သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည်

သင်တို့ဘဝတွင် လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များကို အကဲခတ် ချင့်ချိန်ကြည့်ပါက သင်တို့ အားလုံးကို ထောက်မကာ အားဖြည့်ပေးမည့် နှုတ်ကပတ်တစ်ပိုဒ်ကို နေ့စဉ်လိုအပ်သည်။ အကြောင်းမှာ သင်တို့သည် ချို့တဲ့လွန်းနေပြီး၊ သင်တို့၏ ရယူနိုင်သော အသိဉာဏ်နှင့် စွမ်းရည်တို့သည်လည်း အလွန်ပင် အားနည်းလှသောကြောင့် ဖြစ်သည်။ သင်တို့၏ နေ့စဉ်ဘဝများတွင် သင်တို့သည် သမ္မာတရား သို့မဟုတ် ကောင်းသော ဆင်ခြင်တုံတရားမရှိသည့် ပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းတွင် နေထိုင်နေကြသည်။ သင်တို့တွင် ဖြစ်တည်ခြင်း၏ အဓိကမတည်မှု ကင်းမဲ့ပြီး ငါ သို့မဟုတ် သမ္မာတရားကို သိရှိနိုင်စေမည့် အခြေခံအုတ်မြစ်လည်း မရှိပေ။ သင်တို့၏ ယုံကြည်ခြင်းသည် မရေရာသော စိတ်ချယုံကြည်မှု သို့မဟုတ် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းတို့အပေါ် တည်ဆောက်ရုံမျှသာ တည်ဆောက်ထားပြီး အသိပညာမှာလည်း အယူဝါဒအပေါ်တွင်သာ လုံးဝအခြေခံထားသည်။ နေ့စဉ်နေ့တိုင်း ငါသည် သင်တို့၏ လှုပ်ရှားမှုများကို ကြည့်ရှုနေပြီး သင်တို့၏ ရည်ရွယ်ချက်များနှင့် ဆိုးယုတ်သော အသီးအပွင့်များကို စစ်ဆေးနေသည်။ ဘယ်သောအခါမျှ ရွေ့လျားခြင်း မရှိသော ငါ၏ ယဇ်ပလ္လင်ထက်တွင် မိမိနှလုံးသားနှင့် စိတ်ဝိညာဉ်ကို စစ်မှန်စွာ တင်ထားသော သူတစ်ဦး တစ်ယောက်ကိုမျှ ငါမတွေ့ဖူးသေး။ သို့ကြောင့် ထိုသို့သော လူသားမျိုးနွယ်အတွက် ငါဖော်ပြလိုသော နှုတ်ကပတ်တော် အားလုံးကို အလဟဿ ဖွင့်ချရန် ဆန္ဒမရှိ။ ငါ၏နှလုံးထဲတွင် မပြီးမြောက်သေးသော ငါ၏အမှုများကို ပြီးစီးစေရန်နှင့် ကယ်တင်ရန်ကျန်နေသေးသော လူသားမျိုးနွယ်တို့အတွက် ကယ်တင်ခြင်းကို ယူဆောင်လာ ပေးရန်သာ စီမံနေသည်။ မည်သို့ပင်ဆိုစေကာမူ ငါ့နောက်လိုက်သူများ အားလုံးကို ငါ၏ ကယ်တင်ခြင်းနှင့် လူသားတို့အပေါ်တွင် ငါ့နှုတ်ကပတ်တော်မှ နှင်းအပ်ထားသည့် သမ္မာတရားတို့အား ရရှိစေလိုသည်။ တစ်နေ့ သင်၏မျက်လုံးများ မှိတ်သွားသောအခါ မွှေးရနံ့သင်းပျံ့နေသောလေနှင့် အသက်ရေစီးနေသော စမ်းချောင်းများ ရှိသည့် နိုင်ငံတော်ကို တွေ့ရစေလိုပြီး၊ မှောင်မိုက်တိမ်လွှမ်းသော ကောင်းကင်များနှင့် ငိုယိုအော်ဟစ်သံ မဆိတ်သုန်းသော ညိုမှိုင်းအေးစက်နေသည့် ကမ္ဘာကို ငါသင်တို့ကို မတွေ့စေလိုပါ။

နေ့စဉ်ရက်တိုင်း လူတိုင်း၏ လုပ်ဆောင်ချက်များနှင့် အတွေးများသည် ဘုရားသခင်၏ စောင့်ကြည့်မှု ခံနေရပြီး၊ တစ်ချိန်တည်းတွင် သူတို့၏ ကိုယ်ပိုင်မနက်ဖြန်အတွက် ပြင်ဆင်ထားကြသည်။ ဤသည်မှာ သက်ရှိအားလုံး လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်ပြီး အရာအားလုံးအတွက် ငါကြိုတင် ခွဲခန့်မှတ်သားထားသော အရာပင်ဖြစ်ပါသည်။ ဤအရာမှ မည်သူမျှ မလွတ်မြောက်နိုင်၊ မည်သူ့အတွက်မျှ ချွင်းချက်မရှိပေ။ ငါသည် မရေတွက်နိုင်သော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သည်။ ထို့အပြင် များစွာသော အမှုများကိုလည်း ပြုခဲ့သည်။ နေ့စဉ်နေ့တိုင်း လူတို့သည် ပင်ကိုအားဖြင့် ရှိရင်းစွဲသဘာဝနှင့်အညီ လုပ်စရာရှိသည်ကို ဘာသာဘာဝအတိုင်း လုပ်နေခြင်းနှင့် မည်သို့တိုးတက်မှု ရှိလာသည်တို့ကို ငါစောင့်ကြည့်နေပါသည်။ လူသား တစ်မျိုးနွယ်စီ၏ ဖွင့်ပြခြင်းအတွက် ငါချမှတ်ထားသော “မှန်ကန်သည့် လမ်းကြောင်း” အပေါ်တွင် အများသောသူတို့သည် သတိမထားမိဘဲ ရောက်နှင့်နေပြီး ဖြစ်သည်။ ငါသည် လူတစ်မျိုးစီကို မတူညီသော ပတ်ဝန်းကျင်များတွင် ထားထားနှင့်ပြီး၊ သူတို့ တစ်ဦးစီသည် ရှိရင်းစွဲ ပင်ကိုယ်အရည်အချင်းများကို ရှိသည့်နေရာတွင် ဖော်ပြနေကြပြီ ဖြစ်သည်။ သူတို့ကို ချည်နှောင်မည့်သူ မရှိသကဲ့သို့ သွေးဆောင်မည့်သူ တစ်စုံတစ်ယောက်မျှလည်း မရှိပေ။ သူတို့သည် အလုံးစုံ လွတ်လပ်မှုရှိပြီး၊ သူတို့ဖော်ပြသည့် အရာသည် သူ့အလိုအလျောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူတို့ကို အမြဲတစေ စစ်ဆေးနေသောအရာ တစ်ခုတည်းသာရှိပြီး ယင်းသည် ငါ၏ နှုတ်ကပတ်တော်များပင် ဖြစ်သည်။ သို့ကြောင့် လူအချို့တို့သည် အဆုံး၌ သေခြင်းမဖြစ်စေရန်အတွက် ငါ၏ နှုတ်ကပတ်တော်များကို မဖတ်ချင်ဖတ်ချင်နှင့် ဖတ်နေကြသော်လည်း၊ မည်သည့်အခါမျှ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့အသုံးချခြင်း မရှိကြပေ။ အခြားတစ်ဖက်တွင်မူ အချို့သောသူတို့သည် ငါ့နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုနှင့် ထောက်မမှုတို့ မရှိပဲ နေ့ရက်တို့ကို ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ရန် ခက်ခဲနေကြသည်။ ထို့ကြောင့် သူတို့သည် ငါ့နှုတ်ကပတ်တော်များကို အချိန်တိုင်းတွင် အလိုအလျောက် ကိုင်ဆောင်ထားကြသည်။ အချိန်ကုန်လွန် သွားသည်နှင့်အမျှ သူတို့သည် လူ့ဘဝ၏ လျှို့ဝှက်ချက်၊ လူသားမျိုးနွယ်တို့၏ ခရီးဆုံးပန်းတိုင်နှင့် လူဖြစ်ရခြင်း တန်ဖိုးတို့ကို ရှာဖွေတွေ့ရှိ သွားကြသည်။ ငါ့နှုတ်ကပတ်တော်၏ မျက်မှောက်တွင် လူတို့သည် ဤသည်ထက် မပိုပေ။ ငါသည် ကိစ္စအရပ်ရပ်အား သူ့လမ်းကြောင်းအတိုင်း ရိုးရှင်းစွာ ဖြစ်ပေါ်ခွင့်ပေးသည်။ ငါ့နှုတ်ကပတ်တော်များကို လူသားတို့ တည်ရှိမှု၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိကာ နေထိုင်ရန်အတွက် ဇွတ်အတင်း တွန်းအားပေးခြင်း ငါမပြုပါ။ သို့အတွက် သူတို့၏ ဖြစ်တည်မှု တစ်လျှောက်တွင် အသိတရား သို့မဟုတ် တန်ဖိုး မည်သည့်အခါမျှ မရှိခဲ့ဖူးသော သူများသည် တိတ်ဆိတ်စွာပင် ဖြစ်ပျက်နေသည့်အရာများကို ကြည့်ရှုလေ့လာပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို မျက်နှာပြောင်တိုက် ဘေးချိတ်ကာ သူတို့ဆန္ဒရှိသည့်အတိုင်း ပြုမူနေကြသည်။ သူတို့သည် သမ္မာတရားနှင့် ငါ့ထံမှလာသော အရာများအားလုံးကို စတင်ငြီးငွေ့လာကြသည်။ ထို့အပြင် သူတို့သည် ငါ့အိမ်တော်တွင် နေရခြင်းကိုလည်း စိတ်ပျက်ကြသည်။ ဤလူသားတို့သည် အစေခံခြင်းအမှုကို ပြုနေကြသော်လည်း ငါ့အိမ်တော်တွင် ယာယီ နေထိုင်နေကြခြင်းမှာ အပြစ်ဒဏ်ပေးခံရခြင်းမှ ရှောင်ရှားနိုင်ရန်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်များအတွက်သာ ဖြစ်ပါသည်။ သို့ရာတွင် သူတို့၏ ရည်ရွယ်ချက်များသည် မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိသကဲ့သို့ သူတို့၏ လုပ်ဆောင်ချက်များသည်လည်း ပြောင်းလဲခြင်းမရှိပေ။ သူတို့ ထာဝရတည်နေနိုင်မည့် နိုင်ငံတော်သို့ သွားရန် တစ်ခုတည်းသောလမ်း၊ ထာဝရ ကောင်းကင်သို့ ဝင်ရန်လမ်းနှင့် ကောင်းချီးမင်္ဂလာများကို လိုချင်သော သူတို့၏ဆန္ဒကို ဤအချက်က ရှေ့ဆက်အားပေးသည်။ ငါ၏နေ့ရက်သည် မကြာတော့မည့် တစ်နေ့တွင် ရောက်လာတော့မည်ဟု သူတို့ တောင့်တလေလေ၊ သမ္မာတရားသည် သူတို့၏ လမ်းကြောင်းတွင် ခြေချော်လဲကျစေမည့် အတားအဆီးတစ်ခု ဖြစ်လာသည်ဟု ခံစားရလေလေဖြစ်သည်။ သူတို့သည် သမ္မာတရားကို လိုက်လျှောက်ရန် သို့မဟုတ် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံရန်၊ အထူးသဖြင့် ငါ့အိမ်တော်အတွင်းတွင် ခယဝပ်တွားစွာ နေထိုင်၍ ငါပြောသည့်အတိုင်း လုပ်စရာမလိုပဲ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကာ ကောင်းကင်နိုင်ငံတော်ထဲမှ ကောင်းချီးမင်္ဂလာများကို အစဉ်ခံစားနိုင်ရန်အတွက် စောင့်နေရသည်ကို စိတ်မရှည် နိုင်တော့ပေ။ ဤလူများသည် ငါ့အိမ်တော်ထဲသို့ ဝင်ရောက်လာသည်မှာ သမ္မာတရားကိုရှာဖွေသည့် နှလုံးသားအား ဖြည့်ဆည်းရန်မဟုတ်၊ သို့မဟုတ် ငါ၏ စီမံကွပ်ကဲမှုအောက်တွင် အတူတကွ အလုပ်လုပ်ရန်အတွက်လည်း မဟုတ်ပေ။ သူတို့သည် နောက်လာမည့် ခေတ်ကာလတွင် ပျက်စီးခြင်းသို့ မရောက်စေရန် အတွက်မျှသာ ရည်ရွယ်ထားကြခြင်း ဖြစ်သည်။ သို့ကြောင့်ပင် သူတို့၏ နှလုံးသားများသည် သမ္မာတရားမှာ အဘယ်အရာဖြစ်သည် သို့မဟုတ် သမ္မာတရားကို မည်ကဲ့သို့လက်ခံရမည် ဆိုသည်တို့အား ဘယ်သောအခါမျှ မသိရှိခဲ့ကြပေ။ ဤသည်ကပင် ထိုသို့သောလူများသည် သမ္မာတရားကို လက်တွေ့ ကျင့်ဆောင်မှုမရှိ သို့မဟုတ် သူတို့၏ ပျက်စီးယိုယွင်းမှု အတိမ်အနက်ကို မသိရှိကြသော်လည်း ငါ့အိမ်တော်တွင် အဆုံးအထိ “အစေခံများ” အဖြစ် နေထိုင်ခဲ့ကြခြင်း၏ အကြောင်းရင်းဖြစ်ပါသည်။ သူတို့သည် ငါကြွလာမည့် နေ့ရက်ကို “စိတ်ရှည်စွာ” ဖြင့် စောင့်မျှော်နေကြပြီး၊ ငါ့အမှု၏ သဘာဝအရ လူးလွန့် ထိခိုက်ခံရခြင်းအပေါ် မမောပန်းနိုင်ကြပေ။ သူတို့၏ ကြိုးပမ်းမှုနှင့် သူတို့ပေးခဲ့သောအဖိုးအခ မည်မျှကြီးနေစေကာမူ သူတို့သည် သမ္မာတရားအတွက် ဝေဒနာခံစားရခြင်း သို့မဟုတ် ငါ့အတွက် အသက်စတေးခံရသည်ကို မည်သူမှ တွေ့မြင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ နှလုံးသားများထဲတွင် ခေတ်ကာလဟောင်းများအား ငါအဆုံးသတ်မည့် နေ့ရက်ကို မစောင့်စားနိုင်တော့ပေ။ ထို့အပြင် သူတို့သည် ငါ၏တန်ခိုးနှင့် အာဏာ မည်မျှကြီးမားသည်ကို သိရန် ပြင်းပြစွာ ဆန္ဒရှိကြသည်။ ထိုအရာများအတွက် သူတို့ကိုယ်သူတို့ ပြောင်းလဲရန်နှင့် သမ္မာတရားနောက်ကို လိုက်ရန် လျင်မြန်စွာ လှုပ်ရှားခဲ့ဖူးခြင်း မရှိပေ။ သူတို့သည် ငါစိတ်ပျက် ငြီးငွေ့သောအရာများကို ချစ်ကြပြီး၊ ငါချစ်သောအရာတို့ကိုမူ စိတ်ပျက် ငြီးငွေ့ကြသည်။ သူတို့သည် ငါမုန်းတီးသောအရာကို တောင့်တကြပြီး တစ်ချိန်တည်းတွင် ငါစက်ဆုပ်ရွံမုန်းသော အရာကိုလည်း လက်လွတ်လိုက်ရမည်ကို ကြောက်ရွံ့ကြသည်။ သူတို့သည် ကောက်ကျစ်သော ကမ္ဘာတွင် နေထိုင်နေရသည့်တိုင် ထိုအရာကို မည်သည့်အခါမျှ မုန်းတီးခြင်းမရှိပဲ၊ ထိုအရာကို ငါဖျက်ဆီးပစ်မည်ကို လွန်စွာကြောက်ရွံ့ကြသည်။ သူတို့ကိုင်ဆောင်ထားသော ရည်ရွယ်ချက်များမှာ ကွဲလွဲနေကြသည်- ငါစက်ဆုပ်ရွံရှာသော ဤကမ္ဘာမှ အရာများကို သူတို့ ကျေနပ်နေကြသည်။ သို့ရာတွင် တစ်ချိန်တည်း၌ပင် ဤကမ္ဘာအား မကြာမီ ဖျက်ဆီးစေရန်အတွက် ငါ့အား တောင့်တကြသည်။ ဤနည်းဖြင့် သူတို့သည် ဖျက်ဆီးခြင်း ခံရမည့်ဘေးမှ ကင်းလွတ်ကာ မှန်ကန်သောလမ်းမှ လမ်းမလွဲမှီ နောက်ခေတ်ကာလတွင် ကောင်းစားခြင်း ခံရရန်အတွက်ပင် ဖြစ်သည်။ အကြောင်းမှာ သူတို့သည် သမ္မာတရားကို မချစ်ပဲ၊ ငါ့ထံမှလာသော အရာများအားလုံးကို စိတ်ပျက် ငြီးငွေ့သောကြောင့်ပင် ဖြစ်သည်။ ဖြစ်နိုင်ချေ ရှိသည်မှာ သူတို့သည် ကောင်းချီးမင်္ဂလာများကို မဆုံးရှုံးစေရန်အတွက် အချိန်တိုတစ်ခုတွင်း “နာခံသောသူများ” ဖြစ်လာလိမ့်မည်။ သို့ရာတွင် ကောင်းချီးမင်္ဂလာအတွက် စိုးရိမ် ပူပန်တတ်သော သူတို့၏ စိတ်ထားနှင့် လောင်ကျွမ်းနေသော မီးအိုင်ထဲသို့ ဝင်ရောက် ပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့စိတ်တို့သည် မှေးမှိန်သွားလိမ့်မည် မဟုတ်ပေ။ ငါ၏နေ့ရက် နီးကပ်လာသည်နှင့်အမျှ သူတို့၏ စိတ်ဆန္ဒသည် တသမတ်တည်း ပို၍ကြီးထွားလာသည်။ ဘေးဒုက္ခကြီးလာလေလေ သူတို့သည် ကူရာမဲ့ လာလေလေဖြစ်ပြီး ငါ့ကိုဝမ်းမြောက်စေအောင် မည်သို့ စတင်ရမည်ကို မသိခြင်းနှင့် သူတို့ ရှည်ကြာစွာ တောင့်တခဲ့သော ကောင်းချီးမင်္ဂလာများကို လက်မလွှတ် လိုက်ရလေအောင် မည်သို့ဆောင်ရွက်ရမည်ကို မသိပဲဖြစ်နေလိမ့်မည်။ ငါ့လက်သည် အမှုစပြုပြီဆိုသည်နှင့် တစ်ပြိုင်နက် ဤလူသားများသည် ရှေ့ပြေးတပ် ခေါင်းဆောင်များအဖြစ် လုပ်ဆောင်ရန်အတွက်သာ စိတ်ထက်သန်ကြသည်။ ငါသူတို့ကို မမြင်မတွေ့မည်ကို လွန်စွာ ကြောက်ရွံ့ကြသည့်အတွက် သူတို့သည် တပ်ဖွဲ့များ၏ စစ်ဦးပိုင်းထိ ထိုးဖောက် နေရာယူရန်သာ စဉ်းစားကြသည်။ သူတို့ မှန်ကန်သည်ဟု ထင်သောအရာများကို လုပ်ကြ၊ ပြောဆိုကြသော်လည်း သူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် တစ်ကြိမ်တစ်ခါမျှ သင့်လျော်မှု မရှိခဲ့ကြောင်းကို လုံးဝမသိရှိပဲ ငါ၏ အကြံအစည်များကိုသာ ဝင်ရောက် နှောင့်ယှက် တားဆီးရုံသက်သက် ဖြစ်နေသည်။ ခွန်အားများစွာ စိုက်ထုတ်ပြီး၊ အခက်အခဲများကို သည်းညည်းခံသည့် သူတို့၏ ဆန္ဒနှင့် ရည်ရွယ်ချက်တို့မှာ စစ်မှန်နိုင်သော်လည်း သူတို့ပြုလုပ်သည့်အရာ အားလုံးသည် ငါနှင့်လားလားမျှ မသက်ဆိုင်ပေ။ အကြောင်းမှာ ငါ၏ယဇ်ပလ္လင်ပေါ်သို့ တစ်စုံတစ်ခုကို တင်လှူပေးရန် မဆိုထားနှင့် သူတို့၏လုပ်ရပ်များသည် ကောင်းမွန်သော ရည်ရွယ်ချက်မှ လာခြင်းကို ငါမတွေ့ပေ။ ဤအရာတို့သည် ဤနှစ်ပေါင်းများစွာအတွင်း ငါ့ရှေ့တွင် ဖြစ်ပေါ် နေသောသူတို့၏ လုပ်ရပ်များပင်ဖြစ်သည်။

အစတွင် ငါသည်သင်တို့ကို သမ္မာတရားများဖြင့် ပို၍ထောက်မရန် ဆန္ဒရှိခဲ့သည်။ သို့ရာတွင် သမ္မာတရားအပေါ် ထားသော သင်တို့၏ သဘောထားသည် ပို၍ပင် အေးစက်ကာ ထူးခြားမှုမရှိသဖြင့် ငါလက်လျှော့လိုက်ရသည်။ ငါ၏ကြိုးစားမှုများကို အလဟဿဖြစ်စေရန် ဆန္ဒမရှိပါ။ လူတို့သည် ငါ၏ နှုတ်ကပတ်များကို နေရာတိုင်း၌ ကိုင်စွဲပြီး ငါ့အားဆန့်ကျင်၊ အပုပ်ချ၍၊ ဆဲဆိုနေသည်ကိုလည်း တွေ့လိုသော ဆန္ဒမရှိပါ။ သင်တို့၏ သဘောထားများနှင့် လူ့သဘောသဘာဝအရ သင်တို့ကို စမ်းသပ်သည့်အနေဖြင့် သင်တို့အတွက် အလွန်အရေးကြီးသည့် နှုတ်ကပတ်တော်၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ သင်တို့အား ပေးအပ်ထားပါသည်။ ယခုချိန်ထိ ငါပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များနှင့် အစီအစဉ်များသည် သင်တို့လိုအပ်သောအရာနှင့် ကိုက်ညီမှု ရှိသည်ကို ငါမှန်ကန်စွာ အတည်ပြုသည်။ ဆက်လက်၍ လူသားအတွက် ငါ၏သဘောထားသည် မှန်ကန်သည် ဆိုကြောင်းကိုလည်း ငါအတည်ပြုသည်။ သင်တို့၏ ငါ့ရှေ့တွင် လုပ်ဆောင်ခဲ့သော နှစ်ပေါင်းများစွာ ကြာမြင့်သည့် လုပ်ဆောင်ချက်များသည် ယခင်က ငါတစ်ကြိမ်တစ်ခါမျှ မရဖူးသောအဖြေကို ပေးခဲ့ပါသည်။ ဤအဖြေ၏ မေးခွန်းမှာ- “သမ္မာတရားနှင့် စစ်မှန်သော ဘုရားသခင်ရှေ့တွင် လူသားတို့၏ သဘောထားသည် မည်သို့ဖြစ်သနည်း” ပင်ဖြစ်သည်။ လူသားတို့အတွက် ငါပြုလုပ်ခဲ့သော ကြိုးပမ်းချက်သည် လူသားတို့အပေါ် ငါ့ချစ်ခြင်း၏ အနှစ်သာရကို သက်သေပြနေပြီး၊ ငါ့မျက်မှောက်တွင် လူသားတို့ ပြုလုပ်သော လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များမှာမူ လူသားတို့၏ သမ္မာတရားကို စက်ဆုပ်ရွံရှာမှုနှင့် ငါ့အား ဆန့်ကျင်မှုတို့ကို ပြသနေသည်။ ငါသည် ငါ့နောက်သို့ လိုက်သောသူအားလုံးအတွက် အချိန်တိုင်းတွင် စိတ်ပူပန်နေပါသည်။ သို့ရာတွင် ငါ့နောက်သို့ လိုက်သူများသည် ငါ၏နှုတ်ကပတ်တော်ကို မည်သည့်အခါမျှ လက်ခံနိုင်ခြင်း မရှိကြပေ၊ ငါ့ထံမှလာသော အကြံပေးချက် တစ်စုံတစ်ရာကိုပင် လက်ခံရန် လုံးဝ မတတ်နိုင်ကြပေ။ ဤအချက်သည် ငါ့ကို ဝမ်းအနည်းစေဆုံး အချက်ဖြစ်သည်။ ငါ၏သဘောထားသည် စိတ်ရင်းမှန်ပြီး ငါ့နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း မည်သူမျှ ငါ့ကို နားမလည်နိုင်ပေ၊ ထိုမျှမက ငါ့အား မည်သူမျှ လက်မခံနိုင်ကြပေ။ ငါတာဝန်ပေးစေခိုင်းထားသော လုပ်ငန်းများကို သူတို့၏ မူလရည်ရွယ်ချက်များအတိုင်း အားလုံးတို့သည် လုပ်ဆောင်လျက်ရှိသည်၊ ငါ၏ တောင်းဆိုမှုများအား မေးရန်ကို မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်ကိုပင် သူတို့သည် မရှာဖွေကြ။ သူတို့သည် ငါ့အား သစ္စာရှိစွာ အစေခံသည်ဟု ဆိုဆဲဖြစ်သော်လည်း တစ်ဖက်တွင် ငါ့ကိုပုန်ကန် နေကြသည်။ လူအများတို့သည် သူတို့ လက်သင့်မခံနိုင်သည့် သမ္မာတရားများနှင့် သူတို့ မကျင့်ဆောင်နိုင်သည့် အရာများသည် သမ္မာတရားများမဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများအတွက် ငါ၏သမ္မာတရားသည် ငြင်းဆန်ဖွယ်ရာ ဖြစ်လာပြီး ဘေးသို့ချထားစရာဖြစ်လာသည်။ တစ်ချိန်တည်းတွင်ပင် ငါသည် လူသားတို့က စကားအားဖြင့်သာ ဘုရားဟု အသိအမှတ်ပြုထားသောသူ ဖြစ်လာသော်လည်း လမ်းခရီး၊ သမ္မာတရား သို့မဟုတ် အသက်တို့ မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရပါသည်။ မည်သူမျှ ဤသမ္မာတရားကို မသိပါ။ ငါ၏နှုတ်ကပတ်တော်များသည် အစဉ်မပြောင်းလဲသော သမ္မာတရားဖြစ်သည်။ ငါသည် လူသားအတွက် အသက်ကို ထောက်မပေးသူဖြစ်ပြီး၊ လူသားတို့အတွက် တစ်ခုတည်းသော လမ်းညွှန်မှု ဖြစ်သည်။ ငါ့နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့သည် လူသားတို့ အသိအမှတ်ပြု လက်ခံမှုရှိ၊ မရှိဖြင့် သတ်မှတ်ထားခြင်းမဟုတ်ပဲ ထိုနှုတ်ကပတ်တော်တို့၏ အနက်၊ အခြေအမြစ်အားဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ့နှုတ်ကပတ်တော်များကို လက်မခံလျှင်လည်း၊ ငါ့နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားအား အကူအညီပေးခြင်းတို့ကို မည်သူမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ ငါ့ကိုဆန့်ကျင်သော၊ ငြင်းဆန်သော သို့မဟုတ် ငါ့နှုတ်ကပတ်များကို လုံးဝ အထင်သေးသော သူများနှင့် ရင်ဆိုင်ရသောအခါ ငါ၏ ရပ်တည်မှုသည် ဤသို့ဖြစ်သည်၊ ငါ့နှုတ်ကပတ်များသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ ဖြစ်ကြောင်းကို အချိန်နှင့် အမှန်တရားတို့က သက်သေအဖြစ် ပြသပါလိမ့်မည်။ ငါပြောသည့် အရာတိုင်းသည် မှန်ကန်ပြီး၊ လူသားတို့အနေဖြင့် ယင်းကိုအသုံးပြုကာ မိမိကိုယ်ကို ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် လူသားတို့ လက်ခံသင့်သည့် အရာလည်း ဖြစ်ပါသည်။ ငါ့နောက်လိုက်သော သူအားလုံးကို ဤအချက်ကိုသိရှိ စေမည်ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးခြင်း မပြုနိုင်သူများ၊ ငါ၏နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို မရှာဖွေနိုင်သူများနှင့် ငါ၏နှုတ်ကပတ်တော်များအားဖြင့် ကယ်တင်ခြင်းကို လက်ခံမရရှိနိုင် သူများသည် ငါ့နှုတ်ကပတ်တော်များ၏ စီရင်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ငါ့ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးကာ ငါ၏ ကြိမ်တုတ်သည် သူတို့နှင့် ဘယ်တော့မှ သွေဖည်သွားမည် မဟုတ်တော့ပေ။

၂၀၀၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။