သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆) အပိုင်း သုံး

ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းသည့် နောက်ဆိုရိုးစကားတစ်ခုဖြစ်သော “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည်ကို ငါတို့ ယခု မိတ်သဟာယပြုကြစို့။ ဤဆိုရိုးစကားသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင့်ကိုယ်သင် တင်းကျပ်သော တောင်းဆိုမှုများပြုလုပ်ပြီး အခြားလူတို့ကို သက်ညှာသင့်သည်၊ ဤသို့ဖြင့် သင်သည် မည်မျှရက်ရောပြီး သဘောထားကြီးသည်ကို ၎င်းတို့က မြင်နိုင်သည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအရာကို အဘယ်ကြောင့် လုပ်ဆောင်သင့်သနည်း။ မည်သည့်အရာကို ရရှိရန် ရည်ရွယ်သနည်း။ ဤသည်မှာ လုပ်ဆောင်၍ ရနိုင်သောအရာဖြစ်သလော။ ဤသည်မှာ အမှန်တကယ်ပင် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်တစ်ခုဖြစ်သလော။ ဤအရာကို လက်ခံလုပ်ဆောင်ရန် သင့်ကိုယ်သင် အလွန်အမင်း အထိခိုက်ခံရပေမည်။ သင်သည် ဆန္ဒများ၊ တောင်းဆိုမှုများ လွတ်ကင်းရမည်။ ဝမ်းမြောက်မှုကို လျှော့၍ ခံစားရန် လိုအပ်သည်။ အနည်းငယ်ပို၍ ဒုက္ခခံရမည်။ အခြားလူများ မပင်ပန်းစေရန်အတွက် အဖိုးအခပို၍ ပေးဆပ်ပြီး ပို၍ အလုပ်လုပ်ရမည်။ အခြားလူများက ညည်းလျှင်၊ စောဒကတက်လျှင်၊ သို့မဟုတ် ညံ့ဖျင်းစွာ ထမ်းဆောင်လျှင် သင်က ၎င်းတို့ကို အလွန်အမင်း မတောင်းဆိုရပေ။ အနည်းနှင့်အများ လုပ်ဆောင်ခြင်းက လုံလောက်ပြီဖြစ်သည်။ ဤသည်မှာ မြင့်မြတ်သော ကိုယ်ကျင့်တရားများ၏ လက္ခဏာဖြစ်သည်ဟု လူတို့က ယုံကြည်ကြသည်။ သို့သော် ယင်းသည် အဘယ်ကြောင့် ငါ့အတွက် အတုအယောင် ပုံစံရှိသနည်း။ ယင်းသည် အတုအယောင် ပုံစံမရှိသလော။ (အတုအယောင် ပုံစံရှိပါသည်။) သာမန်အခြေအနေများတွင် သာမန်လူတစ်ယောက်၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်သည် မိမိကိုယ်ကို သည်းခံပြီး သူတစ်ပါးတို့အပေါ် တင်းကျပ်ရန်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လူတို့သည် အခြားလူတိုင်း၏ ပြဿနာများကို သတိမူမိကြသည်။ “ဤလူက မာနထောင်လွှားသည်။ ဤလူက ဆိုးသည်။ ဤတစ်ယောက်ကမူ တစ်ကိုယ်ကောင်းဆန်သည်။ ထိုတစ်ယောက်က သူ့တာဝန်ကို ထမ်းဆောင်သည့်နေရာ၌ ဝတ်ကျေတမ်းကျေ လုပ်သည်။ ဤလူက အင်မတန် ပျင်းသည်” ဟူ၍ ပြောသော်လည်း မိမိကိုယ်ကိုဆိုလျှင်မူ “ငါ နည်းနည်းပါးပါး ပျင်းမိလျှင်လည်း ကိစ္စမရှိ။ ငါကား အစွမ်းအစကောင်း၏။ ငါသည် ပျင်းတတ်သော်လည်း ငါလုပ်သည်မှာ သူများထက် ပိုကောင်းသည်” ဟူ၍ တွေးကြသည်။ အခြားလူများတို့အပေါ် အမှားရှာပြီး ကြေးများကြသည်။ မိမိတို့ကိုယ်ကိုအတွက်မူ ဖြစ်နိုင်သည့်နေရာမှန်သမျှတွင် သည်းခံပြီး လိုက်လျောကြသည်။ ဤသည်မှာ ၎င်းတို့ လူ့သဘာဝ၏ သဘာဝဖော်ပြချက်တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့သည် “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည့် အယူအဆအတိုင်း နေထိုင်ရန် တောင်းဆိုခြင်းခံရလျှင် မည်သို့သော သောကဝေဒနာကို ၎င်းတို့ ခံစားရမည်နည်း။ ယင်းကို ၎င်းတို့ အမှန်တကယ် ခံနိုင်သလော။ လူမည်မျှက ဤသို့ လုပ်ဆောင်နိုင်မည်နည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ပါ။) အဘယ်ကြောင့်နည်း။ (လူတို့သည် သဘာဝအရ တစ်ကိုယ်ကောင်းဆန်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ကြသည်။) အမှန်ပင် လူသည် မွေးကတည်းက တစ်ကိုယ်ကောင်းဆန်သည်။ လူသည် တစ်ကိုယ်ကောင်းဆန်သည့် သတ္တဝါဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စာတန်ဆန်သော အတွေးအခေါ်အပေါ် အလွန်အမင်း စွဲမြဲစွာစောင့်ထိန်းကြသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကို စောင့်ရှောက်ခြင်း မပြုလုပ်လျှင် ၎င်းတို့ ကြီးစွာသော ဒုက္ခရောက်ပြီး သဘာဝမကျဖြစ်မည်ဟု လူတို့က ထင်ကြသည်။ ဤသည်မှာ လူတို့ ယုံကြည်သည့်အရာနှင့် လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ လူတို့သည် တစ်ကိုယ်ကောင်းမဆန်ရန်၊ မိမိတို့ကိုယ်ကို တင်းကျပ်သော တောင်းဆိုမှုများ လုပ်ဆောင်ရန်၊ အခြားလူများအပေါ် အခွင့်အရေးယူမည့်အစား လိုလိုလားလားဖြင့် လက်လွှတ်အဆုံးရှုံးခံရန် တောင်းဆိုခြင်းခံရလျှင်၊ ထို့အပြင် ၎င်းတို့အပေါ် တစ်ယောက်ယောက်က အခွင့်အရေးယူသောအခါ “မင်းက အခွင့်အရေးယူနေတယ်။ ဒါပေမဲ့ ငါက ရေးကြီးခွင့်ကျယ်မလုပ်ပါဘူး။ ငါက သည်းခံတဲ့သူပဲ။ ငါ မင်းကို မကောင်းမပြောဘူး။ ဒါမှမဟုတ် လက်စားချေမှာ မဟုတ်ဘူး။ မင်းက အခွင့်အရေးကို လုံလုံလောက်လောက် မယူရသေးဘူးဆိုရင် လွတ်လွတ်လပ်လပ် ဆက်ယူပါ” ဟု ပျော်ရွှင်စွာပြောရန် တောင်းဆိုခြင်းခံရလျှင် ဤသည်မှာ လက်တွေ့ကျသော တောင်းဆိုချက်တစ်ခုလော။ လူမည်မျှက ဤအရာကို လုပ်ဆောင်နိုင်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပုံမှန်အားဖြင့် ပြုမူသော ပုံစံဟုတ်သလော။ ဤသို့ဖြစ်ခြင်းသည် ပုံမှန်မဟုတ်သည်မှာ သိသာသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသော လူတို့သည်၊ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သောလူများသည် မိမိတို့ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် ရုန်းကန်ကြသည်။ အခြားလူများအတွက် ထည့်တွက်စဉ်းစားပေးခြင်းက ၎င်းတို့ကို လုံးဝ စိတ်ကျေနပ်စေမည် မဟုတ်။ ထို့ကြောင့် ဤဖြစ်ရပ်သည် ဖြစ်ပျက်သောအခါတွင် ပုံမှန်မဟုတ်ပေ။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ဤအဆိုသည် အချက်အလက်များနှင့် ဖြစ်စေ၊ လူ့သဘာဝနှင့်ဖြစ်စေ ကိုက်ညီမှု မရှိသည့် တောင်းဆိုချက်တစ်ခုသာ ဖြစ်သည်မှာ ရှင်းလှ၏။ လူ့သဘာဝကို နားမလည်ကြသော လူမှုရေး ကိုယ်ကျင့်တရားကို အားပေးမြှင့်တင်သူများက အဆိုပါ တောင်းဆိုချက်ကို လူအပေါ် ချမှတ်ထားခြင်း ဖြစ်သည်။ ဤအဆိုသည် ကြွက်တစ်ကောင်ကို တွင်းများတူးခွင့် မရှိဟု သွားပြောခြင်း သို့မဟုတ် ကြောင်တစ်ကောင်ကို ကြွက်များဖမ်းခွင့် မရှိဟု သွားပြောခြင်းနှင့် အလားတူသည်။ ထိုကဲ့သို့သော တောင်းဆိုချက်ကို ပြုလုပ်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။ လူ့သဘာဝ၏ နိယာမများကို ဆန့်ကျင်ဖီဆန်နေပါသည်။) ဤတောင်းဆိုချက်က လက်တွေ့အရှိတရားနှင့် သိသာထင်ရှားစွာပင် ကိုက်ညီခြင်း မရှိသကဲ့သို့ အလွန်အမင်းလည်း ပေါ့တန်လှ၏။ ဤတောင်းဆိုချက်ကို အတင်းပြဋ္ဌာန်းထားကြသော သူတို့ကိုယ်တိုင်လည်း လိုက်နာနိုင်သလော။ (မလိုက်နာနိုင်ပါ။) ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မဖြည့်ဆည်းနိုင်သော တောင်းဆိုချက်ကို အခြားသူများ လိုက်နာဖို့ တောင်းဆိုကြ၏။ ဤတွင် မည်သည့်အရာက ပြဿနာဖြစ်နေသနည်း။ ဤသည်မှာ အနည်းငယ် တာဝန်မဲ့ရာ မကျသလော။ အနည်းဆုံးအနေဖြင့် ထိုသူတို့သည် တာဝန်မဲ့ရာကျပြီး ပေါက်ကရများ ပြောနေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်ဆင့်တိုး၍ ပြောရလျှင် ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်အရာ ဖြစ်သနည်း။ (ကြောင်သူတော်ဆန်မှု ဖြစ်ပါသည်။) မှန်၏။ ဤသည်မှာ ကြောင်သူတော်ဆန်မှု၏ ဥပမာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဤတောင်းဆိုချက်ကို ကိုယ်တိုင် မလိုက်နာနိုင်သည်မှာ ရှင်းနေသော်လည်း သူတို့ကိုယ်သူတို့ အလွန် သည်းခံတတ်သည်၊ အလွန် သဘောထားကြီးသည်၊ အင်မတန် ဂုဏ်မြင့်မားသော ကိုယ်ကျင့်တရား ရှိသည်ဟု အခိုင်အမာ ဆိုနေကြဆဲ ဖြစ်သည်။ ဤသည်မှာ ကြောင်သူတော်ဆန်မှုသာ ဖြစ်သည် မဟုတ်လော။ ကြည့်ကောင်းအောင် မည်သို့ပင်ပြောပြော ဤသည်မှာ လှည့်စားမှားယွင်းမှုတချို့ ပါဝင်နေသော အနှစ်မဲ့သည့် ဆိုရိုးစကားတစ်ခုသာ ဖြစ်သောကြောင့် ကြောင်သူတော်ဆန်သည့် ဆိုရိုးစကားတစ်ခုအဖြစ် ငါတို့ အမျိုးအစား သတ်မှတ်ကြမည်။ ဤဆိုရိုးသည် ဖာရိရှဲများ အားပေးခဲ့သည့် ဆိုရိုးစကား အမျိုးအစားများနှင့် ဆင်တူသည်။ ဤဆိုရိုးနောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက် ရှိနေ၏။ ထိုရည်ရွယ်ချက်မှာ ဝါကြွားဖို့၊ မိမိကိုယ်ကို မြင့်မြတ်သော ကိုယ်ကျင့်တရား အပြုအမူရှိသည့် လူတစ်ဦးအဖြစ် ပုံဖော်ဖို့၊ မြင့်မြတ်သည့် ကိုယ်ကျင့်တရား အပြုအမူပိုင်း၌ စံတင်ထိုက်သူနှင့် နမူနာယူထိုက်သူဟု အခြားသူများ ချီးမွမ်းသည်ကို ခံရဖို့ ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ သို့ဖြစ်လျှင် မည်သို့သော လူများက မိမိတို့ကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်း ရှိကြသနည်း။ ဆရာဆရာမများနှင့် ဆရာဝန်များက ဤဆိုရိုးကို လိုက်နာနိုင်ကြသလော။ အခြားသူများ၏ ကိုးကွယ်ခြင်းခံရသော ကျော်ကြားသည့် လူများ၊ ကြီးမြတ်သည့် လူများ၊ ပညာရှိများဟု ဆိုလေသည့် ကွန်ဖြူးရှပ်၊ မင်စီးယပ်၊ လောင်ဇီတို့ကဲ့သို့သော သူများသည်လည်း ဤဆိုရိုးစကားကို လိုက်နာနိုင်ခဲ့ကြသလော။ (မလိုက်နာနိုင်ခဲ့ကြပါ။) အတိုချုပ်၍ ပြောရလျှင် လူက ထုတ်ပြန်ထားသော ဤဆိုရိုးစကားသည် မည်မျှပင် အဓိပ္ပာယ်မရှိ ဖြစ်နေပါစေ သို့မဟုတ် ဤတောင်းဆိုချက်က ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ နောက်ဆုံးတွင်မူ ယင်းသည် လူတို့၏ အကျင့်စရိုက်နှင့် အပြုအမူအပေါ် ချမှတ်ထားသည့် တောင်းဆိုချက်တစ်ခုမျှသာ ဖြစ်သည်။ ယုတ်စွအဆုံး လူတို့သည် ဤတောင်းဆိုချက်ကို လိုက်နာရန် မလိုလားကြ။ ဤတောင်းဆိုချက်က သူတို့အတွက် လက်တွေ့လုပ်ရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူ၏ ပုံမှန် လူ့သဘာဝက စွမ်းဆောင်ရရှိနိုင်သည့် စံနှုန်းများနှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ယင်းသည် ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်ထားပြီး လူ့ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်နေသည့် စံနှုန်းနှင့် တောင်းဆိုချက်တစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည်မှာ လူအနည်းငယ်သာ လိုက်နာနိုင်သည့် အနှစ်မဲ့သော စကားရပ်တစ်ခု ဖြစ်နေသော်လည်း “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့်ရော “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်နှင့်ပါ အတူတူပင် ဖြစ်သည်။ ထိုဆိုရိုးကို လက်တွေ့လုပ်ကြသည့် လူတို့၌ မည်သို့သော ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များ သိုထားပါစေ သို့မဟုတ် ထိုဆိုရိုးကို လက်တွေ့လုပ်ဆောင်နိုင်သည့်လူ တစ်ဦးတလေမျှ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်ဖြစ် ဤသတ်မှတ်ချက်ကို အားပေးမြှင့်တင်သော လူများက သူတို့ကိုယ်သူတို့ ကိုယ်ကျင့်တရားပိုင်း၌ အထွတ်အထိပ်အဖြစ် သတ်မှတ်ထားကြသည့် အချက်သက်သက်ကို အခြေခံကြည့်လျှင် ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ရာ ကျနေသည် မဟုတ်လော။ အတော်ပင် မူမမှန်သည့် ဆင်ခြင်တုံတရားကို စိတ်စွဲနေကြသည် မဟုတ်လော။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ဆိုရိုးကို လိုက်နာနိုင်သလောဟု ထိုသူတို့အား သင်မေးမည်ဆိုလျှင် သူတို့က “လိုက်နာနိုင်သည်” ဟု ပြောကြလိမ့်မည်။ သို့သော် အမှန်တကယ် အတင်းအကျပ် လိုက်နာခိုင်းပါက သူတို့သည် လိုက်နာနိုင်ကြမည် မဟုတ်။ သူတို့သည် အဘယ်ကြောင့် မလိုက်နာနိုင်ကြလိမ့်မည်နည်း။ အကြောင်းမှာ သူတို့၌ မာနထောင်လွှားပြီး စာတန်ဆန်သော စိတ်သဘောထား ရှိ၍ ဖြစ်သည်။ အဆင့်အတန်း၊ အာဏာ၊ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်တို့ရဖို့ အခြားသူများက ၎င်းတို့နှင့် လာယှဉ်ပြိုင်နေချိန်တွင် ဤကိုယ်ကျင့်တရားကို လိုက်နာရန် ၎င်းတို့အား တောင်းဆိုကြည့်လော့။ ထိုအခါ ၎င်းတို့ လိုက်နာနိုင်ခြင်း ရှိမရှိ ကြည့်လော့။ ၎င်းတို့သည် လုံးဝ လိုက်နာနိုင်ကြမည် မဟုတ်။ သင့်အပေါ် ရန်ပင် လိုလာကြလိမ့်မည်။ အကယ်၍ သင်သည် ၎င်းတို့ကို “ဤဆိုရိုးကို သင်ကိုယ်တိုင်ပင် မလိုက်နာနိုင်ဘဲနှင့် အဘယ်ကြောင့် ယခုထက်ထိတိုင် အားပေးမြှင့်တင်နေသနည်း။ ဤဆိုရိုးအတိုင်း လိုက်လုပ်ဖို့ အခြားသူများကို အဘယ်ကြောင့် ယခုထက်ထိတိုင် သင်တောင်းဆိုနေသနည်း။ သင်သည် ဤသို့ ပြုခြင်းဖြင့် ကြောင်သူတော်မဆန်နေသလော” ဟု မေးမည်ဆိုလျှင် သူတို့ လက်ခံကြမည်လော။ သူတို့ကို သင်ဖော်ထုတ်ပါက သူတို့သည် လက်ခံကြမည် မဟုတ်။ သင့်အနေနှင့် သူတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ သူတို့သည် လက်ခံမည် မဟုတ် သို့မဟုတ် အမှားကို ဝန်ခံမည် မဟုတ်။ ဤအချက်က သူတို့သည် လူကောင်းများ မဟုတ်ကြောင်း ပြသနေသည်။ မိမိတို့ကိုယ်တိုင်၏ တောင်းဆိုချက်များအတိုင်း လိုက်မလုပ်နိုင်သော်လည်း မြင့်မားသော ကိုယ်ကျင့်တရား ရှိသယောင် ၎င်းတို့ဟန်ဆောင်ကြသည့် အချက်က လူလိမ်အကြီးစားများနှင့် ကြောင်သူတော်ဆန်သည့် အယောင်ဆောင်သူများဟု ၎င်းတို့ အခေါ်ခံရခြင်းမှာ တရားနည်းလမ်း ကျကြောင်းကို ပြသနေသည်။

“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် ဆိုရိုးစကားများ နည်းတူပင် “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည်မှာလည်း ရိုးရာယဉ်ကျေးမှုက လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် တောင်းဆိုချက်များထဲမှ တစ်ခုဖြစ်သည်။ အလားတူပင် တစ်စုံတစ်ယောက်က ဤကိုယ်ကျင့်တရား အပြုအမူကို ကြိုးပမ်းရယူနိုင်သည်ဖြစ်စေ၊ ကျင့်သုံးနိုင်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝကို တိုင်းတာခြင်းအတွက် စံနှုန်း၊ သို့မဟုတ် စံသတ်မှတ်ချက် မဟုတ်သေးပေ။ သင်က အမှန်တကယ်ပင် သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိကာ အလွန်မြင့်သော စံနှုန်းကို ကိုင်စွဲနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများနောက်သို့ လိုက်ခြင်းမရှိဘဲ လုံးဝ အစွန်းအထင်းမရှိဖြစ်ပြီး သူတစ်ပါးတို့အတွက် အစဉ် စဉ်းစားပေးခြင်းနှင့် စာနာထောက်ထားမှု ပြသခြင်းတို့ ရှိကောင်း ရှိနိုင်သည်။ သင်သည် အလွန်ပင် သဘောထားကြီးပြီး ကိုယ်ကျိုးမကြည့်သည့်ပုံစံ ရှိကောင်းရှိနိုင်သည်။ လူမှုရေး ဝတ္တရားနှင့် လူမှုရေး ကိုယ်ကျင့်တရားများအပေါ် အားကောင်းသော အသိစိတ် ရှိကောင်း ရှိနိုင်သည်။ သင်၏ မြင့်မြတ်သော ပင်ကိုစရိုက်နှင့် အရည်အသွေးများကို သင်နှင့် ရင်းနှီးသောသူများက၊ သင်ကြုံတွေ့ပြီး အပြန်အလှန်ဆက်ဆံသည့် သူများက မြင်ကောင်းမြင်နိုင်သည်။ သင်၏ အပြုအမူက သူတစ်ပါးတို့အား သင့်ကို အပြစ်တင်ရန်၊ သို့မဟုတ် ဝေဖန်ရန် အကြောင်းပြချက်တစ်ခုတလေ ပေးခြင်း လုံးဝ မရှိနိုင်ဘဲ ထိုအစား အလွန်အမင်း ချီးမွမ်းပြီး လေးစားခြင်းတို့ကိုပင် ဖြစ်ပေါ်စေသည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံသော သူတစ်ယောက်အဖြစ် လူတို့က မှတ်ယူကောင်း မှတ်ယူနိုင်သည်။ သို့ရာတွင် ဤအရာများသည် အပြင်ပန်း အပြုအမူများထက် မပိုပေ။ သင်၏ စိတ်နှလုံးတွင်ရှိသော အတွေးများနှင့် ဆန္ဒများသည် ဤအပြင်ပန်း အပြုအမူများနှင့်၊ အပြင်ပန်းတွင် သင်အသက်ရှင်နေထိုင်သည့် ဤလုပ်ရပ်များနှင့် ကိုက်ညီသလော။ အဖြေမှာ မကိုက်ညီပေ။ သင်က ဤသို့ လုပ်ဆောင်ရသည့်အကြောင်းပြချက်၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိခြင်းကြောင့်ဖြစ်သည်။ ထိုရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ သင်သည် ထိုရည်ရွယ်ချက်ကို လူသိရှင်ကြား အဖြစ်ခံနိုင်သလော။ လုံးဝ အဖြစ်ခံနိုင်မည် မဟုတ်။ ဤအချက်က အဆိုပါ ရည်ရွယ်ချက်သည် လူကြားထဲ ပြောမကောင်းသည့်အရာ၊ မှောင်မိုက်ပြီး ဆိုးယုတ်သည့်အရာ ဖြစ်သည်ကို သက်သေပြနေ၏။ အဆိုပါ ရည်ရွယ်ချက်က အဘယ်ကြောင့် ထုတ်မပြောအပ်ဘဲ ဆိုးယုတ်နေသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ လူ့သဘာဝကို ဖောက်ပြန်ပျက်စီးသော သူတို့စိတ်သဘောထားများက စိုးမိုးကာ တွန်းအားပေးထားသောကြောင့် ဖြစ်သည်။ လူတို့သည် လူ့သဘာဝ၏ အတွေးများကို စကားလုပ်၍ ပြောခြင်း သို့မဟုတ် ပွင့်အံထုတ်ပြခြင်း ရှိရှိမရှိရှိ ထိုအတွေးများ အားလုံးကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သိသိသာသာပင် စိုးမိုး၍ ထိန်းချုပ်ကာ ကြိုးကိုင်ထား၏။ ရလဒ်အနေနှင့် လူတို့၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ အားလုံးသည်လည်း ယုတ်မာပြီး ဆိုးယုတ်နေသည်။ လူတို့အနေနှင့် သူတို့ကိုယ်သူတို့ စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤကိုယ်ကျင့်တရားကို အပြင်ပန်းအားဖြင့် ပြီးပြည့်စုံစွာ ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည်ဖြစ်စေ ဤကိုယ်ကျင့်တရားက ၎င်းတို့၏ လူ့သဘာဝအပေါ် ထိန်းချုပ်မှု သို့မဟုတ် လွှမ်းမိုးမှုတို့ မရှိမည်မှာကား ဧကန်မုချပင် ဖြစ်သည်။ သို့ဖြစ်လျှင် လူတို့၏ လူ့သဘာဝကို အဘယ်အရာက ထိန်းချုပ်ထားသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ကိုယ်ကျင့်တရားအောက်၌ ဖုံးဖိထားသော ၎င်းတို့ လူ့သဘာဝ အနှစ်သာရ ဖြစ်သည်။ ယင်းမှာ သူတို့၏ သဘောသဘာဝအစစ် ဖြစ်၏။ လူတစ်ဦး၏ သဘာဝအစစ်သည် ထိုသူ၏ လူ့သဘာဝ အနှစ်သာရပင် ဖြစ်သည်။ သို့ဖြစ်လျှင် သူ့လူ့သဘာဝ အနှစ်သာရ၌ မည်သည့်အရာတို့ ပါဝင်သနည်း။ အဓိကအားဖြင့် ထိုသူ၏ အကြိုက်များ၊ သူလိုက်စားသော အရာများအပြင် သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်သာမက သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထား အစရှိသည်တို့ ပါဝင်နေသည်။ ဤအရာများကသာ လူတို့၏ လူ့သဘာဝ အနှစ်သာရကို အမှန်တကယ် ကိုယ်စားပြု၏။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံ” ဟူသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုကြသော လူအများစုသည် အဆင့်အတန်းကို စွဲလမ်းနေကြသည်ဟု အခိုင်အမာ ပြော၍ ရသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တွန်းအားပေးသောကြောင့် ၎င်းတို့သည် လူတို့အကြား ဂုဏ်သိက္ခာရှိမှု၊ လူမှုရေးပိုင်း၌ ထင်ပေါ်ကျော်စောမှု၊ သူတစ်ပါးတို့၏ အမြင်တွင် ဂုဏ်အဆင့်အတန်း ရှိမှုတို့ကို မလိုက်စားဘဲ မနေနိုင်ပေ။ ဤအရာများ အားလုံးသည် ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ၎င်းတို့၏ ဆန္ဒနှင့် ဆက်နွှယ်နေပြီး မိမိတို့၏ ကိုယ်ကျင့်တရား အပြုအမူကောင်းကို အကာအကွယ်ယူ၍ ၎င်းတို့လိုက်စားသည့် အရာများလည်း ဖြစ်သည်။ ၎င်းတို့၏ ဤလိုက်စားမှုများက မည်သို့ဖြစ်ပေါ်လာသနည်း။ ထိုအရာများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ အလုံးစုံ ဖြစ်ပေါ်လာပြီး ထိုစိတ်သဘောထားများ၏ တွန်းအားပေးမှုကို ခံထားရသည်။ ထို့ကြောင့် မည်သို့ဖြစ်ဖြစ် တစ်စုံတစ်ယောက်က “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အပြစ်ဆိုဖွယ် မရှိသည်အထိ ထိုသို့ သူဖြည့်ဆည်းသည်ဖြစ်စေ၊ မဖြည့်ဆည်းသည်ဖြစ်စေ သူ့လူ့သဘာဝ အနှစ်သာရကို လုံးဝ မပြောင်းလဲပေးနိုင်ပေ။ သဘောသက်ရောက်သည်မှာ ယင်းသည် ထိုသူ၏ ဘဝအပေါ် သဘောထားပုံ သို့မဟုတ် ထိုသူ၏ စံတန်ဖိုးစနစ်ကို မည်သည့်နည်းနှင့်မျှ မပြောင်းလဲပေးနိုင်ကြောင်း၊ သို့မဟုတ် လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံအပေါ် ထိုသူ၏ သဘောထားများနှင့် အမြင်ရှုထောင့်များကို လမ်းမပြပေးနိုင်ကြောင်း အဓိပ္ပာယ်ရသည်။ ယင်းမှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိလေလေ၊ ဟန်လုပ်ရာတွင်၊ အယောင်ဆောင်ရာတွင်၊ ကောင်းသော အပြုအမူနှင့် ကျေနပ်ဖွယ်ဖြစ်သော စကားများဖြင့် သူတစ်ပါးတို့အား အထင်အမြင်မှားစေရာတွင် ကျွမ်းကျင်လေလေဖြစ်ပြီး ပင်ကိုအားဖြင့် လှည့်စားတတ်ကာ ကောက်ကျစ်ဆိုးယုတ်လေလေ ဖြစ်သည်။ သူသည် ဤလူအမျိုးအစား ဖြစ်လေလေ၊ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို သူ၏ ချစ်ခြင်းနှင့် လိုက်စားခြင်းက နက်ရှိုင်းလာလေလေ ဖြစ်သည်။ သူ၏ အပြင်ပန်း ကိုယ်ကျင့်တရား အပြုအမူက မည်မျှပင် ကြီးမား၊ မွန်မြတ်ကာ မှန်ကန်သည့်ပုံ ပေါက်နေပါစေ၊ လူတို့အတွက် ရှုမြင်ရသည်မှာ မည်မျှပင် ကျေနပ်ဖွယ်ဖြစ်နေပါစေ သူ့စိတ်နှလုံးအတွင်းထဲ၌ ခိုအောင်းနေသည့် မြုံထားသော လိုက်စားမှု၊ သူ၏ သဘာဝ အနှစ်သာရတို့သာမက သူ၏ ရည်မှန်းချက်များသည်ပင် သူ့ထံမှ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။ ထို့ကြောင့် သူ့ကိုယ်ကျင့်တရား အပြုအမူသည် မည်မျှပင် ကောင်းမွန်နေပါစေ သူ၏ ပင်ကိုဖြစ်သောလူ့သဘာဝ အနှစ်သာရကို သော်လည်းကောင်း၊ သူ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို သော်လည်းကောင်း ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ အပြုသဘောဆောင်သည့် အရာများကို မချစ်သော၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့၍ မုန်းတီးသော အကျည်းတန်သည့် သူ့သဘာဝ အနှစ်သာရကို ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ ဤအဖြစ်မှန်များက ပြသည့်အတိုင်း “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ဆိုရိုးသည် ရိုးရိုးတန်းတန်း အဓိပ္ပာယ်မရှိရုံမျှသာ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးများနှင့် အပြုအမူများကို အသုံးချပြီး မိမိတို့၏ ထုတ်ပြော၍ မရလောက်အောင် ဆိုးရွားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖုံးကွယ်ဖို့ ကြိုးစားကြသည့် ရည်မှန်းချက်ကြီးသော လူစားများကို အဆိုပါ ဆိုရိုးက ဖော်ထုတ်ပြသည်။ ဤအရာကို အသင်းတော်ထဲရှိ အန္တိခရစ်တချို့၊ ဆိုးယုတ်သော လူတချို့နှင့် သင်တို့ နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုသူတို့သည် အသင်းတော်အတွင်းတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ခိုင်မြဲအောင် လုပ်ဖို့၊ အခြားသော အသင်းသူ အသင်းသားများအကြား ပိုကောင်းမွန်သည့် နာမည်ဂုဏ်သတင်း ရရှိဖို့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ဆင်းရဲဒုက္ခ ခံနိုင်စွမ်းနှင့် အဖိုးအခ ပေးနိုင်စွမ်း ရှိကြသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အလုပ်အကိုင်နှင့် မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိတို့၌ ရှိသမျှကို ရောင်းထုတ်ခြင်းတို့ပင် ပြုကောင်း ပြုနိုင်မည်။ အချို့သော အခြေအနေများတွင်ဆိုလျှင် ဘုရားအတွက် မိမိတို့ကိုယ်ကို အသုံးခံရာ၌ သူတို့ပေးသော အဖိုးအခနှင့် သူတို့ခံစားသော ဆင်းရဲဒုက္ခတို့သည် သာမန် လူတစ်ဦး တောင့်ခံနိုင်သော ပမာဏထက် ကျော်လွန်နေ၏။ သူတို့သည် မိမိတို့ အဆင့်အတန်းကို ထိန်းထားဖို့ အလွန်အမင်း ချုပ်တည်းခြိုးခြံသည့် စိတ်ဓာတ်ကို ရုပ်လုံးဖော်နိုင်စွမ်း ရှိကြ၏။ သို့သော်လည်း သူတို့အနေဖြင့် မည်မျှပင် ဆင်းရဲဒုက္ခခံသည်ဖြစ်စေ၊ မည်သည့်အဖိုးအခကို ပေးသည်ဖြစ်စေ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ သက်သေခံချက် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ခြင်းလည်း မရှိကြချေ။ ၎င်းတို့ ရရှိဖို့ အားထုတ်နေကြသည့် ပန်းတိုင်မှာ အဆင့်အတန်း၊ အာဏာရဖို့နှင့် ဘုရား၏ ဆုလာဘ်များကို ရရှိဖို့သာ ဖြစ်၏။ ၎င်းတို့လုပ်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် စိုးစဉ်းမျှပင် ဆက်နွှယ်နေခြင်း မရှိ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှပင် စည်းကမ်းတင်းကျပ်သည်ဖြစ်စေ၊ သူတစ်ပါးတို့အား မည်မျှပင် သည်းခံပေးသည်ဖြစ်စေ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ရလဒ်က အဘယ်အရာ ဖြစ်မည်နည်း။ ဘုရားသခင်က ၎င်းတို့ကို မည်သို့သဘောထားမည်နည်း။ ဘုရားက ၎င်းတို့၏ အဆုံးသတ်ကို ၎င်းတို့ အသက်ရှင်နေထိုင်သည့် အပြင်ပန်း အပြုအမူကောင်းများအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးလိမ့်မည်လော။ လုံးဝ အဆုံးအဖြတ်ပေးလိမ့်မည် မဟုတ်။ လူတို့သည် ဤအပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံ၍ အခြားလူများကို ရှုမြင်ပြီး ချင့်ချိန်အကဲဖြတ်ကြ၏။ ၎င်းတို့သည် အခြားသော လူများ၏ အနှစ်သာရကို ထိုးဖောက်မြင်နိုင်စွမ်း မရှိသောကြောင့် အဆုံးတွင် ထိုလူတို့၏ လှည့်ဖြားခြင်းကို ခံကြရလေသည်။ သို့ရာတွင် ဘုရားသခင်ကမူ လူ၏ လှည့်ဖြားခြင်းကို ဘယ်သောအခါမျှ မခံရ။ လူတို့တွင် မိမိတို့ကိုယ်ကို စည်းကမ်းတင်းကျပ်နိုင်စွမ်းနှင့် သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်း ရှိနေရုံနှင့် ဘုရားက လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို လုံးဝ ချီးကျူးလိမ့်မည် မဟုတ်၊ လုံးဝ အောက်မေ့လိမ့်မည် မဟုတ်။ ထိုအစား ၎င်းတို့၏ ရည်မှန်းချက်များအတွက်၊ အဆင့်အတန်းရဖို့ အားထုတ်ရာ၌ ၎င်းတို့လျှောက်သော လမ်းများအတွက် ဘုရားက ၎င်းတို့ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားကြသူများသည် လူတို့ကို အကဲဖြတ်သည့် ဤစံသတ်မှတ်ချက်ကို ပိုင်းခြားသိမြင်ထားသင့်သည်။ ၎င်းတို့သည် အဓိပ္ပာယ် မရှိသည့် ဤစံနှုန်းကို လုံးလုံးလျားလျား ငြင်းပယ်ပြီး စွန့်ပစ်သင့်ကာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပိုင်းခြားရှုမြင်သင့်သည်။ အပြုသဘောဆောင်သော အရာများကို လူတစ်ဦး ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို ထိုသူ လက်ခံနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ပေးမှုများကို ထိုသူ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိတို့ကိုသာမက ထိုသူရွေးချယ်ပြီး လျှောက်လှမ်းသော လမ်းကြောင်းကိုပါ အဓိကထား၍ ၎င်းတို့ကြည့်သင့်၏။ ဤအရာများအပေါ် အခြေခံ၍ ထိုသူသည် မည်သည့် လူစားမျိုးဖြစ်သည်၊ ထိုသူတွင် မည်သည့် လူ့သဘာဝမျိုး ရှိသည်တို့ကို ၎င်းတို့ အမျိုးအစား သတ်မှတ်သင့်၏။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် စံနှုန်းကို အခြေခံ၍ အခြားသူများကို လူတို့ ချင့်ချိန်ကြသည့်အခါ သွေဖည်မှုများနှင့် အမှားများ ပေါ်ပေါက်လာဖို့ အလွန် လွယ်ကူလွန်းလှသည်။ လူတို့ထံမှ အရင်းခံလာသည့် စည်းမျဉ်းများနှင့် ဆိုရိုးများအပေါ် အခြေခံ၍ သင်သည် လူတစ်ဦးကို မှားယွင်းစွာ ပိုင်းခြားသိမြင်ကာ ရှုမြင်ပါက ထိုကိစ္စတွင် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကို ခုခံရာကျမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သနည်း။ အကြောင်းရင်းမှာ လူတို့အပေါ် သင့်ရှုမြင်ချက်များ၏ အရင်းခံအချက်သည် မှားယွင်းနေမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ ကိုက်ညီမည် မဟုတ်သောကြောင့်ဖြစ်သည်။ သင်၏ အရင်းခံအချက်က ထိုအရာများနှင့် ဆန့်ကျင်နေပြီး ပြောင်းပြန်ပင် ဖြစ်နေနိုင်သည်။ ဘုရားသခင်သည် လူတို့၏ လူ့သဘာဝကို ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် အဆိုအပေါ် အခြေခံ၍ မသုံးသပ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် လူတို့၏ ကိုယ်ကျင့်တရားကို ချင့်ချိန်အကဲဖြတ်ရာတွင်လည်းကောင်း၊ ထိုလူတို့မှာ မည်သည့်လူစားမျိုး ဖြစ်သည်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း ဤစံသတ်မှတ်ချက်အတိုင်းသာ မလျှော့တမ်း လုပ်နေဆဲဖြစ်လျှင် သမ္မာတရား စည်းမျဉ်းများကို သင်လုံးဝ ချိုးဖောက်မိပြီး ဖြစ်သည်။ ထို့ပြင် သင်သည် အမှားများ လုပ်မိဖို့၊ မှားယွင်းမှုနှင့် သွေဖည်မှုတချို့ ဖြစ်ပေါ်မိစေဖို့ သေချာသည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤအရာများကို သဘောပေါက်သည့်အခါ အနည်းဆုံးအနေဖြင့် လူများနှင့် အမှုအရာများကို ဘုရားသခင် ရှုမြင်သည့် အရင်းခံအချက်၊ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များကို အတိုင်းအတာတစ်ခုအထိ နားလည်သွားလိမ့်မည်။ သင်သည် အနည်းဆုံးအနေဖြင့် ဤအရာများအပေါ် ဘုရား၏ ချဉ်းကပ်ပုံကို နားလည်၍ သဘောပေါက်မိလိမ့်မည်။ သို့ဖြစ်၍ သင်၏ ရှုထောင့်မှဆိုလျှင် မည်သို့ရှိသနည်း။ ယုတ်စွအဆုံး သင်သည် လူတစ်ဦးကို ရှုမြင်ခြင်းအတွက် မှန်ကန်သည့် အရင်းခံအချက်က အဘယ်အရာဖြစ်သည်ကို သိသင့်သည်။ လူတို့ကို ရှုမြင်ခြင်းအတွက် အဘယ်အရင်းခံအချက်က သမ္မာတရားနှင့်၊ တကယ့်အချက်အလက်များနှင့် ကိုက်ညီပြီး အမှားတစ်ခုတလေ သို့မဟုတ် သွေဖည်မှုတစ်ခုတလေကိုမျှ လုံးဝ မဖြစ်စေနိုင်မည်ကို သိထားသင့်သည်။ ဤကိစ္စရပ်များကို သင်သည် အမှန်တကယ် ရှင်းလင်းစွာ သိလာလျှင် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာသွင်ပြင်များသာမက လူ၏ အမျိုးမျိုးသော အဆိုများ၊ သီအိုရီများအပြင် လူများအပေါ် ရှုမြင်ပုံရှုမြင်နည်းတို့ကိုပါ ပိုင်းခြားသိမြင်လာလိမ့်မည်။ သင်သည် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာ သွင်ပြင်များ၊ လူထံမှ ဆင်းသက်လာသည့် အမျိုးမျိုးသော ဆိုရိုးများနှင့် အမြင်များကို လုံးလုံးလျားလျား စွန့်လွှတ်နိုင်လိမ့်မည်။ ဤနည်းဖြင့် သင်သည် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ လူတို့ကို ရှုမြင်ကာ ပိုင်းခြားသိမြင်လိမ့်မည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ဘုရားသခင်နှင့် သဟဇာတ ဖြစ်လိမ့်မည်။ သင်၌ ဘုရားကို ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ပြုခြင်းတို့ ရှိလိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်အောင် တဖြည်းဖြည်း စွမ်းဆောင်နိုင်သည်နှင့်အမျှ လူများနှင့် အမှုအရာများ၏ အနှစ်သာရအပေါ် ရှင်းလင်းသည့် ထိုးထွင်းအမြင် တိုး၍ တိုး၍ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပြီး ဘုရား၏ နှုတ်ကပတ်တော်များထဲတွင် ဤအရာ၏ အတည်ပြုချက်ကို တွေ့ရလိမ့်မည်။ လူသားမျိုးနွယ်ကို ထုတ်ဖော်သော ဘုရားသခင်၏ ပြောဆိုချက်အမျိုးမျိုးနှင့် လူသားမျိုးနွယ်ကို ဘုရား၏ သရုပ်ဖော်ချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အားလုံး မှန်ကန်ကြောင်း၊ ထိုအရာများ အားလုံးက သမ္မာတရားဖြစ်ကြောင်း မြင်ရလိမ့်မည်။ ဤအရာ၏ အတည်ပြုချက်ကို တွေ့သည်နှင့် သင်သည် ဘုရားသခင်နှင့် ဆိုင်သည့်၊ ဘုရား၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သည့် ယုံကြည်မှုနှင့် သိမြင်မှုတို့ကို ပို၍ ပို၍ ရရှိလာလိမ့်မည်မှာ အမှန်ပင်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ကြောင်း၊ လူက အသက်ရှင်နေထိုင်သင့်သည့် လက်တွေ့ အရှိတရား ဖြစ်ကြောင်း တိုး၍ တိုး၍ သေချာလာလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းနှင့် ရရှိခြင်းတွင် ပါဝင်နေသည့် ဖြစ်စဉ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ပင် ဖြစ်သည်။

သမ္မာတရားကို လိုက်စားခြင်း ပန်းတိုင်မှာ သမ္မာတရားကို မိမိ၏ အသက်အဖြစ် လက်ခံဖို့ ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်ခံနိုင်သည့်အခါ သူတို့၏ အတွင်းလူ့သဘာဝနှင့် အသက်တာတို့က တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်။ နောက်ဆုံးတွင် ဤပြောင်းလဲမှုက သူတို့အတွက် ရရှိမှု ဖြစ်သွားသည်။ အတိတ်တွင် သင်သည် လူများနှင့် အမှုအရာများကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ရှုမြင်ခဲ့၏။ သို့သော် ယခုတွင်မူ ဤအရာက မှားယွင်းကြောင်း သင်သဘောပေါက်သွားလေပြီ။ သင်သည် အမှုအရာများကို အဆိုပါ ရှုထောင့်မှ ရှုမြင်တော့မည် မဟုတ်။ သို့မဟုတ် ရိုးရာယဉ်ကျေးမှုက ပြဋ္ဌာန်းထားသည့် အရာများအပေါ် အခြေခံကာ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ရှုမြင်တော့မည် မဟုတ်။ သို့ဖြစ်လျှင် ယခုတွင် မည်သည့်အရင်းခံအချက်အပေါ် အခြေခံကာ လူများနှင့် အမှုအရာများကို သင်ရှုမြင်မည်နည်း။ သင်မသိပါက သမ္မာတရားကို လက်မခံသေးကြောင်း သက်သေပြနေ၏။ လူများနှင့် အမှုအရာများကို မည်သည့်သမ္မာတရား စည်းမျဉ်းများနှင့်အညီ ရှုမြင်သင့်ကြောင်းကို သင်သိနေပြီးသား ဖြစ်လျှင်၊ သင်၏ အရင်းခံအချက်၊ လမ်းကြောင်း၊ စံသတ်မှတ်ချက်၊ စည်းမျဉ်းများကို မှန်ကန်တိကျစွာနှင့် ရှင်းလင်းစွာ သင်ဖော်ပြနိုင်လျှင်၊ ဤသမ္မာတရား စည်းမျဉ်းများနှင့်အညီ လူတို့ကို ပိုင်းခြားသိမြင်ကာ ချဉ်းကပ်ခြင်းလည်း ပြုနိုင်လျှင် သမ္မာတရားသည် သင့်အတွင်းတွင် စတင်၍ အကျိုးသက်ရောက်နေနှင့်ပြီ ဖြစ်သည်။ သမ္မာတရားသည် သင်၏ အတွေးအခေါ်များကို လမ်းပြနေပြီး လူများနှင့် အမှုအရာများကို သင်ရှုမြင်သည့် ရှုထောင့်ကို ကြီးစိုးနေပြီ ဖြစ်သည်။ ဤအရာက သမ္မာတရားသည် သင့်အထဲ၌ အမြစ်တွယ်နေနှင့်ပြီ ဖြစ်ပြီး သင်၏ အသက်ဖြစ်လာပြီ ဖြစ်ကြောင်း သက်သေပြ၏။ သို့ဖြစ်လျှင် သင့်အပေါ် သမ္မာတရား၏ အကျိုးသက်ရောက်မှုက နောက်ဆုံးတွင် သင့်ကို မည်ကဲ့သို့ အထောက်အကူပြုလိမ့်မည်နည်း။ သမ္မာတရားက သင်၏ ကျင့်ကြံပြုမူပုံ၊ သင်ရွေးချယ်သော လမ်းကြောင်း၊ ဘဝရှိ သင်၏ ဦးတည်ချက်တို့ကို လွှမ်းမိုးလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားက သင်၏ ကျင့်ကြံပြုမူပုံနှင့် သင်လျှောက်သော လမ်းကြောင်းကို လွှမ်းမိုးနိုင်လျှင် ဘုရားသခင်နှင့် သင့်ဆက်ဆံရေးကိုလည်း လွှမ်းမိုးလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို သမ္မာတရားက လွှမ်းမိုးထားခြင်းမှ မည်သည့်ရလဒ် ထွက်လာမည်နည်း။ သင်သည် ပိုရင်းနှီးလာမည်လော သို့မဟုတ် ပိုစိမ်းသွားမည်လော။ (ကျွန်ုပ်သည် ဘုရားသခင်နှင့် ပို၍ ရင်းနှီးလာပါမည်။) ကျိန်းသေပေါက်ပင် ဘုရားနှင့် ပိုရင်းနှီးလာပေမည်။ သင်သည် ဘုရားသခင်နှင့် ပိုရင်းနှီးလာသည့်အခါ ဘုရားနောက် လိုက်လိုစိတ်နှင့် ဘုရားရှေ့ ပျပ်ဝပ်လိုစိတ် ပိုရှိလာမည်လော သို့မဟုတ် သံသယများ၊ အထင်လွဲမှုများ၏ ဟန့်တားမှုကို ခံရလျက် ဘုရား၏ တည်ရှိမှုကို ချီတုံချတုံနှင့် ယုံကြည်မည်လော။ (ကျွန်ုပ်သည် ဘုရားနောက် လိုက်ဖို့နှင့် ဘုရားရှေ့ ပျပ်ဝပ်ဖို့ လိုလိုလားလား ရှိနေမည် ဖြစ်ပါသည်။) ယင်းက သေချာ၏။ ဤကဲ့သို့ လိုလိုလားလား ဖြစ်နေအောင် သင်မည်သို့ စွမ်းဆောင်မည်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ အတည်ပြုချက်ကို လက်တွေ့ဘဝထဲတွင် သင်တွေ့ရလိမ့်မည်။ သမ္မာတရားက သင့်အတွင်း၌ စတင်၍ အကျိုးသက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်ပြီး ထိုအရာ၏ အတည်ပြုချက်ကို သင်တွေ့ရလိမ့်မည်။ အမှုအရာအားလုံး ဖြစ်ပေါ်လာနေသည့် ဖြစ်စဉ်တွင် ဤအရာများ အားလုံး၏ ဖုံးကွယ်ထားသော အရင်းအမြစ်က သင့်အတွင်းတွင် အတည်ပြုခြင်း ခံရလိမ့်မည်ဖြစ်ပြီး ထိုအရင်းအမြစ်က ဘုရား၏ နှုတ်ကပတ်တော်များနှင့် လုံးလုံးလျားလျား ကိုက်ညီကြောင်း သင်တွေ့ရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ကြောင်း သင်ဆန်းစစ်အတည်ပြုမည် ဖြစ်ပြီး ဤအရာက ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို တိုးပွားစေလိမ့်မည်။ သင့်တွင် ဘုရားသခင်အပေါ် ယုံကြည်မှု ပိုရှိလေလေ ဘုရားနှင့် သင့်ဆက်ဆံရေးက ပို၍ ပုံမှန်ဖြစ်လာလေလေ ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦးကဲ့သို့ ပြုမူဖို့၊ ဘုရားသခင်ကို သင်၏ အချုပ်အခြာအာဏာရှင်အဖြစ် မှတ်ယူဖို့ တိုး၍ တိုး၍ လိုလိုလားလား ရှိလာမည် ဖြစ်သည့်အပြင် ဘုရားသခင်ကို ကျိုးနွံနာခံသည့် သင့်ကဏ္ဍများသည်လည်း အရေအတွက် တိုးပွားလာလိမ့်မည်။ ဘုရားသခင်နှင့် သင့်ဆက်ဆံရေးရှိ ဤတိုးတက်မှုကို မည်သို့သဘောရသနည်း။ အလွန် ကောင်းသည် မဟုတ်လော။ ဤသည်မှာ ကောင်းမွန်ပြီး အပြုသဘော ဆောင်သည့် တိုးတက်မှုဖြစ်စဉ်၏ ရလဒ်ဖြစ်သည်။ ဤသို့ဆိုလျှင် ဆိုးရွားပြီး ဒုက္ခပေးနိုင်သော တိုးတက်မှုဖြစ်စဉ်၏ အကျိုးဆက်များက အဘယ်အရာ ဖြစ်မည်နည်း။ (ဘုရားသခင်၏ တည်ရှိမှုအပေါ် ကျွန်ုပ်၏ ယုံကြည်မှုက တိုး၍ တိုး၍ အားနည်းလာမည် ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများ၊ သံသယများ ရှိလာပါလိမ့်မည်။) ယုတ်စွအဆုံးအနေဖြင့် အဆိုပါအရာများသည် အကျိုးဆက်များ ဖြစ်ပေလိမ့်မည်။ သင်သည် မည်သည့်ကိစ္စရပ်တွင်မျှ အတည်ပြုချက်ကို ရမည် မဟုတ်။ သင်၏ ယုံကြည်မှုတွင် သမ္မာတရားကို ရယူနိုင်စွမ်း မရှိမည်သာမက အယူအဆမျိုးစုံလည်း သင့်တွင် ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ဘုရားကို အထင်လွဲ၊ အပြစ်တင်ကာ သတိထားရှောင်ကြဉ်လိမ့်မည်ဖြစ်ပြီး အဆုံးတွင် ဘုရားကို ငြင်းပယ်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲ၌ ဘုရားကို ငြင်းပယ်လျှင် သင်သည် ဘုရားနောက် လိုက်နေနိုင်ဆဲ ဖြစ်မည်လော။ (ထိုသို့ဖြစ်မည် မဟုတ်ပါ။) သင့်တွင် ဘုရားနောက် လိုက်လိုစိတ် ရှိတော့မည် မဟုတ်။ ထို့နောက်ပိုင်း၌ မည်သည့်အရာ ဖြစ်လာမည်နည်း။ ဘုရားသခင် လုပ်ဆောင်ပြောဆိုသည့် အရာအပေါ် သင်သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားလိမ့်မည်။ ဘုရားက “လူသားမျိုးနွယ်၏ အဆုံးသတ်နိဂုံးသည် နီးကပ်လာပြီ” ဟု ပြောသည့်အခါ “အဘယ်အရာကိုမျှ ကျွန်ုပ်မမြင်ပါ” ဟု သင်ပြန်ပြောလိမ့်မည်။ ဘုရားကို သင်ယုံမည် မဟုတ်။ “သမ္မာတရားကို လိုက်စားပြီးသည့်အခါ သင်သည် ကောင်းမွန်သော ခရီးပန်းတိုင်ကို ရလိမ့်မည်” ဟု ဘုရားသခင်က ပြောသည့်အခါ သင်သည် “ကိုယ်တော်မိန့်တော်မူသော ဤကောင်းမွန်သည့် ခရီးပန်းတိုင်ကား အဘယ်မှာနည်း။ ကျွန်ုပ်မမြင်ပါ” ဟု ပြန်ပြောလိမ့်မည်။ သင်သည် စိတ်ဝင်စားမှုမရှိဘဲ ဖြစ်နေမည်။ “စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦးကဲ့သို့ သင်ပြုမူရမည်” ဟု ဘုရားသခင်က ပြောသောအခါ သင်သည် “စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦးကဲ့သို့ ပြုမူခြင်းတွင် အကျိုးကျေးဇူးတစ်စုံတစ်ရာ ရှိပါသလော။ ထိုအရာမှ ကောင်းချီးမည်မျှကို ကျွန်ုပ်ရရှိနိုင်မည်နည်း။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကောင်းချီးများကို ကျွန်ုပ် အမှန်တကယ် ရနိုင်ပါသလော။ ထိုအရာက ကောင်းချီးများ ရရှိခြင်းနှင့် ဆက်နွှယ်နေပါသလော” ဟု ပြန်ပြောလိမ့်မည်။ “ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်လက်ခံပြီး ကျိုးနွံနာခံရမည်” ဟု ဘုရားက ပြောသည့်အခါ သင်သည် “အဘယ်အချုပ်အခြာအာဏာနည်း။ ဘုရား၏ အချုပ်အခြာအာဏာကို ကျွန်ုပ်အဘယ်ကြောင့် ခံစား၍ မရနိုင်သနည်း။ ဘုရားသခင်က အမှန်တကယ်ပင် အချုပ်အခြာအာဏာ ပိုင်စိုးသည်ဆိုလျှင် ကျွန်ုပ်ကို အဘယ်ကြောင့် ဆင်းဆင်းရဲရဲ အသက်ရှင်စေသနည်း။ ကျွန်ုပ်ကို အဘယ်ကြောင့် ဖျားနာစေသနည်း။ ဘုရားသခင်က အချုပ်အခြာအာဏာ ပိုင်စိုးသည်ဆိုလျှင် အမှုကိစ္စများက ကျွန်ုပ်အတွက် အဘယ်ကြောင့် အမြဲပင် အလွန်တရာ ခက်ခဲနေရပါသနည်း” ဟု ပြန်ပြောလိမ့်မည်။ သင့်စိတ်နှလုံးက မကျေနပ်ချက်များနှင့် ပြည့်နေမည်ဖြစ်ပြီး သင်သည် ဘုရားသခင်ပြောသည့်အရာ တစ်ခုကိုမျှ ယုံကြည်လိမ့်မည် မဟုတ်။ ဤအရာက သင့်ထံ၌ ဘုရားအပေါ် စစ်မှန်သော ယုံကြည်မှု ကင်းမဲ့နေပုံကို ထင်ရှားစေလိမ့်မည်။ ဤအကြောင်းကြောင့်ပင် သင်သည် အမှုကိစ္စအမျိုးမျိုးကို ကြုံရသည့်အခါ ကျိုးနွံနာခံမှု စိုးစဉ်းမျှပင် မရှိဘဲ ညည်းညူခြင်းသာ ပြုလိမ့်မည်။ ယင်းသည် ဒုက္ခပေးနိုင်သည့် ဤအဆုံးသတ်သို့ သင်ဆိုက်ရောက်လာမည့်ပုံ ဖြစ်သည်။ လူတချို့က ပြောကြသည်မှာ “ဘုရားသခင်သည် အချုပ်အခြာအာဏာ ပိုင်စိုးသည်ဖြစ်၍ ကျွန်ုပ်ကို နာမကျန်းဖြစ်နေခြင်းမှ ချက်ချင်း ပြန်လည် ကျန်းမာလာအောင် ကူညီပေးသင့်သည်။ ကိုယ်လိုချင်သည့်အရာ မှန်သမျှကို ကျွန်ုပ်စွမ်းဆောင်ရရှိနိုင်အောင် ကူညီပေးသင့်သည်။ အဘယ်ကြောင့်များ ယခု ကျွန်ုပ်ဘဝသည် ဆင်းရဲဒုက္ခ၊ အဆင်မပြေမှုများနှင့် ပြည့်နေရသနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှု ပျောက်ဆုံးသွားပြီး ယခင်က ၎င်းတို့တွင် ရှိခဲ့ဖူးသည့် မရေမရာ ယုံကြည်မှု၏ အရိပ်အယောင် စိုးစဉ်းမျှပင် ကျန်မနေတော့ပေ။ ယုံကြည်မှုက လုံးဝ ပျောက်ကွယ်သွား၏။ ဤသည်မှာ ဤကိစ္စတစ်ခုလုံး၏ ဒုက္ခပေးနိုင်သည့် အကျိုးဆက်နှင့် ကောင်းကျိုးမပြုသော ရလဒ်ဖြစ်သည်။ ဤအဆင့်အထိ သင်တို့ ရောက်လိုသလော။ (မရောက်လိုပါ။) ဤအဆင့်အထိ နိမ့်ကျမသွားလေအောင် မည်သို့ရှောင်၍ ရနိုင်သနည်း။ သမ္မာတရားနှင့် ပတ်သက်လာသောအခါ လုံ့လစိုက်ရမည်။ ဤအရာအားလုံးအတွက် သော့ချက်နှင့် လမ်းကြောင်းက သမ္မာတရားထဲနှင့် ဘုရားနှုတ်ကပတ်တော်များထဲတွင် ရှိ၏။ ဘုရားနှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပတ်သက်လာသောအခါ သင်သည် လုံ့လစိုက်ထုတ်ပါက သင်ကိုယ်တိုင်ပင် မသိလိုက်ပါဘဲနှင့် သင့်အား ဘုရားသခင် သွန်သင်ထားပြီး လမ်းပြပေးထားသော လမ်းကြောင်းကို ပို၍ ရှင်းလင်းစွာ စတင် မြင်လာမည် ဖြစ်ကာ ဘုရားသခင် စီစဉ်ညွှန်ကြားသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ အနှစ်သာရကို မြင်လာလိမ့်မည်။ ဤအတွေ့အကြုံ၏ အဆင့်တိုင်းမှတစ်ဆင့် သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းအတွက်၊ ဘုရား၏ နှုတ်ကပတ်တော်များအတွင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် အရင်းခံအချက်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာလိမ့်မည်။ သမ္မာတရားကို လက်ခံပြီး နားလည်လာခြင်းဖြင့် သင်သည် သင်ကြုံကြိုက်ရသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများထဲတွင် အခြေခံမူများနှင့် လက်တွေ့လုပ်ဖို့ လမ်းကြောင်းများကို တွေ့ရှိရလိမ့်မည်။ ဤလမ်းကြောင်းများအတိုင်း သင်လက်တွေ့လုပ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ထံ ဝင်ရောက်လာမည် ဖြစ်ပြီး သင့်အသက် ဖြစ်လာလိမ့်မည်။ ဤသို့ဖြင့် ကိုယ်တိုင်ပင် မသိလိုက်ပါဘဲနှင့် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၊ စီစဉ်ညွှန်ကြားမှုများအောက်၌ စတင် အသက်ရှင်လာလိမ့်မည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများအောက်၌ အသက်ရှင်သည့်အခါ သင်သည် ဘုရား၏ နှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများအား ရှုမြင်နည်းကို မရည်ရွယ်ဘဲ တတ်မြောက်သွားလိမ့်မည်။ သင့်လျော်သည့် ရပ်တည်ချက်၊ ရှုထောင့်၊ သဘောထားအမြင်တို့မှ အမှုအရာများကို သင်ရှုမြင်လိမ့်မည်။ အမှုအရာများအပေါ် သင့်ရှုမြင်ချက်တို့၏ ရလဒ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ ကိုက်ညီလိမ့်မည်။ ယင်းတို့က သင့်ကို ဘုရားသခင်နှင့် တိုး၍ တိုး၍ ရင်းနှီးစေမည် ဖြစ်ပြီး သမ္မာတရားကို ပို၍ ပို၍ ဆာငတ်တောင့်တစေလိမ့်မည်။ သို့သော်လည်း သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သို့မဟုတ် သမ္မာတရားနှင့် စပ်လျဉ်း၍ လုံ့လမစိုက်ထုတ်ပါက၊ ထို့ပြင် သမ္မာတရားကို စိတ်မဝင်စားပါက အဆုံး၌ မည်သည့်အခြေအနေသို့ သင်ရောက်သွားမည်ကို ပြောဖို့ ခက်၏။ နောက်ဆုံးတွင်မူ အဆိုးတကာ့ အဆိုးဆုံး အဆုံးသတ်သည်မှာ လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ဖို့ မည်မျှပင် ကြိုးစားပါစေ ဘုရား၏ လုပ်ဆောင်ချက်များကို မမြင်နိုင်ကြသည့်အခါ သို့မဟုတ် ဘုရား၏ အချုပ်အခြာအာဏာကို မခံစားနိုင်ကြသည့်အခါတွင် ဖြစ်သည်။ အမှုအရာမည်မျှကို ၎င်းတို့တွေ့ကြုံသည်ဖြစ်စေ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို သတိမမူမိနိုင်ကြသည့်အခါတွင် ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် လူတို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကိုသာ အသိအမှတ် ပြုလိမ့်မည်။ သို့ရာတွင် ၎င်းတို့ ကယ်တင်ခံရမည့် မျှော်လင့်ချက်ကိုမူ မြင်ရလိမ့်မည် မဟုတ်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဖြောင့်မတ်ပြီး သန့်ရှင်းကြောင်းကို ၎င်းတို့ မြင်ရန်မှာမူ ဝေလာဝေးပင် ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုက ဝိုးတိုးဝါးတား ဖြစ်နေသည်ဟု အစဉ်အမြဲ ခံစားရလိမ့်မည်။ ဤအရာက ၎င်းတို့သည် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကိုဖြစ်စေ မရရှိထားကြောင်း၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီးသည့် နောက်တွင် မည်သည့်အရာကိုမျှ မရရှိခဲ့ကြောင်း သက်သေပြနေသည်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် တတိယမြောက် ဆိုရိုးအပေါ် ငါ၏ မိတ်သဟာယပြုချက် ဤတွင် ပြီး၏။

ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် စတုတ္ထ အဆိုမှာ အဘယ်နည်း။ (အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ။) လူတို့သည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်သည့်အခါ ရည်ရွယ်ချက် တစ်ခုခု သိုထားကြသလော။ မိမိတို့အတွက် အမှုအရာများကို သာ၍ လွယ်ကူစေဖို့အလို့ငှာ ၎င်းတို့ နောက်ခြေတစ်လှမ်း ဆုတ်ကြခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အမှုအရာများကို ကျေရာကျေကြောင်း ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်ခု မဟုတ်လော။ လူတို့သည် မပြီးနိုင်မဆုံးနိုင်သော လက်တုံ့ပြန်သည့် သံသရာထဲ မပိတ်မိလိုကြ။ ၎င်းတို့အနေဖြင့် သာ၍ အနည်းငယ် အေးချမ်းစွာ အသက်ရှင်နိုင်ရန်အလို့ငှာ အမှုအရာများကို ပြေလည်သင့်မြတ်ရန် ဆန္ဒရှိကြသည်။ လူတစ်ဦး၏ ဘဝသည် အထူးသဖြင့် ရှည်ကြာခြင်းမရှိသကဲ့သို့ ၎င်းတို့အနေဖြင့် နှစ်တစ်ရာ အသက်အရွယ်၊ သို့မဟုတ် နှစ်ရာချီ အိုမင်းသည်အထိ အသက်ရှင်သည်ဖြစ်စေ ၎င်းတို့ ဘဝများက တိုတောင်းသည်ဟု ၎င်းတို့ မြင်ကြလေသည်။ တစ်နေ့လုံး လက်တုံ့ပြန်ခြင်းနှင့် သတ်ဖြတ်ခြင်း အတွေးများဖြင့် ၎င်းတို့ မိမိတို့ကိုယ်ကို ဖိစီးစေကြသည်။ ၎င်းတို့၏ အတွင်းနယ်ပယ်များသည် ဝရုန်းသုန်းကား အခြေအနေဖြင့် ပြည့်ကာ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့် အသက်တာများကို အသက်ရှင်ကြသည်။ ထို့ကြောင့် သာ၍ ပျော်ရွှင်သည့်၊ သာ၍ ဝမ်းမြောက်ဖွယ် ဘဝတစ်ခုကို အသက်ရှင်ရန်နှင့် မိမိတို့ကိုယ်ကို မှန်ကန်စွာ ပြုမူကျင့်ကြံရန် နည်းလမ်းတစ်ခု ရှာတွေ့ဖို့ ၎င်းတို့ ကြိုးစားကြသည်။ ထိုနည်းလမ်းမှာ အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်း ဖြစ်သည်။ လူတို့အနေဖြင့် အချင်းချင်း စော်ကားမိမည်ဖြစ်ပြီး မိမိတို့ ဘဝများအတွင်းတွင် အချင်းချင်း အကြံအစည်များ၏ သားကောင်များ ဖြစ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ၎င်းတို့သည် အငြိုးကြီးပြီး ခါးသီးသည့် ခံစားချက်များဖြင့် အစဉ် ဖိစီးကာ အတော်အတန် ယုတ်ညံ့သော ဖြစ်တည်မှုများဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ထို့ကြောင့် လူမှု အခြေအနေ၊ လူမှု တည်ငြိမ်မှုနှင့် စည်းလုံးရေးအတွက် ထိုအရာကို မိမိတို့၏ စိတ်လှုံ့ဆော်မှုအဖြစ် ထားရှိလျက် ချီးကျူးလောက်ဖွယ် ကိုယ်ကျင့်တရားစောင့်ထိန်းသူများသည် ဤကိုယ်ကျင့်တရား စံကို ကမ္ဘာလောကထံ ကြော်ငြာကြလေသည်။ ၎င်းတို့သည် အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ရန်နှင့် ထိုအစား အဆိုးကို အကောင်းဖြင့် တုံ့ပြန်ဖို့ သင်ယူရန် လူများကို တိုက်တွန်းရင်း မုန်းတီးမှုနှင့် သတ်ဖြတ်မှုတို့ကို ရှောင်ကြဉ်ရန် လူတို့အား သတိပေးကြလေသည်။ အတိတ်တွင် တစ်စုံတစ်ဦးက သင့်ကို ထိခိုက်နစ်နာစေခဲ့လျှင်ပင် ၎င်းတို့အပေါ် သင် လက်တုံ့ပြန်မည့်အစား ၎င်းတို့ကို သင် ကူညီသင့်သည်၊ ၎င်းတို့၏ အတိတ်က အမှားများကို ခွင့်လွှတ်သင့်သည်၊ ၎င်းတို့နှင့် ပုံမှန် ဆက်ဆံသင့်ပြီး သင်တို့ကြားရှိ မလိုမုန်းထားစိတ်ကို ဖြေဖျောက်စေလျက်၊ ပြီးလျှင် သဘောညီညွတ်သည့် ဆက်ဆံရေးတစ်ခုကို ဖန်တီးရယူလျက် ၎င်းတို့ကို တဖြည်းဖြည်း ပြောင်းလဲစေသင့်သည်ဟု ဆိုကြသည်။ ဤအရာက လူ့အဖွဲ့အစည်းတွင် စိတ်သဘောညီညွတ်ခြင်းအဖြစ်သို့ ဆိုက်ရောက်စေလိမ့်မည် မဟုတ်လော။ သင့်ကို မည်သူက စော်ကားမိပြီးဖြစ်စေ၊ မိသားစုဝင်တစ်ဦး၊ မိတ်ဆွေ၊ အိမ်နီးချင်း၊ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်စေ ၎င်းတို့၏ အဆိုးကို အကောင်းဖြင့် သင် တုံ့ပြန်ရမည်ဖြစ်ပြီး အာဃာတ ထားခြင်းကို ရှောင်ကြဉ်ရမည်ဟု ၎င်းတို့ ပြောကြသည်။ လူတိုင်းက ဤအရာကို လုပ်ဆောင်နိုင်ပါက ယင်းမှာ လူတို့က “လူတိုင်းက မေတ္တာတရား အနည်းငယ်စီ ပေးမည်ဆိုလျှင် ကမ္ဘာလောကသည် နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသော နေရာတစ်ခု ဖြစ်လာလိမ့်မည်”ဟု ပြောကြသည့်အတိုင်းသာ ဖြစ်လိမ့်မည်ဟု ၎င်းတို့ အခိုင်အမာဆိုကြသည်။ ဤအခိုင်အမာပြောဆိုချက်များသည် စိတ်ကူးများအပေါ် အခြေခံထားသည် မဟုတ်လော။ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခုဟု ဆိုသွားသလော။ ကျားသားမိုးကြိုးပေတည်း။ ကမ္ဘာလောကကို စီမံသောသူနှင့် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသောသူမှာ အဘယ်သူဖြစ်သည်ကို တစ်ချက်ကြည့်လော့။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် အဆိုက အမှန်တကယ် မည်သည့်ပြောင်းလဲမှုကို ဖန်တီးရယူနိုင်သနည်း။ ယင်းသည် မည်သည့်အရာကိုမျှ မပြောင်းလဲပေးနိုင်ပေ။ အခြားအရာများကဲ့သို့ပင် ဤအဆိုက လူတို့၏ ကိုယ်ကျင့်တရား အရည်အသွေးအပေါ် အချို့သော တောင်းဆိုချက်များ ထားရှိသည်၊ သို့မဟုတ် ၎င်းတို့အပေါ် စည်းမျဉ်းအချို့ကို ပြဋ္ဌာန်းလေသည်။ ထိုအရာက ၎င်းတို့အနေဖြင့် အခြားလူများထံမှ မုန်းတီးမှုနှင့် သတ်ဖြတ်မှုတို့ကို ရင်ဆိုင်ရသည့်အခါ မုန်းတီးမှုနှင့် သတ်ဖြတ်မှုတို့ကို ကျင့်သုံးခြင်းမှ ရှောင်ကြဉ်ရန်နှင့် မိမိတို့ကို ထိခိုက်နစ်နာစေသည့် လူတို့ကို အလွယ်တကူ ဒေါသမထွက်တတ်သည့် စိတ်ဖြင့် အေးအေးဆေးဆေး ဆက်ဆံပြီး ထိုမလိုမုန်းထားစိတ်နှင့် သတ်ဖြတ်မှုတို့ကို ဖြေဖျောက်ရန်နှင့် သွေးထွက်သံယိုဖြစ်သည့် ပမာဏကို လျော့နည်းစေရန် မိမိတို့၏ ကိုယ်ကျင့်တရား အပြုအမူကို အသုံးပြုကြရန်တို့ကို တောင်းဆိုလေသည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်၍ ဤအဆိုသည် လူတို့အပေါ် အတိုင်းအတာ တစ်ခုအထိ ထိရောက်သည်မှာ အမှန်ဖြစ်၏။ ထိုအရာက မလိုမုန်းထားစိတ်နှင့် မကျေမချမ်းဖြစ်ခြင်းတို့ကို ဖြေဖျောက်ပေးနိုင်ပြီး လက်တုံ့ပြန် သတ်ဖြတ်မှုများကို အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားစေနိုင်သည်။ ပြီးလျှင် လူမှု အခြေအနေ၊ လူ့အဖွဲ့အစည်း တည်ငြိမ်မှုနှင့် လူမှု သဟဇာတဖြစ်ခြင်းတို့အပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှု အတိုင်းအတာတစ်ခုခု ရှိနိုင်သော်လည်း ထိုသက်ရောက်မှုရှိရန် ဤအဆိုအတွက် မည်သည့် ကြိုတင်သတ်မှတ်ချက်များ ရှိပါသနည်း။ လူမှု ပတ်ဝန်းကျင်အရ အရေးပါသည့် ကြိုတင်သတ်မှတ်ချက်များ ရှိ၏။ တစ်ခုမှာ လူတို့ ပိုင်ဆိုင်သည့် ပုံမှန် ဆင်ခြင်တုံတရားနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း ဖြစ်သည်။ လူတို့က “ငါ လက်တုံ့ပြန်လိုသည့် ဤလူသည် ငါ့ထက် သာ၍ တန်ခိုးအာဏာ ရှိပါသလား၊ သာ၍ တန်ခိုးအာဏာ နည်းပါးပါသလား။ သူတို့အပေါ် ငါ လက်တုံ့ပြန်လျှင် ငါ့ရည်မှန်းချက်ပန်းတိုင်ကို ငါ စွမ်းဆောင်ရရှိနိုင်လိမ့်မည်လား။ ငါ လက်တုံ့ပြန်ပြီး သူတို့ကို သတ်မည်ဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူးသလိုများ ဖြစ်လေမလား”ဟု တွေးကြသည်။ ၎င်းတို့သည် အကျိုးဆက်များကို ပထမဦးစွာ ချိန်ဆကြသည်။ ဤအရာများကို အချိန်ယူ စဉ်းစားပြီးနောက်တွင် လူအများစုက “သူတို့က အဆက်အသွယ်ကောင်းသည်၊ လူမှုရေးလည်း အရှိန်အဝါများစွာ ရှိပြီး ၎င်းတို့ ရက်စက်ကာ ကြမ်းကြုတ်ကြသည်။ ထို့ကြောင့် ၎င်းတို့က ငါ့ကို ထိခိုက်နစ်နာစေခဲ့သော်လည်း ၎င်းတို့အပေါ် လက်တုံ့ပြန်ဖို့ ငါကြိုးစား၍ မဖြစ်ပါ။ စော်ကားမှုကို တိတ်ဆိတ်စွာ ငါမျိုသိပ်ရမည်။ သို့ရာတွင် ဤဘဝ၌ ၎င်းတို့အပေါ် လက်တုံ့ပြန်ခွင့် တစ်ကြိမ်တစ်ခါ ရလျှင် ငါ ယူလိုက်မည်”ဟု သဘောပေါက်ကြလေသည်။ “လက်စားချေရန် အားမထုတ်သူသည် လူမဟုတ်”ဆိုသည်နှင့် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ”ဟူသည့် ရေပန်းစားသော ဆိုရိုးများကဲ့သို့ ဖြစ်သည်။ လူတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဤအတွေးအခေါ် အမျိုးအစားများကို သိုထားဆဲဖြစ်သည်။ တစ်နည်းအားဖြင့် လူမှု ပတ်ဝန်းကျင်နှင့်လည်းကောင်း၊ လူ၏ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးခြင်းနှင့်လည်းကောင်း တိုက်ရိုက် ဆက်နွှယ်သောကြောင့် အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းနှင့်ဆိုင်သော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို လူတို့က စွဲကိုင်ထားကြလေသည်။ လူတို့၏ အယူအဆများနှင့် ၎င်းတို့၏ ဆင်ခြင်တုံတရား၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ကြောင့် ထိုအရာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ လူအများစုသည် ဤအခြေအနေမျိုးများကို ကြုံရသည့်အခါ စော်ကားမှုများကို တိတ်ဆိတ်စွာ မျိုသိပ်ပြီး အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းအား အပြင်ပန်းအားဖြင့် လက်တွေ့လုပ်ဆောင်ပြီး မိမိတို့၏ အမုန်းတရားနှင့် သွေးကြွေးဆပ်မှုများကို ဘေးဖယ်ထားရုံသာ လုပ်ဆောင်နိုင်သည်။ လူတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဤအတွေးအခေါ်ကို စွဲကိုင်ရသည့် နောက်ထပ် အကြောင်းရင်းမှာ အချို့သော ကိစ္စများတွင် ပါဝင်ပတ်သက်သည့် အဖွဲ့နှစ်ဖွဲ့ကြား၌ ကြီးမားသည့် တန်ခိုးအာဏာ ဟန်ချက်မညီမျှမှုတစ်ခု ရှိသောကြောင့် မတရားခံရသည့် အဖွဲ့သည် ကလဲ့စားချေခြင်းကို မကြိုးစားဝံ့သကဲ့သို့ ၎င်းတို့ လုပ်ဆောင်နိုင်သည့် အခြားအရာ မည်သည့်အရာမျှ မရှိသည့်အလား အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် ဖိအားပေးခြင်းခံရလေသည်။ ၎င်းတို့အနေဖြင့် လက်စားချေရမည်ဆိုပါက ၎င်းတို့ တစ်မိသားစုလုံး၏ အသက်များကို အန္တရာယ်ဖြစ်စေမည်ဖြစ်ပြီး ထိုအရာ၏ အကျိုးဆက်များက မတွေးတတ်အောင်ဖြစ်လေသည်။ ထိုသို့သော ကိစ္စများတွင် လူတို့က စော်ကားမှုကို မျိုသိပ်ခြင်းဖြင့် ဆက်လက် အသက်ရှင်ခြင်းကိုသာ ပိုမိုနှစ်သက်ဖွယ် ဖြစ်သည်ဟု တွေ့ရှိရသည်။ သို့ရာတွင် ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းမှုကို ချိုးနှိမ်နိုင်ကြပြီလော။ လူတစ်ဦးတစ်ယောက်သည် အာဃာတတစ်ခုကို မေ့ပစ်နိုင်စွမ်း ရှိသလော။ (မရှိပါ။) အထူးသဖြင့် အလွန် ပြင်းထန်ဆိုးရွားသော အာဃာတထားသည့် အခြေအနေများတွင် ဥပမာအနေဖြင့် တစ်စုံတစ်ဦးက သင်၏ သွေးသားရင်းချာကို သတ်ဖြတ်ပြီး သင်၏ မိသားစုကို ဖျက်ဆီးကာ သင့်ကို နာမည်ပျက်စေ၍ သင့်အနေဖြင့် ၎င်းအပေါ် ပြင်းထန်သော မလိုမုန်းထားမှု ဖြစ်ပေါ်လာအောင် လုပ်သည့်အခါ ထိုသို့သော အာဃာတကို မည်သူကမျှ လက်မလွှတ်နိုင်ပေ။ ဤသည်မှာ လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူသားမျိုးနွယ်က မချိုးနှိမ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူတို့သည် ထိုသို့သော အခြေအနေများတွင် အမုန်းတရား ခံစားချက်များ အလိုအလျောက် ဖြစ်ပေါ်သည်မှာ အတော်ကို ပုံမှန်ဖြစ်၏။ ထိုခံစားချက်များသည် တဇောက်ကန်းစိတ်၊ ဗီဇ၊ သို့မဟုတ် အသိစိတ်ကြောင့် ဖြစ်ပေါ်သည်ဖြစ်စေ၊ မည်သို့ဆိုစေ ယင်းမှာ ပုံမှန်တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ ခွေးများပင်လျှင် မိမိတို့ကို ကောင်းမွန်စွာ ဆက်ဆံပြီး ပုံမှန် အစာကျွေးသည့်၊ သို့မဟုတ် ကူညီသည့် လူများနှင့် ပို၍ ရင်းနှီးကြပြီး ထိုလူများကို ယုံကြည်လာသော်လည်း ၎င်းတို့ကို အနိုင်ကျင့်ပြီး နှိပ်စက်သူများကို စက်ဆုပ်ကြသည်။ ထိုမျှသာမဟုတ်။ မိမိတို့ကို အနိုင်ကျင့်သူများနှင့် အနံ့၊ သို့မဟုတ် အသံ တူသည့် လူများကိုပင်လျှင် စက်ဆုပ်ကြလိမ့်မည်ဖြစ်သည်။ သင်မြင်သလော၊ ခွေးများပင်လျှင် ဤဗီဇ ပိုင်ဆိုင်ကြသည်၊ လူများဆိုလျှင်မူ ပြောစရာ ဘာမျှမရှိတော့ပေ။ လူတို့သည် တိရစ္ဆာန်များထက် သာ၍ များစွာ ရှုပ်ထွေးသည့် စိတ်များကို ရှိကြသည်ကို ထောက်သော် လက်တုံ့ပြန် သတ်ဖြတ်ခြင်း၊ သို့မဟုတ် တရားမမျှတသည့် ဆက်ဆံမှုတို့နှင့် ရင်ဆိုင်ရသည့်အခါ မလိုမုန်းထားစိတ် ခံစားကြသည်မှာ ၎င်းတို့အတွက် လုံးဝ ပုံမှန်ဖြစ်၏။ သို့ရာတွင် အကြောင်းရင်း အမျိုးမျိုးနှင့် အထူးအခြေအနေများကြောင့် လူတို့သည် မကြာခဏဆိုသလို မဖြစ်မနေ အလျှော့ပေးကြရပြီး စော်ကားမှုများကို မျိုသိပ်ကာ အမှုအရာများကို ခဏတာ သည်းညည်းခံရကြလေသည်။ သို့ရာတွင် ဤသည်မှာ ၎င်းတို့အနေဖြင့် အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် ဆန္ဒရှိကြောင်း၊ သို့မဟုတ် ထိုသို့ တုံ့ပြန်နိုင်စွမ်းရှိကြောင်း မဆိုလိုပေ။ ယခုတင် ငါ ပြောပြီးသည့်အရာသည် လူ့သဘာဝနှင့်ဆိုင်သည့် ရှုထောင့်အမြင်နှင့် လူ၏ အလိုလိုဖြစ်သော တုံ့ပြန်မှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ယခုတွင် ဤအရာကို လူမှုအဖွဲ့အစည်းနှင့် ပတ်သက်သည့် ဓမ္မဓိဋ္ဌာန်ကျသော အချက်များ၏ ရှုထောင့်အမြင်မှ ကြည့်ပါက တစ်စုံတစ်ဦးသည် အဆိုးကို အကောင်းဖြင့် မတုံ့ပြန်ဘဲ ထိုအစား လက်စားချေပြီး လူသတ်မှု ကျူးလွန်ပါက အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်နည်း။ ၎င်းတွင် တာဝန်ရှိသဖြင့် ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။ ၎င်းသည် ထိန်းသိမ်းခြင်းခံရမည်၊ ထောင်ဒဏ် စီရင်ချက်ချခံရမည်ဖြစ်ပြီး သေဒဏ်ပေးခြင်းပင် ခံရနိုင်ပေသည်။ ဤအရာပေါ် အခြေခံ၍ လူ့သဘာဝ၏ ရှုထောင့်အမြင်မှဖြစ်စေ၊ လူမှုအဖွဲ့အစည်းနှင့် ဥပဒေတို့မှ ကန့်သတ်ထားသည့် တန်ခိုးအာဏာ၏ ရှုထောင့်အမြင်မှဖြစ်စေ လူတို့သည် မတရားသည့် ဆက်ဆံမှုနှင့် လက်စားချေ သတ်ဖြတ်ခြင်းတို့ကို ကြုံဆုံရသည့်အခါ မည်သည့်လူတစ်ဦးမျှ မိမိတို့၏ စိတ်များမှ၊ သို့မဟုတ် မိမိတို့ စိတ်နှလုံး၏ အတွင်းနက်နက် နေရာများမှ အမုန်းတရားကို ဖယ်ရှားနိုင်စွမ်းမရှိကြဟု ငါတို့ ကောက်ချက်ချနိုင်သည်။ စကားဖြင့် တိုက်ခိုက်ခံရခြင်း၊ လှောင်ပြောင်ခံရခြင်း၊ ရယ်သွမ်းသွေးခံရခြင်းကဲ့သို့ အနည်းငယ်မျှသော ထိခိုက်မှုများ ခံရသည့်အခါ၌ပင် လူတို့သည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်နိုင်ခြင်း မရှိကြချေ။ အဆိုးကို အကောင်းဖြင့် တုံ့ပြန်နိုင်စွမ်းသည် လူ့သဘာဝ၏ ပုံမှန် သရုပ်သကန်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ထို့ကြောင့် လူတစ်ဦးသည် အနိုင်ကျင့်ခံရသည့်အခါ၊ သို့မဟုတ် ထိခိုက်နစ်နာစေခြင်းခံရသည့်အခါ ၎င်းတို့၏ လူ့သဘာဝသည် အနည်းဆုံးအနေဖြင့် မည်သည့်အရာကို လိုအပ်ပြီး တောင်းဆိုသနည်း။ လူတစ်ဦးဦးက “ဆက်ပြီး ကျွန်ုပ်ကို အနိုင်ကျင့်ပါ။ သင်သည် တန်ခိုးအာဏာရှိပြီး ဆိုးယုတ်သည်။ သင် အလိုရှိသည့် မည်သည့်ပုံဖြင့်မဆို ကျွန်ုပ်ကို အနိုင်ကျင့်နိုင်ပြီး သင်၏ အဆိုးကို အကောင်းဖြင့် ကျွန်ုပ် တုံ့ပြန်မည်ဖြစ်သည်။ သင်သည် ကျွန်ုပ်၏ မြင့်မြတ်သော အကျင့်စရိုက်၊ ကိုယ်ကျင့်တရားအပြုအမူတို့နှင့်ဆိုင်သော အားကောင်းသည့် ခံစားချက်ကို ခံစားရလိမ့်မည် ဖြစ်ပြီး သင့်အပေါ် ကျွန်ုပ် မုချ လက်စားချေမည် မဟုတ်၊ သို့မဟုတ် သင်နှင့်ပတ်သက်၍ မည်သည့်ရန်လိုမှုမျှ ဖြစ်ပေါ်မည် မဟုတ်ပေ။ သင့်ကို ကျွန်ုပ် ဒေါသထွက်မည်မဟုတ်ပါ။ အားလုံးကို ရယ်စရာ တစ်ခုကဲ့သို့သာ ကျွန်ုပ် ခံယူမည်ဖြစ်သည်။ သင်ပြောဆိုသည့်အရာများက ကျွန်ုပ်၏ အကျင့်စရိုက်ကို မည်မျှစော်ကားသည်ဖြစ်စေ၊ ကျွန်ုပ်၏ မာနကို ထိခိုက်သည်ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်၏ အကျိုးစီးပွားကို ပျက်စီးစေသည်ဖြစ်စေ အားလုံး ကိစ္စမရှိပါ။ သင်နှစ်သက်သည့် မည်သည့်အရာကိုမဆို လွတ်လပ်စွာ ပြောဆိုသင့်သည်”ဟု ရွှင်လန်းတက်ကြွစွာနှင့် ပျော်ရွှင်စွာ ဆိုမည်လော။ ထိုသို့သောလူများ တည်ရှိသလော။ (မရှိပါ။) မည်သူမျှသည် မိမိတို့၏ အာဃာတများကို အမှန်တကယ် လုံးဝ လက်လွှတ်နိုင်စွမ်းမရှိပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ ရန်သူကို လက်စားချေသည့်အနေဖြင့် သတ်ဖြတ်ခြင်းမရှိဘဲ အတန်ကြာ ရှေ့ဆက်နိုင်ပါက အခြေအနေ ထိုမျှမဆိုးရွားနှင့်ပြီးသားဖြစ်၏။ ထို့ကြောင့် မည်သူမျှ အဆိုးကို အကောင်းဖြင့် အမှန်တကယ် တုံ့ပြန်နိုင်စွမ်းမရှိသကဲ့သို့ လူတို့သည် ဤကိုယ်ကျင့်တရား အပြုအမူကို လက်တွေ့လုပ်ဆောင်လျှင်ပင် ထိုအချိန်က အခြေအနေတစ်ခုခု၏ ကန့်သတ်မှုများကြောင့် ထိုသို့ မဖြစ်မနေ ပြုမူဆောင်ရွက်ခဲ့ရခြင်းကြောင့်၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုလုံးသည် အမှန်တကယ်တွင် လုပ်ကြံဖန်တီးထားပြီး စိတ်ကူးယဉ်ဖြစ်ခဲ့သောကြောင့်သာ ဖြစ်လိမ့်မည်။ သာမန်အခြေအနေများအောက်တွင် လူတို့သည် ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှု၊ သို့မဟုတ် မတရားဖိနှိပ်ခြင်း၏ သားကောင် ဖြစ်သွားသည့်အခါ အငြိုးထားမှုများ ဖြစ်ပေါ်လာကာ အငြိုးကြီးလာကြလိမ့်မည်။ တစ်စုံတစ်ဦးသည် မိမိ၏ မုန်းတီးမှုကို သတိမပြုမိ၊ သို့မဟုတ် တုံ့ပြန်မည်မဟုတ်သည့် တစ်ခုတည်းသော အခြေအနေမှာ ထိုမုန်းတီးမှု အလွန် များလွန်းပြီး အလွန် ထိတ်လန့်တုန်လှုပ်သွားမည့်အခြေအနေ၊ ၎င်းတို့၏မှတ်ဉာဏ်၊ သို့မဟုတ် သူတို့၏ အသိဉာဏ် ပျောက်ဆုံးသွားမည့် အခြေအနေတွင်သာ ဖြစ်သည်။ သို့ရာတွင် ပုံမှန်လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသည့် မည်သည့်လူမဆိုသည် စော်ကားမှုများ၊ ခွဲခြားဆက်ဆံခြင်း၊ မတရားသဖြင့် ချိုးနှိမ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ ထိကပါးရိကပါးပြောခြင်း၊ လှောင်ပြောင်ခြင်း၊ ထိခိုက်နစ်နာစေခြင်း စသည်တို့ဖြင့် ဆက်ဆံခံချင်ကြမည်မဟုတ်ပေ၊ သို့မဟုတ် တစ်စုံတစ်ဦးသည် ၎င်းတို့၏ အကျင့်စရိုက်နှင့် ဂုဏ်သက္ခာကို နင်းချေကာ စော်ကားသည်အထိ လုပ်ဆောင်ခြင်းကို လိုချင်မည်မဟုတ်ပေ။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ၎င်းတို့ကို ယခင်က စော်ကားခဲ့သူ၊ သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သူများကို မမှန်မကန် အပြန်အလှန်တုံ့ပြန်ရန် မည်သူမျှ ဝမ်းသာမည်မဟုတ်။ မည်သူမျှ ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းဆိုင်ရာ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းသည့် ဤအဆိုသည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အတွက် အလွန်အားနည်းကာ အားရစရာ မကောင်းသလို အနှစ်မဲ့ပြီး အဓိပ္ပာယ်မဲ့ပုံရလေသည်။

ဤအရာကို ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှုထောင့်အမြင်မှ ငါတို့ ကြည့်ပါက လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးသည်ဖြစ်စေ၊ ၎င်းတို့က ဆိုးယုတ်သည့် လူတစ်ဦး၊ သို့မဟုတ် အတော်အတန် ကောင်းမွန်သည့် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦး ဖြစ်လင့်ကစား အခြားသူများက ၎င်းတို့ကို ကောင်းမွန်စွာနှင့် အခြေခံအဆင့် လေးစားမှုဖြင့် ဆက်ဆံလိမ့်မည်ဟု ၎င်းတို့အားလုံးက မျှော်လင့်ကြသည်။ သင့်အပေါ် အကြောင်းရင်းမရှိဘဲ တစ်စုံတစ်ဦးက စတင်မြှောက်ပင့်နေပြီး မျက်နှာလိုမျက်နှာရ လုပ်နေပါက ထိုအရာက သင့်ကို ပျော်ရွှင်စေမည်လော။ ထိုအရာကို သင် နှစ်သက်မည်လော။ (နှစ်သက်မည်မဟုတ်ပါ။) အဘယ်ကြောင့် ထိုအရာကို သင်မနှစ်သက်မည်နည်း။ သင် လှည့်စားခံနေခဲ့ရသည့်အလား ခံစားရမည်လော။ သင်က “ငါသည် သင့်အဖို့ သုံးနှစ်အရွယ် ကလေးတစ်ဦးကဲ့သို့ ထင်ရပါသလား။ ဤအရာများကို ငါ့အား ပြောဆိုရန် လိုအပ်ကြောင်း သင် ခံစားရသည့် အကြောင်းရင်းကို ငါ အဘယ်သို့များ နားမလည်နိုင်ဖြစ်နေရသနည်း။ ငါသည် သင် ပြောသလောက် တော်ပါသလား။ ထိုအရာများ တစ်ခုတလေကို ငါလုပ်ဆောင်ခဲ့ပါသလား။ ဤမိုက်မဲသည့် မြှောက်ပင့်မှုအားလုံးသည် မည်သည့်အရာအတွက် ဖြစ်ပါသနည်း။ သင်သည် မိမိကိုယ်ကို အဘယ်သို့များ မစက်ဆုပ်ဘဲ နေရသနည်း”ဟု တွေးပေမည်။ လူတို့သည် မြှောက်ပင့်သည့် စကားများကို မကြားလိုကြသကဲ့သို့ စော်ကားမှုတစ်မျိုးအဖြစ် ယူကြသည်။ အခြေခံအဆင့် ရိုသေလေးစားမှုရှိခြင်းမှတစ်ပါး လူတို့သည် အခြားသူများအား မိမိတို့ကို မည်သို့ဆက်ဆံစေလိုကြသနည်း။ (ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံစေလိုပါသည်။) အခြားသူများကို ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံရန် လူတို့ကို တောင်းဆိုခြင်းသည် ဖြစ်နိုင်မည်မဟုတ်။ အခြားသူများကို အနိုင်ကျင့်ခြင်းမှ ၎င်းတို့ ရှောင်ကြဉ်ပါက ယင်းမှာ အတော်လေး ကောင်းမွန်ပြီးသား ဖြစ်သည်။ အချင်းချင်း အနိုင်မကျင့်ရန် လူတို့ကို စေခိုင်းခြင်းသည် ယှဉ်ကြည့်လျှင် ဓမ္မဓိဋ္ဌာန်ကျသော တောင်းဆိုချက်တစ်ခု ဖြစ်သည်။ အခြားသူတို့က ၎င်းတို့ကို လေးစားရန်၊ ၎င်းတို့ကို အနိုင်မကျင့်ရန်နှင့် အရေးအကြီးဆုံးမှာ ၎င်းတို့ကို မျှမျှတတ ဆက်ဆံရန် လူတို့ မျှော်လင့်ကြသည်။ ၎င်းတို့ ခုခံနိုင်စွမ်းမရှိသည့်အချိန်တွင် အခြားသူများက ၎င်းတို့ကို အနိုင်မကျင့်ရန်၊ သို့မဟုတ် ၎င်းတို့၏ ပြစ်ချက်များ ဖော်ထုတ်ခံရသည့်အခါ ဝိုင်းမပယ်ကြရန်၊ သို့မဟုတ် ၎င်းတို့အပေါ် စဉ်ဆက်မပြတ် မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရ မလုပ်ရန် မျှော်လင့်ကြသည်။ လူတို့က ဤအပြုအမူမျိုးကို စက်ဆုပ်ဖွယ်အဖြစ် မြင်ပြီး မျှမျှတတ ဆက်ဆံခံရဖို့သာ ဆန္ဒရှိကြသည်။ ယင်းမှာ မှန်ကန်သည် မဟုတ်လော။ အခြားသူများကို မျှမျှတတ ဆက်ဆံခြင်းသည် လူ့လောကနှင့် လူ့အတွေးနယ်ပယ်တွင် အတော်အတန် အပြုသဘောဆောင်သော ရည်သန်မျှော်မှန်းချက်တစ်ခုဖြစ်သည်။ ငါသည် အဘယ်ကြောင့် ထိုသို့ပြောဆိုသနည်း။ ထိုအကြောင်းကို တွေးကြည့်လော။ လူအားလုံးသည် အဘယ်ကြောင့် ပေါင်ချိန်ကို နှစ်သက်ကြသနည်း။ အမှုများက စိတ်ကူးယဉ်ဖြစ်ပြီး လုံးဝ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သော်လည်း ထိုအမှုများကို ပေါင်ချိန် ဆုံးဖြတ်သည့် သရုပ်ဖော်ချက်များကို ကြည့်ရှုရန် လူတို့က နှစ်သက်ကြသည်။ လူတို့သည် အဘယ်ကြောင့် ထိုအရာများကို နှစ်သက်ကြဆဲ ဖြစ်သနည်း။ ထိုအရာများကို အဘယ်ကြောင့် ကြည့်ရှုရန် လိုလားနေကြဆဲ ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စံလောကတွင် ၎င်းတို့၏ အတွေးနယ်ပယ်နှင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများတွင် ၎င်းတို့အားလုံးက အပြုသဘောဆောင်ပြီး အနည်းငယ် ပိုကောင်းမွန်သည့် လောကကို အလိုရှိကြသောကြောင့် ဖြစ်သည်။ လူတိုင်းအတွက် အတော်အတန် မျှတပြီး တရားသည့် လူမှုဝန်းကျင်နှင့်ပတ်သက်၍ အာမခံချက်ရှိသည့် လောကတစ်ခုတွင် လူသားတို့ အသက်ရှင်နိုင်ဖို့ကို ၎င်းတို့ ဆန္ဒရှိကြသည်။ ထိုသို့ဖြင့် အနည်းဆုံးအနေဖြင့် ဆိုးယုတ်သည့် အင်အားစုများ၏ အနိုင်ကျင့်ခြင်း သင်ခံရသည့်အခါ တရားမျှတမှုကို ထိန်းသိမ်းသည့် နေရာ၊ သင်၏ နစ်နာချက်များနှင့် ပတ်သက်၍ တိုင်ကြားချက်တစ်ခုကို အမှုဖွင့်နိုင်သည့် နေရာ၊ သင် စောဒကတက်ခွင့် ရှိသည့်နေရာနှင့် နောက်ဆုံးတွင် သင် ဒုက္ခခံစားခဲ့ရသည့် မတရားမှုများကို ဖော်ထုတ်ပေးမည့် နေရာတစ်ခု ရှိပေမည်။ ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်တွင် သင်သည် အပြစ်ကင်းကြောင်း သက်သေပြနိုင်ပြီး အရှက်ခွဲခံရခြင်း တစ်စုံတစ်ရာကို ခံစားရခြင်း၊ သို့မဟုတ် နစ်နာချက် တစ်စုံတစ်ရာကို ခံထားရခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန် နေရာတစ်ခု ရှိပေမည်။ ဤသည်မှာ လူတို့ စံထားရသည့် လူ့အဖွဲ့အစည်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူတိုင်း တောင့်တသည့်အရာ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတိုင်း၏ အိပ်မက်ဖြစ်သည်။ လူတို့က ၎င်းတို့ မျှမျှတတ ဆက်ဆံခံရလိမ့်မည်ဟု မျှော်လင့်ကြသည်။ မမျှတသည့် ဆက်ဆံမှုတစ်ခုခုကို ခံရရန်ကိုဖြစ်စေ၊ မမျှမတ ဆက်ဆံခံရပါက စောဒကတက်ဖို့ မည်သည့်နေရာမျှ မရှိမည်ကိုဖြစ်စေ ၎င်းတို့ အလိုမရှိကြသကဲ့သို့ ယင်းကို အလွန် စိတ်သောကဖြစ်စရာဟု ၎င်းတို့ မြင်ကြသည်။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်း”နှင့်ဆိုင်သည့် လူ၏ ကိုယ်ကျင့်တရား အပြုအမူအပေါ် ထားရှိသည့် စံနှုန်းနှင့် တောင်းဆိုချက်တို့သည် တကယ့်ဘဝတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း လက်တွေ့အရှိတရားနှင့် အလွန်ကွာခြားသည်ဟု ဆိုနိုင်ပေ၏။ ထို့ကြောင့် လူ၏ ကိုယ်ကျင့်တရား အပြုအမူအပေါ် ထားရှိသည့် ဤတောင်းဆိုချက်သည် လူ့အတွက် ထောက်ထားခြင်းမရှိသကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသည့် အချက်၊ တကယ့် ဘဝတို့နှင့် အလွန် ကွာခြားလေသည်။ ထိုအရာမှာ မတရားခံရပြီး အရှက်ခွဲခံခဲ့ရကြသည့် ချို့ငဲ့သော လူများ၏ စိတ်အတွင်းကျကျ နယ်ပယ်များအပေါ် သိနားလည်မှုမရှိကြသည့် အတွေးအခေါ်ပညာရှင်များက အဆိုပြုထားသော အဆိုတစ်ခုဖြစ်သည်။ ဤအတွေးအမြင် ပဓာနဝါဒီများသည် ဤလူများ မတရားခံရပြီးဖြစ်သည့် အတိုင်းအတာနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် အကျင့်စရိုက်များ စော်ကားခံခဲ့ရသည့် အတိုင်းအတာ၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုပင်လျှင် မည်မျှ ခြိမ်းခြောက်ခံရသည်ဆိုသည်တို့ကို နားလည်ခြင်း မရှိကြချေ။ ဤလက်တွေ့အရှိတရားများကို ၎င်းတို့ နားမလည်ကြသည့်တိုင် ၎င်းတို့က “သင်သည် နှိပ်စက်ခံရဖို့ မွေးဖွားခြင်းဖြစ်ပြီး သင်၏ ကံကြမ္မာကို သင် လက်ခံရမည်။ သင်သည် လူမှုအဖွဲ့အစည်း၏ အနိမ့်ကျဆုံး အလွှာအတန်းအစားတွင် မွေးဖွားခဲ့ပြီး ကျွန်များ၏ သဘာဝအနှစ်သာရဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။ သင်သည် အခြားသူများ၏ အုပ်စိုးခြင်းခံရဖို့ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သင့်ကို ထိခိုက်နစ်နာစေခဲ့သည့်သူများကို သင် လက်စားချေမည့်အစား အဆိုးကို အကောင်းဖြင့် တုံ့ပြန်သင့်သည်။ လူမှု အခြေအနေနှင့် လူ့အဖွဲ့အစည်း သဟဇာတဖြစ်ခြင်း၏ ကောင်းကျိုးအတွက် သင့် ကဏ္ဍကို သင် လုပ်ဆောင်သင့်ပြီး သင်၏ အပြုသဘောဆောင်သော အားထုတ်မှုနှင့် သင်၏ အကောင်းဆုံး ကိုယ်ကျင့်တရား အပြုအမူတို့ကို ပြသခြင်းအားဖြင့် လူ့အဖွဲ့အစည်းကို ပံ့ပိုးပေးသင့်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက် ခံရသူများက ကိုယ်ထိလက်ရောက် ပြုမူသူများနှင့် ပြေလည်သင့်မြတ်ကာ ထိုသူတို့အပေါ် လက်စားချေခြင်းကို ရှောင်ကြဉ်ဖို့ တောင်းဆိုကြဆဲဖြစ်သည်။ ဤအရာအားလုံးသည် အထက်တန်းစားနှင့် အုပ်ချုပ်သူလူတန်းစားတို့အတွက် အဆင်ပြေလွယ်ကူစေသလို ၎င်းတို့ကိုယ်စား ချို့ငဲ့သူများ၏ စိတ်နှလုံးများနှင့် စိတ်ခံစားချက်များကို ငြိမ်သက်အေးချမ်းစေရင်း ၎င်းတို့၏ အမြတ်ထုတ်ခြင်းကို နိမ့်ကျသည့်လူတန်းစားများ ခံရသည့်အတွက် ဆင်ခြေပေးရန် ပြောထားသည်မှာ သိသာထင်ရှားလှပေသည်။ ဤသည်မှာ ထိုသို့သော အရာများကို ပြောဆိုခြင်း၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) နိုင်ငံတိုင်း၏ တရားဥပဒေနှင့် လူမှုစနစ်များ၊ လူမျိုးနှင့် မျိုးနွယ်စုတိုင်း၏ စနစ်များနှင့် စည်းကမ်းများသည် မျှတပြီး တင်းကျပ်စွာ ပြဋ္ဌာန်းထားပါက လူ့သဘောသဘာဝ၏ နိယာမများနှင့် ဆန့်ကျင်သည့် ဤဓမ္မဓိဋ္ဌာန်မကျသော အဆိုကို အားပေးအားမြှောက်ပြုရန်မှာ လိုအပ်ဦးမည်လော။ လိုအပ်မည် မဟုတ်ပေ။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်လော့”ဟူသည့် အဆိုကို ချို့ငဲ့သူများအပေါ် အမြတ်ထုတ်ပြီး နင်းခြေဖို့ အုပ်ချုပ်သူ လူတန်းစားများ၊ အခွင့်အာဏာနှင့် တန်ခိုး ပိုင်ဆိုင်သည့် ဆိုးယုတ်သောလူများအတွက် လမ်းကြောင်းနှင့် နည်းလမ်းတစ်ခုအဖြစ် သိသိသာသာ အားပေးအားမြှောက်ပြုထားခြင်းသာ ဖြစ်သည်။ တစ်ချိန်တည်းတွင် ချို့ငဲ့သည့် လူတန်းစားကို ချွေးသိပ်ရန်နှင့် ၎င်းတို့ ကြွယ်ဝချမ်းသာသူ၊ အထက်တန်းစားများနှင့် အုပ်ချုပ်သူ လူတန်းစားများအပေါ် လက်စားချေရန် ကြိုးစားခြင်း၊ သို့မဟုတ် ရန်လိုလာခြင်းမှ တားဆီးရန်အလို့ငှာ ဤအတွေးအခေါ် ပညာရှင်များနှင့် ပညာသင်ကြားပေးသူများဟု ဆိုလေသောသူများသည် လူတိုင်း အကျင့်စာရိတ္တကောင်းကို ကျင့်သုံးကြရန် လိုအပ်သည်ဟူသည့် ဟန်ဆောင်မှုအောက်တွင် ဤအဆိုကို အားပေးအားမြှောက်ပြုလျက် မိမိတို့ကိုယ်ကို ကိုယ်ကျင့်တရား ကြီးစိုးမှု၏ အထွတ်အထိပ်တွင် ထားရှိကြလေသည်။ ဤအရာက လူ့အဖွဲ့အစည်းအတွင်း၌ သာ၍ပင် ဆန့်ကျင်ကွဲလွဲမှုများ ဖန်တီးသည် မဟုတ်လော။ လူများကို သင် ဖိနှိပ်လေ၊ လူ့အဖွဲ့အစည်းက မျှတခြင်းမရှိဟု သက်သေပြလေ ဖြစ်သည်။ လူ့အဖွဲ့အစည်းသည် အမှန်တကယ် မျှတပြီး တရားပါက ဤအဆိုကို အသုံးပြုလျက် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူအပေါ် ဝေဖန်အကဲဖြတ်ပြီး တောင်းဆိုချက်များ ထားရှိရန် လိုအပ်ဦးမည်လော။ ဤသည်မှာ သိသာထင်ရှားစွာ လူမှုအဖွဲ့အစည်းထဲတွင်၊ သို့မဟုတ် လူသားမျိုးနွယ်ထဲတွင် တရားမျှတမှု မရှိသည့် အချက်ကြောင့်ဖြစ်ပေသည်။ မကောင်းမှုပြုသူများကို ဥပဒေဖြင့် အပြစ်ပေးနိုင်မည်ဆိုပါက၊ သို့မဟုတ် ငွေနှင့် တန်ခိုးအာဏာရှိသူများသည်လည်း တာဝန်ရှိသဖြင့် ဥပဒေအရ အရေးယူခံခဲ့ရမည်ဆိုပါက “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အဆိုသည် ခိုင်လုံမည်မဟုတ်သကဲ့သို့ တည်ရှိမည်မဟုတ်ပေ။ အရာရှိတစ်ဦးကို သာမန်လူမည်မျှက ထိခိုက်နစ်နာစေနိုင်မည်နည်း။ ကြွယ်ဝချမ်းသာသူကို ဆင်းရဲနုံချာသူမည်မျှက ထိခိုက်နစ်နာစေနိုင်မည်နည်း။ ယင်းမှာ ၎င်းတို့အတွက် စွမ်းဆောင်ရရှိရန် ခက်ခဲပေမည်။ ထို့ကြောင့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အဆိုသည် သာမန်လူများ၊ ဆင်းရဲနုံချာသူနှင့် နိမ့်ကျသည့် လူတန်းစားများကို သိသာထင်ရှားစွာ ရည်ရွယ်ပေသည်။ ထိုအရာမှာ စောင့်စည်းမှုရှိသကဲ့သို့ တရားမျှတမှုမရှိသည့် အဆိုတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့် အစိုးရ အရာရှိတစ်ဦးအား အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် သင် တောင်းဆိုပါက ၎င်းတို့က သင့်ကို “မည်သည့် အဆိုးကို ငါတုံ့ပြန်ရမည်နည်း။ မည်သူသည် ငါ့ကို ထိဝံ့မည်နည်း။ မည်သူသည် ငါ့ကို စော်ကားဝံ့မည်နည်း။ မည်သူသည် ငါ့ကို ငြင်းဆိုဝံ့မည်နည်း။ ငါ့ကို ငြင်းဆိုသောသူ မည်သူကိုမဆို ငါ သတ်မည်။ ထိုသူ၏ တစ်မိသားစုလုံးနှင့် ထိုသူ၏ ဆွေမျိုး တစ်ဦးမကျန် ငါ မျိုးဖြုတ်ပစ်မည်”ဟု ဆိုပေမည်။ မြင်သလော၊ အရာရှိများအတွက် တုံ့ပြန်စရာ အဆိုးမရှိ၊ ထို့ကြောင့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အဆိုသည် ၎င်းတို့အတွက် တည်ပင်မတည်ရှိပေ။ သင်က ၎င်းတို့ကို “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းနှင့်ဆိုင်သော ဤကိုယ်ကျင့်တရား အပြုအမူကို သင်လက်တွေ့လုပ်ဆောင်ရမည်၊ ဤကိုယ်ကျင့်တရား အပြုအမူကို သင်ပိုင်ဆိုင်ရမည်”ဟု ပြောပါက ၎င်းတို့က “မှန်ပါ့၊ ထိုအရာကို ကျွန်ုပ် လုပ်နိုင်ပါသည်”ဟု ပြန်ဖြေလိမ့်မည်။ ဤသည်မှာ လုံးလုံးလျားလျား လှည့်ဖြားတတ်သည့် အလိမ်အညာတစ်ခု ဖြစ်သည်။ မည်သို့ဆိုစေ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည်မှာ အခြေခံအားဖြင့် နိမ့်ကျသည့် လူတန်းစားများကို ချွေးသိပ်ခြင်း နည်းလမ်းတစ်ခုအဖြစ် လူမှုရေးဆိုင်ရာ ချီးကျူးလောက်ဖွယ် ကိုယ်ကျင့်တရားစောင့်ထိန်းသူများက အားပေးအားမြှောက်ပြုကြသည့် အဆိုတစ်ခုသာဖြစ်သည်။ ထိုထက်ပို၍ပင် နိမ့်ကျသည့် လူတန်းစားများကို ကျွန်ပြုရန်အလို့ငှာ အားပေးအားမြှောက်ပြုထားသည့် အဆိုတစ်ခု ဖြစ်သည်။ အုပ်ချုပ်သူ လူတန်းစား၏ အခွင့်အာဏာကို ပို၍ တည်ငြိမ်စေရန်၊ အုပ်ချုပ်သူ လူတန်းစားကို မျက်နှာလိုမျက်နှာရ လုပ်ရန်နှင့် နိမ့်ကျသည့် လူတန်းစားများ မျိုးဆက်နှင့်ချီ၍ ကျွန်ပြုခံရလျှင်ပင် စောဒကမတက်ကြရန်အလို့ငှာ ၎င်းတို့ကို ကျွန်ပြုခြင်းအား ဆက်လက်တည်တံ့စေရန် ထိုအဆိုကို အားပေးအားမြှောက် ပြုထားခြင်း ဖြစ်သည်။ ဤအရာမှ ငါတို့ မြင်နိုင်သည်မှာ ဤလူမှုအဖွဲ့အစည်းမျိုးတွင် ဥပဒေများနှင့် စနစ်များသည် သိသာထင်ရှားစွာ တရားမျှတမှု မရှိခြင်း ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းမျိုးကို သမ္မာတရားက ထိန်းချုပ်ထားခြင်း မရှိချေ။ ယင်းကို သမ္မာတရား၊ တရားမျှတမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းတရားက အုပ်စိုးခြင်း မရှိပေ။ ထိုအစား မည်သူက အရာရှိများအဖြစ် အမှုထမ်းသည်ဖြစ်စေ လူ၏ ဆိုးယုတ်မှုနှင့် တန်ခိုးအာဏာတို့က အုပ်စိုးထားပေသည်။ သာမန်လူများသည် အရာရှိများအဖြစ် အမှုထမ်းရမည်ဆိုပါက အခြေအနေသည် အလားတူသာ ဖြစ်ပေမည်။ ဤသည်မှာ ဤလူ့အဖွဲ့အစည်း စနစ်၏ အနှစ်သာရ ဖြစ်သည်။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည်က ဤအမှန်တရားကို ဖော်ထုတ်သည်။ အဆိုပါစကားရပ်တွင် ထိုအရာအတွက် နိုင်ငံရေး ကြန်အင်လက္ခဏာတစ်ခုခု ရှိသည်မှာ သိသာထင်ရှား၏။ ထိုအရာမှာ အုပ်ချုပ်သူ လူတန်းစားများ၏ ကြီးစိုးမှုနှင့် နိမ့်ကျသည့် လူတန်းစားများအပေါ် ကျွန်ပြုခြင်းတို့အား အားကောင်းစေရန်အလို့ငှာ လူ၏ ကိုယ်ကျင့်တရား အပြုအမူအပေါ် ထားရှိသည့် တောင်းဆိုချက်တစ်ခု ဖြစ်သည်။

လူတို့က အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် တောင်းဆိုချက်သည် လူ့သဘာဝ၏ သာမန် လိုအပ်ချက်များ၊ သို့မဟုတ် တောင်းဆိုချက်များ၊ သို့မဟုတ် လူ့သဘာဝ၏ အကျင့်စရိုက်၊ ဂုဏ်သိက္ခာတို့နှင့် မကိုက်ညီရုံမက လူတစ်ဦး၏ လူ့သဘာဝ အရည်အသွေးကို ဆန်းစစ်ခြင်းအတွက် သင့်တင့်လျောက်ပတ်သည့် စံနှုန်းတစ်ခုလည်း သာ၍ မဟုတ်ပေ။ ဤတောင်းဆိုချက်သည် တကယ့် လူ့သဘာဝနှင့် အလွန် ကွာခြားပေသည်။ ထိုတောင်းဆိုချက်ကို စွမ်းဆောင်မရနိုင်ခြင်း မဟုတ်ရုံသာမက အစကတည်းက ထိုအရာကို လုံးဝ အားပေးအားမြှောက်မပြုသင့်ပေ။ ထိုအရာမှာ လူထုအပေါ် မိမိတို့၏ အုပ်စိုးမှုနှင့် ထိန်းချုပ်မှုတို့ကို အားကောင်းစေရန် အုပ်ချုပ်သူ လူတန်းစားက အသုံးပြုသည့် အဆိုတစ်ခုနှင့် နည်းဗျူဟာတစ်ခုသာ ဖြစ်သည်။ ပင်ကိုအားဖြင့် ဘုရားသခင်သည် ပညတ်တော်ခေတ်တွင် ဖြစ်စေ၊ ကျေးဇူးတော်ခေတ်တွင်ဖြစ်စေ၊ သို့မဟုတ် လက်ရှိ နိုင်ငံတော်ခေတ်တွင်ဖြစ်စေ ဤအဆိုမျိုးကို လုံးဝ မြှင့်တင်ခြင်း မရှိသကဲ့သို့ ဤနည်းစနစ်၊ အဆို၊ သို့မဟုတ် တောင်းဆိုချက်မျိုးကို လူတို့၏ လူ့သဘာဝ အရည်အသွေးကို ဆန်းစစ်ခြင်းအတွက် အခြေခံအကြောင်းရင်းတစ်ခုအဖြစ် ဘုရားသခင်က လုံးဝ အသုံးမပြုခဲ့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် ကိုယ်ကျင့်တရားရှိသည်ဖြစ်စေ၊ အကျင့်ပျက်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘုရားသခင်သည် ၎င်းတို့၏ အနှစ်သာရကိုသာ သုံးသပ်ဆင်ခြင်သောကြောင့်ဖြစ်သည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤအဆိုများသည် ဘုရားသခင်၏ ပိုင်နက်ထဲတွင် တကယ်ကို မတည်ရှိပေ။ ထို့ကြောင့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် အဆိုသည် ဘုရားအိမ်တော်တွင် ခိုင်လုံမှုမရှိသကဲ့သို့ စိစစ်ထိုက်ခြင်း မရှိပေ။ သင်သည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်သည်ဖြစ်စေ၊ အဆိုးကို ကလဲ့စားချေခြင်းဖြင့် တုံ့ပြန်သည်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်သူများသည် “အဆိုးကို တုံ့ပြန်ခြင်း” ကိစ္စရပ်အား မည်သို့ ရှုမြင်သင့်သနည်း။ ဤကိစ္စရပ်ကို မည်သည့် သဘောထားနှင့် မည်သည့် ရှုထောင့်အမြင်မှ ၎င်းတို့ ချဉ်းကပ်သင့်သနည်း။ တစ်စုံတစ်ဦးသည် အသင်းတော်ထဲတွင် ဆိုးယုတ်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ပါက ထိုလူကို ကိုင်တွယ်ခြင်းအတွက် ဘုရားအိမ်တော်တွင် ကိုယ်ပိုင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများ ရှိ၏။ ခံရသူအတွက် တစ်ဦးတစ်ယောက်က လက်စားချေရန်၊ သို့မဟုတ် ၎င်းတို့ကို မတရားမှုမှ ကာကွယ်ပေးရန် မလိုအပ်ပေ။ ဘုရားအိမ်တော်တွင် ထိုသို့လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ အသင်းတော်က ပြဿနာကို စည်းမျဉ်းများအတိုင်း အလိုအလျောက် ကိုင်တွယ်လိမ့်မည်။ ဤသည်မှာ လူတို့က သတိပြုမိပြီး ကြုံရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ အလွန် ရှင်းလင်းစွာနှင့် တိကျစွာ ပြောရလျှင် လူတို့ကို ကိုင်တွယ်ခြင်းအတွက် အသင်းတော်တွင် စည်းမျဉ်းများရှိပြီး ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်ရော အဘယ်သို့နည်း။ ဘုရားသခင်နှင့် စပ်လျဉ်း၍ မကောင်းမှု ပြုသည့် မည်သူမဆို လျော်ညီစွာ အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အပြစ်ပေးခံရမည့် အချိန်နှင့် ပုံစံတို့ကို ဘုရားသခင်က ချမှတ်လိမ့်မည်။ အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စည်းမျဉ်းများသည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့မှ လုံးဝ ခွဲခြားမရနိုင်ပေ။ ဘုရားသခင်တွင် ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားမရနိုင်သည့် စိတ်သဘောထားတစ်ခု ရှိ၏။ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသရှိပြီး မကောင်းမှု ကျူးလွန်သူအားလုံးသည် သူ့အားဖြင့် လျော်ညီစွာ အပြစ်ပေးခံရလိမ့်မည်။ ဤသည်မှာ လူ၏ ဥပဒေများထက် များစွာ သာ၍ ကြီးမားသည်။ လူ့သဘာဝနှင့် လောကီ ဥပဒေများအားလုံးကို ကျော်လွန်သည်။ တရားမျှတ၊ ကျိုးကြောင်းသင့်လျော်ပြီး လူ့သဘာဝ၏ စိတ်ဆန္ဒများနှင့် ကိုက်ညီရုံမက လူတိုင်း၏ ထောက်ခံမှုများနှင့် အတည်ပြုချက်တို့ကိုလည်း မလိုအပ်ပေ။ ထိုအရာက ကိုယ်ကျင့်တရား ကြီးစိုးမှု၏ အထွတ်အထိပ်မှ ကိစ္စရပ်များကို သင်အကဲဖြတ်ပေးရန် မလိုအပ်ပေ။ ဤအရာများကို ဘုရားသခင် လုပ်ဆောင်သည့်အခါ သူ၏ ကိုယ်ပိုင် စည်းမျဉ်းများနှင့် အချိန်ကိုက်မှု ရှိသည်။ ထိုအရာကို သူ ဆောင်ရွက်နိုင်သည့်အတိုင်း ဆောင်ရွက်ရန် ဘုရားသခင်ကို အပ်ထားသင့်ပြီး လူတို့အနေဖြင့် ဤသည်မှာ ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသဖြင့် ကြားဝင်စွက်ဖက်ခြင်းကို ရှောင်ကြဉ်သင့်ကြပေသည်။ “အဆိုးကို တုံ့ပြန်ခြင်း” နှင့် စပ်လျဉ်း၍ လူတို့အပေါ် မည်သည့်အရာကို ဘုရားသခင် တောင်းဆိုသနည်း။ တဇောက်ကန်းစိတ်ဖြင့် မပြုမူရန်၊ သို့မဟုတ် အခြားလူများအပေါ် လက်စားမချေရန် ဖြစ်သည်။ တစ်စုံတစ်ဦးက သင့်ကို စော်ကားလျှင်၊ အမြဲ အနိုင်ကျင့်လျှင်၊ သို့မဟုတ် သင့်ကို အန္တရာယ်ပြုရန်ပင် ဆန္ဒရှိလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ ရှိပါသလော။ (ရှိပါသည်။) ဤအရာများအတွက် ဖြေရှင်းချက်များနှင့် စည်းမျဉ်းများအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတွင် အခြေခံတစ်ခု ရှိပေသည်။ အခြားမည်သည့်အရာမဆိုဖြစ်စေ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော အဆိုသည် လူတို့၏ လူ့သဘာဝ အရည်အသွေးကို အကဲဖြတ်ရန် အသုံးပြုရမည့် စံနှုန်းတစ်ခုလည်း မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် တစ်စုံတစ်ဦးသည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်နိုင်စွမ်းရှိပါက ၎င်းသည် အတော်အတန် သည်းခံခွင့်လွှတ်၊ ရိုးရှင်း၊ စိတ်ထားကောင်းပြီး သဘောထားကြီးကြောင်း၊ ၎င်းသည် သဘောထားမသေးကြောင်းနှင့် လက်သင့်ခံနိုင်ဖွယ် ကိုယ်ကျင့်တရား အပြုအမူ ပိုင်ဆိုင်ကြောင်း ဆိုနိုင်ပေသည်။ သို့ရာတွင် ဤလူ၏ လူ့သဘာဝ အရည်အသွေးကို ဤအဆိုတစ်ခုအရ ဆန်းစစ်ကာ အကဲဖြတ်၍ ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ ၎င်းတို့ လိုက်စားသည့်အရာ၊ လျှောက်သည့် လမ်းကြောင်း၊ သမ္မာတရား၊ အပြုသဘောဆောင်သည့် အရာများ စသည်တို့အပေါ် ၎င်းတို့၏ သဘောထားတို့ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့တွင် လူ့သဘာဝ ရှိမရှိဆိုသည်ကို မှန်ကန်တိကျစွာ အကဲဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ယနေ့အတွက် ငါတို့၏ မိတ်သဟာယ ဤတွင် အဆုံးသတ်၏။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။