လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း (အပိုင်း နှစ်)
၁။ ဘုရားသခင်၏ ရှုထောင့်မှ ကြည့်လျှင် လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း
လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။ လူတို့ သဘောပေါက်ကာ သိနားလည်ပြီးသားဖြစ်သည့် ဤအရာ၏ အခြေခံကျသော သွင်ပြင်လက္ခဏာများဖြင့်ဖြစ်စေ၊ လူတို့ သိပြီးသားဖြစ်သည့် အယူဝါဒမှဖြစ်စေ ငါတို့ အစပြုမည် မဟုတ်။ သို့ဆိုလျှင် မည်သည့်နေရာမှ ငါတို့ အစပြုမည်နည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ ရည်မှန်းချက်များနှင့် ပတ်သက်သော ဤမေးခွန်း၏ ရင်းမြစ်တွင် ငါတို့ အစပြုရမည်။ မေးခွန်း၏ ရင်းမြစ်တွင် အစပြုခြင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းတို့နှင့် ငါတို့ အစပြုမည်ဟု ဆိုလိုသည်။ လူတို့ တည်ရှိခဲ့ကြကတည်းက အသက်ရှင်သည့် သတ္တဝါ၊ အဖန်ဆင်းခံ လူသားမျိုးနွယ်က ဘုရားသခင်၏ ထွက်သက်ဝင်သက်ကို ရရှိခဲ့ကတည်းက ၎င်းတို့၏ အတန်းအစားများထဲမှ အုပ်စုတစ်စုကို ရရှိရန် ဘုရားသခင် စီစဉ်ပြီးဖြစ်သည်။ ဤအုပ်စုသည် သူ၏ နှုတ်ကပတ်တော်များကို သဘောပေါက်၊ နားလည်ကာ လိုက်နာစောင့်ထိန်းနိုင်လိမ့်မည်။ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အရာခပ်သိမ်းအတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမြောက်အမြားအတွက်၊ ယင်း၏ အပင်များ၊ တိရစ္ဆာန်များ၊ သစ်တောများ၊ သမုဒ္ဒရာများ၊ မြစ်များ၊ ရေကန်များ၊ တောင်တန်းများ၊ ချောင်းငယ်များ၊ လွင်ပြင်များ အစရှိသည်တို့အတွက် ဘဏ္ဍာစိုးများအဖြစ် ဆောင်ရွက်နိုင်ကြလိမ့်မည်။ ဤအစီအစဉ်ကို ဘုရားသခင် ပြုလုပ်ပြီးနောက်တွင် သူသည် သူ၏ မျှော်လင့်ချက်များကို လူသားမျိုးနွယ်အပေါ် လျော်ညီစွာ စတင်ထားရှိလေသည်။ တစ်နေ့တွင် လူတို့သည် ဤလူသားမျိုးနွယ်အတွက်၊ လောကတွင် တည်ရှိသည့် အရာခပ်သိမ်းတို့နှင့် ထိုအရာများထဲတွင် အသက်ရှင်သည့် မတူကွဲပြားသော သတ္တဝါများအတွက် ဘဏ္ဍာစိုးများအဖြစ် ဆောင်ရွက်နိုင်ကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့အနေဖြင့် သူပြဋ္ဌာန်းထားသည့် နည်းလမ်းများ၊ စည်းမျဉ်းများနှင့် ဥပဒေသများအတိုင်း၊ သေဝပ်သော နည်းလမ်းတစ်ခုဖြင့် ထိုသို့ လုပ်ဆောင်နိုင်ကြမည်ဟု သူ မျှော်လင့်သည်။ ဘုရားသခင်သည် ဤအစီအစဉ်နှင့် ဤမျှော်လင့်ချက်များကို ပုံဖော်နှင့်ပြီး ဖြစ်သော်လည်း သူ၏ နောက်ဆုံး ရည်မှန်းချက်ကို ရရှိရန် အလွန်အချိန်ကြာလိမ့်မည် ဖြစ်သည်။ ထိုအရာသည် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်တစ်ရာ၊ နှစ်ရာအတွင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ အနှစ်တစ်ထောင်၊ နှစ်ထောင်အတွင်း သေချာပေါက် မပြီးမြောက်နိုင်ပေ။ အနှစ်ခြောက်ထောင် ကြာလိမ့်မည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတောအတွင်းတွင် လူသားမျိုးနွယ်သည် အမျိုးမျိုးသော ကာလများ၊ သက်တမ်းများ၊ ခေတ်များနှင့် မတူကွဲပြားသော ဘုရားသခင်၏ အမှုတော်အဆင့်များကို တွေ့ကြုံရန် လိုအပ်သည်။ ကောင်းကင်တွင် ကြယ်များ လှုပ်ရှားခြင်း၊ ပင်လယ်များ ခမ်းခြောက်ခြင်းနှင့် ကျောက်ဆောင်များ တစ်စစီပဲ့ကြွေခြင်းများ တွေ့ကြုံရန် ၎င်းတို့ လိုအပ်သည်။ ရုတ်တရက်ဖြစ်သည့် ကြီးမားနက်ရှိုင်းသော အပြောင်းအလဲကို ၎င်းတို့ တွေ့ကြုံရန် လိုအပ်သည်။ ပထမဆုံးနှင့် အနည်းပါးဆုံးသော လူသားများမှစ၍ လူသားမျိုးနွယ်သည် ကြီးမားသည့် ဘဝအတက်အကျများနှင့် ဤလောက၏ လောကဓံတရားများနှင့် အပြောင်းအလဲများကို တွေ့ကြုံရပြီးဖြစ်သည်။ ထို့နောက်တွင် လူတို့သည် အရေအတွက်အားဖြင့် တဖြည်းဖြည်း တိုးပွားကာ အတွေ့အကြုံ တဖြည်းဖြည်း ရရှိကြပြီး လူသားမျိုးနွယ်၏ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် အသက်ရှင်မှု၊ ရှင်သန်ရေး နည်းလမ်းများသည် တဖြည်းဖြည်း ပြောင်းလဲကာ နည်းလမ်းသစ်များ ဖြစ်ပေါ်စေပြီး ဖြစ်သည်။ ကာလတစ်ခုခု၊ ခေတ်တစ်ခုခုသို့ ရောက်ရှိပြီးသည့်အခါတွင်သာ လူတို့သည် ဘုရားသခင်က ၎င်းတို့အား တရားစီရင်ကာ ပြစ်တင်ဆုံးမပြီး သိမ်းပိုက်မည့် အဆင့်ကို စွမ်းဆောင်ရရှိနိုင်ပြီး ထိုအဆင့်တွင် ဘုရားသခင်သည် ၎င်းတို့ကို သမ္မာတရား၊ သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ ရည်ရွယ်ချက်တို့ကို ဖော်ပြလိမ့်မည် ဖြစ်သည်။ ဤအဆင့်ကို ရောက်ရှိရန် လူသားမျိုးနွယ်သည် ဤလောကရှိ အရာခပ်သိမ်းတို့ တွေ့ကြုံပြီးဖြစ်သည့်အတိုင်း ကြီးမားသည့် ကသောင်းကနင်းဖြစ်ခြင်းကို တွေ့ကြုံပြီး ဖြစ်သည်။ ရုတ်တရက်ဖြစ်သည့် ကြီးမားနက်ရှိုင်းသော အပြောင်းအလဲက ကောင်းကင်နှင့် စကြဝဠာတွင် ဖြစ်ပျက်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်လေသည်။ ဤပြောင်းလဲမှု တစ်သီတစ်တန်းများသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်အတူ တဖြည်းဖြည်း ဖြစ်ပွားကာ ပေါ်ထွန်းပြီး ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်ရှေ့မှောက်လာကာ သူ၏ သိမ်းပိုက်မှု၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် သူ့နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို လက်ခံရန် အတော်ကြာမြင့်စွာသော အချိန်ကို ယူခဲ့ရသည်။ သို့ရာတွင် ယင်းမှာ ကိစ္စမရှိပေ။ ယင်းမှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်ပြီး သူ၏ ဆန္ဒဖြစ်သောကြောင့် ဘုရားသခင် စောင့်ဆိုင်းနိုင်၏။ သူ၏ အစီအစဉ်နှင့် ဆန္ဒတို့ကြောင့် ဘုရားသခင်သည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည်ဖြစ်သည်။ လက်ရှိအချိန်အထိ ဘုရားသခင်စောင့်ဆိုင်းနေခဲ့သည်မှာ အမှန်တကယ်ကို အလွန်ပင် အချိန်ကြာမြင့်ခဲ့ပြီဖြစ်၏။
လူသားမျိုးနွယ်သည် မသိနားမလည်မှု၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ကနဦးအဆင့်ကို ဖြတ်သန်းပြီးသည့်နောက်တွင် ဘုရားသခင်သည် ၎င်းတို့ကို ပညတ်တော်ခေတ်ထဲသို့ ဦးဆောင်ခဲ့သည်။ လူသားမျိုးနွယ်သည် ခေတ်သစ်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုထဲရှိ ခေတ်ထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော်လည်း လူတို့သည် သိုးစုများကဲ့သို့ ထိန်းမနိုင်သိမ်းမရသည့်၊ စည်းကမ်းမဲ့သော ဘဝများကို အသက်မရှင်တော့သော်လည်း၊ ၎င်းတို့ ဘဝများအတွက် လမ်းပြမှု၊ ညွှန်ကြားမှု၊ ပညတ်တရား၏ ညွှန်ကြားပေးခြင်း ရှိခဲ့သည့် ပတ်ဝန်းကျင်တစ်ခုထဲသို့ ၎င်းတို့ ဝင်ရောက်ပြီး ဖြစ်သော်လည်း လူတို့သည် ၎င်းတို့ကို သွန်သင်ထားခဲ့သည့်၊ ပြောပြခဲ့သည့်၊ ပညတ်တရားက အသိပေးခဲ့သည့်၊ သို့မဟုတ် လူသား ဘဝ၏ နယ်ပယ်အတွင်း သိထားနှင့်ခဲ့သည့် ရိုးရှင်းသော အရာအနည်းငယ်ကိုသာ သိရှိခဲ့ကြသည်။ ဥပမာအားဖြင့် ခိုးခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် သူ့မယားနှင့်ပြစ်မှားခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ လူသတ်ခြင်းက မည်သည့်အရာဖြစ်သည်၊ လူသတ်မှုအတွက် လူတို့ မည်သို့ တာဝန်ခံရမည်၊ မိမိ၏ အိမ်နီးချင်းများနှင့် မည်သို့ ဆက်ဆံရမည်၊ ဤအရာ၊ သို့မဟုတ် ထိုအရာ လုပ်ဆောင်ခြင်းအတွက် လူတို့ မည်သို့ တာဝန်ခံရမည်ဆိုသည်တို့ ဖြစ်သည်။ လူသားမျိုးနွယ်သည် မည်သည့်အရာမျှ ၎င်းတို့ မသိခဲ့သကဲ့သို့ နားမလည်ခဲ့ကြသည့် ၎င်းတို့၏ ကနဦး အခြေအနေများမှသည် ဘုရားသခင်က ၎င်းတို့ကို အသိပေးခဲ့သည့် လူသား ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းနှင့်သက်ဆိုင်သော ရိုးရှင်းသည့်၊ ပဓာနကျသော ပညတ်တရားအချို့ကို သင်ယူခြင်းအဖြစ်သို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ဘုရားသခင်က ဤပညတ်တရားများကို ကြေညာခဲ့ပြီးနောက်တွင် ပညတ်တရားအောက်တွင် အသက်ရှင်ကြသည့် လူများသည် စည်းမျဉ်းများကို လိုက်လျှောက်ပြီး ပညတ်တရားကို လိုက်နာစောင့်ထိန်းရမည်ကို သိခဲ့ကြပြီး ၎င်းတို့၏ စိတ်များနှင့် အတွင်း နယ်ပယ်များတွင် ပညတ်တရားသည် ၎င်းတို့၏ အပြုအမူအတွက် အထိန်းနှင့် လမ်းညွှန်ချက်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး လူသားမျိုးနွယ်သည် လူ၏ ကနဦး ပုံသဏ္ဌာန်တစ်ခု ရှိခဲ့ကြသည်။ ဤလူများက ၎င်းတို့အနေဖြင့် စည်းမျဉ်းအချို့ကို လိုက်လျှောက်ပြီး ပညတ်တရားအချို့ကို လိုက်နာစောင့်ထိန်းသင့်ကြောင်း သိခဲ့ကြသည်။ ထိုအရာများကို ၎င်းတို့ မည်မျှကောင်းစွာ လိုက်လျှောက်ပြီး ထိုအရာများကို မည်မျှ တင်းကျပ်စွာ လိုက်နာစောင့်ထိန်းကြသည်ဖြစ်စေ၊ မည်သို့ဆိုစေ ဤလူများသည် ပညတ်တော်ခေတ်မတိုင်မီ ရှိခဲ့သူများထက် လူသားပုံသဏ္ဌာန် သာ၍ ရှိခဲ့ကြသည်။ ၎င်းတို့၏ အပြုအမူနှင့် ဘဝများအရ ၎င်းတို့သည် စံနှုန်းတစ်ခုခုအထိ ကန့်သတ်ချက်အချို့ဖြင့် ပြုမူကာ အသက်ရှင်ခဲ့ကြသည်။ ၎င်းတို့သည် တစ်ချိန်ကကဲ့သို့ ဘာလုပ်ရမှန်းမသိဖြစ်ကာ မသိနားမလည် မဖြစ်ကြတော့သကဲ့သို့ ဘဝ၌ ရည်မှန်းချက်များ အလွန်ကင်းမဲ့ခြင်း မရှိကြတော့ချေ။ ဘုရားသခင်၏ ပညတ်တရားများနှင့် ၎င်းတို့ထံ ဘုရားသခင် ကြေညာခဲ့သည့် အဆိုများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများတွင် အမြစ်တည်ကြပြီး နေရာတစ်ခုခု ယူထားခဲ့ကြသည်။ လူသားမျိုးနွယ်သည် ဘာလုပ်ရမှန်းမသိ မဖြစ်ကြတော့ချေ။ ၎င်းတို့သည် ရည်မှန်းချက်၊ ဦးတည်ချက် သို့မဟုတ် အထိန်း မရှိဘဲ အသက်မရှင်ကြတော့ချေ။ ဤသို့ဖြစ်လင့်ကစား ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များ၊ ဆန္ဒများနှင့် သက်ဆိုင်သည့် လူများဖြစ်ရန် စံမမီဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် အရာခပ်သိမ်း၏ ဆရာသခင်များအဖြစ် ပြုမူဆောင်ရွက်နိုင်စွမ်းရှိခြင်းမှ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းကာ စိတ်ရှည်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ပညတ်တရားအောက်တွင် အသက်ရှင်ကြသည့် လူများသည် ဘုရားသခင်ကို ကိုးကွယ်ရန် သိခဲ့ကြသော်လည်း ဟန်တစ်ခုမျှအဖြစ်သာ ၎င်းတို့ ထိုသို့လုပ်ဆောင်ကြလေသည်။ ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက် နေရာများရှိ ဘုရားသခင်၏ နေရာနှင့် ပုံသဏ္ဌာန်သည် ဘုရားသခင်၏ စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရမှ လုံးဝ ကွဲပြားနေခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် အလိုရှိသည့် အဖန်ဆင်းခံ လူသားများ မဟုတ်သေးသကဲ့သို့ ဘုရားသခင် မျှော်မှန်းသည့် လူများ၊ အရာခပ်သိမ်းအတွက် ဘဏ္ဍာစိုးများအဖြစ် ဆောင်ရွက်နိုင်စွမ်း ရှိသည့်သူများ မဟုတ်သေးချေ။ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် ဘုရားသခင်၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့သည် လူသားမျိုးနွယ်ကို အုပ်ချုပ်သူ၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့မျှသာ ဖြစ်ပြီး လူတို့သည် ထိုအုပ်ချုပ်သူ၏ နာခံလိုက်လျှောက်သူများ၊ သို့မဟုတ် အကျိုးခံစားရသူများဖြစ်ရုံမျှထက် ဘာမျှ မပိုပေ။ ထို့ကြောင့် ဘုရားသခင်သည် ပညတ်တရားအောက်တွင် အသက်ရှင်ပြီး ပညတ်တရားကိုသာ သိရှိကြသည့် ဤလူများကို ရှေ့ဆက်နေဖို့ ဦးဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ဤလူများသည် ပညတ်တရားမှလွဲ၍ မည်သည့်အရာကိုမျှ နားမလည်ခဲ့ကြချေ။ အရာခပ်သိမ်းအတွက် ဘဏ္ဍာစိုးများအဖြစ် မည်သို့ ဆောင်ရွက်ရမည်ကို ၎င်းတို့ မသိခဲ့ကြ။ ဘုရားသခင် မည်သူဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ မှန်ကန်သည့် အသက်ရှင်သန်နည်းကို မသိခဲ့ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မည်သို့ ကျင့်ကြံပြုမူပြီး အသက်ရှင်ရမည်ကို မသိကြသကဲ့သို့ ယခင်ထက် မည်သို့ သာ၍ အဓိပ္ပာယ်ရှိစွာ အသက်ရှင်ရမည်၊ သို့မဟုတ် မိမိတို့ဘဝများတွင် လူတို့က မည်သည့်အရာ လိုက်စားသင့်သည် အစရှိသည်တို့ကို မသိခဲ့ကြချေ။ ပညတ်တရားအောက် အသက်ရှင်ကြသော လူတို့သည် ဤအရာများကို လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ပညတ်တရားမှအပ ဤလူများသည် ဘုရားသခင်၏ သတ်မှတ်ချက်များအကြောင်း၊ သမ္မာတရားအကြောင်း သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များအကြောင်း ဘာမျှ မသိခဲ့ကြချေ။ ဤသို့ ဖြစ်သောကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်က ပညတ်တရားအောက်တွင် တည်ရှိသည်နှင့်အမျှ ၎င်းတို့ကို သည်းခံမြဲသည်းခံနေခဲ့ရသည်။ ဤလူများသည် ၎င်းတို့မတိုင်မီ ရောက်လာခဲ့ကြသူများထက် ကြီးမားသည့် ခြေလှမ်းတစ်ခု သာလွန်ခဲ့ကြသည်။ ၎င်းတို့က အနည်းဆုံးအနေဖြင့် အပြစ်တရား မည်သည့်အရာဖြစ်ပြီး ပညတ်တရားကို ၎င်းတို့ လိုက်နာစောင့်ထိန်းကာ လိုက်လျှောက်၍ ပညတ်တရား၏ ကန့်သတ်ချက်အောက်တွင် အသက်ရှင်သင့်ကြောင်း နားလည်ခဲ့ကြသည်။ သို့ရာတွင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံမမီဖြစ်နေဆဲ ဖြစ်သည်။ သို့ပါလျက် ဘုရားသခင်သည် စိတ်ထက်သန်စွာ မျှော်လင့်ကာ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
ခေတ်များ တိုးတက်မှုနှင့်အတူ၊ လူသားမျိုးနွယ် တိုးတက်မှုနှင့်အတူ၊ အရာခပ်သိမ်း လည်ပတ်မှုများနှင့်အတူ၊ ဘုရားလက်တော်၏ အစီအစဉ်များ၊ သူ၏ အချုပ်အခြာအာဏာ၊ လမ်းပြမှုနှင့် ဦးဆောင်မှုတို့နှင့်အတူ၊ လူသားမျိုးနွယ်၊ အရာခပ်သိမ်းနှင့် စကြဝဠာကြီးတစ်ခုလုံးသည် ယခင်ထက် ရှေ့ဆက်နေသည်။ ပညတ်တရားအောက် လူသားမျိုးနွယ်သည် ပညတ်တရားအားဖြင့် နှစ်ထောင်ချီ ဘောင်ခတ်ခြင်း ခံရပြီးနောက်တွင် ပညတ်တရားကို မထိန်းသိမ်းနိုင်တော့သကဲ့သို့ ဘုရားသခင် အစပြုခဲ့သည့် နောက်တစ်ခေတ်ဖြစ်သည့် ကျေးဇူးတော်ခေတ်ထဲသို့ ဘုရားသခင်၏ အမှုတော်နောက် လိုက်ခဲ့ကြသည်။ ကျေးဇူးတော်ခေတ် ရောက်ရှိရာတွင် ဘုရားသခင်သည် ကြိုတင်ဟောကိန်းထုတ်ရန် ပရောဖက်များကို သူစေလွှတ်ခဲ့သည့်အချက်အပေါ် အဆိုပြုထားသည့် သူ၏ အမှုတော်ကို စတင်သည်။ ဤအမှု၏ အဆင့်သည် လူတို့က မိမိတို့ အယူအဆများဖြင့် စိတ်ကူးထားသလောက် ညင်သာခြင်း မရှိ၊ သို့မဟုတ် လိုချင်ဖွယ်မရှိသကဲ့သို့ ၎င်းတို့ တွေးထင်ထားသလောက် စိတ်မချမ်းသာရပေ။ ထိုအစား အပြင်ပန်းမှကြည့်လျှင် အရာရာသည် ပရောဖက်ပြုချက်နှင့် ဆန့်ကျင်နေပုံရသည်။ ဤအခြေအနေများမှ လူက လုံးဝ မှန်းဆခဲ့မည်မဟုတ်သည့် အမှန်တရားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ကားစင်တင်ခံခဲ့ရသည့် သခင်ယေရှုအဖြစ် ဘုရားသခင် လူ့ဇာတိခံခဲ့သည့် ဇာတိခန္ဓာနှင့်ဆိုင်သော အမှန်တရား ဖြစ်သည်။ ဤအရာအားလုံးကို လူက ကြိုမမြင်နိုင်ခဲ့ပေ။ အပြင်ပန်းမှကြည့်လျှင် ဤအရာအားလုံးသည် ရက်စက်၊ သွေးစွန်းသည့် အဖြစ်အပျက်၊ ရှုမြင်ရန် ဆိုးရွားသည့်အရာဖြစ်ပုံရသည့်တိုင် ယင်းသည် ဘုရားသခင်၏ ပညတ်တော်ခေတ်ကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုကို အစပြုခြင်း၏ အစ ဖြစ်ခဲ့သည်။ ဤခေတ်သစ်သည် သင်တို့အားလုံး ယခု သိရှိကြသည့် ကျေးဇူးတော်ခေတ် ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏ ပရောဖက်ပြုချက်များကို အာခံခြင်းဖြင့် ရောက်လာခဲ့သည်ဟု ထင်ရသည်။ ကားတိုင်တွင် သံမှိုရိုက်နှက်ခံရသည့် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာပုံသဏ္ဌာန်ဖြင့်လည်း သေချာပေါက် ရောက်လာပေသည်။ ဤအဖြစ်အပျက်အားလုံးသည် ၎င်းတို့အတွက် အသင့်ဖြစ်သော အခြေအနေများဖြင့် အလွန်ပင် ရုတ်တရုက်ဖြစ်ပြီး သဘာဝကျစွာ ဖြစ်ပျက်ခဲ့သည်။ ယင်းမှာ ဘုရားသခင်က ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းရန် အသုံးပြုခဲ့သည့် နည်းလမ်းဖြစ်သည်။ ဤခေတ်၏ တကယ့်အစတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက အလွန် ရက်စက်ပြီး သွေးစွန်းကာ မတွေးတတ်အောင်ဖြစ်၍ ရုတ်ခြည်းပင် ရောက်ရှိခြင်းဖြစ်ကာ မည်သည့်အရာမျှသည် လူက စိတ်ကူးခဲ့သလောက် အံ့ဖွယ်မဖြစ်၊ ညင်သာခြင်း မရှိခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အဖွင့်ဖြစ်ရပ်သည် ရှုမြင်ရန် ဆိုးရွားပြီး နှလုံးကြေကွဲစရာဖြစ်သော်လည်း ထိုအရာ၌ ဝမ်းမြောက်ဖွယ်ရာအချက်တစ်ခုမှာ အဘယ်နည်း။ ပညတ်တော်ခေတ် အဆုံးသတ်ခြင်းဆိုသည်မှာ ဘုရားသခင်သည် ပညတ်တရားအောက်ရှိ လူသားမျိုးနွယ်၏ အမျိုးမျိုးသော အပြုအမူများကို သည်းခံရန် မလိုအပ်တော့ဟု ဆိုလိုသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်နှင့် သူ၏ အကြံအစည်နှင့်အညီ ခေတ်သစ်ထဲသို့ ကြီးမားသည့် ခြေလှမ်း ရှေ့ဆက်လှမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်၏ စောင့်ဆိုင်းခြင်း နေ့ရက်ကာလများ တိုတောင်းစေခဲ့ပြီဟုလည်း ဆိုလိုသည်မှာ အမှန်ဖြစ်၏။ လူသားမျိုးနွယ်သည် အသစ်သော သက်တမ်း၊ ခေတ်သစ်ထဲသို့ ဝင်ရောက်ခဲ့သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှုတော်သည် ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းလှမ်းခဲ့ပြီးဖြစ်ကာ သူ၏ အမှုတော် ရှေ့ဆက်သည်နှင့်အမျှ သူ၏ ဆန္ဒသည် တဖြည်းဖြည်း အကောင်အထည်ပေါ်လာမည်ဟု ဆိုလိုပေသည်။ ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းသည် အစတွင် သိပ်နှစ်သက်ဖွယ် မရှိခဲ့သော်လည်း ဘုရားသခင် မြင်သည့်အတိုင်းဆိုပါက သူ အလိုရှိသည့် လူသားမျိုးနွယ်ဖြစ်သော မကြာမီ ထွက်ပေါ်မည့် လူသားမျိုးနွယ်သည် သူ၏ သတ်မှတ်ချက်များ၊ ရည်မှန်းချက်များနှင့် သာ၍ ယခင်ထက် နီးကပ်လာနေခဲ့ပေသည်။ ဤသည်မှာ ကြည်နူးဖွယ်ကောင်းပြီး ချီးကျူးထိုက်သည့်အရာ၊ အောင်ပွဲခံထိုက်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကားတိုင်ထက်တွင် သံမှိုရိုက်နှက်ခဲ့ကာ ယင်းသည် လူတို့အတွက် မြင်ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းသော အရာတစ်ခုဖြစ်ခဲ့သော်ငြားလည်း ခရစ်တော် ကားတိုင်ထက်တွင် သံမှိုရိုက်နှက်ခံခဲ့ရသည့် တကယ့် အခိုက်အတန့်သည် ဘုရားသခင်၏ နောက်တစ်ခေတ်ဖြစ်သည့် ကျေးဇူးတော်ခေတ် ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ထိုခေတ်ရှိ ဘုရားသခင်၏ အမှုတော်သည် အစပြုလုနီးနီး ဖြစ်ကြောင်းကို ဆိုလိုပေသည်။ ထို့ထက်ပို၍ ထိုအရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ထိုဖြစ်ရပ်၏ ကြီးမားသော အမှုတော်သည် ပြီးမြောက်ခဲ့ပြီဖြစ်သည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လောကလူများကို အောင်နိုင်သူအဖြစ် အသစ်သော နာမနှင့် ပုံသဏ္ဌာန်ဖြင့် ရင်ဆိုင်မည်ဖြစ်ပြီး သူ၏ အမှုသစ် အကြောင်းအရာများကို လူသားမျိုးနွယ်အား ဖွင့်ပြကာ မြင်စေမည်ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် လူသားမျိုးနွယ်၏ ကဏ္ဍအတွက်မူ ၎င်းတို့သည် ပညတ်တရားအပေါ် မကြာခဏ ချိုးဖောက်ခြင်းများဖြင့် အဆက်မပြတ် စိတ်အနှောင့်အယှက်ဖြစ်ရတော့မည် မဟုတ်သကဲ့သို့ ပညတ်တရားကို ချိုးဖောက်ခြင်းအတွက် ပညတ်တရား၏အပြစ်ပေးခြင်းကို ခံရတော့မည် မဟုတ်ပေ။ ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းက လူသားမျိုးနွယ်ကို ဘုရားသခင်၏ ယခင် အမှုတော်မှ ထွက်လာခွင့်ပေးပြီး အမှုတော်အတွက် အဆင့်သစ်များနှင့် နည်းလမ်းသစ်တစ်ခုနှင့်အတူ သစ်လွင်သော အမှုတော် ပတ်ဝန်းကျင်တစ်ခုထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။ ထိုအရာက လူသားမျိုးနွယ်ကို ဝင်ရောက်မှုအသစ်နှင့် အသက်အသစ်တစ်ခု အခွင့်ပေးခဲ့ပြီး တစ်လှမ်းသာ၍ နီးကပ်သွားသည့် ဘုရားသခင်နှင့် လူကြား ဆက်ဆံရေးတစ်ခုကို ဖြစ်ပေါ်ခွင့်ပေးခဲ့သည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကြောင့် လူသည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်လာနိုင်ခဲ့သည်။ လူသည် ဘုရားသခင်၏ တကယ့် စစ်မှန်သော အသံနှင့် စကားများကို ကြားခဲ့ရသည်။ သူ့အမှုတော်၏ ပုံစံအပြင် သူ၏ စိတ်သဘောထား စသည်တို့ကို လူက မြင်ခဲ့သည်။ လူသည် ကဏ္ဍတိုင်းတွင် ဤအရာကို မိမိတို့ကိုယ်တိုင် နားများဖြင့် ကြားပြီး မိမိတို့ကိုယ်ပိုင် မျက်စိများဖြင့် မြင်ခဲ့ရသည်။ ဘုရားသခင်သည် တကယ်ကို ဧကန်အမှန် လူတို့ကြား ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ဘုရားသခင်သည် တကယ်ကို ဧကန်အမှန် လူကို မျက်နှာချင်းဆိုင်ခဲ့ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကြား အသက်ရှင်ရန် အမှန်တကယ်၊ ဧကန်အမှန် ကြွလာခဲ့ပြီဖြစ်ကြောင်းတို့ကို ၎င်းတို့ ကွက်ကွက်ကွင်းကွင်း တွေ့ကြုံခဲ့ကြသည်။ ထိုလူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်၏ အမှုတော်ကာလသည် ကြာရှည်ခြင်း မရှိခဲ့သော်လည်း ယင်းက လူသားနှင့် ဘုရားသခင် အတူတကွ ရှင်သန်နေထိုင်ခြင်းနှင့်ပတ်သက်သော စစ်မှန်သည့် ခံစားမှုမျိုးကို ထိုခေတ်က လူသားမျိုးနွယ်အား ခိုင်မာပြီး စိတ်ချရသော အတွေ့အကြုံကို ပေးခဲ့သည်။ ထိုသို့သော အရာများကို တွေ့ကြုံခံစားမိခဲ့သည့်အချိန်က အကြာကြီးမဟုတ်သော်လည်း ဘုရားသခင်သည် သူ၏ လူ့ဇာတိခံယူခြင်း ဖြစ်ရပ်တွင် နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး ထိုနှုတ်ကပတ်တော်များသည် အတော် တိကျခဲ့၏။ များစွာသော အလုပ်ကိုလည်း သူ လုပ်ဆောင်ခဲ့ပြီး သူ့နောက်သို့လိုက်သည့် လူများစွာလည်း ရှိခဲ့သည်။ လူသားမျိုးနွယ်သည် ခေတ်ဟောင်း၏ ပညတ်တရားအောက်တွင် မိမိတို့ ဘဝကို အပြီးအပြတ် အဆုံးသတ်ပြီး အပြည့်အဝ သစ်လွင်သည့် ခေတ်တစ်ခုဖြစ်သည့် ကျေးဇူးတော်ခေတ်သို့ ရောက်လာခဲ့ကြသည်။
ခေတ်သစ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် လူသားမျိုးနွယ်သည် ပညတ်တရား၏ ကန့်သတ်ချက်များအောက်တွင် အသက်မရှင်တော့ဘဲ ဘုရားသခင်၏ အသစ်သော သတ်မှတ်ချက်များနှင့် အသစ်သော နှုတ်ကပတ်တော်များအောက်တွင် အသက်ရှင်ပေသည်။ ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များနှင့် အသစ်သော သတ်မှတ်ချက်များကြောင့် လူသားမျိုးနွယ်သည် ပုံသဏ္ဌာန်ကွဲပြားခြားနားသည့် အသက်အသစ်တစ်ခု၊ ပုံသဏ္ဌာန်နှင့် ပါဝင်သည့်အရာ ကွဲပြားခြားနားသည့် ဘုရားသခင်၌ ယုံကြည်မှုရှိသည့် အသက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ကြသည်။ ဤအသက်သည် လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ ပြည့်မီရန်အတွက် ပညတ်တရားအောက်တွင် ယခင်အသက်ထက် ခြေတစ်လှမ်း သာ၍ နီးကပ်လာခဲ့သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အသစ်သော ပညတ်ချက်များ ခင်းကျင်းခဲ့ပြီး လူသားမျိုးနွယ်အတွက် ထိုအချိန်ကထက် သာ၍ မှန်ကန်တိကျကာ သာ၍လိုက်ဖက်သည့် အသစ်သော အပြုအမူဆိုင်ရာ စံနှုန်းများအပြင် လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်များအတွက်၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံများနှင့် စည်းမျဉ်းများကို ခင်းကျင်းလေသည်။ ထိုအချိန်က သူပြောဆိုခဲ့သည့် စကားများသည် ယခု စကားများလောက် အသေးမစိတ်ခဲ့သကဲ့သို့ ယခုလောက် အင်မတန် များပြားသည့် ပမာဏမရှိခဲ့ပေ။ သို့တိုင် ထိုအချိန်က ပညတ်တရားအောက်မှ ထွက်လာရုံရှိသေးသည့် လူအတွက်၊ ထိုစကားများနှင့် သတ်မှတ်ချက်များက လုံလောက်ခဲ့ပေသည်။ ထိုအချိန်က လူတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ၎င်းတို့၌ ရှိသည့်အရာများကို ထောက်သော် ဤသည်တို့မှာ ၎င်းတို့ စွမ်းဆောင်ရရှိပြီး ရယူနိုင်သည့် တစ်ခုတည်းသော အရာများသာ ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်က လူတို့ကို နှိမ့်ချရန်၊ စိတ်ရှည်ရန်၊ သည်းခံရန်၊ ကားတိုင်ကို ထမ်းရန် စသည်တို့ကို ပြောခဲ့သည်။ ဤသည်တို့မှာ ပညတ်တရား၏ နောက်ပိုင်းတွင် လူအပေါ် ဘုရားသခင် ပြုသည့် သာ၍ပင် တိကျသော၊ လူ့သဘာဝ အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် တောင်းဆိုချက်များ ဖြစ်ခဲ့သည်။ ထို့အပြင် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့သည့် လူသည် ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းကြောင့် ဘုရားသခင်ထံမှ ပေါများပြီး ပုံမှန်စီးဆင်းသည့် ကျေးဇူးတော်၊ ကောင်းချီးများနှင့် အခြား ထိုသို့သောအရာများ မွေ့လျော်ခဲ့လေသည်။ ထိုခေတ်ကာလရှိ လူသားမျိုးနွယ်သည် ပန်းခင်းလမ်းသဖွယ် အသက်ရှင်နေခဲ့ကြသည်။ လူတိုင်းက ပျော်ရွှင်ခဲ့ကြပြီး လူတိုင်းသည် ဘုရားသခင်၏ အချစ်တော်၊ သူ့လက်ဖဝါးထဲက ကလေးသူငယ်တစ်ဦး ဖြစ်ခဲ့သည်။ ၎င်းတို့အနေဖြင့် ပညတ်တော်များကို စောင့်ထိန်းခဲ့ရပြီး ထို့အပြင် လူ၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ကိုက်ညီသည့် အပြုအမူကောင်းအနည်းငယ်လည်း ရှိခဲ့ရသည်။ သို့သော် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ခြင်းသည် သာ၍ အတိုင်းအတာကြီးမားခဲ့သည်။ ဥပမာအားဖြင့် နတ်ဆိုးစွဲခြင်းအားဖြင့် ဖြစ်သည့် ရောဂါများ ပျောက်ကင်းခဲ့ကြပြီး ၎င်းတို့အတွင်းရှိ ဆိုးရွားသော မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများ နှင်ထုတ်ခံခဲ့ကြရသည်။ လူတို့သည် ဒုက္ခရောက်သည့်အခါ၊ သို့မဟုတ် လိုအပ်မှုရှိသည့်အခါ ၎င်းတို့၏ အမျိုးမျိုးသော ရောဂါများမှ ကုသပျောက်ကင်းခြင်းရဖို့၊ ၎င်းတို့၏ ဇာတိခန္ဓာ၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးခြင်းခံရပြီး အစားအသောက် ကျွေးမွေးကာ အဝတ်အစား ဆင်ယင်ခြင်း ခံကြရဖို့အလို့ငှာ ဘုရားသခင်သည် ၎င်းတို့အတွက် ခြွင်းချက်များပြုလုပ်ကာ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြသခဲ့သည်။ ထိုခေတ်တွင် လူအတွက် မွေ့လျော်ခံစားရန် ကျေးဇူးတော် အလွန်များခဲ့ပြီး ကောင်းချီးများ အလွန်များခဲ့သည်။ ပညတ်တော်များကို ရိုးရှင်းစွာ လိုက်နာစောင့်ထိန်းခြင်းအပြင် လူသားမျိုးနွယ် လုပ်နိုင်ခဲ့သည်မှာ အများဆုံး စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ချစ်ခင်ခြင်း စသည်တို့သာ ဖြစ်သည်။ လူသည် သမ္မာတရားနှင့်ပတ်သက်၍ဖြစ်စေ၊ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ဖြစ်စေ နောက်ထပ်အရာတစ်ခုမျှကို အရိပ်အမြွက်မျှပင် သိနားလည်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် လူသည် ကျေးဇူးတော်နှင့် ဘုရားသခင်၏ ကောင်းချီးများကို မွေ့လျော်ရန် အပြည့်အဝ ရည်ရွယ်ထားသောကြောင့်ဖြစ်ပြီး ထိုအချိန်က လူသားများအား သခင်ယေရှု ပေးခဲ့သော ကတိတော်ကြောင့် လူသည် ဘုရားသခင်၏ ကျေးဇူးတော်အား မွေ့လျော်ခြင်းကို စတင်ကျင့်သားရကာ အဆုံးသတ်မည့်ပုံစံမရှိပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပါက ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်သင့်ကြောင်း၊ ယင်းမှာ ၎င်းတို့ ရထိုက်သော ဝေစုဖြစ်ကြောင်း တွေးထင်ခဲ့သည်။ သို့ရာတွင် ဖန်ဆင်းရှင်ကို ကိုးကွယ်ရန်၊ သို့မဟုတ် ဖန်ဆင်းခံတစ်ဦး၏ အဆင့်အတန်းကို ယူရန်၊ ပြီးလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ကောင်းမွန်သည့် ဖန်ဆင်းခံတစ်ဦးဖြစ်ရန် ၎င်းတို့ မသိခဲ့ကြပေ။ ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်၊ သို့မဟုတ် သူ့ကို မည်သို့ သစ္စာစောင့်သိရမည်၊ သူ၏ နှုတ်ကပတ်တော်များကို လက်ခံပြီး လူများနှင့် အမှုအရာများအပေါ် ၎င်းတို့ အမြင်များ၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် အခြေခံအဖြစ် မည်သို့ အသုံးပြုရမည်ကိုလည်း မသိခဲ့ကြချေ။ ထိုသို့သော အရာတိုင်းကို လူသည် အတော်လေး မသိနားမလည်ဖြစ်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ရသင့်ရထိုက်သည့်အတိုင်း မွေ့လျော်ခြင်းအပြင် လူသည် ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း သေပြီးနောက်တွင် ကောင်းကင်ဘုံထဲသို့ ဝင်ရောက်ပြီး သခင်နှင့်အတူ ကောင်းမြတ်သည့် ကောင်းချီးများကို အတူတကွ မွေ့လျော်ခံစားလိုခဲ့ကြသည်။ ထို့အပြင် ကျေးဇူးတော်ခေတ်တွင် အသက်ရှင်သည့်၊ ကျေးဇူးတော်နှင့် ကောင်းချီးများကြားတွင် အသက်ရှင်ခဲ့ကြသည့် လူသားမျိုးနွယ်က ဘုရားသခင်သည် သနားကရုဏာ ပြည့်ဝသည့်၊ ချစ်ခင်တတ်သည့် ဘုရားသခင်သာ ဖြစ်ကြောင်း၊ သူ၏ အနှစ်သာရသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော် ဖြစ်ကာ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း မှားယွင်းစွာ ယုံကြည်ခဲ့ကြသည်။ ၎င်းတို့အဖို့ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့သည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်သည်။ ၎င်းတို့အဖို့ သမ္မာတရား၊ လမ်းခရီးနှင့် အသက်က ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများ ဖြစ်သည်ဟု ဆိုလိုသည်။ သို့မဟုတ် ကားတိုင်ထမ်းပြီး ကားတိုင်လမ်း လျှောက်ခြင်းသက်သက်သာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဘုရားသခင်အပေါ်လူတို့ သိမြင်မှုနှင့် သူ့အပေါ် အခြေခံကျသော သဘောထားအပြင် လူသားမျိုးနွယ်နှင့် လူတို့ကိုယ်တိုင်အပေါ် ၎င်းတို့၏ အခြေခံသဘောထားနှင့် အသိပညာတို့အတွက် ကျေးဇူးတော်ခေတ်တွင် ရှိခဲ့သည်မှာ ဤမျှသာ ဖြစ်သည်။ သို့ဖြစ်၍ အကြောင်းရင်း အရင်းအမြစ်ကို ကြည့်လျှင်၊ ဤအခြေအနေများသို့ ဆိုက်ရောက်စေသည်မှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။ မည်သူ့ကိုမျှ အပြစ်တင်စရာမရှိပေ။ သာ၍ ခိုင်လုံစွာနှင့် သာ၍ စေ့စေ့စပ်စပ် အမှုမပြုခြင်း၊ သို့မဟုတ် စကားမပြောဆိုခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်၍ မရသကဲ့သို့ လူအပေါ်သို့လည်း တာဝန်လွှဲချ၍ မရပေ။ အဘယ်ကြောင့်နည်း။ လူသည် ဖန်ဆင်းခံ လူသားမျိုးနွယ်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ပညတ်တော်မှ လွတ်လာကာ ကျေးဇူးတော်ခေတ်သို့ ရောက်လာခဲ့ကြသည်။ ဘုရားသခင်၏ အမှုတော် တိုးတက်သည်နှင့်အမျှ ထိုအမှုတော်နှင့်ပတ်သက်၍ လူသည် နှစ်ပေါင်းမည်မျှ တွေ့ကြုံပြီးဖြစ်နိုင်သည်ဖြစ်စေ လူက ရရှိနိုင်ပြီး သိနိုင်သည့်အရာမှာ လူအပေါ် ဘုရားသခင် ပေးသနားခဲ့သည့်အရာ၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာသာ ဖြစ်သည်။ သို့ရာတွင် ထိုအရာမှလွဲ၍ ဘုရားသခင် မလုပ်ဆောင်ခဲ့သည့်အရာ၊ မပြောခဲ့သည့်အရာနှင့် သူ ထုတ်ဖော်မပြခဲ့သည့်အရာတို့ကို လူသားမျိုးနွယ်သည် နားလည်နိုင်စွမ်း၊ သို့မဟုတ် သိရှိနိုင်စွမ်း မရှိချေ။ သို့ရာတွင် ဓမ္မဓိဋ္ဌာန်ကျသည့် အခြေအနေများကိုလည်းကောင်း၊ အခြေအနေတစ်ခုလုံး ခြုံငုံ၍လည်းကောင်း ကြည့်သည့်အခါ နှစ်ထောင်ချီ တိုးတက်ခဲ့ကြသည့် လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ရောက်လာခဲ့ကြချိန်တွင် ၎င်းတို့သည် ထိုမျှသာ သိနားလည်နိုင်ခဲ့ပြီး ဘုရားသခင်သည် သူလုပ်ဆောင်နေခဲ့သည့် ထိုသို့သော အမှုကိုသာ လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ပညတ်တရားမှ လွတ်လာခဲ့ကြသည့် လူသားမျိုးနွယ် လိုအပ်ခဲ့သည့်အရာမှာ စုံလင်စေခြင်းခံရရန် မဆိုထားနှင့်၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း ခံရရန် မဟုတ်သကဲ့သို့ သိမ်းပိုက်ခြင်းခံရရန်လည်း မဟုတ်သောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် လူသားမျိုးနွယ် လိုအပ်သည့်အရာ တစ်ခုတည်းရှိခဲ့သည်။ ထိုအရာမှာ အဘယ်နည်း။ အပြစ်ဖြေရာယဇ်၊ ဘုရားသခင်၏ တန်ဖိုးရှိသော အသွေးတော် ဖြစ်သည်။ ဘုရားသခင်၏ တန်ဖိုးရှိသော အသွေးတော်၊ ထိုအပြစ်ဖြေရာယဇ်သည် လူသားမျိုးနွယ်က ပညတ်တော်ခေတ်မှ လွတ်လာသည်နှင့်အမျှ လိုအပ်ခဲ့သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ကာလတွင် လူသားမျိုးနွယ်၏ လိုအပ်ချက်များနှင့် တကယ့် အခြေအနေများကြောင့် ထိုအချိန်က လုပ်ဆောင်ရမည့် ဘုရားသခင်၏ အမှုတော်မှာ သူ၏ ကိုယ်ပိုင် လူ့ဇာတိခံယူခြင်း၏ တန်ဖိုးရှိသော အသွေးတော်ကို အပြစ်ဖြေရာယဇ်တစ်ခုအနေဖြင့် ပူဇော်ရန်ဖြစ်ခဲ့သည်။ ယင်းမှာ ပညတ်တရားအောက်တွင် အသက်ရှင်နေထိုင်နေသော လူသားမျိုးနွယ်ကို ရွေးနုတ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ခဲ့သည်။ ဘုရားသခင်သည် သူ၏ အဖိုးတန်သော အသွေးတော်ကို အဖိုးအခနှင့် အပြစ်ဖြေရာယဇ်အဖြစ်သုံး၍ လူသားမျိုးနွယ်၏ အပြစ်ကို ဖျက်ပစ်ခဲ့သည်။ ပြီးလျှင် လူသည် ၎င်းတို့၏ အပြစ်များ ဖျက်ပစ်မခံရမချင်း၊ ဘုရားသခင်၏ ရှေ့မှောက်တွင် အပြစ်မဲ့ဖြစ်လာရန်နှင့် သူ၏ ကျေးဇူးတော်နှင့် မပြတ်သော လမ်းပြမှုတို့ကို လက်ခံရန် ရပ်တည်ချက် မရှိခဲ့ပေ။ ဘုရားသခင်၏ အဖိုးတန်သော အသွေးတော်သည် လူသားမျိုးနွယ်အဖို့ ပူဇော်ခြင်းခံခဲ့ရပြီး လူသားမျိုးနွယ်အတွက် ပူဇော်ခံခဲ့ရသည်နှင့်အမျှ လူသားမျိုးနွယ်သည် ရွေးနုတ်ခြင်းခံ၍ ရနိုင်ခဲ့လေသည်။ ယခုတင် ရွေးနုတ်ခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်သည် မည်သည့်အရာကို နားလည်ပြီးဖြစ်နိုင်မည်နည်း။ ယခုတင် ရွေးနုတ်ခြင်းခံခဲ့သည့် လူသားမျိုးနွယ်သည် မည်သည့်အရာကို လိုအပ်ခဲ့မည်နည်း။ လူသားမျိုးနွယ်သည် ချက်ချင်း သိမ်းပိုက်၊ တရားစီရင်ကာ ပြစ်တင်ဆုံးမခြင်းခံခဲ့ရပါက ထိုအရာကို လက်ခံနိုင်စွမ်း ပိုင်ဆိုင်ခဲ့မည် မဟုတ်ပေ။ ၎င်းတို့သည် လက်ခံနိုင်စွမ်း မရှိခဲ့ကြသကဲ့သို့ ၎င်းတို့၏ အခြေအနေများမှာ ဤအရာအားလုံးကို နားမလည်နိုင်သည်အထိ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အပြစ်ဖြေရာယဇ်အပြင် သူ၏ ကျေးဇူးတော်၊ ကောင်းချီးများ၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်အပြင် လူသားမျိုးနွယ်သည် ထိုအချိန်က ဖြစ်ခဲ့ကြသည့်အတိုင်း လူ၏ အပြုအမူအပေါ် ဘုရားသခင် ပြုလုပ်သည့် ရိုးရှင်းသော သတ်မှတ်ချက်အနည်းငယ်ထက်ပို၍ လက်မခံနိုင်ခဲ့ပေ။ ထိုအရာများထက် မပိုပေ။ လူ၏ ကယ်တင်ခြင်းအပေါ် သာ၍ နက်ရှိုင်းစွာ ခြုံငုံမိသည့် သမ္မာတရား အားလုံးအတွက်မှု လူသားမျိုးနွယ်က မည်သည့် မှားယွင်းသော စိတ်ကူးများနှင့် အမြင်များ ရှိကြသည်ကိုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ၎င်းတို့ ရှိကြသည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် မည်သည့် ပုန်ကန်မှု အနှစ်သာရများ ရှိကြသည်ကိုလည်းကောင်း၊ ငါတို့ လတ်တလောတွင် မိတ်သဟာယပြုပြီးသည့်အတိုင်း ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် မည်သည့်အနှစ်သာရကို လူသားမျိုးနွယ် ထိန်းသိမ်းသည်ကိုလည်းကောင်း၊ စာတန်က လူသားမျိုးနွယ်ကို မည်သို့ ဖောက်ပြန်ပျက်စီးစေသည်ကိုလည်းကောင်း စသည်တို့ကို ထိုအချိန်က လူသားမျိုးနွယ်က မည်သည့်အရာကိုမျှ လုံးဝ နားမလည်နိုင်ခဲ့ပေ။ ထိုကဲ့သို့သော အခြေအနေများတွင် ဘုရားသခင်သည် အရိုးရှင်းဆုံး နည်းလမ်းများဖြင့်၊ အလွယ်ကူအရှင်းလင်းဆုံး နည်းလမ်းများဖြင့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအကျဆုံးသော သတ်မှတ်ချက်များနှင့်အတူ လူသားမျိုးနွယ်အပေါ် သတိပေးဆုံးမပြီး သတ်မှတ်ချက်များ ပြုလုပ်ရုံသာ တတ်နိုင်ခဲ့သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်မှ လူသားမျိုးနွယ်သည် ကျေးဇူးတော်ကိုသာ မွေ့လျော်နိုင်ခဲ့ပြီး အပြစ်ဖြေရာယဇ်အဖြစ် ဘုရားသခင်၏ တန်ဖိုးရှိသော အသွေးတော်ကို အကန့်အသတ်မဲ့ မွေ့လျော်နိုင်ခဲ့သည်။ သို့ရာတွင် ကျေးဇူးတော်ခေတ်၌ အကြီးမားဆုံးသော အရာကို ပြီးမြောက်နှင့်ခဲ့ပြီး ဖြစ်သည်။ ယင်းမှာ မည်သည့်အရာနည်း။ ထိုအရာမှာ ဘုရားသခင် ကယ်တင်မည့် လူသားမျိုးနွယ်သည် ဘုရားသခင်၏ တန်ဖိုးရှိသော အသွေးတော်အားဖြင့် မိမိတို့၏ အပြစ် ခွင့်လွှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဤအရာသည် ဝမ်းမြောက်ဖွယ်ရာဖြစ်၏။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံးသော အရာဖြစ်သည်။ လူ၏ အပြစ် ခွင့်လွှတ်ခံခဲ့ရပြီး လူသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန်ဖြင့် သို့မဟုတ် အပြစ်သားအဖြစ် မလာတော့ဘဲ ထိုအစား အပြစ်ဖြေရာယဇ်အားဖြင့် မိမိတို့၏ အပြစ်များ ခွင့်လွှတ်ခံရကာ ဘုရားသခင်ရှေ့မှောက်သို့လာရန် ယခုတွင် အရည်အချင်း ပြည့်မီသွားပြီးသော်ငြားလည်း ဘုရားသခင်နှင့် လူသား၏ ဆက်နွှယ်မှုသည် အဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်တို့၏ ဆက်နွှယ်မှုအဖြစ်သို့ မရောက်သေးချေ။ ထိုအရာမှာ အဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဖန်ဆင်းရှင်တို့၏ ဆက်နွှယ်မှု မဟုတ်သေးချေ။ ကျေးဇူးတော်အောက်ရှိ လူသားမျိုးနွယ်သည် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် အခန်းကဏ္ဍ၊ အရာခပ်သိမ်း၏ အရှင်သခင်နှင့် အုပ်ချုပ်သူ၏ အခန်းကဏ္ဍမှ အလွန်ဝေးကွာနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် စောင့်ဆိုင်းခဲ့ရသည်။ စိတ်ရှည်ခဲ့ရသည်။ ဘုရားသခင်က စောင့်ဆိုင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအချိန်က လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်၊ ဘုရားသခင်၏ ကျေးဇူးတော်ခေတ် အမှုတော် နည်းလမ်းအမျိုးမျိုးအလယ်တွင် ဆက်လက် အသက်ရှင်ခဲ့ရသည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ် လက်တစ်ဆုပ်စာ၊ သို့မဟုတ် အမျိုးအနွယ်တစ်ခုထက်ပို၍ များစွာ ကယ်တင်ချင်သည်။ သူ၏ ကယ်တင်ခြင်းသည် လူသားမျိုးနွယ်တစ်ခု၊ သို့မဟုတ် ဂိုဏ်းဂဏတစ်ခုအတွင်းရှိသူများအပေါ်တွင်သာ လုံးဝ ကန့်သတ်ထားခြင်း မဟုတ်ပါ။ ထို့ကြောင့် ပညတ်တော်ခေတ်ကို ကြုံခဲ့ရသည့်အတိုင်းပင် ကျေးဇူးတော်ခေတ်ကို နှစ်ထောင်ချီကြာ ကြုံရဖို့ ရှိခဲ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင် ဦးဆောင်လမ်းပြသည့် ခေတ်သစ်တွင် တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆက်လက် အသက်ရှင်ရန် လိုအပ်ခဲ့၏။ လူသည် ခေတ်မည်မျှကို ဤသို့ကြုံရမည်၊ ကြယ်များတွင် အပြောင်းအလဲမည်မျှရှိသည်၊ ပင်လယ်မည်မျှက ခမ်းခြောက်ပြီး ကျောက်ဆောင်များ ရေတိုက်စားသွားသည်၊ သမုဒ္ဒရာမည်မျှသည် မြေဇာကောင်းသော မြေသို့ လမ်းကြောင်း ပေးသည်ဖြစ်စေ ၎င်းတို့သည် ကာလအမျိုးမျိုးတွင် လူသားမျိုးနွယ်၏ မတူကွဲပြားသော အပြောင်းလဲများနှင့် ကမ္ဘာမြေ၏ အမှုအရာ အမြောက်အမြား၌ ဖြစ်ပျက်နေသည့် မတူကွဲပြားသော အပြောင်းအလဲများကို ကြုံရမည်ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ တွေ့ကြုံရသည်နှင့်အမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်နှင့် ကျေးဇူးတော်ခေတ်တွင် လူသားမျိုးနွယ်အပေါ် သခင်ယေရှု၏ ကယ်တင်ခြင်း အမှန်တရားသည် အိမ်ထောင်စုတိုင်းက သိရှိကြသည်အထိ လမ်းများနှင့် လမ်းကြိုလမ်းကြားများတစ်လျှောက်၊ နေရာအနှံ့၊ ကမ္ဘာမြေ၏ အဝေးလံဆုံးသော နေရာများသို့ ပျံ့နှံ့သွားလေသည်။ ယင်းမှာ ပညတ်တော်ခေတ်နောက်တွင် လာသော ကျေးဇူးတော်ခေတ်ဖြစ်သည့် ထိုခေတ်သည် အဆုံးသတ်သို့ ရောက်လာရန် ရည်ရွယ်သည့်အချိန် ဖြစ်သည်။ ဤကာလတွင် ဘုရားသခင် ပြုခဲ့သည့် အမှုတော်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းရန်မျှသာ မဟုတ်။ သူသည် စောင့်ဆိုင်းလျက်ရှိစဉ်တွင် ကျေးဇူးတော်ခေတ်၏ လူသားမျိုးနွယ်အပေါ် မတူကွဲပြားသော နည်းလမ်းများဖြင့် ဧကန် အမှုပြုလေသည်။ သူ၏ လုပ်ဆောင်ချက်များ၊ အမှုတော်၊ စကားနှင့် သူ အမှုပြုသည့် အမှန်တရားများနှင့် ကျေးဇူးတော်ခေတ်ရှိ သူ၏ ရည်ရွယ်ချက်များသည် သူ ရွေးချယ်မည့် လူတိုင်း၏ နားသို့ရောက်ရှိရန်အလို့ငှာ ဤခေတ်၏ လူသားမျိုးနွယ်အပေါ် ကျေးဇူးတော်နှင့်ကောင်းချီးများ ပေးသနားလျက် သူ၏ ကျေးဇူးတော် အခြေပြု အမှုတော်ကို သူဆက်လက်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့အနေဖြင့် သူ၏ ရှေ့မှောက်သို့ အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန်ဖြင့်၊ အပြစ်သားအဖြစ် မလာကြတော့ရန်အလို့ငှာ သူသည် သူ ရွေးချယ်မည့် လူတိုင်းအား အပြစ်ဖြေရာယဇ်ကို အသုံးချနိုင်စေခဲ့သည်။ ဘုရားသခင်နှင့် လူ၏ ဆက်ဆံရေးသည် ပညတ်တော်ခေတ်ကကဲ့သို့ သူ့ကို လုံးဝ မမြင်ရသည့် ဆက်ဆံရေးမဟုတ်တော့ဘဲ ထိုထက် တစ်ဆင့်ပို၍ ယုံကြည်သူများနှင့် သခင်ကြား၊ ခရစ်ယာန်များနှင့် ခရစ်တော်ကြား ဆက်ဆံရေးတစ်ခု ဖြစ်သော်လည်း ထိုသို့သော ဆက်ဆံရေးသည် ဘုရားသခင် နောက်ဆုံးလိုချင်သည့် လူသားမျိုးနွယ်နှင့် ဘုရားကြား၊ ဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်ကြား ဆက်ဆံရေး မဟုတ်ပေ။ ထိုအချိန်က ၎င်းတို့၏ ဆက်ဆံရေးသည် ဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်တို့ကြား ဆက်ဆံရေးမှ သိသာစွာပင် အတော် အလှမ်းဝေးနေဆဲဖြစ်သော်လည်း ပညတ်တော်ခေတ်က လူသားမျိုးနွယ်နှင့် ဘုရားသခင်ကြား ဆက်ဆံရေးနှင့် ယှဉ်ကြည့်သည့်အခါ ထိုအရာက ကြီးမားသည့် တိုးတက်မှုကို ကိုယ်စားပြုလေသည်။ ထိုအရာသည် ဝမ်းမြောက်ခြင်းနှင့် ချီးမွမ်းထိုက်ခြင်းအတွက် အကြောင်းရင်းဖြစ်၏။ သို့ရာတွင် ထိုသို့ဖြစ်စေကာမူ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်ရန် လိုအပ်ခဲ့ဆဲဖြစ်၏။ မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသည့် နေရာများက ဘုရားသခင်အကြောင်း အယူအဆများ၊ စိတ်ကူးများ၊ တောင်းလျှောက်မှုများ၊ တောင်းဆိုမှုများ၊ ပုန်ကန်မှုများ၊ အတိုက်အခံလုပ်ခြင်းများနှင့် ပြည့်သည့် လူသားမျိုးနွယ်ကို ဘုရားသခင် ရှေ့ဆက် ဦးဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခြင်းအကြောင်း သိပြီးကောင်းသိနိုင်ပြီး ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်တတ်သည်ဟု သိပြီးကောင်း သိပြီးနိုင်သော်လည်း ယင်းကို ကျော်လွန်၍ ဘုရားသခင်၏ စစ်မှန်သော ကိုယ်ပိုင် လက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရအကြောင်း လုံးဝ မသိနားမလည်ခဲ့ကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ကြုံရပြီးဖြစ်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ၎င်းတို့ မွေ့လျော်ခဲ့သော်လည်း ၎င်းတို့၏ အနှစ်သာရ၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းထဲရှိ အမျိုးမျိုးသော အယူအဆများနှင့် အတွေးများသည် ဘုရားသခင်နှင့် ကွဲလွဲနေပြီး သူ့ကို ဆန့်ကျင်ရပ်တည်နေဆဲဖြစ်သည်။ လူသည် အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး မည်သို့ ဖြစ်ရမည်ကိုမဆိုထားနှင့် ဘုရားသခင်အား မည်သို့ ကျိုးနွံနာခံရမည်၊ သို့မဟုတ် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ဆိုသည်ကိုပင် မသိခဲ့ချေ။ ထို့ထက်သာ၍ ဖန်ဆင်းရှင်အား မည်သို့ ကိုးကွယ်ရမည်ဆိုသည်ကို သိရှိသူ မည်သူမျှ မရှိပေ။ လောက၏ အမှုအရာများအားလုံးကို ထိုမျှ အတိုင်းအတာတစ်ခုထိ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထံ လက်လွှဲခဲ့မည်ဆိုပါက ထိုအရာတို့ကို စာတန်ထံ လက်လွှဲလိုက်ခြင်းနှင့် အတူတူဖြစ်ပေမည်။ အကျိုးဆက်များက ခွဲခြားစရာ တစ်ခုမျှမရှိဘဲ လုံးဝ တစ်ထေရာတည်း ဖြစ်ခဲ့ပေမည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အမှုတော်ကို ဆက်လုပ်ရန်၊ လူသားမျိုးနွယ်အား သူ လုပ်ဆောင်မည့် အမှုတော်၏ နောက်တစ်ဆင့်ထဲသို့ ဆက်လက်ဦးဆောင်ရန် လိုအပ်ခဲ့သည်။ ထိုအဆင့်သည် အချိန်ကြာမြင့်စွာ ဘုရားသခင် စောင့်ဆိုင်းခဲ့သည့် တစ်စုံတစ်ရာ၊ အချိန်ကြာမြင့်စွာ သူမျှော်လင့်စောင့်စားခဲ့သည့် တစ်စုံတစ်ရာနှင့် သူ၏ ယခင်က သည်းခံပုံမျိုးဖြင့် အချိန်ကြာမြင့်စွာ ပေးဆပ်ခဲ့သည့် တစ်စုံတစ်ရာ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။