လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)

ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်သည့်အခါ သူသည် တစ်စုံတစ်ရာ တည်ဆောက်ခြင်း သို့မဟုတ် လှုပ်ရှားမှုများထဲတွင် ပါဝင်ရန် လာခြင်းမဟုတ်ဘဲ သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန် လာခြင်းဖြစ်သည်။ သူလူ့ဇာတိခံယူသည့်အကြိမ်တိုင်း အမှု၏အဆင့်တစ်ခု ပြီးမြောက်စေရန်နှင့် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ရန်သာဖြစ်သည်။ ယခုအခါ နိုင်ငံတော်ခေတ် ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတော်အတွက် လေ့ကျင့်ပေးခြင်းသည်လည်း ထို့အတူပင် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ လူ၏အလုပ် မဟုတ်ပေ၊ ယင်းသည် လူသားကို အတိုင်းအတာ တစ်စုံတစ်ခုအထိ ပြုပြင်ရန်လည်း မဟုတ်ပေ၊ ယင်းသည် ဘုရားသခင်၏ အမှုအစိတ်အပိုင်းတစ်ခုကို စုံလင်စေရန်သာဖြစ်သည်။ သူလုပ်ဆောင်သောအရာမှာ လူ၏အလုပ် မဟုတ်ပေ၊ ယင်းသည် ကမ္ဘာမြေကြီးမှ မထွက်ခွာမီ လူကို ပြုပြင်ရာ၌ တိကျသောရလဒ်တစ်ခုကို ရရှိရန်အတွက် မဟုတ်ပေ၊ သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန်နှင့် သူပြုရမည့်အမှုကို အဆုံးသတ်ရန်သာဖြစ်၍ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုအတွက် သင့်လျော်သောအစီအစဉ်များကို ချမှတ်ရန်ဖြစ်ကာ၊ ထိုနည်းအားဖြင့် ဘုန်းထင်ရှားလာစေရန်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူတို့၏အမှုနှင့် မတူညီပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အမှုကို လုပ်ဆောင်ရန်ကြွလာသည့်အခါ၊ သူ၏အမှုတော် ကျေပွန်စေရန်အတွက်သာ သူအလေးထား၏။ သူ၏အမှုတော်နှင့်မသက်ဆိုင်သည့် အခြားသောကိစ္စအားလုံးတို့၌ သူသည် ပါဝင်ပတ်သက်ခြင်း မရှိသလောက်ပင်ဖြစ်ကာ၊ မသိကျိုးကျွန် ပြုသည်အထိဖြစ်၏။ သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်ရုံမျှသာဖြစ်ပြီး၊ လူတို့ပြုသင့်သောအမှုနှင့်ပတ်သက်၍ သူသည် ပူပန်မှုမရှိဆုံးဖြစ်၏။ သူပြုသောအမှုသည် သူရှိနေသော ခေတ်ကာလ၊ သူကျေပွန်အောင်လုပ်ဆောင်သင့်သော အမှုတော်နှင့်သာ လုံးလုံးသက်ဆိုင်ပြီး၊ အခြားသောကိစ္စမှန်သမျှမှာ သူ၏အာဏာစက်ပြင်ပ၌ ရှိသကဲ့သို့ဖြစ်သည်။ သူသည် လူသားတစ်ဦးအဖြစ် အသက်ရှင်ရာ၌ ပို၍အခြေခံကျသော အသိဖြင့် မိမိကိုယ်ကို ဖြည့်ဆည်းခြင်းမရှိသကဲ့သို့၊ နောက်ထပ်လူမှုရေးရာကျွမ်းကျင်မှုများကို သင်ယူခြင်းသော်လည်းကောင်း၊ လူတို့နားလည်သော အခြားအရာတစ်စုံတစ်ခုဖြင့် မိမိကိုယ်ကို ပြည့်စုံစေခြင်းသော်လည်းကောင်း သူမပြုချေ။ လူသားတို့ ပိုင်ဆိုင်သင့်သောအရာမှန်သမျှကို စိတ်ဝင်စားခြင်း လုံးဝမရှိဘဲ၊ သူသည် သူ၏တာဝန်ဖြစ်သောအမှုကို ပြုရုံမျှသာဖြစ်သည်။ ထို့ကြောင် လူ့ဇာတိခံယူသောဘုရားသခင်သည် အကြောင်းခြင်းရာအများအပြား၌ မပြည့်စုံလွန်းသည့်အတွက် သူသည် လူတို့၌ရှိသင့်သော အရာများစွာကိုပင် အလေးဂရုမပြုသည်သာမက ယင်းသို့သောအရာများအပေါ် နားလည်မှုဟူသည်လည်း မရှိဟု လူတို့က မြင်ကြလေသည်။ တစ်ကိုယ်ရေအပြုအမူနှင့် အခြားသူများနှင့် တုံ့လှယ်မှုအပေါ် ထိန်းချုပ်သော စည်းမျဉ်းများအပြင်၊ ဘဝနှင့်သက်ဆိုင်သည့် ဘုံအသိကဲ့သို့သော အကြောင်းအရာများသည် သူနှင့်သက်ဆိုင်မှုမရှိဟု ထင်ရ၏။ သို့သော်လည်း သင်သည် လူ့ဇာတိခံယူသောဘုရားသခင်ထံမှ ပုံမှန်မဟုတ်ခြင်း၏ အရိပ်အမြွက်အနည်းငယ်ကိုမျှ သတိပြုမိနိုင်မည်မဟုတ်ပေ။ တစ်နည်းဆိုသော် သူ၏လူ့သဘာဝသည် သာမန်လူသားတစ်ဦးဖြစ်သော သူ၏အသက်တာနှင့် သာမန်တွေးခေါ်ဆင်ခြင်မှုရှိသော သူ၏ဦးနှောက်ကို ထိန်းသိမ်းခြင်းသာဖြစ်ပြီး၊ သူ့အား အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်းပေးလေသည်။ သို့သော်လည်း သူသည် လူတို့ (ဖန်ဆင်းခံသတ္တဝါများ) သာ ပိုင်ဆိုင်သင့်သော အရာများဖြစ်သည့် အခြားသောအရာအားလုံးဖြင့် ဖြည့်ဆည်းထားခြင်းကား မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန်သာ လူ့ဇာတိခံယူခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်ကာလတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် နေရာတစ်ခုမျှကိုသာ မဟုတ်ဘဲ၊ စကြဝဠာတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏။ ဤသည်မှာ သူ၏အမှုတော် ရည်မှန်းချက်ဖြစ်ပြီး၊ သူအမှုပြုသော အခြေခံသဘောတရားဖြစ်သည်။ ဤအရာကို မည်သူမျှ ပြောင်းလဲ၍မရသည့်အပြင်၊ လူသားသည် ယင်းအရာ၌ ပါဝင်ပတ်သက်လာရန်အကြောင်းလည်း မရှိပေ။ ဘုရားသခင် လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင် ထိုခေတ်ကာလ၏အမှုကို သူနှင့်အတူ ဆောင်ယူလာ၏၊ ထို့ပြင် လူသားသည် သူ့အား ပို၍နားလည်ကာ ထိုးထွင်းသိမြင်နိုင်စေရန်အလို့ငှာ လူတို့နှင့်အတူ အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် သို့မဟုတ် အနှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်မျှပင် နေထိုင်မည်ဟူသော ရည်ရွယ်ချက် သူ့မှာမရှိပေ။ ထိုအရာသည် မလိုအပ်ချေ။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထားအပေါ် လူသား၏အသိကို မည်သို့မျှ နက်ရှိုင်းစေလိမ့်မည် မဟုတ်၊ ယင်းအစား လူသား၏အယူအဆများကိုသာ တိုးလာစေမည်ဖြစ်ပြီး၊ လူသား၏အယူအဆများနှင့် အတွေးများကို ခိုင်မြဲလာစေရန်သာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် သင်တို့အားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုမှာ အဘယ်အရာဖြစ်သည်ကို အတိအကျနားလည်အပ်ပေသည်။ “ငါလာခဲ့သည်မှာ သာမန်လူသားတစ်ဦး၏ အသက်တာကို တွေ့ကြုံရန်အတွက်မဟုတ်” ဟူ၍ သင်တို့အား ငါပြောခဲ့ပြီးသော နှုတ်ကပတ်တော်များကို၊ သင်တို့အနေဖြင့် နားမလည်ထား၍ မရပေ။ “ဘုရားသခင်သည် ကမ္ဘာလောကသို့ ကြွလာခြင်းမှာ သာမန်လူသားတစ်ဦး၏အသက်တာဖြင့် နေထိုင်ရန်မဟုတ်” ဟူသော နှုတ်ကပတ်တော်တို့ကို သင်တို့မေ့လျော့ကြပြီလော။ လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို သင်တို့နားမလည်ကြသည့်အပြင်၊ “ဘုရားသခင်သည် ဖန်ဆင်းခံလူသားတစ်ဦး၏ဘဝကို တွေ့ကြုံခံစားရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ အဘယ်ကြောင့် ကြွလာခဲ့မည်နည်း” ဟူသော အဓိပ္ပာယ်ကိုလည်း သင်တို့မသိကြပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမှာ သူ၏အမှုကို အပြီးသတ်ရန်အတွက်သာဖြစ်သဖြင့်၊ ကမ္ဘာမြေကြီးပေါ်မှ သူ၏အမှုသည် သက်တမ်းတိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်အနေဖြင့် သူ၏လူ့ဇာတိခန္ဓာကိုယ်အား အသင်းတော်ကို ဦးဆောင်မည့် ကြီးမြတ်သောလူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာသောအခါ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်းဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူ၏အမှုကို မသိကြဘဲ၊ အကြောင်းအရာများကို သူနှင့် အတင်းအကျပ် ပတ်သက်စပ်ဆိုင်စေကြ၏။ သို့သော် ဘုရားသခင်သည် “လူ့ဇာတိခံယူသော နှုတ်ကပတ်တော်” ဖြစ်၍၊ ဘုရားသခင်၏အခန်းကဏ္ဍကို ယာယီအားဖြင့် တာဝန်ယူရန်အလို့ငှာ ဘုရားသခင်ဝိညာဉ်တော်၏ ပျိုးထောင်ခြင်းခံထားရသော လူ့ဇာတိခန္ဓာကိုယ်တစ်ခု မဟုတ်ကြောင်းကို သင်တို့အားလုံး သဘောပေါက်သင့်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ပျိုးထောင်ခြင်း၏ ရလဒ်မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်သာဖြစ်ပြီး၊ ယနေ့ သင်တို့အားလုံးအလယ်၌ သူ၏အမှုကို သူတရားဝင်လုပ်ဆောင်နေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် စစ်မှန်သော သမ္မာတရားတစ်ခုဖြစ်ကြောင်းကို သင်တို့အားလုံးသိကြပြီး၊ အသိအမှတ်ပြုကြသော်လည်း၊ သင်တို့သည် သင်တို့၏ကျင့်သုံးနိုင်စွမ်းကို ကျော်လွန်သော နားလည်မှုတစ်ခုဖြစ်သယောင် ဟန်ဆောင်ကြ၏။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုမှသည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့် အနှစ်သာရအထိ ဤအရာများကို သင်တို့သည် အနည်းငယ်မျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိကြဘဲ၊ မှတ်မိသရွေ့ နှုတ်ကပတ်တော်တို့ကို ရွှန်းရွှန်းဝေအောင် ရွတ်ဆိုပြရင်းဖြင့် အခြားသူများအတိုင်းသာ လိုက်ကြ၏။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်စိတ်ကူးသည်နှင့်အညီဖြစ်မည်ဟု သင်ထင်သလော။

ဘုရားသခင် လူ့ဇာတိခံယူခြင်းမှာ ခေတ်ကာလကို ဦးဆောင်ရန်နှင့် အမှုသစ်ကို စတင်လှုပ်ရှားစေရန်သာဖြစ်သည်။ ဤအချက်ကို သင်တို့အနေဖြင့် နားလည်ရန် လိုအပ်သည်။ ဤအရာသည် လူသား၏အလုပ်နှင့် များစွာကွာခြားပြီး၊ ထိုနှစ်ခုကို တစ်ချိန်တည်းတွင်ဖော်ပြရန် မဖြစ်နိုင်ချေ။ လူသားအား အမှုတော်ကို လုပ်ဆောင်စေရန်အတွက် အသုံးမပြုနိုင်သေးခင်တွင်၊ သူ့အား အချိန်ကာလကြာမြင့်စွာ ပျိုးထောင်ရန်နှင့် စုံလင်အောင်ပြုလုပ်ပေးရန် လိုအပ်ပြီး၊ အလိုရှိသော လူ့သဘာဝမှာလည်း အထူးသဖြင့် အဆင့်အတန်းမြင့်သည်မျိုးဖြစ်၏။ လူသားသည် သူ၏သာမန် လူသားစွမ်းရည်ဖြစ်သော ဆင်ခြင်ခြင်းကို ထိန်းသိမ်းနိုင်စွမ်း ရှိရမည်သာမက၊ အခြားသူများနှင့်ပတ်သက်သော သူ၏အပြုအမူအား ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများစွာကိုလည်း ထပ်မံ၍ နားလည်ရမည်ဖြစ်သည်၊ ထို့အပြင် သူသည် ဉာဏ်ပညာနှင့် လူသား၏ကျင့်ဝတ်ဆိုင်ရာအသိ အကြောင်းကို ပို၍ပင် လေ့လာသင်ယူရန် စိတ်ပိုင်းဖြတ်ရမည်ဖြစ်သည်။ ဤသည်မှာ လူသားအနေဖြင့် ဖြည့်ဆည်းသင့်သော အရာများဖြစ်၏။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ ဤသို့မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့ လူသား၏အမှုလည်း မဟုတ်ချေ။ ယင်းသည် သူ၏ဖြစ်ခြင်းကို တိုက်ရိုက်ဖော်ပြချက်တစ်ခုဖြစ်ပြီး၊ သူပြုသင့်သောအမှုကို တိုက်ရိုက်အကောင်အထည်ဖော်မှုတစ်ခုသာ ဖြစ်သည်။ (သဘာဝအားဖြင့် သူ၏အမှုသည် သင့်လျော်သောအချိန်တွင် လုပ်ဆောင်ခြင်းဖြစ်၍၊ သာမန်ကာလျှံကာနှင့် ကြုံရာကျပန်း မဟုတ်သည့်အပြင်၊ သူ၏အမှုတော်ကို ဖြည့်စွမ်းရန် အချိန်ရောက်မှသာ အစပြုခြင်းဖြစ်၏။) သူသည် လူသား၏အသက်တာ သို့တည်းမဟုတ် လူသား၏အလုပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိ၊ တစ်နည်းဆိုသော် သူ၏လူ့သဘာဝသည် ဤအရာတစ်စုံတစ်ခုဖြင့် ဖြည့်ဆည်းထားခြင်းမရှိပေ (သို့သော်လည်း ဤသည်မှာ သူ၏အမှုကို ထိခိုက်စေခြင်းမရှိချေ)။ သူသည် သူ၏အမှုတော်ကို ပြုရန်အချိန်ကျသည့်အခါ၊ ယင်းအား ဖြည့်စွမ်းခြင်းသာ ဖြစ်သည်။ သူ၏အဆင့်အတန်း မည်သို့ရှိသည်ဖြစ်စေ၊ သူသည် သူပြုသင့်သောအမှုဖြင့် ရှေ့သို့သာ ဆက်တိုး၏။ လူသားသည် သူ့အပေါ် မည်သို့သိသည်ဖြစ်စေ၊ သူ့အပေါ် မည်သို့ထင်မြင်ယူဆသည်ဖြစ်စေ၊ သူ၏အမှုမှာ အလျှင်းထိခိုက်ခြင်းမရှိပေ။ ဥပမာအားဖြင့် ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ခဲ့သည့်အချိန်၌ သူသည် မည်သူဖြစ်ကြောင်းကို အဘယ်သူမျှ တိတိကျကျ သိခဲ့ခြင်းမရှိသော်လည်း၊ သူသည် သူ၏အမှုဖြင့် ရှေ့သို့သာ ဆက်တိုးခဲ့၏။ ဤအရာတို့သည် သူပြုသင့်သောအမှုကို လုပ်ဆောင်ရာ၌ အဟန့်အတား မဖြစ်ခဲ့ပေ။ ထို့ကြောင့် သူသည် သူမည်သူမည်ဝါဖြစ်ကြောင်းကို ကနဦးတွင် ဝန်ခံခြင်း သို့မဟုတ် ကြေညာခြင်း မရှိခဲ့ဘဲ၊ လူတို့အား သူ၏နောက်သို့သာ လိုက်စေခဲ့၏။ ပင်ကိုအားဖြင့် ဤသည်မှာ ဘုရားသခင်၏နှိမ့်ချမှု ဖြစ်ခဲ့ရုံမကဘဲ၊ ယင်းသည် ဘုရားသခင်အနေဖြင့် လူ့ဇာတိ၌ အမှုပြုခဲ့သော နည်းလမ်းလည်း ဖြစ်ခဲ့၏။ သူသည် ဤနည်းဖြင့်သာ အမှုကို ပြုနိုင်ခဲ့၏၊ အကြောင်းမှာ လူသားသည် သာမန်မျက်စိဖြင့် သူ့အား မှတ်မိသိရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် အကယ်၍ လူသားသည် သူ့အား မှတ်မိသိရှိခဲ့လျှင်ပင်၊ သူ၏အမှုအတွက် လူသားသည် ကူညီနိုင်စွမ်း ရှိခဲ့လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူသည် လူတို့အနေဖြင့် သူ၏လူ့ဇာတိကို သိလာစေရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ၊ သူ၏အမှုတော်ကို ဆောင်ရွက်ကာ ဖြည့်စွမ်းရန်ပင်ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် သူမည်သူမည်ဝါဖြစ်ကြောင်းကို လူအများသိခြင်းငှာ ပြုလုပ်ခြင်းကို သူအလေးမပေးခဲ့ခြင်းဖြစ်သည်။ သူပြုသင့်သောအမှုအားလုံးကို ပြီးစီးခဲ့သည့်အချိန်၌မူ၊ သူမည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ၏ဂုဏ်ဒြပ်တို့သည် လူသားတို့အတွက် အလိုလိုပင် ရှင်းလင်းသွားခဲ့၏။ လူ့ဇာတိခံယူသော ဘုရားသခင်သည် နှုတ်ဆိတ်လျက်နေပြီး၊ ထုတ်ဖော်ချက်တစ်စုံတစ်ရာကို မည်သည့်အခါမျှ မပြုပေ။ သူသည် လူသားကိုသော်လည်းကောင်း၊ လူသားအနေဖြင့် သူ၏နောက်သို့လိုက်ရာတွင် မည်သို့ရှိသည်ကိုသော်လည်းကောင်း အရေးစိုက်ခြင်းမရှိဘဲ၊ သူ၏အမှုတော်ကို ဖြည့်စွမ်းရင်း၊ သူပြုသင့်သော အမှုကို လုပ်ဆောင်ရင်းဖြင့် ရှေ့သို့သာ ဆက်တိုး၏။ သူ၏အမှုတော်လမ်းကြောင်း၌ မည်သူမျှ ပိတ်ဆို့နိုင်စွမ်းမရှိပေ။ သူ၏အမှုကို နိဂုံးချုပ်ရန် အချိန်ကျရောက်သည့်အခါ၊ ယင်းအမှုသည် သေချာပေါက် နိဂုံးချုပ်၍ အဆုံးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ မည်သူကမျှ အခြားသောတစ်နည်းဖြင့် ဆုံးဖြတ်ပေးနိုင်မည်မဟုတ်ချေ။ သူ၏အမှုပြီးဆုံး၍ လူသားထံမှ သူထွက်ခွာသွားပြီးမှသာ လူသားသည် အပြည့်အဝ မရှင်းလင်းသေးသော်လည်း၊ သူပြုသောအမှုကို နားလည်လာမည်ဖြစ်သည်။ ထို့အပြင် လူသားအနေဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်က သူ၏အမှုကို စတင်ကာ လုပ်ဆောင်ခဲ့သည့် ရည်ရွယ်ချက်ကို အပြည့်အဝနားလည်ဖို့ရန် အချိန်ကြာမြင့်ပေလိမ့်မည်။ တစ်နည်းဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ ခေတ်ကာလအမှုကို နှစ်ပိုင်းခွဲခြားထား၏။ တစ်ပိုင်းတွင် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် ပြုသည့်အမှုနှင့် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် မိန့်ဆိုသည့် နှုတ်ကပတ်တော်များ ပါဝင်၏။ သူ့လူ့ဇာတိ၏ အမှုတော် လုံးလုံးပြီးမြောက်သည့်အခါ၊ အမှု၏ကျန်အပိုင်းကို သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသောသူများအားဖြင့် လုပ်ဆောင်ရန် ကျန်ရှိသေး၏။ လူသားအနေဖြင့် သူ၏အလုပ်ကို ကျေပွန်အောင်လုပ်ဆောင်သင့်သည်မှာ ဤအချိန်ပင်ဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လမ်းဖွင့်ပေးနှင့်ပြီဖြစ်ပြီး၊ ယင်းအား လူသားကိုယ်တိုင် လျှောက်လှမ်းရန်သာ လိုအပ်တော့သည်။ တစ်နည်းဆိုရသော် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမှု၏ကနဦးအပိုင်းကို လုပ်ဆောင်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော် သာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသူများသည် ဤအမှုကို ဆက်ခံကြမည်ဖြစ်၏။ ထို့ကြောင့် လူသားသည် ဤအဆင့်၌ လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်သည့် အရင်းခံအမှုအကြောင်းကို သိသင့်သည်။ ထို့ပြင် လူသားအပေါ်ပြုထားသော တောင်းဆိုချက်များနှင့်အညီ ဘုရားသခင်ထံ တောင်းဆိုနေမည့်အစား၊ ဘုရားသခင်လူ့ဇာတိခံခြင်း၏ အဓိပ္ပာယ်မှာ မည်သို့ဖြစ်ကြောင်းနှင့် သူပြုသင့်သောအမှုမှာ အဘယ်အရာဖြစ်သည်တို့ကို အတိအကျ နားလည်ရပေမည်။ ဤနေရာတွင် လူသား၏အမှား၊ သူ၏အယူအဆနှင့် ထိုမျှမက သူ၏မနာခံခြင်းတို့ ရှိနေ၏။

ဘုရားသခင်၏လူ့ဇာတိကို လူတို့သိစေရန် သို့တည်းမဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို လူတို့ခွဲခြားတတ်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသား၏ ချင့်ချိန်နိုင်စွမ်းကို လေ့ကျင့်ပေးရန် လူ့ဇာတိခံယူခြင်းလည်းမဟုတ်၊ ထို့အပြင် ကြီးစွာသော ဘုန်းထင်ရှားခြင်း ဖြစ်စေရန်အလို့ငှာ၊ လူတို့အား လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရည်ရွယ်ချက်ဖြင့်လည်း ထိုကဲ့သို့ ပြုသည်မဟုတ်ချေ။ ဤအရာတို့သည် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချရန်သော်လည်းကောင်း၊ လူသားကို တမင်ရည်ရွယ်ကာ ထုတ်ဖော်ရန်သော်လည်းကောင်း၊ လူသားကို အခက်ကြုံစေရန်သော်လည်းကောင်း လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ကြချေ။ ဘုရားသခင် လူ့ဇာတိခံသည့်အကြိမ်တိုင်းသည် ရှောင်လွှဲ၍မရသော အမှုပုံစံတစ်မျိုးသာ ဖြစ်သည်။ သူ၏ သာ၍ကြီးမားသော အမှုနှင့် သာ၍ကြီးမားသော စီမံခန့်ခွဲမှုအတွက် သူပြုသည့်အတိုင်း သူလုပ်ဆောင်ခြင်းဖြစ်၏၊ လူသားစိတ်ကူးသော အကြောင်းပြချက်များအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သူ့အမှုတော် တောင်းဆိုသည့်အခါမှသာ ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြစ်ပြီး၊ လိုအပ်မှသာ လာခြင်းဖြစ်သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လှည့်လည်သွားလာရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကြွလာခြင်းမဟုတ်၊ သူပြုသင့်သောအမှုကို လုပ်ဆောင်ရန်အတွက်သာဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ဤအမှုကို လုပ်ဆောင်ရန်အတွက် ထိုမျှလေးလံသောဝန်တစ်ခုကို အဘယ်ကြောင့် လက်ခံ၍၊ အဘယ်ကြောင့် ထိုမျှကြီးမားစွာ အရဲစွန့်မည်နည်း။ ဘုရားသခင်သည် မဖြစ်မနေ ပြုရမည့်အချိန်တွင်သာ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ ထူးခြားသော အဓိပ္ပာယ်သည် အမြဲတွဲလျက်ပါ၏။ အကယ်၍ လူတို့အနေဖြင့် သူ့အားမြင်စေရန်၊ ၎င်းတို့၏အမြင်များကို ဖွင့်လှစ်ပေးရန်အတွက်သာ ဖြစ်ခဲ့ပါမူ၊ သူသည် လူတို့ကြားသို့ မည်သည့်အခါမျှ အလွန်ပေါ့တန်စွာဖြင့် ကြွလာမည်မဟုတ်သည်မှာ မုချသေချာလှသည်။ သူသည် သူ၏စီမံခန့်ခွဲမှုနှင့် ပို၍ကြီးမားသော သူ၏အမှုအတွက် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းဖြစ်ကာ၊ ပို၍များသောလူတို့ကို ရရှိနိုင်ရန်အတွက်လည်း ဖြစ်သည်။ သူသည် ခေတ်ကာလကို ကိုယ်စားပြုရန် လာ၏၊ စာတန်ကို အနိုင်ယူရန် လာ၏၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် လူ့ဇာတိဖြင့်လွှမ်းခြုံ၏။ ထိုမျှမက သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ၎င်းတို့၏အသက်တာများအား ရှင်သန်ရာ၌ လမ်းပြရန်အလို့ငှာ ကြွလာခြင်းဖြစ်သည်။ ဤအရာအားလုံးသည် သူ၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ပြီး၊ ယင်းသည်လည်း စကြဝဠာတစ်ခုလုံး၏အမှုနှင့် သက်ဆိုင်၏။ အကယ်၍ ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူတို့မြင်စေရန်နှင့် ၎င်းတို့၏မျက်လုံးများကို ဖွင့်ပေးရုံအတွက်မျှသာ လူ့ဇာတိခံယူခဲ့သည်ဆိုလျှင်၊ သူသည် အဘယ်ကြောင့် တိုင်းနိုင်ငံအားလုံးသို့ မလှည့်လည်ဘဲနေမည်နည်း။ ဤသည်မှာ အလွန့်အလွန် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်သလော။ သို့သော်လည်း သူသည် ထိုကဲ့သို့ မပြုခဲ့ပေ၊ ယင်းအစား အခြေချရန်နှင့် သူပြုသင့်သောအမှုကို စတင်ရန်အတွက် သင့်လျော်သောနေရာတစ်ခုကို ရွေးချယ်ခဲ့၏။ ဤလူ့ဇာတိတစ်ခုတည်းပင်လျှင် လွန်စွာအရေးပါလှ၏။ သူသည် ခေတ်ကာလတစ်ခုလုံးကို ကိုယ်စားပြုသကဲ့သို့၊ ခေတ်ကာလတစ်ခုလုံး၏ အမှုကိုလည်း လုပ်ဆောင်လေသည်။ သူသည် ယခင်ခေတ်ကာလကို အဆုံးသတ်စေသကဲ့သို့၊ ခေတ်ကာလအသစ်ကိုလည်း ဖွင့်လှစ်ပေး၏။ ဤအရာအားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်၏၊ ထို့ပြင် ဘုရားသခင်က ကမ္ဘာမြေကြီးပေါ် လာရောက်၍ လုပ်ဆောင်သော အမှုတော်အဆင့်တစ်ခု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ ယေရှုသည် ကမ္ဘာမြေသို့ ကြွလာခဲ့ချိန်တွင်၊ သူသည် နှုတ်ကပတ်တော်အချို့ကိုသာ ပြောဆိုခဲ့ပြီး၊ အမှုအချို့ကိုသာ ဆောင်ရွက်ခဲ့၏။ သူသည် လူ၏အသက်တာကို စိတ်မဝင်စားခဲ့သကဲ့သို့၊ သူ၏အမှုကို ပြည့်စုံစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ထွက်ခွာသွားခဲ့သည်။ ယနေ့တွင်၊ ငါသည် သင်တို့အား ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုခြင်းနှင့် လက်ဆင့်ကမ်းခြင်း ပြီးစီးချိန်တွင်၊ ပြီးလျှင် သင်တို့အားလုံး နားလည်ပြီးဖြစ်သည့်အချိန်တွင်၊ သင်တို့၏အသက်တာ မည်သို့ရှိမည်ဖြစ်စေ ငါ၏အမှုထဲက ဤအဆင့်သည် အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ အနာဂတ်တွင် ငါ၏အမှုထဲက ဤအဆင့်ကို ဆက်၍လုပ်ဆောင်မည့် လူအချို့နှင့် ဤနှုတ်ကပတ်တော်များနှင့်အညီ ကမ္ဘာမြေပေါ်တွင် ဆက်လက်အမှုပြုမည့် လူအချို့ ရှိရပေမည်။ ထိုအချိန်တွင် လူသား၏အလုပ်နှင့် လူသား၏တည်ဆောက်မှုသည် စတင်လိမ့်မည်။ သို့သော်လည်း လက်ရှိတွင် ဘုရားသခင်သည် သူ၏အမှုတော်ကို ဖြည့်ဆည်းရန်နှင့် သူ၏အမှု အဆင့်တစ်ဆင့်ကို ပြည့်စုံစေရန်အလို့ငှာ၊ သူ၏အမှုကိုသာ လုပ်ဆောင်လေသည်။ ဘုရားသခင်သည် လူသား၏နည်းဟန်နှင့် မတူသည့် နည်းဟန် တစ်ခုဖြင့် အမှုပြုသည်။ လူသားသည် ဝတ်ပြုပွဲများနှင့် ဆွေးနွေးပွဲများကို နှစ်သက်ပြီး၊ ဟိတ်ဟန်ကို အရေးထား ကြသော်လည်း၊ ဘုရားသခင် အရွံမုန်းဆုံးသောအရာမှာမူ လူသား၏ ဝတ်ပြုပွဲများနှင့် တွေ့ဆုံပွဲများ အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်သည် လူသားနှင့် ရိုးရိုး စကားလက်ဆုံပြောပြီး စကားပြောဆို၏။ ဤသည်မှာ ဘုရားသခင်၏အမှုဖြစ်သည်၊ ယင်းသည် ထူးခြားစွာ ချုပ်ချယ်မှုကင်းပြီး၊ သင်တို့ကိုလည်း လွတ်မြောက် စေလေသည်။ သို့သော်လည်း ငါသည် သင်တို့နှင့် စည်းဝေးရခြင်းကို လုံးလုံးရွံမုန်း၏၊ ပြီးလျှင် သင်တို့ကဲ့သို့ ပုံစံသွင်းခံထားရသော အသက်တာတစ်ခုကို ငါသည် ကျင့်သားရမလာနိုင်ပေ။ ငါသည် စည်းမျဉ်းများကို အရွံမုန်းဆုံးဖြစ်သည်။ ယင်းတို့သည် လူသားကို သူ၏မျက်လုံးက သင့်အား တည့်တည့် ငေးစိုက်ကြည့်နေရင်း၊ လှုပ်ရှားမှုတစ်ခုပြုဖို့၊ စကားပြောဆိုဖို့နှင့် သီချင်းဆိုဖို့ စိုးရွံ့စေသည့် အဆင့်ထိ လူသားအပေါ် ချုပ်ချယ်မှုများ ထားရှိလေသည်။ ငါသည် သင်တို့၏ တွေ့ဆုံစည်းဝေးခြင်း ပုံစံကို လုံးလုံးရွံမုန်းသကဲ့သို့၊ ကြီးမားသော လူစုလူဝေးများကို အလျှင်းရွံမုန်း၏။ ဤသို့သော ရှင်သန်နေထိုင်ပုံသည် ချုပ်နှောင်ခံထားရသလို ခံစားစေပြီး၊ သင်တို့သည် များပြားလှသော ဟိတ်ဟန်များနှင့် များပြားလှသော စည်းကမ်းများကို လိုက်နာကြသည့်အတွက်၊ ငါသည် သင်တို့နှင့်အတူ ဤနည်းဖြင့် စည်းဝေးရန် ရှင်းရှင်းငြင်းပယ်သည်။ အကယ်၍ သင်တို့ကို လူတို့အား ဦးဆောင်ခွင့်ပေးမည်ဆိုပါက၊ သင်တို့သည် လူအားလုံးကို စည်းမျဉ်းများ ကြီးစိုးရာနယ်ထဲသို့ ဦးဆောင်သွားမည်ဖြစ်ကာ၊ ၎င်းတို့သည် သင်တို့၏ခေါင်းဆောင်မှုအောက်၌ စည်းမျဉ်းများကို ဖယ်ထား၍ရမည် မဟုတ်ပေ။ ယင်းအစား ဘာသာတရား၏ သွင်ပြင်သည် ယခင်ထက် သာ၍ ပြင်းထန်လာရုံသာရှိမည်ဖြစ်ပြီး၊ လူသား၏ အလေ့အထများသည်လည်း တိုးပွားမြဲတိုးပွားနေမည် ဖြစ်သည်။ လူအချို့သည် ၎င်းတို့ စည်းဝေးကြသည့်အခါ၊ တရားဟောခြင်းနှင့် စကားပြောခြင်းကို ဆက်ကြပြီး၊ မည်သည့်အခါမျှ မငြီးငွေ့ကြသကဲ့သို့၊ အချို့သည် ဆယ်ရက်ကျော်ကြာ မရပ်မနားတမ်း ဆက်လက် တရားဟောပြောနိုင်ကြလေသည်။ ဤအရာအားလုံးကို လူသား၏ ကြီးမားသော ဝတ်ပြုပွဲများနှင့် တွေ့ဆုံပွဲများဟု ယူဆထားပေသည်။ ယင်းတို့သည် စားသောက်ခြင်းအသက်တာ၊ မွေ့လျော်ခြင်း အသက်တာ၊ သို့တည်းမဟုတ် လွတ်လပ်နေသော စိတ်ဝိညာဉ်၏ အသက်တာနှင့် ပတ်သက်ခြင်းမရှိပေ။ ဤအရာ အားလုံးသည် တွေ့ဆုံပွဲများ ဖြစ်၏။ သင်တို့၏ လုပ်ဖော်ဆောင်ဖက် တွေ့ဆုံပွဲများအပြင်၊ ဝတ်ပြုပွဲများ ကြီးငယ်ဟူသမျှတို့သည် ငါ့အဖို့ စက်ဆုပ်စရာဖြစ်ပြီး၊ ငါသည် ယင်းတို့ကို မည်သည့်အခါမျှ စိတ်မဝင်စားလေပြီ။ ဤသည်မှာ ငါအမှုပြုသော အခြေခံသဘောတရား ဖြစ်သည်။ ငါသည် ဝတ်ပြုပွဲများအတွင်းတွင် တရားဟောပြောရန် ဆန္ဒမရှိသကဲ့သို့၊ ကြီးမားသော လူထုစည်းဝေးပွဲ၌လည်း မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိပေ၊ ပြီးလျှင် သင်တို့အားလုံးကို ရက်အနည်းငယ်ကြာ အထူးဆွေးနွေးပွဲ တစ်ခုအတွက် စုဝေးရန်ဖိတ်ကြားဖို့ သာ၍ပင် ဆန္ဒမရှိချေ။ သင်တို့အားလုံးသည် တွေ့ဆုံပွဲတစ်ခု၌ ဣန္ဒြေရရနှင့် မွန်မွန်ရည်ရည် ထိုင်သင့်သည်ကို ငါ သဘောတူရန် အကြောင်းမတွေ့ပေ။ သတ်မှတ်ထားသည့် ဟိတ်ဟန်တစ်ခုခု၏ ကန့်သတ်မှုများအတွင်း၌ သင်တို့ အသက်ရှင်ကြသည်ကို မြင်ရခြင်းအား ငါစက်ဆုပ်၏၊ ပြီးလျှင် ထိုမျှမက ငါသည် သင်တို့၏ ထိုသို့သော အခမ်းအနားတစ်ခု၌ ပါဝင်ရန် ငြင်းဆန်သည်။ ဤအရာကို သင်တို့က သာ၍လုပ်ဆောင်လေလေ၊ ငါသည် သာ၍ရွံမုန်းလေ ဖြစ်သည်။ ငါသည် သင်တို့၏ ဤအခမ်းအနားများနှင့် စည်းမျဉ်းများအပေါ် အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိ။ သင်တို့က ထိုအရာများမှ မည်မျှကောင်းမွန်သည့် အလုပ်တစ်ခုကို ဖန်တီးကြသည်ဖြစ်စေ၊ ထိုအရာအားလုံးကို ရွံမုန်းစရာဟု ငါမြင်၏။ ယင်းမှာ သင်တို့၏ စီစဉ်မှုများ မသင့်လျော်သည် မဟုတ်၊ သို့မဟုတ် သင်တို့ အလွန်နိမ့်ကျသည် မဟုတ်ပေ။ ငါသည် သင်တို့၏ အသက်ရှင်နေထိုင်ပုံကို ရွံမုန်းခြင်းသာဖြစ်ပြီး၊ ထိုမျှမက ငါသည် ထိုအရာကို ကျင့်သား ရမလာနိုင်ပေ။ သင်တို့သည် ငါပြုချင်သောအမှုကို အနည်းငယ်မျှပင် နားမလည်ကြချေ။ ယခင်တုန်းက ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ခဲ့ချိန်တွင်၊ အချို့သော နေရာ၌ တရားဒေသနာ ဟောကြားပြီးသည့်နောက်၊ သူသည် သူ၏တပည့်တော်များကို မြို့ပြင်သို့ ဦးဆောင်သွားပြီး၊ ၎င်းတို့ နားလည်အပ်သော လမ်းခရီးများအကြောင်းကို ၎င်းတို့နှင့်အတူ ပြောဆိုခဲ့၏။ သူသည် ထိုသို့သော ပုံစံဖြင့် မကြာခဏ အမှုပြုခဲ့သည်။ လူအမြောက်အများအလယ်တွင် သူ၏ အမှုသည် အတော် နည်းပါးခဲ့သည်။ သင်တို့ သူ့ကို တောင်းလျှောက်သည့်အရာနှင့်အညီ၊ လူ့ဇာတိခံ ဘုရားသခင်သည် ပုံမှန်လူသားတစ်ဦး၏ အသက်တာ မရှိသင့်ပေ။ သူသည် သူ၏အမှုကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထိုင်နေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ သူသည် စကားပြောဆိုရမည်ဖြစ်၏။ သူသည် အချိန်တိုင်း အမှုပြုရမည် ဖြစ်ကာ၊ သူ၏ “လည်ပတ်ခြင်းများ” ကို မည်သည့်အခါမျှ ရပ်တန့်၍ မရပေ၊ သို့မဟုတ်ပါက သူသည် သူ၏တာဝန်များကို လျစ်လျူရှုနေမိပေမည်။ လူသား၏ ဤတောင်းဆိုချက်တို့သည် လူသားအသိနှင့် ဆီလျော်ပါ၏လော။ သင်တို့၏ သမာဓိမှာ အဘယ်မှာနည်း။ သင်တို့သည် အလွန်များလှစွာ တောင်းဆိုကြသည် မဟုတ်လော။ ငါအမှုပြုသည်နှင့်အမျှ ငါ့ကို ဆန်းစစ်ရန် သင့်ကို ငါ လိုအပ်သလော။ ငါသည် ငါ၏အမှုတော်ကို ဖြည့်ဆည်းသည်နှင့်အမျှ ကြီးကြပ်ရန် သင့်ကို ငါလိုအပ်သလော။ မည်သည့်အမှုကို ငါပြုသင့်ပြီး၊ မည်သည့်အချိန်တွင် ပြုသင့်သည်ကို ငါသည် ကောင်းစွာသိ၏။ အခြားသူတို့ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ ငါသည် များစွာ လုပ်ဆောင်ပြီးခြင်းမရှိဟု သင်တို့အဖို့ ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း၊ ယင်းအချိန်၌ ငါ၏အမှုသည် အဆုံးတစ်ခုသို့ရောက်ပြီ ဖြစ်သည်။ ခရစ်ဝင်ကျမ်းလေးကျမ်းထဲက ယေရှု၏ နှုတ်ကပတ်တော်များကို ဥပမာယူလော့- ယင်းတို့သည်လည်း အကန့်အသတ်ရှိခဲ့သည် မဟုတ်လော။ ထိုအချိန်က ယေရှုသည် တရားဇရပ်သို့ဝင်ပြီး တရားဒေသနာ ဟောပြောခဲ့ချိန်တွင်၊ သူသည် အများဆုံး မိနစ်အနည်းငယ်အတွင်း ပြီးစီးခဲ့သကဲ့သို့၊ သူစကားပြောဆိုပြီးချိန်တွင်၊ သူ၏တပည့်တော်များကို လှေပေါ်သို့ ဦးဆောင်ခေါ်သွားခဲ့ပြီး မည်သည့်ရှင်းပြချက်မျှမရှိဘဲ ထွက်ခွာခဲ့သည်။ အများအားဖြင့်၊ တရားဇရပ်အတွင်းရှိသူတို့သည် ဤအရာကို ၎င်းတို့ချင်းကြားတွင် ဆွေးနွေးခဲ့ကြသော်လည်း၊ ယေရှုသည် ယင်းနှင့် ပတ်သက်မှုမရှိခဲ့ပေ။ ဘုရားသခင်သည် သူ လုပ်ဆောင်သင့်သော အမှုကိုသာ လုပ်ဆောင်ပြီး၊ ဤသည်အပြင် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ယခုတွင် များစွာသောသူတို့သည် ငါ့အား တစ်ရက်လျှင် အနည်းဆုံး နာရီအချို့ကြာ၊ သာ၍ စကားပြောပြီး သာ၍ ဆွေးနွေးစေချင်ကြသည်။ သင်တို့ မြင်သည့်အတိုင်းဆိုပါက၊ ဘုရားသခင်သည် စကားမပြောဆိုပါက ဘုရားသခင်အဖြစ်မှ ရပ်စဲပြီး၊ စကားပြောဆိုသောသူသာလျှင် ဘုရားသခင်ဖြစ်ပေသည်။ သင်တို့ အားလုံး မျက်ကန်းဖြစ်ကြပေသည်တကား။ အားလုံး အရိုင်းအစိုင်းများ ဖြစ်ပေသည်တကား။ သင်တို့အားလုံးသည် အသိစိတ်မရှိသည့် မသိနားမလည်သော အရာများပေတကား။ သင်တို့သည် များလှစွာသော အယူအဆများ ရှိကြသည်တကား။ သင်တို့၏ တောင်းဆိုချက်များက လွန်လွန်းလှ၏။ သင်တို့သည် လူသားမဆန်ကြ။ ဘုရားသခင် မည်သည့်အရာဖြစ်သည်ကို သင်တို့ အနည်းငယ်မျှ နားမလည်ကြ။ ဟောပြောသူများနှင့် အာဝဇ္ဇန်းရွှင်သူများအားလုံးကို ဘုရားသခင်ဟု သင်တို့ ယုံကြည်ကြပြီး၊ သင်တို့အား နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပေးရန် လိုလားလျက်ရှိသည့် မည်သူကိုမဆို သင်တို့၏ ဖခင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ငါ့ကို ပြောကြလော့၊ သင်တို့၏ “ကောင်းမွန်စွာ ဖွဲ့စည်းထားသော” အင်္ဂါရပ်များနှင့် “ထူးခြားသော” ပုံပန်းရှိသည့် သင်တို့အားလုံးသည် အသိစိတ် အနည်းငယ်မျှပင် ရှိကြသေးသလော။ ကောင်းကင်နေမင်းကို သင်တို့သိကြသေးသလော။ သင်တို့တစ်ဦးချင်းစီသည် လောဘကြီးပြီး အကျင့်ပျက်သော အရာရှိတစ်ဦးနှင့်တူ၏၊ ထို့ကြောင့် သင်တို့သည် အသိစိတ်ကို မည်သို့မြင်နိုင်မည်နည်း။ သင်တို့သည် အမှန်နှင့်အမှားကို မည်သို့ ခွဲခြားနိုင်မည်နည်း။ ငါသည် သင်တို့အပေါ် များစွာအပ်နှင်းပြီး ဖြစ်သော်လည်း၊ သင်တို့အထဲမှ မည်မျှသည် ယင်းအပေါ် တန်ဖိုးထားဖူးပါသနည်း။ မည်သူသည် ယင်းကို အပြည့်အဝ ပိုင်ဆိုင်ထားသနည်း။ သင်တို့ ယနေ့ လျှောက်နေသောလမ်းကို ဖွင့်ပေးခဲ့သူမှာ မည်သူဖြစ်သည်ကို သင်တို့သည် မသိကြ၊ ထို့ကြောင့် ငါ့အား အဓိပ္ပာယ်မရှိသကဲ့သို့ ယုတ္တိမတန်သော တောင်းဆိုချက်များကို ပြုလုပ်ရင်း၊ သင်တို့သည် ငါ့အား ဆက်၍တောင်းဆိုမှုများ ပြုကြ၏။ သင်တို့သည် ရှက်ကိုးရှက်ကန်းဖြစ်လျက် နီမြန်းကြသည် မဟုတ်လော။ ငါသည် လုံလောက်စွာ မပြောလေပြီလော။ ငါသည် လုံလောက်စွာ မပြုလေပြီလော။ သင်တို့ထဲမှ မည်သူသည် ငါ၏ နှုတ်ကပတ်တော်များကို ရတနာတစ်ပါးအဖြစ် အမှန်တကယ် မြတ်နိုးနိုင်သနည်း။ သင်တို့သည် ငါ၏မျက်မှောက်တွင် ရှိချိန်တွင် ငါ့ကို မျက်နှာချိုသွေးကြသော်လည်း၊ မျက်မှောက်၌မရှိသောအခါ သင်တို့သည် မုသားဆိုကာ လှည့်စားကြ၏။ သင်တို့၏ လုပ်ရပ်များသည် အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး၊ ယင်းတို့သည် ငါ့ကို ရွံရှာစေ၏။ သင်တို့သည် ငါ့အား ပြောဆိုရန်၊ အမှုပြုရန် တောင်းဆိုသည်မှာ၊ သင်တို့၏အသက်တာများကို ပြောင်းလဲစေခြင်း အတွက် မဟုတ်ဘဲ၊ သင်တို့၏မျက်စိများကို အစာကျွေးရန်နှင့် သင်တို့၏အမြင်များကို ကျယ်ပြန့်စေရန်ဟူသော အကြောင်းရင်း အတွက်သာ ဖြစ်သည်ကို ငါသိသည်။ သင်တို့ကို ငါ များစွာ စကားပြောဆိုပြီးလေပြီ။ သင်တို့၏အသက်တာများသည် အချိန်ကြာမြင့်စွာက ပြောင်းလဲပြီးဖြစ်သင့်ပေသည်၊ သို့ဆိုလျှင် သင်တို့သည် ယခုပင်လျှင် အဘယ်ကြောင့် သင်တို့၏ အခြေအနေဟောင်းသို့ ပြန်ရောက်မြဲ ပြန်ရောက်နေကြသေးသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် သင်တို့ထံမှ လုယူခြင်းခံရကာ၊ သင်တို့သည် ထိုနှုတ်ကပတ်တော်များကို မရရှိခဲ့ခြင်းဖြစ်နိုင်သလော။ အမှန်အတိုင်းဆိုရလျှင် သင်တို့ကဲ့သို့ ယိုယွင်းဆုတ်ယုတ်သူများကို ငါသည် နောက်ထပ် မပြောဆိုချင်တော့ပေ- ယင်းသည် အချည်းနှီး ဖြစ်လိမ့်မည်။ ငါသည် အလွန်အလဟဿဖြစ်သည့် အမှုကို ပြုရန် ဆန္ဒမရှိပေ။ သင်တို့သည် သင်တို့၏အမြင်များကို ချဲ့ထွင်ရန် သို့မဟုတ် မျက်စိအရသာခံရန်သာ အလိုရှိကြပြီး၊ အသက်ကိုရရန် အလိုမရှိကြပေ။ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် လှည့်ဖြား နေကြပေသည်။ သင်တို့ကို ငါမေးသည်၊ သင်တို့ကို မျက်နှာချင်းဆိုင် ငါပြောဆိုပြီးဖြစ်သည့်အရာများထဲမှ မည်မျှကို သင်တို့ လက်တွေ့လုပ်ဆောင်ပြီးပြီနည်း။ သင်တို့လုပ်ဆောင်သမျှ အရာအားလုံးမှာ အခြားသူများကို လှည့်စားရန် ပရိယာယ်များ ဆင်ခြင်း ဖြစ်၏။ သင်တို့ထဲမှ ပွဲကြည့်ပရိသတ်များကဲ့သို့ ကြည့်ရှုရခြင်းကို မွေ့လျော်ကြသူများအား ငါရွံမုန်း၏၊ ပြီးလျှင် သင်တို့၏ သိချင်စိတ်ပြင်းပြခြင်းမှာ လွန်စွာ စက်ဆုပ်ဖွယ်ကောင်းသည်ကို ငါ မြင်သည်။ အကယ်၍ သင်တို့သည် မှန်သော လမ်းခရီးကို ရှာရန် သို့မဟုတ် သမ္မာတရားကို ဆာငတ်ရန် ဤနေရာတွင် မရှိပါက၊ သင်တို့သည် ငါ၏မုန်းတီးစက်ဆုပ်ခြင်းကို ခံရသူများ ဖြစ်၏။ သင်တို့သည် သင်တို့၏သိချင်စိတ်ပြင်းပြခြင်းကို ဖြည့်ဆည်းရန် သို့မဟုတ် သင်တို့၏လောဘလိုအင်များကို တစ်ခုမဟုတ်တစ်ခု ဖြည့်ဆည်းရန် တစ်ခုတည်းအတွက် ငါ စကားပြောဆိုသည်ကို နားထောင်ကြမှန်း ငါသိသည်။ သင်တို့သည် သမ္မာတရား၏တည်ရှိခြင်း သို့မဟုတ် အသက်ထဲသို့ ဝင်ရောက်ခြင်း အတွက် မှန်သောလမ်းကြောင်းကို စူးစမ်းရှာဖွေခြင်းနှင့် သက်ဆိုင်၍ အတွေးမရှိကြပေ။ ဤလိုအပ်ချက်တို့သည် သင်တို့အလယ် တကယ်ကို မတည်ရှိပေ။ သင်တို့ လုပ်ဆောင်သမျှမှာ ဘုရားသခင်အား သင်တို့ လေ့လာကာ သဘောကျရသည့် ကစားစရာတစ်ခုအဖြစ် သဘောထားခြင်း ဖြစ်သည်။ သင်တို့သည် အသက်ကို ရှာဖွေရန် စိတ်ထက်သန်ပြင်းပြမှု အလွန်နည်းပါးသော်လည်း၊ စူးစမ်းချင် စိတ်ပြင်းပြဖို့ ဆန္ဒ အမြောက်အမြား ရှိကြသည်။ ထိုသို့သော လူတို့ကို အသက်လမ်းအား ရှင်းပြခြင်းသည် လေထဲသို့ စကားပြောခြင်းနှင့် သဘောညီမျှ၏။ ငါသည် လုံးဝမပြောလျှင်ပင် ကောင်းဦးမည်။ သင်တို့ကို ငါပြောသည်- အကယ်၍ သင်တို့သည် သင်တို့၏ စိတ်နှလုံးအတွင်းရှိ ဟာကွက်ကိုဖြည့်ရန် ရှာကြံနေရုံမျှသာ ရှိပါက၊ သင်တို့သည် ငါ့ထံသို့မလာသည်က အကောင်းဆုံးဖြစ်ပေမည်။ သင်တို့သည် အသက် ရရှိခြင်းအပေါ် အလေးထားသင့်သည်။ မိမိတို့ကိုယ်ကိုယ် မလှည့်စားကြနှင့်။ သင်တို့၏သိချင်စိတ်ပြင်းပြမှုအား သင်တို့၏အသက်ကို လိုက်စားရှာဖွေမှုအတွက် အခြေခံအကြောင်းရင်း အဖြစ် မမှတ်ယူသင့်ပေ၊ သို့မဟုတ် သင်တို့ကို ပြောဆိုရန် ငါ့အား တောင်းဆိုခြင်းအတွက် မူမမှန်သော အကြောင်းပြချက်တစ်ခုအဖြစ် အသုံးမပြုသင့်ပေ။ ဤအရာအားလုံးမှာ သင်တို့အနေဖြင့် လွန်စွာကျွမ်းကျင်သော ပရိယာယ်များ ဖြစ်သည်။ သင့်ကို တစ်ဖန် ငါမေးသည်- သင့်ကို ဝင်ရောက်ရန် ငါ စေခိုင်းထားသည့်အရာ၏ မည်မျှကို သင် အမှန်တကယ် ဝင်ရောက်ပြီးပြီနည်း။ သင့်အား ငါပြောပြီးသော အရာအားလုံးကို သင် သဘောပေါက်ပြီးပြီလော။ သင့်ထံ ငါပြောပြီးသောအရာအားလုံးကို သင်သည် လက်တွေ့လုပ်ဆောင်နိုင်ပြီလော။

ခေတ်တိုင်း၏အမှုကို ဘုရားသခင်ကိုယ်တိုင်က အစပြုခြင်း ဖြစ်သော်လည်း၊ ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် အမှုပြုသည်ဖြစ်စေ၊ သူသည် လှုပ်ရှားမှုတစ်ခုကို စတင်ရန် သို့မဟုတ် အထူးဆွေးနွေးပွဲများကို ကျင်းပရန် သို့မဟုတ် သင်တို့ကိုယ်စား အဖွဲ့အစည်း အမျိုးအစားတစ်ခုတစ်လေကို တည်ထောင်ရန် ကြွလာခြင်းမဟုတ်သည်ကို သင်သိသင့်၏။ သူပြုသင့်သောအမှုကို ဆောင်ရွက်ရန် တစ်ခုတည်းဖြင့် သူကြွလာပေသည်။ သူ၏အမှုသည် မည်သည့်လူသား၏ အကန့်အသတ်ကိုမျှ ခံရခြင်းမရှိပေ။ သူသည် သူ၏အမှုကို သူ ဆန္ဒရှိသည့်အတိုင်း ပြု၏။ လူသားက ယင်းကို မည်သို့တွေးသည်ဖြစ်စေ၊ မည်သို့သိသည်ဖြစ်စေ၊ သူသည် သူ၏အမှု ဆောင်ရွက်ရန်ကိုသာ အလေးထားသည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ပစ္စုပ္ပန်ကာလအထိ၊ အမှု၏ အဆင့်သုံးဆင့် အမြဲ ရှိပြီးဖြစ်သည်။ ယေဟောဝါမှသည် ယေရှုအထိ၊ ပြီးလျှင် ပညတ်တော်ခေတ်မှသည် ကျေးဇူးတော်ခေတ်အထိ၊ ဘုရားသခင်သည် လူသားအတွက် အထူးဆွေးနွေးပွဲတစ်ခုကို မည်သည့်အခါမျှ မကျင်းပဖူးသကဲ့သို့၊ တစ်ကမ္ဘာလုံးဆိုင်ရာ အထူးအလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ကျင်းပပြီး၊ ထိုသို့ဖြင့် သူ၏အမှုနယ်ပယ်ကို ချဲ့ထွင်ရန်အလို့ငှာ လူသားမျိုးနွယ်အားလုံးကို အတူတကွ စုဝေးစေခြင်းလည်း မရှိဖူးပေ။ သူပြုသမျှမှာ သင့်လျော်သောအချိန်နှင့် သင့်လျော်သောနေရာတစ်ခုတွင် ခေတ်တစ်ခုလုံး၏ ကနဦးအမှုကို ဆောင်ရွက်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ခေတ်တစ်ခုကို ဖွင့်လှစ်ပေးကာ၊ လူသားမျိုးနွယ်အား ၎င်းတို့၏အသက်တာများကို မည်သို့ အသက်ရှင်ရမည်ဆိုသည့် အရာထဲသို့ ဦးဆောင်ခြင်း ဖြစ်သည်။ အထူးညှိနှိုင်းဆွေးနွေးပွဲများသည် လူသား၏ ဝတ်ပြုပွဲများ ဖြစ်သည်။ အားလပ်ရက်များကို ဆင်နွဲရန် လူတို့အား အတူတကွ စုဝေးစေခြင်းသည် လူသား၏အလုပ်ဖြစ်သည်။ ဘုရားသခင်သည် အားလပ်ရက်များကို စောင့်ထိန်းလိုက်နာခြင်းမရှိသည့်အပြင်၊ ယင်းတို့ကို စက်ဆုပ်စရာဖြစ်သည်ဟု မြင်၏။ သူသည် အထူးညှိနှိုင်းဆွေးနွေးပွဲများကို မကျင်းပသကဲ့သို့၊ ထို့အပြင် ယင်းတို့ကို စက်ဆုပ်စရာဟု မြင်လေသည်။ ယခု သင်သည် လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် အမှုက အတိအကျ မည်သည့်အရာဖြစ်သည်ကို သိသင့်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။