင် အသိစိတ်ရှိသည်၊ လူ့သဘာဝ အနည်းငယ်ရှိသည်၊ တစ်ယောက်ယောက်က သင့်အပေါ် ကြင်နာပြသောအခါ သင်က ကျေးဇူးသိပြီး ပြန်လည်ကျေးဇူးဆပ်သည်ဟူ၍သာ ဆိုနိုင်သည်။ ထိုရှုထောင့်မှကြည့်လျှင် သင်က ကျေနပ်ဖွယ်ရာ လူတစ်ယောက် ဖြစ်သည်။ သို့သော် သမ္မာတရားအား အသုံးပြုပြီး ဤအရာကို တိုင်းတာရမည်ဆိုလျှင် မတူညီသည့် သုံးသပ်ချက်ကို ရရှိကောင်းရရှိနိုင်သည်။ ဆိုကြပါစို့။ တစ်နေ့တွင် ထိုလူသည် မကောင်းမှုလုပ်ပြီး အသင်းတော်၏ ရှင်းလင်းပစ်ခြင်းကို ခံရတော့မည်။ သင်ကမူ သူ့အား သင်၏ အသိစိတ်ဖြင့် တိုင်းတာဆဲဖြစ်ပြီး “ကျွန်ုပ်ကို ဧဝံဂေလိ ဖြန့်ပေးခဲ့သူမှာ သူပင်ဖြစ်သည်။ ကျွန်ုပ် အသက်ရှင်သရွေ့ သူ့၏ ကြင်နာမှုကို မေ့မည်မဟုတ်။ သူ့ကြောင့်သာ မဟုတ်လျှင် ဤနေရာတွင် ကျွန်ုပ်ရှိနေမည် မဟုတ်ပါ။ ယနေ့တွင် သူ့အနေနှင့် မကောင်းမှု လုပ်ခဲ့သော်လည်း သူ့ကို ကျွန်ုပ်ဖော်ထုတ်၍ မဖြစ်။ သူလုပ်ခဲ့သည့်အရာက မှားကြောင်းကို ကျွန်ုပ်မြင်သော်လည်း မှားသည်ဟု ပြော၍မဖြစ်။ အကြောင်းမှာ သူကျွန်ုပ်ကို များစွာ ကူညီပေးခဲ့၍ ဖြစ်သည်။ ကျွန်ုပ်သူ့ကို ပြန်ပြီး ကျေးဇူးဆပ်ချင်မှ ဆပ်နိုင်မည်။ သို့သော် သူ့ကို တိုက်ခိုက်၍ မဖြစ်ပါ။ တခြားတစ်ယောက်ယောက်က သူ့ကို တိုင်လိုလျှင် တိုင်ကြပါလေ့စေ။ ကျွန်ုပ်ကား တိုင်မည်မဟုတ်။ သူ့အနာထဲကို ကျွန်ုပ်ဆားသိပ်ပေး၍ မဖြစ်ပါ။ ထိုသို့လုပ်ပါက ကျွန်ုပ်သည် မည်သည့်လူစားမျိုး ဖြစ်သွားမည်နည်း။ အသိစိတ်မရှိသည့်သူ ဖြစ်သွားမည် မဟုတ်လော။ အသိစိတ်မရှိသည့်သူသည် သားရဲတိရစ္ဆာန်ပင် ဖြစ်သည် မဟုတ်ပါလော” ဟူ၍ ပြောသည်။ သင် မည်သို့ထင်သနည်း။ ဤသို့သော အခြေအနေမျိုးတွင် အသိစိတ်၏ သက်ရောက်မှုမှာ အဘယ်နည်း။ ထိုနေရာတွင် အသိစိတ်၏ သက်ရောက်မှုမှာ သမ္မာတရားကို မချိုးဖောက်သလော။ (ချိုးဖောက်ပါသည်။) လူတစ်ယောက် အသိစိတ်၏ သက်ရောက်မှုများသည် သူ့ခံစားချက်များ၏ ကန့်သတ်မှု၊ လွှမ်းမိုးမှုကို ခံရ၍ ရလဒ်အနေဖြင့် သူ၏ ဆုံးဖြတ်ချက်များသည် သမ္မာတရား စည်းမျဉ်းများနှင့် ကွဲလွဲနေသည်ကို ဤအရာမှ ငါတို့ မြင်နိုင်သည်။ အလားတူပင် အချက်အလက်တစ်ခုကို ငါတို့ ရှင်းလင်းစွာ မြင်နိုင်သည်။ လူတစ်ယောက် အသိစိတ်၏ သက်ရောက်မှုသည် သမ္မာတရား၏ စံနှုန်းထက် နိမ့်ကျသည်။ တစ်ခါတစ်ရံတွင် လူတို့သည် ၎င်းတို့၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်စဉ် သမ္မာတရားကို ချိုးဖောက်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားဖြင့် အသက်မရှင်ဘဲ ဤအစား သင်၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်လျှင် မကောင်းမှုလုပ်ပြီး ဘုရားကို အာခံနိုင်သလော။ သင်သည် မကောင်းသောအရာအချို့ကို အမှန်ပင် လုပ်ဆောင်နိုင်လိမ့်မည်။ မိမိ၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် မည်သည့်အခါမျှ မမှားဟု လုံးဝ မဆိုနိုင်ပေ။ ဤသည်မှာ လူတစ်ယောက်သည် ဘုရားသခင်အား ကျေနပ်စေပြီး ဘုရားအလိုတော်နှင့် ကိုက်ညီရန် ဆန္ဒရှိလျှင် မိမိ၏ အသိစိတ်ကိုသာ အခြေခံ၍ လုပ်ဆောင်ခြင်းသည် အလွန်ပင် လုံလောက်မှုမရှိကြောင်း ပြသည်။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန်အတွက် သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်ရမည်။ သင်သည် သင်၏ အသိစိတ်ကို သမ္မာတရားအဖြစ် သဘောထားပြီး အရာအားလုံးထက် သာလွန်သည်ဟု မှတ်ယူလျှင် သမ္မာတရားကို မည်သည့်နေရာတွင် သင်ထားရှိသနည်း။ သင်သည် သမ္မာတရားကို သင်၏ အသိစိတ်ဖြင့် အစားထိုးလိုက်ပြီဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို အာခံခြင်း မဟုတ်လော။ သမ္မာတရားကို ဆန့်ကျင်ခြင်း မဟုတ်လော။ သင်သည် သင်၏ အသိစိတ်ဖြင့် အသက်ရှင်လျှင် သမ္မာတရားကို ချိုးဖောက်နိုင်သည်။ သမ္မာတရားကို ချိုးဖောက်ခြင်းသည် ဘုရားသခင်ကို အာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် မိမိ၏ ပြောဆို၊ ပြုမူမှုများအတွက် စံနှုန်းအဖြစ် မိမိ၏ အသိစိတ်ကို ထားရှိကြသူများနှင့် မိမိ၏ အသိစိတ်ကို အခြေခံကာ ကျင့်ကြံပြုမူကြသည့် သူများလည်း များစွာရှိသည်။ မိမိ၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လုပ်ဆောင်ခြင်း ဖြစ်သလော၊ မဖြစ်သလော။ မိမိ၏ အသိစိတ်သည် သမ္မာတရားကို ဝင်ရောက်အစားထိုးနိုင်သလော။ မိမိ၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်ခြင်းနှင့် မည်သည့်ပုံစံဖြင့် အတိအကျ ကွာခြားနေသနည်း။ လူအချို့သည် မိမိတို့၏ အသိစိတ်ကို အခြေခံပြီး အစဉ် မရမက လုပ်ဆောင်ကြကာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူဖြစ်သည်ဟု ထင်ကြသည်။ ထိုအမြင်မှာ မှန်သလော။ (မမှန်ပါ။) လူတစ်ယောက် အသိစိတ်၏ ခံစားချက်များသည် သမ္မာတရားအား ဝင်ရောက်အစားထိုးနိုင်သလော။ (အစားမထိုးနိုင်ပါ။) ဤလူတို့သည် မည်သည့်အမှားများကို လုပ်ဆောင်နေကြသနည်း။ (သမ္မာတရားကို ချိုးဖောက်နေခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားကို အာခံခြင်းဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့သည် ၎င်းတို့အသိစိတ်၏ ခံစားချက်များကို သမ္မာတရားနှင့် တန်းတူထားရှိသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် သမ္မာတရားအား ချိုးဖောက်ရန် ဖြစ်နိုင်ခြေများသည်။ ဤသို့သောသူသည် သူ့အသိစိတ်ကို သူ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိကာ သူ့အသိစိတ်၏ စံနှုန်းကို အခြေခံပြီး လူများ၊ အမှုအရာများကို အစဉ် ရှုမြင်သည်။ အစဉ် ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်။ သူသည် သူ့အသိစိတ်၏ ရစ်ပတ်ခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသည်။ တစ်ချိန်တည်းတွင် သူ၏ ဆင်ခြင်တုံတရားသည်လည်း ထိုအသိစိတ်၏ ထိန်းချုပ်ခြင်းကို ခံရသည်။ လူတစ်ယောက်သည် သူ့အသိစိတ်၏ ထိန်းချုပ်ခြင်းခံရလျှင် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သေးသလော။ မလုပ်ဆောင်နိုင်ပေ။ ဤသို့ဆိုလျှင် အသိစိတ်သည် သမ္မာတရားကို ဝင်ရောက်အစားထိုးနိုင်သလော။ အစားမထိုးနိုင်ပေ။ အချို့က “တခြားလူများအား ကျွန်ုပ်တို့ဆက်ဆံပုံကို တိုင်းတာဖို့ ကျွန်ုပ်တို့၏ အသိစိတ်ကို အသုံးပြု၍ မရသည့်အပြင် ကျွန်ုပ်တို့ အသိစိတ်ကို သမ္မာတရားအဖြစ် မှတ်ယူ၍လည်း မရသဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့ ဆက်ဆံပုံကို တိုင်းတာဖို့ ကျွန်ုပ်တို့ အသိစိတ်၏ စံနှုန်းများကို အသုံးပြုလျှင် မှန်ပါသလော” ဟု မေးနိုင်သည်။ ဤမေးခွန်းသည် စဉ်းစားကြည့်ဖို့ ထိုက်တန်၏။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်၏ အသိစိတ်သည် သမ္မာတရားကို ဝင်ရောက်အစားမထိုးနိုင်ပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ သင်၏ အသိစိတ်ကို အခြေခံပြီး ဘုရားသခင်ကို ချဉ်းကပ်လျှင် လူသား၏ စံနှုန်းအရ လက်ခံဖွယ်ဖြစ်သည်ဟု သဘောထား၍ ရသော်လည်း ဤစံနှုန်းကို အမှီပြုခြင်းအားဖြင့် ဘုရားသခင်အား ချစ်ခြင်း၊ သို့မဟုတ် နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်မည်ကား မဟုတ်ပေ။ အများဆုံးအနေဖြင့် သမ္မာတရားအား ချိုးဖောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်အား အာခံခြင်းကို ရှောင်ကြဉ်နိုင်မည်။ ဤအရာကိုယ်၌က အလွန်ကောင်းသည်။ အချို့က “တခြားလူများနှင့်ဆိုလျှင် ကိုယ့်အသိစိတ်ကို သုံးဖို့ မလိုပါ။ ဘုရားနှင့်ဆိုလျှင်လည်း ကိုယ့်အသိစိတ်ကို အသုံးပြုဖို့ မလိုပါ” ဟု ဆိုနိုင်သည်။ ဤသည်မှာ မှန်ကန်သလော။ မမှန်ကန်သလော။ အယူဝါဒနှင့် သဘောတရား၏ ရှုထောင့်မှ ကြည့်လျှင် မှားယွင်းသည့် ပုံစံရှိသည်မဟုတ်လော။ ဤသို့ဆိုလျှင် ဤအရာကို တိုင်းတာရန် သမ္မာတရားကို အသုံးပြုလော့။ ဤသည်မှာ သင့်အမြင်တွင် မှန်ကန်သည့်ပုံ ရသလော။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ အသိစိတ်ကို အသုံးပြုပြီး သူ့ကို ချဉ်းကပ်ရန် ပြောသလော။ ဘုရားသခင်သည် လူထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားထံသို့ မည်သို့ချဉ်းကပ်ပါဟု ဘုရားသခင်က လူကို တောင်းဆိုသနည်း။ သင်သည် အသိစိတ်ရှိနိုင်သည်။ သို့သော် သင်သည် ရိုးသားစစ်မှန်သလော။ သင်သည် အသိစိတ်ရှိသော်လည်း ရိုးသားစစ်မှန်ခြင်း မရှိလျှင် အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်က သူ့အား ရိုးသားစစ်မှန်မှုဖြင့် ချဉ်းကပ်ရန် လူကို တောင်းဆိုသည်။ ကျမ်းစာတွင် ရေးထားသည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။” (ရှင်မာကုခရစ်ဝင် ၁၂:၃၀) ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုထားသနည်း။ (လူတို့အနေဖြင့် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ရန် ဖြစ်ပါသည်။) ဘုရားသခင်က လူတို့ထံမှ မည်သည့်အရာကို အလိုရှိသနည်း။ (လူတို့၏ ရိုးသားစစ်မှန်မှု ဖြစ်ပါသည်။) မှန်သည်။ ဘုရားသခင်က “သင်တို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သင်တို့၏ ပင်ကိုအသိစိတ်ဖြင့် ငါ့အား ချစ်ရမည်” ဟု ပြောခဲ့သလော။ ဘုရားသခင်က ဤသို့ ပြောခဲ့သလော။ (မပြောခဲ့ပါ။) ဘုရားသခင်က အဘယ်ကြောင့် ဤသို့ မပြောသနည်း။ (အသိစိတ်က သမ္မာတရားမဟုတ်သောကြောင့် ဖြစ်ပါသည်။) အသိစိတ်ဆိုသည်မှာ အဘယ်နည်း။ (လူ့သဘာဝ၏ အနိမ့်ဆုံးသော စံနှုန်းဖြစ်ပါသည်။) မှန်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် လူ့သဘာဝ၏ အနိမ့်ဆုံး၊ အခြေခံအကျဆုံး စံနှုန်းများဖြစ်သည်။ လူတစ်ယောက်က ကောင်းသည်၊ မကောင်းသည်၊ သူ့တွင် လူ့သဘာဝရှိသည်၊ မရှိသည်ကို မည်သို့ ပြောနိုင်သနည်း။ ဤအရာကို မည်သို့ တိုင်းတာနိုင်သနည်း။ မည်သည့်အရာဖြင့် တိုင်းတာမည်နည်း။ အနိမ့်ဆုံးနှင့် အခြေခံအကျဆုံး စံနှုန်းမှာ ထိုလူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိပင် ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်က လူ့သဘာဝ ပိုင်ဆိုင်ခြင်းရှိမရှိကို တိုင်းတာနိုင်သည့် စံနှုန်းဖြစ်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်းရှိမရှိကို တိုင်းတာသည့် စံနှုန်းမှာ အဘယ်နည်း။ လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်းရှိမရှိကို သူ့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိမရှိအပေါ်၌ အခြေခံပြီး ပြောနိုင်သည်။ ဤစကားများသည် အမှန်တရားဖြစ်သလော။ မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသို့ဆိုလျှင် လူထံမှ ဘုရားသခင် အလိုရှိသောအရာသည် အဘယ်နည်း။ (ရိုးသားစစ်မှန်မှု ဖြစ်ပါသည်။) ဘုရားသခင်သည် လူ၏ ရိုးသားစစ်မှန်မှုကို အလိုရှိသည်။ ထိုရိုးသားစစ်မှန်မှုကို မည်သည့်အရာဖြင့် ပြုလုပ်ထားသနည်း။ ရိုးသားစစ်မှန်မှုကို ထင်ရှားစေရန်အတွက် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတစ်ယောက်က သူသည် ဆုတောင်းသောအခါ သူ၏ ရိုးသားစစ်မှန်မှုကို ဘုရားသခင်အား ပေးအပ်သည်ဟုသာ ပြောပြီး ထို့နောက်တွင် ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးမခံလျှင်၊ သို့မဟုတ် မိမိတာဝန်ကို သစ္စာရှိစွာ မထမ်းဆောင်လျှင် ဤသည်မှာ ရိုးသားစစ်မှန်မှု ဖြစ်သလော။ ယင်းသည် ရိုးသား စစ်မှန်မှုမဟုတ်ပေ။ လှည့်စားမှုဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အပြုအမူက ရိုးသားစစ်မှန်မှုဖြစ်ကြောင်း ပြသမှုဖြစ်သနည်း။ အသေးစိတ် လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ သိကြသလော။ ဤသည်မှာ ဘုရားသခင်အပေါ် နာခံခြင်း သဘောထားမဟုတ်သလော။ (ဟုတ်ပါသည်။) လူတစ်ယောက်သည် နာခံခြင်းသဘောထား ရှိမှသာလျှင် ရိုးသားစစ်မှန်သည်။ ဤသည်မှာ အသိစိတ်ထက် အလွန်ပို၍ သာလွန်သည် မဟုတ်လော။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ရိုးသားစစ်မှန်မှုနှင့် နီးစပ်ခြင်းပင် မရှိပေ။ ၎င်းတို့ကြားတွင် အကွာအဝေးတစ်ခုရှိသည်။ လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ၎င်းတို့၏ ရှင်သန်ဖြစ်တည်မှု၊ ၎င်းတို့၏ သာမန်ဘဝများ၊ ၎င်းတို့၏ အခြားလူများနှင့် ဆက်ဆံရေးတို့အား ထိန်းသိမ်းဖို့အတွက် အခြေခံအကျဆုံး သတ်မှတ်ချက်များထက် မပိုပေ။ လူတို့သည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးလျှင် ရှင်သန်ဖြစ်တည်မှု၊ သာမန်ဘဝ ရှိမှု၊ သို့မဟုတ် အခြားလူများနှင့် ဆက်ဆံရေးတို့၏ အခြေခံအကျဆုံး အဆင့်ကိုပင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသည့် ထိုဆိုးယုတ်သော လူများကိုသာ ကြည့်လော့။ အုပ်စုတစ်ခုထဲရှိ လူတစ်ဦးဦးက ၎င်းတို့နှင့် လိုလိုလားလား ဆက်ဆံမည်လော။ (ဆက်ဆံမည် မဟုတ်ပါ။) မည်သူကမျှ ၎င်းတို့နှင့် လိုလိုလားလား ဆက်ဆံမည် မဟုတ်ပေ။ လူတို့သည် ၎င်းတို့နှင့် ဆက်ဆံစဉ်တွင် မည်သည့်အရာကို ခံစားရသနည်း။ စက်ဆုပ်ခြင်း၊ ရွံရှာခြင်းဖြစ်သည်။ ၎င်းတို့ကြောင့် ကြောက်ရွံ့ခြင်း၊ စိတ်ကျဉ်းကျပ်ခြင်း၊ ချည်နှောင်ခံရခြင်းကိုပင် ခံစားရနိုင်သည်။ ဤသို့သော လူတို့သည် သာမန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မပိုင်ဆိုင်ပေ။ မည်သူကမျှ ၎င်းတို့နှင့် လိုလိုလားလား ဆက်ဆံမည်လည်း မဟုတ်ပေ။ ငါ့ကို ပြောလော့။ ဘုရားသခင်က ဤလူတို့ကို ကယ်တင်မည်လော။ (ကယ်တင်မည် မဟုတ်ပါ။) ဆိုးယုတ်သောသူတစ်ယောက်သည် သူ့အား စိတ်ဆိုးစေသော မည်သူ့ကိုမဆို “အခြေအနေက အခွင့်ပေးလာလျှင် ငါ သင့်ကို သတ်ပစ်မည်။ ဖျက်ဆီးပစ်မည်” ဟု တုံ့ပြန်ပြောဆိုလျှင် သူသည် ဤအရာများကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤသို့သောအရာများကို ပြောဆိုနိုင်သည့် အချက်ကြောင့် ထိုသူသည် ဆိုးယုတ်သောသူ မဖြစ်သလော။ (ဖြစ်ပါသည်။) ဤသို့ဆိုလျှင် မိမိ၏ စကားဖြင့် သူတစ်ပါးတို့ကို ကြောက်ရွံ့မှုဖြစ်စေသောသူသည် မည်သို့သောသူမျိုးဖြစ်သနည်း။ သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူ ဟုတ်သလော။ (မဟုတ်ပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသောသူများသည် လူ့သဘာဝရှိသလော။ (မရှိပါ။) လူ့သဘာဝမရှိသည့် ဆိုးယုတ်သောသူမျိုးနှင့် မည်သူက ဆက်ဆံရဲသနည်း။ ထိုဆိုးယုတ်သောသူတို့သည် အခြားလူများနှင့် သာမန်ဆက်ဆံရေးရှိသလော။ (မရှိပါ။) အခြားလူများနှင့် ၎င်းတို့ဆက်ဆံရေး၏ အခြေအနေမှာ မည်သို့ရှိသနည်း။ လူတိုင်းက ၎င်းတို့ကို ကြောက်ကြသည်။ လူတိုင်းက ၎င်းတို့ကြောင့် ကန့်သတ်ခံရပြီး စိတ်ကျဉ်းကျပ်ကြသည်။ ၎င်းတို့သည် ၎င်းတို့တွေ့ဆုံသောသူတိုင်းကို အနိုင်ကျင့်လိုသည်။ လူတိုင်းကို အပြစ်ဒဏ်ပေးလိုသည်။ ဤသို့သောလူတို့သည် သာမန်လူ့သဘာဝ ရှိသလော။ မည်သူကမျှ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်သည့် ဤသို့သော လူမျိုးနှင့် မဆက်ဆံရဲပေ။ ၎င်းတို့သည် သာမန်လူသားဘဝကိုပင် မရှင်သန်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးများ၊ သားရဲများနှင့် မကွာခြားကြ။ အုပ်စုများတွင် ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက်ကို အပြစ်ဒဏ်ပေးလျက် အစဉ်သဖြင့် အခြားလူများကို ကြိမ်းမောင်းပြောဆိုကြသည်။ နောက်ဆုံးတွင် လူတိုင်းက ၎င်းတို့နှင့် ခပ်ခွာခွာ နေကုန်ကြတော့သည်။ လူတိုင်းက ၎င်းတို့ကို ရှောင်ကြတော့သည်။ ကြောက်စရာကောင်းလိုက်ကြမည့် လူများပင်။ ၎င်းတို့သည် သာမန်လူ့ဆက်ဆံရေးများကိုပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ အုပ်စုတစ်ခုအတွင်းတွင်လည်း ခြေကုပ်မယူနိုင်ကြပေ။ ၎င်းတို့သည် မည်သည့်အရာမျိုး ဖြစ်သနည်း။ ဤသို့သောလူများသည် လူ့သဘာဝကိုပင် မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သလော။ (မလိုက်စားနိုင်ပါ။) မည်သို့သောသူမျိုးက လူ့သဘာဝမရှိသနည်း။ သားရဲများ၊ နတ်ဆိုးများဖြစ်သည်။ ဘုရားသခင်သည် သူဖော်ပြသော သမ္မာတရားများအား လူသားမျိုးနွယ်အပေါ် ချပေးသည်။ သားရဲများနှင့် နတ်ဆိုးများကို မပေးပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများကိုသာ လူသားဟု ခေါ်ထိုက်သည်။ ငါ့ကို ထပ်၍ပြောလော့။ လူတစ်ယောက်အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းသည် သာမန်လူ့သဘာဝအား အပြည့်အဝ အသက်ရှင်နေထိုင်ဖို့ လိုအပ်သည့်အရာအားလုံး ဖြစ်သလော။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့် ကွာဟမှုတစ်ခုရှိသည်ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သာမန်လူ့သဘာဝအား အသက်ရှင်နေထိုင်နိုင်ခြင်း မရှိမီတွင် သမ္မာတရားအား လိုက်စားရမည်။ အချို့က “ကျွန်ုပ်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်။ မကောင်းမှု မလုပ်မိအောင် သေချာထိန်းသရွေ့ သမ္မာတရားစစ်မှန်မှုကို ကျွန်ုပ်ပိုင်ဆိုင်မည်” ဟု ဆိုနိုင်သည်။ ဤသည်မှာ မှန်သလော။ လူတစ်ယောက်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိလျှင် သမ္မာတရားအား လိုက်စားနေပြီဖြစ်သည်ဟု မဆိုလိုပေ။ သူ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သူအသက်ရှင်နေသည့် အချက်ကလည်း ထိုသို့ မဆိုလိုပေ။ ဤသို့ဆိုလျှင် အတိအကျအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားဆိုသည်မှာ အဘယ်နည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် သမ္မာတရားကို လိုက်စားရန်အတွက် လူတို့ ပိုင်ဆိုင်ရမည့် လူ့သဘာဝ၏ အခြေခံအကျဆုံး အမှတ်အသားနှင့် အရည်အသွေးများဖြစ်သည်။ ဤအရာနှစ်ခုနှင့် အသက်ရှင်ခြင်းသည် လူတစ်ယောက်က သမ္မာတရားကို လိုက်စားနေသည်ဟု မဆိုလိုပေ။ သူသည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ပို၍ပင် သက်သေမပြပေ။ ငါ ယခုပြောခဲ့သည့် ဥပမာမှတစ်ဆင့် လူတစ်ယောက်သည် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အခြေခံပြီး လူများ၊ အမှုအရာများကို ရှုမြင်သောအခါ၊ ကျင့်ကြံပြုမူကာ ဆောင်ရွက်သောအခါတွင် သမ္မာတရားနှင့် စည်းမျဉ်းများကို ချိုးဖောက်နိုင်ခြေရှိကြောင်း မြင်နိုင်၏။ သူသည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ထိုအရာများကို လုပ်ဆောင်ခြင်း၏ စံနှုန်းအား အလွန်ပင် ပြည့်မီခြင်းမရှိပေ။ ထို့ကြောင့် သင်သည် အသိစိတ်မည်မျှကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သင်၏ ဆင်ခြင်တုံတရားက မည်မျှပင် သာမန်ဆန်သည်ဖြစ်စေ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို မရှုမြင်နိုင်လျှင်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်နိုင်ခြင်း မရှိလျှင် သမ္မာတရားကို လိုက်စားနေခြင်း မဟုတ်ပေ။ အလားတူပင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ပင်ကိုစရိုက် နယ်ပယ်အတွင်းတွင် သင်မည်မျှ ဒုက္ခခံပြီး အလုပ်လုပ်ပါစေ သင်သည် သမ္မာတရားအား လိုက်စားနေသည်ဟု မဆိုနိုင်ပေ။

အကြောင်းအရာသုံးခုကို ငါတို့ ယခု ပိုင်းခြားစိစစ်ခဲ့သည်။ ထိုအရာအားလုံးသည် သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူတို့တွင်ရှိသော တစ်ဖက်သတ်ဆန်သော အမြင်များနှင့် နားလည်မှုလွဲခြင်းများ ဖြစ်သည်။ ငါ့ကို ပြောလော့။ ထိုအကြောင်းအရာသုံးခုမှာ အဘယ်နည်း။ (ပထမတစ်ခုမှာ လူတို့က ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု မှတ်ယူသောအရာများကို သမ္မာတရားအဖြစ် တလွဲထင်ပြီး ထိုအရာများကို ၎င်းတို့၏ စံနှုန်းအဖြစ် အသုံးပြုကာ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုချက်နှင့် စံနှုန်းများကို အစားထိုးကြပြီး ထို့နောက်တွင် ထိုအရာများကို လိုက်စား၍ လက်တွေ့လုပ်ဆောင်ကြခြင်း ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ လွဲမှားသော နားလည်မှုများကို လူတို့ဖက်တွယ်ကြသည့် အခြေခံအုတ်မြစ်ပေါ်တွင် ၎င်းတို့သည် ဆန္ဒများ၊ ရည်မှန်းချက်များကို ထားရှိလျက် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားကြခြင်း ဖြစ်ပါသည်။ လူတို့က ၎င်းတို့သည် ဘုရားသခင်အား ကျေနပ်စေပြီး ဘုရားသခင်က ပျော်ရွှင်သည်နှင့် ဘုရားသခင်က ၎င်းတို့အပေါ် သူ၏ ကတိတော်ကို ချပေးမည်ဟု ယုံကြည်ကြခြင်း ဖြစ်ပါသည်။ တတိယတစ်ခုမှာ လူတို့သည် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားကို အခြေခံပြီး ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို လိုက်စားနေပြီဟု ယုံကြည်ကြခြင်း ဖြစ်ပါသည်။) ထိုအကြောင်းအရာသုံးခုကို ဘေးဖယ်ထားလျှင် သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အတိအကျ မည်သို့အဓိပ္ပာယ်ရသနည်း။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး ငါတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်သွားကြစို့။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း။” သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းနှင့် မည်သို့လိုက်စားရမည်ကို လူတို့နားလည်ရန် ဤစကားများက လုံလောက်သည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းကို ငါတို့ များစွာ ပြောဆိုပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားအား မည်သို့လိုက်စားရသနည်း။ ဤအရာနှင့်ပတ်သက်ပြီး ယခုအချိန်နှင့် ယခင်အချိန် နှစ်ခုလုံးတွင် များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများကို ရှုမြင်သည်ဖြစ်စေ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြစ်ရမည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်။ ထိုစကားများနှင့် မသက်ဆိုင်သော အခြားမည်သည့်အရာမဆိုသည် သမ္မာတရားအား လိုက်စားခြင်းမဟုတ်။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ဆိုသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မရည်ညွှန်းလျှင် လူ၏ အတွေးအမြင်နှင့် အယူအဆအချို့ကို ရည်ညွှန်းသည်မှာ မှန်သည်။ ယင်းက ဤအရာများကို ရည်ညွှန်းလျှင်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်အောင်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို နာခံအောင် လူကို ထောက်ကူပေးရေး ဟူသည့် ပန်းတိုင်အား ရရှိရန် ရည်ရွယ်လျှင် ထိုအရာသည် အလိုအလျောက်ပင် နောက်ဆုံးရလဒ် ဖြစ်လိမ့်မည်။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ဆိုသည်မှာ အလွန်ပင် ရှင်းလင်းပြီး တိကျပြတ်သားသည်။ ဤအရာက လူတို့ကို နောက်ဆုံးတွင် ပေးသော လမ်းကြောင်းသည် လူတို့အား ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများတွင် ၎င်းတို့၏ တစ်ဖက်သတ်ဆန်သော အမြင်များကို ဖယ်ရှားရန်၊ ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များကို လက်လွှတ်ရန် ထောက်ကူပေးသည်။ တစ်ချိန်တည်းတွင် လူတို့သည် ၎င်းတို့က သာလွန်သည်၊ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်ဆိုသည့် ယုံကြည်မှုနောက်တွင် ပုန်းကွယ်လျက် အသက်မရှင်ရ။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး မိမိ၏ အခြေပြုချက်အဖြစ် ဘုရားနှုတ်ကပတ်တော်ကို ယူသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းကို အစားထိုးရန်အတွက် ဤအရာကို အသုံးပြုခြင်း မပြုလုပ်ရ။ သင့်တွင် မည်သည့်ကျိုးကြောင်းပြချက်များရှိပါစေ၊ မည်သည့်အားသာချက်နှင့် အကျိုးကျေးဇူးများကို သင်ပိုင်ဆိုင်ပါစေ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းအား အစားထိုးရန် မလုံလောက်ပေ။ ဤသည်မှာ အကြွင်းမဲ့ သေချာသည်။ ဆန့်ကျင်ဘက်အားဖြင့် လူများ၊ အမှုအရာများကို သင်၏ ရှုမြင်ခြင်း၊ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းများအတွက် အစပြုမှတ်သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ ညီလျှင်၊ သမ္မာတရားအား သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ် ထားရှိလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသို့မဟုတ်လျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ အနှစ်ချုပ်ပြောရလျှင် လူတို့သည် လူ့အယူအဆများနှင့် စိတ်ကူးများတွင် အသက်ရှင်ခြင်း၊ အပေးအယူလုပ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း၊ သို့မဟုတ် သမ္မာတရားအား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအား ကောင်းသော အကျင့်စာရိတ္တ များစွာကို ၎င်းတို့ ပိုင်ဆိုင်သည်ဆိုသည့် ယုံကြည်ချက်ဖြင့် စဉ်ဆက်မပြတ် အစားထိုးခြင်းကဲ့သို့သော ဤချဉ်းကပ်မှုများအားလုံးသည် မိုက်မဲသည်။ ၎င်းတို့ထဲမှ မည်သည့်အရာကမျှ သမ္မာတရားအား လိုက်စားခြင်းဖြစ်ကြောင်း ပြသခြင်းမဟုတ်ပေ။ အဆုံးတွင် ဤမိုက်မဲသော ချဉ်းကပ်မှုများ၏ ရလဒ်သည် သမ္မာတရားကို လူတို့နားမလည်ခြင်း၊ ဘုရားအလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်း မရှိခြင်း၊ ကယ်တင်ခြင်း လမ်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်စွမ်း မရှိခြင်းတို့ပင် ဖြစ်လိမ့်မည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သမ္မာတရားအား မလိုက်စားသော သူများကြားတွင် ကယ်တင်ခြင်းမခံရနိုင်သူများမှ လွဲ၍ အသက်ရှင်ကျန်ရစ်မည့် အစေခံသူများဖြစ်ရန် လိုလားသောသူအချို့ရှိသည်ကိုကား ပြောရန်ပင် မလိုပေ။ ဤသည်မှာ အတော်အတန် အဆင်ပြေသည်။ ဤအရာကို သမ္မာတရားအား မလိုက်စားခြင်းအတွက် ကောင်းသော အခြားရွေးချယ်စရာတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ မည်သည့်လမ်းကြောင်းကို သင်တို့ သီးသန့်ရွေးချယ်သည်မှာ သင်တို့အပေါ်တွင် မူတည်သည်။ လူအချို့က “ဤမျှအထိ မိတ်သဟာယပြုပြီးသော်လည်း လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ သို့မဟုတ် မည်သို့ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ကို ကျွန်ုပ်တို့အား ကိုယ်တော် မပြောရသေးပါ” ဟု ဆိုကောင်းဆိုလိမ့်မည်။ ငါမပြောခဲ့သလော။ (ပြောခဲ့ပါသည်။) မည်သည့်အရာနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်သင့်သနည်း။ (ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြစ်ပါသည်။) မိမိ၏ စံသတ်မှတ်ချက်အဖြစ် မည်သည့်အရာကို ထားရှိရမည်နည်း။ (သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိရပါမည်။) ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များသည် မည်သည့်အရာဖြစ်သနည်း။ သမ္မာတရားသည် အဘယ်မှာနည်း။ (ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာရှိသည်။ ထိုနှုတ်ကပတ်တော်တို့သည် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ဆိုသည်နှင့် သက်ဆိုင်သော ကဏ္ဍတိုင်းကို လူတို့အား ပြောပြသည်။ ထို့ကြောင့် ယခုတွင် ဤအရာများနှင့်ပတ်သက်ပြီး ငါတို့ အသေးစိတ် ပြောမည်မဟုတ်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ ကို ထပ်၍ ဖတ်ပါ။ (သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။) ဤစကားလုံးများကို သင်တို့၏ စိတ်နှလုံးတွင် ရေးထိုးထားပြီး သင်တို့၏ ဘဝဆောင်ပုဒ်အဖြစ် အသုံးပြုရမည်။ ဤအရာတို့ကို စဉ်းစားပြီး သုံးသပ်ဆင်ခြင်နိုင်ရန်အတွက် မကြာခဏ ထုတ်ပြောလော့။ ဤအရာတို့ကို သင်၏ အပြုအမူ၊ ဘဝအပေါ် သဘောထား၊ အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများ၊ သင်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်များဖြင့် ယှဉ်ကြည့်လော့။ ထို့နောက်တွင် သင်သည် သင်၏ တကယ့်အခြေအနေက မည်သို့ဖြစ်သည်၊ သင်ဖွင့်ပြသည့် စိတ်သဘောထား၏ အနှစ်သာရက မည်သို့ဖြစ်သည်ဆိုသည်တို့ကို ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ သင်၏ အပြုအမူ၊ ဘဝအပေါ် သဘောထား၊ အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများ၊ သင်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်များကို ဤစကားများဖြင့် နှိုင်းယှဉ်လော့။ ဤစကားများကို သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ်၊ သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းနှင့် ဦးတည်ချက်အဖြစ် ယူလော့။ သင်သည် ဤသို့ လိုက်စားသောအခါ၊ ဤစကားများကို အပြည့်အဝ ဝင်ရောက်နိုင်ပြီး ဤစကားများအတိုင်း အသက်ရှင်နေထိုင်နိုင်သောအခါ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းကို နားလည်လိမ့်မည်။ သင်သည် ဤစကားများ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သောအခါ အလိုအလျောက်အားဖြင့် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနေပြီး ဖြစ်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် စတင်လျှောက်လှမ်းသောအခါ မည်သည့်အရာ ဖြစ်ပေါ်လာမည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ နှောင့်ယှက်မှု၊ ထိန်းချုပ်မှုနှင့် ကန့်သတ်မှုတို့ကြောင့်ဖြစ်သော စိတ်သောကသည် ပို၍ပို၍ ပေါ့ပါးလာလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အတွက် လမ်းကြောင်းရှိကြောင်း၊ သင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိကြောင်း ခံစားရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည့်၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့် အသက်တာသည် ကျေနပ်ဖွယ်ဖြစ်သည်၊ ငြိမ်းချမ်းသည်၊ ဝမ်းမြောက်ဖွယ်ဖြစ်သည်ဟု ခံစားရလိမ့်မည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးနောက်တွင် ဘဝသည် အလွန်ပင် ဟာတာတာဖြစ်သည်၊ ၎င်းတို့ အမှီပြုစရာ မည်သည့်အရာမျှမရှိဟု ခံစားရဆဲဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ရသည်မှာ အမှန်တကယ် နာကျင်ရသည်ဟုပင် ၎င်းတို့ မကြာခဏ ခံစားကြရသည်။ ယင်းကို ၎င်းတို့ ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်း၊ ချည်နှောင်ခြင်းတို့ကို ထာဝရ ခံရလျက်ရှိသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အလွန်ပင် စိတ်သောကရောက်သည်။ သို့တိုင်အောင် ၎င်းတို့၌ လိုက်လျှောက်ရန် လမ်းကြောင်း လုံးဝ မရှိပေ။ ၎င်းတို့၏ ဤခါးသီးသော နေ့ရက်များသည် အဆုံးမရှိပေ။ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ပြီး ကယ်တင်ခြင်းကို ရယူနိုင်လျှင် ဤခါးသီးသော နေ့ရက်များ ကုန်ဆုံးသွားမည်ဖြစ်သည်။ သို့ရာတွင် ဤအရာအားလုံး၏ ရလဒ်များသည် သင်တို့၏ နောင်ကာလ လိုက်စားမှုနှင့် ဝင်ရောက်မှုအပေါ်တွင် မူတည်သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။