သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆) အပိုင်း တစ်
ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် မည်သည့်အကြောင်းအရာအား ငါတို့ မိတ်သဟာယပြုခဲ့သည်ကို သင်တို့မှတ်မိကြသလော။ (အပြုအမူကောင်းများဟု လူတို့မြင်သော အရာများနှင့် ဘုရားတောင်းဆိုသည့်အတိုင်း ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအား ယှဉ်ကြည့်လျှင် ရှိနေသော ခြားနားချက်များအပေါ် ဘုရားသခင်က ရှေးဦးစွာ မိတ်သဟာယပြုခဲ့ပါသည်။ ထို့နောက် ရိုးရာယဉ်ကျေးမှုရှိ လူ့ ကိုယ်ကျင့်တရား အပြုအမူကို မိတ်သဟာယပြုပြပြီး လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် အဆိုနှစ်ဆယ့်တစ်ချက်ကို အကျဉ်းချုပ် ဆွေးနွေးပြခဲ့ပါသည်။) ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် အကြောင်းအရာနှစ်ခုကို ငါမိတ်သဟာယပြုပေးခဲ့သည်။ ပထမဦးစွာ ကောင်းသော အပြုအမူဟူသည့် အကြောင်းအရာကို အနည်းငယ် ဖြည့်စွက်ပြီး ငါမိတ်သဟာယပြုပေးခဲ့၏။ ထို့နောက် လူ၏ စရိုက်လက္ခဏာ၊ ကျင့်ကြံပြုမူပုံနှင့် အကျင့်သီလကောင်းတို့ကို ခရေစေ့တွင်းကျ မရှင်းပြတော့ဘဲ ရိုးရိုးရှင်းရှင်းနှင့် မိတ်ဆက်သဘော မိတ်သဟာယပြုပေးခဲ့သည်။ သမ္မာတရားကို လိုက်စားခြင်း ဆိုသည်မှာဟူသည့် အကြောင်းအရာကိုလည်း သုံးလေးကြိမ်ခန့် ငါတို့ မိတ်သဟာယ ပြုပြီးခဲ့ကြပြီ။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဆက်စပ်နေပြီး ဖော်ထုတ်ကာ ခွဲခြမ်းစိတ်ဖြာပြဖို့ စိစစ်ပြဖို့ လိုအပ်သည့် အပြုအမူကောင်းများအကြောင်း အားလုံးကိုလည်း ငါမိတ်သဟာယပြုပေးခဲ့ပြီ။ ယခင်အခေါက်၌ လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းသည့် အခြေခံ အကြောင်းအရာတချို့ကိုလည်း ငါအနည်းငယ် မိတ်သဟာယပြုပေးခဲ့၏။ ကိုယ်ကျင့်တရား အပြုအမူအကြောင်း ဤပြောဆိုချက်များကို အသေးစိတ် ထုတ်ဖော်ပြခြင်း၊ သို့မဟုတ် ခွဲခြမ်းစိတ်ဖြာပြခြင်းတို့ မရှိခဲ့သော်လည်း လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် မတူညီသော အဆိုများ၏ ဥပမာအတော်များများကိုကား ငါတို့ ဖော်ပြခဲ့ကြသည်။ အတိအကျ ပြောရလျှင် ဥပမာနှစ်ဆယ့်တစ်ခု ဖြစ်၏။ ဤဥပမာ နှစ်ဆယ့်တစ်ခုသည် အခြေခံအားဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုက လူတို့အတွင်း သွတ်သွင်းထားပြီး ကျေးဇူးပြုလိုခြင်း၊ ဖြောင့်မတ်ခြင်း၊ သင့်တင့်လျောက်ပတ်ခြင်း၊ အမြော်အမြင်ရှိခြင်း၊ ယုံကြည်စိတ်ချရခြင်းဟူသည့် အတွေးအခေါ်များ ကြီးစိုးနေသော ပြောဆိုချက်အမျိုးမျိုး ဖြစ်သည်။ ဥပမာအားဖြင့် သစ္စာရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ လျောက်ပတ်ခြင်း၊ ယုံကြည်ရခြင်းတို့နှင့်သာမက အမျိုးသားများ၊ အမျိုးသမီးများ၊ အရာရှိအမှုထမ်းများ၊ ကလေးများ အစရှိသည်တို့၏ ပြုမူသင့်ပုံနှင့်ပါ ဆက်စပ်နေသည့် လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဆိုရိုးအမျိုးမျိုးကို ငါတို့ ပြောဆိုခဲ့ကြသည်။ ဤဆိုရိုးနှစ်ဆယ့်တစ်ခုသည် ပြည့်စုံခြင်း သို့မဟုတ် အလုံးစုံ ခြုံငုံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ဆက်စပ်၍ သဘောတရား ရှုထောင့်မှရော ခြေခြေမြစ်မြစ် ရှိသည့် ရှုထောင့်မှပါ တရုတ်ရိုးရာယဉ်ကျေးမှုက ထုတ်ပြန်ထားသည့် တောင်းဆိုမှု အမျိုးမျိုးတို့၏ အနှစ်သာရကို အခြေခံအားဖြင့် ကိုယ်စားပြုနိုင်စွမ်း ရှိပေသည်။ ဤဥပမာများကို ငါတို့ဖော်ပြပြီးသည့်နောက်၌ သင်တို့သည် ထိုဥပမာများအပေါ် ချင့်ချိန်တွေးဆကြည့်ကြပြီး မိတ်သဟာယပြုကြသလော။ (ကျွန်ုပ်တို့၏ စုဝေးပွဲများအတွင်း ထိုအရာများကို အနည်းငယ် မိတ်သဟာယပြုကြည့်ခဲ့ပါသည်။ ထိုအခါ အဆိုပါ ပြောဆိုချက်များထဲမှ တချို့မှာ သမ္မာတရားနှင့် အလွယ်တကူ ရောထွေးနိုင်ကြောင်း တွေ့ရပါ၏။ ဥပမာအားဖြင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ ထို့ပြင် “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ” နှင့် အခြားဆိုရိုးများ ဖြစ်ပါသည်။) အခြားဆိုရိုးများဖြစ်သော “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ”၊ “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” အစရှိသည်တို့လည်း ပါဝင်သည်။ အနီးကပ် လေ့လာစစ်ဆေးကြည့်ပါက လူအများစုသည် ၎င်းတို့၏ ကျင့်ကြံပြုမူချက်၊ ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ၏ ကိုယ်ကျင့်တရား အပြုအမူအပေါ် ၎င်းတို့၏ သုံးသပ်ချက်များကို ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် အဆိုပါ ပြောဆိုချက်များအပေါ် အခြေခံအားဖြင့် အခြေပြုထားကြောင်း တွေ့ရလိမ့်မည်။ ဤအရာများသည် လူတိုင်း၏ စိတ်နှလုံးထဲတွင် အနည်းနှင့်အများ တည်ရှိကြ၏။ ဤအတွက် အဓိက အကြောင်းရင်းတစ်ခုမှာ လူတို့ နေထိုင်နေကြသော လူမှုဝန်းကျင်နှင့် ၎င်းတို့၏ အစိုးရများထံမှ ၎င်းတို့ခံယူရသော ပညာရေးဖြစ်သည်။ နောက်တစ်ခုမှာ ၎င်းတို့၏ မိသားစုများထံမှ ခံယူရသည့် ပြုစုပျိုးထောင်ပေးမှုနှင့် ၎င်းတို့၏ ရှေးဘိုးဘေးများထံမှ လက်ဆင့်ကမ်း ဆင်းသက်လာသည့် ရိုးရာများကြောင့် ဖြစ်သည်။ အချို့မိသားစုများက မိမိတို့ သားသမီးများအား ကောက်ရသည့် ငွေကို ဘယ်သောအခါမျှ အပိုင်မယူဖို့ သွန်သင်ကြ၏။ အခြားမိသားစုများကမူ မိမိတို့ သားသမီးများကို မျိုးချစ်စိတ် ရှိရမည်ဟု သွန်သင်ကြပြီး “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟု သွန်သင်ကြသည်။ အကြောင်းမှာ မိသားစုတိုင်းက ၎င်းတို့၏ နိုင်ငံအပေါ် အားထားရသောကြောင့် ဖြစ်သည်ဟူ၏။ အချို့သော မိသားစုများကမူ မိမိတို့ သားသမီးများကို “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟု သွန်သင်ကြပြီး မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို ဘယ်သောအခါမျှ မမေ့ရဟု သွန်သင်ကြသည်။ အချို့မိဘများက ၎င်းတို့၏ သားသမီးများကို ကိုယ်ကျင့်တရား အပြုအမူအကြောင်း သွန်သင်ရန် ရှင်းလင်းသော ပြောဆိုချက်များ သုံးကြ၏။ အခြားသော မိဘများကမူ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ၎င်းတို့၏ ခံယူချက်များကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ကြပေ။ သို့သော် ၎င်းတို့၏ သားသမီးများအတွက် စံပြပုဂ္ဂိုလ်အနေနှင့် ပြုမူနေထိုင်ကြပြီး ပုံသက်သေပြခြင်းဖြင့် သွန်သင်ပေးကြသည်။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် နောက်မျိုးဆက်ကို လွှမ်းမိုးကာ ပညာပေးကြသည်။ ဤစကားများနှင့် လုပ်ရပ်များတွင် “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသည်တို့အပြင် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်” အစရှိသည့် ကြီးကျယ်သော ပြောဆိုချက်များလည်း ပါဝင်နေနိုင်သည်။ မိဘများက မိမိတို့ သားသမီးများကို သွန်သင်ပေးသော အရာများ၏ အဓိကဆိုလိုရင်းများနှင့် အနှစ်သာရတို့ အားလုံးသည် တရုတ်ရိုးရာယဉ်ကျေးမှုက တောင်းဆိုထားသည့် ကိုယ်ကျင့်တရား အပြုအမူနယ်ပယ်အတွင်း အများအားဖြင့် ကျရောက်နေသည်။ ကျောင်းသူ ကျောင်းသားများ ကျောင်းတက်ကြသည့်အချိန်တွင် ဆရာ ဆရာမများက ပထမဦးဆုံး ပြောသည့်အရာမှာ အခြားသူများအပေါ် ကြင်နာသင့်ကြောင်း၊ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ပီတိဖြာသင့်ကြောင်း၊ ကောက်ရသည့် ငွေကို အပိုင်မသိမ်းသင့်ကြောင်းနှင့် မိမိတို့၏ ဆရာ ဆရာမများကို ရိုသေပြီး ဆရာ ဆရာမတို့၏ သွန်သင်ချက်များကို အလေးအမြတ်ထားသင့်ကြောင်းတို့ ဖြစ်သည်။ ကျောင်းသူ ကျောင်းသားများက ရှေးတရုတ်စကားပြေများအကြောင်း၊ သို့မဟုတ် ရှေးခတ်မှ သူရဲကောင်းတို့၏ အတ္ထုပတ္တိများအကြောင်း သင်ယူရသောအခါ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ၊ မိန်းမကောင်းတစ်ဦးသည် လင်နှစ်ဦးနှင့် အိမ်ထောင်မပြုပါ”၊ “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ”၊ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”၊ “လမ်းမပေါ်တွင် တွေ့ရသော ကျပျောက်ထားသည့် ပစ္စည်းများကို မည်သူမျှ အပိုင်မယူသင့်” အစရှိသည်တို့ကို သင်ပေးခံရသည်။ ဤအရာများ အားလုံးက ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာ၏။ တိုင်းနိုင်ငံများကလည်း ဤအတွေးအခေါ်များကို ထောက်ခံကာ ပြန့်ပွားစေသည်။ အမှန်တကယ်တွင် နိုင်ငံအဆင့် ပညာရေးသည် မိသားစုအဆင့် ပညာရေးက အားပေးမြှင့်တင်သော ထပ်တူညီသည့် အရာများကိုပင် အနည်းနှင့်အများဆိုသလို အားပေးမြှင့်တင်ကြသည်ချည်း ဖြစ်၏။ ၎င်းတို့အားလုံးက ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤအတွေးအခေါ်များကိုပင် ဗဟိုပြုထားကြသည်။ ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသည့် အတွေးအခေါ်များသည် လူ၏ စရိုက်လက္ခဏာ၊ အကျင့်သီလကောင်း၊ ကျင့်ကြံပြုမူပုံ အစရှိသည်တို့နှင့် သက်ဆိုင်သော သတ်မှတ်ပြဋ္ဌာန်းချက်များ အားလုံးတွင် အခြေခံအားဖြင့် စိမ့်ဝင်ပျံ့နှံ့နေသည်။ တစ်ဖက်တွင် ထိုအရာများက လူတို့အား ကျင့်ဝတ်ထုံးတမ်းများနှင့် အမူအကျင့်ကောင်းများကို အပြင်ပန်းအားဖြင့် ပြသကြရန်၊ အခြားသူများ နှစ်သက်လက်ခံသည့် ပုံစံဖြင့် ပြုမူကာ ကျင့်ကြံဆောင်ရွက်ကြရန်၊ အခြားသူများ မြင်နိုင်ရန်အလို့ငှာ ကောင်းသော အပြုအမူများနှင့် လုပ်ရပ်များကို ပြသပြီး တစ်ချိန်တည်းတွင် မိမိတို့ စိတ်နှလုံး နက်ရှိုင်းရာထဲမှ ဆိုးယုတ်သော လက္ခဏာသွင်ပြင်များကို ကွယ်ဝှက်ထားကြရန် တောင်းဆိုသည်။ အခြားတစ်ဖက်တွင်မူ ထိုအရာများက လူတစ်ဦး၏ ကျင့်ကြံပြုမူပုံ၊ လူတို့ကို ချဉ်းကပ်ပုံ၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံ၊ မိမိ၏ မိသားစုနှင့် မိတ်ဆွေများကို ဆက်ဆံပုံ၊ အမျိုးမျိုးအဖုံဖုံသော လူများ၊ အမှုအရာများကို ချဉ်းကပ်ပုံတို့နှင့် ဆက်စပ်နေသည့် သဘောထားများ၊ အပြုအမူများ၊ လုပ်ရပ်များကို ကိုယ်ကျင့်တရား အပြုအမူ အဆင့်အတန်းသို့ မြှင့်တင်ပေးပြီး ထိုသို့အားဖြင့် အခြားသူများထံမှ ချီးမွမ်းမှုနှင့် လေးစားမှုကို ရရှိစေသည်။ ရိုးရာယဉ်ကျေးမှုက လူတို့အပေါ် ချမှတ်ထားသော တောင်းဆိုမှုများသည် အခြေခံအားဖြင့် ဤအရာများကို ဗဟိုပြုထားသည်။ ကျယ်ပြန့်သော လူ့ဘောင်အဖွဲ့အစည်း အတိုင်းအတာဖြင့် လူတို့ ထောက်ခံအားပေးသော အတွေးအမြင်များ ဖြစ်စေ၊ သေးငယ်သော အတိုင်းအတာဖြင့် မိသားစုများအတွင်း၌ လူတို့ အားပေးမြှင့်တင်ကာ ထိန်းသိမ်းကြသော ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ထင်မြင်ချက်များ၊ ကျင့်ကြံပြုမူပုံနှင့် စပ်လျဉ်း၍ လူတို့အတွက် တင်ပြထားသည့် သတ်မှတ်ချက်များ ဖြစ်စေ ဤအရာများ အားလုံးသည် အခြေခံအားဖြင့် အဆိုပါ နယ်ပယ်အတွင်း ကျရောက်နေ၏။ ထို့ကြောင့် တရုတ်ရိုးရာယဉ်ကျေးမှုပင် ဖြစ်စေ၊ အနောက်တိုင်း ယဉ်ကျေးမှုများ အပါအဝင် အခြားသော နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုပင် ဖြစ်စေ လူတို့အကြားရှိ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဤအတွေးအခေါ်များ အားလုံးသည် လူတို့ စွမ်းဆောင်နိုင်ပြီး အကြံထုတ်နိုင်သော အရာများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ထိုအရာများသည် လူတို့က ၎င်းတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားကို အခြေပြု၍ ဆောင်ရွက်နိုင်သော အရာများ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် မိမိတို့အပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ကိုယ်ကျင့်တရား အပြုအမူ တချို့ကို ဖြည့်ဆည်းနိုင်သည့် လူတချို့ ရှိကြသည်။ ဤတောင်းဆိုချက်များကို လူတို့၏ အကျင့်စရိုက်၊ ပင်ကိုစရိုက်နှင့် နှစ်သက်မှုများ၏ နယ်ပယ်အတွင်း၌သာ ကန့်သတ်ထားလေသည်။ ငါ့ကို မယုံလျှင် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်နေသော အဆိုပါ တောင်းဆိုချက်များထဲမှ မည်သည့်အချက်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဦးတည်ထားကြောင်း အနီးကပ် လေ့လာပြီး ကြည့်ရန် သင့်ကို ငါတိုက်တွန်းသည်။ မည်သည့်အချက်က သမ္မာတရားကို လူတို့ အလွန်အမင်း မနှစ်မြို့သည့်အဖြစ်၊ သမ္မာတရားကို လူတို့ မနှစ်သက်သည့်အဖြစ်၊ လူတို့၏ အနှစ်သာရကိုယ်၌တွင် ဘုရားသခင်အား အတိုက်အခံလုပ်နေကြသည့် အဖြစ်ကို ရည်စူးထားသနည်း။ ဤတောင်းဆိုချက်များထဲမှ မည်သည့်အချက်က သမ္မာတရားနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိသနည်း။ ဤတောင်းဆိုချက်များထဲမှ မည်သည့်အချက်က သမ္မာတရား၏ အဆင့်အတန်းကို မီနိုင်သနည်း။ (မည်သည့်အချက်မျှ မမီနိုင်ပါ။) ဤတောင်းဆိုချက်များကို မည်သို့ကြည့်ကြည့် ယင်းတို့ထဲမှ မည်သည့်အချက်ကမျှ သမ္မာတရား၏ အဆင့်အတန်းကို မမီနိုင်ပေ။ မည်သည့်အချက်ကမျှ သမ္မာတရားနှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိသကဲ့သို့ မည်သည့်အချက်ကမျှလည်း သမ္မာတရားနှင့် စိုးစဉ်းမျှပင် ဆက်နွှယ်နေခြင်း မရှိပေ။ ယခုအချိန်ထိ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်လာကြသူများ၊ အတွေ့အကြုံတချို့ ရှိထားသူများ၊ သမ္မာတရား အနည်းငယ်ကို နားလည်ကြသူများသည် ဤကိစ္စအပေါ် စစ်မှန်သော နားလည်မှု အသင့်အတင့်မျှ ရှိကြလိမ့်မည် ဖြစ်သည်။ သို့သော် လူအများစုကမူ ယခုတိုင် အယူဝါဒများကိုသာ သဘောပေါက်ကြတုန်း၊ ဤအတွေးအမြင်ကို သီအိုရီအရသာ သဘောတူကြတုန်း ဖြစ်သည်။ သမ္မာတရားကို စစ်မှန်စွာ နားလည်နိုင်သည့် အဆင့်ကိုကား မရောက်နိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူအများစုသည် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာသွင်ပြင်များက သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ သမ္မာတရားနှင့် မဆက်နွှယ်ကြောင်းကို ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤစည်းမျဉ်းများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုထားချက်များနှင့် နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်သာ နားလည်လာကြ၍ ဖြစ်သည်။ ဤအရာများက သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းကို ၎င်းတို့သည် နှုတ်အားဖြင့် အပြည့်အဝ အသိအမှတ်ပြုကောင်း ပြုကြမည် ဖြစ်သော်လည်း ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာထဲတွင် စွဲလမ်းတောင့်တကြသည့်၊ နှစ်သက်လက်ခံကြသည့်၊ ပိုလိုလားကြသည့်၊ အလွယ်တကူ လက်ခံကြသည့် အရာများကမူ အခြေခံအားဖြင့် လူသားတို့၏ ရိုးရာယဉ်ကျေးမှုမှ ထွက်ပေါ်လာသော အဆိုပါ အတွေးအခေါ်များ ဖြစ်နေလေသည်။ ထိုအရာများထဲမှ တချို့မှာ ၎င်းတို့၏ နိုင်ငံက ထောက်ခံပြီး အားပေးမြှင့်တင်သော အရာများ ဖြစ်သည်။ လူတို့သည် ထိုအရာများကို အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူကြသည်၊ သို့မဟုတ် သမ္မာတရားအဖြစ် သဘောထားပြုမူကြလေသည်။ ဤသို့ပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တွေ့သည့်အတိုင်းပင် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာ သွင်ပြင်များသည် လူ့စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြပြီ ဖြစ်သည်။ ၎င်းတို့ကို အချိန်တိုအတွင်း ချေမှုန်းသုတ်သင်၍ မရ၊ အမြစ်လှန်၍ မရပေ။
လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ငါတို့ဖော်ပြခဲ့သည့် တောင်းဆိုချက် နှစ်ဆယ့်တစ်ချက်သည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နေသော်လည်း လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ တရုတ်ရိုးရာယဉ်ကျေးမှုက ထုတ်ပြန်ထားသော သတ်မှတ်ချက်များ အားလုံးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနိုင်သည့် အရာများအဖြစ်ကား အသုံးဝင်ပေသည်။ ဤအဆို နှစ်ဆယ့်တစ်ချက် တစ်ခုမကျန်ကို လူက အပြုသဘောဆောင်သော အရာအဖြစ် မှတ်ယူကာ မြင့်မြတ်ပြီး မှန်ကန်သည်ဟု မှတ်ယူ၏။ ထို့အပြင် လူတို့သည် သိက္ခာရှိရှိ နေနိုင်အောင် ဤအဆိုများက ထောက်ကူပေးကြောင်း၊ ဤအဆိုများမှာ ရိုသေလေးစားထိုက်ပြီး တန်ဖိုးထားထိုက်သည့် ကိုယ်ကျင့်တရား အပြုအမူတစ်မျိုး ဖြစ်ကြောင်းလည်း ယုံကြည်ကြလေ၏။ ကောက်ရသော ငွေကို အပိုင်မယူခြင်း၊ သို့မဟုတ် သူတစ်ပါးတို့အား ကူညီပေးခြင်းဖြင့် ပီတိဖြာခြင်းတို့ ကဲ့သို့သော အတော်အတန် အပေါ်ယံဆန်သည့် ဆိုရိုးများကို ယခုလောလောဆယ် ငါတို့ ဘေးဖယ်ထားကြမည်။ ထိုအစား လူက အထူးသဖြင့် တန်ဖိုးထားပြီး မြင့်မြတ်သည်ဟု ယုံကြည်သော ကိုယ်ကျင့်တရား အပြုအမူအကြောင်း ပြောဆိုသွားကြမည်။ ဥပမာအားဖြင့် “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟူသည့် ဆိုရိုးကို ကြည့်လော့။ ဤပြောဆိုချက်၏ အဓိပ္ပာယ်ကို အရိုးရှင်းဆုံး နည်းလမ်းဖြင့် အကျဉ်းချုပ်ပြရလျှင် လူတစ်ဦးသည် မိမိ၏ မျိုးရိုးဇာစ်မြစ်ကို ဘယ်သောအခါမျှ မမေ့သင့်ဟူ၍ပင် ဖြစ်သည်။ လူတစ်ဦးသည် ဤကိုယ်ကျင့်တရား အပြုအမူကို ပိုင်ဆိုင်လျှင် လူတိုင်းက ထိုသူ၌ အင်မတန် မြင့်မြတ်သော ပင်ကိုစရိုက်တစ်ခု ရှိသည်၊ ထိုသူမှာ အမှန်တကယ်ပင် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်သေး” ဟု တွေးကြမည် ဖြစ်သည်။ လူတို့က ဤစကားကို အလွန် တန်ဖိုးထားကြ၏။ ဤစကားကို လူတို့ အလွန်အမင်း တန်ဖိုးထားသည့် အချက်က ဤသို့သော ပြောဆိုချက်မျိုးကို ၎င်းတို့အမှန်တကယ် နှစ်သက်လက်ခံပြီး သဘောတူကြသည့် အဓိပ္ပာယ်ကို ဆောင်လေသည်။ ဤကိုယ်ကျင့်တရား အပြုအမူကို ဆောင်ရွက်နိုင်သူတို့အား ၎င်းတို့ အကြီးအကျယ် အားကျလေးစားကြသည်ကိုမူ ပြောနေရန်ပင် မလို။ ဘုရားသခင်ကို ယုံကြည်သော်လည်း ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် ဤအရာများကို ယခုတိုင် အမှန်တကယ် နှစ်သက်လက်ခံနေကြသော လူများစွာ ရှိသည်။ ၎င်းတို့သည် အဆိုပါ အပြုအမူကောင်းများကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားနေကြ၏။ ဤလူများသည် သမ္မာတရားကို နားမလည်ကြ။ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ လူကောင်းတစ်ယောက်ဖြစ်ခြင်း၊ အခြားသော လူများကို ကူညီပေးခြင်း၊ သူတစ်ပါးတို့ကို ကူညီပေးခြင်းဖြင့် ပီတိဖြာခြင်း၊ အခြားသော လူများကို ဘယ်သောအခါမျှ မလှည့်ဖြားခြင်း သို့မဟုတ် ဒုက္ခမပေးခြင်း၊ လောကီအရာများကို မလိုက်စားခြင်း၊ စည်းစိမ်ဥစ္စာ သို့မဟုတ် အပျော်အပါးကို ငမ်းငမ်းတက် မဖြစ်ခြင်းတို့ ဖြစ်သည်ဟု တွေးထင်ကြသည်။ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟူသည့် ပြောဆိုချက်က မှန်ကန်သည်ဟု ၎င်းတို့အားလုံးက စိတ်နှလုံးထဲတွင် သဘောတူလက်ခံကြ၏။ အချို့လူများက “အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်လာမီတွင် ‘အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်’ ကဲ့သို့သော ကိုယ်ကျင့်တရား အပြုအမူကို လိုက်နာနေပြီးသား ဖြစ်လျှင်၊ မိမိ၏ မျိုးရိုးဇာစ်မြစ်ကို မမေ့သော အလွန်ကောင်းပြီး ကြင်နာတတ်သူတစ်ဦး ဖြစ်လျှင် ယုံကြည်သက်ဝင်ပြီးနောက် ဘုရားသခင်၏ ရွှင်လန်းအားရမှုကို အလျင်အမြန် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူများအတွက် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လွယ်ကူ၏။ ၎င်းတို့သည် ဘုရား၏ ကောင်းချီးများကို ရရှိနိုင်ကြသည်” ဟု ပြောကြပေလိမ့်မည်။ များစွာသော လူတို့သည် အခြားသူများကို သုံးသပ်ပြီး ရှုမြင်ကြသည့်အခါ ဘုရား၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အခြေခံ၍ ထိုသူတို့၏ အနှစ်သာရကို ကြည့်ကြခြင်း မဟုတ်ပေ။ ထိုအစား လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ရိုးရာယဉ်ကျေးမှုက တောင်းဆိုထားချက်များနှင့်အညီ ထိုသူတို့ကို သုံးသပ်ကာ ရှုမြင်ကြခြင်း ဖြစ်သည်။ ဤရှုထောင့်မှဆိုလျှင် သမ္မာတရားကို နားမလည်ကြသော လူတို့သည် ကောင်းမွန်ပြီး မှန်ကန်သည်ဟု လူက ယုံကြည်ထားသော အရာများကို သမ္မာတရား ဖြစ်သည်ဟု တလွဲထင်မည်မှာ ဖြစ်နိုင်ခြေ ရှိသည် မဟုတ်လော။ ကောင်းသည်ဟု လူက ယူဆသော လူများကို ကောင်းသည်ဟု ဘုရားက ယူဆသော လူများအဖြစ် သဘောထားနိုင်ခြေ ရှိသည် မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်များကို ဘုရားသခင်အပေါ် အစဉ်အမြဲ သွတ်သွင်းလိုကြသည်။ ထိုသို့လုပ်ခြင်းအားဖြင့် ၎င်းတို့သည် အခြေခံမူနှင့်ဆိုင်သော အမှားတစ်ခုကို ကျူးလွန်နေကြခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ကြီးလေးသော ပြဿနာဖြစ်၏။ လူတို့သည် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်ကြသည်ဆိုလျှင် မိမိတို့ နားမလည်နိုင်သော ကိစ္စရပ်များ၌ သမ္မာတရားကို ရှာဖွေသင့်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာသင့်သည်။ ပေါက်ကရတစ်ပုံတစ်ခေါင်းကို ပေါ့ပေါ့ဆဆနှင့် ကရားရေလွှတ် မပြောသင့်ပေ။ လူကို ဘုရားသခင် သုံးသပ်သည့် စံနှုန်းများနှင့် အခြေခံမူများတွင် “မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့လျော့သော လူတို့သည် လူကောင်းများ ဖြစ်ကြပြီး လူကောင်းတစ်ဦး၏ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ကြသည်” ဟု ဆိုထားသော စာကြောင်းမျိုး ရှိသလော။ ထိုသို့သော အရာမျိုးကို ဘုရားသခင် ပြောဖူးသလော။ (မပြောဖူးပါ။) လူအတွက် ဘုရားသခင် ထုတ်ပြန်ထားသော အသေးစိတ်ကျသည့် တောင်းဆိုချက်များထဲတွင် “သင်သည် ဆင်းရဲနွမ်းပါးလျှင် မခိုးမယူရ။ သင်သည် ချမ်းသာကြွယ်ဝလျှင် လိင်ကိစ္စ ရှုပ်ပွေခြင်း မပြုရ။ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကြိမ်းဝါးခြင်းတို့နှင့် ရင်ဆိုင်ရသောအခါ လုံးဝ အညံ့မခံရ” ဟူ၍ ဘုရားသခင် ပြောဖူးသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ထိုကဲ့သို့သော တောင်းဆိုချက်များ ပါဝင်သလော။ (မပါဝင်ပါ။) ဧကန်အမှန်ပင် မပါဝင်ပေ။ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟူသည့် ပြောဆိုချက်ကို လူက ပြောထားခြင်း ဖြစ်ကြောင်း တော်တော် သိသာလှသည်။ ဤအဆိုက လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီခြင်း မရှိ။ သမ္မာတရားနှင့် အပ်စပ်ခြင်းလည်း မရှိ။ သမ္မာတရားနှင့် အခြေခံအားဖြင့်လည်း ထပ်တူမကျ။ မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို ဖန်ဆင်းခံများ မမေ့ကြဖို့ ဘုရားသခင်က လုံးဝ မတောင်းဆိုထားပေ။ မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့ကြဖို့ ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ငါဥပမာတစ်ခုပေးမည်။ သင်၏ ဘိုးဘေးများက လယ်သမားများ ဖြစ်ကြလျှင် သင်သည် ၎င်းတို့အပေါ် အောက်မေ့သတိရစိတ်ကို အစဉ်အမြဲ ရင်ဝယ်ပိုက်ထားရသည်။ သင်၏ ဘိုးဘေးများက လက်မှုပညာတစ်ခုကို လုပ်ခဲ့ကြသည်ဆိုလျှင် သင်သည် ထိုလက်မှုပညာ အစဉ်အလာကို ထိန်းသိမ်းရပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးရသည်။ ဘုရားသခင်ကို စတင် ယုံကြည်လာပြီးသည့်နောက်တွင်ပင် သင်သည် ဤအရာများကို မေ့ပစ်၍ မရ။ သင်၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်း ဆင်းသက်လာသည့် သွန်သင်ချက်များကို ဖြစ်စေ၊ လက်မှုပညာများကိုဖြစ်စေ၊ မည်သည့်အရာကိုမဆိုဖြစ်စေ မေ့ပစ်၍ မရ။ သင်၏ ဘိုးဘေးများက သူတောင်းစားများ ဖြစ်ခဲ့လျှင် ခွေးများကို ရိုက်လွှတ်ဖို့ ၎င်းတို့ သုံးခဲ့ဖူးသော တုတ်ချောင်းများကို သင်သည် သိမ်းဆည်းထားရသည်။ ဘိုးဘေးများက ဖွဲဆန်ကွဲနှင့် အလေ့ကျပေါက်သော အပင်များကို စားသောက်၍ အသက်ဆက်ခဲ့ရသည်ဆိုလျှင် ၎င်းတို့၏ သားမြေးစဉ်ဆက်ကလည်း ဖွဲဆန်ကွဲနှင့် အလေ့ကျပေါက်သော အပင်များကို စားသောက်ကြည့်ရသည်။ ဤသည်မှာ မျက်မှောက်ကာလ၏ သာယာရွှင်လန်းမှုများကို အရသာခံရန် အတိတ်ကာလ၏ ဝမ်းနည်းကြေကွဲမှုများကို ပြန်အောက်မေ့ခြင်း ဖြစ်သည်။ ဤသည်မှာ မိမိ၏ မျိုးရိုးဇာစ်မြစ်ကို မမေ့ခြင်း ဟူ၍ဖြစ်သည်။ သင်၏ ဘိုးဘေးများက မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ ထိုအရာကို သင်ထိန်းသိမ်းရသည်။ သင်သည် ပညာတတ်ပြီး အဆင့်အတန်း ရှိထားရုံဖြင့် သင်၏ ဘိုးဘေးများကို မေ့ပစ်လိုက်၍ မရ။ တရုတ်လူမျိုးများသည် ဤကိစ္စများကို စစ်စစ်ပေါက်ပေါက် ဂရုအထားတတ်ဆုံး ဖြစ်သည်။ မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့သူများသာ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိကြသည်၊ ထိုသို့သော လူများသာ တည်ကြည်သည့် နည်းလမ်းဖြင့် ပြုမူနိုင်ပြီး သိက္ခာရှိရှိ နေထိုင်နိုင်ကြသည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲ၌ ထင်မြင်ကြလေသည်။ ဤအမြင်က မှန်ကန်သလော။ ဘုရားနှုတ်ကပတ်တော်များထဲတွင် ဤကဲ့သို့သော အရာမျိုး ရှိသလော။ (မရှိပါ။) ဤသို့သော အရာမျိုးကို ဘုရားသခင်က လုံးဝပင် မပြောခဲ့ဖူးပေ။ ဤဥပမာမှ ငါတို့မြင်နိုင်သည်မှာ အကျင့်သီလကောင်း နယ်ပယ်တစ်ခုကို လူက တန်ဖိုးထားနိုင်ပြီး စွဲလမ်းတောင့်တနိုင်သော်လည်း၊ ထိုနယ်ပယ်က အပြုသဘောဆောင်သော အရာတစ်ခု၊ လူ့ကိုယ်ကျင့်တရား အပြုအမူကို ထိန်းညှိပေးနိုင်သော အရာတစ်ခု၊ ဆိုးယုတ်သည့် လမ်းကို လူတို့လျှောက်ပြီး အကျင့်ပျက်ပြားလာခြင်း မရှိအောင် တားဆီးပေးနိုင်သော အရာတစ်ခု ဖြစ်သည့်ပုံရနိုင်သော်လည်း၊ ထို့အပြင် လူတို့အကြား ပျံ့နှံ့နေပြီး အပြုသဘောဆောင်သည့် အရာတစ်ခုအဖြစ် လူအားလုံးက လက်ခံထားသော အရာတစ်ခု ဖြစ်သော်လည်း ထိုနယ်ပယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရိုးရာယဉ်ကျေးမှုမှ လာသော ဤအဆိုများနှင့် အတွေးအခေါ်များသည် လုံးလုံးလျားလျား အဓိပ္ပာယ်မရှိကြောင်း သင်မြင်ရလိမ့်မည်။ ယင်းတို့သည် ထုတ်ပြောဖို့ရန်ပင် မတန်ကြောင်း၊ သမ္မာတရားနှင့် ဆက်နွှယ်မှု စိုးစဉ်းမျှပင် မရှိကြောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်ရန်မှာမူ ပို၍ပင် ဝေးနေသေးကြောင်းတို့ကို သင်မြင်ရလိမ့်မည်။ ဤအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို ထောက်ခံရာတွင်၊ လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းသည့် ပြောဆိုချက်အမျိုးမျိုးကို ထုတ်ပြန်ရာတွင် လူတို့သည် မူရင်းအစစ်ဖြစ်မှုနှင့် ဆန်းသစ်မှုကို ပြစားရန်၊ မိမိတို့၏ ကြီးမြတ်မှုနှင့် မှန်ကန်မှုကို ကြွားလုံးထုတ်ရန်၊ မိမိတို့အပေါ် လူတို့ကိုးကွယ်လာအောင် လုပ်ရန် လူ့တွေးခေါ်မှု နယ်ပယ်ကို ကျော်လွန်သည့် အချို့သော အရာများကို အသုံးပြုနေခြင်းမျှသာ ဖြစ်သည်။ အရှေ့တိုင်းတွင် ဖြစ်စေ၊ အနောက်တိုင်းတွင် ဖြစ်စေ လူတို့အားလုံးသည် တစ်ပုံစံတည်း တွေးခေါ်ကြ၏။ လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ လူတို့ ထောက်ခံပြီး ထုတ်ပြန်ထားလေသော တောင်းဆိုချက်များ၏ သဘောတရားများနှင့် အစပြုမှတ်များ၊ ထိုတောင်းဆိုချက်များမှတစ်ဆင့် ၎င်းတို့ စွမ်းဆောင်ရရှိလိုသော ပန်းတိုင်များသည် အခြေခံအားဖြင့် အားလုံး အတူတူပင် ဖြစ်သည်။ အနောက်တိုင်းမှ လူတို့တွင် အရှေ့တိုင်းမှ လူတို့ အလေးထားကြသည့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ” နှင့် “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ကဲ့သို့ သတ်သတ်မှတ်မှတ် ဖြစ်သည့် အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ မရှိကြသော်လည်း၊ တရုတ်ရိုးရာ ယဉ်ကျေးမှုမှ လာသည့် အထက်ပါ ဆိုရိုးများသဖွယ် တိကျပြတ်သားသော ဆိုရိုးများကို ၎င်းတို့ မပိုင်ဆိုင်ကြသော်လည်း ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုတွင် ဤအတွေးအခေါ်များနှင့်သာ ပြည့်နှက်နေသည်။ ငါတို့ မိတ်သဟာယဖွဲ့နေပြီး ပြောဆိုနေသည့် အရာများမှာ တရုတ်ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သော်လည်း ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဤအဆိုများနှင့် တောင်းဆိုချက်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် အားလုံး၏ အဓိကထင်ရှားသော အတွေးအခေါ်များကို အတိုင်းအတာတစ်ခုအထိ အနှစ်သာရအားဖြင့် ကိုယ်စားပြုလေသည်။
ယနေ့ ငါတို့သည် ရိုးရာယဉ်ကျေးမှုက လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ဆက်စပ်သည့် ၎င်း၏ အဆိုများနှင့် တောင်းဆိုချက်များမှတစ်ဆင့် လူတို့အပေါ် မည်သို့သော အပျက်သဘောဆောင်သည့် သက်ရောက်မှုမျိုး ကျရောက်စေသည့် အကြောင်းကို အဓိကထား၍ မိတ်သဟာယပြုခဲ့ကြသည်။ ဤအရာကို နားလည်ပြီးသွားသည့်နောက် လူတို့အနေနှင့် နားလည်ထားရမည့် နောက်ထပ် အရေးအကြီးဆုံးသော အရာမှာ စင်စစ်အားဖြင့် ဖန်ဆင်းခြင်း၏ သခင်ဖြစ်သည့် ဘုရား၌ လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ မည်သည့်သတ်မှတ်ပြဋ္ဌာန်းထားချက်များ ရှိသည်၊ မည်သည့်အရာကို ဘုရားသခင်အတိအကျ ပြောဆိုထားသည်၊ မည်သည့်တောင်းဆိုချက်များ ဘုရားသခင်ထုတ်ပြန်ထားသည်တို့ ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ် နားလည်လာရမည့် အရာပင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် လူအပေါ် ဘုရားသခင်၏ တောင်းဆိုထားချက်များမှာ အဘယ်အရာများ ဖြစ်သည်ကို သက်သေခံခြင်း သို့မဟုတ် ဘုရားပြောထားသော နှုတ်ကပတ်တော်များကို သက်သေခံခြင်း စိုးစဉ်းမျှပင် မရှိကြောင်း၊ ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ သမ္မာတရားကို လူတို့ ရှာဖွေကြခြင်း မရှိကြောင်း ယခုတွင် ငါတို့သည် ရှင်းလင်းစွာ မြင်ရလေပြီ။ သို့ဖြစ်၍ ရိုးရာယဉ်ကျေးမှုသည် လူတို့ ရှေးဦးစွာ သင်ယူခဲ့ရသော အရာဖြစ်ပြီး လူတို့ကို ကြီးစိုးထား၏။ လူတို့၏ စိတ်နှလုံးထဲ ချဉ်းနင်းဝင်ရောက်ထားပြီး လူသားတို့ ရှင်သန်နေထိုင်သည့် နည်းလမ်းကို နှစ်ပေါင်းထောင်နှင့်ချီ၍ လမ်းပြလာခဲ့၏။ ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် အဓိက နည်းလမ်းပင် ဖြစ်သည်။ ဤအချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုပြီးလျှင် လူတို့အနေနှင့် ယခု နားလည်ရမည့် အရေးအကြီးဆုံးသော အရာမှာ ဖန်ဆင်းခံ လူသားများ၏ လူ့သဘာဝ၊ ကိုယ်ကျင့်တရားနှင့် စပ်လျဉ်း၍ ဖန်ဆင်းခြင်း၏ သခင်တွင် မည်သည့်တောင်းဆိုချက်များ ရှိသည်၊ သို့မဟုတ် တစ်နည်းအားဖြင့် သမ္မာတရား၏ ဤရှုထောင့်နှင့် ပတ်သက်၍ မည်သည့်စံနှုန်းများ ရှိသည်တို့ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် လူတို့သည် ရိုးရာယဉ်ကျေးမှုက ထုတ်ပြန်ထားသည့် တောင်းဆိုချက်များနှင့် လူသားမျိုးနွယ်ကို ဘုရားသခင် တောင်းဆိုထားသည့် အရာများတွင် အဘယ်တစ်ခုက သမ္မာတရားဖြစ်သည်ကို နားလည်လာရမည်။ ယင်းတို့အထဲမှ မည်သည့်အရာက လူတို့ကို သန့်စင်စေပြီး ကယ်တင်ပေးနိုင်သည်၊ အသက်တာတွင် လမ်းကြောင်းမှန်သို့ ရောက်အောင် လမ်းပြပေးနိုင်သည်ကို နားလည်ရမည်။ ယင်းတို့အထဲမှ မည်သည့်အရာက လူတို့ကို တလွဲညွှန်ကြားပြီး ဒုက္ခပေးနိုင်သည့်၊ လမ်းမှားသို့ တွန်းပို့နိုင်သည့်၊ အပြစ်နှင့်ပြည့်သည့် ဘဝသို့ တွန်းပို့နိုင်သည့် ယုတ္တိအမှားဖြစ်သည်ကို နားလည်ရမည်။ ဤပိုင်းခြားသိမြင်မှု လူတို့တွင် ရှိသွားသည်နှင့် လူသားမျိုးနွယ်အပေါ် ဖန်ဆင်းခြင်း သခင်၏ တောင်းဆိုချက်များသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကာ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းများဖြစ်ကြောင်း ၎င်းတို့ သိမြင်နိုင်ကြလိမ့်မည်။ သမ္မာတရားကို လူတို့၏ လိုက်စားမှုသာမက လူများနှင့် အမှုအရာများကို လူတို့၏ ရှုမြင်မှုများ၊ လူတို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများအပေါ်တွင် သက်ရောက်မှုရှိကာ ရိုးရာယဉ်ကျေးမှုမှ လာပြီး ကိုယ်ကျင့်တရား အပြုအမူနှင့် ဆိုင်သည့် အဆိုများ၊ အကဲဖြတ်မှု စံနှုန်းများနှင့် ပတ်သက်လျှင်မူ လူတို့သည် ထိုအရာများကို အနည်းငယ် ပိုင်းခြားသိမြင်နိုင်ပါက၊ ထိုအရာများမှာ အနှစ်သာရအားဖြင့် အဓိပ္ပာယ်ကင်းမဲ့ကြောင်း ရိပ်စားမိကာ သိမှတ်နိုင်ပါက၊ ထိုအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်ပါက ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ လူတို့တွင် ရှိသော စိတ်ရှုပ်ထွေးမှုတချို့ သို့မဟုတ် ပြဿနာတချို့ကို ဖြေရှင်း၍ ရနိုင်ပေသည်။ ဤအရာများကို ဖြေရှင်းလိုက်လျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်း၌ လူတို့ရင်ဆိုင်ရသော အတားအဆီးနှင့် အခက်အခဲများသည် အရေအတွက်အားဖြင့် အတော်အတန် လျော့ကျသွားလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ယေဘုယျ အသိအမှတ်ပြုထားကြသော အတွေးအခေါ်များကို သမ္မာတရား ဖြစ်သည်ဟု တလွဲထင်နိုင်ခြေ ရှိ၏။ ထိုအတွေးအခေါ်များကို သမ္မာတရားသဖွယ် လိုက်စားကာ လိုက်နာနိုင်ခြေ ရှိ၏။ ဤအရာက သမ္မာတရားအား လူတို့၏ နားလည်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းကိုသာမက စိတ်သဘောထား ပြောင်းလဲမှုကို ဖန်တီးယူရန် သမ္မာတရားကို လိုက်စားနေစဉ် လူတို့ရရှိသော ရလဒ်များကိုပါ အကြီးအကျယ် ထိခိုက်လေသည်။ ဤသည်မှာ သင်တို့တစ်ဦးတစ်ယောက်ကမျှ မမြင်လိုသည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်လည်း မမြင်လိုသည့်အရာ ဖြစ်သည်ကိုကား ပြောနေရန်ပင် မလို။ ထို့ကြောင့် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ လူတို့ စောင့်ထိန်းလိုက်နာကြပြီး အပြုသဘောဆောင်သည်ဟု ဆိုလေသော ဤပြောဆိုချက်များ၊ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် စပ်လျဉ်းပါက လူတို့သည် ရှေးဦးစွာ ဘုရား၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေပြု၍ ထိုအရာများကို ရှင်းရှင်းလင်းလင်း သိကျွမ်းပြီး ပိုင်းခြားသိမြင်ရမည်။ ထိုအရာများ၏ တကယ့် အနှစ်သာရကို ရိပ်စားမိရမည်။ ထိုသို့ဖြင့် ၎င်းတို့ စိတ်နှလုံး၏ နက်ရှိုင်းရာထဲတွင် အဆိုပါ အရာများအပေါ် မှန်ကန်တိကျသည့် သုံးသပ်ချက်နှင့် ရပ်တည်ချက်တို့ ဖြစ်တည်လာရမည်။ ထို့နောက်တွင်ကား အဆိုပါ အရာများကို နည်းနည်းချင်းစီ ရှာဖွေဖော်ထုတ်ပစ်ကာ သုတ်သင်ဖယ်ရှားပြီး စွန့်ပစ်နိုင်ရမည်။ နောင်အနာဂတ်တွင် လူတို့သည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲနေသည့် အပြုသဘောဆောင်သည်ဟု ဆိုလေသော အဆိုပါ ပြောဆိုချက်များကို မြင်သည့်အခါတိုင်း သမ္မာတရားကို ဦးစွာ ရွေးချယ်သင့်သည်။ လူ၏ အယူအဆများထဲတွင် အပြုသဘောဆောင်သည်ဟု မှတ်ယူထားသော ထိုပြောဆိုချက်များကို မရွေးချယ်သင့်။ အဘယ်ကြောင့်ဆိုသော် အပြုသဘောဆောင်သည်ဟု ဆိုလေသော အဆိုပါ ပြောဆိုချက်များသည် လူ၏ အမြင်များသာ ဖြစ်ပြီး သမ္မာတရားနှင့် အမှန်တကယ် မကိုက်ညီ၍ ဖြစ်သည်။ မည်သည့်ရှုထောင့်မှ ငါတို့ပြောဆိုနေသည် ဖြစ်စေ ဤအကြောင်းအရာများကို ယနေ့ မိတ်သဟာယပြုရာ၌ ငါတို့၏ အဓိက ပန်းတိုင်မှာ သမ္မာတရားကို လူတို့ လိုက်စားသည့် ဖြစ်စဉ်တွင် ပေါ်ပေါက်လာသော အတားအဆီးအမျိုးမျိုးကို ဖယ်ရှားရန်၊ အထူးသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၏ စံနှုန်းများနှင့် စပ်လျဉ်း၍ လူတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော မသေချာ မရေရာမှုများကို ဖယ်ရှားရန် ဖြစ်သည်။ ဤမသေချာ မရေရာမှုများ ဆိုသည်မှာ သမ္မာတရားကို သင်လက်ခံပြီး လက်တွေ့လုပ်ဆောင်သောအခါ၌ မည်သည့်အရာများက ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ လူသားတို့ ထောက်ခံသည့် ဆိုရိုးများဖြစ်သည်၊ မည်သည့်အရာများက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သည်၊ မည်သည့်အရာများက သမ္မာတရား စည်းမျဉ်းများနှင့် စံနှုန်းများ ဖြစ်သည်တို့ကို မပြောနိုင်သည့် အဖြစ်အား ဆိုလိုသည်။ လူတို့သည် ဤအရာများကို ရှင်းရှင်းလင်းလင်း မသိကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ (သမ္မာတရားကို ၎င်းတို့နားမလည်ကြ၍ ဖြစ်ပါသည်။) တစ်ပိုင်းက သမ္မာတရားကို ၎င်းတို့ နားမလည်ကြ၍ ဖြစ်သည်။ နောက်တစ်ပိုင်းက ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ လူသားတို့၏ ရိုးရာယဉ်ကျေးမှုက ထုတ်ထားသော အဆိုများကို ပိုင်းခြားသိမြင်နိုင်စွမ်း ၎င်းတို့တွင် ကင်းမဲ့နေပြီး ဤအဆိုများ၏ အနှစ်သာရကို ရိပ်စားမိနိုင်စွမ်း မရှိမြဲ မရှိကြ၍ ဖြစ်သည်။ အဆုံးတွင် သင်သည် သင်ပထမဦးဆုံး သင်ယူခဲ့ရသည့် ထိုအရာများ၊ သင့်စိတ်ထဲတွင် ခိုင်မာစွာ အမြစ်တွယ်နေသည့် အရာများကို မှန်ကန်သည်ဟု မရေမရာ ဖြစ်နေသော စိတ်အခြေအနေဖြင့် သတ်မှတ်လိုက်လိမ့်မည်။ မှန်သည်ဟု လူတိုင်းက ယေဘုယျအားဖြင့် အသိအမှတ် ပြုထားသော ထိုအရာများကို မှန်ကန်ကြောင်း သတ်မှတ်လိုက်လိမ့်မည်။ ထို့နောက် သင်သည် သင်နှစ်သက်သော၊ သင်စွမ်းဆောင်ရရှိနိုင်သော၊ သင့်အကြိုက်၊ သင့်အယူအဆများနှင့် ကိုက်ညီနေသော ဤအရာများကို ရွေးချယ်လိမ့်မည်။ ဤအရာများကို သမ္မာတရားဖြစ်သည့်အလား ချဉ်းကပ်၊ ဖက်တွယ်ပြီး စောင့်ထိန်းလိမ့်မည်။ ဤသို့ပြုခြင်း၏ ရလဒ်အနေဖြင့် လူတို့၏ အပြုအမူနှင့် အကျင့်အကြံတို့အပြင် လူတို့ လိုက်စား၊ ရွေးချယ်၊ ဖက်တွယ်သော အရာများ အားလုံးကပါ သမ္မာတရားနှင့် လုံးဝ ဆက်စပ်မှုမရှိဘဲ ဖြစ်သွားလိမ့်မည်။ ထိုအရာများ အားလုံးသည် သမ္မာတရား နယ်ပယ်ပြင်ပတွင် ကျရောက်နေသော လူ့အပြုအမူများ၊ လူ၏ ကိုယ်ကျင့်တရား ဗန်းပြချက်များနှင့် သက်ဆိုင်သွားလိမ့်မည်။ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာသွင်ပြင်များကို သမ္မာတရားသဖွယ် ချဉ်းကပ်၊ ဖက်တွယ်သော်လည်း လူ့အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားတောင်းဆိုထားချက်များနှင့် ပတ်သက်သည့် သမ္မာတရားများကိုမူ ဘေးသို့ တွန်းပို့ကာ လျစ်လျူရှုထားကြလေသည်။ လူတစ်ဦးသည် ကောင်းသည်ဟု လူက မှတ်ယူထားသော အပြုအမူမည်မျှကို ပိုင်ဆိုင်ထားပါစေ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။ ဤသည်မှာ သမ္မာတရား နယ်ပယ်ပြင်ပရှိ ကိစ္စများအပေါ် လူတို့က အလဟဿသက်သက် အကြီးအကျယ် အားထုတ်နေသည့် အခြေအနေ ဖြစ်သည်။ ထို့အပြင် လူထံမှ ဆင်းသက်လာပြီး သမ္မာတရားနှင့် မကိုက်ညီသော ဤအရာများကို သမ္မာတရား ဖြစ်သည်ဟု မှတ်ယူကျင့်သုံးခြင်းအားဖြင့် လူတို့သည် လမ်းလွဲသွားကြနှင့်ပြီး ဖြစ်သည်။ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများကို ဦးစွာ သင်ယူခဲ့ရ၍ ထိုအရာများ၏ ကြီးစိုးခြင်းကို ခံရလေသည်။ ဤအရာများက လူတို့အတွင်း၌ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်မျိုးစုံကို ပေါ်ပေါက်လာစေသည့်အပြင် သမ္မာတရားကို နားလည်ဖို့နှင့် လက်တွေ့လုပ်ဖို့ လူတို့ ကြိုးပမ်းသည့်အခါ၌လည်း လူတို့အတွက် ကြီးမားသော အခက်အခဲများ၊ အတားအဆီးများ ဖြစ်စေသည်။ ကောင်းမြတ်သော အပြုအမူများကို ပိုင်ဆိုင်ထားလျှင် ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည်၊ ဘုရား၏ ကောင်းချီးများနှင့် ဘုရား၏ ကတိတော်ကို လက်ခံရရှိဖို့ အရည်အချင်း ပြည့်မီလိမ့်မည်ဟု လူတို့အားလုံး ယုံကြည်ကြသည်။ သို့သော် ၎င်းတို့တွင် ဤအမြင်နှင့် စိတ်ထားတို့ ခိုအောင်းနေသည်ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်ကြသလော။ ထိုကဲ့သို့သော စိတ်နေစိတ်ထားမျိုးက လူတို့၏ သန့်စင်ခံရခြင်းနှင့် ကယ်တင်ခံရခြင်းအတွက် မည်မျှကြီးမားသည့် အတားအဆီးကို ဖြစ်စေသနည်း။ ဤစိတ်ကူးအမြင်များနှင့် အယူအဆများသည် ဘုရားသခင်အား လူတို့ အထင်လွဲအောင်၊ ပုန်ကန်အောင်၊ ခုခံအောင် မလုပ်လေသလော။ အကျိုးဆက်များက ဤအရာများ ဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအကြောင်းအရာအား မိတ်သဟာယပြုရခြင်း၏ ရည်ရွယ်ချက်ကို အထိုက်အလျောက် ငါဖော်ပြပြီးလေပြီ။ ယေဘုယျသဘောမှာ ဤသို့ပင် ဖြစ်၏။
ဆက်လက်၍ တရုတ်ရိုးရာ ယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဆိုရိုးအမျိုးမျိုးတို့ကို ငါတို့သည် တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာကာ လေ့လာဆန်းစစ်သွားမည်။ ထို့နောက် ၎င်းတို့ကို ကောက်ချက်ချကြမည်။ ထိုသို့အားဖြင့် လူတိုင်းတွင် ထိုဆိုရိုးများနှင့် စပ်လျဉ်း၍ အခြေခံ အတည်ပြုချက်နှင့် အဖြေတစ်ခု ရှိကြလိမ့်မည်။ အနည်းဆုံးအနေဖြင့် လူတိုင်းတွင် ထိုဆိုရိုးများအပေါ် အတော်အတန် မှန်ကန်တိကျသည့် နားလည်ချက်နှင့် ရှုမြင်ချက်တို့ ရှိကြလိမ့်မည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ပထမ ဆိုရိုးဖြင့် စတင်လိုက်ကြစို့။ ဤဆိုရိုးစကား၏ မှန်ကန်တိကျသည့် အဓိပ္ပာယ်ရှင်းလင်းချက်က မည်သို့ဖြစ်သနည်း။ (တစ်စုံတစ်ခုကို ကောက်ရလျှင် အပိုင်ယူပြီး မိမိဥစ္စာဖြစ်သည်ဟု မပြောသင့်ပါ။ ထိုဆိုရိုးစကားက ကောင်းသော ကိုယ်ကျင့်တရားနှင့် လူမှုထုံးတမ်းတစ်မျိုးကို ရည်ညွှန်းပါသည်။) ဤအရာကို စွမ်းဆောင်ဖို့ လွယ်ကူသလော။ (အတော်အတန် လွယ်ကူပါသည်။) လူအများစုအတွက်မူ ဤအရာကို စွမ်းဆောင်ဖို့ လွယ်ကူသည်။ တစ်စုံတစ်ခုကို ကောက်ရလျှင် မည်သည့်အရာပင် ဖြစ်နေပါစေ အခြားသူတစ်ဦး ပိုင်ဆိုင်သောအရာ ဖြစ်သောကြောင့် မိမိအပိုင်အဖြစ် မယူထားရ။ သင့်အနေနှင့် ထိုအရာကို ယူထားဖို့ မထိုက်တန်။ ပိုင်ရှင်အမှန်ထံ ပြန်ပေးသင့်၏။ ပိုင်ရှင်အမှန်ကို ရှာမတွေ့နိုင်ပါက အာဏာပိုင်များလက်ထဲသို့ အပ်သင့်၏။ မည်သို့ပင် ဖြစ်စေကာမူ မိမိအပိုင်အဖြစ် မယူထားရ။ ဤသည်မှာ အခြားလူများပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းကို မတပ်မက်ခြင်းနှင့် အခြားသူများအပေါ် အခွင့်အရေး မယူခြင်းဟူသည့် စိတ်ဓာတ်ပင် ဖြစ်သည်။ လူ့ကိုယ်ကျင့်တရား အပြုအမူအပေါ် ချမှတ်ထားသော တောင်းဆိုချက်တစ်ခုလည်း ဖြစ်သည်။ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်၍ ဤသို့သော တောင်းဆိုချက်မျိုး ချမှတ်ခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ဤကဲ့သို့သော ကိုယ်ကျင့်တရား အပြုအမူမျိုးကို လူတို့က ပိုင်ဆိုင်လျှင် လူမှုဝန်းကျင်အခြေအနေအပေါ် ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် သက်ရောက်မှု ရှိပေသည်။ လူတို့အထဲသို့ ဤအတွေးအခေါ်များ ရိုက်သွင်းပေးရသည့် ရည်ရွယ်ချက်မှာ အခြားသူများအပေါ် ၎င်းတို့အခွင့်အရေးမယူအောင် တားဆီးရန်ဖြစ်ပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူကောင်းကို ထိန်းသိမ်းထားရန် ဖြစ်သည်။ ဤကဲ့သို့သော ကိုယ်ကျင့်တရား အပြုအမူကောင်းမျိုးကို လူတိုင်းက ပိုင်ဆိုင်ထားလျှင် လူမှုဝန်းကျင်အခြေအနေက တိုးတက်လာလိမ့်မည်။ လမ်းမပေါ်တွင် တွေ့ရသော ကျပျောက်ထားသည့် ပစ္စည်းများကို မည်သူမျှ အပိုင်မယူသည့် အဆင့်၊ ညအခါ အိမ်တံခါးများကို မည်သူမျှ သော့ခတ်ထားစရာ မလိုသည့် အဆင့်သို့ ရောက်လာလိမ့်မည်။ ဤကဲ့သို့သော လူမှုဝန်းကျင်အခြေအနေမျိုး ရှိလျှင် အများပြည်သူ ငြိမ်ဝပ်ပိပြားမှုသည် တိုးတက်လာလိမ့်မည်ဖြစ်ပြီး လူတို့လည်း ပို၍ အေးအေးချမ်းချမ်း နေနိုင်ကြလိမ့်မည်။ ခိုးယူမှုနှင့် လုယက်မှုတို့ နည်းသွားလိမ့်မည်။ ခိုက်ရန်ဖြစ်ပွားမှုနှင့် လက်စားချေ သတ်ဖြတ်မှုတို့ နည်းသွားလိမ့်မည်။ ဤသို့သော လူ့အဖွဲ့အစည်းမျိုး၌ နေထိုင်ကြသည့် လူတို့တွင် ဘေးကင်းလုံခြုံသော ခံစားမှုနှင့် ပိုကြီးမားသော အလုံးစုံ သုခချမ်းသာတို့ ရှိလိမ့်မည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူမှုဝန်းကျင်နှင့် လူနေမှုဝန်းကျင်များအတွင်းရှိ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းပြီး ထုတ်ပြန်ထားသော တောင်းဆိုချက်တစ်ခုဖြစ်သည်။ ဤတောင်းဆိုချက်၏ ရည်မှန်းချက် ပန်းတိုင်မှာ လူမှုဝန်းကျင်အခြေအနေနှင့် လူတို့၏ လူနေမှုဝန်းကျင်ကို ကာကွယ်ရန် ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ လွယ်ကူသလော။ ဤအရာကို လူတို့ စွမ်းဆောင်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်နေသည့် ဤအတွေးအခေါ်နှင့် တောင်းဆိုမှုကို ထုတ်ပြန်ခဲ့သောသူများက လူတို့တောင့်တသည့် စံပြ လူမှုဝန်းကျင် အခြေအနေ အကောင်အထည်ပေါ်လာအောင် လုပ်ဖို့ ရည်မှန်းခဲ့ကြခြင်း ဖြစ်သည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူ၏ ကျင့်ကြံပြုမူမှုဆိုင်ရာ စံနှုန်းနှင့် မည်သို့မျှ မပတ်သက်ချေ။ တစ်စုံတစ်ခုကို လူတို့ကောက်ရသည့် အခါတိုင်းတွင် ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်၍ ချမှတ်ထားသည့် တောင်းဆိုချက်တစ်ခုမျှသာ ဖြစ်၏။ လူ့အနှစ်သာရနှင့် ဆက်စပ်မှု အနည်းငယ်သာ ရှိ၏။ လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤတောင်းဆိုချက်ကို လူသားမျိုးနွယ်က ထုတ်ထားသည်မှာ နှစ်ပေါင်း ထောင်နှင့်ချီလာပြီ ဖြစ်သည်။ ဤတောင်းဆိုချက်ကို လူတို့ လိုက်နာကြသည့်အခါ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုသည် ရာဇဝတ်မှု လျော့နည်းသော အချိန်ကာလတစ်ခုကို ကြုံတွေ့ရနိုင်ပြီး ညအခါ အိမ်တံခါးများကို သော့ခတ်ထားစရာ မလိုသော အဆင့်၊ လမ်းမပေါ်တွင် တွေ့ရသော ကျပျောက်ထားသည့် ပစ္စည်းများကို မည်သူမျှ အပိုင်မယူသော အဆင့်၊ လူအများစုက မိမိတို့ ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်သည့် အဆင့်သို့ပင် ရောက်သွားနိုင်သည်ကား အမှန်ပင် ဖြစ်သည်။ ဤကာလများတွင် လူမှုဝန်းကျင်အခြေအနေ၊ အများပြည်သူ ငြိမ်ဝပ်ပိပြားမှုနှင့် လူနေမှု ပတ်ဝန်းကျင်တို့ အားလုံးသည် အတော်အတန် တည်ငြိမ်ကာ သဟဇာတ ဖြစ်နေလိမ့်မည်။ သို့သော် ဤဝန်းကျင်အခြေအနေနှင့် လူမှုဝန်းကျင်ကို ယာယီသာ သို့မဟုတ် အချိန်အပိုင်းအခြားတစ်ခုသာ သို့မဟုတ် သတ်မှတ်ထားသည့် အချိန်တစ်ခုအထိသာ ထိန်းထား၍ ရသည်။ တစ်နည်းဆိုရလျှင် လူတို့သည် ဤကိုယ်ကျင့်တရား အပြုအမူမျိုးကို အချို့သော လူမှုဝန်းကျင်များတွင်သာ စွမ်းဆောင်နိုင်၏ သို့မဟုတ် ထိန်းထားနိုင်၏။ သူတို့၏ လူနေမှု ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး လူမှုဝန်းကျင်အခြေအနေဟောင်းက ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ခြင်း” ကဲ့သို့သော ကိုယ်ကျင့်တရားများသည် လူမှုဝန်းကျင် ပြောင်းလဲမှု၊ လူမှုဝန်းကျင် အခြေအနေ ပြောင်းလဲမှု၊ လူမှုလားရာများ ပြောင်းလဲမှုတို့နှင့်အတူ လိုက်ပါပြောင်းလဲသွားမည့် အလားအလာရှိသည်။ အဆင်းနီသော နဂါးကြီးသည် အာဏာရလာပြီးနောက် လူ့အဖွဲ့အစည်း တည်ငြိမ်ရေး သေချာစေရန်အလို့ငှာ ဆိုရိုးစကားမျိုးစုံကို အားပေးမြှင့်တင်ခြင်းဖြင့် လူတို့အား အထင်အမြင်မှားစေခဲ့သည့် အဖြစ်ကို ကြည့်လော့။ ၈၀ ပြည့်နှစ်လွန် ခုနှစ်များတွင် အောက်ပါ စာသားများပါသည့် လူကြိုက်များသော သီချင်းတစ်ပုဒ်ပင် ရှိခဲ့၏။ “လမ်းနံဘေး မြေကြီးပေါ်မှ ပြားစေ့တစ်စေ့ကို ကျွန်ုပ်ကောက်ရသည်။ ရဲအရာရှိလက် အပ်လိုက်၏။ ရဲအရာရှိက ထိုပြားစေ့ကို ယူကာ ကျွန်ုပ်ကို ခေါင်းညိတ်ပြသည်။ ‘နောက်မှ တွေ့ကြမယ်’ ဟု ကျွန်ုပ်ပျော်ရွှင်စွာ ပြောခဲ့သည်” ဟူ၍ ဖြစ်သည်။ ကြည့်ရသည်မှာ ပြားစေ့တစ်စေ့ကို လွှဲပြောင်းပေးသည့် သေးငယ်သော ကိစ္စရပ်လေးကိုပင် ထုတ်ပြောကာ တေးဖွဲ့သီဆိုထိုက်သည့်သဘော ဖြစ်နေသည်။ ထိုလုပ်ရပ်က အင်မတန် “မြင့်မြတ်သည့်” လူမှုရေး ကိုယ်ကျင့်တရားနှင့် အပြုအမူတစ်ခု ဖြစ်နေတော့၏။ သို့သော် ထိုသို့ အမှန်တကယ် ဟုတ်သလော။ လူတို့သည် သူတို့တွေ့ရှိရသော ပြားစေ့ကို ရဲအရာရှိထံ အပ်နိုင်သော်လည်း ယွမ်တစ်ရာ သို့မဟုတ် ယွမ်တစ်ထောင်ဆိုလျှင် အပ်ကြမည်လော။ ပြောရ ခက်ပေသည်။ လူတစ်ဦးက ရွှေ၊ ငွေတချို့ သို့မဟုတ် အဖိုးတန်သော ဥစ္စာတချို့ သို့တည်းမဟုတ် သာ၍ပင် တန်ဖိုးကြီးသော ပစ္စည်းတစ်ခုခုကို တွေ့ရှိရလျှင် မိမိ၏ လောဘကို ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ အတွင်းထဲက မတော်လောဘစိတ်သည် ပွင့်ထွက်လာလိမ့်မည်။ လူများကို အနာတရဖြစ်အောင်နှင့် ဒုက္ခရောက်အောင် လုပ်နိုင်စွမ်း၊ အခြားသူများကို အမှုဆင်ပြီး ထောင်ဖမ်းနိုင်စွမ်း ရှိလိမ့်မည်။ လူတစ်ဦး၏ ငွေကြေးကို လက်ဦးမှုယူကာ လုယက်ခြင်းနှင့် တစ်စုံတစ်ဦးအား သတ်ဖြတ်ခြင်းကိုပင် လုပ်နိုင်လိမ့်မည်။ ထိုအချိန်၌ လူ၏ အဆင့်မြင့်သော ရိုးရာယဉ်ကျေးမှုနှင့် အစဉ်အလာ ကိုယ်ကျင့်တရားများထဲမှ မည်သည့်အရာက ကြွင်းကျန်နေမည်နည်း။ ထိုအခါ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရား စံနှုန်းက မည်သည့်နေရာ ရောက်သွားမည်နည်း။ ဤအချက်က ငါတို့အား မည်သည့်အရာကို ပြသနည်း။ ဤစိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား အပြုအမူကို လူတို့က ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ ဤတောင်းဆိုချက်နှင့် ဆိုရိုးစကားတို့မှာ လူတို့က မိမိတို့၏ စိတ်ကူးများ၊ ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများအတွင်း၌ ဖြစ်မြောက်အောင်မြင်လိုပြီး အကောင်အထည်ဖော်လိုသည့်အရာ တစ်ခုသာ ဖြစ်လေသည်။ အချို့သော လူမှုရေးအခြေအနေများတွင်၊ သင့်လျော်သော ပတ်ဝန်းကျင်များတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပမာဏတချို့ကို ရှိထားသည့် လူများသည် မိမိတို့ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ရေးအား လက်တွေ့လုပ်နိုင်သော်လည်း ဤသည်မှာ တဒင်္ဂ အပြုအမူကောင်းမျှသာ ဖြစ်သည်။ သူတို့ကျင့်ကြံပြုမူမှု၏ စံနှုန်း သို့မဟုတ် သူတို့အသက်တာ၏ စံနှုန်းကား မဖြစ်လာနိုင်ပေ။ ထိုလူများ နေထိုင်နေသည့် လူမှုဝန်းကျင်နှင့် လူမှုအခြေအနေများ ပြောင်းသွားလျှင် ပြောင်းသွားချင်း ဤဝါဒရေးရာ ရေသောက်မြစ်နှင့် လူ၏ အယူအဆများအရ ရည်သန်မျှော်မှန်းချက်ဖြစ်နေသည့် ဤကိုယ်ကျင့်တရား အပြုအမူသည် လူတို့ထံမှ အလွန်တရာ ဝေးကွာသွားမည် ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်။ ၎င်းတို့၏ ဒုစရိုက် လုပ်ရပ်များကို ကန့်သတ်ပေးနိုင်စွမ်း သာ၍ပင် ရှိမည်မဟုတ်သည်ကိုကား ပြောနေရန်ပင် မလို။ ဤသည်မှာ ယာယီ အပြုအမူကောင်းတစ်ခုမျှသာ ဖြစ်သည်။ လူတို့၏ ရည်သန်မျှော်မှန်းချက်များအရ အတော်အတန် မြင့်မြတ်သည့် ကိုယ်ကျင့်တရား အရည်အသွေး တစ်ခုမျှသာ ဖြစ်သည်။ လက်တွေ့အရှိတရား၊ ကိုယ်ကျိုးစီးပွားတို့နှင့် ထိပ်တိုက်တွေ့သည့်အခါ၊ လူတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် ကွဲလွဲနေသောအခါ ဤကိုယ်ကျင့်တရားမျိုးသည် လူတို့၏ အပြုအမူကို မထိန်းချုပ်နိုင်၊ သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို လမ်းမပြနိုင်ပေ။ အဆုံးတွင် လူတို့သည် ထိုအရာကို ဆန့်ကျင်ရန် ဆုံးဖြတ်ကြမည် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ဤအစဉ်အလာ အယူအဆကို ချိုးဖောက်ပြီး မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို ရွေးချယ်ကြမည် ဖြစ်သည်။ ထို့ကြောင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ခြင်း” ဟူသော ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင် လူတို့သည် ကောက်ရသော ပြားစေ့တစ်စေ့ကို ရဲလက်အပ်ပေးနိုင်ကြသည်။ သို့သော် ယွမ်တစ်ထောင် သို့မဟုတ် ယွမ်တစ်သောင်း သို့မဟုတ် ရွှေဒင်္ဂါးတစ်ပြားကို သူတို့တွေ့ရှိရလျှင် ရဲအရာရှိလက် အပ်နိုင်ကြဦးမည်လော။ အပ်နိုင်ကြမည် မဟုတ်ပေ။ ထိုငွေကို ယူလျှင် ရလာမည့် အကျိုးအမြတ်က လူ့ကိုယ်ကျင့်တရား စွမ်းဆောင်နိုင်သည့် နယ်ပယ်ကို ကျော်လွန်သွားသည့်အခါ သူတို့သည် ထိုငွေကို ရဲလက် အပ်နိုင်ကြမည် မဟုတ်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရားကို တကယ် လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်၍ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” သည် လူတစ်ဦး၏ လူ့သဘာဝ အနှစ်သာရကို ကိုယ်စားပြုလေသလော။ သူ၏ လူ့သဘာဝ အနှစ်သာရကို လုံးဝပင် ကိုယ်စားမပြုနိုင်ချေ။ လူ့သဘာဝကို လူတစ်ဦး ပိုင်ဆိုင်ခြင်း ရှိမရှိ သုံးသပ်ဖို့ အခြေပြုချက်အနေနှင့် လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ဆိုင်သော ဤတောင်းဆိုချက်ကို အသုံးပြု၍ မရကြောင်း၊ ဤတောင်းဆိုချက်က လူ့ကျင့်ကြံပြုမူမှု၏ စံနှုန်းအဖြစ် အသုံးမဝင်နိုင်ကြောင်း အတော်ပင် သိသာလှသည်။
ကောက်ယူရရှိသည့် ပိုက်ဆံကို လူတစ်ဦး အိတ်ထဲ ထည့်မထည့် အရင်ဆုံး ကြည့်ရှုခြင်းက ထိုသူ၏ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာကို သုံးသပ်ဖို့ မှန်ကန်တိကျသည့် နည်းလမ်းတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ (လူတို့သည် အဆိုပါ သတ်မှတ်ချက်ကို အမှန်တကယ် လိုက်နာနိုင်စွမ်း မရှိကြပါ။ ငွေပမာဏ အနည်းငယ် သို့မဟုတ် တန်ဖိုးနည်းသည့် တစ်စုံတစ်ရာကို သူတို့တွေ့ရှိရလျှင် လွှဲပြောင်းပေးနိုင်ကြပါလိမ့်မည်။ သို့သော် အဖိုးတန်သည့်အရာ ဖြစ်နေလျှင်မူ လွှဲပြောင်းပေးနိုင်ခြေ နည်းသွားပါလိမ့်မည်။ အင်မတန် အဖိုးတန်လှသည့် ပစ္စည်းဖြစ်နေလျှင် လွှဲပြောင်းပေးနိုင်ခြေ ပို၍ပင် နည်းသွားပါလိမ့်မည်။ ထိုပစ္စည်းကို ဖြစ်သည့်နည်းနှင့် သူတို့သိမ်းထားနိုင်ခြေပင် ရှိပါသည်။) လူတို့သည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့်အရာကို စွမ်းဆောင်နိုင်ခြင်း မရှိသဖြင့် လူတို့၏ လူ့သဘာဝကို သုံးသပ်ဖို့ စံနှုန်းတစ်ခုအနေနှင့် ထိုအရာက အသုံးမဝင်နိုင်ဟု သင်ဆိုလိုသည်။ သို့ဖြစ်လျှင် ဤသတ်မှတ်ချက်ကို လူတို့လိုက်နာနိုင်သည် ဆိုပါက ယင်းကို သူတို့၏ လူ့သဘာဝအား သုံးသပ်ဖို့ စံနှုန်းတစ်ခုအဖြစ် မှတ်ယူ၍ ရမည်လော။ (ရမည်မဟုတ်ပါ။) ထိုသတ်မှတ်ချက်ကို လူတို့က လိုက်နာနိုင်သည်ဆိုလျှင်ပင် လူတို့၏ လူ့သဘာဝအား သုံးသပ်ဖို့ စံနှုန်းတစ်ခုအဖြစ် အဘယ်ကြောင့် မှတ်ယူ၍ မရသနည်း။ (“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို တစ်စုံတစ်ယောက်က လိုက်နာနိုင်စွမ်း ရှိခြင်း မရှိခြင်းသည် ထိုသူ၏ လူ့သဘာဝ အရည်အသွေးကို အမှန်ပင် ထင်ဟပ်ခြင်း မရှိပါ။ ဤအချက်က ထိုသူ၏ လူ့သဘာဝ မည်မျှကောင်း၏၊ ဆိုး၏နှင့် ဘာမျှ မပတ်သက်သကဲ့သို့ လူတို့၏ လူ့သဘာဝကို သုံးသပ်ဖို့ စံနှုန်းတစ်ခုလည်း မဟုတ်ပါ။) ဤသည်မှာ ဤကိစ္စကို နားလည်ပုံ နားလည်နည်းတစ်ခု ဖြစ်သည်။ ကောက်ရသည့် ပိုက်ဆံကို လူတစ်ဦးက အိတ်ထဲ မထည့်ခြင်းနှင့် ထိုသူ၏ လူ့သဘာဝ အရည်အသွေးအကြား၌ ဆက်နွှယ်မှု အနည်းငယ်သာ ရှိ၏။ သို့ဖြစ်၍ မိမိကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ဖို့ရာ အမှန်တကယ် တတ်စွမ်းနိုင်သည့် လူတစ်ဦးနှင့် ကြုံကြိုက်ရလျှင် သင်တို့သည် ထိုသူကို မည်သို့ရှုမြင်ကြမည်နည်း။ ထိုသူကို လူ့သဘာဝ ပိုင်ဆိုင်သော လူတစ်ဦးအဖြစ်၊ ရိုးသားသော လူတစ်ဦးအဖြစ်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ဦးအဖြစ် မှတ်ယူနိုင်သလော။ ကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား လူ့သဘာဝကို ပိုင်ဆိုင်ခြင်း၏ စံနှုန်းတစ်ခုအဖြစ် သတ်မှတ်နိုင်သလော။ ဤကိစ္စကို ငါတို့ မိတ်သဟာယပြုသင့်၏။ ဤအကြောင်းကို မည်သူပြောမည်နည်း။ (ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ဘဲ တစ်စုံတစ်ဦး နေနိုင်စွမ်းက ထိုလူ၏ လူ့သဘာဝ အနှစ်သာရကို အဓိပ္ပာယ် ဖွင့်ဆိုရေးနှင့် ဆက်စပ်မှု မရှိပါ။ သူ့အနှစ်သာရကို သမ္မာတရားနှင့်အညီ သုံးသပ်ရပါသည်။) နောက်ထပ် အဘယ်အရာများ ရှိသေးသနည်း။ (အချို့လူများသည် ငွေပမာဏအမြောက်အမြား ဖြစ်နေလျှင်ပင် ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ဘဲ နေနိုင်စွမ်း ရှိပါသည်။ သို့မဟုတ် အခြားလုပ်ရပ်ကောင်း အများအပြားကို လုပ်ကြပါသည်။ သို့သော် သူတို့၌ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များ ရှိကြပါ၏။ သူတို့သည် မိမိတို့၏ ချီးမွမ်းထိုက်သော လုပ်ရပ်များအတွက် ဆုချီးမြှင့်ခံလိုပြီး နာမည်ကောင်း ရလိုကြပါသည်။ ထို့ကြောင့် သူတို့၏ အပြင်ပန်း အပြုအမူများက သူတို့၏ လူ့သဘာဝ အရည်အသွေးကို အဆုံးအဖြတ် မပေးနိုင်ပါ။) နောက်ထပ် ရှိသေးသလော။ (တစ်စုံတစ်ဦးသည် သူကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေနိုင်စွမ်းရှိသော်လည်း သမ္မာတရားအပေါ်ကိုမူ ခုခံတတ်သည့် သဘောထား၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သဘောထားနှင့် ချဉ်းကပ်သည်ဟု ဆိုကြပါစို့။ ထိုသူကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့ သုံးသပ်ကြည့်ပါက သူသည် လူ့သဘာဝကို မပိုင်ဆိုင်ပါ။ ထို့ကြောင့် လူ့သဘာဝကို တစ်စုံတစ်ဦး ပိုင်ဆိုင်ခြင်းရှိမရှိ ချင့်ချိန်အကဲဖြတ်ရန် အဆိုပါစံနှုန်းကို သုံးခြင်းသည် မှန်ကန်တိကျမှု မရှိပါ။) လူ့သဘာဝကို လူတစ်ဦး ပိုင်ဆိုင်ခြင်းရှိမရှိ သုံးသပ်ရန် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို အသုံးပြုခြင်းက မှားယွင်းကြောင်း သင်တို့ထဲမှ လူတချို့သည် သဘောပေါက်ကြပြီးသား ဖြစ်သည်။ လူတစ်ယောက်၌ လူ့သဘာဝ ရှိမရှိကို သုံးသပ်ရန် စံနှုန်းတစ်ခုအဖြစ် ထိုအရာအား အသုံးပြုခြင်းကို သင်တို့သည် သဘောမတူကြ။ ဤရှုထောင့်အမြင်က မှန်ကန်၏။ လူတစ်ယောက်သည် မိမိကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေနိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအချက်က ထိုသူ၏ ကျင့်ကြံပြုမူမှုဆိုင်ရာ အခြေခံမူများနှင့်သာမက သူရွေးချယ်သော လမ်းကြောင်းနှင့်ပါ ဆက်နွှယ်မှု အနည်းငယ်သာ ရှိသည်။ ငါအဘယ်ကြောင့် ဤသို့ ပြောရသနည်း။ ပထမဆုံးအနေနှင့် လူတစ်ဦးသည် မိမိကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်သောအခါ တဒင်္ဂ အပြုအမူကိုသာ ကိုယ်စားပြုသည်။ သူအိတ်ထဲ မထည့်ခြင်းက ကောက်ယူရရှိသော ပစ္စည်းမှာ တန်ဖိုးမဲ့သောကြောင့် ဖြစ်သလော၊ သို့မဟုတ် လူအများက သူ့ကို ကြည့်နေကြပြီး ထိုလူတို့၏ ချီးမွမ်းမှုနှင့် အထင်ကြီးမှုကို သူ ရလိုသောကြောင့် ဖြစ်သလော ဆိုသည်ကိုမူ ပြောရခက်လေသည်။ သူ၏ လုပ်ရပ်က ညစ်စွန်းမှု မရှိလျှင်ပင် အပြုအမူကောင်းတစ်မျိုးသာ ဖြစ်သည်။ သူ၏ လိုက်စားမှု၊ ကျင့်ကြံပြုမူမှုနှင့် မည်မည်ရရ ဆက်စပ်မှု မရှိချေ။ အလွန်ဆုံးအနေဖြင့် ဤလူ၌ ကောင်းသော အပြုအမူ အနည်းငယ်နှင့် မြင့်မြတ်သော စရိုက်လက္ခဏာ ရှိသည်ဟုသာ ပြောနိုင်သည်။ ဤအပြုအမူကို အပျက်သဘောဆောင်သည့်အရာ ဖြစ်သည်ဟု ခေါ်၍ မရနိုင်စေကာမူ အပြုသဘောဆောင်သည့် အရာတစ်ခုအဖြစ်လည်း အမျိုးအစား သတ်မှတ်၍ မရနိုင်ပေ။ ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ရုံနှင့် လူတစ်ဦးကို အပြုသဘောဆောင်သည်ဟု သတ်မှတ်လိုက်၍လည်း ဧကန်အမှန် မရချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သမ္မာတရားနှင့် ဆက်စပ်မှု မရှိသောကြောင့်၊ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ပတ်သက်မှု မရှိသောကြောင့် ဖြစ်သည်။ လူတချို့က “ဤသည်မှာ အပြုသဘောဆောင်သည့်အရာ မည်သို့မဖြစ်နိုင်ရမည်နည်း။ ဤမျှ မြင့်မြတ်လှသော အပြုအမူကို အပြုသဘောဆောင်သည်ဟု မည်သို့လျှင် မသတ်မှတ်နိုင်ရမည်နည်း။ တစ်စုံတစ်ဦးက ကိုယ်ကျင့်တရား ပျက်ပြားပြီး လူ့သဘာဝလည်း မရှိလျှင် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေနိုင်စွမ်း ရှိပါ့မည်လော” ဟူ၍ ပြောကြသည်။ ဤသို့ ပြောဆိုခြင်းက ကျိန်းသေ မှန်ကန်တိကျနေသည်ကား မဟုတ်။ နတ်ဆိုးတစ်ကောင်သည်လည်း ကောင်းသော အရာတချို့ကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ပင်။ သို့ဖြစ်၍ ၎င်းကို နတ်ဆိုးတစ်ကောင် မဟုတ်ဟု သင်ပြောမည်လော။ နတ်ဆိုးရှင်ဘုရင်တချို့လည်း သူတို့နာမည် တွင်ဖို့နှင့် သမိုင်းတွင် နေရာတစ်နေရာကို အခိုင်အမာ ရဖို့အတွက် လုပ်ရပ်ကောင်း တစ်ခုနှစ်ခုမျှ လုပ်ကြသည်ပင်။ သို့ဖြစ်၍ သူတို့ကို လူကောင်းများဟု သင်ခေါ်ဆိုမည်လော။ လူ့သဘာဝအား လူတစ်ဦး ပိုင်ဆိုင်ခြင်း ရှိသလော၊ မရှိသလော သို့မဟုတ် ထိုသူ၏ စရိုက်လက္ခဏာက ကောင်းသလော၊ ဆိုးသလောဆိုသည်တို့ကို သူလုပ်ခဲ့သည့် ကောင်းသောအရာတစ်ခု သို့မဟုတ် ဆိုးသောအရာတစ်ခုအပေါ်၌သာ အခြေခံပြီး ဆုံးဖြတ်၍ မရပေ။ သုံးသပ်ချက် မှန်ကန်တိကျဖို့ဆိုလျှင် ထိုသူ၏ ယေဘုယျ ကျင့်ကြံပြုမူမှုအပေါ် အခြေခံသင့်သည်။ ထိုသူတွင် မှန်ကန်သော အတွေးအခေါ်နှင့် ရှုမြင်ချက်များ ရှိမရှိအပေါ် အခြေခံသင့်သည်။ တစ်စုံတစ်ဦးသည် သူတွေ့ရှိရသော အင်မတန် အဖိုးတန်သည့် ပစ္စည်းတစ်ခုကို ပိုင်ရှင်အမှန်အား ပြန်ပေးနိုင်ပါက သူသည် လောဘမကြီးကြောင်း၊ အခြားလူများပိုင်သည့် ဥစ္စာပစ္စည်းကို မတပ်မက်ကြောင်းသာ ပြသသည်။ ကောင်းသော ကိုယ်ကျင့်တရား အပြုအမူ၏ ဤသွင်ပြင်လက္ခဏာကို သူပိုင်ဆိုင်၏။ သို့သော် ဤအရာက သူ၏ ကျင့်ကြံပြုမူမှု၊ အပြုသဘောဆောင်သော အရာများအပေါ် သူ၏ သဘောထားနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိသလော။ (မရှိပါ။) လူတချို့က ဤအရာကို သဘောမတူနိုင်ဖွယ် ရှိသည်။ ဤအခိုင်အမာ ပြောဆိုချက်မှာ အနည်းငယ် ပုဂ္ဂလဓိဋ္ဌာန်ဆန်နေပြီး တိကျမှန်ကန်မှု မရှိဟု မှတ်ယူနိုင်ဖွယ် ရှိသည်။ သို့သော် ဤအရာကို မတူညီသည့် ရှုထောင့်မှ သုံးသပ်ဆင်ခြင်ကြည့်လျှင် တစ်စုံတစ်ဦးသည် အသုံးဝင်သော အရာတစ်ခုကို ပျောက်သွားသည်ဆိုပါက အင်မတန် စိတ်ပူနေလိမ့်မည် မဟုတ်လော။ သို့ဖြစ်၍ ထိုပစ္စည်းကို တွေ့ရှိရသော လူတစ်ဦးအနေနှင့် သူတွေ့သော ပစ္စည်းက မည်သည့်အရာ ဖြစ်ပါစေ သူ့ပစ္စည်းမဟုတ်သောကြောင့် အပိုင်မယူထားသင့်။ ရုပ်ဝတ္ထုပစ္စည်း ဖြစ်စေ၊ ပိုက်ဆံဖြစ်စေ၊ အဖိုးတန်သည်ဖြစ်စေ၊ တန်ဖိုးမဲ့သည်ဖြစ်စေ သူပိုင်သောအရာ မဟုတ်၍ ထိုပစ္စည်းကို ပိုင်ရှင်အမှန်ထံ ပြန်ပေးဖို့မှာ သူ၏ တာဝန်ပင် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူတို့ လုပ်သင့်လုပ်ထိုက်သည့် အရာပင် ဖြစ်သည် မဟုတ်လော။ ဤအရာကို အားပေးမြှင့်တင်ခြင်းက အဘယ်တန်ဖိုးရှိသနည်း။ ဤသည်မှာ ဘာမျှ မဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေခြင်း မဟုတ်လော။ ကောက်ရသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား မြင့်မြတ်သည့် ကိုယ်ကျင့်တရား အရည်အသွေးတစ်မျိုးအဖြစ် သဘောထားခြင်းနှင့် မြင့်မားလှသည့် ဝိညာဉ်ရေးရာ အခြေအနေသို့ မြှင့်တင်လိုက်ခြင်းက မလွန်လွန်းလေသလော။ ဤအပြုအမူကောင်းတစ်ခုကို လူကောင်းတို့ အလယ်တွင် ထုတ်ပြောဖို့ရန်ပင် ထိုက်တန်သလော။ ဤအရာထက် ပိုကောင်းမွန်ပြီး ပိုမြင့်မားလှသည့် အပြုအမူ အမြောက်အမြား ရှိ၏။ ထို့ကြောင့် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား ထုတ်ပြောဖို့ရန်ပင် မထိုက်တန်။ သို့သော် ဤအပြုအမူကောင်းကို သူတောင်းစားများနှင့် သူခိုးများအကြား အားတက်သရော ဖြန့်ဝေကာ အားပေးမြှင့်တင်မည်ဆိုလျှင်မူ သင့်တော်ပေလိမ့်မည်။ တစ်စုံတစ်ရာ အကျိုးရှိကောင်း ရှိပေလိမ့်မည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံသည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့်အရာကို အားတက်သရော အားပေးမြှင့်တင်နေသည်ဆိုလျှင် ထိုနိုင်ငံအတွင်းရှိ လူတို့မှာ အလွန်အမင်း ဆိုးယုတ်နေကြပြီးသား ဖြစ်ကြောင်း၊ ထိုနိုင်ငံတွင် သူခိုးဓားပြများ မှိုလိုပေါက်နေပြီး ၎င်းတို့ကို တားဆီးကာကွယ်၍ မရဘဲ ဖြစ်နေကြောင်း ပြသည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းရန် ထိုနိုင်ငံ၏ တစ်ခုတည်းသော အားထားရာမှာ အဆိုပါ အပြုအမူမျိုးကို အားပေးမြှင့်တင်ပြီး ဖြန့်ဝေဖို့ပင် ဖြစ်နေသည်။ စင်စစ်အားဖြင့် ဤအပြုအမူသည် အစဉ်အမြဲပင် လူတို့၏တာဝန် ဖြစ်နေခဲ့သည်။ ဥပမာ တစ်စုံတစ်ဦးက လမ်းမပေါ်တွင် ယွမ်ငွေငါးဆယ် တွေ့ရသဖြင့် ပိုင်ရှင်အမှန်ဆီ အလွယ်တကူ ပြန်ပေးလိုက်သည်ဆိုလျှင် ဤသည်မှာ အလွန်ပင် အရေးမပါလွန်းလှ၍ ထုတ်ပြောဖို့ရန်ပင် မထိုက်တန်ဘူး မဟုတ်လော။ ဤအရာကို ချီးကျူးဖို့ အမှန်တကယ် လိုအပ်သလော။ ပိုက်ဆံကို ကျပျောက်ထားသည့် ပုဂ္ဂိုလ်ထံ ထိုသူပြန်ပေးလိုက်ရုံနှင့် ဘာမျှ မဟုတ်သည့်အရာကို ဗာရာဏသီချဲ့နေဖို့၊ ထိုသူကို ချီးမွမ်းခန်း ဖွင့်ဖို့၊ သူ၏ မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသည့် ကိုယ်ကျင့်တရား အပြုအမူအတွက် အမွှမ်းတင်ချီးကျူးခြင်းပင် ပြုဖို့ လိုအပ်သလော။ ကျပျောက်ထားသည့် ပိုက်ဆံကို ပိုင်ရှင်အမှန်ဆီ ပြန်ပေးခြင်းသည် ပုံမှန်ဖြစ်ပြီး သဘာဝကျသည့် လုပ်ရပ်မျှသာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ပုံမှန်ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးက လုပ်ထိုက်သော အရာတစ်ခုဖြစ်သည် မဟုတ်လော။ လူမှုရေး ကိုယ်ကျင့်တရားများကို နားမလည်သည့် ကလေးငယ်လေး တစ်ယောက်ပင်လျှင် ဤအရာကို လုပ်နိုင်စွမ်း ရှိမည်ဆိုပါက ယင်းကို ဇာချဲ့ပြောနေစရာ အမှန်တကယ် လိုအပ်သလော။ ဤအပြုအမူကို လူ့ကိုယ်ကျင့်တရား အဆင့်သို့ မြှင့်တင်ဖို့ အမှန်တကယ် ထိုက်တန်သလော။ ငါ့အမြင်တွင်မူ ယင်းကို ထိုအဆင့်သို့ မြှင့်တင်၍ မရသည်သာမက ချီးမွမ်းဖို့ရန်ပင် မထိုက်တန်။ ယင်းက ယာယီ အပြုအမူကောင်းမျှသာ ဖြစ်ပြီး လူကောင်းတစ်ဦး အမှန်တကယ် ဖြစ်ခြင်းနှင့် အခြေခံအဆင့်တွင် မည်သည့်ဆက်စပ်မှုမျှ မရှိ။ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းသည် အလွန် မဖြစ်စလောက် ကိစ္စရပ်တစ်ခု ဖြစ်သည်။ မည်သည့်ပုံမှန်လူမဆို၊ လူ့အရေကို ခြုံထားသော သို့မဟုတ် လူ့ဘာသာစကားကို ပြောဆိုသော မည်သူမဆို လုပ်ဆောင်နိုင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတို့ ကြိုးစားလုပ်ဆောင်လျှင် လုပ်နိုင်သော အရာတစ်ခု ဖြစ်၏။ လုပ်ဖို့ သင်ပြပေးမည့် နည်းပေးလမ်းပြဆရာ သို့မဟုတ် အတွေးအခေါ်ပညာရှင်ကို သူတို့မလိုအပ်။ သုံးနှစ်သား ကလေးသည် ဤအရာကို လုပ်နိုင်၏။ သို့တိုင်အောင် အတွေးအခေါ် ပညာရှင်များနှင့် နည်းပေးလမ်းပြဆရာများသည် ထိုအရာကို လူ့ကိုယ်ကျင့်တရား အပြုအမူ၏ အရေးပါလှသော သတ်မှတ်ချက်တစ်ခုအဖြစ် မှတ်ယူကြသည်။ ထိုသို့ပြုခြင်းဖြင့် သူတို့သည် ဘာမျှ မဟုတ်သည့် အရာကို တစ်ဆိတ် ဗာရာဏသီချဲ့နေကြခြင်းပင် ဖြစ်တော့သည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူ့ကိုယ်ကျင့်တရား အပြုအမူကို သုံးသပ်သော ပြောဆိုချက်တစ်ခု ဖြစ်သော်လည်း လူ့သဘာဝ သို့မဟုတ် မြင့်မြတ်သော ကိုယ်ကျင့်တရားကို လူတစ်ဦး ပိုင်ဆိုင်ခြင်း ရှိမရှိအား တိုင်းတာသည့် အဆင့်သို့ မရောက်လာနိုင်ပေ။ ထို့ကြောင့် တစ်စုံတစ်ဦး၏ လူ့သဘာဝ အရည်အသွေးကို သုံးသပ်ရန် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့်အရာကို အသုံးပြုခြင်းသည် မှန်ကန်တိကျမှုရော သင့်တော်မှုပါ မရှိ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။