၄၂၉ ဘုရားသခင်ရှေ့တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေသည့်နည်း
၁ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော အဆင့်မရှိချေ။ ယင်းသည် မျက်မှောက်ကာလတွင် လူအပေါင်းတို့ အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိကြောင်း သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းထဲသို့ ဝင်ရောက်ရာ လမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်- ၁။ ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာလော့။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေလော့၊ ပြီးလျှင် တစိုက်မတ်မတ် စူးစိုက်မှုဖြင့် ဘုရားသခင်ထံ ဆုတောင်းလော့။ ၂။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ကာ မွေ့လျော်လော့။ ၃။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် စဉ်းစားဆင်ခြင်၍ အာရုံပြုပြီး သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အမှုကို တွေးဆလော့။ ပထမဦးစွာ ဆုတောင်းခြင်းကဏ္ဍမှ အစပြုလော့။ တစိုက်မတ်မတ် စူးစိုက်မှုဖြင့် သတ်မှတ်ထားသော အချိန်များတွင် ဆုတောင်းလော့။ အချိန်မည်မျှ နည်းပါးသည်ဖြစ်စေ၊ သင်၏အလုပ် မည်မျှများသည် ဖြစ်စေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာ ကျရောက်ပါစေ၊ နေ့စဉ် ပုံမှန်အတိုင်း ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်လော့။
၂ သာမန်အားဖြင့် ပြင်ပအရာများ၏ နှောင့်ယှက်ခြင်းမခံရဘဲ ဘုရားသခင်ကို သင်၏ စိတ်နှလုံးထဲတွင် တိုးဝင်ချဉ်းကပ်နိုင်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အာရုံပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆနိုင်ခြင်းတို့မှာ သင့်အတွက် ပုံမှန်ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း အတိုင်းအတာတစ်ခု ရရှိပါက သင်သည် တိတ်တဆိတ် အတွေးရေယာဉ်ကြော၌ မျောပါနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်း၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ချင့်ချိန်စဉ်းစားနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံ အမှန်တကယ် တိုးဝင်ချဉ်းကပ်ပြီး၊ သင်၏ ပတ်ဝန်းကျင် မည်သို့ ဖြစ်ပါစေ၊ နောက်ဆုံးတွင် သင်၏ စိတ်နှလုံးထဲ ချီးမွမ်းခြင်း လျှံထွက်လာသည့်အခြေအနေ ရောက်ရှိသည်ထိတိုင်ဖြစ်ပြီး ယင်းသည် ဆုတောင်းခြင်းထက်ပင် သာ၍ ကောင်းမွန်ပေသည်။ ထို့နောက် သင်သည် ဝိညာဉ်အသက်တာတစ်ခုကို ပိုင်ဆိုင်လိမ့်မည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည့်နောက်မှသာ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပြကာ အလင်းပေးခံရနိုင်သည်၊ ထို့နောက်မှသာလျှင် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်သည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ကို သဘောပေါက်နိုင်လိမ့်မည်။ ထိုအခါ ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး ဖြစ်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်