ကယ်တင်ခြင်းကို ရရှိသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိသူ ဖြစ်သည်

မှန်ကန်သင့်လျော်သော အသင်းတော်အသက်တာ ရှိရန် လိုအပ်ခြင်းကို တရားဒေသနာများတွင် မကြာခဏ ဖော်ပြ‌လေ့ရှိသည်။ သို့ဆိုလျှင် အသင်းတော် အသက်တာသည် မတိုးတက်သေးဘဲ နဂိုပုံစံဟောင်းအတိုင်းသာ ရှိသေးသည်မှာ အဘယ်ကြောင့်နည်း။ လုံးဝဥဿုံအသစ်ဖြစ်ပြီး ကွဲပြားခြားနားသော အသက်တာပုံစံ အဘယ်ကြောင့် ရှိမနေသနည်း။ ၁၉၉၀ ပြည့်လွန်နှစ်များက လူတစ်ယောက်အဖို့ လွန်လေပြီးသော ခေတ်ကာလ၏ ဘုရင်တစ်ပါးသဖွယ် နေထိုင်ခြင်းသည် ပုံမှန်ဖြစ်နိုင်မည်လော။ ယနေ့လူတို့ စားသောက်သည့် အရာများသည် ယခင်ခေတ်များက ကြုံတောင့်ကြုံခဲ မြည်းစမ်းရခဲ့သည့် စားကောင်းသောက်ဖွယ်များ ဖြစ်သော်လည်း၊ အသင်းတော်အသက်တာတွင် အဓိကပြောင်းလဲခြင်းများ မရှိခဲ့ပေ။ ယင်းမှာ ပုလင်းအသစ်များထဲသို့ စပျစ်ရည်ဟောင်းကို ထည့်ခြင်းနှင့် အလားတူနေခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်က များစွာပြောကြားခြင်းသည် အဘယ်မှာ အသုံးဝင်အံ့နည်း။ နေရာအများစုရှိ အသင်းတော်များသည် လုံးဝမပြောင်းလဲကြသေးပေ။ ယင်းကို ငါ့ကိုယ်ပိုင်မျက်လုံးများနှင့်မြင်ပြီး ငါ့နှလုံးသား ထဲတွင် ရှင်းလင်း၏။ ငါကိုယ်တိုင် အသင်းတော်အသက်တာကို ကြုံတွေ့ခံစားဖူးခြင်း မရှိသော်လည်း၊ အသင်းတော် အစည်းအဝေးများ၏ အခြေအနေတို့ကို ငါကောင်းစွာ သိ၏။ သူတို့သည် များစွာတိုးတက်ခြင်း မရှိကြ။ ပုလင်းအသစ်များထဲသို့ စပျစ်ရည်အဟောင်းကို ထည့်ခြင်းနှင့် အလားတူ၏ ဟူသော ဆိုရိုးကို ပြန်လည် သုံးသပ်ရပါဦးမည်။ မည်သည့်အရာမျှ မပြောင်းလဲသေးပေ။ ၎င်းတို့ကို တစ်စုံတစ်ယောက်က လမ်းပြနေသည့်အခါ၊ မီးပမာ လောင်ကျွမ်းသော်လည်း၊ သူတို့ကို ထောက်ပံ့ကူညီသူ တစ်ယောက်မျှ မရှိလျှင်မူ သူတို့သည် ရေခဲတုံးနှင့် အလားတူလေ၏။ လက်တွေ့ကျသော အရာတို့ကို ပြောဆိုနိုင်သူ အများအပြား မရှိသကဲ့သို့၊ ပဲ့ကိုင်နိုင်သူမှာလည်း အလွန်တရာ ရှားပါး၏။ တရားဒေသနာများမှာ မြင့်မြတ်သော်လည်း၊ ဝင်ရောက်မှု တစ်စုံတစ်ရာရရှိထားသူ ရှိခဲ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြတ်နိုးသူ နည်း၏။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စတင်လုပ်ဆောင်သောအခါ၊ မျက်ရည်လည်ကြပြီး ၎င်းကို ဘေးဖယ်ထားသည့်အခါ ရွှင်မြူးဝမ်းမြောက်ကြပြီး၊ ၎င်းထံမှ သူတို့ သွေဖည်သည့် အခါတွင်မူ ပေါ့ပြက်ပြီး အားမာန်ကင်းမဲ့သွားရလေသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တကယ်ကို မြတ်နိုးခြင်းမရှိကြပေ၊ ထို့အပြင် ယနေ့ သူကိုယ်တိုင်၏ နှုတ်မှထွက်ပေါ်လာသော နှုတ်ကပတ်တော်တို့ကို ရတနာတစ်ပါးအဖြစ် သင်တို့ လုံးဝ မမြင်ကြပေ။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်ကို ဖတ်ရှုနေသည့်အခါတွင်၊ စိုးရိမ်ပူပန်လာပြီး အာဂုံဆောင်နေသည့် အခါတွင် ပင်ပန်းသည်ဟု ခံစားကြရကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် ၎င်းသည် ရေတွင်း ရေစုပ်စက်၏ လက်ကိုင်ကို မြင်းမြီးတစ်မျှင်နှင့် ဆွဲ၍လှည့်နှိုးရန် ကြိုးစားသည့်ပမာ ဖြစ်သည်- သင်တို့မည်မျှ ပင်ပန်းခက်ခဲစွာ ကြိုးစားသည်ဖြစ်စေ လုံလောက်သော စွမ်းအင်ကို တိုးမြှင့်နိုင်မည်မဟုတ်ချေ။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုချိန်တွင် အစဉ်အမြဲ အားရှိကြသော်လည်း၊ လက်တွေ့လုပ်ဆောင်ချိန်တွင်မူ မေ့လျော့တတ်ကြ၏။ အမှန်တွင်၊ ဤနှုတ်ကပတ်တော်တို့သည် အလွန် ဒုက္ခသုက္ခခံပြီး ပြောဆိုစရာ၊ အလွန် စိတ်ရှည်စွာ အဖန်တလဲလဲ ပြန်ရွတ်ဆိုစရာ မလိုပေ၊ သို့သော် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ နားထောင်ရုံသာ နားထောင်ကြသည့်အချက်သည် သူ၏အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ငါသည် ယင်းကို စတင် မပြောပြ၍ မဖြစ်၊ ယင်းအကြောင်းကို မပြောဘဲ နေ၍မရပေ။ ငါသည် ထိုသို့ မဖြစ်မနေ လုပ်ဆောင်ရပေသည်။ ယင်းမှာ တစ်ပါးသူတို့၏ အားနည်းချက်များကို ဖော်ထုတ်ခြင်းကို ငါ မွေ့လျော်သည် မဟုတ်။ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုသည် အနည်းနှင့်အများ လုံလောက်သည်ဟု သင်တို့ ထင်သည်- ထုတ်ဖော်ချက်များ အထွတ်အထိပ် ရောက်သည့်အခါ၊ သင်တို့၏ ဝင်ရောက်မှု သည်လည်း အထွတ်အထိပ်တွင် ရှိသလော။ ယင်းသည် ဤမျှရိုးရှင်းသလော။ သင်တို့သည် သင်တို့၏ တွေ့ကြုံမှုများ အခြေခံအားဖြင့် တည်ဆောက်ထားသော အခြေခံအုတ်မြစ်ကို မည်သည့်အခါမျှ ဆန်းစစ်ခြင်း မရှိကြချေ။ ယခုအချိန်မှစ၍ သင်တို့၏ စုဝေးပွဲများကို မှန်ကန်သော အသင်းတော်အသက်တာဟု ခေါ်၍မရသကဲ့သို့၊ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာလည်း မဟုတ်ပေ။ ယင်းသည် စကားစမြည်ပြောခြင်းနှင့် သီချင်းဆိုခြင်းကို မွေ့လျော်ကြသော လူတစ်စု စုဝေးကြခြင်းသာဖြစ်၏။ အတိအကျဆိုရလျှင်၊ ယင်းတွင် လက်တွေ့အရှိတရား သိပ်မရှိပေ။ ပိုမိုရှင်းလင်းအောင် ပြောရမည်ဆိုလျှင် သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက စစ်မှန်မှုဟူသည် အဘယ်မှာနည်း။ သင့်တွင် စစ်မှန်မှုရှိသည်ဟုဆိုရန်မှာ ကြွားဝါခြင်း ဖြစ်သည်မဟုတ်လော။ အမှုကို အစဉ်ပြုသူတို့သည် စိတ်ကြီးဝင်ပြီး မာနထောင်လွှားနေကြသော်လည်း၊ အစဉ် နာခံကြသူတို့မှာမူ လေ့ကျင့်ခြင်းအတွက် မည်သည့်အခွင့်အရေးမျှ မရှိဘဲ ဆိတ်ဆိတ်နေကာ ခေါင်းငုံ့ထားတတ်ကြ၏။ အမှုကိုပြုသူတို့သည် ကြီးကျယ်သော စကားများဖြင့် ကြာရှည်စွာဆက်ကာ ဆွေးနွေးခြင်းမှတစ်ပါး မည်သည့်အရာကိုမှ မလုပ်ကြသကဲ့သို့၊ နောက်လိုက်များက နားထောင်ရုံသာဖြစ်၏။ ပြောပလောက်သော ပြောင်းလဲခြင်းဟူ၍ မရှိပေ။ ဤအရာအားလုံးမှာ အတိတ်ကနည်းလမ်းများသာ ဖြစ်ကြ၏။ ယနေ့တွင် သင်၏ နာခံနိုင်ခြင်းနှင့် သင်စိတ်ရှိတိုင်း နှောင့်ယှက်ရန် သို့မဟုတ် ပြုမူရန် မဝံ့ရဲခြင်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ ရောက်လာခြင်းကြောင့်ဖြစ်၏။ အတွေ့အကြုံများမှတစ်ဆင့် သင် ကြုံရသည်မှာ ပြောင်းလဲခြင်း မဟုတ်ပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ချိုးဖောက်သည့် အရာအချို့ကို သင့်အနေဖြင့် ယနေ့ မပြုလုပ်ဝံ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိပြီး လူတို့ကို သိမ်းပိုက်ပြီးဖြစ်သောကြောင့် ဖြစ်၏။ တစ်စုံတစ်ယောက်သောသူကို ငါမေးမည်- ယနေ့ သင်၏ အောင်မြင်မှု မည်မျှသည် သင်၏ ကြိုးစားလုပ်ဆောင်မှု၏ချွေးဖြင့် ရရှိခဲ့သနည်း။ ယင်း၏ အဘယ်မျှကို သင့်အား ဘုရားသခင်က တိုက်ရိုက်ပြောပြခဲ့သနည်း။ သင်မည်သို့ဖြေမည်နည်း။ သင့်အနေဖြင့် မှင်တက်အံ့အားသင့်ကာ အာစေးမိမည်လော။ အခြားသူတို့က သင့်အား အာဟာရပေးရန် ၎င်းတို့၏ တကယ့် အတွေ့အကြုံများစွာတို့ကို ပြောပြနိုင်သော်လည်း၊ သင်ကမူ အခြားသူများ ချက်ပြုတ်ပြီးသည့် အစာတို့ကို အလွယ်တကူ မွေ့လျော်သည်မှာ အဘယ်ကြောင့်နည်း။ သင်မရှက်သလော။ အများနှင့်စာလျှင် တော်ကြသူများကို ဆန်းစစ်ရင်း အဖြစ်မှန်သိရှိရန် အချက်အလက်မှန် စစ်ဆေးမှုကို သင်တို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ သမ္မာတရား မည်မျှကို သင်နားလည်သနည်း။ နောက်ဆုံးတွင် မည်မျှကို လက်တွေ့လုပ်ဆောင်သနည်း။ မည်သူ့ကို သင် သာ၍ ချစ်သနည်း၊ ဘုရားသခင်ကိုလော၊ သင့်ကိုယ်သင်လော။ သင်သည် သာ၍ မကြာခဏ ပေးသလော၊ သာ၍ မကြာခဏ ရယူသလော။ သင်၏ ရည်ရွယ်ချက် မှားယွင်းခဲ့သည့်အချိန်အခါ မည်မျှတွင် သင်သည် သင်၏ဇာတိဟောင်းကို စွန့်လွှတ်ပြီး ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေသနည်း။ ဤမေးခွန်းအနည်းငယ်မျှသည် လူများစွာကို ခေါင်းရှုပ်စေလိမ့်မည်။ လူအများစုအတွက် သူတို့၏ ရည်ရွယ်ချက် မှားယွင်းနေသည်ကို သဘောပေါက်လျှင်ပင် သိသိကြီးနှင့် အမှားကို ဆက်လုပ်ကြသေးပြီး၊ သူတို့ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ခြင်း ရှိကိုမရှိကြပေ။ လူအများစုသည် အပြစ်အား သူတို့၏ လုပ်ဆောင်မှုတိုင်းကို လမ်းညွှန်ခွင့်ပေးလျက်၊ အပြစ်ကို သူတို့ကိုယ်တွင်း၌ ထကြွသောင်းကျန်းစေ၏။ သူတို့သည် သူတို့၏ အပြစ်များကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိသကဲ့သို့၊ အပြစ်ထဲ၌ ဆက်လက် အသက်ရှင်ကြ၏။ ဤလက်ရှိအခြေအနေသို့ ရောက်ရှိပြီးနောက်၊ မည်သူသည် ဆိုးယုတ်သောအမှုများ မည်မျှပြုလုပ်ခဲ့ပြီး ဖြစ်သည်ကို မသိဘဲနေမည်နည်း။ အကယ်၍ သင်မသိဟုဆိုလျှင် ဤသည်မှာ သင်သည် ဇွတ်မှိတ်လိမ်နေခြင်းသာဖြစ်၏။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဤသည်မှာ သင်၏ ဇာတိဟောင်းကို စွန့်လွှတ်ရန် ဆန္ဒမရှိခြင်းသာ ဖြစ်၏။ အသုံးမကျသော “နှလုံးသားမှလာသည့်” နောင်တ စကားများစွာကို ပြောခြင်းသည် အဘယ်မှာ အသုံးဝင်အံ့နည်း။ ၎င်းက သင့်အသက်တာတွင် ကြီးထွားဖို့ ကူညီပေးသလော။ သင့်ကိုယ်သင် သိရန်မှာ သင်၏အချိန်ပြည့်အလုပ် ဖြစ်သည်ဟု ဆိုနိုင်၏။ ငါသည် လူတို့ကို ၎င်းတို့၏နာခံခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏အဝတ်များ ဝတ်ဆင်သကဲ့သို့ ကြည့်ကောင်းရန်နှင့် သပ်ရပ်လှပရန်သာ ဝတ်ဆင်ပါက၊ သင်သည် မိမိကိုယ်ကိုယ်နှင့် အခြားသူများကို လှည့်စားနေသည် မဟုတ်လော။ သင့်အနေဖြင့် အပြောသာရှိပြီး လုံးဝ လက်တွေ့လုပ်ဆောင်မှု မရှိလျှင် သင်သည် မည်သည့်အရာကို ရရှိမည်နည်း။

လူများစွာသည် လက်တွေ့လုပ်ဆောင်မှုအကြောင်း အနည်းငယ်ပြောနိုင်ပြီး သူတို့ကိုယ်တိုင်၏ ထင်မြင်ချက်များအကြောင်း ပြောနိုင်ကြသော်လည်း၊ အများစုမှာ အခြားသူတို့၏ စကားများမှ ရရှိသော အလင်းပေးခြင်း ဖြစ်သည်။ ယင်းသည် သူတို့ကိုယ်တိုင်၏ လက်တွေ့လုပ်ဆောင်မှုများမှ မည်သည့်အရာမျှ လုံးဝမပါဝင်သကဲ့သို့၊ သူတို့ကိုယ်တိုင်၏ အတွေ့အကြုံများမှ သိမြင်ရသည့် အရာလည်း မပါဝင်ချေ။ ဤပြဿနာကို အစောကတည်းက ငါ စိတ်ဖြာဆန်းစစ်ပြီး ဖြစ်သည်။ မည်သည့် အရာကိုမျှ ငါမသိဟု မထင်နှင့်။ သင်သည် စက္ကူကျားမျှသာ ဖြစ်သော်လည်း၊ စာတန်ကို သိမ်းပိုက်အနိုင်ယူခြင်းအကြောင်း၊ အောင်မြင်သော သက်သေခံချက်များ သက်သေခံခြင်း အကြောင်းနှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်ခြင်း အကြောင်းတို့ကို ပြောသလော။ ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိပေ။ ယနေ့ ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်အားလုံးသည် သင်လေးစားရန် အတွက် ဖြစ်သည်ဟု သင်ထင်နေသလော။ သင်၏ဇာတိဟောင်းကို စွန့်လွှတ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်၍ သင့်နှုတ်က ပြောဆိုသော်လည်း၊ သင်၏လက်များကမူ အခြားလုပ်ရပ်များကို ဆောင်ရွက်နေပြီး သင်၏စိတ်နှလုံးသည် အခြားသော အကြံအစည်များကို ကြံစည်နေသည်- သင်သည် အဘယ်သို့သော လူစားမျိုးဖြစ်သနည်း။ သင်၏ စိတ်နှလုံးနှင့် လက်တို့သည် အဘယ်ကြောင့် တစ်ခုတည်း မဖြစ်သနည်း။ များလှစွာသော တရားဟောချက်များသည် အချည်းနှီးစကားများ ဖြစ်လာကြပေပြီ။ ဤသည်မှာ နှလုံးကြေကွဲစရာပင် မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ ယင်းက သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသောလမ်းခရီးထဲသို့ မဝင်ရောက်သေးသကဲ့သို့၊ သင့်အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိသေးကြောင်း၊ သူ၏ လမ်းညွှန်မှု သင် မရသေးသည်ကို သက်သေပြပေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရုံသာ နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိဟု ဆိုပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသူဖြစ်၏။ ဤကဲ့သို့သော လူစားမျိုးကို ကယ်တင်ရန် ဘုရားသခင် ကြွလာခြင်း မဟုတ်ပေ။ ယေရှုသည် အပြစ်သားများကို ကယ်တင်ရန်၊ ဆင်းရဲနွမ်းပါးသူများကို ကယ်တင်ရန်နှင့် နှိမ့်ချသူများကို ကယ်တင်ရန် ကားစင်တင်ခံရချိန်တွင် ပြင်းစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရ၏။ သူ၏ ကားစင်တင် သတ်ခံရခြင်းသည် အပြစ်ဖြေရာယဇ်အဖြစ် အသုံးတော်ခံလေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သင်တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားသင့်၏။ ဘုရားသခင်၏ အိမ်တွင် ကပ်ပါးရပ်ပါးအဖြစ် တစ်ရစ်ဝဲဝဲ မနေနှင့်။ များစွာသော လူတို့အနေဖြင့် ဘုရားသခင်ကို အတိအလင်း ဆန့်ကျင်သော လုပ်ရပ်များ ပြုလုပ်နေခြင်းအား ရပ်တန့်ရန် ခက်ခဲသည်ကို တွေ့ရသည်။ သူတို့သည် သေခြင်းကို တောင်းဆိုနေကြခြင်း မဟုတ်လော။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ခြင်းအကြောင်းကို ၎င်းတို့အဘယ်သို့ ပြောဆိုနိုင်သနည်း။ သူတို့သည် ဘုရားသခင်၏ မျက်နှာကို မြင်တွေ့ရန် ရဲတင်းမှု ရှိကြမည်လော။ သင့်အပေါ် သူအပ်နှင်းထားသည့် ကောင်းချီးမင်္ဂလာတို့ကို မွေ့လျော်ရန် ဘုရားသခင်က သင့်ကို ခွင့်ပြုနေစဉ်တွင်ပင် သင်သည် ဘုရားသခင် သင့်ကို ပေးကမ်းသော အစားအစာတို့ကိုစားရင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ကလိမ်ကကျစ်အရာများအား ပြုလုပ်ခြင်း၊ မလိုတမာစိတ်ထားခြင်း၊ ယုတ်မာခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း စသည်တို့ကို လုပ်ဆောင်ပါက ၎င်းတို့ကို သင်လက်ခံရရှိချိန်တွင် သင့်လက်များ ပူလောင်နေသည်ကို မခံစားရသလော။ သင့်မျက်နှာ နီရဲသွားသည်ကို မခံစားရသလော။ ဘုရားသခင်ကို ဆန့်ကျင်သည့် တစ်စုံတစ်ရာကို လုပ်ဆောင်ပြီးနောက်၊ “ထင်ရာစိုင်း” ဖို့ ကြံစည်ရင်း၊ ထိတ်လန့်ခြင်းကို သင်မခံစားရသလော။ အကယ်၍ မည်သည့်အရာကိုမှ သင်မခံစားရပါက၊ အနာဂတ် တစ်စုံတစ်ရာကို သင်မည်သို့ ပြောနိုင်မည်နည်း။ သင့်အတွက် အချိန်ကြာမြင့်စွာကတည်းက အနာဂတ် မရှိနှင့်တော့ပေ၊ ထိုသို့ဆိုပါက သာ၍ ကြီးမားသော မည်သည့် မျှော်လင့်ချက်များ သင်၌ ရှိနိုင်သေးသနည်း။ အရှက်မဲ့သော တစ်စုံတစ်ရာကို သင်ပြောသော်လည်း၊ အပြစ်ဆိုခြင်းကို မခံစားရသကဲ့သို့ သင့်နှလုံးသားကလည်း သတိပြုမိခြင်း မရှိပါက၊ ယင်းမှာ သင်သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရနှင့်ပြီးဖြစ်သည်ဟု ဆိုလိုရာ မရောက်သလော။ လွန်လွန်ကျူးကျုးနှင့် ထိန်းမနိုင်သိမ်းမရစွာ ပြောဆိုခြင်းနှင့် ပြုမူခြင်းတို့သည် သင်၏သဘာဝဖြစ်လာပြီ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ဤကဲ့သို့ မည်သို့ ခံရနိုင်မည်နည်း။ သင်သည် လောကအနှံ့ လျှောက်သွားနိုင်မည်လော။ သင့်ကို မည်သူက လက်ခံယုံကြည်မည်နည်း။ သင်၏သဘာဝ အစစ်အမှန်ကို သိကြသူများက သင်နှင့်ဝေးဝေး နေကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည် မဟုတ်လော။ ခြုံပြောရလျှင် အပြောသာရှိပြီး လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ကြီးထွားမှုလည်း မရှိပေ။ သင်ပြောဆိုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်၌ အမှုပြုကောင်း ပြုနိုင်သော်လည်း၊ သင် လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အမှုပြုခြင်း ရပ်တန့်သွားပေမည်။ ဤပုံစံအတိုင်း သင်ဆက်သွားမည် ဆိုပါက၊ အနာဂတ်အကြောင်း သို့မဟုတ် သင်၏ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်၏ အမှုတော်အဖို့ ပေးအပ်ခြင်းအကြောင်း တစ်စုံတစ်ရာကို အဘယ်သို့ ပြောနိုင်မည်နည်း။ သင်သည် သင်၏ ဖြစ်တည်မှုတစ်ခုလုံး ဆက်ကပ်ခြင်းကိုသာ ပြောဆိုနိုင်သော်လည်း၊ သင်၏ စစ်မှန်သော ချစ်ခြင်းကို ဘုရားသခင်အား မပေးရသေးပေ။ သင့်ထံမှ သူ ရရှိသမျှမှာ နှုတ်ဖျားဖြင့် ဆည်းကပ်ကိုးကွယ်ခြင်းကိုသာ ဖြစ်သည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်၏ရည်ရွယ်ချက်ကို မရရှိပေ။ ဤသည်မှာ သင်၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုလော။ ဤကဲ့သို့ သင် ဆက်သွားပါက၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သည့်အချိန်တွင် ခံရမည်နည်း။ သင်၏ မှောင်မည်းကာ မှုန်မှိုင်းနေသော အနာဂတ်အပေါ် ပူပန်ကြောင့်ကြခြင်း မခံစားရသလော။ ဘုရားသခင်သည် သင့်အထဲတွင် မျှော်လင့်ချက် ပျောက်ဆုံးပြီး ဖြစ်သည်ကို သင်မခံစားရသလော။ ဘုရားသခင်သည် ပိုမိုများပြားကာ ပိုမိုသစ်လွင်သော လူတို့ကို စုံလင်စေရန် ဆန္ဒရှိသည်ကို သင်မသိသလော။ ဟောင်းနွမ်းသော အရာတို့သည် မိမိတို့ဘာသာ ဆက်လက် ရပ်တည်နိုင်သလော။ သင်သည် ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အာရုံမစိုက်ဘဲနေနေသည်- သင်သည် မနက်ဖြန်ကို စောင့်ဆိုင်းနေသလော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။