နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃) အခန်း လေး

ခ။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း

ဆက်လက်ပြီး အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော ဒုတိယအချက်ဖြစ်သည့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းအကြောင်း ငါတို့ မိတ်သဟာယပြုကြမည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဟူသည့် ဤအချက်နှင့်ပတ်သက်၍ အတော်အတန် များသော အသေးစိတ်အချက်များကို ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ပြီးဖြစ်သော်လည်း၊ ဤနေရာတွင်မူ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် အန္တိခရစ်တို့ကို အဓိကအားဖြင့် ငါတို့ စရိုက်လက္ခဏာ သရုပ်ဖော်ကြမည်ဖြစ်သည်။ အန္တိခရစ်တို့က သမ္မာတရားကို ချဉ်းကပ်ပုံ၏ အဓိက စိတ်သဘောထားဆိုင်ရာ လက္ခဏာမှာ စိတ်မဝင်စားခြင်းထက် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ စိတ်မဝင်စားခြင်းသည် ရန်လိုမှု၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းအဆင့်သို့ မမြင့်တက်သေးသည့် သမ္မာတရားအပေါ် အတော်အတန် နူးညံ့သော သဘောထားတစ်ခုမျှသာ ဖြစ်သည်။ ထိုအရာသည် သမ္မာတရားကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်း၊ ယင်းကို အာရုံမစိုက်လိုခြင်းမျှသာဖြစ်ပြီး “အပြုသဘောဆောင်သော အရာများက မည်သည့်အရာနည်း၊ သမ္မာတရားက မည်သည့်အရာနည်း။ ဤအရာများကို ကျွန်ုပ်ရရှိလျှင်ပင် ဘာဖြစ်နိုင်မည်နည်း။ ယင်းတို့က ကျွန်ုပ်၏ဘဝကို တိုးတက်စေမည်လော သို့မဟုတ် ကျွန်ုပ်၏ စွမ်းရည်များကို မြှင့်တင်ပေးမည်လော”ဟု ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားကြသဖြင့် ယင်းတို့နှင့်ပတ်သက်၍ ဒုက္ခမခံကြပေ။ သို့သော် ဤသည်မှာ အလွန်အမင်း မနှစ်မြို့ခြင်းအဆင့်သို့ မရောက်သေးပေ။ အလွန်အမင်း မနှစ်မြို့ခြင်းသည် သဘောထားတစ်ခုခုကို ညွှန်ပြသည်။ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ အပြုသဘောဆောင်သော အရာတစ်ခုတလေနှင့် သမ္မာတရားနှင့်ဆက်စပ်သည့်အရာ တစ်ခုတလေကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ထဲ၌ မုန်းတီးခြင်း၊ မနှစ်မြို့ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် နားမထောင်လိုခြင်းတို့ကို ခံစားရသည်။ ၎င်းတို့သည် သမ္မာတရားကို ပြစ်တင်ရှုတ်ချရန်နှင့် အသရေဖျက်ရန် သက်သေအထောက်အထားကိုပင် ရှာဖွေနိုင်သည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရ ဖြစ်ပေသည်။

အခြားလူများကဲ့သို့ပင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သည်၊ ဘုရားသခင် ပြောဆိုသည့်အရာကို ကြားနိုင်သည်၊ ဘုရားသခင်၏ အမှုတော်ကိုလည်း တွေ့ကြုံခံစားနိုင်သည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်နိုင်သည်။ ဘုရားသခင် ပြောဆိုခဲ့သည့်အရာကို သိရှိနိုင်ပြီး ဤနှုတ်ကပတ်တော်များက လူတို့အား လမ်းမှန်ကို လျှောက်လှမ်းစေနိုင်ပြီး လူကောင်းများ ဖြစ်စေနိုင်သည်ကိုလည်း သိရှိပုံရကြသည်။ သို့သော် ဤအရာများသည် ၎င်းတို့အတွက် သဘောတရားမျှသာ ဖြစ်နေသည်။ ယင်းတို့က သဘောတရားမျှသာ ဖြစ်နေသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ အချို့သောလူတို့က စာအုပ်တစ်အုပ်ထဲရှိ သဘောတရားတစ်ခုက ကောင်းသည်ဟု ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားမျိုးနွယ်အားလုံး၏ အမျိုးမျိုးသော လိုအပ်ချက်များအကြောင်း စဉ်းစားသောအခါ၊ ထိုသဘောတရားသည် လက်တွေ့မကျဘဲ လက်တွေ့ဘဝနှင့် အဆက်ပြတ်နေသည်ဟု ၎င်းတို့က မြင်ပြီးဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းနှင့် အသားကျအောင် သို့မဟုတ် နောက်သို့လိုက်ရန် လူတို့ကို မကူညီနိုင်သည်ကို ၎င်းတို့ သဘောပေါက်သည့်ပုံစံနှင့် ဆင်တူပေသည်။ ထို့ကြောင့် ဤသဘောတရားသည် ကောင်းသည်ဟု ၎င်းတို့ ခံစားရသော်လည်း၊ ယင်းမှာ နှစ်သက်ဖွယ်သောအရာများအတွက် လူသားမျိုးနွယ်၏ ဆန္ဒများနှင့် စိတ်ကူးယဉ်မှုများကို ဖြည့်ဆည်းပေးရန်၊ ပြောဆိုရန်အတွက်သာဖြစ်သော အရာတစ်ခုဖြစ်သည်ဟု ခံစားကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးသည် အဆင့်အတန်းကို နှစ်သက်ပြီး အရာရှိတစ်ဦးဖြစ်လိုကာ၊ လူတို့အလယ်တွင် ချီးမြှောက်ခြင်းနှင့် ကိုးကွယ်ခြင်းကို ခံရရန် ဆန္ဒရှိပါက၊ ဤပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့အတွက် လိမ်လည်ခြင်း၊ မိမိကိုယ်ကို ထုတ်ဖော်ပြသခြင်း၊ အခြားသူများကို နင်းခြေခြင်း စသည်တို့ကဲ့သို့သော ပုံမှန်မဟုတ်သည့် နည်းလမ်းများကို အားကိုးရမည်ဖြစ်သည်။ သို့သော်လည်း ဤအရာများသည် သမ္မာတရားက ပြစ်တင်ရှုတ်ချသည့်အရာများ အတိအကျပင် ဖြစ်သည်။ ထိုသမ္မာတရားက လူသားတို့၏ ဤလိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်သည်။ လက်တွေ့ဘဝတွင် လူတို့သည် မိမိတို့ကိုယ်ကို ထူးချွန်အောင်လုပ်ခြင်းသည် တရားနည်းလမ်းကျသောအရာတစ်ခုဖြစ်သည်ဟု ထင်ကြသော်လည်း၊ ထိုသို့သော တောင်းဆိုချက်များသည် ဘုရားသခင်နှင့် သမ္မာတရား၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ ထို့ကြောင့် ဤတောင်းဆိုချက်များသည် ဘုရားအိမ်တော်တွင် လက်ခံခြင်းမခံရပေ။ ယင်းတို့ကို အသုံးချရန် နေရာမရှိသကဲ့သို့ အကောင်အထည်ဖော်ရန်လည်း နေရာမရှိချေ။ သို့သော် အန္တိခရစ်တို့သည် ယင်းတို့ကို လက်လွှတ်မည်လော။ (လက်လွှတ်မည်မဟုတ်ပါ။) မှန်ပေသည်၊ ၎င်းတို့သည် ယင်းတို့ကို လက်လွှတ်မည်မဟုတ်ချေ။ အန္တိခရစ်တို့သည် ဤအရာကို မြင်သည်နှင့်တစ်ပြိုင်နက်၊ “ယခု ငါနားလည်ပြီ။ သို့ဆိုလျှင် သမ္မာတရားက လူတို့အား တစ်ကိုယ်ကောင်းမဆန်ရန်၊ မိမိကိုယ်ကို စွန့်လွှတ်ရန်၊ သည်းခံပြီး ရက်ရောရန်၊ မိမိတို့၏ အတ္တကို ဖယ်ရှားပြီး အခြားသူများအတွက် အသက်ရှင်ရန် တောင်းဆိုသည်။ ဤသည်မှာ သမ္မာတရားပင်တည်း”ဟု တွေးထင်ကြသည်။ ဤနည်းလမ်းဖြင့် သမ္မာတရားကို ၎င်းတို့ အဓိပ္ပာယ်ဖွင့်ဆိုပြီးသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို ၎င်းတို့ စိတ်ဝင်စားလာသလော သို့မဟုတ် သမ္မာတရားအပေါ် စက်ဆုပ်သွားသလော။ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်သွားပြီး ဘုရားသခင်ကိုလည်း စက်ဆုပ်သွားကာ၊ “ဘုရားသခင်က သမ္မာတရားကို အမြဲပြောသည်၊ သူက လူ့လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကဲ့သို့သော မစင်ကြယ်သည့်အရာများကို အမြဲဖော်ထုတ်သည်၊ လူ့စိတ်ဝိညာဉ်များ၏ အနက်ရှိုင်းဆုံးတွင် တည်ရှိသည့်အရာကိုလည်း သူအမြဲဖော်ထုတ်သည်။ ဘုရားသခင်သည် လူတို့၏ အဆင့်အတန်း၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များအား လိုက်စားခြင်းကို နုတ်ယူဖို့ ရည်ရွယ်ချက်ဖြင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပုံရသည်။ အစပိုင်းတွင် ဘုရားသခင်သည် လူတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည်၊ ၎င်းတို့၏ ဆန္ဒများနှင့် အိပ်မက်များကို ဖြည့်ဆည်းပေးနိုင်သည်။ လူတို့ကို ၎င်းတို့အလိုရှိသည့်အရာကို ပေးနိုင်သည်ဟု ကျွန်ုပ်ထင်ခဲ့သည်။ ဘုရားသခင်သည် ဤသို့သော ဘုရားမျိုးဖြစ်သည်ဟု ကျွန်ုပ်မမျှော်လင့်ခဲ့ပါ။ သူက ထိုမျှကြီးမြတ်သည်ဟု မထင်ရပါ။ ကျွန်ုပ်သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ပြည့်နေသည်။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူတစ်ယောက်ကို နှစ်သက်နိုင်မည်လော။ ဘုရားသခင် အမြဲပြောဆိုခဲ့သည့်အရာကို အကဲဖြတ်ကြည့်ပြီး သူ၏နှုတ်ကပတ်တော်များ၏ အတိအလင်း မဖော်ပြထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ရလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူများကို မနှစ်သက်ပုံရသည့်အပြင်၊ ကျွန်ုပ်ကဲ့သို့သော လူတစ်ယောက်နှင့်လည်း သူ အဆင်မပြေနိုင်ပေ။ ကျွန်ုပ်သည် ဤသို့သော လက်တွေ့ကျသည့် ဘုရားသခင်နှင့် အဆင်မပြေနိုင်ဟု ထင်ရသည်။ သူပြောဆိုသော နှုတ်ကပတ်တော်များ၊ သူလုပ်ဆောင်သော အလုပ်၊ သူ၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများနှင့် သူ၏ စိတ်သဘောထားတို့ကို အဘယ်ကြောင့် ကျွန်ုပ် အလွန်မနှစ်သက်ဖွယ်အဖြစ် မြင်ရသနည်း။ ဘုရားသခင်က လူတို့ကို ရိုးသားရန်၊ အသိစိတ်ရှိရန်၊ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဘုရားသခင်ကို ရှာဖွေရန်၊ နာခံရန်နှင့် ကြောက်ရွံ့ရန်၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ရန် တောင်းဆိုသည်။ ဤအရာများသည် ကျွန်ုပ်မလုပ်ဆောင်နိုင်သည့်အရာများ ဖြစ်သည်။ ဘုရားသခင် တောင်းဆိုသည့်အရာသည် လူ့အယူအဆများနှင့် သဟဇာတမဖြစ်သည်သာမက၊ လူ့ခံစားချက်များကိုလည်း ထောက်ထားခြင်းမရှိပေ။ သူ့ကို ကျွန်ုပ် မည်သို့ယုံကြည်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ဤသို့ ၎င်းတို့၏စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် ကောင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသလော သို့မဟုတ် သူနှင့် တဖြည်းဖြည်း အလှမ်းဝေးသွားကြသလော။ (တဖြည်းဖြည်း အလှမ်းဝေးသွားကြပါသည်။) အတွေ့အကြုံကာလတစ်ခုပြီးနောက်၊ အန္တိခရစ်တို့သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိပြီး၊ ဆန္ဒပြင်းပြမှုများဖြင့် ပြည့်နေသည့် ၎င်းတို့ကဲ့သို့သော လူများသည် ဘုရားအိမ်တော်တွင် ကြိုဆိုလက်ခံခြင်းခံရမည်မဟုတ်ကြောင်း၊ ဤနေရာတွင် ၎င်းတို့၏ ကျွမ်းကျင်မှုများကို အသုံးပြုရန် နေရာမရှိကြောင်း၊ ဤနေရာတွင် ၎င်းတို့၏ ပြင်းပြသောဆန္ဒများကို ဖော်ထုတ်ခွင့်မရနိုင်ကြောင်းကို တိုး၍ပင် ခံစားလာကြသည်။ ၎င်းတို့က၊ “ဘုရားအိမ်တော်တွင် ကျွန်ုပ်၏ ထူးခြားသော အရည်အချင်းကို ကျွန်ုပ် ဖော်ထုတ်၍မရပါ။ ထူးချွန်ရန် အခွင့်အရေးကို ကျွန်ုပ် ဘယ်တော့မှ ရမည်မဟုတ်ပါ။ ၎င်းတို့က ကျွန်ုပ်သည် ဝိညာဉ်ရေးရာ နားလည်မှုမရှိ၊ သမ္မာတရားကို နားမလည်၊ အန္တိခရစ်၏ စိတ်သဘောထားရှိသည်ဟု ပြောကြသည်။ ကျွန်ုပ်သည် ရာထူးတိုးခြင်း သို့မဟုတ် အရေးပါသောနေရာတွင် ထားရှိခြင်း မခံရသည်သာမက၊ ပြစ်တင်ရှုတ်ချခြင်းကိုပင် ခံခဲ့ရသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် သီးခြားနယ်ပယ်ကိုတည်ထောင်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ အခြားသူများကို ကျွန်ုပ် ညှဉ်းဆဲခြင်းသည် အဘယ်မှာ မှားယွင်းသနည်း။ ကျွန်ုပ်တွင် အာဏာရှိသောကြောင့် ဤသို့ပြုမူသင့်သည်။ အာဏာရှိလျှင် မည်သူက ဤသို့မပြုမူဘဲ နေမည်နည်း။ သို့ဆိုလျှင် ရွေးကောက်ပွဲများအတွင်း မသမာသောနည်းလမ်းတစ်ခုခုကို လုပ်ဆောင်ပြီး လိမ်လည်ခြင်းသည် အဘယ်အရာ မှားယွင်းသနည်း။ ဘာသာတရားမရှိသူအားလုံးလည်း ထိုသို့ပင် ပြုလုပ်ကြသည် မဟုတ်လော။ ဘုရားအိမ်တော်တွင် အဘယ်ကြောင့် ခွင့်မပြုရသနည်း။ ဤသည်မှာ အရှက်မရှိခြင်းဖြစ်သည်ဟုပင် ၎င်းတို့က ပြောကြသည်။ ယင်းကို အရှက်မရှိခြင်းဟု မည်သို့ မှတ်ယူ၍ရနိုင်သနည်း။ လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။ ဤသည်မှာ သင့်လျော်သည်တကား။ ဘုရားအိမ်တော်သည် ပျော်စရာမကောင်းပါ။ သို့သော် ဤလောကရှိ လူတို့သည် အတော်ပင် ရက်စက်ကြမ်းကြုတ်ပြီး၊ ပေါင်းသင်းရန် မလွယ်ကူချေ။ နှိုင်းယှဉ်ကြည့်လျှင် ဘုရားအိမ်တော်ရှိလူတို့သည် အနည်းငယ် ပို၍ လိမ္မာကြသည်။ ဤနေရာတွင် ဘုရားသခင်သာမရှိလျှင် လတ်လျားလတ်လျား နေထိုင်ခြင်းက အလွန်နှစ်သက်ဖွယ်ဖြစ်ပေမည်။ ဘုရားသခင်မရှိလျှင်၊ လူတို့ကို အုပ်ချုပ်သည့် ဘုရားသခင်နှင့် သမ္မာတရားမရှိလျှင်၊ ကျွန်ုပ်သည် ဘုရားအိမ်တော်တွင် အကြီးအကဲ၊ သခင်နှင့် ဘုရင်ဖြစ်ပေမည်”ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ၊ အမျိုးမျိုးသော အမှုအရာများကို စဉ်ဆက်မပြတ် တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် အဆက်မပြတ် ပြုပြင်ခြင်းခံရသည်၊ အမျိုးမျိုးသော တာဝန်အမျိုးမျိုးသို့ ပြောင်းရွှေ့ခြင်းခံရပြီး၊ နောက်ဆုံးတွင် တစ်စုံတစ်ခုကို ၎င်းတို့ သဘောပေါက်ကာ၊ “ဘုရားအိမ်တော်တွင် ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို သမ္မာတရားကို အသုံးပြု၍ တိုင်းတာပြီး ဖြေရှင်းသည်။ သမ္မာတရားကို အမြဲအလေးပေးပြီး၊ ဘုရားကလည်း ယင်းအကြောင်းကို အမြဲပြောဆိုနေသည်။ ကျွန်ုပ်၏ ပြင်းပြသောဆန္ဒများကို ဤနေရာတွင် ဖော်ထုတ်ခွင့်မရနိုင်ပါတကား”ဟု ပြောဆိုကြလေသည်။ ၎င်းတို့၏ အတွေ့အကြုံများတွင် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားအပေါ်၊ သမ္မာတရား စိုးမိုးခြင်းအပေါ်၊ ဘုရားသခင် လုပ်ဆောင်သမျှက သမ္မာတရားဖြစ်ခြင်းအပေါ်နှင့် သမ္မာတရားကို ရှာဖွေခြင်းအပေါ် တိုး၍ပင် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်လာကြသည်။ ဤအရာများအပေါ် ၎င်းတို့ မည်သည့်အတိုင်းအတာအထိ အလွန်အမင်း မနှစ်မြို့သနည်း။ တကယ့်အစတွင် ၎င်းတို့ကိုယ်တိုင် အသိအမှတ်ပြုခဲ့သော သမ္မာတရားများ၏ အယူဝါဒများကိုပင် အသိအမှတ်ပြုရန် သို့မဟုတ် လက်ခံရန် မလိုလားကြတော့သည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ရွံရှာခြင်းကို ခံစားရသည်။ ထို့ကြောင့် စုဝေးပွဲအချိန်ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ငိုက်မျဉ်းလာပြီး စိုးရိမ်ပူပန်လာကြသည်။ အဘယ်ကြောင့် ၎င်းတို့ စိုးရိမ်ပူပန်ကြသနည်း။ ၎င်းတို့က၊ “ဤစုဝေးပွဲများသည် တစ်ကြိမ်လျှင် သုံးလေးနာရီကြာသည်၊ ဤအရာက မည်သည့်အချိန်တွင် ပြီးလိမ့်မည်နည်း။ ကျွန်ုပ် ဆက်နားမထောင်ချင်တော့ပါ”ဟု စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်အခြေအနေကို ဖော်ပြနိုင်သည့် စကားစုတစ်ခုရှိသည်။ ယင်းမှာ “ဆူးပုံပေါ်ထိုင်ရခြင်း”သကဲ့သို့ ဖြစ်သည်။ ဘုရားအိမ်တော်တွင် သမ္မာတရား စိုးမိုးနေသရွေ့ ၎င်းတို့သည် ထူးချွန်ရန် အခွင့်အရေး မည်သည့်အခါတွင်မျှ ရမည်မဟုတ်ဘဲ၊ လူတိုင်း၏ ကန့်သတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို အမြဲခံရမည်ဖြစ်ပြီး၊ ၎င်းတို့ မည်မျှပင် တတ်စွမ်းနိုင်သည်ဖြစ်စေ အရေးပါသော အခန်းကဏ္ဍများတွင် တာဝန်ပေးခြင်းခံရမည် မဟုတ်သည်ကို ၎င်းတို့ သဘောပေါက်ကြသည်။ ထို့ကြောင့် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စက်ဆုပ်ရွံရှာခြင်းသည် ပို၍ ပြင်းထန်လာသည်။ တစ်စုံတစ်ဦးက၊ “အဘယ်ကြောင့် ၎င်းတို့သည် အစကတည်းက စက်ဆုပ်ရွံရှာခြင်းကို မခံစားခဲ့ရသနည်း”ဟု မေးကောင်းမေးနိုင်သည်။ အမှန်စင်စစ် ၎င်းတို့သည် အစကတည်းက စက်ဆုပ်ရွံရှာခြင်းကို ခံစားခဲ့ရသော်လည်း၊ ထိုအချိန်က ဘုရားအိမ်တော်ရှိ အရာရာတိုင်းသည် ၎င်းတို့အတွက် မရင်းနှီးသေးပေ။ ၎င်းတို့တွင် ထိုအရာနှင့်သက်ဆိုင်၍ အယူအဆမရှိခဲ့သော်လည်း၊ ယင်းမှာ ၎င်းတို့သည် စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် အလွန်အမင်း မနှစ်မြို့ခြင်းကို မခံစားခဲ့ရဟု မဆိုလိုပေ။ လက်တွေ့တွင် ၎င်းတို့သည် မိမိတို့၏ သဘာဝ အနှစ်သာရထဲ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခဲ့ကြသည်၊ ၎င်းတို့ကိုယ်တိုင်ကသာ ယင်းကို သဘောမပေါက်ခဲ့ခြင်း ဖြစ်သည်။ ဤလူတို့၏ သဘာဝ အနှစ်သာရသည် ဧကန်ပင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပေ။ အဘယ်ကြောင့် ငါဤသို့ ပြောဆိုရသနည်း။ ၎င်းတို့သည် မတရားမှု၊ ဆိုးယုတ်မှု၊ အာဏာ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ အကြီးအကဲလုပ်ခြင်း၊ လူတို့ကို ထိန်းချုပ်ခြင်းနှင့် ဤကဲ့သို့သော မကောင်းသည့်အရာအားလုံးကို ပင်ကိုအားဖြင့် နှစ်သက်ကြသည်။ ၎င်းတို့နှစ်သက်သည့် ဤအရာများကို အကဲဖြတ်ကြည့်လျှင်၊ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်မှာ သေချာလှပေသည်။ ထို့အပြင် ၎င်းတို့ ကြိုးပမ်းသည့်အရာအရ၊ ၎င်းတို့သည် အဆင့်အတန်းအတွက် ကြိုးပမ်းသည်၊ မိမိတို့ကိုယ်ကို ဂုဏ်တင်ဖို့ ကြိုးပမ်းသည်၊ ဂုဏ်ရောင်ဂုဏ်ဝါတစ်ခု ရှိရန် ကြိုးပမ်းသည်၊ လူတို့ကို ထိန်းချုပ်နိုင်စွမ်းနှင့်အတူ လူတို့အလယ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ ဩဇာတိက္ကမရှိပြီး တန်ခိုးကြီးရန်၊ ၎င်းတို့ ပြောဆိုလုပ်ဆောင်သည့် နေရာတိုင်းတွင် ဂုဏ်သိက္ခာနှင့် သြဇာအာဏာရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဤအရာများအတွက် ကြိုးပမ်းကြသည်။ ဤသည်မှာလည်း သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့အပြင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အကဲဖြတ်ကြည့်လျှင်၊ ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို မည်မျှပင်ကြားပါစေ၊ အရာရောက်လိမ့်မည် မဟုတ်။ အချို့က၊ “၎င်းတို့ မှတ်ဉာဏ်မကောင်းသောကြောင့်လော”ဟု မေးကောင်းမေးနိုင်သည်။ မဟုတ်ပေ။ အချို့အန္တိခရစ်တို့တွင် အလွန်ကောင်းသော မှတ်ဉာဏ်များရှိသည်၊ ၎င်းတို့သည် အထူးသဖြင့် စကားပြောကောင်းကြပြီး၊ ၎င်းတို့သင်ယူသည့်အရာကို ချက်ချင်း အသုံးပြုကာ ကြွားဝါနိုင်သည်။ ပိုင်းခြားသိမြင်မှုမရှိသူတို့သည် အကျိုးဆက်အနေဖြင့် ဤပုဂ္ဂိုလ်များက အစွမ်းအစကောင်း ပိုင်ဆိုင်ပြီး ၎င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည်ဟု ထင်ကြသည်။ သို့သော်လည်း ပိုင်းခြားသိမြင်တတ်သူတို့သည် ၎င်းတို့ပြောဆိုသည့်အရာသည် အယူဝါဒများနှင့် အနှစ်မဲ့သော စကားများသာဖြစ်ကြောင်း၊ သမ္မာတရား လက်တွေ့ကျမှုတစ်ခုတလေ ကင်းမဲ့ကြောင်းနှင့် လူတို့ကို အထင်အမြင်မှားစေရန် ရည်ရွယ်ကြောင်းကို ချက်ချင်း သဘောပေါက်နိုင်သည်။ အန္တိခရစ်တို့သည် ဤကဲ့သို့သော လူများဖြစ်သည်။ ၎င်းတို့သည် အဆင့်မြင့်သော ဒေသနာများကို ဟောပြောခြင်း၊ ဝိညာဉ်ရေးရာ သဘောတရားများကို အနှစ်မဲ့သောနည်းဖြင့် ဆွေးနွေးခြင်းနှင့် စကားကို ကရားရေလွှတ် တတွတ်တွတ်ပြောခြင်းတို့ကို အထူးသဖြင့် နှစ်သက်ကြသည်။ ယင်းမှာ စတင်သည်နှင့်တစ်ပြိုင်နက်၊ အကြောင်းအရာနှင့်မဆိုင်ဘဲ တောင်စဉ်ရေမရ ဖြစ်သွားသည်။ လူများစွာတို့သည် ၎င်းတို့ကို နားမလည်နိုင်ကြသည့်အပြင်၊ အန္တိခရစ်တို့က၊ “ဤသည်မှာ တတိယကောင်းကင်၏ ဘာသာစကားဖြစ်သည်။ သင်တို့ မည်သို့နားလည်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက သရုပ်သကန်ကို ယင်းအပေါ် ၎င်းတို့၏ သဘောထားတွင် တွေ့မြင်ရပြီး၊ ၎င်းတို့၏ သာမန်နေ့စဉ်ဘဝများနှင့် လုပ်ဆောင်မှုများတွင်၊ အထူးသဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပုံတွင်လည်း ပေါ်လွင်ထင်ရှားသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် သရုပ်သကန်အချို့ကို ပြသကြသည်။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့ ရှာဖွေသင့်သည်ကို ရှင်းရှင်းလင်းလင်း သိသည့်အခါတွင်ပင် ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသည့်အတွက်၊ မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ရှာဖွေခြင်းမှတစ်ဆင့်သာ နားလည်မှုရှိနိုင်ပြီး၊ နားလည်မှုကသာ လက်တွေ့လုပ်ဆောင်ခြင်းသို့ ဦးတည်စေနိုင်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသည့်အပြင် လုံးဝ နှလုံးမသွင်းကြပေ။ ၎င်းတို့သည် ထိုစည်းမျဉ်းများကို အထင်ပင်သေးကြသည်၊ အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ရန်လိုမှုဖြင့် ရှုမြင်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝ မပတ်သက်ကြသည့်အပြင် တစ်ခါတစ်ရံ သမ္မာတရားကို နားလည်လျှင်ပင်၊ လက်တွေ့မလုပ်ဆောင်ကြပေ။ ဥပမာအားဖြင့်၊ ၎င်းတို့အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ၊ အခြားသူများက ကောင်းသော ဆောင်ရွက်ပုံနည်းလမ်းတစ်ခုကို အကြံပြုလျှင်၊ ၎င်းတို့က၊ “ထိုအရာက ဘာကောင်းသနည်း။ ထိုသို့ ကျွန်ုပ်လုပ်ဆောင်လျှင်၊ ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများ အလဟဿဖြစ်သွားမည် မဟုတ်လော”ဟု ပြန်ပြောကောင်းပြောပေမည်။ အချို့က၊ “သင်၏နည်းလမ်းအတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်ပါက ဘုရားအိမ်တော်သည် ဆုံးရှုံးမှုများကို ခံစားရလိမ့်မည်။ ကျွန်ုပ်တို့သည် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရမည်”ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့က၊ “မည်သည့် စည်းမျဉ်းများနည်း။ ကျွန်ုပ်၏နည်းလမ်းသည် စည်းမျဉ်းပင်၊ ကျွန်ုပ် မည်သို့ပင် တွေးသည်ဖြစ်စေ ထိုအရာသည် စည်းမျဉ်းပင်ဖြစ်သည်”ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ အခြားအဓိက သရုပ်သကန်တစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ မဖတ်ရှုသကဲ့သို့ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများတွင်လည်း မပါဝင်ခြင်း ဖြစ်သည်။ အချို့လူတို့သည် အလုပ်များသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် အချိန်ရှာမတွေ့နိုင်သည့်အခါ၊ ၎င်းတို့သည် တိတ်တဆိတ် ဆင်ခြင်သုံးသပ်ခြင်းပြုကြပြီး သို့မဟုတ် ဓမ္မသီချင်းအနည်းငယ်ကို သီဆိုကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ဘဲနေပါက၊ လစ်ဟာနေသည့် ခံစားချက်ကို ခံစားရသည်။ ၎င်းတို့၏ အလုပ်များမှုအလယ်တွင်၊ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီး မိမိတို့ကိုယ်ကို အားဖြည့်ရန်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရသည်အထိ ဆင်ခြင်သုံးသပ်ရန် အချိန်အခိုက်အတန့်တစ်ခုကို ခိုးယူကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက တည်ငြိမ်လာသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်နှင့် အလွန်အမင်း အလှမ်းမဝေးကြပေ။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်တို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်ရက်မဖတ်ဘဲနေလျှင် စိတ်မကောင်းမဖြစ်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ၁၀ ရက် မဖတ်လျှင်ပင်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်နှစ်မဖတ်ဘဲ အတော်ပင် ကောင်းမွန်စွာ နေထိုင်နိုင်သေးသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို သုံးနှစ်မဖတ်ဘဲပင် နေနိုင်ပြီး မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့ခြင်း သို့မဟုတ် လစ်ဟာနေခြင်းကို မခံစားရသည့်အပြင်၊ သက်သောင့်သက်သာ ဆက်လက်နေထိုင်ကြသည်။ ၎င်းတို့သည် ဘုရား နှုတ်ကပတ်တော်များအပေါ် အလွန်ပြင်းထန်သော အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရပေမည်။ လူတစ်ဦးသည် အလုပ်များသောကြောင့် ဘုရား နှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်ရက်နေနိုင်သည်၊ သို့မဟုတ် ထိုအကြောင်းပြချက်ဖြင့်ပင် ၁၀ ရက်ကြာ နေကောင်းနေနိုင်သည်။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို တစ်လလုံးမဖတ်ဘဲ မည်သည့်အရာကိုမျှ မခံစားရသေးပါက၊ ပြဿနာတစ်ခုရှိနေပြီဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်နှစ်ကုန်လွန်သွားပါက၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တမ်းတခြင်းကင်းမဲ့သည်သာမက၊ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြလေသည်။

သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အခြားသရုပ်သကန်တစ်ခုမှာ ခရစ်တော်ကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ ခရစ်တော်ကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်းအကြောင်းကို ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင် သူ့ကို ၎င်းတို့ မထီမဲ့မြင်ပြုရန်အလို့ငှာ ခရစ်တော်သည် အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို နာကျင်စေခဲ့သလော သို့မဟုတ် ထိခိုက်စေခဲ့သလော၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် ဆန့်ကျင်သည့်အရာ တစ်ခုတလေကို လုပ်ဆောင်ခဲ့သလော။ သူသည် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတလေကို ထိခိုက်စေခဲ့သလော။ မထိခိုက်စေခဲ့ပေ။ ခရစ်တော်သည် ၎င်းတို့အပေါ် မည်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အာဃာတမျှ မထားရှိသည့်အပြင်၊ ၎င်းတို့သည် သူနှင့် ဆုံပင်မဆုံဖူးကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သူ့ကို မည်သို့ မထီမဲ့မြင်ပြုနိုင်မည်နည်း။ အကြောင်းရင်းခံမှာ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အနှစ်သာရ၌ တည်ရှိသည်။ သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အခြားသရုပ်သကန်တစ်ခုမှာ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုသည် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံးနှင့် ၎င်းတို့၏ နိယာမများ၊ အမျိုးမျိုးသော သက်ရှိအရာများနှင့် ၎င်းတို့၏ဘဝများကို အုပ်စိုးသော နိယာမများ၊ ပြီးလျှင် အဓိကအားဖြင့်၊ လူသားများဟုခေါ်သော ဤသက်ရှိသတ္တဝါများ၏ ဘဝများကို အုပ်စိုးသည့် အမျိုးမျိုးသော နိယာမများကဲ့သို့သော အမှုအရာမျိုးစုံကို ခြုံငုံသည်။ ဥပမာအားဖြင့်၊ လူ့ဘဝနှင့် အနီးစပ်ဆုံးဖြစ်သော မွေးဖွားခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပုံမှန်လူတို့၏ ခြေထောက်များသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အားနည်းလာသည်၊ ၎င်းတို့၏ ကျန်းမာရေး ကျဆင်းလာသည်၊ ၎င်းတို့၏ မျက်စိများ မှုန်လာသည်၊ ၎င်းတို့ နားထိုင်းလာသည်၊ ၎င်းတို့၏ သွားများ ယိုင်နဲ့လာပြီး၊ ၎င်းတို့သည် အသက်အရွယ်ကြီးရင့်လာမှုကို လက်ခံရမည်ဟု စဉ်းစားမိကြသည်။ ဘုရားသခင်သည် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး၊ မည်သူမျှ ဤသဘာဝနိယာမကို ဆန့်ကျင်၍မရနိုင်ပေ။ ပုံမှန်လူတို့သည် ဤအရာအားလုံးကို အသိအမှတ်ပြုပြီး လက်ခံနိုင်သည်။ သို့သော်လည်း လူတစ်ဦးသည် အချိန်မည်မျှကြာ အသက်ရှင်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ကိုယ်ခန္ဓာကျန်းမာရေး အခြေအနေ မည်မျှတာရှည်ခံသည်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည့် နည်းလမ်း၊ ၎င်းတို့ ယူသင့်သည့်နေရာနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည့် သဘောထားကဲ့သို့သော အချို့အရာများမှာ မပြောင်းလဲပေ။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့က အလျှော့အတင်းလုပ်ရန် ငြင်းဆန်ကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်က မည်သူနည်း။ ကျွန်ုပ် အသက်မကြီးနိုင်ပါ။ ကျွန်ုပ်သည် အချိန်တိုင်းတွင် သာမန်လူများနှင့် ကွဲပြားရမည်။ သင့်အတွက် ကျွန်ုပ် အသက်ကြီးသည့်ပုံပေါက်သလော။ သင်တို့ ဤအသက်အရွယ်တွင် အချို့အရာများကို မလုပ်နိုင်ကြတော့ပါ။ သို့သော် ကျွန်ုပ်လုပ်နိုင်သည်။ အသက်ငါးဆယ်ကျော်တွင် သင်တို့၏ ခြေထောက်များက အားနည်းကောင်း အားနည်းသွားနိုင်သော်လည်း၊ ကျွန်ုပ်၏ ခြေထောက်များမှာတော့ သွက်လက်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် အိမ်ခေါင်မိုးတစ်ခုမှတစ်ခုသို့ ခုန်ကူးခြင်းကိုပင် အလေ့အကျင့်ရှိသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင် စီမံထားသော ဤပုံမှန်နိယာမများကို အမြဲစိန်ခေါ်လိုကြသည်။ ထိုနိယာမများကို စဉ်ဆက်မပြတ် ချိုးဖောက်ရန် ကြိုးစားပြီး သာမန်လူများအဖို့ ၎င်းတို့က ကွဲပြားကြောင်း၊ ထူးခြားကြောင်းနှင့် သာလွန်မြင့်မြတ်ကြောင်း အခြားသူများကို ပြသကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤသို့ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိန်ခေါ်လိုပြီး သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ငြင်းပယ်လိုကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားရှုထောင့်တစ်ခုရှိသေးသည်။ ယင်းမှာ အန္တိခရစ်တို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အမှောင် စွမ်းအားများကို ကြည်ညိုကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ ရန်သူများဖြစ်ကြောင်းကို ဤအရာက ပို၍ပင် အတည်ပြုသည်။ အန္တိခရစ်တို့သည် စာတန်၏ အစိုးရစနစ်နှင့် ဒဏ္ဍာရီများတွင် ပြောဆိုကြသည့် နတ်ဆိုးများ၏ အမျိုးမျိုးသော စွမ်းရည်များ၊ ကျွမ်းကျင်မှုများနှင့် လုပ်ဆောင်ချက်များအပြင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အမှောင် စွမ်းအားများကို အလွန်အမင်း အထင်ကြီးလေးစားပြီး ကြည်ညိုကြသည်။ ဤအရာများအပေါ် ၎င်းတို့၏ ယုံကြည်မှုသည် ယိမ်းယိုင်နိုင်ခြင်းမရှိသည့်အပြင်၊ ၎င်းတို့သည် ထိုအရာများကို မည်သည့်အခါတွင်မျှ သံသယမဝင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်အမင်း မနှစ်မြို့ခြင်း ကင်းမဲ့သည်သာမက၊ ထိုအရာများအတွက် လေးစားမှု၊ ကြည်ညိုမှုနှင့် အားကျမှုတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်ထဲတွင်၊ ၎င်းတို့သည် ဤအရာများနောက် နီးကပ်စွာ လိုက်ကြသည်။ အန္တိခရစ်တို့သည် ဤကောက်ကျစ်ဆိုးယုတ်ပြီး အမှောင်မိုက်သော အရာများနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် ဤသို့သော သဘောထားမျိုးရှိသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို အလွန်အမင်း နှစ်မြို့ခြင်းမရှိဟု ဆိုလိုသည်မဟုတ်လော။ လုံးဝ ဟုတ်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်ပြီး အမှောင်မိုက်သော အရာများကို ချစ်သော မည်သူတစ်ဦးတလေက သမ္မာတရားကို မည်သို့ ချစ်နိုင်မည်နည်း။ ဤသူများသည် ဆိုးယုတ်သော အင်အားစုများနှင့် စာတန်၏ဂိုဏ်းဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်နှင့်ဆိုင်သောအရာများကို မယိမ်းမယိုင် ယုံကြည်ကြစဉ်တွင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအတွက် စက်ဆုပ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ဖြင့် ပြည့်နေသည်။ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဟူသည့် အချက်အပေါ် ငါတို့၏ အကျဉ်းချုပ်ကို ဤနေရာတွင် အနည်းနှင့်အများ အဆုံးသတ်ကြမည်။

ဂ။ ရက်စက်ကြမ်းကြုတ်ခြင်း

အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် နောက်ထပ် အစိတ်အပိုင်းတစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့ကို စကားစုတစ်ခုဖြင့် အကျဉ်းချုပ်နိုင်သည်။ အန္တိခရစ်တို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ၎င်းတို့တွင် အဆင့်အတန်းရှိသည့်အခါ၊ အန္တိခရစ်များဖြစ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့တွင် အဆင့်အတန်းမရှိသည့်အခါ၊ ၎င်းတို့ အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို သင်မည်သို့ အကဲဖြတ်နိုင်မည်နည်း။ ၎င်းတို့၏ လူ့သဘာဝကို သင် ကြည့်ရမည်။ ၎င်းတို့၏ လူ့သဘာဝသည် မလိုမုန်းထားတတ်လျှင်၊ မသိမသာ အန္တရာယ်ပေးတတ်ပြီး လူမဆန်အောင် ရက်စက်လျှင်၊ ၎င်းတို့သည် ရာနှုန်းပြည့် အန္တိခရစ်များ ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် အဆင့်အတန်းမရှိခဲ့ဖူးပါက၊ ခေါင်းဆောင်တစ်ဦး မဖြစ်ဖူးသည့်အပြင် ၎င်းတို့၏ လူ့သဘာဝက မကောင်းပါက၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦးလောဟူသည်ကို သင်မည်သို့ ဆုံးဖြတ်နိုင်မည်နည်း။ သင်သည် ၎င်းတို့၏ လူ့သဘာဝသည် လူမဆန်အောင် ရက်စက်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦး ဟုတ်မဟုတ်ဟူသည်တို့ကို သင် ကြည့်ရမည်။ ၎င်းသည် ဆိုးယုတ်သောလူတစ်ဦးဖြစ်ပါက၊ အဆင့်အတန်းမရှိလျှင်ပင်၊ ရာနှုန်းပြည့် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် နောက်ထပ် စံပြုလောက်သော သွင်ပြင်လက္ခဏာတစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် ခြင်္သေ့များ သို့မဟုတ် ကျားများက သားကောင်ကို အမဲလိုက်သည့် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် တူညီသလော။ (မတူညီပါ။) အသားစားသတ္တဝါများသည် ဆာလောင်သောကြောင့် အမဲလိုက်ခြင်းဖြစ်သည်၊ ယင်းမှာ ကိုယ်ခန္ဓာဆိုင်ရာ လိုအပ်ချက်တစ်ခုနှင့် ဗီဇတစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့ မဆာလောင်သည့်အခါ၊ အမဲလိုက်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် မည်သို့ကွာခြားသနည်း။ သင်က ၎င်းတို့ကို မဆွပါက အန္တိခရစ်တို့က ကြမ်းတမ်းလာခြင်းမရှိဘဲ၊ ၎င်းတို့ ဆွခြင်းခံရသည့်အခါမှသာ ကြမ်းတမ်းလာခြင်းမျိုးဖြစ်သလော။ သို့မဟုတ် သင်က ၎င်းတို့စကားကို နားမထောင်ပါက ၎င်းတို့က သင့်ကို ထိန်းချုပ်မည်မဟုတ်ဘဲ၊ သင်က နားထောင်မှသာ သင့်ကို ထိန်းချုပ်မည်ဟူ၍ ဖြစ်သလော။ သို့မဟုတ် သင်က ၎င်းတို့ကို နားထောင်နေသရွေ့ ၎င်းတို့က သင့်ကို ညှဉ်းဆဲမည်မဟုတ်ဘဲ၊ သင်က နားမထောင်သည့်အခါမှသာ သင့်ကို ညှဉ်းဆဲမည်ဟူ၍ ဖြစ်သလော။ (မဟုတ်ပါ။) အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်ခြင်းသည် စိတ်သဘောထားတစ်ခု၊ အနှစ်သာရတစ်ခုဖြစ်သည်။ ယင်းမှာ စစ်မှန်သော စာတန်ဆန်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ ယင်းမှာ ဗီဇတစ်ခုမဟုတ်သည့်အပြင်၊ ဇာတိပကတိ၏ လိုအပ်ချက်တစ်ခုလည်း မဟုတ်ဘဲ၊ ထို့ထက် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခုနှင့် ထူးခြားသော လက္ခဏာတစ်ရပ်သာ ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များ၊ ထုတ်ဖော်ခြင်းများနှင့် လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များထဲမှ မည်သည့်အရာက ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်ကြောင်း၊ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိကြောင်းကို ကိုယ်စားပြုသနည်း။ သင်တို့၏ အတွေးများကို မျှဝေကြလော့။ (၎င်းတို့သည် အခြားသူများကို ညှဉ်းဆဲကြသည်။) (၎င်းတို့သည် မိမိတို့နှင့်မတူသူများကို နှိပ်ကွပ်ပြီး ဖယ်ကြဉ်ကြသည်။) (၎င်းတို့သည် အခြားသူများကို အမှုဆင်ပြီး ထောင်ချောက်ဆင်ကြသည်။) (၎င်းတို့သည် လူတို့ကို ထိန်းချုပ်ပြီး ကြိုးကိုင်ခြယ်လှယ်ကြသည်။) (၎င်းတို့သည် ဂိုဏ်းများဖွဲ့ပြီး သွေးခွဲကြသည်။) ဂိုဏ်းများဖွဲ့ပြီး သွေးခွဲခြင်းသည် အနည်းငယ် မသိမသာ အန္တရာယ်ပေးတတ်သည်။ ဤအရာများသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန်များဖြစ်သော်လည်း၊ ရက်စက်ကြမ်းကြုတ်ခြင်းကို စံမမီပေ။ အယူအဆများကို ဖြန့်ဝေခြင်း၊ သီးခြား နယ်ပယ်များကို တည်ထောင်ခြင်းဟူသည့် ဤအရာများသည် ရက်စက်ကြမ်းကြုတ်သလော။ (ရက်စက်ကြမ်းကြုတ်ပါသည်။) အလုပ်အစီအစဉ်များကို ဆန့်ကျင်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းနှင့် ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်ခြင်းဟူသည့် ဤအရာများသည် ရက်စက်ကြမ်းကြုတ်သလော။ (ရက်စက်ကြမ်းကြုတ်ပါသည်။) ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းသည် လောဘကြီးခြင်းမျှသာမဟုတ်၊ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ အန္တိခရစ်တို့က ပူဇော်သက္ကာများကို သိမ်းပိုက်နိုင်ခြင်းသည် ဓားပြများနှင့် တန်းတူဖြစ်သော အလွန်ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ညွှန်ပြသည်။ ငါတို့ ယခုတင်အကျဉ်းချုပ်ခဲ့သော အချက်များကို ပြန်ပြောကြလော့။ (၎င်းတို့သည် အခြားသူများကို ညှဉ်းဆဲကြသည်၊ မိမိတို့နှင့်မတူသူများကို နှိပ်ကွပ်ပြီး ဖယ်ကြဉ်သည်။ ၎င်းတို့ကို အမှုဆင်ပြီး ထောင်ချောက်ဆင်သည်၊ လူတို့ကို ထိန်းချုပ်ပြီး ကြိုးကိုင်ခြယ်လှယ်သည်။ အယူအဆများကို ဖြန့်ဝေသည်၊ သီးခြားနယ်ပယ်များကို တည်ထောင်သည်၊ အလုပ်အစီအစဉ်များကို ဆန့်ကျင်သည်၊ ဘုရားသခင်ကို တိုက်ခိုက်ပြီး၊ ပူဇော်သက္ကာများကို သိမ်းပိုက်သည်။) စုစုပေါင်း ကိုးချက်ရှိပေသည်။ ဤအရာများသည် အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များ အနည်းနှင့်အများ ဖြစ်ကြသည်။ အမှန်တွင်၊ တိကျသော သရုပ်သကန်အချို့ ရှိနေသေးသော်လည်း၊ ၎င်းတို့သည် ဤအရာများနှင့် တစ်ထပ်တည်းဖြစ်လုနီးပါးဖြစ်သောကြောင့်၊ ယင်းတို့ကို ငါ အသေးစိတ် စာရင်းပြုစုလိမ့်မည်မဟုတ်။ တိုတိုပြောရလျှင်၊ ဤလုပ်နည်းကိုင်နည်းများနှင့် နည်းဗျူဟာများကို အသုံးပြုသူတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ တစ်ဖက်တွင်၊ ၎င်းတို့၏ လုပ်နည်းကိုင်နည်းများသည် မသိမသာအန္တရာယ်ပေးတတ်သည်။ ဥပမာအားဖြင့်၊ အမှုဆင်ခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် အယူအဆများကို ဖြန့်ဝေခြင်းတို့သည် အတော်ပင် မသိမသာ အန္တရာယ်ပေးတတ်သည်ချည်းသာ ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ၎င်းတို့၏ နည်းဗျူဟာများသည် အတော်ပင် လူမဆန်အောင် ရက်စက်ပြီး ကြမ်းတမ်းသည်။ ယင်းက ၎င်းတို့အား ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသူများအဖြစ် အရည်အချင်းပြည့်မီစေသည်။

အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာသုံးခုမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်တွင် အလုပ်လုပ်ပေးရန် ဆန္ဒရှိကြသလော။ (မရှိကြပါ။) ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြ၊ သမ္မာတရားကို မနှစ်သက်ကြသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုမှုဖြင့် ပြည့်နေသည်။ ၎င်းတို့သည် အခြေခံအကျဆုံး အရာများဖြစ်သည့် ဘုရားအိမ်တော်အတွက် အလုပ်လုပ်ပေးခြင်းနှင့် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းကိုပင် လုပ်ဆောင်ရန် လိုလားခြင်းမရှိကြပေ။ ဆိုလိုသည်မှာ၊ လူတစ်ဦးက ပုံမှန်လုပ်ဆောင်သင့်သည့်အရာကိုပင် ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ ထိုအရာကို ၎င်းတို့ မလုပ်ဆောင်နိုင်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ပုံမှန်အစီအစဉ်နှင့် ပုံမှန်အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်သည်၊ နှောင့်ယှက်ပြီး ပျက်စီးစေသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်၊ လူတို့၏ ပုံမှန်အသက်ဝင်ရောက်မှု၊ လူတို့အထဲ၌ ဘုရားသခင်၏ ပုံမှန်အမှုတို့ကို အဖျက်အမှောင့်လုပ်ကြသည်။ ထိုမျှသာမက၊ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အုပ်စိုးပြီး အာဏာကိုင်စွဲလိုကြသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေချင်ကြသည်၊ ဆွဲဆောင်ကာ ထိန်းချုပ်ချင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့၏ ကိုယ်ပိုင် သီးခြားနယ်ပယ်များနှင့် အုပ်စုများကို တည်ထောင်ချင်ကြပြီး၊ ဘုရားသခင်နောက်လိုက်သောသူတို့ကို ၎င်းတို့၏ နောက်လိုက်များအဖြစ် လုံးဝ ပြောင်းလဲပစ်ရန် ဆန္ဒရှိကြလေသည်။ သို့မှသာ ၎င်းတို့သည် အာဏာနှင့် သြဇာအာဏာကို ကိုင်စွဲခြင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိန်းချုပ်ခြင်းနှင့် ဘုရားသခင်နှင့် ရင်ဘောင်တန်းပြိုင်ဆိုင်ခြင်းတို့ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို စွမ်းဆောင်ရရှိနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်တွင် အန္တိခရစ်တို့ကို အသုံးပြုခြင်း၌ တန်ဖိုးတစ်ခုတလေ လုံးဝ ရှိသေးသလော။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ကောင်းသောလုပ်ငန်းဆောင်တာ တစ်ခုတလေကို လုံးဝ ဆောင်ရွက်ပေးနိုင်သေးသလော။ (မပေးနိုင်ပါ။) ၎င်းတို့၏ လူ့သဘာဝမှသည် ၎င်းတို့၏ လိုက်စားမှုများအထိ၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှသည် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအထိ၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို အကဲဖြတ်ကြည့်လျှင်၊ ဘုရားအိမ်တော်တွင် ထိုသို့သောလူတို့သည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ပျက်စီးစေခြင်းဟူသော လုပ်ငန်းဆောင်တာကိုသာ ဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့သည် အနည်းငယ်မျှသော အပြုသဘောဆောင်သည့် လုပ်ငန်းဆောင်တာကိုပင် မဆောင်ရွက်နိုင်ကြပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ မလိုက်စားကြသကဲ့သို့၊ ၎င်းတို့၏ သဘာဝ အနှစ်သာရထဲ၌ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ရန်လိုမှုဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။

ယခုတွင်မူ၊ ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းအား လုံးဝ ပြီးစီးပြီဖြစ်သည်။ ယနေ့တွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှတစ်ဆင့်၊ သင်တို့သည် အန္တိခရစ်တို့ကို ယခု ပိုင်းခြားသိမြင်နိုင်ကြပြီလော။ ယင်းကို အရှင်းဆုံးစကားစုဖြင့် အကျဉ်းချုပ်ရလျှင်၊ ဆိုးယုတ်သောလူတို့သည် အန္တိခရစ်များဖြစ်ကြပြီး၊ အန္တိခရစ်များသည် ဆိုးယုတ်သောလူများချည်းသာ ဖြစ်ကြသည်။ ဤသို့ပြောဆိုခြင်းအားဖြင့်၊ အမှုအရာများသည် သင်တို့အတွက် များစွာ ပို၍ရှင်းလင်းသွားသည် မဟုတ်လော။ ယခုအခါ ၎င်းတို့သည် ပို၍နားလည်ရန် လွယ်ကူသည်မဟုတ်လော။ လွန်ခဲ့သောနှစ်နှစ်တာအတွင်းတွင်၊ ငါတို့သည် အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရကို စဉ်ဆက်မပြတ် စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြပြီး၊ သင်တို့သည် သင်တို့ကိုယ်တိုင် အန္တိခရစ်တစ်ဦး ဖြစ်ကောင်းဖြစ်မည်ကို စိုးရိမ်လျက်၊ များစွာသော စစ်ဆေးခြင်းကို ကြုံခဲ့ရသည်။ ယခု၊ ရလဒ်က နောက်ဆုံးတွင် ထွက်ပေါ်လာပြီဖြစ်သည်။ ဖြစ်စဉ်သည် အတော်ပင် ခက်ခဲခဲ့သော်လည်း၊ နောက်ဆုံးရလဒ်က ကောင်းမွန်သည်။ သင်တို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသော်လည်း၊ အန္တိခရစ်တစ်ဦး မဟုတ်ကြပေ။ သင်တို့သည် ဤသိနားလည်မှုကို မည်သို့ ရရှိခဲ့သနည်း။ ငါ့မိတ်သဟာယ၏ မည်သည့် စာကြောင်းတစ်ကြောင်းက သင်တို့ကို ဤအရာအား သဘောပေါက်စေခဲ့သနည်း။ (ပြီးခဲ့သည့်တစ်ခေါက်၊ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်၊ စိတ်သဘောထား အနှစ်သာရနှင့် အခြားလူတို့၏ ကိုယ်ကျင့်စရိုက်၊ စိတ်သဘောထား အနှစ်သာရတို့ကြား ခြားနားချက်အပေါ် ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့်၊ ကျွန်ုပ်တို့ အနည်းငယ် နားလည်လာခဲ့ပါသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့သည် မကောင်းမှုပြုပြီးနောက် နောင်တရပြီး ပြောင်းလဲနိုင်စဉ်တွင်၊ အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရကို ပိုင်ဆိုင်သူတို့မှာမူ စွဲမြဲခိုင်မာစွာဖြင့် နောင်တမရကြသည့်အပြင်၊ ၎င်းတို့ မကောင်းမှု မည်မျှပင် ကျူးလွန်သည်ဖြစ်စေ မည်သည့်အရာကိုမျှ မခံစားရပါ။) လူတို့တွင် အန္တိခရစ်တို့၏ စိတ်သဘောထားဆိုင်ရာ ထုတ်ဖော်ခြင်းအချို့ ရှိကြသော်လည်း၊ ဤအရာများသည် တမင်တကာမဟုတ်သည့်အပြင် ၎င်းတို့၏ တက်ကြွသောဆန္ဒမှ လာခြင်းမဟုတ်ပေ။ ဤထုတ်ဖော်ခြင်းများက ပေါ်လွင်သွားသည့်အခါ၊ လူတို့သည် မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်း၊ နောင်တရခြင်းနှင့် ဘုရားသခင်ကို အကြွေးတင်သည့်စိတ်တို့ကို ခံစားရပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ လမ်းကြောင်းကို တဖြည်းဖြည်း ပြောင်းပြန်လှန်နိုင်ကြသည်။ လူတို့သည် ဤအချက်ကို နားလည်သည့်အခါ၊ ၎င်းတို့သည် များစွာပို၍ စိတ်သက်သာရာရပြီး၊ ၎င်းတို့အတွက် ကယ်တင်ခြင်းခံရရန် အခွင့်အလမ်းရှိနေသေးကြောင်းနှင့် ၎င်းတို့က အန္တိခရစ်များ မဟုတ်ကြောင်းကို တွေ့ရှိကြသည်။ ၎င်းတို့သည် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် အနည်းငယ် ဆက်စပ်မှုရှိသော်လည်း၊ ကံကောင်းထောက်မစွာပင်၊ ၎င်းတို့သည် အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့် ဆက်စပ်မှုမရှိပေ။ သင်သည် ဆိုးယုတ်သောလူတစ်ဦး မဟုတ်သရွေ့၊ အန္တိခရစ်တစ်ဦး မဟုတ်ပေ။ သို့သော် ယင်းက သင်သည် အန္တိခရစ်တို့၏ စိတ်သဘောထားမရှိဟု ဆိုလိုသလော။ (မဟုတ်ပါ။) ယခု လူတိုင်းတွင် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသည်ဟု ငါပြောသည့်အခါ၊ သင်တို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံလုပ်ခြင်းကို ခံစားရသေးသလော။ (မခံစားရပါ။) အတိုက်အခံလုပ်ခြင်းကို သင်တို့ မခံစားရပေ။ သင်တို့သည် ဤအမှန်တရားကို ယခု လက်ခံနိုင်ကြပေသည်။ အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်များကို အကျဉ်းချုပ်ပြလော့။ (အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ ၎င်းတို့သည် သမ္မာတရားကို မုန်းတီးကြပြီး၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံမည်မဟုတ်ပါ။) ဤသည်မှာ အနှစ်သာရနှင့် သက်ဆိုင်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ရန်လိုကြသည်။ အချို့လူတို့သည် သမ္မာတရားကို မလိုက်စားကြသော်လည်း၊ ရန်မလိုကြဘဲ၊ ဘုရားသခင်ပြောသမျှအားလုံးက မှန်ကန်ပြီး ကောင်းမွန်သည်ဟုလည်း တွေးထင်ကြကာ၊ ယင်းကို လေးစားပြီး လိုက်စားလိုကြသည်။ သို့သော် ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိကာ လမ်းကြောင်းကင်းမဲ့ကြသည်။ အခြားသူတို့မှာမူ သမ္မာတရားကို စိတ်မဝင်စားကြသော်လည်း၊ ထိုသမ္မာတရားကို ရန်မလိုကြပေ။ ၎င်းတို့သည် မပူမအေး အမျိုးအစား ဖြစ်ကြသည်။ သို့သော်လည်း အန္တိခရစ်တို့မှာမူ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ရန်လိုကြသည်။ သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ဖော်ပြသည့်အခိုက်အတန့်တွင်၊ ၎င်းတို့သည် မုန်းတီးခြင်းကို ခံစားရပြီး၊ ၎င်းတို့ကို သမ္မာတရား လက်ခံစေရန် ကြိုးစားခြင်းက ၎င်းတို့ကို မူမမှန်ဖြစ်သွားစေသည်။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ မနှစ်မြို့ခြင်းကို ခံစားရပြီး၊ ထိုသမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ (အန္တိခရစ်တို့သည် မည်သည့်အမှားကိုပင် လုပ်သည်ဖြစ်စေ စွဲမြဲခိုင်မာစွာဖြင့် နောင်တမရကြသည့်အပြင်၊ သမ္မာတရားကို လုံးဝလက်တွေ့လုပ်ဆောင်မည်မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့၏ အမှားများကို အသိအမှတ်ပြုမည်မဟုတ်၊ လုံးဝ နောင်တမရကြသည့်အပြင်၊ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြောင်းလဲမည်မဟုတ်ပေ။ ဘုရားသခင်က သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ ထို့ကြောင့် သမ္မာတရားကို မည်သို့ ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြမည်နည်း။ ၎င်းတို့တွင် လူ့သဘာဝကင်းမဲ့သည်။ ၎င်းတို့သည် လူသားမဟုတ်၊ နတ်ဆိုးများ၊ စာတန်များ၊ ဘုရားသခင်၏ ရန်သူများဖြစ်ကြသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ကြမည် မဟုတ်ပေ။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။