သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃) အပိုင်း သုံး
မိမိ၏ ပြောစကားတွင် လူသည် စည်းမျဉ်းနှင့်ညီပြီး အခြားသူများအပေါ် တည်ဆောက်စရာ ဖြစ်စေဖို့ ဘုရားသခင်တောင်းဆိုသည်။ ယင်းသည် လူ၏ ထိုအပြင်ပန်း အပြုအမူကောင်းများနှင့် သက်ဆိုင်မှုတစ်ခုခုရှိသလော။ (မရှိပါ။) ထိုအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် အခြားသူများအပေါ် ကြီးစိုးခြယ်လှယ်ခြင်းမရှိ၊ သို့မဟုတ် သင်၏ ပြောစကားတွင် ဟန်ဆောင်ခြင်းနှင့် လှည့်စားခြင်းတို့ မရှိသည့်အပြင် အခြားသူများကို အားပေးခြင်း၊ လမ်းပြခြင်း၊ နှစ်သိမ့်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်ဆိုပါစို့။ သင်သည် ဤအရာနှစ်ခုလုံးကို လုပ်ဆောင်နိုင်လျှင် ထိုအရာများကို ပေါင်းသင်းရလွယ်ကူသည့် သဘောထားဖြင့် လုပ်ဆောင်ဖို့ လိုအပ်သလော။ သင်သည် ပေါင်းသင်းရလွယ်ကူခြင်းကို မဖြစ်မနေ စွမ်းဆောင်ရရှိမှ ဖြစ်မည်လော။ သင်သည် ရည်မွန်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ယဉ်ကျေးမှုရှိခြင်းတို့ကဲ့သို့သော အပြင်ပန်းအရာများ၏ အပြုအမူဆိုင်ရာ ဘောင်အတွင်း၌သာ ထိုအရာများကို လုပ်ဆောင်၍ရလေသလော။ မလိုအပ်ပေ။ သင်၏ ပြောစကားက အခြားသူများအဖို့ တည်ဆောက်စရာဖြစ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်သည် ထိုပြောစကားကို ရိုးရာယဉ်ကျေးမှုတွင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော အပြုအမူကောင်းများအပေါ် အခြေခံရမည့်အစား ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ သတ်မှတ်ချက်များတွင် အခြေခံရန်၊ သမ္မာတရားတွင် အခြေခံရန်ဖြစ်သည်။ သင်၏ ပြောစကားက စည်းမျဉ်းနှင့်ညီပြီး အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်သည့်အခါ သင်သည် ထိုင်လျက်ဖြစ်စေ၊ ထလျက်ဖြစ်စေ စကားပြောဆိုနိုင်သည်။ ကျယ်သောအသံဖြင့်ဖြစ်စေ၊ တိတ်ဆိတ်သောအသံဖြင့်ဖြစ်စေ စကားပြောနိုင်သည်။ နူးညံ့သိမ်မွေ့သော စကားများဖြင့်ဖြစ်စေ၊ ပြင်းထန်သော စကားများဖြင့်ဖြစ်စေ ပြောဆိုနိုင်သည်။ အဆုံးသတ်ရလဒ်က အပြုသဘောဆောင်သရွေ့၊ သင်က သင်၏ တာဝန်ကို ဖြည့်ဆည်းထားပြီး အခြားလူကလည်း အကျိုးထူးသွားသရွေ့ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်။ သင်လိုက်စားသည့်အရာမှာ သမ္မာတရားဖြစ်ကာ သင်လက်တွေ့လုပ်ဆောင်သည့်အရာမှာ သမ္မာတရားဖြစ်ပြီး သင်၏ ပြောစကားနှင့် လုပ်ရပ်များ၏ အခြေပြုချက်က ဘုရားနှုတ်ကပတ်တော်များဖြစ်လျှင်၊ သမ္မာတရား စည်းမျဉ်းများဖြစ်လျှင် အခြားသူများသည် သင့်ထံမှ အကျိုးအမြတ်ဖြစ်ထွန်းပြီး ရရှိနိုင်လျှင် ယင်းမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးဖြစ်မည်မဟုတ်သလော။ ရိုးရာယဉ်ကျေးမှု၏ အတွေးအခေါ်ဖြင့် ချုပ်ချယ်ခံရလျက် အသက်ရှင်ရင်း သင်သည် ဟန်လုပ်စဉ် အခြားသူများကလည်း အလားတူလုပ်ဆောင်လျှင်၊ သင်က ယဉ်ကျေးစွာ အနုစိတ် သဘောကောင်းပြစဉ် ၎င်းတို့က မျက်နှာလိုမျက်နှာရပြုလုပ်လျှင်၊ တစ်ယောက်ချင်းစီတိုင်းက အခြားလူအတွက် ဟန်လုပ်နေလျှင် သင်တို့ထဲမှ မည်သူကမျှ လုံးဝ မကောင်းပေ။ သင်နှင့် ၎င်းတို့သည် ဟုတ်မှန်သည့် စကားတစ်ခွန်းမျှမပါဘဲ တစ်နေကုန် မျက်နှာလိုမျက်နှာရလုပ်ပြီး အနုစိတ် သဘောကောင်းပြကာ ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သော အပြုအမူကောင်းကိုသာ အသက်တာတွင် သရုပ်ထင်စေကြသည်။ ဤသို့သော အပြုအမူသည် အပြင်ပန်းမှကြည့်လျှင် သမားရိုးကျအဖြစ် မြင်ရသော်လည်း အားလုံးက သူတော်ကောင်း ဟန်ဆောင်ခြင်းဖြစ်သည်။ အခြားသူများကို လိမ်လည်၍ အထင်အမြင်မှားစေသော အပြုအမူ၊ လူတို့ကို အယုံသွင်းပြီး လိမ်လည်သော အပြုအမူဖြစ်သည်။ ရိုးသားစစ်မှန်သော စကားတစ်ခွန်းမျှ မကြားရပေ။ သင်သည် ဤသို့သောသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့လျှင် အဆုံး၌ အယုံသွင်းခံရပြီး လိမ်လည်ခံရဖို့ သေချာသည်။ ၎င်းတို့၏ ကောင်းသော အပြုအမူမှ ရရှိသည့် မည်သည့်အရာကမျှ သင့်ကို တည်ဆောက်ပေးမည် မဟုတ်ပေ။ ယင်းက သင့်ကို သင်ပေးရန်ရှိသမျှမှာ မုသားနှင့် လိမ်လည်မှုသာဖြစ်သည်။ သင်က ၎င်းတို့ကို လိမ်လည်ပြီး ၎င်းတို့က သင့်ကို လိမ်လည်သည်။ အဆုံးတွင် သင်ခံစားရမည့်အရာသည် သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ အလွန်အမင်း ဆုတ်ယုတ်ခြင်းဖြစ်ပြီး သင့်အနေဖြင့် တောင့်ခံဖို့သာ ရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် အငြင်းပွားခြင်း၊ သို့မဟုတ် အခြားသူများထံမှ အလွန်အမင်း တောင်းဆိုခြင်းမရှိဘဲ ရည်မွန်ခြင်းရှိ၍ အသိပညာကြွယ်ဝပြီး အသိတရားရှိသော ပုံစံဖြင့် သင့်ကိုယ်သင် ပြရုပ်တင်ရဦးမည် ဖြစ်သည်။ သင်သည် တောက်ပသော အပြုံးကို ဆင်ယင်၍ အေးဆေးတည်ငြိမ်မှုနှင့် အမြင်ကျယ်သော သဘောထားကြီးမှုတို့ ရှိသယောင်ဟန်ဆောင်လျက် စိတ်ရှည်ကာ သည်းခံရဦးမည် ဖြစ်သည်။ ဤသို့သော အခြေအနေကို ရရှိရန်အတွက် နှစ်ပေါင်းမည်မျှကြာအောင် အားထုတ်လိုက်ရမည့်ဖြစ်ခြင်း။ သင်က အခြားသူများရှေ့တွင် ဤသို့ရှင်သန်နေထိုင်ရန် သင့်ကိုယ်သင် တောင်းဆိုလျှင် သင်၏ အသက်တာသည် သင့်ကို ခြေကုန်လက်ပန်းကျစေမည် မဟုတ်သလော။ သင်သည် မိမိတွင် များစွာသော ချစ်ခြင်းမေတ္တာ မရှိသည်ကို ကောင်းစွာသိလျက်ဖြင့် ရှိဟန်ဆောင်ရခြင်းဖြစ်သည့် ထိုသို့သော သူတော်ကောင်း ဟန်ဆောင်မှုသည် လွယ်ကူသောအရာ မဟုတ်ပေ။ လူတစ်ယောက်အနေဖြင့် သင့်ကိုယ်သင် ဤသို့ကျင့်ကြံပြုမူခြင်းဖြင့် သင်သည် ခြေကုန်လက်ပန်းကျခြင်းကို အစဉ်သဖြင့် တိုး၍ အလွန်အမင်း ခံစားလာရလိမ့်မည်။ သင်သည် သင်၏ နောက်ဘဝတွင် လူသားအဖြစ်ထက် နွား၊ သို့မဟုတ် မြင်း၊ ဝက်၊ သို့မဟုတ် ခွေးတစ်ကောင်အဖြစ်သာ မွေးဖွားလိုလိမ့်မည်။ သင်သည် ထိုအရာများကို အလွန်ပင် ဟန်ဆောင်ပြီး ဆိုးယုတ်သည်ဟု မြင်လိမ့်မည်။ လူသည် အဘယ်ကြောင့် မိမိကိုယ်ကို ဤသို့ ခြေကုန်လက်ပန်းကျစေသည့် ပုံစံဖြင့် အသက်ရှင်သနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ရိုးရာအယူအဆများထဲတွင် အသက်ရှင်သောကြောင့်ဖြစ်သည်။ ထိုအယူအဆများသည် သူ့ကို ချုပ်ချယ်ပြီး ချည်နှောင်လေသည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှီပြုပြီး သူသည် အပြစ်ထဲတွင် အသက်ရှင်သည်။ ထိုအပြစ်မှ ရုန်းထွက်လွတ်မြောက်ရန် သူမကြိုးစားနိုင်ပေ။ သူ၌ လွတ်လမ်းမရှိပေ။ သူအသက်ရှင်နေထိုင်သည့် အရာသည် စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ လူတို့ကြားတွင် အခြေခံ ရိုးသားစစ်မှန်သည့် စကားတစ်လုံးကိုမျှ မကြားရနိုင်၊ သို့မဟုတ် မရရှိနိုင်သည်မှာ ခင်ပွန်းနှင့် ဇနီး၊ မိခင်နှင့် သမီး၊ ဖခင်နှင့် သား၊ တစ်ယောက်နှင့်တစ်ယောက် အကျွမ်းဝင်ဆုံး ဖြစ်နေသူများကြားတွင်ပင် ဤသို့ဖြစ်သည်။ ရင်းနှီးသည့် စကားလုံးတစ်လုံးကိုမျှ မကြားရပေ။ နွေးထွေးသော စကား၊ သို့မဟုတ် အခြားသူများ စိတ်သက်သာမှု ရရှိနိုင်သည့် စကားတစ်လုံးကိုမျှ မကြားရပေ။ ဤသို့ဖြစ်နေရာ ဤအပြင်ပန်း အပြုအမူကောင်းများက မည်သည့်အသုံးဝင်မှုကို ပေးသနည်း။ လူတို့ကြားရှိ သာမန်ကင်းကွာမှုနှင့် သာမန်ဆက်ဆံရေးများကို ထိန်းသိမ်းရန် ယာယီပြုလုပ်ပေးသည်။ သို့တိုင်အောင် ဤအပြုအမူကောင်းများ နောက်ကွယ်တွင် မည်သူကမျှ အခြားမည်သူနှင့်မဆို အလေးအနက် မထိတွေ့ရဲပေ။ ထိုအဖြစ်ကို လူသားမျိုးနွယ်သည် အဆုံးတွင် “ကင်းကွာခြင်းက လှပခြင်းကို ဖြစ်စေသည်” ဆိုသည့် စကားဖြင့် အနှစ်ချုပ်ရသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ သဘာဝစစ်စစ်ကို ဖွင့်ပြသည်မဟုတ်လော။ ကင်းကွာခြင်းက လှပခြင်းကို မည်သို့ဖြစ်စေနိုင်မည်နည်း။ ဤသို့သော ဘဝ၏ ဟန်ဆောင်ပြီး ဆိုးယုတ်သော လက်တွေ့အရှိတရားတွင် လူသည် ရှေ့ဆက်ရန် လမ်းကြောင်းမရှိဘဲ အစဉ်တိုးပွားလာသော အထီးကျန်ခြင်း၊ ထီးတည်းနေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ မရောင့်ရဲခြင်းတို့တွင် အသက်ရှင်သည်။ ဤသည်မှာ ဘာသာတရား မရှိသူများ၏ အခြေအနေမှန်ဖြစ်သည်။ သို့ရာတွင် သင်ကမူ ယနေ့တွင် ဘုရားသခင်ကို ယုံကြည်သည်။ သင်သည် ဘုရားအိမ်တော်ထဲသို့ လာပြီး ဘုရားနှုတ်ကပတ်တော်များ၏ ပံ့ပိုးထောက်မမှုကို လက်ခံထားသည်။ တရားဒေသနာများကိုလည်း မကြာခဏ နားထောင်သည်။ သို့သော် သင်၏ စိတ်နှလုံးတွင်မူကား ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် အပြုအမူကောင်းများကို နှစ်သက်နေဆဲဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ခုကို သက်သေပြ၏။ သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ စစ်မှန်မှုလည်း မရှိကြောင်းပင်။ ယခု သင်၏ဘဝတွင် သင်သည် အဘယ်ကြောင့် အလွန် စိတ်ဓာတ်ကျခြင်း၊ အလွန် အထီးကျန်ခြင်း၊ အလွန် သနားဖွယ်ဖြစ်ခြင်း၊ မိမိကိုယ်ကို အလွန် သိမ်ငယ်စေခြင်းတို့ ရှိနေဆဲဖြစ်သနည်း။ ဤအရာအတွက် တစ်ခုတည်းသော အကြောင်းပြချက်မှာ သင်သည် သမ္မာတရားကို လက်မခံဘဲ လုံးဝ မပြောင်းလဲခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်း သင့်တွင် မရှိပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ရိုးရာအယူအဆများကို အမှီပြုပြီး အသက်ရှင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်၏ ဘဝက ယခုအထိ အလွန်အထီးကျန်နေခြင်း ဖြစ်သည်။ သင့်တွင် မိတ်ဆွေမရှိ၊ ရင်ဖွင့်ရမည့်သူ မရှိပေ။ သင်သည် သင်ရရှိသင့်သော အားပေးခြင်း၊ သို့မဟုတ် လမ်းပြခြင်း၊ သို့မဟုတ် အကူအညီ၊ သို့မဟုတ် တည်ဆောက်စရာဖြစ်စေခြင်းတို့ကို အခြားသူများထံမှ မရရှိနိုင်သကဲ့သို့ အခြားသူများကိုလည်း အားပေးခြင်း၊ သို့မဟုတ် လမ်းပြခြင်း၊ သို့မဟုတ် အကူအညီတို့ကို သင်မပေးနိုင်ပေ။ အနည်းဆုံးသော အပြုအမူများဖြစ်သည့် ဤအရာများတွင်ပင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ်၊ သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ် မမှတ်ယူပေ။ ထို့ကြောင့် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်ပုံများ၊ သို့မဟုတ် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့ကို ထုတ်ပြောဖို့ ပို၍ပင် မလိုအပ်ပေ။ ယင်းတို့သည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့်လည်းကောင်း မိုင်ထောင်ချီ၍ ဝေးကွာနေလေသည်။
လူ၏ အပြုအမူနှင့်ပတ်သက်ပြီး ဘုရားသခင်တွင် မည်သည့်တောင်းဆိုချက်များရှိသည်ကို ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည်။ လူ၏ ပြောစကားနှင့် လုပ်ရပ်များသည် စည်းမျဉ်းနှင့်ညီပြီး အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေဖို့ ဘုရားသခင်က တောင်းဆိုသည်။ သို့ဖြစ်လေရာ ထိုအရာကို အခြေခံလျှင် လူတို့က စိတ်ကူးရသည့် ဤအပြုအမူကောင်းများ၌ တန်ဖိုးတစ်ခုခုရှိမရှိ၊ ယင်းတို့ကို တန်ဖိုးထားထိုက်ခြင်းရှိမရှိကို ယခုအခါ လူတိုင်းသိကြသလော။ (မသိကြပါ။) ဤသို့ဆိုပါက ယင်းတို့ကို တန်ဖိုးထားရန် ထိုက်တန်ကြောင်း သင်တို့မယုံကြည်သည်ကို ထောက်လျှင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ (ယင်းတို့ကို စွန့်လွှတ်သင့်ပါသည်။) ယင်းတို့ကို မည်သို့စွန့်လွှတ်ရသနည်း။ ယင်းတို့ကို စွန့်လွှတ်ဖို့ဆိုလျှင် အကြင်သူ၌ တိကျသော လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းနှင့် အဆင့်များရှိရမည်။ ရှေးဦးစွာ မိမိတွင် ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းတို့ဖြစ်သော အပြုအမူဆိုင်ရာ ပြသမှုများရှိမရှိကို ဆန်းစစ်ရမည်။ ဤသို့သော ဆန်းစစ်မှုက မည်သည့်ပုံစံရှိသနည်း။ ထိုဆန်းစစ်မှုတွင် မည်သည့်အကြောင်းအရာများ ပါဝင်သနည်း။ ယင်းတို့မှာ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအတွက်သာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက် အခြေပြုချက်သည် မည်သည့်အရာဖြစ်ကြောင်းကို တွေ့မြင်ရန်၊ စာတန်နှင့်သက်ဆိုင်သော မည်သည့်အရာများက သင်၏ စိတ်နှလုံးအတွင်းထဲတွင် အမြစ်တွယ်နေပြီး သင်၏ အသွေးအသားနှင့် အရိုးထဲတွင် နစ်ဝင်နေကြောင်းကို တွေ့မြင်ရန် သင့်ကိုယ်သင် ကြည့်ရှုခြင်းဖြစ်သည်။ ဥပမာ ကလေးဘဝကတည်းက တယုတယထားခံရပြီး မိမိကိုယ်ကို စည်းကမ်းရှိစွာ နေထိုင်ခြင်းနှင့်ပတ်သက်၍ များများစားစား မသိသော်လည်း သူ၏ လူ့သဘာဝက မဆိုးသောသူတစ်ယောက် ရှိသည်ဆိုပါစို့။ ထိုသူသည် အမှန်တကယ် ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ရိုးသားစစ်မှန်စွာ ဘုရားသခင်ကို ယုံကြည်ကာ တာဝန်ကို ထမ်းဆောင်သည်။ ပြီးလျှင် ဒုက္ခခံပြီး အဖိုးအခလည်း ပေးဆပ်နိုင်သည်။ ထိုသူတွင် တစ်ခုသာ မှားယွင်းနေ၏။ အစာစားသောအခါတွင် တို့ကနန်းဆိတ်ကနန်း စားပြီး ပါးစပ်မှ အသံမြည်တတ်ခြင်းပင်။ ထိုအသံကို ကြားရလျှင် သင်သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီး သင်၏ အစားအစာကို မျိုမကျ။ သင်သည် ဤသို့သော လူများကို အထူးပင် ရွံမုန်းလေ့ရှိခဲ့၏။ ၎င်းတို့သည် ကောင်းသော သွန်သင်ပျိုးထောင်ပေးခြင်းကို မခံခဲ့ရဟုလည်းကောင်း၊ မိမိကိုယ်ကို စည်းကမ်းနှင့် မည်သို့နေထိုင်ရမည်ကို မသိဟုလည်းကောင်း၊ အသိပညာကြွယ်ဝခြင်း၊ သို့မဟုတ် အသိတရားရှိခြင်း မရှိဟုလည်းကောင်း သင်ထင်သည်။ သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး ဤသို့သောသူများသည် ယုတ်ညံ့၍ သိက္ခာမဲ့ကြောင်း၊ ဘုရားသခင်က ချစ်သောသူများဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်က ရွေးချယ်သော သူများပင်ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ကြောင်း သင်ယုံကြည်သည်ဆိုပါစို့။ ဤသို့ ယုံကြည်ခြင်းအတွက် သင်၏ အခြေပြုချက်မှာ အဘယ်နည်း။ ၎င်းတို့၏ အနှစ်သာရကို သင်ထိုးထွင်းမြင်ပြီးသလော။ ၎င်းတို့၏ အနှစ်သာရကို အခြေခံပြီး ၎င်းတို့ကို သင်အကဲဖြတ်ခြင်း ဖြစ်သလော။ သင့်အကဲဖြတ်မှု၏ အခြေပြုချက်မှာ အဘယ်နည်း။ သိသာစွာပင် သင်သည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်အမျိုးမျိုးအပေါ် အခြေခံပြီး လူတို့ကို အကဲဖြတ်နေခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ဤပြဿနာအကြောင်း သိလာသောအခါ ယနေ့ ငါတို့ မိတ်သဟာယပြုခဲ့သည့် သမ္မာတရားများအပေါ် အခြေခံ၍ မည်သည့်အရာကို စဉ်းစားသင့်သနည်း။ “အလို၊ ငါသည် ၎င်းတို့ကို အထင်သေးလေ့ရှိခဲ့သည်။ ၎င်းတို့၏ မိတ်သဟာယကို ငါမည်သည့်အခါမျှ လိုလားစွာ နားထောင်ခြင်းမရှိ။ ၎င်းတို့က တစ်စုံတစ်ခုကို ပြောသည့်အခါတိုင်း သို့မဟုတ် လုပ်ဆောင်သည့်အခါတိုင်း ၎င်းတို့ လုပ်ဆောင်သည်မှာ မည်မျှမှန်ကန်ပါစေ၊ ၎င်းတို့၏ မိတ်သဟာယဖွဲ့သည့် စကားများက မည်မျှလက်တွေ့ကျပါစေ အစာစားချိန်တွင် ၎င်းတို့၏ ပါးစပ်က အသံမြည်ပြီး တို့ကနန်းဆိတ်ကနန်းဖြင့် ၎င်းတို့ဖွနေသည်ကို တွေးမိသည်နှင့်တစ်ပြိုင်နက် ငါသည် ၎င်းတို့စကားပြောသည်ကို မကြားချင်ဘဲ ဖြစ်သွား၏။ ၎င်းတို့ကို အစွမ်းအစမရှိသည့် ကောင်းစွာ ပြုစုပျိုးထောင်ခြင်း မခံခဲ့ရသောသူများအဖြစ် ငါအစဉ် မြင်ခဲ့မိသည်။ ယခုတွင် ဘုရားသခင်၏ ဤမိတ်သဟာယပြုချက်မှတစ်ဆင့် လူတို့အပေါ် ငါ၏ ရှုမြင်မှုများသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေမခံကြောင်းကို ငါမြင်ရသည်။ ထိုအစား ငါသည် လူတို့၏ ဘဝတွင်ရှိသည့် မကောင်းသော အလေ့အကျင့်များနှင့် အပြုအမူများ၊ အထူးသဖြင့် ကောင်းစွာ သွန်သင်ပျိုးထောင်ပေးခြင်း မခံခဲ့ရသော၊ သို့မဟုတ် သင့်တင့်လျောက်ပတ်ခြင်း မရှိသော ထိုနေရာများကို ၎င်းတို့လူ့သဘာဝ အနှစ်သာရ၏ ပွင့်အံထုတ်ပြခြင်းများ ဖြစ်သည့်အလား မှတ်ယူသည်။ ယခုအခါ ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး အကဲဖြတ်သောအခါတွင် ထိုအရာများအားလုံးသည် ၎င်းတို့လူ့သဘာဝ အနှစ်သာရနှင့် မပတ်သက်သည့် သေးငယ်သော အမှားများဖြစ်နေ၏။ ထိုအရာများသည် စည်းမျဉ်းနှင့်ဆိုင်သည့် ပြဿနာများ လုံးဝ မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို ဆန်းစစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားနှုတ်ကပတ်တော်များကို လက်ခံနိုင်ပြီး သမ္မာတရားကို နားလည်နိုင်သောသူတို့သည် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ ဤသို့ဆိုလျှင် ထိုနေရာမှနေ၍ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ လမ်းကြောင်းတစ်ခု ရှိသလော။ ဤမကောင်းသော အလေ့အကျင့်များကို ချက်ချင်း စွန့်ပစ်ဖို့ ၎င်းတို့ကို သင်တောင်းဆိုလျှင် အလုပ်ဖြစ်မည်လော။ (မဖြစ်ပါ။) ဤသို့သေးငယ်သော ချွတ်ယွင်းချက်များသည် အရိုးစွဲနေပြီး ပြောင်းလဲရန် ခက်ခဲသည်။ ထိုအရာများသည် တစ်ရက်၊ နှစ်ရက်အတွင်း ပြောင်းလဲနိုင်သော အရာများမဟုတ်ပေ။ အပြုအမူဆိုင်ရာ ပြဿနာများသည် ဖြေရှင်းရန် သိပ်မခက်လှ။ သို့သော် မိမိ၏ ဘဝအလေ့အကျင့်များရှိ ချွတ်ယွင်းချက်များနှင့် ပတ်သက်လာလျှင်မူ ထိုအလေ့အကျင့်များကို ဖယ်ရှားရန် အချိန်တချို့ လိုအပ်သည်။ သို့သော် ထိုအရာများသည် လူတစ်ယောက်၏ လူ့သဘာဝ၊ သို့မဟုတ် သူ၏ လူ့သဘာဝ အနှစ်သာရ၏ အရည်အသွေးနှင့် မပတ်သက်ပေ။ ထို့ကြောင့် ထိုအရာများကို အလွန်အမင်း အလေးအနက်မထားနှင့်၊ သို့မဟုတ် လက်လွှတ်ရန် ငြင်းဆန်ခြင်း မပြုနှင့်။ လူတိုင်းသည် ဘဝ၌ ၎င်းတို့၏ ကိုယ်ပိုင်အလေ့အကျင့်များနှင့် လုပ်နည်းကိုင်နည်းများ ရှိကြသည်။ မည်သူမျှ လေဟာနယ်ထဲမှ မွေးဖွားလာခြင်း မဟုတ်ပေ။ လူတိုင်းတွင် ချွတ်ယွင်းချက် အနည်းငယ်ရှိ၏။ ထိုချွတ်ယွင်းချက်များက မည်သည့်အရာများဖြစ်နေပါစေ အခြားသူများကို ထိခိုက်နေလျှင် မှန်အောင် ပြုပြင်ရမည်။ ဤသည်မှာ သင့်မြတ်သော ဆက်ဆံရေးများကို ရရှိရန် နည်းလမ်းဖြစ်သည်။ သို့ရာတွင် နေရာတိုင်း၌ စံပြဖြစ်ရန် မဖြစ်နိုင်ပေ။ လူတို့သည် မတူညီသော နေရာများမှ လာကြသည်။ ပြီးလျှင် ဘဝတွင်ရှိသော ၎င်းတို့၏ အလေ့အကျင့်များအားလုံးက ကွဲပြားသည်။ ထို့ကြောင့် ၎င်းတို့သည် အချင်းချင်း သည်းခံရပေမည်။ ဤသည်မှာ သာမန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာတစ်ခု ဖြစ်သည်။ အသေးအဖွဲ ပြဿနာများကို အလေးအနက်မထားနှင့်။ သည်းခံခြင်းကို ကျင့်သုံးလော့။ ဤသည်မှာ အခြားသူများကို ဆက်ဆံရန် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ သည်းခံခြင်း စည်းမျဉ်းဖြစ်သည်။ ဤသို့သော အမှုကိစ္စများကို ကိုင်တွယ်သည့် စည်းမျဉ်းနှင့် နည်းလမ်းဖြစ်သည်။ လူတို့၏ သေးငယ်သော ချွတ်ယွင်းချက်များကို အခြေခံပြီး ၎င်းတို့၏ အနှစ်သာရနှင့် လူ့သဘာဝကို စိစစ်ဆုံးဖြတ်ဖို့ မကြိုးစားနှင့်။ ထိုအခြေပြုချက်သည် စည်းမျဉ်းများနှင့် လုံးဝမညီပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၌ မည်သည့်ချွတ်ယွင်းချက်၊ သို့မဟုတ် အားနည်းချက်များ ရှိနေနိုင်ပါစေ ယင်းတို့သည် ထိုသူ၏ အနှစ်သာရနှင့် မသက်ဆိုင်သကဲ့သို့ ထိုသူက သမ္မာတရားကို လိုက်စားသူမဟုတ်ဟု ဆိုလိုရန် မဆိုထားနှင့်၊ ထိုသူသည် ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်သူတစ်ယောက် မဟုတ်ဟုပင် မဆိုလိုပေ။ ငါတို့သည် လူတို့၏ အားသာချက်များကို ကြည့်ရမည်ဖြစ်ပြီး လူတို့အပေါ် ငါတို့၏ ရှုမြင်မှုများကို ဘုရားနှုတ်ကပတ်တော်များနှင့် လူအတွက် သူ၏ သတ်မှတ်ချက်များအပေါ် အခြေခံရမည်။ ဤသည်မှာ လူတို့ကို မျှတစွာ ဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတစ်ယောက်သည် လူတို့ကို မည်သို့ရှုမြင်သင့်သနည်း။ လူများနှင့် အမှုအရာများကို ၎င်းတို့၏ ရှုမြင်မှုများ၊ ၎င်းတို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီရမည်ဖြစ်ကာ သမ္မာတရားကို ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိရမည်။ ဤသို့ဆိုလျှင် လူတစ်ယောက်ချင်းစီတိုင်းကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ မည်သို့မှတ်ယူရသနည်း။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ ကောင်းသောသူ ဖြစ်သလော၊ သို့မဟုတ် ဆိုးသောသူ ဖြစ်သလော ဆိုသည်ကိုလည်းကောင်း ကြည့်ရှုလော့။ ၎င်းတို့နှင့် သင်ထိတွေ့ဆက်ဆံရာတွင် ၎င်းတို့သည် အများနည်းတူ ချွတ်ယွင်းချက်များနှင့် အားနည်းချက်များ အနည်းအကျဉ်း ရှိသော်လည်း ၎င်းတို့၏ လူ့သဘာဝကမူ အလွန်ကောင်းသည်ကို သင်တွေ့မြင်ရနိုင်သည်။ ၎င်းတို့သည် လူတို့နှင့် ဆက်ဆံရာတွင် စိတ်ရှည်သည်းခံသည်။ ပြီးလျှင် တစ်စုံတစ်ယောက်က အပျက်သဘောဆောင်ပြီး အားနည်းသောအခါ ၎င်းတို့သည် ထိုသူ့အပေါ် ချစ်ခင်ပြီး ထိုသူကို ပံ့ပိုးကာ ကူညီနိုင်ကြသည်။ ဤသည်မှာ အခြားသူများအပေါ် ၎င်းတို့၏ သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားတွင် ၎င်းတို့သည် လူ့သဘာဝရှိမရှိကို ပို၍ပင် အကဲဖြတ်နိုင်သည်။ ဘုရားသခင် လုပ်ဆောင်သမျှတွင် ၎င်းတို့သည် ကျိုးနွံနာခံခြင်းနှင့် ရှာဖွေခြင်းအပြင် တောင့်တခြင်းတို့ ရှိနေခြင်းမျိုး ဖြစ်နိုင်သည်။ ထို့ပြင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အခြားသူများနှင့် ဆက်ဆံချိန် တစ်လျှောက်လုံးတွင် ၎င်းတို့ပြုမူဆောင်ရွက်သောအခါ ၎င်းတို့၌ ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိနေခြင်းမျိုး ဖြစ်နိုင်သည်။ ၎င်းတို့သည် မိုက်ရူးရဲဆန်ခြင်း၊ မဖွယ်မရာ ပြုမူဆောင်ရွက်ခြင်း မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်း၊ မည်သည့်အရာကိုမဆို ပြောခြင်းမဟုတ်ပေ။ ဘုရားသခင်၊ သို့မဟုတ် သူ၏အမှုတော်နှင့် သက်ဆိုင်သောအရာတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် အလွန်သတိထား၏။ ၎င်းတို့တွင် ဤသို့သော ပြသမှုများရှိကြောင်း သင်သေချာသွားသည့်အခါ ၎င်းတို့၏ လူ့သဘာဝမှ ပွင့်အံထုတ်ပြသည့်အရာများကို အခြေခံပြီး ထိုသူသည် ကောင်းသလော၊ သို့မဟုတ် ဆိုးသလောဆိုသည်ကို သင်မည်သို့အကဲဖြတ်ရမည်နည်း။ ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး အကဲဖြတ်လော့။ ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိအပြင် သမ္မာတရားအပေါ်နှင့် ဘုရားသခင်အပေါ် ၎င်းတို့ထားသည့် သဘောထားကို အခြေခံပြီး အကဲဖြတ်လော့။ ဤကဏ္ဍနှစ်ရပ်တွင် ၎င်းတို့ကို အကဲဖြတ်ခြင်းအားဖြင့် သင်သိမြင်ရမည်မှာ ၎င်းတို့၏ အပြုအမူတွင် ပြဿနာနှင့် ချွတ်ယွင်းချက်အနည်းငယ် ရှိသည့်တိုင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့်သူ၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံပြီး ကြောက်ရွံ့သော စိတ်နှလုံးရှိသည့်သူ၊ သမ္မာတရားအပေါ် ချစ်ပြီး လက်ခံသော သဘောထားရှိသည့်သူ ဖြစ်နိုင်သေးကြောင်းပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ အမြင်၌ ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်သူများ၊ ဘုရားသခင်ချစ်သောသူများ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်သည့်၊ ဘုရားသခင်ချစ်သည့်သူများ ဖြစ်သည်ကိုထောက်လျှင် သင့်အနေဖြင့် ၎င်းတို့ကို မည်သို့ဆက်ဆံသင့်သနည်း။ သင်သည် လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အကဲဖြတ်ရမည်။ ၎င်းတို့သည် စစ်မှန်သော ညီအစ်ကို သို့မဟုတ် မောင်နှမများဖြစ်၍ သင်သည် မလိုမုန်းထားစိတ်မရှိဘဲ ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်၏။ ၎င်းတို့ကို တစ်ဖက်စောင်း အမြင်များဖြင့် မကြည့်နှင့်၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များနှင့်အညီ အကဲမဖြတ်နှင့်။ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် အကဲဖြတ်လော့။ ပြီးလျှင် ၎င်းတို့၏ အပြုအမူဆိုင်ရာ ချွတ်ယွင်းချက်များနှင့် ပတ်သက်၍မူ သင်သည် စိတ်နှလုံး ကြင်နာမှုရှိလျှင် ၎င်းတို့ကို ကူညီသင့်သည်။ သင့်တင့်လျောက်ပတ်စွာ မည်သို့ပြုမူဆောင်ရွက်ရမည်ကို ၎င်းတို့အား အသိပေးလော့။ ၎င်းတို့သည် ယင်းကို လက်ခံနိုင်သော်လည်း ၎င်းတို့၏ အပြုအမူဆိုင်ရာ ချွတ်ယွင်းချက်များကို ချက်ချင်း လွှတ်မချနိုင်လျှင် မည်သည့်အရာကို သင်လုပ်ဆောင်ရမည်နည်း။ သင်သည် သည်းခံခြင်းကို ပြန်လည်ကျင့်သုံးသင့်သည်။ သင်သည် သည်းမခံလျှင် စိတ်နှလုံး ကြင်နာမှုမရှိဟု ဆိုလိုနေ၍ ၎င်းတို့အပေါ် သင်၏ သဘောထားတွင် သမ္မာတရားကို ရှာဖွေသင့်သည်။ သင်၏ ကိုယ်ပိုင်အားနည်းချက်များကို ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ ဤသည်မှာ လူတို့ကို မှန်ကန်စွာ ဆက်ဆံနိုင်သည့် နည်းလမ်းဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သင်က “ထိုသူသည် ချွတ်ယွင်းချက်များစွာ ရှိနေသည်။ သူသည် ကောင်းစွာ ပြုစုပျိုးထောင်ပေးခြင်း မခံထားရ။ မိမိကိုယ်ကို စည်းကမ်းရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို သူမသိ။ အခြားသူများကို လေးစားခြင်းနှင့်ပတ်သက်ပြီး သူမသိ။ သူ၏ ပြုမူပြောဆိုပုံကို သူမသိပေ။ သို့ဖြစ်လေရာ သူသည် ဘာသာတရား မရှိသူတစ်ယောက်ပင် ဖြစ်၏။ ငါသည် သူနှင့် မပေါင်းသင်းလို။ သူ့ကို ငါမတွေ့လို။ သူသည် မည်သည့်အရာကို ပြောဖို့ရှိသည်ဖြစ်စေ၊ ထိုအရာများက မည်မျှမှန်ကန်နေပါစေ ငါမကြားလို။ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံကြောင်းကို မည်သူက ယုံမည်နည်း။ သူသည် ဤသို့ လုပ်ဆောင်နိုင်သလော။ အစွမ်းအစရှိသလော” ဟု ပြောလျှင် ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ အခြားသူများကို ဤသို့ ဆက်ဆံခြင်းသည် ကြင်နာသော ကူညီခြင်းဖြစ်သလော။ သမ္မာတရား စည်းမျဉ်းများနှင့် ညီသလော။ အခြားသူများကို သင့်ဘက်မှ ဤသို့ ဆက်ဆံခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ ချစ်ခင်ကြင်နာခြင်း ဖြစ်သလော။ သင်သည် စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့သလော။ ဘုရားသခင်အပေါ် အကြင်သူ၏ ယုံကြည်မှုတွင် အခြေခံ ကြင်နာခြင်းပင် ကင်းမဲ့နေပါက ဤသို့သောသူတွင် သမ္မာတရား စစ်မှန်မှု ရှိသလော။ သင်သည် သင်၏ အယူအဆများကို ဆက်လက်၍ ဖက်တွယ်ထားလျှင်၊ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများသည် သင်၏ ကိုယ်ပိုင်ခံစားချက်များ၊ ထင်မြင်ချက်များ၊ နှစ်သက်မှုများ၊ အယူအဆများအပေါ် အခြေခံလျက်ရှိနေလျှင် သင်သည် သမ္မာတရား တစ်စွန်းတစ်စကိုမျှ နားမလည်ဘဲ စာတန်ဆန်သော အတွေးအခေါ်များအပေါ် အမှီပြုပြီး အသက်ရှင်နေဆဲဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သူ၊ သို့မဟုတ် လိုက်စားသူ မဟုတ်ဆိုသည့် လုံလောက်သော သက်သေဖြစ်သည်။ လူတချို့သည် အလွန်ပင် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည်။ သင်သည် ၎င်းတို့ကို မည်သို့မိတ်သဟာယဖွဲ့ပေးပါစေ ၎င်းတို့က “ငါသည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်သည့် ရည်မွန်သောသူဖြစ်သည်။ ယင်းက အဘယ်အရေးနည်း။ အနည်းဆုံးအနေဖြင့် ငါသည် လူကောင်းတစ်ယောက်ဖြစ်သည်။ ငါကျင့်ကြံပြုမူသည့် ပုံစံတွင် မည်သည့်အရာက မကောင်းသနည်း။ အနည်းဆုံးအနေဖြင့် လူတိုင်းက ငါ့ကို လေးစားကြသည်ပင်” ဟူ၍ မိမိတို့ ကိုယ်ပိုင်အမြင်များကို ဖက်တွယ်ဆဲဖြစ်သည်။ သင်က လူကောင်းဖြစ်ခြင်းကို ငါမကန့်ကွက်။ သို့သော် သင်သည် သင်၏ လက်ရှိပုံစံအတိုင်း ဆက်လက်၍ ဟန်ဆောင်နေလျှင် သမ္မာတရားနှင့် အသက်ကို ရရှိနိုင်မည်လော။ သင်၏ လက်ရှိပုံစံအတိုင်း လူကောင်းတစ်ယောက်ဖြစ်ခြင်းသည် သင်၏ သမာဓိကို ချိုးဖောက်ခြင်း၊ သို့မဟုတ် သင်၏ ကျင့်ကြံပြုမူမှုဆိုင်ရာ ပန်းတိုင်နှင့် ဦးတည်ချက်ကို ဆန့်ကျင်ခြင်းတို့ မရှိကောင်းမရှိနိုင်သော်လည်း သင်နားလည်ရမည့် အရာတစ်ခုကား ရှိသည်။ ဤသို့ ဆက်လက်၍ လုပ်ဆောင်လျှင် သင်သည် သမ္မာတရားကို နားလည်နိုင်မည်မဟုတ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့် အဆုံးတွင် သင်သည် သမ္မာတရား၊ သို့မဟုတ် အသက်၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရလဒ်ဖြစ်သည်။
လူတို့၏ အယူအဆများတွင်ရှိသော အပြုအမူကောင်းများကို မည်သို့မှတ်ယူရမည်၊ သမ္မာတရားကို အကြင်သူတစ်ဦး လိုက်စားသည့် ထိုအပြုအမူကောင်းများကို မည်သို့ခွဲခြားဖော်ထုတ်ရမည် ဆိုသည်တို့နှင့် ပတ်သက်ပြီး ငါယခုတင် မိတ်သဟာယပြုခဲ့သည်။ သင်တို့တွင် ယခု လမ်းကြောင်းရှိသလော။ (ရှိပါသည်။) မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ရှေးဦးစွာ မိမိကိုယ်တိုင်တွင် ထိုအပြုအမူများ ရှိမရှိကို ဆင်ခြင်သုံးသပ်သင့်ပါသည်။ ထို့နောက် လူများနှင့် အမှုအရာများအပေါ် မိမိ၏ ရှုမြင်မှုများအတွက် ပုံမှန်အခြေပြုချက်များနှင့် စံသတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ကို ဆင်ခြင်သုံးသပ်သင့်ပါသည်။) မှန်သည်။ လူများနှင့် အမှုအရာများအပေါ် သင်၏ ယခင်က ရှုမြင်မှုများတွင်၊ သို့မဟုတ် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတွင် ငါယနေ့ မိတ်သဟာယပြုခဲ့သည့်အရာနှင့် ကွဲလွဲနေသည့်၊ သို့မဟုတ် ဆန့်ကျင်နေသည့် အရာတစ်ခုခုရှိမရှိကို ရှင်းလင်းစွာ မြင်တွေ့ခြင်းအားဖြင့် စတင်သင့်သည်။ လူများနှင့် အမှုအရာများကို သင်ရှုမြင်သောအခါ သင်ခံယူသည့် ရှုထောင့်နှင့် ရှုမြင်မှုအတွက် အခြေပြုချက်သည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သင်၏ အခြေပြုချက်သည် ရိုးရာယဉ်ကျေးမှု၏ စံနှုန်းများ၊ သို့မဟုတ် ကြီးမြတ်ပြီး ကျော်ကြားသောသူတစ်ယောက်ယောက်၏ ဆိုရိုးစကားများ ဖြစ်နေသလော၊ သို့တည်းမဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား ဖြစ်နေသလောဆိုသည်ကိုလည်းကောင်း ဆင်ခြင်သုံးသပ်လော့။ ထိုနေရာမှနေ၍ ရိုးရာယဉ်ကျေးမှု၏ အတွေးများ၊ အမြင်များနှင့် ကြီးမြတ်သော၊ ကျော်ကြားသောသူများ၏ အတွေးအမြင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့သည် မည်သည့်နေရာတွင် သမ္မာတရားနှင့် ကွဲလွဲသည်ကိုလည်းကောင်း၊ အတိအကျ မည်သည့်နေရာတွင် မှားယွင်းသွားသည်ကိုလည်းကောင်း ဆက်လက်၍ ဆင်ခြင်သုံးသပ်လော့။ ဤအရာတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၏ ဒုတိယအဆင့်ရှိ အသေးစိတ်အချက်များ ဖြစ်သည်။ ယခု တတိယအဆင့်ကို ဆက်သွားမည်။ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုအတွက်သာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက် အမြင်ရှုထောင့်များ၊ နည်းလမ်းများ၊ အခြေပြုချက်နှင့် စံသတ်မှတ်ချက်များသည် လူ၏ အလိုဆန္ဒမှ၊ လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော လားရာများမှ၊ ပြီးလျှင် ရိုးရာယဉ်ကျေးမှုမှ ပေါက်ဖွားလာသည်ကိုလည်းကောင်း၊ ၎င်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည်ကိုလည်းကောင်း သင်တွေ့ရှိသောအခါ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေသင့်ပြီး ထိုနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ် မှတ်ယူသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူများနှင့် အမှုအရာများကို ရှုမြင်မှုဖြင့်လည်းကောင်း၊ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့ဖြင့်လည်းကောင်း သက်ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ သင်သည် ဘုရားနှုတ်ကပတ်တော်များက ပြောသည့်အရာအပေါ်တွင်၊ သို့မဟုတ် အတိအကျဆိုရလျှင် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စည်းမျဉ်းများအပေါ်တွင် အဓိကအားဖြင့် အခြေခံသင့်သည်။ ထိုသမ္မာတရား စည်းမျဉ်းများသည် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအပြင် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက် အခြေပြုချက်နှင့် စံသတ်မှတ်ချက် ဖြစ်လာသင့်သည်။ ဤသည်မှာ ဖြစ်မြောက်အောင်မြင်ရန် အခက်ခဲဆုံးသောအရာဖြစ်သည်။ ရှေးဦးစွာ မိမိ၏ ကိုယ်ပိုင်အမြင်များ၊ အယူအဆများ၊ ထင်မြင်ချက်များ၊ သဘောထားများကို ငြင်းဆန်ရမည်။ ဤတွင် လူ၏ မမှန်ကန်ဘဲ လွဲချော်နေသော အမြင်တချို့ ပါဝင်သည်။ ထိုအမြင်များကို ဖော်ထုတ်ရမည်။ သိလာရမည်။ ပြီးလျှင် ၎င်းတို့ကို စေ့စေ့စပ်စပ် ပိုင်းခြားစိစစ်ခြင်း ပြုလုပ်ရမည်။ ဤအရာ၏ အခြားအပိုင်းမှာ လူတို့သည် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များတွင် သင့်လျော်သော ဖော်ပြချက်ကို တွေ့သောအခါ ယင်းကို ဆင်ခြင်တွေးတောသင့်ပြီး မိတ်သဟာယဖွဲ့သင့်သည်။ သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ရှင်းလင်းသွားသောအခါတွင် ကိစ္စရပ်မှာ ၎င်းတို့က သမ္မာတရားကို မည်သို့လက်ခံပြီး လက်တွေ့လုပ်ဆောင်မည်ဆိုသည်နှင့် ရုတ်ခြည်း သက်ဆိုင်လာသည်။ ငါ့ကို ပြောလော့။ လူတစ်ယောက်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သွားသည်နှင့် မကြာမီတွင် ထိုစည်းမျဉ်းများကို လက်ခံနိုင်ခြင်းနှင့် နာခံနိုင်ခြင်း ရှိသလော။ (မရှိပါ။) လူ၏ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရုတ်တရက်ချက်ချင်း မဖြေရှင်းနိုင်ပေ။ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ သူသည် ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုလိုကြောင်း သိကောင်းသိနိုင်သော်လည်း ချက်ချင်းကား လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဖြစ်ရပ်တစ်ခုစီတိုင်းတွင် သူ့အတွက် တိုက်ပွဲတစ်ခုဖြစ်၏။ လူသည် ပုန်ကန်သော စိတ်သဘောထား ရှိသည်။ သူသည် သူ၏ မလိုမုန်းထားမှု၊ သို့မဟုတ် ပြောင်းလဲလွယ်မှု၊ သို့မဟုတ် နှလုံးခိုင်မာမှု၊ သို့မဟုတ် မောက်မာမှု၊ သို့မဟုတ် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှု၊ သို့မဟုတ် ခမ်းကြီးနားကြီးနိုင်မှုတို့ကို လက်မလွှတ်နိုင်သကဲ့သို့ သူ၏ များစွာသော ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများသာမက သူ၏ မိမိကိုယ်ကို တန်ဖိုးထားမှု၊ သို့မဟုတ် အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်၊ သို့မဟုတ် ဘဝင်မြင့်မှုတို့ကိုလည်း လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် သင်သည် သင်၏ အယူအဆများတွင် ကောင်းမွန်သည်ဟု သင်မှတ်ယူထားသော အရာတစ်ခုကို လက်လွှတ်သောအခါ သင်စွန့်လွှတ်ရမည့် အရာများသည် သင်၏ ဤအကျိုးစီးပွားများနှင့် သင်တန်ဖိုးထားသော အရာများဖြစ်သည်။ ဤအရာများအားလုံးကို သင်စွန့်လွှတ်နိုင်ပြီး လက်လွှတ်နိုင်သည့် အချိန်သည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ မျှော်လင့်ချက်၊ သို့မဟုတ် အခွင့်အရေး သင့်တွင် ရှိလာမည့်အချိန်ဖြစ်သည်။ သင့်ကိုယ်သင် စွန့်လွှတ်ခြင်းနှင့် ငြင်းဆန်ခြင်းသည် ကျော်လွှားရန် အခက်ခဲဆုံးသော အဆင့်ဖြစ်သည်။ သို့သော် သင်သည် ယင်းကို ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်နှလုံးတွင် ကြီးမားသော အခက်အခဲများ ရှိမည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားလည်ပြီး အပြုအမူကောင်းများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်သောအခါတွင် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများသည် ပြောင်းလဲသွားလိမ့်မည်။ ထို့နောက်တွင် သင်သည် ရိုးရာယဉ်ကျေးမှုမှလာသည့် ထိုကဲ့သို့သော အရာများကို တဖြည်းဖြည်းချင်း လက်လွှတ်နိုင်လိမ့်မည်။ ထို့ကြောင့် လူများနှင့် အမှုအရာများအပေါ် လူ၏ မှားယွင်းသော ရှုမြင်ပုံများ၊ သူ၏ လုပ်ဆောင်သည့် နည်းလမ်းများနှင့် ပုံစံများ၊ သူ၏ လုပ်ဆောင်မှုများ နောက်ကွယ်ရှိ မူလအရင်းအမြစ်နှင့် ရည်ရွယ်ချက်များကို ပြောင်းလဲခြင်းသည် လုပ်ဆောင်ရန် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ပြောင်းလဲရန် အခက်ခဲဆုံးအရာမှာ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသည့် အဖြစ်ပင်။ အမှုအရာများအပေါ် လူ၏ ရှုမြင်မှုများနှင့် သူ၏ ဘဝနေမှုပုံစံသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်အား မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း ဖြစ်စေသည်။ အခြားသူများအပေါ် အထင်သေးခြင်းကို ဖြစ်စေပြီး သင်၏ နာမည်နှင့် အဆင့်အတန်းကို ထိန်းသိမ်းခြင်းအပေါ် အစဉ် အာရုံစိုက်ခြင်း၊ အခြားသူများကြားတွင် အထင်ကြီးမှုကို သင်ရယူနိုင်ပြီး အရေးပါလာနိုင်ခြင်း ရှိမရှိကို အစဉ် အာရုံစိုက်ခြင်း၊ သင်၏ အနာဂတ် တက်လမ်းများနှင့် ကံကြမ္မာကို အစဉ် ထည့်သွင်းစဉ်းစားခြင်း စသည်တို့ကို ဖြစ်စေသည်။ ဤအရာများအားလုံးသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ပေါက်ဖွားလာပြီး သင်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သောအရာများဖြစ်သည်။ သင်သည် ဤအရာတစ်ခုစီတိုင်းကို ယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်ကာ ထိုးထွင်းမြင်၍ ငြင်းဆန်သောအခါတွင် ထိုအရာများကို စွန့်လွှတ်နိုင်မည်။ သင်သည် ထိုအရာများကို အနည်းငယ်ချင်းစီ စွန့်လွှတ်နိုင်သည့်အခါမှသာ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများသာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတွင် သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ်လည်းကောင်း ခိုင်ခိုင်မာမာနှင့် အပြည့်အဝ မှတ်ယူနိုင်လိမ့်မည်။
လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအပြင် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများတွင် ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ် မှတ်ယူလော့ဟူသည့် ဤစကားများကို လူတိုင်းနားလည်သည်။ ၎င်းတို့သည် သဘောပေါက်နားလည်ရန် လွယ်ကူသည်။ လူသည် သူ၏ ဆင်ခြင်တုံတရားနှင့် သူ၏ အတွေးများတွင်၊ သူ၏ သန္နိဋ္ဌာန်များနှင့် စံထားရာများတွင် ဤစကားများကို သဘောပေါက်နားလည်နိုင်ပြီး လိုက်နာလိုစိတ် ရှိသည်။ ဤတွင် အခက်အခဲများ မရှိသင့်ပေ။ သို့သော် လက်တွေ့တွင်မူ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ထိုစကားများအတိုင်း လုပ်ဆောင်ရန် လူအတွက် ခက်ခဲလေသည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ရာ၌ရှိသော အတားအဆီးများနှင့် ပြဿနာများသည် သူ၏ ပြင်ပပတ်ဝန်းကျင်တွင်ဖြစ်သော အခက်အခဲများသာ မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အမျိုးမျိုးသော သူ့ပြဿနာများ၏ အရင်းအမြစ်ဖြစ်သည်။ ယင်းသည် ပြေလည်သွားသည်နှင့် လူ၏ ပြဿနာများနှင့် အခက်အခဲများ အားလုံးသည် မည်သည့်အကြီးစားပြဿနာမျှ မမည်တော့ပေ။ ဤသို့ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လူ၏ အခက်အခဲများ အားလုံးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်ဖြစ်သည်ဟု အဖြေထွက်သည်။ ထို့ကြောင့် ဤဘုရားနှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်သည်နှင့်အမျှ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည့် ဤစစ်မှန်မှုသို့ ဝင်ရောက်သည်နှင့်အမျှ သင်သည် ဤသို့ ပို၍ သတိပြုမိလာမည်ဖြစ်သည်။ “ငါသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ ငါသည် ဘုရားသခင်ပြောသည့် ‘ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်’ ဖြစ်သည်။ စာတန်ကြောင့် ငါ၏ ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်နေသည်။ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်သော သူတစ်ယောက်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသို့ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူသည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်လျှင် အပျက်သဘောဆောင်သောအရာများကို သိခြင်းနှင့် မြင်တွေ့ခြင်းသည် အသက်ဝင်ရောက်မှု၏ ပထမအဆင့်သာဖြစ်ပြီး တကယ်ကို ကနဦးအဆင့်တွင်သာ ရှိသေးသည်။ ဤသို့ဆိုလျှင် လူများစွာတို့သည် သမ္မာတရားအနည်းငယ်ကို နားလည်သည့်တိုင်အောင် အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ အဘယ်ကြောင့် ၎င်းတို့အားလုံးသည် များပြားလွန်းလှသော စကားများနှင့် အယူဝါဒများကို ဟောပြောနိုင်သော်လည်း သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဆက်လက်၍ မဝင်ရောက်နိုင်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ခြင်း ဖြစ်သလော။ မဟုတ်ပေ။ လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ၎င်းတို့၏ သမ္မာတရားနှင့်ပတ်သက်သော သဘောတရားဆိုင်ရာ၊ စကားလုံးနှင့် စကားစုဆိုင်ရာ နားလည်မှုအဆင့်သည် တကယ့်ကို ရှိသင့်သည့်နေရာတွင် ရှိသည်။ ၎င်းတို့သည် ထိုနားလည်ထားသည့်အရာကို ပြန်ရွတ်ဆိုသောအခါ အလွယ်တကူပင် ပြောဆိုနိုင်သည်။ ၎င်းတို့တွင် သန္နိဋ္ဌာန်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့တွင် ကောင်းသော စိတ်ဓာတ်နှင့် ရည်သန်မျှော်မှန်းချက်များ ရှိသည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အားထုတ်လိုစိတ်ရှိကြ၏။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဆက်လက်၍ မဝင်ရောက်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ သဘောပေါက်နားလည်သည့် စကားများ၊ စာများနှင့် သဘောတရားများကို ၎င်းတို့၏ လက်တွေ့ဘဝတွင် မဖော်ပြနိုင်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤပြဿနာက မည်သည့်နေရာမှ လာသနည်း။ ထိုပြဿနာ၏ ဇာစ်မြစ်မှာ အလယ်ကောင်တွင် အမှုကိစ္စများကို နှောင့်ယှက်ဟန့်တားနေသည့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တည်နေသည့် အဖြစ်တွင် ရှိသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့ပြီး သမ္မာတရားကို လိုက်စားခြင်းက အဘယ်အရာဖြစ်သည်ကို နားမလည်သော၊ ၎င်းတို့ ကျရှုံးသည့် အချိန်တိုင်းတွင်ဖြစ်စေ၊ လဲကျသည့် အချိန်တိုင်းတွင်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့် အချိန်တိုင်းတွင်ဖြစ်စေ ကတိပြုပြီး ၎င်းတို့၏ အလိုဆန္ဒကို ကြေညာသောသူတချို့ ရှိနေခြင်းဖြစ်သည်။ ၎င်းတို့သည် ဤသို့သော ကတိများနှင့် ကြေညာမှုများကို ပြောမပြနိုင်လောက်အောင်များသော အရေအတွက်အထိ လုပ်ဆောင်ကြသည်။ သို့တိုင်အောင် ယင်းသည် ပြဿနာကို မဖြေရှင်းပေ။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ချက်ချပြီး ကတိများပြုသော အဆင့်တွင် ရပ်မြဲရပ်လျက်ရှိနေသည်။ ၎င်းတို့သည် ထိုနေရာတွင် ပိတ်မိလျက်ရှိနေ၏။ လူများစွာတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ အစဉ်သဖြင့် ၎င်းတို့၏ စိတ်နှလုံးကို တုံးတုံးချပြီး ကျမ်းကျိန်ဆိုမှုများ ပြုလုပ်ကြကာ ၎င်းတို့ရုန်းကန်ကြိုးစားမည်ဟု ဆိုကြသည်။ နေ့စဉ် မိမိတို့ကိုယ်ကို အားပေးကြသည်။ သုံး၊ လေး၊ ငါးနှစ် ရုန်းကန်ကြိုးစားကြပြီး အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိဘဲ အားလုံးက ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားသည်။ ၎င်းတို့နားလည်သည့် အယူဝါဒအနည်းငယ်က မည်သည့်နေရာတွင်မျှ အသုံးချ၍မရပေ။ ၎င်းတို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသောအခါ ယင်းကို မည်သို့ရှုမြင်ရမည်ကို မသိကြဘဲ ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့၏ အခြေပြုချက်အဖြစ်ထားရှိဖို့ ဘုရားနှုတ်ကပတ်တော်များကို မရှာနိုင်ပေ။ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ မည်သို့ရှုမြင်ရမည်ကို မသိကြသကဲ့သို့ ၎င်းတို့အပေါ်သို့ ကျရောက်လာသော အမှုကိစ္စသည် ဘုရားနှုတ်ကပတ်တော်များတွင်ရှိသော သမ္မာတရား၏ မည်သည့်အချက်နှင့် သက်ဆိုင်သည်ကိုလည်း မသိကြပေ။ ထို့နောက်တွင် ၎င်းတို့သည် အလွန်အမင်း စိတ်သောကရောက်ကြပြီး မိမိတို့ကိုယ်ကို မုန်းတီးကြသည်။ ပြီးလျှင် ၎င်းတို့သည် ဆုတောင်းပြီး ၎င်းတို့အား ခွန်အားနှင့် ယုံကြည်ခြင်းကို ပို၍ပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ကြသည်။ အဆုံး၌ မိမိတို့ကိုယ်ကို အားပေးနေကြဆဲ ဖြစ်သည်။ ဤသည်မှာ မိုက်ရူးရဲပြုမူသောသူ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကလေးများကဲ့သို့ ဖြစ်၏။ သမ္မာတရားအား လိုက်စားခြင်းကို လူက နေ့စဉ်သဘောထားမှုသည် အမှန်ပင် ဤသို့ ကလေးမဆန်သလော။ လူသည် သူ၏ စိတ်ကို ပိုင်းဖြတ်ပြီး ကတိများပြုခြင်းအားဖြင့်၊ သူ့ကိုယ်သူ ချုပ်တည်းပြီး အားပေးခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သူ့ကိုယ်သူ အားပေးတိုက်တွန်းဖို့ အစဉ်ဆန္ဒရှိသည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုနှင့် သမ္မာတရားထဲ ဝင်ရောက်မှုသည် လူ၏ မိမိကိုယ်ကို အားပေးခြင်းမှ လာသည်မဟုတ်ပေ။ ထိုအစား သင်သည် ငါသင့်ကို ပြောသည့် နည်းလမ်းနှင့် အဆင့်များနှင့်အညီ ဝင်ရောက်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ ခြေလှမ်းကို တစ်လှမ်းပြီးတစ်လှမ်း ခိုင်မြဲစွာနှင့် တည်ငြိမ်စွာ လျှောက်လှမ်းရမည်။ ဤနည်းအားဖြင့်သာ သင်သည် ရလဒ်များကို မြင်တွေ့ရမည်။ ဤနည်းအားဖြင့်သာ သင်သည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်။ ဤအရာကို ရှောင်နိုင်သော ဖြတ်လမ်းမရှိပေ။ ဤသည်မှာ စိတ်အားထက်သန်မှုအနည်းငယ်၊ မိမိကိုယ်ကို အသုံးခံလိုသည့် ဆန္ဒအနည်းငယ်တို့အပြင် ကြီးမားသော စိတ်ဆန္ဒနှင့် ကြီးကျယ်ခမ်းနားသော ပန်းတိုင်တစ်ခုရှိလျှင် သမ္မာတရားသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာမည်ဟု မဆိုလိုဘဲ လူသည် သူ၏ လက်တွေ့ဘဝတွင်၊ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများထဲတွင် ရှာဖွေခြင်း၊ ဝင်ရောက်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း၊ ကျိုးနွံနာခံခြင်းတို့နှင့် သက်ဆိုင်သော အခြေခံသင်ခန်းစာများကို သင်ယူရမည်ဟု ဆိုလိုသည်။ ဤသင်ခန်းစာများကို သင်ယူပြီးသည့်အခါမှသာ လူသည် သမ္မာတရားနှင့်ရော ဘုရားနှုတ်ကပတ်တော်နှင့်ပါ ထိတွေ့နိုင်သည်၊ သို့မဟုတ် တွေ့ကြုံနိုင်သည်၊ သို့မဟုတ် သိမြင်နိုင်သည်။ ဤသို့ မလုပ်ဆောင်လျှင် လူက သူ့ကိုယ်သူ တွန်းအားပေးလျက်၊ တိုက်တွန်းလျက်၊ အားပေးလျက်ဖြင့် နှစ်မည်မျှကုန်ဆုံးပါစေ သူရရှိမည့်အရာမှာ သူ၏ စိတ်နှလုံးတွင်ရှိသော ကွက်လပ်ကို ဖြည့်ရန် အယူအဆ အနည်းငယ်ထက် မပိုပေ။ သူသည် ခဏတာဖြစ်သော ဝိညာဉ်ရေးရာ အားရကျေနပ်မှုအနည်းငယ်ကိုသာ ခံစားရမည်။ သို့သော် စစ်မှန်သော မည်မည်ရရဖြစ်သည့် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ စစ်မှန်သော မည်မည်ရရဖြစ်သည့် မည်သည့်အရာကိုမျှ မရရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအပြင် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှု၏ အခြေပြုချက်မှာ ဘုရားနှုတ်ကပတ်တော်များ မဟုတ်ဟု ဆိုလိုသည်။ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများတွင်ဖြစ်စေ၊ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများအပေါ် သင်၏ သဘောထားအမြင်တွင်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို အခြေပြုချက်အဖြစ် သုံးထားခြင်း မတွေ့ရပေ။ သင်သည် စိတ်ရှုပ်ထွေးလျက်ရှိသော ဘဝ၊ အကူအညီမရှိသော ဘဝကို အသက်ရှင်သည်။ ပြီးလျှင် သင်၏ ရှုမြင်မှုများ၊ သင်၏ စည်းမျဉ်းများနှင့် ရပ်တည်မှုတို့ကို ချပြရန် လိုအပ်သော ပြဿနာတစ်ခုနှင့် သင်ရင်ဆိုင်ရခြင်း ရှိလေလေ၊ သင်၏ မသိနားမလည်ခြင်း၊ မိုက်မဲခြင်း၊ အနှစ်မရှိခြင်း၊ အကူအညီမဲ့ခြင်းတို့က သိသာထင်ရှားလေလေ ဖြစ်လိမ့်မည်။ သာမန်အခြေအနေများအောက်တွင် သင်သည် အရာရာကို နားလည်သည့်အလား မှန်ကန်သော အယူဝါဒ အရေအတွက်တချို့နှင့် ရေပန်းစားသော စကားလုံး အရေအတွက်တချို့ကို သွက်လက်စွာ ပြောဆိုနိုင်သည်။ သို့သော် ပြဿနာတစ်ခု ဖြစ်ပေါ်လာ၍ လူတစ်ယောက်က သင့်အား သင်၏ ရပ်တည်ချက်ကို ကြေညာခိုင်းပြီး မည်သည့်နေရာတွင် သင်ရပ်တည်သည်ကို သက်သေပြခိုင်းရန်အတွက် သင့်ထံသို့ အလေးအနက် လာရောက်သောအခါတွင် သင့်ထံမှ မည်သည့်စကားမျှ ထွက်လာမည် မဟုတ်ပေ။ လူတချို့က “မည်သည့်စကားမျှ ထွက်လာမည်မဟုတ်ဟု ဆိုသလော။ ဤသို့ မဟုတ်ပေ။ ကျွန်ုပ်က ထိုစကားများကို မပြောရဲခြင်းသာဖြစ်သည်” ဟု ဆိုလိမ့်မည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် မပြောရဲသနည်း။ ဤသည်မှာ သင်လုပ်ဆောင်သည့်အရာက မှန်ကန်မှုရှိမရှိကို သင်မသေချာကြောင်း ပြသည်။ သင်အဘယ်ကြောင့် မသေချာသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုအရာကို လုပ်ဆောင်နေသောအခါ သင်လုပ်ဆောင်နေသည့်အရာအတွက် အခြေပြုချက်က မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ဤသို့လုပ်ဆောင်ရာတွင် သင်၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကိုဖြစ်စေ လုံးဝ အတည်မပြုသကဲ့သို့ သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ထိုအမှုအရာကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ကာ လုပ်ဆောင်ခြင်း ရှိမရှိကို ပို၍ပင် အတည်ပြုခြင်း မရှိသည်မှာ ပြောစရာမလိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခု ဖြစ်ပေါ်သောအခါ သင်သည် ခွတီးခွကျနှင့် ထိရောက်စွာ မစွမ်းဆောင်နိုင်သည့်ပုံစံ ဖြစ်ကျန်ရစ်သည်။ လူတချို့သည် လက်ခံယုံကြည်ခြင်း မရှိပေ။ ၎င်းတို့က “ငါသည် ထိုသို့မဟုတ်။ ငါသည် ကောလိပ်တက်ခဲ့သည်။ မဟာဘွဲ့ရခဲ့သည်”၊ သို့မဟုတ် “ငါသည် အတွေးအခေါ်ပညာရှင်၊ ပါမောက္ခတစ်ယောက် ဖြစ်သည်။ အဆင့်မြင့်သည့် ပညာရှင်ဖြစ်သည်”၊ သို့မဟုတ် “ငါသည် ယဉ်ကျေးဖွယ်ရာသောသူဖြစ်သည်။ ငါပြောသည့်အရာကို တန်းပုံနှိပ်ထုတ်ဝေ၍ပင် ရသည်”၊ သို့မဟုတ် “ငါသည် မှတ်သားထိုက်သည့် ပညာရှင်ဖြစ်သည်”၊ သို့မဟုတ် “ငါသည် ပါရမီရှင်တစ်ဦးဖြစ်သည်” ဟူ၍ ဆိုကြသည်။ ဤအရာများကို တင်ပြပြောဆိုခြင်းသည် သင့်အတွက် တစ်စုံတစ်ရာ အသုံးဝင်သလော။ ၎င်းတို့သည် သင်၏ ကောင်းမှုများ မဟုတ်ပေ။ အများဆုံးအနေဖြင့် ဤအရာများက သင့်တွင် အသိပညာအနည်းငယ် ရှိသည်ဟုသာ ဆိုလိုသည်။ ဘုရားအိမ်တော်တွင် အသုံးဝင်ခြင်းရှိမရှိကိုမူ ပြောရခက်၏။ သို့သော် အနည်းဆုံးအနေဖြင့် သင်၏ ထိုအသိပညာသည် သမ္မာတရားနှင့် မတူညီကြောင်းကား သေချာသည်။ ပြီးလျှင် ယင်းသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုကို မထင်ဟပ်ပေ။ သင်၏ အသိပညာက သင်၏ ဝိညာဉ်ရင့်ကျက်မှုကို မထင်ဟပ်ဟု ပြောခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသို့သောအရာများသည် သင်၏ ဘဝမဟုတ်ပေ။ ယင်းတို့မှာ သင်ပိုင်ဆိုင်သည့် အပြင်ပန်းအရာများသာ ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏ ဘဝက အဘယ်နည်း။ မိမိ၏ အခြေပြုချက်နှင့် စံသတ်မှတ်ချက်က စာတန်၏ တွေးခေါ်ပုံစနစ်နှင့် အတွေးအခေါ်ဖြစ်နေသော ဘဝဖြစ်သည်။ ပြီးလျှင် သင်၏ အသိပညာ၊ သင်၏ ယဉ်ကျေးမှု၊ သင်၏ ထိုဦးနှောက်ဖြင့်ပင် ဤအရာများကို သင်မဖုံးဖိနိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ပြဿနာတစ်ခု ဖြစ်ပေါ်သောအခါ သင်၏ ပါရမီနှင့် အသိဉာဏ် ရေသောက်မြစ်တို့အပြင် သင်၏ ကြွယ်ဝသော ဗဟုသုတက လုံးဝ အသုံးဝင်မည် မဟုတ်ပေ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခုက ပွင့်အံထွက်ကျလာသောအခါ သင်၏ စိတ်ရှည်မှု၊ ကောင်းမွန်သော ပျိုးထောင်မှု၊ အသိပညာနှင့် ဤသို့သောအရာအားလုံးသည် သင့်အတွက် အနည်းငယ်မျှပင် အသုံးဝင်မည်မဟုတ်ပေ။ ထိုအခါ သင်သည် အကူအညီမဲ့နေသည်ဟု ခံစားရမည်။ ဤအရာများအားလုံးသည် သမ္မာတရားကို မလိုက်စားခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုကင်းမဲ့ခြင်းက လူတွင် ပေါ်လွင်သည့် အချိုးမကျသော ပုံစံများဖြစ်သည်။ သမ္မာတရားသို့ ဝင်ရောက်ရန် လွယ်ကူသလော။ ယင်းတွင် အခက်အခဲတစ်ခုရှိသလော။ မည်သည့်နေရာတွင် ရှိသနည်း။ ငါ့အား မေးလျှင် အခက်အခဲမရှိဟု ဖြေမည်။ သင်၏ စိတ်ကို ပိုင်းဖြတ်ဖို့၊ သို့မဟုတ် ကတိများပေးဖို့ကို အာရုံမစိုက်နှင့်။ ယင်းတို့သည် အသုံးမဝင်ပေ။ သင်သည် သင်၏ စိတ်ကို ပိုင်းဖြတ်ပြီး ကတိများပေးဖို့ အချိန်ရှိသောအခါ ဤသို့ပြုလုပ်မည့်အစား ထိုအချိန်ကို ဘုရားနှုတ်ကပတ်တော်များအပေါ် အားစိုက်ထုတ်ရာတွင် အသုံးပြုလော့။ ယင်းတို့ ပြောသည့်အရာကို စဉ်းစားလော့။ မည်သည့်အပိုင်းက သင်၏ လက်ရှိအခြေအနေနှင့် သက်ဆိုင်သည်ကို စဉ်းစားလော့။ သင်၏ စိတ်ကို တုံးတုံးချခြင်းသည် အသုံးမဝင်ပေ။ သင်သည် သင်၏ခေါင်းကို ခွဲဖွင့်ပြီး သွေးများကို စီးဆင်းစေလျက် သင်၏ စိတ်ကို တုံးတုံးချသည့်တိုင် အသုံးမဝင်ဆဲပင် ဖြစ်လိမ့်မည်။ ၎င်းက မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ သင်သည် လူနှင့် မကောင်းဆိုးဝါးများကို ဤသို့ လှည့်စားနိုင်သော်လည်း ဘုရားသခင်ကိုမူကား မလှည့်စားနိုင်ပေ။ ဘုရားသခင်က သင်၏ ထိုစိတ်တွင် ပျော်ရွှင်ဝမ်းမြောက်မှု မရှိပေ။ သင်သည် သင်၏ စိတ်ကို အကြိမ်မည်မျှ တုံးတုံးချခဲ့သနည်း။ သင်သည် ကတိများပေးပြီး လက်လျှော့လိုက်သည်။ လက်လျှော့ပြီးနောက် ထပ်မံ၍ ကတိပေးပြီး ထပ်မံ၍ လက်လျှော့ပြန်သည်။ ဤသို့ပြုခြင်းက သင့်ကို မည်သို့သောသူမျိုး ဖြစ်စေသနည်း။ မည်သည့်အချိန်တွင် သင်စကားတည်မည်နည်း။ သင်စကားတည်ခြင်း ရှိမရှိ၊ သို့မဟုတ် သင်၏ စိတ်ကို တုံးတုံးချခြင်း ရှိမရှိတို့က အရေးမပါပေ။ သင်ကတိပေးခြင်း ရှိမရှိဟူသည်မှာလည်း အရေးမကြီးပေ။ အရေးကြီးသောအရာမှာ အဘယ်နည်း။ သင်နားလည်သည့် သမ္မာတရားကို ယခုပင် ချက်ချင်း ရုတ်ခြည်း လက်တွေ့လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းသည် အသိသာဆုံးသော သမ္မာတရား ဖြစ်လျှင်ပင်၊ အခြားသူများက သတိမပြုမိဆုံးသော အရာဖြစ်ပြီး သင်ကိုယ်တိုင်က အလေးပေးခြင်း မရှိဆုံးသောအရာ ဖြစ်လျှင်ပင် ချက်ချင်း လက်တွေ့လုပ်ဆောင်လော့။ ချက်ချင်း ဝင်ရောက်လော့။ ဤသို့လုပ်ဆောင်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ယခုချက်ချင်း ဝင်ရောက်လိမ့်မည်။ ပြီးလျှင် ချက်ချင်းပင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် သင်စတင် တက်လှမ်းလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် ဖြစ်လုနီးနီး ဖြစ်လိမ့်မည်။ ထိုအခြေခံအုတ်မြစ်ပေါ်၌ သင်သည် မကြာမီတွင် သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သောသူ ဖြစ်လာနိုင်လိမ့်မည်။ ၎င်းသည် ကောင်းလိုက်သည့် ဆုလာဘ်ဖြစ်မည်ပင်တကား။ လက်ဆုပ်လက်ကိုင်ပြနိုင်ရအောင် သေချာသော တန်ဖိုးပင်တကား။
ရိုးရာယဉ်ကျေးမှုရှိ အပြုအမူကောင်းနှင့် ပတ်သက်သည့် ဆိုရိုးစကားများအပေါ် မိတ်သဟာယပြုပြီးနောက်တွင် ယင်းတို့နှင့် ပတ်သက်၍ သိနားလည်မှုတစ်ခုတလေ သင်တို့ ရရှိသွားကြပြီလော။ ဤအပြုအမူကောင်းမျိုးကို မည်သို့ချဉ်းကပ်သင့်သနည်း။ လူတချို့က “ယနေ့မှစ၍ ကျွန်ုပ်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ သို့မဟုတ် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ သို့မဟုတ် ရည်မွန်သောသူ လုပ်တော့မည်မဟုတ်။ ကျွန်ုပ်သည် ‘ကောင်းမြတ်သော’ လူ ဆိုသည့်သူတစ်ဦး လုပ်တော့မည် မဟုတ်ပါ။ လူကြီးသူမများကို ရိုသေလေးစားသည့်၊ သို့မဟုတ် ငယ်ရွယ်သူများကို ဂရုစိုက်သည့် သူတစ်ဦး လုပ်တော့မည် မဟုတ်ပါ။ ဖော်ရွေသော၊ ပေါင်းသင်းရ လွယ်ကူသော လူတစ်ဦး လုပ်တော့မည် မဟုတ်ပါ။ ထိုအရာတစ်ခုမျှ ပုံမှန်လူ့သဘာဝမှ သဘာဝအလျောက် ပွင့်အံထွက်ကျလာခြင်း မဟုတ်ပါ။ ၎င်းသည် တုပပြီး အယောင်ဆောင်ဖြစ်သော လှည့်ဖြားတတ်သည့် အပြုအမူဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဆင့်ကို မမီပါ။ ကျွန်ုပ်သည် မည်သည့်လူစားမျိုး လုပ်မည်နည်း။ ရိုးသားသော လူတစ်ဦး လုပ်ပါမည်။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းအားဖြင့် ကျွန်ုပ်အစပြုပါမည်။ ကျွန်ုပ်၏ ပြောစကားတွင် ကျွန်ုပ်သည် မယဉ်ကျေးမလိမ္မာဘဲ ဖြစ်နေနိုင်သည်၊ စည်းမျဉ်းများကို နားမလည်ဘဲ ဖြစ်နေနိုင်သည်၊ အသိပညာ ကင်းမဲ့နေနိုင်ပြီး အခြားသူများ၏ အထင်သေးခြင်း ခံရနိုင်သော်လည်း အယောင်ဆောင်ခြင်း မရှိဘဲ ရိုးသားစစ်မှန်မှုဖြင့် ပွင့်ပွင့်လင်းလင်း ကျွန်ုပ်စကားပြောပါမည်။ လူတစ်ဦးအနေဖြင့်လည်းကောင်း၊ ကျွန်ုပ်၏ လုပ်ရပ်များတွင်လည်းကောင်း အယောင်ဆောင်မည် မဟုတ်သကဲ့သို့ ဟန်ဆောင်မည်လည်း မဟုတ်ပါ။ ကျွန်ုပ်စကားပြောသည့်အခါတိုင်းတွင် စိတ်နှလုံးမှ လာသည့်စကား ဖြစ်ပါမည်။ စိတ်ထဲတွင် တွေးသည့်အရာကို ကျွန်ုပ်ပြောမည်။ တစ်စုံတစ်ဦးအပေါ် မုန်းတီးခြင်း ရှိပါက မိမိကိုယ်ကို ဆန်းစစ်ပြီး သူတို့အပေါ် ထိခိုက်နာကျင်စေသည့် အရာတစ်ခုမျှ လုပ်မည် မဟုတ်။ အပြုသဘောဆောင်သည့် အရာများကိုသာ လုပ်မည်။ ကျွန်ုပ်စကားပြောသည့်အခါ မိမိကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အကျိုးကို ထည့်တွက်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ နာမည်ဂုဏ်သတင်း၊ သို့မဟုတ် ဂုဏ်သိက္ခာ၏ ထိန်းချုပ်မှုကို ခံမည်လည်း မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်အပေါ် လူတို့အထင်ကြီးလာအောင် လုပ်ရန် ရည်ရွယ်ချက်လည်း ရှိမည်မဟုတ်ပါ။ ဘုရားသခင် ဝမ်းသာခြင်း ရှိမရှိဆိုသည့်အပေါ်သာ ကျွန်ုပ်အလေးထားမည်။ လူတို့ကို မထိခိုက်မနာကျင်စေခြင်းသည် ကျွန်ုပ်၏ အခြေခံစံနှုန်း ဖြစ်လိမ့်မည်။ ကျွန်ုပ်လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ဖြစ်လိမ့်မည်။ အခြားသူများကို ထိခိုက်နစ်နာစေမည့်အရာများ လုပ်မည် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသော အရာများကိုလည်း လုပ်မည် မဟုတ်ပါ။ အခြားသူများကို အကျိုးပြုသည့် အရာများကိုသာ ကျွန်ုပ်လုပ်ဆောင်မည်၊ ရိုးသားသော လူတစ်ဦးနှင့် ဘုရားသခင်ကို ဝမ်းသာစေသည့် လူတစ်ဦးသာ ကျွန်ုပ်လုပ်မည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ လူတစ်ဦးထဲရှိ ပြောင်းလဲမှု ဖြစ်သည် မဟုတ်လော။ ဤစကားများကို ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက ၎င်းတို့ အမှန်တကယ် ပြောင်းလဲသွားကြပြီး ဖြစ်ပေမည်။ ၎င်းတို့၏ အနာဂတ်နှင့် ကံကြမ္မာတို့သည် အကောင်းဘက်သို့ ပြောင်းလဲသွားပြီး ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်တွင် ၎င်းတို့မကြာမီ စတင် တက်လှမ်းလိမ့်မည်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မကြာမီ ဝင်ရောက်ပြီး ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည့် လူတစ်ဦး မကြာမီ ဖြစ်လာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာ၊ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်ကို တုံးတုံးချဖို့၊ သို့မဟုတ် သင်ကတိပြုဖို့ လိုအပ်သလော။ မည်သည့်အရာကိုမျှ မလိုအပ်ပေ။ ဘုရားသခင်အတွက် သင်၏ စိတ်ကို တုံးတုံးချရန်လည်း မလိုအပ်သကဲ့သို့ သင်၏ ယခင်က ပြစ်မှားမှုများ၊ အမှားများနှင့် ပုန်ကန်ခြင်းကိုလည်း စာရင်းပြုစုဖို့ မလိုအပ်ပေ။ ဘုရားသခင်ထံ အလျင်အမြန် ဝန်ချပြီး သူ၏ ခွင့်လွှတ်ခြင်းကို တောင်းခံလော့။ ထိုသို့သော လုပ်ရိုးလုပ်စဉ်များ မလိုအပ်။ မှန်ကန်သော၊ စိတ်နှလုံးထဲမှလာသော အရာကို ယခုလက်ငင်း ချက်ချင်းတစ်ခါတည်း ပြောပြီး လိမ်ညာခြင်း၊ သို့မဟုတ် လှည့်စားခြင်းမရှိဘဲ ခိုင်မာမှုရှိသောအရာတစ်ခုကို လုပ်ဆောင်လော့။ ထိုအခါ သင်သည် တစ်စုံတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အနေဖြင့် ရိုးသားသူတစ်ယောက် ဖြစ်လာရန် မျှော်လင့်ချက် ရှိလိမ့်မည်။ လူတစ်ယောက်သည် ရိုးသားသူတစ်ယောက် ဖြစ်လာသောအခါ သမ္မာတရား စစ်မှန်မှုကို ရရှိပြီး လူသားအဖြစ် စတင်အသက်ရှင်သည်။ ဤသို့သောသူတို့သည် ဘုရားသခင် လက်ခံသောသူများ ဖြစ်သည်။ ဤအရာကို သံသယရှိစရာ မလိုပေ။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။