သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃) အပိုင်း နှစ်

အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် လူ၏ ရိုးရာအယူအဆတစ်ခုဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် လုံးဝ မကိုက်ညီပေ။ ယင်းသည် သမ္မာတရားနှင့် ကွဲလွဲနေသည်ကို ကြည့်လျှင် လူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်ဆိုပါက အတိအကျအားဖြင့် မည်သည့်အရာကို ပိုင်ဆိုင်သင့်သနည်း။ အသက်ရှင်နေထိုင်သောအခါတွင် သမ္မာတရားနှင့်ရော ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ပါ ကိုက်ညီသည့် လက်တွေ့အရှိတရားမှာ မည်သည့်အရာဖြစ်သနည်း။ သင်တို့သိသလော။ ဤသို့သော မိတ်သဟာယတွင် တချို့က “အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် သမ္မာတရားနှင့်မညီ၊ အပြင်ပန်း အပြုအမူကောင်းတစ်ခုသာဖြစ်သည်ဟု ကိုယ်တော်က ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိအောင် မနေတော့ပါ။ ဘဝသည် ပို၍ ပူပင်ကြောင့်ကြမဲ့ပြီး မည်သည့်အကန့်အသတ်မျှ ရှိမည်မဟုတ်၊ မည်သည့်စည်းကမ်း၏ ချုပ်ချယ်ခြင်းကိုမျှ ခံရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်နိုင်ပါမည်။ မိမိတို့အလိုရှိသည့်အတိုင်း အသက်ရှင်နိုင်ပါမည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် မည်မျှအပူအပင် ကင်းလိုက်မည့်ဖြစ်ခြင်း။ လူ၏ ကောင်းသော အပြုအမူသည် သူ၏ အဆုံးသတ်နှင့် မသက်ဆိုင်သည်ဖြစ်ရာ ကျွန်ုပ်တို့သည် ယခု ပို၍ လွတ်လပ်သွားပါပြီ။ ကျွန်ုပ်တို့သည် ရည်မွန်ယဉ်ကျေးခြင်း၊ သို့မဟုတ် စည်းကမ်းများ၊ သို့မဟုတ် ထိုကဲ့သို့သောအရာ တစ်ခုခုအတွက် စိုးရိမ်စရာ မလိုတော့ပါ” ဟူ၍ ဆိုနိုင်သည်။ ယင်းသည် ဤအရာမှ သင်ခန်းစာယူသင့်သော အရာဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် တလွဲတချော် နားလည်မှုဖြစ်၏။ ၎င်းတို့သည် အစွန်းရောက်သွားခြင်းဟူသည့် အမှားကို ကျူးလွန်လိုက်ကြခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုသို့သော အမှားမျိုးကို လုပ်ဆောင်မည့်သူ တစ်ဦးတလေရှိသလော။ “ရည်မွန်ယဉ်ကျေးသောသူများသည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်နိုင်သေးသောကြောင့် ကျွန်ုပ်သည် ရည်မွန်ယဉ်ကျေးသောသူ ဖြစ်အောင်ကို မနေတော့ပါ။ ရည်မွန်ယဉ်ကျေးသော လူများကို အထင်သေးသည့်စိတ် ကျွန်ုပ်စတင်ခံစားလာရပါ၏။ ကျွန်ုပ်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ ရည်မွန်သောသူများ၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်သောသူများ၊ ဖော်ရွေတတ်သောသူများကို စက်ဆုပ်ပါသည်။ ဤအရာကို ပြသသည်ဟု ကျွန်ုပ်မြင်သောသူ မည်သူ့ကိုမဆို အထင်သေးကာ ‘သင်၏ အပြုအမူသည် ဖာရိရှဲတို့၏ အပြုအမူဖြစ်သည်။ ထိုအပြုအမူသည် သူတစ်ပါးတို့ကို လှည့်စားဖို့ ရည်ရွယ်၏။ ထိုအပြုအမူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လိုက်စားခြင်းပင် မဟုတ်။ ငါတို့အား လှည့်စားဖို့ ကြိုးစားခြင်းကို ရပ်လော့။ ငါတို့သည် သင်၏ လှည့်စားခြင်းကို ခံမည်မဟုတ်၊ သို့မဟုတ် သင်၏ လှည့်ကွက်များအတွင်းသို့ သက်ဆင်းမည်မဟုတ်’ ဟူ၍ ကျွန်ုပ်သည် ၎င်းတို့ကို အများရှေ့တွင် ပြစ်တင်ကြိမ်းမောင်းပါသည်” ဟု ပြောကြသူတချို့ ရှိနေနိုင်သည်။ သင်တို့သည် ဤသို့ လုပ်ဆောင်မည်လော။ (မလုပ်ဆောင်ပါ။) မလုပ်ဆောင်သည်မှာ မှန်သည်။ ဤသို့သော အသိစိတ်မရှိသည့်အရာတစ်ခုကို လုပ်ဆောင်လျှင် သင်သည် တလွဲတချော် နားလည်တတ်လွန်းသူတစ်ဦးဖြစ်ကြောင်း ဆိုလိုပေမည်။ လွဲချော်နေသော နားလည်မှုရှိသည့်သူတချို့သည် သမ္မာတရားအား သန့်စင်စွာ နားလည်ခြင်းမရှိပေ။ ၎င်းတို့တွင် နားလည်နိုင်စွမ်း မရှိကြ။ ၎င်းတို့လုပ်ဆောင်နိုင်သမျှမှာ စည်းကမ်းများကို လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့လုပ်ဆောင်သည့်ပုံစံဖြစ်၏။ ဤသို့ဖြစ်ရာ ငါတို့သည် အဘယ်ကြောင့် ဤပြဿနာကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာကြသနည်း။ အဓိကအားဖြင့် သမ္မာတရားအား လိုက်စားခြင်းသည် အပြင်ပန်း အပြုအမူကောင်းကို လိုက်စားခြင်း မဟုတ်သကဲ့သို့ သင့်ကို ကောင်းစွာ ပြုမူပြီး စည်းကမ်းကောင်းစွာ လိုက်နာကာ ရည်မွန်ယဉ်ကျေးသောသူတစ်ဦးဖြစ်အောင် ပြုလုပ်ဖို့ ရည်ရွယ်ခြင်းလည်း မဟုတ်သည်ကို လူတို့နားလည်စေရန် ဖြစ်သည်။ ထိုအစား ယင်းသည် သင့်အား သမ္မာတရားကို နားလည်စေရန်၊ လက်တွေ့လုပ်ဆောင်စေရန်၊ သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်နိုင်ရန်၊ ဆိုလိုသည်မှာ သင်လုပ်သမျှတွင် ဘုရားနှုတ်ကပတ်တော်များ၌ အခြေပြုခြင်းရှိရန်၊ အားလုံးက သမ္မာတရားနှင့်ညီရန် ရည်ရွယ်ခြင်းဖြစ်သည်။ သမ္မာတရားနှင့် ညီပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံသော အပြုအမူများသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းနှင့် မတူညီသကဲ့သို့ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာကိုယ်ကျင့်တရားက လူအပေါ် တောင်းဆိုထားသည့် စံနှုန်းများနှင့်လည်း မတူညီပေ။ ၎င်းတို့သည် မတူသော အရာနှစ်ခုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး ထိုနှုတ်ကပတ်တော်များကသာ လူ၏ ကောင်းခြင်းနှင့် ဆိုးခြင်း၊ အမှန်နှင့် အမှားကို အကဲဖြတ်သည့် တစ်ခုတည်းသော စံသတ်မှတ်ချက်ဖြစ်သည်။ တစ်ဖက်တွင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဖြစ်သော ရိုးရာယဉ်ကျေးမှု၏ စံနှုန်းသည် သမ္မာတရားစည်းမျဉ်းများ၏ စံနှုန်းကို လုံးဝ မမီပေ။ မည်သည့်အချိန်တွင်၊ အမှုတော်၏ မည်သည့်အဆင့်အတွင်းတွင် ဘုရားသခင်က သင့်အား ယုတ်ညံ့သော ကိုယ်ကျိုးစီးပွားတစ်ခုမျှ မရှိသည့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူ ဖြစ်ရမည်၊ ရည်မွန်ယဉ်ကျေးပြီး မြင့်မြတ်သောသူ ဖြစ်ရမည်ဟု ပြောခဲ့သနည်း။ ဘုရားသခင်က ဤသို့သောအရာမျိုးကို ပြောခဲ့သလော။ (မပြောခဲ့ပါ။) ပြောခဲ့ခြင်းမရှိပေ။ ဤသို့ဆိုလျှင် ဘုရားသခင်သည် လူ၏ အပြုအမူနှင့်ပတ်သက်ပြီး မည်သည့်အဆိုအမိန့်နှင့် သတ်မှတ်ချက်ကို ချမှတ်သနည်း။ သင်သည် သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ကျင့်ကြံနေထိုင်ကာ လုပ်ဆောင်ရပေမည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များ၏ ထိုအခြေပြုချက်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်၏ စံသတ်မှတ်ချက်အဖြစ် မည်သည့်သမ္မာတရားများကို အသုံးပြုသင့်သနည်း။ သမ္မာတရားအား သင်လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် မည်သို့သော အသက်တာမျိုးကို အသက်ရှင်ရမည်နည်း။ ဤသည်မှာ နားလည်သင့်သည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူအပေါ် ဘုရားနှုတ်ကပတ်တော်များ၏ အပြုအမူဆိုင်ရာ သတ်မှတ်ချက်စံနှုန်းများမှာ အဘယ်နည်း။ ဤအရာနှင့်ပတ်သက်ပြီး ရှင်းလင်းသော ဘုရားနှုတ်ကပတ်တော်များကို သင်တို့ရှာနိုင်သလော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကို မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ဖို့၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်အတွက် ၎င်းတို့ ရှိသမျှတိုင်းနှင့် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည့် လူများဖြစ်နိုင်ကြဖို့၊ စသည်တို့ကို ငါ မျှော်လင့်သည်။ ဤမျှော်လင့်ချက် အားလုံးသည် သင်တို့၏မပြည့်စုံခြင်းများ၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့မှ အရင်းခံ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကို ငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်)) ဤနှုတ်ကပတ်တော်အားလုံးသည် လူ၏ ကျင့်ကြံနေထိုင်မှုအတွက် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များဖြစ်သည်။ ဤသို့ဆိုလျှင် အသေးစိတ် လက်တွေ့လုပ်ဆောင်မှုနှင့်သက်ဆိုင်သော အခြား မည်သည့်ဘုရားနှုတ်ကပတ်တော်များ ရှိသနည်း။ (ဤသို့ဆိုသော အခြားအပိုဒ်တစ်ခုရှိပါသည်။ “သင်၏ စိတ်နှလုံးသည် အမြဲတစေ ငြိမ်ဝပ်နေသော အခြေအနေတွင် ရှိနေရမည်ဖြစ်ပြီး သင့်အပေါ်သို့ အမှုကိစ္စများ ကျရောက်လာသည့်အခါ သင်သည် ဆင်ခြင်တုံတရားနှင့် ပြုမူနိုင်ရန်အလို့ငှာ မဆင်မခြင် မလုပ်ရ၊ သို့မဟုတ် မလိုမုန်းထားစိတ် မရှိရ၊ သို့မဟုတ် ခေါင်းမမာရ၊ သို့မဟုတ် အစွန်းမရောက်ရ၊ သို့မဟုတ် ဟန်များတုပခြင်း မပြုရ၊ သို့မဟုတ် အယောင်ဆောင်ခြင်း မပြုရ။ ဤသည်မှာ သာမန် လူ့သဘာဝ၏ သင့်လျော်သော သရုပ်သကန်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်း လမ်းကြောင်း)) ဤသည်မှာ အသေးစိတ် လက်တွေ့လုပ်ဆောင်မှု အနည်းငယ်ဖြစ်သည်။ ယင်းတို့သည် လူ၏ အပြင်ပန်း အပြုအမူနှင့် နည်းလမ်းများအတွက် အသေးစိတ် ညွှန်ကြားမှုများနှင့် သတ်မှတ်ချက်များ ဖြစ်သည်။ ဤအရာများကို ဘုရားနှုတ်ကပတ်တော်များ၏ အခြေပြုချက်အဖြစ် မှတ်ယူနိုင်သလော။ လုံလောက်သော အသေးစိတ်ကျမှု ရှိသလော။ (ရှိပါသည်။) ထပ်၍ ဖတ်လော့။ (“သင်၏ စိတ်နှလုံးသည် အမြဲတစေ ငြိမ်ဝပ်နေသော အခြေအနေတွင် ရှိနေရမည်ဖြစ်ပြီး သင့်အပေါ်သို့ အမှုကိစ္စများ ကျရောက်လာသည့်အခါ သင်သည် ဆင်ခြင်တုံတရားနှင့် ပြုမူနိုင်ရန်အလို့ငှာ မဆင်မခြင် မလုပ်ရ၊ သို့မဟုတ် မလိုမုန်းထားစိတ် မရှိရ၊ သို့မဟုတ် ခေါင်းမမာရ၊ သို့မဟုတ် အစွန်းမရောက်ရ၊ သို့မဟုတ် ဟန်များတုပခြင်း မပြုရ၊ သို့မဟုတ် အယောင်ဆောင်ခြင်း မပြုရ။ ဤသည်မှာ သာမန် လူ့သဘာဝ၏ သင့်လျော်သော သရုပ်သကန်ဖြစ်၏။”) ဤအချက်များကို မှတ်သားလော့။ ယင်းတို့သည် နောင်အချိန်တွင် သင်တို့ပြုမူဆောင်ရွက်သောအခါ စောင့်ထိန်းသင့်သည့် စည်းမျဉ်းများဖြစ်သည်။ ဤစည်းမျဉ်းများသည် လူတို့အား ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုတွင် အမှုအရာများကို ဆင်ခြင်တုံတရားရှိရှိဖြင့် ရင်ဆိုင်ရန် သင်ယူသင့်ကြောင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် လုပ်ဆောင်ခြင်း၏ အခြေခံအုတ်မြစ်မှတစ်ဆင့် သမ္မာတရားစည်းမျဉ်းများကို ဆက်၍ ရှာဖွေနိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။ ဤသို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်လော့။ ထိုသို့ပြုလျှင် စည်းမျဉ်းများအပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုပါ ရှိလိမ့်မည်။

“သင့်အပေါ်သို့ အမှုကိစ္စများ ကျရောက်လာသည့်အခါ သင်သည် ဆင်ခြင်တုံတရားနှင့် ပြုမူနိုင်ရန်အလို့ငှာ မဆင်မခြင် မလုပ်ရ၊ သို့မဟုတ် မလိုမုန်းထားစိတ် မရှိရ၊ သို့မဟုတ် ခေါင်းမမာရ၊ သို့မဟုတ် အစွန်းမရောက်ရ၊ သို့မဟုတ် ဟန်များတုပခြင်း မပြုရ၊ သို့မဟုတ် အယောင်ဆောင်ခြင်း မပြုရ” ဟူသည့် ငါတို့ ယခုပြောခဲ့သော ထိုအရာအနည်းငယ်သည် လုပ်ဆောင်ရန် လွယ်ကူသော အရာများဖြစ်သလော။ အမှန်တကယ်တွင် အချိန်ကာလတစ်ခုအထိ လေ့ကျင့်ပြီးနောက် ယင်းတို့အားလုံးကို စွမ်းဆောင်ရရှိနိုင်သည်။ ထိုအရာများကို အမှန်တကယ် မလုပ်ဆောင်နိုင်သော သူတစ်ယောက်ရှိလျှင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် တစ်ခုကိုသာ လုပ်ဆောင်သရွေ့ အဆင်ပြေလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံရသောအခါ၊ သို့မဟုတ် အခြားသူများနှင့် ဆက်ဆံသောအခါ အနည်းဆုံးအနေဖြင့် စောင့်ထိန်းရမည့်အရာတစ်ခုရှိသည်။ သင်သည် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည့်ပုံစံဖြင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရပေမည်။ ဤသည်မှာ အခြေခံအကျဆုံး အချက်ဖြစ်၏။ သင်သည် ဤအရာကို သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိ၍ ဤအရာနှင့်အညီ ၎င်းကို လက်တွေ့လုပ်ဆောင်ပြီး လိုက်နာလျှင် အများအားဖြင့် အခြားသူများကို ကြီးစွာ ထိခိုက်စေမည် မဟုတ်သကဲ့သို့ သင်ကိုယ်တိုင်လည်း ကြီးမားသော ဆုံးရှုံးမှုများ လုံးဝ ခံရမည်မဟုတ်ပေ။ အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည့် ပုံစံဖြင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်လော့။ ဤတွင် အသေးစိတ်အချက်များ ရှိသလော။ (ရှိပါသည်။) အခြားသူများ၏ အကျိုးစီးပွားကို ထိခိုက်စေမှုအပေါ် အခြေခံ၍ မိမိကိုယ်ကို ကျေနပ်အားရအောင် မလုပ်နှင့်။ သင်၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို အခြားသူများ၏ ဒုက္ခအပေါ်တွင် မတည်ဆောက်နှင့်။ ဤသည်မှာ တည်ဆောက်စရာဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့သော တည်ဆောက်စရာဖြစ်ခြင်းကို နားလည်ရန် အခြေခံအကျဆုံး နည်းလမ်းမှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အပြုအမူသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် တိုင်းတာသည့်အတိုင်း အခြားသူများအတွက် သည်းခံနိုင်ဖွယ် ဖြစ်ရမည်၊ လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီရမည်ဟု ဆိုလိုသည်။ သာမန်လူ့သဘာဝရှိသူ မည်သူမဆိုသည် ဤအရာနှင့် လျော်ညီစွာ လုပ်ဆောင်နိုင်သည် မဟုတ်လော။ (လုပ်ဆောင်နိုင်ပါသည်။) တစ်စုံတစ်ယောက်က အခန်းထဲတွင် အနားယူနေသည်ကို သင်သည် ဝင်သွားပြီး သင်၏ ဘေးပတ်ဝန်းကျင်ကို အရေးမစိုက်ဘဲ စတင်၍ သီချင်းထဆိုကာ သီချင်းများဖွင့်သည်ဟု ဆိုကြပါစို့။ ဤသည်မှာ သင့်လျော်မည်လော။ (မသင့်လျော်ပါ။) ဤသည်မှာ သင်၏ ပျော်ရွှင်ကျေနပ်မှုကို အခြားလူတစ်ယောက်၏ ဒုက္ခအပေါ်တွင် တည်ဆောက်ခြင်း ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ယောက်က ဘုရားနှုတ်ကပတ်တော်များကို ဖတ်နေစဉ်၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့နေစဉ်တွင် သင်က ထိုသူကို သင်၏ ကိုယ်ပိုင်ပြဿနာများအကြောင်း ပြောကိုပြောမှ ဖြစ်မည်ဆိုလျှင် ဤသည်မှာ ထိုသူကို လေးစားခြင်း ဖြစ်သလော။ ဤသည်မှာ သူ့အတွက် တည်ဆောက်ပေးရာ မကျဘဲ ဖြစ်နေသည် မဟုတ်သလော။ (ဟုတ်ပါသည်။) တည်ဆောက်ပေးရာ မကျဟူသည်မှာ မည်သည့်အဓိပ္ပာယ်ရသနည်း။ အနည်းဆုံးအနေဖြင့် သင်သည် အခြားသူများကို လေးစားခြင်းမရှိဟု ဆိုလိုသည်။ အခြားသူများ၏ စကား၊ သို့မဟုတ် လုပ်ဆောင်ချက်များကို ကြားဝင်မဖြတ်ရပေ။ ဤသည်မှာ သာမန်လူ့သဘာဝက စွမ်းဆောင်နိုင်သည့် အရာတစ်ခုမဟုတ်သလော။ သင်သည် ဤအရာကိုပင် မစွမ်းဆောင်နိုင်လျှင် အမှန်ပင် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပေ။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတို့သည် သမ္မာတရားကို ရရှိနိုင်သလော။ မရရှိနိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများ စွမ်းဆောင်နိုင်သော အရာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားမည်ဆိုလျှင် အနည်းဆုံးအနေဖြင့် သင်၏ စကားနှင့် လုပ်ဆောင်ချက်များတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ စံနှုန်းများနှင့် ကိုက်ညီရမည်။ သင့်အနီးတွင် ရှိသောသူများက သင့်ကို သည်းခံနိုင်ဖွယ်ဖြစ်သည်ဟု မြင်ကြအောင် သင်လုပ်ရမည်ဖြစ်ပြီး သင်သည် အားလုံးအတွက် လက်သင့်ခံနိုင်ဖွယ်ရှိရမည်။ ငါတို့ ယခုပြောခဲ့သည့်အတိုင်းဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏ ပြုမူဆောင်ရွက်မှုများသည် အခြားသူများအတွက် သင့်တင့်မှုရှိပြီး တည်ဆောက်စရာဖြစ်စေလော့။ တည်ဆောက်စရာ ဖြစ်ခြင်းသည် အခြားသူများအတွက် အကျိုးပြုခြင်းနှင့် တူညီသလော။ မတူညီပေ။ စင်စစ်အားဖြင့် တည်ဆောက်စရာ ဖြစ်ခြင်းသည် အခြားသူများ၏ စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ကို အပြန်အလှန် လေးစားမှု ရှိခြင်းဖြစ်သည်။ အခြားသူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ကြားဖြတ်ခြင်း၊ သို့မဟုတ် စွက်ဖက်ခြင်းမဟုတ်ပေ။ သင်၏ အပြုအမူကြောင့် အခြားသူများကို ထိခိုက်စေခြင်း၊ သို့မဟုတ် ဒုက္ခခံစေခြင်းမဟုတ်ပေ။ ဤသည်မှာ တည်ဆောက်စရာ ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်တို့ ဤအရာကို မည်သို့နားလည်သနည်း။ တည်ဆောက်စရာ ဖြစ်ခြင်းသည် အခြားသူများကို သင်မည်မျှအကျိုးပြုသနည်းဟူသည်နှင့် မသက်ဆိုင်ပေ။ သူတို့ တရားသဖြင့် ပိုင်ဆိုင်သော အကျိုးစီးပွားများနှင့် အခွင့်အရေးများကို သူတို့ အသုံးချနိုင်ခြင်း၊ ထိုအရာများကို သူတို့အသုံးပြုရာတွင် သင်၏ တစ်ဇွတ်ထိုး လုပ်ဆောင်မှုနှင့် မသင့်လျော်သော အပြုအမူတို့က ကြားဝင်စွက်ဖက်မှုနှင့် ထိုအရာများကို ပိတ်ပင်မှုတို့ မရှိခြင်းနှင့် သက်ဆိုင်သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) သင်တို့သည် ယခုတွင် လူတို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သက်ဆိုင်သော ဘုရားနှုတ်ကပတ်တော် အနည်းငယ်ကို သိကြသည်။ သို့သော် အဓိကအကျဆုံးအရာမှာ သင်သည် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများတွင် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေရမည့် အချက်ပင်ဖြစ်သည်ဟု သင်တို့ကို ငါပြောဦးမည်။ ဤသည်မှာ လုပ်ဆောင်ရန် စည်းမျဉ်းဖြစ်သည်။ တည်ဆောက်စရာ ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို နားလည်သလော။ (နားလည်ပါသည်။) မိမိတို့၏ စကားနှင့် လုပ်ဆောင်ချက်တို့သည် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်မဖြစ်ကို မစဉ်းစားသည့်တိုင် မိမိတို့မှာ အသိပညာ ကြွယ်ဝသောသူများ၊ အသိတရား ရှိသောသူများ ဖြစ်သည်ဟု အခိုင်အမာ ဆိုသောသူ အနည်းငယ်ရှိသည်။ ဤသည်မှာ လိမ်လည်မှုပင်ဖြစ်သည် မဟုတ်သလော။ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတွင် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်ခြင်းမှတစ်ဆင့် သင်ယူဖို့ သင်ခန်းစာတစ်ခု မရှိသလော။ ယင်းသည် အပြုအမူဆိုင်ရာ ထုတ်ဖော်ပြသမှုဖြစ်နိုင်သော်လည်း အထမြောက်အောင် ဆောင်ရွက်ရန် လွယ်ကူသလော။ တစ်စုံတစ်ယောက်သည် သမ္မာတရား အနည်းငယ်ကို နားလည်လျှင် စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည့်ပုံစံနှင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အခြားသူများအတွက် အကျိုးပြုသည့်ပုံစံနှင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း သိလိမ့်မည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို နားမလည်လျှင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိမည်မဟုတ်။ သူ၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အားကိုးပြီး လုပ်ဆောင်နိုင်လိမ့်မည်။ လူတချို့သည် ၎င်းတို့အပေါ်သို့ မည်သည့်အရာကျရောက်လာပါစေ ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့သည် ၎င်းတို့၏ နှစ်သက်မှုများအတိုင်းသာ လုပ်ဆောင်ကြပြီး ၎င်းတို့လုပ်ရပ်ကြောင့် အခြားသူများ မည်သို့ခံစားရမည်ကို ဂရုမစိုက်ချေ။ ဤသို့သော လုပ်ရပ်တွင် စည်းမျဉ်းများရှိသလော။ စည်းမျဉ်းများရှိမရှိကို သင်တို့မြင်နိုင်သင့်ပေသည်၊ ဟုတ်သည်မဟုတ်လော။ သင်တို့အားလုံးသည် မကြာခဏ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကြသည်။ သင်တို့သည် သမ္မာတရားအနည်းငယ်ကို အမှန်တကယ် နားလည်နိုင်လျှင် အရေးကိစ္စတချို့ကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်၍ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုသည် သင့်ကို မည်သို့ခံစားရစေသနည်း။ အခြားသူများကို မည်သို့ခံစားရစေသနည်း။ ယင်းကို ပိုင်းခြားသိမြင်ရန် ကြိုးစားလုပ်ဆောင်လျှင် မည်သည့်လက်တွေ့လုပ်ဆောင်မှုမျိုးက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည်ကို သင်တို့သိလိမ့်မည်။ ပုံမှန်အားဖြင့် သင်တို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသောအခါတွင် မည်သည့်အရာဖြစ်ပါစေ သင်တို့သည် သာမန်လူ့သဘာဝနှင့်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုနှင့်ဖြစ်စေ သက်ဆိုင်သည့် ပုံစံဖြင့် မည်သို့လုပ်ဆောင်ရမည်ဆိုသည့် တကယ့်အရေးကိစ္စများကို မစဉ်းစားပေ။ ထို့ကြောင့် သင်တို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသောအခါ မည်သို့သော လက်တွေ့လုပ်ဆောင်မှုမျိုး၊ သို့မဟုတ် ပြုမူဆောင်ရွက်မှုမျိုးက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေမည်နည်းဟု သင်တို့ကို မေးမြန်းလာလျှင် သင်တို့သည် ရှင်းလင်းသော လမ်းကြောင်း မရှိသည့်အလား ဖြေရန် ခက်ခဲလိမ့်မည်။ စုဝေးပွဲများတွင် ငါမိတ်သဟာယဖွဲ့သော အရာအားလုံးသည် လက်တွေ့ဘဝရှိ ဤပြဿနာများဖြစ်သည်။ သို့တိုင်အောင် ထိုပြဿနာများကို သင်တို့ကြုံရသောအခါ မည်သည့်အခါမျှ အမီမလိုက်နိုင်ဘဲ သင်တို့၏ စိတ်များက အစဉ်သဖြင့် စဉ်းစား၍မရ ဖြစ်သွားကြသည်။ ဤတွင် ကွာဟချက်တစ်ခု မရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ဘုရားသခင်အပေါ် သင်တို့ယုံကြည်ခြင်းမှ မည်သည့်အရာကို သင်တို့ရရှိခဲ့သနည်း။ အယူဝါဒအနည်းငယ်၊ ဆောင်ပုဒ်အနည်းငယ်ဖြစ်သည်။ သင်တို့သည် အလွန်တရာ ညံ့ဖျင်းပြီး သနားဖွယ်ရာဖြစ်လေခြင်း။

လူက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု ခံယူထားသောအရာတစ်ခုအဖြစ် ငါတို့ဆွေးနွေးခဲ့သည့်အရာများထဲမှ တစ်ခုဖြစ်သော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းတွင် လူ၏ အသေးစိတ်အယူအဆတချို့နှင့် စိတ်ကူးတချို့ရှိသည့်အပြင် ဤအပြုအမူကို နားလည်ခြင်းနှင့်ပတ်သက်၍ လူ၌ ရှိသည့် ရိုးရာနည်းလမ်းတချို့လည်း ရှိသည်။ အချုပ်အားဖြင့် ယခုတွင် ဤအပြုအမူဆိုင်ရာ ပြသမှုကို ကြည့်လျှင် ယင်းသည် သမ္မာတရားနှင့်၊ သို့မဟုတ် စစ်မှန်သော လူ့သဘာဝနှင့် ဆက်စပ်မှုမရှိသည်ကို ငါတို့တွေ့ရ၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအပြုအမူသည် သမ္မာတရားကို လုံးဝအဆင့်မမီသကဲ့သို့ သမ္မာတရားနှင့် တစ်တန်းတည်းထားပြီး ပြောဆို၍လည်း မရသောကြောင့် ဖြစ်ပေသည်။ ထို့အပြင် ဤသို့သော အပြုအမူသည် လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်အတွက်သာမက လူ၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက်ပါ ဘုရားသခင်ချမှတ်ထားသည့် သတ်မှတ်ချက်စံနှုန်းများနှင့် အခြေခံအားဖြင့် မကိုက်ညီ၍၊ လုံးဝ သဟဇာတမဖြစ်ဘဲ ဆက်စပ်မှုမရှိ၍ ဖြစ်ပေသည်။ ယင်းသည် လူ၏ အပြုအမူသာဖြစ်သည်။ လူက ဤသို့သောအပြုအမူကို မည်သို့ကောင်းစွာ ပြသသည်ဖြစ်စေ၊ မည်သို့လုံလောက်စွာ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ယင်းမှာ အပြုအမူပုံစံတစ်ခုသာ ဖြစ်သည်။ စစ်မှန်သော သာမန်လူ့သဘာဝအဖြစ်ပင် အရည်အသွေးမမီပေ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိရမည်ဟူသည့် အဆိုအမိန့်သည် လူ၏ အပြင်ပန်း အပြုအမူကို အမွှမ်းတင်သည့် နည်းလမ်းတစ်ခုသာဖြစ်သည်။ လူသည် သူ့ကိုယ်သူ ကောင်းစွာပြင်ဆင်ပြီး အပေါ်ယံ တန်ဆာဆင်မွမ်းမံရန်အတွက် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသူဖြစ်ရန် ကြိုးပမ်းသည်။ ထိုသို့အားဖြင့် အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိပြီး သူ၏ အုပ်စုထဲတွင် သူ၏ အဆင့်အတန်းနှင့် တန်ဖိုးကို မြှင့်တင်သည်။ သို့သော် အမှန်မှာ ထိုသို့သော အပြုအမူသည် စစ်မှန်သောသူတစ်ယောက် ပိုင်ဆိုင်သင့်သည့် ကိုယ်ကျင့်တရား အပြုအမူ၊ သမာဓိ၊ ဂုဏ်သိက္ခာတို့၏ အဆင့်သို့ပင် မရောက်ရှိပေ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် ရိုးရာယဉ်ကျေးမှုမှ လာသော အဆိုအမိန့်တစ်ခုဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က စောင့်ထိန်းသင့်သည်ဟု ယုံကြည်သောအရာတစ်ခုအဖြစ် ၎င်းတို့အတွက် သတ်မှတ်သော အပြုအမူဆိုင်ရာ ပြသမှုတစ်စုံဖြစ်သည်။ ဤအပြုအမူဆိုင်ရာ ပြသမှုများသည် လူတစ်ယောက်၏ အုပ်စုတွင် သူ၏ ရပ်တည်မှုကို ကြီးထွားစေရန်၊ သူ၏ တန်ဖိုးကို မြင့်တက်စေရန်၊ ဤသို့အားဖြင့် အခြားသူများ၏ လေးစားမှုကို ရရှိပြီး အားလုံးထဲတွင် အစွမ်းအရှိဆုံး ဖြစ်နိုင်ရန်၊ သူ၏ အုပ်စုတွင် စက်ဆုပ်ခံရနိုင်ခြေ၊ သို့မဟုတ် အနိုင်ကျင့်ခံရနိုင်ခြေ မရှိသောသူ ဖြစ်နိုင်ရန်အတွက် ရည်ရွယ်သည်။ ဤအပြင်ပန်း အပြုအမူသည် လူ့သဘာဝ၏ ကိုယ်ကျင့်တရား အပြုအမူ၊ သို့မဟုတ် အရည်အသွေးနှင့် လုံးဝ မသက်ဆိုင်ပေ။ သို့တိုင်အောင် လူသည် ထိုအပြုအမူကို အလွန်အထင်ကြီးပြီး အင်မတန်အလေးပေးထားသည်။ ထိုအဖြစ်တွင် လိမ်လည်မှုမည်မျှ ရှိမည်ကို သင်ကိုယ်တိုင် ကြည့်လော့။ ထို့ကြောင့် သင်၏ လက်ရှိလိုက်စားမှုသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူဖြစ်ရန်ဖြစ်လျှင်၊ သင်သည် သင်၏ အပြုအမူကို စည်းကမ်းဖြင့် ထိန်းသိမ်းနေကာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိရန်ဟူသည့် ပန်းတိုင်သို့ ဦးတည်၍ သင်၏ လိုက်စားမှုနှင့် လက်တွေ့လုပ်ဆောင်မှုတွင် အလွန်ကြိုးပမ်းနေလျှင် ချက်ချင်းရပ်တန့်ရန် သင့်ကို ငါတိုက်တွန်းသည်။ ဤသို့သော အပြုအမူများနှင့် နည်းလမ်းများသည် သင့်ကိုယ်သင် ပိုပို၍ ဟန်ဆောင်စေခြင်းသာ ဖြစ်စေနိုင်ပြီး ပိုပို၍ ကြောင်သူတော်တစ်ယောက်ဖြစ်စေသည်။ ထိုသို့ဖြစ်သည့်အခါတွင် သင်သည် ရိုးသားသူ၊ ရိုးရှင်းပွင့်လင်းသောသူတစ်ယောက်ဖြစ်ခြင်းနှင့် ပို၍ ဝေးကွာသွားလိမ့်မည်။ သင်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူတစ်ယောက်ဖြစ်ရန် ကြိုးပမ်းလေလေ၊ သင့်ကိုယ်သင် ဟန်ဆောင်လေလေ ဖြစ်မည်။ သင့်ကိုယ်သင် ဟန်ဆောင်လေလေ၊ သင်၏ ဟန်ဆောင်မှုက ပို၍နက်ရှိုင်းလေလေ အခြားသူများက သင့်ကို အကဲဖြတ်ရန်၊ သို့မဟုတ် သင့်ကို နားလည်ရန် ပို၍ခက်ခဲလေလေဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပို၍ နက်ရှိုင်းစွာ ဖုံးကွယ်ခံရလေလေ ဖြစ်မည်။ ဤသို့လုပ်ဆောင်လျှင် သမ္မာတရားကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းကို ရရှိရန် အလွန်ခက်ခဲလိမ့်မည်။ ထိုသို့ဖြစ်ရာ ဤအချက်များကို ကြည့်လျှင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူ ဖြစ်ရန် လိုက်စားခြင်းလမ်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းသည် တူညီသလော။ ယင်းသည် သင့်လျော်သော လိုက်စားခြင်း ဟုတ်သလော။ (မဟုတ်ပါ။) အသိပညာ ကြွယ်ဝခြင်းနှင့် အသိတရားရှိခြင်း၏ အပျက်သဘောဆောင်သော အခြေအမြစ်နှင့် အပျက်သဘောဆောင်သော ရလဒ်များအပြင် ယင်း၏ အပြုအမူနောက်ကွယ်တွင် အခြားသူများနှင့် မိမိကိုယ်ကို ပို၍ လိမ်လည်ခြင်း မရှိသလော။ (ရှိပါသည်။) အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူတစ်ယောက်သည် သူ၏ နောက်ကွယ်တွင် ထုတ်ပြော၍မရနိုင်လောက်သော လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားသည်။ ထိုအရာများအပြင် သူသည် အခြားသူများမသိသော၊ အခြားသူများအပေါ် ယုတ်မာသော၊ ညစ်ညမ်းသော၊ ဆိုးယုတ်သော၊ စက်ဆုပ်ဖွယ်ဖြစ်သော မှားယွင်းသည့် အမျိုးစုံလှသော အတွေးများ၊ အယူအဆများ၊ အမြင်များ၊ သဘောထားများ၊ စိတ်ကူးများကို ဖုံးကွယ်ထား၏။ အသိပညာ ကြွယ်ဝသော၊ အသိတရားရှိသောသူ၏ အပြုအမူကောင်း နောက်ကွယ်တွင် သူ၏ ပို၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိနေသည်။ ဤသို့သောသူသည် ထိုအပြုအမူဆိုင်ရာ ပြသမှု၏ ဖုံးကွယ်မှုအောက်တွင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရင်ဆိုင်ရန် သတ္တိမရှိသကဲ့သို့ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဝန်ခံရန် စိတ်ချယုံကြည်မှုလည်း မရှိပေ။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သူ၏ လွဲချော်နေသော အသိအမြင်၊ သူ၏ ဆိုးယုတ်သော အတွေးများ၊ ရည်ရွယ်ချက်များ၊ ပန်းတိုင်များကို ဖွင့်ပြောရန်၊ သို့မဟုတ် ရှိနေနိုင်သည့် သူ၏ မလိုမုန်းထားသော၊ အဆိပ်ရှိသော အတွေးများကိုပင် ဖွင့်ပြောရန် သတ္တိနှင့် စိတ်ချယုံကြည်မှုတို့ ပို၍ပင် မရှိချေ။ ထိုသူ၏ နောက်ကွယ်တွင် အကြောင်းအရာများစွာကို ဖုံးကွယ်ထားပြီး ထိုအရာများကို မည်သူကမျှ မမြင်နိုင်ပေ။ လူတို့မြင်သမျှမှာ သူတို့ရှေ့တွင်ရှိသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် အပြုအမူကောင်းရှိသူဖြစ်သော “လူကောင်း” ဟုဆိုလေသူသာ ဖြစ်သည်။ ဤသည်မှာ လိမ်လည်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူ၏ အပြုအမူ၊ စွမ်းဆောင်မှု၊ လိုက်စားမှု၊ အနှစ်သာရတို့ အားလုံးသည် ဟန်ဆောင်မှု ဖြစ်သည်။ ထိုသူသည် အခြားသူများကို လိမ်ညာနေပြီး မိမိကိုယ်ကို လိမ်ညာနေခြင်းဖြစ်သည်။ ဤသို့သောသူ၏ အဆုံးစွန် အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူတစ်ယောက်ဖြစ်ရန် ဘုရားသခင်ကို စွန့်ပစ်ပြီး စစ်မှန်သော လမ်းခရီးကို ကျောခိုင်း၍ ဘုရားသခင်၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို ခံရလေသည်။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် ကောင်းသော အပြုအမူနောက်ကွယ်ရှိ ဖုံးကွယ်ထားသော နေရာတိုင်းတွင် လူသည် သူ၏ ဟန်ဆောင်သည့်၊ အယောင်ဆောင်သည့် နည်းလမ်းများနှင့် အပြုအမူများကို ဖုံးကွယ်ထားသည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်ရာတွင် သူသည် မာနထောင်လွှားသော၊ ဆိုးယုတ်သော၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော၊ ကြမ်းတမ်းသော၊ စိတ်နှလုံးခိုင်မာသော သူ၏ စိတ်သဘောထားများကို ဖုံးကွယ်၏။ ထို့ကြောင့် အကြင်သူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိလေလေ ဟန်ဆောင်လေလေဖြစ်သည်။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိရန် ကြိုးပမ်းလေလေ သမ္မာတရားကို ချစ်ခြင်း လျော့နည်းလေလေဖြစ်ပြီး သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သောသူဖြစ်လေလေဖြစ်သည်။ ငါ့ကို ပြောလော့။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် ကောင်းသော အပြုအမူနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယကို လောလောဆယ် ဤတွင် အဆုံးသတ်မည်။

ရိုးရာယဉ်ကျေးမှုရှိ ကောင်းသော အပြုအမူနှင့်ပတ်သက်သည့် အဆိုအမိန့်တစ်ခုဖြစ်လေသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းအကြောင်းကို ငါတို့ ယခုလေးတင် မိတ်သဟာယပြုခဲ့သည်။ အခြားအဆိုအမိန့် အနည်းငယ်ကို တစ်ခုချင်းစီ ငါတို့မိတ်သဟာယပြုသွားမည် မဟုတ်။ အုပ်စုတစ်စုအနေဖြင့် ကောင်းသော အပြုအမူနှင့်ပတ်သက်သည့် အဆိုအမိန့်အားလုံးသည် လူ၏ အပြင်ပန်း အပြုအမူနှင့် ပုံရိပ်ကို အမွှမ်းတင်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ “အမွှမ်းတင်သည်” ဆိုသည်မှာ စကားလှလှ သုံးနှုန်းထားခြင်းဖြစ်သည်။ ပို၍ အတိအကျဆိုရလျှင် ယင်းသည် အမှန်တွင် အယောင်ဆောင်သည့် ပုံစံတစ်မျိုးဖြစ်၏။ မိမိကို ကျေနပ်အားရလာအောင် အခြားသူများကို လှည့်စားရန်၊ မိမိကို အပြုသဘောဆောင်စွာ အကဲဖြတ်လာအောင် အခြားသူများကို လှည့်စားရန်၊ မိမိကို လေးစားလာအောင် ၎င်းတို့ကို လှည့်စားရန် ဟန်လုပ်ခြင်းကို အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။ မိမိစိတ်နှလုံး၏ မှောင်မိုက်သောအခြမ်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိ၏ သရုပ်မှန်တို့အားလုံးကိုမူ ကျကျနန ဖုံးကွယ်ထားပြီး ဖုံးဖိထားသည်။ ငါတို့အနေဖြင့် အောက်ပါအတိုင်းလည်း ဆိုနိုင်သည်။ ဤကောင်းသော အပြုအမူများ၏ အပေါ်ယံ ရွှေမှုန်ကြဲမှုအောက်တွင် ပုန်းကွယ်နေသောအရာသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်း၏ ဖောက်ပြန်ပျက်စီးသော သရုပ်မှန်များဖြစ်ကြသည်။ ပုန်းကွယ်နေသောအရာမှာ မာနထောင်လွှားသော စိတ်သဘောထား၊ လှည့်စားသော စိတ်သဘောထား၊ ကြမ်းတမ်းသော စိတ်သဘောထား၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတို့ရှိသည့် ဆိုးယုတ်သော လူသားမျိုးနွယ် အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းဖြစ်သည်။ လူတစ်ယောက်၏ အပြင်ပန်းအပြုအမူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည်ဖြစ်စေ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည်ဖြစ်စေ၊ ဖော်ရွေတတ်သော၊ ပေါင်းသင်းရ လွယ်ကူသော၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်သော၊ သို့မဟုတ် ဤသို့သောအရာတစ်ခုခု ရှိသူဖြစ်စေ ဤအရာများထဲမှ မည်သည့်အရာကို ထိုသူဖော်ပြသည်ဖြစ်စေ ယင်းသည် အခြားသူများ မြင်နိုင်သည့် အပြင်ပန်း အပြုအမူတစ်ခုထက် မပိုပေ။ ကောင်းသော အပြုအမူမှတစ်ဆင့် သူ၏ သဘာဝအနှစ်သာရကို သိကျွမ်းခြင်းဆီသို့ မဆိုက်ရောက်နိုင်ပေ။ လူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည့်၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည့်၊ ပေါင်းသင်းရ လွယ်ကူပြီး ဖော်ရွေသည့် အပြင်ပန်း အပြုအမူများတွင် ကြည့်ကောင်းသည်မှာ လူ့လောကတစ်ခုလုံးက ထိုသူအပေါ် အကောင်းမြင်သည်အထိ ဖြစ်သော်လည်း ငြင်းဆန်၍ မရသောအရာမှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဤကောင်းသော အပြုအမူများ၏ အယောင်ပြမှုအောက်တွင် အမှန်တကယ် တည်ရှိနေသည်ဆိုသည့်အချက်ဖြစ်သည်။ သမ္မာတရားကို လူ၏ အလွန်အမင်း မနှစ်မြို့မှု၊ ဘုရားကို သူအာခံပြီး ပုန်ကန်မှု၊ ဖန်ဆင်းရှင်ပြောဆိုသော နှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ဖန်ဆင်းရှင်ကို အာခံသည့် သူ့သဘာဝ အနှစ်သာရတို့သည် ထိုနေရာတွင် အမှန်တကယ် တည်ရှိသည်။ ဤအရာနှင့်ပတ်သက်ပြီး ယုံမှားစရာမရှိပေ။ တစ်စုံတစ်ယောက်က မည်မျှအယောင်ဆောင်ပါစေ၊ သူ၏ အပြုအမူများက မည်မျှကြည့်ကောင်းပါစေ၊ မည်မျှတင့်တယ်ပါစေ၊ သူ့ကိုယ်သူ မည်သို့ကောင်းမွန်စွာ၊ သို့မဟုတ် လှပစွာ ပြရုပ်တင်သည်ဖြစ်စေ၊ မည်မျှလှည့်စားတတ်သည်ဖြစ်စေ ငြင်းဆန်၍ မရသောအရာမှာ ဖောက်ပြန်ပျက်စီးသူတစ်ယောက်ချင်းစီတိုင်းတွင် စာတန်ဆန်‌သော စိတ်သဘောထားနှင့် ပြည့်နေခြင်း ဖြစ်သည်။ ဤအပြင်ပန်း အပြုအမူများ၏ မျက်နှာဖုံးအောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို အာခံပြီး ပုန်ကန်ဆဲဖြစ်သည်။ ဖန်ဆင်းရှင်ကို အာခံပြီး ပုန်ကန်ဆဲဖြစ်သည်။ ဤကောင်းသော အပြုအမူများက လူသားမျိုးနွယ်၏ ဝတ်ရုံ၊ အကာအကွယ်အဖြစ်ရှိနေပြီး လူသားမျိုးနွယ်သည် နေ့ရက်တိုင်း၊ အချိန်နာရီတိုင်း၊ မိနစ်စက္ကန့်တိုင်း၊ အရေးကိစ္စတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပွင့်အံထုတ်ပြကာ ထိုအချိန်ကာလအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အပြစ်ထဲတွင် ၎င်းတို့အသက်ရှင်ကြကြောင်းကိုမူ ပြောနေရန်ပင် မလိုပေ။ ဤသည်မှာ အငြင်းမပွားနိုင်သော အမှန်တရားဖြစ်သည်။ လူ၏ ကြည့်ကောင်းသော အပြုအမူများ၊ သာယာနာပျော်ဖွယ် စကားများ၊ အပြင်ပန်း အတုအယောင်များ ရှိသော်လည်း သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အနည်းငယ်မျှပင် လျော့မသွားသကဲ့သို့ သူ၏ ဤအပြင်ပန်း အပြုအမူများကြောင့် ထိုစိတ်သဘောထားက ပြောင်းလဲသွားခြင်းလည်း လုံးဝ မရှိပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ သူသည် ဤအပြင်ပန်း အပြုအမူကောင်းများ၏ အယောင်ပြမှု ရှိသောကြောင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စဉ်ဆက်မပြတ် ပွင့်အံထွက်လာနေခြင်း ဖြစ်သည်။ ပြီးလျှင် သူသည် မကောင်းမှုလုပ်ပြီး ဘုရားသခင်အား အာခံခြင်းသို့ ဦးတည်သည့် သူ၏ ခြေလှမ်းများကို လုံးဝ မရပ်တန့်ပေ။ သူ၏ ကြမ်းတမ်းပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရ၍ သူ၏ ရည်မှန်းချက်များ၊ ဆန္ဒများ၊ လွန်ကျူးသော သတ်မှတ်ချက်များက စဉ်ဆက်မပြတ် ပြန့်ပွားနေပြီး ကြီးထွားလာနေသည်ကိုမူ ပြောနေရန်ပင် မလိုပေ။ ငါ့ကို ပြောလော့။ မိမိ၏ အသက်ရှင်နေထိုင်သော ပုံရိပ်နှင့် မိမိ၏ ကျင့်ကြံပြုမူမှုနှင့် ဆောင်ရွက်မှုများအတွက် မိမိ၏ အခြေပြုချက်က အပြုသဘောဆောင်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုက်ညီနေသည့် ရည်မွန်သော၊ ဖော်ရွေတတ်သော၊ ပေါင်းသင်းရ လွယ်ကူသောသူမှာ မည်သည့်နေရာတွင် ရှိသနည်း။ သမ္မာတရားကို ချစ်သော၊ မိမိ၏ ဘဝဦးတည်ချက်နှင့် ပန်းတိုင်ကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေလိုစိတ်ရှိသော၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ပါဝင်ကူညီထားသော အသိပညာ ကြွယ်ဝသည့်၊ အသိတရားရှိသည့်၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည့်သူမှာ မည်သည့်နေရာတွင် ရှိသနည်း။ ဤသို့သောသူတစ်ယောက်ကို ရှာတွေ့နိုင်သလော။ (ရှာမတွေ့နိုင်ပါ။) အမှန်မှာ လူသားမျိုးနွယ်ထဲတွင် လူတစ်ယောက်သည် အသိပညာနှံ့စပ်လေလေ၊ အသိပညာ ကြွယ်ဝလေလေဖြစ်ပြီး အယူအဆများအပြင် အဆင့်အတန်းနှင့် ဂုဏ်တို့ ပိုရှိလေလေဖြစ်သည်။ ထိုသူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ ဖော်ရွေတတ်သော၊ ပေါင်းသင်းရ လွယ်ကူသောသူဟု ခေါ်ဆိုခံရနိုင်သော်လည်း ထိုသူချရေးသည့် ပြောဆိုချက်များက လူတို့ကို အထင်အမြင်မှားစေနိုင်လေလေ ဖြစ်ကာ ထိုသူသည် မကောင်းမှုကို ပြုလေလေဖြစ်ပြီး ဘုရားသခင်အပေါ် သူ၏ အာခံမှုက ပြင်းထန်လေလေ ဖြစ်သည်။ ဂုဏ်နှင့် အဆင့်အတန်း ပို၍ရှိသောသူများသည် အခြားသူများကို ပို၍ပင် အထင်အမြင်မှားစေပြီး ဘုရားသခင်ကို အာခံရာတွင် ပို၍ပင် အထိန်းအကွပ်မဲ့လေသည်။ လူသားမျိုးနွယ် သမိုင်းကြောင်း တစ်လျှောက်တွင် ရှိသော နာမည်ကြီးသူများ၊ ကြီးမြတ်သောသူများ၊ အတွေးအခေါ်သမားများ၊ ပညာသင်ကြားပေးသူများ၊ စာရေးသူများ၊ ပြုပြင်ပြောင်းလဲရေးသမားများ၊ အဓိကရ နိုင်ငံရေးသမားများ၊ သို့မဟုတ် နယ်ပယ်တစ်ခုတွင်ရှိသော အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ကြည့်လော့။ ၎င်းတို့အထဲတွင် မည်သူသည် အသိပညာ ကြွယ်ဝခြင်း၊ အသိတရားရှိခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်း၊ ဖော်ရွေတတ်ခြင်းတို့ မရှိသနည်း။ ၎င်းတို့အထဲတွင် မည်သူက အခြားသူများ၏ ချီးမွမ်းမှုကို ရယူပြီး အခြားသူများ၏ လေးစားမှုနှင့် ထိုက်တန်သည့် ပုံစံဖြင့် အပြင်ပန်းတွင် မပြုမူခဲ့သနည်း။ သို့တိုင်အောင် ၎င်းတို့သည် အမှန်စင်စစ်တွင် လူသားမျိုးနွယ်အတွက် မည်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သနည်း။ ၎င်းတို့သည် လူသားမျိုးနွယ်ကို လမ်းမှန်ပေါ်သို့ ရောက်အောင် ခေါ်ဆောင်သလော၊ သို့မဟုတ် လမ်းလွဲစေသလော။ (လမ်းလွဲစေပါသည်။) ၎င်းတို့သည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာသလော၊ သို့မဟုတ် စာတန်၏ ခြေထောက်အောက်သို့ ခေါ်ဆောင်သွားသလော။ (စာတန်၏ ခြေထောက်အောက်သို့ ခေါ်ဆောင်သွားပါသည်။) ၎င်းတို့သည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ ပံ့ပိုးထောက်မမှု၊ လမ်းပြမှုတို့တွင် ပါဝင်စေသလော၊ သို့မဟုတ် စာတန်၏ နင်းခြေခြင်း၊ ရက်စက်ခြင်း၊ နှိပ်စက်ခြင်းတို့ကို ရင်ဆိုင်စေသလော။ သမိုင်းကြောင်းရှိ သူရဲကောင်းဆန်သော အကျော်အမော်ပုဂ္ဂိုလ်များ၊ နာမည်ကြီးသော၊ ကြီးမြတ်သော၊ ဂုဏ်မြင့်သော၊ ထူးခြားသော၊ ဩဇာအာဏာရှိသောသူများ အားလုံးထဲတွင် ၎င်းတို့၏ မည်သည့်ဩဇာအာဏာနှင့် အဆင့်အတန်းက လူသန်းပေါင်းများစွာကို သတ်ဖြတ်ခြင်းမှ မရရှိခြင်းဖြစ်သနည်း။ ၎င်းတို့၏ မည်သည့်ဂုဏ်က လူသားမျိုးနွယ်ကို ၎င်းတို့၏ လိမ်လည်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ မက်လုံးပေးခြင်းတို့မှတစ်ဆင့် မရရှိခြင်းဖြစ်သနည်း။ အပြင်ပန်းတွင် ၎င်းတို့သည် အခြားသူများနှင့် နေ့စဉ် ကြုံတွေ့ဆက်ဆံရာ၌ ဖော်ရွေသည့် ပုံစံရှိသည်။ ပြီးလျှင် အလွန်ပင် အပူအပင်မထားဘဲ အခြားသူများနှင့် တန်းတူညီတူ ဆက်ဆံကာ အပြောအဆိုက ဖော်ရွေသည့်ပုံစံရှိသည်။ သို့တိုင်အောင် နောက်ကွယ်တွင် ၎င်းတို့လုပ်ဆောင်သည့်အရာသည် လုံးဝပင် ကွဲပြား၏။ ၎င်းတို့ထဲမှ တချို့မှာ အခြားသူများကို ထောင်ဖမ်းဖို့ အကွက်ဆင်ကြသည်။ တချို့မှာ အခြားသူများကို လိုက်လံနှောင့်ယှက်ပြီး ဒုက္ခပေးဖို့ရန်အတွက် လှည့်ကွက်များ ပြုလုပ်ကြသည်။ အခြားလူများက လက်စားချေရန် အခွင့်အရေးကို ရှာကြသည်။ နိုင်ငံရေးသမားများအများစုမှာ ရေတွက်၍မရအောင် များပြားသောသူတို့အပေါ် ရက်စက်ပြီး ထိခိုက်နစ်နာစေသည်။ ၎င်းတို့သည် မရေမတွက်နိုင်သော လူများ၏ ဦးခေါင်းပေါ်အပြင် ထိုလူများ၏ သွေးထဲတွင် အပီအပြင် ခြေချနင်းထားပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် လွှမ်းမိုးမှုကို ရရှိခဲ့သည်။ သို့တိုင်အောင် လူအများရှေ့တွင် လူတို့မြင်သည်မှာ ၎င်းတို့၏ ပေါင်းသင်းရလွယ်ကူသော အမူအရာနှင့် ဖော်ရွေတတ်သော အပြုအမူဖြစ်သည်။ လူတို့မြင်သည့်အရာမှာ ၎င်းတို့ပြသသည့် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ သိုသိပ်စွာနေသော ပုံစံတို့ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ရည်မွန်၍ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် ၎င်းတို့သည် မရေမတွက်နိုင်သော လူများကို သတ်သည်။ မရေမတွက်နိုင်သော လူတို့၏ ဥစ္စာပစ္စည်းများကို လုယူသည်။ မရေမတွက်နိုင်သော လူတို့ကို ကြီးစိုးပြီး ဆော့ကစားသည်။ ၎င်းတို့သည် ကောင်းသော စကားတိုင်းကို ပြောဆိုပြီး မကောင်းသောအရာမှန်သမျှကို လုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့သည် အရှက်မဲ့စွာ၊ မျက်နှာပြောင်စွာ ၎င်းတို့၏ စင်မြင့်ပေါ်တွင် တရားဟောသည်။ ပေါင်းသင်းရ လွယ်ကူကာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိအောင် မည်သို့လုပ်ရမည်ကိုလည်းကောင်း၊ နိုင်ငံနှင့် လူသားမျိုးနွယ်ကို ပံ့ပိုးကူညီသောသူများဖြစ်အောင် မည်သို့လုပ်ရမည်ကိုလည်းကောင်း၊ လူတို့ကို မည်သို့အစေခံပြီး ပြည်သူလူထု၏ အစေခံများဖြစ်အောင် မည်သို့လုပ်ရမည်ကိုလည်းကောင်း၊ နိုင်ငံတော်အတွက် မိမိကိုယ်ကို မည်သို့ဆက်ကပ်ရမည်ကိုလည်းကောင်း အခြားသူများကို ၎င်းတို့သင်ကြားပေးသည်။ ဤသည်မှာ အရှက်ကင်းမဲ့ခြင်း မဟုတ်လော။ ၎င်းတို့တစ်သိုက်သည် ရဲတင်းသော၊ တင်းတိမ်ရောင့်ရဲခြင်း မရှိသော ဆန်ကုန်မြေလေးများဖြစ်၏။ အတိုချုပ်အားဖြင့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ရိုးရာအယူအဆများနှင့် ကိုက်ညီအောင်နေသည့် အပြုအမူကောင်းရှိသောသူ ဖြစ်ခြင်းသည် သမ္မာတရားကို လိုက်စားခြင်း မဟုတ်ပေ။ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် လိုက်စားခြင်း မဟုတ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ ဤကောင်းသော အပြုအမူများကို လိုက်စားခြင်း နောက်ကွယ်တွင် မှောင်မိုက်ပြီး ပြော၍မကောင်းသော လျှို့ဝှက်ချက်များစွာ ပုန်းကွယ်နေသည်။ လူသည် မည်သည့်အပြုအမူကောင်းမျိုးကို လိုက်စားသည်ဖြစ်စေ နောက်ကွယ်ရှိ ပန်းတိုင်မှာ ပိုများသော လူတို့၏ ချစ်ခင်မှုနှင့် လေးစားမှုကို ရယူရန်၊ မိမိ၏ ကိုယ်ပိုင်အဆင့်အတန်းကို မြှင့်တင်ရန်၊ မိမိသည် လေးစားဖွယ်ဖြစ်ပြီး ယုံကြည်ဖို့၊ တာဝန်ပေးခိုင်းစေဖို့ ထိုက်တန်သည်ဟု လူတို့ထင်မြင်လာအောင် လုပ်ရန်မှလွဲ၍ အခြားမဟုတ်ပေ။ သင်သည် ဤသို့ ကောင်းစွာ ပြုမူနေထိုင်သူတစ်ယောက်ဖြစ်ရန် လိုက်စားလျှင် ဤသည်မှာ နာမည်ကြီးပြီး ကြီးမြတ်သောသူများနှင့် အရည်အသွေး တူညီသည် မဟုတ်လော။ သင်သည် ကောင်းစွာ ပြုမူခြင်းသာရှိပြီး ဘုရားနှုတ်ကပတ်တော်များကို မချစ်သကဲ့သို့ သမ္မာတရားကိုလည်း လက်မခံသောသူတစ်ဦးဖြစ်လျှင် ၎င်းတို့နှင့် အရည်အသွေးတူညီသည်။ ထိုသို့ဖြစ်ရာ ရလဒ်မှာ အဘယ်နည်း။ သင်လက်လွှတ်လိုက်သည့်အရာက သမ္မာတရားဖြစ်သည်။ သင်ဆုံးရှုံးရသည့်အရာက ကယ်တင်ခြင်းရရှိရန် သင်၏ အခွင့်အရေးဖြစ်သည်။ ဤသည်မှာ အမိုက်မဲဆုံး အပြုအမူဖြစ်သည်။ လူတုံးတစ်ယောက်၏ ရွေးချယ်မှုနှင့် လိုက်စားမှုဖြစ်သည်။ သင်တို့သည် စင်မြင့်ပေါ်ရှိ ထိုကြီးမြတ်သော၊ နာမည်ကြီးသော၊ လူကြိုက်များသောသူ၊ သင်တို့ ကြာရှည်စွာ လေးစားခဲ့သော၊ ထိုဖော်ရွေတတ်သော၊ ပေါင်းသင်းရလွယ်ကူသော၊ ရည်မွန်သော၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ အပြင်ပန်းတွင် ခင်မင်ဖွယ်ဖြစ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည့်ပုံစံရှိသောသူ ဖြစ်ရန် ဆန္ဒရှိဖူးသလော။ သင်တို့သည် ယခင်က ဤသို့သောသူများနောက်သို့ လိုက်ကာ ကိုးကွယ်ခဲ့ဖူးသည် မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် ယခုတွင် ဤသို့သောသူများနောက်ကို လိုက်ဆဲဖြစ်လျှင်၊ ဤသို့သောသူများကို မြတ်နိုးကိုးကွယ်နေသေးလျှင် သင့်ကို ငါပြောမည်။ သင်သည် သေခြင်းနှင့် အလှမ်းမဝေးပေ။ အဘယ်ကြောင့်ဆိုသော် သင်မြတ်နိုးကိုးကွယ်သူများသည် ကောင်းယောင်ဆောင်ထားသော ဆိုးယုတ်သူများ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က ဆိုးယုတ်သောသူများကို ကယ်တင်မည် မဟုတ်ပေ။ သင်သည် ဆိုးယုတ်သောသူများကို မြတ်နိုးကိုးကွယ်ပြီး သမ္မာတရားကို လက်မခံလျှင် အဆုံး၌ သင်သည်လည်း ဖျက်ဆီးခြင်းခံရမည်။

ပေါင်းသင်းရလွယ်ကူပြီး ဖော်ရွေတတ်ခြင်းကဲ့သို့ ကောင်းသော အပြုအမူ၏ နောက်ကွယ်ရှိ အနှစ်သာရကို စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်သည်။ အယောင်ဆောင်ခြင်းဖြစ်သည်။ ဤသို့သော အပြုအမူကောင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာခြင်းမဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုလည်း မဟုတ်ပေ။ မည်သည့်အရာက ယင်းကို ဖြစ်ပေါ်စေသနည်း။ ယင်းသည် လူတို့၏ ရည်ရွယ်ချက်များ၊ အကြံအစည်များမှ လာသည်။ ၎င်းတို့၏ ဟန်ဆောင်ခြင်း၊ အယောင်ဆောင်ခြင်း၊ လှည့်စားခြင်းတို့မှ လာသည်။ ဤကောင်းသော အပြုအမူများကို လူတို့က ဖက်တွယ်ထားသောအခါတွင် ရည်ရွယ်ချက်မှာ ၎င်းတို့အလိုရှိသောအရာများကို ရရှိရန်ဖြစ်သည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ ဤနည်းလမ်းဖြင့် မိမိတို့ကိုယ်ကို ထိခိုက်စေပြီး ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့၏ စစ်မှန်သော သဘာဝက လူတို့ထင်မြင်သကဲ့သို့ ကောင်းမွန်စွာ ပြုမူဆောင်ရွက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သိမ်မွေ့ခြင်း၊ ကြင်နာခြင်း၊ ကိုယ့်ကျင့်တရားကောင်းခြင်းတို့ မရှိကြောင်း ဆိုလိုသည်။ ၎င်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရားဖြင့် အသက်မရှင်ပေ။ ထိုအစား ရည်ရွယ်ချက်၊ သို့မဟုတ် တောင်းဆိုချက်တစ်ခုခုကို ရရှိရန် အသက်ရှင်ကြသည်။ လူ၏ စစ်မှန်သော သဘာဝသည် အဘယ်နည်း။ ယင်းသည် ပေါ့တန်ပြီး မသိနားမလည်ခြင်းဖြစ်သည်။ ဘုရားသခင်ချပေးသော တရားတော်များနှင့် ပညတ်တော်များမရှိလျှင် အပြစ်တရားက အဘယ်အရာဖြစ်သည်ကို လူတို့အနေဖြင့် လုံးဝ သိမည်မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ်က ဖြစ်လေ့ရှိခဲ့သည့်ပုံစံပင် မဟုတ်လော။ ဘုရားသခင်က တရားတော်များနှင့် ပညတ်တော်များကို ထုတ်ပြန်ခဲ့သောအခါမှသာ လူတို့တွင် အပြစ်တရားနှင့်သက်ဆိုင်သော အယူအဆတချို့ ရှိလာကြခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သည် အမှန်နှင့်အမှား၊ သို့မဟုတ် အပြုသဘောနှင့် အပျက်သဘောဆောင်သော အရာများနှင့်ပတ်သက်ပြီး အယူအဆမရှိကြသေးပေ။ ဤသို့ဖြစ်နေသဖြင့် ၎င်းတို့သည် ပြောဆိုပြုမူခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများကို မည်သို့သတိပြုမိနိုင်မည်နည်း။ ၎င်းတို့သည် မည်သည့်ပြုမူပုံနည်းလမ်းများ၊ မည်သည့်ကောင်းသော အပြုအမူများကို ပုံမှန်လူ့သဘာဝတွင် တွေ့ရှိသင့်သည်ကို သိနိုင်သလော။ မည်သည့်အရာက အမှန်တကယ် ကောင်းမွန်သော အပြုအမူကို ဖြစ်ပေါ်စေသည်၊ လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်နေထိုင်ရန်အတွက် မည်သည့်လမ်းခရီးကို လိုက်လျှောက်သင့်သည်တို့ကို ၎င်းတို့သိနိုင်သလော။ မသိနိုင်ပေ။ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝကြောင့်၊ ၎င်းတို့၏ ဗီဇများကြောင့် သင့်တင့်လျောက်ပတ်စွာ အသက်ရှင်ရန်၊ ဂုဏ်သိက္ခာဖြင့် အသက်ရှင်ရန် ဟန်ဆောင်ပြီး အယောင်ဆောင်ခြင်းသာ ပြုလုပ်နိုင်သည်။ ဤအတွက်ကြောင့် အသိပညာကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ပြီး ပေါင်းသင်းရလွယ်ကူခြင်းတို့ကဲ့သို့သော လှည့်စားမှုများ ဖြစ်ပေါ်လာကြသည်။ ဤနည်းအားဖြင့် ဤလှည့်စားမှု လှည့်ကွက်များနှင့် နည်းလမ်းများ ထွက်ပေါ်လာသည်။ ထိုအရာများ ထွက်ပေါ်လာသည်နှင့် လူတို့သည် ဤလှည့်စားမှုတစ်ခု၊ နှစ်ခုကို ရွေးချယ်ပြီး ဖက်တွယ်ထားကြသည်။ လူတချို့က ဖော်ရွေတတ်ပြီး ပေါင်းသင်းရလွယ်ကူခြင်းကို ရွေးချယ်ကြသည်။ လူတချို့က အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းကို ရွေးချယ်ကြသည်။ တချို့က ရည်မွန်ခြင်း၊ လူကြီးသူမများကို လေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းကို ရွေးချယ်ကြသည်။ တချို့က ဤအရာများအားလုံးကို ရွေးချယ်ကြသည်။ သို့တိုင်အောင် ငါသည် ဤသို့သော အပြုအမူကောင်းများရှိသည့် လူများကို ဝေါဟာရတစ်ခုဖြင့် အဓိပ္ပာယ်သတ်မှတ်၏။ ထိုဝေါဟာရသည် အဘယ်နည်း။ “ချောမွေ့သော ကျောက်ခဲများ” ဖြစ်သည်။ ချောမွေ့သော ကျောက်ခဲများဆိုသည်မှာ အဘယ်နည်း။ ချွန်ထွက်နေသော အစွန်းအနားမှန်သမျှက နှစ်ပေါင်းများစွာ ဖြတ်သန်းစီးဆင်းသွားသော ရေများ၏ တိုက်စားခြင်းကို ခံထားရ၍ ပြောင်နေသည့် ချောမွေ့သော ကျောက်ခဲများဖြစ်သည်။ ၎င်းတို့အပေါ် တက်နင်းလျှင် မနာကျင်နိုင်သော်လည်း ဂရုမစိုက်ပါက လူတို့သည် ထိုအရာများအပေါ်တွင် ချော်လဲနိုင်သည်။ ပုံသဏ္ဌာန်နှင့် အသွင်အပြင်တို့တွင် ဤကျောက်ခဲများသည် အလွန်လှပ၏။ သို့သော် အိမ်သို့ ယူသွားသည့်အခါ ၎င်းတို့သည် အလွန်ပင် အသုံးမဝင်တော့ပေ။ သင်သည် ၎င်းတို့ကို လွှင့်လည်း မပစ်ရက်။ သိမ်းဆည်းထားဖို့ဆိုသည်မှာလည်း အဓိပ္ပာယ်မရှိပေ။ ဤသည်မှာ “ချောမွေ့သော ကျောက်ခဲ” ဖြစ်သည်။ ငါ့အတွက်မူ ဤကောင်းသော အပြုအမူများဟု ထင်ရသည့်အရာများ ရှိကြကုန်သော လူတို့သည် အပေါ်ယံဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ကောင်းသည့်ဟန်ဆောင်၏။ သို့သော် သမ္မာတရားကို ၎င်းတို့လုံးဝ လက်မခံပေ။ ၎င်းတို့သည် ကြားကောင်းသောအရာများကို ပြောကြ၏။ သို့သော် စစ်မှန်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် ချောမွေ့သော ကျောက်ခဲများသာ ဖြစ်ကြတော့သည်။ သင်သည် ၎င်းတို့ကို သမ္မာတရားနှင့် စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့လျှင် ၎င်းတို့သည် သင့်အား နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်းအကြောင်းကို ပြောလိမ့်မည်။ သင်သည် ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်းပြောလျှင် ၎င်းတို့သည် သင့်အား လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ အသိပညာကြွယ်ဝပြီး အသိတရားရှိခြင်းအကြောင်း ပြောလိမ့်မည်။ သင်သည် ၎င်းတို့ကို မိမိ၏ ကျင့်ကြံပြုမူမှုတွင် စည်းမျဉ်းများရှိရမည်၊ မိမိတာဝန်တွင် စည်းမျဉ်းများကို ရှာရမည်ဖြစ်ပြီး တစ်ဇွတ်ထိုးမလုပ်ဆောင်ရဟု ပြောလျှင် ၎င်းတို့၏ သဘောထားသည် မည်သို့ဖြစ်မည်နည်း။ ၎င်းတို့က ပြောကြမည်မှာ “သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းက တခြားကိစ္စဖြစ်သည်။ ကျွန်ုပ်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိချင်ရုံသာ ဖြစ်သည်။ ကျွန်ုပ်၏ လုပ်ရပ်များကို အခြားသူများ လက်ခံစေချင်ရုံသာ ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ကာ အခြားလူများ၏ လက်ခံမှုကို ရရှိသရွေ့ လုံလောက်ပြီ” ဟူ၍ ဖြစ်သည်။ အပြုအမူကောင်းများကိုသာ ၎င်းတို့ဂရုစိုက်ကြပြီး သမ္မာတရားကို အာရုံမစိုက်ကြပေ။ ၎င်းတို့သည် အကြမ်းဖျင်းအားဖြင့် လူကြီးသူမများ၊ ဝါကြီးသူများ၊ အရည်အချင်းရှိသောသူများ၊ ၎င်းတို့အုပ်စုအတွင်းတွင် ကောင်းသော ကိုယ်ကျင့်တရား ရပ်တည်ချက်နှင့် ဂုဏ်သတင်းရှိသူများကို လေးစားနိုင်ပြီး တစ်ချိန်တည်းတွင် ငယ်ရွယ်သူများနှင့် အကာအကွယ်မဲ့သူများ၏ အသိုင်းအဝိုင်းများကိုလည်း အလွန်ပင် ချစ်ခင်စွာ စောင့်ရှောက်သည်။ ၎င်းတို့သည် မိမိတို့ မြင့်မြတ်ကြောင်း ထုတ်ဖော်ပြသရန် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းဟူသည့် လူမှုစည်းကမ်းကို တစ်သဝေမတိမ်း စောင့်ထိန်းသည်။ သို့သော် ငြင်း၍မရသည်မှာ ၎င်းတို့၏ အကျိုးစီးပွားများနှင့် ထိုစည်းကမ်းက ဆန့်ကျင်ကွဲလွဲလာသောအခါတွင် ၎င်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် စည်းကမ်းကို ဘေးဖယ်ထားပြီး မည်သူ၏ ကန့်သတ်ချုပ်ချယ်မှုကိုမျှ “မခံဘဲ” ဆင်ကန်းတောတိုး လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ ကောင်းသော အပြုအမူသည် ၎င်းတို့နှင့် တွေ့ကြုံသော၊ သို့မဟုတ် ၎င်းတို့နှင့် သိကျွမ်းသော၊ သို့မဟုတ် ရင်းနှီးသောသူတိုင်း၏ လက်ခံမှုကို ရရှိသော်လည်း ငြင်း၍မရသည်မှာ အခြားသူများက ချီးမွမ်းသည့် ကောင်းသော ဤအပြုအမူများကို ၎င်းတို့လုပ်ဆောင်သည့်အခါတွင်ပင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနည်းမျှပင် အဆုံးရှုံးမခံပေ။ ပြီးလျှင် ၎င်းတို့သည် မည်သူ၏ ကန့်သတ်ချုပ်ချယ်မှုကိုမျှ “မခံဘဲ” ၎င်းတို့၏ အကျိုးစီးပွားအတွက် လိုအပ်သည့် မည်သည့်နည်းလမ်းမဆိုဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ လူကြီးသူမများကို ၎င်းတို့၏ ရိုသေလေးစားမှုနှင့် ငယ်ရွယ်သူများကို ဂရုစိုက်မှုတို့သည် ခဏတာဖြစ်သော အပြုအမူသာဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းသည် ကိုယ်ဟန်အမူအရာပုံစံ၏ နယ်ပယ်တွင်သာ ရှိသည်။ ၎င်းတို့၏ အကျိုးစီးပွားကို လုံးဝ မထိပါးသည့်၊ သို့မဟုတ် လုံးဝ မချိုးဖောက်သည့် အခြေအနေများတွင် ထိုအပြုအမူကို ၎င်းတို့လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းတို့၏ အကျိုးစီးပွားများက ရှေ့တန်းသို့ ရောက်လာသောအခါ ထိုအရာများသည် အဆုံးတွင် ၎င်းတို့ရေကုန်ရေခန်း ကြိုးပမ်းရယူကြမည့် အရာများဖြစ်သည်။ ထို့ကြောင့် အမှန်တွင် ၎င်းတို့က လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းသည် စင်စစ်အားဖြင့် ၎င်းတို့၏ အကျိုးစီးပွားများအား လိုက်စားခြင်းကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသကဲ့သို့ ထိုလိုက်စားမှုကို ကန့်လည်းမကန့်သတ်နိုင်ပေ။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း အပြုအမူသည် အချို့သော အခြေအနေများတွင်သာ၊ မိမိတို့၏ အကျိုးစီးပွားကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အနေအထားတွင်သာ လူတို့လုပ်ဆောင်နိုင်သော အပြုအမူကောင်းတစ်ခုဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ အသက်၊ လူတစ်ယောက်၏ အရိုးထဲမှ ထွက်ပေါ်လာသော အရာတစ်ခုမဟုတ်ပေ။ လူတစ်ယောက်က ဤသို့သော အပြုအမူကို မည်မျှလက်တွေ့လုပ်ဆောင်နိုင်ပါစေ၊ မည်မျှကြာရှည်စွာ မရပ်မနားလုပ်ဆောင်နိုင်ပါစေ လူက အသက်ရှင်ရန် မှီခိုသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ လူတစ်ယောက်တွင် ဤကောင်းသောအပြုအမူ မရှိနိုင်သော်လည်း သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အလားတူပင် ပွင့်အံထုတ်ပြသည်၊ ဤကောင်းသော အပြုအမူရှိသွားသည့်အခါတွင်လည်း သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အနည်းငယ်မျှပင် တိုးတက်ကောင်းမွန်လာခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းမရှိဟု ဆိုလိုသည်။ ဤအရာနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ၎င်းတို့သည် ထိုစိတ်သဘောထားများကို ပိုပို၍ နက်နဲစွာ ဖုံးကွယ်ကြသည်။ ဤအရာတို့မှာ ဤသို့သော အပြုအမူကောင်းများ၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော အဓိကအချက်များဖြစ်သည်။

နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းဟူသည့် ရိုးရာယဉ်ကျေးမှု၏ အပြုအမူကောင်းများအကြောင်း ငါတို့ မိတ်သဟာယပြုခြင်းနှင့် စိစစ်ခြင်းမှာ ဤမျှသာ ဖြစ်သည်။ ထိုအပြုအမူများသည် အသိပညာကြွယ်ဝပြီး အသိတရားရှိခြင်းကဲ့သို့ဖြစ်ကာ အနှစ်သာရ၌ အနည်းနှင့်အများ တူညီ၏။ ၎င်းတို့သည် အရာရောက်မှုမရှိပေ။ လူတို့သည် ဤအပြုအမူကောင်းများကို လက်လွှတ်သင့်သည်။ လူတို့အနေဖြင့် အများဆုံးရရှိရန် ကြိုးစားသင့်သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ အခြေပြုချက်ဖြစ်အောင်၊ သမ္မာတရားကို ၎င်းတို့၏ စံနှုန်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် အလင်း၌ အသက်ရှင်နိုင်ပြီး ပုံမှန်လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နိုင်လိမ့်မည်။ သင်သည် အလင်း၌ အသက်ရှင်လိုလျှင် သမ္မာတရားနှင့်အညီ ပြုမူဆောင်ရွက်သင့်၏။ ရိုးသားသည့် စကားများကို ပြောသော၊ ရိုးသားသည့် အရာများကို လုပ်ဆောင်သော ရိုးသားသူတစ်ယောက် ဖြစ်သင့်၏။ အဓိကကျသောအရာမှာ မိမိ၏ ကျင့်ကြံပြုမူမှုတွင် သမ္မာတရားစည်းမျဉ်းများ ရှိနေရန်ဖြစ်သည်။ လူများသည် သမ္မာတရား၏ စည်းမျဉ်းများကို ဆုံးရှုံးပြီး ကောင်းသော အပြုအမူကိုသာ အာရုံစိုက်သောအခါ အတုအယောင်နှင့် အယောင်ဆောင်မှုတို့က မလွှဲမရှောင်သာ ဖြစ်ပေါ်လာလေသည်။ လူတို့၏ ကျင့်ကြံပြုမူမှုတွင် စည်းမျဉ်းမရှိလျှင် ၎င်းတို့၏ အပြုအမူက မည်မျှကောင်းသည်ဖြစ်စေ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို ခဏတာ အထင်အမြင်မှားကောင်း မှားစေနိုင်မည်ဖြစ်သော်လည်း ၎င်းတို့ကို မည်သည့်အခါမျှ ယုံကြည်စိတ်ချ၍ရမည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်ပြီး ကျင့်ကြံပြုမူသည့်အခါမှသာ ၎င်းတို့၌ မှန်ကန်သော အခြေခံအုတ်မြစ်ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်‌တော်များအတိုင်း ကျင့်ကြံပြုမူခြင်းမရှိဘဲ ကောင်းစွာပြုမူနေသယောင် ဟန်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လျှင် အကျိုးဆက်အနေဖြင့် လူကောင်းများ ဖြစ်လာနိုင်သလော။ လုံးဝ ဖြစ်မလာနိုင်ပေ။ ကောင်းသော အယူဝါဒများနှင့် အပြုအမူတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲနိုင်ပေ။ လူ၏ အနှစ်သာရကိုလည်း မပြောင်းလဲနိုင်ပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အတွေးများ၊ ထင်မြင်ချက်များကို ပြောင်းလဲနိုင်ပြီး လူတို့၏ အသက်ဖြစ်လာနိုင်သည်။ လူက သူ၏ ရိုးရာယဉ်ကျေးမှုနှင့် သူ၏ အယူအဆများ၌ အပြုအမူကောင်းများ ဖြစ်သည်ဟု ကိုင်စွဲထားသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရလွယ်ကူခြင်းတို့ကဲ့သို့ အမျိုးမျိုးသော အပြုအမူကောင်းများသည် အပြုအမူများသက်သက်သာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ အသက်ပင်မဟုတ်ပေ။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရားမဟုတ်သကဲ့သို့ ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် အပြုအမူကောင်းတစ်ခုမျှသည်လည်း သမ္မာတရားမဟုတ်ပေ။ လူသည် ရိုးရာယဉ်ကျေးမှုမည်မျှကို သဘောပေါက်သည်ဖြစ်စေ၊ သူ၏ ဘဝတွင် အပြုအမူကောင်းမည်မျှကို အသက်ရှင်နေထိုင်သည်ဖြစ်စေ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် နှစ်ထောင်ချီကြာသည်အထိ လူသားမျိုးနွယ်သည် ရိုးရာယဉ်ကျေးမှု၏ စွဲမှတ်အောင် သွန်သင်ခြင်းခံရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက လုံးဝ မပြောင်းလဲပေ။ ထိုအစား ယင်း၏ ဖောက်ပြန်ပျက်စီးမှုက ပို၍ နက်နဲလာသည်။ ကမ္ဘာလောကကလည်း ပို၍ မှောင်မိုက်ပြီး ဆိုးယုတ်လာသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှု၏ သွန်သင်လေ့ကျင့်ပေးခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေပေသည်။ လူသားများသည် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် မှတ်ယူခြင်းအားဖြင့်သာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း ၎င်းတို့၏ ဘဝကို အသက်ရှင်နိုင်သည်။ ဤသည်မှာ အငြင်းပွားစရာမလိုပေ။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များက လူ၏ အပြုအမူအတွက် မည်သို့သော ကန့်သတ်ချက်ဘောင်များနှင့် သတ်မှတ်ချက်များ ချထားသနည်း။ တရားတော်များနှင့် ပညတ်တော်များတွင် သတ်မှတ်ပြဋ္ဌာန်းထားသော အရာများအပြင် လူ၏ အပြုအမူအတွက် သခင်ယေရှု၏ သတ်မှတ်ချက်များလည်းရှိသည်။ အထူးသဖြင့် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းတွင် လူတို့အတွက် သတ်မှတ်ချက်များနှင့် စည်းကမ်းများရှိ၏။ ယင်းတို့သည် လူသားမျိုးနွယ်နှင့် ပတ်သက်ပြီး အားလုံးထဲတွင် တန်ဖိုးအရှိဆုံးသော စကားများဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် လူသားမျိုးနွယ်၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်းများဖြစ်သည်။ သင်တို့သည် သင်တို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက် အခြေခံအကျဆုံးသော အပြုအမူဆိုင်ရာ စံသတ်မှတ်ချက်ကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာရမည်။ ဤသို့ ရှာသောအခါ သင်တို့သည် တရုတ်ရိုးရာယဉ်ကျေးမှုရှိ အပြုအမူကောင်းများ၏ လမ်းလွဲစေခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့ကို ဖယ်ရှားနိုင်လိမ့်မည်။ ထိုအခါတွင် သင်တို့သည် ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက် လမ်းကြောင်းနှင့် စည်းမျဉ်းများကို တွေ့ရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ကယ်တင်ခြင်းလမ်းကြောင်းနှင့် စည်းမျဉ်းများကို တွေ့ရှိပြီးဖြစ်မည်ဟုလည်း အဓိပ္ပာယ်ရသည်။ သင်တို့သည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို သင်တို့၏ အခြေပြုချက်အဖြစ်လည်းကောင်း၊ ယခု မိတ်သဟာယပြုခဲ့သော သမ္မာတရားကို သင်တို့၏ စံသတ်မှတ်ချက်အဖြစ်လည်းကောင်း မှတ်ယူလျှင်၊ လူသားမျိုးနွယ်က ၎င်းတို့၏ အယူအဆများတွင် ကောင်းသော အပြုအမူဖြစ်သည်ဟု မှတ်ယူကြလေသည့် အပြုအမူအတွက် ထိုစံနှုန်းများနေရာတွင် အစားထိုးဖို့ ထိုနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသုံးပြုလျှင် သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပေသည်။ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အခြေအနေအားလုံးတွင် မည်သို့သောသူမျိုး ဖြစ်သင့်သည်နှင့် မည်သည့်လမ်းကို လျှောက်သင့်သည်ဆိုသည်တို့အကြောင်း ဖြစ်သည်။ လူသည် သီးသန့်အနေဖြင့် အပြုအမူတချို့ကို ပိုင်ဆိုင်သင့်သည်ဟု ဘုရားသခင်က လုံးဝ မတောင်းဆိုပေ။ သူသည် လူတို့ကို ရိုးသားသောသူများဖြစ်ဖို့နှင့် လှည့်စားသောသူများမဖြစ်ဖို့ တောင်းဆိုသည်။ သူသည် လူကို သမ္မာတရားအား လက်ခံပြီး လိုက်စားဖို့၊ သူ့အပေါ် သစ္စာရှိဖို့၊ သူ့ကို ကျိုးနွံနာခံပြီး သက်သေခံဖို့ တောင်းဆိုသည်။ ကောင်းသောအပြုအမူ အနည်းငယ်မျှ ရှိထားရမည်၊ ဤသို့ဆိုလျှင် ပြည့်စုံလုံလောက်မည်ဟု ဘုရားသခင်က လူကို လုံးဝ မတောင်းဆိုပေ။ သို့တိုင်အောင် တရုတ်ရိုးရာယဉ်ကျေးမှုသည် လူတို့အား ကောင်းသော အပြုအမူကိုသာ၊ အပြင်ပန်း ပြသမှုကောင်းများရှိဖို့သာ အာရုံစိုက်စေ၏။ ယင်းသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားသည့် လမ်းကြောင်းကို ထောက်ပြရန် မဆိုထားနှင့်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သည့်အရာဖြစ်ကြောင်း၊ သို့မဟုတ် သူ၏ ဖောက်ပြန်ပျက်စီးမှုက မည်သည့်နေရာမှ စတင်ဖြစ်ပေါ်လာကြောင်းတို့ကို အလင်းပြရန် မည်သည့်အရာမျှ မလုပ်ဆောင်ပေ။ ထို့ကြောင့် လူသည် မည်သည့်အပြုအမူကောင်းများကို ပိုင်ဆိုင်သင့်သည်ဟု ရိုးရာယဉ်ကျေးမှုက မည်သို့အားပေးထောက်ခံပါစေ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ခြင်းနှင့်ပတ်သက်လျှင် အချည်းနှီးဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များက မည်မျှမြင့်မြတ်နေပါစေ၊ သို့မဟုတ် မည်မျှနှစ်သက်စဖွယ်ဖြစ်ပါစေ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ပြောင်းလဲဖို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ရိုးရာယဉ်ကျေးမှု၏ စွဲမှတ်အောင် သွန်သင်မှုနှင့် လမ်းလွဲစေမှုအောက်တွင် မသိစိတ်နှင့်ဆိုင်သော အရာများစွာသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ဖြစ်ပေါ်လာသည်။ ဤတွင် “မသိစိတ်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူက မသိမသာဖြင့် ရိုးရာယဉ်ကျေးမှု၏ စွဲမှတ်အောင်သွန်သင်ခြင်း၊ ကူးစက်ခြင်းတို့ကို ခံလိုက်ရသည့်အခါ သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ပုံလုပ်ဆောင်နည်းအကြောင်း ရှင်းလင်းသော စကားများ၊ သို့မဟုတ် အဆိုအမိန့်များ၊ သို့မဟုတ် စည်းကမ်းများ၊ သို့မဟုတ် သတိစိတ်များ လုံးဝ မရှိလျှင် သူသည် လူတို့၏ သမားရိုးကျ အယူအဆများနှင့် နည်းလမ်းများကို အလိုအလျောက် လက်တွေ့လုပ်ဆောင်ပြီး လိုက်နာကြောင်းကို ဆိုလိုသည်။ လူတို့အားလုံးနည်းတူ ဤသို့သော အခြေအနေများတွင်၊ ဤသို့သော အနေအထားတွင် အသက်ရှင်သောအခါ သူသည် သတိမမူမိဘဲ သူ၏ မသိစိတ်တွင် “အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် အလွန်ကောင်းသည်။ အပြုသဘောဆောင်ပြီး သမ္မာတရားနှင့် ညီသည်။ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းသည် အလွန်ကောင်းသည်။ လူတို့ဖြစ်သင့်သည့် ပုံစံဖြစ်သည်။ ၎င်းကို ဘုရားသခင်က နှစ်သက်ကာ ၎င်းက သမ္မာတရားနှင့်ညီသည်။ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရလွယ်ကူခြင်းတို့အားလုံးသည် သာမန်လူ့သဘာဝအတွင်း ထုတ်ဖော်ပြသမှုများဖြစ်သည်။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ ညီသည်” ဟူ၍ တွေးလာသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ရှင်းလင်းသည့် အခြေပြုချက်ကို မတွေ့သော်ငြားလည်း လူတို့အပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များမှာ ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်စံနှုန်းများနှင့် အတူတူခန့်ပင်ဖြစ်သည်၊ ယင်းတို့ကြားတွင် အကြီးစား ကွာခြားချက်မရှိဟု စိတ်နှလုံးထဲတွင် ခံစားမိကြလေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို ကပြောင်းကပြန် လုပ်ခြင်းနှင့် မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်းဖြစ်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များက ဤသို့သောအရာများကို ပြောဆိုထားသလော။ ပြောဆိုမထားသကဲ့သို့ ထိုအရာများသည် ဘုရားဆိုလိုသည့်အရာများလည်း မဟုတ်ပေ။ ထိုအရာများသည် လူက ဘုရားနှုတ်ကပတ်တော်များကို ကပြောင်းကပြန် လုပ်ခြင်းနှင့် မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက ဤအရာများကို လုံးဝ မပြောခဲ့ပေ။ ထို့ကြောင့် သင်တို့ လုပ်ဆောင်ရမည့်အရာမှာ မည်သည့်အခြေအနေတွင်မဆို ထိုစည်းကမ်းသတ်မှတ်ချက်များကို အခြေပြု၍ မစဉ်းစားရန်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အသေးစိတ် ဖတ်ရှုသင့်ပြီး လူတို့အပေါ် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသည့် အပြုအမူဆိုင်ရာ သတ်မှတ်ချက်များကို အတိအကျ ရှာဖွေသင့်သည်။ ထို့နောက်တွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ရှာဖွေသင့်ပြီး ယင်းတို့ကို စုစည်းသင့်သည်။ ပြီးလျှင် ယင်းတို့ကို တစ်စုတစ်စည်းတည်း ဆုတောင်းရင်းဖြင့် ဖတ်ရှုကာ မိတ်သဟာယဖွဲ့သင့်သည်။ ၎င်းတို့နှင့်ပတ်သက်ပြီး အသိအမြင်ရရှိသည်နှင့် ဤသည်မှာ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည့်အချိန်ဖြစ်သည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ဘဝထဲသို့ ယူဆောင်လာပေးကာ ထိုနှုတ်ကပတ်တော်များသည် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်ပုံများအတွက်သာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက်ပါ အခြေပြုချက်ဖြစ်လာသည်။ လူတို့စကားနှင့် လုပ်ရပ်များ၏ အခြေခံပြုချက်သည် မည်သည့်အရာ ဖြစ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ စကားနှင့် လုပ်ရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ အဘယ်နည်း။ (ထိုစကားနှင့် လုပ်ရပ်များသည် လူတို့အဖို့ အပြုသဘောဆောင်ရမည် ဖြစ်ပါသည်။) မှန်ပေသည်။ အခြေခံအကျဆုံး အချက်အနေဖြင့် သင်သည် အမှန်အတိုင်း ပြောရမည်၊ ရိုးသားစွာ ပြောဆိုရမည်၊ အခြားသူများကို အကျိုးပြုရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏ စကားသည် လူတို့ကို တည်ဆောက်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို မလိမ်လည်ရ၊ သို့မဟုတ် မလှည့်စားရ၊ သို့မဟုတ် မသရော်ရ၊ သို့မဟုတ် ပြက်ရယ်မပြုရ၊ သို့မဟုတ် ရယ်သွမ်းမသွေးရ၊ သို့မဟုတ် ဘောင်မခတ်ရ၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဖော်ပြချက်ဖြစ်သည်။ လူ့သဘာဝ၏ သူတော်ကောင်းတရား ဖြစ်သည်။ ဘုရားသခင်က မည်မျှကျယ်လောင်စွာ သင်စကားပြောရမည်ဟု ပြောဆိုထားသလော။ စံသတ်မှတ်ထားသော ဘာသာစကားကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ လှပသော အလင်္ကာ၊ သို့မဟုတ် အဆင့်မြင့်သော၊ ယဉ်ကျေးသော ဘာသာစကားပုံစံကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ (တောင်းဆိုမထားပါ။) ထိုအပေါ်ယံဆန်သော၊ ကြောင်သူတော်ဆန်သော၊ မှားယွင်းသော၊ လက်ဆုပ်လက်ကိုင် အကျိုးမပြုသော အရာများတစ်ခုမျှ မရှိပေ။ ဘုရားသခင်၏ သတ်မှတ်ချက်အားလုံးမှာ ပုံမှန်လူများက ပိုင်ဆိုင်သင့်သောအရာများ၊ လူ၏ ဘာသာစကားနှင့် အပြုအမူအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။ လူတစ်ယောက်က မည်သည့်နေရာတွင် မွေးဖွားသည်ဖြစ်စေ၊ မည်သည့်ဘာသာစကားကို ပြောသည်ဖြစ်စေ အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ သင်ပြောသည့် စကားများက၊ ထိုစကားများ၏ အသုံးအနှုန်းနှင့် အကြောင်းအရာက အခြားသူများအတွက် တည်ဆောက်စရာဖြစ်ရမည်။ ထိုစကားများက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်ရမည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားသူများသည် ထိုစကားများကို ကြားပြီးသည့်အခါ ထိုစကားများက မှန်ကန်သည်ဟု ခံစားရကာ ထိုစကားများမှ တိုးတက်မှုနှင့် အကူအညီကို ရရှိ၍ သမ္မာတရားကို နားလည်နိုင်သွားသည့်အပြင် ရှုပ်ထွေးခြင်း မရှိတော့သကဲ့သို့ အခြားသူများ၏ အထင်အမြင်မှားအောင် လုပ်ခြင်းကို အလွယ်တကူ ခံရခြင်းတို့ မရှိတော့ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို အမှန်အတိုင်း ပြောရန်၊ ၎င်းတို့တွေးသည့်အရာကို ပြောရန် တောင်းဆိုပြီး အခြားသူများအပေါ် မလိမ်လည်ရ၊ သို့မဟုတ် မလှည့်စားရ၊ သို့မဟုတ် မသရော်ရ၊ သို့မဟုတ် ပြက်ရယ်မပြုရ၊ သို့မဟုတ် ရယ်သွမ်းမသွေးရ၊ သို့မဟုတ် ဘောင်မခတ်ရ၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရဟု တောင်းဆိုသည်။ ဤအရာတို့သည် စကားပြောခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများဖြစ်သည် မဟုတ်လော။ လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု ဆိုရခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားလူတို့အပေါ် အတင်းအဖျင်း မပြောခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို ဝေဖန်ဖို့၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အတိတ်က အမှားများ၊ သို့မဟုတ် အားနည်းချက်များကို ဖက်တွယ်မထားနှင့်။ ဤသည်မှာ အနည်းဆုံး သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် အပြုသဘောဆောင်သော စကားကို မည်သို့ထုတ်ပြောသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ပေးခြင်း၊ နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် အချို့သော အထူးဖြစ်ရပ်များတွင် အခြားသူများအနေဖြင့် သမ္မာတရားနှင့်ဆိုင်သော အသိကို ရရှိကာ နောင်တရလိုစိတ် ရှိဖို့အလို့ငှာ သူတို့၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအခါမှသာ မျှော်လင့်ထားသော အကျိုးကို ရရှိပေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်၏၊ ဟုတ်သည် မဟုတ်လော။ ဥပမာအားဖြင့် သင်သည် အထူးပင် တစ်ဇွတ်ထိုးလုပ်တတ်ပြီး မာနထောင်လွှားသည် ဆိုကြပါစို့။ သင့်အနေဖြင့် ဤအရာကို လုံးဝ သတိမထားမိသော်လည်း သင်နှင့် အကျွမ်းဝင်သောသူ တစ်ယောက်သည် ဤပြဿနာကို သင့်အား တည့်တည့်ကြီး ပြောပြသည်။ သင်က “ငါတစ်ဇွတ်ထိုးလုပ်တတ်သလော။ မာနထောင်လွှားသလော။ အခြားမည်သူမျှ ငါ့ကို မပြောပြဝံ့ကြ။ သို့သော် သူကမူ ငါ့ကို နားလည်၏။ ဤစကားမျိုးကို သူပြောရက်ခြင်းက ဤအရာ တကယ်မှန်ကြောင်း ပြနေသည်။ ဤအရာကို အချိန်ခဏယူပြီး ငါသုံးသပ်ကြည့်ရမည်” ဟူ၍ စဉ်းစားသည်။ ထို့နောက်တွင် ထိုသူကို သင်က “အခြားလူများသည် ကျွန်ုပ်ကို ကောင်းသည့်အရာများသာ ပြောကြ၏။ ချီးမွမ်းကြ၏။ မည်သူကမျှ ကျွန်ုပ်ကို စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း မပြောဖူးပါ။ ကျွန်ုပ်၌ရှိသည့် ဤအားနည်းချက်များ၊ ပြဿနာများကို မည်သူမျှ မထောက်ပြဖူးပါ။ သင်တစ်ဦးတည်းကသာ ကျွန်ုပ်ကို ပြောပြနိုင်၏၊ စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောနိုင်၏။ ဤသည်မှာ အင်မတန် ကောင်းပါသည်။ ကျွန်ုပ်အတွက် ကြီးကြီးမားမား အထောက်အကူဖြစ်ပါ၏” ဟုပြောသည်ဆိုပါစို့။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည် မဟုတ်လော။ တဖြည်းဖြည်းချင်းဖြင့် အခြားလူသည် သူ၏ စိတ်တွင်ရှိသောအရာကို၊ သင်နှင့်ပတ်သက်သည့် သူ၏ အတွေးများကို၊ ဤကိစ္စနှင့်ပတ်သက်ပြီး သူ့တွင် အယူအဆများ၊ စိတ်ကူးများအပြင် အပျက်သဘောဆောင်မှုနှင့် အားနည်းချက်တို့ ရှိခဲ့ပုံနှင့်သက်ဆိုင်သည့် သူ၏ အတွေ့အကြုံများကို သင့်အား သိစေပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သူလွတ်မြောက်နိုင်သွားသည်။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ချင်း မိတ်သဟာယဖွဲ့မှု ဖြစ်သည်။ အနှစ်ချုပ်လျှင် စကားပြောဆိုခြင်းနောက်ကွယ်၌ရှိသော စည်းမျဉ်းမှာ အဘယ်နည်း။ ဤအရာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောဆိုလော့။ သင်၏ တကယ့်အတွေ့အကြုံများနှင့် သင်အမှန်တကယ်ထင်မြင်သည့် အရာတို့ကို ပြောဆိုလော့။ ဤစကားများသည် လူတို့အတွက် အကျိုးအရှိဆုံးဖြစ်သည်။ လူတို့ကို ပံ့ပိုးပေးသည်။ လူတို့ကို ကူညီပေးသည်။ အပြုသဘောဆောင်သည်။ အတုအယောင်ဖြစ်သော စကားများ၊ လူတို့ကို အကျိုးမဖြစ်စေသည့်၊ တည်ဆောက်မပေးသည့် စကားများကို ပြောဖို့ ငြင်းဆန်လော့။ ဤနည်းအားဖြင့် လူတို့ကို ထိခိုက်နစ်နာစေခြင်း၊ သို့မဟုတ် အမှားလုပ်မိစေခြင်း၊ အပျက်သဘောအတွင်းသို့ ထိုးကျစေခြင်း၊ လူတို့အပေါ် အပျက်သဘောသက်ရောက်မှု ရှိခြင်းတို့ကို ရှောင်နိုင်လိမ့်မည်။ အပြုသဘောဆောင်သော အရာများကို သင်ပြောဆိုရမည်။ လူတို့ကို တတ်နိုင်သမျှ ကူညီရန်၊ အကျိုးပြုရန်၊ ပံ့ပိုးပေးရန်၊ လူတို့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာစေရန် သင်ကြိုးပမ်းရမည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံများအပြင် ပြဿနာများကို သင်ဖြေရှင်းသည့် နည်းလမ်းမှတစ်ဆင့် လူတို့ကို အကူအညီယူခွင့် ပြုရမည်။ များစွာရရှိခွင့် ပြုရမည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်း လမ်းကြောင်းကို နားလည်နိုင်စေရမည်။ ၎င်းတို့ကို အသက်ဝင်ရောက်မှု ရစေပြီး ၎င်းတို့၏ အသက်တာကို ကြီးထွားအောင် ပြုလုပ်ရမည်။ ဤသည်မှာ စည်းမျဉ်းများရှိသော၊ လူတို့ကို တည်ဆောက်ပေးသော သင့်စကားများ၏ သက်ရောက်မှုအားလုံး ဖြစ်သည်။ ဤအရာအပြင် လူတို့သည် အတူတကွ စုရုံးပြီး အလဟဿ အတင်းအဖျင်းပြောဆိုကာ တခစ်ခစ် ရယ်မောသောအခါတွင် ဤသည်မှာ စည်းမျဉ်းနှင့်မညီပေ။ ၎င်းတို့ပွင့်အံထုတ်ပြသမျှမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင် အခြေမခံပေ။ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းခြင်းလည်း မရှိပေ။ ယင်းတို့အားလုံးမှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူ့အတွေးအခေါ်များ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ကြိုးကိုင်ညွှန်ကြားသည့်အတိုင်း အသက်ရှင်နေကြခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။