ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁) အခန်း သုံး
အချက်နှစ်- လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးခြင်း (အပိုင်း ၁)
အယောင်ဆောင်ခေါင်းဆောင်များသည် လူအမျိုးမျိုး၏ အခြေအနေများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြ
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒုတိယတာဝန်ဝတ္တရားမှာ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ရန်နှင့် ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးရန် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်ကို မည်သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဤအလုပ်အတွက် အရည်အချင်းပြည့်မီကြသလော။ ဤအချက်ကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြပါစို့။ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းဟူသည့် ဤသည်ကို မည်သည့်အခြေခံအုတ်မြစ်အပေါ်တွင် ဖြစ်မြောက်အောင်မြင်စေသနည်း။ ယင်းကို လူအမျိုးမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းဟူသည့် အခြေခံအုတ်မြစ်အပေါ်တွင် ဖြစ်မြောက်အောင်မြင်စေသည်။ လူအမျိုးမျိုး၏ အခြေအနေများကို သဘောပေါက်ရန်၊ လူတစ်ဦးသည် ရှေးဦးစွာ လူတို့၏ အမျိုးမျိုးသော အခြေအနေများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရမည်ဖြစ်ပြီး ယင်းတို့ကို မိမိတို့ကိုယ်နှင့် နှိုင်းယှဉ်ချိန်ဆနိုင်ရမည်ဖြစ်သည်။ ဘုရားသခင်က ဖော်ထုတ်သည့် စိတ်သဘောထားအမျိုးအစားမှာ မည်သည့်လူစားမျိုးကို ရည်ညွှန်းသည်၊ ၎င်းတို့၏ လူ့သဘာဝမှာ မည်သို့ရှိသည်၊ ၎င်းတို့တွင် မည်သို့သော သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများ ရှိသည်၊ ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို ဆိုလိုသည်၊ ဤအခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် လူတစ်ဦးသည် လူအမျိုးမျိုးတို့၏ အခြေအနေများကို ပိုင်နိုင်စွာ သိရှိနားလည်နိုင်သည်။ သို့ဖြစ်၍ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် ရှေးဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်းဟူသည့် အခြေခံအုတ်မြစ်အပေါ်တွင် ဖြစ်မြောက်အောင်မြင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ၊ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့် လူအမျိုးမျိုးနှင့်ပတ်သက်သော ရှုပ်ထွေးသည့် သမ္မာတရားများအပြင် ဖော်ထုတ်ထားသည့် အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများကို ၎င်းတို့ နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ၎င်းတို့သည် နားမလည်ကြ၊ ဤနေရာတွင် ပါဝင်သည့် ဆက်နွှယ်မှုများကို မသိကြ၊ ပါဝင်သည့် သမ္မာတရားများကိုလည်း မသိကြပေ။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိသောကြောင့် ဤအလွန်အရေးပါပြီး အရေးကြီးသော ကိစ္စရပ်ဖြစ်သည့် လူအမျိုးမျိုး၏ အခြေအနေများကို သဘောပေါက်ခြင်းသည် အယောင်ဆောင် ခေါင်းဆောင်များအတွက် အလွန် ဒုက္ခပေးပြီး ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။
အယောင်ဆောင် ခေါင်းဆောင်များသည် လူအမျိုးမျိုး၏ အခြေအနေများကို မည်သို့ သဘောပေါက်ကြသနည်း။ ၎င်းတို့က “ဤလူသည် စိတ်အားထက်သန်သည်၊ ထိုသူသည် စိတ်သဘောထားသေးသိမ်သည်၊ ဤသူသည် အဝတ်အစားလှလှများ ဝတ်ဆင်ခြင်းကို နှစ်သက်သည်၊ ထိုသူသည် ယုံကြည်ခြင်းအနည်းငယ်သာရှိသည်...” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ဤအပေါ်ယံဖြစ်စဉ်များကိုသာ ကြည့်ကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် တစ်စုံတစ်ဦး၏ သဘောထားမှာ အမှန်တကယ် မည်သို့ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ အမှန်တကယ် မည်သို့ရှိသည်ကိုလည်းကောင်း မသိကြပေ။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးသည် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် တက်ကြွသော်လည်း ၎င်းတို့၏ မိသားစု အခက်အခဲများနှင့် သံယောဇဉ်များက ၎င်းတို့၏ တာဝန်များ၏ရလဒ်ကို သက်ရောက်မှုရှိသည်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသည်ကိုမြင်သည့်အခါ “ဤလူသည် မယုံကြည်သူတစ်ဦးဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏မိသားစုမှ ခွဲထွက်၍မရနိုင်။ ၎င်းတို့သည် မိမိတို့၏ကလေးများအကြောင်း အမြဲတမ်း တွေးတောနေသည်။ ၎င်းတို့တွင် အိမ်၌ စုဆောင်းငွေများရှိသော်လည်း ပူဇော်ဆက်ကပ်ခြင်း မရှိကြပေ။ ထို့ကြောင့် ဤလူသည် အလွန်ဒုက္ခပေးသူဖြစ်ပြီး အနာဂတ်တွင် အရေးကြီးသော အလုပ်များအတွက် အသုံးပြု၍မရနိုင်” ဟုဆိုလျက် ၎င်းတို့ကို မှားယွင်းစွာ သမုတ်လိမ့်မည်။ အမှန်တကယ်တွင် ဤလူ၏ကိစ္စမှာ မဆိုးရွားပါ၊ ယင်းမှာ ၎င်းသည် ဘုရားသခင်ကို ယုံကြည်ခဲ့သည့်အချိန်မှာ အချိန်တိုခဏသာ ရှိသေးပြီး သမ္မာတရားကို အပေါ်ယံဆန်သော နားလည်မှုရှိသောကြောင့် အမှုအရာများစွာကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသောကြောင့်သာ ဖြစ်သည်။ ၎င်းသည် မိမိ၏မိသားစုနှင့် ကလေးများကို မည်သို့ချဉ်းကပ်ရမည်ကို သို့မဟုတ် မိမိ၏ပိုင်ဆိုင်မှုများကို မည်သို့ကိုင်တွယ်ရမည်ကို မသိပေ။ ၎င်းသည် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းကာလတွင် ရှိနေဆဲဖြစ်ပြီး တိကျသော စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်နည်းများကို မတွေ့ရှိသေးပေ။ ၎င်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်မှုရှိသော်လည်း မိသားစု ရှုပ်ထွေးမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းသည် ယာယီအားဖြင့် အနည်းငယ်အားနည်းပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်အားထက်သန်မှု သိပ်မရှိပေ။ သို့သော် ၎င်းသည် အသင်းတော်က ၎င်းအား ပေးအပ်သည့်အလုပ်ကို စိတ်ရင်းမှန်ဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်၊ ယင်းမှာ လူအများစု မလုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ၎င်း၏ အစွမ်းအစ၊ လူ့သဘာဝနှင့် သမ္မာတရားအပေါ် ၎င်း၏ သဘောထားတို့မှ အကဲဖြတ်ရလျှင် ၎င်းသည် လူကောင်းတစ်ဦးဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့မမြင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သောကြောင့်လည်းကောင်း၊ တစ်စုံတစ်ဦး၏ သဘာဝအနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ တစ်စုံတစ်ဦးရှိနေသည့် အခြေအနေမှာ ၎င်းတို့၏ သဘာဝအနှစ်သာရကြောင့်လော သို့မဟုတ် ယာယီအားနည်းခြင်းကြောင့်လော၊ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု၏ ကိစ္စရပ်တစ်ခုလော ဆိုသည်ကိုဖြစ်စေ တိုင်းတာရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စံတစ်ခုအဖြစ် မည်သို့အသုံးပြုရမည်ကို မသိသောကြောင့်လည်းကောင်း ဖြစ်သည်၊ ၎င်းတို့သည် ဤအရာများကို မတိုင်းတာနိုင်ကြပေ။ ဤလူစားမျိုး ကြုံတွေ့ရသည့် အခက်အခဲများမှာ လက်တွေ့ဘဝတွင် ဖြစ်ပေါ်ပြီး အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရာများဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤကိစ္စမျိုးများကို ကိုင်တွယ်နိုင်သလော။ ၎င်းတို့သည် ဤလူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) အကြောင်းမှာ အယောင်ဆောင် ခေါင်းဆောင်များသည် လူအမျိုးမျိုး၏ အခြေအနေများကို တိကျစွာ သဘောမပေါက်နိုင်သောကြောင့်လည်းကောင်း၊ လူအမျိုးမျိုး၏ သဘာဝအနှစ်သာရ၏ ကောင်းခြင်းနှင့် ဆိုးခြင်းကို တိကျစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့်လည်းကောင်း ၎င်းတို့သည် လူအမျိုးမျိုး၏ အခက်အခဲများနှင့် ပြဿနာများကိုလည်း တိကျစွာ မဖြေရှင်းပေးနိုင်ကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် စိတ်အားထက်သန်မှုကိုသာ အားကိုးလျက် လှည့်လည်သွားလာပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်ကာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ညံ့ဖျင်းသော အစွမ်းအစရှိပြီး သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သူတို့ကို ပျိုးထောင်ရန် အဓိကပစ်မှတ်များအဖြစ် မှတ်ယူကြပြီး ဤလူများ အခက်အခဲများနှင့် ကြုံတွေ့သည့်အခါ ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးရန် မိတ်သဟာယဖွဲ့ကြသည်။ သို့သော် အစွမ်းအစနှင့် လူ့သဘာဝကောင်း အမှန်တကယ် ရှိသူတို့အတွက်မူ ၎င်းတို့ အခက်အခဲများနှင့် ကြုံတွေ့ပြီး အနည်းငယ် အားနည်းသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို မည်သို့ ဖြေရှင်းပြီး ကိုင်တွယ်ကြသနည်း။ ဤလူများ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး ၎င်းတို့သည် အမှန်တကယ်တွင် အနည်းငယ်မျှသာ အားနည်းသည့်အခါ အခြေအနေအရ ၎င်းတို့ကို ထောက်ပံ့ပြီး ကူညီသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့အား မိတ်သဟာယ ဖွဲ့သင့်သည်။ ၎င်းတို့ကို တစ်ချက်တည်းဖြင့် အပြီးတိုင် မပယ်ချသင့်သကဲ့သို့ သမုတ်ခြင်းမှာ သာ၍ပင် မပြုသင့်ပေ။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ထိုသို့သောလူများ၏ အခက်အခဲများကို မည်သို့ ဖြေရှင်းကြသနည်း။ ၎င်းတို့က “ဘုရားသခင်၏အလုပ်သည် ထိုသို့သောအဆင့်သို့ ရောက်နေပြီဖြစ်သည့်တိုင် သင်သည် သင်၏ခင်ပွန်း၊ သင်၏ကလေးများကို ဖက်တွယ်နေဆဲဖြစ်သည်၊ သင်သည် သင်၏ကလေးများကို တက္ကသိုလ်တက်ပြီး ၎င်းတို့၏အလားအလာများကိုပင် လိုက်စားခိုင်းသည်။ ဘေးအန္တရာယ်များ တစ်နေ့တခြား ပြင်းထန်လာသည်နှင့်အမျှ ဤလောကတွင် အလားအလာများ ရှိသေးသလော။ သင်သည် ကိုယ့်အသက်ကိုယ်ပင် မစောင့်ရှောက်နိုင်၊ ထိုအရာများကို သင်မည်သို့ ဂရုစိုက်နိုင်မည်နည်း။ ဘုရားသခင်၏အလုပ်သည် ပြီးဆုံးလုနီးပြီ၊ အချိန်မှာ အရေးကြီးလိုက်လေခြင်း။ သင်သည် သင်၏ကိုယ်ကို လုံးလုံးလျားလျား မဆက်ကပ်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုနိုင်သေးသလော။ သင်သည် လူတစ်ဦး ဟုတ်ပါသေးသလော” ဟု ပြောဆိုကြသည်။ ဤသည်မှာ ဤလူတို့၏ အခက်အခဲများအကြောင်း အမှန်တကယ် ဟုတ်ပါသလော။ (မဟုတ်ပါ။) ဤလူများ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ် အားနည်းရသည့်အကြောင်းရင်းမှာ ၎င်းတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကြောင့်သာဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့် သို့မဟုတ် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် မလိုလားသောကြောင့် မဟုတ်ပေ။ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်များ ပြောဆိုသည့်အရာမှာ ၎င်းတို့၏ အခြေအနေနှင့် မကိုက်ညီပေ၊ ယင်းမှာ ၎င်းတို့၏ အခြေအနေ၏ အဓိကအချက် သို့မဟုတ် အချက်အချာကို သဘောမပေါက်ဘဲ ၎င်းတို့ အမှန်တကယ် မည်သို့တွေးတောနေသည်၊ ၎င်းတို့သည် မည်သို့သော လူစားမျိုးဖြစ်သည်၊ ၎င်းတို့၏အခက်အခဲများကို ဖြေရှင်းရန် ၎င်းတို့ကို မည်သို့ လမ်းညွှန်ပြီး ကူညီသင့်သည်ကို သဘောမပေါက်ဘဲ မှားယွင်းစွာ သမုတ်ခြင်း ဖြစ်ရပ်တစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို မသိကြပေ။ သို့ဆိုလျှင် ထိုသို့သောကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ မည်သို့ ဖြေရှင်းသင့်သနည်း။ သင်က ဤသို့ပြောနိုင်သည်၊ “သင်ရင်ဆိုင်နေရသည့် ကိစ္စရပ်မှာ လူများစွာ ကြုံတွေ့ရသည့် ပြဿနာတစ်ခုဖြစ်သည်။ မိမိတို့၏မိသားစုများကို အမှန်တကယ် စွန့်ခွာနိုင်ပြီး ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိတို့ကိုယ်ကို အသုံးခံနိုင်သူတို့သည် စိတ်လိုက်မာန်ပါ ပြုမူနေခြင်း မဟုတ်ဘဲ အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် လုံလောက်သော သမ္မာတရားကို နားလည်ပြီးဖြစ်ကာ မိမိတို့၏မိသားစုမှ လွတ်မြောက်ရန်၊ ဘုရားသခင်၏ အိမ်တော်တွင် စိတ်နှလုံးအကြွင်းမဲ့ အသုံးခံရန် စစ်မှန်သော စိတ်ပိုင်းဖြတ်မှုရှိကြပြီး ၎င်းတို့သည် နောက်ပိုင်းတွင် နောင်တရမည်မဟုတ်ကြောင်း အာမခံနိုင်သည်။ ၎င်းတို့သည် အားလုံးကို စဉ်းစားပြီးဖြစ်သည်။ ထို့အပြင် ဤကာလအတွင်း ၎င်းတို့သည် ပြင်ဆင်မှုအတွက်နှင့် ရှေ့ဆက်ရန်လမ်းဖွင့်ပေးရန် ဘုရားသခင်ထံ ဆုလည်းတောင်းကြပြီး တစ်ချိန်တည်းမှာပင် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ဆက်လက်ပြင်ဆင်ကာ မိမိတို့ကိုယ်ကို သမ္မာတရားများ ပိုမိုနားလည်စေပြီး အရာရာကို ဘေးဖယ်ထား၍ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိတို့ကိုယ်ကို အသုံးခံရန် ပိုမိုသောယုံကြည်ခြင်းရှိစေသည်။ ဤသည်မှာ အချိန်၊ ဆုတောင်းခြင်းအပြင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အစီအစဉ်များကို လိုအပ်သည်မှာ ပြောစရာမလိုပေ။ သင်၌ ဤစိတ်ပိုင်းဖြတ်မှုရှိလျှင် မစိုးရိမ်နှင့်။ ဘုရားသခင်ထံ ဆုတောင်းပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းလော့၊ ဘုရားသခင်သည် သင့်အတွက် အစီအစဉ်များ ပြုလုပ်ပေးလိမ့်မည်။ သင်၏ဆုတောင်းချက်များနှင့် သင်၏စိတ်ပိုင်းဖြတ်မှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပြီး ဘုရားသခင်၏ အသိအမှတ်ပြုမှုကို လက်ခံရရှိလျှင်၊ သင်သည် အသင့်ဖြစ်နေပြီး ဘုရားသခင် မည်သို့ပင်ပြုလုပ်စေကာမူ သင်သည် ကျိုးနွံနာခံပြီး နောင်တမရလျှင် ဘုရားသခင်သည် သင့်အတွက် လမ်းတစ်ခုကို သေချာပေါက် ဖွင့်ပေးလိမ့်မည်။ ဤကာလအတွင်း လူတို့လုပ်ဆောင်သင့်သည့်အရာမှာ ပြင်ဆင်ပြီး စောင့်ဆိုင်းရန်ဖြစ်သည်၊ ၎င်းတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်နှင့် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှုကို တဖြည်းဖြည်း ကြီးထွားစေရန်ဖြစ်သည်။ ဘုရားသခင်က ပတ်ဝန်းကျင်အမျိုးမျိုးကို စီစဉ်ဖွဲ့စည်းသည့်အခါ သင်သည် မည်သည့်ညည်းညူမှုမျှမရှိဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရွေးချယ်နိုင်လျှင် ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု ရှိခြင်းဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြုလုပ်စေကာမူ သို့မဟုတ် ကိုယ်တော် မည်သို့ပင်စီစဉ်စေကာမူ သင်သည် ကျိုးနွံနာခံနိုင်လိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤသို့သော လမ်းညွှန်မှုမျိုးကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) တစ်ဖက်တွင် သင်သည် သင်၏တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနေသည်၊ လူတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ကူညီနေသည်၊ တစ်ချိန်တည်းမှာပင် သင်သည် ၎င်းတို့ကို ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်ထက်ကျော်လွန်၍ အတင်းအကျပ်မပြုဘဲ ၎င်းတို့၏ လက်တွေ့အခြေအနေအရ ၎င်းတို့ကို ဆက်ဆံနေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြဿနာများကို ဖြေရှင်းနေခြင်း မဟုတ်လော။ ဤသည်မှာ လူတို့ လက်တွေ့ဘဝတွင် ရင်ဆိုင်ရသည့် အခက်အခဲများကို ၎င်းတို့၏ အခြေအနေအပေါ်အခြေခံ၍ ဖြေရှင်းနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အချို့လူများသည် အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်ယူစိတ် စိုးစဉ်းမျှမရှိပေ၊ ၎င်းတို့သည် အရာရှိဟန် အမြဲဖမ်းပြီး မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်၍ မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိသည့်အပြင် အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေသော်လည်း အပြစ်ရှိသလို စိုးစဉ်းမျှ မခံစားရပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ထိုသို့သောအခြေအနေကို မြင်သောအခါ ပြဿနာကို ကိုင်တွယ်ပြီး ဖြေရှင်းရန် စတင်လုပ်ဆောင်ပြီး “ဤလူသည် ဤအလုပ်တွင် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ သူ့နေရာတွင် အစားထိုးရန် အတော်အတန် သင့်တော်သည့်သူ တစ်ဦးမျှ မရှိဟု ထင်ရသည်၊ ထို့ကြောင့် သူ၏ အခက်အခဲများကို ဖြေရှင်းပေးရန် ကျွန်ုပ်တို့ သူ့နှင့် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်” ဟု ဆိုလေသည်။ မိတ်သဟာယဖွဲ့နေစဉ်အတွင်း ဤလူသည် သူ၏တာဝန်ကို လုံးဝထမ်းဆောင်လိုခြင်း မရှိကြောင်း အယောင်ဆောင်ခေါင်းဆောင်က သိရှိသွားသည်။ သူသည် လောကီအမှုအရာများကို လိုက်စားလိုသည်၊ သူ၏အသက်မွေးဝမ်းကျောင်းအလုပ်မှ ငွေရှာပြီး ကောင်းမွန်သော ဘဝဖြင့် နေထိုင်လိုသည်၊ မိမိ၏ တာဝန်ထမ်းဆောင်ခိုင်းခြင်းကို သူ့အပေါ် အလွန်အကျွံ တောင်းဆိုခြင်းဖြစ်သည်ဟု သူယူဆသည်။ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ခြင်းသည် နေ့စဉ်အလုပ်များရမည်ကို ဆိုလိုသည်ဟုလည်းကောင်း၊ သူ၏ တစ်ကိုယ်ရေ မိသားစုဘဝကို ဖျက်ဆီးရုံသာမက မိသားစုဝင်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် မဖြစ်နိုင်အောင်လည်း ပြုလုပ်သည်ဟုလည်းကောင်း၊ မိမိ၏တာဝန်ထမ်းဆောင်စဉ် စည်းမျဉ်းများကို ချိုးဖောက်ပါက ပြုပြင်ခြင်းကို ခံရမည်ဖြစ်သည်ဟုလည်းကောင်း သူခံစားရလေသည်။ ထိုသို့သောဘဝသည် အလွန်ခါးသီးသည်ဟု သူမြင်ပြီး ထိုသို့သောအသက်တာဖြင့် အသက်မရှင်လိုပေ။ ပြဿနာမှာ ရှင်းလင်းနေသည်။ သူ၏အပြုအမူက သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်က ယင်းကို မည်သို့ကိုင်တွယ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်က “ဤလူသည် ဘာသာတရားမရှိသူများထဲတွင် အရည်အချင်း ရှိသူတစ်ဦးဖြစ်သည်၊ သူ့ကဲ့သို့ လူတစ်ဦးကို ရှာတွေ့ရန် မလွယ်ကူပေ။ သူ၏အခြေအနေမှာ ပြဿနာရှိလာပြီ၊ ဤအရာကို ဖြေရှင်းပေးရန် သူ့ကိုကူညီဖို့၊ သူနှင့်မိတ်သဟာယဖွဲ့ဖို့ ကျွန်ုပ်၏လက်ထဲရှိ အလုပ်အများဆုံးအလုပ်ကို အလျင်အမြန် ဘေးဖယ်ထားရန် လိုအပ်သည်။ မည်သို့ဖြေရှင်းမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ တန်ခိုးအကြီးဆုံးဖြစ်သည်၊ ပထမဦးစွာ သူ၏တာဝန်ကို မထမ်းဆောင်လိုခြင်းကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို သူ့အား ကျွန်ုပ်ဖတ်ပြမည်” ဟု တွေးသည်။ အယောင်ဆောင်ခေါင်းဆောင်က သူ့အား “ယခုအခါ ဘေးအန္တရာယ်များ ဆိုက်ရောက်လာပြီ ဖြစ်သောကြောင့် လူတို့သည် ကောင်းမွန်သောဘဝများဖြင့် နေထိုင်နိုင်တော့မည်မဟုတ်။ သင်သည် အသက်မွေးဝမ်းကျောင်း အလုပ်မှတစ်ဆင့် ငွေရှာလိုသေးပြီး ရိုးရှင်းသော မိသားစုဘဝဖြင့် နေထိုင်လိုသေးသည်၊ သို့သော် မကြာမီ လောကတစ်ခုလုံး ဖရိုဖရဲဖြစ်သွားမည်ဖြစ်ပြီး ရိုးရှင်းသောမိသားစုများ ရှိတော့မည်မဟုတ်ပေ။ သင်သည် ဤအရာများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသလော။ သင်သည် ဘုရားသခင်ထံ ပို၍ဆုတောင်းရန် လိုအပ်သည်။ ဘုရားသခင်ထံ ဆုတောင်းခြင်းက သင့်ကို ယုံကြည်ခြင်းပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍စားသောက်ရန်လည်း လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်အနည်းငယ် စားသောက်ပြီးနောက် သင်၏ပြဿနာမှာ ပြေလည်သွားလိမ့်မည်” ဟု ပြောသည်။ ထို့နောက် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ငါးပိုဒ် သို့မဟုတ် ဆယ်ပိုဒ်ကို ရှာဖွေပြီး သူ့အား ဖတ်ပြကာ မိတ်သဟာယဖွဲ့သည်။ ထိုလူက “မိတ်သဟာယဖွဲ့ခြင်း တော်ပါတော့။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်အားလုံးကို ကျွန်ုပ်နားလည်သည်၊ သင့်ထက် ကျွန်ုပ်က ပို၍ ပညာတတ်သည်။ ကြွားလုံးမထုတ်နှင့်” ဟု တုံ့ပြန်သည်။ တစ်နေ့လုံး မိတ်သဟာယဖွဲ့သော်လည်း မည်သည့်အရာမျှ မဖြေရှင်းခဲ့ပေ။ အယောင်ဆောင်ခေါင်းဆောင်က “ငါသည် အသင်းတော်အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးပြီ၊ သင်၏ပြဿနာကို ငါ မဖြေရှင်းနိုင်စရာ အကြောင်းမရှိဟု ယုံကြည်သည်” ဟု မိမိဘာသာ တွေးလေသည်။ ညနေပိုင်းတွင် သူသည် အလျင်အမြန် ဆက်လက်၍ မိတ်သဟာယဖွဲ့လေသည်၊ “သင်သည် ဘုရားသခင်ကို ချစ်ပြီး ဝတ်ပြုကိုးကွယ်ရန် လိုအပ်သည်။ သင်သည် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာရန် မျှော်လင့်ချက်ရှိသည်။ ဤတာဝန်သည် အလွယ်တကူရနိုင်သည်မဟုတ်၊ သင်သည် ဤအခွင့်အရေးကို တန်ဖိုးထားရမည်၊ အကြောင်းမှာ သင်လွဲချော်သွားပါက မည်သည့်အခါမျှ နောက်ထပ်အခွင့်အရေး ရှိတော့မည်မဟုတ်သောကြောင့် ဖြစ်သည်။ သင်၏ အစွမ်းအစနှင့် အခြေအနေများက အလွန်ကောင်းမွန်နေသဖြင့် သင်၏တာဝန်ကို မထမ်းဆောင်ခြင်းက နှမြောစရာ မကောင်းပေဘူးလော။ သင်ကဲ့သို့ ပင်ကိုစွမ်းရည်ရှိသူတစ်ဦးသည် ဘုရားအိမ်တော်၌ ရာထူးတိုးမြှင့်ပြီး အသုံးပြုခြင်းကို ခံရသင့်သည်၊ သင်သည် ဤနေရာတွင် ကြီးမားသော အလားအလာများ ရှိပါတကား” ဟူ၍ ဖြစ်သည်။ ထိုလူက “စကားဆက်မပြောနှင့်တော့။ အကယ်၍ ကျွန်ုပ်ကို ကျွန်ုပ်၏ တာဝန်ထမ်းဆောင်ခိုင်းပါက ကျွန်ုပ်၏သဘောထားမှာ အတူတူပင်ဖြစ်နေမည်။ ကျွန်ုပ်ကို ထမ်းဆောင်ခွင့်မပြုပါက ကျွန်ုပ် ချက်ချင်းထွက်သွားမည်။ ကျွန်ုပ် ဤနေရာတွင် နေရန် အသနားခံနေခြင်း မဟုတ်” ဟု ဆိုသည်။ အယောင်ဆောင်ခေါင်းဆောင်သည် သူ၏စကား အကုန်အစင်ကို အသုံးပြုသော်လည်း ဤလူကို မဖျောင်းဖျနိုင်ချေ သို့မဟုတ် သူ၏ပြဿနာကို မဖြေရှင်းနိုင်ပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဤလူ၏ အနှစ်သာရပိုင်းဆိုင်ရာ ပြဿနာမှာ အဘယ်အရာဖြစ်သည်ကို သူ ထိုးထွင်းမမြင်သောကြောင့် ဖြစ်သည်။ ဤလူသည် သူ၏တာဝန်ကို ထမ်းဆောင်သောအခါ စိတ်ရှိတိုင်း ဝတ်ကျေတမ်းကျေလုပ်သည်၊ စိတ်ရှိတိုင်း လိမ်လည်သည်၊ စိတ်ရှိတိုင်း ဖြစ်သလို လုပ်ဆောင်သည်၊ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ သူသည် တာဝန်မယူပေ။ အချို့သောပြဿနာများကို ဖြေရှင်းရန် အနည်းငယ်ပို၍ အားထုတ်ဖို့ဖြစ်စေ၊ စကားအနည်းငယ်ပိုပြောဖို့ကိုဖြစ်စေ သူသည် စိတ်မပါဘဲ ယင်းကို ဒုက္ခများပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသည်ဟု ယူဆသည်။ သူ၏တာဝန်ကို စံနှုန်းပြည့်မီအောင် မည်သို့ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ သင့်တော်အောင် မည်သို့ပြုမူရမည်ကိုလည်းကောင်း သူရှင်းလင်းစွာ သိသော်လည်း ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် မလိုလားချေ။ သို့တိုင်အောင် သူသည် ဘုရားအိမ်တော်၌ သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်နေသည်။ ဤအခြေအနေ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (၎င်းသည် ကောင်းချီးမင်္ဂလာများရရှိရန်နှင့် အပေးအယူလုပ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။) ၎င်းသည် ထိုသို့သော မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်၊ ထိုသို့သော လူများကို အခွင့်အရေးသမားများဟု သိကြသည်။ ၎င်းတို့က “ကမ္ဘာကြီး မကြာမီ ပျက်တော့မည်၊ ကမ္ဘာပျက်ချိန် ရောက်လာပြီဟု ကျွန်ုပ်ကြားသည်၊ ထို့ကြောင့် ကျွန်ုပ် အလုပ်သွားလုပ်ရန် မလိုအပ်တော့ပါ၊ မည်သို့ပင်ဖြစ်စေ ကျွန်ုပ် ငွေအလုံအလောက် ရှာပြီးပြီဖြစ်သည်။ မထူးတော့သည့်နည်းတူ နောက်ပိုင်းတွင် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ရှိနိုင်ရန်အတွက် ကျွန်ုပ်သည် အခမဲ့စားသောက်ရန်နှင့် ကျွန်ုပ်အတွက် နေရာတစ်ခုရရန် ဘုရားအိမ်တော်သို့ လာခြင်းက ပိုကောင်းမည်” ဟု ဆိုကြသည်။ သူ၏တာဝန်ကို ထမ်းဆောင်ရာတွင် သူ၏သဘောထားနှင့် ရည်ရွယ်ချက်ကို အကဲဖြတ်ကြည့်လျှင် သူ၏ဘုရားသခင်ကို ယုံကြည်ခြင်းသည် အခွင့်အရေးသမားဆန်သည်၊ ၎င်းသည် စစ်မှန်သော ယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ ဘုရားအိမ်တော်၌ ကပ်ရပ်စားသောက်ရန် လာခဲ့ခြင်း ဖြစ်သည်။ သူ၏တာဝန်ကို ထမ်းဆောင်သောအခါ သူ၏သဘောထားမှာ အထူးသဖြင့် မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ သူ့ကို အသုံးပြုရန် အသင်းတော်က သူ့ကို ဖျောင်းဖျပြီး ညှိနှိုင်းရသော်လည်း သူသည် ကောင်းစွာမထမ်းဆောင်ပေ။ အသိတရားပင်မရှိသော လူတစ်ဦးသည် သူ၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နိုင်သလော။ သူသည် အခွင့်အရေးသမားဖြစ်ခြင်းနှင့် ကပ်ရပ်စားသောက်ခြင်းကို လုပ်ဆောင်နေရုံသာဖြစ်သည်၊ သူသည် မယုံကြည်သူတစ်ဦးဖြစ်သည်။ ဤပြဿနာ၏ ရှုထောင့်နှစ်ခု၏ သဘောသဘာဝကို ကြည့်လျှင် ယင်းကို ဖြေရှင်းရန် ကြိုးစားရာတွင် အယောင်ဆောင်ခေါင်းဆောင်သည် ယင်း၏အနှစ်သာရကို သဘောပေါက်ခဲ့သလော။ (မပေါက်ခဲ့ပါ။) ပြဿနာ၏အနှစ်သာရကို ထိုးထွင်းသိမြင်ခြင်း မရှိဘဲ သူသည် ဤလူကို စစ်မှန်သောယုံကြည်သူတစ်ဦး၊ သမ္မာတရားကို နားလည်မှုမရှိသူ၊ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သူ၊ ယာယီအားနည်းပြီး အကူအညီ လိုအပ်သူတစ်ဦးအဖြစ်သာ ဆက်လက်မှတ်ယူခဲ့သည်။ ဤရှုထောင့်များမှနေ၍ သူသည် မိတ်သဟာယဖွဲ့ပြီး ကူညီရန် ကြိုးစားခဲ့သော်လည်း “စကားဆက်မပြောနှင့်။ သင်ပြောသော ထိုအယူဝါဒများမှာ အသုံးမဝင်ပါ။ ကျွန်ုပ် အားလုံးသိသည်၊ သင့်ထက် ကျွန်ုပ်က ပိုနားလည်သည်။ သင်သည် အယူဝါဒမည်မျှကို အမှန်တကယ် နားလည်သနည်း။ သင်သည် မည်မျှပညာတတ်သနည်း။ သင်အစာစားသည်ထက် ကျွန်ုပ်သည် စာအုပ်များစွာကို ပို၍ ဖတ်ရှုပြီးဖြစ်သည်” ဟုသာ အပြောခံခဲ့ရသည်။ သူ၏သဘာဝက ထုတ်ဖော်ခဲ့ပြီးဖြစ်သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်သည် ဤလူမှာ အမှန်စင်စစ် မယုံကြည်သူတစ်ဦးဖြစ်ကြောင်းကို မသိဘဲ သူသည် အလုပ်လုပ်နေသည်ဟု ဆက်လက်ယုံကြည်နေဆဲဖြစ်သည်။ မယုံကြည်သူများသည် ဘုရားအိမ်တော်၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းပင်လျှင် စံနှုန်းမပြည့်မီပေ။ ထိုသို့သော လူများကို ဆက်ထားသင့်သလော။ (မထားသင့်ပါ။) သို့ဖြစ်၍ ဘုရားအိမ်တော်၌ ဤလူစားမျိုးကို ကိုင်တွယ်ရန် စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ ၎င်းတို့က အလုပ်လုပ်ပေးနိုင်ပြီး အလုပ်လုပ်ပေးလိုစိတ်ရှိပါက ၎င်းတို့ကို ခေါ်ထားလော့၊ ၎င်းတို့က လိုလားခြင်း မရှိပါက ၎င်းတို့ကို နေရန် တိုက်တွန်းခြင်း သို့မဟုတ် အားပေးတိုက်တွန်းခြင်း မပြုဘဲ အလျင်အမြန် ဖယ်ထုတ်ပစ်ရမည်။ အယောင်ဆောင်ခေါင်းဆောင်သည် ဤစည်းမျဉ်းကို သိသလော။ သူ မသိပေ။ သူသည် လူသေများကို အသက်ရှင်သကဲ့သို့ သဘောထားပြီး ၎င်းတို့ကို အစာကျွေးကာ ရေတိုက်နေသည်၊ ယင်းမှာ မိုက်မဲသည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သော မိုက်မဲသည့်အရာများကို လုပ်ဆောင်ကြသည်။
အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်း မရှိ
အမျိုးမျိုးသောအခြေအနေများတွင် မတူညီသောလူများက အမျိုးမျိုးသောအခြေအနေများနှင့် သရုပ်သကန်များကို ထုတ်ဖော်ပြသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ဤထုတ်ဖော်ချက်များ၏ အနှစ်သာရကို သဘောပေါက်ရန် အစဉ်သဖြင့် ပျက်ကွက်ကြသည့်အပြင် ယင်းတို့မှ ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် တလွဲသမုတ်ကြပြီး မတော်မတရား ပြုမူကြကာ ယာယီအားနည်းသူများ သို့မဟုတ် ရံဖန်ရံခါ အပျက်သဘောဆောင်သူများကို မယုံကြည်သူများနှင့် ဘုရားသခင်ကို ပုန်ကန်သူများအဖြစ် မှားယွင်းယူဆကြသည်။ သို့သော်လည်း အပေါ်ယံအားဖြင့် ဆုကျေးဇူးအချို့ ပိုင်ဆိုင်ပြီး ရိုးရှင်းသောအလုပ်ကို လုပ်နိုင်ကာ အားထုတ်မှုအချို့ ပြုလုပ်နိုင်သည့် ထိုမယုံကြည်သူများကိုမူ ထောက်ပံ့ရမည့် အဓိကပစ်မှတ်များအဖြစ် သတ်မှတ်ကြသည်။ ဤလူများသည် ၎င်းတို့၏တာဝန်ကို မထမ်းဆောင်လိုကြောင်း တိုက်ရိုက်ပြောရန် ရှက်ကြသည့်တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို ထိုးထွင်းသိမြင်ရန် အရေးနိမ့်ကြပြီး ၎င်းတို့ကို နေရန် ဇွတ်အတင်း ဖျောင်းဖျကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိုက်မဲသော အမှုများကိုသာ ကျူးလွန်ကြသည်၊ ဆိုးယုတ်သောလူများက အသင်းတော်ကို အနှောင့်အယှက်ပေးသော်လည်း ၎င်းတို့သည် ဤအရာကို မမြင်ဘဲ ပြဿနာကို မကိုင်တွယ်ကြပေ။ ဤသည်မှာ မဆင်မခြင် မတော်မတရားပြုမူခြင်းတွင် ပါဝင်နေခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ၏ မဆင်မခြင် မတော်မတရားပြုမူခြင်းသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး သမ္မာတရားကို နားမလည်ကြပေ၊ သို့ဖြစ်၍ အမျိုးမျိုးသောအခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့နားလည်သည့် အပေါ်ယံအကျဆုံးသော အယူဝါဒအနည်းငယ်ကိုသာ အားကိုးကြပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည့် နည်းလမ်းဖြင့်သာ ယင်းတို့ကို ထပ်ခါတလဲလဲ အသုံးချကြသည်။ မကြာခဏဆိုသလို ၎င်းတို့သည် လူတို့ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အခက်အခဲများကို မဖြေရှင်းနိုင်ရုံသာမက လူတို့ကို အားနည်းခြင်းမှ အားရှိလာစေရန် မထောက်ပံ့နိုင်ဘဲ ဘုရားအိမ်တော်၌ အရည်အချင်းရှိသူများ ကင်းမဲ့နေပြီး သင့်တော်သောလူများကို ရှာမတွေ့နိုင်သည့်အလား အသင်းတော်သည် ၎င်းတို့၏ အစေခံခြင်းကို အခွင့်ကောင်းယူ၍ အသုံးချရန် လူစုဆောင်းဖို့ ကြိုးစားနေသည်ဟု ထင်မြင်စေကာ ဘုရားသခင်အပေါ် အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများကိုလည်း ဖြစ်ပေါ်စေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်မှ ထွက်ပေါ်လာသော အပျက်သဘောဆောင်သည့် သက်ရောက်မှု ဖြစ်သည်။ ဤသည်မှာ မည်သို့ဖြစ်ပေါ်လာသနည်း။ (အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်းမရှိ၊ သမ္မာတရားကို နားမလည်ဘဲ အခြေအနေများနှင့် ကြုံတွေ့ရသောအခါ စည်းမျဉ်းစည်းကမ်းများကိုသာ အသုံးချကြသည်။) ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်းမရှိ၊ ၎င်းတို့သည် တရားသေ စကားလုံးများနှင့် ဆိုရိုးစကားအချို့ကိုသာ အလွတ်ကျက်မှတ်နိုင်ကြသည်။ ၎င်းတို့တွင် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် တန်ဖိုးထားမှု ကင်းမဲ့ကြသည်။ သို့ဖြစ်၍ ပြဿနာများ နောက်ဆုံးတွင် ဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် အနှစ်မဲ့သော စကားအနည်းငယ်ကိုသာ ပြောနိုင်ကြသည်။ “ဘုရားသခင်ကို ချစ်ပါ”၊ “ရိုးသားပါ”၊ “အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ နာခံပြီး ကျိုးနွံနာခံပါ”၊ “သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပါ”၊ “သင်သည် သစ္စာစောင့်သိရန် လိုအပ်သည်”၊ “သင်သည် ဇာတိပကတိကို ပုန်ကန်ရမည်”၊ “သင်သည် ဘုရားသခင်အတွက် အသုံးခံရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအနှစ်မဲ့သော အယူဝါဒများ၊ ဆောင်ပုဒ်များနှင့် ဆိုရိုးစကားများကို မိမိတို့ကိုယ်ကို အမွှမ်းတင်ရန် အသုံးပြုကြပြီး အခြားသူများကိုလည်း သွန်သင်ကာ ၎င်းတို့ကို လွှမ်းမိုးပြီး အပြုသဘောဆောင်သော သက်ရောက်မှုရှိရန် မျှော်လင့်ကြသည်။ သို့သော် ယင်းသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရရှိဘဲ မည်သည့်အရာကိုမျှ မပြောင်းလဲစေပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အလုပ်ကိုမျှ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အခက်အခဲများကိုပင် မဖြေရှင်းနိုင်ကြသဖြင့် အသင်းတော်ကို ဦးဆောင်သည့်အလုပ်ကို မည်သို့ ကောင်းစွာလုပ်ဆောင်နိုင်မည်နည်း။
လူတို့သည် လက်တွေ့ဘဝတွင် အမျိုးမျိုးသော အခက်အခဲများနှင့် ကြုံတွေ့ရပြီး ၎င်းတို့ကို မည်သို့ရင်ဆိုင်ရမည်ကို မသိသည့်အပြင် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိသည့်အခါ ဤပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေရန် လိုအပ်သည်။ ဝိညာဉ်ရင့်ကျက်မှုသေးငယ်သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို မည်သို့ရှာဖွေရမည်ကို မသိသည့်အပြင် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ရှာဖွေရမည်ကိုလည်း မသိပါက ပြဿနာကိုဖြေရှင်းရန် သမ္မာတရားကို နားလည်သူများကို ရှာဖွေပြီး မိတ်သဟာယဖွဲ့သင့်သည်၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေရန် နည်းလမ်းနှင့် သမ္မာတရားကို နားလည်သဘောပေါက်ရန် နည်းလမ်းကိုလည်း လေ့ကျင့်ရမည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုထားသော စံနှုန်းများမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်သည် ဤအကြောင်းအရာကို မည်သို့အနက်ဖွင့်ဆိုပြီး ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို တောင်းဆိုသည်၊ တိကျသောအသေးစိတ်အချက်အလက်များ ရှင်းပြထားခြင်း ရှိမရှိတို့ကို ရှာဖွေခြင်းကို ဆိုလိုသည်။ အကယ်၍ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတော်အတန် ရိုးရှင်းပြီး အသေးစိတ်ဥပမာများ မပေးဘဲ စည်းမျဉ်းများကိုသာ ဖော်ပြထားပါက သင်သည် တွေးဆတတ်ရန် သင်ယူသင့်သည်။ သင်သည် တွေးဆ၍ အဖြေမရှာနိုင်ပါက လူအများနှင့် ပိုမိုမိတ်သဟာယဖွဲ့ရန် ရှာဖွေခြင်း၊ စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့ခြင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် စူးစမ်းပြီး ရှာဖွေခြင်းတို့အားဖြင့် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိလာမည်ဖြစ်ပြီး ထိုသို့ဖြင့် ကြုံတွေ့နေရသော ကိစ္စ၏ အနှစ်သာရကို တဖြည်းဖြည်းချင်း နားလည်လာပေမည်။ နောက်ဆုံးတွင် ဤအခက်အခဲများအတွက် ဖြေရှင်းချက်တစ်ခု ရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စည်းမျဉ်းများအတိုင်း ဝင်ရောက်ရမည်။ ဥပမာအနေဖြင့် အချို့လူများသည် ပျင်းရိပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် ခွန်အားကို မည်သည့်အခါမျှ မစုစည်းနိုင်ပေ၊ သို့သော် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့အကြောင်း ပြောလိုက်သည်နှင့် ၎င်းတို့သည် မျက်နှာဝင်းသွားပြီး ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည့်အလား အားမာန်အပြည့် ဖြစ်လာကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သော ပြဿနာများကို မည်သို့ဖြေရှင်းသနည်း။ ၎င်းတို့တွင်လည်း နည်းလမ်းတစ်ခုရှိသည်။ ယင်းမှာ ဤလူများကို အလုပ်တာဝန် များများ တာဝန်ခန့်အပ်ပြီး အားလပ်ချိန်မရှိစေခြင်း ဖြစ်သည်။ ဤချဉ်းကပ်နည်းက ပြဿနာကို ဖြေရှင်းနိုင်သလော။ အချို့လူများသည် ၎င်းတို့အား တာဝန်ခန့်အပ်ထားသည့် အလုပ်အနည်းငယ်ကိုပင် လုပ်ဆောင်ရန် စိတ်မပါကြပေ၊ ၎င်းတို့သည် အလုပ်လုံးဝမလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု တွေးထင်ကာ ကပ်ရပ်စားသောက်ရန်သာ လိုလားကြသည်။ အလွန်ပျင်းရိသောလူများနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရနှင့် သက်ဆိုင်သည်၊ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်း ရှိမရှိနှင့် သက်ဆိုင်ပြီး ၎င်းတို့၏ နှစ်သက်မှုများနှင့် လိုက်စားမှုများနှင့်လည်း သက်ဆိုင်သည်။ အစွမ်းအစအနည်းငယ်ရှိသော လူအချို့ရှိသည်၊ ၎င်းတို့သည် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မပေးအပ်ထားသည့် သာမန်နောက်လိုက်များသာ ဖြစ်ပါက ၎င်းတို့၏အလုပ်ကို လုပ်ဆောင်ရန် ခွန်အားမရှိဘဲ ယင်း၌ မည်သည့်စိတ်ဝင်စားမှုမျှ မတွေ့ရှိကြပေ။ သို့သော် ၎င်းတို့၏ အစွမ်းအစနှင့် ၎င်းတို့လုပ်ဆောင်နိုင်သော တာဝန်တို့အရ ၎င်းတို့အား ကြီးကြပ်ရေးမှူးတစ်ဦး၏ တာဝန်ကို ပေးအပ်ပြီး ရာထူးအချို့ကိုင်စွဲခွင့်နှင့် တာဝန်အချို့ကို ထမ်းဆောင်ခွင့်ပြုပါက အလုပ်အပေါ် ၎င်းတို့၏ စိတ်ဝင်စားမှုမှာ မြင့်တက်လာသည်။ တစ်ခါတစ်ရံ ၎င်းတို့၏အလုပ်တွင် တာဝန်မဲ့လာသောအခါ သို့မဟုတ် ပျင်းရိလာသောအခါ ၎င်းတို့ကို ပြုပြင်နိုင်သည်၊ အခြားအချိန်များတွင်မူ ၎င်းတို့အား အားပေးမှုနှင့် ချီးကျူးမှုအချို့ ပေးနိုင်သည်။ သို့ဖြစ်၍ ဂုဏ်သိက္ခာကို ဂရုစိုက်သော၊ အဆင့်အတန်းကို နှစ်သက်သော၊ မြှောက်ပင့်ပြောဆိုခြင်းကို နှစ်သက်သော ဤလူများသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် ခွန်အားရရှိလာကြသည်။ ၎င်းတို့ ပေါ့ဆရန် တွေးသောအခါ “အဆင့်အတန်းအတွက်၊ ငါ့တာဝန်အတွက်၊ ငါကောင်းစွာလုပ်ဆောင်ရမည်” ဟု တွေးဆကြသည်။ ဤနည်းအားဖြင့် ထိုသို့သောလူများ၏ ပျင်းရိခြင်းကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တာဝန်ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ဖြစ်ပေါ်လာသော လူ့သဘာဝနှင့်သက်ဆိုင်သည့် ဤကဲ့သို့သော ပြဿနာများ သို့မဟုတ် အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သည့် အခြေအနေများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းရန် အလွန်ခက်ခဲပြီး စိန်ခေါ်မှုဖြစ်သည်ဟု မြင်ကြသည်။ ဤအခြေအနေများနှင့် ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကိုဖြစ်စေ၊ ပစ်မှတ်ထားဖြေရှင်းရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို အသုံးပြုရမည်ကိုဖြစ်စေ ၎င်းတို့မသိကြပေ။ အချိန်အများစုတွင် ၎င်းတို့၏ ချဉ်းကပ်နည်းမှာ လူတို့ကို ကောင်းစွာလုပ်ဆောင်ရန် ဖျောင်းဖျသည် သို့မဟုတ် ချော့မော့သည်။ အကယ်၍ ဖျောင်းဖျခြင်းနှင့် ချော့မော့ခြင်းက အလုပ်မဖြစ်ပါက ၎င်းတို့သည် ဒေါသထွက်ပြီး ပြုပြင်ခြင်းကို အားကိုးကြသည်။ အကယ်၍ ပြုပြင်ခြင်းက အလုပ်မဖြစ်ပါက ၎င်းတို့သည် လူတို့အား သတိပေးချက်အဖြစ် ဘုရားသခင်၏ ပြင်းထန်သော နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြပြီး ပြောင်းလဲဖို့ ကြိုးစားသင့်ကြောင်း လူတို့အား သတိပေးလေသည်။ ယင်းကပင် အကျိုးသက်ရောက်မှု မရှိသေးပါက ၎င်းတို့၏ နောက်ဆုံးနည်းလမ်းမှာ ထိုသူတို့ကို စောင့်ကြည့်ပြီး စီမံခန့်ခွဲရန် လူတစ်ဦးကို စီစဉ်ပေးခြင်းဖြစ်သည်။ ၎င်းတို့တွင် ဤနည်းလမ်းအနည်းငယ်သာ ရှိပြီး အကယ်၍ ဤအရာများက အလုပ်မဖြစ်ပါက ၎င်းတို့တွင် အခြားနည်းလမ်းများ မရှိတော့ပေ။
အချုပ်အားဖြင့်ဆိုသော်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်တွင် မည်သည့်ပြဿနာကို ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့သည် ပြဿနာ၏အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ၊ အမျိုးမျိုးသောလူများ၏ စစ်မှန်သောအခြေအနေများနှင့် နောက်ခံအကြောင်းအရင်းများကို သဘောပေါက်ရန် ခက်ခဲကြပြီး ပြဿနာ၏ ဇာစ်မြစ်သည် အဘယ်မှာဖြစ်သည်ကို သို့မဟုတ် ယင်းကို အသင့်တော်ဆုံး ဖြေရှင်းရန် မည်သည့်နေရာမှ စတင်ရမည်ကို ၎င်းတို့ သာ၍ပင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့တွင် ပြဿနာများကို ကိုင်တွယ်ရန် ဤစည်းမျဉ်းများနှင့် နည်းလမ်းများ ကင်းမဲ့ကြသည်၊ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် အမျိုးမျိုးသော စစ်မှန်သည့်ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ၎င်းတို့သည် အယူဝါဒအချို့ကို ဟောပြောခြင်း၊ ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးခြင်း၊ စည်းမျဉ်းများကို ပုံသေစောင့်ထိန်းခြင်းနှင့် ဖြစ်သလို လုပ်ဆောင်ခြင်းတို့ကိုသာ လုပ်နိုင်စွမ်းရှိကြသည်။ ထိုသို့သောလူများသည် အသင်းတော်၏ ခေါင်းဆောင်ပိုင်းအလုပ်အတွက် မည်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ ၎င်းတို့ မည်မျှပင် လေ့ကျင့်သည်ဖြစ်စေ သို့မဟုတ် နောက်ထပ်နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်၏ ခေါင်းဆောင်ပိုင်းအလုပ်အတွက် အရည်အချင်းပြည့်မီမည် မဟုတ်ပေ။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ဥပမာတစ်ခုခု ကြုံတွေ့ဖူးသလော။ (ကျွန်ုပ်တို့၏အသင်းတော်၌ ဧည့်ခံခြင်းတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးရှိခဲ့ပြီး သူသည် အမြဲတမ်း ဝေဖန်သုံးသပ်ပြီး တိုက်ခိုက်သော စကားများကို ပြောဆိုကာ ကျွန်ုပ်တို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ုပ်တို့ ခေါင်းဆောင်ထံ တိုင်ကြားပြီးနောက် သူသည် အသင်းတော်အလုပ်ကို ထိခိုက်စေသည့် စစ်မှန်သောပြဿနာကို မဖြေရှင်းဘဲ ကျွန်ုပ်တို့အား မိမိတို့ကိုယ်ကို သိကျွမ်းပြီး ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်ကို ကျိုးနွံနာခံရန်မျှကိုသာ တွင်တွင်ပြောခဲ့သည်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပြီးမှသာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။) ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ စံပြသရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသည်မှာ တွေ့ရများသော အယောင်ဆောင် ခေါင်းဆောင်တစ်မျိုးဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦးနှင့် သို့မဟုတ် အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရသောအခါ မခွဲခြားနိုင်ဘဲ၊ အခြားသူများကို စိတ်ရှည်ရန်နှင့် သည်းခံရန်၊ အတွေ့အကြုံမှ သင်ယူရန်၊ ဆိုးယုတ်သောလူ သို့မဟုတ် အန္တိခရစ်ကို နာခံရန် ပြောဆိုသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များကို သို့မဟုတ် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်ခြင်း မရှိကြသကဲ့သို့ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှလည်း မလုပ်ဆောင်ကြပေ။ အန္တိခရစ်များ ပေါ်လွင်ထင်ရှားသည့် နည်းလမ်းများအကြောင်း များစွာ မိတ်သဟာယဖွဲ့ပြီးနောက် သမ္မာတရားကို နားလည်သူတိုင်းသည် ယခုအခါ ၎င်းတို့ထဲမှ အချို့ကို ခွဲခြားသိမြင်နိုင်ရမည်ဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များကဲ့သို့သော လူများသည် ထိုမိတ်သဟာယက အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များနှင့် မည်သို့ကိုက်ညီသည်ကို ရှာဖွေနိုင်စွမ်း ရှိကြသလော။ ၎င်းတို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်သလော။ (မမြင်နိုင်ပါ။) ၎င်းတို့၏ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်းမှ အဘယ်အရာ ဖြစ်ပေါ်လာသနည်း။ အန္တိခရစ်တစ်ဦးက ၎င်းတို့ထံမှ အာဏာကို လုယူသွားနိုင်ချေ ရှိသည်၊ ၎င်းတို့သည် အန္တိခရစ်ကို အသင်းတော်အား ထိန်းချုပ်ခွင့်ပြုမည်ဖြစ်ပြီး အဆုံးတွင် အန္တိခရစ်က အမှီအခိုကင်းသော တိုင်းပြည်တစ်ခုကို တည်ထောင်သည့်အခါ မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေလိမ့်မည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အန္တိခရစ်တစ်ဦးကို ၎င်းတို့၏ရန်သူအဖြစ် ဆက်ဆံပြီး ဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ရန်နှင့် ငြင်းပယ်ရန် မဖြစ်နိုင်ချေ။ အကယ်၍ ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အန္တိခရစ်တစ်ဦးကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဖြင့် ဆက်ဆံရန် အလွန်ဖြစ်နိုင်ချေရှိပြီး၊ ယင်းက အန္တိခရစ်ကို အသင်းတော်၌ အာဏာရရှိလာပြီး ထိန်းချုပ်စေသည့် အကျိုးဆက်ကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း၏ အကျိုးဆက်များသည် အလွန်ဆိုးရွားပြီး မတွေးဝံ့စရာပင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားလည်ခြင်းမရှိ၊ ၎င်းတို့သည် မတူညီသော လူစားမျိုးများ၏ အနှစ်သာရများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သမျှမှာ စကားလုံးများနှင့် အယူဝါဒများကို တရားဟောခြင်းနှင့် စည်းမျဉ်းများကို ပုံသေစောင့်ထိန်းခြင်း၊ အားလုံးကို ချစ်ခြင်းမေတ္တာပြခြင်း၊ လူတိုင်းကို နောင်တရခွင့်ပေးခြင်း၊ မည်သူပင်ဖြစ်စေ လူတိုင်းကို အခွင့်အရေးပေးခြင်းတို့သာ ဖြစ်သည်။ ဤသည်မှာ ဘာသာရေးဘုန်းတော်ကြီးများ၏ ပြုမူပုံမျိုး မဟုတ်လော။ ဤသည်မှာ ဖာရိရှဲများ၏ ပြုမူပုံမျိုး မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များနှင့် ကြုံတွေ့ရသောအခါ အများအားဖြင့် အလျှော့ပေးရန်နှင့် လိုက်လျောရန် ရွေးချယ်ကြပြီး ဤသည်မှာ အခြားသူများကို မေတ္တာဖြင့် ဆက်ဆံခြင်းဖြစ်သည်ဟု အခိုင်အမာဆိုနိုင်ရန် ဆင်ခြေ သို့မဟုတ် အကြောင်းပြချက်တစ်ခုကိုပင် ရှာဖွေကြသည်။ တစ်စုံတစ်ဦးသည် ပြဿနာရှိပြီး အန္တိခရစ်တစ်ဦးဖြစ်ကြောင်း သိလျက်နှင့်ပင် ၎င်းတို့သည် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိသကဲ့သို့ ပိုင်းခြားသိမြင်ရန်နှင့် ဖော်ထုတ်ရန်သတ္တိမရှိကြချေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ အတိအကျ ဖြစ်သည်။ အချို့ညီအစ်ကိုမောင်နှမများက ထိုလူသည် ဆိုးယုတ်သူ သို့မဟုတ် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ပိုင်းခြားသိမြင်ပြီး ဖြစ်သည့်အချိန်တွင်ပင် အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ်တို့သည် လူတို့ကို ပေါ့ပေါ့ဆဆ ဝေဖန်သုံးသပ်ခြင်း မပြုရ၊ သို့မဟုတ် မရှုတ်ချရ။ ထိုလူသည် အလွန်စိတ်အားထက်သန်စွာ အသုံးခံပြီး အဖိုးအခပေးရန် အလွန်ဆန္ဒရှိသည်။ သူသည် အန္တိခရစ်လည်းမဟုတ်၊ သို့မဟုတ် ဆိုးယုတ်သောလူလည်း မဟုတ်ပါ။ တစ်စုံတစ်ဦးက ပြင်းထန်သောစကား အနည်းငယ်ပြောရုံမျှဖြင့် ၎င်းတို့ကို ဆိုးယုတ်သူဖြစ်စေသည်မဟုတ်၊ ဟုတ်သည် မဟုတ်လော” ဟု ပြောဆိုနေဆဲဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏အနှစ်သာရကို မမြင်နိုင်သကဲ့သို့ အန္တိခရစ်များ၏ လုပ်ဆောင်ချက်များ၏ အကျိုးဆက်များကိုလည်း မမြင်နိုင်ဘဲ အန္တိခရစ်များကို ဆင်ခြင်သုံးသပ်ရန်၊ မိမိတို့ကိုယ်ကို သိကျွမ်းရန်နှင့် စစ်မှန်စွာ နောင်တရရန်ပင် အားပေးလျက် အန္တိခရစ်များအပေါ် ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဆက်လက်ပြသနေဆဲဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မိမိကိုယ်ကို မည်သို့ပင် သိကျွမ်းရန် ကြိုးစားသည်ဖြစ်စေ၊ သူ၏သဘာဝသည် ပြောင်းလဲနိုင်သလော။ သူသည် မိမိကိုယ်ကို အမှန်တကယ် သိကျွမ်းနိုင်သလော။ လုံးဝမသိကျွမ်းနိုင်ပေ။ အန္တိခရစ်များသည် အပေါ်ယံအားဖြင့် အချို့အရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အနည်းငယ် အသုံးခံပုံရသော်လည်း အတွင်း၌မူ ၎င်းတို့သည် ရည်မှန်းချက်များနှင့် ကြီးမားသော အကြံအစည်များကို သိုဝှက်ထားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များကဲ့သို့သော လူများကို မရိပ်စားမိနိုင်သည့် အကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်ပြီး မတူညီသော လူအမျိုးအစားများကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အမျိုးမျိုးသောလူများ၏ သဘာဝအနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသကဲ့သို့ မတူညီသော လူအမျိုးအစားများကို မည်သို့ဆက်ဆံရမည်ကိုဖြစ်စေ၊ မည်သို့ကိုင်တွယ်ရမည်ကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် အခြားသူများက အန္တိခရစ်များကို ဖော်ထုတ်သည်ကို မြင်သောအခါ ဝင်ရောက်ပါဝင်ရဲခြင်း မရှိသည့်အပြင် အန္တိခရစ်ကို စိတ်အနှောင့်အယှက်ပေးမိလျှင် လက်စားချေခြင်းကို ခံရမည်ကို ကြောက်ရွံ့၍ အန္တိခရစ်များအား အရေးယူရန် သာ၍ပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့၏ အန္တိခရစ်များအပေါ် ချဉ်းကပ်နည်းမှာ အယူဝါဒများကို တရားဟောခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းများတွင်သာ ကန့်သတ်ထားသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်းအပြင် အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကြားတွင် တည်ရှိနေသော အမျိုးမျိုးသော ပြဿနာတို့ကိုလည်း မဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရားကို လုံးဝနားလည်ခြင်း မရှိကြောင်း သက်သေပြသည်၊ ၎င်းတို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်ချေမရှိပေ။ အယောင်ဆောင်ခေါင်းဆောင်များ မည်သည့်အရာကိုပြောဆိုသည်ဖြစ်စေ၊ မည်သည့်အရာကိုလုပ်ဆောင်သည်ဖြစ်စေ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ထွက်ပေါ်လာသော ဉာဏ်အလင်းပေးသည့် စကားများကို တစ်ခုမျှ ကြားရမည်မဟုတ်၊ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု တစ်စုံတစ်ရာ ပိုင်ဆိုင်သည်ကို သာ၍ပင် မြင်တွေ့ရမည်မဟုတ်ပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ မည်သည့်အကျိုးကျေးဇူး သို့မဟုတ် အကူအညီကိုမျှ မပေးပေ၊ ၎င်းတို့လုပ်ဆောင်သော အလုပ်အနည်းငယ်မှာ အယူဝါဒများနှင့် စကားလုံးများကို တရားဟောခြင်း၊ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် ဖြစ်သလို လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးက ပါဝင်ထမ်းဆောင်သင့်သော ကဏ္ဍကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လုံးဝပျက်ကွက်ကြသည်။
ယနေ့အတွက် ငါတို့၏ မိတ်သဟာယမှာ ဤမျှသာဖြစ်သည်။ နှုတ်ဆက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။