နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁) အခန်း ငါး

င။ အာဏာကြီးသူများကို တွယ်ကပ်ခြင်းနှင့် အားနည်းသူများကို ဖိနှိပ်ခြင်း

အန္တိခရစ်တို့၏ လူ့သဘာဝက စက်ဆုပ်ဖွယ်ကောင်းပြီး ရွံလည်းရွံရှာဖွယ်ဖြစ်သော အရာတစ်ခုကိုလည်း ပိုင်ဆိုင်သည်။ ယင်းမှာ ၎င်းတို့သည် အာဏာရှိသူတို့ထံ တွယ်ကပ်နေပြီး အားနည်းသူကို ဖိနှိပ်ခြင်း ဖြစ်သည်။ အသင်းတော်၌ဖြစ်စေ၊ လောက၌ဖြစ်စေ အချို့သော နာမည်ကြီးပုဂ္ဂိုလ်များ သို့မဟုတ် အာဏာ သို့မဟုတ် အဆင့်အတန်းရှိသော လူများ ရှိပါက ထိုသူတို့က မည်သူပင်ဖြစ်စေ အန္တိခရစ်တို့က ထိုလူတို့နှင့်ပတ်သက်၍ မိမိတို့၏ စိတ်နှလုံးထဲ၌ အဆုံးမရှိသော အားကျမှုနှင့် လေးစားကြည်ညိုမှုကို ထားရှိကြပြီး ထိုလူတို့ကို မျက်နှာလိုအားရပင် လုပ်ကြသည်။ ခရစ်ယာန်ဘာသာကို ၎င်းတို့ ယုံကြည်ကြသည့်အခါ နိုင်ငံရေး အကြီးအကဲအချို့မှာ ယုံကြည်သူများဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာဆိုကြပြီး ဘုရားသခင်၏ ဤနောက်ဆုံးသော ကာလ အမှုတော် အဆင့်ကို ၎င်းတို့ လက်ခံကြချိန်တွင် ထင်ရှားသော ဂိုဏ်းဂဏများမှ သင်းအုပ်ဆရာအချို့လည်း ထိုအမှုတော်အဆင့်ကို လက်ခံကြပြီးဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းကို အထင်ကြီးဖွယ်ရာ ခေါင်းစဉ်တစ်ခု အမြဲတမ်း ပေးကြသည်။ နာမည်ကြီးပုဂ္ဂိုလ်များကို ၎င်းတို့က အမြဲ ရိုသေလေးစားပြီး အတုယူကြကာ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဆင့်အတန်းရှိသော တစ်စုံတစ်ဦးကို အနည်းဆုံးအနေဖြင့် တွယ်ကပ်နိုင်သည့်အခါတွင်သာ ၎င်းတို့ ကျေနပ်မှု ခံစားရသည်။ အဆင့်အတန်းရှိသော လူများနှင့် ပတ်သက်လာသည့်အခါ ထိုသူတို့က လူကောင်းများဖြစ်စေ၊ လူဆိုးများဖြစ်စေ အန္တိခရစ်တို့သည် မမောနိုင်မပန်းနိုင် ကပ်ပါးရပ်ပါးလုပ်ကြပြီး မြှောက်ပင့်ကာ ဖော်လံဖားကြသည်။ ၎င်းတို့အတွက် လက်ဖက်ရည် ကမ်းခြင်းနှင့် ဆီးအိုး သွန်ပေးခြင်းကိုပင် ၎င်းတို့ လိုလိုလားလား ရှိကြသည်။ အခြားတစ်ဖက်တွင်မူ အဆင့်အတန်းမရှိသူများနှင့် ဆက်ဆံသောအခါ ဤပုဂ္ဂိုလ်များ မည်မျှပင် တည်ကြည်ဖြောင့်မတ်၊ ရိုးသားပြီး ကြင်နာသည်ဖြစ်စေ အန္တိခရစ်တို့က အခွင့်အရေးရတိုင်း ၎င်းတို့ကို အနိုင်ကျင့်ပြီး နင်းခြေကြသည်။ မည်သူမည်ဝါသည် လူ့အဖွဲ့အစည်း၌ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပုံ၊ မည်သူမည်ဝါ၏ ဖခင်သည် မည်မျှ ချမ်းသာသည်၊ မည်သူမည်ဝါ၌ ငွေမည်မျှ ရှိသည်ဟူသည်နှင့် မည်သူမည်ဝါ၏ မိသားစု သို့မဟုတ် ကုမ္ပဏီက မည်မျှ ကြီးမားသည်ဟူသည်တို့ကို ၎င်းတို့ မကြာခဏ ကြွားဝါကြပြီး လူ့အဖွဲ့အစည်း၌ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို အလေးထားကြသည်။ အသင်းတော်၌ရှိသော အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် စပ်လျဉ်း၍ ၎င်းတို့က မည်သည့်ဒုစရိုက်အမှုများကို ကျူးလွန်သည်ဖြစ်စေ အန္တိခရစ်တို့သည် ၎င်းတို့ကို ဘယ်သောအခါမျှ တိုင်ကြားခြင်း၊ ဖော်ထုတ်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း မပြုကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့အား ပြောသမျှကို လုပ်ဆောင်လျက် ထိုသူတို့နောက်သို့ နီးကပ်စွာ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့လိုက်သော မည်သည့်အဆင့်ရှိ ခေါင်းဆောင်မဆို၏ နောက်လိုက်များ၊ လက်ပါးစေများနှင့် ကျွန်များ ဖြစ်လာကြသည်။ အာဏာ၊ သြဇာလွှမ်းမိုးမှု၊ ဓနဥစ္စာနှင့် အဆင့်အတန်းရှိသောသူများနှင့် ဆက်ဆံသောအခါ ၎င်းတို့သည် ထူးကဲစွာပင် ခယဝပ်တွားပုံပေါ်သည်၊ နှိမ့်ချပြီး အသုံးမကျသည့်ပုံ ပေါ်ကြသည်။ ၎င်းတို့သည် အလွန် နာခံတတ်ပြီး ကျိုးနွံတတ်ကြကာ ထိုလူများ ပြောသမျှ အရာရာတိုင်းကို ခေါင်းညိတ်ပြီး လိုက်နာကြသည်။ သို့ရာတွင် အဆင့်အတန်းမရှိသော သာမန်လူများနှင့် ဆက်ဆံသောအခါ၌မူ ၎င်းတို့သည် အခြားဟန်ပန်တစ်မျိုး ပြောင်းသွားကြသည်၊ ၎င်းတို့သည် မိမိတို့မှာ မရှုံးနိမ့်နိုင်ဘဲ မည်သူ့ထက်မဆို ပို၍ အင်အားကြီးကာ မြင့်မြတ်နေသည့်အလား အထက်စီးရလိုစိတ်ဖြင့် လူတို့ကို လွှမ်းမိုးရန် ဩဇာကြီးမားသော ဟန်ပန်ကို အသုံးပြုကာ စကားပြောကြသည်၊ ယင်းက ၎င်းတို့၌ရှိသည့် ပြဿနာတစ်ခုတလေကိုဖြစ်စေ၊ ချို့ယွင်းချက်တစ်ခုတလေကိုဖြစ်စေ၊ အားနည်းချက်တစ်ခုတလေကိုဖြစ်စေ ပိုင်းခြားသိမြင်ရန် ခက်ခဲစေလေသည်။ ဤသည်မှာ မည်သည့် ကိုယ်ကျင့်စရိုက်မျိုး ဖြစ်သနည်း။ ဤအရာနှင့် မသိမသာ ဒုက္ခပေးခြင်း၊ ရက်စက်ခြင်းနှင့် အရှက်တရားကင်းမဲ့ခြင်းတို့ကြား ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်း၊ ဤသည်မှာ အန္တိခရစ်တို့၏ လူ့သဘာဝနှင့်ဆိုင်သည့် အကျည်းတန်ပြီး ဆိုးယုတ်သောဘက်ခြမ်း မဟုတ်လော။ ထိုသို့သော လူ့သဘာဝရှိသည့် လူများသည် တည်ကြည်ဖြောင့်မတ်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အဆင့်အတန်းရှိသူများနှင့် အာဏာရှိသူများကို ၎င်းတို့ ပြောသောစကားများသည် မှန်ကန်သလော။ အားနည်းသူများကို ၎င်းတို့ ပြောသောစကားများသည် မှန်ကန်သလော။ (မည်သည့်အရာမျှ မမှန်ကန်ပါ။) ထို့ကြောင့် ဤအချက်သည် လိမ်နေကျဖြစ်ခြင်းနှင့် ဆက်စပ်မှုအချို့ ရှိပေသည်။ ဤအချက်အားဖြင့် အကဲဖြတ်ရသော် အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်သည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး ၎င်းတို့သည် လုံးဝကွဲပြားသော သဘောသဘာဝနှစ်ခုကို ပိုင်ဆိုင်ကြသည်။ ဤလူစားမျိုး၌ “ပုတ်သင်ညို” ဟူသော အမည်ပြောင်တစ်ခု ရှိသည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရား စည်းမျဉ်းများ၊ လူ့သဘာဝ သို့မဟုတ် ထိုလူများက ဘုရားအိမ်တော်အတွင်း၌ သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်ဟူသည်ကို အခြေခံ၍ ဘယ်သောအခါမျှ မဆက်ဆံကြပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို ၎င်းတို့၏ အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုကိုသာ အခြေခံ၍ ကွဲပြားစွာ ဆက်ဆံကြသည်။ အဆင့်အတန်းနှင့် စွမ်းရည်များ ရှိသူများနှင့် ဆက်ဆံသောအခါ ၎င်းတို့သည် မျက်နှာလုပ်ရန်၊ ထိုသူတို့ကို မြှောက်ပင့်ရန်နှင့် ထိုသူတို့ထံ တိုးဝင်ချဉ်းကပ်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြသည်။ ဤလူများက ၎င်းတို့ကို ရိုက်နှက်သည်ဖြစ်စေ၊ ဆူပူကြိမ်းမောင်းသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်စောဒကတက်ခြင်းမျှမရှိဘဲ ထိုအရာကို လိုလိုလားလား ခါးစည်းခံကြသည်။ ၎င်းတို့၏ အတွင်းစိတ်ထဲ၌ အမှန်တကယ် စဉ်းစားသည့်အရာက ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် လုံးဝ ကွဲပြားခြားနားသော်လည်း ကိုယ့်အသုံးမကျမှုကိုယ် အဆက်မပြတ်ပင် ဝန်ခံပြီး ဖော်လံဖားလာကြသည်။ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိသော တစ်စုံတစ်ယောက်က စကားပြောပါက ယင်းမှာ သမ္မာတရားနှင့် လုံးဝ ဆက်စပ်မှုမရှိသည့် စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးနှင့် မိစ္ဆာဒိဋ္ဌိဝါဒဖြစ်နေလျှင်ပင် ၎င်းတို့သည် ယင်းကို နားထောင်မည်။ သဘောတူညီကြောင်း ခေါင်းညိတ်လိမ့်မည်ဖြစ်ပြီး အပေါ်ယံအားဖြင့် လက်ခံလိမ့်မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တစ်စုံတစ်ယောက်၌ စွမ်းဆောင်နိုင်စွမ်း သို့မဟုတ် အဆင့်အတန်း ကင်းမဲ့ပါက ၎င်းတို့၏ စကားများက မည်မျှပင် မှန်ကန်စေကာမူ အန္တိခရစ်တို့သည် ၎င်းတို့ကို လျစ်လျူရှုပြီး အထင်သေးကြလိမ့်မည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် စည်းမျဉ်းများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုက်ညီနေလျှင်ပင် ၎င်းတို့ နားထောင်မည် မဟုတ်ဘဲ ထိုအစား ယင်းကို ချေပခြင်း၊ လှောင်ပြောင်ခြင်းနှင့် သရော်ခြင်းတို့ ပြုကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင် တွေ့ရှိရသော နောက်ထပ် အင်္ဂါရပ်တစ်ခုဖြစ်သည်။ ကျင့်ကြံပြုမူခြင်းအပြင် လောကနှင့် ဆက်ဆံခြင်းဆိုင်ရာ ၎င်းတို့၏ နည်းလမ်းများနှင့် စည်းမျဉ်းများကို အကဲဖြတ်သော် ဤပုဂ္ဂိုလ်များကို အကြွင်းမဲ့ မယုံကြည်သူများအဖြစ် အခိုင်အမာ သတ်မှတ်နိုင်သည်။ ၎င်းတို့ ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်များမှာ နိမ့်ကျမှု၊ ယုတ်ညံ့ခြင်းနှင့် သိမ်ဖျင်းမှုတို့ ဖြစ်ကြသည်။

အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်းသည် အန္တိခရစ်ကဲ့သို့သော လူများအတွက် ပုံမှန် လူမှုဆက်ဆံရေး နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် တက်တက်ကြွကြွ စကားစမြည်ပြောကြပြီး ရင်းနှီးစွာ ဆက်ဆံကြသော်လည်း ၎င်းတို့ ညီအစ်ကိုမောင်နှမများကို မြင်လိုက်သောအခါ ၎င်းတို့၌ ပြောစရာစကားမရှိသည့်အပြင် စိတ်တူကိုယ်တူမဖြစ်ကြပေ။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ တာဝန်များ ထမ်းဆောင်ခြင်း၊ အသက်ဝင်ရောက်မှု သို့မဟုတ် စိတ်သဘောထား အပြောင်းအလဲများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးသောအခါ ၎င်းတို့၌ ပြောစရာစကားမရှိသည့်အပြင် စိတ်ဝင်စားမှုလည်း မရှိပေ။ သို့ရာတွင် ဘာသာတရားမရှိသူများ၊ အထူးသဖြင့် ဓနဥစ္စာနှင့် သြဇာအာဏာရှိသူများ၊ နိုင်ငံရေးသမားများ၊ လူမှုရေး အထက်တန်းလွှာများ၊ ဂီတနှင့် ရုပ်ရှင်လောကမှ နာမည်ကြီးပုဂ္ဂိုလ်များ၊ လူမှုရေး ခေတ်ရေစီးကြောင်းများနှင့် စားသောက်ခြင်း၊ ဖျော်ဖြေရေးတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်း ပြောဆိုသောအခါ ၎င်းတို့သည် အလွန်အမင်း စကားများလာပြီး ရပ်တန့်၍မရနိုင်တော့ပေ။ ၎င်းတို့သည် ထိုသို့သော ဘဝနှင့် လူမှုရေးအဆင့်အတန်းကို အထူးတလည် တောင့်တကြသည်ဟု ထင်ရသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အခက်အခဲများကြောင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကြောင့်သာ ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးများအတွက်သာလျှင် ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်၌ပင် ထိုသို့သောအရာများကို မစွန့်လွှတ်နိုင်ကြပေ။ ထို့ကြောင့် စားသောက်ခြင်းနှင့် ဖျော်ဖြေရေး ကိစ္စရပ်များကို ဆွေးနွေးသောအခါ ၎င်းတို့ စိတ်အားထက်သန်လာကြသည်။ ညီအစ်ကိုမောင်နှမများကို စကားပြောသောအခါမူ ယင်းမှာ ကွဲပြားသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်များ၏ အတွင်းနက်နက်နေရာများမှ ဘုရားသခင်ကို ယုံကြည်သူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် ရိုးသားဖြောင့်မတ်သူများကို ၎င်းတို့ အထင်သေးကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ၎င်းတို့က ခွဲခြားဆက်ဆံပြီး အထင်အမြင်သေးကြသည်။ အန္တိခရစ်တို့သည် အသင်းတော်ရှိ ခေါင်းဆောင်များကို မြင်သောအခါ “သူတို့သည် ခေါင်းဆောင်များနှင့် မတူပါ။ သူတို့သည် အရာရှိများနှင့် လုံးဝ မတူပါ။ လောကီအရာရှိများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ဟန်ပန်အမူအရာနှင့် ပုံစံ ကင်းမဲ့လျက် များစွာ နိမ့်ကျသည်”ဟု တွေးထင်ကြသည်။ အချို့သော ခေါင်းဆောင်များသည် ထိုမျှပညာမတတ်ကြောင်း ၎င်းတို့ သိရှိပါက မိမိတို့၏ စိတ်နှလုံးထဲ၌ ထိုခေါင်းဆောင်များကို ခွဲခြားဆက်ဆံကြသည်။ ၎င်းတို့က ငါ့ကို မြင်သောအခါ မည်သည့်အရာ ခံစားရမည်ဟု သင်တို့ ထင်သနည်း။ တစ်ချက်ကြည့်လိုက်သည်နှင့် ၎င်းတို့က “လူ့ဇာတိခံယူသော ဘုရားဖြစ်သည့် ခရစ်တော်သည်၊ ထိုမျှပညာမတတ်သော၊ အရပ်မရှည်သော၊ ရုပ်ရည်မခန့်ညားသော၊ ခံ့ညားသော အမူအရာ ကင်းမဲ့ပြီး ဝတ်စားဆင်ယင်မှုမှာ အညတရတစ်ဦး ဖြစ်သည်။ လူတိုင်းက သူ၌ သမ္မာတရားရှိသည်ဟု ဆိုကြသည်။ ဤသည်မှာ အာရုံစိုက်ထိုက်သည့် တစ်ခုတည်းသောအရာဖြစ်ပြီး သူနှင့်ပတ်သက်၍အထင်ကြီးစရာ အခြားမည်သည့်အရာမျှ မရှိပေ။ လူ့အဖွဲ့အစည်း၌ ထိုအာဏာရှိသောလူများက မည်သည့်အရာ ဝတ်ဆင်သည်ကို ကြည့်လော့။ သင်၏ အဝတ်အစားများနှင့် ဖိနပ်များမှာ မည်သည့်တံဆိပ်များ ဖြစ်သနည်း။ သင်၏ ဆံပင်ပုံစံမှာ အဘယ်နည်း။ သင်သည် နာမည်ကြီး ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်ခဲ့ပါသလော။ တစ်ကြိမ် ဆံပင်ညှပ်လျှင် မည်မျှ ကုန်ကျခဲ့သနည်း”ဟု စဉ်းစားကြသည်။ ငါက “ငါ ဆံပင်ညှပ်ရန် တစ်ပြားတစ်ချပ်မျှ မသုံးစွဲဘဲ အိမ်၌ ငါ့ဘာသာငါ ညှပ်သည်”ဟု ဆိုသည်။ ၎င်းတို့က “သင် အလှအပဆိုင်ရာ ပြုပြင်မွမ်းမံမှုများအတွက်သွားပါသလော။ သင် ဟိုတယ်များ၌ တည်းခိုပါသလော။ မည်သည့် ကြယ်အဆင့် ဖြစ်သနည်း။ သင် ဇိမ်ခံသင်္ဘောကြီးကို စီးဖူးပါသလော” ဟု ဆိုကြသည်။ ငါက “ဤအရာများအကြောင်းကို ငါမသိပါ”ဟု ဆိုသည်။ ၎င်းတို့က “သို့ဆိုလျှင် သင်သည် အမှန်ပင် အတော်လေး မသိနားမလည်ဖြစ်ပေသည်။ သင်၏ မြင့်မြတ်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းဖြင့် လောကရှိ ဤဇိမ်ခံပစ္စည်းများနှင့် ဈေးကြီးသောပစ္စည်းများအကြောင်း အသိပညာ သို့မဟုတ် နားလည်မှု အဘယ်ကြောင့် မရှိရသနည်း။ သင်၏ အခြေအနေများအရ သင်ကိုယ်တိုင် အနည်းငယ် သွားရောက် တွေ့ကြုံခံစားသင့်သည်။ အနည်းဆုံးအနေဖြင့် သင်သည် စျေးကြီးသော အလှပြင်ဆိုင်သို့ သွားရမည်၊ ကြယ်ငါးပွင့် ဟိုတယ်၌ တည်းခိုရမည်ဖြစ်ပြီး ဇိမ်ခံသင်္ဘောကြီး စီးရမည်။ အနည်းဆုံးအနေဖြင့် သင် လေယာဉ်စီးသည့်အခါ ပထမတန်း၌ ထိုင်သင့်သည်”ဟု ဆိုကြသည်။ ၎င်းတို့ ငါ့ကို မြင်သောအခါ အထင်သေးကြသော်လည်း ၎င်းတို့ အသိအမှတ်ပြုရမည့် အချက်တစ်ချက်ရှိသည်။ ယင်းမှာ “စုဝေးပွဲများအတွင်း သင်ပြောခဲ့သောအရာ မည်သည့်အရာကိုမျှ ကျွန်ုပ် ယခင်က တစ်ခါမျှ မကြားဖူးပါ။ သင်ပြောသည့်အရာကို ကျွန်ုပ် နားထောင်ရမည်” ဟူ၍ ဖြစ်သည်။ သို့သော် စုဝေးပွဲများ ပြီးသည့်နောက် ၎င်းတို့သည် ငါ့ကို နောက်ထပ် အသိအမှတ်မပြုကြတော့ပေ။ ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ ၎င်းကို သင် အစာကျွေးပြီးနောက် ၎င်းသည် သင့်ကို ပြန်ကိုက်သည်။ ယင်းမှာ ဝံပုလွေ၏ သဘာဝ ဖြစ်သည်။ အန္တိခရစ်တို့သည် ငွေနှင့် သြဇာအာဏာမရှိသော၊ သမ္မာတရားကို ရိုးရှင်းစွာ ချစ်မြတ်နိုးပြီး လိုက်စားနိုင်ကာ မိမိတို့၏ တာဝန်များကို လိုလိုလားလား ထမ်းဆောင်သော သာမန်ညီအစ်ကိုမောင်နှမများကို မြင်သောအခါ မထီမဲ့မြင်ပြုပြီး ဖယ်ကြဉ်ကြသည်။ ၎င်းတို့သည် ခရစ်တော်ကို ကြည့်ပြီး သာမန်လူတစ်ဦး၊ ရုပ်ရည်၊ အသွင်အပြင်နှင့် အမူအရာ အဘက်ဘက်တွင် ရိုးရှင်းပြီး သာမန်ဖြစ်သော လူတစ်ဦးကို မြင်သောအခါ မိမိတို့၏ အတွင်းစိတ်သဘောထားနှင့် ရှုထောင့်အမြင်ကို ချက်ချင်း ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို အခြေခံသည်။ ပုံမှန်လူ့သဘာဝ ကင်းမဲ့လျက် ခရစ်တော်အပေါ် ၎င်းတို့၏ သဘောထားသည် သာမန်လူတစ်ဦးအပေါ် ၎င်းတို့၏ သဘောထားနှင့် တူညီသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရိုသေလေးစားမှု အနည်းငယ်မျှပင် မရှိပေ။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရနှင့် ကိုယ်ကျင့်စရိုက်က ဆုံးဖြတ်ခြင်း ဖြစ်သည်။ အန္တိခရစ်၏ လူ့သဘာဝနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာ၏ သရုပ်သကန်သည် အခြားသော သွင်ပြင်လက္ခဏာများကဲ့သို့ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ဖြစ်သည်။

ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သော အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင်ရှိသည့် အမျိုးမျိုးသော အင်္ဂါရပ်များသည် ၎င်းတို့ ကိုယ်ကျင့်စရိုက်၏ ကောင်းခြင်း သို့မဟုတ် ဆိုးခြင်း၊ သာလွန်ခြင်း သို့မဟုတ် နိမ့်ကျခြင်းကို တစ်ခုချင်း ထုတ်ဖော်ပြနိုင်သည်။ လိမ်နေကျဖြစ်သောသူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် သာလွန်သလော သို့မဟုတ် နိမ့်ကျသလော။ (နိမ့်ကျပါသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူတစ်ဦး၏ လူ့သဘာဝသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) အရှက်တရားကင်းမဲ့သောသူတစ်ဦး၏ လူ့သဘာဝသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) မသိမသာ ဒုက္ခပေးတတ်ပြီး ရက်စက်သောသူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် သာလွန်သလော သို့မဟုတ် နိမ့်ကျသလော။ (နိမ့်ကျပါသည်။) အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ရန်သာ သိသောသူ၊ ထိုသို့သော စည်းမျဉ်းများကိုသာ လိုက်နာစောင့်ထိန်းသောသူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် မည်သို့ ရှိပါသနည်း။ (စက်ဆုပ်ဖွယ်ကောင်းပါသည်။) ထိုသို့သော ပုဂ္ဂိုလ်များသည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းကြသည်၊ ပုံမှန်လူ့သဘာဝ ကင်းမဲ့ရုံသာမက ၎င်းတို့သည် လူသားများမဟုတ်၊ လူဖျင်းများ၊ နတ်ဆိုးများဖြစ်သည်ဟု တိကျစွာ ဆိုနိုင်ပေသည်။ အနည်းငယ်မျှသော အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သူ မည်သူမဆိုသည် လူသားတစ်ဦးမဟုတ်ဘဲ နတ်ဆိုးတစ်ကောင် ဖြစ်သည်။

စ။ ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍လိုချင်တောင့်တသည်

အန္တိခရစ်တို့၏ လူ့သဘာဝတွင် နောက်ထပ် သရုပ်သကန်တစ်ခု ရှိသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍ လိုချင်တောင့်တကြသည်။ ဆိုလိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် တောင်းဆိုမှုသည် အထူးသဖြင့် ကြီးမားသည်။ ယင်းမှာ အကန့်အသတ်မဲ့ ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲသော ဘဝနေထိုင်မှုပုံစံတစ်ခုအတွက် ရည်သန်မျှော်မှန်းချက်များဖြင့် ပြည့်နှက်နေပြီး မတင်းတိမ်နိုင်လောက်အောင် လောဘကြီးကြသည်။ အချို့က “အန္တိခရစ်အများစုသည် ဤသရုပ်သကန်ကို မပိုင်ဆိုင်ကြပါ” ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုအရာကို မပိုင်ဆိုင်ခြင်းက ၎င်းတို့၏ လူ့သဘာဝ၌ ထိုအရာမရှိဟု မဆိုလိုပေ။ ထိုသို့သောလူများသည် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ စားသည့်အရာ၊ ဝတ်စားဆင်ယင်ပုံနှင့် အပြင်အဆင်တို့အတွက် ၎င်းတို့၏ စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် မိမိတို့သဘောအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်၊ အခွင့်အရေးများကို ၎င်းတို့ ရသွားကြသည်၊ ၎င်းတို့၌ သီးခြားအခြေအနေများ ရှိကြပြီး ၎င်းတို့၏ ဘဝက ကွဲပြားခြားနားသွားသည်။ ၎င်းတို့သည် မိမိတို့ စားသည့်အရာနှင့် ပတ်သက်၍ ဇီဇာကြောင်လာကာ ပကာသနနှင့် ဇိမ်ခံခြင်းတို့ကို အလေးထားလာကြသည်။ ၎င်းတို့သည် နာမည်ကြီး တံဆိပ်ပါ ပစ္စည်းများကို မရမက ဝတ်ဆင်ကာ အသုံးပြုကြပြီး ၎င်းတို့ နေထိုင်သော အိမ်များနှင့် မောင်းနှင်သော ကားများသည် အဆင့်မြင့်ကာ ဇိမ်ခံပစ္စည်းများ ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့သည် လုပ်ငန်းသုံးယာဉ်တစ်စီးကို ဝယ်ယူသည့်အခါ၌ပင် ယင်းမှာ ဇိမ်ခံပစ္စည်းများဖြင့် တပ်ဆင်ထားရမည်ဖြစ်သည်။ အချို့က “အကယ်၍ သူတို့၌ ငွေမရှိပါက ဤအရာများကို အဘယ်ကြောင့် ၎င်းတို့ ထိုမျှ အလေးပေးကြသနည်း”ဟု မေးကောင်းမေးနိုင်သည်။ ၎င်းတို့၌ ငွေမရှိရုံကြောင့် ထိုသို့သောအရာများကို ၎င်းတို့ မလိုက်စား သို့မဟုတ် ဤလိုအင်ဆန္ဒက ၎င်းတို့၏ လူ့သဘာဝ၌ မရှိဟု မဆိုလိုပေ။ ထို့ကြောင့် အန္တိခရစ်တို့သည် ဘုရားအိမ်တော်ရှိ ပူဇော်သက္ကာများကို လက်ဝယ်ရရှိသည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို မဆင်မခြင် ဖြုန်းတီးကြသည်။ ၎င်းတို့အနေဖြင့် အရှက်ကင်းမဲ့သည့် အဆင့်နှင့် ထိန်းချုပ်ရန် ခက်ခဲသည့် အတိုင်းအတာအထိ အရာရာကို ဝယ်ယူပြီး မွေ့လျော်ခံစားလိုကြသည်။ ၎င်းတို့သည် ရွှေချထားသော ခွက်များဖြင့် တည်ခင်းသော အရည်အသွေးမြင့် လက်ဖက်ရည်ကို သောက်သုံးရမည်၊ ၎င်းတို့၏ အစားအစာများသည် ခမ်းနားထည်ဝါသော စားပွဲတော်များ ဖြစ်ရမည်၊ ၎င်းတို့သည် ထိပ်တန်းဂျင်ဆင်းကို စားသုံးရန် မလျှော့တမ်း တောင်းဆိုကြပြီး အမြဲ နောက်ဆုံးပေါ် မော်ဒယ်များဖြစ်သော ကမ္ဘာ့အဆင့်မီ နာမည်ကြီးတံဆိပ်များမှ ကွန်ပျူတာများနှင့် ဖုန်းများကိုသာ အသုံးပြုကြသည်။ ၎င်းတို့သည် ယွမ်ထောင်ချီ ကုန်ကျသော မျက်မှန်များကို တပ်ဆင်ကြသည်၊ ဆံပင်ပုံစံအတွက် ရာနှင့်ချီ သုံးစွဲကြပြီး နှိပ်နယ်ခြင်းနှင့် ချွေးထုတ်ခန်းများအတွက် တစ်ထောင် သို့မဟုတ် ထို့ထက်ပို၍ ပေးချေကြသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် အရာရာကို အကောင်းဆုံးနှင့် တံဆိပ်ပါသည့်အရာဖြစ်ရန် တောင်းဆိုကြပြီး နာမည်ကြီးပုဂ္ဂိုလ်များနှင့် အာဏာရှိသူများ မွေ့လျော်ခံစားသမျှကို ခံစားလိုကြသည်။ အန္တိခရစ်တို့ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ဤအကျည်းတန်သော အရာအားလုံးက ထင်ရှားလာသည်။ စုဝေးပွဲများအတောအတွင်းတွင် လူ သုံးဦးမှ ငါးဦးသာ ၎င်းတို့၏ တရားဒေသနာကို နားထောင်ပါက ၎င်းတို့သည် ယင်းကို မလုံလောက်ဟု ယူဆပြီး လူ သုံးရာမှ ငါးရာအထိရှိရန် မလျှော့တမ်း တောင်းဆိုကြသည်။ အခြားသူများက ဆိုးရွားသော ပြင်ပအခြေအနေများ ရှိနေသဖြင့် လူ သုံးဦးမှ ငါးဦးအထိ စုဝေးခြင်းသည် အတော်ပင် ကောင်းမွန်နေပြီဖြစ်ကြောင်း ပြောသောအခါ ၎င်းတို့က “ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပါ။ အဘယ်ကြောင့် ကျွန်ုပ်၏ တရားဒေသနာကို နားထောင်သူ ထိုမျှ နည်းပါးရသနည်း။ ဤသည်မှာ ကျွန်ုပ်၏အချိန်နှင့် မတန်ပါ။ ကျွန်ုပ်တို့သည် ပိုမိုသိက္ခာရှိသော တရားဒေသနာတစ်ခုအတွက် လူသောင်းချီ ဆံ့သော ကြီးမားသည့် အသင်းတော် အဆောက်အအုံတစ်ခုကို ဝယ်ယူသင့်သည်” ဟု ပြန်လည်ချေပကြသည်။ ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တို့ ပြုလုပ်တတ်သည့် အရာမျိုး ဖြစ်သည်။ ၎င်းတို့က အရှက်တရားကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဇိမ်ခံဘဝနှင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် အလွန်အမင်း မထိန်းချုပ်နိုင်သော လိုအင်ဆန္ဒနှင့် စိတ်ဝင်စားမှု ရှိသည်။ ယင်းမှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင်ရှိသော နောက်ထပ် အင်္ဂါရပ်တစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က အရသာထူးကဲသော အစားအစာ၊ ဇိမ်ခံကားများ၊ နာမည်ကြီး တံဆိပ်ပါအဝတ်အစားများနှင့် အဆင့်မြင့်ပြီး ဈေးကြီးသော ပစ္စည်းများအကြောင်း ထုတ်ပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မျက်လုံးများက တောက်ပလာပြီး လောဘဇော တက်လာကာ ၎င်းတို့၏ လိုအင်ဆန္ဒများက ပေါ်ထွက်လာသည်။ ဤလိုအင်ဆန္ဒသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ သိသိသာသာပင် ၎င်းတို့၏ မကောင်းဆိုးဝါး သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ချက်တစ်ခုဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် ငွေကြေး အခက်အခဲ ရှိနိုင်ပြီး တစ်စုံတစ်ယောက်က အဆင့်မြင့် လက်ဝတ်ရတနာ သို့မဟုတ် နှစ်ကာရက် သို့မဟုတ် သုံးကာရက် စိန်လက်စွပ်အား ဝတ်ဆင်ထားသည်ကို မြင်သောအခါ ၎င်းတို့၏ မျက်လုံးများက တောက်ပလာပြီး ၎င်းတို့က “အကယ်၍ ဘုရားကို ငါ မယုံကြည်ခဲ့လျှင် ငါးကာရက် စိန်လက်စွပ်တစ်ကွင်းကို ဝတ်ဆင်နိုင်မည်ဖြစ်သည်”ဟု စဉ်းစားကြသည်။ ၎င်းတို့၌ တစ်ကာရက် လက်စွပ်တစ်ကွင်းပင် မပိုင်ဆိုင်ဟူသော အချက်ကို ၎င်းတို့ ဆင်ခြင်မိပြီး စိတ်မကောင်းဖြစ်ကာ ဘုရားသခင်ကို ယုံကြည်ခြင်းက မတန်ဟု စတင်စဉ်းစားလာကြသည်။ သို့သော် ပို၍ စဉ်းစားကြည့်သောအခါ ၎င်းတို့က “ဘုရားကို ငါ၏ ယုံကြည်ခြင်းကြောင့် အနာဂတ်တွင် ငါသည် ကြီးမြတ်သော ကောင်းချီးများကို ရရှိလိမ့်မည်။ ငါသည် ကာရက်ငါးရာရှိသော စိန်တစ်လုံးကို ပိုင်ဆိုင်နိုင်ပြီး ယင်းကို ငါ့ခေါင်းပေါ်၌ ဝတ်ဆင်နိုင်မည်” ဟု တွေးကြသည်။ ၎င်းတို့၌ လိုအင်ဆန္ဒများ ရှိသည် မဟုတ်လော။ တီဗီပေါ်တွင် ချမ်းသာသော ပုဂ္ဂိုလ်များက ဒီဇိုင်နာ အဝတ်အစားများကို ဝတ်ဆင်ပြီး ပင်လယ်၌ ဇိမ်ခံသင်္ဘောကြီးများပေါ်တွင် ပျော်ပါးနေသည်ကို မြင်သောအခါ ၎င်းတို့သည် ယင်းက မယုံနိုင်လောက်အောင် ပျော်ရွှင်ဖွယ်ကောင်းသည်၊ စိတ်ကူးယဉ်ဆန်သည်၊ မြင့်မြတ်ပြီး အားကျဖွယ်ကောင်းသည်ဟု ခံစားရသည်။ ၎င်းတို့က “ငါ မည်သည့်အခါမှများ ထိုသို့သော လူစားမျိုး၊ လူတို့ထဲမှ အထင်ကရလူတစ်ဦး ဖြစ်လာနိုင်မည်နည်း။ ငါ မည်သည့်အခါမှများ ထိုသို့သော ဘဝကို ခံစားနိုင်မည်နည်း”ဟု ဆိုလျက် ထိုအရာနှင့်ပတ်သက်၍ သွားရည်ယိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက အမှန်တကယ် စိတ်ဝင်စားဖွယ်မကောင်းဟု တွေးထင်လာသည်အထိ ထိုအရာကို အကြိမ်ကြိမ်အခါခါ ကြည့်ရှုကြသည်။ သို့သော်ငြားလည်း ၎င်းတို့က “ငါ ဤသို့ တွေး၍မရပါ။ ဘုရားကို ငါ အဘယ်ကြောင့် ယုံကြည်သနည်း။ ‘လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည်’ ဟူ၍ဖြစ်သည်။ အနာဂတ်တွင် ငါ့ဘဝသည် သူတို့ထက် များစွာ ပိုကောင်းလိမ့်မည်။ သူတို့က ဇိမ်ခံသင်္ဘောကြီး စီးကြသည်၊ သို့သော် ငါက ဇိမ်ခံလေယာဉ် သို့မဟုတ် ဇိမ်ခံ ပန်းကန်ပြားပျံ စီးမည်၊ ငါ လကမ္ဘာသို့ သွားမည်”ဟု တွေးလျက် ထပ်မံ၍ ဆင်ခြင်သုံးသပ်ကြသည်။ ဤအတွေးများသည် အနည်းငယ်မျှပင် သင့်တင့်လျောက်ပတ်သလော။ ယင်းတို့သည် ပုံမှန်လူ့သဘာဝနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤသည်မှာ အန္တိခရစ်တို့၏ လူ့သဘာဝ၌ရှိသော နောက်ထပ် လက္ခဏာတစ်ခုဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများနှင့် ဇိမ်ခံသော ဘဝနေထိုင်မှုပုံစံအတွက် အလွန်အမင်း ထိန်းချုပ်၍မရသော လိုအင်ဆန္ဒဖြစ်သည်။ ထိုအရာများကို ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက် သူတို့သည် တင်းတိမ်ခြင်းမရှိ လောဘတက်လာကြကာ အငမ်းမရဖြစ်သော အကြည့်နှင့် သဘာဝတို့ဖြင့် ထိုအရာများကို ထာဝရ ပိုင်ဆိုင်ထားရန် လိုလားကြလေသည်။ အန္တိခရစ်တို့၏ လူ့သဘာဝတွင် အာဏာရှိသူကို အားကျဖြစ်ခြင်းမျှသာ မဟုတ်ပေ။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် အဆင့်မြင့် ဘဝတစ်ခုကိုလည်း လိုချင်တပ်မက်ကြသည်။ ပုံမှန်လူ့သဘာဝ၌ ဘဝနှင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် ကျိုးကြောင်းဆီလျော်သော လိုအပ်ချက် အမျိုးစုံ ရှိသည်။ ၎င်းတို့၌ နေ့စဉ် လိုအပ်သောအရာများ၊ အလုပ်နှင့် နေထိုင်မှု ပတ်ဝန်းကျင်၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ရှိသည်။ ဤလိုအပ်ချက်များ ပြည့်မီလျှင် လုံလောက်ပြီး မိမိ၏ စွမ်းဆောင်နိုင်မှုနှင့် စီးပွားရေး အခြေအနေများအပေါ်အခြေခံ၍ ၎င်းတို့ကို ချင့်ချိန်ထိန်းညှိခြင်းသည် အတော်အတန် ပုံမှန်ဖြစ်သည်ဟု မှတ်ယူကြသည်။ သို့ရာတွင် အန္တိခရစ်တို့၏ ရုပ်ဝတ္ထုပစ္စည်းများအတွက် လိုအပ်ချက်နှင့် ထိုရုပ်ဝတ္ထုပစ္စည်းများကို အကြိုက်တွေ့ခြင်းတို့က ပုံမှန်မဟုတ်ဘဲ မတင်းတိမ်နိုင်လောက်အောင် ဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် အထူးသဖြင့် အဆင့်မြင့် ဘဝကို လိုက်စားကြသည်၊ ၎င်းတို့သည် ရိုးရှင်းသော အစားအစာများသာ ကျွေးမွေးသည့် ဧည့်ခံမိသားစု၌ နေထိုင်သောအခါ အနည်းငယ် စိတ်တိုကြသည်။ ထို့ပြင် အကယ်၍ ဤမိသားစုရှိ လူများသည် သမ္မာတရားကို လိုက်စားနေကြလျှင် အတော်အတန် ရိုးသားကြပြီး ၎င်းတို့ကို မြှောက်ပင့်ခြင်း၊ ဖော်လံဖားခြင်း သို့မဟုတ် ၎င်းတို့ ကြားလိုသည့်အရာကို ပြောဆိုခြင်း မပြုပါက ၎င်းတို့က “ငါ မည်သည့်နေရာတွင် အစားအသောက်ကောင်းအနည်းငယ် ရနိုင်ပြီး အိမ်ကြီးတစ်လုံးတွင် နေနိုင်မည်နည်း။ မည်သူက ကောင်းမွန်သည့် အသက်ရှင်နေထိုင်မှု အခြေအနေများ ရှိသနည်း။ မည်သူက ကားတစ်စီးပိုင်ပြီး ငါ လမ်းလျှောက်ဖို့ မလိုအောင် နေရာများသို့ ကားမောင်း၍ အကြိုအပို့ လုပ်ပေးနိုင်မည်နည်း”ဟု စဉ်းစားလျက် ပို၍ပင် စက်ဆုပ်ရွံရှာလာကြသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို အစဉ်သဖြင့်စွဲလမ်းနေကြသည်။ သင်တို့၏ အနီးဝန်းကျင်တွင် ဤလူစားမျိုးများ ရှိသလော။ သင်တို့သည် ဤလူစားမျိုး ဖြစ်သလော။ (ဤအရာများသည် ကျွန်ုပ်တို့၏ လူ့သဘာဝ၌လည်း ရှိနေပါသည်။) သို့ဆိုလျှင် သင်တို့သည် ထိုအရာများကို ထိန်းချုပ်နိုင်သလော။ သက်သောင့်သက်သာရှိမှုကို ခံစားခြင်းသည် မတင်းတိမ်နိုင်သော လောဘနှင့် မတူညီပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မနှောင့်နှေးစေဘဲ ယင်းကို ချင့်ချိန်ထိန်းညှိသင့်သည်။ ဤသည်မှာ ပုံမှန် ဖောက်ပြန်ပျက်စီးသော လူများ ပိုင်ဆိုင်သည့် လူ့သဘာဝ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ချင့်ချိန်ထိန်းညှိခြင်းကို မကျင့်သုံးကြပေ။ ၎င်းတို့သည် မတင်းတိမ်နိုင်လောက်အောင် ဖြစ်ပြီး ငမ်းငမ်းတက်ဖြစ်နေကျ ဖြစ်သည်။ ဤသရုပ်သကန်နှင့် ပတ်သက်၍ သင်တို့၌ ထပ်မံဖြည့်စွက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။ (ဘုရားသခင်၊ ယခင်က အန္တိခရစ်တစ်ဦးကို ကျွန်ုပ် တွေ့ဖူးပါသည်။ ထိုအချိန်က ညီအစ်မတစ်ဦးသည် သူမအတွက် နာမည်ကြီး တံဆိပ်များသာဖြစ်သော အနွေးထည်ဆယ်ထည်ကျော် ဝယ်ပေးခဲ့ပြီး ဤအန္တိခရစ်သည် ထိုအနွေးထည်များကို တစ်ထည်ပြီးတစ်ထည် ဝတ်ဆင်ကာ အပြင်ထွက်သည့်အခါတိုင်း အသစ်တစ်ထည် ပြောင်းလဲဝတ်ဆင်ခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီး ဘုရားသခင်၏ အလှူငွေများကို အသုံးပြု၍ ကားတစ်စီး ဝယ်ခဲ့သည်။ တစ်စုံတစ်ယောက်က သူမကို အထူးသဖြင့် ဧည့်ခံရန်အတွက် ကောင်းမွန်သော အိမ်တစ်လုံးကိုပင် ဝယ်ပေးခဲ့ပြီး၊ သူမ ဈေးဝယ်ထွက်သောအခါ ဤဧည့်ခံညီအစ်မသည် အနီးကပ် နောက်မှ လိုက်ခဲ့သည်။ အကယ်၍ သူမက အဝတ်အစားတစ်စုံကို နှစ်သက်ပါက ယင်းကို ညွှန်ပြလိုက်ရုံသာဖြစ်ပြီး သူမ၏ ဧည့်ခံညီအစ်မက သူမအတွက် အလျင်အမြန် သွားဝယ်ပေးသည်။ သူမ အိမ်ပြန်သောအခါ ဖက်ထုပ်စားလိုကြောင်း ဧည့်ခံမိသားစုထံ ကြိုတင်၍ ဖုန်းဆက်ပြောသည်။ ဖက်ထုပ်ပြုတ်ရမည့် အချိန်ကို တိကျစွာ တွက်ချက်ရမည်ဖြစ်သည်။ အလွန်စော၍ မရ၊ သို့မဟုတ် ၎င်းတို့ အေးစက်သွားမည်၊ ပြီးလျှင် အလွန်နောက်ကျ၍လည်း မရပေ။ သို့မဟုတ်လျှင် သူမ အိမ်ပြန်ရောက်သည့်အခါ ဆာလောင်စွာ စောင့်ဆိုင်းရပေမည်။ သူမသည် ဧကရီဘုရင်မတစ်ပါးကဲ့သို့ပင် ဖြစ်သည်၊ သူမ၏ ဘဝနေထိုင်မှုပုံစံက အလွန့်အလွန် ဇိမ်ကျခဲ့သည်။ နောက်ပိုင်းတွင် ဤအန္တိခရစ်က နှင်ထုတ်ခြင်း ခံခဲ့ရသည်။) ဤလူတို့သည် အန္တိခရစ်တစ်ဦးအတွက် အိမ်နှင့် ကားတစ်စီး ဝယ်ပေးလျက် မည်မျှ မသိနားမလည်ဖြစ်ပြီး မိုက်မဲခဲ့သည်ကို ကြည့်လော။ လူတို့က ပစ္စည်းဥစ္စာများကို မွေ့လျော်ခံစားဖို့ ဤလောကသို့ ရောက်လာကြသည်၊ အကယ်၍ တစ်စုံတစ်ဦးက ဤအရာများကို မခံစားပါက ၎င်းတို့၏ ဘဝသည် အချည်းနှီး အသက်ရှင်ခြင်း ဖြစ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းနှင့် သဘောတရား ဖြစ်သည်။ ဤသဘောတရားသည် မှန်ကန်သလော။ ယင်းမှာ ဘာသာတရားမဲ့သူများ၊ သားရဲတိရစ္ဆာန်များနှင့် ဝိညာဉ်မရှိသော လူသေများ၏ အမြင်သက်သက်သာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီး ထိုသို့သော သဘောထားအမြင်များ ရှိနေဆဲဖြစ်သော လူများသည် စင်စစ် မယုံကြည်သူများနှင့် ဘာသာတရားမဲ့သူများ ဖြစ်ကြသည်။ ဤလူစားမျိုးများသည် အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များ လုံးလုံးလျားလျား ဖြစ်လာကြပြီး အဆင့်အတန်းမရှိပါက ဆိုးယုတ်သောလူများ ဖြစ်ကြသည်။

အကျင့်ဖြစ်နေသော လိမ်ညာခြင်း၊ မသိမသာဒုက္ခပေးတတ်ခြင်းနှင့် ရက်စက်ခြင်း၊ ဟိရိဩတ္တပ မရှိခြင်းနှင့် အရှက်တရားကင်းမဲ့ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်း၊ အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍ လိုချင်တောင့်တခြင်းတည်းဟူသော ဤအန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သည့် အင်္ဂါရပ်များသည် စံပြုလောက်ပြီး အလွန် ကိုယ်စားပြုနိုင်စွမ်းရှိကာ ထင်ရှားသော အင်္ဂါရပ်များ ဖြစ်ကြသည်။ ဤသရုပ်သကန်အချို့သည် သာမန်လူများ၌ အတိုင်းအတာတစ်ခုအထိ ဖြစ်ပေါ်နိုင်သော်လည်း ၎င်းတို့၏ သရုပ်သကန်များသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ ဖြစ်ပေါ်လာသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား သို့မဟုတ် မူမမှန်သော လူ့သဘာဝ၏ သရုပ်သကန်များ သို့မဟုတ် လူ့သဘာဝ ကင်းမဲ့ခြင်းမျှသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် ဤလူများသည် အသိစိတ် နိုးကြားလာကာ ဤအရာများကို စွန့်လွှတ်ပြီး ပုန်ကန်နိုင်သည့် စွမ်းရည်ကို ရရှိလာပြီး နောင်တရကြလေသည်။ ဤထူခြားသောလက္ခဏာများသည် ၎င်းတို့၌ အဓိကမကျသည့်အပြင် ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်းကိုဖြစ်စေ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းကိုဖြစ်စေ ထိခိုက်စေမည် မဟုတ်ပေ။ အန္တိခရစ်တို့သာလျှင် တရားဒေသနာများကို မည်မျှကြားရသည်ဖြစ်စေ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြပေသည်။ ၎င်းတို့၏ လူ့သဘာဝ၌ ပင်ကိုပါသော လက္ခဏာများနှင့် အင်္ဂါရပ်များသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ ပြစ်တင်ရှုတ်ချခြင်းခံရပြီး ဘယ်သောအခါမျှ ကယ်တင်ခြင်း မခံရနိုင်ပေ။ အဘယ်ကြောင့် ၎င်းတို့ ကယ်တင်ခြင်း မခံရနိုင်သနည်း။ ထိုသို့သော ကိုယ်ကျင့်စရိုက်ရှိသည့် လူများသည် သမ္မာတရားကို လက်ခံရန် ငြင်းပယ်သောကြောင့်လည်းကောင်း၊ သမ္မာတရား၊ ဘုရားသခင်နှင့် အပြုသဘောဆောင်သော အရာအားလုံးကို ရန်လိုသောကြောင့်လည်းကောင်း ကယ်တင်ခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အခြေအနေများနှင့် လူ့သဘာဝ ကင်းမဲ့ကြသည်။ ထို့ကြောင့် ဤပုဂ္ဂိုလ်များသည် ဖယ်ရှားရှင်းလင်းခြင်း ခံရပြီး ငရဲသို့ ပစ်ချခြင်းခံရရန် ကံပါလာကြပေသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။