သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈) အပိုင်း တစ်

ယခင်တစ်ခေါက်က ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်လေးခုကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ၎င်းတို့သည် မည်သည့်အရာများဖြစ်သည်ကို ငါ့အား ပြောလော့။ (“တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်”၊ “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” ဆိုသည်တို့ ဖြစ်သည်။) အဆိုအမိန့်တစ်ခုစီတွင် ပိုင်းခြားစိစစ်ပြီး နားလည်သင့်သည့်အရာကို သင်တို့ ရှင်းလင်းစွာ နားလည်သလော။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော အဆိုအမိန့်တိုင်းသည် လူတို့၏ လက်တွေ့ဘဝများနှင့်လည်းကောင်း၊ ၎င်းတို့ ပြုမူဆောင်ရွက်ပုံနှင့်လည်းကောင်း နီးစပ်စွာ ဆက်နွှယ်နေသည်။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤအဆိုအမိန့်များသည် လူတို့၏ လက်တွေ့ဘဝများနှင့် ၎င်းတို့ ပြုမူဆောင်ရွက်ပုံတို့အပေါ် လွှမ်းမိုးမှုတစ်ခုခုရှိသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လက်တွေ့ဘဝရှိ လူတို့၏ စကားများ၊ လုပ်ရပ်များ၊ ပြုမူဆောင်ရွက်မှုများနှင့် သက်ဆိုင်သော စည်းမျဉ်းများသည် အခြေခံအားဖြင့် ရိုးရာယဉ်ကျေးမှု၏ ဤအဆိုအမိန့်များ၊ အမြင်များမှ ဆင်းသက်လာသည်။ လူတို့အပေါ် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုနှင့် စွဲမှတ်အောင်သွန်သင်မှုတို့သည် အတော်အတန်ပင် နက်နဲသည်မှာ ရှင်းပေသည်။ ပြီးခဲ့သည့်စုဝေးပွဲတွင် ငါမိတ်သဟာယဖွဲ့ပြီးနောက် ဆက်၍ ဆင်ခြင်သုံးသပ်ခြင်း၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းတို့ကို သင်တို့ အတူပါဝင်ဆောင်ရွက်ကြသလော။ (ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် ဤအဆိုအမိန့်အချို့ကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ပြီး နားလည်ခဲ့သည်။ ဤအကြောင်းအရာမျိုးနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ အမြင်များ၊ ရှုထောင့်များကို အနည်းငယ်ပြောင်းနိုင်ခဲ့သည်။ သို့သော် ဤအရာများကို နှံ့စပ်စွာ နားလည်ခြင်းမရှိသေးပါ။) နှံ့စပ်စွာ နားလည်ခြင်းကို ရရှိရန် အချက်တစ်ချက်မှာ ငါမိတ်သဟာယပြုသည့်အကြောင်းအရာအပေါ်တွင် သင်တို့၏ နားလည်မှုကို အခြေပြုရမည်။ အခြားတစ်ချက်မှာ လက်တွေ့ဘဝတွင် သင်ကိုင်စွဲသော အမြင်များအပြင် သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ ဖြစ်ပေါ်လာသော အတွေးအမြင်များ၊ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး နားလည်ရမည်။ တရားဒေသနာများကို နားထောင်ခြင်းသက်သက်သည် တကယ်ကို လုံလောက်မှုမရှိပေ။ တရားဒေသနာများကို နားထောင်ခြင်း၏ ရည်ရွယ်ချက်သည် လက်တွေ့ဘဝတွင် အပျက်သဘောဆောင်သောအရာများကို သိမြင်နိုင်ရန်၊ အပျက်သဘောဆောင်သောအရာများကို ပို၍ တိကျစွာ ခွဲခြားသိမြင်နိုင်ရန်၊ ထို့နောက်တွင် အပြုသဘောဆောင်သောအရာများကို သဘောပေါက်နားလည်ပြီး ရှင်းလင်းစွာ နားလည်နိုင်ရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များသည် လက်တွေ့ဘဝတွင် မည်သို့ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်သည့် စံသတ်မှတ်ချက်ဖြစ်လာစေရန် ဖြစ်သည်။ တစ်ဖက်တွင် ဤအပျက်သဘောဆောင်သောအရာများကို ပိုင်းခြားသိမြင်ရန် လုပ်ဆောင်ခြင်းသည် လူတို့၏ အပြုအမူနှင့် ကျင့်ကြံမှုအပေါ် ပြုပြင်တည့်မတ်ပေးသော သက်ရောက်မှုကိုရှိစေသည်မှာ ဖြစ်ရပ်များ၊ အကြောင်းအရာများအပေါ် လူတို့၏ မှားယွင်းသော စိတ်ကူးများ၊ အမြင်များ၊ သဘောထားများကို ပြုပြင်တည့်မတ်ပေးနိုင်သည်အထိဖြစ်သည်။ ထို့အပြင် ယင်း၏ အပြုသဘောဆောင်သော အပိုင်းတွင် လူများ၊ အမှုအရာများအပေါ် လူတို့၏ အမြင်များ၊ လူတို့၏ ကျင့်ကြံဆောင်ရွက်မှုများနှင့်ပတ်သက်လျှင် လူတို့အား မှန်ကန်သော နည်းလမ်းများနှင့် စည်းစနစ်များအပြင် တိကျသော လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကိုပါ ခံယူစေနိုင်သည်။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် သက်ဆိုင်သော ဤအဆိုအမိန့်များကို မိတ်သဟာယဖွဲ့ခြင်း၊ ပိုင်းခြားစိစစ်ခြင်း၏ ရည်ရွယ်ချက်နှင့် ရည်ရွယ်သော သက်ရောက်မှုဖြစ်သည်။

ယခုတွင် တရုတ်ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် အဆိုအမိန့်များကို ငါတို့ နှစ်ကြိမ် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ အခြေခံအားဖြင့် ဤအရာတို့သည် ကြီးမားသော လူမှုဆိုင်ရာ အခြေအနေအတွင်းတွင် ဖြစ်ပေါ်သော လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်ခြင်းအတွက် သတ်မှတ်ချက်များဖြစ်သည်။ တစ်ဦးချင်းအနေအထားတွင် ဤအဆိုအမိန့်များသည် လူတို့၏ အပြုအမူကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး ထိန်းညှိပေးနိုင်သည်။ ပို၍ကြီးသောရှုထောင့်မှ ကြည့်လျှင် ဤအဆိုအမိန့်များသည် ကောင်းမွန်သောလူမှုစိတ်ဓာတ်ကို ဖန်တီးရန်ရည်ရွယ်ပြီး အုပ်ချုပ်သူများအနေဖြင့် လူတို့အား ပို၍ကောင်းစွာ အုပ်ချုပ်စေနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်မှာလည်း မှန်သည်။ လူတို့သည် ကိုယ်ပိုင်အယူအဆများရှိလျှင်၊ လွတ်လပ်စွာ စဉ်းစားနိုင်လျှင်၊ ကိုယ်ပိုင် ကျင့်ကြံမှုဆိုင်ရာ ကိုယ်ကျင့်တရားစံနှုန်းများကို ရှာဖွေနိုင်လျှင်၊ သို့မဟုတ် ကိုယ်ပိုင်ထင်မြင်ချက်များကို ဖော်ပြနိုင်လျှင်၊ ကိုယ်ပိုင်အယူအဆများဖြင့် အသက်ရှင်နိုင်လျှင်၊ ၎င်းတို့က သင့်တော်သည်ဟု မြင်သည့်အတိုင်း ကျင့်ကြံပြုမူနိုင်လျှင်၊ အမှုအရာများ၊ လူများ၊ ၎င်းတို့၏ လူ့အဖွဲ့အစည်း၊ ၎င်းတို့နေထိုင်သည့် နိုင်ငံအပေါ် ကိုယ်ပိုင်နည်းလမ်းဖြင့် သဘောထားမှတ်ယူလျက် ကျင့်သုံးနိုင်လျှင် ဤသည်မှာ အုပ်ချုပ်သူများအတွက် ကောင်းသောအရာ၊ သို့မဟုတ် ကောင်းသောလက္ခဏာမဟုတ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အုပ်ချုပ်သူများ၏ အုပ်စိုးသည့်ရာထူးကို တိုက်ရိုက် ခြိမ်းခြောက်သောကြောင့်ဖြစ်သည်။ အကျဉ်းချုပ်ဆိုရလျှင် အခြေခံအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် ဤအဆိုအမိန့်များသည် ကိုယ်ကျင့်တရားနှင့်အညီနေထိုင်ဖို့ ပြောဆိုသူများ၊ အတွေးအခေါ်သမားများ၊ ပညာရှင်များဟု ခေါ်ဆိုသောသူများက အုပ်ချုပ်သူများအား အထောက်အကူပြုရန်အတွက် ဤအတွေးများ၊ သဘောတရားများအပြင် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကိုပင် အသုံးပြုနိုင်ကြောင်းကို ပြရန်ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်သူများကို စိတ်ကျေနပ်စေရန်နှင့် လိုက်လျောရန် နည်းလမ်းတစ်ခုအနေဖြင့် အဆိုပြုကြခြင်းဖြစ်သည်။ ဤသည်မှာ အခြေခံအားဖြင့် ငါတို့ မိတ်သဟာယပြုခဲ့သည့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သော ဤအဆိုအမိန့်အားလုံး၏ သဘောသဘာဝဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့ကြားရှိ သဘောထားကွဲလွဲမှုများကို လျှော့ချရန်၊ လူတို့၏ ဆက်ဆံရေးများကို သဟဇာတဖြစ်စေရန်၊ ငြိမ်သက်အေးချမ်းမှု ပေါက်ဖွားစေရန်အတွက် အနည်းငယ်ပို၍ ကောင်းသည်၊ ပို၍ အပြုသဘောဆောင်သည်၊ ပို၍ မြင့်မြတ်သည်ဟု လူတို့ထင်သော ကိုယ်ကျင့်တရားနယ်ပယ်အတွင်းသို့ လူတို့၏ အတွေးများ၊ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် အမှုအရာများအပေါ် အမြင်များကို ကန့်သတ်ရန်ထက် မပိုပေ။ ဤနည်းအားဖြင့် လူတို့အပေါ် အုပ်ချုပ်သူများ၏ အုပ်စိုးမှုအတွက် အကျိုးဖြစ်စေရန်၊ ထို့အပြင် အုပ်ချုပ်သူလူတန်းစား၏ အဆင့်အတန်းကို ခိုင်မာစေရန်၊ လူမှုဆိုင်ရာ သဟဇာတဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်။ ဤသို့ဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုများ၏ စံနှုန်းများကို လမ်းဖွင့်ပေး ဤလူတို့သည် အုပ်ချုပ်သူလူတန်းစား၏ တန်ဖိုးထားပြီး အရေးကြီးသောရာထူးများကို ချပေးခံရဖို့ဖြစ်သည့် ၎င်းတို့၏ ဆန္ဒအားလုံးကို ပြည့်ဝကြပေသည်။ ဤသည်မှာ ၎င်းတို့ အလွန်ပင် ဆန္ဒပြင်းပြသည့်၊ မျှော်လင့်သည့် အသက်မွေးလမ်းကြောင်းပင်ဖြစ်သည်။ ရာထူးကြီးသည့် အရာရှိများမဖြစ်နိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ၎င်းတို့အား နောင်လာမည့်မျိုးဆက်များက အသိအမှတ်ပြုပြီး သမိုင်းတွင်ကျန်ရစ်မည်ဖြစ်သည်။ စဉ်းစားကြည့်လော့။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များကို အဆိုပြုခဲ့ကြသည့် မည်သူ့ကို ဤလူ့အဖွဲ့အစည်းက မကြည်ညိုဘဲ ရှိသနည်း။ မည်သူက လူသားမျိုးနွယ်၏ လေးစားခြင်းကို မခံရဘဲ ရှိသနည်း။ ယခုခေတ်တွင်ပင် တရုတ်လူမျိုးများကြားတွင် ကွန်ဖြူးရှပ်၊ မန်စီးယပ်၊ လောင်ကျီ၊ ဟန်ဖေးကျီတို့ကဲ့သို့သော အတွေးအခေါ်သမားများ၊ ပညာရှင်များ၊ ကိုယ်ကျင့်တရားနှင့်အညီ နေထိုင်ဖို့ ပြောဆိုသူများ ဆိုသည့်သူများက အများလက်ခံခြင်း၊ အထင်ကြီးလေးစားခြင်း၊ ကြည်ညိုခြင်းတို့ကို အဓွန့်ရှည်ကြာစွာ ခံကြရသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအပေါ် အကန့်အသတ်ရှိသော အဆိုအမိန့်အချို့ကို ငါတို့ စာရင်းပြုစုခဲ့သည်မှာ မှန်သည်။ ပြီးလျှင် ဖော်ပြထားသော ဥပမာများသည် အမျိုးအစားတစ်ရပ်ကို ကိုယ်စားပြုနိုင်သောအရာအချို့မျှသာဖြစ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များသည် လူများစွာထံမှ လာခြင်းဖြစ်သော်လည်း ဤအထင်ကရများဟုဆိုသောသူများက ထောက်ခံသည့် အယူအဆများ၊ အမြင်များသည် အုပ်ချုပ်သူများ၊ အုပ်ချုပ်သူလူတန်းစားများ၏ ဆန္ဒနှင့် လုံးဝ ကိုက်ညီသည်။ ပြီးလျှင် ၎င်းတို့၏ အုပ်ချုပ်ပုံ အယူအဆများနှင့် အဓိက အယူအဆများမှာ တူညီသည်။ လူသားတို့အနေဖြင့် ကောင်းစွာပြုမူပြီး လူ့အဖွဲ့အစည်းနှင့် ၎င်းတို့၏ နိုင်ငံကို အနွံအနာခံစွာ ကူညီပံ့ပိုးပေးရန်၊ ၎င်းတို့၏ ရောင်းရင်းမိတ်ဆွေများကြားတွင် အနွံအနာခံစွာ အသက်ရှင်ရန်အတွက် လိုက်နာဖို့ရာ ကျင့်ကြံခြင်း၊ ဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သော ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက်များကို ဖော်ထုတ်ခြင်းဖြစ်သည်။ ယင်းမှာ အဓိကအချက်သာ ဖြစ်ပေတော့သည်။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များသည် မည်သည့်မင်းဆက်၊ မည်သည့်လူထံမှ စတင်ဖြစ်ပေါ်သည်ဖြစ်စေ ၎င်းတို့၏ အယူအဆများ၊ အမြင်များသည် တူညီသော ရည်ရွယ်ချက်ရှိသည်။ အုပ်ချုပ်သူလူတန်းစားကို အထောက်အကူပြုရန်၊ လူသားမျိုးနွယ်ကို အထင်မြင်မှားစေပြီး ထိန်းချုပ်ရန်ဖြစ်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော အဆိုအမိန့်ရှစ်ခုကို ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤအဆိုအမိန့်ရှစ်ခု၏ သဘောသဘာဝမှာ အခြေခံအားဖြင့် လူတို့အနေဖြင့် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် ကိုယ်ပိုင်စိတ်ဆန္ဒများကို စွန့်လွှတ်ပြီး ယင်းအစား လူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် မိမိ၏ နိုင်ငံကို အစေခံကာ ကိုယ်ကျိုးမငဲ့ခြင်းကို ရရှိစေဖို့ သတ်မှတ်ချက်ဖြစ်သည်။ ဥပမာ “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည်တို့ကဲ့သို့သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအကြောင်း အဆိုအမိန့်များကို မည်သည့်အုပ်စုက အဆိုပြုပါစေ ဤအရာအားလုံးက လူတို့အား မိမိကိုယ်ကို ချုပ်တည်းမှုအား ကျင့်သုံးရန်၊ မိမိ၏ ကိုယ်ပိုင်ဆန္ဒနှင့် ကိုယ်ကျင့်တရားနှင့် မညီသော ပြုမူဆောင်ရွက်မှုတို့ကို ချုပ်တည်းရန်၊ အလေးထားလက်ခံနိုင်ဖွယ် သဘောတရားဆိုင်ရာ၊ ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များကို ကိုင်စွဲရန် တောင်းဆိုထားသည်။ ဤအဆိုအမိန့်များသည် လူသားမျိုးနွယ်အား မည်မျှ လွှမ်းမိုးပါစေ၊ ထိုလွှမ်းမိုးမှုသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ဤကိုယ်ကျင့်တရားနှင့်အညီနေထိုင်ဖို့ ပြောဆိုသူများဟူသောသူတို့၏ ရည်ရွယ်ချက်သည် လိုရင်းကိုပြောရလျှင် ဤသို့သော အဆိုအမိန့်များကို အဆိုပြုပြီး လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုကို ကန့်သတ်ပြီး ထိန်းညှိပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မည်သို့ ကျင့်ကြံလုပ်ဆောင်သင့်သည်၊ လူများ၊ အမှုအရာများကို မည်သို့ ရှုမြင်သင့်သည်၊ မိမိတို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံကို မည်သို့ ရှုမြင်သင့်သည်ဆိုသည်တို့နှင့် ပတ်သက်ပြီး အခြေခံစံသတ်မှတ်ချက်ရှိမည်ဖြစ်သည်။ အပြုသဘောအနေနှင့် ကြည့်လျှင် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များကို ဖန်တီးခြင်းသည် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအား ကန့်သတ်ပြီး ထိန်းညှိသည့်နေရာတွင် ကဏ္ဍတစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ ပါဝင်သည်။ သို့သော် အရှိအတိုင်းဖြစ်သော အချက်အလက်များကို ကြည့်လျှင် ယင်းသည် လူတို့အား မရိုးသားသော၊ ဟန်ဆောင်သောအတွေးအမြင်များကို လက်ခံယုံကြည်စေပြီး ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်း၊ စွဲမှတ်အောင်သွန်သင်ခြင်းခံရသောသူတို့ကို ပို၍ ဒုက္ခပေးရန်၊ ပို၍ လှည့်ဖြားစေရန်၊ ဟန်ဆောင်ရာတွင် ပို၍ကျွမ်းကျင်စေရန်နှင့် ၎င်းတို့၏ စဉ်းစားတွေးခေါ်မှုတွင် ပို၍ ဘောင်ကျဉ်းစေရန် လုပ်ဆောင်သည်။ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုနှင့် စွဲမှတ်အောင် သွန်သင်မှုကြောင့် လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤမှားယွင်းသောအမြင်များ၊ အဆိုအမိန့်များကို အပြုသဘောဆောင်သောအရာများအဖြစ် တဖြည်းဖြည်းချင်းခံယူလာကြပြီး လူတို့အား အထင်မြင်မှားစေသော ဤအထင်ကရများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များကို သန့်ရှင်းသူများအဖြစ် ကိုးကွယ်ကြသည်။ လူတို့သည် အထင်မြင်မှားအောင်ပြုလုပ်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်များသည် မရေမရာဖြစ်ပြီး ထုံထိုင်းကာ တုံးအလာကြသည်။ သာမန်လူ့သဘာဝက မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် သာမန်လူ့သဘာဝရှိသောလူများက မည်သည့်အရာကို လိုက်စားပြီး လိုက်နာသင့်သည်ကို မသိကြပေ။ လူတို့သည် လူသားဖြစ်တည်မှု၏ သင့်တင့်လျောက်ပတ်သော ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သိဖို့မဆိုထားနှင့်၊ ဤကမ္ဘာတွင် မည်သို့ အသက်ရှင်သင့်သည်၊ သို့မဟုတ် မည်သို့သော ဖြစ်တည်မှုပုံစံမျိုး၊ သို့မဟုတ် စည်းမျဉ်းမျိုးကို ခံယူသင့်သည်ကိုပင် မသိကြပေ။ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှု၊ စွဲမှတ်အောင်သွန်သင်မှုတို့အပြင် ဘောင်ခတ်ခြင်းကြောင့် ဘုရားသခင်ထံမှ အပြုသဘောဆောင်သောအရာများ၊ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများသည် ဖိနှိပ်ခြင်းခံရသည်။ ဤပုံစံဖြင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော အဆိုအမိန့်များသည် ကြီးမားသော အတိုင်းအတာတစ်ခုအထိ လူတို့၏ စဉ်းစားပုံကို အလွန်အမင်း လှည့်စားကာ လွှမ်းမိုးခဲ့ပြီး လူတို့၏ အတွေးများကို ဘောင်ခတ်၍ လူတို့အား လမ်းလွဲစေပြီး အသက်တာတွင်ရှိသော မှန်ကန်သည့်လမ်းကြောင်း၏ အဝေးသို့ ရောက်ရှိစေကာ ဘုရားသခင်၏ သတ်မှတ်ချက်များဖြင့် ပိုပို၍ ဝေးကွာစေသည်။ ဤသည်မှာ သင်သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော အယူအဆများ၊ အမြင်များ၏ လွှမ်းမိုးခြင်းကို နက်နဲစွာ ခံရလေလေ၊ ထိုအရာများ၏ စွဲမှတ်အောင် သွန်သင်ခြင်းကို ကြာရှည်စွာ ခံရလေလေဖြစ်ပြီး သာမန်လူ့သဘာဝရှိသောလူတို့တွင် ရှိသင့်သည့် အတွေးများ၊ ရည်မှန်းချက်များ၊ လိုက်စားရန် ပန်းတိုင်နှင့် စည်းမျဉ်းများထံမှ ပို၍ လမ်းလွဲလေလေ၊ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသော စံနှုန်းဖြင့် လမ်းလွဲလေလေဖြစ်သည်။ ရိုးရာယဉ်ကျေးမှုမှ ဤအယူအဆများ၏ ကူးစက်ခြင်း၊ အယူဝါဒ သွတ်သွင်းခံရခြင်း၊ စွဲမှတ်အောင် သွန်သင်ခံရပြီးသည့်နောက်တွင် လူတို့သည် ထိုအရာတို့ကို စံသတ်မှတ်ချက်များအဖြစ် ခံယူပြီး သမ္မာတရားအဖြစ်ပင် မှတ်ယူကြသည့်အပြင် လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူရန် စံအဖြစ် မှတ်ယူကြလေသည်။ ဤအရာများက မှန်ကန်သလော၊ မမှန်ကန်သလောဆိုသည်ကို လူတို့က စဉ်းစားခြင်း၊ သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့သကဲ့သို့ ၎င်းတို့ မည်သို့အသက်ရှင်သင့်သည်ဆိုသည်နှင့်ပတ်သက်ပြီး စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များကို ကျော်လွန်၍လည်း မစဉ်းစားကြတော့ပေ။ လူတို့သည် ယင်းကို မသိသကဲ့သို့ စဉ်းစားခြင်းလည်းမရှိပေ။ အဘယ်ကြောင့် မစဉ်းစားကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ အတွေးများသည် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကို ဟောကြားသော ဤကိုယ်ကျင့်တရားဆိုင်ရာ ကျမ်းချက်များဖြင့် ပြည့်နေပြီး နေရာယူနေခြင်းကြောင့်ဖြစ်သည်။ လူများစွာတို့သည် စစ်မှန်သော ဘုရားကို ယုံကြည်ပြီး ကျမ်းစာကို ဖတ်သော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့မှ အရင်းခံသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အဆိုအမိန့်များစွာနှင့် ရောထွေးနေကြဆဲဖြစ်သည်။ အချို့လူတို့သည် ရိုးရာယဉ်ကျေးမှုရှိ ဤအဆိုအမိန့်များစွာကို အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်သည့် ကျမ်းချက်များအဖြစ်ပင် မှတ်ယူပြီး သမ္မာတရားအဖြစ် လက်ဆင့်ကမ်းပေးကာ ယင်းတို့ကို ဟောကြားပြီး အားပေးကြသည်မှာ အခြားလူများအား နည်းပြညွှန်ကြားပေးသည့် နည်းလမ်းအဖြစ် ယင်းတို့ကို ကိုးကားသည်အထိပင် လုပ်ဆောင်ကြသည်။ ဤသည်မှာ အလွန်အရေးကြီးသော ပြဿနာဖြစ်သည်။ ဤအရာသည် ဘုရားသခင် မမြင်လိုသည့်အရာ၊ ဘုရားသခင်အား စက်ဆုပ်စေသည့်အရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသူအားလုံးသည် ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် အရာများကို ရှင်းလင်းစွာ ထိုးထွင်းမြင်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်သလော။ သေချာပေါက် မမြင်နိုင်ပေ။ ရိုးရာယဉ်ကျေးမှုကို အလွန်ပင် ကိုးကွယ်ပြီး ထောက်ခံလျက်ရှိနေသော လူအချို့ရှိရမည်။ ဤဆိုးယုတ်သော အဆိပ်များကို နှံ့စပ်စွာ ရှင်းလင်းမပစ်လျှင် လူတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီးရရှိရန် ခက်ခဲလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသောသူများသည် အချက်တစ်ချက်ကို ထိုးထွင်းမြင်ရမည်။ ဘုရားနှုတ်ကပတ်တော်သည် ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာတရားသည် သမ္မာတရားဖြစ်သည်။ လူသားစကားသည် လူသားစကားဖြစ်သည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့သည် လူသားစကားများဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် လူသားစကားဖြစ်သည်။ လူသားစကားသည် မည်သည့်အခါမျှ သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားဖြစ်လာမည်လည်း မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အတွေးအမြင်များတွင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကို မည်မျှ စံထားပါစေ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်ကို အစားမထိုးနိုင်ပေ။ ဤသို့သောစံနှုန်းများကို မည်မျှမှန်ကန်ကြောင်း စစ်ဆေးကာ အတည်ပြုပြီးဖြစ်ပါစေ ထောင်သောင်းချီသော လူသားဖြစ်တည်မှုနှစ်ကာလ တစ်လျှောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ဖြင့် ရောထွေးဖို့ မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်ဖြစ်မလာနိုင်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို အစားမထိုးနိုင်ပေ။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းနှင့်ပတ်သက်သော အဆိုအမိန့်များက လူတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီလျှင်ပင် ယင်းတို့ကို သမ္မာတရားဟု ခေါ်ဆိုဖို့ မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်ပင် မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်ကိုလည်း အစားမထိုးနိုင်ပေ။ ရိုးရာယဉ်ကျေးမှုရှိ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့် သက်ဆိုင်သော အဆိုအမိန့်များနှင့် သတ်မှတ်ချက်များသည် လူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်သူလူတန်းစားတို့ကိုသာ အကျိုးပြုသည်။ ဤအဆိုအမိန့်များနှင့် သတ်မှတ်ချက်များသည် ပိုမိုကောင်းမွန်သော လူမှုစိတ်ဓာတ်ကို ရရှိရန်အတွက် လူတို့၏ အပြုအမူကို ကန့်သတ်ထိန်းညှိရန်သာ ရည်ရွယ်သည်။ အုပ်ချုပ်သူလူတန်းစား၏ ဩဇာအာဏာကို တည်ငြိမ်စေရန် ထောက်ကူသောအရာဖြစ်သည်။ ပင်ကိုအားဖြင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း စံနှုန်းများကို သင်မည်မျှ ကောင်းစွာ လိုက်နာပါစေ သမ္မာတရားကို သင်နားလည်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည် မဟုတ်သကဲ့သို့ အဆုံးတွင် လက်ခံနိုင်ဖွယ်ရှိသော ဖန်ဆင်းခံလည်းဖြစ်မည်မဟုတ်ပေ။ ဤအရာများကို သင်မည်မျှ ကောင်းစွာ လိုက်နာပါစေ သမ္မာတရားကို နားမလည်လျှင် လက်ခံနိုင်လောက်သည့် စံနှုန်းအထိ သင်၏ တာဝန်ကို မထမ်းဆောင်နိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်၏ အမြင်၌ သင်သည် မည်သို့ဖြစ်မည်နည်း။ သင်သည် ဘာသာတရားမရှိသူဖြစ်ပြီး စာတန်က ပိုင်ဆိုင်နေဆဲဖြစ်သည်။ ထူးခြားသော ကိုယ်ကျင့်တရားဆိုင်ရာ အရည်အသွေးနှင့် မြင့်မြတ်သော ကျင့်ဝတ်ရှိသည်ဆိုသော သူတစ်ယောက်သည် သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသလော။ သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်နိုင်သလော။ လုံးဝ မလိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူ ကိုးကွယ်သည့်အရာမှာ စာတန်၊ နတ်ဆိုးများ၊ သူတော်စင် အယောင်ဆောင်ထားသောသူများ၊ သန့်ရှင်းသူ အယောင်ဆောင်ထားသောသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သူ၏ ရိုးတွင်းချဉ်ဆီအတွင်းထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်၏ ရန်သူများဖြစ်ရမည်။ စာတန်များနှင့် နတ်ဆိုးကို ကိုးကွယ်သူများသည် မာနအထောင်လွှားဆုံး၊ စိတ်ကြီးအဝင်ဆုံး၊ အသိတရားမရှိဆုံးသောသူများဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားပျက်သူများဖြစ်သည်။ ၎င်းတို့၏ အရိုးများသည် ဆိုးယုတ်သော အဆိပ်များ၊ ဆိုးယုတ်သော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများဖြင့် ပြည့်နေသည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မျက်လုံးများသည် နီရဲလာပြီး ဒေါသဖြင့် ပြည့်နှက်ကာ နတ်ဆိုး၏ အကျည်းတန်သောမျက်နှာကို ဖွင့်ပြကြသည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုကို ကြည်ညိုပြီး စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကဲ့သို့သော ရိုးရာအတွေးမှားများကို မစဉ်းမစား ယုံကြည်သည့်သူ မည်သူမဆိုသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ အသိတရားကို လုံးဝ မပိုင်ဆိုင်ကြပေ။ သမ္မာတရားကိုလည်း လုံးဝ လက်ခံမည်မဟုတ်ပေ။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်ပတ်သက်သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ရိုးရာယဉ်ကျေးမှုနှင့် အဆိုအမိန့်များ၏ အကြောင်းအရာများသည် သမ္မာတရား၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် လုံးဝ မကိုက်ညီပေ။ လူတို့သည် ဤစံနှုန်းများကို မည်မျှစေ့စပ်သေချာစွာ လက်တွေ့လုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်မျှ ထိန်းသိမ်းထားပါစေ သာမန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းဖြင့် မတူညီပေ။ ဤသည်မှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ အမှန်တရားပင် ဖြစ်လေသည်။ ၎င်းတို့သည် ဆိုးယုတ်သော သွန်သင်မှုမျိုးစုံဖြင့် ပြည့်နေသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတို့၏ သဘာဝ အနှစ်သာရဖြစ်လာသည်။ သင်သည် မည်မျှ ကြားကောင်အောင်ပြောပါစေ၊ သင်၏ ဘာသာစကားက မည်မျှ အဆင့်မြင့်ပါစေ၊ သို့မဟုတ် သင်၏ သီအိုရီများက မည်မျှ ကြီးကျယ်ခမ်းနားပါစေ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် သက်ဆိုင်သော ဤရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များကို လက်တွေ့လုပ်ဆောင်၍ မရနိုင်ပေ။ ရိုးရာယဉ်ကျေးမှုရှိ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းများအပေါ်တွင် အခြေခံပြီး သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုချင်းစီကို သင် လိုက်နာလျှင်ပင် သင်သည် အပေါ်ယံ ကောင်းစွာပြုမူနေထိုင်ခြင်းထက် မပိုပေ။ သို့သော် ဘုရားသခင်အား ယုံကြည်ခြင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့အပြင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် အမြင်များနှင့်ပတ်သက်လျှင် ဤရိုးရာယဉ်ကျေးမှု စံနှုန်းများသည် လုံးဝ အရာမရောက်တော့ပေ။ ဤအရာတို့သည် လူတို့၏ တာဝန်ထမ်းဆောင်မှုတွင် ဝတ်ကျေတမ်းကျေဆန်ခြင်းပြဿနာကို ဖြေရှင်းဖို့ မဆိုထားနှင့်၊ သင်၏ ပုန်ကန်မှုကို ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများကို ပြောင်းပြန်မလှန်ပစ်နိုင်ပေ။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ပြုပြင်မပေးနိုင်ပေ။ ဤစံနှုန်းများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော အပြုအမူကို ကန့်သတ်ရာတွင် မည်သည့်နည်းလမ်းနှင့်မျှ လုံးဝ အထောက်အကူမဖြစ်ပေ။ ၎င်းတို့သည် အခြေခံအားဖြင့် လူတို့အား သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်စေရန် လုပ်ဆောင်မပေးနိုင်ပေ။

လူအများစုသည် ဘုရားသခင်အား စတင်ယုံကြည်ခါစအချိန်တွင် ယုံကြည်ခြင်းက အလွန်ရိုးရှင်းသည်ဟု ထင်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းဆိုသည်မှာ စိတ်ရှည်သည်းခံရန် သင်ယူခြင်း၊ လိုလိုလားလားဖြင့် အလှူဒါနပြုခြင်း၊ သူတစ်ပါးတို့ကို ကူညီလိုစိတ်ရှိခြင်း၊ ပြောဆိုပြုမူရာတွင် ချင့်ချိန်စဉ်းစားခြင်း၊ အလွန်မာနမထောင်လွှားခြင်း၊ သို့မဟုတ် သူတစ်ပါးတို့အပေါ် မကြမ်းတမ်းခြင်းကိုဆိုလိုသည်ဟု ထင်ကြသည်။ ၎င်းတို့သည် ဤနည်းဖြင့် လိမ္မာရေးခြားရှိစွာ ပြုမူဆောင်ရွက်လျှင် ဘုရားသခင်က ကျေနပ်လိမ့်မည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြုပြင်ခြင်းကို ခံရမည်မဟုတ်ဟု ခံစားမိကြသည်။ ၎င်းတို့က ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် အစေခံလျှင် လူစားထိုးခံရမည်မဟုတ်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်း ခံရမည်မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းရရှိရန် အာမခံချက်ရှိသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ်ပင် ထိုမျှ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) ဤအမြင်ကို ကိုင်စွဲသော လူအရေအတွက်မှာ မနည်းပေ။ သို့သော် အဆုံးတွင် ၎င်းတို့၏ အယူအဆများ၊ အမြင်များနှင့် အသက်တာတွင် လိမ္မာရေးခြားရှိစွာ ပြုမူဆောင်ရွက်သည့် ပုံစံတို့အားလုံးသည် ကျရှုံးမှုနှင့် အဆုံးသတ်ရသည်။ အဆုံးတွင် ကိုယ့်နေရာကိုယ် မသိသူအချို့သည် စာကြောင်းတစ်ကြောင်းဖြင့် အရာအားလုံးကို အနှစ်ချုပ်ကြသည်။ “ငါက လူဖြစ်ရှုံးတာပဲ” ဟူ၍ ဖြစ်သည်။ ၎င်းတို့က လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းဆိုသည်မှာ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းများကို လိုက်နာခြင်းဖြစ်သည်ဟု ဆိုလိုသည်ဟူ၍ ထင်ကြသည်။ သို့သော် ယင်းကို လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းဟု ခေါ်ဆိုနိုင်သလော။ ဤသည်မှာ လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းမဟုတ်ပေ။ ယင်းသည် မကောင်းဆိုးဝါး၏ ကျင့်ကြံပြုမူခြင်းဖြစ်သည်။ “ငါက လူဖြစ်ရှုံးတာပဲ” ဟု ပြောသောသူများအား ငါက သင်သည် လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခဲ့သလောဟူ၍ မေးမည်။ သင်သည် လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းပင် မရှိပေ။ ဤသို့ဆိုလျှင် “ငါက လူဖြစ်ရှုံးတာပဲ” ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ဤသည်မှာ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကဲ့သို့သော ရိုးရာယဉ်ကျေးမှုစံနှုန်းများ၏ အကျိုးအာနိသင်က လူတို့အပေါ် မသက်ရောက်နိုင်ခြင်းဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ မကျင့်ကြံမပြုမူနိုင်ခြင်းမဟုတ်ပေ။ လူတို့သည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းကဲ့သို့သော အရာများသည် လုံးဝ အကျိုးမပြုဘဲ အသုံးမဝင်တော့ပေ။ လူတို့သည် အဆုံး၌ အလွန်လျင်မြန်စွာဖြင့် ကောက်ချက်ချကြသည်။ “ဪ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနဲ့ ယုံကြည်ထိုက်ခြင်းတို့က အလုပ်မဖြစ်ဘူး။ လိမ္မာရေးခြားရှိရှိ ကျင့်ကြံပြုမူတာက ရိုးရှင်းတယ်၊ ဘုရားကို ယုံကြည်တာကလည်း အရမ်းရိုးရှင်းပြီး ဒီလောက် မရှုပ်ထွေးဘူးလို့ ထင်ခဲ့ဖူးတယ်။ ဘုရားကို ယုံကြည်တာကို ပေါ့ပျက်ပျက်လုပ်နေတယ်ဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်” ဟူ၍ ဖြစ်သည်။ တရားဒေသနာများကို ကြာမြင့်စွာ နားထောင်ပြီးနောက် လူတို့သည် သမ္မာတရားကို နားမလည်လျှင် အဆင်ပြေမည်မဟုတ်ဟု နောက်ဆုံးတွင် ၎င်းတို့ သဘောပေါက်ကြသည်။ လူတို့သည် သမ္မာတရား၏ အချို့နယ်ပယ်တို့ကို နားမလည်လျှင် ၎င်းတို့သည် ထိုနယ်ပယ်တွင် အမှားများလုပ်နိုင်ခြေရှိပြီး ကျရှုံးရန်၊ တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရရန် ဖြစ်နိုင်ခြေရှိသည်။ မှန်ကန်သည်၊ ကောင်းသည်၊ အပြုသဘောဆောင်သည်၊ မြင့်မြတ်သည်ဟု ၎င်းတို့ ယခင်က ယုံကြည်ခဲ့သော ထိုအရာများသည် သေးနုပ်သွားပြီး သမ္မာတရား၏ ရှေ့မှောက်တွင် တန်ဖိုးမဲ့သွားသည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်ပတ်သက်သော အမျိုးမျိုးသော အဆိုအမိန့်အားလုံးသည် လူတို့၏ အတွေးအမြင်များအပြင် လူတို့၏ အရေးကိစ္စများကို ဆောင်ရွက်သည့် နည်းလမ်းပုံစံတို့အပေါ်လည်း လွှမ်းမိုးမှုအချို့ရှိသည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု မပါဝင်ခဲ့လျှင်၊ လူသားမျိုးနွယ်က စာတန်၏ အာဏာအောက်၌ ယခုပုံစံအတိုင်းဆက်၍ အသက်ရှင်လျှင် အတော်အတန် အပြုသဘောဆောင်သည့်အရာများဖြစ်သော စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့သည် လူတို့၏ အတွေးအခေါ်၊ လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်တို့တွင် အသေးစား အပြုသဘောဆောင်သော ကဏ္ဍအဖြစ် ရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် ဤအရာတို့သည် လူများအား မကောင်းမှုကျူးလွန်ရန်၊ လူသတ်ရန်၊ မီးရှို့ရန်၊ သို့မဟုတ် မုဒိမ်းကျင့်ခြင်း၊ တိုက်ခိုက်လုယက်ခြင်းတို့ကို စတင်လုပ်ဆောင်ရန် မလှုံ့ဆော်ပေ။ သို့ရာတွင် လူတို့ကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်လျှင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ဖြစ်သော ဤအရာများထဲမှ မည်သည့်အရာကမျှ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးအပ်လိုသော သမ္မာတရား၊ လမ်းခရီး၊ သို့မဟုတ် အသက်တို့နှင့် မသက်ဆိုင်ပေ။ ထိုမျှသာ မဟုတ်ပေ။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းများက ထောက်ခံသော အမျိုးမျိုးသော အယူအဆများ၊ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအပေါ် ၎င်းတို့ ထားရှိသည့် သတ်မှတ်ချက်များ၊ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအပေါ် ၎င်းတို့၏ လွှမ်းမိုးမှုနှင့် ကန့်သတ်မှုများတို့ကို ကြည့်လျှင် မည်သည့်အရာကမျှ လူတို့အား ဘုရားသခင်ဆီသို့ ပြန်လည် လမ်းပြခေါ်ဆောင်ခြင်း၊ သို့မဟုတ် လူတို့အား အသက်တာတွင် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ခြင်းတွင် ကဏ္ဍတစ်ခုအဖြစ် မပါဝင်ပေ။ ယင်းအစား ၎င်းတို့သည် လူတို့အား သမ္မာတရားကို လိုက်စားပြီး လက်ခံခြင်းမှ တားဆီးသည့် အကြီးအစား အဟန့်အတားများဖြစ်လာသည်။ ငါတို့ ယခင်က မိတ်သဟာယပြုပြီး ပိုင်းခြားစိစစ်ခဲ့သည့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သော အဆိုအမိန့်များမှာ သင် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်၊ သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ၊ သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ၊ အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ၊ တစ်လုတ်စားဖူး သူ့ကျေးဇူး၊ အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ၊ အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်၊ ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့် ဆိုသည်တို့ဖြစ်သည်။ အခြေခံအားဖြင့် ဤအရာတို့ကို မိတ်သဟာယတွင် ငါတို့ ရှင်းပြပြောဆိုခဲ့ပြီးဖြစ်သည်။ လူတိုင်းက အနည်းဆုံးအနေဖြင့် ဤအရာတို့၏ အကြမ်းဖျင်းအဓိပ္ပာယ်ကို နားလည်သည်။ အမှန်တွင် ဤသို့သော အဆိုအမိန့်များက ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှု၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်ပါစေ ၎င်းတို့သည် လူတို့၏ စဉ်းစားပုံကို ကျဉ်းမြောင်းစေသည်။ သင်သည် ဤသို့သောအရာများကို ခွဲခြားသိမြင်ခြင်းမရှိနိုင်လျှင်၊ ဤအဆိုအမိန့်များ၏ အနှစ်သာရကို ရှင်းလင်းစွာ နားမလည်နိုင်လျှင်၊ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များကို မပြောင်းလဲလျှင် သင်သည် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များကို မစွန့်လွှတ်နိုင်သကဲ့သို့ သင့်အပေါ်တွင်ရှိသော ၎င်းတို့၏ လွှမ်းမိုးမှုကိုလည်း မဖယ်ရှားနိုင်ပေ။ ဤအရာများကို သင် လက်မလွှတ်နိုင်လျှင် သင့်အတွက် ဘုရားသခင်ထံမှ သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်၏ စံသတ်မှတ်ချက်နှင့် လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် ဖန်ဆင်းရှင်၏ အသေးစိတ် သတ်မှတ်ချက်များကို လက်ခံရန် ခက်ခဲလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရား၏ စည်းမျဉ်းနှင့် စံသတ်မှတ်ချက်အဖြစ် လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်။ ဤသည်မှာ ဆိုးဝါးသော ပြဿနာတစ်ခုမဟုတ်လော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။