နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂) အခန်း သုံး
၂။ ဘုရားသခင်အပေါ် အန္တိခရစ်များ လုပ်ဆောင်သည့်အရာ
အန္တိခရစ်များက လူတို့အပေါ် ပြသသည့် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့် သရုပ်သကန်များအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက်၊ အန္တိခရစ်များက တစ်နေ့လုံး ကောက်ကျစ်ဆိုးယုတ်သည့်အရာများကိုသာ တွေးတောခြင်းအရ ဘုရားသခင်အပေါ် မည်သည့်သရုပ်သကန်များ ပြသကြသည်ဟူသည့်အကြောင်းကို ငါတို့မိတ်သဟာယဖွဲ့ကြစို့။ ငါတို့သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခင်က များစွာ ခြုံငုံပြီးဖြစ်သဖြင့် အကျဉ်းချုပ်ဖော်ပြကြစို့။ ပို၍ညင်သာသော ကိစ္စရပ်များဖြင့် ငါတို့ စတင်မည်ဖြစ်ပြီး ထို့နောက် ပို၍ပြင်းထန်သော ကိစ္စရပ်များဆီသို့ တဖြည်းဖြည်း ကူးပြောင်းသွားမည်ဖြစ်သည်။ ပထမဆုံးအနေဖြင့် သံသယဖြစ်ခြင်း၊ ထို့နောက်တွင် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် သင်္ကာမကင်းဖြစ်ခြင်း၊ သတိထားကာကွယ်ခြင်း၊ တောင်းဆိုမှုများပြုလုပ်ခြင်းနှင့် အပေးအယူလုပ်ခြင်းတို့လည်း ရှိသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်ကို စမ်းသပ်ခြင်းရှိပါသည်။) ဤအပြုအမူ၏ သဘောသဘာဝမှာ အတော်အတန် ပြင်းထန်သည်။ ငါတို့ ရှေ့ဆက်သည်နှင့်အမျှ အပြုအမူတစ်ခုစီ၏ သဘောသဘာဝသည် ငြင်းပယ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ ပြစ်မှားစော်ကားခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ တိုက်ခိုက်ခြင်း၊ ကန့်ကွက်ပြောဆိုခြင်းနှင့် ဆန့်ကျင်ခြင်းတို့အဖြစ် တိုး၍တိုး၍ ပိုပြင်းထန်လာသည်။ ဤဝေါဟာရအချို့သည် အပေါ်ယံအားဖြင့် အတော်အတန် တူညီသော အဓိပ္ပာယ်များရှိသည်ဟု ထင်ရသော်လည်း ပိုမိုနီးကပ်စွာ ဆန်းစစ်ကြည့်သောအခါ ထိုဝေါဟာရများ၏ အနက် သို့မဟုတ် အလေးပေးမှုမှာ ကွဲပြားသည်။ အမျိုးမျိုးသော ရှုထောင့်အမြင်များကို သုံးစွဲခြင်းဖြင့် သို့မဟုတ် အန္တိခရစ်များ၏ ကွဲပြားသော လုပ်နည်းကိုင်နည်းများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ဤဝေါဟာရများ၏ သဘောသဘာဝ၌ ကွဲပြားမှုများကို ငါတို့ ခွဲခြားသိမြင်နိုင်သည်။
(က) သံသယ
သံသယဖြစ်ခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် သင်္ကာမကင်းဖြစ်ခြင်းတို့သည် အတော်အသင့် ပဏာမ သရုပ်သကန်များ ဖြစ်ကြသည်။ အချို့လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ “လူ့ဇာတိခံယူသော ဇာတိပကတိသည် အမှန်တကယ် ဘုရားသခင်လော။ သူသည် ငါ့အတွက် လူတစ်ဦးနှင့် တူသည်။ သူ၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားလော။ ယင်းတို့ထဲမှ မည်သည့်အရာက သမ္မာတရားကဲ့သို့ ထင်ရသနည်း။ သူပြောဆိုသည့်အရာအချို့သည် လူသား စကားနှင့် အသိပညာကို ကျော်လွန်ကောင်း ကျော်လွန်နိုင်သည်။ လူတို့သည် နက်နဲသောအရာများနှင့် ပရောဖက်ပြုချက်များကို ရှင်းလင်းစွာ ရှင်းပြကောင်းမရှင်းပြနိုင်သော်လည်း ပရောဖက်များကလည်း ထိုသို့သောအရာများကို မပြောဆိုနိုင်သလော။ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ဆိုကြသော်လည်း ဘုရားသခင်သည် မည်သို့ ဖြောင့်မတ်သနည်း။ ဘုရားသခင်သည် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိသည်ဟု ဆိုကြသော်လည်း သို့ဆိုလျှင် စာတန်သည် အဘယ်ကြောင့် မကောင်းမှုများကို အမြဲ ပြုလုပ်နေသနည်း။ စာတန်က ငါတို့ကို ဖမ်းဆီးပြီး ဖိနှိပ်သောအခါ၊ ၎င်းက ငါတို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ ဘုရားသခင်သည် အဘယ်ကြောင့် ကြားဝင်မစွက်ဖက်သနည်း။ ဘုရားသခင် အဘယ်မှာနည်း။ ဘုရားသခင် အမှန်တကယ် တည်ရှိပါသလော” ဟု တွေးတောလျက် သံသယကို ထားရှိရုံသာ ထားရှိကြသည်။ လူတို့၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သောအခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်မပြုသောအခါ၊ ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို မသိရှိသောအခါ၊ ပြီးလျှင် သမ္မာတရားကို နားမလည်သောအခါ ထိုသို့သော သံသယများသည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ပေါ်ပေါက်လာလိမ့်မည်။ သို့ရာတွင် လူတို့သည် ဘုရားသခင်၏ အမှုတော်ကို တဖြည်းဖြည်း တွေ့ကြုံခံစားလာသည်နှင့်အမျှ၊ သမ္မာတရားကို သဘောပေါက်နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုလာသည်နှင့်အမျှ ဤသံသယများသည် တရွေ့ရွေ့ ပြေလည်သွားပြီး စစ်မှန်သော ယုံကြည်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သော လူတိုင်းအတွက် မလွဲမသွေ လျှောက်လှမ်းရမည့် လမ်းကြောင်း ဖြစ်သည်။ သို့သော် ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်သည့် အန္တိခရစ်များအတွက်မူ ၎င်းတို့၏ သံသယများက ပြောင်းလဲနိုင်သလော။ (ပြောင်းလဲ၍မရနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ကို ပြောင်းလဲ၍မရနိုင်သနည်း။ (အန္တိခရစ်များသည် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့က ဘုရားသခင်ကို အသိအမှတ်မပြုကြပါ။) သဘောတရားအရ၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသဖြင့် ဘုရားသခင်ကို တစိုက်မတ်မတ် သံသယဖြစ်ကြသည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းမှာ ဤသို့သောလူများသည် ပင်ကိုအားဖြင့် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို လက်ခံရန် ငြင်းပယ်ကြပေသည်။ သို့ရာတွင် ဘုရားသခင် ပြုလုပ်သည့်အရာတိုင်းသည် အပြုသဘောဆောင်ပြီး သမ္မာတရား ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သည့်အပြင် ရန်လိုကြသောကြောင့် ဘုရားသခင် လုပ်ဆောင်သည့် အရာတစ်ခုစီတိုင်းသည် အမှန်တရားတစ်ခုဖြစ်ကြောင်း၊ ယင်းအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၌ ရှိကြောင်းနှင့် ဘုရားသခင်ကဲ့သို့ပင် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် မုချ တည်ရှိကြောင်းတို့ကို လူတိုင်းက အသိအမှတ်ပြုလျှင်ပင် ဤအရာများက အမှန်တရားများဖြစ်သည်ကို အန္တိခရစ်များက အသိအမှတ်မပြု သို့မဟုတ် လက်မခံကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်သည့် သံသယများက အစဉ်ထာဝရ တည်ရှိနေသည်။ သိသာရှင်းလင်းစွာပင် ဤအရာများသည် အမှန်တရားများဖြစ်ပြီး လူတိုင်း၏ မျက်မြင်ပင်ဖြစ်သည်။ ပုံမှန်အားဖြင့် အသေးငယ်ဆုံးသော ယုံကြည်ခြင်းရှိသောသူတို့ပင်လျှင် နှစ်ပေါင်းများစွာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားပြီးနောက် ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများ ပပျောက်သွားခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်ခဲ့ကြသည်။ အန္တိခရစ်များ တစ်ဦးတည်းသာ ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများကို မပြောင်းလဲနိုင်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် သဘောတရားအရ ဤလူပုဂ္ဂိုလ်များသည် သမ္မာတရားကို လက်မခံသော မယုံကြည်သူများ ဖြစ်ကြသော်လည်း အမှန်တကယ်တွင်မူ ယင်းမှာ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ အခြေခံအကြောင်းရင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကို လူမည်မျှက အတည်ပြုသည်ဖြစ်စေ သို့မဟုတ် သက်သေခံသည်ဖြစ်စေ၊ သို့မဟုတ် အန္တိခရစ်များ၏ မျက်စိရှေ့တွင် မည်မျှခိုင်လုံသော သက်သေအထောက်အထားတစ်ခုကို ချပြသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရကို ယုံကြည်ရန် သို့မဟုတ် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်သည်ကို ယုံကြည်ရန် ငြင်းဆန်နေဆဲဖြစ်သည်၊ ဤသည်မှာ အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဤအရာကို အချက်တစ်ချက်ဖြင့် သရုပ်ဖော်နိုင်သည်။ အန္တိခရစ်များသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းတည်းဟူသော ခိုင်လုံပြီး သိသာထင်ရှားသော အချက်အလက်ကို မြင်သောအခါ ယင်းကို မယုံကြည်သည့်အပြင် အသိအမှတ်လည်းမပြုဘဲ ဘုရားသခင်ကိုပင် သံသယဖြစ်ကြသည်။ သို့ရာတွင် ဘာသာတရား မရှိသူများ၊ နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ ပြောဆိုသည့် ဗုဒ္ဓ သို့မဟုတ် နတ်ဒေဝါများဟုခေါ်သော သူတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်လာသောအခါ၊ အန္တိခရစ်များ မျက်မြင်မတွေ့ခဲ့ဖူးသည့်အပြင် လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေအထောက်အထား တစ်ခုမျှ ကင်းမဲ့သည့် လုပ်ဆောင်ချက်များ ဖြစ်သော်လည်း ၎င်းတို့သည် အလွယ်တကူ ယုံကြည်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အစွန်းရောက်သော ထင်ရှားပေါ်လွင်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ မည်မျှပင် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့၏ စိတ်နှလုံးထဲ၌ သံသယများကို အစဉ်မပြတ် ထားရှိလျက် သံသယဖြစ်နေဆဲဖြစ်ပြီး မထီမဲ့မြင်ပြုကြဆဲဖြစ်သည်။ သို့တိုင် နတ်ဆိုးများ သို့မဟုတ် စာတန်က ထူးဆန်းသော တစ်စုံတစ်ရာကို လုပ်ဆောင်သောအခါ ၎င်းတို့သည် သိမ်းသွင်းခြင်း ခံကြရပြီး လေးစားကြည်ညိုစွာဖြင့် ဦးညွှတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အရာများ မည်မျှပင် ကြီးမြတ်စေကာမူ ဘုရားသခင်၌ ကြောက်ရွံ့ခြင်း သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်း မဖြစ်ပေါ်နိုင်ကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် စာတန်၏ လုပ်ကြံဖန်တီးမှုအားလုံးကို အလွယ်တကူ ယုံကြည်ကြပြီး ဤအရာများကို စိတ်နှလုံးအကြွင်းမဲ့ ကြည်ညိုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ ထင်ရှားပေါ်လွင်မှုတစ်ခု ဖြစ်သည်။ အန္တိခရစ်များ ဘုရားသခင်ကို သံသယဖြစ်သည်ဟူသော အမှန်တရားက အမြဲ တည်ရှိနေသည်။ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသည်ကို ၎င်းတို့က မည်သည့်အခါမျှ မယုံကြည်သည့်အပြင်၊ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကိုလည်း မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။ မည်မျှများပြားသော လူတို့က သက်သေခံသည်ဖြစ်စေ သို့မဟုတ် ဤအရာများအတွက် မည်မျှများပြားသော သက်သေအထောက်အထားကို တင်ပြသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာများကို ဝန်လည်းမခံနိုင်၊ ယုံလည်းမယုံကြည်နိုင်ပေ။ တစ်နည်းအားဖြင့်၊ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကြောင့် ဖြစ်ပြီး နောက်တစ်နည်းအားဖြင့်၊ ယင်းမှာ ထိုသို့သော ပုဂ္ဂိုလ်များက အမှန်စင်စစ် လူသားမဟုတ်ကြောင်း ညွှန်ပြသည်။ အကြောင်းမှာ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ၏ ကြံဆတွေးခေါ်နိုင်စွမ်းကင်းမဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ၏ ကြံဆတွေးခေါ်နိုင်စွမ်း မပိုင်ဆိုင်ဟု ဆိုခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ၊ သမ္မာတရားနှင့် အရာခပ်သိမ်းနောက်ကွယ်ရှိ အနှစ်သာရနှင့် ဇာစ်မြစ်တို့အား မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် သိနားလည်မှု ကင်းမဲ့သည်ကို ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ တရားဒေသနာများကို နားထောင်ခြင်းနှင့် ဘုရား နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့်ပင်၊ ၎င်းတို့သည် အတည်မပြုနိုင် သို့မဟုတ် မယုံကြည်နိုင်ဘဲ သံသယ၌ ရှိနေဆဲ ဖြစ်သည်။ သိသာထင်ရှားစွာပင်၊ ဤပုဂ္ဂိုလ်တို့သည် ပုံမှန်လူ့သဘာဝ၏ ကြံဆတွေးခေါ်နိုင်စွမ်း ကင်းမဲ့ကြလေသည်။ ပုံမှန်ကြံဆတွေးခေါ်နိုင်စွမ်း ကင်းမဲ့သောလူများ၊ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပြင် အပြုသဘောဆောင်သောအရာများနှင့် အမှန်တရားများကို သဘောပေါက်နားလည်နိုင်ခြင်းမရှိသော လူတို့သည် လူသားများ ဖြစ်သေးသလော။ (လူသားများ မဟုတ်ကြပါ။) ၎င်းတို့သည် လူသားများ မဟုတ်ကြသော်လည်း တိရစ္ဆာန်များတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ကင်းမဲ့သောကြောင့် တိရစ္ဆာန်များဖြစ်သည်ဟုလည်း မဆိုနိုင်ပေ။ ဤပုဂ္ဂိုလ်များတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောကြောင့် ထိုပြောဆိုချက်က မှန်ကန်နေဆဲဖြစ်သည်။ ဤပုဂ္ဂိုလ်တို့သည် အမှန်စင်စစ် နတ်ဆိုးသဘာဝကို ပိုင်ဆိုင်သည့် အန္တိခရစ်စစ်စစ်များဖြစ်ကြသည်။ သံသယဖြစ်ခြင်းသည် ဘုရားသခင်အပေါ် အန္တိခရစ်များက ထုတ်ဖော်ပြသသည့် အတွေးအခေါ်များထဲရှိ အခြေအနေတစ်ခုဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ အပြုအမူ၌ ထုတ်ဖော်သည့် စိတ်သဘောထား အနှစ်သာရတစ်မျိုးလည်းဖြစ်သည်။ ယင်းသည် အပေါ်ယံအကျဆုံး၊ အခြေခံအကျဆုံး၊ အပြင်ပန်းအကျဆုံးနှင့် အတွေ့ရအများဆုံး သရုပ်သကန် ဖြစ်သည်။
(ခ) စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း
အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်စပ်လျဉ်း၍ သံသယဖြင့် ပြည့်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ စိတ်သဘောထားနှင့် သူ၏ အမှုတော်တို့ကို စစ်မှန်စွာ လက်ခံကြသလော။ ၎င်းတို့သည် ဤအရာအားလုံးကို အမှန်တကယ် ကျိုးနွံနာခံကြသလော။ ၎င်းတို့သည် ဘုရားသခင်နောက်ကို စစ်မှန်စွာ လိုက်ကြသလော။ သိသာထင်ရှားစွာပင် အဖြေမှာ မဟုတ်ပါဟူ၍ ဖြစ်သည်။ ဤအရာမှ အဘယ်အရာ ဆက်ဖြစ်သနည်း။ ဤပုဂ္ဂိုလ်များကဘုရားအိမ်တော်သို့ ရောက်လာသောအခါ၊ “ဘုရားက အဘယ်မှာနည်း။ ငါသူ့ကို မမြင်နိုင်ပါ၊ သူ၏ အသံကိုသာ ကြားနိုင်သည်။ အသံကို အကဲဖြတ်ရလျှင် အမျိုးသမီးတစ်ဦး ဖြစ်ပုံရသည်။ စကားများကို အကဲဖြတ်ကြည့်လျှင် သူမသည် စာမတတ်သူမဟုတ်ဘဲ ပညာတတ်တစ်ဦး ဖြစ်ပုံရသည်။ သို့သော် ပြောဆိုပုံဟန်နှင့် သူမ စကားများ၏ အကြောင်းအရာကို အကဲဖြတ်ကြည့်လျှင် သူမ အဘယ်အရာကို ပြောနေသနည်း။ အဘယ်ကြောင့် ရှုပ်ထွေးနေပုံရသနည်း။ နားထောင်ပြီးနောက် လူများစွာတို့က ယင်းမှာ သမ္မာတရားဖြစ်သည်ဟု ဆိုကြသော်လည်း ငါ့အတွက် ထိုအရာက အဘယ်ကြောင့် သမ္မာတရားဖြစ်ပုံမရသနည်း။ ယင်းမှာ လူ့သဘာဝနှင့်ဆိုင်သည့် ကိစ္စများ၊ လူ့စိတ်သဘောထားကိစ္စများ၊ လူတို့က မိမိတို့၏ လုပ်ဆောင်ချက်များ၌ ထုတ်ဖော်သည့် အမျိုးမျိုးသော အခြေအနေများနှင့်ဆိုင်သည့် ကိစ္စများအကြောင်းသာ ဖြစ်သည်။ ဤအရာ၌ အသက်နှင့် လမ်းခရီး ရှိသလော။ ငါ အမှန်တကယ် နားမလည်ပါ။ လူတိုင်းက နားထောင်ပြီးနောက် မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ဖြည့်ဆည်းသင့်သည်၊ ဘုရားကို စိတ်ကျေနပ်စေသင့်ပြီး ကယ်တင်ခြင်းကို လိုက်စားသင့်သည်ဟု ဆိုကြသည်။ လူများစွာတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကိုပင် ရေးသားပြီး သက်သေခံကြသည်။ ဤလူသည် ဘုရားဖြစ်သလော။ သူမသည် ဘုရားနှင့် တူပါသလော။ သူမ၏ မျက်နှာကို ငါ မမြင်ဖူးပါ။ အကယ်၍ မြင်ဖူးပါက သူမ၏ ရုပ်ကြန်အင်လက္ခဏာများကို ငါ ဖတ်ရှုပြီး တိကျသော အဖြေတစ်ခု ရရှိနိုင်ကောင်း ရရှိနိုင်သည်။ ယခုတွင် သူမ၏ အသံကို ကြားရုံနှင့် သူမပြောဆိုသည့်အရာကို နားထောင်ရုံမျှဖြင့် ငါအနည်းငယ် မသေမချာ ဖြစ်နေဆဲဖြစ်သည်ဟု ခံစားရသည်”ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် တကယ့် အခြေအနေကို သိရှိရန်၊ ဤသူက အမှန်တကယ် ဘုရားသခင် ဟုတ်သလောဟူသည်ကို သိမြင်ရန်နှင့် ထို့နောက်တွင် သူနောက်သို့ လိုက်မည်၊ မလိုက်မည်၊ သူ့နောက် မည်သို့ လိုက်ရမည်ဟူသည်တို့ကို ဆုံးဖြတ်ရန်၊ ပြီးလျှင် ၎င်းတို့ ရရှိလိုသော ကောင်းချီးများနှင့် ပန်းတိုင်အပြင် မိမိတို့၏ လိုအင်ဆန္ဒများအတွက် ဤလူ၌ အဖြေရှာတွေ့နိုင်မည်လောဟူသည်ကိုလည်းကောင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မည်သို့ဖြစ်သည်၊ သူ အမှန်တကယ် တည်ရှိခြင်း ရှိ၊ မရှိ၊ သူ၏ စိတ်သဘောထားက မည်သည့်အရာဖြစ်သည်၊ လူသားများအပေါ် သူ၏ ချဉ်းကပ်ပုံနှင့် သဘောထားက မည်သည့်အရာဖြစ်နိုင်သည်ဟူသည်နှင့် သူ့တွင် မည်သည့် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့် သြဇာအာဏာမျိုးများရှိသည်ဟူသည်တို့ကို ဤလူမှတစ်ဆင့် တိကျစွာ သိရှိနိုင်မည်လောဟူသည်ကိုလည်းကောင်း သေချာစေရန်အတွက် စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးနေခြင်း၊ စမ်းသပ်နေခြင်း၊ ကြိုးစားနေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း မဟုတ်လော။ သိသာထင်ရှားစွာပင်၊ ထိုသို့ဖြစ်ပေသည်။
ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသော်လည်း၊ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် လက်ခံပြီး မိမိတို့၏ နေ့စဉ်ဘဝများနှင့် အပြုအမူအတွက် လမ်းညွှန်နှင့် ပန်းတိုင်အဖြစ် သဘောထားနိုင်သလော။ (မထားနိုင်ပါ။) သာမန် ဖောက်ပြန်ပျက်စီးသောလူတစ်ဦးသည် ဘုရားသခင်ကို အတန်ကြာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက် “ဤလမ်းကြောင်းက မှားယွင်းသည်၊ စိတ်နှလုံးထဲ၌ ငါ မသက်မသာ ခံစားရသည်။ ဤနည်းဖြင့် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှတစ်ဆင့် အဖြေများကို ငါ ရှာမတွေ့နိုင်ပါ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးက သူ့ကို မည်သို့ဖြစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ရသနည်း။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှ အဘယ်အရာကို ရရှိနိုင်သနည်း။ ယုံကြည်သူများက ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောအခါ ဘုရားသခင်သည် ၎င်းတို့ထံမှ သူ၏ မျက်နှာကို ကွယ်ဝှက်ထားပြီး ၎င်းတို့သည် သမ္မာတရားကို မရရှိနိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်အတွင်းတွင် လူတို့က လမ်းခရီးကို ရှာတွေ့နိုင်ကာ အသက်ကို ရရှိနိုင်သည်ဟု ဆိုထားသည်။ ငါ ဤနည်းဖြင့် ပြုမူခြင်းက မကောင်းပါ။ သူ့ကို ငါဆက်လက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍မဖြစ်ပါ”ဟု တွေးတောပေမည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်နှင့်အမျှ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းကို တဖြည်းဖြည်း သိရှိကြပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်၊ မိမိတို့၏ တာဝန်များကို ကောင်းစွာ မဖြည့်ဆည်းနိုင် သို့မဟုတ် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ကြောင်းကို တဖြည်းဖြည်းပို၍ သိရှိနားလည်လာကြသည်။ လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာ မဖြည့်ဆည်းနိုင်သည့်အကြောင်းရင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်မှုတို့က ၎င်းတို့ကို တားဆီးနေသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း ပြုမူနေကြကာ သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို မကိုင်တွယ်နိုင်ကြသောကြောင့်ဖြစ်သည်ကို ၎င်းတို့ တဖြည်းဖြည်း သိရှိကြလေသည်။ ထို့နောက် ၎င်းတို့က၊ “ငါသည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူနိုင်မည်နည်း။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြသသောအခါ ငါမည်သို့ ဖြေရှင်းနိုင်မည်နည်း”ဟု တွေးတောလာကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သမ္မာတရားထဲသို့ လူတို့ဝင်ရောက်ရန် တိုက်ရိုက်အကျဆုံးနည်းလမ်းမှာ ၎င်းတို့အတွက် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန်နှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းအတွက် စည်းမျဉ်းများကို ရှာတွေ့ရန် ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ပန်းတိုင်များ၊ ဦးတည်ချက်၊ လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကို ထူထောင်ပေးသည်။ ဤအရာများကို ထူထောင်ပြီးသည်နှင့်တစ်ပြိုင်နက် လူတို့၌ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလာပြီး ၎င်းတို့ ပြုမူဆောင်ရွက်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရန်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသရန် သို့မဟုတ် အဖျက်အမှောင့်များနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေရန် အလားအလာမရှိတော့ဘဲ ဘုရားသခင်ကို ဆန့်ကျင်ရန် သာ၍ပင် အလားအလာ နည်းပါးသွားသည်။ ထိုသို့သော အတွေ့အကြုံကို ဖြတ်သန်းပြီးနောက် ၎င်းတို့သည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သင့်လျော်သော လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့ လိုအပ်သော လမ်းကြောင်း၊ ၎င်းတို့ ဝင်ရောက်သင့်သော လမ်းကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အသက်တာအတွက် မှန်ကန်သော လမ်းကြောင်းဖြစ်ကြောင်းနှင့် ယင်းမှာ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် သူ့အပေါ် စောင့်ကြည့်သည့် လုပ်နည်းကိုင်နည်းကို အမြဲတမ်း ခံယူကျင့်သုံးခြင်းထက် များစွာ ပို၍ကောင်းမွန်ကြောင်းကို ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့က ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှာ အချည်းနှီးဖြစ်ကြောင်းနှင့် တစ်စုံတစ်ဦးသည် သူ့ကို မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဖြစ်စေ ယင်းမှာ ၎င်းတို့ ထုတ်ဖော်ပြသသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကိုဖြစ်စေ၊ ၎င်းတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ ပေါ်ပေါက်သည့် ပြဿနာများကိုဖြစ်စေ ဖြေရှင်းပေးမည်မဟုတ်ကြောင်းကို သိရှိနားလည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းလမ်းကြောင်းသို့ တဖြည်းဖြည်း ကူးပြောင်းကြသည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများအတွက် ပုံမှန်ဝင်ရောက်မှုနည်းလမ်းနှင့် အတွေ့အကြုံဆိုင်ရာ ဖြစ်စဉ် ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များအတွက်မူ ကွဲပြားသည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်သို့ ဝင်ရောက်ပြီး ယင်း၏ တံခါးခုံကို ကျော်ဖြတ်သည့် ပထမဆုံးနေ့မှစ၍ ၎င်းတို့က၊ “ဘုရားအိမ်တော်ရှိ အရာရာတိုင်းက အလွန်စိတ်ဝင်စားစရာကောင်းသည်။ အရာရာတိုင်းက အလွန်ဆန်းသစ်သည်။ ယင်းမှာ ဘာသာတရားမရှိသူများ၏ လောကနှင့် ကွဲပြားသည်။ ဘုရားအိမ်တော်၌ လူတိုင်း ရိုးသားရမည်။ ယင်းမှာ မိသားစုကြီးတစ်ခုနှင့်တူပြီး အလွန်သက်ဝင်လှုပ်ရှားမှုရှိသည်”ဟု စဉ်းစားကြလေသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက်၊ ရင်းနှီးကျွမ်းဝင်ကာ စေ့စေ့စပ်စပ် နားလည်ပြီးနောက်တွင် ၎င်းတို့အတွက် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် အချိန်ကျရောက်ပြီ ဖြစ်သည်။ ၎င်းတို့က၊ “ဘုရားက အဘယ်မှာနည်း။ ဘုရားက အဘယ်အရာကို လုပ်ဆောင်နေသနည်း။ သူ မည်သို့ လုပ်ဆောင်နေသနည်း။ ကောင်းကင်ဘုံရှိ ဘုရားကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ခက်ခဲသည်၊ သူသည် နားလည်ရန်ခက်ခဲပြီး ငါတို့က ဤအရာကို စံမမီကြပါ။ သို့သော် ယခုတွင် အဆင်ပြေသော ဖြတ်လမ်းတစ်ခု ရှိသည်။ ဘုရားသည် မြေကြီးပေါ်သို့ ရောက်လာပြီးဖြစ်၍ သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် လွယ်ကူစေသည်”ဟု မိမိတို့ဘာသာ စဉ်းစားကြသည်။ ၎င်းတို့ထဲမှ အချို့သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်နှင့် ထိတွေ့ခွင့်ရရန် ကံကောင်းကြပြီး ဤသူကို မိမိတို့၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ရကာ ယင်းက သူ့ကို ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်အတွက် ပို၍ပင် အဆင်ပြေစေသည်။ ၎င်းတို့သည် ဤအရာကို မည်သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ရွှင်ပျသော စကားစမြည်ပြောဆိုမှုများ၊ မည်သည့်ကိစ္စရပ်များ၌ သူက ပြောဆိုပုံဟန်တစ်မျိုးအား အသုံးပြုသည်ဟူသည်နှင့် မည်သည့်ကိစ္စရပ်များ၌ အခြားတစ်မျိုးကို အသုံးပြုသည်၊ သူ ရယ်မောပြီး ပျော်ရွှင်သော အခြေအနေ၊ ထိုအချိန်များ၌ သူ ပြောဆိုနေသည့်အရာအပြင်၊ သူ မပျော်ရွှင်သောအခါ သို့မဟုတ် ဒေါသထွက်သောအခါ သူ ပြောဆိုသည့်အရာတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းတို့သည် မည်သည့်အခြေအနေများ၌ သူက လူတို့ကို လျစ်လျူရှုသည် သို့မဟုတ် ၎င်းတို့ကို အတော်အတန်ဖော်ရွေသည်၊ သူက လူတို့ကို မည်သည့်အချိန်၌ ပြုပြင်ပြီး မည်သည့်အချိန်၌ မပြုပြင်သည်၊ သူက မည်သည့်ကိစ္စရပ်များကို အာရုံစိုက်ပြီး မည်သည့်အရာကို ဂရုမစိုက်သည်ဟူသည်ကိုလည်းကောင်း၊ လူတို့က သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောအခါ၊ သူ့ကို လှည့်ဖြားသောအခါ သို့မဟုတ် သူ့နောက်ကွယ်၌ သူ့ကို ထိခိုက်နာကျင်စေသောအခါ သူ သိရှိခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ပိုမိုကျယ်ပြန့်သော သွင်ပြင်လက္ခဏာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက် အန္တိခရစ်များသည် မြေကြီးပေါ်ရှိ ဘုရားသခင်က အဘယ်အရာကို သုံးဆောင်သည်၊ အဘယ်အရာကို ဝတ်ဆင်သည်ဟူသည်နှင့် သူ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်ကဲ့သို့သော တိကျသည့်အရာများကို နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေကြသည်။ ၎င်းတို့သည် သူ ကြိုက်နှစ်သက်သည့်အရာ၊ သူ သွားလိုသည့်နေရာ၊ သူ ကြိုက်နှစ်သက်သောအရောင်များ သို့မဟုတ် မကြိုက်နှစ်သက်သော အရောင်များ၊ သူက နေသာသော ရာသီဥတု သို့မဟုတ် တိမ်ထူသော ရာသီဥတုကို ပို၍နှစ်သက်ခြင်း ရှိမရှိဟူသည်နှင့် ရာသီဥတုဆိုးသောအခါ သူ အပြင်ထွက်ခြင်း ရှိမရှိဟူသည့် ဤတိကျသော အသေးစိတ်အချက်အလက်အားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ဆောင်ထားသော ဤသူသည် အဘယ်အရာကို လုပ်ဆောင်ရန် ရောက်လာသည်ကို လျစ်လျူရှုလျက် အန္တိခရစ်များက အစမှအဆုံးထိ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည်။ ၎င်းတို့က “သင့်အနေဖြင့် ဤနေရာ၌ အဘယ်အရာ လုပ်ဆောင်ရန် ရောက်လာသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ် သင့်ကို မြင်သည့်အခါတိုင်း သင်သည် ကျွန်ုပ်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရမည့်သူ ဖြစ်လာလိမ့်မည်” ဟု ဆိုကြသည်။ ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့က၊ “အကယ်၍ သင်သည် အမှန်တကယ် ဘုရားဖြစ်ကြောင်းကို ငါအတည်ပြုနိုင်ပါက ငါသည် သင့်နောက်သို့ လိုက်ရန် အရာရာတိုင်းကို မြဲမြံစွာနှင့် စိတ်နှလုံးအကြွင်းမဲ့ စွန့်လွှတ်နိုင်သည်။ အကြောင်းမှာ ဘုရားကို ယုံကြည်ခြင်းသည် လောင်းကြေးထပ်ခြင်းနှင့်တူပြီး သင်သည် ဘုရားဖြစ်ကြောင်းနှင့် ဘုရား၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ကြောင်း အခိုင်အမာဆိုသည့်အတွက် သင့်ကို ယုံကြည်ခြင်းသည် သင့်အပေါ် လောင်းကြေးထပ်ခြင်းနှင့် ညီမျှသည်။ ကျွန်ုပ်သည် သင့်ကို မည်သို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမရှိဘဲ နေနိုင်မည်နည်း။ အကယ်၍ သင့်ကို ကျွန်ုပ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မရှိခဲ့ပါက ယင်းမှာ ကျွန်ုပ်အဖို့ မမျှတရာကျမည်ဖြစ်သည်။ အကယ်၍ သင့်ကို ကျွန်ုပ် စေ့စေ့စပ်စပ် မကြည့်ရှုမစစ်ဆေးခဲ့ပါက ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်ပန်းတိုင်၊ အလားအလာများနှင့် ကံကြမ္မာအတွက် တာဝန်ယူနေခြင်း ဖြစ်မည်မဟုတ်ပေ။ ကျွန်ုပ်သည် သင့်ကို အဆုံးတိုင်အောင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရမည်”ဟု ပြောကြသည်။ ယနေ့တွင်ပင်၊ ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှု အားလုံးပြီးသည့်နောက်တွင်၊ ၎င်းတို့သည် မသေမချာ ဖြစ်နေဆဲဖြစ်သည်။ “ဤသူသည် အမှန်တကယ် ခရစ်တော်လော။ သူသည် အမှန်တကယ် လူ့ဇာတိခံ ဘုရားဖြစ်သလော။ အလွန် ရှင်းလင်းခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ လူများစွာတို့သည် သူ့နောက်သို့ လိုက်နေကြပြီး ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့်ပတ်သက်သော အခြေအနေမှာ အတော်အသင့် အလားအလာကောင်းနေသည်။ ယင်းမှာ ပို၍ ဖြန့်ဝေ၍ရနိုင်ဖွယ်ရှိပုံရသဖြင့် ကျွန်ုပ်သည် မိမိကိုယ်ကို နောက်ကျကျန်ရစ်ခွင့် မပြုသင့်ပေ။ သို့သော် ကျွန်ုပ် သူ့ကို ဆက်လက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် လိုအပ်နေဆဲ ဖြစ်သည်”ဟူ၍ ဖြစ်၏။ ၎င်းတို့သည် ပြုပြင်၍မရနိုင်ပေ။
အန္တိခရစ်များ၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရတစ်ခုရှိသောကြောင့် ၎င်းတို့သည် မိမိတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို မည်သည့်အခါမျှ မရပ်တန့်ကြပေ။ ဘာသာတရား မရှိသူများ၏ အဖွဲ့အစည်း သို့မဟုတ် အသိုင်းအဝိုင်းတစ်ခုတွင် ၎င်းတို့သည် မိမိတို့၏ အထက်လူကြီးများ ကြိုက်နှစ်သက်သည့်အရာကို ရှာဖွေရင်း၊ ၎င်းတို့၏ အားနည်းချက်များကို ဖော်ထုတ်ရင်းနှင့် ထို့နောက်တွင် ၎င်းတို့ အထက်လူကြီးများကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် မိမိတို့၏ လုပ်ရပ်များကို အံဝင်ခွင်ကျဖြစ်စေပြီး ထိုအထက်လူကြီးများ၏ အကြိုက်ကို ဖြည့်ဆည်းပေးရင်း၊ လူမျိုးစုံကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အသုံးချကြသည်။ ဘုရားအိမ်တော်သို့ ဝင်ရောက်ပြီးနောက် ၎င်းတို့၏ သဘာဝက မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် မိမိတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ဆက်လက်လုပ်ဆောင်ကြသည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ယုံကြည်သူများ လိုက်လျှောက်သင့်သော လမ်းကြောင်းမဟုတ်သည်ကို ၎င်းတို့ နားလည်ရန် ပျက်ကွက်ကြသည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရာ၌ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သည့်အခါမျှ သဘောပေါက်နားလည်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင် ဖော်ပြသည့်အရာတိုင်းသည် သမ္မာတရားဖြစ်သည်ကို မြင်နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဤသမ္မာတရားများနှင့် လုပ်ဆောင်ချက်များအားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်ကို နားလည်လိမ့်မည်မဟုတ်ပေ။ အန္တိခရစ်များသည် ဤအချက်ကို မည်သည့်အခါမျှ နားလည်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ မြင်တွေ့သမျှမှာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းကို အဆက်မပြတ် ခံစားနေရခြင်းဖြစ်သည်။ ဆိုးယုတ်သောလူတို့က အသင်းတော်အတွင်း၌ ဒုစရိုက်အမှုများကို ကျူးလွန်ပြီး အနှောင့်အယှက်များ ဖြစ်စေခြင်းနှင့် ဘာသာရေးလောကရှိ အန္တိခရစ်များ၏ အင်အားစုများက ဘုရားသခင်ကို အဆက်မပြတ် အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချနေစဉ် ဘုရားသခင်က ဤအရာများထဲမှ မည်သည့်အရာကိုမျှ လုံးဝ မဖြေရှင်းခြင်းတို့ကိုသာ ၎င်းတို့က သတိပြုမိကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားသခင် ဖော်ပြသည့် မည်သည့်သမ္မာတရားကိုမဆို လက်ခံရန် အကျောက်အကန် ငြင်းပယ်လျက် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို ဆက်လက်ဖက်တွယ်ထားကြသည်။ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် ဘုရားသခင်ကို ဆန့်ကျင်ရန်အတွက် ၎င်းတို့၏ သက်သေအထောက်အထားများ ဖြစ်လာကြသည်။ အန္တိခရစ်များ၏ အမြင်တွင် ဤသက်သေအထောက်အထားဟုခေါ်သော အရာများသည် ၎င်းတို့က ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို မယုံကြည်ခြင်း သို့မဟုတ် အသိအမှတ်မပြုခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် ငြင်းပယ်သောကြောင့်သာလျှင် ဤအချက်အလက်များအောက်၌ ပါရှိသော သမ္မာတရားများ၊ လူတို့ နားလည်သဘောပေါက်သင့်သော သမ္မာတရားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမျှ၊ ဘယ်သောအခါမျှ ၎င်းတို့ မြင်တွေ့ကြမည်မဟုတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဤအမှန်တရားများနှင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို လိုက်စားသော၊ သမ္မာတရားကို ချစ်မြတ်နိုးသော၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသောသူတို့သည် ဘုရားအိမ်တော်၌ မည်သည့်အရာ ဖြစ်ပေါ်သည်ဖြစ်စေ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံနိုင်ပြီး မှန်ကန်စွာ တုံ့ပြန်နိုင်ကာ ဘုရားသခင်ကို စောင့်ဆိုင်းနိုင်ကြသည်။ ဘုရားသခင်ရှေ့မှောက်၌ မိမိတို့ကိုယ်ကို ငြိမ်သက်စေကာ သူ့ထံ ဆုတောင်းနိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နားလည်ရန် ရှာဖွေနိုင်ပြီး ဤအရာအားလုံး ဖြစ်ပေါ်ခြင်းနောက်ကွယ်၌ ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ ရှိသည်ကိုလည်း နားလည်သဘောပေါက်နိုင်သည်။ ဆိုးယုတ်သည့်လူများကို ဖော်ထုတ်ရန်နှင့် ပယ်ရှင်းရန်အလို့ငှာ ဘုရားသခင်သည် လူတို့ တွေးတောမည်မဟုတ်သော အမှုအရာများစွာကို လုပ်ဆောင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို စုံလင်စေရန်အလို့ငှာနှင့် ၎င်းတို့ကို ပိုင်းခြားသိမြင်မှု ရရှိနိုင်စေပြီး သင်ခန်းစာများ သင်ယူနိုင်စေရန်အလို့ငှာ သူသည် အစေခံမှုပေးရန်အတွက် ဆိုးယုတ်သည့်လူများနှင့် ၎င်းတို့၏ ဒုစရိုက်အမှုများကို အသုံးပြုလေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ပယ်ရှင်းသည်။ နောက်တစ်နည်းအားဖြင့်၊ သူသည် အဘယ်အရာများက အပြုသဘောဆောင်ပြီး အဘယ်အရာများက အပျက်သဘောဆောင်သည်၊ ဘုရားသခင်က မည်သူ့ကို အသိအမှတ်ပြုသည်၊ ဘုရားသခင်က မည်သူ့ကို စက်ဆုပ်ရွံရှာသည်၊ ဘုရားသခင်က မည်သူ့ကို ဖယ်ရှားရှင်းလင်းပြီး မည်သူ့ကို ကောင်းချီးပေးသည်ဟူသည်တို့ကို သူရွေးချယ်ထားသောလူတို့အား မြင်တွေ့စေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများ သင်ယူရန် လိုအပ်သော သင်ခန်းစာများ၊ သမ္မာတရားကို လိုက်စားသောသူတို့ ရရှိသင့်သော အပြုသဘောဆောင်သည့် အကျိုးရလဒ်များနှင့် လူတို့ နားလည်သင့်သော သမ္မာတရားများ ဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအနှစ်သာရကြောင့် အန္တိခရစ်များသည် ဤတန်ဖိုးအရှိဆုံးသော အရာများကို မည်သည့်အခါမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့၌ အခြေအနေတစ်ခုတည်းသာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ရှိနေစဉ်၊ သူ့ကို သံသယဖြစ်ခြင်းအပြင် သူ့ကို အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြလေသည်။ ၎င်းတို့သည် ဤအရာ၏ အခြေခံအကြောင်းရင်းကို နားမလည်လျှင်ပင်၊ သူ့ကို ဆက်လက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ပင်ပန်းခြင်း ရှိမရှိ မေးမြန်းပါက ၎င်းတို့က “လုံးဝမပင်ပန်းပါ။ ဘုရားကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ပျော်စရာကောင်းသည်၊ စိတ်ဝင်စားစရာကောင်းသည်၊ စိတ်လှုပ်ရှားစရာကောင်းပြီး လုပ်ဆောင်ရန် ဆွဲဆောင်မှုရှိသော အရာတစ်ခု ဖြစ်သည်”ဟု ဆိုကြလိမ့်မည်။ ဤအရာများသည် နတ်ဆိုးဆန်သော စကားများ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ ရုပ်သွင်ကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့၌ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ရှိသည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ရည်ရွယ်ချက် မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်တစ်ခုတည်းအတွက်သာ ဤနေရာ၌ ရှိနေကြခြင်း ဖြစ်သည်။
(ဂ) မသင်္ကာမှု
ဆက်လက်၍ ငါတို့သည် ဘုရားသခင်အပေါ် အန္တိခရစ်များ၏ သင်္ကာမကင်းဖြစ်ခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ သင်္ကာမကင်းဖြစ်ခြင်းဟူသည် တိုက်ရိုက် မည်သို့ အဓိပ္ပာယ်ရသနည်း။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအတွက် တိကျသော သရုပ်သကန်များ၊ အတွေးအခေါ်များနှင့် အပြုအမူအချို့ ရှိသကဲ့သို့ သင်္ကာမကင်းဖြစ်ခြင်းများ၌လည်း အလားတူပင်ဖြစ်သည်ဟု ပြောဆိုခြင်းက လုံးဝ မှန်ကန်ပေသည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက် အချို့လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားက အမှန်တကယ် မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်၌ မည်သည့် စိတ်ခံစားမှုမျိုး ရှိသည်ကို မသိရှိကြသေးသည့်အပြင် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိဟူသည်ကို မသေချာကြပေ။ ဤသာမန်လူသည် ခရစ်တော် ဟုတ်မဟုတ် သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို သူ ပိုင်ဆိုင်ခြင်း ရှိ၊ မရှိဟူသည်ကို ၎င်းတို့က သာ၍ပင် မဆုံးဖြတ်နိုင်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်သည့်အပြင် မရှင်းမလင်း ဖြစ်နေကြသည်။ နောက်ပိုင်းတွင် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် ၎င်းတို့ အခွင့်အရေး ရရှိသောအခါ ၎င်းတို့က၊ “တာဝန်များကို လူတို့ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းအကြောင်းကို ခရစ်တော်က ငါနှင့် မိတ်သဟာယဖွဲ့ခဲ့သည်။ တစ်စုံတစ်ယောက်က တာဝန်များကို ငါ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းအကြောင်းကို ပြောဆိုခဲ့ပြီး ခရစ်တော်က ထိုအကြောင်းကို သိရှိသွားခြင်းများ ဖြစ်နိုင်မည်လော။ ထို့ကြောင့် ငါနှင့် တွေ့ဆုံသောအခါ သူက ထိုအကြောင်းကို ထည့်ပြောခဲ့ခြင်းဖြစ်သလော။ ဤသည်မှာ တစ်စုံတစ်ယောက်က ငါနှင့်ပတ်သက်၍ တိုင်တန်းခဲ့သောကြောင့် မုချဖြစ်ပြီး ခရစ်တော်က သိရှိသွားပြီးနောက် ဖော်ထုတ်ရန် ငါ့ကို သူ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ငါ မည်သည့် လူစားမျိုးဖြစ်သည်ကို သိရှိလျက်နှင့် ခရစ်တော်က ငါ့ကို နှစ်သက်နေဆဲဖြစ်သလော။ သူက ငါ့အပေါ် အလွန်အမင်းမနှစ်မြို့ခြင်းကို ခံစားရသလော၊ သို့မဟုတ် သူက ငါ့ကို အထင်သေးသလော။ ငါ့ကို ထုတ်ပယ်ရန် သူ ပြင်ဆင်နေပါသလော”ဟု စဉ်းစားကြလေသည်။ အတန်ကြာ စောင့်ဆိုင်းပြီး ၎င်းတို့ ဖြုတ်ချခြင်း မခံရသည်ကို မြင်သည့်နောက်တွင်၊ ၎င်းတို့က၊ “ဟူး၊ ငါ အလွန် ကြောက်လန့်မိခဲ့သည်။ ခရစ်တော်က စိတ်သဘောထား သေးသိမ်နိုင်သည်ဟု ငါ တွေးနေခဲ့မိသည်၊ သို့သော် သူက ထိုသို့ မလုပ်ခဲ့ပါ။ ယခုတော့ ငါစိတ်အေးလက်အေးနေနိုင်ပြီ”ဟု တွေးကြလေသည်။ အချို့က၊ “ခရစ်တော်နှင့် ကျွန်ုပ်၏ ပြီးခဲ့သည့် တွေ့ဆုံမှုအတောအတွင်းတွင် ကျွန်ုပ်သည် ပညာမတတ်သူတစ်ဦးကဲ့သို့ ရှေ့နောက်မညီ စကားပြောခဲ့ပြီး ကျွန်ုပ်၏ စကားက အနည်းငယ် လွဲနေခဲ့သည်။ ကျွန်ုပ်၏ သရုပ်မှန်ကို ဖော်ထုတ်မိခဲ့သည်။ ခရစ်တော်က ကျွန်ုပ်အပေါ် မကောင်းသော ထင်မြင်ချက် ရှိသွားလိမ့်မည်လော။ သူက ကျွန်ုပ်ကို နောက်ပိုင်းတွင် ဖယ်ရှားရှင်းလင်းလိမ့်မည်လော။ သူ့ကို ကျွန်ုပ် မတွေ့ရသောအခါ အရာရာ အဆင်ပြေပါသည်။ ကျွန်ုပ်၏ ပြဿနာများမှာ သူနှင့် တွေ့ဆုံသောအခါမှသာ ပေါ်ပေါက်လာသည်။ ကျွန်ုပ် သူ့ကို နောက်တစ်ကြိမ် တွေ့ဆုံရမည်မဟုတ်ပါ။ သူ့ကို မြင်သောအခါ ကျွန်ုပ် ရှောင်ရှားရမည်ဖြစ်ပြီး တတ်နိုင်သမျှ သူနှင့် ဝေးဝေးနေရမည်ဖြစ်ပြီး ကျွန်ုပ်သည် ခရစ်တော်နှင့် ဆက်ဆံခြင်း၊ ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ရင်းနှီးအကျွမ်းဝင်ခြင်း လုံးဝ မရှိရပါ။ သို့မဟုတ်ပါက သူက ကျွန်ုပ်ကို အထင်သေးကောင်း အထင်သေးနိုင်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာများသည် မည်သည့် အတွေးများနှင့် လုပ်နည်းကိုင်နည်းများ ဖြစ်သနည်း။ (သင်္ကာမကင်းဖြစ်ခြင်းများဖြစ်သည်။) ဤအရာများသည် သင်္ကာမကင်းဖြစ်ခြင်းများ ဖြစ်ကြသည်။ “နောက်ဆုံး စုဝေးပွဲ၌ ဘုရားက ရိုးရှင်းသော မေးခွန်းတစ်ခု မေးခဲ့သော်လည်း ကျွန်ုပ် ကောင်းစွာ မဖြေဆိုခဲ့ပါ။ ယင်းက ကျွန်ုပ်၏ အပြစ်အနာအဆာများကို ထုတ်ဖော်ပြသခဲ့သည်။ ကျွန်ုပ်၌ အစွမ်းအစကောင်းမရှိဟု ဘုရားက ထင်မြင်သွားပြီး အနာဂတ်တွင် ကျွန်ုပ်ကို ပျိုးထောင်မပေးဘဲ နေလိမ့်မည်လော။ ပြီးခဲ့သည့်တစ်ကြိမ်က တစ်စုံတစ်ယောက်က ကျွန်ုပ်သည် မိုက်မဲကာ မဆင်မခြင် ပြုမူခဲ့သည်ဟု ဆိုလျက် ကျွန်ုပ်ပြုလုပ်ခဲ့သည့်အရာတစ်ခုကို ဖော်ထုတ်ခဲ့သည်။ အကယ်၍ ဘုရားက ဤအကြောင်းကို သိရှိသွားပါက ကျွန်ုပ်ကို အနာဂတ်တွင် စုံလင်စေလိမ့်ဦးမည်လော။ ဘုရား၏ စိတ်ထဲ၌ ကျွန်ုပ်၏ အဆင့်အတန်းမှာ အဘယ်နည်း။ မြင့်သလော သို့မဟုတ် နိမ့်သလော၊ သာလွန်သလော သို့မဟုတ် နိမ့်ကျသလော။ ကျွန်ုပ်သည် မည်သည့်အုပ်စု၌ ပါဝင်သနည်း။ အနာဂတ်တွင် ဘုရားနှင့် ကျွန်ုပ် စကားပြောသည့်အခါတိုင်း ကျွန်ုပ်၏ စကားလုံးများကို အကြမ်းရေးရန် လိုအပ်သည်။ ကျွန်ုပ်သည် ပေါ့ပေါ့ဆဆ စကားပြော၍မရ သို့မဟုတ် စိတ်ထဲရှိသမျှကို ပြော၍မရပါ။ ကျွန်ုပ် ပို၍ စဉ်းစားဆင်ခြင်ရမည်၊ အမှုအရာများကို ပို၍ အချိန်ယူစဉ်းစားရမည်၊ ပို၍ ထည့်သွင်းစဉ်းစားရမည်၊ ကျွန်ုပ်၏ အသုံးအနှုန်းကို ကောင်းစွာ စီစဉ်ဖွဲ့စည်းရမည်ဖြစ်ပြီး ကျွန်ုပ်၏ အထူးချွန်ဆုံးနှင့် အကျွမ်းကျင်ဆုံးသော ဘက်ခြမ်းကို ခရစ်တော်အား တင်ပြရမည်။ ယင်းမှာ အဘယ်မျှ အံ့သြဖွယ်ကောင်းပြီး စုံလင်လိုက်မည်နည်း”ဟု ဆိုသောသူများလည်း ရှိသည်။ ဤသည်မှာလည်း သင်္ကာမကင်းဖြစ်ခြင်းပင် ဖြစ်သည်။
သင်္ကာမကင်းဖြစ်ခြင်းသည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် နောက်ထပ် လက္ခဏာတစ်ရပ် ဖြစ်သည်။ သံသယဖြစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအပြင် အန္တိခရစ်များသည် သင်္ကာမကင်းဖြစ်ခြင်းများကိုလည်း ထားရှိကြသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ အတွေးအခေါ်များကို မည်သည့်သွင်ပြင်လက္ခဏာက စိုးမိုးနေသည်ဖြစ်စေ ထိုအရာများထဲမှ တစ်ခုမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ရှာဖွေခြင်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ သို့ဆိုလျှင် ဤလုပ်နည်းကိုင်နည်းများ၊ အတွေးများ သို့မဟုတ် နည်းလမ်းများသည် အန္တိခရစ်များ၏ စိတ်သဘောထားအနှစ်သာရက ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အတည်ပြုနိုင်သလော။ (အတည်ပြုနိုင်ပါသည်။) အန္တိခရစ်များသည် ဘုရားသခင်ကို သံသယဖြစ်နေသည်ဖြစ်စေ၊ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်အပေါ် သင်္ကာမကင်းဖြစ်ခြင်းများကို ထားရှိနေသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရန် အမြဲ ပျက်ကွက်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ နောက်ကြောင်းပြန်မလှည့်သည့်အပြင်၊ သမ္မာတရားကို လုံးဝမရှာဖွေဘဲ ဘုရားသခင်နှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဆင်ခြင်သုံးသပ်ရန်နှင့် ဘုရားသခင်ကို ဆက်ဆံရန် ဤနည်းလမ်းများကို တစိုက်မတ်မတ် အသုံးပြုကြသည်။ ဤလုပ်ဆောင်ချက်များက မည်မျှပင် ပင်ပန်းစရာဖြစ်ပြီး ခက်ခဲစေကာမူ ၎င်းတို့သည် ထိုအရာများကို မမောနိုင်မပန်းနိုင် ဆက်လက်လုပ်ဆောင်ပြီး ထပ်ခါထပ်ခါ ပြုလုပ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့သည်ဖြစ်စေ သို့မဟုတ် သင်္ကာမကင်းဖြစ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အနေဖြင့် ရလဒ်တစ်ခုတလေကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း ဆက်လက်ပြုမူကာ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထပ်ခါထပ်ခါ ပြုလုပ်လျက် ယခင်ကဲ့သို့ပင် ဤလမ်းကြောင်းကို ဆက်လျှောက်ကြသည်။ ၎င်းတို့က “ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဘုရားသခင်ကို ဆက်ဆံသင့်သော နည်းလမ်းနှင့် သဘောထားလော။ ဘုရားသခင်ကို ငါ ဆက်ဆံပုံ၏ သဘောသဘာဝမှာ အဘယ်နည်း။ ငါသည် မည်သည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနေသနည်း။ သူ့ကိုဤသို့ဆက်ဆံခြင်းသည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ ဘုရားသခင်သည် ယင်းကို စက်ဆုပ်ရွံရှာတော်မူပါသလော။ အကယ်၍ ဘုရားသခင် စက်ဆုပ်ရွံရှာသော အမှုအရာများကို ငါ ဆက်လက်ပြုလုပ်နေပါက နောက်ဆုံး ရလဒ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ငါသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်လော။ အပျက်သဘောဆောင်သော အကျိုးဆက်များ ရှိလိမ့်မည်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အဘယ်ကြောင့် ငါ မပြုမူနိုင်၊ လက်တွေ့မလုပ်ဆောင်နိုင်ရသနည်း”ဟု တွေးတောလျက် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မဆန်းစစ်ကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်များကို ဆင်ခြင်သုံးသပ်ကြပါသလော။ (မသုံးသပ်ပါ။) အဘယ်ကြောင့် ၎င်းတို့က မဆင်ခြင်မသုံးသပ်ကြသနည်း။ အကြောင်းမှာ ၎င်းတို့၏ အကျင့်စရိုက်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့၌ အသိစိတ်မရှိသောကြောင့် ထိုသို့သော အကျိုးအကြောင်းမဆီလျော်သည့်အပြင် အဓိပ္ပာယ်မဲ့သော လုပ်ရပ်များကို ၎င်းတို့က သတိမထားမိဘဲ ဆောင်ရွက်မိကြသည်။ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းက ၎င်းတို့အား မိမိတို့ မည်သူဖြစ်သည် သို့မဟုတ် မိမိတို့ ခံယူသင့်သော နေရာ၊ ရှုထောင့်အမြင်နှင့် အဆင့်အတန်းက အဘယ်အရာဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်စေပေ။ ၎င်းတို့က မိမိတို့မှာ သာမန်လူတစ်ဦး၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး သို့မဟုတ် ဘုရားသခင် စက်ဆုပ်ရွံရှာသော စာတန်၏ အပေါင်းအပါနှင့် သားစဉ်မြေးဆက်ဖြစ်သည်ဟု မည်သည့်အခါမျှ မခံစားရကြပေ။ လူတို့ လက်ခံသင့်သော အရာများမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်က ၎င်းတို့အား ထောက်ပံ့ပေးသော သမ္မာတရားတို့ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူသဖွယ် သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုသင့်သကဲ့သို့ အခြားလူတစ်ဦးနှင့် ထိတွေ့ဆက်ဆံသည့်အလား ဘုရားသခင်နှင့် ရယ်မောပြောဆိုခြင်းလည်း မပြုသင့်ပေ။ ဤအရာများသည် လူမဟုတ်သည့်သူတစ်ဦးက လုပ်ဆောင်မည့် အရာများဖြစ်သည် မဟုတ်လော။ ဤအချိန်တွင် အန္တိခရစ်များ၏ အကျင့်စရိုက်က ထုတ်ဖော်ခြင်းခံရပြီး အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအနှစ်သာရက အခြားသူများကို ထိခိုက်စေပြီး မိမိတို့ကိုယ်တိုင်အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာ မပေးသော ဤတန်ဖိုးမဲ့ပြီး အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်များ၌ မမောမပန်း ပါဝင်စေလျက် ၎င်းတို့ကို စိုးမိုးလေသည်။ သို့တိုင် ၎င်းတို့သည် လက်မလွှတ်နိုင်ကြပေ။ ဤလမ်းခရီး၏ အမှားကိုလည်းကောင်း၊ ဤလုပ်ရပ်များနောက်ကွယ်ရှိ သဘောသဘာဝကိုလည်းကောင်း သတိမမူဘဲ ရှိနေကြသည်။ ဤကိစ္စ၌ ပါဝင်သော ကြိုးပမ်းအားထုတ်မှု၊ ဆင်းရဲဒုက္ခနှင့် ကျရှုံးမှု ပမာဏ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ စွပ်စွဲခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို မခံစားရပေ။ ၎င်းတို့သည် အထက်စီးမှနေ၍ ဘုရားသခင်ကိုပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ မထီမဲ့မြင်ပြုလျက်၊ သူ့ကို ထပ်ခါတလဲလဲ သံသယဖြစ်ပြီး သင်္ကာမကင်း ဖြစ်နေရင်း ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်ဖို့ မရမက လုပ်ဆောင်ကြသည်။ ၎င်းတို့က ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် သူ့ကို ဆက်ဆံပုံတို့မှာ မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ အကယ်၍ ၎င်းတို့က သူ့ကို သံသယဖြစ်မနေပါက သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည်။ အကယ်၍ သူ့ကို ၎င်းတို့က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း မရှိပါက သူ့ကို သင်္ကာမကင်း ဖြစ်နေကြသည်။ ယင်းမှာ ၎င်းတို့က နတ်ဆိုးပူးခံရသကဲ့သို့ သို့မဟုတ် စုန်းပြုစားခံရသကဲ့သို့ ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်များစွာ ဖြစ်ကြသည်။ အန္တိခရစ်များသည် ပင်ကိုအားဖြင့် ကောက်ကျစ်ဆိုးယုတ်ကြသည်။ အန္တိခရစ်များ၏ အနှစ်သာရကို မရိပ်မိနိုင်သော အချို့လူတို့က၊ “ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအား သင် ရှောင်ကြဉ်၍ မရနိုင်သလော။ သူ့ကို သံသယဖြစ်ခြင်းအား သင် မရပ်တန့်နိုင်သလော။ သူ့အပေါ် သင်္ကာမကင်းဖြစ်ခြင်းအား သင် မရပ်တန့်နိုင်သလော။ အကယ်၍ သင်သည် ဤအရာများကို ပြုလုပ်ခြင်းမှ ရပ်တန့်လိုက်ပါက သမ္မာတရားကို နားလည်နိုင်မည်ဖြစ်ပြီး ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံနိုင်ကာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်စေနိုင်ပြီး တရားဝင် ဘုရားသခင်၏ လူမျိုးထဲမှ တစ်ဦး ဖြစ်လာနိုင်လိမ့်မည်။ သင်သည် စံချိန်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး ထိုအခါ သင်သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများထဲမှ တစ်ဦး၏ အမည်နှင့် ထိုက်တန်မည် မဟုတ်လော။ ယင်းမှာ အဘယ်မျှ အံ့သြဖွယ်ကောင်းလိုက်မည်နည်း”ဟု ဆိုကောင်းဆိုနိုင်သည်။ သို့ရာတွင် အန္တိခရစ်များက၊ “ကျွန်ုပ်သည် ထိုမျှလောက် မမိုက်မဲပါ။ စံချိန်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးကား အဘယ်နည်း။ ထိုအရာသည် ပျင်းစရာကောင်းသည်။ ဘုရားကို ကျွန်ုပ် သံသယဖြစ်သည့်အခါ၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ သင်္ကာမကင်းဖြစ်သည့်အခါမှသာ စိတ်ဝင်စားစရာကောင်းသည်”ဟု ပြန်ချေပကြသည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်မှာ၊ “အခြားလူများကိုလည်းကောင်း၊ ကောင်းကင်ဘုံကိုလည်းကောင်း တိုက်ခိုက်ခြင်းသည် အဆုံးမရှိသော ပျော်ရွှင်မှု၏ ရင်းမြစ်တစ်ခု ဖြစ်သည်”ဟု အဆင်းနီသော နဂါးကြီးက ပြောသကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝအနှစ်သာရနှင့်ဆိုင်သည့် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော ထင်ဟပ်မှုတစ်ခု ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် အန္တိခရစ်များသည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ကြသည်၊ အဆုံးစွန် ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်ခံရန် လုံးလုံးလျားလျား ငြင်းပယ်သောသူတို့သည် ကောက်ကျစ်ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ လူများစွာတို့သည် အန္တိခရစ်များကို တစ်နေ့တွင် နောင်တရလိမ့်မည်ဟု တွေးထင်လျက် နောင်တရရန် အခွင့်အရေးတစ်ခု အမြဲပေးလိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ “ခွေးမြီးကောက် ကျည်တောက်စွပ်” နှင့် “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်” ဟူသော ဆိုရိုးစကားများအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် အန္တိခရစ်များကို ကိုင်တွယ်ရန် သို့မဟုတ် တောင်းဆိုမှုများ ပြုလုပ်ရန် လူသားများကို ကိုင်တွယ်ခြင်းအတွက် စံနှုန်းများနှင့် နည်းလမ်းများကို အသုံးပြု၍မရနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ဖြစ်သည့်အတိုင်းပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမရှိပါက သို့မဟုတ် သံသယမဖြစ်ပါက၊ သို့မဟုတ် သူ့ကို သင်္ကာမကင်း မဖြစ်ပါက ၎င်းတို့သည် ကသိကအောက်နိုင်သည်ဟု ခံစားရသည်။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၏ စိုးမိုးခြင်းကို ခံရသောကြောင့် ဖြစ်သည်။
(ဃ) သတိထားကာကွယ်ခြင်း
ဆက်လက်၍ သတိထားကာကွယ်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ အန္တိခရစ်များ၌ အဓိကအကျဆုံးနှင့် အရှင်းလင်းဆုံးသော အတွေးနှင့် ရှုထောင့်အမြင်တစ်ခု ရှိသည်။ ၎င်းတို့က၊ “လူတို့သည် မိမိတို့၏ ကံကြမ္မာများကို ဘုရားက ထိန်းချုပ်ကြောင်း သို့မဟုတ် အချုပ်အခြာအာဏာစွဲကိုင်ကြောင်းကို ခွင့်မပြုရ။ အကယ်၍ ဘုရားက လူတစ်ဦး၏ ကံကြမ္မာကို ထိန်းချုပ်နေပါက ထိုသူအတွက် အဆုံးသတ်ပြီဖြစ်သည်။ လူတို့သည် ပျော်ရွှင်မှုကို ရရှိရန်အလို့ငှာလည်းကောင်း၊ စိုးရိမ်ပူပန်ခြင်းမရှိဘဲ စားသောက်ပြီး ပျော်ရွှင်နိုင်ရန်အလို့ငှာလည်းကောင်း၊ မိမိတို့ကိုယ်ကို ထိန်းချုပ်သူများ ဖြစ်ရမည်။ ဘုရားက လူတို့ကို စားသောက်ပြီး ပျော်ရွှင်ခွင့်မပြုပါ။ သူက ၎င်းတို့ကို ကောင်းမွန်စွာ နေထိုင်ခွင့်မပြုပါ။ သူက အခက်အခဲကိုသာ ခံစားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို တာဝန်ယူရမည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ကံကြမ္မာများကို ဘုရားထံ အပ်နှံ၍မရသကဲ့သို့၊ အရာရာတိုင်းအတွက် လက်ပိုက်စောင့်ဆိုင်း၍လည်း မရပါ။ ဘုရားက ပြင်ဆင်မှုများပြုလုပ်ပြီး ကျွန်ုပ်တို့ကို ဉာဏ်ပွင့်စေကာ ဦးဆောင်သည်ကိုလည်း ခွင့်ပြု၍မရပါ။ ကျွန်ုပ်တို့အနေဖြင့် ထိုသို့သောလူစားမျိုး ဖြစ်၍မရပါ။ ကျွန်ုပ်တို့၌ လူ့အခွင့်အရေးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တို့ ရှိသည်။ ကျွန်ုပ်တို့သည် အရာရာတိုင်းကို ဘုရားထံ သတင်းပို့ရန်လည်းကောင်း၊ အရာရာတိုင်းအပေါ် ဘုရားထံမှ ရှာဖွေရန်လည်းကောင်း မလိုအပ်ပေ။ ယင်းက ကျွန်ုပ်တို့ကို အလွန် အရည်အချင်းမရှိသူများကဲ့သို့ ဖြစ်စေမည်။ လူမိုက်များသာ ထိုသို့ ပြုလုပ်ကြသည်”ဟု ပြောကြသည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းဖြစ်သည်။) အချို့လူတို့က၊ “ဘုရားရှေ့မှောက်၌ သင် သစ္စာဆိုသောအခါ သတိထားပါ။ သင်၏ စကားလုံးများကို ဂရုတစိုက် စဉ်းစားပါ။ လူ ပြုမူဆောင်ရွက်သောအခါ ကောင်းကင်ဘုံက ကြည့်ရှုနေသည်” ဟု ပြောကြသည်။ အချို့က၊ “အို ဘုရား၊ ကျွန်ုပ်၏ တစ်ဘဝလုံးနှင့် လူငယ်ဘဝကို သင့်ထံ ဆက်ကပ်အပ်နှံပါသည်၊ ကျွန်ုပ်သည် အိမ်ထောင်ဖက် ရှာဖွေတော့မည်မဟုတ် သို့မဟုတ် လက်ထပ်တော့မည်မဟုတ်ပါ” ဟု ဆုတောင်းကြသည်။ သို့သော် ဤသို့ပြောပြီးနောက် ၎င်းတို့ နောင်တရကြပြီး၊ “ဘုရားက ငါ့စကားများကို အထမြောက်စေမည်လော။ အကယ်၍ ငါ အမှန်တကယ် အိမ်ထောင်ဖက် လိုအပ်လာလျှင် သို့မဟုတ် လက်ထပ်လိုလျှင် အဘယ်သို့နည်း။ ဘုရားက ကျွန်ုပ်ကို အပြစ်ပေးမည်လော။ ဤသည်မှာ ဆိုးပေသည်”ဟု စဉ်းစားကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို ရှောင်ကြဉ်ပြီး အပြစ်ပေးခံရမည်ကို ကြောက်ရွံ့လျက် စိတ်ဓာတ်ကျပြီး ဝမ်းမြောက်ခြင်းကင်းမဲ့လာကြသည်။ ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းဖြစ်သည်။) အခြားလူစားမျိုးတစ်မျိုးက၊ “ဘုရားအတွက် မိမိကိုယ်ကို အသုံးခံခြင်းသည် လွယ်ကူခြင်း မရှိသည့်အပြင်၊ ရိုးရှင်းခြင်းလည်းမရှိပါ။ သင့်၌ အရန်အစီအစဉ်တစ်ခု ရှိရန် လိုအပ်သည်။ ဘုရားအတွက် အသုံးမခံမီ သင့်ကိုယ်သင်အတွက် ထွက်ပေါက်တစ်ခု ပြင်ဆင်ထားရန် လိုအပ်သည်။ သို့မဟုတ်ပါက သင်၏ အရင်းအမြစ်များ ကုန်ဆုံးသွားသောအခါ ဘုရားက သင့်ကို ဂရုစိုက်မည်မဟုတ်ပေ။ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံခြင်းသည် သင်၏ ကိစ္စဖြစ်သည်။ ဘုရားက အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိခြင်းက အခြားကိစ္စ ဖြစ်သည်။ ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်။ သူက သင်ကဲ့သို့သော သေးငယ်သည့်လူတစ်ဦးကို တာဝန်ယူလိမ့်မည်လော။ ဘုရားသည် အဓိက ကိစ္စရပ်များကိုသာ တာဝန်ယူသည်။ သူသည် ဤသေးငယ်သော အရာများနှင့်ပတ်သက်၍ ဒုက္ခမခံပေ။ ထို့ကြောင့် သင်သည် သင်၏ ထွက်ပေါက်ကို စီစဉ်ပြီး ပြင်ဆင်ထားရမည်။ အကယ်၍ ဘုရားက သင့်ကို နောက်ပိုင်းတွင် မလိုချင်တော့ဘဲ သင့်ကို မောင်းထုတ်လိုက်ပါက သူသည် သင့်ကို မည်သည့်သနားကရုဏာမျှ ပြသမည်မဟုတ်ပါ”ဟု ဆိုသည်။ ဤသည်မှာ မည်သည့် တွေးခေါ်မှုမျိုး ဖြစ်သနည်း။ (ဘုရားသခင်အပေါ် သတိထားကာကွယ်ခြင်း ဖြစ်သည်။) လူတို့သည် အလွန် တွက်ချက်တတ်ကြသည်။ အချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် အဖိုးအခအနည်းငယ် ပေးဆပ်ကြပြီး မိမိတို့ကိုယ်ကို အနည်းငယ် စစ်မှန်စွာ အသုံးခံကြသော်လည်း ၎င်းတို့၏ မကောင်းသော လူ့သဘာဝ၊ စက်ဆုပ်ဖွယ်ကောင်းသော စိတ်သဘောထားနှင့် ၎င်းတို့ ပိုင်ဆိုင်သော အန္တိခရစ်များ၏ စိတ်သဘောထားတို့ကြောင့် ဘုရားအိမ်တော်သို့ များစွာသော ဆုံးရှုံးမှုများကို ဖြစ်စေကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့ နှင်ထုတ်ခြင်းခံရလေသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် မည်သူ့ကိုမျှ ရင်ဖွင့်ပြောဆိုခြင်းမရှိဘဲ “ကျွန်ုပ်သည် လူတို့ကို အမြဲတမ်း ရင်ဖွင့်ပြောဆိုလေ့ရှိခဲ့သဖြင့် လူတိုင်းက ကျွန်ုပ်နှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို သိရှိခဲ့ကြသည်။ သို့သော် ထို့နောက်တွင် တစ်စုံတစ်ယောက်က ကျွန်ုပ်အကြောင်းကို ဘုရားအိမ်တော်သို့ တိုင်ကြားခဲ့ပြီး ကျွန်ုပ် နှင်ထုတ်ခြင်းခံခဲ့ရသည်။ သို့ဖြစ်၍ ယခု ကျွန်ုပ်သည် မိမိကိုယ်ကို ပိတ်ဆို့ရန်၊ ဖုံးကွယ်ရန်နှင့် ခုခံပြီး ကာကွယ်ရန် သင်ယူရမည်။ ကျွန်ုပ်သည် လူတို့ကို အတွင်းရေး အသိပေးခြင်းနှင့်ပတ်သက်၍ သတိထားရမည်ဖြစ်ပြီး ဘုရားကိုပင် အတွင်းရေး အသိမပေးသင့်ပါ။ ဘုရားက သမ္မာတရားဖြစ်ကြောင်း၊ သူက သစ္စာရှိကြောင်းကို နောက်ထပ် ကျွန်ုပ် မယုံကြည်တော့ပါ။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို သာ၍ပင် ယုံကြည်မှုနည်းပါးသည်။ မည်သူမျှ ကျွန်ုပ်၏ ယုံကြည်မှုနှင့် မထိုက်တန်ပေ။ သမ္မာတရား လိုက်စားသောသူတို့ကို မဆိုထားနှင့်၊ ကျွန်ုပ်၏ မိသားစုဝင်များ၊ ဆွေမျိုးများပင်လျှင် မထိုက်တန်ပါ”ဟုဆိုလျက် မိမိတို့ကိုယ်ကို ကောင်းစွာပြုမူနေထိုင်ရန်နှင့် သိုသိုသိပ်သိပ် နေရန် သင်ယူကြလေသည်။ ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (၎င်းတို့သည် သတိထားကာကွယ်နေကြခြင်း ဖြစ်သည်။) အန္တိခရစ်များသည် ပြုပြင်ခြင်း၊ ကျရှုံးခြင်း၊ လဲကျခြင်းနှင့် ထုတ်ဖော်ခံရခြင်းတို့ကို တွေ့ကြုံခံစားရသောအခါ ဤအရာကို သုံးသပ်ပြီး “သူတစ်ပါးကို ထိခိုက်နစ်နာစေလိုသည့်စိတ် မရှိအပ်၊ သို့သော် မိမိကိုယ်ကို ကာကွယ်လိုသည့်စိတ်မူ ရှိရမည်” ဟူသော ဆိုရိုးစကားတစ်ခုကို ထုတ်ဖော်ပြောဆိုကြသည်။ အမှန်တွင် ၎င်းတို့သည် အခြားသူများကို အတော်အတန် ထိခိုက်နစ်နာစေပြီးဖြစ်ကာ အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အယောင်ဆောင်ကာ ဤမှားယွင်းသော အယူအဆကို စိတ်ကူးရကြလေသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး ပုံမှန်အခြေအနေများအောက်တွင် မရေမတွက်နိုင်သော ကျရှုံးမှုများနှင့် ဆုတ်ယုတ်မှုများအပြင် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် သူ၏ ပြုပြင်ခြင်းတို့ကို တွေ့ကြုံခံစားပြီးနောက်တွင် လူတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရင်း၊ ပြီးလျှင် မိမိတို့၏ ကျရှုံးမှုများနှင့် ပြိုလဲမှုများ၏ အကြောင်းရင်းများအပြင် မိမိတို့ လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေရင်း ဤကျရှုံးမှုများ၏ သင်ခန်းစာများမှတစ်ဆင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိသင့်ပေသည်။ သို့ရာတွင် အန္တိခရစ်များက ဤသို့ မပြုလုပ်ကြပေ။ အကြိမ်များစွာ လဲကျပြီး ကျရှုံးပြီးနောက် ၎င်းတို့သည် မိမိတို့၏ အပြုအမူကို ပိုမိုဆိုးရွားစေကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ သံသယများက အရေအတွက်အားဖြင့် တိုးပွားလာပြီး ပိုမိုပြင်းထန်လာသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ပိုမိုပြင်းထန်လာသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သင်္ကာမကင်းဖြစ်ခြင်းသည် ပိုမိုနက်ရှိုင်းလာပြီး ထိုနည်းတူစွာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် သတိထားကာကွယ်ခြင်းဖြင့် ပြည့်နှက်လာသည်။ ၎င်းတို့၏ သတိထားကာကွယ်ခြင်းသည် စောဒကတက်မှုများ၊ အမျက်ဒေါသ၊ အာခံဖီဆန်မှုနှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် ဘုရားသခင်အပေါ် ငြင်းပယ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကိုပင် တဖြည်းဖြည်း ဖြစ်ပေါ်ကြသည်။ ၎င်းတို့က အန္တရာယ်တိုးလာနေသည် မဟုတ်လော။ (ဟုတ်ပါသည်။)
ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ်တွင်လည်းကောင်း၊ အန္တိခရစ်တို့အား ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အပေါ်တွင်လည်းကောင်း စသည်တို့အပေါ် အန္တိခရစ်တို့၏ သဘောထားကို အကဲဖြတ်ရလျှင် ၎င်းတို့၌ သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့၌ ဤအရာအားလုံးသည် မတော်တဆ မဟုတ်ဘဲ ထိုထက် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြောင်း စိုးစဉ်းမျှ ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့တွင် ဤနားလည်မှုနှင့် သိမြင်မှု ရှိကြသလော။ မရှိသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့၏ သတိထားကာကွယ်မှု၏ အရင်းအမြစ်သည် ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများမှ လာသည်ဟု ပြော၍ရနိုင်ပေသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သင်္ကာမကင်းဖြစ်ခြင်း အရင်းအမြစ်သည် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ သံသယများမှ လာသည်ဟုလည်း ပြော၍ရနိုင်၏။ ဘုရားသခင်အပေါ် ၎င်းတို့၏ စိစစ်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော ရလဒ်များက ၎င်းတို့အား ဘုရားသခင်အပေါ် ပို၍ သင်္ကာမကင်းဖြစ်စေသကဲ့သို့ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို ပို၍ သတိထားကာကွယ်စေလေသည်။ အန္တိခရစ်တို့၏ တွေးခေါ်မှုမှ ဖြစ်ပေါ်လာသော အတွေးအခေါ်အမျိုးမျိုးနှင့် အမြင်ရှုထောင့်အမျိုးမျိုးအပြင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်တို့၏ စိုးမိုးခြင်းအောက်မှ ဖြစ်ပေါ်လာသော လုပ်နည်းကိုင်နည်းအမျိုးမျိုးနှင့် အပြုအမူအမျိုးမျိုးတို့ကို အကဲဖြတ်ရသော် ဤလူများသည် အလွန်ပင် ဆင်ခြင်တုံတရား မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ခြင်းမရှိ၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မထားရှိနိုင်၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ လုံးလုံးလျားလျား ယုံကြည်ပြီး အသိအမှတ်ပြုနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း မယုံကြည်နိုင်ဘဲ အသိအမှတ်လည်း မပြုနိုင်ပေ။ ဤအရာအားလုံးသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကြောင့် ဖြစ်လေသည်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။